Sunday, July 3, 2011

အညတရပန်း

အညတရပန်း

ပတ်ဝန်းကျင်မှာ ပန်း ဆိုတာနဲ့ မိမိတို့နဲ့ အမည်နာမ အားဖြင့် ရင်းနှီးပြီးသော ပန်းအမည်တွေ၊ သဏ္ဍာန် တွေ သူတို့ရဲ့ ရနံ့တွေ၊ လှပပုံတွေကို ပြေးမြင်ကြပါတယ်။ ပန်းလေးတွေ တိုင်းမှာလည်း သူ့အလှ၊ သူ့ရနံ့၊ သူ့ အဆင်းသဏ္ဍာအားဖြင့် ကွဲပြားပေမယ်လို့ လူတိုင်း မြတ်နိုးတတ်ကြစမြဲပါ။ မြတ်နိုးလွန်းလို့လည်း မိမိတို့ရဲ့ ကိုး ကွယ်လဲလျောင်းရာ ရတနာသုံးပါးကို ပန်းဖြင့် ပူဇော်ကြလေ့ ရှိတာပါပဲ။ မိန်းခလေးများဆို မိမိတို့ အမြတ်တနိုး ရှိလှတဲ့ ဆံကေသာထက်မှာ ဆင်မြန်းလေ့လည်း ရှိကြပါတယ်။ ရှေးစာများမှာလည်း ပန်းတို့၏ တင့်တယ်ပုံ၊ မွှေးပျံ့ပုံတို့ကို စာအမျိုးမျိုးနဲ့ ဖွဲ့နွဲ့ခဲ့ကြပါတယ်။ လောကီ၊ လောကုတ္တရာအားဖြင့်လည်း ပန်းတို့၏ ဂုဏ်သတ္တိများဖြင့် ခိုင်းနှိုင်း ဥပမာပေးလေ့ရှိကြပါတယ်။ သို့ပေမယ့် အားလုံးတို့သည် ၀ိသေသအားဖြင့် ထင်ရှားသော ပန်းတို့ကိုသာ ဂရုတစိုက် ရှိကြသည်ကများပါတယ်။ လမ်းဘေး သို့မဟုတ် အလေ့ကျ ပေါက်သော ဝိသေသအားဖြင့် မထင်ရှားသော ပန်းတို့ကိုတော့ ဂရုတစိုက်မရှိသလို၊ သူတို့ရဲ့ လှပမှုကိုလည်း မမြင်တတ်ကြပေ။ မြင်တတ်ကြသူလည်း ရှားပါးလှပါတယ်။ ကိုယ့်ပတ်ဝန်းကျင်တွင် ရှိနေသော်လည်း မတွေ့မိကြပါ။
ထို့အတူ ခိုင်းနှိုင်းရလျှင် မိမိအပါအဝင် လောကတွင်းမှာ နေထိုင်ကြသော လူသား အားလုံးတို့ဟာလည်း သူ့အလှ၊ သူ့ထူးချွန်မှု၊ သူ့ပါရမီ၊ သူ့ကံကြမ္မာအားဖြင့် ရှိပြီးသားဖြစ်ပါတယ်။ ဓနဂုဏ်၊ ရာထူးဂုဏ်၊ ကျော်ဇော် မှုဂုဏ် ရှိသူတို့ကိုတော့ လူတိုင်းသိကြပါလိမ့်မယ်။ သူ့တို့ကို အားကျကြသလို ချီးမွမ်းမှုမျိုးလည်း ပေးကြပါတယ်။ သူတို့ဆီမှာလည်းး ချဉ်းကပ်လေ့ရှိကြပါတယ်။ တကယ်တန်းကျတော့ မိမိပတ်ဝန်းကျင် အပါအဝင် ဘယ်နေရာကို ကြည့်ကြည့် အညတရ သာမာန်လူများသာ ဖြစ်နေပါတယ်။ မိမိကိုယ်တိုင် အပါအဝင် သံသရာတစ်လျှောက်လုံးမှာလည်း အညတရ ဘဝများနဲ့ပဲ ကျင်လည်ခဲ့ရတ်ာက များမှာပါ။ ဒါပေမယ့် သာမာန်အညတရများကိုတော့ လစ်လျူရှုကြတာကများပါတယ်။ တကယ်တွေးကြည့်ရင် ဝိသေသပုဂ္ဂိုလ်တွေကို ဂရုစိုက်တယ်ဆိုတာက တစ်ဦးချင်းသဘောဆန်ပြီးတော့ ကိုယ့်ကျိုးအတွက်က များပါတယ်။ အများအတွက်ဆိုတာက နည်းပါလိမ့်မယ်။ အညတရတွေကို ဂရုစိုက်တတ်မယ်ဆိုရင်တော့ စည်းလုံးမှုတွေရှိလာပြီး အဖွဲ့အစည်းသဘောလေး ဆန်တယ်။ အများအတွက်လည်း အကျိုးများမယ်ထင်ပါတယ်။ ဂရုစိုက်တယ်ဆိုတာက သူတို့တွေ လူအပ်နေတဲ့ အချိန်မှာ လိုအပ် နေတာလေးတွေကို ကူညီပေးတာ။ ကရုဏာနဲ့ ပညာ ပေါင်းစည်းထားတာပါ။

မှန်မှန်ကန်ကန်နဲ့ ဂရုစိုက်တတ်မယ်ဆိုရင် တူသောအကျိုးကို ပေးတယ်ဆိုတဲ့အတိုင်း မိမိ အနေနဲ့ သံသရာမှာ သာမာန် အညတရဘဝနဲ့ ကျင်လည်ရရင်လည်း မိမိကို ဂရုစိုက်ကူညီပေးပါလိမ့်မယ်။ အဲလို ကူညီပေးတယ်ဆိုတာကလည်း ကျောင်းဆောက်၊ ဘုရားတည်တာလောက်တော့ မခဲရင်းပါဘူး။ သီလ၊ သမာဓိ၊ ပညာအားဖြင့် ပြည့်စုံသူတို့ စသဖြင့် သူတော်ကောင်းများကို လှူတန်းဖို့တောင် ရှာရတာ ခက်နေပါဦးမယ်။ လိုအပ်နေတဲ့ သူကို လိုအပ်နေတဲ့အချိန်မှာ ကူညီရတာက လွယ်ကူစွာ ကုသိုလ်ပြုနိုင်ပါတယ်။ ဆိုလိုတာက အလှူခံပုဂ္ဂိုလ် ရွေးနေဖို့ မလိုတာကို ပြောတာပါ။ အလှူခံပုဂ္ဂိုလ် ရွေးနေမယ်ဆိုရင်လည်း ပါရမီမြောက်သော ကုသိုလ် မဟုတ်ပါဘူး။ ပါရမီမြောက်စွာ ဖြည့်ကျင့်ခြင်း မမည်ပါ။ ပါရမီဖြည့်ကျင့်ခြင်းဆိုတာကလည်း မိမိနဲ့ ဆက်ဆံရသူတိုင်း အပေါ်မှာ အယုတ်အလတ်အမြတ်မရွေး ကြည်ညိုစိတ်ကိုမွေးပြီးတော့၊ သူတို့အပေါ်မှာ ကောင်းမှုကုသိုလ်ကံ ပြုတာကို ပြောတာပါ။ ကောင်းမှုကုသိုလ်ကံကို ပြုခြင်းကို အရှင်းဆုံးပြောရရင် သူတို့အကျိုးစီးပွားအတွက် တတ်နိုင်သမျှ ကူညီပံ့ပိုးခြင်းဖြစ်ပါတယ်။

ပါရမီမြောက်အောင် ကူညီပံ့ပိုးတာမှာလည်း အထက်မှာ ဖော်ပြခဲ့သလို အရေးကြီးဆုံးအချက်ကတော့ ကရုဏာနဲ့ ပညာ ဖြစ်ပါတယ်။ အဲဒီပညာကို ဥပါယကောသလ္လဉာဏ်လို့ ခေါ်ပါတယ်။ လိုအပ်နေတဲ့အချိန်မှာ လိုအပ်နေတဲ့သူကို လိုအပ်တာလေးတွေကို ကူညီပံ့ပိုးတတ်တာပေါ့။ ဒါမှလည်း ကူညီရတာ အကျိုးရှိမှာပါ။ နောက်မဆို အညာဒေသ နွေရာသီမှာ ဆောင် လှူသလို ဖြစ်နေရင် အလှူခံပုဂ္ဂိုလ်အဖို့ အကျိုးများမှာ မဟုတ်ပါဘူး။ အသုံးကျအောင် အသုံးမချသလိုဖြစ်နေမှာပါ်။ ပတ်ဝန်းကျင်မှာ မြင်တွေ့နေရပါတယ်။ အသုံးမကျ လိုက်တာကွာလို့ ခဏခဏ ပြောသံတွေ ကြားနေရတယ်။ လူတိုင်းမှာ သူ့ထူးချွန်မှုတွေ၊ သူ့ပါရမီတွေ ရှိပြီးသားပါ။ အသုံးမချ တတ်လို့ အသုံးမကျတာပါ။ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးဟာ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီ ဖြည့်ခဲ့ရာမှာ ၂၄ ဘဝသာ ဘုရားသာသနာနဲ့ ကြုံခဲ့ရတယ်။ မိမိတို့ လက်ရှိ ဗုဒ္ဓဘာသာဝင် ဖြစ်နေပြီး၊ ဘုရား သာသနာနဲ့ ကြုံကြိုက်နေရတယ်။ အဲတော့ ဘုရားရှင် အလိုတော်အတိုင်း အသုံးချကြပါ။

မြတ်စွာဘုရား၏ အလိုတော်အတိုင်း မြတ်စွာဘုရား၏ သာသနာတော်ကို အသုံးကျအောင် အသုံးချခြင်းဆိုတာမှာ လောကကို ဗုဒ္ဓ ဘာသာမျက်စိဖြင့် ကြည့်တတ်အောင် အားထုတ်ခြင်းပါ။ လူတိုင်း လူတိုင်းဟာ သက္ကရာဇ်မှာ ဘ၀ကို မြှုပ်နှံနေကြ တယ်။ ဘ၀အတွက် သက္ကရာဇ်တွေကိုအသုံးမချနိုင်ဘူးဆိုတာ မဖြစ်သင့်ဘူး။

လောကကြီးကိုမကြည့်ခင် မိမိပတ်ဝန်းကျင်ကို ကြည့်လိုက်ပါ။ အညတပန်းလေးတွေ များစွာများစွာ တွေ့ရပါလိမ့်မယ်။ အဲဒီပန်းလေးတွေဟာ နေထိပန်းတွေလို ညှိုးနေရတယ်။ ရေဝေးတဲ့ပန်းလို နွမ်းနေရတယ်။ ဆင်းရဲနွမ်းပါးလို့ ဒုက္ခရောက်နေသူတွေ၊ မိဘမဲ့နေသူတွေ၊ ဝမ်းရေးအတွက် အလှမ်းဝေးလွန်းသူတွေ တွေ့ရ မြင်ရ နေပါတယ်။ ဘဝဇာတ်ဆရာ ညွှန်ကြားမှုအောက်က ရုံးမထွက်နိုင်ကြဘူး။ တကယ်ကို အညတရ။ တကယ်တော့ ပစ္စည်းဥစ္စာဆိုတာ ဘုံဆိုင်ပါ။ ဒါနသည်သာ မိမိကိုယ်ပိုင်ပါ။ မိမိသံသရာအတွက် အသုံးကျအောင် အသုံးချမှ တော်ကာကျမှာဖြစ်ပါတယ်။ အသုံးကျဖို့အတွက် သဒ္ဓါတရားနဲ့ ဂါရဝတရား ရှေ့ထားပြီးတော့ ကရုဏာနဲ့ ပညာ ပေါင်းစည်းလိုက်ရင် အသုံးကျမှာ သေချာနေပါတယ်။ စာဖတ်သူကိုယ်တိုင်လည်း အညတရ ဖြစ်နေချင် ဖြစ်နေပါလိမ့်မယ်၊ ဖြစ်နေသော်လည်း ကိုယ့်ချွေးနည်းစာကို လှူတော့မယ်ဆိုတာနဲ့ ကိုသိုလ်လည်းရ၊ လောကအတွက် အကျိုးလည်း ရှိတဲ့နေရာကို သေသေချာချာ ရွေးချယ်ပြီး လှူတာက အကောင်းဆုံးပါ။

ဒါမှ သူတို့ ပတ်ဝန်းကျင် အဆင်ပြေလာမှာပါ။ အဆင်ပြေလာရင် အေးချမ်းမှုတွေ ရှိလာ၊ ဖြစ်လာမှာပါ။ အေးချမ်းမှုတွေဖြစ်လာတာနဲ့အတူ သုခတွေလည်း ပိုင်ဆိုင်လာပါလိမ့်မယ်။ သူတို့အတွက် ခဏ သုခ ဆိုရင် တောင် ကိုယ့်အတွက်မှာကျတော့ သံသရာအတွက် သုခ ရသွားတာပါ။ မိမိပတ်ဝန်းကျင်မှာ အညတရ ပန်းလေး တွေ များနေပေမယ့် မြင်တတ်၊ ကြင်နာတတ်၊ ပြုစုယုယတတ်မယ်ဆိုရင် အညတရ ပန်းလေးတွေ လန်းနေပါလိမ့်မယ်။ အသုံးကျနေပါလိမ့်မယ်။ ထို့အတူ လောကကြီးမှာ အညတရ ဘဝတွေ များပေမယ့် လှူတတ်၊ ပေးကမ်းတတ်၊ ကူညီတတ်နေမယ်ဆိုရင် အညတရကြားမှာ အဆင်ပြေမှုတွေ ရှိနေမယ်။ တိုးတက်မှုတွေ ရှိနေမယ်။ သူတို့ရဲ့ နောက်ကွယ်မှာလည်း အေးချမ်းမှုတွေ ရှိနေပါလိမ့်မယ်။ မိမိအတွက်မှာလည်း ပစ္စက္ခ၊ သံသရာ တစ်လျှောက်လုံးမှာ လူနောက် အရိပ်ပါသလို ကုသိုလ်ကံအကျိုးပေးက လည်း မလွဲမုချ လာရောက် အကျိုးပေးပါပဲဖြစ်ပါတယ်။

အမောင်(ရေနံ့သာ)