Saturday, July 2, 2011

သမ္ဗုဒ္ဓေနှင့်သမိုင်းကြောင်း


ဆရာတော်ဘုရား

ထင်ရှားသော သမ္ဗုဒ္ဓေဂါထာတော်နှင့် နောက်ပေါ် အရှေ့ကျွန်းသမ္ဗုဒ္ဓေ၊ အနောက်ကျွန်းသမ္ဗုဒ္ဓေ၊မြောက်ကျွန်းသမ္ဗုဒ္ဓေ တို့နှင့် ပက်သက်၍ အကိုးအကား မှီခိုအားထားစရာ သမိုင်းကြောင်းရာ အတ္တုပ္ပတ္တိကို သိလိုပါသည်ဘုရား မေတ္တာရှေ့ထား၍ ဖြေကြားပေးပါရန် ရိုသေစွာ လျှောက်ထားအပ်ပါသည်ဘုရား။

အရှင်နန္ဒာစရိယ၊ ရန်ကုန်။

အန္တရာယ်ကင်းပါထာများအကြောင်း ရေးသားကြသော ဆောင်းပါးတို့တွင် အထင်ရှားဆုံးမှာ သမ္ဗုဒ္ဓေဂါထာပင်ဖြစ်ပါသည်။ ထိုဂါထာနှင့်ပက်သက်၍ မေးသူမြန်းသူ ဆွေးနွေးသူတို့ များလှသဖြင့် စာရေးသူအနေနှင့် အကြိမ်များစွာပင် နှုတ်ဖြင့်လည်ကောင်း၊ စာဖြင့်လည်းကောင်း ဆွေးနွေးခဲ့ ရေးသားခဲ့ဖူးလှပါပြီ။ ယခုမှ ရိုးရိုးသမ္ဗုဒ္ဓေ ဂါထာသာမက နောက်ပေါ်သမ္ဗုဒ္ဓေများအကြောင်းပါ ဆွေးနွေးလာသဖြင့် အတန်ငယ် ကျယ်ကျယ်ပြန့်ပြန့် ဖြေကြားလိုပါသည်။

သမ္ဗုဒ္ဓေဂါထာမှာ သီဟိုဠ်သမ္ဗုဒ္ဓေဂါထာ၊ မြန်မာသမ္ဗုဒ္ဓေဂါထာ ဟူ၍ စာပေတွင် နှစ်မျိုးထင်ရှားခဲ့ရာ မြန်မာလူမျိုးတို့ နှုတ်တက်ရနေသော ” သမ္ဗုဒ္ဓေ အဠ၀ီ သဉ္စ” စသော ဂါထာမှာ မြန်မာ သမ္ဗုဒ္ဓေဂါထာ ဖြစ်ပါသည်။ မြန်မာ သမ္ဗုဒ္ဓေဂါထာ ဆိုသည့်အတိုင်း မြန်မာပညာရှိ ရဟန်းတော်တစ်ပါး စီကုံး ရေးသားခဲ့သောဂါထာဖြစ်ကြောင်းနှင့် ပုဂံခေတ် တထာဂတုပတ္တိကျမ်း၏ ပဏာမဂါထာဖြစ်ကြောင်း သိရပါသည်။

ထို သမ္ဗုဒ္ဓေဂါထာမှာ မူလက သင်္ချေနှစ်ဆယ်အတွင်းရှိ ဘုရားပေါင်း ငါးသိန်းတစ်သောင်းနှင့် နှစ်ထောင်ခန့် နှစ်ကျိပ် ရှစ်ဆူကိုသာ ရှိခိုးသော ဂါထာဖြစ်၍

သမ္ဗုဒ္ဓေအဠ၀ီသဉ္စ၊ ဒွါဒသဉ္စသဟဿကေ ပဉ္စသတသဟဿနိ၊ နမာမိ သိရသာမဟံ။ တေသံ ဓမ္မဉ္စ သံဃဉ္စ၊ အာဒရေန၊ နမာမဟံ။

ခြောက်ပါဒ တစ်ဂါထာ ဘုရားရှိခိုးနှင့် နမက္ကာရာ နုဘာဝေန စသော ဆုတောင်းတစ်ဂါထာ ထားရှိလေသည်။ ၄င်းမှာလည်း စိန္တိတံ သတ္တသင်္ချေယံ စသော သောတတ္ထကီ ကျမ်းလာအရ စိတ်ဖြင့် ဆုတောင်းသော ခုနှစ်သင်္ချေ၊ နှုတ်ဖြင့်ဆုတောင်းသော ကိုးသင်္ချေ၊ ကိုယ်နှုတ်နှစ်ပါးဖြင့် ဆုတောင်းသော လေးသင်္ချေ၊ သုံးရပ်ပေါင်း သင်္ချေနှစ်ဆယ်မျှကိုသာ ရည်ရွယ်၍ ထိုသင်္ချေနှစ်ဆယ်အတွင်း၌ ပွင့်ခဲ့သော ဘုရားပေါင်းကိုသာ ဖော်ပြရေးစီထားခဲ့ခြင်း ဖြစ်လေသည်။

ထို သမ္ဗုဒ္ဓေဂါထာမှာ လွန်စွာ လူကြိုက်များ၍ အသုံးတွင်ကျယ်လေရာ ထို့နောက်တစ်ခေတ်(အင်းဝခေတ်)လောက်တွင် စိန္တိတံ သတ္တသင်္ချေယျ စသော ဂါထာလာရှိရာ သောတတ္တကီကျမ်းမှာ သံဂါယနာဝင်ကျမ်း မဟုတ်သဖြင့် ခိုင်ခံ့မှုမရှိ၊ ရှေးရှေးဘုရားတို့ဆိုလျှင် သင်္ချေနှစ်ဆယ်မျှသာဆို၍ အားလုံးမနှံ့စပ်၊ သံဂါယနာတင်ကျမ်းများ အလို ဂင်္ဂါဝါဠု သဲစုမက ပွင့်တော်မူခဲ့သော ဘုရားများကိုထည့်မှသာ အားလုံး နှံ့နိုင်ပေမည်ဟုဆိုကာ မူလဂါထာတွင် အပ္ပကာ ၀ါဠုကာ၊ အနန္တာ နိဗ္ဗုတာ ဇိနာ ပါဒနှစ်ခု (ဂါထာဝဂ်) ထပ်တိုးကာ ဂင်္ဂါဝါဠုသဲစုမက များစွာသော ဘုရားရှင်တို့နှင့် တရားတော် သံဃာတော်တို့အား ရှိခိုးသင့်သည်ဟု ဆိုကုန်၏။

ဂေါတမမြတ်စွာဘုရားအလောင်း တိလောက ၀ိဇယစကြာ မင်းကြီးသည် ဘုရားအနည်းငယ်သာ ရှိခိုးရ၊ လှူဒါန်းရသည်ကို အားမရ၍ သူ့စိတ်အကြံအစည်ဖြင့် စကြ၀ဠာတိုက်အပြည့် ဘုရားများကို သီတင်းသုံးစေ၍ ရှိခိုးတော်မူခဲ့သည်။ ဥပမာ သမ္ဗုဒ္ဓေဂါထာတွင် သင်္ချေနှစ်ဆယ်အတွင်း ပွင့်ကုန်ုသော ဘုရားများကိုသာမက ဂဂါင်္ဝါဠုသဲစုမက များပြားလှစွာသော ဘုရားများကို ရှိခိုးရသဖြင့် ဗုဒ္ဓဘာသာသက်ဝင်သူတိုင်း လွန်စွာ အားပါးတရ ၀မ်းမြောက်ဝမ်းသာဖြစ်ရပေသည်။ ထို့ကြောင့် သမ္ဗုဒ္ဓေဂါထာသည် အစဉ်အလာအရ ဂါထာသုံးပုဒ် အပြည့်အ၀ဖြစ်၍ နေပေသည်။

အဘယ်ကြောင့် သမ္ဗုဒ္ဓေဂါထာသည် အန္တရာယ်ကင်းစေသနည်း ဆိုသည်ကိုလည်း ရှင်းပြပါဦးမည်။ မည်သို့ပင်ဖြစ်စေ သမ္ဗုဒ္ဓေဂါထာသုံးပုဒ်လုံးသည် ဆန်းကျမ်းအရ ရှစ်လုံးဘွဲအကောင်းဆုံးဂါထာဖြစ်သော ယဇယဇပထျာဝတ္တ ဂါထာမျိုးဖြစ်၍ ရွတ်ဆိုရန် အကောင်းဆုံးဂါထာမျိုးဖြစ်ပါသည်။

အကြောင်းအရာမှာလည်း ပထမဂါထာအရ သဗ္ဗညုမြတ်စွာ ဘုရားပေါင်း ငါးသိန်းနှစ်သောင်း တစ်ထောင်နှစ်ကျိပ် ရှစ်ဆူကို စိတ်တွင်း နှလုံးတွင်းဝယ် ထည့်သွင်းရိုကျိုး၍ ရှိခိုးရခြင်း၊ ဒုတိယဂါထာအရ ဂင်္ဂါဝါဠု သဲစုမက အလွန်တရာ များပြားလှစွာသော ငါးမာရ်အောင်မြင် ဘုရားရှင်တို့အား ရိုသေမြတ်နိုးခြင်းနှင့် ထိုရှိခိုးရသော တန်းခိုးအာနုဘော်တို့ကြောင့် ဥပဒ္ဒဝေါများစွာ ဘေးဘယာအသွယ်သွယ် အန္တရာယ်ဟူသမျှတို့မှ ကင်းရပါစေကြောင်း ဆုတောင်းထားခြင်းဖြစ်၍ အဓိပ္ပါယ်အလိုကပင် အလွန်တရာ ကောင်းမွန်ထူးမြတ်၍ နေပါသည်။

စီကုံးထားသော စာလုံးအက္ခရာများကလည်း ၀ံသ( အက္ခရာ အမျိုးအနွယ်) အနေအားဖြင့် အကောင်းဆုံးအေးနအထား တွင်ရှိပါသည်။ စတင်စီကုံးခဲ့သော ဆရာကိုယ်တိုင်က အထူးရွေးချယ်၍ စီကုံးထားသည့်အလား အများအားဖြင့် အက္ခရာတိုင်းလိုလို ၀ံသကောင်း ၀ံသထူးများဖြင့် ဖူးပွင့်၍ နေသည်ကိုသာ တွေ့ရပေသည်။ ထိုသုံးဂါထာတွင် တစ်ဂါထာ တစ်ဂါထာ၌ အက္ခရာ (၃၂) လုံးစီနှင့် သုံးဂါထာတွင် အက္ခရာ (၉၆) လုံးပါဝင်ရာ အက္ခရာ ၅ လုံးမှလွဲ၍ အက္ခရာ ၉၁လုံးမှာ ၀ံသကောင်းများသာ ဖြစ်သည်ကို တွေ့ရပေသည်။ ယင်းကို စဉ်းငယ်သိသာရုံမျှ ချဲ့၍ ရေးပါဦးမည်။

ဂါထာပေါင်း မည်မျှပင်ဖွဲ့ဖွဲ့ အက္ခရာစာလုံး (၄၁) ထက်မပိုနိုင်၊ ပိဋကတ်သုံးပုံ၌ စာလုံးပေါင်းမည်မျှရှိသနည်းဟူသော အမေးကို ”ပိဋကတ္တယံပိ ပတွာ နက္ခရန္တိ နခီယန္တီတိ အက္ခရာ ” ဟူသော စကားအရ ပိဋကတ်သုံးပုံမှာလည်း အက္ခရာ (၄၁) လုံးသာရှိသည်ဟု ဖြေရသကဲ့သို့ပင်ဖြစ်ပါသည်။ ယင်း(၄၁) လုံးသော အက္ခရာတို့ကိုလည်း ၀ဂ်(အစု) အက္ခရာ၊ အ၀ဂ်(အစုမရှိ) အက္ခရာ အနေအားဖြင့် ဆိုသော် သရရှစ်လုံးက အစ အဆုံး (၄၁) လုံးကို တူရာစုပေါင်းလိုက်သော (၁၃) လုံးသာ ရှိသည်ဟု ဆိုပေသည်။

၎င်းမှာ က၊ စ၊ ဋ၊ တ၊ ပ၊ ယ၊ ရ၊ လ၊ ၀၊ သ၊ ဠ၊ ဟ၊ အ ဟူသော ၁၃ လုံးသာပင်။ ဤ ၁၃ လုံးတွင် က၀ဂ်(က၊ ခ၊ ဂ၊ ဃ၊ င) ၅ လုံးသည် ခတ္တယ၀ံသ မင်းမျိုးအက္ခရာများဖြစ်ကြပါသည်။ သမ္ဗုဒ္ဓေ(၃) ဂါထာတွင် မင်းမျိုးအက္ခရာပေါင်း (၈) လုံးပါဝင်ပါသည်။ စ၀ဂ်(စ၊ ဆ၊ ဇ၊ ဈ၊ ည) ငါးလူံးသည် ဗြဟ္မဏ၀ံသ ပုဏ္ဏားမျိုး အက္ခရာများဖြစ်ကြပါသည်။ သမ္ဗဒ္ဓေသုံးဂါထာတွင် ဗြဟ္မဏ၀ံသ အက္ခရာ ငါးလုံးပါဝင်ပါသည်။ ဋ၀ဂ်( ဋ၊ ဋ္ဌ၊ ဍ္ဍ၊ ဎ၊ ဏ) ငါးလုံးသည် ဝေဿ၀ံသ ကုန်သည်မျိုး အက္ခရာများဖြစ်ကြပါသည်။ ဤ ၃ ဂါထာ၌ ၁ လုံးပါဝင်ပါသည်။ တ၀ဂ်( တ၊ ထ၊ ဒ၊ ဓ၊ န) ငါးလူံးသည် ဒေ၀၀ံသ နတ်မျိုး အက္ခရာဖြစ်၍ ၃ ဂါထာတွင် ၂၇ လုံးပင် ပါဝင်ခဲ့ပေသည်။

ပ၀ဂ်( ပ၊ ဖ၊ ဗ၊ ဘ၊ မ) ငါးလုံးသည် ဗြဟ္မ၀ံသ ဗြဟ္မာမျိုး အက္ခရာများဖြစ်ပါသည်။ ဤ ၃ ဂါထာတွင် ၁၂ လုံးပါဝင်ခဲ့ပေသည်။ ထို့နောက် အ၀ဂ်အက္ခရာများဖြစ်၍ ယ အက္ခရာသည် သုဒ္ဒ၀ံသ ဆင်းရဲသားမျိုးဖြစ်သည်။ သမ္ဗဒ္ဓေုသုံးဂါထာတွင် တစ်လုံးသာပါဝင်သည်။

ရ အက္ခရာသည် အပါဝံသ အပါယ်ဇာတိဝံသမျိုးဖြစ်သည်။ ဤ ၃ ဂါထာ၌ ၄ လုံးပါဝင်ပါသည်။

ဝ အက္ခရာသည် သောတပတ္တိဝံသ သောတပန်မျိုး အက္ခရာဖြစ်၍ ဤ ၃ ဂါထာတွင် ၁၆ လုံးပါဝင်ပါသည်။

သ အက္ခရာသည် သကဒါဂါမိဝံသ သကဒါဂါမ်မျိုးဖြစ်၍ ဤ ၃ ဂါထာတွင် ၁၆ လုံး ပါဝင်ပါသည်။

ဿ အက္ခရာသည် အနာဂါမိဝံသ အနာဂါမ်မျိုးဖြစ်၍ ဤ ၃ ဂါထာတွင် ၃ လုံးပါဝင်ပါသည်။

ဋ္ဌ ကြီး အက္ခရာသည် အရဟန္တ၀ံသ ရဟန္တာမျိုးဖြစ်၍ ဤ ၃ ဂါထာတွင် ၁ လုံးပါဝင်ပါသည်။

အ အက္ခရာသည် ပစ္စေကဗုဒ္ဓ၀ံသ ပစ္စေကဗုဒ္ဓမျိုးဖြစ်၍ ဤ ဂါထာတွင် ၇ လုံးပါဝင်သည်။

ဤသို့ဆိုလျှင် ဗုဒ္ဓဘာသာ သမ္မာနွယ်ဝင် သူတော်စင်တို့ ရွတ်ဆိုနေကျ သမ္ဗုဒ္ဓေဟု အစချီထား၍ သမ္ဗုဒ္ဓေဂါထာ ဟုခေါ်သော ဂါထာသည် စံတင်စံထားပြုလောက်ောအင် ဂါထာနေဖြင့်ရော အက္ခရာအနေဖြင့်ပါ မင်္ဂလာအပြည့်ဖြစ်၍ နေရုံမျှမက ဂင်္ဂါဝါဠုသဲစုမက ပွင့်တော်မူကြကုန်သော အနန္တဗုဒ္ဓ ဘုရားရှင်တို့၏ တန်ခိုးတေဇော် အာနုဘော်တို့အား အားထားရိုကျိုး ရှိခိုးရခြင်းကြောင့် အန္တရာယ် ဟူသမျှတို့ မြူမျှမကြွင်း ကင်းရှင်းအေးမြနေရခြင်းပင် ဖြစ်တော့သည်။

ဤကား မြန်မာပြည်ဖြစ် သမ္ဗုဒ္ဓေဂါထာကို စိစစ်ပြခြင်းပင် ဖြစ်တော့သည်။

မြန်မာတို့နှင့် ထေရ၀ါဒချင်း တူမျှသော သီဟိုဠ်( သီရိ လင်္ကာ)၌ ထင်ရှားသော သမ္ဗုဒ္ဓေဂါထာတော်အကြောင်းကို တင်ပြဖော်ဆိုလိုပါသေးသည်။

ထို သီဟိုဠ်သမ္ဗုဒ္ဓေဂါထာသည်လည်း သောတ္ထကီကျမ်းလာ သင်္ချေနှစ်ဆယ်တွင် ပွင့်တော်မူကြသည့် ဘုရားရှင်တော်ပေါင်း ငါးသိန်းတစ်သောင်း နှစ်ထောင် နှစ်ကျိပ်ရှစ်ဆူကိုပင် ပုံစံတစ်မျိုးဖြင့် ဖော်ပြထားခြင်းဖြစ်သည်။

၎င်းမှာ ၈ လုံးတွဲ ဂါထာမျိုးမဟုတ်။ ၁၂ လုံးဘွဲ့ ဣန္ဒ၀ံသ ဂါထာမျိုးဖြင့်ဖွဲ့၍ အက္ခရာသင်္ချာဖြင့် စိန္တိတံ သတ္တသင်္ချေယျံအရ ဂါထာအတိုင်း စိတ်ဖြင့် ဆုတောင်းစဉ်၊ ခုနှစ်သင်္ချေအတွင်း၌ ဖူးတွေ့ရသောဘုရားများ၊ နှုတ်ဖြင့်ဆုတောင်းစဉ် ကိုးသင်္ချေအတွင်း၌ ဖူးတွေ့ရသော ဘုရားများ၊ ကိုယ်နှုတ်စိတ် သုံးပါးလုံးဖြင့် ဆုတောင်းစဉ် လေးသင်္ချေ ကမ္ဘာတစ်သိန်းအတွင်း၌ ဖူးတွေ့ရသော ဘုရားများကို ဖော်ပြ၍ လေးရုပ်ပေါင်း ငါးသိန် တစ်သောင်း နှစ်ထောင် နှစ်ကျိပ် ရှစ်ဆူသော ဘုရားရှင်တို့ အား ရှိခိုကြောင်း ဆိုထားပေသည်။

မြန်မာဂါထာကဲ့သို့ သမ္ဗုဒ္ဓေဟုအစ မဆိုထားသော်လည်း မြန်မာတို့က သီဟိုဠ်သမ္ဗုဒ္ဓေဂါထာဟုပင် ခေါ်ကြသည်။ ၄င်း ဂါထာမှာ

ဗုဒ္ဓါ အနုန္နာမရိယာ သုသင်္ခေယ၊

ဗုဒ္ဓါ အနုန္နာမရိယာ ဓိသင်္ခယေ၊

ဗုဒ္ဓါ ရိယဃေ ဗကုလက္ခကပ္ပေ၊

ဝန္ဒာမိ တေ ဇိရနိရက္ကမေ အဟံ။ ဟူ၍ ဖြစ်ပါသည်။ ( အနက်ကို မဖော်ပြတော့ပါဝ

ထို့နောက် ပြဿနာရှင်မေးမြန်းထားသော အရှေ့ကျွန်း သမ္ဗုဒ္ဓေ၊ အနောက်ကျွန်း သမ္ဗုဒ္ဓေ၊ မြောက်ကျွန်း သမ္ဗုဒ္ဓေ တို့အကြောင်း အမြွက်မျှ ဖော်ပြပါဦးမည်။

ထို သမ္ဗုဒ္ဓေဂါထာပေါ်ပေါက်လာပုံမှာ လွန်ခဲ့သောနှစ်ပေါင်း ၅၀ ခန့်က မိုးညှင်းမြို့ အရှေ့ကျောင်းသို့ တည်တောဆရာတော်(စာရေးဆရာအမည် ထီးချိုင့်နတ်စိုး ခေါ် ထီးချိုင့်မိုးနတ်ရှင် ခေါ်) ဘဒ္ဒန္တဒေ၀ိန္ဒာဓိပတိ ရောက်ခဲ့စဉ်ကျောင်းနှင့်မတူလောက်အောင် စစ ချို့တဲ့နေကြောင်း တွေ့မြင်ရပြီး နောက်နှစ် ၂၀ ခန့်အကြာ ဒုတိယအခေါက် ထပ်မံရောက်ရာ၌ ယခင်ကနှင့်မတူ တိုက်ဆာအဆောက်အအုံများဖြစ်နေသဖြင့် မေးမြန်းကြည့်ရာ

” တောရကျောင်း တစ်ကျောင်းရှိ ဘုန်းတော်ကြီးတစ်ပါး သမ္ဗုဒ္ဓေ( ရိုးရိုး) ဂါထာကို အမြဲရွတ်ကြောင်း၊ တစ်ညတွင် ရုက္ခစိုးနတ်က သမ္ဗုဒ္ဓေဂါထာမျိား နတ်ဝှက်ထားသေးကြောင်း၊ ထိုဂါထာများကိုပါ ရွတ်ပါဟုဆိုကာ အရှေ့ကျွန်း၊ အနောက်ကျွန်း၊ မြောက်ကျွန်း၊ သမ္ဗုဒ္ဓေဂါထာများကို သင်ပေးသွားကြောင်း၊ ထိုတောရဘုန်းကြီးသည် ယင်း သမ္ဗုဒ္ဓေဂါထာများကိုပါ နေ့စဉ်ရွတ်ပွား၍ ဘုန်းတန်ခိုးလာဘ်သပ်ပကာ ကြီးမားလာကြောင်း၊ ယင်း ဂါထာများကို ရရှိရွတ်ဆိုသဖြင့် မိုးညှင်းမြို့ အရှေ့ကျောင်းဆရာတော်ကြီးလည်း တစ်နေ့တခြား ဘုန်းတန်ခိုး ကြီးမလာကြောင်း ဆောင်းပါး တစ်ပုဒ် ရေးသား၍ ဤ သမ္ဗုဒ္ဓေဂါထာများကို ဖော်ပြထားပါသည်။

ထိုဂါထာများမှာ မူလ သမ္ဗုဒ္ဓေ(၄င်းကို တောင်ကျွန်း သမ္ဗုဒ္ဓေဟု အမည်ပေးသည်) ကဲ့သို့ ဘုရားရှင်ပေါင်း ငါးသိန် တစ်သောင်း နှစ်ထောင် နှစ်ကျိပ်ရှစ်ဆူနှင့် ဂဂ်ါဝါဠု သဲစုမက ဘုရားတို့အား ဖွဲ့ဆို ရှိခိုးမှုမပါ၊ နှစ်ကျိပ်ရှစ်ဆူ နှစ်ကျိပ်ငါးဆူ စသည်များကို ရှိခိုးကြောင်းနှင့် ၂ ဂါထာ၊ ၃ ဂါထာ တို့သာရှိပြီး အချို့ ပါဠိသဒ္ဒါ မမှန်မကန် ဂါထာပိုဒ် မပြည့်စုံသဖြင့် ရှိနေကြသည်ကို တွေ့ရသည်။ မူလ သမ္ဗုဒ္ဓေဂါထာကဲ့သို့ စနစ်တကျ မရှိလှပေ။

ဘုရားရှိပြီး ဖြစ်သဖြင့် နှုတ်တက်ရရှိ၍ ရွတ်ဆိုရှိခိုးလျှင်ကား အကျိုးရှိသင့်သလောက် ရှိမည်မှန်သော်လည်း ကြိုးစားကျက်မှတ်၍ မပြတ်ရှိခိုးရကျိုး နပ်လိမ့်မည်ဟု မထင်ပေ။

ထို့ကြောင့် ရှိရင်း မူလသမ္ဗုဒ္ဓေ (မြန်မာ) နှင့် သီဟိုဠ် သမ္ဗုဒ္ဓေဂါထာ မှန်မှန်ကန်ကန်တို့ကိုသာ ထက်ထက်သန်သန် ဆိုအပ်ခဲ့သည့် အဓိပ္ပါယ်တို့ကို လေးလေးနက်နက် မှတ်သား၍ မပြတ်ပွားများ ရှိခိုးကြခြင်းသည်သာ အကျိုးဖြစ်ထွန်း ဖွယ်ရာပါရှိကြောင်း ဖြေကြားလိုပါသည်။

ရဝေနွယ်(အင်းမ)

မြတ်သတိဝါဒီ မဂ္ဂဇင်း

ဖေဖေါ်ဝါရီလ ၊ ၂၀၀၁ ခုနှစ်