Friday, March 7, 2014

သမ္မတကြီးပေးတဲ့ မွေးနေ့လက်ဆောင်အကောင်းဆုံးပဲတဲ့

သမ္မတကြီးပေးတဲ့ မွေးနေ့လက်ဆောင်အကောင်းဆုံးပဲတဲ့

မတ်လ (၂) ရက်နေ့က အင်းစိန်ရွာမကျောင်းတိုက်တွင် အမျိုးဘာသာသာ သနာစောင့်   ရှောက်ရေးအဖွဲ့ဗဟိုဥက္ကဋ္ဌဆရာ တော်အရှင်တိလောကဘိဝံသ၏ သက်တော် ၇၅ နှစ်ပြည့်စိန်ရတု ၀ိဇာတကုသိုလ်တော်မင်္ဂလာ အခမ်းအနားကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် ဆရာတော်အရှင်တိလောကာဘိဝံ သ၏အတ္ထုပ္ပတ်္တိအားမဇ္ဈိမဂုဏ်ရည် ဆရာတော်မှဖတ်ကြားရာ “န၀တ အစိုးရလက်ထက်တုန်းက ဆရာ တော်ဘုရားဟာတပည့်တွေကို နိုင်ငံရေးကိစ္စမလုပ်ခိုင်းသလို ဆရာတော်ဘုရားကိုယ်တိုင်လည်း အဲဒါမျိုးတွေမလုပ်ပါဘူး။ ဒါပေမဲ့ ဆရာတော်ဘုရားဟာဝဋ်ကြွေး ကံကြမ္မာမလွတ်သာတဲ့အခါမလျော် ရာနေရာကိုရောက်ခဲ့ရတယ်။ အမျိုးစောင့်ဥပဒေပေါ်ပေါက်ရေး အတွက် ဆရာတော်ဘုရားရဲ့ မေတ္တာရပ်ခံချက်နဲ့ လက်မှတ်ထိုး ချက်တွေ နိုင်ငံတော်သမ္မတကြီး ဆီကိုပို့ပေးလိုက်တယ်။ ၂၅ ရက် နေ့မှာ နိုင်ငံတော်သမ္မတရုံးကနေ ပြီး အမျိုးစောင့်ဥပဒေကိုလွှတ်တော် နာယကကြီးဆီပို့လိုက်တဲ့စာမူရင်း ဆရာတော်ထံသမ်္မတရုံးက ဆပ်ကပ်ခဲ့တယ်။ အဲဒါကို ဆရာ တော်ဘုရားကအားလုံးပေးတဲ့ မွေးနေ့လက်ဆောင်ထဲမှာ သမ်္မတ ကြီးပေးတဲ့ ဒီမွေးနေ့လက်ဆောင် က အကောင်းဆုံးပဲလို့မိန့်ကြား တယ်”ဟု ထည့်သွင်းမိန့်ကြားခဲ့ သည်။

လွှတ်တော်နာယကကြီး ဦးရွှေမန်းနှင့် တာဝန်ရှိသူများ အစည်းအဝေးထိုင်ပြီးအမျိုးစောင့် ဥပဒေသည်နူးညံ့သိမ်မွေသဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများဥပဒေ ကြမ်းရေးဆွဲပြီးမှ လွှတ်တော်တင် ရန်သမ္မတကြီးဆီသို့ပို့သည့်စာအား ဆရာတော်ဘုရားထံဖေဖော်ဝါရီ ၂၇ ရက်တွင် သမ်္မတရုံးမှဆက်ကပ် ခဲ့ကြောင်း၊ ယခုဒေါ်အောင်ဆန်း စုကြည်တက်ရောက်သည်ကို ဆရာတော်ဘုရားများအနေဖြင့် အဖိုးမဖြတ်နိုင်သည့်မွေးနေ့လက် ဆောင်အဖြစ်ခံယူထားကြောင်း၊ ဆရာတော်ဘုရား၏ ၇၆ နှစ်ပြည့် စိန်ရတုအလွန်မွေးနေ့တွင်လည်း သာသနာရေးဝန်ကြီးဦးဆန်းဆင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့မှ ဗုဒ္ဓ ဘာသာဝင်များအတွက် တကယ် လိုအပ်သည့်အဆိုပါဥပဒေကိုမွေး နေ့လက်အောင်အဖြစ်ပေးစေချင် ကြောင်း မဇ္ဈိမဂုဏ်ရည်ဆရာတော် ကမိန့်ကြားသည်။

ယင်းအခမ်းအနားသို့သာသနာ ရေးဝန်ကြီးဦးဆန်းဆင့်နှင့် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့တက် ရောက်ခဲ့ကြသည်။
From: HOT NEWS

Thursday, March 6, 2014

တရားအားထုတ်စဉ် ထားရှိရမည့် သဘောထားများ

တရားအားထုတ်စဉ် ထားရှိရမည့် သဘောထားများ

မြန်မာနိုင်ငံမှာ တရားစခန်းတွေ တရားရိပ်သာတွေ တခုပြီးတခု ပေါ်လာပြီး တရားထိုင်တဲ့ ယောဂီတွေ အရင်ခေတ်ကထက် ပေါများ လာလို့ ထေရ၀ါဒ သာသနာ ပြန်ထွန်းကားလာတယ် လို့ ၀မ်းသာမလို့ လုပ်တုန်း တခါတခါ ဖတ်မိတဲ့ သတင်းများ ကြားရတဲ့ အကြောင်း များက ဘုရားတောင် တ မိရပါတယ်။ တရားဘယ်လောက် ကြာကြာ ထိုင်နိုင်သလဲ ပြိုင်ပွဲ တဲ့ ဘုရား ဘုရား။ ပြိုင်တယ် ဆိုတည်းက နိုင် ချင်တဲ့ လောဘတွေ ရှုံးမှာ စိုးရိမ်တဲ့ ဒေါသတွေ သူတပါး ကိုယ့်ထက် သာမှာ မနာလိုတဲ့ မစ္ဆေရိယတွေ အကုသိုလ် ကိလေသာ စိတ်တွေ ထကြွ သောင်းကျန်းလိုက်မယ့် ဖြစ်ချင်း။

တရားပြ ဆရာတော်က ဘာလို့ ဒါတွေ သတိမထားမိပါလိမ့်။ နောက်ပြီး ကိုယ်တိုင် တရားရ ရင်တောင် ရကြောင်းကို ထုတ်ဖော်ပြောတာကို ဆရာတော်ကြီးများ မလုပ်ကြပါဘူး။ သူတပါးက ပြောလာရင်တောင် မပြောဖို့ တားမြစ်ပြီး အေးအေး စံတော် မူကြပါတယ်။ ခုတော့ ကိုယ်တိုင်က တရားရကြောင်း ပြောရုံမက ကိုယ့်တပည့် တွေကိုပါ ဘယ်သူက ဘာ ဆိုပြီး ရာထူး တပ်တဲ့ အတိုင်းပဲ သတ်မှတ်ပေးနေလိုက်ကြတာ။

လူတွေကလဲ အဲလို ရာထူးတပ်ပေးတဲ့ ရိပ်သာ တရားစခန်းဆိုရင် အပြေးအလွှားပါပဲ။ ခက်တာက ရည်းစားထားတဲ့ အနာဂါမ်တွေ အရက်ခိုးသောက်တဲ့ ပြည်သူပိုင် ပစ္စည်း အလွဲသုံးစားလုပ်တဲ့ သောတာပန် ဆိုတာတွေ မြင် ရပါ များလာတော့ ဟုတ်ကဲ့... အမြင်မတော်ပြန်ပါဘူး။ ဒါကြောင့် ရွှေဥမင် ဆရာတော် ဘုရားကြီးရဲ့ တပည့်ရင်း ဆရာတော် ဟောတော် မူတဲ့၊ ရွှေဥမင် ဆရာတော် ဘုရားကြီး ရှိစဉ် ကတည်းက ဆုံးမ သြ၀ါဒ တွေကို အမှတ်တရ မှတ်တမ်းတင် ထားလိုက်ပါတယ်။

ဦးတေဇနိယ (ရွှေဥမင်တောရ)

၁။ တရားအားထုတ်စဉ် အရေးအကြီးဆုံးက သဘောထားမှန်ဖို့ စိုက်မရှုနဲ့ ၊ ထိန်းမရှုနဲ့ ၊ လုပ်မရှုနဲ့ ၊ ချုပ်မရှုနဲ့ ၊

၂။ ဖြစ်အောင်လည်း မလုပ်နဲ့ ၊ ပျက်အောင်လည်း မလုပ်နဲ့ ၊ ဖြစ်တိုင်း ပျက်တိုင်းလည်း မမေ့နဲ့ သိနေရမယ် ။

၃။ ဖြစ်အောင်လုပ်ရင် လောဘ ၊ ပျက်အောင်လုပ်ရင် ဒေါသ ၊ ဖြစ်တိုင်း ပျက်တိုင်း မသိရင် မောဟ ။

၎။ ရှုမှတ်စိတ်မှာ လောဘ, ဒေါသ, သောက မပါမှ ရှုမှတ်စိတ်ဖြစ်မယ် ။

၅။ ဘယ်လိုသဘောထားနဲ့ အားထုတ်နေလဲလို့ ပြန်စစ်ဆေးကြည့်ရမယ် ။

၆။ ကောင်းတာလည်း ရှုရမှာပဲ ၊ ဆိုးတာလည်း ရှုရမှာပဲ ၊

၇။ ကောင်းတာမှ လိုချင်တယ် မကောင်းတာဆို နည်းနည်းမှ မလိုချင်ဘူးဆိုရင် တရားပါ့မလား ။

၈။ မျှော်လင့်ချက် မပါစေနဲ့ လိုချင်တာ မပါစေနဲ့ ကြောင့်ကြစိတ် မပါစေနဲ့
ဒီသဘောထားတွေ ရှုစိတ်ထဲရှိနေရင် တရားအားထုတ်လို့ အဆင်မပြေနိုင်ဘူး ။

၉။ ဘာဖြစ်လို့ ဒီလောက်စိုက်ပြီး ရှုနေရတာလဲ ဖြစ်ချင်လို့၊ လိုချင်လို့၊ ပျောက်ချင်လို့ တခုခု ဖြစ်နေတတ်တယ် ။

၁၀။ စိတ်က ပင်ပန်း ဆင်းရဲနေရင် တရားအားထုတ်တာ တခုခုလိုနေပြီ ။

၁၁။ စိတ်တင်းကျပ်မှုနဲ့ တရားအားမထုတ်နိုင် ။

၁၂။ စိတ်နဲ့ကိုယ် ပင်ပန်းဆင်းရဲလာရင် တရားအားထုတ်မှုကို ပြန်စစ်ဆေးကြည့်သင့်တယ်၊
မှန်ကန်တဲ့ သဘောထားမျိုး ရှိရဲ့လား ။

၁၃။ တရားအားထုတ်တယ် ဆိုတာ သတိ အသိနဲ့ စောင့်ကြည့်နေတာ ။
စဉ်းစားနေတာ, ဆင်ခြင်နေတာ, ဝေဖန်နေတာ မဟုတ်ဖူး ။

၁၄။ လိုချင်တဲ့စိတ် ဖြစ်ချင်တဲ့စိတ်နဲ့တော့ အားမထုတ်နဲ့ ၊ ပင်ပန်းတာဘဲ အဖတ်တင်မယ် ။

၁၅။ တရားအားထုတ်တဲ့စိတ်က အေးအေးဆေးဆေးနဲ့ ငြိမ်းငြိမ်းချမ်းချမ်း ရှိရမယ် ။

၁၆။ စိတ်ရော ကိုယ်ရော သက်တောင့်သက်သာရှိရမယ်၊

၁၇။ လွတ်လပ်ပေါ့ပါးတဲ့ စိတ်နဲ့မှ တရားအားထုတ်လို့ ရတယ် ။

၁၈။ တရားအားထုတ်တယ်ဆိုတာ ကောင်းကောင်းဆိုးဆိုး ဘာလာလာ လက်ခံပြီး အေးအေးဆေးဆေး ကြည့်နေတာဘဲ ။

၁၉။ စိတ်က ဘာလုပ်နေလဲ တွေးနေသလား, သိနေသလား ။

၂၀။ စိတ်က ဘယ်ရောက်နေလဲ အတွင်းမှာလား, အပြင်မှာလား ။

၂၁။ သိနေတဲ့စိတ် ရှုနေတဲ့စိတ်က သေချာသိလား, အပေါ်ယံသိလား ။

၂၂။ ဖြစ်ချင်တဲ့ပုံစံမျိုးဖြစ်အောင် လုပ်နေတာ မဟုတ်၊ ဖြစ်နေတာကို ဖြစ်နေတဲ့အတိုင်း သိအောင် လုပ်နေတာ ။

၂၃။ အတွေးကို ပြဿနာ မရှာနဲ့ မတွေးအောင် လုပ်နေတာ မဟုတ်၊
တွေးရင် တွေးမှန်းသိအောင် လုပ်နေတာ ။

၂၄။ အာရုံကို ပယ်ရမှာ မဟုတ် ၊ အာရုံကြောင့်ဖြစ်တဲ့ ကိလေသာကို သိပြီး (ရှုမှတ်ပြီး) ပယ်ရမယ် ။

၂၅။ သဒ္ဓါရှိမှ ၀ီရိယ ရှိမယ်၊ ၀ီရိယ ရှိမှ သတိမြဲမယ်၊ သတိမြဲမှ သမာဓိ တည်မယ်၊ သမာဓိ တည်မှ အမှန်အတိုင်း သိမယ်၊ အမှန်အတိုင်း သိလာတော့ သဒ္ဓါပိုဖြစ်လာတယ် ။

၂၆။ ပစ္စုပ္ပန်တည့်တည့်ကိုသာ သတိထားနေရမယ်၊ အတိတ်ကိုလည်း မပြန်နဲ့ ၊ အနာဂတ်ကိုလည်း မကြံနဲ့ ။

၂၇။ အာရုံက အရေးမကြီးဘူး ၊ အနောက်က အလုပ်လုပ်နေတဲ့ စိတ်က ပိုအရေးကြီးတယ် ၊
ရှုမှတ်စိတ်သာ သဘောထားမှန်ရင် အာရုံအမှန်ရမှာပဲ ။

အထက်ပါ တရားတော်ကို အင်္ဂလိပ် ဂျပန် တရုတ် အီတလီ စပိန် ဘာသာစကားဖြင့်သာ မက ဟီးဘရူး၊ ချက်၊ ပိုလန်၊ ဒတ်ခ်ျ၊ မလေး ဘာသာစကားများဖြင့်လဲ ဒီနေရာမှာ ရယူ ဖတ်ရှုနိုင်ပါသည်။ ကမ္ဘာတလွှားရှိ လူမျိုးအသီးသီးဆီသို့  ဓမ္မဒါန ထပ်ဆင့်ဖြန့် ဝေပေးလိုပါသဖြင့် တခြား ဘာသာ စကားများသို့  ပြန်ဆိုပေးနိုင်ပါက ပြန်ဆိုအကူအညီပေးပါရန်လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါတယ်ရှင်။

ဝန်ခံချက်။ ။ အီးမေးလ်က ရလာတဲ့ စာလေး ဖြစ်ပေမယ့် ကိုယ်တိုင်က ရွှေဥမင် ယောဂီဟောင်းမို့ ဆရာတော် ဘုရားများရဲ့ ဆုံးမ သြ၀ါဒတွေ မှန်ကန် တာမို့ ထပ်ဆင့် ဓမ္မဒါန ဖြန့်ဝေ လိုက်ပါတယ်ရှင်။

သဗ္ဗေသတ္တာ -သတ္တ၀ါ မှန်သမျှ၊ ကမ္မသကာ -မိမိ၏ ကောင်းမှု မကောင်းမှုသည်သာလျှင် ကိုယ်ပိုင် ဥစ္စာ ရှိကြပါတကား...




Wednesday, March 5, 2014

မြတ်ဗုဒ္ဓအလိုတော်ကျ Facebookသုံးနည်း

``မြတ်ဗုဒ္ဓအလိုတော်ကျ Facebookသုံးနည်း´´

မနေ့က မိမိဆီကိုလာတဲ့ အသိဒကာတစ်ဦးက Facebookမကောင်းကြောင်းကို နည်းလမ်းမျိုးစုံနဲ့ ပြောသွားပါ တယ်။ သူပြောတာတွေကို လိုရင်းချုပ်လိုက်ရင်တော့ facebookဟာ ဖွဘုတ်ခ်ဖြစ်နေပြီး သုံးစွဲရတာ အကုသိုလ် အရမ်းများကြောင်း၊ တစ်ဖက်သားရဲ့ဂုဏ်သိက္ခာကို ငဲ့ညာထောက်ထားမှု မရှိကြပဲ မဟုတ်တာတွေရော ဟုတ်တာတွေပါ စည်းမရှိကမ်းမရှိ ကျင့်ဝတ်မဲ့ဖွနေကြကြောင်း Homeထဲဝင်လာသမျှ အကြောင်းအရာတိုင်းက ဆယ်ခုမှာ ကိုးခုလောက်က အကုသိုလ်ဖြစ်စရာ စိတ်ချမ်းမြေ့စရာတွေသာဖြစ်ကြောင်းတွေပဲ ဖြစ်ပါတယ်။

သူပြောတာ မဟုတ်ဘူးလားဆိုတော့လည်း ဟုတ်ပါတယ်။ လူမှုဆက်ဆံရေးနယ်ပယ်မှာ လူတိုင်း ကတော့ လူကောင်းဖြစ်နေဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ facebookမှာ မကောင်းတာတွေရှိသလို ကောင်းတာတွေရှိလည်း ရှိပါတယ်။ မိမိဆိုရင် facebookသုံးရတာကို နှစ်သက်ပါတယ်။ ကိုယ်ရေးချင်တဲ့ အကြောင်းအရာလေးတွေ ရေးတင်တယ်။ သူများရေးတင်တာတွေဖတ်တယ်။ အပြုသဘောဆောင်တဲ့ မှတ်ချက်တွေပေးတယ်။ ကိုယ်နှစ် သက်တာတွေတွေ့ရင် Like လုပ်လိုက်ပါတယ်။ တကယ်တော့ Facebookဟာ ဘုရားအလိုတော်ကျသာ သုံးစွဲ တတ်မယ်ဆိုရင် စိတ်ဆင်းရဲစရာ စိတ်မချမ်းမြေ့စရာ မရှိပါဘူး။ ဘုရားရှင်အလိုတော်ကျ Facebookသုံးနည်း ပြောပြချင်ပါတယ်။

သာသနာတော်မှ အရိယာဖြစ်ပြီးခါမှ နွားဝှေ့လို့သေရတဲ့ အရိယာလေးဦးရှိပါတယ်။ ဂေါတမ ဘုရားရှင် မပွင့် ထွန်းမှီ တစ်ခုသောကာလတုန်းက သူဌေးသားလေးယောက်ဟာ ပြည့်တန်ဆာမ တစ်ယောက်ကို အခငွေကြေး ပေး၍ ဥယျာဉ်ထဲသို့ ခေါ်ဆောင်ကာ တစ်နေကုန်ပျော်ပါးကြပါတယ်။ ညနေရောက်တဲ့အခါမှာ တစ်ယောက် သော သူဌေးသားက ကျန်သူငယ်ချင်းသုံးဦးကို ``သူငယ်ချင်းတို့ ဤပြည့်တန်ဆာမ၏ လက်၌ ငွေတစ်ထောင် ရွှေငွေများစွာတို့နှင့် အဖိုးတန် အဆင်တန်ဆာများ ပါရှိလေသည်။ ဤဥယျာဉ်၌ ငါတို့မှတစ်ပါး အခြားသူတစ်ဦး တစ်ယောက်မျှမရှိ။ ညဥ့်အခါလည်း ဖြစ်ခဲ့ပြီ။ ကိုင်း ငါတို့သည် ဤပြည့်တန်ဆာမကို သတ်၍ ဥစ္စာအားလုံးကို ယူဆောင်သွားကြစို့´´လို့ ပြောဆိုအကြံပေးပါတယ်။

သူငယ်ချင်းလေးယောက်လုံးဟာ သဘောတူညီကြတာကြောင့် ပြည့်တန်ဆာမကို ရိုက်ပုတ် ထိုးကြိတ်သတ် ဖြတ်ကြစဉ်ပင် ``ဤသူတို့ကား အရှက်မဲ့ကြ ကရုဏာမဲ့ကြကုန်၏။ ကိလေသာ အလိုလိုက်ပြီး ငါ့နှင့်အတူ ပျော်ပါးပြီး အပြစ်မဲ့သူ ငါ့ကို သက်သက်မဲ့ ဥစ္စာလောဘဖြင့် သတ်ကြ၏။ ဤသူတို့သည် ငါ့ကို တစ်ကြိမ်တော့ ငါအားနွဲ့နေ၍ သတ်ကြစေဦးတော့။ ငါသည်ကား ဘီးလူးမဖြစ်ပြီးလျှင် ဤသူလေးယောက်တို့ကို အကြိမ်များစွာ သတ်နိုင်သော သူ ဖြစ်ရပါလို၏´´လို့ ဆုတောင်းပြီးမှ သေဆုံးသွားခဲ့ပါတယ်။

အဲဒီသူဌေးသားလူဦးကတော့ ဂေါတမဘုရားရှင် ရဲ့လက်တော်မှာ ပုက္ကုသာတိမင်း ဗာဟိယ ဒါရုစီရိယ တမ္ဗဒါဌိကသူသတ်သမား သုပ္ပဗုဒ္ဓနူနာရောဂါသည်တို့ ဖြစ်ကြပါတယ်။ သူတို့တွေဟာ အတိတ်ဘ၀တုန်းက ဆိုးယုတ်ခဲ့ကြပေမယ့် ဘုရားရှင်ရဲ့ တရားတော်ကိုနာကြား ပြီး ပုက္ကုသာတိမင်းက အနာဂါမ် ဗာဟိယဒါရုစီရိယ က ရဟန္တာ ကျန်နှစ်ယောက်က သောတာပန်တွေ ဖြစ်ကြပါတယ်။ ဒီလေးယောက်ထဲက ဗာဟိယဒါရုစီရိယ အကြောင်းကို ပြောပြချင်ပါတယ်။

ဘုရားရှင်လက်တော်က ဗာဟိယတိုင်းက အမျိုးကောင်းသားတစ်ယောက်ဟာ ကုန်သွယ်ဖို့ရန် အတွက် ပင်လယ်ကူးရွက်သင်္ဘောကို စီးနင်းကာ သုဝဏ္ဏဘူမိတိုင်းကို ထွက်ခွါခဲ့ပါတယ်။ ကံဆိုးစွာနဲ့ပဲ သမုဒ္ဒရာအလယ် မှာ မုန်တိုင်းမိပြိး ရွက်သင်္ဘောကပျက်ပါတယ်။ ဗာဟိယတိုင်းသား အမျိုးသားကလွဲရင် ကျန်သူအားလုံး သေဆုံး ကုန်ကြပါတယ်။ ဗာဟိယတိုင်းသားကတော့ ပျဉ်းပြားတစ်ချပ်ရတာကြောင့်ပျဉ်ချပ်ကိုဖက်ကာ ခုနှစ်ရက်ပတ် လုံး သမုဒ္ဒရာထဲမှာ မျောချင်ရာ မျောနေရာကနေ ကံကောင်းစွာနဲ့ပဲ သုပ္ပါရကဆိပ်ကမ်းကို ကပ်ရောက်သွားပါ တယ်။ ဗာဟိယ တိုင်းသားမှာ သုပ္ပါရကဆိပ်ကမ်းရောက်တဲ့အခါမှာ ကိုယ်လုံးတီးကြီးဖြစ်နေပါတယ်။ ဒါကြောင့် သူဟာ မသင့်တော်တာမို့ ဟိုဟိုသည်သည် ကြည့်ရင်း အနီးနားကတွေ့တဲ့ ရေမှော်သိုက်ကြီးကို ခါးမှာပတ်ပြီး သူများ စွန့်ပစ်ထားတဲ့ ခွက်စုတ်တစ်ခုကို ကောက်ယူကာ ဆိပ်ကမ်းမှာ လှည့်လည်တောင်းရမ်းပါတယ်။

ဗာဟိယတိုင်းသားကို မြင်တွေ့ကြရတဲ့ ဆိပ်ကမ်းမှလူများဟာ ``လောက၌ ရဟန္တာပုဂ္ဂိုလ်များ အကယ်၍ ရှိကြ မည်ဆိုလျှင် ဤအရှင်မြတ်ကဲ့သို့သော သဘောရှိသူတို့သာ ရဟန္တာဖြစ်လေရာ၏။ အသို့နည်း အရှင်မြတ်သည် မြင့်မြတ်သောအကျင့်ကို ကျင့်နေသောသူဖြစ်သောကြောင့် အ၀တ်ကိုမခံယူသလော။ သို့မဟုတ် လှုဒါန်းလျှင် ခံယူမည်လော´´လို့ စုံစမ်းလိုကြသဖြင့် အ၀တ်အစားမျိုးစုံ လှုဒါန်းကြပါတယ်။

ဗာဟိယတိုင်းသားကလည်း ``အကယ်၍များ ငါသည် ဤယခုအသွင်ဖြင့် မလာရောက်ခဲ့ပဲ သားနားသပ်ရပ်စွာ ၀တ်ဆင်၍ လာရောက်ခဲ့လျှင် ဤလူများသည် ငါ့အား မကြည်ညိုကြကုန် လေရာ။ တစ်စုံတစ်ခုပြုလုပ်ကာ ဤလူ အများကို လှည့်ဖြား၍ အသက်ရှင်ကြောင်း နည်းလမ်း ကောင်းတစ်ခုတော့ ပြုမှ သင်လျော်တော့မည်´´လို့ ကြံ စည်စဉ်းစားပြီး အလိုလောဘ နည်းသောဟန်ဖြင့် အ၀တ်များကို မခံယူပါဘူး။ ဒီအခါမှာ လူတွေဟာ အတိုင်း ထက်အလွန် ကြည်ညိုသွားကြပြီး ရဟန္တာဟုယူဆကာ ကိုးကွယ်ဆည်းကပ်ကြပါတော့တယ်။

နောင်အခါမှာတော့ ဗာဟိယတိုင်းသားဟာ ပျဉ်ချပ်ပါးပါးလေးတွေကို ကြိုးနဲ့သီကာ ရေမှော်တွေ အစား ပျဉ်ချပ်တွေကို ခါးမှာ ပတ်ထားပါတယ်။ ဒီအခါမှစပြီး သူဟာ ဗာဟိယဒါရုစီရိယလို့ နာမည်တွင် သွားတော့တယ်။ အဓိပ္ပါယ်ကတော့ `သစ်သားများကို ၀တ်ဆင်သော ဗာဟိယ တိုင်းသား´ ဖြစ်ပါတယ်။ စုတ်တီးစုတ်ပဲ့များ ၀တ်ဆင်ထားသောသူများ ကို တန်ခိုးရှင်ထင်နေကြတဲ့ လူပုဂ္ဂိုလ်တွေ ဒီအဖြစ်အပျက်လေးကို ကြပ်ကြပ်နှလုံးသွင်းထားသင့်ပါတယ်။

ဗာဟိယဟာ လက်ရှိဘ၀မှာ လိမ်ညာစားသောက်နေပေမယ့် အတိတ်ဘ၀တွေတုန်းကတော့ ခေသူမဟုတ်ပါ ဘူး။ သူဟာ ကဿပဘုရားရှင်လက်တော်တုန်းက ရဟန်းတစ်ပါးဖြစ်ခဲ့ပြီး ရဟန္တာမဖြစ်မချင်း ဆွမ်းမစားဘူးလို့ အဓိဋ္ဌာန်ပြုကာ တရားအားထုတ်ရင်း သေဆုံးခဲ့တဲ့သူပါ။ အဲဒီတုန်းက သူနဲ့အတူ တရားအားထုတ်ဖော် ရဟန်းတစ်ပါးဟာ အနာဂါမ်ဖြစ်ပြီး သုဒ္ဓါဝါသ ဗြဟ္မာ့ဘုံမှာ အရိယာဗြဟ္မာကြီးဖြစ်နေပါတယ်။ အဲဒီဗြဟ္မာကြီးဟာ ``ငါ့သူငယ်ချင်းများသည် ယခုအခါ အဘယ်အရပ်၌ ဖြစ်နေကြသနည်း´´လို့ ကြံစည်မိပြီး ကြည့်ရှု့ဆင်ခြင်တဲ့ အခါမှာ ရဟန္တာဆိုပြီး လူတွေကို လိမ်စားနေတဲ့ သူငယ်ချင်းဟောင်းကြီး ဗာဟိယကို မြင်တွေ့ လိုက်ရပါတယ်။

ဗြဟ္မာကြီးဟာ ``ငါ့သူငယ်ချင်းဆီသွားပြီး ထိတ်လန့်သံဝေဂဖြစ်စေပြီး လောက၌ ဘုရားရှင် ပွင့်ထွန်းနေကြောင်း ပြောကြားပေအံ့´´လို့ ကြံစည်စဉ်းစားကာ ဗာဟိယဆီလာပြီး ကဿပ ဘုရားလက်တော်တုန်းက သူနဲ့ဗာဟိယ ဟာ တရားအားထုတ်ဖော်အားထုတ်ဖက် ရဟန်းတွေ ဖြစ်ခဲ့ကြောင်းကို ပြောပြပြီး ``အို ဗာဟိယ သင်သည် အာသဝေါကုန်ခန်း ရဟန္တာလည်း မဟုတ်ချေ။ သင့်မှာ ရဟန္တာဖြစ်ဖို့ရန် မြူမှုန်မျှလောက်သော အကျင့်ကောင်း တောင်မရှိချေ´´လို့ ပွင့်ပွင့်လင်းလင်း ပြောပြပြီး သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်မှာ ဘုရားရှင်ရှိကြောင်း ပြောပြပါတယ်။ ဘုရားရှင်ဆီရောက်ဖို့ ရက်ပေါင်း၁၂၀သွားရမယ့် ခရီးဝေးကြီးကို သူ့တန်ခိုးနဲ့ တစ်ရက်ထဲနဲ့ ရောက်ရှိအောင် လုပ်ဆောင်ပေးပါတယ်။

ဗာဟိယ ဇေတ၀န်ကျောင်းတော်ကို ရောက်တဲ့အခါမှာ ဘုရားရှင်က သာဝတ္ထိမြို့တွင်းကို ဆွမ်းခံကြွနေတာနဲ့ ကြုံပါတယ်။ ရဟန်းတော်တွေက ဘုရားရှင်ဆွမ်းခံပြီးရင် ပြန်ကြွလာမှာဖြစ်လို့ အပန်းဖြေနားနေရင်း ကျောင်း ကနေ စောင့်နေပါလို့ ပြောကြတာတောင် မရပဲ ဗာဟိယဟာ ဘုရားရှင်ဆွမ်းခံရာကို လိုက်သွားပါတယ်။ သာဝတ္ထိမြို့တွင်းမှာ ဆွမ်းခံကြွနေတဲ့ ဘုရားရှင်ကို မြင်တွေ့လိုက်ရတဲ့ ဗာဟိယဟာ ``ငါသည် အလွန်ကြီးကြာ မြင့်မှ မြတ်စွာဘုရားကို ဖူးမြင်ရလေသည်´´လို့ ၀မ်းမြောက်ဝမ်းသာ ငါးဖြာသောပီတိဖြစ်ပြီး ပီတိရဲ့အဟုန် ကြောင့် မျက်တောင်လေးတောင် မခတ်တော့ပဲ မြတ်စွာဘုရားနားကပ်ပြီး ရှိခိုးကန်တော့ပါတယ်။

ရှိခိုးကန်တော့ပြီးတော့ ``မြတ်စွာဘုရား တပည့်တော်အား တရားဟောတော်မူပါ။ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား တပည့်တော်အား တရားဟောတော်မူပါ။ မြတ်စွာဘုရား ဟောကြားအပ် သော တရားတော်သည် တပည့်တော်၏အဖို့ရာ ရှည်လျားစွာသော နေ့ညဥ့်ပတ်လုံး စီးပွါးချမ်းသာအလို့ငှါ ဖြစ်ပါလိမ့်မည်´´လို့ တောင်းပန်လျှောက်ထားပါတယ်။

ဗာဟိယဟာ အရမ်းပီတိတွေများနေတာကြောင့်ရော တရားတော်ကို နားလည်လောက်အောင် ဥာဏ်မရင့်ကျက် သေးတာကြောင့်ရော ခရီးရှည်ကြီးကို လာခဲ့ရတာကြောင့် ပင်ပန်းနေတဲ့ အတွက် ကြောင့်ရော ``ချစ်သား ဗာဟိ ယ တရားဟောရန် အခါမဟုတ်သေး။ ငါဘုရားသည် ဆွမ်းအလို့ငှါ လှည့်လည်နေသည်´´လို့ မိန့်တော်မူပါတ ယ်။ ဗာဟိယ ဒုတိယအကြိမ် တောင်းပန်လျှောက်ထား တဲ့အခါမှာလည်း ပယ်မြစ်ပါတယ်။

တတိယအကြိမ် လျှောက်ထား တောင်းပန်တဲ့အခါမှာတော့ ဗာဟိယစိတ် ပီတိတွေလျှော့သွားခါ စိတ်နေစိတ်ထား အလယ်အ လတ်ပြန်ဖြစ်သွားပြီ ဖြစ်တဲ့ အတွက်ကြောင့်လည်းကောင်း ခရီးပန်းမှု ပြေပျောက်သွားပြီ ဖြစ်တဲ့ အတွက်ကြောင့် လည်းကောင်း ဥာဏ်ပညာကလည်း တရားတော်ကို နားလည်လောက်အောင် ရင့်ကျက်နေပြီဖြစ်တဲ့အတွက် ကြောင့်လည်းကောင်း မကြာခင် သေဆုံးရတော့မှာ ဖြစ်တဲ့အတွက်ကြောင့်လည်းကောင်း သိမြင် တော်မူတာကြောင့် ယခုလိုဟောကြားတော်မူလိုက်ပါတယ်။

``ချစ်သား ဗာဟိယ ထိုသို့ဖြစ်လျှင် သင်ချစ်သားသည် ဤသို့ကျင့်ရမည်။ မြင်အပ်သော အဆင်းမျိုးစုံ ရူပါရုံ၌ မြင်လျှင်မြင်ကာမျှမတ္တဖြစ်အောင်၊ ကြားအပ်သော အသံမျိုးစုံ သဒ္ဒါရုံ၌ ကြားလျှင်ကြားကာမျှမတ္တဖြစ်အောင်၊ တွေ့ရောက်အပ်သော အနံ့မျိုးစုံ ဂန္ဓာရုံ ရသာမျိုးစုံ ရသာရုံ အတွေ့မျိုးစုံ ဖောဋ္ဌဗ္ဗာရုံ၌ တွေ့ရောက်ကာမျှမတ္တဖြစ် အောင်၊ သိအပ်သော ရုပ်နာမ်မျိုးစုံ ဓမ္မာရုံ၌ သိကာမျှမတ္တဖြစ်အောင် သင်ချစ်သားသည် ဤသို့လျှင် ကျင့်ဆောင် ရမည်´´

``ချစ်သား ဗာဟိယ သင်ချစ်သားသည် အကြင်အခါ၌ မြင်အပ် ကြားအပ် တွေ့ရောက်အပ် သိအပ်သော အာရုံ၌ မြင်ကာမျှ ကြားကာမျှ တွေ့ရောက်အပ်ကာမျှ သိအပ်ကာမျှဖြစ်အောင် ကျင့်ဆောင်ကြိုးကုတ် အားထုတ်နိုင်ငြား အံ့။ သင်ချစ်သားသည် ထိုအခါ၌ ထိုမြင်အပ် ကြားအပ် တွေ့ရောက်အပ် သိအပ်သည့် အာရုံနှင့်စပ်သော ရာဂ ဒေါသ မောဟနှင့်ယှဉ်သူ တပ်မက်သူ ပြစ်မှားသူ တွေဝေသူ ဖြစ်လိမ့်မည် မဟုတ်တော့ချေ´´

``ချစ်သား ဗာဟိယ သင်ချစ်သားသည် အကြင်အခါ၌ ထိုမြင်အပ် ကြားအပ် တွေ့ရောက်အပ် သိအပ်သည့် အာရုံနှင့်စပ်သော ရာဂ ဒေါသ မောဟနှင့် မယှဉ်သူ မတပ်မက်သူ မပြစ်မှားသူ မတွေဝေသူ ဖြစ်ခဲ့လျှင် သင်ချစ် သားသည် ထိုအခါ၌ ထိုမြင်အပ် ကြားအပ် တွေ့ရောက်အပ် သိအပ်သောအာရုံ၌ ငါ့ဥစ္စာဟု တဏှာဖြင့်မစွဲငြိသူ မမှီသူ၊ ငါဟု မာနဖြင့် မစွဲငြိသူ မမှီသူ၊ ငါ့လိပ်ပြာဟု မှားယွင်းသောအမြင်ဖြင့် မစွဲငြိသူ မမှီသူ ဖြစ်ပေလိမ်မည်´´

``ချစ်သား ဗာဟိယ သင်ချစ်သားသည် အကြင်အခါ၌ ထိုမြင်အပ် ကြားအပ် တွေ့ရောက်အပ် သိအပ်သော အာရုံ၌ တဏှာ မာန ဒိဋ္ဌိတို့ဖြင့် မမှီသူဖြစ်ခဲ့လျှင် သင်ချစ်သားသည် လူလည်း မဖြစ်တော့ချေ နတ်လည်း မဖြစ်တော့ချေ ဗြဟ္မာလည်းမဖြစ်တော့ချေ အပါယ်ဘံသို့လည်း မကျရောက်ရတော့ချေ။ သင်ချစ်သားသည် နိဗ္ဗာန်သို့သာ စံဝင်ရတော့ပေအံ့´´လို့ ဟောကြားတော် မူလိုက်ပါတယ်။ ဗာဟိယဟာ တရားတော်ကို နာယူပြီး တရားရှု့မှတ်ပွားများလိုက်တာ ပါရမီရှင်ဖြစ်သူမို့ တစ်ခဏလေးနဲ့ ရဟန္တာဖြစ်သွားခဲ့ပါတယ်။ ရဟန်းပြုဖို့ရန်အ တွက် သင်္ကန်းရှာနေတုန်းမှာ ဘီးလူးမက နွားယောင်ဆောင်ကာ ဝှေ့လိုက်လို့ ဗာဟိယဟာ အမှိုက်ပုံထက်မှာ အသက်ကုန် သွားရရှာပါတယ်။ ဘီးလူးမဟာ အရင့်အရင်ဘ၀တစ်ခုတုန်းက ဗာဟိယတို့သူငယ်ချင်းလေးဦး သတ်ဖြတ်ခဲ့တဲ့ ပြည့်တန်ဆာမပါ။ ရန်ငြိုးတွေက အင်မတန်ကြောက်မက်ဖွယ်ကောင်းလှပါတယ်။

Facebookသုံးတဲ့အခါမှာ ဘုရားရှင်က ဗာဟိယကို ဟောကြားတော်မူခဲ့သလို မြင်ရင် မြင်တယ်လို့မှတ်။ ကြားရင် ကြားတယ်လို့မှတ်။ သိရင်သိတယ်လို့မှတ်လိုက်ရပါမယ်။ ဒီလိုမမှတ်ပဲ မြင်ပြီးတဲ့နောက်မှာ တဏှာနဲ့တပ်မက်မယ်၊ မာနကြောင့် မခံချင်စိတ်တွေဖြစ်မယ်၊ မှားယွင်းသော သုံးသပ်မှုနဲ့ သုံးသပ်ပြီး လောဘတွေ ဒေါသတွေ မောဟတွေဖြစ်မယ်ဆိုရင်တော့ Facebookဟာ အကုသိုလ်အရမ်းများတဲ့နေရာဆိုတာ မှန်ပါတယ်။ သေချာ တွေးကြည့်လိုက်မယ်ဆိုရင်တော့ Facebookမှ မဟုတ်ပါဘူး။ ကိုယ်က စိတ်ထားမတတ်ရင် လူမှုဆက်ဆံရေး နယ်ပယ်တိုင်းက အကုသိုလ်များစရာတွေချည်းပါပဲ။ အဓိကကတော့ မြင်တိုင်း ကြားတိုင်း သိတိုင်း လောဘ ဒေါသ မောဟ မာန်မာနတွေမဖြစ်အောင် ကိုယ့်စိတ်ကလေးကို လေ့ကျင့်ထားဖို့ပါပဲ။

The Voiceမှာ မိမိရေးသားခဲ့သော ဘာသာရေးနဲ့ ပတ်သက်ပြီး ဝေဖန်ထားတဲ့ ဆောင်းပါး တချို့ကြောင့် Facebookမှာလည်းဆဲကြပါတယ်။ ဖုန်းမက်ဆေ့ခ်ျတွေ Viberမက်ဆေ့ခ်ျတွေ Emailတွေပို့ပြီး ရစရာမရှိအောင် နည်းလမ်းမျိုးစုံနည်းနဲ့ မိမိကို ဆဲဆိုကြပါတယ်။ ရွာမှာရှိတဲ့ မယ်တော်ကြီးတောင် ဆဲခံရလို့ ကိုယ်ဝန်တည်မယ် ဆိုရင် မိမိမှာ ညီငယ်လေးတွေ အများအပြားထပ်ရရှိလာနိုင်ပါတယ်။ သူတို့ဘာသာ ဘယ်လိုပဲဆဲဆဲ ``ငါလဲ ရေးသင့်ရေးထိုက်လို့ ရေးလိုက်တာ။ သူတို့လဲ ဆဲသင့်ဆဲထိုက်လို့ ဆဲနေကြတာ´´လို့ နှလုံးသွင်းပြီး မြင်ကာမျှမတ္တ ကြားကာမျှမတ္တ သိခါမျှမတ္တနေလိုက်တော့ မိမိမှာ ဘာစိတ်ပူပန်ဆင်းရဲမှုမှ မဖြစ်တော့ပါဘူး။

ဘုရားရှင်အလိုတော်ကျ မြင်ရင်မြင်ကာမျှ ကြားရင်ကြားခါမျှ သိရင်သိခါမျှအနေနဲ့ သဘောထားပြီး Facebook ကို အသုံးပြုမယ်ဆိုရင် ၀ိပဿနာရှု့မှတ်ပွားများပြီးသားတောင် ဖြစ်ပါတယ်။ ဘာနေနေ အလေ့အကျင့်ပါပဲ။ လေ့ကျင့်ယူလို့ မရနိုင်တာ ဘာမှ မရှိပါဘူး။ နှေးတာနဲ့ မြန်တာပဲ ကွာပါလိမ့်မယ်။ Facebookအသုံးပြုရင်း မြင်တာတွေကို မြင်ကာမျှ သိတာတွေကို သိကာမျှ သဘောထားလိုက်ပါ။ အမြင်နောက် အသိနောက်မှာ ချစ်ခြင်းမုန်းခြင်းဆိုတဲ့ ခံစားချက် မထည့်ပဲ ပညာဥာဏ်နဲ့သုံးသပ်ပြီး နေလိုက်ပါ။ အဲဒါဆိုရင် Facebookသုံးရ တာ အကုသိုလ်မဖြစ် တော့ပါဘူး။ ဒါဟာ မြတ်ဗုဒ္ဓ အလိုတော်ကျ facebookသုံးနည်းပဲဖြစ်ပါတယ်။ 

(မိုးသု-မန္တလေး)

Tuesday, March 4, 2014

ဗုဒ္ဓသာသနာအတွက် အလားအလာ မ ကောင်းတော့ကြောင်း


ဗုဒ္ဓသာသနာအတွက် အလားအလာ မ ကောင်းတော့ကြောင်း
 အင်းစိန် ရွာမဆရာတော် ဘုရားကြီး၏ သတိပေးချက်

အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ.(ဗဟို) မှဦးဆောင်ဆရာတော်တစ်ပါးဖြစ်သော
အင်းစိန်ရွာမဆရာတော် အရှင်တိလောက ဘိဝံသ ဆရာတော်ကြီး၏ ယနေ့ ဗုဒ္ဓဘာသာ ခေါင်းဆောင်များအတွက် "သတိပေးချက်" " "ယနေ့ဗုဒ္ဓဘာသာဝင် ခေါင်းဆောင်အများစုသည်........
၁။မြတ်ဗုဒ္ဓ ဘုရားဖြစ်ခါစက မိန့်ကြားခဲ့သော သာသနာပြုလမ်းစဉ်လိုက်သူ မရှိသလောက်ဖြစ်နေပြီ။

၂။မိမိနေရာ၌သာနေထိုင်ပြီးစာပေပို့ချနေခြင်းကို ပရိယတ္တိသာသနာပြုနေသည်ဟု ထင်နေကြသည်။

၃။ပြည်ပနိုင်ငံရောက်ရဟန်းတော်များသည်ပြည်ပမှာရောက်နေသည့်မိမိနိုင်ငံ သားဗုဒ္ဓဘာသာဝင်များ၏အကြည်ညိုခံသက်သက်ဖြင့်ကျေနပ်နေကြသည်။

၎။ဘာသာခြားများကို သီမ်းသွင်းသာသနာပြုနိုင်မှု မရှိသလောက်ရှားသည်။

၅။ပြည်တွင်းနေရဟန်း၊သာမဏေအများစုမှာလည်း ပရိယတ်၊ပဋ္ဋိပတ်နှင့်ကင်းကွာပြီး ယောင်ဝါးဝါး စားကာ သောက်ကာ အလကား အချိန်ဖြုန်းနေကြသည်။

၆။ဦးဆောင်ပုဂ္ဂိုလ်များနှင့်နောက်လိုက်များပါ မိမိရရှိသော လာဘ်လာဘများကို သာသနာအတွက်သုံးခြင်းထက် သာသနာအတွက် အကျိုးမများသည့် နေရာ၌ ဖြုန်းပစ်ကြသည်။

ရ။လာဘ်လာဘပေါများသည့် မြို.ကြီး ပြကြီးလိုနေရာဌာနများမှာသာ နေလိုကြသည်။

၈။သာသနာမရောက်သေးသည့်နယ်စွန်နယ်ဖျား လာဘ်လာဘ ရှားပါးသောနေရာများသို့ ကိုယ်ကျိုးစွန့် သွားရောက်သာသနာပြုလိုစိတ် မရှိကြ။

၉။လိုအပ်သည့် အဟောင်းပြုပြင်မှုထက် မလိုအပ်ဘဲ ဘုရားတည်၊ကျောင်းဆောက် စသောအဆောက်အဦးများဆောက်လုပ်ခြင်းဖြင့် နိုင်ငံ့ဘဏ္ဍာ၊ပြည်သူ့ဘဏ္ဍာ၊ သာသနာ့ဘဏ္ဍာတို့ကိုဖြုန်းတီးပစ်ကြသည်။ဤသို့ သောပြုမူလုပ်ဆောင်နေခြင်းများသည် သာသနာတော်ပြန့်ပွားရေးအတွက် အလားအလာမကောင်းပါ။

အရှင် တိလောကာဘိဝံသ (အင်းစိန် ရွာမ)

ဆရာတော်၏ မွေးနေ့ကို ဂုဏ်ပြုလျှက်

Monday, March 3, 2014

ကျန်းမာခြင်းသည် ပထမ ၊ ချမ်းသာခြင်းသည် ဒုတိယ

ကျန်းမာခြင်းသည် ပထမ ၊ ချမ်းသာခြင်းသည် ဒုတိယ


ချမ်းသာ ကြွယ်ဝသော သူဌေးကြီး တစ်ဦးသည် မိမိ တိုက်ပေါ်မှ နေ့စဉ် မြင်တွေ့ နေရသော လက်လုပ် လက်စား ဆင်းရဲသား များကို သနား ကြင်နာ စိတ်များ ဖြစ်ပွား နေခဲ့သည်ဟု ဆိုသည်။ အထူးသဖြင့် သူ့တိုက်ရှေ့ လမ်း တစ်ဘက်ခြမ်း ရှိ အများသုံး ရေကန်တွင် နေ့စဉ် တွေ့ရသည့် ရေစည် တွန်းလှည်း သမားတစ်ဦး နှင့် အဝတ်လျှော် သမ တစ်ဦးတို့မှာ နံနက် လင်းသည်မှ ညနေ နေဝင်ချိန် အထိ အလုပ်လုပ် ကြရင်း ဘဝကို ရုန်းကန် နေကြ သူများ ဖြစ်သည်ကို သတိထား မိနေသည်။

ထိုသူဌေးကြီး သည် အဝလွန်ပြီး ရောဂါ အမျိုးမျိုး ဝင်လာရာမှ တစ်နေ့တွင် လေဖြတ် ဝေဒနာ ခံစား ရလေရာ ငွေကုန် ကြေးကျ ခံပြီး နိုင်ငံခြား တိုင်းပြည်မှ ဆေးရုံကြီးတွင် တက်ရောက် ဆေးကုသမှု ခံယူခဲ့ သော်လည်း အသက် မသေသည်မှ လွဲ၍ ဒုက္ခိတ ဘဝ ရောက်ခဲ့ ရလေ သည်။ သူသည် မိမိအိမ် မှာပင် လမ်း မလျှောက်နိုင် ဝှီးချဲခေါ် တွန်းလှည်း ဖြင့် သွားရသည့် ဘဝသို့ ရောက်ခဲ့ လေသည်။

သူဌေးကြီး သည် ယခင်က မြင်တွေ့ နေကျ မိမိအိမ်ရှေ့ မှ မြင်ကွင်း များကို ကြည့်ရှုသော အခါ လမ်းတစ် ဘက်ခြမ်းရှိ ရေကန်တွင် ရှေးက မြင်တွေ့ နေကျ ရေစည် တွန်းလှည်း သမားနှင့် အဝတ်လျှော် သမ တို့ကို တွေ့ရပြန် လေသည်။ သို့သော် ယခင်က အမြင်နှင့် ယခုအမြင်မှာ မတူတော့ သွက်လက်စွာ အလုပ်လုပ် နေကြ သူတို့၏ ကျန်းမာရေး ကောင်းပုံကို အားကျ နေမိသည်။ မိမိမှာ သူများ ထူမှ တွဲမှ ထရထိုင်ရ သည့်ဘဝ ဖြစ်နေသည်။ တစ်ချိန်က သူတို့ ဆင်းရဲသည်ကို သနားမိ ခဲ့သည်။

 ယခု အခါ မိမိကိုယ် မိမိသာ သနားစရာ အဖြစ် မြင်လာ မိသည်။ ထိုသူများ ကဲ့သို့ ရေတစ်ပုံး သယ်နိုင်သည့် ဘဝ အဝတ်တစ်ထည် လျှော်နိုင်သည့် ဘဝကို မိမိ စည်းစိမ်ဖြင့် လဲချင်သည့် စိတ်များ ဖြစ်ပေါ် လာမိသည်ဟု ဆိုသည်။

အထက် ဖော်ပြပါ အကြောင်းအရာ များသည် စိတ်ကူးယဉ် မဟုတ် လေဖြတ် ထားသူ ချမ်းသာ ကြွယ်ဝသူ တစ်ဦးမှ ကိုယ်တွေ့ ပြောပြသော ခံစားချက်များ ဖြစ်သည်။ ကျန်းမာခြင်း ၏ တန်ဖိုးကို မကျန်းမာသော အခါမှ သိရသည် ဟူသော စကားမှာ အမှန်ပင် ဖြစ်ကြောင်း ထိုသူ၏ ဥပမာကို ကြည့်ခြင်းဖြင့် သိနိုင် ပေသည်။

လူဖြစ် လာသောအခါ ကြီးပွားကြောင်း၊ တိုးတက်ကြောင်း နီတိ များက ဖော်ပြရာတွင် ပထမ အရွယ် ပညာရှာ၊ ဒုတိယ အရွယ် ဥစ္စာရှာ၊ တတိယ အရွယ် တရားရှာ ဟု ရေးသား ထားသည်ကို တွေ့ရသည်။ ကျန်းမာရေး ကို မေ့လျော့ ထားသကဲ့သို့ ဖြစ်နေ လေရာ ကျန်းမာရေး နှင့် ချမ်းသာရေး သည် အတူ ယှဉ်တွဲ နေမှသာ ဘဝအတွက် စိတ်ချရမည် ဖြစ်သည်။ ကျန်းမာရေး ကို ငယ်စဉ်က ဂရုမစိုက် ခဲ့ဘဲ အရွယ်လွန်မှ ဂရုစိုက် လျှင် မဖြစ်နိုင်ပေ။ မဆင်မခြင် စားသောက် ခဲ့သူ တစ်ဦးသည် အလွန်ဝ လာပြီးမှ ဝိတ်ချလျှင် အလွယ်တကူ ပြန်မကျ နိုင်သည်ကို သတိပြုဖို့ လိုသည်။

စည်းစိမ် ချမ်းသာ နောက်သို့ သဲသဲမဲမဲ လိုက်ရင်း အချိန်တွေ ကုန်ကာ တစ်ဖက်မှ ကျန်းမာရေး မလိုက်စားခဲ့၊ လမ်းလျှောက် ဖို့ပင် အချိန် မပေး နိုင်သူများမှာ အသက်အရွယ် ရ၍ အကျပိုင်း ရောက်လာ သောအခါ ရောဂါတွေ တစ်ပွေ့ တစ်ပိုက် နှင့် ဒုက္ခရောက် ရတတ်သည်။ မိမိ ဘဝ တစ်လျှောက် ရှာဖွေခဲ့ သမျှ စည်းစိမ် များမှာ ဆေးကုဖို့ ဖြစ်သွားရ သူများလည်း ရှိသည်။ ဆေးဖိုးဝါးခ ဟူသော စကားသည် လွယ်လွယ် နှင့် ပြီးမြောက် သွားသည့် စကား မဟုတ်ချေ။ ယခုခေတ်တွင် ရောဂါကြီး တစ်ခု အတွက် ငါးနှစ် ၁ဝ နှစ်ဆက်ပြီး အသက် ရှည်ဖို့ နေအိမ်ကိုပါ ရောင်းပြီး မြို့သစ်သို့ ပြောင်းကာ ဆေးကုရသူ များစွာ တွေ့ရဖူး ပါသည်။

အသည်း၊ နှလုံး၊ ကျောက်ကပ် ကိုပင် အစားထိုး နိုင်သော ဆေးပညာ များ ပေါ်လာပြီ ဆိုသော်လည်း ကုန်ကျမည့် ငွေကြေးမှာ တစ်သက်တာ ရှာသမျှ ကုန်သွား နိုင်သည်ကို သတိပြု၍ ကျန်းမာခြင်း သည် ပထမ၊ ချမ်းသာခြင်း သည် ဒုတိယ ဖြစ်ကြောင်း ဆင်ခြင် မြော်မြင် နိုင်ရေး တင်ပြ လိုက်ရ ပါသည်။

(ကြည်လွင်မြင့် - မုဒြာ)

Sunday, March 2, 2014

တစ်ခြမ်းပဲ့ ဝေါဟာရများ


တစ်ခြမ်းပဲ့ ဝေါဟာရများ

      “ဘာသာစကား ဝေါဟာရတွေထဲမှာ သားသမီးကောင်းမိဘ၊ တပည့် ကောင်းဆရာ ဆိုတဲ့ ဝေါဟာရတွေ ရှားပါးပြီး သူဌေးမိဘ ဆိုတာ မရှိသလောက် ဖြစ်နေတာဟာ အရုပ်ဆိုးတဲ့ ချို့တဲ့မှုကြီး တစ်ခုပဲ။     ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)

       လောကသုံးပါးနဲ့ ပတ်သက်လို့ ကြောင်းကျိုးဆက်စပ်တွေးခေါ်ကြတဲ့ ပညာရှင်တို့ရဲ့ အဘိဓမ္မာများကို အကျဉ်းချုပ်လိုက်ရင် ရုပ်နာမ်နှစ်ခုကို ပဓာန အဖြစ်လက်ခံတွေးခေါ်တဲ့ “ဒွိတ္တအဘိဓမ္မာ” နဲ့ ရုပ် သို့မဟုတ် နာမ် တစ်ခုခုကိုသာ ပဓာနအဖြစ် လက်ခံတွေးခေါ်တဲ့ “အဒွိတ္တအဘိဓမ္မာ” ရယ်လို့ နှစ်မျိုးရှိပါတယ်။

        ဒီနှစ်မျိုးထဲက “အဒွိတ္တအဘိဓမ္မာ”ရယ်လို့ နှစ်မျိုးရှိပါတယ်။

        ဒီနှစ်မျိုးထဲက “အဒွိတ္တအဘိဓမ္မာ”မှာလည်း ရုပ်ကိုသာ ပဓာနအဖြစ် လက်ခံတဲ့ “ရူပဒွိတ္တ” အဘိဓမ္မာနဲ့ နာမ်တစ်ခုကိုသာ ပဓနအဖြစ် လက်ခံတဲ့ “နာမအဒွိတ္တ”အဘိဓမ္မာဆိုပြီး နှစ်မျိုး ထပ်ကွဲပါသေးတယ်။

        အဘိဓမ္မာရဲ့ ရည်ညွှန်းချက်ဟာ သတ္တလောကကြီး တိုးတက်ကြီးပွားမှုကို ဦးတည်တာဖြစ်ပါတယ်။ သတ္တလောကဆိုတဲ့ လက်ရှိလောကြီးမှာ ရုပ်၊ နာမ် နှစ်ခုလုံး ထင်ရှားရှိနေတာဖြစ်လို့ ဒီနှစ်ခုလုံးကို ပဓာနအခြေခံတဲ့ “ဒွိတ္တအဘိဓမ္မာ” သာလျှင် ကောင်းမွန် မှန်ကန်ပြည့်စုံတဲ့ အဘိဓမ္မာလို့ ဆိုနိုင်ပါလိမ့်မယ်။ မြတ်ဗုဒ္ဓရဲ့ အဘိဓမ္မာကို လေ့လာကြည့်မယ်ဆိုရင် နှစ်ခုအစုံအစုံကို အခြေခံထားတာကို တွေ့မြင်နိုင်ပါတယ်၊ ရုပ်နဲ့နာမ်၊ ကုသိုလ်နဲ့ အကုသိုလ်၊ ဒုက္ခနဲ့ ဒုက္ခချုပ်ငြိမ်းမှု စသည်တို့ဖြစ်ပါတယ်။

        အဘိဓမ္မာနယ်ပယ်မှာသာ အခုလို အစုံအစုံ နှစ်ခုစီ အခြေခံမှ ပြည့်စုံ ကောင်းမွန်တာ မဟုတ်ပါဘူး။ လူတို့ ပြောဆို သုံးစွဲနေကြတဲ့ ဝေါဟာရပညတ် တွေထဲမှာလည်းစ အစုံအစုံ ရှိမှ ကောင်းမွန်တင့်တယ်ပြည့်စုံတဲ့ ဝေါဟာရတွေ အများကြီးရှိပါတယ်။ ဥပမာ နေနဲ့လ၊ မိဘနဲ့သားသမီး၊ ဆရာနဲ့တပည့်၊ မောင်နဲ့ နှမစတဲ့ သက်၇ှိတို့ကို ခေါ်ဝေါတဲ့ ဝေါဟာရတွေ၊ အသွားအပြန်၊ အတက် အဆင်း၊ အနိမ့်အမြင့်၊ အပေးအယူစတဲ့ သက်ရှိတို့ရဲ့ အပြုအမူနဲ့ ပတ်သက်တဲ့ ဝေါဟာရတွေ များစွာရှိပါတယ်။

        သက်ရှိတို့ကို ခေါ်ဝေါ်တဲ့ အစုံအစုံဝေါဟာရတွေဟာ တစ်ခုခုချို့တဲ့ပြီး တစ်ခြမ်းပဲ့နေမယ်ဆိုရင် ဒီသက်ရှိလောကနဲ့ ဘာသာစကားဟာ အကျည်းတန် အရုပ်ဆိုးတဲ့ ချိုတဲ့မှုကြီးတစ်ခု ဖြစ်နေတတ်ပါတယ်။

        ဝေါဟာရ ဘာသာစကားတွေထဲမှာ မကောင်းဖခင်သား၊ဆရာကောင်း တပည့်၊ သူဌေးသားသမီး ဆိုတာတွေ ရှိနေပြီး၊ သားသမီးကောင်းမိဘ၊ တပည့် ကောင်းဆရာ ဆိုတဲ့ ဝေါဟာရတွေ ရှားပါးနေတာ၊ သူဌေးမိဘ ဆိုတာ မရှိသ လောက်ဖြစ်နေတာတွေဟာ အကျည်းတန် အရုပ်ဆိုးတဲ့ ချို့တဲ့မှုတွေပါပဲ။

        ဟုတ်တယ်။ တချို့ ဝေါဟာရတွေဟာ သူ့ပင်ကို သဘာဝအတိုင်း ရှိနေ တုန်းမှာ အစုံလိုက်အစုံလိုက်တွေနဲ့ အတော်ပြည့်စုံတင့်တယ်ပါတယ်။ မိဘ နဲ့ သားသမီး၊ ဆရားနဲ့တပည့် စသဖြင့်ပေါ့။ အဲ-- ဒါပေမယ့် အဲဒီဝေါဟာရတွေကို ပိုပြီး တင့်တယ်စေမယ့် “ကောင်း”ဆိုတဲ့ နာမ၀ိသေသနမျိုးနဲ့ တွဲဖက်လိုက်တဲ့ အခါမှာတော့ အပြန်အလှန် အစုံလိုက် အစုံလိုက် ဖြစ်မလာကြတော့ဘဲ တစ်ခြမ်း ပဲ့ ကွက်လပ်ကြီးတွေ ဖြစ်နေပြီး အကျည်းတန် အရုပ်ဆိုးနေတာကို တွေ့နေရ ပါတယ်။

        လူအများ ပြောဆိုသုံးစွဲနေတဲ့ ဝေါဟာရတွေထဲမှာ “မိကောင်းဖခင်သား သမီး”ဆိုတဲ့  ဝေါဟာရ ထင်ထင်ရှားရှား ရှိပါတယ်။ ဒီဝေါဟာရစကားလုံးဟာ မျိုးရိုးအကျင့်စာရိတ္တ စသည် ကောင်းမွန်တဲ့ မိဘတို့ရဲ့ ဂုဏ် ကို ဖော်ညွှန်းပြီး သားသမီးများဂုဏ်မြောက်အောင် ပြောဆိုကြတဲ့ စကားပါ။ ဒါပေမယ့် သားသမီး တို့ရဲ့ ဂုဏ်ကို ဖော်ညွှန်းပြီး မိဘများဂုဏ်မြောက်စေဖို့အတွက်“သားသမီးကောင်း မိဘတွေ”လို့ ပြောဆိုနိုင်တာမျိုးကတော့ ကြားရခဲပါတယ်။ အလားတဲပဲ “ဆရာ ကောင်းတပည့်”လို့သာ ပြောသံကြားရပြီး “တပည့်ကောင်းဆရာ”ဆိုတဲ့ ပြောသံ ကိုလည်း တယ်ကြားဖူးလှမယ် မဟုတ်ပါဘူး။

        ဒီလို တစ်ခြမ်းပဲ့ပြီး ချို့တဲ့နေတဲ့ဝေါဟာရတွေအစား “သားသမီးအကျိုးပေး တဲ့မိဘ၊ တပည့်အကျိုးပေးတဲ့ဆရာ” ဆိုတဲ့ ဝေါဟာရမျိုးနဲ့တော့ အစားထိုးပေး နိုင်ဖို့ လိုအပ်ပါလိမ့်မယ်။ မိဘတို့၊ ဆရာတို့ ဆိုတာ ကျေးဇူးကြီးမားတဲ့ ကျေးဇူး ရှင်များဖြစ်ပြီး သားသမီးတို့ တပည့်တို့ဆိုတာက ကျေးဇူးတုံ့ပြုကြရမှာ ဖြစ်ပါ တယ်။

        စဉ်းစားကြည့်ရင် ကျေးဇူးရှင်ဖြစ်ဖို့ကသာ ပင်ပန်း ခက်ခဲပြီး ကျေးဇူးတုံ့ပြန် ရတာက အလွန် သက်သာ လွယ်ကူပါတယ်။ ကြည့်လေ မိဘတွေမှာ “မိကောင်း ဖခင်” ဆိုတဲ့ဂုဏ်နဲ့ ပြည့်စုံဖို့အတွက် ဘာသာတရား ကိုင်းရှိုင်းမှု၊ ကိုယ်ကျင့် စာရိတ္တ ကောင်းမွန်မှုတို့နဲ့ ပြည့်စုံ ရိုးသားကြရသလို စားဝတ်နေမှုနဲ့ လူမှုတာဝန်၊ နိုင်ငံ့တာဝန်တွေကိုလည်း မလစ်ဟင်း ပြည့်စုံအောင် ကြိုးစားနိုင်မှ ဒီဂုဏ်သိက္ခာ ကို ရရှိနိုင်ကြတာပါ။ ဒီလိုကြိုးစားရမှာလည်း ကိုယ့်အကျိုး၊ကိုယ့်အရေးအတွက် သာမကဘဲ သားသမီတို့အကျိုး၊သားသမီးတို့အရေးကိုလည်း အဓိကတွေးပြီး ကြိုးစားခဲ့ကြတာပါ။

        သားသမီးတို့ စားဝတ်နေရေး ပြည့်စုံစေရုံသာမက အရွယ်အလျောက် ဖြည့်ဆည်းပေးရမယ့် ပညာရေး၊ အသက်မွေးမှုအတတ်၊ ဘာသာတရား၊ ကိုယ် ကျင့်တရား၊ အဘက်ဘက်က ပြည့်စုံကောင်းမွန်အောင် ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိ သမျှ အစွမ်းကုန်ထုတ်ကြရသလို အချို့ဆိုရင် ကိုယ်ရေးကိုယ်တာ စားဝတ်နေမှု ကို အချို့တဲ့ခံပြီးတော့ကို ကြိုးစားကြရတာဖြစ်ပါတယ်။

        သားသမီးတို့က မိဘအပေါ် ကျေးဇူးတုံပြုရာမှာတော့ ဒီလောက်အထိ ကိုယ်ကျိုးစွန့် အနစ်နာခံစရာ မလိုကြပါဘူး။ မိဘတို့ရဲ့ ဆုံးမစကားကို လေးစား လိုက်နာပြီး ကိုယ်ကျိုးအတွက် ပညာရှာချိန်မှာရှာ၊ အသက်မွေးဝမ်းကျောင်း အတွက် စီးပွားရှာချိန်မှာ စီးပွားရှာကြပြီး အချိန်တန် အရွယ်ရောက်တော့ ကိုယ့် အိုး ကိုယ့်အိမ် ထူထောင်စရာရှိတာ ထူထောင်ခွင့်ရကြတာပါပဲ။ ဒီလို ထူထောင်

ပြီူတော့လည်း မိဘစိတ်ဆင်းရဲစရာဖြစ်အောင် မလုပ်ကြဘဲ ကိုယ့် စားဝတ်နေမှု အတွက် လူတန်းစေ့စေ့ လူရာဝင်အောင် ကိုယ့်ဘ၀ကိုယ် တည်ထောင်နေနိုင်ကြ တယ်ဆိုရင်ကို မိဘများက ကျေနပ်နေကြပြီး၊ ဒီလိုသားသမီးမျိုးရျိတယ်ဆိုရင်ပဲ “ သားသမီးအကျိုးပေးတယ်”လို့ မိဘများ ကိုယ်တိုင်ကလည်း ခံယူကြတယ်။ ပတ်ဝန်းကျင်ကလည်း ဒီလိုပဲ အသိ အမှတ်ပြုကြတာပါပဲ။

        တကယ်တော့ သားသမီးတို့ရဲ့ ဒီဖြစ်စဉ်ဟာ မိဘအပေါ်ကို ဘယ်လိုအကျိုး မှ ပြန်ပေးနိုင်ခဲ့ သေးတာ မဟုတ်ပါဘူး။ ကိုယ့်ကျိုးအတွက်သာ ကောင်းကောင်း မွန်မွန် လုပ်ကိုင်ကြိုးစားနေကြတာ ဖြစ်ပါတယ်။ ဒါကိုပဲ မိဘတွေကတော့ ဒီအကျိုးတွေကို သူတို့ကိုယ်တိုင် ခံစားနေသလို သဘောထားပြီး “သားသမီးကျိုး ပေးတယ်”လို့ပဲ ခံယူဝမ်းမြောက်ကြပြီး ကျေနပ်နေကြ တယ်ဆိုတော့ မိဘကျေနပ် အောင် ကျေးဇူးတုံ့ပြုရတာ ဘယ်လောက်များ လွယ်ကူလိုက်သလဲလို့။

        ဒီအထဲကမှ တစ်ခါတလေ သားသျွးများက သိသိမှတ်မှတ်နဲ့ စားစရာ၊ ၀တ်စရာလေး များများနဲ့ပေးပို့ပြီး  ကျေးဇူးတုံပြုလုပ်တဲ့အခါမှာတော့ ဘာပြော ကောင်းမလဲ။ မိဘတွေခများ သားသမီးက ကျွေးမွေးလို့ သူတို့တစ်တွေ အသက် ရှင်နေကြတယ်လို့များ ထင်မှတ်နေရော့ သလားတောင် မပြောတတ်ဘူး ကျေနပ် ၀မ်းမြောက် ဂုဏ်ယူလို့ မဆုံး သားသမီးဂုဏ်တွေ ဖော်လို့မဆုံးတော့ဘူး။

        မိမိနေတဲ့အရပ်က ဒကာကြီးတစ်ယောက်ဆိုရင် သူတို့ရဲ့ သားကလေး တစ်ယောက်ကို  ဘွဲ့ရတဲ့အထိ ပညာသင်နိုင်အောင် ကြိုးစားပြီး ကျောင်းထားပေး ရှာတယ်။ သားက အင်ဂျင်နီယာဘွဲ့ ရပြီးတဲ့အခါ ကြင်ရာရော အလုပ်ပါ တစ်ပြိုင် နက်ရတာကြောင့် မင်္ဂလာ ဆောင်ပြီးတာနဲ့ အလုပ်တာဝန်ကျရာအရပ်မှာပဲ နေတော့တယ်။ မိဘအိမ်ပြန်မကပ်နိုင်တော့ဘူး။ မိဘများကို ပုံမှန် ပြန်လည် ထောက်ပံ့နိုင်တယ်ရယ်လို့လည်း မရှိပါဘူး။ လူကြုံကောင်းမှ ဆေးဖိုးဝါးခလေး၊ အ၀တ်အစားလေးတွေ ပို့ပေးတာပဲ ရှိနိုင်ရှာပါတယ်။

        တစ်ခါက ရှမ်းပြည်နယ်ဘက်မှာ တာဝန်ကျေနေတဲ့ သူ့သားက အနွေး ထည်နဲ့ ခေါင်းစွပ်တစ်ခု လူကြုံပါးလိုက်တယ်။ အဲဒီဒကာကြီးဟာ ဆောင်း နွေ မိုး မရျောင် ကျောင်းကန် အလှုအတန်းသွားတိုင်း အဲဒီအင်္ကျီ နဲ့ ခေါင်းစွပ်ကို အမြဲ ၀တ်ဆင်လေ့ရှိတယ်။ သူများတွေက နွေအခါကြီးမှာ ဒါတွေဝတ်ထားရမလား ဆိုပြီး ပြောကြတဲ့အခါ “သားက တကူးတက ပို့လုက်တာလေးမို့ သူကုသိုလ်ရ အောင် ၀တ်ပေးရတာဗျ” လို့ ပြောလေ့ရှိပါတယ်။

        အဲဒီဒကာကြီး သေရွာညောင်စောင်း လဲလျောင်းရတဲ့အချိန်မှာ သူ့သားက ပြန်မလာနိုင်ပါဘူး။ ဆေးဖိုးဝါးခလေးတော့ အနည်းအပါး ပို့ပေးပါတယ်။ သေခါ နီးမှာ ဒကာကြီးက သူသေရင် သူ့သားပေးတဲ့ အင်္ကျီ နဲ့ ခေါင်းစွမ်းကလေးကို သူနဲ့ တစ်ပါတည်း ဆင်မြန်းပြီး သင်္ဂြိုဟ်ဖို့ မှာခဲ့ရှာတယ်။ ဘေးလူတွေက ဒါတွေကို အစွဲ အလမ်းမထားဖို့ ပြောကြတဲ့အခါ “ ဒီအ၀တ်အစားတွေကို စွဲလမ်းလို့မဟုတ်ဘူး၊ ခုအချိန် သူ့သားမလာတာကို ဘေးလူတွေ အပြစ်မြင်မှာစိုးလို့ သူ့သားလေး မိဘ ကျေးဇူးသိတတ်တာကို ဒီအ၀တ်တွေမြင်ပြီး သိကြရအောင် ကျေးဇူးတုံ့ပြုရတာ ဘယ်လောက်များ လွယ်ကူလိုက်ပါသလဲ။ မိဘတို့ရဲ့ ဗြဟ္မစိုရ်စိတ်ထား ဟာ အဲ သလို ကြီးမားကြတာ။ (ဒီလောက်ဆို မိဘကျေးဇူးကျေပြီလို့ ပြောတာ မဟုတ် ဘူး နော်။ မိဘတို့ဘက်က ခံယူပုံကိုသာပြောတာ)


        ဆရာနဲ့တပည့် အပြန်အလှန်အစုံမှာလည်း အတူတူပါပဲ။ ဆရာကောင်း တစ်ယောက် ဖြစ်ဖို့ဆိုတာ ပညာ အရည်အချင်း၊ကိုယ်ကျင့်တရား၊ စေတနာ၊ စာနာ၊ ၀ါသနာတွေအပြင် အနစ်နာခံမှုပေါင်းများစွာနဲ့ တည်ဆောက်ရတာမို့ အလွန်ခံယဉ်းပါတယ်။ ဒါပေမယ့် “ဆရာကောင်း”ဆိုတာက ခဲယဉ်းပေမယ့် မရှားပါးလှဘူး။ လောကီနယ်မှာရော၊ သာသနာတော်မှာပါ ဆရာကောင်းတွေ အများကြီးရှိနေပါတယ်။

        တပည့်ကောင်းတစ်ယောက်အဖြစ်နဲ့ ဆရာကို ကျေးဇူးတုံ့ပြန်ရာမှာတော့  အလွန် လွယ်ကူပါ တယ်။ ကျိုးနွံ ရိုသေစွာနဲ့ ဆရာသင်ပေးသမျှ ကြိုးစားပြီး တိုးတက် အောင်မြင်သွားမယ်ဆိုရင် ဆရာတိုင်းလိုလိုသာ သူတို့ထောင်ပေးတဲ့ လှေကားနဲ့ အထက်ကို ရောက်ရောက်သွားတဲ့ တပည့်တွေကို လှေကားကိုင်ပေး ရင်း မော့ကြည့်ပြီး ကျေနပ်ဂုဏ်ယူတတ်ကြတာပါ။ ဒီလိုတပည့်မျိုး ထွန်းပေါက် လာရင်“တပည့်ကျိုးပေးတယ်” လို့ ခံယူတာပါပဲ။ ပညာရဲ့အကျိုါ်ကို လက်တွေ့ ခံစားနေရသူက တပည့်တွေသာ ဖြစ်ပေမယ့် ဒါကိုပဲ ဆရာတွေရင်ထဲမှာ“တပည့် ကျိုး ပေးပါသတဲ့” လေ။ ဒဃထက်များ နည်းနည်းပိုပြီး သိတတ်မယ်ဆိုရင် ဘာ ပြောစရာရှိတော့မလဲ။ ဒါကြောင့် ကျေးဇူးတုံ့ပြန်ရတာဟာ လွယ်ကူပါတယ်။ ဒီလို မိဘ ဒီလို ဆရာမျိုးတွေကို “သားသမီးကောင်းမိဘ၊ တပည့်ကောင်းဆရာ” လို့ ပြော ရင်လည်း သူတို့ ၀မ်းသာကြ၊ ကျေနပ်ကြမှာပါပဲ။

        ခုပြောခဲ့တာတွေကတော့ ရှားပါးပြီး ချို့တဲ့မှု ဖြစ်နေရုံသာဖြစ်တဲ့ ဝေါဟာရ မျိုးပါ။ လုံးဝမရှိတဲ့ ဝေါဟာရတွေတော့လည်း မဟုတ်ပါဘူး။ လုံးဝမရှိသလောက် ချို့တဲ့နေတဲ့ ဝေါဟာရကတော့ “သူဌေးမိဘ” ဆိုတဲ့ ဝေါဟာရပဲလို့ ထင်ပါတယ်။

        လောကထဲမှာ “သူဌေးသားသမီး”လို့ အသိအမှတ် ပြုပြောဆိုကြတာဟာ မိဘဖြစ်တဲ့ သူဌေးများ ပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာတွေကို သားသမီးတွေက ကိုယ် ပိုင်လို သဘောထားပြီး သုံးစွဲနိုင်၊ ခံစားနိုင်ကြသူတွေကိုမှ ခေါ်ကြတာပါ။ မိဘများ မှာ ပစ္စည်းဥစ္စာတွေ ရှိနေပေမယ့် သုံးဆောင် ခံစားခွင့်မရတဲ့ သားသမီးများဟာ သူဌေးသား သမီးအဖြစ် အများက အသိအမှတ်ပြုကြမှာ မဟုတ်သလို သူတို့ ကိုယ်တိုင်လည်း ၀မ်းမြောက်ဂုဏ်ယူကြမယ် မဟုတ်ပါဘူး။ ဒါက သဘော အဖြစ်နဲ့သာ ပြောတာပါ။ မိဘချမ်းသာလျက်နဲ့ သားသမီးတွေ သုံးဆောင်ခံစား ခွင့် မရဘူး ဆိုတာလည်း မရှိကြပါဘူး။

သူဌေးသားမီးတိုင်း သူဌေးသားဆိုတဲ့ အခွင့်အရေးကို ရကြတာချည်းပါပဲ။ တချို့ဆို သူဌေးသားသမီးက သူဌေးထက် တောင် ပိုပြီးသုံးစွဲခွင့် ရကြပါသတဲ့။ ပဲခူးမြို့က ဆေးလိပ်ခုံ သူဌေးကြီးတစ် ယောက် ပြောတာ ကြားဖူးတယ်။ သူတို့ လုပ်ငန်းက ဆိုက်ကားတွေအသုံးပြုပြီး ဟိုဟိုဒီဒီ ပို့ခိုင်းရတာများလို့ သူတို့အိမ်နားမှာ ခိုင်းနေကျ ဖောက်သည် ဆိုက်ကား တွေ လေး ငါးစီးအမြဲအသင့်ရှိနေတာတဲ့။

တစ်နေ့တော့ သူဌေးကြီးက ဆိုက်ကား တစ်စီးခေါ်ပြီး ခိုင်းတဲ့အခါ ဆိုက်ကားခပေးတော့ ပိုတဲ့ငွေ ၂၀ ကို ပြန်အမ်းဖို့ပြော တာ ဆိုက်ကားသမားက အံ့အားသင့်သလို ကြည့်ပြီး “အဘ ၊ အဘသားတွေ ကျွန်တော်တို့ကို ခိုင်းတဲ့အခါ ဒီလောက်ငွေလေး ပြန်အအမ်းမခိုင်းဘူး၊ ဒီအတိုင်း ထားခဲ့တာပဲ။ ဘကြီးကျတော့မှ အအမ်းခိုင်းတယ်” လို့ ပြောတာပေါ့။ ဒီတော့ သူဌေးကြီးက “အေးသူတို့ကတော့ သူဌေးသားတွေဆိုတော့ သုံးနိုင်ဖြုန်းနိုင် တယ်ကွ၊ ဒီလောက်ငွေကို နှမြောရကောင်းမှန်း ဘယ်သိမလဲ၊ ငါက သူဌေးသား မဟုတ်ဘူး၊ သူဌေးဖြစ်အောင် ကိုယ်တိုင်ကြိုးစားနေရတာ၊ သူတို့လို မဖြုန်းနိုင်ဘူး” လို့ ပြန်ပြောလိုက်ပါသတဲ့။

        မိဘတွေက ချို့ချို့တဲ့တဲ့ဖြစ်နေကြပြီး သားသမီးတွေ သူဌေးဖြစ်ကြတာမျိုး လည်း ရှိပါတယ်။ အဲဒီလို အခြေအနေမျိုးမှာ မိဘတွေက သူဌေးမိဘ ဆိုတဲ့ အခွင့်အရေးမျိုး မရကြတာများ ရှိပါသလား။ သားသမီးတို့ရဲ့ပစ္စည်းကို မိဘတွေက ကိုယ့်ပစ္စည်းလို သဘောထားပြီး သုံးစွဲနိုင်ဖို့ မဆိုထားနဲ့ စားဝတ်နေမှု လူတန်းစေ့ ရုံလောက် မှန်မှန်ထောက်ပံပေးတယ် ဆိုတာမျိုးတောင် ရှိမှ ရှိပါလေစ။ အနည်း ဆုံး အိမ်စောင့်ခွေးမောင်း၊ ကလေးထိန်း ဆိုသလို တစ်ခုခု ကူညီလုပ်ကိုင် မပေး နိုင်ရင် စားဝတ်နေရေးတောင် မျက်နှာငယ်ကြရတဲ့ မိဘတွေကအတော်ကလေး တွေ့ရဖူးပါတယ်။


တချို့ဆို သူဌေးဖြစ်နေတဲ့ သားသမီးတွေရဲ့  ခါးဝတ်တစ်ဆင်စာဟာ မိဘတွေအတွက် တစ်သက်တာ တင့်တင့်တယ်တယ် နေထိုင်စရာ အိုးအိမ် နေ့စဉ်စားဝတ်နေမှုအတွက် လုံလောက်တဲ့ ပမာဏ ရှိတယ်။ တချို့ဆို ဒီလောက် ပမာဏမျိုးကို တစ်နေ့တည်း အပေါင်း အသင်းများနဲ့ ပျော်ပါး သုံးစားပစ်ကြတာ လည်းရှိတယ်။ ဒါပေမယ့် မိဘတွေမှာတော့ အိမ်ကုပ်၊ အ၀တ်နွမ်း၊ အစားကြမ်း ဘ၀က မပြောင်းလဲဘူး။ ဒီလိုလည်းရှိကြတယ်။ မရှိသလောက် ဖြစ်နေတဲ့“သူဌေး မိဘ”ဆိုတဲ့ ဝေါဟာရချို့တဲ့မှုကြီးကို ကွယ်လပ် ဖြည့်ပေးဖို့ဆိုတာ သူတို့အတွက် တစ်နေ့သုံး တစ်ဆင်စာလောက် စွန့်လွှတ်လိုက်ရုံနဲ့တောင် လွယ်လွယ်ကလေး ဖြစ်နိုင်တာကငို ပြောတာပါ။

        ဘာပဲဖြစ်ဖြစ် အစုံအစုံလိုက်ရှိမှ တင့်တယ်လှပမယ့် ခုလိုဝေါဟာရချို့တဲ့မှု ကွက်လပ်ကြီး တွေကို မဖြည့်ဆည်းပေးနိုင်သမျှ ဘာသာစကားမှရော၊ ဒီဘာသာ စကားပြောဆိုသုံးစွဲနေတဲ့ လူမျိုးမှာရော၊ ဒီလိုလူမျိုးတို့ နေထိုင်ရာ အရပ်ဒေသ နိုင်ငံမှာရော ပြည့်စုံတင့်တယ်တဲ့ ကျက်သရေ မင်္ဂလာတစ်ခု ချို့တဲ့နေတာက ကတော့ အမှန်ပါပဲ။

        ဒါကြောင့် မိမိတို့ဘ၀၊ မိမိတို့လူမျိုး၊ မိမိတို့နိုင်ငံနဲ့ မိမိတို့ရဲ့ ဘာသာစကား များ ကျက်သရေမင်္ဂလာအပေါင်းနဲ့ ပြည့်စုံတင့်တယ်အောင် ဒီကွက်လပ်များကို ဖြည့်ဆည်းပေးကြပါစို့ လို့ အဖော်ညှိ တိုက်တွန်းလိုက်ပါတယ်။

        ကျက်သရေမင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ။

       ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)

Saturday, March 1, 2014

အောင့်မြဲအောင့်တော့တယ်


အောင့်မြဲအောင့်တော့တယ်


      ဘ၀ရဲ့ "မရှိမဖြစ်အရည်အသွေး"တွေထဲမှာ သတ္တိဟာ ထိပ်ဆုံးက ပါပါတယ်။ သတ္တိထဲမှာလည်း ပြုလုပ်ရဲတဲ့  သတ္တိထက် ခံနိုင်ရည်ရှိမှု သတ္တိက ပိုပြီးအဆင့်အတန်း မြင့်တာပါ။ ပြုရဲတဲ့သတ္တိကို ပါဠိဘာသာနဲ့ "၀ီရိယ"လို့ခေါ်ပြီး၊ ခံယူရဲတဲ့ သတ္တိကိုတော့ "ခန္တီ"လို့ ခေါ်ပါတယ်။ အဲဒီ (၂)ခုလုံးစာ မြင့်မြတ်သူတို့လျှောက်လှမ်းရာ ပါရမီလမ်း ခရီးမှာတော့ မပါရင်မပြီးတဲ့ အရာတွေဖြစ်ပါတယ်။

         "ခန္တီပရမံ တပေါတိ တိက္ခာ၊ = အထက်တန်းကျမြင့်မြတ်တဲ့ အကျင့်တွေထဲမှာ ခန္တီဟာ အသာလွန်ဆုံးလို့ သြ၀ါဒပါတိမောက်မှာ ဗုဒ္ဓမြတ်စွာ ဟောမိန့်တော်မူခဲ့ပါတယ်။ ခန္တီတရားဟာ တကယ်တော့ ဘ၀ရဲ့မင်္ဂလာပါ။ သူ့မှာမြင့်မားတဲ့ ဂုဏ်သိက္ခာနဲ့ ထည်ဝါတဲ့ကျက်သရေရှိပါတယ်။ ကုသိုလ်ကောင်းမှုမှန်သမျှရဲ့ မူလရေသောက်မြစ်ဟာခန္တီပါ။ မြင့်မြတ်မှု အသီးအပွင့် မှန်သမျှဟာ ခန္တီပေါ်မှာ မှီတည်ပြီးမှ ရှင်သန်ပေါက်ဖွား လာကြရတာပါ။ သူတော်သူမြတ်တစ်ဦးရဲ့ ဂုဏ်ရည်ကို ဒီပေတံနဲ့ တိုင်းတာသတ်မှတ် ဆုံးဖြတ် နိုင်ပါတယ်။

      ခန္တီကိုသည်းခံခြင်းလို့ တိုတိုကျဉ်းကျဉ်း မြန်မာပြန်ဆိုနိုင်ပေမယ့် သူရဲ့ အနက် အဓိပ္ပါယ်ဟာ အလွန်ကျယ်ပြန့်ပါတယ်။ ပါဠိကျမ်းစာတွေကတော့ ခန္တီရဲ့ ပင်ရင်းအနက် အဓိပ္ပါယ်ကို "အဒေါသ=ဒေါသမရှိတဲ့ အခြေအနေ"လို့ ဖွင့်ဆိုပြောဆိုဖော်ပြကြပါတယ်။ ဆိုလိုတာကတော့ သာမန် ပုထုဇဉ်တွေမှာ မိမိကိုမိမိ ချစ်သူတွေကို၊ မိမိရဲ့ အခွင့်အရေး တွေကို သူတစ်ပါးက မတရားစော်ကား လွန်ကျူးလာရင် ဒေါသနဲ့လက်တုံ့ပြန်တတ်ကြ ပါတယ်။ သူတော်ကောင်းတွေမှာတော့ အဲဒီလိုမျိုး အစော်ကားခံရတဲ့အခါ ဘ၀နဲ့ လောကရဲ့သဘာဝ ဖြစ်ရပ်မှန်တွေကို နောကျေအောင် သိထားကြတာမို့"[B]အရာအားလုံးကို ခွင့်လွှက်ခြင်းဟာ အရာအရားလုံးကို နားလည်ခြင်းပဲဖြစ်တယ်"[/B] ဆိုတဲ့စကားပုံအတိုင်း  အခြေအနေ အရပ်ရပ်ကို ဒေါသမထွက် မေတ္တာမပျက်ဘဲ သည်းခံနားလည် ခွင့်လွှတ်နိုင်ကြပါတယ်။

    ဒါကြောင့် ခန္တီစစ်စစ်ဟာ တန်ခိုးအလွန်ကြီးပါတယ်။ တကယ်တော့ စိတ်နေ သဘောထားကြီးမားခြင်းကို အလယ်မှာထားပြီး မေတ္တာ၊ ကရုဏာနှင့် ဉာဏ်ပညာတို့ကို တစ်ဖက်တစ်ချက်စီမှ ခြံရံကာ ထွက်ပေါ်လာတတ်တဲ့ ဒီ "ခန္တီ နတ်မင်းကြီး"ဟာ လောကပါလ- လောကကို စောင့် နတ်မင်းကြီး အစစ်ဖြစ်ပါတယ်။

ဒီနတ်မင်းကြီးကပဲ လောကမှာ အဓမ္မ၀ါဒတွေ မထွန်းကားအောင် အစွန်းမထွက်တဲ့ နည်းနဲ့ တားဆီးကာကွယ် ပေးနိုင်မှာပါ။ အဓမ္မကို ဓမ္မနဲ့ပဲ အောင်မြင်နိုင်ပါတယ်။ ဒီအတွက် မတရားမှုတွေကို သည်းခံမှုနဲ့ပဲ သူတော်သူမြတ် အစဉ်အဆက်တို့ဟာ ပျောက်ကွယ် ချုပ်ငြိမ်းသွား စေခဲ့ကြ တာဖြစ်ပါတယ်။

     သည်းခံခြင်း-ခန္တီတရားဟာ သူတော်ကောင်းတရားကို အင်အားဖြစ်စေပြီး ဘ၀ကို ချမ်းမြေ့စေပါတယ်။ ပတ်ဝန်းကျင်နဲ့ ဆက်သွယ်ကူးလူးမှုကို ချောမွေ့စေပြီး စိတ်ဓာတ်နဲ့ အသိဉာဏ်ကိုလည်း လွတ်လပ်ပွင့်လင်း ကြွယ်ဝပြည့်စုံစေပါတယ်။ သို့သော်ခန္တီဆိုတာ  ပါရမီစခန်း အကျင့် လမ်းဖြစ်တာမို့ အလွယ်တကူနဲ့တော့ ဖြစ်ပေါ်ရိုးထုံးစံမရှိပါ။ ပါရမီဆိုတာကလည်း အဆန်သဘောဖြစ်တာကြောင့် သူလိုငါလို လူတွေ အဖို့တော့ သည်းခံခြင်းဆိုတာ အပြောလွယ်သလောက် လက်တွေ့လိုက်နာဖို့ မလွယ်ကူတဲ့ကျင့်စဉ် တစ်ခုအဖြစ် မှတ်ယူနိုင်ပါတယ်။ ဒါပေမယ့် သူတော်ကောင်း ရာဇ၀င်မှာ နာမည်တွင်ကျန်ရစ် ခဲ့တဲ့ ပုဂ္ဂိုလ်မြတ်တွေကတော့ သည်းခံခြင်းတရားကို လက်တွေ့ ကျင့်သုံး အကောင် အထည်ဖော် သွားကြတာပဲဖြစ်ပါတယ်။

    ရင့်ကျက်မှုအနေအထားအရ သည်းခံပုံအနေအထားအမျိုးမျိုး ကွဲပြားနိုင်ပါတယ်။ အပြုံးနဲ့သည်းခံခြင်း။ အမုန်းနဲ့သည်းခံခြင်း၊ ချုပ်တည်း သည်းခံခြင်းလို့ သည်းခံပုံ(၃)မျိုးမှာ အပြုံးနဲ့ သည်းခံနိုင်ခြင်းဟာ ခန္တီအစစ်ဖြစ်ပါတယ်။ အမုန်းနဲ့သည်းခံခြင်းကတော့ "မနိုင်လို့သာသည်း ခံလိုက်ရတယ်၊ စိတ်ထဲမှာ နည်းနည်းမျှ မကျေနပ်ဘူး"ဆိုတဲ့ အငြိုး အတေး၊ "အာဃာတ"အမြစ်တွယ်နေတာမို့ ခန္တီအစစ်မဖြစ်နိုင်ပါ။ တစ်ခါတစ်ရံမှာ ဖြစ်ပေါ်လာတဲ့ အခြေအနေကို စိတ်တိုင်းမကျ မကြိုက်နှစ်သက်ပေမယ့် "ပညာရှိအမျက် အပြင်မထွက်"ဆိုတာမျိုးလို အောင့်အည်းသည်းခံ လိုက်ရတာလည်း ရှိတတ် ပါတယ်။ ဒါမျိုးကိုလည်း ခန္တီလို့ မခေါ်နိုင်ပါ။ အက္ကောဓ=အမျက်မထွက် (စိတ်မဆိုးမှု) လို့သာပဲ ခေါ် ဆိုနိုင်ပါတယ်။

     ဘာပဲဖြစ်ဖြစ် သူလို ငါ့လို ပုဂ္ဂိုလ်များထက် မြင့်မြတ်လိုသူတွေကတော့ သည်းခံခြင်း ခန္တီတရားကို မလွဲမသွေ ကြိုးစားကျင့်ကြံနိုင်ဖို့လိုပါတယ်။ သည်းခံခြင်းနဲ့ မြင့်မြတ်ခြင်းဟာ အကျိုးအကြောင်း နိယာမ အနေနဲ လည်ပတ်နေတဲ့ စက်ဝန်းဖြစ်ရပ် တစ်ခုပါ။ သည်းခံခြင်းကြောင့် မြင့်မြတ်ပြီး၊  မြင့်မြတ်ခြင်းကြောင့်လည်း သည်းခံရပါတယ်။ ဒါကြောင့်ဘယ်သူမဆို မိမိတို့ရောက်နေတဲ့နေရာကစပြီး ခန္တီပါရမီ လမ်းမပေါ်ရောက်အောင် ဖြည်းဖြည်းချင်း ကြိုးစားလျှောက်လှမ်းကြရမှာပဲ ဖြစ်ပါတယ်။

   "စောင့်ဆိုင်းသည်းခံခြင်းကို နားလည်တာဟာ အောင်မြင်ခြင်းရဲ့ အကြီးမားဆုံး လျှိုဝှက်ချက်ပါပဲ"လို့လည်း ပညာရှင်တစ်ဦးက ဆိုမိန့်ခဲ့ဖူးပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး၊ အမရပူရ(တောင်မြို့) မဟာဂန္ဓာရုံဆရာတော်(အရှင်ဇနကာဘိဝံသ)ပြော ပြခဲ့ဖူးတဲ့ ပုံပြင်တစ်ပုဒ်ကို သတိရမိပါတယ်။

တစ်ခါတုန်းက နေပြည်တော်ကြီးတစ်ခုရဲ့ ရွှေနန်းတော်ထဲမှာ ဇာတ်ပွဲသဘင် တစ်ခု ခင်းကျင်ကပြသတဲ့။ အဲဒီညီလာခံကပွဲကို ဘုရင် မင်းမြတ်နဲ့တကွ မိဖုရား၊ မင်းညီမင်းသား၊ နန်းတွင်းသူ၊ နန်းတွင်းသားတွေ အားလုံးစုံညီလာရောက် ကြည့်ရှု ကြတာပေါ့။

    ဇာတ်အဖွဲ့ဟာ တစ်ညလုံးကြိုးစားပြီး ကပြကြပေမယ့် ဘယ်သူကမျှ ဆုတော်လာဘ်တော်များ မချဘူးတဲ့။ သန်းခေါင်ကျော်လို့ မိုးကဖြင့်လင်းခါနီးနေပြီ၊  ဒီတော့မင်းသမီးလုပ်တဲ့သူက အငြိမ့်ကရာကနေပြီးတော့ ၀မ်းနည်းတဲ့လေသံကလေးနဲ့ ထေ့စကား ငေါ့စကားများ ပြောကြားပါတယ်။

      ဒီအခါမှာ အငြိမ့်ပွဲထဲ မင်းသားလုပ်တဲ့သူက အားပေးတာပေါ့လေ။ ဘယ့်နှယ်တုံးဆိုတော့"အို ကွာ….ပရိသတ်တွေက ဆုတော်လာဘ်တော်များ မချလည်း ၀မ်းမနည်းပါနဲ့ ၊ တို့များ ကြိုးစားပြီး ကပြလာတာ ပွဲပေါင်းလည်းမနည်းတော့ပါဘူး။ အခုပွဲလည်း မိုးလင်းခါနီး နေပါပြီ။ အားပေးတာပေါ့။ အဲဒီအခါ မင်းသမီးက အသံကလေး စာစာ စာစာနဲ့ " အောင့်မြဲဆက်ပြီး အောင့်ပါတော့မယ်"ဆိုတဲ့ အဓိပ္ပါယ်ပါတဲ့ သီချင်းကလေးတစ်ပုဒ်ကို ဟစ်ပြီးတော့ ဆိုလိုက်ပါသတဲ့။

   အဲဒီတော့မှ ပွဲကြည့်ပရိသတ်ထဲက ရှင်ဘုရင်သားတော်က ထပြီးဆုတစ်ဆုချသတဲ့။ ဘာလို့ဆုချ ရတာလဲ ဆိုတော့ အကြောင်းရှိပါသတဲ့။ "သူဟာ ခမည်းတော် ဘုရင်ကြီးကို လုပ်ကြံဖို့ ဘယ်တော့မှစိတ်မကူးပါဘူးလို့ ငယ်စဉ်ကတည်းက အဓိဋ္ဌာန်လာခဲ့တာ။ ဒါပေမယ့် ခမည်းတော်က အခုအချိန်ထိ နန်းတော်ကို မလွှဲအပ်သေးလို့ ဒီညတော့လုပ်ကြံမယ်လို့ စိတ်ကူးနေပြီး။ ဒီလိုစိတ်ကူးနေဆဲမှာပဲ မင်းသမီးရဲ့ ဒီသီချင်းကို ကြားဖူးလိုက်ရလို့ ဖခင်ဘုရင်ကြီးကို မလုပ်ကြံတော့ပါဘူး။ ရှေးကလိုပဲ ဆက်လက်ပြီး အောင့်မြဲ အောင့်ပါတော့မယ်လို့ ဆုံးဖြတ်ပြီး ကိုယ့်အဓိဋ္ဌာန်ကို ခိုင်မြဲစေ တာကြောင့် မင်းသမီးကို ဆုချရတာပါ"တဲ့ အင်းအောင့်နိုင်လို့ တော်သွားတာပဲ။ မအောင့်နိုင်လို့ လုပ်ကြံမိသွားရင် ပြဿနာတွေ အများကြီး တက်သွားမယ်။ အောင့်နိုင်တာ အကောင်းဆုံးပဲ။

    တစ်ခါ ရှင်ဘုင်ရဲ့ သမီးတော်ကထပြီး ဆုချပြန်ရောတဲ့ ။ ဘာလို့ဆုချတာလဲ ဆိုတော့ "ကျွန်မဟာ တစ်သက်လုံး ယောင်္ကျားမယူဘဲ အပျိုစင်ဘ၀နဲ့ နေသွားတော့မယ်လို့ အဓိဋ္ဌာန်လာခဲ့တာ။ ဒါပေမယ့် မနေနိုင်လို့ ဒီကနေ့ညတော့ အမတ်ကြီးတစ်ဦးရဲ့ သားနဲ့ ခိုးရာလိုက်ပြေးမယ်လို့ အထုပ်ပြင်ထားပြီးပြီ၊ အခုတော့ ဒီသီချင်းသံကြားရလို့ သတိပြန်ပေါ်လာပြီး ဆက်ပြီးတော့ပဲ အောင့်မြဲအောင့်တော့မယ်။ ခိုးရာဖြင့် မလိုက်တော့ ပါဘူး"ဆိုပြီး မိမိရဲ့ အဓိဋ္ဌာန်မြဲသွားစေတဲ့အတွက် မင်းသမီးကို ဆုချရတာ ပါတဲ့။

    အဲသည်နောက် ပွဲကြည့်ပရိသတ်ထဲက လူပျိုကြီးတစ်ယောက်ကလည်း ထပြီးဆုချပြန်ရောတဲ့ ။ သူကရော ဘာလို့ဆုချရတာလဲဆိုတော့ သူကလည်း ဒီဘ၀အိမ် ထောင်မပြုဘဲ လူပျိုကြီးဘ၀နဲ့ တစ်သက်လုံးနေတော့မယ် ဆုံးဖြတ်ပြီး အဗြဟ္မစရိယ သိက္ခာပုဒ် စောင့်ထိန်းလာခဲ့တာ။ ဒီကနေ့တော့ အခြေအနေအရ ကျူးလွန်မိတော့မလို့ အခုမင်းသမီးရဲ့ သီချင်းသံကြားရမှ သတိဝင်လာတာနဲ့ ဆက်ပြီးတော့ အောင့်မြဲအောင့်ပါ တောမယ်"လို့စိတ်ကို ပြင်လိုက်ရတယ်။ ကံကောင်းလို့ သိက္ခာပုဒ်မပျက်တာကိုတွေးမိပြီး ၀မ်းသာလို့ ဆုချရတာပါတဲ့။ ပုံပြင်ကတော့ ဒီနေရာပဲ အဆုံးသတ်သွားပါတယ်။

    ဒီပုံပြင်ကလေးနဲ့ စပ်ယှဉ်ပြီး ပြောပြချင်တာကတော့ လောကမှာ လူရယ်လို့ဖြစ် လာရင် ကလေးဘ၀ကတည်းကစပြီး ဖွားဖက်တော် လောကဓံနဲ့ ကစားရတော့တာပါပဲ၊ နှိမ်ချီတစ်ခါ မြှောက်ခှတစ်လှည့်၊ ချော့လိုက် ခြောက်လိုက်နဲ့ပဲ ကောင်းကောင်း ဆိုးဆိုး အမျိုးမျိုးသော ဒီလောကဓံတွေဟာ တော်တော်ပဲ ပေါင်းရသင်းရ ခက်ခဲလှပါတယ်။ မလွဲသာမရှောင်သာ တွေ့ကြုံရမြဲဖြစ်တဲ့ ဒီလောကဓံတွေကို အထိုက်အလျောက် သင့်တင့်အောင်ပေါင်းသင်းနိုင်မှသာ လောဘ၊ ဒေါသတို့ အဖြစ်နည်းပြီး မိမိတို့ဘ၀ လည်း သာယာချမ်းမြေ့နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် အကြောင်းအားလျော်စွာတွေ့ကြုံ လာတတ်တဲ့ ဒီလောကဓံတရားတွေကို "မတည့်အတူနေ"သဘောမျိုး၊ အရှုံးပေးအညံ့ခံတဲ့ စိတ်သဘောထား မျိုးမထားဘဲ သဘောထားမှန်မှန်နဲ့ လက်ခံပေါင်းသင်းတတ်ဖို့ အရေးကြီးပါတယ်။

   ကောင်းဆိုးနှစ်တန် လောကဓံတွေနဲ့ ဆက်ဆံရာမှာသည်းခံခြင်း ခန္တီကအခရာကျပါတယ်။ သည်းခံလေ့ မရှိသူတွေဟာ လောကဓံနဲ့ ကြုံတဲ့အခါမှာ အလွယ်တကူပဲ စိတ်ကြွ၊ စိတ်ကျလေ့ရှိပါတယ်။ သည်းမခံ စိတ်မရှည်ခြင်းဟာ မိမိရဲ့နှလုံးသားနဲ့ အသိဉာဏ်ကို အကျဉ်းကျစေပြီး စိတ်ဓာတ်နဲ့အသိဉဏ်ဖွဲ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေပါတယ်။ သူတော်ကောင်းတရားနဲ့ ဘ၀အောင်မြင်မှုကိုလည်း ပျက်စီး ပျောက်ကွယ်စေပါတယ်။ သည်းခံခြင်း ခန္တီကတော့ နှလုံးသားနဲ့ အသိဉာဏ်ကို လွတ်လပ်ပွင့်လင်း ဖြူစင်စေပြီး ဘ၀ကို သူတော်ကောင်းတရားနဲ့ ကြွယ်ဝပြည့်စုံစေပါတယ်။

     စစ်မှန်တဲ့ အောင်မြင်မှုဆီကိုလည်း ရှေးရှုဦးတည်စေပါတယ်။ ဒါကြောင့် ပါရမီအဖြစ် မရင့်ကျက်သေးရင်တောင်မှ ဘာပဲဖြစ်ဖြစ် ပုံပြင်ထဲက လူတွေလို "အောင့်မြဲအောင့်နိုင်" တာဟာ မိမိတို့အတွက် ခန္တီပါရမီရဲ့ အခြေခံဖြစ်ကြောင်း ပြောပြချင်ပါတယ်။


တော်ဝင်နွယ်