Tuesday, June 5, 2012

သူတော်ကောင်းနဲ့လူကြီးလူကောင်း

သူတော်ကောင်းနဲ့လူကြီးလူကောင်း
 
လူကြီးလူကောင်း စိတ်ဓါတ်အကြောင်း မကြာခဏ ရေးဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နေရာတကာမှာ ဒီစိတ်ဓာတ် တစ်နေ့တခြား ခေါင်းလာပါတယ်ကို မြင်တွေ့နေရလို့ ဖြစ်ပါတယ်။
 ဘောလုံးပွဲတွေ မပြတ်ကြည့်သူဆိုတော့ အားကစား စိတ်ဓာတ်ဆိုတာ မမြင်မတွေ့ရသလောက်ဖြစ်ပြီး တစ်ဖက်သားကို ထိခိုက်နာကျင်အောင် နင်းလိုက်မဟဲ့ ကန်လိုက်မဟဲ့ တွက်လိုက်မဟဲ့ ထိုးလိုက်မဟဲ့ဆိုတဲ့ အပြုအမူမျိုးတွေပဲ တွေ့နေရလေတော့ စိတ်မကောင်းဖြစ်ရတယ်။အဒီဘာယောရဲ့လုပ်ရပ်တစ်လောက အာဆင်နယ်နဲ့ မန်ချက်စတာ စီးတီး ကစားတဲ့ပွဲမှာ လဲကျသွားတဲ့ ဗန်ပါစီရဲ့မျက်နှာကို အဒီဘာယောက တမင်တကာခြေထောက်နဲ့ ကန်လိုက်တာကို အနီးကပ်ရိုက်ချက်နဲ့မြင်တွေ့လိုက်ရတော့ သိပ်ကို အံ့သြတုန်လှုပ်သွားပါတယ်။ 

လူစိတ် ကင်းမဲ့လိုက်တာလို့တောင် အောက်မေ့လိုက်တယ်။
ကံကောင်းထောက်မစွာနဲ့ ပါးရိုးကျိုးမသွားဘဲ မျက်စိအောက်နား မှာပဲ ပွန်းပဲ့သွားတာ တွေ့လိုက်ရတယ်။ အံ့သြမိတာကပြီးခဲ့တဲ့ ရာသီကပဲ သူတို့နှစ်ယောက်ဟာ အာဆင်နယ်မှာ အတူတူ ကစားနေကြတာလေ။ လဲကျနေသူရဲ့ခြေဖောက်တက်နင်းသွားတာ၊တင်ပါးဖြတ်ကန်သွားတာမျိုးတွေက မြင်ဖန်များလို့ရိုးနေပါပြီ။ ဒါပေမဲ့ မျက်နှာကို ကန်တာကိုတော့ ဒီတစ်ခါပဲတွေ့ဖူးလို့ အံ့သြသွားတာပါ။ 
 အားကစားစိတ်ဓာတ်ဆိုတာ ဘယ်ရောက်သွားပြီလဲ။ ငွေက အားကစားစိတ်ဓာတ်ကို လုံးဝ ဖျက်ဆီးပစ်လိုက်ပြီလား၊စိတ်မကောင်း လိုက်တာ။ငတေမာ ပြီးရော စိတ်ဓာတ်နောက်တစ်ပွဲဖြစ်တဲ့ မန်းစီးတီးနဲ့ မန်ယူ ကစားပွဲအပြီးမှာ မန်ယူက အက်ဗရာက မန်စီးတီးက ကားလို့တေဗက်စ်ရဲ့ ပခုံးကိုဖက်ပြီး နှစ်ယောက်စလုံး ပြုံးပြုံးရယ်ရယ်ထွက်လာကြတာ တွေ့ရတော့ အားကစား စိတ်ဓာတ်ဆိုတာ ကျန်သင့်သလောက် တော့ ကျန်ပါသေးလားလို့တွေးပြီး စိတ်သက်သာရာ ရသွားရတယ်။ တေဗက်စ်ကလည်း ပြီးခဲ့တဲ့ ရာသီက မန်ယူကစားသမား ဖြစ်ခဲ့တယ်လေ။ အားကစားပြိုင်ပွဲတွေမှာ အားကစားစိတ်ဓာတ်ဆိတ်သုဉ်းပြီး လူကြီးလူကောင်း စိတ်ဓာတ်ဆိုတာ ဆိတ်သုဉ်းပြီး “ဘယ်သူသေသေ ငတေမာပြီးရော” ဆိုတဲ့ စိတ်ဓာတ်တွေ လွှမ်းမိုးနေတာကြောင့် ဒီအကြောင်း မကြာမကြာ ရေးဖြစ်နေတာ ဖြစ်တယ်။

သူတော်ကောင်းနဲ့ လူကြီးလူကောင်းမကြာခဏရေးတတ်တော့ တစ်ခါတစ်ရံမှာ လူကြီးလူကောင်း စိတ်ဓာတ်နဲ့ သူတော်ကောင်းစိတ်ဓာတ် အတူတူပဲလားလို့ အမေးခံရတတ်တယ်။ အမှတ်တမဲ့ဆို အတူတူလို့ထင်ရပေမယ့် သေသေချာချာ စဉ်းစားကြည့်တော့ အတူဘူးဆိုတာ တွေ့ရတယ်။ မြန်မာတွေ နားလည်တဲ့ သူတော်ကောင်းဆိုတာက အနိမ့်ဆုံးအားဖြင့် ကံငါးပါးလုံခြုံပြီး မေတ္တာ ၊ ကရုဏာ ၊ မုဒိတာ ၊ ဥပေက္ခာတရားများ လက်ကိုင်ထားနိုင်သူ ၊ ခန္တီပါရမီကြီးရင့်သူ ဖြစ်တယ်။ လူထဲမှာတော့ အမြင့်မြတ်ဆုံးပုဂ္ဂိုလ် ဖြစ်တယ်။ 

 လူကြီးလူကောင်းစိတ်(Gentlemanship)ဆိုတာကျတော့ သူတော်ကောင်းစိတ်လောက် အမြင့်မြတ်ကြီး မဟုတ်ပါဘူး။ လူမှု ဆက်ဆံရေး အရ အရက်သောက်ချင် သောက်မှာပါ။ ကိုယ်လာကိုက်တဲ့ ခြင်ကို ရိုက်သတ်ချင်လည်း သတ်မှာပါ။ အိမ်မှာ သောင်းကျန်းနေတဲ့ ပိုးဟပ်တို့ ၊ ကြွက်တို့ကို ပိုးသတ်ဆေး ၊ ကြွက်သတ်ဆေးသုံးပြီး သတ်ချင်သတ်မှာပါ။ ဒါပေမဲ့ “ဘယ်သူသေသေ ငတေမာ ပြီးရော” ဆိုတဲ့ စိတ်နဲ့ မတရားစီးပွားရှာတာမျိုး မလုပ်ပါဘူး။ လူတစ်ဖက်သား မျက်ရည်ပေါက် ကြီးငယ်ကျအောင် နိုင့်ထက်စီးနင်း မပြုပါဘူး။ ရန်သူနဲ့ ဓားချင်းယှဉ်ပြိုင်ပြီး သူသေငါသေ ခုတ်ရာမှာတောင် ဓားလွတ်ကျသွားတဲ့ ရန်သူကို ငါ့အတွက် အခွင့်ကောင်းပဲဆိုပြီး ဇွတ်ဝင်မခုတ်ပါဘူး။ ဓားပြန်ကောက်ခွင့်ပေးပြီးမှ ဆက်လက်ယှဉ်ပြိုင်ပြီး တရားသဖြင့် အနိုင်ရအောင် လုပ်ပါတယ်။

ငတေမှန်သမျှ ရန်သူနောက်ပြီး သူတော်ကောင်းနဲ့ လူကြီးလူကောင်း ခြားနားချက်တစ်ခုက သူတော်ကောင်းက မေတ္တာစိတ်ကြီးမားသူ ၊ သည်းခံခွင့်လွှတ်စိတ်ကြီးမားသူဖြစ်တာကြောင့် မုန်းသူ ၊ ရန်သူရယ် လို့ မရှိဘူး။ လူကြီးလူကောင်းမှာ မုန်းသူလည်းရှိ ၊ ရန်သူလည်း ရှိနိုင်ပါတယ်။ “ဘယ်သူသေသေ ငတေမာ ပြီးရော” စိတ်မျိုးဟာ “လူယုတ်မာစိတ်” ၊ “မသူတော်စိတ်”လို့ သဘောထားသူဖြစ်တာကြောင့် “ငတေ”မှန်သမျှဟာ လူကြီးလူကောင်းတိုင်း မုန်းတီးရွံ့ရှာတဲ့ ရန်သူဖြစ်တယ်။ နိုင်တိုင်း ဖိထောင်းတတ်တဲ့ နိုင်လို မင်းထက် စိတ်ဓာတ်မျိုးကို စက်ဆုပ်သူဖြစ်တာကြောင့် နိုင်လိုမင်းထက် ပြုတတ်သူများဟာလည်း လူကြီးလူကောင်းတို့ အတွက် ရန်သူဖြစ်တယ်။လက်ပိုက်ကြည့်မနေပါဘူးကိုယ့်အိမ်ဘေး က ကလေးတစ်ယောက်ကို သူ့မိဘက မညှာမတာ ကလေးနဲ့မလိုက်အောင် ရိုက်နှက်ဆုံးမနေတာကို မြင်တွေ့ရင် လူကြီးလူကောင်းစိတ် ရှိသူဟာ မျက်နှာလွဲ ခဲပစ်၊ ငါနဲ့မှ မဆိုင်ဘဲ ဆိုပြီး လက်ပိုက်ကြည့်မနေပါဘူး။ အမုန်းခံချင် ခံရစေဆိုပြီး ၀င်ရောက်တားဆီးမှာပါပဲ။

အလားတူပဲ လူတစ်ယောက် လူတစ်ယောက်ကို ကြိုးတုပ်၊တိုင်မှာချည်ပြီး ကြိမ်နဲ့ တရွှမ်းရွှမ်းရိုက် နေတာ မြင်တွေ့ရင်လည်း “ဘာမှ ပြန်မလုပ်နိုင်သူကို ဒီလို တစ်ဖက်သတ်ကြီး အနိုင်မကျင့်နဲ့” ဆို တာမျိုးတော့ ၀င်ပြောမှာပါပဲ။ ဒီအတွက် မျက်စောင်းထိုးခံရနိုင်သလို ကိုယ်ပါရောပြီး အရိုက်ခံရ တာလည်း ရှိနိုင်ပါတယ်။ လက်ကိုရိုက်ချိုးပစ်မှာသူတော်ကောင်းစိတ်ရှိသူက “ ဒီဘက်ပါးကို ရိုက်ရင် ဟိုဘက်ပါးကိုထိုးပေးပါ” ဆိုတဲ့ စိတ်မျိုး ထားရှိနိုင်ပေမယ့်။ လူကြီးလူကောင်းစိတ် ရှိသူကတော့ ပါးထိုးပေးမှာ မဟုတ်တာ သေချာပါတယ်။ ပါးပြန်ရိုက်ရင် ရိုက် ၊ မရိုက်ရင်လည်း ပါးရိုက်တဲ့ လက်ကို ရိုက်ချိုးပစ်လိုက်မှာပါ။

သူတော်ကောင်းဆိုတာ အင်မတန်မှ မြင့်မြတ်ပါတယ်။ ကြည်ညိုထိုက်သူ ဖြစ်တယ်။ သူတော်ကောင်း စစ်စစ်ဖြစ်ဖို့ရာလည်း အင်မတန်ခက်ပါတယ်။ သူတော်ကောင်းဖြစ်အောင် လူတိုင်းကြိုးစားသင့်တယ်။ ဒါပေမဲ့ လူတိုင်း မဖြစ်နိုင်ပါဘူး။ သူတော်ကောင်း မဖြစ်နိုင်ပေမယ့် လူယုတ်မာ မဖြစ်အောင်တော့ ကြိုးစားနိုင်ပါတယ်။ သူတစ်ပါး မျက်ရည်ပေါက် ကြီးငယ်ကျအောင် မလုပ်ဘူး။ “တစ်ယောက်ချမ်းသာ ကိုယ်ကျိုးရှာ ” မလုပ်ဘူး။ တတ်တိုင်း ဖိမပြောဘူး။ နိုင်တိုင်း ၊ ဖိမထောင်းဘူး ဆိုတဲ့ လူကြီးလူကောင်း စိတ်ဓာတ်မျိုး မွေးမြူနိုင်ရင် လူယုတ်မာ မဖြစ်ပါဘူး။ စစ်မဖြစ်တော့ဘူးလူကြီးလူကောင်းဆိုတာ သူတော်ကောင်း မဟုတ်တဲ့အတွက် နိဗာန်ရောက်ချင်မှတော့ ရောက်မှာပါ။ ဒါပေမဲ့ အပါယ်မလားဘူးလို့တော့ ယုံကြည်တယ်။ 

အဲဒါကြောင့် လူကြီးလူကောင်း စိတ်ရှိသူတွေ များလာရင် ကမ္ဘာပေါ်မှာ ဘယ်တော့မှ စစ်မဖြစ်တော့ပါဘူး။ လူလောကကြီး တစ်ခုလုံးလည်း အေးချမ်းသာယာရှိပြီး နေချင့်စဖွယ်ကောင်းတဲ့ ကမ္ဘာကြီး ဖြစ်လာမှာ အသေအချာပါ။ 

လူထုစိန်ဝင်း 
၂၀၀၉ ခုနှစ် ၊ စက်တင်ဘာ ၂၉

Monday, June 4, 2012

ကျေးဇူးရှင်အား မပြစ်မှားနဲ့



 ကျေးဇူးရှင်အား မပြစ်မှားနဲ့
“ကိုယ်မှာပြုဖူး၊ သူ့ကျေးဇူးကို၊ ထိမ်းမြူးမအပ်၊ တုံ့ပြန်ဆပ်၍၊ တွက်နပ်ကောင်းပေ၊ ပစ်မချေနှင့်” (မဃဒေ၀)

ဗုဒ္ဓမြတ်စွာ ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်မှာ သီတင်းသုံးနေတဲ့အချိန်မှာ အဘိဥာဏ်တန်ဖိုးအရာမှာ ဗုဒ္ဓမြတ်စွာပြီးနောက် အထွတ်အထိပ်ရောက်တော်မူတဲ့ လက်ဝဲတော်ရံ အရှင်မဟာမောဂ္ဂလာန်မထေရ်မြတ်ဟာ ဣသိဂိလိတောင်ယံမှ ကာဠသိယာဆိုတဲ့ ကျောက်ဖျာမှာ သီတင်းသုံးနေတော်မူပါတယ်။

ဗုဒ္ဓနဲ့ ဗုဒ္ဓမြတ်စွာ၏ တပည့် သာဝကများသည် သတ္တ၀ါအများ ချမ်းသာကြီးပွားကြောင်းတရားများကို မိမိတိုတတ်စွမ်းတဲ့ လုံ့လ၊ ပညာ၊ အဘိဥာဏ်တန်ုခိုးများနဲ့ ကြိုးစားလုပ်ဆောင်တော်မူကြပါတယ်။ 

ဒီအတွက်ကြောင့် အရှင်မဟာမောဂ္ဂလာန်မထေရ်မြတ်ကလည်း အဘိဥာဏ်တန်ခိုးအရာမှာ ဗုဒ္ဓမြတ်စွာကလွဲပြီး သူထက်သာလွန်သူ တစ်စုံတစ်ဦးမျှ မရှိတာကြောင့် အဘိဥာဏ်တန်ခိုးကို အသုံးပြုတော်မူပြီး နတ်ပြည်ခြောက်ထပ်သို့ ကြွရောက်တော်မူပြီး နတ်တို့ခံစားစံစားနေရတဲ့ စည်းစိမ်ချမ်းသာတွေမြင်တော်မူကာ နတ်တို့ကို လူပြည်မှာ နေခဲ့စဉ်က အမည် နေရပ် အဘယ်အကျင့်ကို အားထုတ်ပြီး ဒီလိုစည်းစိမ်ချမ်းသာကို ရရှိသလဲစသည်ဖြင့် မေးမြန်စုံစမ်းတော်မူပြီးနောက် လူ့ပြည်သို ပြန်လည်ကြွလာကာ “ဤမည်သော ဒါယကာ၊ ဒါယိကာမတွေဟာ ဤမည်သော နတ်ပြည်မှာရောက်ရှိနေကြပြီး ကြီးမားသော နတ်စည်းစိမ်ချမ်းသာတိုကို ခံစားနေကြတယ်”ဆိုပြီး ပြောဆိုဟောပြလေ့ရှိသလို ဥဿဒငရဲပြည်သို့ ကြွချီတော်မူပြီးတော့လည်း ငရဲကျခံနေရတဲ့ ငရဲသားတို့ရဲ ဆင်းရဲကြီးစွာ ခံစားနေရပုံတွေကို တွေမြင်တော်မူကာ ငရဲသားတို့ကို လူပြည်မှာ နေခဲ့စဉ်က အမည်ဘယ်လိုရှိတယ် အဘယ်အရပ်ကဖြစ်တယ် ဘယ်သို့သော မကောင်းမှုကို ကျူးလွန်ခြင်းကြောင့် ငရဲခံစားနေရတယ်ဆိုတာကို မေးမြန်းတော်မူပြီးနောက် လူပြည်သို့ ပြန်လည်ကြွလာကာ “တိတ္ထိတို့၏ တပည့်တို့တွင် ဤမည်သောသူ၊ ဤမည်သော အမျိုးအနွယ်ရှိတဲ့သူတွေကတော့ ငရဲ၌ကျရောက်ခံစားနေရတယ်”ဆိုတာကိုလည်း ဟောပြောလေ့ရှိပါတယ်။

အရှင်မဟာမောဂ္ဂလာန်၏ ဤနည်းဖြင့် သာသနာပြုခြင်းကြောင့်ပဲ များစွာသောလူများဟာ ဗုဒ္ဓမြတ်စွာ၏ သာသနာကို ကြည်ညိုကိုးကွယ်ဆည်းကပ်ပြီးနောက် တိတ္ထိတို့ကို ကိုးကွယ်ဆည်းကပ်ခြင်းမပြုကြတော့ပါဘူး။ ဒီတော့ မြတ်စွာဘုရားနှင့် တပည့်သာဝကတိုမှာ များစွာသော ပူဇော်သက္ကာရရှိပေမယ့် တိတ္ထိတို့အဖို့မှာတော့ တစ်နေ့တစ်ခြား ပူဇော်သက္ကာရ လာဘ်လာဘတွေ ဆုတ်ယုတ်လာပါတယ်။
ဒီအနေအထားကြောင့် တိတ္တိတွေဟာ အရှင်မဟာမောဂ္ဂလာန်မထေရ်ကို ရန်ငြိုးဖွဲ့ကြပြီးတော့ “ဒီရဟန်း အသက်ရှင်နေရင်တော့ ငါတို့ရဲ့ အလုပ်အကျွေး ဒါယကာ ဒါယိကာမတွေ တစ်နေ့တစ်ခြား ပျက်ပြားဆုတ်ယုတ်သွားလိမ့်မယ်၊ ပူဇော်သက္ကာရလည်း ရရှိလာမှာ မဟုတ်တော့ဘူး၊ ဒီတော့ ဒီရဟန်း အရှင်မဟာမောဂ္ဂလာန်ကို လုပ်ကြံသတ်ဖြတ်မှဖြစ်မယ်”လို့ တိုင်ပင်ပြီးတော့ သမဏဂုတ္တကအမည်ရှိတဲ့ ဓားပြဗိုလ်ကို ငွေအသဗြာတထောင်ပေးပြီး ငှားလိုက်ပါတယ်။

ဓားပြလူသတ်သမားတွေဟာ အရှင်မဟာမောဂ္ဂလာန်ကို လုပ်ကြံသတ်ဖြတ်ဖို့အတွက် အခြံအရံများစွာနဲ့ ကာဠသိလာကျောက်ဖျာကိုသွားကြပါတယ်။ အရှင်မဟာမောဂ္ဂလာန်မထေရ်ဟာ ဓားပြလူသတ်သမားတွေလာကို မြင်တော်မူတော့ အဘိဥာဏ်တန်ခိုးဖြင့် ကောင်းကင်ပျံတက်ပြီး ရှောင်ဖဲသွားပါတယ်။ သူခိုးဓားပြတွေဟာ အရှင်မဟာမောဂ္ဂလာန်မထေရ်ကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားပေမယ့် နှစ်လတိုင်သည်ထိအောင် အခွင့်မရကြပါဘူး။ နှစ်လလွန် သုံးလမြောက်မှာ လုပ်ကြံသတ်ဖြတ်ဖို့လာကြပြန်တော့ အတိတ်ဝဋ်ကြွေး ပေးဆပ်ဖို့ကျန်သေးတာကို မြင်တော်မူတာကြောင့် ဒီတစ်ကြိမ်မှာတော့ အဘိဥာဏ်ကို အသုံးမပြုတော့ဘဲ နေတော်မူပါတယ်။

အတိတ်ဝဋ်ကြွေးကတော့ အားလုံးသိနေကြတဲ့ မယားစကားနားယောင်မိပြီး မဘက်လိုက် မိုက်ဘက်ပါကာ ကိုယ့်ကျေးဇူးအနန္တရှင် မျက်မမြင် မိဘနှစ်ပါးကို သတ်ဖို့ လှည်းပေါ်တင်ကာ တောထဲခေါ်ဆောင်ပြီး မိမိကိုယ်ကိုယ် ဓားပြအယောင်ဆောင်ကာ မိဘနှစ်ပါးတို့ကို ရိုက်နှက်ပုတ်ခတ်ခဲ့တဲ့ အတိတ်ဝဋ်ကြွေးပါ။

ဒီနေရာမှာ စကားစပ်လို့ ဆရာမ ဒေါက်တာမတင်ဝင်းကို သူမ၏ မိခင်က ပြောဆိုဆုံးမသွားတဲ့ စကားလေးတစ်ခွန်းကို မယားဘွဲ့ကို ရရှိနေသူတွေအတွက် ပြန်လည်မျှဝေချင်မိပါသေးတယ်။ ဒီစကားကတော့ “ယောက်ျားများရဲ့ ကျန်းမာရေး၊ ကုသိုလ်ဖြစ်အောင် နေထိုင်ရေးဟာ မိန်းမများရဲ့ တာဝန်ပါပဲ……”…..တဲ့။ ဒီစကားလေးက ဆရာမကြိး ဒေါက်တာမတင်ဝင်းရဲ့ “ရာဇ၀င်ထဲက မိန်းမသား” ဆိုတဲ့ စာအုပ်ထဲက “စာရေးသူအမှာ” ကဏ္ဍမှာ ပါပါတယ်။

ဒီအတိတ်ဝဋ်ကြွေးကို ပေးဆပ်ဖို့ အချိန်ကျရောက်လာတာကြောင့် အရှင်မဟာမောဂ္ဂလာန်မထေရ်ဟာ အဘိဥာဏ်ကို မသုံးဘဲ ပေးဆပ်ခဲ့ပါတယ်။ ခိုးသားလူသတ်သမားတွေကလည်း အရှင်မဟာမောဂ္ဂလာန်မထေရ်ကို အရိုးတွေညက်ညက်ကျေအောင် ရိုက်နှက်ပုတ်ခတ်ပြီးနောက် သေပြီ ဟု ထင်မှတ်ပြီးတော့ ချုံပုတ်တစ်ခုပေါ်မှာ တင်ထားခဲ့ကြပါတယ်။

ခိုးသားလူသတ်သမားတို့ရဲ့ ရိုက်နှက်ဒဏ်ကြောင့်ပဲ အဲဒီနေ့ မဟာသက္ကရာဇ် {၁၄၈}ခုနှစ် တန်ဆောင်မုန်းလကွယ်နေ့မှာ ဗုဒ္ဓမြတ်စွာကို နောက်ဆုံးရှိခိုးကန်တော့ပြီးနောက် အရှင်မဟာမောဂ္ဂလာန်မထေရ်ဟာ ရာဇဂြိုဟ်ပြည် ဣသိဂိလိတောင်ယံ ကာဠသိလာ ကျောက်ဖျာမှာ ပရိနိဗ္ဗာန်စံဝင်တော်မူခဲ့ပါတယ်။

ဒီ အရှင်မဟာမောဂ္ဂလာန်မထေရ်မြတ်၏ ပရိနိဗ္ဗာန်စံရခြင်းအကြောင်းကို ပြောပြနေရတာကတော့ ကျေးဇူးကြီးမားကာ မပြစ်မှားထိုက်တဲ့ ဘုရားအစရှိတဲ့ ခင်ပွန်ကြီးဆယ်ပါးကို ပြစ်မှားစော်ကားလွန်ကျူးခြင်း မပြုလုပ်မိအောင် သတိရစေချင်လို့ နားလည်စေချင်လို့ပါ…..။ ဒီလို မပြစ်မှားထိုက်တဲ့ အသက်သိက္ခာအားဖြင့်လည်း ဂုဏ်ကျေးဇူးကြီးမား၊ သီလ သိက္ခာ ပညာ အားဖြင့်လည်း ဂုဏ်ကျေးဇူးကြီးမားတဲ့ ဘုရားအစရှိတဲ့ အနန္တကျေးဇူးရှင်တွေကို လွန်ကျူးပစ်မှားမိရင် ပေးဆပ်ရမယ့် ၀ဋ်ကြွေးကနေ ဘယ်တော့မှ မလွတ်မြောက်နိုင်ပါဘူး။ ဗုဒ္ဓမြတ်စွာ၏ လက်ဝဲတော်ရံ အဂ္ဂသာဝကကြီးလည်းဖြစ် တန်ခိုးအဘိဥာဏ်အရာမှာလည်း ကြီးမားတော်မူတဲ့ အရှင်မဟာမောဂ္ဂလာန်မထေရ်မြတ်ကြီးတောင်မှ ပေးဆက်ခဲ့ရတာပါ..။

အားလုံးကြားသိနေကြတဲ့ “ခင်ပွန်းကြီးဆယ်ပါး” ဆိုတဲ့ မြန်မာဝေါဟာရရဲ့ ဆိုလိုတဲ့အဓိပ္ပါယ်ကတော့ ကျေးဇူးရှိတဲ့ ပုဂ္ဂိုလ်မှန်သမျှ အရာအားလုံးကို “ခင်ပွန်း” ဆိုပါတယ်။ ပဌာန်း ဥပနိဿယပစ္စည်းမှာ ပုဂ္ဂလောပိ ဥပနိဿယ ပစ္စယော-ပုဂ္ဂိုလ်သတ္တ၀ါတွေဟာ တစ်နည်းနည်းနဲ့တော့ ကျေးဇူးဥပကာရ ပြုနေကြတယ် လို့ဗုဒ္ဓမြတ်စွာ ဟောကြားထားတော်မူခဲ့ပါတယ်။ ဒီနေရာမှာ လူပုဂ္ဂိုလ်ကိုသာ မြင်အောင် ပြောတာပါ. မိမိအရပ်ဒေသ ဥတုရာသီ စသည်တွေကလည်း ကျေးဇူးပြုနေကြပါတယ်။ 

ခင်ပွန်းကြီးဆယ်းပါးကို တေမိယဇာတ်တော်ကြီးမှာ အခုလိုပြောပြထားပါတယ်။

(၁) ဗုဒ္ဓ-= သဗ္ဗညုမြတ်စွာဘုရား
(၂) ပစ္စေကဗုဒ္ဓ=ပစ္စေကဗုဒ္ဓွါ
(၃) အရဟန္တ= အာသဝေါကုန်ပြီးသော ရဟန္တာ
(၄) အဂ္ဂသာဝက= မြတ်စွာဘုရား၏ လက်ယာတော်ရံ အရှင်သာရိပုတ္တရာ၊ လက်ဝဲတော်ရံ အရှင်မဟာမောဂ္ဂလာန်နှင့် သာဝကများ
(၅) မာတာ= မိခင်
(၆) ပိတာ-= ဖခင်
(၇) ၀ုဒ္ဓါဝစာယန= အသက်သိက္ခာ ဂုဏ်ဝါသီလ အာစာရ အမျိုးစသည်တို့၌ မိမိထက်ကြီးမြတ်၍ ရိုသေအပ်သောသူများ
(၈) အာစရိယ= သွန်သင်ဆုံးမ ပညာသင်ပေးတတ်သော ဆရာမြတ်
(၉) ဟိတကရ= ထမင်းအဖျော် အိပ်ယာနေရာ အ၀တ်ပုဆိုးစသော အာမိသနှင့်တကွ တစ်စုံတစ်ခု ကျေးဇူးရှိဖူးသူမှန်သမျှ
(၁၀) ဓမ္မကထိက= ကောင်းကျိုးရရေးအတွက် တရားဟောပြ လမ်းမှန်ညွှန်ပြပေးတဲ့ တရားဟောဆရာ (တေမိယဇာတက၊ ပါ၊ ဒု၊ ၁၅၀)

“အကြင်သစ်ပင်ရဲ့အောက် တစ်အောင့်တစ်ထောက် နားနေဖူးတယ်၊ တစ်မှေးတစ်ရေး အိပ်စက်ဖူးတယ်ဆိုရင်တောင်မှ ထိုသစ်ပင်ရဲ့ အကိုင်းအခက်ကိုပင် မချိုးကောင်းဘူး၊ တကယ်လို့များ အကိုင်းအခက်ချိုးဖျက်မိတဲ့သူ အလွန်ယုတ်မာတဲ့သူဖြစ်တယ်၊ နောက်ပြီးတော့ မိတ်ဆွေကိုပြစ်မှားတဲ့-မိတ္တဒုဗ္ဘိကံထိုက်ပြီး မကောင်းတဲ့အကျိုးကိုပေးတတ်တယ်………”လို့ တေမိယဇာတ်တော်မှာ ဆိုထားပါသေးတယ်။ မိမိအပေါ်မှာ ကျေးဇူးရှိလို့ ခင်ပွန်း လို့ခေါ်ဆိုထိုက်ပါတယ်။ ဒါကိုကြည့်မယ်ဆိုရင် သက်ရှိသူကိုပင် မဟုတ်ပါဘူး သက်မဲ့ဖြစ်တဲ့ သဘာဝသစ်ပင်တို့ကိုတောင်မှ မပြစ်မှားမစော်ကားထိုက်ဘူး၊ ပြစ်မှားစော်ကား ချိုးဖျက်မိရင် မကောင်းကျိုးပေးတတ်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း နားလည်နိုင်ပါတယ်။

ဒီကျေးဇူးကြီးမားတဲ့ ခင်ပွန်းကြီးဆယ်ပါးကို ပြစ်မှားလွန်ကျူးမိတဲ့သူအနေနဲ့ ရရှိခံစားလာရမယ့် ဆိုးကျိုးပြစ်တွေက ဆယ်ပါးရှိပါတယ်……..။ ဒီအပြစ်ဒဏ်ဆယ်ပါးကို ဓမ္မပဒပါဠိတော် ဒဏ္ဍ၀ဂ် မဟာမောဂ္ဂလာန၀တ္ထုမှာ ဗုဒ္ဓမြတ်စွာ ဟောပြထားပါတယ်။

1. ပြင်းထန်သော ရောဂါ ဝေဒနာများခံစားရခြင်း။
2. ပိုင်ဆိုင်သောပစ္စည်းဥစ္စာများ ဆုတ်ယုတ်ပျက်စီးဆုံးပါးခြင်း။
3. လက်ပြတ် ခြေပြတ်စသည်ဖြင့် ကိုယ်အင်္ဂါ ပျက်စီးခြင်း။
4. ကုသ၍ မရနိုင်သော ကြီးလေးသည့်ရောဂါများဖြစ်ခြင်း။
5. ရူးသွပ်ခြင်း၊ စိတ်မတည်မငြိမ်ဖြစ်ခြင်း။
6. မင်းပြစ် မင်းဒဏ်ခံရခြင်း။
7. မတရားသဖြင့် ကြမ်းကြုတ်စွာ စွပ်စွဲခံရခြင်း။
8. မိမိမှီခိုရာ ဆွေမျိုးများ ပျက်ဆီးခြင်း။
9. စည်းစိမ်ဥစ္စာ အခြွေအရံများ ပျက်စီးခြင်း။
10. မိမိ နေရာ တိုက် အိမ်စသည်ကို မီးလောင်ပျက်စီးခြင်း။
(ဓမ္မပဒဂါထာ၊ ၁၃၇၊ ၁၃၈၊ ၁၃၉ ၊၁၄၀)

ကျေးဇူးကြိးမားတဲ့ ခင်ပွန်းကြီးဆယ်းပါးကို ပြစ်မှား လွန်ကျူးစော်ကားမိသူတစ်ယောက်အနေနဲ့ လက်ရှိပစ္စုပ္ပန်ဘ၀မှာပဲ ထိုဒဏ် 10 ပါးထဲက တစ်ပါးပါးသင့်နိုင်ပါတယ် နောက်ပြီး သေလွန်သောအခါ၌လည်း အပါယ်ငရဲသို့ ကျရောက် နိုင်ပါတယ်။
ဒဏ်ဆယ်ပါးကို လွယ်လွယ်မှတ်မိနိုင်ဖို့အတွက် လက်ာလေးနဲ့ တွဲမှတ်ထားလိုက်ပါဦး……..။

“သွေးအန်ဖြစ်လွယ်၊ ရောင်းဝယ်ရှုံးခြင်း၊ ချို့ယွင်းအင်္ဂါ၊ နူနာကုဌ၊ ရူးကြဖောက်ပြန်၊ မင်းဒဏ်သင့်ခဏ်း၊ ကြမ်းတမ်းစွပ်စွဲ၊ သေကွဲသားချင်း၊ ပျက်ခြင်းစည်းစိမ်၊ နေအိမ်မီးလောင်၊ ဒုက္ခကောင်သည်၊ လူ့ဘောင်ဒိဌ၊ တွေ့ကြုံရ၍၊ သေကငရဲ၊ ကမ္ဘာစွဲ၏။”

“အပြစ်ကင်းစွာ၊ နိပ္ပရာဓ ၊ ဒေါသမဲ့ငြား၊ သူမြတ်များအား၊ ပြစ်မှားတုံထ၊ မိုးပေါ်လကို၊ စိတ်ကငြူစူ၊ ပစ်သောမြူသည်၊ ပစ်သူသို့သာ၊ ကျရောက်လာသို့၊ မှန်စွာအပြီး၊ နောက်ပိုးစီးလျှက်၊ မြေကြီးမြိုရှောင်း၊ မိချောင်း သစ်ကျား၊ ဖမ်းစားဘီလူး ၊ ရေကူးလှေမှောက်၊ စိတ်နောက် သွေးအန်၊ စက်ပျံ မိုးကြိုး၊ ပြစ်ရှစ်မျိုးနှင့် လွှမ်းမိုးပြင်းစွာ၊ ဝေဒနာကြီးမား၊ လျော့ပါးစည်းစိမ်၊ နေအိမ်မီးလောင်၊ ကုန်အောင်ကျွမ်းသက်၊ ကျိုးပျက်အင်္ဂါ၊ နူနာစိတ်ဖေါက်၊ ကျရောက်မင်းဒဏ်၊ မမှန်စွပ်စွဲ၊ပြိုကွဲမျိုးဆွေ၊ ရွှေငွေကျွဲနွား၊ ယွင်းဖေါက်ပြားသား၊ ဆယ်ပါးမျက်မှောက်၊ ဒဏ်ကြီးရောက်၏။” (မဃဒေ၀)

ခင်ပွန်းကြီးဆယ်ပါးကို ပူဇော်လေးမြတ်သူအနေနဲ့ (၀ါ) မိတ်ဆွေကို မပြစ်မှားဘဲ ပူဇော်လေးမြတ်လေ့ရှိသူအနေနဲ့ မိတ်ဆွေပူဇော်ခြင်းအကျိုးများစွာကို ရရှိနိုင်ပါတယ်ဆိုပြီးတော့ ဘုရားအလောင်းတော် တေမိမင်းသားက မိမိကို မြေမြှပ်သတ်ဖို့ရန် ကျင်းတူးနေတဲ့ အရှင်သာရိပုတ္တရာအလောင်း ရထားထိန်း သုနန္ဒာကို ဟောကြားထားခဲ့ပါတယ်။

1. အရပ်တစ်ပါး ခရီးသွားသော် ရောက်လေရာရာအရပ်မှာ အစားအစာ မရှားပါးခြင်း။
2. ရောက်ရာအရပ်၌ လူသူလေးပါးတို့က လေးစားပူဇော်ခံရခြင်း။
3. ရန်သူတို့ဘေး၊ မင်းတို့၏ မထေမဲ့မြင်ပြုခြင်းတို့ဘေးမှ ကင်းဝေးနိုင်ခြင်း၊
4. လူချစ်လူခင် ပေါများခြင်း၊ အိမ်ပြန်လာတဲ့အခါ ရွှင်ရွှင်လန်းလန်း ချမ်းချမ်းသာသာ ပြန်လာရခြင်း၊
5. ပရိသတ်အလယ်၌ တင့်တယ်စွာ နေနိုင်ခြင်း။
6. သူတစ်ပါးတို့ လေးစားရိုသေခြင်းကို ရရှိခြင်း၊
7. ကောင်းသတင်းဂုဏ် ကျော်စောခြင်း။
8. သူတစ်ပါးတို့၏ ပူဇော်သက္ကာရပြုခြင်း၊ ရှိခိုးဦးခိုက်ခြင်းကို ရရှိခြင်း၊
9. ကောင်းမြတ်သော ကျက်သရေသည် ထိုသူကို မစွန့်၊
10. အခြွေအရံ များခြင်း။
11. စီးပွားဥစ္စာ လယ်ယာစပါးများ ဖွံဖြိုးတိုးတက်ခြင်းကြောင့် ၀၀လင်လင် သုံးဆောင်ခံစားရခြင်း၊
12. ကျွဲ နွား စသည်တို့ တိုးပွားလာခြင်း၊
13. ခြောက်ကမ်းပါးမှ ကျခြင်း၊ တောင်ထိပ်မှ ပြုတ်ကျခြင်း၊ သစ်ပင်စသည်တို့မှ ကျချင်း ဘေးဒုက္ခများနဲ့ကြုံသော် ထောက်တည်ရာ အကူအညီရရှိခြင်း။
14. မိတ်ဆွေအား ပူဇော်သူကို ရန်သူတို့သည် မညှင်းဆဲနိုင်ခြင်းစသော အကျိုးကျေးဇူးတွေကို ရရှိနိုင်ပါတယ်။

ဘာပဲဖြစ်ဖြစ်လေ အထက်မှာ “ခင်ပွန်း” ဆိုတဲ့ အနက်သဘောကို သေချာသိထားသူတစ်ယောက်အနေနဲ့ ဒီ ပြဆိုထားတဲ့ ခင်ပွန်းကြီးဆယ်ယောက်ကိုပဲ လွန်ကျူးပြစ်မှားခြင်းမပြုရဘူး မိမိအပေါ် တစ်နည်းနည်းဖြင့် တစ်ချိန်ချိန်က ဒါမှမဟုတ် သံသရာတစ်ကွေ့တုန်းက ကျေးဇူးရှိခဲ့ဖူးသူ အားလုံးကိုလည်းပဲ တုတ် လှံစသည်ဖြင့် ပြစ်မှားစော်ကားခြင်း မပြုသင့်ပါဘူး။ “အဆွေခင်ပွန်း” ဆိုတဲ့စကားကိုလည်း အားလုံးသိကြပါတယ်……တကယ်တော့ ဒီစကားဟာ မိတ်ဆွေအပေါင်းအသင်းများဟာလည်းပဲ မိမိအပေါ်ကျေးဇူးရှိတဲ့သူတွေဆိုတာကို ညွှန်းဆိုထားတာပါ။ ဗုဒ္ဓမြတ်စွာ၏ စကားတော်အရပြောရမယ်ဆိုရင် အစမထင်သံသရာကြီးထဲမှာ အမိရယ် အဖရယ် အစ်ကိုရယ် မောင်ရယ် နှမရယ် ဦးကြီး ဦးလေး ဒေါ်ကြီးရယ်နဲ့ ဆွေမျိုးမတော်စပ်ဖူးသူ မရှိပါဘူးတဲ့……။ ဒီတော့ အားလုံးသော လူမျိုးမခြား၊ ဘာသာမခြားမှုမထားဘဲနဲ့ အားလုံးသောသူများကို ပြစ်မှားစော်ကားခြင်း မပြုသင့်ပါဘူး။ ဘယ်သူ့ကိုပဲဖြစ်ဖြစ် ပြစ်မှား စော်ကားမိမယ်ဆိုရင်တော့ ဒီဘ၀မှာတင်ပဲ ဒဏ်ဆယ်ပါးထဲက တစ်ပါးပါးနဲ့လည်း ကြုံတွေ့ခံစားရမယ်၊ နောင်ဘ၀မှာလည်း ဆင်းရဲခြင်းမကင်းတဲ့ ငရဲကို ကျရောက်ခံစားရမှာဖြစ်ပါတယ်။

ခင်ပွန်းကြီးဆယ်ပါးနဲ့တကွ ဒီဘ၀မှာပဲဖြစ်ဖြစ်၊ သံသရာတစ်ကွေကွေကဖြစ်ဖြစ် မိမိအပေါ် ကျေးဇူးတစ်စုံတစ်ရာရှိခဲ့ဖူးသူတွေကို ပြစ်မှားစော်ကားခြင်းမှ ကင်းလွတ်ပြီးနောက် လောကီချမ်းသာ လောကုတ္တရာချမ်းသာများကို ရရှိခံစားနိုင်ကြပါစေဟု………ဆန္ဒပြုလျှက်…………။

ကိုးကား။                 ။ 

ဓမ္မပဒပါဠိတော်၊ ဒဏ္ဍ၀ဂ်၊ ဂါထာနံပါတ်၊ ၁၃၇၊ ၁၃၈၊ ၁၃၉၊ ၁၄၀
မင်းကွန်းဆရာတော်ဘုရားကြီး၏ တေမိယဇာတ်တော်ကြီးတရားတော်
မန်လည်ဆရာတော်ဘုရားကြီး၏ မဃဒေ၀လမ်းညွှန်နီတိများ
ပိုင်းလော့ဆရာတော် အရှင်ဇေယျပဏ္ဍိတ၏ ကျေးဇူးပြစ်မှား ဒဏ်ဆယ်ပါးနှင့် ခင်ပွန်းကြီးဆယ်ပါး ကန်တော့ခန်း

(ဥယျာဉ်မှူးလေး)

Sunday, June 3, 2012

“ဝှေ့ယမ်းပြတဲ့ လက်များရဲ့ စကား”

                                                    
                                         “ဝှေ့ယမ်းပြတဲ့ လက်များရဲ့ စကား”


             ဝှေ့ယမ်းပြနေတဲ့ ပြည်သူတို့ရဲ့ လက်များက “ဖိနှိပ်ပြီး ဒုက္ခပေးမယ့် သူတွေဆိုရင်တော့ ခါထုတ်ပြီး ဖယ်ရှားပစ်မယ်၊
ဖေးမကူညီမယ့် သူများကိုတော့ လက်ကမ်းကြိုဆိုပါတယ်” လို့ ပြောနေတာပါ။ အဲဒီအသံကို ကြားတတ် ၊ နားလည်တတ်ဖို့ အရေးကြီးတယ်။
ပြီးခဲ့တဲ့ ဆယ်တန်းစာမေးပွဲတွေ ဖြေပြီးခါစက လူငယ်တစ်စု ကျောင်းကို ရောက်လာပါတယ်။ ဘွဲ့ရပြီး ဘာဆက်လုပ်ရမှန်း မသိဖြစ်နေ တဲ့ ယောကျာ်းလေး မိန်းကလေး (၈)ယောက်လောက်ရယ်၊ “အပန်းမပြေ” စခန်းက အနားယူခွင့်ရလာကြတဲ့ယောကျာ်းလေး သုံးလေးယောက်နဲ့ မိန်းကလေး တစ်ယောက်လည်းပါတယ်။


    လာကြတဲ့ ရည်ရွယ်ချက်ကတော့ နွေရာသီ ကျောင်းပိတ်ရက်များမှာ ယဉ်ကျေးလိမ္မာသင်တန်းများ အပါအဝင် ကျေးလက်ဒေသရဲ့ လိုအပ်ချက် ကလေးများကို စွမ်းနိုင်ရာက ဝိုင်းဝန်းကူညီကြဖို့ ခရီးထွက်ခါနီးမှာ ဩဝါဒနဲ့ အကြံဉာဏ်ကလေးများရယူလိုလို့ပါတဲ့။
သူတို့ကို ပြောခဲ့ဖြစ်တဲ့ အကြောင်းအရာအတိုချုပ်ကတော့ -

     လောကရဲ့ ယဉ်ကျေးလိမ္မာမှုများနဲ့ ကြီးပွားတိုးတက်ရာ တိုးတက်ကြောင်းများကို စွမ်းနိုင်ရာက ဝိုင်းဝန်းကူညီကြမယ့်သူများဟာ ပထမဆုံး အရေးကြီးတာက ကိုယ့်ကိုယ်ကိုယ် ယဉ်ကျေးလိမ္မာနေအောင် ဆုံးမထားဖို့ပဲ။ မြတ်စွာဘုရားက ဓမ္မပဒပါဠိတော် (၁၅၉) မှာ “သူတစ်ပါးကို ယဉ်ကျေးအောင် ဆုံးမလိုသူများဟာ ပထမဦးဆုံးအနေနဲ့ ကိုယ့်ကိုယ်ကိုယ် ယဉ်ကျေးအောင်ဆုံးမထားဖို့ အရေးကြီးတယ်။ ကိုယ်တိုင်က ယဉ်ကျေးပြီးမှသာ သူတစ်ပါးကို ယဉ်ကျေးအောင် လုပ်ပေးနိုင်တယ်။ ယဉ်ကျေးအောင်ဆုံးမဖို့ အခက်ဆုံးက ကိုယ့်ကိုယ်ကိုယ်ပဲ” လို့ ဟောထား တယ်။

    ဘယ်လို နယ်စိမ်းပယ်စိမ်းကိုပဲ သွားသွား၊ ဘယ်လို သူစိမ်းပြင်ပြင်များနဲ့ပဲ တွေ့ရတွေ့ရ၊ ကိုယ်တိုင်က ယဉ်ကျေးသိမ်မွေ့ပြီးသူအတွက် တစ်ဖက်သားကို ယဉ်ကျေးသိမ်မွေ့လာအောင် စည်းရုံးဖို့ ဘာမှ အခက်အခဲမရှိနိုင်ဘူးလို့ ဆိုလိုတာပဲ။ အဲဒီတော့လူငယ်များအနေနဲ့ နယ်ပယ်စိမ်းကို သွားရမှာ၊ သူစိမ်းပြင်ပြင်များနဲ့ တွေ့ဆုံရမှာက ဘာမှ ကြောက်စရာ မဟုတ်ဘူး။ ကိုယ်တိုင်မယဉ်ကျေးသူတွေ ဖြစ်မှာကသာ ကြောက်စရာ အကောင်းဆုံးပဲ။ အဲဒါကို သဘောပေါက်ကြဖို့ သိပ်အရေးကြီးပါတယ်။

    အခု သီရိလင်္ကာနိုင်ငံ၊ မြန်မာနိုင်ငံ အပါအဝင် ထေရဝါဒနိုင်ငံတွေမှာ ဗုဒ္ဓသာသနာတော် ထွန်းကား ဖြစ်ပေါ်လာရခြင်းရဲ့သမိုင်းကြောင်းကို လူငယ်များအနေနဲ့ နည်းနည်းလောက် သိထားရင် အတုယူ အားကျပြီး လိုက်နာစရာတွေ အများကြီး ရနိုင်လောက်တယ်။

     ဒီလို ထေရဝါဒနိုင်ငံတွေ ပြန့်ပွားတိုးတက်လာအောင် အဓိကအားထုတ်ခဲ့တာက “သီရိဓမ္မာသောက မင်းကြီး”လို့လူသိများတဲ့ မဇ္ဈိမဒေသက “အသောက မင်းကြီး” ပဲ။ ဒီမင်းကြီးကို သာသနာတော်ဘက် စိတ်ပါလာအောင် ဆွဲဆောင် စည်းရုံးပေးတဲ့ပုဂ္ဂိုလ်ကတော့ သူ့ရဲ့ တူအရင်းဖြစ်တဲ့ “နိဂြောဓ”ဆိုတဲ့ သာမဏေငယ်တစ်ပါးပဲ။

    အသောကမင်းကြီးက ဖခမည်းတော်ရဲ့ အစဉ်အလာအရ “ပရိဗိုဇ်”ဆိုတဲ့ ဘာသာရေး ဂိုဏ်းဝင်တွေကို နေ့စဉ် စားစရာဝတ်စရာတွေနဲ့ ပူဇော်ကိုးကွယ်နေရတာ စရိတ်တွေ သိန်းနဲ့ချီပြီး ကုန်ကျနေတယ်။ ဒီပရိဗိုဇ်တွေဟာ သွားတာ၊ လာတာ၊ စားသောက်တာ၊ ပြောဆိုတာကအစ ဣနြေ္ဒလည်း မဲ့ကြတယ်။ မင်းနဲ့ ပြည်သူအတွက် ဘာကောင်းကျိုးမှလည်း လုပ်ဆောင် မပြနိုင်ကြဘူးဆိုတော့ ဘုရင်ကြီးက သူတို့အပေါ် စိတ်ကုန်နေတာပေါ့။

   တစ်နေ့တော့ ဒီအကြောင်းတွေကို စဉ်းစားရင်း နန်းတော်အထက် ရင်ပြင်မှာ တွေးတော ငေးမောနေတုန်း အဲဒီ  “နိဂြောဓ”သာမဏေလေး ကို တွေ့လိုက်ရတာ။ သာမဏေလေးက ဘုရားရှင်ရဲ့ အဆုံးအမနဲ့အညီ ကျင့်သုံးပြီးလို့ ကိလေသာဆိုတဲ့ စိတ်ရဲ့အညစ်အကြေးတွေ ကင်းစင်ပြီးတဲ့ ရဟန္တာလေး ဖြစ်နေပြီဆိုတော့ ဝတ်ရုံတာ၊ သွားလာတာ၊ ကြည့်ရှုတာကအစ အလွန်ကိုငြိမ်သက် တည်ကြည်ပြီး စိတ်အေးချမ်း စရာ ကောင်းလှတဲ့ အတွက် အသောကမင်းကြီးက မြင်မြင်ချင်း လေးစားကြည်ညိုစိတ်တွေဖြစ်ပြီး စိတ်ထဲမှာလည်း အလွန် အေးချမ်းသွားခဲ့တယ်။

   ဒါနဲ့ပဲ နောက်ဆုံးတော့ သာမဏေကို နန်းတော်ပေါ်မှာ ပင့်ပြီး ကျင့်သုံးတဲ့ တရားနဲ့ ဆရာသမားစဉ်ဆက်ကို မေးလျှောက်တဲ့အခါ ဗုဒ္ဓဘာသာအကြောင်းကို ခြေခြေမြစ်မြစ် သိခွင့်ရသွားရာက သာသနာပြု မင်းကြီး ဖြစ်သွားတာ။ သူကိုယ်တိုင် စိတ်အေးချမ်းသာခြင်းကို လက်ငင်းလက်တွေ့ ရရှိခံစားရတဲ့အတွက် ဗုဒ္ဓသာသနာတော်ကို အရပ်ဒေသတိုင်း ပျံ့နှံ့အောင် ကိုးတိုင်းကိုးဌာနသာသနာပြု လုပ်ငန်းစေလွှတ် ရာက တို့မြန်မာနိုင်ငံကိုလည်း ဗုဒ္ဓသာသနာ ရောက်ရှိခဲ့တာပါ။

    ဒီမှာ ပြောလိုတာကတော့ သွားတာ၊ လာတာ၊ ပြောတာ၊ ဆိုတာ၊ ကြည့်ရှုတာစတဲ့ ဣနြေ္ဒများဟာ မြင်ရ ကြားရသူတိုင်းကိုယဉ်ကျေးမှုတွေ ကူးစက် ပျံ့နှံ့သွားစေလောက်အောင် ကိုယ်တိုင်ယဉ်ကျေးပြီးသား ပုဂ္ဂိုလ်တွေမှာ အသွင်အပြင် ပုံသဏ္ဌာန်ကိုကစည်းရုံးရေး အင်အား အပြည့်ပါနေတဲ့အတွက် ကမ္ဘာကြီး ကိုတောင် ပြောင်းလဲပစ်နိုင်တဲ့ စွမ်းအားအပြည့် ရှိတယ်။ ခုနပြောခဲ့တဲ့“နိဂြောဓ”ဆိုတဲ့ သာမဏေ လေးဟာ သီရိလင်္ကာနိုင်ငံ၊ မြန်မာနိုင်ငံ အပါအဝင် အခုဆို ဗုဒ္ဓသာသနာတော်ဟာ ကမ္ဘာတစ်ဝက်လောက်အထိကို ပျံ့နှံ့သွားပြီ ဖြစ်လို့ “ကမ္ဘာ တစ်ဝက်ကို ပြောင်းလဲစေတဲ့ သာမဏေ”လို့တောင် ဆိုလို့ရတယ်။ အဲဒါကို ဒီနေ့ ပြည်သူကို အလုပ်အြွေကးပြုကြမယ့် လူငယ်တွေ အားကျ အတုယူကြရလိမ့်မယ်။

   ကျေးလက်ဒေသတွေ၊ အဲ .. ကျေးလက်သာမကပါဘူး မြို့ပြတွေမှာလည်း အတူတူပါပဲ၊ ပြည်သူတွေဆိုတာကတော့ ကိုယ့်ရဲ့ဆင်းရဲဒုက္ခတွေ ကို လျော့ပါးအောင် ပြုလုပ်ပေးမယ်၊ ကိုယ့်အရပ် ကိုယ့်ဒေသရဲ့ ကောင်းရာ ကောင်းကြောင်း တိုးတက်ရာ တိုးတက်ကြောင်းတွေကို သယ်ပိုးဆောင်ရွက် ပေးမယ်ဆိုရင် လာသမျှလူတွေကို ဝမ်းပန်းတသာ လက်ကလေးတွေ ဝှေ့ယမ်းပြီးကြိုဆိုကြမှာ မလွဲပါဘူး။

   အကြိုဆိုခံရသူတွေအနေနဲ့ ဝှေ့ယမ်းပြနေတဲ့ ပြည်သူတို့ရဲ့ လက်များက ပြောနေတဲ့ စကားကို ကြားအောင် နားထောင်တတ်ဖို့တော့ အရေးကြီး ပါတယ်။ ဝှေ့ယမ်းပြနေတဲ့ ပြည်သူတို့ရဲ့ လက်များက “ဖိနှိပ်ပြီး ဒုက္ခပေးမယ့် သူတွေဆိုရင်တော့ခါထုတ် ဖယ်ရှားပစ်မယ်၊ ဖေးမကူညီမယ့် သူများကိုတော့ လက်ကမ်းကြိုဆိုပါတယ်” လို့ ပြောနေတာပါ။ အဲဒီအသံကို ကြားတတ်နားလည်တတ်ဖို့ အရေးကြီးတယ်။

   ဒီအသံကို ကြားတတ်çနားလည်တတ်ဖို့ဆိုတာကလည်း ကိုယ်တိုင်က တစ်နည်းမဟုတ် တစ်နည်းနဲ့ ဖိနှိပ်တဲ့ဒဏ်ကိုခံရဖူးမှ စာနာနားလည်နိုင် တာမျိုး၊ သူများက “ပြည်သူ့အရေး” ဆိုလို့ ဘသားယိမ်းလိုက် ရောယိမ်းလိုက် လုပ်နေသူတွေဆိုရင်နားလည်ဖို့ အလွန်ခဲယဉ်း တယ်။ တွေ့ဖူးမလားတော့ မပြောတတ်ဘူး၊ တချို့အရပ်တွေမှာ ပြည်သူ့အကျိုးအတွက်ဆိုပြီး လူတွေကိုမလာမနေရ အလာခိုင်းတာတို့၊ သူတို့ကို အသိပညာပေးတယ်ဆိုပြီး ဟိန်းဟောက် အမိန့်ပေးတာတို့ ဆိုတာလေ။



       အဲဒီလိုနေရာမျိုးမှာ  “ဝှေ့ယမ်းကြိုဆိုရမယ်” ဆိုလို့ ဝှေ့ယမ်းပြနေရတဲ့ လက်တွေက ဘာစကား ပြောနေမယ်ထင်သလဲ။
အေး အခု သွားကြမယ့် လူငယ်များအနေနဲ့  “ ဒီလိုမျိုးထဲမှာ တို့တော့ မပါခဲ့ဖူးပါဘူး” လို့ မထင်လိုက်နဲ့။ ကိုယ်တိုင်သတိထားမိမလားတော့ မပြောတတ်ဘူး၊ တချို့အရပ်တွေမှာဆိုရင်  “ပြည်သူရဲ့ ဒုက္ခတွေ ကင်းဝေးလွတ်မြောက်ရေး” ဆိုပြီး လမ်းတွေပေါ်မှာ အုပ်စုနဲ့ စီတန်ြးွေကးကြော်ကြ တာတွေလေ။ လမ်းပေါ်မှာ သူတို့ စီတန်းဟစ်အော်နေပြီဆိုရင် ခရီးသွားကြတဲ့ ကားတွေ၊လှည်းတွေ၊ အထမ်းအရွက်နဲ့ ခရီးသွား ခရီးပြန်၊ ဈေးသွား ဈေးပြန်တွေက ဒီအတိုင်း ရပ်စောင့်နေရတာ။



    တချို့က မနေသာအောင် အရေးကြီးလို့ သူတို့ အတန်းကို ဖြတ်ပြီး ကူးဖို့ ကြိုးစားမိရင် ရန်လိုတဲ့ အပြုအမူတွေနဲ့ အင်အားသုံးပြီး ဟန့်တားတာတို့၊ ပြည်သူတွေ ကြားတောင် မကြားဖူးဘူးတဲ့ အပြစ်တွေနဲ့ စွပ်စွဲအော်ဟစ်ပြီး ရန်ပြုတာတို့ ”ဆိုတာမျိုးတွေ လုပ်တတ်ကြတယ်။
ကိုယ်တိုင်လည်း ကြုံခဲ့ရလို့ တစ်နာရီနီးပါး ဒုက္ခခံပြီး ဒီအတိုင်းပဲ ရပ်စောင့်နေခဲ့ရဖူးတယ်။

    သူတို့ ကြွးကြော်စီတန်းလာနေတာကို နဘေးမှာရှိသူတွေက လက်ပြနှုတ်ဆက်တာလောက်မှ မလုပ်ပြန်ရင်လည်း အဲဒီလိုနေရာမှာ အကြာကြီးရပ်နေကြပြီး ပြည်သူတွေ ဘာမှ နားမလည်တဲ့(ပြောသူတွေ ကိုယ်တိုင်လည်း ကိုယ့်စကားကို နားလည်ပုံမရတဲ့) စကားတွေနဲ့ အဲ .. တရုတ်ပြည်က နိုင်ငံရေးခေါင်း ဆောင်ကြီးတစ်ဦး ပြောတဲ့စကားလုံးနဲ့ ပြောရမယ်ဆိုရင် “ ခြေသေးမရဲ့ခြေစည်း” လို ရှည်လည်းရှည်၊ နံလည်း နံတဲ့ စကားတွေနဲ့ အကြောရှည်နေကြပြန်တာဆိုတော့ ရပ်ကြည့်နေကြသူတွေက လက်တွေ ဝှေ့ယမ်းပြကြရတာပေါ့။ အဲဒီလိုအခါမှာ ဝှေ့ယမ်းပြရတဲ့ လက်တွေကကော ဘယ်လိုစကားတွေ ပြောနေမယ် ထင်သလဲ။

    အခုသွားမယ့် လူငယ်တွေထဲမှာ အဲဒီလို ဝှေ့ယမ်းပြတာကို မြင်ဖူးçကြုံဖူးသူတွေတောင် ပါမယ်ထင်ပါတယ်။ အဲဒီ လက်တွေက ဘာများ ပြောနေတယ် ထင်ခဲ့သလဲ။ စဉ်းစားစရာတွေ ပြောတာပါ။

  ဝှေ့ယမ်းပြနေတဲ့ လက်တွေကို ခပ်ပေါ့ပေါ့တော့ မတွက်မိကြနဲ့၊ ဒီလက်တွေက ဖေးမကူညီမည့်သူကို လက်ကမ်းကြိုဆိုရာမှာ လက်ဖဝါးပီပီ နူးညံ့သိမ်မွေ့သလောက် ဒုက္ခပေးမယ့်သူကို ခါထုတ်ဖယ်ရှားရာမှာတော့  “ ခြေဖမိုးလို လက်တွေ” လို့ ဆိုရမယ်ထင် တယ်။ မှောက်ချည် လှည်ချည် မရှိဘူး။ ခြေဖမိုးဆိုတာ  “ကန်ချင် ကန်မယ်၊ လှန်တယ်ဆိုတာ မရှိဘူး” ဆိုတာ ကြားဖူးမှာပါ၊
ခုလည်း အဲဒီလိုပါပဲ။ အားလုံး ကြားဖူးကြမလားပဲ၊ မြတ်စွာဘုရားရှင် လက်ထက်တော်က “ကောသမ္ဗီ အရေးအခင်းကြီး” လို့ ပြောစမှတ်တွင်တဲ့ဖြစ် ရပ်တစ်ခု ပေါ်ပေါက်ခဲ့ဖူးတယ်။

   ဖြစ်ရပ် အကျဉ်းချုပ်ကတော့ -
ကောသမ္ဗီပြည်သားတွေဟာ အလွန်သဒ္ဓါတရား ကောင်းကြသူတွေ များတယ်။ ဗုဒ္ဓဘာသာ ဝင်တွေ ကြားဖူးနားဝများတဲ့ ရှင်မခုဇ္ဇုတ္တရာတို့၊ သာမာဝတီမိဖုရား၊ မာဂဏ္ဍီမိဖုရားတို့၊ ဥဒေနမင်းတို့၊  “ ဃောသိတာရုံ”ကျောင်းဒကာ ဃောသကသူဌေးကြီးတို့ဆိုတာ ကောသမ္ဗီပြည်ကပဲပေါ့။ ဒီပြင်လည်း  “ကုက္ကုဋာရုံ” ကျောင်းဒကား ကုက္ကုဋသူဌေးကြီးတို့၊  “ပါဝါရိကမ္ဗဝန”ကျောင်းတိုက်ကြီးဒကာ ပါဝါရိက သူဌေးကြီးတို့ဆိုတာလည်း ရှိသေးတယ်။ သာမန် သြွူကယ်၊ ကုန်သည်တို့ ပြည်သူ ပြည်သားတို့ကလည်း သဒ္ဓါတရား ကောင်းကြပုံ ရပါတယ်။ ဟိမဝန္တာတို့çသင်္ကဿနဂို တို့လို တောတောင်ထူထပ်တဲ့ ဒေသကို သွားတဲ့လမ်းကြောင်းပေါ်မှာ တည်ရှိတာဖြစ်လို့ တောရဆောက်တည်ကြတဲ့ ရသေ့၊ ပရိဗိုဇ်များ အပါအဝင် သူတော်ကောင်း တို့ရဲ့ ခရီးတစ်ထောက် နားနေရာ စခန်းထောက်မြို့ကြီးသဖွယ်လည်း ဖြစ်နေပုံရပါတယ်။ သူတော်ကောင်းတို့အတွက် ဆွမ်းခဲဖွယ် ရဖို့ မခဲရင်းတဲ့ ပြည်ကြီး(မြို့ကြီးပါပဲ)ဖြစ်နေတာကိုး။

 
မြတ်စွာဘုရား မပွင့်ပေါ်မီကတော့ ရသေ့çပရိဗိုဇ် သူတော်ကောင်းတွေကို လုပ်ြွေကးပူဇော်ကြတာ။ မြတ်စွာဘုရားပွင့်ပေါ်လာတဲ့ အခါမှာတော့ သူတို့ကိုးကွယ်တဲ့ ရသေ့ငါးရာလောက်က တစ်ပြိုင်နက် သာသနာတော်မှာ ရဟန်းပြုသွားကြတော့သဒ္ဓါတရားထက်လောက်အောင် ပါရမီဓာတ်ခံကောင်းကြတဲ့ ကောသမ္ဗီသူဌေးကြီးတွေလည်း ဘုရားရှင်ရှိရာ သွားရောက် တရားနာကြပြီး သောတာပန် အရိယာတွေ ဖြစ်ကုန်ကြလို့ ကိုယ့်အရပ်ဒေသ ပြန်ရောက်တဲ့အခါ ကျောင်းတိုက်ကြီးတွေ အသီးသီး ဆောက်လုပ်လှူဒါန်းကြတာ။

     ကောသမ္ဗီပြည်မှာ ဘုရားရှင်နဲ့ နောက်ပါသံဃာတွေအတွက် ကျောင်းတိုက်ကြီး သုံးတိုက်ကလည်း ရှိနေ၊ သူဌေးသူကြွယ်တွေ အပါ  အဝင် ပြည်သူပြည်သားတွေကလည်း သဒ္ဓါတရား ကောင်းကြလို့ လမ်းအလိုက် ရပ်ကွက်အလိုက် ဆွမ်းလောင်းလှူတဲ့ အသင်းအဖွဲ့တွေတောင် ရှိကြတယ်ဆိုတော့ ဘုရားရှင်ရဲ့ တပည့်သားရဟန်း တော်တော်များများဟာလည်း ကောသမ္ဗီပြည်ကိုကြွလာကြပါတယ်။  ကြွရောက်လာသမျှ ရဟန်းတော်များကို မြို့သူ မြို့သားများကလည်း တခဲနက် ကြိုဆိုကြတာပါပဲ။



    ဒီခေတ်လိုလက်ကိုဝှေ့ယမ်းပြီး ကြိုကြတာတော့ မဟုတ်ပါဘူး။ ဒေသယဉ်ကျေးမှုအရ လက်အုပ်ချီပြီး ကြိုဆိုကြတာပါ။ အဓိပ္ပာယ် ကတော့အတူတူပါပဲ။ လက်အုပ်ချီတဲ့ လက်များကလည်း စကားနှစ်ခွန်းကို ပြောဆိုနေတာပဲ ဆိုတာ နောက်ကြုံမယ့် ဖြစ်ရပ်များ ကထင်ရှားအောင် ပြပါလိမ့်မယ်။

   မြတ်စွာဘုရားရှင် ကောသမ္ဗီပြည် ဃောသိတာရုံကျောင်းမှာ သီတင်းသုံးနေတဲ့ အချိန်မှာပဲ ဝိနည်းဆောင် ရဟန်းနဲ့သုတ္တန်ဆောင် ရဟန်းတို့ တခြားကျောင်းတိုက် တစ်ခုမှာ အတူတူနေကြတယ်။

     ဖြစ်ချင်တော့ တစ်နေ့မှာ သုတ္တန်ဆောင်ရဟန်းက ဝစ္စကုဋီ(သန့်စင်ခန်း)သွားပြီးတဲ့အခါ သန့်စင်ရေသုံးတဲ့ ရေခွက်ကိုရေလက်ကျန်နဲ့ ဒီအတိုင်းထားခဲ့မိသတဲ့။ အမှန်ကတော့ ဒီလိုထားခဲ့ရင် ရေညှိပိုးလောင်းကောင်များ ဖြစ်စေနိုင်တဲ့အတွက်  “သုံးပြီးသန့်စင်ရေခွက်ကို မှောက်ပြီး ထားခဲ့ရမယ်၊ ဒီအတိုင်း ပက်လက်ထားခဲ့ရင် ဒုက္ကဋ်အာပတ် သင့်စေ”လို့ ဘုရားရှင်က ပညတ်ထားပြီးသား။ ဒါကို မသိလို့ သုတ္တန်ဆောင်ရဟန်းက ဒီအတိုင်းထားခဲ့တာ။

    အဲဒါကို ဝိနည်းဆောင်ရဟန်း ကုဋီအိမ်တက်တဲ့အခါမှာ တွေ့တော့ ထွက်လာတဲ့အခါမှာ သုတ္တန်ဆောင်ရဟန်းကိုမေးတယ်။ သုတ္တန်ဆောင်ရဟန်းကလည်း အမှန်အတိုင်းပဲ ဝန်ခံပါတယ်။  “အာပတ်သင့်မှန်း မသိလို့ ထားခဲ့တာပါ၊ အာပတ်သင့်ရင် ဒေသနာကြားပါမယ် ”လို့လည်း ရိုးရိုးသားသားပဲ လျှောက်ထားပါတယ်။ အဲဒီကျတော့ ဝိနည်းဆောင်ရဟန်းက  “စေတနာမရှိဘဲမေ့လျော့ပြီး ထားခဲ့မိတာဆိုရင် အာပတ်မသင့်ပါဘူး” လို့ ပြောပြန်ရောတဲ့။

      ဒါလည်း အမှတ်တမဲ့ မှားသွားတာပါ။ အမှန်ကတော့ခုလို ထားခဲ့တာဟာ စေတနာရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဒုက္ကဋ်အာပတ် သင့်တာပါပဲ။
ဒါကို ဝိနည်းဆောင်ရဟန်းက ကာယကံရှင်ကို ပြန်မပြောဘူး၊ သူ့တပည့်တွေကိုကျတော့  “ သုတ္တန်ဆောင်ရဟန်းဟာအာပတ်သင့်တာကိုတောင် ဘာမှမသိဘူး” ဆိုပြီး ရှုတ်ချစကားပြောပြန်ရော။

    ဒါနဲ့ပဲ ဝိနည်းဆောင် ရဟန်းအုပ်စုက သုတ္တန်ဆောင်ရဟန်းရဲ့ တပည့်တွေနဲ့ တွေ့တဲ့အခါ “ သင်တို့ရဲ့ ဥပဇ္ဈာယ်ဆရာဟာ အာပတ်သင့်တာတောင် သင့်မှန်း မသိတဲ့ဆရာပဲ”ဆိုပြီး ကဲ့ရဲ့စကား ပြောကြပြန်ရော။ သုတ္တန်ဆောင်ရဟန်းများကလည်း “ ဝိနည်းဆောင် ဆရာဟာ ခုတစ်မျိုး နောက်တစ်မျိုးနဲ့ မုသားစကားပြောသူ” ဆိုပြီး ပြန်လည် ချေပကြတာပေါ့။

    ဒါနဲ့ပဲ အမှနှန်က်ကတော့ ဒေသနာကြားလိုကိက်ရ်ရင် ပြီးးသွာားမဲ့ “အမှိုက်လောက်ကိစ္စလေးကနေ အတင်းးအဖျင်းး“လေ”တွေဝှေ့ပစ်လိုက်ကြလို့ အချင်းးချင်းး“ပြဿဒ်မ်မီးးလောင်”ဆိုတဲ့အဆင့်ရောက်ေ အာင် ပဋိပိပက္ခေတွေ ဖြစ်ကုန်ကြတော့ တာ။ နောက်ဆုံး တော့တစ်ဦးနဲ့တစ်ဦး အသင်းအပင်းတွေစုကြပြီး ငြင်းကြ၊ ခုံကြနဲ့ တစ်သိမ်တည်းမှာ ကံကြီးကံငယ်တွေ အတူမပြုနိုင်၊ အတူတကွ ပေါင်းသင်း ဆက်ဆံခြင်း လည်း မပြုနိုင်လောက်အောင်အထိ ပဋိပက္ခတွေ ကြီးထွားလာကြတယ်။

     အဲဒီလို အခြေအနေမျိုးဖြစ်နေတာကို ရဟန်းတစ်ပါးက မနေသာတော့ပဲ မြတ်စွာဘုရားရှင်ကို သတင်းပေးလျှောက်ထားတဲ့အခါ ဘုရားရှင်က “ဒါဟာ ရဟန်းသံဃာကွဲပြားဖို့ ဖန်လာတဲ့ ကိစ္စကြီး”ဆိုတာ သိတော်မူလို့ နှစ်ဘက်ရဟန်းများရှိရာကို ကိုယ်တိုင်ကြွပြီး ညီညွတ်သင့်မြတ်အောင် သာဓကဝတ္ထုများနဲ့ပါ အကျယ်တဝင့် အေးအေးဆေးဆေး ပြောဆိုဆုံးမတော်မူပါတယ်။

    ပုထုဇဉ်တွေချည်း ဖြစ်ကြတဲ့ ဒီပဋိပက္ခက လောကကျိုး သာသနာကျိုးကို ကြည့်တာမဟုတ်ဘဲ အတ္တမာန်တွေ ကိုယ်စီနဲ့အပြိုင် အဆိုင် ဖြစ်ကြတာဆိုတော့ အမှားအမှန် ကွဲပြားရေးက အဓိကမဟုတ်တော့ဘဲ အရှုံးအနိုင် ကွဲပြားရေးကိုသာ အဓိကအားသန်နေကြတာဖြစ်လို့ ဘယ်လိုမှ ပြေငြိမ်းအောင် ဟောပြောဆုံးမလို့ မရဘဲ တင်းမြဲတင်းခံနေကြတယ်။

     ဒါနဲ့ ဘုရားရှင်ကလည်း “ဒီရဟန်းတွေဟာ ခုလို ကွဲပြားခြင်းရဲ့ ဆိုးကျိုးကို ကိုယ်တွေ့ ကိုယ်ကြုံခံစားလာရတော့မှ သံဝေဂရပြီး ငြိမ်းသွားကြမှာ” ဆိုတာသိမြင်တော်မူတဲ့အတွက် ကောသမ္ဗီမြို့ကနေ ထွက်ခွါပြီး ဥပါလိသူကြွယ်ရဲ့ အခွန်စားကျေးရွာဖြစ်တဲ့ “ဗာလကလောဏက” ရွာကိုပထမဆုံး ကြွတော်မူတယ်။ အဲဒီ အရပ်မှာ တစ်ပါးတည်း ဧကစာဆောက်တည်နေတဲ့ အရှင်ဘဂု မထေရ်ကို ရွှင်လန်းဝမ်းမြောက်ဖွယ်ရာ အားပေးစကားများနဲ့ ပြောကြားချီးမြှောက်ပြီးတော့မှ ပါလိလေယျက (ပလလဲ)ဆိုတဲ့ ဆင်မင်းကြီးရှိရာ အရပ်ဆီကို ဝါဆိုဝါကပ်ဖို့ ခရီးဆက်ကြွတော် မူပါတော့တယ်။

  ညီညွတ်ရာမှာသာ မွေ့လျော်၊ ပျော်ပိုက် နှစ်သက်တော်မူတဲ့ ဘုရားရှင်ဟာ မညီညွတ်တဲ့ နေရာမှာ နေရတာထက်တစ်ပါးတည်း ဧကစာသီတင်းသုံး ဝါကပ်နေရတာက ပိုကောင်းတယ်လို့ ဆုံးဖြတ်ပြီး ကြွတော်မူခဲ့တာပါ။


မြတ်စွာဘုရားရှင် စွန့်ခြွါကသွားတော်မူပြီးတဲ့ နောက်မှာ ကောသမ္ဗီရဟန်းတို့ ဖြစ်ပျက်နေပုံကတော့ -မြတ်စွာဘုရားရှင်ပလလဲတောမှာ ဝါကပ်သီတင်းသုံးနေတဲ့ ဝါတွင်းမှာပဲ ကောသမ္ဗီမှာရှိကြတဲ့ ကျောင်းဒကာ ဃောသကသူဌေးကြီးအပါအဝင် ဒကာ ဒကာမတွေက ဃောသိတာ ရုံကျောင်းတိုက်ကို သွားကြတဲ့အခါ ဘုရားရှင်ကို မဖူးတွေ့ကြရတော့ဘူး။  “မြတ်စွာဘုရားရှင်အခုဘယ်မှာ သီတင်းသုံးနေပါသလဲ” လို့ လျှောက်ထားတဲ့အခါမှာတော့ ရဟန်းတော်တို့က ဖြစ်ကြောင်းကုန်စင်ကို ပြောပြပြီး

      “အခု ပလလဲတောမှာ တစ်ပါးတည်း ဝါကပ်တော်မူနေရတယ်” ဆိုတဲ့အကြောင်း ဝမ်းနည်းစရာစကားနဲ့ ဖြေကြားကြတယ်။
အကြောင်းစုံကို သိလိုက်ရတဲ့ ကောသမ္ဗီပြည်သားတွေက အားလုံးတညီတညွတ်တည်း စည်းဝေးတိုင်ပင်ကြပြီး  “ ဒီရဟန်းတွေဟာ ဘုရားရှင်ရဲ့ သာသနာတော်မှာ ရဟန်းပြုကြပါလျက်နဲ့ ဘုရားရှင်က ညီညွတ်အောင် ဟောပြဆုံးမတာကို လက်မခံကြဘူး။

      ဒီရဟန်းတွေရဲ့ မာန်မာနတွေကြောင့်ပဲ တို့တတွေ မြတ်စွာဘုရားရှင်ကို အချိန်ကြာကြာ ဖူးမြော်ခွင့် ဆုံးရှုံးရတယ်။ ဒီရဟန်းတွေကိုရှိခိုးရိုသေ၊ ဖူးမြော်လှူဒါန်း ဘာမှ မလုပ်ကြစတမ်း” ဆိုပြီး ကတိကဝတ် ထားလိုက်ကြတယ်။ ပစ္စည်းလေးပါးလည်း မလှူဒါန်း၊အရိုအသေလည်း မပေးကြတော့ဘူး။ြွကလာစဉ်က ချီခဲ့တဲ့ လက်အုပ်တွေက ခါထုတ်တဲ့ စကားကို ပြတ်ပြတ်သားသား ပြောလိုက်ပြီ။

     အစာအာဟာရ ခေါင်းပါးပြတ်လပ်တဲ့ ဒဏ်ကို ဘယ်ကြာကြာ ခံနိုင်မလဲ နှစ်ရက် သုံးရက်အတွင်းမှာပဲ နောင်တတွေရကြပြီး စိတ်ကောင်း စိတ်ဖြောင့်တွေ ပြန်ဝင်ကြလို့ အချင်းချင်းလည်း တောင်းပန်ဝန်ချ ကန်တော့ကြပြီး ညီညွတ်သွားကြပါတယ်။

   ဒါပေမဲ့ ဒကာ ဒကာမတွေက ဒီလောက်နဲ့ မကျေနပ်ကြသေးပါဘူး၊ “မြတ်စွာဘုရားရှင်ကို ကျေနပ်အောင် ကန်တော့ပြီးမှသာ တပည့်တော်တို့ကလည်း အရှင်ဘုရားတို့အပေါ်မှာ ရှေးကလို ပူဇော်ကန်တော့ လှူဒါန်းတာတွေ လုပ်ကြပါမယ်” ဆိုပြီး တင်းထားကြတယ်။ ဝါတွင်း ကာလဖြစ်လို့ မြတ်စွာဘုရားရှိရာကို သွားရောက် မကန်တော့နိုင်ကြတဲ့အတွက် အဲဒီရဟန်းတော်တွေဝါတွင်းသုံးလလုံး ဆင်းရဲငြိုငြင်စွာနဲ့ပဲ ကုန်လွန်စေ ကြရတယ်။

    ဝါကျွတ်ပြီးချိန်မှာ ဘုရားရှင်ကလည်း သာဝတ္ထိပြည် ဇေတဝန်ကျောင်းတိုက်ကို ပြန်ြွကလာပြီဖြစ်လို့ ရဟန်းတော်များ လည်းဇေတဝန်ကျောင်းတိုက်ကို အားလုံး တစ်စည်းတစ်ရုံးတည်း သွားရောက်ကန်တော့ ကြပါတယ်။ မြတ်စွာဘုရားရှင်က ဓမ္မ အဓမ္မနဲ့ပတ်သက်ပြီး အပြည့်အစုံ ဟောညွှန် ဆုံးမတော်မူပြီး နောက်ဘိတ်ဆုံး “လောကထဲမှာ .. ငါတို့ဟာ သေမင်းထံပါးကို အချိန်တိုင်းသွားနေကြသူတွေပါလား”လို့ မသိကြတဲ့ ရဟန်းများက ခိုက်ရန်အတင်း ငြင်းခုံခြင်းကို ပြုနေကြတယ်။


    သိကြတဲ့ ရဟန်းများ ကတော့ ခိုက်ရန်အတင်း ငြင်းခုံခြင်းကို သမ္မာပဋိပတ်အကျင့်မြတ်နဲ့ ကင်းပြတ်ချုပ်ငြိမ်းကြရတယ် ” ဆိုတဲ့ ဩဝါဒရဲ့အဆုံးမှာလာရောက် ကန်တော့ကြတဲ့ ရဟန်းအားလုံး သောတာပန်စတဲ့ အရိယာတွေ ဖြစ်ကုန်ကြတယ်။ ကောသမ္ဗီပြန်ရောက်တဲ့အခါ ဒကာ ဒကာမတွေကလည်း ကျေနပ်ဝမ်းသာတဲ့ လက်အုပ်များနဲ့ ကြိုဆိုကြပြီး အစဉ်အလာမပျက် ကြည်ညိုပူဇော်ကြပါတယ်။


    ဒီဖြစ်ရပ်ကို အကြောင်းပြုပြီး တချို့ပုဂ္ဂိုလ်များက  “သံဃာအား ဘုရားမခံနိုင်”လို့ ပြောလေ့ရှိကြတယ်။ သူတို့ကကောသမ္ဗီက သံဃာတွေရဲ့ အားကို မခံနိုင်လို့ ဘုရားရှင် ကောသမ္ဗီကို စွန့်ခွါသွားရတဲ့ အဖြစ်ကို ကြည့်ပြီး ပြောကြတာပါ။

   အမှန်ကတော့ ဘုရားရှင်မှာ ဘယ်လို ပုဂ္ဂိုလ် ဘယ်လိုသံဃာရဲ့ စွမ်းအားကိုမှ မခံနိုင်ဘူးဆိုတာ မရှိပါဘူး။ တကယ့်အဓိပ္ပာယ် စစ်စစ်က ကောသမ္ဗီပြည်သူတွေက  “ဘုရားရှင်ကို ကျေနပ်အောင် မပြုနိုင်ကြရင် ဒီလို သံဃာကို မကိုးကွယ်တော့ဘူး” လို့ ဆုံးဖြတ်ခါထုတ် လိုက်တာဖြစ်လို့ ဆိုခြင်းဆိုရင်  “ ဘုရားအား သံဃာမခံသာ” လို့သာ ဆိုရမယ်ထင်ပါတယ်။

   ငယ်ငယ်က ဖတ်ခဲ့ရဖူးတဲ့ တော်လှန်ရေး အောင်ပွဲဂုဏ်ပြုကဗျာထဲက စကားပိုဒ်အတိုင်း ယူပြီးပြောရမယ်ဆိုရင်တော့  “ မြင့်မြတ်စစ်ခင်း၊ ပြည်သူတင်းသော်၊ ဘယ်မင်း ဘယ်စိုး၊ ဘယ်လူမျိုးမှ၊ မဆိုးမသွမ်းနိုင်တကား” ဆိုတဲ့ သဘောမျိုး ဖြစ်သွားရတာပါပဲ။

   ကဲ .. အခု ပြည်သူကို စွမ်းနိုင်ရာက အလုပ်အကြွေးပြုဖို့ သွားကြမယ်ဆိုတဲ့ လူငယ်များအနေနဲ့ကော ပြည်သူတွေဝှေ့ယမ်းပြတဲ့ (အသက်ဂုဏ်ဝါ ကြီးသူများကိုဆိုရင်တော့ လက်အုပ်ချီပြတဲ့ပေါ့လေ)လက်များရဲ့ စကားကို ကြားတတ် နားလည်တတ် ကြပြီးလား။ ဒီအတွက် အသင့်ဖြစ်ပြီ ဆိုရင်တော့ ဘာမှ စိုးရိမ်ဝန်လေး မနေကြနဲ့ သွားတာသွားကြပါ။ မြတ်စွာဘုရားရှင် မိန့်ကြားသလိုပဲ ကိုယ့်ဘက်က ယဉ်ကျေးပြီးနေ ရင် ရောက်လေရာရာမှာ ယဉ်ကျေးတဲ့ တုံ့ပြန်မှုများနဲ့သာ တွေ့ကြုံရမှာပါ။


      အားလုံး သိထားကြတဲ့အတိုင်းပဲ မြန်မာနိုင်ငံသူ နိုင်ငံသားတွေဆိုတာ ပင်ကိုယ်အားဖြင့် အလွန်ချစ်ခင် တတ်ကြသူတွေပါ။
ဒီလို ပြည်သူတွေမှာ အမုန်းဓာတ်တွေ ပေါ်လာနေတယ်ဆိုရင်တောင် ဒါဟာ ပင်ကိုယ်စိတ်ဓာတ် မဟုတ်ပါဘူး။ ချစ်စရာတွေပျောက်ဆုံးနေလို့သာ ယာယီသဘောမျိုး ဖြစ်လာရတဲ့ စိတ်ဓာတ် ဖြစ်တာ သေချာပါတယ်။ ချစ်စေလိုသူတွေက ချစ်စရာကိုပီပီပြင်ပြင် ပြနိုင်လို့ကတော့ ပင်ကိုယ်ကမှ ချစ်တတ်ကြတဲ့ ပြည်သူတွေဟာ ချစ်လိုက်ကြမယ့်ဖြစ်ခြင်း၊ ထမင်းမေ့ ဟင်းမေ့တောင်ဖြစ်သွားလောက်တယ်။

 ဘယ်အရာမဆို၊ ချစ်စေလို
ချစ်စရာကို ပြပေးပါ။
ချစ်စရာမြင်၊ ချစ်တတ်တာ
တို့ ပြည်သူရဲ့ ဗီဇပါ။

ကဲ .. ဩဝါဒနဲ့ အကြံဉာဏ်ပေးပါဆိုလို့ ပေးလိုက်ရတာပဲ။  “ကြိုက်သော်ယူလေ၊ မကြိုက်ပေမူ၊ ရှာဖွေပါဦး၊ ဤခေတ်ထူး၌၊ ဆည်းပူးနိုင်မှ၊ တန်ကာကျလိမ့်” ဆိုတဲ့ ရှေးလူကြီးသူမတို့ရဲ့ စကားနဲ့ပဲ နိဂုံးချုပ်လိုက် ပါတော့မယ်။

ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)

Saturday, June 2, 2012

ကောင်းကင်တို့ရဲ့ကောက်ကြောင်း

ကောင်းကင်တို့ရဲ့ကောက်ကြောင်း

(၁)
`အစကတည်းက ခင်လေးပြောပြီးသားပဲ မောင်ရာ၊  အဖေ့ဆီကိုသွားရင် ဖိုးသားလေးကို ဘယ်လိုမှ ခေါ်သွားလို့မဖြစ်ဘူးဆိုတာ။ အခုတော့ ဘယ့်နှယ်လုပ်မလဲမောင် ဖိုးသားလေးချောင်းဆိုးတာ သုံးရက်ရှိပြီ။ အဲဒါမောင်ပေါ့လျော့တာ´
ငိုသံစွက်ရုံမက မျက်ရည်တွေပါ ပိုးပိုးပေါက်ပေါက် ကျနေပြီဖြစ်သော ဇနီးသည်၏ ပြောစကားအောက်တွင် ကျွန်တော့်၌ ပြောစရာစကား အဆင့်သင့်ရှိမနေပါ။ 

 တကယ်ဆိုလျှင် ခင်လေးပြောသလို ကျွန်တော်ပေါ့လျော့ခဲ့သော အပိုင်းလည်းပါသည်။ ပြဿနာသည် တီဘီရောဂါဟု သံသယရှိနေခြင်းခံရသော အဖေ့အိမ်သို့ ငါးနှစ်အရွယ်ကျွန်တော့်သား ရောက်ရှိသွားခြင်းမှ အစပြုခဲ့ခြင်းဖြစ်သည်။

(၂)
တကယ်တမ်းတွင် အဖေ့အိမ်နှင့်ကျွန်တော့်အိမ်သည် စည်းရိုးတစ်ခုသာ ခြားထားသော အ၀န်းအ၀ိုင်းတစ်ခုတည်းမှသာ ဖြစ်သည်။ ကျွန်တော်အိမ်ထောင်ကျတော့ အဖေနှင့်အမေက အိမ်ဘေးက မြေကွက်လပ်တွင် ကျွန်တော့်ကို အိမ်ဘေးက မြေကွက်လပ်တွင် ကျွန်တော့်ကို အိမ်ဆောက်ပေးခဲ့လေသည်။ စည်းရိုးတစ်ခုခြားထားသော်လည်း အချိန်မရွေးဥဒဟို ၀င်ထွက်၍ ရနိုင်ရန် ခြံစည်းရိုးအလယ်တွင် လူသွားစရာတံခါးတစ်ပေါက်ကို အမြဲတမ်းဖွင့်ထားလေ့ရှိသည်။ 
ကျွန်တော်က ညီအစ်ကိုသုံးယောက်တွင် အငယ်ဆုံးသားဖြစ်သော်ငြား အိမ်ထောင်ကျသည်နှင့် တစ်ပြိုင်နက် အဖေက ပျဉ်ထောင်သွပ်မိုးအိမ်တစ်လုံး ဆောက်ပေးပြီး အိမ်ခွဲထားပေးခဲ့ခြင်းဖြစ်သည်။

ကျွန်တော့်အစ်ကို နှစ်ယောက်မှာ တစ်ရပ်ကွက်ထဲတွင် အိမ်ထောင်ကိုယ်စီနှင့် အိမ်အသီးသီး ရှိကြသော်လည်း ကျွန်တော့်လို နီးနီးကပ်ကပ် နေကြသူတွေမဟုတ်။ မိသားစုကိုယ်စီနှင့် ညီအစ်ကိုသုံးယောက်လုံးက စီးပွားရေးပိုပိုလျှံလျှံမဟုတ်သော်ငြား စားနိုင်သောက်နိုင်သည့် အခြေအနေမှာတော့ အားလုံးရှိနေသည်။

အဖေက ဌာနတစ်ခုမှာ ရုံးအုပ်တစ်ယောက်လုပ်ခဲ့ပြီး ပင်စင်ယူလို့ အေးအေးဆေးဆေးနေမည် ကြံရုံမှမရှိသေး ချောင်းတဟွတ်ဟွတ်ဆိုးကာ ခဏခဏ  ဖျားတော့သည်။ အိပ်ရာထဲမှာလည်း နေသူမဟုတ်သော်လည်း တရှောင်ရှောင်နှင့် ဖြစ်လာရသည်။ အစပိုင်းတွင် ရပ်ကွက်ထိပ်ဆေးဆိုင်မှ စပ်ဆေးအချို့နှင့် သဟဇာတဖြစ်နေခဲ့သော်လည်း အဖေ့ချောင်းဆိုးရောဂါက ပျောက်သွားလှ ငါးရက်၊ တစ်ပတ်သာ။ ပြီးလျှင် ချောင်းက ပြန်ဆိုးလာပြန်သည်။ ချောင်းဆိုးပုံကြီးကလည်း သက်တောင့်သက်သာတော့မဟုတ်။

 တကယ့်ကို ရင်ခေါင်းသံကြီးနှင့်။ အဖေချောင်းတစ်ခါဆိုးလျှင် ၀မ်းဗိုက်ထဲက ကလီစာတစ်ခုခု ပြုတ်ထွက်ပါလာတော့မည်ဟု ထင်ရလောက်အောင်ပင် အဖေ၏အခြေအနေမှာ ဆိုးလာခဲ့သည်။
အဖေ့ကို ကျွန်တော်တို့ သံသယ၀င်ပြီ။

အဖေတစ်ခုခုများ ဖြစ်သလား။ တစ်ခုခုဆိုတာလည်း အခြားတော့မဖြစ်နိုင်။ ချောင်းတွေ ဒီလောက်အဆက်မပြတ် ဆိုးနေပုံထောက်လျှင်…။
အတွေးများ၏ အဆုံးတွင် အစ်ကိုနှင့်တိုင်ပင်ပြီး အထူးကုဆေးခန်း မဟုတ်သော်ငြား၊ အတော်အသင့် နာမည်ရှိသော ဆေးခန်းတစ်ခု ပြေးရပြီ။ အဖေ့ကိ သွေးစစ်ကြ၊ ဆီးစစ်ကြ၊ ဓာတ်မှန်ရိုက်ကြသည်။ နောက်ဆုံး ဆေးခန်းလေး၏ အဖြေက အဖေ့မှာ အဆုတ်တစ်ခြမ်း မကောင်းတော့ပါတဲ့။ တီဘီဟု သံသယရှိသည်တဲ့။

တိတိကျကျ အဖြေတစ်ခုထွက်လာသည်တော့ မဟုတ်ခဲ့။ အဲ့ဒီနောက်တွင် တီဘီရောဂါသည်တစ်ယောက်ကို ပြုစုရမည့် နည်းလမ်းများ၊ တိုက်ရမည့်ဆေးများ၊ လုပ်ဆောင်ရမည့် လုပ်ငန်းများအား မေးပြီး လောလောဆယ် အဖေ့ကို အိမ်မှာပင်ပြန်ခေါ်ထားခဲ့သည်။

`ဖိုးသားလေးလည်း မတွေ့ပါလားကွ´
ဆေးခန်းတွင် ငါးရက်ခန့်နေပြီး အိမ်ပြန်ရောက်သော နေ့မှာပင် ကျွန်တော့်သားနှင့်ပတ်သက်ပြီး အဖေ့ဆီမှ စကားစလာခဲ့သည်။

`အင်း… သူများအိမ်သွားဆော့နေတယ်ထင်တယ်´၊ `သူ့ဘကြီး လာခေါ်သွားလား မသိဘူး´ စသော ကျွန်တော့်မိန်းမ၏ မသေချာ မရေရာလှသော အဖြေများအောက်တွင် အဖေသည် တစုံတခုသော အချိန်အတိုင်းအတာထိ တိတ်ဆိတ်သွားခဲ့သည်။
အဖေ့မျက်လုံးများ မှေးစင်းပြီး အိမ်ခေါင်မိုးမျက်နှာကျက်ကို ငေးစိုက်ကြည့်နေသည်က တကယ့်ကို ရီဝေေ၀။
 
တကယ်ဆိုလျှင် ကျွန်တော့်သားက အဖေတို့နှင့် နေလာခဲ့သည်မှာ အဖေပင်စင်ယူကာစကတည်းက ဆိုတော့ တစ်နှစ်လောက်ပင် ရှိပြီ။ ကျွန်တော်တို့လင်မယားက ရုံးလုပ်ငန်းကိုယ်စီနှင့်မို့ မနက်မိုးလင်းလျှင် ကလေး၏ ဝေယျဝစ္စများလုပ်။ လိုအပ်သည်များ စီစဉ်ကာ ဖိုးသားကို အဖေ့အိမ်မှာဥာ ထားခဲ့၇ခြင်း ဖြစ်ဥည်။ သည်တော့ ဖိုးသား၏ အကြောင်းအရာကိစ္စအတော်များများသည် အဖေတို့ အမေတို့နှင့်သာ ပိုပြီး သက်ဆိုင်နေရသလိုပင် ဖြစ်တော့သည်။
ယခုကဲ့သို့ အဖေဖြစ်သောအခါ ဖိုးသားနှင့်အဖေ မဆုံရန် ကျွန်တော်တို့ စီစဉ်ရပြီ။

အမေက ဘာမှဝင်မပြောသော်ငြား စိတ်မကောင်းသည့်ပုံတော့ ပြသည်။ `ဘာပဲပြောပြော ကလေးက အရေးကြီးတယ်။ ဖိုးသားလေးကို ဒီဘက်အိမ်မလာစေနဲ့´ ဟု ပြောရှာသည်။
`အဖေသိရင် စိတ်ကောင်းမှာမဟုတ်ဘူး ဆိုတာတော့ တွေးမိတယ်။ ဒါပေမယ့် မတတ်နိုင်ဘူးမောင်။ အဖေ့နားကို သွားဖို့ဆိုတာ လူကြီးတွေတောင် စဉ်းစားရမယ့်ကိစ္စလေ။ 
 သားလေးကိုတော့ အဖေ့နားကို ဘယ်လိုနည်းနဲ့မှ လွှတ်လို့မဖြစ်ဘူး´

အတ္တစကားမှန်း သိသော်လည်း မိခင်တစ်ယောက်၏ မေတ္တာကို လှစ်ဟလာသည့်စကားမို့ ကျွန်တော်လက်မခံလို့ မရ ဖြစ်ရသည်။ ကျွန်တော်ကိုယ်တိုင်သည်လည်း သားနှင့်ပတ်သက်၍ စိုးရိမ်မှုတစ်ခု ဖြစ်ရသည်က အမှန်ပင်။ နောက်ဆုံး အလွယ်ကူဆုံးနည်းကိုသာ ကျွန်တော်တို့ သုံးလိုက်ကြသည်။ ထိုနည်းမှာ ကျွန်တော်တို့အိမ်နှင့် အဖေတို့အိမ်ကို ခြားထားသော တံခါးကို သော့ခတ်လိုက်ကြခြင်းဖြစ်သည်။ ထိုနည်းသည် ငါးနှစ်အရွယ် ကျွန်တော့်သားအား အဖေ့အိမ်ဘက် မရောက်ရန် ထိန်းသိမ်းဖို့ လုံလောက်သောနည်းဖြစ်နေသည်။ 

ကျွန်တော်တို့လင်မယားနှစ်ယောက် အဖေ့အိမ်ဘက်လာလျှင် ဖိုးသားသည် ခြံထဲတွင် ရှိနေသည်ဖြစ်စေ၊ အိမ်ပေါ်တွင်ရှိနေသည်ဖြစ်စေ ကျွန်တော်တို့က တံခါးကို သော့ခတ်ပြီး ဖွင့်ပြီးလျှင် သေသေချာချာ ပြန်ပိတ်စသော နည်းဖြင့်သာ အဖေနှင့်ဖိုးသားအား မတွေ့ဖြစ်ရန် ကျွန်တော်တို့ စည်းထားခဲ့ကြသည်။ သို့သော်… ခြံနှစ်ခြံကို ခြားထားသော တံခါးလေးမှ သော့ခလောက်အား အဖေတစ်နည်းနည်းနှင့်များ မြင်သွားမလားဟု ကျွန်တော်စိုးရိမ်မိသည်ကတော့ အခါခါပင်ဖြစ်သည်။

(၃)
အဖေရိပ်မိသည် မရိပ်မိသည် မသေချာသော်လည်း ခြံစည်းရိုးတံခါးသော့ခတ်ထားသော နည်းသည် အဖေနှင့်ဖိုးသားကို ခြားထားနိုင်သည့် ကန့်လန့်ကာကောင်းကောင်း တစ်ချပ်တော့ ဖြစ်နေခဲ့သည်။ အဖေ့ရောဂါသေချာတိကျစေရန် မြို့ထဲက အထူးကုဆေးခန်းကြီးတစ်ခုတွင် ဆေးစစ်ချက်များကို အသေချာပြုလုပ်ထားပြီးဖြစ်ပေမယ့် အဖြေတော့ ထွက်မလာသေး။ 

တစ်နေ့တွင် အဖေ၏ မိတ်ဆွေတစ်ယောက် အဖေ့ထံသို့ လာပြီး အပြန် ကျွန်တော့အိမ်ဘက်ကို ၀င်ချင်သော သူ့ဆန္ဒကြောင့် ခြံစည်းရိုး၏ တံခါးမှ ဧည့်သည်ကို ကျွန်တော်သော့ဖွင့်ပေးခဲ့သည်။ ထိုအခိုက်အတန့်လေးအတွင်းမှာပင် ကျွန်တော့်သားသည် ဖွင့်ထားသော တံခါးပေါက်မှဝင်ကာ အဖေ့ဆီ ရောက်သွားခဲ့ခြင်းဖြစ်သည်။

အဖေအိပ်နေသော အိပ်ရာဘေးသို့ ဖိုးသားရောက်သွားသည်မှာ ဘယ်၍ ဘယ်မျှ ကြာသွားသည်မသိသော်လည်း ကျွန်တော်တို့၏ စိုးရိမ်မှငသည် အတိုင်းထက်အလွန် ဖြစ်သွားပြီ။ အားလုံးထဲမှာ အဆိုးဆုံးက ကျွန်တော့်မိန်းမပင်ဖြစ်သည်။ အမှန်တွင် အဖေ့နားသို့ ဖိုးသားရောက်သွားသည်ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော အဖေက သိပင်မသိလိုက်။ သို့သော် တိုက်ဆိုင်စွာပင် အဖေ့အိမ်မှပြန်လာပြီးနောက်နေ့တွင် ကျွန်တော့်သား အပြင်းဖျားလေသည်။

 အဖျားက သိပ်မကြာဘဲ ကျသွားသော်လည်း ချောင်းဆိုးမှာ လုံးဝမကျတော့။ သားအတွက် ကျွန်တော့်မိန်းမ၏အပူမီးသည် ကျွန်တော့်ထံသို့ပါ ကူးစက်ရပြီ။ ကျွန်တော့်မိန်းမပြောသလို တာဝန်ရှိသူက ကျွန်တော်များလားလို့လည်း တွေးရပြီ။ အမေသည်လည်း ကျွန်တော်တို့ကိုကြည့်ပြီး စိတ်မချမ်းသာနိုင်တော့။ မတွေးမကောင်း တွေးမကောင်း အတွေးတို့ဖြင့်သာ ကျွန်တော့်အာရုံမျာ ရစ်ဝဲနေတော့သည်။
အဖေက အသက်ကြီးပြီ။ ဒီရောဂါနဲ့ လူ့လောကက ထွက်သွားရင်လည်း ကိစ္စမရှိတော့။ ငါးနှစ်အရွယ် ကျွန်တော့်သားလေးသာ။ ဘုရား… ဘုရား။

အိမ်မပျော်၍ တွေးသောအတွေးတို့သည် အိပ်စက်ခြင်းကို ပို၍ ဝေးစေခဲ့ပြီ။ ကျွန်တော့်မိန်းမသည်လည်း သားလေး၏ ဟိုမှာဘက်မှာ ငုတ်တုတ်။ နှုတ်ခမ်းလေးချွန်၊ ရင်လေးမောက်ကာ လူးလိမ့်နေအောင် ချောင်းဆိုးနေရသော သားလေးကလည်း ကျွန်တော်တို့ နှစ်ယောက်ကြားမှာ တကယ့်ကို သနားစဖွယ်အတိ။

`ဒါတွေဟာ ခြံတံခါးဖွင့်ပြီး ပြန်မပိတ်မိတဲ့ ဖေဖေ့အပြစ်တွေပါ။ ဖေဖေ့ကို ခွင့်လွှတ်ပါ သားရယ်´
သားကိုကြည့်ရင်း မျက်ရည်မကျစေရန် ကျွန်တော် ထိန်းသိမ်းနေရသည်။ မနက်မိုးလင်းလျှင် တစ်စုံတစ်ခုစီစဉ်ရမည်။ မြို့နယ်ဆေးခန်းနှင့်တော့ မဖြစ်တော့။ မြို့ထဲက အထူးကုဆေးခန်းတစ်ခုမှာ သားလေးကို သွားပြမှ ဖြစ်တော့မည်။

`တီဘီရောဂါဆိုရင်တောင် ဆေးပတ်လည်အောင် သောက်ရင်ပျောက်တယ်´
လမ်းထဲမှ လူတစ်ယောက် ညနေကပြောသွားသော စကားကို ပြန်ကြားယောင်တော့ အတော်လေးအားတက်သွားသည်။ 


ဟုတ်သည်။ မနက်ဖြန် မြို့ထဲက အထူးကုဆေးခန်းတစ်ခုကို သွားရမည်။ မရှိ၊ ရှိတာလေးတွေ ထုခွဲရောင်းချပြီး သားလေးရဲ့အသက်ကို ဆက်မှဖြစ်မည်။ ကြည့်စမ်းပါဦး။ သူ့ခမျာ အရွယ်နဲ့မလိုက်အောင် ချောင်းဆိုးနေရရှာတာ လူးလိမ့်နေတာပဲ။ အဲဒါ ဖေဖေ့ကြောင့်ပါသားရယ်။ ဖေဖေ့ရဲ့ ပေါ့ဆမှုကြောင့် သားမှာ ဝေဒနာတွေ တစ်ပြုံတစ်သီကြီး ခံစားနေရပြီ။ သားကိုကြည့်ရင်း အတွေးမျိုးစုံတို့ဖြင့် ကျွန်တော့်ရင်မှာ မွန်းကျပ်ရပြန်ပါသည်။

(၄)
တိုက်တိုက်ဆိုင်ဆိုင်ပင် သားလေးကို ကွန်ပျူတာ ဓာတ်မှန်ရိုက်၊ သွေးစစ်၊ ဆေးစစ်ကြည့်သောနေ့မှာပင် အဖေ့အတွက် ဆေးစစ်ချက်အဖြေက ထွက်ခဲ့သည်။ ကျွန်တော့်သားအတွက် ဆေးစစ်ချက်က မရသေး။ ဆေးခန်းမှာ သားအတွက် လုပ်စရာကိစ္စ အပုံအပင်နှင့် ဖြစ်နေသော ကျွန်တော်သည် တိတိကျကျ ၀န်ခံရလျှင် အဖေ့ရောဂါနှင့် ပတ်သက်ပြီး ဆရာဝန်ကြီးနှင့် ကျွန်တော့်အစ်ကိုတို့၏ ဆွေးနွေးစကားများကို ကျွန်တော်မသိလိုက်ပါ။ သားကိစ္စနှင့် ထူပူနေသော ကျွန်တော်သည် အဖေ့အတွက် မျှော်လင့်မှုတစ်ခုကိုလည်း ခေါင်းထဲထည့်မထားဖြစ်ခဲ့ပါ။

အပြန်အငှားကားပေါ်ရောက်မှ အဖေ့ရောဂါဖိုင်တွဲများ ပေါင်ပေါ်တင်ကာ ကားရှေ့ခန်းတွင် ငူငူငိုင်ငိုင်နှင့်ထိုင်နေသော အစ်ကိုကြီးကို အဖေ့ရောဂါနှင့် ပတ်သက်ပြီး မေးမိသည်။
`အဖေ့ရဲ့ တီဘီရောဂါအခြေအနေ အတော်ဆိုးနေပြီလား အစ်ကိုကြီး´

ကျွန်တော်က ကားနောက်ခန်းမှ လှမ်းမေးတော့ ကျွန်တော့်ဘေးမှ ကျွန်တော့်မိန်းမကလည်း ဖိုးသားကို ပေါင်ပေါ်တင်ထားရင်းမှ စိတ်ဝင်စားဟန် နားထောင်နေသည်။ ဖိုးသားက အရင်နေ့လောက် ချောင်းမဆိုးတော့သော်လည်း `အဟွတ်ဟွတ်´နှင့် ချောင်းဆိုးမျှင်တော့ မပြတ်နိုင်သေး။
`အဖေ့ကို ငါတို့ဘက်က ဆေးခန်းက တီဘီရောဂါလို့ သံသယရှိပြီး သတ်မှတ်ခဲ့တာ။ တကယ်တော့ အဖေ့ရောဂါက တီဘီရောဂါမဟုတ်ပါဘူး။ တီဘီရောဂါထက် အများကြီးကြောက်စရာကောင်းတဲ့ အဆုတ်ကင်ဆာရောဂါပ´
`ဗျာ´

ကျွန်တော့်နှုတ်မှ `ဗျာ´ဟု ထွက်သွားသော်လည်း ကျွန်တော့်အတွေးတို့သည် အဝေးကြီးသို့ ပြေးထွက်သွားပြီ။ အဖေဖြစ်တာ တီဘီမဟုတ်ဘူးတဲ့။ အဖေဖြစ်တဲ့ ရောဂါက ကင်ဆာတဲ့။ ဒါဆို ကျွန်တော့်သားအတွက် တီဘီနဲ့ပတ်သက်ပြီးစိုးရိမ်စရာ မရှိတော့ဘူးပေါ့။ ကျွန်တော့်သား ချောင်းဆိုးခဲ့တာတွေက ရိုးရိုးပဲ ဖြစ်နေတာပေါ့။ အဖေ့ဆီက ကူးတယ်ဆိုတာ လုံးဝမဖြစ်နိုင်တော့ဘူးပေါ့။ 

ကျွန်တော့်ဇနီး၏ ပေါင်ပေါ်တွင် နှစ်ခြိုက်စွာ အိပ်နေသော ကျွန်တော့်သားအား ကျွန်တော်စိုက်ကြည့်လိုက်သည်။ သနားစရာကောင်းသော ကျွန်တော့်သားလေသည် တီဘီရောဂါဆိုးကြီးကို ဘယ်လိုနည်းနှင့်မျှ မကြုံရနိုင်တော့ပါ။ ကျွန်တော့်မျက်ဝန်းတွေ ပြုံးနေမှာလား။ သေတော့မသေချာ…။  သို့သော်…. တဒင်္ဂအတွင်း၌ ကျွန်တော့်အာရုံတွေ ကျွန်တော့်သားမှ လွဲ၍ ဘာမှ ရှိမနေခဲ့တော့တာက သေချာနေသည်။

(၅)
နောက်တစ်နေ့မနက် စောစောတွင် ကျွန်တော့်ကို အဖေက ခေါ်နေတယ်ဟုဆိုလာတော့ အဖေ့အနားကို ကျွန်တော်သွားလိုက်သည်။ ကျွန်တော်နှင့်အတူ နေကောင်းစပြုလာပြီဖြစ်သော ကျွန်တော့်သားကလည်း ပါလာသည်။ အဖေ့ဆီသွားလျှင် ဖိုးသားကို အရင်လို ချန်ထားပစ်စရာ မလိုတော့။ ကျွန်တော်တို့ သားအဖကို မြင်တော့ ခုတင်ပေါ်မှာ ပက်လက်အနေအထားဖြင့် အဖေက စိုက်ကြည့်နေသည်။

`အဖေကျေနပ်လိုက်တာ သားရယ်´
`ဗျာ´
အဖေပြောလာသော စကားကို ကျွန်တော် နားမလည်နိုင်ဘဲ `ဗျာ´ ဟု သံယောင်လိုက်မိသည်။ အဖေ့အနားတွင်တော့ ကျွန်တော်တို့ သားအဖမှလွဲ၍ ဘယ်သူမှ ရှိမနေခဲ့။

`ကောင်းကင်ဆိုတာ ဒီလိုပဲ ဖြစ်နေရမှာပေါ့´
`ကျွန်တော် နားမလည်ဘူး အဖေ´
`အဖေအခုဖြစ်တဲ့ ရောဂါကို သိပြီးပါပြီ ငါ့သားရာ။ လွန်ခဲ့တဲ့ရက်တွေက အဖေ့ရောဂါဟာ တီဘီလား ဆိုးတာကိုလည်း အဖေကိုယ်တိုင် သံသယ၀င်ခဲ့တာပဲ။ ဖိုးသားလေးကို အဖေနဲ့ နီးနီးကပ်ကပ် မရှိစေချင်ခဲ့တာကိုလည်း အဖေရိပ်မိတာပဲ´

`အဖေ… အဖေ့ကို ဘယ်သူပြောလိုက်လဲ´
`မင်းအစ်ကိုကြီးကို အပြစ်မတင်နဲ့ ငါ့သား။ အဖေကိုယ်တိုင် မေးလိုက်တာ။ အဖေကျေနပ်တယ် ငါ့သားရေ…။ မိဘဆိုတာ သားသမီးအပေါ် အရိပ်မိုးပေးရမယ့် စောင့်ရှောက်ပေးရမယ့် ကောင်းကင်တစ်ခုပဲ။ ဖိုးသားလေးအတွက် သားတို့ကာကွယ်ပေးတာ အဖေကျေနပ်တယ်။ ´

`အဖေ´
အဖေသည် တစ်စုံတစ်ခုကို ပြောချင်ဟန်ဖြင့် အားယူနေသည်။ ကျွန်တော်သည်လည်း တစ်စုံတစ်ခုကို ပြင်းပြင်းထန်ထန် တွေးကြောက်မှုဖြင့် ချွေးပြန်နေသည်။ မနေ့က။ အဖေ့ရောဂါ တီဘီမဟုတ်တော့မှန်းသိလိုက်တော့ ဖိုးသားအတွက် စိတ်အေးရမှုများဖြင့် ကျွန်တော်ကျေနပ်ခဲ့သည်ပဲ။ အဖေ့ရောဂါအတိမ်အနက်သည် ဖိုးသားအတွက် စိတ်အေးသွားရခြင်းအောက်တွင် စုန်းစုန်းမြုပ်ခဲ့သည်။

`ဘုရား´
ပြုံးယောင်သန်းနေသော အဖေ့နှုတ်ခမ်းမှ ပွင့်အန်လာမည့် စကားများအား စိုးရိမ်ကြီးစွာဖြင့် ကျွန်တော်နားစွင့်နေမိသည်။
`စကားစပ်လို့ အဖေတစ်ခုပြောပြမယ်။ သားငယ်ငယ်တုန်းက အဖြစ်အပျက်လေးတစ်ခုပေါ့။ သားက ညီအစ်ကိုသုံးယောက်ထဲမှာ ငယ်ငယ်ကတည်းက အသားဖြူဖြူ ၀၀ကစ်ကစ်နဲ့ ချစ်စရာအကောင်းဆုံးပဲ။ သားနှစ်နှစ်သားအရွယ်မှာ အဖေ့ရဲ့အဖေ၊ သားရဲ့အဘိုးအိမ်ကို လာလည်တော့ သားကို သားအဘိုးကောက်ချီလိုက်မှာ အဖေစိုးရိမ်လိုက်တာ သားရယ်။

 ဘာလို့လဲဆိုတော့ အဲ့ဒီအချိန် သားရဲ့အဘိုး တောသားကြီးရဲ့ လက်မှာ ၀ဲတွေပေါက်နေတာကိုး။ အဖေဖြင့် သားအဘိုးလက်က ၀ဲတွေ သားကိုကူးမှာ ကြောက်လိုက်တာ။ ဒါပေမယ့် သားရဲ့ အဘိုးက သားကို မချီခဲ့ပါဘူး။ ကောင်းကင်ဆိုတာ အဲဒါပဲသား။ အခုလည်း ဖိုးသားနဲ့ပတ်သက်ပြီး သားတို့ ပြီးခဲ့တဲ့ရက်တွေမှာ ကယောင်ချောက်ချားဖြစ်နေကြတာ အဖေ့ကို ဘယ်သူမှ မပြောလည်း အဖေသိပါတယ်။ ငါ့သားက ဖိုးသားလေးရဲ့ အဖေဖြစ်တာ ဘာကြာသေးလို့လဲ။ 
အဖေက သားရဲ့အဖေဖြစ်တာ ကြာခဲ့ပြီပဲဥစ္စာ။ အဖေမသိဘဲ နေမလား။ ဒါကြောင့် တီဘီမဟုတ်ဘဲ အခုလို ရောဂါဆိုတာ သိလိုက်ရတော့ အဖေကျေနပ်တယ်လို့ ပြောတာပေါ့´

စကားရှည်ကြီးကို ပြောပြီးသောအခါ တာဝေးအပြေးသမား ပန်းဝင်သွားသည့်နှယ် မျက်စိစုံမှိတ်ကာ အဖေ မောဟိုက်သွားခဲ့သည်။ 

တီဘီရောဂါအစား ကင်ဆာရောဂါ ဖြစ်လိုက်ရတာကိုတောင် အဖေကျေနပ်သတဲ့။ လွန်ခဲ့တဲ့ ရက်တွေက ဖိုးသားနှင့်ပတ်သက်ပြီး ကျွန်တော်တို့၏ အဆင်ခြင်မဲ့ သံသယမျက်ဝန်းတွေအောက်မှာ အဖေ ဘယ်လောက်များ နေရခက်ခဲ့မှာပါလိမ့်။ အဖေဘယ်လောက်များ သိမ်ငယ်ခဲ့ရမှာပါလိမ့်။ အသက်တစ်ခု ရှင်သန်ဖို့ အတွက် အဖေဘယ်လောက် ပင်ပန်းခဲ့ရမှာပါလိမ့်။
`အဖေရယ်…´

အဖေ့လက်ကို ကိုင်ကာ စကားတွေပြောချင်နေခဲ့ပေမယ့် ကျွန်တော့်နှုတ်က ဘာတစ်ခွန်းမှ ထွက်မလာခဲ့ပါ။ အဖေပြောသလိုဆိုရင် ကျွန်တော့်အတွက် အဖေက ကောင်းကင်ကြီးတစ်ခု ဖြစ်ခဲ့သလို ဖိုးသားလေးအတွက်လည်း ကျွန်တော်က ကောင်းကင်တစ်ခုပေါ့။ အဖေအုပ်မိုးခဲ့တဲ့ အဖေ့ရဲ့ ကောင်းကင်ကြီးအောက်က ကျွန်တော်ကလည်း ကောင်းကင်တစ်ခုပေါ့အဖေ။ နောက်ထပ် ကောင်းကင်လေးတစ်ခုရဲ့ အနာဂတ်အတွက် အသက်ရှင်ရဦးမယ့် အတ္တတွေနဲ့ ခြုံလွှမ်းထားတဲ့ ကောင်းကင်တစ်ခုပဲပေါ့ အဖေရယ်…။

`အဖေကျေနပ်လိုက်တာ သားရယ်´ ဆိုသော စကားက ကျွန်တော့်အာရုံကို ပြန်ကပ်လာသည်။ ကျွန်တော့်မျက်ဝန်းအိမ်ထဲ အလိုလို ရောက်လာသော မျက်ရည်ဥတို့ကို အဖေမမြင်စေရန်အတွက် အဖေ့ခုတင်ဘေးမှ ကျွန်တော်ထ၍ မတ်တပ်ရပ်လိုက်သည်။ ပြတင်းပေါက်ဆီမှ အမှတ်မထင် ကောင်းကင်ပြာကို မော့ကြည့်မိတော့ မိုးသားတွေ မည်းမှောင်နေတဲ့ ကောင်းကင်ကြီးဟာ မကြာမီ ပြိုကျလာတော့မယ့် အတိုင်းပါလား။


မင်းဝေဟင်
(ကလျာမဂ္ဂဇင်း၊ အောက်တိုဘာ၊ ၂၀၁၀)


Friday, June 1, 2012

စုံပုဝါ ဘယ်ညာချပါလို့ 


 
စုံပုဝါ ဘယ်ညာချပါလို့ 

လူနဲ့ လူ့ပတ်ဝန်းကျင်။ ကံအကြောင်းတရားနဲ့ ကံအကျိုးတရား။ မျှတမှု မရှိတဲ့လူနေမှုဘ၀။ ဘ၀တွေနဲ့စပ်ပြီး စဉ်းစားစရာတွေက အများကြီး။ ဘုရားဟောတဲ့လမ်းက မဇ္ဈိမပဋိပဒါလမ်း (အလယ်လမ်း)။ လူ့ဘ၀မှာ ဖြစ်ပျက်နေတာတွေက ဟိုဘက်အစွန်းနဲ့ ဒီဘက်အစွန်း။ ဆင်းရဲလွန်း သူနဲ့ ချမ်းသာလွန်းသူ။ ဘ၀အဆင့်အတန်းတွေက မိုးနဲ့မြေကြီး။ အတွေး၊ အမြင်တွေက စပ်ဟပ်မှုမရှိနိုင်တဲ့ ပင်လယ်ပြာနဲ့ ကောင်းကင်ပြာ။ ဒီလူတွေမှာရှိနေတဲ့ အသိပညာ၊ အတတ်ပညာများနှင့် ဘ၀အတွေ့အကြုံများက လုံးဝခြားနားနေကြတော့ အတွေးအမြင်ခြင်း တူညီဖို့ဆိုတာ ကလဲ ဆုံစည်းဖို့ခက်ခဲတဲ့ တောင်ဝန်းရိုးစွန်းနဲ့ မြောက်ဝန်ရိုးစွန်းပမာ။ 

ဒီအရေးတွေကိုတွေးမိတဲ့အခါ မွန်းကြပ်လာတဲ့ ခံစားမှုဝေဒနာ။ ဒီလို မတူညီနိုင်တဲ့ဘ၀တွေကိုစဉ်းစားမိရင်း အမှတ်မထင် အတွေးလေးတစ်ခုဝင်လာတယ်။ အဲဒါက “စုံပုဝါ ဘယ်ညာချပါ”လို့ ဆိုတဲ့အတွေး။ မြန်မာတို့ရဲ့ ၀တ်စားဆင်ယဉ်မှုနဲ့ စပ်နွယ်နေတဲ့အတွေးပါ။
“စုံပုဝါ ဘယ်ညာချပါ” လို့ဆိုတဲ့ စကားစုနဲ့ လူ့ဘ၀အခက်အခဲတွေက ဘယ်လိုများပတ်သက်နိုင်သလဲလို့ တစ်ဦးတစ်ယောက်က တွေး ကောင်း တွေးမယ်။ ပြောခဲ့ပြီးပြီပဲ။

အတွေးဆိုတာ ရောက်တတ်ရာရာကို တွေးတာပါလို့။ ဒါပေမဲ့ ဒီနေရာမှာ အတွေးနဲ့စုံပုဝါ သက်ဆိုင်မှုရှိ နေပါတယ်။ ပုခုံးပေါ်မှာတင်ထားတဲ့ ပုဝါရဲ့အလှဟာ တစ်ဖက်ဖက်မှာ အစွန်းထွက်နေရင် ကြည့်ရတာ ကျက်သရေ မရှိနိုင်သလို၊ ဘ၀တွေမှာ လဲ ဆင်းရဲလွန်း၊ ချမ်းသာလွန်း ဒီလိုအစွန်းမျိုးတွေထွက်နေရင် ကြည့်ရတာ ဘယ်မှာကျက်သရေရှိပါ့မလဲ။ ဖြစ်နိုင်ရင် အစွန်းထွက် နေတဲ့ ဘ၀တွေကို ညီမျှစေချင်တာ။ အားနွဲ့နေသူတွေကို တတ်နိုင်သမျှ ကူညီပေးချင်တာ။

ကိုယ်တတ်ထားတဲ့ပညာနဲ့ ပြည်သူတွေရဲ့ဘ၀ကို အားဖြည့်ပေးချင်တာ။ ဒီလိုအခြေအနေမျိုးမှာ တွေးနေမိတာက စုံပုဝါနဲ့ လူ့ဘ၀။ ပုဝါဟာ အစွန်းနှစ်ဖက် ညီညာနေတဲ့အခါမှသာ အလှကျက် သရေရှိနိုင်သလို လူ့ဘ၀တွေမှာလဲ လူတန်းစားညီမျှမှုရှိတဲ့အခါမျိုးမှာသာ ကျက်သရေရှိပြီး ၀မ်းသာကြည်နူး နိုင်မယ်ဆိုတာ သတိမူနိုင်ကြ ဖို့ပါ။ “စုံပုဝါ ဘယ်ညာချကာဖြင့်ရယ် …၊ မှုံနံသာ ချယ်ကာသပါလို့…၊ အလှတပြင်ပြင်နဲ့…”” ဆိုတဲ့ အဖွဲ့အနွဲ့မျိုးဟာ အချိုးအစားညီမျှတဲ့ ဘ၀မျိုးတွေကို ကြည်နူးစွာခံစားနိုင်ဖို့ ရည်ညွှန်းဖို့ဆိုထားတာမျိုးမို့ ဒီစာပိုဒ်လေးကို ဖတ်ရတဲ့အခါ ရသအမြင်နဲ့ စိတ်ဘ၀င်မှာ ကြည်နူးမိပါရဲ့။

ဒီနေရာမှာ ပခုံးပေါ်မှတင်ထားတဲ့ပုဝါကို အဓိကပြောလိုရင်းမဟုတ်ပါ။ စုံပုဝါကို အချိုးစားညီညီနဲ့ ဘယ်ညာချထားတဲ့အခါ ဖြစ်ပေါ်လာတဲ့ မြန်မာအမျိုးသမီးတို့ရဲ့ ဂုဏ်ကျက်သရေကို ပြောလိုရင်းပါ။ ပုဝါမှာ တန်ဖိုးညီမျှနေတဲ့ဂုဏ်၊ အစွန်းနှစ်ဖက်ကို ညီမျှစွာချထားလို့ အနိမ့်အမြင့် အားဖြင့်လဲ ညီမျှနေတဲ့ဂုဏ်။ ဒါတွေဟာ လူတန်းစားညီမျှခြင်း၊ ဘ၀အချိုးအစားညီမျှခြင်းကို ကိုယ်စားပြုထားတဲ့ မြန်မာတို့ရဲ့ ကျက်သရေ (သို့မဟုတ်) ဂုဏ်သိက္ခာဆိုတာ ဒါမျိုးပဲဖြစ်မှာပဲလို့ တွေးမိလို့ပါ။

လူ့ဘ၀မှာ (ကံအကြောင်းတရားကြောင့်ပဲဖြစ်ဖြစ်၊ အခြားအကြောင်းများ ကြောင့်ပဲဖြစ်ဖြစ်) ဆင်းရဲ၊ ချမ်းသာခြင်းတွေဆိုတာရှိနေပေမဲ့ ချမ်းသာသူများက ဆင်းရဲသူများကို ကြင်နာစိတ်နဲ့ ပံ့ပိုးကူညီကြမယ်ဆိုရင်၊ ပညာတတ်သူများက ပညာမဲ့သူများကို ပညာတတ်သူများဖြစ်လာအောင် စာနာစိတ်နဲ့ ဖေးမကူညီပေးကြမယ်ဆိုရင် ဘာသာနှင့် သာသနာ၊ တိုင်းပြည်နဲ့လူမျိုးရဲ့ ဂုဏ်သိက္ခာတွေဆိုတာ တိုးတက်လာမှာပါ။ ဒီလိုမှ မလုပ်နိုင်ကြဘူးဆိုရင် မြန်မာနိုင်ငံမှာ ဆင်းရဲ၊ ချမ်းသာ ကွာဟမှုကြား မှာ တူညီတဲ့အပြုံးတွေဆိုတာ ဘယ်သောအခါမှ ရှိလာနိုင်မှာမဟုတ်ပါ။ တူညီတဲ့ရပိုင်ခွင့်တွေ၊ မျှတတဲ့လွတ်လပ်ခွင့်တွေဆိုတာလဲ ဘယ် သောခါမှ ရလာနိုင်မယ်မဟုတ်ပါ။ ဖြစ်နိုင်၊ မဖြစ်နိုင် တွေးကြည့်ဖို့ပါ။

လူ့မျိုးဆိုတာ တစ်ဦးတစ်ယောက်တည်းနဲ့ သို့မဟုတ် တစ်သင်းတစ်ဖွဲ့တည်းနဲ့ တည်ဆောက်ထားလို့မရပါ။ လူအများစုပေါင်းမှ လူမျိုးဆိုတာ ဖြစ်လာတာ။ လူမျိုးကောင်းစားစေချင်ရင် လူမျိုးကောင်းစားနိုင်တဲ့အလုပ်တွေကိုဝိုင်းဝန်း လုပ်ကိုင်ကြရမှာ။ ပညာရေး၊ စီးပွားရေး၊ ကျန်းမာ ရေး၊ လူမှုရေးကအစ တရားဥပဒေစိုးမိုးရေးအထိ ပြည်သူတို့လိုလားနေတဲ့အရေးများကို ၀ိုင်းဝန်းစဉ်းစားကြရမှာ။ ဒီလိုစဉ်းစားပေးတာဟာ ကိုယ့်အရေးသက်သက်ချည်း မဟုတ်ဘူးဆိုတာကိုတော့ သဘောထားရှင်းဖို့ပါ။

 နိုင်ငံတစ်နိုင်ငံတိုးတက်ဖို့ဆိုတာ နိုင်ငံတွင်းမှာရှိနေတဲ့ ပြည်သူ၊ ပြည်သားတွေရဲ့ ရပိုင် ခွင့်တွေကိုအချိုးညီအောင်၊ တရားဥပဒေကိုလဲ ကျောသား၊ ရင်သားမခွဲခြားပဲ တပြေးညီ စိုးမိုးနိုင်အောင် ပြု လုပ်ကြရမှာ။
လူအများစုပြောနေတဲ့ ငြိမ်းချမ်းတဲ့ပြည်ထောင်စုမျိုးဆိုတာ တရားဥပဒေစိုးမိုးတဲ့နိုင်ငံမျိုးကိုပြောတာ။ ရပိုင်ခွင့် တွေညီဖို့၊ တရားဥပဒေစိုမိုးနိုင် ဖို့ဆိုတာ လူဦးရေအများစုက အသိပညာရှင်၊ အတတ်ပညာရှင်တွေဖြစ်နေပါမှ ဖြစ်နိုင် တာ။ လူသားတစ်ယောက်ရဲ့ ရပိုင်ခွင့်ကိုသိထားဖို့ဆိုတာ အခြေခံဥပဒေကို သိထားမှဖြစ်မှာ။

ဒီတော့ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုးတွေ အခြားတိုင်းပြည်၊ အခြားလူမျိုးတွေနည်းတူ တိုးတက်ကြီးပွား စေချင်ရင် အများနည်းတူ မျှတတဲ့ တရားဥပဒေစိုးမိုးရေးစနစ်ကို ကျင့်သုံးနိုင်အောင် ၀ိုင်းဝန်းကူညီတည်ဆောက်ကြရမှာ။ ကိုယ့်နိုင်ငံတွင်းမှာ အသိပညာ ရှင်တွေ၊ အတတ်ပညာရှင်တွေ ပေါများလာအောင် ကူညီပေးကြရမှာ။ ကိုယ့်ကိုယ်ကို ရှေ့တန်းတင်လိုတဲ့ အတ္တတရားတွေ၊ မာနတရားတွေကို လျော့နည်းအောင် ပြုလုပ်ပေးကြရမှာ။ အဲဒီလို ပြုလုပ်ပေးလိုက်ရလို့ ကိုယ်လည်းချမ်းသာမယ်၊ အများစုလည်း ချမ်းသာမယ်လို့ ကိုယ်တိုင်က နားလည်သဘောပေါက်ထားရင် လျှော့သင့်တဲ့အတ္တတရားတွေ၊ မာနတရားတွေကို လျှော့ကြဖို့ပါ။ အနည်းစု ချမ်းသာတာနဲ့စာရင် အများစုချမ်းသာတာက ပိုကောင်းနိုင်တယ်ဆိုတဲ့အတွေးကိုတော့ လူတိုင်းနီးနီး တွေးဖူးကြမှာပါ။

ဒီနေရာမှာ အသိပညာ၊ အတတ်ပညာမျိုးဆိုတာ စာသင်ကျောင်းများမှ သင်ယူလို့ရခဲ့တဲ့ ဘွဲ့ဒီဂရီပညာအရည်အချင်းမျိုးကိုသာ ဆိုလိုရင်း မဟုတ်ပါ။ စက်ရုံ၊ အလုပ်ရုံများနှင့် အလွတ်ပညာသင်ကျောင်းများ (သို့မဟုတ်) လူနေမှုဘ၀အထွေထွေမှရခဲ့တဲ့ အတွေ့အကြုံများ၊ အသိပညာမျိုးတွေဟာလဲ လူ့ဘ၀မှာလိုအပ်တဲ့ အရည်အချင်းတွေပါ။ (မ၀ံ့မရဲနဲ့) ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် မြန်မာလူမျိုးအများစုမှာ ဒီလိုအရည်အချင်းမျိုးတွေ ရနိုင်ဖို့ဆိုတာ အဝေးကြီးမှာရှိနေသေးတာ။ ဘာကြောင့်လဲဆိုရင် မြန်မာနိုင်ငံရဲ့လူဦးရေ (၇၀) ရာခိုင်နှုန်းခန့်ဟာ တောရွာတွေမှာနေကြရတာ။ တန်းတူအခွင့်အရေးတို့၊ ပညာသင်ခွင့်တို့၊ နိုင်ငံသားတစ်ယောက်ရဲ့ရပိုင်ခွင့်တို့ဆိုတာ ဘာပြောမှန်းတောင် သိကြမယ် မဟုတ်သေးပါ။ ဒီလိုအခြေအနေမျိုးတွေကို မသိတဲ့လူတွေက အများကြီး။ ဘာကြောင့် ဒီလိုဖြစ်နေရသလဲဆိုရင် ပြည်သူ၊ ပြည်သားအများစုဟာ ပညာတတ်တွေ နည်းနေကြသေးလို့ပါ။

 မြန်မာနိုင်ငံရဲ့ပညာရေးစနစ်ကို နိုင်ငံတကာစံနှုန်းနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် စာနာတတ်သူများအတွက် ၀မ်းနည်းမိကြမှာအမှန်ပါ။ မြန်မာနိုင်ငံတော်ကြီးကို တိုးတက်စေချင်ပါတယ်ဆိုတဲ့လူတွေ ဒီအချက်ကိုတော့ သတိမှရကြပါလေစ။
ပညာရေးနဲ့ပတ်သက်ပြီး ဘယ်လောက်များနိမ့်ကျနေလို့လဲဆိုတဲ့အတွေး။ ဒီနေရာမှာ အခွင့်သာလို့ နိုင်ငံတကာစံနှုန်းကို နဲနဲလောက်နှိုင်း ယှဉ်ပြပါရစေ။ ယနေ့မျက်မှောက်ခေတ်မှာ ကမ္ဘာကို ဦးဆောင်နေတဲ့နိုင်ငံများကို လေ့လာသုံးသပ်ကြည့်စေချင်ပါတယ်။

အမေရိကန်နိုင်ငံက ကျောင်းသား၊ ကျောင်းသူများကိုကြည့်ပါ။ ကျောင်းသား၊ ကျောင်းသူတိုင်းဟာ အထက်တန်းပညာကို ပြီးဆုံးအောင်သင်ယူကြရတယ်။ အသက် (၅) နှစ်မှ (၁၈) နှစ်ထိ ပညာကို မသင်မနေရ (Compulsory Education) ပညာရေးစနစ်ကို သတ်မှတ်ပြဋ္ဌာန်းထားတယ်။ ပညာရေးစနစ်ကောင်းမွန်မှုကြောင့် အမေရိကန်နိုင်ငံမှာနေထိုင်ကြတဲ့ ကျောင်းသား၊ ကျောင်းသူများဟာ သူတို့ရဲ့ ရပိုင်ခွင့်ကို ငယ်ငယ်ကြီး ကြီး အားလုံးနီးနီး သိနားလည်ထားကြတယ်။ (၅) နှစ်အရွယ်၊ (၆) နှစ်အရွယ် ကလေးငယ်လေးများကစပြီး မတရားလုပ်ခဲ့ရင် ၉၁၁ (အရေး ပေါ် ဖုန်းလိုင်း) ကိုခေါ်ပြီး၊ ကိုယ်တိုင်တိုင်ကြားပြောဆိုနိုင်ကြတယ်။

အကျိုးဆက်အနေနဲ့ ပညာရေးကောင်းမွန်တော့ စီးပွားရေးတွေလnf; ကောင်းမွန်တယ်။ လူနေမှုအဆင့်တန်းတွေလည်း မြင့်မားတယ်။ လူတစ်ယောက်ရဲ့ရပိုင်ခွင့်တွေကို အများစုက သိနားလည်ထားကြတော့ အမေရိကန်နိုင်ငံလိုနိုင်ငံမျိုးမှာ ကမ္ဘာ့လူသားတွေ ပျော်ပျော်ကြီး လာရောက်နေနိုင်ကြတာဟာ အဆန်းတကျယ်ကြီးတော့ မဟုတ်တော့ပါ။ မျှမျှတတ ဆင်ခြင်သုံးသပ်နိုင်ဖို့ပါ။
ဥရောပနိုင်ငံတွေကိုလည်း လက်လှမ်းမှီသမျှ လေ့လာကြည့်စေချင်ပါတယ်။

ပညာရေး၊ စီးပွားရေးကအစ လူနေမှုအဆင့်အတန်းများ ထိပ်တန်းမှာရှိနေတဲ့ အင်္ဂလန်နိုင်ငံရဲ့ပညာရေးစနစ်ကို သုံးသပ်ကြည့်ပါ။ ကျောင်းသား၊ ကျောင်းသူများဟာ အသက် (၅) နှစ်မှ (၁၆) နှစ်အထိ ပညာကိုသင်ကြားကြရတယ်။ ကျောင်းသား၊ ကျောင်းသူတိုင်းအတွက် အထက်တန်းပညာကို အိုလယ်ဗယ် (O- Level) အထိ မသင်မနေပညာရေးစနစ်အနေနဲ့ ပြဌာန်းသတ်မှတ်ထားတယ်။ အေလယ်ဗယ် (A-level) ကိုတော့ မသင်မနေရ ပညာရေးအနေမျိုးနဲ့ သတ်မှတ်ထားခြင်းမဟုတ်ပဲ သင်ယူလိုက သင်ယူနိုင်ပြီး၊ မသင်ယူလိုကလဲ မသင်ပဲနေနိုင်တဲ့အနေအထားမျိုးနဲ့ သတ်မှတ်ပြဌာန်းပေး ထားတာ။

ပညာတတ်မြောက်ဖို့ဆိုတာ အားကျတတ်သူများသာ ရနိုင်တဲ့ဆုလဒ်မျိုးပါ။ လူတိုင်းလူတိုင်း ပညာသင်ယူဖို့ အခွင့်အလမ်းလည်း ရှိ၊ ကြိုးစားသင်ယူလိုတဲ့စိတ်မျိုးလည်း ရှိရင် ပညာတတ်ကြီးဖြစ်ဖို့ဆိုတာ အခက်ကြီးတော့မဟုတ်လှပါ။
အိမ်နီးနားခြင်းဖြစ်တဲ့ စင်္ကာပူနိုင်ငံရဲ့ပညာရေးစနစ်ကို လေ့လာကြည့်ပါ။ အင်္ဂလန်နိုင်ငံရဲ့ပညာရေးစနစ်ကို အတုယူထားတာကို တွေ့ရတယ်။ ကောင်းတာကိုအတုယူထားတာမျိုးမို့ အထင်သေးစရာမရှိပါ။ ရှက်စရာလည်း မဟုတ်ပါ။ တကယ်ရှက်သင့်တာက ပညာသင်ကြားခွင့် ရပါလျှက်နဲ့ မသင်ယူပဲ အချိန်တွေကို အလကားဖြုန်းနေတာမျိုးကသာ ရှက်စရာပါ။

သူတို့နိုင်ငံမှာ ပညာသင်ကြားရမဲ့ အသက်အရွယ်ဟာ အသက်အားဖြင့် (၆) နှစ်မှ (၁၅) နှစ်ထိ ပညာကိုသင်ယူဖို့ သတ်မှတ်ပေးထားတယ်။ လယ်ဗယ်အားဖြင့် အိုလယ်ဗယ် (O- Level) အထိ။ ကျောင်းသား၊ ကျောင်းသူများ ကျောင်းနေရမည့်အရွယ်၌ ကျောင်းမှန်မှန် မတက်ခဲ့သော် (သို့မဟုတ်) ကျောင်းမတက်ပဲနေခဲ့သော် မိဘများ ကို တိုင်ကြားလေ့ရှိတယ်။ ကလေးများရဲ့ပညာသင်ကြားမှုကို မိဘများကမကူညီခဲ့သော် မိဘများပါအပြစ်ရှိတယ်လို့ ဥပဒေနဲ့ပြဌာန်း ထား တာဖြစ်လို့ ကျောင်းပျက်ကွက်တဲ့ကလေးများရဲ့မိဘများကို ဒဏ်ငွေအဖြစ် စင်္ကာပူဒေါ်လာ ၅၀၀၀ (သို့မဟုတ်) ထောင်ဒဏ်တစ်နှစ် ပြစ်ဒဏ် ကျခံရန်သတ်မှတ်ထားတယ်။ ဒီလိုဥပဒေမျိုးကို ထုတ်ပြန်ထားတော့ စင်္ကာပူနိုင်ငံရဲ့ ပညာရေးစနစ်ဟာ အရှေ့တောင်အာရှနိုင်ငံများထဲမှာ ရှေ့တန်းကရောက်နေတာကို တွေ့မြင်နိုင်ကြမှာပါ။ စင်္ကာပူနိုင်ငံရဲ့ လူနေမှုအဆင့်အတန်းဟာလည်း အထက်တန်းမှာပဲ ရှိနေဆဲပါ။

ဒီနေရာမှာ ဒီ issue (ဒီအရေး) ကို ထည့်ပြီးဆွေးနွေးနေတာဟာ လူနည်းစုရဲ့ လူနေမှုအဆင့်အတန်းကို ကွက်မကြည့်ကြပဲ လူအများစုရဲ့ လူနေမှုအဆင့် တန်းကို ခြုံငုံကြည့်တတ်ကြဖို့ပါ။ တကယ်တော့ သူတို့လူမျိုးတွေ ဒီလိုအခြေအနေမျိုးနဲ့ အရှေ့တောင်အာရှရှိနိုင်ငံများအလယ်မှာ ဂုဏ်ရှိရှိ နဲ့နေနိုင်ပြီး၊ ကိုယ့်လူမျိုးတွေကမနေနိုင်ကြတာဟာ “သူတော်တာ မဟုတ်ဘူး၊ ခင်ဗျားညံ့တာ”လို့ပဲ ဆိုရမှာပါ။ ဆင်ခြင်မှုတရားနဲ့ အဖြေရှာ နိုင်ကြဖို့ပါ။
မြန်မာနိုင်ငံရဲ့ပညာရေးစနစ်နဲ့ လူနေမှုအဆင့်အတန်းကို ကြည့်ပါဦး။ ဘယ်အဆင့်အတန်းမှာ ရှိနေလဲလို့မေးခဲ့ရင် တိတိကျကျဖြေနိုင်သူ ရှိမယ်မဟုတ်ပါ။

ဘာကြောင့်လဲဆိုရင် ဒီအမေးကိုဖြေဖို့ သင့်တော်တဲ့အချိန်အခါ မဟုတ်သေးလို့ပါလို့ပဲ ဆိုရမှာပါ။ ဘာပဲဖြစ်ဖြစ်လေ မြန်မာနိုင်ငံမှာ ကျင့်သုံးနေတဲ့ပညာရေးစနစ်ဟာ အလွန်နိမ့်ကျနေတာကတော့ အမှန်ပါ။ အထက်တန်းအထိ ပြဌာန်းကျမ်းစာများဟာ သင်ရိုးညွှန်းတမ်းအနေနဲ့ အင်္ဂလိပ်စာကလွဲရင် အခြားဘာသာရပ်များ အလွန်အမင်း မနိမ့်ကျလှပေမဲ့ သင်ကြားရေးစနစ်နဲ့ ပြဌာန်းထားတဲ့ စနစ်က အလွန်နိမ့်ကျနေတော့ အရာအားလုံးဟာ နိမ့်ကျနေတယ်လို့ပဲ ဆိုရမှာပါ။

ဥပမာ၊ ပညာရေးနဲ့ပတ်သက်ပြီး ပြဌာန်းထားတဲ့စနစ်ကို အရင်သုံးသပ်ကြည့်ပါ။ ပညာကိုမသင်မနေရ သတ်မှတ်ထားတဲ့အရွယ် (Compulsory School Age) က အသက်အားဖြင့် (၆) နှစ်မှ (၉) နှစ်အရွယ် (၄-တန်း) ထိသာဖြစ်တယ်။ ပညာသင်ကြားချိန်အရွယ်ကနည်းရတဲ့အထဲ ကျောင်းသား (သို့မဟုတ်) ကျောင်းသူတစ်ယောက် လေးတန်းပညာပြီးဆုံးသည်အထိ ကျောင်းမတက်ခဲ့သော် (သို့မဟုတ်) ကျောင်းမနေခဲ့သော် ဘယ်မိဘကိုမှ (သို့မဟုတ်) ဘယ်အုပ်ထိန်း သူကိုမှ ဒဏ်ငွေရိုက်ခြင်း (သို့မဟုတ်) ထောင်ဒဏ်ကျခံစေခြင်း ဥပဒေကို ပြဌာန်းထားခြင်းမရှိပါ။

ဒီလိုဆို မြန်မာနိုင်ငံမှာ ကျောင်းသား၊ ကျောင်းသူများ ပညာရေးနိမ့်ကျနေခြင်းဟာ ဘယ်သူမှာအပြစ်ရှိလဲလို့မေးခဲ့ရင် ဘယ်သူမှာမှ အပြစ်မရှိဘူးလို့ဆိုရမှာပါ။ ဘာကြောင့်လဲ ဆိုရင် အပြစ်တင်ခြင်းသက်သက်နဲ့တော့ Solution (ပြဿနာကိုဖြေရှင်းပေးခြင်း) ကို ဖြေရှင်းပေးနိုင်မှာမဟုတ်လို့ပါ။ မျှမျှတတ ပြောရ မယ်ဆိုရင်တော့ နိုင်ငံတော်က ပညာသင်ကြားရေးစနစ်နဲ့စပ်တဲ့ဥပဒေကို တိတိကျကျ ထုတ်ပြန်ပေးထားခြင်းမျိုးမရှိသေးတာဟာလည်း အကြောင်းတစ်ရပ်ဖြစ်တယ်။ ဒီလိုမှမဟုတ်ပဲ ဒါနဲ့ပတ်သက်ပြီး ဘယ်သူမှာ အပြစ်ရှိနိုင်လဲ၊ ပြောပါလို့ ဇွတ်အတင်းမေးနေရင်တော့ အားလုံး မှာ အပြစ်ရှိတယ်လို့ပဲ ဖြေရမှာပဲ။ စဉ်စားနိုင်ကြဖို့ပါ။

မြန်မာနိုင်ငံမှာ ကျင့်သုံးနေတဲ့ ပညာသင်ကြားရေးစနစ်ကို သုံးသပ်ကြည့်ပါ။ ဘာမဆို အလွတ်ကျက်မှတ်ရတဲ့ စနစ်။ ဒီကြားထဲ ဆရာ၊ ဆရာမများက ကျက်မှတ်ခိုင်းထားတဲ့ စာပိုဒ်ကိုဖြေဆိုရာမှာ စာပိုဒ်အဆုံး (သို့မဟုတ်) ၀ါကျအဆုံးမှာ “၏၊ သည်” စသည်လောက် လွဲသွား ရင်ပဲ ဖြေဆိုတဲ့ကျောင်းသားအား အမှတ်လျှော့တဲ့စနစ်ဆိုတော့ ဒီကျက်မှတ်တဲ့ပညာရေးစနစ်ဟာ ဘယ်လိုလုပ်ပြီး ရှေးတန်းကို ရောက်နိုင် မလဲ။ ဒီပြဿနာကို ပညာရှင်များ လေးလေးနက်နက် စဉ်းစားနိုင်ကြဖို့ပါ။

ကျက်မှတ်တဲ့စနစ်ကို မကောင်းဘူးလို့ပြောနေခြင်း မဟုတ်ပါ။ မလိုအပ်ပဲ အသုံးပြုနေလို့ တင်ပြနေခြင်းပါ။ ဖေါ်မြူလာတို့၊ အီကွေရှင်းတို့၊ (ဂဏန်း) အလီတို့ကို ကျက်မှတ်ခိုင်းတာဟာ ကောင်းပါတယ်။ လိုလည်း လိုအပ်ပါတယ်။ ဒါပေမဲ့ မလိုအပ်ဘဲနဲ့ သဘောတရားနဲ့မှတ်လို့ ရနိုင်တဲ့ဘာသာရပ်မျိုးတွေကို ဇွတ်အတင်းကြီး ကျက်မှတ်ခိုင်းနေတာ ဟာ ကျောင်းသား၊ ကျောင်းသူများအတွက် အချိန်ကုန်၊ လူပင်ပမ်းပြီး၊ အကျိုးများလဲ ရှိသင့် သလောက်မရှိနိုင်လို့ ပြောနေခြင်းပါ။ အကယ်၍ သာ နိုင်ငံတော်မှ (၁) ပညာရေးစနစ်နဲ့ (၂) ပညာသင်ကြားနည်းစနစ်များကို ပြောင်းလဲပြုပြင်ပေးမယ်ဆိုရင် မြန်မာလူမျိုးတို့ရဲ့ပညာရေးဟာ ပြန်လည်ဦးမော့လာနိုင်တယ်လို့ ပြောလိုရင်းပါ။ ဘ၀အဆင့်အတန်းတွေမြင့်မားဖို့ လူကပညာကို မှီရတယ်ဆိုတာမှန်ပေမဲ့ ပညာဆိုတာ လူကမြှင့်တင်ပေးမှ ရနိုင်တယ်ဆိုတာကိုလဲ သတိမူနိုင်ကြဖို့ပါ။

မြန်မာနိုင်ငံမှာ ပညာရေးစနစ်တွေ၊ ပညာသင်ကြားရေးစနစ်တွေ ပြောင်းလဲချင်တယ်ဆိုရင် ခက်ခဲမယ်တော့မထင်ပါ။ သယံဇာတတွေ ပေါများလှတဲ့ မြန်မာနိုင်ငံမှာ လူတစ်ယောက်ရဲ့ ရပိုင်ခွင့်တွေ၊ နိုင်ငံသားတစ်ယောက်ရဲ့ လုပ်ပိုင်ခွင့်တွေကို လူတိုင်းနီးနီး သိရှိလာအောင် အစဦးမှာ ပညာပေးဖို့ပါ။ ချမ်းသာတဲ့ဘ၀၊ ငြိမ်းချမ်းတဲ့ဘ၀၊ တည်ငြိမ်တဲ့ဘ၀မျိုးတွေနဲ့ နိုင်ငံရဲ့ဂုဏ်ကိုဆောင်နိုင်အောင် စုပေါင်းပြီး ကျိုးစားကြဖို့ပါ။ ပညာရေးအဆင့်အတန်း၊ လူနေမှုအဆင့်အတန်းများ မြင့်မားလာအောင် တနိုင်ငံလုံး မသင်မနေရပညာရေးစနစ်ကို မူလတန်းပညာရေး စနစ်မှသည် အထက်တန်းပညာရေးစနစ်ဆီသို့ရောက်အောင် ၀ိုင်းဝန်းပြောင်းလဲပေးကြရမှာ။ လူမျိုးဂုဏ်ထယ်မှ နိုင်ငံရဲ့ဂုဏ်ဟာလည်း ထည်လာနိုင်မှာပါ။ ပညာရေးစနစ်ကောင်းမွန်ပါမှ လူမျိုးရော၊ နိုင်ငံပါ ကောင်းမွန်လာမှာပါ။ မြန်မာနိုင်ငံမှာ နိုင်ငံသူ၊ နိုင်ငံသားများအတွက် ရပိုင်ခွင့်တွေ၊ တရားဥပဒေစိုးမိုးမှုတွေ၊ တရားမျှတမှုတွေ ရလာတဲ့အဲဒီနေ့မှာ ဒို့ဟာ “မြန်မာနိုင်ငံသားတွေပါ”လို့ ရင် ကော့ပြီး ဖြေနိုင်ဖို့ပါ။

မြန်မာနိုင်ငံမှာ ပညာရေး၊ စီးပွားရေး၊ ကျန်းမားရေးနှင့် လူနေမှုအဆင့်အတန်းများ သိပ်ကိုနိမ့်ကျနေတာပဲလို့ တစ်စုံတစ်ယောက်ကပြော လာခဲ့ရင် ပြောသူကို အမျိုးသားရေးစိတ်ဓာတ်ရှိသူများက ၀ိုင်းပြီးအပြစ်တင်ကြမှာလား။ အပြစ်တင်သူနဲ့ အပြစ်မြင်သူ။ အတူတူပဲလား။ ဒီနေရာမှာ ပညာရေးအမြင်နဲ့ပတ်သက်ပြီး တောင်မြို့မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးရဲ့ အတွေးအမြင်ကို တင်ပြပါစေ။ မြန်မာပြည်ဖွား အမျိုးကောင်းသား၊ အမျိုးကောင်းသမီးတွေကို ကြီးပွားချမ်းသာစေချင်တဲ့ တောင်မြို့မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီးက တိုင်းသူပြည် သားတွေ လူ့အဆင့်အတန်းတွေ နိမ့်ကျနေရတာဟာ ပညာရေး၊ စီးပွားရေးကြောင့်သာမဟုတ်ပဲ ပြည်သူ၊ ပြည်သားများ၊ အထူးသဖြင့် အမျိုး သားများ လုံ့လ၀ီရိယတရားများ နည်းပါးနေမှုကြောင့် ဖြစ်ရတာလို့ ထောက်ပြတော်မူတယ်။ ကိုယ်ပိုင်အတွေးနဲ့ ဆင်ခြင်နိုင်ဖို့ပါ။

ဆရာတော်ဘုရားကြီးက “အမျိုးသားတို့သည် စီးပွားရေးဘက်တွင်သာ အချက်မကျသည်မဟုတ်သေး၊ ပညာရေးဘက်မှာလည်း ဂေဇက်ကို ကြည့် လျှင် ဂုဏ်းထူးဆောင်နှင့် အောင်မြင်သူနည်းပါးလှသည့်အပြင် အထက်တန်း ပညာရပ်၌လည်း အခြားလူမျိုးများထက် ရာခိုင်နှုန်း နည်းပါးသည်ဟု ကြားရ၏။ ထိုကဲ့သို့ ဖြစ်ရခြင်းမှာ အမေက အမွေးညံ့၍ချည်း မဟုတ်တန်ရာ။ ကျောင်းတော်ကြီးများဝယ် ငွေကုန်ကြေး ကျများစွာခံပြီးနေကြပါလျှက် ငွေထောက်ပံ့ကြရသော မိဘအစ်ကို အစ်မတို့ကို မငဲ့ညှာကြဘဲ လုံးလ၀ီရိယကင်း၍ အပျင်းပေါပြီး ကမြင်း ကြောထနေမှုတို့ကြောင့်သာ အများအပြားဖြစ်တန်ရာ၏”တဲ့။ (ကိုယ်ကျင့်အဘိဓမ္မာ နှာ-၁၃၆-၁၃၇) ဆရာတော်ဘုရားကြီးရဲ့ မေတ္တာ၊ စေတနာများကား အံ့သြလောက်စရာပါ။ မေတ္တာ၊ စေတနာတို့ရဲ့ တန်ဖိုးမျိုးဆိုတာ တန်းဖိုးသိသူများသာ တန်ဖိုးရှိမှန်းသိနိုင်ကြတယ် မဟုတ်ပါလား။ အမျိုးသားတွေဟာ အမျိုးသမီးတွေလောက် ပညာရေးမှာ မကြိုးစားတာဟာအမှန်ပါ။

ဥပမာလေးတစ်ခုကို ထုတ်ပြမယ်။ ယခုခေတ် မြန်မာ နိုင်ငံတွင် ဆေးကျောင်းတက်ရန် ကျောင်းဝင်ခွင့်အမှတ်ကို သတ်မှတ်ခေါ်ယူရာ၌ ကျောင်းသူများရဲ့ ဆယ်တန်းအောင်ရမှတ်အောက်၊ အမှတ် (၃၀) လျှော့၍ ကျောင်းသားများကို ခေါ်ယူထားကြောင်း ကြားသိရတယ်။ ကိုယ်တိုင်လည်း စုံစမ်းမေးမြန်းကြည့်တယ်။ ကြားတဲ့ အတိုင်းလည်း မှန်နေတာ။ မတူညီတဲ့အချိုးအစား၊ မမျှ တတဲ့ ပညာရေးစနစ်ကို တွေ့နေရသေးတယ်။ ဆိုကြပါစို့။ ဆေးကျောင်းဝင်ခွင့်အမှတ်ကို (ယခုနှစ်၌) ကျောင်းသားများအတွက် အမှတ်ပေါင်း (၄၆၅) ရလျှင် ဆေးကျောင်းသို့ တက်ရောက်နိုင်ခွင့်ရှိပြီး၊ ကျောင်းသူများအတွက်တော့ အမှတ် ပေါင်း (၄၉၅) မှတ်ရမှ ဆေးကျောင်းသို့ တက်ရောက်ခွင့်ရရှိကြတယ်။ နှိုင်းယှဉ်ကြည့်ဖို့နဲ့၊ စဉ်းစားဝေဖန်နိုင်ဖို့ပါ။

ဆရာတော်ဘုရားကြီး ဆက်လက်မိန့်ကြားထားတာက “(တက္ကသိုလ်) ကျောင်းတော်သို့ရောက်ကြသည့်အချိန်မှာ အသက် (၂၀) နီးပါး ရှိကြပေလိမ့်မည်။ ထိုမျှလောက် အသက်မကြီးကြသော တပင်ရွှေထီး၊ ဘုရင့်နောင်၊ မင်းရဲကျော်စွာစသော လူမျိုး၏ ကျက်သရေဆောင် လူငယ်တွေထွန်းကားခဲ့သော အမျိုးသားဖြစ်ပါလျက် ငါတို့လက်ထက်မှ အဘယ့်ကြောင့် အပျင်းဘ၀၌ အဖျင်းအအလုပ်နေကြသနည်း။ ရဲမာန် ရဲသွေး ရဲစိတ်မွေးကာ ရဲဇာနည်စိတ်ထားဖြင့် ရဲရဲတောက်တောက် ကလေးများ ဖြစ်သင့်ကြသည်မဟုတ်လော” တဲ့။ (ကိုယ်ကျင့် အဘိဓမ္မာ နှာ-၁၃၇) ဆရာတော် ဘုရားကြီး ထောက်ပြထားတဲ့အတိုင်း အရာရာတိုင်းမှာ နိမ့်ကျနေခြင်းဟာ “အမေက အမွေးညံ့၍ချည်း မဟုတ်တန်ရာ”ဆိုတဲ့ အချက်ကလေးကို သတိပြုနိုင်ကြဖို့်ပါ။

လူ့ဘ၀မှာ အမှန်ကိုပြောပေမဲ့ အမှန်ပြောသူရဲ့စကားကို လက်ခံသူက လက်မခံ နိုင်ဘူးဆိုရင် ကောင်းကျိုးဆိုတာကို ဘယ်မှာဖြစ်လာနိုင်မှာလဲ။ ဆရာတော်ဘုရားကြီးကတော့ စေတနာအပြည့်နဲ့ အခွင့်အခါသင့်တိုင်း လူတွေကိုရော၊ ရှင်ရဟန်းတွေကိုပါ မိန့်ကြားတော်မူခဲ့တာပဲ။ အလုပ်ကျိုးစားလို့ ကြီးပွားချမ်းသာသူများကို အပြစ်မြင်နေတာမျိုးထက် ကိုယ့်ဘ၀ကို ကိုယ်နားလည်အောင်၊ ကိုယ့်အလုပ်ကို ကိုယ်လုပ်နိုင်အောင် ပြောခဲ့တာပါ။ ဆရာတော်ဘုရားကြီးရဲ့တိုက်တွန်းချက်တွေဟာ အမျိုးသားရေးအတွက်ဆိုတာ ကြည့်တတ်သူများ မြင်နိုင်ကြမှာပါ။ “ကြည့်သောသူမြင်၏” ဆိုတာ ဒီလိုသဘောမျိုးဖြစ်မှာပါ။

“လူတို့ဘက်၌သာ ပညာစံချိန်ညံ့သည်မဟုတ်သေး။ သာသနာပညာလည်း အခါအလျောက် အောက်ကျလျက်ပင်။ မှန်၏။ ရှေးက ဘုန်း တော်ကြီးများသည် ရပ်သူနယ်သား လူအများ၏ ဆရာဖြစ်ရုံသာမက မြို့ပြတို့၌လည်း မင်းညီမင်းသား မှူးမတ်သားတို့၏ ဆရာတော် များဖြစ်ကြသည်။ မိမိတို့သည် (ခေတ်) အခါနှင့်လိုက်အောင် ပညာရေးကို ပြုပြင်နိုင်ခဲ့ကြလျှင် ယခုအချိန်မှာလည်း တိုင်းသူပြည်သားတို့၏ ဆရာအဖြစ်၌ တည်နိုင်ဖွယ်ရှိ၏။ ယခုသော်ကား ထိုကဲ့သို့ မပြုမပြင်နိုင်ကြမှုကြောင့် ဆရာအဖြစ်မှပင် လျှောကျရုံသာမက တချို့ကျေးရွာ ကျောင်း၊ ရွာကျောင်းများ၌ ဆွမ်းခံပေးမည့်ကလေးပင် မရှိတော့ချေ။ ဤအချက်ကား မြန်မာနိုင်ငံအတွက် သာသနာရေးအသက်ငင် နေခြင်းပင် ဖြစ်တော့သည်။

ဤသို့ဖြစ်ရခြင်း၏ အကြောင်းရင်းကိုရှင်းရလျှင် ကိုယ့်အထုပ်ကိုယ်ဖြေပြရာရောက်မည်ဖြစ်၍ မရှင်းလင်းလိုတော့ ပါ။ ဤသို့ ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး စသည်တို့ဖြင့် အဘက်ဘက်က အောက်ကျနောက်ကျ ဖြစ်ကြရခြင်းမှာ လုံ့လ၀ီရိယကင်း၍ အပျင်းများမှုကြောင့်ဖြစ်သည်”ဟု မိန့်မှာတော်မူခဲ့တယ်။ (ကိုယ်ကျင့်အဘိဓမ္မာ- နှာ ၁၃၇-၁၃ဂ) ရဟန်းသံဃာတော်များသည် တိုင်းသူပြည် သားတို့၏ဆရာအဖြစ် ရပ်တည်နိုင်ရေးအတွက် ပြုလုပ်သင့်တဲ့အရာတွေထဲမှာ ဘယ်အရာကပိုအရေးကြီးနေပြီလဲဆိုတာ လေးလေးနက်နက် စဉ်းစားနိုင်ကြဖို့ပါ။

ဆရာတော်ဘုရားကြီးရဲ့အမြင်မှာ ရဟန်းရှင်လူများအားလုံး လုံ့လ၀ီရိယများ တိုးမြှင့်ပေးကြဖို့ အမျိုးသားရေးအမြင်နဲ့ တိုက်တွန်းနှိုးဆော်ခဲ့ တာပါ။ အမျိုးသားရေးစိတ်ဓာတ်ဆိုတာ အပြောတစ်ခုတည်းနဲ့ မလုံလောက်သလို၊ အလုပ် တစ်ခုတည်းနဲ့လဲ မလုံလောက်နိုင်ပါ။ ပြည်သူ၊ ပြည်သားများရဲ့ စိတ်ဓာတ်တွေကိုမြှင့်တင်ပေးခြင်း၊ အကျိုးပြုလုပ်ငန်းတွေကိုလည်း စွမ်းနိုင်သမျှ ပူးပေါင်းလုပ်ဆောင်ပေးခြင်း-စတဲ့ လက် တွေ့ကြတဲ့ အကျိုးပြုလုပ်ငန်းတွေကို တက်တက်ကြွကြွ ဆောင်ရွက်ပေးကြရမှာ။ အမျိုးသားရေးဆိုတာ နက်ရှိုင်းတဲ့ သမုဒ္ဒရာပြင်ကြီးလိုပါ။

လူနဲ့လူ့ပတ်ဝန်းကျင်။ မျှတမှုမရှိတဲ့လူနေမှုဘ၀။ အမြင်မတူတဲ့အတွေးများ။ လူအချင်းချင်း မာနတွေကလည်း မိုးထိနီးပါးမြင့်မား။ အမြင်မတူ လို့ဝေးကြမယ်ဆိုရင်လဲ “ဝေးစမ်းပါစေ မိုင်ပေါင်းကုဋေ” ဆိုတဲ့ လူမျိုး။ ဒီအခက် အခဲတွေကို ဘယ်လိုကျော်လွှားနိုင်ကြမှာလဲ။ ဘယ်သူတွေက ကျော်လွားနိုင်အောင် ကူညီပေးကြမှာလဲ။ တွေးရင်းတောရင်း “စုံပုဝါ ဘယ်ညာချ” နိုင်ဖို့အရေး စုပေါင်းပြီးစဉ်းစားပေးကြပါလို့ တိုက်တွန်း နှိုးဆော်ရင်း တွေးလက်စ အတွေးများကို ရပ်နားပါရစေ။ ချမ်းသာစွာ အိပ်စက်နိုင်ကြပါစေ …။

ဘိက္ခုဓမ္မပိယ (ယူအက်စ်အေ)
စက်တင်ဘာ ၃၊ ၂၀၁၁