Showing posts with label အခါတော်နေ့များ. Show all posts
Showing posts with label အခါတော်နေ့များ. Show all posts

Wednesday, October 8, 2014

သီတင်းကျွတ်လ အကြောင်း


သီတင်းကျွတ်လ အကြောင်း

သီတင်းကျွတ်လ သည် မြန်မာတို့ ၏ ၁၂ လရာသီတွင် သတ္တမ မြောက်လဖြစ်ပြီး ၀ါတွင်းကာလ၏ နောက်ဆုံးလဖြစ်ပါသည်။ ရာသီခွင်မှာ တူရာသီ ဖြစ်ပြီး အဿဝတီကြယ်နှင့် လမင်းတို့ စန်းယှဉ်ကာ မွန်းတည့်ကြသည်။ ဤရာသီ၏ ပန်းမှာ ကြာဖြူပန်း (Nymphaea Lotus) ဖြစ်ပါသည်။ ယင်းတို့ကိုပင် မနုဿဗေဒ (Athropology) သဘောအရလူ့ယဉ်ကျေးမှုသမိုင်း ကြောင်းတစ်ခု အဖြစ် မြင်နိုင်ကြပါသည်။

သီတင်းကျွတ်လကို ရှေးမြန်မာကျောက်စာများ၌ `သန္တူလ´ ဟုရေးထိုး ကြသည်။ ချိန်ခွင်ပုံ ကြယ်
တာရာ နက္ခတ်တို့  စုဝေးသောမိုးကာလဟုလည်းကောင်း၊ တောင်သူလယ်သမားတို့ စိုက်ပျိုးထား သော စပါးပင်များ သန်စွမ်းစွာထောင်မတ်သောလဟုလည်းကောင်း ပညာရှိများ ဖွင့်ဆိုကြပါသည်။

 မြန်မာတို့သည် စိတ်ရင်းရိုးသားတည်ကြည်ကြသူများ ဖြစ်သည်နှင့်အညီ စစ်မှန်သော ဗုဒ္ဓသာသနာ တော်ကို လွန်ခဲ့သောနှစ်ပေါင်းများစွာကပင် သိက္ခာကာမ၊ ဂန္ထကာရက၊ ပရိယတ္တိဝိသာရဒ၊ လဇ္ဇီပေသလ စသည့်တစ်ဖြာ ဂုဏ်ဝေဖြာသည့် သာသနာပြု ရဟန်းတော်များနှင့် တိုင်းချစ် ပြည်ချစ် မင်းတရားစစ်တို့ကြောင့် သက်ဝင်ယုံကြည်ဆည်းကပ်ကိုးကွယ်ခွင့် ရကြပြန်သောအခါ ဗုဒ္ဓမြတ်စွာ၏ အဆုံးအမတရားတော်များနှင့်လိုက်လျောညီထွေစွာ အေးချမ်းပျော်ရွှင်ဖွယ် ကောင်းသော လူနေမှု ဘ၀များဖြင့် လောကဓံတရားများကို ရင်ဆိုင်ကျော်လွှားနိုင်သော၊ ရောင့်ရဲ တင်းတိမ်တတ်သော စိတ်နှလုံးကို ခေတ်အဆက်ဆက် ပိုင်ဆိုင်ခဲ့ကြသူများဖြစ်ကြသည်။

ဤစိတ်ဓာတ်များ အရင်းခံဖြင့် ၁၂ လရာသီရှိသည့် အနက် လပြည့်လကွယ် နေ့တိုင်းတွင် ရတနာ သုံးပါးအား ရည်စူး၍ အလှူအတန်းများ၊ ကောင်းမှုကုသိုလ်များ ပြုလုပ်လေ့ရှိကြသည်။ သီတင်းကျွတ် မီးထွန်းပွဲတော်သည် မြန်မာတို့၏ ၁၂ ရာသီ ပွဲတော်များတွင် ထင်ရှားသောပွဲတော် တစ်ခုဖြစ်ပြီး ပွဲတော်စတင်ကျင်းပခဲ့သည် အစဉ်အလာမှာ ဘုရားရှင် သက်တော်ထင်ရှား ရှိခဲ့စဉ် အခါကပင် ဖြစ်ပါသည်ဟု ပြောဆိုနိုင်ကောင်းပါသည်။ အဘယ်ကြောင့်ဆိုသော် ယခုကျင်းပသည့် သီတင်းကျွတ်လ မီးထွန်းပွဲတော်အစဉ်အလာများသည် ယင်းမှတစ်ဆင့် ကူးစပ်ဆင့်ပွားလာခြင်း ကြောင့် ဖြစ်ပါသည်။ ယင်းခေတ်အခါနှင့် ယခုခေတ်အခါတို့မတူသော်ငြားလည်း ရည်ရွယ်ချက်များ တူညီနိုင် ကြမည်ပင်။

ဗုဒ္ဓမြတ်စွာဘုရားရှင်သည် သတ္တမမြောက်ဝါကို တာဝတိံသာ နတ်ပြည်၌ ၀ါကပ်တော်မူပြီး မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿီတ နတ်သားအား အမှုးပြု၍ စကြ၀ဠာနေရာ အနှံ့ မှ နတ်ဗြဟ္မာ အပေါင်းတို့ အား အဘိဓမ္မာ တရားတော်မြတ်ကို ဟောကြားတော်မူသည်။ သီတင်းကျွတ် လပြည့် နေ့  ရောက်သောအခါ ဘုရားရှင်သည် နတ်ဗြဟ္မာ အပေါင်းခြံရံကာ ရွှေစောင်းတန်း၊ ငွေစောင်းတန်း၊ ပတ္တမြားစောင်းတန်းများဖြင့် စီချယ်အပ်သော ရတနာစောင်းတန်းဖြင့် လူ့ ပြည်ဖြစ်သော သင်္ကဿနဂိုရ်ပြည်သို့ ပြန်လည်ဆင်းသက်ကြွမြန်းတော်မူသည် ဟု ဗုဒ္ဓဘာသာစာပေ အဋ္ဌကထာ များက ဆိုကြပါသည်။

ထိုအခါ သမယတွင် ပြည်သူပြည်သားအပေါင်းတို့က မီးရှူး မီးတိုင်များ၊ မီးပန်းများ၊ ဆီမီးများ၊ ဆွမ်းပန်းရေချမ်းများဖြင့် ကပ်လှူပူဇော်ကြသည်။ တာဝတိံသာနတ်ပြည်ရှိ စူဠာမဏိ စေတီတော် ကိုလည်း ပူဇော်သည့် အထိမ်းအမှတ်ဖြင့် မီးပုံးများပြုလုပ်၍ ကောင်းကင်သို့ လွှတ်တင် ပူဇော်ကြ သည်။ ထိုကဲ့သို့ ပူဇော်ကြသည်ကို အကြောင်းပြုကာ ယနေ့ ခေတ်အခါတိုင်အောင် မြန်မာတစ်နိုင်ငံ လုံး၌ နှစ်စဉ်ကျင်းပပြုလုပ်မြဲ ဖြစ်သည်ဟု မှတ်သားရပါသည်။

ဗုဒ္ဓ၏ အဆုံးအမ၌ တည်ကြသော မြန်မာတို့ သည်အသက်ဂုဏ်ဝါကြီးသူ၊ မြင့်မြတ်သူတို့ အပေါ်တွင် ငယ်သူ၊ နိမ့်ကျ သူတို့ က ရိုသေလေးစား၍ ပူဇော် ကန်တော့လေ့ရှိကြသည့်အတိုင်း ၀ါကျွတ်သော အချိန် ဤထူးမြတ်သော အခါသမယတွင် တတ်နိုင်သမျှ ပူဇော် သက္ကာရတို့ ဖြင့် သက်ကြီးဝါကြီးများ၊ မိဘဆရာများကို ပူဇော်ကန်တော့ကြသည့် ဓလေ့များကိုလည်း တွေ့မြင်ကြရပါသည်။

ထို့အပြင် ဤအချိန်ကာလသည် မြန်မာတို့ ၏ တစ်ဦးကိုတစ်ဦး ရိုသေလေးစားတတ်သောသဘော၊ မာန်မာနကို နှိမ့်ချတတ်သောသဘော၊ အပြန်အလှန် မေတ္တာစေတနာထားတတ်သောသဘော စသည့် အမျိုးကောင်း သားသမီးတို့၏ ယဉ်ကျေးသိမ်မွေ့သော စိတ်နေစရိုက်ကို ဖော်ကျူးပြသ နေသော အမျိုးဂုဏ်ကို မြှင့်တင်ပေးနေသည့် ရိုးရာအစဉ်အလာ အချိန်အခါ ဖြစ်သည်နှင့်အညီ အစ်ကို၊ အစ်မများ ညီငယ်ညီမငယ်များအားလုံးတို့သည်လည်း လောကသာရ ရခိုင်သူမြတ် ရေးသည့် ဆုံးမစာအတိုင်း `ကောင်းသောအကြံ၊ မှန်သောအကျင့်၊ သင့်သောအယူ၊ ဖြူသောနှလုံး´ တို့ ဖြင့် သီတင်းကျွတ်လ မီထွန်းပွဲတော်ကို ပျော်ရွှင်စွာ ပါဝင်ဆင်နွဲ နိုင်ကြပါစေဟု ဤစာ၏ နိဒါန်းအချီ အနေဖြင့် ဆုတောင်း ဆန္ဒပြုလိုက်ပါသည်။

မြတ်စွာဘုရားရှင် အလောင်းတော်ကို မဟာသက္ကရာဇ် ၆၈ ခု၊ ကဆုန်လပြည့်နေ့ တွင် မိခင်မာယာဒေ၀ီ မှ ဖွားမြင်တော်မူခဲ့ပါသည်။ ဖွားမြင်တော်မူပြီးသည့်နောက် (၁၆)နှစ် အရွယ်မှာ ယသော်ဓရာ နှင့် ထိမ်းမြား လက်ထပ်တော်မူခဲ့ပါသည်။ အသက် (၂၉)နှစ်မှာ သားတော် ရာဟုလာ ကို ဖွားမြင်သော ညမှာပင် ကာမဂုဏ်၏ အပြစ်တို့ကိုတွေ့ပြီး ငြီးငွေ့တော်မူသဖြင့် နန်းစည်စိမ် နှင့်တကွ အားလုံးကို စွန့်လွှတ်ပြီး ဥရုဝေလတော ကို ၀င်ခဲ့ပါသည်။ ဥရုဝေလမှာ ပင်ပန်းဆင်းရဲသော ဒုက္ကရစရိယ အကျင့်ကို ၆နှစ် ကာလပတ်လုံး ကျင့်ခဲ့ပါသည်။

 ဘုရားအလောင်းတော်သည် မဂ်ဉာဏ်ဖိုလ်ဉာဏ်နှင့် သဗ္ဗညုတဉာဏ်တော် အတွက် မည်သို့မျှ အထောက်အကူ မပြုသော ထိုအကျင့်များကို စွန့်လွှတ်ပြီး မဇ္ဈိမပဋိပဒါ ဆိုတဲ့ မဂ္ဂင်ရှစ်ပါး အကျင့်ကို ကိုယ်တော် တိုင် ကျင့်သုံးတော်မူခဲ့ပါသည်။ ထိုမဂ္ဂင်ရှစ်ပါး အကျင့်ဖြင့် ဂေါတမ ဘုရားရှင်သည် မဟာသက္ကရာဇ် (၁၀၃)ခုနှစ်၊ ကဆုန်လပြည့်နေ့ မှာ သမ္မာသမ္ဗုဒ္ဓ ဘုရားအဖြစ်ကို ရောက်ရှိတော် မူခဲ့ပါသည်။ ဘုရားဖြစ်ပြီးနောက်-

(၁)ပလ္လင်္ကသတ္တာဟ။        ။ဘုရားဖြစ်သော ဗောဓိပင်ရင်းနေရာ (ပလ္လင်)ထက်တွင် ကဆုန် လပြည့်ကျော် (၁) ရက်နေ့မှ (၇) ရက်နေ့အထိ ၀ိမုတ္တိသုခ (သံသရာမှ လွတ်မြောက်ခြင်း ချမ်းသာ) ကို ခံစားလျှက် သီတင်းသုံးတော်မူခဲ့ပါသည်။

(၂)အနိမိသ သတ္တာဟ။          ။ဗောဓိပင်၏အနီး အရှေ့မြောက်အရပ် တည့်တည့် (၁၄)လံအကွာ နေရာမှာ ကဆုန်လပြည့် ကျော် (၈)ရက်နေ့မှ (၁၄) ရက်နေ့အထိ (၇)ရက် ထပ်မံ သီတင်းသုံး တော်မူခဲ့ပါသည်။ ငါသည် ပါရမီများ ဖြည့်ခဲ့သောကြောင့် ဤပလ္လင်ထက်မှာ မာရ်(၅)ပါးကို အောင်မြင်ပြီး ဘုရားဖြစ်ခဲ့ပြီ ဟုဆင်ခြင်ကာ ဖြောင့်ဖြောင့်မတ်မတ် ရပ်နေတော်မူကာ အပရာဇိတပလ္လင်ကို မမှိတ်သော မျက်စိဖြင့် (၇)ရက်လုံး ကြည့်ရှု ၀မ်းမြောက်နေတော်မူခဲ့ပါသည်။ (အ= မ။ နိမိသ= မျက်စိမှိတ်သည်။ အနိမိသ= မျက်စိမမှိတ်ပဲ)

(၃)စင်္ကမ သတ္တာဟ။           ။ကဆုန်လကွယ်နေ့မှ နယုန်လဆန်း (၆)ရက်နေ့အထိ(၇)ရက်တွင်
 ဗောဓိပင်ပလ္လင်နဲ့ အနိမိသ သတ္တာဟ အကြား စင်္ကြံလျှောက်တော်မူကာ (၇)ရက် ထပ်မံ သီတင်း သုံးတော်မူခဲ့ပါသည်။ ယင်းနေရာမှာ နတ်တို့က “ရှင်ဂေါတမသည် ဗောဓိပလ္လင်၌ တပ်မက်နေ သေးသည်၊ ဘုရားစင်စစ်မဖြစ်သေး”ဟု ယုံမှားသံသယဖြစ်ကြသည်။ ထိုယုံမှားပျောက်စေရန် ရေအစုံ၊ မီးအစုံ ယမကပြာဋိဟာ ပြတော်မူခဲ့ပါသည်။ စင်္ကြံ ကြွရင်း တရားဆင်ခြင်၊ ဖလသမပတ် ၀င်စားသောကြောင့် စင်္ကမ သတ္တာဟ ဟုခေါ်ပါသည်။

(၄)ရတနာဃရ သတ္တာဟ။          ။ဗောဓိပင်၏ အနောက်မြောက် (၁၀)လံ အကွာတွင် နတ်များ ဖန်ဆင်းပူဇော်သော ရတနာ ရွှေအိမ်ထက်၌ နယုန်လဆန်း (၇) ရက်နေ့မှ (၁၃)ရက်အထိ အဘိဓမ္မာတရားတော်ကို ဆင်ခြင်တော်မူပါသည်။ အဘိဓမ္မာ ရှေးဦး (၆)ကျမ်းကို ဆင်ခြင်ရာတွင် ရောင်ခြည်တော် ကွန့်မြူးခြင်း မရှိသေးပါ။ နောက်ဆုံး ပဋ္ဌာန်းဒေသနာ တော်ကြီးကို ဆင်ခြင် သုံးသပ်တော်မူသော အခါမှသာ ရောင်ခြည်တော် (၆)သွယ် ကွန့်မြူး ထွက်ပေါ်လာခဲ့ပါသည်။

(၅)အဇပါလသတ္တာဟ။         ။ဒီနေရာကို ဆိတ်ကျောင်းသမားတွေ နေတဲ့ ညောင်ပင်လို့ ဆိုပါတယ်။ ဗောဓိပင်ရဲ. အရှေ.ဘက် (၃၂)လံ အကွာမှာ နယုန်လဆန်း (၁၄)ရက်နေ့မှ နယုန် လပြည့်ကျော် (၅)ရက်အထိ (၇)ရက် သီတင်းသုံးတော် မူပါတယ်။ ဒီနေရာမှာပဲ မာရ်နတ်ရဲ. သမီး (၃) ယောက် ဖြစ်တဲ့ (တဏှာ၊ အရတီ၊ ရာဂါ) တို့က ဘုရားရှင်ကို မိန်းမမာယာဖြင့် ဖြားယောင်းဖို့ ကြိုးစားခဲ့ကြပါတယ်။ သို့ပေးမယ့် ဘုရားရှင်က တုန်လှုပ်ခြင်း မရှိခဲ့ပါဘူး။

(၆)မုစလိန္ဒ သတ္တာဟ။        ။ဗောဓိပင်၏ အရှေ.တောင်ဘက် (၁၅)လံ အကွာ၊ မုစလိန္ဒာအိုင် အနီး ကျဉ်းပင်အောက်မှာ နယုန်လပြည့်ကျော် (၆)ရက်နေ့မှ နယုန်လပြည့်ကျော် (၁၂)ရက်နေ့ထိ (၇)ရက် သီတင်းသုံးတော် မူခဲ့ပါသည်။ ထိုနေရာကို သီတင်းသုံးစဉ်မှာ အခါမဲ့ မိုးရွာခဲ့သောကြောင့် မုစလိန္ဒာအိုင် နဂါးမင်းသည် တန်ခိုးနဲ့ လိုတာကို ဖန်ဆင်းနိုင်သော်လည်း သူ၏ပကတိ ကိုယ်တော်နှင့်သာ ပါးပြင်းမိုးပြီး ရာသီဥတုဒဏ်ကနေ ကာကွယ်ပူဇော်ခဲ့ပါသည်။

(၇)ရာဇာယတန သတ္တာဟ။               ။ဗောဓိပင်၏ တောင်ဘက် (၄၀)လံ အကွာ လင်းလွန်းပင် ရင်းမှာ နယုန်လပြည့်ကျော် (၁၃)ရက်မှ ၀ါဆိုလဆန်း (၄)ရက်နေ့ အထိ (၇)ရက် ပတ်လုံး ဖလသမာပတ် ၀င်စားပါတယ်။(၇) ရက်ပြည့်တဲ့နေ့ ဘုရားရှင် အစာအာဟာရမှီဝဲရန် လိုအပ်နေ ချိန်မှာ ရာမညတိုင်း၊ ဥက္ကလာဇနပုဒ်၊ ပေါက္ကရ၀တ္တီဇနပုဒ်မှ ကုန်သည်ညီနောင် တဖုဿ၊ ဘလ္လိက တို့က ဘုရားရှင်ကို မုန့်ကျစ်ဆုပ် ဆပ်ကပ်ခဲ့ပါသည်။

ယင်းကုန်သည်ညီနောင်ကို သံဃာ မရှိသေးသည့်ကာလဖြစ်သည့် အတွက် ဒွေဝါစိက သရဏဂုံ (၂)ပါးကိုသာချီးမြှောက်ခဲ့ပါသည်။ ဆံတော် (၈)ဆူ စွန့်တော်မူပါတယ်။ ယင်းဆံတော်တို့ကို သူတို့၏အရပ်ပြန်ရောက်သောအခါ စေတီထဲမှာ ဌာပနာပြုခဲ့ကြောင်း မှတ်သားရပါသည်။

ဗုဒ္ဓစာပေများအရ မြတ်စွာဘုရားသည် ပထမ၀ါကို မိဂဒါဝုန် မှာ ၀ါကပ်တော်မူပြီး ဒုတိယ၀ါ၊ တတိယ၀ါ၊ စတုတ္ထ၀ါ တို့ကို ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်း၊ ပဉ္စမ၀ါ ကို ဝေသာလီပြည်၊ ဆဋ္ဌမ၀ါ ကို မကုဠတောင် စသော နေရာဌာနများမှာ ၀ါကပ်တော်မူခဲ့ပါသည်။ သတ္တမ၀ါကို တာဝတိံသာ နတ်ပြည်မှာ ၀ါကပ်တော်မူပြီး မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿိတ နတ်သား ကို အမှူးထားကာ တာဝတိံတာ နတ်ပြည်ရှိ ပင်လယ်ကသစ်ပင်ရင်း ပဏ္ဍုကမ္ဗလာ မြကျောက်ဖြာထက်တွင် အဘိဓမ္မာ ဒေသနာတော် ကို ၀ါတွင်းသုံးလပတ်လုံး အသံမစဲ ဟောတော်မူခဲ့ပါသည်။ မယ်တော်မိနတ်၊ ကျေးဇူးဆပ်၊ ဟောလတ်ဘိဓမ္မာ ဟုလည်း ရှေးလူကြီးသူမများ ပြောဆိုရေးသားခဲ့ကြပါသည်။

ဝါဆိုလပြည့်ကျော် (၁) ရက်နေ့မှ သီတင်းကျွတ်လပြည့်နေ့ အထိ ရက်ပေါင်း (၉၀)၊ ၀ါတွင်း (၃) လ - မှာ
၁။ ဓမ္မသင်္ဂဏီကျမ်း ကို (၁၂) ရက်
၂။ ၀ိဘင်းကျမ်း ကို (၁၂) ရက်
၃။ ဓာတုကထာကျမ်း ကို (၆) ရက်
၎။ ပုဂ္ဂလပညတ်ကျမ်း ကို (၇) ရက်
၅။ ကထာဝတ္ထုကျမ်း ကို (၈) ရက်
၆။ ယမိုက်ကျမ်း ကို (၂၀) ရက်
၇။ ပဋ္ဌာန်းကျမ်း ကို (၂၅) ရက်ဟောတော်မူခဲ့ပါတယ်။

အဘိဓမ္မာတရား ဒေသနာတော်ကို နည်း (၃) နည်း ဖြင့် ဟောကြားခဲ့ပါသည်။
(၁) အတိဝိတ္ထာရ ဒေသနာ (အကျယ်နည်း)
ဗုဒ္ဓမြတ်စွာသည် မယ်တော်ကို ကျေးဇူးဆပ်လိုခြင်း၊ မိဘကျေးဇူးကို သတ္တ၀ါတို့နားလည်စေလိုခြင်း၊ အဘိဓမ္မာတရားကို အစအဆုံး တထိုင်တည်း ဟောကြားလိုခြင်း၊ အစ အဆုံး တထိုင်တည်းဟောမှ နာကြားရသော တရားနာသူတို့ အကျိုးထူး ရနိုင်ခြင်း၊ အဘိဓမ္မာဒေသနာတော်၏ ကျယ်ဝန်း နက်နဲမှုကို သိစေလိုခြင်း၊ လူတို့သက်တမ်းနှင့် သုံးလလောက်ဟောမှ ကုန်နိုင်မည့် တရားဖြစ်သည့် အတွက် လူတို့ ဣရိယာပုထ်ဖြင့် ဟောသူရော နာသူပါ မနေနိုင်ခြင်း တို့ကြောင့် အဘိဓမ္မာ အကျယ်နည်းကို တာဝတိံ သာနတ်ပြည်၌ ဟောရခြင်းဖြစ်ပါသည်။

(၂) အတိသင်္ခေပဒေသနာ (အကျဉ်းနည်း)
မြတ်စွာဘုရားသည် လူသားဖြစ်တော်မူသည့်အတွက် ဆွမ်းခံခြင်း ဆွမ်းစားခြင်း ရေချိုးသန့်စင်ခြင်း စသည် ပြုလုပ်ရန် နိမ္မိတရုပ်ပွားတော်ကို အဓိဋ္ဌာန်ဖြင့် ဖန်ဆင်းပြီး လူ့ပြည်သို့ ကြွတော်မူရာတွင် ဟိမ၀န္တာစန္ဒကူးတော၌ နေ့သန့်စင် (အနားယူ) တော်မူပါတယ်။ ထို စန္ဒကူးတောတွင် အရှင်သာရိပုတ္တရာ မထေရ်သည် မြတ်စွာဘုရားအား ၀တ်ကြီးဝတ်ငယ် ပြုစုခစားခိုက် မြတ်စွာဘုရားက ရှင်သာရိပုတ္တရာအား အဘိဓမ္မာ တရားကို အကျဉ်းချုပ်နည်းဖြင့် ဟောတော် မူပါသည်။

(၃) နာတိ ၀ိတ္ထာရ နာတိသင်္ခေပ ဒေသနာ (မကျဉ်းမကျယ်နည်း)
အရှင်သာရိပုတ္တရာက မြတ်စွာဘုရား ဟောခဲ့သည့် အကျဉ်းနည်းကို တပည့် ရဟန်းငါးရာတို့အား မကျဉ်းမကျယ်နည်းဖြင့် ပြန်လည် ဟောတော်မူပါသည်။ နောက်တနေ့တွင် အရှင်သာရိပုတ္တရာက တပည့်ရဟန်း ငါးရာကို ဟောကြားသောအဘိဓမ္မာ ဒေသနာတော်အား မြတ်စွာဘုရား ထံမှောက်၌ ပြန်လည်တင်ပြ အစစ်ဆေးခံရာ မြတ်စွာဘုရားက နားထောင်၍ လက်ခံအတည်ပြု တော်မူခဲ့ ပါသည်။


ဤသို့ဖြင့် အဘိဓမ္မာ ဒေသနာတော်ကြီးသည် ခုနစ်ဝါမြောက်ဖြစ်သော မဟာသက္ကရာဇ် ၁၀၉ ခု ၀ါဆိုလပြည့်ကျော် (၁)ရက် မှ သီတင်းကျွတ်လပြည့်နေ့အထိ (၃)လအတွင်း နည်း(၃)နည်းဖြင့် လူ့ပြည်၊ နတ်ပြည် တပြိုင်တည်း ပေါ်ထွန်းခဲ့ပါသည်။

ဗုဒ္ဓမြတ်စွာဘုရားရှင်သည် အဘိဓမ္မာဒေသနာတော်ကို ဟောကြားပြီး တာဝတိံသာနတ်ပြည်မှ သင်္ကဿနဂိုရ်ပြည်သို့ သီတင်းကျွတ်လပြည့်နေ့တွင် ဆင်းသက်တော်မူခဲ့သဖြင့် ထူးမြတ်သောနေ့ အဖြစ်သတ်မှတ်ကြပါသည်။ ဘုရားရှင် ဆင်းသက်ကြွမြန်းလာသည်ကို ရည်စူးပြီး ဘုရားရှင်အား ပူဇော်သောအားဖြင့် ဆီမီးထွန်းကာ မီးထွန်းပွဲကျင်းပသော အစဉ်အလာသည် ရှေးဘိုးဘေး ဘီဘင်များ လက်ထက်ကပင် ရှိခဲ့ပါသည်။ ထို့အပြင်ဘုရားရှင်သည် မယ်တော်ဖြစ်ခဲ့ဖူးသော နတ်သားကို တာဝတိံသာနတ်ပြည်၌ အဘိဓမ္မာခုနှစ်ကျမ်းကို ဟောကြားတော်မူပြီးနောက် သီတင်းကျွတ် လပြည့်နေ့တွင် လူပြည်သို့ သက်ဆင်းတော်မူသည်ကို အကြောင်းပြုလျှက် ဤနေ့ကို “အဘိဓမ္မာအခါတော်နေ့” ဟု သမုတ်ကာ အဘိဓမ္မာ ရွတ်ဖတ်ပူဇော်ပွဲများလည်း ကျင်းပကြပါသည်။

တစ်နည်းဆိုလျှင် သီတင်းကျွတ်လပြည့်နေ့ကို “ဘုရားဆုပန်နေ့” ဟူ၍လည်း ခေါ်ဆိုနိုင်ပါတယ်။ ဘုရားရှင် တာဝတိံသာမှ ဆင်းသက်တော်မူသောအခါ လကျာင်္ဘက်ရွှေစောင်းတန်းက နတ်ဒေ၀တာများ၊ လက်ဝဲဘက် ငွေစောင်းတန်းက ဗြဟ္မာများခြံရံလိုက်ပါကာ ကိုယ်တော်တိုင် အလယ်က ပတ္တမြားစောင်း တန်းဖြင့် ဆင်းသက်တော်မူပါသည်။ ထိုသို့ နတ်ဗြဟ္မာများခြံရံလိုက်ပါ၍ ဆင်းသက်တော်မူလာသည့် ဘုရားရှင်၏ တုနှိုင်းဖွယ်မရှိ တင့်တယ်ပြည့်စုံသော အသရေ တော်ကို ဖူးမြင်ကြရသောအခါ (၃၆)ယူဇနာ အတွင်းရှိသော ပရိသတ်အားလုံး ဘုရားကိုအားကျ၊ ဘုရားဖြစ်ချင် စိတ်တွေ ပေါ်လာကာ ဘုရားဆုကို တောင်းကြပါသည်။ ထို့အတွက်ကြောင့် “ဘုရားဆုပန်နေ့” ဟုခေါ်ဆိုထိုက်ပါသည်။

သီတင်းကျွတ်လပြည့်နေ့တွင် ၀ါတွင်းသုံးလကုန်ဆုံး ကျွတ်လွတ်သောနေ့ဖြစ်သဖြင့် ၀ါဆိုတော်မူကြ ကုန်သော သံဃာတော် အရှင်မြတ်တို့ လွတ်လွတ်ကျွတ်ကျွတ်သွားလာ သီတင်းသုံးနိုင်သည့် အခွင့်အရေးကို ရရှိကြပါသည်။ ထိုနေ့အထိဝါဆိုကြသည့် သံဃာများသည် အလွန်အကျိုးထူးသော ကထိန်အလှူကို ခံယူထိုက်သော အခွင့်အရေး လည်းရရှိကြပါသည်။

အချုပ်အားဖြင့်ဆိုရသော်
သီတင်းကျွတ်လပြည့်နေ့သည် ရဟန်းတော်များ ၀ါကျွတ်သောနေ့၊ အပြစ်ရှိက ပြောကြားပါရန် အချင်းချင်း ဖိတ်ပန်အမှုပြုကြသော ပ၀ါရဏာနေ့၊ ဘုရားရှင် တာဝတိံသာနတ်ပြည်၌ အဘိဓမ္မာတရားတော်ကို ဟောကြားပြီးမြောက် အောင်မြင်တော်မူသော အဘိဓမ္မာအခါတော်နေ့၊ နတ်ဗြဟ္မာအပေါင်းခြံရံလျက် တာဝတိံသာမှ သင်္ကဿနဂိုလ်ပြည်သို့ ဆင်းသက်တော်မူသောနေ့၊ ထိုသို့ဘုရားရှင် ဆင်းသက် တော်မူသည်ကို ရည်စူးပူဇော်သောအားဖြင့် ဆီးမီးစသည့် ထွန်းညှိ ပူဇော်သောနေ့၊ ဗြဟ္မာနတ် လူ သုံးဘုံသူတို့ ဘုရားရှင်အား အတူတကွ ကြည်ဖြူပူဇော်သောနေ့၊ နတ်လူအများ ဘုရားဆု ပန်သောနေ့ စသော ဂုဏ်ထူးဝိသေသအဖုံဖုံနှင့် ပြည့်စုံသော နေ့ထူးနေ့ မြတ် ပင် ဖြစ်ပါသည်။

ဤကဲ့သို့နေ့ထူး၊ နေ့မြတ်မှာ ဓမ္မမိတ်ဆွေ သူတော်ကောင်းများအားလုံး သတိပဋ္ဌာန် တရားတော်များကို နာယူကျင့်ကြံ အားထုတ်နိုင်ကြသဖြင့် ဒုက္ခခပ်သိမ်းကင်းငြိမ်းရာ အမြိုက် နိဗ္ဗာန်ကို ရနိုင်ကြပါစေဟု ဆုတောင်းပြီး ဤဆောင်းပါးကို နိဂုံးချုပ်လိုက်ရပါသည်။

Credit: အောင်မြင်ဌေး

Thursday, June 12, 2014

မဟာသမယအခါတော်နေ့


မဟာသမယအခါတော်နေ့
 နယုန်လပြည့်နေ့ကို မဟာသမယအခါတော်နေ့ဟု ခေါ်ဆိုပါသည်။ ထိုနေ့တွင် ဘုရားမြတ်စွာသည် မဟာသမယ သုတ်ကို ဟောကြားတော်မူသောကြောင့် ဖြစ်ပါသည်။

မဟာသမယအခါတော်နေ့  ဖြစ်ပေါ်လာပုံ

ကပိလ၀တ်ပြည်နှင့် ကောလိယပြည် နှစ်ပြည်ထောင်တို့အကြား ရောဟဏီမြစ်ကို ကန်ပေါင် တာရိုးတစ်ခုတည်းဖြင့် တာဖို့ပြီး မြစ်ရေကိုသိုလှောင်ကြလျက် နှစ်ပြည်ထောင် လယ်သမားတို့ သူတစ်ခါ၊ ကိုယ်တစ်လှည့် ညီညွတ်စွာမြစ်ရေကို မြောင်းသွယ်ရေသွင်း ခွဲဝေစိုက်ပျိုးကြရ၏။

တစ်နှစ်သောနယုန်လတွင် ရေနည်းပါး၍ အောင်ရေလုံလောက်အောင် မသွင်းနိုင်သဖြင့် ကောက် ပင်များ ညှိုးရော်လာ၏။ နှစ်ပြည်ထောင်လယ်သမားတို့၏ မြစ်ရေကို “သူတို့သာ ရသင့်တယ်။ ငါတို့သာ ရသင့်တယ်” ဟု အချင်းများကာ အဝေမတည့်ဖြစ်ကြပြီး တုတ်ဆွဲ၊ ဓားဆွဲ ရိုက်နှက်ကြ ကုန်၏။ ပြဿ နာသည် နောက်ဆုံး နှစ်ပြည်ထောင်မင်းတို့ ပါဝင်လာပြီး စစ်တပ်ကြီးများချီလျက် ရောဟဏီမြစ်ကမ်းသို့ စစ်ပွဲကြီးဆင်နွှဲရန် ရောက်ရှိလာကြပါသည်။

ရေကိုအကြောင်းခံလျက် စစ်ခင်းကြမည့် ထိုနှစ်ပြည်ထောင်သည် သာကိယနွယ်ဝင် ဗုဒ္ဓ၏ ဆွေမျိုး များဖြစ်ကြ၏။ ရောဟဏီမြစ် သွေးချောင်းစီးမည့်အရေး၊ ဆွေမျိုးများပျက်စီးမည့်အရေး အခင်းကြီး ပေါ်ပေါက်လာသဖြင့် ဘုရားမြတ်စွာသည် “ငါဘုရားသည် နှစ်ပြည်ထောင်မင်းတို့ စစ်ခင်းမည့် အရပ်သို့ သွားရောက်ပြီးလျှင် စစ်ပြေငြိမ်းစေသောငှာ ခိုက်ရန်၏ ဆိုးပြစ်များကိုပြဆိုသော ဖန္ဒနဇာတ်၊ ဒုဒ္ဒုဘဇာတ်၊ လဋုကိကာဇာတ်တို့ကို ဟောကြား၍ စစ်ပွဲကိုပြေငြိမ်းစေအံ့။

ညီညွတ်ခြင်း၏အကျိုးကိုပြဆိုသော ရုက္ခဓမ္မဇာတ်၊ ၀ဋ္ဋကဇာတ်တို့ကို ဟောကြားပြီး ညီညွတ်ခြင်းကို ဖြစ်စေအံ့၊ မိမိတို့၏ မကောင်းသောအကျင့်ကြောင့် မိမိတို့ရော သူတစ်ပါးတို့ပါ ဒုက္ခ ရောက်ကြ ရသော အတ္တဒဏ္ဍသုတ်ကို ဆက်လက်နာယူကြပြီး နှစ်ပြည်ထောင်မင်းတို့သည် မင်းသား နှစ်ရာ့ငါးဆယ်စီ ရဟန်းပြုရန် ပေးလှူကြအံ့။ ထိုမင်းသားငါးရာတို့ ရဟန္တာဖြစ်ကြပြီးလျှင် မဟာသမ (ကြီးကျယ်သောအစည်းအဝေးပွဲကြီး) ဖြစ်အံ့” ဟု ဥာဏ်တော်ဖြင့် သိမြင်တော်မူ၍ ရောဟဏီ မြစ်ကမ်းသို့ တစ်ပါးတည်းကြွရောက်တော်မူပါသည်။

ဘုရားရှင်သည် နှစ်ပြည်ထောင်မင်းတို့ ထိတ်လန့်ကြောက်ရွံ့စေရန် ဆံတော်မှ ညိုသော ရောင်ခြည် တော်များ လွှတ်တော်မူ၍ အမှောင်ကြီးကျစေပြီး နှစ်ပြည်ထောင်မင်းတို့ ကြောက်ရွံ့စိုးထိတ် နေစဉ်မှာပင် နှစ်ဖက်သော စစ်သားများအကြား ကောင်းကင်ယံတွင် ထက်ဝယ်ဖွဲ့ခွေ ထိုင်နေတော် မူသော ကိုယ်တော်မြတ်ကိုမြင်စေရန် ရောင်ခြည်တော် ခြောက်သွယ်ကို လွှတ်တော်မူ၏။

မင်းများဦးဆောင်သော နှစ်ပြည်ထောင် စစ်သားတို့သည် ဘုရားမြတ်စွာကို ဖူးမြင်ရလျှင် “ငါတို့၏ ဆွေမျိုးမြတ်ဖြစ်တော်မူသော မြတ်စွာဘုရား ကြွတော်မူလာပြီ။ ငါတို့ မျိုးနွယ်တူအချင်းချင်း စစ်တိုက် မည်ကို ကောင်းစွာသိမြင်သောကြောင့် ကြွရောက်တော်မူလာခြင်း ဖြစ်ဟန်တူ၏။ ငါတို့သည် အလေးအမြတ်ပြုအပ်သော ဘုရားရှင်ရှေ့တော်မှောက်တွင် မျိုးနွယ်တူချင်း စစ်ခင်းခြင်းငှာ မသင့်။ တစ်ဖက်စစ်တပ်က သတ်လျှင် သတ်ပါစေတော့။ ဖမ်းလိုကလည်း ဖမ်းပါစေတော့” ဟု ကြံတွေး ပြီး လက်နက်များကို စွန့်ပစ်ကြကာ ဘုရားရှင်ကို ရှိခိုးကြလျက် လက်အုပ်ချီထိုင်နေကြကုန်၏။

ဘုရားမြတ်စွာသည် သိတော်မူလျက်ပင် မတ်သောမင်းအပေါင်းတို့ အဘယ်ကြောင့် ဤအရပ်သို့ ရောက်လာကြ ပါသနည်း” ဟု မေးတော်မူသော် “တပည့်တော်တို့သည် ရောဟဏီမြစ်ကိုကြည့်ရန်၊ ရေကစားရန် လာကြသည်မ ဟုတ်ပါ။ စင်စစ်သော်ကား ဤရောဟဏီမြစ်ကမ်းမှာ စစ်တိုက်ရန် လာခဲ့ကြခြင်း ဖြစ်ပါသည် ဘုရား”

“မြတ်သောမင်းအပေါင်းတို့ အဘယ်ကို အကြောင်းပြု၍ စစ်တိုက်ကြမည်နည်း”

“ရောဟဏီဆည်ရေကို အကြောင်းပြုလျက် စစ်တိုက်ကြပါမည်”

“မြတ်သောမင်းအပေါင်းတို့ ရောဟဏီဆည်ရေသည် အဘယ်မျှ တန်ဖိုးကြီးပါသနည်း”

“တန်ဖိုး အလွန်မကြီးလှပါ ဘုရား”

“မြတ်သောမင်းအပေါင်းတို့ မြေကြီးသည် အဘယ်မျှ တန်ဖိုးကြီးပါသနည်း”

“တန်ဖိုးအလွန်မကြီးလှပါ ဘုရား”

“မြတ်သောမင်းအပေါင်းတို့ ခတ္တိယဇာတ် လူသားမျိုးနွယ်တို့၏ အသက်သည် အဘယ်မျှ တန်ဖိုးရှိပါသနည်း”

“ခတ္တိယနွယ်ရိုး လူသားမျိုးတို့၏ အသက်သည် အဖိုးအတိုင်းအဆမရှိ ထိုက်တန်ပါသည်ဘုရား” ဟူ၍ နှစ်ပြည်ထောင်မင်းတို့သည် တညီတညွတ်တည်း ဖြေကြားကြ၏။

“မြတ်သောမင်းအပေါင်းတို့၊ လူတို့အသက်ကို ထောက်ဆ တန်ဖိုးမမျှသောရေဖြင့် လူ့အသက်ပေါင်း များစွာတို့ကို အဘယ်ကြောင့် သတ်ဖြတ်ဖျက်ဆီးလိုကြရပါသနည်း။ ခိုက်ရန်ငြင်းပွား အချင်းများ စစ်တိုက်ကြခြင်း၌ တစိုးတစိ အကျိုးမရှိနိုင်ချေ” ဟု မိန့်တော်မူလျက် ကြို့ပင်အောက်အိပ်နေသည့် ၀က်ဝံသည် သစ်ကိုင်းချောက်ကျိုးကျပြီး သူ့ကျောက်ကုန်းထက်၌ ဖိမိလေသော် အနည်းငယ် နာကျင်၍ အလန့်တကြားထပြေးပြီး နောက်ပြန်လှည့်ကြည့်ရာ မည်သည့်ရန်သူကိုမျှ မတွေ့မမြင် ရသဖြင့် “ဒီကြို့ပင်ကို စောင့်တဲ့နတ်က ငါအိပ်နေတာကို မနာလိုမရှုလို့ အကိုင်းချိုးချတာနေမှာ။ ရှိစေတော့ သူ့ဗိမာန် (ကြို့ပင်) ကို ငါဖျက်ဆီးပစ်မယ်” ဟု အရာမဟုတ်သည်၌ ရန်ငြိုးဖွဲ့လေ၏။

သစ်ကောင်းတို့ဖြင့် လှည်း၊ ရထား အစိတ်အပိုင်းများကို လုပ်ကိုင်ရောင်းချနေသူအား သစ်တကာတို့တွင် ကြို့ပင်၏ အသားသည် လှည်း၊ ရထားလုပ်ရန် အကောင်းဆုံးဖြစ်ကြောင်း ပြောကြားပြီး ကြို့ပင်ကို ခုတ်လှဲစေတော့၏။ ကြို့ပင်စောင့်နတ်ကလည်း “ငါသစ်ကိုင်းခြောက် ပစ်မချပါဘဲ သူ့အလိုလို ကျိုးကျတာကို ဒီဝက်ဝံ ငါ့ကိုရမယ်ရှာ ရန်ငြိုးဖွဲ့ပြီး ငါ့ဗိမာန်ကို ဖျက်ဆီးရက်တယ်။ ရှိစေ သူ့အသက်လည်း သေစေရမပေါ့” ဟု ကြံတွေးပြီး ကြို့ပင်ခုတ်သူတို့အား လှည်းရထားကို ခိုင်မြဲစွာ ချည်နှောင်ရာမှာတော့ ၀က်ဝံ၏ လည်ပင်းအရေသည် အကောင်းဆုံးပါဟု ပြောဆိုပြီး ၀က်ဝံကိုပါ သတ်စေ၏။

“မင်းအပေါင်းတို့ ဤအတူပင် လူသားတို့ အချင်းချင်းခိုက်ရန်ဖြစ်ပွား အချင်းများ တိုက်ခိုက်ခြင်းသည် ဥစ္စာပစ္စည်းနှင့် လူ့အသက်တို့သာလျှင် ပျက်စီးဆုံးရှုံးရ၏။ မည်သည့် ကောင်းကျိုးမျှ မရှိ။ ထို့ကြောင့် နှစ်ပြည်ထောင်မင်းအပေါင်းတို့သည်လည်း ဂင်္ဂါယမုံနာ မြစ်ရေနှစ်ဖြာကဲ့သို့ ကောင်းစွာနှီးနှော မေတ္တာချင်းရောယှက်ကြပါကုန်လော့။ ခိုက်ရန်ဖြစ်ပွား စစ်တိုက်ခြင်း မပြုပါကုန်လင့်။ ၀က်ဝံနှင့် ကြို့ပင်စောင့်နတ်ကဲ့သို့ မဖြစ်ကြပါကုန်လင့်။ သွေးစည်းညီညွတ်ကြပါကုန်လော့။

ညီညွတ်ခြင်း၌သာ မွေ့ပျော်ကြပါကုန်လော့။ အချင်းချင်းညီညွတ်ခြင်းကို အဆူဆူကုန်သော ဘုရားရှင်တို့ ချီးမွမ်းကြ ပါသည်” ဟူ၍ ဖန္ဒနဇာတ်တော်ဖြင့်လည်းကောင်း၊ ဥသျှစ်ပင်အောက် ထန်းလက်ရိပ်ကိုခိုလျက် ယုန်ငယ်တစ်ကောင် ၀ပ်၍နေရာ ထန်းရွက်ပေါ်သို့ ဥသျှစ်သီးကြွေသဖြင့် “မြေပြိုပြီ၊ မြေပြိုပြီ” ဟု ပြောဆိုမြည်တမ်းလျက် အလန့်တကြား ပြေးသွားသော ယုန်နောက်သို့ မဆင်မခြင် ယုံကြည်၍ ဟိမ၀န္တာတောအတွင်းရှိ သတ္တ၀ါအပေါင်းတို့ သမုဒ္ဒရာသို့ ရှေးရှုစုပေါင်း ပြေးလွှားသွားကြ၏။ ဘုရားအလောင်း ခြင်္သေ့မင်းနှင့်တွေ့ပါမှ အဖြစ်မှန်ကိုသိရှိကြကာ သမုဒ္ဒရာ အတွင်း သက်ဆင်း ကျရောက်မည့် သေဘေးမှ လွတ်မြောက်ခြင်းကိုပြဆိုသော ဒဒ္ဒုဘ ဇာတ်တော် ဖြင့် သူတစ်ပါး ပြောစကားကို မစူးစမ်းမဆင်ခြင်ဘဲ ယုံကြည်ကြသူများ မဖြစ်သင့်ကြောင်းကို လည်းကောင်း၊

ဘီလုံးငှက်ငယ်မ၏ သားပေါက်ကလေးများကို ဆင်ရိုင်းကြီးတစ်ကောင်က နင်းခြေ သတ်ဖြတ်သဖြင့် ဘီလုံးငှက်ငယ်မသည် ကျီးကန်း၊ ယင်မမဲရိုင်း၊ ဖားတို့နှင့် အဆွေခင်ပွန်း မိတ်ဆွေဖွဲ့လျက် ဆင်ရိုင်းကြီး၏ မျက်လုံးများကန်းအောင် ကျီးကန်းက ထိုးဖောက်၊ ယင်မမဲရိုင်းက ဥတွေဥချပြီး ပိုးလောက်များ ပေါက်ဖွားစေ၊ ပိုးလောက်တို့ ကိုက်ခဲဆင်းရဲခြင်းဒုက္ခကို ခံစားရစေ၊ ဆင်ရိုင်းကြီး ရေအလွန်ဆာသော် မျက်စိကန်းနေသဖြင့် ရေရှိရာအရပ်သို့ မသွားနိုင်။ ဖားက မြည်သံပေး။ ဖားရှိလျှင် ရေရှိမည်အထင်ဖြင့် ဆင်ကန်း တောတိုးသွားရာ ချောက်ထဲထိုးကျပြီး သေဆုံးစေရန် အစီအစဉ်တကျဆောင်ရွက်စေပြီး ဆင်ရိုင်းကြီးကို အသေသတ်နိုင်ခဲ့ကြောင်းကို ဟောပြပြီး

“အို မင်းအပေါင်းတို့၊ ကိုယ်အားထက် ဥာဏ်အားက ပိုလို့ကြီးမား၏။ တစ်စုံတစ်ယောက်သူနှင့်မျှ ရန်အမှုကို မပြုသင့်ချေ။ အင်အားနည်းပါးကြသည့် ဘီလုံးငှက်၊ ကျီးကန်း၊ ယင်မမဲရိုင်း၊ ဖား လေးဦးသားတို့ ပေါင်းစုအားဖြင့် ညီညွတ်စွာ မိမိတို့ထက် အင်အား အဆမတန်ကြီးမားလှသော ဆင်ပြောင်ကြီးကိုပင် အသက်ကုန်ဆုံးခြင်းသို့ ရောက်စေနိုင်၏။ ထို့ကြောင့် မချစ်လုံးလုံး အမုန်း တရား ပွားစေမည့် စစ်တိုက်ခြင်းကို မပြုကြပါကုန်လင့်” ဟု လဋုကိကဇာတ်တော်ဖြင့်လည်းကောင်း ခိုက်ရန်ဖြစ်ပွား အချင်းများ စစ်တိုက်ခြင်းကို မပြုကြရန် ဆုံးမတော်မူပါသည်။

ဖားက ထောင်ထိပ်မှနေ မြည်သံပေးပြီး၊ ဆင်ကြီးကို မျှားခေါ်ခြင်း၊ ဆင်ကန်းကြီး တောင်ထိပ် ရောက်သောအခါ ချောက်ထဲမှ တစ်ဖန် ဖားသံပေးခြင်းဖြင့် လှည့်စားခြင်းတို့ကို အမြင်ကန်းနေသော၊ အလွန်ဆာလောင် မွတ်သိပ်နေသော၊ ဒုက္ခဝေဒနာကြောင့် ဒေါသူပုန်ထနေသော ဆင်ကန်းကြီး မသိရှာခဲ့။ ဥာဏ်ပညာကြီးမားသူ၊ အင်အားကြီးသူများပင် ဖြစ်စေဦးတော့ ဖားမြည်သံကြားတိုင်း ရေမရှိတတ်၊ လှည့်စားခြင်းဖားသံတို့ကိုလည်း သတိသမ္ပဇဉ်ဥာဏ်ယှဉ်လျက် ချင့်ချိန်နိုင်စွမ်း ရှိကြရ ပါမည်။ သို့မဟုတ်ပါက ဆင်ကန်းတောတိုးအဖြစ်ဆိုးနှင့် ကြုံရတတ်သည်ကို လည်းကောင်း၊ ဘီလုံး ငှက်မ ကဲ့သို့လည်း ရည်မှန်းချက် ပေါက်မြောက်စေရန် အစီအစဉ်တကျ ဆောင်ရွက်တတ်ရမည်ကို လည်းကောင်း ဇာတ်တော်ထဲမှာ သင်ခန်းစာပေးပါသည်။

“အို မင်းအပေါင်းတို့ သင်တို့သည် ဆွေရင်းမျိုးချာများ ဖြစ်ကြ၏။ ဆွေမျိုးတို့မည်သည် ညီညွတ်ကြ မှသာ ရန်သူတို့အခွင့်ရေးမရနိုင်။ လူသားတို့သာမဟုတ် သစ်ပင်တို့ပင် ညီညွတ်မှုရှိပါမှ သင့်လျော် ၏” ဟု ဟိမ၀န္တာတောအရပ်၌ စုဖွဲ့၍ ပင်ချင်းဆက်လျက် နွယ်ချင်းယှက်ပြီး ပေါက်နေသော သစ်ပင်ငယ်တို့သည် လေပြင်းတိုက်ခတ်သော်လည်း ကျိုးကြေပြိုလဲခြင်းမရှိဘဲ လွင်တီခေါင်တွင် တစ်ပင်တည်းပေါက်နေသော သစ်ပင်ကြီးမှာ ပြိုလဲသွာရသော ရုက္ခဓမ္မ ဇာတ်တော်ဖြင့် လည်း ကောင်း၊

“အိုမင်းအပေါင်းတို့၊ ငှက်မုဆိုး၏ ဖမ်းဆီးခြင်းကို အကြိမ်ကြိမ်ခံကြရသော ငုံးငှက် အပေါင်းသည် ညီညွတ်စွာဖြင့် ပိုက်ကွန်ကို ကိုက်ချီလျက်ပျံနိုင်ကြသဖြင့် အသက်ဘေးမှ လွတ်မြောက်ခဲ့ကြ၏။ မုဆိုးကို ပိုက်ကွန်များစွာ ဆုံးရှုံးစေ၏။ နောက်တွင် ငုံးငှက်တို့သည် “သူ့ကြောင့်လွတ်မြောက်တယ်၊ ငါ့ကြောင့်သာ လွတ်မြောက်တယ်” ဟု ငြင်းခုံ၍ ညီညွတ်ခြင်းပြိုကွဲလျက် ငုံးငှက် အားလုံး မုဆိုး ပိုက်ကွန်မှာ အမိခံကြရ၏။ သေကျေပျက်စီးကြရ၏” ဟု ၀ဋ္ဋကဇာတ်တော်ဖြင့် လည်းကောင်း မျိုးနွယ်တူအချင်းချင်း ငြင်းခုံကြခြင်းသည် ပျက်စီးဖို့ရန် အကြောင်းရင်းခံ ဖြစ်ကြောင်းကို ဆုံးမတော်မူသည်။

ထို့နောက် အတ္တဒဏ္ဍသုတ်တော်ကို ဆက်လက်ဟောကြားပြီး နှစ်ပြည်ထောင်မင်းတို့သည် အညီအမျှ ၀မ်းမြောက်ကြလျက် “ငါတို့သည် ဘုရားမြတ်စွာကြွရောက်မလာလျှင် အချင်းချင်း သတ်ကြပေလိမ့်မည်။ ဘုရားရှင်ကို အမှီပြု၍ ငါတို့ အသက်ချမ်းသာရာ ရပေပြီ” ဟု အချင်းချင်းတိုင်ပင်ကြပြီး ဘုရားမြတ်စွာထံ မင်းသားနှစ်ရာ့ငါးဆယ်စီ ရဟန်းပြုရန် လှူဒါန်းကြပါသည်။

မင်းသားငါးရာတို့အား ဧဟိဘိက္ခုအဖြစ် ရဟန်းပြုပေးပြီး ဇနီးမယားတို့ကို လွမ်းဆွတ်တသ သတိတရဖြစ်နေကြသောကြောင့် ဟိမ၀န္တာအရပ်ရှိ တောခုနစ်ထပ်၊ တောင်ခုနစ်ထွေ စိမ့်စမ်းရေ အသွယ်သွယ် ငှက်မျိုးစုံတို့ဖြင့် အဆန်းတကြယ် တင့်တယ်သာယာ လှပမွေ့ပျော် ကောင်းသော ကုဏာလအိုင်သို့ တန်ခိုးတော်ဖြင့်ခေါ်ဆောင်၍ ကုဏာလဇာတ်တော်ကို ဟောကြားတော်မူပါ သည်။ ရဟန်းငါးရာတို့ သောတာပန်အရိယာအဖြစ်သို့ ဆိုက်ရောက်ကြသည့်အပြင် မြေလျှိုးမိုးပျံ နိုင်သော တန်ခိုးဈာန်တို့ကိုလည်း ရရှိကြ၍ ဘုရားနှင့်အတူ ကပိလ၀တ်မြို့တော်အနီး မဟာဝုန် တောကြီးသို့ ကောင်းကင်ခရီးဖြင့် ကြွချီတော်မူကြပါသည်။

ဘုရားရှင်သည် ယင်းရဟန်းငါးရာတို့အား အရဟတ္တဖိုလ်ပေါက် ကမ္မဋ္ဌာန်းတရားကို ပေးတော်မူ ပါသည်။ ဇနီးမယားတို့ကို လွမ်းတသ သတိရနေကြသည်ကို သိတော်မူသဖြင့် ကုဏာလအိုင်သို့ ခေါ်ဆောင်ပြီး မမွေ့ပျော်ခြင်းကို အလျှင်းပယ်ဖျောက်စေ၍ သောတာပန်အဖြစ်သို့ ရောက်စေတော် မူခဲ့သည်။ အရိယာဖြစ်ကြသော ငါတို့သည် မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆနေကြရန် မသင့်ချေဟု ကြံတွေးကြလျက် သစ်တစ်ပင်ရင်း ၀ါးတစ်ပင်အောက်တို့၌ ပြင်းပြင်းထန်ထန် တင်းတင်းရင်းရင်း တရားအားထုတ်ကြရာ ရဟန္တာများ ဖြစ်သွားကြပါသည်။

ထို့နောက် ဘုရားရှင်ထံမှောက်သို့ ရဟန္တာငါးရာလုံး ရောက်ရှိလာကြကုန်၏။ နတ်ဗြဟ္မာအပေါင်း တို့ကလည်း “လာသွားကြစို့။ ဘုရားဖူးခြင်း၊ တရားနာခြင်းသည် အကျိုးများလှ၏။ ဖြစ်စ ရဟန္တာ ငါးရာတို့ကို ဖူးမြော်ရခြင်းသည်လည်း ကျေးဇူးကြီးလှ၏” ဟုဆိုကာ စကြ၀ဠာတိုက်တစ်သောင်းမှ နတ်ဗြဟ္မာအပေါင်းတို့လည်း ရောက်ကြကုန်၏။ ထိုသို့ ရဟန္တာငါးရာနှင့် နတ်ဗြဟ္မာများစွာတို့ စည်းဝေးဆုံစည်းရာအခါ (မဟာသမယ) ကြီး၌ နတ်ဗြဟ္မာတို့၏ မျိုးနွယ်တို့ကိုပြဆိုသော မဟာသမယသုတ်ကို ဟောကြားတော်မူပါသည်။

ထိုနေ့ကား အရှေ့လောကဓာတ် ယုဂန္ဓိုရ်တောင်ထိပ်မှ အညစ်အကြေးမျိုးကင်းစင်လျက် လပြည့်ဝန်းကြီး ထွန်းလင်းတောက်ပ ပေါ်ထွက်လျက်ရှိသော၊ ကျက်သရေမင်္ဂလာအပေါင်း ခညောင်းလျက်ရှိသော နယုန်လပြည့်နေ့ ဖြစ်ပါ၏။

ထို့ကြောင့် ၀ိဝါဒကွဲပြား အချင်းများမနေကြဘဲ အချင်းချင်းညီညွတ်စွာဖြင့် မဟာသမယခေါ် ကြီးလေးကြီးတို့ ပေါင်းစည်းနိုင်ကြပါစေကြောင်း မဟာသမယအခါတော်နေ့ မှာ ဆုမွန်ကောင်း တောင်းလိုက်ပါသည်။

Written by: အရှင်ပညာသီဟာဘိဝံသ (တရားဓမ္မစကြာ)

http://www.news-eleven.com/

Tuesday, September 4, 2012

ဝါခေါင်လပြည့် မေတ္တာနေ့





ဝါခေါင်လပြည့် မေတ္တာနေ့

ပန်းရနံ့ ခတ္တာတို့ ချပ်ဝတ်လွှာ အစုံစုံ လှပသော လဝါခေါင် မေတ္တာနေ့ကို မကြာခင် ရောက် လာတော့မည့်မို့ အစဉ်လာကောင်းတဲ့ မြတ်ဗုဒ္ဓရဲ့ ရင်ခွင်မှာ မွေးဖွာကြသော သူတော်စင်တွေ အတွက် (Discourse on Loving-kindness) မေတ္တာသုတ်လာ တရားအကြောင်းလေးကို ရေး စပ်မိပါတယ်။

ယနေ့ သာသနာတော်နှစ် ၂၅၅၆ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၄ ခုနှစ်၊ ခရစ်နှစ် ၂၀၁၂ ခုနှစ်၊ (The full moon day of Wagaung) ဝါခေါင်လပြည့်နေ့ဟာ ခတ္တာငုံ-ချပ်လွှာမှုန် ရနံ့သင်းပါလို့ ဝါခေါင်မိုးစက်တွေကို သယ်ဆောင်ပြီးကာ စိုပြေလန်းဆန်းစွာ ရောက်ရှိလာသည့် အချိန်အခါ ပင် ဖြစ်သည်။

Loving-kindness or compassionate love purifies the mind and the mind becomes a very energetic force to radiate for the well-being of others. Loving-kindness is the basic of morality, concentration and wisdom as to the way of meditation.

When practiced together with wisdom and insight, loving-kindness or metta will indeed become a powerful healing force which will transform us into a more compassionate and caring community, as well as transmuting all negative energies and entities into light, love and harmony. ဟု အင်္ဂလိပ် လို အဓိပ္ပာယ် အနည်းငယ် ဖွင့်ဆိုလိုက်ပါတယ်။

ထို့အပြင် *ဝါဆိုပန်း မင်းလွင်ပုန်းညက်နွမ်းရက် အလွန်ကြွေ ပြီ မို့ သိဟ်ရာသီ ဝါခေါင်မိုး နဲ့ လှမ်းလာခဲ့တော့ ခတ္တာ ရေ* လို့ ဆိုကြတာလည်း ကြားဖူး ကြမည်သာ ဖြစ်သည်။

ဝါခေါင်လပြည့်နေ့ကို မေတ္တာအခါတော်နေ့ (Loving-kindness Day) လို့ ခေါ်ရတာက ပါဠိ အဋ္ဌကထာဋီကာ (According to Pali Canon, Commentaries, Sub-Commentaries) အသွားအလာ အဆိုအမိန့်တို့ကိုကြည့်ရှု ရှေ့နောက်ထောက်ထား၍ (Loving-kindness Sutra or Discourse) ဆိုတဲ့ မေတ္တာသုတ်တော်ကို ဒီနေ့မှာ (သို့မဟုတ်) ၀ါခေါင်လမပြည့်မီလေးမှာ ၁-ရက်၊ ၂-ရက် အလိုမှာ ဟောတော်မူခဲ့တာပဲလို့ တွက်ချက် ယူဆပြီး မေတ္တာအခါတော်နေ့ (Loving-kindness Day) လို့ ဆိုခြင်းဖြစ်ပါတယ်။

မြတ်စွာဘုရား သက်တော်ထင်ရှား ရှိတော်မှုစဉ် မြတ်စွာဘုရား ကောသလတိုင်း သာဝတ္ထိ မြို့ ဇေတ၀န်ကျောင်းမှာ ကိန်းအောင်း စံပျော်တော်မူသော ကာလ၊ တခုသော ၀ါဆိုဦးမှာ သံဃာတော် (၅၀၀) တို့ ဘုရားထံမှာ (Meditation method or how to practice meditation) ဆိုသော ကမ္မဋ္ဌာန်းနည်း တောင်းခံပြီး တောအုပ်တစ်ခုသို့ဝင်၍ ၀ါကပ်ကာ တရားအားထုတ်နေ ကြပါတယ်။ သံဃာတော်တို့၏ (Observing Sila or Moralities) သီလအရှိန်ကို တောအုပ်ထဲ တွင် ရှိနေကြသော နတ်များက လွန်စွာလေးစား ရိုသေကြသောကြောင့် မိမိတို့ နေရာများမှ ဖယ်ရှားပေးကြလို့ ရှောင်နေကြပါတယ်။

ဥပမာ ပြောပြရရင် မိမိအိမ်ကို လေးစားထိုက်သော သူတို့လာလျှင် နေရာဖယ်ပေးရသလို လူသားတို့၏ (Method of Association) တစ်ခု လည်း ဖြစ်ပါတယ်။ သို့သော် အနေကြာ လာသောအခါ အိမ်ရှင်တို့မှာ နေထိုင်ရတာ ကြပ်တည်းသလို ဖြစ်ကြရပါတယ်။

ပြီးတော့ အဲဒီတောထဲမှာ တရားအားထုတ်နေတဲ့ သံဃာတွေကို ကြည်ညိုလေးစား သည့် တောစောင့်နတ်များ၊ တောင်စောင့်နတ်များ၊ ရုက္ခစိုး၊ ဘုမ္မစိုးများတွေ အနေကြပ်ကြတဲ့ အတွက် သူတို့နေရာမှာ တရားအားထုတ်နေကြသည့် သံဃာတော်များကို ခြိမ်းခြောက် ကြ၊ ချောက်လှန့်ကြပါတယ်။ အဲဒါကြောင့် ပုထုဇဉ်နယ်တွင်းမှာသာ ရှိနေသေးတဲ့ သံဃာတော် များ သမာဓိပျက်ပြီး ၀ါဆိုပြီးစ ၀ါတွင်းကာလ မှာပဲ မြတ်စွာဘုရားရှင် သီတင်းသုံးတော် မှုသော ဇေတ၀န်ကျောင်းတော်သို့ ပြန်လာခဲ့ရတယ်။ မြတ်စွာဘုရားက တရားအားထုတ်ကြ သည့် ရဟန်းတွေကို မေးစစ် ကြည့်တော့ တောချောက်လို့ ပြန်လာခဲ့ရတဲ့ အကြောင်း လျှောက် တင်ကြပါတယ်။

အဲဒီအချိန်မှာ မြတ်ဘုရားက ချစ်သား ရဟန်းတို့ သင်ချစ်သားတို့သည် အဲဒီတောထဲက နတ်တွေ ကို မိတ်မဖွဲ့ကြလို့ သူတို့ ချောက်လှန့် တာဖြစ်ပါတယ်။ ချစ်သားရဟန်းတို့ သူတို့နေရာမှာ သူတို့ ကို ကောင်းစွာ မိတ်ဖွဲ့ပြီးမှ နေကြမယ်ဆိုလျှင် ချစ်ခင်မြတ်နိုးနေကြလိမ့်မယ်။ ရဟန်းတို့ မိတ်ဖွဲ့ကြောင်း အကျင့်ကောင်းကို သင်ယူသွားကြ၊ ဒီနေရာ ဒီတောထဲကိုပဲပြန်သွားကြ၊ တော အုပ်ထဲသို့မ၀င်ခင် အဲဒီထဲမှာရှိတဲ့ နတ်တွေကို မိတ်ဖွဲ့ကြ၊ မိတ်ဆွေဖွဲ့ကြောင်း အကျင့်ကောင်း ကတော့ မေတ္တာတရားပဲဟု မိန့်တော်မူကာ မေတ္တာသုတ်ကို ဟောတော်မူ ပါတယ်။ မေတ္တာ သုတ်ကို နာကြားသင်ယူပြီး ထိုရဟန်း(၅၀၀)တို့ ထိုတောအုပ်ထဲကို ပြန်သွားကြရပါတယ်။ တော မ၀င်ခင် မေတ္တာပွားကြတဲ့ အတွက် ယခင် ခြိမ်းခြောက်လွှတ်ခဲ့တဲ့ နတ်များဟာ ယခုတော့ ကျောင်းသား၊ ကပ္ပိယ၊ တပည့်များကဲ့သို့ တရိုတသေ ခရီးဦးကြိုဆို ၍ နေရာပေး ကြ၊ ပြုစုလုပ်ကျွေးကြပါတယ်။ မေတ္တာသုတ်တော်ဖြင့် နတ်များကို မိတ်ဖွဲ့ပြီး နတ်များ အစောင့်အရှောက်ဖြင့် အထက်ပါ ရဟန်း (၅၀၀) တို့ အဲဒီတောထဲမှာပဲ ၀ါဆိုဝါကပ်ပြု၍ တရားအားထုတ်ကြရာ ရဟန်းတော် အားလုံး ၀ါတွင်းမှာပဲ ရဟန္တာဖြစ်ခဲ့ကြပါတယ်။

ရဟန္တာတွေဖြစ်ပြီးနောက်ပိုင်း မကြာခင်တွင် ရဟန်းတော်အားလုံး ဘုရားဖူးဖို့၊ ပြန်လည် အစီရင် ခံဖို့ ဇေတ၀န်သို့ ပြန်ခဲ့ကြပါတယ်။ အထက်ပါ အတ္ထုပ္ပတ္တိအသွားအလာကိုကြည့်လျှင် နတ် များချောက်သဖြင့် ဇေတ၀န် ပြန်ရောက်တာ ၀ါခေါင်လပြည့် ဒုတိယ၀ါဆိုနေ့ပါပဲ။ (Metta or Loving-kindness Discourse) မေတ္တာသုတ်ကို ဝါခေါင်လပြည့်နေ့မှာ နာကြားပြီး ထိုတော သို့ပြန်၍ ၀ါကပ်ခဲ့ရတာ ဖြစ်ပါတယ်။့ ဒါကြောင့် ၀ါခေါင်လပြည့်နေ့ကို မေတ္တာ သုတ်တော်နေ့၊ မေတ္တာအခါတော်နေ့ရယ်လို့ ခေါ်ဆိုခြင်း ဖြစ်ပါတယ်။

ဒီနေရာမှာ (Loving-kindness) မေတ္တာဆိုတာကို (According to Abhidhamma) အဘိဓမ္မာမှာ (Respective Dhamma) တရားကိုယ်အားဖြင့် (Non-Hatred) အဒေါသ စေတသိက်လို့ ဆိုပါတယ်။ (Non-Anger) အမျက်မထွက်ခြင်း၊ (Non-Hatred) စိတ်မဆိုးခြင်း၊ (Non-violence) မဖျက်ဆီးခြင်း၊ (Non-Revulsion) မနှောင့်ယှက်ခြင်း၊ ရန်မပြုခြင်း စသည် (Meaning) အဓိပ္ပာယ်များ ရပါတယ်။

ဒါကြောင့်လည်း (Association or Environment) မှာပဲ ကြည့်ကြည့် မိမိ သူတစ်ပါး အသိုင်းဝိုင်းထဲမှာ (Hatred) ဒေါသတရားက ရန်ညှိုးရန်သူဖွဲ့တဲ့ (Unwholesome Dhamma) မကောင်းတရားဖြစ်လို့ (Non-Hatred) အဒေါသတရားက မိတ်ဆွေဖွဲ့တဲ့တရား၊ ချစ်ခင်သူများပြားအောင် စည်းရုံးတဲ့ (Wholesome Dhamma) အကောင်းတရား ကုသိုလ်တရားတွေ ဖြစ်သည်။ အဲဒီတော့ (Hatred) ဒေါသသည် (Element of Fire) အပူဓာတ်ဖြစ်လို့ (Association or group) အဖွဲ့အစည်းကို ပျက်ပြယ်စေတတ်ပါတယ်။ (Non-Hatred) အဒေါသကတော့ (Element of peace) အအေးဓာတ်ဖြစ်တဲ့အတွက် (Association or group) အဖွဲ့အစည်းကို (Root of Encourage) အားပေးခိုင်မြဲစေပါတယ်။

ထိုသဘောတရားများသည် မှန်ကန်ပါတယ်။ ဒေါသအားကြီးတဲ့ သတ္တ၀ါများမှာ ကြမ်းတမ်းတဲ့ သဘောတွေ လွှမ်းမိုးနေတာကြောင့် (Approaching and Association Method) ချဉ်းကပ်ပေါင်းသင်းဖို့ နည်းလမ်းက အလွန်ခက်ပါတယ်။ အဲဒီလို ဒေါသအားကြီးသော သတ္တဝါများသည် သူတို့မှာ ချစ်ခင်သူမိတ်ဆွေ ရှားပါးနေတတ်ပါတယ်။

ဥပမာ ကျားတွေ၊ ခြင်္သေ့တွေ၊ မြွေပွေး၊ မြွေဟောက်တွေ အနီးအနားသို့ လူတွေ၊ တိရိစ္ဆာန်တွေဟာ ချဉ်းကပ်ဖို့ရန် မ၀ံ့မရဲ ခက်ခဲ နေသလိုပါပဲ။ ဒါကြောင့် လူသားတိုင်း ရှိသင့်တဲ့ (Loving-kindness meditation or Observing Loving-kindness) မေတ္တာဘာဝနာ ဆိုတာဟာ ကျား၊ ခြင်္သေ့၊ မြွေပွေး၊ မြွေဟောက်နဲ့တူတဲ့ ဒေါသစိတ်ကို ခေါင်းပါးအောင်၊ ပယ်နှုတ်နိုင်အောင် လေ့ကျင့်တဲ့ ကျင့်စဉ်ပဲ ဖြစ်ပါတယ်။

တကယ်တော့ (Loving-kindness meditation) မေတ္တာဘာဝနာဖြင့် (Hatred) ဒေါသကို (Reduce) လျော့၍ လျော့၍၊ (burn down) နှိမ်၍ နှိမ်၍၊ (Remove) ပယ်၍ ပယ်၍ လာခဲ့ရာ တဖြည်းဖြည်းချင်း ဒေါသခေါင်းပါးလာသောအခါ အတ္ထကုသလ၊ သက္က၊ ဥဇု စသော ကောင်းမြတ်သည့် (Respective qualification) ဂုဏ်အရည်အချင်းများ (Development) တိုးတက်လာမည် ဖြစ်ပါသည်။ အတ္ထကုသလဆိုတာ (Benefit) အကျိုးစီးပွားရှိသည့် အလုပ်၌ (Skillful)ကျွမ်းကျင်နိုင်နင်းခြင်း ဖြစ်ပါတယ်။ ဒေါသော အတ္ထ န ဇာနာတိ စသည်ဖြင့် ဟောသောဒေသနာများမှာ ဒေါသသည် (Good Result) ကောင်းကျိုး၊ (Bad Result) ဆိုးကျိုးကို မသိ၊ မမြင်ဟု ဟောတော်မူ ပါသည်။

အဲဒါကြောင့် ဒေါသကင်းသောစိတ် = အဒေါသစိတ်ကို ပိုင်ဆိုင်သူသည်သာလျှင် အတ္ထကုသလ = အကျိုးစီးပွား၌ ကျွမ်းကျင်နိုင်နင်းသူ၊ သက္ကော = မိမိ သူတပါး အကျိုးများသည့် လုပ်ငန်း၌ စွမ်းနိုင်သူ စသည် ဖြစ်လာပါလိမ့်မည်။ ဒေါသအမှောင်တွင်း၌ ကျရောက်နေသူသည် မိမိနှင့် လူအများ အကျိုးဖြစ်မည့် လုပ်ငန်းမျိုး၌ ကျွမ်းကျင်မှုနှင့် စွမ်းရည်များမရှိတော့သည့်အပြင် ပျက်စီးခြင်းသို့ပင် ကျရောက်သွားနိုင် ပါသည်။

ဒေါသစိတ်ကို မေတ္တာဖြင့် ပယ်ရှားနိုင်သူသည်-

၁။ မိမိ သူတပါး ကောင်းကျိုးများသည် လုပ်ငန်းများ၌ ကျွမ်းကျင်နိုင်နင်းလာမည်။ (One who can be a skillful in goodness)

၂။ ထိုလုပ်ငန်းမျိုး၌ လုပ်ကိုင်ဆောင်ရွက်နိုင်သော အစွမ်းသတ္တိများ ရှိလာမည်။ (One who can keep on work as skillful power)

၃။ ဒေါသကင်းသည့် ထိုသူသည် ကိုယ်နှုတ်စိတ်သုံးပါး အလွန်ဖြောင့်မတ်လာမည်။ (upright, Straightforward)

၎။ စိတ်ထားနူးညံ့လာသည့်အတွက် ပြောဆိုဆက်ဆံရာမှ အလွန်လွယ်ကူလာမည်။ (gentle in speech)

၅။ အခြေအနေ အရပ်ရပ်မှာ ကျေနပ်နှစ်သိမ့်အောင် နေတတ်သူ ဖြစ်လာမည်။ (Humble and not conceited)

၆။ ဒေါသကင်းသည့် ထိုသူကို ပြုစုလုပ်ကျွေးဖို့ လွယ်ကူချောမွတ်နေမည်။ (Contented and easily satisfied)

၇။ အရာရာကို ကျေနပ်အောင် နှလုံးသွင်းတတ်သည့်အတွက် အမှုကိစ္စ မများတော့ပေ။ (Unburdened with duties and frugal in their ways)

၈။ အပိုကိစ္စ၊ အပိုအလုပ်တွေ နည်းသွားပြီး ကိုယ်နှုတ်စိတ်များ ပေါ့ပါး သွက်လက်လာမည်။ (Unburdened with duties and softness of mind and matter)

၉။ တည်ငြိမ်သော စိတ်ထား၊ ရင့်ကျက်သော အသိဉာဏ်၊ ယဉ်ကျေးသိမ်မွေ့ ချိုသာသော စကားရှိသည့် ဂုဏ်သရေရှိ လူကြီးလူကောင်း (Gentleman) တယောက် ဖြစ်လာလိမ့်မည်။ (Peaceful and calm and wise and skillful)


၁၀။ ဒေါသကင်းသည့် မေတ္တာရှင်သည် မိမိပတ်ဝန်းကျင် လောကနှင့်လူသားတို့ အပေါ်မှာ ဒေါသဖြင့် ရန်ညှိုးဖွဲ့၍လည်း ညိကပ်၍မနေဘဲ ထိုဒေါသဖြင့်ပင် အမျက်ထွက်၍မောင်းနှင် မထုတ်ဘဲ တွယ်တာခြင်း (Attachment) နှင့် တွန်းထုတ်ခြင်း (Detachment) တို့မှ လွတ်မြောက်၍ တနည်းအားဖြင့် (Fire of Craving) ရာဂဖြင့် ညိကပ်ခြင်း၊ (Fire of Hatred) ဒေါသဖြင့် စက်ဆုတ်ခြင်းတို့မှ လွတ်မြောက်၍ ပတ်ဝန်းကျင်နှင့် လူသားတို့အပေါ်မှာ ချစ်သူ၊ မုန်းသူ၊ ဝေးသူ နီးသူ၊ ယုတ်သူ မြတ်သူ စသည် မခွဲခြား တသားတညီတည်း သဘောထား၍ အပိုင်းအခြားမရှိ၊ ခွဲခြားမှုမရှိ အစွန်းနှစ်ဘက်မှ လွတ်မြောက်လာမည် ဖြစ်သည်။ ထို့ကြောင့် မေတ္တာကို စေတောဝိမုတ္တိဟူ၍ လည်းကောင်း၊ အပရိမာဏ ဟူ၍ လည်းကောင်း ဟောတော်မူပါသည်။


မြတ်ဗုဒ္ဓ ကိုယ်တော်တိုင် ပေးသော မေတ္တာတရားတော်သည် (According to Pali) ပါဠိတော်ကို ပြန်ထောက်ကြည့်ပြန်သောအခါ (Loving-kindness) မေတ္တာ၏ (Meanings) အနက်အဓိပ္ပာယ်များသည် (Measureless) အတိုင်းတာ ပမာဏမရှိအောင် များပြားလှသဖြင့် အနည်းငယ် (Pali and Commentaries) ပါဠိတော် အဋ္ဌာကထာတို့ကို ထုတ်နုတ်၍ တင်ပြခြင်းပါတယ်။ အချို့သော နေရာတွင် (မဇ္ဇတိ သိနေသတီတိ မေတ္တာ) လို့ အဘိဓာန်ဋီကာ စာမျက်နှာ (၁၆၁) မှာ လာရှိသည်အတိုင်း ဖော်ပြရလျှင် မေတ္တာ၏ အဓိပ္ပာယ်များသည် (ချစ်တတ်သော သဘောတရား၊ ချစ်တတ်-အကျိုးစီးပွါးကို အလိုရှိတတ်-သော ခန္ဓပဗန္ဓ၌ ဖြစ်တတ်သော သဘောတရား၊ ချစ်အပ်သော ပိယပုဂ္ဂိုလ်ဟူသော အာရုံ၌ ဖြစ် တတ်သော သဘောတရား၊ ထိုသဘောတရားများကို မေတ္တာ) ဟု ခေါ်ပါတယ်။

ထို့အပြင် (ဧတာသု ဟိ မေတ္တာကရုဏာမုဒိတာဥပေက္ခာသု အတ္ထတော တာဝ မေဇ္ဇတီတိ မေတ္တာ, သိနိယှတီတိ အတ္ထော။ မိတ္တေ ဝါ ဘဝါ, မိတ္တဿ ဝါ ဧသာ ပဝတ္တတီပိ မေတ္တာ။ ပရဒုက္ခေ သတိ သာဓူနံ ဟဒယကမ္ပနံ ကရောတီတိ ကရုဏာ။ ကိဏာတိ ဝါ ပရဒုက္ခံ ဟိံသတိ ဝိနာသေတီတိ ကရုဏာ။ ကိရီယတိ ဝါ ဒုက္ခိတေသု ဖရဏဝသေန ပသာရိယတီတိ ကရုဏာ။ မောဒန္တိ တာယ တံသမင်္ဂိနော, သယံ ဝါ မောဒတိ, မောဒနမတ္တမေဝ ဝါ တန္တိ မုဒိတာ။ ‘အဝေရာ ဟောန္တူ’တိအာဒိဗျာပါရပ္ပဟာနေန မဇ္ဈတ္တဘာဝူပဂမနေန စ ဥပေက္ခတီတိ ဥပေက္ခာ။) (အဘိ၊ ဋ္ဌ၊ ၁၊၂၃၇) မှာလည်း မေတ္တာ၏ အဓိပ္ပာယ်များကို ဖွင့်ဆိုထားပါသည်။


ရှေးဆရာတော်ကြီးများကလည်း အောက်ပြကဗျာလေးကို ရေးသွားတာလည်း တွေ့ရှိနိုင်ပါတယ်။

တနေ့သုံးခါ အိုးတစ်ရာဖြင့်
ချက်ခါထမင်း ကျွေးမွေးခြင်းထက်
မယွင်းစင်စစ် နို့တစ်ညှစ်စာ
ကြိမ်သုံးခါပွား မေတ္တာပွားများ
အကျိုးများသည် ဘုရားမြတ်စွာ မိန့်ခွန်းတည်း.....။

မေတ္တာသုတ္တန်လာ အောက်ပြအတိုင်း ပါဠိတော်နှင့် အနက်အဓိပ္ပာယ်များ

( ၁ ) ဟေ ၊ အိုသူတော်ကောင်းတို့ ။ ယဿပရိတ္တဿ ၊ အကြင်မေတ္တာသုတ်ပရိတ်တော်၏။ အနုဘာဝတော၊ အစွမ်းရှိန်စော်အာနုဘော်ကြောင့်။ ယက္ခာ၊ နတ်ဘီလူးအများတို့သည်။ ဘီသနံ၊ ကြောက်မက်ဖွယ် အာရုံမျိုးကို။
နေ၀ ဒဿန္တိ၊ မပြနိုင်ကြကုန်။ ယမှိစေ၀၊ အကြင်မေတ္တာသုတ် ပရိတ်တော်၌ သာလျှင်။ ရတ္တိန္ဒိဝံ၊ နေ့ည မပျက် အခါခပ်သိမ်း။ အတန္ဒိတော၊ ပျင်းရိခြင်းမရှိဘဲ။ အနုယုဉ္ဇန္တော၊ ထပ်တလဲလဲ စွဲမြဲရွတ်ပွား အားထုတ်သူသည်။

( ၂ ) သုခံ၊ ချမ်းချမ်းသာသာ။ သုပတိ၊ အိပ်စက်ရ၏။ သုတ္တော၊ အိပ်ပျော်သည်ရှိသော်။ ကိဉ္စိ၊ တစ်စုံ တစ်ခုသော။ ပါပံ စ၊ အိပ်မက်ဆိုးကိုလည်း။ နပဿတိ၊ မမြင်မက်ရ။ ဧ၀ါမာဒိဂုဏူပေတံ၊ ဤသို့အစ ရှိသော
အကျိုးဂုဏ်အင် အာနိသင်နှင့်ပြည့်စုံသော။ တံပရိတ္တံ၊ ထိုမေတ္တာသုတ် ပရိတ်တော်ကို။ မယံ၊ ငါတို့သည်။ ဘဏာမ ၊ ရွတ်ကြကုန်စို့။

( ၃ ) သန္တံ၊ ငြိမ်သက်အေးချမ်းသော။ ပဒံ၊ နိဗ္ဗာန်ကို။ အဘိသမေစ္စ၊ အာရုံယူဘိ ထွင်းဖောက် မြင်သိ၍။ (၀ိဟရိတုကာမေန၊ နေခြင်းငှာ အလိုရှိသော) အတ္ထကုသလေန၊ အကျင့်အမျိုမျိုးအကျိုးစီးပွား၌ လိမ္မာသူသည်။ ယံ ကရဏီယံ၊ ပြုကျင့်ရမည့်သိက္ခာ သုံးရပ် အကျင့်မြတ်သည်။ အတ္ထိ၊ ရှိ၏။ တံ၊ ထိုသိက္ခာသုံးရပ်အကျင့် မြတ်ကို။ ကရဏီယံ၊ ပြုကျင့်ထိုက်ပေ၏။ သက္ကော စ၊ စွမ်းနိုင်သူလည်း။ အဿ၊ ဖြစ်ရာ၏။ ဥဇူ စ၊ ဖြောင့်မတ်သူလည်း။ အဿ၊ ဖြစ်ရာ၏။ သုဟုဇူ စ၊ အလွန်ဖြောင့်မတ်သူလည်း။ အဿ၊ ဖြစ်ရာ၏။ သုဝစော စ၊ ဆိုဆုံးမလွယ်သူလည်း။ အဿ၊ ဖြစ်ရာ၏။ မုဒု စ၊ နုညံ့ပျော့ပျောင်းသူလည်း။ အဿ၊ ဖြစ်ရာ၏။ အနတိမာနိ စ၊ မာန်ထောင်လွှားခြင်းမရှိသူလည်း။ အဿ၊ ဖြစ်ရာ၏။

( ၄ ) သန္တုဿကော စ၊ တင်းတိမ်ရောင့်ရဲလွယ်သူလည်း။ အဿ၊ ဖြစ်ရာ၏။ သုဘရော စ၊ အမွေးအမြူလွယ် သူလည်း။ အဿ၊ ဖြစ်ရာ၏။ အပ္ပကိစ္စော စ၊ နည်းပါးသောကိစ္စရှိသူလည်း။ အဿ၊ ဖြစ်ရာ၏။ သလ္လဟုက၀ုတ္တိ စ၊ ပေါ့ပါးသော အဖြစ်မျိုးရှိသူလည်း။ အဿ၊ ဖြစ်ရာ၏။ သန္တိန္ဒြိယော စ ၊ ငြိမ်သက်သော ဣနြေ္ဒ ရှိသူလည်း ။ အဿ ၊ ဖြစ်ရာ၏ ။ နိပကော စ ၊ ရင့်ကျက်သော ပညာရှိသူလည်း ။ အဿ၊ဖြစ်ရာ၏။
အပ္ပဂဗ္ဘော စ ၊ ကြမ်းတမ်းရိုင်းပြခြင်း မရှိသူလည်း ။ အဿ ၊ ဖြစ်ရာ၏ ။ ကုလေသု ၊ အိမ်သူ လူတို့၌ ။ အနနုဂိဒ္ဓေါ စ ၊ တွယ်တာမက်မောခြင်း မရှိသူလည်း။ အဿ၊ ဖြစ်ရာ၏။

( ၅ ) ယေန ၊ အကြင်ဒုစရိုက်စု ယုတ်ညံ့သောအမှုကြောင့် ။ ၀ိညူ ၊ ပညာရှိဖြစ်ကုန်သော ။ ပရေ ၊ သူတစ်ပါးတို့သည် ။ ဥပ၀ဒေယျုံ ၊ ကဲ့ရဲ့ပြစ်တင်ကုန်ရာ၏ ။ ခုဒ္ဒံ ၊ ယုတ်ညံ့သော ။ တံ ၊ ထိုဒုစရိုက်မျိုးကို ။ ကိဉ္စိ ၊ အနည်းငယ်ကလေး အသေးအဖွဲမျှကိုပင် ။ န အာစရေ ၊ မပြုကျင့်ရာ ။ သဗ္ဗသတ္တာ ၊ သတ္တ၀ါ မှန်သမျှတို့သည် ။ သုခိနော ၀ါ ၊ ကိုယ်၏ချမ်းသာခြင်းရှိကုန်သည်လည်းကောင်း ။ ခေမိနော ၀ါ ၊ ဘေးရန်ကင်းဝေး အေးချမ်းသာယာခြင်း ရှိကုန်သည်လည်းကောင်း ။ ဟောန္တု ၊ ဖြစ်ကြပါစေကုန်သတည်း။

( ၆/၇ ) အန၀သေသာ ၊ ကြွင်းမဲ့ဥဿုံ အလုံးစုန်ကုန်သော ၊ ယေ တသာ ၀ါ ၊ အကြင် ထိတ်လန့် တတ်သော ပုထုဇဉ် သေက္ခသည် လည်းကောင်း ။ ယေ ထာဝရာ ၀ါ ၊ အကြင်မထိတ်မလန့် တည်တန့်ခိုင်မြဲသော ရဟန္တာ တို့သည်လည်းကောင်း ။ ယေ ဒီဃာ ၀ါ ၊ အကြင် ခန္ဓာကိုယ်ရှည်လျှား သတ္တ၀ါ တို့သည်လည်းကောင်း ။ ယေ မဟန္တာ ၀ါ ၊ အကြင်ခန္ဓာကိုယ် ကြီးမားသတ္တ၀ါ များသည်လည်းကောင်း ။ ယေ မဇ္ဈိမ ၀ါ ၊ အကြင်မတိုမရှည် မကြီးမငယ် အရွယ်အလတ်စား သတ္တ၀ါတို့သည်လည်းကောင်း ။ ယေ ရဿကာ ၀ါ ၊ အကြင်ပုကွနိမ့်တို ခန္ဓာကိုယ် ရှိသော သတ္တ၀ါတို့သည်လည်းကောင်း ။ ယေ အဏုမာ ၀ါ ၊ အကြင်သေးငယ်မှုန်မွား သတ္တ၀ါများ တို့သည်လည်းကောင်း ။ ယေ ထူလာ ၀ါ ၊ အကြင်ဝိုင်းစက်ဆူဖြိုး သတ္တ၀ါမျိုးတို့သည်လည်းကောင်း ။ ယေ ဒိဋ္ဌာ ၀ါ ၊ အကြင်မြင်ဘူးသော သတ္တ၀ါတို့သည်လည်းကောင်း ။ ယေ အဒိဋ္ဌာ ၀ါ ၊ အကြင်မမြင်ဘူးသော သတ္တ၀ါ တို့သည်လည်းကောင်း ။ ယေ ဒူရေ ၀သန္တိ ၊ အကြင်အဝေးအရပ်၌ နေကြကုန်သော သတ္တ၀ါ တို့သည် လည်းကောင်း ။ ယေ အ၀ိဒူရေ ၀သန္တိ ၊ အကြင်အနီးအရပ်၌ နေကြသောသတ္တ၀ါ တို့သည်လည်းကောင်း ။ ယေ ဘူတာ ၀ါ ၊ အကြင်နောင်မဖြစ်ရ ဖြစ်ပြီးသားဖြစ်ကြသော ရဟန္တာတို့သည်လည်းကောင်း ။ ယေ သမ္ဘဝေသီ ၀ါ ၊ နောင်ဖြစ်ရမည့်ဘ၀ကိုရှာ အကြင်ပုထုဇဉ် သက္ခ သတ္တ၀ါတို့သည်လည်းကောင်း ။ ယေ ကေစိ ၊ အလုံးစုန်ကုန်သော ။ ပါဏဘူတာ ၊ သတ္တ၀ါတို့သည် ။ အတ္ထိ ၊ ရှိကုန်၏ ။ ဣမေပိသဗ္ဗသတ္တာ ၊ ဤအလုံးစုံကုန်သော သတ္တ၀ါတို့သည်လည်းကောင်း ။ သုခိတတ္တာ ၊ ချမ်းသာအေးမြ ကိုယ်စိတ်နှစ်ပါး ရှိကြကုန်သည်။ ဘ၀န္တု၊ ဖြစ်ကြပါစေကုန်သတည်း။

( ၈ ) ပရော ၊ တစ်ပါးသူတစ်ယောက်သည် ။ ပရံ ၊ သူတစ်ပါးအခြားသူတစ်ယောက်ကို ။ နနိကုဗ္ဗေထ ၊ စဉ်းလဲသမှု လှည့်ပါတ်ခြင်း မပြုပါစေလင့် ။ ကတ္ထစိ ၊ တစ်စုံတစ်ခုသောအရပ်၌ (ဘယ်အရပ်မှာမဆို ) ကိဉ္စိ ၊ တစ်စုံတစ်ယောက်သော ။ နံ ၊ ထိုသူတစ်ပါးကို ။ နာတိမညေထ ၊ မာန်ထောင်သမှု မထီမဲ့မြင် မပြုပါစေလင့် ။ ဗျာရောသနာယ ၊ ကိုယ်နှုတ်တို့ဖြင့် စော်ကားထိပါးနှိပ်စက်ခြင်းဖြင့် လည်းကောင်း ။ ပဋိဃသညာယ ၊ ဒေါသစိတ်ဖြင့်လည်းကောင်း ။ အညမညဿ ၊ အချင်းချင်း (တစ်ယောက်သည် တစ်ယောက်) ၏ ။ ဒုက္ခံ ၊ ဆင်းရဲခြင်းကို။ နဣစ္ဆေယျ ၊ အလိုမရှိပါစေလင့်။

( ၉ ) မာတာ ၊ မွေးသည့်မိခင်ကျေးဇူးရှင်သည် ။ နိယံပုတ္တံ ၊ မိမိရင်နှစ်သားရင်းဖြစ်သော ။ ဧကပုတ္တံ ၊ တစ်ဦးတည်းသောသားကို ။ အာယုသာ ၊ မိမိအသက်ဖြင့်သော်ပင် ။ အနုရက္ခေ ယထာ ၊ အစဉ်မကွာကွယ်ကာ စောင့်ရှောက်သကဲ့သို့ ။ ဧ၀မ္ပိ ၊ ဤအတူလည်း ။ သဗ္ဗဘူတေသု ၊ အလုံးစုံသောသတ္တ၀ါတို့၌ ။ အပရိမာဏံ ၊ အတိုင်းအတာပမာဏမရှိသော ။ မာနသံ ၊ မေတ္တာစိတ်ကို ပွားများပါလေ။

( ၁၀ ) ဥဒ္ဓံ ၊ အထက်လောက အရူပဘ၀၌လည်းကောင်း ။ အဓော ၊ အောက်ပြည်လောက ကာမဘ၀၌လည်းကောင်း ။ တိရိယံ ၊ အလယ်လောက ရူပဘ၀၌လည်းကောင်း ။ သဗ္ဗလောကသ္မိံ၊ အလုံးစုံသောလောက၌ ။ အပရိမာဏံ ၊ အတိုင်းအတာ ပမာဏမရှိသော ။ မေတ္တံ ၊ မေတ္တာနှင့်ရှင်သော ။ မာနသံ ၊ စိတ်ကို ။ အဝေယံ ၊ ဒေါသဟူဘိအတွင်းရန်လည်းမရှိသည်ကို ။ အသပတ္တံ ၊ နှိပ်စက်ရန်မူ အပရန်သူလည်း မရှိသည်ကို ။ (ကတွာ ၊ ပြု ၍ ) ဘာဝယေ ၊ ပွားများရာ၏။

(၁၁ ) တိဋ္ဌံ ၀ါ ၊ ရပ်လျှက်သော်လည်းကောင်း ။ စရံ ၀ါ ၊ သွားလျှက်သော်လည်းကောင်း ။ နိသိန္နော ၀ါ ၊ ထိုင်လျှက်သော်လည်းကောင်း ။ သယာနော ၀ါ ၊ အိပ်လျှက်သော်လည်းကောင်း ။ ယာဝတာ ၊ အကြင်မျှလောက် ။ ၀ိတမိဒ္ဓေါ ၊ ကင်းသောအိပ်ချင်ငိုက်မည်းခြင်းရှိသည် ။ အဿ ၊ ဖြစ်ရာ၏ ။ အထ ၊ ငိုက်မျဉ်းခြင်းကင်း ထိုအချိန်အတွင်း၌ ။ ဧတံ သတိံ ၊ ထိုမေတ္တာယှဉ်ဘိ ဈာန်သတိကို ။ အဓိဋ္ဌေယျ ၊ စွဲမြဲမကွာ ဆောက်တည်ရာ၏။
ဣဓ ၊ ဤဘုရားသာသနာတော်၌ ။ ဧတံ ၊ မေတ္တာမကင်း ဈာန်ဖြင့်နေခြင်းကို ။ ဗြဟ္မံ ၊ ထူးမြတ်သော။ ၀ိဟာရံ ၊ နေခြင်းမျိုးဟူ၍ ။ အာဟု ၊ မြတ်ဘုရားတို့ဟောကြားတော်မှုကုန်ပြီ။

( ၁၂ ) သော ၊ ထိုမေတ္တာဈာန်ရပြီးသော ယောဂီပုဂ္ဂိုလ်သည် ။ ဒိဋ္ဌိဉ္စ ၊ အတ္တဒိဋ္ဌိသို့လည်း ။ အနုပဂ္ဂမ္မ ၊ မစွဲမကပ်ရောက်မူ၍ ။ သီလ၀ါ ၊ လောကုတ္တရာသီလရှိသူသည် ။ ဒဿနေန ၊ သောတာပတ္တိမဂ်ဥာဏ် နှင့် ။ သမ္မန္နော ၊ ပြည့်စုံသူသည် ။ (သမာနော ၊ ဖြစ်လျှက် ) ကာမေသု ၊ ၀တ္ထုအာရုံကာမဂုဏ်တို့၌ ။ ဂေဓံ ၊ ကိလေသာဖြင့် တွယ်တာမက်မောခြင်းကို ။ ၀ိနေယျ ၊ တစ်စမကြွင်း အရှင်းပါယ်ရှားပြီးသော် ။ ဇာတု ၊ စစ်စစ်ဧကန်အမှန်ပင် ။ ပုန ၊ နောက်ထပ်တစ်ဖန် ။ ဂဗ္ဘသေယျံ ၊ ပဋိသန္ဓေနေခြင်းသို့ ။ နဧတိ၊ မရောက်ရတော့ပေ။

အထက်ပါ မေတ္တာသုတ် ပါဠိတော်နှင့် အနက်အဓိပ္ပာယ်များကို ကြည့်ရှု၍ မေတ္တာသုတ်တော်၌ (Observing wholesome deed) အကောင်းတွေချည်း ဖြစ်ပါစေဟူ၍ ပို့သောနည်း၊ (Preserving Unwholesome deed) မကောင်းတာတွေ မဖြစ်ပါစေနှင့်ဟူ၍ ပို့သော (Method and Characteristics) နည်းအားဖြင့် (၂) နည်းဖြင့် ကျင့်သုံးနိုင်ပါသည်။

ပထမနည်း၌ (One who was seeing a visible being in the past) မြင်ဘူးသော သတ္တ၀ါ၊ (One who was seeing invisible being in the past) မမြင်ဘူးသော သတ္တ၀ါ၊ (One who can see a visible being) မြင်နိုင်သော သတ္တ၀ါ၊ One who can see an invisible being) မမြင်နိုင်သော သတ္တ၀ါ၊ One who has defilement) ကိလေသာရှိသော သတ္တ၀ါ၊ (One who has not defilement) ကိလေသာကင်းသော သတ္တ၀ါ၊ (One who is born a being) ပဋိသန္ဓေနေဆဲ သတ္တ၀ါ၊ ဖွားမြင်ပေါက်မြောက်ပြီးသော သတ္တ၀ါ၊ (One who is in the cycle of Samsara or rebith as a being) ဘ၀သံသရာ ကျင်လည်နေဆဲ သတ္တ၀ါ၊ (One who was done in the cycle of rebirth as a being) ဘ၀သံသရာခရီး ပြီးဆုံးပြီးသော သတ္တ၀ါ ဟူ၍ ရှိကြပါတယ်။

ကောင်းသော သတ္တ၀ါအားလုံးတို့အတွက်

၁။ ကိုယ်ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေ။ May all being be bodily-wealthy.
၂။ စိတ်ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေ။ May all being be mentally-wealthy.
၃။ ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ။ အဲဒီလိုပို့နိုင်ပါတယ်။ May all being be free from all danger peacefully.

ထို့ပြင် ကိုယ်ခန္ဓာ ရှည်သောသတ္တ၀ါ၊ တိုသောသတ္တ၀ါ၊ မတိုမရှည် အလတ်စားသတ္တ၀ါ၊ ကိုယ်ခန္ဓာ ကြီးသောသတ္တ၀ါ၊ ငယ်သော မကြီး မငယ် အလတ်စား သတ္တ၀ါ၊ ကိုယ်ခန္ဓာဝသော ပိန်သော မပိန်မ၀ အလတ်စားသတ္တ၀ါ အားလုံးတို့သည်-

၁။ ကိုယ်ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေ။ May all being be bodily-wealthy.
၂။ စိတ်ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေ။ May all being be mentally-wealthy.
၃။ ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ။ အဲဒီလိုလဲ ပွားများနိုင်ပါတယ်။ May all being be free from all danger peacefully.

မကောင်းတာတွေ မဖြစ်စေဖို့ဆိုတဲ့ ဒုတိယနည်းမှာ-

ဘုံသုံးဆယ်တစ် ဖြစ်ဖြစ်သမျှ သတ္တ၀ါအားလုံးတို့သည်-

၁။ အမျက်ထွက်ခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။
၂။ လှည့်ပတ်လိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။
၃။ အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။
၎။ နှောက်ယှက်လိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။
၅။ နှိပ်စက်လိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။
၆။ ဆင်းရဲလိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။
၇။ ကိုယ်စိတ်နှစ်ဖြာ ဘေးရန်ကွာ ချမ်းသာကြပါစေ။
ဟု နည်းနှစ်ပါးစုံကို ခြုံငုံ၍ ပွားများလေ့ကျင့်နိုင်ပါသည်။
မေတ္တာ၏ အဒေါသလက္ခဏာ ပိုမို၍ ထင်ရှားပေါ်လွင်စေရန် ဤသို့လည်း ဆင်ခြင်အပ်ပါသည်။

မိမိကိုယ်တိုင် ရင်၌ လွယ်၍ မွေးဖွားလာခဲ့ရသော တဦးတည်းသော သားရှိသည့် မိခင်သည် ထိုသားငယ်ရင်ခွင်၌နေစဉ် ကျင်ကြီးကျင်ငယ်ကို စွန့်၍ ခြေလက်တို့ဖြင့် တွန်းထိုး ကန်ကျောက်စေကာမူ အမျက်ထွက်ခြင်း၊ စိတ်ဆိုးခြင်း အလျဉ်းမရှိဘဲ ထိုတစ်ယောက်တည်းသော သားရင်း ကို မိမိ၏ အသက်ကိုပင် စွန့်လွှတ်၍ ကာကွယ်စောင့်ရှောက်ပြုစုသလို´ သတ္တ၀ါအားလုံး၏ အပေါ်မှာ အမျက်ထွက်ခြင်း အလျဉ်းမရှိ၊ မကောင်းဖြစ်စေလိုခြင်း လုံးလုံးကင်း၍ ကောင်းကျိုးချမ်းသာချည်းသာ ဖြစ်စေချင်သော မိခင်စိတ်မျိုး ထားရမည်ဟု ဟောတော်မူပါသည်။
ထိုတရားမျိုးသည် မိခင်တိုင်း၏ အပရိမာဏ မေတ္တာမျိုးဖြစ်သည့်အတွက် အတိုင်းတာ ပမာဏမရှိသော အခြားသတ္တဝါတို့အပေါ်တွင် ထားရှိရမည်ဟု ဟောကြားခဲ့ခြင်းဖြစ်သည်။


အနန္တစကြာဝဠာ၊ အနန္တ သတ္တ၀ါတို့အပေါ်မှာ ဒေါသဟူသည့် အတွင်းရန်ကင်းသဖြင့် အပိုင်းအခြား အကန့်အသတ်မရှိ ကျယ်ပြန့် မွန်မြတ်သည့်စိတ်ကို တိုးပွားအောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ နိဂုံးမှာ အပိုင်းအခြားမရှိသည့် သတ္တ၀ါအားလုံးတို့၏ ကောင်းကျိုး ချမ်းသာ ဖြစ်စေချင်သောစိတ် မကောင်းတာနှင့် ဆင်းရဲမှန်သမျှ မဖြစ်စေချင်သော ကျယ်ပြန့်သော မွန်မြတ်သော ဟိတကာမစိတ်ကို နေ့နေ့ ညည မရပ်မနား သွားသွားရပ်ရပ် ထိုင်ထိုင်အိပ်အိပ် မတိတ်ဆိတ်ဘဲ အဆက်မပြတ် ပွားများ၍သာ နေကြရာ၏။ ဤသို့လျှင် မေတ္တာအသိ အမြဲရှိသူတို့၏ နေခြင်းကို ဗြဟ္မ၀ိဟာရ (Noble Abiding) = မြတ်သောနေခြင်းဟု ခေါ်ပါသည်။

သူတော်ကောင်းအပေါင်းတို့ ကိုယ်ကျိုး သူကျိုး ဤနှစ်မျိုးကို သည်ပိုးဆောင်ရွက် လိုသူတိုင်း ဤမေတ္တာဘာဝနာကို ပွားများကြရပါ သည်။ မေတ္တာပြည့်စုံလျှင် ခန္တီပါ ပြီးပြည့်စုံသောကြောင့် စေတောဝိမုတ္တိဟူသော အကျိုးကို ပွားများကြရပါသည်။ မေတ္တာပြည့်စုံလျှင် ခန္တီပါ ပြီးပြည့်စုံသောကြောင့် အပရိမာဏမေတ္တာနှင့် စေတောဝိမုတ္တိဟူသော အကျိုးကို ဤဘ၀မှာပင် ရရှိနိုင်ကြမည် ဖြစ်ပါသည်။



တက္ကသိုလ်မြတ်မင်း

Sunday, July 15, 2012

ကမ္ဘာ့ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပသော ကဆုန်လပြည့် ဗုဒ္ဓနေ့ vesak day



သီတဂူဆရာတော် ဒေါက်တာ အရှင်ဥာဏိဿရ တင်သွင်းဖတ်ကြားခဲ့သော စာတမ်း

၂၀၁၁ မေလ ၁၆-ရက်နေ့ (၃) နာရီ အမေရိကန်ပြည်ထောင်စု နယူယောက်မြို့ ကမ္ဘာ့ကုလသမဂ္ဂဌာနချုပ် အထွေထွေ ညီလာခံ ခန်းမဆောင်ကြီး ၌ သီတဂူဆရာတော် ဒေါက်တာ အရှင်ဥာဏိဿရ တင်သွင်းဖတ်ကြားခဲ့သော စာတမ်း။

အလွန်အရိုသေပြုအပ်ပါသော ရဟန်းသံဃာတော်များ၊
ဂုဏ်သရေရှိ သံတမန်များအဖွဲ့ဝင်များ၊

ချစ်ခင်လေးစားရပါသော ပရိသတ်အားလုံးကို လှိုက်လှဲစွာ နှုတ်ခွန်းဆက်ပါတယ်။

          ဒီနေ့ဟာ ၀ိသာခပုဏ္ဏမာရယ်လို့ ဗုဒ္ဓဘာသာလောကမှာ လူသိများထင်ရှားတဲ့ မေလရဲ့ လပြည့်နေမှာ မြတ်ဗုဒ္ဓဖွားမြင်တော်မူခြင်း၊ သစ္စာတရားကို ဖော်ထုတ်သိမြင်၍ ဗုဒ္ဓအဖြစ်သို့ရောက်ရှိခြင်းနှင့် ဘ၀နှင့်ခန္ဓာ အကြွင်းမဲ့ချုပ်ငြိမ်းခြင်း (ပရိနိဗ္ဗာန်စံခြင်း) ဟူသော ထူးမြတ်သည့် ဖြစ်ရပ်ကြီးများ ဒီတနေ့တည်းမှာပဲ ကျရောက်ခဲ့တာဖြစ်လို့ ဗုဒ္ဓဘာသာလောကတစ်ခုလုံးမှာ အလွန်ထူးမြတ်သော နေ့ထူးတစ်ခု ဖြစ်ပါတယ်။

          ယခုလို လူနတ်လောကကြီးတစ်ခုလုံး၏ ကြီးမြတ်သောဆရာ မြတ်ဗုဒ္ဓ၏ ဂုဏ်ကျေးဇူးများကို အောင့်မေ့တသ ပူဇော်သောအားဖြင့် နယူးယောက်မြို့တော် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ချုပ်ရဲ့ အထွေထွေ ညီလာခံ ခန်းမဆောင်ကြီးမှာ ကုလသမဂ္ဂအဖွဲ့ကြီးက ကြီးမှူးကျင်းပတဲ့ နှစ် (၂၆၀၀)ပြည့် ဗုဒ္ဓနေ့ အခမ်းအနားနှင့် ဘာသာပေါင်းစုံနှီးနှောဖလှယ်ပွဲကြီးမှာ တက်ရောက်ပါဝင် စကားပြောခွင့်ရတဲ့အတွက် အလွန်နှစ်သက် ကျေနပ်ရုံမျှမက တကယ့်ကိုပဲ ဂုဏ်ယူဝမ်းမြောက်မိပါတယ်။
ဤကဲ့သို့ ဘုရားဖြစ်သည့် နှစ် (၂၆၀၀) ပြည့်မြောက်သည့်အခါတော်ဝယ် ကမ္ဘာ့ကုလသမဂ္ဂဌာနချုပ် အထွေထွေ ညီလာခံ ခန်းမဆောင်ကြီးမှ နေ၍ ကျွန်ုပ်၏ဖြူစင်သောနှလုံးသားမှ ကောင်းမြတ်သောဆု ဆန္ဒမွန်များ အေးချမ်းသောမေတ္တာတော်များ၊ ငြိမ်းချမ်းသော ကရုဏာဓာတ်များကို ကမ္ဘာတစ်ဝှမ်းလုံးရှိ သတ္တ၀ါအားလုံးထံ ပို့လွတ်ပါတယ်။ သတ္တ၀ါလောကတစ်ခုလုံး စစ်ဘေးနှင့် ဆင်းရဲဒုက္ခအပေါင်းမှ လွတ်မြောက်ကြပါစေ။ ညီညွတ်ခြင်း၊ တရားမျှတခြင်း၊ တန်းတူညီမျှခြင်းနှင့် ငြိမ်းချမ်းခြင်းတို့ အမြန်ဆုံး ရရှိနိုင်ကြပါစေ။

မြတ်ဗုဒ္ဓသည် ဗုဒ္ဓအဖြစ်သို့ ရောက်ပြီးသည့်နောက် ဗုဒ္ဓအဖြစ်ဖြင့် (၄၅) နှစ် နေခဲ့ပါတယ်။ (၄၅) နှစ် အတွင်းမှာ ဟောပြောဆုံးမသွားတဲ့ စကားရပ်အားလုံးဟာ ‘‘ဓမ္မ’’ ဆိုတဲ့ လှပတဲ့စကားလုံးထဲမှာ ပါဝင်ပါတယ်။ ဗုဒ္ဓရဲ့ဓမ္မဟာ religious system မျိုး မဟုတ်ပါဘူး။ တကယ်တော့ ဓမ္မဆိုတာဟာ သင်ဘို့၊ ကျင့်ဘို့၊ လေ့ကျင့်ဘို့၊ သိနားလည်ဘို့ ဖြစ်ပါတယ်။ ဘ၀ရဲ့စာမျက်နှာသစ်တစ်ခုလုံးကို ဖွင့်လှစ်ဘို့ စိတ်အား သန်ကြတဲ့ လူတွေဟာ ဓမ္မကို သင်ကြ ကျင့်ကြပါတယ်။ လောကရဲ့ ပြဿနာတွေကို ဖြေရှင်းတဲ့ နေရာမှာ ဓမ္မဟာ တန်ခိုးစွမ်းအားကြီးမားသည့် နည်းစနစ်တစ်ခု ဖြစ်ပါတယ်။ ယနေ့ ကမ္ဘာမှာ ကမ္ဘာ့နိုင်ငံရေးခေါင်းဆောင်ပေါင်း မြောက်များစွာတို့ဟာ လူသားတွေရဲ့ ဘ၀ပြဿနာတွေကို ဖြေရှင်းဘို့ မြောက်များစွာသော အသင်းအဖွဲ့တွေကို ဖွဲ့စည်းကြပါတယ်။ ဒီကုလသမဂ္ဂအသင်းကြီးဟာ စံနမူနာယူလောက်တဲ့ တစ်ခုတည်းသော အသင်းကြီးဖြစ်ပါတယ်။

 သို့-- ညီညွတ်ခြင်းထဲမှ ကွဲပြားခြင်း၊ ကွဲပြားခြင်းထဲမှ ညီညွတ်ခြင်း၊ ချစ်ခြင်းထဲမှ မုန်းခြင်း၊ မုန်းတီးခြင်းထဲမှ ချစ်ခြင်း၊ လက်တွဲခြင်းထဲမှ လမ်းခွဲခြင်း၊ လမ်းခွဲခြင်းမှာ ပြန်တွဲခြင်းဆိုတဲ့ ဒွန္ဒ၀ါဒ၊ နှစ်ခုတွဲသဘောတွေဟာ အပြန်အလှန်ရှိနေကြပါတယ်။ ဘယ်သူ ဘယ်အဖွဲ့ကမှ ကမ္ဘာ့လူသားတို့၏ ပြဿနာများရဲ့ နောက်ဆုံးအဖြေကို ယနေ့အထိ ရှာဖွေလို့ မတွေ့နိုင်ကြသေးဘူး။ သိပ္ပံပညာ နည်းပညာတို့ဆိုတာဟာလည်း  လူ့စိတ်နှင့်ဆိုင်သော အဆုံးသတ်အဖြေကို ရှာဖွေ မပေးနိုင်ပါဘူး။ သုတေသနတွေ ဘယ်လိုပဲ လုပ်လုပ် သိပ္ပံနည်းပညာသည် ရုပ်ဝတ္ထုအဖြေကိုသာ ရှာဖွေနိုင်ကြတာ ဖြစ်ပါတယ်။ သိပ္ပံနည်းပညာအရ သုတေသန အကြိမ်ကြိမ်လုပ်၍ ရုပ်ဝတ္ထု၏အဖြေကို ရှာဖွေရာမှာပင် နောက်ဆုံးပြီးနောက်ဆုံး နောက်ဆုံးပြီး နောက်ဆုံးတွေပဲဖြစ်နေပါတယ်။ အပြီးသတ် အဖြေကို သိပ္ပံမှာ ရှာမရဘဲ ဖြစ်နေပါတယ်။

လူသားတွေရဲ့ဘ၀ဟာ ရုပ်ဝတ္ထုတစ်မျိုးတည်းနှင့် ဖွဲ့စည်းတည်ဆောက်ထားတာ မဟုတ်ပါဘူး။ ရုပ်ဝတ္ထုနှင့် စိတ်စေတသိတ်တို့ ဟန်ချက်ညီညီ ဖွဲ့စည်းပေါင်းစပ် တည်ဆောက်ထားကြတာ ဖြစ်ပါတယ်။ အဲ့ဒီလို ဖွဲ့စည်းတည်ဆောက်ရာမှာ ရုပ်ကတော့ လေယာဉ်၊ ရေယာဉ်၊ ကုန်းယာဉ် တစ်ခုလို ဖြစ်ပါတယ်။ စိတ်စေတသိတ်ဆိုတဲ့ နာမ်တရားတွေကတော့ ယာဉ်မောင်းသမားနဲ့ တူပါတယ်။ ယာဉ်တွေကို ကောင်းကောင်း နိုင်နိုင် မကိုင်နိုင်တဲ့ ယာဉ်မောင်းသမားဟာ ယာဉ်စီးတဲ့ ခရီးသည်တွေကိုသာမက သူကိုယ်တိုင်ကိုပါ သတ်ဖြတ်နှိပ်စက်သူ ဖြစ်တယ်။ ဒါ့ကြောင့် ငြိမ်းချမ်းရေးဗိသုကာ မြတ်ဗုဒ္ဓ၏ ငြိမ်းချမ်းရေး သတင်းစကား များစွာထဲက စကားတစ်ခွန်းလောက် ပြောပြချင်ပါတယ်။

‘‘မနော ပုဗ္ဗင်္ဂမာ ဓမ္မာ’’ ဆိုတဲ့စကားပါပဲ။ ‘‘စိတ်သည် လူ့ဘ၀၏ ရှေ့ဆောင် ခေါင်းဆောင်’’ ဖြစ်ပါတယ်။ စိတ်သည် ဆင်းရဲချမ်းသာ အကောင်းအဆိုး အားလုံးကို ဖန်ဆင်းပါတယ်။ ဒါ့ကြောင် ကောင်းစိတ်သည် ဘ၀ကောင်း တစ်ခုကို ဖန်ဆင်းမှာ ဖြစ်ပြီး မကောင်းသော စိတ်သည် ဘ၀ဆိုးတစ်ခုကို ဖန်ဆင်းပါလိမ့်မယ်။ လူသားတွေရဲ့ ဘ၀ဗိသုကာဟာ လူသားတွေရဲ့ စိတ်ပါပဲ။ လှပသောဘ၀တစ်ခု တည်ဆောက်လိုလျှင် စိတ်ကို လှပအောင် ပြုပြင်ရမှာ ဖြစ်ပါတယ်။ စိတ်ဆိုးလျှင်တော့ အရုပ်ဆိုးသော ဘ၀ကိုရကြမှာပဲ။ ယနေ့ ကမ္ဘာလောကကြီးဟာ ညစ်ညမ်းမှုတွေ၊ ပြစ်မှုတွေ အမည်းစက်တွေ၊ လုယတ်လွန်ကြူးမှုတွေ၊ သောင်းကျန်းမှုတွေ၊ သတ်ဖြတ်မှုတွေ၊ စစ်ပွဲတွေနဲ့ အပြည့်ပါပဲ။ ဒီလို အရုပ်ဆိုးနေတဲ့ လောကကို စိုးရိမ်ပူဆွေးခြင်း၊ ဆင်းရဲခြင်းတွေနဲ့ ပြည့်နေတဲ့ ကမ္ဘာကို ဘယ်ဘုရားသခင်ကမှ ဖန်ဆင်းတာ မဟုတ်ပါဘူး၊ ထို့ကြောင့် ငြိမ်းချမ်းသော သာယာ လှပသော ကမ္ဘာကြီးကို ဖန်ဆင်းဘို့ကတော့ ဆိုးသွမ်းသော စိတ်ဓာတ်ကို ကောင်းမြတ်သော စိတ်ဓာတ်သို့ ပြောင်းဘို့ လိုပါတယ်။

အလွန်စိတ်ဆင်းရဲဖွယ် ငြီးငွေ့ဖွယ်ကောင်းတဲ့ ဖြစ်ရပ်ကြီးတွေနဲ့ စီးပွားရေးနှင့် လက်နက်ပြိုင်ဆိုင်မှုတွေဟာ အတ္တသန်သောကမ္ဘာမှာ တစ်ကိုယ်ကောင်းဆန်သော စိတ်ဓာတ်က စတင်ကြတာ ဖြစ်ပါတယ်။ မြတ်ဗုဒ္ဓ၏ ငြိမ်းချမ်းရေးစကားများစွာထဲက စိတ်ဝင်စားဖွယ်ကောင်းသော စကားတစ်ခွန်းမှာ ‘‘အတ္တမှ အနတ္တသို့ ပြောင်းလဲမှု’’ပဲ ဖြစ်ပါတယ်။ ပြီးတော့ ‘‘ဣဿာမှ မုဒိတာသို့’’ ‘‘ အ၀ိဇ္ဇာမှ ၀ိဇ္ဇာသို့’’ ဟူသော ဘ၀စာမျက်နှာသစ် ဖွင့်လှစ်ဘို့ အကြိမ်ကြိမ် မိန့်ကြားခဲ့ပါတယ်။

ဤယနေ့ဟာ နှစ်ပေါင်း (၂၆၀၀) ပြည့်မြောက်သည့် ဗုဒ္ဓနေ့ဖြစ်ပါတယ်။ ဤထူးမြတ်သည့် အခါတော်နေ့မှာ ကုလသမဂ္ဂအထွေထွေ ညီလာခံခန်းမဆောင်ကြီးမှာ အစည်းအဝေးသို့ ရောက်ရှိလာကြကုန်သော ဘာသာရေးခေါင်းဆောင်များအားလုံး နိုင်ငံရေးခေါင်ဆောင်များအားလုံး သံတမန်များ အားလုံး လူ့လောကကြီး၏ အတွင်းရန်သူကြီးဖြစ်တဲ့ ယုတ်မာသော စိတ်ဓာတ် (ပဒုဋ္ဌစိတ်)ကို မွန်မြတ်သော စိတ် (ပသန္နစိတ်)သို့ ၀ိုင်းဝန်းကြိုးပန်း ပြောင်းလဲကြပါစို့ဟု တိုက်တွန်းလိုပါသည်။ မြတ်ဗုဒ္ဓ၏ငြိမ်းချမ်းရေး တည်ဆောင်မှုအတွက် နောက်ထပ် သတင်းစကားတစ်ခုကတော့ ခန္တီတရားပဲဖြစ်ပါတယ်။ အက္ခန္တီ (၀ိဟိံသ)တရားသည် ဘာသာရေး နိုင်ငံရေး လူမှုရေးအားလုံးတို့၏ ရန်သူကြီးတစ်ပါးဖြစ်ပါတယ်။ မြတ်ဗုဒ္ဓက သူ၏တပည့်တွေကို အမြဲတန်းပြောတာကတော့ မည်သူက မည်သို့ပင် မကောင်းစေကာမူ ထိုသူကို စိတ်မဆိုးဘို့၊ မကျေမနပ်မဖြစ်ဘို့ပင်ဖြစ်ပါသည်။ အကယ်၍ မိမိအား မကောင်းပြု မကောင်းပြော မကောင်းကြံလာသော သူအား အမျက်ထွက်လျှင် ‘‘ မိမိသည်ပင် မိမိကိုယ်ကို စိတ်ဓာတ်ရေးရာမှာ ဆုံးရှုံးခြင်းဟူသော အန္တရာယ်အတွင်းထဲသို့ ပို့လိုက်ပြီ ဖြစ်သည်ဟု မှတ်ယူရမည်။

အခြားလေးနက်သော မြတ်ဗုဒ္ဓ၏ဆုံးမချက်များမှာ- သတ္တ၀ါအမျိုးအစား မခွဲခြားဘဲ မေတ္တာတရား ဖြန့်ချီထားရခြင်းပင်ဖြစ်သည်။ မေတ္တာနှင့် ခန္တီ စိတ်ဓာတ်နှစ်ပါးကို ဘာသာရေး နိုင်ငံရေးခေါင်းဆောင် အားလုံး တည်ဆောက်ရမည်။ ညီအစ်ကို မောင်နှမစိတ်၏ အခြေခံအုဌ်မြစ်ဖြစ်ကြောင်း အကြိမ်ကြိမ် အလေးအနက် ညွှန်ပြခဲ့သည်။ မေတ္တာ ခန္တီ ကရုဏာ တရားတို့ရဲ့ အရည်အသွေးကို ပညာဖြင့် တောက်ပြောင်စေဘို့ အစဉ်တစိုက် ဆုံးမတော်မူသည်မှာလည်း ကြီးမြတ်သောဆရာ မြတ်ဗုဒ္ဓပင်ဖြစ်သည်။ ဤမေတ္တာ ကရုဏာ ခန္တီ ပညာတရားများဟာ လောကသားတို့ရဲ့ ကယ်တင်ရှင်များပါပဲ။ ဤတရားများဖြင့် လူမျိုး လူတန်းစား ခွဲခြားမှုဆိုတဲ့ ငြိမ်းချမ်းရေးရဲ့ အတားအဆီးများကို ရှင်းလင်းဖယ်ရှားနိုင်ပါတယ်။

ဘာသာရေး ယုံကြည်ချက်နှင့် နိုင်ငံရေး လူမျိုးရေး ယဉ်ကျေးမှုများ မတူခြားနားကြသော်လည်း မွန်မြတ်သောစိတ်များဖြစ်ကြသည့် ခန္တီ မေတ္တာ ကရုဏာ ပညာဟူသော ဤကျင့်စဉ်များအပေါ်မှာ အားလုံးသော ကျွန်ုပ်တို့လူသားတွေ လက်တွဲလမ်းလျှောက်ကြရမှာ ဖြစ်လို့ ဘုံလမ်းကြောင်းတစ်ခု (Common Platform) လို့ ဆိုလိုချင်ပါတယ်။ အကယ်၍သာ ဒီလမ်းကြောင်းပေါ်မှာ ကျွန်ုပ်တို့ နိုင်ငံရေး ဘာသာရေး လူမှုရေးခေါင်းဆောင်များဟာ ခန္တီ မေတ္တာ ကရုဏာ ပညာ ဟူသော မွန်မြတ်သော စိတ်ဓာတ် (ပသန္နစိတ်)တို့ဖြင့် မတွေ့ဆုံနိုင်၊ တွဲမလျှောက်နိုင်ကြဘူးဆိုလျှင် ကျွန်ုပ်တို့ ဆောင်ရွက်နေကြတဲ့ ငြိမ်းချမ်းရေး ညီညွတ်ရေးနှင့် အတူယှဉ်တွဲ နေထိုင်ရေးဆိုတဲ့ ရည်မှန်းချက်တွေဟာ မအောင်မြင်ရုံမျှမက ဆုံးရှုံးသွားကြဘွယ်သာ ရှိပါတယ်။

ရိုသေလေးစားအပ်ပါသော ဘာသားရေးခေါင်းဆောင်များ သံတမန်များ၊ ဂုဏ်သရေရှိ ဧည့်သည်တော်များ၊ အထူးသဖြင့် ဤအစည်းဝေးကြီးကို ဦးဆောင်စည်းရုံးခဲ့တဲ့ သီရိလင်္ကာနိုင်ငံ၏ ကုလသမဂ္ဂအမြဲတန်းသံအမတ်ကြီး ‘‘ဒီလုပ ဥာဏယကရ’’၊ ထို့ပြင် နိုင်ငံ (၁၆) နိုင်ငံမှ ကိုယ်စားလှယ်တော်များ၊ တက်ရောက်လာကြသော မြန်မာမိသားစု ပရိသတ်အားလုံးကို ပြောချင်ပါတယ်။ ကျွန်ုပ်တို့ အားလုံးမှာ မတူညီသော အချက်တွေ များစွာ ရှိပေမဲ့ ခန္တီ မေတ္တာ ကရုဏာ ပညာ ဆိုတဲ့အပေါ်မှာ ဘာမှငြင်းခုံစရာ မရှိပါဘူး။ ဒီတရား လေးပါးဟာ ကျွန်ုပ်တို့လူသားအားလုံးရဲ့ ဘုံလမ်းကြောင်းဖြစ်ပါတယ်။ အဲဒီဘုံလမ်းကြောင်းကို ၀ိုင်းဝန်းတည်ဆောက်ကြပါစို့၊ ဤဘုံလမ်းကြောင်းပေါ်မှာ လက်တွဲ လျှောက်လှမ်းကြပါစို့။ လူသားလောကကြီးတစ်ခုလုံးရဲ့ အတားအဆီး အနှောက်အယှက် ရန်သူမှန်သမျှ ၀ိုင်းဝန်းကာကွယ် တားဆီးကြပါစို့-ဟု တိုက်တွန်းတောင်းဆိုလိုက်ရပါကြောင်း။   ။

လူသားအားလုံး ဆင်းရဲဒုက္ခအပေါင်းမှ လွတ်မြောက်ကြပါစေ။
လူသားအားလုံး စစ်ဘေး စစ်ဒဏ် အန္တရာယ်အပေါင်းမှ လွတ်မြောက်ကြပါစေ။
လူသားအားလုံး စိုးရိမ်ပူဆွေး ငိုကြွေးခြင်းမှ လွတ်မြောက်ကြပါစေ။

ဒေါက်တာအရှင်ဥာဏိဿရ
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်
စစ်ကိုင်း၊ မြန်မာနိုင်ငံ

Saturday, May 5, 2012

ကဆုန်လပြည့် ဗုဒ္ဓနေ့ (သို့မဟုတ်) သဗ္ဗညုရဲ့ နှစ် ၂၆၀၀ ပြည့်



ကဆုန်လပြည့် ဗုဒ္ဓနေ့ (သို့မဟုတ်) သဗ္ဗညုရဲ့ နှစ် ၂၆၀၀ ပြည့်

ဒီနှစ် သာသနာတော် ၂၅၅၅ ကုန်ဆုံးလို့ ၂၅၅၆ အကူး ကဆုန်လပြည့်နေ့ဟာ ဘုရားရှင် သဗ္ဗညုတဉာဏ်တော် ရခဲ့တဲ့ နှစ်ပေါင်း ၂၆၀၀ ပြည့်နှစ် ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်တိုင်း ကဆုန်လပြည့် ဗုဒ္ဓနေ့ အကြောင်းကို သိစေရန်အတွက် ဒီဆောင်းပါးကို ရေးပြီး ဘုရားရှင်ကို ပူဇော်သက္ကာရ ပြုလိုက်ရပါတယ်။
ကဆန်ုလပြည့်နေ့ဟာ ဗုဒ္ဓဘာသာတို့ရဲ့ နေ့ထူးနေ့မြတ်ကြီးတစ်နေ့ဖြစ်တယ်။

ဘာကြောင့်လဲဆိုတော့
(၁) ဘုရားအလောင်းတော် ရသေ့သုမေဓာဟာ ဒီဘဒ္ဒကမ္ဘာမှ လေးဆူမြောက် ဂေါတမဘုရားစင်စစ် ဖြစ်လိမ့်မယ်လို့ ဒီပင်္ကရာမြတ်စွာဘုရားထံ နိယတဗျာဒိတ်ခံယူတဲ့နေ့ဟာ ကဆုန်လပြည့်နေ့ဖြစ်တယ်။
(၂) ဂေါတမဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားလေး မွေးဖွားလာခဲ့တဲ့နေ့လဲ မဟာသက္ကရာဇ် ၆၈ ခု၊ ကဆုန်လပြည့်နေ့ဖြစ်တယ်။
(၃) ဂေါတမဘုရားအလောင်း ဗောဓိပင်အောက်မှာ ဘုရားဖြစ်တဲ့နေ့လဲ မဟာသက္ကရာဇ် (၁၀၃) ခု ကဆုန်လပြည့်နေ့ဖြစ်တယ်။
(၄)  ဂေါတမဘုရား ပရိနှိဗ္ဗာန်စံတဲ့ နေ့ဟာလဲ မဟာသက္ကရာဇ် ၁၄၈ ခု ကဆုန်လပြည့်နေ့ဖြစ်ပြန်တယ်။

ဒါကြောင့် ကဆုန်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တွေအတွက် အင်မတန် ထူးမြတ်တဲ့နေ့တစ်နေ့ပါ။
ကဆုန်လဟာ မြန်မာလ ၁၂ ရာသီမှာ ဒုတိယလဖြစ်ပြီး ဗြိဿရာသီနှင့်တူသည်။ ပုဂံခေတ်ကျောက်စာမှာ ကဆုန်လကို “ကုဆုန်” လို့အရေးများတယ်။ နောက်ပိုင်းမှာ “ကု” မှ “က”သို့ ပြောင်းလဲလာတယ်လို့ ဆိုတယ်။ (ကုက)ရဲ့ အဓိပ္ပါယ်ကတော့ “ရေ” ဖြစ်ကာ “ဆုန်” တော့ သွန်းလောင်းတယ်လို့ အဓိပ္ပါယ်ရှိလို့ ကဆုန်လကို “ရေသွန်းလ” (သို့မဟုတ်) “ရေလောင်းလ” လို့ ဆိုနိုင်ပါတယ်။
ပါဠိစာပေမှာ ကဆုန်လကို “ဝေသာခ” Vesaka လို့ခေါ်ပြီး အဲဒီ ဝေသာခ ကနေ ပါဌ်ပျက်ကာ “ဝေသခ်” Vesak ဖြစ်လာတယ်။ သီဟိုအသံထွက်ကတော့ ဝေဆတ်ခ် လို့ ထွက်ပြီး အနောက်နိုင်ငံသားများကလည်း သီဟိုသံကို အမှီပြုကာ ကဆုန်လပြည့်နေ့ကို ဝေဆတ်ခ်ဒေး Vesak Day လို့ ခေါ်ကြတယ်။ ထိုင်းဗုဒ္ဓဘာသာတွေကတော့ ကဆုန်လပြည့်နေ့ကို “ဝိဆာခပူချား” (ဝိသာခပူဇာ) လို့ခေါ်သတဲ့။

မြန်မာပြည်မှ ကဆုန်လပြည့် ဗုဒ္ဓနေ့ ညောင်ရေသွန်းပွဲတော်

 ပြည်ထောင်စု မြန်မာနိုင်ငံတော်နဲ့ ကဆုန်လပြည့် ဗုဒ္ဓနေ့

ကဆုန်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွတ်အမြတ်နေ့ဖြစ်လို့ ပြည်ထောင်စု မြန်မာနိုင်ငံမှာ အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားပါတယ်။ ကဆုန်ညောင်ရေသွန်းပွဲတော်အဖြစ် ထင်ရှားတဲ့ ဘာသာရေးပွဲကို ဆင်နွှဲတယ်။ ကဆုန်လရာသီဟာ နေအရှိန် အပြင်းအထန်ဆုံးဖြစ်လို့ ရေတွေ ခန်းချောက်လေ့ရှိတယ်။ ဘုရားပွင့်တော်မူတဲ့ ဗောဓိပင်ကို ရည်မှတ်ကာ ဗောဓိပင်အပွားတော်များကို တပျော်တပါး ရေစင်သွန်းလောင်းကြလို့ “ကဆုန်လ ညောင်ရေသွန်းပွဲ” လို့ ခေါ်လာကြတယ်။ ဗုဒ္ဓဘာသာဝင်များအတွက် ဗောဓိပင်ဟာ ဘုရားရှင်အား ကိုယ်စားပြုတဲ့ ပရိဘောဂစေတီတော်ဖြစ်လို့ ဗောဓိပင်ကို ရေလောင်းပေးခြင်းဟာ ဗောဓိပင် ပိုမိုရှင်သန်စေဖို့ ဘုရားသာသနာတော် ဆက်လက် အဓွန့်ရှည်စေဖို့ ဖေါ်ညွှန်းပါတယ်။
ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့ဟာ ကဆုန်လပြည့်နေ့မှာ သံဃာတော်များအား အရုဏ်ဆွမ်း၊ နေ့ဆွမ်းလောင်းလှူခြင်း၊ သီလခံယူခြင်း၊ ပရိတ်တရားတော် တရားတော်များ နာကြားခြင်း၊ ဘာဝနာတရား ပွားများခြင်း စတာတွေ ပြုလုပ်ကြပါတယ်။ ဇိဝိတဒါန ငါးလွှတ်ပွဲ၊ ငှက်လွှတ်ပွဲ၊ တိရစ္ဆာန်ဘေးမဲ့လွှတ်ပွဲတွေကိုလည်း တပျော်တပါး ကျင်းပကြတယ်။

ထိုင်းနိုင်ငံ ဇင်းမယ်မှာ ကျင်းပတဲ့ ကဆုန်လပြည့်ဗုဒ္ဓနေ့ (၀ိဆာခပူးချား)

ထိုင်းနိုင်ငံ ကဆုန်လပြည့် ဗုဒ္ဓနေ့

ထိုင်းနိုင်ငံဟာ ဗုဒ္ဓဘာသာနိုင်ငံတော်ဖြစ်လို့ ကဆုန်လပြည့်နေ့ကို ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားတယ်။ ဘုရင်အုပ်ချုပ်တဲ့ နိုင်ငံဖြစ်လို့ ဘုရင်နဲ့တကွ ဘုရင့်ဆွေတော်မျိုးတော် အပါအဝင် အရာရှိအရာခံများအားလုံး ကဆုန်လပြည့်နေ့ အခမ်းအနားဖြစ်တဲ့ “ဝိဆာခပူးချား” ကို တပြည်လုံး ပါဝင်ဆင်နွှဲကြတယ်။ ကဆုန်လပြည့်နေ့မှာ သာသနာ့အလံတော်များသည် ထိုင်းနိုင်ငံ တစ်ဝှမ်းလုံးမှာ တလူလူလွှင့်ထူကြတယ်။ (ထိုင်းနိုင်ငံသာသနာ့အလံဟာ မြန်မာနဲ့ သီရိလင်္ကာနိုင်ငံလို ရောင်ခြည်တော် ခြောက်သွယ် မဟုတ်ဘဲ အရဟတ္တဓဇ သင်္ကန်းရောင်ပေါ် တွင် ဓမ္မစကြာ စက်ဝိုင်းပုံ တပ်ထားခြင်းဖြစ်တယ်။)။
ထိုင်းနိုင်ငံ ကဆုန်လပြည့် ဗုဒ္ဓနေ့ ကျင်းပပုံ
ကဆုန်လပြည့်နေ့မှာ ထိုင်းဗုဒ္ဓဘာသာဝင်းများဟာ နံနက်ပိုင်းမှာ သံဃာတော်များအား ဆွမ်းလောင်းလှူကြတယ်။ ဘုရားကျောင်းကန်များကို သန့်ရှင်းရေးများ ပြုလုပ်ကာ ကုသိုလ်ယူကြပြီး နေ့လည်ပိုင်းအချိန် ဘုန်းကြီးကျောင်း ဓမ္မသာလာဇရပ်မှာ တရားနာယူကြတယ်။ တချို့ကတော့ ဘာဝနာတရားများ ပွားများအားထုတ်ကြတယ်။ ညဦးပိုင်းမှာ စုပေါင်းပြီး လူတစ်ဦးလျင် ဖယောင်းတိုင် တစ်တိုင်၊ အမွှေးတိုင်သုံးတိုင် ထွန်းညှိကာ ပန်းတစ်ပွင့်နဲ့အတူ စေတီတော်အား လကျာ်ရစ် သုံးပတ်ပတ်ကာ ပူဇော်ကြတယ်။ စေတီတော်ကို လှည့်ပတ်စဉ် ဘုရားဂုဏ်တော် တရားဂုဏ်တော်နဲ့ သံဃာ့ဂုဏ်တော်များကို ရွတ်ဖတ်သရဇ္ဈာယ်ကြတယ်။ သံဃာတော်များထံ တရားနာယူကြတယ်။ ထိုင်းနိုင်ငံရဲ့ ထင်ရှားတဲ့ ကဆုန်လပြည့်ဗုဒ္ဓနေ့ ကျင်းပတဲ့ နေရာကတော့ နခွန်းပထုမ်ရှိ ဗုဒ္ဓမွန်းထိုးဘုရားပဲ ဖြစ်တယ်။ အဲဒီနေရာမှာ ထိုင်းဘုရင်မင်းမြတ် (သို့မဟုတ်) ဆွေတော်မျိုးတော်များက ဗုဒ္ဓဘာသာဝင် လူထုကို ဦးဆောင်ပြီး “ဝိဆာခပူးချား” (ဝိသာခပူဇာ) ပွဲကို နှစ်စဉ်ကျင်းပတယ်။ ထင်ရှားတဲ့ ထိုင်းနိုင်ငံတက္ကသိုလ်တွေမှာလဲ ဝိဆာသပူချား အခမ်းအနားများ ကျင်းပကြတယ်။ အပြည်ပြည် ဆိုင်ရာ ဗုဒ္ဓဘာသာ အစည်းအဝေးများကိုလည်း ကျင်းပခဲ့ကြတယ်။

သီရိလင်္ကာနိုင်ငံ ဝေဆတ်ဒေး ကျင်းပပုံ

သီရိလင်္ကာနိုင်ငံ နှင့် ကဆုန်လပြည့် ဗုဒ္ဓနေ့

သီရိလင်္ကာနိုင်ငံသားများကတော့ ကဆုန်လပြည့် ဗုဒ္ဓနေ့ကို “ဝေဆတ် = Vesak” လို့ခေါ်ကာ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားတယ်။ ကဆုန်လပြည့်နေ့ဟာ အထူးခြားဆုံး နေ့အဖြစ် သတ်မှတ်ကာ ပွဲတော်ကို (၇) ရက်ခန့် ကျင်းပတယ်။ အစည်ကားဆုံးနေ့ကတော့ ကဆုန်လဆန်း (၁၄) ရက်၊ လပြည့်နေ့နဲ့လပြည့်ကျော် တစ်ရက်နေ့ပါ။ ဗုဒ္ဓဘာသာဝင်အိမ်တိုင်း သာသနာ့ အလံတော်ကို လွှင့်ထူထားကြတယ်။ ထင်ရှားတဲ့ စေတီတော်၊ ကျောင်းတော်နဲ့ လမ်းဆုံ လမ်းခွတွေမှာ မီးစင်မြင့်ကြီး ဆောက်လုပ်ကာ ဘုရားရှင်ရဲ့ ဆေးရေးပန်းချီပုံတော် ပတ်ပတ်လည်နဲ့ ဇာတကဆေးပန်ချီပုံတော်တွေကို လျှပ်စစ်မီးများ အလှဆင်ကာ မိုးလင်းပေါက် ထွန်းညှိပူဇော်ကြတယ်။ အဆိုအကပွဲများ မရှိပေမယ့် အလွန်စည်ကားတယ်။ ရောင်စုံမီးပုံး အလှပြိုင်ပွဲများ ကျင်းပတဲ့ နေရာမှာဆိုရင် ပွဲလာပရိသတ်များ ကြိတ်ကြိတ်တိုး စည်ကားလှတယ်။
သီရိလင်္ကာနိုင်ငံ ကဆုန်လပြည့်နေ့ လမ်းဆုံလမ်းခွမှ ဗုဒ္ဓဝင်ပန်းချီကား

အနယ်နယ်အရပ်ရပ်မှ ဗုဒ္ဓဘာသာဝင်များ (အထူးသဖြင့် ရွာသူရွာသားများ)ဟာ ကိုလံဘိုမြို့ (သို့မဟုတ်) မြို့ကြီးများမှ မိးထွန်းပွဲကို လာရောက်ကြည့်ရှုကြတယ်။ မော်တော်ကား၊ ဆိုင်ကယ်၊ စက်ဘီးစီးပြီး လည်ပတ်ကြတဲ့သူတွေ၊ လမ်းလျှောက်လည်ပတ်ကြတဲ့ သူတွေ တစ်ညလုံး စည်ကားတာ တွေ့ရတယ်။ ရွာကနေ လာကြတဲ့ လမ်းလျှောက်တဲ့သူတွေဟာ များသောအားဖြင့် ဖိနပ်မစီးကြပေ။
 အချို့သော စေတနာရှင်များက မိမိအိမ်ရှေ့မှာ ရေအေး၊ အချိုရေများနဲ့လည်းကောင်း၊ အချို့ကတော့ မဏ္ဍာပ်ဆောက်ပြိး ထမင်း၊ ဟင်းများ စတုဒိသာအလှူများ ပြုလုပ်ပြီး ကုသိုလ်ယူကြတယ်။ အချို့အိမ်မှာ စပီကာ အကြီးကြီးနဲ့ ဗုဒ္ဓဝင်သီချင်းတွေ ဖွင့်၊ တချို့ကတော့ သီဟိုရိုးရာဗုံတီးကာ ကခုန် ပျော်မြူးနေကြတာကိုတွေ့ရတယ်။ ပွဲတော်ကာလအတွင်း ယာဉ်ကြောပိတ်ဆို့မှုတွေ များစွာ ဖြစ်ပေါ်တယ်။

ထင်ရှားတဲ့ လမ်းဆုံ လမ်းခွနဲ့ သမိုင်းဝင် ကလျာဏီယ ကျောင်းတော်ကြီး၊ ကာရုတ္တရစေတီတော်ကြီး၊ ကန္တီမြို့ စွယ်တော်ကျောင်းတို့ကတော့ အလွန်စည်ကားတာ တွေ့ရတယ်။
သီရိလင်္ကာဗုဒ္ဓဘာသာဝင်များဟာ ဗောဓိညောင်ပင်ကို ပရိဘောဂစေတီအဖြစ် လွန်စွာ ကြည်ညိုကြတယ်။ နေ့စဉ် နေ့တိုင်း ဗောဓိပင်ကို ရေလောင်းပူဇော်ကြတယ်။ ဘုန်းကြီးကျောင်းတိုင်းမှာ ဗောဓိပင်ရှိရတယ်။ ကဆုန်လပြည့် ဗုဒ္ဓနေ့ မနက်ပိုင်းမှာ သီရိလင်္ကာ ဗုဒ္ဓဘာသာဝင် ကလေးလူကြီးများဟာ ဝတ်စင်ဖြူဝတ်ပြီး ဘုန်းကြီးကျောင်းကို သွားကြတယ်။ တံမြက်စည်းလှည်းခြင်း၊ ဗောဓိပင်အား ပူဇော်ခြင်း၊ သီလခံယူခြင်း၊ ပရိတ်ရွတ်ခြင်း၊ ဘာဝနာပွားခြင်းများ ပြုလုပ်ကြတယ်။ (သီရိလင်္ကာဗုဒ္ဓဘာသာဝင် ကလေးလူငယ်တွေ ပရိတ်ကြီး ၁၁ သုတ်ကို ရကြတယ်။)
ကဆုန်လပြည့် အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ ကွန်ဖရင့် ထိုင်းနိုင်ငံ
ကဆုန်လပြည့်နေ့ကို အပြည်ပြည်ဆိုင်ရာ ရုံးပိတ်ရက် အဖြစ် သတ်မှတ်ခြင်း

ကဆုန်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွတ်အမြတ်နေ့ဖြစ်တယ်။ ဒါကြောင့် ၁၉၉၈ ခု၊ နိုဝင်ဘာလ ၅ ရက်မှ ၁၄ ရက်အထိ သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့တော်မှာ ကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာကွန်ဖရင့်မှာ ကဆုန်လပြည့်နေ့ကို ကမ္ဘာ့ရုံးပိတ်ရက် အဖြစ် သတ်မှတ်နိုင်ရန်အတွက် ညှိနှိုင်းဆွေးနွေးခဲ့ကြတယ်။ အဲဒီအစည်းအဝေးကနေ ၁၉၉၉ ခု စက်တင်ဘာလမှ သီရိလင်္ကာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး လက်ရှမန်းကတိဂမ် ဟာ အဲဒီအဆိုကို ကုလသမဂ္ဂသို့ တင်သွင်းခဲ့တယ်။
၅၄ ကြိမ်မြှောက် ကုသလသမဂ္ဂ အထွေထွေညီလာခံမှာ အဲဒီအဆိုကို မြန်မာနိုင်ငံ အပါအဝင် အာရှတိုက်ရှိ ဗုဒ္ဓဘာသာနိုင်ငံများ တောင်အာရှအဖွဲ့ဝင်နိုင်ငံများ၊ ရုရှားနိုင်ငံ၊ အမေရိကန်ပြည်ထောင်စုနဲ့ အခြားနိုင်ငံများ စုစုပေါင်း ၃၄ နိုင်ငံက ထောက်ခံကြတယ်။ ဒါကြောင့် ၁၉၉၉ ဒီဇင်ဘာ ၁၃ ရက် အစည်းအဝေးဆုံးဖြတ်ချက် အမှတ် ၁၇၄ နဲ့ ကမ္ဘာ့ကုလသမဂ္ဂမှ “ကဆုန်လပြည့် ဗုဒ္ဓနေ့” ကို အပြည်ပြည်ဆိုင်ရာ ရုံးပိတ်ရက် Vesak Universal Holiday အဖြစ် သတ်မှတ်ပေးခဲ့တယ်။

ကမ္ဘာ့ကုလသမဂ္ဂဆုံးဖြတ်ချက်ကတော့

“ဂေါတမဗုဒ္ဓဘုရားရှင်ရဲ့ သာသနာတော်သည် ကမ္ဘာပေါ်မှာ သက်တမ်းရှည်ကြာတဲ့ ဘာသာတစ်ခုဖြစ်တဲ့အပြင် ဘုရားရှင်ရဲ့ အဆုံးအမတော်ဟာ နှစ်ပေါင်း ၂၅၀၀ ကျော်ကာလတိုင်အောင် လူသားတို့အပေါ် ကာယသုခ၊ စိတ္တသုခနဲ့ ငြိမ်းချမ်းရေးကို ဆောင်ရွက်ပေးခဲ့ပြီး နောင်အနာဂတ်မှာလည်း ကမ္ဘာ့လူသားတို့အပေါ် ကောင်းကျိုးများ ဆက်လက် သက်ရောက်နေမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ ကုသလမဂ္ဂဗဟိုဌာနချုပ်နဲ့ ကမ္ဘာပေါ်ရှိ ကုလသမဂ္ဂဌာနအသီးသီးတို့မှ ကဆုန်လပြည့် ဗုဒ္ဓနေ့ (ဝေဆတ်ဒေး)ကို အပြည်ပြည်ဆိုင်ရာ ရုံ့းပိတ်ရက်အဖြစ် သတ်မှတ်ရမည်။ ဤဆုံးဖြတ်ချက်အရ ဝေဆတ်ဒေး ကျင်းပရာတွင် ကုလသမဂ္ဂရံပုံငွေကို သုံးစွဲခွင့်မရှိ။ နှစ်စဉ်နှစ်တိုင်း ကဆုန်လပြည့်နေ့သည် မည်သည့်လ (အင်္ဂလိပ်လ)တွင် ကျရောက်မည်ကို ကုလသမဂ္ဂဌာနချုပ်နှင့် အခြားသော ကုလသမဂ္ဂဌာနတို့က တိုင်ပင်ညှိနှိုင်းကာ ဆုံးဖြတ်သွားရမည်” လို့ ဆုံးဖြတ်ခဲ့ပါတယ်။
ထူးခြားလှတဲ့ ဗုဒ္ဓဘာသာဝင်တို့ရဲ့ ကဆုန်လပြည့်နေ့ကို ကမ္ဘာ့ကုလသမဂ္ဂက အပြည်ပြည်ဆိုင်ရာ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးခဲ့လေပြီ။
ကဆုန်လပြည့်နေ့ဟာ ဘုရားရှင် အဆူဆူ ပွင့်တော်မူတဲ့နေ့လည်းဖြစ်တယ်။ လောကမှာ ဘုရားရှင် ပွင့်ထွန်းပေါ်ပေါက်လာခြင်းဟာ လောကကောင်းကျိုးအတွက်ပဲဖြစ်တယ်။
ဘုရားရှင်ရဲ့အဆုံးအမတော်ဟာ လောကသားတိုင်းအတွက် ဖြစ်တယ်။ လောကသားတို့ဟာ ဘုရားရှင်ရဲ့ အဆုံးအမအတိုင်း လိုက်နာကျင့်သုံးပါက ကာယသုခ စိတ္တသုခနဲ့ ပြည့်စုံကြပြီး ငြိမ်းချမ်းရေးအစစ် ဖြစ်တဲ့ သန္တိသုခ နိဗ္ဗာန်ကို မလွှဲဧကန် ရောက်ရပေမည်။
ဘုရားရှင် အဆုံးအမဖြစ်တဲ့
“မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ စိတ်ကိုဖြူအောင်ထား”
“ဗုဒ္ဓတိုင်းသာ၊ မိန့်ခဲ့တာ၊ သုံးဖြာဤစကား” အတိုင်း လိုက်နာကျင့်သုံးနိုင်ကြပြီး ငြိမ်းချမ်းရေး အစစ်ဖြစ်တဲ့ သန္တိသုခကို ရရှိနိုင်ကြပါစေ။
Ref:
- The Sunday Times. Sunday. (12.9.1999) & (21.5.2000) Colombo, Sri Lanka
- Essay on the Thailand, Copyright 1991, Thanapol Vittayakarn Co.Ltd.
- မြန်မာ့ စွယ်စုံကျမ်း အတွဲ ၁၊ ၈၊ ကဆုန်လပြည့်နေ့၊ ဗောဓိပင်။
တောင်တန်းသာသနာပြု ဆရာတော် အရှင်သုခမိန္ဒ (စဝ်ဆုခမ်း တန့်ယန်း)