Wednesday, July 9, 2014

ကိုယ်ကျင့်တရား အလေးအနက်ထား


ကိုယ်ကျင့်တရား အလေးအနက်ထား



လူ့ဘ၀တွင် အရေးအကြီးဆုံးသော အရာမှာ ကိုယ်ကျင့်တရားဖြစ်၏။ ကိုယ်ကျင့်တရား မကောင်းသူသည် နိုင်ငံတော်၏ ဆူးညောင့် ခလုတ်ဖြစ်၏။ ပြည်သူတို့၏ ဘေးအန္တရာယ် ဖြစ်၏။

ကမ္ဘာပေါ်တွင် အကောင်းဆုံးကိုယ်ကျင့်တရားမှာ ငါးပါးသီလဖြစ်၏။ ငါးပါးသီလစောင့်ထိန်း ခြင်းသည် မတရားမှုများကိုရှောင်ကြဉ်၍ တရားမျှတမှုကို လုပ်ဆောင်ခြင်း ဖြစ်၏။ ကိုယ်အပြု အမှုနှင့် နှုတ်အပြောအဆိုတို့ကို အပြစ်ကင်းအောင် စောင့်ထိန်းခြင်းဖြစ်၏။

ယဉ်ကျေးမှုဆိုသည်မှာလည်း ကိုယ်နှုတ်အမှုအရာတို့ အပြစ်ကင်းပြီး ယဉ်ကျေးသိမ်မွေ့ခြင်းကို ဆိုလို၏။ ကိုယ်နှုတ်ယဉ်ကျေးမှစိတ်ပါယဉ်ကျေးနိုင်မည်။ ကိုယ် နှုတ် စိတ် သုံးပါးလုံးယဉ်ကျေးသူမှာ အယဉ်ကျေးဆုံးပုဂ္ဂိုလ်ပင်ဖြစ်တော့သည်။

တရားမျှတမှုသည် မြင့်မြတ်၏။ မတရားမှုသည် ယုတ်ညံ့၏။ မတရားမှုကို ရှောင်၍ တရားမှုကို ဆောင်ခြင်းသည် မိမိကိုမြင့်မြတ်အောင်ပြုခြင်း ဖြစ်သည်။

သီလဂုဏ်သည် အမြတ်ဆုံးဂုဏ် ဖြစ်၏။ သီလ ကုသိုလ်သည် အမြတ်ဆုံးကုသိုလ်ဖြစ်၏။ သီလသည် ကုသိုလ်အားလုံးတို့အတွက် အခြေခံအုတ်မြစ်ဖြစ်၏။ သီလအပေါ် ရပ်တည်၍ ဒါနပြုလျှင် ဘာဝနာပွားလျှင် ပို၍အကျိုးကြီးမား၏။

သီလသည်အလှပဆုံး အဆင်တန်ဆာဖြစ်၏။ သီလသည် အမွှေးကြိုင်ဆုံးပန်းရနံ့ထက်ပို၍သင်း ပျံ့၏။ သီလသည်စိတ်ကိုကြည်လင်အေးမြစေ၏။ သီလဖြူစင်သူသည် အလိုရှိသမျှတောင့်တသမျှ
အကုန်ပြည့်စုံ၏။

စန္ဒကူးအနံ့သည်လည်းကောင်း တောင်ဇလပ်ပန်း အနံ့သည်လည်းကောင်း၊ ကြာညိုပန်းအနံ့သည် လည်းကောင်း မြလေးပန်းအနံ့သည်လည်းကောင်း ရှိ၏။ ထိုပန်းရနံ့အမျိုးမျိုးတို့ထက် သီလအနံ့သည် လေညာသို့မသွား စန္ဒကူးပန်း တောင်ဇလပ်ပန်း စပယ်ကြက်ရုံးပန်းတို့၏ အနံ့သည်လည်း လေညာသို့မသွား သူတော်ကောင်းတို့၏ အနံ့သည်သာ လေညာသို့သွား၏။ သူတော်ကောင်းတို့၏ ဂုဏ်သတင်းသည် အရပ်မျက်နှာအားလုံးတို့သို့ ပျံ့နှံ့ကြိုင်လှိုင်၏။

သီလပို၍ပြည့်ဝဖြူစင်စေရန်အတွက် သားသမီးကျင့်ဝတ်၊ မိဘကျင့်ဝတ်၊ တပည့်ကျင့်ဝတ်၊ ဆရာ ကျင့်ဝတ်စသည့် လူမှု့ဝတ္တရားများကိုလည်း ဖြည့်ကျင့်ရ၏။ ကိုယ်ကျင့်သီလပြည့်စုံသူသည် သူတော်
ကောင်းဖြစ်၏။ သေလွန်သည့်အခါ နတ်ရွာသုဂတိသို့ လားရောက်ရ၏။

သိကြားမင်းသည် ဥယျာဉ်တော်သို့ထွက်ရန် ဝေဇယန္တာပြသာဒ်မှ ဆင်းသက်ပြီးနောက် ရထားပေါ်သို့
မတက်မှီ အရပ်ရှစ်မျက်နှာတို့ကို လှည့်လည်ရှိခိုး၏။ မာတလိနတ်သားက အရှင်သိကြားမင်း အဘယ်သူများကို ရှိခိုးနေပါသနည်းဟု မေး၏။

သိကြားမင်းက အချင်းမာတလိ၊ အကြင်လူတို့သည် ကုသိုလ်ကောင်းမှုကို ပြုလေ့ရှိကုန်၏။ သီလနှင့်လည်း ပြည့်စုံကြကုန်၏။ ရတနာမြတ်သုံးပါးကိုလည်းကိုးကွယ် ဆည်းကပ်ကြကုန်၏။ တရားသဖြင့် သားမယားတို့ကိုလည်း မွေးမြူကြကုန်၏။ ထိုလူတို့ကို ငါရှိခိုး၏ဟုဖြေကြား၏။

သီလစောင့်ထိန်းခြင်း၏ အကျိုးငါးပါး
၁။ စီးပွားဥစ္စာရတနာတို့ကို မြောက်များစွာရခြင်း၊
၂။ နာမည်ကောင်းသတင်း ကျော်ကြားခြင်း၊
၃။ ပရိသတ်ဗိုလ်ပုံအလယ်၌ တင့်တယ်ရဲရင့်ခြင်း၊
၎။ တွေဝေမေ့မောမှုမရှိ သတိကောင်းလျက် သေရခြင်း၊
၅။ သေလွန်ပြီးနောက် ကောင်းမြတ်သော လူ့ဘ၀ နတ်ဘ၀ကိုရခြင်း။

ဆောင်ပုဒ် ။ ။ စည်းစိမ်ရလျဉ်း၊ သတင်းကောင်းပျံ့၊ မရွံ့ ပရိသာ၊ သေခါ မတွေ၊ သေ နတ်ရွာလား၊ ကျိုးငါးပါးမှတ်သား သီလ၀န္တ။

သီလပျက်စီးခြင်းအပြစ် ။ ။ စည်းစိမ်ပျက်လျဉ်း၊ သတင်းဆိုးနှံ့၊ ကြောက်ရွံ့ပရိသာ၊ သေခါတွေဝေ၊ သေ ငရဲလား၊ ပြစ်ငါးပါး၊ မှတ်သား ဒုဿီလ။

ဒေါက်တာမင်းတင်မွန်
လိမ္မာယဉ်ကျေး တို့ရင်သွေး