Thursday, July 10, 2014

ဆယ်လွန်းတင် ကြိုး


ဆယ်လွန်းတင် ကြိုး
“၀ဋ်ဆင်းရဲမှ၊ မလွတ်ရ၊ ချည်ကသံယောဇဉ်”
မနက်စောစော ဒေါင်းလုပ် လုပ်ပြီးသား တရားတွေထဲက တစ်ပုဒ်ကို ဖွင့်လိုက်တော့ တရားဟောဆရာရဲ့ သံယောဇဉ်ဆိုတဲ့ စကားလုံးလေးကို ရှင်းတမ်းလုပ်နေတာ ကြားရပါတယ်။ ဒီသံယောဇဉ်ဆိုတဲ့ စကားဟာ ငယ်ငယ်ကတည်းက ကြားဖူးနေခဲ့တာပါ။ လောကုတ္တရာ စာပေထဲ ခြေချတော့လည်း ဒီသံယောဇဉ်နဲ့  အပီအပြင်ကို တိုးပြန်ပါသေးတယ်။ စာပေအသိလေး နဲနဲသိလိုက်တော့လည်း ကိုယ့်မှာ ဒါကြီးက ချည်ခံနေရတာပါလားလို့  ထပ်ဆင့် ထပ်ဆင့် သိရပြန်ပါပြီ။

ငယ်ငယ်က အိမ်မှာ သာမန်နွားတွေထက်စာရင် နဲနဲရိုင်းတဲ့ နွားကြီးတစ်ကောင်ရှိပါတယ်။ တစ်နေ့ မှာ အဲဒီနွားကြီးကို ချည်ဖို့ ဆိုပြီး အဘိုးက သာမန်နွားချည်ကြိုးနဲ့ မတူတဲ့ နွားချည် ကြိုးကို အပီအပြင် ကျစ်နေတော့တာပါ။ မိမိလည်း အဘိုးကို စပ်စုလိုက်ပြန်ပါတယ်။ အဲဒီကြိုးက ဘာလုပ်ဖို့  လဲ အဘိုးကို မေးတော့ သူက “နွားကြီးက နဲနဲ ရိုင်းနေလို့  လွတ်ထွက်မသွားအောင် အသေချာ ချည်ဖို့  ဂရုတစိုက် ကျစ်နေတာကွ” တဲ့။ အော် နွားကြီး လွတ်ထွက်မသွားအောင်ဆိုပါလား။ အဘိုးရဲ့ စကားကိုလည်း ပြန်ကြားယောင်မိပြန်ပြီ။

လောကမှာ လူသားနဲ့  သံယောဇဉ်၊ သံယောဇဉ်နဲ့  လူသား မကင်းကြပါဘူး။ သတ္တ၀ါတွေကို ဆင်းရဲခြင်းတွေမှ လွတ်ထွက်မသွားအောင် ချည်ထားတာက သံယောဇဉ်ကြိုးလေးပါ။ သွပ်ကြိုး၊ နိုင်လွန်ကြိုး၊ သံမဏိကြိုးစတဲ့ သာမန်ကြိုးလေးတွေ မြင်နေရပေမယ့် အဲဒီ သံယောဇဉ်ကြိုးလေးကတော့ မြင်လို့  ရနိုင်တဲ့ အရာမဟုတ်ပါဘူး။ သာမန်ကြိုးတွေကို တစ်ခုခုနဲ့ ဖြတ်ဖို့  လွယ်ပေမယ့် သံယောဇဉ် ကြိုးလေးကတော့ ပြတ်အောင် ဖြတ်ဖို့  လွယ်ကူတဲ့ ကိစ္စ မဟုတ်ပါ။ သတိမထားမိရင် ချည်ထားလို့  ချည်ထားမှန်းတောင် မသိတဲ့ အဖြစ်သနစ်ရယ်ပါ။

မိမိတို့ မှာ ဖြစ်နေကြတဲ့ ပူလောင်မှု၊ စိုးရိမ်မှု၊ ငိုကြွေးမှုတွေနဲ့  တသီးတခြားဆီ ဖြစ်မသွားရအောင် ချည်ထားပေးတာက သံယောဇဉ်ကြိုးတွေပါပဲ။ လူတွေဟာ ဒီသံယောဇဉ်ကြိုးတွေ အချည်အနှောင်ခံထားရတော့ ဘာလုပ်လုပ် မလွတ်လပ်ကြတော့ပါဘူး။ မှားနေပါလျက်နဲ့  ဒီသံယောဇဉ်ကြောင့် အမှားကိုလည်း အမှန်လုပ်ပြီး ဖုံးကာပစ်တတ်ကြပါတယ်။ သံယောဇဉ်ကြိုး များများ အချည်ခံရလေ အမှန်တရားဆိုတာ ကွယ်ပျောက်လေပါပဲ။

လောကမှာ သွပ်ကြိုး၊ နိုင်လွန်ကြိုး၊ သံကြိုးစတဲ့ သာမန်ကြိုးတွေဆိုတာ ပေါမှပေါ။ အဲဒီကြိုးတွေ ဘာလုပ်ဖို့ လဲ ဆိုတာ မေးစရာတောင် လိုမယ်မထင်ပါဘူး။ သူ့ နေရာနဲ့ သူ အသုံးချ ချည်နှောင်ဖို့ ပဲ မဟုတ်လား။ ချည်နှောင်ခံရမယ့် အရာဝတ္ထု အရွယ်အစား အလိုက် အဲဒီကြိုးတွေကို အသုံးချဖို့ ပါ။ ဥပမာ နွားဆိုရင်ပဲကြည့်။ ရိုးရိုး နွားဆိုရင် သာမန် နွာချည်းကြိုးနဲ့  ချည်နှောင်ရုံပါပဲ။ နဲနဲ ရိုင်းတဲ့ နွားဆိုရင် သူနဲ့ တန်တဲ့ ကြိုးတော့ ဖြစ်အောင် ဖန်တီးပြီး ချည်လိုက်ရတာပေါ့။ အဲဒါကြောင့် ကြိုးတွေလည်း နှစ်လွန်းတင်ကြိုး၊ သုံးလွန်းတင်ကြိုး စသဖြင့် ရှိကြရတော့တာပါ။

သံယောဇဉ်ဆိုတာလည်း သတ္တ၀ါတွေကို ဆင်းရဲခြင်းကနေ လွတ်မြောက်မသွားအောင် ချည်ထားတက်တဲ့ သဘောရှိတာမို့  ကြိုးနဲ့  တူပါတယ်။ သူ့ မှာ သာမန်ကြိုးတွေထက် ချည်နှောင်နိုင်တဲ့ သတ္တိစွမ်းအားကလည်း မနဲပါဘူး။ ကိုယ့်ကို အချည်အနှောင်ခံထားရတဲ့ ကြိုးဟာ ဘယ်နှစ်ချောင်းနဲ့  ယက်ထားသလဲ၊ နှစ်လွန်းတင်ကြိုးလား၊ သုံးလွန်းတင်ကြိုးလားဆိုတာ သိရအောင် ဘုရားရှင်က ဒီလို ခွဲခြားပြခဲ့ပါတယ်။

(၁) လောကမှာ ငါ့အိမ်၊ ငါ့နေရာ၊ ငါ့သား၊ ငါ့သမီး၊ ယောက်ျား၊ မိန်းမစသဖြင့် အခေါ်အဝေါ် အားဖြင့်သာ ရှိတဲ့ အရာတွေကို တကယ် ရှိတာလို့  မြင်နေမယ်၊ ထင်နေမယ်ဆိုရင် အဲဒါဟာ ပထမဆုံးဖြစ်တဲ့ သံယောဇဉ်ကြိုးတစ်ချောင်း အချည်အနှောင်ခံထားရတာပါပဲ။ နဲနဲမြင့်မြင့် ပြောရရင်တော့ ပညတ်နဲ့ ၊ ပရမတ်ကို ခွဲခြားပြီး မမြင်တက်တာပါပဲ။ တကယ်တော့ ငါ့သား၊ ငါ့သမီး၊ ငါအိမ်၊ ငါ့နေရာ စတဲ့ အရာတွေဟာ အပေါ်ယံပဲ ကြည့်ပြီးခေါ်တဲ့ဟာတွေပါ။ တကယ့်အနှစ်အားဖြင့်တော့ ရုပ်နဲ့ နာမ် နှစ်ခုထဲပါပဲ။ ဒီသံယောဇဉ်ကြိုးကို ပြတ်ချင်တယ်၊ ဖြတ်ချင်တယ်ဆိုရင်တော့ တကယ့် အနှစ် ဖြစ်တဲ့ ရုပ်နဲ့  နာမ်ကို ပဲ တရားနယ်ပယ်ထဲကနေပြီးတော့ ရှု့လိုက်ဖို့ ပါပဲ။ (ဒိဋ္ဌိ)

(၂) ရတနာသုံးပါး အပေါ်မှာ ယုံမှားသံသယ ၀င်နေမယ်ဆိုရင်လည်း ဒုတိယသံယောဇဉ် ကြိုးလေးတစ်ချောင်း ထပ်ချည်ခံထားရတာပါပဲ။ ဘုရားရှိတာ တကယ်မှ ဟုတ်ရဲ့လား၊ တရားကျင့်ရင်ရော အဟုတ်တကယ် ဆင်းရဲခြင်းမှ လွတ်မြောက်နိုင်ပမလား ဆိုတဲ့ အတွေးမှား၊ သံသယ မှားတွေနဲ့  ရတနာသုံးပါးရဲ့ အပေါ်မှာ သုံးသပ်နေတာလည်း ဒုတိယသံယောဇဉ်ကြိုးလေး မပြတ်နိုင်သေးလို့ ပါ။ (၀ိစိကိစ္ဆာ)

(၃) ကိုယ့်အတွက် ဘာမှ အကျိုးမရှိဘဲ အချိန်ကုန်ခြင်းသာ အဖတ်တင်တဲ့ အကျင့်ကို ကျင့်နေတယ်ဆိုရင်လည်း တတိယမြောက် သံယောဇဉ်ကြိုးလေး ရစ်ပတ်ချည်နှောင်ခံနေရတာပါ။ ဘုရားရှင် လက်ထက်ကလည်း ဒီလို မကောင်းတဲ့ အကျင့်တွေကို ကောင်းတဲ့ အကျင့်မှတ်ပြီးတော့ တတိယမြောက် သံယောဇဉ်ကြိုးလေး အချည်အနှောင်ခံထားရတဲ့သူတွေလည်း မနည်းပါဘူး။ အခုလည်း အိန္ဒိယမှာ အများကြီး ကျန်နေပါသေးတယ်။ နွားလိုကျင့်နေတဲ့ သူတွေ ရှိသလို၊ ခွေးလို ကျင့်နေတဲ့ လူတွေကလည်း ရှိနေသေးတာပါပဲ။ တချို့ ဆိုရင် ဂင်္ဂါ မြစ်ရေနဲ့  ရေချိုးရင် အကုသိုလ်တွေ ပျောက်တယ်ဆိုပြီးတော့ ဂင်္ဂါ ရေချိုးဆိပ်မှာ ချိုးနေတဲ့ သူတွေလည်း မနဲပါဘူး။

တကယ်တမ်းတော့ အကုသိုလ်ဆိုတာ စိတ်မှာဖြစ်တဲ့ သဘောတရားတွေပါ။ ကိုယ်ပေါ်မှာ ရှိတဲ့ အရာမဟုတ်လို့  သာမန်ရေချိုးရုံနဲ့ တော့ မပျောက်ပါဘူး။ ဂင်္ဂါမြစ်ရေ ချိုးလိုက်လို့  ကြေး(ဂျီး)တော့ ပြောင်ချင် ပြောင်သွားမှာပေါ့လေ။ ဒါပေမယ့် စိတ် အညစ်ကြေးတော့ ပြောင်မှာမဟုတ်ပါဘူး။ ဒီလိုကျင့်ကြံနေတဲ့ သူတွေဟာ ကိုယ်ကျင့်နေတဲ့ အကျင့်ကို သီလ၊ သမာဓိ၊ ပညာ သုံးပါးနဲ့  မဆင်ခြင်၊ မသုံးသပ်ကြလို့ ပါပဲ။

အကျင့်တစ်ခုကို ကျင့်တော့မယ်ဆိုရင် ဒီအကျင့်ဟာ သီလဘက်မှာ တိုးတက်မှုရှိသလား၊ စိတ်အေးချမ်းမှု၊ သမာဓိရောရရဲ့လား၊ ရုပ်၊ နာမ် တရားတွေကို ခွဲခြားသိတတ်တဲ့ ပညာတွေရော တိုးပွား လာသလားဆိုတာ သုံးသပ်ရမှာပါ။ အကယ်၍ အဲဒီ သုံးချက်မှ ဖြစ်မလာဘူးဆိုရင် အဲဒီအကျင့်ကို စွန့် ခွါပစ်ရင်း သံယောဇဉ်ကြိုးလေး တစ်ကြိုး ထပ်ဖြတ်လိုက်ရုံပါပဲ။ (သီလဗ္ဗတ ပရာမာသ)

(၄) နောက်တစ်ခုက ကိုယ့်ထက်သာ မနာလိုတာကလည်း သံယောဇဉ်ပါပဲတဲ့။ လူတွေဟာ ကိုယ့်ဖြည့်ဆည်းခဲ့တဲ့ ကံ၊ ဥာဏ်၊ ၀ီရိယသုံးပါး မတူကြတာကြောင့် လက်ရှိ အခြေအနေရ တစ်ယောက်နဲ့  တစ်ယောက် ဖြစ်ပုံခြင်းလည်း တူညီကြမှာ မဟုတ်ပါဘူး။ ပတ်ဝန်းကျင်မှာ ကိုယ့်ထက်ဆင်းရဲတဲ့ သူ၊ ချို့ တဲ့သူတွေကို မြင်ရ၊ တွေ့ ရ နိုင်သလို၊ ကိုယ့်ထက်ချမ်းသာတဲ့သူ၊ ရာထူးကြီးတဲ့ သူတွေကိုလည်း တွေ့ နိုင်တာပါပဲ။ အဲဒီအပေါ်မှာ ကိုယ်က မနာလိုတဲ့ စိတ်နဲ့ သွားပြိုင်နေမယ်ဆိုရင်တော့ နောက်သံယောဇဉ် တစ်ချောင်းနဲ့ ထပ် အချည်ခံနေရတာ သေချာသွားပါပြီ။ ကိုယ်ဆင်းရဲ၊ စိတ်ဆင်းရဲဖို့ သာ ပြင်ထားကြပေတော့။

ဒီသံယောဇဉ်ကြိုးသာ အချည်ခံနေရင်တော့ အဲဒီသူဟာ သူများကို ဒုက္ခပေးဖို့  အချိန်တိုင်းလိုလို စဉ်းစားနေတော့မှာပါ။ ကိုယ်မနာလို့ တဲ့ သူကို ကိုယ်ကိုတိုင်လည်း ဖျက်ဆီးဖို့  ကြံစည်နေသလို သူများ ဒုက္ခပေးနေတာ တွေ့ ရရင်လည်း သူ့ စိတ်ထဲမှာ ကွယ်ရာကနေ ပြုံးပြုံးကြီးပဲ ကျေနပ်နေမှာ သေချာပါတယ်။ လူတိုင်းဟာ ကိုယ့်ဘ၀ကို ကိုယ်ကိုယ်တိုင်ပဲ လှပအောင် ထုဆစ်ကြရမှာပါ။ ညှိလို့ မရတဲ့ ကံတရားကို တူညီအောင် လုပ်ဖို့  ကြိုးစားနေမယ်ဆိုရင်တော့ စိတ်မော၊ ကိုယ်မောရုံသာ အဖတ်တင်ပါလိုက်မယ်။ ကောင်းကျိုးဆိုတာကိုလည်း ဘာမှ မျှော်လင့်မနေပါနဲ့ တော့။

မိမိရဲ့ ပတ်ဝန်းကျင်မှာ ကိုယ့်ထက်သာနေတဲ့ သူတစ်ယောက်ကို မနာလို စိတ်နဲ့ မြင်မိနေတယ် ဆိုရင် အရင်ဆုံး ကိုယ်လုပ်ရမှာက ကိုယ်မနာလိုဖြစ်နေတဲ့သူဟာ လောကကောင်းကျိုးအတွက် ဘာတွေ ထုဆစ်နေသလဲ၊ ဘာတွေကြိုးစား ဖန်တီးပေးနေသလဲ ဆိုတာကို မြင်အောင်ကြည့်ဖို့  ကြိုးစားရမှာပါ။ အဲဒီလိုမှ မြင်အောင် မကြည့်နိုင်ဘူးဆိုရင်တော့ သူ ဘာလုပ်လုပ် မိမိရဲ့ စိတ်ထဲမှာ မကောင်းတာဘဲ မြင်နေပါလိမ့်မယ်။ သူ့ အပေါ်ထားတဲ့ ကိုယ့်မနာလိုတဲ့ စိတ်ကလည်း ရပ်တန့် သွားမှာ မဟုတ်ပါဘူး။

တကယ်တမ်း ပြိုင်ချင်တယ်ဆိုရင်တော့ မိမိကိုယ်ကိုယ် မိမိသာ ပြိုင်ရမှာပါ။ မနေ့ က “ငါ” နဲ့ ၊ ဒီကနေ့  “ငါ” ဘာတွေတိုးတတ်လာသလဲ၊ အများကောင်းကျိုး ဘာတွေပို လုပ်ဖြစ်နေသလဲ၊ ဆိုတာကို သုံးသပ်ပြီး မိမိရဲ့ ကြိုးစားမှုကို ပိုမိုအားထုပ်ဖြစ်အောင် လုပ်လိုက်ဖို့ ပါပဲ။

ခေတ်သစ် အဘိဓာန် ပညာရှင်တွေလို့ ပဲ နာမည်ပေးရမလားတော့ မသိဘူး၊ သူတို့ အဆိုကတော့ ဣဿာ ကို အိတ်သာလို့  မြန်မာမှုပြုပြီးတော့ အဓိပ္ပါယ်ကို ဒီလို ဖွင့်ဆိုထားတာပါ။ မှတ်လိုက်ဦး။ ကိုယ့်အိတ်ထက် သူများအိတ်က သာလို့  မနာလို ဖြစ်ခဲ့ရင် အဲဒါ အိတ်သာဖြစ်နေတာပဲတဲ့။ မှတ်မှတ် အကုန်မှတ်၊ မသေမချင်းမှတ်၊ သေရင်လည်း နောက်ဘ၀မှာ ဆက်မှတ်။ ဖြစ်တတ်ကြလွန်းလို့ ။ (ဣဿာ)

(၅) သံယောဇဉ် နောက်တစ်ကြိုးကိုလည်း ထပ်မှတ်ပါအုံး။ ကိုယ်ဆီမှာရှိတဲ့ အသိကို ကိုယ်သိသလို၊ ကိုယ်တတ်သလို သူများကို မျှဝေ မပေးချင်တာ၊ ကိုယ့် ပစ္စည်းကို ၀န်တိုတတ်တဲ့ စိတ်ဟာလည်း သံယောဇဉ်ကြိုး နောက်တစ်ချောင်းနဲ့  ထပ်အချည်ခံနေရတာပါပဲ။ ကိုယ့်ပစ္စည်းနဲ့ ကို အကုသိုလ်ရစေတဲ့ သံယောဇဉ် အမျိုးစားပါ။ (မစ္ဆရိယ)

(၆) ချောတာ၊ လှတာ၊ နှစ်သက်စရာကောင်းတဲ့ အရာတွေကို လိုချင်တောင့်တတတ်တဲ့ စိတ်ဟာလည်း သံယောဇဉ် ဖြစ်နေလို့ ပါပဲ။ လိုချင်တာ၊ ချစ်ခင်တာ၊ သတိရတာတွေဟာ တကယ်တမ်းကြတော့ ဆင်းရဲမှုတွေပေးတဲ့ သံယောဇဉ် အမျိုးအစား တစ်ခုပါ။ ချမ်းသာမှုကို မပေးပါဘူး။ ကြုံတွေ့ လာတဲ့ ကာမဂုဏ် အာရုံတွေကို မကပ်ငြိ၊ မတွယ်တာဘဲနဲ့  မျှမျှတတ နေတတ်ဖို့ ပါပဲ။ (ကာမရာဂ)

(၇) နောက်တစ်ခုက အပေါ်က သံယောဇဉ်နဲ့  ပြောင်းပြန်သဘောလေးပါ။ စိတ်တိုင်းမကျတာ၊ စိတ်ဆိုးတာတွေ ရင်ထဲမှာ ဖြစ်နေရင်လည်း သံယောဇဉ်ကြိုးတစ်ကြိုး အချည်ခံရေပြီလို့ မှတ်လိုက်ပါ။ လိုချင်တာ၊ ၊ နှစ်သက်တာတွေကို မရလို့ ၊ ရလာရင်လည်း စိတ်တိုင်းမကျဘူး ဖြစ်နေ တာဟာ သံယောဇဉ်ပါပဲ။ လိုရင်းကတော့ ကိုယ့်ဒေါသနဲ့  ချည်နှောင်ခံရတဲ့ သံယောဇဉ် အမျိုးအစားပါ။ (ပဋိဃ)

(၈) ကိုယ့်ဘ၀လေးကို ကိုယ်နှစ်သက်နေတာဟာလည်း သံယောဇဉ်ပါပဲ။ ချမ်းသာတဲ့ သူကလည်း ချမ်းသာတဲ့ အလျောက်၊ ဆင်းရဲတဲ့သူကလည်း ဆင်းရဲတဲ့ အလျောက် ကိုယ့် ဘ၀လေးကို ကိုယ်နှစ် သက် ကျေနပ်နေကြတာပါ။ ဘ၀ဆိုတာ တကယ်တော့ ဘာမှ နှစ်သက်စရာ မရှိပါဘူး။ အိုရတာ၊ နာရတာ၊ သေရတာတွေဟာ ဒုက္ခကြီးပါပဲလေ။ မတွယ်တာ၊ မကပ်ငြိပဲနဲ့  သံယောဇဉ်ကြိုးတစ်ကြိုး တတ်နိုင်သလောက် ဖြေလျော့ပေးဖို့ ပဲ ကြိုးစားရမှာပါ။ (ဘ၀)

(၉) ဘယ်နေရာမဆို၊ ငါပါမှ ပြီးမယ်၊ ငါရှိမှ ဖြစ်မယ်ဆိုတဲ့ ထောင်လွှားတတ်တဲ့ စိတ်ဟာလည်း မာန သံယောဇဉ်ကြိုးနဲ့  အချည်ခံနေရတာပါ။ ပစ္စည်း ဥစ္စာ ရာထူး ဂုဏ် ပညာတွေနဲ့  အရာအရာမှာ မာန်တတ်နေသူဟာ သံယောဇဉ်တစ်ပါး ဖြစ်နေတာပါပဲ။ လူတိုင်း အချည်ခံထားနေရပါတယ်။ (မာန)

(၁၀) မောဟ သံယောဇဉ်ကြိုးကလည်း မိမိတို့ အချည်ခံနေရတဲ့ ကြိုးတစ်ချောင်းပါပဲ။ သစ္စာလေးပါး တရားကို မသိ၊ မမြင်အောင် ဖုံးလွှမ်းကာကွယ်တတ်တဲ့ သဘောပါ။ အမှန်တရားကို ကာကွယ်ထား တာမို့  ဖြတ်နိုင်အောင် ကြိုးစားရမှာပါ။ (အ၀ိဇ္ဇာ)

သံယောဇဉ်ကြိုးကြီး ကျစ်လာတာ တော်တော် ထူသွားပါပြီ။ တော်တော် ခိုင်မာတဲ့ ကြိုးကြီးလည်း ဖြစ်သွားပါပြီ။ အချည်ခံရတဲ့ သူတွေလည်း မပြတ်နိုင်တဲ့ သံယောဇဉ်ကြိုးတန်းလန်းနဲ့ သံသရာမှာ အမျောကြီးသာ၊ မျောကြပေရော။

တကယ်တော့ သံယောဇဉ် ရှိတယ်ဆိုတာ ချစ်တဲ့သူ၊ ခင်တဲ့သူလောက်ပဲ ဖြစ်တဲ့ သဘောလို့  ထင်ထားကြတာ များပါတယ်။ ကပ်ငြိတွယ်တာတတ်တဲ့ သံယောဇဉ်ကြိုးတွေကို ကြည့်လိုက်ရင် ချစ်တဲ့ သူရော၊ မုန်းတဲ့ သူရော အားလုံပေါ်မှာ ဖြစ်နိုင်တာကို တွေ့ ရမှာပါ။ အာရုံတစ်ခုခုကို သံယောဇဉ်ဖြစ်လာပြီ၊ ဆိုရင် ဖြစ်တဲ့ စိတ်အပေါ်မှာ ပဲ သံယောဇဉ်ကြိုးကို ဖြေလျော့ဖို့ ၊ ဖြတ်တောက်ဖို့  ကြိုးစားရမှာပါ။

သား၊ သမီး၊ မိဘ၊ ကိုယ်ချစ်နေတဲ့သူ၊ ကိုယ်မုန်းနေတဲ့သူ၊ အပေါ်မှာ ဖြစ်တဲ့ ကိုယ့်သံယောဇဉ်စိတ် ကိုသာ ဖြတ်ဖို့ ၊ လျော့ဖို့ ၊ လိုရင်းပါပဲ။ သံယောဇဉ်ဖြစ်နေတဲ့ အဲဒီသူတွေကို ဖြတ်စရာမလိုပါဘူး။ သံယောဇဉ် ဖြစ်စရာ အာရုံတစ်ခုခု ကြုံတွေ့ လာပြီဆိုရင် အဲဒီအာရုံပေါ်မှာ သာယာတဲ့စိတ်၊ ကျေနပ် တဲ့စိတ် မဖြစ်အောင် ထိန်းဖို့ လို့ သလို၊ မကျေနပ်တဲ့စိတ်၊ ဒေါသမဖြစ်မိအောင်လည်း မိမိရဲ့ စိတ်ကို ထိန်းလိုက်ရင်း သံယောဇဉ် ကြိုးလေးတွေကို လုံးလုံး အပြတ်မဖြတ်နိုင်တောင် တတ်နိုင်သလောက် ဖြေလျော့ပေးဖို့ ပါပဲလေ။
 by မော်ကွန်းသစ်