Tuesday, July 8, 2014

စက်ရုပ် ဆီပြတ် ဒုက္ခရပ် (ဓမ္မစကြာ ၆)


စက်ရုပ် ဆီပြတ် ဒုက္ခရပ် (ဓမ္မစကြာ ၆) 

မင်းတို့ဟာ တလင်းဖြစ်အောင် လုပ်နိုင်တာလား၊ တောရှင်းအောင် လုပ်နိုင်တာ လား     (တောင်တွင်းကြီး နတ်မှီတောရ ဆရာတော်)

တရားဦးရဲ့ ပထမ သစ္စာနဲ့ ဒုတိယ သစ္စာကို သဘောပေါက်သွားရင် ဒုက္ခဆိုတာ တဏှာ အဆီ ထည့်ထားလို့ ဥပါဒါန်က လှုပ်ပေးတိုင်း အသက်ဝင်သလို လှုပ်နေတဲ့ စက်ရုပ်ကျားကြီး ဆိုတာကိုလည်း သဘောပေါက် လောက်ပါတယ်။ တကယ်ကျားကြီးလို့ ထင်ယောင် ထင်မှား ဖြစ်ရတာကတော့ အ၀ိဇ္ဇာက မျက်နှာဖုံး စွပ်ပေး ထားလို့ပါ။ ဒါကြောင့်လည်း အ၀ိဇ္ဇာ အမှောင် ထု အားကြီးတဲ့အခါ ပိုပြီးခြောက်လှန့်နိုင်တာပေါ့။

 "ပညာ"နေမင်းကြီး ထိန်ထိန်လင်းလာပြီ ဆိုရင်တော့ တဏှာ အဆီလည်း အငွေ့ဖြစ်ပြီး ခန်းခြောက် သွား မယ်၊ ဥပါဒါန်ကလည်း မလှုပ် ပေးနိုင်တော့ဘူး။ အရုပ်ကြီးပဲ ဆိုတာလည်း ရှင်းရှင်း လင်းလင်းကြီး သိသာ ထင်ရှားလာ ပြီ ။  အဲဒီလို ဖြစ်သွားပြီ ဆိုရင်တော့ စက်ရုပ်ကြီး ဇက်ပြုတ် သွားသလို တစ်ချက်မှ မလှုပ်နိုင် တော့ ဘဲငုတ်တုပ်သေပြီး ပုံကျသွားတော့မယ် ဆိုတာလည်း ရိပ်စား မိလောက်ပါတယ်။

ဒါကြောင့် မြတ်စွာဘုရားရှင်က တတိယသစ္စာကို ဟောတဲ့အခါမှာ အရေးမပါတော့တဲ့ ဒုက္ခအရုပ်ကြီး အကြောင်း ဘာမှ မပြောတော့ဘူး။ အရုပ်ကို အသက်ဝင်သ လို ဖြစ်စေတဲ့ တဏှာအဆီ ကုန်ခန်းပုံကိုသာ ပစ်မှတ်သဖွယ် ထားပြီး ဟောတော်မူပါတယ်။

တဏှာအကြွင်းမဲ့ ချုပ်ပြီဆိုရင် ဒုက္ခစက်ရုပ်ကြီးလည်း ဘယ်လိုမှ မလှုပ်နိုင်တော့တဲ့ အတွက်
"မုတ္တိ=လွတ်မြောက်ပြီ"လို့ ခေါ်ပါတယ်။ တဏှာအကြွင်းမဲ့ ချုပ် အောင် ဖယ်ထုတ်ရာ မှာ ကျင့်သုံးပုံ နည်းနှစ်မျိုးရှိပါတယ်။

"စာဂ"လို့ခေါ်တဲ့ တဖြည်းဖြည်းစွန့်ပြီး ခွာတဲ့နည်းနဲ့ "ပဋိနိဿဂ္ဂ"လို့ခေါ်တဲ့ ဇွတ်အတင်း ခွာချ ဖြုတ်ပစ်တဲ့ နည်းတို့ပါပဲ။ ဒီနည်းနှစ်မျိုးကို ဥပမာ အကူအညီနဲ့ စဉ်းစားကြည့်မှ ပိုပြီး သဘောပေါက် နိုင်ပါလိမ့် မယ်။ "တဏှာ" ဆိုတာ အာရုံကို လိုချင် တပ်မက်တဲ့သဘော ဖြစ်လို့ "ကိလေသာကာမ" လို့လည်း ခေါ်ပါတယ်။ အိုင်းအမာ (အနာ) နဲ့တူတယ်။ (ကာမော ဂဏ္ဍော)လို့ ဘုရားရှင်က ဟောပါတယ်။

"အနာ " ကို ကုသတဲ့ နေရာမျာ သောက်ဆေး လိမ်းဆေးတွေနဲ့ တဖြည်းဖြည်း ရင့်၊ မှည့်၊ ပြည်ပေါက်၊ အမြစ်ကျွတ်၊ ခြောက်၊ ကွာကျပြီး ပျောက်အောင်ကုတဲ့ နည်းက "စာဂ= စွန့်တဲ့ နည်းပါ"။ အနာထပိဏ်တို့ ၀ိသာခါတို့ အပါအ၀င် အများစုက ဒီနည်းက ကုကြတယ်လို့ ဆို နိုင်ပါတယ်။ အခံရမခက်ဘူး၊ အပျောက်နှေးတယ် "တစတစစွန့်ဝံ့မှလျှင် ဘ၀နောင့်နှောင်း တာရှည်ကောင်း၏" ဆိုတာ ဒီသဘောကို ပြောတာပါပဲ။

ရင့်တာ မှည့်တာ အမြစ်တွယ်တာတွေအထိ အဖြစ်မခံတော့ပဲ၊ မကောင်းတဲ့သွေးကို ခွဲထုတ် အနာစိမ်း ဖြစ်အောင်လုပ်ပြီး အမြန်ခြောက်၊ ကွာကျသွားအောင် ကုတဲ့နည်းက "ပဋိနိဿဂ္ဂ= ကွာချတဲ့နည်း" လို့ ဆိုရပါလိမ့်မယ်။ မျှစ်စိမ်းချိုး ချိုးပစ်တဲ့သဘောပေါ့။ "သိဒ္ဓတ္ထ"မင်းသားတို့" ယသ"သတိုးသားတို့ စွန့်ခွာ သွားတာ ဒီနည်းမျိုးပါ၊ ခဏတော့ ခံရ ခက်ပါလိမ့်မယ်။ အပျောက် မြန်ပါတယ်။   တဏှာ အကြွင်းမဲ့ ကွာကျသွားရင်" မုတ္တိ=လွန်မြောက်တယ်" လို့ ခေါ်ပါတယ်။

တဏှာရယ် ၊ ဒုက္ခရယ်၊ လွတ်တာရယ်ကို သဘောပေါက်ဖို့ ဘုရားရှင် ပေးထားတဲ့ ဥပမာ လေးတွေနဲ့ မှန်းဆ ကြည့်နိုင်ပါတယ်။ အတွင်းက လိုချင်တဲ့ သဘောဖြစ်တဲ့ "တဏှာ" ကို  ကိလေသာ ကာမ"လို့ခေါ်ပါတယ်။
"အနာ"နဲ့တူပါသတဲ့ ( ကာမော ဂဏ္ဍော ) ။

အပြင်မှာရှိတဲ့ အာရုံငါးပါးတို့ကတော့ လိုချင်စရာ ၀တ္ထုတွေဖြစ်လို့ "၀တ္ထုကာမ"လို့ ခေါ်ပါတယ်။ "အာရုံငါးဖြာ၊ ကာမဂုဏ်တရားမှာ" ဆိုတာ ဒါကို ပြောတာပါ။ "ဆားငန်ရေ" နဲ့ တူပါသတဲ့။ "ကာမငါးထွေ၊ ဆားငန်ရေသို့၊ သောက်လေ လောက်လေ ငတ်မပြေသည့်၊ " ဆိုတာ ဒါကို ပြောတာပါပဲ။

"ဆားငန်ရေ" ဆိုတာ ရှာနဲ့တွေ့ရင် ငန်ပါတယ်။ တစ်ခြားနေရာနဲ့ထိရင်တော့ ဘာအရသာမှ မရှိပါဘူး။ ဒါပေမဲ့ တစ်ခြားနေရာနဲ့ ထိမိလို့"နာကျင်စပ်ရှား" တဲ့ဝေဒနာကို ခံစားရပါတယ် ဆိုရင်တော့ အဲဒါ စဉ်းစား ကြည့်ပါ။ ဘာကြောင့်ဒီလို ခံစားရတာလဲ၊ ဆားငန် ရေကြောင့်လား အနာကြောင့်လား၊ အနာမရှိရင် ဒီလိုခံစားရပါမလား၊ ငန်လဲမငန်၊ စပ်လဲ မစပ် နိုင်ပါဘူး။

ဒါကြောင့်တဏှာက "အနာ" ပါ၊ အာရုံငါးပါး သင်္ခါရတရားတို့က "ဆားငန်ရေ" ပါ။ အနာရှိတဲ့အတွက် ဆားငန်ရေနဲ့ထိတဲ့အခါ နာကျင်စပ်ရှား ဆိုးဝါးခံခက်ဖြစ်တာက "ဒုက္ခ"ပါ။ အနာမရှိတဲ့အတွက် ဆားငန်ရေနှင့် ထိပေမယ့် ဘာအရသာမှမရှိ၊ နာကျင် စပ်ရှား ဆိုးဝါး ခံ ခက်မှုလည်း မရှိတာ "၀ိမုတ္တိ"ပါ။

ဝိမုတ္တိဖြစ်ဖို့အတွက် အာရုံ သင်္ခါရတွေကို စွန့်ပယ်ရမှာ မဟုတ် ပါဘူး၊ အနာကိုသာ စွန့်ပယ်ရမှာပါ၊ ဒါကြောင့်လည်း သစ္စာတရားတို့နဲ့ပတ်သက်ပြီး တာဝန်ပိုင်း(ကိစ္စ)ကိုပြောတဲ့အခါ ဒုက္ခဆိုတာ သိရုံ သိရမှာ၊ ပယ်ဖို့မလိုဘူး(ပရိညေယျ) လို့ ဟောတော်မူပြီး တဏှာ သမုဒယကိုသာ (ပဟာတဗ္ဗှ= ပယ်ရမယ်) လို့ ဟောတော်မူတာပါ။

"မုတ္တိ=လွတ်တယ်" ဆိုတာဟာ ဆင်းရဲတာ မဟုတ်သလို ချမ်းသာတာလဲ မဟုတ် ပါဘူး၊ ဆင်းရဲခြင်း၊ ချမ်းသာချင်း နှစ်မျိုးလုံးကလို လွတ်တဲ့သဘောပါ။ ပုထုဇဉ်တို့ရဲ့ အလေ့အထုံက "ချမ်းသာတယ်"ဆိုတာ သည်းချေကြိုက်လိုဖြစ်နေကြလေတော့ ချမ်းသာ ခြင်း မဟုတ်ဘူးဆိုရင် တယ်လက်မခံချင်တတ်ပါဘူး။ တစ်ခြားဥပမာလေးတစ်ခုနဲ့ စဉ်းစား ကြည့်ရအောင်ပါ။

တဏှာလို့ခေါ်တဲ့ ကိလေသာ ကာမကို စာမှာတော့ ကုဋ္ဌဝေဒနာနဲ့ တူတယ် လို့ဆိုပါတယ်။ "၀ဲခြောက်နာ"နဲ့ တူတယ်လို့ပြောရင်လည်း သဘောပေါက်နိုင်ပါတယ်။ ၀ါခြောက်နာများဟာ မီးနဲ့ ဝေးပြီး အအေးဒဏ်နဲ့ ကြုံရတဲ့အခါ နာကျင် ကိုက်ခဲပြီး အလွန် အနေရ ခက်ပါသတဲ့။ မီးလေးနဲ့ ကင်ပေးပြီး ကုတ်ပေးနေရင်တော့ တယ်ဇိန်ကျဆိုကိုး။ သင့်လျော်တဲ့ဆေးနဲ့ ကုသပေးလိုက်လို့ ၀ဲခြောက်နာဆိုတာ လုံးဝ မရှိတော့ဘူးဆိုရင် မီးနဲ့ဝေး လို့ အေးပြီး နာကျင်ခံခက်တယ်ဆိုတဲ့ ဒုက္ခမရှိသလို မီးပူးလေးနဲ့ကင်ပေးပြီး ဇိန်ကလေးနဲ့ ကုတ် ပေးရင်း ခံစားနေရတဲ့ သုခဆိုတာလည်း မရှိတော့ပါဘူး။

တဏှာနဲ့ ၀ဲခြောက်နာ၊ လိုချင်တဲ့အာရုံနဲ့ ဝေးနေရတာက မီးနဲ့ဝေးနေရတာ၊ လိုချင်တဲ့ အာရုံကို ရရှိနေ တာက မီးပူလေးနဲ့ ကင်ခွင့်ရနေတာ။ လိုတာလေး ရလို့ ပီတိ သုခ တွေ ဖြစ်နေတာက ၀ဲနာကို မီးကင်ပြီး ဇိန်ကျနေတာတို့နဲ့ အသီးသီးတူကြပါသတဲ့။ ဒီဥပမာ အတိုင်းဆိုရင်တော့ လောကီ စီးစိမ်ချမ်းသာဆိုတာ ၀ဲခြောက်ကို မီးကင်ခွင့် ရပြီး ဇိန်ကျနေ တဲ့ သဘောလိုဘဲ ပြောရမယ ထင်ပါတယ်။

တဏှာ အကြွင်းမဲ့ ချုပ်သွားတာကတော့ ၀ဲခြောက်နာ ပျောက်ကင်းသွားတဲ့ သဘောပါ။ အဲဒီ အချိန်မှာ မီးနဲ့ဝေးခြင်း၊ နီးခြင်းကို အကြောင်းပြုပြီး ခံစားရခြင်းနဲ့ တူတဲ့ ဆင်းရဲခြင်း၊ ချမ်းသာခြင်း ဆိုတာ နှစ်မျိုး လုံးမရှိတော့ပါဘူး၊ အဲဒါကြောင့် "မုတ္တိ=လွန် မြောက် တယ်"လို့ ဆိုရတာပါ။ ဆင်းရဲနဲ့ ချမ်းသာဆိုတာ အချင်းချင်း နှိုင်းယှဉ်ချက်အရ လောကနယ်မှာ သတ်မှတ်ချက်ဖြစ်ပါတယ်။ မုတ္တိ(၀ိမုတ္တိ)ဆိုတာ လောက နယ်ကိုလွန်တဲ့ " လောကုတ္တရာ" တရားဖြစ်လို့ အတိအကျ တူညီတဲ့ ခိုင်းနှိုင်းစရာရယ်လို့ မရှိပါဘူး။

 "အနှိုင်း လွက် တရားသာ ဖြစ်ပါတယ်" ။ ဘာနဲ့မှ နှိုင်းပြလို့ မရတဲ့အတွက် တရားဂုဏ်တော်မှာ
" ပစ္စတ္တံ ဝေဒိတဗ္ဗော ၀ိညူဟိ= သိမြင်ခံစားနိုင်တဲ့ပညာနဲ့ ပြည့်စုံသူတို့သည်သာ ကိုယ်တိုင် ခံစား သိမြင်နိုင်တဲ့တရား"လို့ ဆိုတာပါ။

အနှိုင်းလွတ်ဖြစ်တဲ့ ၀ိမုတ္တိသုခကို ကိုယ်တိုင် ခံစားနှိုင်ခွင့်ရပြီးတဲ့ ပုဂ္ဂိုလ်များ အနေနဲ့ တော့ ၀ဲခြောက်ကို မီးကင်ပြီး ခံစားရတဲ့ သုခဆိုတာကိုလဲ ဘယ်တော့မှ ပြန်လည်တောင့်တ ခြင်း မရှိ တော့ပါဘူး။ ဒါကြောင့် တတိယသစ္စာရဲ့ နောက်ဆုံး စကားပိုဒ်က " အနာလယော= နောက် ကြောင်းပြန်လှည့် ငဲ့ကွက်တွဲတာခြင်း မရှိလို့"ဆိုတာပါ။

အလယပြတ်တယ်ဆိုတာ "အနာလယ"ရဲ့ ပါဠိပျက် ဝေါဟာရပါပဲ။ " ကုသလာ ကုသလံ ဇဟံ= ကုသိုလ် အကုသိုလ်တို့ ရဲ့ အကျိုးဖြစ်တဲ့ ချမ်းသာနဲ့ဆင်းရဲ နှစ်မျိုးလုံးကို စွန့်ပယ်လိုက်ပြီ" ဆိုတာ လည်း ဒီသဘောကို ပြောတာပါ။

ဒီတတိယသစ္စာကို တဏှာရဲ့လွမ်းမိုး ချယ်လှယ်မှုက လွတ်မြောက်တဲ့ အတွက် မုတ္တိ(၀ိမုတ္တိ)လို့ ခေါ်သလို တဏှာဆိုတဲ့ အဆာဓာတ် ချုပ်ငြိမ်းသွားပြီ ဖြစ်လို့ "နိဗ္ဗာန=နိ+၀ါန =  အဆာဓာတ်ငြိမ်းအေးတဲ့ တရား"လို့လဲ ခေါ်ပါတယ်။

ဒီတတိယသစ္စာမှာ နောက်ထပ် နားလည် သဘောပေါက်ခဲတဲ့ အဓိပ္ပာယ်က တော့ "အသင်္ခတ= ဘယ်လို အကြောင်းတရားကြောင့်မှ ဖြစ်ပေါ်လာတဲ့ (ပြုလုပ်လို့ ရတဲ့ အကျိုးတရား မဟုတ်ဘူး"ဆိုတာပါပဲ။ တစ်ချို့ကတော့ နိဗ္ဗာန်ဆိုတာ ၀ိပဿနာ ကုသိုလ်ကြောင့်ရတဲ့ တရား လို့ ထင်တတ်ကြသလို မဂ်ရဲ့ အကျိုးတရား လို့ ထင်သူကလည်း ထင်တတ်ကြပါတယ်။ တကယ် ကတော့ "မဂ် စိတ်ရဲ့ အကျိုးတရားက ဖိုလ်စိတ်သာ ဖြစ်ပါတယ်။ နိဗ္ဗာန်ဆိုတာ ဘယ် အကြောင်းတရားရဲ့ အကျိုး တရားမှလည်း မဟုတ်ဘူး ဒါကြောင့် အကြောင်းမဲ့ဖြစ်တာလား ဆို ပြန်တော့ အကြောင်းမဲ့ ဖြစ်တာလဲ မဟုတ်ဘူး။ အဲဒါကို နားမလည် နိုင်တာပါ။

ဒေးဒရဲမှာ နိကာယ်သင်တန်းတက်စဉ်က ဒီအကြောင်းနဲ့ ပတ်သက်ပြီး မေး ဖြေ ဆွေး နွေး ကြပါတယ်။ ဦးဇင်းတစ်ပါးက "ဆရာတော် နိဗ္ဗာန်ဆိုတာ ၀ိပဿနာ ဘာဝနာကို ပွားများ တဲ့ အတွက် မျက်မှောက်ပြု လာရတဲ့ တရားမဟုတ်လား ၊ ဘာလို့ "အသင်္ခတ= အကြောင်း တရား တို့က ပြုလုပ်ခြင်းကြောင့် ဖြစ်ပေါ် လာတဲ့ တရားမဟုတ်" လို့ ဆိုရတာတုံးဆိုတာ ရှင်းပြ ပါအုံး။" လို့ လျောက်ထားပါတယ်။

မှတ်မှတ်ရရ အဲသည်နေ့က ဥပုသ်ထွက်နေ့ပါ၊ ဒေးဒရဲကွင်းကျောင်းမှာ နိကာယ် သင်တန်း ပို့ချနေတဲ့ ကျောင်းဆောင်ကြီးရဲ့ ရှေ့မှာ ကွက်လပ်ကြီး တစ်ခုရှိပါ တယ်။ ဘာ အ ဆောက်အဦးမှ မရှိလို့ ကွက်လပ်လို့ပြောရတာပါ။ ပိစပ်ပင် ၊ ထိရရုန်းပင် စတဲ့ ချံနွယ် မြက် ပင်တွေ တောထနေပါတယ် ၊ (အရင်နေ့) ဥပုသ်နေ့ကမှ ကပ္ပိယတွေ ကျောင်းသားတွေ ကိုယ် ရင်တွေနဲ့ စုပေါင်း ရှင်းလင်းထားလို့ အဲဒီနေ့ (ဥပုသ်ထွက်နေ့)ရောက်တော့ ကျောင်းရှေ့မှာ ချုံနွယ် ပိတ်ပေါင်းတွေရှင်းပြီး တလင်းပြင် ဖြစ်နေပါပြီ။

တောင်တွင်းကြီး နတ်မှီတောရ ဆရာတော်ကြီးက ဦးဇင်းလေး မေးလျောက်တဲ့ စကားကို နားထောင်ပြီး ခန စဉ်းစားနေတယ်။ ပြီးတော့မှ ကျောင်းရှေ့က တလင်း ပြောင်ကို ကြည့်ြုပီး" ဟောဟို တလင်းပြောင်ကြီးဟာ ဘယ်သူလုပ်လို့ ဖြစ်ပေါ်လာတယ်ထင်သလဲ" လို့ မေးလိုက်ပါတယ်။ ဦးဇင်းလေးက" တပည့်တော်တို့ လုပ်တာ ပေါ့ဘုရား မနေ့က ဥပုသ်နေ့ဖြစ် လို့ တပည့်တော်တို့ စုပေါင်းပြီး လုပ်လိုက်ကြတာပဲ"လို့ လျောက်ပါတယ်။

ဆရာတော်ကြီးက" ဟုတ်ရဲ့လားကွ သေသေချာချာ ပြန်စဉ်းစားပါအုံး မနေ့က အလုပ်လုပ်ခါနီး ကပ္ပိယတွေ ကျောင်းသား ကိုယ်ရင်တွေစုပြီး ခေါ်တုံးက မင်းတို့ ဘယ်လို ပြောခဲ့တုံး။ " လာကြဟေ့ တလင်းပြောင်ကြီး လုပ်ကြစို့လို့ ပြောပြီး ခေါ်တာလား" ဆိုတော့ အဲဒီ လိုတော့ ဘယ်ဟုတ်မလဲ ဘုရား " ပေါင်းတွေ ရှင်းကြ စို့လို့ ပြောပြီးခေါ်တာပေါ့" တဲ့။ " ဒါဖြင့် မင်းတို့ဟာ တလင်းဖြစ်အောင် လုပ်နိုင်တာလား တောရှင်းအောင် လုပ် နိုင်တာလား" ဆိုတော့ ဆရာတော်…… ဘာထူးလဲ ဘုရား အဲဒါ အတူတူပဲ မဟုတ်လားလို့ လျောက် ထား ပါတယ်။

" မဟုတ်ဘူးလေ ကိုယ်လုပ်နိုင်တာ ကိုယ်သိရမှာပေါ့ မင်းတို့ တလင်းကို လုပ်နိုင် တာလား ပေါင်းရှင်း တာကို လုပ်နိုင်တာလား" ဆိုတော့မှ " ပေါင်းရှင်းတာကို လုပ်နိုင်တာပါ ဘုရား"လို့လျောက်ထားပါတယ်။

" အေး…… အဲသလို ပေါ့ကွာ မဂ်စိတ်(မဂ်ဉာဏ်)ဆိုတာ နိဗ္ဗာန်ကို ဖုံးကွယ်နေတဲ့ ကိ လေသာ ချုံတော ကြီးကို ခုတ်ထွင် ရှင်းလင်းတဲ့ အလုပ်ကိုသာ လုပ်နိုင်တာ နိဗ္ဗာန်ကို လုပ်နိုင် တာ မဟုတ်ဘူး။ ကိလေသာချုံရှင်းလို့ ပေါ်လာတဲ့ ကွက်လပ်နဲ့တူတဲ့ နိဗ္ဗာန်ကိုတော့ အာရုံ ပြု ယုံဘဲ ပြုနိုင်တာပါ။ ဒီ လို ပြော လိုက်တဲ့အတွက် " ဒါဖြင့် နိဗ္ဗာန်ဆိုတာ အကြောင်းမဲ့ ဖြစ်တဲ့ တရားလား"လို့လဲ တွေးစရာ မလိုတော့ပါဘူး။ ချုံကို မရှင်းနိုင်ရင် တလင်းမဖြစ်သလို ကိလေ သာကို ရှင်းမပစ်ရင်လည်း နိဗ္ဗာန်ဆိုတာ ပေါ်ပေါက်နိုင်တဲ့ တရားမှ မဟုတ်ပဲလို့ မိန့်ကြားတော် မူပါတယ်။


စကားဝိုင်းမှာပါဝင်တဲ့ မထေရ်လတ် တစ်ပါးကတော့"ကိုယ်တော်လေး ဒီ လောက် ဆို သဘောပေါက်တော့ ကိုယ်က တလင်းပြောင် ဖြစ်စေချင်တာပဲ မဟုတ်လား ၊ ချုံ တွေ ရှင်း သွားရင် တလင်းပြောင် တွေ့မယ် ဆိုရင် တော်ရောပေါ့၊
ရှေ့ဆက် ဘာများ တွေးတော သံသယ ဖြစ်စရာလိုသေးလဲ"လို့ မိန့်ကြားလိုက် တဲ့ အတွက် "မှန်ပါ အခုလို သိရတာကို ကျေနပ် ၀မ်းသာ လှပါပြီဘုရား"လို့ လျောက်ထားပါတယ်။ ဒီထက် ပိုရှင်းဖို့ကတော့ နိဗ္ဗာန်မှာ ဆုံရှင်းကြတာပေါ့။


ဓမ္မဘေရီအရှင်ဂီရိယ(တောင်စွန်း)