Wednesday, February 5, 2014

မေတ္တာသည်သာ စမ်းရေပမာ

မေတ္တာသည်သာ စမ်းရေပမာ

ကျွန်မတို့ မြန်မာ နိုင်ငံသူ ၊ နိုင်ငံသား အားလုံးအတွက် အမွန်မြတ်ဆုံး ထားကြသည်မှာ ဘုရား၊ တရား၊ သံဃာနှင့် မိဘ၊ ဆရာသမား များပင် ဖြစ်ကြသည်။ ထိုအထဲတွင် ဘုရား၊ တရားနှင့် သံဃာ ကိုတော့ ကိုးကွယ် ဆည်းကပ် ကြသည်မှာ ဆိုဖွယ်ရာ မရှိသော်လည်း မိဘနှင့် ဆရာသမား ကိုတော့ လူတိုင်း ကိုးကွယ် ရမှန်း၊ ဆည်းကပ် ရမှန်း အသိနည်း ကြသည်။
အရွယ် မရောက်မီ ကလေးဘဝ ကတည်းက လူမှန်းသိပြီး လူလား မြောက်သည် အထိ ကျွေးမွေး သုတ်သင် ပဲ့ပြင်ဆုံးမ ခဲ့သော ပညာများကို သင်ကြား ပေးခဲ့သော ဆရာသမား များသည် လူ့လောက အလယ်တွင် မရှိမဖြစ်သည့် အပြင် အမြဲရပ်တည် နေသော အဓိက ကျသည့် ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ ထို့အတွက် ကြောင့် လေးလေး နက်နက် ကိုးကွယ် ဆည်းကပ် ရိုသေ ကြဖို့လည်း လိုအပ်သည်။ မိဘ၊ ဆရာသမား များကို ရိုသေ ဆည်းကပ် သည်မှာ ကောင်းသော အကျင့်ဖြစ်သည်။ 

ထို့အတူ ကျွန်မ တို့ ဗုဒ္ဓဘာသာ တွင် အသက်အရွယ် ကြီးသော အဘိုး၊ အဘွား များကိုလည်း ရိုသေ ဆည်းကပ် ကြသည်။ မိမိ၏ အမိ၊ အဖ များကို ကျွေးမွေး ပေးခဲ့သော၊ ပညာသင်ကြား ပေးသော အဘိုး၊ အဘွား ကို မိမိက တစ်ဖန် ပြန်လည် အလုပ် အကျွေး ပြုရသည်မှာ သားသမီး နှင့် မြေးများ၏ တာဝန်ပင် ဖြစ်ပေသည်။ သက်ကြီး ရွယ်အို ဘဝတွင် နေထိုင်ရသော အဘိုး၊ အဘွားများ အားကိုးရာမဲ့ မဖြစ်အောင်၊ စားရမဲ့ သောက်ရမဲ့ ဘဝ မရောက်အောင် ကျွေးမွေး ပြုစုရန်မှာ မိမိတို့၏ လူမှုရေး တာဝန် တစ်ရပ် ဖြစ်ပေသည်။ 
ယနေ့ ကာလဝယ် ကျွန်မတို့၏ သက်ကြီးရွယ်အို မကျန်း မမာ အဘိုး၊ အဘွား များကို နိုင်ငံတော် မှလည်း လိုအပ်သည်များ ပံ့ပိုး စောင့်ရှောက် နေသည့်အပြင် ဘိုးဘွား ရိပ်သာများ ထားရှိပြီး ကြင်နာစွာ ပြုစုပေးလျက် ရှိသည်။ ယခု ထပ်မံ၍ နိုင်ငံတော်မှ အောက်တိုဘာ ၁ ရက်ကို ကမ္ဘာ့ အဘိုး၊ အဘွားများ နေ့ရယ်လို့ သတ်မှတ်ပြီး ကျင်းပ ပေးလိုက် သည်မှာ အင်မတန်မှ ဝမ်းသာ ဂုဏ်ယူဖွယ် ကောင်းလှသည်။ ကျေးဇူးတင် စရာလည်း ကောင်းသည်။ သာဓုခေါ် မိပါသည်ရှင်။ ဘာ့ကြောင့်လည်း ဆိုရင် တချို့သောမိဘများ၊ သားသမီး များသည် တစ်ဦးနှင့် တစ်ဦး အကျိုးပေးခြင်း မတူကြပါ။

 တချို့သော မိဘများသည် အကျိုးပေး ကောင်းကြပြီး တချို့သော မိဘများ ကတော့ အကျိုးပေး မကောင်းပါ။ တချို့ တော့လည်း သားသမီး မရှိ၊ ဆွေမျိုး အားကိုးစရာ မရှိသည့် ဘဝနှင့် ရင်ဆိုင် ကြရသည်။ ထိုသို့သော ဘဝမျိုးများမှာ အင်မတန်မှ သနားဖို့ ကောင်းသည်။ တချို့မှာ ငွေကြေး ထိုက်သင့် သလောက် တတ်နိုင်သည်။ သို့သော် ဘယ်သူ့ကိုမှ အားမကိုးဘဲ နိုင်ငံတော်မှ တည်ထောင် ပေးသော ဘိုးဘွား ရိပ်သာတွင် မှီခိုပြီး နေထိုင် ကြရသည်။ တချို့မှာတော့ သားသမီးများ ရှိကြပါလျက် ဘယ် သားသမီးကမှ တင်ကျွေး မထားနိုင်သည့် အတွက် ခိုကိုး ရာမဲ့ပြီး လမ်းဘေးတွင် တောင်းစား ရသည့် အဖြစ်တွေ ရှိသည်။ အင်မတန်မှ လူ့ဘဝမှာ ရင်နာစရာ ကောင်းသော အဖြစ်မျိုး များပါ။ 
စာရေးသူ ကိုယ်တိုင် ကြုံတွေ့ခဲ့ ဖူးသည်။ ဤသည်ကို တွေ့တိုင်း မိမိလည်း တတ်နိုင်သည့် ဘက်မှ တွေ့သည့် နေရာတွင် မလွတ်တမ်း လှူဒါန်း ခဲ့ဖူးသည်။ ကျွန်မ ကိုယ်တိုင်လည်း အဘိုး၊ အဘွား များကို ဤကဲ့သို့ တောင်းရမ်း စားသောက်ခြင်း မျိုးမလုပ်ရန်၊ ကျွန်မတို့ မြန်မာနိုင်ငံမှ သက်ကြီး ရွယ်အိုများ ပြုစု စောင့်ရှောက်သော နေရာဖြစ်သည့် ဘိုးဘွားရိပ်သာ သို့ အဘိုး၊ အဘွားတို့ သွားပြီး အကူအညီ တောင်းပါရန် နှင့် သွားရောက် နေထိုင်ရန် မှာကြားခဲ့ ဖူးသည်။

 အချို့သော အဘွားများသည် ဘုရား ကျောင်းကန်များမှာ ပန်းကလေး ရောင်းပြီး ရသည့်ငွေနှင့် စားသောက် သည်။ မိဘမဲ့ ကလေးများ၊ တိရစ္ဆာန် ကလေးများကို ကျွေးမွေးပြီး နေထိုင် သည်လည်း တွေ့ဖူးသည်။ ကျွန်မက ထိုအဘွားကို ပြောသည်။ ဘိုးဘွား ရိပ်သာ ရှိသည်။ သွားပါ အဘွားရယ်၊ အဘွား မရှာနိုင်ရင် ဒုက္ခရောက်မှာ လို့ပြောတော့ ငါက လောလောဆယ် ဒုက္ခ မရောက်ဘူး။ ငါ့ကို မှီစားနေတဲ့ မိဘမဲ့ ကလေးတွေ၊ ခွေးလေးတွေ ဒုက္ခရောက်မှာ လို့ ပြန်ပြောတော့ ကျွန်မစိတ်ထဲ အတော်ပင် မကောင်း ဖြစ်ခဲ့သည်။ သူ့ရဲ့ သံယောဇဉ်က မသေးပါလား လို့ တွေးရင်းဖြင့် ကျွန်မလည်း ကိုယ်တတ် နိုင်သမျှ လှူဒါန်းခဲ့သည်။ ထို အဖြစ်အပျက် များကို တွေးရင်း မိဘများ၏ မေတ္တာ တရား အတိုင်းအဆ မရှိ ကြီးမားပုံကို တွေးတော မိပါတော့ သည်ရှင့်။
မိဘများသည် သူတို့မွေးသော သားသမီး များကို သူတို့တွေ ဘယ်လောက် အသက်ကြီးကြီး စောင့်ရှောက်ချင် ကြသည်။ သားသမီးနားမှာ နေချင် ကြသည်။ သားသမီးများ ဘယ်လောက် အသက်ကြီးကြီး ကလေးငယ် လေးလို သဘောထားပြီး ပူပင်တတ် ကြသည်။ သို့သော်လည်း သားသမီးတိုင်း ကတော့ မိဘများ အသက်ကြီး သည့်အခါ စိတ်ရှည်စွာ ပြုစုနိုင်ရန် မလွယ်ကူ ကြပါ။ ဒါဟာ ထားတဲ့ မေတ္တာခြင်း မတူညီကြ လို့ပါပဲ။ ဒါကြောင့် လူကြီးများက ပြောကြသည်။

 မိဘနှစ်ပါးက သားသမီး ဘယ်လောက် များများ ကျွေးနိုင်သည်။ သားသမီးများ ကသာ မိဘနှစ်ပါးကို တင်ကျွေးရန် မလွယ်ကူပါ။ သားသမီးတိုင်း လည်း မဟုတ်ပါ။ တချို့ သားသမီးများ ကြွေးတင်ခံ၍ ပြုစု ကြသည်။ တချို့ သားသမီး များမှာတော့ ချမ်းသာ သော်လည်း အမေမိဘ ကို တော့ တင့်တယ်စွာ မထားနိုင်ပါ။ တချို့ သားသမီး များသည် ဆင်းရဲရဲ ချမ်းသာသာ မိဘများကို အိမ်ပေါ်မှ နှင်ချသည် အထိ ပြစ်မှား ကြသည်ကို တွေ့ရ ပါသည်ရှင့်။
ထို့ကြောင့် ဤသို့သော အကြောင်း အမျိုးမျိုးနှင့် ဒုက္ခ ရောက်နေသော မိအိုဖအို များကို နိုင်ငံတော်မှ ကြည့်ရှု စောင့်ရှောက် ပေးသော ကျေးဇူးတရား သည်လည်း ကြီးမား လှသည်။ သည်လို လူမှုရေး တစ်ရပ် အနေဖြင့် လုပ်ဆောင်ပေး နေသော ဝန်ထမ်းများ၊ ရပ်မိရပ်ဖ များကိုလည်း ကျေးဇူးတင် ထိုက်ပေသည်။
သားသမီးနှင့် မိဘဆိုသည်မှာ လူမှုရေး နယ်ပယ်တွင် ဖြစ်လေ့ ဖြစ်ထရှိသော အကြောင်း များစွာ ရှိသည်။ ကျွန်မတို့ မြတ်စွာဘုရား က မိဘများသည် သားသမီးများ အပေါ် မျှော်လင့်ခြင်း ငါးမျိုး ရှိကြောင်း ပြောခဲ့ ဖူးသည်။ မိဘများ မျှော်လင့်ခြင်း ငါးမျိုးမှာ- 
  • (၁)ငါတို့သည် ငါတို့ သားသမီးများ အပေါ် မေတ္တာထား၍ စောင့်ရှောက် ခဲ့သည်။ ငါတို့ သက်ကြီး အိုမင်းမစွမ်း ဖြစ်လာရင် ငါတို့ကို ပြုစု စောင့်ရှောက် ပါ့မလား။ 
  • (၂) ငါတို့ရဲ့ အမျိုးကို ငါတို့ စောင့်ရှောက် သလို ငါတို့ရဲ့ သားသမီး များက စောင့်ရှောက်ကြ ပါ့မလား။ 
  • (၃) ငါတို့ရဲ့ဘာသာ၊ သာသနာကို ငါတို့ ကိုးကွယ် ဆည်းကပ်သလို သားသမီးများ ထိန်းသိမ်း စောင့်ရှောက် ဆည်းကပ်ကြ ပါ့မလား။
  • (၄) ငါတို့က မိဘ အမွေအနှစ် များကို စောင့်ရှောက် သလို ငါတို့ သားသမီး များက စောင့်ရှောက် ကြပါ့မလား။
  • (၅) ငါတို့ သေဆုံးသည့် အခါ ငါတို့ ရှာဖွေခဲ့သော ပစ္စည်းများကို စောင့်ရှောက် ပါ့မလား၊ ကုသိုလ်ပြု ၍ အမျှပေး ဝေကြ ပါ့မလား စသည့် မျှော်လင့်ခြင်း ငါးမျိုးဖြင့် မျှော်လင့် ကြသည်။

ထို့ကြောင့် ကျွန်မတို့နှင့် ကျွန်မတို့၏ သားသမီးများ၊ မြေးများ သိရှိနိုင်ရန် တစ်ဆင့် တစ်ဆင့် ကြားနာ၍ သွန်သင် ပြောဆို ဆုံးမပေးရန် လိုအပ်လှ ပါသည်။ ထို့ကြောင့် မင်္ဂလာ တရားတော်အရ- 
  • (၁) အသက်ကြီး သူကို ငယ်သူက ရိုသေခြင်း၊ 
  • (၂) ပညာရှိသူကို လေးစားခြင်း၊ 
  • (၃) ပစ္စည်းရှိသော သူသည် ပစ္စည်းမဲ့သူကို ကူညီခြင်း၊ လှူဒါန်းခြင်း၊ ပေးကမ်းခြင်း၊ 
  • (၄) ကိုယ့်ကို ပြုစု စောင့်ရှောက် ပေးသောသူကို ကိုယ်က တစ်ဖန်ပြန်၍ ပြုစုပေးခြင်း၊ 
  • (၅) ဆွေမျိုး မိတ်ဟောင်း များကို မမေ့လျော့ခြင်း၊ 
  • (၆) မိမိထက် ဂုဏ်ကြီးသူကို ရိုသေခြင်း။

သို့ပါ၍ လမ်းသွားရင်း လူကြီးသူမ များတွေ့ သောအခါဝယ် လက်အုပ်ချီ၍ ရိုသေသမှု ပြုခြင်း စသည်ဖြင့် လိုအပ် ပေသည်။ ထို့အတွက် ကျွန်မတို့ တတ်နိုင်သမျှ မိဘများကို ပြုစု စောင့်ရှောက် ခြင်းဖြင့် ဘိုးဘိုး ဘွားဘွားများ၏ ကျေးဇူးတရား များကို ဆပ်နိုင်ကြ ပါစေ။ ဤ ဆောင်းပါးဖြင့် ဘိုးဘိုး ဘွားဘွားများ အသက် ရာကျော် ရှည်၍ မြတ်စွာဘုရား ၏ တရားဓမ္မများ ဆောက်တည် အားထုတ် ကျင့်ကြံ နိုင်ကြ ပါစေကြောင်း ဆုမွန် တောင်းရင်း ဦးညွတ် ကန်တော့ လိုက်ပါရ စေရှင့်။
အဘိုးအဘွား များကို ပြုစုသူများ ချမ်းသာ ကြီးပွား တိုးတက် နိုင်ပါစေ။ ။

မန်းခင်ခင်