Monday, February 3, 2014

“စကား”


“စကား”

တစ်နေ့ ဘုန်းဘုန်းတစ်ပါးတည်း ဆရာဝန်ရက်ချိန်းပြည့်လို့ ဆေရုံးသွားပြတုန်းက ဆေးရုံမှာ ဆရာဝန်နဲ့တွေ့ဖို့ အကြာကြီး စောင့်လိုက်ရတဲ့ အဖြစ်နဲ့ကြုံခဲ့ရပါတယ်။ ပုံမှန်ဆိုရင် ရောက်ပြီး သိပ်မကြာဘူး ဆရာဝန်ကြီးနဲ့ တွေ့ခွင့်ရတတ်ပါတယ်။ အဲဒီနေ့က ဆရာဝန်းကြီးမှာ လူနာ မကြည့်အားနိုင်သေးဘဲ ပြဿနာ ဖြေရှင်းပေးနေရတဲ့အတွက် အကြာကြီး စောင့်နေရခဲ့ရတာပါ။ အဲလိုစောင့်နေရတာကို အားနာတဲ့အတွက် သူနာပြုဆရာမလေး တစ်ယောက်က တောင်းပန်ရှာ ပါတယ်။

သူနာပြု ဆရာမလေး တစ်ယောက်နဲ့ လူနာစောင့် မိန်းကလေးတစ်ယောက် ပြဿနာဖြစ်ပြီး ဆရာဝန်ကြီးဆီရောက်လာတဲ့ အတွက် ဆရာဝန်ကြီးက ဖြေရှင်းပေးနေရလို့ ခဏသီးခံပြီး စောင့်ပေး ပါလို့ ရိုရိုသေသေ ပြောရှာပါတယ်။ သိတဲ့အတိုင်း ဘုန်းဘုန်းလည်း စပ်စပ်စုစု ဘယ်လိုဖြစ်ကြ တာလဲလို့ မေးလိုက်မိပါတယ်။

ဒီတော့ သူနာပြုဆရာမလေးက “တစ်ခြားမဟုတ်ဘူး အရှင်ဘုရားရေ… စကား… စကား… ပေါ့ဘုရား… စကားပြော မှားကြတာပေါ့ဘုရား..”လို့ တိုတိုပဲ ပြောပြီးထွက်သွားပါတယ်။ ဘုန်းဘုန်းလည်း သူနာပြုဆရာမလေး ပြောတာကို နားထောင်ပြီး ဆရာဝန်ကိုစောင့်ရင်း အတွေးနယ်ချဲ့မိပါတော့တယ်။

“အော်… စကား… စကား… တစ်ခါတစ်ရံ စ ရာကနေ ကား သွားတတ်ပါလား” လို့ ကလေးကလား အတွေးပွားမိပါတယ်။ ဟုတ်တယ်။ တစ်ခါတစ်လေ ဘာမဟုတ်တဲ့ စတာနောက်တာလေးကစပြီး အကြီးအကျယ် ရန်ဖြစ်တဲ့အထိ ဖြစ်တတ်ကြပါတယ်။ သေချာပြန်တွေးကြည့်ရင် တစ်ဦးနဲ့ တစ်ဦးကြားမှာ စကားအပြော မတတ်ကြလို့၊ စကားအပြောမှားကြလို့ နားလည်မှုလွဲရာကနေ ပြဿနာတွေ ဖြစ်တတ်တာကို တွေ့ရမှာပါ။ “အပြောမတတ်တော့ ဆဲသလို” ဆိုတဲ့ မြန်မာစကားပုံလိုပေါ့။

စကားအပြော မတတ်တဲ့အတွက် တစ်ဘက်လူမှာ ပိတ်သလေးနဲ့ ဘေးပြစ်သလို ခံရတဲ့အဖြစ်တွေ မနည်းပါဘူး။ ကိုယ်ကိုယ်တိုင်လည်း ကြုံဖူးကြမှာပါ။ ဒါတွေဟာ စကားကြောင့် ဖြစ်ရတာတွေပါ။ ဒါကြောင့် စကားပြောတဲ့အခါမှာ ကြမ်းတမ်းရိုင်းစိုင်းတဲ့ စကားမျိုးထက် သိမ်မွေးနူးညံ့ပြီး ချိုသာတဲ့ စကားလေးတွေကို ရွေးပြီးပြောဆိုတတ်ဖို့ အရေးကြီးပါတယ်။ သူသူကိုယ်ကိုယ် ချိုသာနူးညံ့တဲ့ စကားကိုပဲ ကြားချင်ကြတာပါ။

တစ်ခြားသူမပြောနဲ့ ကိုယ့်ကိုယ်ကို ပြန်ပြီးတွေးကြည့် စဉ်းစားကြည့်ပါ။ ကိုယ့်ကိုအပြစ်ပြောတဲ့စကား အပုတ်ချတဲ့စကား ရိုင်းစိုင်းတဲ့စကားဆိုရင် မခံနိုင်ကြပါဘူး။ ဒီလိုပဲ ကိုယ်နဲ့ချိန်ထိုးပြီး ကိုယ်တိုင်မခံနိုင်တဲ့စကားမျိုးကို သူတစ်ပါးကိုလည်း မပြောမိအောင် ကြိုးစားသင့်ပါတယ်။ အမှန်တော့ ကြမ်းတမ်းရိုင်းစိုင်းတဲ့စကားကို လူမပြောနဲ့ တိရစ္ဆာန်တောင် မကြိုက်ကြပါဘူး။ ဒီအကြောင်းနဲ့ ပတ်သက်လို့ အားလုံးသိပြီးသား ကြားဖူးသားဖြစ်တဲ့ ဇာတ်တော်လေးအကြောင်း ပြောပြလိုပါတယ်။ ကြားဖူးထပ်မံပေါ့။ ဇာတ်တော်ရဲ့ အမည်က “နန္ဒိဝိသာလ ဇာတ်တော်”ပါ။

ရှေးတုန်းက တက္ကသိုလ်ပြည်မှာ ဂန္ဓာရမင်း ထီးနန်းအုပ်ချုပ်ချိန်က ဘုန်းဘုန်းတို့ ဘုရားလောင်းဟာ နွားမျိုးမှာ လာဖြစ်ပါတယ်။ တစ်နေ့ ဘုရားလောင်းနွားလားရဲ့ သခင်ဟာ ဘုရားလောင်းနွားကို ပုဏ္ဏားတစ်ယောက်ထံ လှူလိုက်ပါတယ်။

ပုဏ္ဏားဟာ ဘုရားလောင်းနွားကို နန္ဒိဝိသာလလို့ အမည်ပေးပြီး မြက်မကျွေးဘဲ ယာဂု၊ထမင်း စတာတွေကို ကျွေးတဲ့အတွက် ဘုရားလောင်းနွားဟာ အလွန်ခွန်အားကောင်းတဲ့ နွားလား ဖြစ်လာပါတယ်။ ဒီလိုနဲ့ ဘုရားလောင်းနွားဟာ ပုဏ္ဏားကြီးကို မွေးကျေးဇူးဆပ်ချင်တဲ့အတွက် “ပုဏ္ဏား သွားပါ။ ဒီမြို့မှာရှိတဲ့ ဂေါဝိတ္တကသေဋ္ဌေးကို ငါ့နွားဟာ လှည်းတစ်ရာကို ရုန်းနိုင်တယ်လို့ ပြောပြီး အသပြာတစ်ထောင်ကြေး အလောင်းအစားလုပ်ပါ” ပါလို့ ပြောပြီး လောင်းခိုင်းပါတယ်။ ဒီလိုနဲ့ အလောင်းအစား ဖြစ်တယ်လို့ ဆိုကြပါစို့..။

ပုဏ္ဏားဟာ လှည်းအစီးတစ်ရာကို သဲကျောက်အပြည့်တင်ပြီး လှည်းဦးမှာထိုင်ကာ “ဟဲ့… ကောက်ကျစ်တဲ့နွား၊ ရိုင်းစိုင်းတဲ့နွား ရုန်းလိုက်စမ်း” စတဲ့ ကြမ်းတမ်းတဲ့ စကားတွေနဲ့ လှည်းကိုမောင်းပါတယ်။ ဒီအခါ ဘုရားလောင်းနွားဟာ လုံးဝမရုန်းဘဲ စုံရပ်နေလို့ ပုဏ္ဏားကြီး လောင်းကြေးရှုံးသွားပါတယ်။

ပုဏ္ဏားကြီးဟာ ငွေတစ်ထောင်ရှုံးလို့ စိတ်မချမ်းမသာဖြစ်နေတုန်း ဘုရားလောင်းနွားလားက ပုဏ္ဏားကြီးကို “ပုဏ္ဏား.. ငါဟာ ဒီအိမ်မှာနေလာခဲ့တာ ကြပါပြီ၊ ငါ့ကြောင့် ပျက်ဆီးဆုံးရှုံးသွားတဲ့ ပစ္စည်းဥစ္စာဆိုတာ၊ သင့်အကျိုး ပျက်ဆီးသွားတယ်ဆိုတာ မရှိဖူးပါဘဲနဲ့ ဘာကြောင့် ငါ့ကို ဒီလို ရိုင်းစိုင်း ကြမ်းတမ်းတဲ့စကားတွေနဲ့ ပြောခိုင်းရတာလဲ… သွားပါ… နောက်တစ်ခါ အသပြာ နှစ်ထောင်ကြေး လောင်းကြေးထပ်ပါ။ ပြီးတော့ ငါ့ကို ကြမ်းတမ်းတဲ့ စကားတွေ မပြောမိအောင် သတိထားပါ” ဟုပြောပြီး အလောင်းအစား ထပ်လုပ်ခိုင်းပါတယ်။

ဒီတစ်ခါတော့ ပုဏ္ဏားကြီးက “လိမ္မာတဲ့ ချစ်သား… ရုန်းပြလိုက်စမ်းပါ… ကြိုးစားလိုက်စမ်းပါ..” ဆိုတဲ့ နူးညံ့သိမ်မွေ့တဲ့ စကားတွေနဲ့ ခိုင်းတဲ့အတွက် ဘုရားလောင်းနွားလားဟာ အလွယ်တကူပဲ ရုန်းပြပြီး လောင်းကြေးကို အနိုင်ရစေခဲ့ပါတယ်။

ဒီဇာတ်တော်ဟာ မြတ်စွာဘုရားရဲ့ တကယ့်အဖြစ်မှန် အတိတ်ဇာတ်ကြောင်းလေးပါ။ ဒီဇာတ် တော်ကို ကြည့်မယ်ဆိုရင် ကြမ်းတမ်းရိုင်းစိုင်းတဲ့စကားကို လူမပြောနဲ့ တိရစ္ဆာန်တောင် မကြိုက်ဘူးဆိုတာ အလွယ်တကူ နားလည်သဘောပေါက်နိုင်ပါတယ်။ ဒီဥပမာကို သာဓကယူပြီး ကြမ်းတမ်းတဲ့စကားကို မပြောဆိုမိအောင် အထူးသတိပြု ဆင်ခြင်သင့်လှပါတယ်။

မှန်ပါတယ်။ တကယ်တော့ ပါးစပ်ဆိုတာ စားဖို့နဲ့ ပြောဖို့သဘာဝက ဖန်တီးပေးထားတာဖြစ်တဲ့ အတွက် ပါးစပ်ပါရင်တော့ ပြောကြမှာပါ။ အဲလိုပြောတဲ့အခါမှာသာ သတိပြုဆင်ခြင် ပြောဆိုကြဖို့ပါ။ ပါးစပ်ကထွက်တဲ့ စကားဟာ ရိုင်းစိုင်းတဲ့စကား၊ ကြမ်းတမ်းတဲ့စကား၊ အကုသိုလ်ဖြစ်မယ့် စကားမျိုးမဖြစ်ဖို့ အရေးကြီးပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီနှုတ်ကထွက်တဲ့ စကားကြောင့်ပဲ ဘ၀မှာ ပစ္စုပ္ပန်သံသရာ ကောင်းကျိုးဆိုးကျိုးတွေကို ဖြစ်စေလို့ပါ။

နှုတ်ကထွက်တဲ့စကားဟာ ကုသိုလ်ဖြစ်မယ့်စကားမျိုးဆို ကောင်းကျိုးဖြစ်စေပြီး အကုသိုလ်ဖြစ်မယ့် စကားမျိုးဆို မကောင်းကျိုးကို ဖြစ်စေတဲ့အတွက်ပါ။ စာလိုပြောရင် သုစရိုက်နဲ့ ဒုစရိုက်ပေါ့။

 ဗုဒ္ဓစာပေများမှာ စကားနဲ့ပတ်သက်လို့
♦ မုသာဝါဒဆိုတဲ့ မဟုတ်မမှန် လိမ်ညာပြောဆိုတဲ့ စကား၊
♦ ပိသုဏ၀ါစာဆိုတဲ့ ချောပစ်ကုန်းတိုက်တဲ့ စကား၊
♦ ဖရုသ၀ါစာဆိုတဲ့ ကြမ်းတမ်းရိုင်းစိုင်းတဲ့ စကား၊
♦ သမ္ဖပ္ပလာပ၀စာဆိုတဲ့ အပေါ့အဖျင်း အနှစ်ကင်းပြီး
♦ အကျိုးမရှိတဲ့ စကားများ မပြောဆိုမိဖို့၊

ဒီစကားများကို ရှောင်ကြဉ်ပြီး သမ္မာဝါစာလို့ခေါ်တဲ့ မှန်ကန်တဲ့စကားမျိုး ပြောဆိုဖို့ လမ်းညွှန် ပြသပါတယ်။ သမ္မာဝါစာဆိုတာ ခုနပြောခဲ့တဲ့ စကားတွေရဲ့ ဆန်ကျင်ဘက်ဖြစ်တဲ့ မှန်ကန်တဲ့စကား၊ ချောပစ်ကုန်းတိုက်မှုမှ ရှောင်ကြဉ်တဲ့စကား၊ နူးညံ့သိမ့်မွေ့တဲ့စကား၊ အနှစ်ရှိတဲ့စကားတွေကို ပြောတာပါ။

ဟုတ်ပါတယ်။
♦ စကားဆိုတာ ပြောတိုင်း မကောင်းသလို ပြောကောင်းတိုင်းလည်း မပြောရပါဘူး။
♦ တစ်ခါတစ်ရံ ပြောကောင်းကောင်းနဲ့ ပြောနေပေမယ့် ကိုယ်ပြောတဲ့စကားတွေဟာ အနှစ်မရှိ အရေမရ အဖတ်မရ၊ သူလည်းအကျိုးမရှိ၊ ကိုယ်လည်းအကျိုးမရှိတဲ့ စကားမျိုးတွေသာ ဖြစ်နေတတ် ပါတယ်။

♦ တစ်ခါတစ်ရံ တစ်ဘက်သားကို အပြစ်ပြောတဲ့စကားတွေ ဖြစ်နေတတ်ပြီး
♦ တစ်ခါတစ်လေ ရိုင်းစိုင်းကြမ်းတမ်းတဲ့ စကားတွေလည်း ဖြစ်နေတတ်ပါတယ်။
ဒီလို အကျိုးမရှိတဲ့ စကားတွေကြောင့်ပဲ တစ်ဦးနဲ့တစ်ဦး ပြဿနာတွေဖြစ်၊ အထင်မှား အမြင်မှား တွေဖြစ်ပြီး နောက်ဆုံးမခေါ်နိုင် မပြောနိုင်ဖြစ်ကုန်ကြတာပါ။ ဒါတွေဟာ အရင်းစစ်လိုက်တော့ စကားကြောင့်ဆိုတာ တွေ့ရမှာပါ။ ဒါကြောင့်လည်း ရှေးရှေးပညာရှိများဟာ စကားကို လိုမှပြောပြီး မလိုရင်ဘာမှ မပြောဘဲ နေလေ့ရှိကြတာပါ။

မြန်မာ့ဗုဒ္ဓသာသနာ့ သမိုင်းမှာ ရေငုံဆရာတော်လို့ နာမည်ကြီးတဲ့ ဆရာတော်ကြီးတစ်ပါး ရှိခဲ့ပါတယ်။ ဆရာတော်ဟာ စာချချိန်၊ တရားဟောချိန်၊ ဆွမ်စားချိန်နဲ့ အိပ်ချိန်တွေကလွဲပြီး ကျန်တဲ့အချိန်တွေမှာ ပါးစပ်ထဲရေငုံပြီး နေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ရေငုံဆရာတော်လို့ အမည်တွင်ခြင်းဖြစ်ပါတယ်။

ဘာဖြစ်လို့ ဒီလိုရေငုံထားရတာလဲ ဆိုရင် ပါးစပ်က မလိုအပ်တဲ့စကား၊ အကျိုးမရှိတဲ့စကား၊ အကုသိုလ်ဖြစ်မယ့် စကားတွေ မပြောမိအောင်လို့လို့ ဆိုပါတယ်။ ကြည်ညိုစရာကောင်းလိုက်တဲ့ ရှေးပညာရှိများရဲ့ လုပ်ရပ်တွေဟာ နောင်းလူတွေအတွက် ပညာယူစရာတွေချည်းပါပဲ။ ထားပါတော့။ ပြောချင်တာက စကားနဲ့ ပတ်သက်လို့ပါ။ လူအမျိုးမျိုး စရိုက်အမျိုးမျိုးရှိတဲ့ လူ့ဘောင် အဖွဲ့အစည်းကြားမှာ နေရတဲ့အတွက် ပညာရှိများ၊ ဆရာတော်ကြီးများလို ကိုယ်ကမနေနိုင်ပေမယ့် စကားဆိုတာ သတိထားပြောဆို လေ့ကျင့်မယ်ဆိုရင် အပြစ်ကင်းပြီး နူးညံ့သိမ်မွေ့လာ တတ်ပါတယ်။

အဓိကကတော့ စကားပြောဆိုတဲ့အခါမှာ ကိုယ့်ကိုယ်ကိုနဲ့ ယှဉ်ပြီး ပြောဆိုကြည့်ကြဖို့ပါ။ ကိုယ်က ဒီလိုစကားမျိုး၊ ဒီလိုအပြောအဆိုမျိုး မကြိုက်သလို တစ်ခြားသူတွေလည်း ကြိုက်မှာ မဟုတ်ပါဘူးဆိုတဲ့ ကိုယ်ချင်းစာစိတ်နဲ့ ပြောဆိုကြည့်ရင် နှစ်ဦးနှစ်ဘက် အဆင်ပြေတတ်ပါတယ်။

ကိုယ့်ကို အပြစ်ပြောတဲ့စကား၊ ဆဲဆိုကြိမ်းမောင်းတဲ့စကား၊ အကျိုးမရှိတဲ့စကားကို ပြောလာရင် မကြိုက်တတ်သလို တစ်ခြားသူတွေလည်း ကြိုက်မှာမဟုတ်ဘူးဆိုတဲ့ ကိုယ်ချင်းစာတရားနဲ့ စကားအပြောအဆို ဆင်ခြင်မယ်ဆိုရင် တစ်ဦးနဲ့တစ်ဦး စကားနဲ့ပတ်သက်လို့ ပြဿနာဖြစ်ဖို့ အကြောင်းနည်းသွားတတ်ပါတယ်။


အပြောလွယ်သလောက် အလုပ်ခက်တတ်ပေမယ့် တဖြည်းဖြည်း လေ့ကျင့်မယ်ဆိုရင် အောင်မြင်လာတတ်ပါတယ်။ ဒါကြောင့် “စကား… စကား… ပြောပါများ၊ စကားထဲက ဇာတိပြ” ဆိုသလို မဖြစ်ရအောင် စကားပြောဆိုတဲ့အခါ အထူးသတိပြု ဆင်ခြင်ကြဖို့လိုကြောင်း ဆိုခြင်းဖြစ်ပါတယ်။

ပါးစပ်ဆိုတာ အယုတ်တမာကိုလည်း ပြောတတ်၊ အဟုတ်မှန်တာကိုလည်း ပြောတတ်တဲ့အတွက်  အယုတ်တမာစကား၊ မဟုတ်မမှန်စကားများ မပြောဖြစ်အောင် ကိုယ်ချင်စာစိတ်လေးများ လက်ကိုင် ထားပြီး နူးညံ့တဲ့စကား၊ အကျိုးရှိတဲ့စကား၊ မှန်ကန်တဲ့စကားတွေ ပြောဆိုတတ်အောင်၊ ပြောဆို နိုင်အောင် တဖြည်းဖြည်းလေ့ကျင့် ယူနိုင်ကြဖို့ သတိပေးတိုက်တွန်း လိုက်ရပါတယ်။
အားလုံး… စကားပြောတတ်ကြပါစေ…။

[ဆရာတော် မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)]