Thursday, February 20, 2014

စန္ဒကူး နှင့် မြွေပွေး

စန္ဒကူး နှင့် မြွေပွေး


လောကတွင် လူရယ်လို့ ဖြစ်လာရင် အသိုင်းအ၀ိုင်း ရှိရသည်။ အပေါင်းအသင်း ရှိရသည်။ မိမိ တစ်ကိုယ်တည်း ထီးထီးကြီး နေ၍ မဖြစ်ပေ။ အသိုင်းအ၀ိုင်း ဆိုရာတွင် ကောင်းသော အသိုင်းအ၀ိုင်း ရှိဖို့ လိုသလို အပေါင်းအသင်း ကောင်းရှိဖို့ လည်း လိုပါသည်။

အပေါင်းအသင်း ဆိုရာတွင် မိတ်ဆွေ ၊ မိတ်ဆွေစစ် ၊ မိတ်ဆွေတု ဟူ၍ ရှိသဖြင့် မိတ်ဆွေစစ် ကိုရွေးပြီး ပေါင်းသင်း တတ်ရန် လိုသည်။ ထို့အတူ သူတော်ကောင်း နှင့် သူယုတ်မာ ဟူ၍လည်း ရှိသေးသည် မိမိနှင့် ထိတွေ့ ဆက်ဆံ ပေါင်းသင်း ရမည့် လူပုဂ္ဂိုလ် တို့တွင် မည်သူသည် သူတော်ကောင်း ၊ မည်သူသည် သူယုတ်မာ ဟူ၍ ခွဲခြား သိမြင်ဖို့ လိုသည်။

ဤသည်နှင့် စပ်လျဉ်း၍ နီတိကျမ်း ဆရာများက " သူတော်ကောင်း " နှင့် " သူယုတ်မာ " နှစ်မျိုးကို ဤကဲ့သို့ ရှင်းလင်း ဖော်ပြ ထားသဖြင့် လေ့လာ သိရှိနိုင်ရန် တင်ပြ ရပါ၏။

သူတော်ကောင်း တို့သည် ရိုးသားကြ၏။ သူတို့သည် သူယုတ်မာ တို့ကဲ့သို့ အပေါ်ယံ ကောင်းဟန် ပြခြင်း မပြုပေ။ စိတ်ရင်း ကောင်းကြ၏။ ဥပမာ ဆိုရလျှင် ပိန္နဲသီး တို့သည် အပ၌ ဆူးသာ ထင်ကုန်၏။ အတွင်း၌ကား ချိုမြိန်သော အရသာ နှင့် ပြည့်စုံ ကုန်သည်။ ထို့အတူ သူတော်ကောင်း တို့သည်လည်း ထိုနည်း နှင်နှင် ဖြစ်လေသည်။

သူတော်ကောင်း တို့၏ ဥစ္စာသည် နည်းသော်လည်း တွင်းဝရှိ ရေကဲ့သို့ သူတစ်ပါး တို့ မှီခိုရာ၏။ သူတော်ကောင်း မဟုတ်သော သူယုတ်မာ တို့၏ ဥစ္စာသည် များသော်လည်း သမုဒ္ဒရာရေ ကဲ့သို့ ချိုး၍မရ ၊ မှီ၍ မရချေ။
သူတော်ကောင်း တို့သည် စေတနာ ထက်သန်သည့် အလျှောက် သူတစ်ပါး တို့အား ပေးကမ်း စွန့်ကြဲသည်။ သူအများက သူတို့၏ ဒါနအကျိုး ကို ခံစား ကြရ၏။ သူတော်ကောင်း မဟုတ်သူ တို့သည် တစ်ကိုယ်ကောင်း သဘော ရှိသောကြောင့် သူတို့တွင် ပစ္စည်း ဥစ္စာ များသော်လည်း တွန့်တို၏။ ထို့ကြောင့် သမုဒ္ဒရာ ရေကို မည်သူမျှ သောက်သုံး၍ မရ သကဲ့သို့ မည်သူမျှ အကျိုး မခံစား ကြရချေ။

ယုတ်သော သဘောရှိသော သူသည် သူတစ်ပါးတို့၏ နှမ်းစေ့ခန့်မျှသာ ရှိသော ၊ အနည်းငယ်သော အပြစ်ကို သာလျှင် မြင်တတ်၏။ အုန်းသီး လောက်ရှိသော မိမိ၏ အပြစ်ကိုကား မမြင်တတ်ပေ။

ခွေးသည် အခြားခွေးကို ကိုက်ရန် ကြိုးစား သကဲ့သို့ သူယုတ်မာ က သူတော်ကောင်း ကို ပြစ်မှားသည်။ မကောင်းမှု က ကောင်းမှုကို အတိုက်အခံ ပြုသည့် သဘောပင် ဖြစ်သည်။

လောက၌ စန္ဒကူး သည် ချမ်းမြေ့၏။ ထို စန္ဒကူး ချမ်းမြေ့ သည်ထက် လသည် သာ၍ ချမ်းမြေ့၏။ စန္ဒကူး နှင့် လတို့ ချမ်းမြေ့ သည်ထက် ကောင်းစွာ ဆိုအပ်သော သူတော်ကောင်း တို့၏ စကားသည် ချမ်းမြေ့လှ၏။
နေခြည်တစ်ထောင် အလင်း ဆောင်သော နေမင်းသည် အနောက် မျက်နှာ၌ တက်ရာ၏။ မြင်းမိုရ်တောင် သည် ညွှတ်ရာ၏။ အကယ်မလွဲ ငရဲမီးသည် ချမ်းမြေ့ရာ၏။ ထောင်ထိပ် ၌လည်း ကြာသည် ပွင့်ရာ၏ ဟူသော စကားရပ် တို့သည် ဖောက်ပြန်ခြင်း အလျဉ်း ရှိသော်လည်း သူတော်ကောင်း တို့၏ စကားသည် တစ်ရံ တစ်ဆစ်မျှ မဖောက်ပြန် ရာ မှန်သည်ကိုသာ ဆိုလေသည်။

သူယုတ်မာကို အလွန်ချစ် သည်ဟု မပြုအပ်ပေ။ ဦးခေါင်းဖြင့် ရွက်ဆောင် အပ်သော်လည်း မပြည့်သော ရေရှိသည့် အိုးကဲ့သို့ အုတ်အုတ် ကျက်ကျက် ကို ပြုတတ်၏။ တစ်နည်း ဆိုရလျှင် " မပြည့်သောအိုး ဘောင်ဘင်ခတ် " ဆိုသကဲ့သို့ မတည်ငြိမ်သော လူယုတ်မာကို မေတ္တာများစွာ မထားသင့်ပေ။ သူယုတ်မာ သည် သမာဓိ မရှိသောကြောင့် မိမိအပေါ်တွင် သစ္စာ မရှိဘဲ သူ့အလို မကျလျှင် ရန်ပြု တတ်သည်။

သူယုတ်မာ သည် မြွေထက် ပို၍ ဒေါသ ပြင်းထန်၏။ မြွေကို ဆေးဝါး မန္တန် တို့ဖြင့် နှိပ်ကွပ် နိုင်သည်။ သူယုတ်မာ ကို မည်သည့် ဆေးဝါးများဖြင့် မျှ နှိပ်ကွပ်နိုင်မည် မဟုတ်ချေ။ သူယုတ်မာ သည် အမြဲပင် အန္တရာယ် ပြုနိုင်သည်။ မြန်မာမှု နယ်ပယ်တွင် " မြွေမွေး ခါးပိုက်ပိုက် " ဟူသော စကားပုံ ရှိ၏။ မြွေပွေးကို ခင်မင် တွယ်တာနေလျှင် မြွေပွေးသည် အရှင် သခင်ရော ၊ ဘာရောမသိ အချိန်မရွေး ဒုက္ခ ပေးနိုင်သည့် သဘောပင် ဖြစ်လေသည်။

အကြင်သူ သည် သူတော် မဟုတ်သော သူအား ချစ်အပ်သည် ဖြစ်၏။ သူတော်ကောင်း အား ချစ်ခြင်းကို မပြု။ မသူတော် တို့၏ တရားကို သာလျှင် နှစ်သက်၏။ ထိုသူ၏ အမူအကျင့်သည် ပျက်စီးမည် သာဖြစ်၏။ ထိုနည်းတူစွာ မသူတော် နှင့် ပေါင်းဖက်ပြီး မသူတော် တို့စကား ကိုသာ နှစ်သက် လိုက်နာသူသည် ပျက်စီးဖို့သာ ရှိပါ၏။

ပိတုန်းတို့သည် ပန်းကို အလိုရှိကုန်၏။ သူတော်ကောင်း တို့သည် ဂုဏ်ကျေးဇူးကို အလိုရှိ ကုန်၏။ သူယုတ်မာ တို့သည် အပုပ်ကို လည်းကောင်း ၊ အပျက် ကိုလည်းကောင်း အလိုရှိ ကုန်၏။ ထို့အတူ မြတ်သော သူတို့သည် ကောင်းမွန် မြင့်မြတ်သော အရာကိုသာ အလိုရှိ ကုန်၏။ ယုတ်ညံ့သော သူတို့သည် ဒေါသတည်း ဟူသော ယုတ်ညံ့သော စိတ် ၊ စေတသိတ် ၌သာ မွေ့လျော် လေသည်။

လောက၌ စန္ဒကူးပင် သည် ခြောက်သွေ့ သော်လည်း အနံ့ကို မစွန့်။ ဆင်ပြောင်သည် စစ်မြေပြင် သို့ ရောက်သော်လည်း လူတို့၏ မျက်မှောက်၌ တင့်တယ်ခြင်းကို မစွန့် ၊ ကြံသည် ယန္တရားစက် ၏ အ၀သို့ ရောက်သော်လည်း ချိုသော အရသာကို မစွန့် ၊ ပညာရှိ သူတော်ကောင်း သည် ဆင်းရဲခြင်း သို့ ရောက်သော်လည်း သူတော်ကောင်း တရားကို မစွန့်သာလျှင် တည်းဟု ဆိုလေသည်။

အချို့သော အရာတို့၌ ပင်ကို အရည်အသွေး ရှိ၏။ ထို အရည်အသွေး တို့သည် ကောင်းသော အရည်အသွေး များဖြစ်လျှင် သက်ဆိုင်ရာ အရာ (သိုမဟုတ်) ပုဂ္ဂိုလ်သည် ထူးခြား၏။ သူတော်ကောင်း ၏ အရည်အသွေး မှာ ပစ္စည်းဥစ္စာ မပြည့်စုံ ငြားလည်း မတရားမှု ကို ဘယ်တော့မျှ မလုပ်ဘဲ လမ်းမှန်ကိုသာ လျှောက်သည်။

သူယုတ်မာ တို့သည် ကြွားတတ် ကြ၏။ လူရာဝင်ချင် ကြ၏။ မိမိတို့ မလုပ်အပ် သည်တို့ကို လုပ်တတ် ကြ၏။ ထိုသူတို့၌ သူယုတ်မာ တို့၏ လက္ခဏာ ရှိသည်။

" ရွှေအကြောင်း ဖယောင်းသိ ၊ လူအကြောင်း ပေါင်းမှသိ " ဟူသော စကား ကဲ့သို့ပင် လူတစ်ယောက် ကို မပေါင်းသင်း မဆက်ဆံ ရသေးခင် သူ့အလိုသို့ မလိုက်မိရန် အရေးကြီး သည်။ လူအချို့ တို့သည် ဟန်ဆောင်ကောင်း တတ်ကြသည်။ စကားပြောဆို ရာတွင် တစ်ဖက်သား ယုံလွယ်အောင် ပြောတတ် ကြသည်။ ထိုလူမျိုးကို ပေါင်းကြည့်မှ အကြောင်း သိနိုင်ပေသည်။

ထို့ကြောင့် စန္ဒကူးပင် နှင့်တူသော သူတော်ကောင်း ကို ပေါင်းသင်း၍ မြွေပွေးနှင့် တူသော သူယုတ်မာ ကို ဝေးဝေးက ရှောင်ရန် အကြံပြု ရပါ၏။

( တက္ကသိုလ် သင်္ခ )
#Themyawadydaily

Wednesday, February 19, 2014

လှပသော သဘောထား

လှပသော သဘောထား

ခုနောက်ပိုင်း ရေချိုးသည့်အခါတိုင်း ဆရာတော်ဦးဇောတိက၏ စကားကို သွားသွားသတိရနေမိသည်။ ဆရာတော်က ပန်းပင်တွေ ရေလောင်းချင်တာတောင် ရေကိုချွေတာပြီး လောင်းနေရပါသည်တဲ့။ ဘာဖြစ်လို့လဲဆိုတော့ တချို့အရပ်တွေ ရေတော်တော်ရှားနေတယ်လို့ သိရတဲ့အတွက် ကိုယ်ချွေတာလိုက်ခြင်းအားဖြင့် သူတို့တွေ ရေပိုရပါစေဆိုတဲ့စိတ်နဲ့ ရေကိုသတိထား သုံးစွဲနေရပါသည်တဲ့။ သြော်… တော်တော်လှတဲ့စိတ်ထား၊ တော်တော်လှတဲ့ သဘောထားပါလားဟု ကျွန်တော် စဉ်းစားလိုက်မိပါသည်။ ကိုယ်ချွေတာလိုက်ခြင်းအားဖြင့် သူတို့ ရေ ရ-မရ ကျွန်တော်မသိပါ။ သို့သော် ကိုယ့်အကျိုး ဆောင်ရွက်ရာမှာ အများအကျိုးကိုပါ ထည့်တွက်တတ်သည့် သဘောထားသည် တော်တော်လေးစားစရာကောင်းပြီး တော်တော်ချစ်စရာကောင်းသည့် သဘောထားပင် ဖြစ်ပါသည်။

တလောတုန်းကလည်း အာရှပလာဇာဟိုတယ်မှာ ကျင်းပသည့် ဆရာမဂျူး၏ ဟောပြောပွဲသို့ ကျွန်တော်တက်ရောက်ခဲ့ပါသည်။ ထိုပွဲမှာ ဆရာမဂျူး၏ လှပသော သဘောထားတစ်ခုကို အမှတ်မထင် တွေ့လိုက်ရသည်။ ဆရာမက သူ၏၀ါသနာတစ်ခုကို ပြောပြပါသည်။ ထိုဝါသနာမှာ သူခရီးထွက်သည့်အခါတိုင်း ရောက်သည့်အရပ်ဒေသမှ ရောက်စုံကျောက်တုံး သေးသေးလေးများကို အမှတ်တရ ကောက်ယူတတ်သည့် ၀ါသနာဖြစ်ပါသည်တဲ့။ သို့သော် သူယူလာသည်မှာ များများစားစားမဟုတ်။ ကျောက်တုံးလေး (၃)လုံးလောက်သာ ဖြစ်ပါသည်တဲ့။ "ငါ သုံးလုံးလောက် ယူလာတာနဲ့ ဘာမှမဖြစ်လောက်ပါဘူးလေ" ဟုတွေးပြီး သူ့ကိုယ်သူ နှစ်သိမ့်လိုက်ပါသတဲ့။ သို့သော် ခုနောက်ပိုင်းကျတော့ သူ့အတွေး တစ်မျိုးပြောင်းလာပါသတဲ့။

၎င်းအတွေးမှာ….
"ငါ သုံးလုံးတည်း ယူလာတာတော့ ဟုတ်ပါပြီ။ တခြားလူအယောက် တစ်ရာလောက်ကလည်း ငါ့လိုမျိုး တစ်ယောက် (၃)လုံးစီ ကောက်လာခဲ့ကြမယ်ဆိုရင် အဲဒီနေရာမှာ ကျောက်ခဲအလုံး (၃၀၀) လျော့သွားပြီပေါ့။ ငါဟာ ငါရောက်နေတဲ့ အရပ်ဒေသရဲ့ ပတ်ဝန်းကျင်အလှကို ပံ့ပိုးကူညီသူလား။ ငါ့အတ္တကို ရှေ့တန်းတင်ပြီး အဲဒီဒေသရဲ့ အလှကို ဖျက်ဆီးလိုက်သူလား"

အဲဒီလို တွေးပြီးနောက်ပိုင်း သူ့ဝါသနာကို တစ်စတစ်စနဲ့ စွန့်လွှတ်လိုက်ပါသတဲ့။

ကျွန်တော် ထင်ပါသည်။ ထိုကဲ့သို့သော သဘောထားမျိုး လူတိုင်းမှာ ရှိလိမ့်မည်မဟုတ်ပါ။ မိမိကိုယ်နှင့် မိမိပတ်ဝန်းကျင်ကို နှိုင်းယှဉ်ချိန်ထိုးကာ အမြဲမပြတ် သတိပြုဆင်ခြင် သုံးသပ်လေ့ရှိသူများမှာသာ ထိုကဲ့သို့သော သဘောထားမျိုး ရှိနိုင်ပါသည်။

ထိုကဲ့သို့ မိမိကိုယ်နှင့် မိမိပတ်ဝန်းကျင်ကို ထပ်တူပြုကာ နှိုင်းယှဉ်လေ့ရှိသူများထဲမှာ အိန္ဒိယခေါင်းဆောင်ကြီး "မဟတ္တမဂန္ဒီ" လည်း တစ်ယောက်အပါအ၀င် ဖြစ်သည်ဟု ကျွန်တော်ထင်ပါသည်။ တစ်ခါက ဂန္ဒီတစ်ယောက် မီးရထားနှင့် ခရီးသွားရာ သူ့ဖိနပ်တစ်ဖက် ရထားပေါ်မှ လွင့်စင်ကာ ပြုတ်ကျကျန်ရစ်ခဲ့ပါသည်။ ရထားက အရှိန်နှင့် ပြေးနေသောကြောင့် ဘယ်လိုမှ ဆင်းကောက်လို့မရနိုင်။ ထိုအခါ ဂန္ဒီ ဘာလုပ်လိုက်သည် ထင်ပါသနည်း။ ချက်ချင်းဆိုသလို ရထားပေါ်မှာ ကျန်ရစ်ခဲ့သည့် သူ့ဖိနပ်တစ်ဖက်ကို အောက်ပစ်ချလိုက်ပါသည်။ အောက်မှာ ကျန်ရစ်ခဲ့သူ တစ်ယောက်ယောက် စီးလို့ရအောင် ထိုကဲ့သို့ လုပ်လိုက်ခြင်း ဖြစ်သည်။ ထိုအကြောင်းကိုဖတ်ရတော့ ကျွန်တော် ဂန္ဒီကို တော်တော်လေး အံ့သြမိပါသည်။ ကျွန်တော်သာဆို သူ့လိုလုပ်မိလိမ့်မည် မထင်ပါ။

"ငါ့ဖိနပ်တစ်ဖက်တော့ သွားပါပြီ" ဆိုပြီး တစ်လမ်းလုံး စိတ်ဆင်းရဲရဲနှင့် လိုက်ပါလာရမည်မှာ သေချာပါသည်။ ဂန္ဒီသည်လည်း ပုထုဇဉ် ဖြစ်သောကြောင့် ပြုတ်ကျသွားသည့် သူ့ဖိနပ်တစ်ဖက်ကို နှမျောမိမှာ သေချာပါသည်။ သို့သော် ၎င်းနှမျောသည့် စိတ်နောက်မှာ "သူများအကျိုး လိုလားသည့်စိတ်၊ သူများအတွက် ထည့်တွက်သည့်စိတ်" က ကပ်လျက်ပါလာသည်ကို ကျွန်တော်တို့ တွေ့လိုက်ရပြီ မဟုတ်ပါလော။

တစ်ခါကလည်း ကာတွန်းဆရာ အော်ပီကျယ်နှင့်ကျွန်တော် လက်ဖက်ရည်ဆိုင်မှာ စကားပြောကြသည်။ ထိုကဲ့သို့ စကားထိုင်ပြောနေကြရာမှ ကျွန်တော်က….

"ဆရာ့ အင်တာဗျူးတွေလည်း တော်တော်များနေပြီနော်။ အဲဒါတွေ အားလုံးကို စုပြီး စာအုပ်ထုတ်သင့်တယ်"

ဟု အကြံပေးလိုက်ပါသည်။ ထိုအခါ ဆရာအော်ပီကျယ်က…

"ဟုတ်ပါ့ဗျာ။ ကျွန်တော့်အင်တာဗျူးတွေ ဟိုမှာပါ။ ဒီမှာပါနဲ့။ အဲဒါ သိပ်တော့ မကောင်းဘူးဗျ။ ခက်တာက ကျွန်တော်ကလည်း အားနာတတ်တယ်ဗျ။ သိပ်ပြောချင်လှတယ်လို့တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော့်ကိုဗျူးမှ သူတို့ စာမူခရမှာ မဟုတ်လား။ အဲတော့ သူတို့ စာမူခရပါစေဆိုပြီး အားနာနာနဲ့ပဲ ဖြေလိုက်ရတာ များပါတယ်"

ဟု ပြန်ပြောပါသည်။ သြော်…. ဒါလည်း လှပတဲ့ သဘောထားတွေထဲက သဘောထားတစ်ခုပဲ ဖြစ်ပါသည်။

အချိန်နှင့်အမျှ ကိုယ့်အကြောင်းသာ ကိုယ်တွေးပြီး ကိုယ့်အရေးမှကိုယ့်အရေး ဖြစ်နေတတ်သော ကျွန်တော်တို့လို လူမျိုးတွေအဖို့ "မလှပသော သဘောထား" မှ "လှပသော သဘောထား" ဖြစ်လာအောင် "ငါးအလှမွေး" ကြသလို "စိတ်အလှမွေး" ကြရင် မကောင်းဘူးလား။ ရုပ်ခန္ဓာကို လှသည်ထက်လှအောင် ကြည့်ကောင်းသည်ထက် ကြည့်ကောင်းအောင် အမျိုးမျိုးပြုပြင်လို့၇သော ဒီယနေ့ခေတ်မျိုးမှာ နာမ်ခန္ဓာကိုလည်း လှသည်ထက်လှအောင် ကြည့်ကောင်းသည်ထက် ကြည့်ကောင်းအောင် အမျိုးမျိုးပြုပြင်လို့ မရနိုင်ဘူးလား။

တကယ်တော့ ကျွန်တော်တို့ သေချာမတွေးကြည့်လို့ပါ။ တစ်ချိန်လုံး ကိုယ့်အကြောင်းချည်းပဲ ကိုယ်စဉ်းစားနေတာ သေချာတွေးကြည့်ရင် ကြာတော့ ပျင်းစရာကောင်းပါသည်။ ထို့ကြောင့် တစ်ခါတစ်ရံ အပျင်းဖြေသည့်အနေနှင့် စိတ်ပြေလက်ပျောက်သဘောမျိုး သူများအကြောင်းလည်း "အကျိုးရှိရာရှိကြောင်း" တွေးပေးသင့်သည်ဟု ထင်ပါသည်။


- မောင်ကြည်

အတွေးအမြင်၊ အမှတ် (၂၁၈)
၂၀၁၀ ခုနှစ်၊ မေလ

Tuesday, February 18, 2014

မွန်မြတ်သောအချစ်


 မွန်မြတ်သောအချစ်

ပုထုဇဉ်လူသားတွေအတွက် သံသရာမှာကျင်လည်နေသမျှကာလပတ်လုံး လောကီနယ်ပယ်မှာ အချစ်ဆိုတာနဲ့ ဘယ်သူမှ အနည်းနဲ့အများ မကင်းနိုင်ကြပါဘူး။ တိုးတက်နေတဲ့ခေတ်ကြီးမှာ အချစ်ဆိုတာကို လွယ်လွယ်လေးနဲ့ ပြောနေကြတာ ကြားနေရတာ မဆန်းတော့သလို။ ဒီနေ့ချစ်တယ်ပြော၊ မနက်ဖြန်လပ်ထပ်၊ ကွာရှင်းလိုက် ပြတ်စဲလိုက်တွေကို တွေ့မြင်နေရပါတယ်။ အခုမြင် အခုတွေက အခုချစ် အခုအိပ် ခဏနေ တစ်ယောက်မျက်နှာ တစ်ယောက်မတွေ့ချင်လောက်အုံး မုန်းနေ ကွဲနေ ကွာနေကြတာတွေ ဒုနဲ့ဒေးပါ။

ရှေးလူကြီးတွေပြောကြတာတော့ အိမ်ထောင်တစ်ခုပြုဖို့ သုံးနှစ်သုံးမိုး လေ့လာရတယ်တဲ့။ ခေတ်တွေ စနစ်နွေ ပြောင်းနေတော့ အရာရာ လျင်လျင်မြန်မြန်နဲ့ ဖြစ်နေပျက်နေလိုက်ကြတာ။ ခေတ်တွေ စနစ်တွေ ဘယ်လိုပြောင်းပြောင်း ကိုယ်နဲပလက်တွဲရမယ့် တနည်းပြောရရင် ပါရမီဖြည့်ဘက်ကို ရွေးချယ်ရာတွင်တော့ လွယ်လွယ်နဲ့ မစဉ်းစား မဆုံးဖြတ်သင့်ဘူးလို့ ထင်ပါတယ်။ “အိမ်ထောင်မှုဘုရားတည်၊ ဆေးမင်ရည်စုတ်ထိုး၊ ဤသုံးချက်တစ်ကယ်မပိုင်လျှင် နောင်ပြင်ရင်ခက်သည့်အမျိုး” ဆိုတဲ့အတိုင်း ကိုယ်ရဲ့ပါရမီဖြည့်ဖက်ကို ရွေးချယ်ရာတွင် စဉ်းစားသင့်ပါတယ်လို့တော့ ထင်ပါတယ်၊ သို့သော်လဲ ခုမြင် ခုချစ် ခုကွဲ ဖြစ်ချင်တိုင်း ဖြစ်နေကြတာ ကြားထဲက မြေစာပင် သားသမီးတွေခမျာ သနားစရာ။ ခေတ်ကပဲ မကောင်းတာလား လူတွေကပဲ မကောင်းတာလား၊ ခေတ်ကပဲ လူတွေကို လုပ်နေတာလား၊ လူတွေကပဲ ခေတ်ဆိုတာကြီးကို ဖန်တီးနေတာလားဆိုတာကတော့ မစဉ်စားတတ်။
ချစ်တယ် ကြိုက်တယ် မေတ္တာမျှတယ်လို့ ပြောနေကြပေမယ့်၊ သိနေဟ၊ ဂေဟဿိတ ပေမ၊ မေတ္တာ ဆိုတာ ချစ်ခြင်းလို့ အဓိပ္ပါယ်ယူလို့ရပါတယ်။ အချစ်က သုံးမျိုး ရှိပါတယ်။
၁။ ချစ်သူ အချစ်ရယ် ၂။ မိသားစု အချစ်ရယ် ၃။ ပါရမီ အချစ်ရယ် ဆိုပြီး သုံးမျိုး ရှိပါတယ်။
ချစ်သူ အချစ်ဆိုတာ မိန်းမ ယောကျာ်း အပြန်အလှန် ချစ်ကြတဲ့ အချစ် တဏှာချစ်ပါ။
မိသားစု အချစ်ဆိုတာက မိဘနဲ့သားသမီး ညီနဲ့အစ်ကို မောင်နဲ့နှမ စသည့် မိသားစု အချင်းချင်း ချစ်ကြတဲ့ အချစ် ဂေဟဿိတ ပေမလို့ အချစ်မျိုးပါ။
ပါဠိလိုပြောရင်တော့ တဏှာ ပေမရယ်၊ ဂေဟသိတ ပေမရယ်၊ မေတ္တာ ပေမရယ်ပေါ့။ မေတ္တာ ပါရမီမှာတော့ နောက်ဆုံး ဖြစ်တဲ့ မေတ္တာ ပါရမီကို ယူရမှာပါ။ သူတစ်ပါးရဲ့ အကျိုးဖြစ်ထွန်းမှုကို လိုလားတဲ့အချစ်မို့ ပါရမီ အချစ်လို့ပဲ ဆိုပါစို့။
ပါရမီ အချစ်ဟာ သူတစ်ပါး အကျိုးကို ငဲ့နေပါတယ်။ မိမိ အကျိုးကို မငဲ့ပါဘူး။ ကိုယ်က သူ့ကို ပါရမီအချစ်နဲ့ ချစ်ဖြစ်နေရင် သူကြီးပွားစေချင်တယ်၊ တိုးတက်စေချင်တယ်၊ အောင်မြင်စေချင်တယ်။ အစစအရာရာ အဆင် ပြေစေချင်တယ်။ သူ့ဆီက ဘာတုန့်ပြမှုမှ မမျော်လင့်ပါဘူး ။ ဒါ ပါရမီ အချစ်ရဲ့ သဘောတွေပါပဲ။
အကြောင်း တစ်ခုခုကြောင့် သိခွင့်ခင်ခွင့်ရကြတဲ့အခါမှာ ကိုယ်ကလည်းသူ့ကို ပါရမီအချစ်နဲ့ချစ်မယ်။ သူကလည်းကိုယ့်ကို ပါရမီအချစ်နဲ့ချစ်မယ် နှစ်ဦးစလုံးရဲ့ခင်မင်မှုဟာ အစဉ်အမြဲခိုင်မြဲနေတော့မှာပါ။ တစ်ဆင့်တက်ပြီး သူတရားထူး တရားမြတ်ရဖို့အတွက်လည်း ကိုယ်ကကူညီ ကိုယ်တရားထူး တရားမြတ် ရဖို့အတွက်လည်း သူကကူညီမယ်ဆိုရင် ပါရမီအချစ်က နိဗ္ဗာန်အထိတောင် ကျေးဇူးပြုနေတော့တာပါ။
အချစ်ဆိုတာ တကယ်တော့ တဏှာရာဂဖြစ်ပါတယ်။ ပူလောင်ပါတယ်။ ပါရမီအချစ်ကတော့ ကိုယ်ကဘာမှ သူထံမှ မျှော်လင့်မထားဘဲနဲ့ ချစ်တဲ့အေးချမ်းတဲ့ အချစ်မျိုးပါ။ အချစ်ဆိုတာ ရာဂဆိုပေမယ့် ပဋ္ဌာန်းဥပနိဿယပစ္စည်းမှာ “အကုသလော ဓမ္မော၊ ကုသလဿ ဓမ္မဿ၊ ဥပနိဿယ ပစ္စယေနပစ္စယော” ရာဂံ ဂရုံ ကတွာ၊ ဒါနံ ဒတွာ၊ သီလံ သမာဒိယိတွာ၊ စသည်ဖြင့် အကုသိုလ်တရားက ကုသိုလ်တရားကို ပြန်ပြီး ကျေးဇူးပြုတတ်ပါတယ်။ ဆိုလိုချင်တာကတော့ အချစ်ဆိုတဲ့ရာဂကို အမှီပြုပြီး ဒါနတွေပြုမယ်၊ သီလ တွေဆောက်တည်မယ်၊ ဥပုသ်နေ့မှာ ရှစ်ပါးသီလ၊ ကိုးပါးသီလကို စောင့်ထိန်းမယ်၊ ဈာန်ရကြောင်း သမထကမ္မဋ္ဌာန်းပွားများမယ်၊ ၀ိပဿနာပွားများမယ်ဆိုရင် အဘိညာဉ် ဈာန်သမာပတ်ရနိုင်တဲ့အပြင် တစ်ဆင့်တက်ပြီး ပွားများအားထုတ်ရင် မဂ် ဖိုလ်လည်းရနိုင်ပါတယ်။
ပိုပြီးထင်ရှားအောင် ဥပမာပြရရင် မြတ်စွာဘုရားရှင်ရဲ့ သုမေဓာရှင်ရသေ့ဘ၀လေးက ထင်ရှားတဲ့ သာဓကလေးဖြစ်ပါတယ်။ ဤကမ္ဘာမှ ပြန်၍ရေတွက်သော် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းအထက်၌ “အမရ၀တီ” မင်းနေပြည်တော်၌ သူဌေးမျိုးရိုးစဉ်ဆက်က ဆင်းသက်လာသော “သုမေဓာ” မည်သော သတို့သားသည် မိဘတွေငယ်စဉ်က ကွယ်လွန်သဖြင့် ရွေ၊ ငွေ၊ စိန်၊ ကျောက် အစရှိသော ရတနာတိုက်ပေါင်းများစွာကို ဘဏ္ဍာထိန်းအမတ်က စောင့်ရှောက်ထားရတယ်။ ထိုသတို့သားသည် မအိုရာ၊ မသေရာ ရှာလိုသော ဇောစိတ်ထက်သန်လှသဖြင့် မရေမတွက်နိုင် များပြားလှသော စည်းစိမ်တွေအပေါ်တွင် တွယ်တာမက်မောခြင်းမရှိဘဲ စွန့်ကြဲပေးကမ်း၍ ဟိမ၀န္တာတောသို့ မြန်းကြွ၍ ရသေ့ရဟန်း ပြုတော်မူပါတယ်။

 ပင်ကိုဥာဏ် ပါရမီထက်မြက်မှုကြောင့် ကမ္မဋ္ဌာန်းတရားကို အားထုတ်ရာ လောကီဈာန်ကို ခုနှစ်ရက်အတွင်း ရတော်မူခဲ့ပါသည်။ တစ်ခါတစ်ရံကောင်း ကင်ခရီးဖြင့် ကြွတော်မူရာ နှစ်ပေါင်းအတော်ကြာလျှင် “ဒီပင်္ကရာ” ဘုရားရှင် ပွင့်တော်မူရာ “ရမ္မာ” နေပြည်တော်သားတို့သည် ဘုရားရှင်ကိုကြွတော်မူရန်ပင့်ဖိတ်လျက် လမ်းပြင်နေသည်ကို မြင်တော်မူရာ ကောင်းကင်မှဆင်းသက်၍ မိမိလည်းလမ်းပြင်လိုကြောင်း ခွင့်တောင်း လေသည်။ ထိုအခါ “ရမ္မာ” ပြည်သူတို့က “ဤရသေ့သည် တန်ခိုးကြီး၏၊ တန်ခိုးဖြင့်ပြင်လိမ့်မည်၊ ရွံ့ညွန်ရှိသော နေရာကိုပေးကြမယ်”ဟု ဆိုကာ ပြုပြင်ရန်ခက်ခဲသော နေရာကို ပေးလေသည်။ နောက် ဒီပင်္ကရာမြတ်စွာဘုရားရှင် ကြွလာတော့ သုမေဓာရှင်ရသေ့လေးလည်း သူတာဝန်ယူထားတဲ့အပိုင်း မပြီးသဖြင့် ခန္ဓာကိုယ်ကို တံတားအဖြစ် ခင်းပြီး လှူတော်မူပါတယ်။
ဒီပင်္ကရာမြတ်စွာဘုရားရှင်ကို ဖူးမြော်တဲ့အမျိုးသမီးထုထဲတွင် “သုမိတ္တာ” ခေါ်တဲ့ အမျိုးသမီးက အလောင်းတော်ရှင်ရသေ့ကို မြင်လျှင်မြင်ချင်း ရေစက်မကင်းသဖြင့် ထူးခြားသော မေတ္တာသက်မိပါတယ်။ မိမိမှာပါသော ကြာပန်းရှစ်ခိုင်ထဲက မိမိလှူဖို့ သုံးခိုင်ချန်ထား၍ ငါးခိုင်ကို အလောင်းတော် ရှင်ရသေ့အား “ဒီကြာပန်းလေးလှူပါနော်” လို့ ပေးလိုက်ပါတယ်။ ပြီးတော့  “သုမိတ္တာ” အမျိုးသမီးက “အရှင်ရသေ့ပါရမီတွေ ဖြည့်ကျင်နေတဲ့ကာလပတ်လုံး ကျွန်မသည် အရှင်ရသေ့နဲ့အတူတကွ ပါရမီဖြည့်ဖက်ဖြစ်ရပါလို၏” ဟု ဆုတောင်းလိုက်ပါတယ်။ ဒီပင်္ကရာမြတ်စွာ ဘုရားရှင်လည်း “သုမေဓာရှင်ရသေ့ ဒီသုမိတ္တာအမျိုးသမီးလေးဟာ သင်ဘုရားဖြစ်ဖို့ရန် စိတ်တူကံတူ ပါရမီဖြည့်ဖက် ဖြစ်လိမ့်မယ်လို့” ဗျာဒိတ်ပေးတော်မူခဲ့ပါတယ်။
သုမိတ္တာအမျိုးသမီးလေးဟာ ရာဂဆိုတဲ့အချစ်ကိုအမှီပြုပြီး၊ သုမေဓာရှင်ရသေ့လေးကို အမှီပြုပြီးသံသရာမှာ ပါရမီဖြည့်ဖက်အဖြစ် ကျင်လည်ရင်း နောက်ဆုံးဘ၀၌ ယသော်ဓရာအမည်ဖြင့် ဒါန၊ သီလ၊ ဘာဝနာ၊ ၀ိပဿနာတွေ ပွားများအားထုတ်ပြီး အရဟတ္တမဂ်၊ အရဟတ္တဖိုလ် ရသွားတဲ့အတွက် အချစ်က နိဗ္ဗာန်ရဖို့ ကျေးဇူးပြုလိုက်တဲ့ ထင်ရှားတဲ့ သာဓကလေးဖြစ်ပါတယ်။
တစ်စုံတစ်ယောက်ကို ကိုယ်ကချစ်တယ်ဆိုရင် ပါရမီအချစ်နဲ့ချစ်ပြီး နိဗ္ဗာန်ရဲ့အထောက်အပံ့တွေ အခါ အားလျော်စွာ ဖန်တီးပေးနေနိုင်ရပါမယ်။ ဒီလိုပါပဲ၊ သတ္တ၀ါအားလုံးအပေါ်မှာ ပါရမီအချစ်နဲ့ ချစ်နိုင်ရမှာ ဖြစ်သလို၊ ချစ်သူအချင်းချင်း မိသားစုအချင်းချင်းမှာလည်း ပါရမီအချစ်ပါတဲ့ အချစ်တွေ တွဲ တွဲ ပါနေပါမှ အစဉ်အမြဲ ခိုင်မြဲနေမှာပါ။ ချစ်သူအချင်းချင်း ချစ်နေကြတဲ့နေရာမှာ တဏှာရာဂကို အခြေခံတယ်ဆိုပေမဲ့ သူကုသိုလ်ဖြစ်ဖို့ ကိုယ်ကဖန်တီးပေးနေမယ်။ ကိုယ်ကုသိုလ် ဖြစ်ဖို့အတွက် သူကဖန်တီးပေးနေမယ်ဆိုရင် ချစ်သူနှစ်ယောက်အတွက် ရန်ဖြစ်တယ်၊ မုန်းတယ်ဆိုတာတွေဟာ အိပ်မက်ထဲမှာတောင် ရှာလို့ရတော့မှာ မဟုတ်ပါဘူး။
ပြီးတော့ ကိုယ့်ရဲ့မိသားစုဘ၀လေးဟာ ငြိမ်းငြိမ်းချမ်းချမ်းလေး ရှိနေရုံတင်မကပဲ တရားထူးတရားမြတ် ရဖို့လည်း အထောက်အပံ့တွေ ဖြစ်နေတော့မှာပါ။ အဆင်မပြေမှုတွေဖြစ်တယ်ဆိုတာ တဏှာပေမ အချစ်လောက်နဲ့ပဲ ချစ်နေကြလို့ပါ။ ပါရမီအချစ် မပါကြလို့ပါ။ ဒီသဘောလေးကို အာရုံပြုပြီး အစဉ်သဖြင့် ခိုင်မြဲ နေဖို့ ပါရမီအချစ်လေးပါ တွဲပါပေးရပါတယ်။
တစ်ချို့မိသားစုတွေမှာ အဆင်မပြေဖြစ်တယ်ဆိုတာလည်း ပါရမီအချစ် မပါကြလို့ပါ။ ကိုယ့်မှာ ပါရမီအချစ်သာ ရှိနေရင် တဖက်က မသိလို့ မှားတဲ့အမူအရာကို ပြဦးတော့ သူ့ကို ကိုယ်က ဒေါသမထွက်ပဲ “သြော်.. သူမသိလို့ပဲလေ” ဆိုပြီး ခွင့်လွတ်ပြီးသား ဖြစ်နေတတ်ပါတယ်။ ပြီးတော့ ဖြစ်ပေါ်လာတဲ့ ပြသနာကို တရား သဘောလေးနဲ့ ဖြေရှင်းတတ်သလို အမှားပြုသူ တစ်ဖက်သားကိုလည်း တရားနဲ့ပြန်လည် ဖေးမ တတ်ပါသေးတယ်။
ပြသနာ တစ်ခုခု ဖြစ်လာပြီဆိုရင် ကိုယ်ဖတ်ခဲ့ နာခဲ့ ကျင့်ခဲ့တဲ့တရားတွေ ပြန်အာရုံပြုပြီး တရားသဘောနဲ့ ပြန်ဖြေရှင်းရပါတယ်။ တကယ်လို့ မတရားတဲ့ သဘောနဲ့ ပြန်ဖြေရှင်းခဲ့ရင် မတရားတဲ့ဆိုးကျိုးတွေပဲ ပြန်ဖြစ်တော့တာပါ။ မတရားတဲ့ တုံ့ပြန်မှုတွေဟာ တစ်ဘက်သားမှာ တစ်သက်တာ စိတ်ဒဏ်ရာ ရသွားစေတာပါ။ တစ်သက်တာ ရသွားတဲ့ စိတ်ဒဏ်ရာကို ပြန်ကုဖို့ ခက်သွားပါပြီ။ ဘ၀ဆိုတာ အမြဲတမ်း အဆင်ပြေ မနေနိုင်ပါဘူး။ တစ်ချိန်ချိန် ကာလတစ်ခုခုမှာ ကြီးမားတဲ့အဆင်မပြေမှုကြီးတွေ ဖြစ်လာနိုင်ပါတယ်။ အဲဒီ အချိန်မျိုးမှာ ကိုယ် ပါရမီအချစ်နဲ့ ချစ်ခဲ့ရသူတွေက ကိုယ့်အနားကို ပြေးလာကြမှာပါ။
ဘ၀မှာ ကိုယ်က ပါရမီအချစ်နဲ့ ချစ်ခဲ့ရသူ မရှိခဲ့ဘူး။ ကိုယ့်ကြောင့် စိတ်ဒဏ်ရာ ရစေခဲ့တဲ့သူတွေပဲ ရှိခဲ့တယ် ဆိုရင် ဘယ်လို လုပ်မလဲ။ အဲဒီ အဆင်မပြေမှုတွေနဲ့ပဲ သေသွားမယ်ဆိုရင် တရားလည်း မကပ်လိုက်နိုင်ရင် မကောင်းတဲ့ ဂတိတစ်ခုခုကို ရောက်သွားနိုင်ပါတယ်။
ပုထုဇဉ်တွေရဲ့သဘောက ကိုယ့်အမှားကို ကိုယ်ပြန်မြင်ခဲကြပါတယ်။ အဲဒီ အခါမျိုးမှာ ကိုယ့်ကို ပါရမီအချစ်နဲ့ ချစ်သူ၊ ဒါမှမဟုတ် မိတ်ကောင်းဆွေကောင်း တစ်ဦးဦးက ကိုယ့်အမှားကို မြင်ပြီး ပြုပြင်ပေးတဲ့အခါ၊ ပြုပြင်ပေးတဲ့အတိုင်း လက်ခံကျင့်သုံး ရပါတယ်။ မိတ်ဆွေကောင်းတွေ ဥပက္ခာပြုသွားအောင် ပြုပြင်ဖေးမမှုကို မျက်ကွယ်မပြုရပါဘူး။ အလေးအနက်ထား ကျင့်သုံးပေးရပါတယ်။ ဒီတော့ ပါရမီအချစ်ဆိုတာ လူတိုင်း လူတိုင်းအတွက် လိုအပ်နေတော့တာပါ။ မေတ္တာဆိုတာ ကိုယ်ချစ်တဲ့ သူတွေကို ထိုင်ပြီးပွားနေတာနဲ့တင် မလုံလောက်သေးပါဘူး။ ထိုင်ပြီးပွားတာက ပွားမေတ္တာပါ။ ကံအနေနဲ့ ပြောရရင် မနောကံ မေတ္တာပါ။ ပွားမေတ္တာ နဲ့အတူ ထားမေတ္တာကိုလည်း ကျင့်သုံး နိုင်ကြပြီး ရိုးမြေကျ ပေါင်းသင်းကာ သံသရာဆုံးတိုင် ပါရမီချစ်ဖြင့် ချစ်ပန်းဝင်နိုင်ကြပါစေကြောင်း
Credit to ဘ၀တက္ကသိုလ်

Monday, February 17, 2014

တရားဘာဝနာအပေါ်လွဲမှားသောနားလည်မူများ (2)


တရားဘာဝနာအပေါ်လွဲမှားသောနားလည်မူများ (2)

Misconception #6 လွဲမှားသောအယူအဆ (၆)
Meditation is for saints and holy men, not for regular people
တရားအားထုတ်ခြင်း ရဟန်းသံဃာများအတွက်သာဖြစ်ပြီး သာမာန်လူများနှင့်မဆိုင်ပါ။
အမေရိကန်မှနာမည်ကြီးရုပ်ရှင်သရုပ်ဆောင်များနှင့်ဘတ်စကက်ဘောချန်ပီယံများကို သာမာန် လူတို့ထက် စွမ်းဆောင်ရည်မြင့်မားသူများအဖြစ် လက်ခံထားသကဲ့သို့ ရဟန်းတော်များသည် ရိုသေ မြတ်နိုးဖွယ်ရာ ဂုဏ်တို့ဖြင့်ပြည်စုံသောကြောင့် ရဟန်းတော်များသာ ကမ္မဌာန်းတရားနှင့် ဝိပဿနာ ဘာဝနာတို့ကို အားထုတ်ရမည်ဟု အာရှဒေသ၌ ကျယ်ကျယ်ပြန့်ပြန့် လက်ခံယူဆထားကြသည်။

ထိုသူများသည် စွမ်းနိုင်သူများဖြစ်ကြပြီး ရှားပါးသော အရည်အချင်းများပိုင်ဆိုင်ကြသည်။ မြင့်မြတ်သောရသေ့၊ရဟန်းများအားလုံးနီးပါး တရားဘာဝနာပွားကြသည်။ သိုသော် ထိုသူများသည်
ရသေ့၊ရဟန်းများဖြစ်သောကြောင့်တရားအားထုတ်ခြင်းမဟုတ်ကြပါ။ သံသယာဘေးကိုကြောက်ရွှံ ၍ တရားဘာဝနာ၌ မွေလျော်သောကြောင့်သာ ရသေ့၊ ရဟန်းများအဖြစ် သတ်မှတ် ခေါ်ဆို ခံရခြင်းဖြစ်သည်။ တရားဘာဝနာပွားများခြင်းကသာ စင်ကြယ်မြင့်မြတ်သူ အဖြစ်သို့ ရောက်စေခြင်း ဖြစ်သည်။ ရသေ့၊ရဟန်းမဖြစ်ခင်ကတည်းက တရားအားထုတ်ကြသူများဖြစ်သည်။
လုံးဝဖြူစင်သည့် သီလအကျင့်ရှိသူသာတရားအားထုတ်သင့်သည်ဟု ယောဂီအများစုက လွဲမှားစွာ နားလည်လက်ခံထားကြသည်။ ထိုနည်းသည် အလုပ်ဖြစ်နိုင်သောနည်းတစ်ခုမဟုတ်ပါ။ သီလမြဲရန် အတွက် စိတ်ပိုင်းဆိုင်ရာထိန်းချုပ်မူ(mental control) သည် အနိမ့်ဆုံး အခြေခံ လိုအပ်ချက် တစ်ခုဖြစ်သည်။ အခြေခံ ၅ပါးသီလ(သို့) ၈ပါးသီလ တို့ကို မစောင့်စည်းနိုင်၊ ဖြူစင်စွာ မလိုက်နာနိုင်လျှင် သမာဓိထူထောင်ရန်မဖြစ်နိုင်ပါ။ ဗုဒ္ဓနည်းအရတရားဘာဝနာပွားများရန် သီလ၊ သမာဓိ၊ ပညာသည် အခြေခံအုပ်မြစ်ဖြစ်သည်။

ကျင့်စဉ်နက်ရှိုင်းလာလေလေ ထိုသိက္ခာသုံးပါးမှာ ပို၍ဖွံဖြိုးလာလေလေဖြစ်သည်။ သိက္ခာသုံးပါး (သီလ၊သမာဓိ၊ပညာ)သည် အပြန်အလှန် ဆက်စပ်နေသောကြောင့် တစ်ချိန်မှာတစ်ခုချင်းစီဖွံ့ ဖြိုးရန်လေ့ကျင့်ခြင်းထက် တစ်ပြိုင်နက်ဖွံ့ ဖြိုးရန်လေ့ကျင့်ခြင်းကပို၍မှန်ကန်သည်။ သီလအကျင့် (လုံးဝ) ပြည့်စုံအောင်မြင်ပေါက်မြောက်အောင် စောင့်ဆိုင်းနေသောယောဂီလောင်းသည် မည်သည့်အခါမှမျှ စတင် တရားအားထုတ်ဖြစ်လိမ့်မည်မဟုတ်ပေ။ ထိုယောဂီလောင်းသည် ရေချိုးရန်အတွက် သမုဒ္ဒရာကြီးတစ်ခုလုံးငြိမ်သက်လုံးဝငြိမ်သက်သွားအောင် စောင့်နေသူနှင့် တူသည်။
သီလအဆင့်အမျိုးမျိုးရှိပါသည်။ အခြေခံအဆင့်သီလမှာ တစ်စုံတစ်ယောက်ကချမှတ်ပေးသော စည်းမျဉ်းစည်းကမ်း၊ဥပဒေ (rules and regulations ) ဖြစ်သည်။ သင့်နိုင်ငံ၏ ဥပဒေ (သို့) သင့်ကျောင်းစည်းကမ်း(သို့)သင့်ဖခင့်ချမှတ်ထားလိုက်နာရန်အချက်များဖြစ်သည်။ မည်သူက ချမှတ် သည်ဖြစ်စေ ထိုဥပဒေ၊စည်းကမ်းတို့ကိုသိနားလည်ပြီးလိုက်နာရန်ဖြစ်သည်။ ထိုဥပဒေ၊ စည်းကမ်းတို့မှာ ရှင်းလင်းလွယ်ကူ၍ တိကျပြတ်သားပြီး၊ စည်းကမ်းတစ်ခုချိုးဖောက်တိုင်း တစ်ချက်အရိုက်ခံရလျှင်ဆိုလျှင် ချန်ပင်ဇီမျောက်တစ်ကောင်ပင်လိုက်နာလိမ့်သည်။ ထိုအခြေခံ အဆင့်သီလ၌ တရားဘာဝနာအားထုတ်ခြင်းမလိုအပ်ပါ။ ဥပဒေ၊စည်းကမ်းနှင့် ရိုက်မည့်ဒုတ် (အပြစ်ဒဏ်)တို့သာလိုအပ်သည်။ ဒုတိယအဆင့်သီလမှာ စောင့်ကြည့်နေသည့်သူ၊ ရိုက်မည့် ဒုတ်မရှိပဲ အထက်ပါစည်းကမ်းအားလုံးကို လိုလိုလားလားလိုက်နာခြင်းဖြစ်သည်။ ထိုစည့်ကမ်း များကို သင့်၏အဇ္ဈတသန္တာန်မှ သိစိတ်ဖြင့်ကော၊မသိစိတ်ဖြင့်ပါ ပင်ကိုယ် သဘော အတိုင်း လက်ခံလိုက်နာခြင်းဖြစ်သည်။
စည်းကမ်းတစ်ခုချိုးဖောက်တိုင်းလည်းသင့်ကိုယ်သင်အပြစ်ပေးပါလိမ့်မည်။ ထိုအဆင့်သို့ရောက်ရန် အနည်းငယ်မျှသော စိတ်ထိန်းချုပ်မှုလိုအပ်သည်။ သင်ပရမ်းပတာ လုပ်ကိုင်တတ်လျှင်၊ သင်၏ အသွင်အပြင်အမူအရာမှာလည်းပရမ်းပတာဖြစ်နေလိမ့်မည်။ စိတ်ဓါတ် အဆင့်အတန်းမြင့်မား လာခြင်းသည် စိတ်ပရမ်းပတာဖြစ်မှုကိုနည်းပါးစေသည်။
တတိယအဆင့်သီလကို ကိုယ်ကျင့်တရား(ethics)လို ခေါ်ဆိုရမှာပါ။ အမြင့်ဆုံးသောအဆင့်ဖြစ်ပြီး လုံးဝကွာခြားသောအဆင့်တစ်ခုကိုရောက်ရှိခဲ့ပြီဖြစ်သည်။ ကိုယ်ကျင့်တရားမည်သည် အာဏာပိုင် (သို့ )ခိုင်းစေသူမှချမှတ်သော စည်မျဉ်းစည်းကမ်းများ မျက်စေ့ပိတ်၊ နားပိတ်ကို လိုက်နာခြင်းမျိုး မဟုတ်ပါ။ ထိုအဆင့်၌ အခြေအနေ၊အချိန်အခါနှင့်ကိုက်ညီမည့် အပြုအမူကို ကိုယ်တိုင်  ရွှေးချယ်နိုင်စွမ်းရှိနေပြီဖြစ်သည်။  အမှန်တကယ် ဥာဏ်ရည်မြင့်မားစွာဖြင့် အခြေအနေ အားလုံး အတွက် အကောင်းဆုံးနှင့်အသင့်တော်ဆုံး တုံ့ပြန်မူတို့ကို ဖန်တီးနိုင်ပြုမူနိုင်ပြီဖြစ်သည်။ ထိုအပြင် အတ္တအကျိုးထက် အများအကျိုးကိုပေါ်မှာ အခြေခံသည့်ဆုံးဖြစ်ချက်တွေကို ရဲဝံစွာ ချနိုင်မည် ဖြစ်သည်။ အခြေအနေတစ်ရပ်လုံး၏အကောင်းရာကောင်းကျိုးကိုသိမြင်နိုင်စွမ်းရှိပြီး အတ္တနှင့် ပရကို ဟန်ညီညီထိန်းနိုင်မည်ဖြစ်သည်။

လောဘ၊ဒေါသနှင့်မောဟတို့ကင်းလွတ်ပြီး မိမိ၊သူတပါး အကျိုးများမည့်နည်းလမ်းများဖြင့်သာ တွေ့ ကြုံသမျှကိစ္စတို့ကို လွန်မြောက်စေလိမ့်မည်။ ထိုကဲ့သို့ စိတ်ထားမျိုးကို တရားဘာဝနာ ပွားများခြင်းဖြင့်သာ ရရှိနိုင်သည်။ မည်သည့်နည်းလမ်းမျိုးနှင့်မျှ ထိုကဲ့သို့မြင့်မားမွန်မြတ်သော စိတ်ထားမျိုးကို မရရှိနိုင်ပေ။ပြဿနာတိုင်းကိုရူထောင့်တိုင်းမှ အဆင်ပြေအောင်ကြိုးစားခြင်းသည် ဘောလုံးများစွာကိုလေထဲ၌မြောက်ကစားခြင်းနှင့်ဆင်တူပြီး မည်သည့်ထူးချွန်ထက်မြက်မူကမျှ မစွမ်းနိုင်ပါ။ အမြဲတန်းအတွက်အလွန်ပင်ပန်းသောကိစ္စရပ်လည်းဖြစ်သည်။ တရားဘာဝနာ အားထုတ်ခြင်းမှ ရရှိသည့် အဆင့်မြင့်သမာဓိကသာ အမှားအယွင်း မရှိပြီးမြောက် အောင်မြင် နိုင်သည်။

Misconception #7 လွဲမှားသောအယူအဆ (၇)
Meditation is running away from reality
တရားအားထုတ်ခြင်းအမှန်တရားများမှထွက်ပြေးခြင်း
တရားအားထုတ်ခြင်းသည်အမှန်တရားနှင့်ရင်ဆိုင်ခြင်းဖြစ်သည်။ တရားအားထုတ်ခြင်းဖြင့်လည်း ဘဝ၏နာကြည်းဖွယ်ရာများမှ မလွတ်မြောက်သွားပါ။ ဘဝကိုနက်ရှိုင်းစွာနားလည်နိုင်ပြီး အမှန်တရားကို ရဲရဲရင်ဆိုင်နိုင်သောခွန်အားကို ရရှိနိုင်သည်။ ဝိပဿနာဘာဝနာသည် သင်မြင်တွေ့ သည်အတိုင်း ဘဝကိုလက်တွေ့ ကျကျ (ဓမ္မဓိဌာန်ကျကျ) တွေ့ ကြုံခံစားနိုင်ရန် ရည်ရွယ်သည့် အလေ့အကျင့်တစ်ခုဖြစ်သည်။
ထင်ယောင်ထင်မှားမူများကိုမောင်းထုတ်နိုင်ပြီး သင်ကိုသင်မသိမသာလိမ်ညာနေမူများမှ လွတ်မြောက် စေနိုင်သည်။ အရှိကိုအရှိအတိုင်း၊ (သဘာဝကို သဘာဝအတိုင်း၊ မမြဲမူကို အမြဲသည့်အတိုင်း) သင်ကိုသင် အမှန်အတိုင်း တွေ့ မြင်စေသည်။ သင်၏အားနည်းပျော့ညံ့မူများကို အရင်းခံကာ သင့်ကိုယ်သင် ဟန်ဆောင်လိမ်ညာလှည့်ဖျားမူဝဲသြဃ(wheel of illusion)ထဲက မလွတ်မြောက်အောင်ချည်နှောင်ထားသည်။ ဝိပဿနာဘာဝနာသည် သင်၏ပြဿနာများကို ဖုံးကွယ် မေ့ပျောက်အောင်မစွမ်းဆောင်နိုင်ပါ။ သင်ကိုသင်အမှန်အတိုင်း အတိအကျ တွေ့ မြင်နိုင်အောင်သာလေ့ကျင့်ယူခြင်းဖြစ်သည်။ အရှိကိုအရှိအတိုင်းလုံးဝ ရူမြင်လက်ခံနိုင်မှသာ တိုးတက်သော ပြောင်းလဲမူကိုသင်ကိုယ်တိုင်ပြုလုပ်နိုင်မည်ဖြစ်သည်။

Misconception #8 လွဲမှားသောအယူအဆ (၈)
Meditation is a great way to get high
တရားအားထုတ်ခြင်းသည် ဘဝမြင့်များရန်အတွက်ကောင်းဆုံးလမ်း
တစ်ခါတစ်ရံ တရားအားထုတ်ခြင်း နှစ်သက်ဖွယ်ကောင်းသောပီတီသုခပြည့်ဝသောချမ်းသာသည့် ခံစားမူများရရှိနိုင်ပါသည်။ ထိုခံစားမူများသည် တရားအားထုတ်ခြင်း၏ ပန်းတိုင်မဟုတ်သလို အမြဲတန်းလည်းမရရှိနိုင်ပါ။ သမာဓိထူထောင်ရန်၊သတိတရားမြဲရန်စသော မှန်ကန်သည့် ရည်ရွယ်ချက်များဖြင့်အားမထုတ်ဘဲ ထိုချမ်းသာသုခကိုတောင့်တ၍ တရားဘာဝနာကို အားထုတ်ပါက ပို၍ပင်ထိုခံစားမူများကိုရရှိရန်ခက်ခဲပေလိမ့်မည်။

စိတ်တင်းကျပ်မူများမှပြေလျော့ခြင်းဖြင့်အနားယူအပန်ပြေမူမျိုးဖြစ်ပေါ်လာသည်။ ထိုအနားယူ အပန်ပြေမူမှ တဆင့်ပီတိသုခများရရှိနိုင်သည်။ တရားအားထုတ်ခြင်းမှ ပီတိသုခကို လိုက်လံရှာဖွေနေခြင်းကြောင့်မွန်းကြပ်သောစိတ်ထားမျိုးဖြစ်ပေါ်လာကာ ဘာဝနာ၏ဖြစ်စဉ် တစ်ခုလုံးကိုပျက်စီးစေသည်။ ရွှင်လန်းဝမ်းမြောက်ခြင်းနှင့်ချမ်းသာသုခတို့သည် မတောင့်တသည် အခိုက်အတန့်၌သာ လွယ်ကူစွာရရှိနိုင်သည်။ ထိုပီတိသုခသည်ပန်းတိုင်မဟုတ်၊ တစ်ခါတစ်ရံမှ ရလေ့ရှိသော တရားအားထုတ်ခြင်း၏ ဘေးထွက်ပစ္စည်းမျှသာဖြစ်သည်။ အချိန်ကြာကြာ နေစဉ်ရက်ဆက်တရားအားထုတ်ခြင်းဖြင့်ရွှင်လန်းဝမ်းမြောက်ခြင်းနှင့်ချမ်းသာသုခတို့မကြာခဏရရှိနိုင်သည်။ ထိုပီတိသုခအကြောင်းကို အဆင့်မြင့်ယောဂီများထံမှ တလေသံတည်း (ငြင်းချက်မရှိ) ကြားနိုင်သည်။

Misconception #9 လွဲမှားသောနားလည်မူ (၉)
Meditation is selfish
တရားအားထုတ်ခြင်းသည် တကိုယ်ကောင်းဆန်၊အတ္တကြီးခြင်းဖြစ်သည်။
တရားအားထုတ်သည့်ယောဂီများကို တကိုယ်ကောင်းဆန်သူ၊ အတ္တကြီးသူများအဖြစ် သတ်မှတ် တတ်ကြသည်။ ကူရှင်ပေါ်၌ငြိမ်သက်စွာထိုင်ပြီးတရားအားထုတ်နေသည့်ယောဂီများသည် သွေးလှူ ရန်ဆေးရုံသို့သွားနေသူများလည်းမဟုတ်ပါ၊သဘာဝဘေးအန္တရယ်ဒုက္ခသည်များကိုအကူအညီပေးရန် အလုပ်ရှုပ်နေသူများလည်းမဟုတ်ကြပါ။ ဘာကြောင့်တရားအားထုတ်နေသနည်း? ယောဂီ၏ ဆန္ဒကိုဆန်းစစ်ကြည့်ပါ။ ဘာကြောင့် ယောဂီတစ်ယောက် တရားအားထုတ်နေသနည်း?။ ထိုယောဂီ၏ရည်ရွယ်ချက်မှာ ကိလေသာတရားများဖြစ်သည့် ဒေါသ၊လောဘနှင့်မောဟတို့ကို မိမိစိတ် အစဉ်မှ မောင်းထုပ်နေခြင်းဖြစ်သည်။ ကိလေသာတရားကို အပြီးသတ် မောင်းထုပ်ရန် အဖန်တလဲလဲကြိုးစားနေခြင်းဖြစ်သည်။

ထိုကိလေသာတရားများသည် အခြားသူများပေါ်တွင်ထားရှိရမည့် ဗြဟ္မာစိုရ် (မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ) တရားများမဖြစ်ပေါ်အောင် နှောက်ယှက်ပိတ်ပင်တတ်သောကြောင့်ဖြစ်သည်။ ထိုကိလေသာတရားများကို အပြီးတိုင်မပယ်ရှားနိုင်သ၍ ယောဂီတစ်ယောက်ပြုလုပ်သည့် အများကောင်းရာကောင်းကျိုး ကိစ္စများသည် (သံသရာအတွက်) မိမိကောင်းစားရေးနှင့် မိမိ အတ္တ၏ အဆွယ်အပွားမျှသာဖြစ်သည်။ "ကူညီမူ" ဆိုသည့်ခေါင်းစဉ်တတ်ပြီး တစ်စုံတစ်ယောက်(သို့) မိမိကိုယ်ကို ထိခိုက်နစ်နာစေခြင်းသည် အလွဲမှားဆုံးကစားပွဲဖြစ်သည်။ အဆင့်မြင့်ယောဂီ တစ်ယောက်၏ဘဝကို ဆန်းစစ်လျှင် အများအကျိုးအတွက် ကိုယ့်အကျိုးစွန့်လွှတ်ရမည့် လူမူရေးပရဟိတလုပ်ငန်းများကို ဆောင်ရွက်လေ့မရှိသည်ကိုတွေ့ ရှိနိုင်သည်။

အမှန်မှာကျွန်ပ်တို့သည် ကျွန်ပ်တို့ထင်တာထက်ပို၍အတ္တကြီးကြသည်။ အကန့်အသတ်မရှိ လွတ်လပ်ခွင့်ရခဲ့လျှင် အတ္တသည် အနှစ်သာရရှိသောလုပ်ငန်းကိစ္စများကို မြောင်းထဲသို့ ရောက်အောင်လုပ်နိုင်သည်။တရားဘာဝနာပွားများခြင်းဖြင့် ကျွန်ပ်တို့သည် မိမိအတ္တ၏ခိုင်းစေမူများ နှင့် နုးညံသောလှည့်ဖြားမူများကို ထင်ရှားအောင် သတိထားလိမ့်မည်ဖြစ်သည်။ ထိုအခါမှသာ အမှန်တကယ်အတ္တကင်းစင်လိမ့်မည်ဖြစ်သည်။မိမိ၏အတ္တကိုသန့်စင်အောင်ကြိုးစားခြင်းသည် အတ္တကြီးသည်အလုပ်မဟုတ်ပါ။

Misconception #10 လွဲမှားသောနားလည်မူ (၁၀)
When you meditate, you sit around thinking lofty thoughts
တရားအားထုတ်ခြင်း ထိုင်၍စဉ်းစားတွေးခေါ်နေခြင်းဖြစ်သည်။
တရားဘောကို လေးလေးနက်နက် ဆင်ခြင်ကြည့်ရှုခြင်း နည်းများစွာရရှိပါသည်။ ထိုနည်းများသည် ဝိပဿနာဘာဝနာမဟုတ်ပါ။ ဝိပဿနာသည် သတိတရားမြဲအောင်လေ့ကျင့်ခြင်းဖြစ်သည်။ အရှိအတိုင်း သိအောင်လုပ်ခြင်းဖြစ်သည်။ ဝိပဿနာဘာဝနာ ရိုးရှင်းသည့်ကျင့်စဉ်တစ်ခုဖြစ်သည်။ နှစ်သက်မူ၊မနှစ်သက်မနှင့်အတွေးပုံရိပ်တို့မပါဝင်သော ကိုယ်တွေ့ တိုက်ရိုက်ရူပွားမူဖြစ်သည်။ ဘဝ၏ ခဏတိုင်း၊ ခဏတိုင်းကို အရှိအတိုင်းဟုတ်တိုင်းမှန်စွာ(ယထာဘူတကျ)စွာ တွေမြင်အောင် အားထုတ်ခြင်းဖြစ်သည်။

Misconception #11 လွဲမှားသောနားလည်မူ (၁၁)
A couple of weeks of meditation and all my problems will go away
နှစ်ပတ်၊၁လ တရားစခန်းဝင်ရုံဖြင့် ပြဿနာအားလုံးအဆင်ပြေသွားလိမ့်မည်။
တရားအားဘာဝနာသည် အခါတည်း၊ချက်ချင်း၊အပြီးပျောက်ကင်းစေသည့် " အုံဖွ"မန်းဆေးတစ်မျိုး မဟုတ်ပါ။ ပြောင်းလဲမူကိုချက်ချင်းတွေ့ ကောင်းတွေ့ ပါလိမ့်မည်။ အနှစ်သာရရှိသည့် အကျိုး ရလာဒ်ကောင်းကိုတော့နှစ်ပေါင်းများစွာကြာမှရှိနိုင်လိမ့်မည်။ ကျွန်ပ်တို့၏စကြာဝဋ္ဌာကြီးကို ဤကဲသို့ ခက်ခဲမူများဖြင့် ဖွဲ့ စည်းတည်ဆောက်ထားသည်။ တစ်နေ့တစ်ညနှင့် ရရှိနိုင်သော အရာသည် ဘာမျှတန်ဘိုးရှိမည်မဟုတ်။ တရားအားဘာဝနာပွားများခြင်းသည် အတိုင်းအတာ တစ်ခုအထိ ခက်ခဲလမ့်မည်။ နှစ်ပေါင်းများစွာ စည်းကမ်းကောင်းကောင်းနှင့် စနစ်တကျ အနစ်နာခံလေ့ကျင့်ရသည့် ကျင့်စဉ်ဖြစ်သည်။ တရားထိုင်တိုင်းရလာဒ်ကောင်းတွေရရှိနိုင်သည်။

အချို့သောရလာဒ်များသည် ဖော်ပြခြင်းငှာ မစွမ်းနိုင်အောင် သိမ့်မွေ့ နက်နဲကြသည်။ ထိုရလာဒ်များသည် စိတ်၏အနက်ရှိုင်းဆုံးနေရာ၌တည်ရှိနေပြီး အချိန်အတန်ကြာမှာ ထွက်ပေါ်လာသည်။ ယောဂီတစ်ယောက်သည် သိသာထင်ရှားသောပြောင်းလဲမူရလာဒ်ကို တရားထိုင်တိုင်း တစ်စိုက်မတ်မတ်လိုက်လံရှာဖွေနေခဲ့လျှင် ထိုယောဂီသည် သိမ့်မွေ့  နက်နဲသော တိုးတက် ပြောင်းလဲမူကိုလက်လွက်ဆုံးရှုံးလိမ့်မည်။ ထိုအခါ သူမှာမည်သည့်ပြောင်းလဲမူ၊ တိုးတက်မူမျှမရရှိပါဆိုပြီး စိတ်ခွန်အားတွေ လျော့ကျလာပြီးလက်မြောက် အရှုံပေးမှာသေချာသည်။ သည်းခံခြင်း(ခန္တီပါရမီ)သည် အဓိကကျသည်။ တရားအားထုတ်ခြင်းမှ ဘာကိုမျှသင်ခန်းစာ အဖြစ် မရရင်တောင်မှ သည်းခံခြင်းသဘောကိုသင်ယူပြီးဖြစ်မှာသေချာသည်။ သည်းခံခြင်း ဘဝအတွက် အဖိုးတန်ဆုံးသောသင်ခန်းစာဖြစ်သည်။

ဆီလျော်အောင်ဘာသာပြန်ဆိုသူ ကောင်းထက်ညွန့်

by Ven. Henepola Gunaratana (Ven. Henepola Gunaratana)
http://www.urbandharma.org/udharma4/mpe.html 

Sunday, February 16, 2014

တရားဘာဝနာအပေါ်လွဲမှားသောနားလည်မူများ


တရားဘာဝနာအပေါ်လွဲမှားသောနားလည်မူများ

Misconception #1 လွဲမှားသောအယူအဆ(၁)
Meditation is just a relaxation technique
တရားဘာဝနာကို အပန်းပြေရုံ၊ အနားယူခြင်းအဖြစ်မျှသာအားထုတ်ခြင်း

တရားဘာဝနာကို အပန်းပြေရုံ၊ အနားယူခြင်းအဖြစ်မျှသာအားထုတ်ခြင်း မျိုးမလုပ်သင့်ပါ။ စိတ်ရော ကိုယ်ပါအနားရပြီး အပန်းပြေခြင်းသည် တရားအားထုတ်ခြင်း၏ အဓိကအစိတ်အပိုင်း တစ်ခု ဖြစ်သည်။ ဝိပဿနာဘာဝနာ (Vipassana-style meditation) သည်ထိုမျှမက လေးနက်သော ပန်းတိုင်ကိုရည်ညွန်းသော်ငြားလည်း အားထုတ်သူယောဂီများစုက အပန်းဖြေအနားယူခြင်း နည်းလမ်းတစ်ခုမျှသာယူဆလေ့ကျင့်ကြသည်။

တရားအားထုတ်နည်းအမျိုးမျိုးတို့သည် စိတ်၏အာရုံစူးစိုက်ခြင်း(သမာဓိ)ကို အလေးအနက် ထားကြသည်။ စိတ်ကိုအာရုံတစ်ခုခုပေါ်၌သော်လည်းကောင်း၊ အရူခံ (စိတ်၊ ဝေဒနာ၊ ဝင်သက် ထွက်သက်၊ ကသိုဏ်းပရိကံ) တစ်ခုခုပေါ်၌သော်လည်းကောင်း ငြိမ်သက်စွာ တင်ထားခြင်း ဖြစ်သည်။ အလေးအနက် အပြင်းအထန်လေ့ကျင့်နိုင်လျှင် ဈာန်ဟုခေါ်သော၊ ပီတိသုခချမ်းသာ တိုဖြင့်ပြည့်ဝသည့် အဆင့်မြင့်သမာဓိကိုရရှိနိုင်သည်။ ဈာန်သည်အာရုံတစ်ခုတည်း၌ အချိန် ကြာမြင့်စွာ တည်ငြိမ်နေသော(ဧကဂ္ဂထာ)စိတ်မျိုးဖြစ်သည်။

သာမာန်စိတ်တို့ထက်သာလွန်သော ပီတိချမ်းသာသုခဖြင့်ပြည့်ဝနေသောခံစားမူတစ်မျိုးဖြစ်သည်။ အားလုံးသောကမ္မဌာန်းနည်း(၄၀)သည်ထိုအဆင့်တွင်လမ်းဆုံးကြသည်။ ထိုအဆင့်သည် ပန်းတိုင် ဖြစ်ပြီး၊ သင့်လည်းထိုအဆင့်သို့ရောက်ရှိပါက ဘဝတစ်ခုလုံး၏ကျန်အချိန်အားလုံးကို ထပ်ခါထပ်ခါ လေ့ကျင့်နေခြင်းဖြင့်ကုန်ကောင်းကုန်လွန်စေလိမ့်မည်။ ဈာန်သည် ဝိပဿနာဘာဝနာမဟုတ်ပါ။ ဝိပဿနာဘာဝနာ၌သတိတရားမြဲမူလိုအပ်သည်။ သတိတရားဖြစ်ရန် သက်တောင့်သက်သာ အာရုံစူးစိုက်စွမ်းရှိရမည်။

ပီတိ၊သုခနှင့်အပန်းပြေမူသည် တရားအားထုတ်ခြင်း၏ ဘေးထွက်ပစ္စည်း(by products)၊ ပန်းတိုင်၏ရှေးပြေး(precursors) နှင့်မိမိတရားအားထုတ်နည်း မှန်မမှန်စစ်ဆေးနိုင်သည့် စံအရာမျှသာ ဖြစ်သင့်သည်။ သိုသော် ပီတိ၊ သုခနှင့်အပန်းပြေမူတို့ကို ပန်းတိုင်အဖြစ် မသတ်မှတ်သင့်ပါ။ ဝိပဿနာဘာဝနာသည် အလွန်လေးနက်သိမ်မွေ့သော ဗုဒ္ဓဘာသာ၏ ကျင့်စဉ်ဖြစ်ပြီး ကိလေသာတရားများမှလွတ်မြောက်ရန်၊ စင်ကြယ်ရန် နှင့် စိတ်အဆင့်ဆင့် တိုးတက်ပြောင်းလဲရန်တို့ဖြစ်သည်။

Misconception #2 လွဲမှားသောအယူအဆ(၂)
Meditation means going into a trance
အသိတရားကင်းလွတ်၊မေ့မျောနစ်မောနေရန် လွဲမှားစွာတရားအားထုတ်ခြင်း

အသိတရားမှ ကင်းလွတ်၊ မေ့မျောသွားအောင်ပြုလုပ်နိုင်သောနည်းလမ်းများရှိကောင်းရှိနိုင်ပါသည်။ ဝိပဿနာ ဘာဝနာသည် အသိတရားကင်းလွတ်၊မေ့မျောနစ်မောသွားအောင် လေ့ကျင့်ခြင်း မဟုတ်ပါ။ ဝိပဿနာဘာဝနာသည် မိမိကိုယ်ကိုအိပ်မွေ့ ချခြင့်၊ စိတ်ညို့ခြင်း (hypnosis)လည်း မဟုတ်ပါ။ မိမိစိတ်ကို အသိတရားကင်းလွတ်သွားအောင်(Black out) အားထုတ်ခြင်းလည်း မဟုတ်ပါ။ သင့်ကိုသင်ခံစားမူကင်းသည့် ဟင်းသီးဟင်းရွက်အဖြစ် ရောက်အောင်ကြိုးစားနေတာမျိုး မဖြစ်သင့်ပါ။ ထိုသို့မဖြစ်အောင်ကြိုးစားခြင်းကသာနည်းမှန်ဖြစ်သည်။

တရားဘာဝနာပွားများခြင်းဖြင့် သင်ခံစားမှု၏ အပြောင်းအလဲခြင်းများကို တစ်ထက်တစ်စ ပိုပြီးနားလည် လက်ခံနိုင်လိမ့်မည်ဖြစ်သည်။ သင့်ကိုသင် ပို၍တိကျရှင်းလင်းပြတ်သားစွာ လက်ခံနိုင်ရန်သင်ယူအားထုတ်သင့်သည်။ တရားဘာဝနာအားထုတ်ရန်ကြိုးစားသင်ယူခြင်းဖြင့် ကမ္မဌာန်းအာရုံ၌နစ်မျောနေသော စိတ်အဆင့်များဖြစ်ပေါ်လာမည်။ အသိတရား ကင်းလွတ်ခြင်းမျိုး မဟုတ်ပါ။ အသိကင်းနေ သည့်အခိုက် (In hypnotic trance) တစ်စုံတစ်ယောက်က ယောဂီ၏ စိတ်ကိုလာရောက်ထိန်းချုပ်နေခြင်းဖြစ်ပြီး၊ အဆင့်မြင့်သမာဓိရရှိ(ဈာန်ဝင်စား) နေသည့် ယောဂီသည် မိမိ၏ကိုယ်ပိုင်သတိရားအောက်တွင်ရူမှတ်နေခြင်းဖြစ်သည်။

အသိကင်းနေခြင်းသည် စိတ်၏အပေါ်ယံဖြစ်စဉ်မျှသာဖြစ်ပြီး ဝိပဿနာဘာဝနာမဟုတ်ပါ။ အဆင့်မြင့်သမာဓိ(ဈာန်)သည် သတိတရားမြရန်အတွက် အထူးလိုအပ်သော အဆင့်တစ်ခု ဖြစ်သည်။ ဝိပဿနာဘာဝနာ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ သတိတရားမြဲရန် လေ့ကျင့် ပျိုးထောင်ခြင်း(the cultivation of mindfulness or awareness) ဖြစ်သည်။ သင်တရား အားထုတ်နေစဉ် ဘာကိုမျှ မသိ၊မကြားဘဲ အသိကင်းမဲ့နေခဲ့လျှင် သင်သည် ဝိပဿနာ ဘာဝနာကိုပွားများနေခြင်းမဟုတ်ပါ။

Misconception #3 လွဲမှားသောအယူအဆ(၃)
Meditation is a mysterious practice which cannot be understood
တရားအားထုတ်ခြင်းကို နားမလည်နိုင်သည့် ဂန္ဓာရီဆန်ဆန်ကျင့်စဉ်အဖြစ်လွဲမှားစွာလက်ခံခြင်း

တရားအားထုတ်ခြင်းသည် အဆင့်အမျိုးမျိုးသော သိစိတ်များ(levels of consciousness) နှင့်သက်ဆိုင်ပြီး၊ သရုပ်ဖော်ပြောဆိုနိုင်ရန်အတွက် အလွန်ခက်ခဲနက်နဲသည်။ အချို့သော အချက်အလက်များကို စကားလုံးများဖြင့် ဖော်ပြပြောဆိုရန် ခက်ခဲသည်ဆိုသော်လည်း လုံးဝ နားမလည်နိုင်သောကိစ္စမျိုးတော့ မဟုတ်ပါ။ စကားလုံးများဖြင့်ဖော်ပြမူကို ကျော်လွန်၍ နားလည်နိုင်စွမ်းဖြစ်သည်။ သင့်မည်ကဲ့သိုလမ်းလျှောက်ရမည်ကိုနားလည်သော်လည်း သင့်၏ နာဗ်ကြောများနှင့်ကြွက်သားများက မည်ကဲ့သိုလှုပ်ရှားလုပ်ဆောင်ပေးကြသည်ကို အစီစဉ်တကျ အတိအကျဖော်ပြရန်အတွက်မဖြစ်နိုင်ပါ။ သိုသော် သင်လမ်းကောင်းကောင်းလျှောက်နိုင်သည်။ ထိုအတူ ကိုယ်တိုင်လက်တွေ့ တရားဘာဝနာပွားများခြင်းဖြင့်နားလည်နိုင်ပါသည်။ စိတ္တဇဆန်သည် ဝေါဟာရများဖြင့်လေ့လာသင်ယူရန်မဖြစ်နိုင်သည့်အရာမျိုးမဟုတ်ပါ။ လက်တွေ့ လေ့ကျင့် ခံစားနိုင်ပါသည်။

တရားဘာဝနာပွားများရုံဖြင့် ကြိုတင်တွက်ဆ ခန့်မှန်းထားသောရလဒ်များ အလိုလျှောက် ရရှိလိမ့်မည်ဟု လှေနံဓားထစ်မမှတ်သားသင့်ပါ။ ဘာဝနာလုပ်ငန်းသည် လုပ်တိုင်းဖြစ်သည့် ပုံသေနည်း(formula)လည်းမဟုတ်ပါ။ဘယ်တရားထိုင်ချိန်၌(session)မှာဘာတွေဖြစ်လာလိမ့်မည်ဆိုသောကြိုတင်ခန့်မှန်းချက်များ မည်သည့်အခါမျှ မမှန်နိုင်ပါ။ တရားထိုင်ချိန်တိုင်း၌ စုံစမ်းမူများ(investigation)၊လက်တွေ့ စမ်းသပ်မူများ(experiment)နှင့် စွန့်စားခန်းများ (adventure) ဖြစ်နေလိမ့်မည်။ယခင်တရားအချိန်များမှာရရှိခဲ့သည့်ခံစားချက်များ၊ သင်ခန့်မှန်း ထားသည့် အတိုင်း ရရှိခဲ့ပါက သင့်တရားအလုပ်တွင်တိုးတက်မူရှိကြောင်း ဖော်ပြချက် (indicator)ဖြစ်သည်။ ထိုဖော်ပြချက်အရ သင်သည် ဘာဝနာပန်းတိုင်သို့ သွားရာ လမ်းကြောင်း မှန်ပေါ်တွင် ရောက်ရှိနေပြီဖြစ်သည်။

Misconception #4 လွဲမှားသောအယူအဆ(၄)
The purpose of meditation is to become a psychic superman
အဘိဥာဏ်ရ စူပါမန်းဖြစ်ရန် ရည်ရွယ်၍ တရားအားထုတ်ခြင်း

တရားအားထုတ်ခြင်းရည်ရွယ်ချက်မှာ သတိတရားစွဲမြဲမူ၌တိုးတက်ရန်(To Develop Awareness) ဖြစ်သည်။ မိမိစိတ်ဘာဖြစ်နေသည်ကိုစောင့်ဖတ်ခြင်းသည်လည်းအဓိကမဟုတ်ပါ။ ကောင်းကင်၌ ပျံနိုင်ခြင်းသည်တရားအားထုတ်ခြင်း၏ပန်းတိုင်မဟုတ်ပါ။ ပန်းတိုင်အစစ်မှာ ကိလေသာတို့မှ လွတ်မြောက်ရန်ဖြစ်သည်။ အဘိဥာဏ်စွမ်းအားနှင့် တရားအားထုတ်ခြင်းတို့မှာ အပြန်အလှန် ခက်ခဲနက်နဲစွာစပ်ဆက်နေကြသည်။

တရားအားထုတ်ခါစယောဂီများသည် အဘိဥာဏ်ကိစ္စများကို တွေးမိကောင်း တွေးမိပေလိမ့်မည်။ အချို့သောယောဂီများလွန်ခဲ့သည့်ဘဝဟောင်းများကိုမှတ်မိကောင်းမှတ်မိပေလိမ့်မည်။ ထိုကဲ့သို့ မှတ်မိခြင်းမျိုးကို ကောင်းစွာဖွံဖြိုးပြီး စိတ်ချရသော အဘိဥာဏ်၏ အစွမ်းဟု မခေါ်ဆိုနိုင်ပါ။ အလွန့်အလွန်ရေးပါသောအရာအဖြစ်လည်းမသတ်မှတ်သင့်ပါ။ ထိုအဘိဥာဏ်ကိစ္စများကြောင့် ငြိကပ်တတ်သော တဏှာကို ဖြစ်ပေါ်စေတတ်သောကြောင့်အားထုတ်ခါစယောဂီများအတွက် အလွန်အန္တရာယ် များလှသည်။ လမ်းမှန်ပေါ်မှလွင့်စင်သွားအောင် ဖျားယောင်းတတ်သော ထောင်ချောက်များ (ဥပက္ကိလေသာ ၁၁ပါး) ဖြစ်သည်။ အဘိဥာဏ်ကိစ္စကို အလေးမပြုမိအောင် ကြိုးစားခြင်းသည် နည်းကောင်းတစ်ခုဖြစ်သည်။ အဘိဥာဏ်အစွမ်းများရသည်ဖြစ်စေ၊ မရသည် ဖြစ်စေ မည်မျှမထူးခြားပါ။

ယောဂီ၏တရားထိုင်သက်တမ်းတစ်လျှောက်တွင် အဘိဥာဏ်အစွမ်းများရရန် သီးသန့် လေ့ကျင့် ခန်းများ အားထုတ်ကောင်းအားထုတ်ခဲ့မည်။ အဘိဥာဏ်အစွမ်းရရန် အလွန်ပင် ခဲယဉ်းသည်။ အလွန်အဆင့်မြင့်သည့်၊ဈာန်ဆိုက်သောသမာဓိကို လေ့ကျင့်အောင်မြင်ခဲ့ပြီးသူ (ကသိုဏ်၁၀ပါး၌ စတုတ္ထဈာန်ရောက်အောင် ဝသီဘော်၅တန်ဖြင့် ကျွမ်းကျင်စွာ အားထုတ်နိုင်သူ)သာ အန္တရာယ် နည်းပါးစွာ အလွန်ခက်ခဲသော  အဘိဥာဏ်အစွမ်းကို ရရှိရန် လေ့ကျင့်နိုင်သည်။ ဝေနေယျ သတ္တဝါများခြေချွတ်ရန်ရည်ရွယ်၍ အဘိဥာဏ်အစွမ်းများရရန် အားထုတ်သင့်သည်။ ဆယ်စုနှစ် ပေါင်းများစွာ အဆက်မပြတ် အားထုတ်ရန်လိုအပ်သည်။ မိမိနှင့်သင့်လျှော်သည် လုပ်ငန်းခွင်ကို (သတိတရားစွဲမြဲရန်) ဇောက်ချပြီး ဥပက္ကိလေသာ ၁၁ပါး တို့မှလွန်မြောက်အောင်ကြိုးစားပါလေ။

Misconception #5 လွဲမှားသောအယူအဆ(၅)
Meditation is dangerous and a prudent person should avoid it
တရားအားထုတ်ခြင်းအန္တရာယ်များသောကြောင့် ဆင်ခြင်တွေးခေါ်တတ်သူများရှောင်ကြဉ်သင့်သည်။

အရာရာတိုင်း၌ အန္တရာယ်ရှိသည်။ လမ်းဖြစ်ကူးနေစဉ် ဘတ်စ်ကားဝင်တိုက်နိုင်သည်။ ရေချိုးနေစဉ် အတွင်းလည်ပင်းရိုးကျိုးနိုင်သည်။တရားထိုင်နေစဉ်အတွင်းသင့်၏ အတိတ်မှမှတ်ဥာဏ်များ အားလုံးမေ့ပျောက်သွားနိုင်သည်။ ကြိုးစားပြီး မေ့ဖြစ်ထားသော ကြောက်စရာကောင်းသည့် အတိတ်က အဖြစ်အပျက်များ တရားအားထုတ်နေစဉ် ပြန်လည်ပေါ်လာနိုင်သည်။ လုံးဝအန္တရာယ်မရှိသည့် အရာဆိုတာ မရှိနိုင်ပါ။ အရာရာတိုင်းသည်အန္တရာယ်ရှိသည့်အတွက် အချိန်ပြည့် ခေါင်းမူးခြုံ ၍ နေရမည်ဟုလည်း မဆိုလိုပါ။ စစ်မှန်သောရှင်သန်ရပ်တည်ခြင်းမဟုတ်ပါ။

အသက်မသေခင်ဘဝဆုံးနေခြင်းသာဖြစ်သည်။ ဘယ်အန္တရာယ်နှင့်တွေဘို့ ဘယ်လောက် ဖြစ်နိုင်ခြေများသည်။ ဘယ်လိုအန္တရာယ်မျိုးနှင့်ကြုံတွေ့နိုင်သည်။ ကြုံတွေ့ခဲ့သော် မည်သို့ ရင်ဆိုင်ရမည် ဆိုတာပြင်ဆင်ထားသင့်သည်။ ဝိပဿနာဘာဝနာ၏ရည်ရွယ်ချက်မှာ သတိ တရား စွဲမြဲမူ တိုးတက်ရန်(develop awareness)ဖြစ်သည်။ ဝိပဿနာဘာဝနာသည်အန္တရယ်မရှိပါ။ ဝိပဿနာဘာဝနာသည် အန္တရယ်များကို ကျော်လွှားရန်အတွက်သာဖြစ်သည်။ သတိတရား လက်ကိုင်ထားခြင်းဖြင့်အန္တရယ်များမှလုံခြုံစေသည်။ တရားဘာဝနာကို စနစ်တကျလေ့ကျင့် အားထုတ်ခြင်းဖြင့်သိမ်မွေ့စွာ တဖြည်းဖြည်းတိုးတက်လာပေလိမ့်မည်။ ဖြေးဖြေးနှင့် မှန်မှန် လေ့ကျင့်လျှင် သင့်၏တရားအားထုတ်မှုသည် သဘာဝအတိုင်းတိုးတက်လာပါလိမ့်မည်။ မည်သည့် အရာကိုမျှအတင်းအကြပ်အပြုလုပ်သင့်ပါ။


အချိန်ပြည့်တရားစခန်းတွင်ကျွှမ်းကျင်သော အရည်အခြင်းရှိသည့် ကမ္မဌာန်းဆရာကောင်းနှင့် လေ့ကျင့် သင်ကြားပါက အလွန်လျှင်မြန်စွာတိုးတက်အောင်မြင်လာလိမ့်မည်။ လွယ်ရာကစပြီး ဖြေးဖြေးမှန်မှန်လေ့ကျင့်ပါကအားလုံးပြီးမြောက်အောင်မြင်လိမ့်မည်။

ဆက်ပါဦးမည်..............

ဆီလျော်အောင်ဘာသာပြန်ဆိုသူ ကောင်းထက်ညွန့် 
by Ven. Henepola Gunaratana (Ven. Henepola Gunaratana)
http://www.urbandharma.org/udharma4/mpe.html

Saturday, February 15, 2014

လောကဓံမုန်တိုင်းများ နှင့် ကြံ့ခိုင်သည့်စိတ်ထား


“ လောကဓံမုန်တိုင်းများ နှင့် ကြံ့ခိုင်သည့်စိတ်ထား'' 

ယသ ၊ အယသ ဆိုတာ လောကမှာ အခြွေအရံတွေနဲ့၊ အပေါင်းအသင်းနဲ့ပျော်ပျော်ပါးပါး ဒီလို နေရတဲ့အလှည့် ရှိတယ်။ တစ်ခါတစ်လေ ကျတော့ မရှိဘူး။ တစ်ယောက်တည်း ငုတ်တုတ် ။ ဒီလိုလည်း ဖြစ်တတ် သေးတယ်နော်။ အခြံအရံများတဲ့အခါ ရှိသလို ၊ အခြံအရံ မရှိတဲ့ အခါလည်းရှိတယ်။ အခြံအရံ များလို့ရှိရင်၊ အသိုင်းအ၀ိုင်းများလို့ရှိရင် စိတ်ဓါတ်က တစ်မျိုး ၊ အသိုင်း အ၀ိုင်းမ၇ှိဘူး ၊ တစ်ယောက်တည်း ဘယ်သူကမှ အဖက်မလုပ်ဘူး၊ ကိုယ့်ကို အပေါင်းအသင်းမလုပ်ဘူးဆိုရင် စိတ်ဓါတ်က တစ်မျိုးဖြစ်သွားပြန် တယ်။ အဲဒါ ကြံ့ခိုင်တဲ့စိတ်ထား မရှိလို့ဘဲတဲ့။

အခြံအရံနဲ့ နေလို့ရှိရင် “ သြော် ဒီအခြံအရံတွေ ငါနဲ့အတူတကွ နေတဲ့ပုဂ္ဂိုလ်တွေအပေါ်မှာ၊ ကောင်းကျိုးကို ငါဘာလုပ်ပေးရမလဲ”။ သူတို့ရဲ့ ကောင်းကျိုးကို ငါဘာအကျိုးပြုနိုင်သလဲ။ ဟော စဉ်းစား ရမယ်။ အခြံအရံ မဲ့လာပြီဆိုလိုရှိရင် တစ်ယောက်တည်း နေတဲ့အခါကျလို့၇ှိရင် “ သြော် တရားနှလုံးသွင်း ဖို့ငါ့မှာ အချိန်ရလိုက်တာ၊ ငါလုပ်ချင်တာတွေ ကောင်းကောင်းမွန်မွန် လုပ်လို့ရပြီ။” ဟော ဒီလို စဉ်းစားလိုက် လို့ရှိရင် စိတ်ဓါတ်ကျစရာ ရှိပါ့မလား။ မရှိဘူး။

အဲဒီလို မတွေးဘဲနဲ့ “ သြော် ငါ့ဆီဘယ်သူမှ မလာကြဘူး။ ငါတစ်ယောက်တည်း ပစ်ထားတယ် ဆိုရင်၊ စိတ်ထဲမှာဟော lonely ဖြစ်လာတယ်။လူတွေမှာ lonely ဖြစ်လာရင် Depression ဖြစ်ပြန် ရော၊ များသောအားဖြင့် နိုင်ငံခြား တိုင်းပြည်တွေမှာ ဟောဒီ lonely ဖြစ်ပြီးတော့ တစ်ကိုယ်တည်းနေရလို့ Depression ဖြစ်တဲ့သူတွေ အများကြီးရှိတယ်နော်။

မြန်မာပြည်မှာ အဲဒါအဖြစ်နည်းတယ်။ ဘာဖြစ်လို့တုန်းဆိုရင် ဗုဒ္ဓတရားတော်နဲ့ မြန်မာလူမျိုးတွေရဲ့ နှလုံးသွင်းတရားနဲ့ လူတွေရဲ့ အလေ့အကျင့်တွေကြောင့် မြန်မာပြည်မှာ သိပ်ပြီးတော့ lonely မဖြစ်ကြဘူး။ အထူးသဖြင့် အသက်အရွယ်ကြီးတဲ့ပုဂ္ဂိုလ်တွေ၊ ဟိုး အနောက်တိုင်းတွေမှာ တကယ် lonely ဖြစ်ကြတာ။ ဘုန်းကြီးတို့ဂျာမဏီသွားတယ်။ အဘွားအို ၊ အဘိုးအိုကြီးတွေ လမ်းမှာ ဈေးခြင်းတောင်းလေး ဆွဲပြီးတော့ သွားနေကြတာတွေ့တယ်။

တစ်ခါတစ်ရံမှာ အဘိုးကြီးနဲ့ အဘွားကြီး နှစ်ယောက် တွေ့ရတယ်။ တစ်ခါတစ်ခါ အဘိုးကြီး တစ်ယောက်တည်းတွေ့တယ်။တစ်ခါတစ်လေ အဘွားကြီး တစ်ယောက်တည်း တွေ့တယ်။ တွေ့တဲ့အခါမှာ သူတစ်ယောက်တည်းဆိုတော့ lonely ဖြစ်လို့ ဘာလုပ်သလဲဆိုရင် ခွေးကလေး မွေးထားတယ်။ ခွေးကလေးနဲ့သွားတယ်။ ခွေးကလေးကို အဖော်ပြုထားတယ်။

လူဆိုတာ တစ် ယောက်တည်း မနေတတ်ဘူး။ တစ်ယောက်တည်းဆိုလို့ရှိရင် လူကကြောက်စိတ် ၀င်တာလည်းဖြစ်တယ်။ ပျင်းတာလည်း၇ှိတယ်။ ဒါသတ္တ၀ါရဲ့သဘောပဲ။ တစ်ယောက်တည်း နေရင်ပျင်းတယ်။

လူမပြောနဲ့ ဗြဟ္မာတွေတောင်မှပဲ တစ်ယောက်တည်းနေရရင် ပျင်းလာတဲ့ သဘောရှိတယ်။ ကမ္ဘာကြီး ပျက်သွားပြီး၊ ကမ္ဘာပြန်တည်တဲ့အချိန်မှာ ဗြဟ္မာပြည် ပြန်ပေါ်လာတဲ့အခါမှာ အဦးဆုံး အထက် ဗြဟ္မာဘုံက ဗြဟ္မာတစ်ဦးဟာ ရှေးဦးစွာ ဗြဟ္မာအနေနဲ့ ဖြစ်ပေါ်လာတယ်။ ကမ္ဘာပေါင်း မြောက်မြားစွာ သူတစ်ယောက်တည်းပဲ။ အဲဒီလိုဖြစ်လာတဲ့အခါ သတ္တ၀ါဆိုတာ အပေါင်း အဖော်လေးနဲ့နေချင်တာ။ ကြည့် ဗြဟ္မာကြီးကလည်း အပေါင်းအဖေါ်လေးနဲ့နေချင်တာဆိုတော့၊ သူတစ်ယောက်တည်းနေရတာ ကြာလာတဲ့ အခါ သူ့စိတ်ထဲမှာ ဘယ်လိုတမ်းတလာသလဲဆိုရင် “ အေး ခုအချိန်မှာ ငါ့အဖော်ကလေး ၊ ဘာလေး လာရင် ကောင်းမှာပဲ” ဒီလို စိတ်ထဲမှာ ဖြစ်လာတယ်။

အဲဒီလို စိတ်ဖြစ်လိုက်တဲ့ အချိန်မှာ “ ထန်းသီးကြွေခိုက် ကျီးနင်းခိုက် (သို့မဟုတ်) ထန်းသီးကြွေ ခိုက် ကျီးပျံခိုက်” (အဲ မြန်မာစကားကတော့ “ ထန်းသီးကြွေခိုက် ၊ ကျီးနင်းခိုက်” နဲ့ ပြောကြတယ်နော်။ စာထဲမှာပါတဲ့အတိုင်းပြောရင် ၊ “ထန်းသီးကြွေ ခိုက် ကျီးပျံခိုက်” ဆိုတာကအမှန်၊ ထန်းသီးက ကြွေအကျ၊ ကျီးကဖြတ်အပျံ၊ ထန်းသီးကနေ ကျီးကန်းကိုဖိမိပြီးတော့ သေတယ်ဆိုတဲ့ဟာပြောတာနော်။ အပေါ်က ထန်းသီးကပြုတ်အကျ၊ ကျီးကအောက်ကဖြတ်အပျံ ကျီးသေသွားတယ်။

အဲဒါမျိုးကိုဆိုလိုတယ်။“ထန်းသီး ကြွေခိုက် ကျီးပျံခိုက်”။ သို့သော် မြန်မာပြည်မှာ ဒီလိုမျိုး အပြောများတာက “ ထန်းသီးကြွေခိုက် ကျီးနင်းခိုက်”လို့ပြောတယ်နော်။ ကျီးက ထန်းသီးပေါ် တက်နားလို့၊ထန်းသီးက ကြွေကျသွားတယ်လို့ပြော တယ်။ ပါဌိစကားလုံးမှာ “ကာက တာလိယ” ဆိုတဲ့စကားလုံး၇ှိတယ်။ “ကာကတာလိယ” ဆိုတဲ့စကားလုံး ရှိတယ်။ ကာက တာလ။ ကာက ဆိုတာကျီး ၊ တာလဆိုတာက ထန်းသီး၊ အဲဒီကျီးနဲ့ ထန်းသီးလို မရည်ရွယ်ဘဲနဲ့ ၊ မတော်တဆ ဖြစ်သွားတာကို ဆိုလိုတယ်။)

အဲဒီ ဗြဟ္မာကြီးဟာလည်း သူက စိတ်ကူးလိုက်တာ။
“ ငါတစ်ယောက်တည်းဆိုရင် ပျင်းစရာကြီး၊ နောက်တစ်ယောက်ပေါ်လာရင်တော့ ကောင်းမှာဘဲ” လို့ တွေးလိုက်တဲ့အချိန်လေးမှာ ဗြဟ္မာတစ်ယောက် ဘွားကနဲ ရောက်လာတယ်။ ဗြဟ္မာပြည်မှာ တဖြည်းဖြည်းလေး မွေးနေရတာ မဟုတ်ဘူး။ ဥပပတ် ပဋိသန္ဓေအရ ဗြဟ္မာတစ်ဦး ရုတ်တရက် ပေါ်လာ တာ။ ပေါ်လာတော့ သူ့အတွေးလေးထဲမှာ ဘယ်လိုတွေးမိသလဲဆိုတော့ “ကြည့်၊ ငါ့ဆန္ဒအရပေါ်လာတာ၊ ဒါငါဖန်ဆင်းတာ”။ ဟော ဖန်ဆင်းရှင်ဝါဒ အဲဒီကစလာတယ်။ သူအတွေးနဲ့သူ၊ ကိုယ့်အတွေးနဲ့ကိုယ်၊ သူက “သြော် ငါကဒီဗြဟ္မာကို ဖန်ဆင်း လိုက်တာ၊ အဲဒီတော့ ငါဖန်ဆင်းနိုင်သူ၊ အရာခပ်သိမ်းကို ငါမြင်သူ၊ လောက ကြီးကို ကြီးစိုးသူ” ဆိုတဲ့ အတွေးတွေနဲ့ သူ့ကိုယ်သူ အထင်ကြီးသွားတယ်။

အဲ နောက်ရောက်လာတဲ့ ဗြဟ္မာက၊ သူကသက်တမ်းသိပ်ကြာအောင် မနေရဘူး။ မကြာခင် ဗြဟ္မာ ပြည်က စုတေသွားပြီး လူ့ပြည်သွားဖြစ်တယ်။ ဖြစ်လာတဲ့အခါ သမထကျင့်စဉ်တစ်ခုကို အောင်အောင် မြင်မြင် ကျင့်တယ်။ ဘာရသလဲဆိုရင်“ပုဗ္ဗေနိဝါဿ နုဿတိ” အတိတ်ဘ၀ကို သိနိုင်တဲ့၊ ပုဗ္ဗေနိဝါသ အဘိညာဉ်ကိုရတယ်။ သူကပြန်ပြီးတော့ ကြည့်လိုက်တဲ့အခါ သူဗြဟ္မာ့ပြည်ကလာတယ်ဆိုတာ သွားမြင်တယ်။ ဗြဟ္မာ့ပြည်ကလာတုန်းက အဲ့ဒီမှာ ဗြဟ္မာကြီးတစ်ဦးရှိတယ်ဆိုတာလည်း သူမြင်တယ်။

အဲ့ဒီတော့ သူ့မှာ အယူအဆတစ်ခု ဘယ်လိုပေါ်လာတုန်းဆိုရင် “အဲ့ဒီ ဗြဟ္မာကြီးက ငါမရှိခင် ကတည်းကရှိနေတဲ့ဗြဟ္မာကြီး။ သူကဟိုမှာရှိနေတုန်း ငါကသေရတယ်။ သူသိပ်အသက်ရှည်တယ်။ သူက သေမှာမဟုတ်ဘူး။ ငါပဲသေရတယ်” ဆိုပြီးတော့ အဲ့ဒီလိုတွေးတာကနေပြီးတော့ သူကလူတွေကို တဆင့် ဖြန့်တယ်ပေါ့။ “မဟာဗြဟ္မာဆိုတာ၊ လောကကြီးကိုဖန်းဆင်းတာရှိတယ်။ ငါ့လည်းသူဖန်ဆင်းဆာ။ ငါက အစောကြီးသေရပြီး၊ အခုလူ့ပြည်မှာ လာဖြစ်ရတယ်” ဆိုပြီး သူကနေ လိုက်ဟောလိုက်တာနဲ့ “ထာဝရ ဘုရားဖန်ဆင်းတယ်” ဆိုတဲ့ အယူအဆပေါ်လာတယ်လို့ ဒီဃနိကာယ်ဗြဟ္မဇာလသုတ်မှာ ဒီလိုဟော ထားတယ်နော်။ ဒါ “ထာဝရဘုရား အယူအဆ” ဆိုတာ အဲ့ဒီက အစပေါ့။

“လောကကို ဗြဟ္မာက ဖန်ဆင်းတယ်ဆိုတဲ့ အယူအဆဟာ မတော်တဆပေါ်လာခဲ့တဲ့အယူအဆ တစ်ရပ်ပဲ “ တကယ်ကတော့ သူဘယ်သူမှဖန်ဆင်းတာမဟုတ်ဘူး။ ကိုယ့်အတွေးနဲ့ကိုယ် စဉ်းစားရာက ဒီအယူအဆတစ်ရပ်ပေါ်လာတယ်လို့ပြောတာ။

အေး ဗြဟ္မာတောင်မှပဲ သူတစ်ဦးတည်း ပျင်းတယ်ဆိုတဲ့ စိတ်ရှိတော့ လောကမှာ လူတွေက အယသ တစ်သောင်တည်း နေရပြီဆို Lonely ဖြစ်လာကြတယ်။ Lonely ဖြစ်လာပြီး Depression ၀င်လာတယ်။ ဟော ဒါမျိုးတွေ ဖြစ်လာနိုင်တယ်။

နိုင်ငံခြား တိုင်းပြည်တွေမှာ ပိုပြီးတော့ ဆိုးတာပေါ့။ မြန်မာပြည်မှာရှိတဲ့ အဘိုးအဘွားတွေက သားတွေက သားတွေ၊ သမီးတွေ၊ မြေးတွေ၊ မြစ်တွေကနေ ဂရုစိုက်ကြတော့၊ သိုက်သိုက်ဝန်းဝန်းဆိုတော့ ကံကောင်းကြတယ်လို့ပြောရမှာပေါ့။ ဟိုမှာကျတော့အဘိုးကြီးတွေ၊ အဘွားကြီးတွေ၊ သားသမီးတွေနဲ့ Christmas နေ့တို့၊ New Year တို့မှာပဲ ဆုံတွေ့ကြတယ်။ တစ်ချို့ကျတော့ Greeting Card လေး ပို့လိုက်တာနဲ့ပဲ ကျေနပ်နေရတယ်။ တစ်ခါတစ်ရံ အိမ်ပြန်လာတာမျိုးကြုံရတယ်။

အေး အဲ့ဒီ အဘိုးကြီးတွေ လမ်းမှာ တစ်ခါတစ်လေ လဲပြီးတော့ သေသွားတာရှိတယ်။ ခွေးကလေး တစ်ကောင်နဲ့နေတာ ၊ အိမ်ထဲမှာသေနေတာရှိတယ်။ ဒီလိုအမျိုးအမျိုးပဲသူတို့ဆီမှာနော်။ တကယ့်ကို Lonely ဖြစ်တယ်။ အဲ့ဒီလို “အယသ” လို့ခေါ်တဲ့ တစ်ကိုယ်တည်း နေရပြီ၊ အခြံအရံကင်းမဲ့ပြီဆိုရင် လူတွေမှာ စိတ်ဓါတ်ကျသွားတတ်တယ်။

အဲ့ဒီလို စိတ်ဓါတ်မကျအောင် တစ်ယောက်တည်းနေရပြီဆို အကျိုးရှိတဲ့အလုပ် ဘာရှိလဲ ? အကျိုးရှိအောင် ငါဘာလုပ်မလဲ?။ ကိုယ့်မှာ အဖော်ကောင်းတစ်ခု ရှာထားဖို့လိုတယ်။ အဖော်ကောင်းဆိုတာ ဗုဒ္ဓဘာသာဝင် သူတော်စင်တွေအတွက် ကမ္မဌာန်းနဲ့နေတယ်၊ တရားနဲ့ နှလုံးသွင်းပြီးနေတယ်။ Lonely မဖြစ်ဘူး။ စိတ်ဓာတ် ထိန်းနိုင်သွားတယ်။

အေး ဒါကြောင့်မို့လို့ အခြံအရံများတယ်ဆိုရင်လည်း ကိုယ့်စိတ်က စဉ်းစားရမှကြ “သူတို့အတွက် ငါဘာလုပ်ပေးရမလဲ” သြော် ငါ့မှာ နောက်လိုက် နောက်ပါတွေ များနေတယ်” ဆိုပြီးတော့ အထင်မကြီးနဲ့ “အခုလို ဖြစ်တာလည်း တစ်ခဏပဲ” ။ နောက်ကျတော့ တစ်ယောက်မှ မရှိတဲ့ အခြေအနေမျိုး ရောက်နိုင်တယ်။ “အခြံအရံများနေတဲ့အခိုက် ငါ သူတို့အတွက် ဘာလုပ်ပေးနိုင်သလဲဆိုတာ” ဆင်ခြင်စဉ်းစားတာ ဒါလမ်းမှန်ကျတယ်။

အခြံအရံကင်းမဲ့သွားပြီ ဆိုလို့ရှိရင်၊ “အေး အခြံအရံ ကင်းမဲ့တယ်ဆိုတာလည်း တစ်ခဏပဲ၊ ထာဝရမဟုတ်ဘူး။ အခြံအရံမရှိတဲ့အချိန်မှာ တရား ဓမ္မ နှလုံးသွင်းချိန်တွေ ငါ့မှာ ပိုရလာတယ်။ စာဖတ်ချိန်တွေ ငါ့မှာပိုရလာတယ်” စသည်ဖြင့် ဒီလို ဆင်ခြင်သုံးသပ်ပြီး ကိုယ့်စိတ်ကို Lonely မဖြစ်အောင်၊ Depression မရအောင်၊ စိတ်ဓာတ်ကျတာမျိုးမဖြစ်အောင် ဆင်ခြင်စဉ်းစားရမယ်။ ဒါ လောကဓံကို ကြံ့ကြံ့ခံတဲ့နည်းတွေပေါ့နော်။ လောကဓံကို ကြံ့ကြံ့ခံနိုင်ရမယ်။

အဲ့ဒီလိုမှ ကြံ့ကြံ့မခံနိုင်ဘူးဆိုရင်၊ အခြံအရံများရင် စိတ်ထားက တစ်မျိုးဖြစ်သွားတယ်။ အခြံအရံမဲ့လို့ရှိရင် စိတ်ထားက တစ်မျိုးဖြစ်သွားပြီးတော့၊ စိတ်ဓါတ်မတည်ငြိမ်မှု ကြံ့ခိုင်မှု မရှိသည့်အတွက်ကြောင့် လောကဓံမုန်တိုင်းတိုက်တိုင်း ယိမ်းထိုးနေတဲ့စိတ်၊ မတည်ငြိမ်တဲ့စိတ်တွေနဲ့ဆိုရင် သူ့ရဲ့ သန္တာန်မှာ ကောင်းကျိုးချမ်းသာတွေ မရနိုင်ဘူး။

ကောင်းတဲ့လောကဓံနဲ့တွေ့ရင် စိတ်က သဘောကျ၊ ကျေနပ်တယ်ဆိုတာ အဘိဓမ္မာ သဘောအရ ဘာဖြစ်တာတုန်းလို့ဆိုရင်၊ ဗုဒ္ဓမြတ်စွာက အဲ့ဒါကို အနုရောဓ လို့ခေါ်တယ်။ ဒီအာရုံပေါ်မှာ ကျေနပ်ပြီး။ လိုက်ရောတာ။ အဲ့ဒီ အနုရောဓ ဆိုတာ ဘာတုန်းဆိုရင် လောဘရဲ့ သဘောပဲ။ လောဘဖြစ်တာ။ ကိုယ်ကြိုက်တဲ့ အနေအထားလေး ရလာလို့ရှိရင်၊ တွယ်တာပြီးတော့ စိတ်ကကျေနပ်နေတာ၊ အနုရောဓ လိုက်လျောတာ လောဘနော်။

အကယ်၍ ကိုယ်မလိုချင်တဲ့ မကာင်းတဲ့ လောကဓံနဲ့ ကြုံပြီဆိုလို့ရှိရင် အဲ့ဒီအနေအထားကို စိတ်က ဆန့်ကျင်လာတယ်။ ဆန့်ကျင်တာကို ၀ိရောဓလို့ ခေါ်တယ်။ အဲ့ဒီ ၀ိရောဓ ဆန့်ကျင်လာပြီဆိုရင် ဘာဖြစ်တတ်တုန်းဆိုရင် ဒေါသဖြစ်လာတယ်။

အဲ့ဒီတော့ ကောင်းတဲ့ လောကဓံနဲ့ ကြုံလို့ရှိရင် လောဘဖြစ်တယ်။ လောဘဖြစ်ရင် စိတ်မငြိမ်မသက်ဖြစ်မယ်။ မကောင်းတဲ့ လောကဓံနဲ့ကြုံလို့ရှိရင် ဒေါသဖြစ်မယ်။ စိတ်မငြိမ်မသက် ဖြစ်မယ်။ အဲဒီတော့ လောဘ၊ ဒေါသ ၀င်လာတာနဲ့တစ်ပြိုင်နက် စိတ်ဓါတ် ကြံ့ခိုင်မှုဆိုတာ မရှိတော့ဘူးတဲ့။

လောဘက အရောင်ဆိုးလိုက်၊ ဒေါသကအရောင်ဆိုးလိုက်နဲ့ဆိုပြီးတော့၊ လောကဓံတရားတွေ အပေါ်မှာ လောဘနဲ့၊ ဒေါသနဲ့၊ လိုက်လျောလိုက်၊ ဆန့်ကျင်လိုက်၊ လိုက်လျောလိုက်၊ ဆန့်ကျင်လိုက်နဲ့ လောကဓံရဲ့ဒဏ်ကို ခံနေရတယ်လို့ ပြောတာနော်။ အေး အဲ့ဒီလိုမဖြစ်အောင် ဆင်ခြင်ရမယ်။

လောကဓံမုန်တိုင်းများ နှင့် ကြံ့ခိုင်သည့်စိတ်ထားစာအုပ်မှ ကောက်နှုတ်ချက်

(ပါချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ)



Friday, February 14, 2014

ဘ၀ကောင်းတစ်ခု ရချင်ရင်ငါးပါးသီလလုံခြုံမှဖြစ်မယ်


ဘ၀ကောင်းတစ်ခု ရချင်ရင်ငါးပါးသီလလုံခြုံမှဖြစ်မယ်

ဘ၀ကောင်းတစ်ခုရချင်ရင်ငါးပါးသီလလုံခြုံမှဖြစ်မယ်လူ့ဘ၀ရယ်လို့ရလာပြီဆိုရင် ယေဘုယျ အားဖြင့် အရေးကိစ္စ ငါးပါးနဲ့ မလွဲမသွေ ပတ်သက်ရပါမယ်။ လူ့တာဝန်အရေးငါးပါး လို့ဆိုရင် မမှားပါဘူး။ ကျန်းမာရေး၊စီးပွားရေး၊အိမ်ထောင်ရေး ၊လူမှုရေးနဲ့ ပညာရေးတို့ပါပဲ။ ကျန်းမာရေး ကောင်းမွန်တဲ့ လူတစ်ယောက်ဖြစ်ဖို့အတွက် ပါဏာတိပါတသိက္ခာပုဒ်လုံခြုံရပါတယ်။ ပါဏတိပါတ သမားတွေဟာ ဖြစ်လေရာဘ၀ တိုင်းအနာရောဂါများပြီး ကျန်းမာရေးညံ့ဖျင်းတတ်ပါတယ်။ စီးပွားရေးပြည့်စုံတဲ့သူ တစ်ယောက်ဖြစ်ဖို့အတွက် အဒိန္နာဒါနသိက္ခာပုဒ်လုံခြုံရပါတယ်။ 

အဒိန္နဒါနသမားတွေဟာ ဖြစ်လေရာဘ၀တိုင်းပစ္စည်းဥစ္စာချို့တဲ့ပြီးစီးပွားရေးနိမ့်ကျ တတ်ပါတယ်။ အိမ်ထောင်ရေးသာယာတဲ့ လူတစ်ယောက်ဖြစ်ဖို့အတွက် ကာမေသုမိစ္ဆာစာရ သိက္ခာပုဒ် လုံခြုံရပါတယ်။ ကာမေသုမိစ္ဆာစာရသမားတွေဟာ ဖြစ်လေရာဘ၀တိုင်း ပြဿနာရှုတ်ထွေးပြီး အိမ်ထောင်ရေးကံ ဆိုးတတ်ပါတယ်။

လူမှုရေးအဆင်ပြေတဲ့လူတစ်ယောက်ဖြစ်ဖို့အတွက်မုသာဝါဒသိက္ခာပုဒ်လုံခြုံရပါတယ်။မုသာဝါဒသမားတွေဟာ ဖြစ်လေရာဘ၀တိုင်း လူအယုံအကြည်ကင်းမဲ့ပြီး လူမှုဆက်ဆံရေး လွဲချော် တတ်ပါတယ်။ပညာရေးမြင့်မားတဲ့လူတစ်ယောက်ဖြစ်ဖို့အတွက်သုရာမေရယသိက္ခာပုဒ်လုံခြုံရပါတယ်။ သုရာမေရယသမားတွေဟာ ဖြစ်လေရာဘ၀တိုင်း အသိဥာဏ်ထုံထိုင်းပြီး ပညာရေး အောက်တန်းကျတတ်ပါတယ်။

လူ့တာဝန်အရေးငါးပါးလုံးမှာ အောက်ကျနောက်ကျမဖြစ်ပဲ အထက်တန်းကျကျ၊ အဆင့်အတန်း မြင့်မြင့်ဖြစ်နေဖို့အတွက် ငါးပါးသီလ သိက္ခာပုဒ် ၅ ခုကို အဖြူစင်ဆုံး ၊ အသန့်ရှင်းဆုံးဖြစ်အောင် ထိန်းသိမ်းစောင့်ရှောက်သင့်ပါတယ်။ လူရယ်လို့ဖြစ်လာတိုင်း ဘ၀ကောင်းတစ်ခုရပြီလို့ မဆိုနိုင်သေးပါဘူး။ ငါးပါးသီလ ဖောက်ဖျက်မှုရဲ့ အကျိုးဆက်တွေနဲ့ ထုဆစ်ထားတဲ့ လူတစ်ယောက်ရဲ့ ဘ၀ဟာ ဘ၀ကောင်းမဟုတ်သေးပါဘူး။ငါးပါးသီလ လုံခြုံမှုရဲ့ အကျိုးဆက်တွေနဲ့ ထုံမွှမ်းလွှမ်းခြုံနေတဲ့ လူတစ်ယောက်ရဲ့ဘ၀ကိုသာ အဖိုးတန်ဘ၀ကောင်းလို့ ဆိုနိုင်ပါတယ်။ လူတစ်ယောက်ငါးပါးသီလတွေ လုံခဲ့တယ်မလုံခဲ့ဘူးဆိုတာကိုသူ့ရဲ့ အကျိုးပေးကိုကြည့် ခြင်းအားဖြင့်သိနိုင်ပါတယ်။

ပါဏာတိပါတသိက္ခာပုဒ်မလုံခြုံတဲ့သူ၊ သူတပါးအသက်ကို သတ်ဖြတ်တဲ့သူဟာ ဖြစ်လေရာ ဘ၀တိုင်း မျက်စိ၊နား၊နှာ၊အင်္ဂါ၊ခြေလက်ချို့ယွင်းတတ်ပါတယ်။ ရုပ်ဆင်းသွင်ပြင် စိုစိုပြည်ပြည် မရှိပဲ မွဲပြာခြောက်ညှိုးနေတတ်ပါတယ်။ အင်အားချို့ယွင်းပြီး အားနည်းနေတတ်ပါတယ်။ လျင်မြန် ဖျတ်လတ်ခြင်း ကင်းဝေးပြီး တုံ့နှေးတုံ့နှေးဖြစ်နေတတ်ပါတယ်။ ဘေးရန်တစ်စုံတစ်ခု ပေါ်ပေါက်လာရင် အလွန်အမင်း ကြောက်ရွံ့ထိတ်လန့်နေတတ်ပါတယ်။ သူတစ်ပါးရဲ့ အသတ်အဖြတ်ခံရတတ်သလို ကိုယ့်ဘာသာကိုယ် အဆိပ်သောက် ၊ သေကြောင်းကြံစည်ပြီးလည်း သေရတတ်ပါတယ်။ အနာရောဂါ များတတ်ပါတယ်၊ အခြွေအရံပျက်စီးတတ်ပါတယ်။ အသက်တိုတတ်ပါတယ်။

အဒိန္နဒါနသိက္ခာပုဒ်မလုံခြုံတဲ့သူ၊ပိုင်ရှင်မပေးပဲသူတစ်ပါးပစ္စည်းကိုမတရားယူတဲ့သူဟာ ဖြစ်လေရာ ဘ၀တိုင်း ပစ္စည်း ဥစ္စာမွဲတတ်ပါတယ်။ လူဆင်းရဲဖြစ်တတ်ပါတယ်။အငတ်ငတ် အပြတ်ပြတ် နေရတတ်ပါတယ်။ အလိုရှိတာမရပဲ ဖြစ်တတ်ပါတယ်။ လုပ်ငန်းမကျွမ်းကျင်ခြင်း ၊ သူတစ်ပါးလိမ်လည်ခြင်း စတဲ့ အကြောင်းအမျိုးမျိုးကြောင့် စီးပွားဥစ္စာပျက်စီးတတ်ပါတယ်။ ရေ၊ မီး၊ သူခိုး ၊ အမွေခံသားသမီးဆိုး၊ မင်းဆိုးဆိုတဲ့ ရန်သူမျိုး ၅ပါးရဲ့ နှောက်ယှက်ဖျက်ဆီးမှုကြောင့် ပိုင်ဆိုင်သမျှ စည်းစိမ်ဥစ္စာတွေ လက်လွှတ်ဆုံးရှုံးရတတ်ပါတယ်။

ကာမေသုမိစ္ဆာစာရပုဒ်မလုံခြုံတဲ့သူ၊မိမိကာမပိုင်မဟုတ်သူနဲ့ ဖောက်ပြန်ကျုးလွန်သူဟာ ဖြစ်လေရာ ဘ၀တိုင်းမှာမလိုမုန်းထားသူပေါများတတ်ပါတယ်။ရန်သူလဲများတတ်ပါတယ်။လာဘ်လာဘရှားပါ တိတ်ဆိတ်တတ်ပါတယ်။ ချမ်းသာမှု ကင်းဆိတ်တတ်ပါတယ်။ မိန်းမဖြစ်ရတတ်ပါတယ်။ မိန်းမမဟုတ် ၊ ယောင်္ကျားမဟုတ် ပဏ္ဍုပ် ( မိန်းမလျာ ၊ ယောက်ျားလျာ) ဖြစ်ရတတ်ပါတယ်။

 ယောင်္ကျားဖြစ်ပြန်ရင်လဲတည်ငြိမ်ရင့်ကျက် မြင့်မြတ်တဲ့ ယောကျာင်္းကောင်း တစ်ယောက် မဖြစ်နိုင်ပါပဲ၊ မိန်းမတစ်ယောက်လိုဟိုစပ်စပ်ဒီစပ်စပ်နဲ့သူတစ်ပါးအပေါ် မကောင်းမြင် ပြစ်တင် ဝေဖန်တတ်လွန်းတဲ့ အထင်ကြီးစရာလုံးဝမကောင်းတဲ့ယုတ်ညံ့တဲ့အမျိုးသားတစ်ယောက်ပဲ ဖြစ်ရတတ်ပါတယ်။ မျက်နှာပျက်ပြီးတော့အရှက်ကွဲရတတ်ပါတယ်။ရုပ်ဆင်းအင်္ဂါ လက္ခဏာ တို့ချို့ယွင်းသေးသိမ်တတ်ပါတယ်။စိုးရိမ်ကြောင့်ကြမှုအားကြီးတတ်ပါတယ်။ကိုယ် ချစ်တဲ့သူတွေနဲ့ ခွဲခွါကွေကွင်းရတတ်ပါတယ်။

မုသာဝါဒသိက္ခာပုဒ်မလုံခြုံတဲ့သူ၊မဟုတ်မမှန်တဲ့စကားကိုလိမ်ညာလှည့်ပတ် ပြောဆိုတတ်တဲ့သူဟာ ဖြစ်လေရာဘ၀တိုင်းစကားပီပီသသမပြောတတ်တဲ့သူဖြစ်ရပါတယ်။သွားတွေမညီမညွတ်ရှိတတ်ပါတယ်။ ခံတွင်း ပါးစပ်ပုတ်ညှီတတ်ပါတယ်။ ကိုယ်အသားအရေ စိုစိုဖတ်ဖတ်မရှိပဲ ခြောက်ကပ်ပူရှိန်နေတတ်ပါတယ်။ပုံဟန်သွင်ပြင် မလှပပဲဆိုးဝါးဖောက်ပြန် ချို့ယွင်း နေတတ်ပါတယ်။သူတစ်ပါးအပေါ်သြဇာမရောက်၊အာဏာမတည်ဖြစ်တတ်ပါတယ်။နှုတ်ခမ်းထော်၊လျှာကြမ်းပြီးအပြောအဆိုသရမ်းတတ်ပါတယ်။စိတ်တည်ငြိမ်မှုလုံးဝမရှိပဲလျှပ်ပေါ်လော်လီပြီးအထင်ကြီးစရာကောင်းနိုင်တဲ့လူတစ်ယောက်ဘယ်တော့မှ ဖြစ်လာနိုင်မှာမဟုတ်ပါဘူး။

သုရာမေရယသိက္ခာပုဒ်မလုံခြုံတဲ့ သူ ၊သေရည်သေရက် သောက်စားတဲ့သူဟာ ဖြစ်လေရာ ဘ၀တိုင်းအရေးအခွင့်သင့် မသင့်ကိုနားမလည်တတ်၊မသိတတ်ပါဘူး။ ပျင်းရိတတ်ပါတယ်။ အရူးအနှမ်းဖြစ်တတ်ပါတယ်။ သူတစ်ပါးပြုဖူးတဲ့ ကျေးဇူးတွေကိုမသိတတ်၊ မဆပ်တတ်တော့ပါဘူး။ ဟိရိသြတ္တပ္ပ လို့ခေါ်တဲ့ အရှက် အကြောက်ကင်းတတ်ပါတယ်။ ဘယ်အကုသိုလ်ကိုမှ မရှောင်ပဲ မကောင်းမှု အကုသိုလ်တွေအားလုံးကို အလွယ်တကူပြုမိတတ်ပါတယ်။

ငါးပါးသီလနဲ့ပတ်သက်တဲ့ ဆောင်ပုဒ်ကလေးငါးခုကို နှုတ်တက်အလွတ်ရအောင် ကျက်ထား နိုင်ကြရင် အလွန်ကောင်းပါတယ်။


ပါဏာတိပါတ် ၊သူ့သက်သတ်က
ချို့တတ်အင်္ဂါ ၊ မွဲပြာရုပ်သွင်
အားအင်ချို့ယွင်း ၊လျင်ခြင်းလဲဝေး
ဘေးကိုကြောက်တတ် ၊ အသတ်ခံရာ
အနာများလျှက် ၊ခြွေရံပျက်၍
အသက်တိုလျ ၊ ပြစ်များစွာ့သည်
ရှောင်က အပြန်အကျိုးတည်း။

အဒိန္နဒါ ၊ ခိုးမိပါမူ
ဥစ္စာနည်းမွဲ ၊ ဆင်းရဲငတ်ဘိ
လိုရှိမရ ၊ ဘောဂပျက်စီး
ရေမီးသူခိုး ၊ မွေခံဆိုးနှင့်
မင်းဆိုးအပြား ၊ ရန်မျိုးငါးကြောင့်
ပျက်ပြားဥစ္စာ ၊ ပြစ်များစွာသည်
ရှောင်ခါ အပြန်အကျိုးတည်း။

မိစ္ဆာစာရ ၊ ကျူးလွန်ကလည်း
မုန်းကြသူများ ၊ရန်သူပွား၍
ရှားပါးလာဘ်တိတ် ၊ ချမ်းသာဆိတ်၏
ဣတ္ထိပဏ္ဍုက် ၊မျိုးရုပ်ခါခါ
မျက်နှာမလှ ၊ အရှက်ရလျှက်
လက္ခဏဣနြေ္ဒ ၊ယွင်းသွေချို့သိမ်
စိုးရိမ်များစွာ ၊ ချစ်သူကွာသည်
ရှောင်ခါ အပြန်အကျိုးတည်း။

မုသားစကား ၊ ပြောဆိုငြားမူ
စကားမပီ ၊ သွားမညီတည်း
ပုတ်ညှီပါးစပ် ၊ ခြောက်ကပ်ကိုယ်ရေ
ဣနြေ္ဒနောက် ၊ ပုံယွင်းဖောက်၏
မရောက်သြဇာ ၊ နှုတ်လျှာကြမ်းထော်
လျှပ်ပေါ်လော်လီ ၊ စိတ်မတည်သည်
ရှောင်ပြီအပြန်အကျိုးတည်း။

သေရည်သောက်လင့် ၊သင့်မသင့်၌
ရေးခွင့်မသိ ၊ ပျင်းရိမေ့ရူး
ကျေးဇူးမဆပ် ၊ဟိရောတ္တပ်ကင်း
ခမင်းများထို ၊ အကုသိုလ်ကို
မငြိုလွယ်ရာ ၊ပြုကျင့်ရာသည်
ရှောင်ခါအပြန်အကျိုးတည်း။


ငါးပါးသီလနဲ့ပါတ်သက်တဲ့ဒီဆောင်ပုဒ်ငါးခုကို နှုတ်တက်အလွတ်ရအောင် ကျက်ထားပါ။ ဆောင်ပုဒ်မှာ ပါတဲ့ အကျိုးအပြစ်တွေကို တစ်ခုချင်း စဉ်းစားဆင်ခြင်ပါ။ငါးပါးသီလ မလုံခြုံခြင်းရဲ့အကျိုးဆက်တွေနဲ့ဖွဲ့စည်းတည်ဆောက်ထားတဲ့လူတစ်ယောက်ရဲ့ဘ၀ဟာ လူဖြစ် ရကျိုး မနပ်တဲ့ဘ၀မျိုးဖြစ်လို့ အဲဒီလိုလူ့ဘ၀မျိုး မရောက်ရလေအောင် ငါးပါးသီလကို ခါးဝတ်ပုဆိုးလို မြဲမြံအောင် ထိန်းသိမ်းစောင့် ရှောက်နိုင်ကြပါစေ။

အရှင်ဆန္ဒာဓိက ( လောက၌အကောင်းဆုံးသောအရာ)