Thursday, December 22, 2011
ချစ်ခြင်း...မေတ္တာ...
 ချစ်ခြင်း...မေတ္တာ...
... လောကတွင် အလှဆုံးတရားသည်....မေတ္တာတရားဖြစ်၏...
...သက်ရှိလောက အလုံးစုံကို သာယာချမ်းမြေ့စေနိုင်သည်မှာလည်း...မေတ္တာပင်ဖြစ်သည်...
...မေတ္တာသည် ဘေးရန်ကင်းရှင်းစေလိုသော သဘော. ကိုယ်စိတ်နှစ်ဖြာ  ချမ်းသာစေလိုသောသဘော. ကြီးပွားတိုးတက်စေလိုသောသဘောဖြစ်၏။
...မေတ္တာသည် နူးညံ့သိမ်မွေ့၏။ သည်းခံခွင့်လွတ်နိုင်၏။ အနစ်နာခံနိုင်၏။ ချစ်ခင်ယုယလို၏။ ကူညီယိုင်းပင်းလို၏။ ပေးကမ်းစွန့်ကြဲလို၏။
...မေတ္တာသည် အစွမ်းအထက်မြက်ဆုံးသော ပီယဆေး...ငြိမ်းချမ်းရေး၏ တမန်တော်...
ဘေးရန်လုံခြုံစေသော အကောင်းဆုံး အဆောင်လက်ဖွဲ့ဖြစ်သည်။ မေတ္တာသခင်အား
လူလူချင်း မနှိပ်စက်နိုင်။ သားရဲတိရစ္ဆာန်များကလည်း ရန်မမူနိုင်။ ဘီလူးသဘက်များကလည်း မနှောက်ယှက်နိုင်ကြချေ။
...မေတ္တာရှင်အား လူနတ်ဗြဟ္မာနှင့်သတ္တ၀ါအားလုံးတို့က ချစ်ခင်ကြည်ညိုကြ၏။
...မေတ္တာကို လူတိုင်းပိုင်ဆိုင်နိုင်ကြသည်။ မေတ္တာကို အခကြေးငွေဖြင့် ပေးဝယ်၍မရ။  မေတ္တာဖြင့်သာ ၀ယ်ယူနိုင်သည်။
...မေတ္တာဆိုသော ဗြဟ္မစိုရ်တရားသည် ဘုရားအစရှိသော သူတော်ကောင်းမှန်သမျှ ကမ္ဘာ ကမ္ဘာ၊ ဘ၀ ဘ၀တိုင်းမှာ အမြဲလက်ကိုင်ပြုကျင့်တော်မူကြသော သဘောထားဖြစ်ပါသည်။ လူအများ နားလည်နေကြသည်မှာ မေတ္တာဆိုလျှင် အချစ်စိတ်များ ရောထွေးနေပြီး သူချစ်လို့ ကိုယ်က ပြန်ချစ်သည်။ ကိုယ်ကချစ်လို့ သူက ပြန်ချစ်စေလိုသည်။ 
တစ်ဦးမေတ္တာ တစ်ဦးမှာဆိုသည့်စကားမျိုး၊ သူတော်မှ ကိုယ်ကကောင်းမည်ဆိုသည့် အယူအဆမျိုး၊ ဤကဲ့သို့သော စိတ်ထားများသည် ဗုဒ္ဓ၏ အလိုတော်နှင့် ညီညွှတ်သောမေတ္တာမျိုးမဟုတ်ပါ။ ကိုယ့်အကျိုး၊ ကိုယ့်ဆန္ဒကို တောင့်တနေသော အပြစ်များမကင်း၍ဖြစ်ပါသည်။
...မေတ္တာပို့အစတွင် ရွတ်ဆိုနေကြသည့် " အဟံ-အဝေရာဟောမိ၊ အဗျာပဇ္ဇောဟောမိ" ဆိုသည်မှာ
" ငါ့မှာ-ရန်မရှိပါစေနှင့်၊ စိုးရိမ်စရာ မတွေ့ရပါစေနှင့်" ဟူ၍ ဖြစ်သည်။ သတ္တ၀ါအများ ချမ်းသာကြပါစေ...ဟု မေတ္တာမပို့မီ မိမိကိုယ်ကို ချမ်းသာရပါစေဟု ဆန္ဒပြုခြင်းမှာ ကိုယ့်တစ်ကိုယ်ကောင်းစိတ်နှင့် ဆန္ဒမပြုရပါ။
...ကိုယ်ကျန်းမာစွာ၊ ချမ်းသာမှ...ချမ်းသာဆိုသည်မှာ ငွေကြေးစည်းစိမ် ချမ်းသာကိုဆိုလိုခြင်းမဟုတ်။ မိမိစိတ်၊ မိမိကိုယ်ကို ကျန်းမာချမ်းသာမှသာ သတ္တ၀ါများ၏ အကျိုးကို ဆောင်ရွက်နိုင်မည်။
မေတ္တာစိတ်ထားနိုင်မည်ဖြစ်၍ မိမိကိုယ်ကို ဦးစွာဆန္ဒပြုရခြင်းဖြစ်ကြောင်း ဘဘဦးသုခ၏ စာအုပ်တွင် ဖတ်ခဲ့ဖူးပါသည်။
မေတ္တာပါရမီတော်
...ကမ္ဘာသစ်သူငယ်ချင်းများ၊ ဓမ္မမိတ်ဆွေများအား မေတ္တာတရားပွားများနိုင်ကြပြီး စိတ်ကြည်နူးချမ်းမြေ့စေလိုပါသောကြောင့် ဆရာကြီးဦးရွှေအောင်၏ " ဗုဒ္ဓ...လောကသားတို့၏ အနှိုင်းမဲ့ကျေးဇူးရှင် ကိုယ်ကျင့်ဗုဒ္ဓ၀င်" အခန်း(၃)မှ ဗုဒ္ဓမြတ်စွာဘုရားသခင်၏ မေတ္တာပါရမီတော် ဖြည့်ကျင့်ခြင်းများကို ကြည်ညိုပူဇော်နိုင်ပါရန် ကောက်နှုတ်ဖော်ပြပါသည်။
...မေတ္တာကို "ချစ်ခြင်း" ဟူ၍ မြန်မာပြန်ဆိုကြ၏။ လောကကို မေတ္တာဖြင့် ဖွဲ့စည်းထားသောအခါ
လောကသည် သိပ်သည်း၏။ တစ်ခုတည်းမဟုတ်သော်လည်း တစ်ခုတည်းကဲ့သို့ဖြစ်၏။
မေတ္တာ၏ တရားကိုယ်မှာ အဒေါသ ဖြစ်၍ အဒေါသ ဖြင့် ဖွဲ့စည်းလျှင် လောကသည်
သိပ်သည်း၍ ဒေါသဖြင့် ဖွဲ့စည်းလျှင် လောကသည် ဖရိုဖရဲဖြစ်၏။ ထို့ကြောင့်
လောကမပြိုကွဲရေးအတွက် မေတ္တာကို လိုအပ်၏။ လောကသိပ်သည်းခြင်းဟူသည်မှာ
ငြိမ်းချမ်းခြင်းဖြစ်၍ လောကဖရိုဖရဲ ပြိုကွဲခြင်းဟူသည်မှာ ဆူပွက်ခြင်းဖြစ်၏။
...ထို့ကြောင့်လောက၌ ငြိမ်းချမ်းခြင်း စိုးမိုးအောင် ပြုနိုင်ရန် တစ်ဦးကတစ်ဦးအပေါ်
မေတ္တာထားရခြင်းဖြစ်၏။ မေတ္တာထားမှုအားကောင်းလေ လောကသည် ငြိမ်းချမ်းလေဖြစ်၏။
တစ်ဦးက တစ်ဦးအပေါ်ချစ်နိုင်လေ လောကသည် သာယာလေဖြစ်၏။ လောကသာယာလေ ဒုလ္လဘတရားတော်နှင့်အညီ လောက၌ လူဖြစ်ရကျိုးနပ်လေဖြစ်၏။
...လောက၌ လက်တွေ့အားဖြင့် ချစ်ခြင်းမေတ္တာသုံးမျိုးကို တွေ့ရ၏။ ချစ်သူအချင်းချင်း
ချစ်သောမေတ္တာက တစ်မျိုး၊ မိသားစုအချင်းချင်း ချစ်သောမေတ္တာက တစ်မျိုး၊
မြင့်မြတ်သောသူများက လောကအပေါ် ချစ်သော ချစ်ခြင်းမေတ္တာက တစ်မျိုးဖြစ်၏။
...လူတို့သည် မိမိတို့၏ အတွေ့အကြုံအရ တစ်မျိုးမျိုးသောအချစ်ဖြင့် ချစ်ခဲ့ဖူးသူများချည်းဖြစ်ကြ၏။ ချစ်ရခြင်း၏ ကောင်းမြတ်သောအရသာကို ခံစားဖူးကြသည်ချည်းဖြစ်ကြ၏။ တစ်ကယ်တမ်းချစ်ပါက မိမိချစ်ရသူအတွက် မိမိက အနစ်နာခံခြင်း၌လည်း ကောင်းမြတ်သော အရသာကို ခံစားဖူးသည်ချည်းဖြစ်၏။ ထို့ကြောင့်ချစ်ခြင်းမေတ္တာဖြင့် လောကကို သာယာငြိမ်းချမ်းအောင် ဖန်တီးနိုင်ကြောင်းမှာ အထူးသက်သေပြစရာမလိုသော အမှန်သစ္စာဖြစ်၏။
...မေတ္တာသုံးမျိုးတွင် ချစ်သူချစ်မေတ္တာသည် အစွန်းရောက်မေတ္တာဖြစ်၏။  ယင်း၌ မိမိချစ်သူ အသာစံရေးသာ ပါဝင်သဖြင့် လောဘစွန်းသို့ရောက်၏။ အခြားသူများအပေါ် အဟန့်အတားပြုသဖြင့် ဒေါသစွန်းသို့ရောက်၏။ မိသားစု ချစ်ခြင်းမေတ္တာ၌လည်း ထို့နည်းတူပင်။ မိမိ၏မိသားစုအတွက်သာဖြစ်လျှင် လောဘစွန်းသို့ရောက်၏။ အခြားမိသားစုများအပေါ် ငဲ့ညာထောက်ထားခြင်းမရှိလျှင် ဒေါသစွန်းသို့ရောက်၏။ အစွန်းရောက်အချစ်ဟူသမျှသည်
လောကအတွက် အန္တရာယ်ပင်ဖြစ်၏။
...ထို့ကြောင့်လောကကို အန္တရာယ်ပြုခြင်းမှ ကာကွယ်ရန်အတွက် အစွန်းရောက်
အချစ်မျိုးများအပေါ် လောကချစ်ဖြင့် ထိန်းကျောင်းရ၏။ လောကချစ်ဟူသည်မှာ
ငါ ...ပါးသည်ထက်ပါး၍လာသော အချစ်ဖြစ်၏။ လောကချစ်ကို ပါရမီချစ်ဟုလည်းခေါ်၏။
အမှန်အားဖြင့် အချစ်သုံးမျိုးကွဲပြားသွားသည်မှာ ငါ...အထူအပါးကို လိုက်၍
ကွဲပြားသွားခြင်းဖြစ်၏။ ငါ...ပါးသွားသည်နှင့်အမျှ ချစ်သူချစ်နှင့်
မိသားစုအချစ်တို့သည် ပါရမီချစ်အဆင့်သို့ ၀င်ရောက်လာ၏။
...ဘာကိုမျှ မမျှော်ကိုးဘဲ အနစ်နာခံခြင်းသက်သက်သည် အသွင်သဏ္ဍာန်အားဖြင့်
ဘာအကျိုးမျှမ၇ှိဘဲ ရူးသွပ်မိုက်မဲခြင်း သဘောမျိုးသာဖြစ်သည်ဟူ၍ မှတ်ထင်ဖွယ်၇ှိ၏။
အမှန်အားဖြင့် ထိုအထင်သည် အလွန်မှားသော အထင်ဖြစ်၏။
...လုပ်ငန်းတစ်ခုကို လုပ်ရာ၌ ဘာကိုမျှမမျှော်ကိုးဘဲ မိမိ၏
ကာယအား၊ ဥာဏအား၊ ဓနအား တို့ကို အတတ်နိုင်ဆုံး သုံးစွဲပြီး အနစ်နာခံ၍
ဆောင်ရွက်ခြင်းသည် အလွန်ကြီးမားသော အကျိုးကို ရခြင်းလည်းမည်၏။
အလွန်ထက်မြက်သော ဥာဏ်ပညာဖြင့် ဆောင်ရွက်ခြင်းလည်းမည်၏။
ထိုကြီးမားသောအကျိုးကိုရခြင်းဟူသည်ကား လောဘကို သတ်နိုင်ခြင်းပင်ဖြစ်၏။
...ဤလောက၌ လောဘကိုသတ်နိုင်ခြင်းလောက် ကြီးမားသောအကျိုးကို ရခြင်းဟူ၍ မရှိပေ။
မြတ်စွာဘုရားသည် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းတို့ ကာလပတ်လုံး ပါရမီတော်များကို
ဖြည့်ကျင့်တော်မူခြင်းသည် မိမိကိုယ်တိုင် ကလည်း လောဘကို သတ်နိုင်ဖို့၊
ဝေနေယျသတ္တ၀ါများအားလည်း လောဘကိုသတ်နိုင်အောင်
သင်ကြားပေးဖို့သာဖြစ်၏။ အခြားရည်ရွယ်ချက်ဟူ၍ မရှိ။
...ထို့ကြောင့် လောဘကိုသတ်နိုင်ခြင်းသည် အလွန်ကြီးမားသောအကျိုးကို ရခြင်းမည်၏။ ထိုအမြင်မျိုးဖြင့် မိမိ၏လုပ်ငန်းကို မြင်နိုင်ခြင်းသည်လည်း သာမညဥာဏ်ဖြင့် မြင်နိုင်ခြင်းမျိုးမဟုတ်။ အရဟတ္တမဂ်ဥာဏ်၊ သဗ္ဗညုတဥာဏ်တို့ဖြင့်သာ အမှန်အကန်မြင်နိုင်ခြင်းဖြစ်၏။
...လောဘကို သတ်နိုင်ခြင်းသည် ဓမ္မအားဖြင့် နိဗ္ဗာန်ကို ရခြင်းဖြစ်၏။ နိဗ္ဗာန်ကိုရခြင်းသည် သန္တိသုခကို ရခြင်းပင်ဖြစ်၏။ ဤလောက၌ သန္တိသုခ-လောက် ငြိမ်းချမ်းသော ချမ်းသာဟူသည်မ၇ှိကောင်းပေ။
ထို့ကြောင့် သန္တိသုခကိုရသော ပုဂ္ဂိုလ်များသည် မည်သည့်နည်းနှင့်မျှ နိမ့်ကျသူများ မဖြစ်နိုင်ကြောင်းမှာ ပေါ်လွင်ပါသည်။
...ဗုဒ္ဓဒေသနာတော်အရဆိုလျှင် သန္တိသုခကို ရကြသူများသည်
အရိယာပုဂ္ဂိုလ်များသာဖြစ်ကြ၏။ အရိယာပုဂ္ဂိုလ်ဟူသမျှသည် လူနတ်ဦးခိုက်ပူဇော်ထိုက်သူများသာ
ဖြစ်ကြ၏။ အမှန်အားဖြင့် လောဘကို ကုန်အောင်မပြုနိုင်ကြသေးစေကာမူ လောဘကို ပါးသည်ထက်ပါးအောင်ပြုနိုင်ကြသူများသည်ပင် လူနတ်ဦးခိုက်ပူဇော်ထိုက်သူများ ဖြစ်ကြလေပြီ။
...မြင့်မြတ်သူများက လောကအပေါ်ချစ်သော ချစ်ခြင်းမေတ္တာကို " ပါရမီမေတ္တာ" ဟူ၍ ဆို၏။
ပါရမီမေတ္တာဖြင့် လောကအပေါ်ချစ်နေခြင်းကိုပင် " လူစင်စစ်က ဗြဟ္မာဘ၀ဖြင့်
နေခြင်း" ဟူ၍ ဆို၏။
...ချစ်ခြင်းမေတ္တာသည် ပါရမီမြောက်လေ စွမ်းအားကြီးမားလေဖြစ်၏။ စွမ်းအားကြီးမားသော ချစ်ခြင်းမေတ္တာကို ပါးစပ်က ရွတ်ဆိုနေရုံမျှနှင့်တော့ဖြစ်ပေါ်လာအောင်လုပ်၍မရ။ လက်တွေ့ကျင့်ကြံခြင်း၊အားထုတ်ခြင်းဖြင့်သာ ရကောင်း၏။ ကျင့်စတွင် မေတ္တာသည် စွမ်းအင်နည်းပါးမည်ဖြစ်သော်လည်း ကျင့်ပါများသောအခါ မေတ္တာသည်တစ်ဖြည်းဖြည်းချင်း စွမ်းအင်ကြီးမားလာမည်ဖြစ်၏။ 
.မေတ္တာစွမ်းအားပြ- ပြယုဂ်
...မေတ္တာစွမ်းအားပြ- ပြယုဂ်များမှ ထင်ရှားသော သုဝဏ္ဏသာမဇာတ်တော်အား
အကျဉ်းချုံး၍ ဖော်ပြပါမည်။
...ဗာရာဏသီပြည်နှင့် မနီးမဝေး မြစ်ကမ်းပါးတစ်ဖက်စီမှ တံငါသူကြီးသား ဒုကူလနှင့်
အခြားတံငါရွာမှ သူကြီးသမီးပါရိကာတို့အား မိဘနှစ်ပါးက လက်ထပ်ထိမ်းမြားပေးလိုက်သည်။
သူတို့သည် တံငါမျိုးနွယ်ဖြစ်သော်လည်း တံငါလုပ်ငန်းကို မလုပ်ကြ။ မိဘများကို ပန်ကြားပြီး
ဟိမ၀န္တာသို့ သွား၍ မိဂသမ္မတာမြစ်အနီး၌ ကျောင်းသင်္ခမ်းကိုယ်စီနှင့် ရဟန်းပြုကာနေကြ၏။
...သူတို့နှစ်ဦးသည် မျက်စိကွယ်ကြမည့် အတိတ်ကံများပါကြ၏။ ထိုအကြောင်းကို သိကြားမင်းကသိ၏။
ထို့ကြောင့် သူတို့တွင် သားတစ်ယောက်ရှိဖို့လိုသည်။ သိကြားမင်း၏ တိုက်တွန်းချက်အရ
ပါရိကာရာသီပန်းပွင့်၍ သားအိမ်စင်ကြယ်သောအခါ ဒုကူလက ပါရိကာ၏ချက်ကို
လက်ဖြင့် သုံးသပ်၏။ ထိုအခါ ဘုရားအလောင်းနတ်သားသည် နတ်ပြည်မှစုတေ၍
ပါရိကာ၏ ၀မ်း၌ ပဋိသန္ဓေယူ၏။ ဖွားမြင်သော် " သုဝဏ္ဏသာမ" ဟု အမည်တွင်၏။
...သုဝဏ္ဏသာမသည် တောတွင်းတိရစ္ဆာန်များ၏ အလယ်၌ ကြီးပြင်းရသူဖြစ်၏။
သုဝဏ္ဏသာမသည် တိရစ္ဆာန်များအားလုံးကို ချစ်၏။ တိရစ္ဆာန်များအားလုံးကလည်း သူ့ကိုချစ်၏။ သူ၏အဖော်များသည် ခြသေ့င်္များ၊ ကျားများ၊ သမင်များနှင့် ကိန္နရာများဖြစ်၏။
မိဘများသစ်သီးရှာဖွေရန်သွားလျှင် ကျန်ရစ်သော သုဝဏ္ဏသာမအား ကိန္နရာများက
ရေချိုးပေး၏။ တိရစ္ဆာန်များကို ဤသို့ယဉ်ပါးသွားအောင် စွမ်းဆောင်နိုင်သော
သုဝဏ္ဏသာမ၏ မေတ္တာအင်အားသည် မည်မျှလောက်ကြီးမားသည်ကို မှန်းဆ၍ သိနိုင်၏။
...တစ်နေ့တွင် မိဘနှစ်ပါး သစ်သီးရှာပြီးပြန်လာရာ မိုးကြီးရွာသွန်းသဖြင့် သစ်ပင်ခြေရင်းရှိ
တောင်ပို့ပေါ်သို့တက်၍ နားကြ၏။ ၄င်းတို့၏ကိုယ်မှ ချွေးနှင့်ရေတို့သည် တောင်ပို့တွင်းမှ
မြွေဟောက်နှာခေါင်းတွင်းသို့ ၀င်သဖြင့် ပြင်းစွာမှုတ်လေလျှင် မိဘနှစ်ပါး၏ မျက်စိများ
မြွေဆိပ်သင့်၍ ကွယ်ကြလေ၏။ မိဘနှစ်ပါးသည် သုဝဏ္ဏသာမအတွက် စိုးရိမ်၍ ငိုကြွေးကြ၏။
...သုဝဏ္ဏသာမသည် မိဘများရောက်ချိန်တန်၍ မရောက်သောအခါ မိဘများနောက်သို့လိုက်လာ၏။ မိဘနှစ်ပါးမျက်စိကွယ်နေသည်ကို တွေ့ရ၏။ သုဝဏ္ဏသာမသည်
မျက်မမြင်မိဘနှစ်ပါးကို  
ကျောင်းသင်္ခမ်းသို့ခေါ်ဆောင်လာပြီး လိုလေသေးမရှိရလေအောင် ပြုစုစောင့်ရှောက်၏။ ထိုကဲ့သို့ စောင့်ရှောက်နိုင်ရန်အတွက်ပင် သုဝဏ္ဏသာမသည် ဒုကူလနှင့် ပါရိကာတို့၏သား ဖြစ်ခဲ့ရခြင်းဖြစ်၏။
...သုဝဏ္ဏသာမသည် သစ်သီးရှာချိန်နှင့် ရေခပ်ဆင်းချိန်များတွင် ကိန္နရီများ၊ သမင်များက
လိုက်၍ ကူညီ စောင့်ရှောက်ပေးကြသည်။ တစ်နေ့သမင်များနှင့်အတူ သုဝဏ္ဏသာမ ရေခပ်ဆင်းချိန်တွင်
တောလည်လာသော ဗာရာဏသီပြည့်ရှင် ဘုရင်ပီဠိယက္ခမင်းကြီး သမင်များကြားတွင်တွေ့ရသောအခါ
အံ့အားသင့်ပြီး လူလော၊ နတ်လော ခွဲခြား၍မသိ။ ဆိပ်လူးမြားဖြင့်ပစ်ပြီးမှ မေးမည်ဟုကြံပြီး
လေးဖြင့်ပစ်လိုက်၏။ သုဝဏ္ဏသာမလဲကျသွား၏။
...သုဝဏ္ဏသာမသည် သူမရှိတော့လျှင် မိဘများ ဒုက္ခရောက်မည်ကို စိုးရိမ်ပြီး ငိုကြွေး၏။
သုဝဏ္ဏသာမသည် မြားဖြင့်ပစ်သူအား စိတ်လည်းမဆိုးပါ။ မိဘနှစ်ပါးကိုသာ
ဦးစွာအမှတ်ရလိုက်၏။ တမ်းတနေ၏။ ထိုအခါမှ မင်းကြီးသည် မျက်မမြင်မိဘနှစ်ပါးအား
လုပ်ကျွေးပြုစုနေသော သူတော်စင်ယောက်ကျားမြတ်အဖြစ် သိလေ၏။
...မင်းကြီးသည် သုဝဏ္ဏသာမအားတောင်းပန်၏။ သုဝဏ္ဏသာမကိုယ်စား မိဘနှစ်ပါးကို
လုပ်ကျွေးပြုစုပါမည်ဟု ပြောဆိုပြီး တာဝန်ယူ၏။ ဂန္ဓာမာဒနတောင်စောင့် ဗဟုသုန္ဒရီ
နတ်သမီးကလည်း ပီဠိယက္ခမင်းကြီးအား သုဝဏ္ဏသာမ၏ မျက်မမြင်မိဘနှစ်ပါးကို
ကိုယ်စားပြုလုပ်ကျွေး ပြုစုရန် ပြော၏။ မင်းကြီးသည် မျက်မမြင်မိဘနှစ်ပါးကို လုပ်ကျွေးရန်
ရေပြည့်အိုးကို ထမ်းကာ ဘုရားလောင်းသုဝဏ္ဏသာမ ညွှန်လိုက်သည့် လမ်းအတိုင်းသွားရာ ဖခင်ဒုကူလထံသို့ရောက်၏။
...မင်းကြီးက မိမိသည် ဗာရာဏသီပြည့်အရှင် ဘုရင်ဖြစ်ကြောင်း၊
သုဝဏ္ဏသာမအားမြားဖြင့် ပစ်သတ်မိပါကြောင်း ပြော၏။ ထိုစကားသံကို မိခင်ပါရိကာ
ကြား၍ ကြိုးတန်းဖြင့် ဒုကူလထံသို့ လာ၏။ ဒုကူလက မင်းကြီးအပေါ်အမျက်မထွက်ရန်
ပါရိကာအား အကျိုးအကြောင်း ပြောပြ၏။ မျက်မမြင်မိဘနှစ်ပါးတို့သည် သားတော်၏
ဂုဏ်ကျေးဇူးများကို ထုတ်ဖော်ချီးမွမ်းလျက် သည်းထန်စွာ ငိုကြွေးကြလေ၏။
...သူတို့နှစ်ယောက်ကို သားတော်ထံသို့ ခေါ်သွားရန်ပြောကြ၏။ မင်းကြီးသည်
သူတို့မိသားစုကို တွေ့သောအခါ များစွာအံ့သြ၏။ သူသည် သုဝဏ္ဏသာမကို မြားဖြင့်
ပစ်သတ်သူဖြစ်ပါလျက် အပစ်ခံရသူ သုဝဏ္ဏသာမကလည်း သူ့ကို စိတ်မဆိုး၊
မိဘနှစ်ပါးကလည်း စိတ်မဆိုးရုံသာမက အစားအသောက်များဖြင့်ပင်
ရိုသေလေးစားစွာ ဧည့်ဝတ်ပြုကြသေး၏။ သူတို့မိသားစု၌ ဒေါသဟူ၍ ရှိပါလေစ။
မင်းကြီးသည် များစွာဂရုဏာသက်မိပြီး မင်းဘ၀ကိုစွန့်ကာ ဤမိသားစုဘ၀နှင့်
တစ်သားတည်းပြုရန် သန္နိဋ္ဌာန်ချလိုက်၏။ ပြီးလျှင် သုဝဏ္ဏသာမရှိရာ
မိဂသမ္မတာ မြစ်ကမ်းပါးသို့ ခေါ်ဆောင်သွား၏။
...မိဘနှစ်ပါးသည် သုဝဏ္ဏသာမထံသို့ရောက်သော် မိမိတို့စွမ်းနိုင်သမျှ ပြုစုကြ၏။ သုဝဏ္ဏသာမ၏ ဂုဏ်ကျေးဇူးများကို ပြောဆိုလျက် ငိုကြွေးကြ၏။ သုဝဏ္ဏသာမ မသေသေးမှန်းသိ၍ သစ္စာပြုကြ၏။
ထိုအခါ သုဝဏ္ဏသာမ လှုပ်ရှားလာ၏။ ဗဟုသုန္ဒရီနတ်သမီးရောက်လာကာ သစ္စာပြုပြန်၏။
ထိုအခါ သုဝဏ္ဏသာမသည် လုံးဝကျန်းမာလာ၏။ မိဘနှစ်ပါးလည်း မျက်စိပြန်မြင်လာ၏။ ပီဠိယက္ခမင်းကြီးသည်လည်း ဗာရာဏသီပြည်သို့ပြန်၍ တရားနှင့်အညီ မင်းပြု၏။
စုတေသောအခါ နတ်ပြည်သို့ ရောက်၏။ သုဝဏ္ဏသာမတို့မိသားစုလည်း မိမိတို့ကျောင်းသင်္ခမ်း၌
တရားဘာဝနာများကို အားထုတ်ပြီး ဈာန်အဘိညာဉ်များကိုပါရလေ၏။ စုတေသော်
ဗြဟ္မာပြည်သို့ ရောက်ကြကုန်၏။
...ဤဇာတ်တော်အရ သုဝဏ္ဏသာမ၏ မေတ္တာသည် နုစဉ်ကာလကပင် ဈာန်အဆင့်သို့ မရောက်စေကာမူ အလွန်အားကောင်း၏။ ကျားရဲ၊ ခြင်္သေ့ရဲများသည်ပင် ယဉ်ပါးလာကြ၏။
အလွန်ကြောက်တတ်သော ကိန္နရီတို့သည်ပင် ရဲရင့်လာကြ၏။ ထိုသို့ဆိုလျှင်
အလွန်ရက်စက်ကြမ်းကြုတ်သော လူသားများကို မေတ္တာဖြင့် သိမ်မွေ့လာအောင်လုပ်နိုင်သည်မှာ
ယုံမှားစရာမရှိ။
...သုဝဏ္ဏသာမသည် သူ၏ ပတ်ဝန်းကျင်ကိုချစ်ရာ၌ သူ၏အကျိုးကို မကြည့်ဘဲ ပတ်ဝန်းကျင်၏ အကျိုးကိုသာကြည့်၏။ ဘာကိုဘဲစဉ်းစား စဉ်းစား သူ့အတွက် ပဓါနထား၍ မစဉ်းစားဘဲ
ပတ်ဝန်းကျင်အတွက်သာ ပဓာနထား၍ စဉ်းစား၏။ သုဝဏ္ဏသာမသည် မျက်မမြင်မိဘနှစ်ပါးကို ကျေးဇူးကြွေးကျေအောင်ဆပ်သည်အနေဖြင့် လုပ်ကျွေးခြင်းဖြစ်၏။ ထို့ကြောင့်
သုဝဏ္ဏသာမကို ဤလောက၌ " ကျေးဇူးအသိတတ်ဆုံးပုဂ္ဂိုလ်တို့ထက် ပို၍ ကျေးဇူးသိတတ်သူ"
ဟူ၍ ဆိုရ၏။ အမှန်အားဖြင့် သူ့ကျေးဇူးကို သိတတ်လေ မေတ္တာစိတ်အားကောင်းလေဖြစ်၏။
...သုဝဏ္ဏသာမသည် သူ၏ ပတ်ဝန်းကျင်ကိုချစ်ရာ၌ သူ၏မေတ္တာသည် ပါရမီမြောက်မေတ္တာဖြစ်၏။ ထိုပါရမီမြောက်မေတ္တာဖြစ်အောင် ဒါနပါရမီ၊ သီလပါရမီ၊ နေက္ခမ္မပါရမီ၊ ပညာပါရမီ၊
ဝီရိယပါရမီ၊ ခန္တီပါရမီ၊ သစ္စာပါရမီ၊ အဓိဋ္ဌာန်ပါရမီ၊ ဥပေက္ခာပါရမီများကလည်း ၀ိုင်းဝန်း၍
ပံ့ပိုးပေး၏။
...ထိုစဉ်က ဟိမ၀န္တာရှိ မိဂသမ္မတာမြစ်ဝှမ်းဒေသ၌ ခြင်္သေ့၊ ကျား၊ သမင် စသော သတ္တ၀ါများ
အားလုံးတို့သည် အချင်းချင်းချစ်ခင်ကြင်နာစွာ နေထိုင်ကြ၏။ ထိုသို့နေထိုင်ကြခြင်းသည်
သုဝဏ္ဏသာမ၏ မေတ္တာကြောင့်သာဖြစ်၏။
...မုဆိုးကြီးပီဠိယက္ခကိုပင် မုဆိုးလုပ်ငန်းကို စွန့်ပြီး တရားနှင့်အညီမင်းပြုသွားနိုင်အောင်
သုဝဏ္ဏသာမ၏ မေတ္တာသည် စွမ်းနိုင်ပါ၏။ ထိုသို့စွမ်းနိုင်ခြင်းမှာလည်း သုဝဏ္ဏသာမ၏
မေတ္တာပါရမီကို အခြားသော ပါရမီများကပါ ပံ့ပိုးသောကြောင့်ဖြစ်ပါသည်။
...အမှန်အားဖြင့် ပါရမီဖြည့်ခြင်းဟူသည်မှာ လူသားတို့အနေဖြင့် လူ့ကျင့်ဝတ်ကို
ပီပီပြင်ပြင်ဖြည့်ခြင်းပင်ဖြစ်၏။ လူမှန်လျှင် လူ့ကျင့်ဝတ်ကို ကျင့်ရာ၏။ လူ့ကျင့်ဝတ်ကို
ကျင့်ပါမှလည်း လူစင်စစ်ဖြစ်၏။ လူ့ဘ၀သို့ရောက်လာသူတိုင်း လူစင်စစ်ဖြစ်ချင်မှဖြစ်၏။
ထို့ကြောင့်လူ့ဘ၀သို့ ရောက်လာရာဝယ် လူ့ဘ၀နှင့်အညီ လူစစ်စစ်ဖြစ်ရလေအောင်
လူ့ကျင့်ဝတ်ကို ကျင့်ခြင်းသည်ပင် ပါရမီဖြည့်ခြင်းမည်ပါ၏။
...ဤပိုစ့်ဖြင့် ဘဘ ဦးသုခ.သခင်ထိန်ဝင်း. ဘဘဦးရွှေအောင် တို့အား ရည်မှန်း၍ ဦးညွှတ်ကန်တော့ပါသည်။
...သူငယ်ချင်းများအားလုံး မေတ္တာတရားပွားများ အားထုတ်နိုင်ကြပါစေ...
မေတ္တာဖြင့်...
အေးအေးမိုးမိကူး
(၁၄.၈.၂၀၁၀)
Wednesday, December 21, 2011
“ဘယ်လိုစာ မောင်သင်မတုံး”
“ဘယ်လိုစာ မောင်သင်မတုံး”
အခုနောက်ပိုင်း ဗုဒ္ဓဘာသာတွေထဲမှာကိုပဲ ဘယ်လိုကဘယ်လို ကာလပေါ် “အတွေးအချော်ရှင်” (အတွေးအခေါ်မဟုတ်)သစ်တွေ ပေါ်လာသလဲတော့ မသိဘူး၊ မေးခွန်းဆန်းတွေနဲ့ ခဏခဏကြုံရတယ်။
အရိယသစ္စာကို အလေး မထားဘဲ ပရမတ္ထသစ္စာနဲ့သာ လမ်းဆုံးနေ
      တလောဆီကပဲ လူလတ်ပိုင်း ခေတ်ပညာတတ်ဆိုသူ တစ်ဦးက အခုလက်ရှိ ထေရဝါဒ ဗုဒ္ဓဘာသာဆိုတာ အရိယသစ္စာဆိုတဲ့ ပန်းတိုင်အထိမဆိုက်ဘူး၊ အရိယသစ္စာကို အလေး မထားဘဲ ပရမတ္ထသစ္စာနဲ့သာ လမ်းဆုံးနေတယ်။ လောကကြီးအပေါ်မှာ ထေရဝါဒ ဗုဒ္ဓဘာသာအမြင်ကလည်း တစ်လောကလုံးကို ဒုက္ခတုံး ဒုက္ခခဲကြီးလို့သာ သတ်မှတ်ရှုမြင်တယ်။ လောကရဲ့ အေးငြိမ်းမှုဆိုတဲ့ တကယ့်နိဗ္ဗာန်ကို ရည်မှန်းတဲ့ဟောပြောကျင့်ကြံမှု မပြုကြဘဲ လောကကြီးပျက်ဆီး ဆိတ်သုဉ်းခြင်း ကိုသာ ဦးတည်ဟောပြောကျင့်ကြံ နေကြတယ်’’လို့ပြောပါတယ်။
    လောကကြီးထဲမှာ ဒုက္ခတွေဆို တာလည်း ရှိတာမှန်သင့်သလောက် မှန်ပေမယ့် လောကထဲမှာ ရှိရှိသမျှတွေကို “ဒုက္ခတုံး ဒုက္ခခဲကြီး” လို့ ပြောတာကတော့ ဟုတ်နိုင်ပါ့မလား”ဆိုပြီး မေးလျှောက်ပါ တယ်။
    မောင်ရင်မေးတဲ့ မေးခွန်းက အတော်ရှည်လျှားတဲ့ မာရသွန်မေးခွန်းကြီးတော့ ဟုတ်ပါရဲ့၊ ဒါပေမယ့် “တာ”စထွက်ကတည်းက သွက်ချာပါဒနဲ့ တရွတ်တိုက်ဆွဲပြေးနေတဲ့ မေးခွန်းမျိုးကြီးဖြစ်နေ တယ်။ လက်ရှိ ထေရဝါဒဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူအားလုံးက မြတ်ဗုဒ္ဓရဲ့ တရားဦးဒေသနာ တော်ကြီးအဖြစ်နဲ့လေးစားယုံကြည်သတ်မှတ်ထားတဲ့သုတ်က “ဓမ္မစကြာ”လို့ခေါ်တဲ့ “ဓမ္မစက္ကပဝတ္တန” သုတ်ပဲ။ ဒီသုတ်က အရိယသစ္စာလေးပါးကို အဓိကထားပြီးဟောတဲ့ သုတ်ကြီးပါ၊ ဒါကိုထေရဝါဒ ဗုဒ္ဓဘာသာဝင်တိုင်း သိလည်းသိတယ်။ ဒီသုတ်ရဲ့ လမ်းညွှန်ချက်များနဲ့အညီလည်း ဟောကြ၊ ပြောကြ၊ ကျင့်ကြံကြပါတယ်။
     အရိယသစ္စာကို ထေရဝါဒဗုဒ္ဓဘာသာဝင်တို့က ဘယ်လောက်အထိ အလေးထားသလဲ ဆိုရင် “စတုသစ္စဝိနိမုတ္တော ဓမ္မောနာမ နတ္ထိ = သစ္စာလေးပါးက လွတ်တဲ့တရားရယ်လို့ ရှိကို မရှိနိုင်ဘူး” ဆိုပြီးတော့ကို အလေးထား လေးစားကြတာပါ။ ဒါကို ရပ်ကွက်တိုင်းမှာ ရှိကြတဲ့ ဝတ်အသင်းသူ အသင်းသားလေးများတောင် သိပါလိမ့်မယ်။ မောင်ရင်တို့ကျမှ ဘယ်လိုလုပ် ရူးကြောင်ယောင် ချာ ဖြစ်ပြီး “အရိယသစ္စာကို အလေးမထားဘူး”လို့ သံသယဖြစ်နေရတာလဲ။ ဒါဟာ အတွေးအခေါ် သွက်ချာပါဒလိုက်နေတာ၊ ဒီရောဂါကို ပျောက်အောင်မကုနိုင်ရင်တော့ ဓမ္မလမ်းခရီးတစ်လျှောက်လုံး တရွတ်ဆွဲနဲ့ လမ်းသွားနေရဦးတော့မှာပဲ”လို့ ပြောလိုက် ရတယ်။
     ဒီပုံစံဆိုရင်တော့ ဗုဒ္ဓဘာသာဝင်တိုင်း အခြေခံအဘိဓမ္မာလောက်တော့ လေ့လာဆည်းပူး ထားနိုင်မှ တန်ကာကျလိမ့်မယ်။ ဟုတ်တယ်။ အဘိဓမ္မာရဲ့ အခြေခံမှာ ခုနကမေးခွန်းထဲမှာပါတဲ့၊ ပရမတ္ထသစ္စာဆိုတဲ့ ပရမတ္ထတရားလေးပါးနဲ့ စတာပဲ။ “စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်”ဆိုတဲ့ ပရမတ္ထတရားလေးပါးပေါ့။ အဲဒီထဲက “နိဗ္ဗာန်”ဆိုတာ အရိယသစ္စာရဲ့ အထွတ်အထိပ်ဖြစ်တဲ့ နိရောဓ သစ္စာကို ပြောတာပဲ၊ အရိယသစ္စာမှာပါတဲ့ ကျန်သစ္စာ(၃)ပါးတို့ဟာလည်း အဲဒီပရမတ္ထတရားထဲက တရားတွေချည်းပါပဲ။
    ဆိုလိုတာ ကတော့ အရိယသစ္စာဆိုတာ ပရမတ္ထသစ္စာ တရားတွေ ကိုပဲ “ဒုက္ခသစ္စာအုပ်စု၊ ဒုက္ခဖြစ်ကြောင်းအုပ်စု၊ ဒုက္ခချုပ်ငြိမ်းရာအုပ်စု၊ ဒုက္ခချုပ်ငြိမ်းကြောင်း ကျင့်စဉ် အုပ်စု”ဆိုပြီး သစ္စာဖွဲ့ဟောလိုက်တာပါပဲ။ ပရမတ္ထသစ္စာမှာသာ လမ်းဆုံးပြီး အရိယသစ္စာမဆိုက်ဘူး ဆိုရင်တော့ အဲဒါ ပရမတ္ထသစ္စာကို တကယ်သဘောမပေါက်လို့လား၊ ဒါမှမဟုတ် သူများထက် ထူးအောင်ဆိုပြီး ရူးကြောင် မူးကြောင် ဗြောင်ကြောင်ကန်းလုပ်တာလား တစ်ခုခုပဲဖြစ်လိမ့်မယ်။ ဟုတ်တယ်။ လောကမှာ မျက်လုံးပြူးနေပေမယ့် မမြင်ရတဲ့ “ကြောင်တောင်ကန်း”ဆိုတာ ရှိသလို၊ မြင်ရပေမယ့် လက်မခံလိုပဲ ငြင်းဆန် ဆန့်ကျင်တတ်တဲ့ “ဗြောင်ကြောင်ကန်း”တွေကလည်း မနည်းဘူး။
တစ်လောကလုံးကို ဒုက္ခတုံး ဒုက္ခခဲကြီး
    ပြီးတော့ “တစ်လောကလုံးကို ဒုက္ခတုံး ဒုက္ခခဲကြီးလို့ သတ်မှတ်ရှုမြင်တယ်”ဆိုတာကလည်း ပဋိစ္စသမုပ္ပါဒ်နိဂုံးမှာပါတဲ့ “ကေဝလဿ ဒုက္ခန္ဓဿ=ချမ်းသာမဖက် သက်သက် ဒုက္ခတုံး ဒုက္ခခဲကြီး၏”ဆိုတဲ့ စကားကို ကြည့်ပြီးပြောတာဖြစ်ပါလိမ့်မယ်။ ဒီစကားကလည်း ရှေ့စကား နောက်စကားတွေကို ဖယ်ထားပြီး အပြစ်ပြောချင်တဲ့အပိုင်းလေးကိုသာ ဖြတ်ပြောတဲ့ မပြည့်မစုံ စကားပိုဒ် ဖြစ်ပါတယ်၊ ဒီစကားရဲ့ ရှေ့မှာ “အဝိဇ္ဇာပစ္စယာ”ကစပြီး “တဏှာပစ္စယာ ဥပါဒါနံ” စတဲ့ အကြောင်းတရားတွေပါပါသေးတယ်။
      ဒီစကားရဲ့ အပြည့်အစုံက “အမှန်တရား(သစ္စာတရား)ကို မသိတဲ့ အဝိဇ္ဇာနဲ့စပြီး ပြုလုပ်နေတဲ့ ကံတွေရယ်၊ အာရုံကို တပ်မက်တဲ့ တဏှာရယ်၊ စွဲလန်းတဲ့ ဥပါဒါန်ရယ် ခြံရံတဲ့ ကံမျိုးစေ့(ကမ္မဘဝ)ကို အခြေခံပြီး ဘဝတစ်ခုမှာ ဖြစ်တည်နေသမျှတော့ ရရှိထားတဲ့ ဘဝခန္ဓာကိုယ်ရော၊ ပိုင်ဆိုင်ထားတဲ့ စည်းစိမ်ဥစ္စာ ရာထူးအာဏာတွေဆိုတာရော အားလုံးဟာ ဒုက္ခတုံး ဒုက္ခခဲကြီးသာ ဖြစ်နေပေလိမ့် မယ်”လို့ ပြောတာပါ။
      လောကမှာ ရှိရှိသမျှခန္ဓာတွေ၊ စည်းစိမ်ဥစ္စာတွေကို ဒုက္ခတုံး ဒုက္ခခဲကြီးတွေလို့ ပြောတာ မဟုတ်ဘူး၊ အမှန်ကို မသိမှု၊ လိုချင်တပ်မက်မှု၊ မလွှတ်ရက်ဘဲ ဇွတ်ဖက်စွဲလန်းမှုတွေနဲ့ ရစ်ပတ် နှောင်ဖွဲ့ထားတဲ့ ခန္ဓာတွေ၊ စည်းစိမ်ဥစ္စာတွေကိုသာ ဒုက္ခတုံး ဒုက္ခခဲလို့ ဆိုလိုတာဖြစ်ပါတယ်။
     မြတ်ဗုဒ္ဓအဆုံးအမတော်ရဲ့ ဦးတည်ချက်ကလည်း အသက်ခန္ဓာတို့၊ စည်းစိမ်ဥစ္စာတို့ကို စွန့်လွှတ်ဖို့ မဟုတ်ပါဘူး၊ ရစ်ပတ် နှောင်ဖွဲ့စွဲလန်းမှုတွေကိုသာ စွန့်လွှတ်ရမယ်လို့ ညွှန်ပြတာပါ။ “တဏှာ ပဟာတဗ္ဗာ”လို့သာ ညွှန်ပြတာ၊ “ခန္ဓာ ပဟာတဗ္ဗာ”လို့ ညွှန်ပြတာ မဟုတ်ဘူးဆိုတာ ဗုဒ္ဓ ဘာသာ ကို ထဲထဲဝင်ဝင် လေ့လာဆည်းကပ်နေကြသူတိုင်း သိပါတယ်။
      “အာသာရမ္မက် ငမ်းငမ်းတက်” ဆိုတဲ့အတိုင်း အလိုရမ္မက်ဆိုတာ ဖြည့်လို့ပြည့်နိုင်တဲ့အရာတွေ မဟုတ်ပါဘူး၊ ဖြတ်နိုင်မှ ပြတ်၊ ပြတ်သွားမှသာ ပြည့်တတ်တဲ့သဘောမျိုးတွေပါ။ “ဘဝဆိုတာ သမုဒ္ဒရာရေပြင်ကျယ်ထဲမှာ ကျရောက်နေတဲ့ လှေငယ်သဖွယ် ဖြစ်တယ်”ဆိုတဲ့အတိုင်း မပြည့်ရင် လှိုင်းပုတ်တိုင်း လှုပ်ရှားနေရတဲ့အတွက် ငြိမ်သက်အေးချမ်းမှု ဘယ်တော့မှ မရှိနိုင်ပါဘူး၊ အဲဒီလို ဘဝမျိုးကို ဒုက္ခတုံး ဒုက္ခခဲကြီးလို့ တင်စားပြောဆိုတာဖြစ်ပါတယ်။
      ဝေးဝေးလံလံဖြစ်တဲ့ ပိဋကတ်တော်တွေ ဇာတ်နိပါတ်တွေကို အသာထားပြီး မဝေးလှတဲ့ ကမ္ဘာ့သမိုင်းဖြစ်စဉ်တွေကိုပဲ ကြည့်ပါ၊ အလိုရမ္မက်ကြီးကြတဲ့ အလက်ဇန္ဒားတို့၊ နပိုလီယံတို့၊ ဟစ်တလာတို့ဆိုတာ ပစ္စည်းဥစ္စာချို့တဲ့နေကြတဲ့”မရှိဆင်းရဲသား”တွေ မဟုတ်ကြဘူး၊ အလိုရမ္မက်ကို မထိန်းချုပ်နိုင်ကြတဲ့ “မပြည့်ဆင်းရဲသား”တွေပါ။ သူတို့လို ပုဂ္ဂိုလ်တွေရဲ့ဘဝခန္ဓာဟာ ဒုက္ခတုံး ဒုက္ခခဲကြီးတောင်မကပါဘူး၊ သူတို့နဲ့ ဆက်သွယ်ရာ၊ ဆက်စပ်ရာဝန်းကျင်ကြီးတစ်ခုလုံးကိုပါ လောဘ မီး ဒေါသမီး သောကမီးတွေ ဟုန်းဟုန်းတောက်အောင် ရှို့မြှိုက်ခဲ့ကြလို့ “ဒုက္ခပြင် ကျယ်ကြီး” တွေလို့တောင် ဆိုနိုင်ပါတယ်။ အဲဒီလို ပုဂ္ဂိုလ်တွေကို ရည်ရွယ်ပြီး “ကေဝလဿ ဒုက္ခန္ဓဿ” လို့ ဟောတော်မူတာဖြစ်ပါတယ်။
      အဲဒီလို တစ်လောကလုံး ဒုက္ခပြင်ကျယ်ကြီးဖြစ်သွားစေတဲ့ အဝိဇ္ဇာတို့၊ တဏှာရမ္မက်ဆိုးတို့၊ အစွဲဥပါဒါန်တို့ကို ပယ်စွန့်နိုင်အောင် ကြိုးစားဖို့ တိုက်တွန်းဟောညွှန်တဲ့ တရားဟာ လောကပျက်သုဉ်း ရေးကို ဦးတည်သလား၊ လောကကြီးငြိမ်းအေးရေးကို ဦးတည် သလားဆိုတာ ဗုဒ္ဓဘာသာဝင် မဟုတ်သူများတောင် နားလည်ကြပါတယ်။
“ကမ္ဘာ့ အကောင်းဆုံးဘာသာရေး”  ( Best Religion in the World Award)ဗုဒ္ဓဘာသာ 
      ၂၀ဝ၉ - ခု၊ စက်တင်ဘာ(၁၂)ရက်နေ့စွဲနဲ့ “ဆစ်ခ်အတွေးအခေါ်နက်ဝပ်” မှာ အမန်ဆင်း(Aman Singh) ဆိုတဲ့ပုဂ္ဂိုလ် (ဟားဗတ်တက္ကသိုလ်က ပါမောက္ခဒေါက်တာတစ်ဦးလို့ သိရပါတယ်)က ရေးသားတင်ပြတဲ့အထဲမှာ “ဂျီနီဗာအခြေစိုက် ဘာသာရေးနှင့် ယုံကြည်သက်ဝင်မှု တိုးတက်ရေး နိုင်ငံတကာစုပေါင်းမဟာမိတ်အဖွဲ့(ICARUS) က ဗုဒ္ဓဘာသာကို အကြမ်း မဖက်ရေးနဲ့ အဟိံသတရား ထင်ရှားပျံ့နှံ့ လာစေရေးအတွက် အထောက် အကူ အပြုနိုင်ဆုံးဖြစ် လို့ “ကမ္ဘာ့ အကောင်းဆုံးဘာသာရေး”  ( Best Religion in the World Award) ကို ပေးခဲ့တယ်။
     ဒီဆုကို ဘာသာရေးနယ်ပယ်အသီးသီးက (ဗုဒ္ဓဘာသာခေါင်းဆောင်အနည်းငယ်သာပါတဲ့) ဘာသာရေးခေါင်းဆောင်(၂၀ဝ)ကျော် တက်ရောက် ဆွေးနွေးပြီး မဲပေးရွေးချယ်ခဲ့ကြတာပါ။ ဒီဆု ရွေးချယ်မှုနဲ့ပတ်သက်လို့ “အိုင်စီအေအာရ်ယူအက်(စ်)” ညွှန်ကြားရေးမှုး “ဟန့်စ်ဂရိုလီချင်” ရဲ့ မှတ်ချက်ကတော့ “စိတ်ဝင်စားစရာကောင်းတာက ရွေးချယ်ရမယ့်စံသတ်မှတ်ချက်များများ ချပြလိုက် တာနဲ့တစ်ပြိုင်နက် ဘာသာရေး ခေါင်းဆောင် အများအပြားဟာ မိမိတို့ရဲ့ဘာသာကို မရွေးချယ်ဘဲ ဗုဒ္ဓဘာသာကိုသာ ရွေးချယ်ကြခြင်းပါပဲ။ ဗုဒ္ဓဘာသာဦးရေအနည်းငယ်သာပါရှိတဲ့ ဒီအဖွဲ့ အစည်းက ဒီဆုကိုရတယ်ဆိုတာ အလွန်စိတ်ဝင်စားဖွယ်၊ ရင်ခုန်ဖွယ်ကောင်းလှပါတယ်”တဲ့။
     အိုင်စီအေအာရ်ယူအက်စ်အဖွဲ့ရဲ့ သုတေသနညွှန်ကြားရေးမှူး ဂျွန်နာဟာတ် (jonna Hult)က ပြောတာကတော့ “ဗုဒ္ဓ ဘာသာက ကမ္ဘာမှာ အကောင်းဆုံးဘာသာရေးဆုကို ရတာဟာ ဆန်းတော့မဆန်းပါဘူး၊ ဘာကြောင့်လဲဆိုရင် ဗုဒ္ဓဘာသာအမည်နဲ့ တိုက်ခိုက်ခဲ့တဲ့စစ်ရယ်လို့ ဘယ်လို သာဓကတစ်ခုမှ ရှာမရနိုင်ကြခြင်းကြောင့်ပါ။ စစ်ထဲလိုက်ဖူးတဲ့ ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီး တစ်ဦးဦးကိုတွေ့ရဖို့ဆိုတာ ရှာမှရှားပါပဲ။ ဗုဒ္ဓဘာသာဝင်တွေဟာ ယှဉ်လို့မရလောက်အောင်ပဲ သူတို့ ပြောတဲ့ ဟောတဲ့အတိုင်း ကျင့်ကြံနေထိုင်ကြသူတွေ ဖြစ်ကြပါတယ်”တဲ့။
      ဒီဆုရွေးချယ်ရတာနဲ့ပတ်သက်လို့ ဘဲလ်ဖတ်စ်မြို့က ကက်သလစ် ဘုန်းတော် ကြီး “တက်အိုရှောင်နက်ဆီ” ပြောတာကတော့- “ကျွန်တော်က ကက်သလစ်ဂိုဏ်းတော်ကို ချစ်ကြည်ညိုပါ တယ်။ ဒါပေမယ့် ကျမ်းစာတွေထဲမှာ မေတ္တာထားကြဖို့ဟောကြားပြီး တခြားလူတွေကို သတ်ဖို့ကျတော့ အလိုတော်အတိုင်း ပြုရတယ်ဆိုတာမျိုးကတော့ ကျွန်တော့်ကို အမြဲပဲ အလွန်စိတ်ရှုပ်စေပါတယ်။ ဒါကြောင့်လဲ ကျွန်တော်က ဗုဒ္ဓဘာသာအတွက် ကျွန်တော့မဲကို ပေးခဲ့တာပါ”တဲ့။
     ပါကစ္စတန်မှာရှိတဲ့ ဘာသာရေးဆရာ “တာလ်ဘင်ဝါဆတ်” ကလည်း “ဒေါသအမျက်တွေနဲ့ သွေးထွက်သံယိုဖြစ်မှုတွေ အတွက် ဗုဒ္ဓဘာသာက အဖြေရှာပြီးသားဖြစ်တယ်”လို့ မှတ်ချက်ပေးပါတယ်။ ဂျေရုဆလင်က ဂျူးဓမ္မဆရာ “ရှမြူယယ်ဝပ်ဆာစတိန်း” ကလဲ ”ပွင့်ပွင့်လင်းလင်း ဝန်ခံပြောရမယ်ဆိုရင် ကျွန်တော်ဟာ ကျွန်တော်ကိုးကွယ်တဲ့ဘာသာအရ ဝတ်ပြုဆုတောင်းမပြုမီမှာ နေ့တိုင်း ဝိပဿနာကမ္မဋ္ဌာန်း ထိုင်လာခဲ့တာ ၁၉၉၃ ခုနှစ်ကတည်းကပါ။ ဒါကြောင့် ဗုဒ္ဓဘာသာကို ကျွန်တော်နားလည်ပါတယ်”လို့ ပြောပါတယ်။
      ဒါတွေကို အထောက်သာဓကပြုနေရတာကတော့ ဗုဒ္ဓဘာသာဟာ ကမ္ဘာကြီးပျက်သုဉ်းရေးကို ဦးတည်နေတဲ့ဘာသာမဟုတ်ဘူး၊ စစ်ပွဲတွေ၊ သွေးထွက်သံယိုမှုတွေကင်းပြီး ငြိမ်းချမ်းမှုကို ကိုယ်သိမျက်မှောက်ခံစားနိုင်ရေးဆီ ဦးတည်နေတဲ့ ဘာသာဖြစ်တယ်ဆိုတာ အခြားဘာသာ ဝင်ကြီးတွေကတောင် အသိအမှတ်ပြုထားတယ်ဆိုတာ သဘောပေါက်စေဖို့ပါ။
(မူရင်းကို အပြည့်အစုံကြည့်လိုရင်တော့ (http://www.sikhphilosophy.net/) မှာ တစ်ကမ္ဘာလုံးအတွက် အမြဲလွှင့် တင်ထားပါတယ်။)
လောကကြီးကို အဆိုးမြင်
ပြီးတော့ မေးခွန်းရှင်က “အရာရာကို “အပျက်” လို့ ရှုမှတ်ရမယ်ဆိုတာကရော လောကကြီးကို အဆိုးမြင်လွန်းရာ မကျပေဘူးလား”လို့ ဆက်မေးပါသေးတယ်။
    “အမှန်တရားတွေဆိုတာ မြတ်စွာဘုရားရှင်ကဟောလို့ တရားကလိုက်ဖြစ်ရတာ၊ လိုက်မှန်ရတာ မဟုတ်ပါဘူး၊ သူ့သဘောနဲ့သူ ဖြစ်နေ၊ မှန်နေတဲ့အရာကိုသာ ဘုရားရှင်က အမှန်အတိုင်းသိမြင်ပြီးဟောကြားရတာပါ။ ဖြစ်လာတဲ့အရာတိုင်းဟာ ပျက်ခြင်းသဘော ရှိတဲ့အတွက် အဲဒီသဘောအမှန်ကို သိအောင်ကြိုတင်ရှုမြင်ထားရမယ်လို့ ဟောတော်မူတာဖြစ်ပါတယ်။ ဒါကို “အဆိုးမြင်ဝါဒီ”လို့ ထင်မယ်ဆိုရင်တော့ ကမ္ဘာသိ ဟာသသရော်စကားလေး တစ်ခုကို စဉ်းစားစရာ အဖြစ် ပြောပြချင်ပါတယ်။
     “လောကကြီးမှာ အကောင်းမြင်ဝါဒီတွေက “လေယာဉ်ပျံ”ကို တီထွင်ကြတယ်။ အဆိုးမြင်ဝါဒီတွေက “လေထီး”ကို တီထွင်ကြတယ်”တဲ့။ လေယာဉ်ပျံဖြစ်အောင်လုပ်သူများက အကောင်းမြင်သမား၊ လေယာဉ်ပျက်ရင် ခုန်ချဖို့ လေထီးကို တီထွင်သူများကိုတော့ ပျက်ခြင်းကို ကြည့်တဲ့ အတွက် အဆိုးမြင်သမားလို့ သရော်လိုက်တာပါ။
    သရော်တဲ့စကားတစ်ခုအနေနဲ့တော့ ဘယ်လိုပဲဖြစ်ဖြစ်ပြောနိုင်ပါတယ်။ အမှန်တရား တစ်ခုအဖြစ်နဲ့ဆိုရင်တော့ ဒီစကားကို ရယ်စရာသက် သက်လို့ သဘောမထားဘဲ အလေးအနက် စဉ်းစားကြမှာပါ။ တကယ်ဖြစ်စဉ်မှာ လေထီးတီထွင်သူက ရှုမြင်လို့ လေယာဉ်ဟာ ပျက်တတ်တဲ့ သဘောဖြစ်ရတာလား၊ လေယာဉ်က ပျက်တတ်တဲ့သဘောအမှန်တကယ်ရှိလို့ လေထီး တီထွင်သူက ရှုမြင်စဉ်းစား မိတာလားဆိုတဲ့ အချက်ပါ။
     အစိတ်အပိုင်းပေါင်းများစွာနဲ့ တည်ဆောက် ထားတဲ့ လေယာဉ်တစ်ခုဟာ ကောင်းကင် ဟင်းလင်းပြင်မှာ လေထုကို ရင်ဆိုင် တိုးဝှေ့သွားရတဲ့အတွက် ပျက်တတ်တဲ့သဘောကသာ အမှန်ရှိတာပါ။ အကြောင်းမညီညွတ်တဲ့အခါ လေယာဉ်ဟာ သူ့အကြောင်းနဲ့သူသာ ပျက်တာပါ။ ဒီပျက်တတ်တဲ့သဘောအမှန်ကို လေထီးတီထွင်သူက အမှန်အတိုင်းရှုမြင်ပြီး ဒီလိုအန္တရာယ်ကြုံတဲ့အခါ ဒုက္ခက လွတ်ကြောင်းအတွက် လေထီးကို တီထွင်ခဲ့ခြင်းသာ ဖြစ်ပါတယ်။
      ဒါဆိုရင် လေထီးတည်ထွင်သူဟာ အဆိုးမြင်သမားမဟုတ်ပါဘူး၊ အမှန်မြင်သမားသာ ဖြစ်ပါတယ်။ ဒီအမှန်မြင်မှုကို အခြေခံပြီး သူတီထွင်လိုက်တဲ့ လေထီးဆိုတာလည်း လေယာဉ်မောင်းသူ လေယာဉ်စီးသူတို့အတွက် အပျက်ကိုဦးတည်ပေးတာ မဟုတ်ဘဲ ဘေးအန္တရာယ် ကင်းလွတ်ရာကိုသာ ဦးတည်ပေးပါတယ်။ ဒါကြောင့်လည်း စစ်တိုက်လေယာဉ်များအပါအဝင် လေယာဉ်တိုင်းဟာ လေထီးကို တလေးတစား အားကိုးအားထားပြုနေကြတာဖြစ်တယ်ဆိုတာ သဘောပေါက်နိုင်ပါတယ်။
     ဒါဆိုရင် မြတ်စွာဘုရားရှင် ရှုမြင်ထောက်ပြတဲ့ “သင်္ခါရတရားမှန်သမျှဖြစ်ပြီး ပျက်တတ်တယ်” ဆိုတဲ့ အချက်ဟာလည်း ဘုရားရှင်က ရှုမြင်ထောက်ပြဟောကြားလို့ သင်္ခါရတရားတွေက ဖြစ်ပြီးပျက်သွားတာ မဟုတ်ဘူး၊ သင်္ခါရတရားတွေရဲ့ ဖြစ်ပြီး ပျက်တတ်တဲ့ သဘောအမှန် ကြောင့်သာ ဘုရားရှင်က ရှုမြင်ဟောကြားရတာဖြစ်တယ်။ ဒီလိုရှုမြင်ဟောကြားတဲ့အတိုင်း အမှန်ကို သိရှိလက်ခံနိုင်အောင် လေ့လာပွားများ ရှုမြင်ကြသူများဟာလဲ ဒီအမှန်တရားကို ရှုမြင်တဲ့အတွက် ပျက်စီးမှုကို ဦးတည်မသွားပါဘူး၊ လွတ်မြောက်အေးချမ်းမှုဆီကိုသာ ဦးတည်သွားပါတယ်။ ဒါကစာတွေ့နဲ့ မဟုတ်ဘဲ ကိုယ်တွေ့ ဖြစ်အောင် သိမြင်တဲ့အထိ ကြိုးစား ကြည့်သူများသာ နားလည်သဘောပေါက်နိုင်တဲ့ အဆင့်မြင့် အသိပညာဖြစ်ပါတယ်။ မြတ်ဗုဒ္ဓဟောညွှန်တဲ့ ဝိပဿနာ ဥာဏ် ဆိုတာ ဒီအဆင့်မြင့်အသိဥာဏ်ကို ပြောတာပါပဲ။
      “ဒီလိုဆိုရင် သင်္ခါရတရားတွေမှန်သမျှ ဘာမှအသုံးမကျဘူးဆိုတဲ့ အဓိပ္ပာယ် ရောက်မ သွားပေဘူးလား၊ အဲဒါဟာ အဆိုးမြင် ရာမကျဘူးလား” ဆိုတာကတော့ အတွေးလွန်ပြီး အသိပျောက် သွားတဲ့အတွက် သက်သက်အကြောက်ကြီးတဲ့ သံသယမေးခွန်းမျိုး ဖြစ်သွားပါပြီ။ လေထီးကို တီထွင်သူဟာ လေယာဉ်ကို ဘယ်သူမှ မစီးဖို့၊ အသုံးမပြုဖို့ တီထွင်တာမှ မဟုတ်ဘဲ၊ စီးဖို့၊ သုံးဖို့ တီထွင်ထားတဲ့ လေယာဉ်ကို စီးပါ၊ သုံးပါ။ စီးရင်း သုံးရင်း ပျက်မှုအန္တရာယ်နဲ့ ကြုံလာရင် လွတ်မြောက် အောင် အသုံးချဖို့အတွက်သာ လေထီးကို တီထွင်ခဲ့တာ မဟုတ်လား။
အလယ်လမ်မးစဉ်
     မြတ်စွာဘုရားက သင်္ခါရတရားတို့ရဲ့ ဖြစ်မှု ပျက်မှုကို မြင်အောင် ရှုဖို့ တိုက်တွန်းတာဟာလည်း ဒီသဘောပါပဲ။ သင်္ခါရတရား တို့ကို မသုံးရလို့ ပိတ်ပင်တာမဟုတ်ပါဘူး၊ အပျက်ဘေးနဲ့ကြုံရတဲ့အခါမှာ လွတ်မြောက်ဖို့အတွက်သာ တိုက်တွန်းခဲ့တာပါ။
      ဟုတ်ပါတယ်။ သင်္ခါရတရားတိုင်းမှာ အသုံးပြုလို့ရတဲ့ သာယာစရာ “အဿာဒ” သဘောလည်း ရှိတယ်၊ ပျက်စီးခြင်းဆိုတဲ့ အပြစ်မကင်းတဲ့ “အာဒီနဝ”သဘောလည်းရှိပါတယ်။ ပုထုဇဉ် အများစုက ပထမအချက်ကိုသာ မြင်တတ်လို့ “ကာမသုခလ္လိကာနု ယောဂ”လို့ခေါ်တဲ့ အာရုံငါးပါး ကာမဂုဏ် တရားတွေကို ပိုင်ဆိုင်သာယာဖို့သာ ကြိုးစားတဲ့အစွန်းရောက်သွားကြပါတယ်။ တချို့ပုထုဇဉ် အနည်းစုက ဒုတိယအချက်ကိုသာ ရှုမြင်တတ်ကြတဲ့အတွက် သင်္ခါရတရားအားလုံးကို လုံးဝအသုံးမချဝံ့ကြဘဲ “အတ္တကိလမထာနု ယောဂ” လို့ခေါ်တဲ့ ကိုယ့်ကိုကိုယ် ညှင်းဆဲသလိုဖြစ် အောင် အားထုတ်မှုအစွန်း ရောက်သွားကြပါတယ်။ ဒါကြောင့်လည်း ဘုရား သာသနာတော်နဲ့ ကင်းတဲ့ သာသနာပကာလတွေမှာ လောကကြီး တစ်ခုလုံးဟာ အစွန်းနှစ်မျိုးထဲက တစ်မျိုးမျိုးနဲ့ ငြိပြီး ဒုက္ခနယ်ထဲက ရုန်းထွက် မရအောင် ဖြစ်နေကြရတာပါ။
     မြတ်စွာဘုရားရှင် တွေ့မြင်တဲ့ မြင်ထောင့်က အဲဒီအစွန်းနှစ်ပါးက လွတ်တဲ့ တတိယ မြင်ထောင့်ဖြစ်ပါတယ်။ သင်္ခါရအာရုံ တို့ကို လိုအပ်ချက်အတွက် သုံးရုံသာသုံးပြီး မစွဲလန်းဖို့ပါ။ သင်္ခါရတရားမှန်သမျှဟာ သုံးလည်းသုံး စွဲလည်းစွဲသူများက “ကာမသုခလ္လိက” အစွန်းနဲ့ငြိပြီး မလွတ်နိုင်ကြသူတွေဖြစ်ကြရတယ်။ မသုံးပေမယ့် စွဲနေကြသူတွေက “အတ္တကိလမထ”အစွန်းနဲ့ ငြိပြီး မလွတ်နိုင်ကြသူများ ဖြစ်ကြပါတယ်။
      လိုအပ်ချက်အတွက်သာ သတိရှိရှိ၊ အသိရှိရှိနဲ့ သုံးပြီး မစွဲလန်းသူများက အစွန်း နှစ်ပါးလုံးနဲ့ မငြိတဲ့အတွက် လွတ်ပါတယ်။ အဲဒါကို “နိဿရဏ”လို့ ခေါ်တာပါ။ ဒီလိုအသုံးချတတ်အောင် လေ့ကျင့်ပြီး ကျင့်သုံးတဲ့ လမ်းစဉ်ကိုလည်း အစွန်းနှစ်ခုလုံး နှင့်မငြိတဲ့ “မဇ္ဈိမ ပဋိပဒါ” လမ်းစဉ်လို့ ခေါ်ပါတယ်။ “အလယ်လမ်း ကျင့်စဉ်”လို့ အရပ်စကားနဲ့ ပြောလေ့ရှိပါတယ်။ “တကယ်တော့ အစွန်းလွတ်လမ်းစဉ်”လို့ ဆိုမှ ပိုပြီး အဓိပ္ပာယ် တိကျပါလိမ့်မယ်။ နိဿရဏမြင်ထောင့်နဲ့ မဇ္ဈိမပဋိပဒါလမ်းစဉ်ဆိုတာ “ညောင်းသီး လည်းစား၊ မြှားသံလည်း နားထောင်”ဆိုတဲ့စကားနဲ့ အဓိပ္ပာယ်နီးစပ်ပါတယ်။
      စနစ်တကျစဉ်းစားတွေးခေါ်တတ်သူများဖြစ်ဖို့အတွက် အထူးသတိပြုစေချင်တာကတော့ - လောကမှာ “အကောင်းမြင်”တို့ “အဆိုးမြင်”တို့ ဆိုတာ “အမှန်မြင်” မဟုတ်ပါဘူး၊ အမှန်မြင်မဟုတ်တဲ့ အမြင်ဟူသမျှဟာ အမှားမြင်ချင်းအတူတူပါပဲ။
ဆေးဆရာ ဥပမာ
ဒါနဲ့ပတ်သက်ပြီး ပညာရှင်တို့ ထုတ်ပြလေ့ရှိတဲ့ ဥပမာကတော့ -
ပထမသမားတော်တစ်ဦးက လူနာကိုကြည့်ပြီး “ဘာရောဂါမှ ထွေထွေထူးထူးမရှိဘူး၊ ဆေးကုဆေးစားပြုလုပ်ရန် မလိုဘူး”လို့ ပြောပြီး လူနာကို နှစ်သိမ့်စကားပြောတယ်။
  ဒုတိယသမားတော်တစ်ဦးက “ရောဂါဟာ အလွန်စိုးရိမ်ရတဲ့ အခြေအနေရောက်နေပြီ ဆေးကုဆေးစားလုပ်လဲ ဘာမှမျှော်လင့် ချက်မရှိတော့ဘူး”လို့ ပြောတယ်။
     ပထမသမားတော်က အကောင်းမြင်သမား၊ ဒုတိယသမားတော်က အဆိုးမြင်သမား။ အမြင်ချင်းကွဲပြားပေမယ့် လူနာအတွက် ကြောက်စရာကောင်းတာချင်းကတော့ အတူတူပါပဲ။ ဒီသမားနှစ်မျိုးလုံးကို ရှောင်ရပါမယ်။
    တတိယသမားတော်ကတော့ ရောဂါရဲ့သဘောလက္ခဏာ၊ ရောဂါဖြစ်ရခြင်းအကြောင်းရင်း၊ ရောဂါပျောက်ကင်းနိုင်ပုံနဲ့ ရောဂါ ပျောက်စေမည့် ဆေးဝါးနည်းလမ်းတို့ကို စနစ်တကျ မှန်မှန်ကန်ကန် သိမြင်ပြီး ပျောက်ကင်းအောင် ကုသပေးတယ်။ လူနာအတွက် အားကိုးရာအစစ်ဖြစ်တဲ့ အမှန်မြင်သမားတော် စစ်စစ်ဖြစ်ပါတယ်။
     ဒီအမြင်သုံးမျိုးရဲ့ ခြားနားချက်ကတော့ -
အကောင်းမြင်သမားတွေက ကာမသုခလ္လိကအစွန်းရောက်တယ်။ အဆိုးမြင်သမားတွေက အတ္တကိလမထအစွန်းရောက်တယ်။
အမှန်မြင်သမားက မဇ္ဈိမပဋိပဒါလမ်းကို လျှောက်တယ်။ ရောဂါကို ထုတ်ဖော်ပြောပြပြီး “ဆေးကုဆေးစားမှ ဖြစ်မယ်”လို့ ပြောတာကိုပဲ “အဆိုးမြင်လွန်းတယ်”လို့ ထင်ရင်တော့ “ဥုံဖွ” ဆရာနဲ့ နာတာရှည်ပဲ ဖြစ်နေကြပေရော့”လို့သာ ပြောရပါ လိမ့်မယ်။
“ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ” ကိုယ်တိုင်ကျင့်သုံး တွေ့ရှိပြီးမှသာ ကိုယ်သိနိုင်
     “ဖြစ်ပျက်လို့ ရှုမြင်တာနဲ့ နိဿရဏသဘောနဲ့ ဘယ်လိုဆက်စပ်မလဲ” ဆိုတာကတော့ “ပျက်မယ်”ဆိုတာကို တကယ်တမ်း သိရင် “ဖက်တွယ်”မထားတော့ဘူး၊ ဖက်တွယ်မထားတော့ မငြိဘူး၊ မငြိတော့ လွတ်တယ်၊ အဲဒီလို ဆက်စပ်သွားပါတယ်။
     မြတ်ဗုဒ္ဓရဲ့ လမ်းညွှန်ချက်တွေဆိုတာ စိတ်ကူးနဲ့ ကြံဆရုံလောက်နဲ့ သဘောပေါက်လို့မရတဲ့ “အတက္ကာဝစရ”တရားတွေ  ဖြစ်ပါတယ်။ ကြံစည်စိတ်ကူးမိတိုင်း သံသယတွေသာ ပွားပြီး အဖြေမှန်ထွက်မလာပါဘူး။ ဒါကြောင့် မေးခွန်းတွေနဲ့ချည်း အချိန်ဖြုန်း  မနေပါနဲ့။ “ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ” ဆိုတဲ့အတိုင်း ကိုယ်တိုင်ကျင့်သုံး တွေ့ရှိပြီးမှသာ ကိုယ်သိမျက်မှောက် ခံစားနိုင်မှာဖြစ်လို့ လက်တွေ့ကျင့်ကြံ အားထုတ်ကြည့်ပါလို့ပဲ တိုက်တွန်းချင်ပါတယ်။
     “ကြိုက်သော်ယူလေ၊ မကြိုက်ပေမူ၊ 
ရှာဖွေပါဦး၊ ဤခေတ်ထူး၌၊ 
ဆည်းပူးနိုင်မှ၊ တန်ကာကျလိမ့်” 
ဆိုတဲ့ စကားကို လက်ကိုင် ထားတယ်ဆိုရင်တော့ လူငယ်ယဉ်ကျေးမှုသင်တန်းတွေမှာ ပြောနေကြအတိုင်း “ဘယ်ကျောင်း တော်မှာ ဘယ်လိုစာ မောင် သင်မတုန်း” ဆိုတာ ကိုယ်ဟာကိုယ်သာ ဆုံးဖြတ်ပါလို့ပဲ တိုက်တွန်းလို ပါတယ်။
ဓမ္မဘေရီ အရှင်ဝီရိယ(တောင်စွန်း)
Tuesday, December 20, 2011
နှုတ်ဖြင့် ပန်းချီဆွဲတတ်ရမယ်’
နှုတ်ဖြင့် ပန်းချီဆွဲတတ်ရမယ်’
ဓမ္မကထိကဖြစ်လိုသူသည် နှုတ်ဖြင့်ပန်းချီဆွဲတတ်ရမည်၊ နိုင်ငံရေးခေါင်းဆောင်လုပ်လိုသူသည် အဖြစ် အပျက်ကိုကွက်ကွက်ကွင်းကွင်းမြင်အောင် ပြောပြပြီး နှုတ်ဖြင့် ခြယ်မှုံးပြတတ်ရမည်၊ 
စည်ရုံးရေး မှူးသည် နောက်လိုက် နောက်ပါများအားမိမိတို့လျှောက်လှမ်းရမည့်လမ်းစဉ်ကိုကွက်ကွက် ကွင်းကွင်းမြင်လာအောင် နှုတ်ဖြင့်ခြယ် မှုံးပြတတ်ရမည်၊ သိသလောက်တတ်ထားသင်ထားသလောက်ကို သူတစ်ပါးမြင် လာအောင် ပြောပြတတ်ခြင်း သည်ပင် နှုတ်ဖြင့် ပန်းချီးဆွဲပြခြင်းဖြစ်သည်၊
အတက်ပါစကားကိုပြောခဲ့သူမှာ လူပြန်တော်ဦးဥတ္တကျော် ဖြစ်သည်၊ လွန်ခဲ့သော ဆယ်နှစ်ခန့်ကဖြစ်သည်၊ ဆရာကြီးသည်ဘုရားကြီး အနောက်မုခ်တွင်ရှိသော နှစ်ထောင့်ငါးရာဓမ္မဗိမာန်တွင် မန္တလေးမြို့ လေးပြင်လေး ရပ်ရှိ အနာဂတ်ဓမ္မကထိက အလောင်း အလျာများကိုဟောနည်းပြောနည်းပို့ ချပေးသည်၊   
သူချည်းသက်သက် ပို့ချပေးသည် မဟုတ်ပဲထင်ရှားသော ဓမ္မကထိကများကိုလဲပင့် ဖိတ်ပြီး ဟောပြောပြ သစေသည်၊ ထိုစဉ်က မန်းမြို့တွင်ထင်ရှားနေသော ဓမ္မကထိကမှာ မစိုးရိမ်တိုက်သစ်မှ မျိုးချစ်စာဆို ဓမ္မကထိက ၀ီရသူဖြစ်သည်၊ သူလဲကြွရောက်ပြီးဟောပြောသည်၊
သီတဂူကြယ်တစ်ပွင့်ကိုလဲတွေ့ရသည်၊ မျိုးချစ်စာဆို ၀ီရသူ၏ဟောပြောဟန် နှုတ်ပန်းချီသည် တက်ရောက် လာ သောရဟန်းပျိုများနှင့် မျိုးချစ်လူငယ်များကိုလူမျိုးရေးအသိကြွယ်ဝစေသည်၊ ဦးဥုတ်ကျော် သည် လူဝတ်မလဲ မီကဓမ္မကထိကရဟန်းတော် အဖြစ်ဖြင့်မြန်မာနိုင်ငံ အထက်အောက် ကျော်ကြားခဲ့သူဖြစ် သည်၊ သူ့ခေတ်သူ့ အခါက သူ့ဟန်သူ့အပြော၊ သူ့တရားများသည် ဒကာဒကာမတို့အား သဒ္ဓါတရား တိုးပွားစေခဲ့သည်၊
လူဝတ်လဲပြီးသည့်နောက် တွင်လဲမြန်မာအနှံ့နယ်လှည့်ပြီး တရားများဟောသည်၊ ထိုအခါတွင်လဲ လူပြန်တော် ဦးဥုတ်ကျော်အဖြစ်ထင် ရှားပြန်သည်၊ဆရာကြီး၏ ခုဇ္ဖုတ္တရာဇာတ်လမ်းဟောသည်ကို ကိုရင်ဘ၀ဖြင့်နာကြား ရဖူးသည်၊
ဇာတ်လမ်းသည် တရားနာလိုသော မိဖုရားမောင်းမမိဿံများကို ဥတ္တရာလို့အမည်ရှိ ခါးကိုင်းနေသော အမျိုးသမီးကဘုရားဟောတရားများကို ပြန်လည်ဟောပြသောဇာတ်လမ်းဖြစ်သည်၊ 
ဇာတ်လမ်းကိုဟောပြ နေရင်းတရားနာလိုက်ရန် အကြောင်းပြငြင်းဆန်လေ့ရှိသော မိအေးအကြောင်း
နှုတ်ပန်းချီဆွဲပြသည်ကို အမှတ်ရနေမိသည်၊
ရွာတစ်ရွာ တွင် မိအေးလို့ခေါ်သောကောင်မလေးတစ်ယောက်ရှိသည်၊ မိအေးဆိုပေမယ့် မိအို ဖအိုကြီးတို့ ကိုဈေး ရောင်းပြီးတစ်ဖုံ၊ နှီးထိုးရင်တစ်မျိုး၊ ကူလီအလုပ်တစ်ခါ မအေးနိုင်အောင်ရှိလှသည်၊ ၀မ်းအေးဖို့ အတွက် သာ ရှာဖွေနိုင်သည်၊ ဘ၀အေးဖို့ တရားနာလာခေါ်ရင်ဖြင့် မိအေးငြင်းရစမြဲပေ၊
‘မိအေးရေ၊ ရွာဦးကျောင်းမှာ ဓမ္မစင်္ကြာရွတ်မယ်တဲ့လိုက်ခဲ့ပါလား၊
အမတို့ရေ၊ မနက်ဈေးဖိုးလိုက်စုရဦးမှာမို့ သွားကြတော့၊
မိအေးရေ၊ တရားပွဲရှိတယ်၊ လိုက်ပြီးတရားနာပါဦးအေ့၊
အမတို့ရေ၊ သွားကြတော့ ကျွန်မ ဈေးရောင်းရဦးမယ်၊
ဒီလိုငြင်းရင် မိအေးလေ ဘ၀ဆုံးရှာရတယ်၊ ၀မ်းတစ်ထွာအေးစေဖို့အရေးရှာဖွေဖြင့် ဘ၀ဆုံးရပါတယ်၊ မိအေး အလုပ်မအားပါဘူး၊
အလုပ်ရှိလဲ၊ သေတာပဲ၊ မမြဲခန္ဓာ၊ ကြောက်စရာ။
မအားသေးလဲ၊ သေတာပဲ၊ မမြဲခန္ဓာ၊ ကြောက်စရာ။
အသက်ငယ်လဲ၊ သေတာပဲ၊ မမြဲခန္ဓာ၊ ကြောက်စရာ’
ဆရာကြီး၏ထူးခြားချက်မှာနှုတ်ဖြင့် 
ဆရာကြီးသည် နှုတ်ဖြင့်မျက်စိတွင်မြင်လာအောင် ရင်တွင်ပုံရိပ်တို့ကိန်းအောင်းလာအောင် ပန်းချီဆွဲပြ တတ်ခြင်းဖြစ်သည်၊ အနုပညာလဲဆန်သည်၊ 
သာဝတ္ထိမြို့တော်ကဘုရားရှင်သီတင်းသုံးတော်မူသော ဇေတ၀န်ကျောင်းတော်ကိုဟောလျှင်စာပေပရိယတ် ကို သင်ယူကျင့်ကြံနေသော ရဟန်းတော်များကိုမြင်လာအောင်ဟောပြောပြတတ်သည်၊ စာစုံ အောင်ဋီကာ ချဲ့ ဖွဲ့နွဲ့ပြတတ်သည်၊
မြန်မာနိုင်ငံတွင် ထင်ရှားသော အပြောအဟောကောင်းသော ရဟန်းတော်၊ လူပုဂ္ဂိုလ်တို့သည် နှုတ်ဖြင့် ပန်းချီခြယ်မှုံးပြသောသူများဖြစ်သည်၊
နိုင်ငံတစ်ဝှန်းကျော်ကြားတော်မူသော ကြာနီကန်ဆရာတော် ၏ နှုတ်ဖြင့် ပန်းချီဆွဲပြခြင်းသည် အပီအပြင်ဆုံးထင်မိသည်၊ဟောပြောနေသောဇာတ် တော်တွင်ပါသော လူအားလုံး ကိုပီပြင်အောင် နှုတ်ဖြင့် သရုပ်ဆောင်ပြတတ်သည်၊ လာရောက်နာယူသူကလေး၊ လူကြီး၊ ဘုန်းကြီး၊ မယ် သီလရှင်မ ကျန် နှစ်သက် ကြသည်၊ ဆရာတော်၏ဟောပြောဟန်သည် နှစ်ပေါင်းလေးဆယ်နီးပါှးရှိသည့်တိုင် ထင်ရှားနေဆဲဖြစ်သည်၊
ဆရာတော်၏ လက်သုံးစကားရှိသည်၊ ‘စာထဲတော့ ဒီလောက်ပါမယ် မထင်ပါဘူး ကျုပ်ကလျှာရှည်နေတာ’ ဟူသော စကားဖြစ်သည်၊ စာတွင် မပါသော်လဲ သွယ်ဝိုက်ပြီး ထင်မြင်လာအောင် ပြောပြလိုက်ခြင်းသည်ပင် အရသာ သို့မဟုတ် နှုတ်ဖြင့် ပန်းချီဆွဲပြလိုက်ခြင်းဖြစ်သည်၊
ဆရာတော်တို့ ဓမ္မကထိကဖြစ်ချင်ရင်တော့ လေ့လာထားတဲ့ အကြောင်းအရာတွေကို နှုတ်နဲ့ပန်းချီဆွဲပြ တတ် အောင်သာ ကြိုးစားတော်မူကြပါ’ 
ဆိုသော ဆရာကြီး ဦးဥုတ်ကျော်စကားကိုကြားယောင်မိသည်။
Monday, December 19, 2011
တရားထိုင်ခြင်းဖြင့် ပြောင်းလဲလာသည့် စိတ်
တရားထိုင်ခြင်းဖြင့် ပြောင်းလဲလာသည့် စိတ်
မိမိ တရားထိုင်သည်ကို သိကြတဲ့ မိတ်ဆွေများဟာ မိမိကို တရားထိုင်ခြင်းဖြင့် မည်သို့ အကျိုးကျေးဇူး ခံစားရပါလဲ ဟု မေးခဲ့ကြသည်။ မိမိအနေဖြင့် ထိုမေးခွန်းကို အလွယ်တကူ ပြန်ဖြေရန် မတတ်နိုင်ခဲ့ပါ။ အဘယ်ကြောင့်ဆိုသော် တရားထိုင်ခြင်းဖြင့် ရရှိသည့် အကျိုးကျေးဇူးများမှာ အလွန်ပင် များပြားလှသဖြင့် ဘယ်သို့ စပြောရမည်ကို စဉ်းစားရခက်ခြင်း ဖြစ်ပေသည်။
ထိုသို့ များလှသည့် အကျိုးကျေးဇူးများ အနက် သိသာထင်ရှားစွာ ခံစားရသည့် အကျိုးကျေးဇူး တစ်ခုမှာကား စိတ်သည် ကြည်လင် ပျော်ရွှင်နေခြင်းပင် ဖြစ်သည်။တရားထိုင်ခြင်းသည် လောဘ၊ ဒေါသကို လျှော့ပါးစေခြင်း ဖြစ်ရာ လောဘ၊ ဒေါသ လျော့ပါးလာ သည့်အခါတွင် စိတ်၏ ကြည်လင် ပျော်ရွင်မှုကို ရရှိနေခြင်း ဖြစ်ပေသည်။
ဤနေရာတွင် မိမိကိုယ်တွေ့ ဒေါသ လျှော့ပါးလာပြီးနောက်၊ ကြုံရဖူးသည့် အဖြစ်အပျက် တစ်ခုကို ပြောပြလိုပါသည်။ တစ်နေ့တွင် မိမိသည် အလုပ်ရုံးခန်း ရှိရာသို့ ကားမောင်းလာစဉ် ဦးဝိဇာရလမ်းတွင် စက်ဘီးနင်းသူ တစ်ဦးက မိမိ၏ ကားရှေ့သို့ ရုတ်တရက် ဖြတ်ပြီး နင်းရာ တိုက်မိမလို ဖြစ်သွားသည်။
(ဤအပြုအမူသည် ကားမောင်းသူ တစ်ဦးအား အလွန်ပင် မခံမရပ်နိုင် ဒေါသဖြစ်စရာ လုပ်ရပ်ဖြစ်ပေသည်) ထိုအခါတွင် မိမိသည် ရုတ်တရက် အလွန်ပင် စိတ်ဆိုးပြီး ကားမှန်ဖွင့်ကာ လှမ်းပြီး အော်ဆဲလိုက်မိသည်။ အရင်ဆိုလျှင် ထိုသို့ အခြေအနေမျိုးတွင် ခြေများ၊ လက်များ တဆတ်ဆတ် တုန်အောင်ပင် ဒေါသကြီးမည် ဖြစ်ပြီး၊ ကျောင်းနေစဉ် တုန်းကမူ ကားပေါ်မှ ဆင်းရိုက်ခဲ့သည့် အခြေအနေ အထိ ဖြစ်ဖူးသည်။ 
ထို့အပြင် ဒေါသသည် ဆက်ပါလာပြီး အနီးအနား တွေ့သူများ အပေါ်အထိ ကူးဆက်လာ နိုင်သေးသည်။
ထိုမျှမကသေးဘဲ ဒေါသကို ဆက်မွေးထားပြီး ထိုအကြောင်းကို ပြန်စဉ်းစားပြီး စိတ်တိုခြင်း၊ နောက်လည်း ကားလမ်းပေါ် စက်ဘီးနင်းသူ တွေ့သမျှကိုပါ ဒေါသ ထွက်နေတတ်ဦးမည်။ သို့သော် ထိုသို့ ဖြစ်ခဲ့ရသည့် အဖြစ်အပျက် အပေါ်တွင် ထိုအချိန်က မိမိ လှမ်းအော်ဆဲ လိုက်သည့် အခါမှာ အသံသာ ထွက်သွားသည် မိမိ၏ စိတ်ထဲတွင် တစ်စုံတစ်ရာ ပြင်းပြင်း ထန်ထန် တုန်လှုပ်ခြင်းလည်း မရှိခဲ့ပေ။
စိတ်မှာ ဒေါသဖြင့် မခံမရပ်နိုင်ဖြစ်ခြင်း၊ ပူလောင်ခြင်း မရှိဘဲ၊ ကားကို တည်တည်ငြိမ်ငြိမ် ဆက်မောင်း လာနိုင်ခဲ့သည်။ ဒေါသသည် ထိုနေရာမှာ ထွက်ပြီး တမဟုတ်ခြင်း ထိုနေရာမှာပင် ပျောက်သွားခဲ့သည်။ မီးပွိုင့်သို့ အရောက်တွင် မီးနီ နေသဖြင့် ကားရပ်ထားရစဉ် ခုနက စက်ဘီးသမားသည် မိမိကားဘေးမှ ကျော်ဖြတ်သွားပြီး သူက မိမိကို လှမ်းကြည့်သည့် အခါတွင် မျက်လုံးချင်း ဆုံသွားသဖြင့် မိမိကပင် တောင်းပန်သည့် ပုံစံဖြင့် လက်ပြ လိုက်သေးသည်။ ထိုအခါ မိမိကိုယ် မိမိ သတိထားမိပြီး ကိုယ်လုပ်လိုက်သည့် အမူအယာကို ကိုယ်တိုင် အံ့သြမိခဲ့သည်။ စိတ်မှာလည်း ထူးထူးဆန်းဆန်း ပျော်ရွင်လျှင်ပင် ရှိနေသည်ကိုလည်း သတိပြုလိုက်မိသည်။
ထိုအချိန်တွင် မိမိအား တရားထိုင်နည်း သင်ပြပေးသည့် ဆရာကြီး ဦးဂိုအင်ကာ ပြောပြခဲ့သည့် စကား တစ်ခုကို သွား၍ အမှတ်ယမိသည်။ လူတစ်ယောက်ဟာ ဒေါသဖြစ်တဲ့ အခါမှာ ပူလောင်ခြင်း ဝေဒနာကို ခံစားရတတ်သည်။ ထိုသို့ ပူလောင်ခြင်း ဝေဒနာကို ခံစားရသည့် အချိန်တွင် ထပ်မံပြီး၊ ဓါတ်ဆီလောင်း၊ မီးထိုးပေးခြင်းဖြင့် ပိုမိုကြီးမားသည့် ပူလောင်ခြင်းပင် ဖြစ်လိမ့်မည် ဖြစ်သည်။ ဒေါသဖြစ်သည့် အခါတိုင်းမှာ လူတို့၏ စိတ်သည် မချမ်းမသာ ဖြစ်ရသည်၊ အခံရခက်လေသည်။ ထိုသို့ ဒေါသစိတ်ဖြစ်ပေါ်သည့် အခါမှာ အေးချမ်းသည့် ရေလောင်းခြင်းဖြင့် ဒေါသကို ငြိမ်းစေရသည်။
ဥပမာ – ကလေးငယ် တစ်ယောက်ဟာ အဖျားတက်ပြီး ဂယောင်ချောက်ချား ဖြစ်နေသည့် အခါမျိုးတွင် မိခင်ကို ဆဲဆိုကျောက်ကန် ပြုလုပ်နေသော်လည်း မိခင်သည် ကလေးငယ် အပေါ်တွင် ဒေါသမဖြစ်ဘဲ ကလေးငယ် ရောဂါဝေဒနာ ပျောက်ကင်း စေဖို့သာ စိတ်ပူပန်ပြီး စဉ်းစားနေမိသလို၊ ကိုယ့်အပေါ်မှာ ဒေါသဖြစ်စေတဲ့ အပြုအမူကို လုပ်တဲ့သူ အပေါ်မှာ သူမသိ နားမလည်ရှာတဲ့ အတွက် လုပ်နေတာဖြစ်တယ်၊ သူ့ကို ဘယ်လို အကူအညီပေးပြီး နားလည်အောင် ပြောဆိုလို့ရမလဲ ဆိုပြီး မေတ္တာစိတ်ထားခြင်းဖြင့် အေးချမ်းသည့် ရေလောင်းရခြင်း ဖြစ်သည်ဟု ရှင်းပြခဲ့သည်။
မိမိမှာမူ ၁၀နှစ်ကျော် နေ့စဉ် တရားထိုင် လာပြီးခဲ့သော်လည်း ဦးဂိုအင်ကာ ပြောခဲ့သလို မိမိအား ဒေါသဖြစ်အောင် ပြုလုပ်သူကို မေတ္တာစိတ် ကောင်းစွာ မပွားနိုင်စေသေးကာမူ၊ ဥပက္ခာစိတ်ဖြင့် မတုန်လှုပ်ဘဲ၊ စိတ်ကို တုန့်ပြန်ခြင်း မရှိဘဲ ထိန်းသိမ်းထား နိုင်လောက်သည့် အခြေအနေ တွင်ပင် အလွန် စိတ်ချမ်းသာ နေပြီ ဖြစ်သည်။
ဦးဂိုအင်ကာ ပြောခဲ့သလိုသာ မေတ္တာစိတ် ကောင်းစွာ ထားနိုင်ပါမူ မည်မျှ စိတ်ချမ်းသာ မည်ကို တွေးကြည့်နိုင်ပါသည်။ ထိုသို့ စိတ်မှာ တုန်လှုပ်ခြင်းမရှိဘဲ၊ တုန့်ပြန်မှု မပြုဘဲ ဖြစ်လာနိုင်သည့် အလေ့အကျင့်မှာလည်း တစ်နာရီ တရားထိုင်စဉ်မှာ ညောင်းညာ၊ ကိုက်ခဲသည့် ဝေဒနာကို တုန့်ပြန်ခြင်း မရှိသည့် စိတ်ဖြင့် နေ့စဉ် ရှုကျင့်နေခဲ့ သောကြောင့် စိတ်မှာ နာကျင်သည့် ဝေဒနာ ဖြစ်စေမည့် ကိစ္စမှန်သမျှတို့ကို တုန့်ပြန်ခြင်း မရှိဘဲ အေးချမ်းစွာ နေတတ်လာခြင်း ဖြစ်သည်ဟု ထင်ပါသည်။
အကယ်စင်စစ် ဒေါသဖြစ်သူတိုင်းသည် စိတ်ဆင်းရဲကြရသည်။ တရားထိုင်ခြင်းဖြင့် ဒေါသကို ကြီးထွားစေပြီးမှ ခက်ခက်ခဲခဲ ထိန်းချုပ်ရခြင်း မဟုတ်ဘဲ၊ ဒေါသ စဖြစ်ပေါ်လာသည်နှင့် ချက်ခြင်း သတ်ပစ်လိုက်နိုင်ခြင်း ဖြစ်ပေသည်။ ထို့ကြောင့် ဒေါသ ဖြစ်ပေါ်လာလျှင် ဖြစ်ပေါ်လာခြင်း စက္ကန့်ပိုင်း အတွင်း ပျောက်သွားရခြင်း ဖြစ်ပေသည်။ ဤသို့ဖြင့် တရားထိုင်ခြင်းသည် ကိုယ်တိုင် စိတ်ဆင်းရဲခြင်း မဖြစ်ရအောင် လေ့ကျင့် ထိန်းသိမ်း နေခြင်းဖြစ်သည်။
ဤသည်မှာ တရားထိုင်ခြင်းဖြင့် ပြောင်းလည်းလာသည့် စိတ်နေသဘောထားနှင့် ဒေါသကို အနိုင်ယူ နိုင်ခြင်းဖြင့် စိတ်ကို ချမ်းသာစေသည့် အကျိုးတစ်ခု ဖြစ်သည်ကို တရားထိုင်ခြင်းဖြင့် မည်သို့ အကျိုးကျေးဇူး ခံစားရပါလဲ ဟု မေးခဲ့ကြသည့် မိတ်ဆွေများအား သိစေအပ်ပါသည်။
အောင်
Sunday, December 18, 2011
Rose Story - နှင်းဆီပုံပြင်
Rose Story - နှင်းဆီပုံပြင်
စာရေးသူဟာ “ဘာသာရေးအနံ့ဖြူးသည့် လူမှုရေးဆောင်းပါး”တွေ ရေးတယ်လို့ ဆိုပါတယ်။ “နှင်းဆီပုံပြင်”မှာတော့ အကြောင်းကြောင့် အကျိုးဖြစ်တယ် (ယေ ဓမ္မာ ဟေတုပ္ပဘာဝါ)ဆိုတဲ့ ဗုဒ္ဓဒေသနာတော်ကို ကြီးပွားတိုးတက်ရေး လမ်းညွှန်အဖြစ် အသုံးပြုနိုင်ကြောင်း ညွှန်ပြထားပါတယ်။ “သဘာဝအရင်းအမြစ်” နဲ့ “လူသားအရင်းအမြစ်” နှစ်မျိုးဟာ တိုင်းပြည်တစ်ခု တိုးတက်ဖို့ အကြောင်းတရားကောင်းတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ခေတ်သုံးခေတ် (BC 253, AD 11th CENTURY, 21st AD CENTURY)မှာ ဗုဒ္ဓတရားတော်ကို နားလည်ပုံ ကျင့်သုံးပုံတွေကို ပုံပြင်သုံးပုဒ်ပုံစံနဲ့ ကောက်ကြောင်းရေးရေး ခြစ်ပြထားပါတယ်။
ပုဂံရဲ့ “ဖုန်”တွေဟာ နှင်းဆီထက် မွှေးတယ်။
(စာရေးသူ)
ဆောင်းဦးပေါက် မနက်ခင်း တစ်ခုပဲ။ နှင်းဝတ်မှုန်တစ်ချို့က မ၀ံ့မရဲ ခြေလှမ်းတွေနဲ့။ ညနေက ငုံထားရတဲ့ နှင်းဆီလေးက ဒီမနက်ကတော့ ငါ့မနက်ခင်းပဲဆိုပြီး နေ့ကောင်းရက်မြတ် ရွေးခြယ်ကာ အလှဆုံး “ပွင့်”ချလိုက်တယ်။ ဟုတ်တယ်။ ကမ္ဘာပေါ်မှာ ဘယ်နှင်းဆီနဲ့မှ မတူဘူး။ သူ့ထက် ခမ်းနားတဲ့နှင်းဆီ မရှိနိုင်တော့ဘူး။ အဲ... နှင်းဆီလေး ကောက်ပွင့်လိုက်ချိန်မှာ လူတွေ အိပ်ယာက မနိုးသေးဘူး...တဲ့။
လူတွေ အိပ်ယာက နိုးလာတော့ နှင်းဆီလေးကို တွေ့သွားကြတယ်။ ကြီးကျယ်ခမ်းနားလိုက်တဲ့ နှင်းဆီ။ မြင့်မြတ်လိုက်တဲ့ နှင်းဆီ။ ဘာပြောကောင်းမလဲ... နှင်းဆီလေးကို လာကြည့်ပြီး ထောပနာပြုကြတဲ့ လူအုပ်ကြီး မနည်းလှဘူး။ သူတို့ ပါးစပ်တွေကလည်း တတွတ်တွတ်နဲ့။ “ကြီးကျယ်ခမ်းနားလှတဲ့ နှင်းဆီ။”
လူအုပ်ကြီး “ရှဲ”ကနဲ ဖြစ်သွားတယ်။ ဘာလဲဟ။ ခပ်လှမ်းလှမ်းက ခမ်းနားလှတဲ့ လူကြီးနှစ်ယောက် လမ်းလျှောက်လာတာ။ လူချင်းအတူတူပဲ။ ဘာဖြစ်လို့ လူအုပ်ကြီး “ရှဲ”ကနဲ ဖြစ်သွားရတာလဲ။ မတူဘူး။ ဟုတ်တယ်။ လူချင်းတူတယ်။ သေသေချာချာ ကြည့်ကြ။ တစ်ယောက်က မဇ္ဈိမဒေသ အသားအရေနဲ့။ သူက အသက်နည်းနည်း ပိုကြီးပုံရတယ်။ နောက်လူငယ်ကတော့ အညာသား။ ညိုမောင်းမောင်း အသားအရေနဲ့။ ဘီလူးတစ်ကောင်ရဲ့ ရင်အုံနဲ့ လက်မောင်ကြွက်သားတွေ ပါတယ်။ သူ့မျက်နှာက တည်ကြည်ပေမယ့် ခက်ထန်မနေဘူး။ သူ့မျက်လုံးတွေကလည်း ကြည့်ရသူတွေအဖို့ကတော့ အနှစ်တစ်သောင်း ကြိုမြင်ရတဲ့ စွမ်းအင်ရှိသလိုမျိုးပဲ။ သူကြည့်တာ ခံရတဲ့ လူတိုင်း လိပ်ပြာမသန့် ခံစားသွားရတယ်။ အဲသလို မျက်လုံးမျိုးတွေ။ အသားအရေ ကွာပေမယ့် သူတို့နှစ်ယောက်စလုံးရဲ့ ယုံကြည်ချက်က တူညီနေသလိုမျိုးပဲ။ စကားတပြောပြောနဲ့ လူအုပ်ကြီးဆီ လျှောက်လာတဲ့ပြီး အညာသား လူငယ်က မေးတယ်။ သူတတ်တဲ့ ဘာသာစကားနဲ့။
“ဘာကို ၀ိုင်းကြည့်နေကြတာလဲ မောင်ရင်တို့”တဲ့။
သူ့အသံကြားတော့ ညှိနှိုင်းမထားတဲ့ ဧရာမ လူအုပ်ကြီး ပြိုင်တူ ဒူးညွတ်လိုက်ကြ အရိုအသေ ပေးလိုက်ကြသတဲ့။ ဘယ်လိုလူလဲ။ နတ်လား မသိဘူး။ သူ့အသံ ငြိမ်သက် တည်ကြည် ပြတ်သား။ လူသားတွေအားလုံး ကြက်သီးထကြတယ်။ မဟုတ်ဘူး။ ကြောက်လို့ မဟုတ်ဘူး။ တစ်ခုခု။ “တစ်ခုခုက ဘာလဲ” လာမမေးနဲ့။ ဘယ်သူမှ မသိဘူး။
“နှင်းဆီပွင့်ကြီးကို ကြည့်နေကြတာပါ အရှင်။”
လူအုပ်ကြီးထဲက သတ္တိရှိတဲ့ လူငယ်တစ်ယောက်က သူ့အသံကို တည်ငြိမ်အောင် ကြိုးစားရင်းနဲ့ ဖြေတယ်။ အဲဒီ လူငယ်ဆီမှာလည်း ဆယ်ပြားစေ့လို လေးထောင့်စပ်စပ် မျက်နှာနဲ့ မေးရိုး ရှိတယ်။ သူမို့ ဖြေရဲတာပေါ့ ဒီလို လူကြီးရဲ့ မေးခွန်းကို။
“နှင်းဆီကို ကြည့်နေကြတာ။ ဟုတ်လား မောင်ရင်။”
“ဟုတ်ပါတယ် အရှင်။”
အညာသား လူထူးဆန်းက မဇ္ဈိမသားကြီးကို လှည့်ပြီး ကြည့်တယ်။ နက်နဲလွန်းတဲ့ အပြုံးနှစ်ပွင့် “ထင်း”ကနဲ ပွင့်ထွက်သွားတယ်။ ဘာပြောကောင်းမလဲ။ သူတို့နှစ်ယောက်က နှင်းဆီပွင့်ကို ကြည့်တယ်ဆိုရုံလေး ကြည့်ပြီး ချီးမွမ်းစကား ပြောလိုက်တယ်။
“လှပလိုက်တဲ့ ရေသောက်မြစ်ကြီး”တဲ့။
သူတို့နှစ်ယောက်က နှင်းဆီပင်ရဲ့ ရေသောက်မြစ်ကြီးကို ဦးညွတ် အရိုအသေ ပေးချလိုက်တယ်။
“လေးစားပါတယ် ရေသောက်မြစ်ကြီး”တဲ့။
နှင်းဆီလေးက မျက်နှာစူပုပ်သွားတယ်။ ရေသောက်မြစ်ကြီးက မျက်ရည်တွေနဲ့ ဦးညွတ်ပြီး အရိုအသေ ပြန်ပေးတယ်။ လူအုပ်ကြီးက နားမလည်ဘူး။ ဘာလဲ...။ နှင်းဆီကိုကျော်ပြီး ဘာဖြစ်လို့ ရေသောက်မြစ်ကို သူတို့က အရိုအသေ ပေးနေရတာလဲ။
လူထူးဆန်းကြီး နှစ်ယောက်က တိုးညှင်းညှင်းနဲ့ သီချင်းတစ်ပုဒ်ကို ပါဠိလို ပြိုင်တူ ရွတ်ဆိုကြသတဲ့။
ဒီလို...
“ယေ ဓမ္မာ ဟေတုပ္ပဘာဝါ၊ တေသံ ဟေတုံ တထာဂတော အာဟ”တဲ့။
ဒီတော့မှ လူအုပ်ကြီးက သဘောပေါက်ပြီး လက်ခုပ်တွေတီး ကောင်းချီးပေးလိုက်တာ မိုးခြုံးသံတစ်ခု ဖြစ်သွားခဲ့ဖူးသတဲ့။
သူတို့ ဖြေရာကိုတော့ နှင်းဆီပုံပြင်လို့ မှတ်လိုက်ကြပါ။
ဘီစီ ၂၃၅ ပုံပြင် (BC 253)
အဲဒီတုန်းက ရှင်ဘုရင် တစ်ပါးဟာ အကြီးမားဆုံး အင်ပါယာကြီးတစ်ခု၊ နှစ်ပေါင်းထောင်သောင်း ကမ္ပည်းတွင်မယ့် အင်ပါယာကြီးတစ်ခု တည်ထောင်နေချင်ခဲ့ သတဲ့။ ဒါပေမယ့် ခက်တာက သူ့မှာ တိကျတဲ့ မူဝါဒ မရှိဘူး ဖြစ်နေတယ်တဲ့။ ဒါကို သူစဉ်းစား နေခဲ့တာ နှစ်ကာလတွေ ဘယ်နည်းလိမ့်မလဲ။ တစ်နေ့တော့ သိမ်မွေ့နက်နဲတဲ့ လူတစ်ယောက်ကို တွေ့တယ်။
သူ့ဆီမှာတော့ အင်ပါယာကြီး ထူထောင်ဖို့ နည်းလမ်း မရှိနိုင်။ ဒါပေမယ့် နက်နဲတဲ့ ဓမ္မတစ်ခုခုတော့ သေချာပေါက် ရှိရမယ်လို့ ရှင်ဘုရင်က တွေးတယ်။ ဒါနဲ့ ချဉ်းကပ်ပြီး မေးကြည့်တော့ အဲဒီ ဂေါတမဗုဒ္ဓရဲ့သားလို့ သူ့ကိုယ်သူ အမည်ပေးတဲ့ လူထူးဆန်းက...
“ယေ ဓမ္မာ ဟေတုပ္ပဘာဝါ၊ တေသံ ဟေတုံ တထာဂတော အာဟ”တဲ့။
ဘာပြောကောင်းမလဲ။ ရှင်ဘုရင်ကြီးရဲ့ “မောဟ”တံခါးတွေ ဒိုင်းဒိုင်းနဲ့ ပွင့်ထွက်ကုန်တယ်။ သူရသွားပြီ။ အင်ပါယာကြီး တည်ထောင်ဖို့ မူဝါဒ။ ဘာတဲ့။ “ယေ ဓမ္မာ ဟေတုပ္ပဘာဝါ”တဲ့။ တိုတိုလေး။ ရှင်းရှင်းလေး။ လိုအပ်တာကလည်း ဒါပဲ။ ဒီထက် မပိုဘူး။
အဲဒီ အဆုံးအမလေး တစ်ခုကို အခြေခံပြီး အင်ပါယာကြီး ထူထောင်လိုက်တာ နှစ်ပေါင်း ၂၀၀၀ကျော်တာတောင် ကမ္ဘာက သူ့ကို မေ့လို့ မရကြဘူးတဲ့။ သူ့နာမည်လား။ အဲ... Asoka တဲ့။ တစ်ချို့ကတော့ သူ့ကို “သီရိဓမ္မာသောက”တဲ့။ ချစ်မြတ်နိုးလွန်းလို့ ခေါ်ကြတာ။
အေဒီ ၁၁ ရာစု ပုံပြင် (AD 11th CENTURY)
ဒီပုံပြင်ရဲ့ ဇာတ်လိုက်ကလဲ ရှင်ဘုရင်ပဲ။ ပိုပြီးတိတိကျကျ ပြောရရင် ထတောက်မယ့် မီးခဲပဲ။ သူ ဘုရင်ဖြစ်ခဲ့တယ်။ ဘယ်သူ့အားကိုးနဲ့မှ မဟုတ်ဘူး။ ဘုရင်ဖြစ်ပေမယ့် သူ့နိုင်ငံလေးက မူမမှန်တဲ့ အုပ်ချုပ်မှုအောက်မှာ ပြာပုံဘ၀နဲ့။ ဒါကို သူက ဥယျာဉ်ကြီး တစ်ခုအဖြစ် ဖန်ဆင်းချင်တာ။ တိုးတက်တဲ့၊ ခေတ်မီတဲ့၊ သိပ္ပံနည်းကျတဲ့ နိုင်ငံတော်ကြီးတစ်ခု တည်ထောင်ပစ်ချင်နေတာ။ ဒါကိုပဲ သူစဉ်းစားနေခဲ့တာ လပေါင်း ဘယ်နည်းမလဲ။
တစ်နေ့။ သူကတော့ ဘယ်သိဦးမလဲ။ နိုင်ငံတော်ကြီးရဲ့ ကံကြမ္မာကို အဆုံးအဖြတ်ပေးမယ့်နေ့။ အဲဒီနေ့မှာ လူထူးဆန်းတစ်ယောက်ကို သူ့တွေ့ရတယ်။
တည်ကြည် ငြိမ်သက်လှပါလား။ ဖြည်းဖြည်းလေး လှမ်းနေပေမယ့်။ သူ့အသိက စကြ၀ဠာကို ပတ်မိနေသလို။ သူ့မျက်စိက ရှေ့လေးတောင်သာ ကြည့်ပေမယ့် လာမယ့် အနှစ်လေးသောင်းကို ကြိုသိနေသလို ရှင်ဘုရင်လေး ခံစားနေရတယ်။
ဒါနဲ့ သူ့ဆီက နက်နဲတဲ့ ဓမ္မကို မေးကြည့်တော့...
“ယေ ဓမ္မာ ဟေတုပ္ပဘာဝါ၊ တေသံ ဟေတုံ တထာဂတော အာဟ”တဲ့။
ဘာပြောကောင်းမလဲ မှန်တံခါးကို သံတုတ်ကြီးနဲ့ အားကုန်လွှဲ ရိုက်ချလိုက်သလိုမျိုး ဘုရင်လေးရဲ့ အသိတံခါးတွေ တ၀ုန်းဝုန်းနဲ့ ပွင့်ထွက်ကုန်တာ။ သူရပြီ။ ဒီနည်းနဲ့ နိုင်ငံတော် ထူထောင်ရမယ်။ လွယ်လှပါလား။ သူ့ဆရာက... ဂေါတမဗုဒ္ဓ...တဲ့။
ဝမ်းသာလွန်းလို့ ရှင်ဘုရင်လေးခမျာ အသားတွေ၊ အသံတွေတောင် တုန်ခါနေသတဲ့။
“ဟောပါဦး အရှင်။ ဆက်လက် လမ်းညွှန်ပါဦး အရှင်။”
“ကုန်ပါပြီ မင်းကြီး။ ဒါပဲ။ ယေ ဓမ္မာ ဟေတုပ္ပဘာဝါ။ ဒါပဲ။ ဒီထက် ပိုစရာ မလိုဘူး။”
ဒီတော့မှ ရှင်ဘုရင်လေး တရေးရေးနဲ့ စဉ်းစားမိတာ
(၁) အကြောင်းတရားက တန်ခိုးရှင်၊ ဖန်တီးရှင်၊
(၂) အကျိုးတရားက ဖန်ဆင်းမှုရဲ့ ရလာဒ်၊
(၃) အကြောင်းတရားကောင်းတွေ များနိုင်သမျှ များအောင်လုပ်၊
(၄) အကျိုးတရားက သူ့အလိုလို ရောက်လာတယ်။ ဆုမတောင်းနဲ့။ မလိုအပ်ဘူး။
(၅) အကျိုးတရား ပြတ်ချင်ရင် အကြောင်းတရားကို သတ်။ ဒါပဲ... တဲ့။
ရှင်ဘုရင်လေး ဆက်ပြီး စဉ်းစားတယ်။ ဆင်းရဲမွဲတေမှု ဆိုတာက အကျိုးတရား။ ဒါဖြင့် အကြောင်းတရားက ဘာလဲ။ ဖွံ့ဖြိုးတိုးတက်မှု ဆိုတာက အကျိုးတရား။ အကြောင်းတရားက ဘာလဲ။ အကြောင်းတရားက
(၁) သဘာဝအရင်းအမြစ်၊
(၂) လူသားအရင်းအမြစ်။
သူသိသွားပြီ။ သူ့မှာ သဘာဝကပေးတဲ့ မြစ်ကြီးတွေ ရှိတယ်။ အဲဒီ မြစ်ကြီးတွေထဲမှာ ရေတွေရှိတယ်။ မဟုတ်ဘူး။ မှားလို့။ ရှင်ဘုရင်လေးက “ရေ”လို့ မမြင်တော့ဘူး။ မြစ်ကြီးထဲမှာ “ဆန်စပါး”တွေ ရှိတယ်လို့ သူ သဘောပေါက်သွားပြီ။ နောက်ပြီး ရေဆိုတာ မြင့်ရာက နိမ့်ရာကိုပဲ စီးတယ်။ လွယ်လွယ်လေး။ ဒါပဲ။
ပြီးတော့ လူသားအရင်းအမြစ်၊ နည်းပညာ။ ပညာရှင်တွေကို မောင်းထုပြီးခေါ်တာ။ ပညာတတ်တိုင်းကို ဂုဏ်ပြုတယ်။ ချီးမြှောက်တယ်။ ပညာမရွေးဘူး။ ထန်းတက်ကျွမ်းသူ၊ ရေကြောင်းကျွမ်းကျင်သူ၊ စိုက်ပျိုးရေးကျွမ်းကျင်သူ၊ အဲ... စစ်ဗျူဟာ ကျွမ်းကျင်သူ။ သူတို့ကို သူ့နေရာနဲ့သူပေးပြီး အလုပ်လုပ်ခိုင်းလိုက်တာ သူ့အနားက ယောင်ဝါးဝါး မှုးမတ်တွေ မြောင်းထဲရောက်ကုန်တယ်။ ရောက်မှာပေါ့ သူတို့ပေးတဲ့ အကြံကို ကြည့်ပါဦး။
တိုးတက်တဲ့ နိုင်ငံတော်ကြီး တည်ဆောက်ဖို့
(၁) ဗေဒင်ယတြာတဲ့၊
(၂) ဗလိနတ်စာတဲ့၊
(၃) ယဇ်ပူဇော်တဲ့။
အလကားဟာတွေ။ အမှိုက်တွေ။ သူတို့က ဘုရင်လေးကို အူကြောင်ကြောင်လူ မှတ်လို့။ ပညာရှိဘုရင်က နည်းနည်းလေးမှ မယုံဘူး။ အခုတော့ သူ့မှာ ယုံကြည်စရာ ရသွားပြီ။ “အကြောင်းတရား”တဲ့။
(၁) သဘာဝအရင်းအမြစ်၊
(၂) လူသားအရင်းအမြစ်၊ နည်းပညာ။
အဲဒီ အကြောင်းတရားတွေနဲ့ မောင်းနှင်လိုက်တာ နှစ်ပေါင်း ၁၀၀၀ ကျော်တာတောင် သူ့ရဲ့ နိုင်ငံတော်ကြီးဟာ ခမ်းနားကြီးကျယ်တုန်းပဲတဲ့...။
အဲ... မေ့လို့။ သူ့ကို ကမ္ဘာက သိပ်လေးစားကြသတဲ့။ သူ့နာမည်က ANIRUDDHA လို့လည်းခေါ်ရဲ့။ ANURUDDHA လို့လည်းခေါ်ရဲ့။ သူ့ကို မြတ်နိုး ကြည်ညို ရိုသေ ချစ်ခင် မေ့မရတဲ့ လူတွေကတော့ “အနော်ရထာ”လို့ ခေါ်ကြသတဲ့။ နတ်ကိုတောင် နိုင်တဲ့ ဘုရင်တဲ့။ အမြင့်မြတ်ဆုံး ဘုရင်တဲ့။ ခြင်္သေ့နှလုံးသားနဲ့ ဘုရင်တဲ့။
အေဒီ - ၂၁ ရာစု ပုံပြင် (21st AD CENTURY)
နိုင်ငံတစ်နိုင်ငံဟာ ဘာသာရေးလုပ်စားရတာ သိပ်ကောင်းသတဲ့။ ဘာသာရေး စာအုပ်တွေ ရောင်းမလောက်တဲ့။ သူတို့ကိုးကွယ်တဲ့ ဘာသာကလည်း အထက်က နတ်လောက်စွမ်းတဲ့ ရှင်ဘုရင်နှစ်ပါး ကျင့်သုံးတဲ့ အဆုံးအမနဲ့ အတူတူပါပဲတဲ့။ လူမှုရေး၊ စီးပွားရေး၊ အပျိုမ၊ ၁၆-နှစ်မ စတဲ့ မဂ္ဂဇင်းစာမျက်နှာတွေမှာတောင် ဘာသာရေး အဆုံးအမတွေ တွေ့ရသတဲ့။ လူတွေကလည်း ဘာသာရေးကို ကြားလို့ကောင်းအောင် တော်တော်ပြောနိုင်ကြသတဲ့။ အဲ... ဘာသာရေး စာအုပ်တွေကို ရောင်းစားတာလည်း အရှေ့တောင်အာရှမှာ အဲဒီတစ်နိုင်ငံထဲပဲ ရှိသတဲ့။
အထူးသဖြင့်...
အနော်ရထာ နဲ့ အသောကမင်းကြီးတို့က ဒီလောက်များပြီး ဘာလို့ အလုပ်မဖြစ်တာလဲ၊ ဘာလို့ စုတ်ချာပြီး နောက်ကောက်ကျ ကျန်ရစ်ခဲ့ရတာလဲ၊ ငါတို့တုန်းက တစ်ခုတည်းနဲ့ အလုပ်ဖြစ်ခဲ့တာဆိုပြီး စဉ်းစားလို့မရ ဖြစ်နေကြရှာသတဲ့။
ဒါပါပဲဗျာ...
လွတ်မြောက်ဖို့ ကြိုးစားရင်း ထိန်းချုပ်မိနေကြဖူးပြီ။ တက်ကျမ်းတွေဖတ်ရင်း ကျရှုံးခဲ့ကြဖူးပြီ။ ဘာသာရေးစာအုပ် ဘာသာရေးတရားပွဲတွေ ပလူပျံရင်းနဲ့ ဘာသာရေးနဲ့ တေ့လွဲလွဲခဲ့ရဖူးပြီ။
အနော်ရထာ ဘာကိုသိခဲ့သလဲ။ ဘာတွေလုပ်ခဲ့သလဲ။ သိတာကတော့ တစ်ခုတည်း။ အကြောင်း-အကျိုး တဲ့။ လုပ်တာကရော။ တစ်ခုတည်းပဲ။ အကြောင်းတရားကောင်းတွေ ဖြည့်ဆည်းသတဲ့။
အကြောင်းတရားတွေက ဘာတွေလဲ။ ဧရာဝတီ၊ ဆည်မြောင်း။ တစ်ခြား အကြောင်းတရားတွေက လူသားအရင်းအမြစ် ပိုအရေးကြီးတာပေါ့။ အရိမဒ္ဒနဟာ ယဇ်နတ်ယတြာနဲ့ တည်ဆောက်ခဲ့တာမှ မဟုတ်ဘဲ။ ကျန်စစ်သားတို့ ငထွေရူးတို့ လူသားစွမ်းရည်တွေနဲ့ တည်ဆောက်ခဲ့တာပါ။ ဒါကြောင့်လည်း ပုဂံဟာ ဒီနေ့ထိ ခန့်ခန့်ငြားငြားနဲ့ ရပ်တည်နိုင်ခဲ့တာပေါ့။
အကြောင်းတရားဟာ တန်ခိုးရှင်ပဲ။ အဲဒီ တန်ခိုးရှင်က ဖန်ဆင်းတော့ ပုဂံဆိုတဲ့ အကျိုးတရား ဖြစ်လာတာပေါ့။ အနော်ရထာဟာ တစ်ခုသိပြီး အဲဒီ တစ်ခုတည်းကိုပဲ လုပ်ပြသွားခဲ့တယ်။ ဗုဒ္ဓဘာသာဆိုတာ ဒါပါပဲ။
တော်တော်များများက သဘောတူမှာ မဟုတ်ဘူး။ တရားပွဲတွေ တရားစာအုပ်တွေနဲ့ အသက်ရှူကြပ်ကြပြီး...
ခွင့်လွှတ်တော်မူပါ မြတ်စွာဘုရား။
ခွင့်လွှတ်တော်မူပါ အသောက။
ခွင့်လွှတ်တော်မူပါ အနော်ရထာပြည့်ရှင်။
အကြောင်းတရားကောင်းတွေ ဖြည့်ဆည်းကြရပါအုံးမယ်။ အချိန်နည်းနည်း ထပ်ပေးပါ။
“ယေ ဓမ္မာ ဟေတုပ္ပဘာဝါ”
“ယေ ဓမ္မာ ဟေတုပ္ပဘာဝါ”
ပုဂံရဲ့ “ဖုန်”တွေဟာ နှင်းဆီထက် မွှေးတယ်။ ပုဂံက “ဖုန်”ကို သွားရှူကြရအောင်။ ဒါမှ ပျောက်နေတဲ့ ငါတို့ကို ငါတို့ပြန်တွေ့မှာ။
မှတ်ချက်
ပုဂံမြေပေါ်မှာ ခြေစုံရပ်ရင်း ပုဂံက ဖုန်တွေကို ရှူရှိုက်ရင်း ရေးခဲ့တဲ့ ဆောင်းပါးပါ။
ဖုန်စော်နံတယ်ထင်ရင် ခွင့်လွှတ်ပါ။ ခင်ဗျား ဗမာမစစ်တော့လို့လည်း ဖြစ်မှာပါ။ ဘာပဲဖြစ်ဖြစ် ခွင့်လွှတ်ပါ။ ဘာပဲဖြစ်ဖြစ် ပုဂံကဖုန်ဟာ နှင်းဆီထက် မွှေးတယ်။ ဒါကိုတော့ ယုံတယ်။
စောနေလတ်
“လူလားမမြောက်သေးသောအတွေးများ”မှ
Saturday, December 17, 2011
ဒေါသနည်းအောင်နေနည်း
  ဒေါသနည်းအောင်နေနည်
မေတ္တာစစ်စစ် အကြောင်း များကိုရေးသားနေဆဲမှာပဲ မေတ္တာ နဲ့ ဆန့်ကျင်ဘက် ဒေါသ နည်းအောင်နေထိုင်နည်း ဆိုတဲ့တရားတော် တစ်ခုကိုရှာဖွေတွေ့ရှိတာ နဲ့ ကြားဖြတ် တင်ဆက်လိုက်ပါတယ်။
*မေတ္တာရန်သူ၊ ဒေါသမူ အပူကင်းပါစေ* ဆိုတဲ့စကား လေးနဲ့ မေတ္တာပွားဘူးကြမယ်ထင်ပါတယ်..။ ဒေါသ နည်းအောင်နေနည်း တရားတော်ကို ရေးသားတဲ့ ဆရာတော်ဘုရားကတော့ Spiritual Leader လို့ နာမည် ထင်ရှားပါတဲ့ မဟာမြိုင်တောရ ဆရာတော်ဦးဇောတိက ပဲဖြစ်ပါတယ်..။
လူတိုင်း စိတ်ပင်ပန်းရတာ သက်သာအောင် အကောင်းဆုံး လုပ်နည်းကတတ်နိုင်သလောက် ကြိုတင် ကာကွယ်တဲ့ နည်းပါပဲ။
• သွားစရာရှိရင် လိုက်မယ့်သူတွေကို ကြိုကြိုတင်တင် ပြောထားပါ၊ ကပ်ပြီးမှပြောရင် ပြင်ဆင်ချိန် မလောက်လို့စောင့် နေတဲ့အခါမှာ စိတ်တို တတ်တယ်။
• သုံးနေကျပစ္စည်းကို ကြိုကြိုတင်တင်ဝယ်ထားပါ၊ သုံးချင်တဲ့အချိန်ကျမှကုန်နေလို့ စိတ်တိုတာ မဖြစ်အောင် နော်။
• ကတိအကြွေးတွေဟာ စိတ်ကို ပင်ပန်းစေတယ်၊ ဒါကြောင့် ကတိကို လွယ်လွယ်နဲ့မပေးပါနဲ့။ ကတိပေးပြီးမှမတည်နိုင်တဲ့အခါစိတ် ဆင်းရဲ ရတယ်၊စိတ်တိုရတယ်၊ ကတိမတည်တဲ့သူလို့အပြောခံရတဲ့အခါ ရှက်တယ်၊ ဒေါသဖြစ်တယ်။
• မတတ်နိုင်လောက်အောင် မြင့်လွန်းနေတာမျိုးကို မမှန်းပါနဲ့။ကိုယ့်ရည်မှန်းချက်ဟာ ကိုယ့်အခြေအနေနဲ့ ကိုက်ညီဖို့လိုတယ်။ ကိုယ့်ရည်မှန်းချက်ကို နဲနဲချင်း ဖြေးဖြေးမြှင့်ပါ ။
• ကိုယ့်အတွက် အရေးကြီးတဲ့ ကိစ္စကိုလုပ်ဖို့ အချိန်လုံလောက်အောင်စီစဉ်ထားပါ။ အရေးမကြီးတာတွေ ကို အရင်လုပ်ပြီး ပင်ပန်းသွားတဲ့အခါကျမှ အရေးကြီးတာကို လုပ်ရင် ပိုပြီးစိတ်ပင်ပန်း တယ်။ ဒါကြောင့် အရေးကြီးတာကို
အရင်လုပ်ပါ။ အရေးကြီးတာကို အရင်လုပ်ပြီးရင် စိတ်ပေါ့ပါးသွားလို့သိပ်အရေးမကြီးတာကိုလုပ်ဖို့ အားတက်လာမယ် ။
• စနစ်တကျလုပ်တတ်တဲ့အကျင့်ကို လေ့ကျင့်ထားပါ။ စနစ်ရှိရင် အချိန်ကုန်သက်သာတယ်၊ အမှားနည်းတယ်၊ စိတ်ပင်ပန်း လူပင်ပန်း ရတာလဲနည်းတယ်။ အဲဒါကြောင့် စိတ်တိုရတာ ဒေါသဖြစ်ရတာပါ နဲသွားတယ်။ ပုံမှန်အချိန်ဇယားနဲ့ လုပ်လို့ဖြစ်တာမျိုးကို သူ့အချိန်ကျ ရင်လုပ်ဖြစ်အောင် အကျင့်လုပ်ထားတာကောင်းတယ်။ အခုလုပ် ရမလား၊ နောက်မှလုပ်ရမလားလို့ တွေးမနေရတော့ဘူး။ အဲဒါကိုက အချိန်ကုန်သက်သာသလို စိတ်ပင်ပန်းတာလဲ သက်သာပါတယ်။
• ကိုယ်နေရတဲ့နေရာ၊ ကိုယ်အလုပ် လုပ်တဲ့နေရာကို တတ်နိုင်သလောက် သန့်ရှင်းသပ်ရပ်အောင် လှပအောင်ပြုပြင်ပါ။ ရှုပ်ထွေး၊ ညစ်ပတ်၊ နံစော် နေတဲ့နေရာမျိုးမှာ အလုပ်လုပ်ရရင် စိတ်ကြည်လင်မှာ မဟုတ်ဘူး။
• စိတ်ကြည်လင်စေမှုကို ဖျက်စီးတတ်တဲ့ အရာမျိုးတွေကို ကိုယ်မြင်နိုင် တဲ့နေရာမှာမရှိပါစေနဲ့။ နံရံပေါ်မှာ၊ စာအုပ်စင်ပေါ်မှာ၊ အလုပ်စားပွဲ ပေါ်မှာ စိတ်ကိုအနှောက်အယှက်ပေးနိုင်တဲ့အရာတွေကို မရှိပါစေနဲ့။ စိတ်တိုစရာကိစ္စ၊
စိတ်ညစ်စရာကိစ္စ၊ အဟောင်းကိုအသစ်ဖြစ်အောင် လုပ်မဲ့ ပစ္စည်းမျိုးကိုမြင်နိုင်တဲ့နေရာမှာ မထားတာကောင်းတယ်။ ကြည့်လိုက်တာနဲ့ စိတ်ကိုကြည်လင်အေးချမ်းသွားစေနိုင်တဲ့ ရှုခင်း ဓါတ်ပုံမျိုးကိုမြင်သာတဲ့နေရာ မှာ ထားပါ။
ရေခဲတောင် ဓါတ်ပုံမျိုး၊ ရေကန်ကြီးကြီးဓါတ်ပုံမျိုးကို ကြည့်ပြီး အဲဒိနေရာမျိုးမှာ ကိုယ်ရောက် နေတယ်လို့ မှန်းကြည့်ပါ။ ကိုမြင်သမျှ ကြားသမျှအရာတွေဟာ ကိုယ့်စိတ်ကို လွှမ်းမိုးတယ်။ ဒါကြောင့် မမြင်ရရင်ကောင်းတဲ့ အရာတွေကို ဝေးဝေးပို့ထားပါ၊
ဝေးလေးကောင်းလေပဲ။ ပစ္စည်းတွေက ကိုယ့်စိတ်ကို ချောက်ချားစေနိုင်တယ်။ဘာပစ္စည်းမှမရှိရင် ဘာအနှောက်အယှက်မှ မရှိဘူး။
• အနံ့အသက်ဆိုးတွေ၊ မီးခိုးတွေ၊ ဆူညံသံတွေ မရှိအောင် လုပ်နိုင်ရင်ကောင်းတယ်။မရှိအောင်မတတ်နိုင်ရင်တော့ နဲနိုင်သမျှ နဲအောင်လုပ်ပါ။
• ကိုယ်ကအောင်မြင်လေလေ ကိုယ့်ကိုတွေ့ချင်တဲ့သူ၊ ကိုယ့်ဆီကအကူအညီတောင်းချင်သူတွေများလာလေဖြစ်တတ်တာ သဘာဝပဲ။ တစ်ခါတစ်လေကိုယ်မအားတုန်း အလုပ်များနေတုန်း သူတို့ကတွေ့ချင် အကူအညီတောင်းချင်နေလို့မရမက လုပ်လာရင်လည်း စိတ်အနှောက်အယှက်ဖြစ်ရတယ်။
• စိတ်အေးအေးချမ်းချမ်းနေချင်ရင် သူများအကြောင်းကို တတ်နိုင် သလောက်မပြောပဲနေတာကောင်းတယ်။ အထူးသဖြင့် သူများ မကောင်းကြောင်းကို မပြောပဲနေတာကောင်းတယ်။ ပုဂ္ဂိုလ်ရေး ပုတ်ခတ်ပြီး ပြောတာမျိုးကိုအထူးရှောင်သင့်တယ်။ ကိုယ်ကသူများ မကောင်းကြောင်းကိုပြောရင်ကိုယ့်မကောင်းကြောင်း ကိုလည်း သူများက ပြောမှာသေချာတယ်။ 
အဲဒါနဲ့ပဲ
ကိုယ့်စိတ်ကြည်လင်မှု ပျက်ရတယ်။ ကိုယ့်အကြောင်းကိုသူများကမကောင်းပြောရင်တောင်မှသူပြောတာမဟုတ်ကြောင်းကိုပဲအေးအေးဆေးဆေးပြောပြီး သူ့မကောင်း ကြောင်းကိုတော့ ဟုတ်နေရင်တောင်မှ မပြောပဲ ထား လိုက်တာက ပိုကောင်းတယ်။ ကိုယ်ကသဘော ထားကြီးကြီး ထားဖို့လိုတယ်။
• စိတ်အနှောက်အယှက်ဖြစ်ရတာ နဲချင်ရင် မလိုအပ်ပဲနဲ့ လူများများနဲ့မရောပါနဲ့။ အလုပ်များတဲ့သူဟာ တစ်နေ့ တစ်နေ့ လူတွေနဲ့စကားပြောရတာနဲမှာမဟုတ်ဘူး။ အခက်အခဲရှိလို့ပြော ချင်ရင်၊ တိုင်ပင်ချင်ရင်တကယ်ကောင်းတဲ့ အကြံဥာဏ်မျိုး ပေးနိုင်မဲ့သူကိုပဲပြောပါ။မဆိုင်တဲ့သူတွေကိုမပြောပါနဲ့။ စိတ်ပျက် စရာကို ပြောတတ်တဲ့သူတွေကို ဘယ်တော့မှ မပြောပါနဲ့။
စိတ်ပျက်စရာကိုပြောတတ်တဲ့သူကိုပြောရင်ကိုယ်ပါစိတ်ဓါတ် ကျမယ်။ စိုးရိမ်စိတ်တွေများလာမယ်။ စိတ်ပင်ပန်းမယ်။ ကိုယ်လုပ်မဲ့ အလုပ်မျိုးကို လုပ်နေတဲ့သူ၊ အတွေ့အကြုံများတဲ့သူမှသာကိုယ့်အခက်အခဲကိုနား လည်မယ်။ ဒါကြောင့်ဘယ် သူနဲ့ တိုင်ပင်တယ် ဆိုတာကို သေသေချာချာစဉ်းစားပါ။
• အေးအေးဆေးဆေး ပြောတတ်အောင် လေ့ကျင့်ပါ။ အေးအေး ဆေးဆေးလုပ်တတ်အောင်လေ့ကျင့်ပါ။ အလျင်လိုတဲ့အကျင့်ဟာ စိတ်ပင်ပန်းစေတယ်။ အလျင်လိုနေရင် စိတ်မရှည်ဘူး။ အလျင်လိုနေ တဲ့သူဟာ စိတ်တိုဖို့ပိုများတယ်။ မှားလို့ပြန်လုပ်ရရင် အချိန်ပိုကုန်တယ်။ ဒါကြောင့် “အရင်လိုရင် အရနှေးတယ်´´ လို့ပြောတာ။ စိတ်ရှည်ရှည်နဲ့ သေသေချာချာ တိတိကျကျ လုပ်တတ်တဲ့အလေ့အကျင့်ဟာ ရေရှည်မှာ စိတ်အေးချမ်းမှုကိုပေး တယ် ။
• လတ်တလောအဆင်ပြေအောင်လွယ်လွယ်နဲ့ကတိမပေးလိုက်ပါနဲ့။ ကိုယ့်ကိုသဘောကျအောင် ဘာတွေပေးမယ်၊ ဘာတွေလုပ်ပေးမယ်၊ဘယ်လိုအခွင့်အရေးတွေပေးမယ် ဆိုတာမျိုးကို မစားရ၀ခမန်း မပြောပါနဲ့။
ကိုယ်ကို အင်မတန်သဘောကောင်း တယ်လို့မြင်စေချင်လို့ ချက်ချင်းဝမ်းသာသွားအောင်မပြောပါနဲ့။
ပြောတုန်းမှာ လွယ်လွယ်နဲ့ ပြောပြီး တကယ်လုပ်တဲ့အခါ ကိုယ်မတတ်နိုင်ရင် မူလက ကိုယ့် စေတနာမှန်ပေမယ့်လည်း
ကိုယ့်စေတနာကို တဖက်ကယုံမှာ မဟုတ်ဘူး။ အပြောနဲ့ အလုပ်မညီတာတွေများလာတဲ့အခါ ကိုယ့်စကားကို ကြာတော့ ဘယ်သူမှ ယုံတော့မှာမဟုတ်တော့ဘူး။ တကယ်ပေးနိုင်မှ၊ တကယ်လုပ်ပေးနိုင်မှပဲ ပြောပါ။ ပေးနိုင် တာထက် နည်းနည်းလျှော့ပြောတာကောင်းတယ်။
• အရေးမကြီးတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ညင်းတာခုံတာကို မလုပ်ပါနဲ့။ဘာမှမဟုတ်တာကို ညင်းခုံကြရင်း ရန်ဖြစ်ရတာ စိတ်ဆင်းရဲရတာတွေ တော်တော်များပါတယ်။ ဒါကြောင့်အရေးကြီးတဲ့ အလုပ်တွေကို လုပ်နေတဲ့သူဟာ
အရေးမကြီးတာတွေကို ကိုသိတိုင်းလည်း မပြောသင့်ဘူး။ မေးတိုင်းလည်းမဖြေသင့်ဘူး။
• အရေးမကြီးတဲ့ကိစ္စမှာ သူများမှားနေလည်း သူ့အမှားကို သူသိလာအောင်စောင့်သင့်တယ်။ ကိုယ်မှန်တိုင် ၀င်ပြောပြီး အနိုင်မယူသင့်ဘူး။ နိုင်လို့ရတိုင်းနိုင်ချင်တာဟာ မရင့်ကျက်တဲ့ စိတ်ထားဖြစ်တယ်။ စိတ်ချမ်းသာချင်ရင် ရင့်ကျက်တဲ့စိတ် ထား၊သဘောထားကြီးတဲ့စိတ်ထားမျိုးကိုမွေးယူရမယ်။
• ဘယ်အလုပ် မျိုးဖြစ်ဖြစ် အဆင်မပြေမှုရှိပါတယ်၊ အခက်အခဲရှိပါတယ်။ဆရာဝန်အလုပ်ခက်သလို၊ ကျောင်းဆရာအလုပ်လည်းခက်ပါတယ်။ ဈေးရောင်းတဲ့အလုပ်ခက်သလို ကားမောင်းတဲ့အလုပ်လည်း ခက်ပါ တယ်။
ကားမောင်းတဲ့အလုပ်က စိတ်ရှည်ဖို့ တော်တော်လိုပါတယ်။ ဆရာဝန်အလုပ်လည်း စိတ်ရှည်ဖို့လိုပါတယ်။ လူနာရဲ့ အသက်ကို လုနေရတဲ့အခါမျိုးမှာ သေမင်းနဲ့ ရင်ဆိုင်တိုက်ပွဲလို ဖြစ်နေတဲ့အခါမှာ တော်တော်ပင်ပန်းပါတယ်။ လူနာက
အားကိုး တကြီးနဲ့ကြည့်တဲ့ မျက်လုံရဲ့အဓိပ္ပါယ်ဟာ ဆရာဝန်တွေရဲ့ စိတ်မှာပြင်းထန်တဲ့ ကရုဏာကို ဖြစ်စေတယ်။ 
ကျောင်းဆရာ၊ ဆရာမတွေကလည်း စိတ်ရှည်ဖို့လိုပါတယ်။ စာမေးပွဲကျတဲ့ကျောင်းသားရဲ့ စိတ်မှာ
ကိုယ့်ကိုယ် ကို ယုံကြည်မှု မရှိတော့သလိုဖြစ်သွားတာဟာ တော်တော် သနားစရာကောင်းပါတယ်။ ကိုယ့်တပည့်လေး အောင်ပါ့မလားဆိုပြီး ဆရာတွေ ဆရာမတွေ
သောကဖြစ်ရတယ်။ မိဘတွေ ဆင်းဆင်း ရဲရဲနဲ့ သားသမီးကို ပညာတတ်စေချင်လို့
ကျောင်းထားတယ်။ စားမေးပွဲကျရင် ဆက်ထားဖို့မလွယ်တော့ဘူး။
• လူများများနဲ့ ဆက်ဆံရတဲ့အလုပ်တွေက ဆက်ဆံရေးအခက်အခဲအမြဲရှိပါတယ်။လူတိုင်းကိုစိတ်ကျေနပ် အောင်ဘယ်သူမှ လုပ်မပေး နိုင် ဘူး။ မကျေနပ်တဲ့သူကအပြစ်တင်မယ်၊ မကောင်းပြောမယ်။ အဲဒီအ ခါ စိတ်တိုမယ်၊ ဒေါသဖြစ်မယ်၊
စိတ်ဓါတ်ကျမယ်။ ဒါကြောင့် ကိုယ့်အလုပ်နဲ့ပတ်သက်ပြီးဖြစ်နိုင်တဲ့အခက်အခဲတွေကို ကြိုတင်ပြီး တွေးထားပြီးတော့
ဒီအခက်အခဲမျိုးကတော့ တွေ့ရမှာသေချာတယ်၊ ဒီလိုအပြောမျိုးတော့ ခံရမှာသေချာတယ်၊ 
ဒါကြောင့် အခက်အခဲနဲ့တွေ့ရတဲ့အခါ၊ အပြောခံရတဲ့အခါ စိတ်မပျက်ဘူး၊ စိတ်မညစ်ဘူ။ စိတ်ရှည်ရှည်ထားမယ်လို့မကြာခဏ
နှလုံးသွင်းပါ။လူတွေပေါ်မှာ တတ်နိုင်သလောက် စိတ်ရှည်ရှည်ထားပါ။သူတို့ကိုနားလည်ဖို့ကြိုးစားပါ။ ဒေါသအလျောက် နာသွားအောင် မပြောပါနဲ့၊ ကိုယ့်စေတနာက မှားနေရင် ကိုယ့်စေတနာက ကိုယ့်ကိုအကျိုးပေးမှာပါပဲ။ ပြဿနာ
တော်တော်များများဟာ ဆက်ဆံရေးအဆင်မပြေလို့ ဖြစ်ရတာပါ။ 
တစ်ယောက်ပြောချင်တာကို တစ်ယောက်ဆုံးအောင် နားမထောင်ရင် တစ်ယောက်ကို တစ်ယောက် နားလည်မှာမဟုတ်ဘူး။ တစ်ယောက် စကားကို တစ်ယောက် အဓိပ္ပါယ်မှန်အောင်မကောက်နိုင်ရင် အထင်လွဲတာတွေ ဖြစ်လာမယ်။ ဒါကြောင့် ဆက်ဆံရေးအဆင်ပြေချင် ရင် တဖက်သား ပြောချင်နေတာကို ဂရုတစိုက် နားထောင်ပါ။ သူ့စိတ်ထဲမှာ ပြောချင်နေတာကို ပြောခွင့်ပေးပါ။ အထူးသဖြင့် အရေးကြီးတဲ့ ကိစ္စပြောမယ်ဆိုရင် အထင်လွဲတာမဖြစ်ဖို့ ပိုပြီးအရေးကြီးတယ်။
သူပြောချင်နေတာကို ပြည့်ပြည့်စုံစုံ ပြောနိုင်အောင် သူ့ကိုမေးခွန်းတွေမေးပြီး ရှင်းခိုင်းပါ။ သူ့အခက်အခဲကို ကိုယ်က ကိုချင်စာပါတယ် ဆိုတာကို သူသိအောင်ပြောပါ။ တစ်ယောက်ရဲ့ အခက်အခဲကို တစ်ယောက်ကူညီပြီးနေသွားရတာ ကျေနပ်စရာ သိပ်ကောင်းပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် တစ်ကယ် နားလည်မှုရသွားရင် စိတ်သက်သာမှုရတယ်။ ကိုယ့်ဘ၀မှာ အရေးပါတဲ့သူရဲ့ အထင်လွဲမှုကို ခံရတာ စိတ်ဆင်းရဲစရာ သိပ်ကောင်းတယ်။ ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် အထင်လွဲနေရင် လေးလေးစားစားဆွေးနွေးပါ။
Anger Management (ဆရာတော်ဦးဇောတိက၏ မှတ်သားဖွယ်ရာ ဒေါသနည်းအောင်နေနည်း
by Sayadaw U Jotika (ဆရာတော်ဦးဇောတိက (မဟာမြိုင်တောရ) )
http://dhammayanantmm.blogspot.com/ မှ တဆင့်  
http://www.dhammaweb.net/notes/view.php?id=363 တို့ မှတဆင့် ကူယူဖေါ်ပြအပ်ပါတယ်။
သစ္စာအလင်း
Friday, December 16, 2011
အမှန်မြင်နှလုံးသား
အမှန်မြင်နှလုံးသား
   “ဒီအပင်လေးကပဲ အရင်ဆုံးရော်ရွက်ဝေခဲ့ပါလား”
ဟု တီးတိုးရေရွတ်လိုက်မိသည်၊ တစ်ပင်လုံးဝါနေသော အဲ…. နီနေသော မေပယ်လ်ပင်လေး၊ သတိထားမိသည်မှာ မနှစ်ကလည်း အဦးဆုံးရော်ရွက်ဝေခဲ့သည်၊ ယခုလို မတွေ့ဖူးလျှင် ပင်လုံးကျွတ်ပွင့်နေသကဲ့သို့၊ အ၀ါမပီ အနီမကျ ရော်ရွက်တို့ ဖုံးလျက်၊ ပင်ချေတစ်ဝိုက် မြက်ခင်း စိမ်းစိမ်းပေါ်တွင်လည်း နီဝါရောင် ကော်ဇောခင်းသည်သို့၊...
  “သစ်ရွက်ရော်ရည် ဣန္ဒနီဝယ်၊ သိင်္ဂီတစ်ဝက်၊ ဖက်၍ဆေးစုံ၊ ချယ်သောပုံသို့၊ ရဂုံမြိုင်တွင်း၊ တောလုံးလင်းသား.....” တစ်ပိုင်းတစ်စ ရနေသေးသော အင်းဝခေတ် စာဆို ရှင်ဥတ္တမကျော်၏ ကဗျာလေး နှုတ်မှာစီးခိုလာသည်၊ သိင်္ဂီတစ်ဝက် မြတစ်ဝက်ပေါ့၊ အနီတစ်ချို့ အစိမ်းတစ်ဝက် တင့်ဖက်လေသည့်အလှ၊ သည်အလှမျိုးကို မြင်ကာ အရှင်ဖွဲ့ခဲ့လေသည်ထင့်၊ နောက်ပြီး ရဂုံမြိုင်တွင်းတောလုံးလင်းသားတဲ့၊ မကြာမှီ Clarke square ဥယာဉ်လေးတစ်ခုလုံး အစိမ်းရောင်ကွယ်ကာ အ၀ါရောင်လွှမ်းတော့မည်၊ ထိုအခါ ကြည့်လေရာရာသည် တောလုံးလင်းလျှက်။
   ရွက်ကြွေပြီးလျှင် အမိမြေမှာတော့ ပူပြင်းသည့် နွေရာသီ၊ သည်မြေမှာတော့ဖီလာ ဆန့်ကျင်၊ ရွက်ဝါတွေ ကြွေပြီးလျှင် စနိုးတွေ ဖုံးတော့မည်၊ Fall ခေါ် အော်တန်ရာသီ၊ အချမ်းကဲဝှန် အအေးသန်တော့မည်၊ ဥဏှတေဇော လောင်တတ်သလို၊ သီတတေဇော ကလည်း လောင်မြိုက်တတ် ပါကလားဟု သတိချပ်မိသည်။
   အမိမြေမှာတော့ ခုလိုရွက်ဝါတွေကြွေလျှင် မြိုင်တစ်ကြောမှာ ဥသြ ဥသြ ငှက်ဥသြ ခွန်းဆင့်၍  လွမ်းသံနှောပေမည်၊ ပြီး ၀န်းကျင်တစ်ခို မြူမင်းလွင်တို့ ဝှေ့နေသည်မှာ မှုန်ရီပြာနှင့် လွမ်းတတ်သူတို့လွမ်းစရာ။
ရဟန်း မယ်တော်ပီပီ အရာရာကို တရားနှင့်ယှဉ်ကာ နှလုံးသွင်းတတ်သည့်အမေ၊ ခုလို တဖြိုက်ဖြိုက်ကြွေနေသည့် မေပယ်လ်ရွက်လေးတွေ ကိုတွေ့လျှင်၊ အော် တစ်နှစ်ကုန် ပြန်တော့မှာပါလား
တစ်နှစ်ကုန်ပြန် ငါ့ရုပ်နာမ် သေရန်တစ်နှစ်လွတ်ခဲ့ပြီ၊
တစ်နှစ်ရောက်ပြန် ငါ့ရုပ်နာမ် သေရန်တစ်နှစ် နီးချေပြီ၊
တစ်လကုန်ပြန်......
တစ်ရက်ကုန်ပြန်.....စသည့်ဖြင့် နှစ်လုံးသွင်းဆင်ခြင်နေမည်မှာ ဧကန်။
  ကိုယ်တို့ ငယ်စဉ်ကတည်းက ရင်းနှီးခဲ့ရသော ဓမ္မလင်္ကာလေးများ၊ ဇရာ ဗျာဓိ တစ်ခုခုနှင့် ဆုံတိုင်း အမေ့နှုတ်မှ စီးဖြာကျလာတတ်သည့် လင်္ကာသီတံလေးတွေ၊ တစ်ခါတစ်လေ တော့လည်း
တစ်နေ့ကုန် တစ်နေ့ကြီး အိုဖို့တစ်နေ့နီး၊
တစ်နေ့ကုန် တစ်နေ့ကြီး နာဖို့တစ်နေ့နီး၊
တစ်နေ့ကုန် တစ်နေ့ကြီး သေဖို့တစ်နေ့နီး၊ သံတူကြောင်းကွဲ လင်္ကာလေးတွေကို ကြားရ တတ်သည်။
အရာရာကို မမြဲချြင်းဖြင့် ယှဉ်၍မြင်တတ်သော ဗုဒ္ဓဘာသာ ၀င်တို့၏နှလုံးစိတ်ရင်းကို အမေ့ထံမှ စတင်တွေ့ခဲ့ဖူးသည်၊ ထိုသို့ ရှု့မြင်တတ်မှုကိုလည်း အမေ့ထံမှပင် အမွေရ ခဲ့သည်။
   ပန်းလေးတစ်ပွင့် ကြွေတာတွေ့လျှင်ပင် “ဖူးပွင့် နွမ်းကြွေ၊ ပန်းအနေသို့၊ အရှည်မကြာ တို့ခန္ဓာလည်း၊ ကြွေရမြဲသည်၊ မမြဲအနိစ္စပါတကား” ဟု ရှု့ဆင်ခြင်တတ်သည့် ကိုယ်တို့ ဗုဒ္ဓဘာသာတွေကို အချို့က“အဆိုးမြင်ဝါဒီများ”ဟု သတ်မှတ်ချင်ကြသည်၊ အို နာ သေ အပျက်တွေကိုသာ ရှုတတ်သူများတဲ့၊ သူတို့ကတော့ အဖြစ်ကို ရှု့သည့် အကောင်းမြင် သမားများပေါ့။
    အပျက်ကို ရှု့သူများအတွက်လည်း အဖြစ်နှင့် ဆုံရသလို၊ အဖြစ်ကို ရှု့သူများလည်း အပျက်နှင့်ကြုံရမြဲမို့ ကွာခြားသည် မထင်၊ တကယ်တော့ ကိုယ်တို့ ဗုဒ္ဓဘာသာများသည် အပျက်ကိုသာမြင်လေ့ရှိသူများမဟုတ်၊ အဖြစ်ကို လျှစ်လျှုရှု့သူများလည်းမဟုတ်၊ အမှန်ကို မြင်သူများဖြစ်အောင် လေ့ကျင့်နေသူများဟု ဆိုလိုက်ချင်ပါသည်။
     အဖြစ်ချည်းသာ ရှု့သူအတွက် မည်မျှခိုင်ခံ့အောင် အားထုတ်ထားပါစေ၊ အပျက်နှင.် တိုးခဲ့သော် ဆောက်တည်ရာ မရဖြစ်တတ်သလောက်၊ အပျက်ကိုလက်ခံထားသူများ အတွက်မူ မတုန်လှုပ်၊ အဖြစ်ကို တဖန်ပြန်လည်တည်ဆောက်ရာတွင်လည်း အပျက်မြင် သမားက တည်ငြိမ်လွယ် မည်ဟု ထင်မြင်မိပေသည်၊ အပျက်ပေါ်မှာ ရပ်တည်ရင်းဖြင့် အဖြစ်ကို တည်ဆောက်ကြ၍ လောကကြီးတိုးမြင့်လာခဲ့ခြင်းဟု ယူချင်ပါသည်၊ လတ် ဆတ်နေဆဲ အကြောင်းအရာတခုကို သာဓက ဆောင်ချင်သည်၊ ကမ္ဘာကိုပြောင်းလဲ သွားစေသည့် ပါရမီရှင်ဟု တိုင်း မဂ္ဂဇင်းက ရေးသားသည့် Mr steve Jobs အကြောင်းပင်။
   I နည်းပညာတို့၏ ဖခင်၊ Apple ၏အရှင်၊ သူ၏တီထွင်မှုတို့၏ တွန်းအားသည် သူ (၁၇) နှစ်သားအရွယ်က ဖက်ခဲ့ရသည့် “နေ့တိုင်းကို သင့်ဘ၀၏ နောက်ဆုံးနေ့အဖြစ် နေထိုင် ခဲ့လျှင် တနေ့မှာတော့ အဲဒီအတိုင်း ဖြစ်လာမှာသေချာပါတယ် ဆိုသည့်” ရှေ့သူဟောင်း စကားလေးနှင့်၊ “ဘ၀အတွက် အလွန်အရေးပါသည့်” ဆုံးဖြတ်ချက်များကို ချရာတွင် အရေးအကြီးဆုံးအထောက်အပံ့ ကိရိယာအဖြစ် သူတွေ့ရှိခဲ့သော အရာမှာ သေချြင်းတရားဟာ လက်တကမ်းမှာ ရှိသည်ဟု သတိချပ်ခြင်းပင်တဲ့။ standford university မှာ သူဟောပြောခဲ့သည့် စကားလေး။
   သို့နယ်အကြောင်းတို့ကို ချင့်ထောက်ပြီး ဗုဒ္ဓဘာသာတွေရဲ့ အမြင်ဟာ အမှန်မြင်ဟု ဆိုလိုခြင်းပါ၊ ကိုယ့်အမေတို့ရဲ့ဝန်းကျင် အပေါ်ရှု့မြင်နှလုံးသွင်းမှုကိုလည်း ကိုယ်လေးစားမှုအသစ်ဖြစ်မိသည်၊ထိုသို.နှလုံးသွင်းတတ်အောင် လမ်းပြပျိုးထောင်ပေးတော်မူကြသည့် ဗုဒ္ဓ မြတ်စွာနှင့် ထေရ်သံဃာတို့ကိုလဲ ကြည်ညိုမဆုံး။
   ထိုကြောင့် အဆိုးမြင်ဟု ဆိုဆို၊ အပျက်မြင်ဟု ပြောပြော၊ မလွဲကြုံရမည့် သဘောတို့ကို ရုတ်ချည်းတွေ့ကြုံလာလျှင် မတုံလှုပ်ဖို့ ကြိုတင်ပြင်ဆင်ထားရပေမည်၊ ယဉ်ပါးနေခြင်းသည် စိမ်းကားနေခြင်းထက် အသုံးဝင်သည် မဟုတ်ပါလား၊ အဘိဏှသုတ်လို နေ့ည မပြတ် နှလုံးသွင်းဖွယ်တွေကို ဘုရားရှင်ဟောပြခဲ့သည်မှာ အများအပြား၊ အင်း .... ဆင်ခြင်မှ ဆင်ခြင်မှ.........
တစ်နေ့ကုန် တစ်နေ့ကြီး အိုဖို့တနေ့နီး..
တစ်လကုန် တစ်လကြီး .....
“ဟေး.....”
ကလေး တသိုက်၏ အော်သံကို ကြားလိုက်မှ ပန်းခြံထောင့် ကလေးကစားကွင်းနားကို ရောက်နေတာ သတိထားမိသည်၊ လှမ်း၍ကြည့်လိုက်တော့ ဆော့စကားနေကြသော ကလေးတသိုက်၊ အမေရိကန် မက်ဆီကန်နှင့် လူမဲ ကလေးငယ်များ၊ ထိုလူမဲ ကလေး များကိုမြင်မှ အင်း...ဒင်းကလေးတွေ ပေါ့၊ ရုတ်ချည်း မနှစ်က အဖြစ်အပျက်လေး တခုက ပေါ်လာသည်၊ သည်အမေရိကကို ရောက်စ၊ တစ်ကိုယ်တည်း နံနက်တစ်ကြိမ် ညနေတစ်ကြိမ် ဒီပန်းခြံလေးကို ပတ်ကာလမ်းလျှောက်ဖြစ်ခဲ့သည်၊ တစ်ညနေမှာတော့ နောက်မှ ခြေသံတွေကိုကြားရသည်၊ ကိုယ့် အသွင်စိမ်းကို စကြ နောက်ကြလေ မလားဟု တွေးနေတတ်သော ကိုယ်အဖို့ နောက်မှ ရုတ်တရက်
“၀မ်း တူး သရီး Bigboss”
ကိုယ် လန့်သွားသည်၊ ဘာကို အော်လိုက်ပါလိမ့်၊
“၀မ်း တူး သရီး Bigboss”
“Bigboss” တဲ့၊ ဘာလဲ Bigboss၊     အပြေးအလွှား စဉ်းစားကြည့်မိသည်၊ big ကြီးသော Boss သူဌေးကြီးပေါ့၊ နေ့စဉ်လိုလို အေးအေးလူလူ လမ်းလျှောက်နိုင်သော ကိုယ့်ကို သူတို့လေးတွေက Bigboss ကြီးဟု မြင်ကြသည်ထင့်၊ လှည့်ကြည့်မိတော့ ထင်သည့်အတိုင်းပင်၊ လူမဲလေး ၄ယောက်၊ မတိမ်းမယိမ်း၊ Money Money ဟု တောင်းခံနေကြသည်၊ ကိုယ် ရယ်ချင်သွားမိသည်၊ တစ်ဒေါ်လာစီ ပေးအံ့ဟု အိပ်ကို စမ်းမိတော့ ပါမလာ၊ ဘယ်လိုပြောရပါ့၊ မတတ်နိုင်၊ ကိုယ် ပိုင်ပိုင်နိုင်နိုင် တတ်ကျွမ်း ထားသည့် တလုံးတည်းသော အင်္ဂလိပ်ဝေါဟာရဖြင့် တုန့် ပြန်လိုက်သည်၊ NO,
   သည်တော့မှ မောင်မင်းကြီးသားလေးတွေ ရပ်ကျန်နေခဲ့သည်၊ ကိုယ်တည်းပြုံးရင်း ဆက်လျှောက်လာခဲ့သည်၊ သူဌေးကြီး တဲ့၊ ထင်မှထင်တတ် ပလေ၊ မောင်ရင်လေးတို့ ရယ်၊ ကိုယ်ဟာလဲ မင်းတို့မိဘတွေလို ပေးမန့် တွေနဲ့ နပန်းလုံးနေရသူပါ၊ ရင်ထဲမှာ တီးတိုး ပြောဖြစ်ခဲ့သည်ကို အမှတ်ရမိသည်။
  တစ်ချက်ရယ်လိုက်မိပြီး၊ ဒီမောင်မဲလေးတွေ အခုတော့… အဲ… သူတို့လုပ်တာနှင့် ဆင်ခြင်လာသည့် တရားလေးတွေတောင် ပျောက်သွားပြီ၊ ကဲ… ဆင်ခြင်အုံးမှ ဆင်ခြင် အုံးမှ ဘာတဲ့…
တစ်နေ့ကုန် တစ်နေ့ကြီး “ပေးမန့်” တစ်နေ့နီး အဲ.. ဟုတ်ပေါင် .....
တစ်နေ့ကုန် တစ်နေ့ကြီး အိုဖို့တစ်နေ့နီး၊
တစ်နေ့ကုန် တစ်နေ့ကြီး.....
တစ်နေ့ကုန်......၊၊
ကံထွန်းသစ်
10၊ 30၊ 2011