Tuesday, October 25, 2011

နေက္ခမ္မလရောင်



နေက္ခမ္မလရောင်


(၁-က)

ညအခါ လသာသာ 
ကစားမလား နားမလား။ (သူငယ်တန်းဖတ်စာ)

ပီဘိကလေးငယ်ဘဝက အသံသာသာဖြင့် ရွတ်ဆိုဟစ်အော် မြူးပျော်ခဲ့ရဖူးသောကဗျာ ..   ..၊
ကျေးလက်ည၏ လရောင်ဆမ်းကွင်းပြင်ကျယ်တွင် ပြေးလွှားခုန်ပေါက်စိတ်မြောက်ခဲ့ရဖူးသော    အလင်္ကာ .   . .။ သူငယ်တစ်ယောက်၏ရိုးရှင်းကြည်မြနေသည့်စိတ်လွင်ပြင်တွင် ရုတ်ရုတ်သဲသဲနာရီများ၊ သေကောင် ပေါင်းလဲချိန်ဆိုချက်များ၊ ရှုပ်ထွေးဝေဝါးသောအိပ်မက်များနှင့် ခမ်းနားထယ်ဝါသော မနက် ဖြန်များလည်း
ရှိမနေခဲ့ပါ ။

ကစားခြင်းနှင့်အနားယူခြင်းသာ ကလေးငယ်တစ်ယောက်၏အဘိဓမ္မာ (သို့မဟုတ်) ပစ္စုပ္ပန်စစ်စစ် ဖြစ်ခဲ့သည် ။
လရောင်လင်းပသော ညအခါတွင်
လွတ်လပ်ပေါ့ပါးစွာ ခုန်ပေါက်ပြေးလွှား ဆော့ကစားမည်။ နွမ်းနယ်ပင်ပန်း လေးတွဲ့သွားခဲ့လျှင်တော့
အပူပင်ကင်းစွာ အနားယူအိပ်စက်ပစ်လိုက်မည်။
လရောင်သည်  မြတ်နိုးစရာဟု   နုနယ်သော နှလုံးသားက ထိထိရှရှ ပွတ်တိုက်မိလေသည်။

(၁-ခ)

အန္ဓီဘူတော အယံလောကော။ 
ဤလောကသည် အမှောင်ဖြစ်၏။ (ကစ္စာယနဗျာကရဏ)

ဆယ်ကျော်သက် လူငယ်တစ်ယောက်၏ နားစည်ကို ရိုက်ခတ်လာသောအသံ-----။
ဘယ်မှာမှောင်လို့လဲ ။
ခြေလှမ်းတို့ကိုမြှင့်တင်ပေးနိုင်သည့် သင်ယူလေ့လာစရာ သင်ခန်းစာများရှိသည်၊ ရည်မှန်းချက်ကို
ကြွတက်လာစေသည့် အတ္ထုပ္ပတ္တိစာအုပ်ထူထူများရှိသည်။ ကျောင်းသွားဖေါ်တို့၏နွေးထွေး ပွင့်လင်းသော
ရယ်သံများရှိသည်။ ဗြဟ္မစိုရ်တွန်းအားနှင့် စေတနာဆွဲငင်အားလည်းရှိသည်။ လတ်ဆတ်သော အတွေးနှင့်
ယစ်မူးဖွယ်ဂီတတို့ကလည်း လူငယ်တစ်ယောက်၏ ပုဂ္ဂလိက   ရင်ခွင်ကို သိမ်းပိုက်ထားခဲ့ကြ ပြန်လေသည်။

စာသင်ခန်းအဆောင်ဆောင်ကို အောင်မြင်စွာကျောခိုင်းနိုင်ခဲ့ပြီဆိုလျှင် မုဒိတာတံခါးချပ် များက အသင့်ဆီးကြိုနေကြပေဦးမည်။
ဘယ်မှာလဲ အမှောင် ။
အတွေ့အကြုံတိုးတိမ်လွန်းနေသေးသည့် လူငယ်တစ်ယောက်က သူ၏အိပ်မက်မှတ်စုတွင် မျှော်မှန်းချက်အလင်းတို့ကိုသာ လက်လက်ထအောင်ရေးခြစ်နေခဲ့မိလေသည်..။

(၁-ဂ)

အပ္ပမာဒေါ အမတံ ပဒံ၊ ပမာဒေါ မစ္စုနော ပဒံ။

မမေ့ခြင်းသည် မသေလမ်း၊ မေ့ခြင်းသည် သေလမ်း။ (ဓမ္ဓပဒ )

ဦးနှောက်ထဲမှ သင်ခန်းစာများကို စားဝတ်နေရေးမျက်နှာစာတွင် အမှန်တကယ်ချခင်းပြရသော အခါ လူရွယ်တစ်ဦး၏ နေ့စဉ်ရုန်းကန်ရမှုများက ချောင်ချောင်ချိချိ အင်္ကျီတစ်ထည်ကို ဝတ်ဆင်ရသလို လွယ်ကူချောမွေ့ခဲ့သည်တော့ မဟုတ်ပါ..။ ပေးဆပ်ရသည်များရှိသည်။ နာကျင်ကြေကွဲမှုများရှိသည်။ချောင်ပိတ်ခံရခြင်းများရှိသည်။ တွန်းတွန်းတိုက်တိုက်ဖြတ်စီးလာသော လှောင်ရယ်သံများလည်း ရှိနေနှင့်လေသည်။ သို့သော် ချွှန်ထက်မြိမြသောမာနဖြင့် မိမိကိုယ်ကိုယ် ချွန်းကုန်ဖွင့်ပစ်ခဲ့ပါသည်။

ဤသို့ဖြင့်ပိတ်ထားသော တံခါးများပွင့်ထွက်၊ ရန်လိုသောစမ်းသပ်မှုများ ချုပ်ငြိမ်း၍
ထုထည်ကောင်းကောင်း ပြဿနာများပြိုလဲသွားခဲ့သည်။ လောကဓံပြေးလမ်းရှင်း၍ ခါးသက်ကြမ်းရှသော နေ့ရက်တို့
ပြေလျှော့စပြုသည်နှင့် ပကာသနစီးဝင်မှုနှုန်းက တရိပ်ရိပ်မြင့်တက်ခဲ့ပါသည်..။

လက်ခုပ်သံတို့က တပွေ့တပိုက်၊

ဂုဏ်ပြုတေးတို့က တမေ့တမိုက်..။

အောင်မြင်ပြည့်စုံမှု အချွေအရံနှင့် ရယ်သံလွင်လွင်တို့သာ လွှမ်းခြုံနေသည့် ပြက္ခဒိန်စာမျက်နှာကို မထင်မှတ်စွာ ပေါက်ပြဲသွားစေသည်က အချစ်ဆုံးသူငယ်ချင်းတစ်ယောက်၏ နာရေးဖိတ်စာ…..၊ နာရေးသတင်းပေါင်းများစွာကို အများနှင့်ထပ်တူ ရောနှောစုတ်သပ်ခဲ့ဖူးပါသည်.။ အများနှင့်ထပ်တူပဲ စာနာအားဖြည့်ခဲ့ဖူးပါသည် ..။ သို့သော် ဤမျှလောက် သွေးပျက်ဖွယ်ထိတ်ပျာ ဝေဝါးမှုမပွါးစီးခဲ့ ..။ အနီးကပ်ကျကွဲသံက ပိုမိုကျယ်လောင်ခဲ့ပါသည် ..။ သေခြင်းတရား၊ ကိုယ်နှင့်မဆိုင်သော ဘာသာရပ်တစ်ခုသဖွယ် မေ့လျှော့ခြင်းသေတ္တာတွင် ခေါက်သိမ်းထားခဲ့သောအရာ..။
ငါ ..   ..   ဘာလဲ ..။
ငါ ..   ..   ဘယ်လဲ ..။
ငါ ဆိုတာကရော ဘာလဲ ..   ..။
ငါ ဆိုတာကရော ဘယ်လဲ ..   ..။
မေးခွန်းတို့က ရင်တစ်ခုလုံးကို တဝုန်းဝုန်း ထုနှက်နေကြ၏။ ချွေးစီးချွေးပေါက်တို့ဖြင့် နစ်မွန်းရသည်က အခါခါ။
အိပ်မက်ဆိုးတို့ဖြင့် ချောက်ချောက်ခြားခြား လန့်နိုးရသည်က အကြိမ်ကြိမ်။

သေခြင်းတရားက ချစ်လှစွာသော သူငယ်ချင်းဆီ အချိန်ကိုက် ရောက်ရှိခဲ့တာမှ ဟုတ်ရဲ့လား။
ချစ်လှစွာသော သူငယ်ချင်းကလည်း သေခြင်းတရားကို သတ္တိအပြည့်နဲ့ လက်ခံကြိုဆိုဖို့ အသင့်ရှိနေခဲ့တာမှ ဟုတ်ပါရဲ့လား။

မေ့လျော့မှု ပမာဒ၏ သွေးဆောင်မှု မာယာတွင် နှစ်ခြိုက်ပျော်ဝင် နေခဲ့သည့် သူ ကိုယ်တိုင်ကရော ..   ..   ..။ ၊ ၊ ..   ..   ..။

(၂-က)

သေရာသို့ သွားနေခြင်းသည် ထာဝရအလုပ်၊
စားဝတ်နေရေး ဆောင်ရွက်ခြင်းသည် ယာယီအလုပ်။ (မိုးကုတ်ဆရာတော်)

ကံကောင်းထောက်မစွာ အမှတ်မထင် ကြားနာခွင့်ရခဲ့သည့် ရှင်းလင်းပီပြင်သည့် သြဝါဒက တင်းတင်းဆုပ်ကိုင်ထားခဲ့ဖူးသော အတွေးစများကို  ဖျပ်ဖျပ်လူးသွားစေခဲ့သည်။
ဘဝရဲ့ အဓိပ္ပာယ်ဆိုတာရွှေရောင်စာလုံးတွေနဲ့ ရေးထွင်းထားတဲ့ နာမည်တစ်ခုလား။ ဇိမ်ခံကား တစ်စီးပေါ်က မြင့်မောက်ဝင့်ဝါခြင်း တစ်မျိုးလား။ လက်ကိုင်စကားပြောကိရိယာတစ်ခုနဲ့ ရှုပ်ထွေးဝင့်ကြွားခြင်းလား။ အရောင်လက်လက် သတ္တုစတွေကို တွဲစပ်ဝတ်ဆင်ခြင်းလား။ ဟန်ဆောင်ရောနှောရယ်မောရခြင်းတွေလား။
အမှန်တကယ် ဘဝဆိုသည်မှာ သေရာသို့အဆက်မပြတ် သွာနေရခြင်းဝန်ပိနေသည့် ကာလတို
ဖြစ်ရှိမှုလေးတစ်ခုမျှသာတကား။
မိမိနှင့် မိမိစွဲလမ်းသမျှ အရာရာကို အခိုင်အမာဟု သေချာမှတ်ယူထမ်းပိုးထားလိုသော ပုထုဇ္ဇဉ်ပီသလွန်းသည့်
မိစ္ဆာဒဿနတို့ လဲပြိုယိုင်နဲ့သွားတော့၏။
ရုပ်ပိုင်းဆိုင်ရာ ပြည့်စုံမှုများဆီ ခုတ်မောင်းနေဆဲ အရှိန်အဟုန်များက လောင်မြှိုက်လာကြသည်။သူ့အဇ္ဈတ္တသည် ပူပြင်အိုက်စပ်နေခဲ့၏။ အမှောင်ထုဖြင့်ပိတ်ဆို့လျှက်ရှိသော သူ့ဝန်းကျင်တဆုံး သွေးရူးသွေးတမ်း ငဲ့စောင်း ကြည့်မိသောအခါ
လရောင်...
သန္တရသစက်စက်ယိုကျနေသော ပရမတ္ထလရောင်... 
လွတ်မြောက်လိုမှုတို့ဖြင့် ရုန်းကြွနေသော နေက္ခမ္မလရောင်..။

(၂-ခ)

သွာက္ခာတော ဓမ္မော ၊ စရထ   ဗြဟ္မစရိယံ သမ္မာ ဒုက္ခဿ အန္တကိရိယာယ။
တရားဓမ္မကို ကောင်းစွာဟောပြအပ်ပြီ။
ဆင်းရဲခြင်းကိုအဆုံးသတ်ဖို့ အကျင့်မြတ်ကို မှန်ကန်စွာကျင့်သုံးကြ။ (ဗုဒ္ဓ)

လရောင်ရွှန်းမြသော ညတစ်ညဆီက တိမ်းညွတ်ဖွယ်ပဒေသရာဇ်အဆောင်အယောင်နှင့် အမြစ်တွယ်ကာ အကိုင်းအခက်ဝေစ မိသားစုဘဝသံယောဇဉ်ကို နောက်ပြန်မလှည့်ကြေး စွန့်ခွါဝံ့ရဲ ထွက်ပြေးနိုင်ရက်သည့် မင်းပျိုမင်းလွင် သိဒ္ဓတ္ထ၏ ခြေလှမ်းစိပ်စိပ်တို့က အနောမာသောင်ကမ်းဆီ။ စကြာဝဠာတစ်ခုလုံး၏ မျက်ရည်များကို
သုတ်ပေးဖို့ပုဂ္ဂလိက ကြေကွဲမှုကို မျက်နှာလွှဲခဲ့ရသူ မင်းသားမြတ်အနေဖြင့်'တစ်သံသရာလုံး ငိုခဲ့ရပြီးပြီပဲ' ဟူသော အတွေးသံဝေဂတို့ဖြင့် ခြေလှမ်းတို့ကိုတည့်မတ် ခရီးဆက်ခဲ့ရပေလိမ့်မည်။ ထိုသို့ဖြင့်ဗုဒ္ဓအရှင်သည်
ကိုယ်တော်တိုင်နှင့်တကွ ဝေနေယျအနန္တတို့၏ သောကအပူမှန်သမျှကို ငြှိမ်းဧမျက်ရည်ဇာတ်လမ်းတို့ကို သိမ်းစေခဲ့
သည်။ အရှင်မြတ်၏ နေက္ခမ္မပါရမီအကျင့်မြတ်ဖြင့် ပကတိလရောင်အောက်တွင် ဓမ္မလဝန်းထွန်းပခဲ့လေပြီ။

(၃-က)

သေတာကိုမြတ်စွာဘုရားလည်း မတားနိုင်ဘူး။
နောက်ထပ်မဖြစ်ဖို့ဘဲ လမ်းပြနိုင်တယ်။ (မစိုးရိမ်ဆရာတော်)

တရားဓမ္မ၏ သန္တရသအရိပ်ထိုးကျရာ ဥပုသ်ကျောင်းဆောင်လေးသည် ဆိတ်ငြိမ်အေးမြလျှက်ရှိသည်။ ကဗျာအသက်ဓာတ်တို့ ပူးကပ်ယှက်သန်းနေသည့် ဓမ္မကထိကရဟန်းတော်လေး၏ စကားလုံးများက ပြိုးပြက်တောက်ပနေကြသည်။

'' ကလေးဘဝက သင်ခဲ့ရတဲ့ ညအခါ လသာသာ ကဗျာဟာ မိမိတို့နှလုံးသားပေါ်မှာ အကြိမ်ကြိမ်ဝဲနေရမယ့် ကြာပွတ်ရိုက်သံ ဖြစ်သင့်တယ်။''

''သံသရာတစ်လျှောက်လုံး မှောင်ခဲ့ကြပြီးပြီ။ မှားခဲ့ကြပြီးပြီ။လမ်းကြောင်းလွဲကြပြီးပြီ။

မိမိတို့ရဲ့ခြေလှမ်းတွေကို တည့်မတ်ဖို့ သစ္စာဓမ္မလရောင်သာတဲ့အချိန်ထက် ကောင်းမြတ်တဲ့ကာလ မရှိနိုင် တော့ပါဘူး။ မိမိတို့ခြေလှမ်းတွေမှာ အပ္ပမာဒအထိမ်းအကွပ်ရှိကြရဲ့လား။ ဒါမှမဟုတ် အဲ့ဒီခြေလှမ်းတွေကို ပမာဒခြေချင်းခတ်လို့ ကာမဂုဏ်မီးလျှံထဲမှာ ပိတ်မိနေကြသလား။ လူ့ဘဝဆိုတဲ့ အပြည့်စုံဆုံးအခြေအနေကို ပိုင်ဆိုင်ထားသူတွေအတွက် မေးခွန်းတွေအများကြီးမလိုဘူး။ နှစ်ခုပဲ။

ကစားမလား နားမလား''။

(၃-ခ)

ဝယဓမ္မာ သင်္ခါရာ၊ အပ္ပမာဒေန သမ္ပါဒေထ။

ပြုပြင်ပေးရ သင်္ခါရတရားတို့သည် ပျက်စီးခြင်းသဘာဝရှိကုန်၏။

မမေ့လျော့ခြင်းဖြင့် ကိစ္စပြီးစေကြ။ (ဗုဒ္ဓ)

တီဗွီ ချန်နယ်(လ်)တစ်ခုကို ဖွင့်ကြည့်လိုက်မိသည်နှင့် မသေချာမှုများနှင့်သာ သေချာလှသော ပစ္စက္ခကမ္ဘာမြေ၏ ကူကယ်ရာမဲ့ အခြေအနေအရပ်ရပ်က သူ့ရင်ဝကို စူးအောင့်နာကျင်စေပါသည်။ ဆူနာမီဒီလှိုင်း ဟာရီကိန်းနှင့် တိုင်ဖုန်းမုန်တိုင်း အင်အားကြီးမြေငလျင် တောင်ပြို မြေကျွံနစ်မှု ကြက်ငှက်တုပ်ကွေးစသော သဘာဝဘေးအန္တရာယ် များနှင့်အသေခံ ဗုံးဖေါက်ခွဲမှု လူမျိုးရေးပဋိပက္ခ စစ်မက်ပြုကျူးကျော်ခြင်းစသော ပြဿနာအရပ်ရပ်က ဘဝ၏ပြည့်
စုံလုံခြုံမှုဆိုသည်ကို ရယ်သွမ်းသွေးနေကြသည်။ အကြောင်းတရားအမျိုးမျိုး၏ နောက်ကွယ်တွင် သေခြင်းတရားရှိ လေသည်။ မွေးစာရင်းဝင်ခဲ့ပြီးမှတော့ သေစာရင်းတွင်လည်း ကိုယ့်နာမည်က  အထင်းသားဖြစ်နေတော့မှာသေချာလှပါသည်။ အချိန်မရွေးရောက်လာနိုင်သော သေခြင်းတရား၏ တံခါးခေါက်သံမကြားရမီ သစ္စာဓမ္မလရိပ်မလွန်မီ

သူကိုယ်တိုင် အပြီးသတ်ဖြေဆိုရမည့် မေးခွန်းကို သူ့မိတ်ဆွေများကိုလည်း မျှဝေလိုက်ချင်ပါသေးသည်။

ညအခါ လသာသာ ကစားမလား
နားမလား။

အရှင်ဝိစိတ္တသာရ (modern)

Monday, October 24, 2011

သူ့အရပ်နှင့် သူ့ဇာတ် အပိုင်း(၃)

 
“သံသရာနဲ့ နိဗ္ဗာန်လမ်းဆုံး”

ဒီဣနြေ္ဒ(၆)ပါးတို့ဟာ သံသရာနဲ့ နိဗ္ဗာန်၊ (သို့မဟုတ်) အစွန်း(၂)ပါးနဲ့ မဇ္ဈိမ ပဋိပဒါတို့ရဲ့ လမ်းဆုံဖြစ်တယ် ဆိုတဲ့  အကြောင်းကို နည်းနည်း ဆင်ခြင်  ကြည့်ကြရအောင်ပါ။

သတ္တဝါတို့ရဲ့ သံသရာ ခရီးဆိုတာ အဝိဇ္ဇာနဲ့တဏှာဆိုတဲ့ မသိမှုနဲ့ လိုချင်တပ်မက်မှုတို့ ဦးဆောင်ပြီး စခဲ့ကြ တာဖြစ်လို့ ဒီမသိမှု အဝိဇ္ဇာနဲ့ တပ်မက်မှု တဏှာတို့ဟာ သတ္တဝါတို့ရဲ့ သံသရာ ခရီးဖေါ် မိတ်ဟောင်း ဆွေဟောင်းကြီးတွေပါ၊ ရင်းနှီးလွန်း အားကြီးလို့ ဒီခန္ဓာကြီးရဲ့ အိမ်ရှင်တွေ လိုတောင် ဖြစ်နေကြပါပြီ။


အထက်မှာ ပြောခဲ့သလိုပဲ ဣနြေ္ဒ(၆)ပါးတို့မှာ သတိတရား အသိတရားဆိုတဲ့ အစောင့်အရှောက်များ လစ်သွားလိုက်တာနဲ့ တစ်ပြိုင်နက် ခန္ဓာရဲ့ အိမ်ရှင်များလိုဖြစ်နေကြတဲ့ အဝိဇ္ဇာတဏှာတို့က သတ္တဝါတို့ရဲ့ စိတ်အစဉ်ကို အချိန်မရွေးလာရောက် ပူးပေါင်း နေပါတယ်၊ ဒီလိုအခြေအနေမှာ အဝိဇ္ဇာတဏှာတို့နဲ့ ဣနြေ္ဒ(၆)ပါးတို့ တွဲမိသွားပြီး မျက်စိကလည်း အပိတ်အပင် အတားအဆီးမရှိ အဆင်းအာရုံ တွေကို မရအရ ရှာတော့တာပါပဲ၊ နား၊ နှာ၊ လျှာ၊ ကိုယ်တို့ကလည်း အလားတူ အားကျမခံဆိုသလို ဆိုင်ရာအာရုံတွေကိုအငမ်းမရ ရှာကြပါတော့တယ်။ လူတွေ လူပေါင်းမှားလို့ ဒုက္ခရောက်ကြသလို ဣနြေ္ဒ(၆)ပါးတို့ တရားပေါင်းမှားပြီး ဒုက္ခရောက်ကြရတာပါပဲ။


ဒီလိုနဲ့ပဲ သတ္တဝါအများစုတို့ဟာ “အာရုံငါးပါး ကာမဂုဏ်တရားတွေကို များများပိုင်ဆိုင်ပြီး  များများကြီးခံစားနိုင်ခြင်းဟာ  လောကမှာ ချမ်းသာခြင်းဖြစ်တယ်”ဆိုတဲ့  တစ်ဘက်စွန်းရောက် အတွေးမှား အမြင်မှားတွေကို လက်ခံကျင့်သုံးကြသူတွေ ဖြစ်လာကြပါတော့တယ်၊ အဲဒီအတွေးအမြင်မှားကြီးကို “ကာမသုခလ္လိကာနုယောဂ = ကာမချမ်းသာ ငမ်းငမ်းတက်ရှာဖွေအားထုတ်မှု” အစွန်းတရားလို့ သတ်မှတ်ပါတယ်၊ ဒွါရ(၆)ခု တို့ကို အစောင့်အရှောက်မရှိ ဟင်းလင်းဖွင့် ထားမှုကြောင့် ဖြစ်ပေါ်လာတဲ့ အစွန်းတရားပါ။ ဓမ္မစကြာမှာ...

“ဟီနော ဂါမ္မော = ယုတ်နိမ့်ကြမ်းတမ်းတယ်”လို့ဆိုထားတဲ့အတိုင်း ယုတ်နိမ့်တဲ့အစွန်းတရားဖြစ်လို့ လက်ဝဲစွန်းလို့လည်း ခေါ်ကြပါတယ်၊

ဒီလိုပုဂ္ဂိုလ်များဟာ အိမ်ယာတည်ထောင်ပြီးနေကြလို့ “သာဂါရိက = အိမ်ရာတည်ထောင်နေကြသူများ”လို့ ခေါ်ပါတယ်။


အာရုံငါးပါး ကာမဂုဏ်တရားတို့ ဆိုတာကလည်း “ကာမငါးထွေ၊ ဆားငံရေသို့၊ သောက်လေသောက်လေ၊ ငတ်မပြေတည့်”  ဆိုတဲ့အတိုင်း လိုချင်မှုတဏှာကို ပြည့်စေတယ်ရယ်လို့မရှိဘူး၊ ပိုပြီးကျယ်ပြန့်စေတဲ့ သဘောပဲရှိ ပါတယ်၊ ဒါကြောင့်လဲ ဒီလက်ဝဲစွန်းသမားအများစုကြီးဟာ လိုချင်မှုအားကြီးသလောက် ရှာဖွေ၊ ရှာဖွေလို့ ရသလောက် စွဲလမ်းမှုတွေ ပြင်းထန်ဆိုတာ ဖြစ်လာကြပြီး ကြာလာတော့ “အစွဲနာ အခွာခက်” ဆိုတဲ့ အခြေအနေမျိုးရောက်သွားကြပါတယ်။


သင်္ခါရနယ်ပယ်ဆိုတာ သက်ရှိရော သက်မဲ့ရော ဘယ်သင်္ခါရမှ အမြဲတည်နေရရိုး ထုံးစံမရှိလေတော့ ပိုင်ဆိုင်သူနဲ့ ပိုင်ဆိုင်စရာ ပစ္စည်းဝတ္ထု (အာရုံငါးပါး)တို့ဆိုတာလည်း သေကွဲရှင်ကွဲ တစ်ကွဲကွဲနဲ့ခွဲခွာ ကွဲကွာရမြဲဖြစ်ပါတယ်၊ ဒီလိုခွဲခွာရတဲ့ အခြေအနေနဲ့ ကြုံတဲ့ အခါမှာတော့ များများ ပိုင်ဆိုင်ထားသူက များများကြီးအစွဲနာထားတဲ့အတွက် အခွာရခက်လာပါတယ်၊ သဘာဝအရ ဆိုရင်တော့ အချိန်တန်လို့ ကွာကျတဲ့သဘောပါ၊ ဒါပေမယ့် အစွဲနာထားသူက ကွာကျတာကို သတိရှိရှိနဲ့ အလိုက်အထိုက် လက်မခံနိုင်တဲ့အတွက် သဘာဝအရကွာကျ ခြင်းဟာ သူ့အတွက် ခွာချသလို ခံစားရပါတော့တယ်။  “ဒုက္ခ” ဆိုတာ ဒါကိုပြောတာပါပဲ။


သင်္ခါရနယ်သားတိုင်း ဒီလိုဒုက္ခနဲ့အမြဲကြုံတွေ့ခံစားနေရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး၊ သဘာဝ အတိုင်း ကွာကျချိန်မှာ “ဒါဟာ သဘာဝ နိယာမတရားပဲ”လို့ အသိရှိရှိနဲ့ လက်ခံနိုင်သူများအတွက် ကွာကျခြင်းဟာ ကွာကျခြင်းသာဖြစ်ပါ တယ်။ ဒုက္ခလည်း မဟုတ်သလို သုခလည်း မဟုတ်ပါဘူး၊ သဘာဝတရားပါ။ အဲ .. ကွာကျတာကို လက်မခံနိုင်ဘဲ စွဲလန်းမြဲ စွဲလန်း နေသူများအတွက်တော့  ကွာကျခြင်းဟာ ခွာချခြင်းလို    ဖြစ်သွားပါတယ်၊ အဲဒီအခါမှာ သဘာဝတရားဟာလည်း ဒုက္ခတရားဆိုတဲ့ အဓိပ္ပာယ်ကိုဆောင်လာပါတယ်၊


ဓမ္မစကြာမှာ ဘုရားရှင်ဟောတော်မူတဲ့ “သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ = လိုရင်း အကျဉ်းချုပ်ကတော့ ဥပါဒါန်အစွဲပြင်းနေတဲ့ခန္ခာငါးပါးဟာ ဒုက္ခပါပဲ” ဆိုတဲ့ ဒေသနာတော်ဟာ ဒီသဘောကိုရည်ညွှန်းတာပါ၊ အဘိဓမ္မာဒုက္ခဖြစ်လို့ စေ့စေ့တွေးမှ ရေးရေးပေါ်မှာပါ၊ ဖြေးဖြေး ချင်း တွေးကြည့်ပါ၊ တရေးရေး ပေါ်လာပါလိမ့်မယ်။


“အာရုံငါးပါး ကာမဂုဏ်တရားတွေ များများပိုင်လေ ချမ်းသာလေ” လို့ ခံယူထားကြသူတို့ဟာ နောက်ဆုံးတော့ များများပိုင်လေများများ စွဲလေ၊ များများစွဲလေ များများ အခွာခံရလေဖြစ်ပြီး ပျော်ရွှင်မှုအတွက် ကြိုးစားရှာဖွေထားသမျှ အရာတွေဟာ ဝမ်းနည်းပူဆွေး ငိုကြွေးစရာတွေ အဖြစ်နဲ့ နိဂုံးချုပ် သွားကြရပါတယ်။ ဒီဖြစ်ရပ်တွေကို တွေ့မြင်ဆင်ခြင်မိပြီး အယူအဆသစ်တစ်ခု ပေါ်ပေါက်လာပါတယ်။


အဲဒါကတော့ “အာရုံငါးပါး ကာမဂုဏ်တရားတွေဆိုတာ လုံးဝမရှိမှ ချမ်းသာမယ်၊ ဒီတရားတွေဟာ ဝေးမှအေးမည့် တရားတွေဖြစ်တယ်။

ဒါကြောင့် မျက်စိ၊ နား၊ နှာ၊လျှာ ကိုယ်တို့ကို လုံးဝအလိုမလိုက်နဲ့၊ သူတို့အလိုကျ အာရုံတွေကို လုံးဝ၀င်ခွင့်မပြုခြင်းသာ အကောင်းဆုံး” ဆိုတဲ့ အယူအဆပါပဲ။


ဒီလိုခံယူကြသူတို့ဟာ အာရုံငါးပါး ကာမဂုဏ် တရားတွေကို ရှာဖွေခံစားတဲ့ လူ့ရပ်လူ့ရွာကို စွန့်ခွာပြီး တောရပ်တောင်ကြားစတဲ့ ရပ်ရွာနဲ့ ဝေးတဲ့ ဒေသတွေမှာပဲ (အိမ်ရာတည်ထောင်ခြင်း၊ အိုးအိမ် အဆောက်အဦ အခိုင်အမာဆောက်လုပ်နေထိုင်ခြင်းစတဲ့) လူ့ကိစ္စတွေ၊ လူနေမှု စနစ်တွေကို အားလုံးဆန့်ကျင် နေထိုင်ကြပါတယ်။ ဒါကြောင့် သူတို့ကို “အနာဂါရိက = အိမ်ရာမထောင်သူများ” လို့သတ်မှတ်ကြပါတယ်။


သူတို့ရဲ့ အဓိက အလုပ်ကတော့ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်တို့ကို ချုပ်ချယ်နိုင်သမျှ ချုပ်ချယ်ရေးပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အဆင်းကြည့် လိုစိတ်၊ အသံကြားလိုစိတ်စတဲ့ အလိုဆန္ဒတွေ ဖြစ်ပေါ်ချိန်ကို မရအောင်စွမ်းနိုင်သမျှ အားထုတ်ကြပါတယ်၊ စောစောပိုင်း  ကျင့်စဉ်များကတော့ ချမ်းလျှင်ရေငုပ်၊ ပူလျှင်မီးလှုံ၊ အားလျှင်တုံးခုန်၊ မောလျှင်ဇယ်ခပ် ဆိုတာမျိုးတွေလဲ ရှိပါလိမ့်မယ်၊ “ရသေ့စိတ်ဖြေ” ဆိုသလို ဘာအကျိုးမှမရှိဘဲ အလုပ်မရှိ အလုပ်ရှာပြီး သစ်တုံးလေးတွေ၊ ဇယ်ကလေးတွေကို ဟိုရွှေ့ ဒီရွှေ့နဲ့ အချိန်ဖြုန်းရင်း စိတ်ကို အာရုံတစ်ပါးဆီ မသွားအောင် ထိန်းချုပ်တဲ့ နည်းတွေပါပဲ၊ ဒီအတွေးအမြင်မှား၊ အကျင့်မှားကြီးကတော့ ခန္ဓာကိုယ်ပင်ပန်း ဆင်းရဲရုံကလွဲလို့ ဘာကောင်းကျိုးမျှ မရတဲ့အတွက် “အတ္တကိလမထာနုယောဂ = ခန္ဓာကိုယ်ပင်ပန်းအောင် အားထုတ်မှု” အစွန်းတရားလို့ သတ်မှတ်ပါတယ်။


ဘယ်လောက်ပဲ အပြင်ဗဟိဒ္ဓအာရုံတွေအပေါ် တွယ်တာစွဲလန်းမှုနည်းအောင် ကြိုးစားနေနေ၊ အပြင် အာရုံစွဲ(ကာမုပါဒါန်)ထက် ပြင်းထန်တဲ့ အစွဲများဖြစ်တဲ့ အယူဝါဒစွဲ(ဒိဋ္ဌုပါဒါန်) “ငါ”လို့ ပြောစရာဖြစ်တဲ့ ဒီခန္ဓာကိုယ်ကြီးကို စွဲတဲ့အစွဲ (အတ္တဝါဒုပါဒါန်)တွေက ပြင်းထန်မြဲ ပြင်းထန် နေဆဲပဲဖြစ်လို့ အတ္တကိလမထသမားတွေလဲ နောက်ဆုံးတော့ အစွဲနာ အခွာခက်တဲ့ ဒုက္ခနဲ့ပဲ ဘဝတစ်ခုကို နှုတ်ဆက်နိဂုံးချုပ်ကြရတာပါပဲ။


ဒီအစွန်းရောက်သူ နှစ်မျိုးနှစ်စားတို့ဟာ ကျင့်သုံးအားထုတ်မှုအရ ကြည့်ရင်တော့ ဖြောင့်ဖြောင့်ဆန့်ကျင်တဲ့ သဘောဆောင် ပါတယ်၊ တစ်ခုက အာရုံငါးပါးတို့အပေါ် အချစ်ကြီးလွန်းတယ်၊ တစ်ခုက အမုန်းကြီးလွန်းတယ်၊ အချစ်ကြီးပြီး အရရှာသူတွေက အကျပ်ဘေးဆိုက်ကြရတယ်၊ အမုန်းကြီးပြီး ဇွတ်အတင်း ရှောင်ကြသူတွေက အငတ်ဘေးဆိုက်ကြတယ်။ ကျပ်တာနဲ့ငတ်တာပဲ ကွာတယ်၊


ဒုက္ခနဲ့ဇာတ်သိမ်းရတာချင်း ကတော့ အတူတူပါပဲ။ ဒါကြောင့်လဲ ဓမ္မစကြာနိဒါန်းမှာ အစွန်း(၂)ပါးလုံးကို “ဒုက္ခော အနရိယော=အရိယာ တို့ရဲ့ကျင့်စဉ် မဟုတ်တဲ့ ဆင်းရဲလမ်းတွေ”လို့ မှတ်ချက်ချခဲ့တာပါ။


လုပ်ရပ်ချင်းဆန့်ကျင်ပြီး အဆုံးသတ်ချင်းကျတော့ ဘာဖြစ်လို့ တူညီနေရသလဲ။ ဒါဟာ စဉ်းစားသင့်တဲ့အချက်ပါ။ အကြောင်း ကတော့ “အခြေခံတရားချင်းတူနေကြလို့” လို့ပဲ ဆိုရပါလိမ့်မယ်၊ အာရုံကိုအချစ်ကြီးသူတွေကလည်း “ငါ”  ကြိုက်လို့ပဲ၊ အမုန်းကြီးသူတို့ကလည်း “ငါ” မကြိုက်လို့ ဘဲ၊ ကြိုက်တာနဲ့ မကြိုက်တာပဲ ကွဲတယ်၊ “ငါ”ကို အခြေခံကြတာချင်းက တူနေကြပါတယ်။ အစွဲအားလုံးထဲမှာ အပြင်းထန်ဆုံးအစွဲက အဲဒီ “ငါ” လို့ထင်မှတ်နေတဲ့အစွဲ (အတ္တဝါဒုပါဒါန်)ပဲ ဖြစ်ပါတယ်၊ အပြင်းထန်ဆုံးအစွဲကို အခြေခံကြတာချင်းလည်းတူညီကြပါတယ်။


နောက်ထပ်တူညီတဲ့ အခြေခံတစ်ခုကလည်း ရှိသေးတယ်၊ အဲဒါကတော့ အာရုံကို အချစ်ကြီးသူများဆိုတာလဲ “စက္ခု”စတဲ့ ရုပ်ဣနြေ္ဒ(၅)ခုကိုပဲ အခြေခံပြီး ကျင့်သုံးပါတယ်၊ မျက်စိအကြိုက်၊  နားအကြိုက်စသည်ကို အလိုလိုက် အကြိုက်ဆောင်ပေးကြတာပဲမဟုတ်လား။ အာရုံကို အမုန်းကြီးသူ များကလဲ ဒီ“စက္ခု” စတဲ့ ဣနြေ္ဒ(၅)ပါးကိုပဲ အခြေခံပြီးကျင့်သုံးတာပါပဲ၊ မျက်စိအကြိုက်၊  နာအကြိုက်စသည်ကို လုံးဝအလိုမလိုက်၊ အကြိုက်မဆောင် ဘဲ “ ပြောင်တိုက်ငြင်းဆန်၊ အတင်းကန်၍၊ တွန်းလှန်ဖယ်ရှား” ဆိုသလို မျက်စိ၊ နား၊  နှာ၊ လျှာ၊ ကိုယ်တို့နဲ့ အဆင်း၊  အသံ၊  အနံ့၊  အရသာ၊ အတွေ့အထိတို့ကို ဆုံတွေ့ခွင့်မရအောင် ဇွတ်အတင်း ပိတ်ပင်ပြီး


ကျင့်သုံးကြတာပါပဲ၊ ဒါကြောင့် ရုပ်ဣနြေ္ဒ(၅)ခု ပေါ်မှာသာ အခြေခံပြီး ဆုံးဖြတ်လုပ်ကိုင် ကြတာချင်းလဲ တူညီကြပါတယ်၊ ဒီလိုအခြေခံ တရားတွေချင်း တူညီကြတဲ့အတွက် အဆုံးသတ် အဖြေချင်းလည်း တူညီကြတယ်လို့ ဆိုရပါလိမ့်မယ်။


ဒါဟာ သာသနာပကာလ တစ်လျှောက်လုံး ကြုံတွေ့ကြရတဲ့ မှားယွင်းမှုများပါပဲ။ အထူးသိထားသင့်တာကတော့ ယောကျာ်းဖြစ်စေ၊ မိန်းမဖြစ်စေ ရနိုင်သမျှ ဣနြေ္ဒ(၂၁)ခုစီ ရှိကြပါတယ်။ (ဣတ္ထိဘာဝ၊ ပုမ္ဘာဝတို့က(၁)ခုစီသာရနိုင်လို့ပါ။) အဲဒီအထဲမှာ စက္ခုစတဲ့ ရုပ်ကြည်ဣနြေ္ဒ(၅)ခုတို့က ရုပ်စွမ်းအားတွေ ဖြစ်ပါတယ်။


ဣနြေ္ဒတွေထဲမှာ ရုပ်စွမ်းအားဖြစ်တဲ့ ဣနြေ္ဒတွေရှိသလို နာမ်စွမ်းအားအဖြစ်နဲ့လည်း သဒ္ဓိနြေ္ဒစတဲ့ ဣနြေ္ဒ(၅)ပါးတို့ ရှိကြပါသေးတယ်။ ဒီနာမ်စွမ်းအား ဣနြေ္ဒတွေဆိုတာကိုတော့ သဗ္ဗညုဘုရားရှင်တို့ ပွင့်တော်မူတဲ့ သာသနာတွင်း ကာလမျိုးမှာသာ သိခွင့်ရကြတာပါ၊


ဒါတောင်တချို့ဆိုရင် ရွှေအိုးမြှုပ်ထားမှန်းသိပေမယ့် တူးဖေါ်သုံးစွဲရကောင်းမှန်း မသိသလို သဒ္ဓိနြေ္ဒစတဲ့ ရတနာထိုက်တဲ့ ဣနြေ္ဒတွေရှိတယ်လို့ သိရသည့်တိုင်အောင် တူးဖော်သုံးစွဲမှု မပြုကြသူတွေလည်း အများကြီးပဲရှိပါတယ်။

 ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)

မှတ်ချက်။  ဆက်လက်ဖေါ်ပြပေးသွားပါမည်။

မေတ္တာများဖြင့်

Sunday, October 23, 2011

“အားကိုးမှားသော ဒေါ်ပေါကြွယ်”

“အားကိုးမှားသော ဒေါ်ပေါကြွယ်”
လူတစ်ဦ၏ ဘဝတွင် အသက်အားဖြင့် ကြီးခြင်း၊ တရားအားဖြင့် ကြီးခြင်းဟူ၍ ကြီးပြင်းခြင်း နှစ်မျိုးနှစ်စား  ရှိပါသည်။ ထိုနှစ်မျိုးတို့တွင် အသက်အားဖြင့် ကြီးဖို့ကို တမင်အားထုတ် ကြိုးပမ်းရန် မလိုချေ၊ နှစ်သစ် ကူးတိုင်း အသက်တစ်နှစ် ပို၍ ကြီးလာမြဲ ဖြစ်၏။

စာရေးဆရာတ်ာဝင်နွယ်နှင့်အတူ..


တရားအားဖြင့် ကြီးဖို့ကိုမူ တမင်အားထုတ် ကြိုးပမ်းရ၏။ ဒါန၊ သီလ၊ ဘာဝနာကိစ္စတို့ကို ပြုခွင့်ကြုံအောင် ဖန်တီး၍ ပြုကျင့်ရ၏။ တိုတောင်းလှသော ဘဝ တစ်သက်တာတွင် အသိဉာဏ် ရင့်ကျက်ဖို့ စိတ်နေသဘောထား ကြီးမားမြင့်မြတ်ဖို့ ပြုခွင့်သာခြင်းသည် လူ့အဖြစ်နှင့်သာ ဆိုင်သော အထူး အခွင့်အရေး တစ်ရပ် ဖြစ်ပေသည်။


လူသည် တရားအသိ မပါဘဲ သက်တမ်းမျှသာ ကြီးလာလျှင် အသက်သာ ကြီး၍ တရား မကြီးသောကြောင့် လူ့တန်ဖို့၊ ဘဝတန်ဖိုး ဆုတ်ယုတ် လာမြဲ ဖြစ်၏။


အိုမင်းမစွမ်း အရွယ်တွင် ပတ်ဝန်းကျင်၏ ဂရိုက်မှုကိုလည်းမရ၊ မိမိကိုယ်တိုင်တွင်လည်း အားကိုးဖွယ် တရားက ရှိမထားလျှင် လွန်စွာ အားငယ် ရတတ်၏။


ထိုအခါမျိုး၌ ကျောင်းထဲ အိမ်ထဲတွင် အထုပ်ပိုးကြီးတစ်ခု တိုးလာသကဲ့သို့ ဖြစ်ရပြီး၊ မိမိ၏ သား၊ မြေးအရင်း တို့ကပင် “အဘိုးကြီး၊ အဘွားကြီးများ တယ်ရှုပ်တာပဲ”ဟု ပြောဆို အပယ်ခံရသည့် အနေအထားသို့ပင် ရောက်လာ တတ်၏။


ဤကဲ့သို့ အဖြစ်မျိုးကို အိုလာ၍ အပယ်ခံရသောကြောင့် “အိုပယ်ဘဝ”ဟု ခေါ်ရသည်။

သို့ဖြစ်၍ လူတိုင်း မိမိတို့၏ အိုခြင်းသည် အလကား ဗလာချည်း တန်ဖိုးမဲ့ ကြီးပြင်းလားခြင်းမျိုး မဖြစ်စေရဘဲ၊ တရားဓမ္မနှင့် တွဲဖက်၍ ကြီးပြင်း လာခြင်းမျိုး ဖြစ်စေရမည်။ ငယ်စဉ်ကပင် တရားဓမ္မကို အဖော်မွန်ပြု၍ နေတတ်  ထိုင်တတ်၊ သွားတတ်၊ လာတတ်ရမည်။


ထိုအခါ အသက်အရွယ် ကြီးရင့်၍ အိုလာသည်နှင့်အမျှ လေးစား မြတ်နိုးဖွယ် သီလ၊ သမာဓိ၊ ပညာ၊ သိက္ခာ တရားတို့ပါ တွဲဖက်၍ ကြီးလာကာ အိုလေ လှလေ၊ အိုလေ ခံ့ညားထည်ဝါလေ ဖြစ်ရ၏။ မိမိ၏ သား မြေး စသူတို့ သာမက ပတ်ဝန်းကျင်၏ လေးစားမှု၊ နေရာပေးမှုကိုပါ ခံယူရ၏။


ဤကဲ့သို့ အဖြစ်မျိုးကို အိုလာသော်လည်း အပယ် မခံရဘဲ၊ လူ့တန်ဖိုး၊ ဘဝတန်ဖိုး ကြွယ်ဝမြဲ ဖြစ်သော ကြောင့် “အိုကြွယ်ဘဝ” ဟုခေါ်ရသည်။


လူတိုင်း တစ်နေ့ အိုရမည်ဖြစ်၍ “အိုပယ်နှင့် အိုကြွယ်” ဘဝနှစ်ခုတွင် တစ်ခုခုနှင့် မုချ ရင်ဆိုင်ရပေမည်။ အချို့မှာ ငယ်စဉ်က မေ့မေ့ လျော့လျော့    ပျော်ပျော် ပါးပါး နေခဲ့မိရာ အိုပယ်ဘဝ ရောက်လာမှ သတိသံဝေဂ ရ၍  အိုကြွယ်ဘဝသို့ တက်လှမ်း သွားကြသူများလည်း ရှိပါသည်။


ဤသဘာဝကို တိပိဋကဓရ(ယော)ဆရာတော်၏ “အားကိုးမှားသော ဒေါ်ပေါကြွယ်” ဓမ္မပုံပြင်ကလေးက ဖေါ် ပြနေပါသည်။



အားကိုးမှားသော ဒေါ်ပေါကြွယ်


ဘုရားရှင်၏ လက်ထက်တော် ကာလက သဝတ္ထိမြို့မှာ သူဌေးသမီး တစ်ယောက်ဟာ အချိန်တန် အရွယ် ရောက်လို့ အိမ်ထောင်ရက်သား ကျတဲ့အခါ လင်ယောင်္ကျားနောက် လိုက်ပါပြီး နေရပါသတဲ့။

သူတို့ဇနီးမောင်နှံဟာ သူဌေးမျိုးရိုးက ဆင်းသက်လာသူများပီပီ အင်မတန် ချမ်းသာကြွယ်ဝကြသည်။ ဆွေကြီးမျိုးကြီး ဥစ္စာဓန ကြီးမားသူများ ဆိုတော့ မြို့ မျက်နှာဖုံးလို့ ဆိုရမှာပဲ။ မကြာခင် ကာလမှာပင် သားခုနှစ် ယောက်၊ သမီးခုနှစ်ယောက် ထွန်းကားလို့ “ဗဟုပုတ္တိကာသောဏာ” လို့ အများက အမည်ပေးကြသတဲ့။


“ဗဟုပုတ္တိကာ”ဆိုတာ သားသမီး ပေါများသူလို့ အဓိပ္ပါယ်ရပါတယ်။ “သောဏာ”ဆိုတာကတော့ သူ့နာမည် ရင်းပါပဲ။  မြန်မာလိုခေါ်မယ် ဆိုရင်တော့ သားသမီးတွေ ပေါသလို ဥစ္စာဓနလည်း ကြွယ်ဝသူမို့ ဒေါ်ပေါကြွယ်လို့ ခေါ်ရမှာပေါ့။


ဒေါ်ပေါကြွယ်ဟာ ဘုရားရှင် သီးတင်းသုံးတော်မူရာ သာဝတ္ထိပြည်မှာ နေရပေမယ့် ကုသိုလ်ရေး စိတ်မဝင်စား ဘူးတဲ့။ မိတ်ဆွေတွေက တိုက်တွန်းတဲ့အခါမှာလည်း---

“ဒါနလုပ်တယ် ဆိုတာအေ- ဆင်းရဲတဲ့သူတွေ၊ ပစ္စည်း မရှိလို့ ပစ္စည်းပေါပြီး ချမ်းသာအောင် လုပ်ကြတာပဲ၊ တို့မှာ ပစ္စည်းရှိပြီးသားပဲ၊ မလိုပါဘူး”လို့ ပြန်ပြောသတဲ့။


ဥပုသ်စောင့်ဖို့ခေါ်တဲ့အခါ--

“ဥပုသ်စောင့်တယ် ဆိုတာလည်း အကုသိုလ်တွေ များနေမှ လုပ်ဖို့လိုတာပါ၊ တို့မှာ အကုသိုလ်မှ မလုပ်ဘဲ၊  နောက်ပြီး အားလည်း မအားပါဘူး” လို့ ငြင်းပြန်သတဲ့။


နောက်တစ်ခါ တရားအားထုတ်ဖို့ တိုက်တွန်းတော့လည်း--

“တရားအားထုတ်တယ် ဆိုတာ စိတ်အားငယ်နေတဲ့သူတွေ ခိုကိုးရာမဲ့သူတွေသာ လုပ်ရတာ၊ တို့မှာက ဆွေရှိ မျိုးရှိ ငွေကြေးတွေ ရှိတော့ မပူရပေါင်၊ ပြီးတော့ သားသမီးတွေကို ချစ်လွန်းလို့ သူတို့ကို ပစ်ပြီး ဘယ်သွားရက် မှာလဲ” လို့ ပြောသတဲ့။


ဘဝဆိုတာ “အသိမှန်ကန် အဖိုးတန်”တဲ့။ မှန်ကန်တဲ့ အသိတရား မရှိရင်တော့ အခိုင်အမာ မဟုတ်တာကိုပဲ တကယ့် အားကိုးစရာလို့ ထင်မိနေတတ်ပါတယ်။

အခု ဒေါ်ပေါကြွယ်က ဥစ္စာဓနနဲ့ ဆွေမျိုးတွေကို ဘဝရဲ့ အမာခံလို့၊ အားကိုးစရာလို့ ထင်နေတာကိုး။

အဲဒီလို အသက်အရွယ် အတော်အတန် ရလာတဲ့အခါ သားသမီးတွေက အသီးသီး အိမ်ထောင်ကိုယ်စီ ကျကုန်ပြီ၊ အဲဒီအချိန် သူ့ခင်ပွန်းဖြစ်တဲ့ သူဌေးကြီးက အနာရောဂါ တစ်ခုနဲ့ ဖျက်ခနဲ ကွယ်လွန်သွားရော။


ဒေါ်ပေါကြွယ်တစ်ယောက် ဆောက်တည်ရာမရ ဖြစ်လိုက်တာ၊ စောစောတုန်းက ဒီမိသားစု အဆောက် အအုံကြီး ပြိုကျသွားလိမ့်မယ်လို့ မထင်ခဲ့ ပါဘူး၊ အမြဲတမ်း ရာသက်ပန်ပဲ ဒီအသိုင်းအဝိုင်း၊ ဒီမိသားစုကြီးဟာ ဒီအတိုင်း တည်မြဲနေမယ်လို့ သူထင်ခဲ့တာ။


အခုတော့ အထင်ကြီးခဲ့ တာတွေ ပြိုကျပျက်စီး သွားတော့ အားငယ်ရ ပူဆွေးရလိုက်တာများ မပြောပါနဲ့၊ တော်တော်ကြီး စိတ်ဆင်းရဲ သွားသတဲ့။  သူဌေးကြီး ကွယ်လွန်လို့မှ မကြာခင်ဘဲ သားတွေ၊ သမီးတွေက အမွေခွဲဝေပေးဖို့ ဝိုင်းပြီး ပူဆာကြ၊ တောင်းဆို ကြသတဲ့။


“အမေ၊ အဖေလည်း မရှိတော့ဘူး၊ အမေလေည်း အသက်ကြီးလာပြီ၊ သားတို့ သမီးတို့ ရသင့် ရထိုက်တာတွေ ခွဲဝေပေးပါ၊ အမေလည်း အဖေမရှိတော့ သားတို့ သမီးတို့နဲ့ လိုက်နေပါ”  စသည်ဖြင့် ချော့တဲ့လူက ချော့၊ ခြောက်တဲ့လူက ခြောက်ပြီးတော့ အမွေတောင်းကြသတဲ့။


အမွေဆိုတာ အင်မတန် စကားများတဲ့ ဥစ္စာတွေပဲ။ လူကို အလွန် စကားပြောခိုင်းတဲ့ ပစ္စည်းတွေ၊ တစ်ယောက် နဲ့ တစ်ယောက် သွေကွဲအောင် လည်း ခွဲတတ်တယ်၊ အင်မတန် ရင်းနှီတဲ့ သားနဲ့အမိ၊ ညီအစ်ကို မောင်နှမ အားလုံးကို သွေးကွဲစေတာပါပဲ။


အခုလည်း အမွေတွေက စကားအပြောခိုင်းလို့ သားတွေ သမီးတွေက အမွေစကား ပြောလာတဲ့အခါ၊ သားသမီးတွေကို  ယုံတဲ့ ဒေါ်ပေါကြွယ်ကြီးက ကိုယ့်အတွက်တောင် ချန်မထားတော့ဘဲ ပစ္စည်းတွေ အားလုံးကို အညီအမျှ ခွဲဝေပြီး ပေးပစ်လိုက်ပါသတဲ့။


အမွေတွေ အကုန်ခွဲဝေပြီးတဲအခါ နေစရာအိမ် မရှိတော့တဲ့ ဒေါ်ပေါကြွယ်ဟာ သူ့သားသမီးတွေ အိမ်ကို လိုက်နေပါတယ်။

နောက်ထပ် ရစရာ မရှိတော့တဲ့ အမေအိုကြီးကို ဘယ်သားသမီး ကမှ ကြာကြာလက်ခံ မထားချင်ဘူးတဲ့ သားတွေက မကြည်ဖြူတဲ့ အပြင် ချွေးမတွေက နှိပ်စက်သတဲ့။ သမီးတွေက ငြူစူသလို သမက်တွေကလည်း ဆဲဆို ကြိမ်းမောင်းကြသတဲ့။


“သားသမီးယုံ စုံလုံးကန်း”ဆိုသလို ဒေါ်ပေါကြွယ်တစ်ယောက် လောကကြီးမှာ သူမထင်တာတွေ ဖြစ်လာတဲ့ အခါ စိတ်အနာကြီး နာသတဲ့။

လောကမှာ ရုပ်အနာနဲ့ စိတ်အနာဆိုပြီး နှစ်မျိုးရှိပါတယ်။ အဲဒီ အထဲမှာ စိတ်အနာက အဆိုးဆုံး၊ အကုရ အခက်ဆုံးပဲ။

သောကတွေ၊ ဒေါမနဿတွေက နှလုံးသားထဲမှာ နှိပ်စက်လိုက်တာ၊ ဘယ်လိုပူလောင်မှန်းမသိ၊ ဆောက်တည် ရာမရှိ  ဖြစ်တတ်တယ်။


စိတ်နာလွန်းရင် စကားတောင် မပြောနိုင်တော့ဘူ။ တချို့ မိဘနဲ့ သားသမီး၊ ညီအစ်ကို မောင်နှမ အချင်းချင်း စိတ်နာလို့ စကားမပြောကြဘူးတဲ့။

အဲဒီတော့ ဒီစိတ်အနာက အလွန်ဆိုးပါတယ်။ စိတ်အနာလွန်သွားရင် စိတ်ရောဂါ ရတတ်ပါတယ်။


ရုပ်အနာက ဆေးတွေ့သွားရင် ပျောက်လွယ်တတ်တယ်။ စိတ်အနာဆိုတာက ဆေးတွေ့ရုံ သက်သက်နဲ့ မပျောက်ပါဘူး၊ တရားပါ တွေ့မှ ပျောက်ပါတယ်။


မြတ်စွာဘုရား သာသနာဆိုတာ စိတ်နာပျောက်အောင် ကုပေးတဲ့ နေရာပါပဲ။ မြတ်စွာဘုရားရဲ့ အဆုံးအမ လမ်းညွှန်ချက် တွေဟာလည်း စိတ်နာပျောက်စေတဲ့ လမ်းစဉ်တွေ ချည်းပါ။ သတ္တဝါတိုင်း စိတ်နာ ပျောက်ကင်းမှ ငြိမ်း အေးကြ ပါတယ်။


အခု ပစ္စည်းတွေ အားကိုးခဲ့တဲ့ ဒေါ်ပေါကြွယ်၊ သားသမီးတွေကို အားကိုးခဲ့တဲ့ ဒေါ်ပေါကြွယ်ခမျာ အဲဒီဟာ တွေကို အားကိုးလို့ မရတော့ ကိုယ့်ကိုယ်ကိုယ် မကျေနပ်၊ ပတ်ဝန်းကျင်ကို မကျေနပ်၊ ဘဝကို မကျေနပ်တော့ စိတ်နာ ရပြီ။


ဒီ စိတ်အနာ ကုဖို့ဆိုတာ မြတ်စွာဘုရားရဲ့ တရားပဲ ရှိတယ်လို့ သိလိုက်ရတာနဲ့ တစ်ပြိုင်နက် သာသနာတော် ဝင် ဘိက္ခုနီမ အဖြစ် ခံယူပြီးတော့ ကြိုးကြိုး စားစား တရားရှုမှတ်ပါသတဲ့။


အဲဒီလို ကြိုးစားမှုကြောင့် မကြာခင်မှာဘဲ ဘုရားရှင်ရဲ့ အားပေးမှုနဲ့ ရဟန္တာမအဖြစ် ရောက်တော်မူခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး ဒေါ်ပေါကြွယ် တစ်ဖြစ်လဲ သောဏာထေရီမကြီးဟာ ဂုဏ်သတင်းမွှေး ကျော်ကြားလာခဲ့ပြီးတော့ နော်ကဆုံး မြတ်စွာဘုရားရှင်ရဲ့ အာရဒ္ဓဝီရိယဧတဒဂ် ပေးခြင်း ကိုပင် ခံယူခဲ့ရပါတယ်။


ဘဝမှာ အားကိုးမှားခဲ့တဲ့ ဒေါ်ပေါကြွယ် တစ်ယောက် လောကရဲ့ ဝိုင်းပယ်ခြင်း ခံရပေမယ့် သာသနာတော်ရဲ့ ကျေးဇူးကြောင့် မြတ်စွာဘုရားရှင်ရဲ့ တရား အရိပ်အောက်တွင် အေးချမ်း တည်ငြိမ်စွာ လျှောက်နိုင်ခဲ့ပါပြီ။


+   အသက်သိက္ခာ၊ ကြီးစရာ၊ လူမှာ နှစ်မျိုးရှိ။

+   အသက်ကြီးရုံ၊ အားမစုံ၊ အကုန်ကြောက်ရ၏။

+   အကျင့်သိက္ခာ၊ ကြီးမှသာ၊ ထည်ဝါ ခံ့ညား၏။

+   တရားပြည့်ဝ၊ အရိပ်ရ၊ မုချချမ်းသာ၏။


တော်ဝင်နွယ်
မေတ္တာများဖြင့်

Saturday, October 22, 2011

“ထမင်းစားရင်း ပါရမီဖြည့်မယ်”


   
  “ထမင်းစားရင်း ပါရမီဖြည့်မယ်”
  မြတ်စွာဘုရား လက်ထက်တော်က မထင်ရှားတဲ့ ရဟန်းငယ်လေး တစ်ပါး ရှိပါတယ်။ အညတရ ရဟန်းလေးလို့ပဲ ဆိုပါတော၊့ အဲဒီအညတရ ရဟန်းလေးဟာ ဖြစ်ပျက် ကမ္မဋ္ဌာန်း ကို ကြိုးစား အားထုတ်နေပါတယ်။ တရားအားထုတ် နေတုန်းမှာပဲ နားကိုက် ဝေဒနာ ဖြစ်လာ ပါတယ်။ ဒါကြောင့် တရားအားထုတ်လို့ မရတော့ပါဘူး။

...           နားကိုက် ဝေဒနာကို ဆေးဆရာတွေ ပြပြီးကုပေမယ့် မပျောက်ပါဘူး။ နောက်ဆုံးတော့ အညတရ ရဟန်းငယ်က နားကိုက်ဝေဒနာ ခံစားနေရတာကို  မြတ်စွာ ဘုရားကို သွားလျှောက်ပြပါတယ်။
          ဒီတော့ မြတ်စွာဘုရားရှင်က ရဟန်းငယ်ဟာ ပုဇွန်ဆီနဲ့ ချက်ထားတဲ့ ဆွမ်းဘောဇဉ် ကိုစားရင် သပ္ပါယဖြစ်ပြီး ဓာတ်စာဖြစ်မယ်ဆိုတာ သိတော်မူလို့ “ချစ်သား.. သင် မာဂဓ လယ်ကွင်းထဲကို ဆွမ်းခံကြွပါ”လို့ မိန့်လိုက်ပါတယ်။ လယ်တောထဲ ဆိုတော့ ပုဇွန်လုံးပဲ ပေါတာပါ။


          အညတရ ရဟန်းကလည်း “ငါ့အတွက် ကောင်းကျိုးမြင်လို့ မိန့်တာပဲ”လို့ နှလုံးသွင်း ပြီးကြွပါမယ်ဆိုတဲ့ အကြောင်းဝန်ခံခဲ့ပါတယ်။
          ဒီလိုနဲ့သပိတ် သင်္ကန်းကိုယူပြီး လယ်ကွင်းထဲကို ဆွမ်းခံထွက်ခဲ့ပါတယ်။ လယ် ကွင်းထဲရောက်တော့ လယ်စောင့်တဲ တစ်ခုတွေ့တာနဲ့ တဲတံခါးဝမှာ ဆွမ်းခံရပ်လိုက် ပါတယ်။
          လယ်စောင့် ယောင်္ကျားကလည်း အဲဒီအချိန်မှာ ပုဇွန်ဆီနဲ့ စီရင်ထားတဲ့ ထမင်းကို ချက်ထားပြီးစပါ။ ဆွမ်းခံ ရဟန်းတော် ကိုမြင်တော့ တဲထဲကို ပင့်ပြီး အခင်းလေး တစ်ခုပေါ် မှာထိုင်စေပါတယ်။ ပြီးမှ ကိုယ်တိုင် ချက်ထားတဲ့ ပုဇွန်ဆီ ထမင်းကို သပိတ်ထဲလောင်း လိုက်ပါတယ်။


          အညတရ ရဟန်းဟာ ပုဇွန်ဆီဆွမ်းကို တစ်လုပ်နှစ်လုတ် စားလိုက်တာနဲ့တင် နားကိုက် ဝေဒနာဟာ အစာနဲ့ဆေး သပ္ပါယသင့်ပြီး ပျောက်သွားပါတယ်။ ဝေဒနာ ပျောက်သွားတော့  ချက်ချင်း စိတ်ချမ်းသာ သွားပါတယ်။ ဒါကြောင့် ဆွမ်းစားရင်း ဖြစ်ပျက် ကမ္မဌာန်းကိုနှလုံး သွင်းပါတယ်။ ဆွမ်းစားလို့ မပြီးခင်မှာဘဲ ရဟန္တာဖြစ်သွား ပါတော့တယ်။
          ဒီတော့.. အညတရ ရဟန်းဟာ လယ်စောင့်ဒကာကို “ဒကာ.. သင့်ရဲ့ဆွမ်း ဘောဇဉ်နဲ့ ငါ့ရဲ့ရောဂါ ဝေဒနာလည်း ပျောက်သွားလို့ စိတ်ချမ်းသာ ကိုယ်ချမ်းသာဖြစ် ရတယ်။ သင်လည်း ဒီကုသိုလ်ကြောင့် ဆင်းရဲမှလွတ်ကင်းပြီး ကိုယ်စိတ် ချမ်းသာဖြစ် လိမ့်မယ်”လို့ ပြောပြီး မိမိကျောင်းကို ပြန်ခဲ့ပါတယ်။


          လယ်စောင့် ယောင်္ကျားလည်း သူလောင်းလှူ လိုက်တဲ့ပုဇွန်ဆီ ထမင်း ကုသိုလ်လေး ကို နေ့တိုင်း အောက်မေ့ နေပါတယ်။ ကွယ်လွန်တဲ့ အခါမှာတော့ တာဝတိံသာ နတ်ပြည်မှာ နတ်သား သွားဖြစ်ရပါတယ်။
          ထူးခြားတာက နတ်သားရဲ့ ဗိမာန်တံခါးဝမှာ ကုသိုလ် သင်္ကေတဖြစ်တဲ့ ရွှေပုဇွန်လုံး ရုပ်ကြီးပါတွဲလျား ချပေါ်နေပါတော့တယ်။  ထူးထူးခြားခြား ရွှေပုဇွန် ရုပ်ကြီးပေါ်နေတဲ့ အတွက်အားလုံးက “ရွှေပုဇွန်နတ်သား”လို့ပဲ ခေါ်ကြပါတော့သတဲ့။
          (ဝိမာနဝတ္ထုအဋ္ဌကထာ၊ ကက္ကဋကရသဒါယကဝတ္ထု)

          လှူသူလည်း အကျိုးရှိ အလှူခံသူလည်း အကျိုးရှိနဲ့ ဖတ်ရတာ ကြည်နူးဖို့ ကောင်းတဲ့ ဝတ္ထုလေးပါ။ လူတွေ ပြောပြောနေကြတဲ့ “မစားတတ်တော့ တဏှာ၊ စားတတ် တော့ဘာဝနာ” ဆိုတဲ့ စကားလေးကို သာဓကပြသွားတဲ့ အညတရ ရဟန်းလေးရဲ့ ဘဝ ဖြစ်စဉ်လေးပါပဲ။
          အညတရ ရဟန်းလေးဟာ လူလိုပြောရင်တော့ ထမင်းစားရင်းပဲ တရားအားထုတ် သွားတာပါ။ ထမင်းစားရင်းပဲ တရားထူး တရားမြတ် ရသွားတာပါ။ ဒါကိုထောက်ပြီး ထမင်းစားရင်းလည်း အားထုတ်လို့ ရတယ်ဆိုတာပါပဲ။


          ဒီနေရာမှာ တစ်ခုသတိထား ရမှာက နားကိုက်တော့ စိတ်မချမ်းသာ, စိတ်မချမ်းသာ တော့ တရားအားထုတ်လို့ မရဆိုတဲ့ ဆိုးကျိုး အဆင့်ဆင့်လေးကို အာရုံပြထားရပါမယ်။  စိတ်မချမ်းသာ ဘူးဆိုရင် တရားအားထုတ် ရတာလည်း အဆင် မပြေတော့ပါဘူး။
         တရားအားမထုတ်ခင် စိတ်ဆင်းရဲစရာတွေ ရှိနေရင် ကြိုရှင်း ထားလိုက်တာ အကောင်းဆုံးပါ။ တရားအားထုတ် နေတုန်း ဒီစိတ်ဆင်းရဲ စရာကိုပဲ တွေးနေမိရင် အားထုတ်ရတာ အဆင်မပြေဖြစ်နေ ပါလိမ့်မယ်။


     အညတရ ရဟန်းလေးဟာ တရားအား ထုတ်တာကို အနှောက်အယှက် ပေးနေတဲ့ နားကိုက်ဝေဒနာကို အရင်ကုပစ်လိုက်တာပါ။ ရောဂါ ပျောက်ကင်း သွားတာနဲ့ တရားအား ထုတ်ရတာလည်း အဆင်ပြေ သွားတော့တာပါ။ ဆွမ်းစားရင်း တရားရသွား တာလေးက လည်း အတုယူစရာ လေးပါပဲ။ လိုရင်းကတော့ ထမင်းစားရင်းလည်း တရားအား ထုတ်လို့ ရတယ်ဆိုတာပါပဲ။
          သဒ္ဓမ္မရံသီ ဆရာတော်ဘုရားကြီးက ရိပ်သာမှာ စားခြင်းသုံးမျိုးကို မကြာခဏ ဟောပြလေ့ရှိပါတယ်။


          စားခြင်းသုံးမျိုးကတော့..
၁။ သီလနဲ့စားခြင်း
၂။ သမထနဲ့စားခြင်း
၃။ ဝိပဿနာနဲ့စားခြင်းပါ။
          ဆွမ်းစားခါနီးမှာ “ဒီဆွမ်း ဘောဇဉ်တွေကို မြူးတူးပျော်ပါးဖို့၊ အသားအရေ လှပ တင့်တယ်ဖို့ စားတာမဟုတ်ဘူး။ ကိုယ်ကာယ အရှည်တည်တံ့ဖို့၊ မဂ်ဖိုလ်အကျင့်ကို ကျင့်နိုင်ဖို့၊ ဝိပဿနာတရားကို ကျင့်နိုင်ဖို့စားတာ”လို့ ဆင်ခြင်လိုက်ရင် ပစ္စယသန္နိဿိတ သီလ ဖြစ်သွားပါတယ်။ ဒါဆို သီလနဲ့ စားလိုက်တာပါ ၊သီလ ကုသိုလ်တွေရ သွားတာပါ။


          ရိပ်သာမှာတော့ “ဤသည့်စားဖွယ် အမယ်မယ်ကို”ဆိုပြီး စားကြတာပါ။ လိုရင်း ကတော့ ဆင်ခြင်ပြီး စားရင်သီလနဲ့ စားတာပါ။ ဆင်ခြင် လိုက်တာလည်း ဘာမှမခက်ပါဘူး။ မိနစ်ပိုင်း လေးပဲရှိပါတယ်။


          ရိပ်သာမှာ ဆွမ်းစားခါနီး ဆွမ်းအလှူရှင်တွေ၊ ဝေယျာဝစ္စ ကုသိုလ်ရှင် တွေကို မေတ္တာပို့ပြီးမှ စားကြပါတယ်။ မေတ္တာပွားတာဟာ သမထထဲမှာ ပါတဲ့အတွက် သမထနဲ့ စားလိုက်တာပါ။
          အိမ်မှာတော့ ထမင်းဝိုင်းကို ကြည့်ပြီး “ဒီထမင်းဟင်း တွေရှာပေးတဲ့ အဖေ ကိုယ်ဆင်းရဲ ကင်းပါစေ၊ စိတ်ဆင်းရဲ ကင်းပါစေ၊ အစစအရာရာ အဆင်ပြေပါစေ၊ ဒီထမင်းဟင်းတွေ ချက်ပေးတဲ့အမေ ကိုယ်ဆင်းရဲ ကင်းပါစေ၊ စိတ်ဆင်းရဲ ကင်းပါစေ၊ အစစအရာရာ အဆင်ပြေပါစေ”လို့ မေတ္တာပို့ပြီး စားလိုက်ရင် မေတ္တာကုသိုလ် တွေဖြစ်သွား တော့တာပါ။ မေတ္တာပွားပြီး စားတာဟာ သမထနဲ့ စားလိုက်တာပါ။


          မေတ္တာပို့ပြီးစားရင် မိသားစု စားဝတ်နေရေးကို ရှာပေးနေတဲ့ မိဘတွေ အပေါ်မှာလည်း  ပိုပြီး တန်ဖိုးထားတတ် သွားပါတယ်။ ထမင်းဟင်းတွေ ဖြစ်ဖို့ရှာရတဲ့ ကိစ္စဟာ လွယ်ကူလှတဲ့ ကိစ္စမဟုတ်ပါဘူး။ နေ့တိုင်း စားနေရတော့ တန်ဖိုးလည်း မထားမိ တော့ပါဘူး။
          မေတ္တာပို့ပြီးစားတာ ဘာမှလည်း ခက်လှတာ မဟုတ်ပါဘူး။ တကယ့် လွယ်လွယ် လေးပါပဲ။ ကြားရတဲ့ မိဘတွေမှာ လည်းစိတ်ချမ်းသာ၊ ကိုယ်လည်း ကုသိုလ်ရ၊ မုန့်ဖိုး တောင်းရတာလည်း အဆင်ပြေ အကုန်လုံး အဆင်ပြေမှုတွေ ချည်းပါပဲ။


          ကိုယ်က လုပ်ငန်းရှင် ဆိုရင်လည်း “ဒီထမင်းဟင်းတွေ ဖြစ်အောင် ကျေးဇူးပြုသူ အားလုံး ကိုယ်ဆင်းရဲ ကင်းကြပါစေ၊ စိတ်ဆင်းရဲ ကင်းကြပါစေ”စသည်ဖြင့် မေတ္တာပို့ရုံ ပါပဲ။
          ဒီထမင်းဟင်း တွေဖြစ်ဖို့ ကိုယ့်ကို ကျေးဇူးပြု နေတဲ့သူတွေကို ကိုယ်ပဲ အသိဆုံးပါ။ ဒီတော့ ကျေးဇူးပြု သူတွေကို မေတ္တာပို့ စားရမှာပါပဲ။


          တတိယက ဝိပဿနာနဲ့ စားတာပါ။ ဒါကတော့ မြတ်စွာဘုရား သဘောအကျဆုံး စားနည်းပါပဲ။
          ထမင်းစားပွဲ ထိုင်လိုက်တာနဲ့ ဟင်းခွက်ကို ကြည့်တော့ “ကြည့်တယ်”၊ မြင်တော့ “မြင်တယ်”၊ လှမ်းတော့ “လှမ်းတယ်”၊ ခပ်တော့ “ခပ်တယ်”၊ ယူတော့ “ယူတယ်”၊       
 ပါးစပ်ဟတော့ “ဟတယ်”၊ ခွံ့တော့ “ခွံ့တယ်”။ ဝါးတော့ “ဝါးတယ်” စသည်ဖြင့် လိုက်မှတ်တာပါ။ အဲဒီလို အမှတ်နဲ့ စားတာဟာ ဝိပဿနာနဲ့ စားတာပါပဲ။
          ကျေးဇူးတော်ရှင် မဟာစည်ဆရာတော် ဘုရားကြီးက ထမင်းစားလို့ ဝါးတဲ့ နေရာမှာ အထက်မေးနဲ့ အောက်မေးနှစ်ခုမှာ ဘယ်မေးက လှုပ်နေတာလဲလို့ မေးပါတယ်။ ရိုရိုသေသေသ ရှုမှတ်တဲ့ ယောဂီတွေကတော့ အောက်မေးက လှုပ်နေတာဆိုတာ သိရပါတယ်။ အဲဒီ အောက်မေး လှူပ်နေတာလေးကိုပဲ မြန်မာ ဝေါဟာရအားဖြင့် “ဝါးတယ်၊ ဝါးတယ်”လို့ ရှုမှတ်ရတာပါ။


          တစ်နပ်စာ အကုန်လိုက်မှတ်ဖို့ ကတော့ မလွယ်ကူဘူး ထင်ပါတယ်။ ဒါပေမယ့် ထမင်းအလုတ်သုံးဆယ် စားမယ်ဆိုရင် သုံးလုတ်လောက်တော့ မှတ်လိုက်နိုင်မယ် ဆိုရင် မဆိုးပါဘူး။ တစ်မှတ်ကို ကုသိုလ်တစ်ချက်နဲ့ တွက်ရင်လည်း မနည်းပါဘူး။
          ဧည့်ခံပွဲတွေ၊ ညစာစားပွဲ တွေမှာလည်း နှစ်လုတ်သုံးလုတ် လောက်တော့ ရသ လောက်မှတ် ကြည့်ရမှာပါပဲ။ ကိုယ်က ဝိပဿနာနဲ့ စားနေတာကို ဘေးကလူလည်း မသိ ပါဘူး။ ထမင်းဝိုင်းမှာ အချင်းချင်း စကားပြောသံ တွေကြားတော့လည်း “ကြားတယ်” “ကြားတယ်”လို့ မှတ်ရုံပါပဲ။


          အညတရ ရဟန်းလေးဟာ ဆွမ်းစားရင်းနဲ့ပဲ တရားအားထုတ်ပြီး တရားထူးတရား မြတ်ရသွားတာပါ။ ကိုယ်ကဒါကို အာရုံပြုထားရပါမယ်။  နှစ်လုတ်သုံးလုတ် လောက် အမှတ်နဲ့စားတာကို နောက်ဘဝတွေ အတွက် အထုံဓာတ်ပါ သွားအောင် ပါရမီဖြည့် နေတယ်လို့ နှလုံးသွင်းထားလို့ လည်းရပါမယ်။ ကောင်းတဲ့အထုံဓာတ် တွေဟာ တရားထူး ရဖို့အတွက်လည်း အများကြီး အထောက်အပံ့ ပေးတာပါ။ ထမင်းစားရင်း ပါရမီဖြည့်တယ် ပဲပြောပြော၊ ထမင်းစားရင်း တရားအားထုတ် တယ်ပဲပြောပြော စကားလေး ကတော့ သိပ်ကြည်ညိုဖို့ ကောင်းတာပါ။ ဘဝမှာ တရားလေးတွေနဲ့ ပျော်တာပဲ ကောင်းပါတယ်။


          ဒီစားခြင်းသုံးမျိုးကို သဒ္ဓမ္မရံသီ ဆရာတော်ကြီးက မှတ်ရလွယ်အောင်ဆောင်ပုဒ် ကလေးတွေ စီပေးထားပါတယ်။
          ၁။ကျင့်နိုင်ဖို့ရာ၊ ဆင်ခြင်ကာ ၊ စားတာ သီလမည်။
          ၂။ မေတ္တာပွားကာ၊ စားသုံးတာ ၊မှန်စွာ သမထမည်။
          ၃။ စားသုံးမူရာ၊ ရှုမှတ်ကာ၊ စားတာ ဝိပဿနာမည်။


         ဒီနေရာမှာ ဦးဇင်းအရှင် ဆန္ဓာဓိကက စာရေးသူကို သင်ပေးထားတဲ့ ဆွမ်းစား နည်းလေးကိုလည်း ဓမ္မဒါန ပြန်မျှပါရစေဦး။


          ဆွမ်းမစားခင် ဆွမ်းဝိုင်း တစ်ဝိုင်းလုံးကို “မြတ်စွာဘုရား.. ဤဆွမ်းဘောဇဉ် အချိုပွဲ များကို ကပ်လှုပူဇော်ပါ၏ ဘုရား ဘုရားတပည့်တော်ကို သနားချီးမြှောက်သော အားဖြင့် ဘုဉ်းပေးသုံးဆောင် တော်မူပါဘုရား”လို့ ဆိုပြီးမြတ်စွာဘုရားကို ကပ်လိုက်ပါတဲ့။ စိတ်ထဲ မှာလည်း မြတ်စွာဘုရား တကယ်ကြွလာပြီး ဘုဉ်းပေးနေတယ်လို့ အာရုံပြုထားပါတဲ့။


    မြတ်စွာဘုရား ဘုဉ်ပေးနေတုန်းမှာ နမောတဿ၊ သရဏဂုံ၊ ဒိဝါတပတိ၊ အဋ္ဌာန မေတံ၊ ဟေတုပစ္စယော၊ ဘုရားဂုဏ်တော်၊မေတ္တာသုတ်(၇)မျို
းရအောင် ရွတ်နေ လိုက်ပါတဲ့။ ပြီးမှ “မြတ်စွာဘုရား…ဘုဉ်းပေးပြီးပြီ ဖြစ်တဲ့အတွက် ဘုရားတပည့်တော်ကို ဆေးအဖြစ် ပြန်စွန့်တော်မူပါဘုရား” လို့ဆိုပြီး စွန့်ပြီးစားလိုက်ပါတဲ့။ ဒါဆို ကိုယ့်အတွက် ဆွမ်းဒါန ဖြစ်သွားပါတယ်တဲ့။

          ဒီနည်းလေးကိုယူပြီး ဆွမ်းမစားခင် မြတ်စွာဘုရားကို ကပ်ပြီးစားလိုက်ဖို့ပါ။ (၇)မျိုး မရွတ်နိုင်ရင်တောင် နမောတဿ၊ သရဏဂုံ၊ ဒိဝါတပတိ၊ အဋ္ဌာနမေတံ ဒါမှ မဟုတ် နမောတဿ၊ သရဏဂုံ၊ ဟေတုပစ္စယော ရွတ်နေလိုက်လည်း ရပါတယ်။ တစ်ခုသတိ ထားရမှာက မွန်းတည့် ဆယ့်နှစ်နာရီ နောက်ပိုင်းမှာတော့ ဘုရားကိုကပ်လို့ မရတော့ပါဘူး။  ကပ်ချင်ရင် ဆယ့်နှစ်နာရီ ရှေ့ပိုင်းပဲ ကပ်ရမှာပါ။

          ရှေးခေတ် ဆရာတော်ဘုရားကြီး တွေထေရုပ္ပတ္တိတွေ ဖတ်ရင် ဆရာတော်ဘုရား ကြီးတွေဟာ ဆွမ်းခံပြန်လာရင် သပိတ်လိုက် အဖုံးဖွင့်ပြီး မြတ်စွာဘုရားကို ကပ်ထား လိုက်တာပါ။ ဆွမ်းစားချိန်ကျမှ စွန့်ပြီး စားကြတာပါ။

        ဒီခေတ်မှာ ဦးဇင်း တချို့ဆိုလည်း ဘုရားမှာ သပိတ်လိုက်ကပ်ပြီးမှ ဘုဉ်းပေးကြတာပါ။ မန္တလေးက ဆရာတော်၊ ဦးဇင်း၊ ကိုရင် တချို့ဆိုလည်း မဟာမြတ်မုနိ ဘုရားကြီးကို သပိတ်လိုက် ကပ်ပြီးမှ ဘုဉ်းပေး  တယ်လို့ တဆင့်ကြားဖူးပါတယ်။  မဟာမြတ်မုနိ ဘုရားကြီးကို သပိတ်လိုက် ကပ်လိုက် ရတာဆိုတော့ အာရုံပြုရတာ ပိုလို့တောင် ကောင်းဦးမှာပါ။ စပယ်ပန်းလေး ကပ်ရ တာတောင် ကြည်နူးလို့ မဆုံးဖြစ်ရတာပါ။

          ဘာပဲပြောပြော မြတ်စွာဘုရားကို ဆွမ်းကပ်ပြီးမှ စားရင် ဒါနကုသိုလ် ဖြစ်သွားတာ တော့အမှန်ပါပဲ။ ဒါဆိုရင် ဒါနနဲ့စား လိုက်တာပါပဲ။

          သဒ္ဓမ္မရံသီဆရာတော်ကြီးရဲ့ ဆောင်ပုဒ်အတိုင်း မှီးဆိုရရင်တော့..
          “ဆွမ်းတော်ကပ်ကာ၊ စားသုံးတာ၊ စားတာဒါနမည်”လို့ ဆိုရပါလိမ့်ပါမယ်။
          ဒါဆိုထမင်းစားတာ ၁။ ဒါနနဲ့စားခြင်း၊ ၂။ သီလနဲ့စားခြင်း၊ ၃။ သမထနဲ့စားခြင်း၊ ၄။ ဝိပဿနာနဲ့ စားခြင်းဆိုပြီး စားခြင်းလေးမျိုး ဖြစ်သွားပါလိမ့်မယ်။

          ထမင်းစားတိုင်း စားတိုင်း စားခြင်း လေးမျိုးပါအောင် နေ့တိုင်း စားနိုင်ရင်တော့ ကိုယ့်အတွက်ကုသိုလ် (၄)မျိုး ရနေတော့တာပါ။ ဒါတင်မကပါဘူး နောက်ဘဝတွေ အတွက်လည်း ပါရမီအထုံဓာတ် တွေပါသွားဦးမှာပါ။ နောက်ဘဝကို ပါရမီ အထုံဓါတ်တွေ များများပါသွားဖို့ အရေးကြီးပါတယ်။

          လယ်စောင့် ဒကာလေးက အညတရ ရဟန်းလေးကို ဆွမ်းတစ်နပ် ကပ်ပြီး နတ် ပြည်ရောက် သွားရတာပါ။ ကိုယ်ကစားခြင်း လေးမျိုးနဲ့ နေ့စဉ် စားနေမယ်ဆိုရင် ပါရမီ အထုံဓာတ်တွေ သာမက သုဂတိဘုံဘဝ အတွက်လည်း အထောက်အပံ့ ပေးနေ မှာပါ။

          မြန်မာ့ရာဇဝင်မှာ နရသီဟ ပတေ့မင်းဟာ ဟင်းခွက်ပေါင်း သုံးရာပွဲတော်တည်ပါ သတဲ့။ တရုတ်နဲ့ စစ်ဖြစ်လို့ ပြေးလွှားနေရတဲ့ ကာလမှာ ဟင်းခွက် တစ်ရာ့ငါးဆယ်ပဲ သုံး ဆောင်ရလို့ “ငါဆင်းရဲလိုက်တာ”လို့ ငိုငြီးပါသတဲ့။
          နရသီဟ ပတေ့မင်းကြီးမှာ သားတော် ဥဇနာ၊ ကျော်စွာ၊ သီဟသူ၊ သမီးတော် မိစောဦး တို့ရှိပါတယ်။ အမေချင်း တွေတော့ မတူကြပါဘူး။

          နရသီဟပတေ့ မင်းပွဲတော် တည်တဲ့အခါ ဥဇနာနဲ့ကျော်စွာကို ဝက်လက်ပေးပြီး သီဟသူကို ဝက်ပေါင်ပေးပါတယ်။ မကြာခဏ ပေးပါများလာတော့ သီဟသူရဲ့အမေ ရှင် မောက်က “သူများသား တွေကျတော့ ဝက်လက်ပေးတယ်၊ ငါ့သားကျတော့ ဝက်ပေါင် ပေးတယ်”ဆိုပြီး မကျေနပ်ပါဘူး။ ဒါကြောင့်သီဟသူအမေ ရှင်မောက်က စားတော်ကဲ ကိုငွေသုံးဆယ် ပေးပြီး ကျော်စွာကို ဝက်ပေါင်ပေးဖို့၊ သူ့သားသီဟသူကို ဝက်လက် ပေးဖို့ လာဘ်ထိုး ပါတယ်။

          ဒါကို ကျော်စွာ့အမေ ရှင်ပါးသိတော့ မင်းကြီးကို သွားတိုင်ပါတယ်။ နရသီဟပတေ့ မင်းဟာ လူဘုံအလယ်မှာ မိဖုရားရှင် မောက်ကို “ဝက်လက်ခိုးမ” လို့ဆဲပြီး သားသီဟသူ ကိုလည်း “ဝက်လက်ခိုးမသား”လို့ ဆဲလိုက်ပါတယ်။ နရသီဟပတေ့မင်းဟာ သီဟသူကို စိတ်အလို မကျတိုင်း “ဝက်လက်ခိုးမသား” လို့မကြာခဏ ဆဲရေးတတ် ပါတယ်တဲ့။ ဒီတော့ သားတော်သီဟ သူက အဖေအပေါ် စိတ်နာပြီး အညှိုးအတေး ထားလိုက်ပါတယ်။

          တရုတ်နဲ့စစ်ဖြစ်လို့ စစ်ပြေးရင်း ပြည်ကိုရောက်တဲ့ အခါ သားတော်သီဟသူက ရှေ့ ဆက်မသွားဖို့ တားထားလိုက်ပါတယ်။ ပြီးတော့ အဆိပ်ခတ်ထားတဲ့ ပွဲတော်အုပ်ကို ပေးပြီး “စားတော်ခေါ်ပါ”လို့ ဆက်သပါတယ်။ နရသီဟပတေ့မင်းဟာ အဆိပ်ပါမှန်း သိလို့ မစားပါဘူး။ ဒီတော့ သားတော် သီဟသူက ရဲမက်သုံးရာလွှတ်ပြီး ဓားဖွေးဖွေးတွေ နဲ့မင်းကြီး ဖောင်တော်ကို ဝိုင်းထားလိုက်ပါတယ်။

          နရသီဟ ပတေ့မင်းဟာ မိဖုရားဖွားစောကို “ဘာလုပ်ရမလဲ” လို့မေးပါတယ်။ မိဖုရားဖွားစောက “အရှင်မင်းကြီး.. ဓား လှံ လက်နက်တွေနဲ့ သွေးသံတရဲရဲ သေရတာ ထက် အဆိပ်စားပြီး သေရတာက မြတ်ပါသေးတယ်”လို့ အကြံပေးပါတယ်။
          နရသီဟပတော့မင်းလည်း “ငါသည် နိဗ္ဗာန်မရသေးသရွေ့ သံသရာကျင်လည် ရသမျှဘဝတိုင်း သားယောင်္ကျားကိုမရရပါလို၏”လို့ ဆုတောင်းသစ္စာပြု၊ ဝတ်ထားတဲ့ လက်စွပ်တော်ကို ရေစက်ချပြီး မိဖုရားဖွားစောကို ပေးပါတယ်။ ပြီးမှ အဆိပ်ခတ်ထားတဲ့ ပွဲတော်အုပ်ကို စားပြီးသေသွားပါတယ်။ သေချိန်မှာ သက်တော်ခြောက်ဆယ်လို့ ဆိုပါ တယ်။

          ဒီသမိုင်းဖတ်ပြီး “သြော်”လို့ပဲ တလိုက်မိပါတော့တယ်။ ဝက်ပေါင်၊ ဝက်လက် အစားတစ်ခုကို အကြောင်းပြုပြီး သားက အဖေကို သတ်ရတဲ့ အထိဖြစ်သွားရပါတယ်။
စိတ်ထဲမှာလည်း တွေးစရာတွေ အများကြီးပါပဲ။ ဝက်ပေါင်နဲ့ ဝက်လက်ဘာများထူး လို့လဲမသိပါဘူး။ ဘာမှလည်း ထူးမယ်မထင်ပါဘူး။ ပြီးတော့အဖေ လုပ်သူက သားသမီး တွေအပေါ် ပေးကမ်းတာ ဘာဖြစ်လို့ မညီမျှရတာလဲ၊ ညီညီမျှမျှ ဝက်ပေါင်တစ်လှည့်၊ ဝက်လက် တစ်လှည့်စီပေးလိုက်ရင်လည်း ဒီပြဿနာ ဖြစ်ချင်မှဖြစ်မှာပါ။ မိဘဖြစ်သူ တွေအတွက်သတိထားစရာပါပဲ။      

         မိဘတွေ အနေနဲ့ ဘယ်ပစ္စည်းပဲ ပေးပေး သားသမီးတွေကို ညီညီမျှမျှပေးတာ  အကောင်းဆုံးပါပဲ။ ဒါတင်မကပါဘူး “ဝက်လက်ခိုးမသား” ဆိုတဲ့ စကားတစ်ခွန်း ကြောင့်ပဲ သားလုပ်သူရဲ့ အသတ်ကို ခံသွားရတယ်လို့လည်း ဆိုနိုင်ပါတယ်။ ပြောမယ့် စကား တစ်ခွန်း အတွက်လည်း သတိထားစရာပါပဲ။ ပြောတဲ့သူက မှတ်မထားပေမယ့် အပြောခံရတဲ့သူကတော့ မမေ့အောင် မှတ်ထားတော့တာပါ။
          အမေလုပ် သူကလည်း မချစ်တတ်တဲ့ အချစ်နဲ့ချစ်မိ လိုက်တာပါ။ မချစ်တတ်တာ ကလည်းခက်တာပါပဲ။ ချစ်တော့ ချစ်တာပါပဲ၊ မချစ်တတ်တဲ့ အချစ်နဲ့ ချစ်လိုက်တဲ့ အတွက် သားဖြစ်သူကို ပဉ္စာနန္တရိယ ကံကြီးကို ကျူးလွန်ခိုင်းသလို ဖြစ်သွားရပါတယ်။ ဘယ်ဘက် ကကြည့်ကြည့် သံဝေဂ ယူစရာတွေချည်းပါပဲ။

          တကယ်လို့များ စာဖတ်သူတို့လို စားခြင်းလေးမျိုးနဲ့သာ စားကြမယ်ဆိုရင် ဒီလို အဖြစ်ဆိုးကြီးကို ကြုံကြရမှာ မဟုတ်ပါဘူး။
          သူများကိုသာ ပြောနေရတာပါ။ သံသရာမှာ ကိုယ်လည်း အမှားတွေ ကျူးလွန်ခဲ့ချင် ကျူးလွန်ခဲ့မှာပါ။ မသိနိုင်လို့သာပါ။ တွေးရင် လန့်စရာကြီးပါ။

          သတ္တဝါတွေဟာ အစာအဟာရကို မှီပြီးအသက်ရှင် နေကြရတာပါ။ မစားလို့လည်း မရပါဘူး။ သတိကပ် ပြီးအစားကို တရားဖြစ်အောင် စားကြရမှာပါ။ ဒါဆိုရင် ထမင်း စားရင်းပါရမီ ဖြည့်နေတာပါပဲ။
          ဘာပဲပြောပြော တစ်နေ့ နှစ်ကြိမ်သုံးကြိမ် စားနေကြရတာ ဆိုတော့ စားခြင်းလေး မျိုးပါနိုင် သမျှပါအောင် ကြိုးစားပြီး စားကြည့်ဖို့ပါပဲလေ။

  ရဝေနွယ်(အင်းမ)
http://yawainwe.com/
            ကျမ်းကိုး။   ။
၁။ သဒ္ဓမ္မရံသီဆရာတော်ဘုရားကြီး၏တရားစာအုပ်များ ။
၂။ ဝိမာနဝတ္ထုတော်ကြီး ၊ မြို့မိဆရာတော်။
၃။ ဦးကုလားမဟာရာဇဝင်ကြီး (ပထမအုပ်) စာမျက်နှာ ၂၄၂-မှ ၂၅၁) ။
၎။ လောကကြေးမုံ(လေးမြိုင်) ။

Friday, October 21, 2011

“ပေါ့စတစ်အတွေးနဲ့ စိတ်ချမ်းသာမှု”


“ပေါ့စတစ်အတွေးနဲ့ စိတ်ချမ်းသာမှု”
မြတ်စွာဘုရားလက်ထက်တော်က ဒန္တိကာဆိုတဲ့အမျိုးသမီးလေးတစ်ယောက် ရှိခဲ့ဖူးပါတယ်။ ဒန္တိကာအရွယ်ရောက်တဲ့ အချိန်မှာပဲ အနာထပိဏ် သူဌေးကြီးရဲ့ ဇေတဝန်ကျောင်းရေစက်ချ အလှုပွဲကြီးနဲ့ ကြုံလိုက်ရပါတယ်။ အဲဒီကျောင်းရေစက်ချပွဲကြီးကိုကြည့်ပြီး သာသနာ့ဘောင်ကို ဝင်ချင်တဲ့ စိတ်စဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ချက်ချင်းမဝင်နိုင်ခဲ့ပါဘူး။

 ဒန္တိကာဟာဇေတဝန်ကျောင်းရေစက်ချပြီးနောက်ပိုင်း သာသနာ့ဘောင်ကိုမဝင်နိုင်သေးပေမယ့် သရဏဂုံနဲ့  ငါးပါးသီလကို အမြဲဆောက်တည်နေ ခဲ့ပါတယ်။

ကာလတစ်ခုကြာလာတဲ့အခါမှာတော့ ဒန္တိကာဟာ မိဘတွေကိုခွင့်တောင်းပြီး မိထွေးတော် ဂေါတမီဆီမှာ ဘိက္ခုနီမဝတ်လိုက်ပါတယ်။ ဘိက္ခုနီမဝတ် လိုက်တော့ ဒန္တိကာထေရီရယ်လို့ အမည်တွင် သွားပါတယ်။

ဒန္တိကာထေရီဟာဘိက္ခုနီမဝတ်ပြီးတာနဲ့ ဆရာဥပဇ္ဈာယ်မိထွေးတော်ဂေါတမီရဲ့ အဆုံးအမ တရားစကားကိုနာကြားပြီး ဝိပဿနာတရားကို ကြိုးကြိုးစားစားအားထုတ်နေပါတော့တယ်။ ဒါပေမယ့် စိတ်မတည်ငြိမ်လို့သမာဓိမရဘဲဖြစ်နေပါတယ်။ ဒီတော့တရားအားထုတ်ရတာ အဆင်မပြေတော့ပါဘူး။

တစ်နေ့မှာတော့ ဒန္တိကာထေရီဟာ ဂိဇ္ဈကုဋ်တောင်ပေါ်ကို တစ်ပါးတည်းတက်ခဲ့ပါတယ်။ တောင်ပေါ်ရောက်တော့ အရှေ့အနောက် တောင်မြောက် ဝဲယာ ကြည့်ရင်း ဆင်တစ်ကောင်နဲ့ ဆင်ဆရာကိုတွေ့ရပါတယ်။ ကြည့်လက်စနဲ့ ဆက်ပြီး ကြည့်နေမိပါတယ်။

ဆင်ဆရာကချွန်းကိုကိုင်ပြီး “ခြေထောက်ဆန့်ပေးစမ်း”လို့ပြောလိုက်ပါတယ်၊ ဆင်ကြီးကလည်း ခြေထောက်ဆန့်ပေးပါတယ်၊ ဒီတော့ဆင်ထိန်းက ဆင်ပေါ်ကိုလွယ်လွယ်ကူကူနဲ့တက်သွားပါတယ်။

   ဆင်နဲ့ဆင်ဆရာရဲ့မြင်ကွင်းကိုကြည့်ပြီး ဒန္တိကာထေရီဟာ “ဆင်ဆရာချွန်းကိုကိုင်ပြီး ရှေ့ပိုင်းမှာမယဉ်ကျေးတဲ့ဆိုင်ရိုင်းကို လူတွေအလို လိုက်အောင်ဆုံးမသလို   ပျံ့လွင့်နေတဲ့ ငါရဲ့စိတ်ကိုဆုံးမရင်ရနိုင်တယ်။ ဝီရိယချွန်းနဲ့ ငါ့ရဲ့ပျံ့လွင့်နေတဲ့ စိတ်ကိုယဉ်ကျေးအောင် ဆုံးမမယ်”ဆိုပြီး အတွေးသံဝေဂအဖြေရသွားပါတယ်။

ဒန္တိကာဟာ ဆင်ရိုင်းနဲ့ဆင်ဆရာကို ဥပမာယူပြီး ဝီရိယချွန်းနဲ့စိတ်ကိုဆုံးမရင်း စိတ်တွေ ကြည်လင်လာပါတယ်။ စိတ်တွေကြည်လင်လာတော့ သမာဓိပါရလာပါတယ်။ သမာဓိ ရလာတာနဲ့အမျှ ဝိပဿနာတရားကိုဆက်အားထုတ်လိုက်တာ ရဟန္တာဖြစ်သွားပါတော့တယ်။

(ထေရီအဋ္ဌကထာ-ဒန္တိကာ ထေရီဝတ္ထု)

တကယ်ဆို ကိုယ်အားထုတ်နေတဲ့ဝိပဿနာတရားနဲ့ ဆင်နဲ့ဆင်ဆရာရဲ့အပြုအမူနဲ့ ဘာမှ မဆိုင်ဘူးလို့ထင်စရာရှိပါတယ်။ ဘေးကကြည့်ရင်လည်း “ဒီဘိက္ခုနီမ ဆင်စီးတာကိုပဲ ကြည့်နေရတယ် လို့ ကိုယ့်တရားကိုယ်အားထုတ်တာမဟုတ်ဘူး”ဆိုပြီး ဝေဖန်ချင်စရာပါ။ ဒန္တိကာထေရီအတွက်တော့ ဆင်နဲ့ဆင်ဆရာရဲ့ မြင်ကွင်းလေးကိုပဲ  ကိုယ့်ဘဝဖြစ်စဉ်နဲ့နှိုင်းယှဉ်ပြီး ကိုယ့်အတွက်အသုံးချသွားခဲ့တဲ့ တကယ့်သာဓကလေးတစ်ခုပါပဲ။

  တစ်ခါတလေတချို့မြင်ကွင်းတွေဟာ ကိုယ်နဲ့မဆိုင်ဘူးလို့ထင်ရပေမယ့် ဒန္တိကာထေရီတို့လို ယူတတ်ရင် ကိုယ့်အတွက်တော့ တရားအားလေးတွေ ပါပဲ။

မြင်ကွင်းကိုရိုးရိုးမကြည့်ဘဲ ကိုယ့်အလုပ်နဲ့ယှဉ်တွဲပြီးကြည့်သွားတာပါ။ အထူးသဖြင့် တရားနဲ့ ယှဉ်ပြီးကြည့်သွားတာပါ။ ဒီတော့ မြင်ကွင်းအားလုံး ဟာ ကြည့်တတ်ရင် တရားတွေချည်းပါပဲ။ မကြည့်တတ်ရင်တော့ ဒေါသတွေ၊ အာဃာတတွေ၊ အမုန်းတွေ၊ ဣဿာမစ္ဆရိယတွေ၊ တဏှာရာဂ တွေ ချည်းဖြစ်နေမှာပါ။

     ဒန္တိကာထေရီတို့လိုတရားထူးမရပေမယ့် မြင်ကွင်းတွေကို တရားနဲ့ယှဉ်ကြည့်တတ်တာလေး ကိုတော့ကိုယ်ကအတုယူရမှာပါ။
တရားနဲ့ကြည့်ရင်စိတ်ချမ်းသာပြီး မတရားနဲ့ကြည့်ရင် စိတ်ဆင်းရဲရတော့တာပါ။ ဒါကတကယ့် လက်တွေ့ပါ။

တစ်နည်းအားဖြင့်ပြောရင် ပေါ့စတစ်အတွေးနဲ့ နဂ္ဂတစ်အတွေးပါ။ ပါရမီပါခဲ့သူတွေဟာ ကြုံလာတဲ့ အာရုံတစ်ခုကို ပေါ့စတစ်အတွေးနဲ့တွေးပြီး စိတ်အေးချမ်းမှုကိုယူသွားကြတာပါ။ အထူးသဖြင့် နဂ္ဂတစ် အတွေးနဲ့တွေးရင်စိတ်ဆင်းရဲရတယ်ဆိုတာ သေချာသိထားရလို့ပါ။

   ဘဝရဲ့တစ်နေ့တာမှာ အာရုံမျိုးစုံနဲ့ကြုံနေရမှာပါ။  ကြိုက်တဲ့အာရုံရော မကြိုက်တဲ့အာရုံရောပါနေမှာပါ။ နဂ္ဂတစ်အတွေးရဲ့ဆိုးကျိုး ဆိုးပြစ်ကိုသိထားပြီး ပေါ့စတစ်အတွေးနဲ့ တွေးတတ်တာလေးကို လေ့ကျင့်ထားရမှာပါ။

 နဂ္ဂတစ်နဲ့ကြည့်မိရင် ဒေါသ၊ အာဃာတစသည်တွေ ဝင်လာတတ်ပါတယ်။ ဒီတရားတွေ ဝင်လာပြီဆိုရင်တော့ နောက်ဆုံးရလဒ်က စိတ်ဆင်းရဲ ရတော့တာပါ။

လူဟာတစ်ခုခုကိုလုပ်ပါများရင် စွဲနေတတ်ပါတယ်။ နဂ္ဂတစ်နဲ့ကြည့်တတ်တာ အကျင့်ဖြစ်နေရင် ဘယ်မြင်ကွင်းပဲကြည့်ကြည့် နဂ္ဂတစ်နဲ့ ပဲကြည့်နေတော့တာပါ။ စွဲနေတဲ့အစွဲကို ဖျောက်ဖို့ သိပ်ခက်ပါတယ်။ နဂ္ဂတစ်နဲ့ကြည့်မိလိုက်လို့ စိတ်ဆင်းရဲရတယ်ဆိုတာလည်း မသိတော့ပါဘူး။ အဲဒီမသိတာက ပိုခက်နေတော့တာပါ။

နဂ္ဂတစ်နဲ့ကြည့်တတ်တာစွဲနေရင်ကောင်းတဲ့မြင်ကွင်း၊ ကုသိုလ်ဖြစ်စေတဲ့ မြင်ကွင်းကိုမြင်ဦး တော့ နဂ္ဂတစ်နဲ့ပဲကြည့်နေတော့တာပါ။ဒီနေရာမှာ ကိုယ့်ကိုဖေးမပြောပြပေးမယ့် မိတ်ကောင်းဆွေကောင်းသိပ်လိုပါတယ်။ ကိုယ်တိုင်ကလည်း ကိုယ့်ကိုယ်ကို နဂ္ဂတစ်သဘောဖြစ်နေ တယ်ဆိုတာသိဖို့ အရေးကြီးပါတယ်။ ဒါမှဖေးမပေးရတဲ့သူလည်းလွယ်တာပါ။ ကိုယ့်ကိုချစ်တဲ့သူကပဲဖေးမမှာပါ။ မုန်းတဲ့သူကတော့ တကူးတက လာပြီးမဖေးမပါဘူး။ ဒီသဘောလေးတွေကိုအာရုံပြုလိုက်ရင်လည်း ဖေးမလာသူကို တန်ဖိုးထားလာနိုင်ပါတယ်။ အဓိက ကိုယ်ကပြုပြင် ပြောင်းလဲ ချင်စိတ်ရှိဖို့ပါ။ ဆိုလိုတာက ကိုယ်ကအဓိကပါ။



မြင်ကွင်းတစ်ခုကိုကြည့်တဲ့အခါပေါ့စတစ်နဲ့ကြည့်တတ်တာ၊ နဂ္ဂတစ်နဲ့ကြည့်တတ်တာတွေဟာ အတိတ်ပါရမီတွေနဲ့လည်းဆိုင်နေပါတယ်။

  ပါရမီပါခဲ့တဲ့သူကတော့ပေါ့စတစ်နဲ့ကြည့်ပြီး ပါရမီမပါခဲ့တဲ့သူကတော့ နဂ္ဂတစ်နဲ့ကြည့်တော့တာပါ။ ကိုယ်ကနဂ္ဂတစ်နဲ့ ကြည့်တတ်သူ ဆိုရင်လည်းပြန်လေ့ကျင့်ယူရမှာပါ။ ပါရမီပါသူနဲ့ မပါသူဟာ နေရာတိုင်းမှာသိပ်ကွာပါတယ်။

 တစ်ခါကဦးဇင်းအရှင်ဆန္ဒာဓိကနဲ့တစ်နေရာကိုဆွမ်းစားကြွဖြစ်ပါတယ်။ ဆွမ်းစားပြီးလို့ပြန်ထတော့ ဦးဇင်းအရှင်ဆန္ဒာဓိကက လက်အုပ်လေးချီပြီး“ အရှင်ဘုရားကိုနေရာထိုင်ခင်းလှူပါတယ်။ ဤထိုင်ခင်းလှူရသောကုသိုလ်ကောင်းမှုကြောင့်ဗောဓိဉာဏ်၏ အထောက်အပံ့ဖြစ်ပါစေ” လို့ ပြောလာတော့ အောက်ကိုငုံ့ကြည့်မိလိုက်ပါတယ်။ အောက်မှာမိမိထိုင်ထားတာက ဦးဇင်းအရှင်ဆန္ဒာဓိကရဲ့ ထိုင်ခင်းပါ။ ဦးဇင်းအရှင်ဆန္ဒာဓိက ကလည်းမိမိရဲ့ထိုင်ခင်းပေါ်ထိုင်ထားပါတယ်။ ထိုင်းခင်းမှားထိုင်မိကြတာပါ။

 ဒီတော့မိမိကလည်း “ဘုန်းကြီးကိုလည်းထိုင်ခင်းလှူပါတယ်၊ ဤကုသိုလ်ကောင်းမှုကြောင့် နိဗ္ဗာန်ရဲ့အထောက်အပံ့ဖြစ်ပါစေ”လို့ကောက်ခါငင်ခါ အမြန်ဆုတောင်းလိုက်ရပါတယ်။ “သြော်.. အရှင် ဘုရားရယ် ကုသိုလ်ယူတတ်လိုက်တာ”လို့ စိတ်ထဲက လေးစားကြည်ညိုလိုက်မိပါတယ်။


   တရားနဲ့တွေးတတ်တာဟာ အတိတ်ပါရမီ,အလေ့အကျင့်တွေနဲ့လည်းဆိုင်နေတာဆိုတော့  ပါရမီဆိုတာလည်းအလေ့အကျင့်ကြောင့်ဖြစ်လာရ တာပါ။ ဒီတော့ကိုယ်က အထုံဖြစ်အောင်လေ့ကျင့် ယူရမှာပါပဲ။

ပါရမီပါခဲ့သူကတော့ သစ်ရွက်ကြွေတာလည်းတရားနဲ့ကြည့်မှာပါပဲ။ မီးပျက်တာလည်းတရားနဲ့ကြည့်မှာပါပဲ။ ခွေးချင်းကိုက်တာလည်း တရားနဲ့ ကြည့်မှာပါပဲ။ သစ်ရွက်လေးတွေကြွေတာကြည့်ပြီး “သြော်.. သက်မဲ့ဖြစ်တဲ့သစ်ရွက်ကလေးတွေ မမြဲသလို ငါရဲ့ ရုပ် နာမ်လည်းမမြဲဘူး။ မသေခင်ကုသိုလ်တရားတွေ ကြိုးစားအားထုတ်ထားမှတော်ကာကျမယ်”လို့ ဆင်ခြင်မိသလို ခွေးချင်း ကိုက်တာကြည့်ပြီးလည်း “သြော်..ဒေါသ ဆိုတာ တိရစ္ဆာန်တွေမှာလည်းရှိတာပဲ။ ငါလည်း ဒေါသ မဖြစ်အောင်နေမှတော်ကာကျမယ်”လို့ တရားသဘောနဲ့ကြည့်တော့တာပါ။

ဒီတော့ သစ်ရွက်ကြွေတာ၊ မီးပျက်တာ၊ ခွေးချင်းကိုက်တာတွေဟာလည်း တရားနဲ့ကြည့် တတ်သူအတွက်တော့ တရားတွေဖြစ်နေပါတော့တယ်။
ပါရမီမပါသေးရင်လည်း ဘာမှစိတ်ပျက်စရာမလိုပါဘူး။ ရနိုင်သမျှဖြည့်ဖြည့်ယူသွားရမှာပါပဲ။ သံသရာအများကြီးကျင်လည်ခဲ့တာဆိုတော့ ပါရမီလုံးဝမပါတဲ့သူတော့ မဖြစ်နိုင်ပါဘူး။ ပါရမီရှင်တွေနဲ့ ယှဉ်လိုက်ရင် ကိုယ်ကနည်းနေတာပဲဖြစ်မှာပါ။ ပါရမီနည်းနေရင် ပိုဖြည့်ရုံပဲ ရှိတော့တာပါ။

ဒီနေရာမှာပုဂ္ဂိုလ်လေးမျိုးကို အာရုံပြုကြည့်ရအောင်ပါ။
ပုဂ္ဂိုလ်လေးမျိုး
`    ၁။ ဥဂ္ဂါဋိတညူပုဂ္ဂိုလ်= အကျဉ်းဟောလိုက်တာနဲ့ မဂ်ဖိုလ်ရနိုင်တဲ့ပုဂ္ဂိုလ်။
၂။ ဝိပဉ္စိတညူပုဂ္ဂိုလ်= အကျယ်ဟောပြမှ မဂ်ဖိုလ်ရနိုင်တဲ့ပုဂ္ဂိုလ်။
၃။နေယျပုဂ္ဂိုလ်= အကျဉ်းအကျယ်ဟောရုံမက ကျက်သင့်ကျက်ထိုက်တာကျက်၊ ဆောင်သင့် ဆောင်ထိုက်တာဆောင်၊ ဆရာသမားကလည်း ဂရုစိုက်ပေး၊ ကိုယ်တိုင်လည်း နှစ် လ ရက် ရှည်ကြိုးကြိုးစားစား အားထုတ်ပါမှ မဂ်ဖိုရနိုင်တဲ့ပုဂ္ဂိုလ်။
၎။ ပဒပရမ ပုဂ္ဂိုလ်= ဒီဘဝဘယ်လောက်ပဲ အားထုတ်အားထုတ် မဂ်ဖိုလ်မရနိုင်တဲ့ ပုဂ္ဂိုလ်။

  ဒါပေမယ့်လယ်တီဆရာတော်ဘုရားကြီးက ဒီဘဝမရနိုင်ပေမယ့် နောက်ဘဝ ဤဘုရား သာသနာမှာကျွတ်နိုင်သလို နောက်နောက် ဘုရား သာသနာတွေမှာလည်း ကျွတ်နိုင်တဲ့အကြောင်း ဆတ္တမာဏဝလုလင်,ဖားနတ်သားဝတ္ထု ,သစ္စကပရိဗိုဇ်တို့ကို သာဓကပြပြီး အားပေးထားပါတယ်။


ပိုပြီးရှင်းသွားအောင် ဆတ္တမာဏဝလုလင်၊ ဖားနတ်သားအကြောင်းတို့ကို နည်းနည်းလောက် ပြောပြရအောင်ပါ။
 မြတ်စွာဘုရားလက်ထက်တော်က ဆတ္တမာဏဝဆိုတဲ့လုလင်တစ်ယောက်ရှိပါတယ်။ အရွယ် ရောက်လာတော့အဖေလုပ်သူက ပေါက္ခရသာတိ ပုဏ္ဏာကြီးဆီမှာ ပညာသင်ခိုင်းပါတယ်။ ပညာသင်မှု ပြီးဆုံးတော့ဆရာက ပညာသင်ခအသပြာတစ်ထောင်တောင်းပါတယ်။ ဒါကြောင့် ဆတ္တမာဏဝ လုလင်ဟာ အိမ်ပြန်ပြီး အဖေ့ဆီမှာငွေပြန်တောင်းပါတယ်။ ဒီသတင်းကိုသူခိုးတွေသိသွားပြီးလမ်းက စောင့်နေပါတယ်။

 ဒါကိုမြတ်စွာဘုရားရှင်သိတော်မူလို့ သူခိုးတွေထက်ဦးအောင်လမ်းက ကြိုစောင့်ပြီးသရဏဂုံနဲ့ ငါးပါးသီလပေးပါတယ်။ ဆတ္တမာဏဝလုလင်ဟာ သရဏဂုံသုံးပါးကိုနှလုံးသွင်းပြီးလမ်းခရီးကို ဆက်ခဲ့ပါတယ်။ ခရီးတဝက်မှာ သူခိုးတစ်ယောက်ရဲ့မြားချက်နဲ့သေသွားရပါတယ်။ သေလွန်တော့ တာဝတိံသာနတ်ပြည်မှာဖြစ်ရပါတယ်။

လူ့ပြည်မှာကျန်ခဲ့တဲ့ဆတ္တမာဏဝလုလင်ရဲ့အလောင်းကို မိဘ ဆရာသမား မိတ်ဆွေတွေက မီးသင်္ဂြိုဟ်ပေးပါတယ်။ မြတ်စွာဘုရားရှင်က ဈာပနနဲ့မနီးမဝေးသစ်ပင်ရိပ်မှာကြွပြီး သီတင်းသုံးနေ လိုက်ပါတယ်။

   ဆတ္တမာဏဝလုလင်ဟာ နတ်သားအဖြစ်နဲ့လာပြီး မြတ်စွာဘုရားကိုကန်တော့ပါတယ်။ မြတ်စွာ ဘုရားတရားနာပြီး ဆတ္တမာဏဝနတ်သားရော မိဘတွေရော သောတာပန်တည်သွားပါတယ်။

  ဆတ္တမာဏဝလုလင်ဟာ ပထမဘဝမှာတရားထူးမရပေမယ့် ဒုတိယဘဝမှာတော့ တရားထူး ရသွားခဲ့ပါတယ်။
ဖာနတ်သားဝတ္ထုမှာလည်းဒီအတိုင်းပါပဲ။ မြတ်စွာဘုရားတရားဟောနေစဉ် ရေကန်တစ်ကန်က ဖားလေးတစ်ကောင်တက်လာပြီး “ဒါတရားပဲ”ဆိုတဲ့ အမှတ်နဲ့အဓိပ္ပါယ်မသိပေမယ့် တရားဆိုတဲ့ အမှတ်နဲ့ဝပ်နေပါတယ်။ အဲဒီအချိန်မှာနွားကျောင်းသားတစ်ယောက်ကလည်း တရားနာဖို့ ဒုတ်တစ် ချောင်းနဲ့ထောက်ပြီးရပ်နေလိုက်တာ ဖားခေါင်းပေါ်ဒုတ်ထောက်မိလျက်သားဖြစ်သွားပြီး ဖားငယ်သေ သွားပါတော့တယ်။ တရားအမှတ်နဲ့ သေသွားတဲ့အတွက်နတ်ပြည်မှာဖြစ်ပြီး နတ်သားဘဝနဲ့တရားပြန် နာရလို့ သောတာပန်တည်သွားရပါတယ်။
ဒီဘဝမှာမရနိုင်ပေမယ့် ဒုတိယ တတိယဘဝစသည်တွေမှာရနိုင်တယ်ဆိုတာ ဆရာတော် ဘုရားကြီးက အားပေးထားတာပါ။


  လယ်တီဆရာတော်ဘုရားကြီးရဲ့ဗောဓိပက္ခိယဒီပနီစာမျက်နှာ ၁၃ မှာ--
“ပဋိသမ္ဘိဒါပတ္တရဟန္တာခေတ်အနှစ်တစ်ထောင်မှနောက်ကာလ၌ ဤသာသနာတော်သည်နေယျပုဂ္ဂိုလ်၊ ပဒပမရပုဂ္ဂိုလ်နှစ်မျိုးတို့၏ခေတ်သမယ သာဖြစ်၏။ ယခုအခါ၌ သာသနာတွင်းမှာ ထိုပုဂ္ဂိုလ်နှစ်မျိုးသာရှိကြတော့သည်”လို့ရေးပြထားပါတယ်။ ဆိုလိုရင်းက သာသနာ နှစ်တစ်ထောင်  နောက်ပိုင်း အခုခေတ်မှာ နေယျပုဂ္ဂိုလ်နဲ့ပဒပမရပုဂ္ဂိုလ်နှစ်ဦးပဲ ရနိုင်ပါတော့တယ်တဲ့။ အပြန်အားဖြင့် ပြောရင် ဥဂ္ဂါဋိတညူပုဂ္ဂိုလ်နဲ့ ဝိပဉ္စိတညူပုဂ္ဂိုလ်နှစ်ဦးမရနိုင်တော့ပါဘူးတဲ့။

  ဆရာတော်ဘုရားကြီးရဲ့စကားကိုထောက်ပြီး သန္တတိအမတ်ကြီးတို့လို ဂါထာတစ်ပုဒ်ကို အကျဉ်းနာကြားပြီးတရားထူး ရနိုင်တဲ့ခေတ်ကိုကျော် လွန်ခဲ့ပြီဆိုတော့ ကြိုးကြိုးစားစားအားထုတ်နိုင်မှ တရားရနိုင်တဲ့ခေတ်ပါ။ နေယျပုဂ္ဂိုလ်ဆိုတာ အကျဉ်းအကျယ်ဟောရုံမကကြိုးကြိုးစားစား အားထုတ်မှတရားရနိုင်တဲ့ပုဂ္ဂိုလ်ပါ။    လူငယ်စကားနဲ့ပြောရင် အပြတ်အားထုတ်မှတရားရနိုင်မှာပါ။ ဒါပေမယ့် မပြတ်တပြတ်အားထုတ်နေတဲ့ သူတွေအတွက်လည်း တရားထူးမရနိုင်ပေမယ့် ကိုယ်အားထုတ်နေတဲ့ တရားတွေကတော့ နောက်ဘဝနောက်ဘဝတွေအတွက် ပါရမီတွေဖြစ်နေတော့တာပါ။

  သံသရာခရီးရှည်ကြီးဆက်ရဦးမယ်ဆိုရင်တော့ ဝိပဿနာတစ်ခုတည်းနဲ့တော့ မလုံလောက်ပါဘူး။ ဒီဘဝတရားတွေအားထုတ်ခဲ့တဲ့ အထုံဓာတ်ကြောင့် နောက်ဘဝမှာလည်း ဆက်တော့ အားထုတ်နေပါရဲ့၊ ဒါနမပြုခဲ့လို့နောက်ဘဝမှာမွဲနေရင် ရိပ်သာသွားတဲ့အခါ မျက်နှာငယ်နေ ရမှာပါ။

  ကိုယ့်မှာပိုက်ဆံရှိရင် ရိပ်သာသွားရင်တောင် သူများထက်ပိုဦးစားပေးခံရပါတယ်။ “လာပါလာပါ”ဆိုပြီး ရိုရိုသေသေ လေးလေးစားစား ဆက်ဆံခံရတယ်။ အခန်းကောင်းကောင်းရတယ်။ ရိပ်သာမှာလည်း ကိုယ်လှူချင်တာ ကြိုက်သလောက် လှူလို့ရတယ်စသည်ဖြင့် အခွင့်အရေးတွေက အများကြီးရယ်ပါ။

  ဒါကြောင့် ပါရမီဖြည့်တဲ့နေရာမှာစုံအောင်ဖြည့်ရပါမယ်။ နောက်ဘဝဉာဏ်ကောင်းအောင်ဆိုပြီး ဉာဏ်ကောင်းကြောင်းကုသိုလ်တွေပြုခဲ့ပါရဲ့၊ ဒါနတော့မပြုခဲ့ဘူးဆိုရင် နောက်ဘဝဆယ်တန်းမှာ ဘာသာစုံဂုဏ်ထူးနဲ့အောင်ပြီး ဆေးတက္ကသိုလ်တော့ တက်ခွင့်ရပါရဲ့ ဆေးတက္ကသိုလ်တက်ဖို့ ပိုက်ဆံမရှိဘူးဆိုရင်ဘယ်လိုလုပ်မလဲ။

   ဒါကြောင့် နောက်ဘဝဘာသာစုံဂုဏ်ထူးနဲ့အောင်ပြီး ပိုက်ဆံအတွက်ပူစရာမလိုဘဲ လင့်ခရူစာကားစီးပြီးကျောင်းတက်နိုင်အောင် ဒါနပါရမီလေးတွေပါ တွဲဖြည့်သွားရပါမယ်။

  ဒါနဆိုလို့ ကျောင်းတွေ သိမ်တွေဆောက်လှူမှ၊ ရှင်တစ်ထောင် ရှင်တစ်သောင်းတွေပြုပေးမှ မဟုတ်ပါဘူး၊ ကိုရင်သေးသေးလေးကို ဆပ်ပြာတစ်ခဲ လှူလိုက်လည်း ဒါနပါပဲ။ စာသင်သားဘဝမှာ ဆင်းရဲကြတာများတော့ရသွားတဲ့ကိုရင်လေးမှာလည်းပျှော်သွားမှာပါ။  

  ဆပ်ပြာတစ်ခဲဘယ်လောက်တန်ဖိုးရှိလို့လဲ။ ဆပ်ပြာ၊ သွားတိုက်ဆေး၊ ဘော်ပင်၊ ဗလာစာအုပ် စသည်တွေဟာ စာသင်သားကိုရင်ပေါက်စတွေ အတွက် သိပ်တန်ဖိုးရှိတဲ့ ပစ္စည်းတွေပါ။

  ဒီလိုပါပဲ၊ အိမ်မှာရှိတဲ့ဘုရားမှာရေချမ်းကပ်တာ၊ ပန်းကပ်တာ၊ ဆွမ်းကပ်တာ၊ ငှက်ကလေးတွေ အစာကျွေးတာ၊ ကိုယ့်မိတ်ဆွေကို ကော်ဖီ တိုက်တာစသည်တွေဟာ ဒါနတွေချည်းပါပဲ။

    တရားသဘောလေးတွေအာရုံပြုနေရင်တော့ တရားသဘောတွေဖြစ်နေလို့ ကုသိုလ်ပြုရတာ လည်း ပျှော်ပျှော်ကြီးပါပဲ။
မတရားသဘောတွေအာရုံပြုနေရင်တော့ မတရားသဘောတွေချည်း ဖြစ်နေလို့  စိတ်ဆင်းရဲ စရာတွေပဲ ဖြစ်နေတော့မှာပါ။ တရားသဘောပဲ အာရုံပြုပြု၊ မတရားသဘောပဲအာရုံပြုပြု တကယ်တော့စိတ်ပါပဲ။ တကယ်လို့မတရားသဘောအာရုံပြုမိလို့ သိလိုက်တာနဲ့ “သြော်…မတရား သဘောတွေပါလား”လို့ဆင်ခြင်လိုက်ရင် တရားသဘောတွေ ပြန်ဖြစ်သွားတာပါ။ အဲဒီလို သိလိုက်နိုင် တာကိုက တော်တော်လေးတော်နေပါပြီ။ ဒီလိုပါပဲ စိတ်ကိုလေ့ကျင့်ယူရမှာပါပဲ။

  လူ့ဘဝမှာ စိတ်ချမ်းသာဖို့လည်း သိပ်အရေးကြီးပါတယ်။ ချမ်းသာပြီးစိတ်ဆင်းရဲ နေပြန် ရင်လည်းနေရာမကျပါဘူး။ မတရားသဘောတွေ နှလုံးသွင်းနေလို့ကတော့ စိတ်ဆင်းရဲနေတော့မှာပါ။

  တချို့တအားချမ်းသာကြပါတယ်။ ဒါပေမယ့် စိတ်မချမ်းသာကြပါဘူး။ တော်တော်များများက ကုသိုလ်ပြုကြရင်ပစ္စည်းဥစ္စာချမ်းသာဖို့ပဲ ဆုတောင်းကြတာပါ။ စိတ်ချမ်းသာဖို့ကျတော့ ဆုတောင်းသူ နည်းကြပါတယ်။ သူတစ်ပါးကိုစိတ်ဆင်းရဲအောင်လုပ်ရင် လူအများကို စိတ်ဆင်း ရဲအောင်လုပ်ရင် ကိုယ်လည်းစိတ်ဆင်းရဲရတတ်ပါတယ်။

စိတ်မချမ်းသာရင် တရားအားထုတ်တာကအစ အစဉ်မပြေပါဘူး။ စိတ်ချမ်းသာမှ တရား အားထုတ်ရတာလည်း အစဉ်ပြေတာပါ။ ဒါကြောင့် စိတ်ချမ်းသာဖို့သိပ်အရေးကြီးပါတယ်။

ဘာပဲပြောပြောမြင်ကွင်းတစ်ခုကိုကြည့်တဲ့အခါပေါ့စတစ်နဲ့ကြည့်တတ်တဲ့ အလေ့လေးကိုလေ့ကျင့်ထားဖို့ပါပဲ ။ပေါ့စတစ်နဲ့ကြည့်ဖြစ်ရင် စိတ်ချမ်းသာ ရတာပါပဲလေ။

ရဝေနွယ်(အင်းမ)

ကျမ်းကိုး
၁။ ဗောဓိပက္ခယဒီပနီ။ လယ်တီဆရာတော်။
၂။ ဓမ္မပန်ချီ(၅) သုံးမျိုးသူနာဥပမာဆောင်းပါး၊ တည်တောဆရာတော်။
၃။ ထေရီအပဒါန်ဝတ္ထုတော်ကြီး ။ အရှင်ဓမ္မဿာမီဘိဝံသ။

 မေတ္တာများဖြင့်

Thursday, October 20, 2011

ကောင်းချီးမင်္ဂလာ


ကောင်းချီးမင်္ဂလာ


“ဘာကြောင့် ငါက ကျေးဇူးတင်ရမှာလဲ၊ ကျေးဇူးတင်ရမှာက အလှူရှင်က တင်ရမှကွ”

(ဂျပန်ဘုန်းတော်ကြီး ဆေဆက်စု)

ကောင်းတဲ့ဂုဏ်သတင်း ကျော်စောထင်ရှားခြင်းဟာ လောကအမြင်မှာ ထင်ရှားတဲ့ “လောကပကာသန”နဲ့ ဓမ္မအမြင်အရ ထင်ရှားတဲ့ “ဓမ္မပကာသန”လို့ နှစ်မျိုး နှစ်စားရှိပါတယ်။

လောက ပသာသန-ဆိုတာ တောင့်တခြင်း၊ မော်ကြွားခြင်း၊ အမြင်မှားခြင်းဆိုတဲ့ (တဏှာ၊ မာန၊ ဒိဋ္ဌိ) တရားတွေ မကင်းတဲ့အတွက် သံသရာဝဋ်ဒုက္ခတွေ ပိုပြီး ရှည်လျားစေတတ်ပါတယ်။ ဓမ္မပကာသန-ဆိုတာကတော့ သာသနာတော်လို့ခေါ်တဲ့ မြတ်ဗုဒ္ဓရဲ့ အဆုံးအမနဲ့အညီ ထင်ရှားတာဖြစ်လို့ သာသနာစံမှီတဲ့ ထင်ရှားကျော်ကြားမှုပါ။ တစ်နည်းပြောရရင် သာသနာတွင်းသားတိုင်း အလေးထားရမည့် ကျော်ကြားမှုမျိုး ဖြစ်ပါတယ်။

လောကနဲ့ ဓမ္မ (သို့) သာသနာ ဒီနှစ်မျိုး ယှဉ်လိုက်ရင် သာသနာ့စံ၊ ဓမ္မစံ-ဆိုတာ ဆင်းရဲအားလုံး ချူပ်ငြိမ်းရာ နိဗ္ဗာန်အထိ အထောက်အကူပြုနိုင်တာဖြစ်လို့ သာသနာနဲ့ ကြုံကျိုးနပ်လိုသူတိုင်း အလေးထားခံယူရမည့် ပကာသနလည်း ဖြစ်ပါတယ်။ ဒါပေမယ့် လောကနဲ့သာ ရင်းနှီးကျွမ်းဝင်ကြတဲ့ ပုထုဇဉ်များဟာ သာသနာနဲ့ ကြုံတုန်းမှာ စွမ်းနိုင်ရာရာ သာသနာပြု၊ ကုသိုလ်ကောင်းမှု တစ်ခုခုကို လုပ်ပြီးတိုင်း ဓမ္မစံ ဓမ္မပကာသနကို အလေးမထားကြဘဲ တစ်ဘဝစာတောင်ပြည့်အောင် မခံတတ်တဲ့ လောကပကာသနကိုပဲ လိုလားတောင်းတနေတတ်ကြပါတယ်။ တစ်သိန်းတန်ရွှေခွက်ထက် ရက်တက်(စိမ်ရည်)ကို ပိုပြီး အလေးထားတတ်တဲ့ သဘောပေါ့။

ဂျပန်ဘုန်းတော်ကြီးများရဲ့ အတ္ထုပတ္တိများထဲက ဟောဒီ အဖြစ်အပျက်ကလေးကို ကြည့်ကြည့်ပါဦး။

(Kamakura) “ကံမာကူရ” မှာရှိတဲ့ “အင်ဂါကုဂျိ” (Engakuji Temple) ကျောင်းမှာ ကျောင်းထိုင်ဆရာတော် “ဆေဆက်စု” ကျောင်းထိုင်စဉ်က စာသင်သားတွေများလွန်းလို့ ကျောင်းဆောင်အသစ် ဆောက်ဖို့လိုနေတယ်။ အဲဒီမြို့က ကုန်သည်ကြီးတစ်ဦးဖြစ်တဲ့ “အူမေဓူဆေဘေ” က ကျောင်းဆောက်လုပ်ရေးအတွက် “ရယော”လို့ ခေါ်တဲ့ ရွှေဒင်္ဂါငါးရာလှူဖို့ ဆုံးဖြတ်လိုက်ပါသတဲ့။ အဲဒီအသပြာကို ဆရာတော်ဆီ ယူလာတယ်။ ဆရာတော် ဆေဆက်စုက “ကောင်းပြီ၊ ထားခဲ့ပေါ့” လို့ မိန့်တယ်။ အူမေဓူက ရွှေဒင်္ဂါးထုပ်ကို ဆရာတော်ဆီ ဆက်ကပ်တယ်။ ဒါပေမယ့် ဆရာတော်ရဲ့ အမူအရာသဘောထားကိုတော့ တယ်ဘဝင်မကျဘူး။ “ရယော”ဆိုတဲ့ ရွှေဒင်္ဂါ သုံးပြားလောက်ရှိရင်တောင် သာမာန်လူတစ်ယောက်ဖို့ အရင်းအနှီးပြုပြီး တစ်သက်လုံး အသက်မွေးနိုင်တာ။ အခုသူက ရွှေဒင်္ဂါငါးရာကြီးများတောင် လှူတာကို ဆရာတော်က ကျေးဇူးတင်စကားလေး တစ်ခွန်းတစ်လေမျှ မဟဘဲကိုး။

“အိတ်ထဲမှာ ရွှေဒင်္ဂါငါးရာပါဘုရား”လို့ အူမေဓူက ဆရာတော် ရိပ်မိအောင် လျှောက်လိုက်တယ်။
“ဒကာကြီး ခုနက ပြောပြီးသားပဲ”လို့ ဆရာတော်က မိန့်တယ်။
“တပည့်တော်ဟာ ချမ်းသာတဲ့ကုန်သည်ကြီးတစ်ဦး ဆိုတာတောင်မှ ရွှေဒင်္ဂါငါးရာဆိုတာ နည်းတာ မဟုတ်ဘူးဘုရာ့”လို့ အူမေဓူက ဆိုပြန်တယ်။
“ဒီလို လှူတဲ့အတွက် ဒကာကြီးကို ကျူပ်က ကျေးဇူးတင်စကား ဆိုစေချင်တာလား”လို့ ဆရာတော်က မေးတော့ -
“ဆိုဖို့ကောင်းတာပေါ့ဘုရား”လို့ ပြန်လျှောက်တယ်။
“ဘာကြောင့် ငါက ကျေးဇူးတင်ရမှာလဲဟဲ့၊ ကျေးဇူးတင်ရမှာက အလှူရှင်က တင်ရမှာကွ”လို့ မိန့်ကြားလိုက်ပါသတဲ့။

ကဲ ဖြစ်ရပ်ကလေးကတော့ ဒါပါပဲ။ စဉ်းစားကြည့်စမ်းပါ။ ဆရာတော်ဆေဆက်စုရဲ့ စကားထဲက “ငါက”ဆိုတဲ့ နာမ်စားလေးဟာ သူ့ကိုယ်သူကိုယ်စားပြုပြီး ပြောတာဆိုရင်တော့ သာမာန်လူတစ်ယောက်အတွက် “လှူမိတာ မှားပေါ့”လို့များ ထင်မှားမိလေမလားပဘဲ။ နဘေးက ကြားရသူဆိုရင်လည်း “ဘုန်းကြီးက ဂျစ်ကပ်ကပ်နဲ့ လှူတဲ့လူ စေတနာပျက်အောင်လုပ်တယ်”လို့ ပြစ်မှားမိမယ် ထင်တယ်။

သေသေချာချာ စဉ်းစားကြည့်ရင်တော့ ဆရာတော်ပြောတဲ့ “ငါက”ဆိုတာ သူ့ကိုယ်သူ ကိုယ်စားပြုတာ မဟုတ်ပါဘူး။ သူ ထမ်းဆောင်နေတဲ့ သာသနာတော်ကို ကိုယ်စားပြုပြောတာပါ။

ပြောလိုရင်းကတော့ သာသနာတော်နဲ့ ကြုံတုန်းကြုံခိုက် သာသနာပြု အလှူတစ်ခု ပြုလုပ်တဲ့အခါမှာ “သာသနာတော်က ဒါယကာရဲ့ ကျေးဇူးကို သိရမှာလား၊ ဒါယကာက သာသနာတော်ရဲ့ ကျေးဇူးကို သိသင့်တာလား”လို့ မေးလိုရင်း ဖြစ်ပါတယ်။ တကယ်လို့ သာသနာက ဒါယကာအပေါ် ကျေးဇူးတင်သင့်တယ်လို့ ထင်မှား တောင့်တနေတယ်ဆိုရင် သူ့အလှူဟာ စေတနာမမှန်တဲ့ အလှူဖြစ်သွားမှာပေါ့။ ဒီလို မေးလိုက်တာကို သဘောပေါက်သွားလို့ “ဟုတ်ပေသားပဲ။ ဒါယကာက သာသနာကျေးဇူးကို သိပြီး လှူရမှာပါကလား”ဆိုတဲ့ အသိရသွားခဲ့ရင် “လှူတာလည်း မှန်သွားမယ်၊ ပျက်နေတဲ့ စေတနာလည်း ကောင်းမွန်သွားမယ်” ဒီလိုရည်ရွယ်ချက်နဲ့ ဆရာတော်က မေးခွန်းထုတ်ခဲ့တာ ဖြစ်သလို ဒကာကလည်း သဘောပေါက်သွားပုံရပါတယ်။ ဘာမှ ထပ်မလျှောက်တော့ဘဲ ကျေနပ်သွားပါတယ်။ ဒီလို ကျေနပ်ပြီး လှူဒါန်းမှလည်း လောကပကာသန ကင်းဝေးပြီး ဓမ္မပကာသန ပေါ်လွင်ထင်ရှားတဲ့ အလှူစစ်ကြီး ဖြစ်သွားမှာပါ။

ဓမ္မပကာသနသမားရဲ့ အလှူဟာ လှူသူအတွက်ရော သာသနာအတွက်ပါ ဘယ်လောက်အရေးပါသလဲဆိုတာ သဘောပေါက်ဖို့ မြတ်စွာဘုရားရှင်ရဲ့ ကျောင်းဒကာ အနာထပိဏ်သူဠေးကြီးရဲ့ စိတ်ထားကိုလည်း အကဲခတ်ကြည့်စေချင်ပါတယ်။

အနာထပိဏ်သူဠေးကြီးက ဘုရားရှင်နဲ့ သံဃာတော်များအတွက် ကျောင်းတော်ကြီး ဆောက်လုပ်ဖို့ ဇေတမင်းသားရဲ့ ဥယျာဉ်မြေကို ရွှေဒင်္ဂါတွေ အပြည့်ခင်းပြီး ပေးချေတဲ့အခါ (၁၈)ကုဋေ ခင်းပြီးတဲ့ အချိန်မှာ မုခ်ဦးနေရာလေးပဲ ကျန်တော့တယ်။ ဒီအတွက် ပေးချေဖို့ ဘဏ္ဏတွေ ထပ်အယူခိုင်းတဲ့အခါမှာတော့ ဇေတမင်းသားက လက်ကာပြီး တားတယ်။ မပေးပါနဲ့တော့။ ဒီနေရာလေးကိုတော့ သူအလှူပါဝင် ပါရစေပေါ့။ ဒါပေမယ့် ဒီအတိုင်းတော့ မဟုတ်ဘူး။ ဒီနေရာလေးမှာ မုခ်ဦးတပ်ပြီး ကျောင်းအမည်ကိုလည်း “ဇေတဝန”လို့ သူ့နာမည်နဲ့ ကမ္ဗည်းထိုးပေးရမယ်လို့ တောင်းဆိုပါတယ်။ အနာထပိဏ်သူဠေးကြီးက ကျေကျေနပ်နပ် ခွင့်ပြုတယ်။ ဒါကြောင့်ဘုရားရှင်ရဲ့ ကျောင်းတော်ကြီးဟာ အားလုံးပေါင်း (၅၄)ကုဋေ အကုန်အကျခံတဲ့ ကျောင်းဒကာ အနာထပိဏ်ရဲ့ အမည်မပေါက်ဘဲ မုခ်ဦးဒကာ ဇေတမင်းသားအမည်ပဲ ပေါက်တယ်။

ဒါက လောကပကာသနအရ ထင်ရှားတဲ့ အမည်ပါ။ ဓမ္မပကာသနအရတော့ အနာထပိဏ်ရဲ့ ရည်ရွယ်ချက်၊ သူ့ရဲ့ အနှစ်နာခံမှုတို့ကြောင့် သာဝတ္ထိပြည်မှာ မြတ်ဘုရားရှင်ရဲ့ သာသနာဟာ နေအထောင်၊ လအထောင်ပမာ ထွန်းလင်းခဲ့သလို ဇေတမင်းသားတို့လို ထင်ရှားတဲ့ အမျိုးအနွယ်တွေက စပြီး ဘုရားရှင် မကြွရောက်မီ သာသနာကို ကြိုတင် ကြည်ညိုကြသူတွေ ဖြစ်လာကြတယ်။

ဒီနေ့အထိ မြတ်ဗုဒ္ဓရဲ့ ဒေသနာတွေကို နာယူဖတ်ရှုလေတိုင်း “အနာထပိဏ်ဆောက်လုပ်တဲ့ ဇေတဝန်ကျောင်း”ဆိုပြီး ကျောင်းဒကာကြီးရဲ့ ဂုဏ်သတင်းက ပျံ့နှံ့နေဆဲ၊ ကြားရသူတိုင်း သာဓုခေါ်နေကြဆဲ ဖြစ်သလို နောင်ဘုရား အဆူဆူတို့ရဲ့ သာသနာအဆက်ဆက်အထိလည်း ထင်ရှားနေဦးမှာ မလွဲပါဘူး။
တကယ့် ပကာသန အစစ်ကို စိစစ်ရွေးချယ်နိုင်ကြပါစေသော် ....

သာဓု၊ သာဓု၊ သာဓု.....

ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း)

Wednesday, October 19, 2011

ရှင်ရာဟုလာနဲ့ တံမြက်စည်း

 

(ပါစိတျာ ဒိ၊ ဋ္ဌ၊ ၁၁)

ရှင်ရာဟုလာရဲ့ စိတ်ထားဟာ အင်မတန်ပဲ ကောင်းမွန်လှပါပေတယ်။ ဒီလို စိတ်ထားကောင်းကြောင်းကို သိကြလို့လည်း ရဟန်းတွေက ရှင်ရာဟုလာကို စမ်းသပ်ကြပုံ ပေါ်ပါတယ်။ ရှင်ရာဟုလာဟာ စကြာဝတေးမင်း ဖြစ်နိုင်လောက်အောင် ဘုန်းကံပါရမီရှိတဲ့ ပုဂ္ဂိုလ် ဖြစ်ပါတယ်။ ရုပ်ရည်ကလည်း ဘုရားရှင်လိုပဲ တင့်တယ်သပ္ပယ်ပါတယ်။ ရွှေအဆင်းလို ဝါဝင်းနေပါတယ်။ မင်းမျိုးဖြစ်လို့ နူးညံ့နေပါတယ်။ အစစ အရာရာ ပြည့်စုံနေလို့ ကိုရင်ရာဟုလာမှာ ဘဝင်မြင့်မယ်ဆိုရင် မြင့်ချင်စရာပါပဲ။
ရှင်ရာဟုလာဟာ ငယ်ရွယ်သူလေးဖြစ်ပေမယ့် အသိအမြင် ကြီးမားပါပေတယ်။ စိတ်ထား မြင့်မြတ်လှပါပေတယ်။ ပစ္စည်းရှင်ရဲ့ သားသမီးဖြစ်လို့ ဘဝင်မြင့်ကြတဲ့ ကလေးတွေ၊ ရာထူးရှင်ရဲ့ သားသမီးဖြစ်လို့ ဘဝင်မြင့်ကြတဲ့ ကလေးတွေ၊ ရုပ်ရည်ချောမောလှပလို့၊ ပညာတတ်လို့၊ အသိုင်းအဝိုင်းကောင်းလို့ စတဲ့ အကြောင်းတွေကြောင့် ဘဝင်မြင့်ကြတဲ့ ကလေးတွေဟာ ရှင်ရာဟုလာရဲ့ စိတ်ထားကို အတုယူသင့်ကြပါတယ်။
ကလေးငယ်တွေသာမက ပစ္စည်းဥစ္စာ၊ ရာထူး၊ ရုပ်ရည်၊ ပညာ၊ အသိုင်းအဝိုင်းစတဲ့ အခြေအနေတွေကြောင့် မာန်တက်နေကြသူ လူကြီးတွေလည်း ရှင်ရာဟုလာရဲ့ စိတ်ထားကို အတုယူသင့်ကြပါတယ်။ အဲဒီ ဘဝင်မြင့် မာန်တက်နေကြသူတွေ အားလုံးရဲ့ မာန်တက်စရာ အခြေအနေတွေဟာ ရှင်ရာဟုလာရဲ့ အခြေအနေနဲ့ နှိုင်းစာရင် မြင်းမိုရ်တောင်နဲ့ ဆီးစေ့ပမာလို ကွာခြားပါလိမ့်မယ်။ ရုပ်ရည်ရော၊ ပစ္စည်းရော၊ အသိုင်းအဝိုင်းရော၊ ရာထူးရော အစစအရာရာမှာ ခေါင်ထိပ်မှာ ရောက်နေတဲ့ ရှင်ရာဟုလာရဲ့ အခြေအနေဟာ ဘဝင်မြင့်မယ်ဆိုရင်  မိုးထက်ပင် မြင့်ချင်စရာပါပဲ။ ဒါပေမဲ့ အဲဒီလို ဘဝင်မမြင့်ဘဲ စိတ်ထားမြင့်မားတာဟာ ရဟန်းရှင်လူအားလုံးအတွက် အကောင်းဆုံး စံနမူနာ ဖြစ်ပါပေတယ်။
လင်္ကာ
၁။   ရှင်ရာဟုလာ၊ အဝေးမှာ၊ လာတာ မြင်ကြသည်။
၂။   သူလာ လမ်းနား၊ မှိုက်တောင်များ (တံမြက်စည်းများ)၊ ပစ်ထားကြပါသည်။
၃။   ဒါတွေ ဘယ်သူ၊ ပစ်ထားဟူ၊ ခြားသူတွေက မေးကြသည်။
၎။   ရှင်ရာဟုလာ၊ ဒီနားမှာ၊ သွားတာ တွေ့ရသည်။
၅။   သူဟာ ဒါတွေ၊ ပစ်ထားပေ၊ ဖြစ်နိုင်ခြေ ရှိသည်။
၆။   ထိုသို့ ပြောတာ၊ ရာဟုလာ၊ ကြားကာ သွားပါသည်။
၇။   ထိုခါ တပည့်တော်၊ မလုပ်ပါနော်၊ တစ်နေ့သော်မှ၊ မပြောပြီ။
၈။   ထိုပစ္စည်းများ၊ သိမ်းဆည်းသွား၊ သူကား တောင်းပန်လိုက်သေးသည်။
၉။   သူ့စိတ်ထားကား၊ လွန်မြင့်မား၊ လေးစားစရာ ကောင်းလှသည်။
၁၀။ ရာဟုလာညီဖွား၊ အသင်ကား၊ စိတ်ထား သူ့လို ရှိသင့်သည်။

သာမဏေကျော် (အတုယူဖွယ်ရာ စိတ်ထားများ)
Posted by Dhamma PannKhinn