Friday, February 18, 2011

အချစ်လဲမစောနဲ့ အပြစ်လဲမပြောနဲ့



အချစ်လဲမစောနဲ့ အပြစ်လဲမပြောနဲ့
(ဟေတု - အာရမ္မဏ)

အဘိဓမ္မာသဘော သက်သက်ဖြစ်တဲ့ ပဋ္ဌာန်းပစ္စည်း တရားတွေကို မှန်းဆပြီး အာရုံပြုနိုင်ဖို့ အတွက် အဋ္ဌကထာဆရာ အစရှိတဲ့ ရှေးဆရာ မြတ်များက လောက ဥပမာများနဲ့ ခိုင်းနှိုင်းဖွင့်ပြ ကြတော်မူကြပါတယ်၊ ဒီလိုခိုင်းနှိုင်း တာဟာလည်း အနုမာနသဘောနဲ့ မှန်းဆ ကြည့်နိုင်ရုံလောက် ပါပဲ၊ တကယ်တော့ ပရမတ္ထ သဘောနဲ့ လောကဝေါဟာရ ပညတ်သဘောတို့ဟာ ထပ်တူထပ်မျှ တူညီမှု ဘယ်တော့မှ မဖြစ်နိုင်ပါဘူး။ မှန်းဆပြီး ခိုင်းနှိုင်းတယ် ဆိုရာမှာလဲ ရှုမြင် တဲ့မြင်ထောင့် ကွဲပြားသလို မြင်ကွင်းကလဲ ပြောင်းလဲ သွားတာမို့ ခိုင်းနှိုင်းမှုများလဲ ပြောင်းလဲ သွားပါလိမ့်မယ်။ မြင်ထောင့်နဲ့ မြင်ကွင်း အလိုက် မြင်ရပုံကို ဘယ်လိုပဲ ခိုင်းနှိုင်းထားထား ဒါဟာ မှန်းဆ ကြည့်နိုင်ရုံမျှသာ ဖြစ်တယ်ဆို တာကိုတော့ သဘောပေါက် ထားရပါလိမ့်မယ်။ ဒါကို အလေးအနက် ပြောနေ ရတာကတော့ တချို့က ဥပမာကို အသေကိုင်ပြီး ပရမတ္ထ သဘောတွေကို ကိုယ်လိုချင်သလို ဆွဲယူတာတို့ ကြံစည် သင့်တဲ့အတိုင်း အတာကို ကျော်လွန်ပြီး အတွေးလွန် ကြတာ တို့ ကြုံရတတ်လို့ပါ။





အခုပြောမယ် ဟေတုပစ္စည်းနဲ့ အာရမ္မဏ ပစ္စည်းတို့ကိုလဲ တစ်ခုချင်း အလိုက် အဋ္ဌကထာဆရာ ဥပမာပေးခဲ့တာက ဟေတု ပစ္စည်းက ရေသောက်မြစ်နဲ့ တူတယ်၊ အာရမ္မဏပစ္စည်းက တောင်ဝှေး ကြိုးတန်းနဲ့ တူတယ်လို့ဆိုပါတယ်။ အာရမ္မဏပစ္စည်းကို တောင်ဝှေး ကြိုးတန်းနဲ့ တူတယ်ဆိုတာက သက်ရှိလောကရဲ့ အခြေခံဖြစ်တဲ့ ရုပ်တရားနဲ့ နာမ်တရား နှစ်မျိုးထဲမှာ သိမှတ် ခံစား ကြံစည်မှုဆိုတဲ့ နာမ်တရားတွေဟာ သူတို့ချည်း သက်သက်ဖြစ် ပေါ်နိုင်စွမ်းမရှိဘဲ ဆိုင်ရာ အာရုံတစ်ခုခုကို အာရုံပြုပြီးတော့မှသာ ဖြစ်နိုင်ကြတဲ့ တရားတွေဖြစ်ပါတယ်။ လောကမှာ ပင်ကိုယ်အစွမ်း သတ္တိနဲ့ ထထိုင်ရပ်သွားဆိုတဲ့ ဣရိယာပုထ် လေးပါးကို ပြုနိုင်စွမ်းမရှိကြသူ (မသန်မစွမ်းသူ)များဟာ တောင်ဝှေး ကြိုးတန်း တစ်ခုခုကို စွဲကိုင်အားပြုပြီးမှ ထခြင်း ထိုင်ခြင်း စသည်ကို ပြုလုပ်နိုင်ကြသလို သိမှုစတဲ့နာမ် တရားတွေဟာလဲ ဆိုင်ရာအာရုံတစ်ခုခုကို စွဲမှီအားပြုပြီးမှသာ ဖြစ်နိုင်ကြတာကို အကြောင်းပြုပြီး အာရမ္မဏ ပစ္စည်းဖြစ်တဲ့ အာရုံခြောက်ပါးတို့ကို တောင်ဝှေး ကြိုးတန်းနဲ့ ဥပမာပေးထားတာပါ။

တခြား မြင်ထောင့် တစ်မျိုးဖြစ်တဲ့ ဟေတုပစ္စည်း ဘက်ကနေ ကြည့်မယ်ဆိုရင်တော့ ရေသောက်မြစ် ခြောက်သွယ်နဲ့ပမာတူတဲ့ ဟိတ်ခြောက်ပါးဆိုတာ နာမ်တရားများပဲဖြစ်တဲ့အတွက် အာရုံခြောက်ပါးထဲက တစ်ပါးပါးကို အာရုံပြုမှီစွဲပြီးမှသာဖြစ်နိုင်တဲ့ တရား မျိုးဖြစ်ပါတယ်။ ဒါကြောင့် ဟိတ်ခြောက်ပါးဟာ သစ်ပင်တို့ရဲ့ရေသောက်မြစ်နဲ့ ပမာတူတယ်ဆိုရင် အာရုံခြောက်ပါးတို့ဟာ ရေသောက် မြစ်ရဲ့တည်မှီရာ မြေကြီးအထုနဲ့ ပမာတူတယ်လို့ ဆိုရပါလိမ့်မယ်။

အရင်တစ်ပတ်က ပြောခဲ့တဲ့အတိုင်း မြေကြီးဟာ ဘယ်အပင်အတွက် ဘယ်လိုအရသာကိုပေးမယ်ဆိုတဲ့ သီးသန့် ရည်မှန်းပြီးပေးတဲ့ ခွဲတမ်းဆိုတာမရှိဘူး။ အပင်တို့ကို ရေသောက်မြစ်က စုပ်ယူတဲ့ အတိုင်းသာ အရသာကို ရကြတာ ဖြစ်သလို အာရုံခြောက်ပါး တို့ဟာလည်း ဘယ်ပုဂ္ဂိုလ်အတွက်မှ ကုသိုလ်ဖြစ်စေç အကုသိုလ်ဖြစ်စေဆိုတဲ့ ခွဲတမ်းမရှိဘူး။ သတ္တဝါတို့ သန္တာန်မှာ အနုသယသဘော ပါရမီဓာတ်ခံ သဘောနဲ့ ရှိနေတဲ့ ဟိတ်ခြောက်ပါး ရေသောက်မြစ်များက ဦးဆောင်ရယူတဲ့အတိုင်းသာ ကုသိုလ်တရား အကုသိုလ်တရားများ ဖြစ်ပေါ်ကြရတာပါ။(အကုသိုလ် ရေသောက်မြစ်များကို အနုသယ၊ ကုသိုလ်ရေသောက်မြစ်များကို ပါရမီဓာတ်ခံ လို့ ပြောဆိုသုံးစွဲရပါတယ်)



ဒါကြောင့် အာရုံခြောက်ပါးတို့အပေါ်မှာ အချစ်လဲမစောနဲ့၊ အပြစ်လဲမပြောနဲ့၊ စစ်ကြောသုံးသပ်ပြီး မိမိရည်မှန်း ချက်ပြီး မြောက်အောင်သာ အသုံးချ တတ်ကြပါလို့ သတိပေးချင်ပါတယ်။

○ ○ ○ ○ ○ ○ ○ ○ ○ ○ ○



မျိုးစေ့နဲ့ ရေသောက်မြစ်

အာရမ္မဏ ပစ္စည်းအကြောင်း အကျယ်တဝင့်မပြောသေးမှီ ဟေတုပစ္စည်းနဲ့ ဆက်စပ်ပြီး စဉ်းစားစရာလေးတွေကို ထပ်ပြော ချင်ပါသေးတယ်။

သစ်ပင်တို့ရဲ့ အခွံအခေါက် ပင်စည် ရွက်ပွင့် အသီးအစေ့စသည်တို့မှာ ဖြစ်ပေါ်လာတဲ့ အရသာ အမျိုးမျိုးတို့ဟာ ရေသောက်မြစ်က တဆင့် မြေထဲကနေ စုပ်ယူပေးတဲ့ မြေဆီ ဓာတ်များ ပဲဖြစ်တယ်ဆိုတာ သဘောပေါက်ပြီးတဲ့အခါ အဲဒီအပင်တို့ရဲ့ ရေသောက်မြစ် တွေကကော အချိုဓာတ်ကို စုပ်ယူတဲ့ ရေသောက်မြစ်၊ အချဉ်ဓာတ်ကို စုပ်ယူတဲ့ ရေသောက်မြစ် စသည် ဘာဖြစ်လို့ ကွဲပြားကြသလဲ ဆိုတာ စဉ်းစားမိကြမှာပဲ၊ ပြီးတော့ ဒါဟာ မျိုးစေ့ထဲမှာတည်ရှိနေတဲ့ ဗီဇသတ္တိအားလျော်စွာ ကွဲပြားကြ တာပဲလို့လဲ သဘောပေါက် ကြမှာပါ။



ဒီလိုဆိုရင် သတ္တဝါတွေဟာ အာရုံခြောက်ပါးနဲ့ တွေကြတဲ့အခါ တစ်ချို့က လောဘစတဲ့ အကုသိုလ် မြစ်တွေဦးစီးပြီး အကုသိုလ် တရားတွေဖြစ်အောင် သုံးသပ်ကြတာတို့၊ တဟချို့က အလောဘစတဲ့ ရေသောက်မြစ်တွေနဲ့ ကုသိုလ်တွေဖြစ်အောင် သုံးသပ်ကြတာတို့ဟာလည်း သူတို့ရဲ့ ပဋိသန္ဓေစိတ်ဆိုတဲ့ ဗီဇမှာ အနုသယသဘော ပါရမီ ဓာတ်ခံသဘောနဲ့ပါရှိလာတဲ့ သတ္တိ အားလျော်စွာ ဖြစ်ကြတယ် ဆိုတာကို သဘောပေါက် ကြရမှာဖြစ်ပါတယ်။



ဒီနေရာမှာ အထင်ရှားဆုံး သာဓကအဖြစ် သာကီဝင်မင်းသားချင်း အတူတူဖြစ်တဲ့ ဘုရားအလောင်း သိဒ္ဓတ္ထမင်းသားနဲ့ ဒေဝဒတ်တို့ရဲ့ ပဋိသန္ဓေ ဗီဇဓာတ်နှစ်ခုကို နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။ မြတ်စွာဘုရား အလောင်းတော်ဟာ သုမေဓာ သူဌေးသား ဘဝကတည်းက မိမိပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာတွေကို အများအတွက် စွန့်လွှတ်ခဲ့တယ်၊ ရသေ့အဖြစ်နဲ့ ဈာန်အဘိညာဉ် ရရှိပြီးချိန်မှာ ဒီပင်္ကရာဘုရားရှင်နဲ့ နောက်ပါ သံဃာတော်တေ ကြွလာမယ့်လမ်းကို အများ စုပေါင်း ပြင်ဆင် နေချိန်နဲ့ ကြုံတွေ့တဲ့အခါ ရွံ့ညွန် တွေထူထပ်တဲ့ ဗွက်အိုင်ကြီးကို သူတစ်ပါးတွေ မပြင်လိုဘဲ ရှောင်ဖယ်ထားတာ သိလို့ အဲဒီအခက်ခဲ ဆုံးနေရာကို သူက တာဝန်ယူပြုပြင်တယ်၊ ဒီလိုပြုပြင်ရာ မှာလဲ ရရှိထားတဲ့ တန်ခိုး အဘိညာဉ်ကို အသုံးမပြုဘဲ ပင်ကိုယ်ကာယစွမ်း အားနဲ့ပဲ ကြိုးစားပြင်တယ်၊ ဘုရားရှင်နဲ့နောက်ပါ သံဃာတော်တွေြွကလာချိန်မှာ ခန္ဓာကိုယ် တစ်လျားစာလောက် ရွံ့ဗွက်ကို ဖို့လို့မပြီးတဲ့အခါ ကိုယ်ကို အလျားစင်းပြီး တံတားခင်းပေးခဲ့တယ်။ နိယတဗျာဒိတ်ကို မရမီကတည်းက စွန့်လွှတ်စိတ် အနစ်နာခံ စိတ်ထက်သန် ခဲ့တယ်လို့ ဆိုလိုတာပါ။

ဒီပင်္ကရာ ဘုရားရှင်နဲ့တွေ့လို့ နိယတဗျာဒိတ်ကို ရရှိပြီးတဲ့ နောက်မှာတော့ အထူးပြောစရာ မလိုတော့ပါဘူး။ စွန့်လွှတ်တဲ့ အလောဘ စိတ်ဓာတ်၊ ခွင့်လွှတ် သည်းခံနိုင်စွမ်းတဲ့ အဒေါသ စိတ်ဓာတ်၊ မတွေမဝေ စဉ်းစားသုံးသပ်တဲ့ အမောဟစိတ်ဓာတ်တွေ ဘဝစဉ်ဆက် ပွား များထုံမွှမ်းခဲ့တာပါ။



နောက်ဆုံး ဘုရားဖြစ်မယ့် ဘဝမရောက်မီ တုသိတာ နတ်ဘုံမှာ ဖြစ်တဲ့အခါ စကြဝဠာ တစ်သောင်းမှာရှိကြတဲ့ နတ်ဗြဟ္မာတွေက “လူနတ်ဗြဟ္မာသတ္တဝါ အပေါင်းကိုကယ်တင်ဖို့အတွက် လူ့ပြည်မှာပဋိသန္ဓေနေပြီး ဘုရားဖြစ်တော်မူပါ (ဘုရားဖြစ်အောင် ကျင့်တော်မူပါ) သတ္တဝါတွေကို ကယ်တင်တော်မူပါ” လို့ ဝိုင်းပြီး တောင်းပန်ကြတယ်။ အလောင်းတော် နတ်သားက ဘုရားဖြစ်ချိန် သင့်မသင့် အချိန်ကာလ၊ တည်နေရာကျွန်း၊ အရပ်ဒေသ၊ ဖြစ်သင့်တဲ့အမျိုးအနွယ်၊ မယ်တော်ရဲ့သက်တမ်းဆိုတဲ့ ကြည့်ခြင်းကြီး ငါးမျိုးတို့ကို ကြည့်ပြီးအချက်အလက် ပြည့်စုံတာကို သိပြီးတဲ့အခါ “သတ္တဝါတွေ ချမ်းသာစေဖို့ (ဒုက္ခက လွတ်မြောက်ဖို့)အတွက် လူ့ပြည်ကိုဆင်းပြီး ပဋိသန္ဓေနေတော့မယ်၊ ဘုရားဖြစ်အောင် အားထုတ်မယ်၊ သတ္တဝါတွေ ချမ်းသာစေရမယ်”ဆိုတဲ့ မေတ္တာစိတ် အပြည့်နဲ့ နတ်ဗြဟ္မာအပေါင်းတို့ရဲ့ တောင်းပန်စကားကို လက်ခံလိုက်တယ်။ လူ့ပြည်ရွာဆင်းပြီး ပဋိသန္ဓေနေဖို့ ဆုံးဖြတ်လိုက်တယ်၊ လက်ရှိရရှိခံစားနေရတဲ့ နတ်စည်းစိမ်တွေကို ဘာမှထည့် မတွက်ဘူး၊ ကိုယ်ကျိုးအတွက် မစဉ်း စားဘူး၊ စွန့်လွှတ်တဲ့ အလောဘစိတ်၊ ခွင့်လွှတ်တဲ့ အဒေါသစိတ်၊ မေတ္တာစိတ်၊ လောကအကျိုးကို ချင့်ချိန်သုံးသပ်တဲ့ အမောဟစိတ်အပြည့်နဲ့ ဆုံးဖြတ်ပြီး နတ်သက်ကိုစွန့်ချွေကာ လူပြည်မှာ ပဋိသန္ဓေတည်နေခဲ့ပါတယ်၊ အဲဒါ နောက်ဆုံးဘဝ ဘုရားအလောင်း သိဒ္ဓတ္ထ မင်းသားရဲ့ ပဋိသန္ဓေ ဗီဇဓာတ်ဖြစ်ပေါ်လာပုံပါပဲ။

ပဋိသန္ဓေကိုဖြစ်စေတဲ့ ကံတွေအားလုံးဟာ စွန့်လွှတ်တဲ့အလောဘ၊ ခွင့်လွှတ်တတ် မေတ္တာထားတတ်တဲ့ အဒေါသ၊ သုံးသပ် ဆုံးဖြတ်နိုင်စွမ်းတဲ့ အမောဟဆိုတဲ့ အမြတ်စားရေသောက်မြစ်သုံးခုအတွက် ပြည့်စုံ လုံလောက်တဲ့ ပဋိသန္ဓေဗီဇဓာတ်ဖြစ်ပါတယ်၊

ဒါကြောင့်လဲ ဆိုင်ရာဋ္ဌာနများကို အမှီပြုပြီး ဆိုင်ရာအာရုံတို့နဲ့ တွေ့ကြုံရတဲ့အခါတိုင်း စွန့်လွှတ်စရာ၊ ခွင့်လွှတ်စရာ ဆင်ခြင်သုံးသပ်စရာအဖြစ်နဲ့သာ စုပ်ယူနိုင်ခဲ့တာဖြစ်လို့ အာရုံကို အချစ်စောခြင်းဆိုတဲ့ ကာမသုခလ္လိကာ နုယောဂ အစွန်း၊ အာရုံကို အပြစ်ပြောခြင်းဆိုတဲ့ အတ္တကိလမထာ နုယောဂအစွန်းတို့ကို လွန်မြောက်ပြီး အာရုံတို့ရဲ့ သဘောအမှန်ကို သိမြင်နိုင်စွမ်းရှိတဲ့ မဇ္ဈိမပဋိပဒါ လမ်းမှန်ကိုတွေ့ရှိ ကာ သဗ္ဗညုတ ဘုရားရှင် အဖြစ် ရောက်ရှိတော်မူခဲ့တာပါ။



သဗ္ဗညု ဘုရားရှင်အဖြစ် ရောက်ရှိတဲ့အခါမှာတော့ ပဋိသန္ဓေ ဗီဇဓာတ်မှာ ကတည်းက အလေ့ အထုံရင့်သန်လာခဲ့တဲ့ စွန့်လွှတ်မှု အလောဘရေသောက်မြစ်၊ ခွင့်လွှတ်မှု မေတ္တာဓာတ်အပြည့်ပါတဲ့ အဒေါသ ရေသောက်မြစ်၊ သိသင့်သိထိုက်တဲ့ တရားတို့ကိုသာမက တရားကို သိနိုင်စွမ်းရှိတဲ့ ဝေနေယျတို့ရဲ့ ပါရမီဓာတ်ခံအလို အဇ္ဈာသယ တို့ကိုပါ သုံးသပ် သိမြင်နိုင် စွမ်းရှိတဲ့ အမောဟ ရေသောက်မြစ်တို့ဟာ အတိုင်းထက်အလွန် သန်စွမ်းကြီးမား တော်မူကြလို့ လောကီအာရုံ ကာမဂုဏ်တို့ကို စွန့်လွှတ်နိုင်ဆုံးပုဂ္ဂိုလ်လဲဖြစ်၊ ဒေဝဒတ်နဲ့ သားတော် ရာဟုလာ၊ စိဉ္စမာနနဲ့ ယသော်ဓရာ၊ ဝိသာခါ ကျောင်းအမနဲ့ မာဂဏ္ဍီသူဌေးသမီးတို့ အပေါ်မှာပင် နှစ်မျိုးမပြား တစ်သားတည်း သဘောထားနိုင်တဲ့ မဟာကရုဏာသခင်၊ ကျွတ်ထိုက်တဲ့ ဝေနေယျတို့ကို ဆင်ခြင်သိမြင်ရာမှာ ရှင်တော်မြတ်ကိုယ်တိုင် ချေချွတ်မှ တရားအသိရမည့် နောက်ဆုံး မျက်မှောက်ဘဝက သုဘဒ္ဒပရဗိုရ်အထိ အြွကင်းအကျန်မရှိ သိနိုင်စွမ်းတဲ့ ပုဂ္ဂိုလ်မြတ်အဖြစ်နဲ့ အများနဲ့မဆက်ဆံတဲ့ သီးသန်ဉာဏ်တော်များကို ပိုင်ဆိုင်တဲ့ အသာဓာရဏ ဉာဏ်တော်ရှင်ကြီး ဖြစ်တော်မူရတာပါ။



ပါရမီဖြည့်စဉ် ကာလ တစ်လျှောက်ကစပြီး နောက်ဆုံး ဘုရားဖြစ်မူတဲ့အထိ ဘုရားရှင်ကို အမြဲတမ်း ရန်လိုဆန့်ကျင်ခဲ့တဲ့ ရှင်ဒေဝဒတ်ရဲ့ ဗီဇဓာတ်ကို ကြည့်မယ်ဆိုရင် ရွဲကုန်သည် ဘဝကတည်းက သူတစ်ပါးပစ္စည်းကို အချောင်ရလိုတဲ့ လောဘတရား ကြီးမားခဲ့သူ၊ အမှန်အကန် လုပ်တဲ့ ဘုရားအလောင်းကြောင့် သူအချောင်ရဖို့ ကြိုးစားခဲ့တဲ့ ရွှေခွက် မရခဲ့တာကို အကြောင်းပြုပြီး ဘုရားအလောင်းကို သံသရာရှည်သရွေ့ ဘယ်ဘဝမှာမဆို ရန်ငြိုးအာဃာတထားခဲ့သူ အမှန်တရားကို လက်မခံနိုင်သလို အမှန်တရား သိရှိဖို့ ဘယ်တော့မှ စိတ်ဝင်စားခြင်းမရှိအောင် မောဟထူခဲ့သူဖြစ်တယ်။



ဒါကြောင့်လည်း ဘုရား အလောင်းတော်နဲ့ တွေ့ဆုံရတဲ့ ဘဝတိုင်းမှာ ဘုရားအလောင်းက သူ့အပေါ်ဘယ် လောက်ကောင်းကျိုး ပြုထားထား အမြဲကျေးဇူး ကန်းတတ်သူ၊ ရက်စက်ခဲ့သူအဖြစ်နဲ့ ရပ်တည်ခဲ့ပါတယ်၊ ကျေးဇူးကန်းမှု ရက်စက်မှုတို့ကြောင့် အရှင်လတ်လတ် မြေမြိုပြီး အဝီစိငရဲအထိ ကျရောက်ခဲ့တဲ့ဘဝတွေ အများကြီး ကြုံခဲ့ပေမယ့်လည်း ဘယ်တော့မှနောင်တမရဘဲ လောဘ၊ ဒေါသ၊ မာန်မာန တွေနဲ့သာ ဘဝတိုင်းကျင်လည်ခဲ့ပြီး ဒီကံတွေနဲ့ ထုံးမွှမ်းထားတဲ့ အနုသယ ဓာတ်အပြည့်ရှိတဲ့ ဗီဇပဋိသန္ဓေနဲ့ နောက်ဆုံးဆုံတွေ့ရတဲ့ ဘဝမှာ တစ်မျိုးတစ်နွယ်တည်း ညီအစ်ကိုဝမ်းကွဲအဖြစ် လာရောက်ဆုံတွေ့ကြပါတယ်။



ရှည်လျားလှတဲ့ သံသရာမှာ တစ်အောင့် တစ်ခဏ အားကျ ဆည်းပူးခဲ့ဖူးတဲ့ လောကီ အဘိညာဉ်ဓာတ်ခံလေးနဲ့ အဲဒီလို ဘဝမှာပြုခဲ့ဖူးတဲ့ ကံကောင်း အထောက်အပံ့ကြောင့် ဘုရင့်သားတော်ဖြစ်ခဲ့တယ်၊ တခြားသာကီဝင်မင်းသား ငါးဦးတို့နဲ့အတူ သာသနာဘောင်လဲ ရောက်ခဲ့တယ်။ ကြိုးစားအားထုတ်မှုကြောင့် လောကီအဘိညာဉ်အထိတောင် ရရှိပိုင်ဆိုင်ခဲ့ပါတယ်။

ခန့်မှန်းကြည့်ရတာကတော့ ဘဝတစ်ခုခုမှာ လောကီ အဘိညာဉ် အစွမ်းပြတဲ့ မထေရ်တစ်ပါးပါးကို တွေ့ဖူးပါလိမ့်မယ်၊ မြင်ရသူတွေက တအံ့တဩငေးမော အားကျကြည်ညို ကြတာကိုလည်း မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရပါလိမ့်မယ်၊ အများရဲ့ အထင်ကြီးလေးစားမှုကို ခံယူလို တဲ့စိတ်ထားနဲ့ပဲ အဲဒီမထေရ်မြတ်ထံမှာချဉ်းကပ်ပြီး ရဟန်းတရားနဲ့ အဘိညာဉ်အခြေခံ သမထ တရားများ ကိုလည်း ပွားများလေ့လာခဲ့ဖူး ပါလိမ့်မယ်၊ အဲဒီလိုကံတွေရဲ့ အကျိုးပေးခွင့်အရ အခုနောက်ဆုံး တွေ့ရတဲ့ဘဝမှာ မင်းသားလဲဖြစ် သာသနာ့ဘောင်လဲရောက် လောကီ အဘိညာဉ်အထိလဲ အားထုတ်ရရှိခဲ့တယ်လို့ ခန့်မှန်းကြည့်နိုင်ပါတယ်။



ဒါပေမယ့် သူလေ့လာဆည်းပူးခဲ့တဲ့ ကောင်းမှုများဟာ လူတွေအထင်ကြီး လေးစားခြင်းကိုခံလိုတဲ့ လောကီကျိုး အတွက်သာ ရည်ရွယ်ချက်ခဲ့တာဖြစ်ပြီး ကိလေသာ ကင်းရာဖြစ်တဲ့ နိဗ္ဗာန်ကို ရည်ရွယ်ခဲ့တာ မဟုတ်လို့ အမြင့်ဆုံးကို ရည်မှန်းတဲ့ ပါရမီတော့မဟုတ်ခဲ့ ပါဘူး။ လောဘ ဒေါသစတဲ့ ကိလေသာ ဓာတ်တွေဟာ ပါရမီစစ်စစ်ဆိုတဲ့ ဓာတ်ကောင်းနဲ့ အစားမထိုးနိုင်သေးသမျှ လောကီကျိုး အတွက် ရည်မှန်းပြုလုပ်တဲ့ ကုသိုလ်ဆိုတာ ခွေးမြီးကောက်ကို စွပ်တဲ့ ကျီတောက်လောက်ပဲ ရှိတာမျိုးဖြစ်လို့ ဒီကုသိုလ် ကျီတောက်ဖြုတ် လိုက်တာနဲ့ တပြိုင်နက် မူလကအလေ့အလာသန်ခဲ့တဲ့ လောဘ ဒေါသ မာန်မာနတွေကလည်း ထောင်ထလာမြဲဖြစ်ပါတယ်။



ဒေဝဒတ်ဟာ သူရဲ့ကုသိုလ်ဓာတ်ခံ ရှိသလောက် အစွမ်းကုန် လောကီအဘိညာဉ်ကို ရပြီးလို့ ကုသိုလ်ကံ ကျည်တောက်ပြုတ် သွားတဲ့အခါမှာတော့ ခွေးမြီးကောက် ပမာဖြစ်တဲ့ ပင်ကိုဓာတ်ခံ လောဘ ဒေါသ မောဟတရားများဟာ ဇာတိရုပ်ပြလာပါတော့တယ်။



ဒါကြောင့်လဲ ဘုရားရှင် သာသနာတော်ကြီးနဲ့ ကြုံတွေ့ပြီး သာသနာတွင်း သားရဟန်း အဖြစ်ကိုရခဲ့ပေမယ့် သာသနာတွင်း သားရဟန်း တော်တို့ရဲ့ အမြင့်ဆုံးအဆင့်ဖြစ်တဲ့ ကိလေသာ အာသဝေါကုန်ခန်းတဲ့ ရဟန္တာအဖြစ်ကို အားမကျဘဲ ရဟန္တာအရှင်မြတ်ကြီးတွေကို ဒကာ ဒကာမတွေက လေးစားကြည်ညိုပူဇော်ကြတဲ့ လာဘသက္ကာရတွေနဲ့ ထင်ပေါ်ကျော်ကြားမှုတွေကို အားကျပြီးနည်း မျိုးစုံနဲ့ရဖို့ ကြိုးစား ခဲ့ပါတယ်။



ဒါဟာ သူရဲ့ပဋိသန္ဓေ ဗီဇဓာတ်မှာ ကမ္ဘာနဲ့ချီပြီး ထုံမွှမ်း တည်ဆောက်ထားတဲ့ ဓာတ်ခံများအတိုင်း ဆိုင်ရာ ရေသောက်မြစ်တွေ သန်စွမ်းလာတဲ့သဘောပါပဲ။



အာရုံချင်း တူပါလျှက် ဗီဇဓာတ်ခံအတိုင်းဆိုင်ရာ ရေသောက် မြစ်တွေ သန်စွမ်းပြီး အာရုံတို့ရဲ့အရသာကို စုပ်ယူကြပုံနဲ့ ပတ်သက်လို့ ရှင်ဒေဝဒတ်နဲ့အတူ ရဟန်းပြုကြတဲ့ သာကီဝင်မင်းသားတို့ကို နှိုင်းယှဉ်ကြည့်ရင် ပိုပြီးသိသာတယ်။

သူတို့ ခြောက်ဦးလုံးသာသနာ့ဘောင်ကို တစ်နေ့တည်း အတူဝင်ရောက်လာကြတယ်၊ ဘုရား၊ တရား၊ သံဃာဆိုတဲ့ အာရုံတွေ၊ ဘုရားရှင်နဲ့ အရိယာ အရှင်သူမြတ်တို့ရဲ့ တရားဓမ္မနဲ့ အေးချမ်း မွေ့လျှော်နေကြပုံတွေ၊ လူနတ်ဗြဟ္မာ သတ္တဝါတို့က လေးမြတ်ကော်ရော် ပူဇော်ကြပုံတွေစတဲ့ အာရုံတွေကို အားလုံးအတူတူ တွေ့ကြမြင်ကြတာပါပဲ။



အဲဒီအထဲမှာ အရှင်ဘဒ္ဒိယ၊ အရှင်အနုရုဒ္ဓ၊ အရှင်အာနန္ဒာ၊ အရှင်ပဂု၊ အရှင်ကိမိလတို့က ကမ္ဘာပေါင်းတစ်သိန်းလောက် စွန့်လွှတ်တဲ့ အလောဘဓာတ်၊ ခွင့်လွှတ်သည်းခံတဲ့ အဒေါသဓာတ်၊ အမှားအမှန် အတုအစစ်ကို ဆန်းစစ်ဝေဖန်နိုင်စွမ်းတဲ့ အမောဟဓာတ်တွေနဲ့ ထုံမွှမ်းလာခဲ့တဲ့ ပါရမီရှင်တွေပီပီ သူတို့ရဲ့ဗီဇဓာတ်မှာ အလောဘ အဒေါသ အမောဟ ရေသောက်မြစ်တွေ အားကောင်းတဲ့ သတ္တိအပြည့် ရှိကြတဲ့အတွက် သူတို့မြင်တွေ့ ကြားသိရသမျှ အာရုံတွေထဲက ဘုရားအစရှိတဲ့ အရိယာ အရှင်မြတ်တို့ရဲ့ လောကီအာရုံတို့ကို မငြိမတွယ် စွန့်ပယ်နိုင်ပုံနဲ့ ဖလသမာပတ်တို့နဲ့ ချမ်းချမ်းသာသာ နိဗ္ဗာန်ကို အာရုံပြုတော်မူနိုင်ကြပုံကို စုပ်ယူအားကျ အတုယူ ကြပါတယ်။



ဘာမဆို မိမိအတွက်သာကြည့်ပြီး နှစ်သက်ရာ အာရုံမှန်သမျှကို ရတဲ့နည်းနဲ့အရယူဖို့၊ မကျေနပ်တဲ့ အရာတိုင်းကို ဒေါသ အာဃာတနဲ့ တုံ့ပြန်ဖို့ ဘယ်အရာကိုမှ ရှေ့နောက်တိုင်းထွာ စဉ်းစားလေ့မရှိဘဲ မဆင်မခြင် စိတ်ထင်တိုင်းပြုမူဖို့ အလေ့သန်ခဲ့တဲ့ အရှင်ဒေဝဒတ် ကတော့ သူ့ရဲ့ဗီဇဓာတ်မှာ လောဘ ဒေါသ မောဟ ရေသောက်မြစ်တွေ ထက်သန်အားကောင်းဖို့ သတ္တိ အပြည့်ရှိသူပီပီ သူတွေ့မြင်ရတဲ့ အာရုံတွေထဲက မဂ်ဖိုလ် နိဗ္ဗာန်ဆိုတဲ့ အာရုံကို လုံးဝစိတ်မဝင်စားဘဲ အချွေအရံ ပရိသတ်နဲ့ လာဘ်လာဘတွေကိုသာ စိတ်ဝင်စားစုပ်ယူ မိလို့ နောက်ဆုံးမှာ သံဃာကိုသင်းခွဲတဲ့ သံဃဘေဒက ကံ၊ ဘုရားကို သွေးစိမ်း တည်အောင်ပြုတဲ့ လောဟိတုပ္ပါဒက ကံဆိုတဲ့ ပဉ္စာနန္တ ရိယကံကြီးနှစ်ခုကို ကျူးလွန်ပြီး အရှင်လတ်လတ်မြေမြိုကာ အဝီစီအထိ ကျရောက်သွားရပါတယ်။



ဒါကြောင့်လဲ အရှင်ဒေဝဒတ်ဟာ ရဟန်းတော်ဖြစ်ပါလျှက် အသက်ကိုစွန့်ရတဲ့အချိန်မှာ “ရဟန်းပီပီ ပျံလွန်တော်မူတယ်” လို့ သုံးခွင့်မရရှာဘဲ နစ်တော်မူတဲ့ ရဟန်းတော် တစ်ပါးအဖြစ် ပိဋကတ် စာပေမှာ ထင်ထင်ရှားရှား မှတ်တမ်းဝင် သွားရပါ တော့တယ်။

အာရမ္မဏပစ္စည်းအကြောင်း ဆက်လက်ဆွေး နွေးပါဦးမယ်။



မှတ်ချက်။ ။ တောင်စွန်း ဓမ္မဘေရီဆရာတော်ရဲ့ ပဋ္ဌာန်းပို့ချချက် ဆောင်းပါးများကို အခန်းဆက်အနေနဲ့ အလျင်းသင့်သလို ဆက်လက် ဖေါ်ပြပေးသွားပါမည်။ စောင့်မျှော် ဖတ်ရှုနိုင်ပါကြောင်း သတင်းပါးအပ်ပါသည်။

မေတ္တာဥယျာဉ်

Thursday, February 17, 2011

အချစ်မှ တစ်ဆင့် နိဗ္ဗာန်သို.



အချစ်ဟာ ကောင်းသလားလို. မေးရင်တော့ မကောင်းဘူး ပြောရမှာပဲ။ ဒါပေမဲ့ အချစ်ကြောင့် အရဟတ္တမဂ်၊ အရဟတ္တဖိုလ် ကို ရနိုင် ပါတယ်တဲ့။ ဒီလိုပြောတော့ စာဖတ်သူက ချက်ချင်း လက်ခံချင် နိုင်မှ လက်ခံနိုင်မှာပါ။ ပဋ္ဌန်း ဥပနိဿယ ပစ္စည်းကိုအာရုံပြုကြည့်လိုက်ပါ။

အကုသလော ဓမ္မော၊ ကုသလဿ ဓမ္မဿ ဥပနိဿယ ပစ္စယေန ပစ္စယော။ အကုသိုလ် တရားက ကုသိုလ် တရားကို ပြန် ကျေးဇူးပြုပါတယ်တဲ့။ အကုသိုလ်က ကုသိုလ်ကို ပြန်ကျေးဇူး ပြုတယ်ဆိုတော့ ဖတ်ရသူတွေ အဖို့ အံ့သြစရာ ဖြစ်နေ ပါလိမ့်မယ်။
အဓိပ္ပါယ် ကတော့ အချစ်ဆိုတဲ့ ရာဂ ကို အမှီပြုပြီး၊ ဒါနတွေ ပြုမယ်။ သီလတွေ ဆောက်တည်မယ်။ ရှစ်ပါးသီလ၊ ကိုးပါး သီလ ကိုစောင့်ထိန်းမယ်။ ဈာန်ရကြောင်း သမထ ကမ္မဋ္ဌန်း တစ်ခုခုကို ပွားများမယ်။ ၀ိပသနာ တရားကို ပွားများမယ်။ ဒါဆိုရင်တဲ့ မဂ်လည်း ရနိုင်ပါတယ်။ အဘိညာဉ်လည်း ရနိုင်ပါတယ်။ သမာတ်လည်း ရနိုင်ပါတယ်တဲ့။ ဒီအတိုင်း ပြောရင် ရှင်းမှာမဟုတ်ဘူး၊ ပုံဝတ္ထုလေးနဲ့တွဲပြောပြလိုက်ရင် ပိုရှင်းသွားပါလိမ့်မယ်။

ဒါကြောင့် အားလုံးကြားဖူးတဲ့ သုမေဓာ ရှင်ရသေ့ ၀တ္ထုလေးကို ပြန်အာရုံ ပြုကြည့်ရအောင်။

ဒီပင်္ကရာ မြတ်စွာဘုရား ကြွလာမဲ့ လမ်းမှာ ၀ိုင်းပြီး လုပ်အားပေး ကြတော့ သုမေဓာ ရှင်ရသေ့လေး ကလည်း ၀င်ပြီး လုပ်အား ပေးပါတယ်။ နောက် ဒီပင်္ကရာ မြတ်စွာဘုရားရှင် ကြွလာတော့ သူမေဓာ ရှင်ရသေ့လေးက သူတာဝန်ယူ ထားတဲ့ မြေကွက်က မပြီးသေးတာနဲ့ ခန္ဓာကိုယ်ကို တံတား အဖြစ်ခင်းပြီး လှူ လိုက်ပါတယ်။ အဲဒီအချိန်မှာပဲ သုမိတ္တာ ဆိုတဲ့ အမျိုး သမီးလေးက ရသေ့လေးကို မြင်မြင်ခြင်း သံယောဇဉ် ဖြစ်ပြီး ချစ်သွားပါသတဲ့။ သုမိတ္တာ ဆိုတဲ့ အမျိုးသမီး လေးရဲ့ လက်ထဲ မှာ ဒီပင်္ကရာ မြတ်စွာ ဘုရားကို ကပ်လှူဘို. ကြာပန်း ရှစ်ခိုင်ကို ကိုင်ထားပါတယ်။ မြင်မြင်ချင်း ချစ်တဲ့စိတ် ဖြစ်သွားတာ ဆိုတော့ ကိုင်ထားတဲ့ ကြာပန်း ရှစ်ခိုင်ထဲက ငါးခိုင်ကို ခွဲထုတ်ပြီး သုမေဓာ ရှင်ရသေ့လေးကို “ဒီကြာပန်းလေး တွေနဲ့ မြတ်စွာ ဘုရားကို လှူပါနော်” လို. ပြောပြီး ပေးလိုက်ပါတယ်။ သူကတော့ သုံးခိုင်ပဲ ယူထားလိုက်ပါတယ်။

ပြီးတော့ ရှင်ရသေ့ ပါရမီ ဖြည့်ကျင့် နေသမျှ ကာလ အတော အတွင်း “ကျွန်မသည် ရှင်ရသေ့နဲ့ အတူတကွ ပါရမီဖြည့်ဘက် ဖြစ်ရပါလို့၏”လို့ ဆုတောင်း လိုက်ပါတယ်။ဒီဘ၀ အတွက် ဆုတောင်းတာ မဟုတ်ပါဘူး၊ နောင်ဘ၀ နောင်ဘ၀ တွေအတွက် ဆုတောင်းတာပါ။ ရသေ့ဖြစ် နေတာဆိုတော့ ဒီဘ၀ အတွက်တော့ မဖြစ်နိုင်တော့ပါဘူး ။

ဒီပင်္ကရာ မြတ်စွာဘုရားရှင်ကလည်း “သုမေဓာ ရှင်ရသေ့…ဒီ သုမိတ္တာ အမျိုးသမီးလေးဟာ သင်ဘုရား ဖြစ်ဖို့ရန် စိတ်တူ ကံတူ ပါရမီ ဖြည့်ဘက် ဖြစ်လိမ့်မယ်” လို့ တစ်ခါတည်း ဗျာဒိတ် ပေးလိုက်ပါတယ်။ ဘာပဲပြောပြော ချစ်တဲ့ စိတ်ဖြစ်ပြီး ပါရမီ ဆုတောင်း လိုက်တော့ သုမိတ္တာ အတွက် မှန်ကန် အကျိုးရှိတဲ့ ဆုတောင်းတစ်ခု ဖြစ်သွားတာတော့ အမှန်ပါပဲ။

သုမိတ္တာဆိုတဲ့ အမျိုးသမီး လေးဟာ အချစ်ဆိုတဲ့ ရာဂ ကို အမှီပြုပြီး သံသရာမှာ ပါရမီ ဖြည့်ဘက် အဖြစ် ကျင်လည်ရင်း ၊ ဒါနတွေပြု၊ သီလတွေ ဆောက်တည်၊ သမထ တွေပွားများ၊ နောက်ဆုံး ဘ၀မှာ ၀ိပဿနာ တရားတွေ ပွားများ အားထုတ်ရင်း၊ အရဟတ္တမဂ်၊ အရဟတ္တဖိုလ် ရသွား ပါတော့တယ်။ ဒါဟာ အချစ်ဆိုတဲ့ ရာဂကို အမှီပြုပြီး အရဟတ္တမဂ်၊ အရဟတ္တဖိုလ် ရသွားတဲ့ ထင်ရှားတဲ့ သာဓက တစ်ခုပါ။ အချစ်က နိဗ္ဗာန်ရဖို့ ကျေးဇူး ပြုလိုက်တာပါ။

ဇနီး မောင်နှံ နှစ်ယောက် အိမ်ထောင်ပြု ကြတယ်ဆိုတာ ရာဂကို အမှီပြု ပြီးပြုကြ ရတာပါ။ ဒါပေမဲ့ ကိုယ်က ဒီရာဂ ကို အမှီပြု ပြီး ဒါနတွေ ပြုဖြစ်အောင်၊ သီလတွေ ဆောက်တည်ဖြစ်အောင်၊ ၀ိပဿနာတွေ ပွားများဖြစ်အောင် သုမေဓာ ရှင် ရသေ့နဲ့သုမိတ္တာအမျိုးသမီးလေးတို့ကို အာရုံပြုပြီး ကြိုးစား ရပါမယ်။

ဥပမာ- ကိုယ့်ခင်ပွန်းက အပြင်ထွက်ပြီး စီးပွားရှာ နေမယ်၊ ရှာလို့ ရလာတဲ့ ငွေကြေးတွေကို ဒါနတွေ ပြုပေးမယ်။ ခင်ပွန်း မွေးနေ.မှာ ကုသိုလ် ကောင်းမှု. တစ်ခုခု ပြုပေးမယ်၊ မွေးနေ. မှာ နှစ်ယောက်အတူ ဘုရားသွားမယ်၊ တရားပွဲတွေ အတူတူ သွားမယ်၊ မင်္ဂလာ ဆယ်နှစ်မြောက်၊ ဆယ့်ငါးနှစ်မြောက်၊ အထိန်းအမှတ် အဖြစ် ဒါနတွေ ပြုမယ်။ အားတဲ့ ရက်တွေမှာ ရိပ်သာကို တလှည့်စီ ဒါမှမဟုတ် နှစ်ယောက် အတူတူ ရိပ်သာဝင် တရား အားထုတ်မယ် ၊ ဒါတွေဟာ အချစ်ကို အမှီပြု ပြီး ကုသိုလ်တွေ ဖြစ်နေတာပါ။ နောက်တစ်ခုက ကိုယ့်ခင်ပွန်း အပြင်သွားပြီး အလုပ်လုပ် နေတဲ့ အချိန်မှာ ကိုယ့်ခင်ပွန်း အတွက် ဘုရားမှာ ပန်းကပ်၊ ရေကပ်ပေးမယ်။ ပြီးတော့ ဤရေ အေးမြသလို ကိုကိုလည်း စိတ်ကော ရုပ်ကော အေးမြပါစေလို့ မေတ္တာပို့ ပေး နေမယ်ဆိုရင် အချစ်ဆိုတဲ့ ရာဂကို အမှီပြုပြီး ကုသိုလ်တွေ ဖြစ်နေတာပါ။ ပဋ္ဌန်း စကားနဲ့ ပြောရင် ဥပနဿယ ပစ္စည်းနဲ့ အပြန်အလှန် ကျေးဇူးပြု နေကြတာပါ။ ကုသိုလ် ကောင်းမှု. တွေကို အတူတူ ပြုနေတဲ့ အတွက် နောင်ဘ၀ နောင်ဘ၀ တွေအတွက်လည်း ရေစက်ဆုံ ကြရဦးမှာပါ။

တကယ်လို. အိမ်ထောင် မပြုရသေးတဲ့ သမီးရည်းစား ဘ၀မှာပဲ ရှိနေသေးတယ် ထားဦး။ ချစ်သူတို့ သဘာဝ အရ ရွှေတိဂုံ ဘုရားကို သွားမယ်၊ ဘုရားမှာ ပန်းကပ်မယ်၊ ရေကပ်မယ်၊ ရွှေသင်္ကန်း ကပ်မယ် ဘုရားရှိခိုး မယ်ဆိုကြပါစို.။ သွားတုံးက ရာဂ ကို အမှီပြု ပြီးသွားကြတာ ဒါပေမဲ့ ဘုရားပေါ် ရောက်တော့ ကုသိုလ်တွေ ပြုဖြစ်သွားပါတယ်။ ဒါဟာလည်း အချစ်ကို အမှီပြုပြီးကုသိုလ်တွေဖြစ်နေတာပါပဲ။

သွားတုံးကတော့ ရာဂကို အမှီပြု ပြီးသွားပေမဲ့ ရာဂ အဆင့်မှာပဲ ရပ်မနေဘဲ တစ်ဆင့်တက်ပြီး ကုသိုလ်တွေ ပြုလိုက်တော့ အချစ်ကနေ ကုသိုလ်ကို ကျေးဇူးပြု သွားတာပါ။ ဟယ်..ရာဂ ဆိုတာ အကုသိုလ်ကြီး ဆိုပြီး နင်းကန် အပြစ်တင် နေရမှာ မဟုတ်ပါဘူး။ အဲဒီ အကုသိုလ် ဆိုတဲ့ ရာဂ ကို အမှီပြုပြီး အရဟတ္တမဂ်၊ အရဟတ္တဖိုလ် ရနိုင်တယ် ဆိုတာ ကိုယ်က သဘောပေါက် ထားဖို့ပါပဲ။

တစ်ခုတော့ ရှိပါတယ်။ ရာဂကို အမှီပြုပြီး တစ်ဆင့် တက်ရမှာကို မတက်ဘဲ ရာဂနဲ့ပဲ ရပ်နေမယ်၊ အချစ်နဲ့ပဲ ရပ်နေမယ် ဆိုရင်တော့ ဘယ်အရဟ တ္တမဂ်၊ အရဟတ္တဖိုလ် ရနိုင်မှာလဲ။

ဒီတော့ ဇနီးမောင်နှံ နှစ်ယောက်ဟာ အချစ်ဆိုတဲ့ ရာဂကို အမှီပြုပြီး အကုသိုလ် ကနေ ကုသိုလ်ကို တစ်ဆင့်တက်တဲ့ ဥပနိဿယ ပစ္စည်းတွေ ဖြစ်နေဖို.ပဲ အရေးကြီးပါတယ်။ ပြီးတော့ ဒီ ဥပနိဿယ ပစ္စည်းတွေဟာ နောင်ဘ၀ နောင်ဘ၀ တွေထိလည်း လိုက်ပြီး ကျေးဇူးပြု နေဦးမှာပါ။ နောက်ဆုံး နိဗ္ဗာန် ရတဲ့ အထိ ကျေးဇူးပြု သွားမှာပါ။

နှစ်ယောက်လုံး တရားအသိ ရှိထားတဲ့ သူတွေဆိုရင် အမှားပြုဖို့လည်း ခဲယဉ်း ကြသလို၊ နှစ်ယောက် စလုံးဟာ တရား ရိပ်သာ ၀င် ထားကြ၊ တရား အားထုတ်ဖူးတဲ့ သူတွေ ဆိုရင်တော့ တရား အသိ လေးတွေနဲ့ ဆိုရင် ဘ၀ကို အဓိပ္ပါယ် ရှိရှိ ငြိမ်းငြိမ်း ချမ်းချမ်းလေး တည်ဆောက် သွားလို့ ရပါတယ်။ ဘာပဲပြောပြော ဇနီးမောင်နှံ နှစ်ယောက် ပဋ္ဌန်း ဥပနိဿယ ပစ္စည်းတွေ နေ.စဉ် ဖြစ် ဖြစ်နေဖို့ပါပဲ။ ဒါဆိုရင် အမှားနည်းတဲ့ ရာသက်ပန် ငြိမ်းချမ်းတဲ့ ဘ၀လေး” ဖြစ်နေတော့မှာပါ။

ရ၀နွယ်(အင်းမ)

ရေးသားသူအရှင်ရာဇိန္ဒ(ရဝေနွယ်-အင်းမ)
အလင်းတန်း ဂျာနယ်။ ၄. ၉. ၂၀၀၆

Wednesday, February 16, 2011

ပျံချီကကွက်များ



ပျံချီကကွက်များ

အငြိမ့်လောကမှာသုံးတဲ့ ‘ပြန်ချီ’ဆိုတဲ့ စကားလုံးကို သဘောကျလို့ မိမိနားလည် သလောက် ဘ၀၊ ဓမ္မတို့နဲ့ ဆက်စပ် စဉ်စားမိသမျှ အကြောင်း တိုက်ဆိုင် တဲ့အခါမှာ ဟောလည်းဟော ဖြစ်ခဲ့သလို အတွေးသစ် မှာလည်း ရေးဖြစ်လိုက်ပါတယ်။ ဒါဟာ ပြန်ချီဆိုတဲ့ စကားလုံးကို အဓိပ္ပာယ်ဖွင့် လိုရင်း မဟုတ်ပါဘူး။

ဘ၀ အတွက် စဉ်းစားစရာ ဓမ္မသဘော ကိုသာ ပြောလို ရင်းပါ။ (ပြန်ချီရဲ့ မူလအဓိပ္ပာယ်ကို နားလည်သူများက ဖွင့်ပြဖို့လည်း တောင်းပန်ပါတယ် ) ဒီအကြောင်းကို ရေးမြို့မှာ စပ်မိကြတော့ ရင်းနှီးတဲ့ ဒကာတစ်ဦးက “ဘ၀မှာ ပြန်ချီ မြောက်အောင် ဘယ်လိုကပြ ရမလဲ ဆိုတာပါ အပြည့်အစုံ ဟောပြမှ ပိုပြီး အဆင် ပြေမယ်” လို့ အကြံပြုပါတယ်။ ဒါနဲ့ ညပိုင်းမှာ တရားဟောတော့ အင်္ဂဂုတ္တရ နိကာယ်၊ စတုက္က နိပါတ်၊ အပဏ္ဏက၀ဂ်၊ သမ္မာဒိဋ္ဌိသုတ်ကို အခြေခံပြီး ဟောဖြစ်ခဲ့ပါတယ်။ အဲဒီ သုတ်ရဲ့ မူရင်း မြန်မာပြန်ကို အရင်ပြောချင်ပါတယ်။


ရဟန်းတို့ တရားလေးမျိုးတို့နဲ့ ပြည့်စုံတဲ့ ရဟန်းဟာ မချွတ်ယွင်းတဲ့ အကျင့်ကို ကျင့်သူလည်းမည်တယ်။ အာသဝေါ တရားတို့ ကုန်ဖို့(ရဟန္တာဖြစ်ဖို့) အကြောင်းတရားလည်း ပြည့်စုံတယ်။


အဲဒီ တရားလေးမျိုးဆိုတာကတော့ ကာမဂုဏ်မှ ထွက်မြောက်ဖို့ ကြံတဲ့ ‘နေက္ခမ ၀ိတက်’၊ မပျက်စီးစေဖို့ကြံတဲ့ ‘အဗျာပါဒ ၀ိတက်’၊ မညှင်းဆဲဖို့ကြံတဲ့ ‘အ၀ိဟိံသ၀ိတက်’ နဲ့ မှန်ကန်တဲ့အမြင် ‘သမ္မဒိဋ္ဌိ’ တို့ပဲဖြစ်ပါတယ်။ဒီတရားလေးမျိုးနဲ့ ပြည့်စုံတဲ့ ရဟန်းဟာ မချွတ်ယွင်းတဲ့ အကျင့်ကို ကျင့်သူလည်း မည်တယ်။ အာသဝေါကုန်ဖို့(ရဟန္တာဖြစ်ဖို့) အကြောင်းတရားနဲ့လည်း ပြည့်စုံတယ်တဲ့။ ‘ပြန်ချီ’ဆိုတဲ့ စကားကို လူ့ဘုံ(သုဂတိဘုံ)က ပြန်လည် တောင်းဆိုလာအောင်၊ ပြန်လည် လက်ခံချင်လောက်အောင် ကောင်းတဲ့အချီ၊ တစ်ဆင့်ထက်တစ်ဆင့် တိုးတက်စေတဲ့ အချီလို့ ဓမ္မနဲ့ယှဉ်ပြီး စဉ်းစားမိတာပါ။ အဲဒီလို အဆင့်မီတဲ့ အချီမျိုး ဖြစ်ဖို့ကရမယ့် ကကွက်ကတော့ ဘုရားရှင် သမ္မာဒိဋ္ဌိသုတ်မှာ ဟောတော်မူတဲ့ တရားလေးမျိုးတို့ ဆိုရင်လည်း လုံလောက် တယ်လို့ပဲ ဆိုချင်ပါတယ်။ ဒီတရားလေးမျိုးနဲ့ (လေးမျိုးထဲက တစ်မျိုးမျိုးနဲ့)ပြည့်စုံသူကို ဘုရားရှင်ကတော့ “အပဏ္ဏက ပဋိပဒံ ပဋိပန္နောဟောတိ= မချွတ်ယွင်းတဲ့ အကျင့်ကို ကျင့်သုံးသူလည်း မည် တယ်”လို့ ဟောတော်မူတာပါ။


ဆိုလိုတာကတော့ “လူ့ပြည်က ပြန်လည် တောင့်တ လောက်ရုံ၊ လူ့ပြည်နဲ့ တန်ရုံလောက် သာမကဘူး အရိယာ လမ်းစဉ်နဲ့ တိုင်းတာရင် တောင် ချွတ်ယွင်းချက် မမြင်ဘူး။ လူ့ဘုံ(သုဂတိ)ဘုံနဲ့ တန်ရုံမကဘူး။ နိဗ္ဗာန်နဲ့တောင် တန်တယ်။ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ရေးအတွက် မချွတ် မယွင်း ကျင့်သူလို့ ဆိုနိုင် တယ်’လို့ ပြောချင်တာပါ။ နောက်တစ်ပိုဒ်ကို ကြည့်လိုက်ရင် ဒီအဓိပ္ပာယ်က ပိုပြီး ပီပြင်မှာပါ။

‘ယောနိစဿ အာရဒ္ဓါဟောတိ အာသ၀ါနံ ခယာယ= အာသဝေါကုန်ဖို့(ရဟန္တာ) ဖြစ်ဖို့ အကြောင်းတရားလည်း ပြည့်စုံတယ်တဲ့။ (အံ-၁၊ မြန်၊၄၀၂) ပထမဆုံးအချက်(ပထမကချီ) နေက္ခမ၀ိတက် ဆိုတာ တိုက်ရိုက် မြန်မာပြန်ကတော့ ကာမဂုဏ်မှ ထွက်မြောက်ဖို့ ကြံစည်တာလို့ ပြန်ကြပါတယ်။ ကာမ၀ိတက်ရဲ့ ဆန့်ကျင် ဘက်ဖြစ်တဲ့ အကြံအစည်ပါပဲ။ ‘ကာမ ၀ိတက်’ ဆိုတာ အာရုံငါးပါး ကာမဂုဏ်တရားတွေ ကို ကိုယ့်အတွက်ရဖို့၊ သိမ်းပိုက်ဖို့ ဘာမဆို ကိုယ်က အသာတန်းရဖို့၊ အခွင့်ထူးရရှိဖို့ အတွက်သာ ကြံစည်တဲ့ အကြံအစည်ဖြစ်လို့ ဒီအကြံရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ နေက္ခမ္မ ၀ိတက်ဆိုတာ အများနားလည်အောင် ပြောရ ရင်တော့ စွန့်လွှတ် အနစ်နာ ခံနိုင်တဲ့ စိတ်ဓာတ်၊ အကြံအစည်လို့ပဲ ပြောရမှာပါ။

သတ္တ၀ါတို့ရဲ့ သံသရာဆိုတာ “အ၀ိဇ္ဇာတဏှာ မူလနှစ်ဖြာ” ဆိုတဲ့အတိုင်း သူ့အကျိုး ကိုယ့်အကျိုး၊ သူ့အတွက် ကိုယ့်အတွက် မျှမျှတတ မှန်မှန် ကန်ကန် ဝေဖန်ဆုံးဖြတ်နိုင် စွမ်း မရှိတဲ့ အ၀ိဇ္ဇာနဲ့ လိုချင် တောင့်တ ကပ်ငြိတွယ်တာ တက်တဲ့ တဏှာတို့က ဦးစီးဦး ဆောင်ထားတာ ဖြစ်လေတော့ ဘာမဆို ကိုယ်လိုချင်သမျှ ကိုယ်သာရဖို့ ကိုယ့်အတွက် သာ သိမ်းပိုက် ထားဖို့အဖြစ်သာ ကြံစည် စိတ်ကူးကြတာပါ။

ဒါဟာ သတ္တ၀ါတိုင်းရဲ့ သန္တာန် မှာ ဖြစ်နေကြတာ ဆိုတော့ အကြီးမားဆုံး ချွတ်ယွင်းချက်၊ အကြီးမားဆုံး အပြစ်ကြီး ဖြစ်နေပေမယ့် သတ္တ၀ါတိုင်း ကတော့ ကိုယ့်ကိုပဲဖြစ်ဖြစ်၊ သူ တစ်ပါးကိုပဲ ဖြစ်ဖြစ်၊ ဒီလို အကြံမျိုး ကြံစည်နေသူကို ‘အပြစ်’လို့တောင် မသတ်မှတ်ကြတော့ပါဘူး။ ပုထုဇဉ်တိုင်းရဲ့ အခြေခံအမြင်၊ အခြေခံစိတ်ထားလို့တောင် ခံယူထားကြပါပြီ။

အရာရာကို စဉ်းစား ကြံစည်တဲ့အခါ ‘ကိုယ့်အတွက်’ ဆိုတာကို အဓိကထားပြီး တွေး တောကြံစည်တဲ့ ကာမ၀ိတက် ဦးစီးသူများကိုပဲ ‘အတ္တ’ ကြီးသူများ၊ အတ္တသမားများလို့ ခေါ် ဆိုကြတာပါ။ ဒီလိုကြံစည်ခဲ့ ကြတာဟာ အနမတဂ္ဂ သံသရာက စခဲ့ကြတဲ့ တွေးရိုး တွေးစဉ်ကြီး ဖြစ်လို့ ဒီအတွေးနဲ့ မျောပါနေရတဲ့ သံသရာခရီးကြီးကိုလည်း “အနုသောတ ဂါမိ- ရေစုန်ခရီး” လို့ခေါ်ပါတယ်။ ရေစုန်ခရီး သည်တို့ရဲ့ ဘ၀ပန်းတိုင် ဆိုတာ ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်မှာ ဘုရားရှင် ကောက်ချက်ချ တော်မူခဲ့သလိုပဲ “ဇရာ,မရဏ,သောက, ပရိဒေ၀, ဒုက္ခ ဒေါမနဿ ဥပါယာသ=အိုခြင်း၊ သေခြင်း၊ ၀မ်းနဲခြင်း၊ ငိုကြွေး၊ ကိုယ်ဆွေး စိတ်ပူပြီး အကြီးအကျယ် ပင်ပန်းရခြင်း”များနဲ့သာ တစ်ဘ၀ပြီး တစ်ဘ၀ နှုတ်ဆက် ခွဲခွာ ပြီး ခရီးဆက် နေကြရခြင်းပဲ ဖြစ်တယ်ဆိုတာ သဘောပေါက် သင့်ပါပြီ။

ဘုရားရှင် ညွှန်ပြတဲ့ ‘နေက္ခမ၀ိတက်’ဆိုတာ အဲဒီ ကာမ၀ိတက် ရေစုန်ခရီးနဲ့ ဆန့်ကျင်ဘက် အကြံအစည် အတွေးအခေါ်ဖြစ်ဖို့ပဲ။ ရလို ပိုင်လို သိမ်းပိုက်လိုတဲ့ အကြံအစည် တွေ အစား စွန့်လွှတ်၊ကူညီ၊ အနစ်နာခံလိုတဲ့ စိတ်ထားမျိုး ကြံစည်တွေးခေါ်မှုမျိုး ထားကြဖို့ပါ။ ဒီအတွေးအခေါ် အကြံအစည်ဟာ မွေး၊အို၊နာ၊ သေ၊ ၀မ်းနည်း၊ ငိုကြွေး၊ ပူဆွေး ပင်ပန်းခြင်း ပန်းတိုင်နဲ့ ဖြောင့်ဖြောင့်ဆန့်ကျင်ဘက် လမ်းခရီးဖြစ်လို့ “ပဋသောတဂါမိ= ရေဆန်လမ်း” ဖြစ်ပါတယ်။ “ဘုရားအစရှိတဲ့ အရိယာသူတော်စင်တို့ လျှောက်လှမ်းတဲ့ ခရီးဟာ ဒီလို ရေဆန်လမ်း ခရီးဖြစ်လို့ ရေစုန်လမ်းခရီးမှာ ကျင့်သားရပြီး အ၀ိဇ္ဇာထုတည် ထူသည် ထက်ထူ၊ ရာဂ ကိလေသာမြူတွေ ထပ်သည်ထက် ထပ်နေတဲ့ သံသရာ ခရိးသွား ပုထုဇဉ် အများစုကြီး အနေနဲ့ သိမ်မွေ့နက်နဲ သိမြင် နိုင်ခဲတဲ့ အဏုမြူ သဖွယ် ရေဆန်လမ်းညွန် တရားကို ထိုး ထွင်း သိမြင်ဖို့ မလွယ်လှဘူး”လို့ ဘုရားဖြစ်တော်မူစက လောကကို ကြည့်ပြီး မှတ်ချက်ချခဲ့တာပါ။

(၀ိနည်းမဟာဝဂ္ဂ-ဂ) ဘာပဲဖြစ်ဖြစ် ရေစုန်ခရီးရဲ့ ပန်းတိုင်နဲ့ အန္တရာယ်တို့ကို သိမြင်နိုင်လောက်အောင် အ၀ိဇ္ဇာအမှောင်ထုနဲ့ ကိလေသာမြူ နည်းပါးသူ၊ နည်းပါးလို သူများအနေနဲ့တော့ ဒုက္ခ အားလုံး ချုပ်ငြိမ်းအေးမြရာ ပန်းတိုင်ဆီး ဦးတည်တဲ့ ဒီရေဆန်လမ်းကို ၀မ်းပန်းတသာ လက်ခံကြမှာ ဖြစ်ပါတယ်။ ဒီလမ်းကို လက်ခံကျင့်သုံးဖို့ ဆုံးဖြတ်ထားတဲ့ အရိယာတပည့်သားများ (ဗုဒ္ဓဘာသာ ၀င် သူတော်စင်များ) အဖို့ ဒိရေဆန်လမ်းကို ပထမဆုံး ခြေလှမ်း စတဲ့အနေနဲ့ ပြောင်းလဲ ရမှာကတော့ ‘နေက္ခမ္မ၀ိတက်’လို့ခေါ်တဲ့ စွန့်လွှတ်ကူညီ အနစ်နာခံလိုတဲ့ အတွေးအကြံ ခံယူချက် ခိုင်ခိုင်မာမာရှိကြဖို့ပဲ ဖြစ်ပါတယ်။ ဘုရားရှင်တို့ လာရာလမ်း(ပါရမီခရီးစဉ်)ကို ကြည့်မယ်ဆိုရင်လည်း နေက္ခမ၀ိတက်ရဲ့ အရေးပါပုံကို သဘောပေါက် လောက်ပါတယ်။ ဒီအတွေးအကြံ ခံယူချက်မျိုးမရှိဘဲ စစ်မှန် တဲ့ဒါန၊ ရိုးသားဖြူစင်တဲ့ သီလဆိုတာ မရှိနိုင်ပါဘူး။ ဒါန,သီလ မရှိဘဲနဲ့လည်း ပညာ, ၀ီရိယစတဲ့ ပါရမီတွေ ပြည့်ဖို့မလွယ်ဘူးဆိုတာ သေချာပါတယ်။

ဗုဒ္ဓဘာာဝင်တွေ အတော်များများ နှုတ်ကျိုးနေတဲ့ ‘မနောပုဗ္ဗင်္ဂမာဓမ္မာ”တို့၊ “စိတ်သာ ရှင်စော ဘုရားဟော”တို့ဆိုတဲ့ စကားတွေကို လေးလေးနက်နက် စဉ်းစားကြည့်မယ်ဆို ရင် လူတွေက ပြောဆိုပြုလုပ်သမျှ ကံတွေဆိုတာ ‘စိတ်’လို့ ပြောပြောနေတဲ့ အတွေး အကြံ ခံယူချက်စိတ်ထားများက ဦးဆောင်တာပါ။


တစ်နည်း ပြောရရင်တော့ လူ့ဘ၀ ဇာတ်ခုံပေါ်မှာ လူတွေကပြ သရုပ်ဆောင်နေကြရတဲ့ ကံသုံးပါးထဲမှာ မနောကံက အနီးကပ် ညွှန်ကြားတဲ့ ဒါရိုက်တာ ဖြစ်ပြီး ကာယကံ၊ ၀စီကံ တို့ဆိုတာ မနောကံ ဦးဆောင်ညွှန်ပြတဲ့အတိုင်း လိုက်နာ ကပြ ကြရတဲ့ သရုပ် ဆောင်များသာ ဖြစ်ပါတယ်။ ဒါကြောင့် ဘုရားရှင်က “မနောကံမှာ နေက္ခမ္မ၀ိတက် ဆိုတဲ့ ‘စွန့်လွှတ်အနစ်နာခံတဲ့ စိတ်ကောင်းကလေး’ သာ မွေးမြူပေးလိုက်ပါ” ဒါရိုက်တာ ကောင်းသွားပြီဆိုရင် ၀စီကံကလည်း တစ်ဖက်သားအပေါ် တင်စီးလွှမ်းမိုး အနိုင်ယူလိုတဲ့ စကားမျိုးတွေ ရှောင်ပြီး ကူညီ ရိုင်းပင်းတဲ့ အကြံပေးစကား၊ ရွှင်လန်း ၀မ်းသာစေတဲ့ စကား၊ ကျိုးရှိ မှန်ကန်တဲ့ စကားမျိုးတွေကိုသာ ပြောဆိုတော့မှာ ဖြစ်လို့ ၀စီကံသရုပ် ဆောင် ကပြမှုလည်း ကောင်းလာမှာ သေချာပါတယ်။


ကာယကံကလည်း ခိုးဆိုးလုယက်အနိုင်အထက် ပြုမူမှုမျိုးတွေကို ဘယ်တော့မှ မလုပ်တော့ဘဲ “စွန့်ကြဲပေးကမ်း ထမ်းရွက်ကူညီ”စတဲ့ ကာယကံ အကောင်းစားများနဲ့သာ ကပြသွားမှာဖြစ်လို့ ကံသုံးမျိုးလုံး တကယ့်ကို အပျံစား အကောင်းစား ပြန်ချီများသာ ဖြစ်သွားတော့မှာပါ။ဒီလို ကံအားလုံး ကောင်းမွန် မှန်ကန်စေတတ်လို့လည်း နေက္ခမ္မ၀ိတက်နဲ့ ပြည့်စုံသူကို ဘုရားရှင်က….“အပဏ္ဏကပဋိပဒံ ပဋိပန္နောဟောတိ= လောက, ဓမ္မ နှစ်ဝလုံးကို မချွတ်ယွင်းစေတဲ့ အကျင့်ကို ကျင့်သုံးသူဖြစ်တယ်”“ယောနိစဿ အာရဒ္ဓါဟောတိ အာသ၀ါနံ ခယာယ= အာသဝေါကုန်ခန်းတဲ့ ရဟန္တာ ဖြစ်လောက်အောင် သင့်လျော်ပြည့်စုံတဲ့ အကျင့်ကို ကျင့်သုံးသူဖြစ်တယ်”လို့ ဟောတော် မူတာပါ။ မှန်ပါတယ်။ စွန့်လွှတ် အနစ်နာခံတဲ့စိတ် အကြံ အစည်(နေက္ခမ္မ၀ိတက်)ဆိုတာ နိဗ္ဗာန် ရောက်ကြောင်း အကျင့်ဖြစ်တဲ့ မဂ္ဂင်ရှစ်ပါးထဲမှာ ဦးစီးဦးဆောင် ပညာမဂ္ဂင်မှာ ပါဝင်တဲ့ သမ္မာသင်္ကပ္ပမဂ္ဂင်ပဲဖြစ်တဲ့အတွက် သုဂတိဘုံကို ပြန်လာထိုက်တဲ့ ပြန်ချီသာမက နိဗ္ဗာန် အထိ ဆိုက်ရောက်မျက်မှောက် ပြုနိုင်လောက်အောင် ထိုက်တန်တာမို့ ပြန်ချီသာမက ‘တန်ချီ’လို့တောင် ဆိုနိုင်ပါလိမ့်မယ်။‘ကန်ချီ’ ကို ရှောင်ရှာပြီး ပြန်ချီ၊ တန်ချီများနဲ့ ကပြရင်း ဘ၀လှပ တင့်တယ်ကြပါစေ။

ဓမ္မဘေရီ အရှင်ဝီရိယ(တောင်စွန်း)

2011-ခု၊ဇန်နဝါရီလ ၁၄-ရက်၊ သောကြာနေ့

Tuesday, February 15, 2011

စတုတ္ထ-နာ ( ဓမ္မဘေရီ အရှင်ဝီရိယ)



စတုတ္ထ-နာ
စာသင်စာချ တရားဟော တရားပြစတဲ့ အများအတွက် အတတ်ပညာ အသိပညာ သင်ကြားပြသ ဆုံးမကြတဲ့ စာသင်စာချ တရားဟော တရားပြစတဲ့ အများအတွက် အတတ်ပညာ အသိပညာ သင်ကြားပြသ ဆုံးမကြတဲ့ ဆရာသမားနဲ့ ပတ်သက်လို့ စေတနာ၊ ၀ါသနာ၊ အနစ်နာ ဆိုတဲ့ နာသုံးနာနဲ့ ပြည့်စုံရမယ်လို့ ပြောလေ့ရှိကြပါတယ်၊ ဒီနာသုံးနာဆိုတာလဲ မရှိမဖြစ် လိုအပ်ချက် များတော့ အမှန်ပါပဲ၊

လောကမှာ ဖြစ်စေ၊ သာသနာမှာ ဖြစ်စေ၊ တကယ်သြဇာတိက္ကမ ကြီးမားတဲ့ ဆရာတော် များကို လေ့လာကြည့်မယ် ဆိုရင်တော့ အခုပြောခဲ့တဲ့ နာ သုံးနာထက် အရေးကြီးတဲ့ နာ တစ်ခု ရှိနေတာကို သတိပြုမိ ကြပါလိမ့်မယ်။

မြတ်စွာဘုရားရှင်ရဲ့ သာသနာတော်ဟာ အခုဆိုနှစ် ပေါင်းနှစ်ထောင့် ငါးရာကျော်ခဲ့ပါပြီ။ ဒီလောက် သက်တမ်းကြာတဲ့အထိ ဘုရားရှင်ရဲ့ သာသနာတော်ကို ထမ်းဆောင်တော် မူလာကြ တဲ့ သာသနာ့ ၀န်ထမ်း သာသနာ့ အဖွဲ့အစည်းဟာ ကမ္ဘာ့သမိုင်းမှာ သက်တမ်းအရှည် ကြာဆုံး သမ္ဘာအရင့်ဆုံး အဖွဲ့အစည်းကြီး တစ်ခုပါပဲ။

ဒီလောက် ကြာတဲ့အထိ မူဝါဒ လမ်းစဉ်လည်း လုံးဝပြုပြင်ခြင်း၊ ဖြည့်စွက်ခြင်း၊ နှုတ်ပယ် ခြင်းမရှိသလို သာသနာ့ဝန်ထမ်းတို့ရဲ့ ၀တ်စားဆင်ယင်မှုနဲ့ နေထိုင်စားသောက်မှု၊ အသက်မွေး ၀မ်းကျောင်းမှု တို့ဟာလည်း ဘုရားရှင် လက်ထက်ကအတိုင်း လက်နာကျင့်သုံး ကြဆဲ၊ကြလတ္တံ့ ဖြစ်နေတာကိုလည်း တွေ့နိုင်ပါတယ်။

မြတ်စွာဘုရား ရှင်ဟာ ပရိနိဗ္ဗာန် ပြုပြီးတဲ့နောက် အချိန်ကြာမြင့် သည်အထိ အစဉ်အလာ ကောင်းများကို စဉ်ဆက်မပြတ် လိုက်နာကျင့်သုံး ကြအောင် တပည့်စဉ်ဆက် လိုက်နာလာ အောင် ဘယ်လို အစွမ်းမျိုးနဲ့ ချမှတ်ခဲ့ပါလဲ။

ခပ်လွယ်လွယ် စဉ်းစားကြည့်မယ် ဆိုရင်တော့ ပြုပြင် နှုတ်ပယ် ဖြည့်စွက်စရာ မလို အောင် အစ အလယ် အဆုံး ကောင်းခြင်း သုံးဖြာနဲ့ ပြည့်စုံတဲ့ သာသနာတော် ဖြစ်လို့ ဒီလောက် အထိ ရှည်ကြာ တယ်လို့ပဲ ပြောကြရမှာ ပါပဲ။ ဒါလဲ မှန်တော့ မှန်တာပါပဲ။ ဒါပေမဲ့ လောကမှာ အရှည်တည်တံ့တဲ့ ၀ါဒတစ်ရပ်ဟာ ကောင်းတယ် ပြည်စုံတယ်လို့ဆိုတဲ့ ဂုဏ်ပုဒ်နဲ့တင် မလုံလောက် ဘူးလို့ ထင်ပါတယ်။
ဒီနေရာမှာ မြတ်စွာဘုရား ရှင်အပေါ် ဆန့်ကျင်ဘက် ဖြစ်တဲ့ ဗြဟ္မဏ၀ါဒီ အကြီးအကဲ တို့ရဲ့ သဘောထား တစ်ခုကို သုံးသပ် ကြည့်စေချင် ပါတယ်။

ဗြဟ္မဏ၀ါဒီ ခေါင်းဆောင်များနဲ့ ဗြဟ္မဏ၀ါဒကို ထက်ထက် သန်သန် ယုံကြည်ကြ သူတိုင်းက ဂေါတမမြတ်စွာ ဘုရားဟာ ဗြဟ္မဏ၀ါဒီကို အဓိက ဆန့်ကျင်သူ အဖြစ် အခိုင်အမာ သတ်မှတ် ထားကြတယ်။ ဗြဟ္မဏအနွယ်ထဲက ထင်ရှားတဲ့ အမျိုးသား တော်တော် များများဟာ ဂေါတမ မြတ်စွာဘုရားရဲ့ တရားကို နာယူပြီးကြတဲ့အခါ ဗြဟ္မဏ၀ါဒ ကိုစွန့်ပြီး ဂေါတမ ဗုဒ္ဓရဲ့ တပည့်တွေ ဖြစ်ကုန်ကြတယ်။
ဒီလိုဖြစ်ရတာဟာ ဂေါတမ မြတ်စွာဘုရားမှာ တစ်ဘက်သားကို လှည့်ဖျား သိမ်းသွင်း တတ်တဲ့ မာယာ အတတ် တစ်ခု ရှိလို့ လို့လည်း ထင်မြင် ကြပါတယ် ။ ဒါကြောင့် ထင်ရှားတဲ့ ဂိုဏ်းခေါင်းဆောင် များနဲ့ ဗြဟ္မဏ၀ါဒီ အမျိုးကောင်းသားများ ဂေါတမ မြတ်စွာဘုရားထံ သွား မယ်ဆိုရင် အားလုံးက အပြင်းအထန် ကန့်ကွက်လေ့ရှိပါတယ်။

သီလက္ခန်ပါဠိတော်မှာ လာတဲ့ အတိုင်း ဗြဟ္မဏ၀ါဒီ ဂိုဏ်းဆရာတစ်ဦး ဂေါတမ မြတ်စွာ ဘုရားထံ သွားမယ် ဆိုတဲ့အခါ တပည့်တွေက အကြောင်း အမျိုးမျိုးပြပြီး အပြင်းအထန် ကန့် ကွက်ကြ ပါတယ်။ အဲဒီအခါမှာ ဗြဟ္မဏဂိုဏ်း ခေါင်းဆောင်ကြီးတွေက ဂေါတမ မြတ်စွာဘုရား နဲ့ ပတ်သက်လို့ သူတို့ သဘောပေါက် သလောက် ဂုဏ်ပုဒ်တွေကို ထုတ်ပြကြပါတယ်။

အဲဒိဂုဏ်ပုဒ် တွေထဲမှာ လူတိုင်း သဘော အပေါက်အလွယ်ဆုံးနဲ့ ငြင်းပယ်ဖို့ အခက်ဆုံး ဂုဏ်ပုဒ်က " ယထာဝါဒီ တထာကာရီ ခလု ဘောဂေါတမော" ဂေါတမ မြတ်စွာဘုရားဟာ ပြောတဲ့အတိုင်း လုပ်တဲ့ ပုဂ္ဂိုလ်ဖြစ်တယ် 'ဆိုတဲ့ ဂုဏ်ပုဒ်ပါပဲ။
ဗုဒ္ဓဘာသာ ၀င်များ အနေနဲ့တော့ မြတ်စွာဘုရားရှင်ဟာ ဒီဂုဏ်ပုဒ်ထက် ကြီးကျယ် မြင့်မြတ်တဲ့ ဂုဏ်တော်တွေ အများကြီး ရှိတာပဲလို့ အောက့်မေ့ချင် အောက်မေ့ကျပါ လိမ့်မယ်။ ဗြဟ္မဏခောတ်က လူ့ယဉ်ကျေးမှုမှာတော့ ' ပြောတဲ့အတိုင်း လုပ်ပြီး လုပ်တဲ့အတိုင်း ပြောတယ်' ဆိုတဲ့ ဂုဏ်ပုဒ်ဟာ အလွန်ကို ရှားရှားပါးပါး ထူးခြားမြင့်မြတ်တဲ့ ဂုဏ်ပုဒ်တစ်ခုပါ။ အဲဒီခေတ်ရဲ့ ယဉ်ကျေးမှုအရ အပြောတခြား အလုပ်တခြား ဆိုတဲ့ ပုဂ္ဂိုလ်မျိုးဟာ သူ့အမျိုးအနွယ် အလိုက် အောက်တန်း အကျဆုံးလို့ သတ်မှတ်ကြတာပါ။

' မုသာဝါဒဿဇန္တုနော နတ္ထိ ပါပံ အကရိယ - လိမ်ညာသူဟာ မကောင်းမှု အားလုံး လုပ်သူ မည်တယ်'လို့ သတ်မှတ်ကြတာ အဲဒီခေတ် ယဉ်ကျေးမှုရဲ့ အဓိက သတ်မှတ်ချက်ပါပဲ။

မြတ်စွာဘုရားဟာ' ပြောသလိုလုပ်ပြီး လုပ်သလို ပြောတယ်'လို့ သတ်မှတ်ခြင်း ခံရတဲ့ အတွက်- ထေတော မယိမ်းမယိုင် ကျောက်စာတိုင်ကဲ့သို့ မြဲခိုင်တဲ့ စကားရှိသူ၊
ပစ္စယိကော - တခြားစုံစမ်း ဘွယ်မလို၊ အတည်ပြု လက်ခံ ယုံကြည်ထိုက်တဲ့ စကားဥပမာဏ ရှိသူ၊ အ၀ိသံဝါဒကော လောကဿ- လောကကို ဖျက်ဆီးတတ်သူ မဟုတ်ဆိုတဲ့ အဲသည် ခောတ်ရဲ့ လူမျိုးမရွေး ဘာသာမရွေး အလေးထား စံပြုထိုက်တဲ့ ဂုဏ်ပုဒ်များနဲ့ ပြည့်စုံတဲ့ အမြင့် မြတ်ဆုံး ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ထိုက်ခြင်းပဲ ဖြစ်ပါတယ်။

ဒါဟာ မြတ်စွာဘုရားရဲ့ လူမျိုးပေါင်စုံ ဘာသာ ပေါင်းစုံက မထေမဲ့မြင် ပြုလို့မရတဲ့ နမူနာ ပြုမှုပဲ ဖြစ်ပါတယ်။
ဟုတ်ပါတယ် ' စေတနာ ၊ ၀ါသနာ၊ အနစ်နာ ဆိုတဲ့ 'နာ'သုံးနာတို့နဲ့ ပတ်သက်လို့ မြတ်စွာ ဘုရားရှင်ဟာ ပါရမီ ဖြည့်စဉ်ကာလ ကတည်းက အလေ့အထုံ ရှိခဲ့တာမို့ မြတ်ဗုဒ္ဓ အဖြစ် ရောက် တော်မူတဲ့အခါ အထူးပြောစရာ မလိုအောင် ပြည့်စုံနေပါပြီ။

မြတ်ဗုဒ္ဓအဖြစ်သို့ ရောက်တော် မူတဲ့အခါမှာ တပည့်သာဝက များကသာမက ဆန့်ကျင် ဘက် ၀ါဒီများကပါ အလေးထား ခံရတာက မြတ်ဗုဒ္ဓရဲ့ နမူနာကောင်းကြောင့် ဖြစ်ပါတယ်။

ဒါကြောင့် မြတ်စွာဘုရားတို့ရဲ့ အရေးအကြီးဆုံးဖြစ်တဲ့ ' စတုတ္ထနာ'ကတော့ 'နမူနာ'ပဲ ဖြစ် ပါတယ်။ ဘယ်လောက်ပဲ ကျိုးရှိ မှန်ကန်တဲ့ ဆုံးမ စကားဖြစ်ပါစေ ' ငါပြောသလိုလုပ်ကြ ငါလုပ် သလိုတော့ မလုပ်ကြနဲ့' ဆိုတဲ့ ဆုံးမသွန်သင် ချက်များဟာ သြဇာ အရှိန်အ၀ါ မရှိတဲ့ အတွက် ပတ်ဝန်းကျင်အပေါ် မသက်ရောက်နိုင်ပါဘူး။

တိုက်ပွဲတစ်ခုမှာ' ရှေ့ကိုရဲရဲ တက်ကြလို့ အမိန့်ပေးတဲ့ ဗိုလ်ထက်' ငါ့နောက်က ရဲရဲလိုက် ပြီး တက်ခဲ့ကြ'လို့ အမိန့်ပေးတဲ့ ဗိုလ်ဟာ သြဇာကြီးတယ် အာဏာတည်တယ် ဆိုသလိုပါပဲ။
မြတ်စွာဘုရားရှင်ရဲ့ နမူနာကောင်းတွေထဲက ဒီ' ပြောသလိုလုပ်၊ လုပ်သလို ပြောတယ်' ဆိုတဲ့ နမူနာကောင်းဟာ ဘယ်လောက်အထိ အရေးပါတယ် ဆိုတာ ၀ိနည်းပါဠိတော် သိက္ခာပုဒ် နိဒါန်း ၀တ္ထုတွေကို ကြည့်ရင် သိသာပါတယ်။
ဘုရားရှင်ရဲ့ တပည့် ရဟန်းတော်တွေဟာ ပုထုဇဉ် များဖြစ်ကြ တဲ့အတိုင်း ဘုရားရှင်က ကြိုတင် ပညတ်ထားတဲ့ ပညတ်ချက် မရှိသေးတဲ့ လူတို့ ကဲ့ရဲ့စရာ ပြစ်မှုတွေ ကျူးလွန်းကြ ပါတယ်။
သူတို့ရဲ့ အပြုအမူတွေဟာ သာသနာ တော်နဲ့ မသင့်လျှော်တဲ့ အတွက် မြင်တဲ့ ကြားတဲ့ ပုဂ္ဂိုလ်က ဘုရားရှင်ထံ လျောက်ထားလို့ ဘုရားရှင်က ခေါ်ယူ မေးမြန်းတဲ့အခါ ဘယ်ရဟန်းကမှ မလိမ်မညာ ကြပါဘူး။ ယုတ်စွ အဆုံး ဘုရားရှင် လက်ထက်မှာ အဆိုးဆုံးလို့ သတ်မှတ်ခံ ရတဲ့ ဆဗ္ဗဂ္ဂီ ရဟန်းတွေကတောင် မိမိတို့ ကျူးလွန်တဲ့ ပြစ်မှုကို ဘုရားရှင်က မေးမြန်း စိစစ်တဲ့ အခါမှာ မလိမ်မညာ ကြပါဘူး။ အမှန်အတိုင်း ၀န်ခံကြပါတယ်။

ဒါကြောင့် ၀ိနည်း သိက္ခာပုဒ် နိဒါန်း ၀တ္ထုတွေဟာ အပြစ်ကျူးလွန် ကြတဲ့ ပုဂ္ဂိုလ်တွေရဲ့ အကြောင်းတွေ ဖြစ်ပေမဲ့ စက်ဆုတ်စရာ မကောင်းဘဲ ကြည်ညိုစရာ ကောင်းနေတာကို သေ သေ ချာချာ ကြည့်လေ သိသာ လေပါပဲ။

မနေနိုင်လို့ ဆိုးကြ ပေကြပေမဲ့ မလိမ်မညာ ကြဘူး။ အလွန်ရိုးသားကြတယ်။ ကြည့်ရင်း ကြည့်ရင်း လေးလေးနက်နက် တွေးကြည့်လိုက်တဲ့ အခါ အပြစ်ကျူးလွန် ကြတဲ့ ပုဂ္ဂိုလ်တွေဟာ အပြစ်ကျူးလွန် နေသူအဖြစ်နဲ့ အကြည်ညို မဲ့စရာ မကောင်းဘဲ လိုအပ်တဲ့ သိက္ခာပုဒ် နှစ်ရာ့ နှစ်ဆယ် ခုနှစ်သွယ် သိက္ခာပုဒ် ပြည့်အောင် အနစ်နာခံ သရုပ်ဆောင် ပေးနေကြတဲ့ ပုဂ္ဂိုလ် တွေ လို့ ထင်ရလောက်အောင် ရိုးသားကြတာ၊ အမှန်ကို ၀န်ခံရဲကြတာကို တွေ့ရလို့ ဒီနေ့ သာသနာ့ ၀န်ထမ်း ရဟန်းတော် တွေကို နှစ်၇ာနှစ်ဆယ် ခုနှစ်သွယ်ထိန်း ရဟန်းတော် များလို့ အများက လေးစား စေဖို့အတွက် သာသနာ့ သွေးကြောကို ဖေါ်ဆောင် ပေးခဲ့ကြတဲ့ ပုဂ္ဂိုလ်များ အဖြစ်နဲ့ ကျေးဇူးတင် ကြည်ညိုစရာ ဖြစ်နေတာကို ဖြစ်နေတာ တွေ့ရပါတယ်။ အရင်းစစ်လိုက် ရင်တော့ ဘုရားရှင်ရဲ့ နမူနာကောင်း ကြောင့်လို့ဘဲ ဆိုရမှာပါ။

တခြားနမူနာ ကောင်းတွေကြောင့်လည်း အရှင်မဟာ ကဿပ အစရှိတဲ့ ဓုတင်ဆောင် တပည့် စဉ်ဆက်တွေ ၊ အရှင်ဥပါလိ အစရှိတဲ့ ၀ိနည်းဓိုရ် စဉ်ဆက်တွေ စသည် စသည်ကနေ ပစ္စက္ခ သာသနာဝင်အထိ ပရိယတ် ပဋိပတ် နယ်ပယ်ကို ကြည့်လိုက်မယ်ဆိုရင်-----

မြတ်ဗုဒ္ဓရဲ့ နှုတ်ခပါဠ်တော် နိကာယ်ငါးရပ် တို့ကို အပြည့်အစုံ သင်ယူ ပို့ချတော်မူခဲ့ကြတဲ့ ပခုက္ကူ ဆရာတော် ကြီးများရဲ့ နမူနာကောင်းကို အတုယူ အမွေဆက်ခံတော် မူကြတဲ့ ပခုက္ကူ နိကာယ်ဝင် ဆရာ တပည့် စဉ်ဆက်တွေ။
ပိဋကတ်ကို နှံ့စပ်အောင် မွှေနှောက်ပြီး မြတ်ဗုဒ္ဓရဲ့ ပါဠိဘာသာ ဒေသနာတော် တွေကို မြန်မာစာ ဖတ်တတ်သူတိုင်း အပြည့်အစုံ လေ့လာခွင့်ရအောင် ကျန်းဂန်တွေ ပြုစုခဲ့ပြီး သာသနာ တော်တွင်းမှာမှ အပြည့်အစုံ ကျင့်သုံးခွင့်ရတဲ့ ကမ္မဌာန်း ဘာဝနာကိုလည်း မြန်မာစာ တတ်သူ တိုင်း သိခွင့်ရအောင် ပြုစုတော်မူခဲ့တဲ့ လယ်တီဆရာတော် ဘုရားကြီးရဲ့ နမူနာကောင်းကို အတု လိုက်ခဲ့ကြတဲ့ လယ်တီ ဂန္ထ၀င် ပုဂ္ဂိုလ်ကျော်တွေ ။

ပိဋကတ်ဆိုင်ရာ ခဲရာ ခဲဆစ်တွေကို တစ်ပုဒ်ခြင်း တစ်ပိုဒ်ခြင်းအထိ ခွဲခြမ်း စိပ်ဖြာ လေ့ လာ ပို့ချတော်မူခဲ့ကြတဲ့ မန္တလေး ပရိယတ္တိသာသနာဝင် မထေရ်မြတ်တို့ရဲ့ နမူနာကောင်းကို စဉ် ဆက် မပြတ် ထိန်းသိမ်း လိုက်နာတော် မူခဲ့ကြတဲ့ မန္တလေး စာသင်တိုက်ကြီးများရဲ့ စာချ အစဉ် အဆက်တွေ၊

ပဋိပတ်သာသနာကို အောက်ခြေခံ လူတန်းစားများပါ စိတ်ပါဝ်စား နားလည်အောင် ဟောပြတော်မူတဲ့ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ နမူနာကြောင့် စဉ်ဆက်မပြတ် ဖြစ်ပေါ်လာတဲ့ ၀ိပဿနာတိုက်တွေ ၊

ပဋိပတ္တိသာသနာကို ကမ္ဘာကသိအောင် ကြိုးစားအားထုတ်တော် မူခဲ့ကြတဲ့ မဟာစည် ဆရာတော် ဘုရားကြီးရဲ့ နမူနာကောင်းကြောင့် စဉ်ဆက်မပြတ် တိုးပွားလာတဲ့ ကမ္မဋ္ဌာနာစရိယ အစဉ်အဆက်တွေ၊

'စာရေး၊ စာချ၊ တရားဟော၊ တရားပြ၊'ဆိုတဲ့ ကြွေးကြော်သံကို အောင်လံသဖွယ် လွှင့်ထူ ပြီး ပရိယတ်၊ ပဋိပတ် စွယ်စုံ သာသနာပြုလုပ်ငန်းကို အောင်အောင် မြင်မြင် နမူနာပြသွားတဲ့ ဓမ္မဒူတ ဆရာတော်ဘုရားကြီးရဲ့ အစဉ်အဆက်တွေ၊

စသည်စသည်ကို ကြည့်မယ်ဆိုရင် ဆရာမြတ်တို့ရဲ့ စတုတ္ထ 'နာ' လို့ ဆိုရမဲ့ ' နမူနာ' ဟာ ဘယ်လောက်အထိ အရေးပါတယ် ဆိုတာကို သဘောပေါက်နိုင် ပါလိမ့်မယ်။
အထူးသတိပြုသင့်လို့ ထပ်ပြီး ပြောချင်တာကတော့---

ဆရာမြတ်တို့ဟာ နမူနာ ကောင်းကို ပြနိုင်ခဲ့တဲ့ အတွက် တပည့် စဉ်ဆက်အထိ သြဇာ သက်ရောက်ပြီး လောက သာသနာ နှစ်ဖြာအကျိုး ထွန်းကား ပြန့်ပွားသလို အမွေခံ တပည့် စဉ် ဆက်ထဲက ဆရာပြုသူများ နမူနာကောင်းကို မပြနိုင်တော့တဲ့ အခါမှာ မူလဆရာသမားများရဲ့ အစဉ်အလာ ကောင်းများဟာ မျိုးဆက် ပြတ်သွားတတ်ကြတယ် ဆိုတာရယ်၊ နမူနာကောင်းကို မပြတဲ့အပြင် နမူနာဆိုးကို အပြမှားမိပြီ ဆိုရင်တော့ ကိုယ်တစ်ယောက်ရဲ့ အမှားဟာ ဆရာစဉ် ဆက်ကိုပါ ထိခိုက်စေတတ်တဲ့ အတွက် အစဉ်အလာကောင်း မျိုးဆက်တို့ကို အမြစ်ကနှုတ်ပြီး မီးဖုတ်လိုက်သလို ဖြစ်သွားနိုင်တယ်ဆိုတာပါပဲ။

အခု ကန်ဦးဇေတ၀န်စာသင်တိုက်ကြီး ရွှေရတုခရီးအထိ အောင်အောင် မြင်မြင် ခရီး ဆက်နိုင်ခြင်းရဲ့ အကြောင်းရင်းကို ကြည့်မယ်ဆိုရင်လည်း ဆရာတို့ရဲ့ နမူနာဟာ အဓိက အခန်းက ပါဝင်နေကြာင်း တွေ့နိုင်ပါလိမ့်မယ်၊ နမူနာကောင်းတွေ မပြတ်သမျှ ရွှေရတု မှသည် စိန်ရတု ပတ္တမြားရတု စတဲ့ ရတနာတု အဆက်ဆက် အထိလည်း ဆက်လက် ရှင်သန်နေမှာ မလွဲပါ ။
နမူနာကောင်းဖြင့် အစဉ်အလာကောင်းများ ဆက်လက်ရှင်သန်ကြပါစေ။

ဓမ္မဘေရီ အရှင်ဝီရိယ(တောင်စွန်း)
မှတ်ချက် ။ ကန်ဦးဇေတ၀န် စာသင်တိုက် ရွှေရတု မဂ္ဂဇင်းမှ ပြန်လည်တင်ပြပါသည်။

Monday, February 14, 2011

ဝိပဿနာနှင့် စိပ်ပုတီး



ဝိပဿနာနှင့် စိပ်ပုတီး


ယခုအခါ ၀ိပဿနာတရားစခန်း အများစုတွင် ယောဂီများ ပုတီးမစိပ်ကြရန် စည်းကမ်းချက် သတ်မှတ်ထားသည်ကို တွေ့ရသည်။ သင့်ပါပေသည်။ တရားစခန်းတွင် တရားအားထုတ်ရေးသည်သာ အဓိကဖြစ်သည်။ တနေ့လုံးလိုလို တရားအားထုတ်ရသဖြင့် ပုတီးစိပ်ချိန် မပေးနိုင်ပေ။ တရားရှုနည်းကိုသာ အဓိက လေ့လာဆည်းပူး အားထုတ်ရမည်ဖြစ်သဖြင့် ပုတီးစိပ်ရန် မလိုအပ်ပေ။ ထိုစည်းကမ်းချက်ကို ကျွန်ုပ်တို့ သဘောပေါက်နားလည်၍ ထောက်ခံခြင်းပြုအပ်ပါသည်။

သို့ရာတွင် တရားစခန်းပြီးဆုံး၍ မိမိတို့နေအိမ်များသို့ ပြန်ရောက်ကြသောအခါ အချို့က စိပ်ပုတီးကို စွန့်လိုက်ကြသည်ကို ၀မ်းနည်းဖွယ် တွေ့ရသည်။ စင်စစ် နေအိမ်၌ တရားအားထုတ်မှုကို တစ်နာရီ နှစ်နာရီ စသဖြင့် တစ်ကြိမ် နှစ်ကြိမ်သာ ကြိုးကြားကြိုးကြား ပြုကျင့်နိုင်ကြသည်။ ဤသို့သော အခြေအနေမျိုးတွင် ပုတီးစိပ်ရန် မလိုတော့ဟု ယူဆကာ ပုတီးကို စွန့်ပယ်လိုက်ကြသည်မှာ ၀မ်းနည်းဖွယ်ဖြစ်သည်။ ၀ိပဿနာတရား အားထုတ်သူသည် စိပ်ပုတီးကိုင်ဆောင်ရန် မလိုတော့ ဟူ၍ အချို့ ခံယူနေကြသည်ကို ၀မ်းနည်းဖွယ် မြင်တွေ့နေရသည်။

မူလအစက စိပ်ပုတီးသည် ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်များ အသုံးပြုသော အသုံးအဆောင်ကား မဟုတ်ပေ။ ဗြဟ္မဏ၀ါဒနှင့် မဟာယာနတို့မှ ဆက်နွယ်လာသည့် တန္တရ၊ မန္တရ ဂိုဏ်းဝင်များ၏ ကိုယ်ပိုင် အသုံးအဆောင်သာ ဖြစ်သည်။ သို့ရာတွင် ရှေးထေရ၀ါဒ ဗုဒ္ဓဘာသာဝင် မြန်မာကြီးတို့သည် တန္တရ၊ မန္တရ ဂိုဏ်းတို့၏ ပုတီး အသုံးပြုနည်းကို အတုယူပြီး တီထွင်မှုပြုခဲ့ကြသည်။ မိမိတို့ကိုးကွယ်သည့် ဘာသာအရ ဘုရားဂုဏ်စသည့် ဂုဏ်တော်များကို ပွားများရာတွင် ဂုဏ်တော်အရေအတွက်ကိုလည်း သိရ၊ စိတ်တည်ကြည်မှုလည်း ရအောင် စိပ်ပုတီးကို အသုံးပြုခဲ့ကြသည်။ စိပ်ပုတီးအကူအညီဖြင့် ဗုဒ္ဓါနုဿတိဘာဝနာကို ပွားများခဲ့ကြသည်။ နောက်ပိုင်းတွင် ဂုဏ်တော်များ ပွားများမှု၌သာမက အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဟူသော လက္ခဏာရေးသုံးပါးကို ဆင်ခြင်သည့်အခါတွင်လည်း စိပ်ပုတီးကို တိုးချဲ့ အသုံးပြုခဲ့ကြသည်။ ပုဂံခေတ်ကတည်းက ကျွန်ုပ်တို့၏ ဘိုးဘွားများ ပြုလာခဲ့သော အစဉ်အလာကောင်းပင် ဖြစ်သည်။

ထိုအစဉ်အလာကောင်းကို ပစ်ပယ်မည်ဆိုလျှင် အလွန်ဝမ်းနည်းဖွယ်သာ ဖြစ်ပေမည်။ တရားစခန်းများမှအပ အခြားနေရာများတွင် မည်သို့ပင် ၀ိပဿနာတရားကို အားထုတ်စေကာမူ အားလပ်ချိန်တွင် စိပ်ပုတီးကိုတော့ လက်စွဲ ပြုသင့်ပေသည်။ ၀ိပဿနာအားထုတ်မှုတွင် အလွန်ထင်ရှားကျော်ကြားသော လယ်တီဆရာတော် ဘုရားကြီး၏ ဓာတ်ပုံအချို့ကို ရှုပါ။ လက်တွင် စိပ်ပုတီးကိုင်ထားသည်ကို တွေ့မြင်နိုင်ပါသည်။


အလားတူပင် အနာဂါမ်ဆရာသက်ကြီး၏ ဓာတ်ပုံကိုလည်း ရှုပါ။ လက်ထဲတွင် စိပ်ပုတီးကိုင်ထားသည်ကို တွေ့မြင်နိုင်ပါသည်။(အချို့က ထိုအချက်ကို ပယ်ဖျက်လိုသဖြင့် ယခုခေတ်၌ လယ်တီဆရာတော်ဘုရားကြီးနှင့် အနာဂါမ်ဆရာသက်ကြီးတို့၏ ဓာတ်ပုံများကို ပြန်လည်ကူးယူ ပုံနှိပ်ရာ၌ စိပ်ပုတီးကို ကွန်ပျူတာဖြင့် ပယ်ဖျောက်ထားသည်ကို ၀မ်းနည်းဖွယ် တွေ့နေရပေသည်။)

စိပ်ပုတီးနှင့်ပတ်သက်၍ စစ်ကိုင်းတောင် အနောက် ပရက္ကမဆရာတော်ဘုရားကြီး အဆုံးအမကို အကျဉ်းချုပ် တင်ပြလိုပါသည်။ ဆရာတော်ကြီးသည် ၀ိပဿနာတရားကို အံ့ချီးဖွယ်ကောင်းလောက်အောင်ပင် အားထုတ်တော်မူသော ဆရာတော်ကြီး ဖြစ်သည်။ တနေ့တွင် ဆရာတော်ကြီး၏ မနီးမဝေး၌ ဒကာသုံးဦး စုဝေး စကားပြောနေကြသည်။ စကားဝိုင်း တစ်နာရီခန့် ကြာသောအခါ ဆရာတော်ကြီးက ထိုသုံးယောက်ကိုခေါ်၍-မင်းတို့ကွယ်၊ ကလေးတွေလဲ မဟုတ်ဘဲနဲ့ ပြောရမှာ ၀န်လေးလိုက်တာ၊ စကားများနေကြလို့ ဖြစ်ပါ့မလားကွယ်၊ တော်ရုံပြောရ တော်ကြရော့ပေါ့။ စကားပြောနေမယ့်အစား ပုတီးများစိပ်နေကြရင် ဘယ်လောက်ကောင်းမလဲ ကွယ်-ဟု ဆုံးမတော်မူသည်။

ထိုအထဲတွင် ၀ိပဿနာတရား အားထုတ်လေ့ရှိသော ပုဂ္ဂိုလ်တဦးလည်း ပါသည်။ ထိုပုဂ္ဂိုလ်က ၀ိပဿနာ အားထုတ်နေသူသည် ပုတီးစိပ်ရန် မလို-ဟု ခံယူထားသည်။ ထိုပုဂ္ဂိုလ်အား အထူးရည်ရွယ်လျက် ဆရာတော်ကြီးက ၀ိပဿနာ မည်မျှပွားများ အားထုတ်နေနေ ပုတီးကိုတော့ လက်မလွတ်ရဘူးကွယ့်။ အင်္ဂုတ္တိုရ် ဧကနိပါတ် အဋ္ဌကထာမှာ ဘယ်ကမ္မဋ္ဌာန်း စီးဖြန်းစီးဖြန်း ငြီးငွေ့လာရင် ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်းကို စီးဖြန်းရမယ်။ ဗုဒ္ဓါနုဿတိပွားများလို့ စိတ်ကြည်လင်လာတဲ့အခါကျမှ မိမိအားထုတ်နေကျ ကမ္မဋ္ဌာန်းကို ပြည်လည်ပွားများ အားထုတ်ရမယ်။


ဥပမာ-ခွန်အားဗလနှင့်ပြည့်ဝတဲ့ သစ်ခုတ်သမားယောက်ျားဟာ သစ်ပင်မပြတ်ခင် ရဲတင်းကျိုးပဲ့သော် ပန်းပဲသို့ ပြန်လည်ပြုပြင်ပြီး သစ်ပင်ကို ပြန်လည်ခုတ်ရသလိုပါပဲ။ အဲဒီတော့ ပန်းပဲနှင့်တူတဲ့ ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်းကို လွှင့်ပစ်ထားလို့ မရဘူးကွယ့်။ ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်းကို စီးဖြန်းတဲ့အခါမှာလဲ ပုတီးနဲ့က ပိုပြီး သမာဓိရတယ်။ ဒါကြောင့် ဗုဒ္ဓါနုဿတိကို လက်မလွတ်သလို ပုတီးကိုလဲ လက်မလွှတ်ရဘူးကွယ့်။ ဟူ၍ ရှင်းပြမိန့်တော်မူခဲ့ပေသည်။

ထို့ကြောင့် ကျွန်ုပ်တို့သည် ၀ိပဿနာတရားကိုလည်း အားထုတ်ကြရပါမည်။ စိပ်ပုတီးကိုလည်း မပစ်ပယ်သင့် ကြပါ။ အရာရာတွင် အစွန်းမရောက်ဘဲ မဇ္ဈိမပဋိပဒါတည်းဟူသော လမ်းမှန်ကို ကျင့်သုံးတော်မူနိုင်ကြပါရန် တင်ပြအပ်ပါသည်။

အနောက်ပရက္ကမ ဆရာတော်ကြီးနှင့် စိပ်ပုတီး

စစ်ကိုင်းတောင် အနောက်ပရက္ကမဆရာတော်ကြီး ဘဒ္ဒန္တ၀ဏ္ဏာစာရ (၁၂၆၈-၁၃၃၇) သက်တော်ထင်ရှားရှိစဉ်က ဖြစ်သည်။

တစ်နေ့တွင် အနောက်ပရက္ကမချောင်၌ ဘိုးသက်ရှည်၊ ဘိုးလုံး၊ ဦးကျော်စိုးတို့သည် ဆရာတော်နှင့် မနီးမဝေးတွင် စုဝေးစကားပြောနေကြ၏။ စကားဝိုင်း တစ်နာရီခန့်ကြာသောအခါ ဆရာတော်ကြီးက ထို ၃-ယောက်ကိုခေါ်၍ "မင်းတို့ကွယ်၊ ကလေးတွေလည်း မဟုတ်ဘဲနဲ့ ပြောရမှာ ၀န်လေးလိုက်တာ၊ စကားများနေကြလို့ကွယ် ဖြစ်ပမလား။ တော်ရုံပြောကြ တော်ကြရော့ပေါ့။ စကားပြောနေမယ့်အစား ပုတီးများစိပ်နေကြရင် ဘယ်လောက်ကောင်းမလဲ ကွယ်"ဟု ကရုဏာရောယှက်ပြီး ညည်းညူသံပါ ဖက်၍ မိန့်မြွက်ပြောဆို၏။


သို့ပြောဆိုရာမှ ဆရာတော်ကြီးက မောင်လုံး ပုတီးပါလား-ဟုမေး၏။ ဘိုးလုံးသည် ပုတီးမကိုင်သည်မှာ နှစ်အတော်ကြာပြီဖြစ်၏။ သူသည် ၀ိပဿနာယောဂီတဦးဖြစ်၍ ပုတီးမကိုင်၊ ၀ိပဿနာ ကမ္မဋ္ဌာန်းချည်း ဦးစားပေးထိုင်၏။ ထို့ကြောင့် ပုတီး ပါမလာ။ ဆရာတော်ကြီးက မေးနေပြန်တော့လည်း ပုတီးမကိုင်ကြောင်း မလျှောက်ဝံ့၍ ပုတီးရှိပါတယ်ဘုရား-ဟု လျှောက်ထား၏။

ဆရာတော်ကြီးက ရှိရင် ပါသလား-ဟု မေး၏။ ဘိုးလုံးလည်း ကွယ်ဖုံး၍ မရတော့မှန်း သိသဖြင့် အိမ်မှာရှိပါ တယ်ဘုရား-ဟု လျှောက်၏။ ဆရာတော်ကြီးက အေး မင်းလိုဖြင့်ကွယ် ဈေးထဲမှာ ပုတီးတွေအများကြီး ရှိတာပေါ့-ဟု မိန့်တော်မူပြီး အရွယ်ကြီးလာရင် ပုတီးဆောင်ရမယ်။ ၀ိပဿနာ မည်မျှပွားများအားထုတ်နေနေ၊ ပုတီးကိုတော့ လက်မလွှတ်ရဘူး။ အင်္ဂုတ္တိုရ် ဧကနိပါတ် အဋ္ဌကထာမှာ ဘယ်ကမ္မဋ္ဌာန်း စီးဖြန်းစီးဖြန်း ငြီးငွေ့လာရင် ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းကို စီးဖြန်းရမယ်။ ဗုဒ္ဓါနုဿတိပွားများလို့ စိတ်ကြည်လင်လာတဲ့အခါကျမှ မိမိအားထုတ်နေကြ ကမ္မဋ္ဌာန်းကို ပြန်ပွားများအားထုတ်ရမယ်။

ဥပမာ-ခွန်အားဗလနဲ့ပြည့်ဝတဲ့ သစ်ခုတ်သမားယောက်ျားဟာ သစ်ပင်မပြတ်ခင် ရဲတင်းကျိုးပဲ့တဲ့အခါ ပန်းပဲမှာ ပြန်လည်ပြုပြင်ပြီး သစ်ပင်ကို ပြန်လည်ခုတ်ရသလိုပါပဲ။ အဲဒီတော့ ပန်းပဲနဲ့တူတဲ့ ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းကို လွှတ်ပစ်ထားလို့မရဘူးကွဲ့။ ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းကို စီးဖြန်းတဲ့အခါမှာလည်း ပုတီးနဲ့က ပိုပြီး သမာဓိရတယ်။ ဒါကြောင့် ဗုဒ္ဓါနုဿတိ လက်မလွှတ်သလို ပုတီးကိုလည်း လက်မလွှတ်ရဘူး-ဟု အမိန့်ရှိ၏။


ဘိုးလုံးကို ဆုံးမပြီးလျှင် ဆရာတော်ကြီးက ဦးကျော်စိုး-အား ပုတီးပါလား-ဟု မေး၏။ ဦးကျော်စိုးက လည်ပင်းမှပုတီးကို ကပျာကသီဖြုတ်၍ ပြလေ၏။ ဆရာတော်ကြီးသည် ဦးကျော်စိုးအားလည်း ပုတီးစိပ်ရန် တိုက်တွန်းပြန်၏။ ထို့နောက် ဘိုးသက်ရှည်အား ပုတီးပါလား-ဟု မေးပြန်၏။

ဘိုးသက်ရှည်ကလည်း မရှိပါဘုရား-ဟု ရိုးသားစွာ လျှောက်၏။ အရင်ကရှိပါတယ်၊ ဘယ်ရောက်သွားလို့လဲ-ဟု ထပ်မံမေးပြန်၏။ ဘိုးသက်ရှည်က ရှဥ့်ချီသွားလို့ပါဘုရား-ဟု အမှန်ကို လျှောက်ထားလိုက်၏။ ဆရာတော်ကြီးက ဒါဖြင့် မောင်ရီ-လာလျှင် ပုတီးမှာလိုက်။ ပုတီးက ရှိမှဖြစ်မယ်-ဟု မိန့်တော်မူလေသည်။

အကိုး။ ။ စစ်ကိုင်းတောင် အနောက်ပရက္ကမဆရာတော်၏ ဖြစ်စဉ်နှင့် ကျင့်စဉ်များ။(အရှင်စာရိန္ဒ၊ ဓမ္မာစရိယ)

ဝေဒနာဦးစီးသော ရှုနည်း

တဖန်ဝေဒနာကို ဦးစားပေး၍ ရှုသော ဒိဋ္ဌေဒိဋ္ဌမတ္တံ နည်းလမ်းရှိသေး၏။ အပြင်မှ တိုက်ခတ်သော ရူပါရုံ၊ သဒ္ဒါရုံစသည်တို့နောက်သို့မလိုက်ဘဲ၊ မိမိကိုယ်၌ ခံစားလျက်ရှိသော ဝေဒနာကို ရှုလိုသည်ဆိုအံ့။ မည်သည့်အချိန်အပိုင်းအခြား၌ဖြစ်စေ၊ သတ္တ၀ါသည် ဝေဒနာ တစ်မျိုးမျိုးကို ခံစားလျက်သာရှိ၏။ သုခသော်လည်းကောင်း၊ ဒုက္ခသော်လည်းကောင်း၊ သောမနဿသော်လည်းကောင်း၊ ဒေါမနဿသော်လည်းကောင်း၊ ဥပေက္ခာသော်လည်းကောင်း၊ တစ်ခုသောအချိန်အပိုင်းအခြားတွင် တစ်မျိုးမျိုး ခံစားလျက်ရှိ၏။ သုခဝေဒနာသည် မည်သို့ရှိလေသနည်းဟု အခြောက်တိုက်တွေးတောမှန်းဆနေရန်မဟုတ်။ ပစ္စုပ္ပန်တည့်တည့် ဆတ်ဆတ် ခံစားလျက်ရှိသော ဝေဒနာကို ရှုရန်ဖြစ်သည်။ မည်သည့်အနာရောဂါမျှ မရှိသော သူတစ်ယောက်သည်ပင် ပက်လက်ကုလားထိုင်ပေါ်တွင်ထိုင်လျက် မိမိကိုယ်၌ ခံစားလျက်ရှိသော ဝေဒနာတစ်ခုခုကို ရှာတတ်လျှင် တွေ့မည်သာဖြစ်၏။ တစ်စုံတစ်ရာ ဘာမျှမဖြစ်ပါဟုဆိုလျှင် ဥပေက္ခာဝေဒနာမျိုးဖြစ်နေသည်ကို တွေ့ရပေလိမ့်မည်။ ဘာမျှမဖြစ်ဆိုသော ဥပေက္ခာဝေဒနာဟူသည် ဘယ်လိုရှိနေသနည်းဟု မိမိကိုယ်၌ စူးစိုက်ရှာလိုက်လျှင် တွေ့ရမည်သာ ဖြစ်လေသည်။ ဥပေက္ခာဝေဒနာ ခံစားပုံကို တစ်ကြိမ်တွေ့အောင် ရှာတတ်ပြီးနောက် အာရုံပြုတိုင်း တွေ့လိမ့်မည်သာဖြစ်၏။

ထို့နောက်တွင် ၀မ်းသာခြင်း၊ ဒေါသဖြစ်ခြင်း၊ ချမ်းသာခြင်း၊ ဆင်းရဲခြင်းစသော ဝေဒနာများသည် တစ်လှည့်တစ်ပတ်စီ ပြောက်ကျားပြောက်ကျား ရံဖန်ရံခါ ပေါ်လာတတ်သည်ဖြစ်ရာ ပေါ်လာတိုင်း၊ ပေါ်လာတိုင်း ပစ္စုပ္ပန်တည့်တည့် သတိနှင့်ရှုခြင်းသည် ယောဂီ၏အလုပ်ဖြစ်၏။ စိတ္တနုပဿနာအလုပ်သည် စိတ်သဘာဝကို ယထာဘူတကျကျ သိစေရန်အတွက်ဖြစ်သကဲ့သို့ ဝေဒနာကိုရှုခြင်းသည်လည်း ဝေဒနာ၏သဘာဝကို ထိုးထွင်းသိမြင်စေရန်ဖြစ်၏။ ဝေဒနာတို့၏ပြောင်းလဲပုံ၊ အခိုက်အတန့်မျှ ပေါ်လာပုံ၊ အမြဲမဟုတ်ပုံ၊ ကိုယ်ပိုင်ပစ္စည်းမဟုတ်ပုံတို့ကို ထိုးထွင်းသိမြင်စေရန်အတွက်ဖြစ်၏။ ဤစကားသည် ယုတ္တိတန်မတန် စဉ်းစားသင့်လှသည်။


ဝေဒနာပျောက်အောင်ရှုသော်လည်း

အချို့သောယောဂီများသည် မိမိတို့ကိုယ်၌ နာကျင်ကိုက်ခဲခြင်းတည်းဟူသော ဒုက္ခဝေဒနာကို ပေါ်လာအောင် ထိုင်ပြီးသည့်နောက်မှ ၄င်းဝေဒနာကို စိုက်၍ရှုကြ၏။

ဝေဒနာ၏သဘာဝကို ထိုးထွင်း၍ သိမြင်ခြင်းမဟုတ်ဘဲ၊ ဒုက္ခဝေဒနာကို ဒုက္ခဟုထင်လာအောင် ရှုခြင်းအားဖြင့် အကျိုးများ မများ စဉ်းစားထိုက်ပေသည်။

ဤဝေဒနာကို နိုင်နိုင်နင်းနင်း ရှုမှတ်လိုက်သောအခါ၌ ဝေဒနာပျောက်သွားသည်ဟု ဆိုကြသည်။ ဟုတ်ကား ဟုတ်ပါပေလိမ့်မည်။ သို့ရာတွင် ၄င်းဝေဒနာပျောက်သွားခြင်းသည် ပညာ၏အစွမ်းသတ္တိကြောင့်မဟုတ်။ သမာဓိ၏ အစွမ်းသတ္တိမျှသာ ဖြစ်ပေလိမ့်မည်။ ဝေဒနာပျောက်သွားခြင်းနှင့် ပတ်သက်၍ အိန္ဒိယပြည်၌ ဖကေးကုလားများ ကျစ်စန္ဒီနတ်ပူးသူများမှစ၍ လောက၌ အနည်းနည်းအဖုံဖုံ ရှိကြခြင်းကို ထောက်ခြင်းဖြင့် ဝေဒနာပျောက်သည်ဆိုရုံမျှနှင့် အထင်ကြီးထိုက်သည် မထင်ပေ။

ကမ္မဋ္ဌာန်းထိုင်ရင်း ကိုက်ခဲနာကျင်လာသည်ဆိုကတည်းက စိတ်ကြောင့်ဖြစ်သောဝေဒနာ (psychological cause) ဖြစ်တန်ရာပေရာ၊ စိတ်၌တည်သော သမာဓိအစွမ်းဖြင့် ပျောက်ကင်းနိုင်သည်ဆိုခြင်းမှာ ထူးဆန်းလှသည် မဟုတ်ပေ။ မည်သို့ဆိုစေ ဤနည်းဖြင့် ဝေဒနာကို ရှုခြင်းသည် ဗုဒ္ဓဟောတော်မူခဲ့သည့် ဝေဒနာနုပဿနာရှုနည်းနှင့် ကိုက်မကိုက် ညီမညီ ဆင်ခြင်စဉ်းစားသင့်လှသည်။ မည်သည့်ပုဂ္ဂိုလ်က မည်ကဲ့သို့ဟောပြစေကာမူ၊ ဗုဒ္ဓ ‘တား’ ထားခဲ့သော (ဓမ္မ)မျဉ်းကြောင်းနှင့် မလွတ်အောင် သတိပြုကြပါမှ မှန်းရွယ်ရာသို့ ရောက်နိုင်ကြပေလမ့်မည်။

ဓမ္မာနုပဿနာသမား၏ အမြင်
ထို့ပြင်တ၀လည်း သတိနှင့်ယှဉ်သော စိတ်ရှိသည်ဖြစ်၍ ဒိဋ္ဌေဒိဋ္ဌမတ္တံနည်းအားဖြင့် မြင်ခြင်း၊ ကြားခြင်းစသည်တို့၌ ပစ္စုပ္ပန်တည့်တည့်ထားနိုင်သည့်အခါ၊ (ဉာဏ်ကြီးသောပုဂ္ဂိုလ် ဖြစ်ခဲ့လျှင်) ခန္ဓာ၊ အာယတန၊ ဓာတ် စသည်တို့၏ သဘာဝအချင်းအရာတို့သည် ဉာဏ်ထဲတွင်ထင်မြင်လာ၍ ဓမ္မာနုပဿနာသတိပဋ္ဌာန်ဖြစ်နိုင်ပေသည်။ ဖြစ်ပုံမှာကား သတိနှင့်ယှဉ်သော စိတ်ရှိစေဖို့လေ့ကျင့်၍ ရင့်ကျက်လာသောအခါတွင် ထိုပုဂ္ဂိုလ်မျိုးသည် အသံကြားလိုက်သောတစ်ခဏ၌ ပစ္စုပ္ပန်တည့်တည့်ရှုနေရင်း အပြင်မှ သဒ္ဒဓာတ် (လေလှိုင်းဆိုချင်ဆို)နှင့် အတွင်းမှ သောတအကြည်ဓာတ်တို့ တိုက်ခိုက်မိခြင်းကြောင့် အသံကိုကြားသော၊ သို့မဟုတ် သိသော သောတ၀ိညာဉ်စိတ် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ကြားတတ်သော ငါကောင်ရှိသည်မဟုတ်။ အသံချုပ်ပျောက်သည်နှင့် တပြိုင်နက် ၄င်းအသံကို သိတတ်သော ကြားစိတ်ကလေးသည်လည်း ချုပ်ပျောက်လေတော့သည် စသည်ဖြင့် (စာဆိုမဟုတ်) ဉာဏ်ထဲတွင် ရှင်း၍မြင်လာရသည်။


၎င်းဉာဏ်အမြင်ပေါ်လာခြင်းသည် စိတ်ကူးကြံစည်ခြင်းဖြင့် ပေါ်လာခြင်းမဟုတ်။ လက်ငင်းကြားလိုက်ရသော ပစ္စုပ္ပန်တည့်တည့်အာရုံကို အစွဲပြုပြီး ဖြစ်ပေါ်လာရသော ဉာဏ်ဖြစ်လေသည်။ စိတ်ကူးကြံစည်သော ဉာဏ်မျိုးမှာ ပစ္စုပ္ပန်တည့်တည့်ဟု မဆိုနိုင်သောကြောင့် ၀ိပဿနာဉာဏ်မဟုတ်ဘဲ၊ စိန္တာမယဉာဏ်မျိုးသာ ဖြစ်နိုင်ပေသည်။ အတွင်းနှင့်အပြင် တိုက်ခတ်မှုကြောင့် ၀ိဉာဉ် (အသိစိတ်) ဖြစ်ပေါ်လာရသည်ဟု ယခင်က ကြားသိဖူးသူဖြစ်လျှင်လည်း အသံကြားခိုက်တွင် စိတ်ထဲ နှလုံးထဲမှ ထပ်လောင်း၍ လှိုက်လှိုက်လှဲလှဲ သဘောကျပြီး ဖြစ်ပုံပျက်ပုံကိုလည်း ထင်းလင်းစွာ သိလိုက်ရသည်။

ဤသည်ကား ပထမတန်း ဉာဏ်ပညာကြီးသူတို့၏ အမြင်ဖြစ်သည်ဟု စာဆိုရှိပေရာ ကျွန်ုပ်မှာ စိတ္တနုပဿနာအတိုင်းသာလျှင် မြင်ရဖူးသူဖြစ်လေသည်။ ဤမျှလောက်ဆိုလျှင် ဒိဋ္ဌေဒိဋ္ဌမတ္တံ လမ်းစဉ်အတိုင်း အားထုတ်လိုသူများအဖို့  အထောက်အပံ့ဖြစ်လောက်ပြီဟု ယုံကြည်ပေသည်။

သတိအရေးအကြီးဆုံး

ဒိဋ္ဌေဒိဋ္ဌမတ္တံ ကျင့်စဉ်အကြောင်းနှင့် ပတ်သက်၍ မေးမြန်းစုံစမ်းကြသော ပုဂ္ဂိုလ်များနှင့် စမ်းသပ်အားထုတ်လိုသော ပုဂ္ဂိုလ်များအား အထူးသိစေလိုသော အချက်တစ်ခု တင်ပြလိုသေးသည်။ “သဒ္ဓါရက္ခတိ သီလံပိ” အစချီသော ပါဠိတော်အရမှာ သီလကို သဒ္ဓါက စောင့်၏။ သီလနှင့် သဒ္ဓါကို ပညာက စောင့်၏။ သီလ၊ သဒ္ဓါနှင့် ပညာတို့ကို သတိက စောင့်၏ ဟု ဗုဒ္ဓဟောတော်မူသည်။ (သင်က စောင့်သော အရာဟူ၍ တစ်ခုမျှ မပါချေ။)



စမ်းသပ်ကြည့်ပါ။ သတိနှင့်ယှဉ်သောစိတ်၊ သို့မဟုတ် သတိဦးစီးသောစိတ် ဖြစ်နေသည့် အခိုက်အတန့်အတွင်း၌ သီလလည်းလုံခြုံ၍ သဒ္ဓါနှင့်ပညာတို့လည်း တွဲဖက်လျက်ရှိသည်ဟု ဗုဒ္ဓဟောတော်မူခြင်းကို သဘောပေါက်ပါလိမ့်မည်။ သတိနှင့်ယှဉ်သောစိတ် ဖြစ်နေသည့်အခိုက်အတန့်အတွင်း၌သာ လုံခြုံသည်။ သတိလွတ်သော တခဏ၌ သီလချိုးဖောက်နိုင်သည်ဟု စောဒကတက်သူရှိခဲ့လျှင် သတိ လက်မလွတ်အောင် လုပ်ရန်သာရှိသည်။

လိုရင်းအချုပ်မှာ သတိနှင့်ယှဉ်သောစိတ် ဟူသည်မှာ မည်ကဲ့သို့ဖြစ်သည်ဟု နားလည်စေရန် တစ်စက္ကန့်မျှဖြစ်စေ၊ စမ်းသပ်ကြိုးစားကြည့်၍ သဘောပေါက်သည်နှင့် တစ်ပြိုင်နက် အချိန်ဆန့်ယူရန်သာ လိုတော့သည်ဟူလို။

(၀ိမုတ္တိသုခ)

စိပ်ပုတီး



စိပ်ပုတီး

နံ့သာနီတောင်၊ ကမ္ဘာရှည်အောင်၊ ဖန်ဆိုးနှင့် လဲဝတ် ကြောင်၊ ကေဥသျှောင်ပယ်လှီး၊ ဈာန်နှင့်နီး၊ ပုတီးလက်တွင် ဆောင်၊ ခရီးမဂ္ဂင်ဖောင်ဟူ၍ နံ့သာနီတောင် နိဗ္ဗိန္ဒပတ်ပျိုးတွင် ပါရှိပေသည်။ စိပ်ပုတီးကား နိဗ္ဗာန်ရောက်ကြောင်းတရားကို ကျင့်ကြံအားထုတ်သူ ဗုဒ္ဓအယူဝါဒီတို့၏ အဆောင်အရွက်တစ်ခု ဖြစ်ပေ၏။

စိပ်ပုတီးသည် မည်သည့်အခါက စတင်ပေါ်ပေါက်ခဲ့သ နည်း။ ပုတီးစိပ်ခြင်း အလေ့အကျင့်သည် မည်သည့်အခါက စတင်ထွန်းကားခဲ့သနည်း စသည်တို့မှာ စိတ်ဝင်စားစရာကောင်း သော မေးခွန်းများပင်ဖြစ်၏။ မြတ်စွာဘုရားတွင် စိပ်ပုတီးရှိ သလော၊ ရဟန္တာတို့သည် စိပ်ပုတီးစိပ်ကြသလော စသည်တို့ကို လည်း ဗုဒ္ဓအယူဝါဒီများ သိရှိလိုကြလေသည်။ စင်စစ်အားဖြင့် စိပ်ပုတီးအကြောင်းကို မည်သည့်ပါဠိတော်အဋ္ဌကထာနှင့် ဋီကာ များတွင်မှ မတွေ့ရပေဟု သုတေသီများဆိုကြပေသည်။ မြတ်စွာ ဘုရားနှင့် ရဟန္တာတို့သည်လည်း စိပ်ပုတီးမစိပ်ကြပေဟု ယူဆ ကြကုန်၏။ ပိဋကတ်တော် နိကာယ်ငါးရပ်တို့တွင်လည်း မြတ်စွာဘုရားသည် စိပ်ပုတီးကိုကိုင်၍ စိပ်တော်မူကြောင်း အဆိုအလာမရှိချေ။ သုံးလူများထိပ်၊ ငါးမာရ်နှိပ်၊ စိပ်ရန်ပုတီး ရှိလိမ့်နည်းဟူသည့် စွယ်စုံကျော်ထင်ကျမ်းလာ အမေးပုစ္ဆာကို သုံးလူများထိပ်၊ ငါးမာရ်နှိပ်၊ စိပ်ရန်ပုတီး မရှိတည်းဟူ၍ မြစ်ကွေ့ဆရာတော်က ဖြေဆိုခဲ့ဘူး၏။ ကျီးသဲလေးထပ်ဆရာ တော်ဘုရားကြီး အရှင်မုနိန္ဒာဘိဓဇကလည်း မြတ်စွာဘုရားပုတီး ဆောင်ဟန် ကျမ်းဂန်မလာပုံကို မိန့်တော်မူခဲ့၏။

သို့သော် ရဟန်းသာမဏေတို့သည် ပစ္စဝေက္ခဏာလေးပုဒ် တို့တွင် တစ်ပုဒ်လျှင် တစ်ပတ်စီရအောင် ဆင်ခြင်၍ စိပ်ပုတီး စိပ်ကြပါက ဣဏပရိဘောဂမှလွတ်ခြင်း၊ ပစ္စယသန္နိဿိတသီလ လုံခြုံခြင်းအကျိုးရှိပေ၏။ ရတနာသုံးပါး၏ ဂုဏ်တော်ကို အောက်မေ့ခြင်း၊ ဝိပဿနာဘာဝနာကို ပွားများခြင်းအားဖြင့် စိပ်ပုတီးကိုစိပ်လျှင် လောကုတ္တရာအကျိုးစီးပွားများစွာ ဖြစ် ထွန်းနိုင်ပေ၏။

ထိုမျှမက ဤစိပ်ပုတီးသည်ကား ရတနာသုံးပါး၏ ဂုဏ် တော်ကို ရည်စူး၍ထားသော စိပ်ပုတီးဖြစ်ပေသည်ဟူ၍ ဆင်ခြင် ကာမျှဖြင့်ပင်လျှင် ကမ္ဘာတစ်သိန်း အပါယ်မလားနိုင်ဟု အဆို ရှိပေသည်။ စိပ်ပုတီးကို စိပ်သည်ဖြစ်စေ၊ မစိပ်သည်ဖြစ်စေ အကြင်သူသည် မိမိ၏ဦးခေါင်း၊ လည်ပင်း၊ မျက်နှာ၊ အိမ်အမိုး စသည်တို့၌ စိပ်ပုတီးကိုထား၍ ကိုးကွယ်သည်ဖြစ်အံ့၊ ထိုသူ သည် ကမ္ဘာတသိန်းတိုင်တိုင် အပါယ်မလားရာဟုလည်း အဆို ရှိပေ၏။

စိပ်ပုတီးသည် စိတ်ကို စောင့်ရှောက်တတ်သော သဘော ရှိ၏။ ဗုဒ္ဓအယူဝါဒတို့သည် မိမိ၏စိတ်ကို တပါတည်းသော အာရုံ၌ စွဲမြဲတည်တံ့စေရန်၎င်း၊ ဘာဝနာကမ္မဋ္ဌာန်းစီးဖြန်းရာတွင် သတိတရား တိမ်းပါးမှု ကင်းစေလို၍၄င်း စိပ်ပုတီးကို အသုံးပြု ကြလေသည်။

စိပ်ပုတီးအမျိုးမျိုး ရှိသည့်အနက် ရှေးအခါကမူ လူတို့ သည် အရိုးကမ္မဋ္ဌာန်းလည်းဖြစ်စေ၊ ပစ္စဝေက္ခဏာကိုလည်း ဆင်ခြင်သတိရစေခြင်းငှာ၊ နွားရိုး၊ ကျွဲရိုး၊ ဆင်ရိုး၊ ဆင်စွယ်၊ ကျွဲချိုစသည့် တိရစ္ဆာန်တို့၏ အစွယ် ဦးချိုနှင့် အရိုးတို့ကို စိပ်ပုတီးပြုလုပ်၍ ကိုင်ဆောင်ကြလေသည်။ ယခုအခါတွင်မူ များသောအားဖြင့် ကြိတ်သီး ကြိမ်သီး၊ ပေသီး၊ နံ့သာသား စသည်တို့ကို စိပ်ပုတီးပြုလုပ်၍ ကိုင်ဆောင်သုံးစွဲလေ့ရှိကြ၏။ ပယင်း၊ ဖန် စသည်တို့ကိုလည်း စိပ်ပုတီးပြုလုပ်လေ့ ရှိကြ ပေသည်။ လောကီပညာကို လိုက်စားသည့် အချို့သော ပုဂ္ဂိုလ် တို့မှာကး ထန်းရွက်၊ ပေရွက်၊ မိုင်းကိုင်စက္ကူ စသည်တို့တွင် လိုအပ်သော ဂါထာမန္တန်ကို ရေးသားသွင်းနှံ၍ ပြင်ပမှ ကြိုးဖြင့် သီထိုးအပ်သော ကြိုးပုတီး၊ သစ်စေးဖြင့် သားရိုးကိုင်တိုက်သွား ထားအပ်သော သားရိုးပုတီး၊ ဆေးဝါးဖြင့် စီမံထားအပ်သော ဆေးပုတီးစသည်တို့ကို အသုံးပြုလေ့ရှိကြပေသည်။

စိပ်ပုတီးကိုကိုင်ဆောင်သုံးစွဲသူတို့သည် စိပ်ပုတီးလုံးရေကို စီမံကန့်သတ်ရာတွင်လည်း မိမိတို့၏ စိတ်ဆန္ဒ နှင့်ရည်ရွယ် ချက်အလျောက် တစ်ဦးနှင့်တစ်ဦး မတူခြားနား၊ အမျိုးမျိုး ကွဲပြားလျက် ရှိကြလေ၏။ အချို့ကား အဝေနိကဂုဏ်တော် ၁၈ ပါးကိုရည်၍ ၁၈ လုံးပါရှိသော စိပ်ပုတီးကို အသုံးပြုကြ၏။ အချို့ကား ဘုရားဂုဏ်တော်ကိုးပါး၊ တရားဂုဏ်တော်ခြောက်ပါး၊ သံဃာဂုဏ်တော်ကိုးပါး၊ စုစုပေါင်း ဂုဏ်တော် ၂၄ ပါးကို ရည်၍ ၂၄ လုံးပါရှိသော စိပ်ပုတီးကို အသုံးပြုကြ၏။ အချို့ ကား ၃၂ ကောဋ္ဌာသကို ရည်၍ ၃၂ လုံးပါရှိသော စိပ်ပုတီးကို အသုံးပြုကြ၏။ အချို့မှာ မူကား ကRဋ္ဌာန်း ၄ဝ ကိုရည်၍ လုံးရေ ၄ဝ ပါရှိသော စိပ်ပုတီးကို အသုံးပြုကြ၏။ သို့သော် လူသုံး အများဆုံးမှာကား ၁ဝ၈ လုံးပါရှိသော စိပ်ပုတီးပင် ဖြစ်၏။ ယင်း ၁ဝ၈ လုံးကို ရည်စူးရာတွင်လည်း အချို့က မြတ်စွာဘုရား၏ ၁ဝ၈ ကွက် ခြေတော်စက် လက္ခဏာကို ရည်စူး၍၊ အချို့က လောကနည်းအားဖြင့် ဂြိုဟ်သက် ၁ဝ၈ ကိုဖြစ်စေ၊ သတ္တမိဿနက္ခတ် ၁ဝ၈ နဝင်းကိုဖြစ်စေ ရည်စူးကြ ကုန်၏။ အချို့ကမူ ဘုရားဂုဏ်တော် ၅၆ ပါး၊ တရားဂုဏ် တော် ၂၈ ပါး၊ သံဃာဂုဏ်တော် ၂၄ ပါး၊ စုစုပေါင်း ဂုဏ် တော် ၁ဝ၈ ပါးကို ရည်စူးကြလေသည်။

စိပ်ပုတီးစိပ်ရာတွင် အချို့က ပုတီးကို ပုံသဏ္ဌာန် ကိုင်တွယ်၍ စိပ်ကြလေသည်။ ထိုသို့စိပ်ခြင်းအားဖြင့် လက်နှစ် ဘက်လုံးက ပုတီးကို ကိုင်ထားရပေရာ တစ်ကြိမ်တည်းနှင့် ပုတီးနှစ်လုံး စိပ်နိုင်သည်ဟု ယူဆကြ သူများရှိသည်။ အချို့ ကမူ စိပ်ပုတီးကို ညာလက်တစ်ဘက်တည်းဖြင့်စိပ်၍၊ အချို့ကမူ ပူတီးကို လက်နှစ်ဘက် ဖြင့်ကိုင်ကာ အတော်အသင့် မြှောက် လျက် စိပ်ကြပေသည်။ ယင်းသို့ မြှောက်၍ စိပ်ခြင်းအားဖြင့် ပုတီးသည် ထမီ၊ ပုဆိုးစသည်တို့နှင့် မထိပဲ သီးခြားကင်းလွတ် ကာ သန့်စင်သည်ဟု ယူဆကြသည်။

စိပ်ပုတီးစိပ်ရာတွင် ပုတီးစေ့ကို လက်မနှင့် လက်ညှိုးကြားတွင် ဖိညှပ်၍ စိပ်ခြင်းကို များသောအားဖြင့် မနှစ်သက် ကြပေ။ ပုတီးစေ့ကို လက်မနှင့် လက်ခလယ်ကြားတွင် ထား၍ စိပ်ခြင်းကိုသာ နှစ်သက်ကြသူများသည်။ အကြောင်းမှာ လက်ခ လယ်သည် လက်ညှိုးထက်ပို၍ သန့်စင်မြင့်မြတ်သည်ဟု ယူဆ ကြသောကြောင့် ဖြစ်ပေ၏။

ဗုဒ္ဓအယူဝါဒီများသာမက ခရစ်ယန်အယူဝါဒီများ၊ အစ္စလာမ်အယူဝါဒီများနှင့် ဟိန္ဒူအယူဝါဒီများ စသည်တို့ကလည်း စိပ်ပုတီးကို အသုံးပြုကြလေသည်။ သို့သော် ပုတီးစေ့လုံးရေနှင့် စိပ်ပုတီး ပုံသဏ္ဌာန်ခြင်းကား မတူကြပေ။ စိပ်ပုတီး အသုံးပြု ခြင်းအလေ့ကို အိန္ဒိယနိုင်ငံရှိ ဗုဒ္ဓအယူဝါဒီနှင့် ဟိန္ဒူအယူဝါဒီ တို့က ရှေးနှစ်ပေါင်းများစွာကတည်းက စတင်တီထွင်ခဲ့ကြခြင်း ဖြစ်၏။ ခရစ်ယန်အယူဝါဒတွင် စိပ်ပုတီးကို မည်သည့်အခါက စတင် သုံးစွဲခဲ့ကြောင်းအတိအကျ မသိရပေ။ ၁၂ ရာစုနှစ်တွင် စိန့် ဒိုမီနစ်ဆိုသူက စိပ်ပုတီး စိပ်ခြင်းသဘောကို ပိုမိုစနစ်ကျ အောင် ပြုပြင်ခဲ့သည်ဟူ၍ကား သိရှိရလေသည်။

စိပ်ပုတီးစိပ်ရာတွင် ပုတီးစေ့တစ်လုံးစီ တစ်လုံးစီ လက်မှ ဖြတ်သွားတိုင်း ဘုရားသခင်နှင့်ပို၍ပို၍နီးလာပြီဟူ၍ ခရစ်ယာန် အယူဝါဒီများက ယူဆကြ၏။ မည်သည့် အယူဝါဒီမဆို တစ်စုံ တစ်ခုကို အာရုံစူးစိုက်နေစေရန် အတွက်၎င်း၊ စိတ်ကိုစင်ကြယ် စေရန်အတွက်၎င်း၊ စိပ်ပုတီး စိပ်ကြသည်ချည်းဖြစ်လေသည်။


ကိုးကား
  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)

Sunday, February 13, 2011

ဘုရားရှင်တော်၏ ရုပ်ပုံတော်ကို ကြည်ညိုရအောင်

ဘုရားရှင်တော်၏ ရုပ်ပုံတော်ကို ကြည်ညိုရအောင်

ဘုရားရှင်၏ ကောင်းမှုပါရမီတော်များသည် 'ဤ၍ ဤမျှ ရှိ၏' ဟုဂဏန်းချလျက် နှိုင်းဆရေတွက်၍ မရလောက်အောင် များမြောင်လှပေ၏။ ကမ္ဘာလောက၌ ရှိသမျှ သတ္တ၀ါအပေါင်း၏ ကောင်းမှုပါရမီတွေကို စုပေါင်း၍ အဆတရာ မြှောက်ပြီးလျှင် တစ်ဆူသော ဘုရာရှင်၏ ပါရမီကုသိုလ်နှင့် နှိုင်ယှဉ်သည်ရှိသော် ဘုရားရှင်တစ်ဆူ၏ ကုသိုလ်ကောင်းမှုတော်ကပင် သာလွန်ဖွယ်ရှိသည်ဟု ကျမ်းဂန်များ၌ ဆို၏။ ထိုမျှလောက်များပြာသော ပါရမီတို့ ကို လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ကာလပတ်လုံး စုဆောင်းတော်မှုခဲ့သောကြောင့် 'ဤ၍ ဤမျှ မည်မျှရှိသည်' ဟုပါရမီတော်များကို ရေတွက်၍ မရနိုင်တော့ပြီ။


အသင်္ချေတွက်ပုံ
ကမ္ဘာကြီးတည်၍ ပျက်စီးသည့်တိုင်အောင်သော အခါကို ' တစ်ကပ်-တစ်ကမ္ဘာ' ဟုခေါ်သည်၏။ အလျား အနံ တစ်ယူဇနာရှိသော ဂိုဒေါင်တိုက်ကြီးအတွင်း၌ မုန်ညင်းစေ့များကို သွင်းပြီးလျှင် အနှစ်တရာကြာမှ တစ်စေ့ကျ ယူပစ်ရာ ထိုမုန်ညင်းစေ့များ ကုန်သွားသော်လည်း တစ်ကမ္ဘာမကုန်သေးဟု ဘုရားရှင်မိန့်  တော်မူသည် (နိဒါန၀ဂ္ဂ-အနမတဂ္ဂသံယုတ်၊ ကဿပသုတ်ပါဠိတော်)။ ထိုမျှကြာ သော ကမ္ဘာပေါင်း မည်မျှရှိပြီဟု ရေတွက်၍ မရလောက်အောင်များမြောင်သော ကမ္ဘာကို အသင်္ချေဟု ဆိုသည်။ ထိုသို့ ရေတွက်၍ မရသောကြောင့် ဘုရားတစ်ဆူနှင့် တစ်ဆူအကြား၌ တစ်သင်္ချေဟု မှတ်ထားရသော လေကြိမ်ကို လေးသင်္ချေဟု ဆိုရသည်။

ထိုလေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းသည် ဘုရားတစ်ဆူ၏ ပါရမီဖြည့်ရာ အမြန်ဆုံး အချိန်ခါတည်း။ အချို့  ဘုရားရှင်များမှာ ပါရမီဖြည့်ဖို့ ရာ ရှစ်သင်္ချေနှင့် ကမ္ဘာတစ် သိန်း၊ တစ်ဆယ်ခြောက် အသင်္ချေနှင့် ကမ္ဘာတစ်သိန်း ကြာသည်။

ထိုလေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းပတ်လုံး စုဆောင်းတော်မူအပ်ခဲ့သော ပါရမီတော်တို့ သည် အလွန့် လွန်များပြားရကး အကျိုးပေးခွင့် အလှည့်မရဘဲ အကျိုးပေးပည်ဟု တခဲခဲ နေခဲ့ကြရာ သိဒ္ဓတ်မင်းသား ဘုရားဖြစ်မည့် ဘ၀၌ကား ခန္ဓာကိုယ်အရေးနှင့်စပ်၍ နောက်ထပ် အကျိုးပေးခွင့် အကျိုးပေးရမည့် အခါကြီး ဖြစ်ပေသည်။

ထိုကြောင့်ထိုပါရမီတော်များသည် ရှင်တော်ဘုရားကို မျက်နှာတော်ကျက်သရေ ရှိအောင်လည်းကောင်း၊ လက်ခြေတော် ပြေပြစ်ညက်ညော ချောမောအောင် လည်းကောင်း၊ ကိုယ်လုံးတော်နှင့် အရပ်တော်ခန့် ညားညီညွတ်အောင်လည် ကောင်း၊
ဤသို့ အားဖြင့် တစ်ကိုယ်လုံး၏ အသွင်အပြင် အရပ်ရပ်၌ ယောင်္ကျားမြတ်တို့ ၏ အမှတ်အသား ဖြစ်သော လက္ခဏာကြီး ၃၂ပါး၊ ရှစ်ဆယ်သော လက္ခဏာငယ်တော်များဖြင့် တံဆိပ်ခတ်လျက် သပ္ပာယ်စွာ ဖန်းဆင်းလိုက်ရကား လူမင်းနတ်မင်း ဗြဟ္မာမင်းဝယ် ဘယ်သူ တစ်ယောက်နှင့်မျှ နှိုင်းပြိုင်၍ မရဘဲ ဇမ္ဗူရာဇ် သိင်္ဂီ နာရဏီရွှေတုံး ရွှေနှစ်ကဲ့သို့  သာကီဝင်မင်းမျိုးတွင် အလှဆုံး အယဉ်ကျေးဆုံးဖြစ်ပါပေသည်။

ထိုသို့  ဖန်းဆင်းရာ၌ ပါရမီတော်များသည် သူမရ၊ ငါမရ အလုအယက် အကျိုးပေးကာ လောက၌ ဆန်းလေသမျှ စခန်းစုံအောင် အစွမ်းကုန်ဖန်ဆင်း လိုက်သည့် အခါကြီးဖြစ်၍ ဘုရားရှင်၏ ပုံဟန်တော်သည် ဖူးမျှော်၍ မ၀နိုင်အောင် တက်သစ်စနေ၀န် ထွန်းသစ်စလစန်းနှင့် ပွင့်ခါစပန်းကဲ့
သို့ အလွန်ကျက်သရေ ရှိတော်မူပါပေသည်။ ဘုရားရှင်သည် ဘုရားဖြစ် တော်မူပြီး၍ တာဝတိံသာနတ်ပြည်ဝယ် နတ်ဗြဟ္မာတို့ ၏ အလယ်မှာ အဘိဓမ္မာတရားတော်ကို ဟောတော်မူ၏။ ထိုအခါ ထိုနတ်ဗြဟ္မာတို့ ၏ ရုပ်အဆင်းထက် ဘုရားရှင်၏ အဆင်းတော်က သာလွန်၍ တင့်တယ်တော် မူပါပေသတဲ့။

ထိုစကားကို ဆိုသင့်ပါပေ၏။ နတ်ဗြဟ္မာတို့ သည် အလွန်လှကြပါပေ၏။
သို့ သော် သူတို့ ကိုယ်တွင်း၌ ရာဂ ဒေါသ မောဟ စသော အညစ်အကြေး
မကင်းပါပေ။ ဘုရားရှင်ကား အညစ်အကြေးကင်း၍ သန့် ရှင်းသော စိတ်တော်
ဝယ် သဗ္ဗညုတဥာဏ်တော်နှင့် မေတ္တာ ကရုဏာ ထုံမွှမ်းလျက်ရှိသောကြောင့် သာလွန်နိုင်ပါသည်။

ထိုမျှလောက် သပ္ပာယ်၍ တင့်တယ်သော ရုပ်ပုံတော်သခင် ဘုရားရှင်ကို မျက်မြင် ကိုယ်တွေ့ူဖူးမြော်၍လျှင် တရားစစ် တရားမြတ်ကို အနားဝပ်လျက် မြတ်နိုးလှစွာ မနာလိုက်ရခြင်းမှာ ယခုခေတ် ဗုဒ္ဓဘာသာဝင်တို့  လွန်စွာကံဆိုး လှချေတကား။ သို့ သော် ဘုရားရှင်၏ ဓမ္မစကြာ အနတ္တလက္ခဏသုတ်၊ သတိပဌာန် စသည်ဖြင့် အဖိုးတန် တရားတော်ကြီးများ မပျက်မပြား တည်ရှိနေ သောကြောင့် ထိုတရားတော်များကို ကိုယ်တွေ့ လိုက်စား၍ တရားထူးရအောင် တရားထူးမရသေလျှင် နောင်ပွင့်တော်မူလာမည့် အရိမေတ္တေယျ ဘုရားရှင်ကို ဖူးမြင်နိုင်အောင် ယခုကပင်ကြိုးစားကြပါလေ။

ဘုရားရှိခိုး ဂါထာ

ပစ္ဆိမံ ဖလဒါနေန၊ ဗဟုံ ပစိတပါရမီ၊
ယဿ ဝေသံ သုမာပေန္တိ၊ ကေနာပိ အသမံ သမံ။

ဗဟုံ- ဤ၍ ဤမျှ ဂဏန်းချ၍ မရနှိုင်းညှိ အတိုင်းမသိရလေအောင်၊ ပစိတပါရမီ- လေးသင်္ချေကိန်း ကပ်တစ်သိန်းက ထိန်းသိန်းစုဆောင်း ပါရမီတော် အပေါင်းတို့  သည်၊ ပစ္ဆိမံ ဖလဒါနေန- ဖြစ်ပျက်ဖန်ခါ သံသရာဝယ် ခန္ဓာကိုယ်ရေး အဆုံးစွန် အကျိုးပေးသောအားဖြင့်၊ ယဿ ဘဂ၀တော- အကြင်ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရား၏၊ ဝေသံ- ရွှေမျက်နှာတော် လက်ခြေတော်နှင့်၊ ကိုယ်တော် သဏ္ဍာန် ပုံဟန်ထင်ပေါ် အသွင်ပြင်တော်ကို၊ ကေနာပိ- လူမင်း နတ်မင်းဗြဟ္မာ မင်း ၀ယ် ဘယ်သူတစ်ယောက်နှင့်မျှ၊ အသမံ- လက္ခဏာတော်ကြီးငယ် အသွယ်သွယ်ဖြင့် ဘယ်ဝယ်တိုင်းကာ မနှိုင်းသာသည်ဖြစ်၍၊ သမံ- တကိုယ်တော်လုံး ရွှေတုံး ရွှေနှစ် ဇမ္ဗူရာဇ်သိင်္ဂီ နာရဏီမျှ သာကီဝင်သွေး အယဉ်ကျေးဆုံးဖြစ်ရလေအောင်၊ သုမာပေန္တိ- တက်သစ်နေ၀န် ထွန်းသစ်လစန်း ပွင့်သစ်ပန်းသို့  ဆန်းအဖုံဖုံ စခန်းစုံအောင် အစွမ်းကုန် ဖန်ဆင်းလိုက်ကြပေသည် တကား

ကျေးဇူးရှင် မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး

Posted by အရှင်နာယကာလင်္ကာရ