Sunday, March 5, 2017
ပြဿနာတိုင်းမှာ(၂)ဘက် ရှိတယ်
ပြဿနာတိုင်းမှာ(၂)ဘက် ရှိတယ်
ဘုန်းကြီးတို့ ငယ်ငယ်တုန်းက အင်္ဂလိပ်လိုရေးထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ် ဖတ်ဖူးတာရှိတယ်။ သူက ဘက်စုံမကြည့်လို့ရှိရင် အမှန်မသိတဲ့အကြောင်းလေး။ ပြဿနာတိုင်းမှာ(၂)ဘက် ရှိတယ်တဲ့၊ အင်မတန် စိတ်ဝင်စားစရာကောင်းတဲ့ အချက်ကလေးတစ်ခုပေါ့။
တောင်တုန်းလေးတစ်ခုပေါ်မှာ စားသောက်ဆိုင်ဆိုင်လေးတစ်ခု ဖွင့်ထားတယ်။ အဲဒီဆိုင်လေးမှာ တောင်က လာတဲ့လူပဲဖြစ်ဖြစ်၊ မြောက်က လာတဲ့လူပဲဖြစ်ဖြစ် ၀င်ပြီးနားကြတယ်။ လမ်းကြီးက တောင်မြောက်ဖောက်ထားတယ်။ အဲဒီတုန်းကလူတွေ မြင်းစီးတဲ့ခေတ်ဆိုတော့ မြင်းစီးပြီးတော့ သွားကြ လာကြတယ်။ ခြောက်လုံးပူး ခါးချိန်တဲ့ခေတ် မဟုတ်ဘူး၊ ဓားလွယ်, လွယ်တဲ့ခေတ်။
အဲဒီတုန်းကမြောက်ဘက်က လူကြီးတစ်ယောက် ဓားလွယ်နဲ့ မြင်စီးပြီးတော့ လာတယ်။ တောင်ဘက်က လူတစ်ယောက်ကလည်း မြောက်သွားဖို့ မြင်းစီးပြီး လာတယ်။ အဲဒီတောင်ကုန်းလေးကျတော့ ခဏနားကြတယ်၊ တောင်ကုန်းပေါ်အတက်ကလေးမှာ နှစ်ယောက်သား မြင်းပေါ်က ခုန်ဆင်းလိုက်တယ်။ စားသောက်ဆိုင်လေးထဲ ၀င်ပြီးနားကြမယ်ပေါ့။
အဲဒီမှာ မြောက်ဘက်ကလာတဲ့ လူက အပေါ်မော့ကြည့်တယ်။ မော့ကြည့်လိုက်တဲ့အခါကျတော့ သူက ဘာတွေ့တုန်းဆိုရင် ရွှေခြင်္သေ့ရုပ်ကလေးကို တွေ့တယ်။ တွေ့တော့ သူက သြော် ရွှေခြင်္သေ့ စားသောက်ဆိုင်ပဲလို့ ပြောလိုက်တယ်။ အဲဒီလို ပြောလိုက်တဲ့အချိန် တောင်ဘက်ကလူက အပေါ်မော့ကြည့်တယ်။ မော့ကြည့်ပြီး မိတ်ဆွေ ခင်ဗျား မှားနေပြီ၊ ရွှေခြင်္သေ့စားသောက်ဆိုင် မဟုတ်ဘူးဗျာ့။ ငွေခြင်္သေ့စားသောက်ဆိုင်ပါ။
ဒီတော့ မြောက်ကလာတဲ့လူက ခင်ဗျားက ကျုပ်ကို ရွှေနဲ့ငွေ မကွဲဘူးလို့ ပြောချင်တာလား တဲ့။ မကျေနပ်တဲ့အသံနဲ့ မေးတယ်။ ဟိုလူက ခင်ဗျား မှားနေတာပါ။ ရွှေခြင်္သေ့မဟုတ်ဘူး၊ ငွေခြင်္သေ့ပါလို့ ထပ်ပြောတယ်။ အဲဒီ ခေတ်ကတစ်ယောက်နဲ့ တစ်ယောက် မကျေနပ်ရင် ဓားချင်းယှဉ်ခုတ်တဲ့ခေတ်။ အချင်းများကြတယ်။ ပထမလူက သူ့ကို ဒီလောက် အထင်သေးရမလား ဆိုပြီးတော့ ဓားဆွဲထုတ်တယ်၊ ဒုတိယလူကလည်း ဓားဆွဲထုတ်တယ်။ ပြီးတော့ ဓားချင်း ယှဉ်ခုတ်ကြတယ်။ တချွမ်ချွမ်နဲ့၊ အဲဒီနေရာမှာ နှစ်ယောက်စလုံး တစ်ဘက်မြင်နဲ့ ဆော်ကြတာလေ။
အငြင်းပွားပြီး ဓားချင်း ဆွဲခုတ်နေကြတုန်း အသံတစ်သံ ထွက်ပေါ်လာတယ်၊ ရပ်လိုက် ဆိုတဲ့ အမိန့်ပေးသံ၊ သူတို့ နှစ်ယောက်စလုံး ကြားတယ်။ သူတို့ အံ့အားသင့်ပြီး ရပ်လိုက်ကြတယ်။ အသံရှင် နတ်သမီးလေး ရုတ်တရက်ပေါ်လာပြီး ရှင်တို့ ဘာလုပ်နေကြတာတုန်းလို့ မေးလိုက်တယ်။ တို့ဟာ အမှန်တရားအတွက် တိုက်ပွဲဝင်နေကြတယ်လို့ ပြောကြတယ်။ တကယ်တော့ သူတို့အမှန်တရားကို ပြည့်ပြည့်စုံစုံမြင်ကြတာ မဟုတ်ဘူး။ ကိုယ်မြင်တာ အမှန်လုပ်ပြီး တိုက်ပွဲဝင်နေတာနော်။
ကဲ . . . ပြောပါဦး ဆိုတော့ မြောက်ဘက်မှ လာတဲ့သူက ပြောတယ်၊ ငါက ရွှေခြင်္သေ့လို့ပြောတယ်။ ဒီလူက ငွေခြင်္သေ့တဲ့၊ ဒီလူက ငါ့ကို ရွှေနဲ့ငွေမကွဲဘူးလို့ ပြောချင်တယ်။ ဒါ့ကြောင့် ငါက အမှန်တရားအတွက် တိုက်ပွဲဝင်နေတာ၊ ဒီတော့ အဲဒီနတ်သမီးက မြောက်ဘက်က လာတဲ့ လူကြီးမင်း တောင်ဘက်သွားပြီးကြည့်ပါ၊ တောင်ဘက်ကလာတဲ့ လူကြီးမင်းက မြောက်ဘက်ကို သွားကြည့်ပါဦးလို့ ပြောလိုက်တယ်။ ရွှေတစ်ဖက် ငွေတစ်ဖက် လုပ်ထားတာကိုး။
ခြင်္သေ့ရုပ်လေးက ဟိုဘက်က ရွှေ၊ ဒီဘက်က ငွေ၊ နှစ်ယောက်စလုံးမှန်တယ်။ နှစ်ယောက်စလုံး မှားနေကြတယ်။ဆိုလိုတာက တစ်ဘက်ပဲ သိတယ်။ အကုန်လုံးမသိဘူး။ ဒီပုံပြင်လေးက တရားဓမ္မနဲ့ ပတ်သက်ပြီးတော့ အလွန်မှတ်သားစရာ ကောင်းတယ်။ တစ်ပိုင်းတစ်စ အမြင်လေးနဲ့ ပြည့်စုံတယ်မထင်နဲ့။
မြတ်စွာဘုရားက နာနာတိတ္ထိယသုတ်မှာ ဟောတယ်။“၀ိဂ္ဂယှ နံ ၀ိဝဒန္တိ၊ ဇနာ ဧကင်္ဂဒဿိနော” အေး . . . လူတွေဟာ တစ်ပိုင်းတစ်စကိုသာ သိပြီး၊ ဆုပ်ကိုင်ထားပြီး အငြင်းပွားနေကြတယ်။ ကိုယ်သိတာလေးကို ဆွဲကိုင်ပြီး အငြင်းပွားနေကြတယ်တဲ့။ အကုန်သိအောင် လုပ်ရမယ်။အကုန်သိရင် အငြင်းပွားစရာ မရှိတော့ဘူးလေ။
ဒီသုတ်ထဲမှာ မျက်မမြင်သူကန်း ဆင်စမ်းပြီး ဆင်သရုပ်ဖော်ခြင်းဆိုတဲ့ ပုံဝတ္ထုလေး ပါတာကို တွေ့ရတယ်။လောကီစာအုပ်တွေထဲမှာလည်း မျက်မမြင် ပုဏ္ဏား(၆)ယောက်အကြောင်း ရေးထားကြတယ်။
အဲဒီပုံပြင်က ဘယ်က စ လာတာလဲ မသိဘူး။ အိန္ဒိယ ဟိန္ဒူဘာသာဖြင့် ရေးထားတဲ့ စာအုပ်မှာတွေမှာလည်း ပါတာပဲ၊ အင်္ဂလိပ်လို ရေးထားတဲ့ စာအုပ်တွေမှာလည်း ပါတာပဲ၊ မြန်မာလိုလည်း ပြန်ရေးကြတယ်။ ထူးထူးဆန်းဆန်း မြတ်စွာဘုရားဟောတဲ့ သုတ္တန်ထဲမှာလည်း တွေ့တယ်။
မြတ်စွာဘုရားဟောတဲ့ ဥဒါန်းပါဠိတော်မှာ နာနာတိတ္ထိယသုတ် ဆိုတာ ရှိတယ်။ တိတ္ထိအမျိုးမျိုး အကြောင်းကို ဟောထားတာ။ အဲဒီ နာနာတိတ္ထိယ သုတ်မှာ မျက်မမြင်ပုဏ္ဏား (၆)ယောက်တော့ မဟုတ်ဘူး၊ (၉)ယောက်၊ (၉)ယောက် ဆိုတာ လူကို ပြောတာမဟုတ်ဘူး၊ မျက်စိမမြင်တဲ့ သူတွေကို အုပ်စု (၉)စုခွဲကာ ဆင်ကို စမ်းကြည့်စေပြီး ဆင် သရုပ်ဖော်ခိုင်းတာ။
အဲဒီဇာတ်လမ်းက ဘုရားဟောတဲ့ သုတ္တန်မှာ ဘယ်လိုပြထားသလဲဆိုရင် –
သာဝတ္ထိပြည်က ဘုရင်ကြီးဟာ တစ်ခါတလေ အပျင်းဖြေတဲ့ သဘောပေါ့၊ ရယ်စရာ လုပ်တယ်။ဘာလုပ်တုန်းဆိုတော့ သာဝတ္ထိ ပြည်မှာရှိတဲ့၊ မျက်စိနှစ်ကွင်း အလင်းမရတဲ့သူအားလုံး ဆင့်ခေါ်ခိုင်းတယ်။နန်းရင်ပြင်မှာ စုစေတယ်။ မျက်စိမမြင်တဲ့လူတွေ အများကြီးပဲ ရောက်လာကြတယ်။
ရောက်လာတဲ့အခါ (၉)စုခွဲလိုက်တယ်။ ခွဲပြီးတဲ့အခါ ကျတော့ ဘုရင်က ၀န်းထမ်းတွေကို အမိန့်ပေးတယ်။
အဲဒီ (၉)စုကို တစ်စုစီ ခွဲပြီး တစ်မျိုးစီ ဆင်ကို ပြစေတယ်၊ ဆင်ဆိုတာ ဘယ်လိုလဲ၊ တချို့ကို ဆင့်ခြေထောက်ကို ကိုင်စမ်းပြီးပြတယ်။ တချို့ကို အမြီးကို ကိုင်စမ်းပြတယ်၊ တချို့ကို နှာမောင်းကို ပြတယ်၊ တချို့ကို အစွယ်ကို ပြတယ်၊ တချို့ကို ကိုယ်လုံးကို ပြတယ်၊ အဲဒီလို ခွဲပြီးပြတယ်၊ အမြီးမှာလည်း မြီးဆံလေးကို ပြတယ်၊ တချို့ကို မြီးထူးရိုးကိုပြတယ်။ ခွဲပြီးတော့ ပြခိုင်းတယ်။
အုပ်စုလိုက် ပြပြီးပြီဆိုတဲ့အခါကျတော့ ဘုရင်ကြီးက ရှေ့တော်သွင်းတယ်၊ ဘုရင်ကြီးက မေးတယ်။မောက်ကန်းတို့၊ မင်းတို့ ဆင်မြင်ကြပြီလား။ဘုန်းတော်ကြောင့် မြင်ရပါပြီ တဲ့။
ကဲ . . . နံပါတ်တစ်အုပ်စုက ဆင်ဆိုတာ ဘယ်လိုဟောလဲ၊ ပြောပြစမ်းလို့ ဘုရင်ကြီးကမေးတယ်။သူတို့ကို ပြထားတဲ့အတိုင်း သူတို့ပြောတာပေါ့။ဆင့်ကိုယ် စမ်းထားတဲ့လူစုက ဆင်ဆိုတာ အုတ်နံရံကြီးလိုပဲတဲ့။ကျန်တဲ့သူတွေကလည်း ဟိုကြည့် ဒီကြည့်ပေါ့။ မြင်တော့ မမြင်ရဘူးပေါ့။ အံ့သြတယ်။
ငါတို့တွေ့တာ အုတ်နံရံကြီးလို မဟုတ်ပါဘူး၊ တုတ်ချောင်းကြီးလိုပါ။ ဘာလို့လဲဆိုတော့ အစွယ်ပြထားတာကိုး။
မြီးဆံပြထားတဲ့လူက တံမျက်စည်းလိုဟာကြီးပါ။ ခြေထောက် ပြထားခြင်းခံရတဲ့ လူကလည်း ဆင်ဆိုတာ တိုင်လိုကြီးပါတဲ့။
သူတို့အချင်းချင်း တစ်ခုနဲ့တစ်ခု မကျေမနပ် ဖြစ်နေကြတယ်။ ဆင်ဆိုတာ နံရံကြီးလိုဆိုတော့ တံမျက်စည်းလို ထင်တဲ့ကောင်ကဟာ . . . မင်းမှားနေတယ်။ ငါတွေ့တာက တံမျက်စည်းလိုပဲ။ဆင့်ခြေထောက် စမ်းတဲ့ လူကလည်း
ဟ . . . ဆင်ဆိုတဲ့ အကောင်က အဲဒီလိုမဟုတ်ဘူးတဲ့၊ တိုင်ကြီးလိုပဲ။
နားရွက်စမ်းတဲ့ကောင်က ဆင်ဆိုတာ ပြားချပ်ကြီး၊ ယပ်တောင်ကြီးလိုပဲ ပြောတယ်။ပြောရင်း ပြောရင်း အုပ်စုချင်း ငြင်းခုံကြ၊ ရန်ဖြစ်ကြပြီး ထသတ်ကြတယ်။အဲဒီအခါမှာ ဘုရင်ကြီးက သဘောကျလွန်းလို့ ဟားတိုက်ပြီး ရယ်သတဲ့။ အတော် ကမြင်းတဲ့ ဘုရင်ပေါ့နော်။
အဲဒီမှာ မြတ်စွာဘုရားက မျက်မမြင်သူကန်းတွေဟာ ကိုယ်မြင်တဲ့အပိုင်းလေးကို ဟုတ်လှပြီဆိုပြီး အခုလို အငြင်းပွားနေကြသတဲ့။ အားလုံးပေါင်းလိုက်ရင် ဆင်ဆိုသည်မှာ ဒါတွေ အားလုံးရှိတယ်ဆိုတာ သူတို့ လက်ခံမယ်ဆိုလို့ရှိရင် သူ့ဟာလည်း လက်ခံမယ်၊ ငါ့ဟာလည်း လက်ခံမယ်၊ အားလုံးကို လက်ခံလိုက်ရင် ဆင်သရုပ် ပေါ်လာမှာပါတဲ့၊ မြတ်စွာဘုရားက မိစ္ဆာ၀ါဒဟာလည်း ဒီအတိုင်းပဲ၊ ခြုံငုံ မကြည့်ဘူး၊ စုံအောင် မကြည့်ဘူး၊ တစ်ဘက်အမြင်လေးနဲ့ အငြင်းပွားနေကြတယ် လို့ ဆိုလိုတယ်။
အေး . . . ဒါကြောင့်မို့ လောကမှာ မိစ္ဆာဝါဒ ဆိုတာ ခြုံငုံသုံးသပ်ခြင်း မရှိလို့ မှားယွင်းတဲ့ ၀ါဒမျိုး ဖြစ်တယ်။ တစ်ဘက်မြင်ကိုပဲ အစွဲအလမ်းကြီးပြီး ကိုယ့်ဘာသာကိုယ် ‘ဣဒမေ၀ သစ္စံ၊ မောဃမညံ’ = ငါ့ဟာသာ အမှန်၊ တခြားဟာ အလကား ဆိုတဲ့ ဆိုလိုချက်တွေနဲ့ ကိုယ့် philosophy ကိုသာ အဟုတ်ထင် စွဲကိုင်ထားပြီး သူများ philosophy ကိုတော့ ပယ်ချတယ်၊ ဒီလိုနဲ့ မိစ္ဆာအယူဝါဒတွေ ပေါ်လာတယ်။အမှန်တရားဆိုတာ တစ်ခုတည်းသာရှိတယ်။အဲဒီအမှန်တရားနဲ့ ပတ်သက်ပြီး သိလာလို့ရှိရင် ဘာမှအငြင်းပွားစရာ မရှိဘူး၊ အားလုံး အတူတူပဲ။
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
Tuesday, September 20, 2016
ထူးသောဗုဒ္ဓနှင့် ထူးသောသာဝက
ထူးသောဗုဒ္ဓနှင့် ထူးသောသာဝက
ပိပ္ပလိမထေရ်သည် ဘဒ္ဒကာပိလာနီနှင့်လမ်းခွဲ၍ တစ်ပါးတည်း ကြွလှမ်းခဲ့၏။နှစ်ဦးသား လမ်းခွဲစ ဉ်က မဟာပထဝီ၏ ပဲ့တင်ထပ်မျှ မြည်ဟီးကာ တုန်လှုပ်ခြင်းကြောင့် ရှဥ့်နက်တို့ အား အစာကျွေးရာ ဝေဠုဝန်ကျောင်းတိုက်၌ သီတင်းသုံးတော်မူသော မြတ်ဗုဒ္ဓသည် ယင်း၏အကြောင်းကို သိရှိရန် ဆင်ခြင်တော်မူ၏။မရေတွက်နိုင်သော စည်းစိမ်ဥစ္စာတို့ကို စွန့်ပစ်၍ ကိုယ်တော်၏သာသနာတော်ထဲ ဝင်ရောက်လာသူ ထိုပုဂ္ဂိုလ်နှစ်ဦးအား ချီးမြှောက်မည်ဟူသောရည်ရွယ်ချက် ဖြင့် ကိုယ်တော်တိုင် သပိတ် သင်္ကန်းကိုယူဆောင်ကာ တစ်ပါးတည်းြွကတော်မူလေ၏။
သုံးဂါဝုတ်မျှ ခရီးတိုင်အောင် ကြွ၍ ရာဇဂြိုဟ်မြို့ နှင့် နာလန္ဒမြို့၏အကြား ပင်စည်နှင့်ခက်မရင်းတို့ မြေသို့ ဖြာကျအောင် ပေါက်ရောက်နေသည့် မြစ်ပွား မြစ်ထောက်များစွာရှိသော ပညောင်ပင် အရင်း၌ ထက်ဝယ် ဖွဲ့ခွေနေတော်မူ၍ ပိပ္ပလိမထေရ်အား ဆီးကြိုတော်မူ၏။ ပိပ္ပလိမထေရ်အား ဆီးကြိုရာ၌ မထင်မရှားရဟန်းတစ်ပါးအသွင် မဟုတ်ဘဲ ရှေ့နောက် ထက်အောက် ဝဲယာသို့ အတောင် (၈၀) တိုင်အောင် အဆက်မပြတ် ပြိုးပြိုးပြက်သော ရောင်ခြည်တို့ဖြင့် ဗုဒ္ဓအသွင်ကို ထင်ရှားစွာ ဆောင်တော်မူ၏။
ထိုသို့ခြောက်ဖြာသောရောင်ခြည်တို့ဖြင့် ထက်ဝယ် ဖွဲ့ခွေ နေတော်မူသော မြတ်ဗုဒ္ဓအား မြင်သော ပိပ္ပလိ မထေရ်သည် ‘ဤအရှင်ကား သုံးလောက၌ အတုမရှိ သောဗုဒ္ဓပင် ဖြစ်တန်ရာ၏။ ငါကား ဤဗုဒ္ဓကို ရည်မှန်း ၍သာ ရဟန်းပြုခဲ့ပေ၏။ ငါသည် ဆရာဖြစ်သောဗုဒ္ဓ ကိုသာလျှင် ဖူးမြင်ရာ၏။ ဗုဒ္ဓမှတစ်ပါး ငါ၏ဆရာသည် အခြားသူ တစ်စုံတစ်ယောက်မျှပင် မဖြစ်နိုင်။ ငါသည် မှန်ကန်သော အကျင့်ကို ကျင့်ကြံခဲ့၍သာ သုဂတ မည် သော ဗုဒ္ဓကို ဖူးတွေ့ရ၏။ ဗုဒ္ဓမှတစ်ပါး အခြားသော တစ်စုံတစ်ယောက်သည် ငါ၏သုဂတမဖြစ်နိုင်။ ငါသည် မဖောက်မပြန် ကိုယ်တိုင် သစ္စာတရား ကိုသိမြင်တော်မူ သော သမ္မာသမ္ဗုဒ္ဓမည်သော ဗုဒ္ဓကိုဖူးတွေ့ရ၏။ ဗုဒ္ဓမှတစ်ပါး အခြားသော တစ်စုံတစ်ယောက်သည် ငါ၏ သမ္မာသမ္ဗုဒ္ဓမဖြစ်နိုင်’ဟုဆို၍ မြတ်ဗုဒ္ဓထံသို့ ချဉ်းကပ် လေ၏။
ဤသို့ မြတ်ဗုဒ္ဓအပေါ်၌ ယုံမှားသံသယ မဖြစ်ဘဲ စိတ်ချယုံကြည်စွာ ရွှင်ကြည်သောနှလုံးဖြင့် မြင်ရာအရပ် မှပင် ရိုကျိုးသောကိုယ်ကာယဖြင့် ချဉ်းကပ်ကာ -
‘သတ္ထာမေ ဘန္တေ ဘဂဝါ၊ သာဝကော ဟမသ္မိံ - ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား၊ အရှင် မြတ်ဘုရားသည် တပည့်တော်၏ဆရာ ဖြစ်တော်မူပါ။ တပည့်တော်သည် အရှင်မြတ်ဘုရား၏တပည့်ဖြစ်ပါအံ့’ ဟု သုံးကြိမ် သုံးခါ လျှောက်ထားတောင်းပန်လေ၏။
မြတ်ဗုဒ္ဓသည် ငယ်မည်အားဖြင့် ပိပ္ပလိဟုထင်ရှား သိသော်လည်း မျိုးရိုးဂုဏ်ကို ပေါ်လွင်စိမ့်သောငှာ ‘ချစ်သားကဿပ’ဟု ခေါ်တော်မူ၏။
“ချစ်သားကဿပ၊ ချစ်သားလောက် မြင့်မြတ်စင်ကြယ်သောစိတ်ဓာတ်နှင့် ပြည့်စုံသူ တပည့် တစ်ဦးကို တစ်စုံတစ်ယောက်သော ဆရာတစ်ဦးသည် သိစရာ အားလုံးတို့ကို မသိမြင်ပါဘဲ ငါသိမြင်ပြီး၏ဟု ပြောဆို ကာ ချစ်သား၏ရိုသေလေးစားမှုကို ခံယူကာ သာယာ ငြားအံ့။ ထိုသူ၏ဦးခေါင်းသည် လည်မှပျက်ကျ၍ ခုနစ်စိတ်သော်လည်း ကွဲရာ၏။
ဤအတူ ငါဘုရား၌ပြုသော ရိုသေလေးစားမှုကို မဟာပထဝီအား ပြုမိငြားအံ့။ ထိုမဟာပထဝီ သည်လည်း ချစ်သား၏ရိုသေလေးစားမှုကို ခံယူနိုင်စွမ်းမရှိ။ ပထဝီ သည် မတည်မြဲနိုင်ပေ။ ယူဇနာပေါင်း နှစ်သိန်း လေးသောင်း မြေအထုသည် ထောင်းထောင်းကွဲအက်၍ အမှုန့်မှုန့် အညက်ညက် ပြိုပျက်ရာ၏။ သီလ၊ သမာဓိ၊ ပညာအရာ၌ တုနှိုင်း၍ မရသော ငါဘုရားအားသာလျှင် သင်ချစ်သား၏ရိုသေမှုကို ခံယူ ခြင်းဖြင့် အန္တရာယ်မဖြစ်နိုင်။ ငါဘုရားသည်ကား သိမြင်စရာ ဟူသမျှကို သိမြင်ပြီးဖြစ်သည်။
ချစ်သား ကဿပ၊ ထိုင်ပေလော့။ သင့်အား ငါ ဘုရား၏အမွေကို ပေးအံ့။ သင်သည် ငါဘုရား၏ဝါဒ ကိုလိုက်နာပြုကျင့်ပါလော့။ ထေရနဝမဇ္ဈိမ(ရဟန်းငယ်၊ ရဟန်းလတ်၊ရဟန်းကြီး)ဖြစ်သော ရဟန်း ဟူသမျှတို့၌ တည်သည့် ထုထည်ကြီးမား မြင့်မြတ်လှသော အရှက် အကြောက်ဟူသော ဟိရီဩတ္တပ္ပ လောကပါလတရား နှစ်ပါးကို တည်စေမည်။ ပြုကျင့်ရမည်။ ကုသိုလ်နှင့်စပ်သော တရားဟူသမျှကို နာကြားရမည်။ ထိုကုသိုလ် အကုသိုလ်ကို လိုလားသောအားဖြင့် ဤတရား သည်ကား ငါ၏ဥစ္စာအကျိုးသာတည်း။ စိတ် ၌ သွင်းထား၍ အနည်းငယ်မျှ ပြင်ပသို့ မထွက်စေဘဲ ကောင်းစွာ အထပ်ထပ်ဆောင်သောစိတ်ဖြင့် ငါဘုရား ဟောကြားသောတရားကို အာရုံစူးစိုက်၍ နာယူလော့။ အသုဘ၊ အာနာပါနတို့၌ ပထမဈာန်အလိုအား ဖြင့် သုခနှင့်ယှဉ်သော ကာယဂတာသတိကို မစွန့်အံ့ ဟု ပြုကျင့်ရမည်။ ချစ်သားကဿပ ငါဘုရား၏ ဤ သုံးဝသော ဩဝါဒကို လိုက်နာကျင့်သုံးပါလော့”
ဤတွင် ရှင်မဟာကဿပမထေရ်သည် မြတ်ဗုဒ္ဓ ၏သုံးပါးသောဩဝါဒကိုခံယူတော်မူ၍ ရှင်ရဟန်း အဖြစ် ထမြောက် အောင်မြင်ခဲ့ပေ၏။ မြတ်ဗုဒ္ဓသည် မထေရ် မြတ်အား သုံးပါးသောဩဝါဒဖြင့် ဆုံးမ၍ ရဟန်းအဖြစ်ကို ပေးတော်မူပြီးသော် ပညောင်ပင်အရင်းမှထွက်ခွာ တော်မူ၏။ ယင်းသို့ ထွက်ခွာရာ၌ မထေရ်မြတ်အား ပစ္ဆာသမဏ(နောက်ပါရဟန်း)ပြု၍ ကြွတော်မူ၏။ သုံးဂါဝုတ်မျှ ခရီးရောက်သောအခါ တစ်ခုသော သစ်ပင်ရိပ်သို့ဝင်၍ ခေတ္တနားလိုသည့်ဟန်ကို ပြတော် မူ၏။ မထေရ်မြတ်လည်း မိမိပခုံးထက်၌ ပါလာသော အသပြာတစ်ထောင်ထိုက်သည့် ဒုကုဋ်သင်္ကန်းကို လေး ခေါက်ပြု၍ ခင်းပေးတော်မူ၏။ မထေရ်မြတ် ခင်းပေးအပ်သော ဒုကုဋ်သင်္ကန်းပေါ်၌ ထိုင်ပြီးသော် လက်တော် ဖြင့် သင်္ကန်းစွန်းကို သုံးသပ်၍ မိန့်တော်မူ၏။
“ချစ်သား ကဿပ၊ သင်၏ ဒုကုဋ်သင်္ကန်းသည် နူးညံ့လှပေစွ”
မထေရ်မြတ်လည်း ‘မြတ်စွာဘုရားသည် ငါ၏ ဒုကုဋ်သင်္ကန်း နူးညံ့ခြင်းကို ချီးကျူးတော်မူ၏။ ဝတ်ရုံ တော်မူလိုသည်ဖြစ်အံ့’ဟု ကြံ၍
“မြတ်စွာဘုရား၊ တပည့်တော်၏ဒုကုဋ်သင်္ကန်းကို ဝတ်ရုံတော်မူပါ”ဟု လျှောက်ထား၏။
“ချစ်သားကဿပ၊ ငါဘုရားအား လှူဒါန်းလိုက်သည်ရှိသော် သင့်အတွက် အဘယ်ဒုကုဋ် သင်္ကန်းကို ဝတ်ရုံမည်နည်း”
“အရှင်ဘုရား၏သင်္ကန်းတော်ကို ရလျှင် ဝတ်ရုံပါမည်”
မြတ်ဗုဒ္ဓသည်လည်း ကိုယ်တော်၏ပခုံးထက်၌ ပါလာသော ဒုကုဋ်သင်္ကန်းကိုပြတော်မူလျက် -
“ချစ်သား၊ ငါဘုရား သုံးဆောင်ဝတ်ရုံထားသဖြင့် ဟောင်းနွမ်းနေပြီဖြစ်သော ဤ ဒုကုဋ်သင်္ကန်းကို ဝတ်ရုံ နိုင်ပါမည်လော။ ဤသင်္ကန်းသည် ပုဏ္ဏာမည်သော ကျွန်မ၏အလောင်းကို ထုတ်၍ စွန့်ပစ်ထားရာ သုသာန်သို့ ဝင်ရောက်ကာ တစ်ပြည်မျှလောက်သော ပိုးလောက် ပိုးရွတို့ကို ခါထုတ်၍ မြတ်သောအရိယာတို့၏ အကျင့်၌ တည်ကာ ပံ့သကူအဖြစ် ကောက်ယူခဲ့၏။ ဤသင်္ကန်း ကို ကောက်ယူသည့်နေ့၌ပင် မဟာပထဝီမြေကြီးသည် မြည်ဟီး တုန်လှုပ်ခဲ့ပေ၏။ ကောင်းကင် အာကာဝဠာ သည်လည်း မိုးထစ်ချုန်းသံဖြင့် ဟိန်းဟိန်းညံခဲ့ပေ၏။
စကြဝဠာတိုက်တစ်သောင်းမှ နတ်ဗြဟ္မာတို့သည်လည်း ကောင်းချီးဩဘာပြုကာ သာဓု အနုမောဒနာ ခေါ်ဆိုခဲ့ ကြပေ၏။ ငါဘုရား၏ သင်္ကန်းကို ခံယူသော ရဟန်းသည် သာမညမျှ သီလ သမာဓိ ရှိရုံနှင့် မထိုက်တန်။ ဇာတိ ပံသုကူလိက (ရဟန်းပြုသည်မှစ၍ ပံ့သကူသင်္ကန်း ဆောင်သူ)၊ ဇာတိအရညိက (ရဟန်းပြုသည်မှ စ၍ တော၌နေသူ)၊ ဇာတိဧကာသနိက (ရဟန်း ပြုသည်မှ စ၍ တစ်နေရာတည်း၌ စားသုံးသူ)၊ ဇာတိသပဒါန စာရိက(ရဟန်းပြုသည်မှစ၍ အိမ်စဉ်အတိုင်း ဆွမ်းခံ လှည့်လည်သူ)ဟူသောဂုဏ်တို့နှင့် ပြည့်စုံသော ရဟန်းသည်သာလျှင် ငါ၏သင်္ကန်းကို ခံယူထိုက်၏။ ချစ်သား၊ ငါ၏သင်္ကန်းနှင့် ထိုက်တန်အောင် ကျင့်ဆောင် နိုင်ပါမည်လော”
“အရှင်ဘုရားမိန့်တော်မူသည့်အတိုင်း ကျင့်ကြံပါမည်”
ရှင်မဟာကဿပမထေရ်ကား အလွန်တရာမှ ပြု နိုင်ခဲလှစွာသောအမှုကို မတွန့်မရွံ့ဘဲ မြတ်ဗုဒ္ဓအထံ၌ ကတိကဝတ်ပြုဘိ၏။ဤအမှု ဤအကျင့်သည် သာမန် ရဟန်းတော်များပင် ပြုနိုင်ကျင့်နိုင်ခဲလှ၏။ ဤမထေရ် မြတ်ကား ယင်းပြုနိုင်ခဲ ကျင့်နိုင်ခဲလှသည့်အမှုကို ကြီး လေးသောဝန်ဆောင်မှုတစ်ရပ်ပင် မထင်။ ဤသို့သော တာဝန်ကိုထမ်းဆောင်နိုင်ရန်အတွက် မြတ်ဗုဒ္ဓ၏ဒုကုဋ် သင်္ကန်းကို ခံယူနိုင်ရန်အတွက် ကမ္ဘာတစ်သိန်းပတ်လုံး ကျင့်ကြံခဲ့ရသည် မဟုတ်ပါလား။
ပဒုမုတ္တရမြတ်စွာဘုရားလက်ထက်၌ ရှင်မဟာနိသဘမထေရ်ကြီးကို အားကျ၍ ဆုတောင်းကာ ဖြည့် ကျင့်ခဲ့ခြင်းကြောင့်လည်းကောင်း၊ ဝိပဿီမြတ်စွာဘုရား လက်ထက်၌ ဧကသာဋကပုဏ္ဏားဘဝတွင် မိမိ၌ရှိသော ပုဆိုးတစ်ထည်ကို လှူဒါန်းခြင်းကြောင့် လည်းကောင်း၊ မဟာဗန္ဓုလမင်းကြီးမှ သူ့အတွက် ရည်ညွှန်း၍ ပေးသော အသပြာတစ်သိန်းထိုက်သည့် ကမ္ဗလာအား ဂန္ဓကုဋီတိုက် အတွင်းဝယ် တစ်ထည်ကို အခင်းပြု၊တစ်ထည်ကို ဗိတာန်မျက်နှာကျက်ပြုလျက် လှူဒါန်းခြင်း၏ အကျိုး တို့ကြောင့် ဤဘဝ၌ မြတ်ဗုဒ္ဓပေးသော တာဝန်ကို ထမ်းဆောင်နိုင်၍ ချီးမြှင့်သော ဒုကုဋ် သင်္ကန်းကို ခံယူနိုင် ခြင်းဖြစ်ပေ၏။
ထိုသို့ သုံးလောက၌ အထွတ်အမြတ်များ ဖြစ်ကြသော မြတ်ဗုဒ္ဓနှင့် တပည့်သာဝကကြီးတို့ သင်္ကန်း   လဲလှယ်ခြင်းအမှုကိုပြုရာ၌ မဟာပထဝီသည် ပဲ့တင်ထပ်မျှ မြည်ဟီးတုန်လှုပ်ခြင်းကို ပြုလေပြန်၏။ မြတ်ဗုဒ္ဓသည် တပည့်သာဝကကြီးနှင့် သင်္ကန်းးလဲလှယ်ခြင်းအမှု၌ ရှေးဘုရားရှင်တို့ပင် မပြုခဲ့ဖူးသော ပြုမူခြင်းတစ်ရပ် ဖြစ်ပါ၏။ ဤ မထေရ်မြတ်ကြီးသည်ကား မြတ်ဗုဒ္ဓကိုယ်တော်တိုင် ဒုကုဋ်သင်္ကန်းကို ချီးမြှောက်ခြင်း ခံရသည်မှာ ထူးခြားမြင့်မြတ်သောကြောင့်သာ ဖြစ်၏။
သျှင်တေဇမာလာ(နဂါးပေါ်)
Sunday, August 21, 2016
သာကီဝင် မြန်မာ (ဗုဒ္ဓဘုရားရှင်ကို ကုလားလို့ပြောနေကြသူများအတွတ်)
သာကီဝင် မြန်မာ (ဗုဒ္ဓဘုရားရှင်ကို ကုလားလို့ပြောနေကြသူများအတွတ်)
သူတို့ဟာ ကပိလဝတ်၊ ဒေဝဒဟ၊ ကောလိယ စတဲ့ သကာကီဝင်တွေရဲ့ သက္ကတိုင်းဟာ မျက်မှောက် ခေတ် အိန္ဒိယနိုင်ငံတွင်း မဟုတ်ပဲ နီပေါနိုင်ငံမှာ ဆိုတာတောင် မသိပဲ ပြောဆိုနေကြတယ်။
သာကီဝင်မင်းသားက ဘုရားဖြစ်လာတဲ့ ဗုဒ္ဓနဲ့ သာကီဝင်တွေရဲ့ သမိုင်းကြောင်းကို သေခြာ မဖတ်ဘူးတော့ သူများပြောတာ ဟုတ်လိမ့်နိုးနိုး ဖြစ်ကုန်ကြတာပေါ့။ (အဲသလို ဘူမသိ ကိုးမသိ သူများပြောတာ ဟုတ်လိမ့်နိုး ထင်နေရင် သူများ လိမ်ညာတာ ခံရနိုင်ပါတယ်) ဗုဒ္ဓနှင့် သူ့ဆွေတော် မျိုးတော် သက္က ဆိုတဲ့ သာကီဝင် တွေရဲ့ သမိုင်းကတော့ . . .။
၁။ သာကီဝင်တွေ ဖြစ်လာမယ့် ဥက္ကာကရာဇ်မင်းကြီးရဲ့ သားတော်လေးပါး၊ သမီးတော် ငါးပါး နဲ့ နောက်လိုက်နောက်ပါများဟာ မဇ္ဈိမဒေသသားများမဟုတ် (ယနေ့နီပေါနိုင်ငံနဲ့ အိန္ဒိယနယ်စပ်ဒေသ က ဒေသခံတွေမဟုတ်ပဲ) အလွန်ရှေးကျတဲ့ကာလက အလွန်ဝေးကွာတဲ့ဒေသမှ ရွှေ့ပြောင်း ဝင်ရောက်လာသူများ ဖြစ်တယ်။
၂။ အဲ့ဒီလို့ စတင် ရွှေ့ပြောင်းလာချိန်မှာ ကပိလ ရသေ့ကြီးက သူ့မြေနေရာကို မြို့တည်ဖို့ ပေးတဲ့အတွက် ကပ္ပိလဝတ္ထု၊ ကပ္ပိလဝတ် လို့ ခေါ်တာ ဖြစ်တယ်။
၃။ သကျ သာကီဝင်တွေ ဘယ်အရပ်ကလာတာလဲလို့ မဇ္ဈိမဒေသက အာရိယံ၊ ဒြာဗီဒီယန် တွေက မေးကြတယ်။ သာကီဝင်တွေက ပြန်ဖြေတယ်။ သူတို့ဟာ အရှေ့ အရပ်က လာကြတာပါ တဲ့။ အရှေ့ အရပ်ဆိုတာ သေခြာအောင် “ကပိလဝတ်မှ ကြည့်လျှင် နေထွက်ရာ အရပ်ဟာ သာကီဝင်တွေရဲ့ ဇာတိ ပါ” တဲ့။
၎။ အာရိယံဗြဟ္မဏတွေကတော့ သူတို့ဟာ အာဖဂန်နစ္စတန် တောင်ကြားလမ်းမှ တဆင့် မဇ္ဈိမ ဒေသတွင်းသို့ အနောက်ဘက်မှ ဝင်ရောက်လာသူများ ဖြစ်ကြောင်း ပြောကြတယ်။ ဒါကြောင့် အနောက်ဘက်ကို မျက်နှာမူပြီး လက်အုပ်ချီ ရှိခိုးပါသတဲ့။
၅။ နောက်တစ်ချက်က နောင် သာကီဝင်ဖြစ်လာမယ့် သူတွေဟာ “ကျွန်းတောကြီး ” တွေ ရှိတဲ့ အရပ်က လာကြတာပါတဲ့။ သူတို့ဟာ ဟိမဝန္တာတောင်ခြေကို ပတ်ပြီး ရွှေ့ပြောင်းလာကြတာ ကျွန်းတောကြီးတွေ ရှိတဲ့ဒေသကို ရောက်တယ်။ ဇာတိမြေနဲ့ တူသမို့ တိုင်းနိုင်ငံ ထူထောင်ပြီး နေကြတယ်။ ကပိလ ရသေ့ကြီး ကလည်း မြို့တည်ဖို့ နေရာကို ပေးတယ်။ “သာကဝန=ကျွန်းတော” ကြီးမှာ ရှိတဲ့ နိုင်ငံမို့ သာကပြည်လို့လဲ ခေါ်ကြတယ်။
၆။ ၁၉၅၈ အိန္ဒိယ ရှေးဟောင်းသုတေသနရဲ့ ကပိလဝတ်၊ ဒေဝဒဟ မြို့ဟောင်းများ တူးဖော်မှု အစီရင်ခံစာအရ သာကီဝင်တွေဟာ အနောက်ဘက်က ဝင်လာတဲ့ အာရိယံ တွေလုံးဝ မဟုတ်ပါ ဘူးတဲ့။ သာကီဝင်တွေဟာ တိဘက်မြန်မာ ခေါ် တိဘက်တိုဘားမင်း အုပ်စုဝင်တွေ ဖြစ်ပါသတဲ့။ (သာကီဝင်တွေဟာ တိဘက်တိုဘားမင်း အုပ်စုဝင်ဖြစ်ကြောင်း အခြား အထောက်အထား များစွာ ရှိပေမယ့် စာရှည်လွန်းလို့ ဤမျှသာ။)
၇။ ပြန်ချုပ်ရရင် သာကီဝင်တွေဟာ အိန္ဒိယ၊ နီပေါ စတဲ့ (natives) ဒေသခံများ မဟုတ်ကြပဲ ကပိလဝတ်ရဲ့ အရှေ့ဘက် နေထွက်ရာအရပ် ကျွန်းတောကြီးတွေ ပေါက်တဲ့ အရပ်မှ (migration) ရွှေ့ပြောင်းလာသူများ ဖြစ်ကြတယ်။
၈။ ကပိလဝတ်ရဲ့ နေထွက်ရာ အရပ်လည်း ဖြစ်ရမယ်၊ ကျွန်းတောကြီး တွေလည်း ရှိရမယ်။ အဲ့ဒီ ဒေသ ဘယ်နေရာမှာလို့ စစ်ဆေးလိုက်တော့ ယနေ့ မြန်မာနိုင်ငံ ကိုသာ တွေ့ရပါတယ်။
၉။ ဘီစီ ၉၀၀ ခန့်က ကပိလဝတ်မှ အဘိရာဇာခေါင်းဆောင်တဲ့ သာကီဝင် အုပ်စု တစ်စုဟာ သူတို့ ဇာတိဖြစ်တဲ့ သင်္ဃဿ (တကောင်း) ကို ပြန်လည် ရွှေ့ပြောင်းလာကြတယ်။ စစ်အင်အား ကြီးတဲ့ အာရိယံကုလားဖြူ မင်းက သမီးတောင်းတာ မပေးလို့၊ အင်အားခြင်းလည်း မယှဉ်နိုင်လို့ ဇာတိ တကောင်းကို ပြန်ပြေးလာရခြင်းဖြစ်တယ်။ (ဒါကို သာကီဝင်တွေ ပထမအကြိမ် တကောင်းကို ရွှေ့ပြောင်းဝင်ရောက်မှု လို့ခေါ်တယ်။)
၁၀။ ဘီစီ ၅၄၀ ခန့်မှာ ဓဇရာဇာ ဦးဆောင်တဲ့ သာကီဝင် အုပ်စုတစ်စုဟာ သူတို့ဇာတိ တကောင်းကို ပြန်ပြေးလာရပါတယ်။ ဝိဋဒူပ မင်းသားက (genocide) လူမျိုးတုန်း သတ်ဖြတ်လို့ ထွက်ပြေး လာရတာ ဖြစ်တယ်။
ဒါတွေ အားလုံးကို ချုပ်လိုက်ရင် သာကီဝင်တွေရဲ့ မူလဇာတိ native ဟာ မြန်မာနိုင်ငံ ဖြစ်ပြီး ဥက္ကာကရာဇ် မင်းကြီးရဲ့ သား/သမီး ၉ ဦးနဲ့ အဖွဲ့ဟာ နီပေါနိုင်ငံတွင်းမှာ ကပိလဝတ် စတဲ့ မြို့တွေကို တည်ထောင် နေထိုင်ခဲ့ကြခြင်း ဖြစ်တယ်။
ဗုဒ္ဓရဲ့ ဘိုးတော်၊ ဘေးတော် သာကီဝင်များရဲ့ ဇာတိဟာ မြန်နိုင်ငံဧရိယာတွင်း ဖြစ်သမို့ ထေရဝါဒ ဗုဒ္ဓဘာသာဟာ မြန်မာနိုင်ငံမှာ ထွန်းကား သလားလို့ တွေးထင်မိတယ်။
ကိုင်းဒီတော့ မြန်မာတွေနဲ့ သွေးသားရင်း ဖြစ်တဲ့ သာကီဝင်မင်းသားကနေ ဘုရားဖြစ်သွားတဲ့ ဗုဒ္ဓဟာ မြန်မာတွေအတွက် သွေးရင်းသားရင်းပါ။
နိုင်ငံခြားသား မဟုတ်ပါဘူး။ ဗုဒ္ဓကို အိန္ဒိယသား ထင်မှတ်နေသူ မဟာပညာရှော်များကို ဗုဒ္ဓဟာ နီပေါနိုင်ငံ ကပိလဝတ်မြို့သား၊ မြန်မာ့သွေးသားရင့်း၊ သူ့ဘိုးဘေးများဟာ မြန်မာပြည်ဇာတိများ ဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။
(ကိုသာဝ)
အကိုးအကား။ ။ ဦးလှသိန်းထဋ် (ဘီအေ၊ ဓမ္မာစရိယ) ၏ ဗုဒ္ဓနှင့် မြန်မာလူမျိုး မင်းကွန်း ဆရာတော် ဦးဝိစိတ္တသာရာ ဘိဝံသ ရဲ့ မဟာဗုဒ္ဓဝင်များ
တောင်ပေါက်ဆရာတော်ရဲ့ ဗုဒ္ဓသာသနိက ပဌဝီကျမ်း
သိသာမြင်သာစေရန် နေဝါရီ သာကီဝင် နွယ်များ ဓာတ်ပုံဖြင့် ပြသလိုက်ပါသည် ရုပ်တွေက မြန်မာနဲ့ ဆင်လား အိန္ဒိယနွယ်ဖွားနဲ့ဆင်လား။ ကြည့်ခိုင်းလိုက်ပါ။ ....
မှတ်ချက်။ ။
ရုပ်တူတာတင်မက နေဝါရီဘာသာ စကားမှာ မြန်မာစကားနဲ့ တူတာတွေ အများကြီးပါပဲ ...။.
ဂဏန်းသချာင်္ ၅=ငါး ကို ငါး လို့ပဲခေါ်တယ်။ မီး ကို မီး။ ပူတာကို ပူတာ။ ထိတာကို ထိတာ မီးပူဆိုတာကို မီးပူ။ နောက် မေးခွန်းမှန်သမျှ လား ပါတယ်။ အငြင်းဝါကျမှန်သမျှ အရှေ့မှာ `မ´ ထည့်ပြီးပြောတယ်။
အာလူး ကို အာလူး ပဲခေါ်တယ်။ ၀ရံတာ ကို ၀ရံတာ လို့ပဲခေါ်တယ်။ ရေထဲ က ငါး ကို လည်း ငါး လို့  ပဲ ခေါ်တယ်။ နေ၀ါရီ လူမျိုးနှင့် မြန်မာလူမျိုးတို့တူသော နောက်ထပ်စကားချို့ရှိပါသေးတယ်...။
လမ်း ကို လမ်း။ သွားသည်ကို လျှောက် ။ သောက်သည်ကို သောက်။ အခေါင်းကို ခေါင်း။
နှခေါင်းကို နှာ။ မျက်စိကို မျက်။
မြတ်ဗုဒ္ဓကို ကိုယ်းကွယ်သူ စည်းကပ်သူအများစုဟာ မျက်နှာဝိုင်းမျိုးများဖြစ်ပြီး ကမ္ဘာ့လူမျိုးကြီး များဖြစ်တဲ့ ရာဝေရီယာန် မွန်ဂိုလီယာန် အင်ဒိုအာရီယာန်စတဲ့ သုံးမျိုး အနက်ထဲက အင်ဒိုအာရီယာန် ကုလားလူမျိုး မဟုတ်တာသေချာတယ်...။
ကျန်တဲ့  စကား လုံး အသုံး အနှုန်း တွေ တူတာ တွေ အများကြီး ကျန်သေးတယ်။ နီပေါနိုင်ငံမှာ နေပါလီ လူမျိုးနဲ့ နေဝါရီ လူမျိုးဆိုပြီး လူမျိုး ၂ မျိုးရှိတယ်။ နေပါလီ က ပုဏ္ဏား ဗြဟ္မာဏ မျိုးဖြစ်ပြီး နေဝါရီ လူမျိုးက သာကီဝင် မျိုးဖြစ်ပါတယ်။
အခုပြထားတဲ့ပုံက နေဝါရီ မိန်းကလေးတွေပုံပါ။ နေဝါရီ လူမျိုးအုပ်စုသည် တိဘက်တိုဘားမန်း အုပ်စုဖြစ်ပါသည်။ ကုလားမျိုး အာရီယာန်နွယ်မဟုတ်ပါ။ သိသာမြင်သာစေရန် ဓာတ်ပုံ တင်ပေး လိုက်တာပါ။
သကျပုတ္တိယ အရှင်အရိယာလင်္ကာရ
Tuesday, June 7, 2016
ရဟန်းသံဃာတော်များသည် ၀ဲဘက်ပုခုံးကို သင်္ကန်းတော်ဖြင့် ဘာ့ကြောင့် ဖုံးလွှမ်းရသနည်း
"ရဟန်းသံဃာတော်များသည် ၀ဲဘက်ပုခုံးကို သင်္ကန်းတော်ဖြင့် ဘာ့ကြောင့် ဖုံးလွှမ်းရသနည်း"
မြတ်ဗုဒ္ဓ သာသနာမှာ လက်ဝဲတော်ရံ လက်ယာတော်ရံဆိုတာရှိတယ်။ လက်ဝဲတော်ရံဆိုတာ တန်ခိုး အရာမှာ ဧတဒဂ်ရတဲ့ အရှင်မဟာမောဂ္ဂလာန်ပါ လက်ယာတော်ရံဆိုတာ ပညာအရာမှာ ဧတဒဂ်ရတဲ့ အရှင်သာရိပုတ္တရာပါ။
တန်ခိုးက လက်ဝဲ၊ ပညာက လက်ယာ။ တန်ခိုးဆိုတာ အာသဝေါတရားတို့ရဲ့ ကုန်ရာခန်းရာ အရဟတ္တဓဇ၊ အရဟတ္တရဲ့ အလံတံခွန်သာဖြစ်တယ်။
ပညာဆိုတာကတော့ ၀ိပဿနာပညာ၊ မဂ်ပညာ၊ ဖိုလ်ပညာကနေ နိဗ္ဗာန်ကို ရဖို့ ရောက်ဖို့ပါ။
ပုထုဇဉ်တို့ရဲ့ စိတ်သဘာဝဆိုတာ အဆန်းကြိုက်၊ တစ်ခုရိုး တစ်မျိုးပြောင်းပြီး။ တစ်သံသရာလုံး ဆန်းတယ်ထင်တာတွေ နောက်လိုက်ခဲ့ကြတယ်။ ရိုင်းရိုင်းပြောရရင် လမ်းဘေးက မျောက်ပွဲ၊ မျက်လှည့်ပွဲကအစ ဆန်းတယ်ထင်တာ မှန်သမျှမှာ လူတွေမေ့မျော သာယာနေတတ်ကြတယ်။
ဒီတော့ တန်ခိုးရဲ့  ဆန်းဆန်းပြားပြား ဖမ်းစားမှုအပေါ် မေ့လျော့တွေဝေ သာယာနေကြရင် မဂ်ပညာ ဖိုလ်ပညာကွယ်မှာပဲ၊ မဂ်ပညာ ဖိုလ်ပညာကွယ်ရင် သာသနာကွယ်မှာပဲ။ သာသနာကွယ်ပြီ ဆိုတာနဲ့ သတ္တ၀ါတွေရဲ့ သံသရာဝဋ်ဆင်းရဲ ဒုက္ခအပေါင်းက လွတ်မြောက်ရာတရားတွေလည်းကွယ်တာပဲ။
ယောဂီတို့ တရားထိုင်ရာမှာလည်း တင်ပျဉ်ခွေကြား လက်နှစ်ဖက် ယှက်တင်တဲ့အခါ လက်ဝဲ လက်ကို အောက်က လက်ယာလက်ကို အပေါ်က ထားရတာလည်း ဒီသဘောပဲ။
လက်ဝဲဆိုတဲ့ တန်ခိုးသဘောကို လက်ယာဆိုတဲ့ ပညာက ဖုံးထားအုပ်ထား၊ ဆင့်ထားရတယ်။
တစ်နည်းအားဖြင့်တော့ လက်ဝဲက သမထ၊ လက်ယာက ၀ိပဿနာ။ သမထ တန်ခိုးကိုသာ ပြလိုက်လို့ကတော့ အညှီ ယင်အုံသလို နေတော့မှာပေါ့။
ရုပ် နာမ် ဖြစ်ပျက်တွေ အနိစ္စ ဒုက္ခ အနတ္တတွေ ဘာမှဟောလို့  ပြောလို့ နားဝင်တော့မှာ မဟုတ်ဘူး။ တန်ခိုးပြမိရင် တန်ခိုးပဲ ကိုးကွယ်မှာ။ ၀ိပဿနာပညာ၊ ဖိုလ်ပညာ၊ မဂ်ပညာတွေဆိုတာ ကျင့်ကြံ အားထုတ်ရမှန်းတောင် သိမှာမဟုတ်တော့ဘူး။
တန်ခိုးလောက်ရင် မိန်းမောနေရင် သံသရာဝဋ်ဆင်းရဲကမလွတ်မြောက်နိုင်ဘူး။ ဒါ့ကြောင့်တန်ခိုး ဆိုတာ ဖုံးထားအပ်သောအရာ၊ ပညာသာလျှင် အမြဲအစဉ် ဖွင့်ထားအပ်သောအရာ၊ ဖော်ထား အပ်သော အရာ၊
ဒါကြောင့် တန်ခိုးကို ကိုယ်စားပြုတဲ့ လက်ဝဲဘက်ကို သင်္ကန်းနဲ့ ဖုံးထားရတယ်။ ပညာကို ကိုယ်စားပြုတဲ့ လက်ယာဘက်ကိုတော့ ဖွင့်ပြထားရတယ်၊ ဖော်ထားရတယ်။
မဟာဗောဓိမြိုင်ဆရာတော်ကြီး
ဗုဒ္ဓမူကြို
Monday, June 6, 2016
ရတနာအစစ်ရဲ့ အရိပ်စစ်
ရတနာအစစ်ရဲ့ အရိပ်စစ်
ရဟန်းသံဃာဆိုတဲ့ ရတနာတပါးရဲ့ ကျေးဇူးဟာ ဆရာ့ကျေးဇူးနဲ့ မိတ်ဆွေကျေးဇူး နှစ်ခုပေါင်း စာလောက် ရှိနေတာပဲ ဖြစ်ပါတယ်။  ရတနာထိုက်တဲ့ သံဃာများဟာ လူပုဂ္ဂိုလ်များကို သံသရာမှ လွတ်ကြောင်းတရား ညွှန်ကြားပဲ့ပြင်ပေးတဲ့ ဆရာ အနေနဲ့ရော လောကလူ့ဘုံမှာ ကျင်လည်ရခိုက် အတောအတွင်း တရားနည်းလမ်းကျကျ အေးချမ်းစွာ ဖြတ်သန်းနိုင်အောင် ကူညီဖေးမ လမ်းပြပေးတဲ့ မိတ်ဆွေအနေနဲ့ပါ ကျေးဇူးပြုလေ့ရှိပါတယ်။
မြန်မာ့လူ့ဘောင်မှာ သံဃာတွေရဲ့ အခန်းကဏ္ဍဟာ အားကိုးကြည်ညိုရာအဖြစ် အထင်အရှား ရှိနေဆဲပါ။  အထူးသဖြင့် ဆင်းရဲမွဲတေမှုတွေနဲ့ နပန်းလုံးပြီး လောကီလောကုတ် ပညာဉာဏ် အသိတွေ အားနည်းကြရရှာတဲ့ အများစု အောက်ခြေ လူထုအတွက် သံဃာ့အရိပ်ဆိုတာ လက်တွေ့ကျတဲ့ ကာယကံမြောက်အေးရိပ်ဖြစ်သလို အတွေးလှတဲ့ မနောကံမြောက်အေး ရိပ်လည်း ဖြစ်ရပါတယ်။  
ဒါကြောင့် တချို့နေရာတွေမှာ သံဃာတွေဟာ သံသရာလွတ်ကြောင်းတရား ဟောပြောရုံတင်မက မိသားစု၊ အိမ်ထောင်ရေးပြသနာတွေမှာပါ ၀င်ပါပေးရတဲ့အထိ လူ့ဘောင်ရဲ့ အလယ်ခေါင်လိုနေရာမျိုးမှာ ရှိနေတတ်တာ ဖြစ်ပါတယ်။  တကယ်တော့ အဲဒီအနေအထား ကြောင့်ပဲ ရဟန်းသံဃာများရဲ့ လူ့ဘောင်အပေါ် ကျေးဇူးဟာ အတိုင်းအဆ မမှန်းနိုင်အောင် ကျယ်ပြန့်တယ်လို့ ဆိုရပါမယ်။
တကယ်တော့ ဗုဒ္ဓ္ဒစာပေကျမ်းဂန်ကို လေ့လာခြင်း၊ တရားဘာဝနာ အားထုတ်ခြင်း၊ အများနားလည် သိတတ်အောင် ဖြန့်ဝေ ဟောကြားခြင်းဆိုတဲ့ ပရိယတ္တိနဲ့ ပဋိပတ္တိဆိုတာ သံသရာမှ လွတ်မြောက် ခြင်းတရားအား ထိုးထွင်းသိမြင်ခြင်းဆိုတဲ့ ပဋိဝေဓ အလို့ငှာ အားထုတ်ရတဲ့အရာတွေသာ ဖြစ်ပါတယ်။  သာသနာကို စောင့်ရှောက်တယ်ဆိုတာ ပရိယတ္တိ၊ ပဋိပတ္တိလောက်နဲ့ မလုံလောက်ဘဲ ပဋိဝေဓဆိုက်မှ အစစ်အမှန် ထိန်းသိမ်းစောင့်ရှောက်ရာ ရောက်မှာပါ။  ဗုဒ္ဓဘာသာ ကိုးကွယ်သူ အရေအ တွက် ကို စောင့်ရှောက်တာဟာ ဗုဒ္ဒသာသနာကို စောင့်ရှောက်တာလို့ မဆိုနိုင်ပါဘူး။
ဒါပေမဲ့ ပညာရေးညံ့ဖျင်းရတဲ့ဘ၀မှာ ဓမ္မပညာရေးလည်း ချွတ်ခြုံကျခဲ့ရတာမို့ အများစုကြီးဟာ သာသနာ့အဆီအနှစ်ကို စောင့်ရှောက်ဖို့ မထက်သန်ကြဘဲ အလွယ်လမ်းဖြစ်တဲ့ ဘာသာ ကိုးကွယ်သူအရေအတွက်ကို စောင့်ရှောက်ဖို့ ထက်သန်လာခဲ့ကြပါတယ်။  ဒီနေရာမှာ ဆင်းရဲ မွဲတေမှုအတွက် အဖြေအဖြစ် ရဟန်းပြုခြင်းကို အသုံးပြုလာကြတဲ့ကိစ္စကဖြင့် အရိပ်ခိုရုံနဲ့ မရပ် တော့ဘဲ အခက်ချိုးတဲ့အထိ သက်ရောက်သွားတတ်တာကိုလည်း သတိပြုရမှာ ဖြစ်ပါတယ်။ အလုပ်အကိုင် ရှားပါးလာတာ၊ အလုပ်အကိုင်ကောင်းတွေအတွက် ပညာရေးလိုအပ်ချက် မြင့်မား လာတာ၊ လူမှုဘ၀လုံခြုံမှု လျော့နည်း လာတာတွေကြောင့်လည်း ရဟန်းအရိပ်၊ သင်္ဃန်းအရိပ်၊ သီလရှင်အရိပ်ကို လွယ်ကူတဲ့ထွက်ပေါက်အဖြစ် သုံးလာတာမျိုးတွေ ရှိလာပါတယ်။
အဲဒီလို အရိပ်ခို၊ ထွက်ပေါက်ရှာသူတွေ ရှိလာတဲ့အခါ လေ့လာကျင့်ကြံအားထုတ်မှုဆိုတဲ့ အခက်လမ်းကို ကြိုးပမ်းဖို့ မစွမ်းနိုင်တာကြောင့်ရော၊ ဒီလမ်းက သူတို့ တကယ်လိုအပ်နေတဲ့ အရိပ်နဲ့ ထွက်ပေါက်အတွက် သိပ်အသုံးမတည့်သလို ဖြစ်နေတာကြောင့်ပါ သူတို့အတွက် အလုပ်ဖြစ်မဲ့ အလွယ်လမ်းတချို့ကို ရှာဖွေကျင့်သုံးတာမျိုးတွေ ရှိလာပါတယ်။  တခြားဘာသာဝင်တွေ ဆောင်ရွက်တဲ့နည်းလမ်းတွေကို တွေ့မြင်တဲ့အခါ ကိုယ့်ဘာသာတရားနဲ့ ပတ်သက်တဲ့ ဓမ္မ ပညာရေးကလည်း မလုံလောက်ခဲ့တော့ သာသနာ့ကိုယ်ခံအားတွေ လျော့နည်းပြီး သူတို့လိုပဲ ကိုယ့် သာသနာကို စောင့်ရှောက်ကောင်းတယ်လို့ ထင်ယောင်ထင်မှားလည်း ဖြစ်လာကြပါတယ်။
 ပဋိဝေဓဆိုက်တဲ့အထိ ကျင့်ကြံပွားများ အား ထုတ်နိုင်ဖို့ ဆိုတာကို အသာထားပြီး ပရိယတ္တိနဲ့ ပဋိပတ္တိကို အားထုတ်ဖို့ဆိုတာတောင် လွယ်ကူတဲ့ကိစ္စ မဟုတ်တာကြောင့်လည်း ဒီလမ်းကို ရှောင်ကွင်း လိုက်ကြပုံလည်း ရပါတယ်။  ဒီလိုနဲ့ ပညာချို့ လူတော်တော်များများက သာသနာကို စောင့် ရှောက်ဖို့ လူအရေအတွက်ကိုသာ အာရုံကျကြကာ လူ့အရည်အသွေးကိုတော့ (မစွမ်းနိုင်မဲ့ တူတူ) မေ့ပစ်လိုက်ကြမတတ် ဖြစ်လာခဲ့တယ်လို့ ယူဆပါတယ်။
ဒါကြောင့်လည်း ရဟန်းသံဃာများရဲ့ သာသနာပြုလုပ်ငန်းစဉ်များဟာ အင်မတန် အရေးကြီးသလို အရိပ်လည်း ကြီးတယ်လို့ ဆိုရတာပဲ ဖြစ်ပါတယ်။  မလွယ်လမ်းဖြစ်တဲ့ ပရိယတ္တိနဲ့ပဋိပတ္တိကို ကိုယ်တိုင်လည်း ကျင့်ကာ သူတပါးကိုလည်း ပဋိဝေဓ ဆိုက်ပါစေဆိုတဲ့ သာသနာစောင့်စေတနာနဲ့ မျှဝေဟောပြောညွှန်ကြားဖေးမမှုကို စိုက်လိုက်မတ်တတ် ကျင့်သုံးနေကြတဲ့ ရဟန်းသံဃာတွေဟာ အဲဒီအလုပ်လောက်နဲ့ကို မအားနိုင် မနားနိုင် ဖြစ်နေကြမှာ အသေအချာပါပဲ။  
ဒီအခါမှာ အလွယ်လမ်းလိုက်တဲ့ အရိပ်ခိုတွေကတော့ ဒီလောက်အလုပ်မများတာမို့ ရပ်ထဲရွာထဲကလူထုနဲ့ အထိအတွေ့ ပိုများခွင့် ရလာကြပါတယ်။  အလွယ်လမ်းသမားမို့ အလွယ်လမ်းစကားသာ ပြောဟောလေတော့ ရပ်ထဲရွာထဲက ပညာချို့လူတွေ အတွက် နားလည်ရမခက်တာကြောင့် သူတို့စကားတွေ ပေါက်မြောက်လာကြပါတယ်။ သူတို့တရားတွေ ဖောင်းပွ လာကြ ပါတယ်။
အဲဒီအချိန်မှာ အခက်လမ်းလျှောက်နေကြတဲ့ ရဟန်းသံဃာတွေကတော့ ကိုယ်တိုင်က ပြည့်ဝမှ သူတပါးကို ဖြည့်ဆည်းနိုင် မယ်လို့ ယုံကြည်သူတွေပီပီ ကိုယ့်ပဋိဝေဓစခန်းကို နပန်း အရင်လုံး နေကြရတဲ့အတွက် ရပ်ထဲရွာထဲက ပညာချို့တွေကို ပညာမမျှနိုင်တာမျိုးတွေလည်း ရှိလာ နိုင်ပါတယ်။ ဒီလိုနဲ့ချိတ်ချိတ်ချင်း ငြိကြသလို သာသနာကို စောင့်ရှောက်ဖို့အတွက် ဘယ်လမ်း လျှောက်ရမှန်း မသဲကွဲသူတွေနဲ့ လူအရေအတွက်ကို အာရုံကျသူတွေ ချိတ်မိကြတာပဲ ဖြစ်ပါတယ်။ 
ဒီနေရာမှာ အလွယ်လမ်းမလိုက်တဲ့ သာသနာ့ဝန်ထမ်း ရဟန်းသံဃာ၊ သီလရှင်များအနေနဲ့လည်း ကိုယ့်ကိုယ်ကို ဖြည့်ဆည်းရုံမက ကိုယ့်ဘေးက ရပ်ရွာသားတွေကိုပါ တပြိုင်တည်း ဖြည့်ဆည်း ပေးကြမှ ဖြစ်မယ်လို့ သဘောထားကြစေချင်ပါတယ်။  အများစုက အလွယ်လမ်း လိုက်ချင်ကြ သူတွေမို့ အခက်လမ်းသမားတွေကို ရှောင်ကွင်းကောင်း ရှောင်ကွင်းကြပါလိမ့်မယ်။  ဒါပေမဲ့ ကိုယ်ကပဲ သူတို့ကို မတွေ့တွေ့အောင် စောင့်တွေ့ပြီး သာသနာစောင့်တရားကို ဝေမျှပေးရမယ့် အနေအထားကို ရောက်နေပြီလို့ ယူဆပါတယ်။
အဲဒီအတွက် ကျေးဇူးရှင် ရတနာစစ်ဖြစ်ကြတဲ့ ရဟန်းသံဃာ၊ သီလရှင်တို့ကို လူအများရဲ့ အရိပ်လာ အခိုကို မစောင့်တော့ဘဲ အရိပ်စစ်လိုက်မိုးပေးဖို့ အားထုတ်ခြင်းဖြင့် ထပ်မံကျေးဇူးပြုပေးတော်မူကြဖို့ လျှောက်ထားတောင်းပန်လိုက်ရပါတယ်။ သာသနာသုံးရပ်ကို စောင့်ရှောက်တတ်သော ဗုဒ္ဓဘာသာ ၀င်များ တိုးပွားနိုင်ပါစေ။
မသီတာ (စမ်းချောင်း)
Saturday, June 4, 2016
ဓမ္မ တာဝန်
ဓမ္မတာဝန်
အပိုင်း (၁)
တချို့က ပြောလေ့ရှိကြတယ်၊ မြန်မာနိုင်ငံမှာရှိတဲ့ ဗုဒ္ဓသာသနာကလည်း မသန့်စင်ဘူးလို့ ဒီလိုပြောတယ်၊ မြတ်စွာဘုရားရဲ့ အဆုံးအမတွေလည်း မသန့်စင်ဘူး၊ ထေရဝါဒ မပီပြင်ဘူးလို့ တချို့သမိုင်း ဆရာတွေက ဒီလိုဆိုချင်ကြတယ်၊ ဘာကြည့်ပြောတာလဲဆိုရင် ရွှေတိဂုံဘုရားပေါ်မှာ ရှိတဲ့ နတ်ရုပ်တွေ ဓာတ်ခန်းတွေတို့ ဘိုးတော်တွေတို့ ဆိုတာတွေ ကိုကြည့်ပြီးတော့ ထေရဝါဒ မှာလည်းပဲ အယူအဆတွေရောနေတယ်လို့ ဒီလိုသတ်မှတ်ပြီးပြောဆိုတယ်။ ဒါဟာ သေသေချာချာ မစဉ်းစားကြည့်လို့ ပြောမိတာသာ ဖြစ်တယ်၊ ကိုးကွယ်တဲ့ပုဂ္ဂိုလ် တွေအနေနဲ့ ရောတာကသဘာဝပဲ၊ ဓမ္မ အနေနဲ့ အဲဒီလို ရောထွေးနေတာတော့ လုံးဝမရှိဘူး၊ ထေရဝါဒ စစ်စစ် လုံးဝသန့်  ရှင်းစင်ကြယ်တယ်၊
ထေရဝါဒကို ကိုးကွယ်တယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေကတော့ ရောကောင်းရောလိမ့်မယ်၊ ဒါက ဓမ္မမှာ ရောတာ မဟုတ်ဘူး၊ ပုဂ္ဂိုလ်က ရောတာ၊ ပုဂ္ဂိုလ်ဆိုတာ tradition ကို စွန့်ခဲတယ်။ မြန်မာနိုင်ငံမှာ ဗုဒ္ဓသာသနာမရောက်ခင်က နတ်ကိုးကွယ်တဲ့ ဝါဒမျိုး လက်ခံပြီးနေခဲ့တဲ့ အစဉ်အလာကနေ ဗုဒ္ဓသာသနာတော် ရောက်လာတဲ့အခါမှာ မြတ်စွာဘုရားရဲ့ အဆုံးအမတွေ ရင်ထဲနှလုံးထဲ ရောက်လာလို့ အမှန်သိလာပြီး ဗုဒ္ဓသာသနာတော်ကို မြတ်မြတ်နိုးနိုးနဲ့ ကိုးကွယ်လာခဲ့ကြတယ်၊ အဲဒီကိုးကွယ်လာတဲ့ပုဂ္ဂိုလ်တွေမှာ အချို့က ရှေးရိုးစွဲအတွေးတွေ ခေါင်းထဲမှာ မပျောက်သေးသည့် အတွက်ကြောင့် မြတ်ဗုဒ္ဓရဲ့အဆုံးအမတွေအပြင် တခြားဟာတွေကို မှန်တယ်ထင်ပြီး လက်ခံ နေကြတယ်၊ အယူစွဲတွေ ရှိနေတတ်တာကတော့ ဒါ လောကရဲ့သဘာဝပဲ။
သို့သော် မြန်မာနိုင်ငံရောက်လာတဲ့ပိဋ္ဋကသုံးသွယ် နိကာယ်ငါးဖြာ၊ ဓမ္မက္ခန္ဓာပေါင်း(၈၄၀၀၀) ဆိုတာ ဒီထဲမှာ မည်သည့်ဝါဒမှ ရောနှောနေတာ မရှိဘူး၊ ဒါတောင်မှ တချို့က ပိဋ္ဋကထဲမှာ ဟိန္ဒူဝါဒ တွေ ရောနေတယ်လို့ရေးတယ်၊ ဘယ်မှာရောတာတုန်းလို့မေးတော့ သူတို့ထောက်ပြတဲ့အရာတွေက လုံးဝ ရယ်စရာတွေသာဖြစ်တယ်။
ဆိုပါစို့ ရယ်စရာတစ်ခုက ဘာလဲဆိုတာ သူတို့ပြောမယ်ဆိုရင် ဗုဒ္ဓဝါဒထဲမှာ မိစ္ဆာဝါဒတွေ ရောနေတယ် ဆိုတာက ဒိဋ္ဌိသံယုတ်တို့၊ ဗြဟ္မဇာလသုတ်တို့၊ ဒါက ဒိဋ္ဌိအကြောင်းတွေကို ဟောပြောတဲ့ ဟာသာဖြစ်တယ်၊ အဲတာတွေပါရှိလို့ရောတယ်လိုံပြောနေတာကတော့ ရယ်စရာ သက်သက်ပဲလို့ပြောရမယ်၊ မမှန်တာကို မမှန်ဘူးလို့ တင်ပြခြင်းအားဖြင့် ဒီတရာဟာ မမှန်မကန် ဖြစ်သွားတာ မဟုတ်ဘူး၊ မှန်ကန်မှုကို အလေးထားပြီး အမှားကိုလည်း အမှားလို့မြင်တတ် ရှင်းပြတတ်တာသာ ဖြစ်တယ်။
နန္ဒကပေတဝတ္ထုဆိုတာကို ထောက်ထားပြီး (၃၁)ဘုံကို ဗုဒ္ဓလက်မခံဘူးဆိုပြီးတော့ မြန်မာနိုင်ငံမှာ ထုတ်တဲ့ စာအုပ်တစ်အုပ်မှာ ရေးတယ်၊ မမှန်ကန်တဲ့သာဓကတွေ ကိုးကားတယ်၊ တစ်ကယ် ကျမ်းဂန်ကို လေလာကြည့်မယ်ဆိုရင် နန္ဒက ဆိုတဲ့ပြိတ္တာကြီးဟာ သူကိုယ်တိုင် မှားယွင်းတဲ့ အယူအဆတွေကို ယူခဲ့သည့် အတွက်ကြောင့်ဒီလို မှားယွင်းတဲ့ဝါဒ လက်ခံ ကျင့်သုံးသည့် အတွက်ကြောင့် ပြိတ္တာဘဝ ရောက်ရပါတယ်လို့ပြောတာ၊ အဲဒါစာပေထဲ မှတ်တမ်းတင်ထားတာ တွေကို ကြည့်ပြီး ဗုဒ္ဓဝါဒထဲမှာ ဟိန္ဒူဝါဒတွေ ရောနေတယ်လို့ဆိုတာက အလွန်ရယ်စရာ ကောင်းတဲ့အရာတစ်ခုသာဖြစ်တယ်။
အပိုင်း (၂ )
ရံဖန်ရံခါ တစ်ချို့ နိုင်ငံခြားသားတွေက ဆိုပါစို့ - မြင့်မိုရ်တောင် အကြောင်း ရေးထားတဲ့စာတွေကို ကြည့်ပြီးတော့ မြင့်မိုရ်တောင် ဘယ်မှာလဲ ဆိုတာမျိုးတွေ မေးလာတတ်ကြတယ်၊ မြင့်မိုရ်တောင် ဘယ်မှာလဲလို့ မေးလာရင် ဗုဒ္ဓသာသနာတော်မှာ မြင့်မိုရ်တောင်ဟာ အဓိကမဟုတ်ဘူး၊ ဒါတွေက ရှေးခေတ်က ရှိတဲ့ အနေအထားတွေ၊ မြတ်စွာဘုရားက လောကမှာ သတ်မှတ်ထားတဲ့ တောင် တစ်ခုကို ဟောကြားခြင်းသာဖြစ်တယ်။
လူ့ဘုံနဲ့ ဆက်စပ်နေပြီး အင်မတန်ကြီးမားတဲ့ ကမ္ဘာ ဂြိုလ်ကြီးတစ်ခုလုံးရဲ့ အမြင့်ဆုံးနေရာဟာ မြင့်မိုရ်တောင်လို့ ယူဆရင် ယူဆနိုင်စရာရှိတယ်၊ သာမန်ပကတိမြင်ရတဲ့ တောင်မျိုးလို လိုက်ရှာနေလို့ကတော့ ဘယ်လိုနည်းနဲ့မှ တွေ့မှာမဟုတ်ဘူး။ ဒီပြဿနာက အရေးကြီးတာ မဟုတ်ဘူး၊ မြတ်စွာဘုရားရဲ့ အဆုံးအမထဲမှာ သစ္စာလေးပါးတို့ မဂ္ဂင်ရှစ်ပါးတို့ ဆိုတာတွေကသာ အလွန်အရေးပါတယ့် တရားတွေဖြစ်တယ်၊ ဒါတွေနဲ့ ပက်သက်ပြီး စောဒကတတ်နိုင်တာ ဘယ်သူမှမရှိဘူး၊
လောကလူသားတွေ အကျိုးပြုဖို့အတွက် မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က မဂ္ဂင်ရှစ်ပါး ဆိုတဲ့ အနှစ်သာရရှိတဲ့ တရားကို ဟောကြားဆုံးမထားလို့ မဂ္ဂင်ရှစ်ပါးဆိုတဲ့ ဒီဓမ္မဟာ လောကသားတွေ အတွက် ကနေ့ လိုက်ရှာရင် ကနေ့ အကျိုးရှိတယ်၊ လောကကို အကျိုးပြုနေလို့ မှန်ကန်တဲ့ အလင်းရောင် တစ်ခုကိုမြတ်စွာဘုရားရဲ့ ဓမ္မတွေက ပေးအပ်နေခြင်းဖြစ်တယ်၊
ရတာ မရတာက မြတ်စွာဘုရား တရားနဲ့ မဆိုင်ဘူး၊ လုပ်သူပုဂ္ဂိုလ်တွေနဲ့သာ ဆိုင်တယ်၊ ဒါကြောင့်မို့ ဘုန်းကြီးတို့တတွေ ဓမ္မတာဝန်ကို ထမ်းဆောင်ကြတဲ့အခါမှာ မြတ်စွာဘုရားရဲ့ တရားဓမ္မကို အတိမ်းအစောင်း မရှိအောင် ထိန်းသိမ်းစောင့်ရှောက်ဖို့ဟာ ရဟန်းသံဃာတွေ အလေးပေးရမယ့် တာဝန်တစ်ရပ်ဖြစ်တယ်၊ ဘယ်ဘာသာ ဘယ်ဝါဒမှာပဲ ကြည့်ကြည့် မြတ်စွာဘုရားရဲ့ အဆုံးအမတရားတွေလောက် တရားထုထည်ကြီးမားတဲ့ အရာဆိုတာမရှိဘူး၊ မြတ်စွာဘုရားဟောပြောထားတဲ့ တရားတွေဟာ ပိဋ္ဋက သုံးသွယ် နိကာယ် ငါးဖြာ ဓမ္မက္ခန္ဓာပေါင်း (၈၄၀၀၀)ထိ မြန်မာနိုင်ငံမှာ အပြည့်အစုံ ပုံနှိပ်ပြီးတော့ စာအုပ်စာတမ်းအနေနဲ့ လည်းရှိတယ်၊ သင်ကြားပို့ ချနေမှု လည်းရှိတယ်၊ မြန်မာနိုင်ငံမှာ မသင်လို့ မသိတဲ့ကျမ်းမျိုး အဓိပ္ပာယ် မဖော်နိုင်တဲ့ ကျမ်းမျိုး ဆိုတာလည်းမရှိဘူး၊ ဒါ့ကြောင့်မို့ မြန်မာနိုင်ငံရဲ့ ဓမ္မတာဝန်ဟာ ကျေပွန်တယ်လို့ ဒီလို ပြောရမယ်။
အပိုင်း (၃)
တချို့ ပုဂ္ဂိုလ်တွေက သံဃာတွေထဲမှာ အမြင်မတော်တဲ့ပုဂ္ဂိုလ်တွေကိုကြည့်ပြီး အပြစ်ဆိုကြတယ်၊ လောကမှာ အဆိုးနဲ့ အကောင်းဆိုတာ ဒွန်တွဲနေတာဖြစ်တယ်၊ အဆိုးရှိရင် အကောင်းရှိမယ်၊ အနှစ်နဲ့ အကာဆိုတာလည်း ဒွန်တွဲနေတတ်တယ်၊ အဆိုးနဲ့အကောင်း ခွဲခြား မြင်တတ်ဖို့ လိုအပ်တယ်၊ လောကသားတွေထဲမှာ အဆိုးဆိုတာ မည်သည့်နေရာမှာမဆိုရှိတယ်၊အဆိုးရှိရင် အကောင်းလည်းရှိတယ်၊ အကောင်းနဲ့ အဆိုးထဲမှာ အဆိုးတွေများမလာဖို့ ဘဲ အရေးကြီးတယ်၊ အကောင်းတွေ ဆက်လက်ကောင်းပြီးတော့ အကောင်းတွေများလာဖို့ပဲ လိုအပ်တယ်၊ လောက သဘာဝကိုက အဆိုးနဲ့အကောင်းမှာ အကောင်းက အဆိုးကို ဆွဲဆောင်ဖို့ရာ ခက်တယ်၊ အဆိုးကသာ အကောင်းကို ဆွဲဆောင်သွားတတ်တယ်၊လောကရဲ့ သဘာဝပဲဖြစ်တယ်။
ဆိုပါစို့- သရက်သီး ၁၀-လုံးရှိတဲ့အထဲမယ် တစ်လုံးကပုပ်နေတယ်၊ ကျန်တဲ့ ကိုးလုံးက ကောင်းတယ်၊ တူတူထားလိုက်လို့ ရှိရင် အပုပ်တစ်လုံးကို အကောင်း ၉-လုံးက ကောင်းအောင် မလုပ်ပေးနိုင်ဘူး၊ အဲဒီအဆိုးတစ်လုံးရဲ့ နောက်ကိုပဲ အကောင်းကိုးလုံးက လိုက်သွားပြီး အားလုံးက အပုပ်ဖြစ်သွားတယ်။အကောင်းတွေ များနေဖို့ ဆိုတာ ဟာ ဘယ်ခေတ် ဘယ်ကာလကမှ ရှိနိုင်တာမဟုတ်ဘူး၊ အကောင်းနဲ့ အဆိုးဆိုတာ ရောနေတာဖြစ်တယ်၊ အကောင်းတွေကိုကြည့်ပြီး ကောင်းအောင် ဆောင်ရွက်သွားဖို့ သာ အလွန် အရေးကြီးတယ်။
ဒါ့ကြောင့်မို့ ဒီကနေ့ သာသနာတော်မှာ နေထိုင်ကြတဲ့ရဟန်းသံဃာတွေအနေနဲ့  ဓမ္မတာဝန် ထမ်းဆောင်ကြတဲ့ အခါမှာ အရေးကြီးတဲ့ ဓမ္မတာဝန်ဆိုတာဘာလဲ သိဖို့ လိုအပ်တယ်။ မြတ်စွာဘုရား ကိုယ်တော်မြတ်ကိုယ်တိုင် ဟောကြားခဲ့သည့် သုတ် ဝိနည်း အဘိဓမ္မာဆိုတဲ့ ဒေသနာတော်တွေဟာ မိမိတို့ လက်ထဲမှာရှိနေတယ်၊ ဒီတရားတွေကို အာရုံစိုက်ပြီး သင်ယူခြင်း ပို့ချခြင်း၊ လေ့လာခြင်းဆိုတာ အရေးတကြီးလုပ်ရမယ့် ကိစ္စဖြစ်တယ်၊ အဲတာကို ဓမ္မတာဝန်လို့  ပြောရတယ်။
ပါမောက္ခချုပ်ဆရာတော်ကြီးဟောကြားတော်မူသော ဓမ္မတာဝန် တရားဒေသနာမှ