Wednesday, December 10, 2014

နောင်မှတ, တဲ့နောင်တ



နောင်မှတ, တဲ့နောင်တ

( ၁ )
လွန်ခဲ့တဲ့နှစ်ပေါင်း နှစ်ထောင့်ငါးရာကျော်က အဆိုအမိန့်တွေဟာ ဒီနေ့လူတွေအတွက် အသုံးမှကျသေးရဲ့လား……..အသုံးဝင်နေမှု့ ရှိပါရဲ့လားလို့ ကျွန်တော်က ခနခန တွေးမိတယ် ။ အခြေအနေ အချိန်အခါတွေက အများကြီးပြောင်းခဲ့ပြိမဟုတ်လား ။ အခု ကျွန်တော် ရွတ်ဆို ပြမှာတွေကို ခင်ဗျားတို့ နားထောင်ကြည့် ၊ ကျွန်တော်ရွတ်ဆိုပြတဲ့အချက်တွေဟာ ခင်ဗျားတ အတွက် အသုံးဝင်သေးရဲ့လား ၊ အသုံးမ၀င်တော့ဘူးလားဆိုတာကို ခင်ဗျားတို့ကိုယ်တိုင်ဘဲ ဆုံးဖြတ်ပေါ့ ၊ ကျွန်တော်ကတော့ ဒီအဆိုအမိန့်တွေကို နှစ်သက်သဘောကျလို့ အလွတ်ရအောင်ကို ကျက်မှတ်ထားတယ် ။ အခုရွတ်ပြမည့် အဆိုအမိန့်တွေက ဇနသန္ဒလို့ခေါ်တဲ့ မင်းကြီးက သတိပေး ဆိုမိန့်ခဲ့တာတွေပဲဗျ ။
(မိတ်ဆွေဖြစ်သူ ပြောဆိုသော ဇနသန္ဒမင်းအကြောင်းကို ဒွါဒသနိပါတ် ဇာတ်ဝတ္ထုတွေထဲက ငါးခုမြောက်ဇာတ်တော်ဖြစ်တယ်လို့ သိရပါတယ် ။)

( ၂ )
“……..ဤ ဆယ်ပါးသော အကြောင်းအရာ ၊ လုပ်ငန်းကိစ္စတို့ကို ရှေးအခါက မပြုလုပ် မဆောင်ရွက် ခဲ့မိသော သူသည် နောင်အခါ၌ စိုးရိမ်ပူပန်ရတတ်၏ ။
(၁) ရသင့်ရထိုက်သော ဥစ္စာပစ္စည်းကို မရသည်ရှိသော် စိုးရိမ်ပူပန်ရ၏ ။ ငါသည်ငယ်ရွယ်စဉ်အခါက ပစ္စည်းဥစ္စာကို မဆည်းပူး ၊ မစုဆောင်းခဲ့မိဟု အိုမင်းသောအခါ စိုးရိမ်ပူပန် ရ၏ ။
(၂) အတတ်ပညာမရှိသူအား အသက်မွေးရခြင်းသည် ဆင်းရဲငြိုငြင်လှ၏ ။ ငါသည် ငယ်ရွယ်စဉ် အခါ၌ အတတ်ပညာကို မသင်ကြားခဲ့မိဟု အိုမင်းသောအခါ စိုးရိမ်ပူပန်ရ၏ ။

(၃) ငါသည် ငယ်ရွယ်စဉ်အခါ၌ ကောက်ကျစ်စဉ်းလဲသော အမှုကိုပြုမိခဲ့၏ ။ သူတစ်ပါး၏ ကျောကုန်းသားကို စားသကဲ့သို့ ချောပစ်ကုန်းတိုက်သောစကားကို ဆိုခဲ့မိ၏ ။ ကြမ်းကြုတ်သော စကားကို ဆိုခဲ့မိ၏ဟု အိုမင်းသောအခါ စိုးရိမ်ပူပန်ရ၏ ။
(၄) ငါသည်ငယ်ရွယ်စဉ်အခါ သူ့အသက်ကိုသတ်မိ၏ ။ ရက်စက်ကြမ်းကြုတ်ခဲ့၏ ။ ယုတ်မာခဲ့၏ ။ သတ္တ၀ါတို့အပေါ် သနားကြင်နာခြင်းကို မပြုခဲ့မိဟု အိုမင်းသောအခါ စိုးရိမ်ပူပန်ရ၏ ။
(၅) ငါသည်ငယ်ရွယ်စဉ်အခါ သူတစ်ပါးတို့ မသိမ်းဆည်းအပ်သော မိန်းမများရှိပါလျှက် သူတစ်ပါးမယားကို မှီဝဲကျူးလွန်မိ၏ဟု အိုမင်းသောအခါ စိုးရိမ်ပူပန်ရ၏ ။

(၆) ငါသည် ငယ်ရွယ်စဉ်အခါ ထမင်းအဖျော် ဥစ္စာစည်းပွားရှိပါလျှက် အလှူဒါနကို မလှူဒါန်းမိခဲ့ဟု အိုမင်းသောအခါ စိုးရိမ်ပူပန်ရ၏ ။
(၇) ငါသည် ငယ်ရွယ်စဉ်အခါက ဥစ္စာအား ။ ကိုယ်အားဖြင့် စွမ်းနိုင်ပါလျှက် အိုမင်းသော အမိအဖတို့ကို မကျွေးမွေးမိခဲ့ ၊ မပြုစုမိခဲ့ဟု အိုမင်းသောအခါ စိုးရိမ်ပူပန်ရ၏ ။
(၈) လက်ဦးဆရာဖြစ်၍ ဆုံးမပဲ့ပြင်လျက် အလုံးစုံသောအရာတို့ကို ငါ့အားပေး၍ ကျွေးမွေးပြုစုသော အဖကိုငါသည် မထေမဲ့မြင် ပြုခဲ့မိ၏ဟု နောင်အခါ စိုးရိမ်ပူပန်ရ၏ ။
(၉) သီလရှိ၍ ဗဟုသုတများသော ရဟန်းသူတော်သူမြတ်တို့ကို ငါသည် ရှေးအခါက မဆည်းကပ်မိခဲ့ ဟု နောင်အခါ စိုးရိမ်ပူပန်ရ၏ ။
(၁၀) ငါသည်ရှေးအခါက ငြိမ်သက်သော ၊ ဆည်းကပ်အပ်သော ခြိုးခြံသော အကျင့်မျိုးကို မကျင့်မိခဲ့ဟု နောင်အခါ စိုးရိမ်ပူပန်ရ၏ ။

….ဤဆယ်ပါးသော အကြောင်းအရာလုပ်ငန်းကိစ္စတို့ကို ပြုလုပ်ခဲ့မိသောသူသည် နောင်အခါ စိုးရိမ်ပူပန်ခြင်းမရှိနိုင် …..။
အထက်ပါဆယ်မျိုးကို အလွန်နောင်တရစရာ ဆယ်မျိုးအနေနဲ့ ကျုပ်ကတော့ ခေါင်းစဉ် တပ်ချင်တယ် ။

( ၃ )
အထက်ပါပု၈္ဂိုလ်၇ဲ့ စကားအဆုံးမှာ မိတ်ဆွေတစ်ဦးက “နောင်တ “ နဲ့ပါတ်သက်ပြီး ဆရာကြီး ပီမိုးနင်း သတိပေးစကားပြောခဲ့ပုံကို ပြောပြပါတယ် ။ သူက…..
“အချိန်”ဆိုတာဟာ အဖိုးမဖြတ်နိုင်တဲ့ အရင်းအနှီးဖြစ်တယ် ။ အဲဒိအချိန်ဆိုတဲ့အရင်းအနှီးနဲ့ ကျမ်းမာခြင်း ဆိုတဲ့ အရင်းအနှီးကိုရတဲ့သူမှာ ငွေအရင်းအနှီး ၊ ပညာအရင်းအနှီး ရဖို့ မခက်တဲ့ အကြောင်းကို ဆရာကြီးပီမိုးနင်းက အလေးထားပြီး ပြောခဲ့တာ ။

နပိုလျံဟာ ၀ယ်လင်တန်ကိုတိုက်ဖို့ ၀ါတာလူးစစ်ပွဲကိုရောက်တော့ နေ၀င်တော့မည့်အချိန် ဖြစ်နေတယ် ။ နပိုလျံဟာနောက်ကျသွားတယ် ။ ဒိအခါမှာ နပိုလျံဟာ စစ်မြေပြင်မှာရပ်ပြီး နေလုံးကြီးဆီကို လှမ်းကြည့်ပြီးတော့ “ ဒီနေ့အတွက် ၂ နာရီလောက်သင့်ကို ငါတားလို့ရမယ်ဆိုရင် လောကမှာဘာမဆို ငါပေးနိုင်ပါရဲ့ “လို့ ညည်းတွားတယ်တဲ့ ၊ အဲဒီစစ်ပွဲဟာ နပိုလျံရဲ့ဘုန်းမီးကို အပြီးတိုင် ငြိမ်းစေတဲ့စစ်ပွဲဖြစ်တယ်တဲ့ ။

အဲဒီနပိုလျံလို နောက်ကျမှနောင်တရသူတွေ လောကမှာ မရေမတွက်နိုင်အောင် ရှိမှာပဲတဲ့ ။ အသက်လို့ဆိုရတဲ့ နေရောင်ရဲ့အဆုံးနားကျခါမှ လွန်ခဲ့ကုန်ခဲ့တဲ့ အချိန်တွေကို ပြန်မျှော်ရင်း ၀င်လုဆဲနေရောင်မှာ မြင်နေရတဲ့တောင်ထွတ် တောင်ထိပ်တွေကို ငါရောက်အောင် မတက်မိလေခြင်းလို့ နောင်တကြီးစွာရသူတွေ အများကြီးရှိမှာပဲ ။ ဒီလူတွေဟာ အချိန်ရှိခိုက် လုပ်ရမည့် အရာတွေကို မလုပ်ဖြစ်တဲ့သူတွေဆိုတာ နောင်တမလွန်ဘ၀မှာလည်း ဒီလိုပဲ နောင်တရကြမယ့် အထုံဓလေ့ကို သူတို့နဲ့အတူ မကွဲမကွာ ဆောင်ယူသွားကြမှာပဲတဲ့ ။

လူတစ်ဦးရဲ့ တစ်သက်တာအတွင်းမှာ ရရှိနိုင်တဲ့အချိန်ဟာ သိပ်မများလှဘူး ။ ဥပမာ အသက် ၆၀ နေရသူမှာ နှစ်ပေါင်းနှစ်ဆယ်လောက်ဟာ အိပ်ရာမှာကုန်သွားတယ် ။သက်တမ်းရဲ့ နှစ်ပေါင်း ၂၀ လောက်ကို အိပ်ပစ်တယ်ပေါ့ ။
စားတာသောက်တာအတွက် ကုန်တဲ့အချိန်က ၃ နှစ်ကျော်တယ်တဲ့ဗျ ။
စားပွဲမှာ စားသောက်ရာမှာ ပွဲရံအပြောင်းအလဲမှာ စောင့်ဆိုင်းရတဲ့အချိန်က ၉ လလောက်ကုန်တယ် ။
အလုပ်အတွက် ၁၇ နှစ်ခွဲလောက် အချိန်ရတယ် ။ အပျော်အပါးအတွက် ၇ နှစ်ခွဲလောက် ၊ လမ်းလျှောက်တာ ကစားတာအတွက် ၆ နှစ်နဲ့ ၇ လလောက် ၊ ၀တ်စားဆင်ယင်ရေးအတွက် ၂ နှစ်ခွဲလောက်ကုန်တယ် ။

ဘာမှမလုပ်ဘဲ နေနေတဲ့အချိန်မျိုးကလည်း ၂ နှစ်ခွဲလောက်ကုန်သွားတာပဲတဲ့ ။ကျုပ်အဖြစ်က ဆရာပီမိုးနင်းပြောတာထက် အချီးနီးအချိန်တွေ ကုန်ခဲ့တယ်ဗျ ။ အခု ကျွန်တော်ပင်စင်ယူပြီးလို့ ကိုယ့်ဘ၀ရဲ့အတိတ်ကိုပြန်ကြည့်လိုက်တဲ့အခါမှာ … မပျော်ပိုက်တဲ့အလုပ်ခွင်မှာချည့် ငါ့ဘ၀ဟာ အချိန်ကုန်ခဲ့ရပါလားလို့ နောင်တတွေ အကြီးအကျယ်ရမိတယ်ဗျာ ၊ ရှေ့မှာလည်း ဘယ်လိုနောင်တတွေ ရဦးမယ်မသိဘူး ၊ကျွန်တော်ကတော့ နောင်တသံသရာထဲမှာ တ၀ဲဝဲလည် ဖြစ်နေဦးမယ်ထင်ပါရဲ့ ။

ဆက်လက်ဖော်ပြပါမည်…….
နန္ဒာသိန်းဇံ


Tuesday, December 9, 2014

ကုသိုလ်ကောင်းမှု ချက်ချင်းပြု


ကုသိုလ်ကောင်းမှု ချက်ချင်းပြု

တစ်ခါတုန်းက သာဝတ္ထိပြည်မှာ ပုဏ္ဏားလင်မယား နှစ်ယောက် ရှိခဲ့ကြဖူးတယ်။ သူတို့လင်မယား နှစ်ယောက်ဟာ အလွန်ဆင်းရဲချို့တဲ့ကြတယ်။ ဘယ်လောက်တောင် ဆင်းရဲမွဲတေသလဲဆိုတော့ လင်မယားနှစ်ယောက်ပေါင်းမှ အပေါ်ရုံအ၀တ်ပုဆိုး တစ်ထည်ပဲရှိသတဲ့။ ဒါကြောင့် သူတို့ကို ဧကသာဋက လို့ခေါ်ကြတယ်။

အဓိပ္ပါယ်ကတော့ ၀တ်ရုံတစ်ထည်တည်းသာရှိတဲ့ လင် မယားပေါ့။ ဒါကြောင့် သူတို့လင်မယားမမျာ တစ်ယောက်က အပြင်ကိစ္စရှိလို့သွားရင် ကျန် တစ်ယောက်က အိမ်ထဲမှာနေရတယ်။ အဲဒါလောက်ဆင်းရဲတဲ့
လင်မယားပါ။

တစ်နေ့ကျတော့ မြတ်စွာဘုရားကျောင်းတော်မှာ တရားနာ ဖိတ်ခေါ်တဲ့အသံကိုကြားတော့ ပုဏ္ဏား ကပုဏ္ဏေးမကိုမေးတယ်။

ပုဏ္ဏေးမ၊ မင်းနေ့မှာ တရားနာသွားမလား၊ ညမှာ တရားနာသွားမလား။ မင်းနေ့မှာသွားရင် ငါညမှာ သွားမယ်တဲ့။ ဘာဖြစ်လို့လဲဆိုတော့ တစ်ယောက် တရားနာသွားရင် သူကအပေါ်ဝတ်ရုံကို ယူသွားမှာကိုး။ ဒီတော့ တစ်ယောက်က အိမ်မှာနေခဲ့ရမယ် မဟုတ်လား။

ဒီအခါ ပုဏ္ဏေးမက သူနေ့မှာ တရားနာသွားမယ်လို့  ဆိုတယ်။

ပုဏ္ဏားကတော့ ညဦးပိုင်းကျမှ မြတ်စွာဘုရားရဲ့ တရားတော်ကိုနာဖို့ သွားတာပေါ့။ မြတ်စွာဘုရားရဲ့  တရားတော်ကိုနာကြားရတဲ့ ပုဏ္ဏားဟာတစ်ကိုယ်လုံး ပီတိစိတ်တွေဖြာပြီး သဒ္ဓါတရားတွေ
ထက်သန်နေတော့တယ်။

သူ့စိတ်ထဲမှာရက်ရောတဲ့ အလှူကြီးတစ်ခုကို လှူချင်ပါတယ်။ ဒါပေမယ့် သူ့မှာ လှူစရာမရှိလို့ ကိုယ်ပေါ်မှာ တင်ထားတဲ့ဝတ်ရုံတစ်ခုပဲ ရှိတယ်။ သဒ္ဓါစိတ်က ထက်သန်ပြီး ပီတိစိတ်က ယိုဖိတ နေတယ်ဆိုတော့ ပုဏ္ဏားရဲ့စိတ်အစဉ်မှာ ဒီဝတ်ရုံကိုပါ လှူလိုက်တော့မယ်ဆိုတဲ့ အကြံအစည် ဖြစ်ပေါ်လာပါတယ်။

ဒီလိုအကြံပေါ်ပြီးခဏကြာတော့ သူဆက်ပြီး စဉ်းစားတယ်။ ငါ ပုဆိုးကို လှူလိုက်ရင် ပုဏ္ဏေးမ ခြုံစရာရှိတော့မှာ မဟုတ်ဘူး။ င့ါမှာလည်း လက်ကန်တော့တင်စရာ ကျန်တော့မှာ မဟုတ်ဘူးဆိုပြီး အတွေးဖြစ်သွားတယ်။ ဒီအတွေးဖြစ်သွားတာနဲ့ ချက်ချင်းသူ့စိတ်ဟာ တွန့်တိုသွားတယ်။ သူနောက်ဆံ တင်းသွားပြီကိုး။ ငဲ့ကွက်မှုတွေက သူ့စိတ်ထဲမှာ ဖြစ်ပေါ်လာပြီ ဆိုတော့ ဆုံးဖြတ်ချက် မချနိုင်ဘူး။ စိတ်ဟာ ချီတုံ ချတုံဖြစ်ပြီး ပျံ့လွင့်လှုပ်ရှားပါတော့တယ်။

ဒီနောက်မှာ ကြည်ညိုတဲ့ သဒ္ဓါစိတ်ကလေးက ၀င်လာပြန်တယ်။ ဒီတော့ အိုလှူမယ် ဆိုတဲ့ စိတ်ဖြစ်ပြန်တယ်။

လှူမယ်ကြံတိုင်း အားကြီးတဲ့တွန့်တိုစိတ် ငဲ့ကွက်စိတ်တွေက ပေါ်လာပြီး တားဆီးနေတဲ့ အတွက် ပုဏ္ဏားရဲ့အကြံဟာမမြောက်ဘူး။ ပျံ့လွင့်တဲံ့စိတ်တွေကြောင့်သူ့မှာ ဆုံးဖြတ်ချက် မကျနိုင်ဘဲနဲ့ ညဥ့်ဦးယံကုန်သွားပါတော့တယ်။

ညဥ့်လယ်ယံရောက်ပြန်တော့လည်း လှူမယ်လှူလို့မဖြစ်ဘူးဆိုတဲ့ သဒ္ဓါစိတ်နဲ့တွန့်တိုစိတ်နှစ်ခုဟာ လွန်ဆွဲနေခဲ့ပြန်ပါတယ်။ နောက်ဆုံးမိုးသောက်ယံလည်းရောက်လာပြီ။ အချိန်လည်း ကုန်ဆုံး တော့မယ်။ ဒီတော့ ပုဏ္ဏားကြီး စဉ်းစားတယ်။

ငါ့ရဲ့သဒ္ဓါစိတ်နဲ့မစ္ဆရိယ စိတ်တွေဟာ ငါ့ကိုယ်တွင်းမှာ တိုက်ပွဲဖြစ်နေတယ်။ ညဥ့်ဦးယံ နဲ့  ညဥ့်လယ်ယံလည်း ကုန်ဆုံးသွားပြီ။ ငါ့မှာ ကုသိုလ်စိတ်နဲ့အကုသိုလ်စိတ် လွန်ဆွဲနေတယ်။ ငါဟာ တွန့်တိုတဲ့ အကုသိုလ်စိတ်ကို မဖြတ်တောက်နိုင်ဘူး။ မပယ်နိုင်ဘူး။ ဒါဆိုငါဟာ အပါယ်ဘေးကနေလွတ်တော့မှာ မဟုတ်ဘူး။ တော်ပြီ ငါလှူမယ်ဆိုပြီး ညဥ့်ရဲ့သန်းခေါင်ယံမှာ ဆုံးဖြတ်ချက်ကို ယတိပြတ် ချလိုက်ပါတော့တယ်။

ဒီလိုလည်း ဆုံးဖြတ်ချက်လည်းကျရော ပုဏ္ဏားဟာ သူ့ရဲ့ဝတ်ရုံကလေးကို မြတ်စွာ ဘုရားရဲ့ ခြေတော်ရင်းမှာ ပုံချထားပြီး ဇိတံ မေ၊ ဇိတံ မေ၊ ဇိတံ မေ လို့ကြွေးကြော် လိုက်ပါတယ်။ ငါအောင်ပြီ ငါအောင်ပြီ ငါအောင်ပြီ လို့ ကြွေးကြော်လိုက်တာပါ။

ဒီအသံကို သူ့ဘေးမှာ တရားနာရောက်ရှိနေတဲ့ ပသေနဒီကောသလမင်းကြီးက ကြားသွားပါတယ်။ ဒီတော့မင်းကြီးရဲ့စိတ်ထဲမှာ ဒီပုဏ္ဏားဟာ တစ်စုံတစ်ခုကို အောင်မြင်ဟန်တူတယ်။ ပုဏ္ဏားကို မေးကြစမ်းပါလို့ မင်းချင်းတို့ကို ခိုင်းပါတယ်။ မင်းချင်းယောက်ျားတို့က မေးတော့ ငါ့ အတွင်းစိတ်ကို ငါအောင်နိုင်လို့ ကြွေးကြော်တာလို့ သူ့အဖြစ်ကို ပြန်ပြောလိုက်ပါတယ်။

မင်းချင်းတွေက ကောသလမင်းကြီးကို အဖြစ်အပျက်အစုံကို နားတော်ပြန်လျှောက်တော့ အင်း ဒီပုဏ္ဏားဟာ ပြုနိုင်ခဲတဲ့ အလှူကိုလှူတာပဲ။ ဒီပုဏ္ဏားကို သနားပါတယ်။ သူ့အတွက် အ၀တ် တစ်ထည် ချီးမြှင့်မှဆိုပြီး အ၀တ်ညိုတစ်ထည်ကို ချီးမြှင့်ပါတယ်။

မင်းကြီးလှူတဲ့ ပုဆိုးကိုရတဲ့အခါမှာလည်း သဒ္ဓါစိတ်ကို မတားနိုင်တော့ဘဲ မြတ်စွာဘုရားကို လှူပြန်တယ်။ မင်းကြီးက သူ့ရဲ့ရဲရင့်တဲ့ သဒ္ဓါစိတ်ကို အားကျလာတယ်။ နောက်ထပ် ၀တ်ရုံနှစ်ထည် လှူပြန်တယ်။ ပုဏ္ဏားလည်း ချက်ချင်းပဲ မြတ်စွာဘုရားကို လှူပစ်လိုက်တယ်။ ပုဏ္ဏားရဲ့စိတ်ထဲမှာ ဘာဆိုဘာကိုမျှ ငဲ့ကွက်လိုတဲ့စိတ် မရှိတော့ပါဘူး။

မင်းကြီးလဲပုဏ္ဏားရဲ့ ရက်ရောတဲ့သဒ္ဓါစိတ်ကို နှစ်သက်တော်မူတာနဲ့ ပုဏ္ဏားကို အ၀တ်အထည်များ နှစ်ဆတိုးပေးလိုက်တယ်။ ပုဏ္ဏားကလှူလိုက် မင်းကြီးကအ၀တ်အထည်တွေပေးလိုက်တာ သုံးဆယ့်နှစ်စုံအထိ ရောက်လာတယ်။

ဒီအခါမှာ ပုဏ္ဏားစိတ်ထဲမှာ ဒီပုဏ္ဏားဟာရတိုင်း လှူနေတာပဲ ကိုယ့်အတွက်တောင် မချန်ဘူး လို့ ကဲ့ရဲ့လွတ်အောင် တစ်ကြိမ်မှာတော့ သူနှင့် ပုဏ္ဏေးမအတွက်နှစ်ထည်ကိုချန်ပြီး ကျန်အထည် တွေကို လှူပါတယ်။

မင်းကြီးကလည်း ခုနှစ်ကြိမ်အထိပေးတယ်။ ပုဏ္ဏားကလည်း ခုနှစ်ကြိမ်အထိ လှူပစ်လိုက်တယ်။ နောက်ဆုံးမှာတော့ ကောသလမင်းကြီးဟာ နန်းတော်ထဲက ၀တ်လဲတော် သိန်းထိုက်ကမ္ဗလာကို မင်းချင်းတို့ကို ယူစေပြီး ပုဏ္ဏားကို ပေးစေပြန်တယ်။

မင်းကြီးလုပ်နေပုံက ဒီပုဏ္ဏားတန်ဖိုးရှိတဲ့ အထည်ရရင်ဖြင့် လှူပါတော့မလားလို့ စိတ်စမ်းသလိုပါပဲ။ ပုဏ္ဏားရဲ့စိတ်ထဲမှာတော့ အဖိုးတန်သော ဘာသော နားလည်မှုမရှိတော့ပါ။ သိန်းထိုက် ကမ္ဗလာကို ရတော့ ဒီလောက်ကောင်းတဲ့အထည်ကို ငါ့ကိုယ် ပေါ်မှာတင်ဖို့ မထိုက်ပါဘူး။

ဒါမြတ်စွာဘုရား နှင့်သာ ထိုက်ပါတယ်ဆိုပြီး မြတ်စွာဘုရားကိန်းဝပ်တော်မူတဲ့ ဂန္ဓကုဋိတိုက်ခန်းမှာ အိပ်ယာ အထက်က ဗိမတန်ကျက်လိုက်ပါတယ်။ တစ်ထည်ကိုတော့ သူ့အိမ်ကရဟန်းသံဃာများ ဆွမ်းလုပ် ကျွေးရာ အပေါ်က ဗိတန်ကြပ်ပါတယ်။

ညကျတော့ ကောသလမင်းကြီးဟာ မြတ်စွာဘုရားထံ ပူဇော်ဖို့ကြွလာတော့ ဂန္ဓကုဋိတိုက် အိပ်ယာမျက်နှာကြပ်မှာ ဗိတန်ကြပ်ထားတဲ့ အ၀တ်ကိုမြင်ပါတယ်။ ဒီတော့ ပုဏားဟာ ငါကြည်ညိုရာအရပ်မှာ ကြည်ညိုခြင်းရှိတယ်လို့ အောက်မေ့ပြီးအလွန် နှစ်သက်ပြန်ပါတယ်။

မင်းကြီးလည်း သဒ္ဓါပီတိအရှိန်ကြောင့် သဗ္ဗစတုက္ကလို့ခေါ်တဲ့ အလှူကြီးကိုပုဏားကို ပေးပါတယ်။ သဗ္ဗစတုက္ကဆိုတာကတော့ ပစ္စည်းတစ်မျိုးကို လေးခုစီခုနှစ်မျိုးတိတိ လှူတာကို ဆိုတာပါပဲ။

ပုဏ္ဏားရဲ့ဒီအလှူဟာ ဒိဋ္ဌဓမ္မအကျိုးပေးတဲ့ အလှူပါ။ ဒီအလှူနဲ့ပတ်သတ်ပြီးတော့ မြတ်စွာ ဘုရား မိန့်ကြားတော်မူတဲ့ သြ၀ါဒတစ်ခုကလည်း အလွန်ပဲမှတ်သားဖို့ကောင်းပါတယ်။ ဘုရားက ဘယ်လိုဟောသလဲဆိုတော့ ရဟန်းတို့ပုဏ္ဏားဟာ ညဥ့်ဦးယံမှာသာ ဒီလိုလှူခြင်းကို တတ်နိုင်ခဲ့ရင် အလုံးစုံ တစ်ဆယ့်ခြောက်ခုစီဖြစ်တဲ့ သောဠဿက ၀တ္ထုပစ္စည်းတို့ကို ဒိဋ္ဌရမှာပဲ။

မဇ္ဈိမ ညလယ် ယံမှာ လှူဖြစ်ခဲ့ရင် ရှစ်ခုခုနှစ်လီပါတဲ့ပစ္စည်းတို့ကို ရပေလိမ့်မယ်။ လင်အားကြီး မိုးသောက်ယံမှ သူ့အ၀တ်ကို လှူခဲ့လို့သာ ယခုလိုလေးခုစီပါတဲ့ ပစ္စည်းအလှူကိုရတာလို့ဆိုပြီး ဆက်ပြောပါတယ်။

ကောင်းမှုကံကိုပြုလုပ်တဲ့အခါ ပြုသူဟာသူ့မှာ ပထမဦးဆုံးဖြစ်တဲ့စိတ်ကို မယုတ်မလျော့စေဘဲ အဲဒီစိတ်ပေါ်လာတာနှင့် ချက်ချင်းပြုဖြစ်အောင် ပြုရမယ်။ ပြုအပ်တယ် လို့မိန့်ကြားတော်မူုပါတယ်။

လူဟာကုသိုလ်စိတ်ကလေး တစ်ချက်ဖြစ်လိုက်တဲ့ အခိုက်အတန့်မှာ စိတ်ဟာ သမာဓိ ခေါ်တဲ့ တည်ငြိမ်မှု ငြိမ်သက်မှုကိုရတယ်။ အဲဒီလိုရတာနဲ့ချက်ချင်း သူ့စိတ်ထဲမှာ ချမ်းသာ သွားတယ်။ ဒါကိုသုခလို့ ခေါ်ပါတယ်။ ဒီသုခစိတ်ကလေး ငြိမ်သက်ပြီး ဖြစ်ပေါ်နေ ရင်တော့ လူမှာဝမ်းမြောက်ခြင်းဆိုတဲ့ ပီတိဖြစ်ပေါ်လာနိုင်ပါတယ်။


 ဒါပေမယ့် ကုသိုလ်စိတ်ကြောင့် ချမ်းသာမှုကလေး ရတုန်းရခိုက်မှာ ကုသိုလ်ကံကို ချက်ချင်း မပြုလိုက်မိရင် ပီတိကိုမရတော့ဘူး။ စိတ်ကပြန်ပြီး ယောက်ယက် ခတ်သွားတတ်ပါတယ်။ ဒီလိုစိတ်လှုပ်ရှားပြီး ချီတုံချတုံဖြစ်နေတာကို ကျမ်းဂန်မှာ ၀ိတက် ၀ိစာရလို့ခေါ်ပါတယ်။ ကြံစည်မှုတွေ စိတ်ကူးမှုတွေဖြစ်ပေါ်ပြီး စိတ်ဟာ လှုပ်ရှားသွားတာပါပဲ။

ဒါကြောင့်မြတ်စွာဘုရားက ကောင်းမှုပြုသူဟာ မိမိစိတ်မှာ ပထမဆုံးဖြစ်ပေါ်လာတဲ့ ကုသိုလ် စိတ်ကလေးကိုမယုတ်လျော့စေဘဲ ထိုခဏ၌ပင် ပြုဖြစ်အောင်ပြုရမယ်လို့ ဆုံးမထားခြင်း ဖြစ်ပါတယ်။

ဆန်းလွင်
ရွှေတောင်တက်ဒဿန

Monday, December 8, 2014

“စိတ်ဆိုးတော့မယ်ဆိုရင်….”


စိတ်ဆိုးတော့မယ်ဆိုရင်.”

စိတ်မချမ်းသာဘူးဆိုရင်၊ စိတ်ဆင်းရဲရင်၊ စိတ်ဆိုးရင်၊ ဒေါသ ၊သောက၊ ဣဿာ မစ္ဆရိယ စတဲ့  အကုသိုလ်တရားတွေ ၀င်လာရင် အကြောင်းရင်းကို ရှာပြီးဖျောက်ပါတဲ့။ (မူလပဏ္ဏာသပါဠိတော်)
ဝိတက္ကသဏ္ဌာနသုတ်မှာလာတဲ့ “အကုသိုလ် ကိလေသာဝင်ရင် ပယ်နည်းငါးနည်း” ထဲက တစ်ခုပါ။ အကြောင်းရင်းကိုရှာပြီး ပယ်ပါတဲ့။

ဘယ်လိုရှာပြီး ပယ်မလဲ....?

“၀ိတက္ကသဏ္ဌာနသုတ်”မှာ စိတ်ဆိုးရင်၊စိတ်ညစ်ရင်၊စိမ်မချမ်းသာဘူးဆိုရင် အကြောင်းရင်းကို ရှာဖွေပြီး ဖျောက်ပါလို့ ဟောကြားထား ပါတယ်။ ပထမတော့ အကြောင်းရင်းရှာပြီး ဖျောက်ပါဆိုတာကို သိပ်ပြီးသဘောမပေါက်ပါဘူး။ အဋ္ဌကထာပါ တွဲကြည့်လိုက်မှ အဋ္ဌကထာက အကြောင်းရင်းရှာပုံကို ဝတ္ထုလေးထုတ်ပြပြီး ရှင်းပြပါတယ်။

ဝတ္ထုလေးက အားလုံးကြားဖူးတဲ့ ဝတ္ထုလေးပါ။ အတန်းကျောင်းဖတ်စာထဲမှာတောင် ပါခဲ့ဖူးပါတယ်။

ဥသျှစ်သီးမှည့် ကြွေကျတာကို မြေပြိုပါပြီဆိုပြီး ထွက်ပြေးတဲ့ ယုန်ရဲ့ဖြစ်စဉ်ပါ။ ယုန်ကပြေးတော့ ကျန်တဲ့တောတွင်းက သတ္တ၀ါတွေက လည်း မြေပြိုတယ်ဆိုပြီး ယုန်နောက်က လိုက်ပြေးကြ တာပါ။ နောက်ဆုံး ဘုရားအလောင်းခြင်္သေ့မင်းက အကြောင်းရင်းရှာပြလိုက်မှ သတ္တ၀ါ အားလုံး ချမ်းသာသွားတဲ့ ဝတ္ထုလေးပါ။

အဋ္ဌကထာဆရာက ဒီဝတ္ထုလေးကို ထုတ်ပြပြီး၊ဘုရားလောင်းခြင်္သေ့မင်းက “ဥသျှစ်သီးကြွေကျတာ၊ မြေပြိုတာမဟုတ်ဘူး”လို့ အကြောင်းရင်းရှာပြီးဖျောက်ပေးသလို ပြဿနာဖြစ်လာရင် အကြောင်းရင်း ရှာဖျောက်ဖို့ ရှင်းပြထားပါတယ်။ အဋ္ဌကထာဆရာက ပုံဝတ္ထုလေးနဲ့ရှင်းပြလိုက်မှ ပိုသဘောပေါက်သွားတာပါ။

ဒါနဲ့ ပတ်သက်လို့လတ်တလော ကိုယ်တွေ့ဖြစ်ရပ်ကလေးကိုပါ တွဲပြီး ပြောပြပါရေစေဦး။ ဟို...ရှေ့ပိုင်းလေးမှာ စာရေးသူက စိတ်တွေ ဆိုးနေတာပါ။ ဒီစာမရေးခင်လေးကမှ စိတ်ဆိုးပြေသွားတာပါ။ ဘယ်သူ့ကို စိတ်ဆိုးနေတာလဲဆိုတာတော့ နောက်မှပဲပြောရအောင်ပါ။

စာပေလောကမှာ “တောင်းစာမူ နဲ့ ပို့စာမူ” ဆိုတာရှိပါတယ်။တောင်းစာမူဆိုတာက အယ်ဒီတာက စာရေးဆရာကို ကိုယ်တိုင် ကိုယ်ကျ လာတောင်းတာပါ။ တောင်းစာမူဖြစ်တဲ့အတွက် အယ်ဒီတာက
ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ထည့်ပေးရမှာ ဖြစ်သလို မဂ္ဂဇင်းထွက်တဲ့အခါမှာလည်း စာရေးဆရာဆီကို ကိုယ်တိုင် လာမပို့နိုင်ရင်တောင် တစ်ယောက်ယောက်ကို လွှတ်ပြီး ပို့ခိုင်းရမှာပါ။

“ပို့စာမူ” ကတော့ စာရေးဆရာက အယ်ဒီတာဆီ သွားပို့တာပါ။ ဒီစာမူကိုတော့ အယ်ဒီတာက သုံးချင်သုံးမယ်၊ မသုံးချင်မသုံးဘူး။ သုံးလို့စာမူပါရင်လည်း စာရေးဆရာက မဂ္ဂဇင်းကို ကိုယ်တိုင်လာထုတ်ပေတော့။ ဒါ တောင်းစာမူ နဲ့ ပို့စာမူ ကွာခြားချက်ပါ။

တစ်လောဆီက မဂ္ဂဇင်းတစ်စောင်က စာရေးသူဆီ စာမူလာတောင်းပါတယ်။ အယ်ဒီတာချုပ် ကိုယ်တိုင် လာတောင်းတာပါ။ ဒီတော့ ပေးလိုက်ပါတယ်။

ဟော...မဂ္ဂဇင်းထွက်လာတော့ စာရေးသူဆီ စာအုပ်လာမပို့ပါဘူး။ဒီတော့ စာရေးသူက ထွက်ထွက်ချင်း လာမပို့ရကောင်းလားဆိုပြီး စိတ်တွေဆိုးနေတာပါ။

တစ်ခုတော့ ရှိပါတယ်။ စိတ်ဆိုးတယ်ဆိုပေမယ့် ရင်ထဲကပဲကြိတ်ဆိုးနေတာပါ။ အပြင်ကို ထွက်ဆိုးမပြပါဘူး။ အပြင်ထွက်ဆိုးပြတာ မဟုတ်တော့ ကိုယ်စိတ်ဆိုးမှန်း အပြင်က လူတွေလည်း သိခွင့်မသာတော့ပါဘူး။

၎-၅ရက်လောက်ကြာတော့ အုပ်ချုပ်ရေးမှူးလုပ်သူက ရောက်လာပြီး စာအုပ်လည်းကပ်ရင်း “ဦးဇင်းရယ်၊ ဦးဇင်း ဒကာကြီး ကဆေးရုံတက် လိုက်ရတယ်။ ခွဲစိတ်မှုလည်း ပြုလိုက် ရတယ်။ အဲဒါဆေးရုံပေါ်မှာ ဦးဇင်းလေးကို စာအုပ်သွားပို့လိုက်ဦး။ ဦးဇင်းလေး စိတ်ဆိုးဦးမယ်လို့ တစ်ချိန်လုံးပြောနေတာ။ တပည့်တော်တို့ကလည်း ဦးဇင်းလေးစိတ်မဆိုးတတ်ပါဘူး။ မေတ္တာနဲ့ နေတဲ့ ဦးဇင်းလေးပါလို့တောင် ပြန်ပြောရတယ်ဘုရား”လို့ ပြောပြပါတယ်။

“တော်ပါသေးရဲ့” လို့ ကိုယ့်ကိုယ်ကိုယ် ဘုရားတလိုက်မိပါတယ်။ တကယ်လို့သာ မဂ္ဂဇင်းလာမပို့ရ ကောင်းလားဆိုပြီး၊ မဂ္ဂဇင်းတိုက်ကို ဖုန်းတွေဘာတွေ ဆက်ပြီးကောလိုက်မိရင် ငါးပါးမှောက်တော့ မှာပါ။ ကိုယ့်ကိုလည်း မဂ္ဂဖင်းတိုက်က အထင်သေးသွားမှာပါ။

တော်တော့် တော်သေးပါတယ်။ စိတ်ဆိုးတယ်ဆိုပေမယ့်က အပြင်ထွက်မဆိုးဘဲ၊ ရင်ထဲမှာပဲ ကြိတ်ဆိုးနေတာဆိုတော့အမှတ်ရော့မသွားတော့ပါဘူး။

အကြောင်းရင်းသိလိုက်ရတော့ အလိုလို ခွင့်လွှတ်ပြီးသားဖြစ်သွားသလို၊ကိုယ့်ကိုယ်ကိုယ်တောင် ပြန်စိတ်ဆိုးသွားမိပါတယ်။ အကြောင်းရင်းကို မစုံစမ်းဘဲ၊ကိုယ့်အထင်နဲ့ ကိုယ်တွေးပြီး သူတစ်ပါးကို စိတ်ဆိုးနေမိလို့ပါ။ ပြီးတော့ စိတ်ထဲကလည်း အလိုလို သူတို့ကိုပြန်အားနာ နေမိပြန်ပါတယ်။ ဖြစ်ပုံကအဲဒီလိုပါ။

ဗုဒ္ဓဘာသာဝင်တစ်ယောက်ရဲ့ ပန်းတိုင်ဟာ နိဗ္ဗာန်ဆိုပေမယ့်၊နိဗ္ဗာန်မရသေးခင် ကြားကာလမှာ နေနည်း၊ တိုင်နည်း၊ စားနည်း၊ သောက်နည်း၊ နောက်ဆုံး အနိမ့်ဆုံးဖြစ်တဲ့ ရေအိမ်တက်နည်းအထိ မြတ်စွာဘုရားရှင်က အသေးစိတ်ဟောပြပေးထားခဲ့ပါတယ်။လူတွေ မသိလို့ရယ်၊ မကျင့်သုံးလို့ ရယ်ကြောင့် “စိတ်ဆိုးတာ၊ စိတ်ညစ်တာ၊စိတ်မချမ်းသာတာ၊ စိတ်ကောက်တာ၊ စိတ်နာတာ၊ စိတ်ပျက်တာ” စသည်တွေဖြစ်နေရတာပါ။

မြတ်စွာဘုရားရှင်က ပြဿနာတစ်ခုဖြစ်လာရင် အကြောင်းရင်းရှာ ဖျောက်ပါလို့ဟောထားပေမယ့် လူတော်တော်များများက ပြဿနာ ဖြစ်လာပြီဆိုရင်၊အကြောင်းရင်းရှာဖို့ထက် ပြဿနာကို ပြဿနာနဲ့ဖြေရှင်းဖို့ပဲ အရင်စဉ်းစားလိုက်ကြတာပါ။ ဒီတော့ “ပြဿနာပြီးရင် ပြဿနာပဲ” ဆက်ဖြစ် နေကြတော့တာပါ။ ပြဿနာဖြစ်ပြီဆိုရင် “စိတ်ဆိုးမှု၊စိတ်ဆင်းရဲမှု၊စိတ်မချမ်းသာမှု၊ စိတ်ညစ်မှု” စတဲ့ ဆိုးကျိုးတွေကလည်း ၀င်လာတော့တာပါ။

“ငါ့ကို စိတ်ဆင်းရဲအောင် လုပ်တာပဲ”ဆိုပြီး၊စိတ်ဆင်းရဲအောင် လုပ်တဲ့သူကိုမုန်း၊ မုန်းတော့ စိတ်ဆင်းရဲ၊ စိတ်ဆင်းရဲတော့ မုန်းနဲ့ စိတ်ဆင်းရဲကြော ၊ မုန်းကြောတွေ ရှည်နေတော့ တာပါပဲ။ နောက်ဆုံးရလာဒ်ကတော့ ထပ်ဆင့်စိတ်ဆင်းရဲရတာပါပဲ။

စိတ်ဆင်းရဲသွားတော့ ကိုယ်က သူ့ကို မမြင်ချင်၊ သူက ကိုယ့်ကိုမမြင်ချင်နဲ့ ၊ သူတက်တဲ့ပွဲ ကိုယ်မတက်၊ ကိုယ်တက်တဲ့ပွဲ သူမတက်နဲ့ ရလာဒ်တွေကတော့ “ကောင်းကွက်တစ်ကွက်” မှကို မရှိတော့တာပါ။

ကိုယ့်ဘ၀ရဲ့ ဖြစ်ခဲ့သမျှ ဖြစ်စဉ်အားလုံးကို ပြန်စဉ်းစားကြည့်ရင် အကြောင်းရင်းမရှာခဲ့မိလို့ မှားခဲ့တာတွေ အများကြီးပါ။ စာရေးသူဘ၀မှလည်း ကိုယ်ကအကြောင်းရင်း မရှာမိလို့ စိတ်ဆိုးခဲ့ရ တာတွေ အများကြီးရှိခဲ့ဖူးပါတတယ်။ တချို့ကိုတော့ ရင်ထဲကပဲစိတ်ဆိုးနေပြီး၊တချို့ကိုတော့ အပြင်ထွက်ပြီး စိတ်ဆိုးမိလိုက်ပါတယ်။

ရင်ထဲကပဲ စိတ်ဆိုးတဲ့အခါမျိုးမှာ ဘာပြဿနာမှမဖြစ်လိုက်ပေမယ့်၊ကိုယ်ပဲခံစားနေရပေမယ့်၊ အပြင်ထွက်ပြီး စိတ်ဆိုးပြလိုက်တဲ့ အခါမှာတော့ မိတ်ပျက်ကုန်တော့တာပါပဲ။ ဒီတော့ “အပိုင်းသုံးပိုင်း” ထွက်လာပါလိမ့်မယ်။

ပြဿနာတစ်ခုဖြစ်လာတဲ့အခါ

 ●အကြောင်းရင်းရှာဖျောက်ပစ်တာရယ်၊
●ရင်ထဲမှာပဲ ကျိတ်စိတ်ဆိုးနေတာရယ်၊
●အပြင်ထွက်ပြီး စိတ်ဆိုး ပြလိုက်တာရယ်ပါ။

အကြောင်းရင်းရှာပြီးဖျောက်တဲ့နည်းကို မကျင့်သုံးနိုင်သေးရင်တောင် စိတ်ဆိုးချင်သပ ဆိုရင်လည်း ရင်ထဲမှာပဲ ဆိုးလိုက်ပါ။

ရင်ထဲမှာပဲ ဆိုးနေတာဆိုတော့ ပြဿနာရဲ့ အကြောင်းရင်းကို သိလိုက်ရတဲ့အချိန်မှာ ကိုယ်က ပိုနေမြဲ၊ကျားနေမြဲဆက်နေပြီး သူပြော လာတဲ့အတိုင်း ချော်လဲရာ ရောထိုင်လိုက်ရုံပါပဲ။ကိုယ့်ရဲ့ စိတ်ဆိုးမှုက အပြင်ထွက်ပြီး ဆိုးပြထားတာ မဟုတ်တော့ ကိုယ့်အတွက် သိက္ခာမကျတော့ သလို မိတ်လည်းမပျက်တော့ပါဘူး။

တချို့ကျတော့ ပြဿနာတစ်ခုဖြစ်လာရင် “၀ုန်းဒိုင်း”ဆိုပြီး ပေါက်ကွဲ ပစ်တတ်ကြပါတယ်။ အကြောင်းရင်းသိလိုက်ရတဲ့အခါ ဒါမှမဟုတ် ကာလတစ်ခုကြာသွားပြီး စိတ်အေးသွားတဲ့အခါကျမှ ကိုယ်ပြုမူခဲ့တာတွေ ပြန်တွေးပြီး၊စိတ်မကောင်းဖြစ်ရပြန်ရော။

တချို့ပြဿနာတွေဟာ ကာလတစ်ခုလောက် သည်းခံပေးလိုက်မယ်ဆိုရင် ပြေသွားတာ များပါတယ်။ စိတ်ဆိုးတယ် ဆိုတဲ့ နေရာမှာလည်း ရက်ရှည် လရှည်၊နှစ်ချီပြီး ဘယ်သူမှ ဆိုးမနေနိုင်ပါဘူး။ ကာလလေးတစ်ခုလွန်မြောက်သွားရင် ပြေသွားကြတာများပါတယ်။

ဇာတ်တော်တွေ၊ သမိုင်းတွေ၊ ရာဇ၀င်တွေ ပြန်ကြည့်ရင်လည်း အကြောင်းရင်းမရှာမိလို့ ဆုံးရှုံးနစ်နာသွားရတဲ့ သာဓကတွေ အများကြီးပါ။

အတွေးထဲမှာ လတ်တလောပေါ်လာတာလေးက “သရေခေတ္တရာ သမိုင်းလေး”ပါ။ သရေခေတ္တရာ ခေတ်ကို စတင်တည်ထောင်ခဲ့တဲ့မင်းက “ဒွတ္တပေါင်မင်းကြီး” ပါ။ နောက်ဆုံးမင်းဆက်က “သုပညာမင်း”ပါ။သရေခေတ္တရာခေတ်ဟာ မင်းဆက်ပေါင်း(၂၅)ဆက် ရှိခဲ့ပါတယ်။

မင်းဆက် (၂၅)ဆက်ထဲက နောက်ဆုံးဖြစ်တဲ့ “သုပညာမင်း” အကြောင်းပြောပြရအောင်ပါ။

တစ်နေ့မှာ သုပညာမင်းဟာ ကမ်းယံပြည်မှာ မငြိမ်မသက်ဖြစ်နေလို့ စစ်ထွက်ခဲ့ရပါတယ်။ အင်အားကောင်းကောင်းနဲ့ တိုက်လိုက်တဲ့အတွက် စစ်နိုင်ပါတယ်။ဒါပေမယ့် သုပညာမင်းဟာ အဲဒီ ကမ်းယံပြည်မှာပဲ နေနေလိုက်ပါတယ်။ စစ်သည် မှူးမတ်တွေကတော့ သရေခေတ္တရာကိုပဲ ပြန်ချင်နေကြပါတယ်။ဘယ်လောက်အထိ နေနေလိုက်သလဲဆိုရင် . . . “သုံးနှစ်” အထိတောင် နေနေလိုက်ပါတယ်။ သုံးနှစ်ပြည့်မှပဲ သရေခေတ္တရာပြည်ကို ပြန်ခဲ့ပါတယ်တဲ့။

သရေခေတ္တရာပြည် ပြန်ရောက်တော့ တိုင်းပြည်က အရင်လိုမဟုတ်တော့ပါဘူး။ မငြိမ်မသက်တွေ ဖြစ်နေပါပြီ။ ဒီလိုနဲ့ တစ်နေ့မှာတော့ အမျိုးသမီးငယ်လေးတစ်ယောက်ဟာ အိမ်ရှေ့ထွက် စကော နဲ့ ဆန်ပြာနေပါတယ်။ ဆန်ပြာနေတုန်းမှာပဲ လေပွေကြီးတစ်ခု ဝှေ့တိုက်လိုက်ပြီး၊ အမျိုးသမီး ငယ်လေးရဲ့ လက်ထဲမှာရှိတဲ့ စကောလည်း လေပွေကြီးထဲကို လွင့်တက်ပြီး ပါသွားပါတယ်။

လေပွေနောက်ကို “စကော” ရုတ်တရက် လွင့်ပါသွားတော့ “ငါ့စကော၊ငါ့စကော” လို့အော်လည်းအော်၊ စကောနောက်ကိုလည်း ပြေးလိုက်သွားပါတယ်။

“ငါ့စကော၊ ငါ့စကော” ဆိုတဲ့အသံကြားတော့ ကျန်တဲ့အိမ်ထဲက လူတွေကပါ ထွက်ကြည့် ကြပါတယ်။ ဒါပေမယ့် ထွက်ကြည့်တဲ့ လူတွေရဲ့နားထဲမှာ ဘယ်လိုကြားပြီး ဘယ်လို နားလည်သွားသလဲ ဆိုတော့ “ငစကောစစ်တပ်ကြီး ချီလာပြီ၊ငစကောစစ်တပ်ကြီး ချီလာပြီ” လို့ကြားပြီး၊ နားကြားမှု လွဲသွားပါတယ်။

ဒီတော့ ပြည်သူပြည်သားတွေက ငစကောတပ်ကြီးကို ကြောက်လန့်ပြီး၊မိသားစုလိုက် ကိုယ်စီ ထွက်ပြေးကြပါတော့သတဲ့။အပြင်မှာ ရုတ်ရုတ်သဲသဲနဲ့ ဆူညံနေတဲ့အချိန်မှာ သုပညာမင်းဟာလည်း
မကျန်းမမာဖြစ်နေတဲ့အချိန်ပါ။ နောက်ဆုံးတော့ သုပညာမင်းဟာ ဆူညံပွက်လောရိုက်နေတဲ့ အသံတွေကြောင့်ပဲ ထင်ပါတယ်။ နတ်ရွာစံသွားပါတယ်။

အဲဒီမှာတင် သရေခေတ္တရာပြည်ကြီး ပျက်စီးသွားရသလို၊ သရေခေတ္တရာမင်းဆက်လည်း ပြတ်သွားရပါတော့တယ်။ ဒါကြောင့် မြို့ပြည်မင်းဆက်ပြတ်သွားတဲ့အတွက် သုပညာရဲ့နောက်မှာ နဂရဆိန္နဆိုတဲ့ အမည်ထပ်ဆက်ပြီး “သုပညာ နဂရဆိန္နမင်း” လို့ နောက်ပိုင်းမှာ အမည်တွင် သွားတော့တယ်။နဂရ-ကမြို့ ၊ ဆိန္န-က ပြတ်တောက်တယ် လို့ အဓိပ္ပာယ် ထွက်ပါတယ်။ တကယ်တော့ ဘာငစကောစစ်တပ်ကြီးမှ ချီမလာခဲ့ပါဘူး။

“ငါ့စကော” ဆိုတဲ့ စကားလေးတစ်ခွန်းဟာ တိုင်းပြည်တစ်ပြည်ပျက်စီးသွားရသလို မင်းဆက်လည်း
ပြတ်သွားခဲ့ရပါတယ်။

ဘာပဲပြောပြော စကားလေးတစ်ခွန်းဟာ တိုင်းပြည်တစ်ပြည်နဲ့ မင်းဆက်တစ်ခုကို ပြောင်းလွဲ သွားနိုင်ခဲ့တာတော့ အမှန်ပါပဲ။ တကယ်လို့သာ အဲဒီအချိန်မှာ ငစကော စစ်တပ်ကြီး ချီလာတာ မဟုတ်ဘူး။ စကောလွင့်သွားတာ ဆိုတဲ့ အကြောင်းရင်းကို ရှာပေးနိုင်တဲ့ ပညာရှိတစ်ယောက် ယောက်သာ ထွက်ပေါ်ခဲ့ရင် အခုလိုဖြစ်သွားရမှာ မဟုတ်ဘူးလို့တောင် တွေးမိပါသေးတယ်။

ဒါပေမယ့် တရားသဘောနဲ့ ကြည့်ပြန်တော့လည်း ဖြစ်ချိန်တန်ရင်ဖြစ်ပြီး ၊ ပျက်ချိန်တန်ရင်ပျက် သွားရတဲ့သဘောပါ။ သက်ရှိသက်မဲ့ အရာအားလုံးဟာ တစ်နေ့သော အခါမှာ အကြောင်း တစ်စုံတစ်ခုနဲ့ ပျက်ဆီးကြရမှာပါ။ ဘာမှမတည်မြဲပါဘူး။

ဘာမှမတည်မြဲလှတဲ့ တရားသဘောလေးကို ဆင်ခြင်ပြီး၊မပျက်ဆီးခင်လေးမှာ “အဓမ္မအမှုကို မပြုမိဖို့ဘဲအရေးကြီးပါတယ်။” ဖြစ်ခြင်း၊ပျက်ခြင်းတွေရဲ့ အကြောင်းတွေးမိရင် ဆိုးနေတဲ့စိတ်တောင် ဘယ်ရှာလို့ရှာရမှန်း မသိအောင် ပျောက်သွားတတ်ပါတယ်။ တကယ်သေချာ စဉ်းစား ကြည့်ရင် မပျက်ဆီးခင်လေးမှာ စိတ်ဆိုးခြင်းကို ဘာဖြစ်လို့ အချိန်တစ်ခု လုပ်ပြီး ပေးနေရတော့ မှာလဲလေ။


ဘာပဲပြောပြော စိတ်ဆိုးတော့မယ်ဆိုရင် အကြောင်းရင်းကို ရှာကြည့် လိုက်ပါဦး။ မဆိုးရရင် မနေနိုင်တာကလွဲလို့ ဆိုရင်လည်း ရင်ထဲမှာပဲ ဆိုးလိုက်ပါ။

-
စာရိုက်ပူဇော်သူ - Admin Team ofYoung Buddhist's Association
-
အရှင်ရာဇိန္ဒ(ရဝေနွယ်-အင်းမ)
ကျမ်းကိုး -
၁။ မူလပဏ္ဏာသပါဠိတော်၊ ၀ိတက္ကသဏ္ဌာနသုတ်။
၂။ မှန်နန်းရာဇ၀င် (ပထမတွဲ)
၃။ လောကကြေးမုံ၊ လေးမြိုင်။
(ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း ဇူလိုင်လ ၊ ၂၀၀၆)
-
အရှင်ရာဇိန္ဒ(ရဝေနွယ်-အင်းမ) ၏“ဖြစ်ပြီးတဲ့အကုသိုလ်ကို ဘယ်လိုပယ်မလဲ”စာအုပ် နှာ ၇၀- ၈၀မှ -ကူးယူပူဇော်မျှဝေပါသည်။

Sunday, December 7, 2014

သဗ္ဗ္ဗ္ဗဒါနံဓမ္မဒါနံ ဇိနာတိ


သဗ္ဗ္ဗ္ဗဒါနံဓမ္မဒါနံ ဇိနာတိ

လှူတယ်ဆိုတာ အပြန်အလှန်မျိုးမဖြစ်စေရဘူး။ ပူဇော်တယ်။ ချီးမြှောက်တယ်လို့နှစ်မျိုးရှိတယ်။ ပူဇော်တယ်ဆိုတာ ကိုယ့်ထက် မြင့်မြတ်တဲ့ ပုဂ္ဂိုလ်၊ သီလ သမာဓိနဲ့ ပြည့်စုံတဲ့ပုဂ္ဂိုလ်တွေကို ကျောင်း ဆောက်ပြီးတော့ ပူဇော်တယ် သို့မဟုတ် သင်္ကန်း နဲ့ ပူဇော်တယ်။ သူ့ရဲ့သီလဂုဏ် သမာဓိဂုဏ် ပညာ ဂုဏ်တွေကိုပူဇော်တယ်။ဒါပူဇော်တာ။

အေး၊လိုအပ် နေတဲ့ ပုဂ္ဂိုလ်ကိုကျတော့ချီးမြှောက်တယ်။ ဘာနဲ့ချီး မြှောက်လဲ၊ အေး၊သူစားစရာ မရှိဘူး။ စားစရာ ပေး လိုက်တယ်။ နေစရာမရှိဘူး နေစရာပေးလိုက်တယ်။ ၀တ်စရာမရှိဘူး။ အ၀တ်ကလေး ပေးလိုက်တယ်။ ဒါချီးမြှောက်တာ။ အဲဒီ ချီးမြှောက်မှုတွေဟာလှူသူ အတွက်မဖြစ်စေရဘူး။ ယူသူအတွက် ဖြစ်စေရမယ်။

အလှူခံပုဂ္ဂိုလ်မှာရရှိတဲ့ အတိုင်းအတာကိုကြည့်ပြီး အလှူဒါနရဲ့ကောင်းမြတ်မှုကိုဆုံးဖြတ်ရတယ်။ မြတ်စွာဘုရားက သဗ္ဗဒါနံဓမ္မဒါနံ ဇိနာတိ လို့ဟော ထားတာရှိတယ်။ ဓမ္မဒါနကဘာဖြစ်လို့ ဒါနထဲမှာ အမြတ်ဆုံးဖြစ်နေရတာလဲ။ ဒါကိုအလေးအနက်စဉ်း စားကြည့်။

ဥပမာ ပစ္စည်းတစ်ခုလှူလိုက်လို့ ထိုပစ္စည်းဝတ္ထုရ လိုက်တဲ့ပုဂ္ဂိုလ်အတွက် အဲဒီပစ္စည်းက ဘယ်လောက် အကျိုးပြုသလဲဆိုတာကိုမူတည်ပြီး မြတ် မမြတ်ဆုံး ဖြတ်ရတာဖြစ်တယ်။ ဆိုပါစို့၊ဒီဓမ္မဒါနကမြတ်တယ် ဆိုတာဓမ္မကိုလှူလိုက်သဖြင့် အဲဒီဓမ္မကို လက်ခံရရှိလိုက် တဲ့ပုဂ္ဂိုလ်မှာ ဘယ်လောက်အကျိုးများသွားသလဲဆို တဲ့အပေါ်မှာ မူတည်ပြီးဆုံးဖြတ်ရမယ်။ လှူတဲ့ပုဂ္ဂိုလ် နဲ့ မဟုတ်ဘူး။ ရတဲ့ပုဂ္ဂိုလ်နဲ့ ဆုံးဖြတ်ရမယ်။

ဥပမာ၊ ဆွမ်းလှူတယ်။ ဆွမ်းဆိုတာ အားလုံးသိတဲ့ အတိုင်းတစ်မနက်စားပြီးရင် နေ့လည်စားဖို့ လိုအပ်နေ သေးတယ်။ မြန်မာတွေကတော့ထမင်းအသက်ခုနှစ် ရက်လို့ ပြောကြတယ်။ တစ်ထပ်တည်းနဲ့ဘယ်သူမှ မ၀ဘူးနော်။ အနည်းဆုံးနှစ်ထပ်တော့စားကြတာပဲ။ အဲဒီတော့ ထမင်းရဲ့ စောင့်ရှောက်မှုဟာနေ့တစ်ဝက် ပဲခံတယ် ပြောရမှာပေါ့။ ထမင်းကတစ်ခါ စားပြီးရင် လူကိုနေ့ တစ်ဝက်ပဲအကျိုးပြုတယ်။ ဒီလိုအကျိုးပြု တဲ့အတိုင်းအတာက အင်မတန်နည်းတယ်။

နောက်တစ်ခါ အ၀တ်လှူတယ်။ အ၀တ်ရဲ့အကျိုး ပြုမှုက ထမင်းထက်တော့ ပိုတယ်။ သို့သော်သိပ်ပြီး တော့ရေရှည်အကျိုးမပြုဘူး။ တစ်လ၊ နှစ်လ၊ သုံးလ ပေါ့နော်။ ကျောင်း အဆောက်အဦးလှူတဲ့အခါကျတော့ နှစ်ပေါင်းများစွာအကျိုးပြုတယ်။ ဒါကြောင့်ကျောင်း အလှူကို မြတ်တယ်ပြောတာ။ ဘာဖြစ်လို့တုန်းဆိုတော့ အလှူခံပုဂ္ဂိုလ်တွေအပေါ်မှာ အကျိုးပြုတဲ့ အတိုင်းအတာ ကြီးထွားလို့မြတ်တယ်ပြောတာ။

ဓမ္မတရားအလှူက အလှူခံပုဂ္ဂိုလ်ကိုဘယ်လောက် အကျိုးပြုသလဲကြည့်။ ရှင်အဿဇိက ရှင်သာရိပုတ္တရာ မထေရ်မြတ်ကို ( ရှင်သာရိပုတ္တိရာကအဲဒီတုန်းက ဥပ တိဿ ပရဗိုဇ်ပေါ့။) တရားဓမ္မနဲ့ရှင်းပြတယ်။ တရားဓမ္မ နဲ့ ရှင်းပြတယ်။ ဓမ္မဒါနဲ့ ရှင်းပြတယ်။ ဓမ္မဒါနပြု လိုက် တယ်။

ယေ ဓမ္မာ ဟေတုပ္ပဘ၀ါ၊တေသံ ဟေတုံတထာ ဂတော အာဟ ။ အကြောင်းကြောင့်ဖြစ်တဲ့ တရားတွေ၊ အကျိုးတရားတွေရဲ့အကြောင်းတရားတွေကိုမြတ်စွာ ဘုရားက ဟောပါတယ်လို့ ရှင်းပြောလိုက်တာ။ တရား နာလိုက်ရတဲ့ဥပတိဿပရဗိုဇ်( ရှင်သာရိပုတ္တရာ ) ဟာဘယ်လောက် အကျိုးရသွားတုန်ဆိုရင် သောတာ ပန်ဖြစ်သွားတယ်လေ။

ရှင်အဿဇိက ဓမ္မဒါနတရား အလှူလှူလိုက်တဲ့ပုဂ္ဂိုလ်၊။ သူ့မှာဘယ်လောက်အကျိုး ပြုမှာတုန်း။ ရဟန္တာဖြစ်သွားပြီလေ။ သို့သော် အဲဒီတရား ကိုနာယူလိုက်ရတဲ့ဥပတိဿပရဗိုဇ်ကသောတာပန်ဖြစ် သွားတယ်ဆိုတော့နည်းတဲ့အကျိုးလား။ အဲဒီတော့လှူ တဲ့ပုဂ္ဂိုလ်အတွက်ရရှိတဲ့ အကျိုးထက်ယူတဲ့ ပုဂ္ဂိုလ် အ တွက်ရရှိတဲ့အကျိုးက ပိုများတာဖြစ်လို့ပိုပြီးမြတ်တယ် လို့ဒီလိုသတ်မှတ်ပါ။ ဒါကြောင့် သဗ္ဗဒါနံဓမ္မဒါနံ ဇိနာတိ လို့ဟောတာဖြစ်တယ်။

ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ ၏ မဟာဒါနမှ

by နန်းတော်ရှေ့

Saturday, December 6, 2014

မမေ့သောသူတို့သွားရာလမ်း


မမေ့သောသူတို့သွားရာလမ်း

ဘာလိုလိုနဲ့ အဖေ သမီးတို့ကို ခွဲခွာသွားတာ အောက်တိုဘာ (၂၂)ရက်နေ့မှာ (၇)နှစ်ပြည့် သွားပြီနော်.. သမီးတို့ရဲ့ ဘ၀ထဲမှာ အဖေမရှိတော့ပေမယ့် ရင်ထဲမှာတော့ ထာဝရ ရှိနေဆဲပါ... အဖေ့အတွက် ရည်စူးပြီး ကုသိုလ်ကောင်းမှုလုပ်ဖို့ ဈေးဝယ်ရင်းနဲ့ အဖေ့ကို အရမ်းသတိရတာပဲ... မဖြစ်နိုင်မှန်းသိပေမယ့် အဖေရှိရင် သိပ်ကောင်းမှာပဲလို့ စဉ်းစားမိနေတယ်... အဲ့နေ့မတိုင်ခင်မှာ တိုက်ဆိုင်စွာနဲ့ သမီးတို့ ခါတိုင်းလိုပဲ တရားခွေလေးဖွင့်ပြီးနာနေတဲ့အချိန်မှာ တရားခေါင်းစဉ်က သမီးကိုများ ရည်ညွှန်းနေသလားလို့ “မမေ့သောသူတို့ သွားရာလမ်း” တဲ့...

စာအရမ်းဖတ်ခဲ့တဲ့ အဖေကတော့ သိပြီးသားဖြစ်မှာပါ... မြတ်စွာဘုရားလက်ထက်တုန်းက သာဝတ္ထိ ပြည်မှာ ဓမ္မိကဥပသကာ အဖွဲ့ဆိုပြီးရှိတယ်တဲ့ (ဓမ္မိက=တရားနဲ့လျော်စွာနေသူ၊ တရားဆောင်သူ၊ ဥပသကာ=အများအကျိုး၊ သာသနာ့အကျိုးဆောင်သူ လို့ အဓိပ္ပါယ်ရတယ်တဲ့)။ တစ်နေ့မှာ အဲ့ဒီ ဓမ္မိက ဥပသကာ အဖွဲ့ကို ဦးဆောင်တဲ့သူဟာ လွန်စွာနာမကျန်းဖြစ်နေတယ်တဲ့။ ဒါနဲ့ သူက မသေခင်မှာ (သူ့ခန္ဓာကိုယ်ကို မစွန့်ခင်) တရားလေး တစ်ပုဒ်လောက် နာချင်တယ်ဆိုတော့ သူ့ သားသမီးတွေက မြတ်စွာဘုရားထံကို သွားလျှောက်တယ်တဲ့.. တပည့်တော်တို့အဖေ ဓမ္မိက ဥပသကာ အရမ်းနာမကျန်းဖြစ်နေပြီး တရားတစ်ပုဒ်လောက် ချီးမြင့်တော်မူပါလို့ လျှောက်တော့ မြတ်စွာဘုရားက သူ့ရဲ့ တပည့်သာဝက ရဟန်းတွေကို လွှတ်လိုက်တယ်တဲ့...။

 ရဟန်းတွေလဲ ရောက်ရော “ဒကာကြီး က တရားအကြောင်းလဲ အတော်အတန် သိပြီးသား ဖြစ်မှာပါ.. ဘာတရား ကိုများ နာကြားချင်တုန်း” ဆိုတော့ “မဟာသတိပဋ္ဌာန် ” တရားတော်ကို ဟောပေးပါဆိုတော့ ရဟန်းတော်တွေလဲ “မဟာသတိပဋ္ဌာန်”တရားတော်ကို ဟောကြား ပေးနေရော.. အဲ့ဒီမှာ ဓမ္မိက ဥပသကာရဲ့ အာရုံထဲမှာ ဘာတွေပေါ်နေလဲဆိုတော့ နတ်ပြည်(၆) ထပ်က နတ်ရထား(၆)စင်းက သူ့ကိုအလုအယက် လာခေါ်နေကြပြီ..။

 အဲ့မှာ ဓမ္မိက ဥပသကာက တရားနာလို့ မပြီးသေးတော့ လက်လေးကာပြီး ခဏနေကြပါအုံးလို့ တားလိုက်တော့ တရားဟောနေတဲ့ ရဟန်းတော်တွေက သူတို့တရားဟောတာကို တားတယ်ထင်ပြီး ရပ်လိုက်ကြတယ်... အချင်းချင်းလဲ တီးတိုးတီးတိုးနဲ့ ဒကာကြီး ဘယ်လိုဖြစ်သွားပါလိမ့် တရားဟောတာကိုတောင် တားနေပြီ.. ဒီထက်ပိုဆိုးလာရင် မသင့်တော့ဘူး.. ပြန်မှပဲဆိုပြီး ထပြန်သွားကြရော..။

 အဲ့ဒီတော့ သားသမီးတွေကလဲ ငိုလို့ယိုလို့ပေါ့.. ငါတို့အဖေ ဘယ်လိုဖြစ်သွားတာလဲ.. ငါတို့ အဖေတော့ သေခါနီး အယူလွဲပြီ...ဆိုပြီး ငိုကြတော့မှ သူ့ရဲ့ အာရုံက ဒီဘက်ကို ပြန်လွှင့်လာပြီး.. သားတို့သမီးတို့ ဘယ်လိုဖြစ်လို့ ဒီလောက်ငိုနေကြတာလဲ... တရားဟောနေတာရော ပြီးသွားပြီလား.. ရဟန်းတော်တွေ ဘယ်ရောက်သွားတုန်းဆိုတော့... သားတွေ/သမီးတွေလဲ အဖေပဲ တရားဟောနေရင်း နေကြပါအုံးလို့ လက်ကာပြတော့ ရဟန်းတွေလဲ ပြန်ကုန်ပြီ.. ဘယ်လိုဖြစ်ရတာလဲ အဖေရယ်.. ဆိုတော့မှ ..။

 ဓမ္မိက ဥပသကာက မဟုတ်ဘူး... ငါတရားဟောနေတဲ့ ရဟန်းတွေကို တားတာမဟုတ်ဘူး.. နတ်ရထား (၆)စင်းကို တားနေတာ.. ဆိုတာလဲ သားသမီးတွေကမယုံဘူး.. အဖေတော့ သေခါနီး ကယောင်ကတန်းတွေ လျှောက်ပြောနေပြီဆိုပြီးပိုပြီး ငိုကြတော့ အဲ့မှာ သူက သားတို့သမီးတို့ မဟုတ်သေးဘူး၊ သားတို့သမီးတို့မယုံရင် အဖေ့အတွက်လုပ်ထားတဲ့ ပန်းကုံးရှိတယ်လား.. ရှိရင်သွားယူလာခဲ့ဆိုတော့ ပန်းကုံးလဲယူလာရော... ။

ကဲ နတ်ပြည် (၆)ထပ်မှာ ဘယ်နတ်ပြည်က အကောင်းဆုံးလို့ထင်လဲ၊ အဖေ ဘယ်ကိုသွားရင် ကောင်းမလဲလို့ သားသမီးတွေကိုမေးတော့ ... သားသမီးတွေက သုတိသာနတ်ပြည် .. အဲ့ကိုသွားလို့ပြောတော့ ဟုတ်ပြီ..အဲ့ပန်းကုံးကို လွှတ်တင်လိုက် အဖေ သက်သေပြမယ်... ဆိုတော့ ပန်းကုံးကိုလဲ လွှတ်တင်လိုက်ရော သုတိသာနတ်ပြည်က နတ်ရထားမှာ သွားချိတ်တယ်.. သားသမီးတွေကတော့ ပန်းကုံးတန်းလန်းဖြစ်နေတာပဲမြင်မှာပေါ့..။ ဥပသကာကတော့ မြင်တယ်လေ.. ဘယ်မှာချိတ်မိနေတယ်ဆိုတာကို ကဲမြင်ပြီမို့လား.. အဲ့ဒါ သုတိသာနတ်ပြည်က နတ်ရထားပဲ.. အဖေတော့ သွားတော့မယ်.. ကိုယ့်အတွက် ကိုယ်လုပ်ကြ ဆိုပြီးပြီး မှာကြားပြီး သေသွားပါလေရော..။

အဲ့မှာ မြတ်စွာဘုရားရှင်ရဲ့ ဇေတ၀န်ကျောင်းတော်ကို ပြန်လည်ရောက်ရှိလာတဲ့ ရဟန်းတော်တွေ ကိုလည်း မြတ်စွာဘုရားက.. ဒကာကြီးဥပသသကာရဲ့ အခြေအနေ ဘယ်လိုရှိတုန်း.. တရားရော သေချာဟောခဲ့ကြရဲ့လားဆိုတော့.. ရဟန်းတွေက.. အရှင်ဘုရား တရားဟောလို့မပြီးခင် ဒကာကြီး ဥပသကာက ခဏနေပါအုံးလို့တားတယ်... တရားဟောတာကိုတောင်တားတယ်ဆိုတော့ တပည့်တော်တို့လည်း သူဒီထက် အကုသိုလ်များမှာစိုးလို့ ပြန်လာခဲ့ကြတယ်ဆိုတော့..

မြတ်စွာဘုရားရှင်က .. မဟုတ်သေးဘူးရဟန်းတို့ ဥပသကာက မင်းတို့ကို တားတာမဟုတ်ဘူး.. သူတားနေတာက သူ့ကို လာခေါ်တဲ့ နတ်ပြည်(၆)ထပ်က နတ်ရထား (၆)စင်းကို တားနေတာတဲ့.. တရားကတော့ အဲ့မှာပြီးသွားတယ်.. အဓိကကတော့ လူတွေက သေရမှာကို မေ့နေကြလို့တဲ့ အဲ့တရားကို ဥပမာပေးပြီးဟောထားတာပါ..။

 ဟုတ်တယ်နော်.. သမီးလည်း တစ်နေ့သေရမှာပါပဲ အဖေ.. တရားဟောတဲ့ ဘုန်းကြီးကတော့ ခွန်အားရှိတဲ့မြင်းက ခွန်အားနည်းတဲ့မြင်းကို ချန်ခဲ့သလို၊ ပညာရှိသူက ပညာမဲ့သူကို ချန်ထားခဲ့သလို၊ သတိရရှိသူက၊ သတိမေ့လျော့နေသူကို ချန်ထားခဲ့သလိုပဲတဲ့.. ဒကာကြီး ဥပသကာက တရားကို မမေ့တဲ့အတွက် သူသွားရမယ့် လမ်းကို သူ့ဘာသာ ရွေးပြီးသွားလိုက်ပြီ.. ကိုယ့်အတွက် ကိုယ်လုပ်စရာရှိတာ လုပ်ဖို့ ဟောပြတာပါ... အဲ့တရား ကို နာပြီးတော့ သမီးလည်း အဖေရေးထားတဲ့ “လိုချင်ကင်း၊ လက်ငင်းချမ်းသာမည်” ဆိုတဲ့ ကဗျာလေးကို ပြန်ပြီး အမှတ်ရလိုက်ပါတယ်.. .......

Posted by Lwan Su


Friday, December 5, 2014

အနိစ္စ … စောင့်ပါခလှည့်


အနိစ္စ … စောင့်ပါခလှည့်  

ဒီတစ်ခေါက် (၂၀၁၄)ခုနှစ်၊ အမေရိကန်ကိုရောက်ခိုက် (၅)လကျော်အတွင်းမှာ စာ(၁၀)ပုဒ်ကျော် လောက်ရေးဖြစ် လိုက်တယ် ဆိုတော့ နှစ်စဉ်အမေရိကကိုရောက်ခဲ့တဲ့ (၇)နှစ်အတွင်းမှာ ဒီနှစ်က စာအရေး ဖြစ်ဆုံး၊ ကလောင်အမြူးဆုံးနှစ်လို့ ဆိုရမယ်ထင်ပါတယ်။

“အရင့်အရင်နှစ်တွေထက် ဒီနှစ်ရောက်မှ ဘာဖြစ်လို့ ကလောင်က ပိုမြူးရတာလဲ၊ အမေရိက ခရီးစဉ်တွေက ပိုပြီးပျော်ရွှင် ချမ်းမြေ့ စရာတွေနဲ့ ကြုံရလို့လား” ဆိုရင်တော့ “မဟုတ်ရပေါင်ပါဗျာ”။ ခရီးစဉ်တွေ၊ ဒေသပတ်ဝန်းကျင်တွေကတော့ အရင့်အရင်နှစ်တွေထက် (အချို့ အဆောက်အဦး အသစ်အချို့ ကလွဲလို့) ဘာမှ တယ်မထူးပါဘူး။

မှန်ပါတယ်၊ ဒီအမေရိကန်မှာက သဘာဝပတ်ဝန်းကျင်ကို တန်ဖိုးထားတဲ့ နိုင်ငံဆိုတော့ ဟို အရင့် အရင်နှစ်တွေ က တွေ့မြင်နေ ရတဲ့ ရေမြေတောတောင်တွေ မြစ်၊ ချောင်း၊ အင်းအိုင်တွေ ပင်လယ် ဆိပ်ကမ်း တွေဆိုတာက မြန်မာနိုင်ငံမှာလို နေ့မြင် ညပျောက် ဖြစ်မ ကုန်ကြပါဘူး။ ဟိုတုန်းကမြင်ခဲ့တဲ့ မြင်ကွင်းတွေ အတိုင်းပဲ ဒီနှစ်မှာလည်း မြင်တွေ့ နေရတာဖြစ်လို့ ထူးပြီးပျော်မြူးစရာလို့ မထင်ရပါဘူး။

“အော် … သဘာဝပတ်ဝန်းကျင်ကြီး ကံကောင်းလိုက်လေ”လို့ တွေးပြီးမုဒိတာပွားမယ် ဆိုရင်တော့ ပွားစရာပေါ့လေ။ ဒီအလုပ် ကလည်း ဒီအမေရိကမှာ အမြဲနေတဲ့ မုဒိတာအရှင်ဥာဏိက(ဥာဏ်ဦးမောင်)တို့ပဲ လုပ်ရမှာပါ။ ခေတ္တ အမေရိ ကရောက် မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့တော့ ကိုယ့်နိုင်ငံကသဘာဝပတ်ဝန်းကျင်အပေါ် ကရုဏာပွားနေရတာက ပိုနေလေတော့ သူ့နိုင်ငံအပေါ်မှာတယ် မုဒိတာမပွားနိုင်ရှာပါဘူး။

အင်း … ဒါဖြင့် ဘာဖြစ်လို့ ဒီတစ်ခေါက် အမေရိကခရီးစဉ်မှာ အရှင့်ကလောင်က ပိုမြူးရသလို ဖြစ်နေလဲဆိုရင်တော့ .. အဲ ဘယ်လိုပြောရမလဲ ၊ ဟို သိရီဓမ္မာသောကမင်းကြီးရဲ့ မိဖုရားကြီးအတွက် ဟိမ၀န္တာကရောက်လာတဲ့ ကရ၀ိတ်ငှက်ကြီး ဆိုတာလိုပေါ့ဗျာ၊ တစ်ကောင်တည်းဖြစ်လို့ ငြီးငွေ့နေချိန်မှာ မပျော်ပိုက်နိုင်တဲ့အတွက် အသံထွက်မရင့်ကျူးနိုင်ဘူး။ နောက်မှ ပညာရှင်တို့ အကြံပေး ချက်အရ ကြေးမုံ (မှန်)တွေ လေးဘက်လေးတန် ထောင်ပြလိုက်တော့ မှန်ထဲက အရိပ်တွေကို အပေါင်းဖေါ်တွေလို့ မှတ်ထင်ပြီး မြူးပျော် ကျူးရင့်လိုက်လို့ ကရ၀ိတ်ငှက်ရဲ့အသံကို အသန္ဓီမိတ္တမိဖုရားကြီး ကြားခွင့် ရလိုက်တယ်ဆိုတာလေ။

ခုလည်း အဲဒီလိုလို့ပဲ ဆိုရမယ်ထင်ပါတယ်။ ဒီအရှင်မှာလည်း အရင်နှစ်တွေတုန်းက ဆရာကံ (ကံထွန်းသစ်)တို့၊ ဆရာဥာဏ် (ဥာဏ်ဦးမောင်)တို့၊ ရဝေနွယ်(အင်းမ)တို့လောက်နဲ့သာ တစ်နေရာဆီမှာ တွေ့ဆုံခွင့် ရလိုက်တာလေ။

ဒီတစ်ခေါက်မှာတော့ ရေးဖော်ဇာတ်တူသားတွေဖြစ်တဲ့ ဓမ္မဂင်္ဂါတို့၊ ကိုသစ်(သီတဂူ)တို့ပါ ထပ်တိုး လာကြတဲ့အတွက် ဇာတ်တူ သားတွေအတော်လေး မြိုင်မြိုင်ဆိုင်ဆိုင်တွေ့ဆုံခွင့်ရလို့ ကလောင်က ပိုမြူးလာတာ ဖြစ်မယ်ထင်ပါရဲ့။

အဲဒီလို ကလောင်နဲနဲမြူးသလိုရှိနေတဲ့ဒီအရှင်ကို၊ အော်ရီဂွန်ပြည်နယ်၊ ပေါ့တလန်မြို့၊ သီရိမင်္ဂလာကျောင်းထိုင်ဆရာတော် အရှင်သီရိန္ဒက“ကလောင်လေး မြူးလက်စနဲ့၊ ဒီတစ်ခေါက် မြန်မာပြည် ပြန်ခါနီးမှာ ဆောင်းပါး လေးတစ်ပုဒ်လောက်တော့ ကွန့်မြူးခဲ့ အုံးလေ“လို့ ဖုန်းနဲ့လှမ်းပြီး တောင်းဆို ပါတယ်။

သူ့တောင်းဆိုချက်ကို မသိကျိုးကျွန်ပြုနေလို့ကလည်းမဖြစ်ဘူး။ မိမိရဲ့စာလေးတွေ ကမ္ဘာအနှံ့ ကျယ်ကျယ်ပြန့်ပြန့် လေး ခြေဆန့် ခွင့်ရခဲ့တာက သူ့ရဲ့(မေတ္တာဥယျာဉ်) ၀က်ဆိုက်ကျေးဇူးကြောင့်ဆိုတော့ သူ့တောင်းဆိုချက်ကို အလေးဂရုပြုတဲ့အနေနဲ့ ဒီဆောင်းပါး ကို ရေးရတယ်ဆိုရင်လဲမမှားပါဘူး။
---------------
ဆောင်းပါးခေါင်းစည်းကို “အနိစ္စ စောင့်ပါခလှည့်” လို့ အမည်ပေးတဲ့ အကြောင်းကတော့ ဒီလိုပါ…၊ တစ်နေ့သားမှာ ဆန်ဖရန်ဗေးဧရိယာတည်းက မိမိရဲ့သင်တန်းသားလည်းဖြစ်၊ စာဖတ် ပရိတ်သတ် လည်း ဖြစ်တဲ့ ဒကာကြီး တစ်ဦးက ဒီလိုစကား ဆိုလာပါတယ်၊

“အရှင်ဘုရားရဲ့ သင်တန်းတွေလည်းတက်၊ တရားတွေလည်းနာ၊ စာအုပ်တွေကိုလည်း တပည့်တော် အတော်လေးကို သဘောကျပါတယ်၊ အရှင်ဘုရားရဲ့ “အိုခြင်းရဲ့ အလှ တရား”ဆိုတဲ့အတိုင်း ကိုယ့်ကိုယ် ကိုလည်း သံဝေဂတို့၊ ဓမ္မတို့နဲ့ အလှဆင်ရကောင်းမှန်း နဲနဲသိလာလို့ အိုပေမယ့် သိပ်ပြီး အကြည်းတန် လောက်အောင် အခြေအနေ မဆိုးလှဘူးလို့လည်း နဲနဲတော့ခံစားရပါတယ်၊ အရှင် ဘုရား ပြောသလို နိမ့်ရာကနေမြင့် တက်လာတာတို့၊ အ၀ိဇ္ဇာအမှောင်ခေတ်က ၀ိဇ္ဇာဥာဏ်အလင်းခေတ်တို့အထိ တိုးတက် ပြောင်းလဲ လာဖို့တို့ဟာ အနိစ္စလက္ခဏာဆိုတဲ့ အမှန်တရားကြောင့်ဆိုတာကိုလည်း ဖတ်တုန်း နာတုန်း ကတော့ သဘောကျချင်သလိုလို ရှိခဲ့ပါတယ်။

အဲ … အခု၊ ဒီနှစ်၊ ရာသီပေါ် အဖျားအနာကလေးတွေ ထူထပ်စဉ်တုန်းက၊ တပည့်တော်တို့ အဘိုးကြီး အဘွားကြီးနှစ်ယောက်လုံး ဖျားကြတော့ “တောင်မင်း၊ မြောက်မင်း မကယ်နိုင်” ဆိုသလို အတော်လေးကို ကသီလင်တနဲ့ ဒုက္ခကြုံရပါတယ်ဘုရား၊ အဲဒီတော့ စဉ်းစားမိတာပေါ့လေ၊ ဒီ အနိစ္စ လက္ခဏာကြီးကြောင့် သားသမီးတွေကလည်း အချိန်တန် အရွယ်ရောက်ကုန်ကြတော့ တို့ကိုစွန့်ပစ်တာ၊ ငယ်ရွယ်သန်စွမ်းတဲ့ အရွယ်ကနေ အိုမင်းမစွမ်းတွေ ဖြစ်ကုန်ကြတာ၊ ကျန်းကျန်းမာမာတွေကနေ မကျန်းမမာတွေ ဖြစ်ကုန် ကြတာ၊ နောက် ဆုံးတော့ ဆေးပေး မီးဖွင့် အကူညီတောင် မရှိဘဲ အတိဒုက္ခ ရောက်နေတာတွေ ကိုယ်တိုင် ခံစားနေရတာ။ အဲဒီကနေစပြီး ဟိုတွေးဒီတွေးနဲ့ စဉ်းစားရင်း စဉ်းစားရင်း.. အရှင်ဘုရား ပြောသလို အနိစ္စလက္ခဏာရဲ့ ကျေးဇူးတွေကို ကြည်ကြည်ဖြူဖြူနဲ့ ယောနိသော မနသိကာရ ပြုနိုင်ဖို့ အတော် ခဲရင်းလာတယ်ဘုရား၊ အနိစ္စအပေါ် တယ်ပြီး အမြင် မကြည်ချင်တော့ဘူး”တဲ့ ။

“အဲဒီလို မကြည်မလင်မဖြစ်နဲ့လေ။ တကယ်လို့ အဲဒီ ကျန်းကျန်းမာမာကနေ မကျန်းမမာအဖြစ် ပြောင်းလဲလာတဲ့ အနိစ္စသဘောကြီး ကိစ္စချောသွားရင်”လို့ တွေးလိုက်ရင်ရော သက်သာ မသွားလောက် ဘူးလား ဆိုတော့ -

“ဟာ … အရှင်ဘုရားကလည်း နိမိတ်မရှိ .. နမာမရှိ မလုပ်လိုက်ပါနဲ့၊ အခုတောင် လူက သိပ် ကျန်းမာရေးကောင်းသေးတာ မဟုတ်ဘူး။ အရှင်ဘုရားပြောသလို ကိစ္စများ ချောသွားလို့ကတော့ အိမ်က အမယ်ကြီးအတွက် မတွေးဝံ့စရာဘုရား၊ မလုပ်စမ်းပါနဲ့” တဲ့။

အဲဒါပြောတာ မဟုတ်ပါဘူး ဒကာကြီးရဲ့ ၊ မကျန်းမမာခြင်းဆိုတဲ့ သဘောကြီး အနိစ္စသဘောနဲ့ ကိစ္စချောသွားရင် မကျန်းမမာ ရာကနေ ကျန်းကျန်းမာမာ ပြန်ဖြစ်လာမယ် မဟုတ်လား၊ အဲဒီပြောင်းလဲမှု ဟာ အနိစ္စရဲ့ ကျေးဇူးပဲလို့ စဉ်းစားလိုက်ရင် အမြင် ပြန်မကြည်လင်နိုင်ပေဘူးလား”လို့ ပြောတာပါ ဆိုတော့မှ …

အဲ … အရှင်ဘုရားတို့ မိန်ကြားဖူးသလိုပေါ့ဘုရား။ သူများ သင်္ခါရကိုပြောရတာ အာသွက်ပေမယ့် ကိုယ့်သင်္ခါရနဲ့ ကြုံတော့ ဥာဏ်နုံ့ အာလေးတွေ ဖြစ်ကုန်တာ များတယ်ဘုရား … ဆိုပြီး သက်ပြင်းချရင်း စကားရပ်နေပါတယ်။

မိမိကပဲ စကားဆက်ပြီး “ဟိုတစ်ခါ သင်တန်းမှာတုန်းက၊ အဲ … ပဋိစ္စသမုပ္ဗါဒ် သင်တန်းမှာ ထင်တယ်နော်၊ အဲဒီမှာ ဦးဇင်းပြောခဲ့တာက ပိုးရွ ခြပုန်းကအစ ဗြဟ္မာတွေအထိ သဗ္ဗညုတ အလောင်း အလျာများအပါအ၀င် ဘယ်သတ္တ၀ါမဆို သံသရာခရီးသည် မှန်သမျှ အ၀ိဇ္ဇာ တဏှာ မူလ နှစ်ဖြာတို့ရဲ့ သားသမီးတွေချည်းပဲ။

ဒီမိဘနှစ်ပါးနဲ့ ပတ်သက်လို့ ရှေးဆရာတော်ကြီးများ မိန့်ကြားဖူးတာကတော့ … အ၀ိဇ္ဇာဆိုတာက သိသင့်တာကိုတော့ မသိ၊ မသိသင့်တာတွေကိုကျတော့ အတော်လေးကို စွဲစွဲလမ်းလမ်းကြီးသိနေတယ်တဲ့ ဗရုတ်သုက္ခသမား။ တဏှာဆိုတာကျတော့ မြင်မြင်သမျှ ကြိုက်ဖို့ပဲ ကြိုးစားနေတဲ့ ပရမ်းပတာ။ အဲဒီတော့ သတ္တ၀ါ မှန်သမျှက ဗရုတ်သုက္ခ ဖခင်နဲ့ ပရမ်းပတာ မိခင်တို့က မွေးဖွားလာကြသူ ချည်းဖြစ်လို့ အဲဒီ ဗီဇဓာတ်က ဇာတိပြလာတဲ့အခါ ဗရုတ်သုက္ခ အတွေးအမြင်တွေနဲ့ ပရမ်းပတာတွေ လျှောက်လုပ် ကြတာတဲ့လေ။

အဲဒီ ပရမ်းပတာ သင်္ခါရတွေသာ မြဲနေ ခိုင်နေမယ်ဆိုရင် လောကကြီးဟာ ပရမ်းပတာ အရိုင်း ခေတ်ကြီးကို ကျော်လွှားနိုင်မှာ မဟုတ်ဘူး။

အဲဒီ သင်္ခါရတွေ အနိစ္စသဘောအရ ကိစ္စလျှောတတ်ကြတဲ့ သဘာဝကြောင့်သာ ရိုင်းစိုင်းတဲ့ သင်္ခါရတွေကို ယဉ်ကျေးတဲ့ သင်္ခါရတွေနဲ့ အစားထိုးခွင့်ရကြပြီး အပြောင်းအလဲ ဖြစ်ပေါ်လာတဲ့ အတွက် ဓမ္မနယ်ပယ်မှာလည်း အကုသိုလ်သင်္ခါရနေရာမှာ ကုသိုလ် သင်္ခါရတွေ နေရာရ လာခဲ့ကြတယ်။ လောကကြီး လည်း အရိုင်းခေတ်ကနေ အယဉ်ခေတ်ကို တဖြည်းဖြည်းပြောင်းလဲ လာနိုင် ခဲ့တယ်။

နောက်ဆုံးမှာတော့ ဓမ္မနယ်ပယ်မှာ အကောင်းအဆိုး (ကုသိုလ်၊ အကုသိုလ်)တို့ရဲ့ နေရာမှာ အမှား အမှန်ဆိုတဲ့ သစ္စာတရားနဲ့ အစားထိုးနိုင်ပြီး လောကကြီးဟာလည်း အ၀ိဇ္ဇာလွှမ်းမိုးတဲ့ အမိုက်မှောင် (သာသနာပ)ကာလကနေ ၀ိဇ္ဇာဥာဏ်လွှမ်းမိုးတဲ့ အလင်းခေတ် (သာသနာတွင်း) ကာလကြီးအထိ မြင့်တက် လာခဲ့တယ်။ ဒါဟာ အနိစ္စဆိုတဲ့ မှန်ကန်တဲ့ လက္ခဏာရဲ့ ကျေးဇူးတွေပဲဆိုတဲ့ အကြောင်း ပြောခဲ့တယ်လေ။ “ဒါနဲ့ပတ်သက်လို့ ဒကာကြီးက ဘာများ အမြင်မကြည်လင်စရာ ဖြစ်နေတုန်း” ဆိုတော့ --

အင်း … ပြောရရင်တော့ အကြောင်းအစုံပါပဲ ဘုရား။ တပည့်တော်တို့ အိုတာ နာတာတွေကတော့ ပြောလို့သာ ပြောရတာပါ၊ သဘာဝတရားကြီးပဲဆိုတာ သဘောပေါက်ထားလို့ ဒါနဲ့ပါတ်သက်ပြီး အနိစ္စ အပေါ် အထင်မလွဲလှပါဘူး။

အဓိကကတော့ ဒီအမေရိကန်နဲ့ နှိုင်းယှဉ်လိုက်တဲ့အခါ တပည့်တော်တို့ မြန်မာနိုင်ငံမှာ အနိစ္စတရားက မြေနိမ့်ရာ လှန်စိုက် သလိုကြီး ဖြစ်နေတယ်။ အောက်ခြေဆင်းရဲသားတွေ လှိမ့်ခံနေရတယ်။ အထူးသဖြင့်တော့ တစ်နိုင်ငံလုံးဆိုင်ရာ ကိစ္စတွေမှာ ဒီအမေရိက တို့၊ တစ်ခြားဥရောပတို့၊ အဲ- အာရှမှာ ဆိုရင်လည်းစင်္ကာပူတို့၊ အခုဆို တရုတ်နိုင်ငံတောင်ပါဝင်လာပြီ။ အဲဒီနိုင်ငံတွေမှာ အနိစ္စရဲ့ ပြောင်းလဲမှုက တိုးတက်ခြင်းဆိုတဲ့ အမြတ်အစွန်းတွေ ရနေတာ တွေ့မြင်ရတယ်။

တပည့်တော်တို့ နိုင်ငံမှာကျတော့ အနိစ္စရဲ့ ရိုက်ချက်က မိုက်တီးရဲ့ ရိုက်ချက်ဆိုတာထက် ပိုပြီး မိုက်တီးမိုက်ကန်း ရိုက်ချက်ကြီး ကို ဖြစ်နေတယ်လေ။ စိမ်းလမ်းတဲ့ သစ်တောတွေက ကန္တာရတွေဖြစ်၊ မြင့်မောက်တဲ့ တောင်တွေက မြေပြန့်ဖြစ်၊ စီးဆင်းနေတဲ့ မြစ်ချောင်း အင်းအိုင်တွေက သောင်ပြင်တွေဖြစ်၊ မြေပြင်တွေလည်း သယံဇာတတွေတူးယူကြလို့ ချိုင့်ဝှမ်းတွေ ဖြစ်ကြနဲ့ သြကာသ လောကကြီးလည်း ဆုတ်ယုတ်လာလိုက်တာ ဟိုး .. ငယ်ငယ်တုန်းက ကြားဖူးတဲ့ ထွေးညိုပြဇာတ်ထဲက ပြောသလို “မြေကြီးခံနေလို့သာပေါ့၊ မြေကြီးသာ မခံရင် အ၀ီစီအထိရောက်လောက်ပြီ” ဆိုတာမျိုး ဖြစ်နေပြီ။

သတ္တလောကကြီးကို ကြည့်လိုက်ရင်လည်း တောင်သူလယ်သမားတွေက မြေမဲ့ယာမဲ့၊ တစ်ချို့ဆို အိုးမဲ့ အိမ်မဲ့ကနေ ရပ်မဲ့ရွာမဲ့အထိ ဖြစ်လိုဖြစ်၊ တိရစ္ဆာန်တွေ ဆိုရင်လည်း စားကျက်မဲ့၊ ခိုးကိုးရာမဲ့တွေ ဖြစ်ကြနဲ့ တကယ့်ကို ကမောက်ကမတွေ မဟုတ်လား။ အဲ … အောက်ခြေမှာ အခြေအနေတွေ ဆိုးဝါးသလောက် အထက်မှာကျတော့ ကြာလေ ကောင်းစားလေတွေ ဖြစ်နေကြတယ်။ အနိစ္စတရားက ဘာဖြစ်လို့ အထက်ကိုတော့ မော်မကြည့်ရဲဘဲ အောက်ကိုချည်း ငုံ့ငုံ့ ကြည့်နေရသလဲ ပေါ့။ အဲဒါတွေအပေါ် အမြင် မကြည်လင်နိုင်တာလဲပါတာပေါ့ဘုရား .. ဆိုပြီး ဒကာကြီးက သက်ပြင်းရှည်ချရင်း စကားကို ခဏ ရပ်လိုက်ပြန်တယ်။

အင်း .. ဒကာကြီးပြောသလိုမျိုး အဓိပ္ပာယ်နဲ့ သင်တန်းမှာလည်း မေးကြဖူးတယ်။
အဲဒီတုန်းကတော့ “အနိစ္စတရားလည်း တုတ်ပီးဓားပီးဆေးတို့၊ သေနတ်ပီးဆေးတို့ မရှိတာရော ကုသိုလ်ယောင်ယောင် ဘာယောင်ယောင်တွေ လုပ်ပြပြီး အမျှဝေကြတာကို ရောရောရောင်ရောင် သာဓုခေါ် မှားမိတာတွေရော ရှုတ်ယှက်ခတ်သွားလို့ ထင်ပါရဲ့ ဗျာ”လို့တောင် ရယ်စရာ ပြောလိုက်မိသေး တယ်။

အမှန်ကတော့ အနိစ္စဆိုတာ အခိုင်အမြဲ တည်တံ့မနေဘဲ ပြောင်းလဲတတ်တဲ့ သဘောလက္ခဏာ အမှန်ကို ပြောတာပဲ။ သူ့ မှာ ပြောင်းလဲနိုင်စွမ်းဆိုတဲ့ သစ္စာတရားသာရှိလို့ ပြောင်းလဲပေးရုံသာ တတ်နိုင် မှာပါ။ ပြောင်းလဲခြင်းကြောင့် တိုးတက်တယ်၊ ဆုတ်ယုတ် တယ်ဆိုတာက အနိစ္စရဲ့အလုပ် မဟုတ်ဘူးလေ။

အဲဒီပြောင်းလဲခြင်းကို စနစ်တကျ သုံးသပ်ဆင်ခြင်ပြီး အသုံးချတတ်တဲ့အသိဥာဏ်နဲ့ ဇွဲသတ္တိ၊ လုံ့လပယောဂတို့ရဲ့ အလုပ်ပဲ။ “ဥစ္စာ ဘောဂ၊ ဇီဝိတနှင့်၊ သုခပွားရန်၊ ဤလူ့ဌာန်၌၊ ဥာဏ် ၀ီရိယ၊ ပယောဂတည်း” ဆိုသမို့လား။

ဒကာကြီးပြောတဲ့ ပြောင်းလဲမှုကြောင့် တိုးတက်တယ်ဆိုတဲ့   နိုင်ငံတွေမှာက နိုင်ငံကို စီမံ အုပ်ချုပ်သူတွေရဲ့ နိုင်ငံချစ်စိတ်၊ စစ်မှန်တဲ့ မျိုးချစ်စိတ်၊ သုံးသပ်နိုင်တဲ့ ဥာဏ်ပညာ၊ ဆုံးဖြတ်ရဲတဲ့ သတ္တိစတဲ့ လူ့စွမ်း လူစတွေကြောင့်လေ။

အနိစ္စဆိုတာက ကမ္ဘာအစကတည်းက ရှိခဲ့တဲ့ နိယာမသစ္စာကြီးဖြစ်ပေမယ့် အနိစ္စသဘောကို စနစ်တကျ မှန်မှန်ကန်ကန် အသုံးမချတတ်သူတို့ခေတ်မှာ အဆိုးတွေသာ တစ်မျိုးပြီး တစ်မျိုး ပြောင်းလဲ နေတဲ့ သဘောပဲထင်ရှားတယ်။ အနိစ္စလက္ခဏာကို မှန်မှန် ကန်ကန် သုံးသပ်ဆင်ခြင်ပြီး အသုံးချတတ်တဲ့ အလောင်းတော်များလက်ထက်ကျမှသာ သဗ္ဗညုတဥာဏ်ကြီး ရတဲ့အထိ အသုံးချနိုင်ကြ လို့ အမှောင် ကမ္ဘာကြီးကို အလင်းကမ္ဘာဖြစ်အောင် ပြောင်းလဲ ပေးနိုင်ကြတာမဟုတ်လား။

ကျုပ်တို့နိုင်ငံမှာလည်း အနိစ္စသဘောအရ အပြောင်းအလဲတွေ ဖြစ်နေပေမယ့် အဓိက တာဝန်ရှိတဲ့ ပုဂ္ဂိုလ်များရဲ့ ဥာဏ်၊ ၀ီရိယ၊ ပယောဂတို့ အနုံ့ အထက်၊ အကောင်း အညံ့ပေါ်မှာ နိုင်ငံရဲ့ အခြေအနေ တွေကလည်းတည်ရှိ နေမှာပေါ့။ ဒီ ဥာဏ်၊ ၀ီရိယ၊ ပယောဂ ဆိုတာကလည်း လူမှာဝတ်ထားတဲ့ အ၀တ်အထည်ပေါ်မှာ တည်ရှိနေတာ မဟုတ်ဘူး၊ လူ့ခန္ဓာကိုယ်မှာ တည်မှီနေတာလေ၊ အဲဒီတော့ အပြောင်းအလဲဆိုတာကလည်း အ၀တ်အထည်တွေပြောင်းနေရုံနဲ့ ဘာမှထူးခြားမလာနိုင်ဘူး။ တကယ့်ကိုယ်ပိုင်ဥာဏ်စွမ်း၊ လုံ့လစွမ်း၊ ပယောဂစွမ်း ထက်မြက်တဲ့ ပုဂ္ဂိုလ်တွေ ပြောင်းလဲလာရင်တော့ ဒကာကြီးလဲ အနိစ္စရှိကျေးဇူးတွေကို သိလာမှာပါ”ဆိုပြီး အေး ရာအေးကြောင်း ဖြောင်းဖျပေးလိုက်မိတယ်။

ဒကာကြီးကတော့ တယ် အေးရာအေးကြောင်း ဖြစ်ပုံမရသေးဘူးနဲ့တူပါတယ် “ဒါကလဲ ခက်တော့ အခက်သားဘုရား၊ အခု ဥပဒေစည်းကမ်းတွေက စစ်ရေးစစ်ရာမှာ ကျွမ်းကျင်သူများသာ နိုင်ငံရဲ့ အမြင့်ဆုံးအာဏာကို ပိုင်ဆိုင်ရမယ်၊ ဒါမှ နိုင်ငံအေးချမ်းတည်ငြိမ်ပြီး တိုးတက်လာမယ်ဆိုလားပဲ။ အဲဒါ တွေက ရှိနေတယ်” ဆိုပြီး ထပ်မံ ညည်းညူပြန်ပါတယ်။

ဒါကတော့ ဒကာကြီးရယ် ပြည်သူတွေကိုယ်တိုင်က ကိုယ်ရဲ့အရေးပါမှုကို သဘောပေါက် နားလည်ဖို့နဲ့ စနစ်တကျ သုံးသပ်နိုင် တဲ့ဥာဏ်ရည် ဗဟုသုတတို့၊ ဆုံးဖြတ်ရဲတဲ့ သတ္တိတို့ကလည်း အရေးကြီးပါတယ်။ အထိုက်အလျှောက်သာ ဗဟုသုတလေး နဲနဲပါးပါးလောက်ရှိရင်ပဲ ဒီနေ့တိုး တက်နေတဲ့ ကမ္ဘာ့နိုင်ငံအသီးသီးဟာ စစ်ရေးကျွမ်းကျင်သူတွေ အုပ်ချုပ်ထားတဲ့ နိုင်ငံတွေမဟုတ် ဘူး။ နိုင်ငံရေးနှင့် စီမံခန့်ခွဲရေး ပညာရပ် ကျွမ်းကျင်သူတွေ အုပ်ချုပ်တဲ့ နိုင်ငံတွေ ဖြစ်တယ်ဆိုတာ ကျုပ်တို့ရဲ့ အိမ်နီးချင်း စင်္ကာပူနိုင်ငံ အကြောင်းလောက်သိရင်ပဲ နှိုင်းယှဉ်စဉ်းစားလို့ ရပါတယ်။

ဥရောပမှာကြည့်မယ်ဆိုရင် အင်္ဂလန်နိုင်ငံက ကမ္ဘာကျော် အမျိုးသမီးဝန်ကြီးချုပ် မာဂရက် သက်ချာ ဆိုတာ မြန်မာနိုင်ငံသားတွေ လည်း အတော်အသိ များကြပါတယ်။ သူ့လက်ထက်မှာ ဖော့်ကလန် စစ်ပွဲကြီးကို အောင်အောင်မြင်မြင် လမ်းညွှန်အမိန့်ပေးနိုင်ခဲ့လို့   “သံမဏိအမျိုးသမီး” လို့တောင် ကမ္ဘာက လေးစားဂုဏ်ပြုကြတယ်လေ။ သူလည်း ဘယ်စစ်သင်တန်းဆင်းမှ မဟုတ်ပါဘူး။ နိုင်ငံရေး ကျွမ်းကျင်သူ ပညာရှင်တစ်ဦးအနေနဲ့ အရာရာကို သုံးသပ် ဆုံးဖြတ် နိုင်စွမ်းရှိပြီး ဦးဆောင်ညွှန်ကြားနိုင် တဲ့ ခေါင်းဆောင် ကောင်းတစ်ဦးပဲ မဟုတ်လား။

ဒီ အမေရိကန်ပြည်ထောင်စုကြီးကို တစ်စည်းတစ်လုံးတည်းဖြစ်အောင် လုပ်သွားတဲ့ သမ္မတ လင်ကွန်းတို့၊ အခုလက်ရှိ သမ္မတ အိုဘားမားတို့ ဆိုတာလည်း ဘယ်မှာ စစ်ရေး ကျွမ်းကျင်သူတွေ ဟုတ်လို့တုန်း။ သူတို့ရဲ့ အလုပ်က အမှန်အကန် သုံးသပ်ပြီး တိတိကျကျ လမ်းညွှန်နိုင်ကြတာပါပဲ။

ဒီနိုင်ငံတွေမှာက ဥပဒေအောက်မှာ အားလုံးတစ်ပြေးညီ လေးစားလိုက်နာကြတာဆိုတော့ သမ္မတက သုံးသပ်ဆုံးဖြတ်အမိန့်ချမှတ် လို်က်တာနဲ့ စစ်ရေးဆိုရင်လည်း တာဝန်ရှိ စစ်ဗိုလ်ချုပ်ကြီးတွေက လိုအပ်သလို စီမံကွပ်ကဲ ဆောင်ရွက်လိုက်တာပဲ။ အားလုံး နိုင်ငံချစ်၊ အမျိုးချစ်စိတ်တွေ၊ အသိပညာ၊ အတတ်ပညာ၊ အရည်ချင်းတွေ၊ တာဝန်သိမှု၊ တာဝန်ယူလိုမှုတွေနဲ့ တစ်စိတ်တစ်ဝမ်းတည်းလို ဆောင်ရွက် လိုက်ကြတော့ ဒီနိုင်ငံတွေဟာ ဖွံ့ဖြိုးတိုးတက်တာတို့၊ ခေတ်မှီတာတည်ငြိမ်အေးချမ်းတာတို့၊ နိုင်ငံအချင်းချင်း လေးစား သိမှတ်လောက်အောင် အရှိန်အဝါ ကြီးမားကြတာတို့ အားလုံးအထက်တန်းအဆင့် ရောက်ကုန်ကြတာပါပဲ။

အဲ .. ဒီနေရာမှာ ဟိုး အဂုင်္တ္တရနိကာယ်၊ စတုက္ကနိပါတ်၊ ကုလသုတ်မှာ မြတ်စွာဘုရား ဟောတော်မူခဲ့တဲ့အတိုင်း စံကျောင်းဆရာတော်ကြီးရေးခဲ့တဲ့ လင်္ကာလေးတစ်ပုဒ်ရှိတယ်ဗျ၊ ဘာတဲ့ .. အဲ … “ပျက်တာမပြင်၊ ပျောက်လျှင်မရှာ၊ ဗလဖွာသုံး၊ ဥာဏ်တုံးသူအား၊ ခေါင်းဆောင်ထား၊ စီးပွား ဆုတ်ယုတ်ကြောင်းတဲ့”တဲ့။ ဒါကိုပြည်သူတွေကလည်း သဘောပေါက်ပြီး ခေါင်းဆောင်ကောင်းကို စိစစ် ရွေးချယ်တတ်ဖို့တော့ လိုအပ်တာပေါ့နော်။

အဲဒီလိုသာဆိုရင် ဟို … ပုဂံရာဇ၀င်ထဲက မင်းတစ်ပါးလိုပေါ့၊ ဘာတဲ့ဗျာ .. အဲ  နရသီဟပတေ့ ဆိုလား မင်းခွေးချေးဆိုလား ထင်ပါရဲ့ ။ သူအလွန်ချစ်တဲ့ မိဖုရားစောလုံကို နှုတ်လွန် အာလွန် သတ်မိန့် ပေးလိုက်မိတဲ့အတွက် ညရောက်တော့ သူ့ကိုစောင့်ရှောက်ပေးမည့် မိဖုရားကို တမ်းတပြီး “စောလုံ .. စောင့်ပါခလှည့်” လို့ မည်တမ်းနေတယ်ဆိုတာလေ။

ဒကာကြီးလည်း ပြည့်သူတွေအားလုံး အသိရှိရှိ၊ သတ္တိရှိရှိနဲ့ ကံဥာဏ်ဝီရိယ ပယောဂတို့ မှန်မှန်ကန်ကန် နဲ့ တော်တည့်မှန် ကန်တဲ့ ခေါင်းဆောင်ကောင်းကို ရွေးချယ်နိုင်ကြရင် ကောင်းမွန်တဲ့ အပြောင်းအလဲ အနိစ္စရဲ့ ကောင်းကျိုးတွေကို သာ တွေ့ကြုံရ မယ်ဆိုတာကို သိရင်တော့ အနိစ္စအပေါ်မှာ အမြင်မကြည်တဲ့စိတ်နဲ့ ပြစ်မှားမိတာတွေ ဝန်ချတောင်းပန်ပြီး ညအိပ်ယာဝင်တိုင်း “အနိစ္စ.. စောင့်ပါ ခလှည့်” လို့များ မြည်တမ်းနေမလားပဲနော် ဆိုတော့ …

အဲလိုသာ ဖြစ်မယ်ဆိုရင်တော့ဘုရား “အတိုင်းထက်လွန်၊ တံခွန်နဲ့ဘုရား”ဆိုသလို အားလုံး လူသာဓုခေါ်၊ နတ်သာဓုခေါ်ပေါ့။ ဘယ်ပြောကောင်းမလဲ၊ တစ်တိုင်းပြည်လုံး ညအိပ်ယာ ၀င်ချိန်တောင် စောင့်မနေဘူး၊ အခုချက်ချင်းကို “အနိစ္စရေ မြန်မြန်ကြီးသာ စောင့် ပါခလှည့်” လို့ အော်လိုက်မှာပေါ့။ ပြောနေကြာတယ် အခုကို မြည်တမ်းလိုက်မယ်ဘုရား” ဆိုပြီး နေရာက ထထိုင်ပါတယ်။

နေဦး ဒကာကြီးရဲ့ ပါးစပ်က မြည်တမ်းနေရုံနဲ့လည်း မပြီးသေးဘူးဗျ။ စောစောကပြောသလို ပြည်သူတွေက သုံးသပ်ဆင်ခြင်နိုင်တဲ့ အသိဥာဏ် ဗဟုသုတတို့၊ ဆုံးဖြတ်ရဲတဲ့ သတ္တိ၊ မှန်မှန်ကန်ကန်လုပ်ကိုင်နိုင်တဲ့လုံ့လ ပယောဂတို့လည်း အခိုင်အမာရှိအုံးမှလေ” ဆိုတော့ ဒါတွေလည်း ရှိရမှာပေါ့ဘုရား၊ “အဲ … ပြည်သူတွေလည်း အရှင်ဘုရားပြောတဲ့ အရည်အချင်းတွေနဲ့ ပြည့်စုံကြပါစေ။ အနိစ္စတရားကလည်း မြန်မြန်ကြီး အဲ … ဘာတဲ့ အရှင်ဘုရားပြောသလို စောင့်ပါခလှည့်ပါဘုရား“ ဆိုပြီး တကယ်ပဲ လက်အုပ်ချီနှုတ်မြွက် ဆုတောင်း နေပါတော့တယ်။ 

တောင်းတဲ့ဆု ယခုမြန်စွာ ပြည့်စေသော်………။
ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)