Thursday, October 23, 2014

ရန်လိုသော ရဟန်းနှင့် လိမ္မာသော ဒကာ


ရန်လိုသော ရဟန်းနှင့် လိမ္မာသော ဒကာ

ကမ္ဘာလောက၌ အပြစ်ဒဏ်ပေးခြင်းသည် ထာဝစဉ် လိုအပ်နေလိမ့်မည်ဟု ထင်သည်။ ဤသံဃ အဖွဲ့အစည်းထဲ ရောက်လာပြီး ငါ၏ အဆုံးအမ ဥပဒေသတို့ကို အစဉ်မပြတ် ကြားနာရသော်လည်း များစွာသော ရဟန်းတို့မှာ ဒေါသနှင့် မာန်မာန ကြီးလွန်းလှသဖြင့် ၀ိနည်းကျင့်ဝတ် ဆိုသည်တို့ကို မေ့လျက် ငါ၏ ရှေ့မှောက်၌ပင် နှုတ်လှန် ထိုးကြသည်။ အချို့ ရဟန်းများမှာ အကယ်၍ သူတို့အား မကောင်းမှုတခုခုမှ တားမြစ်ပိတ်ပင်လျှင် သူတို့သည် ယင်း မကောင်းမှုကိုသာလျှင် ထောက်ခံ အားပေးကြသည်။

သူတို့သည် မသိနားမလည်သော်လည်း 'သိပါပြီ၊ နားလည်ပါပြီ' ဟု ပြောလျက် ထိုအချက်ကို လွှဲဖယ် ပစ်ကြလေသည်။ ထိုနောက် အမှားပြုပြီးသောအခါ၌ 'တပည့်တော်တို့ သိမှ မသိဘဲ' ဟု ပြောကြသည်။ ရှင်းလင်းပြောပြ ဆိုဆုံးမသည့်အခါ၌မူ နားမထောင်ဘဲ 'သိပါပြီ၊ နားလည်ပါပြီ' ဟု ပြောလျက် ရှောင်ဖယ် ထွက်သွားချင်ကြသည်။

ရှင်းလင်းပြောပြ ဆိုဆုံးမခြင်း ခံရမှုကို ဂုဏ်ငယ်သည်ဟု ထင်မှတ်ကြသည်။ ရှင်းလင်းပြောပြ ဆိုဆုံးမမှု ရပ်လိုက်သည့် အခါ၌မူ စိတ်ထင်တိုင်း အမှားကို ပြုလုပ်၍ 'တပည့်တော်တို့ သိမှ မသိဘဲ' ဟု ပြောကြသည်။ တခါတရံတွင် စကားလုံးဖြင့် ရိုသေမှုကို ပြကြသော်လည်း အသံဖြင့်မူ ကြီးစွာသော မရိုသေမှုကို ပြုကြသည်။

စိတ်ထဲရှိသမျှကို ပွင့်လင်းစွာ ဖွင့်မပြကြပေ။ တစုံတယောက်၏ ရှေ့မှောက်၌ မိမိ၏ စိတ်ထဲရှိသမျှကို ပွင်လင်းစွာ ဖွင့်မပြနိုင်သူတဦးက တစုံတဦးအား ပြုပြင်စေလိုသည်မှာ မဖြစ်နိုင်ပေ။ သူသည် မြင့်မြတ် စင်ကြယ်သည့်စိတ် ရှိသူလည်း မဖြစ်နိုင်ပေ။ ယုံကြည် စိတ်ချထိုက်သူလည်း မဖြစ်နိုင်ပေ။ ထိုကဲ့သို့သော ပုဂ္ဂိုလ်များသည် ဘယ်လောက်ပင် စကားကြွယ်သော်လည်း အပြီးသတ်တွင် လူ့လောက၏ ကဲ့ရဲ့ရှုတ်ချခြင်းကို ခံရတတ်လေသည်။

ယနေ့ ကောသမ္ဗီမှ ဒေါသကြီးသော ရဟန်များ ရောက်လာကြသည်။ ထိုနေ့က ငါက သူတို့အား ရှင်းလင်း ပြောပြဆိုဆုံးမသော်လည်း သူတို့သည် နားမထောင်ကြ။ ဘာမှမဟုတ်သည့် အကြောင်းကလေးတခုဖြင့် သူတို့သည် သံဃအဖွဲ့အစည်း၏ ဂုဏ်သိက္ခာကို ထိခိုက်နစ်နာအောင် ပြုလုပ်ကြသည်။

ရဟန်းတပါးသည် ကိုယ်လက်သုတ်သင်ရန် သွားသည့်အခါ ရေခွက်ထဲ၌ ရေကျန်ကို ချန်ထားပြီး ပြန်လာခဲ့သည်။ အခြားရဟန်းတပါးက ယင်းကဲ့သို့ ရေချန်ထားခြင်းမှာ မသင့်လျော်ဟု ပြောပြသည်။ အကြောင်းအရာမှာ ဘာမျှ ဖြစ်လောက်သည့် အရာမဟုတ်။ ရိုးရိုးကလေးပင် ဖြစ်သည်။ ယင်းမှားယွင်းချက်ကို ၀န်ခံလိုက်ရုံသာလျှင် ဖြစ်သည်။ သို့ရာတွင် ထိုကဲ့သို့ မဟုတ်ပေ။ ထိုအချက်ကို ရေးကြီးခွင်ကျယ်လုပ်၍ အငြင်းပွါးလေတော့သည်။

ကမ္ဘာလောကသည် တဒင်္ဂတခဏမျှသာ ခံသည်။ ဤကမ္ဘာလောက၌ သန့်ရှင်းစင်ကြယ်သည့်အရာ မည်သည့်အရာ ဖြစ်သည်၊ မသန့်ရှင်း မစင်ကြယ်သည့်အရာ ဆိုသည်မှာ မည်သည့်အရာဖြစ်သည် စသည်ဖြင့် တရားဟောလေတော့သည်။ လူ့ဘ၀၌ အသိဥာဏ်နှင့် အတွေးအခေါ်သည် ပေါင်းစပ်ရ၏ဟု ယင်း 'အလွန်' ၀ါဒီ၊ တဖက်စွန်းဝါဒီများသည် မသိနားမလည်ကြပေ။ ယင်းမသိနားမလည်မှု၏ အကျိုးတရား အဖြစ်ဖြင့် ထိုရဟန်း၏ အတွင်း၌ အုပ်စုဖွဲ့မိသွားကြပြီးလျှင် အုပ်စုနှစ်ခု အချင်းချင်း ခိုက်ရန်ဒေါသများစွာ ဖြစ်ကုန်ကြတော့သည်။

ငါ၏ အထံသို့ သတင်းရောက်လာသောအခါ ငါသည် ရှင်းလင်းပြောပြ ဆိုဆုံးမရန် သွားခဲ့လေသည်။ သို့ရာတွင် သူတို့က ပြောပြသည်။
"
အရှင်ဘုရားသည် တရားရှင်ဖြစ်လျှင် အေးအေးဆေးဆေးသာ နေတော်မူပါ၊ တပည့်တော်များ အကြားတွင် ၀င်မလာပါနှင့်၊ တပည့်တော်တို့ ကိုယ့်ဟာကိုယ် ဖြေရှင်းပါမည်"

သူတို့၏ ယင်းကဲ့သို့ မာန်မာနတက်ကြွနေမှုကို တွေ့ရ၍ ငါသည် တအ့တသြ ဖြစ်မိသည်။ သို့သော်လည်း ကမ္ဘာလောက၏ အခြေအနေကို စဉ်းစားဆင်ခြင်၍ ငါသည် ကိုယ့်စိတ်ကို ကိုယ်ဖြေရလေသည်။ သူတို့ကို ရှင်းလင်းပြောပြ ဆိုဆုံးမခြင်းသည် အချည်းနှီး အလဟဿပင် ဖြစ်သည်။ များစွာသော သတ္တ၀ါတို့သည် အထိခိုက် အနစ်နာ ခံရပြီးမှသာလျှင် အမှန်သို့ ရောက်ရှိလာတတ်သည်။ ထို အဆင့်သို့ မရောက်ခင် ၎င်းတို့အား ရှင်းလင်းပြောပြ ဆိုဆုံးမနေ၍ အရာမထင် အချည်းနှီး အလဟဿပင် ဖြစ်သည်။

ထိုမျှသာမက ထိုကဲ့သို့သော ပုဂ္ဂိုလ်များအား ရှင်းလင်းပြောပြ ဆိုဆုံးမခြင်းအားဖြင့် သူတို့၏ ကျွဲပါးစောင်းတီး သဘောသည် ပို၍ပင် တိုးပွါးလာတတ်သည်။ သို့ဖြစ်၍ ငါသည် ထိုရဟန်းများအား ရှင်းလင်းပြောပြ ဆိုဆုံးမခြင်း မပြုလုပ်တော့ပေ။ ထိုမျှသာမက ငါသည် သူတို့ကို ရန်ပွဲတန်းလန်းနှင့် ထားပစ်ခဲ့လျက် ကောသမ္ဗီမှ ထွက်လာခဲ့လေသည်။

ငါ ထွက်လာသည့်အခါ ကောသမ္ဗီမှ ဥပသကာများသည် များစွာ စိတ်ထိခိုက်သွားကြသည်။ သူတို့သည် ရဟန်းများ၏ အထံသို့ အသွားအလာ ဖြတ်ပစ်လိုက်ကြသည်။ ရဟန်းများနှင့် တွေ့ဆုံခြင်း၊ ရဟန်းများအား ဆွမ်း ကွမ်း ပေးကမ်းလှူဒါန်းခြင်းများကိုလည်း မပြုလုပ်ကြတော့ပေ။ ထိုအခါကျမှ ရဟန်းများ သတိတရား ရရှိလာကြ ကုန်သည်။ မိမိ၏ အပြစ်ကို ဖြေဖျောက်ရန်အတွက် သူတို့သည် ကောသမ္ဗီမှ သာဝတ္ထိအထိ ငါ၏အထံသို့ ပြေးလာကြလေသည်။

ငါ တွေးတော စဉ်းစားမိသည်။ လူ့ဘောင်ကို စွန့်ခွါလာခဲ့ကြသည့် ရဟန်းများအတွက် ပင်လျင် လမ်းမှန်ရောက်အောင် ဤမျှလောက် တင်းကျပ်မှု လိုနေလျှင် သာမန်ပုဂ္ဂိုလ်များအတွက်မူ ဆိုဖွယ်ရာ ရှိတော့မည်နည်း။ ထို့ကြောင့် ညွှန်ကြားပြသ ဆိုဆုံးမခြင်းနှင့် အပြစ်ဒဏ်ပေးခြင်း နှစ်မျိုးလုံး လိုအပ်၏ဟု ပြောရခြင်း ဖြစ်လေသည်။

သို့ရာတွင် အပြစ်ဒဏ်ပေးခြင်းသည် တိရစ္ဆာန်ဘ၀၏ အမှတ်လက္ခဏာ ဖြစ်သည်။ လူနှင့် တိရစ္ဆာန်၏ အဓိကထူးခြားမှာ လူသည် အဆိုးကို ကိုယ်တိုင်သော်လည်း သိရှိနားလည်လေသည်။ သို့မဟုတ် အရိပ်ပြရုံဖြင့်လည်း သိရှိနားလည်လေသည်။ ထိုနောက် ယင်းအဆိုးကို ဖယ်ရှားပစ်ရလေသည်။ တိရစ္ဆာန်မှာမှ အဆိုးကို မသိနားမလည်၊ သို့သော် အဆိုးကို မဖယ်ရှားဘဲနေ၍ မဖြစ်သဖြင့် ဖယ်ရှားပစ်ရလေသည်။ ကောသမ္ဗီမှ ရဟန်းများ၏ နောင်တမှာ ထိုသဘောအတိုင်း ဖြစ်လေသည်။

ယခုအခါတွင် သူတို့သည် နောင်တများစွာ ရနေသော်လည်း ယင်းနောင်တရမှု၏ အကျိုးတရားမှန်ကို ရရှိကြတော့မည် မဟုတ်ပေ။ ယခင်အခါကမူ အနည်းငယ်သောနောင်တရမှုဖြင့်ပင် အကျိုးများစွာ ရရှိနိုင်ကြပေသည်။ ငါ၏ ချစ်ခင်ကြင်နာမှုနှင့် ပြည်သူလူထု၏ အကြည်ညိုပွါးမှုများကို ရရှိနိုင်ကြပေသည်။ စိတ်နှလုံးကို မစောင့်စည်း မထိန်းချုပ်မှုသည် နောင်ဘ၀တွင်သာမဟုတ်ဘဲ ယခုဘ၀၌လည်း အကျိုးတရားကို ပေး၏ ဟူသော အချက်မှာ ယုံမှားသံသယ ဖြစ်ဖွယ်ရာ မရှိတော့ပေ။

ယင်း အဖြစ်အပျက်ကြောင့် အကြောင်းတရားတခု သိရှိရသည်မှာလည်း အကယ်၍ ဒါယကာများက အသိဥာဏ်ပညာရှိနေကြပါလျှင် ရဟန်းသံဃာများအတွင်း၌ ဖောက်ဖောက်ပြန်ပြန် ဖြစ်လာဖို့ရာ မလွယ်ကူပေ။ ဒါယကာများအနေဖြင့် ကောသမ္ဗီမှ ဒါယကာများကဲ့သို့ အသိဥာဏ်ပညာနှင့် ပြည့်စုံနေသရွေ့ ငါ၏ သံဃအဖွဲ့အစည်းသည် မှန်ကန်ကောင်းမွန်သော သံဃအဖွဲ့အစည်းစာလျှင် ဖြစ်နေပေလိမ့်မည်။

ပါရဂူ
[
ဗုဒ္ဓဒိုင်ယာရီ စာအုပ် ဆဌမအကြိမ်နှိပ်ခြင်း၊ ၁၉၉၀ ဖေဖော်ဝါရီ- မှ ကူးယူဖော်ပြပါတယ်။]
by Maung Aye Win


Wednesday, October 22, 2014

သူငယ်ချင်းကောင်း မိတ်ဆွေ


သူငယ်ချင်းကောင်း မိတ်ဆွေ


ကျွန်မတို့ နေ့စဉ် ကျင်လည် နေရသော လူမှု ပတ်ဝန်းကျင် တွင် မရှိမဖြစ် လိုအပ်သော မိတ်ဆွေကောင်း ဆိုသူမှာ ရှိသင့်ပေသည်။ မိတ်ဆွေကောင်း ဟု ဆိုရာတွင်လည်း အမျိုးမျိုး ရှိတတ်ကြရာ အဓိက အားဖြင့် ဆရာဝန်ကောင်း မိတ်ဆွေ တစ်ဦး၊ ရှေ့နေကောင်း မိတ်ဆွေ တစ်ဦး၊ ဒဿနိက ပညာရှင် (အတွေးအခေါ် ကောင်းသူ) မိတ်ဆွေတစ်ဦး၊ ဘုန်းကြီး (ဝါ) ဘာသာရေး ဆရာ မိတ်ဆွေကောင်း တစ်ဦး၊ ဘဏ် လုပ်ငန်းရှင် မိတ်ဆွေ တစ်ဦး၊ အဆက်အသွယ် ကောင်းသည့် (ဝါ) ပေါက်ရောက် သည့် မိတ်ဆွေ တစ်ဦး၊ ပြောမနာ ဆိုမနာ သူငယ်ချင်းကောင်း မိတ်ဆွေ တစ်ဦး၊ အားကစားဖော် မိတ်ဆွေတစ်ဦး၊ ခရီးသွားဖော် မိတ်ဆွေတစ်ဦး စသည့် မိတ်ဆွေ (၉)ဦးတို့နှင့် မိတ်ဆွေဖွဲ့ ဆက်ဆံ တတ်ရန် လိုအပ်သည်။ ထိုကဲ့သို့ မိတ်ဆွေမျိုး အမှန်တကယ် လိုအပ်ကြောင်း စာအုပ်စာပေ များတွင် လမ်းညွှန် ပြထားသည် ကိုလည်း ကျွန်မတို့ အကြိမ်ကြိမ် ဖတ်ရှု မှတ်သား ရသည်။ လေ့လာ ရသည်။ သို့သော် လိုက်နာရန် အလွန်ခက် နေသေးသည်။

ထို မိတ်ဆွေကောင်း များအနက် ကျွန်မတို့ ပတ်ဝန်းကျင် တွင် အလွယ်တကူ တွေ့ရှိ နိုင်သော မိတ်ဆွေကောင်း မှာ ပြောမနာ ဆိုမနာ သူငယ်ချင်း ကောင်း မိတ်ဆွေတစ်ဦး ဖြစ်သည်။ ထို သူငယ်ချင်းကောင်း မိတ်ဆွေ များထဲမှ အတွေးအခေါ် ကောင်းသူ ရှိနိုင်သည်။ ဘာသာရေး ကို လမ်းညွှန် ပြသပေး နိုင်သူ ရှိနိုင်သည်။ အဆက်အသွယ် ကောင်းသူ၊ အားကစား လိုက်စားသူ များလည်း ရှိနိုင်သည်။ တစ်ခါတစ်ရံ ခရီးသွားဖော် အဖြစ် တွေ့ရှိ ရတတ်သည်။ ကျန် မိတ်ဆွေကောင်း များ ရရှိရေး အတွက် မိမိတွင်လည်း ပြည့်စုံ လုံလောက်သော အရည်းအချင်း များရှိရန် လိုအပ်သည်မှာ အမှန်ပင် ဖြစ်သည်။ 

ယနေ့ တိုးတက် ပြောင်းလဲနေသည့် ခေတ်ကြီးတွင် မိမိဝမ်းရေး အတွက် အလုပ်ရှာဖွေ နေ့၊ ညမနား ကြိုးစား နေကြသူများ ဖြစ်ရာ မိတ်ဆွေ သူငယ်ချင်း နှင့် စကား ပြောဆိုသည့် အချိန်ပင် လျော့နည်း သွားကြရာ အထက်ပါ မိတ်ဆွေ ကိုးဦးလုံးကို မိတ်ဖွဲ့ နိုင်သူမှာ အတော်ပင် ရှားပါး လာသည်။ ဆေးခန်း သွားလည်း မြန်မြန်ပြ၊ မြန်မြန်ပြန် ဆရာဝန်နှင့် မိတ်ဖွဲ့စကား ပြောရန် ဆိုသည်မှာ အချိန်မပေး နိုင်သည့်ကိစ္စ၊ ရှေ့နေ ဆိုသည်မှာ အမှုဖြစ်မှ တွေ့ဖို့လိုမည် ဆိုသည့် လွဲမှားသည့် အတွေး၊ ဘဏ် ဆိုသည်မှာ လည်း ကိုယ့်လစာ လောက်နှင့် မလှမ်းနိုင်သည့် အခွင့်အရေး ဆိုတော့ ဘဏ် လုပ်ငန်းရှင် နှင့် မိတ်ဆွေ ဖြစ်ရန် မလိုအပ်ဟု ပင် တွေးထား လိုက်သည်။ အတွေးအခေါ် ကောင်းသူ များ၏ အတွေး အခေါ် များကို နားထောင်မည့် အချိန်ကိုယ့်မှာ မပေးနိုင်။ သည်လိုနှင့် မိတ်ကောင်း ဆွေကောင်း ဆိုသည်မှာ တမင်တကာ ရှာရမည့် အခြေအနေ သို့ပင် ရောက်နေသည်။ 

ဘုရားသွား ကျောင်းတက် တော့လည်း တစ်ခါတလေ တရား ရှည်မည်ကို ပင် စိုးရိမ် နေတတ်ရာ ဆရာတော် များ၏ တရားတော် များကို မေးလျှောက် ဖို့ဆိုသည်မှာ လွယ်ကူသည့် ကိစ္စမဟုတ် သည်မှာ အမှန်ပင်။ သိလိုသည်များ ရှိသော်လည်း မမေးဖြစ်ဘဲ တတ်ရောင်ဝါး ဖြစ်နေသည်က များသည်။ အားကစား ဆိုသည်က အမှန်တကယ် အားမှ ကစားနိုင်မည့် အခြေအနေ ဖြစ်နေသည်။ မည်သို့ပင် ဆိုစေ ပြောမနာ ဆိုမနာ သူငယ်ချင်းကောင်း မိတ်ဆွေကတော့ အနည်းဆုံး တစ်ယောက်တော့ ရှိကြမည်မှာ အမှန်ပင် ဖြစ်သည်။

လူတစ်ယောက် သည် မိမိ စိတ်ခံစားချက်များ၊ လုပ်ဆောင်ချက် အမှားများကို ဝန်ခံ ပြောဆိုရန် လက်ခံသူ တစ်ယောက် အမှန်တကယ် လိုအပ်သည်။ တစ်ခါတစ်ရံ တွင် မိမိ ပတ်ဝန်းကျင်၊ မိသားစု အတွင်း ပြောပြ၍ မရနိုင်သော စကားလုံးများ ရင်တွင်း ခံစားချက် များကို ထို သူငယ်ချင်း မိတ်ဆွေကို ပြောပြခြင်း၊ ဖွင့်ဟ ဝန်ခံခြင်းဖြင့် မိမိတို့ စိတ်နှလုံး ငြိမ်းအေးမှုကို ရယူ နိုင်လေသည်။ ထို သူငယ်ချင်း တွင်လည်း မိမိ၏ ခံစားချက် များကို ဖွင့်ဟ လောက်သော သူငယ်ချင်းကောင်း မိတ်ဆွေစစ် များတွင် ရှိတတ်သည့် အဆွေ ခင်ပွန်း၏ လျှို့ဝှက်သင့်သော အရာဟူ သမျှကို မည်သူမျှ မသိရ စေခြင်းငှာ ကောင်းစွာ လျှို့ဝှက်ထား တတ်ခြင်း စသည့် အဓိက အချက် အပါအဝင် အချက် များစွာဖြင့် ပြည့်စုံနေရန် လိုအပ်သည်။

ကဲ့ရဲ့လွယ် သလောက် ချီးမွမ်းရန် ခက်သော လောက သဘာဝတွင် ထိုသို့သော မိတ်ဆွေစစ် များသည် အရေအတွက် နည်းသည်ထက် နည်းလာ တတ်ပြီး ခင်မင်မှု အတုယောင် များဖြင့်သာ သံသရာလည် နေတတ် ပေသည်။ ထို သံသရာ ထဲမှ ရုန်းထွက်ရန် အတွက် သင်၏ မိတ်ဆွေ သူငယ်ချင်း ကောင်းသည် သင့်အပေါ် အမှန်တကယ် မိတ်ဆွေစစ် စိတ်သဘောထား ရှိ၊ မရှိနှင့် မိမိ၏ လျှို့ဝှက်ချက် ကို ထိန်းသိမ်းမှု ရှိ၊ မရှိ ကိုလည်း ဆန်းစစ်ရန် လိုအပ် ပေသည်။ သို့မှသာ တစ်ဦးနှင့် တစ်ဦး သံသယ ကင်းစွာ တစ်ဦး၏ လိုအပ်ချက်ကို တစ်ဦးက ဖြည့်ဆည်း ပေးနိုင်မည် ဖြစ်သည်။

တစ်ဦး၏ စိတ်သဘောထား ကိုလည်း တစ်ဦးက ကောင်းမွန်စွာ နားလည် သဘောပေါက်ပြီး ဖြစ်နေ ပေလိမ့်မည်။ ထိုသို့ အပြန်အလှန် စောင့်ရှောက်ခြင်း ဖြင့် ပြောမနာ ဆိုမနာ သူငယ်ချင်း ကောင်းတစ်ဦး ကျွန်မတို့ အနားတွင် အမြဲရှိ နေမည်မှာ အမှန်ပင် ဖြစ်ပါသည်။

မဒါလေး

#ရတနာပုံနေ့စဉ်


Tuesday, October 21, 2014

ဘာနဲ့တန်ဖိုးဖြတ်မလဲ


ဘာနဲ့တန်ဖိုးဖြတ်မလဲ

လူ့လောက လူ့ပတ်ဝန်းကျင်မှာ ကြားနေကြစကားလေး “ တန်ဖိုးရှိအောင်နေ ” ၊ “တန်ဖိုးမဲ့တဲ့ အလုပ်တွေ မလုပ်ကြနဲ့” တဲ့  တန်ဖိုးဆိုတာ ဘာလဲလို့ တွေးကြည့်မိလိုက်သည်။

တန်ဖိုး... အထူးသဖြစ် လူတစ်ယောက်ရဲ့ တန်ဖိုးကို ဘာနှင့် တိုင်းတာကြပါမလဲ။ ငွေကြေးနှင့် တိုင်းတာမှာလား ၊ ပညာဖြစ် တိုင်းတာမှာလား ။ ပါတ်ဝန်းကျင်အသိုင်းအဝိုင်းကိုကြည့်၍ တန်ဖိုး နိမ့်သည်၊ မြင့်သည် တိုင်းတာကြမှာလား..။

ယင်းသို့ဆိုလျှင် ငွေကြေးချမ်းသာကြသောသူတိုင်းက တန်ဖိုးရှိကြပေတော့မည် ။ ပညာတတ် သူတိုင်းက တန်ဖိုးရှိကြတော့မည်။ ပါတ်ဝန်းကျင်အသိုင်းအဝိုင်းကြီးသူတိုင်းက တန်ဖိုးရှိသည့် လူသားများအဖြစ်ရပ်တန့်သွားကြပေလိမ့်မယ်။

တချို့သောသူတွေဟာ ပညာသာရှိတာ ၊ ပြောလိုက်တဲ့ စကားတွေက တန်ဖိုးမဲ့တဲ့ စကားတွေ ၊ ငွေကြေားချမ်းသာသူကလည်း ငွေကြေးချမ်းသာပြီး အပြုအမူတွေက တန်ဖိုးမဲ့တယ်။ သူက အသိုင်းအဝိုင်းသူ့ပါတ်ဝန်းကျင်ကသာ ကြီးတာ ဘာမှ တန်ဖိုးရှိတဲ့သူ မဟုတ်ဘူး...စသည့် စကားလုံးများကို စာရှု့သူများမလွဲမသွေကြားဖူးကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။

ဒါဆိုလျှင် ဥစ္စာ ငွေကြေး ၊ ပညာကြွယ်ကာ ပါတ်ဝန်းကျင်အသိုင်းအဝိုင်း ကြီးမားပြည့်စုံသူတိုင်း တန်ဖိုးရှိသူတွေ မဟုတ်နိုင်တာ သေချာလောက်ပြီဟုထင်ပါတယ်၊လူတစ်ယောက်အတွက် တန်ဖိုးအရှိဆုံး အဓိကအချက်သည် မည်သည့်အရာလဲဟု မေးကြည့်လိုက်ချင်ပါတယ်။

ဒီအကြောင်းနဲ့ပါတ်သက်ပြီး မြတ်ဘုရားစံပါမြို့ကိုကြွတော့ သောဏဒဏ္ဍပုဏ္ဏားကိုမေးခဲ့တာလေး
သွားသတိရမိတယ်။ တခါတုံးကသောဏဒဏ္ဍတ ပုဏ္ဏားကြီးနှင့်တကွ မြတ်စွာဘုရားရှင်အား လာရောက် ရှစ်ခိုးပူဇော်ကြသော မြှိုသူမြို့သားများအား တရားရေအေးတိုက်ကျွေးရန် မြတ်စွာဘုရားမှ ယနေ့ရောက်လာကြကုန်သော တရားနာပရိသတ်တို့အား မည်သည့်တရား ဟောမည်ကို တွေးဆပြီးပရိသတ်များကိုမေးပြီးဟောမယ်ဟုဆုံးဖြတ်လိုက်တယ်၊

ပထမဦးစွာ ရှေ့ဆုံးမှ နေရာယူကာ ဦးတင်နေသော ပုဏ္ဏားကြီးအား စ၍ မေးခွန်း မေးလိုက်လေသည်၊ အသင် ပုဏ္ဏားကြီး ပုဏ္ဏားကြီးတို့၏ ဗြဟ္မာဏမျိုးရိုး ဘာကြောင့် အမျိုးမြင့်မြတ်ရပါသလဲ?

ပုဏ္ဏားကြီးက မြတ်စွာဘုရား၏ မေးခွန်းကို အမေးခံရလျှင် လွန်စွာမှ ဂုဏ်ယူ ဝမ်းမြှောက်မိ လေသည်။ မိမိတို့၏ ကြီးမြင့်လှသည့် မျိုးရိုးကို မြတ်စွာဘုရားရှင်ကိုယ်တော်တိုင်က စိတ်ဝင်စားသည်ပါလားဟု တွေးမိကာ ဝမ်းသာအားရ လျှင်မြန်စွာ လျှောက်ထားလေးသည်။

“အရှင်ဘုရား တပည့်တော်တို့မျိုးရိုး မြင့်မြတ်နေခြင်းဟာ အခြားသောအကြောင်းကြောင့် မဟုတ်ပါဘုရား။ တပည့်တော်တို့မှာ စောင့်ထိန်းရမည့်အချက် (၅) ချက်ရှိနေပါတယ်ဘုရား။

ထိုအခါ မြတ်စွာဘုရားရှင်မှ
ဒကာတော်ပုဏ္ဏားကြီး ထိုအချက်(၅) ချက်မှာ ဘာတွေလဲ ဟု မေးမြန်းလေရာ ထိုပုဏ္ဏားမှ အားရဝမ်းသာစွာဖြစ် မိမိတို့မျိုးရိုးဂုဏ်ကို ဖော်ကျူးပြလေသည်။

၁။ ဆွေခုနှစ်ဆက် ၊ မျိုးခုနှစ်ဆက် မျိုးရိုးသန့်ရပါမည်။
၂။ဗေဒင်၊ ကျမ်းဂန် ၊ မန္တာန် အာဂုံရရမည်။
၃။ ရုပ်ရည် ချောမောတင့်တယ်ရပါမည်။
၎။ ကိုယ်ကျင့်တရားကောင်းရပါမည်။
၅။ အမှား/အမှန် ခွဲခြားနိုင်သော ပညာရှိရပါမည်။ဟု လျှောက်လေသည်။ ထိုအခါ မြတ်စွာဘုရားရှင်ထံမှ ပုဏ္ဏားကြီးဘယ်လိုမှမမျှော်လင့်သော မေးခွန်း တစ်ခု ထွက်လာခဲ့သည်။

“ဒကာကြီး အကယ်၍များ တစ်ယောက်ယောက်က ဒကာတော်ပုဏ္ဏားကြီးအား ထိုအချက် (၅) ချက် ထဲမှ တစ်ချက်ချက်ကို လျှော့ချပေးပါဆိုလျှင် မည်သည့် အချက်ကို သင်လျှော့ချပေးပါမည်လဲ?။
 
အရှင်ဘုရား  အကယ်၍များ တစ်ယောက်ယောက်က ထိုအချက် (၅) ချက်ထဲမှ တစ်ချက်ချက် လျှော့ချပါဆိုလျှင် တပည့်တော် သည် ရုပ်ရည်ချောမောတင့်တယ် လှပရပါမည် ဆိုသော အချက်ကို လျှော့ပါမည်ဘုရား။

ဘာကြောင့်လဲဆိုလျှင် ရုပ်ဆိုး ၊ ရုပ်ချောသည်ဆိုသည်မှ ဘဝအဆက်ဆက်မှ ပြုလုပ်ခဲ့ကြသည့် ကုသိုလ် ၊အကုသိုလ် အကျိုးဆက်ကြောင့်သာဖြစ်သည်။ ယခုလက်ရှိဘဝအတွက် တပည့်တော်တို့ မတတ်နိုင်ပါ။

တပည့်တော်တို့၏ အမျိုးရိုးဂုဏ်ကို ထိပ်တင်ချင်၍သာ ရုပ်ရည်ချောမောလှပရမည် ဆိုသော အချက်ကို ထည့်သွင်းထားခြင်းကြောင့် စောင့်ထိန်းရမည့် အချက်(၅)ချက်တွင် တစ်ချက် လျှော့ရမည်ဆိုပါက   “ရုပ်ရည်ချောမောလှပရမည် ” ဆိုသော အချက်ကို လျှော့ချပါမည်ဘုရား။

ထိုအခါ မြတ်စွာဘုရားရှင်က
“ပုဏ္ဏားကြီး “ရုပ်ရည်ချောမောလှပရမည်”ကို လျှော့ပြီးလျှင် နောက်ထပ်တစ်ချက် ထပ်လျှော့ချ ပေးပါဟု ဆိုပါက အသင်ပုဏ္ဏားမည်သည့်အရာကို လျှော့မလဲ?

ထိုအခါတွင်လဲ ပုဏ္ဏားကြီးမှာ ဆိုင်းငံ့ခြင်းမရှိစွာနှင့်
“အရှင်ဘုရား အချက် (၂)ချက်လျှော့ရမည်ဆိုလျှင် တပည့်တော်သည် “ ဗေဒင် ၊ ကျမ်းဂန်၊ မန္တာန်များ အလွတ်ရရမည်” ဆိုသည့် အချက်ကို လျှော့ချပါမည်ဘုရား။

တပည့်တော်တို့ မျိုးရိုးတွင် ကျမ်းဂန်၊မန္တာန်များကို ရှေးလာစဉ်ဆက် အလွတ်ရသည်ရှိသကဲ့သို မရှိသည့်အခါလည်း ရှိခဲ့ဖူးပေလိမ့်မည်။ ကျမ်းဂန်စာပေများသည် စာအုပ်စာပေများနှင့် အစဉ် ထိမ်းသိမ်းလာကာ လိုအပ်ပါ ပြန်လည်ရှာဖွေနိုင်၍ မျိုးရိုးမြင့်မြတ်ရန် လိုအပ်သည့် အချက်(၅) ချက်တွင် (၂)ချက်လျှော့ရမည်ဆိုပါက တပည့်တော်သည် ထိုအချက်ကို လျှော့ချပါမည်ဘုရား”

ပုဏ္ဏားကြီး၏ ထိုသို့အဖြေပြီးဆုံးလျှင် မြတ်စွာဘုရားရှင်ထံမှ ပုဏ္ဏားကြီး အကယ်၍များ (၃)ချက်လျှော့ချပေးပါ ဆိုပါလျှင်လည်း မည်သည့်အချက်ကို သင်လျှော့ချပေးမလဲ?

အချက် (၃)ချက် လျှော့ရမည်ဆိုသော အချိန်တွင် ပုဏ္ဏားကြီးမှာ ပြန်ဖြေရန် အနည်းငယ် ခက်ခဲလာလေပြီး။ ရှေးဦးစွာ မေးခဲ့သော မေးခွန်း (၂)ခုကဲ့သို့ လွယ်လင့်စွာ ဖြေဆိုနိုင်ခြင်း မရှိတော့ပဲ သေချာတွေးဆကာ စဉ်းစားရပေလေသည်။

အချိန်အတော်ကြာ စဉ်းစားလေပြီးသော်အခါဝယ် ပုဏ္ဏားထံမှ
“အရှင်ဘုရား ..မလျှော့မဖြစ် လျှော့ရမည် ဆိုပါက တပည့်တော်သည် “ ဆွေခုနှစ်ဆက်၊ မျိုးခုနှစ်ဆက် မျိုးသန့်ရမည်” ဆိုသော အချက်ကို လျှော့ရပါမည်ဘုရား”

ပုဏ္ဏားကြီး၏ ထိုသို့သော အဖြေပြီးဆုံးလျှင် မြတ်စွာဘုရားရှင်ထံမှ မည်သည့်အသံမျှ မထွက်ပေါ် သေးမှီ ပုဏ္ဏားကြီး၏ အမျိုးအနွယ်ဝင် မြို့သူမြို့သားများထံမှ
“အသင်ပုဏ္ဏားကြီး...အဘယ်ကြောင့်ထိုအချက်ကို လျှော့ရမည်နည်း။ အကျွန်ုပ်တို့ မျိုးရိုးကို အထိခိုက်မခံနိုင်ပါ။ မျိုးရိုးဆိုတာ အလွန်အရေးကြီးပါတယ်။ မျိုးရိုးသန့်ချင်၍ ထိုအချက်ကို ထည့်ထားခြင်းဖြစ်ပါသည်။ ပုဏ္ဏားကြီးအနေနှင့် လျှော့ချင်လျှော့ ကျန်သော အချက်နှစ်ချက်ထဲမှ ကြိုက်ရာကို လျှော့ပါ။ ဆွေခုနှစ်ဆက် မျိုးခုနှစ်ဆက်မျိုးရိုးသန့်ရမည်ဆိုသော အချက်ကို မလျှော့နိုင်ပါဟု ဆိုသည့် အသံများ ထွက်ပေါ်လာလေသည်။

ထိုသို့ ဆူညံ့လာသည့်အခါဝယ် ပုဏ္ဏားကြီးမှ မြတ်စွာဘုရားရှင်ထံ ခွင့်တောင်း၍ မတ်တပ်ရပ်ကာ သူ၏ မြို့သူမြို့သားများအား စကားစလေသည်။

အဆွေတို့ ကျွန်ုပ်ဆိုသော စကားကို နားထောင်ကြည့်ပါ။ကျွန်ုပ်၏ ဆိုစကား ဆုံးလေသော်မှ အဆွေတို့ရဲ့မကျေနပ်ချက်များကို ပြောကြားကြပါ။ ငါသည် အဘယ်ကြောင့် ဆွေခုနှစ်ဆက် မျိုးခုနှစ်ဆက် မျိုးရိုးသန့်ရမည်ဟူသောအချက်ကို လျှော့ချရသည် ဆိုလျှင် ပထမဦးစွာ ကျွန်ုပ်ချန်ထားသည့် အချက်နှစ်ချက်မှာ
 
“ကိုယ်ကျင့်တရားကောင်းခြင်းဆိုသည့် သီလ”
“မှားမှန်ခွဲခြားနိုင်ခြင်းဆိုသည့် ပညာ”ထို နှစ်ချက်ကိုသာ ချန်ထားခဲ့ပါသည်။
ဘာကြောင့် ထိုနှစ်ချက်ကို ချန်ထားခဲ့ရတာဆိုလျှင် ထိုနှစ်ချက်သည် လူဖြစ်လာသည့် ဘဝဝယ် မရှိမဖြစ် တန်ဖိုးရှိသည့် လူတန်ဖိုးဖြစ်သောကြောင့်ပင်တည်း။

လူတယောက်ကိုယ်ကျင့်တရားဆိုသည့် သီလဘယ်လောက်ကောင်းပါသလဲ။
လူတယောက်အမှားအမှန်ခွဲခြားနိုင်သည့် ပညာမည်မျှ ရှိသနည်း။စသည့် နှစ်ချက်ဖြစ်သာ တိုင်းတာရပါမည်။

ဒါကြောင့် ထိုနှစ်ချက်ကို ကျွန်ုပ် မလျှော့နိုင်ပါ။ ထိုနှစ်ချက်သည် လူဖြစ်ရသည့်ဘဝဝယ် မရှိမဖြစ် လိုအပ်သည့် လူ့တန်ဖိုးသာ ဖြစ်ပေတယ်၊ဟု ဆိုကာ မြတ်စွာဘုရားရှင်ထံ ဦးတိုက်ကာ လျှောက်ထားလိုက်လေသည်။

အရှင်ဘုရား တပည့်တော် ဆုံးဖြတ်ချက် မှားသလား ၊ မှန်သလား ဖြေကြားပေးတော်မူပါ ။ အကယ်၍များ မှားယွင်းခဲ့သည် ရှိပါက အမှန်ကို ညွှန်၍ သွန်သင်ဆုံးမပေးတော်မူပါ။

ပုဏ္ဏားကြီးထံမှ ထိုသို့သောမေးခွန်ရောက်လာမည်ကို ကြိုတင်သိလင့်သော မြတ်စွာဘုရားရှင်မှာ
“အသင်ပုဏ္ဏားကြီး၏ ဆုံးဖတ်ချက်သည် ငါဘုရား၏ ဆုံးဖြတ်ချက်နှင့် ထပ်တူညီပါပေသည်။

ထို လူတန်ဖိုး ဆိုသည့် တရားကို ဟောမည်ဟုဆုံးဖြတ်ကာ ထိုသို့သော မေးခွန်းများကို မေးလာခဲ့ခြင်းဖြစ်ပါသည်။ ပုဏ္ဏားကြီးဖြေဆိုသကဲ့သို့ပင် လူတစ်ယောက်၏ တန်ဖိုးကို ကိုယ်ကျင့် သီလနှင့် အမှားအမှန်ခွဲခြားနိုင်သည့် ပညာဖြစ်သာ တိုင်းတာနိုင်ပါသည်။

ထို ကိုယ်ကျင့်သီလနှင့် အမှားအမှန်ခွဲခြားနိုင်သည့် ပညာသည် လူတန်းဖိုးသာမက လောက၏ ကျက်သရေမင်္ဂလာပင်ဖြစ်တယ်။ ကျက်သရေမင်္ဂလာရှိလိုသော ပုဂ္ဂိုလ်သည် ထို နှစ်ချက်ကိုသာ စောင့်ထိန်းပါ။ကျက်သရေ မင်္ဂလာနှင့် ပြည့်စုံပါလိမ့်မည်။

လူ့သဘော လူ့သဘာဝအရ လူတစ်ယောက်ကိုအမြင်နှင့်ဆုံးဖြတ်တတ်ကြသည်။ ငွေကြေး ချမ်းသာမှု ၊ကျော်ကြားမှု ၊ထူးချွန်ကျော်ဇော်မှု နာမည်ကြီးမှု ပညာတတ်မှု ရာထူးကြီးမှုတို့သည် လူ့တစ်ယောက်၏ စစ်မှန်သော တန်ဖိုးမဟုတ်ဘူးဆိုတာ သင်လက်ခံမှာပါ။

ဒီနေ့ ဒီဆောင်းပါးလေးကို ရေးသားရခြင်း၏ ရည်ရွယ်ချက်မှာ တစ်ခါတစ်ရံ လူ့သဘော လူ့မနောတွင် ဖြစ်လေ့ဖြစ်ထ ရှိသည့် အတုတွေများခြင်းကြောင့် အစစ်တွေပျောက်ကွယ်မှာကို စိုးသည်ကတကြောင်း တန်ဖိုးရှိသူတွေတန်ဖိုးအတုအယောင်တွေနောက်ကို ယောင်ရမ်းလိုက်မိမှာ စိုးတာကတကြောင်း  မိမိ၏ နဂိုမူလရှိရင်းစွဲ တန်ဖိုးများကို ချခင်းနင်းမိမှာစိုးသည်ကတကြောင်း အကြောင်းအမျိုးမျိုးကြောင့်ရေးသားလိုက်ပါတယ်။

လူတွေဟာကိုယ်တန်ဖိုးအစစ်အမှန်ကိုသတိမပြုမိကြာဘဲ ကိုယ်ကျင့်သီလနဲ့ အမှားအမှန် ပျောက်ဆုံးကာ စာရိတ္တများပါပါသွားတတ်ပါတယ်ဒါတွေကို သတိထားမိစေဖို့ စာရှု့သူတို့ များစွာ လိုအပ်ပါတယ်။

ဓမ္မစမ်းရေ..


Monday, October 20, 2014

သိကြားမင်းတရားမေ့ပုံ


 သိကြားမင်းတရားမေ့ပုံ

သောတာပန်ဖြစ်ပြီးသောသိကြားမင်းသည် အခါတစ်ပါး၌ ကြီးကျယ်ခမ်းနားသော ဥယျာဉ်ပွဲကို ရှုစားဖို့ရန် အခြွေအရံများစွာဖြင့် ဧရာဝဏ်ဆင်ကို စီး၍ ထွက်လာ၏။ ဥယျာဉ်တံခါးပေါက်သို ရောက်သောအခါ ဘုရားရှင်အား ပြဿနာမေးရန် အကြံပေါ်လာ၏။ ထိုပြဿနာကား တဏှာကုန်ခန်း နိဗ္ဗာန်သို့ လွတ်လွတ်ကျွတ်ကျွတ်ရဟန္တာ၏ ကျင့်ခဲ့သော လမ်းစဉ်ပြဿနာတည်း။

ထိုသို့ပြဿနာမေးလျှောက်လိုသောစိတ်အကြံသည် ဥယျာဉ်တွင်းဝယ် ပွဲသဘင်အလယ်သို့ ရောက်လျှင် မေ့ပျောက်သွားဖွယ်ရှိသောကြောင့် “ယခုပင် သွား၍မေးလျှောက်မည်” ဟု  ကြံစည် ကာ ဧရာဝဏ်ဆင်ပေါ်မှ ကွယ်ပျောက်၍ ဘုရားထံ အရောက်လာခဲ့လေသည်။ ဆင်ကြီးလည်း ဥယျာဉ်အပေါက်မှာရပ်၍နေရစ်၏။ နောက်ပါအခြံအရံများမှာလည်း ဥယျာဉ်ပေါက်မှာ ကျန်ရစ်ကြ လေသည်။

ပုဗ္ဗာရုံကျောင်းတိုက်၌ သီတင်းသုံးတော်မူခိုက်ဖြစ်သော် ဘုရားအထံသို့ ရောက်သောအခါ ဥယျာဉ်ပွဲ ကနောက်ဆံတင်းလျက် ရှိသောကြောင့် “တဏှာသင်္ခယ- နိဗ္ဗာန်၌ လွတ်လွတ်ကျွတ်ကျွတ် အာရုံ ပြုနိုင်သော ရဟန္တာ၏ ကျင့်နိုင်သော လမ်းစဉ်တရားကို ခပ်တိုတိုအမိန့်ရှိပါ” ဟုလျှောက်လေ၏။

ဘုရားရှင်လည်း သူ၏လျှောက်ထားချက်အရ တိုတိုပင်ဖြေတော်မူသည်မှာ သိကြားမင်း …. ရဟန္တာ ဖြစ်မည့် ရဟန်းသည် “အလုံးစုံသောတရားကို ငါ ၊ ငါ့ဥစ္စာဟု နှလုံးသွင်းခြင်း ၊ စွဲလမ်းခြင်းငှာ မထိုက်”  ဟု တရားစကားကို ကြားနာရ၏။ ထိုရဟန်းသည် (ခန္ဓာငါးပါး)တရားအားလုံးကို သိအောင်ကြိုးစား၏။ သိသောအခါ အားလုံးဒုက္ခချည်းပဲဟု သိပြန်၏။ ဒုက္ခချည်းပဲဟု သိပြီးနောက် ဘာမဆို ခံစားရသမျှ ဝါသနာကို အနိစ္စ စသဖြင့်  ရှု၍ရှု၍ နေ၏။ ထိုသို့ ရှုဖန်များသော် ဘာတစ်ခုကိုမျှ မစွဲလမ်းတော့ဘဲ နောက်ဆုံး၌ ရဟန္တာဖြစ်ကာ တဏှာကုန်ခန်း နိဗ္ဗာန်နန်းသို့ လွတ်လွတ်ကျွတ်ကျွတ် မြန်းနိုင်လေသည်။

သိကြားမင်းသည် ဤသို့အကျဉ်းမျှဖော်ပြအပ်သော အဖြေကို လွန်စွာသဘောကျ ဝမ်းမြောက်လှ၍ “သာဓု-သာဓု” ဟု အသံပြုလျက် နတ်ပြည်သို့ ပြန်လေသည်။ ထိုသာဓုခေါ်သံကို ဘုရားကျောင်းတော်၏ ဝဲဘက်ခန်းဆောင်မှာ သီတင်းသုံးနေသော အရှင်မောဂ္ဂလာန်ကြား၍ “ဒီသိကြားဟာ တရားကိုသိလို့ သာဓုခေါ်တာလား၊ မသိဘဲနှင့် သာဓုခေါ်တာလား” ဟုစဉ်းစား၍ သိကြားကို စုံစမ်းလိုသောကြောင့် သိကြားနှင့်ရှေ့ဆင့်နောက်ဆင့်လိုက်ကာ တာဝတိံသာသို့ တက်သွားလေသော်…..

ဘုရားထံမှ တရားနာ၍ ပြန်သွားသော  သောတာပန်သိကြားမင်းလည်း ဥယျာဉ်တွင်းမှာ တီးကြ မှုတ်ကြ ကကြ ပြကြ သည်ကို နှစ်သက်အားရ ရှုမဝဖြစ်နေစဉ် အရှင်မောဂ္ဂလာန်ကိုမြင်၍ (ပွဲကြည့်နေသော ကျောင်းဒကာက ဆရာတော်ကြီးလာသည်ကို မြင်ရသည့်ပမာ) ခပ်ရှက်ရှက် မျက်နှာဖြင့် အရှင်မောဂ္ဂလာန်ကို ခရီးဦးကြိုပြုလျက် နှုတ်ဆက်စကား လျှောက်ထားရလေ တော့သည်။

ထိုသို့ တွေ့လျှင် တွေ့ချင်းပင် အရှင်မောဂ္ဂလာန်ကပင် သိကြားမင်းကို ပြောသည်မှာ “မြတ်စွာဘုရားက အသင်သိကြားအား တဏှာသင်္ခယ-ဝိမုတ္တိအကြောင်းကို ဘယ်လိုဟောလိုက ပါသလဲ။ ငါတို့လည်း ထိုတရားကို တစ်ဆင့်နာပါရစေ” ဤသို့ပြောလျှင် ထိုတရားကို သိကြားမင်း စဉ်းစား၏။ ပေါ်မလာချေ။ အထပ်ထပ်စဉ်းစားသော်လည်း လုံးလုံးသတိမရသဖြင့် နာယူတုန်းက မှတ်မှတ်သားသားနာယူခဲ့သော်လည်း နတ်ပြည်ကိစ္စများသည့်အတွက် မေ့ရကြောင်းကို အရှက်ပြေလျှောက်လေ၏။
[မူလပဏ္ဏသ ၊စူဠတဏှာသင်္ခယသုတ်မှ ကောက်နှုတ်ချက် ။ ]

ဤ တရားတော်အရ စဉ်းစားပါလျှင် နတ်ပြည်အာရုံသည် တရားအာရုံမေ့အောင် မှိုင်းတိုက် နိုင်ကြောင်း နားလည်နိုင်ပေပြီ။ မှန်၏။ သိကြားမင်းသည် ပင်ကိုယ်အားဖြင့် သတိကောင်း ဉာဏ်ထက်၍ အလွန်သွက်လက်သူပေတည်း။ ထိုအချိန်မှာ သောတာပန်လည်းဖြစ်ပြီးပေပြီ။ နာခဲ့ရသော တရားမှာလည်း သူကိုယ်တိုင် သိချင်လှ၍ လျှောက်ထားသော ပြဿနာ၏အဖြေ တရားအကျဉ်းမျှသာဖြစ်၏။ ရှင်မောဂ္ဂလာန်မေးချိန်နှင့် ထိုတရားနာခဲ့ချိန်မှာ မိနစ်လောက်သာ ဝေးပေလိမ့်ဦးမည်။သို့ပါလျက် ဥယျာဉ်ပွဲ၏မှိုင်းတိုက်မှုကြောင့် စဉ်းစား၍ မရနိုင်အောင်ပင် မေ့ရလေသည်။

(၁)  ဤဝတ္ထုကိုထောက်ထား၍ မိမိတို့ အတွက်လေးလေးနက်နက် စဉ်းစားသင့်၏။ “မိမိကိုယ်ကို သူတော်ကောင်းဟုတ်ပါသည်” ဟု ဝန်ခံနိုင်သော သူတော်ကောင်းမှန်လျှင် နောင်ဘဝအတွက် ဂတိကောင်းဖို့များပါ၏။သို့သော် ထိုရောက်ရမည့်ဂတိကား လူနှင့်နတ်ဘဝသာ ဖြစ်ပါသည်။ ဈာန်မရ၍ ဗြဟ္မာမဖြစ်နိုင်။ ရဟန္တာမဟုတ်သေး၍နိဗ္ဗာန်မရနိုင်ပါ။ အထက်နတ်ဖြစ်ခဲ့သော် သိကြားမင်းလို အရိယာပုဂ္ဂိုလ်သော်မှ မေ့ရပုံကို ထောက်၍ မိမိတို့အတွက်သိပြီး တရားကလေးများ မေ့ပျောက်သွားမည်ကို မစိုးရိမ်ရပါလော။

(၂)  တရားမေ့၍ နတ်တို့ဓလေ့ဖြင့် အပျော်ကြီးပျော်မွေ့နေစဉ် (ပုထုစဉ်ဘဝဖြင့်) စုတေချိန် ရောက်သောအခါ မိမိစည်းစိမ်ကို တမ်းတ၍ နွမ်းလျအားငယ်စွာ စုတေရပါမူ အပါယ် ၄ ပါးသို့ တစ်ဆင့်သွားဖို့အရေး မဝေးလှတော့ပါ။ တစ်ခါတုန်းက နတ်သမီးငါးရာတို့သည် ဥယျာဥ်အတွင်းဝယ် ပန်းပင်တက်၍ ပန်းခူးရင်း သီချင်းကြူနေကြစဉ် ရုတ်တရက်စုတေကာ အဝီစိသို့ ရောက်သွားကြဖူးပါသည်။

(၃)  တစ်ဖန် နောက်တစ်ချိန်ရောက်မည့် လူ့ဘဝကို တွေးလျှင်လည်း စိတ်အေးဖွယ်မရှိလှပါ။ ရှင်းပါဦးမည်။ သူတော်ကောင်းအနေဖြင့် လူတစ်ယောက်၏တန်ဖိုးကို စဉ်းစားလျှင် (၁)ဘုရား သာသနာတော်နှင့် ကြုံတွေ့ရခြင်း၊ (၂) အားလုံးမဟုတ်စေကာမူ လူအများစုက လူကောင်း သူကောင်းများဖြစ်ကြခြင်း၊ (၃) ဆရာမိဘတို့က သူတော်ကောင်းများဖြစ်ကြခြင်း၊ (၄) အလွန် မဆင်းရဲဘဲ အထိုက်အလျောက် ချမ်းသာသောအမျိုး၌ဖြစ်ရခြင်း။ ဤအကြောင်းများစုံညီမှ လူ့ဘဝ ရကျိုးနပ်လိမ့်မည်။

(၄)  ဘုရားသာသနာတော်အရေးကို စဉ်းစားလျှင် ယခုအချိန်မှာပင် ပုဂ္ဂိုလ်ကောင်းကို အတော်ရှာမှရနိုင်သော အချိန်ဖြစ်နေပြီ။ လောကီအာရုံတွေကလည်း သောင်းကျန်း၊ ဂုဏ်ပကာသနာသနနှင့် လိုက်စားသူလည်းများ၊ လူဒကာ ဒကာမတို့လည်း သီလ သမာဓိ ပညာရှိထက် ဂုဏ်ရှိသူကို ကိုးကွယ်လိုကြ၊ ဂုဏ်ရှိအောင်လည်း ဟိုကပ်သည်ကပ်နှင့် ကပ်ကြ၊ လူအချင်းချင်း ဂုဏ်သတင်းလွှင့်ကြနှင့် သာသနာ့ဝန်ထမ်းများအတွက် ခေါင်းကမိုးယိုနေလေပြီ။

(၅)  သာသနာကို ယခုကိုးကွယ်နေကြသော (သာသနာ ဒယကာဆိုသူတို့၏ ) သားသမီးများကို သာသနာ့ဝန်ထမ်းရဟန်းတော်များက သင်ကြားပေးမှုသည် တစ်စတစ်စ လက်လွတ်၍ လာခဲ့ရာ ယခုအခါမှာ တချို့ဘုန်းကြီးကျောင်း၌ ကျောင်းသားဟူ၍ မရှိတော့ပါ။ကျောင်းသားမရှိလျှင် ရှင်သာမဏေ (အမြဲနေ) မရှိနိုင်၊ ရှင်သာမဏေ မရှိလျှင် ရှင်သာမဏေဘဝ၌ စာသင်၍စာတတ်သော ရဟန်းလည်းမရှိနိုင်။ သိပ်မကြာသော နောင်အခါဝယ် များစွာသော ကျေးရွာတို့၌ တောထွက် ရဟန်းကြီးတွေသာ ကျောင်းကြီးကန်ကြီးပေါ်ဝယ် စက်တော်ခေါ်၍ နေရစ်ကြလေလိမ့်မည်။

(၆)  တစ်ဖန်–သာသနာကို ပစ္စည်း (၄) ပါးဖြင့်ထောက်ပံ့ရသော ဒကာဒကာမများဘက်ကို ဆက်လက်စဉ်းစားပြန်လျှင် ယခုအခါ ကလေးတွေသင်ယူနေကြ သော  ပညာသည် လောကီ အတွက် တစ်ဘဝမျှ အကျိုးပေးနိုင်သော ခေတ်မီပညာကား ဟုတ်လောက်စရာရှိပါ၏။ သို့သော် ထိုပညာသည် မဂ် ဖိုလ် နိဗ္ဗာန်ယုံကြည်ဖို့မဆိုထားဘိ ကံနှင့်ကံ၏အကျိုးကိုမျှ နားလည်စေနိုင်သော ပညာပင်ပါရှိ၏လော။ ထိုသို့မပါလျှင် နတ်ပြည်ဗြဟ္မာ့ပြည်ကို မယုံလျှင် ငရဲပြိတ္တာကို ယုံဦးမည်လော။ ထိုသို့မယုံသူသည် ရဟန်းသံဃာတို့အား ပစ္စည်း(၄)ပါးမဆိုထားဘိ ဝမ်းဝရုံမျှ ဆွမ်းပေးဖို့ သတိရဦးပါမည်လော။

(၇)  ထို့ပြင်- ယခုပညာသင်နေသောကလေးများ ကြီးရင့်သောအခါ ရှေးတုန်းကလို မိဘမွေအနှစ်ကို များများစားစားရကြတော့မည်မဟုတ်။ သူတို့၏ကျောင်းစရိတ်ကိုပင် များစွာသော မိဘတို့မနိုင်တနိုင်ကြိုးစားနေကြရလေပြီ။ လူတို့အသုံးအဆေင် အလှအပ ပကာသနတွေကလည်း တစ်စထက်တစ်စ တိုး၍တိုး၍လာတော့သည်။ ယခုကလေးများကျောင်းမှထွင်၍ အသက်မွေးသော အခါ သူတို့ပညာသည် သူတို့၏ အိမ်သူအိမ်သားများပါဝမ်းဝ၍ ခါးလှရုံကိုပင် အင်မတန် ကြိုးစား နိုင်မှ(သို့မဟုတ်-မတရားရှာနိုင်မှ) တော်ရုံကြပေလိမ့်မည်။ ထိုမျှလောက် အသက်မွေးခဲယဉ်းချိန ဝယ် အဘယ်မှာလျှင်သာသနာကို ထောက်ပံ့နိုင်တော့မည်နည်း။

၈)  တစ်နည်းစဉ်းစားပြန်လျှင် သာသနာ့ဝန်ထမ်းရဟန်းတော်တို့မှာ ကလေးများကို ဘာသာရေး အဝါးဝ၍ လောကီအသက်မွေးဝမ်းကြောင်း အခြေခံရအောင် သင်ပြဖို့တာဝန်ရှိနေသည်။ အရာရာ ပြုပြင်လျှင် သင်ပြနိုင်မည့် အခြေအနေလည်းလုံလုံလောက်လောက် ရှိ၏။ သို့သော် ယနေ့တိုင် အောင် (အချို့ကျောင်းများမှတစ်ပါး အများအပြားက) မစဉ်းစားကြသေးချေ။ ထိုသို့မစဉ်းစားရုံ သာမက အသွားအလာ အနေအထိုင်မှစ၍ ခေတ်လူတို့၏စိတ်ကို ဆွဲငင်လောက်အောင် မကြိုးစား ကြသဖြင့် ခေတ်ပညာတတ်သူတို့၏ အထင်သေးအမြင်သေးကိုသာ အများစုကခံနေရလေသည်။ သို့ဖြစ်လျှင် ထိုခေတ်ပညာတတ် လူအများသည် ဗုဒ္ဓမြတ်စွာ၏သာသနာတော်ကို အားပေးလိုကြ လိမ့်မည်လော။ ထိုအချက်များကို တွေးပြန်သော် သာသနာဆုတ်ယုတ်ဖို့ရေးသာလျှင် နီးသည်ထက်နီးလာသည်ကို တွေ့ရပါသည်။

၉)  နောင်လာမည့်ဘဝ၌ လူအများစုက လူကောင်းသူကောင်းဖြစ်ဖို့လည်း မလွယ်ကူတော့ချေ။ ထင်ရှားစေအံ့- လူကောင်းသူကောင်းခေတ်သည် မေတ္တာ၊ ကရုဏာ၊ မုဒိတာ- ဤတရား(၃)ပါး ထွန်းကားသောခေတ်တည်း။ ယခုမျက်မြင်မှာကား တစ်ယောက်အပေါ် တစ်ယောက်က ကောင်းကျိုးလိုလားသော မေတ္တာအစစ်နည်းပါးလှလေပြီ။ မေတ္တာမရှိလျှင် ဆင်းရဲသူကိုမြင်၍ သနားသောကရုဏာနှင့် ချမ်းသာသူကိုမြင်၍ ဝမ်းမြောက်သော မုဒိတာလည်း မဖြစ်နိုင်တော့ပါ။ ယခုဖြစ်နေသည်မှာ တစ်ယောက်ကောင်းစားသည်ကို အခြားတစ်ယောက်က မနာလိုသော ဣသာ၊ မိမိကဲ့သို့ကြီးပွားမည်ကို စိုးရိမ်သော မစ္ဆရိယ၊ အထက်တန်းရောက်နေသောသူက စိတ်ကြီးဝင်သော အထက်တန်း မာန၊ အောက်ကျသောသူသည် “ဘာ အရေးစိုက်ရမှာတုန်း” ဟူသော အောက်တန်းမာနတွေ ဝေဆာလျက် ရှိလေသည်။

(၁၀)ထို့ပြင် လိုချင်ဖွယ်အာရုံ၊ ခံစားဖွယ် ကာမဂုဏ်တွေလည်း တနေ့တခြား တိုးပွားလာရကား (မီးသည်လောင်စာ ရှိသလောက် လိုက်၍လောင်သလို) ယခု လူတို့သန္တာန်၌ လောဘ ကလည်း အာရုံများသလောက် ကြီးမား၍လာလေသည်။ လောဘအလိုကို မဖြည့်နိုင်သောအခါ သတ်မှု ဖြတ်မှု တိုက်ခိုက်မှု စစ်ဖြစ်မှု တိုင်အောင် ဒေါသတွေလည်း တရှူးရှူး တရှဲရှဲ နှင့် တကဲကဲ ဖြစ်၍နေလေတော့၏။ ဤသို့ အကောင်းတရားတွေ ထွန်းကားနေသော ယခုခေတ်မှာပင် လူကောင်းသူကောင်းရှားပါးနေရကား နောင်ကာလဝယ် အဘယ်မှာယခုထက်ပို၍ မဆိုးဝါးဘဲ နေတော့မည်နည်း။

(၁၁)ထိုသို့ လူကောင်းသူကောင်း အလွန်နည်းပါးမည့် နောက်ကာလ၌ မိဘကောင်း ဆရာကောင်းလည်းရနိုင်တော့မည်မဟုတ်ပါ။ ထိုသို့အားကိုးစရာ မိဘကောင်း ဆရာကောင်းမရှိဘဲ မတရားလူများ၏အလယ်မှာ မိမိတစ်ယောက်လူကောင်းကလေးဖြစ်ဖို့လည်း မလွယ်ကူပါ။ ထို့ကြောင့် နတ်ပြည်မှာ မှိုင်းတိုက်မည့် အာရုံများ၌ သွားဖို့ခက်သလို လူ့ပြည်မှာလည်း အကုသိုလ်ထွန်းကားတော့မည့်အတွက် လူပြန်ဖြစ်ဖို့ ခက်လှပါတော့သည်။

(၁၂) ဤနေရာဝယ် မိမိစဉ်းစားမိသော အကြောင်းတစ်ခုကို ညွှန်ပြပါမည်။ လွန်ခဲ့သော (၁၃၁၉-ခု) ပြာသိုလက ရန်ကုန်သို့ သိမ်သမုတ်ကိစ္စဖြင့် သွား၍ ပြန်မည့်နေ့ဝယ် ဘူတာကြီး၌ အကြောင်း အားလျော်စွာ စောစောရောက်နေ၏။ မီးရထားတွဲထိုးမည့်နေရာဘက်ကို ကျောပေးလျက် လိုက်ပို့သော ဘုန်းတော်ကြီးတစ်ပါးနှင့် အတူ စကားပြောနေစဉ် ရထားတွဲထိုးသဖြင့် လူအများ လှုပ်ရှားသံကြား၍ စကားဖြတ်ပြီးလှည့်ကြည့်လိုက်ရာ နေ့စဉ်ထုံးစံအတိုင်းအလုအယက် နေရာယူ နေကြသော လူအများကို မြင်ရပါသည်။`

(၁၃) ထိုအခါ စဉ်းစားမိသည်မှာ ဤလူများ၏ အကြာဆုံးရထားစီးရမည့်အချိန်မှာ (၂)ရက်နီးနီးနှင့် တစ်ညသာဖြစ်၏။ ထိုမျှအချိန်အတွင်း၌ နေရာကောင်းမရလျှင် ဆင်းရဲမည်စိုး၍  အလုအယက် နေရာယူကြသည်။ တစ်ချို့လည်းငွေပိုပေး၍ သီးခြားနေရာရအောင် ကြိုးစားရသည်။ ထိုမျှမက ရထားပေါ်မှာ စိတ်ချရသော အဖော်ကိုလည်း ရှာကြသေးသည်။ မတော်လို့များနေရာကောင်း မရပြန်လျှင် အလွန်ပင်စိတ်မကောင်းဖြစ်၏။ မိမိနေရာအနီးက လူကိုကြည့်၍ ရိုးသားပုံမရလျှင် တစ်လမ်းလုံး စိတ်မချကြ။

(၁၄) ဤ(၂)ရက်တစ်ညအချိန်အတွင်း ဆင်းရဲမည့်အရေးကို တွေးကာ ဤမျှလောက် နေရာကောင်း ကြိုးစားသူတို့သည် နောက်ဘဝ ဟိုနောက်နောက်ဘဝတို့အတွက် နိဗ္ဗာန်အထိနေရာကောင်း ၊ အဖော်ကောင်းရအောင် အဘယ့်ကြောင့် မကြိုးစားဘဲ အေးစက်စက် နေကြပါလိမ့်မည်နည်း။ မတော်တဆ ခြေချော်လက်ချော် ဆိုသလို အပါယ်(၄)ပါးရောက်သွားလျှင် တစ်ဘဝလုံး ဆင်းရဲရုံသာမာက အဆက်ဆက် အကုသိုလ်တိုးပွား၍ အဆက်ဆက်နေရာကောင်း မရဘဲ ရှိနိုင်သည်။

လူ့ဘဝရောက်သော်လည်း လူနုံလူမွဲ လူဆင်းရဲ ဖြစ်၍ တစ်ဘဝလုံး အောက်ကျ နောက်ကျ ဒုက္ခရောက်နိုင်သည်။ သို့ပါလျက် ရထားစီးဖို့ ခရီးတိုလေးအတွက် ကြိုးစားသလောက်မျှ နောက်ဘဝ၌ နေရာကောင်းရအောင် မကြိုးစားဘဲ နေကြခြင်းကား ထိုင်းမှိုင်းတွေဝေ အရှည်ကို မြော်တတ်သော အသိဉာဏ်ကင်း၍ ဖျင်းလွန်း ညံ့လွန်းကြလေစွတကား၊ ဤသို့စဉ်းစားကာ ဤအကြောင်းကိုပင် လိုက်ပို့သော ဘုန်းတော်ကြီးအား ပြောပြခဲ့မိပါသည်။

(၁၅) ပြခဲ့သော စဉ်းစားဖွယ်တို့ကို ဤကျမ်းစာရှုသူများလည်း လေးလေးနက်နက်စဉ်းစား၍ လက်လှမ်းမီတရားထူးကို ရအောင်သော်လည်းကြိုးစားသင့်ကြ၏။ ရှေးဘဝက အထုံဝါသနာ ပါခဲ့သည့် အတိုင်း အထက်တန်းပါရမီကို ဖြည့်ကျင့်နေသူ ဖြစ်လျှင်လည်း အကုသိုလ်နည်းအောင် သတိထား၍ ဒါန သီလ စသော ပါရမီများကို အနှစ်အမြုတေတည်လျက် မပျက်နိုင်အောင် အလွန်ကြိုးစားသင့်၏။ ထိုသို့ ကြိုးစားလျှင်ကား နတ်ပြည်၌လည်း နတ်သူတော်ကောင်း၊ လူ့ပြည်၌ လည်း ထူးခြားသော လူသူတော်ကောင်းများ ဖြစ်၍ (ရှေးအလောင်းတော်တို့ သာသနာပ၌ပင် ပါရမီတော် ဖြည့်ကျင့်တော်မူကြသကဲ့သို့) ရင့်သည်ထက် ရင့်အောင် ပါရမီဖြည့်ကျင့်နိုင်ကြ ပါလိမ့်သတည်း။

(အရှင်ဇနကာဘိဝံသ ၏ ကိုယ်ကျင့်အဘိဓမ္မာ   မှ ကောက်နှုတ်ချက်။ ။)

By စန္ဒာသူရိယ

Saturday, October 18, 2014

သူခိုးနှင့် ၀ိပဿနာ


သူခိုးနှင့် ၀ိပဿနာ

တစ်ခါတုန်းက သူငယ်ချင်းနှစ်ယောက်ဟာ ရေဘူးကိုယ်စီယူပြီး လယ်ထွန်ဖို့ လယ်တောထဲကို ထွက်ခဲ့ပါတယ်။ လယ်ထွန်ရင်း မောလာတော့ တစ်ယောက်က သစ်ပင်ရင်းမှာရှိတဲ့ ရေဘူးကို သောက်မယ်အလုပ်မှာ
“ငါ့ ရေဘူးသောက်လိုက်ရင် ခဏလေးကုန်သွားလိမ့်မယ်၊ သူ့ရေဘူး သောက်လိုက်မှပဲ၊ သူမြင်မှာ လည်း မဟုတ်ပါဘူးလေ” ဆိုပြီး သူများရေဘူးကို သောက်လိုက်ပါတယ်။

လယ်ထွန်ပြီးလို့ ညနေအလုပ်ကပြန်တော့လည်း နှစ်ယောက်အတူပဲ ရေချိုးဆိပ်ကို ဆင်းခဲ့ပါတယ်။ နောက်ရေချိုးပြီးလို့ ကမ်းပေါ်တက်တော့ ရေချိုးပြီးစဆိုတော့ စိတ်ကော ရုပ်ကော ကြည်နေပါတယ်။  ဒါကြောင့် ရေခိုးသောက်ထားတဲ့သူက ကိုယ့်ကိုယ်ကိုယ် ပြန်ဆင်ခြင်ကြည့်ပါတယ်။ “ငါ ဒီနေ့ မကောင်းတဲ့ ကာယကံစသည် တစ်ခုခုများ ပြုခဲ့မိလေမလား” ပေါ့။

ဆင်ခြင်လိုက်တော့ မနက်က ရေခိုးသောက်ခဲ့မိတာကို ပြန်သတိရပါတယ်။ ဒီတော့ တော်တော် လည်း တုန်လှုပ်ထိတ်လန့်သွားပါတယ်။
“ဒီကုသိုလ်ကံဟာ ငါ့ကို အပါယ်ချတော့မှာပဲ”လို့ တွေးရင်း ပြုခဲ့တဲ့အပြစ်ကို ပြန်ဆင်ခြင်ပြီး ၀ိပဿနာတရားကို ရပ်လျက်ပဲ ပွားများပါတယ်။ ရပ်လျက် ပွားရင်းပဲ ပစ္စေကဗုဒ္ဓါ ဖြစ်သွားပါ တော့တယ်။

အဖော်သူငယ်ချင်းလည်း ရေချိုးပြီးလို့ ကမ်းပေါ်တက်လာတော့ အိမ်ပြန်ကြဖို့ ခေါ်ပါတယ်။ ဒီတော့ ပစ္စေကဗုဒ္ဓါဖြစ်သွားတဲ့ သူငယ်ချင်းက
“ငါ့အနေနဲ့ အိမ်ကို အလိုမရှိတော့ဘူး၊ ငါ ပစ္စေကဗုဒ္ဓါဖြစ်သွားပြီ” လို့ ပြန်ပြောလိုက်ပါတယ်။ သူငယ်ချင်းအဖော်က အံ့သြနေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပစ္စေကဗုဒ္ဓါ လို့ပြောတဲ့ သူငယ်ချင်းမှာ လူ့အ၀တ်အစားတွေနဲ့ပဲဖြစ်နေလို့ပါ။ ဒါကြောင့် သူငယ်ချင်းအဖော်က
“သင်က ပစ္စေကဗုဒ္ဓါသာပြောတယ်၊ ပစ္စေကဗုဒ္ဓါနဲ့လည်း မတူဘူး” လို့ ပြန်ပြောလိုက်ပါတယ်။

ဒီတော့ ပစ္စေကဗုဒ္ဓါအရှင်မြတ်ကလည်း
“ကဲ…ပစ္စေကဗုဒ္ဓါဆိုတာ ဘယ်လိုပုံစံမျိုးလဲ၊ ပြောပါဦး”လို့ ပြန်ပြောပါတယ်။
သူငယ်ချင်းအဖော်ကလည်း
“ပစ္စေကဗုဒ္ဓါဆိုတာ ဦးခေါင်းမှာ ဆံလက်နှစ်သစ်ပဲ ရှိတယ်၊ ဖန်ရည်ဆိုးတဲ့ သင်္ကန်းရုံ၊ သပိတ် လွယ်ထားတယ်၊ ပြီးတော့ ဟိမ၀န္တာ နန္ဒမူလိုဏ်ဂူမှာ နေကြတယ်” လို့ ပြောပြပါတယ်။

ပစ္စေကဗုဒ္ဓါအရှင်မြတ်လည်း ဦးခေါင်းကို လက်နဲ့သပ်လိုက်တာ သူငယ်ချင်းအဖော် ပြောတဲ့အတိုင်း ဖြစ်သွားပါတယ်။ နောက်တော့ ပစ္စေကဗုဒ္ဓါအရှင်မြတ်လည်း ဟိမ၀န္တာ နန္ဒမူလိုဏ်ဂူကို ကြွသွား ပါတော့တယ်။

ငါးရာ့ငါးဆယ်ပါနိယဇာတ်ကလာတဲ့ ၀တ္ထုလေးပါ။ ဒီဝတ္ထုလေးမှာ အဆင့်လေးဆင့်တွေ့ ရပါတယ်။

ပထမ အဒိန္နာဒါနကံကို ကျူးလွန်တယ်၊
ဒုတိယ ပြုခဲ့တဲ့ အမှားကို ပြန်ဆင်ခြင်တယ်။
တတိယ ၀ိပဿနာပွားတယ်၊
စတုတ္ထ ပစ္စေကဗုဒ္ဓါဖြစ်သွားပါတယ်။

အဆင့်လေးဆင့်ကို ကြည့်ပြီး အဖြေက ဘယ်လိုထွက်လာသလဲဆိုတော့ လူတစ်ယောက်အနေနဲ့ အဒိန္နာဒါန-ခိုးမှုကို ဘယ်လိုပုံစံမျိုးနဲ့ပဲ ကျူးလွန်ခဲ့ ကျူးလွန်ခဲ့ ကိုယ့်အပြစ်ကို ကိုယ်ပြန်ဆင်ခြင်ရင်း သတိသံဝေဂဖြစ်ပြီး ၀ိပဿနာတရား ရှုမှတ်လိုက်ရင် တရားထူး တရားမြတ်တွေ ရသွားနိုင်တယ် ဆိုတာပါပဲ။ ဒါက ဒီဝတ္ထုလေးထောက်ပြီး ပြောတာပါ။ ပိုပြီး ခိုင်မာသွားအောင် ပဋ္ဌာန်းဥပနိဿယ ပစ္စည်းကိုပါ အာရုံပြုကြည့်ရအောင်ပါ။

အကုသလောစမ္မော၊ ကုသလဿဓမ္မဿ ဥပနိဿယပစ္စယေနပစ္စယော…
အကုသိုလ်တရားက ကုသိုလ်တရားကို ပြန်ကျေးဇူးပြုတတ်ပါတယ်တဲ့။ အကုသိုလ်က ကုသိုလ် တရားကို ပြန်ကျေးဇူးပြုတတ်တယ်ဆိုတော့ စာက သိပ်အံ့သြဖို့ ကောင်းနေပါတယ်။ ဘယ်လိုပြုသလဲ ဆိုတော့ -

အဒိန္နံအာဒိယိတွာ တဿပဋိဃာတတ္ထာယ ဒါနံဒေတိ၊ သီလံသမာဒိယတိ၊ ဥပေါသထကမ္မံ ကရောတိ၊ ဈာနံ ဥပ္ပါဒေတိ၊ ၀ိပဿနံ ဥပ္ပါဒေတိ၊ မဂ္ဂံဥပ္ပါဒေတိ၊ အဘိညံဥပ္ပါဒေတိ၊ သမာပတ္တိံ ဥပ္ပါဒေတိ။

အဓိပ္ပါယ်ကတော့ သူတစ်ပါးပစ္စည်းကို ခိုးမယ်၊ ခိုးပြီး ဒီအဒိန္နာဒါနကံရဲ့အကျိုး ပယ်ဖျောက်စေဖို့ ဒါနတွေပြုမယ်၊ သီလတွေ ဆောက်တည်မယ်၊ ဥပုသ်နေ့တွေမှာ စောင့်ထိန်းရတဲ့ (၈)ပါးသီလ၊ (၉)ပါးသီလကို စောင့်ထိန်းမယ်၊ ဈာန်ဖြစ်စေတဲ့ သမထကမ္မဋ္ဌာန်းတစ်ခုခုကို ပွားများမယ်။ ၀ိပဿနာ တရားကို ပွားများမယ်။ ဒါဆိုရင်တဲ့ မဂ်လည်း ရနိုင်ပါတယ်၊ အဘိညာဉ်လည်း ရနိုင်ပါတယ်။ သမာပတ်လည်း ရနိုင်ပါတယ်တဲ့။ ဒါက မြတ်စွာဘုရားရှင် ပဋ္ဌာန်းမှာ တိုက်ရိုက်ဟောပြထားတာပါပဲ။ တစ်ခုတော့ရှိတယ်။ ပဋ္ဌာန်းက ဆက်ပြထားပါသေးတယ်။

အမေကို သတ်မယ်၊
အဖေကို သတ်မယ်၊
ရဟန္တာကို သတ်မယ်၊
မြတ်စွာဘုရားရှင်ကို သွေးစိမ်း တည်အောင် လုပ်မယ်၊
သံဃာကို ဂိုဏ်းခွဲမယ်၊
အဲဒီလို အကုသိုလ်မျိုးတွေ ကျူးလွန်ပြီးရင်တော့ ဒါအကုသိုလ်ကံတွေ ပယ်ဖျောက်ဖို့အတွက် ဒါန၊ သီလ၊ သမထ၊ ၀ိပဿနာတွေ ဘယ်လောက်ပဲ ပြုပြု၊ ဘယ်လောက်ပဲ ပွားပွား၊ ဒီဘ၀ ဈာန် မဂ်ဖိုလ် မရနိုင်တော့ပါဘူးတဲ့။ ကုသိုလ်တော့ ဖြစ်တယ်ပေါ့လေ။

ကိုယ်က ဘယ်လို အကုသိုလ်ကံတွေပဲ ကျူးလွန်ခဲ့၊ ကျူးလွန်ခဲ့၊ ပဉ္စာနန္တရိယကံငါးပါးကို မကျူးလွန်
ရသေးဘူးဆိုရင် သတိသံဝေဂဖြစ်ပြီး ၀ိပဿနာတရား ရှုမှတ်လိုက်ရင် တရားထူး တရားမြတ်တွေ
ရနိုင်တယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ ကိုယ်က ဒီတရားသဘောလေးကို အာရုံပြုပြီး ပြုနေဆဲအကုသိုလ်ကို အကုသိုလ်မှန်းသိပြီး ကျန်ရှိနေတဲ့ သက်တမ်းလေးကို ကုသိုလ်လေးတွေနဲ့ပဲ နေသွားဖို့ပါ။

“မထူးတော့ပါဘူးလေ” ဆိုပြီး အကုသိုလ်တွေကို ဆက်ဆက် ပြုနေမယ်ဆိုရင်တော့ သစ်ပင်ဟာ ခုတ်ပါများလာရင် လဲသွားရတော့သလို ဘ၀ဟာလည်း မကောင်းတဲ့ဂတိကို လဲကျသွားနိုင်ပါတယ်။

ပုထုဇဉ်ပီပီ ဘယ်သူမှ အမှားမကင်းကြပါဘူး။ ကိုယ်ပြုခဲ့တဲ့ ပြုနေဆဲ အကုသိုလ်ကို အကုသိုလ်မှန်း သိပြီး ဆင်ခြင်ပစ်နိုင်ဖို့ပါပဲ အရေးကြီးပါတယ်။ ရှေ့ပိုင်းမှာ မသိလို့မှားခဲ့တာတွေကို ထားလိုက်ပါတော့။ ကျန်ရှိနေတဲ့ သက်တမ်းလေးမှာ ကုသိုလ်လေးတွေ စိတ်ကောင်းလေးတွေနဲ့ နေသွားနိုင်ဖို့ပဲ အရေးကြီး ပါတယ်။

အကုသိုလ်တစ်ခုကို မပြုမိအောင် ကြိုးစားလိုက်တာဟာ ကိုယ့်အတွက်တင် ကျေးဇူးများတာ မဟုတ်ပါဘူး။ ကိုယ့်ပတ်ဝန်းကျင်အတွက်ပါ ကျေးဇူးများသွားတာပါ။ “သူခိုးနဲ့ ၀ိပဿနာ၊ ၀ိပဿနာနဲ့ သူခိုး” ဆိုတာ ပြဒါးတစ်လမ်း၊ သံတစ်လမ်းလို့ ထင်စရာရှိပါတယ်။ ဒါပေမယ့် သူခိုးနဲ့ ၀ိပဿနာဆိုတာ ပဋ္ဌာန်းသဘောတရားအရ ဆက်စပ်နေပြန်ပါတယ်။

သူခိုးတစ်ယောက်အနေနဲ့ ပစ္စည်းတစ်ခုခုကို ခိုးမယ်၊ ခိုးပြီး ကိုယ့်ရဲ့အပြုအမူအပေါ် အပြစ်တစ်ခု အနေနဲ့ ပြန်မြင်မယ်၊ ပြီးတော့ ဆင်ခြင်မယ်၊ သံဝေဂဖြစ်မယ်၊ ဖြစ်ပေါ်လာတဲ့ သံဝေဂကို အခြေခံပြီး ၀ိပဿနာရှုမှတ်လိုက်မယ်ဆို တရားထူး တရားမြတ်တွေ ရသွားနိုင်ပါတယ်။

“ငါ သူခိုးပဲ၊ ငါ သူခိုးပဲ” ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ဘာမှ စိတ်ဓာတ်တွေ ကျနေစရာ မလိုပါဘူး။ သူခိုး ၀ိပဿနာတရား အားထုတ်ရင် တရားထူး တရားမြတ် မရနိုင်ဘူးလို့ မြတ်စွာဘုရား ဟောမထားပါဘူး။ ၀ိပဿနာဆိုတာ “ပညာ” ပိုင်းမှာ ပါသွားပါပြီ။ ပညာဆိုတာ အမှားအမှန် အကြောင်းအကျိုးကို ခွဲခြားပေးတာပါ။ ကိုယ်က ၀ိပဿနာတရားကို ကြိုးကြိုးစားစားနဲ့ အားထုတ်ရင်း ကိုယ့်ရင်ထဲမှာ “ဥာဏ်” ဖြစ်သွားပြီဆိုရင် ခိုးစရာအာရုံနဲ့ ပြန်တွေ့ရရင်တောင် ခိုးတော့မှာ မဟုတ်ပါဘူး။

တကယ်တော့ ခိုးတယ်၊ ခိုးတယ် ဆိုတာ မသိလို့ ခိုးကြတာပါ။ သိသွားပြီဆိုရင် ဘယ်တော့မှ မခိုးတော့ပါဘူး။ အဲဒီလို သိဖို့အတွက် အသိကို ဖြစ်စေတဲ့ ၀ိပဿနာတရားကို အားထုတ်ပြီး ရှာတဲ့ နည်းလောက်ကောင်းတာ လောကမှာ ရှိကို မရှိတော့ပါဘူး။

အဓိကကတော့ ကိုယ့်အပေါ်မှာပဲ မူတည်နေပါတယ်။ ဒီတော့ သိဖို့အတွက်ဆိုရင် ၀ိပဿနာတရား အားထုတ်ပစ်ရမှာပါပဲ။ ကိုယ့်ဝန်းကျင်မှာ ရိပ်သာတွေ အများကြီးရှိပါတယ်။

ကိုယ်နဲ့နီးစပ်ရာ ရိပ်သာ တစ်ခုခုကို ပေတေပြီး ဇွတ်ဝင်ပစ်လိုက်ပါ။ တရားအားထုတ်ရင်း အားထုတ်ရင်းနဲ့ ကိုယ်တစ်ခါမှ မသိဖူးတဲ့ အသိတွေ ရင်ထဲကို ရောက်လာပါလိမ့်မယ်။  ကျင့်ပြီးရတဲ့ အသိဟာ စာနဲ့ ရေးပြဖို့ သိပ်ခက်ပါတယ်။ ကိုယ်တိုင်အားထုတ်ပြီး သိရတဲ့အသိက သူများရေးပြ ပြောပြတာထက် ပိုရှင်းပါတယ်။

တရားအားထုတ်လို့ ကိုယ့်ရင်ထဲမှာ အသိရောက်သွားပြီဆိုရင်
“သြော်…လောကမှာ ဒီလို တရားမျိုးတွေ ရှိပါလား” ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အံ့သြလို့မဆုံး ဖြစ်နေရဦးမှာပါ။ ပြီးတော့ ၀ိပဿနာ တရားအားထုတ်ပြီး ရလာတဲ့အသိဟာ ကိုယ့်ဘ၀ကို ရှေ့ဆက်ပြီး ဘယ်လိုနေထိုင်သွားရမယ် ဆိုတာလည်း အလိုလိုသိသွားပါလိမ့်မယ်။

ခိုးတယ်ဆိုတာ ပစ္စည်းရှိတာ မရှိတာနဲ့လည်း မဆိုင်ပါဘူး။ ရာထူးဋ္ဌာနန္တရ ရှိတာ မရှိတာနဲ့လည်း မဆိုင်ပါဘူး။ သိတာ မသိတာနဲ့ပဲ ဆိုင်ပါတယ်။ မသိလို့ရယ်သာ ခိုးနေကြတာပါ။ သိရင် မခိုးတော့ ပါဘူး။ ဒါကြောင့် သိဖို့ပဲ အရေးကြီးပါတယ်။

အတိတ် အတိတ်ဘ၀တွေက တရားပါရမီတွေပါခဲ့ရင်လည်း ရင်ထဲမှာ တရားအသိလေးတွေ အလိုလို ရှိနေတတ်ပါတယ်။ ဒီလို လူသူတော်ကောင်းလေးတွေက နေရာတော်တော် များများမှာ တွေ့ရတတ်ပါတယ်။ သူတို့ရဲ့မျက်နှာလေးတွေက အများနဲ့ယှဉ်လိုက်ရင် သိပ်ပြီး သိသာထင်ရှား နေပါတယ်။

အထူးသဖြင့်တော့ သူတို့ရဲ့ မျက်နှာလေးတွေဟာ ကြည်ပြီး ၀င်းနေတတ်ပါတယ်။ အတိတ် အတိတ်ဘ၀တွေက တရားအသိလေးတွေ ပါလာတာဆိုတော့ ခိုးဖို့မပြောနဲ့ ခိုးချင်တဲ့စိတ် ဖြစ်မှာတောင် အတော်ကြောက်လေ့ရှိပါတယ်။

တရားအသိလေးတွေ ပါရမီပါလာခဲ့တာနဲ့ ပတ်သက်ပြီး သုတ္တနိပါတ်အဋ္ဌကထာ၊ ခဂ္ဂ၀ိသာဏသုတ် ထဲက ၀တ္ထုလေးကို သွားသတိရလိုက်ပါတယ်။


ဗာရာဏသီမင်းတစ်ပါးရှိပါတယ်။ သူ့ကို စားဖိုမှူးက အစားကောင်း ၊အသောက်ကောင်းတွေနဲ့ ချက်ပြီး ကပ်ပါတယ်။ စားဖိုမှူးက မင်းကြီးပေးမယ့် ဆုတော် လာဘ်တော်ကိုလည်း သိပ်ပြီး မျှော်လင့်ပါတယ်။ ဒါပေမယ့် မင်းကြီးက ဘယ်လောက်ကောင်းအောင် ချက်ကပ်ကပ် ကောင်းတယ် လို့ ကျေးဇူးစကား တစ်ခွန်းတောင် မပြောပါဘူး။

ဒီတော့စားဖိုမှူးက “ဒီမင်း အရသာကို သိတတ်တဲ့ ဇိဝှါဝိဥာဏ်ဓာတ် မရှိတာဖြစ်ရမယ်” ဆိုပြီး အရသာမရှိတဲ့ ခပ်ညံ့ညံ့ အစားအစာကို ချက်ကပ်ပါတယ်။ မင်းကြီးက အစားညံ့မှန်း သိပေမယ့် ဘာမှမပြောဘဲ ဆင်ခြင်ပြီးပဲ စားပါတယ်။

မင်းကြီးက ဘာမှပြန်မပြောတဲ့အခါကျတော့ စားဖိုမှူးက
“ဒီမင်း ကောင်းတာ ဆိုးတာကို မသိဘူး” ဆိုပြီး မင်းကြီးကို ခပ်ညံ့ညံ့ပဲကပ်ပြီး ကျန်တာကို သူ့အတွက် တိုတိုထားပါတော့တယ်။ မင်းကြီးက စားဖိုမှူး တိုတိုထားတာကို သိပါတယ်။

ကြာလာတော့ စားဖိုမှူးတိုတာကိုပဲ
“သြော်…လောဘဆိုတာ အံ့သြဖို့ ကောင်းလိုက်တာ၊ မင်းဖြစ်တဲ့ ငါ့မှာ စားဖိုမှူးလောဘကြောင့်
ထမင်းကောင်းကောင်းတောင် မစားရပါလား”လို့ ဆင်ခြင်ပြီး သံဝေဂဥာဏ် ဖြစ်သွားပါတယ်။ နောက်ဆုံးတော့ စားဖိုမှူး တိုတာကိုပဲ သံဝေဂဖြစ်ပြီး တောထွက် ၀ိပဿနာတရား အားထုတ် လိုက်တာ ပစ္စေကဗုဒ္ဓါ ဖြစ်သွားပါတော့တယ်။

မသိတဲ့သူက ခိုးပြီး၊ သိတဲ့သူကတော့ သူတစ်ပါး ခိုးတာကိုပဲ သံဝေဂယူရင်း ၀ိပဿနာတရား အားထုတ်ပြီး တရားထူး တရားမြတ်တွေ ရသွားပါတယ်။ ဒါ သိတာနဲ့ မသိတာ ကွာသွားတာပါပဲ။

လူတွေဟာ မသိသေးသရွေ့တော့ ခိုးနေကြဦးမှာပါ။ သိသွားရင် မခိုးတော့ပါဘူး။ ဒီတော့ လူတစ်ယောက်ရဲ့ ဘ၀မှာ သိဖို့ သိပ်အရေးကြီးပါတယ်။ မသိလို့ မှားကြရတာပါ။ သိရင် မမှားကြပါဘူး။ အဓိက တရားခံကတော့ မသိတာပါဘဲ။ ခိုးခိုးနေကြတာကို အပြစ်ပေးရုံ၊ အပြစ်ယူရုံနဲ့တော့ မလုံလောက်ပါဘူး။ သိအောင်လည်း လုပ်ပေးဖို့လိုပါတယ်။ မသိသေးရင်တော့ အာရုံနဲ့တွေ့ရင် ပြန်ခိုးဦးမှာပါ။

တကယ်လို့ ကိုယ်က သိချင်တယ်ဆိုရင်တော့ ၀ိပဿနာတရားကို အားထုတ်ပစ်လိုက်ဖို့ပါပဲလေ။

( ရဝေနွယ် - အင်းမ )
(၂၀၀၆၊ သြဂုတ်လ)၊ ရုပ်ရှင်တေးကဗျာမှ ဓမ္မဒါနပြုပါသည်။


by အေးအေးမိုးမိကူး

Friday, October 17, 2014

ဗုဒ္ဓနှင့် ဗုဒ္ဓဘာသာ


ဗုဒ္ဓနှင့် ဗုဒ္ဓဘာသာ

ဗုဒ္ဓဟူသည်

သဗ္ဗညုတဗုဒ္ဓ၊ပစ္စေကဗုဒ္ဓ၊ အနုဗုဒ္ဓ ဟု ဗုဒ္ဓ သုံးမျိုးရှိ၏။အနုဗုဒ္ဓဟူသည် အဂ္ဂသာဝက၊ မဟာသာဝက၊ ပသတိသာဝကတို့ ကိုခေါ်သည်။တစ်နည်းအားဖြင့် သဗ္ဗညုဗုဒ္ဓ၊ပစ္စေကဗုဒ္ဓ၊ စတုသစ္စ ဗုဒ္ဓ၊ သုတဗုဒ္ဓဟု ဗုဒ္ဓလေးမျိုးရှိ၏။ရဟန္တာ အရှင်မြတ်အားလုံးကို စတုသစ္စဗုဒ္ဓ ဟု ခေါ်သည်။ ပရိယတ္တိ၊ ပဋိပတ္တိ ဗဟုသုတရှိသူ၊သုတမယဉာဏ်ဖြင့် သိထိုက်သော ခန္ဓာအစရှိသော တရားတို့ ကို သိသောသူကို သုတဗုဒ္ဓဟုခေါ်သည်။

ဗုဒ္ဓဟူသော ပါဠိ ဘုရား၊ ပညာရှိသုခမိန်၊အသိဉာဏ်ဟု အနက်သုံးမျိုးထွက်သည်။ ဘုရားရှင်သည် သစ္စာလေးပါးတရားတို့ ကို ကိုယ်တော်တိုင်သိတော်မူသောကြောင့် ဗုဒ္ဓဟု အမည်တွင်သည်။ တနည်း ဝေနေယသတ္တဝါတို့ ကို သစ္စာလေးပါးသိမြင်အောင် ဟောပြောပြသတော်မူသောကြောင့် ဗုဒ္ဓဟု အမည်ရသည်။

တနည်း တစ်ကြောင်းတည်းသော နိဗ္ဗာန်ခရီးသို့ ကြွသွားတော်မူတတ် သောကြောင့် ဗုဒ္ဓဟု အမည်ရသည်။ တနည်း အိပ်သောယောကျာ်း နိုးသောလားသို့  ကိလေသာ တွေနှင့် အိပ်ပျော် နေရာမှ နိုးကြားလာသောကြောင့် ဗုဒ္ဓအမည်ရတော်မူသည်။ တစ်နည်း ဝဋ်မြစ်နှစ်ပါးကို ထုတ်ဆောင်နှုတ်ပယ်တတ်သောကြောင့် ဗုဒ္ဓအမည်ရတော်မူသည်။ တစ်နည်း ပစ္စုပ္ပန်ကောင်းကျိုး၊ တမလွန်ကောင်းကျိုး နှစ်မျိုးလုံးကို ထတ်ဆောင်ဖော်ပြတော်မူ သောကြောင့် ဗုဒ္ဓ အမည်ရတော်မူသည်။

ဗုဒ္ဓဘာသာဟူသည်

ဗုဒ္ဓက ဘုရား၊ ဘာသာက စကား၊ ဗုဒ္ဓဘာသာဟူသည် မုချအားဖြင့် ဘုရားစကားတော်ဖြစ်သည်။ ဘုရားစကားတော်က ပိဋကတ်သုံးပုံ၊ဓမ္မက္ခန္ဓာ ရှစ်သောင်းလေးထောင် ဖြစ်သည်။တစ်နည်း ဘုရားစကားတော်က မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ စိတ်ကိုဖြူအောင်ထား ဟူသော သုံးခွန်းသာ ဖြစ်သည်။ ထိုဘုရားစကားတော်တို့ ကို ယုံကြည်လေးစား၊ လိုက်နာ ကျင့်ဆောင်သော ဗုဒ္ဓဘာသာဝင်တို့ ကို ဗုဒ္ဓဘာသာဟုခေါ်ကြသည်။

ဗုဒ္ဓဘာသာနှစ်မျိုး(ထေရဝါဒ၊ မဟာယာန)

ဗုဒ္ဓဘာသာသည် အကြမ်းဖျင်းအားဖြင့် နှစ်မျိုးရှိသည်။ ထေရဝါဒ နှင့် မဟာယာနဟူ၍ ဖြစ်သည်။ ထေရဝါဒက ဘုရားဟောပိဋကတ်ကို မွမ်းမံပြင်ဆင်မှု့ မရှိဘဲ လိုတိုးပိုလျှော့ မလုပ်ဘဲ ဘုရားဟော မူရင်းအတိုင်း ထိန်းသိမ်းစောင့်ရှောက်လက်ခံကျင့်သုံးသည်။

မဟာယာနက ဘုရားဟော ပိဋကတ် ကို ခောတ်အခါနှင့်လျော်ညီအောင်သူ့ အရပ်နှင့် သူ့ ဇာတ် လိုက်ဖက်အောင် ပြင်ဆင် ဖြည့်စွက် လိုတိုးပိုလျှော့လုပ်ကာ ကျင့်သုံးသည်။ ထေရဝါဒပိဋကတ်က ဘုရားဟောမူရင်း အော်ရီဂျင်နယ် စစ်စစ်ဖြစ်သည်။ မဟာယနပိဋကတ်က ဖြတ်ညှပ်ဆက် လုပ်ထားသည်။

ထေရဝါဒက နိရောဓချုပ်ငြိမ်းရာကို ဦးတည်သည်။ မဟာယနက ဖြစ်ခြင်း၊ စည်ပင်တိုးပွားခြင်း
ကိုဦးတည်သည်။ ထေရဝါဒနိဗ္ဗာန်က အဝေဒ ယိတသုခ-ခံစားမှု့ မဲ့ချမ်းသာ ဖြစ်သည်။
မဟာယန၏နိဗ္ဗန်က ဝေဒယိတသုခ-ခံစားမှု့  ချမ်းသာဖြစ်သည်။

ထေရဝါဒဗုဒ္ဓဘာသာလေးမျိုး

မိမိတို့ ဗုဒ္ဓဘာသာကို ခွဲမည်ဆိုလျှင်လေးမျိုးခွဲနှိုင်သည်။ မူကြိုဗုဒ္ဓဘာသာ၊မူလတန်း ဗုဒ္ဓဘာသာ၊ အလယ်တန်းဗုဒ္ဓဘာသာနှင့် အထက်တန်းဗုဒ္ဓဘာသာဟူ၍ ဖြစ်ည်။

မူကြိုဗုဒ္ဓဘာသာ

မိရိုးဖလာဗုဒ္ဓဘာသာ၊ သဒ္ဓါဗုဒ္ဓဘာသာ၊ယုံကြည်မှု့ ကိုကွယ်မှု့ တွေရောနေသော အုတ်အရောရော၊ ကျောက်အရောရော ဗုဒ္ဓဘာသာဝင်များသည် မူကြိုဗုဒ္ဓဘာသာများ ဖြစ်သည်။ ဂါထာတွေ၊ မ
န္တာန်တွေ၊ ယတြာတွေ၊ ဓာတ်တွေ၊ နတ်တွေ၊ ဘိုးတော်မယ်တော်တွေ၊ ရောနှောနေသော ဗုဒ္ဓဘာသာသည် မူကြိုဗုဒ္ဓဘာသာ ဖြစ်သည်။ မူကြိုဗုဒ္ဓဘာသာသည် လေယူရာယိမ်းတတ်သည်။ သူတို့ အသိအမြင်ကမှုန်ဝါးဝါး၊ ဝေဝါးဝါးသညဖြစ်သည်။ အာဟာရချို့ တဲ့သောကလေးကဲ့သို့ ဗုဒ္ဓဘာသာ အသိအမြင်အာဟာရချို့ တဲ့နေသူများဖြစ်ကြသည်။

မူလတန်းဗုဒ္ဓဘာသာ

မူလတန်းဗုဒ္ဓဘာသာသည် ကိုးကွယ်ရာသုံးမျိုး၊ ယုံကြည်ရာခြောက်မျိုး၊ အားကိုးရာ လေးမျိုး၊ လုပ်ဆောင်စရာကျင့်ဝတ်သုံးမျိုး ရှိသည်။ကိုးကွယ်ရာသုံးမျိုးကား ဘုရား၊တရား၊ သံဃာ ဖြစ်သည်။ ဘုရားတရားသံဃာမှတပါး အခြားကိုးကွယ်လျှင် သရဏဂုံညှိုးနွမ်းသည်။ သရဏဂုံညစ်နွမ်းသည်။ ရတနာသုံးပါးထက် အခြားတဖက်ကို အားသာသွားလျှင် သရဏဂုံပျက်သည်။

မူလတန်းဗုဒ္ဓဘာသာတို့ ယုံကြည်ရမည့် ခြောက်မျိုးကား ဘုရား၊ တရား၊ သံဃာ၊ ကုသိုလ်ကံနှင့် အကုသိုလ်ကံ၊ ကုသိုလ်ကံ၏ကောင်းကျိုး၊ အကုသိုလ်ကံ၏ဆိုးကျိုး၊ ရှေ့ဘဝ နောက်ဘဝ သံသရာဖြစ်သည်။ ထိုခြောက်မျိုးမှတပါး မခြားယုံကြည်ဖွယ်ရာမရှိ၊ဗေဒင်လဲ သူ့ဟာနဲ့သူ မှန်ချင်မှန်မည်၊ ယတြာလဲ သူ့ ဟာနှင့်သူ မှန်ချင်မှန်မည်။ ယုံချင်လျှင်ယုံလို့ ရပါသည်။ သို့ သော် ကံ ကံ၏အကျိုးနှင့်တော့ မရောလေနှင့်၊လောကီသားသည် လောကီကိစ္စနှင့် ကင်းနိုင် မည်မဟုတ်၊ လောကီသားသည်လောကီကိစ္စကိုအလေးထားသဖြင့် လောကီကိစ္စကိုသာ စိတ်ဝင်စားသည်။

ထို့ ကြောင့်လောကီကိစ္စတွေကို လုံးဝမပြစ်ပယ်လို။ သို့ သော်ဘာသာရေးနှင့်တော့ မရောလေနှင့်။ အထွတ်အမြတ်ကတော့ ရတနာသုံးပါးရှိသည်။ ရတနာသုံးပါးကိုတော့ ဘယ်အရာကမှကျော်လို့ မရ၊ ဘယ်သူမှကျော်လို့ မရ။မူလတန်းဗုဒ္ဓဘာသာမှာ အားကိုးစရာလေးမျိုးရှိသည်။ ထိုလေးမျိုးက ကံ၊ ဉာဏ်၊ ဝီရိယ၊ ပယောဂတို့ ဖြစ်သည်။ ဘုရားဟောသည့် အတ္တာဟိ အတ္တာနော နာထော- မိမိသည်သာ ကိုးကွယ်ရာဆိုတာ ဒါပဲဖြစ်သည်။ထိုလေးမျိုးသည်သာ မိမိ၏ အားကိုးရာ အစစ်ဖြစ်သည်။

ကံကောင်းရမည်၊ဉာဏ်ကောင်းရမည်၊ဝီရိယကောင်းရမည်၊ ပယောဂဟူသည် မိမိ၏ လုပ်တတ်၊ ကိုင်တတ်၊ ပြောတတ်၊ ဆိုတတ် ဆိုသည့်အရည်အချင်းဖြစ်သည်။ ခေတ်ပညာတွေ တတ်ထားခြင်းသည် ပယောဂကောင်းဖို့ အထောက်အကူဖြစ်သည်။ ပညာအဆင့်မြင့်သလောက် ပယောဂလည်း အဆင့်မြင့်သည်၊ဆိုက်ကားနင်း၊ကားမောင်း၊ဈေးရောင်းကစပြီး မိမိတတ်ကျွမ်း သလောက် မိမိပယောဂကောင်းသည်။

ကံက အတိတ်ကံနှင့်လက်ရှိပစ္စုပ္ပန်ကံ နှစ်မျိုးရှိသည်။ ပစ္စုပ္ပန်ကံဆိုတာ အလုပ်ပင်ဖြစ်သည်။ ပယောဂဆိုသည့် ပညာကောင်းကောင်းတတ်ထားလေ အလုပ်ကောင်းလေဖြစ်သည်။ အလုပ် ကောင်းလေ ကံကောင်းလေဖြစ်သည်။ အလုပ်ကလည်းကောင်းရမည်။ ကိုယ်လုပ်သည့် အလုပ် ကိုလည်း အကောင်းဆုံးဖြစ်အောင် အကောင်းဆုံးစိတ်စေတနာနှင့်လုပ်ရမည်။ အကောင်းဆုံး အစွမ်းအစကို ထုတ်ဖော်အသုံးပြုလုပ်ကိုင်ရမည်။ အလုပ်ကံကိုထားလိုက်တော့၊ ပစ္စုပ္ပန်ကိုတော့ အကောင်းဆုံးဖြစ်အောင် လုပ်ရမည်။

ဉာဏ်ကောင်းဖို့ အတွက် ပညာဗဟုသုတလိုသည်။ပညာဗဟုသုတလေ့လာလိုက်စားရမည်။ သိချင်စိတ်တတ်ချင်စိတ်ရှိရမည်။ သိအောင်တတ်အောင် ဆည်းပူးအားထုတ်ရမည်၊များများ မေးရမည်၊ အမေးအမြန်းထူရမည်။ စာများများဖတ်ရမည်၊ စာဆိုလျှင်တွေ့ သမျှစာ အကုန်ဖတ် သင့်သည်၊ ဉာဏ်ဆိုတာ တကယ်ဓမ္မသဘောဆောင်သည့် ဉာဏ်မဟုတ်၊ လောကီရေးရာ နှံ့နှံ့စပ်စပ် သိသော ဉာဏ်ကိုသာဆိုလိုသည်။ ခေတ်ပြောပြောရလျှင် ခေါင်းကောင်းရမည်၊ဦးနှောက် ကောင်းရမည်။ ထို့ အတွက် စာပေဗဟုသုတ လေ့လာလိုက်စားရမည်။

မူလတန်းဗုဒ္ဓဘာသာမှာ ကျင့်စဉ်သုံးမျိုးသာရှိသည်။ ဒါနပြုရမည်၊ ဥပုသ်သီတင်းဆောက် တည်ရမည်၊ တရားဘာဝနာ အားထုတ်ရမည်။ ဒါနပြုတာကလောဘနည်းဖို့ ၊မေတ္တာအားကောင်းဖို့ ၊ ဥပုသ်သီတင်းဆောက်တည်တာက ဒေါသနည်းဖို့ ၊ကရုဏာအားကောင်းဖို့ ၊ ဘာဝနာအလုပ် အားထုတ်တာက မောဟနည်းဖို့ ၊ပညာအားကောင်းဖို့ ၊

ခြုံလိုက်လျှင်တော့ ဒါနသီလဘာဝနာ သုံးခုလုံးက လောဘဒေါသမောဟတွေ နည်းပါးဖို့ ၊ခေါင်းပါးဖို့ ၊ ကုန်ခမ်းဖို့ သာဖြစ်သည်။ ဒါနပြုပါရဲ ၊သီလစောင့်ပါရဲ့ ၊ဘာဝနာပွားပါရဲ့ ၊ထိုဒါနသီလဘာဝနာတွေက လောဘဒေါသ မောဟ ပွားကြောင်းတွေဖြစ်နေလျှင် ထိုကျင့်စဉ်ကရောနေပြီ၊ ထိုကျင့်စဉ်က ရှုပ်နေပြီ၊ ဘာသာရေး မှိုင်းတိုက်တယ်ဆိုတာ ထိုကျင့်စဉ်တွေဖြစ်သည်။

ဘယ်ဘုရားဆုတောင်းပြည့်သည်၊ဘယ်ဘုရား အိမ်ပင့်လျှင် လာဘ်ပွင့်သည်၊ ဘယ်ဘုရား ဘယ်လိုအဓိဌာန်ဝင်လျှင် ဘာတွေ အဆင်ပြေမည်၊ ဘယ်အဓိဌာန်ပုတီး ဘယ်လိုစိပ်လျှင် ဘာတွေကောင်းသည်၊ ထီပေါက်မည်၊ လာဘ်ဝင်မည်၊ ရာထူးတက်မည်၊ ဈေးရောင်းကောင်းမည်၊ အိမ်ရောင်းထွက်မည်၊ အကြွေးကြေမည်၊ အကြွေး ပြန်တောင်းရမည်၊ စသည်ဖြင့် မက်လုံးတွေ ပါလာလျှင် ဘာသာရေးက လမ်းချော်သွားပြီ၊ အုတ်ရောရော၊ကျောက်ရောရောဖြစ်သွားပြီ၊ ထိုတောင်ကို မကျော်နိုင်လျှင် မူကြိုကမတက်သေး။

အလယ်တန်းဗုဒ္ဓဘာသာ

မူလတန်းဗုဒ္ဓဘာသာက ကမ္မဿကတာသမ္မာဒိဋ္ဌိနှင့် ပြည့်စုံရသည်၊ ကံသာ ကိုယ်ပိုင်ဥစ္စာဖြစ်သည် ဟု ကံကိုသာ အဓိကထားလက်ခံယုံကြည်ရသည်။ အလယ်တန်း ဗုဒ္ဓဘာသာက ဝိပဿနာ သမ္မာဒိဋ္ဌိနှင့်ပြည့်စုံရသည်။ တရားထိုင်ရမည်၊တရားမှတ်ရမည်၊ ရုပ်သဘော၊ နာမ်သဘော၊ အနိစ္စ ဒုက္ခ အနတ္တသဘောတို့ ကို သိမြင်နိုင်သောဉာဏ်ရရှိအောင် ပွားများအားထုတ်ရမည်။

အထက်တန်းဗုဒ္ဓဘာသာ


အထက်တန်းဗုဒ္ဓဘာသာဟူသည် မဂ္ဂသမ္မာဒိဋ္ဌိနှင့်ပြည့်စုံလို့  သစ္စာလေးပါးကို သိမြင်သော အရိယာ ပုဂ္ဂိုလ်များဖြစ်ကြသည်။ ဝိပဿနာတရားကို ကြိုးစားအားထုတ်လို့ ဝိပဿနာဉာဏ်တွေ ပြည့်စုံသောအခါ မဂ်ဉာဏ်သို့ ကူးသွားသည်။မဂ်ဉာဏ်ကိုရသောအခါ သစ္စာလေးပါးကို မြင်တော့သည်။ ထိုအခါဗုဒ္ဓဘာသာပန်းတိုင်ကို ရောက်တော့သည်။

အောက်တန်းမူလဗုဒ္ဓဘာသာ၊
ကံကိုယ်ပိုင်ရှိ မြင်သိသေချာ၊
အလယ်ထင်လင်း မြင်ရှင်းလက္ခဏာ၊
အထက်တန်းလေးခန်း မြင်သစ္စာ။


အရှင်သံဝရာလင်္ကာရ
ဓမ္မပိယဆရာတော်