Thursday, October 16, 2014

ကန်တော့ခံ ထိုက်ပါစေ


ကန်တော့ခံ ထိုက်ပါစေ

ဆရာတပည့်ဟု ဆိုလိုက်လျှင် စာသင်ကျောင်းနှင့် စာသင်ခန်းကို ပြေး၍မြင်ယောင် သတိရမိလိုက်ကြပါသည်။ မြန်မာမှုတွင် ဆရာဆိုသည်မှာ ဆရာအပေါင်း အကျုံးဝင်ပါသည်။ မိမိတို့ကို ဝမ်းနှင့်လွယ်ကာ မွေးဖွားသန့်စင်ပြီး အသက်ရှင်အောင် ကျွေးမွေးသုတ်သင်ပြုစုခဲ့သော မိဘတို့သည် ပုဗ္ဗာစရိယ ရှေးဦးဆရာများ ဖြစ်ကြပါသည်။ မိဘတို့သည်လည်း လက်ဦးဆရာမည်ထိုက်ကြရမည်ဟု ဆိုထုံးပြုထားပါသည်။

“အတုမြင် အတတ်သင်” “အတုမြင် အတတ်ရ” ဆိုရိုးစကားအတိုင်း မိမိတို့ဘဝတွင် မြင်ဆရာများလည်း ရှိကြသည်။ ကြားဖူးနားဝရှိရသဖြင့် သိရ၊ တတ်ရသည်မှာလည်း အများအပြားမို့ ဘဝတွင် ကြားဆရာတို့၏ ကျေးဇူးရှိပြန်ပါသည်။

ဆရာ၏ ကျေးဇူးဂုဏ်သည် အဆုံးအစ မရှိ၊ များပြားမြင့်မြတ်လှ၍ မြန်မာမှုတွင် ဆရာကို အနန္တော အနန္တဂိုဏ်း၌ အထွတ်အမြတ် ထားကြပါသည်။ ဝါလကင်းလွတ် သီတင်းကျွတ်သည့် ယခုအခါသမယလို နေ့ထူးရက် မြတ်တွင် အိမ်၌ ဘိုးဘွားမိဘတို့ကိုဖြစ်စေ၊ ကျောင်း၌ အာစရိယဆရာတို့ကိုဖြစ်စေ တပည့်သားသမီး မြေးမြစ်တို့က ပူဇော်ကန်တော့ကြသည့်အခါ ဘဝတွင် တော်စပ်ခဲ့ဖူးသမျှ မိဘ ဆရာတို့ကို အာရုံပြုကာ မျက်မှောက်ရှိ ပုဂ္ဂိုလ်တို့ကို ပူဇော်ကန်တော့ကြခြင်း ဖြစ်သည်။ ဤမြန်မာမှုသည် မင်္ဂလာတရားနှင့်အညီ ကျက်သရေလည်း ရှိလှပါသည်။ ကျက်သရေဆိုသည်မှာ ကောင်းမှုကုသိုလ်ဟု ဆိုပါသည်။

မိဘတို့သည် ရှေးဦးဆရာဖြစ်ကြ၍ သားသမီးတို့သည် တပည့်များဖြစ်ကြပြန်သည်။ မိမိတို့၏ မိဘများသည် ဘာတွေသင်ကြားပေးခဲ့ပါသနည်း။ သက်ရှိထင်ရှား ရှိကြသေးလျှင် ဘာတွေ သင်ပြပေးနေပါသနည်း။ မိမိတို့ကိုယ်တိုင် မိဘများအရာ ရောက်ရှိကြပြီဆိုလျှင် မိမိတို့၏ ကံသုံးပါး အပြုအမူ မှန်သမျှတို့သည် သားသမီးများအတွက် သင်ပြမှုများအဖြစ် ရှိပေလိမ့်မည်။

စာသင်ကျောင်းသို့ရောက်၍ တပည့်အဖြစ် ခံယူကြရသည့်အခါ “ကမချ” ဟု ဆို သည့်အတိုင်း မြန်မာဗျည်း ၃၃ လုံးနှင့် သရ တို့ကိုတွဲ၍ပြသော “သင်ပုန်းကြီး”ကို ဆရာက ထောက်ပြအော်ဆိုပြသည့် အတိုင်း ကျွန်တော်တို့တွေ ရွတ်ဆိုသင်အံ ခဲ့ရပါသည်။ တပည့် စာရေးတတ်အောင် သင်ပေးသူ “ကံ့ကူလက်လှည့်”ဆရာဆိုသည်မှာ ရှေးရှေးက ကံ့ကူကျောက်အဆန် ကံ့ကူတံဖြင့် လက်ထပ် သင်ကြားပေးသောဆရာ ငယ်ဆရာဖြစ်ပါသည်။ ကျွန်တော်တို့ခေတ်က ကျောက်သင်ပုန်းနှင့် ကျောက်တံကို ကိုင်ခဲ့ရသည်။ တပည့်ဆိုသည် ဆရာ့ထံတွင် ထိုအဆင့်များမှစ၍ သင်ယူကာ တတ်မြောက်လာခဲ့ကြခြင်း ဖြစ်သည်။

အဘိဓာန်တွင် ဆရာဝေါဟာရကို (၁) ပညာသင်ကြားပေးသူ၊ သွန်သင်ဆုံးမနည်းလမ်းပြသူ၊ (၂) အတတ်၊ လုပ်ငန်းတစ်ရပ်ရပ်တွင် ကျွမ်းကျင်သူဟူ၍ အနက်ဖွင့်ပေးထားသည့်အတိုင်း မိမိတို့၏ ဘဝအသီးသီးတွင် ငယ်ဆရာများမှစ၍ ဆရာအပေါင်းတို့၏ ကျေးဇူးများ များပြားခဲ့ကြပေသည်။ “တနပဲ့ပြင်”ဟုလည်း ဆိုကြသည်။ “တန” အဓိပ္ပာယ်မှာ “သေချာစွာ”ဟု ဆိုသဖြင့် ဆရာ က တပည့်ကို သေသေချာချာ ထိန်းကျောင်းတည့်မတ်ပေးလိုက်သည်ဟု ပြောခြင်းဖြစ်ပါသည်။

တပည့်တို့က ဆရာ၏ကျေးဇူး သိနားလည်လာကြသဖြင့် အာစရိယပူဇော်ပွဲများ၊ ဆရာကန်တော့ပွဲများကို ကြိုးစားပမ်းစားဖြင့် သိုက်မြိုက်စွာ ကျင်းပကြပုံများသည် အလွန်ပီတိဖြစ်ရသော သတင်းများ ဖြစ်ကြပါသည်။ နှစ်စဉ် တန်ဆောင်တိုင်ကာလ အမျိုးသားအောင်ပွဲနေ့တွင် ကျွန်တော်တို့ တန်းမြင့် ကျောင်းသားဟောင်းများသည်လည်း ကိုယ်ပညာသင်ယူခဲ့သည့်ကျောင်းကြီး၌ တတ်အားသမျှဖြင့် ဆရာကန်တော့ပွဲ ကျင်းပကြသည်မှာ အကြိမ် ၂ဝ ပင် ကျော်ခဲ့ပြီ ဖြစ်သည်။ ထိုနေ့သို့ရောက်တိုင်း အခြားဗာဟီရနှင့် တာဝန်ဝတ္တရားတို့ကို ဖယ်ထားလိုက်ကြကာ ကျောင်းတွင် သူငယ်ချင်းဖြစ်ခဲ့သူ ဘုန်းကြီးလည်း ပင့်ဖိတ်သည့်အထဲ ပါရှိသည့် ပင့်သံဃာတို့အား ဆွမ်းကပ် သင်္ကန်းနှင့် ဝတ္ထုပစ္စည်း ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက်တော့ စုဝေးရောက်လာကြသော ငယ်သူငယ်ချင်းများနှင့် ပြန်တွေ့ဆုံရကာ ပြောကြဆိုကြ ရယ်မောသောရွှင်ရပြီး ခန်းမကြီးထဲ၌ ဆရာ၊ ဆရာမတို့အား စီစီညံညံအသံဗလံများကြားထဲမှ ပူဇော်ကန်တော့ကြရသည်မှာ ပီတိကြက်သီးဖြာကြရပါသည်။ ပျော်ရွှင်လန်းဆန်း လတ်ဆတ် သွားကြရသည်။ ခေါင်းဖြူစွယ်ကျိုးအချင်းချင်း မင်းနဲ့ ငါနဲ့၊ နင်နဲ့ ငါနဲ့ စကားပြောကြ။ ပြောသံတွေ နားထောင်ရသည်မှာ အရသာရှိလှသည်။ ငယ်ငယ်တုန်းကလို နောက်ပြောင်ကျီစယ်မှုများကြားမှာပင် ဆရာတို့၏ ကြုံကြိုက်တုန်း ဆုံးမစကား ကြားရပြန်တော့ ကုသိုလ်တွေ ချက်ချင်းပင်ရ။ ကံသုံးပါး အပြစ်တို့လည်း ချက်ချင်းပင် ပြေပျောက်ရသလိုပင် ဖြစ်တော့သည်။

ကျွန်တော်တို့သည် မြန်မာမှုက ခွဲပြထားသော ပထမအရွယ်၊ ဒုတိယအရွယ်၊ တတိယအရွယ်ဟု ဆိုထားသည်တွင် ကာလများကိုလည်း ဖြတ်သန်းကြတော့ ဘဝအတွေ့အကြုံများတွင် ကောင်းဆိုး နှစ်တန် လောကဓံ၏ အဖိအဖော့ အထုအထောင်းတို့ကိုလည်း ခံခဲ့ကြရပြီးလေရာ ဘဝအမောများ အကြား ရှိကြရစဉ် “ဆရာ”ဟူသော ဝေါဟာရအသံကို ကြားလိုက်ရပါက အေးရိပ်ဆာယာအောက်ထဲ ခိုဝင်နားလိုက်ရသည့်နှယ် အေးမြချမ်းမြေ့မှုကို ခံစားကြရပါသည်။ 

လောကတွင် ဆရာနှင့် ကင်းသည်ဟူ၍ မရှိနိုင်။ လူ့လောကတွင် ဆရာသည် တပည့်တို့ကို သိအောင်၊ တတ်အောင် သင်ပြပေးခဲ့သည်။ ဆရာက တပည့်အသီးသီးကို အတွင်းစိတ်မှစ၍ သိသည်။ ဆရာသည် တပည့်၏ အရည်အချင်းကိုလည်းသိ၍ ဖော်ထုတ်ပေးတတ်သည်။ သူ၏ နှလုံးသားနှင့် နားလည်မှု၊ စာနာမှုရှိသဖြင့် တပည့်၏ နာကျင်မှုကို ဖြေဖျောက်ပေးတတ်သည်။ တပည့်မှာ ယုံကြည်မှုရှိလာအောင် မြင်တတ်၊ စဉ်းစားတတ်လာအောင် လမ်းညွှန်ပြပေးတတ်၊ အားပေးတတ်သည်။ တပည့်၏ အိပ်မက်ကို မဖြစ်နိုင်တာမရှိဟု ဆိုတတ်သည်။ ဆရာ့ကြောင့် တပည့်တို့မှာ ပညာရကြသည်။ ပေါက်မြောက် အောင်မြင်ကြသည်။ ဘဝလှလှ ရကြပါသည်။

ပညာသည် လောကကို အလှဆင်သည်ဟု ဆိုပါလျှင် တပည့်တို့၊ တပည့်အပေါင်းတို့၏ လက်စောင်းထက်မှုကြောင့်ဟု ဆိုနိုင်ပေရာ ယင်းမှာ ဆရာ အာစရိယအပေါင်း၏ ကံသုံးပါး သင်ပြပေးမှုကြောင့်ဟု စန်းတင်သင့်ကြပါသည်။ ဆရာအပေါင်း၏ကျေးဇူးသည် တပည့်တို့အတွက် ထူးမြတ်လှအနန္တဖြစ်သည်ဟုဆိုစေ ကာလရွေ့လျားမှုကလည်း ရှိနေလေသည်။

တစ်ခုသောနှစ်တွင် ကျွန်တော်တို့၏ ကျောင်းသားဟောင်း ဆရာကန်တော့ပွဲ အခမ်းအနား၌ ကျောင်းပြောင်းအမှုထမ်းပြီးနောက် အကန်တော့ခံဖြစ်လာသော ဆရာတစ်ဦးက သူတို့ကျောင်းမှ ဆရာကန်တော့ပွဲသို့ လက်ရှိသင်ယူနေသည့် ကျောင်းသားများပင် မလာကြဟု စကားဝင်ပြောသဖြင့် ကျွန်တော်တို့သည် သူ့အာဝဇ္ဇန်းကောင်းသော်လည်း အကြောင်းအရာကို မနှစ်မမြို့ ဖြစ်ခဲ့ကြပါသည်။ ဒါသည် ထိုကျောင်းမှ ဆရာတို့အဖို့ ဘယ်သူမပြု မိမိမှုပင်ဖြစ်ပါ မည်။ ထို့ကြောင့် နောင်နှစ်များမှာ ထိုဆရာကို စကားဝင်မပြောပါစေနဲ့ကွာဟု သူငယ်ချင်းအမှုဆောင်များကို မေတ္တာရပ်ခံရသည်။ ကိုယ့်ကျောင်းပါ သူတို့ကျောင်းလို ကူးစက်မခံနိုင်။ 

ကျေးဇူးရှင် သပြေကန်ဆရာတော်ကြီး ဟောမြွက်ခဲ့သည့် အဆိုအမိန့်တစ်ခွန်းကို ကျွန်တော်တို့မိဘများရော ဆရာများပါ သတိချပ်သင့်လှပါသည်။ “ဓာတ်တို့သည် ကူးစက်တတ်၊ နှီးနှောမိတတ်သောကြောင့် သားသမီး၊ တပည့်တပန်းတို့ လူတော်လူကောင်းဖြစ်ရေး၌ မိဘဆရာတို့ သူတော်ကောင်းဖြစ်ရန် လည်းကောင်း၊ ပတ်ဝန်းကျင် အပေါင်းအသင်းတွေမှာ လူလိမ္မာ ဖြစ်ရန်လည်းကောင်း အရေးကြီးလှ၏။ မတတ်သာ၍ မိဘမိုက်၊ ဆရာမိုက်တို့နှင့် စုံရသည်ဖြစ်စေ လူမိုက်တို့နှင့် ပေါင်းသင်းနေရသည်ဖြစ်စေ၊ ဓာတ်မကူးအောင် အထူးသတိထားသင့်၏။ အကောင်းဓာတ်သည် အကူးအစက်နှေးတတ်သော်လည်း မကောင်းဓာတ်သည် အကူးအစက် မြန်တတ်သည်”

လူကြီးမိုက်၊ မိဘမိုက်၊ ဆရာမိုက်များ ရှိနေပါသည်။


by:    ရဲထွတ်နီ

Wednesday, October 15, 2014

ကိုယ်ချင်းစာစိတ်


ကိုယ်ချင်းစာစိတ်

လောကကြီးမှာ ဘယ်သူမဆို ချမ်းသာချင်ကြတာပဲ။ သူများဆင်းရဲ ဒုက္ခရောက်မှ ကိုယ်ချမ်းသာ ရတာမျိုးတော့ မဖြစ်စေနဲ့။ မလုပ်အပ်ဘူး။ သူများဆင်းရဲအောင် မလုပ်ကြနဲ့။ အနစ်နာခံစရာ ရှိရင် ကိုယ်သာခံ။ ဒါလူ့သီလပဲ။ (အရှင်ဇနကာဘိဝံသ)

သတ္တ၀ါဆိုတာ ဘ၀ကို စတင်ဖြစ်တည်လာရာမှာ ဘ၀နိကန္တိတ လောဘဇော ဆိုတဲ့ အလိုဆန္ဒနဲ့ စခဲ့ကြတာဖြစ်လို့ ပထမဆုံးတော့ ကိုယ့်အလို ဆန္ဒတွေ ပြည့်ချင်တယ်။ လိုတာတွေ ရဖို့ အလိုကျတာတွေ ဖြစ်လာဖို့ တောင့်တကြတယ်။ ဆန္ဒမပြည့်တာတွေ၊ အလိုကျတာတွေ မဖြစ်လာဘူးဆိုရင် အလိုမကျတဲ့ ဒေါသဆိုတာ ဖြစ်လာကြတယ်။ အဲဒီမှာ ကိုယ့်အလိုကျ မဖြစ်တာဟာ တစ်စုံတယောက်က ဖြစ်စေ၊ တစ်စုံတစ်ရာကဖြစ်စေ အနှောင့်အယှက် အဟန့်အတားဖြစ် တယ်လို့ ယူဆရင် အဲဒီတစ်စုံ တစ်ယောက်ကို နာကျင်အောင်၊ သေကျေအောင်၊ ရိုက်ပုတ် သတ်ဖြတ်ချင်တဲ့ စိတ်ဆိုး စိတ်ရိုင်း အကြံအစည်တွေ ဖြစ်ပေါ်လာပါတယ်။

ကိုယ့်အလို ဆန္ဒကို နှောက်ယှက်ရင်၊ ကိုယ့်အလိုဆန္ဒနဲ့ ဆန့်ကျင်ရင် ရန်သူလို့ သတ်မှတ်ပြီး ခွန်အားတို့၊ လက်နက်တို့နဲ့ အနိုင်ယူပစ်မယ်ဆိုတဲ့ စိတ်ထားဟာ အနိမ့်ဆုံးဖြစ်တဲ့ တိရစ္ဆာန်များ မှာလည်း ရှိတာပါပဲ။ အစွယ်ရှိတဲ့ သတ္တ၀ါက အစွယ်အားကိုး၊ ဦးချိုရှိတဲ့ သတ္တ၀ါက ဦးချိုအားကိုနဲ့ ပြဿနာကို ဖြေရှင်းကြတာမျိုးပေါ့။ ဒီလိုကာယခွန်အားနဲ့ ပြဿနာကို ဖြေရှင်းကြတာဟာ တစ်ခဏလောက် ကျေနပ်စရာ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ရေရှည် ဘေရန်ကင်းကြောင်း မဖြစ်ဘူး။ ဒေါသ ကိလေသာတွေ များသည်ထက်များပြီး ရန်ငြိုးအာဃာတတွေ တိုးစေတယ်။

သံသရာခရီး တစ်လျှောက်မှာလည်း ဒုက္ခတွင်းနက်ပြီး သံသရာ ခရီးရှည်စေတယ်။ ဒါကြောင့် အက္ကောဓေန ဇိနေကောဓံ= အမျက်ဒေါသ ရန်ငြိုး အာဃာတကင်း တဲ့ မေတ္တာစိတ်နဲ့ အမျက်ဒေါသ ရန်ငြိုးအာဃာတကြီးသူကို အောင်နိုင်ရမယ် လို့ ဘုရားရှင်က ဟောတော်မူခဲ့တာပါ။

ဘုရားရှင်ရဲ့ တပည့်သားများ အနေနဲ့ ဘုရားရှင်ဟောညွှန် ဆုံးမတော်မူတဲ့ အတိုင်းပဲ နိုင်ထက်စီးနင်း ပြုမူလိုတဲ့ အကြံအစည်တွေကို သည်းခံခွင့်လွှတ်စိတ်၊ ကိုယ်ချင်းစာစိတ်များနဲ့ အစားထိုး မွေးမြူလိုက်ပါ။ ကိုယ်နှင့်လည်းစာ၊ သတ္တ၀ါကို၊ ကြင်နာလှစေ၊ သူ့အသက်ကို ချစ်ပါလေ ဆိုတဲ့ အရှင်မဟာရဋ္ဌသာရရဲ့ ဆုံးမစကား အတိုင်းပါပဲ။ ကိုယ်ချင်းစာ တယ်ဆိုရာမှာလည်း သူ့နေရာကို ကိုယ်က အစားထိုးပြီး ၀င်ရောက်ခံစားတဲ့ သဘောပါပဲ။ ငါသာ သူ့နေရာမှာ ဆိုရင် ဘယ်လိုများ ခံစားရပါ့မလဲ ဆိုတဲ့ ကိုယ်ချင်းစာစိတ်လေးတွေ ရှိအောင် ကြိုးစားကြစေချင်တာပါ။ ကိုယ်ချင်းစာမှ တရားမျှမယ်၊ တရားမျှမှ တရားရှိမယ် ဆိုတာ မမေ့သင့်ပါဘူး။

ကိုယ်ချင်းစာ စိတ်ကောင်းကလေး တကယ်တမ်း မွေးမြူနိုင်လာပြီဆိုရင် လောကမှာ ကိုယ်တိုင်ကြုံတွေ့ ခံစားရဖူးတဲ့ နားမချမ်းသာစရာ စကားမျိုးတွေ၊ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲဖြစ်စရာ အပြုအမူမျိုးတွေနဲ့ ကိုယ်က သူများအပေါ် ဘယ်တော့ မှ မပြောဆို မပြုမူမိတော့မှာ သေချာပါတယ်။ အဲဒီလို ရှောင်ကြဉ်ကျင့်သုံး နေထိုင်မယ်ဆိုရင် အဲဒီပုဂ္ဂိုလ်ဟာ မတရားမှု ကင်းသူ ဖြစ်ပါတယ်။ သဗ္ဗပါပဿ အကရဏံ = မကောင်းမှု (မတရားမှု) ကို လုံးဝမပြုရဆိုတဲ့ ဘုရားရှင်တို့ရဲ့ အခြေခံ နံပါတ်တစ် အဆုံးအမနဲ့အညီ နေထိုင်နိုင်ခြင်းဖြစ်လို့ သိက္ခာသုံးပါးနဲ့ ပြောမယ်ဆိုရင် အခြေခံ သီလသိက္ခာ လုံခြုံ ပြည့်စုံ တယ်လို့ ဆိုရမှာပါ။

လောကမှာ တရားမျှတတယ်ဆိုတာကို ကောင်းစွာ သဘောမပေါက်ကြပေမယ့် မတရားဘူး၊ မမျှတဘူး ဆိုတာကိုတော့ လူတိုင်းလိုလို ကိုယ်တွေ့ကြုံဆုံ ခံစားသိကြဖူးမှာပါ။ တစ်ယောက် ယောက်က မိမိအပေါ် ကျိုးမဲ့ပြစ်ရဖြစ်အောင်၊ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲဖြစ်အောင် ဆဲရေးတိုင်းထွာ ပြောဆိုတာကို ကြားရတဲ့အခါ၊ အလိမ်အညာခံရတဲ့ အခါ၊ ချောပစ်ကုန်းတိုက်စကား ပြောဆိုခံရတဲ့ အခါမျိုးတွေမှာ ဒါဟာ သပ်သပ် မတရားပြောတာပဲ၊ မမျှမတ မမှန်မကန် ပြောတာပဲ ဆိုပြီး ကိုယ်တိုင် ခံစားဖူးကြမှာပါ။ ဒီလို ပြောဆိုခံရတာကို ကိုယ်တိုင်က မတရားဘူးလို့ ခံယူထားတဲ့ အပြောအဆိုမျိုးတွေ၊ ကိုယ်က သူများအပေါ် မပြောမဆိုမိအောင် ရှောင်ကြဉ် ကျင့်သုံး နေထိုင်တာကို မတရားမှုကင်း အောင် နေထိုင်တယ်လို့ ဆိုရတာပါပဲ။

အချင်းချင်းပြောဆိုပြုမူ ဆက်ဆံကြတဲ့အခါ ဒီလို အပြုအမူမျိုးနဲ့ တွေ့ကြုံရတာ ကိုယ်ရောစိတ်ပါ ချမ်းသာလိုက်လေ။ ဒါဟာ ကောင်းမွန်မှန်ကန်တဲ့ အပြောအဆို အပြုအမူမျိုးပဲ ဆိုပြီး ကိုယ်တိုင် ခံစားဖူးကြပါလိမ့်မယ်။ အဲဒီလို ကိုယ်တိုင်က တရားမျှတတယ်လို့ ခံစားရပြီး ကိုယ်တိုင်လိုလား တောင့်တတဲ့ အပြောအဆို၊ အပြုအမူတွေနဲ့ သူတစ်ပါးအပေါ် ပြောဆိုပြုမူမယ် ဆိုတဲ့ စိတ်ကောင်း လေးတွေ မွေးမြူကြပါ။ တောရဆရာတော်ကြီး ကတော့ ကိုယ်မလိုချင်တာ သူများကို လုံးဝ မပေးပါနှင့်။ ကိုယ်လိုချင်တာ သူများကို အကုန်ပေးပါ။

ကိုယ်ပေးထားတဲ့ အတိုင်း ကိုယ်ပြန်ရ လိမ့်မယ် လို့ မိန့်ကြားတော် မူပါတယ်။ ကိုယ်တိုင် မကြိုက် မနှစ်သက်တဲ့ အပြောအဆို အပြုအမူတွေကို သူတပါးကို လုံးဝ မပေးဖို့၊ ကိုယ်တိုင် ကြိုက်နှစ်သက်တဲ့ အတိုင်း သူတပါးကိုလည်း ပေးဝေဖို့၊ ကိုယ်ပေးတဲ့ အတိုင်းပဲ ကိုယ်တိုင်ပြန်လည် ခံစားကြရလိမ့်မယ် ဆိုတဲ့ သဘောပါပဲ။

ဗုဒ္ဓမြတ်စွာ အလိုတော်အရ သတ္တ၀ါတိုင်းမှာ တူညီတဲ့ အခြေခံ အခွင့်အရေး နှစ်ခုစီ ရှိကြပါတယ်။ ပြုလုပ်ပိုင်ခွင့်နဲ့ ခံစားခွင့် (ကံနဲ့ကံ၏ အကျိုး) ဖြစ်ပါတယ်။ ပြုလုပ်ပိုင်ခွင့်ကို ဆိုးဆိုးဝါးဝါး အသုံးချသူဟာ ခံစားခွင့်ကိုလည်း ဆိုးဆိုးဝါးဝါး ခံယူရမယ်။ ဒါဟာ ကမ္မသကတ လမ်းစဉ်မှန်ပဲဖြစ်ပါတယ်။

ဒါ့ကြောင့် သူတပါးရဲ့ အပြစ်ကိုသာ မကြည့်ပဲ ကောင်းကွက်လေးတွေ ရှာပြီး ကိုယ်ချင်းစာစိတ် လေးတွေနဲ့သာ နေထိုင်ကြမယ်ဆိုရင် လောကကြီးလည်း အေးချမ်းရသလို ကိုယ်ရဲ့ သံသရာခရီး အတွက်လည်း ချမ်းသာရမှာပါ။ ဒါ့ထက်ပိုလို့ ဘယ်နေရာ ကြည့်ကြည့် မေတ္တာမျက်ဝန်းလေး တွေနဲ့သာ ကြည့်တတ်ကြပြီး မေတ္တာပုံရိပ်ကို မြင်နိုင်တဲ့ သူတွေ ဖြစ်ကြရင် ကမ္ဘာလောကကြီး ဘယ်လောက်များ သာယာလိုက်မလဲလေ။

ကိုယ်ချင်းစာ ကြင်နာတတ်တဲ့ သူတွေ ဖြစ်ကြပါစေ…

By ပန်းခင်း

Tuesday, October 14, 2014

ဂါရဝေါစ နိဝါတောစပါတဲ့ခင်ဗျာ


ဂါရဝေါစ နိဝါတောစပါတဲ့ခင်ဗျာ 

(၁)
သီတင်းကျွတ်ပြီ။ သီတင်းကျွတ်ပြီ။ဝါလလွတ်ကင်း သီတင်းကျွတ်ပြီ။သီတင်းကျွတ်ပြီဆိုတော့ ရိုးရာဓလေ့နဲ့အညီ အသက်ကြီးသူတွေကို ငယ်သူတွေက ကန်တော့ကြတာပ။ တချို့တွေကျတော့ ညွတ်ညွတ်နူးနူး ဦးချကန်တော့ကြတာ။ တချို့ကတော့ အစဉ်အလာမို့ ၀တ်ကျေတမ်းကျေ။ ဘာပဲဖြစ်ဖြစ်ဗျာ သီတင်းကျွတ်တာနဲ့ ဆရာသမားလူကြီးတွေကို ကန်တော့ဖို့ မေ့နေရင်တောင်မှ သတိရအောင် လှုံ့ဆော်ပေးနေတာတော့ သဘောအကျသား။

(၂)
“ဘာရယ်ဗျ၊ အသက်ကြီး ၀ါကြီးတွေကို ကန်တော့ဖို့၊ ဂါရ၀ပြုဖို့၊ အရေးထားဖို့ လေးစားဖို့ ဟုတ်လား၊ တော်စမ်းပါဗျာ။ တစ်နှစ်လုံး မေ့နေတာတွေ ဒီလမှ ခဏလေး ဘုရားစူးလွတ်၊ ကျမ်းစူးလွတ် တစ်ရေးနိုးတာများ”

မိတ်ဆွေကြီးတစ်ယောက်က စကားစဆက်ပါတယ်။ ခြေဆင်းစပြီဆိုတော့ ဆက်တိုက်လာတော့မှာ သိလို့ အသာလေးငြိမ်ပြီး နားထောင်နေလိုက်ပါတယ်။

“ကျုပ်နမူနာတစ်ခု ပြောပြမယ်။ အဲဒီပုဂ္ဂိုလ်လေဗျာ၊ သိတယ်မဟုတ်လား”
သူပြောတဲ့နာမည်ကို မသိပေမယ့် စကားထောက်လိုက်တယ်။
“ဆိုပါဦးဗျာ”

“သူက နိုင်ငံခြားမှာ ကြီးပွားနေပြီဗျာ၊ ကျုပ်က သူ့ထက် အသက်လည်းကြီး၊ ၀ါလည်းကြီးပါတယ်။ သူ့ဘ၀ ခရီးတစ်ထောင့် တစ်နေရာမှာ ကျုပ်ကူညီခဲ့ဖူးတာကတော့ ထားပါတော့ဗျာ။ ဖြူဖြူစင်စင်နဲ့ ကူညီခဲ့တာ။ သူနေတဲ့မြို့ကို မကြာခဏရောက်တော့ ဖုန်းဆက်တယ်။ နှုတ်ဆက်တယ်ပေါ့ဗျာ။ ဆက်တဲ့အခါတွေမှာ ဖုန်းရတဲ့အခါရ၊ မရတဲ့အခါ မရနဲ့ပေါ့ဗျာ။ ဒါပေမဲ့ ဖုန်းရတဲ့ အခါတွေမှာတော့ ကောင်းကောင်းမွန်မွန် ပြောပါတယ်။ ဘယ်တုန်းက ရောက်သလဲ၊ မြန်မာပြည် ဘယ်တော့ပြန်မှာလဲ၊ ဆုံရအောင်၊ ထမင်းကျွေးမယ်၊ လာခဲ့ပါ၊ ဘာညာနဲ့ပေါ့ဗျာ”

“အဲဒီတော့”
“ပထမတော့ သွားတာပေါ့ဗျာ၊ တွေ့တာပေါ့။ စကားတွေဘာတွေ ပြောကြပေါ့။ စားကြတာပေါ။ နောက်တော့ တဖြည်းဖြည်းတွေးမိတယ်။ သွားရတာ အချိန်ကုန်တယ်။ တက္ကစီခ ကုန်တယ်။ နည်းတာမဟုတ်ဘူး။ ကိုယ့်ဘာသာလည်း စားနိုင်သောက်နိုင်တာပဲဟာ။ ကိုယ်ကချည်း သွားတွေ့နေရတာ ကြာတော့ ကိုယ်ကပဲ သူကျွေးတာမွေးတာ စားချင်သောက်ချင်လို့ ဖြစ်လာရော”

“ခင်ဗျားကလည်းဗျာ၊ သူကအလုပ်ကြီး အကိုင်ကြီးနဲ့ဆိုတော့ မအားလို့ နေမှာပေါ့ဗျာ”
“ဟုတ်ပါတယ်။ ကျုပ်လည်း အဲသလို အောက်မေ့လို့ နားလည်စွာနဲ့ သွားသွားတွေ့တာပေါ့ဗျာ။ သံယောဇဉ်လည်း ရှိတာကိုး။ ဒါပေမဲ့ နောက်တော့ တွေ့လာရတာက သူ့အလုပ်နဲ့ ဆက်စပ် ပတ်သက်သူတွေ၊ သူ့အတွက် တစ်စုံတစ်ရာ အကျိုးပြုနိုင်သူတွေကိုကျတော့ မြစ်ကူး ချောင်းခြားလည်း သွားတွေ့သဗျ၊ ဧည့်ခံသဗျ”

“ဒါနဲ့...”
“သြော် ကိုယ်က သူ့ကို အကျိုးမှ မပြုနိုင်တာလေ။ ဒီလိုပဲ ရှိပေမပေါ့။ အသက်တွေ၊ ၀ါတွေ ကျေးဇူးတွေ မေ့ထားလိုက်တော့ဆိုပြီး ဖုန်းလည်းမဆက်၊ သွားလည်းမတွေ့တော့ဘူးဗျာ။ အနည်းဆုံး အလုပ်ရှုပ်စရာ တစ်ခုလျော့သွားတယ်။ တက္ကစီခကုန်မှာ ကိုယ့်ဘာသာ ကောင်းကောင်းစားလိုက်တယ်”

(၃)
“ခင်ဗျားက အသက်တွေ၊ ၀ါတွေပြောနေ ကျုပ်က ဂုဏ်ပါကြီးတာဗျ”
နောက်တစ်ယောက်က စကားဝိုင်းထဲ ၀င်လာတယ်။
“သူငယ်ချင်းသံယောဇဉ်နဲ့ ကူညီပြီး ဘကြီးနွား အငှားကျောင်းပေးတာကို သူ့တပည့်တွေက သူ့ဆရာရဲ့ အမှုထမ်းလိုမျိုး ဆက်ဆံလိုဆက်ဆံ၊ စော်ကားတဲ့စကားပြောလို ပြောနဲ့ဗျာ”

“ခင်ဗျားကမှ အနေမတတ်တာကိုး။ စကတည်းက ဘာမှမစခဲ့ရင် ပြီးနေတဲ့ဟာကို”

အောင်မြင်ကြီးပွား ပုဂ္ဂိုလ်များကို ရိုးသားစွာ သူငယ်ချင်းသံယောဇဉ်နဲ့ ၀င်ထွက်လုပ်ကိုင်ပေးတာကို အဲသလိုမြင်ကြ ဆက်ဆံကြဆိုတော့လည်း ခံရသူခမျာ အောင့်ရှာမှာပေါ့လေ။

(၄)
လူငယ်တွေ၊ ကလေးတွေမပြောနဲ့၊ လူလတ်ပိုင်းတွေမှာတောင်မှ အမြင်တွေ၊ ခံယူချက်တွေ မဟုတ်ချင်တော့တာ တွေ့ရပါတယ်။ ရာခိုင်နှုန်း အနည်းအကျဉ်းလောက်ပဲဖြစ်မယ်လို့ ယူဆ ယုံကြည်မိပေမယ့် အရင်ကထက် ပိုများလာကြောင်း သတိထားမိပါတယ်။ မယဉ်ကျေးတဲ့ အပြုအမူတွေ မြင်တွေ့လာရတယ်။ မယဉ်ကျေးတဲ့ စကားတွေကြားလာရတယ်။ မယဉ်ကျေးတဲ့ အတွေးအခေါ်တွေ သိလာရတယ်။

 မယဉ်ကျေးတဲ့နောက်မှာ ပါလာတာက မလေးစားတာကြီးသူကို အရေးမထားဘူး။ ရွယ်တူကို မလေးစားဘူး။ ငယ်သူကို သနားညှာတာခြင်း မရှိဘူး။ ဒါကြီးတွေများ အရေးထားစရာ၊ လေးစားစရာလားဆိုတဲ့ စကားကို မကြာခဏ ကြားဖူးတယ်။(၅)အဲသလိုမျိုး လူလတ်ပိုင်းတွေက မွေးလာတဲ့ ကလေးတွေကျတော့ရော ဘာတွေဖြစ်လာသလဲ။ မျက်စိရှေ့တင် မြင်နေရတာ များပါပြီ။

‘ဒီဘဲကြီး’ ‘ဒီအဘိုးကြီး’ ‘ဒီအဘွားကြီး’ ‘ဒီစော်ကြီး’ စတဲ့အသုံးအနှုန်းတွေ သုံးစွဲပြီး မိကြီး၊ ဘကြီး၊ ဘိုးကြီး၊ ဘွားကြီးတွေကို ခေါ်တာတွေ ကြားရတယ်။ ခေါ်မထူးမေး မဖြေခိုင်းမလုပ်တွေ တွေ့လာရတယ်။

“ဟုတ်သဗျ။ ကျုပ်လေယာဉ်စီးတော့ တွေ့ခဲ့တာဗျာ။ ကျုပ်က လမ်းနံဘေးခုံမှာ ထိုင်တာ။ အဲဒီချာတိတ်အသက်က ၁၁ နှစ်လောက် ၁၂ နှစ်လောက်ရှိမှာပေါ့။ အပေါ့သွားဖို့ ထွက်တာဖယ်ပေးဖို့ ခွင့်မတောင်းဘူး၊ ပြန်လာတော့လည်း ၀င်ဖို့နေရာဖယ်ပေးဖို့ ခွင့်မတောင်းဘူး။ ကျုပ်က အလိုက်တသိနဲ့ ခါးပတ်ဖြုတ်ပြီး ထပေးရဖယ်ပေးရတာ။ ကျေးဇူးတင်စကား ပြောဖို့ဆိုတာဝေးရော”ပြီးတော့ ဆက်ပြောပါတယ်။
“၀တ်ထားတာက စွပ်ကျယ်လက်ပြတ်နဲ့ဗျာ”

(၆)
“ခင်ဗျားဗျာ၊ ကိုယ့်အထက်အရာရှိကို စွပ်ကျယ်လက်ပြတ်နဲ့ လာတွေ့ရသလား။ မလေးမစားနဲ့ဗျာ၊ သွား အခုပြန်အင်္ကျီဝတ်ချေ”

နောင်တော်ကြီးတစ်ယောက် သစ်တောဝန်ထောက်ဘ၀က သူ့သစ်တောပျိုးဥယျာဉ်ကို သစ်တော ၀န်လာစစ်ရာမှ စွပ်ကျယ်လက်ပြတ်ဝတ်ပြီး သွားတွေ့တော့ အပြောခံရတဲ့စကား မှတ်သား ခဲ့ရပါတယ်။ ဟုတ်လည်းဟုတ်ပါတယ်။ ၀တ်စားဆင်ယင်မှု ယဉ်ကျေးခြင်း၊ ကိုယ်နှုတ်အမူအရာ ယဉ်ကျေးခြင်း၊ စိတ်ယဉ်ကျေးခြင်း ဆက်စပ်နေပါတယ်။

(၇)
“ရိုးရာဓလေ့ယဉ်ကျေးမှုသာ ပြောနေတာဟေ့။ ကြီးသူတွေမှာလည်း သီတင်းကျွတ် ကန်တော့တယ် ဆိုပြီး တရားဝင်လာပေးမယ့် လာဘ်လာဘကို မျှော်သူတွေရှိလာတယ်။ အခွင့်အရေး လိုချင်သူ တွေကလည်း ဒီအချိန်မှာ လွတ်လပ်ပွင့်လင်းစွာနဲ့ ဂါရ၀ပြုနိုင်တယ်။ အချိန်ယူရ၊ တန်းစီရနဲ့ကွာ။ နောက်ပြီး ကြီးသူတွေရဲ့ သားသမီးတွေကလည်း ပျော်ကြသကွ”

နှံ့နှံ့စပ်စပ်ရှိတဲ့ မိတ်ဆွေကြီးတစ်ယောက်က ပြောပြပါတယ်။“သူတို့က ခြင်းစီးပွားရေး (Basket Business) လုပ်တယ်လေကွာ။ တချို့ဆို အဲဒီကန်တော့ခြင်းကို အရင်းပြု၊ သူတို့မိဘတွေကို လာကန်တော့တဲ့သူတွေကို ပြန်ကန်တော့၊ ဟိုလူတွေက ငွေစက္ကူစိမ်းစိမ်းတွေ စာအိတ်အကြီးကြီးနဲ့ မုန့်ဖိုးပေးနဲ့ကွ”

(၈)
ရုပ်ပစ္စည်းပေါ် အခြေခံတဲ့ လူမှုဆက်ဆံရေးတွေ ထွန်းကားလာလို့ ရိုးရာယဉ်ကျေးမှုတောင်မှ အရောင်ဆိုးခံရစ ပြုနေပြီ။ ဒါပေမဲ့ ဘာမှမျှော်ကိုးခြင်း၊ ရလိုခြင်းမရှိတဲ့ အဖြူရောင်သန့်သန့် သီတင်းကျွတ်ကန်တော့ပွဲတွေကတော့ ကြည်နူးစရာပါ။

ကိစ္စမြားမြောင် လူတို့ဘောင်မှာ တစ်နှစ်တာမအား အလုပ်များလို့ မသွားဖြစ် မရောက်ဖြစ်သမျှ ဒီအချိန်လေးမှ ရောက်အောင်သွားကြပြီး သက်ကြီးရွယ်အိုများကို ရုပ်ဝတ္ထုလိုအပ်ချက်နဲ့ စိတ်ခံစားမှု လိုအပ်ချက်တွေ ဖြည့်ဆည်းကန်တော့ကြတယ်။

ငွေကြေးမလို၊ ကြင်နာဂရုစိုက်မှုသာလိုတဲ့ ကြီးသူတွေကျတော့ လာကန်တော့ကြသူတွေကို တစ်နှစ်တစ်ခါ မုန့်ဖိုးပေးကြ၊ သူတို့ပျော်နေကြတာကြည့်ပြီး ၀မ်းသာအားရ ပီတိဖြစ်ရနဲ့ပေါ့။

(၉)
ကျုပ်တို့လို ကြားက စကောစကကြီးတွေ ကျတော့လား။ ကိုယ့်ထက်ကြီးသူတွေကို သွားကန်တော့ရင်း ဇရာကို ဆင်ခြင် သံဝေဂယူ။ ကိုယ့်ကို လာကန်တော့ကြသူတွေ ရှိလာတော့ ကိုယ့်ကိုယ်ကိုယ် ကိုယ်ပြန်သုံးသပ်၊ ကိုယ့်ဘာသာကိုယ် ကြည်ညိုနိုင်ပြီလား မေးနဲ့ပေါ့။

နောက်ပြီးတော့ ဆန်လဲဆန်၊ စုန်လဲစုန်ပေါ့ဗျာ။ ကြီးသူများကို တတ်အားသရွေ့ ကန်တော့သလို ငယ်သူများကိုလည်း လာကန်တော့ရတဲ့အတွက် ၀န်မတက်ရအောင် ပြန်စောင့်ရှောက်ရတယ်။ ဘာကောင်မှမဟုတ်လို့ ၀င်းဝင်းမလုပ်နိုင်ပေမယ့် လုပ်နိုင်ရင်တောင် မလုပ်ချင်ပါဘူးဗျာ။ အခုတော့ ပေးပေးလုပ်ရမှာမို့ ဖွတ်ကလိဒင်္ဂါး အပြေးအလွှား ရှာလိုက်ပါဦးမယ်ခင်ဗျာ။

by: မောင်စံပေါ

http://www.news-eleven.com

Monday, October 13, 2014

ငရဲ တံခါး ပိတ်ပါစို့


ငရဲ တံခါး ပိတ်ပါစို့

ကလေးဘ၀ ကတည်းက နားရည်ဝ ခဲ့တဲ့ စကားလေး
          ဗုဒ္ဓဘာသာ ၀င် တို့ရဲ့ အသိုင်းအ၀ိုင်းမှာ အမြဲ ကြားရတတ်တာက ငရဲမှာ အပ ၀ဋ်မှာ အမြဲ ...တဲ့ ၊ နားထဲမှာ စွဲနေခဲ့တဲ့ ဆိုရိုးလေး တစ်ခုပါ ၊ ဘာကို ဘယ်လို ဆိုလိုသည်ကိုတော့ တကယ်ရေရေလည်လည် မသိခဲ့ ၊  မကောင်းတာ၊ မဟုတ်တာလုပ်ရင် ငရဲကြီးမယ် ၊ ၀ဋ်လိုက် လိမ့်မယ်လို့ လူကြိး ၊မိဘ ၊ဆရာ သမားတွေရဲ့ သွန်သင်ဆုံးမ စကားတွေကတော့ လူတိုင်းလူတိုင်း အတွက် ကလေးဘ၀ကတည်းက ရင်းနှီးကျွမ်းဝင်ခဲ့တဲ့ စကားလေးတွေ ဖြစ်မယ်လို့ ထင်ပါတယ် ၊

                                     ငရဲ ကြီးတယ်ဆိုတာ  ဘယ်လိုပါလိမ့် ?

           အတွေးအခေါ် ဗဟုသုတ မကြွယ်ဝသေးသည့် ကလေးဘ၀ကို လွန်မြောက်လို့ အရွယ်လေးရောက် လာတော့ ငရဲ ဆိုတဲ့ စကားရဲ့ အနက်အဓိပ္ပါယ်ကို အနည်းငယ် သိနားလည်စ ပြုခဲ့ပါတယ် ။ ဗုဒ္ဓ စာပေများ သင်ယူရတဲ့အခါမှာတော့ ချမ်းသာကင်း၍ အမြဲ ဆင်းရဲဒုက္ခ ခံစားနေ ရသော ဘုံ ဋ္ဌာနကို ငရဲ ဘုံလို့ ခေါ်ပြီး အဲဒီလိုဘုံဘ၀မှာ အမြဲ ဆင်းရဲခြင်း နှင့် ဒုက္ခ အတိပြည့်နေ ခံစားနေရသူကို ငရဲ သား လို့ ခေါ်တယ်ဆိုတာ နားလည် သိရှိ သဘောပေါက်ခဲ့ပါတယ် ၊ ငရဲ ပြည်မှာ ငရဲ ခံရတယ်၊ ငရဲကြီးတယ်ဆိုတာကို  ဘယ်လို ဟုတော့ နားမလည်ခဲ့ပေမည့် ဖြတ်သန်း ခဲ့ရတဲ့ ဘ၀လမ်းတစ်လျှောက်က ကိုယ့်ပတ်ဝန်းကျင် လူနေမှု့ ရှု့ခင်းကို လေ့လာ ခံစားကြည့်ပြီး တော့ အနည်းငယ် သဘောပေါက်သလိုပါပဲ ။

                                အသက်ရှင်လျှက် ..ငရဲ ကျသူ

          စာရေးသူရဲ့ ရွာဦးဘုန်းတော်ကြီးကျောင်း ပတ်ဝန်းကျင်မှာ လူနေအိမ်များလည်း ကပ်လို့ တည်နေကြပါတယ် ၊ နေ၀င်မိုးချုပ် ပြီဆိုရင်  ဆဲ သံ ဆိုသံ တွေနဲ့အတူ ရိုက်နှက်သံ ၊ ငိုကျွေးသံ တွေဟာ မကြားချင်အဆုံးပါပဲ ။ စားဝတ်နေရေး မပြေလည်လို့ကတစ်မျိုး ၊ လင်မယားချင်းရန်ဖြစ် ရိုက်နှက်ကြလို့ တစ်သွယ် ၊ မွေးထားတဲ့ ကလေးငယ်တွေက ထမင်းဆာလို့ က တစ်မျိုး နဲ့ တော်တော်ဆိုးခဲ့ပါတယ် ၊  ခုအခါ ပြန်တွေးမိတော့မှ သူတို့ဟာလဲ အသက်ရှင်လျှက်နဲ့ ငရဲ ခံနေရသလို ဖြစ်နေကြောင်း သဘောပေါက်ခဲ့တယ် ။

          အိန္ဒိယ နိုင်ငံရဲ့ မြို့တော်ကြီးတွေ အသီးသီးကို လေ့လာရေး ရောက်ခဲ့တဲ့အခါ လမ်းဘေးမှာ နေထိုင်သူ အများစုကို တွေ့ခဲ့ရဘူးပါတယ် ၊ တစ်နေရာတည်းမှာပဲ ကလေး လူကြီး စုစည်းနေပြီး ဆင်းဆင်းရဲရဲ နေကြရ ထိုင်ကြရပါတယ် ၊ အဲဒီလို လမ်းဘေးနေ လူတန်းစားကိုတွေ့မြင်ရတဲ့ အခါမှာလဲ နောက်ဘ၀ခံရမည့် ငရဲထက် လူ့ပြည်တွင် အသက်ရှင်လျှက်နဲ့ ငတ်ပြတ်ဆင်းရဲ နေရခြင်းကိုလဲ ငရဲ လို့ ပြောနိုင်မလား တွေးခဲ့မိပြန်ပါတယ်။

          မလေးရှား နေစဉ်ကာလတုန်းကလည်း ရာဝမ်း အရပ်ဘက်ရှိမြန်မာနိုင်ငံသား ဆေးရုံးဆင်းလူနာတွေကို လက်ခံ ပြုစု စောင့်ရှောက်ထားရာ ပြန်လည်ထူထောင်ရေးစခန်း တစ်ခုကို သွားရောက်လှူဒါန်းခဲ့ဘူးပါတယ် ။       အဲဒီနေရာမှာ ရောဂါအမျိုးမျိုးနဲ့ ခွဲစိတ်ကုသ ခံယူထား သူတွေ၊ အဖြစ်အပျက် မျိုးစုံနဲ့ ခြေပြတ် လက်ပြတ်တွေ ဖြစ်ပြီး ခိုကိုးရာမဲ့ ဖြစ်နေကြသူတွေ များစွာကို တွေ့ခဲ့ရပါတယ် ၊ ကလေးမလေး တစ်ယောက်ဆို  မစင်သွားဖို့နေရာ မပါခဲ့လို့ ဗိုက်ကနေ ခွဲပြီး ပိုက်ထုတ်ထားရသည်ကို တွေ့သိခဲ့ရဘူးပါတယ် ၊

          ဒါတွေအပြင် မိမိတို့ ပတ်ဝန်းကျင်မှာ အဆင်မပြေမှု့တွေများစွာကြောင့် သောကတွေ ပူနေရ ၊ ပရိဒေ၀မိးတွေ တောက်လောင်နေကြရတာတွေ ၊ ကိုယ်အင်္ဂါချို့တဲ့ပြီး  လူစင်မမှီ သူတွေ ၊ စားရမဲ့ သောက်ရမဲ့ ခိုကိုးရာမဲ့ ဆင်းရဲသားတွေ အမြောက်အများကိုလဲ တွေ့မြင် ကြားသိ နေပေရတဲ့အခါ ဒါသည်ပင်လျှင် အသက်ရှင်လျှက် ငရဲ ကျနေသူ များလို့ ခံစားနားလည်မိ လိုက်ပါတယ်

ကိုယ်ပြုသည့်ကံ ...ကိုယ်သာ ခံ


          ဆင်းရဲ နွမ်းပါးသော တဲအိမ်အတွင်းမှ အဘိုးအိုသည် မိမိကိုယ်ကို မိမိ အပြစ်တင်ခြင်းမှ တပါး အခြား လုပ်ဆောင်ဖွယ်ရာ မရှိဖြစ်ပါလိမ့်မယ်  ။ အိန္ဒိယ စကားပုံ တစ်ခုမှာ ဖတ်ဖူးတာ ကတော့  ည ဘက်မှာ အိမ်မက် ကောင်းကောင်း မက်အောင် နေ့ခင်းဘက်မှာ အလုပ်များကို လုပ်ဆောင်ပါ တဲ့ ။ မြန်မာစကားပုံမှာတော့ နေပူတုန်း ကောက်ရိုးလှန်း၊ မိုးရွာတုန်း ရေခံ ၊ လသာတုန်း ဗိုင်းငင် စသည်ဖြင့် ရှေးလူကြီးတွေ ဆိုးရိုးစကား ထားခဲသည်ကို ဖတ်ရှု့ရဖူးပါတယ်၊ အသက်ကြီးသော အခါ ကြွယ်ဝ ချမ်းသာ သောကကင်းဖို့ ဆိုရင် ငယ်စဉ်ကတည်းက ကြိုးစား အလုပ် လုပ်ဖို့ လိုတယ်ဆိုတာကို ပညာပေးချင်တာလို့ နားလည်ခဲ့မိပါတယ် ။

          လူမိုက်နဲ့ ပညာရှိ ၊  လူချမ်းသာနဲ့ လူဆင်းရဲ တို့ရဲ့ ဘ၀လမ်းခွဲဟာ ကျောင်းဝင်းထဲမှာ ရှိပါတယ် ၊ ကျောင်းနေပျော်၍စာတော်အောင် ကြိုးစားခဲ့သူများ အနေဖြင့် ပညာတတ်မယ် ရာထူး ဂုဏ်ရှိန် စီးစိမ်ကြီးလို့ ကောင်းသည်ထက် ကောင်းအောင် လှူနိုင် တန်းနိုင် အများအကျိုးဆောင်နိုင်ခါ ဘ၀အဆင့် မြင့်သည်ထက် မြင့်ကြရပေမဲ့ ငယ်စဉ်က ပျင်းအားကြီး စာမကြိုးစားပဲ အဖေါ်မက်ပြီး အပျော်အပျက်ဘက်တွက် အချိန်ကုန်များခဲ့မယ် ဆိုရင် တော့ ပညာမဲ့ဖြစ်မယ် ဆင်းရဲမယ် လူတော်မတိုး လူရာမ၀င်တာမျိုးကို ဆိုလိုတာလို့ အတွေးချဲ့ နားလည်မိပါတယ် ။    တစ်ချို့ကျတော့လဲ ငယ်ငယ်ကတော့ လိမ်မာ ရိုးသား ကြိုးစားခဲ့ကြပါရဲ့..

အရွယ်လေးရောက်လာတာနဲ့အမျှ စိတ်ကစားမှု့တွေနဲ့ အတူ မကောင်းသူများ၏ အမူအကျင့်ကိုမှ အမြင့်ထင်ပြီး အတုယူလွဲမှားကြလို့ ပျက်စီးနေကြသူတွေလဲ မနဲ ပါဘူး ၊    ထိုကဲ့သို့သူတွေရဲ့  ဆင်းရဲ့  ကြမ်းတမ်းသော လောကဓံတွေနဲ့ သာ ဆုံဆည်းပြီး ပူပင် သောက ဗျာပါဒတွေနဲ့ အသက်ရှင်လျှက် ငရဲ ခံနေကြရခြင်းဟာလဲ အရင်းစစ်တော့ ကိုယ်ပြုတဲ့ကံ ကိုယ်ပြန်ခံ ရတာလို့ ပဲ ဆိုချင်မိပါတော့တယ်။

                                      ငရဲ နဲ့ ခြောက်  မကြောက်ကြဘူး

          အမြဲတမ်း ဆင်းရဲ ဒုက္ခနဲ့သာ ခံစားရနေတဲ့ ငရဲ  ပြည်ဆိုတာ ခဏတဖြုတ် အလယ်တောင်မှ သွားမလယ်သင့်တဲ့ နေရာ တစ်ခု ဖြစ်ပါလိမ့်မယ် ။ အကုသိုလ်အမှု့ နဲ့မှ အကျိုးပေးကောင်းပြီး ချမ်းသာနေသူ အောင်မြင်နေသူ တစ်ချို့ကလဲ ငရဲ လောက်တော့ မကြောက်မယုံ မဖြုံ ကြပြန်ဘူး ၊ အဆိပ်သောက် ရင် သေတတ်တယ်ဆိုတာကို မယုံလို့ လက်တွေ့ စမ်းကြမယ်ဆိုရင်တော့ ဒုက္ခဆိုတာ ရလာဒ် ဖြစ်သွားမှာပဲလို့ ထင်မိတယ် ။ နောက်ဘ၀ ခံရမည့် ငရဲ ဆိုတာ ထားလိုက်ပါဦး ၊ ဒီဘ၀မှာတင် အဆင်မပြေမှု့ ဗလပွ နဲ့ ဒုက္ခ တွေ ရောက်ကြရ ၊ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ ဖြစ်ကြရနဲ့ အပူတွေများဟာ ပူပြင်းလှပါတယ် ၊။

           အပြင်က ရာသီ ဥတု ဘယ်လောက်ပူပူ အတွင်းက ကိလေသာ အပူကိုတော့ မမှီပါဘူး ၊ လောဘဇောတက်ပြီး ပူရတာရှိသလို ဒေါသတွေထွက်လို့ ပူရတာလဲ ရှိပါတယ် ၊ သားရှိသောသူ သားကြောင့် ပူရသလို ကားရှိသောသူ ကားကြောင့် ပူနေရတာပါပဲ ။ ပူပြင်းပါတဲ့ ငရဲဆိုတာ ဘယ်လောက် ပူသလဲ မသိပေမည့် လောကရဲ့ သောက အပူကတော့ ပူပြင်းလှကြောင်း ကိုယ်တွေ့တွေနဲ့ သိခဲ့ရပါပီ ၊

                               ငရဲ ဘာကြောင့် လားရတယ် ?
          ဒီတော့ ငရဲ ဘာကြောင့် လားရသလဲ ဆိုတာ မေးစရာ တွေးစရာ တခုဖြစ်လာပါတယ် ။ အတိုချုံးပြီး ဖြေရရင်တော့ ငရဲ ရောက်ကြောင်း မကောင်းမှု့ အကုသိုလ် ဒုစရိုက်တွေကို ပြုမိ မှား လို့ ဖြစ်တယ်လို့ ပြောရင် မမှားလောက်ဘူး ထင်ပါရဲ့ ။ အကျယ်ချဲ့ တွေး ကြည့်ရင်ဖြင့်....

                        အပါးလယ် လို့ အပါယ်လားတယ်

          တစ်ချို့သော သူတို့ဟာ စီးပွားရေး လူမှု့ ရေး ဘာသာရေး စသည်ဖြင့် အများနှင့် စုပေါင်းဆောင်ရွက်သင့်သည် အမှု့ကိစ္စ များတွင် အပါးခိုနေလေ့ ရှိကြပါတယ်။ ကောင်းမှု့ ကုသိုလ်ပြုရာမှာလဲ ဒီနည်းတူပါပဲ ၊ ကောင်းတာကြံဖို့ ပြောဖို့ လုပ်ဖို့ဆိုရင် ၀န်လေးနေပြီးတော့ သောက်မယ် စားမယ် ပျော်မယ် ပါးမယ် ဆိုရင်ဖြင့် ထိပ်ဆုံးက ကျွန်တော်ဖြစ်နေတတ်ကြပါတယ်။ ဒီလို ကုသိုလ်အပါးမ၀ပဲ အကုသိုလ်အပါးဝသူတွေဟာ စိတ်ကောင်း နှလုံးကောင်းလဲ မရှိလို့ပဲ ဖြစ်မှာပါ ။

အသင်းအဖွဲ့တွေမှာ နေရာတော့ ၀င်ယူကာ သူတို့နာမည်တော့ ပါဝင်စေလိုပြီး တကယ် လုပ်ဆောင်ဖွယ်ရာများမှာတော့ အပါးခိုနေကြခြင်းဟာလည်း လူပါးဝနေခြင်း တစ်မျိုးလို့ နားလည်မိပါတယ် . သတ္တ၀ါတွေ ကျင်လည်ရာ သုံးဆယ့်တစ်ဘုံကို အစဉ်အတိုင်း အထက်အောက် စီကြည့်မယ်ဆိုရင် လူ့ပြည် နှင့် အနီးဆုံး အောက်ဘုံဟာ ငရဲ ဘုံ ဖြစ်နေတာကိုတွေ့ နိုင်ပါတယ် ၊ ငရဲ ဆိုတာ  အပါယ်လေးပါးမှာ တပါး အပါအ၀င်ဖြစ်ပါတယ် ။ အဲဒီလို သူတပါးရဲ့ များမျက်ခုံးမွေး ပေါ်တွင် စင်္ကြံလျှောက်လိုပြီး ကောင်းတဲ့အရာ လုပ်ဖို့တွေမှာတော့ လူပါးဝ အပါးလယ်သူတွေဟာ အပါယ်လားပြီး ငရဲ သွားရတယ်လို့  ကောက်ချက်ချရပါလိမ့်မယ်။

                               အမျိုး အမည်ကွဲပြား   ..ငရဲ များ

          တကယ်တော့ ငရဲ ဆိုတဲ့ စကားလုံးဟာ မြန်မာစကားအားဖြင့်မူ င နှင့် ရဲ ပေါင်းထားတဲ့ နှစ်လုံးသေား စကားလေးမျှ သာပါပဲ ။ သို့သော်လည်း ဒီငရဲ ဘုံကို ကျစေနိုင်တဲ့ မကောင်းမှု့ ၊အကိုသိုလ် ဒုစရိုက် ကွဲပြား ခြားနားသည်နှင့် အမျှ ဆိုးကျိုးခံစားရတာကလဲ ကွဲပြား လေတဲ့အခါ၊ ဒုစရိုက်သမား လူယုတ်မာ များစွာ အတွက် လားရောက်ရာ ငရဲ ဆိုတာလဲ အမျိုးအမည်အားဖြင့် များစွာကွဲပြားသွားပါတော့တယ် ။

          တံလျှပ်ကိုရေထင် ရွှေသမင် အလိုက်မှား ဆိုတာလို မကောင်းတာ ကိုမှ အကောင်းထင်ပြီး လျှင်  မဟုတ်တာကိုမှ အဟုတ်ထင် လုပ်ချင်သည့် ဒုစရိုက်ကောင် ငမိုက်သားတို့မှာလဲ  ငရဲ လားသည့်အခါ မိမိပြုခဲ့သည့် အကုသိုလ်အမှု့ အကြီးအသေးအလိုက် ထိုက်ထိုက်တန်တန် ခံရပါတော့တယ်၊ ဥပမာအားဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးက ကျင့်သုံးလျှက်ရှိသော ပြစ်မှု့ဆိုင်ရာ ဥပဒေများမှာလဲ  ပြစ်မှု့ကျူးလွန်သူများကို အပြစ်ပေးရာတွင် အပြစ်ကျူးလွန်သူ၏ အမှု့ အကြီး အသေးအပေါ် မူတည်ပြီး ပုဒ်မတပ် အပြစ်ပေး အရေးယူ ပြစ်ဒဏ်ပေးခံရသလို ဖြစ်ပါတယ် ။ ပြစ်မှု့ ကြီးလွန်းရင်လဲ သေဒဏ်ပေး ကြသလို  အကုသိုလ်အပြစ် ဒုစရိုက် အင်အား ကြီးမားလွန်းတော့လဲ အ၀ိီိစိ  ဆိုတဲ့ ငရဲ မှာပင် ကမ္ဘာအဆက်ဆက် ဒုက္ခ ခံစားရမှာဖြစ်ပါတယ် ။

                                ငရဲ ကြီး..ငယ်          အသွယ်သွယ်

          မဟုတ်တာ အလုပ်များသူတို့ အဟုတ်သွားရမည့် ငရဲ ဘုံဆိုတာဟာလဲ  အကြီးနဲ့ အငယ် နှစ်သွယ် ကွဲပြားပါတယ် ၊ လူသိများတာက ငရဲ ဆိုသည့် စကားလုံးမှာ နှစ်လုံးမျှသာ ဖြစ်ပေမဲ့ ငရဲ ကြီးက (ဂ)ထပ်တောင် ရှိပြီး  ငရဲ  ငယ်က  လေး ထပ် ရှိပါတယ် ။ ငရဲ ငယ်လေးခုကို အရပ်လေးမျှက်နှာဖြင့် မြှောက်ပါက ငရဲ ငယ် ၁၆ ထပ် ရှိလာပြီး ဒါကိုပဲ ငရဲကြီး ရှစ်ထပ်နှင့် ထပ်မံ မြှောက်ပွားပါက ဒုစရိုက်သမားတို့ ခံစားရမဲ့ ငရဲဘုံ အပြားဟာ တစ်ရာကျော်သွား ပါတော့တယ်။

                                         ငရဲ တံခါး   ဖွင့်နေသူများ

          ငရဲ ရောက်နိုင်သည့် အကုသိုလ်ကံတွေအကြောင်းအရာကို လေ့လာကြည့်တဲ့အခါ အများစုသည် သူ့အသက်သတ်ခြင်း စသော ငါးပါးသီလ ကိုယ်ကျင့်တရား ချို့ယွင်းကြလို့ ဖြစ်ပါတယ် ၊ ထို့အပြင် မပြစ်မှားသင့်သော အနန္တော အနန္တ ငါးပါးတို့အား ပြစ်မှား စော်ကားခြင်း ၊ ခင်ပွန်းကြီး ဆယ်ပါးအပေါ်ဝယ် ပြစ်မှားခြင်း စသော အကုသိုလ် ကံတွေကို တွေ့ရပါတယ် ၊ ဒါတွင်မက သိင်္ဂါလောဝါဒသုတ်မှာ ဗုဒ္ဓမြတ်စွာ မိန့်မှာခဲ့သည့် ကျင့်ဝတ်အထွေထွေကို မကျေပွန်ရင်လဲ ငရဲ လားနိုင်တာပါပဲ  ၊ဥပမာအားဖြင့် တာပန ငရဲ ဆိုတာဟာ အဂတိတရား လိုက်စားသူ ၊လင်ယောကျာ်းကို မထီ မဲ့မြင်  အရေးမထား မလေးမစား လုပ် အနိုင်ကျင့်သူ၊ ၀တ္တရား မကျေပွန်သူတို့ရဲ့  လားရောက်ရမည့် ငရဲ တစ်ခု ဖြစ်ပါတယ် ၊

          သို့ဆိုပါလျှင် သူ့အသက်သတ် ခြင်း စသည်ဖြင့် ကိုယ်ကျင့်တရား ပျက်ပြားနေသူတွေ ၊ လင်ဖြစ်ပါလျှက် လင်ဝတ္တရား မကျေ ၊မယားဖြစ်ပါလျှက် မယား ၀တ္တရားမကျေ ၊ သားသမီး ဖြစ်ပါလျှက် သားသမီး ၀တ္တရား ကျေပြွန်အောင် မဆောင်ရွက်သူ စသည့် သူများဟာ ငရဲ တံခါးကို ဖွင့်နေသူများလို့ ဆိုလိုက်ချင်ပါတော့တယ် ။

ငရဲ တခါး... ပိတ်စို့ လား

          ငရဲ ဆိုတာဟာ ချမ်းသာကင်းပြီး အမြဲ ဆင်းရဲ ပူလောင်စွာ ခံစားရတဲ့ နေရာ၊ ဘုံလို့ အကျဉ်းအားဖြင့် နားလည်ခဲ့ပြီးတဲ့ နောက်မှာတော့ ငရဲ လားရောက်ရမှာကို ကြောက်လာမိပါတယ် ၊ အဲဒီ ကြောက်စိတ်နဲ့ အတူ ကပ်ပါလာတာကတော့ ငရဲ မရောက်ချင်ရင် ငရဲ ရောက်စေမဲ့ မကောင်းမှု့ အကုသိုလ် ဒုစရိုက်တွေ မလုပ်မှ  ဖြစ်မယ်ဆိုတာပါပဲ၊ဒီအပြင် ရှောင်အပ်တဲ့ ၀ါရိတ္တသီလ ၊ဆောင်အပ်တဲ့ စာရိတ္တ သီလ လို့ ခေါ်ဆိုရတဲ့ ကိုယ်ကျင့်တရား တွေကိုလဲ မြှင့်တင်ရအုံးမယ် လို့ ကိုယ့်ဘာသာ နားလည်ခဲ့မိပါတယ် ။

          ဒီလိုသာ ကောင်းတာကိုသာ ကြံ ၊ ကောင်းတာတွေသာ ပြော၊ ကောင်းမှု့တွေသာ လုပ်မယ်ဆိုရင်ဖြင့် ၀ဋ်မှာအမြဲ ငရဲမှာအပ  လို့ ငယ်ငယ်ကကြားခဲ့ဖူးသည့် စကားအတိုင်းပင်  ငရဲ မင်းက ကိုယ့်ကို အပပြု ဖယ်ကြဉ် ပါလိမ့်မယ် ၊ ငရဲ ဆိုတာသည် ကိုယ်အတွက် လားရာ မဟုတ်တော့ပဲ ငရဲ တခါးသည်လည်း ပိတ်နေလိမ့်မယ်လို့ တဆက်တည်း တွေးမိ လိုက်ပါတော့တယ် ။

မိဘ ဘိုးဘွား ကန်တော့ ပါစို့

          ကျွနုပ်တို့အတွက်  ပူပင်သောက ဗျာပါဒ ကင်း၍ စိတ်အေးချမ်းသာ ကိုယ်ကျန်းမာစွာ လိုရာဆန္ဒ ပြည့်စုံရအောင် ဆိုရင် ငရဲ လားရောက်ကြောင်း မကောင်းမှု့တွေကို အပပြု ရှောင်ကြဉ် ဖို့ အဓိကကျတယ်လို့ တွေးမိပြီးတဲ့အဆုံးမှာတော့ ဓမ္မမိတ်ဆွေ အားလုံးကိုလဲ ငရဲ လားကြောင်း မကောင်းမှု့တွေ ရှိခဲ့ရင်တောင်မှ ပြေလျှော့ရအောင် ၊ ကုသိုလ်တွေတိုးပွားပြီး မကောင်းဘေးများ ရှောင်ရှားရအောင် အနန္တော အနန္တငါးပါး၊ ခင်ပွန်းကြီးဆယ်ပါးတို့ကို ဒီလိုဝါကျွတ်ချိန်ခါမှာ ကန်တော့ကြပါစို့လို့တိုက်တွန်းလိုက်ချင်တာပါ ။ 

           ဒီလို သက်ရွယ်ကြီးမား မိဘ ဘိုးဘွား ဆရာသမားတွေကို ကန်တော့ခြင်းဟာ မိမိအတွက် ကုသိုလ်တွေ တိုးသလို ဘေးဆိုး ကိုလဲ လုံစေ ၊ အပါယ်ဘေးကိုလဲအထိုက်အလျှောက် တားဆိး ပေးနိုင်တာပါပဲ ၊ဒါကြောင့် ဓမ္မမိတ်ဆွေများ အားလုံးကို ဘေးရန်ကင်းကွာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ ၊ စိုးရိမ်ပူဆွေး ငိုကျွေးခြင်းဘးက လွန်မြောက်နိုင်ပါစေ ဟု ၀ါကျွတ် ဆုမွန်ပြုရင်း   ငရဲ တခါး  ပိတ်ပါစို့လို့  ဆန္ဒပြုလိုက်ရပါတော့တယ် ။



အရှင်နန္ဒ၀ံသ(ရမည်းသင်း) ဇေယျသုခ ဓမ္မရိပ်သာ
 အမာရီလိုမြို့ ၊ တက်ကစက်ပြည်နယ် ၊ အမေရိကန် နိုင်ငံ

Saturday, October 11, 2014

ကံ၏ အမွေခံ


ကံ၏ အမွေခံ 

မြတ်စွာဘုရား လက်ထက်တော်ကာလတုန်းက သာဝတ္တိပြည်မှာ မဟာကာလဆိုတဲ့ သောတာပန် ဥပါသကာ တစ်ယောက်ရှိပါတယ်။ အဲဒီ ဥပါသကာဟာ ဇေတ၀န်ကျောင်းတော်မှာ ဥပုသ်စောင့် ညအိပ်ပြီး တရားနာနေရာက နံနက်စောစောထပြီး ဇေတ၀န်ကျောင်းတိုက် အ၀က ရေကန်မှာ မျက်နှာသစ်ပါတယ်။ အဲဒီအချိန်မှာ သူခိုးလိုက်ဖမ်းကြတဲ့ လူတစ်စုက မဟာကာလရဲ့ အနီးမှာ သူခိုးက ပစ်ချခဲ့တဲ့ ခိုးရာပါ ပစ္စည်းနှင့်တကွ တွေ့ရတဲ့အတွက် သူ့ကို သူခိုးထင်မှတ်ပြီး ၀ိုင်းရိုက်ကြလို့ မဟာကာလ ဥပါသကာဟာ သေဆုံးသွားရရှာပါတယ်။

အဲဒီအခါမှာ ရဟန်းတော်များက မဟာကာဟာ ဥပုသ်စောင့်ပြီး ကျောင်းမှာဘဲညအိပ် တရားနာ နေတဲ့ သူတော်ကောင်း စင်စစ်ဖြစ်ပါလျက် သူခိုးလို့ အစွဲခံရ ပြီး အသတ်ခံရတာဟာ မသင့်လျော်တဲ့ အကြောင်း မြတ်စွာဘုရားကို လျောက်ကြပါတယ်။

မြတ်စွာဘုရားက ပစ္စုပ္ပန် အခြေအနေအရ မသင့်လျော်သော်လဲ သူ၏ ရှေးကံအရဆိုလျင်တော့ သင့်လျော်တဲ့ အကြောင်း မိန့်တော်မူပါတယ်။

သင့်လျော်ပုံကတော့ ဒီလိုတဲ့၊

မဟာကာလဟာ တစ်ခုသော ဘ၀တုန်းက လမ်းဓားပြတွေပေါများတဲ့ တောတစ်ခု၏ အ၀မှာ တောစခန်းစောင့် အရာရှိဖြစ်ခဲ့တယ်။ အဲဒီ တောစခန်း ဖြတ်သန်းသွားလိုတဲ့ ခရီးသည်တွေကို တဖက်မှ တဖက်အရောက် ဘေးရန်ကင်းအောင် သူက စောင့်ရှောက်ပြီး ပို့ဆောင်ပေးရတယ်။ တစ်နေ့သောအခါမှာ လူတစ်ယောက်ဟာ ရုပ်ရည်အဆင်းလှပတဲ့ ဇနီးနဲ့တကွ လှည်းယာဉ် ကလေးစီးပြီး အဲဒီတော့ စခန်းကို ရောက်လာတယ်။

တောစခန်းစောင့်က အဲဒီလူရဲ့ ဇနီးချောကလေးကို လိုချင်တာနဲ့ သူ့အိမ်မှာ တညအိပ်စေပြီးတော့ နောက်တစ်ရက် ခရီးထွက်တဲ့အခါမှာ ပတ္တမြားပျောက်တယ်၊ မသင်္ကာဘူးဆိုပြီး အဲဒီလှည်းကို ရှာဖွေစစ်ဆေးတယ်။ စောစောက သူ့ဟာသူထည့်ထားတဲ့ ပတ္တမြားကို တွေ့ရတဲ့အခါမှာ သူက အဲဒီခရီးသည်ကို ပတ္တမြားသူခိုးလို့ စွဲချက်တင်ပြီး သတ်ခဲ့တယ်။

အဲဒီ မကောင်းမှုကံကြောင့် မဟာကာလ အလောင်း တောစခန်းစောင့်ဟာ အဲဒီဘ၀က သေတဲ့အခါ အ၀ီစိငရဲမှာ ကျရောက်ပြီး ရှည်မြင့်စွာသော ကာလပတ်လုံး ငရဲဒုက္ခတွေကို အကြီးအကျယ် ခံစားခဲ့ရတယ်။ ငရဲမှ လွတ်ပြန်တော့လဲ အဲဒီ ကံကြွင်းကြောင့် ဘ၀တစ်ရာတိုင်တိုင် ဒီပုံဒီနည်းဖြင့် သူခိုးလို့ အစွဲခံရပြီး အသတ်ခံခဲ့ရတယ်။

ဒါကြောင့် ရှေးဘ၀က ရက်ရက်စက်စက်ပြုခဲ့တဲ့ သူ့မကောင်းမှုကံအရ ဆိုလျှင်တော့ သူခိုးထင်ပြီး မဟာကာလ အသတ်ခံရတာဟာ သင့်လျော် ထိုက်တန်လှပါတယ်လို့ မြတ်စွာဘုရားက ရှင်းလင်း ဟောကြားတော်မူပါတယ်။

အပြစ်မရှိဘဲ ခံရတယ်လို့ ထင်ရသူအတွက် သူကံနဲ့သူဘဲလို့ နှလုံးသွင်းသင့်တယ်လို့ သက်သေ သာဓက တစ်ခုပါပဲ၊

နောက်ပြီး အားလုံး ကံတရားအတိုင်းဘဲလို့ နှလုံးသွင်းနေတဲ့အတွက် မရနိုင်တဲ့ အခွင့်အရေး မျှော်လင့်တောင့်တ ခြင်းလဲ ကင်းမယ်။ အဆင်မပြေတာရှိရင်လဲ ကံတရားအတိုင်း ဘဲလို ဆင်ခြင်ပြီး စိတ်သက်သာရမယ်။ နောက်ပြီး နတ်သိကြား၊ ဘိုးတော်မယ်တော်၊ ဂိုဏ်းဆရာ စသော သူတစ်ပါးကို အားမကိုးဘဲ ကြီးပွားချမ်းသာရန် နည်းလမ်းမှန်ဖြစ်တဲ့ အလုပ်အကိုင်ကိုသာ အားကိုးပြီးတော့လဲ လုပ်ကိုင်မယ်၊ ဒီလို လုပ်ကိုင်တဲ့အတွက် မျက်မှောက်မှာလဲ စီးပွားဥစ္စာတွေကို ရသွားနိုင်ပါတယ်။ ဒါကြောင့် မြတ်စွာဘုရားက အဘိဏှသုတ်မှာ မြတ်စွာဘုရားက ကိုယ်ကိုယ်ကိုလဲ ဒီနည်းအတိုင်း ဆင်ခြင်ဖို့ ညွန်ကြားတော်မူခဲ့ပါတယ်။

ငါ့မှာ ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိတယ်၊ ကံ၏ အမွေခံဖြစ်တယ်၊ ကံသာလျင် ချမ်းသာဖို့ ဆင်းရဲဖို့ အကြောင်းရှိတယ်၊ ကံသာလျှင် ဆွေမျိုးအစစ်ရှိတယ်၊ ကံသာလျှင် အားကိုးရာရှိတယ်၊ ကောင်းမှုကံကို ပြုလျှင် ကောင်းကျိုး အမွေကိုခံစံရမယ်၊ မကောင်းမှုကံကိုပြုလျှင် မကောင်းကျိုး အမွေဆိုးကို ခံစားရမယ်လို့ အဖန်တလဲလဲ ဆင်ခြင်ပါတဲ့။

ညခင်း
တရားအစစ်-အမှန်ချစ်-နှစ်ခြိုက်ကျင့်သုံးနိုင်ပါစေ။


Friday, October 10, 2014

ဘုရားထက် သာသူများ


 ဘုရားထက် သာသူများ 

ဘုရားထက်သာတယ်
ယခုခေတ်သည် တရားအားထုတ်သူ ပေါများသော ခေတ်ဖြစ်၏။ အမြို့မြို့ အရွာရွာမှာ တရားအားထုတ်သူများ မှာ အနည်းအများဆိုသလို ရှိကြကုန်၏။ တရားဟောရာတွင်တောင် ၀ိပဿနာဟောမှ အများကြိုက်ကို ဖြစ်လာ၏။ ယင်းသို့ ၀ိပဿနာတရား နာကြားအားထုတ်သူများ ပေါများလာ၍ တစ်ဖက်ကကြည့်လျှင် အားရ၀မ်းသာ စရာပင် ဖြစ်၏။ တစ်ဖက်ကကြည့်လျှင် အားမရစရာ ၀မ်းမသာစရာတွေ များစွာတွေ့နေရ၏။

မှန်၏။ တရားအားထုတ်ခြင်းသည် အစွဲဒိဋ္ဌိပြုတ်အောင် အားထုတ်ခြင်းဖြစ်၏။ တစ်ချို့မှာ တရားအားထုတ် ပြီးမှ အစွဲအလမ်း ပို၍ပင် ကြီးနေသည်ကို တွေ့ရ၏။ အထူးသဖြင့် ပုဂ္ဂိုလ်စွဲ၊ တရားစွဲတွေ ဖြစ်လာ၏။ ပုဂ္ဂိုလ်စွဲ တွေ ထားပါဦး။ တရားစွဲမှာ ဖြစ်ရန်မသင့်ပေ။ အဘယ်ကြောင့် ဆိုသော် ဟောသမျှ၊ ပြသမျှ တရားတွေမှာ ဘယ်သူပဲ ဟောဟော၊ ပြပြ ဘုရားရှင်၏ တရားတွေကိုချည်း ဟောကြ၊ ပြကြရသောကြောင့် ဖြစ်၏။

ယင်းသို့ ဘုရားရှင်၏ တရားတော်တွေကိုချည်း ဟောကြ၊ ပြကြရာ၌ ဘုရားရှင်၏ အာဘော်ကျသူနှင့် မကျသူဟူ၍ နှစ်မျိုးနှစ်စား ရှိသည်။ ယင်းကိုတော့ သာမန် သူလိုကိုယ်လို ယောဂီများ သိဖို့မလွယ်ကူ။ သို့မလွယ်ကူဘဲ `တို့နည်းမှ နည်းကောင်း၊ တို့ဆရာမှ ဆရာကောင်း´ ဟု စွဲထားလျှင် ဘယ်သူနစ်နာမည်နည်း။

တစ်ခါက မိမိသည် တောရတစ်ခုတွင် နေ၏။ မိမိနှင့်အတူ သီတင်းသုံးဖော် နှစ်ပါးရှိ၏။ မိမိပါဆိုလျှင် သုံးပါးရှိ၏။ ဥပုသ်နေ့တွင် မိမိနှင့်တစ်ပါးမှာ တရားဟော၏။ သူက မနက်ဟောလျှင် မိမိက နေ့လယ်တွင် ဟော၏။ သူက နေ့လယ်ဟောလျှင် မိမိက နံနက် ဟော၏။ ပရိသတ်မှာ ရံခါ မိမိအား၊ ရံခါ သူ့အား သင့်သလို မေးလျှောက်စရာရှိလျှင် မေးလျှောက်လေ၏။ တစ်နေ့ ဒကာမကြီးတစ်စု သူ့ထံသို့ ချဉ်းကပ်လျှောက်မေး၏။

`အရှင်ဘုရား၊ (သူ)က ညည်းတို့ တရားအားထုတ်တာ ဘာဖြစ်ပြီလဲ၊ ငါတော့ `ဝေဒနာကုန်ပြီ´ လို့ ပြောတယ်ဘုရား။ အဲဒါ သူက ညည်းတို့ဘုန်းကြီး လျှောက်ကြည့်စမ်းပါ၊ ဝေဒနာကုန်လျှင် ဘယ်အဆင့် ရောက်တယ်ဆိုတာ၊ ညည်းတို့ဘုန်းကြီး သိပါတယ်လို့ တို့ဆရာတော်က ပြောတယ်လို့ ပြောတယ်ဘုရား၊ ဝေဒနာကုန်တော့ ဘယ်အဆင့် ရောက်သွားပြီလဲဘုရား´

`ဒကာမကြီး၊ အဲဒီ ဒကာမကြီးကို ပြောလိုက်၊ ဝေဒနာကုန်လျှင် `ဘုရားထက် သာတယ်´လို့´ ထိုအရှင်သည် ကာယိကဒုက္ခ ဝေဒနာကုန်မှုကို ရည်ရွယ်ပြောလိုက်ခြင်း ဖြစ်၏။ မေးခိုင်းသည့်  ယောဂီ ကုန်တယ်ပြောတဲ့ ဝေဒနာမှာလည်း ကာယိကဒုက္ခဝေဒနာပင် ဖြစ်၏။ ကာယိက ဒုက္ခဝေဒနာမှာလည်း ဘုရားမှာပင် မကုန်သေး။ ယောဂီက ကုန်ပြီပြော၍ ဘုရားထက် သာတယ်ဟု ပြောခြင်းဖြစ်၏။ ဒကာမကြီးများ မှာ သဘောကျလွန်းလို့ ခွက်ထိုးခွက်လှန် ရယ်မောကြတော့၏။ အားရပါးရ ရယ်မောကြတော့၏။ ရယ်မောပြီး တဖန် ပြန်လျှောက်ပြန်၏။´


`အရှင်ဘုရား၊ ဝေဒနာကုန်လျှင် ဘုရားထက်သာတယ်ဆိုတာ အမှန်ပဲလားဘုရား´
`ခက်နေပါပြီ ဒကာမကြီးကလည်း၊ တကယ်ဝေဒနာကုန်လျှင် တကယ်ဘုရားထက် သာတာပေါ့။´
`ဒါဖြင့် တပည့်တော် (သူ့)ကို ဒီအတိုင်း ပြန်ပြောလိုက်မယ်ဘုရား´
`ဒီအတိုင်းပြောရုံပဲရှိတာပေါ့၊ ရှင်းပြလည်း ဒကာမကြီးက အကုန်ပြန်ရှင်းနိုင်တာမှ မဟုတ်တာဘဲ´
`နည်းနည်းလောက် ရှင်းပြပါဦးဘုရား၊ မှတ်မိသလောက် ပြန်ပြောတာပေါ့၊ တပည့်တော်တို့လည်း မှတ်ထားရတာပေါ့´
`ကဲ ဒါဖြင့် နားထောင်´

`အခါတစ်ပါး ဘုရားရှင်သည် ဘဂ္ဂတိုင်း သုသုမာရဂိရမြို့ငယ်၊ သားရဲတို့အား ဘေးမဲ့ပေးရာ ဘေသကဠ တော၌ နေတော်မူ၏။ ထိုအခါ နကုလပိတာ သူကြွယ်သည် ဘုရားရှင်ထံ ချဉ်းကပ်ရှိခိုးပြီး လျှောက်ထား၏။
`အရှင်ဘုရား၊ အကျွန်ုပ်သည် အသက်အရွယ် ကြီးပြင်းအိုမင်းပါပြီ၊ အရွယ်သုံးပါးတွင် နောက်ဆုံး အရွယ် သို့ ရောက်ပါပြီ၊ နာကျင်သော ကိုယ်ရှိပါ၏။ မပြတ်နာကျင်၍ နေပါ၏´
`အရှင်ဘုရား၊ အကျွန်ုပ်သည် မြတ်စွာဘုရားကိုလည်းကောင်း၊ စိတ်နှလုံးကို ပွားစေတတ်သော ရဟန်း တော်တို့ကိုလည်းကောင်း အမြဲမပြတ် မဖူးမြင်နိုင်တော့ပါ။´

`အရှင်ဘုရား၊ မြတ်စွာဘုရားသည် ဆုံးမတော်မူပါ၊ ကံမြစ်တော်မူပါ၊ ယင်းအဆုံးအမတော်သည် အကျွန်ုပ်အား ကြာမြင့်စွာသော ကာလပတ်လုံး စီးပွားချမ်းသာ အလို့ငှါ ဖြစ်ပါ၏။´
`သူကြွယ်၊ ဤစကားသည် မှန်၏။ ဟုတ်၏။ သူကြွယ်၊ ဤကိုယ်သည် နာကျင်သည်သာတည်း၊ ဥကဲ့သို့ဖြစ်၏။ အရေပါးတို့ဖြင့် မြှေးယှက်ထားအပ်၏။´
`သူကြွယ်၊ တစ်ဦးတစ်ယောက်သည် ဤကိုယ်ကို ရွက်ဆောင်နေရလျက် တစ်ခဏမျှသော်လည်း အနာကင်းခြင်းကို ၀န်ခံပါလျှင် ထိုသူအား မိုက်သည့်အဖြစ်မှတစ်ပါး အခြားမရှိတော့ချေ´
`သူကြွယ်၊ ထို့ကြောင့် ဤအရာဝယ် `ငါသည် နာကျင်သော ကိုယ်ရှိသူဖြစ်လျက် ငါ၏ စိတ်သည် နာကျင်မှုကင်းသည် ဖြစ်လတ္တံ့´ ဟု ဤသို့ သင်ကျင့်အပ်၏´

`ကဲ… အဲဒီမှာ ဘုရားက ဘယ်လိုဟောထားလဲ၊ ဒီကိုယ်ဟာ နာကျင်သည်သာ ဖြစ်၏။ ဥကဲ့သို့ဖြစ်၏တဲ့၊ ဥဆိုတာ ဘာနဲ့ထိထိ သူပဲနာတယ်၊ ကွဲတယ်၊ ဒီကိုယ်ဟာ အရေပါးနှင့် အမြှေးယှက်ထား၍လည်း ဘာနဲ့ထိထိ သူပဲနာတယ်၊ ဒီကိုယ်ရှိနေလျက် `တစ်ခဏမျှသော်လည်း အနာကင်းပါတယ်´ ဆိုလျှင် လူမိုက်တဲ့၊ ဒါကြောင့် `ကိုယ်ကတော့ နာကျင်ချင် နာကျင်ပစေ၊ စိတ်မနာအောင် ကျင့်တဲ့´ ကိုယ်နာတာ သည်းခံပြီးကျင့်တဲ့။´

`ပြီးတော့ ဘုရားရှင် ဇီဝက၏ သရက်ဥယျာဉ်ဝယ် နေတော်မူသောအခါ ဒေ၀ဒတ် ကျောက်ဖြင့် ပစ်ချခြင်းကြောင့် ခြေမတော်ဝယ် သွေးစိမ်းတည်၍ အနာယဉ်းတယ်၊ ဇီဝကက ဓားဖြင့်ခွဲ၍ ဆေးလိမ်းကျပ်စည်း ပြီး ကုသတယ်၊ ဇီဝကက `ကိုယ်တော် ပူပန်ခြင်း ဖြစ်သလော´ ဟု လျှောက်သော် ကိုယ်တော်ပူပန်သော်လည်း စိတ်ပူပန်ခြင်း မရှိကြောင်း မိန့်တယ်။´
`သံသရာခရီးကို သွားရောက်ပြီး ဖြစ်ထသော၊ စိုးရိမ်ခြင်းမှ ကင်းထသော၊ ခန္ဓာစသော ခပ်သိမ်းသော တရားတို့၌ ကင်းလွတ်ထသော၊ ခပ်သိမ်းသော ဂန္ထလေးပါးကို ပယ်ပြီးထသော ပုဂ္ဂိုလ်အား စိတ်ပူပန်ခြင်းသည် မရှိ။´ (အရဟန္တ၀ဂ်၊ ဓမ္မပဒ)

`ပြီးတော့ သံကိစ္စသာမဏေကို ခိုးသူကြီးက သတ်တော့ မျက်နှာကြည်လင်ပြီး ကြောက်ထိတ်လန့်ခြင်း မရှိတော့ အံ့သြပြီး သာမဏေကို မေးတယ်။
`သာမဏေ၊ ဤသို့သဘောရှိသော ကြောက်မက်ဖွယ်ရေး သေဘေး၌ သင့်အား ကြောက်ခြင်းမရှိ၊ ပိုလွန်၍ ရှေးကထက် ကြည်လင်လှပလာ၏၊ သာမဏေ သင်သည် ဘယ့်ကြောင့် မငိုသနည်း´
`ဂါမဏိ ခိုးသူကြီး၊ ကိုယ်ကို ငဲ့ကွက်ခြင်း မရှိသော၊ အာသဝေါကုန်ပြီးသော ပုဂ္ဂိုလ်အား စိတ်ဆင်းရဲခြင်း စေတသိကဒုက္ခ မရှိ၊ သံယောဇဉ်ကုန်ပြီးသော ပုဂ္ဂိုလ်အား စင်စစ် ကြောက်မက်ဖွယ်ရေး ဘေးအားလုံးကုန်ပြီ´ (သဟဿဝဂ်၊ ဓမ္မပဒ)

`ဘုရားဟောထားတာ နောက်အများကြီး ရှိသေးတယ်၊ တော်ပြီ ဒီလောက်ပဲ၊ ကဲ… ဒကာမကြီး ပြန်ပြောတတ်ပါ့မလား´
`ဘယ် အကုန်ပြောတတ်မလဲဘုရား´
`ဒါဖြင့် ဒီလိုပြောလိုက်၊ ဘုရားရဟန္တာများတောင်မှ စိတ်နာကျင်မှု စေတသိက ဒုက္ခဝေဒနာသာ ကုန်၍ ကိုယ်နာကျင်မှု ကာယိကဒုက္ခဝေဒနာ ရှိသေးတယ်၊ ဘုရားရဟန္တာများ တောင်မှ မကုန်တဲ့ ဝေဒနာကုန်လို့ `ဘုရားထက်သာတယ်´ လို့ ပြောလိုက်´
ဒကာမကြီးများမှာ ရယ်ကာမောကာနှင့် ရှိခိုးဦးချ၍ `ပြောလိုက်ပါ့မယ်ဘုရား´ဟု ပြောရင်း ပြန်ကြလေတော့၏။


• ဗုဒ္ဓတရား ရှုပွားများ လွဲမှားအယူ ကင်းစေသော်။
ဓမ္မဒူတ အရှင်ပညာဇောတ
(ဗုဒ္ဓဓမ္မပြဿနာပေါင်းချုပ် ၊ ပထမတွဲမှ ကူးယူဖော်ပြသည်။)

Thursday, October 9, 2014

သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့)

သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့)

…ဆီမီးရယ်ထိန်   ၊ အိုင်မင်းရေကြည်က .. ၊
…ကြာငါးမည် ငုံအာစွင့်တယ်..  ၊  ဖူးပွင့်ချိန်ခါ ..   ။
…အဿဝဏီ ယှဉ်ကာချဉ်းပါလို့ ..  ၊ လင်းလာတဲ့ ငွေတာရိန်ရယ်.. ၊
…ပြာမှိန်လျက် မြူချေဆိုင်း .. ။
…ဂါရဝေ  ၊ သဒ္ဒါခြွေ ကန်တော့ပွဲကိုလ .. ၊
…မစဲပေါင် ကုသိုလ်နှိုးကြတယ် .. ၊ မျိုးမြန်မာတိုင်း ………… ။

သီတင်းကျွတ်လသည် မြန်မာတို့ ၏ ၁၂ လရာသီတွင် သတ္တမမြောက်လဖြစ်ပြီး ၀ါတွင်းကာလ၏ နောက်ဆုံးလဖြစ်ပါသည် ။  ရာသီခွင်မှာ တူရာသီ ဖြစ်ပြီး အဿဝတီ ကြယ်နှင့် လမင်းတို စန်းယှဉ်ကာ မွန်းတည့်ကြသည် ။ ရာသီပန်းမှာ ကြာဖြူပန်း ( Nymphaea  Lotus ) ဖြစ်ပါသည် ။

သီတင်းကျွတ်လကို ရှေးမြန်မာကျောက်စာများ၌ `သန္တူလ´ ဟုရေးထိုးကြသည် ။  ချိန်ခွင်ပုံ ကြယ်တာရာ နက္ခတ်တို့  စုဝေးသော မိုးကာလဟု လည်းကောင်း ၊ တောင်သူလယ်သမားတို့ စိုက်ပျိုးထားသောစပါးပင်များ သန်စွမ်းစွာထောင်မတ်သောလ ဟု လည်းကောင်း  ပညာရှိများ ဖွင့်ဆိုကြပါသည် ။

မြန်မာတို့ သည် စိတ်ရင်းရိုးသားတည်ကြည်ကြသူများ ဖြစ်သည်နှင့်အညီ စစ်မှန်သော ထေရ၀ါဒ ဗုဒ္ဓသာသနာတော်ကို ပုဂံခေတ် အနော်ရထာမင်းတရား နှင့် ရှင်အရဟံတို့၏ ကျေးဇူးတရားကြောင့် ဆည်းကပ်ကိုးကွယ်ခွင့် ရကြပြန်သောအခါ ဗုဒ္ဓမြတ်စွာ ၏ အဆုံးအမ တရားတော်များနှင့်လိုက်လျောညီထွေစွာ အေးချမ်းပျော်ရွှင်ဖွယ်ကောင်းသော လူနေမှု ဘ၀များဖြင့် လောကဓံတရားများကို ရင်ဆိုင်ကျော်လွှားနိုင်သော ၊ ရောင့်ရဲတင်းတိမ်တတ်သော စိတ်နှလုံးကို ခေတ်အဆက်ဆက် ပိုင်ဆိုင်ခဲ့ကြသူများဖြစ်သည် ။

ဤစိတ်ဓာတ်များ အရင်းခံဖြင့် ၁၂ လရာသီရှိသည့် အနက် လပြည့်လကွယ် နေ့ တိုင်းတွင် ရတနာ သုံးပါးအား ရည်စူး၍ အလှူအတန်းများ ၊ ကောင်းမှု ကုသိုလ်များ ပြုလုပ်လေ့ရှိကြသည် ။ သီတင်းကျွတ် မီးထွန်းပွဲတော်သည် မြန်မာတို့ ၏ ၁၂ ရာသီ ပွဲတော်များတွင် ထင်ရှားသောပွဲတော် တစ်ခုဖြစ်ပြီး ပွဲတော်စတင်ကျင်းပခဲ့သည် အစဉ်အလာမှာ ဘုရားရှင် သက်တော်ထင်ရှား ရှိခဲ့စဉ် အခါကပင် ဖြစ်ပါသည် ။

ဗုဒ္ဓမြတ်စွာဘုရားရှင်သည် သတ္တမမြောက်ဝါကို တာဝတိံသာ နတ်ပြည်၌ ၀ါကပ်တော်မူပြီး မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿီတ နတ်သားအား အမှုးပြု၍ စကြ၀ဠာနေရာ အနှံ့ မှ နတ်ဗြဟ္မာ အပေါင်းတို့ အား အဘိဓမ္မာ တရားတော်မြတ်ကို ဟောကြားတော်မူသည်။ သီတင်းကျွတ်လပြည့်နေ့ ရောက်သောအခါ ဘုရားရှင်သည် နတ်ဗြဟ္မာ အပေါင်းခြံရံကာ  ရွှေစောင်းတန်း ၊ ငွေစောင်းတန်း ၊ ပတ္တမြားစောင်းတန်း  များဖြင့် စီချယ် အပ်သော ရတနာ စောင်းတန်းဖြင့် လူ့ ပြည်ဖြစ်သော သင်္ကဿနဂိုရ် ပြည်သို့ ပြန်လည်ဆင်းသက်ကြွမြန်းတော်မူသည် ။

ထိုအခါ သမယတွင် ပြည်သူပြည်သားအပေါင်းတို့ က မီးရှူး မီးတိုင်များ ၊မီးပန်းများ၊ ဆီမီးများ ၊ဆွမ်းပန်းရေချမ်း များဖြင့် ကပ်လှူပူဇော်ကြသည်။ တာဝတိံသာနတ်ပြည်ရှိ စူဠာမဏိ စေတီတော်ကိုလည်း ပူဇော်သည့် အထိမ်းအမှတ်ဖြင့် မီးပုံးများပြုလုပ်၍ ကောင်းကင်သို့ လွှတ်တင် ပူဇော်ကြသည်။ ထိုကဲ့သို့ ပူဇော်ကြသည်ကို အကြောင်းပြုကာ ယနေ့ ခေတ်အခါတိုင်အောင် မြန်မာတစ်နိုင်ငံလုံး၌ နှစ်စဉ်ကျင်းပပြုလုပ်မြဲ ဖြစ်သည် ။

ဗုဒ္ဓ ၏ အဆုံးအမ၌ တည်ကြသော မြန်မာတို့ သည်အသက်ဂုဏ်ဝါကြီးသူ ၊ မြင့်မြတ်သူတို့ အပေါ်တွင် ငယ်သူ ၊နိမ့်ကျ သူတို့ က ရိုသေလေးစား၍ ပူဇော် ကန်တော့လေ့ရှိကြသည့်အတိုင်း ၀ါကျွတ်သော အချိန် ဤထူးမြတ်သော အခါသမယတွင် တတ်နိုင်သမျှ ပူဇော် သက္ကာရတို့ ဖြင့် သက်ကြီးဝါကြီးများ ၊ မိဘဆရာများကို ပူဇော်ကန်တော့ကြ၏ ။

ထို့ အပြင် ဤအချိန်ကာလသည် မြန်မာတို့ ၏ တစ်ဦးကိုတစ်ဦး ရိုသေလေးစားတတ်သောသဘော ၊မာန်မာနကို နှိမ့်ချတတ်သော သဘော ၊ အပြန်အလှန် မေတ္တာစေတနာထားတတ်သောသဘော စသည့် အမျိုးကောင်း သားသမီးတို့၏ ယဉ်ကျေးသိမ်မွေ့သော စိတ်နေစရိုက်ကို ဖော်ကျူး ပြသနေသော အမျိုးဂုဏ်ကို မြှင့်တင်ပေးနေသည့် ရိုးရာ အစဉ်အလာ အချိန်အခါ ဖြစ်သည်နှင့်အညီ ကျွန်တော်၏ အစ်ကို၊အစ်မ များ ညီငယ် ညီမငယ်များအားလုံးတို့ သည်လည်း .. `ကောင်းသောအကြံ ၊မှန်သောအကျင့် ၊သင့်သောအယူ ၊ဖြူသောနှလုံး ´ တို့ ဖြင့် သီတင်းကျွတ်လ မီထွန်းပွဲတော်ကို ပျော်ရွှင်စွာ ပါဝင်ဆင်နွဲ နိုင်ကြပါစေ..ဟု  ဆုတောင်းဆန္ဒပြုလိုက်ပါသည်..။


သူရိယ