Wednesday, October 8, 2014

သီတင်းကျွတ်လ အကြောင်း


သီတင်းကျွတ်လ အကြောင်း

သီတင်းကျွတ်လ သည် မြန်မာတို့ ၏ ၁၂ လရာသီတွင် သတ္တမ မြောက်လဖြစ်ပြီး ၀ါတွင်းကာလ၏ နောက်ဆုံးလဖြစ်ပါသည်။ ရာသီခွင်မှာ တူရာသီ ဖြစ်ပြီး အဿဝတီကြယ်နှင့် လမင်းတို့ စန်းယှဉ်ကာ မွန်းတည့်ကြသည်။ ဤရာသီ၏ ပန်းမှာ ကြာဖြူပန်း (Nymphaea Lotus) ဖြစ်ပါသည်။ ယင်းတို့ကိုပင် မနုဿဗေဒ (Athropology) သဘောအရလူ့ယဉ်ကျေးမှုသမိုင်း ကြောင်းတစ်ခု အဖြစ် မြင်နိုင်ကြပါသည်။

သီတင်းကျွတ်လကို ရှေးမြန်မာကျောက်စာများ၌ `သန္တူလ´ ဟုရေးထိုး ကြသည်။ ချိန်ခွင်ပုံ ကြယ်
တာရာ နက္ခတ်တို့  စုဝေးသောမိုးကာလဟုလည်းကောင်း၊ တောင်သူလယ်သမားတို့ စိုက်ပျိုးထား သော စပါးပင်များ သန်စွမ်းစွာထောင်မတ်သောလဟုလည်းကောင်း ပညာရှိများ ဖွင့်ဆိုကြပါသည်။

 မြန်မာတို့သည် စိတ်ရင်းရိုးသားတည်ကြည်ကြသူများ ဖြစ်သည်နှင့်အညီ စစ်မှန်သော ဗုဒ္ဓသာသနာ တော်ကို လွန်ခဲ့သောနှစ်ပေါင်းများစွာကပင် သိက္ခာကာမ၊ ဂန္ထကာရက၊ ပရိယတ္တိဝိသာရဒ၊ လဇ္ဇီပေသလ စသည့်တစ်ဖြာ ဂုဏ်ဝေဖြာသည့် သာသနာပြု ရဟန်းတော်များနှင့် တိုင်းချစ် ပြည်ချစ် မင်းတရားစစ်တို့ကြောင့် သက်ဝင်ယုံကြည်ဆည်းကပ်ကိုးကွယ်ခွင့် ရကြပြန်သောအခါ ဗုဒ္ဓမြတ်စွာ၏ အဆုံးအမတရားတော်များနှင့်လိုက်လျောညီထွေစွာ အေးချမ်းပျော်ရွှင်ဖွယ် ကောင်းသော လူနေမှု ဘ၀များဖြင့် လောကဓံတရားများကို ရင်ဆိုင်ကျော်လွှားနိုင်သော၊ ရောင့်ရဲ တင်းတိမ်တတ်သော စိတ်နှလုံးကို ခေတ်အဆက်ဆက် ပိုင်ဆိုင်ခဲ့ကြသူများဖြစ်ကြသည်။

ဤစိတ်ဓာတ်များ အရင်းခံဖြင့် ၁၂ လရာသီရှိသည့် အနက် လပြည့်လကွယ် နေ့တိုင်းတွင် ရတနာ သုံးပါးအား ရည်စူး၍ အလှူအတန်းများ၊ ကောင်းမှုကုသိုလ်များ ပြုလုပ်လေ့ရှိကြသည်။ သီတင်းကျွတ် မီးထွန်းပွဲတော်သည် မြန်မာတို့၏ ၁၂ ရာသီ ပွဲတော်များတွင် ထင်ရှားသောပွဲတော် တစ်ခုဖြစ်ပြီး ပွဲတော်စတင်ကျင်းပခဲ့သည် အစဉ်အလာမှာ ဘုရားရှင် သက်တော်ထင်ရှား ရှိခဲ့စဉ် အခါကပင် ဖြစ်ပါသည်ဟု ပြောဆိုနိုင်ကောင်းပါသည်။ အဘယ်ကြောင့်ဆိုသော် ယခုကျင်းပသည့် သီတင်းကျွတ်လ မီးထွန်းပွဲတော်အစဉ်အလာများသည် ယင်းမှတစ်ဆင့် ကူးစပ်ဆင့်ပွားလာခြင်း ကြောင့် ဖြစ်ပါသည်။ ယင်းခေတ်အခါနှင့် ယခုခေတ်အခါတို့မတူသော်ငြားလည်း ရည်ရွယ်ချက်များ တူညီနိုင် ကြမည်ပင်။

ဗုဒ္ဓမြတ်စွာဘုရားရှင်သည် သတ္တမမြောက်ဝါကို တာဝတိံသာ နတ်ပြည်၌ ၀ါကပ်တော်မူပြီး မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿီတ နတ်သားအား အမှုးပြု၍ စကြ၀ဠာနေရာ အနှံ့ မှ နတ်ဗြဟ္မာ အပေါင်းတို့ အား အဘိဓမ္မာ တရားတော်မြတ်ကို ဟောကြားတော်မူသည်။ သီတင်းကျွတ် လပြည့် နေ့  ရောက်သောအခါ ဘုရားရှင်သည် နတ်ဗြဟ္မာ အပေါင်းခြံရံကာ ရွှေစောင်းတန်း၊ ငွေစောင်းတန်း၊ ပတ္တမြားစောင်းတန်းများဖြင့် စီချယ်အပ်သော ရတနာစောင်းတန်းဖြင့် လူ့ ပြည်ဖြစ်သော သင်္ကဿနဂိုရ်ပြည်သို့ ပြန်လည်ဆင်းသက်ကြွမြန်းတော်မူသည် ဟု ဗုဒ္ဓဘာသာစာပေ အဋ္ဌကထာ များက ဆိုကြပါသည်။

ထိုအခါ သမယတွင် ပြည်သူပြည်သားအပေါင်းတို့က မီးရှူး မီးတိုင်များ၊ မီးပန်းများ၊ ဆီမီးများ၊ ဆွမ်းပန်းရေချမ်းများဖြင့် ကပ်လှူပူဇော်ကြသည်။ တာဝတိံသာနတ်ပြည်ရှိ စူဠာမဏိ စေတီတော် ကိုလည်း ပူဇော်သည့် အထိမ်းအမှတ်ဖြင့် မီးပုံးများပြုလုပ်၍ ကောင်းကင်သို့ လွှတ်တင် ပူဇော်ကြ သည်။ ထိုကဲ့သို့ ပူဇော်ကြသည်ကို အကြောင်းပြုကာ ယနေ့ ခေတ်အခါတိုင်အောင် မြန်မာတစ်နိုင်ငံ လုံး၌ နှစ်စဉ်ကျင်းပပြုလုပ်မြဲ ဖြစ်သည်ဟု မှတ်သားရပါသည်။

ဗုဒ္ဓ၏ အဆုံးအမ၌ တည်ကြသော မြန်မာတို့ သည်အသက်ဂုဏ်ဝါကြီးသူ၊ မြင့်မြတ်သူတို့ အပေါ်တွင် ငယ်သူ၊ နိမ့်ကျ သူတို့ က ရိုသေလေးစား၍ ပူဇော် ကန်တော့လေ့ရှိကြသည့်အတိုင်း ၀ါကျွတ်သော အချိန် ဤထူးမြတ်သော အခါသမယတွင် တတ်နိုင်သမျှ ပူဇော် သက္ကာရတို့ ဖြင့် သက်ကြီးဝါကြီးများ၊ မိဘဆရာများကို ပူဇော်ကန်တော့ကြသည့် ဓလေ့များကိုလည်း တွေ့မြင်ကြရပါသည်။

ထို့အပြင် ဤအချိန်ကာလသည် မြန်မာတို့ ၏ တစ်ဦးကိုတစ်ဦး ရိုသေလေးစားတတ်သောသဘော၊ မာန်မာနကို နှိမ့်ချတတ်သောသဘော၊ အပြန်အလှန် မေတ္တာစေတနာထားတတ်သောသဘော စသည့် အမျိုးကောင်း သားသမီးတို့၏ ယဉ်ကျေးသိမ်မွေ့သော စိတ်နေစရိုက်ကို ဖော်ကျူးပြသ နေသော အမျိုးဂုဏ်ကို မြှင့်တင်ပေးနေသည့် ရိုးရာအစဉ်အလာ အချိန်အခါ ဖြစ်သည်နှင့်အညီ အစ်ကို၊ အစ်မများ ညီငယ်ညီမငယ်များအားလုံးတို့သည်လည်း လောကသာရ ရခိုင်သူမြတ် ရေးသည့် ဆုံးမစာအတိုင်း `ကောင်းသောအကြံ၊ မှန်သောအကျင့်၊ သင့်သောအယူ၊ ဖြူသောနှလုံး´ တို့ ဖြင့် သီတင်းကျွတ်လ မီထွန်းပွဲတော်ကို ပျော်ရွှင်စွာ ပါဝင်ဆင်နွဲ နိုင်ကြပါစေဟု ဤစာ၏ နိဒါန်းအချီ အနေဖြင့် ဆုတောင်း ဆန္ဒပြုလိုက်ပါသည်။

မြတ်စွာဘုရားရှင် အလောင်းတော်ကို မဟာသက္ကရာဇ် ၆၈ ခု၊ ကဆုန်လပြည့်နေ့ တွင် မိခင်မာယာဒေ၀ီ မှ ဖွားမြင်တော်မူခဲ့ပါသည်။ ဖွားမြင်တော်မူပြီးသည့်နောက် (၁၆)နှစ် အရွယ်မှာ ယသော်ဓရာ နှင့် ထိမ်းမြား လက်ထပ်တော်မူခဲ့ပါသည်။ အသက် (၂၉)နှစ်မှာ သားတော် ရာဟုလာ ကို ဖွားမြင်သော ညမှာပင် ကာမဂုဏ်၏ အပြစ်တို့ကိုတွေ့ပြီး ငြီးငွေ့တော်မူသဖြင့် နန်းစည်စိမ် နှင့်တကွ အားလုံးကို စွန့်လွှတ်ပြီး ဥရုဝေလတော ကို ၀င်ခဲ့ပါသည်။ ဥရုဝေလမှာ ပင်ပန်းဆင်းရဲသော ဒုက္ကရစရိယ အကျင့်ကို ၆နှစ် ကာလပတ်လုံး ကျင့်ခဲ့ပါသည်။

 ဘုရားအလောင်းတော်သည် မဂ်ဉာဏ်ဖိုလ်ဉာဏ်နှင့် သဗ္ဗညုတဉာဏ်တော် အတွက် မည်သို့မျှ အထောက်အကူ မပြုသော ထိုအကျင့်များကို စွန့်လွှတ်ပြီး မဇ္ဈိမပဋိပဒါ ဆိုတဲ့ မဂ္ဂင်ရှစ်ပါး အကျင့်ကို ကိုယ်တော် တိုင် ကျင့်သုံးတော်မူခဲ့ပါသည်။ ထိုမဂ္ဂင်ရှစ်ပါး အကျင့်ဖြင့် ဂေါတမ ဘုရားရှင်သည် မဟာသက္ကရာဇ် (၁၀၃)ခုနှစ်၊ ကဆုန်လပြည့်နေ့ မှာ သမ္မာသမ္ဗုဒ္ဓ ဘုရားအဖြစ်ကို ရောက်ရှိတော် မူခဲ့ပါသည်။ ဘုရားဖြစ်ပြီးနောက်-

(၁)ပလ္လင်္ကသတ္တာဟ။        ။ဘုရားဖြစ်သော ဗောဓိပင်ရင်းနေရာ (ပလ္လင်)ထက်တွင် ကဆုန် လပြည့်ကျော် (၁) ရက်နေ့မှ (၇) ရက်နေ့အထိ ၀ိမုတ္တိသုခ (သံသရာမှ လွတ်မြောက်ခြင်း ချမ်းသာ) ကို ခံစားလျှက် သီတင်းသုံးတော်မူခဲ့ပါသည်။

(၂)အနိမိသ သတ္တာဟ။          ။ဗောဓိပင်၏အနီး အရှေ့မြောက်အရပ် တည့်တည့် (၁၄)လံအကွာ နေရာမှာ ကဆုန်လပြည့် ကျော် (၈)ရက်နေ့မှ (၁၄) ရက်နေ့အထိ (၇)ရက် ထပ်မံ သီတင်းသုံး တော်မူခဲ့ပါသည်။ ငါသည် ပါရမီများ ဖြည့်ခဲ့သောကြောင့် ဤပလ္လင်ထက်မှာ မာရ်(၅)ပါးကို အောင်မြင်ပြီး ဘုရားဖြစ်ခဲ့ပြီ ဟုဆင်ခြင်ကာ ဖြောင့်ဖြောင့်မတ်မတ် ရပ်နေတော်မူကာ အပရာဇိတပလ္လင်ကို မမှိတ်သော မျက်စိဖြင့် (၇)ရက်လုံး ကြည့်ရှု ၀မ်းမြောက်နေတော်မူခဲ့ပါသည်။ (အ= မ။ နိမိသ= မျက်စိမှိတ်သည်။ အနိမိသ= မျက်စိမမှိတ်ပဲ)

(၃)စင်္ကမ သတ္တာဟ။           ။ကဆုန်လကွယ်နေ့မှ နယုန်လဆန်း (၆)ရက်နေ့အထိ(၇)ရက်တွင်
 ဗောဓိပင်ပလ္လင်နဲ့ အနိမိသ သတ္တာဟ အကြား စင်္ကြံလျှောက်တော်မူကာ (၇)ရက် ထပ်မံ သီတင်း သုံးတော်မူခဲ့ပါသည်။ ယင်းနေရာမှာ နတ်တို့က “ရှင်ဂေါတမသည် ဗောဓိပလ္လင်၌ တပ်မက်နေ သေးသည်၊ ဘုရားစင်စစ်မဖြစ်သေး”ဟု ယုံမှားသံသယဖြစ်ကြသည်။ ထိုယုံမှားပျောက်စေရန် ရေအစုံ၊ မီးအစုံ ယမကပြာဋိဟာ ပြတော်မူခဲ့ပါသည်။ စင်္ကြံ ကြွရင်း တရားဆင်ခြင်၊ ဖလသမပတ် ၀င်စားသောကြောင့် စင်္ကမ သတ္တာဟ ဟုခေါ်ပါသည်။

(၄)ရတနာဃရ သတ္တာဟ။          ။ဗောဓိပင်၏ အနောက်မြောက် (၁၀)လံ အကွာတွင် နတ်များ ဖန်ဆင်းပူဇော်သော ရတနာ ရွှေအိမ်ထက်၌ နယုန်လဆန်း (၇) ရက်နေ့မှ (၁၃)ရက်အထိ အဘိဓမ္မာတရားတော်ကို ဆင်ခြင်တော်မူပါသည်။ အဘိဓမ္မာ ရှေးဦး (၆)ကျမ်းကို ဆင်ခြင်ရာတွင် ရောင်ခြည်တော် ကွန့်မြူးခြင်း မရှိသေးပါ။ နောက်ဆုံး ပဋ္ဌာန်းဒေသနာ တော်ကြီးကို ဆင်ခြင် သုံးသပ်တော်မူသော အခါမှသာ ရောင်ခြည်တော် (၆)သွယ် ကွန့်မြူး ထွက်ပေါ်လာခဲ့ပါသည်။

(၅)အဇပါလသတ္တာဟ။         ။ဒီနေရာကို ဆိတ်ကျောင်းသမားတွေ နေတဲ့ ညောင်ပင်လို့ ဆိုပါတယ်။ ဗောဓိပင်ရဲ. အရှေ.ဘက် (၃၂)လံ အကွာမှာ နယုန်လဆန်း (၁၄)ရက်နေ့မှ နယုန် လပြည့်ကျော် (၅)ရက်အထိ (၇)ရက် သီတင်းသုံးတော် မူပါတယ်။ ဒီနေရာမှာပဲ မာရ်နတ်ရဲ. သမီး (၃) ယောက် ဖြစ်တဲ့ (တဏှာ၊ အရတီ၊ ရာဂါ) တို့က ဘုရားရှင်ကို မိန်းမမာယာဖြင့် ဖြားယောင်းဖို့ ကြိုးစားခဲ့ကြပါတယ်။ သို့ပေးမယ့် ဘုရားရှင်က တုန်လှုပ်ခြင်း မရှိခဲ့ပါဘူး။

(၆)မုစလိန္ဒ သတ္တာဟ။        ။ဗောဓိပင်၏ အရှေ.တောင်ဘက် (၁၅)လံ အကွာ၊ မုစလိန္ဒာအိုင် အနီး ကျဉ်းပင်အောက်မှာ နယုန်လပြည့်ကျော် (၆)ရက်နေ့မှ နယုန်လပြည့်ကျော် (၁၂)ရက်နေ့ထိ (၇)ရက် သီတင်းသုံးတော် မူခဲ့ပါသည်။ ထိုနေရာကို သီတင်းသုံးစဉ်မှာ အခါမဲ့ မိုးရွာခဲ့သောကြောင့် မုစလိန္ဒာအိုင် နဂါးမင်းသည် တန်ခိုးနဲ့ လိုတာကို ဖန်ဆင်းနိုင်သော်လည်း သူ၏ပကတိ ကိုယ်တော်နှင့်သာ ပါးပြင်းမိုးပြီး ရာသီဥတုဒဏ်ကနေ ကာကွယ်ပူဇော်ခဲ့ပါသည်။

(၇)ရာဇာယတန သတ္တာဟ။               ။ဗောဓိပင်၏ တောင်ဘက် (၄၀)လံ အကွာ လင်းလွန်းပင် ရင်းမှာ နယုန်လပြည့်ကျော် (၁၃)ရက်မှ ၀ါဆိုလဆန်း (၄)ရက်နေ့ အထိ (၇)ရက် ပတ်လုံး ဖလသမာပတ် ၀င်စားပါတယ်။(၇) ရက်ပြည့်တဲ့နေ့ ဘုရားရှင် အစာအာဟာရမှီဝဲရန် လိုအပ်နေ ချိန်မှာ ရာမညတိုင်း၊ ဥက္ကလာဇနပုဒ်၊ ပေါက္ကရ၀တ္တီဇနပုဒ်မှ ကုန်သည်ညီနောင် တဖုဿ၊ ဘလ္လိက တို့က ဘုရားရှင်ကို မုန့်ကျစ်ဆုပ် ဆပ်ကပ်ခဲ့ပါသည်။

ယင်းကုန်သည်ညီနောင်ကို သံဃာ မရှိသေးသည့်ကာလဖြစ်သည့် အတွက် ဒွေဝါစိက သရဏဂုံ (၂)ပါးကိုသာချီးမြှောက်ခဲ့ပါသည်။ ဆံတော် (၈)ဆူ စွန့်တော်မူပါတယ်။ ယင်းဆံတော်တို့ကို သူတို့၏အရပ်ပြန်ရောက်သောအခါ စေတီထဲမှာ ဌာပနာပြုခဲ့ကြောင်း မှတ်သားရပါသည်။

ဗုဒ္ဓစာပေများအရ မြတ်စွာဘုရားသည် ပထမ၀ါကို မိဂဒါဝုန် မှာ ၀ါကပ်တော်မူပြီး ဒုတိယ၀ါ၊ တတိယ၀ါ၊ စတုတ္ထ၀ါ တို့ကို ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်း၊ ပဉ္စမ၀ါ ကို ဝေသာလီပြည်၊ ဆဋ္ဌမ၀ါ ကို မကုဠတောင် စသော နေရာဌာနများမှာ ၀ါကပ်တော်မူခဲ့ပါသည်။ သတ္တမ၀ါကို တာဝတိံသာ နတ်ပြည်မှာ ၀ါကပ်တော်မူပြီး မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿိတ နတ်သား ကို အမှူးထားကာ တာဝတိံတာ နတ်ပြည်ရှိ ပင်လယ်ကသစ်ပင်ရင်း ပဏ္ဍုကမ္ဗလာ မြကျောက်ဖြာထက်တွင် အဘိဓမ္မာ ဒေသနာတော် ကို ၀ါတွင်းသုံးလပတ်လုံး အသံမစဲ ဟောတော်မူခဲ့ပါသည်။ မယ်တော်မိနတ်၊ ကျေးဇူးဆပ်၊ ဟောလတ်ဘိဓမ္မာ ဟုလည်း ရှေးလူကြီးသူမများ ပြောဆိုရေးသားခဲ့ကြပါသည်။

ဝါဆိုလပြည့်ကျော် (၁) ရက်နေ့မှ သီတင်းကျွတ်လပြည့်နေ့ အထိ ရက်ပေါင်း (၉၀)၊ ၀ါတွင်း (၃) လ - မှာ
၁။ ဓမ္မသင်္ဂဏီကျမ်း ကို (၁၂) ရက်
၂။ ၀ိဘင်းကျမ်း ကို (၁၂) ရက်
၃။ ဓာတုကထာကျမ်း ကို (၆) ရက်
၎။ ပုဂ္ဂလပညတ်ကျမ်း ကို (၇) ရက်
၅။ ကထာဝတ္ထုကျမ်း ကို (၈) ရက်
၆။ ယမိုက်ကျမ်း ကို (၂၀) ရက်
၇။ ပဋ္ဌာန်းကျမ်း ကို (၂၅) ရက်ဟောတော်မူခဲ့ပါတယ်။

အဘိဓမ္မာတရား ဒေသနာတော်ကို နည်း (၃) နည်း ဖြင့် ဟောကြားခဲ့ပါသည်။
(၁) အတိဝိတ္ထာရ ဒေသနာ (အကျယ်နည်း)
ဗုဒ္ဓမြတ်စွာသည် မယ်တော်ကို ကျေးဇူးဆပ်လိုခြင်း၊ မိဘကျေးဇူးကို သတ္တ၀ါတို့နားလည်စေလိုခြင်း၊ အဘိဓမ္မာတရားကို အစအဆုံး တထိုင်တည်း ဟောကြားလိုခြင်း၊ အစ အဆုံး တထိုင်တည်းဟောမှ နာကြားရသော တရားနာသူတို့ အကျိုးထူး ရနိုင်ခြင်း၊ အဘိဓမ္မာဒေသနာတော်၏ ကျယ်ဝန်း နက်နဲမှုကို သိစေလိုခြင်း၊ လူတို့သက်တမ်းနှင့် သုံးလလောက်ဟောမှ ကုန်နိုင်မည့် တရားဖြစ်သည့် အတွက် လူတို့ ဣရိယာပုထ်ဖြင့် ဟောသူရော နာသူပါ မနေနိုင်ခြင်း တို့ကြောင့် အဘိဓမ္မာ အကျယ်နည်းကို တာဝတိံ သာနတ်ပြည်၌ ဟောရခြင်းဖြစ်ပါသည်။

(၂) အတိသင်္ခေပဒေသနာ (အကျဉ်းနည်း)
မြတ်စွာဘုရားသည် လူသားဖြစ်တော်မူသည့်အတွက် ဆွမ်းခံခြင်း ဆွမ်းစားခြင်း ရေချိုးသန့်စင်ခြင်း စသည် ပြုလုပ်ရန် နိမ္မိတရုပ်ပွားတော်ကို အဓိဋ္ဌာန်ဖြင့် ဖန်ဆင်းပြီး လူ့ပြည်သို့ ကြွတော်မူရာတွင် ဟိမ၀န္တာစန္ဒကူးတော၌ နေ့သန့်စင် (အနားယူ) တော်မူပါတယ်။ ထို စန္ဒကူးတောတွင် အရှင်သာရိပုတ္တရာ မထေရ်သည် မြတ်စွာဘုရားအား ၀တ်ကြီးဝတ်ငယ် ပြုစုခစားခိုက် မြတ်စွာဘုရားက ရှင်သာရိပုတ္တရာအား အဘိဓမ္မာ တရားကို အကျဉ်းချုပ်နည်းဖြင့် ဟောတော် မူပါသည်။

(၃) နာတိ ၀ိတ္ထာရ နာတိသင်္ခေပ ဒေသနာ (မကျဉ်းမကျယ်နည်း)
အရှင်သာရိပုတ္တရာက မြတ်စွာဘုရား ဟောခဲ့သည့် အကျဉ်းနည်းကို တပည့် ရဟန်းငါးရာတို့အား မကျဉ်းမကျယ်နည်းဖြင့် ပြန်လည် ဟောတော်မူပါသည်။ နောက်တနေ့တွင် အရှင်သာရိပုတ္တရာက တပည့်ရဟန်း ငါးရာကို ဟောကြားသောအဘိဓမ္မာ ဒေသနာတော်အား မြတ်စွာဘုရား ထံမှောက်၌ ပြန်လည်တင်ပြ အစစ်ဆေးခံရာ မြတ်စွာဘုရားက နားထောင်၍ လက်ခံအတည်ပြု တော်မူခဲ့ ပါသည်။


ဤသို့ဖြင့် အဘိဓမ္မာ ဒေသနာတော်ကြီးသည် ခုနစ်ဝါမြောက်ဖြစ်သော မဟာသက္ကရာဇ် ၁၀၉ ခု ၀ါဆိုလပြည့်ကျော် (၁)ရက် မှ သီတင်းကျွတ်လပြည့်နေ့အထိ (၃)လအတွင်း နည်း(၃)နည်းဖြင့် လူ့ပြည်၊ နတ်ပြည် တပြိုင်တည်း ပေါ်ထွန်းခဲ့ပါသည်။

ဗုဒ္ဓမြတ်စွာဘုရားရှင်သည် အဘိဓမ္မာဒေသနာတော်ကို ဟောကြားပြီး တာဝတိံသာနတ်ပြည်မှ သင်္ကဿနဂိုရ်ပြည်သို့ သီတင်းကျွတ်လပြည့်နေ့တွင် ဆင်းသက်တော်မူခဲ့သဖြင့် ထူးမြတ်သောနေ့ အဖြစ်သတ်မှတ်ကြပါသည်။ ဘုရားရှင် ဆင်းသက်ကြွမြန်းလာသည်ကို ရည်စူးပြီး ဘုရားရှင်အား ပူဇော်သောအားဖြင့် ဆီမီးထွန်းကာ မီးထွန်းပွဲကျင်းပသော အစဉ်အလာသည် ရှေးဘိုးဘေး ဘီဘင်များ လက်ထက်ကပင် ရှိခဲ့ပါသည်။ ထို့အပြင်ဘုရားရှင်သည် မယ်တော်ဖြစ်ခဲ့ဖူးသော နတ်သားကို တာဝတိံသာနတ်ပြည်၌ အဘိဓမ္မာခုနှစ်ကျမ်းကို ဟောကြားတော်မူပြီးနောက် သီတင်းကျွတ် လပြည့်နေ့တွင် လူပြည်သို့ သက်ဆင်းတော်မူသည်ကို အကြောင်းပြုလျှက် ဤနေ့ကို “အဘိဓမ္မာအခါတော်နေ့” ဟု သမုတ်ကာ အဘိဓမ္မာ ရွတ်ဖတ်ပူဇော်ပွဲများလည်း ကျင်းပကြပါသည်။

တစ်နည်းဆိုလျှင် သီတင်းကျွတ်လပြည့်နေ့ကို “ဘုရားဆုပန်နေ့” ဟူ၍လည်း ခေါ်ဆိုနိုင်ပါတယ်။ ဘုရားရှင် တာဝတိံသာမှ ဆင်းသက်တော်မူသောအခါ လကျာင်္ဘက်ရွှေစောင်းတန်းက နတ်ဒေ၀တာများ၊ လက်ဝဲဘက် ငွေစောင်းတန်းက ဗြဟ္မာများခြံရံလိုက်ပါကာ ကိုယ်တော်တိုင် အလယ်က ပတ္တမြားစောင်း တန်းဖြင့် ဆင်းသက်တော်မူပါသည်။ ထိုသို့ နတ်ဗြဟ္မာများခြံရံလိုက်ပါ၍ ဆင်းသက်တော်မူလာသည့် ဘုရားရှင်၏ တုနှိုင်းဖွယ်မရှိ တင့်တယ်ပြည့်စုံသော အသရေ တော်ကို ဖူးမြင်ကြရသောအခါ (၃၆)ယူဇနာ အတွင်းရှိသော ပရိသတ်အားလုံး ဘုရားကိုအားကျ၊ ဘုရားဖြစ်ချင် စိတ်တွေ ပေါ်လာကာ ဘုရားဆုကို တောင်းကြပါသည်။ ထို့အတွက်ကြောင့် “ဘုရားဆုပန်နေ့” ဟုခေါ်ဆိုထိုက်ပါသည်။

သီတင်းကျွတ်လပြည့်နေ့တွင် ၀ါတွင်းသုံးလကုန်ဆုံး ကျွတ်လွတ်သောနေ့ဖြစ်သဖြင့် ၀ါဆိုတော်မူကြ ကုန်သော သံဃာတော် အရှင်မြတ်တို့ လွတ်လွတ်ကျွတ်ကျွတ်သွားလာ သီတင်းသုံးနိုင်သည့် အခွင့်အရေးကို ရရှိကြပါသည်။ ထိုနေ့အထိဝါဆိုကြသည့် သံဃာများသည် အလွန်အကျိုးထူးသော ကထိန်အလှူကို ခံယူထိုက်သော အခွင့်အရေး လည်းရရှိကြပါသည်။

အချုပ်အားဖြင့်ဆိုရသော်
သီတင်းကျွတ်လပြည့်နေ့သည် ရဟန်းတော်များ ၀ါကျွတ်သောနေ့၊ အပြစ်ရှိက ပြောကြားပါရန် အချင်းချင်း ဖိတ်ပန်အမှုပြုကြသော ပ၀ါရဏာနေ့၊ ဘုရားရှင် တာဝတိံသာနတ်ပြည်၌ အဘိဓမ္မာတရားတော်ကို ဟောကြားပြီးမြောက် အောင်မြင်တော်မူသော အဘိဓမ္မာအခါတော်နေ့၊ နတ်ဗြဟ္မာအပေါင်းခြံရံလျက် တာဝတိံသာမှ သင်္ကဿနဂိုလ်ပြည်သို့ ဆင်းသက်တော်မူသောနေ့၊ ထိုသို့ဘုရားရှင် ဆင်းသက် တော်မူသည်ကို ရည်စူးပူဇော်သောအားဖြင့် ဆီးမီးစသည့် ထွန်းညှိ ပူဇော်သောနေ့၊ ဗြဟ္မာနတ် လူ သုံးဘုံသူတို့ ဘုရားရှင်အား အတူတကွ ကြည်ဖြူပူဇော်သောနေ့၊ နတ်လူအများ ဘုရားဆု ပန်သောနေ့ စသော ဂုဏ်ထူးဝိသေသအဖုံဖုံနှင့် ပြည့်စုံသော နေ့ထူးနေ့ မြတ် ပင် ဖြစ်ပါသည်။

ဤကဲ့သို့နေ့ထူး၊ နေ့မြတ်မှာ ဓမ္မမိတ်ဆွေ သူတော်ကောင်းများအားလုံး သတိပဋ္ဌာန် တရားတော်များကို နာယူကျင့်ကြံ အားထုတ်နိုင်ကြသဖြင့် ဒုက္ခခပ်သိမ်းကင်းငြိမ်းရာ အမြိုက် နိဗ္ဗာန်ကို ရနိုင်ကြပါစေဟု ဆုတောင်းပြီး ဤဆောင်းပါးကို နိဂုံးချုပ်လိုက်ရပါသည်။

Credit: အောင်မြင်ဌေး

နာကြည်းစရာသဲသောင်မှာ ကျေးဇူးတရားကျောက်ထွင်းထား


နာကြည်းစရာသဲသောင်မှာ ကျေးဇူးတရားကျောက်ထွင်းထား

ငါးရာ့ငါးဆယ်နိပါတ်တော်လာ သစ္စံကိရဇာတ်၊ ကျေးဇူးကန်းသော မင်းသားယုတ်ဇာတ်နှင့် ကားလိပ်ဖွင့်ချင်ပါသည်။
            ဗာရဏသီပြည်၌ ဗြဟ္မဒတ်မင်းကြီးစိုးစံစဉ် မင်းကြီးတွင် ဒုဋ္ဌကုမာရအမည်ရှိသော မင်းသားတစ်ပါးရှိသည်။ တစ်နေ့သောအခါ မင်းသားသည် အခြံအရံများနှင့် ရေကစားရန် မြစ်သို့ ရောက်ရှိလာသည်။ မြစ်လယ်၌ ရေကစားနေစဉ် မိုးကြီးသဲကြီးမဲကြီးရွာသည်။ ထိုစဉ် အစေအပါး များက မင်းသားအား မြစ်လယ်၌ပစ်ထားပြီး ကမ်းပါးသို့ ကူးပြေးကြလေသည်။

            ထိုအချိန်က ဘုရားအလောင်းရသေ့သည် မြစ်ကွေ့တစ်နေရာတွင် ကျောင်းငယ်လေးဖြင့် တရားအားထုတ်နေသည်။ ရသေ့သည် မင်းသား၏ အော်သံကြားသဖြင့် မြစ်လယ်သို့ ကူးသွားကာ ထင်းတုံး၏ အစွန်းတစ်ဖက်ကို မင်းသားအား ကိုင်စေပြီး ကမ်းစပ်သို့ ဆွဲယူလာသည်။ ထင်းတုံးပေါ်၌ မြွေမ၊ ကြွက်နှင့် ကျေးသားတို့လည်း ပါလာသည်။

            ကျောင်းသို့ရောက်ချိန်တွင် ရသေ့သည် မြွေ၊ ကြွက်၊ ကျေးသားနှင့် မင်းသားတို့အား မီးလှုံစေသည်။ ထို့နောက် မြွေ၊ ကြွက်နှင့် ကျေးသားတို့အား အစာအရင်ကျွေးသည်။ မင်းသားအား နောက်မှ အစာကျွေးလေသည်။ မင်းသားသည် သူ့အား နောက်ဆုံးမှ အစာကျွေးသည်ကို မကျေမနပ်ဖြစ်ကာ မှတ်ထားလေသည်။ မင်းသားသည် ရသေ့အပါ်၌ နာကြည်း၍ နေလေ၏။

            မင်းသားသည် ကျန်းမာလာသောအခါ “အရှင်ဘုရား အကျွန်ုပ် မင်းဖြစ်သောအခါ ကြွလာတော်မူခဲ့ပါ။ ပစ္စည်းလေးပါးတို့ဖြင့် ထောက်ပံ့ကိုးကွယ်ပါမည်” ဟု လျှောက်ထားကာ ကျောင်းမှ ထွက်လာခဲ့လေသည်။
            များမကြာမီ မင်းသားသည် မင်းဖြစ်လေသည်။

            ရသေ့ကြီးလည်း မင်းသား၏စကားအတိုင်း နေပြည်တော်သို့ လာခဲ့သည်။ ထိုစဉ် မြို့တွင်းသို့ ဆင်စီးကာ လှည့်လည်တော်မူသော မင်းနှင့် မြို့တွင်း၌တွေ့လေသည်။ မင်းသည် ရသေ့ကို တွေ့ကာ မှတ်မိပြီး......“ရသေ့ကောက်သည် ငါ့ထံ၌ စားသောက်လို၍ လာချေပြီ။ ငါ့အပေါ် သူပြုဖူးသော ကျေးဇူးတရားကို အခြားသူများအား ပြောမပြမီ ရသေ့ဦးခေါင်းကို ဖြတ်အံ့”” ဟု စိတ်ကူးကာ......
            “ရသေ့အား ခေါင်းဖြတ်သတ်လေ့” ဟု မင်းမှုထမ်းတို့အား အမိန့်ပေးလေသည်။

            မင်းမှုထမ်းတို့က ရသေ့အား ဖမ်းဆီးကာ ရိုက်နှက်ကြသည်။
            ရသေ့သည်.... “မြစ်ရေထဲမှ ထင်းတုံးကို ကယ်တင်ခြင်းသည် မြတ်၏. သူ့ကျေးဇူးကို မသိတတ်သော ယေက်ျားယုတ်ကို ကယ်တင်ခြင်းသည် မမြတ်။ ဤသို့ ပညာရှိများဆိုခဲ့သောစကားသည် မှန်၏” ဟု မြည်တမ်းလေသည်။

            ကြားရသူများက ထူးခြားလှသည်ဆိုကာ အကြောင်းစုံ မေးကြလေသည်။ ရသေ့ကြီးက ဖြစ်ကြောင်းကုန်စင် ပြောပြလေသည်။ ထိုအခါ ပြည်သူများက ကျေးဇူးမသိသောမင်း၊ ကျေးဇူးတရားကို မသိသောမင်း၊ ထိုမင်းလက်အောက်၌ နေရခြင်းဖြင့် ငါတို့အား အဘယ်မှာ အကျိုးစီးပွား ဖြစ်မည်နည်း။ ထိုမင်းအား ဖမ်းကြလော့” ဟု ဆိုပြီးလျှင် မင်းကို ဆင်ပေါ်မှ ဆွဲချသတ်ဖြတ်ကြလေသည်။ ရသေ့ကြီးအား မင်းအဖြစ် တင်မြှောက်ကြလေသည်။
ဇာတ်ပေါင်းသော် ဒုဋ္ဌကုမာရမင်းသည် ဒေ၀ဒတ်လောင်းဖြစ်ပြီး ရသေ့သည် ဂေါတမဗုဒ္ဓမြတ်စွာအလောင်းတော် ဖြစ်လေသည်။

ဤဇာတ်တော်က ဘာကိုပြဆိုသလဲ။
ဒုဋ္ဌကုမာရမင်းသားသည် ရသေ့ကြီးအပေါ် နာကြည်းရာမှ ကလဲ့စားချေသောဇာတ် ဖြစ်ပါသည်။ ကျေးဇူးတရားထက် နာကြည်းစရာကို အသိအမှတ်ပြုမိသော ကျေးဇူးကန်းသည့်ဇာတ် ဖြစ်ပါသည်။

လောကမှာ နာကြည်းစရာများကို ရင်မှာ ပိုက်ထွေးပြီး တွေးနေလျှင် တစိမ့်စိမ့် ဒေါသထွက်နေပေလိမ့်မည်။ ဒေါသဖြစ်ရာမှ စိတ်ဖြင့် ကလဲ့စားချေ။ နှုတ်ဖြင့်ကလဲ့စားချေ။ လက်ဖြင့် ကလဲ့စားချေမိတော့သည်။ ရန်ငြိုးအာဃာတ တစ်စတစ်စ ကြီးမားလာချေတော့သည်။

သူတစ်ပါးက မိမိပေါ် ကောင်းကျိုးပြုဖူးပါက ကိုယ့်ပေါ်ပြုဖူး သူ့ကျေးဇူးရှိသွားလေပြီ။ သူ့ကျေးဇူးကို လူသိရှင်ကြား ထုတ်ဖော်ပြောကြားသင့်သည်။ အခြေအနေနှင့် အချိန်အရ ကျေးဇူးပြန်မဆပ်နိုင်သေးပါက ကျေးဇူးတရားကိုတော့ သိနေရပေမည်။ ကျေးဇူးတရားကို မသိကျိုးကျွန်ပြုကာ ထိန်ချန်မထားသင့်ချေ။

“အရိပ်နေနေအခက်ချိုးချိုး” အပြုအမူမျိုးသည် ကျေးဇူးကန်းသည့် အပြုအမူပင် ဖြစ်သည်။ ကျေးဇူးကန်းသည့် အပြုအမူမျိုးများ မဖြစ်သင့်ချေ။ ကျေးဇူးတရားကို မဆပ်နိုင်သေးသည့်တိုင် ကျေးဇူးတရားကား မမေ့သင့်ပါချေ။

ဤနေရာတွင် ဂျော်ဒန်နိုင်ငံမှ ပုံပြင်လေးတစ်ပုတ်ဖြင့် တင်ပြလိုသေးသည်။
ရှေးရှေးတုန်းက ဂျော်ဒန်နိုင်ငံမှာ အလွန်ချစ်ခင်ကြသော သူငယ်ချင်းနှစ်ယောက်ရှိသည်။ သူငယ်ချင်းနှစ်ယောက်သည် ဆောက်လုပ်ရေးလုပ်ငန်းကို လုပ်ကြလေသည်။ မောင်တစ် နှင့် မောင်နှစ် ဆိုပါတော့။

တစ်နေ့မှာ မောင်တစ်က လက်အောက်ငယ်သားတစ်ယောက်ကို ဆုံးမသည်။ အဲ့ဒါနှင့်ပတ်သက်ပြီး မောင်တစ်မှားသည်။ နည်းလမ်းမကျဟု မောင်နှစ်ကထင်သည်။ “မောင်တစ်မှားတယ်”ဟု မောင်နှစ်က ပြောသည်။ မောင်တစ်က စိတ်ဆိုးပြီး မောင်နှစ်ကို ဘာမျှပြန်မပြောသော်လည်း လက်အောက်ငယ်သားကို ပို၍ဆုံးမလေသည်။

မောင်နှစ်က မောင်တစ်သည် သူပြောတာကို မကြိုက်လျှင် သူ့ကိုပြန်ပြောရမည့်အစား လက်အောက်ငယ်သားကို ပိုမိုနှိပ်စက်နေတာမြင်ရတော့ မောင်တစ်၏ပါးကို ရိုက်လိုက်သည်။ မောင်တစ်က ပါးရိုက်ခံရတာကို စိတ်မကောင်းဖြစ်ပြီး တုတ်တစ်ချောင်းနှင့် သဲသောင်ပြင်ပေါ်မှာ....“ငါ့အချစ်ဆုံးသူငယ်ချင်းက ငါ့ပါးကို ဒီနေ့ရိုက်ခဲ့တယ်” ဟု ရေးသားခဲ့သည်။ ဒါကို မောင်နှစ်က ဖတ်ရတော့ စိတ်မကောင်းဖြစ်ခဲ့သည်။ ဒါပေမယ့် ဘာမျှမပြောဘဲ လုပ်စရာရှိတာကို ဆက်လုပ်နေခဲ့သည်။

တစ်နေ့မှာ ရွာတစ်ရွာကို အလုပ်သွားလုပ်ဖို့ လှေကြီးနှင့် ခရီးထွက်လာခဲ့သည်။ မြစ်ထဲမှာ ခရီးသွားနေရင်း မောင်တစ်လှေပေါ်က ပြုတ်ကျသည်။ လူတွေအားလုံး မျက်ကလူးဆန်ပျာ ဖြစ်သွားသည်။ သို့သော် မောင်တစ်ကို ရေထဲဆင်းကယ်ရမှန်းမသိကြချေ။ ထိုအချိန်တွင် မောင်နှစ်သည် ရေထဲခုန်ချပြီး မောင်တစ်ကို ကယ်သည်။ မောင်နှစ်သည် မောင်တစ်ကို ကယ်ပြီး ကမ်းပါးသို့ ခေါ်သွားသည်။ မောင်တစ်လည်း ထူနိုင်ထောင်နိုင်ဖြစ်သွားသည်။

မောင်တစ်သည် မောင်နှစ်ကို ကျေးဇူးတင်ကြောင်း စကားတစ်ခွန်းမျှမဆိုဘဲ လှေပေါ်တက်သွားသည်။ လှေပေါ်မှ တူနှင့်ဆောက်ကိုယူပြီး ကျောက်တောင်ပေါ်တက်သွားပြီး ကျောက်နံရံမှာ စာတွေထုထွင်းသည်။
“ငါ့အချစ်ဆုံးသူငယ်ချင်းက ဒီနေ့ သူ့အသက်ကိုစွန့်ပြီး ငါ့အသက်ကို ကယ်ခဲ့တယ်”

မောင်နှစ်က မောင်တစ် ထွင်းသောစာကို ဖတ်ပြီး ပျော်ရွှင်ဝမ်းသာသွားသည်။ သို့သော် စိတ်ထဲမှာ မရှင်းတာတော့ ရှိနေသေးသည်။ မေးရဦးမည်။ မောင်နှစ်က..“မောင်တစ်ရေ ဟိုတစ်ခါ မင်းကိုပါးရိုက်လိုက်တုန်းက သဲသောင်ပေါ်မှာ စာရေးခဲ့တယ်။ အခုတစ်ခါတော့ ကျောက်နံရံမှာ စာတွေထွင်းခဲ့တယ်။ အဲဒါဘာသဘောလဲကွာ” လို့ မောင်နှစ်က မေးလိုက်သည်။ မောင်တစ်က......“လူတစ်ဦးတစ်ယောက်ကို ကိုယ့်စိတ်ထဲမှာ နာကြည်းတဲ့အခါ သဲသောင်ပြင် ပေါ်မှာ မှတ်တမ်းတင်တယ်။ ဒါမှ ကြာကြာမထင်ဘဲ ပျောက်ပျက်သွားမယ်။ ဒါပေမယ့် လူတစ်ဦး တစ်ယောက်က ကိုယ့်အပေါ် လုပ်ဆောင်ပေးတဲ့ ကျေးဇူးတရားကိုတော့ ကျောက်နံရံမှာ ထွင်းထုထားရတယ်။ လွယ်လွယ်နဲ့ မပျက်စီးနိုင်တော့ဘူးပေါ့” ဟု ရှင်းပြလေသည်။

သဘောကတော့ “နာကြည်းစရာတွေကို ကြာကြာမထင်တဲ့ သဲသောင်ပေါ်မှာရေးပြီး ကျေးဇူးတရားတွေကိုတော့ တော်တော်နဲ့ မပျက်စီးနိုင်တဲ့ ကျောက်သားပေါ်မှာ မှတ်တမ်းတင်တာပါ” လို့ ဆိုလိုတာပါပဲ။
“နာကြည်းစရာ၊ ထုတ်ပစ်ပါ၊ အခါအခါမေ့ပစ်လိုက်”
“ကိုယ့်ပေါ်ပြုဖူး၊ သူ့ကျေးဇူး၊ အထူး သိရမည်”
ဂျော်ဒန်ပုံပြင်လေးက အဲ့ဒီအချက်ကို ပေးပါသည်။

နာကြည်းစရာဆိုတာ အနာအိုင်းနှင့် တူပါသည်။ အနာအိုင်းတို့မည်သည် ဖြစ်လာလျှင် ခွဲထုတ်ပစ်ရမည်။ ခွဲထုတ်ပစ်သောအခါ အသားကောင်းတွေကိုပါ လှီးထုတ်ပစ်ရသည်။ အနာကျက်သွားသောအခါ၌လည်း ထင်းစွာသော အမာရွတ်ကြီး ကျန်ရစ်သည်။ နာကြည်းဖွယ်ရာ တို့ကို အမှတ်အတေးကြီးစွာထားလျှင် မကောင်းပါ။ အမုန်းသံသရာ ချဲ့တတ်သည်။

ကျေးဇူးတရားကတော့ နာကြည်းစရာနှင့် မတူပါ။
မိမိက သူတစ်ပါးအပေါ် ကျေးဇူးတရားတွေ ပြုခဲ့မိပါက စိတ်မှာ အမှတ်မထားဘဲ ဖျောက်ဖျက်ရပါမည်။ ပီတိကိုသာ စားရပါမည်။
သူတစ်ပါးက မိမိအပေါ် တင်ရှိသော ကျေးဇူးတရားကိုတော့ ပြန်ဆပ်ရပါမည်။ ကျေးဇူးတရားကို ပြန်မဆပ်နိုင်သေးလျှင် ကျေးဇူးတရားကိုတော့ ထုတ်ဖော်ဝန်ခံနေရပေမည်။ ကျေးဇူးရှင်များအပေါ် ကျေးဇူးမကန်းဖို့ အထူးသတိထားနေရပေမည်။

လူတချို့ကျေးဇူးတရား သိပုံမှာ ချီးကျူးစရာကောင်းသည်။ မိဘလက်ထက်က ကျေးဇူးပြန်မဆပ်နိုင်၍ သားသမီး လက်ထက်မှာ ကျေးဇူးပြန်ဆပ်ကြသည်။
“မင်းမိဘတွေရဲ့ ကျေးဇူး ငါတို့မိဘတွေအပေါ်မှာ ရှိတယ်။ ဒါကြောင့် ကျေးဇူးပြန်ဆပ်တာ” ဟု ကျေးဇူးတရားကို သိတတ်ကြသည်။

နိဂုံးချုပ်အနေနှင့် ပြောလိုတာကတော့ “နာကြည်းစာရာရှိလျှင် သဲသောင်ပေါ်မှာ ရေးပါ။ ကျေးဇူးတရားတွေရှိလျှင် ကျောက်နံရံပေါ်မှာ ရေးပါ” ဟူ၍ ဖြစ်ပါသည်။

အတွေးအမြင် ဆောင်းပါးရှင် ဆရာသန်းငြိမ်းအေး ရဲ့ ဆောင်းပါးလေးတစ်ပုဒ်ဖြစ်ပါတယ်။ ၂၀၁၁ခုနှစ် နိုဝင်ဘာလထုတ် အတွေးအမြင် အမှတ် (၂၃၆) စာအုပ်မှ မူရင်းအတိုင်း ပြန်လည် ကူးယူမျှဝေပေးပါသည်။

by Lwan Su


Monday, October 6, 2014

အဆိုးမြင်ခြင်း အကောင်းမြင်ခြင်း နှင့် အမှန်မြင်ခြင်း


အဆိုးမြင်ခြင်း အကောင်းမြင်ခြင်း နှင့် အမှန်မြင်ခြင်း

အဆိုးမြင်ဝါဒကို လုံးဝမလိုလားအပ်သောဝါဒမျိုးဟု ရေးသားပြောဆိုကြသည်။ အဆိုးမြင်သူသည် ကျန်းမာရေးထိခိုက်၍ အသက်တိုတတ်သည်ဟုလဲ ဆိုကြ၏။ သို့သော် အဆိုးကို အဆိုးဟု တကယ်မြင်ခြင်းသည် ဆိုးကျိုးကို ပေးမည်မဟုတ်။ ဥပမာ ရပ်ကွက်၌ အမှိုက်များ၊ သစ်ရွက်ခြောက်များ စုပုံနေခြင်းသည် ပေါ့ဆမီး၊ ဆေးလိပ်မီးကို ဖိတ်ခေါ်နေခြင်းဖြစ်ရာ ဤကိစ္စကို အဆိုးမြင်ခြင်းဟု ပြော၍မရပေ။

ပရဟိတဆောင်ရွက်နေသူကို ကိုယ်ကျိုးရှာသမားဟု အပုပ်ချစွပ်စွဲနေခြင်းသည်သာ အဆိုးမြင်ခြင်း ဟု ဆိုရန်ရှိသည်။ ပရဟိတဆောင်ရွက်နေသယောင်ဖြင့် ကိုယ်ကျိုးရှာသူကို ကိုယ်ကျိုးရှာသမားဟု အမှန်ဖော်ထုတ်ခြင်းမှာ အဆိုးမြင်ခြင်းမဟုတ်။ အမှန်မြင်ခြင်းသာ ဖြစ်သည်။ အမှန်မြင်ခြင်းဖြင့် ကိုယ်ကျိုးရှာသူများကို တားမြစ်၍ ပရဟိတသမားများကို ချီးမြှောက်နိုင်ခွင့် ရ၏။

အကောင်းမြင်ခြင်းသည် အလွန်ကောင်း၍ ကျန်းမာစေ အသက်ရှည်စေသည်ဟု ဆိုကြပြန်၏။ သို့သော် ဥစ္စာရှိသူ၊ အာဏာရှိသူကို ကြံဖန်မြှောက်ပင့်၍ အကောင်းပြောခြင်းသည် ကောင်းကျိုးကို ပေးဖို့ မဖြစ်နိုင်ပေ။ တကယ်ကောင်းသူ၊ တကယ်ကောင်းသော လုပ်ရပ်ကို တကယ်ကောင်းကြောင်း ပြောမှသာ အကျိုးရှိမည်ဖြစ်သည်။

ထို့ကြောင့် ပုဂ္ဂိုလ်မှန်သမျှ ဖြစ်ရပ်မှန်သမျှကို အဆိုးချည်းဟု ရှုမြင်ခြင်းသည် အဆိုးမြင်ဝါဒ အစွန်းတစ်ဖက်ဖြစ်၍ ပုဂ္ဂိုလ်မှန်သမျှ လုပ်ရပ်မှန်သမျှကို အကောင်းချည်းဟု ရှုမြင်ခြင်းသည် အကောင်းမြင်ဝါဒ အစွန်းတစ်ဖက်ဖြစ်လေသည်။

ပုဂ္ဂိုလ်တစ်ဦး၏ ကောင်းကွက်ကိုလည်းကောင်း၊ ဆိုးကွက်ကို လည်းကောင်း အမှန်အတိုင်း လေ့လာ သုံးသပ်ခြင်းသည်သာ အကျိုးစီးပွားကို ဖြစ်စေ၏။ ဖြစ်ရပ်တစ်ခု၏ ကောင်းကွက်ကိုလည်းကောင်း၊ ဆိုးကွက်ကို လည်းကောင်း၊ အမှန်အတိုင်း လေ့လာသုံးသပ်ခြင်းသည်သာ အကျိုးစီးပွားကို ဖြစ်စေ၏။ အကျိုးရှိခြင်းကိုသာ လိုလားအပ်၍ အကျိုးမဲ့ခြင်းကို မလိုလားအပ်ပေ။

အကျိုးရှိခြင်း ဟူသည် ကုသိုလ်၊ ပညာ၊ ဥစ္စာတို့ တိုးပွားခြင်းဖြစ်၍ အကျိုးမဲ့ခြင်းဟူသည် ကုသိုလ်၊ ပညာ၊ ဥစ္စာတို့ ဆုတ်ယုတ်ခြင်းဖြစ်သည်။ ကုသိုလ်နှင့် ပညာသည် အပြန်အလှန်အကျိုးပြုကြ၍ ကုသိုလ်နှင့် ပညာသည် ဥစ္စာထက် မြတ်၏။ အဘယ်ကြောင့်ဆိုသော် ကုသိုလ်နှင့် ပညာတို့၏ အစွမ်းကြောင့် ဥစ္စာကို အလွယ်တကူ ရရှိနိုင်သောကြောင့် ဖြစ်ပေသည်။

သိလွယ် မြင်လွယ်ခြင်းငှာ ဖော်ပြရသော် အဆိုးမြင်ဝါဒသည်လည်း အစွန်းတစ်ဖက်ဖြစ်၍ အကောင်းမြင်ဝါဒသည်လည်း အစွန်းတစ်ဖက်ဖြစ်သည်။ အကယ်စင်စစ်အားဖြင့် ထိုဝါဒ ၂ ရပ်ကို စွန့်ပယ်၍ အမှန်မြင်ဝါဒကိုသာ ကိုင်စွဲကျင့်သုံးရမည်ဖြစ်၏။ ကောင်းသောအချက်များကို လည်းကောင်း၊ ဆိုးသောအချက်များကိုလည်းကောင်း ယထာဘူတကျကျ အရှိကို အရှိအတိုင်း လေ့လာသုံးသပ်ခြင်းသည်သာ အမှန်မြင်ဝါဒဖြစ်၏။ 

မိမိ၏ကောင်းသောအချက်များကို တိုးပွားစေ၍၊ ဆိုးသောအချက်များကို ယုတ်လျော့စေရန် အားထုတ်နိုင်သူသည် အမှန်မြင်ဝါဒကို ကိုင်စွဲကျင့်သုံးခြင်းဖြင့် အကျိုးစီးပွားကို ဖြစ်ထွန်းစေသူဟု ဆိုအပ်၏။

ဗုဒ္ဓတရားတော်၏ လိုရင်းအနှစ်ချုပ်မှာ ‘ သစ္စာ ’ ပင်ဖြစ်သည်။ သိစရာမှန်သမျှ၊ မကျန်ရအောင်၊ လုံးဝကုန်စင်၊ အကုန်မြင် သဗ်ဗဉ်ဥာဏ်တော်အစွမ်းတည်းဟု အရှင်ဇနကာဘိဝံသက လင်္ကာ ပြုထား၏။ သဗ္ဗညုတဥာဏ်တော်ကို ရဖို့ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ကာလကြာအောင် ပါရမီဖြည့်ဆည်းခဲ့သော ဘုရားလောင်းသည် နုစဉ်ကာလက သူတပါးအသက်သတ်ခြင်း၊ သူ့ဥစ္စာ ခိုးခြင်း၊ သူ့သားမယားပစ်မှားခြင်း၊ သေရည်သေရက်သောက်ခြင်း ထို ၄ ပါးကို တစ်ခါတစ်ရံ လွန်ကျူးခဲ့မိ၏။

သို့သော် ငါးပါးသီလအနက် လိမ်ညာပြောဆိုခြင်း မုသာဝါဒကံကိုကား ဘယ်သောအခါမျှ လွန်ကျူးခြင်းမရှိပေ။ သစ္စာတရားကို ရှာဖွေနေသော အလောင်းတော်အဖို့၊ လိမ်ညာခြင်းကို မကျူးလွန်တော့၊ လိမ်ညာခြင်းနှင့် သေခြင်း …ထို ၂ ခုကို ရွေးစေလျှင် သေခြင်းကိုသာ ရွေးမည်။ လိမ်ညာမည်ကားမဟုတ်ပေ။

အိုခြင်း၏ ကောင်းကွက်မှာ ဗဟုသုတစုံခြင်း၊ အတွေ့အကြုံစုံခြင်းဖြစ်၏။ အိုခြင်း၏ ဆိုးကွက်မှာ ခန္ဓာကိုယ် အစိတ်အပိုင်းများ ဟောင်းနွမ်းပျက်ဆီးလာခြင်း၊ ကျန်းမာရေးထိခိုက်လာခြင်းတို့ ဖြစ်သည်။ အိုမင်းရင့်ရော်သူအဖို့ ဗဟုသုတ အတွေ့အကြုံများကို အသုံးချခြင်း၊ ကျန်းမာရေးကို ဂရုစိုက်ခြင်းတို့ဖြင့် အမှန်မြင်ဝါဒကို အသုံးချ၍ အကျိုးစီးပွားကို ရှာဖွေရမည်ဖြစ်၏။

ဗုဒ္ဓဘာသာဝင် သူတော်စင်အပေါင်း၏ နောက်ဆုံးပန်းတိုင် ( အန္တိမ ရည်မှန်းချက် ) မှာ သစ္စာ တရားကို သိမြင်ရန်ဖြစ်သည်။ ဂုဏ်တော် ၉ ပါးအနက် အရဟံ ဟူသည်မှာ သစ္စာလေးပါး၊ မြတ်တရားကို ပိုင်းခြားထင်ထင် သိမြင်ခြင်းဂုဏ်တော်ဖြစ်သည်။ ဆင်းရဲခြင်း အမှန်တရားကို သိခြင်း၊ ဆင်းရဲကြောင်း အမှန်တရားကို ပယ်ခြင်း၊ ဆင်းရဲကင်းခြင်း အမှန်တရားကို ဆိုက်ရောက်ခြင်း၊ ဆင်းရဲကင်းကြောင်း အမှန်တရားကို ပွားများခြင်း တို့သည် သစ္စာလေးပါးပင် ဖြစ်သည်။

သစ္စာလေးပါးသည် အဆင့်အမြင့်ဆုံးသော အမှန်မြင်ဝါဒဖြစ်၏။ ဆင်းရဲခြင်းအမှန်တရားကို သိခြင်းသည် အဆိုးမြင် ၀ါဒ မဟုတ်ပေ။ အမှန်မြင်ဝါဒသာ ဖြစ်၏။ ဆင်းရဲကင်းခြင်းအမှန်တရားကို ဆိုက်ရောက်ခြင်းသည် အကောင်းမြင်ဝါဒ မဟုတ်ပေ။ အမှန်မြင်ဝါဒသာ ဖြစ်၏။

အဆင့်မြင့်ဆုံး အမှန်တရားကို ကိုင်စွဲကျင့်သုံးခြင်း မပြုနိုင်သည့်တိုင်အောင်၊ နေ့စဉ်ဘ၀ လောကီကိစ္စများတွင် ပုဂ္ဂိုလ်များ၊ ဖြစ်ရပ်များ၏ ကောင်းကွက်နှင့် ဆိုးကွက်များကို အရှိအတိုင်း ရှုမြင်သုံးသပ်၍ ကုသိုလ်၊ ပညာ၊ ဥစ္စာတိုးပွားရေးအတွက် အမှန်မြင်ဝါဒကို  ကိုင်စွဲကျင့်သုံး ကြရမည်ဖြစ်ပါသည်။


နေလင်းညီ

  
by (မိုးမခ)

Sunday, October 5, 2014

“ဘိက္ခု” ခေါ်ပုံ


“ဘိက္ခု” ခေါ်ပုံ 

မိုးသည် သည်းသည်းမည်းမည်း ရွာနေ၏။ လေအဝှေ့တွင် ဝါးပင်တို့ ယိမ်းနွဲ့နေကြ၏။ ကလေး အချို့မှာ အိမ်ရှေ့လမ်းပေါ် မိုးရေထဲ ဆော့ကစားနေကြ၏။

ထိုစဉ် ဆွမ်းခံကြွလာသော ရွာဦးကျောင်းက ဦးဇင်း အိမ်ရှေ့သို့ ရောက်ရှိလာသဖြင့် -
“အရှင်ဘုရား .. အထဲမှာ ခဏ ထိုင်ပါဦးလား ဘုရား၊ မိုးက တော်တော်နဲ့ စဲမှာ မဟုတ်ဘူး ဘုရား၊ ကြွပါဘုရား၊ ဟေ့ .. ကလေးတွေ ဆင်းကြ ဆင်းကြ၊ အောက်ကို သွား .. သွား” ဟု ဦးဇင်းကိုလည်း ပင့်ဖိတ်၊ အိမ်ပေါ်တွင် ဆော့ကစားနေကြသော ကလေးများကိုလည်း နှင်ထုတ်လိုက်ရသည်။

“မိုးကလည်း သည်းရန်ကော ဘုရား”
“သူ့ နိယာမပေကိုး”
“အရှင်ဘုရားနဲ့ ကြုံတုန်း တပည့်တော် သိချင်တာလေး မေးစမ်းပါရစေ ဘုရား”
“ဘာများတုန်း ဒကာ၊ ဖြေနိုင်တာကို ဖြေပါ့မယ်”

“အရှင်ဘုရားတို့ကို ‘ဘိက္ခု’လို့ ဘာဖြစ်လို့ခေါ်တာလဲ ဘုရာ့”
“သံသရာဘေးကို ကြောက်တတ်တဲ့ပုဂ္ဂိုလ်၊ နောက်တနည်းက အဝတ်အပိုင်းပိုင်း အပြတ်ပြတ်ကို ဝတ်လေ့ရှိတဲ့ ပုဂ္ဂိုလ်၊ အဲဒီလို ပုဂ္ဂိုလ်မျိုးကို ‘ဘိက္ခု’လို့ ခေါ်တယ် ဒကာ”

“ရဟန်း .. ဆိုတဲ့ အဓိပ္ပာယ်ရော ဘုရာ့”
“အရဟတ္တဓဇလို့ ခေါ်တဲ့ သာသနာ့တံခွန် အဝတ်ကို ဝတ်တဲ့ ပုဂ္ဂိုလ်ပေါ့”

“သမဏဆိုတာကော ဘုရာ့”
“ကိလေသာကို ငြိမ်းအောင် ပြုနေတဲ့ ပုဂ္ဂိုလ်လို့ အဓိပ္ပာယ်ရတယ်”

“ဆွမ်းကွမ်းလုံလောက်ပါရဲ့လား ဘုရား”
“လုံလောက်ပါတယ် ဒကာ”

ဆရာကြီး ဦးသုခ၏ “ရဟန်းစားရသော ဆွမ်းတစ်နပ်”ကို ကြည့်ရှုဖူးလျှင် ဇာတ်အဖွင့်ဖြစ်သော ဤအခန်းကို အမှတ်ရကြပါလိမ့်မည်။

+++++

အတိတ်ဇာတ်ကြောင်း

ကဿပဘုရားရှင်လက်ထက်တုန်းက လယ်သမားဇနီးမောင်နှံ ရွာတစ်ရွာမှာ နေကြသတဲ့။
အဲဒီလို နေကြတုန်း သူတို့ကို ဒိပြင် ရွာတစ်ရွာ သူတို့မိတ်ဆွေက အလှူအတန်း ကုသိုလ်ကောင်းမှု ပြုတဲ့နေရာဖိတ်လို့ သွားကြတာ။ သွားကြတော့၊ သူတို့ရွာက ဒိပြင်ရွာတစ်ရွာ သွားပြီးတော့ အလှူအတန်းကိစ္စပြီးလို့ ထမင်းပါ စားသောက်ပြီး နေ့လယ် ၁၁ နာရီ၊ ၁၂ နာရီပေါ့။ နေပူပူနဲ့ ကိုယ့်ရွာ ကိုယ်ပြန်လာကြတာ။

ပြန်လာတော့ သူတို့ရွာဦးထိပ်မှာ ရဟန်းတော်တွေရဲ့ ကျောင်းတိုက်တစ်တိုက် ရှိတယ်။ အဲဒီ ကျောင်းတိုက်ဘေးနားက နေပြီး သူတို့က ရွာထဲ ဝင်ရမှာဆိုတော့ ကျောင်းဘေးကနေပြီးတော့ လာရင်းနဲ့ ကျောင်းဝင်းရဲ့ ဘေးမှာ သစ်ပင်ကြီးတစ်ပင်ကလည်း ရှိတော့ အရိပ်ကောင်းကောင်း ရှိတာနဲ့ ... ကဲ နားကြအုန်းစို့ရဲ့ကွယ် ... ဆိုပြီးတော့ ဇနီးမောင်နှံနှစ်ယောက် မောမောနဲ့ သစ်ပင်ရိပ် ထိုင်ပြီးတော့ ခဏ အနားယူကြ။

ဒီတော့ နေပူထဲက လာခဲ့ရတာဖြစ်တော့ စိတ်တွေ ဘလောင်ဆန်ပြီးတော့ ပူလောင်ခဲ့ရတာ။ သစ်ပင်ရိပ် ခိုလိုက်ရတော့ စိတ်တွေ အေးပြီးတော့၊ ပြီးတော့ ကျောင်းနားဆိုတော့လဲ ရွာထဲလို ဆူဆူပွက်ပွက် မရှိဘူး။ ငြိမ်ပြီးနေတော့ သူတို့စိတ်ကလေးတွေကို ကြည်လို့ ဖြစ်နေတာ။

အဲဒီအချိန် ကျောင်းပေါ်က ကိုယ်တော်လေးတွေက စာအံနေတာကိုး။ ကိုယ်တော်လေးက ကျောင်းပေါ်က စာအံ၊ ဇနီးမောင်နှံနှစ်ယောက် အောက်နားက နားထောင်။ ပတ်ဝန်းကျင်ကလည်း ငြိမ်လို့ဆိုတော့ သူတို့ စိတ်ဝင်စား။ ပြီးတော့ ခန္ဓာကိုယ်ကလည်း နည်းနည်း ချမ်းသာနေတယ်လေ၊ အပူထဲက လာပြီးတော့ အရိပ်ထဲ ဝင်လိုက်တာဆိုတော့ စိတ်ရော ကိုယ်ရော အေးပြီး သမာဓိလည်း စိုက်၊ ခါတိုင်းနဲ့ မတူဘူး။

ဟိုက ကိုယ်တော်လေးကလည်း အသံလေး ကောင်းကောင်းနဲ့ “ရူပံ ဘိက္ခဝေ န တုမှာကံ တံ ပဇဟထ - ချစ်သားတို့ ရုပ်တရားသည် သင်တို့ရဲ့ ကိုယ်ပိုင်ဥစ္စာမဟုတ်၊ ပယ်စွန့်ကြ၊ အဲဒီ ရုပ်တရား အပေါ်မှာ ငါ, ငါ့ဥစ္စာ, ငါ့ဟာရယ်လို့ တွယ်တာနေတဲ့ တဏှာ မာန ဒိဋ္ဌိတရားတွေကို စွန့်ကြ ... စွန့်ကြ”

“နာမံ ဘိက္ခေ န တုမှာကံ တံ ပဇဟထ - စိတ်ခေါ်တဲ့ နာမ်တရားဟာလည်း သင်တို့ကိုယ်ပိုင် ဥစ္စာ အစစ်မဟုတ်ဘူး၊ ဒါက ငါ့စိတ်, ငါ့ဟာ, ငါနဲ့ ထင်နေပေမယ်လို့ ကိုယ်ဖြစ်ချင်တိုင်း ဖြစ်တာ မဟုတ်ဘူး၊ သူဖြစ်ချင်တိုင်း ဖြစ်ပြီးတော့ သူ့သဘော သူဆောင်ပြီးတော့ ဖြစ်နေတဲ့တရား၊ အဲဒီတရားပေါ်မှာ တွယ်တာနေတဲ့စိတ်တွေ လောဘ, ဒေါသ, ကိလေသာတွေလည်း ဖြိုဖျက်ကြ ... စွန့်ကြ”။

ကိုယ်တော်လေးက အဲဒီသဘော အဓိပ္ပာယ်သက်ရောက်တဲ့ စာအံနေတော့ သူတို့ ဇနီးမောင်နှံ နှစ်ယောက် နားစိုက်ပြီးတော့ ထောင်နေရင်းနဲ့ စိတ်ဝင်စားလိုက်တာလေ။ ပြီးတော့ သူတို့အချင်းချင်း ပြောသေးတယ်။ ... သြော် ဟုတ်တယ်နော်၊ ဒို့မှားလိုက်တာ ... ဒို့မှာ ဒါငါ့ရုပ် ဒါငါ့ကိုယ် ဒါငါ့အိမ် ငါ့ယာ ငါ့သား ငါ့သမီးနဲ့ ဒို့ရုပ်တွေ ငါ့ဟာ ငါ့ဟာလုပ်ပြီးတော့ နေကြတယ်။ ငါ့အမေ ငါ့အဖေ ငါ့အဘိုး ငါ့အဘွားနဲ့ ဒို့တွယ်တာပြီးတော့ နေကြတယ်။ အဲ သူတို့က သူတို့သဘော သူတို့ ဆောင်ပြီးတော့ ပျက်ချိန်ကျ ပျက်ကြ၊ သေချိန်ကျ သေတဲ့သူက သေကြ၊ ရုပ်တွေ နာမ်တွေ ပျက်စီးချင်တဲ့အချိန် ပျက်စီးကုန်ကြတယ်။ ဒို့ကသာ ငါ့ဟာ ငါ့ဟာ အော်နေတယ်။ ငါ့ဟာ အစစ်မဟုတ်ဘဲနဲ့ ဒို့ ငါ့ဟာ ထင်နေကြပါလား။

သြော် လောကကြီး ရှိသမျှ ရုပ်နာမ် ဓမ္မသဘာဝတွေက သူ့သဘောသူဆောင်နေတဲ့ ဓာတ်ကောင်တွေ ဓာတ်ရုပ်တွေ၊ ဟန်ဆောင်နေတဲ့ အရုပ်အကောင်တွေပဲ။ ဒို့က ဒို့ဟာ ထင်၊ ကိုယ်ပိုင်တယ် ထင်၊ ကိုယ်ဖြစ်ချင်တိုင်း ဖြစ်မယ် ထင်၊ ကိုယ်လုပ်သလို ရမယ် ထင်။ အဲဒီလိုနဲ့ ဒို့ ပင်ပန်းပြီးတော့ နေကြရပါလား ... တဲ့။

ကိုယ်တော်လေး စာအံတာကို၊ နာမ်ရုပ်နှစ်ပါးအကြောင်း ‘နတုမှာကသုတ်တော်’အံတာကို အောက်ကနေပြီးတော့ စိတ်ဝင်စားပြီးတော့ တခါတည်း သမာဓိစိုက်ပြီးတော့ ဉာဏ်သက်ဝင် နေကြတယ်။

အဲဒါပဲ သူတို့၊ အဲဒီ တစ်ချီပါပဲ။ သူတို့ စိတ်ဝင်စားပြီး စူးစူးစိုက်စိုက် စိတ်ဝင်စားလိုက်တာ။ နောက်တော့လည်းပဲ သူ့အကြောင်းနဲ့ သူနဲ့၊ လယ်ယာကိုင်းကျွန်းလုပ်ရ၊ သားရေး သမီးရေး ရပ်ရေး ရွာရေး မင်းရေး စိုးရေးနဲ့ နောက်တော့လည်း သူတို့ တယ်ပြီးတော့ တရားတွေ ဘာတွေ နာလား ပြုလား မရှိပါဘူး။ ဒီတစ်ချက်ကလေး သူတို့ ကောင်းကောင်း မျိုးစေ့ ဝမ်းထဲမှာ ကျသွားတာ။ အဲဒီမျိုးစေ့က အောင်တာပဲ သူ။ မျိုးစေ့ကောင်းဆိုတာ တခါလောက် ကိုယ့်သိမ်းထားလို့ရှိရင် အကြောင်းညီညွတ်လို့ မြေနဲ့ ရေနဲ့ မိုးနဲ့ အကြောင်းညီလို့ ချစိုက်ရင် ပေါက်တာပဲ။ မျိုးစေ့ ကောင်းကောင်း သိမ်းထားဖို့သာ လိုတယ်။

+++++

ပစ္စုပ္ပန်ဇာတ်ကြောင်း

မြတ်စွာဘုရား သက်တော်ထင်ရှား ရှိစဉ်က သာဝတ္ထိမြို့ ဇေတဝန်ကျောင်း သီတင်းသုံးနေတော့၊ တစ်ခုသော မနက် နံနက်စောစော အရုဏ်တက်မှာ ဘုရားတို့ ဓမ္မတာ ကျွတ်ထိုက်တဲ့ သတ္တဝါ ကမ္ဘာလောကထဲ သဗ္ဗညုတဉာဏ် ဖြန့်ကျက်ပြီးတော့ ရှာလိုက်တော့ သာဝတ္ထိမြို့စွန် လယ်ယာကိုင်းကျွန်း လုပ်ကိုင် စားသောက်တဲ့ ပုဏ္ဏားဇနီးမောင်နှံနှစ်ဦး ဉာဏ်ထဲ ထင်လာတယ်။

သူတို့နှစ်ဦးက နာမည် ဘယ့်နှယ်တွင်နေတုန်းလို့ဆိုတော့ ‘ပဉ္စဂ္ဂဒါယက’ပုဏ္ဏားဇနီးမောင်နှံလို့ အရပ်ထဲက သိနေကြတယ်။ ဘာပြုလို့ သူတို့ကို ပဉ္စဂ္ဂဒါယက ခေါ်တုန်းဆိုတော့ သူတို့က လယ်ယာလုပ်ငန်းနဲ့ အသက်မွေးတာဖြစ်တော့၊ သူတို့က စပါးကောက်ဦးပေါ်လာရင် သံဃာတော်တွေကို ဦးဦးဖျားဖျား လှူလေ့ရှိတယ်။ အဲဒီလို ကောက်ဦးပေါ်ရင်၊ တလင်းဦးပေါ်ရင်၊ တလင်းစလုပ်တဲ့အချိန်၊ လယ်စဆင်းတဲ့အချိန်နဲ့ အဲဒီလို ဘာလုပ်ငန်းလုပ်လုပ်ပေါ့လေ သူက လယ်စထွန်တော့မယ်ဆို ထွန်ခါနီး လယ်ထွန်ဦးဆိုပြီးတော့ ဆွမ်းကျွေးလိုက်သေး။ တတ်နိုင်သမျှ တစ်ပါးပဲ တတ်နိုင် တတ်နိုင် သူက ဆွမ်းလောင်းသေးတယ်။

ဒီလိုနဲ့ စပါးတွေရိတ်တော့မယ်ဆိုရင် ရိတ်ဦးအလှူဆိုပြီးတော့ ဒီလို လုပ်လိုက်သေးတယ်။ ကောက်လှိုင်းတွေ အိမ်တိုက်လာပြီဆိုရင် ကောက်လှိုင်းပုံတိုက်ဦးအလှူ၊ စပါးတွေ နယ်ပြီဆိုတော့ နယ်ဦးအလှူနဲ့၊ ဒီလို သူက ဦးဦးဖျားဖျား လှူဖို့တန်းဖို့ ကုသိုလ်ကောင်းမှုပြုဖို့ လုပ်လေ့လုပ်ထရှိလို့ သူတို့ကို ပဉ္စဂ္ဂဒါယက။

ပဉ္စ-ငါးမျိုးသော လယ်ဦး၊ တလင်းဦး၊ နယ်ဦး၊ ထမင်းအိုးသို့ ထည့်ဦး၊ ထမင်းပွဲသို့ ခူးဦး။ အဂ္ဂ-အဦးအဖျား။ ဒါယက-လှူလေ့တန်းလေ့ရှိတဲ့ ပုဏ္ဏားဇနီးမောင်နှံ လို့ နာမည်တွင်နေတယ်။ အဲ .. သူတို့ နှစ်ယောက်ပဲ ဉာဏ်ထဲဝင်လာတယ် .. ဘုရားက။

ထင်လာတော့ .. သြော် ပုဏ္ဏားဇနီးမောင်နှံနှစ်ယောက် ဉာဏ်ထဲ ထင်လာတယ်။ သူတို့ ငါသွားချွတ် ရမှာပါလား။ သူတို့ ဘယ်ပုံ ချွတ်ရပါလိမ့်မတုန်း .. လို့ ချွတ်ရမယ့်အချိန် တရားဟောရမယ့်အချိန် ဘုရားရှင်များက ကြည့်ရသေးတာ။

ဘယ်အချိန် သူတို့ဆီ သွားရမယ်၊ တရားက ဘယ်လို ဟောရမယ်။ လယ်ထဲကနေ ပြန်လာတဲ့အချိန် ငါသွားရမှာပါလား၊ သူတို့အိမ် ဆွမ်းခံသွားရင် အိမ်ပေါက်က ရပ်ပြီးတော့ ငါတရားဟောရမှာပါလား၊ ဘာတရားဟောရမှာပါလားနဲ့ ဘုရားက မြင်ပြီးတော့မှ။

အဲဒါ မြတ်စွာဘုရားက အဲဒီနေ့ ဒိပြင် ရဟန်းတော် သံဃာတော်တွေ မြို့ထဲ ရွာထဲ ဆွမ်းခံကြွတဲ့ အချိန် ဘုရားက ဆွမ်းခံ မလိုက်တော့ဘူး။ အဲဒီနေ့ ဂန္ဓကုဋိတံခါးလေး စေ့ထားတယ်။ ဘုရား သီတင်းသုံးတဲ့ ဂန္ဓကုဋိတံခါးမ စေ့ထားလိုက်တယ်။ အဲဒီလို တံခါးမ စေ့ထားရင် သံဃာတော်တွေက သိတာပဲ။ မြတ်စွာဘုရားက သံဃာတော်တွေနဲ့ နေ့စဉ် ထုံးစံအတိုင်းလို ခုလို မနက်စောစော ၆ နာရီခွဲ ၇ နာရီ မြို့ထဲ ဆွမ်းခံဝင်မယ်ဆိုရင် ဘုရားက ဂန္ဓကုဋိတံခါးမကို ဖွင့်ထားတယ်။ ဖွင့်ထားရင် သံဃာတော် တွေက ဘုရားကျောင်းနား လာပြီးတော့ သင်္ကန်းရုံပြီးတော့ သပိတ်နဲ့ စောင့်နေကြတယ်။

ဘုရားရှင် ကိုယ်တော်မြတ်ကြီး မြို့ထဲ ဆွမ်းခံလိုက်လိမ့်မယ်၊ သံဃာတော်များရဲ့ ရှေ့တော်ဖျားက မားမား မတ်မတ် ရွှေတောင်ကြီးလို ကြွတော်မူလိမ့်မယ်လို့ ဒီလို သိတယ်။ ဟာ .. တံခါးလေး စေ့ထားရင် တော့ အဲဒါ ဒီနေ့ ဘုရားဆွမ်းခံ မကြွဘူး၊ အကြောင်းထူးတစ်ခုရှိတယ်လို့ ဒီလို သိတယ်၊ ဒါ ထုံးစံ။ ဒီတော့ ဘုရားက အဲဒီနေ့ တံခါးစေ့ထားတော့ သံဃာတော်တွေက သြော် .. ဘုန်းတော်ကြီးဘုရား ဒီနေ့ အကြောင်းကိစ္စရှိတယ် ထင်တယ်၊ ဒို့နဲ့ ဆွမ်းခံမလိုက်တော့ဘူး ဆိုပြီးတော့ သံဃာတော်တွေက ဆွမ်းခံဝင်သွားကြ။

အဲ ... သံဃာတော်တွေ ဆွမ်းခံပြန်လို့ ၉ နာရီ ၁၀ နာရီလောက်ကို ရှိမှ မြတ်စွာဘုရား တစ်ပါးတည်း သပိတ်ပိုက်ပြီးတော့ ခုနက ပဉ္စဂ္ဂဒါယက ပုဏ္ဏားဇနီးမောင်နှံ အိမ်ပေါက် ဆွမ်းသွားရပ်။ အဲဒီအချိန်မှာ လယ်ရှင် ခင်ပွန်းသည်ဖြစ်တဲ့ ပုဏ္ဏားက လယ်ထဲက ပြန်လာပြီးတော့ မောမောပန်းပန်းနဲ့ အိမ်မှာ ထမင်းစားနေတဲ့ အချိန်။ ဇနီးသည်ဖြစ်တဲ့ ပုဏ္ဏေးမကလည်း ထမင်း ဟင်း ခူးခပ်ပြီးတော့ သူ့ခင်ပွန်းသည်ကို ထမင်းကျွေးရင်းနဲ့ ဘေးနားက ယပ်ခတ်ပေးနေတဲ့အချိန်။ ပုဏ္ဏားက ထမင်း စားနေတာက အိမ်ဝင်းခြံပေါက်ဘက်ကို ကျောပေးပြီးတော့ စားနေတာ။ ဇနီးသည်ကတော့ ခြံဘက်ကို မျက်နှာမူပြီးတော့ သူ့ခင်ပွန်းသည် ထမင်းတို့ ဘာတို့ ကုန်ရင် ထည့်ပေးဖို့ ယပ်တောင်လေး ဘာလေး ခတ်ရင်းနဲ့ ဘေးနားက စကားပြောရင်းနဲ့ ထိုင်ပြီး ထမင်းကျွေးနေတဲ့ အချိန်။ ဘုရားက အိမ်ပေါက်ကနေ ဆွမ်းရပ်ပါရော။

ဆွမ်းလာရပ်တော့ ပုဏ္ဏားကတော့ အိမ်ခြံပေါက် ကျောပေး စားနေတာဆိုတော့ မသိဘူးပေါ့။ ပုဏ္ဏေးမက မြင်တယ်။ ‘သြော် ... ဘုရားရှင်ကိုယ်တော်မြတ်ကြီး ဆွမ်းလာရပ်နေပါလား၊ ... သူ မလောင်းချင်လို့တော့ မဟုတ်ဘူး၊ သဒ္ဓါတရားကတော့ ရှိတယ်၊ ထမင်းတွေ ဟင်းတွေကလည်း ကုန်ပြီ၊ ငါ့အတွက်ကလည်း ငါက စောစောက စားပြီးပြီ၊ အခု ခင်ပွန်းသည်အတွက် တစ်ယောက်စာ ကျန်တာလည်း ခုခူးခပ်ကျွေးလို့ အိုးထဲလည်း မကျန်တော့ဘူး၊


အင်း ... ဘုရားဆွမ်းရပ်နေတယ်လို့ ငါပြောလိုက်လို့ရှိရင်လည်း ငါ့ခင်ပွန်းသည်က အခုစားနေတဲ့ လက်စ ဆွမ်းတွေ ဟင်းတွေ လောင်းတော့မှာပဲ၊ အဲ သူလောင်းတာ ကိစ္စမရှိဘူး၊ လောင်းပြီး သူ့စားဖို့အတွက် ငါက ပြန်ချက်ရလိမ့်မယ်၊ အဲဒါလေး ပြန်ချက်ပေးရမှာ သူနည်းနည်း ပျင်းတယ်၊ နေကလည်း မြင့်နေပြီဆိုတော့ တယ်မချက်ချင်ဘူး။

ဒါနဲ့ ... ကဲလေ ငါလည်း မမြင်ချင်ယောင် ဆောင်ပြီးတော့ ခေါင်းငုံ့နေမယ်။ ဒါမှ ဘုရား ကြာကြာတော့ မရပ်တန်ရာပါဘူး။ ဒီတော့ ဆွမ်းလောင်းမယ့်ပုံ မပေါ်လို့ရှိရင် ကြွလိမ့်မယ်ပေါ့ ဆိုပြီးတော့ သူက ဘုရားဆွမ်းရပ်တာ မမြင်ချင်ယောင် ဆောင်ပြီးတော့ ငုံ့နေတယ်။ ပုဏ္ဏားကြီး ကတော့ သူ့ဘာသူ ရိုးရာအတိုင်းပေါ့လေ ... ကျောပေး စားနေတာဆိုတော့ မမြင်ဘူး။ ထမင်းစားနေတာ ပုဏ္ဏားတို့ ထုံးစံအတိုင်း ကြေးလင်ပန်းကြီးနဲ့ ... ဒီလို စားတာကိုး။

ဒါပေမယ့် ဘုရားကလည်း အတော်နဲ့ မကြွဘူး။ ပုဏ္ဏေးမကလည်း လှမ်းကြည့်လိုက်။ ဘုရားကလည်း မကြွနိုင်။
‘အင်း ဒုက္ခပါပဲ၊ ပုဏ္ဏာကြီး လှည့်ကြည့်ရင်တော့ မြင်တော့မှာပဲ’ ... သူကလည်း စိတ်တွေကို ဘလောင်းဆံနေပြီ။ ဒါနဲ့ ဘုရား ... လှမ်းကြည့်လိုက်တော့လည်း ကြွမယ့်ပုံ မပေါ်ဘူး။

ဒါနဲ့ ဘုရားမြင်လောက်အောင် သူက နည်းနည်း၊ သူက ... ဟို ကိုယ်ဟန်လေး ပြပြီးတော့၊ ကန်တော့ဆွမ်းပါလို့ဆိုတာကို ပါးစပ်က ပြောလိုက်ရင် ပုဏ္ဏား သိသွားမှာ စိုးလို့၊ အသံထုတ်ပြီး ပြောရင်လည်း ပုဏ္ဏားသိသွားမှာ စိုးလို့၊ အသံတော့ မထုတ်ဘဲနဲ့ သူက ခေါင်းရမ်းပြပြီးတော့၊ နည်းနည်း .. လက်ကလေး၊ ယပ်တောင်လေးနဲ့ ရမ်းပြပြီးတော့ ... သွားပါအုန်းပေါ့ ..လေ။ ကန်တော့ဆွမ်းပါဆိုတဲ့ အနေမျိုးဟန်နဲ့ သူက ပြလိုက်တယ်။

ဒီတော့ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးကလည်း ပြန်ပြီးတော့ ‘မသွားဘူး’တဲ့ ... ခေါင်းပြန်ရမ်းပြတယ်။ ဒီတော့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးလို တကယ့်ပုဂ္ဂိုလ်ထူးကြီးက မသွားဘူးဆိုတဲ့ အနေနဲ့ ခေါင်းပြန်ရမ်းပြလိုက်တော့ ပုဏ္ဏေးမက မနေနိုင်ဘူး၊ သူက ရယ်ချင်နေတာ။ ဒါနဲ့ သူက ဟက်ဟက်ပက်ပက် ရယ်လိုက်မိတယ်။

အဲဒီလို ရယ်လိုက်တော့မှ ပုဏ္ဏားက “ဟဲ့ ... ဘာတုန်း ရှင်မရ”ဆိုပြီးတော့ လှည့်ကြည့်တော့မှ ဘုရားမြင်တော့ ‘အို ... မြတ်စွာဘုရား ဆွမ်းလာရပ်နေပါလား၊ ဒို့ စားစရာ သောက်စရာက ငါထမင်းတွေ စားနေတာက တစ်ဝက်တောင် ကျိုးလာပြီ၊ ဘယ့်နှယ် လုပ်ရပါမတုန်း’ ဆိုပြီး ကဗျာကယာနဲ့ သူ့ထမင်းလင်ပန်းကြီး မ,သွားပြီးတော့ -

“အရှင်ဘုရား၊ တပည့်တော် စားနေတာလည်း တစ်ဝက်ကျိုးနေပြီ ဘုရား၊ အရှင်ဘုရားများ ဒီလို စားလို့ ကျန်တဲ့ တစ်ဝက်ကျန်ကိုလည်း အလှူများ ခံပါသလား ဘုရား” မေးတော့၊ ဘုရားရှင်က “ပုဏ္ဏား ... တဲ့၊ ဒို့အလှူခံစားဆိုတာ တစ်ဝက်ကျန်လှူလည်းပဲ အလှူခံပါတယ်၊ သုံးပုံပုံ တစ်ပုံကျန်နေတာ လှူလည်းပဲ အလှူခံပါတယ်၊ ဒို့ အလှူခံဆိုတာ သူတပါးနဲ့ စပ်ပြီးတော့ အသက်မွေးရတာဖြစ်တော့ လောင်းသမျှ လှူသမျှ အလှူခံပါတယ်၊ သုံးဆောင်ပါတယ်” လို့ ပြောလိုက်တော့ ပုဏ္ဏားဝမ်းသာလိုက်တာ။

ဒီတော့ ပုဏ္ဏေးမကလည်း အဲဒီကျတော့ စိတ်ထဲ နည်းနည်း အေးသွားတယ်။ ဒါနဲ့ သူတို့ဇနီးမောင်နှံနှစ်ယောက် ဝမ်းမြောက်ဝမ်းသာနဲ့ ပုဏ္ဏားက သူစားလို့ ကျန်နေတဲ့ တစ်ဝက်ကျန် ထမင်းတွေ ဟင်းတွေ ဘုရားသပိတ်ထဲ လောင်းထည့်၊ ဘုရားက သပိတ်ဖွင့်ပေး၊ ဖွင့်ပေးတော့မှ လောင်းထည့်ပြီးတော့ တကတည်း ဝမ်းသာလိုက်တာ။ အဲဒီတင် လင်ပန်းလေး ပြန်ချ၊ လက်ကလေး သုတ်ပြီးတော့ ဘုရားကို ဝတ်ချတယ်။

ဝတ်ချပြီးတော့မှ ပုဏ္ဏားက ဖျတ်ကနဲဆိုပြီး သူက သတိရတယ်။
“မှန်လှပါ ဘုရား၊ တပည့်တော် အရှင်ဘုရားနဲ့ တွေ့ရင် မေးချင်နေတာလေး ပြဿနာလေးတစ်ရပ် တပည့်တော် မေးချင်နေတာ၊ စိတ်ထဲ ကြာပြီဘုရား၊ မေးချင်နေတာ အဲဒါလေး မေးပါရစေ”

“မေးပါ ... မေးပါ ... မေးပါ” ဘုရားက ဒီလို ပြဿနာမေးလိမ့်မယ်ဆိုတာ ဘုရားက မြင်ပြီးသား။
ဒီတော့ “မေး ... မေး ... ဘာမေးချင်တုန်း”ဆိုတော့မှ ပုဏ္ဏားက မေးတယ်။

“အရှင်ဘုရားရဲ့ သာသနာတော်ကို ဝင်လာတဲ့ ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်တိုင်းကို ဘယ်လို အမျိုးကပဲ ဝင်လာလာ၊ ‘ဘိက္ခု’လို့ အရှင်ဘုရားက ခေါ်တော်မူတယ်၊ နာမည်ပေးတော်မူတယ်၊ မင်းမျိုးစိုးမျိုးက ဝင်လာလည်းပဲ အရှင်ဘုရား သာသနာတွင်း ဝင်လာရင် ယောက်ျားပဲဖြစ်ဖြစ် မိန်းမပဲဖြစ်ဖြစ် ‘ဘိက္ခု’လို့ နာမည်ပေးလိုက်တယ်၊ ပုဏ္ဏားမျိုးက ဝင်လာတဲ့သူလည်း ဘိက္ခု၊ တောင်သူ လယ်ယာ ကိုင်းကျွန်းလုပ်ကိုင်တဲ့သူပဲဖြစ်ဖြစ် သူဌေးသူကြွယ်က လာတဲ့သူပဲဖြစ်ဖြစ် ရဟန်းယောက်ျား ရဟန်းမဖြစ်ရင် ဘိက္ခုလို့ချည်း ခေါ်တယ် ဘုရား၊ အဲဒါ ဘာပြုလို့ ဘိက္ခု ... ဘိက္ခုလို့ ခေါ်တာတုန်း၊ ဘာပြုလို့ ဘိက္ခုခေါ်တာတုန်း၊ ဘိက္ခုဆိုတာ ဘယ်လိုပုဂ္ဂိုလ် ခေါ်တာတုန်း”လို့ မေးတာ ... ပုဏ္ဏားက။

ဒီတော့ ဘုရားက -
ပုဏ္ဏား ... တဲ့၊ ဘိက္ခု .. ဘိက္ခုလို့ ခေါ်တယ်ဆိုတာ ကိလေသာစု ဖြိုဖျက်မှုပြုတဲ့သူတိုင်း၊ ကိလေသာကို ပယ်ရှင်းမှု ပြုတဲ့ သူတိုင်း ဘိက္ခုလို့ ခေါ်တယ်။ ငါဘုရားရဲ့ သာသနာတော်ဝန်ကို ထမ်းလာတဲ့ ပုဂ္ဂိုလ်တွေကိုသာ ဘိက္ခုခေါ်သည် မဟုတ်၊ ဆံမုတ်ဆိတ်ကျင်စွယ် ရိတ်ပယ်ပြီးတော့ ဝါဝါဝတ်ကို ပြောင်းဝတ်လာတဲ့ ပုဂ္ဂိုလ်တွေမှသာ ဘိက္ခုခေါ်သည် မဟုတ်၊ ကိလေသာစု ဖြိုဖျက်မှု ပြုတဲ့ သူတိုင်းကို ဘိက္ခုလို့ ခေါ်တယ် ပုဏ္ဏား။

ငါဘုရားသာသနာတော် ဝင်လာတဲ့ ပုဂ္ဂိုလ်တွေကတော့ သူတို့က အထူးကို ကိလေသာဖြိုဖျက်မှုကို ပြုလို့ သူတို့ကို ဘိက္ခုလို့ နာမည်ပေးလိုက်တာပဲ။

အမှန်စင်စစ်ကတော့ အခု သင်တို့ ဇနီးမောင်နှံဟာ အခု ငါဘုရားရဲ့ သပိတ်ထဲမှာ ထမင်းကျန် ဟင်းကျန်ကို လောင်းပြီးတော့ နေတဲ့အချိန် ဘိက္ခုပဲ ... တဲ့။ ဘိက္ခုပဲ ... သင်တို့နှစ်ယောက်။

ဒီတော့ ပုဏ္ဏားဇနီးမောင်နှံနှစ်ယောက်က စိတ်ပါဝင်စားစွာနဲ့ နားစိုက်နေတယ်။
အလို ... ဒို့လည်း ဘိက္ခုဆိုပါလား၊ ဟင် .. သူ့ရဲ့ ဒီသင်္ကန်းဝင်ဝတ်မှ ခေါင်းတုံးရိတ်မှ ဒို့က ဘိက္ခုထင်နေတာ၊ ကြည့်ပါအုန်း၊ ဒို့လည်း ဘိက္ခုဆိုပါလားနဲ့ စိတ်ထဲက စိတ်ဝင်စားပြီး နားစိုက်နေတယ်။

ဘုရားရှင်ကိုယ်တော်မြတ်ကြီးကလည်း သင်တို့ နှစ်ယောက်ကလည်း အခု ဘိက္ခုပဲတဲ့။ ဘာပြုလို့ တုန်းဆိုတော့ ကိလေသာ ဖြိုဖျက်မှု ပြုလို့လေ။ အခု သင်တို့ ဘာကိလေသာ ဖြိုဖျက်တုန်းဆိုတော့ အခု စားပြီးနေတဲ့ ထမင်းလက်ကျန်၊ ကိုယ့်စားနေတဲ့ ထမင်း အစာအာဟာရအပေါ်မှာ ဒါ ငါ့ပစ္စည်း, ဒါ ငါ့ဟာ, ဒါ ငါ့ဥစ္စာ, ဒါ လောဘ။ အဲဒီ စားနေတဲ့၊ ကိုယ်ထမင်းစားခါနီး စားဆဲ စားလို့ တစ်ဝက်ရောက်နေတဲ့ဟာကို သူများပေးနိုင်တယ်ဆိုတာ နည်းနည်းနောနော သတ္တိမှတ်လို့။ ကိုယ်စားကောင်းနေတုန်းဟာကို သူများ ပေးရတာ၊ လွယ်တဲ့ ကိစ္စမှတ်လို့။

ဒီတော့ အခု ပုဏ္ဏားဇနီးမောင်နှံနှစ်ယောက်က သူတို့စားနေတဲ့ ထမင်းဟင်းကို ပုဏ္ဏားကြီးက ပေးနိုင်တယ်။ ဇနီးက သဘောတူတယ်။ ဒီတော့ ဒီထမင်းအပေါ်မှာ တွယ်တာနေတဲ့ လောဘကို ဖြိုချလိုက်တာပဲ။ လုပ်တာကတော့ ဆွမ်းလောင်းတယ်ဆိုတဲ့ ဒါန ကောင်းမှု ပြုတာ။ အမှောင်ထဲ မီးထွန်းလိုက်သလိုပဲ။ မီးထွန်းလိုက်သည်နဲ့တပြိုင်နက် လောဘဆိုတဲ့ အမှောင်ဓာတ်ကြီး တခါတည်း ဖြိုချလိုက်တယ်။

မြတ်စွာဘုရားက ပုဏ္ဏားဇနီးမောင်နှံကို -

သဗ္ဗသော နာမရူပသ္မိံ၊ ယဿ နတ္ထိ မမာယိတံ၊
အသတာ စ န သောစတိ၊ သ ဝေ ဘိက္ခူတိ ဝုစ္စတိ။

နာမ်ရုပ်တရား နှစ်ပါးအပေါ်မှာ ငါ, ငါ့ဥစ္စာ, ငါ့ဟာ, ငါမို့လို့ဆိုတဲ့ ဒီတရားတွေကို ပယ်ရှား ဖြိုဖျက်နိုင်တဲ့ ပုဂ္ဂိုလ်၊ နာမ်ရုပ်နှစ်ပါး ပျက်စီးသွားလို့လည်းပဲ တောင့်တပြီး သောကပူဆွေး မဖြစ်တဲ့ ပုဂ္ဂိုလ်၊ အထူးသဖြင့်ကတော့ ဒီရုပ်နာမ် နှစ်ပါး အခြေခံပြီးတော့ ဖြစ်နေတဲ့ တွယ်တာမက်မောစရာ သက်ရှိ သက်မဲ့တွေအပေါ်မှာ တွယ်တာမက်မောမှုဆိုတဲ့ လောဘက စပြီးတော့ ကိလေသာစု ဖြိုဖျက်မှု ပြုတဲ့ ပုဂ္ဂိုလ်တိုင်း ဘိက္ခုခေါ်တယ် ... လို့ ဒီလို ဟောလိုက်တာပဲ လိုရင်းက။

အဲဒီလို ဟောလိုက်တယ်ဆိုရင်ပဲ ပုဏ္ဏားဇနီးမောင်နှံ သောတာပန်တည်၊ ပြီးနောက် အနာဂါမ်တည်သွားတယ်။ နာမ်ရုပ်ဆိုတဲ့ အသံလေးကလည်း သူတို့က ကြားတယ်လေ။

+++++

ရဟန်းတော်များက ... ပုဏ္ဏားဇနီးမောင်နှံ သောတာပန်၊ အနာဂါမ်တည် လျင်မြန်ခြင်း၊ စားပြီး တစ်ဝက်ကျန် ဆွမ်းလောင်းလှူ၍ ဂါထာတစ်ပုဒ်မျှ တရားနာကြားခြင်းဖြင့် တရားထူး ရခြင်းအကြောင်း ... မေးမြန်း ပြောဆိုကြရာ ဘုရားရှင်က ရှေးကောင်းမှုဖြစ်သော အတိတ် ဇာတ်ကြောင်းကို ဟောတော်မူ၏။

+++++

အထက်ပါ အမရပူရမြို့၊ မဟာဂန္ဓာရုံကျောင်းတိုက် နာယကချုပ်ဆရာတော် ‘အရှင်ကုဏ္ဍလာ ဘိဝံသ’၏ “ပဉ္စဂ္ဂဒါယကဝတ္ထု - ဘိက္ခုခေါ်ပုံတရားတော်” ကောက်နုတ်ချက် အတိတ်ဇာတ်ကြောင်း၊ ပစ္စုပ္ပန်ဇာတ်ကြောင်း ဟောစဉ်တရားကို ဖတ်ရှု နာယူပြီး၊ ‘ဒီပဲယင်း ဆရာတော်ဘုရားကြီး’၏ “ပရမတ္ထစက္ခုကျမ်း”လာ ဤဝတ္ထုအကြောင်း ဆရာတော်ကြီး အနှစ်ချုပ်ရေးသားထားသည်ကို အောက်တွင် ဖတ်ရှု ကြည်ညိုစေလိုပါသည်။

+++++

သာဝတ္ထိပြည်တွင် ဥစ္စာပေါများ ပုဏ္ဏားသူကြွယ် လင်မယား ထမင်းစား၍နေရာ
ဘုရားမြတ်စွာ ဆွမ်းရပ်လာသည်ကို မယားက သိ၍ လင်မသိလေအောင် မျက်စောင်းကိုညိတ် မျက်ရိပ်ပြ၍ ကန်တော့လေသော် ဆွမ်းမရလျှင် ငါမသွားဟု ဘုရားက ခေါင်းခါသည်ကို ရယ်မိ၍ လင်သိလေလျှင်

စားဆဲ ထမင်းပွဲကို ချီ၍ “ဘုန်းတော်ကြီးသော အရှင်ဘုရား၊ စား၍ ထက်ဝက်ကျချေပြီ၊ အလှူခံကောင်းလျှင် အလှူခံတော်မူပါဘုရား”ဟု လျှောက်ထားသောအခါ

“ဒကာပုဏ္ဏား၊ ငါတို့ဘုရားမည်သည်မှာ သူတောင်းစားနှင့် အလားတူသည်။ အဦးကို လှူလျှင်လည်း အလှူခံကောင်း၏။ စား၍ ထက်ဝက်ကို လှူလျှင်လည်း အလှူခံကောင်း၏။ စား၍ အကြွင်းအကျန်ကို လှူလျှင်လည်း အလှူခံကောင်း၏”ဟု မိန့်တော်မူလျှင် ဝမ်းမြောက်ဝမ်းသာ လှူပြီးမှ

“အရှင်ဘုရား၊ အရှင်ဘုရား၏ တပည့်သား ရဟန်းတော်တို့ကို အဘယ်ကြောင့် ဘိက္ခုခေါ်ပါသလဲ ဘုရား”ဟု လျှောက်ထားလေ၏။

ထိုအခါ -

သဗ္ဗသော နာမရူပသ္မိံ၊ ယဿ နတ္ထိ မမာယိတံ၊
အသတာ စ န သောစတိ၊ သ ဝေ ဘိက္ခူတိ ဝုစ္စတိ။

ဗြာဟ္မဏ၊ သူကြွယ်ပုဏ္ဏား။ ယဿ၊ အကြင်မိန်းမ အကြင်ယောက်ျားအား။ နာမရူပသ္မိံ၊ နာမ်ရုပ်၌။ မမာယိတံ၊ ငါ, ငါ့ဟာဟူ၍ တွယ်တာ မြတ်နိုးခြင်းသည်။ နတ္ထိ၊ အခါခပ်သိမ်း မရှိ။ အသတာ စ၊ ပျောက်ခဲ့ ပျက်ခဲ့သော်လည်း။ န သောစတိ၊ မပင်မပန်း မစိုးရိမ်။ သ-သော၊ ထိုကဲ့သို့သော မိန်းမ ယောက်ျားကို။ တေန၊ ထိုအတွယ်အတာ အစိုးအရိမ် မရှိခြင်းကြောင့်။ ဝေ၊ စင်စစ်။ဘိက္ခူတိ၊  ဘိက္ခုဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။

ဤလို ဤဂါထာကို ဘုရားဟောလိုက်လျှင် လင်မယား နှစ်ယောက်လုံး ဂါထာအဆုံး၌ သောတာပန်၊ သကဒါဂါမ် အစဉ်အလျောက် အနာဂါမိဘုံသို့ ဆိုက်ရောက်ကြကြောင်းကို ဓမ္မပဒအဋ္ဌကထာ (ဓမ္မ၊ ဋ္ဌ၊ ၂။ ၃၆၉။)၌ ဆိုသည်။

ဤဝတ္ထု၌ လင်မယားနှစ်ယောက်တို့ ဉာဏ်အမြင်ထက်သန်သည့်အတွက် ရုပ်ဟူသော အသံ၊ နာမ်ဟူသောအသံကို ကြား၍ စဉ်းစားဆင်ခြင်သော် အကြောင်း အကျိုးဖြစ်သော နာမ်ရုပ်အစစ်ကို အမှန်ကျ တရှိန်တည်း သိနိုင်သော ယထာဘူတဉာဏ်၊ ငြီးငွေ့ခြင်း နိဗ္ဗိန္ဒဉာဏ် ဤနှစ်တန်သော ဝိပဿနာဖြင့် လောကီကို ကျော်ဖောက်၍ လောကုတ္တရာဘက်သို့ ရောက်နိုင်ကြသည် ဟူ၍ မှတ်ရမည်။

ဘိန္ဒတီတိ ဘိက္ခု။ (ဝိဂြိုဟ်)။
ဘိန္ဒတိ၊ ငါ, ငါ့ဟာဟူ၍ ထင်မှတ်စွဲလမ်းတတ်သော တဏှာ မာန ဒိဋ္ဌိကို ဖျက်ဆီးတတ်၏။ ဣတိတသ္မာ၊ ထို့ကြောင့်။ ဘိက္ခု၊ ဘိက္ခုမည်၏။ (အနက်)

+++++

စာကိုး
‘အရှင်ကုဏ္ဍလာဘိဝံသ’၏ “ဟောစဉ် တရားပေါင်းချုပ် အမှတ် (၄)”
‘ဒီပဲယင်းဆရာတော်ဘုရားကြီး’၏ “ပရမတ္ထစက္ခုကျမ်း”


Posted by  LokaChantha

Friday, October 3, 2014

အထမ်းသမား နှစ်ယောက်


အထမ်းသမား နှစ်ယောက်

လွန်လေပြီးသောတချိန်တုန်းက မင်းနေပြည်တော်နှင့် အလှမ်းကွာဝေးသည့် ကျေးရွာအုပ်စု နယ်မြေကြီး တခုလုံးသည် တစုံတခုသော အန္တရာယ်ကြောင့် ရွာလုံးကျွတ် နယ်လုံးကျွတ် ပြောင်းရွှေ့သွားကြရ၏။ အန္တရာယ်ကင်းရှင်းသည့် ရပ်ရွာတွင် နေထိုင်ကြသော လူတို့သည် ထိုသတင်းကို ကြားသိကြ၏။ ထိုအထဲက လူတယောက်သည် သူငယ်ချင်း ဖြစ်သူထံ သွားရောက်ကာ-

သူငယ်ချင်း-ရွာလုံးကျွတ် နယ်လုံးကျွတ် ပြောင်းရွှေ့သွားတဲ့ နယ်မြေကို သွားကြရအောင်။ အဲဒီမှာ ငါတို့အတွက် ပစ္စည်းတခုခု ရဖို့ရှိတယ်။-ဟု ပြောဆိုစည်းရုံးလေရာ ဒုတိယလူကလည်း ကောင်းပါပြီ-ဟု သဘောတူ၏။

ဤသို့ဖြင့် သူငယ်ချင်းနှစ်ဦးတို့သည် ဇာတိရပ်ရွာမှ ထွက်လာခဲ့ကြ၍ ရွာပျက်ကုန်းတခုသို့ ရောက်လာကြ၏။ ရွာပျက်ကုန်းတနေရာတွင် ပိုင်ရှင်တို့ မသယ်နိုင်၍ စွန့်ပစ်ထားခဲ့သော ပိုက်ဆံလျှော်များကို တပုံတပင်ကြီး တွေ့ကြရ၏။

ဤတွင် ပထမ လူက-
သူငယ်ချင်း ဒီမှာ စွန့်ပစ်ထားတဲ့ ပိုက်ဆံလျှော်တွေကို အပုံလိုက်တွေ့ရပြီ။ ဒီတော့ မင်းကလဲ ပိုက်ဆံလျှော်တွေကို အထုပ်ကြီး တထုပ်ထုပ်။ ငါကလဲ ထုပ်မယ်။ ငါတို့နှစ်ယောက်သား ပိုက်ဆံလျှော်ထုပ် ကိုယ်စီထမ်းပြီး သွားကြတာပေါ့။
ကောင်းပါပြီ သူငယ်ချင်း။

ဒုတိယလူကလည်း ပထမလူ၏ တိုက်တွန်းချက်ကို အလွယ်တကူ လက်ခံကာ ပိုက်ဆံလျှော်များကို အသင့်ပါလာသော အ၀တ်ဖြင့် ထုပ်ပိုး၏။ ဤသို့ဖြင့် သူငယ်ချင်းနှစ်ယောက်တို့ အထုပ်ကိုယ်စီဖြင့် လျှောက်လာကြရာ အခြားရွာပျက်ကုန်း တနေရာတွင် ပိုက်ဆံလျှော်များကို အကြမ်းထည် အတိုင်းမဟုတ်တော့ဘဲ ချည်ဖြစ်အောင် ပြုလုပ်ထားသည်ကို တွေ့ကြရသဖြင့် ပထမလူက-

သူငယ်ချင်း၊ ငါတို့မှာ အသုံးချစရာရှိလို့ ပိုက်ဆံလျှော်ထုပ်တွေ ထမ်းလာခဲ့ကြပြီ။ ခုတော့ ပိုက်ဆံလျှော်ထက် ပိုပြီးအသုံးကျတဲ့ ပိုက်ဆံလျှော်ချည်တွေ တွေ့ကြရပြီ။ ဒီတော့ သင်ကလဲ ပိုက်ဆံလျှော်ထုပ်ကြီးကို စွန့်ပစ်လိုက်ပါ။ ငါကလဲ စွန့်ပစ်လိုက်ပါမယ်။ ငါတို့နှစ်ယောက်လုံး ပိုက်ဆံလျှော်ချည်ထုပ် ကိုယ်စီထမ်းသွားကြရအောင်။ ဤသို့တိုက်တွန်းစကား ပြေားကြားရာတွင်

ဒုတိယလူက-
သူငယ်ချင်း၊ ဒီပိုက်ဆံလျှော်ထုပ်ကို ငါအဝေးကြီးက ထမ်းလာခဲ့ရတယ်။ နောက်ပြီးတော့ မြဲမြဲခိုင်ခိုင်ကြီးလဲ ထုပ်ပိုးထားခဲ့တယ်။ ဒါကြောင့် ငါကတော့ ငါ့အထုပ်ကြီးကို မစွန့်ပစ်နိုင်ပါ။ သင်ကြိုက်သလိုသာ လုပ်ပါတော့-ဟု ငြင်းဆို၏။

ဤတွင် ပထမလူသည် ပိုက်ဆံလျှော်တို့ကို အထုပ်ထဲက ထုတ်ပစ်ပြီးလျှင် ထို့ထက်ပို၍ အသုံးကျသော ပိုက်ဆံလျှော်ချည်တို့ကို ထမ်းနိုင်သလောက် စုစည်းထုပ်ပိုး၍ ထမ်းလာခဲ့၏။ ဒုတိယ လူကတော့ အဝေးကြီးက ထမ်းလာခဲ့ရသည့် ပိုက်ဆံလျှော်ထုပ်ကြီးကိုသာ စွဲစွဲမြဲမြဲ ထမ်းလာခဲ့လေသည်။

သူငယ်ချင်းနှစ်ယောက်တို့ အတူတကွ ခရီးဆက်လာခဲ့ကြ၍ ရွာပျက်ကုန်းတခုသို့ ရောက်ပြန်သော် ဂုန်လျှော်တို့ကို တပုံတပင်ကြီး တွေ့ကြရ၏။ ဤတွင်လည်း ပထမလူက ထမ်းလာခဲ့သည့် ပိုက်ဆံလျှော်ချည်များကို စွန့်ပစ်ကာ ထို့ထက် အသုံးကျသော ဂုန်လျှော်တို့ကို စုစည်းထုပ်ပိုး၏။ သူငယ်ချင်းကိုလည်း သူ့နည်းတူ ပြုလုပ်ရန် တိုက်တွန်း၏။ သို့ရာတွင် သူငယ်ချင်းက လက်မခံဘဲ ပိုက်ဆံလျှော်ထုပ်ကြီးကိုသာ ထမ်းမြဲထမ်းလာခဲ့လေသည်။

ထိုမှတဆင့် ခရီးဆက်လာခဲ့ရာ ရွာပျက်ကုန်းတနေရာတွင် ဂုန်လျှော်တို့ကို ချည်ဖြစ်အောင် ပြုပြင်ထားပြီးသော ပစ္စည်းတို့ကို တွေ့ကြရပြန်၏။ ဤတွင် ပထမလူသည် ဂုန်လျှော် အကြမ်းထည် တို့ကို စွန့်ပစ်ကာ ဂုန်လျှော်ချည်တို့ကို နိုင်သလောက် စုစည်းထုပ်ပိုး၍ ထမ်းလာခဲ့သည်။ ဒုတိယလူကမူ အစဦးတုန်းက ထမ်းလာခဲ့သည့် ပိုက်ဆံလျှော်ထုပ်ကြီးကိုသာ မစွန့်နိုင် မလွှတ်နိုင် ထမ်းမြဲထမ်းလာခဲ့၏။

ဤသို့ဖြင့် နှစ်ယောက်သား ခရီးဆက်လာခဲ့ကြရာ ရွာပျက်ကုန်းအသီးသီးတွင် သည့်ထက် သည့်ထက် အသုံးကျသည့် ပစ္စည်းတို့ကို တွေ့ကြရ၏။ ပိုက်ဆံလျှော်ချည်များ တွေ့ပြီးနောက် ပိုက်ဆံလျှော်ချည်ကို ရက်လုပ်ထားသည့် အထည်များ တွေ့ကြရ၏။ နောက်တဖန် ၀ါဂွမ်း၊ ၀ါချည်နှင့် ၀ါချည်ထည်တို့ကို တွေ့ကြရ၏။ ပထမလူသည် ထမ်းပိုးလာခဲ့သည့် ပစ္စည်းတို့ကို စွန့်ပစ်ကာ သည်ထက်အသုံးကျသည့် ပစ္စည်းကို အစားထိုး သယ်ပိုးလာခဲ့၏။

ဒုတိယလူကမူ ပထမဆုံး သယ်လာခဲ့သည့် ပစ္စည်ကိုသာ တရိုတသေ ထမ်းမြဲထမ်းလာခဲ့လေသည်။
သူငယ်ချင်းနှစ်ယောက်တို့ ခရီးဆက်လက် ထွက်ခွာလာခဲ့ကြရာ ရွ့ာပျက်ကုန်းများတွင် သံ၊ ကြေး၊ ခဲပုပ်၊ ဘင်၊ ငွေ-ဟူသော သတ္တုပစ္စည်းများကို တွေ့ကြရပြီးလျှင် နောက်ဆုံးတွင် ရွှေများကို တွေ့ကြရ၏။ ပထမလူသည် ထမ်းလာခဲ့သမျှ ပစ္စည်းတို့ကို စွန့်ပစ်ကာ ရွှေတို့ကို တနိုင်ဝန် ထမ်းနိုင်သလောက် ထမ်းလာခဲ့၏။


ဒုတိယလူကမူ-
ငါ့မှာ ဒီပစ္စည်းကို ဟို့ဟို အဝေးကြီးက တရိုတသေ ထမ်းလာခဲ့ရာတယ်။ နောက်ပြီးတော့ မြဲမြဲခိုင်ခိုင်ကြီးလဲ ထုပ်ပိုးထားခဲ့တယ်။ ဤသို့ ဆိုမြဲဆိုကာ ထမ်းမြဲပင် ထမ်းလာခဲ့လေသည်။

ဒီဃနိကာယ် မဟာဝဂ် ပါယာသိသုတ် ပါဠိတော်တွင် ၀ိစိတ္တဓမ္မကထိက ဧတဒဂ်ဂုဏ်ထူးရ အရှင်ကုမာရကဿပ-က ပါယာသိမြို့စားအား ထုတ်ဆောင်ဟောကြားခဲ့သည့် ဥပမာပုံဝတ္ထုတခု ဖြစ်ပါသည်။

ဘ၀သံသရာတွင် ကျင်လည်ရခြင်းကို လက်မခံ၊ ငြင်းဆန်ခဲ့သော ပါယာသိမြို့စားသည် အရှင်ကုမာရကဿပနှင့် တွေ့ကြုံရသောအခါ မိမိ၏ အယူဝါဒကို သက်သေသာဓကအမျိုးမျိုးနှင့် တင်ပြလျှောက်ထား၏။ အရှင်ကုမာရကဿပ-ကလည်း ဥပမာပုံဝတ္ထုအမျိုးမျိုးတို့ဖြင့် ဖြေရှင်းဟောပြ၏။

အရှင်ကုမာရကဿပ-၏ ရှင်းလင်းချက်တို့မှာ ထိမိပိုင်နိုင်လှသဖြင့် ပါယာသိမြို့စားမှာ နောက်ထပ်တင်ပြစရာ အချက်အလက်များ ကုန်သွားတော့၏။ သို့ရာတွင် မိမိစွဲယူထားသည့် အယူကိုကား မစွန့်ပါချေ။

အရှင်ဘုရား၊ တပည့်တော်ကို ပေဿနဒီကောသလမင်းကြီးကလည်း ဤသို့အယူရှိကြောင်း သိထားပါသည်။ ပြည်နီးချင်း မင်းတွေကလည်း ဤသို့ပင် သိထားကြပါသည်။ သို့ဖြစ်၍ တပည့်တော်က ဤအယူကိုစွန့်လွှတ် လိုက်လျှင် သူတို့တတွေက တပည့်တော်ကို မိုက်မဲသည်-ဟု ဆိုကြပါလိမ့်မည်။ ထို့ကြောင့် သူတို့ကို အမျက်ထွက်သောအားဖြင့်လည်း ဤအယူကို ယူမြဲယူထားပါမည်။ အရှင်ဘုရား၏စကားကို ချေဖျက်သောအားဖြင့်လည်း ယူမြဲယူထားပါမည်။

ဤသို့ တင်းခံနေသဖြင့် အရှင်ကုမာရကဿပ-က မိုက်မဲသော လှည်းကုန်သည်မှူးနဲ့ လိမ္မာသော လှည်းကုန်သည်မှူးတို့ ပုံဝတ္ထု၊ မစင်ထုပ်ကြီး ရွက်ထားသည့် ပုံဝတ္ထုနှင့် အဆိပ်လူးထားသည့် အံစာတုံးကို မျိုမိသည့် အံခတ်သမား ပုံဝတ္ထုတို့ဖြင့် ဟောပြောချေချွတ်၏။

ထိုပုံဝတ္ထုတို့ဖြင့် ဦးမညွတ်သေးသဖြင့် ဤပုံဝတ္ထုဖြင့် ဆက်လက်၍ ချေချွတ်ရ၏။
ဤတွင်မှ ပါယာသိမြို့စားက-
အရှင်ဘုရား၊ တပည့်တော်သည် ပထမဆုံး ပုံဝတ္ထုဖြင့်ပင် အရှင်ဘုရားအပေါ် အားရကျေနပ်ပြီး ဖြစ်ပါသည်။ သို့ရာတွင် အရှင်ဘုရား၏ အဆန်းတကြယ် ခြယ်လှယ်ဟောကြားချက်များကို ဆက်လက်၍ ကြားချင်သေးသဖြင့် တင်းခံနေခဲ့မိပါသည်။ အရှင်ဘုရားကို နှိပ်စက်မိသကဲ့သို့ ဖြစ်သွားရပါသည်။ တပည့်တော်သည် လွဲမှားသော မိစ္ဆာအယူကို စွန့်လွှတ်လိုက်ပါပြီဘုရား။

ဤသို့ ရိုသေလေးမြတ်စွာ ဦးခိုက်လျှောက်ထား၏။ ထို့နောက် အရှင်ကုမာရကဿပ-အထံ၌ သရဏဂုံသုံးပါး ဆောက်တည်ကာ ဥပါသကာအဖြစ်ကို ခံယူပြီးလျှင် အလှူပေးခြင်းစသော ကုသိုလ်ကောင်းမှုများကို ပြုလုပ်သွားလေသည်။

(၀ဏ္ဏသီရိ)

Thursday, October 2, 2014

ကုသိုလ်၊ ပညာ၊ ဥစ္စာ တစ်ခုခုရပါစေ


ကုသိုလ်၊ ပညာ၊ ဥစ္စာ တစ်ခုခုရပါစေ

စက္ခုအမြင်အာရုံ မချို့ယွင်းသော လူမှန်သမျှ နေထွက်သည်ကိုလည်း အကြိမ်ကြိမ် မြင်ဖူးကြသည်။ နေဝင်သွားသည်ကိုလည်း အကြိမ်ကြိမ် မြင်ဖူးကြပါလိမ့်မည်။ သို့ဆိုလျှင် နေတစ်ကြိမ် ထွက်ပေါ် လာသည်ကိုမြင်တိုင်း ဤတစ်နေ့ကိုအရှုံးဖြင့် ကုန်လွန်စိမ့်မည်။ သို့တည်းမဟုတ် အမြတ်ဖြင့် ကုန်လွန်စိမ့်မည်ဟု တွေးတောဖူးကြပါသည်လား။ ဒီလိုမှမဟုတ်၍ နေတစ်ကြိမ်ဝင်သွားသည်ကို မြင်ရတိုင်း ဒီကနေ့ဖြင့် ငါကားမြတ်လေပြီ။ ဒီကနေ့ဖြင့် ငါကားရှုံးလေပြီဟူ၍များ တွေးတောဖူး ကြပါသည်လား။

 စင်စစ် ကျွန်တော်အပါအဝင် လူသားအားလုံးတို့သည် နေထွက်မှနေဝင် “ဃရာဝါ သ သမ္ဗန္ဓ” ဟု ကိစ္စမြားမြောင် လူတို့ဘောင်၏ အရေးကိစ္စများထဲ၌သာ မြုပ်ချည်တစ်ခါပေါ် ချည်တစ်လှည့်ဖြင့် ကျင်လည်ကူးခပ်နေကြလေရာ တစ်ခါတစ်ရံ သေဝပါးနီးရောက်မှ ငါကားမှားခြင်းမက မှားလေပြီ ဟူ၍ ညည်းတွားတတ်ကြသူက များပါသည်။

အကယ်၍များ ဆောင်းပါးအစမှာ ဖော်ပြထားသလို တစ်နေ့ချင်းတစ်ရက်ချင်း၏ အရှုံးအမြတ် မှတ်တမ်း ကလေးကို ကိုယ်တိုင်ကိုယ်ကျ သိရှိမှတ်တမ်းတင်နိုင် ခဲ့ကြမည်ဆိုလျှင် ကျွန်တော်တို့ အတွက် နောင်တတရားများ ကင်းစင်၍ စိတ်နှလုံးတုံးတုံးချကာ သေမင်းကိုသော်လည်း အန်တု ရင်ဆိုင် နိုင်လိမ့်မည်ကား မုချမလွဲပင်။ ရှေးပညာရှိ သူတော်ကောင်းတို့က လူတစ်ယောက်၏ တစ်နေ့တာ အရှုံးအမြတ်ကို ကုသိုလ်၊ ပညာ၊ ဥစ္စာရခြင်း မရခြင်းနှင့် သတ်မှတ်ပိုင်းဖြတ်၍ တွက်ချက်တတ်ကြပါသည်။

ဆိုပါစို့။ တစ်နေ့တာကုန်ဆုံး၍ အိပ်ရာကို ကျောချပြီး အိပ်ပျော်ခြင်းသို့မရောက်မီ ငါသည် ဒီတစ်နေ့တာအတွက် ဥစ္စာကော ရခဲ့ပါရဲ့လားဟု တစ်နေ့အတွင်း သမ္မာအာဇီဝမျှတစွာ မိမိချွေးနှဲစာ အဘယ်မျှရနိုင်ခဲ့သည်ကိုတွေး၍ သန့်ရှင်းစင်ကြယ်စွာ ရရှိခဲ့သောဥစ္စာ ပစ္စည်းအနည်းငယ်မျှရှိခဲ့လျှင် ထိုတစ်နေ့အတွက် မိမိမြတ်ခဲ့ပြီဟု နှလုံးသွင်း၍ စိတ်လက်ချမ်းသာစွာ ညဥ့်ကိုကုန်လွန်သင့်ပါသည်။

ထို့အတူပင် ယနေ့မူ ဥစ္စာဟူ၍ဆိုလောက်အောင် မရချေ။ သို့သော် လောကီ အသက်မွေး ဝမ်းကျောင်းပညာ၊ လောကုတ္တရာ သံသရာကို ကူးမြောက်ကြောင်း ကောင်းမြတ်သော အသိတရား ပညာကိုမူကား ရခဲ့ချေပြီဟု စိတ်ဝယ်ပိုင်ပိုင် သိနိုင်ခဲ့လျှင်မူ ယနေ့ကား ငါမြတ်လေပြီဟုတွေး၍ နှစ်ခြိုက်စွာ အိပ်မောကျလျက် ညဥ့်ကို ကုန်လွန်သင့်ပြန်ပါသည်။

ဒီနည်းအတိုင်းပါပင် “ငါကားယနေ့ ကောင်းသောစကားကိုဆို၏။ ကောင်းသော မှန်သော အလုပ်ကို လုပ်၏။ ကောင်းသော အကြံနှင့်ယှဉ်ကာ မေတ္တာကို ဖြစ်စေလျက် ဒါနကိုလည်းပြု၏။ သီလကိုလည်း ဆောက်တည်၏။ ဘာဝနာကိုလည်း အမြဲမပြတ်ကြိုးစား အားထုတ်၏။ မိမိသူတစ်ပါး ချမ်းသာကြောင်းကို ဖြစ်စေခဲ့ပြီဟု ပြုခဲ့သောကုသိုလ်ကို ဆင်ခြင်လျက် ဤယနေ့ကား ငါ့အဖို့ မြတ်လေပြီဟု နှလုံးစိတ်ဝမ်းအေးချမ်းစွာဖြင့် ထိုညဥ့်ကို ကုန်လွန်စေသင့်၏ဟု ရှေးပညာရှိ သူတော်ကောင်းတို့က ဆိုလိုခြင်းဖြစ်လေသည်။

ယခုကောင်းမှ နောင်ကောင်းမည်။ နောင်ကောင်းပါမှ နောင်နှောင်းဘဝချမ်းသာရ၏။ ယခု မကောင်းလျှင် နောင်လည်းမကောင်းသဖြင့် နောင်နှောင်းဘဝ ဆင်းရဲရ၏ဟူလို။ ဤနေရာ၌ ဥစ္စာဟူသည်ကား တရားသဖြင့်ရော မတရားသဖြင့်ပါ ရှာလျှင်ရနိုင်၏။ သို့သော် ရေ၊ မီး၊ မင်း၊ ခိုးသူ၊ အမွေခံသားဆိုး သမီးဆိုးဟူသော ရန်သူမျိုးငါးပါးနှင့် ဆက်ဆံရသဖြင့် ပျက်စီးလွယ်၏။ ကုသိုလ်တရားကား ကိုယ်ပိုင်ကိုယ်ဆိုင် ဥစ္စာဖြစ်၍ မည်သို့သောရန်သူမျှ မဖျက်ဆီးနိုင်ချေ။

အထူးသဖြင့် ဝိပဿနာတရားကို ကျင့်ကြံအားထုတ်၍ ရလာသောမဂ်ဖိုလ် ကုသိုလ်ဟူသည်ကား သံသရာဆင်းရဲအပေါင်းမှ လွတ်ကင်းရာအမှန် မြတ်နိဗ္ဗာန်သို့ အတားအဆီး အပိတ်အပင်မရှိ ပို့ဆောင်နိုင်သော သတ္တိထူး ရှိပေသည်။ ကုသိုလ်ဆိုရာ၌ ကိုယ်ကိုယ်တိုင်ပြုလုပ်သဖြင့် ရသော ကုသိုလ်ရှိသလို သူတစ်ထူး ပြုသောကုသိုလ်ကို ဝမ်းမြောက်သဖြင့်ရအပ်သော ကုသိုလ်ဟူ၍ နှစ်မျိုးရှိ၏။

ဤနေရာ၌ ထင်ရှားအောင်ပြရလျှင် ရှေးအခါ တံငါရွာ တစ်ရွာ၌ တံငါအလုပ်ဖြင့် အသက်မွေး ဝမ်းကျောင်းသူ နှစ်ဦးရှိရာ တစ်ခုသောဝါတွင်းကာလ ဥပုသ်နေ့၌ တစ်ဦးသော တံငါသည်သည် “ငါကား သူ့အသက်သတ်ခြင်းဖြင့် အသက်မွေးရသဖြင့် အကုသိုလ်ကံသည် ငါ့ကိုဖိစီး၏။ ယနေ့တစ်ရက်မျှ ဥပုသ်သီလ၌ ဆောက်တည်ခြင်းဖြင့် ကောင်းမှုကုသိုလ်ကို ပြုအံ့” ဟု ကျောင်းသို့သွား၍ ဥပုသ်စောင့်၏။

တစ်ဦးသော တံငါသည်မှာမူ “ငါကားသူ့အသက် သတ်ခြင်းဖြင့် အသက်မွေးရ၏။ တစ်နေ့စာကိုပင် အလျဉ်မီအောင် ရုန်းကန်နေရသည် ဖြစ်သောကြောင့် တစ်နေ့တစ်ရက်မျှပင် ဥပုသ်စောင့်ရန် မဖြစ်နိုင်ချေ။ ငါ့အကျိုးပေးကံကား ညံ့ဖျင်းလွန်းပေစွ” ဟု မိမိကိုယ်မိမိ အပြစ်တင်လျက် ငါရှာသာထွက်ရ၏။ သို့သော် သူ့စိတ်ကား ငါးဖမ်းရာတွင်မရှိ။ ကျောင်း၌ ဥပုသ်စောင့်နေသော ဘဝတူတံငါသည် ထံ၌သာ ရောက်၍ ကြည်နူးဝမ်းမြောက်စိတ်ဖြင့် ဘုရား၊ တရား၊ သံဃာ၌ စိတ်ညွတ်၍နေလေ၏။

ကျောင်း၌ ဥပုသ်စောင့်နေသော တံငါသည်မူ တရား၌လည်း စိတ်မရောက်နိုင်။ သီလလည်း ကောင်းစွာမဆောက် တည်ဖြစ်လျက် ဘဝတူတံငါသည်ဖြင့် ဒီအချိန်ဆိုလျှင် ငါးအမြောက်အမြား ဖမ်းဆီးရမိ၍ နေလောက်ပြီဟု တွေးကာ ငါဖြင့်ယနေ့ဥပုသ်စောင့်မိတာ မှားလေပြီဟု အကုသိုလ်၌ စိတ်ညွတ်၍ နေလေတော့သည်။ ဇာတ်ပေါင်းသော် ဥပုသ်စောင့်သော တံငါသည်သည် ငရဲသို့ကျ၍ ငါးဖမ်းသောတံ ငါသည်မူကား နတ်ပြည်သို့ လားရောက်ရ၏ဟူလို။

ဤပုံပြင်ကို သတိရမိသည်နှင့် တစ်ပြိုင်နက် တစ်ခါက နံနက်စောစော ရေသောက်ချင်သဖြင့် လမ်းဘေးရေအိုးစင် တစ်ခုသို့ဝင်၍ ရေသောက်မည်ပြုရာ ရေအိုးစင်ကို အကျအန တံခါးလုပ်၍ သော့ခတ်ထားသည်ကို မြင်သောကြောင့် အံ့အားသင့်သွားရ၏။ ကျွန်တော့်ကို မြင်သဖြင့် ပိုင်ရှင်က ကပျာကယာသော့လာ ဖွင့်ပေးရင်း “ညဘက်ကို သော့ခတ်မထားရင် မနက်ဆို ရေအိုးတွေလည်း ရိုက်ခွဲပစ်ချင်ပစ်ခဲ့တယ်။

သောက်ရေခွက်ကိုလည်း ယူချင်ယူသွားတယ်။ အဖုံးကိုလည်း လွှင့်ပစ်ခဲ့လို့မကြာ မကြာ အသစ် ပြန်လဲရတာနဲ့ ခုလိုလုပ်ထားရပါတယ်” ဟုဆို၏။ ဘယ်ဘက်ကပဲကြည့်ကြည့် သောက်ရေအလှူ ဆိုသည်ကား ခရီးသွားခရီးလာ ရေဆာငတ်မွတ်ကြသူတွေအတွက် တတန်တက ကုသိုလ်ယူရခြင်း ဖြစ်ရာ ရေကိုသောက်ပြီး ရေအိုးခွဲသွားသူတို့ကို ဘယ်လိုမှနားမလည်နိုင်အောင် ဖြစ်ရသလို ထိုအကုသိုလ် အကျိုးပေးကြောင့် ထိုသူတို့သည် သံသရာတွင် အဘယ်မျှနစ်မွန်း ဒုက္ခရောက်ကြရ ဦးမည်ကို တွေးရုံနှင့်ပင် ကြက်သီးထလောက်၏။

ကျွန်တော့်သား ရန်ကုန်ကိုအလည်သွားခိုက် တွေ့ခဲ့ရသော နိုင်ငံခြားသူမူကား လက်ထဲမှာ ကိုင်ထားသော ပလတ်စတစ်အိတ်ထဲမှအာ လူးကြော်ကို နှိုက်ကာနှိုက်ကာစားရင်း ဘေးမှ Guideနှင့် သိချင်သမျှကို မေးစမ်း၏။ အတော်သွား၍ အားလူကြော်ကုန်သောအခါ အိတ်ခွံ ကိုပစ်ရန် အမှိုက်ပုံးရှာ၏။ အမှိုက်ပုံးရှာ၍ မတွေ့လျှင် ဘေးမှပါလာသော မြန်မာအမျိုး သမီး Guideက ထိုအိတ်ခွံအား သူ့ကိုပေးရန်တောင်း၏။

သူမက ခေါင်းခါပြပြီး ထိုအိတ်ခွံကို သေချာကျနစွာခေါက်ပြီး သူမ၏ဘေး လွယ်အိတ်ထဲသို့ထည့်ပြီး ယူသွားသည်ဟု ဆိုလေသည်။ အင်မတန်အတုယူအားကျစရာ ကောင်းပါသည်။ ကောင်းသော အတုကိုယူ၍ မိမိကိုယ်တိုင်လည်း ထိုကဲ့သို့ ပြုမူနေထိုင်ဖို့ အသိတရားရခြင်းသည် ပညာရခြင်းပင် ဖြစ်ပါ၏။ ကျွန်တော်တို့လူမျိုးသည် အင်မတန်ကြီးပွားချင်၏။ တိုးတက်ချင်၏။ သူများတကာ တိုင်းပြည်တွေ ကြီးပွားတိုးတက်နေသည်ကိုမြင်လျှင် အလွန်သွားရည်ကျ၏။

သို့သော် ထိုလူမျိုးတို့ ပြုမူနေထိုင်ကျင့်သုံးသော စည်း ကမ်းများကိုမူ ကောင်းသည်၊ တော်သည်ဟု သိသော်လည်း လိုက်နာကျင့်သုံးလိုစိတ်ကား အလျှင်း မရှိချေ။ ဆိုင်ကယ်စီးလျှင် ဦးထုပ ဆောင်းမှ အန္တရာယ်ကင်းမည်သိလျက် စီမံချက်နှင့်ဖမ်းစဉ် ခဏသာ ဦးထုပ်ဆောင်း ၏။ နောက်နေ့ နောက်နေ့များတွင် မဆောင်း တော့ချေ။

ထို့ကြောင့်ပင် ရန်ပုံငွေလိုသော အခါသို့တည်းမဟုတ် တိုင်းပြည်အခွန်ဘဏ္ဍာ လိုသောအခါ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းရေး အဖွဲ့များဖွဲ့ပြီး လမ်းစုံလမ်းခွ နေရာကောင်းကောင်းမှ စောင့်၍ ဖမ်းဆီးဒဏ်ငွေရိုက်ခြင်းဖြင့် ရန်ပုံငွေနှင့်တကွ တိုင်းပြည်ဘဏ္ဍာလည်း အတော်ပင် လောက်လောက် လားလားရတတ်၏။ ဤနည်းကားမဆိုးချေ။ အစိုးရလည်း အဝေဖန်ခံရခြင်းမှ ကင်းလွတ်၍ အခွန်များများရသဖြင့် နေ့စဉ်ဆိုသလိုပင်လုပ်လျှင် အတော်ဟန်ကျနိုင်၏။

အချုပ်ဆိုရသော် ကိုယ်ကစည်းမဲ့ကမ်းမဲ့ ပရမ်းပတာလုပ်သမျှသော အမှုကိစ္စဟူသမျှသည် ကိုယ့် အတွက်ရော ကိုယ့်လူမျိုး ကိုယ့်တိုင်းပြည်ပါ အကျိုးဆုတ်ယုတ် စေသည်ဟုသိ၍ ဆင်ခြင်နိုင် ကြလျှင် အသိဥာဏ်ပညာနှင့် ပြည့်စုံသည်ဟု ဆိုရန်ရှိသောကြောင့် ထိုတစ်နေ့ ဆင်ခြင်နိုင်လျှင် ထိုတစ်နေ့အတွက်ပညာဖြင့် နေသူ၊ မြတ်သူ ဖြစ်နိုင်၍ ထိုတစ်နေ့အတွက် မြတ်၏ဟု ဆိုနိုင်ပါသည်။

ထို့အတူပင် သူတစ်ပါးပြုသော ကုသိုလ်ကို ကိုယ်ကမဖျက်ဆီးဘဲ ထိုကဲ့သို့ကုသိုလ်ပြုနိုင် သူ၏လုပ်ငန်းကိစ္စ၌ ကိုယ်ကဝမ်းမြောက်ဝမ်းသာဖြင့် သာဓုခေါ်နိုင်လျှင် ထိုတစ်နေ့အတွက် ကုသိုလ်ပြုသူနည်းတူ ကိုယ်လည်းကုသိုလ် ရနိုင်သဖြင့် မြတ်သောသူ ဖြစ်နိုင်သည်။ ဆိုခဲ့သလိုပင် သမ္မာအာဇီဝကျသော ရှာဖွေရလာသော ဥစ္စာငွေကြေးကို နည်းသည်များသည် သဘောမထားဘဲ အလိုလောဘကို သိမ်းလျက်ရသမျှနှင့် ကျေနပ်ရောင့်ရဲတတ်လျှင် လူမချမ်းသာသော်လည်း စိတ်ချမ်းသာသဖြင့် ဥစ္စာရသည်ပင် မည်ပါ၏။

ထို့ကြောင့် နေ့စဉ်နေ့စဉ်ကုသိုလ်၊ ပညာ၊ ဥစ္စာ တစ်ခုခုရအောင် ကြိုးစားအားထုတ် နေထိုင်ခြင်းဖြင့် သံသရာကောင်းအောင် သာမက လက်ရှိမိမိအပါအဝင် လူမျိုးနှင့်တိုင်းပြည်ပါ ကောင်းလာနိုင်သည် ဟု အရှည်ကိုမျှော်တွေး၍ နေထိုင်လုပ်ကိုင်သွားကြပါဟု တိုက်တွန်းလိုရင်း ဖြစ်ပါသည်။

Written by:    ဘစံကောက်

http://www.news-eleven.com

Wednesday, October 1, 2014

ပံ့သကူ


ပံ့သကူ


ပံ့သကူဆိုတာ ပိုင်ရှင်မရှိတဲ့ ပစ္စည်း ၊ အလိုအလျှောက် ရရှိလာတဲ့ ပစ္စည်းများကို ခေါ်တာ ဖြစ်ပါတယ်။ မဟာဇနက မင်းသား တောထွက်တော့ ရွာတစ်ရွာ အနီးကို ရောက်ပါတယ်။ အဲဒီ ရွာနီးချုပ်စပ်မှာ နေတဲ့သူ တစ်ယောက် ကင်ထားတဲ့ အမဲကင် တစ်ခုကို ပိုင်ရှင် အလစ်မှာ ခွေးကချီ လာပါတယ်။ ပြီးတော့ မြို့ပြင်ဘက်ကို ထွက်အလာ လူစုစုကို မြင်တာနဲ့ ခွေးကလန့်ပြီး ထွက်ပြေး ပါလေရောတဲ့။ ပိုင်ရှင်လည်း မရှိတော့။ ခွေးလည်း ပြေးပြီ။ ဘယ်သူကမှ ဒါ ငါ့ဟာပါလို့ မတောင်းဆိုဘဲ ကိုယ့်မျက်စိ ရှေ့မှောက်ကို ရောက်လာတဲ့ ပစ္စည်းဖြစ်တဲ့ အတွက် ပံ့သကူ ပစ္စည်းဖြစ်တယ် ၊ စားသုံးခွင့် ရှိတယ် ၊ မွန်မြတ် ပေတယ်လို့ မဟာဇနက မင်းသားက သဘောကျ တာနဲ့ ကောက်ယူကာ ဆေးကြာပြီး သုံးဆောင် တော်မူပါတယ်။

သီဝလိဒေ၀ီ ကတော့ အသည်းကွဲတော့ တာပါပဲ။ ဘုရင်မင်းမြတ် ဖြစ်တဲ့ မဟာဇနက ဟာ သည်လို လမ်းမှာ ကျတဲ့ ပစ္စည်းကို ကောက်ယူ သုံးစွဲတာ မသင့်တော်ဘူး လို့ ထင်ခဲ့ပါတယ်။ ခံစား ခဲ့ပါတယ်။ ဒါပေမဲ့ မဟာဇနက ကတော့ ထီးနန်း စည်းစိမ်ကို စွန့်ပစ်အပ်တဲ့ တံတွေးပေါက် လို သဘောထား လိုက်ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီ တံတွေးပေါက်ကို ပြန်ပြီး မမျိုတော့ သလို စိတ်ထားမျိုး ထားလိုက်ပြီ ဖြစ်တဲ့ ဘုရားလောင်းတော် ကတော့ လိုတဲ့အခါမှာ လိုသလောက် ကောက်ရတဲ့ အမဲကင်ကို သိမ်းပိုက် သုံးဆောင် တော်မူပါတယ်။

မြတ်စွာ ဘုရားဟာ ပုဏ္ဏားကြီး တစ်ပါးကို ချေချွတ် တော်မူချင်လို့ ပုဏ္ဏားကြီး အိမ်က ကြွက်ကိုက်တဲ့ အ၀တ် စွန့်ပစ်တာကို ဆီးပြီး ပံ့သကူ ကောက်တော်မူ ပါတယ်။ ပိုင်ရှင် ပုဏ္ဏားကြီးက ဇာတ်မြင့်တဲ့သူ များဟာ ကြွက်ကိုက် အ၀တ်ကို ကောက်ယူရင် ဇာတ်ပျက် တော့မှာပဲလို့ ပူပန် ကြောင့်ကြ ကြီးစွာနဲ့ လာရောက် တားမြစ်ပါတယ်။ အဲဒီ အချိန်မှာ မြတ်စွာ ဘုရားက ပုဏ္ဏားကြီး ကို ချေချွတ် တော်မူပါတယ်။

တစ်ခုတော့ သတိထားရ ပါမယ်။ ပိုင်ရှင် မရှိရင် ပံ့သကူ တဲ့ဆိုပြီး ကျနေသမျှ ပစ္စည်းကို ကောက်ယူလို့ မဖြစ်ပါဘူး။ ကိုယ့် အလုပ်ဌာနမှာ ပစ္စည်း ကောက်ရတယ် ၊ အများ သက်သေထူပြီး ရုံးဌာနမှာ အပ်ထား ကြရပါမယ်။ ရုံးဌာနက ပစ္စည်း ထားတာကို ရှိတယ်ဆိုတာ ကြေညာပြီး လာယူတဲ့ သူကို ဟောင့်ကာ ပြန်ပေးနိုင်ရင်လည်း သိပ်ဝမ်းသာစရာ ကောင်းမှာ ဖြစ်ပါတယ်။ ကားမောင်းတဲ့ သူများ ၊ အမှိုက်သိမ်းတဲ့ သူများ ပစ္စည်းတွေ့ရင် ပိုင်ရှင်ကို ရှာလို့ တွေ့နိုင်ပါလျက် မရှာဘဲ ပုန်းလျှိုး ကွယ်လျှိုးကာ ဖျောက်ဖျက် ပစ်တာမျိုးကတော့ ခိုးတာပါပဲ။ ပံ့သကူ ကောက်တာ မဟုတ်တော့ ပါဘူး။ ဘယ်လို လူမျိုး ဖြစ်ဖြစ်ပါလေ ၊ ကျနေတာကို ကောက်ယူပြီး အရင် လုပ်ရမှာက ပိုင်ရှင်ရှာတဲ့ အလုပ် ဖြစ်ပါတယ်။

တန်ဆောင်မုန်း လများမှာ ဆိုရင် အညာမှာတော့ တယ်ပြီး ပံ့သကူ ပစ်ကြတာ ပါပဲ။ ထမင်း ၊ ဟင်း ၊ အ၀တ်အထည် စတဲ့ပစ္စည်းတွေ ၊ ငွေတွေကို အိတ်တွေထဲ ထည့်ပြီး လမ်းဆုံ လမ်းမမှာ ချထားတတ်ကြ ပါတယ်။ တချို့ကလည်း စားစကား များကို ခွေးတွေ ဆွဲမှာစိုးလို့ ခြံတိုင်မှာ ချိတ်ဆွဲထားတတ် ပါတယ်။

အဲသည်လို ပံ့သကူ ပစ်တဲ့သူတွေ ကလည်း ဘယ်သူများ ရသွားပါလိမ့်လို့ စောင့်ကြည့် တတ်တဲ့သူ ရှိသလို ဘယ်သူရရ ရတဲ့သူ ၀မ်းသာမှာပဲလို့ ယူဆကာ ပျော်တတ်ကြတဲ့ သူများလည်း ရှိပါတယ်။ တကယ်တော့ မမျှော်လင့်ဘဲ ရတဲ့ ပစ္စည်းနဲ့ မိမိတို့မှာ တစ်နည်း တစ်ဖုံ ပြည့်စုံ သွားကြတယ် ဆိုရင် တကယ် ပျော်ကြမှာပါပဲ။

တစ်ခါတလေ ပံ့သကူ ပစ်ထားတဲ့ လှူနည်းမျိုး ကတော့ သိပ်ကို ကောင်းတာပါပဲ။ တကယ် လိုအပ်တဲ့သူဆီကို မရောက်ဘဲ ပြည့်စုံတဲ့ သူဆီကို ရောက်တယ်ဆိုရင် သူက ပြန်ပြီး လှူမှာ သေချာပါတယ်။ တစ်ခုတော့ ရှိတာပေါ့လေ ၊ လူတစ်ယောက်က သေတ္တာ တစ်လုံးကို ခိုးလာတာ သေတ္တာထဲက အဖိုးတန် ပစ္စည်းတွေကို ရတော့ ယူလိုက်ပါတယ်။ ကျန်တဲ့ သင်္ကန်းတွေ ကိုတော့ ဘာလုပ်မှာလဲ ၊ ဘုန်းကြီးတွေမှ သုံးလို့ဖြစ်တာ ဆိုပြီး ဘုန်းကြီးကျောင်း ထဲကို ပစ်သွင်း လိုက်ပါတဲ့။ ဒုက္ခ ရောက်တာကတော့ ဘုန်းတော်ကြီးများ ဖြစ်ပါတယ်။ တာဝန်ရှိ သူများက ဘုန်းကြီးကျောင်း ထဲမှာ သေတ္တာကို တွေ့တော့ တခြား ခိုးရာပါ ပစ္စည်းများကို ရှာကြ ဖွေကြနဲ့ ဖြစ်ကုန်တာပေါ့။ သူခိုးရဲ့ ပံ့သကူ က ဘုန်းတော်ကြီး များတောင်မှ စိတ်ဒုက္ခ ဖြစ်စေခဲ့ပါတယ်။ ရှင်းလိုက် တော့လည်း ဘုန်းတော်ကြီးများ အမှုမပတ် တော့ပါဘူး။ မရှင်းခင်တော့ ဒုက္ခပေါ့။

ပံ့သကူ အတွေးကတော့ ကိုယ့်စိတ်ထဲကို ရောက်နေတာ ကြာပြီ။ ကြုံလို့ ၊ ကြားလို့ ၊ ဖတ်လို့ ရထားတာတွေက ဟိုတစ်စ ဒီတစ်စနဲ့ ပေါင်းစပ် လိုက်တော့လည်း လှပတဲ့ အတွေးဒီဇိုင်းသစ် တစ်ခု ၊ ဗဟုသုတ မြင်ကွင်း တစ်ခုကို ဖန်တီးပြီး ဖြစ်သွားတာပေါ့ လေနော်။ တကယ်လို့ ကိုယ့်မှာ ပံ့သကူ ကောက်ထားတာ များနေရင် တစ်စနဲ့ တစ်စ အရောင် ၊ အဆင် ၊ အပွင့် ၊ အခက်များ ဖော်ပြီး အလှအပကို ဖန်ဆင်း နိုင်ပါတယ်။

လောကမှာ အပြစ်ကင်းတဲ့ ပစ္စည်းနဲ့ ရောင့်ရဲ တင်းတိမ်နိုင်တဲ့ သူများဟာ စိတ်အေး ချမ်းသာမှုကို သာမက ကြွယ်ဝမှု တစ်ရပ်ကိုပါ ပိုင်ဆိုင် နိုင်ပါတယ်။ မရှိ သော်လည်း မတောင့်တတဲ့ သူ ရှိသော်လည်း ကြောင့်ကြ နေမယ့်အစား မျှတနိုင်တဲ့ သူဟာ ကြွယ်ဝတဲ့ သူပဲပေါ့ ။   ။

ဒေါက်တာ မတင်ဝင်း (ပညာရေးတက္ကသိုလ်)
( ၂၀၁၄ ခုနှစ် အောက်တိုဘာလထုတ် ငွေတာရီမဂ္ဂဇင်း ပါ ဆောင်းပါး )