Friday, September 5, 2014

လူဖြစ်ရခြင်း၏ . . .တန်ဖိုး


လူဖြစ်ရခြင်း၏ . . .တန်ဖိုး 

တစ်နေ့က တိပိဋကဓရ ယောဆရာတော်ကြီးရဲ့ တရားတစ်ပုဒ်ကို နာလိုက်မိတော့ ကိုယ်မသိ တာလေး သွားပြီးတွေ့ပါတယ်။ ဒါကြောင့် မြတ်စွာဘုရားက မင်္ဂလာတရား (၃၈) ပါးထဲမှာ “ကာလေန ဓမ္မသာကစ္ဆာ” သင့်တင့်လျောက်ပတ်သောအခါ၌ တရားတော်ကို နာကြားရမယ်၊ ဆွေးနွေးရမယ်လို့ ဆိုခဲ့ပေတာပေါ့။

အဲဒီနေ့က ယောဆရာတော်ရဲ့ တရားထဲမှာ ထူးထူးခြားခြား မှတ်သားမိလိုက်တာကတော့ လူ့ဘ၀မှာ လူတွေခံစားရတဲ့ စည်းစိမ်ဥစ္စာ၊ ဂုဏ်ပကာသနတွေဆိုတာ မထူးဆန်းပါဘူး။ နတ်တွေ၊ ဗြဟ္မာတွေမှာလည်း ဒီလိုစည်းစိမ်ဥစ္စာတွေ ဂုဏ်တွေဆိုတာ လူတွေရတဲ့ စည်းစိမ်ထက် အများကြီး သာပါတယ်။ အဲဒီစည်းစိမ်ကြောင့် ခံစားရတဲ့ ကာမဂုဏ်ချမ်းသာဆိုတာလည်း မထူးဆန်းပါဘူး။ ဒီ့ပြင် ဘုံဌာနတွေမှာလည်း သူတို့အဆင့်အတန်းနဲ့သူတို့ ဒီလိုချမ်းသာတွေဟာ ရှိကြတာချည်းပါပဲ။ လူတွေထက် ကာမဂုဏ်စည်းစိမ် ပိုပြီးအဆင့်မြင့်မြင့် ခံစားရတဲ့ ဘုံတွေတောင်မှ ရှိပါသေးတယ်။ ဒါဖြင့် လူတွေက အခြားဘုံဌာနတွေထက် ပိုပြီးထူးခြားကောင်းမွန်တဲ့ အရသာ ဘာများရှိပါသေးလဲ လို့ ဆန်းစစ်ကြည့်လိုက်တော့ တစ်ခုပဲရှိပါသတဲ့။ ဒါက ဘာလဲဆိုတော့ “ကုသိုလ်” ပြုနိုင်တာပါပဲ။

တခြားအဆင့်မြင့်တဲ့ နတ်ဘုံ၊ ဗြဟ္မာဘုံတွေမှာ ဒီလိုကုသိုလ်ပြုနိုင်ခွင့် မရှိတာကတော့ လူ့ဘုံကို မမီနိုင်တော့ပါဘူး။ “ကုသိုလ်” ဆိုတော့ ကောင်းမှုပေါ့လေ။ အဲဒီလို ကောင်းမှုပြုခွင့်ရတဲ့ လူ့ဘုံဟာ ၃၁ ဘုံမှာ အမြတ်ဆုံးပါပဲ။ ဒါနကုသိုလ်လည်း ပြုနိုင်တယ်။ သီလကုသိုလ်လည်း ပြုနိုင်တယ်။ ဘာဝနာကုသိုလ်လည်း ပြုနိုင်တာမို့ လူ့ဘ၀ကို ရလာခြင်းက အရတော်တယ်လို့ဆို နိုင်ပါတယ်။ ဒါကြောင့်လည်း ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်က အထက်ဘုံက သိကြားမင်းအပါအ၀င် သူတော်ကောင်းနတ်တွေဟာ လူ့ပြည်ကိုဆင်းပြီး ကောင်းမှုပြုကြရပါတယ်။ ဒါနလည်းပြုပါတယ်။ သီလလည်းပြုပါတယ်။ ဘာဝနာတရားတွေလည်း နာကြရပါတယ်။ ဒီတော့မှသာသူ တို့ခမျာလည်း ကျွတ်တမ်းဝင်နိုင်ကြရပါတယ်။

ဒါလေးတစ်ခုကို သတိပြုမိလိုက်တော့ ချမ်းသာတယ် ဆင်းရဲတယ်ဆိုတာ ပဓာန မဟုတ်တော့ ဘူးဆိုတာ ချက်ချင်းပဲ သဘောပေါက်လိုက်မိပါတယ်။ ကိုယ့်ကိုယ်ကိုယ် ဆင်းရဲတယ်လို့ထင်ရင် ကိုယ့်ပတ်ဝန်းကျင်ကို ငဲ့ကြည့်လိုက်တဲ့အခါ ကိုယ့်ထက်ဆင်းရဲတဲ့သူတွေ တစ်ပုံကြီး တွေ့လာရ ပါတယ်။

တခြားမကြည့်ပါနဲ့။ ကိုယ့်အိမ်မှာမွေးထားတဲ့ ခွေးကလေး၊ ကြောင်ကလေးတွေတောင် ကိုယ်ကျွေး မှပဲ စားရရှာတာပါ။ တစ်ခါတလေ သူကကျွေးမလိုလို ကိုယ်ကကျွေးမလိုလိုနဲ့ မကျွေးမိတဲ့အခါများ ဆာလွန်းလို့ တညောင်ညောင်နဲ့ အမြီးကလေးတနန့်နဲ့ မျှော်လိုက်ကြရတာ။ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်း ကဆို မိုးတွေကလည်း အဆက်မပြတ်ရွာနေတော့ အိမ်ထဲမှာပဲ ကုပ်နေရင်းက မိုးရွာထဲကို မျှော်ကြည့်လိုက်မိတယ်။ သစ်ပင်တွေပေါ်မှာ ငှက်ကလေးတွေ မိုးရေတွေနဲ့ တုတ်တုတ်ရွှဲလို့ ခမျာများ ဒီအချိန်ဘယ်မှာသွားပြီး အစာရှာနိုင်မှာလဲ။ မဟုတ်ပါဘူးဆိုပြီး တိုင်ကလေးတစ်ခုပေါ်ကို သစ်သားပြားလေးတစ်ခုတင် သံနဲ့ရိုက်ပြီးမှ အိမ်မှာကျန်တဲ့ ထမင်းကြမ်းခဲလေး သွားတင်ထားလိုက်တော့ ထင်တဲ့အတိုင်းပါပဲ။ ဆင်းဆင်းလာပြီး စားလိုက်ကြတာလေ။ ဒီတော့မှ ကိုယ့်မှာလည်း မထင်မှတ်ဘဲ ဒါနကုသိုလ်တစ်ခုတော့ ပြုခွင့်ရလိုက်ပြီရယ်လို့ ကြည်နူးဝမ်းသာ ဖြစ်ရပါတော့တယ်။

အမှန်တွေးကြည့်ရင် ကိုယ်နေတဲ့လူ့ဘ၀မှာ ကုသိုလ်ပြုခွင့်တွေ အများကြီးမှအများကြီး။ ကျွန်တော်ဆို ခရီးသွားတိုင်း နေရာလေးတစ်ခု ကားပေါ်မှာရတယ်ဆိုရင်ပဲ သက်ကြီးဝါကြီး ပုဂ္ဂိုလ်တွေ၊ ရဟန်းတွေ၊ သီလရှင်တွေ ကားပေါ်တက်လာတဲ့အခါ အရှင်ဘုရား ဒီကိုကြွပါ။ အမေ ဒီမှာလာထိုင်ပါ။ အဘ ဒီမှာနေရာရှိပါတယ်နဲ့ အဲဒီလို နေရာကလေး လှူလိုက်ရတာကပဲ ခရီးသွားရင်း ကုသိုလ်ရနေခဲ့တာပါ။ အရမ်းကျပ်လို့ နောက်တက်တဲ့ခရီးသည် နေရာမရရင်လည်း ကိုယ်က သူထိုင်သာအောင် ကိုယ်ကိုကျုံ့ပေးလိုက်မိတာချည်းပါပဲ။ ဒါပေမဲ့ လူတိုင်းတော့ ကိုယ့်လိုမဟုတ်ဘူးပေါ့လေ။

တချို့ဆို အစ်မကြီး နည်းနည်းလောက် တိုးပေးပါဆိုလည်း မကြားချင်ယောင်ဆောင်ပြီး တမင်ကို နေရာမပေးချင်လို့ ဖြဲကားပြီး ထိုင်နေကြသူတွေလည်း မကြာခဏဆိုသလို တွေ့မိပါရဲ့၊ တွေ့တိုင်းလည်း သြော် အချိန်တိုခရီးလေး တစ်ခုအတွင်းမှာတောင် ခဏထိုင်ရတဲ့ နေရာကလေးကို တွန့်တိုလိုက်ကြတာ။ ဘယ့်နှယ်များ ဒီလူတွေ လူ့ပြည်လာပြီး လူ့ဘ၀ရဲ့တန်ဖိုးကို ရနိုင်ကြပါ့မလဲလို့ တွေးမိပြီး သနားစိတ်ပေါ်မိပါတယ်။

ကျွန်တော် ဒီရပ်ကွက်ကို ပြောင်းလာခါစက ငါနေ့တိုင်း ကုသိုလ်ရအောင် ဘာများလုပ်ရရင် ကောင်းမလဲတွေးပြီး ပထမဆုံး အရိပ်ရအောင် အိမ်ရှေ့မှာ ဗာဒံပင်လေးတစ်ပင် စိုက်ပါတယ်။ အင်မတန် အကြီးမြန်တဲ့ အပင်မျိုးပါ။ ဖြစ်လာပြီဆိုရင်လည်း အရွက်တွေက ပြန့်ကားပြီး အရိပ်လည်း အင်မတန်ကောင်းတဲ့ အပင်မျိုးပါ။ သိပ်မကြာပါဘူး အပင်ကလေးဖြစ်လာတော့ ဈေးထဲသွား ရေအိုးရေခွက်အဖုံးနဲ့ အုပ်ဆောင်းကလေးတစ်ခုပါ ၀ယ်လာပြီး ရေအိုးစင်ကလေး တည်လိုက်ပါတယ်။ သွားရင်းလာရင်း ရေဆာတဲ့လူတွေ သောက်ရအောင်လို့ပါ။ ပထမတည်တဲ့ အိုးကလေးက သေးတော့ နွေဘက်ဆို တစ်နေ့နှစ်ခါ ထည့်ရပါတယ်။ ဒါကြောင့် အိုးကြီးကြီးဝယ်ပြီး ထည့်ထားလိုက်တော့ တစ်ရက်တစ်ခါပဲ ထည့်ရပါတယ်။ ဒါလည်း ကုသိုလ်ပါပဲ။ ခုလို မိုးတွင်း ဆိုတော့ ရေကသိပ်မကုန်တော့ပါဘူး။ ဒါပေမဲ့ သောက်တဲ့သူတော့ ရှိပါတယ်။ ကျွန်တော့်မိတ်ဆွေ တစ်ယောက်က ဒါကိုကြည့်ပြီး “ခင်ဗျားကတော့ မိုးတွေရွာနေလည်း ကုသိုလ် ကတော့ ရနေတာပဲ” လို့ ချီးကျူးစကား ဆိုပါတယ်။ ပြောချင်တာက ကုသိုလ်ယူတတ်ရင် မရှားဘူး ဆိုတာ ပြောချင်တာပါ။

ကျွန်တော်မှတ်ဖူးသလောက် လယ်တီဆရာတော်ကြီးက ကျောင်းတိုက်ကြီး တွေမှာ သီတင်းသုံးစဉ် အခါကတည်းက မနက်စောစောထပြီး ကျောင်းတိုက်ထဲမှာရှိတဲ့ ရေအိုးမှန်သမျှ ရေဖြည့်ပြီး ကုသိုလ်ယူလေ့ ရှိပါတယ်။ ကုဋီတောင် မချန်ပါဘူး။ ဒီလိုလုပ်လို့ သူ့ကိုယ်သူ သိမ်ငယ်တယ် ရယ်လို့လည်း မတွေးပါဘူး။ အခြားကိုယ်တော်တွေက အမြင်မကောင်းဘူးထင်လို့ မလုပ်ပါနဲ့ ပြောရင်လည်း “ကုသိုလ်ယူနေတာပါ” လို့ပြောပြီး လုပ်မြဲလုပ်တာပါပဲ။

အမှန်ပြောရင် ကိုယ်က မသွားဘဲနဲ့ တဖြည်းဖြည်း နီးလာတာက သေခြင်းတရားပါ။ မသေခင် ကိုယ့်နောက်ပါမှာကို လုပ်ကြရမှာပါ။ စည်းစိမ်ဥစ္စာဆိုတာ သေရင်ထားခဲ့ရတာချည်းပါပဲ။ ရာထူး ဂုဏ်သိန် ဆိုတာကတော့ မသေခင်တောင်မှ ထားခဲ့ရမှာပါ။ ကိုယ်ပိုင်ဥစ္စာ မဟုတ်ပါဘူး။ ကျွန်တော်နဲ့ အင်မတန်ခင်တဲ့ အဒေါ်ကြီးတစ်ယောက်ဟာ သူမသေခင်မှာ ဥစ္စာစီးပွားတွေ ရှာလိုက်တာ ဒေါင်းတောက်နေတာပါပဲ။ ဥစ္စာပစ္စည်းတွေ ရတော့်လည်း သူ့တစ်ကိုယ်လုံး ဆင်ထားလိုက်တာ ညွတ်နေတာပဲ။ သူကွယ်လွန်တော့ ကျွန်တော် အသုဘရှု ရောက်သွားပါတယ်။ ခမျာ စောင်စုတ်ကလေးအုပ်ပြီး လူလယ်ကောင်မှာ ဆန့်ဆန့်ကလေးပါ။ ၀တ်ထားတဲ့ ပစ္စည်း ဥစ္စာတွေကတော့ သူ့ကိုယ်ပေါ်မှာ တစ်ခုတောင်မှ မရှိတော့ပါဘူး။ နားကပ်တောင် သမီးတွေက ချွတ်ယူထားလိုက်ပါတယ်။ အတော်တရားကျစရာကောင်းတဲ့ အဖြစ်ပါ။

တကယ့်တကယ်တော့ ဒါန၊ သီလ၊ ဘာဝနာဆိုတဲ့ ကုသိုလ်ကောင်းမှုတွေကသာ ကိုယ့်နောက်ပါ တာပါ။ တစ်နေ့တစ်နေ့ ကိုယ်ပြုတဲ့ ကုသိုလ်ကသာလျှင် သံသရာအဆက်ဆက် ဘ၀အဆက်ဆက် လိုက်ပြီး အကျိုးပေးမှာပါ။ ဒါကိုသိတော့ လူ့ဘ၀ကိုရလာတဲ့ တန်ဖိုးဆိုတာ ကုသိုလ်ရှာခွင့်ရတာပဲလို့ ယောဆရာတော် ဟောပြတာဟာ အမှန်ကို ဟုတ်နေတာပါပဲ။ သွားရင်းလာရင်း လုပ်ရင်းကိုင်ရင်း စေတနာထားပြီး ကုသိုလ်ရနိုင်မယ့် အခွင့်အရေးလေးတွေကို လက်လွတ်မခံဘဲ လုပ်သွားကြရင် သိန်းနဲ့သောင်းနဲ့ချီပြီး လှူ တာထက်ပိုပြီး ကုသိုလ်ရနိုင်ပါတယ်။


 ဒါကလည်း တမင်အဆန်းထွင်ပြီး ပြောတာ မဟုတ်ပါဘူး။ ညောင်ပင်ကြီးလောက်လှူပေမယ့် ညောင်စေ့လောက်တောင်မှ မရတဲ့ အလှူမျိုးတွေလည်း ရှိတတ်တော့ ကိုယ်နေ့စဉ်ပြုတဲ့ ကုသိုလ် လေးတွေကိုလည်း ဘာမှမဖြစ်လောက်ပါဘူးလို့ မတွေးဘဲ လူ့ဘ၀ရခိုက် ကုသိုလ်လုပ်ဖို့မမေ့ဘဲ ကုသိုလ်ယူကြစမ်းပါလို့ တိုက်တွန်းချင်မိတာပါပဲ။ 

ဘစံကောက်

by www.news-eleven.com

Thursday, September 4, 2014

“ဖျတ်ခနဲမြင်လိုက်မိတဲ့ မြင့်မိုရ်ဦး”

 
“ဖျတ်ခနဲမြင်လိုက်မိတဲ့ မြင့်မိုရ်ဦး”

အမေရိကန်နိုင်ငံမှာ ကိုရွှေမြန်မာတွေအများဆုံးနေထိုင်ကြတဲ့ အရှေ့ပိုင်း အင်ဒီယားနားပြည်နယ်က ဖို့ဝိန်းမြို့ဆိုတာ အဆိုတော်ကြီး ဒေါ်မာမာအေးပြောသလို အမေရိကန်ရဲ့ တောမြို့ကလေးဆိုတာ အမှန်ပါပဲ။ ဖို့ဝိန်းမြို့ရဲ့ Down-Town လို့ခေါ်တဲ့ အစည်ကားဆုံးနေရာဟာ မဟာရန်ကုန်မြို့ရဲ့ မီးရထား ရုံးကြီးရှေ့က တစ်ဘလောက်စာလောက်ပဲရှိမယ်ထင်တယ်။

       အဲဒီမြို့သေးသေးလေးကို မြို့ကြီးတွေကနေသွားရတဲ့အခါ အဓိကပြဿနာက တိုက်ရိုက်လေယာဉ် မရှိ တာပါပဲ။ အနဲဆုံး နှစ်ထောက်လောက်နားပြီးသွားမှရတယ်။ တစ်ထောက် နားလောက်နဲ့ အမြန်ရောက် ချင်တယ်ဆိုရင် ဖို့ဝိန်းနဲ့ မိုင်တစ်ရာကျော် (ကားနဲ့၂-နာရီခရီး) လောက်ဝေးတဲ့ အင်ဒီယာနာပူးလစ်ဆိုတဲ့ ပြည်နယ်မြို့တော်လေဆိပ်ကိုစီးမှရတယ်။ ဆန်ဖရန်စစ္စကိုကနေ ဖို့ဝိန်းကိုအသွားတုန်းက နှစ်ဆင့်ပြောင်းလေယာဉ်နဲ့သွားလိုက်တာ ဆန်ဖရန်က မနက်(၉)နာရီလောက်ကနေ စစီးပြီး တစ်ထောက်နားလိုက်၊ ဆက်စီးလိုက်နဲ့ ည(၁ဝ) နာရီကျော်မှပဲ ရောက်တော့တယ်။

     ခရီးရှည်ကားစီးရတဲ့အခါ မိမိရဲ့ ခါးဒဏ်ရာဟောင်းက နာလာတတ်တဲ့အတွက် အပြန်မှာတော့ ဖို့ဝိန်း လေဆိပ်ကနေ ချီကာဂိုလေဆိပ်မှာတထောက်နားပြီး ဆန်ဖရန်ကိုဆိုက်တဲ့လေယာဉ်နဲ့ စီစဉ်လိုက်တယ်။ လက်မှတ်ထဲမှာရေးထားတဲ့ အစီအစဉ်အတိုင်းဆိုရင်တော့ ဖို့ဝိန်းကနေ နံနက်(၆)နာရီထွက်တဲ့ လေယာဉ်ကိုစီး၊ (၁)နာရီကျော်စီးလိုက်ရင် (ချီကာဂိုမြို့က စံတော်ချိန် (၁)နာရီ နောက်ကျတဲ့အတွက်) ဒေသစံတော်ချိန် (၆:၁၅)နာရီမှာရောက် ၊ (၇)နာရီခရီးဆက် ၊ဆန်ဖရန်ကို (၁ဝ)နာရီရောက်မယ်လို့ဆိုတယ်။ ချီကာဂိုနဲ့ဆန်ဖရန်ဆိုတာ အမေရိကန်ရဲ့ အရှေ့ပိုင်းနဲ့ အနောက်ပိုင်းဖြစ်လို့ လေယာဉ်ခရီး ငါးနာရီလောက် ကြာတာဖြစ်ပေမယ့် အနောက်ပိုင်း ဖြစ်တဲ့ ဆန်ဖရန်က ချီကာဂိုထက် စံတော်ချိန် နှစ်နာရီနောက်ကျတာဖြစ်လို့ ထွက်ချိန်နဲ့ ရောက်ချိန်ဟာ နာရီကြည့်လိုက်ရင်တော့ သုံးနာရီပဲကွာသလိုဖြစ်နေတာပေါ့။

      အခုပြောခဲ့တာတွေက စာရွက်မှာရေးထားတဲ့သဘောတရားတွေပါ။ လက်တွေ့မှာတော့ ဖို့ဝိန်း လေဆိပ်ကို ကြိုကြိုတင်တင် နံနက်(၅)နာရီလောက်ရောက်သွားတဲ့အခါ လေယာဉ်က Delay (ထွက်ချိန် နောက်ကျ) ဖြစ်တယ်တဲ့။ နောက်ထပ် လေးနာရီလောက်စောင့်ပြီး (၉)နာရီလေယာဉ်နဲ့မှ အစောဆုံး စီးနိုင်မယ်ဆိုတော့ ချီကာဂိုမှာပြောင်းစီးရမယ့်ခရီးစဉ်တွေပါ သူတို့အစီအစဉ်နဲ့ ပြောင်းလဲ ပေးပြီး လက်မှတ် အသစ်နဲ့လဲပေးပါတယ်။ သူတို့ ချို့ယွင်းချက်ကြောင့် ပြောင်းလဲရတာဖြစ်လို့ ဘာမှတော့ ထပ်မပေးရပါဘူး။ ကိုယ်ကနောက်ကျလို့ လေယာဉ်ပြောင်းစီးရရင်တော့ အနည်းဆုံး ၂၅ဒေါ်လာ ထပ်ပေးရပါသတဲ့။

       ဖို့ဝိန်းလေဆိပ်မှာ မနက်စောခရီးစဉ်တိုင်း ဒီလိုပဲ Delay ဖြစ်လေ့ရှိသတဲ့။ ဘာကြောင့်လဲ ဆိုတော့ စီးမယ့်ခရီးသည်က လေးငါးယောက်ထက်မပိုလှလို့ နောက်တစ်စီးနဲ့ပေါင်းပြီးမှတင်တာလို့ ဆိုပါတယ်။ ကဲ … ထားပါတော့လေ။ ခရီးစဉ်အခက်အခဲကိုပြောမနေတော့ပဲ အဓိကအကြောင်းကိုပဲ ပြောရမယ် ဆိုရင် အဲဒီနေ့က တကယ်လေယာဉ်ပေါ်ရောက်တဲ့အချိန်မှာ နံနက်(၁ဝ) နာရီကျော်နေပါပြီ။ ချီကာဂို ရောက်တော့ (၁၁)နာရီကျော်။ နောက်ထပ်ပြောင်းစီးရမည့်လေယာဉ်က ညနေသုံးနာရီခွဲမှဆိုတော့ ဆန်ဖရန်ကို ည(၆)နာရီကျော်မှရောက်တော့မှာပေါ့။ ဒါကြောင့် ကြိုပေးမယ့် မုဒိတာရွှေကျောင်းဆရာတော်ဆီကို ဖြစ်ကြောင်းကုန်စင်အချိန်မီ ဖုန်းဆက် လိုက်ရပါတယ်။

      ချီကာဂိုလေဆိပ်ရောက်တော့ မိမိခါးဒဏ်ရာဟောင်းက နဲနဲပြန်နာလာတဲ့အတွက် ခရီးဆောင်အိတ် နှစ်ခုထပ်ကို ဖြည်းဖြည်းချင်းဆွဲလာနေရတယ်။ နောက်စီးရမည့်လေယာဉ်က အချိန်အကြာကြီးလိုသေးလို့ သိပ်လဲအရေးမကြီးလှပါဘူး။ ချီကာဂိုလေဆိပ်က ကြီးလဲကြီး၊ ရှုတ်လဲနဲနဲရှုတ်တယ်။ မြို့သေးကလာတဲ့ လေယာဉ်ငယ်တွေ ဆိုက်ကပ်တဲ့ဂိတ်နဲ့ မြို့ကြီးတွေ သွားမယ့် လေယာဉ်ကြီးတွေဆိုက်ကပ်တဲ့ ဂိတ်ကလည်း အတော်လေး ဝေးပါတယ်။ ရန်ကုန် လေယာဉ်ကွင်း သုံးပြန်စာလောက်တော့ ကွာမယ်ထင်တယ်။ အပေါ်ထပ် အောက်ထပ် စက်လှေခါး နဲ့ အဆင်းအတက်သွားရတာလဲပါသေးတယ်။

      အတော်လေးသွားမိလို့ စက်လှေခါးနဲ့ ရွေ့လျားစီးတက်ရတဲ့ နေရာရောက်တော့ မိမိနဲ့ ကပ်လျက် ပါလာတဲ့ တောင်အမေရိကနွယ်ဖွားဖြစ်ပုံရတဲ့ လူရွယ်တစ်ဦးက မိမိရဲ့အခြေအနေ ကြည့်ပြီး “ဘာကူညီပေး ရမလဲ” လို့မေးပါတယ်။ မိမိက ပြောင်းစီးရမယ့်လေယာဉ်လက်မှတ်ကို ထုတ်ပြလိုက်တော့ “ဂိတ်ကဝေးတယ်၊ Terminal (လေယာဉ်ဆိုက်ကပ်တဲ့ ဂိတ်များရှိရာ) တစ်ခုကျော်ပြီးသွားရမယ်၊ သူကူညီပေးမယ်” ဆိုပြီး မိမိစီးရမည့်လေယာဉ်ကုမ္ပဏီ ဝန်ထမ်း အကြီးအကဲဖြစ်ပုံရသူတစ်ဦးကို သွားတွေ့တယ်။ သူလဲ ဒီကုမ္ပဏီက ဝန်ထမ်းဖြစ်ပုံရပါတယ်။

Wheel-Chair တစ်ခုယူလာပြီး မိမိကိုတက်ခိုင်းတယ်။ ဓာတ်လှေခါးနဲ့ တစ်ဆင့် တက်ပြီး အတော်လေးသွားတော့မှ မိမိပြောင်းစီးရမယ့် ဂိတ်ကိုရောက်တယ်။ မိမိကို ခုံလွတ်တဲ့နေရာမှာ ချပေးပြီးတော့မှ၊ “အခုထွက်မည့်လေယာဉ်က မီယာမီကိုသွားမှာ၊ နောက်တစ်စီးကျမှ ဆန်ဖရန်သွားမယ့် လေယာဉ်ဖြစ်မယ်၊ သုံးနာရီလောက်ဒီမှာစောင့်ပါ” လို့ပြောပြီး ပြန်မယ်လုပ်တော့ မိမိက Wheel-Chair တွန်းသူများကို “Tip” ပေးလေ့ရှိတဲ့ထုံးစံအတိုင်း ငါးဒေါ်လာတန်တစ်ရွက် ထုတ်ပြီး ပေးမယ်လုပ်တော့ “No … No …” ဆိုပြီးလက်ကာရင်း “Thank you, have a good trip.” ဆိုပြီး လှည့်ထွက်သွားပါတယ်။

      အချိန်က ဒေသစံတော်ချိန် (၁၁)နာရီခွဲလောက်ရှိပြီ။ မနက်စောက ပေါင်မုန့်နှစ်ချပ်နဲ့ ကော်ဖီတစ်ခွက် သာသောက်ခဲ့လို့ နဲနဲဆာသလိုလဲဖြစ်လာပြီ။ မိမိကနာရီကိုထုတ်ကြည့်ပြီး ဟိုဟိုဒီဒီ စားသောက်ဆိုင် ရှိမည့်နေရာကို ဝေ့ပြီးကြည့်နေတဲ့အချိန်မှာပဲ မျက်နှာချင်းဆိုင်ခုံက အသက် သုံးဆယ်ခန့်လောက်ရှိတဲ့ တရုတ် အမျိုးသမီး(နောက်တော့ ထိုင်ဝမ်က၊ ဗုဒ္ဓဘာသာ တရုတ် အမျိုးသမီး၊ ဒီအမေရိကားမှာကျောင်းတက်ပြီးလို့ အလုပ်လုပ်နေသူလို့ သိရပါတယ်) ကလဲ သူ့နာရီ ငုံ့ကြည့်ပြီး မိမိကို နေ့လည်စာစားပြီးပြီလားဆိုတာ မေးပါတယ်။

မိမိကဆိုင်ကို ရှာကြည့်နေတာ ဆိုတော့ သူက “ခဏစောင့်ပါ၊သူသွားယူပေးပါမယ်”တဲ့။ မိမိက “Red Meat (အသားကြီးတွေ) မစားဘူး”လို့ပြောလိုက်တော့ သူက ဗုဒ္ဓဘာသာဘုန်းကြီးဆိုတာ သက်သတ်လွတ် စားတယ်လို့ ထင်ပုံရပါတယ်၊ “I see, I see” ဆိုပြီးထသွားတယ်။ အပြန်မှာ ပေါင်မုန့်နဲ့ ဆလပ်ရွက် သုတ်ရယ်၊ ကော်ဖီတစ်ခွက်ရယ်ယူလာပြီး သေသေချာချာဖိနပ်ချွတ်ပြီး ကပ်ပါတယ်။ မိမိစားပြီး ရေသောက်ရင်း သူ့ကိုကြည့်လိုက်တော့ သူကပြုံးပြီး “Are you OK?” တဲ့။ မိမိက ခေါင်းငြိမ့်ပြလိုက်တော့ သူကလှူပါတယ်ဆိုတဲ့အကြောင်း ပြောပြီးပြုံးနေပါတယ်။ မိမိကလည်း “Thank you” ဆိုပြီးခေါင်းငြိမ့်ပြုံးပြလိုက်တယ်။ အင်း … ဒီနေရာတွေမှာတော့ ဗုဒ္ဓဘာသာရဲ့ပုံရိပ် (Image) ဟာ မငြိုးနွမ်းသေးဘူးဟဲ့ဟု တွေးလိုက်မိသေးရဲ့။

        နောက်လေယာဉ်က အကြာကြီးစောင့်ရတာဆိုတော့ ဟိုဟိုဒီဒီစဉ်းစားနေရင်းက မိမိကိုကူညီခဲ့တဲ့ အမျိုးသားကိုရော၊ မျက်နှာချင်းဆိုင်ကနေ့လည်စာကပ်လှူတဲ့ အမျိုးသမီးကိုရော စိတ်ထဲကအထူးကျေးဇူး တင်ပြီး မေတ္တာပို့နေမိတယ်။ သူတို့ကို “ဘာလေးများပြန်ပြီး ပေးလိုက် ရပါ့”လို့ ပါလာတဲ့လွယ်အိတ်ကို ဟိုစမ်းဒီစမ်း လိုက်ရှာကြည့်တဲ့အခါ ဓမ္မဒူတအရှင်ဆေကိန္ဒ ယဉ်ကျေးလိမ္မာ သင်တန်းသားကလေးတွေကို ပေးတဲ့ ပဋ္ဌာန်းကျောက်စိမ်းဆွဲပြားလေးတွေ ပါလာတာကို သတိရပြီး အဲဒီအမျိုးသမီးကို ပေးလိုက်တော့ သူကဝမ်းသာအားရနဲ့ ယူပြီး အသေအချာကြည့်နေပါတယ်။ မိမိက “အဲဒိမှာအစိတ်ကလေးတွေ (၂၄)ခုပါတယ်၊ ပဋ္ဌာန်းလို့ ခေါ်တယ်၊ အန္တရာယ်ကင်းတယ်၊ လာဘ်ကောင်းတယ်” ဆိုတဲ့အကြောင်းပြောပြတော့ သူက “Very lucky. Thank you so much.” ဆိုပြီး အတော်လေးဝမ်းသာနေပါတယ်။

       သူ့အပေါ်ကျေးဇူးတင်နေမိတာ၊ သူ့ကိုကျေးဇူးတုံ့အမှတ်တရပစ္စည်းလေး ပေးလိုက်လို့ သူကျေနပ် ဝမ်းသာနေတာကိုကြည့်ရင်း အတွေးတွေအမျှင်တန်းလာရာက အခု(၁ဝ)မိနစ်စာ လောက် ခရီးတိုလေးကို ကူညီလိုက်သူ၊ နေ့လည်စာဆွမ်းတစ်နပ် ကပ်လှူခဲ့သူတို့အပေါ်မှာ ဖြစ်ပေါ်မိတဲ့ ဝမ်းသာကျေနပ်မှု၊ သိမှတ် လိုက်မိတဲ့ သူတို့ရဲ့ ကျေးဇူးလေးကတောင် ဒီလောက် အများကြီးလို့ ထင်လိုက်မိတယ်ဆိုရင် … စာသင်သား ဘဝတစ်လျှောက်လုံး သင်ကြားဆုံးမပေးခဲ့တဲ့ ဆရာသမားတွေ၊  နေ့စဉ်မပြတ်ဆွမ်းလောင်းလှူနေသူတွေ၊ ပစ္စည်းလေးပါးလိုလေသေးမရှိအောင် နှစ်ရှည်လများထောက်ပံ့လှူဒါန်းကြတဲ့ ရဟန်းဒကာ၊ ဒကာမတွေနဲ့ မြန်မာပြည်အနှံ့က  ပစ္စည်း လေးပါး ဒကာ၊ ဒကာမတွေ၊ တရားနာပရိတ်သတ်၊ စာဖတ်ပရိတ်သတ်တွေရဲ့ ကျေးဇူးတွေဟာ … ။
အဲဒီလိုအမျှင်တန်းမိရာက “နီးလွန်းလို့မမြင်၊ ကြီးလွန်းလို့မမြင်” ရှိရတတ်တဲ့ အမေတွေရဲ့ ကျေးဇူးတွေဆီ စိတ်ရောက်မိတယ်။ ကိုယ့်အမေဟာလဲ … သြော် …  အမေ … အမေ ။

    မိမိဇာတိဖြစ်တဲ့ နတ်မောက်မြို့နယ်အရှေ့လက်၊ အလယ်ရိုးမရဲ့ အနောက်ဖက်ခြမ်း ဥယျာဉ်ရွာဆိုတာ ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ)ရဲ့ အလယ်ရိုးမစခန်းလို့ခေါ်တဲ့ မယ်ဇလီပင် စခန်းနဲ့ (၁ဝ)မိုင်ဝန်းကျင်အတွင်း မှာရှိလို့ အဲဒီခေတ်ကတော့ “အမဲရောင်နယ်မြေ” လို့ သတ်မှတ်ထားတဲ့နယ်ပါ။ ဗကပ တင်မကပါဘူး၊ ရဲဘော်ဖြူတို့၊ ပြူစောထီးတို့ ဆိုတာတွေလဲရှိလို့ ရောင်စုံသူပုန်နယ်မြေလို့ သတ်မှတ်ထားတဲ့ ဒေသပေါ့။ အဖေကရှင်လူထွက်အရွယ်မှာ ဗိုလ်ချုပ်အောင်ဆန်းဖွဲ့စည်းခိုင်းလို့ ဗိုလ်ဖိုးကွန်းက စည်းရုံးဖွဲ့စည်းခဲ့တဲ့ ရဲဘော်ဖြူတပ်မှာ လိုက်ခဲ့ဖူးတယ်။ အခု ဗကပတွေ ကြီးစိုးလာတော့ သူ့ပါတီဝင်ရမယ်၊ ငါ့ပါတီဝင်ရမယ် ဆိုတာတွေ ရှုတ်လာသတဲ့။

အဲဒီလိုအခြေအနေမှာ အဘိုး (အဖေ့ရဲ့အဖေ)က အမေ့ကိုခေါ်ပြီး “ငါ့တူမ … ခုလိုကာလ ဗရုတ်ဗရက် ကြီးထဲမှာ နင့်အိမ်သားအခြေအနေကတော့ ငါ့တူမ မုဆိုးမဖြစ်ချင်သလား၊ ရဟန်းအမ ဖြစ်ချင်သလား၊ ဒီနှစ်ခု ကြိုက်ရာရွေးမှဖြစ်တော့မယ်” ဆိုတဲ့အကြောင်း ပြောပြသတဲ့။ အမေ့ရဲ့အဖြေက လိုတိုရှင်းပါပဲ။ “ဦးတို့သားရဲ့ ဆန္ဒအတိုင်းပါ” လို့ပဲ ပြန်ပြောလိုက်သတဲ့။ ဒါနဲ့ပဲ အဖေက အသက်(၃၃)နှစ် အရွယ်မှာ ရဟန်းပြုပြီး မိမိတို့ရွာနဲ့ (၇)မိုင်လောက်ဝေးတဲ့အရပ်က တောရွာစာသင်တိုက်တစ်ခုမှာ သွားနေ ပါတယ်။ အဲဒီတုန်းက မိမိအသက် (၃)နှစ်သားလောက် ဆိုတော့ အပြည့်အစုံတော့ မသိပါဘူး။ အဘိုးအဘွားတွေ ပြန်ပြောပြတာ လောက်ပဲ မှတ်လိုက် ရတာပါ။ အဘိုးကတော့ “ကိုရင်တို့အမေက သတ္တိလဲကောင်းတယ်၊ စိတ်လဲ ပြတ်သား တယ်” တဲ့။

အမေက … အဲ … ဘယ်လိုပြောရမလဲ။ မုဆိုးမလဲမဟုတ်ဘူး၊ တစ်ခုလပ်လဲမဟုတ်ဘူး၊ လင်ပစ်မလဲ မဟုတ်ဘူး၊ လင်ကို သာသနာ့ဘောင်ဝင်ဖို့ ကြည်ကြည်ဖြူဖြူခွင့်ပြုလိုက်ပြီးတော့မှ သားနှစ်ယောက်ကို လုပ်ကိုင် ရုန်းကန် စောင့်ရှောက် ကျွေးမွေးနေရတဲ့ မိခင်တစ်ဦးပါ။ အမေက အလုပ်သိပ်ကြိုးစားတယ်။ ရွာနဲ့ (၁ဝ)မိုင်လောက်ဝေးတဲ့ ပျော်ဘွယ်နယ်ထဲက တောင်ညောင်ကုန်း ဆိုတဲ့ ငါးရက်တစ်ဈေး လက်လီလက်ကားပေးတဲ့ဈေးကို ဈေးနေ့တိုင်း မနက်အစောကြီး လှည်းနဲ့သွားပြီး ကုန်တွေဝယ်တယ်။ ညအတော်ညဥ့်နက်မှ အိမ်ပြန်ရောက်တယ်။ နောက်နေ့မနက် အစောထပြီး ရိုးမတောင်ခြေကရွာတွေဆီ လှည်းနဲ့၊ တခါတလေ ခေါင်းရွက်၊ ဈေးလှည့်ရောင်းတယ်။

အမေက ဈေးရောင်းရုံတင်မဟုတ်ဘူး၊ တောင်သူလဲလုပ်သေးတယ်။ အမေ ခဏခဏပြောတဲ့ စကား တခုရှိတယ်၊ “ငါကဈေးရောင်းနေပေမယ့် တို့အမျိုးက ဈေးရောင်းစားတဲ့အမျိုးမဟုတ်ဘူး၊ သူကြီးမျိုး” တဲ့။ အမေ့အဘိုး ဖိုးထွန်းကျော်ဆိုတာ နတ်မောက်မှာ သူကြီးဦးမင်းရောင် တန်ခိုးထွားချိန်က လက်အောက်ခံ သူကြီးဖြစ်လို့ သူ့နယ်တစ်ဝိုက်မှာ ငါးကျပ်တန်အမှုကို စီရင်ခွင့်ရတဲ့ အထူးအာဏာရ သူကြီးဆိုလားပဲ။ ဒီနယ်တစ်ဝိုက်မှာတော့ သူကြီးဦးထွန်းကျော်ဆိုရင် တစ်နယ်လုံး ဖိန့်ဖိန့်တုန်လို့ ပြောတာပဲ။ ဟုတ်တော့ဟုတ်မယ်ထင်တယ်။ မိမိတို့ရွာမှာတော့ အမေတို့ မောင်နှမတွေရဲ့ မြေယာတွေက များလဲများသလို မြေကောင်း ယာကောင်းတွေ အရပ်လေးမျက်နှာလုံးမှာရှိတယ်။

အမေ့ရဲ့ အကိုအကြီးဆုံးက လူပျိုကြီးဆိုတော့ အမေနဲ့ပဲအတူတူနေတယ်။ အမေလှည့်လည် ဈေးရောင်းနေနိုင်တာကလည်း မိမိတို့ကို ဦးကြီးက စောင့်ရှောက် ချက်ပြုတ် ကျွေးနေလို့ပါပဲ။ မောင်နှမ နှစ်ဦးရဲ့ အမွေရမြေယာတွေကများတော့ ဝမ်းကွဲဆွေမျိုးတွေကို ထက်ဝက်စား အဖက်ပေးခိုင်းတာလဲရှိသလို ရွာနဲ့နီးတဲ့ လယ်ယာတွေမှာ အမေက လူငှားနဲ့ ကျဲလှဲ စိုက်ပျိုးတာလဲ ရှိပါတယ်။ အလုပ်ကို ကြိုးစားသလောက် အစားအသောက် အသုံးအစွဲကျတော့ အမေဟာ ကပ်စေးနည်းသူလို့ သူများကပြောလောက်အောင်ကို ချွေတာတယ်။ အမေ့လက်သုံးစကားကတော့ “ငါဒီလောက်ကြိုးစားနေတာ ငါသုံးချင်၊ စားချင်လို့မဟုတ်ဘူး။ ငါ့သားတွေ မျက်နှာ မငယ်ရအောင်လို့” တဲ့လေ။

သူ့အတွက် ဖွယ်ဖွယ်ရာရာ ဝယ်မစားပေမယ့် မိမိတို့အတွက် ဈေးသွားတိုင်း ဈေးတပတ်စာ မုန့်ပဲ သွားရည်စာရော၊ အိမ်မှာ ချက်စားဖို့ ငါးခြောက်ငါးခြမ်း၊ အာလူး၊ ကော်ဖီထုတ်ဆိုတာတွေရောတော့ အမြဲ ပါလာတတ်ပါတယ်။ အဲဒီခေတ်က ကျေးလက်ကလေးတိုင်း သွားရည်စာဆိုလို့ ထန်းလျက်ခဲနဲ့ ပဲကြီးလှော် လောက်ပဲ စားနိုင်ကြချိန်မှာ မိမိတို့ ညီအကိုက “ဈေးမုန့်” လို့ခေါ်တဲ့ မုန့်မျိုးစုံ တော်တော်များများကို နံနက် စောတိုင်း စားခဲ့ရတယ်။
အရင်က အိမ်အောက်ယက်ကန်းစင်မှာသာ အလုပ်လုပ်လေ့ရှိတဲ့အမေဟာ နေပူစပ်ခါးမရှောင်၊ အစားပျက်၊ အအိပ်ပျက် အလုပ်ကြိုးစားလွန်းတဲ့အတွက်  ခုနစ်နှစ်၊ ရှစ်နှစ်လောက်အတွင်းမှာ ကျန်းမာရေးက သိသိသာသာကြီး ယိုယွင်းလာတယ်။ မိမိအသက် (၁၁)နှစ်ထဲအရောက်မှာတော့ အမေ အလုပ်မလုပ်နိုင် လောက်အောင် အိပ်ယာထဲလဲနေရတဲ့အဆင့် ရောက်လာပါတယ်။ ခုခေတ်လိုပြောရရင်တော့ အစာအိမ် ရောဂါပဲဖြစ်မယ်ထင်တယ်။ လေတွေ ပျို့အန်ပြီး မစားနိုင် မသောက်နိုင်ဖြစ်ရာက အိပ်ယာထဲလဲတော့တာပဲ။ အမေက ဆေးသောက်ရမှာလဲ အလွန်ကိုကြောက်တယ်။

၁၃၁၉ခုနှစ်၊ မိမိအသက် (၁၁)နှစ်ကျော်၊ အကိုက (၁၃)နှစ်ကျော်အရွယ်လောက်မှာပါ။ အမေ့ အသက်က (၄၅)နှစ်ထဲ ရောက်ရုံပဲ ရှိပါသေးတယ်။ အရွယ်ကတော့ အသက်နဲ့မမျှအောင် အိုစာနေပါတယ်။ အဲဒီနှစ်မှာ မိမိတို့ကို ရှင်ပြုပေးပါတယ်။ အမေနေမကောင်းချိန်ကစပြီး စာသင်တိုက်သွားနေတဲ့ အဖေဦးဇင်းလဲ ရွာကျောင်းမှာ ခန်းနေအဖြစ်နဲ့ ပြောင်းရွှေ့လာပါတယ်။ အမေလဲ နေကောင်းတဲ့အခါ ဆွမ်းပို့တာတို့၊ အကျိုးအကြောင်းတိုင်ပင် လျှောက်ထား တာတို့ လုပ်ပါတယ်။ ရှင်ပြုပေးဖို့ကိစ္စမှာလဲ တိုင်ပင်ပြီးဆောင်ရွက်ကြတာလို့ မှတ်မိပါတယ်။

ရှင်ပြုတဲ့ရက်တုန်းကတော့ အမေဟာ စိတ်ကဆောင်နေလို့ပဲလားမသိဘူး၊ ထူထူထောင်ထောင်နဲ့၊ သင်္ကန်းဗန်းတွေ ဘာတွေရွက်ပြီး အလှူဝတ်လှည့်တောင် လိုက်နိုင်သေးတယ်။ အလှူရေစက် ချချိန်မှာလည်း ကိုယ်တိုင်ပဲ လုပ်နိုင်သေးတယ်။ အလှူပြီးမကြာခင် အိပ်ယာထဲ ပြန်လဲတော့ တာပါပဲ။ ဒီတကြိမ်ဟာ သေရာ ညောင်စောင်း လဲတယ်လို့ပဲ ဆိုရမှာပါ။ ထုံးစံအရဆိုရင် မိမိတို့ငယ်ဆရာတော်က ရှင်ပြုပြီးရင် သုံးဝါမပြည့်မချင်း လူဝတ်လဲခွင့် မရှိပါဘူး။ မိမိတို့ကိုတော့ ခုနှစ်ရက်ပြည့်တဲ့အခါ အမေကို ပြုစုဖို့ဆိုပြီး လူဝတ်လဲစေပါတယ်။ အမေ့ကျန်းမာရေးက တစ်နေ့တခြားဆိုသလို ဆိုးဝါးလာတယ်။

အိပ်ယာထဲလဲပြီး လပိုင်းလောက်ရောက်တဲ့အခါမှာတော့ အမေက ညနေ ပရိတ်နာချင်လို့ဆိုပြီး ရွာဦးကျောင်းဘုန်းကြီးကို အပင့်ခိုင်းပါတယ်။ ညနေမှာ တောင်ကျောင်း၊ မြောက်ကျောင်းဆရာတော် နှစ်ပါးရော၊ မိမိတို့ဖခင် ဦးဇင်းအပါအဝင် ခန်းနေသံဃာတွေရော အားလုံး ငါးပါးလောက် ကြွလာပါတယ်။ အမေ့ကို ကြီးတော်ဝမ်းကွဲနှစ်ယောက်က တွဲထူဖေးမပေးထားလို့ ကြီးတော်တွေကို မှီရင်းထိုင်ပြီး အမေ တရားနာနိုင်သေးတယ်။ ရေစက်ချတာတော့ ဦးကြီးက ဆောင်ရွက်ပါတယ်။ ရေစက်ချပြီးတဲ့အချိန် ရောက်တော့ အမေ သိသိသာသာကို အသံမာမာနဲ့ (မာတယ်ဆိုတာ မာရေ ကျောရေ ဆိုတာမျိုး မဟုတ်ပါဘူး၊ အသံ ပီပီပြင်ပြင် ရှိလာတာ ပြောတာပါ) မိမိတို့ နှစ်ယောက်ကို သူ့နားခေါ်ပါတယ်။ အဲဒီကျတော့မှ အမေ ပရိတ်နာပွဲလုပ်တဲ့ ရည်ရွယ်ချက်ကို သိရတော့တယ်။

ပထမဆုံး မိမိတို့နှစ်ယောက်ကို “ကဲ … ငါ့သားတို့ … အမေတိုတိုပဲ ပြောမယ်၊ နားထောင်ကြနော်၊ အမေမရှိတဲ့နောက်မှာ ငါ့သားတွေ ဘယ်ဆွေမျိုးအိမ်မှ မနေပါနဲ့၊ မင်းတို့အောက်ကျနောက်ကျ မဖြစ်အောင် အမေ လုပ်ကျွေးစောင့်ရှောက်ခဲ့တယ်၊ မင်းတို့ကို ရှင်ပြုပေးရာမှာလဲ သားကြီး ရှင်ဖြစ်၊ ဖြစ်ကတတ်ဆန်း မဟုတ်ဘူး။ သူများနည်းတူ ရှင်ပြုပေးခဲ့တာပဲ။ ဘယ်လောက်ဆွေမျိုးတော်နေနေ၊ သူများအိမ်ဆိုတာ ကိုယ့်အမေအိမ်မဟုတ်ဘူး၊ သူများ မျက်နှာဆိုတာလဲ ကိုယ့်အမေမျက်နှာ မဟုတ်ဘူး။ ငါ့သားတွေ သူများ မျက်နှာမော့ကြည့်ပြီး စားရ၊ နေရတဲ့ဘဝကို အမေမလိုချင်ဘူး။ အမေ့မျက်နှာထက်သာတာဆိုလို့ ဘုရား မျက်နှာပဲ ရှိတယ်။ ဘုရားမျက်နှာကိုပဲ မော့ကြည့်၊ တခြားမျက်နှာတွေကို မော့မကြည့်နဲ့။

ကဲ … ငါ့သားတို့ နှစ်ယောက်လုံး အမေအသေဖြောင့်အောင် အခုရွာဦးကျောင်းဆရာတော်ရှေ့မှာ အမေ့ကို ကတိပေးကြပါ။ အမေမရှိတဲ့နောက်မှာ သာသနာ့ဘောင် အမြဲနေမယ်လို့ ကတိပြုပါ။ သားတို့ဆီက ဒီကတိကိုရမှ အမေ အသေဖြောင့်မယ်” ဆိုပြီး ပြောပါတော့တယ်။ မျက်နှာကလဲ တက်တက်ကြွကြွ၊ အသံကလဲ ပီပီသသ၊ ခပ်မာမာ။ နှစ်ကျောင်းလုံးဆရာတော်တွေကလည်း “ဒါဟာ အမေ့ကျေးဇူးဆပ်တာပဲ၊ မင်းတို့အမေတောင်းတဲ့ ကတိကို ပေးလိုက်ကြလေ” ဆိုပြီး တိုက်တွန်းကြပါတယ်။ မိမိတို့လဲ ဘာရယ်လို့မဟုတ်ပါဘူး၊ ထုံးစံ အတိုင်းလဲ အမေ့စကားရော၊ ဆရာသမားစကားရော ငြင်းဆန်ဝံ့ခဲ့ကြတာမဟုတ်တော့ “အမေဖြစ်စေ ချင်သလို နေပါမယ်” ဆိုပြီး ကတိပေးလိုက်ကြပါတယ်။ အမေက သာဓုလဲခေါ်၊ မျက်ရည်လဲကျလို့။

ပြီးတော့မှ ရွာဦးကျောင်းဆရာတော်ကို “တပည့်တော်မ မရှိတဲ့နောက်မှာ သားနှစ်ယောက်လုံးကို သင်္ကန်းဝတ်ပြီး စောင့်ရှောက်ပေးပါဘုရား” လို့ လျှောက်ထားမှာကြားပါတယ်။ မိမိတို့နှစ်ယောက်လုံး ကိုလည်း လက်နဲ့ သိမ်းပွေ့ပြီး “ငါ့သားတွေအတွက် အမေ မွေးကျိုးလဲနပ်ပါတယ်၊ ကျွေးကျိုးလဲ နပ်ပါတယ်” ဆိုပြီး တုန်တုန်ယင်ယင်ပြောရင်း အမေမောသွားပုံရပါတယ်။ ကြီးတော်တွေက “ကဲ … တောင်းတဲ့ကတိရပြီပဲ၊ ဆရာတော်တွေကို ဝတ်ပြုပြီး ပြန်နားတော့နော်” လို့ပြောရင်း အိပ်ယာထဲ ပြန်လှဲပေးလိုက်ကြတယ်။ သိပ်မကြာလိုက်ပါဘူး၊ လပိုင်းတောင်မပြည့်မီပဲ အမေ ကွယ်လွန် သွားတယ်။

 အမေရက်လည် ဆွမ်းသွတ်ပြီးတဲ့နေ့မှာပဲ ရွာဦးကျောင်းဆရာတော်ကရော၊ ဖခင်ဦးဇင်းကရော မိမိတို့ကို သင်္ကန်းပြန်ဝတ်ပေး လိုက်တာ ခုထိပါပဲ။ စိတ်ကတော့ ပျော်လိုက်၊ ပျင်းလိုက်၊ ဆုတ်နစ်လိုက်၊ တက်ကြွလိုက်နဲ့ ဖြတ်သန်း လာခဲ့တာ ခုဆိုအမေ့ကျေးဇူးကြောင့် ရဟန်းဝတ်အဖြစ်နဲ့နေခဲ့လို့ အမေမမျှော်မှန်းခဲ့တဲ့ နိုင်ငံတွေ အထိတောင်  လှည့်လည်ပြီး တရားဓမ္မတွေ ဟောပြောပို့ချနေမိပါရောလား … ။

အတွေးထဲမှာ နစ်မျောနေစဉ်မှာပဲ … “Are you OK?” ဆိုတဲ့အသံကြားလို့လှည့်ကြည့်လိုက်တော့ မိမိကို Wheel-Chair နဲ့ တွန်းပို့ကူညီခဲ့တဲ့ စောစောကပုဂ္ဂိုလ်၊ အခြားခရီးသည်တစ်ဦးကို လာပို့ရင်း မိမိကို နှုတ်ဆက်နေတာပါ။ မိမိကလဲ သူ့အမူအယာအတိုင်း လက်မတချောင်းထောင်ထားတဲ့ လက်သီးဆုပ်ကို လှုပ်ပြပြီး “OK, thank you.” ပြန်လုပ်လိုက်မိတယ်။ မျက်နှာချင်းဆိုင်က တရုတ်အမျိုးသမီးကလဲ မိမိတို့ နှုတ်ဆက်နေတာကို ကြည့်ရင်း ပြုံးပြနေပါတယ်။ တအောင့် တခဏခရီးတို၊ တနပ်စာအစားအသောက်နဲ့ ကူညီခဲ့တဲ့ သူတို့ကျေးဇူးကို မိမိစိတ်ထဲမှာ မှတ်မှတ်ရရ အလေးထား တုံ့ပြန်မိသလို ဘဝတစ်လျှောက်လုံးအတွက် သူ့ဘဝနဲ့ရင်းပြီး စောင့်ရှောက်ခဲ့တဲ့ အမေ့ကျေးဇူးတွေကိုရော ငါဒီလောက်အလေးအနက်ထားပြီး ကျေးဇူးတုံ့ပြုခဲ့ မိရဲ့လား ဆိုတာကိုလဲ ပြန်လည် စစ်ဆေးကြည့်နေမိတယ်။

မှတ်မှတ်ရရ ပိဋကတ်တစ်ပုံ အာဂုံပြန်ဆိုပြီးတဲ့နေ့ကတော့ မင်းကွန်းဆရာတော်ကြီးကို အားကျပြီး တစ်ခါအမျှဝေခဲ့ဖူးတယ်။ အမေဆုံးမခဲ့တာတွေထဲက “ခလုတ်မထိ၊ ဆူးမငြိပဲ ဘေးအန္တရာယ် ကင်းဖို့” ဆိုပြီး လမ်းသွားလမ်းလာ ထိခိုက်စေနိုင်တဲ့ ခလုတ်ဆူးငြောင့်တွေ ဖယ်ရှားတဲ့ အလေ့အထ သိပ်မမေ့လှဘူး။ အဲဒါတွေ လုပ်ဖြစ်မိတဲ့အခါတိုင်းလည်း အမေ့ကို ဖျတ်ခနဲ သတိရမိခဲ့လိုက်တယ်။
အမေပြောခဲ့တဲ့ စကားတွေထဲကတော့ “သူများအိမ်ဆိုတာ ကိုယ့်အမေအိမ်မဟုတ်ဘူး၊ သူများ မျက်နှာဆိုတာလဲ ကိုယ့်အမေမျက်နှာမဟုတ်ဘူး၊ အမေ့မျက်နှာထက် သာတာဆိုလို့ ဘုရားမျက်နှာပဲ ရှိတယ်။ ဘုရားမျက်နှာကိုပဲ မော့ကြည့်၊ တခြားမျက်နှာတွေကို မော့မကြည့်နဲ့” ဆိုတာကိုလဲ စွဲစွဲမြဲမြဲ မှတ်မိနေတယ်။

အခု မိမိကျေးဇူးတင်နေမိတဲ့ “တစ်ခဏပြုဖူး၊ သူ့ကျေးဇူး” တို့၊ “တစ်နပ်ကျွေးဖူး၊ သူ့ကျေးဇူး” တို့ရဲ့ ကျေးဇူးရှင်ကလေးတွေက မိမိနဲ့မျက်နှာချင်းဆိုင်မှာပါ။ သူတို့မျက်နှာကို တန်းတူပဲ ကြည့်နေမိတာပါ။ မော့မကြည့်ရပါဘူး။ သူတို့လေးတွေရဲ့ကျေးဇူးနဲ့နှိုင်းယှဉ်လိုက်ရင် အမေ့ကျေးဇူး တွေက … တဖြည်းဖြည်း တွေးရင်းတွေးရင်း မျက်နှာက အလိုလို အပေါ်ကို တဖြည်းဖြည်း မော့သွားမိတာ ခေါင်းပေါ်တည့်တည့်  ရောက်တဲ့အထိ … အဆုံးတိုင်ကို ခန့်မှန်းလို့ မရသေးပါဘူး။ အော် … “မြင့်မိုရ်တောင်ဦး၊ မကကျူး၊ ကျေးဇူးကြီးလျက်၊ မိဘစက်” ဆိုတာ ဟုတ်ပေမှာပဲ။

တွေးရင်း၊ မော့ရင်းက လက်အစုံဟာ အလိုလိုနဖူးပေါ်ရောက်သွားတယ်။ ဘာမှ ကြိုတင်စဉ်းစား ထားခြင်းမရှိပဲ ပါးစပ်ကလည်း “အခုအထိပြုခဲ့သမျှကုသိုလ်ကောင်းမှုများနဲ့ အမေ့ကျေးဇူးတွေကို အတုံ့ပြု ပေးဆပ်ပူဇော်ပါတယ်၊ အမေ သာဓုခေါ် ဝမ်းမြောက်ပါစေ” လို့ အသံတိုးတိုးနဲ့ ဆိုလိုက်မိပါတယ်။ ဘာကြောင့်ရယ်မသိ၊ မျက်ဝန်းတွေက စိုစွတ်လာခဲ့တယ်။ မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ရင်း ဘေးဘီအသာကြည့်ကာ လွယ်အိတ်ထဲကTissue စကို ထုတ်လိုက်မိတယ်။ Tissue စနဲ့ ပါးပြင်ထိတွေ့ ခိုက်မှာတော့ ဟိုး … နောက်ဆုံးနေ့ ပရိတ်နာစဉ်က ထွေးပွေ့လိုက်တဲ့ အမေ့လက်ကလေးတွေလိုလို … ။
အမေ … နှစ်ဝ နတ်နား ကြားပါစေ … ။

ဓမ္မဘေရီအရှင်ဝီရိယ (တောင်စွန်း) 07/07/2014
ဓမ္မစက္ခုဓမ္မာရုံ
San Gabriel, Los Angeles, U. S. A


Wednesday, September 3, 2014

အနှောင်အဖွဲ့


အနှောင်အဖွဲ့ 

ဗုဒ္ဓရှင်တော်မြတ် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်၌ သတင်းသုံးတော်မူစဉ် သံဃာတော် အရှင်မြတ်တို့ သာဝတ္ထိမြို့တွင်းသို့ ဆွမ်းခံကြွတော်မူ၏။ ဆွမ်းခံကြွစဉ် သံဃာတော်များ မြင်တွေ့ခဲ့ရသော မြင်ကွင်းတစ်ခုကို မြတ်စွာဘုရားအား လျှောက်ထားကြလေသည်။
မြတ်စွာဘုရား၊ ပသေနဒီ ကောသလ၏ စစ်သည်တော်တို့သည် အပြစ်ရှိသော ရာဇ၀တ်သား များအား အချို့သောသူများကို ကြိုးဖြင့်တုပ်နှောင်ထားသည်။ အချို့ကို လက်ထိပ်ခတ်ထားသည်။ သံခြေချဉ်းတို့ဖြင့် ချုပ်နှောင်ထားသည်ကို တွေ့ရပါသည် ဘုရားဟု လျှောက်ထားကြ၏။

မြတ်စွာဘုရားသည် ထိုလျောက်ထားချက် ကိုအကြောင်းပြု၍-

ချစ်သားတို့ ၊သစ်သားဖြင့် ပြုလုပ်ထားသော အချုပ်အနှောင်ကို၎င်း၊ လျှော်ကြိုးဖြင့်ပြုလုပ်ထားသော အချုပ်အနှောင်ကို ၄င်း၊ သံဖြင့်ဆောက်လုပ်ထားသော သံလှောင်အိမ်ကို ၄င်း ခိုင်မြဲသော အနှောင်အဖွဲ့ဟု ပညာရှိတို့မပြောဆိုကြကုန်။

ရွှေ၊ ငွေ၊ စိန်၊ကျောက်၊ ပတ္တမြားတို့ကို ၄င်း၊ သားသမီး ဇနီးမယားကို ၄င်း၊ အလွန်အမင်း ချစ်ခင် နှစ်သက်အပ်၏။ ငဲ့ကွက်ခြင်းလည်းရှိ၏။ အပါယ်ငရဲကို ပို့ဆောင်တတ်သော အလွန်ပင် ဖြေရခက်သော ၊ ငဲ့ကွက်သော သံယောဇဉ်ကို ရုန်းထွက်ဖို့ အလွန်ခက်သော အနှောင်အဖွဲ့ဟူ၍ ပညာရှိတို့ ဆိုကုန်၏။ (သဂါထာဝဂ္ဂသံယုတ်ပါဠိတော် ဗန္ဓနသုတ်)

မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့်အတိုင်း ပုထုဇဉ်တို့မှာ.ကိစ္စများမြောင် လူတို့ဘောင် ဟုဆိုရလောက်အောင် လူ့ဘောင် လူလောက မှာ အိမ်ထောင်ရေး ကိစ္စ၊ သားသမီးကိစ္စ၊ မြေးကိစ္စ၊ ဇနီးကိစ္စ၊ ရပ်ရွာကိစ္စ၊ ဆွေမျိုးကိစ္စ ၊စားသောက်ရေးကိစ္စ၊ နေထိုင်ရေးကိစ္စ စသော ကိစ္စများဖြင့် ရှုပ်ထွေးနေတတ်ကြသည်။ ထိုကိစ္စများ ဖြင့်ဝိုင်း၍ ရစ်ပတ်ခံနေရသဖြင့် ရှောင်၍မလွတ်၊ ရုန်း၍မရ၊ ဖြေလို့မပြေနိုင် အနှောင်အဖွဲ့ဖြင့် ချုပ်နှောင်ခံနေရသည်။

သံယောဇဉ် အနှောင်အဖွဲ့ ဟူသည်မှာ ကျားကြီး ၊ ခြေရာကြီး ကျားငယ် ခြေရာငယ် ဆိုသည့် စကားအတိုင်း စည်းစိမ် ဥစ္စာများလေ ပို၍ အနှောင်အဖွဲ့ခံရလေ၊ ထင်ရှားကျော်ကြားခြင်း၊ အခြွေရံ များခြင်း သည်လည်း အနှောင်အဖွဲ့များခြင်းဖြစ်လေရာ ရုန်းထွက်ဖို့ လွန်စွာခဲယဉ်းလှပါတယ်။

ထိုကဲ့သို့အမှားကို အမှန်၊ အမှန်ကို အမှားဟု ဝေခွဲမရ၊ အ၀ိဇ္ဖာ တိမ်သလ္လာဖုံးပြီး စုံလုံးကန်းနေသော တဏှာအချုပ်ထောင်တွင် ဒုက္ခခံနေကြရသော ပုထုဇဉ်လူသားတို့ဆုတောင်းဆုယူမှားကြပုံကို ဦးပုညသည် ဆဒ္ဒန်ဆင်မင်းဝတ္ထု အစတွင်
...
အခုကာလ ပုထုဇဉ်တို့ကလည်း နိဗ္ဗာန်ကို လက်လွတ်၍ ၀ဋ်ကိုသာတောင့်တသည်။ ခုလူများ လက္ခဏာ၊ ဘုရားဟောဒေသနာနှင့်၊ စက္က၀ါလေသု ကွာဝေးသည့်အမှုကြောင့်....ဟု တရားမသိ၍ အမှားသံသရာလည်နေသော လောကီလူသားတို့အား အားမလို အားမရ အပြစ်တင်ထားသည်။

ဆဒ္ဒန်ဆင်မင်းဝတ္ထုတွင် အဆုံးတွင်တော့...
ဝဋ်ချမ်းသာကို တဏှာလိုက်စား၊ ဆုတောင်းမှားကြလျှင်၊ နာလိုက်လား သေလိုက်လား၊ တစ်မွှားမွှားနှင့် ၊ အလျားလိုက်မျော၊ဆင်းရဲ့၍မောကြလိမ့်မည်၊ သဘောထား ကြီးကြပါစေကုန်... ဟု နှိုးဆော် သတိပေး ရေးသားခဲ့သည်။

ဒါကြောင့် သံသရာမှ လွတ်မြောက်အောင် ကြိုးစား၍ မိမိအားရစ်ပတ်လာမည့် ကိလေသာ အနှောင်အဖွဲ့ဘေးကို အမြဲမပြတ် ကြည့်ရှုရမည်။ ရုန်းထွက်နိုင်သောအခါ လွတ်အောင်ရုန်းထွက်ပြီး သူတော်ကောင်းတရားဖြင့် နေထိုင်ကြရမှာ ဖြစ်ပါတယ်။

ရေးသားသူ....

Tuesday, September 2, 2014

ဆရာ့အရိပ်


ဆရာ့အရိပ်

အရိပ်သည် အမျိုးမျိုးရှိနိုင်၏။ သူ၏အဓိပ္ပါယ်သည်လည်း ကွဲပြားခြားနားစွာ အမျိုးမျိုးရှိနိုင်သည်သာ။ ဤနေရာ၌ ဆိုလိုသော အရိပ်ဟူသည် နေပူဒဏ်မှ ကာကွယ်ပေးခြင်း အဓိပ္ပါယ်ရ၏။ အေးမြခြင်း သဘောကို ဆောင်၏။ စိတ်၏ အေးချမ်းခြင်း၊ ကိုယ်၏ အေးချမ်းခြင်းကိုလည်း ဖြစ်စေနိုင်၏။ ဤသဘောကို ပေါ်လွင်စေရန် ဗုဒ္ဓကိုယ်တော်တိုင် ဤတရားကို ဟောကြားခဲ့စဉ်က အရွက်ကြဲ၍ အရိပ်ရနည်းသော သစ်ပင်အောက်၌ သီတင်းသုံး နေတော်မူကာ ဟောတော်မူခဲ့ခြင်း ဖြစ်ပါသည်။ အရိပ်နည်းသော သစ်ပင်သည် အပူဒဏ်မှ လုံလောက်စွာ ကာကွယ်မှု မပေးနိုင်သလို အေးမြခြင်း သဘောကိုလည်း ပြည့်ဝစွာ ပေးဆောင်နိုင်မည် မဟုတ်ပေ။ အပူဒဏ်မှ ကာကွယ်မှု ပေးပြီး၊ အေးမြခြင်းကို ပေးဆောင်နိုင်သော အရာကား အရိပ်ပင်ဖြစ်ကြောင်း သိစေလိုရင်း ဖြစ်ပါသည်။

အချိန်ကား ဗုဒ္ဓဘုရားရှင် သက်တော်ထင်ရှားရှိစဉ်က ဖြစ်၏။ နေရာကား ကပိလဝတ်ပြည် နယ်စပ် နှင့် ကောသလတိုင်း သာဝတ္ထိပြည် နယ်စပ်အနီးတွင် ဖြစ်၏။ ဗုဒ္ဓဘုရားရှင်သည် ကပိလဝတ်ပြည် ဘက်ခြမ်း၌ ပူပြင်ေးသာ နေရောင်ခြည်ဒဏ်ကို ကာကွယ်နိုင်စွမ်း မရှိသော အရွက်ကျဲ၍ အရိပ်ရ နည်းသော သစ်ပင်အောက်ဝယ် သီတင်းသုံးနေတော်မူ၏။ ထိုသစ်ပင်နှင့် မနီးမဝေးသော အရပ်ဝယ် ဝိဋဋူဘမင်း၏ သာဝတ္ထိပြည်နယ်စပ်၌ အရွက်ထူထဲပြီး အရိပ်ကောင်းသော ပညောင်ပင် တစ်ပင် လည်း ရှိ၏။

ဝိဋဋူဘမင်းသည် မင်းအဖြစ်ကို ရပြီးနောက် သာကီဝင် မင်းတို့အပေါ် ရှေးကနာခဲ့ဖူးသည့် ရန်ညိုး အတိုင်း “သာကီဝင် တစ်မျိုးလုံးကို မျိုးဖြုတ် သတ်တော့အံ့” ဟု ကြံစည်ပြီးလျှင် များစွာသော စစ်သည် ဗိုလ်ပါအပေါင်းနှင့် သာဝတ္ထိပြည်မှ ထွက်လာခဲ့၏။ နယ်စပ်ကို ကျော်၍ ကပိလဝတ်ပြည် နယ်ထဲသို့ ရောက်သောအခါ နေပူကျဲကျဲ၌ အရိပ်ရနည်းသော သစ်ပင်အောက်ဝယ် သီတင်းသုံး နေထိုင်တော်မူသော မြတ်စွာဘုရားကို မြင်လေ၏။ ထိုအခါ ဘုရားရှင်၏ အနီးအပါးသို့ ချဉ်းကပ် ခစား၍ ရှိခိုးပြီးလျှင်….

“ဘုန်းတော်ကြီးသော မြတ်စွာဘုရား၊ အဘယ့်ကြောင့် ဤသို့ပူပြင်းသောအခါ၌ အရိပ်နည်းသော သစ်ပင်ရင်း၌ သီတင်းသုံး နေတော်မူရပါသနည်း။ အရှင်ဘုရား တပည့်တော်၏ နယ်စပ်ဝယ် တည်ရှိသော အရိပ်ကောင်းသည့် ပညောင်ပင်ရင်း၌ သီတင်းသုံး နေထိုင်တော်မူပါဘုရား” ဟု လျှောက်ထားခဲ့၏။

ထိုအခါ မြတ်စွာဘုရားသည် ဝိဋဋူဘမင်း၏ ဖိတ်ကြားချက်ကို “ရှိပါစေတော့ မင်းကြီး” ဟု ပယ်မြစ်တော်မူခဲ့လေသည်။ ဆက်လတ်၍ အရိပ် (၆)မျိုးတရားကို ရှင်းလင်း ဟောကြားတော်မူခဲ့၏။

မင်းကြီး
၁။ သစ်ပင်ရိပ်သည် အရိပ်ခိုလှုံသူအပေါင်းကို အေးမြစေ၏။ အပူဒဏ်မှ ကာကွယ်ပေး၏။ စိတ်၏ အေးချမ်းခြင်း၊ ကိုယ်၏ အေးချမ်းခြင်းကို ဖြစ်စေ၏။
၂။ ထိုသစ်ပင်ရိပ်ထက် ဆွေမျိုးတို့၏ အရိပ်သည် ပို၍ အေးမြ၏။ ဘေးအန္တရာယ်အပေါင်းမှ ကာကွယ်ပေး၏။ စိတ်၏ အေးချမ်းခြင်း၊ ကိုယ်၏ အေးချမ်းခြင်းကို ဖြစ်စေ၏။
၃။ ထိုဆွေမျိုးတို့၏ အရိပ်ထက် မိဘတို့၏ အရိပ်သည် ပို၍ အေးမြ၏။ ဘေးအန္တရာယ်အပေါင်းမှ ကာကွယ်ပေး၏။ စိတ်၏ အေးချမ်းခြင်း၊ ကိုယ်၏ အေးချမ်းခြင်းကို ဖြစ်စေ၏။
၎။ ထိုမိဘတို့၏ အရိပ်ထက် ဆရာတို့၏ အရိပ်သည် ပို၍ အေးမြ၏။ ဘေးအန္တရာယ်အပေါင်းမှ ကာကွယ်ပေး၏။ စိတ်၏ အေးချမ်းခြင်း၊ ကိုယ်၏ အေးချမ်းခြင်းကို ဖြစ်စေ၏။
၅။ ထိုဆရာတို့၏ အရိပ်ထက် မင်းတို့၏ အရိပ်သည် ပို၍ အေးမြ၏။ ဘေးအန္တရာယ်အပေါင်းမှ ကာကွယ်ပေး၏။ စိတ်၏ အေးချမ်းခြင်း၊ ကိုယ်၏ အေးချမ်းခြင်းကို ဖြစ်စေ၏။
၆။ ထိုမင်းတို့၏ အရိပ်ထက် ဓမ္မဟူသော တရားအရိပ်သည် ပို၍ အေးမြ၏။ ဘေးအန္တရာယ်အပေါင်းမှ ကာကွယ်ပေး၏။ စိတ်၏ အေးချမ်းခြင်း၊ ကိုယ်၏ အေးချမ်းခြင်းကို ဖြစ်စေ၏။
လောက၌ အအေးမြဆုံး စိတ်၏ အေးချမ်းမှု၊ ကိုယ်၏ အေးချမ်းမှုကို အပေးနိုင်ဆုံးသော အရိပ်သည် အခြားမဟုတ်။ ဤဓမ္မဟူသော တရား၏ အရိပ်ပင်တည်း” ဟု ဟောတော်မူ၏။

ထိုအခါ ဝိဋဋူဘမင်းသည် ‘အင်း မြတ်စွာဘုရားရှင်သည် သူ၏ ဆွေမျိုးများကို စောင့်ရှောက်ရန် ကြွတော်မူလာခြင်း ဖြစ်ပေလိမ့်မည်’ ဟု ကြံစည် အောက်မေ့ကာ မြတ်စွာဘုရှင်းကို ရိုသေစွာ ရှိခိုးပြီ၍ မိမိစစ်တပ်ကို ပြန်လည်ဦးလှည့်ကာ သာဝတ္ထိပြည်သို့ ပြန်လာခဲ့လေသည်။ မြတ်စွာ ဘုရားရှင်သည်လည်း ကောင်းကင်ခရီးဖြင့် ဇေတဝန်ကျောင်းတော်သို့ ပြန်ကြွတော်မူလေသည်။ (ဗုဒ္ဓဝင်၊ ၅၊ ၃၈၊ ဓမ္မပဒ)

သစ်ပင်ရိပ်သည် အပူဒဏ်မှ ကာကွယ်ပေးခြင်း၊ အေးမြစေခြင်းသက်သက်ကိုသာ ပေးစွမ်းနိုင်၏။ ဆွေမျိုးရိပ်၊ မိဘရိပ်၊ ဆရာရိပ်တို့သည် အေးမြခြင်း၊ ဘေးအန္တရာယ်မှ ကာကွယ်ခြင်းကိုလည်း ပေးစွမ်းနိုင်ရုံမက မေတ္တာရိပ်၊ ကရုဏာရိပ်၊ မုဒိတာရိပ်၊ ဥပေက္ခာရိပ်တို့လည်း ပါလာကြောင်း နားလည်နိုင်ပါ၏။ မင်းရိပ် စိုးရိပ်သည်လည်း လက်အောက်ခံ ပြည်သူပြည်သားတို့အား ရင်ဝယ်သား နှင့်မခြား အုပ်ချုပ်သည်ဆိုလျှင် အကြင်နာရိပ်၊ ကျေးဇူးရိပ်တို့လည်း ပါလာကြောင်း သိနိုင်ပါသည်။

ထိုအရိပ်အမျိုးမျိုးတိုတွင် ဤနေရာ၌ ဆရာ၏အရိပ်ကိုသာ ပြောလိုရင်း ဖြစ်ပါသည်။ ဆရာ အရိပ်သည် ဆွေမျိုးအရိပ်၊ မိဘအရိပ်တို့ထက် သာလွန်ကြောင်း အဘယ့်ကြောင့် ဘုရားရှင်က ဟောတော်မူခဲ့ရသနည်း။ စဉ်းစားသင့်ပါသည်။

အဒွေစ္စ ဝစနာ ဗုဒ္ဓါ၊ ဘုရားရှင်တို့သည် စကားနှစ်ခွ ဆိုလေ့မရှိ။’ တစ်ခွန်းတည်းသော စကားကိုသာ ဆိုလေ့ရှိ၏။ ထိုတစ်ခွန်းသည်လည်း မှန်ကန်သော စကားသာ ဖြစ်ပါ၏။ ဘုရားစကား အမှားမရှိပေ။ ဆွေရိပ်မျိုးရိပ်ထက် မိဘရိပ်တို့် သာလွန်ကြောင်းမှာ သိသာထင်ရှားပါ၏။ ဆွေမျိုးများသည် ကူညီ နိုင်၊ ထောက်ပံ့နိုင်၊ စေတနာ မေတ္တာထားနိုင်သော်လည်း မိဘက မိမိသားသမီးကို စောင့်ရှောက် သလိုမျိုး ရင်အုပ်မကွာ ကိုယ်ဖိရင်ဖိ စေတနာ၊ မေတ္တာ၊ ကရုဏာတို့ ပုံအောပြီး ချစ်နိုင်မည်ကား မဟုတ်ပါပေ။ ဤသို့ဆိုလျှင် ဆွေရိပ်မျိုးရိပ်ထက် မိဘရိပ်တို့် သာလွန်ကြောင်း ထင်ရှားလှပါ၏။

မိဘများသည်လည်း စေတနာ၊ မေတ္တာ၊ ကရုဏာတို့ ပုံအောပြီး ချစ်နိုင်သည်ကား မှန်ပါ၏။ သို့သော် ထိုသို့ ချစ်နိုင်သည်ကား မိမိ၏ သားသမီးများကိုသာ ဖြစ်၏။ အခြားသူများကို မဟုတ်ပေ။ ထပ်မံချဲ့ထွင် စဉ်းစားကြည့်ကြဦးစို့။ သားသမီး အရင်းမဟုတ်သည့် အဖေဘက်မှ ပါလာသော သားသမီးများကို အမေ(မိထွေး)သည် မိမိသားသမီးများနှင့် တန်းတူ ချစ်နိုင်ပါမည်လား။ မထင်ပေ။ ထို့အတူ အမေဘက်မှ ပါလာသော သားသမီးများကို အဖေ(ပထွေး)သည် မိမိသားသမီးများနှင့် တန်းတူထား၍ ချစ်နိုင်မည် မဟုတ်ပါပေ။ ဆိုလိုသည်မှာ မိဘများက သားသမီးကို ချစ်သော အချစ်မေတ္တာတို့သည် နှိုင်းဆ မရအောင် ကြီးမားသည်ကား မှန်၏။ မိမိဘဝနှင့်ပုံပြီး ချစ်နိုင်သည် ဆိုလျှင်လည်း ဖြစ်နိုင်သည်သာ။

ထို့ကြောင့် “မာတာပိတုဂုဏော အနန္တော” “မိဘတို့၏ မေတ္တာဂုဏ်သည် ရေတွက်မရ။ အနန္တ။” ဟု ဘုရားရှင်က ဟောတော်မူခဲ့ခြင်း ဖြစ်ပါသည်။ ထိုအဓိပ္ပါယ်သည် သားသမီးများအပေါ် ထားရှိသော မိဘမေတ္တာကို ဆိုလို၏။ သားသမီးများက မိဘတို့အပေါ် တုန့်ပြန်ဆပ်ရန် သိတတ်ရမည့် ကျေးဇူးတရားကို သရုပ်ဖော်ခြင်း ဖြစ်၏။ ထို ‘မာတာပိတုဂုဏ’ ဟူသည် မိဘနှင့် သားသမီးများသာ ဆိုင်၏။ အခြားသူများနှင့် မဆိုင်ပေ။ ဤသို့ဆိုလျှင် မိဘမေတ္တာသည် သားသမီးများအတွက်သာ ဖြစ်၍ အကန့်အသတ်ရှိ၏။ ထို့အတူ မိဘအရိပ်သည်လည်း အကန့်အသတ်နှင့်ပင်။ သားသမီးများ အတွက် သက်သက်သာ အေးမြစေနိုင်၏။ ဘေးရန်အပေါင်းမှ ကာကွယ်ပေးနိုင်၏။

ဆရာ့အရိပ်ကား ဤသို့မဟုတ်ပြီ။ အကန့်အသတ်မရှိပြီ။ အတိုင်းအဆမရှိ ကျယ်ပြန့်သလို မနှိုင်း ယှဉ်နိုင်အောင် ကြီးမားပါ၏။ ဆရာတပည့်ဟူသည် ဆယ်ယောက်လည်း မဟုတ်။ တစ်ရာလည်း မက။ တစ်ထောင်လည်း မကပြီ။ သောင်းနှင့်ချီအောင်လည်း ရှိနိုင်၏။ သိန်းနှင့် ချီ၍လည်း ရှိနိုင်သည် သာ။ ဆရာ၏ ပညာအရှိန် ကြီးမားလျှင် ကြီးမားသလောက် တပည့် အရေအတွက်ကလည်း များလာ မြဲပင်တည်း။ ထို့အတူ ဆရာ့အရိပ်သည်လည်း ကျယ်ပြန့်လာ ပေလိမ့်မည်။ ဆရာ့ထံ တိုက်ရိုက် ပညာသင်သော တပည့်များလည်း ရှိနိုင်သလို၊ အဝေးရောက် တပည့်များလည်း ရှိနိုင်ပါ၏။

ဆိုလိုသည်မှာ ဆရာနှင့်ပတ်သက်၍ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာဟူ၍ ရှိသည်ဆိုလျှင် သင်တပည့်၊ မြင်တပည့်၊ ကြားတပည့်များလည်း ရှိနိုင်သည်ပင်။ ဆရာ့ထံ လာရောက်၍ ပညာ ဆည်းပူး သင်ယူနေကြသော တပည့်များသည် သင်ဆရာ၏ တပည့်များဖြစ်ပါ၏။ ထိုသို့ ဆရာ့ထံ တွင် တိုက်ရိုက်လာရောက်၍ကား ပညာမသင်ဖူးပေ။ သို့သော် ထိုဆရာရေးသော စာအုပ်များကို ဖတ်၍ ထိုဆရာကို ကြည်ညိုလေးစား၏။ အတုယူလိုက်နာ၏။ ထိုတပည့်မျိုးသည် မြင်ဆရာ၏ တပည့်များ ဖြစ်ပါ၏။

အချို့တပည့်များသည် ထိုဆရာဟောသော တရားစကားများကို တိုက်ရိုက်ဖြစ်စေ၊ တိတ်ခွေမှ တဆင့်ဖြစ်စေ နာယူရ၍ မိမိဘဝအခြေအနေ ပြောင်းလဲခဲ့၏။ အခြေအနေ ကောင်းခဲ့၏။ ဆရာကို အတုယူကာ လိုက်နာကျင့်ကြံ၏။ မကောင်းကျင့်များကို ပယ်နိုင်ကာ ကောင်းကျင့်များကို ကျင့်နိုင်၏။ လောကတွင် ထိုသို့သော တပည့်မျိုးလည်း ရှိနိုင်သည်သာ။ ထိုသို့သော တပည့်မျိုးသည် ကြားဆရာ၏ တပည့်များပင် မဟုတ်ပါလော။ ဤကဲ့သို့ ချဲ့ထွင် စဉ်းစားကြည့်လျှင် မိဘအရိပ်ထက် ဆရာအရိပ် သာလွန်ကြောင်းမှာ ထင်းရှားလှပါ၏။ ဆရာ့အရိပ်သည် ကြီးမားသလို ကျယ်ပြန့်ကြောင်း သဘောပေါက်နိုင်ပါသည်။

ဓမ္မဟူသော တရားအရိပ်တို့ကို ခိုလှုံသူသည် အေးမြ၏။ တည်ကြည် ငြိမ်သက်၏။ စိတ်ဆင်းရဲခြင်းမှ လွတ်မြောက်၍ ချမ်းသာ၏။ ထို့ထက် ဝဋ်ဆင်းရဲအပေါင်းမှ လွတ်မြောက်၍ ချမ်းသာစစ် ချမ်းသာမှန်ဖြစ်သော နိဗ္ဗာန်သို့ ရောက်နိုင်၏။ ထိုဓမ္မဟူသည် ဘုရားရှင်က ဟောတော်မူခဲ့သော ပိဋကတ်သုံးပုံ အလုံးစုံပင် ဖြစ်ပါသည်။ ဘုရားရှင် ပရိနိဗ္ဗာန်စံယူချိန်မှစ၍ ထိုဓမ္မကို သံဃာက ထိမ်းသိမ်းခဲ့ရ၏။ စောင့်ရှောက်ခဲ့ရ၏။ နှစ်ပေါင်း (၂၅ဝဝ)ကျော်သော ယနေ့ခေတ်တိုင်အောင် သံဃာကပင် လက်ဆင့်ကမ်းကာ သယ်ဆောင်လာခဲ့ရ၏။

ထိုသံဃာအား ဘုရားရှင် ကိုယ်တော်တိုင် ယုံကြည်စိတ်ချစွာဖြင့် ဓမ္မကို အပ်နှင်းခဲ့ခြင်း ဖြစ်၏။ ထို့ကြောင့် ဓမ္မအရိပ်ကို ခိုလှုံလိုသူသည် သံဃာ့အရိပ်ကိုလည်း ခိုလှုံသင့်၏။ သံဃာ့အရိပ်ကို ခိုလှုံခြင်းသည် ဓမ္မအရိပ်ကို ခိုလှုံခြင်း ဖြစ်သလို ဆရာ့အရိပ်ကိုလည်း ခိုလှုံခြင်းပင် ဖြစ်ပါသည်။ ဆရာ့အရိပ်နှင့် ဓမ္မအရိပ်သည် ဆက်စပ်နေ၏။ ထိုသံဃာဖြစ်သော ဆရာကပင် ဓမ္မကို ဟောပြော ပြသ ဆိုဆုံးမခြင်းဖြစ်ရာ ဆရာအရိပ်သည်ပင် ဓမ္မအရိပ် မည်သလို ထိုဓမ္မအရိပ်ကိုလည်း ဆရာ အရိပ်ဟု ဆိုနိုင်သည်သာ။

ဓမ္မအရိပ်ကြောင့် အေးချမ်းမှု ရရှိပုံကို ထင်ရှားအောင် ပြရလျှင် အမိမြန်မာပြည်ကို ကြည့်ရမည် ဖြစ်သည်။ မြန်မာနိုင်ငံသည် အရမ်းမချမ်းသာသော်လည်း စားစရာအတွက် မပူပင်ရ။ နေစရာ အတွက်၊ ဝတ်စရာအတွက် မပူပင်ရပေ။ မိမိနိုင်ငံထွက် ပစ္စည်းများဖြင့် နေနိုင်၊ စားနိုင်၊ ဝတ်နိုင်ကြ၏။ လုံလောက်ခြင်းကို ဆိုလိုပါသည်။ ထို့ကြောင့် ငတ်မွတ်ခေါင်းပါးခြင်းဟူသော ဒုဗ္ဗိက္ခန္တရ ကပ်ဘေးမှ လည်း ကင်းဝေးနေပါ၏။ စစ်ဘေးစစ်ဒဏ်၊ ရာသီဥတုဘေးရန်များ မရှိခြင်းကြောင့် သတ္တန္တရ ကပ်ဘေးမှ ကင်းဝေးနေပါ၏။ ကူးစက်ရောဂါ အမျိုးမျိုးနှင့် ယနေ့ နောက်ဆုံးပေါ် ရောဂါများ အဖြစ် နည်းပါးသောကြောင့် ရောဂန္တရ ကပ်ဘေးမှလည်း ကင်းဝေး နေပါ၏။ ဤသို့ဖြစ်ခြင်းသည် ဓမ္မ အရိပ်ကြောင့်ဟုပင် ဆိုချင်ပါ၏။ ‘ဓမ္မော ဟဝေ ရက္ခတိ ဓမ္မစာရီ’ တရားကို စောင့်ထိန်းခြင်းကြောင့် တရားက ပြန်လည် စောင့်ရှောက်ခြင်းပင် ဖြစ်ပါသည်။

ဗုဒ္ဓဝါဒတည်းယူသော ဓမ္မရိပ်သည် မြန်မာနိုင်ငံတွင် အမျိုးသားအတွေးအခေါ်အဖြစ် တင်စားရ လောက်အောင် ထွန်းကားခဲ့ကြောင်းကိုလည်း မေ့ထား၍ မဖြစ်ပေ။ ခေတ်အဆက်ဆက် မြန်မာ လူမျိုးတို့၏ ယဉ်ကျေးမှု၊ အနုပညာ၊ စာပေ၊ ပညာရေး၊ လူမှုရေးမှစ၍ နိုင်ငံရေးအထိ ဆက်စပ် လေ့လာသော် ဗုဒ္ဓဟောမြွတ် ပိဋကတ်တော်မှလာသော (တစ်နည်း) ဓမ္မအရိပ်ဖြစ်သော အဆိုအမိန့် များ၊ လိုက်နာဖွယ်ရာများ၊ လမ်းညွန်မှုများသည် မည်မျှအထိ စိမ့်ဝင်နေကြောင်းကို တွေ့ရှိရမည်သာ ဖြစ်ပါသည်။

ပမာပြရသော် မြန်မာ့ယဉ်ကျေးမှု အနုစာပေများထဲမှ ဓမ္မအရိပ်ဖြစ်သော ပိဋကတ်တော်လာ အယူ အဆများ၊ အဆိုအမိန့်များ၊ လိုက်နာဖွယ်ရာများ၊ ကျင့်ဝတ် စည်းကမ်းများ၊ ကြီးပွါးရေး လမ်းညွန် မှုများ စသည်တို့ကို ထုတ်နှုတ်ကြည့်သော် မြန်မာ့ယဉ်ကျေးမှုသည် သုညသာ ကျန်ရှိတော့မည် ဖြစ်ကြောင်း အံ့သြဖွယ် တွေ့ရပေလိမ့်မည်။ ထို့ကြောင့် ဓမ္မရိပ်သည် မြန်မာနိုငံ၌ မည်မျှအထိ လွှမ်းမိုး ခဲ့ကြောင်း နားလည်သဘောပေါက်နိုင်ပါသည်။

လူ့လောက လူ့ဘဝ၌ အစစအရာရာ ဆုံးမသွန်သင် ညွန်ကြားရန်အတွက် မိဘသည် အရေးကြီးဆုံး ဖြစ်၏။ မိမိတို့သည် လူ့လောကမှ ထွက်မြောက်၍ သာသနာ့ဘောင်သို့ ဝင်ရောက်လာပြီးချိန်တွင် မိဘများနှင့် မသတ်ဆိုင်တော့ပေ။ အမြဲ မဆက်ဆံရတော့ပေ။ ထို့ကြောင့် မိမိတို့ဘဝကို လမ်းမှား မရောက်အောင်၊ လမ်းကြောင်းမှန်အောင် အစစအရာရာ ဆိုဆုံးမ ညွန်ကြားရန်အတွက် မိဘ ကိုယ်စား ဥပဇ္ဈာယ်ဆရာကို ယူကြရ၏။ ဆိုဆုံးမပေးမည့် ဆရာကို သတ်သတ် မှတ်မှတ်ထားရ၏။ သာသနာ့ဘောင်ဝယ် ဆရာဟူသည် မိဘပင် ဖြစ်ပါသည်။ မိမိတို့ဘဝ တိုးတတ်ရန် ဥပဇ္ဈာယ် ဆရာ၏ စကားကို နားထောင်ကြရ၏။ အဆုံးအမကို လိုက်နာကြရ၏။ ဤသည်ပင်လျှင် သာသနာ့ နွယ်ဝင်တို့၏ ဆရာ တပည့် ဆက်ဆံရေးပင် ဖြစ်ပါသည်။ ဤသာဓကကို ကြည့်လျှင်လည်း ဆရာ့အရိပ်က သာလွန်ကြောင်း ထင်ရှားနေလေပြီ။

ထို့ပြင် ဘုရားရှင်က ကျောင်းထိုင်ရဟန်းတော်တို့တွင် ရှိရမည့် အရည်အချင်းများကို ဖော်ထုတ် ဟောပြရာ၌ (၁ဝ)ဝါ ရပြီးဖြစ်ရမည်ဟု ပါရှိလေသည်။ ထိုသာဓကကို ကြည့်လျှင် သာသနာ့ဘောင်၌ (၁ဝ)ဝါ ရပြီးမှသာလျှင် တစ်နည်းအားဖြင့် အသက်(၃ဝ)ကျော်ပြီးမှသာလျှင် ဆရာနှင့်ကင်း၍ နေသင့်သောအရွယ်၊ အဆုံးအမ ကင်းလွတ်သောအရွယ်ဟု ဆိုလိုပါသည်။ အသက်(၃ဝ)နှစ် ဟူသည် ငယ်တော့သော အရွယ်ကား မဟုတ်ပါလေ။ ယခုခေတ် လူ့ဘဝ၏ ပျမ်းမျှ (၇၅)နှစ် သက်တမ်းဖြင့် တွက်ကြည့်လျှင် လူ့ဘဝ၏ သက်တမ်း ထက်ဝက်နီးပါးသို့ပင် ရောက်ရှိနေလေပြီ။ ထိုသို့သောအရွယ်ကျမှ ဆရာအရိပ်မှ ခွါကာ သီးသန့်နေလိုက နေထိုင်နိုင်ကြောင်း ဆိုလိုရင်း ဖြစ်ပါသည်။ ဤစနစ်ကို ကြည့်လျှင်လည်း ဆရာ့အရိပ်သည် သာသနာ့ဘောင်၌ လွန်စွာ အရေးပါ ကြောင်း ချဲ့ထွင်ပြောဖွယ် မလိုတော့ပြီ။

တပည့်ကောင်းတစ်ယောက် မဖြစ်ခဲ့သူသည် ဆရာကောင်းတစ်ယောက် ဘယ်တော့မှ မဖြစ်နိုင်ပေ။ ထို့ကြောင့် ငယ်ရွယ်စဉ်က တပည့်ကောင်းတစ်ယောက် ဖြစ်ရန်လည်း လွန်စွာမှ အရေးကြီးလှပါ၏။
ဆရာမပြ နည်းမကျ’ ဆိုသလို ဆရာမသင်ပြလျှင် ငါးပိဖုတ်တာတောင်မှ နည်းလမ်း မကျကြောင်း ဆရာ၏ အရေးပါပုံကို ငယ်စဉ်ကတည်းက ကြားခဲ့ဘူး၊ မှတ်သားခဲ့ဘူးပါသည်။ အရွယ်ရောက်၍ စာပေများ လေ့လာမိသောအခါ “အတတ်ပညာ၊ ဟူသည်မှာကား၊ ဆရာတို့ထံ၊ နည်းခံတိုးဝင်၊ မသင် မမေး၊ အရေးမထား၊ မတတ်ငြားဘူး” ဟု မဃဒေဝလင်္ကာ၌ ဆရာနှင့်ကင်း၍ တပည့်ကောင်း တစ်ယောက်ဖြစ်ရန် မလွယ်ကူကြောင်း ထပ်လောင်း၍ သိရှိရကာ ဆရာအရိပ်၏ အဓိပ္ပါယ် နက်နဲပုံကို တွေ့ရပြန်သည်။

မိမိတို့ ဘဝခရီးလမ်းကို ပြန်လည်မှန်းဆလို့ တမ်းတကြည့်လျှင် မိမိတို့ တပည့်အားလုံးသည် ဘဝ ခရီးလမ်းကို မပင်မပန်း လျှောက်လှမ်းနိုင်ရန်အတွက်၊ ရည်မှန်းချက် ပန်းတိုင်ကို အလွယ်တကူ လှမ်းကိုင်နိုင်ရန်အတွက် ဆရာ့အရိပ်မှာ ခိုလှုံရင်း၊ နားနေရင်း၊ ဆရာ၏ ပညာရင်နို့ကို သောက်စို့ရင်း၊ ဆရာမျှဝေသော ပညာအမွှေကို လက်ခံရယူရင်း၊ ဆရာ၏ မေတ္တာ စေတနာ မုဒိတာတို့ကို မျှဝေခံစားရင်း တစ်ဆင့်ထက် တစ်ဆင့် မြင့်သည်ထက် မြင့်လာခဲ့ရခြင်း ဖြစ်ကြပါသည်။

ယခုအခါတွင် မိမိတို့ တပည့်များသည် ပညာများစုံခဲ့သလို ဘဝလမ်းဝယ် တစ်ယောက် တစ်လမ်းစီ လျှောက်လှမ်းနေကြရပြီး၊ တစ်ယောက်တစ်နေရာစီ ရောက်ရှိနေကြရလေပြီ။ သာသနာပြု တာဝန် များကို ကိုယ်စီ ထမ်းဆောင်နေကြရလေပြီ။ သို့သော် ဆရာနှင့် အတူမနေရ၍ ဆရာ့ ကျေးဇူးကြွေး ကိုကား အနီးကပ် ပြုစုလုပ်ကျွေးခြင်းဖြင့် ကျေးဇူး မဆပ်နိုင်သော်ငြားလည်း ဓမ္မနည်းအားဖြင့်ကား ကျေးဇူးဆပ်နိုင်ခဲ့၍ ရင်၌ များစွာပင် ဝမ်းမြောက် ဂုဏ်ယူမိပါသည်။

ဥဋ္ဌာနာ ဥပဋ္ဌာနာစ၊ သုဿုတာ ပရိစာရိကာ။
သက္ကစ္စံ သိပ္ပုဂ္ဂဟဏံ၊ ဂရုံ အရောစယေ ဗုဓော။ (ဓမ္မနီတိ)

ဗုဓော၊ လိမ္မာသော တပည့်သည်။ ဥဋ္ဌာနာစ၊ ဆရာသင်ပြပေးမှုကို စားမေးပွဲ အောင်စေရန် ကြိုးစား အားထုတ်ခြင်းဖြင့်လည်းကောင်း။  ဥပဋ္ဌာနာစ၊ ဆရာ့အလုပ်ကို ကူလုပ်ပေးပြီး အနီးကပ် ပြုစု လုပ်ကျွေးခြင်းဖြင့်လည်းကောင်း။ သုဿုတာစ၊ ဆရာ့စကားကို ရိုသေစွာ နားထောင်ခြင်းဖြင့် လည်းကောင်း။ ပရိစာရိကာစ၊ ဆရာ့ခြေရင်း၌ ခစား၍ ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပူဇော် ဖူးမျှော်မာန်လျှော့ ကန်တော့ခြင်းဖြင့်လည်းကောင်း။ သက္ကစ္စံ၊ ရိုသေစွာ။ သိပ္ပုဂ္ဂဟဏံ၊ အတတ် ပညာကို စိတ်ပါဝင်စားစွာ သင်ယူခြင်းဖြင့်လည်းကောင်း။ ဂရုံ၊ အလေးအမြတ်ပြုရာ မြတ်ဆရာကို။ အာရောစယေ၊ ကျေးဇူးဆပ်ခြင်းဖြင့် နှစ်သက်အားရစွာ ရွှင်လန်းစေရာသတည်း။

      ၁။ ဆရာကို ရှိခိုးပြီး ကျေးဇူးဆပ်ပါမည်။
      ၂။ ဆရာ့စကားကို နားထောင်ပြီး ကျေးဇူးဆပ်ပါမည်။
      ၃။ ဆရာ့အလုပ်ကို ကူလုပ်ပေးပြီး ကျေးဇူးဆပ်ပါမည်။
      ၄။ ဆရာသင်ပြမှုကို စိတ်ပါဝင်စားစွာ ဂရုတစိုက် သင်ယူခြင်းဖြင့် ကျေးဇူးဆပ်ပါမည်။
      ၅။ ဆရာသင်ပြမှုကို စာမေးပွဲအောင်စေပြီး ကျေးဇူးဆပ်ပါမည်။

ဆရာ့အရိပ်ယူသည် ပညာပင်ဖြစ်၏။ ဆရာ့စေတနာကို ပညာဖြင့် သရုပ်ဖော်ပြီး၊ ဆရာ့မေတ္တာကို အေးမြသည့် အရိပ်နှင့် တင်စားထားခြင်းသာ ဖြစ်ပါသည်။ ဆရာ့စေတနာ၊ ဆရာ့မေတ္တာ၊ ဆရာ့ ပညာတို့သည် ဆုံးစမထင်သလို ဆရာ့အရိပ်ကလည်း နိုင်းဆဖွယ် မမြင်ပါပေ။ ထို့ကြောင့်ပင် ဘုရားရှင် ကိုယ်တော်တိုင်က ဆရာ့ကျေးဇူးတရားတို့ကို ဂုဏ်ပြု၍ အနန္တ(၅)ပါးတွင် ဆရာကို ထည့်သွင်းပြီး ဟောတော်မူခဲ့ခြင်း ဖြစ်ပါသည်။ လောကထဲရှိ လူသားတိုင်းသည် မိဘနှင့် မကင်းနိုင် ကြသလို ဆရာနှင့်လည်း မကင်းနိုင်ကြပေ။ ‘တပည့်မရှိသော ဆရာဟူသည် မရှိကောင်းသလို၊ ဆရာ မရှိသော တပည့်’ ဟူသည်လည်း လောကတွင် မရှိကောင်းပေ။

ဤသို့ဆိုလျှင် လောက၌ ဆရာ့အရိပ်မှ ကင်းလွတ်သူဟူ၍ ရှိနိုင်တော့မည် မဟုတ်ပါပေ။ လူတိုင်း လူတိုင်း ဆရာ့အရိပ်မှာ ခိုလှုံကြဖူးသည်သာ။ ဆရာ့အရိပ်မှာ ချွေးသိပ်နားနေကာ အပန်းဖြေကြ ဖူးသည်သာတည်း။ ထို့ကြောင့် မိမိတို့တပည့်အားလုံးသည် ဆရာ့အရိပ်မှာ ခိုလှုံရင်း၊ နားနေရင်း၊ ချွေးသိပ်အပန်းဖြေရင်း၊ အနန္တကျေးဇူးတရားတို့ကို အောက်မေ့ သတိရရင်း၊ ဆရာ့ကျေးဇူးကြွေးကို တတ်နိုင်သမျှ ဆပ်ရန်ကြိုးစားရင်း ဆရာ၏ အနန္တဂုဏ်ကို အာရုံပြုပြီး ဦးနှိမ်မာန်လျှော့ကာ ရိုသေစွာ ကန်တော့လိုက်ပါတည်း။

ဤဆောင်းပါးဖြင့် မဟာဂန္တဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရတော်မူသော ဘဒ္ဒန္တ ဝိနယာလင်္ကာရ ဆရာအရှင်မြတ်အား ဂုဏ်ပြုပူဇော်လိုက်ပါသည်။

အရှင်ဥက္ကံသ သာသနတက္ကသီလ မဟာဓမ္မာစရိယ M.A.(Buddhism) 

(ဘဒ္ဒန္တ ဝိနယာလင်္ကာရ၏ မဟာဂန္တဝါစကပဏ္ဍိတ ပူဇော်ပွဲ အထိမ်းအမှတ်စာစောင်မှ)

Monday, September 1, 2014

ဝန်နှင့်ဂုဏ်


 ဝန်နှင့်ဂုဏ်      

 ယနေ့ကမ္ဘာတွင် နယ်ပယ်အသီးသီးမှ လူတန်းစားအလွှာစုံတို့သည် ဗုဒ္ဓဘာသာကို ရှုထောင့် အမျိုးမျိုးဖြင့် လေ့လာနေကြသည်၊ လိုက်စားနေကြသည်။ ထိုသူတို့၏ လိုအပ်ချက်အဖုံဖုံကို ဖြည့်ဆည်းပေးမည့် ဗုဒ္ဓဘာသာဆိုင်ရာ စာပေများလည်း တဖြေးဖြေးနှင့် ကျယ်ပြန့်လာသည်။ အရောင်သွေးစုံလာသည်။
          ခရစ်ယာန်သာသနာပြုများက ကမ္ဘာတစ်လွှားရှိ ဒေသခံများကို သာသနာပြုရာမှစတင်ကာ အနောက်တိုင်းသားတို့သည် ဗုဒ္ဓဘာသာကို စိတ်ဝင်စားခဲ့သည်။ ၁၉-ရာစုအလယ်ခေတ် လောက်တွင် အနောက်တိုင်း ပညာရှင်တစ်စုတို့သည် ဗုဒ္ဓဘာသာဂိုဏ်းအသီးသီးတို့၏ မြုပ်ကွယ် နေသည့် ရှေးဟောင်းကျမ်းစာများကို ရှာဖွေတွေ့ရှိခဲ့ကြသည်။

          အဆိုပါရှာဖွေတွေ့ရှိချက်ကြောင့် သူတို့၏မူရင်းယုံကြည်ချက်နဲ့ ပတ်သက်ပြီး နူတ်ဆိတ်နေခဲ့ကြသည်။ သို့ရာတွင် တွေ့ရှိထားသောကျမ်းများအပြင်၊ အရှေ့တိုင်းသားတို့၏ လက်ရေးမူများကို စုစည်းကာ ပညာရှင်များဖြစ်သည့်အလျှောက် ဘာသာပြန်ဆိုခြင်း၊ လေ့လာခြင်း၊ တည်းဖြတ်ခြင်းစသည်တို့ကို ပြုလုပ်ခဲ့ကြသည်။  အကျိုးဆက်တစ်ခုအနေဖြင့် အနောက်တိုင်း တက္ကသိုလ်များတွင် ဗုဒ္ဓဘာသာဆိုင်ရာလေ့လာရေးဋ္ဌာနများ ပေါ်ပေါက်လာခဲ့ပြီး အနောက်တိုင်း သားများရေးသည့် ဗုဒ္ဓဘာသာဆိုင်ရာစာပေများလည်း ပလူပျံလာ၊ အရောက်အသွေး စုံလာတော့သည်။

          ရှေးအခါက ဗုဒ္ဓစာပေ(အဋ္ဌကထာ၊ ဋီကာစသောကျမ်းစာများ)ကို ရေးသားသူတို့မှာ အများအားဖြင့် ရဟန်းတော်များသာဖြစ်သည်။ ထိုသို့ရေးသားရာတွင်လည်း လူတို့အတွက်၊ လောကအတွက်လိုအပ်ချက်တို့ကြောင့်သာ ရေးသားခြင်းဖြစ်ပြီး ထင်ပေါ်ကျော်ကြားလိုသော အာသာဆန္ဒတို့ဖြင့် ရေးသားခြင်းမဟုတ်ကြ။ တစ်နည်းအားဖြင့်ဆိုသော် တစ်စုံတစ်ဦး၏ တောင်းပန် ချက် မေတ္တာရပ်ခံချက်တို့ဖြင့်သာ ဗုဒ္ဓဘာသာဆိုင်ရာ စာပေများကို ရေးသားရိုးထုံးစံရှိကြသည်။ သိသာထင်ရှားသည့်အချက်အနေဖြင့် ရှေးဗုဒ္ဓဘာသာဆိုင်ရာ စာပေကျမ်းဂန်များ၏နိဒါန်း သို့မဟုတ် ကျမ်းပြီးနိဂုံးတို့တွင် မည်သူကတောင်းပန်၍ ရေးသားရကြောင်း ပါရှိလေသည်။

          ဗုဒ္ဓဘာသာသည် အရှေ့တိုင်းတွင် စတင်ပေါ်ထွန်းခဲ့သည်။ ယခုဆိုလျှင် နှစ်ပေါင်း နှစ်ထောင့်ငါးရာ ကျော်လာပြီဖြစ်သည်။ ဗုဒ္ဓဘာသာစတင်ပေါ်ထွန်းခဲ့ပြီးနောက် နှစ်ပေါင်းလေးရာ ခန့်တွင် ဗုဒ္ဓစာပေကို ပေစာအရေးသားဖြင့် စတင်မှတ်တမ်းတင်ခဲ့ကြောင်းသိရသည်။ ထို့ထက် စောပြီး စာပေးရေးသားခြင်းအတတ်အများ စတင်ပေါ်ထွန်းခဲ့ပြီးဖြစ်သော်လည်း ဗုဒ္ဓဘာသာကိုမူ နှုတ်အားဖြင့်သာ ဆရာစဉ်တပည့်ဆက် လက်ဆင့်ကမ်းသယ်ဆောင်လာကြသည်။

          နှောင်းပိုင်းကာလများတွင် အကြောင်းအမျိုးမျိုးကြောင့် နှုတ်ဖြင့်လက်ဆင့်ကမ်းသော အစဉ်လာမှာ ရေရှည်တည်တန့်ရန် ခက်ခဲလာသည်ဟု ရှု့မြင်သုံးသပ်မိရာကနေ စာပေဖြင့် ပြောင်းလည်းမှတ်သားခြင်းကို စတင်ခဲ့သည်။ သို့တစ်စေ နှုတ်တက်ဆောင်ခြင်းအလေ့ကိုမူ ဆက်လက်လုပ်ဆောင်ခဲ့သည်။ မြန်မာနိုင်ငံတွင်မူ ယနေ့တိုင်နှုတ်တက်ဆောင်အစဉ်လာကို တွေ့နေရဆဲဖြစ်သည်။ ဥပမာအားဖြင့် သာသနာရေးဝန်ကြီးဋ္ဌာနမှ နှစ်စဉ်ကျင်းပလေ့ရှိသော တိပိဋရွေးချယ်ရေးစာပြန်ပွဲလိုမျိုးဖြစ်သည်။

          ဗုဒ္ဓဘာသာကိုစတင်တည်ထောင်သူ ဗုဒ္ဓသည် ဘီစီ-၆-ရာစုတွင် ပွင့်ထွန်းခဲ့သည်။ ဘီစီ-၁-ရာစုတွင် သီရိလင်္ကာနိုင်ငံတွင် စတုတ္ထသင်္ဂါယနာတင်ခဲ့သည်။ ထိုအချိန်မှစတင်ကာ ဗုဒ္ဓ ဟောကြားတော်မူခဲ့သော တရားတော်များကို စာပေဖြင့်စတင်မှတ်တမ်းတင်ခဲ့သည်။ ထို့ထက် စောသောကာလအတွင်းကပင် ဗုဒ္ဓတရားတော်များကို ခေတ်အခြေနေနှင့် ပတ်ဝန်းကျင်လူတို့၏ လိုအပ်ချက်အရ နားလည်လွယ်ကူစေမည့် အဖွင့်ကျမ်းများကို ရေးသားခဲ့ကြသော်လည်း (AD ငါးရာစု) ၀န်းကျင်လောက်တွင်မှ ပို၍ကျယ်ကျယ်ပြန့်ပြန့် ရေးသားလာသည်ဟု အချို့က ယူဆကြသည်။

          တတိယသင်္ဂါယနာတင်ပြီး ဘီစီ-၃-ရာစုမှစတင်ကာ အိန္ဒိယရှိဗုဒ္ဓဘာသာသည် အသောကမင်းကြီးနှင့် အရှင်မောဂ္ဂလိပုတ္တတိဿမထေရ်တို့၏ လမ်းညွှန်ချက်ဖြင့် နိုင်ငံအသီးသီးသို့ ရောက်ရှိထွန်းကားခဲ့သည်။ အေဒီ-၅-ရာစုတွင် အရှင်မဟာဗုဒ္ဓဃောသမထေရ်သည် ဆရာ၏ ညွှန်ကြားချက်ဖြင့် သီဟဠဘာသာစကားဖြင့်တည်ရှိနေသည့် ဗုဒ္ဓစာပေများကို ပါဠိဘာသာ ပြန်ဆိုရေးသားရန် အိန္ဒိယကနေ သီရိလင်္ကာကိုရောက်လာခဲ့သည်။ ဗုဒ္ဓဟောကြားတော်မူခဲ့သည့် မူရင်းတရားတော်များ အားလုံးနီးပါးကိုလည်း ခေတ်အခြေနေရ နားလည်သိမြင်အောင် အဖွင့်ကျမ်းများ အဖြစ် ပြန်လည်ရေးသားခဲ့သည်။

          ထိုအေဒီ-၅-ရာစုကာလ၊ သီရိလင်္ကာကိုရောက်လာသော အရှင်မဟာဗုဒ္ဓဃောသ မထေရ်ကို မဟာဝိဟာရ၀ါသီရဟန်းတို့က စမ်းသပ်လို၍ ဂါထာတစ်ပုဒ်ကို အဖွင့်ကျမ်း ရေးသားစေခဲ့သည်။ သို့ဖြင့် ထေရ၀ါဒဗုဒ္ဓဘာသာတွင် ထင်ရှားလှသည့်ကျမ်းတစ်ဆူဖြစ်သည့် ၀ိသုဒ္ဓိမဂ်ကျမ်းကြီးမှာ ပေါ်ပေါက်လာရသည်။
          မြန်မာနိုင်ငံတွင်မူ အေဒီ-၁၁-ရာစုဝန်းကျင်ကာလမှစတင်ကာ ဗုဒ္ဓစာပေဆိုင်ရာ သဒ္ဒါ၊အလင်္ကာနှင့် အဖွင့်ကျမ်းစသည်တို့ကို ရေးသားခဲ့ကြောင်း သမိုင်းပညာရှင်တို့က သုံးသပ်ကြသည်။ ထိုသို့ရေးသားရာတွင်လည်း အထက်ပါတင်ပြခဲ့သည့်အတိုင်း ခေတ်အခြေနေ လိုအပ်ချက်တစ်မျိုးမျိုးကြောင့် တစ်စုံတစ်ဦး၏ တောင်းပန်၊မေတ္တာရပ်ခံချက်တို့ဖြင့်သာ ဆိုင်ရာ ကျမ်းစာများကို ရေးသားခဲ့ကြသည်။

          ကေလနိယတက္ကသိုလ် ဗုဒ္ဓဘာသာနှင့် ပါဠိစာပေလေ့လာရေးဋ္ဌာနတွင် ဒါရိုက်တာလည်းဖြစ် ပရော်ဖက်ဆာ တစ်ဦးလည်းဖြစ်သည့် ဒေါက်တာသုမနပါလ၏ ဗုဒ္ဓစာပေဆိုင်ရာ ရေးသားမှုနှင့် ပတ်သက်၍ မှတ်ချက်ပေးသည်မှာ မှတ်သားဖွယ်ကောင်းသည်။ အကြောင်းမှာ ပညာရှင်တို့သည် သူတို့ယုံကြည်ရာကို လိုက်ပါအောင်ဆွဲဆောင်လိုသောကြောင့် စာပေရေးသားရာတွင် မဖြစ်နိုင်သည့် အခြေနေများကို ပြည်သူတို့အား ရေးသားတင်ပြ၍ အဂတိတရားကို လိုက်စားရာ ရောက်သည်ဟု ထောက်ပြလာသောကြောင့်ဖြစ်သည်။ 

          ဒေါက်တာသမနပါလနှင့် ဗုဒ္ဓစာပေဆိုင်ရာ ပညာရှင်အသီးသီးတို့ အလိုအလိုအရ ယင်းထောက်ပြချက်မှာ နားလည်မှုလွဲမှားခြင်းသာဖြစ်ကြောင်း၊ ဘာသာရေးဆိုင်ရာ စာပေများကို သဒ္ဓါတရားရှု့ထောင့်နှင့် ပညာရှင်ရှု့ထောင့်တို့ဖြင့် ခွဲခြားသိမြင်သင့်ကြောင်း ဆိုကြလေသည်။
အရှင်မဟာဗုဒ္ဓဃောသသည် ၀ိသုဒ္ဓိမဂ်ကို တစ်ညတည်းတွင် သုံးကြိမ်တိုင်အောင် ပြန်ရေးရသည်ဟု ဆိုစမှတ်ပြုကြသည်။ ထိုကျမ်းရေးပြီးနောက် ခဏတာအနားယူလိုသောကြောင့် စင်္ကြန်ထွက်လျှောက်ပြီး စာရေးရာနေရာသို့ ပြန်ရောက်လာသောအခါ ထိုရေးပြီးစကျမ်းစာမှာ ပျောက်ခြင်းမလှ ပျောက်သွားသည်။ သို့နှင့် ဒုတိယအကြိမ် ထပ်ရေးသည်။ ပျောက်သွားပြန်သည်။ ထိုနောက် တတိယအကြိမ် ထပ်ရေးပြန်သည်။ ဤအကြိမ်ရေးပြီးချိန်တွင်မူ မိုးစင်စင်လင်း သွားသည်။

သို့နှင့် ထိုသုံးကြိမ်မြောက်ရေးပြီးသော ကျမ်းစာကိုဖြင့်မူ စစ်ဆေးမည့် မဟာဝိဟာရ ကျောင်းတိုက်နေ ရဟန်တော်များထံသို့ သွားပို့လိုက်သည်။ ကျမ်းကို စစ်ဆေးနေချိန်မှာပင် ပျောက်သွားသည့် ကျမ်းနှစ်စောင်လည်း အလိုအလျှောက်ပေါ်လာသည်။ ဆရာတော်၏ ဥာဏ်ပညာထက်မြက်မြင့်မားမှုကို ထင်ထင်ရှားရှား သိမြင်စေလိုသောကြောင့် နတ်များက ၀ှက်ထားသောဟူ၏။

ထိုဝိသုဒ္ဓိမဂ်ကျမ်းသည် ယနေ့အချိန်တွင် စာမျက်နှာပေါင်းများစွာရှိသည့် စာအုပ် တစ်အုပ်ဖြစ်သည်။ ထိုစာအုပ်ကို ရေးသားချိန် ပေခေတ်တွင်မူ မည်မျှများပြားနေမည်နည်း။ ကညစ်တံဖြင့်ရေးသားရသောခေတ်ဖြစ်၍ အဘယ်မျှ ပင်ပမ်းလေမည်နည်း။ တစ်ညတည်းဖြင့် ကိုယ်တိုင်ရေးဖို့မပြောနဲ့ ကူရေးဖို့ပင်မလွယ်။ တစ်စောင်မက သုံးစောင်တောင်မှ ရေးပြီးလေသည်။ ကျမ်းကိုစစ်ဆေးတိုက်ဆိုင်ကြည့်ရာတွင်လည်း ကျမ်းသုံးခုလုံး ၏၊သည်မရွေ့ တူသောဟူ၏။

အထက်ပါရှုထောင့်မျိုးသည် သဒ္ဓါတရားဘက်ကနေ ရှုမြင်ရမည့်အမြင်ဖြစ်သည်။ ပညာဖြင့် ဝေဖန်ရမည့်အရာမဟုတ်။ ထိုကဲ့သို့သော ဖြစ်ရပ်ဆန်းကို ကြားသိရသည့် စာပေကို မတတ်ကျွမ်းသည့် ဗုဒ္ဓဘာသာဝင်များအတွက် သဒ္ဓါတရားကိုတိုးပွားစေနိုင်သည်။ ဖြစ်နိုင်ချေ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ထိုဖြစ်ရပ်ကြောင့် မည်သူမျှ အကျိုးမဲ့မဖြစ်ပါ။ ထို့အတူ ဗုဒ္ဓ၀င်တို့လိုကျမ်းမျိုးတို့ကိုလည်း ထိုသို့ပင် သဒ္ဓါတရားရှုထောင့် သာမန်လူတို့ရှုထောင့်ဖြင့်သာ ရှုမြင်သင့်ပြီး သာသနာတော်ကို အကြည်ညိုတိုးဖို့ရာ ကျမ်းမျိုးဖြစ်၍ မည်သူမဆိုရေးနိုင်၍ အပြစ်မမြင်သင့်ကြောင်း ပြောပြလေသည်။

ထိုပြင် ၀ိသုဒ္ဓိမဂ်စသော ကျမ်းစာများကို ပညာရှင်ရှုထောင့်ကနေ ကြည့်လိုက်ပြန် လျှင်လည်း ဘာမျှအပြစ်ပြောစရာမမြင်။ အကြောင်းရာခိုင်လုံသည်။ အမြင်စူးစူးရှရှဖြင့် ရေးသားထားသည်။ အထောက်ထားခိုင်လုံသည်။ ယနေ့ခေတ်တွင် အရှေ့အနောက်နိုင်ငံများတွင် ခေတ်စားနေသည့် သုတေသနကျမ်းရေးနည်းများ မပေါ်ခင်က ၄င်းဝိသုဒ္ဓိမဂ်ကျမ်းတွင် သုတေသန သဘောတရားများ နည်းစနစ်များ အပြည့်အစုံပါဝင်နေသည်။ အစအဆုံး ကွင်းဆက်မိမိနှင့် ထိထိမိမိရှိလှသည့် အရေးသားမျိုးကို တွေ့ရမည်ဖြစ်ကြောင်း၊ ဤသည်မှာ ပညာရှုထောင့်ကနေ ရှုမြင်ရမည့်အချက်ဖြစ်ကြောင်း ဆက်လက်ပြောဆိုသွားသည်။ သမိုင်းကြောင်းတစ်ခုသည်သာ အံ့သြဘနန်းဖြစ်ရပ်အဖြစ် မှတ်တမ်းတွင်ရှိနေခြင်းဖြစ်သည်။ မဖြစ်နိုင်ပါဟုလည်း မည်သူမျှ အတိကျမပြောနိုင်ပါ။

မြန်မာနိုင်ငံတွင်လည်း ဗုဒ္ဓဘာသာသည် သက်တန်းရှည်ကြာသည့်အလျှောက် ဗုဒ္ဓစာပေ ဆိုင်ရာတွင် ပညာအများအပြားထွန်းကားခဲ့သည်။ ယနေ့တိုင်အောင် ထွန်းကားနေဆဲဖြစ်သည်။ သို့တစေ ထိုကဲ့သို့ ပါဠိတော်ဆိုင်ရာ အဖွင့်ကျမ်းများကို ရေးသားရာတွင်မူ ငယ်ငယ်ရွယ်ရွယ် ရေးသားနိုင်သူများ သမိုင်းတစ်လျှောက်တွင် အမြောက်အမြားပေါ်ထွက်ခဲ့စေကာမူ အသက်ရွယ် နုနယ်သေးသည့်အတွက် ရေးသားလေ့မရှိကြောင်းတွေ့ရသည်။ ရေးသားသည့်တိုင် မိမိနာမည်ကို မသုံးပဲရေးသားလေ့ရှိကြောင်း ကြားသိဖူးသည်။

ထိုအကြောင်းနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံမှ ပါဠိစာပေသာမက အင်္ဂလိပ်စာပေအပါဝင် အခြားဘာသန္တရစာပေများကိုပါ တတ်ကျွမ်းသည်ဟု အများကလက်ခံထားသည့် ဆရာတော် တစ်ပါးမိန့်ဆိုချက်မှာ မှတ်သားဖွယ်ရာလည်းဖြစ်သည့်အပြင်၊ ရှင်းလင်းအောင်သိမြင်စေသည့် အချက်လည်းဖြစ်သည်။
အနောက်တိုင်းသားနှင့် ရှေ့တိုင်းသား (အထူးအားဖြင့် မြန်မာနိုင်ငံသား)တို့သည့် စာပေရေးသားရာတွင် ခံယူချက်ကွာခြားသည်။ အနောက်တိုင်းသားက စာပေရေးသားခြင်းကို ဂုဏ်တစ်ရပ်အနေဖြင့်ခံယူကာ ရေးသားပြီး၊ ငယ်ငယ်ရွယ်ရွယ်နှင့် ရေးသားနိုင်ကြောင်း ဂုဏ်ယူလို၍ ရေးသားကြသည်။ သို့ရာတွင် မြန်မာတို့ကမူ ၀န်တစ်ရပ်အနေဖြင့် ရေးသားလေ့ရှိသည်။ ဆရာသမား သို့မဟုတ် ပညာရှိတစ်ဦးဦးက တာဝန်ပေးအပ်လာ၊ လိုအပ်ချက်နှင့်အညီရေးသားရန် တာဝန်ပေးအပ်လာသည့်အခါမှသာ ရေးသားလေ့ရှိသည်။

တာဝန်အရ ရေးသားခြင်းဆိုသည်မှာလည်း ဘာသာရေးဆိုင်ရာ အဖွင့်ကျမ်းများကိုသာ ဆိုလိုခြင်းဖြစ်ပါသည်။ ဘာသာရေးအရသာမက အတိုင်းတာတစ်ခုသော လူ့အသိုင်းဝိုင်းကနေ အလေးမြတ်ထားသော ကျမ်းစာများဖြစ်သည့်အားလျှော်စွာ ထိုရေးသားသောကျမ်းကို ခိုင်မာ စေရာတွင် ရေးသားသူ၏ အသက်အရွယ်ကလည်း တစ်ဖက်တစ်လမ်းကနေ အကျိုးသက်ရောက်မှု ရှိကြောင်း ဆိုလေသည်။

ထို့ပြင် မြန်မာတို့သည် မလိုအပ်ပဲနှင့် ကျမ်တစ်စောင်တည်းကို နှစ်ဦးပြိုင်ရေးလေ့မရှိပေ။ မသိလို့ရေးမိကြပြီး အကြောင်းတိုက်ဆိုင်၍ သိလာသောအခါတွင်မူ တစ်မူသာကျန်စေပြီး၊ အခြားတစ်မူကို ဖျက်စီးလေ့ရှိကြောင်း သမိုင်းများတွင်ဆိုသည်။ အကြောင်းမှာ တစ်ဦးအရည်ခြင်းကို တစ်ဦးကယုံကြည်သည့်အပြင် နောင်လာနောက်သားတို့လည်း အဆိုပါကျမ်းနှစ်မျိုးကြောင့် အငြင်းမပွားစေလိုသောကြောင့်ဖြစ်သည်။ ဤအချက်ကလည်း စာရေးသားခြင်းကို ဂုဏ်တက်လို၍ ရေးသားခြင်းမျိုးမဟုတ်ပဲ လောကလိုအပ်ချက်ကြောင့် ရေးသားခြင်းဖြစ်ကြောင်း ထင်ပေါ်စေသည်။

အင်းဝခေတ် ထင်ရှားသောဖြစ်ရပ်တစ်ခုကိုကြည့်ပါ။ ဓားမကူးဆရာတော်ခေါ် တောင်ဖီလာ ဆရာတော်သည် ရွှေဥမင်ဆရာတော်နှင့် တွေ့ဆုံပြီးနောက် မိမိရေးသားပြီးနေသည့် ၀ိနည်းငါးကျမ်း နိဿယကိုပင် ရွှေဥမင်ဆရာတော်ကလည်း ရေးသားပြီးဖြစ်ကြောင်း ကြားသိလိုက်ရသည်။ ကျမ်းပြီး ရက်ကို စစ်ကြည့်လိုက်သောအခါ မိမိက အတန်ငယ်နောက်ကျနေကြာင်းကိုပါ သိလိုက်ရသည်။ ထိုကြောင့် မိမိကျမ်းကြောင့် နောင်လူများအငြင်းပွား အချင်းပွားကာ အကျိုးမဲ့မည်စိုးသောကြောင့် စေတီရင်ပြင်တွင် မီးပူဇော်လိုက်သည်ဆို၏။ အချိုကလည်း စေတီတစ်ဆူတွင် ဋ္ဌာပနာလိုက်သည်ဟု ဆိုကြသည်။ မည်သို့ဆိုစေ မိမိကိုယ်တိုင်ဖြစ်စေ အခြားသူများ၏ တိုက်တွန်းချက်ကြောင့်ဖြစ်စေ ကျမ်းစာများကို ရေးသားရာတွင် လိုအပ်ချက်ကို တာဝန်ယူဖြည့်ဆည်းလိုသောကြောင့်သာ ရေးသားခြင်းဖြစ်ကြောင်း တွေ့ရသည်။

ပါဠိစာပေသမိုင်းတွင် နိဿယမူကွဲတို့လိုကျမ်းများစွာတို့ကို ဖော်ပြထားတာရှိပါသည်။ ၄င်းတို့မှာလည်း အချို့ကျမ်းများမှာ ခေတ်တစ်ခေတ်တည်းမှာပင် ရေးသားခဲ့ကြစေကာမူ ပတ်ဝန်းကျင်နှင့် လိုအပ်ချက်တို့ကွာခြားမှုကြောင့် မူကွဲများရှိခြင်းဖြစ်သည်။ သို့တစေ ထိုထိုကျမ်းတို့သည်လည်း ၀န်တစ်ခုအနေဖြင့် ရေးသားခြင်းဖြစ်ကြောင်း သက်ဆိုင်ရာ ကျမ်းနိဂုံးတို့ကို ဖတ်ရှုလိုက်ပါက အထင်ရှားတွေ့မြင်ရမည်ဖြစ်ပါသည်။             ။

မေတ္တာဖြင့်-
အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်)