Thursday, November 14, 2013

မေတ္တာသည် ဒေါသဖြစ်သူအတွက် လက်နက်ကောင်း


မေတ္တာသည် ဒေါသဖြစ်သူအတွက် လက်နက်ကောင်း

လူတို့သည် မကျေနပ်သောအကြောင်းအရာတခုခုကြောင့် ဒေါသများ ဆူဝေလာကြပါသည်။ ထိုဒေါသများ ဆူဝေလာမှုကြောင့် ပေါက်ကွဲမှုများ ဖြစ်ပေါ်လာပြီး မဖြစ်သင့်သော ခိုက်ရန်ဒေါသများ ဖြစ်ပေါ်လာကာ တဦးနှင့်တဦး မုန်းတီးကြခြင်း၊ ရန်ဖြစ်ကြခြင်း၊ ရိုက်နှက်ကြခြင်းနှင့် နောက်ဆုံးလူသတ်သည်အထိပါ ဖြစ်ပေါ်လာတော့သည်။

ဤသို့ မဖြစ်သင့်သောကိစ္စများ မဖြစ်ပေါ်လာစေဘဲ မိမိတဦးတည်းသာ ဒေါသများကို တအုံတနွေးနွေးနဲ့ စိတ်အနှောင့်အယှက်များကို မဖြေဖျောက်နိုင်ဘဲ ဖြစ်နေပါက စိတ်များ ဆူဝေလာပြီး စိတ်နာမှု၊ အသားတဆတ်ဆတ် တုန်မှု၊ ခေါင်းကိုက်ခဲမှုများ ဖြစ်လာတတ်သည်ကို တွေ့ဖူး ကြုံဖူးကြပါလိမ့်မည်။

အနောက်တိုင်း စိတ်ပညာရှင်အချို့တို့၏ အဆိုအရ ဒေါသကြောင့်ဖြစ်ပေါ်လာသည့် စိတ်လှုပ်ရှားမှုတို့ကို ပြေပျောက်စေရန် မိမိကိုယ်ကိုမိမိ ရိုက်ပုတ်ခြင်း၊ တစုံတခုကို ပစ်ပေါက်ခြင်း၊ အိုးခွက်ပန်းကန်တို့ကို ရိုက်ခွဲခြင်းတို့သည် ဒေါသကိုပြေရာပြေကြောင်း ဖြစ်စေသည်ဟု ဆိုကြသည်ကို ဖတ်ခဲ့ရဖူးပါသည်။

ထိုအဆိုသည် မှားသည်ဟုမဆိုလိုသော်လည်း မှန်သည်ဟုတော့ မဆိုနိုင်ပါ။ ထိုနည်းလမ်းတို့သည် ဗုဒ္ဓဘာသာဝင်တို့အတွက် ဖီလာကန့်လန့်ကြီးဖြစ်နေသည် မဟုတ်ပါလော။

**အော်ဟစ်ဆဲဆိုခြင်းသည် ဒေါသကိုမလျော့**
ဒေါသဖြစ်သူတဦးသည် အော်ဟစ်ဆဲဆိုလိုက်လျှင် ဒေါသပြေပျောက်သွားမည်ဟု အနောက်တိုင်း ပညာရှင် တချို့က ထင်ကြသည်။ မဟုတ်ပါချေ။ ဒေါသများ မယုတ်လျော့သည့်အပြင် မိမိက အော်ဟစ်ဆဲဆိုလိုက်၍ ခံရသူတဦး၏ အငြိုးအတေးထားခြင်းကိုသာ ခံရဖို့ရှိပေသည်။ သို့အတွက် ကြောင့် သေးနုပ်သော အနှောင့်အယှက်ဖြစ်စေကာမူ စော်ကားသော အမူအရာဖြင့်ဖြစ်စေ၊ ချေပရာ၌ ကြီးကျယ်သော ခိုက်ရန်ဒေါသများ ဖြစ်လာနိုင်ပါသည်။

နောက် အနောက်တိုင်းအယူအဆ ဆရာတို့၏ ဒေါသပြေပျောက်နည်းများ ရှိပါသေးသည်။

**တစ်မှ တစ်ထောင်ထိ ရေပါ**
ဒေါသထွက်လာပါက ပြေပျောက်အောင် မည်သို့ဆောင်ရွက်သင့်သည်ကို လေးနက်စွာ နည်းလမ်းရှာကြံသင့်သည်။ မည်သည့်စိတ် လှုပ်ရှားမှုမျိုးကိုမဆို အချိန်ကြာကြာစောင့်ဆိုင်း၍
ငြိမ်သက်စွာနေပါက အမျက်ဒေါသတို့ တဖြည်းဖြည်း ယုတ်လျော့သွားမည်သာ ဖြစ်သည်။

ထို့ကြောင့် တစ်မှ တစ်ထောင်အထိ ရေတွက်နေပါက တဖြည်းဖြည်းနှင့် ဒေါသများ ပြေသွားမည်ဖြစ်သည်။ ဒါသည် ပုံသေနည်းတရပ်ဖြစ်သည်ဟု တချို့ကဆိုကြပါသည်။

**ဒေါသဖြစ်နေချိန် ဘာကိုမှ မလုပ်ပါနဲ့**
ဒေါသဖြစ်ပေါ်နေချိန်တွင် ဘာမှမလုပ်ခြင်းသည် အကောင်းဆုံးဖြစ်လေသည်။ ဘာမှမလုပ်ခြင်းဖြင့် ထိုအကြောင်းအရာကို မေ့လျော့သွားပါလိမ့်မည်။ တိတ်ဆိတ်စွာနေခြင်းသည် စိတ်ကိုငြိမ်းချမ်းခွင့် ပေးထား၍ ထိုကိစ္စများကို ဆက်လက်ဆွေးနွေးရန် သင့်,မသင့်ကို ချင့်ချိန်ဆုံးဖြတ်နိုင်ခွင့် ရှိလာပါလိမ့်မည်။

**ရန်စ, ရန်လုပ်လာသူကို ကိုယ်ချင်းစာကြည့်ပါ**
ငါ့ကို သူက ဘာထင်လို့ မထီမဲ့မြင်လုပ်ရတာလဲ။ အတွေးအခေါ်မရှိတဲ့ အောက်တန်းစားအမျိုးတွေ၊ ရုပ်ကိုကြည့်ပါ၊ လင်ငယ်နေမယ့်ရုပ်မျိုး စသည်ဖြင့် ပြောဆိုမှုများကြောင့် အစောကားခံရသည့်အခါများတွင် ပို၍အမျက်ဒေါသထွက်တတ်ကြပေသည်။

သည်အခါတွင် နင်ပဲငဆပြောဆိုသူအား ကိုယ်ချင်းစာပြီး သူ ဘာကြောင့်ပြောသည်ဆိုတာကို အထောက်အထားကြိုးစားပြီးရှာပါ။ မည်သို့ဆက်လုပ်ရမည်ကိုလည်း နည်းလမ်းရှာဖွေသင့်ပါသည်။

ပြောဆိုသည့်ပုဂ္ဂိုလ်သည် ဒုက္ခနှင့်ကြုံတွေ့နေရသလား၊ ဤသို့ပြောဆိုခြင်းမှာ သူ စိတ်မချမ်းမသာ ဖြစ်နေ၍သာ ထိုသို့ပြောဆိုသည်ဟု နှလုံးသွင်း၍ အဖြေကိုရှာဖွေသင့်ပါသည်။

**ရယ်မောလိုက်ပြီး ဒေါသကို ချုပ်တည်းပါ**
အလိုမကျဘဲ မျက်မှောင်ကုတ်၍ တောက်ခေါက်မှုနှင့် ဝမ်းသာပျော်ရွှင်၍ ရွှင်ပြုံးမှုတို့ တချိန်တည်း၌ မလုပ်နိုင်သည်မှန်သော်လည်း အချို့စိတ်ပညာသမားများသည် ဒေါသထွက်နေသူတို့အား ပြုံးရယ်ရွှင်လန်း၊ ရယ်မောလာအောင် ကုစားနည်းကို အသုံးပြုကြလေသည်။

ကလေးငယ်များ ဒေါသထွက်နေပါလျှင် ဟာသရုပ်ရှင်ကားများ ကြည့်စေခြင်းဖြင့် ကလေး ငယ်တို့အား ရယ်မောလာအောင် နောက်ပြောင်၍ ရယ်စရာစကားများ ပြောဆိုခြင်းတို့ ပြုလုပ်လိုက်ပါက ဒေါသများချုပ်ငြိမ်း၍ ရယ်မောလာပါလိမ့်မည်။

**သမထနည်းဖြင့် ဒေါသကို ထိန်းပုံ**
အမျက်ဒေါသ ထွက်လွယ်သူများအဖို့ အကောင်းဆုံးနည်းမှာ စိတ်နှင့်ကိုယ်ကို တည်ငြိမ်အောင်
နှလုံးသွင်းမှုပင် ဖြစ်ပါသည်။ ဗုဒ္ဓဘာသာဝင်တို့၏ သမထထိုင်နည်းနှင့် ဝိပဿနာတရား ပွားများနည်း၊ အိန္ဒိယ, ဟိန္ဒူ ယောဂီများ၏ ယောဂကျင့်စဉ်တို့သည် စိတ်များပျံ့လွင့်စေမှုတို့ ချုပ်ငြိမ်းစေပြီး ဒေါသပြေပျောက်မှုတို့ကို ရရှိစေပါသည်။

ထို့ကြောင့် အနောက်တိုင်း စိတ်ပညာရှင်များက ထိုနည်းတို့ကို နည်းယူလက်ခံ၍ လိုက်စားနေကြလေသည်။

**ထုတ်ဖော်ပြောကြားမှုများသည် ဒေါသကို လျော့သွားနိုင်ပါသလား**
ဒေါသထွက်ပေါ်မှုများကို အိပ်သွန်ဖာမှောက် ပြောဆိုလိုက်ရ၍ ပေါ်ပေါက်လာတဲ့
ဒေါသအာဃာတများ လျော့ပါးသွားစေပါတယ်လို့ အနောက်နိုင်ငံသားများက ယူဆနေကြပါတယ်။ တချို့ပညာရှင်များကတော့ ဤသို့ပေါက်ကွဲထွက်မှုသည် ဒေါသများ၊ အာဃာတများပင် ပျောက်မသွားဘဲ ထပ်တလဲလဲ ပွားများစေကြောင်းကိုလည်း သဘောပေါက်ကြပါသည်။

ခံစားချက်များကို ခရေစေ့တွင်းကျ ပြောဆိုလာမှုကြောင့် ထိုလူ၏ စိတ်လှုပ်ရှားမှုတို့သည် ပိုမိုကြီးထွားလာစေသည်သာမက ဒေါသ၊ အာဃာတများမှာလည်း ပိုမို၍ ကြီးထွား လာစေနိုင်ပါသည်။ ဒေါသလျော့ပါးစေလိုပြီး ဆက်ဆံပေါင်းသင်းမှု ပြေပြစ်စေလိုပါလျှင် တဖက်ကို ပြန်၍မပြောဘဲ အလျှော့ပေး၍ တိတ်တိတ်နေသင့်ပါသည်။ စိတ်ဆိုးမြဲ ဆိုးနေပါစေ၊ မြန်မာတို့ ဆိုရိုးစကားအတိုင်း မောလျှင် ရပ်သွားလိမ့်မည်ဆိုသလိုပါပဲ။ ထိုဖော်ပြချက်များမှာ အနောက်တိုင်း စိတ်ပညာရာတို့၏ ယေဘုယျယူဆချက်များ ဖြစ်ကြပါသည်။

**ဗုဒ္ဓဟောကြားခဲ့သော ဒေါသရန်ငြိုး ဖြေဖျောက်နည်း**
မြတ်ဗုဒ္ဓဘုရားရှင် ဟောကြားခဲ့သည့် တရားတော်များအရ တဦးတယောက်အား အမျက်ဒေါသထွက်၍ ရန်ငြိုးများရှိခဲ့ပါလျှင် ထိုရန်ငြိုးဒေါသတရားတို့ကို တားဆီးနိုင်သောတရားမှာ
မေတ္တာဓာတ်သာဖြစ်သည်ဟု ဟောကြားတော်မူခဲ့ပါသည်။

မေတ္တာဘာဝနာကို စနစ်တကျ ပွားများသွားပါက ဒေါသကြောင့်ဖြစ်ပေါ်လာသော ရန်ငြိုးကြီးမားခြင်း၊ ပြစ်မှားခြင်း၊ ဖျက်ဆီးခြင်း၊ မုန်းခြင်း၊ စိတ်သဘောထား ကွဲလွဲခြင်း၊ ခိုက်ရန်ဖြစ်ပွားခြင်းတို့ ပြေပျောက်စေနိုင်ရန် ပဋိသမ္ဘိဒါမဂ်ပါဠိတော်၌ မေတ္တာပွားများ၍ ရရှိသော အကျိုးတရား များကို ဟောကြားတော်မူခဲ့ပါသည်။

ဒေါသတရားများ ဖြစ်ပေါ်လာခဲ့ပါလျှင် ဖြစ်ပေါ်လာသည့် အမျက်ဒေါသတရားတို့ကို ဆင်ခြင်ကာ မေတ္တာပွားများ၍ ရန်ငြိုးပြေစေသော နည်း(၁၁)နည်းကို ဝိသုဒ္ဓိမဂ်၌ ဤသို့ဟောကြားတော်မူခဲ့ပါသည်။

**ရန်ငြိုးရန်စဖြေဖျောက်နည်း (၁၁)နည်း**
(၁) မေတ္တာဈာန်ဝင်စား၍ ရန်ငြိုးဖြေဖျောက်ခြင်း။
(၂) ဒေါသအပြစ်တို့ကို ဆင်ခြင်၍ ရန်ငြိုးဖြေဖျောက်ခြင်း။
(၃) ရန်သူ၏ အကျင့်ကောင်းများကို ဆင်ခြင်၍ ရန်ငြိုးဖြေဖျောက်ခြင်း။
(၄) ကရုဏာဖြင့် ရန်ငြိုးဖြေဖျောက်ခြင်း။
(၅) ဘုရားရှင်ဟောကြားတော်မူသည့် တရားတော်များ၊ သြဝါဒများကို ဆင်ခြင်ပွားများ၍ မိမိကိုယ်ကိုမိမိ ဆုံးမကာ ရန်ငြိုးဖြေဖျောက်ခြင်း။
(၆) ကမ္မဿကတာဉာဏ်ဖြင့် ရန်ငြိုးဖြေဖျောက်ခြင်း။
(၇) မြတ်စွာဘုရား ဟောကြားတော်မူခဲ့သည့် ဇာတ်တော်လာ သည်းခံနည်းများဖြင့် ရန်ငြိုး ဖြေဖျောက်ခြင်း။
(၈) သံသရာတလျှောက်လုံး၌ မိဘ ညီအကိုမောင်နှမ ဆွေမျိုးမတော်စပ်ခဲ့ဖူးသူ မရှိပါလားဟု ဆင်ခြင်သည့်နည်းဖြင့် ရန်ငြိုးဖြေဖျောက်ခြင်း။
(၉) မေတ္တာအကျိုးတရားများကို ဆင်ခြင်၍ ရန်ငြိုးဖြေဖျောက်ခြင်း။
(၁၀) ဓာတ်ခွဲ၍ ရန်ငြိုးဖြေဖျောက်ခြင်း။
(မိမိ၏ ရုပ်နာမ်မမြဲခြင်းသဘောကို ဆင်ခြင်၍ ငါလည်း တချိန်သေရမည်၊ သူတို့လည်း တချိန်သေရမည်ဟု နှလုံးသွင်း၍ မရဏာနုဿတိတရား ပွားများ၍ ရန်ငြိုးဖြေဖျောက်ခြင်း)။
(၁၁) ပစ္စည်းဥစ္စာ ပေကမ်းထောက်ပံ့သောနည်းဖြင့် ရန်ငြိုးဖြေဖျောက်ခြင်းတို့ပင် ဖြစ်ကြပါသည်။

သဒေါသံ စိတ္တံ သဒေါသံ စိတ္တန္တိ ပဇာနာတိ၊
ဒေါသစိတ်ဖြစ်သည်၊ ဒေါသစိတ်ဖြစ်သည်ဟု ထပ်တလဲလဲ သတိတရားယှဉ်၍ နှလုံးသွင်းရပါမည်။

**တောင်တန်းသာသနာပြု ဆရာတော်ကြီး၏ ရေမေတ္တာ**
အလျဉ်းသင့်၍ ခန္ဓာဝန်ချတော်မူခဲ့ပြီးဖြစ်သော တောင်တန်းသာသနာပြု ဆရာတော် ဦးဥတ္တမသာရ၏ ရေမေတ္တာကိုလည်း အသုံးပြုပါက မုန်းသည့်သူကို ချစ်ခင်လာနိုင်တာ၊ စိဖြေဖျောက်လာနိုင်တာကို လက်တွေ့ခံစားရပါမည်။
ဥပမာ---ဘာအကြောင်းကြောင့်ဖြစ်စေ၊ တစုံတယောက်သောသူက ရန်မူလာလျှင် ရန်မူသောထိုသူကို စိတ်အာရုံညွတ်၍ သူ့ခမျာ ငါ့ကို ရန်မူနေတဲ့အတွက် စိတ်နှလုံးပူလောင်နေရှာမှာပဲ-ဟု ကရုဏာစိတ်ကို ဦးစွာဖြစ်စေပါ။ သနားထိုက်သော သနားစရာကောင်းသော သတ္တဝါအဖြစ်ထား၍ ကရုဏာစိတ် ဝင်စားပြီးလျှင် နောက်မှတဆက်တည်း တကယ်ချမ်းသာကောင်းစားစေလိုသော စေတနာဖြင့် လှိုက်လှိုက်လှဲလှဲ မေတ္တာပို့လွှတ်ပေးရမည်။ အမြဲမပြတ် မလုပ်နိုင်သော်လည်း မေတ္တာပို့နေသောအခိုက်တွင် လှိုက်လှဲသောစေတနာ ထက်သန်မှုရှိစေရမည်။ ထက်သန်မှုရှိမှ ထိရောက်သည်။ တန်ခိုးထက်မြက်သည်။

အထူးသတိပြုရန်မှာ စိတ်ညွတ်၍ မေတ္တာပို့သောအခါ မိမိစိတ်ထဲသို့ ဒေါသဝင်မလာစေရပါ။ တဖက်သား ပျက်စီးစေလိုခြင်း၊ ဒုက္ခရောက်သွားစေလိုခြင်း စသော ဒေါသစိတ် (အာဃာတ-ရန်ငြိုးစိတ်၊ ဒေါမနဿ-မကျေမချမ်း နာကြည်းစိတ်) ဝင်လာတတ်သည်။ ဝင်လာလျှင် လွတ်အောင်ဖယ်ထုတ်ပစ်ပါ။ ယင်းဒေါသစိတ်ကင်းအောင် ဖယ်ထုတ်ပစ်နိုင်လျှင် ရန်သူအပေါ် မိမိကအောင်နိုင်ပြီဟူ၍ မှတ်ပါ။

အကယ်၍ ရန်သူကို စိတ်အာရုံညွတ်၍ မေတ္တာပို့ရုံသက်သက်ဖြင့် အမြန်ပြေအေးသွားမည် မထင်လျှင် ဖန်ခွက်တခုကို ဆေးကြော၊ ရေအေးအေး သန့်သန့်ထည့်ပြီး အမှိုက်သရိုက်မကျအောင် အဖုံး,ဖုံး၍ ဘုရားစင်မှာ တင်ထား၊ ရန်မူသူကို ကိုယ်စားရည်မှတ်၍ ကျောက်စရစ် ခဲကလေးကိုဖြစ်စေ၊ တုတ်ချောင်းကလေးကို ဖြစ်စေ ထိုရေဖန်ခွက်ထဲသို့ချပြီး စိမ်ထား။ သူ့ကို အေးချမ်းသွားစေရန် မေတ္တာရေ စိမ်ထားပြီ-ဟု စိတ်ရှင်းစွာထား၍ မေတ္တာပို့လွှတ်ပေးနေပါ။

ထိုရန်မူနေသူကို ကောင်းစားချမ်းသာစေလိုသော မေတ္တာစိတ်ပို့လွှတ်ပေးနေလျှင် ခုနစ်ရက်အတွင်း မူပြောင်းလာလိမ့်မည်။ ထူးခြားသည်မှာ သူ့မှာဒေါသမရှိလျှင်၊ ဒေါသနည်းလျှင် ချစ်ခင်လာလိမ့်မည်။ ကိုယ့်ကို သနားစိတ်ဝင်လာလိမ့်မည်။ သူပြောမှားရှိသမျှ ဝန်ချတောင်းပန်လာလိမ့်မည်။ အကယ်၍ လူကိုယ်တိုင် လာရောက်မတောင်းပန်စေကာမူ ဆက်လက်၍ ရန်မမူတော့ချေ။ မီးကို ရေနှင့်ဖျန်းလိုက်သလို ငြိမ်းသွားလိမ့်မည်။

သို့သော် သူ့မှာ မကျေနပ်နိုင်၊ မအေးနိုင်အောင် ဒေါသရှိနေသေးလျှင်ကား ကိုယ့်အနားမှာ နေလို့မရ၊ ဝေးရာသို့ တနည်းနည်းဖြင့် ဖယ်ခွါသွားရတတ်သည်။ အားလုံး ဤပုံစံချည်းပင်။ ထုံးစံပင်တည်း။ မလွဲနိုင်ချေ။

ထိုမှတပါး အခြားမည်သည့်လုပ်ငန်းကိစ္စမဆို တွေ့ကြုံနေရသော နှောင့်ယှက်သူကို ဖြစ်စေ၊ နေထိုင်စားသောက်ရေးကိစ္စ၌ တွေ့ကြုံရသူကိုဖြစ်စေ တွေ့ကြုံရလေသမျှ အထက်ပါနည်း အတိုင်းသာ လိုက်နာလုပ်ဆောင်ပါ။ မေတ္တာစိတ်ဓာတ်ခိုင်မြဲသော အဆောင်တန်ခိုးဖြင့် ကြည်လင်အေးမြခြင်းကို ဖြစ်စေရမည်။ အောင်နိုင်ရမည်ဟူ၍ ညွှန်ကြားအပ်ပါသည်။

အိမ်မှ စိတ်ကောက်ပြီး ထွက်သွားသူကိုလည်း ဤနည်းအတိုင်း လုပ်ဆောင်ပါ။ ပြန်ရောက် လာပါလိမ့်မည်။ သူတော်ကောင်းတို့မည်သည် မေတ္တာတရားကို လက်ကိုင်ထားရမည်။ အခြားနည်းကို လက်ကိုင်ထားလျှင် မှားရော-မှတ်ပါ။ မေတ္တာလောက် ကောင်းတာ လောကမှ ဘာမှမရှိပါ။


ဤရေမေတ္တာကို ပြုလုပ်နေသူသည် အောက်ပါအချက်များကိုတော့ လိုက်နာရပါလိမ့်မည်။
(၁) အရက်သေစာ မသောက်ဖို့၊
(၂) တတ်နိုင်လျှင် ဥပုသ်စောင့်ဖို့၊
(၃) သွေးသံရဲရဲ သားစိမ်း၊ ငါးစိမ်း မစားရ၊ (ငါးခြောက်လိုဟာမျိုး စားနိုင်တယ်)
(၄) ရန်ရှာတဲ့လူအပေါ်ကို ဒေါသစိတ် အလျှင်းမထားနဲ့၊ စကားကို ညင်ညင်သာသာပြော။
(၅) ရေထဲသို့ထည့်ထားသည့် ကျောက်ခဲလေးအား မိမိမေတ္တာပို့သူ၏ ရုပ်ကို ပေါ်အောင်ကြည့်၍ စူးစူးစိုက်စိုက် မေတ္တာပို့လွှတ်ပါ။

တဦးပေါ်တဦး မေတ္တာနှင့်ယှဉ်သောစိတ်များ မွေးမြူနိုင်ကြပါက သည်ကမ္ဘာမြေကြီးသည် ထာဝစဉ် မေတ္တာပန်းများ ပွင့်လန်းနေကြပါမည်။

ကောင်းကျိုးလိုရာပြည့်ပါစေ
**မောင်လှယဉ်(မော်လမြိုင်)**

Wednesday, November 13, 2013

ဗုဒ္ဓသာသနာမှအပ ဘယ်သာသနာမှာမှ မရှိတဲ့ အပါယ်လွတ် ကုသိုလ်များ


“ဗုဒ္ဓသာသနာမှအပ ဘယ်သာသနာမှာမှ မရှိတဲ့ အပါယ်လွတ် ကုသိုလ်များ”

“ယေသံပန ကုလာနံ တိဏိသရဏာနိ ပဉ္စသီလာနိ ဧကံသလာကဘတ္တံ၊ ဧကံပက္ခိယဘတ္တံ၊
ဧကံဝဿာဝါသိကံ၊ ဧကာပေါက္ခရဏီ၊ ဧကောအာဝါသော၊ ဧဝရူပါနိ နိဗဒ္ဓပုညာနိ အတ္ထိ၊ တေသမ္ပိ ဂတိ နိဗဒ္ဓါ သောတာပန္တ
သဒိသာမေဝ တာနိကုလာနိ။ (အံ၊ဋ္ဌ၊၃၊ သဥပါဒိသေသသုတ်)”

နိဗဒ္ဓပုညလို့ဆိုတဲ့ ကောင်းမှု(၇)မျိုး၊ ဒီကောင်းမှု(၇)မျိုးထဲက တစ်မျိုးမျိုးရှိထားတဲ့သူဟာ “ဂတိနိဗဒ္ဓ= ဂတိမြဲတယ်” လို့ဆိုခြင်းဖြစ်ပါတယ်။ ဘယ်သူနဲ့တူသလဲလို့ဆိုရင် သောတာပန် နဲ့ တူပါတယ်တဲ့။ သောတာပန်ဖြစ်တယ်လို့ ဆိုလိုခြင်းမဟုတ်ဘဲ သောတာပန်ပုဂ္ဂိုလ်နဲ့တူတယ်လို့ ဆိုလိုခြင်းပါ။ ဒီကုသိုလ်(၇)မျိုးကိုပဲ တစ်ချို့သော ဆရာတော်ကြီးများက အပါယ် မကြောက်(၇)ယောက်လို့ ဆိုကြပါတယ်။ ဒီနေရာမှာ တစ်ခုသတိထားရမှာက “နိဗဒ္ဓပုည” ဆိုတဲ့ ပုဒ်ပဲဖြစ်ပါတယ်။ သူက ဘာပြောသလဲဆိုတော့ တစ်ခါတစ်ရံ စိတ်ကူးပေါက်ပြီး ထလုပ်တဲ့ ကောင်းမှုမျိုး မဟုတ်ဘဲ၊ သေတပန်သက်တစ်ဆုံး အသက်နဲ့ လဲသင့်ရင် လဲရမယ့် ကောင်းမှုမျိုးလို့ ရည်ညွှန်းပါတယ်။

အဲဒီကုသိုလ်(၇)မျိုးက ဘာတွေလဲလို့ဆိုရင်
၁။ တိဏိသရဏာနိ- သရဏဂုံ အမြဲဆောက်တည်ရမယ်။
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ- မြတ်စွာဘုရားရှင်ကို ကိုးကွယ်ဆည်းကပ်ပါ၏။
ဓမ္မံ သရဏံ ဂစ္ဆာမိ- တရားတော်ကို ကိုးကွယ်ဆည်းကပ်ပါ၏။
သံဃံ သရဏံ ဂစ္ဆာမိ- သံဃာကို ကိုးကွယ်ဆည်းကပ်ပါ၏။

ဒီလိုသရဏဂုံသုံးပါးကို အမြဲကိုးကွယ်ဆည်းကပ်ထားတဲ့ ပုဂ္ဂိုလ်၊ မိရိုးဖလာကိုးကွယ်တာမျိုးမဟုတ်။ မိဘဘိုးဘွားလက်ထက်က ဆင်းသက်လာလို့ မိဘတွေ အဘိုးအဖွားတွေက “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” လုပ်လာလို့ ဘာမှ ရေရေရာရာ မသိဘဲ ရမ်းပြီး “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” လုပ်နေတာမျိုး မဟုတ်၊ မြတ်စွာဘုရားအကြောင်း၊ သေသေချာချာသိပြီး ကိုးကွယ်ဆည်းကပ်တာမျိုး၊ တရားအကြောင်း သံဃာအကြောင်း သေသေချာချာသိပြီး ကိုးကွယ်ဆည်းတာမျိုး သဒ္ဓါ ပညာဦးစီးတဲ့ ကိုးကွယ်ဆည်းကပ် တာမျိုး ဖြစ်ရမှာပါ။

ဘယ်လောက်အထိကိုးကွယ်ဆည်းကပ်ရမှာလဲ ရာသက်ပန်အသက်ထက်ဆုံး အသက်နဲ့လဲပြီး ကိုးကွယ်ဆည်းကပ်ရမှာဖြစ်ပါတယ်။ ဒါမှ သောတာပန်နဲ့ အလားတူပြီး “ဂတိနိဗဒ္ဓပုည” ဖြစ်ကာ အပါယ်မလားဘဲ ကောင်းရာသုဂတိလားမှာဖြစ်ပါတယ်။ သုပ္ပဗုဒ္ဓလူနူကြီးတို့၊ ဓနဉ္စာနီတို့ကဲ့သို့ ရာထူး ငွေကြေး အသက်အန္တရာယ်များနှင့် မြူဆွယ်ခြိမ်းခြောက်ခံရသော်လည်း ရတနာသုံးပါးကို မစွန့်တဲ့ သရဏဂုံမျိုးပင်ဖြစ်အောင် စောင့်ထိန်းရမှာပါ။

၂။ ပဉ္စသီလာနိ- ငါးပါးသီလမြဲရမယ်။
ငါးပါးသီမြဲဆိုလို့ ဆိုရိုးဆိုစဉ်အတိုင်း “ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ” လို့ သာမည ဆိုထားရုံနဲ့ မရပါဘူး။ တကယ်သတ်ဖို့ ကြုံလာတဲ့အခါ တကယ် “ဝေရမဏိ” နိုင်ရပါမယ်။ သောတာပန် အဖြစ်သို့ ရောက်သွားကြတဲ့ ပုဂ္ဂိုလ်များဟာ သိလျက်နဲ့ ဘယ်တော့မှ သူများအသတ်ကို မသတ်ကြတော့ဘူး။ လည်ပင်းပေါ်ဓားမိုးပြီး သတ်ခိုင်လည်း အသက်သာ အသေခံတယ်။ သူများအသတ်ကို မသတ်ဘူး။ သူများကိုလည်း အမြင်မတူရင် သတ်ပါလို့ မတိုက်တွန်းဘူး။ ဒါကြောင့် သောတာပန်များ အပါယ်မလားတော့ဘဲ “ဂတိနိဗဒ္ဓ”  ဂတိမြဲတာပါ။ ဒါကြောင့် ဒီမှာ “ပဉ္စသီလ” ဆိုတဲ့ နိဗဒ္ဓပုည ရှိရမယ်ဆိုတာ သောတာပန်များ ငါးပါးသီလမြဲသလို မြဲကြရမှာဖြစ်ပါတယ်။ ဒါမှ “ဂတိနိဗဒ္ဓ” ဖြစ်ပြီး အပါယ်မလားတော့ဘဲ ကောင်းရာ သုဂတိလားရမှာဖြစ်ပါတယ်။

၃။ ဧကံ သလာကဘတ္တံ- တစ်ခုသော စာရေးတံဆွမ်းဝတ် အမြဲလှူရမယ်။
စာရေးတံဆွမ်းဝတ်ဆိုတာ အခုခေတ်လိုပြောရမယ်ဆိုရင်တော့ မဟာဒုတ် ဆွမ်းကျွေးပွဲတွေ ကျင်းပပြီး (၃)တတ်နိုင်သူက(၃)ပါး၊ (၅)ပါးတတ်နိုင်သူက(၅)ပါး၊ ပုဂ္ဂိုလ်ကို မငဲ့ကွက်ဘဲ မဲကျရာသံဃာကို ဆွမ်းကပ်ကြတာပါ။ ဒီသလာကဘတ်လို့ဆိုတဲ့ စာရေးတံ ဆွမ်းဝတ်ကလည်း တစ်ခါတစ်လေမှ ထကပ်တာမျိုး မဖြစ်စေရပါဘူး။ နိဗဒ္ဓပုည ဆိုတဲ့ ပုဒ်ကိုထောက်ဆပြီး နှစ်စဉ် နှစ်စဉ်(သို့မဟုတ်) လစဉ်၊ လစဉ် ကပ်နေတဲ့ စာရေးတံဆွမ်းဝတ်ဖြစ်ရမယ်။ ဒါမှ အပါယ်တံခါးပိတ်တယ်ဆိုတာ ယုတ္တိရှိမှာဖြစ်ပါတယ်။

နှစ်စဉ်၊ လစဉ် ကပ်နေတော့ မကပ်ခင်ရှေ့အဖို့ လပေါင်းများစွာ ရက်ပေါင်းများစွာက ပုဗ္ဗစေတနာတွေ ဖြစ်ရတယ်။ ကပ်ပြီးတော့ နောက်ပိုင်းမှာလည်း နောက်ထပ်မကပ်ခင်ထိ အဖန်ဖန်ဝမ်းမြောက်နေတဲ့ အပရစေတနာတွေ၊ ကပ်နေစဉ်အတွင်းမှာဖြစ်တဲ့ မုဉ္စစေတနာတွေ၊ မဲချ လှူဒါန်းတာဖြစ်ခင်းကြောင့် ငါ့ကိုယ်တော်ပဲ၊ သူ့ကိုယ်တော်ပဲ ဆိုတဲ့ ပုဂ္ဂိုလ်သံယောဇဉ် အစွဲအလမ်းတွေ ကင်းနေတယ်ဆိုရင်ပဲ  သံဃိက စစ်စစ်ဖြစ်တော့တာပါ။ ဒါကြောင့် ဒီသလာကဘတ်ဆိုတဲ့ စာရေးတံဆွမ်းဝတ်ကောင်းမှုဟာ ဂတိနိဗဒ္ဓ ဖြစ်ပါတယ်။ သောတာပန်တွေ သုဂတိမြဲသလို အပါယ်တံခါးပိတ်ပြီး သုဂတိမြဲတော့တာပဲဖြစ်ပါတယ်။

၎။ ဧကံ ပက္ခိယဘတ္တံ- တစ်ခုသော ပက္ခဆွမ်းဝတ် အမြဲလှူရမယ်။
ပက္ခဆွမ်းဝတ်ဆိုတာက လဆန်းပက္ခမှာတစ်ကြိမ်၊ လဆုတ်ပက္ခမှာ တစ်ကြိမ်၊ တစ်ပက္ခမှာဆွမ်းတစ်ကြိမ်၊ တစ်ပက္ခမှာ ဆွမ်းတစ်ကြိမ် တစ်ကြိမ်ကပ်တာကို ဆိုလိုခြင်းဖြစ်ပါတယ်။ တစ်လမှ နှစ်ကြိမ်ပေါ့။ ဒီလိုမှမဟုတ်ဘဲ တစ်လမှာ ဆွမ်း(၁)အုပ် ကျောင်းပို့တာ၊ ဒါဟာလည်း နိဗဒ္ဓပုညပါပဲ။ ဒီကောင်းမှုကလည်း ငွေကြေးနဲ့တိုင်းတာရင် မပြောပလောက်ကုန်ကျပေမယ့် အကျိုးတရားကတော့ အင်မတန် ကြီးမားပါတယ်။ သူလည်း အမြဲတန်း ဝတ်ထားပြီးတော့ လှူဒါန်းနေမယ်ဆိုရင် “ဂတိနိဗဒ္ဓ” သုဂတိမြဲတဲ့ ကောင်းမှုပါပဲ။

၅။ ဧကံ ဝဿာဝါသိက- တစ်ခုသော ဝါဆိုသင်္ကန်းဝတ် အမြဲလှူရမယ်။
နှစ်စဉ်၊ နှစ်စဉ် ဝါဆိုခေတ်ရောက်လာတဲ့အခါ ဝါဆိုသင်္ကန်း၊ လှူဒါန်းလေ့ရှိတဲ့ ဝတ်တစ်ခုရှိနေတဲ့ ပုဂ္ဂိုလ် ဖြစ်ရမယ်တဲ့။ ဝါဆိုသင်္ကန်းတစ်စုံ တစ်ခါလှူလိုက်ရုံနဲ့ အပါယ်တံခါး ပိတ်တာတော့ မဟုတ်ပါဘူး၊ နိဗဒ္ဓပုည ဆိုတဲ့ ပုဒ်ကိုထောက်ဆပြီး အမြဲတန်း၊ နှစ်စဉ် ပြုလုပ်ထားတဲ့ ကောင်းမှုဖြစ်ရမှာပါ။ နှစ်စဉ် နှစ်စဉ် လှူဒါန်းတဲ့ ဝါဆိုသင်္ကန်းဝတ်ရှိနေတဲ့ ဒကာ ဒကာမများဟာ ဂတိနိဗဒ္ဓ-ဂတိမြဲတယ်။ သောတာပန္တသဒိသာမေဝ-သောတာပန်ပုဂ္ဂိုလ်နဲ့ အလားတူတယ်။ ဘယ်လို တူသလဲဆိုတော့ သောတာပန်များ အပါယ်တံခါးပိတ်ပြီး သုဂတိမြဲသလို ၊ဝါဆိုသင်္ကန်းဝတ်ရှိတဲ့ ဒကာ ဒကာမများဟာလည်း အပါယ်တံခါးပိတ်ပြီး သုဂတိမြဲတာချင်း တူတာပါ။

၆။ ဧကာ ပေါက္ခရဏီ- တစ်ခုသော ရေတွင်းရေကန်အလှူ လှူရမယ်။
တစ်ခုသော ရေတွင်းရေကန်အလှူတဲ့၊ ရေတွင်းရောက်နတစ်ခု တူးလှူထားလိုက်ပြီဆိုရင် “နိဗဒ္ဓပုည” ဆိုတဲ့ အမြဲတမ်းကောင်းမှု ဖြစ်နေတော့တာပါပဲ။ မိမိလှူဒါန်းထားတဲ့ ရေတွင်းရေကန်မှာ ရဟန်းသံဃာတော်တွေ သောက်ကြ၊ သုံးကြ၊ ချိုးကြ၊ လျှော်ကြ ဖွပ်ကြ၊ လူပုဂ္ဂိုလ်တွေလည်း သောက်ကြ သုံးကြ ချိုးကြ လျှော်ကြဖွပ်ကြ ၊ အောက်ထစ်ဆုံး တိရစ္ဆာန်တွေတောင် ဒီရေတွင်းရေကန် ကို အမှီပြုပြီး ရေနဲ့ ပတ်သတ်လို့ အသက်ရှင်ကြရမယ်။

အဲဒီလို အရပ်လေးမျက်နှာမှာ သွားလာနေကြတဲ့ ရဟန်း ရှင် လူ မည်သူမဆို မိမိလှူဒါန်းထားတဲ့ ရေတွင်းရေကန်ကို အမှီပြုသောက်သုံးကြတဲ့အတွက် အလှူရှင်များမှာ အမြဲတမ်း ကုသိုလ်တွေ တိုးပွားနေရတယ်။ ဒါကြောင့် ဝနရောပနသုတ်မှာ အလှူရှင်များ နေ့ညမပြတ် တရားတွေ တိုးပွားနေရလို့ (သဂ္ဂဂါမိ) နတ်ရွာလားကြောင်း ကုသိုလ်လို့ ဟောထားပါသေးတယ်။ ဒါပေမယ့် ဒီသုတ္တန်မှာတော့ (နိဗဒ္ဓပုည) ဖြစ်လို့ ဂတိနိဗဒ္ဓ ဖြစ်ပြီး သောတာပန်များကဲ့သို့ အပါယ်မလားဘဲ သုဂတိမြဲတယ်လို့ ဟောတော်မူပါတယ်။

၇။ ဧကော အာဝါသော- တစ်ခုသော ကျောင်းအလှူ လှူရမယ်။
ကျောင်းအလှူကတော့ အထူးကို ပြောစရာမလိုတော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျောင်းတစ်ဆောင် ဆောက်လုပ်လှူဒါန်းထားပြီဆိုရင် ထိုကျောင်းပေါ်မှာ သီတင်းသုံးနေထိုင်ကြတဲ့  သံဃာတော်အရှင်မြတ်များ ပရိယတ်စာပေတွေ၊ သင်အံလေ့ကျက်နေကြမယ်။ ပဋိပတ်လို့ခေါ်တဲ့ ကမ္မဋ္ဌာန်းတရားတွေ ကျင့်ကြံကြိုးကုတ် အားထုတ်နေကြမယ်။ ဒီတော့ ဒီကျောင်းကြီးဟာ သာသနာတော်မှာ အလွန်အကျိုးများ နေလေတော့ ကျောင်းဒကာ ကျောင်းဒကာမတွေဟာ ဒါလေးကို အာရုံပြုပြီး ကုသိုလ်တရား အလွန်ပဲ တိုးပွားရပါတယ်။

ဝိဟာရ ဒါနံ သံဃဿ၊ အဂ္ဂံ ဗုဒ္ဓေနေ ဝဏ္ဏိတံ။ ကျောင်းအလှူဒါနကို မြတ်၏ဟူ၍ အဆူဆူသော မြတ်စွာဘုရားရှင်တို့သည် ချီးမွမ်းတော်မူပါတယ်။ ဒါကြောင့် ကျောင်းအလှူဆိုတာလည်း နိဗဒ္ဓပုည အမြဲတမ်း ကောင်းမှုဖြစ်နေပါတယ်။ ဒါကြောင့် လှူဒါန်းကြတဲ့ ကျောင်းဒကာ ကျောင်းအမ တွေမှာလည်း သောတာပန်များ အပါယ်မလားသလို သောတာပန်နဲ့ အလားတူပြီး အပါယ်တံခါးပိတ် သုဂတိမြဲတော့တာပါပဲ။

နိဗဒ္ဓပုည လို့ခေါ်တဲ့ ကောင်းမှု (၇)မျိုးထဲက တစ်ခုခုကို အမြဲတမ်း ဝတ်ထားပြီး ပြုလုပ်မယ်ဆိုရင် တေသမ္ပိ ဂတိ နိဗဒ္ဓါ- လားရမည့် ဂတိသည်လည်း မြဲတယ်။ သောတာပန္တွာ သဒိသာမေဝ- သောတာပန်များ အပါယ်လေးပါးမရတော့ဘူး။ လူနတ်ဆိုတဲ့ သုဂတိမြဲတယ်။ ဘာကြောင့် သောတာပန်များ အပါယ်မလားဘဲ သုဂတိမြဲသလဲဆိုတော့ သောတာပန်အဆင့်ရောက်သွားတဲ့ ပုဂ္ဂိုလ်များဟာ သူ့အသက်ကိုသတ်ခြင်းစတဲ့ ငါးပါးသောအမှုတို့ကို အသက်သာ အသေခံမယ်။ ဘယ်တော့မှ မပြုတော့ဘူး။ မလွန်ကျူးတော့ဘူး၊ ငါးပါးသီလလုံတယ်။ ဒါကြောင့် အပါယ်မလားခြင်းဖြစ်ပါတယ်။ ထိုသောတာပန်ပုဂ္ဂိုလ်များနဲ့ အလားတူပါတယ်။

သတိထားစရာတစ်ခုတော့ ထို(၇)မျိုးထဲက တစ်ခုခုကို အမြဲတမ်းဝတ်ထားပြီးပြုလုပ် တဲ့ကောင်းမှုတွေရှိနေပေမယ့် သီလတော့ လုံရမှာဖြစ်ပါတယ်။ သီလမလုံရင်တော့ ဂတိမြဲမယ်လို့ အာမခံချက် မရပါ။ ကောသလမင်းကြီးရဲ့ မလ္လိကာမိဖုရားကြီး အသဒိသဒါန အလှူကြီးဖြစ်ပါတယ်။ ဘုရားတစ်ဆူမှ တစ်ဦးပဲရှိတာပါ။ ဒါပေမယ့်သေတော့ ငရဲကို (၇)ရက် ကျသွားသေးတယ်။ ဘာကြောင့်လဲဆိုတော့ သူဟာ မသူတော်အမှုတစ်ခု ပြုထားတာရှိပါတယ်။ အဲဒါကို ဘုရင်ကြီး မသိအောင် လိမ်ပြောထားပါတယ်။ မုသာဝါဒကံကို ကျူးလွန်းထားခြင်းဖြစ်ပါတယ်။ ဒါကြောင့် အဝိစိငရဲကို (၇)ရက် ကျသွားရတာပါ။ အသဒိသဒါနအလှူကြီးမကယ်နိုင်ခဲ့ဘူး။

 အချုပ်အားဖြင့် ဆိုခဲ့ပြီးတဲ့ ကုသိုလ်ဝတ်တွေရှိရမည့်အပြင် ငါးပါးသီလတော့ လုံကြပါစေ။ ဒါမှသာလျှင် သောတာပန်နဲ့ အလားတူပြီး ဂတိမြဲမှာဖြစ်ပါတယ်လို့ အသိပေးလိုက်ရပါသည်။
ဓမ္မမိတ်ဆွေများအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာပြီး လိုရာဆန္ဒများ တစ်လုံးတစ်ဝတည်း ပြည့်ဝကြပါစေ။

အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်) 


Tuesday, November 12, 2013

ဓမ္မစေတီများ တည်ထားခြင်း

ဓမ္မစေတီများ တည်ထားခြင်း

ဓမ္မ-ဟူသည် ပါဠိဘာသာ ဝေါဟာရတစ်ခုဖြစ်သည်၊ ထိုဓမ္မကို တရားဟု မြန်မာဘာသာ ပြန်ဆိုကြသည်၊ တရားအမျိုးမျိုးရှိသည်တွင် ကျင့်သုံးလိုက် နာသူကို အပါယ်အစရှိသော ဘေးဒုက္ခအပေါင်းတို့မှ ကယ်တင်သောအားဖြင့် လည်းကောင်း ကာကွယ်စောက်ရှောက်သောအားဖြင့်လည်းကောင်း ဆောင် ထားတတ်သောကြောင့် မဂ် ၄-ပါးသည်သာ မုချ “ဓမ္မ” အမည်ရထိုက် ပေသည်။

သို့သော် မဂ်-၄ပါး၏ ချက်ချင်းလက်ငင်း အကျိုးရ ဖိုလ်၎-ပါးနှင့် ဆင့်ပွား အကျိုး နိဗ္ဗာန်ကိုလည်းကောင်း မဂ် ဖိုလ် နိဗ္ဗာန်ရောက်ကြောင်း လမ်းစဉ်ပြ ပရိယတ်ဓမ္မက္ခန် ကျမ်းဂန်များကိုလည်းကောင်း၊ သွာက္ခာတတာ စသော ဂုဏ်အင်များနှင့် ပြည့်ဝစုံလင်သည့်အတွက် “ဓမ္မ” ဟုခေါ်ဝေါ်ကြရတော့ သည်၊ ထိုကြောင့် မဂ် ဖိုလ် နိဗ္ဗာန် ဟူသော ၉-ပါးသော လောကုတ္တရာတရား များတွင် ပရိယတ္တိဓမ္မ-ထည့်၍ ၁၀-ပါးသော တရားဖြစ်လာသည်။

မဂ် (၄)ပါး
ဖိုလ် (၄)ပါး
နိဗ္ဗာန် (၁) ပါး
ပရိယတ္တိ (၁)ပါး
ဤ ၁၀-ပါးသော တရားအားလုံးသည်ပင် သွာက္ခာတတာ စသော ဂုဏ် တော်(၆)ပါးနှင့် ပြည့်စုံခြင်းကြောင့် “ဓမ္မံ သရဏံ ဂစ္ဆာမိ” အရ ကိုးကွယ် ဆည်းကပ် ထိုက်သော တရားတို့ချည်းသာ ဖြစ်ကြသည်။ ပရိယတ္တိ သဒ္ဓမ္မ ပဋိပတ္တိသဒ္ဓမ္မ ပဋိဝေဓသဒ္ဓမ္မ ဟူသော သဒ္ဓမ္မသုံးဖြာ သာသနာဆိုသည်မှာ လည်း ဤတရား (၁၀)မျိုးပင် ဖြစ်ပေသည်။

အနာရောဂါပျောက်ကင်းဖို့ရန် ဆေးဝါးသည် အဓိကဖြစ်သော်လည်း မှန်ကန် သော ဆေးဝါးဖြစ်ရန်မှာ ဆေးနည်းဆေးမှတ်တမ်းများနှင့် ကင်း၍ မဖြစ် နိုင်ပေ၊ ဆေးနည်းဆေးမှတ်တမ်းများရှိလျှင် လိုအပ်သော ဆေးကို အချိန် မရွေး ဖော်စပ်သုံးစွဲနိုင်ပေမည်။

ထို့အတူ မဂ်ဖြင့် ကိလေသာ ရောဂါမှန်သမျှ ပယ်ဖျောက်ရန်နှင့် ဝိမုတ္တိ သုခကို ခံစားနိုင်ရန် မရှိမဖြစ် မသိမဖြစ် တကယ်ပင် လိုအပ်သော ဓမ္မမှာ-
ဆေးနည်း ဆေးမှတ်တမ်း သဖွယ်ဖြစ်သော ပရိယတ္တိဓမ္မသာ ဖြစ်ပေ သည်။
ရှေးရှေး သာသနာ့ဦးဆောင် မထေရ်များကလည်း ဘုရားဟော ပရိယတ္တိ ဓမ္မက္ခန္ဓာများ တည်ရှိနေသရွေ့ မဂ် ဖိုလ် နိဗ္ဗာန်တရားများ မပျောက်မပျက် တည်ရှိနေမည်သာဖြစ်သည်။

သုတ် ဝိနည်း အဘိဓမ္မာ ပရိယတ္တိဓမ္မများ ပျောက်ကွယ်လျှင်ကား နေဝင် သကဲ့သို့ တစ်လောကလုံး အမှောင်ဖုံးကွယ်လိမ့်မည်-ဟု (အံ-ဋ္ဌ-၁၇၂) ၌ မိန့်ကြားတော်မူခဲ့ကြလေသည်။ သာသနာတော် တည်တံ့ပြန့်ပွါးဖို့ရန် ပရိယတ္တိဓမ္မကို ထိန်းသိမ်းစောင့်ရှောက်ဖို့ လိုအပ်ပါသည်။ မှန်၏ သက်တော် ရှည် ဘုရားရှင်တို့၏ သာသနာသည် မျက်မှောက်သာဝက တစ်ဆက် လောက်သာ တည်တံ့ပြီး ဆက်လက် မတည်တံ့သည်မှာ ပရိယတ္တိဓမ္မ မရှိခြင်းကြောင့်သာ ဖြစ်ပါသည်။

ဤဆိုခဲ့ပြီးသော အခြေအနေ အရပ်ရပ်ကို ထောက်ရှုလျှင် ပရိယတ္တိဓမ္မ သည်သာ သာသနာတော် အရှည်တည်တံ့ပြန့်ပွားဖို့ အမှန်တကယ် ဖြစ်သည် မှာ ထင်ရှားလှပေသည်။
ပရိယတ္တိဓမ္မတည်တံ့ဖို့ရန်မှာလည်း စက္ကူ ရွှေ ငွေ ကျောက်ချပ်များပေါ်တွင် တင်ထားရုံ မှတ်ထားရုံဖြင့် မပြီးနိုင်ပါ။ ပျူခေတ် ကျောက်စာများ ယနေ့တိုင် ရှိနေသော်လည်း အဓိပ္ပာယ်ဖေါ်နိုင်သူ တစ်ဦးတစ်ယောက်မျှ မြန်မာနိုင်ငံတွင် မရှိတော့ပေ။

ပရိယတ္တိဓမ္မ တည်တံ့ပြန့်ပွားရေးမူကို မြတ်စွာဘုရားက အဂုင်္တ္တိုရ် ပဉ္စက နိပါတ် ပထမ သဒ္ဓမ္မ သမ္မောသ သုတ်၌ အတိအလင်း ဖော်ညွန်း ခဲ့ပေသည်။ ယင်းမူများမှာ - ပဉ္စိမေ ဘိက္ခဝေ ဓမ္မာ သဒ္ဓမ္မဿ ဌိတိယာ စသည်ဖြင့် ဟော်တော်မူသည့်အတိုင်း ပရိယတ္တိသဒ္ဓမ္မကို
၁။ ကောင်းစွာ နာကြားခြင်း
၂။ ကောင်းစွာ သင်ယူမှတ်သားခြင်း
၃။ ကောင်းစွာ နှုတ်တက် အာဂုံဆောင်ထားခြင်း
၎။ အနက်အဓိပ္ပာယ် စူးစမ်းဆင်ခြင် သိမြင်ခြင်း
၅။ သိသည့်အတိုင်း ပရိယတ်တရား အားလျော်စွာ ပဋိပတ်တရားကို ကျင့် သုံးခြင်းတို့ဖြစ်ပါသည်။
မြတ်စွာဘုရား ချမှတ်ခဲ့သော အဆိုပါမူများအတိုင်း လက်တွေ့ အကောင် ထည်ဖော်မည်ဆိုလျှင် သာသနာတော် တည်တံ့ပြန့်ပွားမည်မှာ ယုံမှားစရာ မရှိပေ။

ဤမူ ၅-ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်လျှင် သာသနာ တည်တံ့ ပြန့်ပွါးကြောင်းဖြစ်သလို အကောင်အထည်ဖော်မဆောင်ရွက်လျှင် သာသနာ ကွယ်မည်ဖြစ်၍ အဆိုပါ အင်္ဂုတ္တိုရ်ပါဠိတော်၌ပင် “ပဉ္စိမေ ဘိက္ခဝေ ဓမ္မာ သဒ္ဓမ္မဿ သမ္မောသာယ” စသည်ဖြင့် ဟောထားတော်မူခဲ့လေသည်။

သာသနာကွယ်ကြောင်းတရားများကို လွယ်လွယ်ကူကူ မှတ်ယူနိုင်ရန် ဝိသုဒ္ဓါရုံ ဆရာတော်ဘုရားကြီးက “အင်္ဂုတ္တိုရ်လာ သာသနာကွယ်ကြောင်း တရားပေါင်းကား ရဟန်းများတို့ တရားမနာ စာပေမသင် နှုတ်တွင်မဆောင် သိအောင်မပြု ဓမ္မာနုဓမ္မ ပဋိပတ်ကွာ ဤငါးဖြာတည်း” ဟု လင်္ကာစီ၍ မှတ်တမ်းတင်ခဲ့ပေသည်။

စေတီ

စေတီ-ဟူသည် အလေးအမြတ်ထား၍ ကိုးကွယ်ရာ-ဟု အဓိပ္ပာယ်ရသည်။ ထိုစေတီကို လူမျိုးနှင့်ဘာသာ အလိုက် အမျိုးမျိုးရှိသော်လည်း ဗုဒ္ဓသာသနာ တော်၌ကား “ဓာတု ဓမ္မ၊ ဥဒ္ဒိဿ၊ ပရိဘောဂ စေတီ လေး” ဟူသည်နှင့်အညီ ၄-မျိုးခွဲခြား၍ ပြတော်မူကြသည်။ ဤအရာ၌ ရေးသားတင်ပြလိုသည်မှာ ဓမ္မစေတီပင်ဖြစ်ပါသည်။

ဓမ္မစေတီ

ဆိုခဲ့ပြီးသော ပရိယတ္တိဓမ္မသည်ပင် အမြတ်တနိုး ကိုးကွယ်ရာ ဖြစ်၍ “ဓမ္မ စေတီ” မည်ပါသည်။ ထိုပရိယတ္တိဓမ္မများတည်ရှိရာ ပိဋကတ်စာအုပ်များ ပေစာ ကျောက်စာများ စသည်တို့သည်လည်း ဓမ္မစေတီများပင် ဖြစ်ပေသည်။ စာအုပ်စာပေ ကျောက်စာများ ဓမ္မစေတီဖြစ်သကဲ့သို့ ယင်းဓမ္မစေတီ ပိဋကတ် များ ကိန်းဝပ်ရာ ဗီရို ကျောင်းတော် အုတ်တိုက် အုတ်အင်္ဂတေ စေတီ စသည်တို့သည်လည်း ဓမ္မစေတီ မည်ပါသည်။

ပရိယတ္တိဓမ္မများ ကိန်းဝပ်ရာ ဗီရို စေတီစသော သက်မဲ့ပစ္စည်းများကို ဓမ္မ စေတီ-ဟု ခေါ်နိုင်လျှင် ပရိယတ္တိဓမ္မများ နှလုံးအိမ်ထဲတွင် ကိန်းဝပ်နေသော ပရိယတ္တိဝန်ဆောင် ပုဂ္ဂိုလ်များကိုလည်း “ဓမ္မစေတီ” ဟု အဘယ်မှာ မဆို နိုင်ပဲ ရှိပါအံ့နည်း၊ ဧကန်မုချဆိုရမည်သာ ဖြစ်ပေသည်။

မှန်၏၊ ဘုရားလက်ထက်တော်က ပုဏ္ဏားတစ်ယောက်က မြတ်စွာဘုရားကို လျှောက်ထားသည်မှာ-
“ရတနာ သုံးပါးတွင် ဘုရားနှင့်သံဃာကို ပူဇော်မှုမှာ ထင်ရှားပါသည်ဘုရား၊ တရားတော်ကို ပူဇော်လိုက မည်သို့မည်ပုံ ပူဇော်ရမည်နည်း” ဟု မေး လျှောက်သောအခါ မြတ်စွာဘုရားက-
တရားတော်ကို ပူဇော်လိုလျှင် ပရိယတ္တိဓမ္မ ဗဟုသုတ ရှိသောပုဂ္ဂိုလ်များကို ပူဇော်ရမည်ဖြစ်ကြောင်း မိန့်ကြားခဲ့လေသည်။

မင်းကွန်း တိပိဋကဓရ အရှင်ဝိစိတ္တသာရာဘိဝံသ ဆရာတော်ကြီးကား မိမိ ကိုယ်တိုင် ဓမ္မစေတီဖြစ်ရုံမက ဓမ္မစေတီအသစ် မြောက်မြားစွာကိုလည်း အသစ်မပြတ်မလပ် တည်ထားလျက်ရှိပေသည်။
တိပိဋကနိကာယ ကျောင်းတိုက်ကြီး တည်ထောင်ပြီး ပိဋကသုံးပုံဆောင် နိကာယ်ဆောင်ပုဂ္ဂိုလ်များ မငြိုမငြင် ချမ်းသာလွယ်ကူစွာ ပရိယတ္တိဓမ္မကို နာခံ သင်ကြား ဆောင်ထား တွေးကြံ ကျင့်သုံးနိုင်ရန် ဆွမ်း သင်္ကန်း ကျောင်း ဆေး လိုလေသေးမရှိ ထောက်ပံ့ကူညီလျက် တိပိဋကနှင့် နိကာယ်ဆောင် ပုဂ္ဂိုလ်များ အမြဲမပြတ်မွေးထုတ် ပေးလျက်ရှိနေပေသည်။

ဆရာတော်၏ အားပေးချီးမြှောက်မှုကို ရနေကြသဖြင့် သာသနာ့အာဇာနည် ရဟန်းသာမဏေများသည် ပရိယတ္တိဓမ္မများကို ကြိုးစားအားထုတ်လျက် ရှိပေသည်။ နှစ်စဉ် တိပိဋကဓရစာမေးပွဲနှင့် နိကာယ်စာမေးပွဲများ၌ ဖြေဆို အောင်မြင်နေကြသည်။

ဤသည်ကို ကြည့်ခြင်းအားဖြင့် ဆရာတော်၏ ဓမ္မစေတီ တည်ထားမှု လုပ်ငန်း မည်မျှအောင်မြင်နေသည်ကို မှန်းဆနိုင်ပေသည်။ တိပိဋကဆောင် ပုဂ္ဂိုလ်တစ်ပါးသည် ဆင့်ပွါးပိဋကဆောင် ပုဂ္ဂိုလ်အများအပြားကို မွေးထုတ် ပေးနိုင်လိမ့်မည် ဖြစ်ခြင်းကြောင့် တိပိဋကဓရ ဆရာတော် အရှင်ဝိစိတ္တ သာရာဘိဝံသ၏ ဓမ္မစေတီ တည်ထားမှု သာသနာပြုလုပ်ငန်းသည် မခန့်မှန်း နိုင်လောက်အောင် အကျိုးအာနိသင်များ ဖြစ်ပွားနိုင်သည်မှာမလွဲပေ။

ဆရာတော်၏ ဓမ္မစေတီတည်ထားခြင်း၌ သာသနာပြုလုပ်ငန်း အောင်မြင်ရန် ပစ္စည်းအား လူအား ထောက်ပံ့ပေးနေသူများမှာ တိပိဋကနိကာယ် သာသနာ ပြုအဖွဲ့ပင် ဖြစ်ပါသည်။

သာဂါရာ အနာဂါရာ စ၊
ဥဘော အညောညနိဿိတာ။
အာရာဓယန္တိသဒ္ဓမ္မံ၊
ယောဂက္ခေမ မနုတ္တရံ။

ဟူသော ဒေသနာတော်အရ ဆရာ ဒကာ လက်တွဲညီညီဖြင့် သာသနာပြုနေသည်မှာ အားရစရာပင်ဖြစ်ပေသည်။ ယခုဆိုလျှင် ဒုတိယ ၃-နှစ်ခရီး အပြီးသို့တိုင် ရောက်ခဲ့လေပြီ၊ တတိယ စတုတ္တ ပဉ္စမ သုံးနှစ်ခရီးစသော အဓွန့်ရှည်ကြာစွာ သာသနာပြုနိုင်ပါ စေကြောင်း ဆုမွန် ကောင်းတောင်းရင်းဖြင့် နိဂုံးချုပ်အပ်ပါသတည်း။

(၁၉၈၇-ခုနှစ် အောက်တိုဘာလထုတ် မင်းကွန်းတိ-နိသာသနာပြုအဖွဲ့ ဒုတိယ ၃-နှစ် ခရီးစာစောင်မှ)

ဦးတိလောကာဘိဝံသ 

Monday, November 11, 2013

ရတနာဝါသကျောင်း ကထိန်သင်္ကန်း ကပ်လှူပူဇော်ပွဲ


လှူကထိန် သင်္ကန်းနဲ့ မဂ်လမ်းကိုတဲ့ ဆုပန်ရွယ်


ရွှေတိဂုံစေတီတော်တွင်ပြုလုပ်သော မသိုးသင်္ကန်းရက်လုပ် ကပ်လှူပူဇော်ပွဲ အခမ်းအနား

လှူကထိန် သင်္ကန်းနဲ့ မဂ်လမ်းကိုတဲ့ ဆုပန်ရွယ်

မြောက်ပြန်လေ ဆော်သွန်းစ၊ ငွေနှင်းရီတို့ ဆွတ်ဖျန်းပြုစ၊ ၀န်းကျင်တစ်ကြော၌ ရွှေပွင့်ခ၀ဲတို့ ၀တ်မှုန်ကြဲပက်စ တန်ဆောင်မုန်းလရာသီ ရောက်ပြီဆိုမှဖြင့် ဘာသာရေးနှင့် စပ်ယှဉ်သော ပွဲတော်များအနက် အထင်ကရ ပွဲတော်ကား ကထိန်ပွဲတော်ပင် ဖြစ်၏။ ထိုကထိန်သင်္ကန်း ကပ်လှူပွဲကို နိုင်ငံတစ်ဝန်းလုံးသော သောညံညံမျှ အားထုတ်ကြ၏။

ကထိန်ဟူသည်


အကျိုးအာနိသင် ငါးမျိုးကို အတွင်း၌ ပြုခြင်းငှာ စွမ်းနိုင်သဖြင့် ခိုင်မြဲသောကြောင့် လည်းကောင်း၊ အကျိုးအာနိသင် ငါးမျိုးကို အခြားသို့ မရောက်စေဘဲ တစုတပေါင်းတည်း သိမ်းယူတတ်သောကြောင့် လည်းကောင်း၊ ဘုရားစသော အရိယာ သူတော်ကောင်းတို့ ချီးမွမ်းအပ်သောကြောင့် လည်းကောင်း ကထိန (ကထိန်) မည်၏။

ဗုဒ္ဓခေတ် အခါက ယနေ့အခါကဲ့သို့ ချုပ်ပြီးဆိုးပြီး သင်္ကန်းဖြင့် ကထိန်ခင်းရန် လှူဒါန်းကြခြင်း မဟုတ်။ ကထိန်အတွက် အ၀တ်များကို လှူဒါန်းကြခြင်းဖြစ်၍ အ၀တ်စများကို သင်္ကန်းဖြစ်စေရန် ဖြတ်ခြင်း၊ ချုပ်ခြင်း၊ ဆိုးခြင်း၊ လှူခြင်း၊ ခင်းခြင်းစသော ကထိန်နှစ် စပ်သမျှ အရာအားလုံးကိုခြုံ၍ ကထိန်ဟု ခေါ်ဆိုခြင်းဖြစ်၏။

ကထိန်ပေါ်ပေါက်ခဲ့ခြင်း


ပါဝေယျကတိုင်းသား ဘဒ္ဒ၀ဂ္ဂီညီနောင်သုံးကျိပ်တို့ကို အကြောင်းပြု၍ မြတ်ဗုဒ္ဓသည် ကထိန်ကို ခွင့်ပြုတော် မူခဲ့ပါသည်။ ဘုရားရှင်နှင့်အတူ ၀ါကပ်ရန် ပါဝေယျကမြို့မှ သာဝတ္ထိမြို့သို့ ၀ါဆိုအမီ ကြွလာကြသော်လည်း မမီနိုင်သဖြင့် သာဝတ္ထိမြို့နှင့် ခြောက်ယူဇနာဝေးသော သာကေတမြို့တွင် ၀ါဆိုကြရပါသည်။

ထိုရဟန်းတော်များသည် သီတင်းဝါလကျွတ်၍ ပ၀ါရဏာပြုပြီးသော် မြတ်ဗုဒ္ဓအား ဖူးမြော်ရန် သာဝတ္ထိမြို့သို့ လာကြစဉ် လမ်းခရီး၌ မိုးသည်းထန်စွာ ရွာသွန်းသဖြင့် သင်္ကန်းတို့သည် ရေ၊ ရွှံ့ညွန်တို့ဖြင့် စိုရွှဲပေကျံလျက် ရောက်လာကြပြီး ဖူးမြော်ကြရ၏။ သင်္ကန်းသုံးထည်ဆောင် ရဟန်းများဖြစ်ကြ၍ လဲစရာ အပိုသင်္ကန်း မရှိ။ သင်္ကန်းကြောင့် ပင်ပန်းဆင်းရဲသည်ကို အကြောင်းပြု၍ ကထိန်ခင်းရန် ခွင့်ပြုတော် မူပါသည်။

ကထိန်သင်္ကန်း အလှူခံခွင့်ရသော ရဟန်း


ကထိန်သင်္ကန်း အလှူခံမည့် သံဃာသည် -
(၁) ၀ါဆိုလပြည့်ကျော် ၁ ရက်မှ  သီတင်းကျွတ် လပြည့်ကျော် ၁ ရက်တိုင်အောင် ပထမ ၀ါဆိုပြီးခြင်း။
(၂) သီတင်းကျွတ် လပြည့်နေ့၌ ပ၀ါရဏာ ပြုပြီးခြင်း။
(၃) ၀ါကျိုးဝါပြတ် မရှိခြင်း။
(၄) ကထိန်ခင်းခြင်း အစီအစဉ် စသည်တို့ကို နားလည်ခြင်းဟူသော အင်္ဂါများနှင့် ပြည့်စုံရပါမည်။

ဝါကပ်ကြပါသော်လည်း ၀ါကျိုးဝါပြတ်ဖြစ်သော ရဟန်းတော်များ ကထိန်သင်္ကန်းကို အလှူခံခွင့် မရှိပါ။ ၀ါတွင်းကာလ အရုဏ်တက်ချိန်တို့၌ မိမိဝါဆိုသော ကျောင်းတံတိုင်းအတွင်း၌ ရှိနေပါက ၀ါ, မကျိုး၊ အရုဏ်တက်ချိန် ကျောင်းအာရာမ်ပြင်ပသို့ ရောက်နေလျှင် ၀ါကျိုးဝါပြတ်သည်ဟု ခေါ်ဆိုပါသည်။

ပံ့သကူ သင်္ကန်း


သင်္ကန်းအလှူရှင် မရှိခဲ့သော် ရဟန်းတော်များသည် ကိုယ်တိုင်သုသာန် အမှိုက်ပုံ လူသေကောင် စသောအရပ်တို့၌ စွန့်ပစ်အပ်သော အ၀တ်တို့ကို လိုက်၍ကောက်ခြင်းကို ပံ့သကူ ကောက်သည်ဟု ဆို၏။ ထိုပံ့သကူ အ၀တ်များကို ဖွပ်၊ လျှော်ချုပ်ဆိုးကာ ကထိန်ခင်းကြရပါသည်။ ယနေ့အခါတွင် ကထိန်မရသော သံဃာအား မိုးပေါ်ကျ ကထိန်ဟုဆိုကာ တန်ဆောင်မုန်း လပြည့်နေ့တွင် အချို့ကုသိုလ်ရှင်များက ကျောင်းတိုက်များသို့ လှည့်လည်ရှာ၍ ခင်းလေ့ရှိကြသည်။

ကထိန်ကာလနှင့် ကထိန်သင်္ကန်း


သီတင်းကျွတ် လပြည့်ကျော် ၁ ရက်မှ တန်ဆောင်မုန်းလပြည့် အရုဏ်တက်ချိန်ထိ တစ်လသာ ကထိန်သင်္ကန်းကို အလှူခံခွင့် ရှိ၏။ နှစ်ထပ် (ဒုကုဋ်)၊ အပေါ်ဝတ် ဧကသီနှင့် အောက်ပိုင်းဝတ် သင်းပိုင်ဟူ၍ သင်္ကန်းသုံးထည်အနက် တစ်ထည်တည်းဖြင့်သာ ကထိန်ခင်း ရပါသည်။

ရဟန်းတော်များသည် သီတင်းဝါလကျွတ်၍ ပ၀ါရဏာပြုပြီးသော် မြတ်ဗုဒ္ဓအား ဖူးမြော်ရန် သာဝတ္ထိမြို့သို့ လာကြစဉ် လမ်းခရီး၌ မိုးသည်းထန်စွာ ရွာသွန်းသဖြင့် သင်္ကန်းတို့သည် ရေ၊ ရွှံ့ညွန်တို့ဖြင့် စိုရွှဲပေကျံလျက် ရောက်လာကြပြီး ဖူးမြော်ကြရ၏။ သင်္ကန်းသုံးထည်ဆောင် ရဟန်းများဖြစ်ကြ၍ လဲစရာ အပိုသင်္ကန်း မရှိ။ သင်္ကန်းကြောင့် ပင်ပန်းဆင်းရဲသည်ကို အကြောင်းပြု၍ ကထိန်ခင်းရန် ခွင့်ပြုတော် မူပါသည် . . . . .

ထိုသင်္ကန်း သုံးထည်မှတစ်ပါး အခြားအ၀တ်တို့ဖြင့် ကထိန်မခင်းကောင်းပါ။ ကထိန်ခင်းရန် ဥပါယ်တံမျဉ်ဖြင့်လည်း အလှူမခံကောင်း။ သဒ္ဓါတရား သူ့အလိုအလျောက် ပေါ်ပေါက်ပါမှ အလှူခံခွင့် ရှိပါသည်။ မိုးပေါ်ကျ သဒ္ဓါတရား ဖြစ်၏။

ယနေ့ခေတ်တွင် နှိုးဆော်စာဖြင့် လည်းကောင်း၊ ရဟန်းတော်များကိုယ်တိုင် အလှူခံ မဏ္ဍပ်တို့၌ထိုင်လျက် အလှူခံနေကြခြင်းကို လည်းကောင်း ရှောင်ကြဉ်ကြရပါမည်။ ကျောင်းအကျိုးဆောင် ကပ္ပိယတို့ဖြင့်သာ စီမံသင့်၏။ ကထိန်အလှူရရန် သံဃာ့ပယောဂ လုံးဝမပါစေအပ်။

ကထိန်ခင်းပုံ အစီအစဉ်


(၁) "ဣမံကထိနစီဝရံ သံဃဿ ဒေမ၊ ဣမိနာစီဝရေန သံဃောကထိနံအတ္ထတု" ဤကထိန်လျာ သင်္ကန်းကို သံဃာတော်အား လှူဒါန်းပါ၏။ သံဃာတော်သည် ဤသင်္ကန်းဖြင့် ကထိန်ခင်းတော်မူပါ ဘုရား" ဟု သံဃာကိုသာ ရည်မှန်း၍ လှူဒါန်းပါမှ ကထိန်အလှူ မြောက်၏။ ရင်းနှီးသော ရဟန်းတစ်ပါးကို ရည်မှန်း၍ ကထိန်သင်္ကန်း မလှူဒါန်းအပ်။


(၂) ကထိန်သင်္ကန်းသည် အလှူခံပြီးရုံမျှဖြင့် မပြီး။ ကံဆောင်ကြရပါသည်။ ကထိန်အလှူရှင် လှူဒါန်းသော သင်္ကန်းကို အလှူခံပြီးနောက် သံဃာငါးပါး ဗဒ္ဓသိမ် အတွင်းသို့ စုဝေးစေကြပြီး၊ "အရှင်ဘုရားတို့၊ သံဃာတော်၌ ကထိန်သင်္ကန်း ဖြစ်ပေါ်ပါသည်။ ထိုသင်္ကန်းကို (ဦးတေဇော)ကို ပေးအပ်ပါသည် ဘုရား။ သံဃာတော်သည် ထိုသို့ပေးအပ်သည်ကို သဘောတူပါဘုရား။ သံဃာတော်ကို သိစေအပ်ပါသည် ဘုရား" ဟု အဓိပ္ပါယ်ရှိသော ဉတ္တိဒုတိယကမ္မ၀ါစာဖြင့် သံဃာက ပေးရ၏။

 ကထိန်သင်္ကန်းရသော သံဃာကို ကထိန်ခံသံဃာဟု ဆို၏။ ကထိန်ခံရာ၌ သင်္ကန်းရှားပါးသော ရဟန်းကို ဦးစွာရွေးချယ်၍ ပေးရပါမည်။ သံဃာအားလုံး သင်္ကန်းများ ပြည့်စုံနေသော် မထေရ်ကြီးအား ပေးကြရ၏။ ထိုသို့ သံဃာတော်ကို သိစေကာ သင်္ကန်းပေးပြီးနောက် သင့်လျော်သော နေရာတွင် ကျောင်းတိုက်ဝါဆို သံဃာအားလုံး စုဝေးကြလျက် ကထိန်ကို ဤသို့ခင်းကြရ၏။


(၃)အလှူခံထား သံဃာသည် ယခင်ရှိနှင့်ပြီးသော သင်္ကန်းကို "ဣမံ စီဝရံ ပစ္စုဒ္ဓရာမိ" ဟုဆို၍ ပစ္စုဒ္ဓိုရပ်ပြု (စွန့်ပယ်) ရ၏။


(၄) အလှူခံအပ်သော သင်္ကန်း၏ ထောင့်စွန်းတစ်နေရာ၌ ဥဒေါင်းမျက်စိ(၀ါ) ကြမ်းပိုးကျောက်ကုန်း ပမာဏရှိသော အပြောက်စက်ကလေး ထိုးအပ်၏။ ယင်းကို ကပ္ပဗိန္ဒု ထိုးသည်ဟု ခေါ်ဆို၏။


(၅) ထို့နောက် ဣမံ သင်္ဃာဋိံ (ဥ တ္တရာသင်္ဂံ၊ အန္တရ၀ါသကံ) အဓိဋ္ဌာမိ "ဤသင်္ကန်းကြီး (ဧကသီ၊ သင်းပိုင်)ကို မိမိပိုင် သင်္ကန်းကြီးဟူ၍ ဆောက်တည်ပါ၏ဟု ဆိုလျက် အဓိဋ္ဌာန် တင်ရ၏။


(၆) သင်္ကန်းရထားသော သံဃာသည် ကထိန်ခင်းမည့် သင်္ကန်းကို ကိုင်လျက် "ဣမယာ သင်္ဃာဋိယာ ကထိနံ အတ္ထရာမိ" "ဤနှစ်ထပ် သင်္ကန်းကြီးဖြင့် ကထိန်ခင်းပါ၏" ဟူ၍ သုံးကြိမ်ဆိုရပါမည်။ (အပေါ်ဝတ် ဧကသီဖြင့် ခင်းမည်ဆိုလျှင် "ဣမိနာ ဥတ္တရာသင်္ဂေန" ဟု၊ သင်းပိုင်ဖြစ်က "ဣမိနာ အန္တရ၀ါသေန" ဟု ပြောင်းလွဲဆိုရပါမည်။)


(၇) ထို့နောက် "အတ္ထတံ ဘန္တေသံဃဿ ကထိန ဓမ္မိကော ကထိ နတ္ထရော အနုမောဒထ" ဟူ၍ နှုတ်မြွက်အနုမောဒနာ ပြုစေရပါမည်။


(၈) သံဃာတော်များကလည်း "အတ္ထတံ ဘန္တေ သံဃဿ ကထိနံ ဓမ္မိကော ကထိနတ္ထရော အနုမော ဒါမ" ဟုဆိုကာ နှုတ်မြွက်အနုမောဒနာ ပြုကြရပါမည်။ အရှင်ဘုရားတို့ သံဃာတော်အား တရားနှင့်ယှဉ်သော ကထိန်ကို ခင်းအပ်ပါပြီ၊ သံဃာတော်များ ၀မ်းမြောက်တော် မူပါဟူ၍ လည်းကောင်း၊ သံဃာတော်များလည်း ၀မ်းမြောက်ပါသည်" ဟူ၍လည်းကောင်း အပြန်အလှန် ဆိုကြခြင်းဖြစ်၏။

ဤကိစ္စ ရှစ်မျိုးကို ၀ိနည်းကံနှင့်အညီ နေ့ချင်းပြီး ဆောင်ရွက်ခြင်းကို ကထိန်ခင်းခြင်းဟု ခေါ်ဆိုပါသည်။ နေ့ခြင်းပြီး မဆောင်ရွက်လျှင် ညဥ့်လွန်ကထိန်သည် သိုးသွားသကဲ့သို့ဖြစ်၍ ကထိန်မမြောက်တော့။

 ရွှေတိဂုံစေတီတော်တွင် ပြုလုပ်သော မသိုးသင်္ကန်းရက် ပြိုင်ပွဲကို တွေ့ရစဉ်

ဉတ်ကမ္မ၀ါစာဖြင့် ပေးအပ်သည်ကို အစွဲပြု၍ ကထိန်သင်္ကန်းကို "ဉတ်သင်္ကန်း" ဟု ခေါ်ဆိုခြင်း ဖြစ်၏။ လူများပြောနေသကဲ့သို့ "ညှပ်မကြီးသင်္ကန်း" မဟုတ်။ လူများက ကထိန်ခင်းခြင်း မဟုတ်။ လူများက ကထိန်ခင်းနိုင်ရန် သင်္ကန်းလှူဒါန်းခြင်းမျှသာဖြစ်ပြီး သံဃာတော်များက ကထိန်ခင်းကြခြင်း ဖြစ်ပါသည်။


ကထိန်ခင်းရာ၌ သင်္ကန်းတစ်ထည်သာဖြစ်လျက် ယနေ့ခေတ်တွင် သင်္ကန်းအမြောက်အမြား အလှူခံနေကြခြင်းသည် ကျောင်းတိုက်၌ သံဃာအများအပြား ရှိသောကြောင့် ကထိန်၏ အခြံအရံ သင်္ကန်းအဖြစ် အလှူခံခြင်း ဖြစ်ပါသည်။ အနုမောဒနာ ပြုကြသော သံဃာတော်တို့အား ခွဲဝေလှူဒါန်း ရပါမည်။


သီးမျိုးစုံ ပဒေသာပင်များ လှူဒါန်းကြခြင်းမှာ အရှင်မဟာကဿပ လျောင်းလျာ နန္ဒလုလင် ဖြစ်စဉ်က ပစ္စေကဗုဒ္ဓါ အရှင်မြတ်တစ်ပါး ပံ့သကူအ၀တ်ကို ဆွဲဆန့်ပြီး သင်္ကန်းချုပ် နေသည်ကို မြင်သဖြင့် "အ၀တ်က မလောက်လို့ ဆွဲဆန့်ပြီး သင်္ကန်းချုပ်နေရဟန်တူရဲ့" ဟု သဒ္ဓါပေါက်၍ မိမိ၌ပါလာသော ရေလဲပုဆိုးကို ဆက်စပ်သင်္ကန်းချုပ်ရန် လှူဒါန်းခဲ့ဖူး၏။ နောင်တွင် ရှင်ဘုရင်ဖြစ်၊ ထိုသင်္ကန်းအတွက် ရေလဲပုဆိုး လှူဒါန်းခဲ့သည့် ကုသိုလ်ကြောင့် တိုင်းနိုင်ငံတွင် နူးညံ့သော အ၀တ်များသီးသည့် ပဒေသာပင်များ ယနေ့ခေတ်တွင် အထည်စက်ရုံကြီးများကဲ့သို့ ပေါ်ပေါက်လာသတဲ့။ ထိုကို ရည်မှန်းပြီး ပဒေသာပင်များလည်း ကထိန်တွင် လှူဒါန်းလေ့ ပြုခဲ့ကြခြင်း ဖြစ်ဟန်တူပါသည်။


အချို့ဒကာ၊ ဒကာမများပြောကြ၏ "ညှပ်မကြီးသင်္ကန်း လှူပါမှ ပိုပြီးအကျိုးများသည်" ဟု အယူအဆလည်း မမှန်ကန်ပါ။ မြတ်ဗုဒ္ဓက ထိန်ခွင့်ပြုခြင်းသည် သံဃာတော်အား သင်္ကန်းပြည့်စုံ မျှတစေရန် ဖြစ်၏။ ထို့ကြောင့် အရံ (အာနိသင်) သင်္ကန်းများသည်လည်း သံဃာတော်အားလျော်သော ကျေးဇူးပြုတတ်သောကြောင့် ဉတ်သင်္ကန်း လှူဒါန်းသူ ကဲ့သို့ပင် အကျိုးများသည်သာ။ အကျိုးပေးလျော့ကျခြင်း မရှိနိုင်။ (၀ိနယာလင်္ကာရဋီကာ)

ကထိန်သင်္ကန်းကို သင်္ကန်းရှားပါးသော ရဟန်းကို ဦးစားပေး ရွေးချယ်ပေးရသည်ကို ကြားဖူးနားဝ ရှိကြကုန်သော တချို့ဒကာ၊ ဒကာမတို့သည် ပစ္စည်းလေးပါး နွမ်းပါးကြကုန်သော သံဃာတို့ကို ပို၍ ကထိန်ခင်းလိုကြ၏။

သံဃာတော်အား ပစ္စည်းလေးပါး ပြည့်စုံစေရန် ကထိန်ကို မြတ်ဗုဒ္ဓ ခွင့်ပြုခဲ့သည်ဟူသော စကားကို သဘောပေါက်ပါက မိမိ ကထိန်အလှူသည် သံဃာတော်နှင့် ဗုဒ္ဓသာသနာအား အကျိုးများ၊ မများချင့်ချိန်ပြီး ကထိန်အလှူ လှူဒါန်းကြရပါမည်။

ကထိန်အာနိသင် (၅)


(၁) အနာမန္တစာရ-ထင်ရှားရှိသော ရဟန်းကို မပန်ကြားမူ၍ နေ့လယ်အချိန် အရပ်ထဲသို့ သွားလာနိုင်ခြင်း အကျိုး။

(၂) အသမာဒါနစာရ-အဓိဋ္ဌာန် တင်ထားအပ်သော သင်္ကန်းသုံးထည်ကို မဆောင်ယူမူ၍ သွားလိုရာ အရပ်တို့သို့ သွားလာနိုင်ခြင်း အကျိုး။

(၃) ယာဝဒတ္ထစီဝရ- ရရသမျှသော သင်္ကန်းတို့ကို အဓိဋ္ဌာန်ဝိကပ္ပနာ မပြုဘဲ အလိုရှိသလောက်ထား၍ သုံးဆောင်နိုင်ခြင်း အကျိုး။

(၄) ဂဏဘောဇန- မအပ်စပ်သော ပင့်ဖိတ်ခြင်းမျိုးဖြင့် ပင့်ဖိတ်အပ်သော ဆွမ်းကိုသိလျက် လေးပါး၊ လေးပါးအထက် စုပေါင်းအလှူခံခြင်း အကျိုး။

(၅) ယောတတ္ထစီဝရုပ္ပါဒ-ကထိန်ခင်းရာ ကျောင်းတိုက်၌ ဖြစ်ပေါ်ရရှိလာသမျှ သင်္ကန်း အစရှိသည်တို့ကို ကထိန်ခင်းသော ကျောင်းတိုက်ရှိ သံဃာတို့သာ သုံးစွဲခွင့်ရနိုင်ခြင်း အကျိုးတို့ ဖြစ်ပါသည်။


ရဟန်းတော်များကို ဆွမ်းဖိတ်သောအခါ "အရှင်ဘုရား၊ မနက်ဖြန် တပည့်တော်တို့အိမ် ဆွမ်းဘုဉ်းပေးကြွပါ။ ခေါက်ဆွဲဆွမ်းဘုဉ်းပေးကြွပါ။ မုန့်ဆွမ်းဘုဉ်းပေးကြွပါ" ဟူ၍ ဘောဇဉ်များကို ဆွမ်းအမည်တပ် ပင့်ပါမှ သံဃာတော်များ ကြွရောက်ဘုဉ်းပေးကောင်း၏။ အကယ်၍ အလှူရှင်က "အရှင်ဘုရား မနက်ဖြန် ထမင်းသုံးဆောင်ရအောင်၊ ခေါက်ဆွဲဘုဉ်းပေးကြွပါ။

ကြာဆံဘုန်းပေးကြွပါ" ဟူ၍ ဆွမ်းအမည် မတပ်ဘဲပင့်လျှင် သံဃာတော်များ ကြွရောက်မဘုဉ်းပေးကောင်း။ သွားရောက်ဘုဉ်းပေးပါက ဂဏဘောဇန သိက္ခာပုဒ်နှင့် ပရမ္ပရသိက္ခာပုဒ်တို့အရ ပါစိတ်အာပတ် သင့်ပါသည်။ ပင့်ဖိတ်နည်း မမှန်သောကြောင့် ဖြစ်ပါသည်။ ကထိန်ခံထားပါက တပေါင်းလပြည့်တိုင် ထိုသိက္ခာပုဒ်တို့ကြောင့် အာပတ်မသင့်တော့။ ကြွရောက်ဘုဉ်းပေးကောင်း၏။


အကျိုးငါးမျိုးကို ကထိန်ခံသံဃာ၊ အနုမောဒနာ ပြုကြကုန်သော သံဃာတော်များသည် ကထိန်ခင်းသည့် နေ့မှစ၍ တပေါင်းလပြည့်တိုင်အောင် ခံစားရပါသည်။ ဆိုင်ရာသိက္ခာပုဒ်တို့ကြောင့် အာပတ်မသင့်။

ကထိန်ကုသိုလ်ရှင်တို့ ရအပ်သော အကျိုး


ရှေးဆရာတော်ကြီးများက ရဟန်းတော်များ ရရှိအပ်သော အကျိုးငါးပါးနှင့် အလားတူစွာသော အကျိုးတရားများကို ကထိန်သင်္ကန်း ကုသိုလ်ရှင်များလည်း ရရှိနိုင်ကြောင်း ဖော်ပြပါ လင်္ကာအရ သိရပါသည်။
လင်္ကာ။  ။ နှောင်ဖွဲ့လွတ်မြောက်၊ မပျောက်ဥစ္စာ၊ အစာဆိပ်ကင်း၊ စိုးမင်းပိုင်သလို၊ လိုတိုင်းရသည်၊ ငါးဝကထိန် လှူကျိုးတည်း။

(၁) အနှောင်အဖွဲ့လွတ်မြောက်ခြင်း၊
(၂) မိမိပိုင်ပစ္စည်းများ ရန်သူမျိုး ငါးပါးကြောင့် မပျောက်ပျက်ခြင်း၊
(၃) စားသောက်သမျှ အာဟာရတို့ အစာကျေညက်ကာ အစာအဆိပ် မသင့်ခြင်း၊
(၄) မိမိပိုင်ပစ္စည်း စိတ်တိုင်းကျ စီမံပိုင်ခွင့်ရှိခြင်း၊
(၅) လိုအပ်သော ပစ္စည်းကို လိုအပ်သော အချိန်တိုင်း၌ မဆိုင်းမတွ ရရှိနိုင်ခြင်း အကျိုးတို့ ဖြစ်ပါသည်။

ဝိနည်းကံနှင့် ဆက်စပ်ဆောင်ရွက် အပ်သောကြောင့် ကထိန်သင်္ကန်း လှူဒါန်းခြင်းသည် မဂ်ဖိုလ်တိုင်အောင် အကျိုးပေးခိုင်မာ လှပါသည်။ ထို့ကြောင့် လှူကထိန်သင်္ကန်းဖြင့် မဂ်လမ်းသို့ ဆုပန်ရွယ်လျက် လှူဒါန်းနိုင်ကြ ပါစေကြောင်း အသိပေး ရေးသားအပ်ပါသည်။


အရှင်ပညာ သီဟာဘိဝံသ (တရားဦးဓမ္မစကြာ)
by http://www.first-11.com

Sunday, November 10, 2013

ရဟန်းစားသော ဆွမ်းတနပ်


 ရဟန်းစားသော ဆွမ်းတနပ်

ရှေးအခါကရွာတစ်ရွာတွင် တိဿအမည်ရှိသော သူဆင်းရဲတစ်ယောက်ရှိသည်။ ထိုသူဆင်းရဲတွင် ဇနီးနှင့်သမီးလည်း ရှိ၏။ တစ်နေ့သောအခါထိုရွာသူရွာသား အပေါင်းတို့သည် ဆွေးနွေးတိုင်ပင်၍ သံဃာတော်တို့ကို ပင့်ဖိတ်ကာ အသီးသီးအလှည့်ကျ ဆွမ်းလောင်းကြ၏။ တိဿတို့အလှည့်သို့ ရောက်သောအခါ ဆင်းရဲလှသောကြောင့် ဆွမ်းကောင်းမကပ်နိုင်။ ပုန်းရည်ဖတ်ကိုသာ လောင်းလှူနိုင်ကြသည်။

ထိုအခါသံဃာတော်တို့သည် ပုန်းရည်ဖတ်ကို မသုံးဆောင်။ ရွာစွန်၌ စွန့်ပစ်ထားခဲ့ကြသည်။ ထိုအကြောင်းကို တိဿ သိသော် စိတ်မချမ်းမသာဖြစ်မိ၏။
‘‘ငါတို့၏ ဆွမ်းမှာ ညံ့ဖျင်းလှသဖြင့် သံဃာတို့ မသုံးဆောင်နိုင်ပါတကား’’ ဟု ဇနီးနှင့်သမီးကို ပြောပြသည်။ ထို့နောက် သမီးအား ‘‘ချစ်သမီး၊ သူဌေးအိမ်တွင် ညည်းကို အသပြာငါးရာဖြင့် အပေါင်ထား၍ နို့စားနွားမတစ်ကောင် ဝယ်ပါရစေ၊ သံဃာတို့ကို နို့ဆွမ်းလှူရသော် လွန်စွာ အကျိုးရှိလိမ့်မည်’’ ဟု ဆို၏။

သမီးကလည်း ‘‘ကောင်းပါပြီဖခင်’’ ဟုဆိုကာ အကြည်တသာ လက်ခံ၏။ သို့ဖြင့် တိဿသည် သူဌေးထံ သမီးကိုအပေါင်ထားကာ နို့စားနွားမ ဝယ်၍ ဇနီးအားအပ်နှံကာ မှာကြားခဲ့သည်။
‘‘ရှင်မ၊ ဤနို့စားနွားမကို နို့ညှစ်၍ သံဃာတော်တို့အား မပြတ် လှူဒါန်းပါ။ ငါကား သမီးကို ရွေးရန် အခြားတစ်မြို့သို့ သွား၍ အလုပ်လုပ်ကိုင်ကာ ငွေရှာတော့မည်’’ ဟုဆိုသည်။

ထို့နောက် အခြားမြို့ တစ်မြို့  သို့သွားရောက်အလုပ်လုပ်ကိုင်ရာ ကံအားလျော်စွာဖြင့် အလုပ်ရရှိပြီး ၆ လခန့်အကြာတွင် အသပြာငါးရာ စုဆောင်းမိသောအခါ မိမိရွာသို့ ပြန်လာခဲ့၏။ လမ်းခရီးတွင် နေ့ညမပြတ် တရားဘာဝနာ စီးဖြန်းသော ရဟန်းတစ်ပါးနှင့်တွေ့ကာ စကားပြောကြလျှက် အတူလာခဲ့ကြလေသည်။ အချိန်တန်၍ နေကိုမျှော်ကြည့်သော် မွန်းတည့်ခါနီးဖြစ်နေလေသည်။

တိဿက ရဟန်းတော်အား ‘‘အရှင်ဘုရား၊ ဆွမ်းပါ၏လော’’ ဟု မေးလျှောက်ရာ ရဟန်းတော်ကလည်း ‘‘ဆွမ်း မပါ’’ ဟူ၍ ဆို၏။ တိဿလည်း ‘‘အရှင်ဘုရား၊ သည်နေရာတွင် ခေတ္တ စောင့်ဆိုင်းတော်မူပါ။ တပည့်တော် ဆွမ်းသွားရှာပါမည်’’ ဟုဆိုလိုက်လေသည်။ထို့နောက် ဆွမ်းသွားရှာရာ တစ်နေရာတွင် ယောင်္ကျားတစ်ယောက်ကို တွေ့သည်။ ထိုယောင်္ကျားသည် ထမင်းထုပ်ကို ထမ်းလျှက်လာလေသည်။ တိဿက ‘‘အဆွေ ထမင်းထုပ်ကို ရောင်းပါ’’ ဟု တောင်းပန်ရာ

ထိုယောင်္ကျားက ‘‘အသင် အသပြာမည်မျှ ပေးမည်နည်း’’ ဟုမေးသည်။တိဿက ‘‘တစ်အသပြာပေးမည်’’ ဟုဆို၏။ ယောင်္ကျားက ‘‘မရောင်းနိုင်’’ ဟုဆို၏။ တိဿလည်း တစ်ဆင့်၊တစ်ဆင့် တက်၍ ပေးသည်။ နောက်ဆုံး၌ အသပြာငါးရာကို ပုံ၍ပေးကာ ‘‘အဆွေ ငါ့၌ သည့်အပြင်ဘာမျှမပါ။ ရောင်းပါတော့’’ ဟူ၍ တောင်းပန်ရာ ထိုယောင်္ကျားလည်း အသပြာငါးရာကိုယူကာ ထမင်းထုပ်ကိုပေးလိုက်သည်။

တိဿလည်း ရဟန်းတော်ထံ အဆောတလျင်ပြန်ပေးလာခဲ့ပြီး ဆွမ်းကိုကပ်လေ၏။ ရဟန်းတော်လည်း ဆွမ်းဘုဉ်းပေးပြီးလျှင် ခရီးဆက်၍ လမ်းတွင် ဆွမ်းမည်သို့ရခဲ့သည်ကို မေးတော်မူသည်။ တိဿကလည်း သမီးကိုရွေးရန် ၆လတိုင် အသပြာငါးရာရအောင် ရှာဖွေစုဆောင်းရပုံ၊ အဆင့်ဆင့်တက်၍ အသပြာငါးရာလုံးပေးကာ ထမင်းထုပ်ကိုဝယ်ယူခဲ့ပုံ၊ ဆွမ်းကပ်ခွင့်ရသဖြင့် ဝမ်းသာကြည်နူးရပုံတို့ကို လျှောက်ထားလေသည်။

ရဟန်းတော်လည်း ‘‘အံ့ဖွယ်ပြုနိုင်ခဲသော ကောင်းမှုကိုပြုသည့် ယောင်္ကျားပေတကား။ သည်ယောင်္ကျားကို အကျိုးဖြစ်အောင် ငါဆောင်ရွက်မှ သင့်တော့မည်’’ ဟု ကြံရွယ်တော်မူသည်။ သို့နှင့် တိဿနေထိုင်ရာ အရပ်ကို မေးမြန်းတော်မူ၍ တိဿကလည်း မေးမြန်းချက်ကို ကျနစွာလိပ်စာနှင့်တကွမေးမြန်းချက်များအားလျှောက်ထား၍ ‘‘အရှင်ဘုရား၊ ခရီးကြုံလျှင် တပည့်တော်ထံ ဝင်တော်မူခဲ့ပါ’’ ဟု လျှောက်ထားလိုက်သည်။

သို့ဖြင့် ရဟန်းတော်လည်း လမ်းခုလပ်တွင် လမ်းခွဲ၍ မင်းနေပြည်တော်ရှိရာသို့ ဆက်လက် ကြွမြန်းတော်မူသည်။ တိဿလည်းရွာသို့ ပြန်ခဲ့လေ၏။ ရဟန်းတော်သည် မင်းနေပြည်တော်သို့ ရောက်သောအခါ မင်းဆရာတော် သီတင်းသုံးရာ ကျောင်းတော်သို့ ဝင်ရောက်တည်းခိုသည်။ မင်းဆရာတော်လည်း ရဟန်းတော်၏ ရုပ်လက္ခဏာကို ကြည့်ကာ ‘‘အလွန်အကျင့်မြတ်သော ရဟန်းပေတည်း’’ ဟုဆိုကာ ကျောင်းဦး၌ ထားသည်။ မြတ်သော နေရာကိုပေးသည်။

ရဟန်းတော်သည် ညဉ့်သုံးယံပတ်လုံး ကမ္မဌာန်းကို ကြိုးစားအားထုတ်ပြီး အရုဏ်မတက်မီပင် အရဟတ္တဖိုလ်သို့ ရောက်၍ ရဟန္တာ ဖြစ်သွားသည်။ အရုဏ်တက်သောအခါ မင်းဆရာတော်အား ခေါ်၍ ‘‘ငါ့ရှင်၊ ငါကား သက်တမ်းကုန်ပြီ။ ပရိနိဗ္ဗာန် ပြုတော့မည်။ ငါနှင့် ပတ်သတ်၍ အရေးအကြောင်း ပေါ်လာလျှင် ငါ့ဒါယိကာ တိဿကိုခေါ်၍ ဆောင်ရွက်ပါ၊ ထိုသူ့ကိုခိုင်းလျှင် လိုတိုင်းပြည့်လိမ့်မည်’’ ဟုမှာကြားကာ တိဿ၏နေရပ်ကို ပြောပြီး အရုဏ်ရင့်သောအခါ ပရိနိဗ္ဗာန် ပြုလေသည်။

မင်းဆရာတော်လည်း ရဟန္တာမြတ် ပရိနိဗ္ဗာန်ပြုကြောင်း မင်းကို အကြောင်းကြားသည်။ မင်း၊ မှူးမတ်၊ သူဌေး၊ သူကြွယ် အပေါင်းတို့လည်း သတင်းကြား၍ ရောက်လာကြပြီး ရဟန်းတော်အတွက် တင့်တယ်သောကြာကလပ်တော် ကိုလုပ်ပြီးလျှင် ရဟန်းတော်၏ အလောင်းတော်ကို တင်မည်ပြုသည်။ ထိုအခါ တင်၍မရ။ မ ၍ မကြွပဲ ကျောက်စာတိုင်ကဲ့သို့ ခိုင်မြဲနေသည်။

သည်တွင် မင်းဆရာတော်က ရဟန်းတော်ပရိနိဗ္ဗာန် မပြုမီ မှာခဲ့သောစကားကို သတိရသွားသည်။ ‘‘ရဟန်းတော်၏ ဒါယိကာ တိဿကို ခေါ်၍ ဆောင်ရွက်ခိုင်းလျှင် သင့်ပေလိမ့်မည်’’ ဟုဆိုကာ တိဿ၏နေရပ်သို့ အခေါ်လွှတ်ခိုင်း၏။ တိဿ ရောက်လျှင် ဘုရင်က ‘‘ဟယ် တိဿ၊ သင့်ဆရာဟုတ်ပါ၏လော ကြည့်လော့’’ ဟု အလောင်းတော်ကိုပြရာတိဿလည်း မျက်နှာတော် အားဖူးတွေ့ပြီး ဟုတ်မှန်ကြောင်း လျှောက်တင်ကာ ငိုယိုရှာ၏။

 မင်းက တိဿနှင့် မည်သို့မည်ပုံ ဆရာ၊ ဒကာ ဖြစ်ရသည်ကိုလျှောက်တင်စေပြီး အလောင်း တော်အား မတင်နိုင်ရန် ချင့်ချိန်ကာ တိဿကို အသပြာ တစ်ထောင်ပေး၍ အလောင်းတော်က မတင်စေရာ မ၍ မရပေ။ ထိုအခါ အသပြာ တစ်ဆင့်၊တစ်ဆင့်တက်၍ ပေးကာမစေ၏၊ နောက်ဆုံး အသပြာတစ်သောင်း စုပုံပေးသောအခါတွင်မှ အလောင်းတော်သည် တိဿလက်နှင့်ထိရုံမျှနှင့် သစ်ရွက်ခြောက်ပမာ ပေါ့ပါးစွာ ကြာကလပ်ပေါ်သို့ ရောက်ရှိသွားလေသည်။

မင်းလည်း တိဿအား မယားနှင့် သမီးတို့ပါ ခေါ်စေ၍ အစားအသောက်၊ အဝတ်တန်ဆာပေး၍ အလောင်းတော်ကို စောင့်ရှောက်စေသည်။ မင်းနှင့်တကွ မှူးမတ်၊ သူဌေး၊ သူကြွယ် တို့လည်း ရဟန်းတော်၏ရုပ်အလောင်းအား တလားကြီး၊ တလားငယ်၊ ပြသာဒ် ရထားတို့ လုပ်ဆောင်ပေးပြီး အလောင်းတော်ကို တလားထက်သို့တင်ပြန်ရာ မ၍ မရပြန်ဖြစ်လေ၏၊ ရှေးနည်းတူစွာ တိဿအား အသပြာ တစ်ဆင့်၊ တစ်ဆင့် တိုး၍ ခိုင်းစေမှသာ အလောင်းတော်ကို တလားအထက်သို့ တင်နိုင်လေသည်။

အလောင်းတော်ကို သဂြုင်္ီလ်ပြီးသော အခါတွင်ကား တိဿသည် အသပြာ သုံးကုဋေ ခြောက်သန်းရရှိကာ ချက်ချင်းပင် သူဌေးကြီး ဖြစ်သွားလေသည်။ မင်းလည်း တိဿ၏ ပြုနိုင်ခဲသော ကုသိုလ်အား ချီးမြှောက်ကာ သူကြွယ်ဘွဲ့ပေးစေသည်။ ရဟန်းတော်၏ ဓါတ်တော်များအားလည်း စေတီတည်၍ ကိုးကွယ်ထားလေသည်။

မင်းယုဝေ


Saturday, November 9, 2013

ခွင့်လွှတ်တယ် ဆိုတာ



ခွင့်လွှတ်တယ် ဆိုတာ

တစ်ကယ်ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တစ်ခုကို ပြောပြမယ်။ ဒါက အမေရိကမှာဖြစ်ခဲ့တာ။ ဒကာမကြီး တစ်ယောက်ရဲ့ တစ်ဦးတည်းသော သမီးကို လူတစ်ယောက်က သတ်လိုက်တယ်။ သူ့ မှာ ဒီသမီးတစ်ယောက်ထဲ ရင်းရင်းနှီးနှီး ချစ်စရာရှိတာနော်။ အဲဒီသမီး အသတ်ခံလိုက်ရတော့ အဲဒီ ဒကာမကြီးမှာ အကြီးအကျယ်စိတ်ဆင်းရဲ ရတယ်။ သူ့ ရဲ့ ဆုံးရှုံးမှုက ဘယ်လိုမှ အစားထိုးလို့ မရနိုင်တော့ဘူး။ ပစ္စည်းဆုံးရှုံးတာက ပြန်ရှာရင်ရနိုင်သေးတယ်။ သမီးအသတ်ခံရတာ ဘယ်လိုမှ ပြန်အစားထိုးလို့  မရနိုင်ဘူး။ အဲဒီဒကာမကြီးက ပညာလည်းတတ် ၊ ပစ္စည်းဥစ္စာလည်းချမ်းသာတဲ့ သူဖြစ်တယ်။ 

သူကရှေ့နေကောင်းကောင်းဌားပြီးတော့ သူ့ သမီးကို သတ်တဲ့သူကို သေဒဏ်အပြစ်ပေးအောင် တရားရုံးမှာစွဲချက်တင်တယ်။ အဲဒီပြည်နယ်မှာ သေဒဏ်အပြစ်ဆိုတာ မရှိဘူး။ အလွန်ဆုံး ထောင်ဒဏ်တစ်သက်ပဲ ရှိတယ်။ သတ်တဲ့သူဟာ ထောင်ဒဏ်တစ်သက်ကျသွားတယ်။ ဒါပေမယ့် အဲဒီ ဒကာမကြီးဟာ ဘယ်လိုမှ မကျေနပ်နိုင်ဘူး။ သူ့ သမီးကို သတ်တဲ့သူသေမှပဲ သူကျေနပ်နိုင်မယ်ဆိုပြီး ဆက်ပြီးတော့ ကြိုးစားသေးတယ်။ ဒီလိုမကျေနပ်နိုင်တဲ့ စိတ်နဲ့ နေလာလိုက်တာ ၁၈ နှစ်ကြာတယ်။ တစ်ခြားကိစ္စတွေကို သူကောင်းကောင်းမလုပ်နိုင်ခဲ့ဘူး။

ဒါပေမယ့် တဖြည်းဖြည်းနဲ့ ခွင့်လွတ်ခြင်းဆိုတာကို သူနားလည်လာတယ်။ အသက်လည်းကြီးလာပြီနော်။ ၁၈ နှစ်တောင်ကြာသွားပြီ။ ဘ၀အတွေ့ အကြုံလည်းများပြီ။ တရားသဘောတွေ သဘောပေါက်လာတယ်။ စိတ်ထဲမှာ အဲဒီလူကို ခွင့်လွှတ်လိုက်တယ်။ ခွင့်လွှတ်လိုက်ပြီးတော့ ထောင်ထဲကိုသွားပြီး တော့ အဲဒီ သတ်တဲ့လူနဲ့ တွေ့ တယ်။ တွေ့ ပြီးတော့ "နင့်ကို ငါ ခွင့်လွှတ်ပါတယ်" လို့ တစ်ကယ်စိတ်ပါလက်ပါ ပြောလိုက်တယ်။ တစ်ကယ်ကျေကျေနပ်နပ် ပြောလိုက်တာ။ ပြောလိုက်တော့ အဲဒီအချိန်ကျမှ သတ်တဲ့သူကလည်း ၀မ်းနည်းပြီးတော့ ငိုတော့တာပဲ။ သူ စိတ်မကောင်းပါဘူးလို့ ပြောတယ်။ သူလည်း လုပ်တုန်းက လုပ်ခဲ့ပြီးပြီနော်။ အခု ၁၈ နှစ်လောက်ကြာတော့ သူလည်းပဲ ဒုက္ခတော်တော်ရောက်ပါပြီ။ သူ့ ဘ၀တစ်သက်လုံး ထောင်ထဲမှာ နေရတော့မှာ။ 

တစ်ဖက်က ခွင့်လွှတ်ပါတယ်လို့ ပြောတော့မှ လုပ်ခဲ့တဲ့သူကလည်း မှားပါတယ် ၊ သူစိတ်မကောင်းပါဘူးလို့ ပြောတယ်။ အဲဒီဒကာမကြီးက နောက်တော့ ဘယ်လိုပြောသလဲဆိုတော့ အဲဒီအချိန်အထိ သူတစ်ရက်မှ စိတ်မငြိမ်းချမ်းခဲ့ဘူးတဲ့။ ခွင့်မလွှတ်နိုင်ပါသေးတဲ့အချိန်ထိ တစ်နေ့ မှ သူစိတ်ငြိမ်းချမ်းမှုကိုမရခဲ့ပါဘူး။ ခွင့်လွတ်နိုင်တဲ့အချိန်ကနေစပြီးတော့ သူ့ စိတ်ဟာငြိမ်းချမ်းသွားပြီ။ လွတ်လပ်သွားပြီတဲ့။ ကျန်ရှိနေသေးတဲ့ ဘ၀ကိုကောင်းအောင် ဘယ်လိုနေရမလဲဆိုတာ သူစဉ်းစားပြီတဲ့။ ဒါကြောင့် ခွင့်လွှတ်တယ်ဆိုတာ အဲဒီလောက်အထိအရေးကြီးတယ်။ 

ခွင့်လွှတ်တယ်ဆိုတာ ဘာလဲဆိုတော့ ကိုယ့်စိတ်ထဲမှာ ခံစားနေရတဲ့ဒုက္ခ ၊ ကိုယ့်နှလုံး ကိုယ့်ရင်ထဲမှာ ခံစားနေရတဲ့ နာကြည်းမှု ၊ ပူဆွေးမှု ၊ သောက ၊ ဒေါမနဿ ၊ မခံချင်စိတ် ၊ လက်စားချေချင်စိတ်တွေ ၊ အဲဒါတွေကို သက်သာမှုရအောင် လုပ်လိုက်တာ။ ဘယ်သူသက်သာမှု ရအောင်လုပ်တာလဲဆိုတော့ ကိုယ့်စိတ်သက်သာမှုရအောင် ကိုယ်လုပ်လိုက်တာပါ။ ခွင့်လွှတ်တယ်ဆိုတာ ကိုယ့်စိတ်ကိုသက်သာမှုရအောင် ကိုယ်လုပ်လိုက်တာပါနော်။ 

ကိုယ့်စိတ်ကို ဒီမုန်းတီးမှု ၊ နာကြည်းမှု ၊ ကလဲ့စားချေချင်တယ်ဆိုတဲ့ အတွေးတွေက နှောင်ဖွဲ့ ထားတာကို လွှတ်လိုက်တာပဲ။ ဘယ်သူ့ ကိုအနှောင်အဖွဲ့ က လွှတ်လိုက်တာလဲဆိုတော့ ကိုယ့်စိတ်ကို အနှောင့်အဖွဲ့ က လွှတ်လိုက်တာပါ။ အဲဒါကို နက်နက်နဲနဲစဉ်းစားပါ။ 

သူများအပေါ်မှာ နာကြည်းနေရတာ ၊ သူတစ်ပါးကို လက်စားချေမယ်လို့ တွေးနေရတာတွေဟာ အမှန်တော့ကိုယ့်ဘ၀ကို ပုံပျက်ပန်းပျက်ဖြစ်သွားစေပါတယ်။ ကိုယ်တစ်ကယ် လုပ်သင့်တဲ့ ၊ ကိုယ့်အတွက် အကျိုးရှိစေမယ့် ကိစ္စတွေကို လုပ်ခွင့်မရတော့ဘူး။ ဒါကြောင့် ခွင့်လွှတ်တယ်ဆိုတာ ကိုယ့်စိတ်ကို လွတ်လပ်မှုပေးလိုက်တာပဲ။ ကိုယ့်စိတ်ကို ငြိမ်းချမ်းခွင့်ပေးလိုက်တာပဲ။ တစ်ကယ်တော့ ကိုယ့်အကျိုးကို လုပ်လိုက်တာပါ။ သူများအကျိုးပါချင်လည်း ပါမယ်ပေါ့။ ကိုယ့်ကိုကိုယ်ချစ်လွန်းလို့ အားလုံးကိုခွင့်လွှတ်ပါတယ်။ သူတို့ ကို ခွင့်မလွှတ်နိုင်ရင် ကိုယ်ပဲ ခံနေရတာပဲနော်။ 

ပြီးတော့ ခွင့်လွှတ်တယ်ဆိုတာ ကိုယ်က အထက်စီးနေရာကနေပြီးတော့ မင်းကို ငါခွင့်လွှတ်တယ်ဆိုပြီး တစ်ဖက်သားကို အနိုင်ယူလိုက်တာမဟုတ်ဘူး။ ခွင့်လွှတ်လိုက်တယ်ဆိုတာကို အနိုင်ယူလိုက်တဲ့သဘောထားမျိုးနဲ့ လုပ်လို့ မရဘူး။ သူက လူဆိုး ၊ သူက မတရားတာကိုလုပ်တာ ၊ သူက သူတော်ကောင်းစိတ်မရှိဘူး။ ဒါပေမယ့် ငါက သဘောထားကြီးကြီးနဲ့ သူ့ ကိုခွင့်လွှတ်ပါတယ် ဆိုပြီးတော့ ( one up တစ်ဆင့်မြင့် ) မာနစိတ်နဲ့ ခွင့်လွှတ်လို့ မရဘူး။ အဲဒီလို စိတ်မျိုးဟာ လွတ်လပ်တဲ့စိတ်မဟုတ်ဘူး။ မာနကြီးတဲ့သူဟာ ခွင့်မလွှတ်နိုင်ဘူး။

အပြစ်မရှိတဲ့သူကို အပြစ်တင်ပြီးမှ ခွင့်လွတ်တယ်ဆိုတာလည်း တစ်ကယ်တော့ ခွင့်လွှတ်တာမဟုတ်ပါဘူး။ အနိုင်ယူလိုက်တာပါပဲ။ စေတနာဆိုးနဲ့ သူတစ်ပါးကို ဒုက္ခရောက်အောင်လုပ်တဲ့သူဟာ သူ့ မှာအကုသိုလ်စိတ်ဖြစ်နေတယ်။ သူ့ အကုသိုလ်ကို တစ်ခြားတစ်ယောက်က ပျောက်အောင်လုပ်ပေးလို့ မရဘူး။ You cannot escape from your kamma. ကိုယ့်ကံကို ကိုယ်လွတ်အောင် ပြေးလို့ မရဘူး။ ဒါကြောင့် ကိုယ်က သူ့ ကိုခွင့်လွှတ်လိုက်တယ်ဆိုတာ သူ့ အကုသိုလ်ကိုပျောက်အောင်လုပ်လိုက်တာမဟုတ်ဘူး။ ကိုယ့်စိတ်ထဲမှာ နာကြည်းနေတာကိုပဲ ပျောက်အောင်လုပ်လိုက်တာ။ 

ခွင့်လွှတ်တယ်ဆိုတာ အနိုင်ယူလိုက်တာလည်း မဟုတ်ဘူး။ အရှုံးပေးလိုက်တာလည်း မဟုတ်ဘူး။ အထက်စီးကနေတာလည်းမဟုတ်ဘူး။ အောက်ကျို့ တာလည်း မဟုတ်ဘူး။ 

Forgiveness is freeing up and putting to better use the energy once consumed by holding grudges , harboring resentments and nursing unhealed wounds.

ရန်ငြိုးဖွဲ့ နေရတာ ၊ မုန်းတီးနေရတာ ၊ မကျက်သေးတဲ့ ဒဏ်ရာဟောင်းတွေကို ပြုစုနေရတာနဲ့ ကုန်နေရတဲ့ အင်အားတွေကို ပိုပြီးတော့ ကောင်းတဲ့နေရာမှာ အသုံးပြုနိုင်အောင် လွတ်လပ်အောင် လုပ်လိုက်တာဟာ ခွင့်လွှတ်တာပဲ။

ခွင့်လွှတ်တယ်ဆိုတာ လွတ်လပ်အောင်လုပ်လိုက်တာပါ။ ရန်ငြိုးထားနေရတာ စိတ်မလွတ်လပ်ဘူး။ စိတ်ဓာတ်အင်အားတွေကို တစ်ခြားကောင်းတဲ့အလုပ်တွေမှာ လွတ်လွတ်လပ်လပ်သုံးခွင့်မရဘူး။ နာကြည်းနေရတာ ၊ စိတ်ဆိုးနေရတာ ၊ အနာဟောင်းလေးကို ပြန်ပြီးတော့ အနာသစ်ဖြစ်အောင် အနာဖေးခွာနေရတာဟာ ကိုယ့်ရဲ့ စိတ်ဓာတ်အင်အားနဲ့ အချိန်တွေအလကားဖြစ်သွားစေတယ်။ 

အဲဒီလို နာကြည်းနေရတဲ့အတွက် စိတ်ဓာတ်အင်အားတွေ ၊ ခန္ဓာကိုယ်အင်အားတွေ ၊ အချိန်တွေကုန်မယ့်အစား အဲဒီအချိန်နဲ့ အင်အားကို ပစ္စုပ္ပန်မှာလည်း အကျိုးများအောင် အနာဂတ်မှာလည်း အကျိုးများအောင် ကောင်းတဲ့ကိစ္စ တွေကိုလုပ်ရင်းနဲ့  အသုံးချချင်တယ်။ ဒါကြောင့် သူ့ ကိုခွင့်လွှတ်တာ။

Forgiveness is an internal process. It happens within us.

ခွင့်လွတ်တယ်ဆိုတာ အတွင်းမှာဖြစ်တဲ့စိတ်စဉ်ဖြစ်တယ်။ ကိုယ့်စိတ်ထဲမှာပဲဖြစ်တယ်။

လူတစ်ယောက်ကို ခွင့်မလွှတ်နိုင်ဘူး ၊ စိတ်ဆိုးနေတယ် ဆိုပါတော့။ အဲဒီစိတ်ကိုသေသေချာချာကြည့်နေပါ။ စိတ်ထဲမှာ သူ့ ကိုဘယ်လိုပြောလိုက်မယ် ၊ ဘယ်လိုလုပ်လိုက်မယ် ၊ သူဒုက္ခရောက်သွားရင်ကောင်းမယ် စတဲ့အတွေးတွေ ခဏခဏပေါ်နေမယ်။ တော်ကြာရင် ပြန်ပေါ်လာပြီး ခဏလောက်မေ့နေပြီးတော့ ဒီအကြောင်းသတိရပြန်ပြီး ပြန်တွေးနေမိပြန်ပြီ။ အဲဒီလိုတွေးနေတာကို သေသေချာချာကြည့်ပါ။ စိတ်ထဲမှာ ဘယ်လိုခံစားနေရလဲ။ တင်းကျပ်နေတယ်။ ပင်ပန်းနေတယ်။ ဆင်းရဲနေတယ်။ ခေါင်းတွေ ပူနေတယ်။ ရင်တွေပူနေတယ်။ သူ့ ကိုမေ့မေ့ပျောက်ပျောက်နေနိုင်တဲ့အခါ သက်သာတယ်။ တော်ကြာ သတိရပြန်ရင် တွေးပြန်တယ်။ အဲဒီအတွေးကိုပြန်ကြည့်ပါ။ ဘယ်လိုခံစားရသလဲ။ ရင်ပူတယ်။ ပင်ပန်းတယ်။ နွမ်းနယ်တယ်။ အဲဒီလို ကြည့်ဖန်များလာတဲ့အခါ တစ်ချိန်ချိန်မှာ သတိအားကောင်းလာလို့ တည့်တည့်မြင်ရင် သူ့ သဘောသူဆောင်တဲ့စိတ်ပဲဆိုတာ သိလာတယ်။ ဖြစ်တတ်တဲ့ သဘာဝပဲဆိုတာသိလာတယ်။ ကိုယ့်ဟာကိုယ် ပင်ပန်းခံနေတယ်ဆိုတာမြင်လာတယ်။ ဒီလိုနဲ့ တစ်ချိန်မှာ ခွင့်လွှတ်နိုင်တဲ့စိတ်ကို ရသွားတယ်ဆိုပါတော့။

အဲဒီသူ့ အပေါ်မှာ နာကြည်းနေတဲ့စိတ် ၊ မကျေနပ်တဲ့စိတ် ၊ လက်စားချေချင်တဲ့စိတ် မရှိတော့ဘူးဆိုပါတော့ ၊ အဲဒီလိုစိတ်မရှိတော့တဲ့အခါ စိတ်ထဲမှာ ဘယ်လိုနေသလဲ။ နေသာထိုင်သာရှိသွားတယ်နော်။ နေရတာ တော်တော်သက်သာသွားတယ်နော်။

It is a feeling of wellness, freedom and acceptance.

ခွင့်လွှတ်နိုင်တဲ့စိတ်ဟာ နေလို့ ကောင်းတဲ့ခံစားမှုကိုဖြစ်စေတယ်။ ခွင့်လွှတ်နိုင်ရင် နေလို့ ကောင်းတယ်။ လွတ်လပ်သွားတယ်။ လက်ခံနိုင်သွားတယ်။ ဖြစ်ခဲ့တဲ့ကိစ္စကို လက်ခံနိုင်သွားတယ်။ ဒါကြောင့် အကယ်၍စိတ်ထဲမှာ လွတ်လပ်မသွားဘူး ၊ စိတ်ထဲမှာ ငြိမ်းချမ်းမသွားဘူး ၊ ဒီကိစ္စကို ထပ်ခါတစ်လဲလဲတွေးနေသေးတယ်ဆိုရင် ခွင့်မလွှတ်နိုင်သေးလို့ ပဲ။ 

ခွင့်လွှတ်လိုက်တယ်ဆိုတဲ့ အဓိပ္ပာယ်က သူ့ ကိုနာကြည်းနေရတာကို ငါလုပ်နေဖို့ မလိုတော့ဘူး။ အဲဒါ ငါ့အတွက် မလိုအပ်တော့ဘူး။ အဲဒါ ငါ့အတွက် အသုံးမကျတော့ဘူး ၊ အကျိုးမရှိတော့ဘူးလို့ သိသွားတာ။

( ဆရာတော်ဦးဇောတိက - "သိက္ခာရှိရှိနေမယ် ၊ ခွင့်လွှတ်ပါတယ်" )