Friday, September 7, 2012

ပြေလည်မှု နှင့် နားလည်မှု

ပြေလည်မှု နှင့် နားလည်မှု

သီတင်းဝါလကျွတ်ပြီဆိုလျှင် ဟိုအရပ်သည်အရပ်၌ ၀ါဆိုဝါကပ်ကြသော ရဟန်းတော်တို့သည် ဘုရားဖူးဖို့၊ တရားနာဖို့၊ သူတို့ရရှိထားသော တရားထူးတို့ကို လျှောက်ထားတင်ပြဖို့ ဘုရားရှိရာဌာနဆီသို့ ရောက်လာကြစမြဲ ဖြစ်သည်။

ဘုရားရှင်ကလည်း သူ၏သားတော်ရဟန်းများကို ၀မ်းပန်းတသာ လှိုက်လှိုက်လှဲလှဲ ကြိုဆိုတော်မူမြဲ ဖြစ်သည်၊ တွေ့လျှင်တွေ့ချင်း ဘုရားရှင်မေးတော်မူမြဲဖြစ်သော နှုတ်ခွန်းဆက်စကားတော် ရှိသည်၊ ''ချစ်သားတို့... ကျန်းကျန်းမာမာရှိကြရဲ့လား၊ အာဝါသသပ္ပါယ၊ ပုဂ္ဂလသပ္ပါယစသည်တို့ မျှမျှတတကောရှိကြရဲ့လား၊ ဆွမ်းသင်္ကန်းစသည် ပစ္စည်းလေးပါးကိစ္စမှာ မပင်မပန်း ချမ်းချမ်းသာသာ ရှိကြရဲ့လား''ဟု အရင်ဦးဆုံး မေးလေ့မေးထရှိသည်၊ အဓိပ္ပါယ်ကတော့ အစစအရာရာအားလုံး အဆင်ပြေကြရဲ့လား၊ ပြေလည်ကြရဲ့လားဟု မေးတော်မူလိုရင်း ဖြစ်သည်။

မြန်မာ့ယဉ်ကျေးမှုအစဉ်အလာအရ သားတွေသမီးတွေမြေးတွေသည် သီတင်းဝါကျွတ်လို့ မိဘဘိုးဘွားတွေကို သွားရောက်ကန်တော့ကြသည့်အခါ မိဘဘိုးဘွားတွေက သူတို့၏ သားတွေသမီးတွေမြေးတွေကို ''အားလုံးအဆင်ပြေရဲ့လား'' ဆိုတာကစ၍ မေးကြသည်၊ ပြည်တွင်း၌ဖြစ်စေ၊ ပြည်ပ၌ဖြစ်စေ အခြားနေရာတစ်ခုခုမှာ သွားရောက်နေထိုင်ကြသူတွေကို မိတ်ဟောင်းဆွေဟောင်းတို့က ပြန်လည်တွေ့ကြသည့်အခါ ''ဟိုမှာအားလုံးအဆင်ပြေရဲ့လား''ဟု မေးလေ့မေးထရှိကြသည်၊ သုံးသပ်ကြည့်သော် ဘ၀၌အဆင်ပြေမှု၊ ပြေလည်မှုသည် အလိုအပ်ဆုံးအရေးဖြစ်သောကြောင့် ထိုအရေးကို အကြီးဆုံးအရေးအနေနှင့် မေးကြခြင်း ဖြစ်သည်။

နေလို့ထိုင်လို့ကောင်းလျှင် နေရေးထိုင်ရေး အဆင်ပြေသည်၊ ရောင်းလို့ဝယ်လို့ကောင်းလျှင် စီးပွားရေးပြေလည်သည်၊ လင်နှင့်မယားပေါင်းလို့သင်းလို့ကောင်းလျှင် အိမ်ထောင်ရေးပြေလည်သည်၊ မိတ်ဆွေအပေါင်းအသင်း လုပ်ဖော်ကိုင်ဘက်တွေ ပေါင်းသင်းဆက်ဆံလို့ ကောင်းလျှင် လူမှုရေးပြေလည်သည်၊ စားဝတ်နေရေးချောင်လည်လျှင် စားဝတ်နေရေးပြေလည်သည်၊ လူတို့ကိစ္စတိုင်းမှာ အဆင်ပြေဖို့၊ ပြေလည်ဖို့သည် အရေးကြီးဆုံးဖြစ်သည်။

ဟိတောပဒေသ၌ ဒါနဥပါယ်၊ ဒဏ္ဍဥပါယ်၊ ဘေဒဥပါယ်၊ သာမဥပါယ်ဟု ဥပါယ်တံမျဉ်(ဥပါယ်တမြည်) လေးမျိုးပြသည်၊ အလုပ်ကိစ္စတစ်ခု အောင်မြင်ပြီးမြောက်ဖို့အတွက် နည်းပရိယာယ် ဖြစ်သည်၊ နည်းစနစ်၊ နည်းဗျူဟာဟုလည်း ဆိုနိုင်သည်။

ပေးကမ်းခြင်းသည် ကောင်းကျိုးအားလုံး ပြီးစီးစေနိုင်သည်ဟု စာက ဆိုသည်၊ လောကစကားကတော့ ပေးကမ်းခြင်းသည် အောင်မြင်၏ဟု ဆိုသည်၊ ဒါန၏ထိရောက်ပုံ အဆိုအမိန့်တွေစာ၌ တော်တော်များများ ရှိသည်၊ ဒါနဖြင့် ရိုင်းသူကို ယဉ်အောင်လုပ်နိုင်သည်၊ ဒါနဖြင့် ပင်ကိုစိတ်ကို တစ်မျိုးတစ်ဖုံပြောင်းလဲသွားအောင် လုပ်လို့ရသည်၊ ဒါနသည် ပီယဆေးတစ်ပါးဖြစ်သည် စသည်ဖြင့် ဒါန၏အစွမ်းကို အမျိုးမျိုးတင်စားကြသည်၊ သို့ဖြစ်၍ ဒါနသည် မိမိကိစ္စပြီးမြောက်အောင်မြင်ကြောင်း ဥပါယ်တစ်ပါးဖြစ်သည်မှာ သေချာသည်။

ဒဏ္ဍဥပါယ်ဟူသည်မှာ ဒဏ်ခတ်ခြင်း၊ ဒဏ်ပေးခြင်းဖြစ်သည်၊ ထိုနည်းကလည်း အောင်မြင်ကြောင်း ဥပါယ်တစ်ပါးဖြစ်သည်၊ တစ်နည်းအားဖြင့် ဆုပေး၊ ဒဏ်ပေးစနစ်ဖြင့်လည်း မိမိတို့လုပ်ငန်းတွေမှာ အောင်မြင်မှုရနိုင်သည်၊ ဘေဒဥပါယ်ကား သွေးခွဲခြင်းဖြစ်သည်၊ ကုန်းချော၊ သပ်လျှိုခြင်းဟူသော ပိသုဏ၀ါစာအမှုသည် ဘေဒဥပါယ်ဖြစ်သည်၊ ထိုနည်းကား မသမာမှုတစ်ခုဖြစ်သော်လည်း အောင်မြင်ကြောင်း ဥပါယ်တစ်ခုတော့ ဖြစ်သည်။

သာမဥပါယ်ဆိုသည်မှာ အပြေအပြစ်ပြုခြင်းဟု ဆိုသည်၊ ပြေပြေပြစ်ပြစ်ဖြစ်အောင် ပြုခြင်း၊ ပြေပြေပြစ်ပြစ်ဖြစ်အောင် ပြောခြင်းဖြစ်သည်၊ အောင်မြင်ရာအောင်မြင်ကြောင်း နည်းလမ်းလေးမျိုးရှိရာတွင် ရှေ့သုံးမျိုးက ရိုးသားချင်မှ ရိုးသားပေမည်၊ တရားနည်းလမ်းကျချင်မှလည်း ကျမည်၊ နောက်ဆုံး  သာမဥပါယ်ကတော့ ရိုးသားသည်၊ တရားနည်းလမ်းကျသည်၊ ကောင်းမြတ်သည်၊ အရာရာ၌ ပြေလည်တာက အကောင်းဆုံးဖြစ်သည်၊ ထို့ကြောင့် ပြေလည်ချင်စိတ်ရှိရမည်၊ ပြေလည်ရာပြေလည်ကြောင်း နည်းလမ်းကို ရှာရမည်၊ ပြေလည်မည့် စကားလုံးကို ရွေးချယ်၍ ပြေလည်အောင် ပြောရမည်၊ ပြေလည်နိုင်သည့် အလုပ်ကိုရွေးချယ်၍ ပြေလည်အောင် လုပ်ရမည်။

မပြေလည်နိုင်လောက်သောစကားမျိုးကို ရှောင်ရမည်၊ မပြေလည်နိုင်လောက်သည့် ကိစ္စမျိုးကို ရှောင်ရမည်၊ ဒါကလည်း ပြေလည်ချင်သည့် စိတ်ရှိမှဖြစ်မည်၊ ပြေလည်မှုကို မြတ်မြတ်နိုးနိုး တန်ဖိုးထားတတ်မှ ဖြစ်မည်၊ မပြေလည်သမျှတော့ စိတ်ဆင်းရဲနေကြရဦးမည်၊ ပြေလည်မှသာ စိတ်ချမ်းသာမည်၊ ထို့ကြောင့် အမြဲတစေအဖြစ်နိုင်ဆုံး ပြေလည်မည့်ဘက်ကို ဦးတည်ပြီးတော့ တွေးရမည်၊ ပြောရမည်၊ လုပ်ရမည်။

သမုဒ္ဒရာရေမျက်နှာထက် ခဏတက်သည့် ရေပွက်ပမာ တစ်ခဏတာဘ၀လေးမှာ နေနေရသည့်အခိုက် ဘာပဲဖြစ်စေ အားလုံးပြေပြေလည်လည် နေရထိုင်ရလုပ်ကိုင်ရခြင်းသည် အကောင်းဆုံးဖြစ်သည်၊ လင်နှင့်မယား၊ မိဘနှင့်သားသမီး၊ ညီအကိုမောင်နှမ၊ ဆွေမျိုးသားချင်း၊ လုပ်ဖော်ကိုင်ဘက်အားလုံးအားလုံးဟာဖြင့် ပြေပြေလည်လည်ရှိကြလျှင် အကောင်းဆုံးဖြစ်သည်၊ အားလုံးပြေပြေလည်လည်ဆိုလျှင် အားလုံးစိတ်ချမ်းသာကြရမည်၊ အမှန်ကလည်း အားလုံးပြေလည်ခြင်းသည် အကောင်းဆုံးမဟုတ်ပါလား...။

အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်)

စကားပီ နားကြား ရှိတယ်မဟုတ်လား



 စကားပီ နားကြား ရှိတယ်မဟုတ်လား

တနေ့က ဆရာတော်ကြီးတပါးကို အိမ်မှာ ဆွမ်းကပ်နေတုန်း ဧည့်သည်လာတယ်ဆိုလို့ ထွက်တွေ့တော့ ဧည့်သည်က ရန်ကုန်က အမေတို့ မိတ်ဆွေများရဲ့ မြေးကလေး မောင်နှမ ဖြစ်နေတယ်။ ဒါနဲ့ အမေက ဘယ်တုန်းက လာကြသလဲ၊ ဘယ်မှာတည်းသလဲ မေးရင်း "အဘွား ဆရာတော်ကြီး... ကို ဆွမ်းကပ်နေတယ်၊ ကြုံတုန်း ဆရာတော်ကို ဖူးသွားကြ၊ ၀င်ကန်တော့ကြ" လို့ ခေါ်တော့ မိန်းကလေးက "တော်ပြီအဘွား" တဲ့။ "ဟဲ့၊ ဘာလို့တုန်း" လို့ တအံ့တသြ ပြန်မေးမိတော့ "ဘုန်းကြီးနဲ့ စကားမပြောတတ်လို့" တဲ့ ရယ်လို့။

ဒီစကားကို ဒီကလေးမလေးက ရှက်ကိုးရှက်ကန်း ပြောတာလည်း မဟုတ်ပါဘူး၊ ရိုးရိုးအေးအေးပဲ ထမင်းစားရေသောက်လို ပြန်ပြောလိုက်တာပါ။ ကြားရတဲ့ အမေ့အဖို့သာ "သြော် ကလေးတွေ ဒီလို ဖြစ်နေပြီကိုး" လို့ အောက်မေ့ပြီး စိတ်မကောင်းမိတာပါ။ ဒီကလေးမက ဒီလိုပြောတော့ သူ့အစ်ကိုလုပ်သူက ရယ်နေပါတယ်။
အမေလည်း ဆရာတော်ကြီး ဆွမ်းကပ်ရင်းတန်းလန်းမို့ သမီးများနဲ့ စကားပြောနေကြဦး ဆိုပြီး ဆရာတော်ကြီးဆီ ပြန်ဝင်လာခဲ့တယ်။


ဆရာတော်ကြီး ပြန်ကြွသွားတော့မှ သူတို့မောင်နှမကို ခေါ်တွေ့တော့ အကြောင်းကိစ္စ ထူးထူးထွေထွေ မရှိပါဘူး၊ မန္တလေးရောက်ရင် အမေ့ကို ၀င်ဖြစ်အောင် ၀င်ကန်တော့ခဲ့၊ တွေ့ခဲ့။ မာကြောင်းသာကြောင်း မေးခဲ့၊ မ၀င်ဘဲမနေနဲ့လို့ သူတို့အဖိုးအဖွားများက မှာလိုက်လို့ ၀င်လာတာတဲ့။ ၀ယ်လာတဲ့ ကိတ်မုန့်တွေ၊ အဘွားစားဖို့ ယူလာရင်း ၀င်တွေ့ကြတာတဲ့လေ။
သူတို့ မိဘ၊ သူတို့ အဘိုးအဘွားက အမေနဲ့ ဦးလှတို့နဲ့ ခင်မင်ရင်းနှီးကြပါတယ်။ ဒါကြောင့် မန္တလေးရောက်တဲ့အခါ အမေ့ကျန်းမာရေး သိရအောင် ၀င်တွေ့ကြဖို့ ဆက်ဆက် မှာလိုက်လို့တဲ့။
ဘုန်းကြီးနဲ့ စကားမပြောတတ်လို့ဆိုတဲ့ ကလေးမက ဒေါက်ဖိနပ်အမြင့်ကလေးနဲ့။ 


ခုပေါ်နေတယ်ဆိုတဲ့ ပြန့်ထဘီကလေးနဲ့။ လက်ဝတ်လက်စားတွေကလည်း အမျိုးမျိုး ၀တ်စားထားရဲ့။ သူ့နှမက ဘုန်းကြီးနဲ့ စကားမပြောတတ်ဘူးဆိုတာကို ရယ်နေတဲ့အစ်ကို ကလည်း ရွှေချိန်းကြိုး အပြားကြီးနဲ့။ ဆယ်လူလာဖုံးကို လက်တဘက်ကကိုင်လို့။ ဘောင်းဘီနဲ့၊ ရှူးနဲ့။ အ၀တ်အစားတွေက ခေတ်စကားနဲ့ ပြောရရင် အပျံစားတွေပါပဲ။
သူတို့ မိဘများက ဒီခေတ်မှာ ရှာလို့ ဖွေလို့ နေရာကျနေ စီးပွါးဖြစ်နေကြတယ်။ သားနဲ့သမီး လျှောက်လည်ချင်တယ်ဆိုလို့ ကားအကောင်းစားကြီးတစီး ဒရိုင်ဘာတယောက် ထည့်လိုက်ပြီး ခရီးထွက်လာကြတာတဲ့။


ဒီမောင်နှမနှစ်ယောက် ပြည့်ပြည့်စုံစုံနဲ့ ပျော်ပျော်ရွှင်ရွှင် လျှောက်လည်နိုင်တာကို အမေက မုဒိတာဖြစ်ပြီး မိတ်ဆွေများ အဆင်ပြေနေကြတာကိုလည်း ၀မ်းသာရတယ်။ ဒါပေမယ့် ဘုန်းကြီးနဲ့ စကားမပြောတတ်လို့ဆိုတဲ့ ကလေးမလေးအဖြစ်ကိုတော့ ရင်ထဲ စလုံးစခုဖြစ်ပြီး ကျန်ရစ်ပါတယ်။ သူ့မိဘ သူ့အဘိုးအဘွားတို့ဟာ ဗုဒ္ဓဘာသာတွေပါ။ ဘုရားနဲ့၊ တရားနဲ့၊ သံဃာကိုလည်း ကိုးကွယ်နေကြသူတွေပါ။ နို့ပေမယ့် အသက် ၂၀ လောက် ရှိနေပြီဖြစ်တဲ့ ဒီကလေးမနဲ့ သူ့အစ်ကိုများခေတ်မှာ ဘုန်းကြီနဲ့ စကားမပြောတတ်ဘူးလို့ ပြောရအောင် ရဟန်းသံဃာနဲ့ သူတို့တတွေမှာ အတော်ကြီး အလှမ်းဝေးနေကြပြီလားလို့ အမေက စိတ်မကောင်း ဖြစ်မိတယ်။


အမေတို့ နိုင်ငံဟာ ဗုဒ္ဓဘာသာမြန်မာတွေ အများစုနေတဲ့နိုင်ငံ၊ ဒါပေမယ့် ဘာသာကွဲတဲ့ မြန်မာမွတ်စလင်တွေ၊ မြန်မာခရစ်ယန်တွေလည်း မြန်မာတွေနဲ့ ရောရောနှောနှော ရှိနေကြပြီး ဗုဒ္ဓဘာသာ ဘုန်းကြီးရဟန်းတွေနဲ့လည်း ဒီဘာသာကွဲတွေက စကားပြောတတ် ဆိုတတ် ရှိကြပါတယ်။ ဈေးချိုတော်ထဲက မြန်မာမွတ်စလင် ဈေးသည်တွေများဆိုရင် ဘုန်းကြီးရဟန်းနဲ့ စကားပြောတတ်ရုံသာမက မြန်မာစကား တတ်လွန်းအားကြီးလို့ မြန်မာတွေက လက်ဖျားခါရ သူတွေ အများကြီးပါ။ တကယ်က ဒါဟာ လူမှုရေးပဲ။ လိမ္မာရမှာ ကျွမ်းကျင်ရမှာပေါ့။ 


အခုတော့ တချို့ အမေတို့ရဲ့ မြေးအရွယ် မြို့နေလူတန်းစား ကလေးတွေဟာ ဘုန်းကြီးရဟန်းအတွက်ဆိုရင် ထမင်းမခေါ်ရဘူး၊ ဆွမ်းခေါ်ရတယ် ဆိုတာလောက်တောင် မသိကြတော့ဘူး ဖြစ်နေကြတယ်။ ဗုဒ္ဓဘာသာမိကောင်းဖခင်ရဲ့ သားသမီးမှန်ရင် ရဟန်းသံဃာနဲ့လည်း စကားပြောတတ်ဆိုတတ် ရမှာပေါ့။ အမေတို့ လူမျိုးရဲ့ ကြွယ်ဝတဲ့ ဝေါဟာရယဉ်ကျေးမှု အဆင့်အတန်းမြင့်တဲ့ ကိုယ့်ဘာသာစကားကို ဂုဏ်ယူပြီး လူမှုရေးမှာ တတ်သိကျွမ်းဝင်ရမှာပေါ့။

စကားဆိုတာ လူနဲ့ လူချင်းဆက်ဆံရာမှာ မရှိမဖြစ် သုံးရတဲ့ဟာပါ။ အဲဒီလို ရှိရာမှာ စကားလုံး ဆင်းရဲတာ ကောင်းသလား၊ အဆင့်အတန်းမြင့်သလား၊ စကားလုံး ကြွယ်ဝတာက ကောင်းသလား၊ မြင့်သလားဆိုတာ မေးစရာတောင် မလိုတဲ့ကိစ္စ မဟုတ်လား။
အမေ လွယ်လွယ်ကလေးတခုကို ထောက်ပြမယ်။ အမေတို့ စကားဟာ တဦးနဲ့တဦး ဆက်ဆံကြရင် လုနဲ့ဝ၊ ယူနဲ့အိုင် ဆိုတဲ့ နှစ်လုံးတည်းရှိတဲ့ ဝေါဟာရမျိုး မဟုတ်ဘူး။


၁။ အရှင်ဘုရား တပည့်တော်
၂။ ရှင် ကျွန်မ
၃။ ခင်ဗျား ကျွန်တော်
၎။ တော် ကျုပ်
၅။ မွမ် အကျွန်
၆။ မင်း ငါ
၇။ နင် ငါ
၈။ ညည်း ငါ


စသဖြင့် တော်ရာ လျော်ရာသုံးရတဲ့ စကားတွေ အမျိုးမျိုး ရှိတယ်။ ဒါဟာ ဝေါဟာရ ကြွယ်ဝလို့ ဒီလို ရှိတာ။ ကိုယ့်စကားကို ရေလည်အောင် မပြောဆိုတတ်ဘူးဆိုတာ စတိုင်လုပ်စရာ မဟုတ်ဘူး။ ကိုယ်ညံ့လွန်းရာကျတယ်။ ငယ်ရွယ်သူတွေက ဂုဏ်ရှိတယ်ထင်ပြီး လည်း တို့ဘာသာစကားပေမယ့် တို့ကောင်းကောင်း မပြောတတ်ပါဘူးဆိုတာမျိုးနဲ့ စတိုင်လုပ်ပြီး မပြောရဘူး။ အဲဒါ စတိုင်ကျတာ မဟုတ်ဘူး။ ရှက်စရာကောင်းတာ။


သားတို့ သမီးတို့ကို အမေကမွေးလိုက်တော့ သားတို့ သမီးတို့ဟာ စကားပြီ နားကြားရှိတဲ့ ကလေးလေးအဖြစ် မွေးလိုက်တာ မဟုတ်လား။ ဒါဆိုရင် လူ့အဖြစ်နဲ့ ပြည့်ပြည့်စုံစုံ၊ လုံလုံလောက်လောက် မိဘက မွေးပေးလိုက်ပြီပဲ။ သားတို့သမီးတို့က လူပီသအောင် ကြိုးစားဖို့ပဲ ရှိတော့တယ်။ သားတို့ သမီးတို့ တို့လူမျိုး တမျိုးသားလုံး ပြောဆိုသုံးစွဲနေကြတဲ့ စကားကို သားတို့ သမီးတို့ ပြောတတ်ရမှာပေါ့။ ခုခေတ်မှာ ကိုယ့်ဘာသာစကားအပြင် အခြားလူမျိုးတွေရဲ့ ဘာသာစကားတွေကိုတောင် တမျိုးမက နှစ်မျိုးသုံးမျိုး တတ်အောင် သင်နေကြရတဲ့ ခေတ်မဟုတ်လား။


ပြီးတော့ အမေတို့ လူ့အဆောက်အအုံက ဂုဏ၀ုဒ္ဓိ ၀ယ၀ုဒ္ဓိ ရှိတဲ့ လူ့ဂုဏ်သိက္ခာ ကြီးရင့်ပြီး အသက်ကြီးရင့်သူများကို တလေးတစား ရိုရိုသေသေ ပြောရတာ ရှိတယ်။ ကိုယ်နဲ့တန်းတူကို ပြောရတာ ရှိတယ်။ ကိုယ့်အောက်ငယ်ရွယ်နိမ့်ကျလို့ နှိမ့်ချ ပြောဆိုရတာ ရှိတယ်။ ဘုန်းကြီးရဟန်းကို တမျိုးတဖုံ သုံးနှုန်းပြောဆိုရတာ ရှိပါတယ်။ ဒါတွေဟာ နှုတ်မှုရေးရာလို့ ခေါ်ပါတယ်။ စကားကို နေသားတကျပြောတဲ့ အဆင့်မြင့်မြင့် လူ့အတတ်လေ။


ခုခေတ်လူငယ်တွေ ဘာသာခြား စကားများကိုလည်း တခုမက စွမ်းဆောင်နိုင် သလောက် တတ်အောင်သင်ကြ၊ သင်နိုင်ရင် ကောင်းတယ်။ ကိုယ့်စကားကိုလည်း ပြောတတ်အောင် ပြောကြ။ ကိုယ့်စကားမှ စုံလင်အောင်မသိဘဲ မတတ်ဘဲနဲ့တော့ ဘာသာခြားစကားကို သင်နေရင် အဓိပ္ပါယ်မရှိလှဘူး။
အမေတို့ အမေက သူ့သားသမီးတွေ နေသားတကျ ပြောဆိုတာမျိုး မလုပ်တတ်ဘူး ဆိုရင် "ဟဲ့၊ ငါမွေးထားတာ စကားပီနားကြားပဲ။ နင် ဒါလောက် ဖျင်းရသလား" လို့ စိတ်မရှည်နိုင်တော့ အပြစ်တင်ပါတယ်။


နားကလည်း အကောင်း၊ ဘာသံကိုမဆို အမှန်အတိုင်း ကြားတယ်။ လျှာတို့၊ လည်ချောင်းတို့၊ လျှာခင်တို့ ကလည်း အကောင်းမို့ ကြားတဲ့အသံကို ပီအောင် ကိုယ်က ပြန်ထွက်နိုင်တယ်။ ဒါဆိုရင် ပြောတတ်ဆိုတတ် ရှိရပြီပေါ့။ ကိုယ့်မှာ အင်္ဂါစုံပါရဲ့နဲ့ သူများနည်းတူ ပြောတတ်ဆိုတတ် မရှိဘူးဆိုတာမျိုးတော့ မဖြစ်စကောင်းဘူး။
ဒါကြောင့် သားတို့ သမီးတို့ "ဘုန်းကြီးနဲ့ စကားမပြောတတ်ပါဘူး" ဆိုတာမျိုး မဖြစ်ကြစေနဲ့နော်။

လူထုဒေါ်အမာ။
ကလျာမဂ္ဂဇင်း၊ အမှတ် ၁၃၉၊ ၁၉၉၆ စက်တင်ဘာ။
[ကြီးပွါးရေးစာအုပ်တိုက်ထုတ်၊ လူထုဒေါ်အမာရဲ့ 'အမေ့ရှေးစကား' ပထမအကြိမ်၊ ၁၉၉၇ မှ ကူးယူဖော်ပြပါတယ်။]

Thursday, September 6, 2012

အမျိုးသမီးများ နှင့် ဗုဒ္ဓဘာသာ


                                                    အမျိုးသမီးများ နှင့် ဗုဒ္ဓဘာသာ
                                                                
တရားပွဲအတော်များများမှာ တရားပွဲပြီးလို့ မေးခွန်းတွေ မေးပါလို့ ဆိုလိုက်တဲ့အခါ မေးတတ်တဲ့ မေးခွန်းတစ်ခုက “တစ်ချို့ဗုဒ္ဓစာပေတွေကို ဖတ်ရတဲ့အခါ အမျိုးသမီးများနဲ့ ပတ်သက်ပြီး မကောင်းကြောင်း ဟောထားတာတွေ၊ တန်းတူအခွင့် အရေးမရှိတာတွေကို သိရတော့ စိတ်ထဲမှာ ခံစားရတယ်၊ ဘာကြောင့်လဲ..“ ဆိုတဲ့ မေးခွန်းလေးတစ်ခုပါ။

ဟိုတစ်လောကလည်း ကလေးမလေးတွေက
”ဘယ်နေရာရောက်ရောက် အမျိုးသမီးတွေဟာ အမြဲနိမ့်ကျပြီး ခွဲခြားခံရတယ်၊ မြန်မာပြည်မှာဆို ပိုလို့တောင်ဆိုးသေးတယ်၊ ဘာသာရေးနဲ့ ပတ်သက်တဲ့ နေရာတွေဆိုရင် အမျိုးသမီးများ မသွားရ၊ မတက်ရဆိုတဲ့ နေရာတွေ အများကြီးရှိတယ် စသဖြင့် ပြောပြီး အဲဒါဟာ ဘာကြောင့်လဲ…”တဲ့။ မှန်ပါတယ်။ ဒီလိုပြဿနာမျိုးက နေရာတိုင်း၊ နိုင်ငံတိုင်းမှာ ကြုံတွေ့ရမယ့် ပြဿနာပါ။ အမျိုးသမီးများ ဘက်ကကြည့်ရင် သူတို့ကို ခွဲခြားဆက်ဆံတယ်၊
နှိမ့်ချဆက်ဆံတယ်ဆိုတဲ့ အတွေးတွေ ၀င်မိကြမှာပါ။
ဒီလိုဝင်မိတာလည်း အပြစ်လို့ ပြောလို့မရပါဘူး။

တစ်ချို့ကလည်း ဒါဟာ ဘာသာတရားကြောင့် ဘာသာတရားမှာ ဟောကြားထားတဲ့

အမျိုးသမီးတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကြောင့် ဒီလို ခွဲခြားခံရတာလို့ တွေးကြပါတယ်။

အထူးသဖြင့် ဗုဒ္ဓစာပေတွေမှာ ဖော်ပြတဲ့ အမျိုးသမီးများ မကောင်းကြောင်း ဇာတ်တော်နိပါတ်တော် စတာတွေကြောင့် အမျိုးသမီးများအပေါ် မကောင်းမြင်တဲ့သဘော၊ အမျိုးသမီးများကို ယုတ်နိမ့်တဲ့သဘောစသည်ဖြင့် မြင်နေကြတာ ဖြစ်ကြောင်း မခံမရပ်နိုင် ပြောဆိုလာကြပါတယ်။

လူလူချင်းအတူတူ ခွဲခြားဆက်ဆံခံရတဲ့ အတွက် စိတ်ထဲမှာ မခံချိမခံသာ ဖြစ်မိတယ်လို့လည်း တစ်ချို့က ရင်ဖွင့်လာကြပါတယ်။


တကယ်တော့ ဒီလိုဖြစ်လာတာ ဗုဒ္ဓဘာသာနှင့် မသက်ဆိုင်ဘူးလို့ မြင်မိပါတယ်။

ယောက်ျား၊ မိန်းမဆိုတဲ့ သဘာဝနိယာမ သဘောက ခွဲခြားပေးခဲ့ခြင်းသာ ဖြစ်ပါတယ်။

အမျိုးသားများအဖြစ်၊ အမျိုးသမီးများ အဖြစ် ကွဲပြားလာစေတဲ့ ကိုယ်အင်္ဂါ အစိပ်အပိုင်းများကြောင့်ပဲ

နေရာတကာမှာ ရင်ဘောင်တန်းလို့ မရတဲ့ အနေအထားတွေ ဖြစ်နေတာပါ။

ဒီသဘာဝ နိယာမတွေကြောင့်ပဲ အမျိုးသမီးများမှာ အမျိုးသားများလို လွတ်လပ်မှုမရှိတာ၊

အမျိုးသားများထက် ပိုတဲ့ခန္ဓာဝန် ဒုက္ခတွေ ရှိလာတာ ဖြစ်ပါတယ်။


သေချာတာကတော့ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ဒုက္ခတွေ ပိုများတယ်ဆိုတာ သေချာပါတယ်။

ထင်ရှားအောင် ပြရရင် ကိုယ်ဝန်ဆောင်ရတဲ့ ဒုက္ခ၊ လစဉ်ဓမ္မတာ ဆင်းရတဲ့ဒုက္ခ၊ သားသမီးမွေးဖွားရတဲ့ ဒုက္ခ စတာတွေဟာ အမျိုးသားများထက် ပိုတဲ့ အမျိုးသမီးများမှာသာ ရှိနေတဲ့ ဒုက္ခတွေပါ။

ဗုဒ္ဓဘာသာလာ ကမ္မနိယာမ သဘောတရားအရ ကြည့်ရင် အတိတ်ကပြုခဲ့တဲ့ ကမ္မသတ္တိ ကံစွမ်းတွေအရ ဒီလို ဒုက္ခပိုများတဲ့ လူသားအဖြစ် မွေးဖွားလာရခြင်း ဖြစ်ပါတယ်။ ဒုက္ခပိုများတာဟာ မကောင်းတဲ့ အကျိုးတွေ ပိုများလို့ပါ။


မကောင်းတဲ့ အကျိုးပိုများတာဟာ မကောင်းတဲ့ အကြောင်းတွေ ရှိခဲ့လို့ဖြစ်ပါတယ်။

အတိတ်အတိတ်ဘ၀တွေက လုပ်ခဲ့တဲ့ မကောင်းတဲ့ ကံတွေ၊ စွဲလမ်းတပ်မက်တတ်တဲ့ တဏှာတွေ၊ မသိမှု အ၀ိဇ္ဇာတွေကြောင့် ရရှိလာတဲ့ အကျိုးဆက်တွေလို့ ပြောနိုင်ပါတယ်။

အမရပူရ ဆရာတော်ကြီးကတော့ အမျိုးသမီး အဖြစ်မွေးဖွားလာရတာ အတိတ်ဘ၀ တစ်ခုခုက ကျူးလွန်ခဲ့တဲ့ ကာမေသုမိစ္ဆာစာရကံကြောင့်လည်း ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါက အတိတ်ကို ပြောပြတာပါ။

ဒီသဘောအရ ကြည့်ရင် ယောက်ျားအဖြစ်၊ မိန်းမအဖြစ် မွေးဖွားမှုဟာ ကံအကျိုးပေး ကွာခြားမှုကြောင့်လို့လည်း ပြောလို့ရပါတယ်။ တစ်ချို့လည်း အမျိုးသမီးဘ၀ကိုပဲ တပ်မက်တတ်တဲ့ တဏှာကြောင့် အမျိုးသမီးအဖြစ် ပြန်မွေးနေကြတာတွေ ရှိပါတယ်။ ထားပါတော့။ ဒါက အမျိုးသမီးအဖြစ်ကို ရလာတတ်တဲ့ အကြောင်းလေးကို ပြောပြတာပါ။


ဒါပေမယ့် ဒီလို မိန်းမယောက်ျား အဖြစ်ကွဲပြားနေပေမယ့် တူညီတဲ့ တန်ဖိုးမဖြစ်နိုင်တဲ့ ကောင်းကျိုးကတော့ ရခဲတဲ့ လူ့ဘ၀ကို ရလာခြင်းဆိုတဲ့ အချက်ပါ။ ရခဲ့တဲ့ လူဆိုတဲ့ ဒုလ္လဘတရားမှာ အမျိုးသား၊ အမျိုးသမီးလို့ ခွဲခြားမှုမရှိပါဘူး။
ဗုဒ္ဓဘုရားရှင် ကိုယ်တော်တိုင်လည်း အမျိုးသား၊ အမျိုးသမီး ခွဲခြားမှု မရှိသလို
အမျိုးသမီးများကို နှိမ့်ချဆက်ဆံတဲ့သဘော၊
ခွဲခြားဆက်ဆံတဲ့ သဘော၊ ယုတ်ညံ့တဲ့ လူသားအဖြစ် ထုတ်ဖော်ဟောကြားတဲ့ သဘောများ မရှိခဲ့ပါဘူး။ အမျိုးသမီးများကိုလည်း
လူသားများအဖြစ် လူ့တန်ဖိုး၊ လူ့သိက္ခာ၊ လူ့အသိဉာဏ်ရှိတဲ့ သူများအဖြစ် ချီးမြှောက်ပါတယ်။

တရားဟောတဲ့အခါမှာလည်း အမျိုးသားများဖြစ်လို့ ဟောတယ်။ အမျိုးသမီးများ ဖြစ်လို့ မဟောဘူး စတာတွေ မရှိပါဘူး။


အမျိုးသားများ သောတာပန် ဖြစ်နိုင်သလို အမျိုးသမီးများလည်း သောတာပန် ဖြစ်နိုင်ကြပါတယ်။

အမျိုးသားများ အာသဝေါကုန်ခမ်း ရဟန္တာဖြစ်နိုင်သလို အမျိုးသမီးများလည်း ရဟန္တာ ဖြစ်နိုင်ပါတယ်။

အမျိုးသားများ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်သလို အမျိုးသမီးများလည်း နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ပါတယ်။

နောက်ဆုံး အမျိုးသမီးများ သာသနာ့ဘောင်ဝင်လာရင် ပြဿနာ အမျိုးမျိုးရှိလာနိုင်တာ၊ အမျိုးသမီးရဟန်းမများရဲ့ သာသနာဟာ ကြာကြာမတည်နိုင်တာကို သိရှိပေမယ့် အမျိုးသမီးများကို အခွင့်အရေး ပေးလိုတဲ့အတွက် ဘိက္ခုနီသံဃာ့ အဖွဲ့အစည်းကို ခွင့်ပြုပြီး ဘိက္ခုသံဃာ အဖွဲ့အစည်းအတိုင်း သာသနာတော်မှာ အသိအမှတ်ပြုပေးခဲ့ပါတယ်။ ဒါကြောင့် ဘုရားရှင်အနေနဲ့ တစ်နည်းအားဖြင့် ဗုဒ္ဓဘာသာအနေနဲ့ အမျိုးသမီးများအပေါ် နိမ့်ချခြင်း၊ ခွဲခြားဆက်ဆံခြင်း၊ အခွင့်အရေး မပေးခြင်းများ မရှိခဲ့ပါဘူး။


ဟိုဟိုဒီဒီ ပြောစရာမလိုဘဲ ဗုဒ္ဓဘာသာရဲ့ အဓိက အရေးကြီးဆုံးဖြစ်တဲ့ လွတ်မြောက်ရေးဆိုတဲ့

နိဗ္ဗာန်ကို မျက်မှောက်ပြုရတဲ့ နေရာမျိုးနဲ့ ချိန်ထိုးကြည့်ရင် သိနိုင်ပါတယ်။
အမျိုးသမီးများ ဖြစ်နေလို့ တရားမရဘူး ဆိုတာမရှိခဲ့ပါဘူး။ ဒီအချက်တစ်ချက်တည်းကို ကြည့်လိုက်ရင်ပဲ ဗုဒ္ဓဘာသာရဲ့ ဒီမိုကရေစီ ကျမှု၊ တန်းတူအခွင့် အရေးရှိမှု၊ တစ်ပြေးညီတည်း ဆက်ဆံမှုကို သိနိုင်ပါတယ်။
သဘာဝက ပေးလိုက်တဲ့ ခန္ဓာကိုယ် ဖွဲ့စည်းမှု အနေအထားအရ အမျိုးသမီးများကို အားနည်းတဲ့ သူများအဖြစ်သာ သဘောထားပါတယ်။
ယုတ်ညံ့တဲ့ သူများအဖြစ် မသတ်မှတ်ပါဘူး။
ဗုဒ္ဓကိုယ်တော်တိုင်လည်း အမျိုးသား အမျိုးသမီး ကွဲပြားတဲ့အတွက် အရိယာသူတော်စင် မဖြစ်ရဘူးလို့ မသတ်မှတ်ပါဘူး။


အမျိုးသားဖြစ်စေ အမျိုးသမီးဖြစ်စေ ပါရမီအဟုန်ရှိပြီး အကျင့်သိက္ခာပြည့်စုံစွာနဲ့ ကြိုးစားအားထုတ်ပါက တရားရနိုင်တယ်ဆိုတာ သက်သေပြခဲ့ပါတယ်။ အမျိုးသမီး ရဟန်းမများကိုလည်း အမျိုးသား ရဟန်းတော်များ နည်းတူ ဧတဒဂ် ရထူးများနဲ့ ချီးမြှင့်ပေးခဲ့ပါတယ်။
သို့သော် ဗုဒ္ဓဘာသာမှာ အဆင့်မြင့်မှု မမြင့်မှု ခွဲခြားမှုတော့ ရှိပါတယ်။ ဒါကလည်း ယောက်ျား မိန်းမဆိုတဲ့ သဘာဝနိယာမ ကွဲပြားမှု၊ ပညာတတ်မှု မတတ်မှု စတာတွေကို လိုက်ပြီး ခွဲခြားတာ မဟုတ်ပါဘူး။
သူတို့ရဲ့ ကိုယ်ကျင့်သီလ မြင့်မှု၊ မမြင့်မှုကို ကြည့်ပြီး တစ်လင်တစ်မယားထဲမှာပဲ အမျိုးသမီးက အမျိုးသားထက် အကျင့်သိက္ခာမြင့်မြတ်ရင် အမျိုးသားထက်သာသူအဖြစ် ချီးကျူးတော်မူပါတယ်။
အမျိုးသားဖြစ်ပေမယ့် အကျင့်သိက္ခာ မကောင်းရင် ဘယ်မျက်နှာမှ မထောက်ဘဲ ကဲ့ရဲ့တော်မူပါတယ်။

ဘုရားရှင်ရဲ့ ကဲ့ရဲ့တော်မူတဲ့အခါ သုံးတဲ့စကားက “မောဃပုရိသ- မဂ်ဖိုလ်မပြီး အချည်းနှီးသော ယောက်ျား“ ဆိုတဲ့စကားပါ။


ပြီးတော့ တစ်အိမ်ထောင်တည်း ဖြစ်ပေမယ့် လင်ယောက်ျားက သီလလုံခြုံပြီး မယားက သီလမလုံခြုံရင်

နတ်သားလင်နှင့် သေသူမယားတို့ ပေါင်းသင်းခြင်းနှင့် တူကြောင်း၊
မယားက သီလလုံခြုံပြီး ယောက်ျားက သီလမလုံခြုံရင် နတ်သမီးမယားနှင့် သေသူလင်တို့ ပေါင်းသင်းခြင်းနှင့် တူကြောင်း
စသည်ဖြင့် မိန်းမယောက်ျား မခွဲခြားဘဲ အကျင့်သီလကိုသာ အဓိကထားကာ အဆင့်အနိမ့်အမြင့် သတ်မှတ်ပေးပါတယ်။
ဒါတွေကို ကြည့်ရင် ဗုဒ္ဓဘာသာဟာ လူတန်းစား ခွဲခြားတတ်တဲ့၊
အမျိုးသမီးများကို နှိမ်ချတတ်တဲ့ ဘာသာမဟုတ်ဘူး ဆိုတာ နားလည်သဘောပေါက် နိုင်ပါတယ်။

အချုပ်အားဖြင့် ပြောချင်တာက
ကံအကျိုးပေးကြောင့် ယောက်ျားအဖြစ်၊ မိန်းမအဖြစ် မွေးဖွားလာခဲ့ရပြီး ရရှိလာတဲ့ အခွင့်အရေးများဟာလည်း အနည်းငယ်ကွဲပြားနေတာ၊ ဒုက္ခတွေ ပိုနေတာ၊ နည်းနေတာ ရှိတတ်ပေမယ့် စစ်မှန်တဲ့ သဘောသဘာဝ အနေဖြင့်ကတော့ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ နိဗ္ဗာန်မရသေးသမျှတော့ ခန္ဓာကိုယ်ရလာတဲ့သူ မှန်သမျှ ဒုက္ခတွေကတော့ ရှိနေကြမှာ ဖြစ်တယ်ဆိုတာပါ။

အမျိုးသားဘ၀ဟာ ဘုရားဖြစ်နိုင်၊ စကြာဝတေးမင်းတွေ ဖြစ်နိုင်တဲ့အတွက် မြင့်မြတ်တယ်လို့ ဆိုနိုင်ပေမယ့် ဒုက္ခအပေါင်းမှ ငြိမ်းရာနိဗ္ဗာန်ကို ၀င်ကြတဲ့အခါမှာတော့ အမျိုးသမီးများလည်း အမျိုးသားများ တန်းတူရနိုင်၊ ရောက်နိုင်တယ်ဆိုတာ ငြင်းလို့မရတဲ့ အမှန်တရားဖြစ်ပါတယ်။
ကံအကျိုးပေးအရ အမျိုးသမီးများ အဖြစ်ဘ၀ကို ရရှိလာမှုနှင့်အတူ အမျိုးသမီးများ၏ ဒုက္ခများလည်း ခံစားလာရမှုတွေ ရှိနေကြတဲ့အတွက် အမျိုးသမီးများကို အားနည်းသူများအဖြစ် မြင်နိုင်ကြပေမယ့်
ယုတ်နိမ့်တဲ့သူများ၊
အဆင့်နိမ့်တဲ့သူများကတော့ မဟုတ်ကြဘူးဆိုတာပါ။ ဒါပေမယ့် အကျင့်သိက္ခာတွေ ပျက်ပြားနေမယ်၊ အကုသိုလ်တွေများနေမယ် ဆိုရင်တော့ ဒီလိုသူမျိုးကိုနိမ့်ကျတဲ့သူများလို့ ပြောနိုင်ပါတယ်။

ဒီနိမ့်ကျမှုကတော့ အမျိုးသမီးဖြစ်ရလို့ မဟုတ်ပါဘူး။ အမျိုးသားပဲ ဖြစ်ဖြစ် အမျိုးသမီးပဲ ဖြစ်ဖြစ် ကိုယ်ကျင့်ပျက်ရင်တော့ အကုန်နိမ့်ကျသူတွေ ဖြစ်နေမှာပါ။ အဲလိုမျိုးသူတွေ ဆိုရင်တော့ ဘယ်နေရာသွားသွား ခွဲခြားဆက်ဆံခံနေကြရမှာပါ။
ဒါကြောင့် ကံပေးမှုနဲ့ သဘာဝတရားအရ ရလာတဲ့ အမျိုးသမီးများဟာ အမျိုးသားများတန်းတူ အရာရာ ရင်ဘောင်မတန်းနိုင်ကြပေမယ့်
အကျင့်သီလကောင်းပြီး ကိလေသာကုန်ရာ လမ်းစဉ်ကို လိုက်နာကျင့်သုံးနေမယ်ဆိုရင်

နိဗ္ဗာန်ဆိုတဲ့ အခွင့်အရေး တံခါးက အမြဲဖွင့်လစ်ထားနေမှာ ဖြစ်တဲ့အတွက်
ဟိုတွေးဒီတွေး ကလေးအတွေးတွေ မတွေးကြဘဲ အမျိုးသမီးဖြစ်ပေမယ့် အမျိုးသားများထက်သာအောင်၊
အမျိုးသားများထက် အဆင့်မြင့်အောင် ကိုယ့်ရဲ့ သီလ၊သမာဓိ၊ပညာ သိက္ခာတရားများ မြင့်မားအောင်သာ ကြိုးစားသင့်ပါတယ်။



http://www.venvicitta.com/ မှ ကူးယူဖော်ပြပါသည်။

                     သီတဂူဆရာတော်မှအမေစုအားရုပ်ပွာတော်မြတ်ကိုလှူဒါန်းစဉ်။

                            သီတဂူဆရာတော်ဘုရားနှင့်အမှတ်တရ။
                                                                          
                               အမျိုးသမီးတိုင်းနိဗ္ဗာန်ရောက်ခွင့်ရှိသည်။

                                                             
                        ပထမဆုံး ထိုင်းအမျိုးသမီးဝန်ကြီးချုပ် ယင်လပ်ရှင်နာဝါထရာ
                                                                
                       ရောက်လာသူအပေါင်းရွှင်လန်းချမ်းမြေ့ကြပါစေ။

Wednesday, September 5, 2012

“နိဗ္ဗာန်ကို နောက်စေ့ပြုလိုကြသူများ”

“နိဗ္ဗာန်ကို နောက်စေ့ပြုလိုကြသူများ”

အခုနောက်ပိုင်းမှာ လူငယ်လူလတ်ပိုင်းတွေ တော်တော်များများ ဓမ္မစာပေတွေ အတော်လေး လေ့လာ ဖတ်ရှုလာကြတာကို တွေ့ရတာဟာ ဝမ်းသာစရာကောင်းတဲ့ အချက်တစ်ခုပါပဲ။ လူ့ဘဝမှာ ဗဟုသုတလေးတွေ အတော်အတန့်ရှိလာတဲ့ အရွယ်ဖြစ်ပေမယ့် ဓမ္မစာပေနဲ့က ခပ်စိမ်းစိမ်း နေလာ ကြခဲ့ကြသူတွေ များပါတယ်။ အခုအချိန်ရောက်မှ ဓမ္မစာပေရဲ့ အရသာကို နည်းနည်းပါးပါး စားဝါး ကြည့်ကြတာဆိုတော့ ကြီးမှပေါက်တဲ့ သွားများလိုပဲ စားပုံ ဝါးပဲုနေရာ မကျတဲ့အတွက် ကိုယ့်ပါးစောင် ကိုယ် ပြန်ကိုက်မိသလို ဓမ္မစာပေကို ဖတ်ရှုလေ့လာကာမှ မကျေမညက်နိုင်ပဲ ခိုးလိုးခုလုပြဿနာတွေနဲ့ ကသိကအောက်ကြုံရတာတွေလည်း အတော်လေးကြုံကြပုံရပါတယ်။ အမေးအမြန်းလည်း အတော်လေး ထူလာတာ တွေ့ရတယ်။

    တချို့ကျတော့လဲ ဓမ္မစာပေများနဲ့သာ မရင်းနှီးခဲ့ကြပေမယ့် အစဉ်အလာဓလေ့ဟောင်းများနဲ့က အတော်ကလေး ရင်းနှီးခဲ့ကြပြီးဖြစ်လို့ အစွဲအလမ်းဟောင်းကလေးတွေက အတော်လေးအထိုင်ကျ ပြီး ဓာတ်ခံကောင်းနေကြတယ်။ ဒီမှာတင် “အခံနဲ့ အမှန်”တို့ရဲ့ တိုက်ပွဲကြားမှာ သံသယ ဝိစိကိစ္ဆာဆိုတဲ့ ယုံမှားတွေးတောမှုဒဏ်ရာ ဒဏ်ချက်ကလေးတွေလည်း အနည်းနဲ့အများဆိုသလို ရရှိထားကြမှာပါ။ ဒါကြောင့်လည်း တစ်ခါတစ်ခါ သူတို့ရဲ့ မေးခွန်းတွေဟာ ရှေးဟောင်းရိုးစွဲတို့ကို တိုက်ခိုက်ထိုးနှက်သလိုလို၊ ဆန့်ကျင်ဘက် ကန်ကြသလိုလို သဘောမျိုးသက်ရောက်ပြီး ငြင်းကြခုံကြ ဖြစ်ပါလိမ့်မယ်။ ဒါကိုပဲ သမားရိုးကျ ပုဂ္ဂိုလ်တချို့ကလည်း မကျေနိုင် မချမ်းနိုင်ဖြစ်ပြီး “မိစ္ဆာဒိဋ္ဌိလေးတွေ”လို့ သတ်မှတ်ကျိန် ဆဲတာကိုလည်း တိုက်ရိုက်ရော တစ်ဆင့်စကားရော နည်းမျိုးစုံ ကြားနေရတယ်။

    မိမိအနေနဲ့တော့ ဆရာတော်ကြီးတစ်ပါး(တုံးနာမ် တိုင်နာမ်လို့ ဟောတဲ့ ဆရာတော်ကြီး ထင်ပါတယ်) ပြောသလိုပဲ “တစ်သံသရာလုံး သားအ တွက်၊ မယားအတွက်၊ အစားအတွက်၊ အကြွား အတွက်တွေနဲ့ ငြင်းခုံလာ၊ ရန်ဖြစ်လာကြတာ များလှပြီ၊ အခုလို သာသနာကြုံတုန်း၊ လူဖြစ်တုန်း အခိုက်အတန့်ကလေးရောက်မှ တရားအတွက် ငြင်းကြ ခုံကြတယ်ဆိုတာမျိုးနဲ့ ကြုံကြရတာ၊ ငြင်းကြ ခုံကြပါစေ”လို့ပဲ သဘောထားပြီး ဒီအတိုင်းပဲ ခွင့်ပြုထားပါတယ်။ ဟုတ်တယ်လေ။ မောတော့ လျှော့ သွားမယ်။ လျှော့်တော့ ပျော့ပြောင်းလာလိမ့်မယ်။ ပျော့်ပြောင်းလာရင် ယဉ်ကျေးအောင် ပြောဆို ဆွေးနွေးလို့လည်း လွယ်ကူလာမှာပါ။

    ဒီလိုလူငယ် လူလတ်တွေနဲ့ တွေ့တိုင်း ပြောဖြစ်တဲ့ စကားတစ်ခုကတော့“ ပညာရပ်တစ်ခု လေ့လာတဲ့အခါမှာ မိမိရဲ့ ပင်ကိုယ် ရှိပြီးသား အသိဉာဏ်အယူအဆလေးတွေကို ချိန်ခွက်အဖြစ် အသေကိုင်ထားပြီး “စတုတ်တိုက်”ချိန်ကြည့်တဲ့နည်းနဲ့ လေ့လာ ဆည်းပူးကြမလား။ မိမိရဲ့ အသိအခံ လေးတွေကို အသေမထားဘဲ ပညာရပ်နယ်ပယ်ထဲကို ကျယ်ပြန့်သည်ထက် ကျယ်ပြန့်အောင် ချဲ့ထွင် ကြည့်မလားဆိုတာကတော့ ပထမဆုံး တိတိကျကျ ရွေးချယ်သတ်မှတ်ပါ။

   မိမိရဲ့အသိအခံကို“စံ”အဖြစ် အသေကိုင်ထားမယ်၊ လေ့လာရမယ့် အသိပညာရပ်တွေကို ကိုယ်ရှိတဲ့ စံခွက်ကလေးနဲ့ပဲ စတုတ်တိုက် ချိန်ကြည့်ပြီး ဆည်းပူးလေ့လာနေမယ်ဆိုရင်တော့ ကိုယ့် အတွက် အတွေးအမြင်သစ်တွေ၊ အသိပညာသစ်တွေ၊ ဗဟုသုတ အသစ်တွေ မတိုးဘဲ စတုတ်တိုက် လို့ ဘေးစဉ်ထွက်သမျှ အယူအဆတွေ၊ ပညာရပ်တွေနဲ့ အမြဲပဲ ဆန့်ကျင်ငြင်းခုံရင်း “ဆေးရှာခါမှ ဘေးနဲ့တွေ့”သလို ဖြစ်နေကြမယ်၊ အဲဒါကို အလေးအနက် သတိထား စဉ်းစားကြဖို့လိုမယ်” ဆိုတဲ့ အကြောင်းပါပဲ။

   သူတို့ရဲ့ သိမြင်လိုမှု၊ စူးစမ်းလေ့လာလိုမှု၊ လွတ်လပ်စွာ စဉ်းစားတွေးခေါ်လိုမှုတို့ကို မဟန့်တား မပိတ်ပင်ဘဲ စွမ်းနိုင်သမျှ တည့်မတ်ပေး၊ ဖြည့်စွက် ကူညီဖြေကြားပေးတဲ့အတွက်ကြောင့်ပဲ လူငယ် လူလတ်တော်တော်များများက အကြောင်းတိုက်ဆိုင်တိုင်း မေးရဲမြန်းရဲရှိလာကြလို့ မိမိအတွက်လည်း ဒီနေ့ လူငယ် လူလတ်ပိုင်းရဲ့ သိမြင်လိုတဲ့ အချက်တွေ၊ လိုအပ်နေတဲ့အချက်အလက် အကြောင်းအရာ တွေ၊ ပြဿနာတွေကို သိခွင့်ရလိုက်လို့ နှစ်ဦးနှစ်ဘက်အကျိုးများတယ်လို့ သဘောရပါတယ်။

   အခုလဲ လူလတ်ပိုင်းတစ်စုက “တပည့်တော်တို့အလွန်သဘောကျလို့ ဖတ်နေတဲ့စာအုပ်ထဲမှာ သိပ်ပြီးမရှင်းတာရှိလို့ မေးချင်လို့ပါ၊ အဲဒီစာအုပ်ထဲမှာ “မဟာယာနဝါဒ”အရ နိဗ္ဗာန်နဲ့သံသရာဟာ ကွဲ ပြားခြင်း မရှိဘူး၊ ကြည့်ရှုပုံကိုလိုက်ပြီး  ဖြစ်တယ်လို့ ယူဆတယ်တဲ့။ ဒါကတော့ သူတို့ဝါဒနဲ့သူတို့ ဘယ်လိုပဲ ယူဆယူဆ အရေးမကြီးပါဘူး။ ဒါပေမယ့် အဲဒီစာအုပ်ကိုရေးတဲ့ မူလစာရေးဆရာတော်က “ဒီအယူအဆဟာ မူလထေရဝါဒပါဠိတော်လာ သဘောတရားများကနေ ချဲ့ထွင်ပေါက်ဖွားလာတာ ဖြစ်ကောင်းဖြစ်နိုင်တယ်”လို့ မှတ်ချက်ချထားပါတယ်။ အဲဒါ တပည့်တော်တို့ ထေရဝါဒပိဋကတ်တော် တွေထဲမှာ အဲဒီလို နိဗ္ဗာန်နဲ့ သံသရာဟာ ကွဲပြားခြင်းမရှိဘူးဆိုတဲ့ အဓိပ္ပာယ်မျိုးနဲ့ မြတ်စွာဘုရားဟော ထားတာ ရှိလားဆိုတာ နည်းနည်းရှင်းပြပေးပါ”တဲ့။

   ဒီလောက်ဆိုရင် သဘောပေါက်ပြီး မောင်ရင်တို့ဖတ်တဲ့စာအုပ်ဆိုတာ ဒေါက်တာဝါလ်ပိုလာ ရာဟုလာရေးပြီး ဆရာဦးကိုလေး(ဇေယျာမောင်) မြန်မာပြန်ထားတဲ့ “မြတ်ဗုဒ္ဓဒေသနာ”စာအုပ်မဟုတ် လား၊ အေး.. ဒီနေ့လူငယ်တွေ ဒီစာအုပ်မျိုးဖတ်တာ အလွန်တိုးတက်တဲ့ လက္ခဏာတစ်ရပ်ပဲ။ ငါတော့ အဲဒီ စာအုပ်ကို ဟိုး- ၃-ကျပ်တန် ခေတ်ကတည်းက ဖတ်လာတာ ဘယ်နှစ်ကြိမ်မှန်းတောင် မသိတော့ ဘူး။ ခုလဲ အကြောင်းအားလျှော်စွာ ဖတ်မိတုန်းပဲ။ မင်းတို့ကသာ နည်းနည်းရှင်းပြပေးပါဆို ပေမယ့် ဒီအကြောင်းအရာက နည်းနည်းလေးမဟုတ်ဘူးဟ၊ အတော်အကျယ် တဝင့်ရှင်းရမယ့် ပြဿနာမျိုး။ ကဲ.. ထားပါတော့ ငါ သဘောပေါက်သလောက်တော့ ရှင်းပြပေးပါမယ်။ နောက်ဆုံးတော့ အောင်မောင်ကြီးနဲ့ စိန်ဘမောင်လိုပေါ့ကွာ၊ ဆိုတဲ့လူကလည်း ဆိုချင်ရာဆို၊ တီးတဲ့ လူကလည်း တီးချင်ရာတီး၊ အပြီးသတ်တဲ့အခါတော့ သူ့ဟာနဲ့သူ အံကိုက်ဆိုသလို ဖြစ်သွားမှာပါပဲ။

   ထေရဝါဒပိဋကတ်တော်တွေထဲမှာ နိဗ္ဗာန်နဲ့သံသရာဟာ ကွဲပြားခြင်းမရှိဘူးလို့တော့ ဟောထားတာမရှိဘူး၊ မဟာယာနဝါဒက ဒီအယူအဆအတွက် အခြေခံတယ်လို့ဆိုနိုင်လောက်တဲ့ မြတ်စွာဘုရားဟောပြောချက်တစ်ခုတော့ရှိတယ်။ အင်္ဂုတ္တရနိကာယ်၊ စတုက္ကနိပါတ်(၃၅၇)၊ ရောဟိတဿသုတ်မှာ- “သညာစိတ်တို့နဲ့တကွဖြစ်တဲ့ ဒီတစ်လံမျှလောက်ရှိတဲ့ ခန္ဓာကိုယ်မှာပဲ၊ လောက(သံသရာ)ကို၎င်း၊ လောကဖြစ်ကြောင်း (သံသရာလည်ကြောင်း)ကို၎င်း၊ လောကချုပ်ငြိမ်းရာ နိဗ္ဗာန်ကို၎င်း၊ လောကချုပ်ငြိမ်းရာ နိဗ္ဗာန်ကို ရကြောင်း ရောက်ကြောင်းအကျင့်ကို၎င်း ငါဘုရားရှင် ဟောကြားပညတ်တော်မူတယ်”လို့ ဟောထားတာရှိတယ်။ ဒီအထဲမှာ ပြောတဲ့ လောက(သံသရာ) ဆိုတာ ဒုက္ခကိုပြောတာပါပဲ။

    “လောက(သံသရာ)ဆိုတာလဲ ဒီခန္ဓာကိုယ်မှာပဲ၊ လောကချုပ်ငြိမ်းရာနိဗ္ဗာန်ဆိုတာလဲ ဒီခန္ဓာကိုယ်မှာပဲ ” ဆိုတာကိုကြည့်ပြီး “နိဗ္ဗာန်နဲ့ သံသရာ ဆိုတာ ကွဲပြားခြင်းမရှိဘူး”လို့ သူတို့က ယူဆပုံ ရတယ်လို့ ကျမ်းရေးတဲ့ ဆရာတော်က မှတ်ချက်ချလိုက်တာပါ။ ကျမ်းဆရာက ဒီအယူအဆကို ထောက်ခံတဲ့သဘောမဟုတ်ပါဘူး။ အယူအဆတစ်ခုကို ပြောပြတာပဲ ရှိပါတယ်။

    “လောက(သံသရာ)ဆိုတာလဲ ဒီခန္ဓာကိုယ်မှာပဲ၊ နိဗ္ဗာန်ဆိုတာလဲ ဒီခန္ဓာကိုယ်မှာပဲ”လို့ ဆိုရုံနဲ့ နိဗ္ဗာန်နဲ့ သံသရာဟာ ကွဲပြားခြင်းမရှိဘူးလို့တော့ လုံးထွေးပြီး မှတ်ချက်ချလို့မရပါဘူး၊ တည်နေရာချင်း မကွဲပြားပေမယ့် ဖြစ်ချိန်ခြင်း ၊ ဖြစ်ရပ်အခြေအနေခြင်းက ကွဲပြားပါတယ်။ သူတို့က “သံသရာ” လို့သုံးတဲ့ ဒုက္ခတရားဖြစ်နေချိန် ဒီခန္ဓာကိုယ်ကြီးထဲက နာမက္ခန္ဓာတွေက သင်္ခါရတရားတို့ကိုသာ အာရုံပြုပြီး သိရှိခံစားမှတ်သား ကြံစည်နေကြတာပါ။ နိဗ္ဗာန်ကို အာရုံပြုချိန်မှာတော့ အဲဒီသင်္ခါရအာရုံတွေကို အာရုံ မပြုပါဘူး။ ဒါကြောင့် ဖြစ်ချိန်နဲ့ ဖြစ်နေပုံအခြေအနေချင်း ကွဲပြားပါတယ်။

   ဒီအကြောင်းနဲ့ ဆက်စပ်တဲ့စကားကို မြတ်ဗုဒ္ဓဒေသနာစာအုပ်မှာ ဒီစကားရပ်ရဲ့ ရှေ့နားဆီ(စာ-၈၂)မှာ ကျမ်းဆ၇ာကိုယ်တိုင် ပြောထား တာလည်းရှိပါတယ်။ အဲဒီ စာပိုဒ်တွေကိုပြန်ပြီး ဖတ်ကြည့်ပါ။ စာပိုဒ်ထဲမှာ “ဒုက္ခမျိုးစေ့သည် ဒုက္ခတရား ကိုယ်တွင်းသာရှိ၍ အပြင်ပတွင် မဟုတ်ကြောင်း”စတဲ့ စကားရပ်တွေပါတယ်။ အဲဒီမှာ “ဒုက္ခတရား ကိုယ်တွင်း”ဆိုတာ ဒုက္ခလို့သတ်မှတ်ထားတဲ့ ဒီခန္ဓာကိုယ် တွင့်လို့ယူရင် ပိုပြီးအမြင်ရှင်းမယ် ထင်ပါတယ်။ မူလကျမ်းဆရာတော် ဒေါက်တာဝါလ်ပိုလာ ရာဟုလာကတော့ ဒီအဓိပ္ပာယ်ရဲ့ ပါဠိတော်နောက်ခံအဖြစ်နဲ့ တရားအသိရသွားကြတဲ့ အရှင်အညာသိ ကေဏ္ဍညမထေရ်တို့ ဥဒါန်းကျူးခဲ့တဲ့ “ယံကိဉ္စိ သမုဒယ ဓမ္မံ၊ သဗ္ဗံ တံ နိရောဓ ဓမ္မံ” ဆိုတဲ့စကားကို ကိုးကားပါတယ်။ ဖြစ်ပေါ်ခြင်းသေဘာရှိတဲ့ တရားဟူသမျှဟာ ချုပ်ပျောက်ခြင်း သဘောရှိတယ်”လို့ အဓိပ္ပာယ်ရတဲ့ ဒီဥဒါန်းစကားကို “ဖြစ်ပေါ်နေချိန်မှာ သံသရာ(ဒုက္ခ)ဖြစ်တယ်။ အဲဒီဒုက္ခချုပ်ပျောက် နေချိန်ကို နိဗ္ဗာန်လို့ အဓိပ္ပာယ်ဆိုလိုရင်း ဖြစ်တယ်ဆိုပြီး ကျမ်းဆရာကိုယ်တိုင် ရှင်းပြထားပါတယ်။

   မိမိကိုယ်တိုင်လဲ ယဉ်ကျေးလိမ္မာကလေးသင်တန်းတစ်ခုမှာ ဝင်ရောက်ပြီး မေးလျှောက်တဲ့ ဒကာမကြီးတစ်ဦးကို ဒီသဘောမျိုးနဲ့ ရှင်းပြခဲ့ဖူးပါတယ်။ အဲဒီတုန်းက ဒကာမကြီးက မိမိတို့ အနားယူ ချိန်နေ့ခင်း(၁)နာရီသာသာလောက်မှာ မိမိနားနေတဲ့ ကျောင်းဆောင်ကို ရောက်လာတာပါ။ နေပူထဲမှာ လာခဲ့တာဆိုတော့ ချွေးတွေလည်းရွှဲလို့၊ နည်းနည်းလည်း မောနေပုံရပါတယ်။ “ဘာဖြစ်လို့ နေပူကြီး ထဲမှာ ဒုက္ခခံပြီးလာရတာလဲ”လို့ဆိုတော့ “တပည့်တော်က ဝေယျာဝစ္စကုသိုလ်ယူနေရတာ ဖြစ်လို့ သူများတွေတရားနာချိန်မှာ နာခွင့်မရလို့ပါ၊ အခုနားချိန် လေးရတုန်း တရားလေးနည်းနည်း ချီးမြှင့်ပေး ပါ”တဲ့။ ဘယ်လိုတရားလဲ ဆိုတော့ “နိဗ္ဗာန်ရောက်ကြောင်း တရားပါတဲ့၊ ပြီးတော့ “နိဗ္ဗာန် ရချင်ရင် ဘယ်လို အရည်အချင်းမျိုးတွေနဲ့ ပြည့်စုံရမလဲ”ဆိုတာလည်း မေးပါတယ်။ “နိဗ္ဗာန်ကို တကယ်မျက် မှောက် ပြုလိုတဲ့ ဆန္ဒပြင်းပြင်းထန်ထန်ရှိဖို့က အဓိကပါပဲ၊ ဒကာမကြီးမှာ အဲဒီဆန္ဒရှိရဲ့လား”ဆိုတော့ “ဘယ်နှယ့်ပြောပါလိမ့်ဘုရား၊ တကယ်ဆန္ဒရှိတာပေါ့၊ လိုချင်လွန်းလို့ကို အချိန်အား ရတိုင်း ကြိုးစား ရှာဖွေနေတာပါ”တဲ့။

    “နိဗ္ဗာန်ကိုရှာနေတယ်ဆိုတော့ အဲဒီနိဗ္ဗာန်ဘယ်နားမှာ ရှိသလဲဆိုတာကော သိရဲ့လား”ဆိုတော့ “မသိပါဘူးတဲ့”၊ မသိတဲ့အရာကိုလိုက်ရှာနေလို့ ဘယ်တွေ့ပါ့မလဲ၊ ဘယ်မှာရှိတယ်ဆိုတာကို အရင်သိအောင် လေ့လာထားရတယ်”ဆိုတော့ “အရှင်ဘုရားသိရင်ပြောပါ”တဲ့၊ အရှင်ဘုရားက သိတာတော့ မဟုတ်ပါဘူး၊ အဘိဓမ္မာကျမ်းများကို လေ့လာရင်းသဘောပေါက်သလိုလိုရှိတာ ပြောရမယ်ဆိုရင် နိဗ္ဗာန်က ဒကာမကြီးရဲ့ နောက်ကျော ဘက်မှာကပ်လျက်ရှိတယ်”လို့ ပြောရင်း မိမိက လက် ထွာနှစ်ခုကို ဆိုင်ပြလိုက်တယ်။

   ဟောဒီမှာ လက်ထွာနှစ်ခုဆိုင်ထားတာကို တွေ့တယ်မို့လား၊ အဲဒါ တစ်ဘက်က လောက (သံသရာ)၊ တစ်ဘက်က နိဗ္ဗာန်ပဲ၊ သူတို့ချင်းက မျက်နှာချင်းဆိုင်လျှက် ကပ်နေတာနော်၊ အဲဒီမျက်နှာ ချင်းဆိုင်နှစ်ခုရဲ့ အလည်တည့်တည့်မှာဆိုင်လျက် ကပ်နေတာနော်၊ အဲဒီမျက်နှာချင်း ဆိုင်နှစ်ခုရဲ့ အလယ်တည့်တည့်မှာ ကျုပ်တို့အားလုံး ဒကာမကြီးပါ အပါအဝင် လောကသားတွေအားလုံး ရပ်တည် နေကြတာ။ အဲဒါကိုမြင် အောင်ကြည့်၊ အခု ဒကာမကြီး ကိုယ်ရောက်နေတဲ့ နေရာကိုလဲ သိပြီ၊ လောကကိုကျော်လွန်တဲ့ လောကုတ္တရာ နိဗ္ဗာန်ဟာ ဘယ်မှာလဲ ဆိုတာလည်း သိပြီနော်၊ သဘော ပေါက်ရဲ့လား” ဆိုတော့ “သဘောပေါက်ပါတယ်”တဲ့။

  “ကဲ.. ဒါဖြင့် အခု ဒကာမကြီးဘာကို မျက်မှောက်ပြုနေသလဲ။ ဒကာမကြီးရဲံ စိတ်တွေဟာ ဘာကို အာရုံပြုနေသလဲ၊ ဘယ်ဆီစိတ်ရောက်နေသလဲလို့ ပြောတာ။ မိသားစုတွေ၊ ကိုယ့်အိမ်၊ ကိုယ့်နေရာ၊ ကိုယ့်ဆွေမျိုးသားချင်းတွေဆီ ရောက်နေသလား၊ နိဗ္ဗာန်ဆီရောက်နေသလား”ဆိုတော့ “အခုတော့ ကိုယ့်အိမ် ကိုယ့်နေရာတွေဆီပဲ ရောက်နေတာပေါ့”တဲ့။ “ကိုယ်အာရုံပြုနေတာ၊ စိတ်ရောက်နေ တာကို မျက်မှောက်ပြုတယ်လို့ ခေါ်တာပဲ၊ အခု ဒကာမကြီးရဲ့စိတ်တွေ ရပ်ထဲ ရွာထဲဆီ ရောက်နေတယ်ဆိုရင် ဒကာမကြီးဟာ လောကကြီးကို မျက်မှောက်ပြုနေတယ်လို့ ဆိုရမှာပေါ့၊ ဒီဘက်ကိုလေ ဆိုပြီး မိမိက လောကလို့ သတ်မှတ်ထားတဲ့ လက်ထွာကို လှုပ်ပြလိုက်တယ်။ ပြီးတော့ လောကုတ္တရာဖြစ်တဲ့ နိဗ္ဗာန်လို့ ပြောထားတဲ့ လက်ထွာကို လှုပ်ပြပြီး“ ဒီအချိန်မှာ လောကုတ္တရာဖြစ်တဲ့ နိဗ္ဗာန်က ဘယ်မှာရောက်နေမလဲ”ဆိုတော့ ရယ်ကျဲကျဲလုပ်နေပြီး “အဲလိုဆိုတော့ နိဗ္ဗာန်က ကျော ဘက်ရောက်နေမှာပေါ့”တဲ့။

   အေး… ဒကာမကြီးက လောကဘက်ကို မျက်မှောက်ပြုနေသမျှ လောကုတ္တရာဖြစ်တဲ့ နိဗ္ဗာန်က ကျောဘက်မှာ ရောက်နေမှာပဲ၊ အဲလိုဆိုရင် ဒကာမကြီး နိဗ္ဗာန်ကို တကယ်ပဲ အခုချက်ချင်း မျက်မှောက်ပြုချင်တယ်ဆိုရင် ဘာလုပ်ရမလဲ သိပြီလား၊ လောကအာရုံကို မျက်မှောက်ပြုနေတာကို ရပ်ပြီး ကျောခိုင်းကြည့်စမ်းပါ၊ အဲဒီလိုဖြစ်လာရင် စိတ်က နိဗ္ဗာန်ကို အလိုလို မျက်မှောက်ပြုမိ လျှက် သား ဖြစ်မသွားလောက်ပေဘူးလား”ဆိုတော့ “ဒီလိုတောလဲ လွယ်သလိုလိုပဲ”တဲ့။

   ကဲ..ဒကာမကြီး ရောက်ရောက်ချင်းပြောတာ နိဗ္ဗာန်ကို အလွန်မျက်မှောက် ပြုချင်လွန်းလို့ ဟောပြ ပေးပါလို့ တောင်းဆိုခဲ့တာနော်၊ အခု ဟောပြပြီးပြီ၊ နိဗ္ဗာန်ရှိတဲ့ နေရာလဲ သိပြီ၊ နိဗ္ဗာန်ကို မျက်မှောက်ပြုချင်ရင် ဘာလုပ်ရမယ်ဆိုတာလည်း သိပြီမဟုတ်လား။

   နိဗ္ဗာန်ဆိုတာ လူတွေထင်နေကြသလို ဟိုး အဝေးကြီးမှာ ရှိတာမဟုတ်ဘူး။ လူတွေ မျက်မှောက်ပြုနေတဲ့ လောကကြီးနဲ့( ၁၈၀)ဒီဂရီလောက် တိမ်းစောင်းပြီး အာရုံပြုလိုက်ရု့ပါပဲ။ အဲဒီ အချိန်မှာ အိမ်က ဒကာကြီးရော၊ သားသမီးတွေရော ကျောခိုင်းပြီးသား ဖြစ်သွားမှာနော်၊ အဲ.. ဘယ်နှယ့်လဲ နိဗ္ဗာန်ကို အမြန်ဆုံး မျက်မှောက်ပြုချင်တယ်ဆို၊ အခုမျက်မှောက်ပြုတော့လေ”လို့ လည်း ဆိုလိုက်ရော ဒကာမကြီးက ရယ်တော့ မလိုလို၊ ငိုတော့ မလိုလို၊ ဘယ်လို ထားရမှန်း မသိတဲ့ မျက်နှာ ကြီးနဲ့…

    အင်း.. သူတို့အဖေကတော့ အရေးမကြီးပါဘူး၊ ခုလည်း ရိပ်သာမှာပဲ အမြဲတမ်း နိဗ္ဗာန်ဆော် လုပ်နေတာပဲဟာ၊ အိမ်မှာက သမီးနှစ်ယောက် အလွတ်ရှိနေသေးတော့ ကိုယ့်တာဝန်တွေက မကျေ သေးသလိုဖြစ်နေလို့ပါ” ဆိုသလို ဘာလိုလိုနဲ့ တဖြည်းဖြည်း နောက်ကို ရွှေ့သွားပါတယ်။
“ဒကာမကြီးအရင်က ဈေးရောင်းခဲ့တယ်ဆို၊ ကိုယ့်ဈေးဆိုင်မှာ ဝယ်သူက သူကြိုက်သလို ဈေး ဆစ်ကြီးမှ မဝယ်ဘူးဆိုပြီး ထပြန်သွားရင် ဘယ်လိုပြောမလဲ”လို့ ပြောလိုက်တော့ နည်းနည်းတန့်သွား ပြီး လက်သည်းနဲ့ ကြမ်းကို ကုတ်သလိုလို၊ အပြင်မှာပဲ အရေးကြီးတဲ့ကိစ္စရှိသလိုလိုနဲ့ လှမ်းကြည့်နေပါ တယ်။

    မဝယ်ဘဲနဲ့ နင်းကန်ဈေးဆစ်နေကြတာဟာ ဈေးဖျက်တာပဲလို့ ပြောတယ်မဟုတ်လား၊ မြတ်စွာ ဘုရားဟောခဲ့တဲ့ နိဗ္ဗာန်တရားတော်ကြီးကလဲ ဒီအတိုင်းပါပဲဗျာ၊ မဝယ်နိုင်ဘဲနဲ့ ဈေးလာလာ ဆစ်နေ ကြတာ၊ ကြာတော့ နိဗ္ဗာန်ဈေး ပျက်ပျက်လာနေတယ်၊ တော်ကြာရင် “နိဗ္ဗာန်တွေ အလကားရမယ် နော်”လို့များ အော်ရောင်းနေရတဲ့ အခြေအနေတောင် ရောက်သွားမလား မပြောတတ် တော့ဘူး။ နောက်ဆိုရင် မဝယ်နိုင်ဘဲနဲ့တော့ ဈေးမဆစ်တော့နဲ့နော်” ဆိုတော့ ဒကာမကြီးလဲ ယောင်ရမ်းပြီး “တင်ပါ နောက်တော့ ဝယ်မှာပါ ဘုရား”လို့ ပြောရင်း ဦးမြန်မြန်ချပြီး ထပြန်တော့တာပဲ။

   သူတံခါးဝရောက်တော့မှ မိမိက “အေးဗျာ ပွင့်တော်မူသမျှ ဘုရားအဆူဆူကလဲ “နိဗ္ဗာန်ကို မျက်မှောက်ပြုရမယ်”လို့ချည်း ဟောတော် မူသွားကြတယ်။ ဒီဘုရားရှင်တွေ ဟောခဲ့သမျှ နိဗ္ဗာန် မဂ် ဖိုလ် ရက်တိုတိုနဲ့ ရ ရ ရောက်ရ ပါလို၏”ဆိုတာတွေ ဆုမတောင်းတော့နဲ့၊ “နိဗ္ဗာန်ကို နောက်စေ့နဲ့ ပြုလို့ရတယ်လို့ဟောပေးမယ့် ဘုရားရှင်မျိုးနဲ့ တွေ့ရပါလို၏” လို့သာ ဆုတောင်းနော်၊ ကြားလား” လို့လည်း ဆိုလိုက်ရော ဒကာမကြီးလဲ မျက်နှာပူလို့လား၊ အရေးကြီးလို့လားတော့မသိဘူး နောက်ကို ပြန်မကြည့်တော့ဘူး တစ်ခါတည်း လစ်တော့တာပဲ။

   အမှန်ကတော့ အဲဒီဒကာမကြီးကို ပြောတာတွေဟာ ရယ်စရာစကားမျိုး မဟုတ်ပါဘူး၊ နိဗ္ဗာန်နဲ့ သံသရာတို့ရဲ့ ခြားနားချက်က အာရုံအနေ နဲ့(၁၈ဝ)ဒီဂရီသာကွာတယ်လို့ပဲ ပြောရမှာ၊ ဘေးထွက်ပြီး အထူးရှာရမှာ မဟုတ်ဘူး၊ ဒီဒုက္ခခန္ဓာကြီးထဲမှာပါပဲ။ သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ= အကျဉ်းချုပ် အနေနဲ့ပြောရရင် အစွဲဥပါဒါန်တွေနဲ့ ဖွဲ့နှောင်ထားတဲ့ ခန္ဓာငါးပါးဟာ ဒုက္ခဖြစ်တယ်”လို့ မြတ်ဗုဒ္ဓက ဟောတော်မူထားတယ်မို့လား။ အဲဒီထဲက “အစွဲဥပါဒါန်”ဆိုတဲ့ အနှောင်အဖွဲ့ကြီးကို ဖယ်ရှားလိုက်ရင် ဒုက္ခဆိုတာလဲ ဖယ်ရှားပြီးဖြစ်သွားမှာပါ။

  ဒီလိုဆိုရင် အစွဲဥပါဒါန်ကင်းစင်သွားတဲ့အခါ ခန္ဓာငါးပါးကြီးဟာ ဒုက္ခချုပ်ငြိမ်းနေတဲ့ ခန္ဓာကြီးဖြစ် မသွားပေဘူးလား။ မောင်ရင်တို့ ဖတ်တဲ့စာအုပ် ကိုရေးတဲ့ ဆရာတော်ကလည်း ဒါကိုပြောပြချင်တာပါ။ ကဲ မောင်ရင်တို့လည်း နိဗ္ဗာန်ကို ဈေးလာလာဆစ်မနေကြတော့နဲ့၊ နောက်ဆုံးတော့ မျက်မှောက်ပြုလို ကြတာ မဟုတ်ဘူး၊ နောက်စေ့နဲ့ပြုပဲ ပြုလိုကြတဲ့ အစားထဲပါနေမှာပဲမဟုတ်လား။ ကဲ… ဒါဆိုတော်ကြ စို့။
နိဗ္ဗာန်ကို နောက်စေ့ပြုလိုစိတ်များ ကင်းဝေးကြစေသော်….။     ။

ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)



Tuesday, September 4, 2012

ဝါခေါင်လပြည့် မေတ္တာနေ့





ဝါခေါင်လပြည့် မေတ္တာနေ့

ပန်းရနံ့ ခတ္တာတို့ ချပ်ဝတ်လွှာ အစုံစုံ လှပသော လဝါခေါင် မေတ္တာနေ့ကို မကြာခင် ရောက် လာတော့မည့်မို့ အစဉ်လာကောင်းတဲ့ မြတ်ဗုဒ္ဓရဲ့ ရင်ခွင်မှာ မွေးဖွာကြသော သူတော်စင်တွေ အတွက် (Discourse on Loving-kindness) မေတ္တာသုတ်လာ တရားအကြောင်းလေးကို ရေး စပ်မိပါတယ်။

ယနေ့ သာသနာတော်နှစ် ၂၅၅၆ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၄ ခုနှစ်၊ ခရစ်နှစ် ၂၀၁၂ ခုနှစ်၊ (The full moon day of Wagaung) ဝါခေါင်လပြည့်နေ့ဟာ ခတ္တာငုံ-ချပ်လွှာမှုန် ရနံ့သင်းပါလို့ ဝါခေါင်မိုးစက်တွေကို သယ်ဆောင်ပြီးကာ စိုပြေလန်းဆန်းစွာ ရောက်ရှိလာသည့် အချိန်အခါ ပင် ဖြစ်သည်။

Loving-kindness or compassionate love purifies the mind and the mind becomes a very energetic force to radiate for the well-being of others. Loving-kindness is the basic of morality, concentration and wisdom as to the way of meditation.

When practiced together with wisdom and insight, loving-kindness or metta will indeed become a powerful healing force which will transform us into a more compassionate and caring community, as well as transmuting all negative energies and entities into light, love and harmony. ဟု အင်္ဂလိပ် လို အဓိပ္ပာယ် အနည်းငယ် ဖွင့်ဆိုလိုက်ပါတယ်။

ထို့အပြင် *ဝါဆိုပန်း မင်းလွင်ပုန်းညက်နွမ်းရက် အလွန်ကြွေ ပြီ မို့ သိဟ်ရာသီ ဝါခေါင်မိုး နဲ့ လှမ်းလာခဲ့တော့ ခတ္တာ ရေ* လို့ ဆိုကြတာလည်း ကြားဖူး ကြမည်သာ ဖြစ်သည်။

ဝါခေါင်လပြည့်နေ့ကို မေတ္တာအခါတော်နေ့ (Loving-kindness Day) လို့ ခေါ်ရတာက ပါဠိ အဋ္ဌကထာဋီကာ (According to Pali Canon, Commentaries, Sub-Commentaries) အသွားအလာ အဆိုအမိန့်တို့ကိုကြည့်ရှု ရှေ့နောက်ထောက်ထား၍ (Loving-kindness Sutra or Discourse) ဆိုတဲ့ မေတ္တာသုတ်တော်ကို ဒီနေ့မှာ (သို့မဟုတ်) ၀ါခေါင်လမပြည့်မီလေးမှာ ၁-ရက်၊ ၂-ရက် အလိုမှာ ဟောတော်မူခဲ့တာပဲလို့ တွက်ချက် ယူဆပြီး မေတ္တာအခါတော်နေ့ (Loving-kindness Day) လို့ ဆိုခြင်းဖြစ်ပါတယ်။

မြတ်စွာဘုရား သက်တော်ထင်ရှား ရှိတော်မှုစဉ် မြတ်စွာဘုရား ကောသလတိုင်း သာဝတ္ထိ မြို့ ဇေတ၀န်ကျောင်းမှာ ကိန်းအောင်း စံပျော်တော်မူသော ကာလ၊ တခုသော ၀ါဆိုဦးမှာ သံဃာတော် (၅၀၀) တို့ ဘုရားထံမှာ (Meditation method or how to practice meditation) ဆိုသော ကမ္မဋ္ဌာန်းနည်း တောင်းခံပြီး တောအုပ်တစ်ခုသို့ဝင်၍ ၀ါကပ်ကာ တရားအားထုတ်နေ ကြပါတယ်။ သံဃာတော်တို့၏ (Observing Sila or Moralities) သီလအရှိန်ကို တောအုပ်ထဲ တွင် ရှိနေကြသော နတ်များက လွန်စွာလေးစား ရိုသေကြသောကြောင့် မိမိတို့ နေရာများမှ ဖယ်ရှားပေးကြလို့ ရှောင်နေကြပါတယ်။

ဥပမာ ပြောပြရရင် မိမိအိမ်ကို လေးစားထိုက်သော သူတို့လာလျှင် နေရာဖယ်ပေးရသလို လူသားတို့၏ (Method of Association) တစ်ခု လည်း ဖြစ်ပါတယ်။ သို့သော် အနေကြာ လာသောအခါ အိမ်ရှင်တို့မှာ နေထိုင်ရတာ ကြပ်တည်းသလို ဖြစ်ကြရပါတယ်။

ပြီးတော့ အဲဒီတောထဲမှာ တရားအားထုတ်နေတဲ့ သံဃာတွေကို ကြည်ညိုလေးစား သည့် တောစောင့်နတ်များ၊ တောင်စောင့်နတ်များ၊ ရုက္ခစိုး၊ ဘုမ္မစိုးများတွေ အနေကြပ်ကြတဲ့ အတွက် သူတို့နေရာမှာ တရားအားထုတ်နေကြသည့် သံဃာတော်များကို ခြိမ်းခြောက် ကြ၊ ချောက်လှန့်ကြပါတယ်။ အဲဒါကြောင့် ပုထုဇဉ်နယ်တွင်းမှာသာ ရှိနေသေးတဲ့ သံဃာတော် များ သမာဓိပျက်ပြီး ၀ါဆိုပြီးစ ၀ါတွင်းကာလ မှာပဲ မြတ်စွာဘုရားရှင် သီတင်းသုံးတော် မှုသော ဇေတ၀န်ကျောင်းတော်သို့ ပြန်လာခဲ့ရတယ်။ မြတ်စွာဘုရားက တရားအားထုတ်ကြ သည့် ရဟန်းတွေကို မေးစစ် ကြည့်တော့ တောချောက်လို့ ပြန်လာခဲ့ရတဲ့ အကြောင်း လျှောက် တင်ကြပါတယ်။

အဲဒီအချိန်မှာ မြတ်ဘုရားက ချစ်သား ရဟန်းတို့ သင်ချစ်သားတို့သည် အဲဒီတောထဲက နတ်တွေ ကို မိတ်မဖွဲ့ကြလို့ သူတို့ ချောက်လှန့် တာဖြစ်ပါတယ်။ ချစ်သားရဟန်းတို့ သူတို့နေရာမှာ သူတို့ ကို ကောင်းစွာ မိတ်ဖွဲ့ပြီးမှ နေကြမယ်ဆိုလျှင် ချစ်ခင်မြတ်နိုးနေကြလိမ့်မယ်။ ရဟန်းတို့ မိတ်ဖွဲ့ကြောင်း အကျင့်ကောင်းကို သင်ယူသွားကြ၊ ဒီနေရာ ဒီတောထဲကိုပဲပြန်သွားကြ၊ တော အုပ်ထဲသို့မ၀င်ခင် အဲဒီထဲမှာရှိတဲ့ နတ်တွေကို မိတ်ဖွဲ့ကြ၊ မိတ်ဆွေဖွဲ့ကြောင်း အကျင့်ကောင်း ကတော့ မေတ္တာတရားပဲဟု မိန့်တော်မူကာ မေတ္တာသုတ်ကို ဟောတော်မူ ပါတယ်။ မေတ္တာ သုတ်ကို နာကြားသင်ယူပြီး ထိုရဟန်း(၅၀၀)တို့ ထိုတောအုပ်ထဲကို ပြန်သွားကြရပါတယ်။ တော မ၀င်ခင် မေတ္တာပွားကြတဲ့ အတွက် ယခင် ခြိမ်းခြောက်လွှတ်ခဲ့တဲ့ နတ်များဟာ ယခုတော့ ကျောင်းသား၊ ကပ္ပိယ၊ တပည့်များကဲ့သို့ တရိုတသေ ခရီးဦးကြိုဆို ၍ နေရာပေး ကြ၊ ပြုစုလုပ်ကျွေးကြပါတယ်။ မေတ္တာသုတ်တော်ဖြင့် နတ်များကို မိတ်ဖွဲ့ပြီး နတ်များ အစောင့်အရှောက်ဖြင့် အထက်ပါ ရဟန်း (၅၀၀) တို့ အဲဒီတောထဲမှာပဲ ၀ါဆိုဝါကပ်ပြု၍ တရားအားထုတ်ကြရာ ရဟန်းတော် အားလုံး ၀ါတွင်းမှာပဲ ရဟန္တာဖြစ်ခဲ့ကြပါတယ်။

ရဟန္တာတွေဖြစ်ပြီးနောက်ပိုင်း မကြာခင်တွင် ရဟန်းတော်အားလုံး ဘုရားဖူးဖို့၊ ပြန်လည် အစီရင် ခံဖို့ ဇေတ၀န်သို့ ပြန်ခဲ့ကြပါတယ်။ အထက်ပါ အတ္ထုပ္ပတ္တိအသွားအလာကိုကြည့်လျှင် နတ် များချောက်သဖြင့် ဇေတ၀န် ပြန်ရောက်တာ ၀ါခေါင်လပြည့် ဒုတိယ၀ါဆိုနေ့ပါပဲ။ (Metta or Loving-kindness Discourse) မေတ္တာသုတ်ကို ဝါခေါင်လပြည့်နေ့မှာ နာကြားပြီး ထိုတော သို့ပြန်၍ ၀ါကပ်ခဲ့ရတာ ဖြစ်ပါတယ်။့ ဒါကြောင့် ၀ါခေါင်လပြည့်နေ့ကို မေတ္တာ သုတ်တော်နေ့၊ မေတ္တာအခါတော်နေ့ရယ်လို့ ခေါ်ဆိုခြင်း ဖြစ်ပါတယ်။

ဒီနေရာမှာ (Loving-kindness) မေတ္တာဆိုတာကို (According to Abhidhamma) အဘိဓမ္မာမှာ (Respective Dhamma) တရားကိုယ်အားဖြင့် (Non-Hatred) အဒေါသ စေတသိက်လို့ ဆိုပါတယ်။ (Non-Anger) အမျက်မထွက်ခြင်း၊ (Non-Hatred) စိတ်မဆိုးခြင်း၊ (Non-violence) မဖျက်ဆီးခြင်း၊ (Non-Revulsion) မနှောင့်ယှက်ခြင်း၊ ရန်မပြုခြင်း စသည် (Meaning) အဓိပ္ပာယ်များ ရပါတယ်။

ဒါကြောင့်လည်း (Association or Environment) မှာပဲ ကြည့်ကြည့် မိမိ သူတစ်ပါး အသိုင်းဝိုင်းထဲမှာ (Hatred) ဒေါသတရားက ရန်ညှိုးရန်သူဖွဲ့တဲ့ (Unwholesome Dhamma) မကောင်းတရားဖြစ်လို့ (Non-Hatred) အဒေါသတရားက မိတ်ဆွေဖွဲ့တဲ့တရား၊ ချစ်ခင်သူများပြားအောင် စည်းရုံးတဲ့ (Wholesome Dhamma) အကောင်းတရား ကုသိုလ်တရားတွေ ဖြစ်သည်။ အဲဒီတော့ (Hatred) ဒေါသသည် (Element of Fire) အပူဓာတ်ဖြစ်လို့ (Association or group) အဖွဲ့အစည်းကို ပျက်ပြယ်စေတတ်ပါတယ်။ (Non-Hatred) အဒေါသကတော့ (Element of peace) အအေးဓာတ်ဖြစ်တဲ့အတွက် (Association or group) အဖွဲ့အစည်းကို (Root of Encourage) အားပေးခိုင်မြဲစေပါတယ်။

ထိုသဘောတရားများသည် မှန်ကန်ပါတယ်။ ဒေါသအားကြီးတဲ့ သတ္တ၀ါများမှာ ကြမ်းတမ်းတဲ့ သဘောတွေ လွှမ်းမိုးနေတာကြောင့် (Approaching and Association Method) ချဉ်းကပ်ပေါင်းသင်းဖို့ နည်းလမ်းက အလွန်ခက်ပါတယ်။ အဲဒီလို ဒေါသအားကြီးသော သတ္တဝါများသည် သူတို့မှာ ချစ်ခင်သူမိတ်ဆွေ ရှားပါးနေတတ်ပါတယ်။

ဥပမာ ကျားတွေ၊ ခြင်္သေ့တွေ၊ မြွေပွေး၊ မြွေဟောက်တွေ အနီးအနားသို့ လူတွေ၊ တိရိစ္ဆာန်တွေဟာ ချဉ်းကပ်ဖို့ရန် မ၀ံ့မရဲ ခက်ခဲ နေသလိုပါပဲ။ ဒါကြောင့် လူသားတိုင်း ရှိသင့်တဲ့ (Loving-kindness meditation or Observing Loving-kindness) မေတ္တာဘာဝနာ ဆိုတာဟာ ကျား၊ ခြင်္သေ့၊ မြွေပွေး၊ မြွေဟောက်နဲ့တူတဲ့ ဒေါသစိတ်ကို ခေါင်းပါးအောင်၊ ပယ်နှုတ်နိုင်အောင် လေ့ကျင့်တဲ့ ကျင့်စဉ်ပဲ ဖြစ်ပါတယ်။

တကယ်တော့ (Loving-kindness meditation) မေတ္တာဘာဝနာဖြင့် (Hatred) ဒေါသကို (Reduce) လျော့၍ လျော့၍၊ (burn down) နှိမ်၍ နှိမ်၍၊ (Remove) ပယ်၍ ပယ်၍ လာခဲ့ရာ တဖြည်းဖြည်းချင်း ဒေါသခေါင်းပါးလာသောအခါ အတ္ထကုသလ၊ သက္က၊ ဥဇု စသော ကောင်းမြတ်သည့် (Respective qualification) ဂုဏ်အရည်အချင်းများ (Development) တိုးတက်လာမည် ဖြစ်ပါသည်။ အတ္ထကုသလဆိုတာ (Benefit) အကျိုးစီးပွားရှိသည့် အလုပ်၌ (Skillful)ကျွမ်းကျင်နိုင်နင်းခြင်း ဖြစ်ပါတယ်။ ဒေါသော အတ္ထ န ဇာနာတိ စသည်ဖြင့် ဟောသောဒေသနာများမှာ ဒေါသသည် (Good Result) ကောင်းကျိုး၊ (Bad Result) ဆိုးကျိုးကို မသိ၊ မမြင်ဟု ဟောတော်မူ ပါသည်။

အဲဒါကြောင့် ဒေါသကင်းသောစိတ် = အဒေါသစိတ်ကို ပိုင်ဆိုင်သူသည်သာလျှင် အတ္ထကုသလ = အကျိုးစီးပွား၌ ကျွမ်းကျင်နိုင်နင်းသူ၊ သက္ကော = မိမိ သူတပါး အကျိုးများသည့် လုပ်ငန်း၌ စွမ်းနိုင်သူ စသည် ဖြစ်လာပါလိမ့်မည်။ ဒေါသအမှောင်တွင်း၌ ကျရောက်နေသူသည် မိမိနှင့် လူအများ အကျိုးဖြစ်မည့် လုပ်ငန်းမျိုး၌ ကျွမ်းကျင်မှုနှင့် စွမ်းရည်များမရှိတော့သည့်အပြင် ပျက်စီးခြင်းသို့ပင် ကျရောက်သွားနိုင် ပါသည်။

ဒေါသစိတ်ကို မေတ္တာဖြင့် ပယ်ရှားနိုင်သူသည်-

၁။ မိမိ သူတပါး ကောင်းကျိုးများသည် လုပ်ငန်းများ၌ ကျွမ်းကျင်နိုင်နင်းလာမည်။ (One who can be a skillful in goodness)

၂။ ထိုလုပ်ငန်းမျိုး၌ လုပ်ကိုင်ဆောင်ရွက်နိုင်သော အစွမ်းသတ္တိများ ရှိလာမည်။ (One who can keep on work as skillful power)

၃။ ဒေါသကင်းသည့် ထိုသူသည် ကိုယ်နှုတ်စိတ်သုံးပါး အလွန်ဖြောင့်မတ်လာမည်။ (upright, Straightforward)

၎။ စိတ်ထားနူးညံ့လာသည့်အတွက် ပြောဆိုဆက်ဆံရာမှ အလွန်လွယ်ကူလာမည်။ (gentle in speech)

၅။ အခြေအနေ အရပ်ရပ်မှာ ကျေနပ်နှစ်သိမ့်အောင် နေတတ်သူ ဖြစ်လာမည်။ (Humble and not conceited)

၆။ ဒေါသကင်းသည့် ထိုသူကို ပြုစုလုပ်ကျွေးဖို့ လွယ်ကူချောမွတ်နေမည်။ (Contented and easily satisfied)

၇။ အရာရာကို ကျေနပ်အောင် နှလုံးသွင်းတတ်သည့်အတွက် အမှုကိစ္စ မများတော့ပေ။ (Unburdened with duties and frugal in their ways)

၈။ အပိုကိစ္စ၊ အပိုအလုပ်တွေ နည်းသွားပြီး ကိုယ်နှုတ်စိတ်များ ပေါ့ပါး သွက်လက်လာမည်။ (Unburdened with duties and softness of mind and matter)

၉။ တည်ငြိမ်သော စိတ်ထား၊ ရင့်ကျက်သော အသိဉာဏ်၊ ယဉ်ကျေးသိမ်မွေ့ ချိုသာသော စကားရှိသည့် ဂုဏ်သရေရှိ လူကြီးလူကောင်း (Gentleman) တယောက် ဖြစ်လာလိမ့်မည်။ (Peaceful and calm and wise and skillful)


၁၀။ ဒေါသကင်းသည့် မေတ္တာရှင်သည် မိမိပတ်ဝန်းကျင် လောကနှင့်လူသားတို့ အပေါ်မှာ ဒေါသဖြင့် ရန်ညှိုးဖွဲ့၍လည်း ညိကပ်၍မနေဘဲ ထိုဒေါသဖြင့်ပင် အမျက်ထွက်၍မောင်းနှင် မထုတ်ဘဲ တွယ်တာခြင်း (Attachment) နှင့် တွန်းထုတ်ခြင်း (Detachment) တို့မှ လွတ်မြောက်၍ တနည်းအားဖြင့် (Fire of Craving) ရာဂဖြင့် ညိကပ်ခြင်း၊ (Fire of Hatred) ဒေါသဖြင့် စက်ဆုတ်ခြင်းတို့မှ လွတ်မြောက်၍ ပတ်ဝန်းကျင်နှင့် လူသားတို့အပေါ်မှာ ချစ်သူ၊ မုန်းသူ၊ ဝေးသူ နီးသူ၊ ယုတ်သူ မြတ်သူ စသည် မခွဲခြား တသားတညီတည်း သဘောထား၍ အပိုင်းအခြားမရှိ၊ ခွဲခြားမှုမရှိ အစွန်းနှစ်ဘက်မှ လွတ်မြောက်လာမည် ဖြစ်သည်။ ထို့ကြောင့် မေတ္တာကို စေတောဝိမုတ္တိဟူ၍ လည်းကောင်း၊ အပရိမာဏ ဟူ၍ လည်းကောင်း ဟောတော်မူပါသည်။


မြတ်ဗုဒ္ဓ ကိုယ်တော်တိုင် ပေးသော မေတ္တာတရားတော်သည် (According to Pali) ပါဠိတော်ကို ပြန်ထောက်ကြည့်ပြန်သောအခါ (Loving-kindness) မေတ္တာ၏ (Meanings) အနက်အဓိပ္ပာယ်များသည် (Measureless) အတိုင်းတာ ပမာဏမရှိအောင် များပြားလှသဖြင့် အနည်းငယ် (Pali and Commentaries) ပါဠိတော် အဋ္ဌာကထာတို့ကို ထုတ်နုတ်၍ တင်ပြခြင်းပါတယ်။ အချို့သော နေရာတွင် (မဇ္ဇတိ သိနေသတီတိ မေတ္တာ) လို့ အဘိဓာန်ဋီကာ စာမျက်နှာ (၁၆၁) မှာ လာရှိသည်အတိုင်း ဖော်ပြရလျှင် မေတ္တာ၏ အဓိပ္ပာယ်များသည် (ချစ်တတ်သော သဘောတရား၊ ချစ်တတ်-အကျိုးစီးပွါးကို အလိုရှိတတ်-သော ခန္ဓပဗန္ဓ၌ ဖြစ်တတ်သော သဘောတရား၊ ချစ်အပ်သော ပိယပုဂ္ဂိုလ်ဟူသော အာရုံ၌ ဖြစ် တတ်သော သဘောတရား၊ ထိုသဘောတရားများကို မေတ္တာ) ဟု ခေါ်ပါတယ်။

ထို့အပြင် (ဧတာသု ဟိ မေတ္တာကရုဏာမုဒိတာဥပေက္ခာသု အတ္ထတော တာဝ မေဇ္ဇတီတိ မေတ္တာ, သိနိယှတီတိ အတ္ထော။ မိတ္တေ ဝါ ဘဝါ, မိတ္တဿ ဝါ ဧသာ ပဝတ္တတီပိ မေတ္တာ။ ပရဒုက္ခေ သတိ သာဓူနံ ဟဒယကမ္ပနံ ကရောတီတိ ကရုဏာ။ ကိဏာတိ ဝါ ပရဒုက္ခံ ဟိံသတိ ဝိနာသေတီတိ ကရုဏာ။ ကိရီယတိ ဝါ ဒုက္ခိတေသု ဖရဏဝသေန ပသာရိယတီတိ ကရုဏာ။ မောဒန္တိ တာယ တံသမင်္ဂိနော, သယံ ဝါ မောဒတိ, မောဒနမတ္တမေဝ ဝါ တန္တိ မုဒိတာ။ ‘အဝေရာ ဟောန္တူ’တိအာဒိဗျာပါရပ္ပဟာနေန မဇ္ဈတ္တဘာဝူပဂမနေန စ ဥပေက္ခတီတိ ဥပေက္ခာ။) (အဘိ၊ ဋ္ဌ၊ ၁၊၂၃၇) မှာလည်း မေတ္တာ၏ အဓိပ္ပာယ်များကို ဖွင့်ဆိုထားပါသည်။


ရှေးဆရာတော်ကြီးများကလည်း အောက်ပြကဗျာလေးကို ရေးသွားတာလည်း တွေ့ရှိနိုင်ပါတယ်။

တနေ့သုံးခါ အိုးတစ်ရာဖြင့်
ချက်ခါထမင်း ကျွေးမွေးခြင်းထက်
မယွင်းစင်စစ် နို့တစ်ညှစ်စာ
ကြိမ်သုံးခါပွား မေတ္တာပွားများ
အကျိုးများသည် ဘုရားမြတ်စွာ မိန့်ခွန်းတည်း.....။

မေတ္တာသုတ္တန်လာ အောက်ပြအတိုင်း ပါဠိတော်နှင့် အနက်အဓိပ္ပာယ်များ

( ၁ ) ဟေ ၊ အိုသူတော်ကောင်းတို့ ။ ယဿပရိတ္တဿ ၊ အကြင်မေတ္တာသုတ်ပရိတ်တော်၏။ အနုဘာဝတော၊ အစွမ်းရှိန်စော်အာနုဘော်ကြောင့်။ ယက္ခာ၊ နတ်ဘီလူးအများတို့သည်။ ဘီသနံ၊ ကြောက်မက်ဖွယ် အာရုံမျိုးကို။
နေ၀ ဒဿန္တိ၊ မပြနိုင်ကြကုန်။ ယမှိစေ၀၊ အကြင်မေတ္တာသုတ် ပရိတ်တော်၌ သာလျှင်။ ရတ္တိန္ဒိဝံ၊ နေ့ည မပျက် အခါခပ်သိမ်း။ အတန္ဒိတော၊ ပျင်းရိခြင်းမရှိဘဲ။ အနုယုဉ္ဇန္တော၊ ထပ်တလဲလဲ စွဲမြဲရွတ်ပွား အားထုတ်သူသည်။

( ၂ ) သုခံ၊ ချမ်းချမ်းသာသာ။ သုပတိ၊ အိပ်စက်ရ၏။ သုတ္တော၊ အိပ်ပျော်သည်ရှိသော်။ ကိဉ္စိ၊ တစ်စုံ တစ်ခုသော။ ပါပံ စ၊ အိပ်မက်ဆိုးကိုလည်း။ နပဿတိ၊ မမြင်မက်ရ။ ဧ၀ါမာဒိဂုဏူပေတံ၊ ဤသို့အစ ရှိသော
အကျိုးဂုဏ်အင် အာနိသင်နှင့်ပြည့်စုံသော။ တံပရိတ္တံ၊ ထိုမေတ္တာသုတ် ပရိတ်တော်ကို။ မယံ၊ ငါတို့သည်။ ဘဏာမ ၊ ရွတ်ကြကုန်စို့။

( ၃ ) သန္တံ၊ ငြိမ်သက်အေးချမ်းသော။ ပဒံ၊ နိဗ္ဗာန်ကို။ အဘိသမေစ္စ၊ အာရုံယူဘိ ထွင်းဖောက် မြင်သိ၍။ (၀ိဟရိတုကာမေန၊ နေခြင်းငှာ အလိုရှိသော) အတ္ထကုသလေန၊ အကျင့်အမျိုမျိုးအကျိုးစီးပွား၌ လိမ္မာသူသည်။ ယံ ကရဏီယံ၊ ပြုကျင့်ရမည့်သိက္ခာ သုံးရပ် အကျင့်မြတ်သည်။ အတ္ထိ၊ ရှိ၏။ တံ၊ ထိုသိက္ခာသုံးရပ်အကျင့် မြတ်ကို။ ကရဏီယံ၊ ပြုကျင့်ထိုက်ပေ၏။ သက္ကော စ၊ စွမ်းနိုင်သူလည်း။ အဿ၊ ဖြစ်ရာ၏။ ဥဇူ စ၊ ဖြောင့်မတ်သူလည်း။ အဿ၊ ဖြစ်ရာ၏။ သုဟုဇူ စ၊ အလွန်ဖြောင့်မတ်သူလည်း။ အဿ၊ ဖြစ်ရာ၏။ သုဝစော စ၊ ဆိုဆုံးမလွယ်သူလည်း။ အဿ၊ ဖြစ်ရာ၏။ မုဒု စ၊ နုညံ့ပျော့ပျောင်းသူလည်း။ အဿ၊ ဖြစ်ရာ၏။ အနတိမာနိ စ၊ မာန်ထောင်လွှားခြင်းမရှိသူလည်း။ အဿ၊ ဖြစ်ရာ၏။

( ၄ ) သန္တုဿကော စ၊ တင်းတိမ်ရောင့်ရဲလွယ်သူလည်း။ အဿ၊ ဖြစ်ရာ၏။ သုဘရော စ၊ အမွေးအမြူလွယ် သူလည်း။ အဿ၊ ဖြစ်ရာ၏။ အပ္ပကိစ္စော စ၊ နည်းပါးသောကိစ္စရှိသူလည်း။ အဿ၊ ဖြစ်ရာ၏။ သလ္လဟုက၀ုတ္တိ စ၊ ပေါ့ပါးသော အဖြစ်မျိုးရှိသူလည်း။ အဿ၊ ဖြစ်ရာ၏။ သန္တိန္ဒြိယော စ ၊ ငြိမ်သက်သော ဣနြေ္ဒ ရှိသူလည်း ။ အဿ ၊ ဖြစ်ရာ၏ ။ နိပကော စ ၊ ရင့်ကျက်သော ပညာရှိသူလည်း ။ အဿ၊ဖြစ်ရာ၏။
အပ္ပဂဗ္ဘော စ ၊ ကြမ်းတမ်းရိုင်းပြခြင်း မရှိသူလည်း ။ အဿ ၊ ဖြစ်ရာ၏ ။ ကုလေသု ၊ အိမ်သူ လူတို့၌ ။ အနနုဂိဒ္ဓေါ စ ၊ တွယ်တာမက်မောခြင်း မရှိသူလည်း။ အဿ၊ ဖြစ်ရာ၏။

( ၅ ) ယေန ၊ အကြင်ဒုစရိုက်စု ယုတ်ညံ့သောအမှုကြောင့် ။ ၀ိညူ ၊ ပညာရှိဖြစ်ကုန်သော ။ ပရေ ၊ သူတစ်ပါးတို့သည် ။ ဥပ၀ဒေယျုံ ၊ ကဲ့ရဲ့ပြစ်တင်ကုန်ရာ၏ ။ ခုဒ္ဒံ ၊ ယုတ်ညံ့သော ။ တံ ၊ ထိုဒုစရိုက်မျိုးကို ။ ကိဉ္စိ ၊ အနည်းငယ်ကလေး အသေးအဖွဲမျှကိုပင် ။ န အာစရေ ၊ မပြုကျင့်ရာ ။ သဗ္ဗသတ္တာ ၊ သတ္တ၀ါ မှန်သမျှတို့သည် ။ သုခိနော ၀ါ ၊ ကိုယ်၏ချမ်းသာခြင်းရှိကုန်သည်လည်းကောင်း ။ ခေမိနော ၀ါ ၊ ဘေးရန်ကင်းဝေး အေးချမ်းသာယာခြင်း ရှိကုန်သည်လည်းကောင်း ။ ဟောန္တု ၊ ဖြစ်ကြပါစေကုန်သတည်း။

( ၆/၇ ) အန၀သေသာ ၊ ကြွင်းမဲ့ဥဿုံ အလုံးစုန်ကုန်သော ၊ ယေ တသာ ၀ါ ၊ အကြင် ထိတ်လန့် တတ်သော ပုထုဇဉ် သေက္ခသည် လည်းကောင်း ။ ယေ ထာဝရာ ၀ါ ၊ အကြင်မထိတ်မလန့် တည်တန့်ခိုင်မြဲသော ရဟန္တာ တို့သည်လည်းကောင်း ။ ယေ ဒီဃာ ၀ါ ၊ အကြင် ခန္ဓာကိုယ်ရှည်လျှား သတ္တ၀ါ တို့သည်လည်းကောင်း ။ ယေ မဟန္တာ ၀ါ ၊ အကြင်ခန္ဓာကိုယ် ကြီးမားသတ္တ၀ါ များသည်လည်းကောင်း ။ ယေ မဇ္ဈိမ ၀ါ ၊ အကြင်မတိုမရှည် မကြီးမငယ် အရွယ်အလတ်စား သတ္တ၀ါတို့သည်လည်းကောင်း ။ ယေ ရဿကာ ၀ါ ၊ အကြင်ပုကွနိမ့်တို ခန္ဓာကိုယ် ရှိသော သတ္တ၀ါတို့သည်လည်းကောင်း ။ ယေ အဏုမာ ၀ါ ၊ အကြင်သေးငယ်မှုန်မွား သတ္တ၀ါများ တို့သည်လည်းကောင်း ။ ယေ ထူလာ ၀ါ ၊ အကြင်ဝိုင်းစက်ဆူဖြိုး သတ္တ၀ါမျိုးတို့သည်လည်းကောင်း ။ ယေ ဒိဋ္ဌာ ၀ါ ၊ အကြင်မြင်ဘူးသော သတ္တ၀ါတို့သည်လည်းကောင်း ။ ယေ အဒိဋ္ဌာ ၀ါ ၊ အကြင်မမြင်ဘူးသော သတ္တ၀ါ တို့သည်လည်းကောင်း ။ ယေ ဒူရေ ၀သန္တိ ၊ အကြင်အဝေးအရပ်၌ နေကြကုန်သော သတ္တ၀ါ တို့သည် လည်းကောင်း ။ ယေ အ၀ိဒူရေ ၀သန္တိ ၊ အကြင်အနီးအရပ်၌ နေကြသောသတ္တ၀ါ တို့သည်လည်းကောင်း ။ ယေ ဘူတာ ၀ါ ၊ အကြင်နောင်မဖြစ်ရ ဖြစ်ပြီးသားဖြစ်ကြသော ရဟန္တာတို့သည်လည်းကောင်း ။ ယေ သမ္ဘဝေသီ ၀ါ ၊ နောင်ဖြစ်ရမည့်ဘ၀ကိုရှာ အကြင်ပုထုဇဉ် သက္ခ သတ္တ၀ါတို့သည်လည်းကောင်း ။ ယေ ကေစိ ၊ အလုံးစုန်ကုန်သော ။ ပါဏဘူတာ ၊ သတ္တ၀ါတို့သည် ။ အတ္ထိ ၊ ရှိကုန်၏ ။ ဣမေပိသဗ္ဗသတ္တာ ၊ ဤအလုံးစုံကုန်သော သတ္တ၀ါတို့သည်လည်းကောင်း ။ သုခိတတ္တာ ၊ ချမ်းသာအေးမြ ကိုယ်စိတ်နှစ်ပါး ရှိကြကုန်သည်။ ဘ၀န္တု၊ ဖြစ်ကြပါစေကုန်သတည်း။

( ၈ ) ပရော ၊ တစ်ပါးသူတစ်ယောက်သည် ။ ပရံ ၊ သူတစ်ပါးအခြားသူတစ်ယောက်ကို ။ နနိကုဗ္ဗေထ ၊ စဉ်းလဲသမှု လှည့်ပါတ်ခြင်း မပြုပါစေလင့် ။ ကတ္ထစိ ၊ တစ်စုံတစ်ခုသောအရပ်၌ (ဘယ်အရပ်မှာမဆို ) ကိဉ္စိ ၊ တစ်စုံတစ်ယောက်သော ။ နံ ၊ ထိုသူတစ်ပါးကို ။ နာတိမညေထ ၊ မာန်ထောင်သမှု မထီမဲ့မြင် မပြုပါစေလင့် ။ ဗျာရောသနာယ ၊ ကိုယ်နှုတ်တို့ဖြင့် စော်ကားထိပါးနှိပ်စက်ခြင်းဖြင့် လည်းကောင်း ။ ပဋိဃသညာယ ၊ ဒေါသစိတ်ဖြင့်လည်းကောင်း ။ အညမညဿ ၊ အချင်းချင်း (တစ်ယောက်သည် တစ်ယောက်) ၏ ။ ဒုက္ခံ ၊ ဆင်းရဲခြင်းကို။ နဣစ္ဆေယျ ၊ အလိုမရှိပါစေလင့်။

( ၉ ) မာတာ ၊ မွေးသည့်မိခင်ကျေးဇူးရှင်သည် ။ နိယံပုတ္တံ ၊ မိမိရင်နှစ်သားရင်းဖြစ်သော ။ ဧကပုတ္တံ ၊ တစ်ဦးတည်းသောသားကို ။ အာယုသာ ၊ မိမိအသက်ဖြင့်သော်ပင် ။ အနုရက္ခေ ယထာ ၊ အစဉ်မကွာကွယ်ကာ စောင့်ရှောက်သကဲ့သို့ ။ ဧ၀မ္ပိ ၊ ဤအတူလည်း ။ သဗ္ဗဘူတေသု ၊ အလုံးစုံသောသတ္တ၀ါတို့၌ ။ အပရိမာဏံ ၊ အတိုင်းအတာပမာဏမရှိသော ။ မာနသံ ၊ မေတ္တာစိတ်ကို ပွားများပါလေ။

( ၁၀ ) ဥဒ္ဓံ ၊ အထက်လောက အရူပဘ၀၌လည်းကောင်း ။ အဓော ၊ အောက်ပြည်လောက ကာမဘ၀၌လည်းကောင်း ။ တိရိယံ ၊ အလယ်လောက ရူပဘ၀၌လည်းကောင်း ။ သဗ္ဗလောကသ္မိံ၊ အလုံးစုံသောလောက၌ ။ အပရိမာဏံ ၊ အတိုင်းအတာ ပမာဏမရှိသော ။ မေတ္တံ ၊ မေတ္တာနှင့်ရှင်သော ။ မာနသံ ၊ စိတ်ကို ။ အဝေယံ ၊ ဒေါသဟူဘိအတွင်းရန်လည်းမရှိသည်ကို ။ အသပတ္တံ ၊ နှိပ်စက်ရန်မူ အပရန်သူလည်း မရှိသည်ကို ။ (ကတွာ ၊ ပြု ၍ ) ဘာဝယေ ၊ ပွားများရာ၏။

(၁၁ ) တိဋ္ဌံ ၀ါ ၊ ရပ်လျှက်သော်လည်းကောင်း ။ စရံ ၀ါ ၊ သွားလျှက်သော်လည်းကောင်း ။ နိသိန္နော ၀ါ ၊ ထိုင်လျှက်သော်လည်းကောင်း ။ သယာနော ၀ါ ၊ အိပ်လျှက်သော်လည်းကောင်း ။ ယာဝတာ ၊ အကြင်မျှလောက် ။ ၀ိတမိဒ္ဓေါ ၊ ကင်းသောအိပ်ချင်ငိုက်မည်းခြင်းရှိသည် ။ အဿ ၊ ဖြစ်ရာ၏ ။ အထ ၊ ငိုက်မျဉ်းခြင်းကင်း ထိုအချိန်အတွင်း၌ ။ ဧတံ သတိံ ၊ ထိုမေတ္တာယှဉ်ဘိ ဈာန်သတိကို ။ အဓိဋ္ဌေယျ ၊ စွဲမြဲမကွာ ဆောက်တည်ရာ၏။
ဣဓ ၊ ဤဘုရားသာသနာတော်၌ ။ ဧတံ ၊ မေတ္တာမကင်း ဈာန်ဖြင့်နေခြင်းကို ။ ဗြဟ္မံ ၊ ထူးမြတ်သော။ ၀ိဟာရံ ၊ နေခြင်းမျိုးဟူ၍ ။ အာဟု ၊ မြတ်ဘုရားတို့ဟောကြားတော်မှုကုန်ပြီ။

( ၁၂ ) သော ၊ ထိုမေတ္တာဈာန်ရပြီးသော ယောဂီပုဂ္ဂိုလ်သည် ။ ဒိဋ္ဌိဉ္စ ၊ အတ္တဒိဋ္ဌိသို့လည်း ။ အနုပဂ္ဂမ္မ ၊ မစွဲမကပ်ရောက်မူ၍ ။ သီလ၀ါ ၊ လောကုတ္တရာသီလရှိသူသည် ။ ဒဿနေန ၊ သောတာပတ္တိမဂ်ဥာဏ် နှင့် ။ သမ္မန္နော ၊ ပြည့်စုံသူသည် ။ (သမာနော ၊ ဖြစ်လျှက် ) ကာမေသု ၊ ၀တ္ထုအာရုံကာမဂုဏ်တို့၌ ။ ဂေဓံ ၊ ကိလေသာဖြင့် တွယ်တာမက်မောခြင်းကို ။ ၀ိနေယျ ၊ တစ်စမကြွင်း အရှင်းပါယ်ရှားပြီးသော် ။ ဇာတု ၊ စစ်စစ်ဧကန်အမှန်ပင် ။ ပုန ၊ နောက်ထပ်တစ်ဖန် ။ ဂဗ္ဘသေယျံ ၊ ပဋိသန္ဓေနေခြင်းသို့ ။ နဧတိ၊ မရောက်ရတော့ပေ။

အထက်ပါ မေတ္တာသုတ် ပါဠိတော်နှင့် အနက်အဓိပ္ပာယ်များကို ကြည့်ရှု၍ မေတ္တာသုတ်တော်၌ (Observing wholesome deed) အကောင်းတွေချည်း ဖြစ်ပါစေဟူ၍ ပို့သောနည်း၊ (Preserving Unwholesome deed) မကောင်းတာတွေ မဖြစ်ပါစေနှင့်ဟူ၍ ပို့သော (Method and Characteristics) နည်းအားဖြင့် (၂) နည်းဖြင့် ကျင့်သုံးနိုင်ပါသည်။

ပထမနည်း၌ (One who was seeing a visible being in the past) မြင်ဘူးသော သတ္တ၀ါ၊ (One who was seeing invisible being in the past) မမြင်ဘူးသော သတ္တ၀ါ၊ (One who can see a visible being) မြင်နိုင်သော သတ္တ၀ါ၊ One who can see an invisible being) မမြင်နိုင်သော သတ္တ၀ါ၊ One who has defilement) ကိလေသာရှိသော သတ္တ၀ါ၊ (One who has not defilement) ကိလေသာကင်းသော သတ္တ၀ါ၊ (One who is born a being) ပဋိသန္ဓေနေဆဲ သတ္တ၀ါ၊ ဖွားမြင်ပေါက်မြောက်ပြီးသော သတ္တ၀ါ၊ (One who is in the cycle of Samsara or rebith as a being) ဘ၀သံသရာ ကျင်လည်နေဆဲ သတ္တ၀ါ၊ (One who was done in the cycle of rebirth as a being) ဘ၀သံသရာခရီး ပြီးဆုံးပြီးသော သတ္တ၀ါ ဟူ၍ ရှိကြပါတယ်။

ကောင်းသော သတ္တ၀ါအားလုံးတို့အတွက်

၁။ ကိုယ်ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေ။ May all being be bodily-wealthy.
၂။ စိတ်ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေ။ May all being be mentally-wealthy.
၃။ ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ။ အဲဒီလိုပို့နိုင်ပါတယ်။ May all being be free from all danger peacefully.

ထို့ပြင် ကိုယ်ခန္ဓာ ရှည်သောသတ္တ၀ါ၊ တိုသောသတ္တ၀ါ၊ မတိုမရှည် အလတ်စားသတ္တ၀ါ၊ ကိုယ်ခန္ဓာ ကြီးသောသတ္တ၀ါ၊ ငယ်သော မကြီး မငယ် အလတ်စား သတ္တ၀ါ၊ ကိုယ်ခန္ဓာဝသော ပိန်သော မပိန်မ၀ အလတ်စားသတ္တ၀ါ အားလုံးတို့သည်-

၁။ ကိုယ်ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေ။ May all being be bodily-wealthy.
၂။ စိတ်ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေ။ May all being be mentally-wealthy.
၃။ ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ။ အဲဒီလိုလဲ ပွားများနိုင်ပါတယ်။ May all being be free from all danger peacefully.

မကောင်းတာတွေ မဖြစ်စေဖို့ဆိုတဲ့ ဒုတိယနည်းမှာ-

ဘုံသုံးဆယ်တစ် ဖြစ်ဖြစ်သမျှ သတ္တ၀ါအားလုံးတို့သည်-

၁။ အမျက်ထွက်ခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။
၂။ လှည့်ပတ်လိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။
၃။ အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။
၎။ နှောက်ယှက်လိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။
၅။ နှိပ်စက်လိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။
၆။ ဆင်းရဲလိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။
၇။ ကိုယ်စိတ်နှစ်ဖြာ ဘေးရန်ကွာ ချမ်းသာကြပါစေ။
ဟု နည်းနှစ်ပါးစုံကို ခြုံငုံ၍ ပွားများလေ့ကျင့်နိုင်ပါသည်။
မေတ္တာ၏ အဒေါသလက္ခဏာ ပိုမို၍ ထင်ရှားပေါ်လွင်စေရန် ဤသို့လည်း ဆင်ခြင်အပ်ပါသည်။

မိမိကိုယ်တိုင် ရင်၌ လွယ်၍ မွေးဖွားလာခဲ့ရသော တဦးတည်းသော သားရှိသည့် မိခင်သည် ထိုသားငယ်ရင်ခွင်၌နေစဉ် ကျင်ကြီးကျင်ငယ်ကို စွန့်၍ ခြေလက်တို့ဖြင့် တွန်းထိုး ကန်ကျောက်စေကာမူ အမျက်ထွက်ခြင်း၊ စိတ်ဆိုးခြင်း အလျဉ်းမရှိဘဲ ထိုတစ်ယောက်တည်းသော သားရင်း ကို မိမိ၏ အသက်ကိုပင် စွန့်လွှတ်၍ ကာကွယ်စောင့်ရှောက်ပြုစုသလို´ သတ္တ၀ါအားလုံး၏ အပေါ်မှာ အမျက်ထွက်ခြင်း အလျဉ်းမရှိ၊ မကောင်းဖြစ်စေလိုခြင်း လုံးလုံးကင်း၍ ကောင်းကျိုးချမ်းသာချည်းသာ ဖြစ်စေချင်သော မိခင်စိတ်မျိုး ထားရမည်ဟု ဟောတော်မူပါသည်။
ထိုတရားမျိုးသည် မိခင်တိုင်း၏ အပရိမာဏ မေတ္တာမျိုးဖြစ်သည့်အတွက် အတိုင်းတာ ပမာဏမရှိသော အခြားသတ္တဝါတို့အပေါ်တွင် ထားရှိရမည်ဟု ဟောကြားခဲ့ခြင်းဖြစ်သည်။


အနန္တစကြာဝဠာ၊ အနန္တ သတ္တ၀ါတို့အပေါ်မှာ ဒေါသဟူသည့် အတွင်းရန်ကင်းသဖြင့် အပိုင်းအခြား အကန့်အသတ်မရှိ ကျယ်ပြန့် မွန်မြတ်သည့်စိတ်ကို တိုးပွားအောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ နိဂုံးမှာ အပိုင်းအခြားမရှိသည့် သတ္တ၀ါအားလုံးတို့၏ ကောင်းကျိုး ချမ်းသာ ဖြစ်စေချင်သောစိတ် မကောင်းတာနှင့် ဆင်းရဲမှန်သမျှ မဖြစ်စေချင်သော ကျယ်ပြန့်သော မွန်မြတ်သော ဟိတကာမစိတ်ကို နေ့နေ့ ညည မရပ်မနား သွားသွားရပ်ရပ် ထိုင်ထိုင်အိပ်အိပ် မတိတ်ဆိတ်ဘဲ အဆက်မပြတ် ပွားများ၍သာ နေကြရာ၏။ ဤသို့လျှင် မေတ္တာအသိ အမြဲရှိသူတို့၏ နေခြင်းကို ဗြဟ္မ၀ိဟာရ (Noble Abiding) = မြတ်သောနေခြင်းဟု ခေါ်ပါသည်။

သူတော်ကောင်းအပေါင်းတို့ ကိုယ်ကျိုး သူကျိုး ဤနှစ်မျိုးကို သည်ပိုးဆောင်ရွက် လိုသူတိုင်း ဤမေတ္တာဘာဝနာကို ပွားများကြရပါ သည်။ မေတ္တာပြည့်စုံလျှင် ခန္တီပါ ပြီးပြည့်စုံသောကြောင့် စေတောဝိမုတ္တိဟူသော အကျိုးကို ပွားများကြရပါသည်။ မေတ္တာပြည့်စုံလျှင် ခန္တီပါ ပြီးပြည့်စုံသောကြောင့် အပရိမာဏမေတ္တာနှင့် စေတောဝိမုတ္တိဟူသော အကျိုးကို ဤဘ၀မှာပင် ရရှိနိုင်ကြမည် ဖြစ်ပါသည်။



တက္ကသိုလ်မြတ်မင်း

Monday, September 3, 2012

စည်းကောင်းမှ ကမ်းကောင်းမည်


 စည်းကောင်းမှ ကမ်းကောင်းမည်
စည်းဟူသည်
(၁) ပိုင်းခြားသတ်မှတ်ထားသော ခြံဝင်းအကာအရံ၊ စောင်ရန်း၊ စည်းရိုး။ 'လယ်မှာ ကန်သင်း၊ ယာ မှာ စည်းအတွင်း''။ (၂) တစ်စုံတစ်ခုသော မျက်နှာပြင်ပေါ်၌ ပိုင်းခြားသတ်မှတ်ထားသော အရေးအကြောင်း။  ''ဖြစ်ပျက်ပိုင်းခြား စည်းနှယ်ထား၏''။  (၃) တိုင်းပြည်တစ်ခုနှင့်တစ်ခု ပိုင်း ခြားသတ်မှတ်ထားသော နယ်နိမိတ်။ ''တောတောင်ကုန်းကြည်း၊ နိုင်ငံ စည်း၌ ဖြင်းပည်းများစွာ''။ (၄) မကျူးမကျော် မဖောက်မဖျက်ရန် သတ်မှတ်ထားသော ကျင့်ဝတ်၊ ''သူ့စည်းနှင့်သူ၊ ကိုယ့်စည်းနှင့်ကိုယ်၊ လူ့စည်းဘီလူးစည်း''။ (၅)သတ္တုကို လုပ်ထားသော သံပရာခွံတစ်ဝက်ပုံ တီးခတ်စရာ တူရိယာအစုံ။ (၆) စည်း တူရိယာအသံဖြင့် ပိုင်းခြားကန့်သတ်ပေးရသော တီးမှုတ်သီဆိုမှု ကာလအခိုက်အတန့်။ စည်း-မြစ်ရေကျသောအခါ နစ်၍ ကျန်သော သဲသောင်၊ စည်းပစ္စည်းတို့ကို စု၍ ချည်သည်၊ ချည်နှောင်သည်၊ စု၍ ချည်ထားသော ထင်းမြက်စသည့် အရာဝတ္ထု။ မြန်မာအဘိဓာန် အကျဉ်းချုပ်တွင် စည်းကို ဤသို့ ဖွင့်ဆိုထား၏။

ကမ်းဟူသည်
(၁) ချောက်၊ မြောင်၊ တောင်ယံ၊ ရေပြင်စသည်တို့၏ အနားဘောင်အဖြစ် တည်ရှိသော ကုန်းပိုင်း၊ (၂) အပိုင်းအခြား၊ မရိယာဒါ-သီလအပိုင်း အခြားတည်းဟူသော ကမ်း။ ကမ်း-(၁)လှမ်းပေးသည်၊(၂)ဝေငှသည်၊ (၃) အဆက်အသွယ်ပြုလုပ်သည်။ မြန်မာအဘိဓာန် အကျဉ်းချုပ်တွင် ကမ်းကို အထက်ပါအတိုင်း ဖွင့်ပြ၏။

စည်းကမ်းဟူသည်
စည်းကမ်းကို ''လိုက်နာစောင့် ထိန်းရမည့်ကျင့်ဝတ်''ဟူ၍ မြန်မာအဘိဓာန် အကျဉ်းချုပ်တွင် ဖွင့်ပြ၏။

စိတ်ဝင်စားစရာမြန်မာစာ
 မြန်မာစာသည် စိတ်ဝင်စားဖို့ အလွန်ကောင်း၏။ ဤစည်းကမ်းဟူသော ဝေါဟာရ၌ စည်းနှင့်ကမ်း အသီးသီးတစ်လုံးချင်း၌ အဓိပ္ပာယ် ကျယ်ပြန့်စွာရှိ၏။ စည်း နှင့် ကမ်းအရ တူပေါင်းလိုက်လျှင်လည်း အနက်အဓိပ္ပာယ်က ရှိနေသည်သာ၊ မြန်မာစာကို စိတ်ဝင်စားသူအဖို့ နှစ်မျိုးလုံး၏ အဓိပ္ပာယ်ကို သိသင့်၏။

စည်းကမ်းဟူသည် လူ၏တန်ဖိုး

စည်းကမ်းဟူသည် လူ၏တန်ဖိုးဟု ဆိုရိုးပြု၏။ မှန်၏။ လူပဲဖြစ်စေ၊ လူ့အဖွဲ့အစည်းပဲဖြစ်စေ စည်းကမ်းရှိမှသာ တန်ဖိုးရှိ၏။ မိမိကိုယ်ကို တန်ဖိုးရှိလူသားဖြစ်လိုလျှင် စည်းကမ်းရှိရ၏။ စည်းနှင့် ကမ်းနှင့် နေရ၏။ အရာရာစည်းနှင့် ကမ်းနှင့် လုပ်ရ၏။ မိမိတို့လူ့အဖွဲ့အစည်း တန်ဖိုးရှိလိုလျှင်၊ တိုးတက်လိုလျှင်၊ ကြီးပွားလိုလျှင်၊ ချမ်းသာလိုလျှင် အရာရာ၌  စည်းကမ်းရှိဖို့လို၏။ ဖွံ့ဖြိုးဆဲ နိုင်ငံအများစုသည် စည်းကမ်းမဲ့၏။ ဖွံ့ဖြိုးပြီး နိုင်ငံအားလုံးလိုလိုသည် စည်းကမ်းရှိ၏။ စည်းကမ်းရှိခြင်း၊ စည်းကမ်းမဲ့ခြင်းကပင် နိုင်ငံတစ်ခု၏ ဖွံ့ဖြိုးပြီး၊ ဖွံ့ဖြိုးဆဲဟူ၍ ပြဋ္ဌာန်းသွား၏။

ယခုကား ဥပဒေသစ်တွေကြောင့် ''၀ီရိယအကျိုး စောစောနိုး သူခိုးတုတ်နှင့်ပစ်လတ္တံ''ဟူဘိသကဲ့သို့ ၀ီရိယကောင်းသူအများစု နစ်နာကြရ၏။ နောက်ကျလေ ကောင်းလေ ဟူသကဲ့သို့ ချိန်ချိန်ဆဆနောက်ကျ သူအချို့ သက်သာခွင့်ရကြ၏။ သန်းခြောက်ဆယ်ခန့်သော ပြည်သူနှင့် ကားနှင့်မည်သို့မျှ မသက်ဆိုင်၊ ကားနှင့်သက်ဆိုင်သူမှာ သန်းခြောက်ဆယ်ထက်ကျော်လွန်သော အစွန်းထွက်ထဲတွင်မှ အနည်းစုမှ အနည်းစုလေး သာဖြစ်လေ၏။ (ကားစီးနိုင်သူ တစ်သန်းမျှမရှိသေး)ရန်ကုန်နေ ပြည်သူအများစုကတော့ ကားကျပ်လို့ ဒုက္ခရောက်သော ဒုက္ခသာလျင် လက်တွေ့ ခံစားရလေ၏။ ထိုသို့ ကားကျပ်ရာတွင်လည်း ကားများလို့ ကားကျပ်ခြင်းထက် လိုင်းကားနှင့်အငှားကားအများစု၊ အိမ်စီးကားအနည်းစု ကိုယ့်နေရာကိုယ် မတင်းတိမ်၊ စည်းကမ်းတကျ တန်းမစီ၊ ဟိုကျော်တက် သည်ကျော်တက်၊ ဟိုကဖြတ်ဝင် သည်က ဖြတ် ၀င် စည်းမဲ့ကမ်းမဲ့ ပရမ်းပရာနိုင်မှုတွေနှင့် လမ်းဘေးစည်းကမ်းမရှိ ကားရပ်နားမှုတွေကြောင့် လမ်းပိတ်ဆို့၍ ကားကျပ်ရသည်က အဓိကအကြောင်းအချက်တစ်ခုအဖြစ် ပါဝင်နေ၏။ တာဝန်ရှိသူများ တာဝန်သိဖို့နှင့် တာဝန်ကျေဖို့တော့ အထူးလိုနေပြီ။

စည်းကမ်းကောင်းမှ ကမ်းကောင်းမည်

စည်းနှင့်ကမ်းကို ခွဲ၍သုံးလျှင် အဓိပ္ပာယ်အလွန်လှ၏။ စည်းဟူသည် ကျင့်ဝတ်ဖြစ်၏။ ကမ်းဟူသည် ဟိုမှာဘက်ကမ်း၊ တစ်ဖက်ကမ်း၊ ပန်းတိုင်ဖြစ်၏။ ကမ်းမှန်ဖို့အတွက် လမ်းမှန်ဖို့၊ စည်းမှန်ဖို့လို၏၊ ကမ်းကောင်းဖို့အတွက် လမ်းကောင်းဖို့၊ စည်းကောင်းဖို့လို၏။ သုံးဆယ့်တစ်ဘုံသည် ဤမှာ ဘက်ကမ်းဖြစ်၏။ နိဗ္ဗာန်ကား ဟိုဘက်ကမ်းဖြစ်၏။ ဤမှာဘက်ကမ်း၌ အိုနာသေစေသော ဘေးဒုက္ခတွေ များလှ၏။ နိဗ္ဗာန်ဟိုမှာ ဘက်ကမ်းရောက်မှ ဘေးလွတ်၏ ဘေးကင်း၏၊

ပါဠိတော်တွင် ရဟန္တာဖြစ်ခန်းကိုပြဆိုရာ၌ ပါရင်္ဂတော-ပါရဂူစသည် ဖြင့်ပြ၏။ နိဗ္ဗာန်ဟိုမှာဘက်ကမ်း ကိုရောက်သွားသူဟူ၍ အဓိပ္ပာယ်ရ၏။ နိဗ္ဗာန်ဟိုမှာ ဘက်ကမ်းရောက်ဖို့ စောင့်စည်းရ၏။ စောင့်စည်းဟူသည် စည်းစောင့်ခြင်းပင်ဖြစ်၏။ ယင်းစည်းကားအခြားမဟုတ် ဒါန သီလစသည့် ပါရမီကျင့်စဉ်များပင်တည်း။
စောင့်စည်းကို စည်းစောင့်ခြင်းဟု ဆို၏။ မှန်၏။ မကြာမီဇွန်၊ ဇူလိုင်က ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပြဿနာသည် ယခင်နှစ်ပေါင်း သုံးဆယ်လေးဆယ်ကတည်းက မြန်မာနိုင်ငံအနောက်ဘက် နယ်နိမိတ် စည်းကိုစောင့်ဖို့ တာဝန်ကျသူအရာရှိ တချို့မိမိစည်းကို လုံခြုံအောင်မစောင့် ရှောက်၊ (စည်းဖောက်ခြင်း၊ စည်းပေါက်ခြင်း)ကအခြေခံခဲ့သော ပြဿနာဖြစ်လေသည်၊ ယခုယင်းပြဿနာသည်ပေါ့ သေးသေးမဟုတ်တော့။

မျိုးချစ်မြန်မာတို့သည် ယင်းအနောက်ဘက်စည်းကိုသာ မဲ၍မနေ သင့်၊ ယင်းအနောက်ဘက်စည်းလုံခြုံဖို့ အရေးကြီးသလို၊ အရှေ့မြောက် ဘက်စည်းကလည်း အသက်တမျှ အရေးကြီး၍နေလေသည်၊ မကြာခင်က ''ရေ၀ယ်တယ်၊ မြေ၀ယ်တယ်၊ ရွှေဝယ်တယ်၊ လူလည်းဝယ်တယ်'' ဟူသော ရုပ်ပြောင်ကာတွန်းတစ်ကွက်မှာ အလွန်ပင် အဓိပ္ပာယ်ထိမိ၍ သတိကြီးစွာပြုရမည့် နှိုးဆော်ချက်တစ်ခု ဖြစ်လေသည်။


ဆရာကြီးလူထုစိန်ဝင်းက 'ဒီမိုကရေစီသည် ပန်းတိုင်မဟုတ်'ဟု ဆိုခဲ့သည်၊ မှန်ပါသည်၊ ပန်းတိုင်ကား စားဝတ်နေရေးပြေလည်မှု၊ ချောင်ချိမှု၊ ပြည့်စုံချမ်းသာမှုဖြစ်သည်၊ ယင်းကိုပင်ကမ်းဟု ဆိုနိုင်သည်။ ဒီမိုကရေစီသည် နိုင်ငံရေးစနစ်တစ်ခုဖြစ်သည်။ စည်းစနစ်ဆိုသည့်အတိုင်း ဒီမိုကရေစီစနစ်သည် စည်းဖြစ်သည်


ကာတွန်းရုပ်ပြောင်တစ်ခုတွင် အဘိုးတစ်ဦးက ''အဘိုးတို့ငယ်ငယ်က ဒို့မန်းသူမန်းသားတွေဟာ အသား ကမဲမဲလေးတွေ၊ စကားက ဗမာ စကားတစ်မျိုးပဲတတ်တယ်။ အခု မန်းသူမန်းသားတွေကတော့ အသားတွေလည်း ဖြူကုန်ပြီ၊ စကားကလည်း တရုတ်စကားပါတတ်ကုန်ပြီ'' ဟူ၍ တွေ့ရသည်မှာ အထူး သတိပြုဖွယ်ပင်၊ မိမိတို့မှာ ဆိုးပေနှင့်မောင်မဲတို့ကြားမှာ ညပ်၍နေလေတော့၊ ဆိုးပေမောင်မဲတို့၏ အရာရာဝါးမြိုခံရမည့် အရေးကို မျိုးချစ်သွေးနှင့် ကြံ့ကြံ့ခံဖို့၊  တွန်းလှန်ဖို့ အချိန်ရောက်၍ နေပြီ။

မြန်မာစကားတစ်လုံးနှင့်စပ်၍ ပြောစရာတွေ ပေါ်ပေါ်လာသည်၊ ဆောင်းပါးရှည်သွားလို့ ယခုလိုရင်း ပြန်ကောက်ပါတော့မည်၊ ဆရာကြီးလူထုစိန်ဝင်းက''ဒီမိုကရေစီသည် ပန်းတိုင်မဟုတ်''ဟု ဆိုခဲ့သည်၊ မှန်ပါသည်၊ ပန်းတိုင်ကားစားဝတ်နေ ရေးပြေလည်မှု၊ ချောင်ချိမှု၊ ပြည့်စုံ ချမ်းသာမှုဖြစ်သည်၊ ယင်းကိုပင်ကမ်းဟု ဆိုနိုင်သည်။

ဒီမိုကရေစီသည် နိုင်ငံရေးစနစ်တစ်ခုဖြစ်သည်၊ စည်းစနစ်ဆိုသည့်အတိုင်း ဒီမိုကရေစီစနစ်သည် စည်းဖြစ်သည်၊ ဒီမိုကရေစီသည် စည်းကမ်း ပြည့်ဝ၊ မပြည့်ဝပြောဖို့ မလို၊ နိုင်ငံရေးစနစ်ထဲမှာတော့ အကောင်းဆုံးစနစ်ဟု တစ်ကမ္ဘာလုံးက လက်ခံကျင့်သုံးနေသည်၊ ယင်းဒီမိုကရေစီစနစ် ကိုသာ ပြည့်ပြည့်၀၀ အကောင်အထည်ဖော်နိုင်ဖို့ အရေးကြီးသည်၊ ယင်းစည်းစနစ် အကောင်အထည်ပေါ်လျှင် စားဝတ်နေရေးပြေလည်မှု၊ ပြည့်စုံချမ်းသာမှု ဟူသော ကမ်းသို့ရောက်ပါလိမ့်မည်၊ ပြည်သူအများစု စားဝတ်နေရေး မပြေလည်သေးလျှင်လည်း ဒီမိုကရေစီစနစ်အကောင် အထည်မပေါ်သေး၊ ဒီမိုကရေစီမရသေးဟူ၍ မှတ်ယူရပါမည်၊ စည်းကောင်းမှ ကမ်းကောင်း ပါလိမ့်မည်။

Written by အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်)    

Saturday, September 1, 2012

ခံသင့်သလောက်ပဲ ခံမည်


 ခံသင့်သလောက်ပဲ ခံမည်
နားလည်မှု မှားယွင်းလို့ ကျင့်စဉ်လွဲချော်နေတဲ့ ပါဠိစကားလုံး (၂)ခု ရှိပါတယ်။ 
အဲဒါတွေက “သန္တုဋ္ဌီ နဲ့ ခန္တီ “ပါ။ 
ခန္တီ=ကို သည်းခံခြင်းလို့ ရိုးရိုး လွယ်လွယ် မြန်မာပြန်ဆိုလို့ ရပေမယ့် ဘယ်လိုသည်းခံရတယ်၊ ဘယ်လောက်ထိ သည်းခံရမယ်ဆိုတာ လေ့လာမထားရင် ရှင်းပြဖို့ အတော် ခက်ခဲပါတယ်။
 
ခန္တီ-ဆိုတာက သူရဲ့ပင်ရင်း သဘောက စိတ်နှလုံးခိုင်ခံ့တဲ့ သွင်ပြင် လက္ခဏာရှိပြီး အကြောင်းအားလျှော်စွာ တွေ့ကြုံလာတတ်တဲ့ ကောင်းဆိုး နှစ်တန် လောကဓံ တရားတွေကို တည်တည်ငြိမ်ငြိမ် ဣနြေ္ဒရရ မဖောက်မပြန် အမှန်အတိုင်း လက်ခံနိုင်တဲ့ အစွမ်းသတ္တိ ရှိပါတယ်။ ပါရမီမြောက်တဲ့ ခန္တီ ဟာ (ဘ၀နဲ့ လောက အကြောင်းကို နောကျေအောင် သိထား တာမို့ သဘောထား ကြီးမြတ် နားလည် ခွင့်လွှတ် တတ်တဲ့) သူတော်ကောင်းတို့ရဲ့ ရင်ခွင်တွင်း ကသာ သက်ဆင်း လာရိုးရှိပြီး၊ သူရဲ့ ပုံစံ အချင်း အရာဟာ သူတစ်ပါးတွေက မဟုတ် မမှန် လုပ်ကြံ စွပ်စွဲပြီး လွန်လွန် ကြူးကြူး အပြစ်ဖို့စော်ကား လာရင်တောင်မှ အကြမ်းမဖက် အမျက် မာန်မပါ နူးညံ့ ချိုသာ မှန်ကန် စွာနဲ့ သည်းခံဖြေရှင်း တတ်ပါတယ်။

အနိုင်အထက်ပြုမူနဲ့ တွေ့ကြုံရတဲ့အခါ “ငုံခံခဲ့” တာဟာ မကောင်းလှသလို “လက်တုံ့ပြန်” တာဟာလည်း မှားယွင်းပါတယ်။ အဓမ္မတစ်ခုဟာ ငုံ့ခံ လိုက်ရုံနဲ့ ပပျောက်သွားမှာ မဟုတ်သလို၊ လက်တုံ့ပြန် လိုက်တာနဲ့လည်း ပြေလည်သွားမှာ မဟုတ်ပါဘူး။ ငုံခံတာဟာ အစွန်းတစ်ခု ဖြစ်သလို၊ လက်တုံ့ပြန်တာဟာလည်း အစွန်းတစ်ခုပဲ ဖြစ်ပါတယ်။ အဲဒီလို အစွန်းနှစ်ဖက် မထွက်စေဘဲ မဇ္ဈိမပဋိပဒါဆိုတဲ့ အလယ်အလတ် လမ်းစဉ်အတိုင်း အကြမ်း မဖက်တဲ့ နည်းနဲ့ ငြိမ်းချမ်းစွာ ဖြေရှင်းခြင်းကိုပဲ ခန္တီ-သည်းခံခြင်းလို့ ခေါ်တာပါ။

သည်းခံခြင်းဆိုတာ တစ်ဖက်သားကို အနိုင်ရဖို့ အားထုတ်တာ မဟုတ်သလို အရှုံးပေး အညံ့ခံတာလည်း မဟုတ်ပါဘူး။ အနိုင်- အရှုံးမဖက် သရေ သဘောထား သက်သက်ပဲ ဖြစ်ပါတယ်။ သည်းခံ ခြင်းမှာ လွတ်လပ်ပွင်းလင်းတဲ့စိတ်ထား၊ ယဉ်ကျေးပျူငှာတဲ့ နှလုံးသား ၊ ချစ်ကြည်နွေးထွေးနဲ့ ကမ်းလှမ်းမှု များနဲ့အတူ စာနာနားလည်မှုများလည်း ဖွဲ့စည်းပါဝင် နေပါတယ်။ သည်းခံခြင်းဟာ ကောင်းမြတ်တဲ့ အလားအလာတွေနဲ့ တောက်ပနေတဲ့ ကျယ်ဝန်းတဲ့ မိုးကုတ်ဝိုင်းကြီးတစ်ခု ဖြစ်ပါတယ်။

သည်းခံခြင်းမှာ လှပတဲ့ မျက်နှာစာတွေ အများကြီး ရှိပါတယ်။ သည်းခံတတ်သူဟာ လူများစုရဲ့ ချစ်ခင် နှစ်သစ်မှုကို ခံယူရတယ်။ ဘေးရန် မရှိဘူး၊ အမှားအယွင်း နည်းတယ်။ မတွေ မဝေ သေရတယ်။ သေပြီးနောက် ကောင်းတဲ့ဘ၀ ရောက်ရတယ်လို့ ဗုဒ္ဓမြတ်စွာက ဟောတော် မူခဲ့တာပါ။ တကယ်တော့ သည်းခံခြင်းဆိုတာ သဘောကြီးမြတ်ခြင်းရဲ့ သင်္ကေတ၊ အနစ်နာခံနိုင် မှုရဲ့ စံနမူနာ၊ ခွင့်လွှတ်နိုင်မှုရဲ့ သက်သေ သာဓကတွေပဲ ဖြစ်ပါတယ်။
အခု သည်းခံခြင်း= ခန္တီနဲ့ ပတ်သက်တဲ့ ပုံပြင်ကလေးတစ်ပုဒ်ကို ပြောပြချင်ပါတယ်။ ဒီ ဓမ္မပုံပြင် ကလေးဟာ ငယ်ငယ်တုန်းက စာချ ဆရာတော် တစ်ပါး ပြောပြခဲ့တာပါ။

ခံသင့်သလောက်ပဲ ခံမည်

တစ်ခါတုန်းက ဟိမ၀န္တာတောအုပ်ကြီးထဲမှာ တရားကျင့်နေတဲ့ ရသေ့ကြီးတစ်ပါး ရှိခဲ့ ဖူးတယ်။ အဲဒီရသေ့ကြီးဟာ “လောကမှာရှိတဲ့ အကျင့် တွေထဲမှာ သည်းခံခြင်း ခန္တီဟာ အမြတ်ဆုံးပဲ”လို့ အယူရှိပြီး၊ သည်းခံခြင်းကို အဓိကထားကာ တရားကျင့်လေ့ရှိတာမို့ “ခန္တီဝါဒီ ရသေ့ကြီး”လို့လည်း အများက ခေါ်ကြသတဲ့။

တစ်နေ့တော့ ဗာရာဏသီပြည်ကို လာရင်း ဗြဟ္မဒတ်မင်းကြီးရဲ့ ဥယျာဉ်ထဲမှာပဲ ခေတ္တခဏ သီတင်းသုံးနေတယ်။ ညနေတိုင်းမှာ ဗာရာဏသီပြည်သူ၊ ပြည်သားတွေဟာ ပန်းနံ့သာတွေကို လက်ဆွဲပြီး ရသေ့ကြီးထံမှာ တရားနာ လာတတ်ကြသလို နေ့လယ်ဘက်မှာလည်း နွားကျောင်းသား တစ်ယောက်နဲ့ မြွေဟောက်ကြီး တစ်ကောင်ဟာ မကြာမကြာ တရားနာလာတတ်သတဲ့။

အဲဒီလိုနဲ့ တစ်ချိန်မှာ ရသေ့ကြီးက နွားကျောင်းသားနဲ့ မြွေဟောက်ကြီးကို ဒေါသမကြီးဖို့၊ ဒေါသဖြစ်ခဲံလို့ ရှိရင်လည်း သတ္တ၀ါတွေကို မညှင်းဆဲ မနှိပ်စက်ဖို့ ဆုံးမရင်း လောကမှာရှိတဲ့ အကျင့်တွေထဲမှာ သည်းခံခြင်း= ခန္တီဟာ အမြတ်ဆုံး အကျင့်ဖြစ်ကြောင်း၊ သည်းခံခြင်း=ခန္တီ အကျင့်ဆိုတာ သူတစ်ပါးတွေက ကြမ်းကြမ်း တမ်းတမ်း ဆဲဆိုလာရင် “ကိုယ်ထိလက်ရောက် မရိုက်နှက် မပုတ်ခတ်တာ တော်သေးရဲ့”ဆိုပြီး၊ တကယ်လို့ ကိုယ်ထိ လက်ရောက် ရိုက်နှက် ပုတ်ခတ် လာခဲ့ရင်လည်း “ သေအောင် မသတ်ဖြတ်တာ တော်သေးရဲ့” ဆိုပြီး၊ ဒီထက်မက သေအောင် သတ်ဖြတ် လာရင်တောင်မှ “ဪ-တချို့သူတွေဟာ ကိုယ်ဟာကိုယ် သတ်သေဖို့ ကိုယ်တိုင် အားထုတ်ကြရတယ်၊ ငါ့မှာတော့ ဒီလို ကြောင့်ကြရတာမျိုး မရှိဘူး”ဆိုပြီး ၊ ကောင်းတဲ့ ဘက်လှည့်တွေးကာ သည်းခံခွင့်လွှတ်တတ်ရမှာ ဖြစ်ကြောင်းကို ဟောကြား သင်ပြ ပေးလိုက်ပါတယ်။

နွားကျောင်းသားနဲ့ မြွေဟောက်ကြီးတို့ကလည်း ရသေ့ကြီး သင်ပေးလိုက်တဲ့ ခန္တီဝါဒကို လိုက်နာ ကျင့်ကြံပါမယ်ဆိုတဲ့ ၀န်ခံချက်နဲ့ ရသေ့ကြီးကို ရိုသေစွာ ရှိခိုးပြီး ကိုယ့်နေရာ ကိုယ်ပြန် သွားကြတယ်။ နွားကျောင်းသားက ကိုယ့်နေရာ ရောက်တဲ့အခါ “ယနေ့ကစပြီး ခန္တီဝါဒ ကို ကျင့်သုံးမယ်၊ ဒါပေမယ့် လူမသိမှာ စိုးရတယ်။ အကုန်လုံး သိအောင် အိမ်ရှေ့မှာ စာရေးကပ် ထားမယ် “ ဆိုပြီး “ကျွန်ုပ်သည်းခံသည်”လို့ စာရေးပြီး ကပ်ထားသတဲ့။

ဒီလိုနဲ့ ရွာလည်လျှောက်ပြီး သောင်းကျန်းနေတဲ့ လူငယ်တွေဟာ နွားကျောင်းသားရဲ့ အိမ်ရှေ့က ကပ်ထားတဲ့ စာကိုဖတ်ရတော့ တကယ်တမ်း သည်းခံသလား ဆိုတာ စမ်းသပ်ကြမယ်ဆိုပြီး၊ နွားကျောင်းသားကို တချို့က ခဲနဲ့ပေါက်ကြ၊ တချို့က တုတ်တွေနဲ့ ရိုက်ကြတယ်။ နွားကျောင်းသား ကတော့ ဆရာရသေ့ရဲ့ အဆုံးအမကို အသက်နဲ့လဲပြီး ကာကွယ်မယ်ဆို ကာ အင်မတန် သည်းခံပါတယ်။ ဒါကြောင့်ပဲ လူငယ်တွေက စိတ်တိုင်းကျ အားရအောင် ရိုက်နှက် ပုတ်ခတ်ပြီး ပြန်သွား ကြတဲ့အခါ နွားကျောင်းသားဟာ ဒဏ်ရာတွေ ဗရပွနဲ့ ခွေခွေ လေး လဲကျကျန်ခဲ့တယ်။

ဒီလိုပဲ မြွေဟောက်ကြီးကလည်း “ယနေ့ကစပြီး ခန္တီဝါဒကို ကျင့်သုံးမယ်” ဆိုပြီး သူနေရာ သစ်ပင် ခြေရင်းမှာ ခွေခွေလေး အိပ်နေသတဲ့၊ အဲဒီအချိန်မှာ နွားကျောင်းသား တချို့ရောက် လာပြီး မြွေဟောက်ကြီးကို အဝေးကနေကာ တုတ်တွေ၊ ခဲတွေနဲ့ ပစ်ခတ်တို့ထိ စကြတယ်။ ခါတိုင်းဆိုလို့ ရှိရင်တော့ မြွေဟောက်ကြီးဟာ သူကို ထိဖို့ မဆိုထားနဲ့ အနားကပ်လာတာနဲ့ ပါးပျဉ်းကြီးထောင်ပြီး တရှုးရှုးမှုတ်ကာ ပြေးလိုက်တော့တာပဲ။ အဲဒီအခါ နွားကျောင်းသားတွေ လည်း သေပြေး ရှင်ပြေး ပြေးကြတော့တာပါပဲ။ ဒါပေမယ့် ဒီကနေ့တော့ ဆရာရှင် ရသေ့ရဲ့ အဆုံး အမကို လိုက်နာမယ်ဆိုတဲ့ စိတ်ကူးနဲ့ မြွေဟောက်ကြီးဟာ ငြိမ်ကုပ်ပြီး နေတယ်။

မြွေဟောက်ကြီးက ဘာမျှ မတုံ့ပြန်မှန်းသိလေ နွားကျောင်းသားတွေဟာ ကဲလေပါပဲ။ တချို့က ခဲတွေနဲ့ ပစ်လို့အားမရတော့ စူးချွန်တွေနဲ့ ထိုးကြတယ်၊ တချို့ ရိုက်နှက်ရတာ အားမရ လို့ အမြီးကိုဆွဲပြီး လေထဲမှာ ဝှေ့ရမ်းကြတယ်၊ ပြီးတော့ သစ်ပင်နဲ့ ရိုက်ပြီး ပစ်ထားကြတယ်။ နွား ကျောင်းသားတွေ ပြန်သွားမှ မသေရုံတစ်မည် ကျန်ခဲ့တဲ့ မြွေဟောက်ကြီးဟာ သူ့နေရာသစ်ပင် ရင်းကို မနည်းရောက်အောင် ပြန်ခဲ့ရသတဲ့။

ဒီလိုနဲ့ ၂ ၇က် ၃ ရက်လောက် ကြာတဲ့အခါ ခန္တီဝါဒီ ရသေ့ကြီးဟာ သူ့တပည့် နွားကျောင်း သားနဲ့ မြွေဟောက်ကြီတို့ “ဘာကြောင့်များ သူ့ဆီကို မလာကြပါလိမ့်၊ နေထိုင် မကောင်း ဖြစ်နေကြသလား”ဆိုပြီး သူတို့နဲ့ တွေ့ရအောင် ထွက်လာခဲ့တယ်။ ပထမဆုံး နွားကျောင်းသားထံ ရောက်တဲ့အခါ ပတ်တီးအဖွေးသားနဲ့ သူ့တပည့်ကို မြင်လိုက်ရတော့ ရသေ့ကြီးက “ဘယ့်နှယ့်ဖြစ်တာတုံး”လို့ တအံ့တသြမေးမြန်းပါတယ်။ ဖြစ်ပျက်ပုံ အလုံးစုံကို နွားကျောင်းသားက ပြောပြတဲ့အခါ၊ ရသေ့ကြီးက “ဖြစ် -ဖြစ်ရလေ ငါ့တပည့်ရယ်၊ သည်းခံတယ်ဆိုတာ အဲဒီလို အဓိပ္ပာယ်မဲ့ ပေါက်ကရလေးဆယ်ကို ငုံ့ခံရမယ်လို့ ပြောတာ မဟုတ်ဘူးကွယ်၊ ကိုယ့်ရည်မှန်းချက်၊ ကိုယ့်ကျင့်စဉ်ကို ထိပါးပုတ်ခတ် စော်ကားလာတဲ့အခါ ကိုယ့်လမ်းကြောင်း ပျောက် မသွားအောင် တစ်ဖက်သားကို အမျက်ဒေါသနဲ့ လက်တုံ့မပြန်နဲ့လို့ ဆိုလိုတာပါ။ ကဲ-ကဲ- ငါပြုပြင်ပေးခဲ့ပါ့မယ်” ဆိုပြီး နွားကျောင်းသား အိမ်ရှေ့မှာ ကပ်ထားတဲ့ စာကို “ကျွန်ုပ်သည်းခံသည်၊ သို့သော် ခံသင့်သလောက်ပဲခံမည်”လို့ ဆက်ရေးထားခဲ့သတဲ့။

ရသေ့ကြီးဟာ အဲဒီကနေဆက်ပြီး မြွေဟောက်ကြီးဆီကို ရောက်သွားတယ်၊ မြွေဟောကြီး လည်း ဒဏ်ရာ အနာတရတွေနဲ့ မချိမဆံ့ ခံစားနေရတာကို တွေ့တဲ့အခါ “တပည့်ရယ်၊ သည်းခံတယ် ဆိုပေမယ့် အစွန်း ရောက်အောင် မကျင့်ရဘူးကွယ်”လို့ ဆုံးမသတဲ့။ အဲဒီအခါ မြွေ ဟောက်ကြီးက “အရင်တုန်းက မင်းကို တုတ်တွေ၊ ခဲတွေ ပစ်ကြတဲ့အခါ တပည့်ဘယ်လို လုပ်သလဲ” ဆိုတော့ မြွေဟောက်ကြီးက “အဲဒီတုန်းကတော့ တစ်ခါတည်း ပါးပျဉ်းထောင်ပြီး တရှုးရှုးမှုတ်ကာ လိုက်ပေါက် သတ်ပစ်လိုက်တာပဲ”လို့ ဖြေတယ်။

အဲဒီအခါ ရသေ့ကြီးက “ အခုလို ငုံခံတာဟာ မကောင်းသလို အရင်တုန်းကလို ဒေါသနဲ့ လိုက်ကိုက် တာလလည်း မကောင်းဘူး၊ သည်းခံတယ် ဆိုတာ အဲဒီအစွန်း နှစ်ဖက်ကြားထဲမှာ ကိုယ့်အကျိုးစီးပွား၊ သူ့အကျိုးစီးပွား မထိခိုက်အောင် လိမ်လိမ် မာမာ နေတတ်တာကို ခေါ်တာပဲ။ ဥပမာ ဆိုပါတော့ နွားကျောင်းသားတွေ နောက်တစ်ခါ လာပြီးတော့ တပည့်ကို တုတ်တွေ ၊ခဲတွေနဲ့ ပစ်ပေါက်ကြရင် အခုလိုလည်း ငုံ့မခံဘဲ၊ အရင်တုန်းက လိုလည်း ဒေါသနဲ့ လိုက်မကိုက်ဘဲ သူတို့အဝေးကို ထွက်ပြေးရုံလောက် ဟန်ဆောင်ပန်ဆောင် ပါးပျဉ်းထောင်ပြီး ရှုးခနဲ၊ ရှဲခနဲ မှုတ်ထုတ်ပြလိုက်ရင် တပည့်လို မြွေဟောက် တစ်ကောင်အတွက် သည်းခံခြင်း ခန္တီ ဆိုတာ ပြည့်စုံပါပြီကွ”လို့ စိတ်ရှည် လက်ရှည် ဆုံးမသတဲ့။

ရသေ့ကြီး ပြန်သွားပြီးတဲ့ နောက်တစ်နေ့မှာ ရွာလယ်က လူငယ်တွေဟာ လူငယ် နွားကျောင်းသားကြီးရဲ့ အိမ်ကိုနောက်တစ်ခေါက် ရောက်လာ ကြပြန်ပါတယ်။ ဒါပေမယ့် ရသေ့ကြီး ပြင်ဆင်ရေးသားထားခဲ့တဲ့ အိမ်ရှေ့က စာတန်းကိုဖတ်ပြီး ပုခုံးနှစ်ဖက်ကိုတွန့်ကာ သူတို့အားလုံး အသာ တကြည်ပဲ ပြန်သွားခဲ့ကြပါတယ်။ အဲဒီလိုပဲ မြွေဟောက်ကြီးကို နှိပ်စက် မယ်ဆိုပြီး လာကြတဲ့ နွားကျောင်းသားတွေကလည်း မြွေဟောက်ကြီးက ပါးပျဉ်းထောင်ကာ တရှုးရှုးမှုတ်ပြီး လိုက်တာကြောင့် ထွက်ပြေး သွားကြပြီး နောက်ထပ်လည်း မစရဲတော့ပါဘူး။
အဲဒီနေ့ကစပြီးတော့ နွားကျောင်းသားနဲ့ မြွေဟောက်ကြီးတို့ဟာ ခန္တီဝါဒီရသေ့ကြီးရဲ့ အဆုံး အမအောက်မှာပဲ ငြိမ်းငြိမ်းချမ်းချမ်း တရားကျင့်သုံး သွားနိုင်ကြပါတော့တယ်။

ဒီပုံပြင်ကလေးဟာ သည်းခံမှု အနုပညာနဲ့ နက်ရှိုင်းသိမ့်လှပပုံ တစ်စိတ်တစ်ဒေသကို ထုတ် ဖော်ပြသပေးတာ ဖြစ်သလို ခန္တီပါရမီ အပေါ်မှာ အုပ်မိုးနေတဲ့ မသိနား မလည်မှုဆိုတဲ့ မြူတိမ် ၊ မီးခိုးတွေကိုလည်း အထိုက် အလျောက် မှုတ်လွှင့်ပေးတာလည်း ဖြစ်ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ ရန်ငြိုး အာဃာတ- အကြမ်းဖက်မှုတွေနဲ့ ပြည့်နှက်နေတဲ့ ယနေ့ခေတ်လို ကာလမျိုးမှာ သည်းခံ ခြင်း= ခန္တီတရားဟာ တိမ်ညို တိမ်မည်းတွေကြားက ဘွားခနဲ ပေါ်လာတဲ့ လပြည့်ဝန်းကြီးလို အင်မတန် ချစ်ခင်အားကိုး ကြည်ညိုကျေနပ်စရာ ကောင်းပါတယ်။

ခန္တီဝါဒဟာ တစ်ဦးချင်းကစပြီး တစ်ကမ္ဘာလုံး အထိ မေတ္တာတရားနဲ့ ဖြန့်ကြက်လွှမ်းခြုံ ပေးပြီး အပြစ်ကင်း ကောင်းကျိုးရတဲ့ ကိစ္စတွေကို ကမ္ဘာနဲ့ အ၀န်း ဖြစ်ထွန်း ပေါ်ပေါက်စေ ပါတယ်။ ခန္တီဝါဒ၊ မထွန်းကားသေးသမျှ ကမ္ဘာဟာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို လုံးဝရနိုင်စရာ မရှိပါဘူး။ တကယ်တော့ သည်းခံခြင်းဆိုတာ အာဃာတနဲ့ မုန်းတီးမှုတွေကို ကာကွယ်ဖို့၊ သဘော ကွဲလွဲမှုရဲ့ အောက်ခြေမှာ အချင်းချင်း ယုံကြည်လေးစားမှုကို အခြေခံပြီး မေတ္တာကမ္ဘာ ကို တည်ဆောက်ခြင်းဖြစ်ပါတယ်။

သည်းခံခြင်းဟာ လူ့ဘ၀ကို နေခြည်နုလို နွေးထွေးပြီး ယုံကြည်ရဲရင့်စေပါတယ်။ လေခြနုလို အေးချမ်းပြီး ကြည်ရွှင် လန်းဆန်း စေပါတယ်။ ဒါကြောင့်မို့ ပုံပြင်ထဲကလို ငုံ့မခံနိုင်ရင်တောင်မှ “ခံသင့်သလောက်တော့ ခံကြစေ”ချင်ပါတယ် ။ ဘ၀မှာ အမျက်ဒေါသကြောင့် ဖြစ်ပေါ်လာ နိုင်တဲ့ ဆုံးရှုံးမှုတွေနဲ့ သည်းခံခွင့်လွှတ်နိုင်မှုကြောင့် ရလာနိုင်မယ့် အောင်ပွဲတွေကို အသေ အချာ လေ့လာသုံးသပ်မိရင် လူသားတိုင်း “ခန္တီဝါဒီ”တွေ ဖြစ်လာကြမှာပါ။
တော်ဝင်နွယ်