Thursday, August 16, 2012

ထိုင်ဝမ်နိုင်ငံ စန်းရှာမြို့ မဟာထေရကဿပရိပ်သာ မြေသန့်မင်္ဂလာ နှင့် သိမ်သမုတ်ပွဲ

ထိုင်ဝမ်နိုင်ငံ စန်းရှာမြို့ မဟာထေရကဿပရိပ်သာ
မြေသန့်မင်္ဂလာ နှင့် သိမ်သမုတ်ပွဲ (18.8.2012 ~ 19.8.2012)
တရုတ်မြန်မာဗုဒ္ဓဘာသာအသင်း (CMBA) 中緬南傳佛教協會
ဝမ်းမြောက်ဖွယ်ရာ အသိပေး နှိုးဆော်လွှာ

ထိုင်ဝမ်နိုင်ငံ စန်းရှာမြို့ မဟာထေရ ကဿပ ရိပ်သာတွင် ပြည်တွင်း ပြည်ပ ဆရာတော်ကြီးများ ကြွရောက်ကာ မြေသန့်မင်္ဂလာနှင့် သိမ်သမုတ်ပွဲဆင်နွဲကျင်းပမည် ဖြစ်ပါသည်။  ကြွရောက်လာမည့် ဆရာတော်များ….
၁။ မြန်မာနိုင်ငံ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်
၂။ မလေးရှားနိုင်ငံ ပီနန်မြို့ ဓမ္မိကာရာမကျောင်း ပီနန်ဆရာတော်
၃။ မြန်မာနိုင်ငံ ရန်ကုန်တိုင်း သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဦးဣဒ္ဓ္ဓိဗလ
၎။ မြန်မာနိုင်ငံ ရန်ကုန်တိုင်း သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် ဆရာတော် ဦးကုဏ္ဍလ
၅။ မြန်မာနိုင်ငံ ရန်ကုန်တိုင်း သံဃမဟာနာယကအဖွဲ့ တွဲဘက် အကျိုးတော်ဆောင် ဆရာတော် ဦးနရိန္ဒ
၆။ မြန်မာနိုင်ငံ ရန်ကုန်မြို့ သရက်တောတိုက် မှန်ကျောင်းဆရာတော် ဦးပညာဇောတ
၇။ ဂျပန်နိုင်ငံ တိုကျိုမြို့ တိပိဋကကျောင်း ဆရာတော် ဦးသြဘာသာဘိဝံသ
၈။ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ ဗုဒ္ဓ္ဓရံသီကျောင်း ဆရာတော် ဦးသီလိဋ္ဌ
၉။ စင်ကာပူနိုင်ငံ သာသနာ့ရံသီ မြန်မာကျောင်း ဆရာတော် ဦးတိလောက။
၁၀ ။စင်ကာပူနိုင်ငံ သာသနာ့ရံသီ မြန်မာကျောင်း ဆရာတော်ဦးစန္ဒဝံသ
၁၁။ ကနေဒါနိုင်ငံတိုရန်တိုမြို့မဟာဓမ္မိကာရာမကျောင်းဆရာတော်ဦးကောဝိဒ။
၁၂။ကနေဒါနိုင်ငံတိုရန်တိုမြို့မဟာဓမ္မိကာရာမကျောင်း ဆရာတော် ဦးနန္ဒသီရိ
၁၃။ ကနေဒါနိုင်ငံ တိုရန်တိုမြို့ မဟာဓမ္မိကာရာမကျောင်း ဆရာတော် ဦးပညာဇောတ
၁၄။ ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့ ဗုဒ္ဓ္ဓရံသီကျောင်း ဆရာတော် ဦးဃောသက
၁၅။ ကနေဒါနိုင်ငံ စစ်စကာတွန်မြို့ မေတ္တာဝိဟာရီကျောင်း ဆရာတော် ဦးသြသဓ
၁၆။ အမေရိကန်နိုင်ငံ နယူးယောက်မြို့ ဝိသုဒ္ဓ္ဓါရုံ ဓမ္မရံသီကျောင်း ဆရာတော် ဦးပါမောက္ခ
၁၇။ ထိုင်းနိုင်ငံ ဗန်ကောက်မြို့ ချူလာလောင်ကွန်တက္ကသိုလ် ဆရာတော် ဦးကောဏ္ဍညာဘိဝံသ
၁၈။ ထိုင်ဝမ်နိုင်ငံ နန်းထိုမြို့ ဖားအောက်တောရကျောင်းဆရာတော် ဦးသောပါက
၁၉။ ထိုင်ဝမ်နိုင်ငံ နန်းထိုမြို့ ဖားအောက်တောရကျောင်းဆရာတော် ဦးညာဏာစာရ
၂ဝ။ ထိုင်ဝမ်နိုင်ငံ ကျုံးဟိုမြို့ တရုတ်မြန်မာကျောင်း ဆရာတော် ဦးနန္ဒဝံသ
၂၁။ ထိုင်ဝမ်နိုင်ငံ ကျုံးဟိုမြို့ တရုတ်မြန်မာကျောင်း ဦးပညာဒီပ
၂၂။ ထိုင်ဝမ်နိုင်ငံ ကျုံးဟိုမြို့ တရုတ်မြန်မာကျောင်း ဦးသောဘိတ
၂၃။ ထိုင်ဝမ် နိုင်ငံ ကျုံးလိမြို့  ရတနာဝါသ ကျောင်း ဆရာတော် ဦးဥက္ကံသ
၂၄။ နယူးဇီလန်နိုင်ငံ ရတနာဒီပကျောင်း ဆရာတော် ဦးကုသလ။
၂၅။သြစတေးလျားနိုင်ငံစစ်ဒနီမြို့ သာသနာ့ဓဇကျောင်း ဦးနန္ဒိယ။
၂၆။စင်္ကာပူနိုင်ငံ ဓမ္မဥယျာဉ်ကျောင်း ဦးပဏ္ဍဝါစာရ ။
၂၇။ထိုင်ဝမ်နိုင်ငံကျုံးဟိုမြို့ တရုတ်မြန်မာကျောင်း အရှင်နေမိန္ဒ။

ကြည်ညိုဖွယ်ရာ ဆောင်ရွက်မည့် အစီအစဉ်များ….
(၁၄.၈.၂ဝ၁၂) နေ့တွင် ဆရာတော်ကြီးများ ထိုင်ဝမ်အရောက် ကြွရောက်လာပါမည်။
( ၁၅.ဂ.၂ဝ၁၂ - ၁၉.ဂ.၂ဝ၁၂ ) အထိ အောက်ပါ သာသနာ့ကိစ္စများကို ဆောင်ရွက်ကြပါမည်။
၁။ (၁၈.၈.၂ဝ၁၂)ရက် နံနက် (၉း ၀၀) နာရီ စန်းရှာမြို့ မဟာထေရ ကဿပ ရိပ်သာတွင် မြေသန့်မင်္ဂလာ စတင်ဆောင်ရွက်ပါမည်။
၂။ ဆက်လက်၍ ကျုံးဟို တရုတ်မြန်မာ ဘုရားကျောင်းသို့ သံဃာကုန် ပြန်ကြွပြီး၊ (၁ဝး၃၀) နာရီတွင် အားလုံးစုပေါင်း၍ နေ့ဆွမ်း ဆက်ကပ်ပါမည်။ (မိမိတို့် ကြိုက်နှစ်သက်ရာ ဆွမ်းဟင်း တစ်ခွက်စီ ယူဆောင်၍  ကိုယ်တိုင် လာရောက် လှူဒါန်းနိုင်ပါသည်။ များများ ချက်ပြီး ယူလာလျှင် ပိုကောင်းပါသည်။)
၃။ (၁၈.၈.၂ဝ၁၂)ရက် ည (၇း ၃၀) တွင် ကျုံးဟို ကော်ကျုံး ဓမ္မာရုံတွင် ဗန်းမော်ဆရာတော်မှ နိဗ္ဗာန်ရောက်ကြောင်း တရားဓဓ္မများ ချီးမြင့်ပါမည်။
၎။ (၁၉.၈.၂ဝ၁၂) ရက် နံနက် (၉း ၀၀) နာရီ စန်းရှာမြို့ မဟာထေရ ကဿပ ရိပ်သာတွင် သိမ်သမုတ်ပွဲ မင်္ဂလာ ဆင်ယင် ကျင်းပပါမည်။
၅။ (၁၉.၈.၂ဝ၁၂) ရက် နံနက် (၁ဝး ၀၀ မှ ၁၁း ၀၀) နာရီ စန်းရှာမြို့ မဟာထေရ ကဿပ ရိပ်သာတွင် နေ့ဆွမ်း ဆက်ကပ်ပြီး၊ နေ့လည်စာ သုံးဆောင်ကြကာ တရားနာယူ၊ ရေစက်ချ၊ အမျှဝေကြပါမည်။

၆။ (၁၉.၈.၂ဝ၁၂) ရက် ညနေ (၅း ၀၀) နာရီ ကျုံးဟိုမြို့ ဟွာရှင်ကျဲ ဈေးလမ်း တလျှောက် ပြည်တွင်း ပြည်ပ သံဃာတော် (၂၅)ပါးတို့ကို ဆွမ်းဆန်စိမ်း လောင်းလှူ ပူဇော်ကြပါမည်။ (မိမိတို့ကြိုက်နှစ်သက်ရာ ဝတ္ထု ပစ္စည်းများ၊ နဝကမ္မများ ပူဇော် လောင်းလှူနိုင်ပါသည်။
၇။ (၁၉.၈.၂ဝ၁၂) ရက် ည (၇း ၃၀) တွင် ကျုံးဟို ကော်ကျုံး ဓမ္မာရုံတွင် ဗန်းမော်ဆရာတော်မှ တရားဟော၊ ရေစက်ချ အမျှဝေကြပါမည်။
၈။ (၂ဝ.၈.၂ဝ၁၂) ရက်တွင် မြန်မာပြည်သို့ ပြန်လည် ကြွရောက်ကြပါမည်။

မှတ်ချက်။ ။ စန်းရှာမြို့ မဟာထေရ ကဿပ ရိပ်သာ မြေသန့်မင်္ဂလာ သိမ်သမုတ်ပွဲသို့ မည်သူမဆို ကြွရောက် ပူဇော် ကြည်ညိုနိုင်ပါသည်။ လိုက်ပါလိုသူများ တရုတ်မြန်မာ ဘုရားကျောင်းတွင် တစ်ဦးလျှင်NT (၁ဝဝ)ဖြင့် ကြိုတင် စာရင်းပေးသွင်း နိုင်ပါပြီ။ (၁၉.၈.၂ဝ၁၂)ရက် နံနက် (၇း ဝဝ)တိတိတွင် ကျုံးဟို တရုတ်မြန်မာ ဘုရားကျောင်းရှေ့၊ ဆဲဗင်း အလဲဗင်းဆိုင်နားမှ စတင် ထွက်ခွါပါမည်။
Busကားတောင်အောက်မှာရပ်ပါမည်။ ငယ်ရွယ်သူများ၁၀မိနစ်ခန့် လမ်းလျှောက်၍ တောင်ပေါ်တက်ရ ပါမည်။ အသက်ကြီးသူများကိုကားငယ်များဖြင့်တောင်ပေါ်သို့ကြိုပေးပါမည်။  မိမိတို့ကိုယ်တိုင် Bus ကားနှင့်လာလိုပါက ကျင်အန်းဘူတာမှBus 908 နှင့် 921 Bus ကားစီး၍ တက္ကစီကားနှင့်တောင်ပေါ်တက်လို့ရပါသည်။ (တောင်ပေါ်တွင်ကားပါကင်အလွန်ကျဉ်းပါသည်။)ကားငယ်များကြိုပို့ယာဉ်အလှူ-လှူဒါန်းလိုကလှူဒါန်းနိုင်ပါသည်။ 

 အထူးအစီအစဉ်
၁။ (၁၅.၈.၂ဝ၁၂) ရက် 花蓮 慈濟 ကျောင်းသို့ ကြွရောက်ကြပါမည်။ 
၂။ (၁၆.၈.၂ဝ၁၂) ရက်  高雄 佛光山 ကျောင်းသို့ ကြွရောက်ကြပါမည်။ 
၃။ (၁၇.၈.၂ဝ၁၂) ရက်中和 南山放生寺 ကျောင်းတွင် အနေကဇာတင်၍ သိမ်သမုတ်ကြပါမည်။ 
၎။ (၁၇.၈.၂ဝ၁၂) ရက် ညနေတွင် ပြည်တွင်း ပြည်ပ သံဃာတော်များ စန်းရှာမြို့ မဟာထေရ ကဿပ ရိပ်သာသို့ ကြွရောက်၍ သီတင်းသုံးကြပါမည်။
၆။ စန်းရှာ ရိပ်သာတွင်--အပတ်တိုင်း သောကြာညမှ စ၍ စနေ တနင်္ဂနွေ တရားစခန် ဖွင့်ထားပါသည်
   အသေးစိတ်ထပ်မံအသိပေးပါမည်း

တရုတ်မြန်မာ ဘုရားကျောင်း ဗုဒ္ဓဘာသာအသင်း ၊
မြန်မာပြန်အသင်း၊ တရုတ်မြန်မာ ယဉ်ကျေးမှုဖလှယ်ရေးအသင်း။ထိုင်ဝမ်၊

大迦葉禪修中心
灑淨安座 暨 結界戒壇 典禮
(2012.08.14至2012.08.20)

日期
時間
進行項目
地點
2012.08.14
下午
恭請諸位上座長老抵達台灣
桃園國際機場
2012.08.15
早上
前往花蓮慈濟精舍
花蓮
2012.08.16
早上
前往高雄佛光山寺
高雄
2012.08.17
早上
南山放生寺進行佛像安座暨結界戒壇
台北
中和
2012.08.18
早上09:00
大迦葉禪修中心
灑淨儀式
台北
三峽
上午10:30
中緬南傳佛教協會
用午膳
台北
中和
晚上07:30
中和國中川堂
開示
台北
中和
2012.08.19
早上09:00
大迦葉禪修中心
結界戒壇
台北
三峽
上午10:00
大迦葉禪修中心
用午膳
下午05:00
華新街沿途應供
中和
華新街
晚上07:30
中和國中川堂
開示
台北
中和
2012.08.20
早上
恭送諸位上座長老離開台灣
桃園國際機場


主辦單位:新北市中緬南傳佛教協會          聯絡人:總幹事  謝子能
住址:新北市中和區忠孝街122號5樓                       0917-684-361
電話:02-2940-2646                                 秘書處  倪煥芳(老五)
                                                         0930-188-098

ကန်တော့ ဆွမ်း

  ကန်တော့ ဆွမ်း


အိန္ဒိယနိုင်ငံဆိုတာ ဗုဒ္ဓဘုရားရှင်ပွင့်ထွန်းတော်မူပြီး၊ သစ္စာတရားဟောကြာနေရာမြတ်ဖြစ်သလို၊ တပည့် သားသာဝကပေါင်းများစွာဖြင့် ဂင်္ဂါမြစ်ဝှမ်း တစ်ခွင် လှည့်လည်တော်မူရင်း ဆွမ်းခံပြီး အာဟာရ အတွက်မျှ တ တော်မူတယ်လို့ ပိဋကတ်စာပေတွေမှာ လေ့လာရတော့ ကြည်နူးရပါတယ်။ 

အိန္ဒိယနိုင်ငံကြီးရောက်တုန်း အခွင့်သာခိုက် မဇ္ဈိမသားတို့ဆီ ဆွမ်းခံကြွပြီး ဆွမ်းရှာမယ်ဆိုပြီး ရွာလေးတစ် ရွာရောက်တော့ သင်္ကန်း ပြင်ဆင်ဝတ်ရုံပြီး သပိတ်ပိုက်ကာ လမ်းဘေး အိမ်တစ်အိမ်ရှေ့နား ၀င်ရပ်လိုက်ပါ တယ်။ အိမ်ရှေ့နား ဆော့ကစားနေတဲ့ ကလေးတွေ ထွက်ပြေးပြီး အိမ်ထဲဝင်ပုန်းကုန်ကြပါတယ်။ ဘယ်လိုဖြစ် တာလဲပေါ့။ 

နောက်တော့ ဘာမှမပြောပဲ ဆက်ရပ်နေလိုက်ပါတယ်။ ခဏကြားတော့ ကလေးတစ်ယောက် ချပါတီသေးသေး လေးတစ်ခု ယူပြီး သပိတ်ထဲ ပစ်ထဲ့ပြီး အိမ်ထဲပြန်ဝင်ပြေးသွားပါတယ်။ 
အထက်ပါ စကားလေးသည် ထေရ၀ါဒဗုဒ္ဓသာသနာတော်သို့ ၀င်ရောက် ရဟန်းပြုလာသော အမေရိက ရဟန်း တော်ကြီးတစ်ပါး၏ အိန္ဒိယဆွမ်းခံ ဇာတ်လမ်းဖြစ်သည်။ 

နိုင်ငံ၏ လူဦးရေ သုံးပုံပုံလျှင် နှစ်ပုံခန့်သည် ဗုဒ္ဓဘာသာဝင်များဖြစ်ခဲ့ကြ သည်ဆိုသော အိန္ဒိယနိုင်ငံကြီးသည် ယနေ့ကာလ တစ်ချို့နေရာများ၌ ပြည်တွင်းဖြစ်၊ ပြည့်ရင်နှစ် စစ်စစ်ဖြစ်သော ဗုဒ္ဓသားတော် ရဟန်းတော် တို့ကို တစိမ်းဆန်နေကြသည်။ ကန်တော့ဆွမ်းကို မပြောချင်ကြတော့။
ဗုဒ္ဓဘုရားရှင် ပွင့်ထွန်းတော်မူပြီးနောက်ပိုင်း အိန္ဒိယနိုင်ငံကြီးသည် နိုင်ငံအသီးသီးက လူမျိုး အသီးသီးတို့၏ ဘုရင်များ၏ အုပ်ချုပ်ခြင်းကို ခံခဲ့ရသည်။ 

တစ်ခါသော် အိန္ဒိယနိုင်ငံကြီးကို ဂရိမင်းတစ်ပါးအုပ်ချုပ်သည်။ ထိုမင်းသည် ဘာသာဝါဒစူးစမ်းလိုသော ဆန္ဒရှိ သည်။ မိမိတို့ တိုင်းပြည်ရှိ ဂရိနတ်ဘုရားများနှင့် အိန္ဒိယပြည်တွင်းဖြစ် ဗုဒ္ဓ၀ါဒကို နှိုင်းယှဉ်ပြီး စူးစမ်းလေ့လာ သည်။ ဗုဒ္ဓသာဝကများကို မေးမြန်းစစ်ဆေးသည်။ 

ထိုမင်းကြီး၏ မေးမြန်းချက်ကို သဘောကျလက်ခံအောင် ဖြေဆိုနိုင်သော ရဟန်းတော်မတွေ့ဖြစ်နေသည်။ မင်းကြီးသည်လည်း တွေ့သည့်နေရာက ရဟန်းတော်များကို မေးမြန်းသည်။ မင်းကြီး၏ မေးမြန်းချက်ကို မဖြေနိုင်သော်အခါ” ဇမ္ဗူဒိပ်ကျွန်းသည် အချည်းနှည်းပဲ။ ဇမ္ဗူဒိပ်ကျွန်းသည် အနှစ်ကင်းပြီ၊ သိလိုရာ ကို မေးမြန်း ရန်၊ ယုံမှားသံသကို ပယ်ဖျောက်ပေးနိုင်သော သမဏ၊ ဗြဟ္မဏ မရှိပြီ’ ဟု ငြီးတွားခဲ့ရသည်။ မင်းကြီး၏ ငြီးတွား သံကို ရဟန္တာအရှင်မြတ် အဿဂုတ္တ မထေရ်ကြီးကြားတော်မူသည်။

မင်းကြီး၏ မမေးကို သဘောကျ လက်ခံအောင် ရဟန်းတော်များက မဖြေဆိုင်နိုင်သော အခါ ဗုဒ္ဓသာသနာ တော် အတွက် အခက်အခဲကြုံရသည်။
ထိုအရေးကို သံဃာတော်များ စုဝေးတိုင်ပင်ကြသည်။ ထိုအရေးသည် သာသနာတော်တွင် သီတင်း သုံး နေထိုင်ကြသော ရဟန်းတော်တိုင်းနှင့် သက်ဆိုင်သည်။ သံဃာအလည်တွင် ဖြေရှင်းနိုင်မည့် ရဟန်းတော်ကို ရှာကြသည်။ ဖြေရှင်းနိုင်မည့် ရဟန်းတော်ကား မတွေ့ရပေ။ 

သို့သော် ပြဿနာ ဖြေရှင်းနိုင်မည့် သူကား နတ်ပြည်တွင်ရှိကြောင်းသိကြရသည်။ ဤသို့ဖြင့်ရဟန္တာ ရှင်မြတ် ကြီးများသည် နတ်သားကို သွားရောက်ပြီး သာသနာ့ ရန်စွယ်များ အကြောင်းကို ရှင်းပြကြသည်။ ဗုဒ္ဓသာသနာ တော်အတွက် လူ့ပြည့်တွင် ရောက်သန္ဓေယူရန် တိုက်တွန်းကြသည်။ နတ်သားသည် ၀မ်းပန်း တသာ လက် ခံသည်။ 

ဤသို့ ရဟန်းတော်များ သာသနာတော် အရေးဆွေးနွေး တိုင်ပင်ကြသည့် သံဃာ့ အစည်းအဝေး သို့ ရောဟဏ မထေရ်သည် အာရုံမပြုမိသောကြာင့် မတက်ရောက်မိသည်ကို ရဟန်းတော်များက ဒဏ်ထားကြသည်။ ငါ့ရှင် သင်သည် သံဃကိစ္စများကိုလစ်လျုရှုသည်။ 

ထို့ကြောင့်သင်သည် ဟိမန္တာတောင်ခြေရှိ၊ ဇင်္ဂလရွာတွင် သောနုတ္တရ အိမ်တွင် နာဂသေမည်သော လူငယ်တစ် ယောက် ဖွာမြင်လိမ့်မည်။ ထိုသူငယ်ကိုခုနှစ်နှင်နှင့် ဆယ်လတိုင်တိုင် ဆွမ်းခံကြွပြီး 
ထိုသူငယ်သာသနာ ဘောင်ရောက်မှ သင်ဒဏ်ကလွတ်စေ။
ကောင်းပါပြီ၊ အရှင်မြတ်တို့ဘုရား၊ တပည့်တော်ဆောင်ရွက်ပါ့မယ်ဘုရား။

ဇင်္ဂလရွာရှိနာဂသေနရှိရာအိမ်သို့ ရောဟဏမထေရ်မြတ်နေ့တိုင်းဆွမ်းခံကြွသည်။ နေရာထိုင်ခင်ပေးခြင်း၊ ခရီးဦးကြိုဆိုခြင်း၊ လက်အုပ်ချီတို့ကို မပြုလုပ်၊ နောက်ဆုံး ကန်တော့ဆွမ်းပါဟူသော စကားကိုပင်မရခဲ့ဖူး၊
နှစ်ပေါင်း အတန်ကြာခဲ့ပါပြီ။ 

တစ်နေ့သော် ရောဟဏမထေရ်ကြီးဆွမ်းခံကြွရာထိုအိမ်မှ ကန်တော့ဆွမ်းဟူသော အသံကိုကြားလိုက်ရ သည်။ အပြန်လမ်းတွင် အိမ်ရှင် သောနုတ္တနှင့်တွေ့သည်။ ငါတို့အိမ်ကတစ်စုတစ်ခုရခဲ့ ပါ၏လောဟု ခပ်ထေ့ထေ့မေးသည်။ 
ရောဟဏမထေရ်က ရခဲ့ပါသည်ဟုဖြေလိုက်ရာသောနုတ္တရ စိတ်ဆိုးကာ ပြန်လာပြီး၊ အိမ်သားများကို စုံစမ်းသည်။ မည်သည့်အရာကိုမှ မလောင်းလှူလိုက်ကြောင်းပြောပြကြသည်။ 

နောက်နေ့တွင် ရဟန်းတော်အား မဟုတ်မှန် လိမ်ပြောသည်ဟူသော စွပ်စွဲချက်ဖြင့် ရန်တွေ့တော့ သည်။ ရောဟဏမထေရ်ကြီးမှ ငါသည်သင်တို့အိမ်ကို ဆွမ်းခံကြွလာခဲ့သည်မှာ ခုနှစ် နှစ်ဆယ်လ တိုင်တိုင်ရှိခဲ့ပြီ၊ ကန်တော့ဆွမ်းဟူသော စကားကိုပင်မရခဲ့ပါ။ မနေ့ကတော့ ကန်တော့ဆွမ်းဟူသော စကားကို ရခဲ့လို့။ ငါရပြီလို့ ပြောခြင်းဖြစ်ပါတယ်၊ သောနုတ္တ၊
ဗုဒ္ဓသာဝကတို့သည် ကန်တော့ဆွမ်းကိုပင်ရသည်ပြောလျှင်၊ တစ်နေ့တစ်ဇွန်းမျှပေးလှူလျှင် အဘယ်ဆို ဖွယ်ရှိ ပါလိမ့်မည်နည်းဟု တွေးတောကား နေ့စဉ်ဆွမ်းလောင်းတော့သည်။ တစ်ဇွန်းဆွမ်း အတွက် အနုမောဒနာပြုရင်း ဖြင့်ပင် နာဂသေနသတို့သားသည် ရှင်ဖြစ်လာခဲ့ရသည်။ 

ထို့နောက် ရဟန်းဘောင်တက်သည်။ ရိုးရာ အတတ် ပညာများ အပြင်၊ ဗေဒင်သုံးပုံတို့နှင့် တကွ ပိဋကတ် တော်ကို အကုန်အစင် တတ်မြောက်တော်မူသည်။
ဂရိရှင်ဘုရင်ကြီး မိလိန္ဒသည် နာဂသေနမထေရနှင့်တွေ့ရသော အခါ မေးတိုင်း၊ မေးတိုင်းသော အမေး၏ အဖြေမှန်တို့ကိုရရှိပြီး သာသနာပြုရှင်ဘုရင်ကြီး အဖြစ်မှတ်တမ်းအတင်ခံရသည်။ 

သာသနာ့သမိုင်းဝင် စံတင် ထားရသော အဖြစ်အပျက်ကြီးသည် ကန်တော့ဆွမ်း က စခဲ့ရသည်။ 


Wednesday, August 15, 2012

အသံနဲ့ အမှားနှောမှာလား ၊ ဉာဏ်နဲ့စကားပြောမှာလား




                             အသံနဲ့ အမှားနှောမှာလား ၊ ဉာဏ်နဲ့စကားပြောမှာလား


ငြိမ်းအေးသောဘ၀ပိုင်ရှင် ဖြစ်ဖို့အတွက် နောက်အရည်အသွေးတစ်ခုကတော့ စကားကို ဉာဏ်နဲ့ချင့်ချိန်ဆင်ခြင်ပြီးမှ
ပြောဆိုခြင်း ၊ သို့မဟုတ် နှုတ်စောင့်စည်းခြင်းဆိုတဲ့ အရည်အသွေးပါပဲ။
စကားကို ဉာဏ်နဲ့မဆင်ခြင်ဘဲ ပြောတတ်တဲ့သူ ၊ နှုတ်မစောင့်စည်းတဲ့သူဟာ စိတ်ရဲ့ငြိမ်းအေးမှုကို ဘယ်တော့မှ မရနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ နှုတ်မစောင့်စည်းဘဲအဆင်ခြင်မဲ့ ပြောလိုက်တဲ့စကားတွေရဲ့
နောက်ကွယ်မှာ စိတ်ဆင်းရဲစရာ ပြသနာတွေရှုပ်ထွေးစွာပါလာတတ်လို့ပါပဲ။

စကားတစ်ခွန်းပြောတော့မယ်ဆိုရင် ပြောသင့်၊ မပြောသင့်ဉာဏ်နဲ့အရင်ဆုံးဆင်ခြင်ပါ။ ပြီးရင် ပြောသင့်တာကိုပဲပြောပါ။ မပြောသင့်တာကို လုံးဝမပြောပါနဲ့။ ပြောသင့်တာကိုလည်းလိုအပ်သလောက်သာပြောပါ။ လိုအပ်တဲ့အတိုင်းအတာထက်ပိုပြီးမပြောပါနဲ့။ မလိုဘဲစကားကြောရှည်တာဟာ ဂုဏ်ယူစရာမဟုတ်ပါဘူး။ အချိန်လည်းကုန် ၊ လေလည်းကုန်ပါတယ် ။ အမှားတွေလည်းပါလာတတ်ပါတယ်။

တချို့က သတင်းအချက်အလက်လေးတစ်ခု ရလိုက်ပြီဆိုတာ နဲ့ ဘာမှ စဉ်းစားမနေတော့ဘဲ ချက်ချင်း ဟိုလူ့ပြော၊ ဒီလူ့ပြော လုပ်တတ်ကြတယ်။ လူကိုယ်တိုင် ပြောခွင့်မသာရင် ဖုန်းနဲ့ဆက်ပြောတတ်ကြတယ် ။ပြောဖို့လိုသလား ၊ မလိုဘူးလား ဘာမှဆင်ခြင်မနေတော့ဘူး ။ အဲဒီလိုလူတွေဟာ အများအားဖြင့် ပြောဖို့မလိုတာတွေပဲ ပြောနေတတ်ကြတာပါ။

ဝမ်းမနိုင်လို့ ဗျစ်ခနဲ ထွက်တတ်တာကို မအောင့်နိုင်ရင်တောင်မှ ပါးစပ်မနိုင်လို့ ထစ်ခနဲ ထွက်တတ်တာကိုတော့ သတိကြီးကြီး ၊ ဉာဏ်ကြီးကြီးနဲ့ထိန်းသိမ်းစောင့်စည်းနိုင်ရပါမယ်။

တချို့က တို့ကမှန်တာပြောတာပဲ ၊ တို့ကဟုတ်တာပြောတာပဲ ၊ တို့ကပွင့်ပွင့်လင်းလင်းပြောတာပဲ ဆိုပြီးစကားကို အထိန်းအကွပ်မရှိ ၊ အစည်းအစောင့်မရှိ ၊ အဆင်အခြင်မဲ့ စွတ်စွတ်ပြောတတ်ကြပါတယ်။
အဲဒီလို စိတ်မနိုင်နင်းစွာ ပရမ်းမတာပြောရတာကိုပဲ တို့ကဘွင်းဘွင်းသမားလို့ တလွဲ ဂုဏ်ယူနေတတ်ကြပြန်ပါသေးတယ်။

တကယ်တော့ စကားကို အထိန်းအစောင့်မရှိလွှတ်ကနဲပြောတတ်တဲ့သူတွေဟာ စိတ်ဓါတ်ပျော့ညံ့တဲ့သူ ၊ စိတ်ထိန်းချုပ်နိုင်စွမ်းမရှိတဲ့သူ ၊ စိတ်အရည်အသွေးညံ့ဖျင်းတဲ့သူ ၊ စိတ်တန်ခိုအားကင်းမဲ့တဲ့သူတွေပါပဲ။
ကိုယ်ပြောလိုက်တဲ့စကားတစ်ခွန်းကြောင့် တစ်ဖက်သားရဲ့ ဂုဏ်သိက္ခာ ထိခိုက်သွားမလား ၊ တစ်ဖက်သားအကျိုးပျက်စီးသွားမလား ၊ တစ်ဖက်သား စိတ်ဆင်းရဲသွားမလားဆိုတာ အမြဲဆင်ခြင်ရပါမယ် ။

သူကြိုက်ကြိုက် မကြိုက်ကြိုက် ကိုယ်ပြောလိုက်လို့တစ်ဖက်သားမှာ တကယ်အကျိုးရှိသွားရင်တော့ အခြေအနေ အချိန်အခါ ကြည့်ပြီး ပြောရမှာပေါ့။ ဒါပေမဲ့သူမကြိုက်တာပြောလိုက်လို့သူ့အတွက်လည်း ဘာမှအကျိုးထူးမသွားဘူးဆိုရင်တော့ ကောင်းစေချင်လို့ပြောတာပါ ဆိုပြီးနာမည်ကောင်း ယူမနေပါနဲ့ ။ အလကားပါပဲ။ ဘယ်သူကမှ ကျေးဇူးတင်နေမှာ မဟုတ်ပါဘူး ။

ဒီနေရာမှာ စကားပြောတိုင်း မြတ်စွာဘုရားရှင်ရဲ့ သုဂတ ဂုဏ်တော်ကို အမြဲသတိရဖို့ တိုက်တွန်းချင်ပါတယ် ။ သုဂတ ဂုဏ်တော်ရဲ့ အဓိပ္ပာယ်အများကြီးထဲက တစ်ခုကတော့ ကောင်းသောစကားကိုဆိုတော်မှုတတ်သော မြတ်စွာဘုရား ပါ။ ကောင်းသောစကားဆိုတာ မှန်လည်းမှန် အကျိုးလည်းရှိတဲ့စကားကို ခေါ်ပါတယ် ။

မှန်ကန်၍အကျိုးရှိသောစကားကိုသာ ဆိုတော်မှုတတ်သော မြတ်စွာဘုရား လို့ ထပ်ခါထပ်ခါပွားများရင်းနဲ့ ငါလည်းမှန်တာပဲပြောမယ်။ မှန်တိုင်းမပြောဘူး၊ အကျိုးရှိတာပဲပြောမယ်လို့ နှလုံးသွင်းဆင်ခြင်နိုင်ခဲ့မယ်ဆိုရင် နှုတ်ကို စောင့်စည်းတဲ့သူ ၊ စကားကို ဉာဏ်နဲ့ချင့်ချိန်ဆင်ခြင်ပြီးပြောတဲ့သူ ဖြစ်လာမှာမလွဲပါဘူး ။

စကားတိုင်းမှာ ဉာဏ်ပါလာပြီဆိုရင် လိမ်ညာစကားတွေလည်း မပြောဖြစ်တော့ပါဘူး ။ ကုန်းတိုက်တဲ့စကားတွေလည်း မပြောဖြစ်တော့ပါဘူး ၊ ကြမ်းတမ်းရိုင်းပျတဲ့စကားတွေလည်း မပြောဖြစ်တော့ပါဘူး ။ အကျိုးမရှိတဲ့ အနှစ်မဲ့စကားတွေလည်း မပြောဖြစ်တော့ပါဘူး ။

ဆင်ဆင်ခြင်ခြင် ထိန်းထိန်းသိမ်းသိမ်း ပြောတဲ့စကားတွေရဲ့ နောက်ကွယ်မှာ စိတ်ဆင်းရဲစရာ ဘာမှပါမလာတော့တဲ့အတွက် စကားဆင်ခြင်ပြောသူဟာ ငြိမ်းအေးသောဘ၀ပိုင်ရှင် ဖြစ်ရပါတယ်။

ဘာစကားပဲဖြစ်ဖြစ် လိုအပ်မှပြောတာပဲကောင်းပါတယ်။ လောလောဆယ်ပြောဖို့မလိုအပ်သေးရင် တစ်စက္ကန့်လေးပဲဖြစ်ဖြစ် ၊ တစ်မိနစ် လေးပဲဖြစ်ဖြစ်အချိန်ဆိုင်းထားလိုက်ပါ ။ နောက်တစ်နာရီမှပြောသင့်တဲ့စကား နောက်တစ်နာရီမှပြောပါ။ သတိရတုန်း ဆိုပြီးချက်ချင်းမပြောလိုက်ပါနဲ့ ။ နောက်တစ်ရက်မှပြောသင့်တဲ့စကား နောက်တစ်ရက်မှပြောပါ။ မေ့သွားမှာစိုးလို့ဆိုပြီးဒီနေ့မပြောလိုက်ပါနဲ့။ ကိုယ့်အတွက်လည်းဘာမှအကျိုးမရှိ သူ့အတွက်လည်း ထိခိုက်နစ်နာစေမယ့် စကားမျိုးဆိုရင်မှန်နေတောင်မှလုံးမပြောပါနဲ့။ လုပ်ကြံပြီးပြောဖို့ကတော့ စိတ်ကူးထဲတောင်မထည့်ပါနဲ့။
 ဆရာတော် အရှင်ဆန္ဒာဓိက ၏ ငြိမ်းအေးသောဘ၀ပိုင်ရှင် မှ အသံနဲ့ အမှားနှောမှလား ၊ ဉာဏ်နဲ့စကားပြောမှာလား ဆောင်းပါးကို ကူးယူပူဇော်ပါသည်။ ။

အားလုံးကိုချစ်ခင်လေးစားလျှက်...
ကိုရင်ကိုမင်း

Saturday, August 11, 2012

တကယ်ဆိုရင် . . .


တကယ်ဆိုရင် . . .

သုဿုသံ လဘတေ ပညံ-ပညာရဖို့အတွက် နားထောင်ရမည်၊ (၀ါ) နားထောင်တတ်လျှင် ပညာရ၏။ (ဗုဒ္ဓ)
လွန်ခဲ့သော အနှစ်နှစ်ဆယ်ကျော် ခပ်ငယ်ငယ်တုန်းကတော့ ရပ်ထဲရွာထဲ ဟိုနေရာသည်နေရာ မြန်ပြည်တစ်နံတစ်လျား ဒေသ အနှံ့အပြား ကြားခဲ့ရသည့် ဂီတ တစ်ပိုင်းတစ်စကား ''ကိုယ့်အချစ်နဲ့ အရာရာကို အကောင်းအတိုင်း ဖြစ်စေမည်'' ဆိုသည့် ဂီတ တစ်ပိုင်းတစ်စ ဖြစ်သည်။ ယနေ့လည်း နှစ်ဆယ်ကျော် လူလတ်ပိုင်း အများစု၏ နှုတ်ထဲ၌ ရှိနေပါလိမ့်ဦးမည်။

ယခုနှစ်ပိုင်းမှာတော့ ရပ်ထဲရွာထဲသွားလျှင် နေရာ အနှံ့အပြား အမြဲလိုလို ကြားနေရသည့် ဂီတ တစ်ပိုင်းတစ်စကား ''တကယ်ဆိုရင် အချစ်ပဲလိုတယ်'' ဆိုသည့် ဂီတ တစ်ပိုင်းတစ်စပင် ဖြစ်သည်။ ထင်းခွေသော မိန်းကလေး၊
ထမင်းချက်သော မိန်းကလေး၊ တောထဲက ကောက်စိုက် ကောက်ရိတ်နေသည့် မိန်းကလေး၊ မြို့က မိန်းကလေး၊ တောကမိန်းကလေး စသည် စသည် ''တကယ်ဆိုရင် အချစ်ပဲလိုတယ်'' ဆိုသည့် အပိုဒ်ကလေးကို ညည်း၍ နေနိုင်သည်။ မိန်းကလေးမှမဟုတ် စာသားက ထိမိလှသည့် အဓိပ္ပာယ် ရှိလှသည့် စာသား၊ နှလုံးသားထဲမှာ စူးနစ်ဝင်သွားနိုင်သော စာသား ဖြစ်သဖြင့် ယောက်ျားလေးအချို့လည်း ညည်းကောင်းညည်းနေနိုင်သည်။ (အနုပညာ ဓာတ်ခံရှိသူများ၌သာ)

အဆိုတော်အများစုက ပညာသည် ဖြစ်သည်။ တေးပြုစာဆိုတွေကမှ ပညာရှင်အစစ် ဖြစ်သည်။ (ပညာရှင်ကတော့ ပိုက်ဆံသိပ်မရ၊ ပညာသည်ကသာ အရပ်တကာ လည်ရောင်းသူ ဖြစ်သဖြင့် ပိုက်ဆံ ပို၍ရသည်)၊ ကျော်တာက အဆိုတော်၊ တကယ် တော်တာက ဂီတစာဆို ဖြစ်သည်။ အများစုက အဆိုတော်ကိုပဲ သိကြသည်။ တေးရေးတေးပြုကို သိပ်ပြီး သိကြတာမဟုတ်။ အများစုက အဆိုတော်ကိုပဲ စိတ်ဝင်စားကြသည်။ တေးပြုစာဆိုကို သိပ်ပြီး စိတ်ဝင်စားကြတာ မဟုတ်။တကယ်တော့ အဆိုတော်က နှုတ်ဖျားလေးနှင့်ပဲ ဆိုသွားသည်။ ရင်ထဲ အသည်းထဲက စိုက်ထုတ်စရာမလို၊ တေးပြုစာဆိုက ရင်ထဲ အသည်းထဲက ယိုစိမ့်ထွက်လာသော ဂီတသံစဉ်များဖြင့် ဖွဲ့ကြရ၊ နွဲ့ကြရသည်။

ပွဲဆိုတာ ''ကြည့်တတ်ရင် ဘာဝနာ'' ဟု ဆိုစကားရှိ၏။ ဂီတ ဆိုတာလည်း တချို့ အပိုင်းအစလေးတွေက နားဆင်တတ်ပါက 'ပညာ' ဖြစ်နိုင်စရာ အကြောင်းရှိသည်။ အဘယ်ကြောင့် ဆိုသော် ဂီတစာဆို အများစုသည် ဘ၀သမားတွေ ဖြစ်ကြ၏။ ဒဿန သမားတွေ ဖြစ်ကြ၏။(အနုပညာ ဟူသည်မှာလည်း ဒဿနပါမှသာ အနုပညာမြောက်သည်)စာပေသမား စစ်စစ်၊ အနုပညာသမားစစ်စစ် တို့သည် သစ္စာတရားကို ရှာဖွေသူတွေ ဖြစ်ကြ၏။ သစ္စာတရားကို ကိုးကွယ်သူတွေ ဖြစ်ကြ၏။ ရပ်ထဲရွာထဲက ဘ၀တွေကို ကြည့်ပြီး ခံစားပြီး သစ္စာတရားတွေရင်ထဲက ပွင့်အန်ကျလာကြ၏။ ထို့ကြောင့် ဂီတမှာလည်း တချို့ အပိုင်းအစတွေက နားဆင်တတ်လျင် 'ပညာ'ဟု ခြွင်းချက်နှင့်ဆိုနိုင်သည်။

အချစ်ဟူသည်
အထက်၌ဆိုခဲ့သော ဂီတနှစ်ပုဒ်လုံးတွင် ပါရှိသည့် အချစ် ဟူသည်မှာ သိင်္ဂါရရသ အချစ်မျှသာမဟုတ်၊ သန္တရသ အချစ်တိုင်အောင် အဓိပ္ပာယ် သက်ရောက်သည်။ အများစုက အချစ်ဆိုလျှင် သိင်္ဂါရရသ အချစ်လောက်ပဲ သိကြသည်။ တေးပြုစာဆိုသည် ထိုမျှသာ ရည်ရွယ်သည် ဟုတ်ဟန်မတူ၊ သန္တရသ အချစ်တိုင်အောင် ရည်ရွယ်ပြီး တေးပြုခြင်း ဖြစ်လိမ့်မည်ဟု ယူဆမိ၏။
အချစ်ဟူသည်မှာ နက်နဲ၏၊ ခက်ခဲ၏၊ ရောထွေးမှု ရှိ၏၊ အချစ်ဆိုသည့် ဝေါဟာရထဲ၌ စိတ်စေတနာ အမျိုးမျိုး ပါဝင်နေ၏။ စာနာမှု၊ ထောက်ထားမှု၊ ညှာတာမှု၊ ဂရုစိုက်မှု၊ အလေးထားမှု၊ အလိုက်တသိရှိမှု၊ စိတ်ဝင်စားမှု၊ ခင်မင်မှု၊ ကြည်ဖြူမှု၊ ကြင်နာမှု၊ မြတ်နိုးမှု၊ ကြည်ညိုမှု၊ ကိုးကွယ်မှု၊ လေးစားမှု၊ တန်ဖိုးထားမှု၊ ရက်ရောမှု၊ လိုက်လျောမှု၊ သည်းခံမှု၊ ခွင့်လွှတ်မှု၊ အနစ်နာခံမှု၊ စွန့်လွှတ်မှု တို့သည် အချစ်ဟူသော ဝေါဟာရထဲ၌ ရောနှော ပါဝင်လျက် ရှိကြ၏။

အချစ်ကို အကြမ်းဖျင်းခွဲလိုက်လျှင် 'မီးနှင့်တူသောအချစ်၊ နေနှင့်တူသောအချစ်၊ လနှင့်တူသော အချစ်' ဟူ၍ သုံးမျိုးရှိကြောင်း ဆရာကြီးဦးတက်တိုးက သူ၏ 'အချစ်နှင့်စိတ်ပညာ' စာအုပ်၌ ဆိုခဲ့၏။ မိမိတို့ ပါဠိစာပေနှင့်
တိုက်ဆိုင်ကြည့်သော် မီးနှင့်တူသော အချစ်ဟူသည် 'တဏှာပေမ-တဏှာရာဂ အချစ်'ဖြစ်၏။ နေနှင့်တူ၍ နွေးထွေးသောအချစ် ဟူသည် 'ဂေဟသိတပေမ-သံယောဇဉ်ချစ်' ဖြစ်၏။ လနှင့်တူသောအချစ် ဟူသည် 'မေတ္တာပေမ-အေးမြသော အချစ်' အချစ်စစ် အချစ်မှန် ဖြစ်၏။ ယင်းတို့ သုံးမျိုးခွဲသော်လည်း သူတို့သည် သီးသန့်အခါမျိုး ရှိသလို ရောထွေး၍ နေသောအခါလည်း ရှိ၏။


'အခြားသူတို့၏ ပျော်ရွှင်မှု၊ စိတ်ချမ်းသာ ကိုယ်ချမ်းသာရှိမှု တို့သည် မိမိ၏ ပျော်ရွှင်မှု၊ ချမ်းသာမှုကဲ့သို့ပင် အရေးကြီးတာပါလား'ဟု နားလည် ခံစားတတ်သူ၏ နှလုံးသား၌သာ အချစ်စစ် အချစ်မှန်တရားက ပေါက်ဖွားရှင်သန် နားခိုနိုင်လေ၏  . .

အချစ်ဟူသည် ယဉ်ကျေးမှု မြင့်မားလာသောအခါမှသာ ပေါ်ပေါက်၍ လာရသဖြင့် ယဉ်ကျေးမှုကို နားလည်သူ၊ ယဉ်ကျေးသူတို့ နှလုံးသား၌သာ အချစ် ဟူ၍ ရှိနိုင်သည်။ ဘုရားကလည်း 'စိတ္တံ ဒန္တံ သုခါဝဟံ-ယဉ်ကျေးသော စိတ်ကသာ ချမ်းသာကို ဆောင်နိုင်သည်' ဟု မိန့်သဖြင့် ယဉ်ကျေးမှု ဟူသည် အထူးသဖြင့် စိတ်ယဉ်ကျေးမှု ဖြစ်၏။ စိတ်ယဉ်ကျေးမှု ဟူသည် မိမိ၏လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာန ဣဿာမစ္ဆရိယ စသည်တို့ကို နှိမ်နင်းနိုင်သဖြင့် ယင်း တရားဆိုးတို့ အစွန်းမထွက်သော ယင်းတရားဆိုးတို့နှင့် သူတစ်ပါးအပေါ် ထိခိုက်နစ်နာအောင် ကြံစည်မှုမရှိသောစိတ်မျိုး ဖြစ်၏။
တစ်ကိုယ်ကောင်းစိတ် ရှိသူတို့၌ အချစ်ဟူ၍ မရှိနိုင်။ တစ်ကိုယ်ကောင်းစိတ် မရှိသူတို့၌သာ အချစ်ဟူ၍ ရှိနိုင်သည်။ ''အခြားသူတို့၏ ပျော်ရွှင်မှု၊ စိတ်ချမ်းသာ ကိုယ်ချမ်းသာရှိမှု တို့သည် မိမိ၏ပျော်ရွှင်မှု၊ ချမ်းသာမှု ကဲ့သို့ပင်
အရေးကြီးတာပါလား''ဟု နားလည်ခံစားတတ်သူ၏ နှလုံးသား၌သာ အချစ်စစ် အချစ်မှန်တရားက ပေါက်ဖွားရှင်သန် နားခိုနိုင်လေ၏။ အများစုက စားစရာမရှိအောင် ဆင်းရဲနေသည့် အခါကာလ၌ တစ်စုံတစ်ဦးက
ထားစရာမရှိအောင် ချမ်းသာနေသည် ဆိုလျှင် ထိုပုဂ္ဂိုလ်မျိုး၏ နှလုံးသား၌အချစ် ဟူ၍ မရှိနိုင်။ ဘာရှိမလဲဆိုလျှင် အတ္တသာ ရှိနိုင်၏။

မေတ္တာဟူသည်
'မိဇ္ဇတိ သိနိယှတီတိမေတ္တာ'ဟု သဒ္ဒါဆရာတို့ ၀ိဂြိုဟ်ပြုကြ၏။ သူတစ်ပါးတို့အပေါ် အစိုဓာတ်၊ အစေးဓာတ်၊ အအေးဓာတ်ဖြင့် မြေးယှက်ခြင်း ဖြစ်၏။ တစ်ဦးနှင့်တစ်ဦး အစေးကူးဖို့ အချင်းချင်း စည်းစည်းလုံးလုံးရှိဖို့ မေတ္တာ
အစေးဓာတ်က ဂဟေဆက်၍ ပေးခြင်း ဖြစ်၏။ အားလုံး အေးအေးချမ်းချမ်းရှိဖို့ မေတ္တာ အအေးဓာတ်က ဖျန်းပက်ပေးခြင်း ဖြစ်၏။အသက်အိုးအိမ်စည်းစိမ် စသည် အားလုံး လုံလုံခြုံခြုံရှိဖို့ မေတ္တာကွန်ရက်က လွှမ်းခြုံပေးခြင်း ဖြစ်၏။

မေတ္တာဟူသည် ပါဠိ ဝေါဟာရ ဖြစ်၏။ မြန်မာက မွေးစားယူထားခြင်း ဖြစ်၏။ မေတ္တာဟူသည် ရေတွင်းထဲက ရေကန်သို့ ဖြစ်၏။ အယူမရှိ၊ အရကိုမမျှော်၊ အပေးသက်သက်သာ ရှိ၏။ ဗုဒ္ဓဟူသည် မေတ္တာနှင့်ကရုဏာ တို့၏ 'အမတေ' ဖြစ်၏။ သတ္တ၀ါ အများ ကောင်းကျိုးကို လိုလားသော မေတ္တာ၊ သတ္တ၀ါအများကို ကြင်နာသနားသော ကရုဏာတို့၏ တွန်းအားကြောင့် ဗုဒ္ဓဟူ၍ ဖြစ်လာရ၏။
မေတ္တာကို ပါဠိစာပေက ဤသို့ ဖွင့်ဆို၏။ 'မေတ္တာသည် သူတစ်ပါးတို့၏ ကောင်းကျိုးစီးပွားကို လိုလားသော အချင်းအရာအားဖြင့် ဖြစ်ခြင်း လက္ခဏာရှိ၏။ သူတစ်ပါးတို့၏ ကောင်းကျိုးစီးပွားကို ဆောင်ကြဉ်း၍ ပေး၏။ အာဃာတကို ပယ်ဖျောက်၍ ပေး၏။ မေတ္တာဖြစ်ဖို့အတွက် လိုအပ်သော အကြောင်းနှစ်ချက် ရှိ၏။ သူတစ်ပါး အကျိုးစီးပွားကို အာရုံပြုခြင်းနှင့် သူတစ်ပါးတို့၏ မြတ်နိုးဖွယ် အဖြစ်၊ မြတ်နိုးဖွယ် အနေအထားကို မြင်လိုကြည့်လိုခြင်း ဖြစ်၏။

ကိုယ့်အချစ်နဲ့ အရာရာကို အကောင်းအတိုင်း ဖြစ်စေမည် . . .
'မိခင်လုပ်သူသည် တစ်ဦးတည်းသောသားကို အသက်နှင့်ထပ်တူ စောင့်ရှောက်သကဲ့သို့ သတ္တ၀ါအားလုံး အပေါ်၌ ထိုမိခင်မေတ္တာမျိုး ပွားများရမည်၊ ထားရှိရမည်'ဟု မေတ္တသုတ်၌ ဘုရားမိန့်ခဲ့၏။ မိမိတို့မေတ္တာကို အကန့်အသတ်နှင့် ဘောင်ခတ်မထားဖို့၊ မကျဉ်းမြောင်းဖို့၊ ဒေါသရန်သူ မရှိဖို့လည်း ထပ်ဆင့်၍ မှာတော်မူခဲ့၏။
မိဘတို့သည် သူတို့၏အချစ် နှင့် သားသမီး တို့ကို အရာရာ၌ အကောင်းဆုံးဖြစ်အောင် ဖန်တီး၍ ပေးကြ၏။ ကျန်းမာရေးကောင်းဖို့၊ ပညာကောင်းကောင်းတတ်ဖို့၊ အလုပ်ကောင်းကောင်းရဖို့၊ ၀င်ငွေကောင်းကောင်းရှိဖို့၊
ကောင်းကောင်းစားနိုင်ဖို့၊ ကောင်းကောင်းဝတ်နိုင်ဖို့၊ ကောင်းကောင်းနေနိုင်ဖို့၊ အကောင်း ဟူသမျှ သားတို့ သမီးတို့ ပိုင်ဆိုင်ဖို့ မိဘမေတ္တာနှင့် ဖြည့်ဆည်း၍ ပေးကြ၏။
မိဘဟူသည် များရာကိုလိုက်၍ ဆိုခြင်း ဖြစ်သည်။ မိဘစိတ်ရှိသူတိုင်း မိမိနှင့် သက်ဆိုင်လာသူတို့အပေါ် မိဘမေတ္တာမျိုးနှင့် အရာရာကို အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်၍ ပေးကြသည်။ ဤအချက်ကို ဧက ကနိပါတ်တော်၊ ကုရုင်္ဂ၀ဂ်၊ ကုက္ကုရ ဇာတ်တော်ကို ထောက်ဆ၍ သိရ၏။

ဘုရားရှင်သည် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းအတွင်း ပါရမီဖြည့်ခဲ့ရာ ဘ၀တစ်စိတ်တစ်ဒေသလို စပ်မိစပ်ရာ ပြန်ပြောင်းပြောပြသော ငါးရာငါးဆယ် ဇာတ်နိပါတ်တော် ဟူ၍ ရှိသည်။ ငါးရာငါးဆယ်ဟု ဆိုသော်လည်း စင်စစ် ငါးရာလေးဆယ့်ခုနစ် ဇာတ်တော်သာ ဖြစ်သည်။ ထိုဇာတ်တော် ငါးရာလေးဆယ့်ခုနစ်မျိုးကို တူရာပေါင်းလိုက်တော့ ဘ၀ အမျိုးအစား ခြောက်ဆယ့်ခုနစ်မျိုးသာ ရှိသည်။ ထိုအထဲတွင် ခွေးဖြစ်ရသည့် ဘ၀က တစ်ဘ၀ ပါဝင်၏။
ဘုရားအလောင်းတော်သည် ပါရမီနုစဉ် ဘ၀ တစ်ခု၌ ခွေးအပေါင်းတို့၏ ခေါင်းဆောင် ခွေးမင်း ဖြစ်ရ၏။ သုသာန်ကြီးတစ်ခု၌ နေကြ၏။ တစ်နေ့သောအခါ ဗာရဏသီမင်းသည် မင်းဥယျာဉ်တော်၌ အပန်းဖြေပြီး
နေ၀င်ချိန်ရောက်သော် နန်းတော်သို့ ပြန်ခဲ့၏။ ရထားထိန်းတွေက ရထားတွေကို အမှတ်တမဲ့ မင်းရင်ပြင်မှာပဲ ထားမိကြ၏။

ညအခါ မိုးရွာတော့ သားရေတွေ စိုပြီး အနံ့ထွက်သောအခါ နန်းတွင်းခွေးတွေ ထွက်၍ စားကြ၏။ နံနက်မိုးသောက် မင်းကြီး သိသဖြင့် အမေးတော်ရှိရာ အရပ်ထဲကခွေးတွေ လာစားကြောင်း လျှောက်တင်ကြ၏။ မင်းကြီးလည်း အမျက်ထွက်ကာ ''လမ်းပေါ်မှာတွေ့တဲ့ ခွေးအားလုံး သတ်စေ''ဟု အမိန့် ချမှတ်၏။
လမ်းပေါ်က လမ်းသလားနေသောခွေးတွေ အသတ်ခံကြရ၏။ ကျန်ရှိသည့် ခွေးတွေလည်း ထွက်ပြေးကြပြီး သုသာန်က အလောင်းတော်ခွေးမင်းထံ ခိုလှုံကြလေ၏။ အလောင်းတော်က ''ငါ့ဆွေတော်မျိုးတော်တွေတော့ ဒုက္ခရောက်ပြီ။ ငါ့အသက်ပေးပြီး ကယ်ဆယ်မည်'' ဟု ဆုံးဖြတ်ချက် ချပြီး ပါရမီတော် တို့ကို ဆင်ခြင်သည်။ မေတ္တာဘာဝနာကို ပွားများသည်။ ငါ့ကို မည်သူမျှ မနှောင့်ယှက်နိုင်ဘဲ ရှိစေဟု အဓိဋ္ဌာန် ပြုလိုက်သည်။ ထို့နောက် . . .။

အချစ်အတွက်နဲ့ အသက်ပင်သေသေ
အလောင်းတော်သည် သူ့အမျိုးအနွယ်ကိုချစ်သော မျိုးချစ်စိတ်ကြောင့် အချစ်အတွက်နှင့် အသက်ပင်သေသေ နန်းတော်သို့ အသက်စွန့်၍ ၀င်လေ၏။ အလောင်းတော်၏ အဓိဋ္ဌာန်ကြောင့် ခဲနှင့်ထုသူ၊ တုတ်နှင့်ရိုက်သူ၊
နှုတ်နှင့်ခြောက်လှန့်သူ မည်သူမျှ မရှိပေ။ အလောင်းတော်သည် အဟန့်အတားမရှိ နန်းတွင်းသို့ ရောက်သွားလေ၏။ နန်းတော်ထဲ မင်းကြီး တရားစီရင်ဆုံးဖြတ်ရာ ပလ္လင်ရှေ့တည့်တည့်၌ ၀ပ်နေလိုက်၏။
မင်းချင်းတို့က တအံ့တသြနှင့် ခွေးကို မောင်းထုတ်ဖို့ လုပ်သောအခါ မင်းကြီးက တားမြစ်လိုက်၏။ အလောင်းတော်သည် မင်းကြီးအား အရိုအသေပေးပြီး ''အရှင်မင်းကြီး ခွေးတွေကို ဘာလို့ သတ်ရတာပါလဲ''ဟု မေးလျှောက်လေ၏။ (တိရစ္ဆာန်က လူစကားပြောသည် ဆိုရာ၌ အလောင်းတော်တို့သာများသည်။ ပါရမီတော် အနန္တကြောင့် အထူးသဖြင့် ပညာပါရမီ ကြီးမားသောကြောင့် ပြောခြင်း ဖြစ်သတဲ့။)

မင်းကြီးက ''ရထားက သားရေတွေကိုစားလို့ သတ်ရတာ''ဟု ဖြေ၏။ ထိုအခါ အလောင်းတော်က ''အရှင်မင်းကြီး သားရေတွေကို ဘယ်ခွေးစားတာရယ်လို့ အတိကျ သိပါရဲ့လား'' ဟုမေး၏။ မင်းကြီးက ''အတိအကျတော့
ဘယ်သိနိုင်ပါ့မလဲ'' ဟု ဖြေသော် အလောင်းတော်က ''အရှင်မင်းကြီး အတိအကျ မသိပါဘဲနှင့် မြင်မြင်သမျှခွေးကို သတ်တာဟာ လျော်ကန်ပါရဲ့လား'' ဟုမေးလေ၏။
ထို့နောက် ဆက်၍ ''အရှင်မင်းကြီး အရပ်ထဲကခွေးတွေကို သတ်စေ၊ နန်းတွင်းထဲကခွေးတွေတော့ လွတ်စေ ဆိုတာ တရားနည်းလမ်း ကျပါရဲ့လား။ အကြီးအကဲဆိုတာ အဂတိလေးပါး ရှောင်ရှားရပါတယ်။ ချိန်ခွင်လို ကျင့်ရပါတယ်။ တရားမျှတရပါတယ်''ဟု လျှောက်လေ၏။
မင်းကြီးက ''ပညာရှိခွေးမင်း သားရေတွေကို ဘယ်ခွေးတွေစားတယ်ဆိုတာ သင်ကသိလို့လား''ဟု မေးတော့ ဘုရားအလောင်းတော်က သူသိကြောင်း ဖြေကြား၏။ မင်းကြီးက''လက်တွေ့ပြပါ''ဟု တောင်းဆိုသောအခါ
အလောင်းတော်က နန်းတွင်းခွေးတွေကိုခေါ်ပြီး နို့ရည် ရက်တက်ရည်နှင့် မြေဇာမြက် ရောထောင်း၍ တိုက်သောအခါ သားရေဖတ်တွေ အန်ထုတ်ကြလေ၏။ ထိုအခါကျမှ မင်းကြီးလည်း ယုံကြည်သွားလေ၏။

မင်းကြီးက ''သဗ္ဗညုတဘုရားရှင်၏ အဖြေတော်နှင့်တူလှစွာပါတကား'' ဟု ဥဒါန်းကျူးပြီး အလောင်းတော်ကို ထီးဖြူဆောင်းပေး၍ ပူဇော်လေသည်။ အလောင်းတော်က မင်းကြီးကို ''တရားသဖြင့် မင်းလုပ်ဖို့၊ မင်းကျင့်တရားနဲ့အညီ အုပ်ချုပ်ဖို့၊ တိုင်းသူပြည်သားတို့အား ရင်ဝယ်သားသို့ စောင့်ရှောက်ဖို့၊ ကျောသားရင်သား မခွဲခြားဖို့၊ အဂတိတရား ကင်းဖို့၊ အနိစ္စ ဒုက္ခ အနတ္တတရား ဆင်ခြင်နှလုံးသွင်းဖို့'' မှာကြားပြီး သူ၏ မူလနေရာ သုသာန်သို့ ပြန်သွားလေသည်။
လူမျိုးကိုချစ်သော ခေါင်းဆောင် တို့သည် မိမိတို့လူမျိုးကို အကောင်းဆုံး အနေအထား၌ ရှိအောင် (ပြည့်စုံချမ်းသာအောင်)၊ တိုင်းပြည်ကိုချစ်သော ခေါင်းဆောင် တို့သည် မိမိတိုင်းပြည်ကို အကောင်းဆုံး အနေအထား၌ ရှိအောင် အစွမ်းနိုင်ဆုံး စီမံဖန်တီး၍ ပေးကြလေသည်။ သာသနာတော်ကို ချစ်သော ဆရာတော်ဘုရားကြီးတို့သည်လည်း သာသနာတော်ကို အကောင်းဆုံး အနေအထား၌ရှိအောင် အစွမ်းကုန် ပြုစုသွားတော်မူကြ၏။

လောက၌ သက်ရှိ ဖြစ်စေ၊ သက်မဲ့ ဖြစ်စေ အကောင်းဆုံးသောအရာ တို့သည် များသောအားဖြင့် ချစ်မေတ္တာကြောင့်သာ ဖြစ်တည် ပေါ်ပေါက်ရလေ၏။ မေတ္တာကြောင့် ခန္တီအားကောင်း၏။ ခန္တီကြောင့် ကျန်းမာ၏။ အသက်ရှည်၏။
 ရုပ်ချော၏။ ရုပ်လှ ၏။ မေတ္တာကြောင့် ဒါနအားကောင်း၏။ ဒါနကြောင့် စည်းစိမ်ဥစ္စာ ကြွယ်ဝ၏။ အခြား သက်မဲ့အရာဝတ္ထု အကောင်းဟူသမျှလည်း မေတ္တာသမားတို့က တည်ဆောက်၍ ထားခဲ့ကြသည်က များသည်။ အချစ်သည် အရာရာကို အကောင်းဆုံး ဖြစ်စေသည်။

တကယ်ဆိုရင် အချစ်ပဲလိုတယ်
အချစ်စစ် အချစ်မှန်သည် အနန္တတန်ခိုး ရှိ၏။ အနန္တဣဒ္ဓိပါဒ်နှင့် ပြည့်စုံ၏။ အနန္တစွမ်းအားကို ပိုင်ဆိုင်၏။ မိသားစုအကျိုး၊ ရပ်ရွာ၊ မြို့နယ်၊ တိုင်း နိုင်ငံ စသည် လူမှုအဖွဲ့အစည်း အသီးသီးတို့ အကျိုးကို ဆောင်ရွက်ကြရာ၌
''ဘယ်အရာသည် အဓိက အလိုအပ်ဆုံးလဲ''ဟု ကြည့်လိုက်တော့ ''တကယ်ဆိုရင် အချစ်ပဲလိုတယ်''ဆိုသည့် စာသားကို သွား၍တွေ့ရ၏။ တကယ်ဖြစ်ချင် တကယ်လုပ် အဟုတ် ဖြစ်ရမည်။ တကယ်လုပ်လျှင် တကယ်ဖြစ်ပါသည်။

အဟုတ်လုပ်လျှင် အဟုတ်ဖြစ်ပါသည်။ တကယ် မဖြစ်ခြင်း၊ အဟုတ် မဖြစ်ခြင်းသည် တကယ်မလုပ်ခြင်း၊ အဟုတ်မလုပ်ခြင်းကြောင့် ဖြစ်သည်။ ထို့အတူပင် တကယ်ချစ်လျှင် တကယ်လုပ် အဟုတ် ဖြစ်ပါသည်။
မှန်ပါသည်။ လူ့အဖွဲ့အစည်း အသီးသီးအတွင်း လူ့ဝန်းကျင်တစ်ခွင် မငြိုမငြင် လွယ်ကူချောမွေ့စွာ အသက်မွေးနိုင်ဖို့၊ ငြိမ်းချမ်းဖို့၊ သာယာဖို့၊ အားလုံး ပြေပြေလည်လည်၊ ပြည့်ပြည့်စုံစုံရှိဖို့၊ ကိုယ်ချမ်းသာ၊ စိတ်ချမ်းသာရှိဖို့ ဆိုရာ၌ မေတ္တာပဲလိုပါသည်။ မေတ္တာချစ်ပဲ လိုပါသည်။ မေတ္တာဟူသော အချစ်နှင့် အရာရာကို အကောင်းတိုင်း ဖြစ်စေမည်။
 by
http://www.news-eleven.com/index.php?option=com_content&view=article&id=9885:2011-08-22-06-06-46&catid=78:2009-11-13-06-25-17&Itemid=135

Friday, August 10, 2012

တခါက အမေတို့ ရွာမှာ ….


တခါက အမေတို့ ရွာမှာ ….

            ကျနော့်မှာ အမေ ရှိခဲ့တယ်။ သြော် လူဆိုမှတော့ အမေ မရှိဘဲ မွေးလာမလားဟဲ့လို့ အရပ်က မေတ္တာပို့ရင်လည်း ခံရမှာပါ။ ဒီလိုပါ။ ဆုံးသွားရှာပြီဖြစ်တဲ့ အမေကို တမ်းတမိတဲ့အခါ `အမေ ရှိခဲ့တယ်´လို့ စိတ်ထဲ ခံစားတွေးမိတတ်တဲ့ အကျင့်က ပါနေလို့ ခုလို ရေးဖြစ်သွားတာပါ။

            အမေက စာမတတ်ရှာပါဘူး။ မတတ်ဆို သေစာ၊ ရှင်စာလေးတောင် မတတ်ခဲ့တာပါ။ ဒီတော့ ဘုရားစာ၊ တရားစာကလေးတွေဆိုရင် သားသမီးတွေက သူ့ကို ဖတ်ပြရတယ်။ ဆိုတော့ အငယ်ဆုံးဖြစ်တဲ့ ဒီကောင်သာ ပယ်မဲမရှိ ရွေးချယ်ခံခဲ့ရတယ်ပေါ့ဗျာ။ သြကာသ … သြကာသ ကနေ ဟေတုပစ္စယော အထိ ညစဉ် ရွှတ်ဆို တိုင်ပေးရတာပေါ့။

            ကုသိုလ်တွေ ငရဲတွေကတော့ ထားပါလေ။ ကလေးပဲ ဘာသိမှာလဲ။ တနေကုန် ဆော့ထားတော့ ညဆို အစောကြီး အိပ်ချင်ပြီ။ ဟင့်အင်း အိပ်လို့ မရဘူး။ အမေက `ဟဲ့ကောင်လေး … လာ ငါ့ကို နှိပ်ပေးစမ်း´ ဆိုတဲ့ အမိန့်သံ အဆုံးမှာ နှိပ်ရင်း … သြကာသ တိုင်ပေးရရင်း … အိပ်ငိုက်ရင်းနဲ့ပေါ့။

            ဒီတော့ အမေက သားဖြစ်သူ အိပ်မငိုက်အောင် ပုံပြင်လေးတွေ ပြောပြောပြတတ်တယ်။ ပုံပြင် ဆိုပေမဲ့ သူမှ စာမဖတ်တတ်တာ။ စာအုပ်ထဲက ပုံပြင်တွေ ဘယ်ဟုတ်ပါ့မလဲ။ အမေ ပြောပြောပြတဲ့ ပုံပြင်တွေက အမေ့ဘ၀မှာ တွေ့ကြုံခဲ့ရတဲ့ ရွာထဲ၊ ရပ်ထဲက တကယ့်အဖြစ်အပျက်တွေသာ ဖြစ်နေပါတယ်။

            စကားလက်ဆင့်၊ နားလက်ဆင့် ဇာတ်လမ်းမျိုးတွေလည်း ပါသပေါ့။ ဒါပေမဲ့ တကယ့်အဖြစ်အပျက် တွေက များပါတယ်။ အမေ ပုံပြင်ပြောရင် `တခါက အမေတို့ ရွာမှာ …´ ဆိုပြီး အစချီ ပြောပြတတ်တယ်။ ပုံပြင်ထဲက ဇာတ်ကောင်တွေကလည်း အပြင်မှာ တကယ်ရှိခဲ့ကြတယ်။ တချို့ နာမည်ပါတဲ့ လူတွေဆို ညနေ … ညနေတွေဆိုရင် အိမ်မှာ ရေနွေးကြမ်း လာသောက်ကြတာတောင် ရှိခဲ့တယ်။

            ကဲပါ …။ လိုရင်းကို ဆက်ရအောင်ပါ။
            အမေ ပြောပြတဲ့ ပုံပြင်တွေက အများကြီးမို့ မေ့ကုန်တာတွေလည်း အများကြီးပါ။ လက်တွေ့ ဘ၀မှာ တိုက်တိုက်ဆိုင်ဆိုင် ကိုယ်တွေ့အဖြစ်အပျက်ကလေးတွေကို ကြုံရရင် … သြော် … ဒါဟာ … အမေ ပြောဖူးခဲ့တဲ့ ဟို ပုံပြင်ကလေးအတိုင်း … ဒီပုံပြင်ကလေးနဲ့ တူလိုက်တာ ဆိုတာမျိုး ခံစားလိုက်မိပါ တယ်။

            တချို့ပုံပြင်တွေက ဖြစ်ပုံပျက်ပုံခြင်း အတူတူ၊ သဏ္ဌာန်သာ ကွဲတယ်။ တချို့က ထပ်တူ၊ ဇာတ်ကောင်တွေသာ လွဲတယ်။ အချိန်ကာလနဲ့ နေရာတွေကတော့ တထပ်တည်း ဘယ်မှာ ထပ်တူ ကျနိုင်ပါ့မလဲ။ တချို့ပုံပြင်တွေကတော့ နှိုင်းချင့် တွေးဆယူလို့ ရတာမျိုးတွေပေါ့။

            ခုတလောမှာ ကြားနေရတဲ့ သတင်းတွေ၊ ဖြစ်နေ ပျက်နေတဲ့ မျက်စိရှေ့က အဖြစ်အပျက်တွေကနေ အမေနဲ့ အမေပြောခဲ့တဲ့ ပုံပြင်ကလေး တပုဒ်ကို သတိရနေမိတယ်။ ပုံပြင်နဲ့ ဒီကနေ့ ဖြစ်နေတဲ့ အဖြစ်အပျက်တွေနဲ့ တူမတူဆိုတာကတော့ … ပုံပြင်ကလေးအကြောင်းကို ပြောမှ ဖြစ်တော့ပါလိမ့်မယ် …

            တခါက အမေ့ရွာမှာ သူကြီးတယောက်ရှိတယ်။ သူကြီးက စလွယ်ရ သူကြီးဆိုတော့ အာဏာ လက်စောင်းကလည်း ထက်မှ ထက်ပေါ့။ ဓန အင်အားကလည်း ဘိုးစဉ်ဘောင်ဆက် သူကြီးလုပ်စားလာခဲ့ တဲ့ မျိုးရိုးက ဆင်းသက်လာတာဆိုတော့ ပြောမနေနဲ့တော့ပေါ့ဗျာ။ တပည့်တပန်းဆိုသူတွေကလည်း လက်ဖြောက်တီးစရာတောင်မလိုဘူး အနားမှာ ခြင် ရိုက်ပေးမယ့်သူ၊ ယင် ရိုက်ပေးမယ့်ကောင်နဲ့။ ကွမ်းအသင့် ဆေးအသင့် ပေါ့ဗျာ။

            သူကြီးက အမေတို့လို စာမတတ်ပေမဲ့ သူ့အနား စာရေး၊ စာဖတ်ပေးမယ့်ကောင်တွေက တပုံကြီးဗျ။ အင်္ဂလိပ် သခင်ကြီးတွေရဲ့ နေမ၀င်အင်ပါယာ အကြောင်း၊ ဖက်ဆစ် ဂျပန် ငပုတွေရဲ့ ဖူကူယာမား မီးတောင်အကြောင်း၊ မေရီအင်တွိုင်းနက်ရဲ့ ပြင်သစ် နန်းတော်အထိ သိနေတာ။ ပုံပြောပြတဲ့ အမေကတော့ ဒါတွေဘယ်သိပါ့မလဲ။ အမေ့ ပုံပြင်ထဲက သူကြီးကတော့ သိမှာ သေချာတယ်။ သူ့ အကျိုးစီးပွားကိုး။ ဒါ့ကြောင့် ဒီသူကြီးက ခပ်လည်လည် သူကြီးလို့ အမေပြောခဲ့တာ။

            ဒီလိုဗျာ သူကြီးက ရွာဦးဘုန်းတော်ကြီးကျောင်းက ဆရာတော်နဲ့ ရန်ဘက်တွေ ဖြစ်ခဲ့တယ်။ ဖြစ်ပုံက ဒီလို။ သူကြီးနဲ့ ဆရာတော်နဲ့က ရွာရဲ့ ငယ်မွေးခြံပေါက်တွေ။ ဆရာတော်က လူဝတ်ကြောင်နဲ့ နေစဉ် ငယ်ငယ်ကတည်းကိုက စာနဲ့ပေနဲ့ နေတယ်။ တရားနဲ့ ရပ်တည်ချက်နဲ့ နေတယ်။ သူကြီးကတော့ သိတဲ့အတိုင်းပဲ ဆရာတော်နဲ့ ဆန့်ကျင်ဘက်နေတာ။

            ပြောရမှာလည်း မကောင်းဘူး။ နားနဲ့မနာ ဖုဝါးနဲ့နာပါ။ လူပျို၊ အပျိုရွယ်ရောက်တော့ ရွာထဲက ကွမ်းတောင်ကိုင် အချောအလှကို အပြိုင်ပိုးကြတယ်။ ရန်ဖြစ်တယ်။ သူကြီးက ဓနအားကိုး၊ အာဏာအားကိုး လူမိုက်အားကိုးနဲ့ အနိုင်ကျင့်တယ်။ ကလေးမကလေးကို အဓမ္မခြေတော်တင်တယ်။ ကလေးမလေးဟာ အဓမ္မပြုကျင့် ခံရရင်း သေသွားရှာတယ်။ ဆရာတော်လည်း ရွာကထွက်သွားတယ်။ သူကြီးဖြစ်မယ့် သူကြီးသားကတော့ ခပ်တည်တည်ပဲ။ ခြေတော်တင်တဲ့အထဲမှာ အစီစဉ်တခုလုံးကို ခေါင်းကိုင် စီရင်သူက ဖခင်သူကြီးကိုယ်တိုင်ဖြစ်တယ်။

            နှစ်တွေလည်း ကြာခဲ့ပြီပေါ့။ ဆရာတော်လည်း ကျောင်းထိုင်အဖြစ်နဲ့ ရွာကို ပြန်ရောက်လာတယ်။ ကျောင်းကလေးက ရေတိမ်နစ်သွားတဲ့ ကွမ်းထောင်ကိုင်မကလေးကို ရည်စူးပြီး ရွာက လှူထားတဲ့ ကျောင်းကလေး ဖြစ်တယ်။ ဆရာတော်က ရေတိမ်နစ်သွားသူလေး ကံဆိုးမိုးမှောင် ကျတဲ့ နေ့၊ ရက်ကို ရောက်တိုင်း ကျောင်းမှာ သပိတ်သွပ်တယ်။ အမျှဝေတယ်။ ရွာထဲက လူတွေကို တရားပေးတယ်။ ဒါကို သူကြီးက လူမိုက်အုပ်နဲ့ ဖျက်ဖို့ကြိုးစားတယ်။ ဖျက်လဲဖျက်ခဲ့တယ်။ ဖျက်နေတဲ့ ကြားထဲက ဆရာတော်ကလည်း နှစ်စဉ်ကျင်းပတယ်။ ရွာရှိ သူကြီးလူများကလွဲရင် ကျန်ရွာသားတွေက ဆရာတော်ဘက်ကရှိတယ်။ ဆရာတော်နဲ့ အတူ ရပ်တည်တယ်။ နှစ်စဉ် ဆွမ်းသွပ်ပြီး အောက်မေ့ဖွယ် တရားဓမ္မတွေကို နာကြတယ်။

            ကြာလာတော့ သူကြီး အနေရခက်လာတယ်။ နှစ်စဉ်မပျက် ဆွမ်းသွပ်ပွဲဟာ တရားဓမ္မက အဓမ္မကို ခုခံတိုက်ပွဲဝင်တဲ့ အခမ်းအနားလို ဖြစ်လာတယ်။ အဲဒီနေ့မှာ သူကြီးရဲ့ မကောင်းမှုဟာ အဖြစ်အပျက်ကို မမီခဲ့တဲ့ နှောင်းလူငယ် မျိုးဆက်တွေကအစ အသစ် အသစ် သိသိလာနေတယ်။

            ဒီ ဆွမ်းသွပ် အခမ်းအနားကို ဖျက်လို့ မပျက်တော့ သူကြီး အတော် အကြံအိုက်လာတယ်။ ကံအားလျော်စွာပဲ ဆရာတော် မမာမကျန်းဖြစ်ပြီး အိပ်ယာထဲ လဲတော့တယ်။ လမ်းမလျှောက်နိုင်ဘူး။ စကားမပြောနိုင်ဘူး။ အိပ်ယာထဲမှာပဲ တရားမှတ်နေရတယ်။ ဆရာတော်ရဲ့ ကျန်းမာရေးက မစိုးရိမ်ရပေမဲ့ နဂိုအတိုင်းဖြစ်အောင် ဂရုတစိုက် ကြိုးစားနေထိုင်နေရတဲ့ အချိန်ဖြစ်တယ်။ ဒီလိုနဲ့ အောက်မေ့ဖွယ် ဆွမ်းသွပ် အခမ်းအနား နေ့ နီးကပ်လာတယ်။ နီးတာမှ တရက်၊ နှစ်ရက်ပဲ လိုတော့တာ။ ရွာကလည်း ဒီနေ့ကို မဖြစ် ဖြစ်အောင် ကျင်းပမှာ။ ဒီတော့ …

            သူကြီး ဘုန်းကြီးကျောင်းကို ရောက်လာတယ်။ ကျောင်းမှာ ဆွမ်းသွပ်ပွဲအတွက် ရွာလူကြီးတွေ ရောက်နေကြပြီ။ ဘယ်လို လုပ်မယ်ဆိုတာ တိုင်ပင်ဆွေးနွေးဖို့ပေါ့။ သူကြီးက ခပ်တည်တည်နဲ့ ကျောင်းပေါ် တက်လာတယ်။ လူတွေကလည်း အံ့သြမင်တက်မိနေကြတယ်။ သူကြီး ဘာလုပ်မလဲပေါ့။

            သူကြီးက ပထမဆုံး ကျောင်းပေါ်က ဆင်းတု ဘုရားကို ဦးချတယ်။ တခါမှ တရားကို လိုက်စားခဲ့တာ မဟုတ်တော့ ဦးချတာတောင် ကုံးကုံးကွကွနဲ့ မျောက် ဆော့နေသလိုပေါ့။ ဘုရားပြီးတော့ ဆရာတော် ရှိရာ ကုတင်ကို လာတယ်။ ဆရာတော်က ကျောင်းခေါင်မိုးပေါ်ကိုပဲ စိုက်ကြည့်နေရင်း တရားမှတ်နေတယ်။ သူကြီးက ဆရာတော်ကို လျှောက်ထားတယ်။ 

ဒီဆွမ်းသွပ်ပွဲကို သူ တန်ဖိုးထားကြောင်း၊ အလှူငွေ လည်း ထည့်မယ်ဆိုတဲ့အကြောင်း၊ လိုအပ်တဲ့ အကူအညီတွေ ရှိပါကလည်း ကူညီဆောင်ရွက်ပေးမယ် ဆိုတဲ့အကြောင်း။ သူ တယောက်တည်း မတတ်နိုင်တဲ့ဟာမျိုးဆိုရင် သူ့အထက်က မာစတာကြီးတွေထံ ဆက်လက် တင်ပြပေးမယ်ဆိုတဲ့အကြောင်း ပြောပြီး ဆရာတော်ကို ဦးချတယ်။ ဆရာတော်က ခေါင်းတချက် ငဲ့ကြည့်တော့ သူကြီးက ဦးချနေရင်း ပြုံးတယ်။ သူကြီးရဲ့ အပြုံးက `ကဲ ခုတော့ မင်း ဘာတတ်နိုင်သေးသလဲ´ဆိုတဲ ထေ့ပြုံး၊ ကလိပြုံး …။

            အမေပြောခဲ့တဲ့ စကားတွေထဲမှာ `အတိတ်ကို အတိတ်မှာပဲ ထားခဲ့တာကောင်းတယ်´ ဆိုတဲ့ စကားကို ကြားယောင်နေမိတယ်။ `အတိတ်ကို အတိတ်မှာပဲ ထားခဲ့တာကောင်းရင် အမေ ဘာလို့ ခုလို တကယ့်အဖြစ်အပျက် ပုံပြင်တွေ  ခဏ ခဏ ပြောပြနေတာလဲ။ ကျနော် အိပ်မငိုက်အောင်လား´လို့ ကျနော်က ခနဲ့တော့ အမေက ပြုံးစစနဲ့ `ဟဲ့ … နင်တို့ သင်္ခန်းစာယူဖို့ ပြောတာ´တဲ့ ။
လွမ်းပါတယ် … အမေ။       ။

ကမာပုလဲ၊ သြဂုတ် ၈၊ ၂၀၁၂
            ၀၈၀၈၂၀၁၂

Thursday, August 9, 2012

ဘ၀ကောင်းတစ်ခု ရချင်ရင်ငါးပါးသီလလုံခြုံမှဖြစ်မယ်


                                    
                                ဘ၀ကောင်းတစ်ခု ရချင်ရင်ငါးပါးသီလလုံခြုံမှဖြစ်မယ်

လူ့ဘ၀ရယ်လို့ရလာပြီဆိုရင် ယေဘုယျအားဖြင့် အရေးကိစ္စ ငါးပါးနဲ့ မလွဲမသွေ ပတ်သက်ရပါမယ်။ လူ့တာဝန်အရေးငါးပါး လို့ဆိုရင်မမှားပါဘူး။ကျန်းမာရေး၊စီးပွားရေး၊အိမ်ထောင်ရေး ၊လူမှုရေးနဲ့ ပညာရေးတို့ပါပဲ။
ကျန်းမာရေးကောင်းမွန်တဲ့ လူတစ်ယောက်ဖြစ်ဖို့အတွက် ပါဏာတိပါတသိက္ခာပုဒ် လုံခြုံရပါတယ်။ပါဏတိပါတ သမားတွေဟာ ဖြစ်လေရာဘ၀တိုင်း အနာရောဂါများပြီး ကျန်းမာရေးညံ့ဖျင်းတတ်ပါတယ်။

စီးပွားရေးပြည့်စုံတဲ့သူတစ်ယောက်ဖြစ်ဖို့အတွက် အဒိန္နာဒါနသိက္ခာပုဒ်လုံခြုံရပါတယ်။ အဒိန္နဒါနသမားတွေဟာ ဖြစ်လေရာဘ၀တိုင်း ပစ္စည်းဥစ္စာချို့တဲ့ပြီး စီးပွားရေးနိမ့်ကျတတ်ပါတယ်။
အိမ်ထောင်ရေးသာယာတဲ့ လူတစ်ယောက်ဖြစ်ဖို့အတွက် ကာမေသုမိစ္ဆာစာရသိက္ခာပုဒ် လုံခြုံရပါတယ်။ကာမေသုမိစ္ဆာစာရ သမားတွေဟာ ဖြစ်လေရာဘ၀တိုင်း ပြဿနာရှုတ်ထွေးပြီး အိမ်ထောင်ရေးကံ ဆိုးတတ်ပါတယ်။

လူမှုရေးအဆင်ပြေတဲ့လူတစ်ယောက်ဖြစ်ဖို့အတွက် မုသာဝါဒသိက္ခာပုဒ် လုံခြုံရပါတယ်။မုသာဝါဒသမားတွေဟာ ဖြစ်လေရာဘ၀တိုင်း လူအယုံအကြည် ကင်းမဲ့ပြီး လူမှုဆက်ဆံရေးလွဲချော်တတ်ပါတယ်။
ပညာရေးမြင့်မားတဲ့ လူတစ်ယောက်ဖြစ်ဖို့အတွက် သုရာမေရယသိက္ခာပုဒ် လုံခြုံရပါတယ်။သုရာမေရယသမားတွေဟာ ဖြစ်လေရာဘ၀တိုင်း အသိဥာဏ်ထုံထိုင်းပြီး ပညာရေးအောက်တန်းကျတတ်ပါတယ်။

လူ့တာဝန်အရေးငါးပါးလုံးမှာ အောက်ကျနောက်ကျမဖြစ်ပဲ အထက်တန်းကျကျ ၊ အဆင့်အတန်းမြင့်မြင့်ဖြစ်နေဖို့အတွက် ငါးပါးသီလ သိက္ခာပုဒ် ၅ ခုကို အဖြူစင်ဆုံး ၊ အသန့်ရှင်းဆုံးဖြစ်အောင် ထိန်းသိမ်းစောင့်ရှောက်သင့်ပါတယ်။
လူရယ်လို့ဖြစ်လာတိုင်း ဘ၀ကောင်းတစ်ခုရပြီလို့ မဆိုနိုင်သေးပါဘူး။ ငါးပါးသီလ ဖောက်ဖျက်မှုရဲ့ အကျိုးဆက်တွေနဲ့ ထုဆစ်ထားတဲ့ လူတစ်ယောက်ရဲ့ ဘ၀ဟာ ဘ၀ကောင်းမဟုတ်သေးပါဘူး။ငါးပါးသီလ လုံခြုံမှုရဲ့ အကျိုးဆက်တွေနဲ့ ထုံမွှမ်းလွှမ်းခြုံနေတဲ့ လူတစ်ယောက်ရဲ့ ဘ၀ကိုသာ အဖိုးတန်ဘ၀ကောင်းလို့ဆိုနိုင်ပါတယ်။
လူတစ်ယောက်ငါးပါးသီလတွေလုံခဲ့တယ် မလုံခဲ့ဘူးဆိုတာကို သူ့ရဲ့အကျိုးပေးကိုကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။

ပါဏာတိပါတသိက္ခာပုဒ် မလုံခြုံတဲ့သူ ၊သူတပါးအသက်ကိုသတ်ဖြတ်တဲ့သူဟာ ဖြစ်လေရာဘ၀တိုင်း မျက်စိ၊နား၊နှာ ၊ အင်္ဂါ၊ခြေလက် ချို့ယွင်းတတ်ပါတယ်။ ရုပ်ဆင်းသွင်ပြင် စိုစိုပြည်ပြည် မရှိပဲ မွဲပြာခြောက်ညှိုးနေတတ်ပါတယ်။
အင်အားချို့ယွင်းပြီး အားနည်းနေတတ်ပါတယ်။လျင်မြန်ဖျတ်လတ်ခြင်းကင်းဝေးပြီး တုံ့နှေး တုံ့နှေးဖြစ်နေတတ်ပါတယ်။ဘေးရန်တစ်စုံတစ်ခုပေါ်ပေါက်လာရင် အလွန်အမင်း ကြောက်ရွံ့ထိတ်လန့်နေတတ်ပါတယ်။
သူတစ်ပါးရဲ့ အသတ်အဖြတ်ခံရတတ်သလို ကိုယ့်ဘာသာကိုယ် အဆိပ်သောက် ၊ သေကြောင်းကြံစည်ပြီးလည်း သေရတတ်ပါတယ်။ အနာရောဂါ များတတ်ပါတယ်၊ အခြွေအရံပျက်စီးတတ်ပါတယ်။ အသက်တိုတတ်ပါတယ်။

အဒိန္နဒါနသိက္ခာပုဒ်မလုံခြုံတဲ့သူ ၊ ပိုင်ရှင်မပေးပဲ သူတစ်ပါးပစ္စည်းကို မတရားယူတဲ့သူဟာ ဖြစ်လေရာ ဘ၀တိုင်း ပစ္စည်း ဥစ္စာမွဲတတ်ပါတယ်။ လူဆင်းရဲဖြစ်တတ်ပါတယ်။အငတ်ငတ် အပြတ်ပြတ် နေရတတ်ပါတယ်။ အလိုရှိတာမရပဲ ဖြစ်တတ်ပါတယ်။
လုပ်ငန်းမကျွမ်းကျင်ခြင်း ၊ သူတစ်ပါးလိမ်လည်ခြင်း စတဲ့ အကြောင်းအမျိုးမျိုးကြောင့် စီးပွားဥစ္စာပျက်စီးတတ်ပါတယ်။ ရေ၊ မီး၊ သူခိုး ၊ အမွေခံသားသမီးဆိုး၊ မင်းဆိုးဆိုတဲ့ ရန်သူမျိုး ၅ပါးရဲ့ နှောက်ယှက်ဖျက်ဆီးမှုကြောင့် ပိုင်ဆိုင်သမျှ စည်းစိမ်ဥစ္စာတွေ လက်လွှတ်ဆုံးရှုံးရတတ်ပါတယ်။
ကာမေသုမိစ္ဆာစာရပုဒ် မလုံခြုံတဲ့သူ ၊ မိမိကာမပိုင်မဟုတ်သူနဲ့ ဖောက်ပြန်ကျုးလွန်သူဟာ ဖြစ်လေရာ ဘ၀တိုင်းမှာ မလိုမုန်းထားသူပေါများတတ်ပါတယ်။ရန်သူလဲများတတ်ပါတယ်။လာဘ်လာဘရှားပါ တိတ်ဆိတ်တတ်ပါတယ်။ ချမ်းသာမှု ကင်းဆိတ်တတ်ပါတယ်။

မိန်းမဖြစ်ရတတ်ပါတယ်။မိန်းမမဟုတ် ၊ ယောင်္ကျားမဟုတ် ပဏ္ဍုပ် ( မိန်းမလျာ ၊ ယောက်ျားလျာ) ဖြစ်ရတတ်ပါတယ်။ ယောင်္ကျားဖြစ်ပြန်ရင်လဲ တည်ငြိမ်ရင့်ကျက် မြင့်မြတ်တဲ့ ယောကျာင်္းကောင်းတစ်ယောက်မဖြစ်နိုင်ပါပဲ ၊ မိန်းမတစ်ယောက်လို ဟိုစပ်စပ် ဒီစပ်စပ်နဲ့ သူတစ်ပါးအပေါ် မကောင်းမြင် ပြစ်တင်ဝေဖန်တတ်လွန်းတဲ့ အထင်ကြီးစရာလုံးဝမကောင်းတဲ့ ယုတ်ညံ့တဲ့ အမျိုးသား တစ်ယောက်ပဲ ဖြစ်ရတတ်ပါတယ်။
မျက်နှာပျက်ပြီးတော့ အရှက်ကွဲရတတ်ပါတယ်။ရုပ်ဆင်းအင်္ဂါ လက္ခဏာ တို့ချို့ယွင်းသေးသိမ်တတ်ပါတယ်။ စိုးရိမ်ကြောင့်ကြမှုအားကြီး တတ်ပါတယ်။ကိုယ်ချစ်တဲ့သူတွေနဲ့ ခွဲခွါကွေကွင်းရတတ်ပါတယ်။

မုသာဝါဒသိက္ခာပုဒ် မလုံခြုံတဲ့သူ ၊ မဟုတ်မမှန်တဲ့စကားကို လိမ်ညာလှည့်ပတ် ပြောဆိုတတ်တဲ့သူဟာ ဖြစ်လေရာဘ၀တိုင်း စကားပီပီသသ မပြောတတ်တဲ့သူဖြစ်ရပါတယ်။သွားတွေမညီမညွတ်ရှိတတ်ပါတယ်။ခံတွင်း ပါးစပ်ပုတ်ညှီတတ်ပါတယ်။
ကိုယ်အသားအရေ စိုစိုဖတ်ဖတ်မရှိပဲ ခြောက်ကပ်ပူရှိန်နေတတ်ပါတယ်။ပုံဟန်သွင်ပြင် မလှပပဲ ဆိုး
ဝါးဖောက်ပြန်ချို့ယွင်းနေတတ်ပါတယ်။

သူတစ်ပါးအပေါ် သြဇာမရောက် ၊ အာဏာမတည်ဖြစ်တတ်ပါတယ်။နှုတ်ခမ်းထော်၊လျှာကြမ်းပြီး အပြောအဆို သရမ်းတတ်ပါတယ်။ စိတ်တည်ငြိမ်မှု လုံးဝမရှိပဲ လျှပ်ပေါ်လော်လီပြီး အထင်ကြီးစရာကောင်းနိုင်တဲ့ လူတစ်ယောက် ဘယ်တော့မှ ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး။
သုရာမေရယသိက္ခာပုဒ် မလုံခြုံတဲ့သူ ၊သေရည်သေရက် သောက်စားတဲ့သူဟာ ဖြစ်လေရာဘ၀တိုင်း အရေးအခွင့် သင့်မသင့်ကို နားမလည်တတ် ၊မသိတတ်ပါဘူး။ပျင်းရိတတ်ပါတယ်။ အရူးအနှမ်းဖြစ်တတ်ပါတယ်။

သူတစ်ပါးပြုဖူးတဲ့ ကျေးဇူးတွေကို မသိတတ်၊ မဆပ်တတ်တော့ပါဘူး။ဟိရိသြတ္တပ္ပ လို့ခေါ်တဲ့ အရှက် အကြောက်ကင်းတတ်ပါတယ်။ ဘယ်အကုသိုလ်ကိုမှ မရှောင်ပဲ မကောင်းမှု အကုသိုလ်တွေအားလုံးကို အလွယ်တကူပြုမိတတ်ပါတယ်။
ငါးပါးသီလနဲ့ပတ်သက်တဲ့ ဆောင်ပုဒ်ကလေးငါးခုကို နှုတ်တက်အလွတ်ရအောင်ကျက်ထားနိုင်ကြရင် အလွန်ကောင်းပါတယ်။

ပါဏာတိပါတ် ၊သူ့သက်သတ်က
ချို့တတ်အင်္ဂါ ၊ မွဲပြာရုပ်သွင်
အားအင်ချို့ယွင်း ၊လျင်ခြင်းလဲဝေး
ဘေးကိုကြောက်တတ် ၊ အသတ်ခံရာ
အနာများလျှက် ၊ခြွေရံပျက်၍
အသက်တိုလျ ၊ ပြစ်များစွာ့သည်
ရှောင်က အပြန်အကျိုးတည်း။
အဒိန္နဒါ ၊ ခိုးမိပါမူ
ဥစ္စာနည်းမွဲ ၊ ဆင်းရဲငတ်ဘိ
လိုရှိမရ ၊ ဘောဂပျက်စီး
ရေမီးသူခိုး ၊ မွေခံဆိုးနှင့်
မင်းဆိုးအပြား ၊ ရန်မျိုးငါးကြောင့်
ပျက်ပြားဥစ္စာ ၊ ပြစ်များစွာသည်
ရှောင်ခါ အပြန်အကျိုးတည်း။
မိစ္ဆာစာရ ၊ ကျူးလွန်ကလည်း
မုန်းကြသူများ ၊ရန်သူပွား၍
ရှားပါးလာဘ်တိတ် ၊ ချမ်းသာဆိတ်၏
ဣတ္ထိပဏ္ဍုက် ၊မျိုးရုပ်ခါခါ
မျက်နှာမလှ ၊ အရှက်ရလျှက်
လက္ခဏဣနြေ္ဒ ၊ယွင်းသွေချို့သိမ်
စိုးရိမ်များစွာ ၊ ချစ်သူကွာသည်
ရှောင်ခါ အပြန်အကျိုးတည်း။
မုသားစကား ၊ ပြောဆိုငြားမူ
စကားမပီ ၊ သွားမညီတည်း
ပုတ်ညှီပါးစပ် ၊ ခြောက်ကပ်ကိုယ်ရေ
ဣနြေ္ဒနောက် ၊ ပုံယွင်းဖောက်၏
မရောက်သြဇာ ၊ နှုတ်လျှာကြမ်းထော်
လျှပ်ပေါ်လော်လီ ၊ စိတ်မတည်သည်
ရှောင်ပြီအပြန်အကျိုးတည်း။
သေရည်သောက်လင့် ၊သင့်မသင့်၌
ရေးခွင့်မသိ ၊ ပျင်းရိမေ့ရူး
ကျေးဇူးမဆပ် ၊ဟိရောတ္တပ်ကင်း
ခမင်းများထို ၊ အကုသိုလ်ကို
မငြိုလွယ်ရာ ၊ပြုကျင့်ရာသည်
ရှောင်ခါအပြန်အကျိုးတည်း။

ငါးပါးသီလနဲ့ ပါတ်သက်တဲ့ ဒီဆောင်ပုဒ် ငါးခုကို နှုတ်တက်အလွတ်ရအောင်ကျက်ထားပါ။ဆောင်ပုဒ်မှာပါတဲ့ အကျိုးအပြစ်တွေကို တစ်ခုချင်း စဉ်းစားဆင်ခြင်ပါ။ငါးပါးသီလ မလုံခြုံခြင်းရဲ့ အကျိုးဆက်တွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတဲ့ လူတစ်ယောက်ရဲ့ဘ၀ဟာ လူဖြစ်ရကျိုးမနပ်တဲ့ဘ၀မျိုးဖြစ်လို့ အဲဒီလိုလူ့ဘ၀မျိုး မရောက်ရလေအောင် ငါးပါးသီလကို ခါးဝတ်ပုဆိုးလို မြဲမြံအောင် ထိန်းသိမ်းစောင့် ရှောက်နိုင်ကြပါစေ။
အရှင်ဆန္ဒာဓိက ( လောက၌အကောင်းဆုံးသောအရာ)

Wednesday, August 8, 2012

အချစ်ကုထုံး

 
အချစ်ကုထုံး

" ပီယတော ဇာယတေသောကော၊ ပီယတော ဇာယတေ ဘယံ၊
ပီယတော ဝိပ္ပမုတ္တဿ၊ နတ္ထိသောကော ကုတော ဘယေ "
                                                                  (ဓမ္မပဒ)
 အချစ်နှင့်သက်ရောက်မှု သို့မဟုတ် အချစ်နှင့်အန္တရာယ်တို့ကို အစောဆုံး ထောက်ပြခဲ့သူမှာ ဗုဒ္ဓမြတ်စွာပင်၊   B.C ခြောက်ရာစုကပင်ဟု အထက်ပါ ဂါထာငယ်ကို သာဓကပြုပါမည်။
   ချစ်ခြင်းကြောင့် သောကဖြစ်ရ၊ ဘေးဒုက္ခတို့ကြုံရကာ အချစ်မှလွတ်မြောက်လျှင်တော့ သောက လည်း ငြိမ်း၊ ဘေးလည်းမရှိ...တဲ့။
 စန္ဒကိန္နရီတို့မျက်ရည်၊ ကိုဒါသအတွက် မပဋာ၏သောက၊ သစ္စာရှာဖို့ မြင်းစီးထွက်ခွာသွားသူအတွက် ယသောဓရာ၏ အလွမ်း၊ ဂျူးလိယက်အတွက် ရိုမီယို၏ဘေး၊ မစ္စစ်ဆင်မဆင်အတွက် ထီးနန်းဝေးခဲ့ရသူ အက်ဒွက်ဘုရင် ...စသည် ... စသည် ...။

 နိပါတ်တော်မှာပဲ ကြည့်ကြည့်၊ ဒဏ္ဍာရီမှာပဲ ရှုရှု၊ သမိုင်းထဲမှာပဲ မျှော်မျှော်၊ ပစ္စုပ္ပန်မှာပဲ ငေးငေး၊ အချစ်ဘေးသင့်ခဲ့သူတွေ၊ သင့်နေသူတွေ အစုနှင့်အဝေး၊ ဒုနှင့်ဒေးပင်။

 ထိုများပြားစွာသော သာဓကတွေထဲတွင် သူပါလိမ့်မည်ဟု မထင်ခဲ့၊ ယောင်၍မျှပင် မတွေးမိခဲ့၊ ယခုတော့မူ ...။
   
     ပထမမူ အကြားသတင်း၊ ကမာရွတ် လှည်းတန်းမှာ ဆရာဝန်မလေးတယောက်ကို လူတဦးက ဓာတ်ဆီလောင်း၊ မီးရှို့လို့တဲ့ ။ ဘုရား ... ဘုရား ... ဘုရား ... ဒါလောက်တောင် စရိုက်ဆိုးတွေ ထွန်းကားနေပြီလား။

   အွန်လိုင်းကို ကိုယ်တိုင်ဖတ်လိုက်တော့ ... " ရည်းစား " ဆိုသော အသုံးအနှုန်းလေးကို သတိပြုမိကာ အော် ... ဒီလူနှယ် ... စိတ်မသက်မသာဖြစ်မိယုံသာ။ ထိုသူ၏ နာမည်ကိုတွေ့မိတော့ ... အသိတွေ ထဲမှာ သည်နာမည်ရှင် နှစ်ဦးရှိနေတာ ကို အမှတ်ရသည်။

   စကားဝိုင်းတွေမှာ မိုက်မဲသူဟု သတ်မှတ်ကာ၊ ဆေးရုံတင်ထားရသူ ဆရာဝန်မလေးကိုတော့ သနားကြသံတွေ ကြားနေရသည်။ ကိုယ်ကတော့ အချစ်ဘေးသင့်သူတစ်ယောက်ဟုသာ။

   နောက်နေ့မှာတော့ ဆရာဝန်မလေး မီးသင့်ဒဏ်နှင့် သေဆုံးသွားကြောင်း သတင်းတက်လာသည်။ အားလုံးက စိတ်မကောင်းကြ၊ ရည်းစားဆိုသူကိုလည်း အမျက်ပိုကြ။ အဲဒီသတင်း ဖတ်နေစဉ်မှာပင် ကွန်ပြူတာထောင့်မှာ Email တခု တက်လာ၍ ဖွင့်လိုက်ရာ ...

   " သတင်းဆိုးပါဘုရား " ၊ ခေါင်းစီးကြောင့် ထိတ်ကနဲဖြစ်သွားသည်။ ဘာများပါလိမ့်၊ " ဘုန်းဘုန်း ... ကိုလွင်ဦးတို့ စိတ်မထိန်းနိုင်ဖြစ်ပြီး ...  " သူ့သူငယ်ချင်း၊ ကိုယ့်တပည့် ဧခိုင်၏ ကြေကွဲမေးလ် ... အော် ... ကိုယ့်အသိ နှစ်ယောက်ထဲက တယောက်ဖြစ်နေပါပေါ့လား။ ဘယ်လိုမှထင်မထားခဲ့၊ တလောကပင် သူနှင့် Chatting ထိုင်ခဲ့သေး၊ သူက စင်္ကာပူ ရောက်နေခဲ့တာပဲ၊ ဘယ်လိုကဘယ်လို ...။

  ဘုန်းဘုန်း ဆုတောင်းမေတ္တာ ပို့ပေးပါဦး ... တဲ့။ လောလောဆည်တော့ ကိုယ့်မေတ္တာသည် ကိုယ့်ရင် ကိုပင် အေးမြစေနိုင်စွမ်းမည်မထင်။

သူ့နာမည်ကို ဖွဖွရွတ်နေမိသည်။ ဖြစ်ရလေ ... ဘာလို့များ စိတ်လိုက်မာန်ပါပြု ... အင်း ...

 ၂၀၀၆ ... ခုနှစ်ဆီက ကိုယ့်ထံကိုရောက်လာတတ်သည့် ရေကြောင်းတက္ကသိုလ် ကျောင်းသားလေးတသိုက်၊ ကိုဧခိုင် (စိုင်းပြင်း)၊ ကျော်သူဟန်၊ ကိုစံသို့ဝ်၊ ဘိုတောက်နှင့် ... ကိုလွင်ဦးဆိုသည့် ... သူ ...။

စာအလွန်ဖတ်သော၊ တိုးတက်သောအမြင်ရှိသော၊ ပညာတော်သော၊ ရိုးသားတည်ငြိမ်သော လူငယ်လေးများ။ ထိုအထဲတွင် ဘာသာတရားကိုင်းရှိုင်း၍ နှိမ့်ချတတ်သောသူ့ကို သတိပြုမိသည်။
 ကိုယ်တို့တတွေ မေတ္တာအကြောင်းတွေ ဆွေးနွေးဖြစ်ကြသည်။
   
    မေတ္တာဆိုတာ ...  တဦးကိုတဦး မလှည့်စားခြင်း၊
    တဦးကိုတဦး မထီမဲ့မြင် မလုပ်ခြင်း၊
    တဦးဆင်းရဲမှုကို တဦးက အလိုမရှိခြင်းကိုခေါ်ကြောင်း ...

 ဒီသဘောထားသုံးရပ်ကို အကျိုးလိုလားမှုနှင့်ယှဉ်ပြီး ကြီး၊ ငယ်၊ အလတ်၊ ဆူ၊ ကြုံ့၊ အလတ်၊ နီးနေ၊ ဝေးနေ စသည့် သူတွေအပေါ်မှာ ထားခြင်းကိုပင် မေတ္တာထားသည်ခေါ်ကြောင်း။ ဒါကိုပင် ကျေးဇူးရှင် မင်းကွန်းဆရာတော်ဘုရားကြီးက-
  
   " လူအချင်းချင်း လှည့်ပတ်ခြင်း၊ ကင်းရှင်းကြပါစေ ...
      အထင်သေးခြင်း အချင်းချင်း၊ ကင်းရှင်းကြပါစေ ...
      ဆင်းရဲလိုခြင်း အချင်းချင်း၊ ကင်းရှင်းကြပါစေ ... " လို့ လင်္ကာသီခဲ့ကြောင်းတွေ ...

    နောက်ပြီး ... မြတ်စွာဘုရားဟောသည့် မတရားမှု မကောင်းမှုကို၊ မကောင်းမှုမှန်း ရှုမြင်ရဲဖို့၊ ရှုမြင်ပြီး ငြီးငွေ့ဖို့၊ ငြီးငွေ့ပြီး စက်ဆုတ်ရွံမုန်းဖို့၊ ရွံမုန်းပြီး လွတ်မြောက်အောင်လုပ်ဖို့ ဆိုရာမှာ ခေါင်းဆောင်မျှော်တတ်သည့် ကိုယ်တို့လူမျိုးတွေ အကြောင်း၊ မိမိသည်ပင်လျှင် ခေါင်းဆောင်ဖြစ်နိုင် ကြောင်းတွေ ဆရာတပည့်လည်းမကျ၊ မိတ်ဆွေလည်းမကသည့် ကိုယ်တို့တတွေ မပြတ်ဆွေးနွေးခဲ့ကြ။

   သည်လိုနှင့် ယုံကြည်မှုတွေခိုင်ခဲ့ကြ၊ ရင်းနှီးမှုတွေပိုခဲ့ကြ၊ သမိုင်း၏ အစိတ်အပိုင်းတခုထဲကို တိုးဝင် ခဲ့ကြ၊ နောက်တော့ သီကြိုးပြတ်သည့် ပုလဲတွေလို ကြဲပြန့်သွားကြ၊ ကိုယ်က အဝေးဆုံးဆီ လွင့်စင်သွားခဲ့ရ၊ ခုတော့ ဒီကောင်လေးက ကိုယ့်ထက် သာ၍ဝေးရာဆီကို ထွက်ခွာသွားရဦးမှာလား ...၊ ဘုရား ... ဘုရား ... ဘုရားမ လို့၊ မဖြစ်ပါစေနှင့်၊ အချစ်ကိုစောင့်သော ဗီးနပ်စ် နတ်သမီးသည် ငယ်သူတို့အချစ်ကို စာနာတတ်၊ စောင့်ရှောက်တတ်ပါစေသား ...။
    
     ဒီနေ့မှာတော့ ကိုယ်တို့စိတ်ကို ပို၍ထိစေသည့် သတင်းနောက်ဆက်တွဲ တက်လာပြန်သည်။ အင်ဂျင်နီယာဖခင်နှင့် ဆရာဝန်မိခင်တို့၏ တဦးတည်းသောသား၊ ရှေ့နေနှင့် ဆေးလိပ်ခုံပိုင်ရှင်တို့၏သမီး ...တို့၏ ငယ်ချစ်သံယောဇဉ်ဘွဲ့၊ လေးနှစ်လေးမိုး ရပ်ခြားမြေဝေး ချစ်သူအတွက် ဥစ္စာရှာ သွားသောကောင်လေး ပြန်လာသောအခါ ချစ်သူ၏ သွေဖီမှုနှင့် တိုးလေသောအခါ ... ရင်ကိုလောင်သောမီးမှ ဘဝကိုပါ ကြွမ်းစေခဲ့ပါပေါ့လား၊ အချစ်ကြောင့် ဘေးသည်သင့်ခဲ့ပြီ။
  
     မောင်က ပုဒ်မများစွာနှင့် အချုပ်ထဲမှာ၊ မေက ... တမလွန်ဆီ၊ တဦးက အသက်ဆုံး၊ ကျန်တဦးက ဘဝသေ၊ နောက်ဆုံးသက်ငင်ချစ်အဖြစ် မေက မှာသွားသတဲ့၊ သူ့ချစ်သူကို ခွင့်လွှတ်ပေးကြပါ ... တဲ့၊ သူကလည်း ခွင့်လွှတ်သွားပါသတဲ့။

   သူ့ဆန္ဒအတိုင်း ခွင့်လွှတ်နိုင်ကြပါစေ၊ ခွင့်လွှတ်နိုင်ကြပါစေ၊ ဒါပေမယ့် ...... ။
 အော် ... အချစ် ... အချစ် ...
 အသုံးတတ်လျှင်ဆေး၊ မသုံးတတ်လျှင်ဘေးပါကလား၊

    ဆင်ခြင်တုံတရားတွေ၊ အသိပညာတွေကို ကွယ်ပျောက်စေတတ်သည့်ဘေးကြီးပါကလား၊ ဒါကြောင့် လည်း ဘုရားရှင်က ပီယတော ဇာယတေ ဘယံ တဲ့၊ ငယ်သုတို့နယ်မှာ ဘယ်လောက်များ အဆာကျယ်နေဦးမှာပါလိမ့်။ တကယ်လို့ Chatting ထိုင်တုန်းကသာ အကြောင်းစုံသိခဲ့ရလျှင်
     ကာမရောဂါ၊ ဝမ်းတွင်းနာကား
     ကုရာနတ္ထိ၊ ဆေးမရှိဘူး
     မိမိ ပညာ ၊ သတိ သာလျှင်
     မဟာ သြသဓ၊ ဆေး မည်စွ ... လို့

ကိုယ့်ညီကို ပြောဖြစ်ခဲ့မည် အမှန်၊
ယခုတော့မူ ....... ။
ကံထွန်းသစ်
07-06-2012