Tuesday, March 13, 2012

စာပေချစ်သူ


ဒီရက်ပိုင်းမှာ စိတ်ကြည်နူးဖွယ် သတင်းတစ်ပုဒ်ကြည့်လိုက်ရသည်။ ထိုင်ဝမ်နိင်ငံက သတင်းဆိုသော်လည်း စာပေချစ်သူတိုင်း ခံစားလို့ရနိင်မည်ဟု ထင်မြင်မိသည်။ အဓိကကတော့ ဆိုင်ရှင် ပြောပြသည့် စကားလေးတစ်ခွန်းကို သဘောကျလွန်းတာကြောင့် ဒီပို့စ်လေးရေးဖြစ်ပါသည်။

စာအုပ်ဆိုင်လေးတစ်ဆိုင် ရှိပါသည်။ ဆိုင်၏တည်နေရာက လူစည်ကားရာ၊ တက္ကသိုလ်တွေ၏ အနီးအနားက လမ်းသွယ်လေးထဲမှာ ဖြစ်သည်။ ထိုဆိုင်က စာအုပ်အသစ်တွေ ရောင်းခြင်းမဟုတ်။ စာအုပ်အဟောင်းများကိုသာ ပြန်ရောင်းခြင်းဖြစ်သည်။ အသုံးပြုပြီးစာအုပ်များဖြစ်လို့ ဈေးနှုန်းလည်း သက်သာသည်။ စာအုပ်အဟောင်းရောင်းသည့် ဆိုင်များမှာ နိင်ငံတကာတွင် ရှိပါသည်။ ထို့ကြောင့် ယခုဖော်ပြချင်သည့် ဆိုင်ကလေးအကြောင်းက ထူးဆန်းသည်ဟု မဆိုသာ။ သို့သော် ဆိုင်ရှင်၏ စိတ်ကူးစိတ်သန်း နှင့် ယုံကြည်ချက်ကတော့ ထူးခြားလှပါသည်။


ဆိုင်ဖွင့်ထားသော်လည်း ဆိုင်ရှင်မရှိသည့် ဆိုင်ဖြစ်သည်။ ဆိုင်ထဲတွင် စာအုပ်စင်ပေါင်းများစွာ ၊ စာအုပ်ပေါင်း ထောင်ချီကာ ရှိနေသည်။ သို့သော် ဆိုင်ရှင်က မရှိပါ။ ဆိုင်ရှင်အစား ဆိုင်အဝင်ဝတွင် ဆိုင်းဘုတ်လေး တစ်ခု ထောင်ထားသည်။ ဆိုင်းဘုတ်တွင် ရေးထားသည်က

“ဆိုင်ရှင် ဆိုင်တွင်မရှိပါ။
ကျသင့်ငွေကို မိမိဘာသာ တွက်ချက်ပြီး ရှင်းပါ။

ဒီဆိုင်လေးကို ကိုယ့်အိမ်လို သဘောထားပြီး မိတ်ဆွေသူငယ်ချင်းများနဲ့ ပျော်ပျော်ရွှင်ရွှင် စားသောက် စကားပြောနိုင်ပါတယ်။ သူငယ်ချင်း အချင်းချင်း ချိန်ဆိုရာမှာလည်း ဒီဆိုင်လေးမှာ ချိန်းဆိုနိုင်ပါတယ်။ တစ်ယောက်တည်းပျင်းတဲ့အခါမှာလည်း ဒီဆိုင်လေးမှာ လာရောက် စာအုပ်ဖတ်ရင်း အပျင်းဖြေနိုင်ပါတယ်။ အထူးသတိပြုရမှာတော့ စာအုပ်ဝယ်ပြီး ဆိုင်ထဲက ထွက်သွားမယ်ဆိုရင် ပိုက်ဆံရှင်းဖို့ မမေ့ပါနဲ့။ ဒါဟာ ဒီဆိုင်လေးကို ကူညီပေးတဲ့ အဓိက အချက်ပါ။”

ထိုဆိုင်းဘုတ်လေး နံဘေးတွင် အိုးတစ်လုံးချထားပေးသည်။ ထိုအိုးထဲတွင် ပိုက်ဆံများရှိနေသည်။ စာအုပ်ရောင်းရသည့် ငွေများဖြစ်သည်။ ထိုအိုးလေး ဘေးမှာတော့ စာအုပ်တစ်အုပ်နှင့် ဘောပင်တစ်ချောင်း ထားပေးသည်။ စာအုပ်ဝယ်သူတွေက သူတို့ ဘယ်စာအုပ်ဝယ်သွားပါတယ်။ ကျသင့်ငွေ ဘယ်လောက်ထားခဲ့ပါတယ် ဆိုပြီး ထိုစာအုပ်လေးထဲတွင် ရေးထားခဲ့ကြသည်။ ဆိုင်ရှင်မရှိသည့်ဆိုင်ထဲက ငွေသိမ်းသည့် အိုးလေးထဲတွင် စာအုပ်ရောင်းရငွေများ ရှိနေသည်မှာ မြင်နေကျ မြင်ကွင်းမျိုး မဟုတ်တာ သေချာသည်။ ဆိုင်ရှင်မရှိသလို လုံခြုံရေး ကင်မရာများ တပ်ထားခြင်းပင် မရှိ။ အံ့သြဖွယ်ရာပင်။


ထို့ပြင် ဆိုင်ရှင်အတွက် စာအုပ်ဝယ်သူများမှ စာလေးတွေရေးခဲ့ကာ ဆိုင်နံရံတွင် ကပ်ထားခဲ့သည်။ စာလေးတွေက အကြောင်းအရာ စုံလင်သည်။ လိုချင်သည့် စာအုပ်နာမည်တွေ ရေးထားခဲ့ကြသည်။ အများဆုံး ရေးထားခဲ့ကြသည်က ဆိုင်ရှင်၏ စိတ်ကူးစိတ်သန်းကို လေးစားကြောင်း၊ မိမိတို့ကိုယ်တိုင်လည်း ကိုယ့်အိမ်မှာလို စောင့်ကြည့်သူမရှိဘဲ ရွေးချယ် ဖတ်ရှု ဝယ်ယူရလို့ စိတ်ချမ်းသာကြောင်း စသည်ဖြင့် ဆိုင်ရှင်ကို ချီးကျူးထားသည့် စာရွက်ပေါင်းများစွာက ဆိုင်နံရံတွင် အများအပြား ရှိနေသည်။


တစ်ရက်တွင်တော့ ထိုဆိုင်ထဲသို့ ထိုင်ဝမ်နိင်ငံသားဘလော့ဂ်ရေးသူ တစ်ဦး ဝင်လာသည်။ သပ်ရပ်စွာ စီထားသော စာအုပ်များ၊ ဆိုင်အဝင်ဝ ဆိုင်းဘုတ်နှင့် ငွေထည့်သည့် အိုးလေးကို မြင်သွားသောအခါ ပါလာသည့် ဗီဒီယိုကင်မရာဖြင့် ဆိုင်အနှံ့လျှောက်ရိုက်ကာ မှတ်တမ်းတင်သည်။ ထို့နောက် သူ့ဘလော့ဂ်တွင်ထိုဗီဒီယိုဖိုင်ကို ညအိပ်ခါနီး တင်ပြီး အိပ်လိုက်သည်။ မနက်မိုးလင်းတော့ သူ့ဘလော့ဂ်ကို ဖွင့်ကြည့်လိုက်သည့်အခါ ထိုဗီဒီယိုဖိုင်ကို တစ်ညအတွင်းတွင် လူပေါင်း သုံးသောင်းကျော် ကြည့်ထားသည်ကို အံ့အားသင့်ဖွယ် တွေ့လိုက်ရသည်။

ထိုဖိုင်ကို စာဖတ်သူများက အချင်းချင်း မျှဝေကြသည်။ ဗီဒီယိုဖိုင်ကို ပြန်ကူးကာ မိမိတို့ဘလော့ဂ်များတွင် တင်ပေးကြသည်။ ထိုသို့ လူသိများသွားသည်ကို စာအုပ်ဆိုင်ရှင်က မသိသေး။ နောက်တစ်ရက် မနက်ခင်း ဆိုင်လာဖွင့်သည့်အခါ သူ့ဆိုင်ရှေ့တွင် လူအများအပြား စောင့်ဆိုင်းနေသည်ကို တွေ့ရတော့ အံ့သြသွားမိသည်။ ထူးဆန်းသည်ဟု ထင်ရုံမှလွဲ၍ မည်သည့်အတွက်ကြောင့် လူတွေများနေသည်ကို သူ မသိခဲ့ပါ။ ထိုနေ့ နေ့လည်ခင်းတွင်တော့ သတင်းဌာနများမှ ဆိုင်ရှင်ကို ဆက်သွယ်ကာ အင်တာဗျူးကြသည်။ ထိုင်ဝမ်ရုပ်သံမှ သတင်းလိုင်းတိုင်းတွင် သူ့ဆိုင်အကြောင်း ပါလာခဲ့သည်။ သူ့ကို အင်တာဗျူးသည့်အခါ ထိုစာအုပ်ဆိုင်လေး ဖြစ်ပေါ်လာပုံကို ပြောပြသည်။

ထိုဆိုင်လေးဖွင့်ဖို့က သူ၏ အိမ်မက်မျှော်လင့်ချက်တစ်ခုဖြစ်ခဲ့သည်။ ထိုအိမ်မက်ကို အကောင်အထည်ဖော်ဖို့ ဘဏ်မှ ငွေသုံးသိန်းချေးငှားခဲ့သည်။ လစဉ်အကြွေး ပြန်ဆပ်နေသည်မှာ ဆိုင်သက်တမ်းနှင့်အတူ တစ်နှစ်ကျော်ကြာနေခဲ့လေပြီ။ မြို့လယ်ဆိုတော့ ဆိုင်ငှားခက ဈေးကြီးလှသည်။ ဆိုင်အကူလည်း မငှားနိင်ခဲ့။ ဆိုင်အတွင်းပိုင်း စာအုပ်စင်တွေကအစ သူကိုယ်တိုင် ရိုက်သည်။ ပစ္စည်းဟောင်းများဝယ်ပြီး ဆိုင်ကို ပြင်ဆင်သည်။ ထို့နောက် စာအုပ်ဟောင်းများ လိုက်စုကာ သူ့ဆိုင်တွင် တင်သည်။ ဆိုင်ဖွင့်ပြီး နောက်ပိုင်း ပို၍ အလုပ်များခဲ့သည်။ ဆိုင်အတွက် လိုအပ်သည့် စာအုပ်များ ထွက်ဝယ်ရတာကြောင့် ဆိုင်ကို လူမရှိဘဲ ဘေးဆိုင်တွေကိုသာ အပ်ထားခဲ့ရသည်။

ကြာလာတော့ ထိုသို့အပ်ထားခဲ့ရသည်ကို အားနာလာသည်။ ထိုအခါ အထက်ပါ ဆိုင်းဘုတ်လေး ရေးပြီး အိုးတစ်လုံးထားကာ သူထွက်သွားလေ့ရှိသည်တဲ့။ ထိုအင်တာဗျူးကို နားထောင်ရင်း ကျွန်တော် သိချင်လာတာ ရှိသည်။ လုံခြုံရေးကင်မရာလည်း တပ်မထားတော့ စာအုပ်တွေ မပျောက်ဘူးလား၊ ရောင်းရသည့် စာအုပ်နှင့် စာအုပ်ဖိုးငွေတွေ ကိုက်မှ ကိုက်ရဲ့လား။ ကျွန်တော် သိချင်လာသည်။ တော်သေးသည်။ အင်တာဗျူးမေးသူ ကိုယ်တိုင်ကလည်း ထိုမေးခွန်းများကို သိချင်ဟန်တူသည်။ စာအုပ်တွေ မပျောက်ဘူးလား၊ ငွေစာရင်းရော ကိုက်ရဲ့လား.. ဟု မေးလိုက်သည်။

“ ကျနော်က မနက်ဆို ဆိုင်လာဖွင့်ပြီး ညရောက်တော့ ဆိုင်ပိတ်ရင်းနဲ့ စာအုပ်စာရင်းတွေ စစ်လေ့ရှိပါတယ်။ ဒါပေမယ့် လျော့သွားတဲ့စာအုပ်နဲ့ စာအုပ်ဖိုးငွေတွေက အမြဲလိုလို ကိုက်တာပါပဲ။ တခါတလေ တစ်ရာ နှစ်ရာ လိုတာမျိုးရှိပါတယ်။ စာအုပ်ဝယ်သူတွေ ရေးခဲ့တဲ့ စာအုပ်ထဲမှာ ငွေ တစ်ရာ လိုလို့ ချန်ခဲ့တယ် နောက်တစ်ခေါက်မှ ပေါင်းပေးမယ်လို့ ရေးထားခဲ့ကြပါတယ်။ တစ်ခါတစ်လေတော့လည်း ငွေက ပိုနေလေ့ရှိပါတယ်။ စာအုပ်ဝယ်သူတွေ ပိုငွေ ပြန်မယူဘဲ ထားခဲ့တာနဲ့ တူပါတယ်။”

ထိုနေရာရောက်တော့ နားထောင်နေရင်း ကျွန်တော် ပီတိဖြစ်သွားရသည်။ ဆိုင်ရှင်၏ အသက်က ၂၇ နှစ်တဲ့။
သူ့အသက်အရွယ်နှင့် စာပေချစ်စိတ်က လေးစားလောက်သည်။ စာပေသမားတွေအပေါ် ထားသည့် စေတနာက မြင်သာသည်။  အသက်ကြီးသော်လည်း လူ့ကျင့်ဝတ်နားမလည်၊ စာပေအကြောင်း တတ်ယောင်ကားများနှင့် ယှဉ်လိုက်လျင် လေးစားဖွယ်ရာဖြစ်နေသည်။ ထို့နောက် အင်တာဗျူးသူက ထပ်မေးသည်။ မေးခွန်းလေးက သိပ်ကောင်းသည်။

“အခုလိုမျိုး ဆိုင်မှာ စောင့်ကြည့်သူ မထားဘဲ စာအုပ်ဆိုင် ဖွင့်ထားရဲတဲ့ ခင်ဗျားရဲ့ယုံကြည်မှုက ဘာလဲ”

ဆိုင်ရှင်က ပြန်ဖြေပါသည်။ ထိုအဖြေကို ကျွန်တော် သိပ်သဘောကျပါသည်။ ထပ်ခါထပ်ခါ ကြားယောင်မိနေတာကြောင့် သည်သတင်းလေးကို အဆင်ပြေဆီလျော်အောင် ပြန်ရေးဖြစ်ခြင်း ဖြစ်ပါသည်။ သူ့အဖြေက

“စာအုပ်တွေ သူခိုးခိုးမှာ မကြောက်ပါဘူး။ စာပေကို ချစ်မြတ်နိုးသူတိုင်းက စိတ်ဓါတ်အဆင့်အတန်း မြင့်မားကြပါတယ်။ ဆိုးသွမ်းတဲ့သူ မဖြစ်နိင်ဘူးဆိုတာ ကျနော် ယုံကြည်လို့ပါပဲ” တဲ့။

သူ့ယုံကြည်ချက်မှာ ချွင်းချက်ရှိနိင်သော်လည်း ထိုချွင်းချက်မှာ အနည်းငယ်သော စုန်းပြူးလူတန်းစားများ အတွက်သာ ဖြစ်ပါလိမ့်မည်။ သူထင်သလိုမဟုတ်ဘဲ သူခိုးသူဝှက်တွေနှင့် ကြုံခဲ့လျင် သူဆုံးရှုံးရမည့် အရာမှာ ငွေကြေးတစ်ခုထဲသာ မဟုတ်။ သူ့ယုံကြည်ချက်တွေပါ ခိုးယူခံလိုက်ရသလို ဖြစ်မည်။  သို့သော် စာပေချစ်သူတွေက သူထင်သလို မလိမ်မကောက်ကြကြောင်းကို သူယုံကြည်ခွင့်ရလိုက်တာကို ကျွန်တော် ကြားကနေ ဝမ်းသာနေမိသည်။ လူမျိုးမတူ၊ ဘာသာစကားမတူသော်လည်း ထိုဆိုင်ရှင်၏ စာပေသမားတွေအပေါ် ထားသည့်ချစ်ခင်စိတ်ကို လေးစားမိပါသည်။

ယခုတော့ သူ့စေတနာ အကျိုးပြန်ပေးပြီထင်သည်။ ရုပ်သံသတင်းဌာနများက သူ့ဆိုင်လေးအကြောင်း ထုတ်လွှင့်ပေးနေတာကြောင့် သူ့ဆိုင်ရှေ့လျှောက် ပို၍အောင်မြင်ဖို့ပဲ ရှိတော့သည်။
စေတနာမှန်လျင် ကံအကျိုးပေးကောင်းမည်ဟု ကျွန်တော်ကတော့ လေးလေးနက်နက် ယုံကြည်ပါသည်။

Monday, March 12, 2012

မြန်မာတို.၏“ သမိုင်းပေးတာဝန် ”


 မြန်မာတို.၏“ သမိုင်းပေးတာဝန် ”
“ဗုဒ္ဓဘာသာ” ကိုးကွယ်ခြင်းမှာ မြန်မာတို.အတွက် “ သမိုင်းပေးတာဝန်” ဆိုပါက မှားမယ် မထင်ပါ ။ ”သွေးက ပြောသောဘာသာ” ဟူ၍လည်း ဆိုကြပါ၏ ။ ဒါ့ကြောင့်သာလည်း “ဗုဒ္ဓဘာသာ” သည် မြန်မာတို.၏ အသွေးထဲ အသားထဲအထိ စွဲမြဲနေခဲ့ခြင်းးပင်မဟုတ်ပါလား။

သမိုငးကြောင်းကို တစေ့တစောင်း ပြန်ပြောင်းကြည့်ပြန်ပါကလည်း မြန်မာပြည်ဖွား တိုင်းရင်းသား တို.မှာ သာကီဝင်မင်းသားဗုဒ္ဓမြတ်ဘုရား နှင့် ဆွေမျိုးရင်းချာ တော်စပ်ကြတဲ့အတွက် ကံကောင်း သူများဖြစ်ပါတယ် ။မြန်မာနှင့် ဗုဒ္ဓ ခွဲခြားမရ ဆွေတော်မျိုးတော်များ ဖြစ်ကြတဲ့အတွက်လည်း ဗုဒ္ဓသာသနာတော်ကို
မြန်မာလူမျိုးတိုင်း ကိုးကွယ်ရေး ။ မြန်မာမှန်သမျှ ဗုဒ္ဓသာသနာ့အမွေကို ဆက်ခံနိုင်ရေး သည် သမိုင်းပေးတာဝန်ကြီးဖြစ်လာရသည်ဟု ဆိုကြပါ၏ ။ ရှေးခေတ်မြန်ာကြီးတို.သည် ၄င်းတာဝန် ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြပါ၏ ။

“ မြန်မာနိုင်ငံကို ချစ်သော မြန်မာလူမျိုးတိုင်း ဗုဒ္ဓဘာသာကိုချစ်မြတ်နိုးရပါမည်။ မြန်မာကို ကမ္ဘာ အလေးထားနေကြသည်မှာလည်း ဗုဒ္ဓဘာသာကြောင့်ပင် ဖြစ်ပါ၏ ” ။
ထိုမျှမကသေးပါ “ကမ္ဘာပေါ်တွင် ပထမဆုံးသော မြတ်ဗုဒ္ဓ၏ သိက်ရှိထင်ရှား ဇီဝသရီရ ဆံတော်
ရှင် ဓာတ်တော်များ”သည် ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် ကိန်းဝပ် စံနေတော်မူလျက်ရှိပါ၏။
ဆိုလိုသည်မှာ ဗုဒ္ဓသာသနာတော်သည် စတင်သည့်အချိန်မှ ယနေ.တိုင်အောင် မြန်မာ့မြေမှာ အသဲ ထဲ စွဲနေသလို ကွယ်ပျောက်သည့်နေ. တိုင်အောင်လည်း အမိမြန်မာ့မြေပေါ်မှာသာ အစဉ် ထွန်း
တောက် နေရမည်ဟု ဆိုကြပါတယ်။

အမှန်ဆိုပါက ဗုဒ္ဓသာသနာသည် မစ္ဖျိမဒေသ(အိန္ဒိယ) တွင် စတင်ခဲ့သော်လည်း အိန္ဒယ၏ နိုင်ငံ
တော် ဘာသာမဖြစ်ခဲ့ပါ ။ အိန္ဒယနိုင်ငံသား လူအများစု၏ ခိုင်ခိုင်မြဲမြဲ ကိုးကွယ်သော ဘာသာ မဖြစ်ခဲ့ပါ ။ သာသနာသက္ကရာဇ် ၁၀၀၀- ခန်.မှာပင် ဗုဒ္ဓသာသနာသည် အိန္ဒိယနယ်မြေမှ လုံးဝ
ကွယ်ပျောက်ခဲ့ပါတယ်။

ဘာ့ကြောင့်များပါလိမ့် -----
အဓိက အကြောင်းကတော့ ဗုဒ္ဓနှင့်မစ္ဖျိမဒေသ ( အိန္ဒိယ) တို. သွေးသားမတော်စပ်ပဲ တစိမ်း
ပြင်ပြင် ဖြစ်ခဲ့သောကြောင့်သာဖြစ်ကြောင်း သက်သေ သာဓကများအရ သိရပါတယ် ။ ဒါ့ကြောင့် မြန်မာနှင့်ဗုဒ္ဓ ခွဲခြားမရ ဆွေမျိုးတော်များဖြစ်ကြတဲ့အတွက်လည်း ဗုဒ္ဓသာသ နာတော်
ကို မြန်မာလူမျိုးတိုင်း ကိုးကွယ်ရေး ၊ မြန်မာမှန်သမျှ ဗုဒ္ဓသာသနာ့အမွေကို ဆက်ခံနီ်ုင်ရေး သည် သမိုင်းပေးတာဝန်ကြီး ဖြစ်လာရသည်ဟုလည်း ပညာရှင်များက တိတိကျကျ မြွက်ဆိုထားကြတာ ကိုတွေ.ရပါတယ် ။

ဗုဒ္ဓဒေသနာတော်အရ ဆိုပါက “ လူတို.သည် မိမိဘဝကို မိမသာလျှင် ပုံဖေါ်ဖန်တီးနိုင်ပါ၏ ။
မိမိဘဝကို အမွန်အမြတ်ဖြစ်အောင် ဖန်တီးသူဟာ မိမိသာလျှင်ဖြစ်သလို မိမိဘဝကို အကြည်းတန် အရုပ်ဆိုးစေရန် ဖန်တီးသူမှာလည်း မိမသာလျှင်ဖြစ်ပါ၏ ။ ဖန်ဆင်းနိုင်သူဖျက်ဆီး သူ- စောင့်
ရှောက်သူနှင့် တန်ခိုးရှင်မျာ မိမိသာလျှင် ဖြစ်ပါ၏။ တကယ်ဆိုပါက “ မိမိ၏ အတွင်းသဏ္ဍာန်မှာ
သာဤစွမ်းဆောင်နိုင်မှု တန်ခိုးများ ရှိနေကြောင်း” ဖေါ်ညွှန်းထားကြပါတယ် ။
ဤသည်မှာလည်း ထေရဝါဒဗုဒ္ဓဘာသာ၏ အခြေခံသဘောတရားများဖြစ်၏ ။ ဒါ့ကြောင့်လူတိုင်း သည်လည်း မိမိကိုယ်ကိုသာလျှင် အစဉ်မပြတ် အကဲခတ် စောင့်ကြပ် ကြည့်ရှု သုံးသပ် စစ်ဆေး နကြရမည်” ဖြစ်ကြောင်း နာကြား မှတ်သားခဲ့ရပါတယ် ။

လူသားတို.၏ အတွေးအခေါ် အကြံအစည်များ - ပြောကြားသည့် စကားများ-အပြုအမူများသည် ဘယ်သောအခါမျှ ပျောက်ပျက်သွားခြင်း- အရှိန်အဝါ ကင်းမဲ့သါားခြင်းမရှိပါ ။ လူသား များ၏ ဖန်တီးရှင်အစစ်မှာလည်း စေတနာမြောက်သော“ ကံသုံးပါး” ပင်ဖြစ်ပါ၏။ အခြားသော ဖန်တီးရှင်
( ဖန်တီးနိုင်စွမ်းသောပညာရှင်) မရှိပါ ။

ဒါ့ကြောင့် လူသားများအနေနှင့် မည်ကဲ့သို.သော တန်ခိုးရှင်- သိဒ္ဓိရှင် ဆိုသူများကိုမျှ အားကိုးနေ စရာမလိုပါ ။ မိမိကိုယ်သာလျှင် အားထားရာအဖြစ် နှလုံးသွင်းကာ ဘုရား - တရား - သံဃာ
သံဃာ တည်းဟူသော“ ရတနာသုံးပါး” ကိုသာ အစဉ်မပြတ် ကိုးကွယ်ဆည်းကပ်ရမှာဖြစ်ပါတယ်။
မိမိတို.။ စိတ်ဟေတနာကိုလည်း အတတ်နိုင်ဆုံး ဖြူစင်သန်.ရှင်းအောင် ကြံဆောင် ကြိုးပမ်းကာ
ပြုမူ လုပ်ကိုင်ကြရမည်” ဟူ၍လည်း ဗုဒ္ဓမြတ်ဘုရားက ဟောကြားဆုံးမတော်မူပါတယ် ။

ဒီလို မြတ်ဗုဒ္ဓရဲ့ အဆုံးအမတရားတော်များအရ လိုက်နာဆောင်ရွက်ပြီး “ ကြီးသူကိုရိုသေငယ်သူ ကိုလေးစားကာ မေတ္တာ ၊ ဂရုဏာ ၊ မုဒိတာ ၊ ဥပေက္ခာ “ ဟူသော “ ဗြဟ္မစိုရ်တရား ” ကို
အစဉ်ထာဝရ ပွားများကြပါမှ မိမိနှင့်တကွ လောကလူသားအားလုံးအတွက် ငြိမ်းချမ်းသာယာသည့် “အလှကမ္ဘာ” ကို တည်ဆောက်နိုင်ကြမျာဖြစ်ပါတယ် ။

အားလုံး ရွှင်လန်းချမ်ေးမြ့ကြပါစေ
ကလေးတို.ဆရာမ

Sunday, March 11, 2012

ပါရမီဆယ်ပါး ဘုရားဟော မဟော

ပါရမီဆယ်ပါး ဘုရားဟော မဟော
 
“သမ္မာသမ္ဗောဓိဆုပန်သော ပုဂ္ဂိုလ်သည် ဗုဒ္ဓဖြစ်ရန် ဘ၀ပေါင်းများစွာ ပါရမီဆည်းပူးရ၏။ ပါရမီဟူသော ပုဒ်ကို နိကာယ်လေးကျမ်း၌ အလျဉ်းမတွေ့ရချေ။ ဗုဒ္ဓတရားများကို ဂဏန်း အရေအတွက်နှင့် ခွဲခြား၍ စုံလင်စွာပြသော ဒီဃနိကာယ် ဒသုတ္တရသုတ်နှင့် သင်္ဂီတိသုတ်များ၌ပင် လုံးဝ ပြမထားချေ။ ဇာတကဂါထာ၌လည်း မတွေ့ရဘဲ ပိဋကတ်ထဲ၌ အလွန်နောက်ကျမှ ၀င်လာသော ဇာတကအဋ္ဌကထာ ဗုဒ္ဓ၀ံသနှင့် စရိယာပိဋကတ်ကျမ်းများ၌သာ တွေ့ရ၏။

သို့ဖြစ်၍ ပါရမီတရားသည် ဗုဒ္ဓဟောသောတရား မဟုတ်ဘဲ ဗုဒ္ဓကို အရိယာပုဂ္ဂိုလ်များနှင့် ခွဲခြားရန် နောက်မှ ပိဋကတ်ထဲသို့ ၀င်လာသော တရားဖြစ်တန်ရာ၏။
ရှေးသက္ကဋပိဋကတ်၌ ဒါန၊ သီလ၊ ခန္တီ၊ ၀ီရိယ၊ ပညာ၊ ဈာန-ဟူ၍ ပါရမီအပြား ၆ ပါးလာ၏။ ထေရ၀ါဒီတို့ကမူ ဈာနပါရမီကို ဖြုတ်၍ နိက္ခမ၊ သစ္စာ၊ အဓိဋ္ဌာန၊ မေတ္တာနှင့် ဥပေက္ခာကို ဖြည့်စွက်ကာ ပါရမီ ၁၀-ပါး ပြုလုပ်ထားလေ၏။”
အထက်ပါကောက်နှုတ်ချက်သည် ဦးအေးမောင် (စာပေဗိမာန်) ၏ “ဗုဒ္ဓနှင့် ဗုဒ္ဓ၀ါဒ” ကျမ်းစာအုပ်မှ ဖြစ်၏။ ပါရမီ-ဟူသော ဝေါဟာရနှင့် ရင်းနှီးကျွမ်းဝင်နေကြပြီးဖြစ်ကုန်သော ဗုဒ္ဓဘာသာဝင် သူတော်စင်တို့အဖို့ကား အထက်ပါမှတ်ချက်သည် အံ့သြစရာ ထိတ်လန့်စရာကြီးဖြစ်၏။

“ဗုဒ္ဓနှင့် ဗုဒ္ဓ၀ါဒ” ကျမ်းပြုဆရာက ပါရမီ-ဟူသောပုဒ် ပါရှိသော ပါဠိတော်စာရင်းကို စရိယာပိဋကနှင့် ဗုဒ္ဓ၀ံသ-ဟု နှစ်ကျမ်းသာ ထုတ်ပြ၏။ ထိုကျမ်းများသည် ပိဋကတ်ထဲ နောက်ကျမှ ရောက်လာသော ကျမ်းများဖြစ်သောကြောင့် ပါရမီတရားသည် မူလက ဗုဒ္ဓဟောကြားသော တရား မဖြစ်နိုင်ဘဲ နောက်ကျမှ ဗုဒ္ဓကို ကျန်အရိယာပုဂ္ဂိုလ်များနှင့် ခွဲခြားရန် ပိဋကတ်ထဲသို့ ၀င်လာသော တရားများဖြစ်ရမည်-ဟု ကောက်ချက်ချထား၏။

စရိယာပိဋက နှင့် ဗုဒ္ဓ၀ံသ ပါဠိတော်များကို ပိဋကတ်ထဲသို့ နောက်ကျမှ ၀င်လာသော ကျမ်းများပါဟု သူကိုယ်တိုင် ခိုင်မာသော ငြင်းဆိုဖို့ခက်ခဲသော အကြောင်းပြချက်များ မပေးနိုင်ဘဲ အနောက်နိုင်ငံမှ ဗုဒ္ဓဘာသာဝင်မဟုတ်သူ စာရေးဆရာအချို့၏ ကောက်ချက်ချမှုကို အခိုင်အမာယူဆ၍ ပြောဆိုနေခြင်း ဖြစ်၏။

တဖန် ဗုဒ္ဓကို သာမန်ပုဂ္ဂိုလ်အဖြစ် သူကိုယ်တိုင် ယူဆ၏၊ သူတစ်ပါးတို့ကိုလည်း ယူဆစေလို၏။ ထိုသို့ ဗုဒ္ဓအား သာမန်ပုဂ္ဂိုလ်အဖြစ်ယူဆချက် ခိုင်မာဖို့ရာ “ဗုဒ္ဓသည် ဘုရားဖြစ်ဖို့ရန် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီဆယ်ပါး အပြားသုံးဆယ်တို့ကို ဖြည့်ကျင့်ခဲ့ရသည်”ဟူသော ဗုဒ္ဓဘာသာဝင်တို့၏ ယုံကြည်ချက်ကို ချေဖျက်ပစ်ဖို့ လို၏။ ထို့ကြောင့် “ဗုဒ္ဓသည် ပါရမီတော်တို့ကို ဖြည့်ကျင့်ပြီးမှ ဘုရားဖြစ်လာသော ထူးခြားမြင့်မြတ်သော ပုဂ္ဂိုလ်မဟုတ်၊ ထိုသို့ထူးခြားမြင့်မြတ်သော ပုဂ္ဂိုလ်မဟုတ်ပါပဲလျက် အခြားအရိယာများထက် ထူးခြားမြင့်မြတ် သယောင် ဟန်ဆောင်လုပ်ကြံလိုကြသူတို့က ဗုဒ္ဓနှင့် သာဝကတို့ကို အဆင့်အတန်း ခွဲခြားရန် ပါရမီ-ဟူသော ပေတံကို လုပ်ကြံဖန်တီးကြကုန်၏-ဟု အဆိုပြု၏။

သူပြောသလို ပါရမီ-ဟူသောပုဒ်သည် စရိယာပိဋကနှင့် ဗုဒ္ဓ၀ံသတွင်သာ ပါပါသလော။ မဟုတ်ပါ။ ပရိဝါပါဠိတော်၊ အပါဒါန်ပါဠိတော်နှင့် မိလိန္ဒပဉှာတို့တွင်လည်း ပါရှိပါသည်။ နမူနာ တစ်ခု ထုတ်ပြပါမည်။
ဒုက္ကရံ ၀ိဝိဓံ ကတွာ၊ ပူရယိတွာန ပါရမီ။
ဥပ္ပဇ္ဇန္တိ မဟာဝီရာ၊ စက္ခုဘူတာ သဗြဟ္မကေ။ (၀ိ၊ ၅၊ ၁၅၇)

ဝိ၀ိဓံ- အထူးထူးသော အပြားရှိသော၊ ဒုက္ကရံ - ခဲယဉ်းသဖြင့် ပြုအပ်သော စွန့်ခြင်းကြီးငါးပါး အစရှိသည်ကို၊ ကတွာ- ပြုတော်မူပြီး၍လည်းကောင်း၊ ပါရမီ- ဆယ်ပါးသော ပါရမီတော်တို့ကို၊ ပူရယိတွာန- ဖြည့်တော်မူပြီး၍လည်းကောင်း၊ သဗြဟ္မကေ- ဗြဟ္မာနှစ်ဆယ်နှင့်တကွသော သတ္တလောက၌၊ စက္ခုဘူတာ- ပညာမျက်စိသဖွယ် ဖြစ်တော်မူကြကုန်သော၊ မဟာဝီရာ- ကြီးမြတ်သော လုံ့လရှိတော်မူသော ဘုရားရှင်တို့သည်၊ ဥပ္ပဇ္ဇန္တိ- ပွင့်တော်မူကြကုန်၏။ (ပရိဝါ-ဘာဋီ၊ ၃၉၈)

မိလိန္ဒပဉှာ (ပထ၀ီစလနပဉှာ) တွင်လည်း ပါရမီဟူသော စကားလုံး ပါရှိပါသေးသည်။
စရိယာပိဋကပါဠိတော် (နှာ-၃၉၈) အပဒါန်ပါဠိတော် (အပ၊၁၊၃၅၉။ အပ၊၂၊ ၂၆၉) တို့တွင်လည်း ကြည့်နိုင်ပါသည်။ ကိုယ်တိုင် ပါဠိ-အဋ္ဌကထာ-ဋီကာ မကြည့်နိုင်ဘဲ သူများပြောစကား တဆင့်ကြားဖြင့် အခိုင်အမာ မဆိုသင့်ပါ။ ဘုရားရှင်၏ အကြောင်းခြင်းရာနှင့် ပတ်သက်၍ ဗုဒ္ဓ၀ံသနှင့် စရိယာပိဋကတွင် တသီးတသန့် ပြည့်စုံစွာ ပြဆိုပြီး ဖြစ်၍ ဒသုတ္တရသုတ်စသည်တို့၌ မပါရုံမျှဖြင့်လည်း ဘုရားဟော မဟုတ်ဟု မဆိုနိုင်ပါ။ ၀ိနည်းပညတ်ချက်များကို ၀ိနယပိဋကတွင် သီးသန့် ပြည့်စုံစွာ ပြဆိုထားပြီးဖြစ်၍ အခြားသော သုတ္တန် အဘိဓမ္မာတို့၌ ၀ိနည်းသိက္ခာပုဒ်များ မပါရှိသဖြင့် ၀ိနည်းသည် ဘုရားဟော မဟုတ်ဟု မဆိုနိုင်သကဲ့သို့တည်း။

ဗုဒ္ဓ၀ါဒကျမ်းဆရာက ပါရမီဟူသောပုဒ်ပါရှိရာ အဋ္ဌကထာကို ဇာတကအဋ္ဌကထာ တစ်အုပ်သာ ထုတ်ပြ၏။ အခြားဝိဘတ်များမပါဘဲ ပါရမီ-ဟူသော ပုဒ်ချည်းသက်သက် အဋ္ဌကထာရှစ်အုပ်တွင် နှစ်ဆယ့်သုံးနေရာ ပါပါသည်။
အဋ္ဌကထာ ဋီကာများတွင် ဘုရားဟောဟု ညွှန်းဆိုထားသော ပါရမီဟူသော စကားလုံးကို မသုံးဘဲ အခြားစကားလုံးများဖြင့် သုံးနှုန်းဟောကြားတော်မူသော ပါရမီတရား ဆယ်ပါးပါဝင်သော ဒေသနာများလည်း ရှိပါသေးသည်။

ကတိ နု ခေါ ဘန္တေ ဗုဒ္ဓကာရကာ ဓမ္မာ၊ ဒသ ခေါ သာရိပုတ္တ ဗုဒ္ဓကာရကာ ဓမ္မာ။ ကတမေ ဒသ၊ ဒါနံ ခေါ သာရိပုတ္တ ဗုဒ္ဓကာရကော ဓမ္မော၊ သီလံ - နေက္ခမ္မံ- ပညာ- ၀ီရိယံ ခန္တိ သစ္စံ အဓိဋ္ဌာနံ မေတ္တာ ဥပေက္ခာ ဗုဒ္ဓကာရကော ဓမ္မော။ ဣမေ ခေါ သာရိပုတ္တ ဒသ ဗုဒ္ဓကာရကာ ဓမ္မာ။ (စရိယာ၊ဋ္ဌ၊၂၇၀။ ဒီ၊ဋီ၊၁၊ ၆၈၊ သီ၊ဋီ၊သစ်၊၁၊ ၂၄၈။)

(ဘုရားအဖြစ်ကို ပြုတတ်ကုန်သော တရားများ မည်မျှရှိပါသနည်း-ဟု ဘုရားရှင်အား အရှင်သာရိပုတ္တရာက မေးလျှောက်ရာ ဒါန သီလ (ပ) မေတ္တာ ဥပေက္ခာ-ဟူသော တရားဆယ်မျိုးသည် ဘုရားအဖြစ်ကို ပြုတတ်ကုန်သော တရားတို့တည်း-ဟု ပါရမီဆယ်ပါးကို ထုတ်ပြတော်မူသော သုတ်ဖြစ်သည်။ ယခုလက်ရှိ ဆဋ္ဌမူ ပါဠိတော်တွင်ကား ရှာမတွေ့ပါ။)
“ကတိ ပန ဘန္တေ ဗောဓာယစရန္တာနံ ဗောဓိသတ္တာနံ အဇ္ဈာသယာတိ။

ဒသံ ခေါ သာရိပုတ္တ ဗောဓာယစရန္တာနံ ဗောဓိသတ္တာနံ အဇ္ဈာသယာ၊ ကတမေ ဒသ၊ ဒါနဇ္ဈာသယာ သာရိပုတ္တ ဗောဓိသတ္တာ မစ္ဆေရ ဒေါသဒဿာဝိနော၊ သီလဇ္ဈာသယာ သာရိပုတ္တ ဗောဓိသတ္တာ အသံဝရေ ဒေါသဒဿာဝိနော၊ နေက္ခမ္မဇ္ဈာသယာ သာရိပုတ္တ ဗောဓိသတ္တာ ကာမေသု ဒေါသဒဿာဝိနော၊ ယထာဘူတဉာဏဇ္ဈာသယာ သာရိပုတ္တ ဗောဓိသတ္တာ ၀ိစိကိစ္ဆာယ ဒေါသဒဿာဝိနော၊ ၀ိရိယဇ္ဈာသယာ သာရိပုတ္တာ ကောသဇ္ဇေ ဒေါသဒဿာဝိနော၊ ခန္တိဇ္ဈာသယာ သာရိပုတ္တ ဗောဓိသတ္တာ အက္ခန္တိယံ ဒေါသဒဿာဝိနော၊ သစ္စဇ္ဈာသယာ သာရိပုတ္တ ဗောဓိသတ္တာ ၀ိသံဝါဒနေ ဒေါသဒဿာဝိနော၊ အဓိဋ္ဌဇ္ဈာသယာ သာရိပုတ္တ အနဓိဋ္ဌာနေ ဒေါသဒဿာဝိနော၊ မေတ္တာဇ္ဈာသယာ သာရိပုတ္တ ဗောဓိသတ္တာ ဗျာပါဒေ ဒေါသဒဿာဝိနော၊ ဥပေက္ခာ အဇ္ဈာသယာ သာရိပုတ္တ ဗောဓိသတ္တာ သုခဒုက္ခေသု အာဒီန၀ဒဿာဝိနော။ (ဒီ၊ဋီ၊၁၊ ၇၃။ သီ၊ဋီ၊သစ်၊ ၂၆၀) (ပေယျာလဖော်ထားသည်)

(ဘုရားအလောင်းတို့၏ အဇ္ဈာသယ ဆယ်ပါးအဖြစ် ပါရမီဆယ်ပါးကို ထုတ်ပြထားသော သုတ်တည်း။ ထိုသုတ်လည်း ယခုလက်ရှိပါဠိတော်တွင်ကား ရှာမတွေ့ပါ။ အာဂုံဆောင်ခေတ်က အသိများပြီး မထူးခြားသောသုတ်များကို အလေးမထားသောကြောင့် ပျောက်ပျက်ကုန်ခြင်းလည်း ဖြစ်နိုင်သည်။ သံယုတ္တနိကာယ်တွင် သုတ်ပေါင်း ၇၇၆၂-ပါရှိသည်ဟု အဋ္ဌကထာ၌ ဆိုထားသော်လည်း ယခုလက်ရှိ ဆဋ္ဌမူတွင် သုတ်ပေါင်းသုံးထောင်ကျော်သာ ရှိတော့၏။)

“ရှေးသက္ကဋပိဋကတ်၌ ဒါန၊ သီလ၊ ခန္တီ၊ ၀ီရိယ၊ ပညာ၊ ဈာန-ဟူ၍ ပါရမီအပြား ၆ ပါးလာ၏။ ထေရ၀ါဒီတို့ကမူ ဈာနပါရမီကို ဖြုတ်၍ နိက္ခမ၊ သစ္စာ၊ အဓိဋ္ဌာန၊ မေတ္တာနှင့် ဥပေက္ခာကို ဖြည့်စွက်ကာ ပါရမီ ၁၀-ပါး ပြုလုပ်ထားလေ၏။” ဟု ဆိုလာပြန်၏။
သူပြောပုံအရ သက္ကဋပိဋကတ်က အရင်ပေါ်ပြီး ထေရ၀ါဒီတို့၏ ပါဠိပိဋကတ်က နောက်မှ ပေါ်ပေါက်သကဲ့သို့ ဖြစ်နေ၏။

ပါရမီခြောက်ပါးယူနည်းမှာ အထူးအဆန်း မဟုတ်ပါ။ ထေရ၀ါဒီတို့၏ ပါဠိပိဋကတ်တွင်လည်း ဖော်ပြပါရှိပါသည်။ ဆယ်ပါးအနေဖြင့် ဘုရားဟော တိုက်ရိုက်ရှိခြင်းကြောင့် ထေရ၀ါဒီတို့က ဆယ်ပါးကိုသာ အတည်ပြု ဟောပြောရေးသားကြပါသည်။ ဆယ်ပါးကို ခြောက်ပါးအဖြစ် ဆွဲငင်သိမ်းယူနိုင်ပုံကို ပိဋကတ်တွင် အောက်ပါအတိုင်း ဖော်ပြထား၏။
ကော သင်္ဂဟောတိ ဧတ္ထ ပန ယထာ ဧတာ ၀ိဘာဂတော တိံသ၀ိဓာပိ ဒါနပါရမီအာဒိဘာဝတော ဒသ၀ိဓာ၊ ဧ၀ံ ဒါနသီလခန္တိဝီရိယဈာနပညာသဘာဝေန ဆဗ္ဗိဓာ။ (ပ) အဓိဋ္ဌာနပါရမီ သဗ္ဗာဟိပိ သင်္ဂဟိတာတိ။ (ဒီ၊ဋီ၊၁၊ ၉၄)

“ဒါနစသော ပါရမီတို့သည် သုံးဆယ်မှ ဆယ်ပါးဖြစ်သကဲ့သို့ ဤအတူ ဒါနပါရမီ, သီလပါရမီ, ခန္တီပါရမီ, ၀ီရိယပါရမီ, ဈာနပါရမီ, ပညာပါရမီ-ဟူ၍ သဘာဝအားဖြင့် ခြောက်မျိုးရှိ၏။
၁။ နေက္ခမ္မပါရမီကို ရှင်ရဟန်းဖြစ်နေခိုက် သီလပါရမီဖြင့်လည်းကောင်း, နီဝရဏတို့မှ ကင်းဆိတ်မှုဖြစ်နေချိန်၌ ဈာနပါရမီဖြင့်လည်းကောင်း, ကုသိုလ်တရားများဖြစ်နေသော် ဒါနစသော ပါရမီခြောက်မျိုးလုံးတို့ဖြင့်လည်းကောင်း သိမ်းယူပါ။
၂။ သစ္စပါရမီကို ၀စီသစ္စာ ၀ိရတီသစ္စာအဖို့၌ ပါဝင်လျှင် သီလပါရမီဖြင့် သိမ်းယူ၍ ဉာဏသစ္စာ အဖို့၌ ပါဝင်ခိုက်ဖြစ်လျှင် ပညာပါရမီဖြင့် သိမ်းယူပါ။
၃။ မေတ္တာပါရမီကို ဈာနပါရမီဖြင့် သိမ်းယူပါ။
၎။ ဥပေက္ခာပါရမီကို ပညာပါရမီဖြင့် သိမ်းယူပါ။
၅။ အဓိဋ္ဌာနပါရမီကို ဒါနစသော ပါရမီခြောက်ပါးတို့ဖြင့် သိမ်းယူပါ။

မည်သို့ပင်ဖြစ်စေ ဗုဒ္ဓဘာသာဝင်မှန်သမျှ (ထေရ၀ါဒရော မဟာယာနပါ) “ပါရမီပါမှ ဘုရားဖြစ်သည်၊ ဘုရားဖြစ်ဖို့ရာ ပါရမီတော်တို့ကို ဖြည့်ကျင့်ရသည်” ဆိုသည်ကို လက်ခံယုံကြည်ကြပါသည်။
“အကြောင်းအကျိုး သဘောတရားကိုမျှ လက်မခံနိုင် နားမလည်နိုင်သော၊ ကံနှင့် ကံ၏အကျိုးကို ပယ်လိုသော၊ ရှေးဘ၀ နောက်ဘ၀တို့ကို မယုံကြည်လိုသော၊ ဘုရားကိုပင် သာမန် ဉာဏ်ကြီးရှင်တစ်ယောက်အဖြစ်သာ ယူဆလိုသော သူတို့သည်သာ” ပါရမီတရားနှင့် ဘုရားလောင်း၏ ပါရမီဖြည့်ကျင့်ရပုံတို့ကို လှောင်ပြောင်ရှုတ်ချနေကြသည်ကို တွေ့မြင်ရ၏။
အဂုင်္တ္တိုရ်ပါဠိတော်တွင် ---
“ဧကပုဂ္ဂလဿ ဘိက္ခဝေ ပါတုဘာဝေါ ဒုလ္လဘော လောကသ္မိံ၊ ကတမဿ ဧကပုဂ္ဂလဿ၊ တထာဂတဿ အရဟတော သမ္မာသမ္ဗုဒ္ဓဿ၊ ဣမဿ ခေါ ဘိက္ခဝေ ဧကပုဂ္ဂလဿ ပါတုဘာဝေါ ဒုလ္လဘော လောကသ္မိန္တိ။” (အံ၊၁၊၂၂)
“ရဟန်းတို့၊ သတ္တလောက၌ တစ်ယောက်သောပုဂ္ဂိုလ်၏ ထင်ရှားဖြစ်ပေါ်လာခြင်းသည် အလွန်ရခဲ၏။ အဘယ်မည်သော တစ်ယောက်သောပုဂ္ဂိုလ်၏ ထင်ရှားဖြစ်ပေါ်လာခြင်းသည် အလွန်ရခဲသနည်းဟူမူကား…။
ပူဇော်အထူးကို ခံတော်မူထိုက်သော မဖောက်မပြန် သယမ္ဘူဉာဏ်ဖြင့် အမှန်သိတော်မူသော သဗ္ဗညုမြတ်စွာဘုရား၏ ထင်ရှားဖြစ်ပေါ်လာခြင်းသည် အလွန်ရခဲ၏” ဟူ၍ အဂုင်္တ္တရနိကာယ် ဟောတော်မူထား၏။
ထိုသုတ်၏ အဖွင့်အဋ္ဌကထာ၌လည်း “ကသ္မာ ဒုလ္လဘောတိ= (အဘယ်ကြောင့် အလွန်ရခဲသနည်း) ဟု အမေးပုစ္ဆာထုတ်ကာ “ဒါနပါရမီကို တစ်ကြိမ်သာဖြည့်၍ ဘုရားဖြစ်နိုင်သည် မဟုတ်၊ နှစ်ကြိမ် ဆယ်ကြိမ် အကြိမ်နှစ်ဆယ် အကြိမ်ငါးဆယ် အကြိမ်တစ်ရာ အကြိမ်တစ်ထောင် အကြိမ်တစ်သိန်း အကြိမ်တစ်ကုဋေ အကြိမ်ကုဋေတစ်ရာ အကြိမ်ကုဋေတစ်ထောင် အကြိမ်ပေါင်း ကုဋေတစ်သိန်း ဒါနပါရမီကိုဖြည့်၍ ဘုရားဖြစ်နိုင်သည်မဟုတ်၊ ထို့အတူ တစ်ရက် နှစ်ရက် ဆယ်ရက် (ပ) ရက်ပေါင်း ကုဋေတစ်သိန်း ဒါနပါရမီကို ဖြည့်၍ ဘုရားဖြစ်နိုင်သည် မဟုတ်။ တစ်လနှစ်လ လပေါင်းကုဋေတစ်သိန်း၊ တစ်နှစ် နှစ်နှစ် နှစ်ပေါင်းကုဋေတစ်သိန်း၊ မဟာကပ်ကြီးတစ်ကပ် နှစ်ကပ် မဟာကပ်ကြီးပေါင်း ကုဋေတစ်သိန်း၊ မဟာကပ်ကြီးပေါင်း တစ်သင်္ချေ နှစ်သင်္ချေ သုံးသင်္ချေ ဒါနပါရမီကို ဖြည့်၍ ဘုရားဖြစ်နိုင်သည် မဟုတ်။ (သီလပါရမီ နေက္ခမ္မပါရမီ ပညာပါရမီ ၀ီရိယပါရမီ ခန္တီပါရမီ သစ္စာပါရမီ အဓိဋ္ဌာနပါရမီ မေတ္တာပါရမီ ဥပေက္ခာပါရမီတို့၌လည်း ဤနည်းအတူပင်။) စင်စစ်သော်ကား အောက်ထစ်ဆုံးအပိုင်းအခြားအားဖြင့် ကမ္ဘာပေါင်း ဤရွေ့ဤမျှဟု မရေတွက် မပိုင်းခြားနိုင်သည့် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းကာလပတ်လုံး ပါရမီအဆောက်အဦ အလုံးစုံတို့ကို တစ်ခုမကျန် အခါမပြတ် ဘ၀မလပ်အောင် လေးမြတ် စုံမက် နှစ်သက် ကြည်ညို အလွန်ရိုသေစွာ ဖြည့်ကျင့်ဆည်းပူး ပွားများတော်မူမှ သဗ္ဗညုမြတ်စွာဘုရား ဖြစ်တော်မူနိုင်သည်။ ဤအကြောင်းကြောင့် ဘုရားသဗ္ဗညုတည်းဟူသော တစ်ယောက်သော ပုဂ္ဂိုလ်ကို သတ္တလောက၌ အလွန် ရခဲလှ၏။”ဟု ဖွင့်ပြတော်မူသည်။

ထိုသုတ်၏ အဖွင့်ဋီကာ၌လည်း…
“အောက်အစွန်းအားဖြင့် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းကာလကြာအောင် ဘ၀မပြတ် ပါရမီတို့ကို ဖြည့်ကျင့်မှသာ သဗ္ဗညုဘုရားဖြစ်နိုင်သည်။ တစ်ပါးသော နည်းလမ်းဖြင့် မဖြစ်နိုင်။ ဤအကြောင်းကြောင့် ဘုရားရှင်တို့၏ ထင်ရှားဖြစ်ပွင့်တော်မူခြင်းကို အလွန်ရခဲလှ၏” ဟု ဖွင့်ပြလေသည်။ (မဟာဗုဒ္ဓ၀င်၊ပတွဲ၊၂၉-၃၁)
“မမံ ၀ါ ဘိက္ခဝေ ပရေ အ၀ဏ္ဏံ ဘာသေယျုံ၊ ဓမ္မဿဝါ အ၀ဏ္ဏံ ဘာသေယျုံ၊ သံဃဿ ၀ါ အ၀ဏ္ဏံ ဘာသေယျုံ၊ တတြ တုမှေဟိ အဘူတံ အဘူတတော နိဗ္ဗေဌေတဗ္ဗံ- “ဣတိပေတံ အဘူတံ၊ ဣတိပေတံ အတစ္ဆံ၊ နတ္ထိ စေတံ အမှေသု၊ န စ ပနေတံ အမှေသု သံဝိဇ္ဇတီ”တိ။ (ဒီ၊၁၊ ၃။)

“ရဟန်းတို့ သူတစ်ပါးတို့သည် ငါ၏ အပြစ်ကိုဖြစ်စေ တရား၏ အပြစ်ကိုဖြစ်စေ သံဃာ၏ အပြစ်ကိုဖြစ်စေ ပြောကြရာ၌ “ဤစကားသည် ဤအကြောင်းကြောင့်လည်း မဟုတ်၊ ဤအကြောင်းလည်း မမှန်၊ စင်စစ်အားဖြင့် ဤအပြစ်သည် ငါတို့၌ ထင်ရှားမရှိ” ဟု မဟုတ်သည်ကို မဟုတ်သည့်အတိုင်း သင်တို့ ဖြေရှင်းရမည်။” - ဟူသော ဗြဟ္မဇာလသုတ်တော်လာ မြတ်စွာဘုရားရှင်၏ မိန့်ခွန်းတော်အတိုင်း ဘုရားတရားသံဃာ ရတနာသုံးပါးနှင့် ပတ်သက်သော မဟုတ်မမှန် လုပ်ကြံစွပ်စွဲမှုများ အထင်မှားအမြင်မှားဖြစ်ကာ တဖက်သတ် လိုသလိုဆွဲကာ ရေးသားဟောပြောမှု များကို အမှန်ရောက်အောင် ဖြေရှင်းပေးရမည့် တာဝန်သည် သာသနာ့ဝန်ထမ်း ရဟန်းသာမဏေတိုင်းတွင် ရှိပါသည်။

ထိုသို့ အမှန်ရောက်အောင် ဖြေရှင်းနိုင်ဖို့အတွက် ပါဠိပိဋကတ်ကို ကျွမ်းကျင်နှံ့စပ်ဖို့ လိုပါသည်။ ပါဠိစာပေ ကျွမ်းကျင်နိုင်နင်းတော်မူသော ပိဋကတ်တော် နှံ့စပ်လိမ်မာတော်မူသော ပါဠိအကျော်အမော် မြစေတီဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ၀ိမလဗုဒ္ဓိ အရှင်မြတ်ကြီး၏ ခြေတော်ရင်းဝယ် ပညာရင်နို့ သောက်စို့ခွင့်ရကြကုန်သော တပည့်အပေါင်းတို့သည် ဆရာသခင်၏ စနစ်တကျ သင်ပြလမ်းညွှန်မှုတို့ကြောင့် လျင်မြန်စွာ ပါရဂူမြောက် တတ်မြောက်ကြလိမ့်မည်ဟု ယုံကြည်မိပါသည်။ တတ်မြောက်ကျွမ်းကျင်ပြီးနောက် သာသနာ့ရန်စွယ် အန္တရာယ်ဟူသမျှတို့ကိုလည်း ကာကွယ်ဖြေရှင်းနိုင်ကြလိမ့်မည်ဟု မျှော်လင့်မိပါသည်။

အရှင်ကောဝိဒ (ယော)
(မော်လမြိုင်မြို့၊ မြစေတီကျောင်းတိုက်၊ ငွေရတုစာစောင်အတွက် ရေးပေးသော ဆောင်ပါး)

Saturday, March 10, 2012

ဗုဒ္ဓ, သံဃာနှင့် နိုင်ငံရေး

  ဗုဒ္ဓ, သံဃာနှင့် နိုင်ငံရေး

 

ကာမဂုဏ်မခံစားဘဲ တရားအားထုတ်နေသော သူတို့ကို(ဗုဒ္ဓသံဃာ) သူတော်သူမြတ်များ အဖြစ် ယခုခေတ် လူတို့က အသိအမှတ်ပြုကြသော်လည်း ထိုပုဂ္ဂိုလ်တို့၏ ကျင့်စဉ်သည် ဤကမ္ဘာ၊ ဤလူ့ဘုံနှင့် အံမ၀င်၊ ခွင် မကျဘဲ သူတို့၏ ၀ါဒသည်လည်း ကြာရှည်လေးမြင့်တည်တံ့မည်ဟု လူတို့ယုံကြည်ကြ၏။ သို့ရာတွင် ဤ ယုံကြည်ချက်မှာ သမိုင်းဖြစ်ရပ်များနှင့် ဆန့်ကျင်လျက်ရှိ၏။

 ဗုဒ္ဓသံဃာသည် လူ့သမိုင်း၌ အသက်အရှည်ဆုံးအဖွဲ့ဖြစ်၏။ စစ်တပ်သင်္ဘောနှင့် တရားသူကြီးများဖြင့် ကာ ကွယ်စောင့်ရှောက်ခဲ့သော ကမ္ဘာ့အင်ပါယာ နိုင်ငံကြီးများသည် နှစ်ပေါင်းသုံးရာထက် ပို၍ မတည်တံ့ခဲ့ချေ။ လောဘ၊ ဒေါသနှင့် မောဟ ပေါ်၌တည်ဆောက်ထားသော ထိုအင်ပါယာကြီးများသည် ပျက်စီး ပျောက်ကွယ် ခဲ့ သော်လည်း ခြိုးခြံစွာကျင့်မှု၊ သတ္တ၀ါများကို ကြင်နာသနားမှု၊ စိတ်နှိမ့်ချမှု၊ ဘာဝနာပွားများမှု စသော လူ အများ အထင်အမြင်သေးသည့်ကျင့်စဉ်ဖြင့် မထင်ရှား၊ ဗုဒ္ဓသံဃာသည်ကား နှစ်ပေါင်း ၂၅၀၀ ကျော်တည်မြဲခဲ့ ၏။ ဤအချက်ကို ထောက်ချင့်၍ အင်ပါယာကြီးများ၏ နောက်ကွယ်ရှိ ဒဿန အတွေးအမြင်မှာ အလွန်တိမ် ၍ ဗုဒ္ဓသံဃာ၏ အခြေခံတရားမှာ နက်နဲသည်ဟု ကျွန်ုပ်တို့သိရှိနားလည်ကြရပေမည် ဟု ဥရောပ ဗုဒ္ဓစာပေ ပညာရှင် ဒေါက်တာ Edward Conze ၏ Buddhism – It’s Essence and Development စာအုပ်တွင် ရေး သား ထားသည်။

ဗုဒ္ဓ၀ါဒသည် အာဏာဖြင့် ဦးစီးဆောင်ရွက်မှုစနစ်၊ အမိန့်ပေးစနစ်ကိုပယ်၍ လွတ်လပ်စွာ ဆင်ခြင်သုံးသပ်မှု၊ လွတ်လပ်စွာ ယုံကြည်မှုကို အားပေးသောဝါဒဖြစ်၏။ ဤအယူသည်သာမှန်၍ အခြားအယူအားလုံးသည် အချည်းနှီးဖြစ်သည်ဟု မထင်မှတ်သင့် ဟူသော ဗုဒ္ဓဩ၀ါဒကို လက်ခံထားသောသူ၏ လွတ်လပ်စွာ တွေးခေါ်ယုံကြည်ခွင့်လို လေးစားရပေမည်။

ဗုဒ္ဓ၏သံဃာအဖွဲ့အစည်း ယခုကဲ့သို့ နှစ်ပေါင်းနှစ်ထောင်ကျော်ရှည်ကြာရခြင်းမှာဗုဒ္ဓသည် သံဃာကိစ္စများကို ညီညီညွတ်ညွတ် ဆောင်ရွက်ကြရန် အလေးအနက်ဟော၏။ ဗုဒ္ဓလိုလားသော ညီညွတ်မှုသည် အခုခေတ် လူများ နားလည်သော အများစုညီညွတ်မှုမဟုတ်ပေ။ ရဟန်းဦးရေနည်းပါးသော၊ သံဃာ၏သမိုင်းဦးခေတ်နှင့် ဆီလျော်သော ကျပ်ပြည့်တင်းပြည့် ညီညွတ်မှုမျိုးဖြစ်၍ သံဃာ၏ ဥပုသ်ပြုမှုနှင့် ပတ်သတ်သော ညွှန်ကြားချက်များ၌ အထင်အရှားတွေ့ရ၏။

တသွေး၊ တသံ၊ တမိန့်စနစ်ကို ဆန့်ကျင်၍ လွတ်လပ်စွာ ယုံကြည်မှုကိုအားပေးသော ဗုဒ္ဓသံဃာသည် ဒီမိုကရေစီဝါဒကို ထိန်းသိမ်းစောင့်ရှောက်သောအဖွဲ့ဖြစ်၏။ အာဏာရှင်စနစ်ကြီးစိုးသော ဖွံ့ဖြိုးဆဲနိုင်ငံများ၌ အဖိနှိပ်ခံ နိုင်ငံသားတို့၏ မှီခိုအားထားရာဖြစ်၍ ပုဂ္ဂလိကလွတ်လပ်မှုလွန်ကဲပြီး တဘက်စွန်းရောက်နေ သော နိုင်ငံကြီးများ၌မူ ဗုဒ္ဓ၏ အလယ်လမ်းစဉ်ကို ဖော်ညွှန်းသော အဖွဲ့ဖြစ်၏ ဟု ဦးအေးမောင် ၏ ဗုဒ္ဓ နှင့် ဗုဒ္ဓ၀ါဒ စာအုပ်တွင် ဆိုထားသည်။

ဗုဒ္ဓသံဃာအဖွဲ့၏အခြားထူးခြားသောအကြောင်းတခုမှာ သံဃာအဖွဲ့၌ ရဟန်းတို့၏ ပုဂ္ဂလိကလွတ်လပ်မှုကို ထိပါးချုပ်ချယ်မည့် အာဏာရခေါင်းဆောင်ပုဂ္ဂိုလ်မရှိခြင်းဖြစ်၏။

ဗုဒ္ဓနှင့် သံဃာ၏ဆက်ဆံမှုကို ဘုရင်နှင့် တိုင်းသူပြည်သားတို့၏ ဆက်ဆံမှုနှင့်ပုံခိုင်းခြင်းသည် မှား၏။ အဘယ်ကြောင့်ဆိုသော် ဘုရင်သည် နိုင်ငံလူထု၏ ဦးစီးခေါင်းဆောင်ဖြစ်၍ဗုဒ္ဓသည်ကား သံဃာက မိမိအား ဦးစီးခေါင်းဆောင်အဖြစ် စွဲမှတ်ထားခြင်းကို မလိုလားချေ။
အာနန္ဒာ… ငါသာလျှင် သံဃာကို ဦးစီးခေါင်းဆောင်ပြုအံ့၊ သံဃာသည် … ငါသာလျှင်အားကိုးရန်ရှိလတ္တံ ဟူသော စိတ်ဆန္ဒသည် ငါဘုရား၌မရှိ ဟု မဟာပရိနိဗ္ဗာနသုတ် တွင် ဟောကြားထားသည်။

ပုဂ္ဂိုလ်ကိုးကွယ်မှုစနစ် (သို့) အာဏာရှင်စနစ်သည် ဗုဒ္ဓ၏အလိုဆန္ဒနှင့်လုံးဝဆန့်ကျင်သော စနစ်ဖြစ်၏။ သူမိုက်သည် မိမိ၌မရှိသော ဂုဏ်သတင်းကိုလည်းကောင်း၊ ရဟန်းတို့၏ဦးစီးခေါင်းဆောင်အဖြစ်ကိုလည်း ကောင်း၊ ကျောင်း၌အစိုးရခြင်းကိုလည်းကောင်း၊ လူပရိသတ်၏ပူဇော်ခြင်းကိုလည်းကောင်း အလိုရှိ၏ - ဟုလည်း ဓမ္မပဒ ဂါထာ ၇၃ တွင် ဟောခဲ့ပါသည်။

ဗုဒ္ဓပရိနိဗ္ဗာန်ပြုပြီးနောက် ဘိက္ခုသံဃာသည် ဗုဒ္ဓအလိုဆန္ဒ နှင့်အညီခေါင်းဆောင်ပုဂ္ဂိုလ်မရှိသော ဘာသာရေးအဖွဲ့ဖြစ်လာ၏။

ဝဿက၀ရပုဏ္ဍားအား အရှင်အာနန္ဒာ၏ မိန့်ကြားရာတွင် ပုဏ္ဍားကြီး ငါဘုရားကွယ်လွန်သောအခါ ဤရဟန်း သည် သင်တို့၏ ကိုးကွယ်စရာ ဖြစ်လတ္တံဟု ဘုရားရှင် ထားအပ်သော တပါးသော ရဟန်းမျှသည် မရှိ ဟု ဆိုခဲ့သည်။

သို့ဖြစ်၍ ဗုဒ္ဓသံဃာအဖွဲ့၌ သူတပါးအား အမိန့်ပေးနိုင်သောအာဏာရခေါင်းဆောင်ပုဂ္ဂိုလ်မရှိ၊ သံဃာ့ကိစ္စများကို စီမံဆောင်ရွက်ရန် သံဃာက တာဝန်လွှဲအပ်ထားသောပုဂ္ဂိုလ်များရှိသည်မှန်၏။ သို့ရာတွင် ထိုပုဂ္ဂိုလ် သည် မိမိသဘောဆန္ဒအလျောက် ပြုခြင်းမဟုတ်ဘဲ သံဃာ၏ကိုယ်စားပြုမူဆောင်ရွက်ခြင်း ဖြစ်ကြောင်း အထူးသတိပြုရ၏။

ထိုရဟန်းသည် တဖန်သံဃာ၏ အမှုတို့၌ စွမ်းနိုင်၏။ သံဃာ၏ကိစ္စတို့၌ ကောင်းစွာခံယူ၏။ ရဟန်းအပေါင်းက စေသည်ရှိသော် လိုက်နာ၏။ ထိုသို့လိုက်နာသဖြင့် ငါပြု၏ ဟူ၍ မထေမဲ့မြင်မပြုရ ဟု မဟာဝဂ္ဂက္ခန္ဓက သုတ်၌ ဟောကြားခဲ့ပါသည်။

ဗုဒ္ဓသည် စစ်မှန်သော ဓမ္မသဘောကိုသာ လက်ခံကျင့်သုံးသူဖြစ်သည်နှင့်အညီ ဗုဒ္ဓသံဃာအဖွဲ့ကိုလည်း ဓမ္မတရားသဘောအရသာဖွဲ့စည်းထားသည်။ ဥပဇ္ဇျာယ်ဆရာသည် တပည့်ထက် ရဟန်းဝါကြီး၍ တတ်သိလိမ္မာသည်မှန်သော်လည်း စင်စစ်အမြဲအပြစ်ကင်းသောသူ မဟုတ်ရကား လမ်းမှားနေသော ဆရာအား အမှန်ကိုညွှန်ပြရန်မှာ တပည့်၏ ၀တ္တရားဖြစ်ကြောင်း ၀ိနည်းပိဋ္ဋကတ်၌ ပြဆိုထား၏။

ဆရာသည် မမွေ့မလျော်ခြင်းဖြစ်ကြအံ့၊ တပည့်သည် ဆရာအား အရပ်တပါးသို့ကိုယ်တိုင်ခေါ်ဆောင်သွားရမည်။ သူတပါးကိုသော်လည်းကောင်းခေါ်ဆောင်သွားစေရမည်။ ဆရာအား တရားစကားကိုမူလည်း ဟောပြောရမည်။ ဆရာအား တွေးတောမှု သံသယ ကုက္ကုစ္စဖြစ်အံ့၊ တပည့်သည်ပယ်ဖျောက်ရမည်။ ဆရာသည် မှားသောအယူ ယူငြားအံ့၊ တပည့်ကဖြေရှင်းရမည်။ တရားစကားကိုမူလည်း ဟောပြောရမည်ဟု မဟာဝက္က၊ မဟာခန္ဓက သုတ်တွင် ဟောခဲ့သည်။

ဝိနည်းပါဠိတော်များကို ထောက်ချင့်၍ ဗုဒ္ဓသံဃာအဖွဲ့တွင် ဆရာနှင့် တပည့်၏ဆက်ဆံမှုသည်ပင် အထက်နှင့် အောက် ဆက်ဆံမှုမျိုးမဟုတ်ဘဲ အတူနေမိတ်ဆွေနှစ်ဦး၏တန်းတူရည်တူဆက်ဆံမှုမျိုးဖြစ်ကြောင်း သိအပ်၏။ ဤသို့ အဆင့်အတန်းခွဲခြားမှုမရှိခြင်း၊ မည်သူ့ကိုမျှအာဏာအပ်နှင်းမထားဘဲ အဖွဲ့ဝင်အားလုံး လွတ်လပ်မှုရှိခြင်းသည် ဗုဒ္ဓသံဃာ၏ ထူးခြားသော လက္ခဏာ ဖြစ်သည်။

ဘီစီခြောက်ရာစုခေတ် အိန္ဒိယနိုင်ငံ၏ နိုင်ငံငယ်များ၌ခတ္တိယခေါင်းဆောင်တို့သည် မကြာခဏ စည်းဝေး၍ တိုင်ပင်ဆွေးနွေးခြင်း၊ မဲဆန္ဒဖြင့် ဆုံးဖြတ်ခြင်းစသောဒီမိုကရေစီနည်းများဖြင့် တိုင်းရေးပြည်မှုကိစ္စများကို စီမံဆောင်ရွက်ကြ၏။ မဟာပရိနိဗ္ဗာနသုတ်၌ ဗုဒ္ဓက၀ဇ္ဇီမင်းတို့သည် မကြာခဏ အညီအညွတ်စည်းဝေး၍ တိုင်းရေးပြည်မှုကိစ္စများကို ဆောက်ရွက်ကြသည့် နည်းတူ ရဟန်းတို့သည်မကြာခဏစည်းဝေး၍ သံဃာကိစ္စများကို အညီအညွတ်ဆောင်ရွက်နေကြသမျှကာလပတ်လုံးကြီးပွားတိုးတက်ရန်ရှိကြောင်း မိန့်ကြား
သောစကားကို သတိပြုအလေးထားသင့်ပေသည်။

ထို့အပြင် ဗုဒ္ဓ၀ါဒနှင့် ဗုဒ္ဓသံဃာအဖွဲ့သည် ဘုရင်များအုပ်စိုးသော ကောသလ၊မဂဓ စသည့် နိုင်ငံကြီးများ၌ လည်းထွန်းကားခဲ့၏။ သို့စဉ်လျက် ဗုဒ္ဓသံဃာ၌ ဘုရင်ကဲ့သို့သော အာဏာပါဝါပိုင်ပုဂ္ဂိုလ်မရှိခြင်းသည် ဗုဒ္ဓကိုယ်တိုင်က လွတ်လပ်မှုကို နှစ်သက်မြတ်နိုး၍ ရဟန်းတို့၏ ပုဂ္ဂလိကလွတ်လပ်မှုကို အားပေးလိုပြီး အာဏာစက်ကို မလိုလားကြောင်း မှတ်ယူလိုက်သည်။

ဗုဒ္ဓသံဃာအဖွဲ့သည် တသွေး၊ တသံ၊ တမိန့် စနစ်ကို ဆန့်ကျင်၏။ ဗုဒ္ဓ၀ါဒသည် လူတိုင်း၏လွတ်လပ်စွာ ယုံကြည်တွေးခေါ်မှုကိုလေးစား၏။ မိမိအယူကိုမြှင့်တင်၍အခြားအယူအားနှိမ့်ချခြင်း၊ ဖိနှိပ်ခြင်းကိုတားမြစ်၏။ ရဟန်းသည် အလိုနည်း၍ သားမယားနှင့် ကိုယ်ပိုင်ပစ္စည်းဥစ္စာ သံယောဇဉ်လည်းမရှိရကား စဉ်းစားတွေးခေါ် ၍ အမှန်တရားကို ရှာကြံရာ၌ များစွာလွတ်လပ်၏။စင်စစ်ကမ္ဘာ့ဘာသာဝါဒသမိုင်း၌ ဗုဒ္ဓသံဃာသည် ဒီမိုကရေစီနှင့် လွတ်လပ်မှုကို အများဆုံး ဦးစားပေးသော ဘာသာရေးအဖွဲ့ဖြစ်ကြောင်းယုံမှားဖွယ်မရှိပေ။

ဗုဒ္ဓအလိုအရ ရဟန်းသံဃာသည် နိုင်ငံအုပ်ချုပ်သော မင်း၊ မှူးမတ်၊၀န်ကြီးတို့နှင့် ဆက်ဆံရာ၌ အထူးဆင်ခြင် ရ၏။ ဗုဒ္ဓသည် မင်း၏ နန်းတော်သို့ ရဟန်းတို့မကြာခဏ သွားလာခြင်း၏အပြစ်ကို ဟောကြားခဲ့၏။ စစ်တပ် များ စစ်ရေးပြခြင်း၊ စစ်ချီတက်ခြင်းကိုကြည့်ရှုသော ရဟန်းသည်ပါစိတ်အာပတ်သင့်၏။ စင်စစ် သံဃာအဖွဲ့ များသည် နိုင်ငံအစိုးရတို့၏ အားပေးကူညီမှုကို မရရှိပါကကြာရှည်တည်တံ့မည်မဟုတ်ချေ။

ရှေးအိန္ဒိယ သက္ကတ ဥပဒေကျမ်းများ၌ သံဃာအဖွဲ့အစည်းတို့၏စည်းမျဉ်းဥပဒေများကို ဘမယဥပဒေဟုခေါ် ၍ ယင်းတို့ကို ဘုရင်များက ကာကွယ်စောင့်ရှောက်ရမည်။ ဖောက်ဖျက်သူများအားအရေးယူမည်ဟုဆို၏။

အုပ်စိုးသူမင်းကောင်းမင်းမြတ်များကသာ သာသနာအကျိုးနှင့်ဗုဒ္ဓသံဃာအဖွဲ့ကြီး စည်ပင်တိုးတက်ပြီးသူတော် ကောင်းတရားများအတွက် ကာကွယ်ဆောင်ရွက်ပေးနိုင်မည်ဖြစ်သည်။ထို့ကြောင့် ဗုဒ္ဓသည် အုပ်စိုးသူ အစိုးရ မင်းတို့၏ အကျင့်သီလ ကောင်းမွန်ရေးကိုအလေးပေးသောအားဖြင့် မင်းကောင်းမင်းမြတ်တို့ကျင့်အပ်သော ( ရာဇဓမ္မ ) တရား ၁၀ ပါးကို ဟောကြားခဲ့ပါသည်။

စက္က၀တ္တီသီဟနန္ဒသုတ် တွင် မင်းကောင်းအစိုးရကောင်းတို့မည်သည်မိမိတို့ပြဌာန်းလိုသော ဥပဒေကို ကောင်းစွာသိရှိနားလည်မှုရှိရမည်။ ငါ့မှာ ဥပဒေပြဌာန်းခွင့်အာဏာရှိသည်ဆိုကာမျှ သဘောထားဖြင့် ပြဌာန်းခြင်းမပြုအပ်။ တရားဥပဒေကို ပြဌာန်းရာ၌အကြောင်းယုတ္တိခိုင်လုံမှုရှိပြီး စိတ်နှလုံးကောင်းဖြင့်သာ ပြဌာန်းရမည် ဟု မိန့်ဆိုခဲ့၏။

ဗုဒ္ဓသည် ရဟန်းတို့၏ ညီညွတ်မှု၊ လူတို့၏ ညီညွတ်မှုကို လိုလားတော်မူရကားဇနီးမောင်နှံနှစ်ဦးအား လည်းကောင်း၊ အုပ်စုအချင်းချင်းကွဲပြားသောအဖွဲ့များကြား ပြန်လည်သင့်မြတ်အောင်ပြုခြင်းသည် စင်စစ် ဗုဒ္ဓဩ၀ါဒ နှင့် အညီ ဖြစ်၏။ ရဟန်းသည် ကွဲပြားသော သူတို့ကို စေ့စပ်တတ်၏။

ညီညွတ်သူတို့ကို အားပေးတတ်၏။ ညီညွတ်မှု၌ မွေ့လျော်လျော်ပိုက်၏။ ညီညွတ်မှုကို ပြုသောစကားကို ဆိုလေ့ရှိ၏ ဟု မဇ္ဈိမနိကာယ်၊ စူဌပတ္တိ ပဒေါမသုတ်တွင် ဟောထားသည်။ ဤတရားတော်အရ မြတ်ဗုဒ္ဓသည် သူ၏သံဃာများအား ငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးအတွက် ဆောင်ရွက်ကြရန်အားပေးကြောင်း သတိမူထိုက် သည်။
ဗုဒ္ဓ၏ ရဟန်းသံဃာများအပေါ် ဟောကြားခဲ့သော တရားကို မဟာပရိနိဗ္ဗာနသုတ်တွင် အထင်အရှားတွေ့ရ သည်။ ရဟန်းတို့ အကြင်မျှလောက် ကာလပတ်လုံး အသင်တို့သည် အစဉ်မပြတ်စည်းရုံးညီညွတ်စွာသံဃာ ကိစ္စကို ပြုလုပ်၍ နေ၏။ အကြင်မျှလောက် ကာလပတ်လုံး အသင်တို့သည် သံဃာတာဝန် ဟူသမျှကို ဆောင်ရွက်နေ၏။ အကြင်မျှလောက် ကာလပတ်လုံး သံဃာ၏ စည်းကမ်းဥပဒေ တခုခုကို မကျူးလွန်၊ မဖောက်ဖျက်၊ အကြင်မျှလောက် ကာလပတ်လုံး အသင်တို့သည် မိမိတို့၏ သီတင်းသုံးဖော်အားလုံး၏ ချမ်းသာရေးကို ကြောင့်ကြ၍နေကြ၏။ ထိုမျှလောက်ကာလပတ်လုံး အသင်တို့သည် ဆထက်ထမ်းပိုး တိုးတက်မှု ရှိသွားပေလိမ့်မည်။ ဆုတ်ယုတ်မှုရှိတော့မည် မဟုတ်ပေ ဟု ဟောခဲ့ပါသည်။

ဗုဒ္ဓက ယခုအခါတွင် သင်တို့သည် မိမိကြိုက်ကိုသာလျှင် မိမိ၏မှီခိုအားထားရာ ပြုပြင်လုပ်ကြလော့။ ဤ သံသရာပင်လယ်၌ မိမိကိုယ်ကိုသာလျှင် ကျွန်းပြုလုပ်ကြလော့။ ဓမ္မကို မိမိ၏ကျွန်းပြုလုပ်ကြလော့။ ဓမ္မကို ကိုးစားကြလော့ ဟု လည်း မိန့်ကြားခဲ့သည်။

ဗုဒ္ဓကွယ်လွန်ချုပ်ငြိမ်းပြီးသည့်နောက် ငါတို့၏ ဆရာမရှိတော့ပြီ ဟု သင်တို့ တွေးထင်ကောင်း တွေးထင်ကြ ပေလိမ့်မည်။ စင်စစ်သော်ကား ငါပရိနိဗ္ဗာန်ဝင်စံချုပ်ငြိမ်းသွားပြီးနောက် ငါညွှန်ပြထားခဲ့သည့် တရားဓမ္မနှင့် ၀ိနည်းအဆုံးအမများသည် သင်တို့၏ ဆရာပင်ဖြစ်ပေလိမ့်မည် ဟုလည်း တရားဓမ္မနှင့် ၀ိနည်းကို စောင့်ထိန်းအားကိုးကြဟု မိန့်ဆိုခဲ့ပါသည်။

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်၌ ဗုဒ္ဓဘာသာ အထွန်းကားဆုံးနိုင်ငံဖြစ်သည်ဟုမြန်မာဗုဒ္ဓ၀ါဒီတို့ ယုံကြည်ကြ၏။ စင်စစ် ကျောင်း၊ ကန်၊ ဘုရား၊ စေတီ၊ ပုထိုး ပေါမြားခြင်း၊ပိဋ္ဋကတ်စာပေကို အာဂုံဆောင်သောသူများရှိခြင်းသည် သာသနာထွန်းကားသော အစစ်အမှန်လက္ခဏာများဟု ဆိုနိုင်ရန် ခက်ခဲသည်။ဗုဒ္ဓဩ၀ါဒ ကို အမြဲ လိုက်နာကျင့်သုံးသော ပုဂ္ဂိုလ်ပေါများမှသာ ဗုဒ္ဓသာသနာထွန်းကားသည်ဟုဆိုနိုင်ကြောင်း မှတ်သားထားသင့်ပေသည်ဟု ဦးအေးမောင် က သူ၏ ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ စာအုပ်တွင် သတိပေးထားသည်။

ယခုအခါ စစ်အာဏာရှင် မိစ္ဆာဝါဒီများကြီးစိုးချုပ်ကိုင်နေသောမြန်မာနိုင်ငံတွင် ဗုဒ္ဓ၏ သာသနာနှင့် ရဟန်း၊သံဃာ အပါအ၀င် စစ်မှန်သော ဓမ္မတရားအားလုံးတို့သည် စစ်အာဏာစက်အောက်တွင်ညှိုးမှိန်ပြီး ဖိနှိပ်၊ ဖမ်းဆီး၊ သတ်ဖြတ်ခြင်းခံနေရသည်။ ထို့ကြောင့် သာသနာကို ရိုသေလေးစားယုံကြည်အားကိုးသော ရဟန်း၊ သံဃာနှင့် လူပုဂ္ဂိုလ်အပေါင်းတို့သည် ဗုဒ္ဓ၏ မွန်မြတ်သောသာသနာအတွက် အဓမ္မတရားတွေ ကို အသက်ပေးကာ ဆောင်ရွက်ကြရမည်ဖြစ်ပေသည်။

ဘာသာရေးက လူ့အဖွဲ့အစည်းရဲ့ ပြဿနာတွေကို ချဉ်းကပ်ရာမှာ လူ့အဖွဲ့အစည်းရဲ့ကိစ္စတွေကို ဆောင် ကြဉ်းနေတဲ့ လူတဦးချင်းကို ပြုပြင်ပြောင်းလဲဖို့အတွက် လိုအပ်တဲ့ယေဘုယျမူတွေကို အကြံပြုပြီး ဒီမူတွေအရ လူသားတရပ်လုံးရဲ့ ဘ၀သာယာတိုးတက်ကောင်းမွန်ရေး၊ အရင်းအမြစ်တွေကို အညီအမျှ အကျိုးတူခံစား ရ ရေးအတွက် ဖြစ်ပေါ်လာစေဖို့ပဲဖြစ်တယ်။

ဘာသာရေးကို လောကီရေး၊ နိုင်ငံရေးနဲ့ရောထွေးအောင် အားထုတ်ခြင်းဟာ ပြဿနာကိုဖန်တီးခြင်းပဲဖြစ် တယ်။ ဘာသာရေးရဲ့အခြေခံက ကိုယ်ကျင့်သီလပဲဖြစ်တယ်။ သန့်စင် ခြင်း၊ ၀ိသုဒ္ဓိနဲ့ ယုံကြည်ခြင်း သဒ္ဓါ တရားပဲဖြစ်တယ်။ နိုင်ငံရေးဆိုတာက အာဏာမှာ အခြေခံတယ်။ လူ့သမိုင်းတလျှောက်မှာ အာဏာရအုပ်စိုး သူများဟာ မိမိရဲ့အာဏာ အုပ်စိုးခြင်းကို တရားဝင်ကြောင်း၊ ဘုရားအလိုတော်ကျဖြစ်လာတာဖြစ်ကြောင်း၊ လူတွေယုံကြည်အောင်လုပ်ဖို့ ဘာသာရေးကို ဆွဲသုံးတာတွေ ရှိခဲ့ပါတယ်။

ဘာသာရေးကို မိမိတို့နိုင်ငံရေးအကျိုးအတွက် လိုရာဆွဲပြီး အသုံးချခဲ့ကြတယ်။ ဒါကြောင့် ဘာသာတရားရဲ့ မြင့်မားတဲ့ ကိုယ်ကျင့်တရား စံ တွေဟာ နိုင်ငံရေးလောဘတွေကြောင့် ယုတ်ညံ့မှုတွေ ဖြစ်ကုန်ကြတာပဲဟု အရှင် ဒေါက်တာသီရိဓမ္မနန္ဒက What Buddhists Believe စာအုပ်တွင် ရေးသားထားပါတယ်။

တကယ်တော့ ဘာသာရေးကို နိုင်ငံရေးနဲ့ ခွဲခြားထားရမယ် ဆိုတဲ့အချက်ကို အသိအမှတ်ပြုပြီး နိုင်ငံရေး စနစ် ကို အကန့်အသတ်ထားပြီး ငြိမ်းချမ်းရေးနဲ့ ပျော်ရွှင်ရေးကို ဖော်ဆောင်ပုံနဲ့ပတ်သက်လို့ မြတ်ဗုဒ္ဓရဲ့သင်ကြား ချက် တွေထဲမှာ အချက်အလက်မြောက်မြားစွာရှိပါတယ်။ ဗုဒ္ဓရဲ့ ဒေသနာတော်ထဲမှာ ဒီနေ့ကမ္ဘာကြီးထဲက လူသားတွေအတွက် တိုက်ရိုက်အကျိုးဖြစ်ထွန်းစေနိုင်တာတွေ၊ နိုင်ငံရေးအစီအမံတွေအတွက် အသုံးတဲ့ တာ တွေအများကြီး ပါရှိပါတယ်။

အမေရိကန်လွတ်လပ်ရေး ကြေညာစာတမ်းမှာပါတဲ့ သောမတ်စ် ဂျက်ဖာဆင်ရဲ့“လူတိုင်းကိုတူညီမျှတစွာ ဖန် ဆင်း ထားတာဖြစ်တယ်”( All men are created equal )ဆိုတဲ့စကားမျိုးကို မြတ်ဗုဒ္ဓက ရှေးနှစ်ပေါင်း၂၅၀၀ ကျော်ကတည်းက မိန့်ကြားခဲ့တာပါ။ ပြီးတော့ ဇတ်တို့၊ လူတန်းစားတို့ ဆိုတာ လူ့အဖွဲ့အစည်းကြီးထဲမှာ လူ တွေက တမင်ဖန်တီးခဲ့ကြတာတွေသာဖြစ်တယ်။ မြတ်ဗုဒ္ဓက လူတွေကို ခွဲခြားသက်မှတ်ရာမှာ သူတို့ရဲ့ အကျင့်သီလအပေါ်မူ တည်ပြီးမှ အယုတ်၊ အလတ်၊ အမြတ် ခွဲခြားပုံကို ဟောတော်မူခဲ့တာပါ။

လူသားတွေအချင်းချင်း လူ့ဘောင်အကျိုးကိုဆောင်ရွက်ရာမှာ စိတ်ပါလက်ပါ အတူတကွ ရိုင်းပင်းကူညီ လုပ်ဆောင်ကြဖို့ကိုလည်း ဟောတော်မူခဲ့ပါတယ်။ ဆရာဦးရွှေအောင်ရဲ့“ဗုဒ္ဓ (သို့မဟုတ်) လောကသားတို့ ၏ အနှိုင်းမဲ့ကျေးဇူးရှင်” စာအုပ်မှာ “နိုင်ငံဖြစ်စေ၊ လူမျိုးကိုဖြစ်စေ ထူထောင်ရာ၌ စည်းလုံးမှုသည် များစွာ အရေးကြီး၏။ ကျမ်းဂန်များ၌ စည်းလုံးမှုကို ၂ မျိုးပြ၏။ စည်းလုံးမှုတမျိုးကို သမ၀ါယသမ္မန္ဓ ဟု ခေါ်၏။ 
အခြားစည်းလုံးမှုတမျိုးကို သံယောဂသမ္မန္ဓ ဟုခေါ်၏။ သမ၀ါယသမ္မန္ဓ အရ စည်းလုံးသောအခါ နိုင်ငံသား အားလုံးတို့သည် သူတလူ၊ ငါတမင်း သဘောမျိုးမရှိ၊ အားလုံးတသားတည်းဖြစ်ကြ၏။ တသွေး တသံ တမိန့် တည်းဖြစ်၏။ သံယောဂသမ္မန္ဓအရ စည်းလုံးသောအခါ နိုင်ငံသားအားလုံးတို့သည် တစ်သွေးတစ်သံတစ်မိန့် တည်းမဖြစ်၊ သူတလူ၊ ငါတမင်းဖြစ်ကြ၏။ တသားတည်းဖြစ်သော စည်းလုံးမှုကို ဖြစ်ပေါ်အောင် အားထုတ်ရာ တွင် အမြင်ချင်းတူမှုနှင့် အကျင့်ချင်းတူမှုသည် အရေးကြီးသည်။

မြတ်စွာဘုရားသည် သံဃာ့အဖွဲ့အစည်းကို ဖွဲ့စည်းရာတွင် အမြင်ချင်းတူမှုနှင့် အကျင့်ချင်း တူမှုအပေါ် အခြေ ခံ၍ စည်းရုံးခြင်းဖြစ်၏။ ထို့ကြောင့် သံဃာ့အဖွဲ့အစည်း၏ စည်းလုံးမှုသည် ကျစ်လျစ်၏၊ သိပ်သည်း၏၊ တစ်သွေး တစ်သံ တစ်မိန့်တည်းဖြစ်၏။ သံဃာ့အဖွဲ့အစည်းတွင် ဇတ် အသီးသီးပါဝင်၏။ သို့ရာတွင် သံဃာ့ အဖွဲ့အစည်း၌ ဇတ် သည် မထင်ပေါ်တော့၊ သံဃာ့အဖွဲ့အစည်း အဖွဲ့ဝင်အဖြစ်သာ ထင်ပေါ်၏။”လို့ ရေးသား ထားပါတယ်။

ဒါကြောင့်သာ နှစ်ပေါင်း ၂၅၀၀ ကျော်ကတည်းက တည်ထောင်ခဲ့တဲ့ သံဃာ့အဖွဲ့အစည်းဟာ ကမ္ဘာပေါ်မှာ ဒီနေ့ထိအောင် ထင်ရှားတည်ရှိနိုင်ခြင်းဖြစ်တယ်။

ဗုဒ္ဓမြတ်စွာဘုရားကို ဆက်ခံသူ မည်သူ့ကိုမှ ကြိုတင်ခန့်ထားခြင်းမရှိပါ။ သံဃာ့အဖွဲ့အစည်းကို ဓမ္မ၀ိနယ ကသာ လမ်းညွှန်တော် မူရမှာဖြစ်ပါတယ်။ ယနေ့ထက်တိုင်အောင် သံဃာတော်များကို ဗုဒ္ဓရဲ့ ၀ိနည်းဥပဒေ များကသာ ချုပ်ကိုင်လမ်းညွှန်ပါတယ်။ မည်သည့် အာဏာကမှ ဖြိုခွင်း ဖျက်ဆီး ခြိမ်းခြောက်နိုင်စွမ်းမရှိပါ။

မြတ်ဗုဒ္ဓက ဒီမိုကရေစီ ဖြစ်စဉ်အရ ညှိနှိုင်း၊ တိုင်ပင်၊ စည်းဝေး၊ ဆုံးဖြတ်၊ လုပ်ကိုင်တာကိုအားပေးပါတယ်။ ဒီအချက်ကို သံဃာတော်များရဲ့အဖွဲ့အစည်းမှာ ပိုပြီးထင်ရှားပါတယ်။ သံဃာ့အဖွဲ့အစည်းထဲမှာ သံဃာနဲ့ ဆိုင်တဲ့ကိစ္စကို သံဃာတော်တိုင်း ပါဝင်ဆွေးနွေး ဆုံးဖြတ်ပိုင်ခွင့်ရှိပါတယ်။ ကြီးကျယ်တဲ့ ပြဿနာပေါ်ပေါက် လာတဲ့အခါကျမှ ပြဿနာ အတိမ်အနက်ကို သံဃာတော်များရှေ့မှောက်တင်ပြပြီး ဒီမိုကရေစီပါလီမန် လွှတ်တော်ရှေ့ ဆွေးနွေးကြသလို ဆွေးနွေးတိုင်ပင်ကြရပါတယ်။

ဗုဒ္ဓဘာသာက နိုင်ငံရေးအာဏာကိုချဉ်းကပ်ရာမှာ ကိုယ်ကျင့်တရား(မင်းကျင့်တရား)နဲ့ ပြည်သူ့အာဏာကို သုံးစွဲရာမှာ တာဝန်ယူမှုအပေါ် အခြေခံပါတယ်။ ဗုဒ္ဓရှင်တော်ဘုရားက အကြမ်းမဖက်ရေးကိုသာ ဟောကြား ဆုံးမတော်မူပါတယ်။ ငြိမ်းချမ်းရေးကိုသာ တလောကလုံးနဲ့ဆိုင်တဲ့တရားအဖြစ်သတ်မှတ်ပါတယ်။ လူ့ အသက် ကို ဖျက်ဆီးခြင်းအကြမ်းဖက်မှုကို မြတ်ဗုဒ္ဓခွင့်ပြုတော်မမူပါ။

တရားတဲ့စစ်ဆိုတာဘယ်တော့မှမရှိဘူးလို့လဲ ပြတ်ပြတ်သားသားကြေညာတော်မူခဲ့ပါတယ်။ မြတ်ဗုဒ္ဓ သင်ကြားချက်က “အောင်နိုင်ခြင်းသည် အမုန်းတရားကိုသာ ပွားစေရာ၏၊ ရှုံးနိမ့်သူကား ဆင်းရဲစွာ နေကြရသည်၊ အနိုင်အရှုံးကို ပယ်သောသူသာလျှင် ပျော်ရွှင်ခြင်းသုခနှင့်ငြိမ်းချမ်းခြင်းကို ရနိုင်သည်”ဟု ဓမ္မပဒ မှာ ဟောတော်မူပါတယ်။

မြတ်ဗုဒ္ဓသည် အကြမ်းမဖက်ရေး ငြိမ်းချမ်းရေးတရားကိုသာ ဟောတော်မူတာမဟုတ်ပါ။စစ်ပွဲဖြစ်ရာနေရာကို ကိုယ်တိုင်ကြွရောက်ပြီး စစ်မဖြစ်ကြဖို့ တားဆီးတော်မူခဲ့တယ်။ ဘာသာရေးခေါင်းဆောင်းဆိုလို့ လူ့သမိုင်း မှာဖြင့် မြတ်ဗုဒ္ဓသည်သာ ပထမဆုံး ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်ဖြစ်ပါတယ်။

သကျသာကီဝင်များနှင့် ကောလိယတွေ၊ ရောဟီနီမြစ်က ရေခွဲဝေရေးကိစ္စမှာ မြတ်ဗုဒ္ဓဟာစစ်တလင်းကို ကိုယ်တိုင်ကြွသွားပြီး တရားဓမ္မကို ဟောကြားခဲ့ပါတယ်။ ပြီးတော့ အဇာတသတ်မင်းက ၀ဇ္ဇီတိုင်းကို စစ်မတိုက်ဖြစ်အောင် ဗုဒ္ဓရှင်တော်မြတ်က ဆွဲဆောင်တော်မူနိုင်ခဲ့ပါတယ်။

လောကအကျိုးကိုလိုလားတဲ့ မြတ်ဗုဒ္ဓဟာ အစိုးရကောင်း၊ အုပ်စိုးသူကောင်း ဖြစ်ဖို့အတွက် ကြိုတင်ရှိအပ်တဲ့ အရည်အချင်းတွေကိုလည်း ထုတ်ဖော်ဟောကြားတော်မူခဲ့ပါတယ်။

တိုင်းပြည်တပြည်မှာ အဂတိလိုက်စားမှုတွေ ဘယ်လိုဖြစ်လာနိုင်တယ်ဆိုတာကို ဟောကြားရာမှာ တိုင်းပြည် အုပ်ချုပ်မင်းလုပ်သူ နိုင်ငံအကြီးအကဲက အကျင့်ပျက်ပြီး အဂတိလိုက်စားပြီး မတရားပြုကျင့်ရင် တိုင်းသူပြည် သားများလည်း အကျင့်ပျက်ပြီး အဂတိလိုက်စားတတ်ပုံကို ဟောကြားတော်မူပါတယ်။ အုပ်စိုးသူမင်းက အစ မင်းစေပါမကျန် အဂတိလိုက်စားကြပြီဆိုရင် တိုင်းသူပြည်သား လူအများစိတ်ဆင်းရဲရပုံ၊တိုင်းပြည်ဆုတ်ယုတ်
ပျက်စီးရပုံများကို ထုတ်ဖော်ဟောကြားတော်မူပါတယ်။ တိုင်းပြည်အုပ်ချုပ် မင်းလုပ်သူအစိုးရဟာ လူသား ချင်း စာနာထောက်ထား၊ သနား၊ ငဲ့ညှာသော မူဝါဒနဲ့ အုပ်ချုပ်သင့်ကြောင်းကိုလည်း ဆုံးမတော်မူပါတယ်။

စက္က၀တ္တှီသီဟနန္ဒသုတ်မှာ မြတ်ဗုဒ္ဓက အကျင့်ပျက်မှု၊ ရာဇ၀တ်များဖြစ်ကြတဲ့ ခိုးမှု၊ လိမ်မှု၊ အကြမ်းဖက် တိုက်ခိုက်မှု၊ မုန်းတီးမှု၊ ရက်စက်ကြမ်းကြုတ်မှုတွေဟာ ဆင်းရဲကြပ်တည်းမှုကြောင့် ဖြစ်လာကြောင်းကို ဟောတော်မူတယ်။ မင်းနဲ့ အစိုးရတွေအနေနဲ့ ရာဇ၀တ်မှုတွေကို အပြစ်ဒဏ်ပေးခြင်းဖြင့် နှိမ်နှင်းကြရတယ်။ ဒါပေမယ့် ရာဇ၀တ်မှုပပျောက်အောင် အင်အားပါဝါကိုသုံးပြီး လုပ်ထားတာကတော့ အကျိုးမဲ့အချည်းနှီးပဲဖြစ် ကြောင်းကို ဟောထားပါတယ်။

ကုတဒန္တသုတ်မှာလည်း ဗုဒ္ဓရှင်တော်ဘုရားက အင်အားသုံးပြီး ရာဇ၀တ်မှုကို နှိမ်နှင်းမယ့်အစား စီးပွားရေး အဆင်ပြေအောင်လုပ်ပေးသင့်ကြောင်းကိုလည်း အကြံပြုဟောကြားတော်မူခဲ့တယ်။ အစိုးရဟာ တိုင်းပြည်နဲ့ အရင်းအမြစ်တွေကို အသုံးပြုပြီး တိုင်းသူပြည်သားတွေ စီးပွားရေး၊ လူမှုရေး တိုးတက်ကောင်းမွန်လာအောင် လုပ်ပေးရမယ်။ ဒီနည်းနဲ့ လူ့ဂုဏ်သိက္ခာမကျဆင်းရအောင် စောင့်ရှောက်ပေးရမယ်လို့ ဟောထားပါတယ်။

ဇာတကနိပါတ်တော်ထဲမှာ မင်းကျင့်တရား ဆယ်ပါးကို အစိုးရတို့လိုက်နာအပ်ကြောင်း ဟောတော်မူထားပါ တယ်။ မင်းကျင့်တရားဆယ်ပါးအား ခုခေတ်ကာလမှာလည်း တိုင်းပြည်ကို ငြိမ်းချမ်းသာယာစွာ အုပ်ချုပ်လိုတဲ့ အစိုးရမင်းများအသုံးချ လိုက်နာကျင့်သုံးထိုက်တယ်။ ဒီမင်းကျင့်တရား(ရာဇဓမ္မ) ဆယ်ပါးကတော့-

၁။ ရက်ရောမှု၊ လွတ်လပ်မှုရှိပြီး တစ်ကိုယ်ကောင်းမဆန်ခြင်း
၂။ တိုင်းသူပြည်သားများရဲ့ ဘ၀သက်သာချောင်ချိရေးအတွက် မိမိရဲ့ ကိုယ်ကျိုးအတ္တကို စွန့်လွှတ် အနစ်နာ ခံခြင်း
၃။ အကျင့်သီလ အဆင့်မြင့်ကောင်းမွန်ခြင်း
၎။ ရိုးသား၊ ဖြောင့်မတ်ပြီး အကြွင်းမဲ့ဂုဏ်သိက္ခာရှိခြင်း
၅။ ကြင်နာ၊ သနားတတ်ခြင်း
၆။ တိုင်းသူပြည်သားများ လေးစား၊ အားကျလောက်အောင် မိမိတို့ရဲ့ဘ၀ အနေအထိုင်
ရိုးသားခြင်း
၇။ အမျက်ဒေါသ ကင်းစင်ခြင်း
၈။ အကြမ်းမဖက်ခြင်း
၉။ သည်းခံတတ်ခြင်း
၁၀။ ပြည်သူလူထုရဲ့ ထင်မြင်ယူဆချက်များကို လေးစားစွာ ငြိမ်းချမ်းရေးနဲ့ ညီညွတ်မှုကို
မြှင့်တင်ခြင်းတို့ဖြစ်ပါတယ်။

အခုခေတ် မြန်မာနိုင်ငံရဲ့စစ်အာဏာရှင်ကြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ သူ့ရဲ့ လက်မရွံ့နောက်ပါ ၀န်ကြီးများရဲ့ အဓမ္မနည်းတွေနဲ့ တိုင်းသူပြည်သားတွေအပေါ် ကျင့်ကြံပြုမူပုံနဲ့ နှိုင်းယှဉ်ဆင်ခြင်သင့်ပေတယ်။

မင်းတို့ကျင့်အပ်တဲ့ တရားနဲ့ဆက်လျဉ်းပြီး မြတ်ဗုဒ္ဓက စက္က၀တ္ထီသီဟနန္ဒသုတ်မှာ ဟောတော်မူထားတာက -

၁။ အုပ်စိုးသူ အစိုးရကောင်း၊ မင်းကောင်းတို့မည်သည် ဘက်လိုက်ခြင်း၊ အဂတိလိုက်စား
ခြင်း၊ တိုင်းသူပြည်သား၊ လူအများတို့အပေါ် ခွဲခြားဆက်ဆံမှုမရှိခြင်းသည် တရပ်၊
၂။ အုပ်စိုးသူ မင်းကောင်း အစိုးရကောင်းတို့မည်သည် တိုင်းသူပြည်သားတို့အပေါ် အမုန်း
စိတ်ထား၍ ဆက်ဆံခြင်းမပြုခြင်းသည် တရပ်၊
၃။ အုပ်စိုးသူ မင်းကောင်းအစိုးရကောင်းတို့မည်သည် တရားမျှတမှုရှိသော တရားဥပဒေ
ကို ပြဌာန်းရာ၍ ကြောက်ရွံ့ထိတ်လန့်မှု မရှိခြင်းလည်း တရပ်၊
၎။ မင်းကောင်း၊ အစိုးရကောင်းတို့မည်သည် မိမိတို့ပြဌာန်းလိုသော ဥပဒေကို ကောင်းစွာ
သိနားလည်မှုရှိရမည်။ ငါ့မှာ ဥပဒေပြဌာန်းခွင့်အာဏာရှိသည်ဆိုကာမျှ သဘောထားဖြင့်
ပြဌာန်းခြင်းမပြုအပ်၊ တရားဥပဒေကို ပြဌာန်းရာ၌ အကြောင်း ယုတ္တိ ခိုင်လုံမှုရှိပြီး စိတ်
နှလုံးကောင်းဖြင့်သာ ပြဌာန်းရမည်။

အထက်ဖော်ပြပါ အုပ်စိုးသူ၊ မင်းကောင်း၊ အစိုးရကောင်းများရဲ့ သဘောလက္ခဏာများနဲ့ ဗုဒ္ဓလမ်းညွှန် ချက်နဲ့ တက်တက်ဆင် ကွဲလွဲနေတဲ့ မြန်မာစစ်အာဏာရှင်တို့ရဲ့အဓမ္မလုပ်ရပ်များ၊ အာဏာပါဝါကို အလွဲသုံးစားလုပ်မှုတွေကို သတိထားဆင်ခြင်အပ်ပါတယ်။

မိလိန္ဒပဥှာမှာလည်း“မင်းကြီး ဥပမာသော်ကား ယောက်ျားသည် အစွမ်းသတ္တိမရှိ၊ အမျိုးယုတ်၏၊ နည်းသော ပညာရှိ၏၊ ကြီးကျယ်စွာသောမင်း၏ အဖြစ်ကို ရသော် တခဏခြင်းဖြင့်ဖောက်ပြန်၏၊ ပရိသတ်ကို ဖျက်ဆီး၏၊ ထိုသို့ မထိုက်တန်သော မင်းဆိုးမင်းညစ်အား ပြည်သူတို့က ညှဉ်းဆဲ နှိပ်စက်ရာသည်။ ပြည်သူတို့က အပြစ် ဒဏ်ခတ်ရသည်။ ပြည်သူပြည်သားတို့သည် ဥပဒေနှင့်အညီ မအုပ်ချုပ်သော အုပ်စိုးသူ မင်းတို့ကို အပြစ်ဒဏ် ပေးရမည်။ထို့အပြင် မင်းကဲ့သို့မကျင့်၊ ဓားပြကဲ့သို့ကျင့်သော မင်းဆိုးမင်းယုတ်အားလည်း အုပ်ချုပ်ခွင့်ကို မပြုရာ”ဟု ဟောတော်မူခဲ့ပါတယ်။

မဇ္ဈနိမနိကာယ်မှာ အပြစ်မရှိတဲ့ တိုင်းသူပြည်သားတွေကိုသာ အပြစ်ဒဏ်ပေးပြီး တကယ့်လက်သည် တရားခံ ကို တော့ အပြစ်မပေးဘဲ ထားတဲ့မင်းဟာ တိုင်းပြည်ကို အုပ်ချုပ်ဖို့ မသင့်တဲ့မင်းဖြစ်ကြောင်းကို ဖော်ပြထားပါ တယ်။

ကောက်ကျစ်စဉ်းလဲတဲ့မင်းဟာ မတရားသဖြင့် အပြစ်ဒဏ်စီရင်ခြင်း၊ မတရားသဖြင့် အခွန်အတုပ်ကောက်ခံ ခြင်း၊ အဓမ္မနည်းများဖြင့် ဖိနှိပ်ချုပ်ချယ်ခြင်း၊ အဂတိအမျိုးမျိုးလိုက်စား ခြင်းတို့ကြောင့် ပြည်သူများက အဲဒီမင်း ကို တနည်းမဟုတ်၊ တနည်းအားဖြင့် တုံ့ပြန်လာကြလိမ့်မယ်လို့ မိန့်ကြားခဲ့ပါတယ်။ မြတ်ဗုဒ္ဓရဲ့ကောင်းမြတ်တဲ့ မင်းတို့အတွက် လမ်းညွှန်ချက်ကို ကျင့်သုံးခဲ့တဲ့ ဧကရာဇ်ဘုရင်ကြီး အာသောကမင်းဟာ BC ၃၀၀ လောက် က စပြီး ဂုဏ်သတင်းကျော်ဇောပြီး လူ့သမိုင်းမှာ ထွန်းပခဲ့ပါတယ်။

ဗုဒ္ဓရှင်တော်မြတ်ဟာ အလွန်မြင့်မြတ်တဲ့ လူမှုပြုပြင်ပြောင်းလဲရေးသမားကြီးလဲ ဖြစ်ပါတယ်။ အိန္ဒိယပြည်မှာ အရိုးစွဲနေတဲ့ ဇတ်စနစ်ကို ဗုဒ္ဓက ရှုတ်ချပြီး လူအချင်းချင်းတန်းတူ အခွင့်အရေးကို အရေးထားခဲ့ပါတယ်။ ဆင်းရဲ၊ ချမ်းသာ အလွန်အမင်းမကွာခြားရေးနဲ့ အမျိုးသမီးများရဲ့ လူမှုဘ၀အဆင့်အတန်းမြင့်မားရေးကိုလဲ အားပေးခဲ့ပါတယ်။

လူ့အဖွဲ့အစည်းကို အုပ်ချုပ်ရာမှာ လောဘတဏှာဦးစီးပြီးမလုပ်ကြဖို့၊ မေတ္တာဂရုဏာနဲ့ စာနာထောက်ထား စိတ်နဲ့ သာ အုပ်ချုပ်နေထိုင်ကြဖို့ကိုလည်း တိုက်တွန်းဆုံးမတော်မူပါတယ်။ မြတ်ဗုဒ္ဓက ပြုပြင်ပြောင်းလဲရေး ကို အပြင်ပန်း ဗဟိန္ဓအားဖြင့် လုပ်တာဟာ ရေတိုပဲရမယ်၊ တကယ်တမ်းပြုပြင်ပြောင်းလဲရေးလုပ်ချင်ရင် စိတ်ပြောင်းတော်လှန်ရေးလုပ်မှရမယ်ဆို တာကို ထုတ်ဖော်မိန့်ကြားခဲ့ပါတယ်။

အင်အားပါဝါကိုအသုံးပြုပြီးလုပ်တဲ့ပြုပြင်ပြောင်းလဲရေးဟာ ခဏပဲခံတယ်။ ဘာကြောင့်လဲဆိုတော့ အဲ့ဒီပြုပြင် ပြောင်းလဲရေးမှာ စွဲစရာအဖြစ်မပါဘူး။ တကယ်တမ်းပြုပြင်ပြောင်းလဲရေးဖြစ်ဖို့ကတော့ ပြုပြင်ပြောင်းလဲ လို တဲ့ စိတ်ဓာတ်အမှန် အဆင်သင့်ဖြစ်နေမှသာ ဖြစ်နိုင်မယ်။ လူသားတိုင်းမိမိကိုယ်တိုင် အမှန်တရားချစ်မြတ်နိုး မှု၊ လူအချင်းချင်းတရားမျှတစေလိုမှု စတဲ့ တရားများဆီက ရှင်သန်အားကို ရရှိနေသရွေ့ ရပ်တည်ရှင်သန် နေကြမှာပဲ ဖြစ်တယ်လို့ မိန့်ခဲ့ပါတယ်။

ဘစစ်အာဏာရှင် မိစ္ဆာဝါဒီသမားတွေရဲ့ လက်အောက်ကျရောက်နေတဲ့ မြန်မာနိုင်ငံမှာ ဗုဒ္ဓရဲ့ မွန်မြတ် မှန်ကန် တဲ့ သြ၀ါဒ အမြုတေကို ယုံကြည်အားကိုးပြီး လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးနဲ့ အဓမ္မတရားများကိုဖယ်ရှား ရေးတို့အတွက် တမျိုးသားလုံး အသက်ပေး ဆောင်ရွက်ရမှာဖြစ်တယ်။ 
by အလင်းဆက်

Friday, March 9, 2012

အကုသိုလ် နှင့် ပန်းတိုင်

အကုသိုလ် နှင့် ပန်းတိုင်  

    တစ်ခါတုန်းက အလွန်လှတဲ့ ဗာရာဏသီမင်းတစ်ပါး ရှိပါတယ်။ သူ့ကိုမြင်လိုက်ရ တဲ့သူတွေဟာ ထပ်ခါထပ်ခါ ပြန်ကြည့်ချင်စိတ် ဖြစ်ကြရပါတယ်တဲ့။ တစ်နေ့တော့ ဗာရာဏသီမင်းဟာ မြို့ထဲကို လှည့်လည် ပါတယ်။ တစ်နေရာ အရောက်မှာတော့ သူဋ္ဌေး တစ်ယောက်ရဲ့ မယားက လေသာ ပြတင်းပေါက်ကနေ မင်းကို ရပ်ကြည့် နေပါတယ်။ မင်းလည်း ရပ်ကြည်နေတဲ့ အမျိုးသမီးကို မြင်ပြီးတပ်မက်တဲ့ ရာဂစိတ် တွေဖြစ်သွား ပါတယ်။ ဒီတော့ အမတ်တစ်ယောက်ကို ခေါ်ပြီး “အဲဒီမိန်းမမှာ ယောက်ျား ရှိမရှိ” စုံစမ်း ခိုင်းပါတယ်။ အမတ်ကလည်း စုံစမ်းပြီး ယောက်ျားရှိကြောင်း ပြန်လျှောက်ပြပါတယ်။
မင်းဟာဖြစ်နေတဲ့ တပ်မက်စိတ်တွေကို ကြည့်ပြီး “ငါဟာ နတ်သမီးတွေလို လှနေတဲ့ မောင်းမမိဿံ နှစ်သောင်း အလယ်မှာ တစ်ယောက်တည်း အလိုရှိသလို ပျော်မွေ့နေတယ်။ ဒီမိန်းမ နှစ်သောင်းနဲ့ ရောင့်ရဲခြင်း မရှိဘဲ သူတစ်ပါး မယားအပေါ်မှာ ရာဂစိတ်တွေ ဖြစ်လိုက် သေးတယ်၊ ဒီတဏှာ ရာဂဟာ အပါယ်ကို ဆွဲချလိမ့်မယ်” လို့ တဏှာရာဂ အပြစ်ကို ဉာဏ်နဲ့ ကြည့်ပါတယ်။ ဗာရာဏသီမင်းက ဆက်ပြီး “ငါ ဒီတဏှာရာဂကို အခုပဲရှင်းပစ် မယ်” ဆိုပြီး မင်းအဖြစ်ကိုစွန့်ပြီး ရဟန်းပြု လိုက်ပါတယ်။ ရဟန်းဘဝနဲ့ပဲ ဝိပဿနာတရား ကိုကြိုးကြိုးစားစား အားထုတ်လိုက်တာ ပစ္စေကဗုဒ္ဓါ ဖြစ်သွား ပါတော့တယ်။

သုတ္တနိပါတ်အဋ္ဌကထာ ပထမတွဲ
ခဂ္ဂဝိသာဏသုတ်၊ စာမျက်နှာ ၁၁၁၊၁၁၂။
   
ဗာရာဏသီမင်း ဖြစ်လိုက်တဲ့ ရာဂစိတ်က တကယ်ဆို အကုသိုလ်ပါ။ ဒါပေမယ့် ဗာရာဏသီ မင်းကတော့ အဲဒီ အကုသိုလ်စိတ်ကိုပဲ အမှီပြုပြီး လမ်းဆုံးပန်းတိုင် တစ်ခုဆီ အရောက်လှမ်းနိုင် ခဲ့ပါတယ်။
ဒီတော့ အကုသိုလ် ဖြစ်တိုင်းလည်း ကြောက်စရာ မလိုပါဘူး။ အကုသိုလ်ကနေ ကုသိုလ်ဖြစ်အောင် ပြန်လုပ်ယူရမှာပါ။ ပြန်လုပ်ယူနည်း တွေလည်း မြတ်စွာဘုရားကဟောပြထားတာပါ။ အကုသိုလ် ဖြစ်တိုင်း စိတ်ဆင်းရဲ နေရမယ်ဆိုရင် တစ်သက်လုံး စိတ်ဆင်းရဲနေ ရတော့မှာပါ၊ သာသနာဟာ အားလုံးရဲ့ ထောက်ရာ တည်ရာ အားကိုးရာပါ။ ကိလေသာ မကင်းသေးတဲ့ ပုထုဇဉ်ဘဝမှာ အကုသိုလ်ကတော့ ပြုမိကြမှာပါပဲ။
ဒါပေမယ့် ပြုမိတဲ့ အကုသိုလ်ကို အမှီပြုပြီး စီးပွားရေး စကားနဲ့ ပြောရမယ် ဆိုရင်တော့ ဖြစ်လာတဲ့ အကုသိုလ်ကိုပဲ အရင်းအနှီး လုပ်ပြီး ကုသိုလ်ကုန်ချော ပြန်ထုတ် ယူရမှာပါ။ တစ်ဆင့် မြှင့်ပြီး ပြောရရင် ဝိပဿနာ ကုန်ချောအထိ ဖြစ်အောင် ကြိုးစားကြရမှာပါ။ ဗာရာဏသီ မင်းဟာ ဖြစ်ပေါ်လာတဲ့ အကုသိုလ် ကိုပဲ အရင်းအနှီး လုပ်ပြီး ပစ္စေက ဗုဒ္ဓါ ဖြစ်သွားတာပါ။ မနက်အိပ်ရာက နိုးရင်မထသေးဘဲ ကိုယ့်ကိုယ်ကို တိုးတိုးလေး ပြန်မေးသင့်တဲ့ မေးခွန်း တစ်ခုရှိပါတယ်။

    လူ့ဘဝ ရောက်လာတာ ဘာလုပ်ဖို့လဲ?
    အဖြေကတော့ လမ်းသုံးသွယ်ကို အာရုံပြုကြည့်ရမှာပါ။

    လမ်းသုံးသွယ် ရှိပါတယ်။ ကံလမ်းရယ်၊ ဈာန်လမ်းရယ်၊ ဉာဏ်လမ်း ရယ်ပါ။ ဒါန သီလတွေ ပြုတာက ကံလမ်းက သွားတာပါ။ ကံလမ်းက သွားရင် လူ့ပြည်၊ နတ်ပြည်ကို ရောက်ပါတယ်။ သမထ တရားတွေ ပွားများအားထုတ် တာက ဈာန်လမ်းက သွားတာပါ။ ဈာန်လမ်းက သွားရင်ဗြဟ္မာ့ပြည်ကို ရောက်ပါတယ်။ ဝိပဿနာ တရားတွေ ပွားများ အားထုတ်တာက ဉာဏ်လမ်းက သွားတာပါ။ ဉာဏ်လမ်းကသွားရင် နိဗ္ဗာန်ကို ရောက်ပါတယ်။
ဗုဒ္ဓဘာသာဝင် တစ်ယောက်ရဲ့ ပန်းတိုင်ဟာ နိဗ္ဗာန်ပါ။ နိဗ္ဗာန် ရောက်ဖို့ အတွက် ဉာဏ်လမ်းက သွားရမှာပါ။ ဒီတော့ ကံလမ်း၊ ဈာန်လမ်းလောက် နဲ့ တင်းတိမ်နေလို့ မရပါဘူး။ ဉာဏ်လမ်းခေါ်တဲ့ ဝိပဿနာ တရားကိုလည်း အားထုတ်ရဦး မှာပါ။ ပြီးတော့ လမ်းသုံးသွယ်ကို အာရုံပြုလိုက်ရင်လည်း ရာထူးဌာနန္တရ, ငွေကြေးဥစ္စာ, ခြွေရံသင်းပင်း ဆိုတာတွေလည်း ဘာမှမဟုတ်တော့ပါဘူး။ လူ့ဘဝတော့ ရောက်လာပါရဲ့ ဒါပေမယ့် လူ့ဘဝ ရောက်လာပြီး ဒီဝိပဿနာ တရား လေးမှ အားမထုတ်ရဘဲ သေသွားရတယ် ဆိုရင်တော့ လူ့ဘဝရလာတာ မတန်ပါဘူး။ ဝိပဿနာတရား အားမထုတ်ရဘဲ သေသွားကြရတဲ့ သူတွေလည်း အများကြီးရှိမှာပါ။

    ဉာဏ်လမ်းခေါ်တဲ့ ဝိပဿနာ တရားဟာ သာသနာတွင်း ကာလမှာပဲ ရရှိတာပါ။ သာသနာပ ကာလမှာမရပါဘူး။ သာသနာပ ကာလမှာ ကံလမ်းနဲ့ ဈာန်လမ်းပဲ ရှိတာပါ။ ဆိုလိုတာက ကံလမ်း၊ ဈာန်လမ်း လောက်နဲ့ စိတ်မချရ သေးပါဘူး။ ဉာဏ်လမ်းခေါ်တဲ့ ဝိပဿနာ တရားအားထုတ်ပြီး အနည်းဆုံး သောတာပန်ဖြစ်မှ ဘဝကစိတ်ချရတာပါ။ သောတာပန် ဖြစ်သွားရင်တော့ အပါယ် မကျတော့ပါဘူး။
သောတာပန် ဖြစ်အောင် အားမထုတ်နိုင် သေးရင်တောင် အငယ်စား သောတာပန် လို့ခေါ်တဲ့ စူဠသောတာပန် အဆင့်လောက်တော့ ရအောင် အားထုတ်ကြရမှာပါ။ စူဠ သောတာပန်ဆိုတာ အကြောင်းနဲ့ အကျိုးကို ခွဲခြားသိတဲ့ ပစ္စယပရိဂ္ဂဟဉာဏ် အထိ ရောက်တဲ့ ယောဂီကို စူဠသောတာပန်လို့ ခေါ်တာပါ။ စူဠသောတာပန် ဖြစ်ရင်လည်း သုဂတိဘဝ မြဲတယ်လို့ ဆိုပါတယ်။ ဉာဏ်စဉ်အတိုင်း ပြောမယ်ဆိုရင်တော့ ပစ္စယပရိဂ္ဂဟဉာဏ်က ဒုတိယဉာဏ်စဉ် ပါ။
ပထမဉာဏ်စဉ်က နာမ်ရုပ်ကို ပိုင်းခြားသိတဲ့ နာမရူပ ပရိစ္ဆေဒဉာဏ်စဉ်ပါ။ ဒီဉာဏ်စဉ် နှစ်ပါးကိုတော့ တရားကို ရိုရိုသေသေ ရှုမှတ်တဲ့ ယောဂီတိုင်း တွေ့ကြ ရတာ များပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာ ဝင်တိုင်း ဒီဉာဏ်စဉ် နှစ်ခုလောက်တော့ ရအောင် အားထုတ်ကြရမှာပါ။ တချို့ အလေ့အကျင့်များတဲ့ ယောဂီတွေဆို ကိုယ့်အိမ် ဘုရားခန်း ထဲမှာ ထိုင်လိုက်တာနဲ့ ဒီဉာဏ်စဉ် နှစ်ခုကို ချက်ချင်း တွေ့ကြရတယ်လို့ ဆိုပါ တယ်။
ဘဝမှာ ဝိပဿနာတရားထက် ပျော်စရာကောင်းတာ ဘာမှမရှိပါဘူး။ ဝိပဿနာ တရားတွေနဲ့ ပျော်တာပဲ ကောင်းပါတယ်။ မြတ်စွာဘုရားက ဝိပဿနာ ပီတိသုခနဲ့ ပျော်မွေ့ နေရတာဟာ လူသာမန်တွေ မဆိုထားနဲ့ နတ်သာမန်တွေ တောင်မှ မပျော်မွေ့နိုင်တဲ့ ပျော်မွေ့ခြင်းကို ရရှိပါတယ်လို့ ဟောပြထားတာပါ။ ဘယ်နေရာမှာပဲ ရောက်နေရောက်နေ၊ ဘယ်လို အခြေအနေပဲ ရှိနေနေ၊ ဘယ်လောက်ပဲ ချမ်းသာချမ်းသာ တကယ်လျှောက်ရမှာက ဉာဏ်လမ်းပါ။

    ဒါတွေက ကိုယ့်ဟာကိုယ် တစ်ယောက်တည်း ရှိတဲ့အခါ လမ်းသုံးသွယ်ကို အာရုံပြု လိုက်ရင် တရားသဘောလေးတွေ ပေါ်လာတာ များပါတယ်။ အဲဒီအခါမျိုးမှာ ကိုယ့်ကိုယ်ကို အတွေးလေးနဲ့ တရားပြန်ဟောလို့ လည်းရတာပါပဲ။ တရားဟော သူလည်းကိုယ် တရားနာသူလည်း ကိုယ်ပါ။ တရားဆိုတာ သူများ ဟောမှတင် မဟုတ်ပါဘူး၊ ကိုယ့်ကိုယ် ကိုလည်း ပြန်ဟောရမှာပါ။ ကိုယ့်ကိုယ်ကို တရားဟော တယ်ဆိုတာ ကိုယ့်ကိုယ့်ကို ပြန်ထိန်းကြောင်းတာပါပဲ။ ကိုယ့်ကိုယ်ကို တရားဟောရင်း ကိုယ်ဘယ်လမ်း လျှောက်နေတယ် ဆိုတာ ပြန်ကြည့်ရမှာပါ။ ကံလမ်း၊ ဈာန်လမ်း လောက်ပဲ ရှိသေးတယ် ဆိုရင်တော့ ကျန်နေတဲ့ သက်တမ်းလေးမှာ ဉာဏ်လမ်းပေါ် ရောက်အောင် ရွှေ့ယူဖို့ပါပဲ။ ဉာဏ်လမ်းပေါ်ရောက် သွားရင် ကျန်တာတွေက ဘာမှမဟုတ်တော့ပါဘူး။
ဉာဏ်လမ်းပေါ် လျှောက်တဲ့အခါ စာအုပ်ဖတ်ပြီး လျှောက်ဖို့ဆိုတာ မလွယ်လှပါဘူး။ ဒါက အတိတ်အတိတ် ဘဝက ပါရမီပါခဲ့တဲ့ သူတွေအတွက်သာ အဆင်ပြေတာပါ။ ဒါကြောင့် ရိပ်သာတစ်ခုခုမှာ သွားပြီး နည်းသွားယူရမှာပါ။ ဆယ်ရက်, တစ်လ, ချက်ချင်းကြီး မဝင်နိုင်သေးရင်တောင် ပထမသုံးရက် ဝင်ကြည့်၊ အဆင်ပြေရင် နောက် ဒုတိယ အကြိမ်ကျတော့ ငါးရက်ဝင်ကြည့်၊ နောက်တတိယ အကြိမ်ကျတော့ ဆယ်ရက်၊ တစ်လ စသည်ဖြင့် တိုးတိုးသွားရုံပါ။ တော်တော်များများက (၆ဝ)ပြည့် ပင်စင်ယူမှပဲ အားထုတ်ဖို့ စိတ်ကူးကြတာပါ။ (၆ဝ) နောက်ပိုင်းဆို ရုပ်အို နာမ်အို ဖြစ်သွားတဲ့ အတွက် လူငယ်တစ်ယောက်လို အားထုတ်လို့ မကောင်းတော့ပါဘူး။ ဒီကြားထဲ ကျန်းမာရေး မဖောက်ဘူး လို့လည်း မပြောနိုင်ပါဘူး။ ကျန်းမာရေး ဖောက်ပြီး ခုတင်ပေါ်ရောက်မှ တရားအားထုတ်နည်း သင်ပေးရတဲ့ ကမ္မဋ္ဌာန်း ဆရာမှာလည်း စိတ်ရှိတိုင်း သင်မပေး နိုင်တော့ပါဘူး၊ ပင်စင်မယူခင် ငယ်တုန်းအားထုတ် ထားရမှာပါ။ ပင်စင်ယူပြီးတာနဲ့ အရှိန်မပျက် ဆက်အားထုတ် သွားရင် မခက်တော့ပါဘူး။

    ဒီလိုပါပဲ၊ ပင်စင် မယူခင်လည်း ကံလမ်း၊ ဈာန်လမ်း၊ ဉာဏ်လမ်း ပေါ်ရောက်အောင် ရွှေ့ရွှေ့ယူသွား ရမှာပဲ။ ဥပမာ၊ ကိုယ့်ရုံးကို လူတစ်ယောက် စာရွက်တစ်ရွက် လာယူမယ်၊ တခြားကိစ္စ တစ် ခုကြောင့် ချက်ချင်း မပေးနိုင်တာကို ရောက်လာသူက မကျေနပ် စကားပြောလာမယ်၊ ဒါကို ကိုယ်က ပြုံးပြုံးလေးနဲ့ ဘာမှ ပြန်မပြောဘဲ ကာယကံနဲ့ ဝစီကံကို စောင့်ထိန်း လိုက်တာက သီလကုသိုလ် ဖြစ်သွားတာပါ၊ စာရွက်လာယူတဲ့ သူကိုကြည့်ပြီး “ငါလုပ်ပေးလိုက်တဲ့ အတွက် သူ့မိသားစု အစစအရာရာ အဆင်ပြေပါစေ”လို့ မေတ္တာပို့ပေး နေတာက သမထကုသိုလ် ဖြစ်သွားတာပါ။ ကိုယ်လုပ်ပေး လိုက်ရတဲ့ အတွက် ကျေနပ်ဝမ်း မြောက်မှုဖြစ်မယ်၊
ဒါဆို ကိုယ့်စိတ်ကိုယ် ပြန်ကြည့်ပြီး “ဝမ်းသာတယ်၊ ဝမ်းသာတယ်”လို့ ရှုမှတ်လိုက်တာက ဘာဝနာ ကုသိုလ် ဖြစ်သွားတာပါ။ ဒါက အလုပ်လုပ်ရင်း ရုံးထဲမှာတင် မြတ်စွာဘုရား လျှောက်စေချင်တဲ့ ကံလမ်း၊ ဈာန်လမ်း၊ ဉာဏ်လမ်းပေါ် ရောက်အောင် ရွှေ့ယူ လိုက်တာပါ။ ပိုက်ဆံလည်း မကုန်ပါဘူး။ ခန္ဓာရှိနေတဲ့ အတွက်၊ မိသားစု ရှိနေတဲ့ အတွက် ရာထူးဌာနန္တရ၊ ငွေကြေး ဥစ္စာတွေ ကတော့ လိုအပ် နေတာပါပဲ။ ဒါပေမယ့် ဒီရာထူး ဌာနန္တရ၊ ငွေကြေး တွေကိုပဲ ဒါနသဘော၊ သီလသဘော၊ ဘာဝနာသဘော ဖြစ်အောင် ပြောင်းယူရမှာပါ။ တစ်ခါတလေ ကျတော့လည်း ဘဝတွေက ခက်တော့ အခက်သား ပါပဲလေ။
ကိုယ့်ဘဝ ကိုယ်စိတ်တိုင်း မကျတဲ့သူက များပါတယ်။ ဒီလိုပါပဲ၊ စိတ်တိုင်းကျခြင်း မကျခြင်း တွေနဲ့ပဲ ဘဝတွေက ဖြတ်သန်း နေကြရတာပါ။ နှစ်ဆယ့်တစ် ရာစု ရဟန်း တစ်ပါးရဲ့ ဘ၀ဟာလည်း မသက်သာလှပါဘူး။ ရဟန်းနဲ့ငွေ, ငွေနဲ့ရဟန်း ဘာမှ မဆိုင်လှ ပေမယ့် ငွေမရှိပြန် ရင်လည်း အဲဒီရဟန်း တစ်ပါးအတွက် ခက်ခဲ မှုတွေနဲ့ပါ။ လူတွေဆို အထူးပြောစရာ မလိုတော့ပါဘူး။ ပုထုဇဉ် လူသား တစ်ယောက်ရဲ့ဘ၀မှာ လောကီ ကျိုးတွေကတော့ လိုအပ်ချက် တစ်ခု အနေနဲ့ကို လိုအပ်နေတာပါ။ လောကီ ကျိုးတွေကို ငဲ့လွန်း နေပြန်ရင်လည်း တရား အားထုတ်ရတာ အနှောင့်အယှက် ဖြစ်နေတတ်ပါတယ်။ ပြည့်စုံခြင်း၊ မပြည့်စုံခြင်း တွေကတော့ ရှိမြဲရှိနေမှာပါ။ အဲဒီ အထဲကမှ တရားအားထုတ် ဖြစ်နေတယ် ဆိုရင်ပဲ ဘ၀က ပြည့်စုံမှု တစ်ခုအနေနဲ့ ပြီးပြည့်စုံ နေတော့တာပါ။ တရားမှတ်နေတဲ့ အချိန် လေးဟာ လောကီ ကျိုးတွေကို မေ့နေတာက များပါတယ်။ တဒင်္ဂ မေ့နေရင် တဒင်္ဂ စိတ်ချမ်းသာ နေတာပါပဲ။

    မြတ်စွာဘုရားက ပရိနိဗ္ဗာန် စံခါနီးမှာ “မမေ့ကြနဲ့၊ မမေ့ကြနဲ့” လို့နောက်ဆုံး စကား အနေနဲ့ မှာခဲ့ပါတယ်။ “မမေ့ကြနဲ့” ဆိုတာ ဝိပဿနာ တရားအားထုတ်ဖို့ မမေ့ကြနဲ့လို့ ဆိုလိုရင်း ဖြစ်ပါတယ်။ ဒါတွေကို ထောက်ပြီး လူ့ဘဝ ရောက်လာတာ ဝိပဿနာ တရား အားထုတ်ဖို့ပါပဲ။ ဗာရာဏသီ မင်းဟာ ကိုယ်ဖြစ်တဲ့ အကုသိုလ် လေးကိုကြည့်ပြီး ကိုယ့်ကိုယ်ကို ပြန် တရား ဟောခဲ့တာပါ။ ဟောရုံတင် ရပ်မထားဘဲ ဝိပဿနာ တရားကို ဆက်အားထုတ် ခဲ့တာပါ။ လမ်းသုံးသွယ်နဲ့ ပြောရင် ဉာဏ်လမ်းပေါ် ရောက်အောင် လျှောက်ပြီး ပစ္စေက ဗုဒ္ဓါဖြစ် သွားတာပါ။ ဘာပဲပြောပြော လူ့ဘဝ ရခိုက်လေးမှာ ကံလမ်း, ဈာန်လမ်း လောက်နဲ့တင် တင်းတိမ် မနေဘဲ ဉာဏ်လမ်းပေါ်ကိုလည်း ရောက်အောင် လျှောက်ဖို့ပါပဲလေ။ သြော်... နောက်ဆုံး ကျတော့လည်း တရားအားထုတ်နေတာပဲ အကောင်းဆုံး ပါပဲလေ။
ကျမ်းကိုး
သဒ္ဓမ္မရံသီဆရာတော်ဘုရားကြီး၏ တရားတော်များ။ 

  -  ရဝေနွယ်(အင်းမ)

Thursday, March 8, 2012

စံနမူနာသာသနာပြုဘုရင် အသောက


စံနမူနာသာသနာပြုဘုရင် အသောက
မြတ်ဗုဒ္ဓလွန်ပြီးနောက် နှစ်(၂၀ဝ)ကျော်ကာလ ခရစ်မပေါ်မီနှစ်(၃၀ဝ)ခန့်ကာလတွင် ဇမ္ဗူဒီပတစ်ခုလုံး၏ ဧကရဇ်မင်းကြီးအသောက ပေါ်ပေါက်ခဲ့သည်။ ထိုဇမ္ဗူဒီပါ၏ ဧကရဇ်မင်းကြီးအသောကသည် မြတ်ဗုဒ္ဓ၏ ထိုသဘောထားကြီးခြင်း၊ ခွင့်လွှတ်ခြင်း၊ သည်းခံခြင်းဟူသောဝါဒကို လိုက်နာ ကျင့်သုံးရာ၌ စံနမူနာယူထိုက်သည့် မင်းကြီးတစ်ပါးဖြစ်သည်။

သူသည် အလွန်ကျယ်ပြန့်သော သူ၏ဓမ္မနိုင်ငံတော်ကြီး၌ ထင်ရှားတည်ရှိ၍နေကြကုန်သော အခြားအခြားသော ဟိန္ဒူဘာသာ , ဂျိန်းဘာသာ ,ဗြဟ္မဏဘာသာ , နတ်ကိုးကွယ် သည့်ဘာသာ အစရှိသော ဘာသာတရားအားလုံးတို့ကို လွတ်လပ်စွာ ကိုးကွယ်ခွင့်နှင့် သူကိုယ်တိုင်ဂုဏ်ပြု၍ အရိုအသေပြုခြင်း၊ အလေးအမြတ်ပြုခြင်း၊ ထောက်ပံ့အားပေးခြင်းတို့ကို ပြုလုပ်ခဲ့လေသည်။
သူ၏ဓမ္မနိုင်ငံတော်၌ ဘာသာရေးပဋိပက္ခမရှိ၊ မတူ ထူးခြားသော ဘာသာဝင်အားလုံးတို့ ချစ်ခင်ပျော်ရွှင်စွာ ပူးတွဲ နေထိုင်ကြသည်မှာ မြတ်ဗုဒ္ဓ၏ ခန္တီဝါဒ , အဟိံသဝါဒပေါ်၌ အသောကချမှတ်ထားသော Common ground-ပေါ်မှာ လက်တွဲရပ်တည်၍ နေနိုင်ကြသောကြောင့်ဖြစ်၏။

အသောကသည် အနောက်ဖက်တွင် ဂရိ၊ မြောက်ဖက်တွင် ရုရှားနှင့် ဟိမဝန္တာတစ်လျှောက်၊ အရှေ့ဖက်တွင်- ဘင်္ဂလားပင်လယ်အော်၊ တောင်ဘက်တွင်- အိန္ဒိယသမုဒ္ဒရာ၊ သူ၏ ဩဇာလွှမ်းမိုးထားသမျှ ကျယ်ပြန့်စွာသော နယ်မြေကြီး တစ်ခွင်လုံး၌ အယူဝါဒနှင့် အမျိုးဇာတ်မတူကြသည့် လူသားပေါင်းများစွာတို့ လက်တွဲနေထိုင်ကြရန် ခန္တီ , သစ္စာ , အဟိံသာ(မညှင်းဆဲခြင်း) ဟူသော Common ground-ကို မည်ကဲ့သို့ ချမှတ်ခဲ့သည် ဆိုသည်တို့ကို သူ၏ကျောက်စာပေါင်းမြောက်များစွာတို့၌ တွေ့ရှိရသည်။ တစ်ခုသောနေရာ၌ တွေ့ရသည်မှာ အောက် ဖော်ပြပါအတိုင်းဖြစ်သည်။

"တစ်ယောက်သောသူသည် မိမိကိုးကွယ်သောဘာသာတရားကိုသာ ချီးမြှောက်၍ အခြားသောသူတို့၏ ဘာသာ တရားကို ရှုံ့ချသောအမှုကို မပြုကြကုန်နှင့်၊ တစ်ယောက်သောသူသည် မိမိကိုးကွယ်သောဘာသာကို ချီးမြှောက်သကဲ့သို့ အခြားသောဘာသာကိုလည်း ချီးမြှောက်သင့်၏။ ဤသို့ ပြုခြင်းဖြင့် တစ်ယောက်သောသူသည် မိမိဘာသာကိုလည်း ကြီးပွာအောင် စောင့်ရှောက်ရာရောက်၏။

ဘာသာဝင်အားလုံးတို့သည် ဤသို့မဟုတ်မူ၍ မိမိတို့ဘာသာကို ကာကွယ်၍ သူတပါးတို့၏ဘာသာကို ရှုံ့ချ စော်ကားလာလျှင် ထိုသူသည် မိမိဘာသာတရားနှင့် မိမိအတွက် သေတွင်းကို တူးသည်နှင့်တူ၏။
မည်သူမဆို မိမိကိုးကွယ်သော ဘာသာတရား၏ ဂုဏ်ကျေးဇူးကိုပြောဆို၍ အခြားသောဘာသာတရားကို ရှုံ့ချ ကဲ့ရဲ့လျှင်၊ ထို့အပြင် မိမိကိုးကွယ်သည့်ဘာသာနှင့် တခြားသူ တို့ကိုးကွယ်သည့်ဘာသာကို နှိုင်းယှဉ်မှုပြုလျှင် နှိုင်းယှဉ်ရာမှ ပြိုင်ဆိုင်ခြင်းသို့ တက်လာနိုင်သည်။

နှိုင်းယှဉ်ခြင်းနှင့် ပြိုင်ဆိုင်ခြင်းတို့သည် ချီးမွမ်းခြင်းနှင့် ကဲ့ရဲ့ခြင်းဟူသော ရလဒ်တို့ကို ဖြစ်စေကုန်၏။ မိမိဘာ သာကို ချီးမွမ်း၍ သူတပါးဘာသာကို ကဲ့ရဲ့လျှင် ထိုသူသည် မသိသဖြင့် မိမိဘာသာကို ပို၍ပို၍ တိုက်ခိုက်ဖျက်စီး ဒဏ်ရာ အနာတရ ဖြစ်အောင်ပြုသည်မည်၏။
ထို့ကြောင့် ဤသို့ကောင်းမြတ်သော သဘောတူညီချက်တစ်ခု ရရှိပါသည်။ အားလုံးသောလူသားတို့သည် အားလုံးသော ဘာသာတရားတို့၏ အဆိုအမိန့်တို့ကို စိတ်ဝင်စားစွာ နားထောင်သင့်၏။ မိမိ၏စကားကို သူတပါးတို့ စူးစိုက်၍နားထောင်စေလိုလျှင် သူတပါးပြောသော စကားကိုလည်း မိမိတို့က စိုက်စိုက်စူးစူး နားထောင်ကြပါ´´။ 
(အသောကကျောက်စာအမှတ်-၁၂)

ဤနေရာ၌ ကျွန်ုပ်တို့သည် ဤကဲ့သို့သော မုဒိတာ အသိမျိုးကို ဤဘာသာရေးကိစ္စ၌သာ လက်ကိုင်ပြုအသုံးချ သင့်သည်မဟုတ်ပေ။ အခြားသော နိုင်ငံရေး လူမျိုးရေး စီးပွားရေး ပညာရေးကိစ္စတို့၌လည်း ဤသည့်မြတ်ဗုဒ္ဓ၏ ခန္တီ မေတ္တာ ကရုဏာ အဟိံသာ သစ္စာတရားတို့ဖြင့် ဖွဲ့စည်းတည်ဆောက်ထားသော Common ground-ပေါ်၌ လက်တွဲ ညီညီ၊ မိမိကလည်း သူ့ကို မရှုံ့ချ၊ သူကလည်း ငါ့ကို မကဲ့ရဲ့၊ ငါကလည်း သူ့ကိုဂုဏ်ပြု၊ သူကလည်း ငါ့ကိုလေးစား၊ သူ့စကားလည်း ငါနားထောင်၊ ငါ့စကားလည်း သူလေးစား၊ ဤသဘောထားမျိုးနှင့် သွားကြလျှင် ဆူးခင်းသောခရီး ကြမ်းဟာ မကြာမီ အဆုံးသတ်၍ ပန်းခင်းသောလမ်းပေါ်၌ ပျော်ရွှင်စွာ လျှောက်လှမ်းနိုင်ကြမည်ဖြစ်ပါသည်။
ဤကဲ့သို့သော ခွင့်လွှတ်ခြင်း၊ သည်းခံခြင်း၊ သဘော ထားကြီးခြင်း၊ ရင့်ကျက်သော နားလည်ခြင်းဟူသော မွန်မြတ် သည့်စိတ်ဓာတ်သည် လူ့ယဉ်ကျေးမှုသမိုင်းတွင် အလွန်မြင့် မြတ်ကြွယ်ဝသည့် ဗုဒ္ဓဘာသာအတွေးအခေါ်မှ စတင်ပေါ် ပေါက်လာခြင်းဖြစ်သည်။

ထို့ကြောင့်ပင် နှစ်ပေါင်း-(၂၅၀ဝ)ခရီး ဗုဒ္ဓဘာသာ သမိုင်းတစ်လျှောက် ဗုဒ္ဓသာသနာပြုမင်းနှင့် သာသနာပြု ပုဂ္ဂိုလ်တို့က အခြားဘာသာဝင်တို့ကို ဗုဒ္ဓဘာသာဝင်အဖြစ်သို့ အတင်းအကြပ် အနိုင်အထက်ပြု၍ ပြောင်းလဲခြင်းကြောင့် ကမ္ဘာမြေကြီးပေါ်၌ သွေးတစ်စက်တစ်ပေါက် ထိစွန်းခဲ့ဖူးသည့်ဖြစ်ရပ်မျိုး လုံးဝမရှိခဲ့ဘူးချေ။

ဗုဒ္ဓ၏ မြတ်ဓမ္မသည် အာရှတိုက်ကြီး တစ်ခုလုံးကိုသာမက ကမ္ဘာတစ်ရပ်လုံးသို့ တစိမ့်စိမ့်ပြန့်နှံ့နေရာ၌- ထိုမြတ်ဗုဒ္ဓ၏ အဆုံးအမတွေကို သူတို့၏စိတ်ဆန္ဒအလျှောက် ငွေကြေးနိုင်ငံရေးနှင့် လူမှုရေးအကြပ်ကိုင်မှုတို့မရှိပဲ လွတ်လပ် သောစိတ်ဓာတ်ဖြင့် ဓမ္မကိုကြိုက် အလိုကိုလိုက်နာကျင့်သုံးနေကြသော လူဦးရေသည် သန်းပေါင်း(၁၀ဝ၀)မျှရှိမည်ဟု ခန့်မှန်းရသည်။

မှားယွင်းသောအတွေး မကောင်းသောအပြော မကောင်းသောအလုပ် တစ်ခုခုကြောင့် ဆူပူသောင်းကြမ်း ခြင်း၊ ရမ်းကားခြင်း၊ နှိပ်စက်ခြင်းဖြစ်လာလျှင် ထိုအမှုမျိုးသည် မြတ်ဗုဒ္ဓ၏ မြတ်ဓမ္မနှင့် လုံးလုံးဆန့်ကျင်သည်သာဖြစ်၏။ 
သီတဂူ အရှင်ကောဝိဒသိရီ

Wednesday, March 7, 2012

အငြင်းပွားဖွယ်ရာမှန်တစ်ချပ်

အငြင်းပွားဖွယ်ရာမှန်တစ်ချပ်


   အန္ဓပုထုဇဉ်တွကို ဒီလောက်ကြီးမားလေးလံတဲ့ ကိလေသာဝန်ထုပ်ကြီးကို သံသရာ တစ်လျှောက်လုံး မိုက်မိုက်ကန်းကန်း ထမ်းပိုးသွားနိုင်အောင် သွေးထိုးမြှောက်ပင့်ပေး တဲ့သူတွေက "တဏှာ၊ မာန၊ ဒိဋ္ဌိ"ရယ်ပါ။ သူတို့(၃)ဦးထဲမှာ "ဒိဋ္ဌိ"ဟာ အဆိုးဆုံး၊ ဇာတ်အရှုပ်ဆုံးဖြစ်ပါတယ်။

အငြင်းပွားရတဲ့မှန်တစ်ချပ်

တရားသဘောအရပြောရရင်တော့ လူတိုင်းဟာ (ဝန်ထုပ်ဝန်ပိုးတွေ ထမ်းထားရတာမို့) ဝန်ထမ်းတွေချည်းပါပဲ။ လူမှုရေးဝန်၊ ခန္ဓာဝန်၊ ကိလေသာဝန်လို့ လူသားတွေထမ်းပိုးထားရတဲ့ ဝန်(၃)ပါးထဲမှာ ကိလေသာဝန်ဟာ အလေးလံ၊ အပင်ပန်းဆုံးပါ။ ကိလေသာဝန်ထုပ်ဝန်ပိုးဟာ အမျိုးအစားအားဖြင့် (၁ဝ)ပါးတည်းဖြစ်ပေမယ့် စုစုပေါင်း အလေးချိန်ဟာ တန်ချိန်(၁၅ဝဝ)အထိရှိပါတယ်။

ဒီလောက်ကြီးမားလေးလံတဲ့ ဝန်ထုပ်ကြီးကို ထမ်းပိုးပြီး သံသရာစက်ဝန်းမှာ ကရွတ်ကင်းလျှောက်သလို သွားနေရတာဟာ "ဝဋ်ဆင်းရဲ"ပါပဲ။ ဒီလိုဝဋ်ဆင်းရဲမှာ အာဂပုထုဇဉ် (ဝါ) အန္ဓပုထုဇဉ်တွေပဲ ပျော်ပိုက်မွေ့လျော်နိုင်ကြပါတယ်။ ကလျာဏပုထုဇဉ်တွေကတော့ သံသရာစက်ဝန်းက လွတ်ကင်းစေရန် ရည်သည်ပြီး နိဗ္ဗာန်ရောက်အောင် အားထုတ်ကြပါတယ်။ နိဗ္ဗာန်ရောက်အောင် အားထုတ်တယ်ဆိုတာ ကိလေသာဝန်ထုပ်ဝန်ပိုးကို အဆင့်ဆင့်ဖြုတ်ချ စွန့်ပစ်နိုင်အောင် ကြိုးစားတာပါပဲ။

    မဂ်ဉာဏ်(၄)ပါးနဲ့ အဆင့်ဆင့် ဖြုတ်ချစွန့်ပစ်လို့ နောက်ဆုံး ရဟန္တာဖြစ်တဲ့အခါ ဘဝသံသရာတစ်လျှောက်လုံးက ထမ်းပိုးလာခဲ့ရတဲ့ ဒီကိလေသာ ဝန်ထုပ်ကြီးဟာ အကုန်လုံးစွန့်ပစ်ပြီး ဖြစ်တော့တာပဲ။ အဲဒီအခါကျမှ လူသားတွေဟာ "ဝိမုတ္တိသုခ"လို့ခေါ်တဲ့ အတုမဲ့ လွတ်မြောက်ငြိမ်း အေးမှုချမ်းသာကို ခံစားကြရပါတယ်။

    တကယ်ဆို အန္ဓပုထုဇဉ်တွေကို ဒီလောက်ကြီးမားလေးလံတဲ့ ကိလေသာဝန်ထုပ်ကြီးကို သံသရာတစ်လျှောက်လုံး မိုက်မိုက်ကန်းကန်း ထမ်းပိုးသွားနိုင်အောင် သွေးထိုးမြှောက်ပင့်ပေးတဲ့သူတွေက "တဏှာ၊ မာန၊ ဒိဋ္ဌိ"ရယ်ပါ။ သံသရာနယ်ချဲ့ ကိုလိုနီလက်ဟောင်းတွေပါ။ "သုံးယောက်ပေါင်းလောင်းကျော်" ဆိုပေမယ့် သူတို့(၃)ဦးထဲမှာ "ဒိဋ္ဌိ"ဟာ အဆိုးဆုံး၊ ဇာတ်အရှုပ်ဆုံးဖြစ်ပါတယ်။

   သတ္တဝါတွေကို အမြင်မှား၊ အတွေးမှား၊ ဆုံးဖြတ်ချက်မှားတွေချမှတ်စေပြီး အပြုအမူအမှားတွေနဲ့ အမှားသံသရာလည်အောင် လုပ်ဆောင်ပေး နေတာဟာ "ဒိဋ္ဌိ"ရဲ့ ပင်ကိုယ်စရိုက်ပါ။ အဲဒီမိစ္ဆာဒိဋ္ဌိဟာ ဒသဂီရိဘီလူးလို ဦးခေါင်းပေါင်း(၆၂)လုံးနဲ့ သတ္တဝါတွေကို ဖမ်းစားတတ်ပါတယ်။ ဒါကြောင့်မို့ လူတွေဟာ ဘုရားရှိခိုးတိုင်း "မိစ္ဆာဒိဋ္ဌိ(၆၂)ပါးတို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းရပါလို၏"လို့ ဆုတောင်းနေကြရတယ်။ ဒါပေမယ့် ဆုတောင်းနေရုံနဲ့တော့ သူ့လက်ကလွတ်ဖို့ မမြင်ပါဘူး။

     နောက်ပြီး ဒိဋ္ဌိတရားဆိုးရဲ့လက်တံတွေက အင်မတန်ရှည်ပါတယ်။ သူနဲ့ထိမိငြိမိတဲ့သူတွေဟာ သူ့လက်က လွတ်အောင်ရုန်းနိုင်ခဲပါတယ်။ ဒါကြောင့် ဒီမိစ္ဆာဒိဋ္ဌိတရားတွေဟာ ပိုက်ကွန်တွေနဲ့တူပါတယ်လို့ ပိဋကစာပေမှာ ဥပမာပေးထားပါတယ်။ ဒီပိုက်ကွန်ကြီးကလည်း ကမ္ဘာကုန် ကျယ်သရွေ့ ကြီးမားတာမို့ သူ့စက်ကွင်းက မလွတ်ကင်းနိုင်ဘဲ ပျက်စီးကြရတာပဲ များပါတယ်။

ဒါကြောင့်မို့ ဗုဒ္ဓမြတ်စွာကိုယ်တော်တိုင်က "ချစ်သားတို့၊ ရင်ဝလှံစူး၊ ဦးခေါင်းမီးလောင်နေရင်တောင်မှ ဒီဒိဋ္ဌိတရားဆိုးကို ပယ်သတ်နိုင်အောင် အရင်ဆုံးကြိုးစားကြ။ ပကတိလှံစူး၊ ပကတိမီး အလောင်ခံရရင် တစ်ဘဝ၊ တစ်ခန္ဓာသာ သေနိုင်တယ်။ ဒီဒိဋ္ဌိတရားဆိုးတည်းဟူသော လှံစူးလို့၊ မီးအလောင်ခံရရင် ဘဝသံသရာ ခန္ဓာအဆက်ဆက် သေရမယ်"လို့ သတိပေး မိန့်ကြားတော်မူခဲ့ရပါတယ်။

တကယ်တော့ ဒိဋ္ဌိဆိုတာ မှန်မကြည့်တတ်တဲ့ လူဖျင်းလူအနဲ့ တူပါတယ်။ ဒီအကြောင်းနဲ့စပ်ပြီး ဓမ္မပုံပြင်တစ်ပုဒ်ကို ပြောပြချင်ပါတယ်။

အငြင်းပွားရတဲ့မှန်တစ်ချပ်

တစ်ခါတုန်းက ရွာတစ်ရွာမှာ ကိုလူအေးနဲ့ဒေါ်မွှေးလို့ အမည်ရတဲ့ ဇနီးမောင်နှံနှစ်ဦး ရှိဖူးတယ်။ ကိုလူအေးတို့နေထိုင်တဲ့ ရွာကလေးဟာ လမ်းပန်းဆက်သွယ်ရေးခက်ခဲလှတဲ့အတွက် လူသူအရောက်အပေါက် အင်မတန်နည်းတယ်။ ကိုလူအေးတို့ ရွာသူရွာသားတွေကလည်း တခြားမြို့ ရွာတွေကို ရောက်ဖူတဲ့သူရှားသတဲ့။

အဲဒီတော့ နဂိုက ရိုးသားအေးဆေးလှတဲ့ ကိုလူအေးတို့ရွာသားတွေဟာ အကြားအမြင်ဗဟုသုတ နည်းပါးကြတော့ လူရိုးလူအတွေဖြစ်ကုန်တာပေါ့။ ကိုလူအေးက ဘယ်လောက်အသလဲဆိုရင် တစ်ခါက မြို့ကို နွားရောင်းသွားတဲ့အခါ လမ်းမှာတွေ့ရတဲ့ လူလည်တစ်ယောက်က သူထမ်းလာတဲ့ "ကျောက်ဖရုံသီး"ကြီးကို "ဆင်ဥ"လို့ လိမ်ညာပြီး ကိုလူအေးရဲ့နွားနဲ့ လဲယူသွားတာခံရဖူးသတဲ့။

ကိုလူအေးရဲ့ဇနီး ဒေါ်မွှေးကလည်း ကိုလူအေးနည်းတူ ရိုးအတာပါပဲ။ တစ်နေ့တော့ ကိုလူအေးဟာ တောထဲကို လယ်ထွန်သွားရင်းနဲ့ မှန်ဝိုင်းလေးတစ်ချပ်ကို လမ်းဘေးက ကောက်ရသတဲ့။ သူကတော့ မှန်ရယ်လို့ မမြင်ဖူးတော့ မသိပါဘူး။ ဒါပေမယ့် မှန်ဝိုင်းလေးကို ကောက်ယူကြည့်တဲ့အခါ မှန်ထဲမှာ ယောင်တစ်စောင်းနဲ့ ယောက်ျားတစ်ဦးရဲ့ မျက်နှာဝိုင်းဝိုင်းကြီးတစ်ခု ပေါ်လာနေတာကို မြင်လိုက်ရတာမို့ "ဟာ၊ ဒါ သေသွားတဲ့ ငါ့ဘကြီးပဲ"ဆိုပြီး အိမ်ကိုယူလာခဲ့တာပေါ့။ အိမ်ရောက်တဲ့အခါ သူ့အင်္ကျီတွေထည့်တဲ့ ထန်းခေါက်ဖာကလေးထဲမှာ မှန်ဝိုင်းလေးကို သိမ်းထားလိုက်တယ်။ ကိုလူအေးက သူ့ဘကြီးကို သတိရတိုင်း ထန်းခေါက်ဖာကလေးကိုဖွင့်ပြီး မှန်ဝိုင်းလေးကို မကြာခဏကြည့်သတဲ့။

    အဲဒါကို ဒေါ်မွှေးက တွေ့သွားတော့ "ကိုလူအေးဟာ ဒီထန်းခေါက်ဖာကလေးကို ဘာကြောင့် ခဏခဏဖွင့်ကြည့်နေရတာလဲ"လို့ သိချင်လာသတဲ့။ တစ်နေ့ ကိုလူအေး တောကို လယ်ထွန်သွားနေတုန်း ဒေါ်မွှေးဟာ ကိုလူအေးရဲ့ထန်းခေါက်ဖာကလေးကို ဖွင့်ကြည့်တာပေါ့။ ဒီအခါမှာ ထန်းခေါက်ဖာထဲက မှန်ဝိုင်းကလေးကို တွေ့သွားတာပေါ့။ ဒီမှန်ဝိုင်းကလေးကို ကြည့်မိတယ်ဆိုရင်ပဲ ဒေါ်မွှေးဟာ တခါတည်း မျက်နှာကြီးနီရဲ လာပြီးတော့ စိတ်တွေဆိုး၊ ဒေါသတွေထွက်သတဲ့။ မှန်ထဲမှာပေါ်နေတဲ့ ပုံရိပ်ကိုကြည့်ပြီးတော့ "ဟင် လက်စသတ်တော့ ကိုလူအေးဟာ သူ့မယား ငယ်ပုံကို ခဏခဏ ခိုးကြည့်နေတာကိုး၊ ဒီလောက်ဖောက်ပြန်ချင်တဲ့သူ တောကပြန်လာမှ တွေ့မယ်"လို့လည်း ကြိမ်းဝါးလိုက်သေးတယ်။

    ဒါနဲ့ ညနေရောက်တဲ့အခါ ကိုလူအေးလည်း လယ်ထွန်ရာက ပြန်လာခဲ့တယ်။ အိမ်ရောက်တယ်ဆိုရင်ပဲ ဒေါ်မွှေးက ဆီးကြိုပြီး ရန်တွေ့တော့တာပဲ။ "ဒီမယ်ကိုလူအေး၊ ရှင်လုပ်ပုံကောင်းသေးရဲ့လား၊ မယားကြီးတစ်ယောက်လုံး အိမ်ပေါ်မှာရှိနေပါလျက်နဲ့ မယားငယ်ပုံကို ခိုးကြည့်တာ ရှင်မရှက်ဘူးလား"တဲ့။

ဒီအခါ ကိုလူအေးက "ဟဲ့ မယ်မွှေး၊ နင်စိတ်မှကောင်းသေးရဲ့လား၊ အပတွေ စုန်းတွေ မှီလာသလား၊ ပြောစမ်းပါဦး၊ ဘယ်က မယားငယ်လဲ"ဆိုတော့ ဒေါ်မွှေးက ကိုလူအေးရဲ့ ထန်းခေါက်ဖာကလေးထဲက မှန်ဝိုင်းကလေးကို ယူလာပြီးပြတယ်။ ပါးစပ်ကလည်း "ကြည့်စမ်းပါဦး၊ ဒီပုံဟာ ရှင့်မယားငယ်ရဲ့ပုံ မဟုတ်လား၊ ဘီးဆံပတ်ကြီးနဲ့ လှမှလှ"လို့ ပြောသတဲ့။

ဒီအခါ ကိုလူအေးက "မယ်မွှေးကလည်း မဟုတ်ကဟုတ်က ပြောရော့မယ်၊ အဲဒါ ဘယ်ကလာ ငါ့မယားငယ်ပုံ ဟုတ်ရမှာလဲ။ အဲဒါ သေသွားတဲ့ငါ့ဘကြီးပုံဟဲ့၊ လာကြည့်စမ်းပါဦး၊ ယောင်တစ်စောင်းကြီးနဲ့ ဘယ်လောက်ခန့်သလဲ" လို့ ပြောပါတယ်။ ဒီလိုနဲ့ မှန်ဝိုင်းကလေးတစ်ချပ်ကို ဒေါ်မွှေးကယူကြည့်ပြီး "ကိုလူအေးရဲ့မယားငယ်ပုံ" လို့ပြောလိုက်၊ တစ်ခါ ကိုလူအေးက ယူကြည့်ပြီး "ဒါ ငါ့ဘကြီးရဲ့ပုံ" လို့ပြောလိုက်နဲ့ ငြင်းခုံလို့ မပြီးနိုင်ဘူးဖြစ်နေတယ်။

အဲဒါ နောက်ဆုံးတော့ ရွာဦးကျောင်းဆရာတော်ရဲ့ အဆုံးအဖြတ်ကိုပဲ ခံယူမယ်ဆိုပြီးတော့ ကိုလူအေးရော ဒေါ်မွှေးပါ ရွာဦးဘုန်းတော်ကြီးကျောင်းကို ရောက်သွားကြသတဲ့။ ဆရာတော်က "ဟဲ့ လူအေးတို့ မိမွှေးတို့၊ ဘာဖြစ်လာကြသလဲ၊ လျှောက်ကြစမ်း" လို့လည်း မေးလိုက်ရော ကိုလူအေးနဲ့ ဒေါ်မွှေးတို့ဟာ မှန်ဝိုင်းကလေးကိုကိုင်ပြပြီး စောစောကလိုပဲ သူတစ်မျိုးငါတစ်ဖုံ ငြင်းခုံလျှောက်ထားကြသတဲ့။

အဲဒါနဲ့ ဆရာတော်က "ကဲ ဒီလောက်ဖြစ်လှတာ၊ ဘယ်မလဲ ဒီဥစ္စာ ငါ့ကိုပြစမ်း" လို့ မိန့်တော်လူလိုက်ပါတယ်။ အဲဒီအခါ ကိုလူအေးက မှန်ဝိုင်းကလေးကို ရွာဦးကျောင်းဆရာတော်ရဲ့ လက်ထဲကို ဆက်ကပ်ပေးလိုက်တယ်။ မှန်ဝိုင်းကလေးကို စူးစိုက်ကြည့်ရင်းနဲ့ ဆရာတော်ရဲ့ မျက်နှာတော်ဟာ ပြုံးရွှင်လာပြီး "ဟဲ့ လူအေးတို့ မိမွှေးတို့၊ နင်တို့တယ်မိုက်လုံးကြီးကြပါလား၊ ဒါဟာ လူအေးရဲ့ ဘကြီးပုံလည်းမဟုတ်၊ မယားငယ်ပုံလည်းမဟုတ်ပါဘူး၊ ပျံလွန်တော်မူသွားတဲ့ ငါတို့ဆရာတော်ဘုရားကြီးရဲ့ ပုံတော်ဟဲ့၊ ဒီဟာကို ငါ့ကျောင်းမှာပဲထားခဲ့ပေတော့။ ကဲ.. ကဲ မင်းတို့လည်း အေးအေးဆေးဆေး အိမ်ပြန်ကြ" လို့ မိန့်တော်မူလိုက်သတဲ့။

ဒီပုံပြင်လေးဟာ ရယ်စရာကောင်းပေမယ့် ရယ်စရာကောင်းပေမယ့် သတ္တဝါတွေရဲ့သန္တာန်မှာ ဒိဋ္ဌိတရားဖြစ်နေပုံနဲ့တော့ ထပ်တူထပ်မျှပါပဲ။ ဘဝမှာ ဖြစ်တည်နေတာတွေကိုကြည့်တတ်ရင် "သူ၊ ငါ၊ ပုဂ္ဂိုလ်၊ သတ္တဝါ၊ ယောက်ျား၊ မိန်းမ၊ မောင်ဖြူ၊ မနီ" ဆိုတာတွေဟာ တစ်ခုမျှမရှိဘူး။

တကယ်ရှိတာတွေက ကံ-စိတ်-ဥတု-အာဟာရဆိုတဲ့ ဘဝရဲ့ အခြေခံအကြောင်းတရားတွေ စုပေါင်းလောင်ကျွမ်းစီးဆင်းနေလို့ "ဆီမီးတောက်လို၊ မြစ်ကြောင်းကြီးလို" အစဉ်အဆက်ဖြစ်ပေါ်နေတဲ့ ပရမတ္တတရားတေါရဲ့ အရိပ်(ရုပ်၊ နာမ်) အလျဉ်ပဲ ရှိတာပါ။

မှန်မကြည့်ဖူးတဲ့ လူရိုးလူအ တစ်ယောက်ဟာ မှန်ထဲမှာထင်ပေါ်လာတဲ့ပုံရိပ်ကို ကိုယ့်ပုံရိပ်လို့မထင်ဘဲ "မှန်ထဲမှာ လူတစ်ယောက် တကယ်ရှိနေတယ်"လို့ ထင်တတ်ပါတယ်။ အဲဒီလိုပါပဲ၊ ဒိဋ္ဌိဟာ ထင်ရှားရှိတဲ့ ပရမတ္တတရားတွေရဲ့အရိပ် (ရုပ်၊ နာမ် ခန္ဓာအစုအဝေးကြီး)ကို (အရိပ်လို့မမြင်ဘဲ) သူ၊ ငါ၊ သတ္တဝါ၊ ယောက်ျား၊ မိန်းမလို့ အကောင်အထည်အနေနဲ့ ထင်မြင်မှတ်ယူနေတတ်ပါတယ်။

နေပူစဉ် မိုးရွာတဲ့အခါ (မိုးစက်တွေအကြား ဖြတ်သန်းလာတဲ့ နေရောင်ခြည်ကြောင့်) ဖြစ်ပေါ်လာတဲ့ မိုးကုပ်စက်ဝိုင်းပေါ်က သက်တန့်ရောင်စဉ်ကွေးကွေးကြီးကို အခိုင်အမာ ဖြစ်တည်နေတာတွေကို "ကြောင်းကျိုးဆက်၊ သဘာဝဓမ္မ၊ အနတ္တ" လို့ "ကြောင်းကျိုးပြတ်၊ ပုဂ္ဂလိကဓမ္မ၊ အတ္တ" အနေနဲ့ အတွေးမှား၊ အမြင်မှားတာပါ။

အဲဒီ အတွေါ်မှား၊ အမြင်မှားကနေ ဆုံးဖြတ်ချက်အမှားတွေကို ချမှတ်စေပြီး သူ၊ ငါ ခွဲခြားသတ်မှတ်မှု၊ ဘက်လိုက်မှု၊ မတရားမှုတေါကိုပါ ဆက်တိုက်ဖြစ်ပေါ်စေတော့တာပါ။ တကယ်တော့ ဒုစရိုက်အားလုံးဟာ ဒိဋ္ဌိကိုအခြေခံပြီးတော့မှ ဖြစ်ပေါ်လာရတာပါ။ သတ္တဝါတွေသန္တာန်မှာ ဒိဋ္ဌိရှိနေသမျှ ဒုစရိုက်မကင်းနိုင်ပါဘူး။ ဒုစရိုက် မကင်းသေးသမျှ အပါယ်(၄)ပါးကလည်း မလွတ်မြောက်နိုင်ပါဘူး။ ဒါကြောင့် ဒိဋ္ဌိဆိုတဲ့ ဆရားဆိုးဟာ "အပါယ်မျိုးစေ့"ပါ။

ပုံပြင်ထဲက လူတွေကတော့ ပကတိမှန်အကြည့်မှားလို့ ရန်မီးတွေပွား၊ ရယ်စရာတွေဖြစ်ခဲ့ပါတယ်။ အပြင်ဘက်ကလူတွေ မိစ္ဆာဒိဋ္ဌိဆိုတဲ့ မှန်အကြည့်မှားခဲ့ရင်တော့ ဒုစရိုက်တွေပွား၊ ငိုစရာတွေဖြစ်တော့မှာပါ။ ဒီဓမ္မပုံပြင်ကလေးကို ပြောပြရတဲ့ အဓိကရည်ရွယ်ချက်က အဲဒါပါပဲ။ သတ္တဝါအားလုံး မိစ္ဆာဒိဋ္ဌိလက်က လွတ်မြောက်ကြပါစေ။

မေတ္တာများဖြင့်
(တော်ဝင်နွယ်)