Showing posts with label ဗုဒဒ္ဓ၀င်. Show all posts
Showing posts with label ဗုဒဒ္ဓ၀င်. Show all posts

Thursday, December 1, 2011

အိန္ဒိယမှ ဗုဒ္ဓဝင်ပန်းချီ

မဟာသက္ကရာဇ် ၆၈ ခု (၆၂၈ ဘီစီ) ကဆုန်လပြည့် သောကြာနေ့
ဒေဝဒဟပြည်အနီး လုမ္ပိနီဥယျာဉ်တွင် ဘုရားအလောင်း သိဒ္ဓတ္ထကို မယ်တော် မာယာဒေဝီ ဖွားတော်မူစဉ်
(ဘုရားလောင်းသည် ဖွားလျှင်ဖွားခြင်းပင် မတ်တပ်ရပ်ကာ ခြေခုနှစ်လှမ်း လှမ်းတော်မူပြီး
"ငါသည် တစ်လောကလုံးထက် မြတ်၏"
ဟု ကြုံးဝါးတော်မူသည်။ ဘုရားအလောင်းတော်နှင့်အတူ ယသော်ဓရာမင်းသမီး၊ ညီတော် အာနန္ဒာ၊ ကာဠုဒါယီ အမတ်၊ ဆန္ဒအမတ်၊ ကဏ္ဍကမြင်းတော် နှင့် ရွှေအိုးကြီးလေးလုံး စသော ဖွားဘက်တော်ခုနှစ်ဦးပါ ဖွားတော်မူသည်။)



ဖွားမြင်ပြီး ငါးရက်မြောက် ပုဏ္ဏား ခုနှစ်ယောက်အနက်မှ အငယ်ဆုံး ကောဏ္ဍညပုဏ္ဏားမှ သိဒ္ဓတ္ထမင်းသားအား ဘုရားရှင် ဧကန်စင်စစ် ဖြစ်လိမ့်မည်ဟု အလောင်းတော်မင်းသားလေး၏ လက္ခဏာကို ဖတ်ရှုဟောတော်မူစဉ်


သိဒ္ဓတ္ထမင်းသား သက်တော် ၁၆နှစ်သို့ရောက်သောအခါ ယသော်ဓရာဒေဝီနှင့် ထိမ်းမြား၍ နွေ၊ မိုး၊ ဆောင်း သုံးဥတုရာသီတွင် ရာမ္မသုဘသုရာမ္မ ခေါ်သော နန်းသုံးဆောင်၌ မောင်းမမိဿံများနှင့် စံစားစဉ်

ဂေါတမနွယ်ဖွားဖြစ်သော သိဒ္ဓတ္ထဂေါတမမင်းသား သက်တော်၂၈တွင် သူအို၊ သူနာ၊ သူသေ နှင့် ရဟန်း စသော နမိတ်ကြီးလေးပါးတွေ့စဉ်



သိဒ္ဓတ္ထမင်းသား တောမထွက်မှီ ယသော်ဓရာ နှင့် သားတော် ရာဟုလာကို မြင်တွေ့ရှုမြင်စဉ်

ဖွားဘက်တော် ဆန္ဒအမတ် ခေါ်ကာ ကဏ္ဍက မြင်းတော်ကိုစီး၍ သိဒ္ဓတ္ထမင်းသား တောထွက်စဉ်

အနော်မာသောင်ကမ်းတွင် ဆံတော်ပယ်၍ ရဟန်းအဖြစ် ခံယူစဉ်

ဘုရားအလောင်းတော် ခြောက်နှစ်ကြာမျှ ကျင့်ကြံလာသော ဒုက္ကစရိယာကျင့်စဉ်ကို စွန့်လွှတ်၍ မဇ္ဈိမပဋိပဒါ အလယ်အလတ်လမ်းစဉ် လိုက်သဖြင့် ပဉ္စဝဂ္ဂီငါးဦးတို့က စွန့်ခွာတော်မူစဉ်

ကဆုန်လပြည့်တွင် ညောင်ပင်အောက်၌ သုဇာတာသူဌေးသမီးက သားဆုပန်သော နတ်မင်းအထင်ဖြင့်
ရွှေခွက်ဖြင့် ထည့်တားသော ဃနာနို့ဆွမ်းကို ကပ်လှုစဉ်

ဃနာနိုဆွမ်းကို အနည်းငယ်မျှ ဘုဉ်းပေးပြီးသော် နေရဉ္ဇရာမြစ်ကမ်းမှ " ငါ ဘုရား ယနေ့ဖြစ်မည်မှန်ပါက ရွှေခွက်သည် ရေညာသို ဆန်ပါစေသား" ဟု အဓိဌာန်ပြု မျှောလိုက်ရာ ရွှေခွက်သည် ရေညာသို့ဆန်၍ ကမ္ဘာနှင့်ချီကာ အိပ်ပျော်နေသော ကာလနဂါးအား သွားထိမိလိုက်စဉ်
(အချို့သော ဗုဒ္ဓစာပေများတွင် ဗြဟ္မာကြီးလေးပါး လာရောက်လှုတန်းသော မြသပိတ်လေးလုံး ဆင့်ထားသော သပိတ်ဟုဆိုထားသည်။)

ကဆုန်လပြည့်နေ့ညနေတွင် ဗောဓိညောင်ပင်တွင် ဘုရားဖြစ်ရန်ကျင့်နေစဉ် မာရ်နတ်က စစ်သည်ဗိုလ်ပါအလုံးအရင်းဖြင့် လာရောက်နှောင့်ယှက်စဉ်

လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းဖြည့်ကျင့်လာသော ပါရမီတော်တို့အား မဟာပထဝီမြေကြီး သက်သေထား၍ မာရ်နတ်အားအောင်နိုင်ပြီး အာနာပါနကမ္မဌာန်း ဆက်လက်ရှုမှတ်အားထုတ်ရာ ညဥ့်ဦးယံလွန်သော် ဘဝပေါင်းများစွာ သိနိုင်သော ပုဗ္ဗေနိဝါသဥာဏ် ရတော်မူပြီး သန်းခေါင်ယံ၌ သုံးဆယ်တစ်ဘုံတွင် ဖြစ်ပျက်နေကြသော နတ်လူဗြဟ္မာ သတ္တဝါအပေါင်းတို့အား မြင်တော်မူသော ဒိဗ္ဗစက္ခုဥာဏ် ရတော်မူစဉ်

မဟာသက္ကရာဇ် ၁၀၃ ခု၊ ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ မိုးသောက်ယံတွင် ကိလေသာအပေါင်းအား ပယ်သတ်တော်မူသော အာသာဝက္ခယဥာဏ် ရပြီး အာရုဏ်တက်သည်နှင့် သုံးလောကထွဠ်ထား သဗ္ဗေညုတဘုရား အဖြစ်သို့ ရောက်တော်မူစဉ်

ဗုဒ္ဓဘုရားရှင်က ဘုရားဖြစ်မြောက်ပြီး သတ္တဌာန ခုနှစ်နေရာ လှည့်လည်တရားအားထုတ်နေချိန် ဗောဓိပင် အရှေ့မျက်နှာ ၃၂ လံအကွာရှိသော အဇပါလ ဆိတ်ကျောင်းညောင်ပင်ရင်း၌ ကာမအာရုံဖြင့် ဖြားယောင်း သွေးဆောင်ရန် ကြိုးစားကြသော မာရ်နတ်၏ သမီးတော်သုံးပါးအား တရားပြ ချွတ်တော်မူစဉ်

မုစလိန္ဒအိုင်အနီး ကျဉ်းပင်ခြေရင်း၌ မုစလိန္ဒနဂါးမင်း အစောင့်အရှောင့်ဖြင့်
မုစလိန္ဒသတ္တာဟ ခုနှစ်ရက်စံစားတော်မူစဉ်

ဝါဆိုလပြည့် နေဝင်စအချိန်တွင် ဗုဒ္ဓသည် ပဉ္စဝဂ္ဂီငါးဦးကို ဓမ္မစကြာတရား ဟောကြားတော်မူစဉ်
(တစ်ဆယ့်ရှစ်ကုဋေသော ဗြဟ္မာတို့နှင့်အတူ အရှင်ကောဏ္ဍည သောတာပန်တည်သည်။)

ဘုရားရှင်သည် တပည့်သားသံဃာတော်များ များပြားလာပြီး ရဟန်းကျင့်ကြံနည်းတို့ကို သိရှိစေရန် အလို့ဌာ ပထမအကြိမ် သံဃာ့အစည်းအဝေးကျင်းပပြီး ထိုအစည်းအဝေးတွင် ဘုရားက
"ချစ်သားရဟန်းတို့ ရဟန်းမှန်က သူတစ်ပါးကို မညှဉ်းဆဲရ။ မကောင်းမှု မပြုအပ်ရ။ ကုသိုလ်ကောင်းမှုကိုသာ ပြုအပ်သည်။ မိမိစိတ်ကို စင်ကြယ်စွာ ထားအပ်သည်"
ဟု ဟောတော်မူစဉ်

တပေါင်းလပြည့်နေတွင် ဘုရားရှင်သည် ကပိလဝတ်ပြည်သို့ ကြွလာစဉ် သုဒ္ဓေါဒနမင်းကြီးနှင့် သာကီဝင်မင်းမျိုးတို့သည် မာန်မာနကြီး၍ ဗုဒ္ဓထက် ငယ်ရွယ်သောသူများသာ ရှိခိုးဦးကြိုကြပြီး ကြီးရင့်သောသူများက ရှိမခိုးပဲရှိနေကြသောကြောင့် ဘုရားရှင်မှ ပေါက္ခရဝဿမိုးရွာ၍ တန်ခိုးပြတော်မူစဉ်
(ပေါက္ခရဝဿမိုးဆိုသည်မှာ စိုစွတ်စေလိုသူသာ စိုစွတ်၍ မစိုစွတ်လိုသူကို မစိုစွတ်စေသောမိုး ဖြစ်သည်။)

ဘုရားရှင်သည် တုသိတာနတ်ပြည်တွင် သန္တုဿိတနတ်သား ဖြစ်တော်မူနေသော မယ်တော်မာယာအား မွေးကျေးဇူးဆပ်သောအားဖြင့် တာဝတိံသာနတ်ပြည်သို့ ကြွတော်မူပြီး ဝါတွင်းသုံးလပတ်လုံး အဘိဓမ္မာတရား ဟော်ကြားတော်မူသည်။ ဝါကျွတ်သောအခါ ဘုရားရှင် လူ့ပြည်သို့ ပြန်ကြွတော်မူသော် သိကြားမင်းက နတ်ပြည်မှ လူ့ပြည်အထိ လက်ယာ ရွှေစောင်းတန်း၊ လက်ဝဲ ငွေစောင်းတန်း၊ အလယ် ပတ္တမြားစောင်းတန်း လှေကားသုံးသွယ်ဖန်ဆင်း၍ နတ်ဗြဟ္မာတို့က ရွှေထီးတံခွန်၊ ငွေထီးတံခွန်၊ သန္တာထီးတံခွန်များဖြင့် ကိုင်ဆောင်လိုက်ပါလာကြစဉ်

သက်တော် ၈၀ဝါတော် ၄၅ ဝါအရောက်တွင် သုံးဆယ်တစ်ဘုံရှိ သတ္တဝါအပေါင်းတို့အား နိဗ္ဗာန်ရောက်ရန် အကျင့်တော်မြတ်တို့ကို နေ့ညမပြတ် ညွှန်းပြသွန်သင် ဆုံးမတော်မူခဲ့သော သုံးလူထွဠ်ထား မြတ်စွာသော ဗုဒ္ဓဘုရားရှင်သည် မဟာသက္ကရာဇ် ၁၄၈ ခု ( ဘီစီ ၅၃၄) ကဆုန်လပြည့် အင်္ဂါနေ့ ညဥ့်အရုဏ်တက်ခါနီး မိုးသောက်ယံတွင် ပရိနိဗ္ဗာန်ပြုတော်မူစဉ်

ဇာတိပုည၊ ဂုဏ်မာနဖြင့်
သံပဟုံးစုံး၊ ဖက်မဲ့ကြုံးသား
အားသုံးထောင်ထား၊ မျိုးလေးပါး၏
တက်ပွားစောင်မာန်၊ လွှားတံခွန်ကို
ပြင်းဝှန်းမုန်တိုင်း၊ ခတ်ချိုးလှိုင်သို့
ဖြတ်ပိုင်းလှဲချ၊ တတ်စွမ်းလှသား
မိဘနွယ်ပေါင်း၊ သိန်းခြောက်သောင်းလျှင်
မင်းကောင်းစဉ်ရိုး၊ ကျော်လွှံ့ဟိုးလျက်
မြေမိုးရပ်သူ၊ လူခပ်သိမ်းတို့
ညွတ်တိမ်းပူဇော်၊ ကျေးဇူးတော်လည်း
နှိုင်းဖော်တုကျွန်း၊ မြင်းမိုရ်ထွန်းသို့
ရဟန်းများထွတ်၊ သုံးလူ့နတ်ကား.........။

ရှင်မဟာရဋ္ဌသာရ၏ 'ကိုးခန်းပျို့'

ဆက်လက်ကြိုးစားပါဦးမည်။