Thursday, June 20, 2013

ရိုသေ လေးစားမှုဖြင့်သာ



6.14.14

   ရိုသေ လေးစားမှုဖြင့်သာ

အမက(၁၇)ဗဟန်း ကျောင်းမှ ရှင်သာမဏေလေးများ ဆရာတော်အား ကန်တော့နေသည်ကို မတ်လဆန်းက တွေ့ရစဉ်။
မိသားစု ထမင်းဝိုင်း ဖြစ်ပါသည်။ သားက ဟင်းခွက်မှ ဟင်းကိုခပ်ရန် ဟန်ပြင်ရင်း ဖေဖေ့ကို ဟင်းဦးချရမလား။ ဖေဖေက ဦးချတာ ကြိုက်သလား မေးခွန်းမေးသည်။ ယခင်ကလည်း ဦးချနေကျမို့ ဘာလို့ပါလိမ့် စဉ်းစားနေစဉ် သားကဆက်ပြောသည်။ တချို့က လွတ်လွတ်လပ်လပ် ကိုယ့်ဟာကိုယ် ထည့်စားပေါ့ ဦးချဖို့ မလိုပါဘူးလို့ ပြောတယ်။ သားလဲ အဲဒါကောင်းတယ်လို့ ထင်လို့ပါ ပြောပါသည်။

လုပ်သင့် မလုပ်သင့်
သားရေ ဖေဖေက ကြိုက်တာ မကြိုက်တာထက် လုပ်သင့် မလုပ်သင့်တာတွေကို အခြေပြုတဲ့ ဒဿနိကဗေဒ ပညာရပ် လေ့လာပို့ချ ပေးနေရတဲ့သူမို့  ဦးချသင့် မသင့်ကိုဘဲ စဉ်းစားဆင်ခြင် ပြောမယ်လေ။ ဦးချတယ် ဆိုတာ ဘာလဲ။ အရိုအသေပေးတဲ့ အပြုအမူ တစ်ခုပါ။

မှန်ကန်တဲ့ အရိုအသေပေးတဲ့ အပြုအမူဆိုတာ ကောင်းတဲ့ အပြုအမူပါ။ သားက အဖေကို အရိုအသေပေးတဲ့ အနေနဲ့ ဖေဖေ့ကို ဟင်းထည့်လိုက်ရမလား ဖေဖေလို့  ပြောပြီးထည့်ပေးလိုက်တာက မှန်ကန် ကောင်းမွန်တဲ့ အပြုအမူပါ။ ကောင်းမှုကုသိုလ် ပြုလိုက်တာပါပဲ။ ကောင်းမှုဆိုတော့ လုပ်သင့်တဲ့ အလုပ်ပေါ့။ ကောင်းမှုဆိုတာ ဒီလို အသေးအဖွဲလေးပဲ ဆိုပြီး မထီမဲ့မြင် မပြုအပ်ဘူး ။

 ရေတစ်စက် တစ်စက်က ရေတစ်အိုး ပြည့်သလိုပဲတဲ့။ ကောင်းမှုဆိုတာလဲ နည်းနည်းနဲ့ ပြည့်လာတာတဲ့။ မကောင်းမှုဆိုတာလဲ အသေးအဖွဲပဲဆိုပြီး မထီမဲ့မြင် မပြုအပ်ဘူး။ ရေတစ်စက် တစ်စက်က ရေတစ်အိုး ပြည့်သလိုပဲ မကောင်းမှုဆိုတာလဲ နည်းနည်းနဲ့ ပြည့်လာတာတဲ့။ ဗုဒ္ဓစာပေ တစ်ခုဖြစ်တဲ့ ဓမ္မပဒမှာ တွေ့ရတယ်။

ကောင်းမှုကို ဖြစ်စေ
ဖေဖေတို့ မြန်မာ့ယဉ်ကျေးမှုက ဗုဒ္ဓစာပေကို မြစ်ဖျားခံ စီးဆင်းနေတာပါ။ ဗုဒ္ဓစာပေမှာ ကောင်းမှုကိုဖြစ်စေတဲ့ ပုညကြိယ ဆယ်ပါးရှိတယ်။ သားရေ စာရေးကိရိယာ ဆိုတာ စာရွက်တို့၊ ခဲတံတို့၊ မင်တံတို့ လိုသလိုပဲ ပုညဆိုတဲ့ ပါဠိစကားက ကောင်းမှုလို့ အဓိပ္ပာယ်ရတယ်။ ပုညကြိယဆိုတာ ကောင်းမှုဖြစ်ဖို့ ပြုလုပ်ရတဲ့ အပြုအမူတွေပေါ့။

ပရဟိတ
ဖေဖေတို့ အများနားရည်ဝနေတဲ့ အပြုအမူဖြစ်တဲ့ (ဒါန၊ သီလ၊ ဘာဝနာ) တွေလုပ်ရင် ကောင်းတဲ့အပြုအမူ ဖြစ်တယ်ဆိုတာ အဲဒီ ဆယ်ပါးထဲမှာပါတဲ့ သုံးပါးပေါ့။ အဲဒီ သုံးခုအပြင် စောစောကပြောတဲ့ ရိုသေလေးစားမှု (အပစာယန) ကုသိုလ်ကောင်းမှုလဲ အဲဒီ ဆယ်ပါးထဲမှာ ပါတယ်။ ပြီးတော့ သူတစ်ပါး အကျိုးကို ဆောင်ရွက်နေတဲ့ (ဝေယျာဝစ္စ) ကောင်းမှုဆိုတာလဲ ပါတယ်။ သူတစ်ပါးကောင်းမှု လုပ်နေတာကို ၀ိုင်းဝန်းကူညီ ပေးတာတွေ။ နိုင်ငံတကာက လူမှုရေးလုပ်ငန်းတွေ၊ ပရဟိတ လုပ်ငန်းတွေ၊ ဦးကျော်သူတို့ရဲ့ နာရေးကူညီမှု လုပ်ငန်းတွေဟာ သူတစ်ပါး အကျိုးဆောင်နေတဲ့ ကောင်းမှုတွေပဲပေါ့။

ဖြောင့်မတ်မှန်ကန်တဲ့ အသိဉာဏ် အမြင်
ကိုယ်ပြုတဲ့ ကောင်းမှုကို ခွဲဝေအမျှဝေတဲ့ အပြုအမူ၊(ပတ္တိဒါန)နဲ့ သူတစ်ပါးက ကောင်းမှုမျှဝေရင်လည်း ၀မ်းမြောက်ဝမ်းသာနှင့် ချီးမွမ်းဂုဏ်ပြု သာဓုခေါ်တဲ့ အပြုအမူ၊ (ပတ္တာ နုမောဒန) ဆိုတာလဲပါတယ်။ ပြီးတော့ အချိန်အခါ အားလျော်စွာ တရားနာတဲ့ ကောင်းမှု (ဓမ္မဿဝန)နဲ့ အချိန်အခါ အားလျော်စွာ တရားဟောတဲ့ ကောင်းမှု (ဓမ္မဒေသနာ) ဆိုတာလဲ ပါတယ်။ နောက်ဆုံး တစ်ဆယ်ကတော့ ဖြောင့်မတ်မှန်ကန်တဲ့ အသိဥာဏ်အမြင်နဲ့ ဆောင်ရွက်တဲ့(ဒိဋ္ဌိဇုကမ္မ) ဆိုတာတွေဟာ ကောင်းမှုတွေ ဖြစ်စေပါတယ်။ ဒီဆယ်ခုကို တစ်ခုခြင်း စဉ်းစားကြည့်ရင်လည်း စိတ်ဝင်စားစရာပါပဲဟု သားကို ပြောပြမိပါသည်။

ယဉ်ကျေးမူတစ်ခုသာမက
သားဦးချပေးသော ထမင်းဟင်းများကို စားရင်း မိသားစု စကားဝိုင်းလေးသည် ကြည်နူးစရာ ဖြစ်ပါသည်။ သားက ဂျပန်နိုင်ငံ ဟီတာချီကုမ္ပဏီမှာ ကွန်ပျူတာပရိုဂရမ် အင်ဂျင်နီယာ အလုပ်လုပ်နေသူ ဖြစ်သည်။ နွေဦးပေါက် ရုံးပိတ်ရက် အားလပ်ရက်ရ၍ မြန်မာပြည် ခဏပြန်လာခိုက် ဖြစ်ပါသည်။ သို့ဖြစ်၍ ဂျပန်လူမျိုးတွေ အချင်းချင်း အရိုအသေပေး ခါးညွတ်ခြင်းသည်လည်း ယဉ်ကျေးမူ တစ်ခုသာမက ကောင်းမှုကုသိုလ်လည်း ဖြစ်နိုင်ကြောင်း သားကို ပြောပြပါသည်။


ဗုဒ္ဓစာပေတွင် ဂါရ၀ပြုခြင်းသည် မင်္ဂလာဟု ဆိုပါသည်။ ဂါရ၀သည် ရိုသေလေးစားခြင်း ဖြစ်သည်။ မင်္ဂလာဟူသည် မကောင်းမှုကို ဖျက်ဆီးခြင်း၊ ကောင်းကျိုးပြည့်စုံခြင်း ဖြစ်ပါသည်။ ရိုသေလေးစားခြင်းတွင် အတ္တဂါရ၀ မိမိကိုယ်ကို လေးစားခြင်းနှင့် ပရဂါရ၀ တစ်ပါးသူအား လေးစားခြင်း ရှိအပ်ပါသည်။ သို့ဖြစ်၍ တစ်ဦးကိုတစ်ဦး အပြန်အလှန် ရိုသေလေးစားမှုဖြင့်သာ မကောင်းမှုကို ရှောင်နိုင်မည်...


ပုဂ္ဂိုလ် မခွဲခြားဘဲ
ကောင်းမှုကို မည်သည့်လူမျိုး မည်သည့်ဘာသာဝင်က ပြုသည်ဖြစ်စေ ကောင်းမှုသာ ဖြစ်ပါသည်။ ထို့အတူ မကောင်းမှုကိုလည်း မည်သည့်လူမျိုး မည်သည့်ဘာသာဝင်က ပြုသည်ဖြစ်စေ မကောင်းမှုသာ ဖြစ်ပါသည်။ ကောင်းမှု မကောင်းမှုကို ဖြစ်စေသော စိတ်များအကြောင်း လေ့လာနိုင်သည့် ဗုဒ္ဓစာပေ အဘိဓမ္မာ တရားသည် ပုဂ္ဂိုလ်မခွဲခြားဘဲ ဟောကြားထားသော တရားဖြစ်ကြောင်း သားကို ပြောပြပါသည်။ သားက ဖေဖေ အဲဒါတွေကို ဆောင်းပါးရေးသင့်တယ်။ သားတို့လူငယ်တွေ သိရတာပေါ့ဟု ပြောပါသည်။ အမိ မြန်မာနိုင်ငံ၏ အတိတ်အမွေအနှစ် တစ်ခုဖြစ်သော ဗုဒ္ဓစာပေမှ အနာဂတ်ရှိသော လူငယ်များ စဉ်းစားဆင်ခြင်နိုင်စေဖို့ ရည်ရွယ်ရေးသားရန် ကြံဆအားထုတ် သင့်သည်ဟု စဉ်းစားမိပါသည်။

ပြုတတ်သူ အတွက်
ကောင်းမှုဟူသည် ပြုတတ်သူအတွက် သာမန်ကိစ္စလေးများကပင် ကောင်းမှုဖြစ်စေသည်။ ထို့အတူ မပြုတတ်သူအတွက် သာမန်ကိစ္စလေးများကလည်း မကောင်းမှု ဖြစ်စေပါသည်။ သားက ဆောင်းပါးရေးဖို့ ပြော၍ စာရေးရန် စဉ်းစားမိပါသည်။ သားအလုပ် လုပ်နေသော ဂျပန်နိုင်ငံ အကြောင်းကိုလည်း စဉ်းစားမိပါသည်။ ဂျပန်တို့သည် ယာဉ်စည်းကမ်း လမ်းစည်းကမ်းကို ရိုသေလေးစားတတ်သူများ ဖြစ်ကြသည်။ တာဝန်ရှိသူတို့ကလည်း အများပြည်သူများအား လေးစားလျက် လမ်းပန်းဆက်သွယ်ရေး ပြည်သူ့ဝန်ဆောင်မှုများကို အဆင်ပြေ ကောင်းမွန်စွာ ဆောင်ရွက်ပေးတတ် ကြပါသည်။

ရိုသေ လေးစားမှုသည်
ရိုသေလေးစားမှုသည် ကောင်းသော အပြုအမူ ကောင်းမှုဖြစ်သည်ဟု ယူဆပါက ဂျပန်တို့သည် နေ့စဉ်ကောင်းမှုများစွာ ပြုလေ့ရှိသော အဖွဲ့အစည်းတစ်ခု ဖြစ်သည်ဟု ဆိုနိုင်မည် ဖြစ်ပါသည်။
၂၀၀၂-၂၀၀၃ ဂျပန်ဖောင်ဒေးရှင်း သုတေသီအဖြစ် ဂျပန်နိုင်ငံ ကျိုတိုတက္ကသိုလ်တွင် ဆောင်ရွက်စဉ်က တွေ့ကြုံခဲ့ရပုံများကို သတိရမိပါသည်။ တစ်ချိန်တစ်ခါက ဖက်ဆစ်ဂျပန်အဖြစ် နာမည်ဆိုးခဲ့သော နိုင်ငံတစ်နိုင်ငံ ပြောင်းလဲသွားသည့် ကောင်းမွန်သော အပြုအမူများကို တွေ့မြင်ခဲ့ရပါသည်။ ဘတ်စ်ကား မှတ်တိုင်တွင် ရေးထားသော အချိန်အတိုင်း အတိအကျ ရောက်လာသော ဘတ်စ်ကားများကို တွေ့ခဲ့ရပါသည်။

ဘတ်စ်ကားမှတ်တိုင်တွင် တစ်စီးထွက်မှ နောက်တစ်စီး ၀င်ပုံများကို တွေ့ခဲ့ရပါသည်။ ဘတ်စ်ကားပေါ်သို့ တန်းစီတက်နေသူများကိုလည်း တွေ့ခဲ့ရပါသည်။ စပယ်ယာမပါဘဲ ယာဉ်စီးခများကို ယာဉ်မောင်းသူဘေးရှိ စက်ထဲသို့ ထည့်ပြီးမှ ကားပေါ်က ဆင်းကြပါသည်။ ယင်းစက်သည် အကြွေလဲ၍လည်း ရပါသည်။ ယာဉ်မောင်းသူက ခရီးသည်များ ဆင်းတိုင်း ကျေးဇူးတင်စကား ပြောသံများ ကြားခဲ့ရပါသည်။ ထို့ပြင် လူကူးမျဉ်းကျား များတွင်လည်း ဣနြေ္ဒရရ ကူးဖြတ်နေသူများကို တွေ့ခဲ့ရပါသည်။

အရိုအသေပေးပြီးမှ
ဂျပန်နိုင်ငံတွင် အမြန်ယာဉ် ကျည်ဆန် မီးရထား စီးသောအခါဖြစ်စေ ရိုးရိုးရထား ဖြစ်စေ လမ်းတွင် လက်မှတ်စစ် တက်လာသောအခါ ရှေးဦးစွာ ခရီးသည်များကို ဦးညွှတ် အရိုအသေ ပေးပါသည်။ လက်မှတ်စစ် ပါမည်ဟု ခွင့်တောင်းခံပါသည်။ လက်မှတ် စစ်ပြီး၍ နောက်တစ်တွဲကူးခါနီး ခရီးသည်များအား တစ်ဖန်ဦးညွှတ် အရိုအသေပေး၍ ကျေးဇူးတင်စကား ပြောပြီးမှ ထွက်ခွာသွားပါသည်။ အမြန်ယာဉ် ကျည်ဆန်မီးရထားပေါ်မှာ တွန်းလှည်းကလေးနဲ့  အစားအသောက် လိုက်ရောင်းသော ရထားဝန်ထမ်း ဂျပန်မလေးများလည်း ထို့အတူ ခရီးသည်များကို အရိုအသေပေးပြီးမှ ရောင်းသည်။ ခရီးသည်များကို အရိုအသေပေးပြီးမှ ပြန်ထွက်သွားပါသည်။

စေတနာပါမှု
ယခုအခါ မြန်မာပုဂ္ဂလိက ဘဏ်များတွင် ၀န်ထမ်းများ၏ အရိုအသေပြုမှု အလေ့အကျင့်ကို မြင်တွေ့ရသဖြင့် ကြည်နူးစရာ ဖြစ်ပါသည်။ မြန်မာ့ယဉ်ကျေးမှု ရေသောက်မြစ် တစ်ခုဖြစ်သော ဗုဒ္ဓစာပေတွင် ကောင်းမှု မကောင်းမှုကို ဖြစ်စေသော စိတ်ထားမှာ စေတနာပါမှု မပါမှုနှင့်လည်း သက်ဆိုင်သည်ဟု တွေ့ရှိရပါသည်။ စေတနာမပါဘဲ အလေ့အကျင့်အရ အရိုအသေ ပေးခြင်းသည် ကောင်းမှုဟု မဆိုနိုင်ကြောင်း ယူဆကြပါသည်။

 ထို့အတူ စေတနာမပါဘဲ အလေ့အကျင့်အရ အရိုအသေ မပေးခြင်းသည်လည်း မကောင်းမှုဟု မဆိုနိုင်ကြောင်း ယူဆကြပါသည်။ သို့သော် အရိုအသေ ပြုခြင်းသည် ကောင်းမှု ဖြစ်သည်ဟု ကြိုတင်ခံယူချက်ဖြင့် အလေ့အကျင့် ကောင်းသူတို့၏ အလေ့အကျင့်အရ အရိုအသေ ပြုခြင်းမှာမူ ကောင်းမှုဖြစ်သည်ဟု ဆိုနိုင်ပေမည်။


တစ်ဖန် ဗုဒ္ဓစာပေတွင် ဂါရ၀ပြုခြင်းသည် မင်္ဂလာဟု ဆိုပါသည်။ ဂါရ၀သည် ရိုသေလေးစားခြင်း ဖြစ်သည်။ မင်္ဂလာဟူသည် မကောင်းမှုကို ဖျက်ဆီးခြင်း၊ ကောင်းကျိုးပြည့်စုံခြင်း ဖြစ်ပါသည်။ ရိုသေလေးစားခြင်းတွင် အတ္တဂါရ၀ မိမိကိုယ်ကို လေးစားခြင်းနှင့် ပရဂါရ၀ တစ်ပါးသူအား လေးစားခြင်း ရှိအပ်ပါသည်။ သို့ဖြစ်၍ တစ်ဦးကိုတစ်ဦး အပြန်အလှန် ရိုသေလေးစားမှုဖြင့်သာ မကောင်းမှုကို ရှောင်နိုင်မည်။ ကောင်းမှုကို ဖြစ်စေနိုင်မည်ဟု ဆင်ခြင်ယူဆမိပါသည်။

Written by ဆန်းထွန်းသောင်
http://www.first-11.com/