Sunday, July 8, 2012

အဆုံး၌ မရှုံးစေချင်


 အဆုံး၌ မရှုံးစေချင် 

ဘ၀၌ တစ်ခါတစ်ခါ ဘ၀နှင့်ဆိုင်သော၊ အသက်နှင့်ဆိုင်သော၊ ရာထူးဂုဏ်သိန် စည်းစိမ်နှင့်ဆိုင်သော အရေးကြီးကိစ္စမျိုး ပေါ်လာတတ်သည်။ ထိုအရေးကြီး ကိစ္စမျိုးကို 'သေရေးရှင်ရေး'ဟု ခေါ်ကြသည်။ ဘ၀ကို
ခွဲခြမ်းစိတ်ဖြာကြည့်လိုက် သော အခါမှာလည်း သေရေးနှင့်ရှင်ရေး နှစ်မျိုးသာ တွေ့ရသည်။ သို့သော် လူတိုင်းလိုလို၏ ခေါင်းထဲ၌ ရှင်ရေးသာရှိသည်။ သေရေးဟူ၍ မရှိ။ သေရေးကိုမေ့ထားကြသည်။ သေရေးက ကိုယ့်ရှေ့တည့်တည့် ရောက်နေသော်လည်း မမြင်ချင်ယောင်၊ မသိချင်ယောင် ဆောင်နေကြသည်။

လယ်သမားသည် မြေယာကို အငှားနှင့်လုပ်ရသည်။ ရေမြေပိုင်သ ရေမြေ့သနင်း ပြည့်ရှင်မင်းက ရှိသည်။ အိမ်ရာမြေကို အငှားစာချုပ်နှင့် နေကြရသည်။ နှစ် ၆၀ ဂရမ်၊ နှစ် ၈၀ ဂရမ်ဟူ၍ ငှားထားကြသည်။ တယ်လီဖုန်းကိုလည်း အငှားစာချုပ် နှင့် ကိုင်နေကြရခြင်း ဖြစ်သည်။ တကယ်တော့ ကိုယ်ပိုင်တာ ဘာများရှိပါသနည်း၊ အားလုံးက အငှားတွေချည်း ဖြစ်သည်။ မိမိတို့ ခန္ဓာကလည်း သေမင်းဆီက ငှားရမ်းထားသော အငှားခန္ဓာသာ ဖြစ်သည်။ နှစ် ၆၀ ဂရမ်၊ နှစ် ၈၀ ဂရမ် စသည်ဖြင့် ငှားရမ်းထားကြရသည်။ ဂရမ်သက်တမ်းကုန်လျှင် သေမင်းက သူ့ခန္ဓာကို သူပြန်လည် သိမ်းဆည်းသွားလိမ့်မည်။ သေရေး ရှင်ရေးမှာ ရှင်ရေးက ဘာမျှမရေရာ မသေချာ၊ သေရေးကတော့ သေချာသည်။ နေရေးနှင့်သေရေးမှာ နေရေးက လုံးဝမသေချာ၊ သေရေးကတော့ သေချာ ရေရာသည်။

မိမိတို့ဘ၀သည် တိုတောင်းလှသည့် အကန့်အသတ်လေး အတွင်းမှာ နေနေကြရသည်။ နောက်ထုတ် ဂျာနယ်တစ်စောင်မှာ အသက် ၉၀ ကျော် ထင်ရှားသည့် ပုဂ္ဂိုလ်ကြီးတစ်ဦးက ''ဘ၀ဆိုတာ တိုတောင်းလှပါတကား''တဲ့။ ''သမုဒ္ဒရာ ရေမျက်နှာ ထက် ခဏတက်သည့် ရေပွက်ပမာ ဘ၀တာ''ဆိုသည့် စာဆိုကို အခု လက်တွေ့ယုံသွားပြီတဲ့။ ''အနိစ္စ တရားဆိုတာ အရင်က ကြားဖူး၊ နာဖူး၊ ဖတ်ဖူးရုံသာ ရှိတာ။ အခု မျက်မြင်လက်တွေ့ သဘောပေါက်သွားပြီ''တဲ့။


ဆရာဇော်ဂျီက 'သစ္စာအရောင်၊ ဉာဏ်တန်ဆောင်းလည်း၊ ပြောင်လျက်ဝင်းလျက် ကျန်စေသတည်း'ဟု ဆိုခဲ့သည်။ မိမိတို့ဘ၀ အဆုံး၌ မရှုံးစေဖို့ အဓိကအချက်က
ထိုနှစ်ချက်သာ ဖြစ်သည်။ မိမိတို့သစ္စာ အရောင်ကျန်ခဲ့ရမည်။ ဉာဏ်တန်ဆောင်း
ကျန်ခဲ့ရမည် . . .


သူ့စိတ်ထဲမှာ ''နှစ်ပေါင်း ၉၀ ဆိုတာ ခဏလေးပါလား''၊ ''သမုဒ္ဒရာ ရေမျက်နှာထက် ခဏတက်သည့် ရေပွက်ပမာ တစ်သက်လျာတည်းဆိုတာ တကယ် မှန်ပါလား''၊ ''အနိစ္စ အမြဲမရှိ အရှိမမြဲဆိုတာ တကယ် အဟုတ်ပါလား' ဟု ခံစားမိပုံ သံဝေဂရပုံ၊ သင်ခန်းစာရပုံ ပေါ်သည်။
ဘုရားက ''ငါသည် အိုရ၊ နာရ သေရဦးမှာတကား။ ငါသည် အိုခြင်း သဘော၊ နာခြင်းသဘော၊ သေခြင်း သဘောတို့ကို မလွန်ဆန်နိုင်သေးပါ တကား''ဟု နေ့စဉ်ဆင်ခြင်ကြဖို့ သူ့တပည့်သာဝက ပရိသတ်လေးပါးလုံးကို
မှာကြားခဲ့သည်။

မရဏဿတိ ဘာဝနာကို ပွားများကြဖို့၊ သေခြင်းတရားကို ဆင်ခြင် နှလုံးသွင်းဖို့၊ ဘ၀မမေ့ဖို့ အမြဲမိန့်လေ့ရှိသည်။ သို့ရာတွင် ''ငါဟာ ၂၄ နာရီအတွင်း သေသွားနိုင်တယ်''ဟု ပွားများမှုကို ''မေ့နေသေးတယ်။ နှေးကွေးသေးတယ်''ဟု ဘုရားမိန့်သည်။ ''ညမကူးခင် ဒီနေ့။ သို့မဟုတ် နေ့ဝက်အတွင်းမှာ ငါသေသွားနိုင်တယ်''ဟု ပွားများမှုကို ''မေ့နေသေးတယ်။ နှေးကွေးသေးတယ်''ဟု ဘုရားမိန့်သည်။
''တစ်ကြိမ်စားတဲ့အတွင်း၊ စားတဲ့အချိန်ထက်ဝက်မျှ အတွင်း၊ လေး ငါးလုပ်အတွင်း ငါသေသွားနိုင်တယ်''ဟု
ပွားများမှုကို ''မေ့နေသေးတယ်။ နှေးကွေးသေးတယ်''ဟု ဘုရားမိန့်သည်။ ''ထမင်းတစ်လုပ်အတွင်း၊ တစ်ရှုတစ်ရှိုက်အတွင်း ငါသေသွားနိုင်တယ်''ဟု ပွားများမှုကို ဘုရား လက်ခံသည်။ ဘုရားချီးကျူးသည်။ ထို့ကြောင့် ''မျက်စိတစ်မှိတ်၊ လျှပ်တစ်ပြက်၊ ကွေးသောလက် မဆန့်မီ၊ ဆန့်သောလက် မကွေးမီ''ဟု ဆိုကြသည်။

သေခြင်းတရားက မိမိတို့နှင့် နီးနီးကပ်ကပ်လေးမှာပဲ ရှိသည်။ ဤ ခရီးနီးသလား၊ ဤခရီးတော်တော့်ကို နီးပါသည်။ သို့သော် လူတွေက သေချာသည့် သေရေးကို အရေးမလုပ်ဘဲ မသေချာသည့် နေရေးကိုပဲ
အရေးလုပ်နေကြသည်။ သေရေးအတွက် မပြင်ဆင်ဘဲ နေရေးအတွက်သာ ပြင်ဆင်နေကြသည်။
အသက် ၉၀ ကျော် ပုဂ္ဂိုလ်ကြီး ပြောသလို ဘ၀ဆိုတာ ခဏလေး။ အချိန်တွေက ကုန်လွယ်လွန်းသည်။ နှစ် ၅၀ ဆိုတာ ခဏလေး၊ ၆၀၊ ၇၀၊ ၈၀ ဆိုတာလည်း ဘာမျှမကြာလိုက်၊ ၉၀ ကျော်မှ ''ဘ၀ဆိုတာ တိုတောင်းလှပါတကား . ..''တဲ့၊ နှစ်ပေါင်း ၉၀ ခဏလေးပဲ နေလိုက်ရသည်။ သူ့စိတ်ထဲမှာ ခဏလေးလို့ပဲ
အောင့်မေ့သည်။ အမှန်ကလည်း ခဏလေးမှ တကယ့်ခဏလေး။

နှစ်ပေါင်း ၈၀၊ ၉၀ နေဖို့ ပြင်ဆင်ရင်းနှင့် သေဖို့ပြင်ချိန် မရလိုက်။ နေဖို့လုံးပမ်းရင်းနှင့် သေဖို့အတွက် ဘာမျှမလုပ်ခဲ့။ လုပ်ရကောင်းမှန်းလည်း မသိ။ ဆင်သေစီးလိုက်သည့် ကျီးမိုက်ပမာ တစ်ဘ၀လုံး လောဘတွေ၊ ဒေါသတွေ၊ မောဟတွေ မာနတွေ၊ အတ္တတွေ၊ ဣဿာ မစ္ဆရိယတွေနှင့်ပဲ အချိန်ကုန်ခဲ့။ ဗျာဓိကနှိပ်စက်လာ ဘ၀နေ၀င် ဆည်းဆာချိန်၊ သေတွင်းနှုတ်ခမ်းဝ မေးတင်၊ သုသာန်က နီးသည်ထက်နီး၊ လပိုင်းမျှ၊ ရက်ပိုင်းမျှ၊ နာရီပိုင်းမျှ။ ခန္ဓာအိမ်ကို ငှားထားသော ပိုင်ရှင်က သူ့ခန္ဓာအိမ်ကို ပြန်ယူတော့မည်။ သူပြန်သိမ်းတော့မည်။ သူ့နာမည်က 'အန္တက' အဆုံးကို ပြုတတ်သူ၊ ဆုံးအောင်ပြုတတ်သူ။ နားလည်အောင်ပြောတော့ သေမင်း။ သေမင်း၏နာမည်က အန္တက။ အဓိပ္ပယ်က ဘ၀ကို အဆုံးသတ်သူ။ အဆုံးသတ်သမား။ ထို့ကြောင့် ဘယ်သူတော့ ဆုံးသွားပြီ။ ဘယ်သူတော့ သေဆုံးသွားပြီဟု လောက၌ ပြောကြသည်။

လူတိုင်း၏ဘ၀သည် ကလလရေကြည် ပဋိသန္ဓေက စတင်ခဲ့သည်။ နောက်ဆုံးခန္ဓာအိမ်ပိုင်ရှင် သေမင်း ရှေ့မှောက် ဒူးထောက်၍ အဆုံးသတ်ရသည်။ အသက်လည်းဆုံး၊ ဘ၀လည်းဆုံး၊ ပိုင်ဆိုင်မှုဟူသမျှ အားလုံး ဆုံးကြရသည်။ အရေးကြီးတာ တာက ဆုံးသော်လည်း မရှုံးစေဖို့ ဖြစ်သည်။ ယနေ့ခေတ်ထဲ၌ အပေါအများဆုံး အရာကား ပိုက်ဆံချေးခြင်း ဖြစ်သည်။ နီးစပ်ရာ မကင်းရာ မကင်းကြောင်း ကိုယ့်အထွာနှင့်ကိုယ်၊ သောင်းဂဏန်း၊ သိန်းဂဏန်း၊ သန်း ဂဏန်း ကူညီရ၊
ချေးကြရသည်။ 

အကြောင်းကြောင်းတွေကြောင့် ချေးသူ အများစု ပြန်မပေးနိုင်ကြ။ ချေးယူစဉ်က ရိုးရိုးသားသား၊ တစ်နေ့ ပြန်ပေးမည်ဟု စိတ်ရှိသော်လည်း နောက်ပိုင်း ပြန်မပေးနိုင်သူကသာ များသည်။ ထိုအခါ ငွေပိုင်ရှင်တို့မှာ
ဆုံးတော့သည်။ ဆုံးတာကများသည်။ ဆုံးသည့်အခါ စိတ်ထားမတတ်လျှင် အကုသိုလ်တွေပွားပြီး ရှုံးတော့သည်။ စိတ်ထားတတ်လျှင် ဆုံးရုံသာဆုံးသည်။ အရှုံးတော့မဖြစ်။

ဈေးသည်များ ဈေးရောင်းရာတွင် ရှုံးသည့်အခါ ရှုံးသည်။ မြတ်သည့်အခါ မြတ်သည်။ တစ်ခါတလေ ရှုံးလည်းမရှုံး မြတ်လည်းမမြတ်။ အရင်းအတိုင်းတော့ ပြန်ရသည်။ လူ့ဘ၀သည် ကုသိုလ်အရင်းအနှီးကြောင့် ရလာသည်။ ဘ၀ဆုံးသည့်အခါ၌ တချို့က ရှုံးသည်။ တချို့က မြတ်သည်။ တချို့က အရင်းအတိုင်း
ပြန်ရသည်။ သေရေးကို အရေးမလုပ်ဘဲ နေရေးသာအရေးလုပ်ပြီး နေရေးကိုသာ ဦးစားပေးကာ နေရေးကို ပြင်ဆင်နေသူတို့သည် မိမိတို့ အတိတ်ဘ၀က ပါလာသော ကုသိုလ်အရင်းလေး ပါသွားကာ အရင်းပြုတ်ပြီး သေရေးနှင့် ရင်ဆိုင်တွေ့သောအခါ ရှုံးတော့သည်။ လူ့ဘ၀ အရင်းတောင် ပြန်မရရှာတော့။ အပါယ်လေးပါးသို့ လားကြရသည်။ ထို့ကြောင့် ရှေးလူကြီးတွေက
'အရင်းပြုတ်မစားနှင့်'ဟု မှာခဲ့ကြသည်။ ယခုခေတ်မှာ အရင်းပြုတ်စားနေသူတွေက ခပ်များများ ဖြစ်သည်။

တချို့ကတော့ အသိတရားလေးနှင့် ကုသိုလ်လေး ပုံမှန်ပြုသည်။ ရင်းစားပြန်ရအောင်တော့ လုပ်သည်။ သူတို့သည် ဘ၀ဆုံးသောအခါ ရှုံးတော့မရှုံး။ လူ့ဘ၀အရင်းတော့ ပြန်ရသည်။ ယခုခေတ် ဈေးရောင်းရတာ
အရင်းပြန်ရဖို့တောင် မလွယ်ကူသလို ယခုခေတ် လူတွေသည် ဆုံးသောအခါ အရင်းပြန်ရဖို့တောင် ခပ် ခက်ခက်။ ဆိုလိုတာက လူပြန်ဖြစ်ဖို့တောင် ခပ် ခက်ခက်။

တချို့က နေရေးနဲ့သေရေးကို မျှ၍မြင်သည်။ မျှ၍လုပ်သည်။ နေရေးကို အရေးလုပ်သလို သေရေးကို အရေးလုပ်သည်။ သေရေးကို အရေးလုပ်သဖြင့် နေရေးကို ပြင်ဆင်သည့် အခါမှာ အကုသိုလ်တွေ မပါတော့။
အကုသိုလ်တွေ အဖြစ်မခံတော့။ သူ့ နေရေးက ဖြူစင်သည်။ သန့်ရှင်းသည်။ မြင့်သည်။ မြတ်သည်။ နေရေးကဏ္ဍ ပြီးဆုံး၍ သေရေးနှင့် ရင်ဆိုင်ရသည့် အခါမှာလည်း သူ့ဘ၀သည် လုံးဝ အရှုံးမရှိနိုင်တော့။

မိမိတို့ ကိုယ့်အလုပ်နှင့်ကိုယ် ဘ၀တွေရခဲ့ကြသည်။ ဘ၀တွေ စခဲ့ကြသည်။ သက်တမ်းကုန်၍သော် လည်းကောင်း၊ ကံကုန်၍သော် လည်းကောင်း နှစ်ခုလုံးကုန်၍သော် လည်းကောင်း အမှတ်မထင် ရုတ်တရက်
(အက်ဆီးဒင့်)ဖြင့်သော် လည်းကောင်း ဘ၀တွေ ဆုံးကြရမည်။ ဆုံးနေကြသည်။ (ယနေ့ ကမ္ဘာ့သတင်းကို နားစွင့်လိုက်၊ ဗုံးကွဲလို့သေ၊ လေယာဉ်ပျက်ကျလို့သေ၊ ရေကြီးလို့ ရေထဲမျောပါသေ၊ မြေပြိုကျလို့ မြေမျိုသေ၊ ငတ်ပြတ်ပြီးတော့ အာဟာရချို့တဲ့ ဆေးဝါးထိရောက် အောင် မကုနိုင်လို့သေ) သေခြင်းတရား၊ သေရဖို့
ကြောင်းတရားတွေ့ များလှသည်။ နီးကပ်လှသည်။ သေဖို့ ဘာမှမခက်။ သေဘေးသည် အဝေး
ကြီးမဟုတ်။ ကံကြီးလှလွန်းလို့ မသေသေးဘဲနဲ့ နေနေကြရသည်။ သို့သော် နက်ဖြန် သို့မဟုတ် ဘယ် သောအခါ ကိုယ့်အလှည့် မကြာမီ လာလိမ့်မည်။ အရေးကြီးသည်က အဆုံး၌ မရှုံးစေဖို့ ဖြစ်သည်။ အဆုံး၌ မရှုံးအောင် မည်သို့ လုပ်ဆောင်ရမည်နည်း။

ဆရာဇော်ဂျီက ''သစ္စာအရောင်၊ ဉာဏ်တန်ဆောင်းလည်း၊ ပြောင်လျက်ဝင်းလျက် ကျန်စေသတည်း''ဟု ဆိုခဲ့သည်။ မိမိတို့ ဘ၀အဆုံး၌ မရှုံးစေဖို့ အဓိကတစ်ချက်က ထိုနှစ်ချက်သာ ဖြစ်သည်။
မိမိတို့ သစ္စာအရောင် ကျန်ခဲ့ရမည်။ ဉာဏ်တန် ဆောင် ကျန်ခဲ့ရမည်။ အဆုံး၌ မရှုံးစေဖို့ သစ္စာနှင့်ပညာနှစ်ပါး အရေးတကြီး လိုအပ်သည်။ သစ္စာတရားကို ချိုးဖောက်ကြရာ၌ ဖောက်ဖျက်ကြရာ၌ သူတစ်ပါး သစ္စာထက်၊ မိမိသစ္စာက ပို၍ အရေးကြီးသည်။ မိမိသည် မမှန်တာကို လုပ်မိလျှင် ပြောမိလျှင် ကိုယ့်သစ္စာကို ကိုယ်ဖောက်ခြင်း ဖြစ်သည်။ မိမိသည် မမှန်တာကို တွေးမိလျှင် ကိုယ့်သစ္စာကို ကိုယ်ဖောက်ခြင်း ဖြစ်သည်။ မိမိ၏ ကိုယ်ပိုင်သစ္စာတရားကို မဖောက်ဖျက်ဖို့က အရေးကြီးသည်။ (ကိုယ်ကိုယ်ကိုယ် သစ္စာရှိပါ။)

မိမိ၏ မှန်ကန်သော အတွေးအခေါ်၊ အယူအဆ၊ မှန်ကန်သော လုပ်ရပ်တို့၏ သက်သေ သာဓကအဖြစ် လူမျိုးရေး အဆောက်အအုံ၊ လူမှုရေး အဆောက်အအုံ၊ ဘာသာရေး အဆောက်အအုံ၊ နိုင်ငံရေး အဆောက်အအုံတို့ ထင်ထင်ပေါ်ပေါ် ထယ် ထယ်ဝါ၀ါ ကျန်ရှိခဲ့ခြင်းသည် မိမိ သစ္စာတရား၏ အရောင်အ၀ါတွေ
ကျန်ရှိခဲ့ခြင်း ဖြစ်သည်။ ထိုသို့ မိမိသည် သစ္စာတရားကို မြတ်နိုးတန်ဖိုးထားသူ အဖြစ်ဖြင့် သစ္စာတရား၏ အရောင်အ၀ါတွေ နောင်လာနောင်သား အများကောင်းကျိုး ဖြစ်ထွန်း၍ ကျန်ရှိ နေခဲ့လျှင် မိမိဘ၀ဆုံးသော်လည်း
မရှုံးတော့ပြီ။

ဉာဏ်တန်ဆောင်ဟူရာ၌ အသိဉာဏ်၊ ဆင်ခြင်တုံတရား၊ အမြော်အမြင် ကြီးမားမှု၊ တန်က အရောင်အ၀ါ၊ ဆောင်က လင်းလက်ခြင်း၊ မိမိသည် အသိဉာဏ်တရား မည်မျှရှိသည်။ ဆင်ခြင်တုံတရား အဘယ်မျှ အားကောင်းသည်။ အမြော်အမြင် မည် မျှ ကြီးမားသည် ဆိုတာကို မိမိ နောင်လာနောင်သားတို့အတွက် ထားရစ်ခဲ့သော သမိုင်းအမွေအနှစ်တို့က
စကားပြောပါလိမ့်မည်။

မိမိကို နောင်လာနောင်သားတို့က လွမ်းဆွတ်၍ တသ၍ အောင့်မေ့၍ အထိမ်းအမှတ် ရုပ်တုတွေ ထုလုပ်၍ နှစ်စဉ် အောင့်မေ့ခြင်း အခမ်းနားများ ပြုလုပ်၍ ကျန်ရစ်ခဲ့ပါမူ မိမိ၏ သစ္စာအရောင်အ၀ါနှင့်တကွ
ဉာဏ်အရောင်အ၀ါလည်း ထိန်ထိန်သာ၍ ကျန်ရစ်ခဲ့သည်မှာ ယုံမှားသံသယဖြစ်ဖွယ် မရှိတော့ပေ။
မိမိတို့သည် တစ်နေ့ သို့မဟုတ် မကြာမီ ဘ၀ဆုံးကြရတော့မည်။ ဆုံးသော်လည်း မရှုံးစေဖို့ကတော့ ဆရာဇော်ဂျီ၏ ''သစ္စာအရောင်၊ ဉာဏ်တန်ဆောင်းလည်း၊ ပြောင်လျက်ဝင်းလျက် ကျန်စေသတည်း''ကိုသာ
သတိမူဖို့ဖြစ်သည်။


အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်)

(Credit: www.news-eleven.com)