Saturday, August 13, 2011

ကောက်သင်းကောက်ပူဇာ




ကောက်သင်းကောက်ပူဇာ


ကဗျာ၊ ဝတ္တု၊ ဆောင်းပါး၊ အက်ဆေးစသည် စာပေမျိုးစုံ အတော်အသင့် ရေးခဲ့ပြီးသော်ငြား မိမိကိုယ်ကို “စာရေးသူ”ဟု မခံယူမိသေးသည် မှာ မြန်မာပြည်၏ လက်မွန် ဓမ္မဘဏ္ဍာဂါရိကထေရ်ဖြစ်သည့် မင်းကွန်း ဆရာတော် ဘုရားကြီး၏ အကြောင်းကို တစ်ကြောင်းတစ်ပါဒမျှ မရေးသား ဘူးသေးသောကြောင့်ပင်။

သက္ကရာဇ်(၂၀၀၀)ပြည့်တွင် မြန်မာစာအုပ်တိုက်အဖွဲ့မှ နှစ်တစ်ရာအတွင်း “ထူးခြားစာအုပ်တစ်ရာ” ဆိုသည့် အညွှန်း စာအုပ် ပြုစု ထုတ်ဝေ စဉ်ကလည်း တာဝန်ကျရာ ဥတ္တမပုရိသဒီပနီ၊ သုတေသနသရုပ်ပြအဘိဓာန်၊ သပြေကန်ပရိတ်ကြီးနိဿယသစ်စသည့် စာအုပ်များကို အညွှန်း များရေးပေး ခဲ့ရစဉ်ကလည်း နှစ်ဆယ်ရာစုအတွင်းတွင် ထွက်သမျှ စာအုပ်တို့၌ အထူးခြား အခမ်းနားဆုံးဖြစ်၍ ဗုဒ္ဓဝင်စွယ်စုံကျမ်းဟုဆိုရမည့် မဟာဗုဒ္ဓဝင်ကျမ်းကြီး ကို ငါဘာကြောင့်များ ကျန်ခဲ့မိပါလိမ့်ဟု တွေးမိတိုင်း မချင့်မရဲဖြစ်ခဲ့ရသည်။

ယခုမူ အကြောင်းဆိုင်စွာ ပူဇော်ခွင့်ရပေပြီ၊ ဆရာတော်ဘုရားကြီး၏ ရာပြည့်ပူဇာ စာအုပ်ကြီး ထုတ်ဝေရန် တပည့်ကောင်းတို့ ပေါင်းစု အား ထုတ် နေကြပြီတဲ့၊ ကြားခိုက်မှာပင် ရေးလိုစိတ်တို့ ဖိတ်လျှံခဲ့သည်တိုင် ယောအတွင်း ဝန်ကို မြင်းထိန်းငတာ ချီးမွမ်းသလို ဖြစ်နေမှဖြင့်ဟု ဘာသာတွေး ရင်း ပြုံးလိုက်မိသေးသည်။မည်သို့ဆိုစေ၊ ခွင့်ကြုံကြိုက်၌ ဦးခိုက်မိရန်မှာ မိမိဝန်ဟု ခံယူစွဲရင်းဖြင့် စွမ်းသရွေ့ ရေးသားပူဇော်ရန် အားထုတ်မိသောအခါ… ဥပါလိသူကြွယ်၏ စကားတို့ကို ပြန် လည်ကြားယောင်လိုက်မိသည်။
တပည့်သစ်စ ဥပါလိက ဆရာသစ် မြတ်စွာဘုရား၏ ဂုဏ်ကျေးဇူးတို့ကို ပြောဆိုပူဇော်ရာ ဆရာဟောင်း နိဂဏ္ဍက “သင် ဘယ်လို လုပ်ပြီး ဒီဂုဏ်တွေကို သိနေတာလဲ”ဟု မကျေမချမ်း မေးလေရာ ဥပါလိက “လောကမှာ ရှိရှိသမျှပန်းတွေကို ခူးဆွတ် စုပုံထားက လိုရာပန်းကို လွယ်လင့်တကူ ရွေးယူသီကုံးနိုင်သလို ကျွန်ုပ်ဆရာ မြတ်စွာဘုရားဟာလည်း ဂုဏ်အပေါင်းတို့ စုဝေးရာ ဂုဏ်ထု စိုင်ကြီးမို့ မည်သည့်နေရာက ရှုကြည့်သည်ဖြစ်စေ ဂုဏ်တော်တွေသာ တွေ့မြင်ရသလိုဖြစ်ကြောင်း”ပြောပြခဲ့သည်လေ။ ယခုလည်း နည်းတူပင်၊ ဆရာတော်ကြီး၏အကြောင်း ဂုဏ်အပေါင်းက အာရုံကျရာရာတွင် ပြတ်ထင်လျက် ရှိတော့သည်၊ သီလအရာ၊ သမာဓိအရာ၊ ပညာအရာ ၊ ခမာဂုဏ်၊ ဒယာဂုဏ်၊ သုတဂုဏ်၊ ဣက္ခဏာဂုဏ်စသည် တို့ကို သာဓကပြုနေသည့် ထေရုပ္ပတ္တိလွှာ အပိုင်းအစတို့ကား ထိုမှသည် မှ ပြိုးပြက် တောက်စား လာကြ တော့သည်။ထိုထင်ရှားသော အကြောင်းအရာတို့ကို ဂုဏ်နှင့်ဂုဏေး တင့်ဖက်အောင် ရေးဖွဲ့နိုင်ကြသည့် ဆရာတော် ကြီး၏တပည့် ရဟန်းစာဆို လူစာဆိုတို့က ရေးဖွဲ့ပူဇော်ကြပေ လိမ့်မည်။ မိမိမူ ကိုယ်နှင့်စပ်သော သို့မဟုတ် မိမိ၏ မယ်တော်ကြီးနှင့်နွယ်သော အကြောင်း အရာငယ်တို့ ကိုသာ ကောက်သင်းကောက် ပူဇော်ရန် ရည်စူးပါသည်။

လွန်ခဲ့သော နှစ်ပေါင်းသုံးဆယ်ကျော်ခန့်က မိမိဇာတိ စစ်ကိုင်းတိုင်း မြောင်မြို့နယ်၊ သာထွန်းရွာသို့ ဆရာတော်ကြီး ကြွရောက်ကာ တရားချီးမြှင့်ခဲ့ ဖူးလေသည်၊ အားလပ်ရက်မရှိအောင် တရားပွဲစဉ်တွေ ပြည့်နှက်နေ လျှက်က “ဗုဒ္ဓသာသနာနုဂ္ဂဟ”စာပြန်ပွဲ ”ဖြစ်၍ကတစ်ကြောင်း၊ ကျေး လက်နေ တို့ကို ချီးမြှောက်လို၍က တစ်ကြောင်းဖြစ်၍ ဆရာတော်ကြီးက လက်ခံကာ ကရုဏာကြီးစွာ လှေတစ်တန် လှည်းတစ်တန်ဖြင့် ကြွရောက် ချီးမြှင့် ခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က ဆရာတော်ကြီး ဟောကြားခဲ့သော တရားဓမ္မကို ကျေးလက်နေတို့၏ “နားငယ်မဆန့်၊ ရင်ငယ်မပြန့်” ရှိကြသည့်တိုင် ဆရာတော်ကြီး ၏ စေတနာ၊ ကရုဏာနှင့် ဆုံးမစကားတို့ကား ယနေ့တိုင် စွဲထင် လျက် ရှိဆဲပင်၊ အထူးသဖြင့် စာရေးသူ၏ မိခင်ကြီးထံတွင် ပြန်လည်တွေ့ရှိရသော ဓမ္မစကားများဆိုက ပို၍ လျှော်ကန်ပေမည်။ထိုစဉ်က မန္တလေးတွင် စာသင်နေဆဲဖြစ်၍ မိမိမှာ ဆရာတော်ကြီးကို မဆုံဆည်း လိုက်ရသည့်တိုင် မယ်တော်ကြီးက ပြန်လည် ပြောပြခဲ့သည်မှာ “ အဲဒီညက လူတွေကလည်း စည်ကားလိုက်တာ၊ ဒီနယ်တစ်ဝိုက်မှာ အစည်ကားဆုံး လို့တောင် ပြောရမယ်ထင်ပါရဲ့၊ အဲဒီလို တရားပွဲစဘို့ ပြင်နေတုံး ကလေးငိုသံက အကျယ်ကြီး ပေါ်လာပါလေရော့၊ အရှေ့ရွာက သားသည် အမေတစ်ယောက်နဲ့ တူပါရဲ့၊ အဲဒါနဲ့ ဂေါပကလူကြီးအချို့က ကလေးကို အပြင်ခေါ်သွားဘို့ ပြောကြတော့ ဆရာတော်ကြီးက အေး.. ကလေးဆိုတာ ငိုမှာပေါ့၊ ငိုပါစေ၊ ငိုပါစေ၊ ကလေးငိုလို့ သာ တစ်ခြားသွားနေရရင် သားသည်အမေတွေ ဘယ်တရားနာခွင့် ရရှာတော့မလဲကွယ်တဲ့ ဆိုပြီး တရားကို ဆက်ဟောတာပဲ”ဆရာတော်ကြီး၏ ကရုဏာသည် တောသူတောင်သားတို့၏ စိတ်ကို အေးမြ စွတ်စိုသွားစေသော မိုးဟု မြင်လိုက်မိသည်၊ မိုက်ကရိုဖုန်း မကောင်းလို့ ၊ ကလေးတွေဆူလို့၊ ဘာဖြစ်လို့ ညာဖြစ်လို့ စသည့် အကြောင်းပြ တွေနှင့် တရားဟောရန် ရွှေဘဝင် မချမ်းသည့် ပုဂ္ဂိုလ်တစ်ချို့ကိုလည်း ရုတ်ချည်းမြင် လိုက်မိသည်၊ ကောင်းတုယူနိုင်ကြပါစေဟု နှလုံးပြုလိုက်မိသည်။

သို့နှယ် စဉ်းစားနေစဉ်မှာပင် မယ်တော်ကြီးက “ နောက်ပြီး ဦးဇင်းရယ်.. တရားဥပမာလေးတစ်ခု ကောင်းလိုက်တာ၊ လူ့ဘဝဆိုတာတဲ့ . အလွန်မြတ် တယ်တဲ့၊ သံတုံးတစ်တုံး ဆိုပါတော့ ရေထဲချည်း စိမ်ထားရင်လည်း ဓားပေါက်ဆိန် ပဲကွပ်စတဲ့ လိုရာကို မသွန်းလုပ်နိုင်ဘူး၊ မီးထဲချည်းထည့်ထားပြန် ရင်လည်း အရေပျှော်သွားလို့ မလုပ်နိုင်ပြန်ဘူးတဲ့ ၊ ရေရော မီးပါ နှစ်မျိုးရှိမှ အအေး အပူ သင့်တင့် ညီညွတ်အောင် ပေးပြီး လိုရာပစ္စည်းဝတ္ထုပြုနိုင်သလို နတ်ပြည်ဆိုတာလည်း အမြဲအေးနေတဲ့ ရေနဲ့တူလို့ ဘဝကို လိုရာပုံ မဖော်နိုင်ဘူး။ ငရဲပြည်ကြလည်း အမြဲတောက်လောင်နေလို့ ပုံမသွန်းနိုင်ပြန်ဘူး၊ လူ့ပြည်ကသာ ပူမှု အေးမှု နှစ်မျိုးရှိရာဖြစ်လို့ ဘဝဆိုတဲ့ သံတွေခဲကို လိုသလို ပုံသွန်း ထုဆစ်နိုင်တယ်တဲ့” ။ တရားပွဲတိုင်းက လင်္ကာသီသံလေးတွေကို ရွာဦးကျောင်း ဆရာတော်ကပင် ချီးမွမ်းလောက်အောင် နှုတ်ငုံ ဆောင်တတ်သည့် မယ်တော်ကြီးက အခုလို လုံးစေ့ပတ်စေ့ ပြောပြနေသည်ကို ကြည်နူးစွာ နားထောင်နေမိသည်။ “ တပည့်တော်မဖြင့်လေ လူဖြစ်ရတာ အရတော်လိုက်လေလို့ အဲသည် ကထဲက သိလိုက်ရတာ” ဟု ဝမ်းမြူးသံနှင့် စကားကို အဆုံးသတ်သွားခဲ့သည်။ထိုနေ့မှစ၍ မယ်တော်ကြီးကို ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော်ဘုရားကြီး၏ တရားတိတ်ခွေတို့ကို အမြဲဝယ်ယူ ပေးခဲ့ဖြစ်တော့သည်။ အကောင်းဆုံး ကျေးဇူးဆပ်ခြင်းတို့တွင် တစ်ခုဟု ခံယူကာ ဓမ္မဖြင့် ကျေးဇူးဆပ် ခွင့်ရခဲ့သည်၊ ရန်ကုန်ရောက်တော့လည်း စူပါဟိုက်တေးသံသွင်းသို့ သွားရောက်ကာ တရားခွေများ မထပ်အောင် ကူးယူ ပေးခဲ့သည်မှာ ထင်းရှုးသေတ္တာငယ် တစ်ခုပင် ပြည့်ခဲ့ပြီ၊မိခင်ကြီးကလည်း ကိုယ်တိုင် နာကြားသလို တရွာလုံးကြာအောင် ဝါတွင်းကာလများ၌ ရွာဦးကျောင်းမှ အသံချဲ့စက်ဖြင့်ပင် ဖွင့်ပေးလေ့ရှိသည်။

သို့ဖြင့် မိခင်ကြီးသည် ဘဝလက်ကျန်ကို ဆရာတော်ဘုရားကြီး၏ တရားဓမ္မရိပ်၌ မြှုပ်နှံသွားတော့ သည်ဟု ဆိုလိုက်ချင်ပါသည်။ မြင်ယောင်မိသေးတော့သည်၊ ၂၀၀၇-ခုနှစ်၊ မေလ၏ နေ့တစ်နေ့၊ မမာမကျန်းဖြစ်ခဲ့သော မိခင်ကြီးသည် ၈၄-နှစ်ဆိုသည့် ဇရာ၏ ဖိစီးမှုနှင့် ဖျားနာခြင်း ဗျာဓိတို့ နှိပ်စက်နေသည့်ကြားက တိုးတိုးသဲ့သဲ့လေး ရွတ်ဆိုသွား သည်မှာ …“သွားလို ၊ရပ်လို ၊ ထိုင်နေလို ၊ အိပ်လို စိတ်ဟုသိ။စိတ်ကြောင့်ဖြစ်သော ဓာတ်ဝါယော၊ နှံ့သော ကိုယ်ဝယ်ပြည့်။ဝါယော ပြည့်သော် ရုပ်သစ်ပေါ်၊ ရုပ်သော်သွားပေ၏၊ပုဂ္ဂိုလ်မသွား၊ ငါမသွား၊ ရုပ်သွား ဉာဏ်ဖြင့်သိ။ပုဂ္ဂိုလ်မထိုင်၊ ငါမထိုင်၊ ရုပ်ထိုင် ဉာဏ်ဖြင့်သိ၊ပုဂ္ဂိုလ်မအိပ်၊ ငါမအိပ်၊ ရုပ်အိပ် ဉာဏ်ဖြင့်သိ။ပုဂ္ဂိုပ် မရပ်၊ ငါမရပ်၊ ရုပ်ရပ် ဉာဏ်ဖြင့်သိ၊ပုဂ္ဂိုလ်မကွေး၊ ငါမကွေး၊ ရုပ်ကွေး ဉာဏ်ဖြင့်သိ။ပုဂ္ဂိုလ်မဆန့်၊ ငါမဆန့်၊ ရုပ်ဆန့် ဉာဏ်ဖြင့်သိ။ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော်ဘုရားကြီး၏ နာမရူပပရိစ္ဆေဒဉာဏ်ကို ထင်လွယ်စေရာ လင်္ကာသီတံလေးများပင်၊ မိမိတို့မှာမူ အံ့သြခြင်း၊ ကြေကွဲခြင်း၊ ကြည်နူးခြင်းတို့ပြွမ်းသောစိတ်ဖြင့် မိခင်ကြီး၏ နောက်ဆုံးအချိန်ကို ရင်ဆိုင်ခဲ့ကြရပေသည်။ သည်အတွက်လည်း ဆရာတော်ကြီး၏ ကျေးဇူးကို ဥိးညွတ်ပူဇော် ဖြစ်ရပြန်သည်။

အော်… ဆရာကောင်း၏ ကျေးဇူးကား ကြီးမားပါပေစွ။ တကယ်တော့ ဒီသာဓကလေးသည် ပမာမဟုတ်သေး၊ ၁၉၈၈-ခုကာလမှစ၍ တိုင်းပြည်အဝှမ်း လောင်ခြစ်ရာ အခါတိုင်းတွင် ဆရာတော်ဘုရားကြီး ၏ အေးကြည်သော အသံတော်ဖြင့် “ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ”စသည့် ဒိသာဖရဏ မေတ္တာပို့သံသည် လေလှိုင်းတို့မှ ပျံနှံကာ လူတိုင်း၏ရင်ကို ငြိမ်းအေး စေခဲ့သည် မဟုတ်ပါလား၊ မာနတွေ၊ အာဃာတတွေ လျှောသက်သွားခဲ့ရမြဲ မဟုတ်ပါလား။ဘီစီ၆-ရာစုကပင် ပွင့်တော်မူခဲ့သော ဗုဒ္ဓမြတ်စွာသည် ယနေ့တိုင် လောကကို ဓမ္မနှုတ်ခွန်းတော်တို့ဖြင့် စောင့်ရှောက်တော်မူနေဆဲ ဖြစ်သကဲ့သို့ ဘုရားတပည့်သားကောင်း သားမွန် ကျေးဇူးတော်ရှင် တိပိဋကဓရ၊ ဓမ္မဘဏ္ဍာဂါရိက ဆရာတော်ဘုရားကြီးသည်လည်း မိမိတိုင်းပြည် မိမိလောက ကို စောက့်ရှောက်ခဲ့၊ စောင့်ရှောက် နေဆဲပါတကား။ထိုစောက်ရှောက်မှုတွင် မိမိ၏ မယ်တော်ကြီးနှင့် မိမိတို့လည်း ခံယူခွင့်ရလိုက်ပါကလားဟု ကြည်ကြည် နူးနူး ခံယူရင်း ထိုကျေးဇူးဂုဏ်တို့ကို အသက် ထက်ဆုံး အောက်မေ့ ပူဇော်နေရဦးမည်သာ။

ကံထွန်းသစ်။
မီဝေါကီး၊ ဝစ်ကွန်ဆင်၊USA. 7.29.2011
မှတ်ချက်။ ။ တပည့်တော်တို့အတွက် စာတွေ ရေးပါအုံးလို့ ဆိုတဲ့ ဆန်ဖရန်စစ်စကိုမှ ဒေါ်မြင့်မြင့်သိန်း သို့ ။
မေတ္တာများဖြင့်