Monday, July 22, 2013

ဝါဆိုသင်္ကန်း ကပ်လှူခြင်းအကြောင်း သိကောင်းစရာ

ဝါဆိုသင်္ကန်း ကပ်လှူခြင်းအကြောင်း သိကောင်းစရာ

ဝါဆိုခြင်း၊ ဝါကပ်ခြင်း

ဝဿာဝါသ - ဝါဆိုခြင်း၊ ဝါကပ်ခြင်း၊ မိုးသုံးလအတွင်း ဝါဆိုသည့် ကျောင်းတိုက် အာရာမ်တွင်းမှာ နေရခြင်း။
ဝါဆိုမှုသည် မြတ်စွာဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်ကပင် ရှိခဲ့သည်။ ဝါဆို၊ ဝါကပ် ဥပဒေ မပညတ်မီက ရဟန်းများသည် ဥတုသုံးလီ နေပူ၊မိုးရွာမရှောင်လှည့်လည် သွားလာနေခဲ့ကြသည်။ မိုးကာလလူတို့စိုက်ပျိုးထားသော စိုက်ပျိုးပင်များကိုရဟန်းတို့ ကျော်ဖြတ် နင်းကြသဖြင့်စိုက်ပျိုးပင်များ ပျက်ဆီးသောကြောင့် လူတို့က ရဟန်းများကို ကဲ့ရဲ့ကြသည်။

မြက်သစ်ပင်၊ ရေပေါက်ငယ်များ ကိုပင် အသက်ရှိသည်ဟု ယူဆသူများလည်း ရှိနေသည်။ အဘယ့်ကြောင့် ဘုရားသားတော် ရဟန်းများသည် အပင်ငယ်များနှင့် ပိုးမွှား များကို နင်းခြေဖျက်ဆီးလျှက် တစ် နှစ်ပတ်လုံး ခရီးသွားနေကြပါသနည်း။ သာသနာပြင်ပ တိတ္ထိတို့သော်မှ မိုးဥတုတွင် ခရီးမထွက်ပဲ ကြောင့်ကြမဲ့ နေနိုင်ကြသည်။ ယုတ်စွအဆုံး ငှက် တိရစ္ဆာန်တို့သော်မှ မိုးကာလတွင် အသိုက်၌နေကြသည်။ အပင်ငယ်များ၊ သတ္တဝါငယ် လေးများ ပျက်ဆီး သေကြေကြရသည်ဟု ကဲ့ရဲ့ ပြစ်တင် ရှုံ့ချကြသည်။

ထို့ကြောင့် ဘုရားရှင်က ရဟန်းတော်များ မိုးသုံးလကာလပတ်လုံး ခရီးမထွက်ရသော ဝါဆို ဝါကပ် ဥပဒေကို ပညတ်ခဲ့ရသည်။
ဝါကပ်ခြင်းနှစ်မျိုးရှိသည်
(၁) ပုရိမဝဿာဝါသ - ပထမဝါကပ်ခြင်း၊ ဝါဆိုလပြည့်ကျော် တစ်ရက်နေ့၌ ဝါကပ်၍ သီတင်းကျွတ် လပြည့်နေ့တွင် ဝါကျွတ်သည်။
(၂) ပစ္ဆိမဝဿာဝါသ - ဒုတိယဝါကပ်ခြင်း၊ ဝါခေါင်လပြည့်ကျော် တစ်ရက်နေ့၌ ဝါကပ်၍ တန်ဆောင်မုန်းလပြည့်နေ့တွင် ဝါကျွတ်သည်။

ဝါဆိုသင်္ကန်းကပ်လှူခြင်း

ရဟန်းများကို ဘုရားရှင်က ဝါဆိုဝါကပ် ခွင့်ပြုတော်မူပြီးနောက် နှစ်အတန်ကြာတွင် ဘုရားရှင်ကလူတို့လှူဒါန်း သော သင်္ကန်းကို ခွင့်ပြုခဲ့ရာ ဝါဆိုသင်္ကန်း လှူဒါန်းလိုသော သူတို့သည် ဝါဆိုဝါကပ်ကြသော ရဟန်းများကို ဝါဆိုချိန် ဝါတွင်းအချိန် ဝါကျွတ်ခါနီးအချိန် တို့၌ဝါဆိုသင်္ကန်းကို ကပ်လှူကြပါသည်။ ဝါဆိုသင်္ကန်းများကိုစေတနာ သုံးတန် ပြဋ္ဌာန်းပြီး ဤကျောင်းတိုက်မှာ ဝါကပ်တော်မူကြသော သံဃာတော်အရှင်မြတ်များ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာစွာဖြင့် ပရိယတ္တိအကျင့်၊ ပဋိပတ္တိအကျင့်တွေကို ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ရန်အတွက် သင်္ကန်းကိစ္စနှင့်ပတ်သက်၍ ပူပင်ကြောင့်ကျမှုမရှိစေရန် ဝါဆိုသင်္ကန်း အဖြစ်ဖြင့် လှူဒါန်းနိုင်ကြပါသည်။

ဆရာတော်အရှင်ဇနကာဘိဝံသမိန့်ဆိုချက်

ဝဿာဝါသိကံ။ ။ ဝဿံ-ဝါလပတ်လုံး+အာဝါသော ယဿာတိ ဝဿာဝါသော-ဝါလပတ်လုံး နေခြင်းရှိသော ရဟန်း၊ ဝဿာဝါသဿ+ဒိန္နံ ဝဿာဝါသိကံ-ဝါလပတ်လုံး နေခြင်းရှိသော ရဟန်းအား လှူအပ်သော သင်္ကန်း၊ (ယခုကာလ၌ ဝါဆိုခါနီး လှူလေ့ရှိကြ၏။ ထိုသင်္ကန်းကို '' ဝိဿဝါသိက'' ဟုလည်း အချို့က ခေါ်ကြ၏၊ အမှန်ကား '' ဝါတွင်း၌ နေသော ရဟန်းအား ဝါကျွတ်မှ ဖြစ်စေ၊ ဝါကျွတ်သောအခါ သုံးစွဲရန် ဝါတွင်း၌ ဖြစ်စေ လှူအပ်သော သင်္ကန်းကိုသာ ဝဿာဝါသိကသင်္ကန်း'' ဟုခေါ်သည်။

ဝါထပ်ခြင်း

ဝါခေါင်လအား ဝါခေါင်လဟုမပြုဘဲ '' ဝါဆိုလ '' ဟု ထပ်ပြီးပြုခြင်းကို '' ဝါထပ်သည် '' ဟု ခေါ်ကြသည်။ ဝါခေါင်လနှစ်ထပ်ဖြစ်ရခြင်းသည် ရက်မစုံလများအား ပြန်ပြီးအစားပေးသောအားဖြင့် ကောင်းကင်မှ နေသွား၊ လသွားနှင့် ကိုက်ညီစေရန်အတွက်ဖြစ်သည်။

ဝါဆိုသင်္ကန်းလှူဒါန်းနိုင်သောအချိန်အခါ

ဝါဆိုသင်္ကန်းလှူဒါန်းခြင်းနှင့် ပတ်သက်ပြီး ယနေ့ခေတ်မြန်မာတစ်ပြည်လုံး ဗုဒ္ဓဘာသာဝင်များသည် တစ်ဦးချင်း ဖြစ်စေ၊ အသင်းအဖွဲ့အနေဖြင့်ဖြစ်စေ၊ သံဃာအများအားဖြစ်စေ၊ တစ်ပါးကိုဖြစ်စေ အမျိုးမျိုးအဆင်ပြေစွာ လှူဒါန်းနေကြ ပါသည်။

ဝါဆိုသင်္ကန်းဆိုသည်မှာ ဝါဆိုခါနီးကပ်ပြီး လှူဒါန်းသည့် သင်္ကန်းဖြစ်စေ၊ ဝါတွင်းကာလမှာတွင်ဖြစ်စေ လှူဒါန်းသည့် သင်္ကန်းကို ဝါဆိုသင်္ကန်းဟုခေါ်ပါသည်။ ကာလ ဒါနသင်္ကန်းဆိုလျှင်လည်း မှန်ပါသည်။ ဝါဆိုပြီး ခေတ်ကာလတွင် လှူဒါန်းသောသင်္ကန်း၊ ကထိန်ခေတ်ကာလတွင် လှူဒါန်းသောသင်္ကန်းတို့ကို သူခေတ်သူ့ကာလ အခါအားလျော်စွာ လှူဒါန်းသည့် သင်္ကန်းဖြစ်၍ ကာလသင်္ကန်း ကာလဒါနအလှူဟု ခေါ်နိုင်ပါသည်။

ဝါဆိုသင်္ကန်း လှူဒါန်းနိုင်သော ကာလများမှာ-
၁။ ဝါတွင်း(၃)လ၊
၂။ သီတင်းကျွတ်လဆုတ်(၁)ရက်မှ တန်ဆောင်မုန်းလပြည့်ထိ သင်္ကန်းကာလ (၁)လ၊
၃။ သီတင်းကျွတ်လဆုတ်(၁)ရက်မှ တပေါင်းလပြည့်အထိ ကထိန်အာနိသင်ကာလ (၅)လ
၎။ တပေါင်းလဆုတ်(၁)ရက်မှ ဝါဆိုလပြည့်အထိ နွေ (၄)လ၊ အထက်ပါကာလများကို ပြန်လည်ပေါင်းရုံးကြည့်လျှင် တစ်နှစ်ပတ်လုံး မည်သည့်နေ့ရက်၌မဆို ဝါဆိုသင်္ကန်း လှူဒါန်း နိုင်ကြောင်း တွေ့ရပေမည်။ သို့သော် လှူဒါန်းပုံနှင့် ရယူပိုင်ဆိုင်ခွင့်များအား ကွာခြားမှုရှိ၏။

၁။ ဝါတွင်း(၃)လ၌ လှူဒါန်းလိုသော်...အလှူရှင်သည် '' ဝိဿံ ဝသန္တာနံ ဒမ္မိ = ဝါဆိုဆဲသံဃာအား လှူပါ၏'' ဟုနှုတ်မြွက်ရွတ်ဆို လှူဒါန်းရ၏။ ဤသို့ ဝါတွင်း၌ လှူဒါန်းလာသော သင်္ကန်းကို ဝါမကျိုးသော ရဟန်းတို့အား ခံယူနိုင်ခွင့် ပိုင်ဆိုင်နိုင်ခွင့်ရှိ၏။ ဝါကျိုးပြတ်သော ရဟန်း မစ္ဆိမဝါ (ဒုတိယဝါ) ကပ်သော ရဟန်းတော်များမခံယူရ၊ ပိုင်ဆိုင်ခွင့်မရှိ။

၂။ သီတင်းကျွတ်လဆုတ် (၁)ရက်မှ တန်ဆောင်မုန်းလပြည့်အထိ သင်္ကန်းကာလခေါ်သော (၁)လအတွင်း၌ အလှူရှင်သည် အထက်ပါအတိုင်း '' ဝိဿံ ဝသန္တာနံ ဒမ္မိ = ဝါဆိုဆဲသံဃာအား လှူဒါန်းပါ၏ '' ဟု နှုတ်မြွက်ရွတ်ဆို လှူဒါန်းလာသော် ဝါဆိုဆဲဝါဆိုတုန်းဖြစ်သော ဒုတိယဝါကပ်သော ရဟန်းတို့သာ ရယူနိုင်ခွင့်၊ ပိုင်ဆိုင်ခွင့်ရှိ၏။ ပုရိမဝါ (ပထမဝါ)ကျွတ်ပြီးသော ရဟန်းဝါကျိုးပြတ်သော ရဟန်းများနှင့်မဆိုင်၊ မရနိုင်ပေ။

၃။ သီတင်းကျွတ်လဆုတ်(၁)ရက်မှ တပေါင်းလပြည့်အထိ ကထိန်အာနိသင် ရရာကာလ (၅)လအတွင်း၌ လှူဒါန်းလိုသော အလှူရှင်သည် '' ဝိဿာဝါသိကံ ဒမ္မံ = ဝါလပတ်လုံးနေခြင်းရှိသော (ဝါဆို) ခဲ့ပြီးသော သံဃာအား လှူပါ၏ '' ဟု နှုတ်မြွက်ရွတ်ဆိုလှူဒါန်းရ၏။ ဤ (၅)လအတွင်း၌ လှူဒါန်းလာသော ဝါဆိုသင်္ကန်းကို (ကထိန်ခင်းသည် ဖြစ်စေ၊ မခင်းသည်ဖြစ်စေ) ပထမဝါကျွတ်သူ၊ ဒုတိယဝါကျွတ်သူ ရဟန်းအားလုံး ပိုင်ဆိုင်ခွင့်၊ ခံယူခွင့်ရှိကြ၏။ ဝါကျွတ်မှ ရောက်လာသော ရဟန်းသစ်တို့အား သံဃာဟောင်းတို့ သဘောတူလျှင် ဝေစုရနိုင်၏။

၎။ တပေါင်းလဆုတ်(၁)ရက်မှ ဝါဆိုလပြည့်နေ့အထိ နွေ(၄)လ၌ လှူဒါန်းရာဝယ် '' ဝိဿာဝါသိကံ '' ဟူ၍ပင် လှူဒါန်းရ၏။ သို့ရာတွင် လှူဒါန်းသူသည်-
(က) ကပ်ခဲ့ပြီးသော အတိတ် (ဝါ ဆိုသံဃာ) ကိုလည်း ရည်မှန်း၍ လှူဒါန်းနိုင်၏။
(ခ) မကပ်ရသေးသည့် အနာဂတ် (ဝါ ဆိုသံဃာ)ကိုလည်း ရည်မှန်း လှူဒါန်းနိုင်၏။
ဤသို့ လှူဒါန်းလာသော် အလှူခံ ရဟန်းတော်တို့က 'ဒကာတို့ ယခု လှူဒါန်းသော ဝါဆိုသင်္ကန်းသည် အတိတ်ဝါကို ရည်မှန်း သလော၊ အနာဂတ်ဝါကို ရည်မှန်းသလော' ဟု မေးမြန်းစိစစ်ကြည့်ရ၏။

အလှူရှင်များက-
(က) ပြီးခဲ့သော အတိတ်ဝါဆိုသံဃာအား ရည်မှန်းပါ၏ဟု လျှောက်ထားသော် ထိုဝါဆိုသင်္ကန်းကို ဤကျောင်း တိုက်၌ ဝါဆိုခဲ့ပြီးသော ရဟန်းတော်များသာ သက်ဆိုင်အလှူခံနိုင်၏။ (ဝါဆိုပြီး ဤကျောင်းတိုက်မှ ပြောင်းရွှေ့သွားသော ရဟန်းတော်များကိုလည်း ဝေစုပေးလိုက်ရ၏။ ဝါကျွတ်ပြီးမှ အသစ်ရောက်လာသော သံဃာကား ကျောင်းတိုက်သံဃာက သဘောတူမှ ရနိုင်၏။)

(ခ) လာမည့်အနာဂတ် ဝါကပ်သံဃာအား ရည်မှန်းလှူဒါန်းပါသည်ဟု ဆိုလာသော် ¤င်းသင်္ကန်းများကို မဝေခြမ်းသေးဘဲ သိမ်းထားပြီး လာမည့် ဝါဆိုနေ့ကျမှ ခွဲခြမ်း ဝေဖန်ရ၏။ သံဃာအဟောင်းအသစ် အားလုံးဆိုင်သည်။ (ယခု ရေးသားဖော်ပြသည်ကား သံဃိကလှူဒါန်းလာသော ဝါဆိုသင်္ကန်းအတွက်လှူဒါန်းဝေဖန်ပုံများ ဖြစ်၏။)

အလှူခံဌာနအလိုက် ကွာခြားပုံ

အလှူ့ဒကာ ဒကာမများက ကျောင်း၌ လာရောက်လှူဒါန်းခြင်း၊ မိမိတို့ဆိုင်ရာ အဆောက်အဦးများ၌ ပင့်၍ လှူဒါန်းခြင်း စသည့်ကွဲပြားမှုရှိသကဲ့သို့ ရဟန်းတော်များဘက်တွင်လည်း ထိုဌာနအားလျော်စွာ ရယူပိုင်ဆိုင်မှု ကွဲပြား လာသေး၏။

၁။ ကျောင်းဝင်းအတွင်းမှာဖြစ်စေ၊ ပြင်ပဌာနတစ်ခုခုမှာဖြစ်စေ ရဟန်းတစ်ပါးပါးကိုလည်းကောင်း၊ ပုဂ္ဂလိက နှစ်ပါး သုံးပါးက၎င်း ဂဏိကအဖြစ်ဖြင့် လှူဒါန်းခဲ့သော် ပုဂ္ဂလိကလှူဒါန်းနည်းဖြစ်၍ လှူဒါန်းခံရသော ရဟန်းတော်များသာ ပိုင်ဆိုင်ခွင့် ရှိလေ၏။ အခြားပင့်သံဃာများနှင့် မသက်ဆိုင်။

၂။ ကျောင်းဝင်းအတွင်းသို့ ဝင်ရောက်၍ အထက်ပါဆိုနည်းများအတိုင်း သံဃိက (ဝါဆိုသင်္ကန်း)အဖြစ် လှူဒါန်းလာပါက ၎င်းကျောင်းတိုက်အတွင်း၌ ဝါဆိုကြသော သံဃာများသာ ရယူနိုင်ခွင့်ရှိ၏။ ၎င်းကျောင်းတိုက်၌ ဝါမဆိုသည့် အခြား သံဃာတော်များ ပိုင်ဆိုင်ခွင့် မရှိချေ။

၃။ ကျောင်းတိုက်ရဲ့ အပြင်ဘက် နေရာဌာန တစ်ခု၌ သံဃိကအဖြစ်ဖြင့် ' မည်သည့်ကျောင်းတိုက် သံဃာတော်များအား လှူဒါန်းပါသည် '' ဟု အမည်ဖော်ပြ လှူဒါန်းခဲ့သော် ထိုအမည် ဖော်ပြလျှောက်ထား ခံရသော ကျောင်းတိုက်တွင် ဝါဆိုသည့် သံဃာတော်များသာ ပိုင်ဆိုင်ခွင့်ရှိ၏။ သံဃိကဖြစ်သော်လည်း အခြားသံဃာတော်များနှင့် မသက်ဆိုင်။

၎။ အပြင်နေရာဌာနတစ်ခုခု၌ အထက်ဖော်ပြခဲ့သော နှုတ်မှမြွတ်ဆိုနည်းဖြင့်၎င်း၊ ' သံဃဿ ဒေမ ' ဟု၎င်း အမည် မဖော်ပြဘဲ သာမညအားဖြင့် လျှောက်ထားလှူဒါန်းခဲ့သော် သံဃိက လဟုဘဏ် လာဘ်ထုံးစံအတိုင်း သက်ဆိုင် ပိုင်ဆိုင်ခွင့်ရှိ၏။ တစ်ပါတည်း အစိုးတရ ယူနိုင်ခွင့်၊ ပိုင်ဆိုင်ခွင့်မရှိ။

ဝါဆိုသင်္ကန်းလှူဒါန်းရခြင်းအကျိုး

'' အရဟတ္တဓဇ'' ခေါ် ရဟန္တာတို့၏ အလံတံခွန်သဖွယ်ဖြစ်သော ဤဝါဆိုသင်္ကန်းကို လှူဒါန်းရသဖြင့် . . .
'' ဝတ္ထဒေါ ဟောတိ ဝဏ္ဏဒေါ ''
'' ဝတ္ထဒါနေန ဝဏ္ဏသမ္ပတ္တိ ပဋိလာဘော '' ဟူသော ဒေသနာတော်များအရ သင်္ကန်း၏ အဓိကအကျိုးဖြစ်သော ' အဆင်းလှခြင်း ' ဟူသော အကျိုးကို ဧကန်ရမည်ဖြစ်ပေသည်။

ထို့ပြင် ဘဝသံသရာ ကျင်လည်ရစဉ်ဝယ် -
'' ရွှေသို့အဆင်း၊ မြူကြေးကင်၍
ရောင်ဝင်းထိန်ပ၊ နူးညံ့ရ၏၊
မကသိန်းဖိုး၊ ပုဆိုးရလေ၊
ညိုရွှေဖြူနီ၊ ဤရှစ်လီသည်၊
ကျမ်းညီသင်္ကန်း လှူကျိုးတည်း။ ''
ဟူသော အပဒါန်လာ သင်္ကန်းအကျိုး (၈)မျိုးကိုလည်း ရဦးမည်ဖြစ်၏။

ထိုမှတပါး '' ဣဒံ မေ ပုညံ အာသဝက္ခယံ ဝဟံ ဟောတု-တပည့်တော်၏ ဤဝါဆိုသင်္ကန်းအလှူသည် အာသဝေါ တရားလေးပါး ကုန်ရာကုန်ကြောင်းဖြစ်သော မဂ်ညာဏ် ဖိုလ်ညာဏ် မြတ်နိဗ္ဗာန်ကို ဧကန်ရောက်အောင် ရွတ်ဆောင်နိုင် ပါစေ '' ဟု ဆုတောင်း လှူဒါန်းခဲ့သော် ဒုက္ခခပ်သိမ်း ငြိမ်းရာဖြစ်သော နိဗ္ဗာန်ချမ်းသာ ဟူသော အကျိုးအမြတ်ကို မလွဲမသေရပေမည်။

ဝါဆိုသင်္ကန်း အမေး၊ အဖြေ ကဏ္ဍ
မေး။ ။ ဝါကပ်တာ(ဝါဆိုတာ)ကဘယ်နှမျိုး ရှိပါသလဲ။
ဖြေ။ ။ ပုရိမဝါ ကပ်ခြင်း၊ပစ္ဆိမဝါ ကပ်ခြင်းလို့ ဝါကပ်ခြင်း ၂ မျိုး ရှိပါတယ်။ ဝါဆိုလပြည့်ကျော်တစ်ရက်နေ့မှာ ဝါကပ်တာဟာ ပုရိမဝါကပ်တာ(ရှေ့မှာဖြစ်တဲ့ဝါကပ်တာ)ပါပဲ။ ဝါခေါင်လပြည့်ကျော် တစ်ရက်နေ့မှာ ဝါကပ်တာဟာ ပစ္ဆိဝါကပ်တာ (နောက်ဖြစ်တဲ့ ဝါကပ်တာ)ပါပဲ။
(ခုဒ္ဒသိက္ခာ ဘာသာဋီကာ၊ ၃၉၅)

မေး။ ။ ဘယ်လို ရှင်၊ရဟန်းကပစ္ဆိမဝါ(ဒုတိယဝါ)ကို ကပ်နိုင်ပါတယ်။
ဖြေ။ ။ ပုရိမဝါ ကျိုးပျက်တဲ့ ရဟန်းနဲ့ အကြောင်းတစ်ခုခုကြောင့်ပုရိမဝါ မကပ်ခဲ့တဲ့ ရဟန်းဟာ ပစ္ဆိမဝါ(ဒုတိယဝါ)ကို ကပ်နိုင်ပါတယ်။
(ခုဒ္ဒသိက္ခာ ဘာသာဋီကာ၊ ၃၉၈)

မေး။ ။ ဝါထပ်တယ်ဆိုတာ ဘာကိုခေါ်တာပါလဲ။ ဘာကြောင့် ထပ်ရတာပါလဲ။
ဖြေ။ ။ ဝါခေါင်လကို ဝါခေါင်လလို့မပြုဘဲ'ဝါဆိုလ'လို့ ထပ်ပြီ့းပြုတာကို'ဝါထပ်တယ်'လို့ခေါ်စမှတ် ပြုကြတာပါပဲ။ အဲဒီလို ဝါဆိုလ နှစ်ထပ်ဖြစ်ရတာမှာလည်းရက် မစုံလတွေကို ပြန်ပြီးအစားပေးသောအားဖြင့် ကောင်းကင်ကနေ သွား ၊ လ သွားနဲ့ ကိုက်ညီစေလိုလို့ပါပဲ။
(မဟာဝါ ဘာသာဋီကာ(ဒု)၊ ၅ )


မေး။ ။ ဘုရားရှင်က ဘာ့ကြောင့် ဝါဆိုဖို့ ခွင့်ပြုတော်မူခဲ့တာပါလဲ။
ဖြေ။ ။ ဘုရားရှင်က ရာဇဂြိုဟ်မြို့ ဝေဠုဝန်ကျောင်းမှာသီတင်းသုံးတော်မူပါတယ်။ အဲဒီအချိန်မှာ ဘုရားရှင်က ရဟန်းတွေအား ဝါဆိုဖို့ ခွင့်မပြုရသေးပါ။ရဟန်းတွေက ဆောင်း၊ နွေ၊ မိုး ဥတုသုံးပါးလုံး ခရီးလှည့်လည်ကြပါတယ်။ လူတွေက ဒီလို ကဲ့ရဲ့ ရှုတ်ချ အပြစ်တင်ကြပါတယ်။ 'ဒီဘုရားသားတော်ရဟန်းတော်တွေက ဆောင်း၊ နွေ၊ မိုး ဥတုသုံးပါးလုံး ဘာလို့ ခရီး လှည့်လည်ကြတာလဲ။ စိမ်းစိုတဲ့ မြက်တွေကို နင်းချေကာ ကာယိနြေ္ဒတစ်ခု ရှိတဲ့သတ္တဝါကို ညှဉ်းဆဲကြတယ်။ သတ္တဝါ ငယ်လေးများစွာကို ညှင်းဆဲနှိပ်စက်ကြတယ်။ ဒီသာသနာပ တိတ္ထိတွေဟာ မိုးခိုကြသေးတယ်။ ဒီငှက်တွေဟာ သစ်ပင်ဖျားတွေမှာ အသိုက်တွေပြုလုပ်ပြီး မိုးခိုကြသေးတယ်။'လူတွေရဲ့ အဲဒီကဲ့ရဲ့သံကို ရဟန်းတွေကြားရလို့ ဘုရားရှင်အား လျှောက်ထားကြတဲ့အခါ ရဟန်းတွေမိုးအခါမှာ မိုးခိုဖို့ (ဝါဆိုဖို့) ခွင့်ပြုတော်မူခဲ့ပါတယ်။
(မဟာဝါ ဘာသာဋီကာ(ဒု)၊ ၁၉၂)


ဇောတိက

Sunday, July 21, 2013

ဓမ္မစကြာအခါတော်နေ့နှင့် ဝါဆိုသင်္ကန်း ကပ်လှူပူဇော်ပွဲ 轉法輪節及結夏安居活動


ညီမလေးဖတ်ဖို့ စောင့်လေမျိုးနွယ်



ညီမလေးဖတ်ဖို့ ( အပိုင်း ၁၁ - စောင့်လေမျိုးနွယ် )

သို့

ညီမလေးရေ ဇွန်လရဲ့နောက်ဆုံးရက်သတ္တပါတ်မှာ ကောင်းကင်မှာ မိုးတိမ်တွေအုံ့ဆိုင်းလို့နေတယ် ။ အခါအားလျော်စွာ ညီမလေးဆီ စာတွေရေးရေးပို့နေတတ်တဲ့အကိုဟာ ဒီတစ်ခါလည်း ညီမလေးဆီကို စာတစ်စောင်ရေးပို့လိုက်ပါတယ် ။ ဒီတစ်ခါစာလေးရဲ့ခေါင်းစဉ်ကိုတော့အကိုက စောင့်လေမျိုးနွယ်လို့ပေးထားပါတယ် ။

ညီမလေးဟာ လူတွေဟာ အသွေးအရောင်ပေါင်းစုံ ဘာသာတရားပေါင်းစုံ နဲ့ စီးဆင်းနေကြတာအလျောက် ယဉ်ကျေးမှုပေါင်းစုံကလည်း ကူးလူးယှက်သွယ်နေကြတာ ညီမလေးအမြင်ပါပဲ ။

ယဉ်ကျေးမှုဆိုတဲ့နေရာမှာ ကိုယ်ရောစိတ်ရောယဉ်ကျေးသိမ်မွေ့ခြင်းကိုဆိုလိုပါတယ် ။ ကိုယ်စိတ်နှစ်ပါးလုံးယဉ်ကျေးသိမ်မွေ့နေပါမှ ယဉ်ကျေးမှုလို့ဖွင့်ဆိုရာရောက်တယ် ။ အကိုတို့မြန်မာလူမျိုးတွေဟာ အရှေ့တောင်အာရှမှာဆိုရင်ယဉ်ကျေးမှုကို အထိအခိုက်မခံအောင် အမျိုးဘာသာသာသနာကိုအထိအခိုက်မခံအောင် ထိမ်းသိမ်းကြတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တယ် ။ ဒါပေမယ့် ယဉ်ကျေးမှုကို ထိမ်းသိမ်းတယ်ဆိုပြီးအချိန်တိုင်း ထိုင်မသိမ်းရင်ဖုံးနဲ့ နေဖို့လည်းမဟုတ်ပြန်ပေဘူး ။ 

လူဆိုတာ သူ့နေရာနဲ့သူ ဒူးနေရာနဲ့ဒူးတော်နေရာတဲ့တော်နေရတယ် ။ ဥပမာ ညီမလေးဟ ဘုရားစေတီဖူးမျှော်ဖို့ သွားတဲ့အခါ စကတ်တိုဘောင်းဘီတိုနဲ့မသင့်လျော်ဘူး ။ ဒါပေမယ့် ကမ်းခြေသွားတဲ့အခါကျတော့ ကမ်းခြေကအ၀တ်အစားဖြစ်တဲ့ ဘောင်းဘီတိုစကတ်တိုက သင့်တော်နေပြန်တယ် ။ ညီမလေးရေ .. ယဉ်ကျေးမှုကို ထိမ်းသိမ်းဖို့ဆိုတာ ယဉ်ကျေးမှုကိုချစ်မြတ်နိုးတတ်မှဖြစ်နိုင်မှာပါ ။ ဖရီးစတိုင်ဆိုတာနဲ့ အမြင်မတင့်တယ်တာနဲ့မတူပါဘူး ။ 

စကက်တိုခြင်းဘောင်းဘီတိုခြင်းဝတ်တာတောင် မိန်းကလေးတစ်ဦးနဲ့တစ်ဦးမတူညီပြန်ဘူး ။ အကိုတို့ နိုင်ငံဟာ အရင်ကတည်းက ထဘီဦးစားပေးဝတ်ဆင်ကြတဲ့အလျောက်အခု လိုယဉ်ကျေးမှုတွေစီးဝင်လာကြတဲ့ခေတ်ထဲမှာ ညီမလေးဝတ်တဲ့ စကတ်တို ဘောင်းဘီတိုဟာ လူတွေမျက်လုံးထဲအဖို့ အမြင်မတင့်တယ်ဘူးဆိုတဲ့အတွေးကိုရောက်စေတတ်တယ် ။

အ၀တ်အစားဟာ တကယ်တမ်းအရေးကြီးသလိုလိုနဲ့တကယ်တမ်းတော့ အ၀တ်အစားထက်ပိုအရေးကြီးတာ အနေအထိုင်ပါညီမလေးရေ ။ ညီမလေးဟာ စကတ်တိုဝတ်ခွင့်ရှိတယ် ဒါပေမယ့်အနေအထိုင်တော့ သိုသိုသိပ်သိပ်နေရမယ် မိန်းကလေးကိုး ။ မြင်ဖူးနေကြပန်းပွင့်လေးတွေကို လူတွေက တန်ဖိုးမထားတတ်ကြပေမယ့် မမြင်ဖူးသေးတဲ့ရှားပါးပန်းပွင့်လေးတွေကိုတော့လူတွေက တန်ဖိုးထားတတ်ကြတယ် ။ ဒီသဘောပါပဲညီမလေး ရေ ။ လူဆိုတာ ရှေ့မှာမြင်နေရတဲ့အကောင်းအဆိုးထဲက ကိုယ်ဘာကိုယူမလဲဆိုတဲ့အပေါ်မှာပဲမူတည်ပါတယ် ။ ဥပမာ ညီမလေးကိုရီးယားကားတစ်ကားကြည့်တယ်ဆိုပါစို့ ။ 

ကိုရီးယားတွေရဲ့အလုပ်ကြိုးစားမှု အပြိုင်အဆိုင်ရှိမှု သန့ှ်ရှင်းသပ်ရပ်မှု နည်းစနစ်စတာတွေကို အတုယူရမှာဖြစ်ပြီးမိန်းကလေးတွေအရက်သောက်ခန်းတွေ အချင်းချင်းယောက်ျားလုနေတဲ့အခန်းတွေကိုတော့ အတုမယူရဘူးညီမလေး ။ ဒါဟာ လောကကြီးအပေါ် ကိုယ်မြင်တဲ့ရှူထောင့်အပေါ်မူတည်ပါတယ် ။ အခုဆိုညီမလေးလည်း အရွယ်ရောက်လာပြီဆိုတော့ အချိန်တန်ရင် ချစ်တဲ့သူပေါ်လာမယ် ပြီးရင်အိမ်ထောင်တွေဘာတွေကျမယ် သားသမီးတွေမွေးလို့ ညီမလေး၇ဲ့မျိုးရိုးကိုဆက်ပြီးစောင့်ထိမ်းရတော့မယ် ။ ပထမဦးဆုံး လွတ်လပ်ခွင့်ဆိုတဲ့ Freedom အကြောင်းညီမလေးကိုပြောပြချင်ပါတယ် ။

Freedom

အကိုနားလည်ထားတဲ့လွတ်လပ်ခွင့်ဆိုတာသည် လွတ်လွတ်လပ်လပ်ကြီးလုပ်ချင်တာလုပ် မယ်ဖြစ်ချင်တာဖြစ်ဆိုပြီး စိတ်လွတ်ကိုယ်လွတ်နေတာကို မဟုတ်ဘူးညီမလေး ။ လွတ်လပ်ခွင့်ဆိုတာသည် အပေါ်ယံကြည့်လိုက်ရင်ပေါ့ပါးတယ်ဆိုပေမယ့် အနောက်ကနေ တာဝန်ယူမှုဆိုတဲ့အပိုင်း ပါလာတဲ့အခါ အရမ်းကိုလေးနက်သွားရပါပြီ ။ ညီမလေးဟာ လွတ်လပ်မှုကို မြတ်နိုးတယ်ဆိုရင် ကိုယ့်ကိုယ်ကို နဲ့ကိုယ့်အကျိုးဆက်ကို တာဝန်ယူနိုင်တဲ့သူဖြစ်၇မယ် ။ ညီမလေးရဲ့လွတ်လပ်စွာ လုပ်ဆောင်နိုင်ခွင့်ဟာ တပါးသူရဲ့လွတ်လပ်စွာ လုပ်ဆောင်နိုင်ခွင့်အပေါ် ထိခိုက်စေခြင်းမရှိရဘူး ။ 

လွတ်ပြီးလပ်နေတာမျိုးမဖြစ်ရဘူးညီမလေး ။ လွတ်လပ်တယ်ဆိုတာ ကိုယ့်ကိုယ်ကို တာဝန်ယူပြီး ကိုယ့်ရည်မှန်းချက်ကို အမှီအခိုကင်းကင်းအကောင်အထည်ဖော်လုပ်ဆောင်တာကိုဆိုလိုပါတယ် ။ ဒီလိုပဲညီမလေးးလူတွေအားလုံးမှာ အခုတလောလူပြောများနေတဲ့ Human Right ဆိုတဲ့ လူ့အခွင့်အရေးကိုယ်စီရှိကြတယ် ။ 

လူမှမဟုတ်ပါဘူး ခွေးမှာရော ကြောင်မှာရော အရာရာမှာ အခွင့်အရေးနဲ့သူ့ လုပ်ပိုင်ခွင့်သူရှိကြတယ် ။ လူတစ်ယောက်ကို ဒါလုပ်ကို လုပ်ရမယ်လို့အတင်းယုံကြည်ခိုင်းလို့မရဘူး ။ လူတစ်ယောက်ကို ဒါယုံရမယ် ဒါမယုံရင် နှိပ်စက်မယ် သတ်ဖြတ်မယ်ဆိုတာဟာလည်း လူ့အခွင့်အရေးနဲ့မညီပြန်ဘူး ။ လူဆိုတာကိုယ့်စိတ်သဘောထားအတိုင်းကိုယ်ယုံကြည်ရာကိုယ်ရွေးချယ်လျှောက်လှမ်းနိုင်ခွင့်ရှိရမယ် ။

ညီမလေးရေ သူများတွေလုပ်လို့လိုက်လုပ်တယ်ဆိုတာ ညီမလေးရဲ့ပင်ကိုယ်အရည်အသွေးညံ့ဖျင်းရာကျပါတယ် ။ ညီမလေးစဉ်းစားကြည့် မွေးလာကတည်းက ဆင်တစ်ကောင်ကိုပြပြီး ဒါဆိတ်ပါလို့ယုံကြည်ခိုင်းရင် အသက်ကြီးလာတဲ့အခါ အဲဒီလူဟာဆင်ကို ဆိတ်လို့ပဲမြင်နေတာမဆန်းပါဘူး ။ အဲဒီလူမှာအပြစ်မရှိပါဘူး ယုံကြည်ခိုင်းတဲ့လူမှာသာအပြစ်ရှိပါတယ် ။ ယုံကြည်မှုကို တည်ဆောက်ချင်ရင်တော့ လေ့လာခြင်း + ဝေဖန်ခြင်း + ဆန်းစစ်ခြင်း + သုံးသပ်ခြင်း = အဖြေထုတ်ခြင်း စတဲ့ညီမျှခြင်းနဲ့သွားရတယ်ညီမလေး ။

 ဘာသာတရားဖြစ်စေ လူမှုရေးဖြစ်စေ နိုင်ငံရေးဖြစ်စေ ဘာကိုပဲ ဖြစ်ဖြစ် ယုံမယုံကြည့်ရတော့မယ့်အခါ ညီမလေး အရာရာကိုလေ့လာပါ ယှဉ်တွဲသုံးသပ်ပါ အကောင်းဆုံးကိုရွေးချယ်ဖို့လိုပါတယ် ။ ညီမလေးရေ လူ့အခွင့်အရေးအရပြောမယ်ဆိုရင် အကိုဟာညီမလေးကို ဘယ်လူနဲ့ယူရမယ် ဘယ်လူနဲ့မယူရဘူးပြောခွင့်မရှိတော့ဘူး ။ 

ညီမလေးမှာ လုပ်ပိုင်ခွင့် ( Right ) အပြည့်ရှိပြီကိုး ။ ကိုယ်ဖြစ်ကိုယ်ခံဆိုတဲ့စိတ်ကလေးကိန်းဝပ်လာတဲ့အခါ လူဟာ တဇွတ်ထိုးဆန်လာတတ်တယ် ။ မှားနေမှန်းသိရင်တောင်နောက်မဆုတ်ချင်တော့ဘူး ။ ညီမလေးကို အင်္ဂလိပ်ကြီးနဲ့မယူပါနဲ့ တရုတ်ကြီးနဲ့မယူပါနဲ့ အကို့မှာ တားပိုင်ခွင့်မရှိတော့ပါဘူး ။ ဒါပေမယ့်ညီမလေးရေ အကိုတို့ တစ်ချက်ကလေးပြန်စဉ်းစားကြည့်ရအောင်လား ။

စောင့်လေမျိုးနွယ်

ဘယ်လိုပဲ အသားအရောင်ညီတူညီမျှ လူ့အခွင့်အရေးညီတူညီမျှ လို့ဆိုပေမယ့် ဘင်လာဒင်လည်း အမေရိကကို တိုက်ခိုက်ခဲ့တာပါပဲ ။ အိုဘားမားလည်းငြိမ်းချမ်းရေးနိုဘယ်ဆုကိုင်ပြီး ဘင်လာဒင်ကို နှိမ်နှင်းခဲ့တာပါပဲ ။ တို့ကမ္ဘာကြီးဟာ သိပ်ကြောက်ဖို့ကောင်းတယ်ညီမလေး ။ လူ့အခွင့်အရေးလို့ တစာစာအော်နေပြီး အတွင်းမှာ သတ်ဖြတ်နေတာတွေ ဆာလောင်နေတာတွေ မြင်ရတဲ့အခါ အကိုဟာ တဖြည်းဖြည်း လူ့လောကကို မျက်နှာလွှဲချင်နေမိတော့တယ် ။ 


ညီမလေးရေ .. အကိုတို့မြန်မာလူမျိုးတွေဟာ သိပ်ကို အားနာတတ်တယ် ။ ခင်မင်တတ်တယ် ။ 

ယုံပြီဆိုရင်အိမ်ပေါင်ပေးရလည်းဝန်မလေးဘူးဆိုတဲ့ လူမျိုးထဲ တို့တွေပါတယ် ။ ဒီလိုအားနာမှု ယုံကြည်မှုတွေနဲ့အတူ တို့နိုင်ငံမှာ လူမျိုးခြားစိမ့်ဝင်မှုအန္တရာယ်ဟာသိသိသာသာကြီးကြီးမားလာခဲ့ရတာ ညီမလေးအမြင်ပါပဲ ။ ညီမလေးရေ ကိုယ်ချစ်တဲ့သူကို လူတိုငူ်းကတော့ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ရှိတာပါပဲ ။ ဒါပေမယ့်ညီမလေးအနေနဲ့ ရေရှည်တွေးလို့ အိမ်ထောင်ဖက်အထိစဉ်းစားရတော့မယ့်အခါ စောင့်လေမျိုးနွယ်ဆိုတဲ့ စကားလေးလုံးကိုထည့်သွင်းစဉ်းစားပေးပါလို့အကိုကတောင်းဆိုချင်ပါတယ် ။ မျိုးဆက်ပွားတာဝန်ကို ယူထားရတဲ့ညီမလေးဟာ အင်္ဂလိပ်ကြီးယူလိုက်တဲ့အခါ အင်္ဂလိပ်မြန်မာ မျိုးစပ်လေးရလာမယ် ဂျပန်ကြီယူလိုက်တဲ့အခါ ဂျပန်မြန်မာမျိုးစပ်လေးရလာမယ် ။

ဒီလိုတွေအဖြစ်များလာတဲ့အခါ တို့တွေမှာ မြန်မာဆိုတာ နောက်ဆိုကျန်ပါတော့ဦးမလားလို့ တွေးနေမိတယ် ။ မဖြစ်သေးပါဘူး အဝေးကြီးလိုပါသေးတယ်လို့ညီမလေးပြောချင်တာလား ။ အရှည်ကိုတွေးမိရင်တော့ စောင့်လေမျိုးနွယ်ဆိုတဲ့ စကားကို လေးလေးနက်နက် ဆင်ခြင်သုံးသပ်သင့်ပြီဆိုတဲ့အကြောင်းညီမလေးကိုသိစေချင်ပါတယ် ။

မြန်မာညီမလေးကမွေးလာတဲ့ရင်သွေးလေးကို အကိုက မြန်မာကလေးငယ်လေးပဲဖြစ်စေချင်တာ အကိုအတ္တကြီးမိတာဆိုလည်းဝန်ခံပါတယ် ။ အကိုက လူ့အခွင်းအရေးချိုးဖောက်မိတယ်ဆိုရင်လည်းအကို ခံပါ့မယ် ။ ဒါက အကိုမြင်ချင်တဲ့ဆန္ဒကိုး ။

မြန်မာညီမလေးက လက်ချိတ်ပြီးလမ်းလျောက်သွားတဲ့ဘေးကောင်လေးနေရာမှာ အကိုက မြန်မာကောင်လေးပဲဖြစ်စေချင်မိတယ် ။ မင်္ဂလာဆောင်တဲ့အခါ ရင်ဖုံးထိုင်မသိမ်းနဲ့သတို့သားကကျက်သရေခေါင်းပေါင်းနဲ့အခါတော်ပေးနေတဲ့မြင်ကွင်းလေး အကို မြင်ချင်မိလှတယ် ။

အကို့အတွေးအမြင်တွေ တစ်ဖက်စွန်းရောက်နေပြီလားတော့မပြောတတ်ပါဘူးညီမလေး ။ အများစုပြောနေကြတဲ့ လူ့အခွင့်အရေးဆိုတာ အကို့အနေနဲ့ စည်းဝါးလွတ် ဖြစ်ပြီး အကိုတို့တမျိုးသားလုံးကိုထိခိုက်မယ့်အရာမျိုးကိုတော့အကိုလက်မခံချင်ပါဘူး ။ မှန်တာပေါ့ ညီမလေးတို့လို မြန်မာအမျိုးသမီးလေးတွေ ရဲ့စိတ်ထဲမှာ အမျိုးကို ချစ်တဲ့စိတ် ဘာသာသာသနာကို ချစ်တဲ့စိတ်လေးရှိပြီး ကိုယ့်အသိလေးနဲ့ကိုယ် စောင့်လေးမျိုးနွယ်ကို ချစ်မြတ်နိုးရင်ဖြင့် အကို့ပူပင်မှုတွေ အေးချမ်းသွားလိမ့်မယ်လို့အကိုမျှော်လင့်မိပါတယ် ။

ဘယ်သူကမှ လာပြင်ပေးလို့မရပါဘူးညီမလေး ။ ဘယ်လိုကန့်သတ်ချက် တွေနဲ့မှလည်း လူတွေကိုပိတ်ပင်လို့မရပါဘူး ။

ကိုယ့်အသိစိတ်နဲ့ခံယူချက်မှာ အမျိုး ဘာသာ သာသနာကို ချစ်မြတ်နိုးတဲ့စိတ်ကလေးကိန်းအောင်းပြီး စောင့်လေမျိုးနွယ်ကို အသီးသီး လက်ခံကျင့်သုံးကြရင်ဖြင့် မြန်မာဆိုတာ ကမ္ဘာတည်သရွေ့တည်တံ့နေဦးမှာပါပဲ ။

ှညီမလေးရေ .. ရေလိုအေးလို့ ပန်းလိုမွှေးပါစေ ... ယုံကြည်ရာကို ရဲဝံ့ပြတ်သားစွာ လျှောက်လှမ်းနိုင်တဲ့ မြန်မာအမျိုးသမီးလေး စောင့်လေမျိုးနွယ်ကို ချစ်ခင်ဦးထိပ်ထားတဲ့ အမျိုးသမီးလေးတစ်ဦးဖြစ်ပါစေကွယ် ။

အကို
သက်တန့်ချို
28.6.2013 

Saturday, July 20, 2013

ဆရာဘယ်လို ရွေးမလဲ


ဆရာဘယ်လို ရွေးမလဲ

“ကိုယ်ပိုင်ဥာဏ်မရှိကြရင် အင်မတန်ကောင်းတဲ့ ဗုဒ္ဓဘာသာထဲမှာလည်း ဘာသာရေးမှိုင်းတိုက်ခံရမယ်။”
"If you don't have enough intelligence you will probably be exposed to religious fame even in such clean and clear religion as Buddhism." 
“如果你沒有足夠的智慧,你很可能會被暴露即使在這樣乾淨清澈的宗教佛教宗教的名氣。”
(အရှင်ဇနကာဘိဝံသ)

ဆရာတော်ရဲ့ မိန့်ဆိုချက်ဟာ အင်မတန်မှ လေးနက်ပါတယ်၊ ဗုဒ္ဓဘာသာမှ အကောင်းဆုံး၊ ဗုဒ္ဓဘာသာမှ အမြင့်မြတ်ဆုံး အမှန်ဆုံးလို့ မကြွေးကြော်ပဲ ပုထုစဉ်မှန်သမျှ မှားတတ်ကြောင်း၊ ကိုယ့်ထင်ကိုယ့်အမြင်နဲ့ သာသနာ ပြုသလို သာသနာကို ဖျက်စီးနေတတ်သူတွေလည်းရှိကြောင်း၊ လေ့လာလိုက်စားမူနည်းလို့ ကျင့်ကြံမူနည်းလို့ အယူအစ အတွေးအခေါ်တွေမှားယွင်းမူတွေဖြစ်တတ်ပြီး နည်းမှားတွေကို လမ်းညွှန်းတတ်သူတွေရှိကြောင်း၊ စေတနာ သဒ္ဒါ တရားလွန်ပြီး ပြောမှားဆိုမှားတွေ ဖြစ်တတ်ကြောင်း၊ တချို့က ဗုဒ္ဓဘာသာ ပျက်စီးရာ ပျက်စီးကြောင်းကို လိုလား၍ ဗုဒ္ဓဘာသာအမည်ခံပြီး တမင်တကာ ဝင်ရောက်ဖျက်စီးတတ်သူတွေရှိတတ်ကြောင်းကို တိုတိုနဲ့ လိုရင်းရောက်အောင် ပြောဆိုသွားတဲ့ အဆုံးအမလေးပါ။

အဓိကတော့ စိစစ် လက်ခံဖို့ကို ဆိုလိုတာပါ။ ဂျပန် ပညာရှိတစ်ဦးပြောတဲ့ အတိုင်းပါပဲ

" တရားဟောသူထက် တရားနာသူ က ပိုပြီး စိစစ်တတ်ရမယ်။ "

တရားနာသူက ပိုပြီး စိစစ်ရမှာပါ၊ ဆရာဝန်နဲ့ လူနာမှာဆို လူနာက ပေးတဲ့ ဆေးတိုင်းသောက်ရင် သေယုံပဲရှိတယ်လေ။ ဆရာဝန်တော့ သူသိသူတတ်ပဲလုပ်မှာပေါ့ သောက်သုံးရမှာက လူနာလေ၊ အဲ့တော့ လူနာက သေသေချာချာ စဉ်းစား စိစစ်ရမှာပေါ့။ ဒါက ဥပမာပါ။

မြတ်စွာဘုရားလည်း အမြင့်မြတ်ဆုံး ဩဝါဒတစ်ခုကလည်း စိစစ်ပြီးလက်ခံဖို့ကို ပြောထားတယ် - ဒါကို လေးလေးနက်နက်ထားပြီး မှတ်သားသင့်တဲ့ တရားတော်လေးပါ။

" ဗျာဒိတ်စကား ဆိုရုံနဲ့ မယုံကြည်ပါနှင့် အစဉ်အဆက် ယုံကြည်လက်ခံလာတာ ဖြစ်ရုံနှင့် မယုံကြည်ပါနှင့်။ သတင်းကြားနဲ့လဲ မယုံကြည်ပါနှင့် မြင့်မြတ်တဲ့ ကျမ်းစာများမှာ ပါရုံနဲ့လဲ မယုံကြည်ပါနှင့်
တဆင့် စကားမျှနှင့်လဲ မယုံကြည်ပါနှင့် စဉ်းစားတွေးခေါ်ရေး တက္ကဗေဒ၊ ဒဿနိကဗေဒတွေနဲ့ ကိုက်ညီရုံမျှနှင့်လဲ မယုံကြည်ပါနှင့်
ပြောတဲ့လူက ယုံကြည်ထိုက်တဲ့ ပုဂ္ဂိုလ် ဖြစ်ရုံမျှနှင့်လဲ

မယုံကြည်ပါနှင့် မိမိဆရာ ဖြစ်ရုံမျှနှင့်လဲ မယုံကြည်ပါနှင့် သင်ကိုယ်တိုင် ကောင်းတဲ့အရာပဲ၊ အပြစ်ကင်းတဲ့ အရာပဲ၊ ပညာရှိတို့ ချီးမွမ်းအပ်တဲ့ အရာပဲ၊ လက်တွေ့ ကျင့်ကြည့်တဲ့ အခါမှာလဲ မုချ ချမ်းသာစေနိုင်တဲ့ အရာပဲလို့ ကိုယ်တွေ့ သိမြင်ရတဲ့ အခါကျမှပဲ အဲဒါကို ယုံကြည် လက်ခံ လိုက်နာ ကျင့်ကြံပါ။ "

"Do not believe in anything simply because you have heard it. Do not believe simply because it has been handed down for many generations. Do not believe in anything simply because it is spoken and rumoured by many. Do not believe in anything simply because it is written in Holy Scriptures. Do not believe in anything merely on the authority of Teachers, elders or wise men.

Believe only after careful observation and analysis, when you find that it agress with reason and is conducive to the good and benefit of one and all. Then accept it and live up to it."

“不要相信任何東西,只是因為你聽到它,不要相信,僅僅是因為它已為許多世代流傳下來,不要相信什麼,只是因為它是口語和許多傳言。不要相信任何簡單的,因為它是寫在聖經,不要相信什麼純粹的權威,教師,長者或智者。

相信,只有經過仔細的觀察和分析,你會發現它同意有理性和有利於向好,一個和所有的利益。然後接受它,不辜負它。“

ဒီတော့ ဆရာကောင်းကို ဘယ်လိုရှာရမှာလည်း၊ ဘာသာကောင်းကို ဘယ်လိုရှာရမှာလည်းဆိုတော့ ဗုဒ္ဓစာပေတွေမှာ အသိအလင်းဖော်ပြထားတယ်။

ဆရာကောင်း၏ လက္ခဏာ (၇)ချက်

(၁) ရိုသေထိုက်သောဂုဏ် (၄)ပါး ရှိရမည်၊
(၂) ချစ်ခင်ထိုက်သောဂုဏ် (၄)ပါး ရှိရမည်၊
(၃) ချီးမွမ်းထိုက်သောဂုဏ် (၄)ပါး ရှိရမည်
(၄) မိမိ၏လွဲမှားမှု၊ မိုက်မဲမှုများကို ဆုံးမနိုင်ရမည်၊
(၅) မိမိမေးသမျှကို ဖြေဆိုနိုင်ရမည်၊
(၆) နက်နဲသော ဓာတ်၊ ပရမတ်၊ သစ္စာတရားများကို ဟောကြားနိုင်ရမည်၊
(၇) အကျိုးနည်းသော အလုပ်များကိုတားမြစ်၍ အကျိုးရှိသောအလုပ်များကို ညွှန်ပြနိုင်ရမည်၊

အဲ့ဒီ့အချက် (၇)ချက်မှာ ပထမဆုံးသုံးချက်ဟာ အတူတူပင်ဖြစ်ပါတယ်။ ယင်းတို့မှာ
(၁) ဒါန - လောဘမကြီးပဲ ပေးကမ်းစွန့်ကြဲနိုင်သူ ဖြစ်ရမည်၊
(၂) ဝေယျဝဇ္ဇ - ဒေါသမကြီးဘဲ မေတ္တာနှင့်ယှဉ်သည့် ချစ်ဖွယ်စကား ရှိရမည်၊
(၃) အတ္တစရိယာ - တပည့်တို့၏ ကောင်းကျိုးကို ကျင့်ဆောင်ရမည်၊
(၄) သမာနတ္တတာ - မနှိမ့်ချဘဲ ပုံမှန်တန်းတူ ဆက်ဆံရမည် ဆိုတဲ့အချက်တွေပဲဖြစ်ပါတယ်။

( သတ္တတအင်္ဂုတ္တိုရ် ပါဠိတော် )

နောက်တချက်က ဆရာတစ်ယောက်ဟာ တပည့်တစ်ယောက်ကို ကိုယ့်အားကိုယ်ကိုးဘို့ ဘယ်လောက် ရှေ့တန်းတင် အားပေးနေလည်းဆိုသော အချက်ပါ၊ အရာရာမှာ ဆရာကိုပဲ ယုံကြည် အားကိုးမှီခိုမူကို အားပေးနေခြင်းဟာ ကိုယ့်အားကိုယ်ကိုးလိုမူစွမ်းအား စိစစ်ဖို့စွမ်းအားတွေကို ကျဆင်းစေပါတယ်၊ တစ်နေ့ ဆရာမရှိတော့ရင်လည်း အားကိုးရာမဲ့ သလို ဖြစ်နေပါလိမ့်မယ်။ ဒါကြောင့် ဆရာကောင်းဆိုတာ ကိုယ့်စီမှာရှိတဲ့ သီလ သမာဓိ ပညာ စွမ်းအားတွေကို အစွမ်းထက်လာအောင် ကိုယ့်အားကိုယ်ကိုးမူ ကိုယ့်ပေါ်ကိုယ် ယုံကြည်မူတွေကို အစွမ်းထက်လာအောင် ဖေးမပေးနိုင်သူဖြစ်ရမယ် ဖြစ်သင့်ပါတယ်။

မြတ်ဗုဒ္ဓ တော့ အရှင်အာနန္ဒာကို ဒီလို ဆုံးမထားပါတယ်။

" အာနန္ဒာ ပုဂ္ဂိုလ်ကို အားမကိုးနဲ့၊ ပုဂ္ဂိုလ်ဆိုတာ ထာဝရ မတည်ဘူး။ အားကိုးရမှာက ဓမ္မကို အားကိုးရမှာ၊ ဓမ္မသည်သာလျှင် ထာဝရ တည်မြဲနေတာ။ "
" Ananda do not depend on Person, because they do not live forever. You have to depend on Dhamma (depend on yourself), because only Dhamma stays forever."

“阿難不依賴於人,因為他們根本不會永遠活著,你必須依賴於正法(靠自己),因為只有正法永遠保持。”

ကိုးကွယ်သင့်သော ဘာသာ၌ ရှိရမည့်အင်္ဂါများ

၁။ အပြစ်ကင်းရမယ်၊
၂။ ကောင်းကျိုးရှိရမယ်၊
၃။ ပညာရှိတို့ ကဲ့ရဲ့မှု မှ လွတ်ကင်းရမယ်၊
၎။ အခြားဘာသာကို ဖျက်ဆီးခြင်းကင်းရမယ်၊
၅။ အခြားဘာသာများ တရားသဖြင့် တိုးတက်ကြီးပွါးအောင် ပြုလုပ်ခြင်းကို ခွင့်ပြုရမယ်၊
၆။ မကောင်းမှုကို မပြုမိအောင် စောင့်စည်းပေးနိုင်ရမယ်၊
၇။ စိတ်ကို ကိလေသာမှစင်ကြယ်အောင် ညွှန်ပြနိုင်စွမ်း ရှိရမယ်။

( အရှင်ဇဝန - မေတ္တာရှင် ရွှေပြည်သာ )

ဒီအချက်အလက်တွေက ကိုယ့်ကို စိစစ်ဖို့အတွက် ပေးတဲ့ အထောက်အကူလေးတွေပါပဲ။

ဆရာတော် ဒေါက်တာဝါပိုလာရာဟုလာ မိန့်ခဲ့တဲ့ ဩဝါဒကလည်း အင်မတန်ကောင်းပါတယ် -

ဗုဒ္ဓဝါဒသည် ယုံကြည်မှုထက် သိမှုနှင့် ရှုမြင်မှုကိုသာ အဓိကထားသည်။ ဗုဒ္ဓ၏ သွန်သင်ဆုံးမမှု (တရားတော်) များသည် "ဧဟိ ပဿိကော လာလှည့် ရှူလှည့်" ဟုဖိတ်ခေါ်ခြင်းကိုသာ
ပြု၍လာပြီး ယုံကြည်လော့ ဟုမဆိုပေ။

Buddhism is not always a question of knowing and seeing and not that of believing.
The teaching of the Buddha is qualified as Ehi-Passiko, inviting you to come and see, but not to come and believe.
( Ven. Dr. W. Rahula - What the Buddha Taught )

佛教是不知道,看到的,不相信的始終是一個問題。
佛陀教導有資格作為EHI Passiko,邀請你來,但不來,並相信。
(W.羅睺羅博士法師 - 佛陀的教導)

ဒီအတိုင်းပါပဲ " ဧဟိ ပဿိကော " - နာကြားပါ ဆည်းပူးပါ ပြီးတော့ စိစစ်လက်ခံရမှာပါ။ ဘာသာခြားမှ မဟုတ် ဗုဒ္ဓဘာသာဝင်တွေလည်း အမြဲလို နှလုံးတွင်း ဆင်ခြင်သင့်ပါတယ်။

နောက်ဆုံး ပြောရမယ်ဆိုရင်
ဆရာများ သားသေပဲဖြစ်ဖြစ်၊ ဆရာမှား သားသေပဲ ဖြစ်ဖြစ် လက်ခံတဲ့သူက ဝေဖန် စမ်းစစ်မူ မရှိပဲ အကန်းကြီးလက်ခံရင်တော့
အဲ့ဒါ ကိုယ့်အပြစ်ပါပဲ။ ကိုယ်အလိုက်မှားလို့၊ ကိုယ်လေ့လာ လိုက်စားမူနည်းလို့ပါ၊ ဆရာ့အပြစ်နောက်မှထား သူခံရမှာနောက်မှထား
လောလောဆယ် ကိုယ်မှားကိုယ်ခံ၊ ကိုယ်အမှား ကိုယ်ဝန်ခံပြီး နောက်ထက် မမှားမိအောင် အရာရာအားလုံးကို စဉ်းစဉ်းစားစား စိစစ် လက်ခံသင့်ပေသည်။

ဒါကြောင့် စာပေ များများလိုက်စား၍ ဆရာကောင်း သူတော်ကောင်းတရားတွေ ဆုံးမစကားတွေကို များများနားယူခြင်းဖြင့်လည်းကောင်း ဆွေးနွေးစိစစ်ခြင်းဖြင့်လည်းကောင်း အတွေးအမြင် အယူအစများ မှန်ကန်အောင် မှတ်သား ကျင့်ကြံသင့်ပေသည်။

World0fWisdom

Friday, July 19, 2013

ပန်းလိုချင်လျှက် အပင်မပျိုးတတ်လေသောအခါ


ပန်းလိုချင်လျှက် အပင်မပျိုးတတ်လေသောအခါ

သားသား တို့က မဆိုး ပါ .... မီးမီး တို့က မဆိုးပါ .. ကလေးဆိုတာ မသိတာ ...                            ကလေးဆိုတာ နားမလည် တာ... နားလည်သွားအောင်ပြောပြပါ........ နားမလည်သေးတာ ပြောပြပါ
                အစရှိသည်ဖြင့် ဆူညံစွာ ပေါ်ထွက်လာတာကတော့ စာရေးသူသီတင်းသုံးနေတဲ့ ဇေယျသုခ ဓမ္မရိပ်သာ ကျောင်းတော်မှ ဖွင့်လှစ်ထားတဲ့ ယဉ်ကျေးလိမ်မာ သင်တန်းသား သင်တန်းသူများရဲ့  ဟစ်ကြွေးသံလေးတွေပဲ ဖြစ်ပါတယ် ... စာရေးသူ ရှေ့က တိုင်ပေးသည်ကို မပီကလာ ပီကလာနဲ့ တီတီတာတာ လိုက်ပါ ဆိုနေတဲ့ အသံတွေက နာဝင်ပီယံ မဖြစ်လင့်ကစား အားရရွှင်ပျော် ဟစ်အော်ဟန်လေးတွေကတော့ စာရေးသူကို အားတက်စေတာ အမှန်ပါ ။

စာရေးသူ ရောက်ခဲ့သည်ကာလ မှ အစပြုကာ နွေရာသီရောက်တိုင်း ယဉ်ကျေးလိမ်မာသင်တန်းလေး တစ်ခု စီစဉ် ဖွင့်လှစ်ခဲ့ရာ သုံးကြိမ်ဆိုသော အရေအတွက်သို့ပင် ရောက်ရှိခဲ့ပါပီ .. ဒီသင်တန်းမှာတော့ မြန်မာစာ အရေး အဖတ်တို့နဲ့ အတူ ဗုဒ္ဓဘာသာဆိုင်ရာ အခြေခံ သိမှတ်ဖွယ်ရာလေးတွေကို ကလေးတွေ လိုက်မှီနိုင်သမျှ ပို့ချပေးနေဖြစ်ခဲ့ပါတယ် ... ပထမ နှစ်က သင်တန်းသား သင်းတန်းသူ (၉၀) ကျော် ရှိခဲ့ပြီး ဒုတိယ နှစ်မှာတော့ (၆၀) ကျော်သာသာပါပဲ..ယခုလက်ရှိနှစ်မှာတော့ (၄၀) ကျော်သော သင်တန်းသား သင်တန်းသူလေးတွေ တက်ရောက်လေ့လာ သင်ယူနေကြလေရဲ့...။

မြန်မာစကား ပြောတတ်ငြားလဲ

စာရေးသူ၏ ပတ်ဝန်းကျင်မှာ မြန်မာနိုင်ငံဖွား မိသားစုတွေ ရာနဲ့ချီပြီး နေထိုင်လျှက်ရှိပါတယ် မွန် ဗမာ ရခိုင် ကချင် ကရင် ချင်း ကယား စသည့်အားဖြင့် တိုင်းရင်းပေါင်းစုံပါပဲ  ဒီအထဲမှာ မြန်မာပြည်ဖွားဖြစ်ကြပေမဲ့ မြန်မာစကားကို အထင်အမြင်သေးပြီး အနောက်တိုင်း ဘာသာစကားကိုမှ အထင်ကြီးနေကြသူ များစွာကိုလဲ တွေ့မြင်နေရပါတယ် မျိုးဆက်သစ် သားငယ် သမီးငယ်များအား မြန်မာစာပေ ၊စကား မြန်မာ့ယဉ်ကျေးမှု စသည်တွေကို အမွေပေး လက်ဆင့်ကမ်းသင့်ကြပေမဲ့ မျက်ကွယ်ပြု လျစ်လျူရှုထားတာတွေ တွေ့ရတဲ့ အခါ ဘာရယ်မဟုတ် ရင်ထဲမှာ နာကျင်မိသလိုလို ခံစားရပါတယ် ။ ရလာဒ်အနေအားဖြင့် မျိုးဆက်သစ် ရင်သွေးရတနာလေးများဟာ မြန်မာစကား အထိုက်အလျှောက် ပြောဆိုတတ်ကြပေမဲ့  စာပေကိုတော့ ဖတ်တတ်ခြင်း ရေးတတ်ခြင်းမရှိတော့တာပဲ ဖြစ်ပါတယ် တစ်ချို့ဆို စကားကိုပင် ကောင်းကောင်းပြောတတ်ခြင်း နားလည်ခြင်း မရှိတာကို ဝမ်းနည်းဖွယ်ရာ တွေ့မြင်နေရပါတယ်


မျက်ကန်းမျိုးချစ် မဖြစ်စေလို


တစ်ချို့ကပြောပါသေးတယ် အမေရိကန် နေတာပဲ မြန်မာစာ မြန်မာစကားတတ် ဖို့  သင်ပေးဖို့ မလိုပါဘူး တဲ့။ ဒီလို မှတ်ချက်ပေး ပြောဆိုနေသူတွေကို ကြည့်လိုက်ပါကလည်း မြန်မာပြည် ဒီမိုကရေစီအရေး အသက်ပေးဆောင်ရွက်ဖို့ ဝန်မလေးဘူးလို့ ဆိုကြတဲ့ သူတွေ အများသားပါပဲ ။ အမိမြန်မာပြည်ကို ချစ်မြတ်နိုး တန်ဖိုးထားလို့ အသက်ကိုပင် စတေး ဆောင်ရွက်ခဲ့သူတွေဟာ အမေရိကန် ရောက်လာချိန်မှာတော့ စိတ်ဓါတ်တွေ ပြောင်းကုန်လေရော့သလား ထင်မှားဖွယ်ရာပါပဲ .. မွေးလာတဲ့ သားသမိးကိုပင် မြန်မာနာမည် မပေးချင်တော့.. အနောက်တိုင်းလေသံလိုက်လို့  အနောက်တိုင်းဟန် နာမည်များကို ရွေးချယ်ပေးနေကြသလို အနောက်တိုင်းဘာသာစကားကို ကျွမ်းကျင်စွာ ပြောနေကြတာကိုပင် ဂုဏ်ယူဝင့်ကြွားနေကြပြန်ပါတယ် ။ တကယ်မြန်မာပြည်ကို ချစ်တယ်ဆိုပါရင် မြန်မာနွယ်ဖွားဖြစ်တဲ့ မိမိတို့ ရင်သွေးများကို မြန်မာစာပေ နဲ့ စကားလောက်တော့ကျွမ်းကျင် တတ်မြောက်အောင် မျက်စိဖွင့် ပေးသင့်တယ်လို့ ထင်ပါတယ်

မြန်မာစကား ကို    အခြေခံ၍

မြန်မာနွယ်ဖွား ကလေးများကို ယဉ်ကျေးလိမ်မာအောင်ဖြစ်စေ ဗုဒ္ဓဘာသာ အခြေခံသိမှတ်စရာတွေကို သင်ပေးရာမှာဖြစ်စေ မြန်မာလို ရှင်းပြရတာက ပိုပြီးအားရှိသလိုပါပဲ မြန်မာစကားကို မြန်မာနားဖြင့် နားထောင်နိုင်အောင်ဆိုရင် မြန်မာကလေးတိုင်း မြန်မာ စာ  ရေးတတ်ဖတ်တတ်ပြီး မြန်မာစကားကို ကျွမ်းကျင်နားလည်ထားရင် ဘယ်လောက် ကောင်းလိုက်မလဲ လို့ တွေးမိပါတယ်                                   မိဘနဲ့ သားသမီးကြားမှာ စကားကွာသွားတာနဲ့ အမျှ နားလည်မှု ကွားခြားသွားနိုင်တာပဲ မလား        ဒီမှ တဆင့်တက်ပြီး ယဉ်ကျေးမှုတွေလဲ ကွားခြား သွားနိုင်တာမို့  အရှည်ကို မျှော်တွေးလိုက်ရင် မြန်မာကလေးတွေကို မြန်မာလိုလေးလဲ တတ်စေချင်မိတာ အမှန်ပါပဲ  စကားကို အခြေခံပြီး မြန်မာ့ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံစံတွေကိုလဲ ပြောပြ သင်ပြခွင့်ရမယ် အဆင်မြင့် ဗုဒ္ဓဒေသနာတွေကိုလဲ ဟောပြော ပို့ချခွင့် ရနိုင်တာမို့ အကျိုးများနိုင်ခြေရှိနေတယ်ဆိုတာ မိဘတွေ တွေးသိဆင်ခြင်မိရင်ဖြင့် ဘယ်လောက်ကောင်းလိုက်မလဲ လို့ တဆက်တည်း တွေးမိုလိုက်ပါရဲ့ပေါ့

အကျိုးကြီးမား မြန်မာစကား

မြန်မာပြည်အရပ်ရပ်က ထင်ပေါ်ကျော်ကြားသည့် သူတွေ ၊ သီလ သမာဓိ ပညာ သိက္ခာသုံးပါးဖြင့် ပြည့်စုံသည့် ဆရာတော်ကြီးတွေ အမေရိကန် ရောက်လာခဲ့တဲ့ အခါမှာလဲ မြန်မာဘာသာ မြန်မာစကားဖြင့်သာ ဟောကြားလေ့ရှိတာ သတိပြုမိပါတယ် သူတို့တွေ သင်ပြ ဟောပြပေးသမျှ နားလည်ရအောင်ဆိုရင် မြန်မာစကားကို ကျွမ်းကျင်စွာ နားလည်ဖို့ လိုတယ်ဆိုတာ ထင်ရှားပါတယ် သံသရာဝဋ်ဒုက္ခမှ လွတ်မြောက်ကြောင်း တရားတော်တွေ ဟောပြောပြသ ကျင့်သုံးစေရာမှာလဲ မြန်မာလိုပင် ဟောပြကြတာမို့ မြန်မာစကား မြန်မာစာပေ တတ်ကျွမ်းထားခြင်းအားဖြင့် အကျိုးကြီးမားလှပါတယ်လို့ ဆိုချင်ပါတယ် အရေးကြီးတာက မိမိတို့ဟာ အမေရိကန် ရောက်နေပေမဲ့ မြန်မာကွန်မြူနတီ အတွင်းမှာ ပဲ နေနေ ထိုင်နေကြတယ်ဆိုတာ သတိမူမိစေချင်တာပါ မြန်မာကွန်မြူနတီအတွင်းမှာကျင်းပလေ့ရှိတဲ့ ရိုးရာပွဲတော်တွေ ဘာသာရေး ယဉ်ကျေးမှု ပွဲတော်တွေ အားလုံးတိုင်းမှာအသုံးပြုလေ့ရှိတဲ့ ကြော်ငြာ လက်ကမ်း ဖိတ်စာအားလုံးကို မြန်မာစာပေနဲ့ ပဲ ရေးသား ဖြန့်ချီလေ့ ရှိတာကြောင့် မြန်မာစာပေ လေ့လာသင်ယူထားခြင်းဟာ သားငယ် သမီးငယ်တွေ အတွက်ရော မိဘတွေ အတွက်ပါ အကျိုးဖြစ်ထွန်းနိုင်တာပါပဲ အခြား ပြောပြလို့မကုန်တဲ့ အကျိုးတွေလဲ အများကြီး ဖြစ်ပါလိမ့်မယ်

ရည်ရွယ်ချက်တွေ သွေဖယ်နေ

 အမေရိကန်ရောက်ရှိနေကြတဲ့ မြန်မာနွယ်ဖွား မိသားစုများဟာ မိမိတို့ယုံကြည်ရာဘာသာအလိုက် ကိုးကွယ်ရာ ကျောင်းတော်တွေ ထည်ထောင်ထားလေ့ ရှိကြပါတယ် အဓိက ရည်ရွယ်ချက်တွေက မိမိတို့ရဲ့ ရိုးရာ ယဉ်ကျေးမှု  အစဉ်အလာတွေကို ထိမ်းသိမ်းစောင့်ရှောက်ဖို့  မျိုးဆက်သစ် လူငယ် မောင်မယ်တွေကို  အမျိုး ဘာသာ သာသနာ ယဉ်ကျေးမှု ဓလေ့ ထုံးစံတွေကို ဒီကျောင်းတော်တွေကနေ သင်ယူလေ့လာစေပြီး  အဆင့်ဆင့် လက်ဆင့် ကမ်းဖို့ လို့ ပြောလေ့ရှိကြပါတယ် ။ တကယ်တမ်း ကျောင်းတွေ တည်ထောင်ပြီး သက်ဆိုင်ရာ ဘုန်းတော်ကြီးတွေ ပင့်ဆောင်ထားပြီး နောက်မှာတော့ သားသမီးလဲ ကျောင်းမပို့ ကိုယ်တိုင်လဲ မရောက်တော့တဲ့ အဖြစ်တွေ... အကြောင်းအမျိုးမျိုးပြပြီး မိမိတို့မူလ ရည်ရွယ်ချက်တွေကနေ သွေဖယ်သွားကြသူတွေ အများသားဆိုတာ ခုတော့ သိလာရပါပြီ

မိအေး နှစ်ခါနာ မဖြစ်စေလိုပါ

အမေရိကန်မှာ ကျောင်းတွေတည်ထောင်ရတာ မလွယ်ကူလှပါဘူး  အစပျိုးရတာ လွယ်ကူသယောင်ရှိပေမဲ့ ရေရှည်တည်အောင်ဆိုပါရင် စုပေါင်းစွမ်းဆောင်မှုတွေက အရေးပါလှပါတယ် မိမိတို့ရဲ့ ချွေးနဲစာတွေကို အမျိုး ဘာသာ သာသနာအတွက်ဆိုပြီး ရက်ရက်ရဲရဲ့ စွန့်ကြဲရဲကြပေမဲ့ အမွေဆက်ခံ ဆောင်ရွက်ကြမည့် သား သမီးရတနာတွေကို မပြုစု မပျိုးထောင် လက်ဆင့် မကမ်းနိုင်ရင်တော့ ရေရှည်မှာ အရှုံးဆိုသော ရလာဒ်တွေက စောင့်ကြိုနေမှာပါပဲ သားသမီးတို့ ကျင်လည်ရာ ဝန်းကျင်သည် ဘာသာခြား လူမျိုးခြား တို့က စိုးမိုးထားလေတော့ သူတို့ ယဉ်ကျေးမှု အယူအဆကသာ သားတို့ သမီးတို့ရင်ထဲ ထိုးဖောက်နေရာယူသွားရင် မိဘများအတွက် ရှုံးချက်က ကြီးမားမှာ မလွဲပါဘူးလို့လဲ ပြောရဲ ပါတယ်

ပန်းလိုချင် အပင်ပျိုး

ပန်းလိုချင်မှတော့ ထိုပန်းကို ပွင့်လန်းစေနိုင်ခြေရှိတဲ့ အပင်ကို ပျိုးဖို့သတ္တိနဲ မနေသင့်ပါဘူး အမျိုးဘာသာ သာသနာကို ချစ်မြတ်နိုးတတ်တဲ့ သားကောင်း ရတနာ သမီးကောင်းရတနာ မျိုးဆက်သစ်တွေ ပေါ်ထွန်းလာပြီး မိမိတို့ တည်ထောင်ထားအပ်တဲ့ ဥယဉ်မြေကို ဆက်လက်ရှင်သန်စေ ပွင့်လန်းစေမယ်ဆိုရင်ဖြင့် ဒီဥယဉ်ဟာ အစဉ်သဖြင့် သင်းပျံ့မွှေးကြိုင် ရနံ့လှိုင်နေမည်သာ ဖြစ်ပါတယ်  ဒီလိုဖြစ်အောင်ဆိုရင် မျိုးဆက်သစ် ရင်သွေးရတနာတွေကို ပန်းပင်လေးတွေ ပြုစုပျိုးထောင်သလို ပြုစုပျိုးထောင်ပြီး မြန်မာစာ မြန်မာစကား မြန်မာ့ယဉ်ကျေးမှုတွေ မျှဝေ လက်ဆင့်ကမ်းခြင်းအားဖြင့် အပင်လေးတွေပျိုးကြပါစို့လား လို့ တိုက်တွန်းနှိုးဆော်ချင်မိပါတယ်

ကောင်းကျိုးထွေထွေ  စောင့်ကြိုနေ

 သားရတနာ သမီးရတနာတွေကို မြန်မာစာ မြန်မာစကား ကိုယ်တိုင် မသင်ပေးအားသူတွေအနေနဲ့ နီးစပ်ရာ ကျောင်းတော်တွေကို ပို့ဆောင်သင်ယူစေမယ်ဆိုရင် ဖြစ်နိုင်နေပါပြီ ကျောင်းတွေရောက်တဲ့အခါ ဘုရားရှိခိုး မေတ္တာပို့ စသည်ဖြင့် ကောင်းကံတွေကိုလဲ ဆည်းပူးခွင့်ရမှာဖြစ်လို့ ဒီကံတွေက ကလေးတွေကို မောင်ကံကောင်း မယ်ကံကောင်းတွေ ဖြစ်စေနိုင်တာပါပဲ ။  ရင်သွေးရတနာတွေကို အိုင်ပက်..ကွန်ပြူတာ စသည်ဖြင့် လိုအပ်ရာ ဝယ်ပေးပြီး အခန်းအတွင်းထားခြင်းထက် ကျောင်းတော်တွေ ပို့ပေးခြင်းသည် လူတော်လူကောင်းလေးတွေ ပေါ်ထွက်လာနိုင်တာမို့ ကွန်မြူနတီ အတွက် များစွာ အကျိုးထွက်နိုင်ပါတယ် မြန်မာနိုင်ငံဖွား အချင်းချင်း ရင်းနှီးနိုင်ခွင့် ရနိုင်သလို မြန်မာစကား မြန်မာစာပေ မြန်မာ့ယဉ်ကျေးမှုတွေကို ငယ်ငယ်ရွယ်ရွယ်နဲ့ နားလည်သွားစေနိုင်ပါတယ် ဒီနောက်ကွယ်မှာတော့ များစွာသော ကောင်းကျိုးတွေက စောင့်ကြိုနေမှာ မလွယ်ပါဘူးလို့ ဆိုလိုက်ပါရစေ

ပန်းလိုချင်လျှက် အပင်မပျိုးတတ်လေသောအခါ

သားသမီးကို ဆင်စီးပြီး မြင်းရံ လိုသူတွေအများသားပါ ဘယ်မိဘမဆို သားတွေ သမီးတွေ ပညာရေးအတွက် အမေရိကန်ကို လာခဲ့တာလို့ ပြောလေ့ရှိပါတယ် တကယ်တမ်းမှာတော့ ကံမကောင်းအကြောင်းမလှခဲ့ရင် ညာဏ်ဘယ်လောက်ကောင်းကောင်း မထွန်းပေါက်နိုင်ပါဘူး ဝိရိယ ဘယ်မျှ ကောင်းပါစေ ကံ မမ လို့ကတော့ အောင်မြင်မှုသရဖူ မဆောင်းနိုင်ပါဘူး ကံ ဉာဏ် ဝိရိယ မျှတမှသာ ထိပ်ဆုံးရောက်နိုင်တဲ့ လောကမှာ  တစ်လမ်းသွား တစ်ဖက်မြင်အတွေးတွေနဲ့ သားတွေ သမီးတွေကို ဘာသာရေး ကျောင်းတော်တွေနဲ့ အလှမ်းဝေးနေစေခြင်းဟာ သားသမီးတို့ရဲ့ အနာဂါတ်အတွက် ထည့်တွက်ရာ မရောက်ဘူးလို့ ထင်မိပါတယ်

ကျောင်းရောက်ခဲ့ရင် အနည်းဆုံး ဘုရားရှိခိုး မေတ္တာပို့ စသည်ဖြင့် ရတနာသုံးပါးကျေးဇူး မိဘဆရာကျေးဇူးတွေကို သင်ဖြစ်တော့ ကုသိုလ်စိတ်တွေ ဖြစ်နေတယ်ဆိုရင် မှားမယ်မထင်ပါဘူး ဒီလိုနဲ့ လူလိမ်မာလေးတွေ ဖြစ်ပြီး အိမ်မှာ ကျောင်းမှာ ဘက်စုံတော်သော ကလေးတွေ ဖြစ်လာနိုင်ပါတယ် ဒီလို မတွေးပဲ ကလေးတွေကို အလိုလိုက် အကြိုက်ဆောင်ပေးနေခြင်းဟာ အမိုက်အမှောင်ကို တွန်းပို့နေသလိုပင် ထင်မိပါတော့တယ် အချုပ်အားဖြင့် ဆိုရပါမူ ပန်းသာလိုချင်လျှက် အပင်ကို မပျိုးတတ်ခဲ့ရင်ဖြင့် လောကအလယ်တွင် ပညာ ဂုဏ်ဖြင့် တင့်တင့်တယ်တယ် ဝင့်ဝင့်ထယ်ထယ် ပွင့်လန်းလာမဲ့ ပန်းလေးတွေ ဖြစ်ထွန်းပေါ်ပေါက် ပွင့်လန်းလာဖို့ရာ မလွယ်ကူပါကြောင်း တင်ပြရင်း စာရေးသူရဲ့ ဒီညအတွေးလေးကို နိဂုံးချုပ်လိုက်ပါရစေ

                         ဇေယျသုခ အရှင်နန္ဒဝံသ(Amarillo , TX, U.S.A)

Thursday, July 18, 2013

အတွင်းအား ရှိဖို့လိုတယ်

အတွင်းအား ရှိဖို့လိုတယ်

(၁)
စာဖတ်တာကောင်းလား ကောင်းပါသည်။ လူတိုင်း စာဖတ်သင့်သည်။ စာဖတ်မှသာ စာကရလာသည့် အသိပညာနှင့် အရာရာ ချိန်ထိုးဆုံးဖြတ်နိုင်သည်။ အမှားအယွင်း နည်းနိုင်သမျှ နည်းသွားပေမည်။ ပတ်ဝန်းကျင်နှင့် စကားပြောခွင့်ရသည့် အခါတိုင်းလည်း ထုံအအ ဖြစ်မနေတော့ဘဲ ရှု့ထောင့် အမျိုးမျိုးမှ ဆွေးနွေးတင်ပြနိုင်ပေသည်။ စာဖတ်ခြင်းဖြင့်လည်း အနုပညာတစ်ရပ်ကို ဖော်ထုတ်နိုင်ပေ၏။

သို့ပေမင့် သူ့အရွယ်နှင့်သူ ချိန်ထိုးဖတ်သင့်သည်။ စာဖတ်သူက အသိဥာဏ်သော်လည်းကောင်း၊ အရွယ်အားဖြင့် သော် လည်းကောင်း နုငယ်နေလျှင် ဖတ်သည့်စာက ထိုသူ လိုက်မမှီနိုင်သည့် အတွေးအခေါ်၊ ယုတ္တိလွန်စာပေများဖြစ်နေပါမူ ဒုက္ခရောက်သွားနိုင်သည်။ ရင့်ကျက်မှုမရှိသေးသော အတွေးအခေါ်များနှင့် ယုတ္တိလွန် စာပေနှင့် အခြားခြားသော အနုပညာများ ရောမွှေမိပြီဆိုလျှင် ထိုသူ မလွယ်တော့ပေ။

မိမိတို့ ဆယ့်လေးနှစ်၊ ဆယ့်ငါးနှစ် အရွယ်လောက်ကဖြစ်သည်။ သူငယ်ချင်း ကိုရင်တစ်ပါးက စာဖတ်တာ အလွန်ဝါသနာပါသည်။ ကာတွန်း၊ ပုံပြင်၊ ဇာတ်တော်၊ ၀တ္ထုမျိုးစုံဖတ်သည်။ ထိုဖတ်သည့်စာအုပ်များထဲမှာ သူအလွန်နှစ်သက်သည့်အရာက ယုတ္တိလွန် သိုင်းဝတ္ထုများဖြစ်သည်။ သိုင်းစာအုပ်ထဲမှ “၀ုန်း” ” ဒိုင်း” “ ဖုံး” “ဒိုင်း” တွေ ဖတ်နေရလျှင်မူ ဆွမ်းစားဖို့တောင် မေ့မေ့သွားတတ်သည်။

တစ်ညမှာ သူသိုင်းဝတ္ထုဖတ်နေတုန်း ညဥ့်နက်လှသဖြင့် “သူငယ်ချင်း သွားအိပ်ကြရအောင်လို့” ပြောဖူးသည်။ ပြောတော့ သူက...
“ခဏလေးပါကွ…နေပါအုံး…၀တ္ထုက အရမ်းကောင်းနေတယ်…ငါဖတ်ပြမယ်…နားထောင်”ဆိုပြီး ၀တ္ထုစာမျက်နှာမှာပါသော “ဖုန်းဒိုင်း” ချကွက်များကို တစ်လုံးမကျန် ဟန်ကျပန်ကျ.. ဖတ်ပြလေတော့သည်။ မိမိလည်း အားနာနာနှင့် နားထောင်ပေးနေမိသည်။ ၀တ္ထုစာအုပ်ထဲမှ မင်းသားကိုလည်း သူကောက်ချက်ချ ချီးကျူးထောပနာပြုပြန်သည်။ “ဒီမင်းသားဖြစ်နေလို့ပေါ့ကွာ…ဒို့မြန်မာမင်းသားတချို့ဆိုရင် သွားပြီ၊ ဒီတောင်ထိပ်ပေါ်က ဒီလိုမျိုးလေသိုင်းနဲ့ ဘယ်လိုလုပ်ပြီး ခုန်ဆင်းနိုင်မလဲ…လှိမ့်ချပစ်ဖို့လောက်ပဲ စိတ်ကူးမှာ.. ဒီမင်းသားကတော့ တော်ပါပေတယ်…”ဟု သူ့နှုတ်ခမ်းမှာ မရှိသည့် မုတ်ဆိပ်မွေးများကို ရှိသလိုလိုနှင့် အနားသက် ဟန်ရေးပြကာ ချီးကျူးပြသည်။

(၂)
ကျောင်းမှာ ၀တ္ထုစာအုပ်ဖတ်တာကို ဆရာတော်ကမကြိုက်၊ ဒါပေမယ့် သူငယ်ချင်းက ခိုးခိုးဖတ်သည်။ စာသင်ကျောင်းဆင်းချိန်၊ နားနေချိန်များတွင် ချောင်တစ်နေရာရာမှာ သူစာဖတ်နေပေလိမ့်မည်။ အထူးသဖြင့် သိုင်းဝတ္ထုဘုတ်အုပ်များ။

ကြာလာတဲ့အခါ သိုင်းဝတ္တုကို ဖတ်ရုံမျှမဟုတ်…သိုင်းဝတ္ထုထဲမှာပါသည့် မင်းသားက သူဖြစ်ချင်လာသည်။ တကယ့်လက်တွေ့ဘ၀တွင်ဝယ် သူက သိုင်းလောကအဖွဲ့သားများ၏ ဂိုဏ်းချုပ်ကြီးဖြစ်ချင်လာသည်။ ဖြစ်ချင်လာတော့ သူ့ဆန္ဒအတိုင်း သူကျင့်သည်။ သိုင်းလောက၏ အဓိက မရှိမဖြစ် လိုအပ်သည်က အတွင်းအား၊ သူ့ကို ယှဉ်ပြိုင်လာသူတိုင်း အတွင်းကြေ ကြေသွားကြဖို့အတွက် အတွင်းအားရရှိရေး မဖြစ်မနေ သူကျင့်ရပေတော့မည်။ ဒီတော့ ညအခါ လသာသာမှာ သူမနား…သိုင်းကစား၍သာနေသည်။ သူသိုင်းကျင့်ဖို့ရန် ရွေးလိုက်သည့်နေရာက
နံပါတ်တစ် ဆရာတော် မမြင်သည့်နေရာဖြစ်ရမည်။
နံပါတ်နှစ် အတွင်းအားသန့်စင်ရေးတွက် လေကောင်းလေသန့်ရရှိသော နေရာဖြစ်ရမည်။
နံပါတ်သုံး အရာအားလုံးကို တတ်နိုင်သမျှ စီးပိုး ကြည့်ရှုနိုင်သော နေရာဖြစ်ရမည်။

သူသက်မှတ်ထားသော အချက်လက်များနှင့် ပြီးပြည့်စုံဆုံးနေရာက သုံးထပ်ကျောင်းကြီး၏ ခေါင်မိုးပေါ်။ ဒီထက်ကောင်းသောနေရာ ဒီနေရာမှတပါး အခြားမရှိ။

ညတိုင်း သူခေါင်းမိုးပေါ် တက်ကျင့်သည်။ မိမိတို့တတွေ ယောင်လို့တောင် မတက်ရဲ့သည် ခေါင်မို့းပေါ် သူအေးဆေးတက်သည်။ ညတစ်နာရီ၊ နှစ်နာရီလောက်ဆိုလျှင် သူ့ ၀ုန်းဒိုင်း ကျင့်သံတွေ တချက်ချက် ကြားရသည်။

ကြာလာတော့ ခေါင်မိုးပေါ်ဝယ် ညတိုင်း သိုင်းတက်တက်ကျင့်နေကြောင်း ဆရာတော်နားဆီ သတင်း ပေါက်ကြားသွားသည်။ ဆရာတော်က မနက်တွင် သံဃာအားလုံး ခေါ်သည်။ သူ့ကို ခေါင်မိုးပေါ် နောက်မတက်ဖို့ကြောင့်း သံဃာအလည်မှာ ဆုံးမသည်။ ခေါင်းမိုးပေါ် တက်လို့ရသမျှ အပေါက်အားလုံးကိုလည်း တံခါးပိတ်ခိုင်းလိုက်သည်။ အဲဒီနောက်တွင် ခေါင်မိုးပေါ်တွင် သူ့ကျင့်ခွင့်မရ..
သို့သော်…ပြဿနာမရှိ သူသက်မှတ်ထားသော အချက်များ အားလုံး ပျက်စီးသွားခြင်းမဟုတ်၊ တစိတ်တဒေသ ကျန်သေးသည်။ ဘာပဲဖြစ်ဖြစ် ဇွဲလျှော့လိုက်လို့မဖြစ်။ ရသည့်နေရာမှာ အခွင့်ရေးပေးရေင် ပေးသလို ကျင့်ရမည်။ သိုင်းလောက ဂိုဏ်းချုပ်ကြီးဖြစ်ရေးအတွက် ခိုင်မာစွာချခဲ့သည့် သန္ဒိဋ္ဌာန်ကို လွယ်လွယ်နှင့် ပျက်သွားလို့မဖြစ်။

(၃)
ထိုအချိန်တုန်းက တရုတ်သိုင်းကားတွေကို မြန်မာ့အသံနှင့် မြ၀တီတို့မှလည်း အပြိုင်အဆိုင် ပြသနေဆဲကာလဖြစ်သည်။ ထိုပြသနေဆဲ ဇာတ်ကားတွေထဲမှာ သူအနှစ်သက်ဆုံးကားက ကိုယ်ရံတော်နှင့် ကျောက်စိမ်းဒေ၀ီ…ဇာတ်လိုက်မင်းသား နာမည်က ကိုးရွှင်။ ကိုးရွှင်ကို သူအရမ်းသဘောကျသည့် အချက်က မင်းသားကိုးရွှင်၏လက်စွဲ သဲမိုးဓားသိုင်း။ ဓားပြား သေးသေးကလေး၏ ထိပ်ဖူးလေးကို မြေကြီးမှာ ထောက်လိုက်လျှင် သဲတွေက မိုးသည်းဘိသကဲ့သို့ ပတ်ဝန်းကျင်မှာ ပလူပျံ၊ ဘေးက မိစ္ဆာကောင်တွေလည်း အကုန်ဒုက္ခရောက်သွားတော့သည်။ အဲဒါကို ကြည့်ပြီး သူကောက်ချက်ချသည်။ ဒါဟာ သိုင်းလောကရဲ့ မရှိမဖြစ် အတွင်းအားကြောင့် ဒီလို သဲမိုးတွေရွာနိုင်တာ…

ထိုစကားမှန်၏။ သာမန်လူတစ်ယောက်က ကိုယ်ရံတော်မင်းသားလေး ကိုးရွှင်ကိုင်ဆောင်သည့် ဓားပြားထက် အဆမတန်ကြီးမားသော ဂေါ်ပြားကြီးနှင့် သဲတွေကို အလီလီအကြိမ်ကြိမ် ထိုးပက်ရင်တောင်မှ ထိုပုံထိုနှယ်မျိုး လူဆိုးတွေအားလုံး ရုပ်ပျက်ဆင်းပျက် ဖြစ်သွားမည်မဟုတ်။ အတွင်းအားရှိသူက ဓားပြားပေါက်စနကလေးနှင့် သဲတွေ ပလူပျံအောင်လုပ်နိုင်သည်။ ရေပေါ်မှာ ရှပ်ပြေး ပြေးနိုင်သည်၊ အနှစ်နှစ်ခါခါ အားကုန်ကျင့်ပြီးမှ လေပေါ်တွင် ပျံနိုင်လေသော ဈာန်ရပုဂ္ဂိုလ်များကို အတွင်းအားရှိသူက ပျင်းသနားကလေး သနားသည်။ သူ့လို မလှုပ်မရှက် သွားနိုင်တာမျိုးတောင် မဟုတ်။ ရန်သူတွေနှင့် သတ်ရင်းပုတ်ရင်း လေထဲမှာ အတောင်ရှိသော ငှတ်တစ်ကောင်လိုတောင် ပျံဝဲနိုင်ပါသေးတော့…။
သူဝတ္ထုခိုးဖတ်နေတုန်း ဆရာတော်မိသွားလျှင် စာအုပ်ကိုသိမ်းသည်။ ကြိမ်လုံးနှင့် ခုနှစ်ချက်ရိုက်သည်။ ဒါလည်း သူက လုံးဝမဖြုံ…။ စာအုပ်ဆိုင်မှာ ၀တ္ထုစာအုပ်ကို ဆရာတော်သိမ်းသွားကြောင်း ၀န်ခံသည်။ ပြီးတော့ စာအုပ်တန်ဖိုးအတိုင်း ပေးလျော်သည်။ နောက် ထပ်ငှါး၊ ထပ်ဖတ်ပြန်သည်။ ဒီလို လုပ်ခဲ့သည်က အကြိမ်ကြိမ်အလီလီ…။

သူ့ကျင့်စဉ်တစ်ခုရှိသေးသည်။ ထိုကျင့်စဉ်မှာ ဖယောင်းတိုင်ကို မီးထွန်းပြီး ကြမ်းပြင်တစ်နေရာရာမှာ ပထမ စိုက်ထူလိုက်သည်။ ပြီးရင် သူက ဖယောင်းတိုင်အနားမှာ သူ့ရဲ့လက် ရှေ့တစ်ဆန့်သာသာအကွာအဝေး တရားထိုင်သလို ထိုင်လိုက်သည်။ သူ့အတွင်းအားဖြင့် ဖယောင်းတိုင်မီးကို သတ်ငြှိမ်းဖို့ပဲဖြစ်သည်။ အတွင်းအားကျင့်စဉ် မည်မျှအားကောင်းလာကြောင်းကို အဓိက စမ်းသပ်သည့် ကျင့်စဉ်ပဲဖြစ်သည်။

ထိုအနေထားအတိုင်း သူ့ရဲ့လက်နှစ်ဖက်ကို ရှေးကို အားပါပါ ဆန့်ထုတ်လိုက်သည်။ သို့သော် ဖယောင်တိုင်မီးက မသေ။ ထိုနည်းအတိုင်း နောက်တစ်ကြိမ် သတ်ငြိမ်းပြန်သည်။ သူ၏ အရှိန်ပါပါ လက်ဖ၀ါးလေအဟုန်ကြောင့် ဖယောင်းတိုင်မီးက ရုန့်ရင်းဆန်ခက် ဝေ့လည်ရမ်းသွားသည်။ ဒါပေမယ့် မီးမသေသေး။ တတိယအကြိမ် ကြိုးစားအားထုတ်လိုက်တော့ ဖယောင်တိုင်မီးက သေသွားပြီ။ သူ့အတွင်းအားကြောင့်တော့မဟုတ်။ ခန္ဓာကိုယ် လှုပ်ရှားလိုက်သည့်အခါ ခန္ဓာကိုယ်နှင့်အတူ ခန္ဓာကိုယ်ပေါ်မှ သင်္ကန်းစကပါ လိုက်လှုပ်ရှားသွားခြင်းဖြစ်၍ သင်္ကန်းစ ခပ်သောလေကြောင့် ဖယောင်းတိုင်မီးက သေသွားခြင်းဖြစ်သည်။ ဒီအချက်ကို သူမစဉ်းစားမိတာလား. ဒါမှမဟုတ် တမင်သက်သက် သူ၏ အတွင်းအားကို ချီးကျူးချင်သော စိတ်ကြောင့်လားတော့မသိ။ သူ့ပါးစပ်က ကြီးကျယ်သော အောင်မြင်မှုကြီးတစ်ခု ရသည့်အလား ရေရွတ်လိုက်သည်။
“ကြိုးစားအားထုတ်မှုနဲ့ လုပ်တဲ့ အလုပ်တိုင်းဟာ တစ်ကြိမ်မဟုတ်၊ တစ်ကြိမ်တော့ အောင်မြင်ကြစမြဲပါပဲ…ဟဲ…ဟဲ…”

(၄)
နယ်က အသက်ရှစ်ဆယ်ကျော် ဆရာတော်ကြီးတစ်ပါး ညက မီးရှို့ အသက်ခံလိုက်ရသည့်အကြောင်း မိမိတို့ ဆရာတော်ထံဖုန်းလာသည်။ ထိုဆရာတော်ကြီးမှာ မိမိတို့ ကျောင်းထိုင်ဆရာတော်ကြီး၏ ဥပဇ္ဈယ်ဆရာတော် အရင်းလည်း ဖြစ်သည်။ ဆရာတော်က ထိုကိစ္စကြောင့် ရွာကို ပြန်သွားသည်။ ထိုကိစ္စလက်သည်ပေါ်ရေးအတွက် ဆောင်ရွက်သင့်တာ ဆောင်ရွက်ဖို့ပဲဖြစ်သည်။
ရက်နှစ်ဆယ်လောက်အကြာမှာ ဆရာတော် ရန်ကုန်ကို နေ့လည်ကားနှင့် ပြန်ကြွလာသည်။ လမ်းမှာ ကားကပျက်နေ၍ အခါတိုင်းအချိန်ထက် နောက်ကျပြီးမှ ပြန်ရောက်လာသည်။ ဆရာတော် ရောက်လာသည့် အချိန်က ညနှစ်နာရီခွဲအချိန်…

သူငယ်ချင်းက သူ့ချဉ်ထောင်ကျဉ်းကျဉ်းလေးထဲမှာ ဖယောင်တိုင်မီးနှင့် အတွင်းအားကျင့်ပြီးသကာလ အတွင်းအားတွေ ဖြစ်ညှစ်သုံးလိုက်ရသောကြောင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေလေသည်။ တခြား သံဃာအာလုံးလည်း ကျိန်းနေကြသည်။
ဆရာတော်က သူသီတင်းသုံးသည့် ကျောင်းထဲကို ၀င်ဖို့ တံခါးကို တွန်းဖွင့်လိုက်သည်။ ထို့နောက် ဆရာတော်ရဲ့ ကျယ်လောင်သော အာမေဋိတ် အသံ
"မီး…မီး…"
“ဟေ့ကောင်တွေ ထပါ..ထပါ” ဟု ကိုရင်၊ ဦးဇင်းတွေကိုလည်း ပျာသလဲလဲ လှမ်းနှိုးနေရင်းနှင့် သူ့မှာ ပက်ထားသည် အပေါ်ရုံ သင်္ကန်းကြီးကို အသင့်ပါလာသော ရေသန့်ဘူးထဲမှ ရေနှင့် မြန်မြန်ဖြန်းကာ မီးစစွဲနေပြီဖြစ်သော သူငယ်ချင်း၏ ချဉ်ထောင်ကို ဖုံးအုပ်လိုက်သည်။ ဆရာတော်သာ သူတပါးတည်း ရုန့်ရင်းဆန်ခက်ဖြစ်နေသည်။ အိပ်ဟန်ဆိုး၍ ချဉ်ထောင်ပြင်ပ ရောက်နေသော သူငယ်ချင်းက နိုးဖို့ နေနေသာသာ ဆံချည်တစ်ရွေ့မျှပင် မလှုပ်။

ဆရာတော်၏ ကြိုးစားအားထုတ်မှုကြောင့် မီးက သေသွားသည်။
ဆရာတော် ဒေါသူပုန်ထသွားသည်။ ကြိမ်လုံးယူကာ သူငယ်ချင်းကို ရိုက်၍နှိုးသည်။ ပြီးတော့ သူ့ကျောင်းဆောင်တွင် အိပ်နေသည့် သံဃာအားလုံးကို အကုန်ထဖို့ ပြောလိုက်သည်။
အဓိကတရားခံ သူငယ်ချင်းနှင့် သံဃာအားလုံး အကုန်တန်းစီ ထိုင်ခိုင်းသည်။ ပြီးတော့ သူငယ်ချင်းကို စပြီး ဆူလေတော့သည်။

“ငါကတော့ ငါ့ရဲ့ ဥပဇ္ဈယ်ဆရာတော် မီးရှို့အသတ်ခံလိုက်ရလို့ ရွာပြန်တယ်။ ရွာပြန်တော့လည်း လက်သည်တရားခံက မပေါ်တော့ လွန်စွာ စိတ်မကောင်းဖြစ်ရပြန်တယ်။ အခု ရန်ကုန်ကို ပြန်လာပြန်တော့လည်း ကျောင်းရောက်ရောက်ချင်း တွေ့လိုက်ရတဲ့ မြင်ကွင်းက မီးလောင်နေတဲ့ မြင်ကွင်း။ လောင်တာကလည်း မင်းရူးလို့ လောင်တာ။ မဟုတ်တရုတ် အတွင်းအားကျင့်မှုတွေကြောင့် မင်းချဉ်ထောင်မီးလောင်တာကို မင်းက မီးလောင်နေတဲ့ ချဉ်ထောင်ဘေးမှာ ဘာမှမဖြစ်သလိုပဲ၊ အိပ်နေလိုက်တာ။ ငါသာ ပြန်မလာရင် ငါ့ကျောင်းတစ်ကျောင်းလုံးလည်း ပြာဖြစ်ပြီ။ အဲတော့ မင်းအတွင်းအားကို ဒီတစ်ခါ ငါကိုယ်တိုင် စိန်ခေါ်မှ ဖြစ်တော့မယ်..ကဲ..မှောက်ကွာ..”
ဆရာတော်က သူငယ်ချင်းကို မှောက်ခိုင်းသည်. ပြီးတော့ ကြိမ်လုံးနှင့် ရိုက်သည်။ လက်ကို တအားလွှဲဆော်သည်။ ဆရာတော်ရိုက်တာကို ဘေးက ကြည့်နေသော မိမိတို့ပင် လန့်သည်။ ဒါပေမယ့် သူငယ်ချင်းက ထင်သလောက် ဟန်မပျက် အေးအေးဆေးဆေးပင်။ ဆရာတော်က ဆယ်ချက်ရိုက်ပြီး လက်သာ ညောင်းသွားသည်။ သူငယ်ချင်းက အေးဆေး။
ဦးဇင်းကြီးတပါး ထပ်အရိုက်ခိုင်းပြန်သည်။ ဆယ်ချက်။ သူငယ်ချင်းက အကယ်တန္တုအတွင်းအား ရနေပြီလားမသိ။ ပျင်းတောင်းပျင်းသေးတယ် ဆိုသည့် သဘော…။ အချက်နှစ်ဆယ် ရိုက်ပြီး ဆရာတော်က ရိုက်တာ ရပ်ခိုင်းလိုက်သည်။ ပြီးတော့ သူကျိန်းသည့် အခန်းထဲသို့ တံခါးကို ၀ုန်းဒိုင်းအသံကြာအောင်း ပိတ်ကာ ၀င်သွားတော့သည်။

တခြားသံဃာအားလုံးက အထူးသဖြင့် မိမိက “သူငယ်ချင်း နာလား ဘယ်လိုနေလဲ” မေးတော့ သူကအေးဆေးစွာ ပြန်ပြောသည်။

“နာတော့ နာတာပေါ့ကွာ..ဒီလိုရိုက်ချက်မျိုး မင်းတို့ ခံကြည့်စမ်းပါ မင်းတို့ သေးထွက်မတတ် နာလိမ့်မယ်…ဟဲ…ဟဲ…တော်သေးတာပေါ့ ငါက အတွင်းအားကျင့်ထားပေလို့ နို့မို့စို မလွယ်ဘူး…”

အော်…သူငယ်ချင်းရယ်… ဒီလောက် အဗျင်းခံရတာတောင်မှ သူ့အတွင်းအားက ကယ်ပေလို့တဲ့...။

(၅)
ဘယ်အရာမဆို အတွင်းအားလိုပေသည်ပဲ။ ဒါပေမယ့် သူငယ်ချင်းတစ်ပါးက သူလိုချင်ခဲ့၍ ကျင့်ခဲ့သော အတွင်းအားမျိုးတော့ မဟုတ်။ ပတ်ဝန်းကျင်၏ ရိုက်ခက်မှုကြောင့် မိမိကိုယ်ကိုမိမိ တုန်လှုပ်မှုဖြစ်မသွားရသည့် အတွင်းအားမျိုး၊ ကိုယ့်အရွယ်၊ ကိုယ့်အသိဥာဏ်နှင့် မလိုက်လျောသေးသည့် စာပဲဖတ်ဖတ်၊ တရုတ်ကား၊ ကိုရီးယားကားတွေကိုပဲ ကြိုက်လို့ကြည့်ကြည့်၊ ဖတ်ပေါ့၊ ကြည့်ပေါ့…
ဒါပေမယ့် ထိုအရာတွေက ပေးလိုက်သည့် ယုတ္တိလွန် ဒါမှမဟုတ် သာမန် အတွင်းအားတွေကို ကိုယ့်သန္တာန်မှာရှိသည့် အတွင်းအားနှင့် ချိန်ထိုးပြီ လျော်ညီစွာ ပြန်တိုက်ခိုက်နိုင်ဖို့တော့ လိုပေလိမ့်မယ်….။

မော်ကွန်းသစ်
၃.၈.၂၀၁၁

Wednesday, July 17, 2013

စစ်မှန်သော ကိုးကွယ်မှုမှတပါး


စစ်မှန်သော ကိုးကွယ်မှုမှတပါး

ဗုဒ္ဓဘာသာမှာ ထေရ၀ါဒဗုဒ္ဓဘာသာနဲ့ မဟာယာနဗုဒ္ဓဘာသာ ဆိုပြီးတော့ နှစ်မျိုး ရှိပါတယ်။ ကျနော်တို့ မြန်မာလူမျိုးတွေ ကိုးကွယ်နေတဲ့ ဗုဒ္ဓဘာသာဟာ ထေရ၀ါဒ ဗုဒ္ဓဘာသာပါ။ ထေရ၀ါဒရဲ့ အဓိပ္ပါယ်ကတော့ ထေရဆိုတာ ခိုင်မြဲခြင်း၊ ၀ါဒဆိုတာတော့ အယူအဆပါ။ ဘာတွေနဲ့ ခိုင်မြဲလည်း ဆိုတော့ သရဏဂုံသုံးပါး၊ သိက္ခာသုံးရပ်၊ မဂ္ဂင်(၈)ပါးတို့နဲ့ ခိုင်မြဲပါတယ်။ အဲ့ဒီ့ သုံးရပ်တို့နဲ့ ခိုင်မြဲတဲ့ မထေရ်တို့ရဲ့ လက်ဆင့်ကမ်း သယ်ဆောင်ခဲ့တဲ့ ၀ါဒ(အယူအဆ)ကို ထေရ၀ါဒလို့ ခေါ်ပါတယ်။ ဗုဒ္ဓဘာသာ ဆိုတာကတော့ ဗုဒ္ဓဟုခေါ်သည့် သဗ္ဗညုဘုရားရှင်တော်မြတ်၏ တရားတော်ကို ဗုဒ္ဓဘာသာလို့ ခေါ်ပါတယ်။ ဗုဒ္ဓရှင်တော်မြတ်၏ အဆုံးအမအတိုင်း လိုက်နာ ကျင့်ကြံ နေထိုင်သူကိုတော့ ဗုဒ္ဓဘာသာဝင်လို့ ခေါ်ပါတယ်။


 ထေရ၀ါဒ ဗုဒ္ဓဘာသာဝင် စစ်စစ် ဆိုတာကတော့ ဘုရား၊ တရား၊ သံဃာဟူသော ရတနာမြတ်သုံးပါးကို စစ်မှန်သော သဒ္ဓါတရားဖြင့် သက်ဝင်ယုံကြည်ပြီး သရဏဂုံ ဆောက်တည်ပါမှ ဗုဒ္ဓဘာသာဝင် စစ်စစ် ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီလိုဆိုရင် ဗုဒ္ဓဘာသာဝင်တစ်ဦး စစ်စစ်ဖြစ်ဖို့ ရတနာမြတ်သုံးပါး အကြောင်းကို ကောင်းစွာ သိရှိထားရန် လိုအပ်သလို ပညာနဲ့ယှဉ်ပြီး ကိုးကွယ်ဆည်းကပ် ပူဇော်တတ်ဖို့လည်း အရေးကြီးပါတယ်။

စစ်မှန်သော ကိုးကွယ်မှု ဆိုတာကတော့ တရားနာမြတ်သုံးပါးဟု ဆိုအပ်သော ဘုရား၊ တရား၊ သံဃာမှတပါး အခြားသော မည်သည့် အရာမှ ကိုးကွယ်ဆည်းကပ်ခြင်း မပြုတာကို ခေါ်ပါတယ်။ ဒါဆို တခြားသော အရာတွေကို ကိုးကွယ် ဆည်းကပ်ရင် ဘာဖြစ်မလဲ? ဘုရား၊ တရား၊ သံဃာမှတပါး အခြားအရာတွေကို ကိုးကွယ် ဆည်းကပ်မယ် ဆိုရင်တော့ ဗုဒ္ဓဘာသာဝင် စစ်စစ်လို့ ပြောလို့ မရတော့ပါဘူး။ အဲ့လိုမျိုး ဗုဒ္ဓဘာသာကိုတော့ မျိုးမစစ် ဗုဒ္ဓဘာသာလို့ ခေါ်ပါတယ်။ ဘာလို့ ဒီအချက်ကို အဓိကထား ပြောရလဲဆိုတော့ ကျနော်တို့တွေရဲ့ ဗုဒ္ဓဘာသာမှာ သရဏဂုံဆိုတာ အသက်ပါ။ 


သရဏဂုံမှ ကောင်းစွာ တည်မထားတဲ့ လူတစ်ယောက်ဟာ ဘယ်လောက်ပဲ တရားတွေ အားထုတ်နေပါစေ.. သရဏဂုံ ကောင်းစွာ တည်မထားတဲ့ အတွက် တရားရဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒါဘာလို့လည်းဆိုတော့ ဘုရား၊ တရား၊ သံဃာမှတပါး အခြားအရာကို ကိုးကွယ်လိုက်ပြီ ဆိုတကည်းက သူ့မှာ ကံနဲ့ ကံရဲ့ အကျိုးကို မယုံကြည်တော့ဘူး ဆိုတာ ယူဆလို့ ရပါတယ်။ နောက်ပြီး ဘုရားမှတစ်ပါး အခြားအရာကို ကိုးကွယ် လိုက်ပြီ ဆိုကတည်းက ဘုရားကိုသာမက ဘုရားရဲ့ အဆုံးအမကိုပါ မယုံကြည်ရာ ရောက်တဲ့ အတွက် ဘုရားကို စော်ကားရာ ရောက်ပါတယ်။

ကျနော်တို့လူမျိုးတွေ အများဆုံး ဖြစ်နေကြတဲ့ အယူစွဲတွေ ရှိပါတယ်။ အတိတ်နမိတ်၊ နက္ခတ်၊ ဗေဒင်၊ ယတြာ၊ လက္ခဏာ၊ အိမ်မက်တိတ္တုံ၊ ရက်ရာဇာ၊ ပြဿဒါး စသည့် အယူအစွဲတွေ တော်တော် ရှိကြပါတယ်။ နောက်ပြီး.. ဘိုးတော်၊ အမ်းကုန်း၊ သူရဿတီ၊ ဘိုးမင်းခေါင်၊ အောင်မင်းခေါင်၊ နတ်အမျိုးမျိုး စသည့် အရာတွေကို ကိုးကွယ်ကြတာတွေ ရှိပါတယ်.. ပြောရမယ်ဆိုရင်တော့ အများကြီးပေါ့။ သူတို့ဘာသာသူတို့ ဘာတွေပဲဖြစ်နေပါစေ.. ဘုရား၊ တရား၊ သံဃာမှတပါး အခြားသော အရာတွေကို ကိုးကွယ်လိုက်ပြီဆိုရင် စစ်မှန်သော ကိုးကွယ်မှု မဟုတ်တော့ပါဘူး အဲ့လိုမျိုး ဘုရား တရား သံဃာကို မျက်နှာလွဲပြီး အခြားအရာကို ကိုးကွယ် လိုက်ပြီ ဆိုကတည်းက ဘုရားအဆုံးအမကိုပါ မျက်နှာလွဲရာ ရောက်သွားပါတယ်။ 

အိမ်မှာ ဘုရားဆင်းတုရှိတယ်.. ဘုရားရှင် ဆုံးမထားခဲ့တဲ့ တရားတော်တွေ ရှိတယ်။ ဒီဟာတွေကို မျက်နှာလွဲပြီးတော့ ကိုယ်က ဗေဒင်သွားမေးမယ် ဆိုပါစို့။ ဗေဒင်သွားမေးလိုက်ပြီဆိုကတည်းက ဘုရားရှင်အဆုံးအမကို ပါယ်လိုက်ပါပြီ။ ဗေဒင်မေးပြီ ဆိုကတည်းက ကံနဲ့ ကံရဲ့အကျိုးကို မယုံကြည်တော့ဘူး။ ဘုရားအဆုံးအမတွေကို မယုံကြည်တော့ဘူး..။ ဘုရားရှင် ဆုံးမခဲ့တဲ့ ကောင်းတာလုပ်ရင် ကောင်းကျိုး ပေးမယ်.. မကောင်းတာ လုပ်ရင် မကောင်းကျိုး ပေးမယ် ဆိုတာကိုလည်း မယုံကြည်တော့ပါဘူး။ သူများကို အားကိုးမှ ရမယ်ဆိုတဲ့ စိတ်တွေဝင်လာတယ်.. အချောင်ရချင်တဲ့ စိတ်တွေဝင်လာတယ်..။ ဒီလိုဆိုရင် ဘုရားဟောတဲ့ မိမိကိုယ်သာ ကိုးကွယ်အားကိုးရာ ဆိုတဲ့ စကားကို ပယ်လိုက်ရာ ရောက်ပါတယ်။

နောက် ပြဿဒါး၊ ရက်ရာဇာ ဆိုတာတွေလည်း ဒီအတိုင်းပါပဲ။ ဘုရားရှင်က ဆုံးမခဲ့တယ်.. သုနက္ခတ္တံ သုမင်္ဂလံ တဲ့.. ကောင်းတာလုပ်နေတဲ့ အချိန်ဟာ ကောင်းတဲ့ နက္ခပဲတဲ့။ ဒါဆိုရင် မကောင်းတာလုပ်နေတဲ့ အချိန်ဆိုရင်တော့ မကောင်းတဲ့ နက္ခတ်ပေါ့။ ဒီအချက်ကို ပါယ်ပြီးတော့ နေ့ကောင်းရက်မြတ် ရွေးတာတို့.. ရက်ရာဇာ ရွေးတာတို့.. ဒါတွေဟာ ဘုရားဆုံးမခဲ့တဲ့ တရားကို ပါယ်ရာရောက် သွားပါတယ်။ သကြားဟာ ဘယ်နေ့စားစား ချိုသလိုပါပဲ.. ဆားဟာလည်း ဘယ်နေ့ စားစား ငန်မှာပါပဲ။ ဒါကို ရက်ကောင်းတွေ ရွေးပြီးမှ လုပ်ကြတယ်ဆိုရင်.. ဒီအချက်ဟာလည်း ကံနဲ့ ကံရဲ့ အကျိုးကို မယုံကြည် တော့တာပါပဲ။ ဒါဆိုရင် အဲ့ပုဂ္ဂိုလ်ဟာ ဘုရားအဆုံးအမကို ပါယ်သွားပြီ။ ဒီအချက်တွေဟာ မြင်သာအောင် အနည်းငယ် လောက်ကိုပဲ ထုတ်ပြလိုက်တာပါ။ တခြားဟာတွေကိုလည်း ဖြန့်တွေးလို့ ရလောက်ပါပြီ..။ 


ကိုယ့်ကိုကိုယ် တိုးတက်အောင်.. ကြီးပွားအောင်.. အောင်မြင်အောင်.. ဘယ်သူမှ မစလို့ မရနိုင်ပါဘူး။ ဘယ်နတ်၊ ဘယ်ဘိုးတော်၊ ဘယ်ဗေဒင်ဆရာ၊ ဘယ်နက္ခတ်မှလည်း အားကိုးလို့ မရပါဘူး။ မိမိကိုယ်သာလျှင် အားကိုးရမှာပါ။ ဘုရားရှင်ကလည်း သူ့ကိုတိုင်တည်.. သူ့ကိုသာ အားကိုးလို့ မမှာခဲ့ပါဘူး။ ဒါပေမယ့် ဘုရားရှင်က နည်းလမ်းတော့ ပေးခဲ့ပါတယ်။ မင်းတို့ရဲ့ ကံ၊ ဥာဏ်၊ ၀ရိယ ကိုအားကိုးပါတဲ့။ တုနှိုင်းမဲ့တဲ့ တန်ခိုးတော် အနန္တနဲ့ပြည့်စုံတဲ့ ဘုရားရှင်တောင် သူ့ကို အားမကိုးခိုင်းခဲ့ဘူးနော်။ သူများကိုအားကိုးဖို့ဆိုရင်တော့ မပြောပါနဲ့တော့။

ဒီလောက်ဆိုရင် သရဏဂုံသုံးပါးမှတပါး အခြားအရာတွေကို မကိုးကွယ်ထိုက်ဖူးဆိုတာ လက်ခံလောက်ပြီ ထင်ပါတယ်။ ဘုရား၊ တရား၊ သံဃာကို ယုံကြည်ကိုးကွယ်ရင်.. စိတ်လည်းရှင်းတယ်.. ခေါင်းလည်း ရှင်းပါတယ်။ ဘယ်သူ့ကိုမှ အားမကိုးပဲ ကိုယ့်အားကိုယ် ကိုးတဲ့အတွက်လည်း ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိလာပါတယ်။ ဟိုဗေဒင်ဆရာပြော ဟုတ်နိုးနိုး.. ဒီဘိုးတော်ပြော ဟုတ်နိုးနိုး... ပြဿးဒါး ရက်ရာဇာ ရွေးရ ဟုတ်နိုးနိုးနဲ့ ကိုယ့်ကိုကိုယ် အားမကိုးပဲ သူများပြော ဟုတ်နိုးနိုး လိုက်နေရတဲ့ အရူးဘ၀ကလည်း လွတ်ကင်းပါတယ်။ အရူးဘ၀က ကင်းလွတ်တဲ့ အတွက်လည်း စိတ်ချမ်းသာပါတယ်။ စိတ်ချမ်းသာတဲ့ အတွက်လည်း တရားထူး တရားမြတ်ရဖို့ လွယ်ကူပါတယ်။ ဒါ့ကြောင့် စစ်မှန်သော ရတနာမြတ်သုံးပါး ကိုးကွယ်မှုမှတစ်ပါး.. အခြားသော မည်သည့် ပုဂ္ဂိုလ်၊ မည်သည့်နက္ခ မည်သည့်အယူမှ အားမကိုးပဲ ကိုယ့်အားကိုယ်ကိုးပြီး ဗုဒ္ဓရဲ့ဆုံးမသြ၀ါဒတွေကို လက်ကိုင်ထားနိုင်ကြဖို့ အရေးကြီးပါတယ်။ ဗုဒ္ဓဘုရားရှင်ရဲ့ ဆုံးမသြ၀ါဒတွေကတော့..

အားကိုးရာအစစ်ကား ဗုဒ္ဓ၊ ဓမ္မ၊ သံဃာ
မိတ်ဆွေအစစ်ကား ကံ၊ ဥာဏ်၊ ၀ရိယ
ရန်သူအစစ်ကား လောဘ၊ ဒေါသ၊ မောဟ
နေ့စဉ်အလုပ်ကား ဒါန၊ သီလ၊ ဘာဝနာ
အမြဲနှလုံးသွင်းရန်ကား အနိစ္စ၊ ဒုက္ခ၊ အနတ္တ
အမြဲလက်ကိုင်ထားရန်ကား ခန္ဓီ၊ မေတ္တာ၊ သစ္စာ
စစ်မှန်သောကိုးကွယ်မှုဖြင့် ဗုဒ္ဓဘုရားရဲ့ ဆုံးမသြ၀ါဒများကို လက်ကိုင်ထား လိုက်နာကျင့်သုံးပြီး မဂ်ဖိုလ်နိဗ္ဗာန်သို့ တက်လှမ်းနိုင်ကြပါစေ…။။။