Friday, August 24, 2012

“ဖန်ဆင်းရှင်နှင့် ဥစ္စာရှင်”


“ဖန်ဆင်းရှင်နှင့် ဥစ္စာရှင်”
     တို့လူ့ပြည်မှာ ပျော်ရွှင်စရာ အစစ်တွေပေါတယ်။ ဗုဒ္ဓအဆုံးအမ လိုက်နာသူတိုင်း၊ မိဘကို ရိုသေတဲ့ ကုသိုလ်တွေ၊ ကျေးဇူးသိပြီး ကူညီတဲ့ ကုသိုလ်တွေ၊ ဒါန၊ သီလကုသိုလ်တွေ အဲဒါ ကိုယ်ပိုင်အစစ်တွေပဲ။ ဒါတွေကိုသိပြီး တစိမ့်စိမ့်တွေးရင်း ဝမ်းသာပျော်ရွှင်နေမယ်ဆိုရင် အနုဿတိဘာဝနာ ကုသိုလ်တောင် ထပ်တိုးလိုက်သေး။ ဒါကြောင့် ဒီအပျော်မျိုးကို “ဓမ္မရတိ = တရားနဲ့ပျော်တယ်” လို့ခေါ်တာ။ ပျော်နိုင်လေ ကုသိုလ်တိုးလေပဲ။ ဓမ္မရတိနဲ့ ပျော်မွေ့သူဟာ ကိုယ်ပိုင်တရားအစစ်နဲ့ ပျော်တာဖြစ်လို့ ဥစ္စာရှင်စစ်စစ်လည်း ဖြစ်တယ်။


"အငှားအတုနဲ့ ပျော်တာ
ကိုယ်ပိုင်မရှိတဲ့ ဖန်ဆင်းရှင်တွေပဲ၊
ကာမရတိခေါ်တယ်။
ကိုယ်ပိုင်ကုသိုလ်တရားနဲ့ ပျော်တတ်မှ
ဥစ္စာရှင် ဓမ္မရတိလို့ ခေါ်တယ်။"
နတ်မောက်မြို့နယ်၊ ဥယျာဉ်တောင်ကျောင်းဆရာတော်

နတ်မောက်မြို့၊ အရှေ့လက်အဆုံး အလယ်ရိုးမ တောင်ခြေမှာရှိတဲ့ ဥယျာဉ်တောင်ကျောင်းဆရာတော်ရဲ့ ဘွဲ့တော်က ဘဒ္ဒန္တဇာဂရလို့ ခေါ်ပါတယ်။ ငယ်ဖြူတော့ မဟုတ်ပါဘူး။ အသက်သုံးဆယ်ကျော်လောက်မှ ရဟန်းပြုခဲ့တာပါ။ ရဟန်းဖြစ်ပြီးတော့ သူ့အရွယ်ရှိသလောက် စာသင် တိုက်ကိုသွားပြီး စာပေသင်ကြားခဲ့တယ်။

သူ့ရည်ရွယ်ချက်ကိုက စာချဘုန်းကြီးတစ်ပါး ဖြစ်ဖို့မဟုတ်ဘဲ၊ သူ့ရပ်သူရွာကို မျက်လုံးပွင့်အောင်လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်ရှိလေတော့ လောကုတ္တရာ ပညာသာမက လောကီသင်္ချာပညာနဲ့ တိုင်းရင်းဆေးပညာတို့ကိုပါ သင်ယူခဲ့တာမို့ လောကုတ္တရာစာပေမှာတော့ အခြေခံ သာသာလောက်နဲ့ ရဟန်းသိဖွယ် ကံကြီးကံငယ်လောက်ပဲ ကျွမ်းကျင်ပါတယ်။

သူက ပင်ကိုဉာဏ်ကောင်းသူဖြစ်လို့ ငယ်ငယ်တုန်းက ဘုန်းကြီးကျောင်းမှာ ပညာသင်ရကတည်းက ဇာတ်ကြီးဆယ်ဘွဲ့တို့၊ ငါးရာငါးဆယ်တို့အထိ တတ်ခဲ့ရဖူးတာဖြစ်လို့ ပြောဆိုဆုံးမစရာရှိရင် ပုံတိုပတ်စနဲ့ ဟောတတ်ပြောတတ်တယ်။

စာသင်တိုက်က ပြန်လာပြီး ရွာမှာ ခန်းနေဦးဇင်းအဖြစ်နဲ့နေတဲ့ အချိန်ကစပြီး ကျေးရွာပြုပြင်ရေးကိစ္စတွေကို သူစွမ်းနိုင်သလောက် စတင် အကောင်အထည်ဖော်ခဲ့ပါတယ်။ ကျောင်းထိုင်ဘုန်းကြီးက နံဘေးရွာသားလည်းဖြစ် ရှေးရိုးကလည်းဆန်ဆိုတော့ ကျောင်းပညာရေးမှာ ကိုရင်တွေ သဒ္ဒါသင်္ဂြိုဟ် ပို့ချပေးတာကလွဲလို့ ကျန်တဲ့ ပညာရေးနဲ့ ရပ်ရေးရွာရေး ဟောရေးပြောရေးကိစ္စအားလုံးကို သူ့လက်ထဲ အကုန်လွှဲ အပ်ထားတယ်။ သူက ရပ်ရွာဇာတိသားလည်းဖြစ်၊ တစ်ရွာလုံးကလည်း ဆွေရိပ်မျိုးရိပ်မကင်းတွေ ဖြစ်တာကြောင့် သြဇာတိက္ကမလည်း ရှိတယ်။

သူရွာပြန်ရောက်လာတော့ နေ့ဘက်မှာ ကျောင်းသားကိုရင်တွေကို သင်္ချာသင်ပေးပြီး ညပိုင်းမှာ ရွာထဲက လူငယ်လူလတ်ပိုင်းတွေကို အခြေခံ သင်္ချာကစပြီး ကုန်တွက်တို့၊ သစ်တန်တွက်တို့ သင်ပေးပါတယ်။ အဲ့ဒီတုန်းက အောက်လင်းဓာတ်မီးတွေသုံးတဲ့ ခေတ်ဆိုတော့ ညဘက်မှာ အောက်လင်းဓာတ်မီးတွေ တထိန်ထိန်နဲ့ ပညာရေးခေတ်ပြောင်း ကာလကြီးတစ်ခုလို တစ်ရွာလုံး တက်တက်ကြွကြွ ဖြစ်နေကြတယ်။ ကျန်းမာရေး နဲ့ပတ်သက်လို့လည်း ရိုးရာအစွဲအလမ်း စုန်းပူး၊ နတ်ဖမ်း၊ ပွဲထိုးဆိုတာတွေ လက်မခံဘဲ တိုင်းရင်းဆေးပညာနဲ့ လမ်းညွှန်ပေးခဲ့လို့ သူ့ရွာမှာ သာမကဘူး၊ ရွာနီးချုပ်စပ်ကပါ ကျန်းမာရေးအတွက် အားကိုးအားထား ပြုရပါတယ်။

ကျောင်းထိုင်ဘုန်းကြီး ပျံတော်မူတော့ သူပဲ ကျောင်းထိုင်ဘုန်းကြီးဖြစ်လာတယ်။ သူကျောင်းထိုင်ဘုန်းကြီးဖြစ်တဲ့အခါ ပထမဆုံးပြုပြင်ရေး လုပ်လိုက်တာကတော့ တောင်ရွာမြောက်ရွာ သီတင်းကျွတ်ပွဲတော်မှာ ဗျောက်အိုးတွေ အပြိုင်ဖောက်တာကို လုံးဝပိတ်ပင်လိုက်တယ်။ သီတင်းကျွတ်ပွဲတော်ကိုလည်း ဟိုဘက်ရွာက လပြည့်နေ့လုပ်တော့ သူ့ရွာက လပြည့်ကျော်(၈)ရက်မှ မီးထွန်းပွဲရက် ကျင်းပတယ်။

ရွာချင်းလည်း ပိုပြီးရင်းနှီးလာကြလို့ ရုံးပြင်ကနား အရောက်အပေါက်လည်း နည်းသွားကြပါတယ်။ အဲ့ဒီအရပ်ရဲ့ ဓလေ့တစ်ခုက ရှင်ပြုအလှူပွဲ ရှိတဲ့အခါ အလှူဝင်နေ့ အလှူဝတ်စံဘုရားပင့် လှည့်လည်ပွဲလုပ်ကြတယ်။ ဒီလှည့်လည်ပွဲက သူ့အရပ်နဲ့သူတော့ အလွန်အရေးပါတဲ့ပွဲပေါ့။ ရွာခံအမျိုးသမီးများနဲ့ ရွာနီးချုပ်စပ်က အမျိုးသမီးများပါ ရှိသမျှအစွမ်းကုန်ထုတ်ပြီး ဝတ်စားဆင်ပြင် ရှိုးထုတ်တဲ့ ပွဲပါပဲ။ အလှူရက် သတ်မှတ်ပြီးပြီ ဆိုကတည်းက စုကြ၊ ဆောင်းကြ၊ ဝယ်ကြ၊ ချုပ်ကြပေါ့။ ပြချင်သူများက ပြဖို့ စိတ်ဝင်စားကြသလို၊ အားပေးကြည့်ရှုမယ့် ကာလသားများကလည်း အလေးအနက် ထားကြပါတယ်။ ရွာခံကာလသားများသာ မကဘူး၊ လက်လှမ်းမှီသမျှ ရွာနီးချုပ်စပ်က ကာလသားများပါ မျက်စိပသာဒ ခံယူတဲ့ပွဲကြီးတစ်ခုပေါ့။ အလှူဝင်နေ့ ညနေပိုင်းရောက်ပြီဆိုရင် လယ်ထဲယာထဲမှာ ဘာတွေအရေးကြီးနေနေ အလှူဝတ်စံအမှီတော့ ရောက်အောင် လာကြတာပဲ။

အဲ.. မှတ်မှတ်ရရ မိန်းကလေးတွေဆောင်းတဲ့ "ခေါက်ထီး"ဆိုတာတွေ စပြီးခေတ်စားခါစကပေါ့။ အဲဒီနယ်မှာ ခေါက်ထီးရောဂါ တော်တော်ထ လိုက်ကြတယ်။ အလှူဝတ်စံအမှီ ခေါက်ထီးဝယ်ရတဲ့ကိစ္စက သမီးများတဲ့ မိဘများမှာ ဝန်ထုပ်ကြီးတစ်ခုလို ဖြစ်လာတယ်။ အနီးအနားက ရွာတစ်ရွာမှာ ခေါက်ထီးဆောင်းပြီး အလှူဝတ်စံ မလိုက်ရလို့ အင်ဒလင်း ပိုးသတ်ဆေးသောက်ပြီး မိုက်တွင်းနက်ပြလိုက်တယ်ဆိုတာလည်း ကြားရတယ်။

ဒါနဲ့ ကျောင်းဘုန်းကြီးက တစ်ရွာလုံးခေါ်ပြီး အိမ်မှာ ပိုးသတ်ဆေးဝယ်ဆောင်ထားတဲ့ ဝါတောင်သူတွေို့ ဆေးဘူးတွေ ဆေးဖျန်းပုံးတွေ အိမ်မှာမထားရ၊ ကျောင်းအောက်ထပ်မြေတိုက်ထဲမှာ ကိုယ့်သင်္ကေတနဲ့ကိုယ် လာအပ်ရမယ်။ ခန်းနေဦးဇင်းက စာရင်းနဲ့မှတ်ပြီး လက်ခံသော့ခတ် ထား၊ ဆေးဖျန်းမယ့် လူကြီးကိုယ်တိုင်လာယူမှ ထုတ်ပေးရမယ်ဆိုပြီး အမိန့်ထုတ်လိုက်တယ်။

    ဒါပေမဲ့ ရောဂါက တက်ခါစဆိုတော့ အရှိန်မသေဘူး။ ရွာထဲမှာ သမီးအပျိုငါးယောက်လောက်ရှိတဲ့ မိသားစုမှာ ခေါက်ထီးရောဂါ ကူးစက်ပြင်းထန်ကြလို့ နောက်နှစ်အတွက်ထားတဲ့ မျိုးပဲ မျိုးနှမ်းလေးတွေရောင်းပြီး ကုသလိုက်ရတာ ကုန်ရောတဲ့။ မိဘဆိုတော့လည်း "နင်တို့ အလှူမှာကြွားပြီးရင် အိမ်မှာ ထမင်းမစားဘဲနေကြ" ဘာညာနဲ့ ဆူပူရုံကလွဲလို့ ဘာတတ်နိုင်မှာလဲ၊ ဝယ်ပေးရတော့တာပေါ့။ တခြားအလားတူ မိသားစု သုံးလေးစုလောက်မှာလည်း ဒီခေါက်ထီးရောဂါအတွက် မရှူသာမရှိုက်သာ ဘေးကြပ်နံကြပ်ရိုက်နေတယ်ဆိုတဲ့အကြောင်း ကြားနေ ရတယ်။ တစ်ရွာလုံးမှာတော့ ဒီရောဂါက မျက်မြှေးရောင်တို့၊ တုပ်ကွေးတို့ထက် ကူးစက်မှုမြန်သလို ဝေဒနာကလည်း ပြင်းထန်ပုံရပါတယ်။ မိဘတိုင်း ပြောဆိုငြီးငြူနေကြတာ ဒီအကြောင်းချည်းပဲ။

  အဲ ပျော်ပါးတဲ့နေရာမှာ ကာမဂုဏ်ဆိုတဲ့ အာရုံတွေနဲ့ ပျော်မွေ့တာလည်း ရှိတယ်။ စာလိုတော့ ကာမရတိလို့ ခေါ်တာပေါ့။ တရားနဲ့ ပျော်တာလည်း ရှိတယ်၊ ဓမ္မရတိလို့ ခေါ်တယ်။

  “သဗ္ဗေသတ္တာ ကမ္မဿကတာ = သတ္တဝါအားလုံးဟာ ကံသာကိုယ်ပိုင်ဥစ္စာရှိတယ်” ဆိုတဲ့အတိုင်း ဘယ်သူမဆို ကိုယ်ပြုထားတဲ့ကံ၊ ကိုယ်ကျင့်သုံးဆောက်တည်ထားတဲ့ ကံတရားကသာ ကိုယ်ပိုင်ဥစ္စာဖြစ်တယ်။ ဒီကံတရားဆိုတဲ့ နေရာမှာလည်း ကုသိုလ်ကံကသာ ကိုယ်လိုလားတဲ့ကောင်းကျိုးကို ပေးနိုင်တာဖြစ်လို့ ကိုယ်ပိုင်ဥစ္စာအစစ် ခေါ်တယ်။ ဒီလို ကုသိုလ်ကံရှိတဲ့အလျောက် ရရှိတဲ့အာရုံငါးပါးတွေနဲ့ ပျော်မွေ့ကြတာကို ကာမရတိလို့ ခေါ်တယ်။ လောကီအာရုံတွေနဲ့ ပျော်မွေ့နေတာတွေပေါ့။

  ကာမရတိဆိုတာ စာသံပေသံပါနေတယ်။ အရပ်စကားနဲ့ နားလည်လွယ်အောင်ပြောရရှု အာရုံငါးပါး ကာမဂုဏ်တရားတွေကို တပ်မက်ပြီး ပျော်ပါးတာပါပဲ။ ကုသိုလ်ကံကြောင့်ရရှိတဲ့ ကောင်းကျိုးတွေဆိုပေမဲ့ ဒီလို ကုသိုလ်တရားကို တားဆီးပိတ်ပင်တတ်တဲ့လောဘ အကုသိုလ်နဲ့ ပျော်မွေ့မှုဟာ ကိုယ်ပိုင်မဟုတ်တဲ့အတွက် အငှားအတုတွေ ဖန်တီးထားတာတွေပဲ။

   နတ်ပြည်ခြောက်ထပ်ထဲမှာ နိမ္မာနရတိနတ်ဆိုတာ ရှိတယ်။ သူတို့မှာ ကိုယ်အလိုရှိရာကို ဖန်ဆင်းပြီး ပျော်မွေ့နိုင်တဲ့ ကမ္မဇိဒ္ဓိဆိုတာ ရှိတယ်။ အတိတ်ကံရဲ့ အစွမ်းသတ္တိတွေပေါ့။ အဲဒီနတ်တွေက ကိုယ်အလိုရှိရာကို ဖန်ဆင်းပြီး ပျော်ကြတာတဲ့။ ဖန်ဆင်းပြီးပျော်တယ်ဆိုကတည်းက ကိုယ်ပိုင်အစစ်နဲ့ မပျော်တတ်ကြလို့၊ ဒါမှမဟုတ် အခုပစ္စုပ္ပန်မှာ ကိုယ်ပိုင်ပျော်စရာအစစ် မရှိလို့ အတုတွေ ဖန်ဆင်းပျော်ရတာပေါ့။ ဒီအပျော်မျိုးကို ကာမရတိခေါ်တာပဲ။ အကုသိုလ်ပျော်နဲ့ ပျော်ကြတာလို့ ပြောတာ။

   တချို့ အပျော်လွန်တဲ့နတ်တွေဟာ ကုသိုလ်တရားကို မေ့လျော့ရုံမကဘူး၊ အစာစားချိန်တောင်မေ့ပြီးး အပျော်လွန်လို့ သေရတာလည်းရှိတယ်။ နတ်ပြည်ဆိုတာ ပျော်စရာအတုတွေ ပေါများပြီး ကုသိုလ်တရားကို မေ့လျော့တတ်တဲ့အတွက် ကိုယ်ပိုင်ပျော်စရာ ကုသိုလ်တရားရှားပါးတဲ့ ဒေသမျိုး။ ဒါကြောင့်လည်း အဲဒီဘုံတွေမှာ ဘုရားမပွင့်ကြတာပဲ။

   လူ့ပြည်မှာ ဘုရားရှင်တွေပွင့်ကြလို့ သရဏဂုံသုံးပါး (ရတနာသုံးပါး) ထင်ရှားရှိပေမဲ့လည်း အတုဖြစ်တဲ့ ကာမဂုဏ်တွေနဲ့ပျော်နေတဲ့ လူတွေ သန္တာန်မှာ သရဏဂုံ ရှိမနေဘူး။ ကုသိုလ်တရားလည်း ရှိမနေဘူး။ ဒီအပျော်တု အပျော်ငှားတွေက သရဏံဂုံကိုရော ကုသိုလ်တွေကိုရော ဖုံးကွယ် ပါတယ်။

   အခု ဒီနယ်တဝိုက်က မိန်းကလေးတွေကိုပဲ ကြည့်ပါလား။ အလှူပွဲတစ်ခု ခုကြုံမှ ဘုရားပင့် အလှူဝတ်စံချိန်ကလေး တခဏလောက်မှာ ဆောင်းရမည့် “ခေါက်ထီး”နဲ့ ပျော်ချင်ကြတဲ့အတွက် မိဘတွေကို အပူကပ်ကြ၊ စိတ်ဆင်းရဲအောင် လုပ်ကြသတဲ့၊ မိဘကျေးဇူးကို မေ့ပစ်ထားကြတယ်။ ဒါဟာ ကုသိုလ်ကို ပိတ်ပင်ပြီး အကုသိုလ်တွေ တိုးနေတာပဲ။ အဲဒါအငှားပျော် ပျော်ချင်ကြတဲ့ ကာမရတိကြောင့် ဖြစ်ရတာ။

   မိဘကျေးဇူး မသိတတ်ဘူး၊ မိဘကို စိတ်ဆင်းရဲအောင် လုပ်တယ်ဆိုတာ ပေါ့သေးသေး မအောက်မေ့နဲ့။ “ဘုန်းကြီးလို့ သက်မရှည်၊ သက်ရှည် လို့ ဘုန်းမကြီး” ဆိုတာမျိုး ဖြစ်တတ်တယ်။ ဒီစိတ်ဓာတ်တွေ ပြင်းထန်လာပြီဆိုရင်တော့ “ဘုန်းလည်းမကြီး အသက်လည်းမရှည်နိုင်ဘူး” နင်တို့ ကြားကြတယ်မို့လား။ ဟိုဘက်ရွာက မိန်းကလေးတစ်ယောက် “ခေါက်ထီး” ဝယ်မပေးလို့ဆိုပြီး ကိုယ့်ဟာကိုယ် ဆေးရည်သောက်ပြီး သေကြောင်းကြံသတဲ့။ အဲ့ဒါ မိဘအပေါ်ရန်လိုတဲ့စိတ် ထားခဲ့လို့ ကံတရားက စီမံလိုက်တာပေါ့။ ဘုန်းမကြီး သက်မရှည် ဖြစ်သွားတယ်။

   “နိမ္မာနရတိ” နတ်တွေ အတုကိုဖန်ဆင်းပြီး ပျော်ရတာဆိုတာ ခုဘဝမှာ ကိုယ်ပိုင်အစစ်ဖြစ်တဲ့ ကုသိုလ်တရားတွေ ရှားပါးလို့ ဒါမှမဟုတ် မသိကြလို့၊ အစစ်မရှိတဲ့အတွက် အတုနဲ့ပျော်ကြတာ၊ ဖန်ဆင်းနိုင်တယ်ဆိုလို့များ အားမကျလိုက်ကြနဲ့၊ ဖန်ဆင်းတာမှန်သမျှ အတုတွေချည်းပဲ၊ ပြီးတော့ အကုသိုလ်အားပေးတဲ့ ကာမရတိ အာရုံတွေချည်းပဲ။

    မြန်မာစကားပုံ ရှိတယ်မို့လား။ “အကျည်းတန် မှန်ကြိုက် ဆိုတာလေ။ ပင်ကိုယ်ရုပ်မလှတော့ ကိုယ်ပိုင်မရှိတဲ့အတွက် မှန်ထဲမှာကြည့်ပြီး အတုတွေနဲ့ ဖန်တီးပြုပြင်နေရတာကိုပြောတာ။ များများဖန်တီးထားလေ ပင်ကိုရုပ် အကျည်းတန်လေဆိုတာ သိသာတယ်။ နတ်တွေက ဖန်ဆင်း တယ်၊ လူတွေက ဖန်တီးတယ်။ ဒါပဲကွာတယ်။ အတုကတော့ အတုချည်းပဲ။

   တို့လူ့ပြည်မှာ ပျော်ရွှင်စရာ အစစ်တွေပေါတယ်။ ဗုဒ္ဓအဆုံးအမ လိုက်နာသူတိုင်း၊ မိဘကို ရိုသေတဲ့ ကုသိုလ်တွေ၊ ကျေးဇူးသိပြီး ကူညီတဲ့ကုသိုလ်တွေ၊ ဒါန၊ သီလကုသိုလ်တွေ အဲဒါ ကိုယ်ပိုင်အစစ်တွေပဲ။ ဒါတွေကိုသိပြီး တစိမ့်စိမ့်တွေးရင်း ဝမ်းသာပျော်ရွှင်နေမယ်ဆိုရင် အနုဿတိဘာဝနာ ကုသိုလ်တောင် ထပ်တိုးလိုက်သေး။ ဒါကြောင့် ဒီအပျော်မျိုးကို “ဓမ္မရတိ = တရားနဲ့ပျော်တယ်” လို့ခေါ်တာ။ ပျော်နိုင်လေ ကုသိုလ်တိုးလေပဲ။ ဓမ္မရတိနဲ့ ပျော်မွေ့သူဟာ ကိုယ်ပိုင်တရားအစစ်နဲ့ ပျော်တာဖြစ်လို့ ဥစ္စာရှင်စစ်စစ်လည်း ဖြစ်တယ်။

   လူ့လောကမှာ ဒါကို သေသေချာချာ စဉ်းစားကြည့်ရင် သိပ်ကွာခြားပါတယ်။ အငှားအတုတွေနဲ့ ကြွားတဲ့လူရယ်၊ ကိုယ်ပိုင်အစစ်နဲ့ ရိုးရိုးသန့်သန့်နေတဲ့ လူရယ်ဟာ အကြောင်းသိတဲ့ ပရိသတ်ကြားရောက်ရင် ဣနြေ္ဒရတာချင်းကို မတူဘူး။ အတုအငှားသမားက အမြဲတမ်း မလုံမလဲ ဖြစ်နေရတာမျိုး။ ပြီးတော့ အငှားအတုတွေနဲ့ ပြင်ဆင်ထားတဲ့ အလှဆိုတာ သူများကြည့်ကောင်းအောင်လို့၊ သူများအတွက် ပြင်တဲ့အလှ၊ ကိုယ့်ကုသိုလ်နဲ့ကိုယ် အလှဆင်ပြီး ပျော်တာကမှ ကိုယ့်ကိုယ်ကိုပြန်ကြည့်ဖို့ ပြင်တဲ့အလှ ခေါ်တယ်။

   ပြန်ကြည့်လိုက်တိုင်းလည်း ကုသိုလ်တိုးတယ်။ ကဲ.. ကလေးမလေးတွေ ပြောကြစမ်း၊ နင်တို့ သူများအတွက်ပဲ ပြင်နေကြမှာလား၊ ကိုယ့်အတွက်ကိုယ် ပြင်ဆင်ကြမှာလား။

   ပြီးတော့မှပဲ ကဲ.. ပြောကြစမ်း ကလေးမလေးတွေ၊ နင်တို့အငှားနဲ့ ပျော်နေကြတဲ့ အတုအယောင်တွေ ဖြစ်ချင်ကြသလား၊ ကိုယ်ပိုင်အစစ်နဲ့ ပျော်တဲ့ ဥစ္စာရှင်တွေ ဖြစ်ချင်ကြသလား။ (ကလေးမများက တုတ်တုတ်မျှ မလှုပ်ကြ) နင်တို့ အသေအချာ မစဉ်းစားကြလို့ပါ။ အတုအယောင်ဆိုတာ လူအလွန်အောက်တန်းကျတာ။ ထီးကောင်းဆောင်းသွားလို့ “ဟယ် ထီးကလေးက လှလိုက်တာ” ဆိုရင် လူတစ်ကိုယ်လုံးက ဘာဖြစ်သွားမလဲ၊ ထီးလောက်မှ တန်ဖိုးမရှိတာ ဖြစ်မသွားဘူးလား၊ ဒီထက်အောက်တန်းကျတာ ဘာရှိသေးတုံး။

   အေး.. အငှားအတုတွေဆိုတာ ခဏပဲခံတယ်။ ကိုယ်ပိုင်အစစ်ကတော့ တစ်ဘဝမကဘူး၊ နိဗ္ဗာန်အထိခံတယ်။ မြဲမြဲမှတ်ထားကြ။

“အငှားအတုနဲ့ပျော်တာ ကိုယ်ပိုင်မရှိတဲ့ ဖန်ဆင်းရှင်တွေ၊ ကာမရတိခေါ်တယ်။ သူများကြည့်ဖို့အတွက် သက်သက်ပဲ။ ကိုယ့်ဟာကိုယ် ပြန်ကြည့်လို့ ကုသိုလ်မတိုးဘူး။ အကုသိုလ်ပဲ တိုးလာတဲ့အတွက် ဆိုးကျိုးဒုက္ခကိုပဲ ပေးနိုင်တယ်။ ကိုယ်ပိုင်ကုသိုလ်တရားနဲ့ပျော်တတ်မှ ဥစ္စာရှင် ဓမ္မရတိခေါ်တယ်။ ဘယ်တော့မှ နောင်တပူပန်နေရတယ်လို့လည်း မရှိဘူး။ နိဗ္ဗာန်အထိလည်း ကောင်းကျိုးပေးမယ်။
ကိုင်း. အခု.. လိုရင်းကို ပြောလိုက်မယ်၊။

   ဘုရားပင့်တယ်ဆိုတာ မြတ်စွာဘုရား ကြွတော်မူတဲ့နောက်က လိုက်ကြရတာ။ ဘုရားရှင်နောက်က ခြံရံပြီးလိုက်ကြတဲ့အခါ ရဟန္တာ အရှင်မြတ်ကြီးတွေတောင် ဖိနပ်မစီး၊ ထီးမဆောင်းကြဘူး၊ ရိုရိုသေသေ လိုက်ကြတယ်။ အခု အလှူဝတ်စံဘုရားပင့်တော့လည်း ဒီအတိုင်းပဲ ခြံရံပြီး လိုက်ရမှာ။

    ဒီကရှေ့ ဒီဘုရားပင့် လှည့်လည်ပွဲကို လိုက်တဲ့သူမှန်သမျှ ယောက်ျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် အင်္ကျီအဖြူရောင်ကိုသာ ဝတ်ရမယ်၊ ရိုးရိုး တဘက်တစ်ထည်ကို လက်ကန်တော့တင်ထားရမယ်။ လုံချည်က ယောဂီရောင်ဖြစ်ဖို့ဆိုရင် အားလုံး အသစ်ဝယ်လို့ မလွယ်ကူလို့ ရှိတာကိုပဲ ရိုးရိုးဝတ်ခဲ့ရမယ်။

    ပြီး.. လက်ထဲမှာ ထီးဖိနပ် လုံးဝမယူခဲ့ရဘူး၊ လှူရန်ဝတ္ထုဖြစ်ဖြစ်၊ တံခွန်ကုက္ကားနဲ့ ကြက်လျှာတစ်ခုခုဖြစ်ဖြစ် လက်အုပ်ကြားမှာထည့်ပြီး လက်အုပ်ချီလိုက်ရမယ်။ ဘုရားဂုဏ်ကို မကြည်ညိုဘူး၊ ဘုရားကို မကြည်ညိုဘူးဆိုတဲ့လူ ဘယ်သူမဆို ရွာခံဖြစ်ဖြစ် ဧည့်သည်ဖြစ်ဖြစ် ဘုရားပင့်လှည့်လည်ပွဲမှာ မလိုက်စေနဲ့၊ ဒါဟာ ဒီရွာရဲ့ အစဉ်အဆက် စည်းကမ်းအဖြစ်သတ်မှတ်ပြီး လက်ခံရမယ်၊ ဒီစည်းကမ်းအတိုင်း မလိုက်နာနိုင်ဘူးဆိုရင်တော့ ဒီကျောင်းကို အလှူဝတ်စံဘုရားပင့် မလာကြနဲ့” လို့ ပညတ်ချက် ထုတ်လိုက်ပါတယ်။

   အဲဒီအချိန်ကစပြီး အဲဒီရွာမှာ “ခေါက်ထီး”ရောဂါ အမြစ်ပြတ်သွားသလို နောက်ထပ် ကာလပေါ် ရောဂါဆိုးတွေလည်း ကူးစက်လာမှု အတော်နည်းပါးသွားပါတယ်။

    သြော်.. ကျေးလက်ဒေသမှာ စရိုးဆိုးတွေဖယ်ရှားပြီး စရိုက်ကောင်းတွေ ထွန်းကားဖို့ဆိုတာ ရွာဦးရွာထိပ်က “ရွာဦးခေါင်း” လို့ဆိုရမည့် ကျောင်းထိုင်ဆရာတော်များက အမုန်းခံ၊ အမောခံ၊ အနစ်နာခံ၊ သြဇာတိက္ကမကို ထူထောင်ပြီး မေတ္တာစိတ်ထားနဲ့ ပြုပြင်ပေးမှုအပေါ်မှာ လုံးလုံး လျားလျား တည်နေပါကလားလို့တွေးရင်း ဆရာတော်ကို အမှတ်တရ လေးစားစိတ်နဲ့ ဒီအကြောင်းကို မှတ်တမ်းပြုလိုက်ပါတယ်။

ဓမ္မဘေရီအရှင်ဝီရိယ (တောင်စွန်း)

Thursday, August 23, 2012

အရေးလည်းပါစေ၊ အရာလည်းရောက်စေ

 




 အရေးလည်းပါစေ၊ အရာလည်းရောက်စေ
ဂျာနယ်လစ်တစ်ဦးက မေးလာ သည်၊ ''အရှင်ဘုရား... အရေးပါလို့ အရာရောက်တာလား၊ အရာရောက် လို့ အရေးပါတာလား''တဲ့၊ သိပ်ကောင်းသော မေးခွန်းပါပဲ၊ ''အေး ကွ... ဒီမေးခွန်းက ကောင်းတယ်၊ ဖြေရမယ်ဆိုရင်တော့ တော်တော် ကျယ်ပြန့်တယ်၊ အရေးဆိုတာ လည်းကျယ်ပြန့်တယ်၊ အရာဆိုတာ လည်း ကျယ်ပြန့်တယ်၊ အရာထက် အရေးကတော့ပိုပြီးတော့ ကျယ်ပြန့် တယ်၊ အရေးပါလို့ အရာရောက်တာ လည်းရှိမယ်၊ အရေးမပါဘဲနဲ့ အရာရောက်နေတာလည်း ရှိမယ်၊ အရေး ပါနိုင်ပါလျက် အရာမရောက်တာ လည်း ရှိမယ်၊ အရေးပါနိုင်ပါလျက် အရာမရောက်လို့ အရေးမပါတာ လည်းရှိမယ်၊ ဒီကိစ္စက တော်တော် တော့ ရှည်လျား ထွေပြားသားကွ'' ဂျာနယ်လစ်ကို ထိုသို့ ပြန်ဖြေခဲ့ပါ သည်။

အရေးကို မြန်မာအဘိဓာန်က (၁)အရေးအသား၊ အရေးအကြောင်း၊ (၂) အမှုကိစ္စ၊ အကြောင်း ကိစ္စဟု ဖွင့်သည်၊ အရေးနှင့်တွဲ၍သုံးသော ဝေါဟာရများမှာ အရေးကုန်၊ အရေး ကြီး၊ အရေးစိုက်၊ အရေးဆို၊ အရေး တကြီး၊ အရေးတယူ၊ အရေးတော်ပုံ၊ အရေးထား၊ အရေးနိမ့်၊ အရေးပါ၊ အရေးပေး၊ အရေးပေါ်၊ အရေးပိုင်၊ အရေးယူ၊ အရေးလုပ်၊ အရေးလှ၊ အရေးသာ၊ အရေးအကြောင်း၊ အရေးအခင်း၊ အရေးအရာ၊ အရေး အသားတို့ဖြစ်သည်။

အရာကိုဖွင့်ရာ၌ (၁) စွဲထင်နေ သောလက္ခဏာ၊ အမှတ်အသား၊ အရေးအကြောင်း၊ (၂)အကြောင်း ခြင်းအရာ၊ (၃)၀တ္ထု၊ ပစ္စည်း၊ ဒြပ်၊ (၄)နေရာ၊ အဖြစ်၊ (၅)ရာထူး၊ ဌာနန္တရဟူ၍ဖွင့်သည်၊ အရာနှင့်တွဲ၍ သုံးသော ဝေါဟာရများမှာ အရာခံ၊ အရာတော်၊အရာထမ်း၊ အရာမထင်၊ အရာရောက်၊ အရာရှိ၊ အရာဝင်၊ အရာအထောင်တို့ ဖြစ်သည်။
အရေးဟူသည် လိုရင်းအနေ ဖြင့် လူတို့၏ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ ဘာသာရေးစသော လူ့အရေးတို့ပင် ဖြစ်သည်၊ မိသားစုအနေနှင့် မိသား စုအရေး၊ လူမျိုးစုအနေနှင့် လူမျိုးစု အရေး၊ အရပ်အနေနှင့်ရပ်ရေး၊ ရွာ အနေနှင့်ရွာအရေး၊ တိုင်းအနေနှင့် တိုင်းရေး၊ ပြည်အနေနှင့် ပြည်ရေး၊ တိုင်းပြည်အနေနှင့်တိုင်းရေး၊ ပြည် ရေး၊ အမှန်စင်စစ်ထိုအရေးဟူ သမျ သည်လူတို့ ၏အရေးသာဖြစ်သည်။ 

လောက၌ဘယ်သူက အရေး ပါသည်၊ ဘယ်သူကတော့ဖြင့်အရေး မပါ၊ ဘယ်သူကအရာရောက်သည်။ ဘယ်သူကတော့ဖြင့် အရာရှိကြီး စသည်ဖြင့်ပြောကြသည်။ ထိုအသုံး အနှုန်းတို့၌ အရေးပါဟူသည် လူတို့ အရေးကို ဆောင်ရွက်နိုင်စွမ်းရှိသဖြင့် အရေးက ထိုဆောင်ရွက်သူနိုင်သူ နောက်မှ ကပ်ပါလာခြင်းဖြစ်သည်၊ အရာရောက်ခြင်း၊ အရာရှိဖြစ်ခြင်း သည် ရာထူးဌာနန္တရ မြင့်မြင့်မားမား ရရှိထားခြင်းကို ဆိုလိုသည်။ 

လူတို့သည် နေရာတော်တော် များ၌ အရာရောက်ချင်ကြသည်။ အရာရောက်ချင်လျင် အရေးပါဖို့လို ပေမည်၊ အရေးမပါဘဲနှင့်အရာ ရောက်ချင်၍မရ၊ အရေးမပါဘဲနှင့် အရာရောက်နေခဲ့လျင်လည်းသက်ဆိုင် သူတို့ ဒုက္ခတွေ့တတ်သည်။ စွမ်း ဆောင်ဟူသည် စွမ်းမှသာဆောင် သင့်သည်၊ မစွမ်းပါဘဲနှင့် ဆောင် ခဲ့လျင်ပြဿနာတက်ဖို့သေချာသည်။ ဆောင်ချင်လျင်ဖြင့် စွမ်းအောင် လေ့လာသင်ယူဆည်းပူး အားထုတ် ထား မှဖြစ်မည်။

မိမိသည် ကုန်းဘောင်သားဖြစ် သဖြင့် ကုန်းဘောင်ရာဇ၀င်ကို ပြန် လှန်လေ့လာကြည့်မိသည်၊ မည်သူ တွေ အရေးပါခဲ့ကြသနည်း၊ မည်သူ တွေ အရာရောက်ခဲ့ကြသနည်းဆို တာကိုဆန်းစစ်ကြည့်မိသည်။ပထမ ဦးဆုံးကုန်းဘောင်ခေတ်၊ တတိယ မြန်မာနိုင်ငံတော်ကို တည်ထောင်သူ ငယ်နာမည် ဦးအောင်ဇေယျ၊ ဘွဲ့ အမည် အလောင်းမင်းတရားသည် ခရစ်နှစ် ၁၇၅၂မှ ၁၇၆၀ထိ နန်းစံ သည်၊ နန်းသက် ရှစ်နှစ်မျသာရှိ သည်၊ သက်တော် ၃၈နှစ်တွင် နန်း တက်၍ ၄၆နှစ်တွင် နတ်ရွာစံသည်။

ဒုတိယမင်းဆက်၌ ဦးအောင် ဇေယျ၏သားတော်ကြီး တပယင်း မင်း(ခ)စစ်ကိုင်းမင်း(ခ) နောင်တော် ကြီးမင်းသည် ခရစ်နှစ်၁၇၆၀မှ ၁၇၆၃ ထိနန်းစံသည်၊ နန်းသက်သုံး နှစ်မျသာ ကြာမြင့်သည်၊ သက်တော် ၂၉နှစ်တွင် နတ်ရွာစံသည်၊ တတိယ မင်းဆက်၌ ဦးအောင်ဇေယျ၏ သား တော်မြေဒူးမင်း (ခ)တတိယအင်းဝ မြို့တည်ဆင်ဖြူရှင်မင်းသည် ခရစ် နှစ် ၁၇၆၃မှ ၁၇၇၆ထိ နန်းစံသည်၊ နန်းသက် ၁၂နှစ်ခွဲကြာမြင့်သည်၊ သက်တော် ၃၉နှစ် ဆယ်လတွင် နတ်ရွာစံသည်။

စတုတ္ထမင်းဆက်၌ မြေဒူးမင်း ၏သားတော် စဥ့်ကူးမင်းသည် ခရစ် နှစ် ၁၇၇၆မှ ၁၇၈၂ထိ နန်းစံသည်။ နန်းသက်ခြောက်နှစ်ကြာသည်၊နတ် ရွာစံချိန်တွင်သက်တော် ၂၆ နှစ်မျ သာရှိ သေးသည်၊ ပဉ္စမမင်းဆက်၌ တပယင်းမင်း၏ သားတော်ဖောင်း ကားစားမောင်မောင်သည် ခရစ်နှစ် ၁၇၈၂တွင် ခုနစ်ရက်မျ နန်းစံသည်၊ နတ်ရွာစံချိန်တွင်သက်တော် ၁၉ နှစ် မျသာရှိသေးသည်၊ ဆဋ္ဌမ မင်းဆက် ၌ ဦးအောင်ဇေယျ၏ စတုတ္ထသား တော်ဗဒုံမင်း(ခ) ဘိုးတော်ဦးဝိုင်း သည် ခရစ်နှစ် ၁၇၈၂မှ၁၈၁၉ထိ နန်းစံသည်၊ နန်းသက် ၃၇နှစ်ကြာ မြင့်သည်၊ သက်တော် ၇၄ နှစ်ခန့် နတ်ရွာစံသည်။

သတ္တမမင်းဆက်၌ ဗဒုံမင်း၏ မြေးတော် စစ်ကိုင်းမင်း(ခ)ဘကြီး တော်မင်းသည် ၁၈၁၉မှ ၁၈၃၇ထိ နန်းစံသည်၊ နန်းသက် ၁၈ နှစ်ကြာ မြင့်သည်၊ အဋ္ဌမမင်းဆက်၌ ဗဒုံမင်း ၏မြေးတော် သာယာဝတီမင်း (ခ) ကုန်းဘောင်မင်း (ခ) ရွှေဘိုမင်း သည် ၁၈၃၇မှ ၁၈၄၆ထိ နန်းစံ သည်။ နန်းသက် ကိုးနှစ်ကြာမြင့် သည်။ န၀မမင်းဆက်၌ သာယာ ၀တီမင်း၏သားကြီး ပုဂံမင်းသည် ၁၈၄၆ မှ ၁၈၅၃ထိနန်းစံသည်။ နန်း သက် ခုနစ်နှစ်ကြာမြင့်သည်။

ဒသမမင်းဆက်၌ သာယာ ၀တီမင်းကြီး၏ သားတော်မင်းတုန်း မင်းသည် ၁၈၅၃မှ ၁၈၇၈ထိ နန်းစံ သည်။ နန်းသက် ၂၅နှစ် ကြာမြင့် သည်၊ ၃၉ နှစ်အရွယ်မင်းဖြစ်၍ ၆၄ နှစ်အရွယ်နတ်ရွာစံသည်။ ဧကာ ဒသမမင်းဆက်၌ မင်းတုန်းမင်းကြီး ၏ သားတော်သီပေါမင်းသည် ခရစ် နှစ် ၁၈၇၈မှ ၁၈၈၅ထိ နန်းစံသည်။ နန်းသက် ခုနစ်နှစ်ရှိသည်။ အသက် ၂၀အရွယ်တွင် မင်းဖြစ်၍ ၂၇နှစ်တွင် ပါတော်မူသည်။

ကုန်းဘောင်မင်း ဆယ့်တစ် ဆက်ကို မှတ်သားရလွယ်ကူစေဖို့ ရှေးဆရာမြတ်တို့က တေးထပ်ရေး စပ်၍ထားခဲ့ကြသည်-
 ဦးအောင်ဇေယျ အမှူးမြောက်
ထူးတစ်ယောက်တင်မူ
ဦးလောက်ပ ဘုရင်တစ်ဆူ
ဆင်ဖြူရှင် စခန်း
စဥ့်ကူးမင်း ကောင်းစားမီ
ဖောင်းကားညီ လုတဲ့ရွှေနန်း
ဦးဝိုင်းပ ပထမခေါင်ပျော်
မြနောင်တော် ရေဖျန်း
အမရဆောင်ပေါ် ငွေကြငှန်းမှာလ
ရွှေစာတမ်းဖွဲ့ပြန်
ကုန်းဘောင်ပျော် နေလိုဝင်း
ရွှေဘိုမင်းသား မြတ်ပုဂံ
ချမ်းအေးဖို့ ပန်းမွှေးပန်
မန္တလေးစံ တောင်လက်ရုံးရယ်နှင့်
မင်းတုန်းမင်း သီပေါအရှင်
ထီးနှင့်ပလ္လင်
ဆယ့်တစ်ဆက် အုပ်စိုးတင်
မုဆိုးဘုရင် စခန်းမို့လေး.....။
(ဦးလောက် = တပယင်းမင်း ၏ ငယ်နာမည်ဖြစ်သည်၊ မြနောင် တော် = ဘကြီးတော်မင်းဖြစ်သည်၊ ကုန်းဘောင်ပျော်= ကုန်းဘောင်မင်း နှင့် ရွှေဘိုမင်းသား = ရွှေဘိုမင်းတို့ သည်သာယာဝတီမင်း၏ အမည်ကွဲ များဖြစ်ကြသည်။)

အလောင်းဘုရားသည်တတိယ မြန်မာနိုင်ငံတော်ကို တည်ထောင်သူ ဟုသမိုင်းကထောက်ခံသဖြင့် အရေး လည်းပါသူ၊ အရာလည်းရောက် သူ ဟု မလွဲဧကန် ဆိုရပေမည်။ အ လောင်းမင်းတရား ထိုသို့ တတိယ မြန်မာနိုင်ငံထူထောင်ရာတွင် သား တော်နှစ်ပါးဖြစ်ကြသော တပယင်း မင်းနှင့် မြေဒူးမင်းတို့ အဓိကပါဝင် သဖြင့် ထိုမင်းနှစ်ပါးလည်း အရေး လည်းပါ၊ အရာလည်း ရောက်သူဟု သမိုင်းက လက်ခံရမည်၊ ထို့အတူ ဗဒုံမင်းနှင့် သာယာဝတီမင်းတို့ကို လည်း အရေးပါ၍ အရာရောက်သူ များဟု လက်ခံရပေမည်။

စဥ့်ကူးမင်းနှင့် ဖောင်းကားစား မင်းတို့ကိုတော့ တိုင်းရေးပြည်ရေး ကိုဘာမျမယ်မယ်ရရ ဆောင်ရွက် ခြင်း မရှိသဖြင့် အရာသာ ရောက်၍ အရေးမပါသူများဟု ခေါ်ဆိုရမည်၊ စစ်ကိုင်းမင်း(ခ) ဘကြီးတော်ကို တော့တိုင်းရေးပြည်ရေး၊ အတော် အသင့်ဆောင်ရွက်သူဖြစ်သဖြင့် အတော်အသင့်အရေးပါ၍ အရာ ရောက်သူဟုဆိုရပေမည်၊ ကုန်း ဘောင်မင်း ဆယ့်တစ်ဆက်တွင် အညံ့အဖျင်းဆုံး မင်းကတော့ တိုင်း ရေး ပြည်ရေး ကို စိတ်မ၀င်စားသော ပုဂံမင်းပင်၊ သူ့ကိုတော့ အရေးမပါ ဘဲအရာရောက်သူဟုသမိုင်းကသတ် မှတ်သည်။

မင်းတုန်းမင်းကြီးကတော့အများ သိ ကြသည့်အတိုင်း အရေးလည်းပါ အရာလည်းရောက်သူဟု ဆိုရပေ မည်။ သို့သော် ကုန်းဘောင်နောက် ဆုံးဆက် သီပေါဘုရင်ကတော့ အရေး မပါဘဲ အရာရောက် သူဆိုတာကို အများက လက်ခံကြပါလိမ့်မည်၊ မင်းတုန်းမင်း လက်ထက်တွင် အရေး ပါပါလျက် အရာ မရောက်လိုက်ရ သူတွေကတော့ ကနောင်မင်းသား ကြီးနှင့် မက္ခရာမင်းသားပင်၊ ထို့အ တူ အလောင်းမင်းတရားကြီး၏ လက်ရုံးများ ဖြစ်ကြသော အဂ္ဂမဟာသေနာ ပတိဦးကောင်း၊ မင်းခေါင်နော်ရထာ ဘွဲ့ခံဦးတွန်၊ မဟာသီဟသူရ ဘွဲ့ခံ ဦးသာတို့သည်လည်း အရေးပါပါ လျက် အရာရောက် မသွားရှာကြ ချေ၊ အထူးသဖြင့်ကနောင်မင်းသား ကြီးသာ အဓိပတိ နေရာရောက်ခဲ့ပါ လျင် ယနေ့မြန်မာနိုင်ငံသည်လည်း အာရှကျား တစ်ကောင်ဖြစ်နေမည် မှာ သေချာသလောက်ဖြစ်သည်။
လူမှန်လျင် သူ့အထွာနှင့်သူ၊ သူ့နေရာနှင့်သူ အရေးပါသင့်သည်၊ အရေးပါရမည်၊ ထိုအရေးသည် မိမိ အရေးတော့မဟုတ်၊ မိမိနှင့် သက် ဆိုင်သူတို့၏အရေးဖြစ်သည်၊ သက် ဆိုင်သူတို့၏ စားဝတ်နေရေးမှစ၍ ကျန်အရေး များစွာကို ကူညီနိုင်စွမ်း၊ ဆောင်ရွက်နိုင်စွမ်းရှိလျင် ထိုပတ်ဝန်းကျင်တွင် မိမိသည်အရေးပါသည်။ အရေးပါလျင် အရာလည်း ရောက်သင့်သလောက် ရောက်တော့သည်။

အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်)

Monday, August 20, 2012

ဗုဒ္ဓခေတ်အွန်လိုင်းပေးစာတစ်စောင်

                                                  
                                               

             ငြိမ်းပေမယ့် အငြိမ်းမနေနိုင်ကြသူများ


မှ
အာယသ္မာဂင်္ဂါမောဒန္တော
ရွာဦးကျောင်း
ဝါသဘရွာ
ကာသိဇနပုဒ်
ရက်စွဲ မဟာသက္ကရာဇ်(---------)

သို့
ဆက်ကပ်ပါရန်
အာယသ္မာယောဟနပေါလကုသုမော
ကျောင်းဆောင်အမှတ်(၄၉၉)
ဇေတ၀န်ကျောင်းတိုက်
သာဝတ္ထိမြို့တော်
ကောသလတိုင်းဒေသကြီး

လေက တိုက်လိုက်၊ နေက မြှိုက်လိုက်၊ မိုးကပြိုက်လိုက်နဲ့ ကာသိရဲ့ ကမောက်ကမရာသီကြားမှာ လူးလွန့်လှောင်ပိတ်စွာ ဖြတ်သန်းရင်း သာဝတ္ထိဇေတ၀န်ညဦးယံကာလတွေမှာ ဓမ္မဂီတနဲ့ ချမ်းချမ်းမြမြ ရှိနေမယ့် အရှင်ဘုရားဆီ ဒီသ၀ဏ်လွှာလေး ရေးခြစ်နေမိပါရဲ့..။ တရားဘာဝနာလေး ပွားနေပေါ့ ငါ့ရှင်ရယ် လို့များ ပြောချင်နေပြီလား..။ လျှောက်ထားရရင်တော့ တရားဓမ္မ မပွားနိုင်လောက်အောင် တပည့်တော်တို့မှာ သံဝေဂအပူမီးတွေနဲ့ လောင်မြိုက်နေကြပါပေါ့ အရှင်ရယ်..။

ဒီလို အရှင်ဘုရားရဲ့..။
ခုဆို အရှင်ဘုရားလည်း သိမှာပါ..။  လောကသရဖူအမြတ်ဆုံးအရှင်နဲ့ တပည့်သာဝကတွေရဲ့ သင်္ကန်းအရောင်တွေဟာ မဇ္ဈိမဒေသကြီးတစ်ခုလုံးလွှမ်းခြုံမိပြီဆိုတာလေ..။ မဂဓတိုင်းဧကရာဇ် ဗိမ္ဗိသာရမင်းမြတ် ဗုဒ္ဓသာဝကအဖြစ်ခံယူလိုက်ချိန်က စပြီး အတိုင်းတိုင်းအပြည်ပြည်က ပဒေသရာဇ်၊ ဧကရာဇ်တွေ။ ပညာရှိပရောဟိတ် ဒိသာပါမောက္ခကြီးတွေ၊ သူဌေးသူကြွယ် လူကုန်ထံတွေ ဗုဒ္ဓအရှင်ရဲ့ သစ္စာဓမ္မကို စိတ်ညွတ်လာခဲ့ကြတာလေ။  ခုတော့ လူထုလူတန်းစား ပေါင်းစုံ သာသနာတော်ရဲ့ အရိပ်ကို ခိုလှုံခဲ့ကြတာ..။

ခြိမ့်ခြိမ့်သဲသဲ ဘာသာကူးပြောင်းပွဲကြီးတွေနဲ့ အတူ ရဟန်းသံဃာ့အဖွဲ့အစည်းကြီးဟာလည်း တစ်နေ့တစ်ခြား ကြီးထွားလာခဲ့တော့တာပဲကိုး..။ မဇ္ဈိမရဲ့ ကျေးလက်လမ်းလေးတွေပေါ်မှာပဲဖြစ်ဖြစ် ။ မြို့ပြရဲ့ မင်းလမ်းမကြီးတွေပေါ်မှာပဲဖြစ်ဖြစ် စီတန်းကြွချီနေတဲ့ ရဟန်းသံဃာတော်တွေကို ဖူးမြင်ကြနေကြပြီပဲ မဟုတ်လား.။ အံမခန်းဖွယ် ဇမ္ဗူဒိပ်ရဲ့ သဒ္ဓါတရားက ရာထောင်ချီတဲ့ သံဃာ့အစုအဝေးကြီးအတွက် ပိဏ္ဍပါတ်ဆွမ်းလောင်းလှူဖို့ အဆင်သင့်ဖြစ်နေခဲ့တာပါပဲ..။

သာသနာတော်ဟာ လောက၀န်ထမ်းဖို့သာဖြစ်ရမယ်၊ လောက၀န်ထုပ်ဝန်ပိုးမဖြစ်စေရ ဆိုတဲ့ မူကို ချမှတ်ထားတဲ့ ဗုဒ္ဓအရှင်ဟာ
သစ်တစ်ပင်ရင်း ၀ါးတစ်ပင်ရင်းမှာ ကိုယ်တော်တိုင် စံပြကျင့်သုံးပြခဲ့သလို သာဝကပါရမီပြည့်ဝနေတဲ့ တပည့်ရဟန်းမြတ်တွေကလည်း သစ်ပင်တောတောင် အရိပ်အာဝါသတွေအောက်မှာ ခြိုးခြံစွာ သီတင်းသုံးခဲ့ကြတာ ဘယ်လောက်ကြည်ညိုစရာကောင်းလဲ..။

ဗုဒ္ဓအရှင်နဲ့ သံဃာတော်တွေရဲ့ ဓမ္မအရည်ရွှမ်းနေတဲ့ ကြည်ညိုဖွယ်ရာခြိုးခြံမှုက ရာဇဂြိုဟ်သူဌေးကြီးရဲ့ ရင်မှာ သဒ္ဓါပန်းတွေ ပွင့်ဝေစေခဲ့ပြီး ဗုဒ္ဓသာသနာတော်ရဲ့ ပထမဆုံးကျောင်းဝိဟာတွကို sဆောက်လုပ်လှူဒါန်းခဲ့တာ မဂဓတိုင်းတစ်ခုလုံး ဟိုးဟိုးကျော်ပဲလေ..။
တပည့်တော်တို့ကတော့ ခုမှ ဖြစ်တဲ့ ရဟန်းသစ်တွေမို့ ကျောင်းလွှတ်ပူဇော်ပွဲကြီးကို ကိုယ်တိုင်မတက်ရောက်နိုင်ခဲ့ပေမယ့်
အဲဒီအခမ်းအနားမှာ ဗုဒ္ဓအရှင်ဟောတဲ့ အနုမောဒနာတရားကတော့ ပစ္စုပ္ပန်သာသနာမြှင့်တင်ရေးနဲ့ အနာဂတ်သာသနာထိန်းသိမ်းစောင့်ရှောက်ရေးအတွက် မြော်ခေါ်သုံးသပ်ပြီး ဟောထားတဲ့ တရားဖြစ်ကြောင်း သံဃာတော်တွေအချင်းချင်းလက်ဆင့်ကမ်းကြလို့ တပည့်တော်တို့လည်း သုတပွားကာ မှတ်သားရပေတာကိုး အရှင်ဘုရားရယ်.။

ကျောင်းဝိဟာတစ်ခုရဲ့ အခြေခံကိုဓဥပဒေတစ်ခုကို ဗုဒ္ဓအရှင်က အခိုင်အမာချမှတ်ပေးခဲ့တယ် လို့ တပည့်တော် နားလည်မိတာပါပဲ..။
ဒီကိုဓဥပဒေကျိုးပျက်သွားတဲ့အချိန်ဟာ သာသနာလည်း ဆိတ်သုဉ်းတဲ့အချိန်ပဲ ထင်ပါတယ်..။
အရှင်ဘုရား လတ်တလောသီတင်းသုံးနေတဲ့ ဇေတ၀န်ကျောင်းတော်ကြီးကို အနာထပိဏ္ဍိကလို့ ထင်ရှားတဲ့ သုဒတ္တသူဌေးကြီးက ကျောင်းလွှတ်ပူဇော်ပွဲကျင်းပပြီး လှူဒါန်းတော့လည်း ဗုဒ္ဓအရှင်က ဒီအနုမောဒနာတရားကိုပဲ ဟောတော်မူပြန်တာပဲ တဲ့။

ဗုဒ္ဓအရှင်ရဲ့ ကျောင်းဝိဟာဆိုင်ရာ အနုမောဒနာတရားမှတ်စုလေး ပြန်သိမ်းထားရအောင် အရှင်ဘုရားအတွက် အတက်ခ်ျဖိုင်(Attached File) ထည့်ပေးလိုက်ပါတယ်။ အသံဖိုင်ကတော့ သိက္ခာဝါကြီးတဲ့ မထေရ်ကြီးတွေဆီမှာများ ရှိလေမလား..။ (သာဝတ္ထိမှာဆိုတော့ သံဃာတွေ စုံပါတယ်..။ အရှင်ဘုရားစုံစမ်းလို့ ရရင်လည်း တပည့်တော်ရဲ့ ကာသိမုခပေါတ္ထကကွန်ယက် (www.kasi-facebok.com)ဆီကိုသာ တိုက်ရိုက်ပို့လိုက်ပါ.. :D)

သီတံ ဥဏှံ ပဋိဟန္တိ ၊ တတော ဝါဠမိဂါနိ စ။
သရီသပေ စ မကသေ၊ သိသိရေ စာပိ ဝုဋ္ဌိယော။
''တတော ဝါတာတပေါ ဃောရေ၊ သဉ္ဇာတော ပဋိဟညတိ။
လေဏတ္ထဉ္စ သုခတ္ထဉ္စ၊ ဈာယိတုဉ္စ ဝိပဿိတုံ။
''ဝိဟာရဒါနံ သံဃဿ၊ အဂ္ဂံ ဗုဒ္ဓေန  ဝဏ္ဏိတံ။
တသ္မာ ဟိ ပဏ္ဍိတော၊ ပေါသော သမ္ပဿံ အတ္ထမတ္တနော။

''(ကျောင်းသည်) အအေးကိုလည်းကောင်း၊ အပူကိုလည်းကောင်း၊
ထိုမှတစ်ပါး သားရဲတို့ကိုလည်းကောင်း၊ မြွေကင်းသန်းတို့ကိုလည်းကောင်း၊ ခြင်တို့ကိုလည်းကောင်း၊ လေအေးတို့ကိုလည်းကောင်း၊ မိုးပေါက်တို့ကိုလည်းကောင်း ပယ်ဖျောက်နိုင်၏။
ထို့ပြင် ဖြစ်လာသော ပြင်းသောလေ ပြင်းသော အပူကိုလည်း ပယ်ဖျောက်နိုင်၏၊ ကိန်း အောင်းခြင်းငှါလည်းကောင်း၊ ချမ်းသာခြင်းငှါလည်းကောင်း၊ ဈာန်ဝင်စားခြင်းငှါလည်းကောင်း၊ ဝိပဿနာရှုခြင်းငှါလည်းကောင်း သံဃာအား ကျောင်းလှူရခြင်းကို မြတ်၏ဟု မြတ်စွာဘုရား ချီးမွမ်းတော်မူ၏။

'''ဝိဟာရေ ကာရယေ ရမ္မေ၊ ဝါသယေတ္ထ ဗဟုဿုတေ။
တေသံ အန္နဉ္စ ပါနဉ္စ၊ ဝတ္ထသေနာသနာနိ စ။
ဒဒေယျ ဥဇုဘူတေသု၊ ဝိပ္ပသန္နေန စေတသာ။
''တေ တဿ ဓမ္မံ ဒေသေန္တိ၊ သဗ္ဗဒုက္ခာပနူဒနံ။
ယံ သော ဓမ္မံ ဣဓညာယ၊ ပရိနိဗ္ဗာတိ အနာသဝေါ''တိ။

ထို့ကြောင့် မိမိ၏အကျိုးကို မြင်သော ပညာရှိသူသည် မွေ့လျော်ဖွယ် ကျောင်းတို့ကို ဆောက်လုပ်စေရာ၏၊ ဤကျောင်းတို့၌ အကြားအမြင်များသော ရဟန်းတို့ကို နေစေရာ၏၊ ထို ဖြောင့်မတ်သော ရဟန်းတို့အား လျော်သော စားဖွယ်ကိုလည်းကောင်း၊ သောက်ဖွယ်ကိုလည်းကောင်း၊ သင်္ကန်း အိပ်ရာ နေရာတို့ကိုလည်းကောင်း ကြည်ညိုသော စိတ်ဖြင့် လှူရာ၏။
ထိုရဟန်းတို့သည် ထိုကျောင်းဒါယကာအား ဆင်းရဲအလုံးစုံကို ပယ်ဖျောက်တတ်သော တရားကို ဟောကုန်၏၊ ဤသာသနာတော်၌ ထိုကျောင်းဒါယကာသည် ထိုတရားကို သိ၍ အာသဝေါ တရားမရှိဘဲ ငြိမ်းအေးရလေ၏''ဟု (အနုမောဒနာပြုတော်မူ၏)။ ''
(စူဠ၀ါပါဠိတော်မြန်မာပြန်၊ သေနာသနက္ခန္ဓက)

ပထမအနုမောဒနာဂါထာမှာ ကျောင်းတစ်ကျောင်းရဲ့ တန်ဖိုးနဲ့ လုပ်ဆောင်နိုင်တဲ့ ၀န်တွေကို လင်းပြတော်မူထားတာပါပဲ။
အရာရာကို စွန့်လွှတ်ပြီိးတဲ့ ရဟန်းတစ်ပါးအတွက် သစ်တစ်ပင်ရင်း ၀ါးတစ်ပင်ရင်းမှာ နေထိုင်သီတင်းသုံးနို်င်တယ်ဆိုပေမယ့် တကယ် မလွယ်တာတော့ အမှန်ပါပဲ အရှင်ဘုရားရယ်.။။ ရာသီဥတုအမျိုးမျိုးရှိတဲ့ နိုင်ငံနယ်နိမိတ်တွေကို ကျော်ဖြတ်ပြီးသာသနာပြုကြမယ့် ရဟန်းတော်တွေအတွက် အမျှော်အမြင်ကြီးစွာ ခွင့်ပြုတော်မူခဲ့တယ်ဆိုတာ သေချာလှပါတယ်။ ကျောင်းဝိဟာဆိုတာ အပူအအေး လေပြင်းနဲ့ မိုးသက်မုန်တိုင်း၊ စတဲ့ သဘာဝဘေးအန္တရာယ်နဲ့ သားရဲတိရိစ္ဆာန်တွေရဲ့ ရန်က ကာကွယ်နိုင်မယ်..။
ပြီးတော့ အေးအေးလူလူသီတင်းသုံးကိန်းအောင်းဖို့၊ ၀ိပဿနာတရားဘာဝနာပွားများဖို့၊ ဈာန်ဝင်စားဖို့ အကောင်းဆုံးနေရာတစ်ခုမို့ ကျောင်းလှူဒါန်းခြင်းဟာ မွန်မြတ်တယ် လို့ ဗုဒ္ဓအရှင်က ချီးမွမ်းတော်မူပါသတဲ့..။

တပည့်တော် လျှောက်ချင်တာက ဒုတိယအနုမောဒနာဂါထာရဲ့ ကျောင်းဝိဟာဆိုင်ရာ လမ်းညွှန်ချက်ပါပဲ။
၁)ကျောင်းလှူဒါန်းခြင်းရဲ့ မွန်မြတ်တဲ့ အကျိုးကို သိတဲ့ ပညာရှိအမျိုးကောင်းသားအမျိုးကောင်းသမီးတွေဟာ
မွေ့လျော်ဖွယ်ရာ ကျောင်းကို ဆောက်လုပ်ရမယ်။
၂)အကြားအမြင်များတဲ့ ရဟန်းတွေကို ကျောင်းထိုင်တင်မြှောက်ရမယ်။
၃) သီတင်းသုံးနေတဲ့ ရဟန်းသံဃာတွေအတွက် သာသနာနဲ့ လျော်တဲ့ စားဝတ်နေရေးဆိုင်ရာ ပစ္စည်းဝတ္ထုများ ထောက်ပံ့လှူဒါန်းကြရမယ်။
၎)ရဟန်းသံဃာတွေကလည်း ကျောင်းဒကာ ကျောင်းဒကာမတွေကို ဆင်းရဲကင်းကြောင်းတရားဓမ္မများကို ဟောပြောပို့ချပေးကြရမယ်။ တဲ့.။

ကျောင်းထိုင်ပုဂ္ဂိုလ်ဟာ အကြားအမြင်များရမယ် တဲ့။ ပြီးတော့လည်း ဟောပြောပို့ချ ဓမ္မပညာကို ဖြန့်ဝေရမယ် တဲ့။
ဗုဒ္ဓအရှင်ဟာ သံဃာ့အဖွဲ့အစည်းကြီးကို ပညာအဖွဲ့အစည်းကြီးဖြစ်စေချင်တာ ထင်ရှားတယ်နော်ဘုရာ့။
အဲဒီအကြားအမြင်များတဲ့ ရဟန်းဆိုတာ ဘယ်လိုမျိုးလဲ လို့ တပည့်တော်ရဲ့ ဥပဇ္ဈာယ်မဟာထေရ်ကို မေးလျှောက်မိတော့
(ဗဟုဿုတ)အကြားအမြင်လည်း များ ( သီလဝန္တ)  သီလလည်း ရှိ ( ကလျာဏဓမ္မ) ကောင်းသောတရားကိုလည်း ကျင့်သုံးတဲ့ ရဟန်းမျိုးလို့ ထပ်ဆင့်ဖွင့်ပြတာ မှတ်သားရသေးတယ် ဘုရား..။

ဒီလမ်းညွှန်ချက်ကို အခြေခံပြီး ပေါ်ထွန်းလာခဲ့တဲ့ ဗုဒ္ဓသာသနာ့ကျောင်းဝိဟာတွေဟာ မဇ္ဈိမရဲ့ ဓမ္မအလင်းဖြန့်ဝေရာ ပညာရေးဌာနကြီးတွေ အဖြစ် တစ်နေ့တစ်ခြား စည်ပင်လာတာ အရှင်ဘုရားလည်းအမြင်ပါပဲ..။
ဓမ္မပညာကို လေ့လာကျင့်သုံးခွင့်ရတဲ့ဒေသတွေ တစ်နေ့တစ်ခြား ငြိမ်းချမ်းယဉ်ကျေးလာကြတာ တကယ့်အသေချာပါပဲ..။

ဒါပေမယ့် အရှင်ဘုရားရယ် ဗုဒ္ဓအရှင်က ဘယ်လိုပဲ ဟောဟောပါ...။ လမ်းညွှန်ချက်တော်ကို သွေဖီပြီး  ဆရာစွဲ၊ ဂိုဏ်းစွဲ ၊ပုဂ္ဂိုလ်စွဲတွေနဲ့ အရည်အသွေးမရှိ ၊ ပညာမတတ်တဲ့ ရဟန်းတွေကို ကျောင်းထိုင်ဘုန်းကြီးတင်မြှောက်ကြလို့ ပြဿနာတွေ အဖုံဖုံတက်ကြတာလည်း သတင်းတွေ ကြားရပါရဲ့..။
ကီဋာဂိရိဇနပုဒ်က လာတဲ့ သတင်းတွေက မကောင်းဘူး..။ အရှင်ဘုရားလည်း ကြားမယ်ထင်တယ်..။
တပည့်တော်တို့ကိုယ်တိုင်လည်း  ခုရောက်နေတဲ့ ၀ါသဘရွာမှာ ကျောင်းထိုင်ဆရာတော်နဲ့ ပြဿနာကြုံနေရတယ်ဘုရာ့။..
အဟဲ ဒီကိစ္စကတော့ တပည့်တော်တို့ဘက်ကအလွန်ပါ..။ အဲဒါလေး နောက်စာတစ်စောင်ကျမှ လျှောက်ထားတော့မယ်..။

ရွာမှာဆိုတော့ အွန်လိုင်းက ကော်နက်ရှင်းမကောာင်းဘူးအရှင်ဘုရားရေ..။
အရှင်ဘုရားတို့ သာဝတ္ထိကတော့ မင်းနေပြည်တော်ကြီးဆိုတော့ ကော်နက်ရှင်းသိပ်ကောင်းမှာပေါ့။ ကောသလတိုင်းသူတွေလည်း သတိထားကိုယ်တော်ရေ..။ သူတို့က နိဂဏ္ဍနာဋပုတ္တ(ဂျိန်း)ကိုယ်တော်ကြီးရဲ့ တပည့်တွေဆိုလည်း ကိုးကွယ်လိုက်တာပဲ.။ ပုရာဏကဿပကိုယ်တော်ကြီိးတွေဆိုလည်း ဆည်းကပ်လိုက်တာပဲ..။

တပည့်တော်တော့ သာဝတ္ထိရောက်တုန်းက အဲဒီကိုယ်တော်ကြီးတွေနဲ့ ၀ိသာခါကျောင်းအမကြီအိမ်ဘက်ကို ဆွမ်းခံအကြွ
လမ်းမှာ မျက်နှာချင်းဆိုင်ဆုံတာ မျက်နှာပူလိုက်တာဘုရား..။ (သူတို့ကတော့ မျက်နှာပြောင်တယ်.. ဘာဆိုဘာမှ ပါဝူး.... :D.။ )
ဆွမ်းလောင်းတဲ့ မာတုဂါမလေးတွေကတော့ ရိုးနေပြီးလားမသိဘူး။ တပည့်တော်ကို တောက တက်လာတဲ့ ကိုယ်တော်လေးဆိုပြီး ပြုံးစစနဲ့..။

အရှင်ဘုရားကျောင်းက အမှတ် (၄၉၉) ဆိုတော့ ချောင်ကျကျကျောင်းမို့ အွန်လိုင်ချည်းလည်း ထိုင်မနေနဲ့ဦး။
ပြီးတော့ ဗုဒ္ဓအရှင် ဒေသစာရီကြွနေတယ်ဆိုပြီး ဇေတ၀န်ကျောင်းတော်ကြီးထဲ လျှောက်လည်ပြီး တစ်ကျောင်းဝင်တစ်ကျောင်းထွက် ဓမ္မသာကစ္ဆာယောင်ယောင် ဘာယောင်ယောင် လေပွမနေနဲ့ဦး..။ သာရိပုတ္တရာကိုယ်တော်ကြီးဆို ပြဿနာမရှိဘူး..။မဟာမောဂ္ဂလာန်ကိုယ်တော်ကြီး ကျောင်းစဉ်လှည့်စစ်တာနဲ့ ကြုံလို့ ဟုတ်ပေ့ဖြစ်နေဦးမယ်။

ဒါနဲ့ မဟာဝုန်ဝက်ဘ်ဆိုဒ်က တင်တဲ့ ဗုဒ္ဓအရှင်ရဲ့ မဟာသမယသုတ်ဟောကြားချက်ထဲက နတ်တွေအကြောင်း လင့်ခ်လေး ရှိရင် ပို့ပေးပါဦးဘုရား။။

မုဒိတာဖြင့်
အာယသ္မာဂင်္ဂါမောဒန္တော
ခေတ္တ
ဝါသဘရွာ
ဓမ္မဂင်္ဂါ

Sunday, August 19, 2012

သာသနာတော် အရေးပေမို့..

                                                    
                                                သာသနာတော် အရေးပေမို့..

အယသာဝ မလံ သမုဋ္ဌိတံ
တတုဋ္ဌာယ တမေ၀ ခါဒတိ။
သံကြောင့် အညစ်အကြေးဖြစ်ပေါ်လာ၏၊
ထိုအညစ်အကြေးကပင် ထိုသံကို ဖျက်ဆီး၏။ ။


သံကို သံဖျက် သံချေးတက် ဆိုတဲ့ မြန်မာစကားပုံဟာ အထက်မှာဖော်ပြထားတဲ့ ဘုရားဟော စကားတော်က ဆင်းသက်လာတာပါ၊ သံကိုအကြောင်းပြုပြီး သံချေုးဆိုတာ ဖြစ်ပေါ်လာပါတယ်၊ အဲဒီသံချေးကပဲ ခိုင်ခန့်လှဒီသံတွေကို ဆွေးမြေ့သွားအောင် ဖျက်ဆီးနိုင်စွမ်းရှိပါတယ်.

မြတ်စွာဘုရားရှင်ဟာ မရေမတွက်နိုင်လောက်အောင် ပေးဆပ်မှုများစွာ ပေးဆပ်ပြီး သာသနာတော်ကို တည်ထောင်ခဲ့တယ်၊ အားလုံးသိကြတဲ့ ပရိယတ္တိသာသနာ(သင်ကြားပို့ချ ဟောပြောဖြန့်ဝေ)၊
ပဋိပတ္တိသာသနာ(လက်တွေ့ ကျင့်ကြံ ပွားများ အားထုတ်) ပဋိဝေဓသာသနာ(ထိုးထွင်းသိ မျက်မှောက်ပြု) တို့ပဲဖြစ်ပါတယ်။

ဒီသာသနာတော် သုံးရပ်ကို မပျောက်အောင် မပျက်အောင် စာပေသင်ကြားပို့ချခြင်း ဟောပြောဖြန့်ဝေခြင်းနဲ့ ဆောင်ရွက်ရသလို စာပေအသိကို လက်တွေ့ကျင့်ကြံခြင်းနဲ့လဲ ကြိုးစားထိန်းသိမ်းကြရပါတယ်။
ဒီနေရာမှာ သာသနာပြုဆိုတာ လူတွေက ပြုလို့မရနိုင်ပါဘူး၊ လူဒကာ ဒကာမတွေက သာသနာတော်ကို မပျောက်အောင် ထောက်ပံ့ကူညီပေးနိုင်ရုံ အဆင့်ပဲ ရှိပါတယ်၊

ရေကန်ပေါင်း ရှစ်သောင်းလေးထောင် ကျောင်းပေါင်းရှစ်သောင်းလေးထောင် စေတီပေါင်းရှစ်သောင်းလေးထောင် လှူခဲ့တဲ့ အသောကမင်းကြီးက ဘုရားတပည့်တော် သာသနာပြုရာ ရောက်ပါပြီလားလို့ မေးရာ ဒီလိုလှူရုံ တန်းရုံနဲ့ သာသနာပြုရာ မရောက်သေးဘူး။ မိမိရဲ့ သားတွေ သမီးတွေကို သာသနာဘောင်တွင်း သွတ်သွင်းမှ သာသာနာပြုရာ ရောက်ကြောင်း မိန့်တော်မူခဲ့တာကို ထောက်ဆရင် လူတွေက သာသနာပြု မဖြစ်နိုင်ဘူး၊ သာသနာဝန်ထမ်းတဲ့ သံဃာတော်များကသာ သာသနာတော်ကို ရေရှည်တည်တံ့အောင် ပြုစုစောင့်ရှောက်နိုင်ပါတယ်။

စာသင် စာချ တရားဟော တရားပြလို့ဖြစ်ဖြစ် ၊စာသိကို ကိုယ်ပိုင်သိဖြစ်အောင် အားထုတ်လို့ဖြစ်ဖြစ်၊ စာသိကိုယ်ပိုင်သိကို တဆင့်ဟောပြောဖြန့်ဝေလို့ပဲ ဖြစ်ဖြစ် သာသနာ့အလုပ်ကို စိတ်ကောင်း စေတနာကောင်း ရည်ရွယ်ချက်ကောင်းနဲ့ လုပ်တာမှန်သမျှ သာသနာတော်အရေးကို ကြိုးစားအားထုတ်နေသူလို့ ဆိုနိုင်ပါတယ်၊

ဒီနေရာမှာ စာသင်စာချလုပ်နေတဲ့ ပရိယတ္တိ သမားတွေက…ပဋိပတ်အလုပ် ကြိုးစားအာထုတ်သူတွေကို ဟန်ဆောင် ပန်ဆောင် ဟန်ရေးပြသမားတွေလို့ မြင်သလို ပဋိပတ်သမားများကလဲ စာသင် စာချ လုပ်နေကြတဲ့ သံဃာတော်တွေကို နွားကျောင်းသားတွေလို့မြင်ကြ ပြောကြပြန်ပါတယ်၊ နွားကိုကျောင်း၇ုံသာ ကျောင်းပြီး နို့ရည်မသောက်ရသူတွေလို့ ဆိုလိုတာပါ။

ဒီလိုဖြစ်နေတဲ့အထဲမှာ စာတွေ့မပြောနဲ့ လက်တွေ့ပဲ ပြောဆိုတဲ့ ပဋိပတ္တိ လက်ဘက်ရည်ကြမ်းဝိုင်း စကားလုံးတွေကလဲ ပေါ်လာပါသေးတယ်။ ပေါဋ္ဌိလမထေရ်ကြီးတို့ စာခံလို့ တရားထူးမရတာဆိုပြီး ရိပ်သာသမား အချို့က သနားတောင် သနားနေကြပြန်တယ်။

တကယ်တော့ မြတ်စွာဘုရားလက်ထက်တော် မြတ်စွာဘုရား သက်ရှိထင်ရှားရှိစဉ်ကတည်းက …သာသနာ့ဘောင်ဝင်လာသူကို ..ငါဘုရားရှင်ရဲ့ သာသနာတော်မှာ မိမိရဲ့ဥာဏ်ပညာအစွမ်းအရ နိကာယ်တခုခုကိုဖြစ်ဖြစ် အကုန်လုံးကိုဖြစ်ဖြစ် ပိဋကတ်သုံးပုံလုံးကိုဖြစ်ဖြစ် သင်ကြား ပို့ချခြင်းဆိုတဲ့ ဂန္ထဓုရတာဝန်။ အသက်မွေးမှုပေါ့ပေါ့ ပါးပါးနဲ့ တောရပ်အစွန်အဖျားကျတဲ့ တောကျောင်းမှာ ၀ိပဿနာတရားကို တိုးပွားအောင် ကျင့်ကြံခြင်းဆိုတဲ့ ၀ိပဿနာဓုရ.. ဆိုတဲ့ တာဝန်နှစ်ရပ်ရှိကြောင်း...မိန့်တော်မူလေ့ရှိပါတယ်။

ဒီလိုမိန့်တော်မူတဲ့ ဘုရားရှင်ရဲ့ သာသနာတော်မှာ ပရိယတ်သမား ပဋိပတ်သမားတွေ အချင်းချင်း သူနိုင် ငါပြိုင် စကားရည်လုနေဖို့ မလိုအပ်ပါဘူး၊ နိုင်ရာ သာသနာ့တာဝန်ကို စေတနာမှန်မှန်ဆောင်ရွက်နေဖို့သာ အရေးကြီးပါတယ်။

အဲဒီအထဲကမှ စေတနာမမှန် သဘောထားမမှန်ဘဲ ဘုရားဟောတွေကို ဘုရားဟောလုပ်ချင်တဲ့ ဂိုဏ်းစတားကြီးများက ထေရ၀ါဒသာသနာ ဆိုတဲ့ စကားလုံးကို လှိုင်လှိုင်သုံးပြီး ပရိသတ်စုနေကြတာတွေ့ရတော့ တကယ့်ကို စိတ်မကောင်းဖြစ်ရပြန်ပါတယ်၊

အဲဒီဂိုဏ်းစတားကြီးတွေကို အမှန်တရားမြတ်နိုးသူ သာသနာတော်ကို ကာကွယ်စောင့်ရှောက်လိုသူတို့က ထေရ၀ါဒ ပိဋကတ်ကျမ်းစာနဲ့ မညီကြောင်း ကျိုးကြောင်းဖော်ပြ ပြောဆိုပြန်တော့ ဂိုဏ်းစတားများရဲ့ ပရိသတ်တွေက လေထဲကနေ ထအော်ကြပြန်ပါတယ်။ ဒီနေ့ ဒီအချိန်အခါမှာ အွန်လိုင်းက လေလှိုင်းတိုက်ပွဲခေါ်သံတွေ ပလူပျံ ဆူညံနေတာကို မြင်နိုင်တွေ့နိုင်ကြားနိုင် သိနိုင်ကြပါတယ်။

အဲဒီလူတွေကိုယ်တိုင်က တချိန်တုန်းက ကာလာမသုတ် သို့မဟုတ် ကေသမုတ္တိသုတ္တန်တွေကို ကိုးကားပြီး ငါတို့လေးစားလောက်တဲ့ ဆရာ့ရဲ့ စကားတိုင်းကိုလဲ မယုံကြည်နဲ့လို့ တွင်တွင်ကြီး ထအော်နေကြတာပါ၊ အခု သူတို့ရဲ့ ဆရာကြီးများကို ဝေဖန်ထောက်ပြလာတော့..အရှင်ဘုရားတို့က သူ့လောက် သီလ သမာဓိ ပညာ ရှိလို့လား သာသနာအတွက် ဘာတွေလုပ်နိုင်ပြီလဲဆိုတဲ့ မေးခွန်းတွေကို တွင်တွင်ကြီး မေးပြီး မိုးကြိုးပစ်တာကို ထန်းလက်နဲ့ ကာဖို့ကြိုးစားနေတာကို တွေ့ရပြန်တော့ အော်..အစွဲတရား ကြောက်စရာကောင်းလှပါလားလို့ သံဝေဂဖြစ်မိပါတယ်။

ထေရ၀ါဒဗုဒ်ဓသာသနာတော်ကို ကာကွယ်စောင့်ရှောက်နေသူ အချင်းချင်း…အမှန်တရားဟောပြောဖြန့်ဝေသူကို တကယ့်ကို ၀မ်းပန်းတသာနဲ့ ကြိုဆိုနေမှာပါ..ဒါပေမယ့် အမှန်ကို အမှားလုပ်.ငါပြောတာမှ အမှန် လူများပြောတာ အမှားလုပ် ဟောပြောနေသူတွေကိုတော့ ဘုရားရှင်ရဲ့ စကားတော် ပိဋကတ်ကျမ်းစာတွေနဲ့ တိုင်းတာပြီး ဝေဖန်ထောက်ပြကြမှာပါ၊ မဟုတ်ရင် မဟုတ်ဘူး ဟုတ်ရင် ဟုတ်တယ်လို့ ဖြေရှင်းရမယ်ဆိုတဲ့ ဘုရားစကားတော်ကလဲ ရှိနေပြန်တာကိုး။ ဒီလို အမှန်တရားအတွက် ဖြေရှင်းပေးနေသူတွေကိုလဲ အားပေးနိုင်ရပါမယ်။ သာသနာတော်ကို တကယ်ချစ်မြတ်နိုးတယ်ဆိုရင်ပေါ့..

အခုနောက်ပိုင်း တခေတ်ဆန်းလာပြန်တာက…တရားထူး တရားမြတ်ရသူဆိုသူတို့က အွန်လိုင်းပေါ်တက်ပြီး ကြေငြာနေကြတာပါ။ ဥတ္တရိမနုဿဓမ္မ- ၀ါကြွားလိုတဲ့စိတ်နဲ့ တကယ်တရားထူးမရဘဲ ရတယ်လို့ပြောရင် ရဟန်းဘ၀ဆုံးရှုံးပါတယ်..အမှန်တကယ်တရားထူးရလို့ ရှင်လူရဟန်းတွေကို ပြောမိရင် ပါစိတ်အာပတ်သင့်ပါတယ်၊ အရိယာသူတော်စင်တွေဟာ အသက်သာအသေခံမယ် ဘုရားဟောဝိနည်း စည်းကမ်းကို မဖောက်ဖျက်ဘူးဆိုတဲ့ ဘုရားဟောစကားနဲ့ သုံးသပ်ကြည့်သင့်ပါတယ်။ ၀ိနည်းတရားကို မလေးစားဘဲ ၀ိနည်းကိုအရေးမထား မလေးစားဘဲ လုပ်ချင်ရာလုပ်နေတယ်ဆိုရင် ဒီလူဟာ တကယ်တရားထူးရတာ ဟုတ်နိုင်ပါ့မလားဆိုတာ အလွန့်အလွန်ကို စဉ်းစားစရာကောင်းပါတယ်။
သံကို သံဖျက် သံချေးတက်..အသားထဲက လောက်ထွက်ဆိုသလိုမျိုး သာသနာတ်ာကို တွင်းတွင်းကျကျ ဖျက်ဆီးပစ်နိုင်တာ သဘောထားမမှန် စေတနာမမှန်တဲ့ သာသနာ့ဝန်ထမ်းတွေပဲ ဖြစ်ပါတယ်။

ပထမသံင်္ဂါယနာတင်စဉ်က ကြုံခဲ့ရတဲ့ သုဘဒ္ဒလို တောထွက်ရဟန်းမျိုး၊ ဒုတိယသံဂါယနာတင်စဉ်က ဆုံတွေ့ရတဲ့ ဝေသာလီရဟန်းတို့ထက် ဆိုးဝါးတဲ့ ရဟန်းတော်များ လူများ ကို သတိထားပြီး သာသနာအရေးအတွက် နှလုံးအေးတော်မမူကြဘဲ တတ်နိုင်သမျှ အမှန်တရားဖက်က ပါဝင်ကြဖို့ အားလုံးကို ရိုသေစွာ တောင်းပန်ပါရစေ။

ပထမသံဂါယနာတင်စဉ်က သံင်္ဂါယနာပွဲရဲ့ မူအဖြစ်ချမှတ်ခဲ့တဲ့…..

ပုရေ အဓမ္မော ဒိပ္ပတိ - အဓမ္မတွေ မထွန်းကားသေးခင်
ဓမ္မော ပဋိဗာဟိယျတိ- ဓမ္မတွေ မကွယ်ပျောက်ခင်
အ၀ိနယော ဒိပ္ပတိ- ၀ိနည်းမဟုတ်တဲ့တရား မထွန်းကားခင်
ဝိနယော ပဋိဗာဟိယျတိ- ၀ိနည်းတရားတွေ မပျောက်ပျက်ခင်
ပုရေ အဓမ္မ၀ါဒိနော ဗလ၀န္တာ ဟောန္တိ- အဓမ္မ၀ါဒသမားတွေ အင်အား မကြီးသေးခင်
ဓမ္မ၀ါဒိနော ဒုဗ်ဗလာ ဟောန္တိ- ဓမ္မကိုချစ်မြတ်နိုးသူတို့ အင်အားနည်း မသွားသေးခင်
အ၀ိနယ၀ါဒိနော ဗလ၀န္တော ဟောန္တိ- ၀ိနည်းကို မလိုက်နာသူတို့ အင်အားမကြီးသေးခင်
ဝိနယ၀ါဒိနော ဒုဗ်ဗလာ ဟောန္တိ- ၀ိနည်းကိုချစ်မြတ်နိုးသူတို့ အားမနည်းသေးခင်

သာသနာတော် အရှည်ခံတည်တံအောင် ၀ိုင်းဝန်းကြိုးပမ်းကြပါစို့..

သာသနာတော်ရဲ့ အဖိုးမဖြတ်နိုင်တဲ့ သီလ သမာဓိ ပညာကျင့်စဉ်တွေ ငြိမ်းချမ်းစွာ ကျင့်သုံးနိုင်အောင် ကြိုးစားကြပါစို့လို့ တိုက်တွန်းချင်ပါတယ်။ သာသနာတော်အရေးပေမို့ တတ်နိုင်တဲ့ဖက်က ၀ိုင်းဝန်းကူညီ စောင့်ရှောက်ကြဖို့ ရင်ထဲကဆန္ဒစကား လျှောက်ထား ပြောကြားရင်းဖြင့်…….

  အရှင်တိက္ခဥာဏာလင်္ကာရ(ယော)

Saturday, August 18, 2012

အရေးကြီး၏…သို့သော် အရေးမကြီး…

 
အရေးကြီး၏…သို့သော် အရေးမကြီး…
“Money makes everything. ငွေဟာ အရာရာကို ဖန်တီးနိုင်တယ်” ဆိုတဲ့ စကားကို ကြားရတိုင်း ငွေမျက်နှာတစ်ခုတည်းကိုပဲ ကြည့်လေ့ရှိတတ်တဲ့ သူတွေကို သတိရမိပါတယ်။ ပြည်တွင်းမှာရော ပြည်ပမှာပါ ဘ၀အတွက် ရုန်းကန်လှုပ်ရှားနေကြတဲ့ လူအတော်များများဟာ ငွေအတွက် ဦးစားပေးနေကြရတဲ့ အနေအထား ရှိပါတယ်။ ခေတ်ကာလ အခြေအနေကလည်း ငွေမရှိရင် ဘာမှလုပ်လို့မရဘဲ ဖြစ်နေတာဆိုတော့ ဟိုနာသွားလည်းငွေ၊ ဒီနားသွားလည်းငွေ၊ ဟိုလူတွေ့လည်းငွေ၊ ဒီလူတွေ့လည်းငွေ၊ ဟိုဟာလုပ်ချင်လည်းငွေ၊ ဒါလုပ်ချင်လည်းငွေ စသဖြင့် ငွေကိုရှေ့တန်းတင်နေရတဲ့ အနေအထား ဖြစ်နေပါတယ်။ ဒါပေမယ့် ငွေဟာအဲဒီလောက် အရေးပါနေပေမယ့် ဒီငွေကြောင့်ပဲ ဆင်းရဲပေါင်းစုံကြုံ၊ ပြဿနာပေါင်းစုံတက်၊ အချင်းချင်း ခိုက်ရန်ဒေါသဖြစ်နဲ့ နောက်ဆုံး အကျင့်သိက္ခာတရားတွေပါ ပျက်ကုန်တဲ့အထိ ဖြစ်ကြပြန်ပါတယ်။ ဒီအခါမှာ အရာရာကို ဖန်တီးနိုင်စွမ်းရှိတဲ့ ငွေဟာလည်း ဘာမှလုပ်မပေးနိုင်ပြန်ပါဘူး။ စိတ်ဒုက္ခပေါင်းစုံကို ကုစားပေးဖို့ ငွေကအစွမ်း မရှိပြန်ပါဘူး။ ငွေတွေဘယ်လောက်ပဲ ရှိနေပေမယ့် ရုပ်တရားကို အမှီပြုဖြစ်ပေါ်တတ်တဲ့ တစ်ချို့ရောဂါတွေကျပြန်တော့ ငွေကကုသပေးနိုင်စွမ်း မရှိပြန်ပါဘူး။ ဒါကြောင့် ငွေဟာ “အရေးကြီး၏… သို့သော် အရေးမကြီး”ဟု ဆိုခြင်းဖြစ်ပါတယ်။

တစ်ခါက တရားပွဲတစ်ခုကပင့်လို့ ကြွရောက်ပြီး ဆုံးမသြ၀ါဒ ပေးဖြစ်ပါတယ်။ အဲဒီတရားပွဲမှာ မြန်မာရဟန်းတော်များရော မြန်မာပြည်သွားရောက်ကာ ထေရ၀ါဒ ရဟန်းတော်အဖြစ် ပြောင်းလဲခံယူ ကျင့်သုံးနေကြတဲ့ နိုင်ငံခြားသား ရဟန်းတော်များပါ အချိန်အကန့်အသတ်နဲ့ ဆုံးမသြ၀ါဒစကား ပြောကြားပေးရမယ့် အစီအစဉ် တစ်ခုလည်း ပါဝင်ပါတယ်။ မြန်မာများ ဦးစီးပြီး လုပ်တဲ့ပွဲဖြစ်တဲ့အတွက် မြန်မာလိုပဲ သြ၀ါဒပေးပြီး နိုင်ငံခြားသား ရဟန်းတော်များရဲ့ ဟောကြားချက်ကိုတော့ ဘုန်းဘုန်းက ဘာသာပြန်ပေး ဖြစ်ပါတယ်။ အဲဒီပွဲမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း၁၇နှစ်လောက်တည်းက မြန်မာပြည်ကြွရောက်ပြီး ထေရ၀ါဒ အသွင်နဲ့ ၀ိပဿနာတရားတွေ အားထုတ်ကာ ခုတော့သူ့နိုင်ငံမှာ တရားပြန်ပြပေးနေတဲ့ ဆရာတော်တစ်ပါးရဲ့ ဆုံးမသြ၀ါဒ ပေးတာလေးကို သတိရမိ နေပါတယ်။

ဆရာတော်က တရားနာသူတွေကို “မြန်မာပြည်ကနေ ထွက်လာပြီး ခုလိုပင်ပင်ပန်းပန်း ဘ၀စားဝတ်နေရေးအတွက် ကြိုးစားနေတာတွေ တွေ့ရတော့ စိတ်မကောင်းပါဘူး၊ ဒီမှာလာပြီး အလုပ်လာလုပ်ကြတဲ့ ရည်ရွယ်ချက်က မိသားစု စားဝတ်နေရေးနဲ့ ကိုယ့်ဘ၀ ရှေ့ရေးတွေအတွက် ငွေလာရှာကြတာ ဖြစ်ပါတယ်၊ ငွေလာရှာကြတာ ဆိုတဲ့အတွက် ငွေတစ်ခုတည်းကို ရှေ့တန်းတင်ထား၊ ငွေတစ်ခုတည်းကိုပဲ ကိုးကွယ်ထား၊ ငွေရရင်ပြီးရောဆိုတဲ့ အတွေးတွေနဲ့ ငွေနောက်ကိုပဲ လိုက်နေတဲ့ အနေအထားမျိုးတွေပဲ ဖြစ်မနေဖို့တော့ သတိပြုကြဖို့ လိုပါတယ်၊ ဘုန်းကြီးတို့လည်း အရင်တုန်းကတော့ ငွေရှိရင် ဘာမဆို ပြီးတယ်ဆိုတဲ့ အတွေးနဲ့ ငွေကိုပဲ မရမက ရှာဖွေခဲ့ဖူးပါတယ်၊ နောက်ဆုံးတော့ ငွေကြောင့် အဆင်ပြေတာကနဲနဲရယ်၊ ဒီငွေကို အကြောင်းပြုပြီး ဖြစ်ရတဲ့ ဒုက္ခ၊ ခံစားရတဲ့ ဝေဒနာ၊ ဆုံးရှုံးရတဲ့ အကျင့်သိက္ခာ စတာတွေက ပိုများတော့ ဒီငွေတွေနဲ့ သံယောဇဉ်အားလုံးကို ဖြတ်ပြီး အခုလို ဒကာဒကာမတို့ နိုင်ငံကိုသွားပြီး အပြီးအပိုင် သာသနာ့ဘောင်ထဲကို ၀င်ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ဘုန်းကြီးပြောချင်တာက ငွေနောက်ချည်းပဲ လိုက်မနေကြဖို့ပါ၊ ငွေလည်းရှာ၊ ကုသိုလ်လည်းရှာ၊ ကိုယ်ကျင့်တရားကိုလည်း ထိန်းကြဖို့ပါ၊ အဲဒီလို နေနိုင်အောင်လည်း ကြိုးစားကြပါလို့ တိုက်တွန်းလိုပါတယ်…” စသဖြင့် သြ၀ါဒ ပေးတာလေးကို ဘာသာပြန်ပေးရင် နာဖြစ်ခဲ့ပါသေးတယ်။

ဟုတ်ပါတယ်။ အဲဒီဆရာတော် အမိန့်ရှိသလိုပါပဲ။ အရာရာ ငွေကအရေးကြီးပေမယ့် ငွေနောက်ချည်းပဲ လိုက်နေလို့တော့ မဖြစ်ပြန်ပါဘူး။ ငွေရှိရင် ဘာမဆိုဖြစ်တယ်လို့ ဆိုနေကြသူတွေကိုယ်တိုင် ငွေရှိလာပြန်တော့ မဖြစ်တာတွေကို သဘောပေါက်ပြီး ဘ၀လွတ်မြောက်မှုကို ရှာတတ်ကြတာလည်း လက်တွေ့ တွေ့နေရပါတယ်။ ငွေမရှိလို့ မဖြစ်ဘူးဆိုတဲ့ အတွေးတွေနဲ့ ငွေရအောင် ကြိုးစားရင်း အပူမီး လောင်မြိုက်သူတွေလည်း ရှိပါတယ်။ နောက်ဆုံးတော့ ငွေရှိပေမယ့် ဘာမှမလုပ်နိုင်တဲ့ ဒုက္ခတွေကြုံလာတဲ့ အခါမှာတော့ ကိုယ့်ကိုယ်ကို သတ်သေတဲ့အဆင့်အထိ ဖြစ်သွားတဲ့ သူတွေလည်း ရှိနေကြပြန်ပါတယ်။ သေချာတာကတော့ ငွေဟာအရေးကြီးပေမယ့် ငွေကလုပ်မပေးနိုင်တာတွေလည်း အများကြီးရှိတယ် ဆိုတာပါပဲ။ ဒါကြောင့် တစ်ခါတစ်လေ ဘုန်းဘုန်းက Money makes everything ဆိုတဲ့စကားလေးကို Money makes almost everything လို့တောင် ပြောင်းပြီး ပြောဖြစ်ပါသေးတယ်။ ငွေကလုပ်ပေးနိုင်တာတွေ များပါတယ်။ ဒါပေမယ့် အားလုံးတော့ မဟုတ်ပါဘူး။ အားလုံးနီးပါးပါ။ ဒါက လောကကြောင်းအရ ပြောတာပါ။ ဘ၀လွတ်မြောက်ကြောင်းနဲ့ ပြောရရင် ငွေက မလိုအပ်ပြန်ပါဘူး။ လက်တွေ့လိုက်နာ ကျင့်သုံးမှုပဲ လိုအပ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ သက်သောင့်သက်သာ ဖြစ်ဖို့ ငွေကအရေးကြီးပေမယ့် စိတ်ပိုင်းဆိုင်ရာ ငြိမ်းချမ်းဖို့အတွက်တော့ ငွေကလုပ်မပေးနိုင်ပါဘူး။ ကိုယ်ကိုယ်တိုင်ရဲ့ ကျင့်ကြံအားထုတ်မှု၊ ကိုယ့်စိတ်ကိုယ် ငြိမ်းချမ်းအောင် နေနိုင်မှုကပဲ လုပ်ပေးနိုင်ပါတယ်။

ဘုန်းဘုန်းတို့လည်း ပြည်ပမှာ အနေကြာလာ၊ ပြည်ပမှာ ငွေလာရှာကြတဲ့ ဒကာဒကာမများနဲ့ ထိတွေ ဆက်ဆံလာတာတွေ များလာတော့ သူတို့ရဲ့ ဘ၀အခြေအနေကို ပိုပိုသိလာရပါတယ်။ တွေ့တဲ့နေရာ ရောက်တဲ့အရပ်တွေမှာ တွေ့ရတတ်တဲ့ ကိုယ့်လူမျိုးအားလုံးဟာ ငွေတစ်ခုတည်းကြောင့် သူများတိုင်းပြည်မှာ လာအလုပ်လုပ် ငွေရှာနေကြရပြီး ဒီတစ်ခု ရဖို့အတွက် စွန့်လွတ်ထားရတာတွေက အများကြီးပဲဆိုတာ မကြာမကြာ သတိပြုမိနေပါတယ်။ ဒါကြောင့်လည်း အလုပ်လာလုပ်နေတဲ့ ကလေးတွေနဲ့တွေ့တိုင်း ကိုယ့်ဘ၀ အခြေအနေနဲ့ ကိုယ်လာနေရတဲ့ အနေအထား၊ ကိုယ့်ရဲ့ရည်ရွယ်ချက် ပြီးတော့ စွန့်လွှတ်ထားခဲ့ရ တာတွေကို မမေ့ကြဖို့နဲ့ ငွေနောက်ပဲ လိုက်မနေကြဖို့၊ ငွေရှာရင်း ဘ၀မနစ်မွန်းကြဖို့၊ ငွေလည်းရှာ၊ ၀တ္တရားလည်းဖြည့်၊ ကုသိုလ်လည်း ဆည်းပူး၊ အကျင့်တရားလည်း ထိန်းသိမ်းကြဖို့ စသဖြင့် သတိပေး ဆုံးမဖြစ်နေပါတယ်။ ငွေဟာ အရေးကြီးပေမယ့် ငွေနဲ့မလုပ်နိုင်တဲ့ အရာတွေကိုလည်း မမေ့ကြဖို့၊ ငွေဟာအရေးကြီးပေမယ့် ငွေကြောင့် ဘ၀နစ်မွန်းရတာတွေအထိ မလုပ်မိကြဖို့၊ ငွေဟာအရေးကြီးပေမယ့် ငွေကြောင့် အကျင့်သီလ ပျက်စီးတဲ့အထိ မဖြစ်ကြဖို့ စသဖြင့် အသိပေး လမ်းညွှန်ဖြစ်နေပါတယ်။

သေချာတာကတော့ ငွေဟာအရေးကြီးပေမယ့် အရေးမကြီးဘူးဆိုတာ သေချာပါတယ်။ ငွေနောက်ကိုလိုက်ရင်း ဘ၀မှာ ဘာမှရမသွားတာတွေကို တွေ့ရပြန်တော့ ငွေကိုရှေ့တန်းတင်၊ ငွေမျက်နှာတစ်ခုတည်းကို အဟုတ်ထင်နေသူတွေအတွက် သတိပြုစရာ ဖြစ်နေပါတယ်။ တစ်နေ့ကပဲ ဒကာလေးတစ်ယောက်နဲ့ စကားပြောဖြစ်တော့ သူက “တပည့်တော်က ဒီမှာ ကြာကြာနေမှာ မဟုတ်တော့ ရောက်တည်းက အလုပ်ပဲ ခေါင်းထဲမှာ ရှိနေတယ်ဘုရား၊ ငွေရရင် ဘာပဲဖြစ်ဖြစ်၊ ဘယ်လောက်ပဲ လုပ်ရလုပ်ရ လုပ်မယ်ဆိုတဲ့ အတွေးပဲ ရှိနေခဲ့ပါတယ်၊ ဖြစ်ချင်တော့ တပည့်တော် အခုလုပ်နေတဲ့ အလုပ်က အော်ဒါတွေက အရမ်းကျပြီ့း အလုပ်က နေ့မနားညမနားကို လုပ်နေရတယ်၊ အစတော့ တပည့်တော် အကြိုက်ပေါ့ဘုရား၊ ဒါပေမယ့် ကြာလာတော့ နေ့ညမနားရဘဲ အလုပ်လုပ်ရ၊ ခန္ဓာကိုယ် အနားပေးမှုမရှိ၊ အစားအသောက် မမှန်ဖြစ်ပြီး တပည့်တော်ကိုယ်တိုင် စိတ်လွတ်ကိုယ်လွတ်တွေ ဖြစ်လာ၊ နောက်ဆုံး ကျန်းမာရေးပါ ထိခိုက်လာလို့ မဖြစ်မနေ အနားယူပြီး ဆေးကုနေလိုက်ရတာ ဆင်းထားသမျှ အချိန်ပိုခနဲ့ ရထားသမျှ လုပ်ခကုန်ပါလေရောဘုရား၊ ပိုဆိုးတာက ကျန်းမာရေးက အရင်လို မကောင်းတော့ဘဲ ခဏခဏ ဖြစ်ဖြစ်နေတော့တာပဲ ဘုရား…” စသဖြင့် သူ့အတွေ့အကြုံကို ပြောပြလျှောက်ထားပါတယ်။

တကယ်ပါပဲ။ သူလိုဒကာလေးတွေ ဘုန်းဘုန်းတို့ အများကြီး တွေ့ဖူးပါတယ်။ ငွေရှာမှဖြစ်မယ်၊ ငွေစုမှ ဖြစ်မယ်ဆိုတဲ့ အတွေးတွေနဲ့ ငွေရရေး၊ အလုပ်ကောင်းရေးကို ရှေးတန်းတင်ထားတဲ့ ဒကာလေးတွေ အများကြီး ကြုံဖူးပါတယ်။ အဲဒီလို ကြုံတိုင်းလည်း ဘုန်းဘုန်းကတော့ “ငွေရှာဖို့လာတာ ဖြစ်တဲ့အတွက် ငွေရှာရမှာ ဖြစ်ပေမယ့် ငွေနောက်ပဲ လိုက်မနေကြဖို့၊ ငွေလည်းရှာ၊ ကျန်းမာရေးအတွက်လည်း သတိပြုကြဖို့၊ ဘာပဲဖြစ်ဖြစ် အစွန်းမရောက်ကြဖို့၊ တစ်ဘ၀တစ်နပ်စာ မကြည့်ဘဲ သံသရာအတွက်လည်းကြည့်ဖို့၊ ပင်ပင်ပန်းပန်း ရှာထားတာတွေထဲက ဘ၀သံသရာအတွက် အနှစ်ထုတ်ကြဖို့…” စသဖြင့် မေတ္တာ၊ စေတနာ အပြည့်နဲ့ ဆုံးမသြ၀ါဒ ပေးဖြစ်နေပါတယ်။ ဒါကလည်း သူတို့လေးတွေရဲ့ လက်တွေ့ဘ၀အခြေအနေတွေကို သိနေလို့ပဲ ဖြစ်ပါတယ်။ အမှန်အတိုင်းပြောရရင် နိုင်ငံခြားမှာ လာပြီးအလုပ်လုပ်နေရတဲ့ သူတို့ရဲ့ အခြေအနေကို မြန်မာပြည်မှာရှိတဲ့ သူတို့မိဘတွေထက် ဘုန်းဘုန်းက ပိုသိပါတယ်။ မိဘတွေ စိတ်ဆင်းရဲမှာစိုးလို့ မပြောဘဲထားတဲ့ အရာတွေဟာ ဘုန်းကြီးကျောင်းရောက်မှ ဘုန်းဘုန်းရဲ့ တရားစကားတွေနဲ့ ဖြေဖို့အတွက် အကုန်ရင်ဖွင့်ကြတာဆိုတော့ ဘုန်းဘုန်းက သူတို့မိဘတွေထက် ပိုသိတာပေါ့။ ပိုသိလေ၊ ပိုသနားလေ၊ ပိုပြီးမေတ္တာပို့ရလေ၊ ပိုငဲ့ရလေပါပဲ။ တစ်ခါတစ်လေ မြန်မာပြည်ပြန်ဖို့ စဉ်းစားမိပေမယ့် သူတို့လေးတွေအပေါ် ထားတဲ့စေတနာက “ဘုန်းကြီးမရှိရင် မေတ္တာငတ်ပြီး အဆုံးအမမဲ့ကာ ကုသိုလ်တွေပါ လျော့သွားမှဖြင့်…”လို့တွေ့ပြီး မပြန်ဖြစ်သေးတာလည်း အမှန်ပါပဲ။ ပြန်တာတော့ ပြန်ရမှာပါ။ လူတွေလည်း စွန့်လွတ်ထားရတာတွေရှိသလို နိုင်ငံခြားရောက် ဘုန်းကြီးတွေလည်း စွန့်ထားရတာတွေ ရှိပါတယ်။ အထူးသဖြင့် ၀ိနည်းသိက္ခာပုဒ်ပိုင်းတွေပေါ့။

ထားပါတော့။ ဒီနေရာ ဘုန်းဘုန်းအဓိက ပြောချင်တာက ငွေဟာ အရေးကြီးတယ်လို့ ထင်ရပေမယ့် တကယ်မရေးမကြီးဘူး ဆိုတာ သိစေချင်တာပါ။ အရာရာမှာ ငွေလိုအပ်ပေမယ့် ငွေနောက်ပဲ လိုက်နေလို့ မဖြစ်ဘူးဆိုတာ သဘောပေါက်စေချင်တာပါ။ ငွေနောက်ကိုလိုက်ရင်း ဆုံးရှုံးတတ်တာတွေကို နားလည်စေချင်တာပါ။ ငွေကလုပ်မပေးနိုင်တဲ့ အရာတွေကို သတိပြုစေချင်တာပါ။ ငွေရှားရင်း ငွေပိုကုန်မယ့် အနေအထားတွေကို ရှောင်စေချင်တာပါ။ ငွေကိုရှေ့တန်းတင်ရင်း ငွေကြောင့် ပျက်စီးတတ်တဲ့ အကျင့်သီလတွေကို မပျက်စီးစေချင်တာပါ။ ငွေရှားရင်း ဘ၀အနှစ်သာရတွေကို ရအောင်ယူစေချင်တာပါ။ အဓိကကတော့ ငွေတစ်ခုတည်း ရှေ့တန်းတင် ငွေနောက်ချည်းပဲ လိုက်နေတတ်တဲ့ အစွန်းရောက်သူတွေ မဖြစ်ကြဘဲ ဘာပဲဖြစ်ဖြစ် အလယ်အလတ်ကျအောင် လုပ်ဆောင်ကြဖို့ အသိပေးလိုရင်း ဖြစ်ပါတယ်။

ဒါကြောင့် ဘ၀မှာ လိုအပ်တဲ့အရာတွေ ရှိသလို မလိုအပ်တဲ့ အရာတွေလည်း ရှိတတ်တဲ့အထဲမှာ ငွေဟာလည်း လိုအပ်တဲ့အရာထဲမှာ ပါပေမယ့် ငွေနောက်ပဲလိုက်ကာ ငွေကိုပဲ ဦးစားပေးနေတဲ့အထိ မဖြစ်ကြစေဖို့၊ ငွေဟာ အရေးကြီးပေမယ့် တကယ့်ဘ၀သံသရာ လွတ်မြောက်ရေးနဲ့ယှဉ်ရင် ငွေထက် လက်တွေ့လိုက်နာ ကျင့်ကြံမှုကသာ ပိုအရေးကြီးတဲ့အတွက် အများထင်သလို အရေးကြီးပေမယ့် အရေးမကြီးဘူးဆိုတာ မမေ့ကြဖို့၊ ဘာပဲဖြစ်ဖြစ် အစွန်းမရောက်စေဘဲ ဘုရားလမ်းစဉ်ဖြစ်တဲ့ အလယ်အလတ်လမ်းကို လျှောက်လှမ်းနိုင်အောင် ကြိုးစားကြဖို့ “အရေးကြီး၏၊ သို့သော်.. အရေးမကြီး..”ဆိုတဲ့ စကားလေးနဲ့ အသိပေးတင်ပြ လိုက်ရခြင်း ဖြစ်ပါတယ်။ အားလုံး… တကယ်အရေးကြီးတဲ့ အရာနောက်ကို လိုက်နိုင်ကြပါစေ… 
 

Friday, August 17, 2012

ဖို့သုံးဖို့


ဖို့သုံးဖို့

အန၀ဇ္ဖာနိ ကမ္မာနိ ၊ ဧတံမင်္ဂလမုတ္တမံ
အပြစ်ကင်းသောအလုပ်တို့ကို ပြုလုပ်ခြင်းသည် မြတ်သောမင်္ဂလာမည်၏။
(သန့်စင်ပြစ်မျိုး လူထုအကျိုး၊ သယ်ပိုးဆောင်ရွက်စေ။)

အပြစ်ကင်းတဲ့အလုပ်ဆိုတာ လောကပြစ်၊ ဓမ္မပြစ်၊ ပစ္စုပ္ပန်ပြစ်၊ သံသရာပြစ် ကင်းတဲ့အလုပ်တွေပါ။ အပြစ်ကင်းတဲ့အလုပ်ဟာ ဥပုသ်ဆောက်တည်ခြင်း၊ ကိုယ့်ဝန်းကျင်မှာ ဝေယျာဝစ္စပြုလုပ်ပေးခြင်း၊ ရဟန်း၊ လူ ၊ တိရိစ္ဆာန်တို့ နားခိုဖို့ သစ်ပင်စိုက်ခြင်း၊ ဥယျာဉ်တည်ခြင်း၊ လမ်းပြင်ခြင်း၊ တံတားခင်းခြင်း၊ ရေတွင်း ရေကန်များတူးခြင်း စတဲ့ အများစိတ်ချမ်းသာစေမဲ့ ပရဟိတလုပ်ငန်းတွေဖြစ်တယ်လို့အဋ္ဌကထာမှာ ဖွင့်ဆိုထားပါတယ်။

လူတိုင်း ခန္ဓာကိုယ်ကြီး ရထားကြတာဖြစ်လို့ ခန္ဓာတောင်းဆိုချက်တွေဖြစ်တဲ့ စားဖို့၊ ၀တ်ဖို့၊ နေဖို့ ဖို့သုံးဖို့ကို မဖြစ်မနေ ရှာကြရမှာပါ။ အဲဒီလို ရှာဖွေကြတဲ့အခါ အပြစ်ကင်းတဲ့ ရှာဖွေမှုမျိုးတွေ ဖြစ်နေဖို့လိုပါတယ်။ ကိုယ်က အပြစ်မကင်းတဲ့အလုပ်တွေကို တစ်ယောက်ထဲ သိမ်းကြုံးလုပ်၊ သုံးဆောင်တော့ မိသားစုတစ်စုလုံး ၊သံသရာမှာအပြစ်ခံရတော့ ကိုယ်တစ်ယောက်ထဲ ဆိုရင် နေရာမကျပါဘူး။ ပြုခဲ့တဲ့ကံတွေဟာ အလကားမနေပါဘူး၊ ပြုပြီးတာနဲ့ ကံဆိုတာမြောက်သွားတာပါ။ ကံမြောက်သွားတာနဲ့ ကံရဲ့အကျိုးတွေက လာတော့မှာပါ။

ဒီအကြောင်းလေးကို ကိံဆန္ဒဇာတ် (ငါးရာငါးဆယ်ဇာတ် ၀တ္ထု)မှသက်သေပြသွားပါတယ်။

တစ်ခါတုန်းက ဗာရာဏသီပြည် ဗြဟ္မဒတ်မင်းမှာ အမှုတွေကို ဆုံးဖြတ်ပေးတဲ့ တရားသူကြီးတစ်ယောက်ရှိပါတယ်။ သူ့ရဲ့ထူးခြားချက်ကတော့ လာဘ်စားတာပါပဲ။ ဒါပေမဲ့ တရားသူကြီးကသာ လာဘ်စားတာ ဘုရင်မင်းမြတ်ကတော့ ဥပုသ်သီလကို ကိုယ်တိုင် ဆောက်တည်သလို သူရဲ့ မူးမတ်ငယ်သားတွေကိုလည်း ဆောက်တည်စေပါတယ်။

တစ်နေ့မနက်ခင်းတစ်ခုမှာ တရားသူကြီးဟာ အမှုတစ်ခုကို လာဘ်စားခဲ့ပြီး ဘုရင့်ဆီ အခစားဝင်လာပါတယ်။ ညီလာခံသဘင်မှာ ဘုရင်မင်းမြတ်က တိုင်းရေးပြည်ရာကိစ္စတွေ မဆွေးနွေးခင် သူ့ရဲ့ မူးမတ်တွေကို ဒီနေ့ ဥပုသ်ဆောက်တည်ဖြစ်လား ဆိုတဲ့မေးခွန်းကို အရင်မေးနေပါတယ်။ မူးမတ်တွေကလည်းဆောက်တည်ဖြစ်ပါတယ် ဘုရားပေါ့။ တကယ်လည်း ဆောက်တည် သူတွေပါ။

တရားသူကြီးဝင်လာတော့လည်း ဘုရင်က ဒီနေ့ဥပုသ်ဆောက်ဖြစ်လား လို့မေးပါတယ်။ တရားသူကြီးကလည်း မူးမတ်တွေဖြေတဲ့အတိုင်း ဆောက်တည်ဖြစ်ပါတယ်ဘုရားလို့ ပြောပါတယ်။ တရားသူကြီးညာတာကို ပုရောဟိတ်ပုဏ္ဏား တစ်ယောက်က ကောင်းကောင်းသိပါတယ။ ဒါကြောင့် ညီလာခံသဘင်ပြီးလို့ အပြင်ရောက်တဲ့အခါ ဒီနေ့ ဥပုသ်မဆောက်ဖြစ်ဖူးမဟုတ်လား လို့ ပုဏ္ဏား မေးပါတယ်။ ဒီတော့ တရားသူကြီးက ဟုတ်တယ် ငါမဆောက်တည်ဖြစ်ဘူး၊ မနက်က အပြစ်မကင်းတဲ့ အလုပ်တစ်ခုကိုလုပ်ခဲ့တယ်။ ဒါပေမယ့် ဒီညမှာတော့ ခံတွင်းကို ဆေးပြီး ညစာမစားပဲ ဥပုသ်ဆောက်တည်မယ်။ ဒါဆို ငါ့အတွက် ဥပုသ်တစ်ဝက်တော့ ရမှာပဲလို့ ပြန်ပြောလိုက်ပါသတဲ့။

တရားသူကြီးဟာ ပြောတဲ့အတိုင်းပဲ အိမ်ရောက်တော့ ဥပုသ်ဆောက်တည်ပါတယ်။ ဒီလိုနဲ့ မနက်ရောက်တော့ ဥပုသ်အမြဲဆောက်လေ့ရှိတဲ့ အမျိုးသမီးတစ်ယောက်က အမှုလာအပ်ပါတယ်။ အမှုအကြောင်း ပြောကြဆိုတကြ ရင်းနဲ့ မွန်းတည့်ခါနီး ရောက်သွားရောဆိုပါတော့။ ဒီတော့ အမှုလာအပ်တဲ့ အမျိုးသမီးက ခံတွင်းဆေးဖို့ပြင်ပါတယ်။ သူတို့ခေတ်က ခံတွင်းဆေးပြီးမှ ဥပုသ်ဆောက်တည်လေ့ ရှိတယ်။ အဲဒီ အချိန်မှာပဲ တရားသူကြီးကို သရက်သီးတွေ လာကန်တော့ပါတယ်။ တရားသူကြီးကလည်း လာကန်တော့တဲ့ သရက်သီးတွေနဲ့ပဲ ဒီသရက်သီးစားလိုက်ပြီး ဥပုသ်ဆောက်ပါလို့ ပြောပြီးပေးလှူလိုက်တယ်။

ဒီလိုနဲ့ သက်တမ်းကုန်ဆုံးတဲ့အခါကျတော့ တရားသူကြီးက စုတေရော ဆိုပါတော့။စုတေတော့ ဘယ်မှာသွားဖြစ်သလဲဆိုတော့ သရက်ဥယျာဉ်ကြီးတစ်ခုမှာ နတ်သားအဖြစ် ရွှေဗိမာန်ကြီးနဲ့ ထင်ရှားစွာ သွားဖြစ်ပါသတဲ့။ အခြံအရံနတ်သမီးတွေကလည်း တစ်သောင်းခြောက်ထောင် တောင် ရှိပါသတဲ့။

နတ်တဖြစ်လဲ တရားသူကြီးဟာ ညဘက်မှာသာ နတ်စည်းစိမ်ကို ခံစားနေရပေမယ့် မနက် အရုဏ်တက်တာနဲ့ နတ်အသွင်နဲ့ နတ်စည်းစိမ်တွေကယ်ပျောက်ပြိး ဝေမာနိကပြိတ္တာ ဖြစ်သွားတော့ပါတယ်။ပြိတ္တာဖြစ်သွားတော့ စားရမဲ့သောက်ရမဲ့ ဘ၀နဲ့ ကိုယ့်ရဲ့အသားကို ပြန်စားနေရပါတယ်။ ကိုယ့်အသား ကိုယ်ပြန်စားနေရတာဆိုတော့ သွေးသံတရွဲရွဲနဲ့ တစ်ချိန်လုံး အော်ဟစ် ငိုကြွေးနေရပါတယ်။

ကံအကြောင်းအကျိုးတွေ ပြန်ကြည့်တော့ ဥပုသ်ဆောက်တည်သူအမျိုးသမီးကို သရက်သီးလှူခဲ့တဲ့အတွက် သရက်ဥယျာဉ်ကြီးရတာပါ။ လာဘ်စားခဲ့တဲ့အတွက် နေ့မှာ ပြိတ္တာဖြစ်ရတာပါတဲ့။ ဥပုသ်တစ်ဝက်ဆောက်တည်ခဲ့တဲ့အတွက် ညဥ့်မှာ နတ်စည်းစိမ် ခံစားရတာပါတဲ့။

ကိုယ်ပြုကာယကံ ကိုယ့်ထံပြန် ပဲ့တင်သံမလွဲ တစ်ထပ်တည်း ဆိုတာလိုပဲ ကိုပြုသောကံ ကိုယ်ဆီ ပြန်ရောက်လာမှာ မလွဲဧကန်ဖြစ်ပါသည်၊ ကောင်ကင်မှာ ပြသာဒ်ကြီးတည်ပြီ ပုန်းအောင်၍လဲ မလွတ်ပါ၊ သမုဒ္ဒရာအလယ် ပြသာဒ်ကြီးတည်ပြီး ခိုအောင်လဲ မလွတ်ပါ၊ တောင်ခေါင်းမှာ ပုန်းအောင်း၍လဲ ရှောင်လွဲ၍မရပါ။ မိမိသွားရာ အရိပ်ပမာ တကောက်ကောက် လိုက်ပါနေမှာ၊ အကျိုးပေးချိန်မကျသေး၍သာ မီးခဲ ပြာဖုံးထားသလို အကျိုးပေးချိန်ရောက်က ကိုယ်ပြုကံက ထပြီး လောင်ကြွမ်းမှာ အမှန်ပင်ဖြစ်ပါသည်။ သို့ဖြစ်ပါသောကြောင့် ကိုယ့်နောက် အရိပ်ပမာပါမည့် ကောင်းကံတွေကို များများပြုပြီး မကောင်းကံတွေကိုတော့ ဝေးဝေးက ရှောင်နိုင်ကြရန် ဤ၀တ္ထုဇာတ်ကြောင်းလေးက ကျွန်မတို့ တတွေကို ပြောပြနေခြင်းသာ ဖြစ်ပါတော့သတည်း။ ။



ညခင်း

ရွှင်လန်းချမ်းမြေ့ကြပါစေ။

Thursday, August 16, 2012

ထိုင်ဝမ်နိုင်ငံ စန်းရှာမြို့ မဟာထေရကဿပရိပ်သာ မြေသန့်မင်္ဂလာ နှင့် သိမ်သမုတ်ပွဲ

ထိုင်ဝမ်နိုင်ငံ စန်းရှာမြို့ မဟာထေရကဿပရိပ်သာ
မြေသန့်မင်္ဂလာ နှင့် သိမ်သမုတ်ပွဲ (18.8.2012 ~ 19.8.2012)
တရုတ်မြန်မာဗုဒ္ဓဘာသာအသင်း (CMBA) 中緬南傳佛協會
ဝမ်းမြောက်ဖွယ်ရာ အသိပေး နှိုးဆော်လွှာ

ထိုင်ဝမ်နိုင်ငံ စန်းရှာမြို့ မဟာထေရ ကဿပ ရိပ်သာတွင် ပြည်တွင်း ပြည်ပ ဆရာတော်ကြီးများ ကြွရောက်ကာ မြေသန့်မင်္ဂလာနှင့် သိမ်သမုတ်ပွဲဆင်နွဲကျင်းပမည် ဖြစ်ပါသည်။  ကြွရောက်လာမည့် ဆရာတော်များ….
၁။ မြန်မာနိုင်ငံ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်
၂။ မလေးရှားနိုင်ငံ ပီနန်မြို့ ဓမ္မိကာရာမကျောင်း ပီနန်ဆရာတော်
၃။ မြန်မာနိုင်ငံ ရန်ကုန်တိုင်း သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဦးဣဒ္ဓ္ဓိဗလ
၎။ မြန်မာနိုင်ငံ ရန်ကုန်တိုင်း သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် ဆရာတော် ဦးကုဏ္ဍလ
၅။ မြန်မာနိုင်ငံ ရန်ကုန်တိုင်း သံဃမဟာနာယကအဖွဲ့ တွဲဘက် အကျိုးတော်ဆောင် ဆရာတော် ဦးနရိန္ဒ
၆။ မြန်မာနိုင်ငံ ရန်ကုန်မြို့ သရက်တောတိုက် မှန်ကျောင်းဆရာတော် ဦးပညာဇောတ
၇။ ဂျပန်နိုင်ငံ တိုကျိုမြို့ တိပိဋကကျောင်း ဆရာတော် ဦးသြဘာသာဘိဝံသ
၈။ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ ဗုဒ္ဓ္ဓရံသီကျောင်း ဆရာတော် ဦးသီလိဋ္ဌ
၉။ စင်ကာပူနိုင်ငံ သာသနာ့ရံသီ မြန်မာကျောင်း ဆရာတော် ဦးတိလောက။
၁၀ ။စင်ကာပူနိုင်ငံ သာသနာ့ရံသီ မြန်မာကျောင်း ဆရာတော်ဦးစန္ဒဝံသ
၁၁။ ကနေဒါနိုင်ငံတိုရန်တိုမြို့မဟာဓမ္မိကာရာမကျောင်းဆရာတော်ဦးကောဝိဒ။
၁၂။ကနေဒါနိုင်ငံတိုရန်တိုမြို့မဟာဓမ္မိကာရာမကျောင်း ဆရာတော် ဦးနန္ဒသီရိ
၁၃။ ကနေဒါနိုင်ငံ တိုရန်တိုမြို့ မဟာဓမ္မိကာရာမကျောင်း ဆရာတော် ဦးပညာဇောတ
၁၄။ ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့ ဗုဒ္ဓ္ဓရံသီကျောင်း ဆရာတော် ဦးဃောသက
၁၅။ ကနေဒါနိုင်ငံ စစ်စကာတွန်မြို့ မေတ္တာဝိဟာရီကျောင်း ဆရာတော် ဦးသြသဓ
၁၆။ အမေရိကန်နိုင်ငံ နယူးယောက်မြို့ ဝိသုဒ္ဓ္ဓါရုံ ဓမ္မရံသီကျောင်း ဆရာတော် ဦးပါမောက္ခ
၁၇။ ထိုင်းနိုင်ငံ ဗန်ကောက်မြို့ ချူလာလောင်ကွန်တက္ကသိုလ် ဆရာတော် ဦးကောဏ္ဍညာဘိဝံသ
၁၈။ ထိုင်ဝမ်နိုင်ငံ နန်းထိုမြို့ ဖားအောက်တောရကျောင်းဆရာတော် ဦးသောပါက
၁၉။ ထိုင်ဝမ်နိုင်ငံ နန်းထိုမြို့ ဖားအောက်တောရကျောင်းဆရာတော် ဦးညာဏာစာရ
၂ဝ။ ထိုင်ဝမ်နိုင်ငံ ကျုံးဟိုမြို့ တရုတ်မြန်မာကျောင်း ဆရာတော် ဦးနန္ဒဝံသ
၂၁။ ထိုင်ဝမ်နိုင်ငံ ကျုံးဟိုမြို့ တရုတ်မြန်မာကျောင်း ဦးပညာဒီပ
၂၂။ ထိုင်ဝမ်နိုင်ငံ ကျုံးဟိုမြို့ တရုတ်မြန်မာကျောင်း ဦးသောဘိတ
၂၃။ ထိုင်ဝမ် နိုင်ငံ ကျုံးလိမြို့  ရတနာဝါသ ကျောင်း ဆရာတော် ဦးဥက္ကံသ
၂၄။ နယူးဇီလန်နိုင်ငံ ရတနာဒီပကျောင်း ဆရာတော် ဦးကုသလ။
၂၅။သြစတေးလျားနိုင်ငံစစ်ဒနီမြို့ သာသနာ့ဓဇကျောင်း ဦးနန္ဒိယ။
၂၆။စင်္ကာပူနိုင်ငံ ဓမ္မဥယျာဉ်ကျောင်း ဦးပဏ္ဍဝါစာရ ။
၂၇။ထိုင်ဝမ်နိုင်ငံကျုံးဟိုမြို့ တရုတ်မြန်မာကျောင်း အရှင်နေမိန္ဒ။

ကြည်ညိုဖွယ်ရာ ဆောင်ရွက်မည့် အစီအစဉ်များ….
(၁၄.၈.၂ဝ၁၂) နေ့တွင် ဆရာတော်ကြီးများ ထိုင်ဝမ်အရောက် ကြွရောက်လာပါမည်။
( ၁၅.ဂ.၂ဝ၁၂ - ၁၉.ဂ.၂ဝ၁၂ ) အထိ အောက်ပါ သာသနာ့ကိစ္စများကို ဆောင်ရွက်ကြပါမည်။
၁။ (၁၈.၈.၂ဝ၁၂)ရက် နံနက် (၉း ၀၀) နာရီ စန်းရှာမြို့ မဟာထေရ ကဿပ ရိပ်သာတွင် မြေသန့်မင်္ဂလာ စတင်ဆောင်ရွက်ပါမည်။
၂။ ဆက်လက်၍ ကျုံးဟို တရုတ်မြန်မာ ဘုရားကျောင်းသို့ သံဃာကုန် ပြန်ကြွပြီး၊ (၁ဝး၃၀) နာရီတွင် အားလုံးစုပေါင်း၍ နေ့ဆွမ်း ဆက်ကပ်ပါမည်။ (မိမိတို့် ကြိုက်နှစ်သက်ရာ ဆွမ်းဟင်း တစ်ခွက်စီ ယူဆောင်၍  ကိုယ်တိုင် လာရောက် လှူဒါန်းနိုင်ပါသည်။ များများ ချက်ပြီး ယူလာလျှင် ပိုကောင်းပါသည်။)
၃။ (၁၈.၈.၂ဝ၁၂)ရက် ည (၇း ၃၀) တွင် ကျုံးဟို ကော်ကျုံး ဓမ္မာရုံတွင် ဗန်းမော်ဆရာတော်မှ နိဗ္ဗာန်ရောက်ကြောင်း တရားဓဓ္မများ ချီးမြင့်ပါမည်။
၎။ (၁၉.၈.၂ဝ၁၂) ရက် နံနက် (၉း ၀၀) နာရီ စန်းရှာမြို့ မဟာထေရ ကဿပ ရိပ်သာတွင် သိမ်သမုတ်ပွဲ မင်္ဂလာ ဆင်ယင် ကျင်းပပါမည်။
၅။ (၁၉.၈.၂ဝ၁၂) ရက် နံနက် (၁ဝး ၀၀ မှ ၁၁း ၀၀) နာရီ စန်းရှာမြို့ မဟာထေရ ကဿပ ရိပ်သာတွင် နေ့ဆွမ်း ဆက်ကပ်ပြီး၊ နေ့လည်စာ သုံးဆောင်ကြကာ တရားနာယူ၊ ရေစက်ချ၊ အမျှဝေကြပါမည်။

၆။ (၁၉.၈.၂ဝ၁၂) ရက် ညနေ (၅း ၀၀) နာရီ ကျုံးဟိုမြို့ ဟွာရှင်ကျဲ ဈေးလမ်း တလျှောက် ပြည်တွင်း ပြည်ပ သံဃာတော် (၂၅)ပါးတို့ကို ဆွမ်းဆန်စိမ်း လောင်းလှူ ပူဇော်ကြပါမည်။ (မိမိတို့ကြိုက်နှစ်သက်ရာ ဝတ္ထု ပစ္စည်းများ၊ နဝကမ္မများ ပူဇော် လောင်းလှူနိုင်ပါသည်။
၇။ (၁၉.၈.၂ဝ၁၂) ရက် ည (၇း ၃၀) တွင် ကျုံးဟို ကော်ကျုံး ဓမ္မာရုံတွင် ဗန်းမော်ဆရာတော်မှ တရားဟော၊ ရေစက်ချ အမျှဝေကြပါမည်။
၈။ (၂ဝ.၈.၂ဝ၁၂) ရက်တွင် မြန်မာပြည်သို့ ပြန်လည် ကြွရောက်ကြပါမည်။

မှတ်ချက်။ ။ စန်းရှာမြို့ မဟာထေရ ကဿပ ရိပ်သာ မြေသန့်မင်္ဂလာ သိမ်သမုတ်ပွဲသို့ မည်သူမဆို ကြွရောက် ပူဇော် ကြည်ညိုနိုင်ပါသည်။ လိုက်ပါလိုသူများ တရုတ်မြန်မာ ဘုရားကျောင်းတွင် တစ်ဦးလျှင်NT (၁ဝဝ)ဖြင့် ကြိုတင် စာရင်းပေးသွင်း နိုင်ပါပြီ။ (၁၉.၈.၂ဝ၁၂)ရက် နံနက် (၇း ဝဝ)တိတိတွင် ကျုံးဟို တရုတ်မြန်မာ ဘုရားကျောင်းရှေ့၊ ဆဲဗင်း အလဲဗင်းဆိုင်နားမှ စတင် ထွက်ခွါပါမည်။
Busကားတောင်အောက်မှာရပ်ပါမည်။ ငယ်ရွယ်သူများ၁၀မိနစ်ခန့် လမ်းလျှောက်၍ တောင်ပေါ်တက်ရ ပါမည်။ အသက်ကြီးသူများကိုကားငယ်များဖြင့်တောင်ပေါ်သို့ကြိုပေးပါမည်။  မိမိတို့ကိုယ်တိုင် Bus ကားနှင့်လာလိုပါက ကျင်အန်းဘူတာမှBus 908 နှင့် 921 Bus ကားစီး၍ တက္ကစီကားနှင့်တောင်ပေါ်တက်လို့ရပါသည်။ (တောင်ပေါ်တွင်ကားပါကင်အလွန်ကျဉ်းပါသည်။)ကားငယ်များကြိုပို့ယာဉ်အလှူ-လှူဒါန်းလိုကလှူဒါန်းနိုင်ပါသည်။ 

 အထူးအစီအစဉ်
၁။ (၁၅.၈.၂ဝ၁၂) ရက် 花蓮 慈濟 ကျောင်းသို့ ကြွရောက်ကြပါမည်။ 
၂။ (၁၆.၈.၂ဝ၁၂) ရက်  高雄 佛光山 ကျောင်းသို့ ကြွရောက်ကြပါမည်။ 
၃။ (၁၇.၈.၂ဝ၁၂) ရက်中和 南山放生寺 ကျောင်းတွင် အနေကဇာတင်၍ သိမ်သမုတ်ကြပါမည်။ 
၎။ (၁၇.၈.၂ဝ၁၂) ရက် ညနေတွင် ပြည်တွင်း ပြည်ပ သံဃာတော်များ စန်းရှာမြို့ မဟာထေရ ကဿပ ရိပ်သာသို့ ကြွရောက်၍ သီတင်းသုံးကြပါမည်။
၆။ စန်းရှာ ရိပ်သာတွင်--အပတ်တိုင်း သောကြာညမှ စ၍ စနေ တနင်္ဂနွေ တရားစခန် ဖွင့်ထားပါသည်
   အသေးစိတ်ထပ်မံအသိပေးပါမည်း

တရုတ်မြန်မာ ဘုရားကျောင်း ဗုဒ္ဓဘာသာအသင်း ၊
မြန်မာပြန်အသင်း၊ တရုတ်မြန်မာ ယဉ်ကျေးမှုဖလှယ်ရေးအသင်း။ထိုင်ဝမ်၊

大迦葉禪修中心
灑淨安座 暨 結界戒壇 典禮
(2012.08.142012.08.20)

日期
時間
進行項目
地點
2012.08.14
下午
恭請諸位上座長老抵達台灣
桃園國際機場
2012.08.15
早上
前往花蓮慈濟精舍
花蓮
2012.08.16
早上
前往高雄佛光山寺
高雄
2012.08.17
早上
南山放生寺進行佛像安座暨結界戒壇
台北
中和
2012.08.18
早上0900
大迦葉禪修中心
灑淨儀式
台北
三峽
上午1030
中緬南傳佛教協會
用午膳
台北
中和
晚上0730
中和國中川堂
開示
台北
中和
2012.08.19
早上0900
大迦葉禪修中心
結界戒壇
台北
三峽
上午1000
大迦葉禪修中心
用午膳
下午0500
華新街沿途應供
中和
華新街
晚上0730
中和國中川堂
開示
台北
中和
2012.08.20
早上
恭送諸位上座長老離開台灣
桃園國際機場


主辦單位:新北市中緬南傳佛教協會          聯絡人:總幹事  謝子能
住址:新北市中和區忠孝街1225                       0917-684-361
電話:02-2940-2646                                 秘書處  倪煥芳(老五)
                                                         0930-188-098