Friday, June 22, 2012

မှ တစ်ပါး . . .


မှ တစ်ပါး . . .

လူသည် လူကို
ဒုက္ခပေးဖို့မဟုတ်၊
သုခပေးဖို့သာဖြစ်သည်။
လူသည် လူကို
အနှောင့်အယှက်ပေးဖို့မဟုတ်၊
အကူအညီပေးဖို့သာဖြစ်သည်။
လူသည် လူကို
ငရဲပေးဖို့မဟုတ်၊
လူ့ရပ်နတ်ရွာ
ကောင်းရာ
သုဂတိ
ပေးဖို့သာဖြစ်သည်။
ဤကား လူသားအားလုံး၏
အခြေခံ ကျင့်ဝတ်တည်း။


ဘ၀ဟူသည် အယူနှင့်အပေး၊ အပေးနှင့်အယူ နှစ်ခုသာရှိသည်။ ပထမအယူနှင့်စသည်၊ နောက်တော့ ပြန်ပေးရသည်။ ဘ၀ကိုနှစ်ပိုင်း ပိုင်းလိုက်လျှင် အယူကတစ်ပိုင်း၊
အပေးကတစ်ပိုင်း၊ ထိုသို့ နှစ်ပိုင်းတွေ့ရလိမ့်မည်။ ကုန်လွန်ခဲ့သော အချိန်၌
သင် ဘာတွေယူခဲ့သလဲ၊ ဘာတွေပေးခဲ့သလဲ။ ယခု လက်ရှိအချိန်၌ သင်ဘာတွေ ယူနေသလဲ၊
ဘာတွေပေးနေသလဲ။ နောင်လာမည့် အနာဂတ်၌ သင်ဘာတွေ ယူဦးမှာလဲ။ဘာတွေပေးဦးမှာလဲ။
အသေအချာ စဉ်းစားရမည့် အချက်ပင်။

ဘ၀ဟူသည် အသေအချာကြည့်တော့ အယူနှင့်စခဲ့သည်။ အမိဝမ်းတွင်းမှာ ပဋိသန္ဓေ တည်နေစဉ်ကတည်းက မိခင်စားသောက်သည့် အစားအသောက်မှတစ်ဆင့် ဝေစုယူ၍ အာဟာရမျှခဲ့သည်။ အမိဝမ်းမှ
ကျွတ်တော့လွတ်တော့ အများစုလက်သည် သို့မဟုတ် ဆရာဝန်တို့၏ အကူအညီကို ရယူ၍
လူ့လောက ရောက်လာခဲ့ရသည်။

မိမိကိုယ်တိုင် မထိုင်နိုင်၊ မထနိုင်၊ မစားနိုင်၊ မသောက်နိုင်၊ ကိုယ့်ခြေကိုယ့်လက်ကိုမှ ကိုယ်မသယ်နိုင်သေးမီ လူမမယ်ဘ၀မှာ မိဘအကူအညီ၊ တခြား နီးစပ်သူတို့၏
အကူအညီကိုယူ၍ ရှင်သန်ကြီးထွားခဲ့ရသည်။ မိခင်၏နို့ရည် သို့မဟုတ် နို့
မှုန့်နို့ဘူး တို့ကို သောက်သုံး၍ အသက်ဆက်ရှင်သန်ခဲ့ရသည်။

သုံးနှစ်သားခန့် မူကြိုကျောင်းတက်၊ ငါးနှစ်သားခန့် မူလတန်း ကျောင်းတက်၊ ထိုမှတစ်ဆင့် အလယ်တန်း၊ အထက်တန်း၊ တက္ကသိုလ်တန်း အသက်နှစ်ဆယ်၊
နှစ်ဆယ့်ငါးဝန်းကျင်အထိ မိဘ သို့မဟုတ် နီးစပ်ရာ တို့၏ အကူအညီကို ရယူ၍
ပညာသင်ယူခဲ့ရသည်။ ထိုအချိန်ထိ မိမိမှာ အယူပဲရှိသေးသည်။ အပေးဟူ၍ ဘာမျှ
မယ်မယ်ရရ မရှိသေး။

စားစရာ၊ ၀တ်စရာ၊ နေစရာ၊ သုံးစရာ စသည် လိုအပ်တာမှန်သမျ မိဘ သို့မဟုတ် သက်ဆိုင်ရာ နီးစပ်သူတို့ထံမှ ရယူခဲ့ရသည်။ ပထမအရွယ်မှာ ပညာရှာဆိုသည့် အတိုင်း ပထမ အရွယ်မှာ ပညာကို
အဓိကထား၍ ရှာရသည်။ထိုပထမအရွယ်တစ်လျှောက် ဘ၀အနေအထားက အယူနှင့်သာ
ကြီးပြင်းခဲ့ရသည်က အများစုဖြစ်သည်။

ဘ၀ကို နှစ်ပိုင်းပိုင်းလိုက်လျှင် အယူကတစ်ပိုင်း၊ အပေးက တစ်ပိုင်း၊ ထိုသို့ နှစ်ပိုင်း တွေ့ရလိမ့်မည်။ ကုန်လွန်ခဲ့သော အချိန်၌ သင်ဘာတွေ ယူခဲ့သလဲ၊
ဘာတွေပေးခဲ့သလဲ။ ယခု လက်ရှိအချိန်၌ သင်ဘာတွေယူနေသလဲ၊ ဘာတွေပေးနေသလဲ။
နောင်လာမည့် အနာဂတ်၌ သင်ဘာတွေယူဦးမှာလဲ။ ဘာတွေပေးဦးမှာလဲ။

အာရှတိုက်၏ သက်တမ်းက ပျမ်းမျှ ၆၆ နှစ်ခန့်ဟု ဆိုသည်။ သို့ဆိုလျှင် အာရှသားတစ်ယောက်၏ ပထမအရွယ်ကား ၂၂ နှစ်၌ ကုန်ဆုံးသည်။ ၂၃ နှစ်မှစ၍
ဒုတိယအရွယ် ဟုဆိုရမည်။ ပထမအရွယ်၌ ပညာသင်၊ ပညာရှာ၊ ပညာတွေ ယူထားသည်။
ဒုတိယအရွယ်အစပိုင်း အသက် ၃၀ ခန့်အထိ ရှာသင့်ရှာထိုက်တာကို ရှာ၊
ယူသင့်ယူထိုက်တာကို ယူထားရဦးမည်။

ဒုတိယအရွယ်မှာ ဥစ္စာရှာဟု ဆိုသည်။ ဒုတိယအရွယ်၌ လက်တွေ့ဘ၀ထဲသို့ ရောက်ပြီ။ အပေါင်းအဖော်တွေ၊ အဖော်သဟဲတွေလည်း ရှိချင်ရှိတော့မည်။ ထိုအခါ ဘ၀အတွက်၊
မိသားစုအတွက် အသိုက်အမြုံအတွက် စားဖို့၊ ၀တ်ဖို့၊ နေဖို့၊ ထိုင်ဖို့၊
သုံးဖို့၊ စွဲဖို့ ရှာရ၊ ဖွေရတော့သည်။ ကိုယ်တတ်သလို၊ ကိုယ်ကျွမ်းသလို
ကာလဒေသ အနေအထားကို ကြည့်ပြီး လုပ်ရ၊ ကိုင်ရတော့သည်။ လုပ်ငန်းခွင်သို့
ဝင်ရတော့သည်။

ဗုဒ္ဓဘာသာ မြန်မာယဉ်ကျေးမှု၌ ကြွေးဟောင်းဆပ်ခြင်းနှင့် ကြွေးသစ်ပေးခြင်း ဟူ၍ ရှိသည်။ မိမိ ပထမအရွယ်မှာ ပြုစုပျိုးထောင်ပေးခဲ့ကြသည့် မိဘ သို့မဟုတ် နီးစပ်ရာတို့၏
ကျေးဇူးတရားတွေကို ပြန်လည် ပေးဆပ်ကြရမည်။ ကြွေးဟောင်း ဆပ်ခြင်း ဖြစ်သည်။
ဒုတိယ မိမိ လက်တွေ့ဘ၀ထဲက တိုက်ရိုက် သက်ဆိုင်လာသူတို့ကို ကျွေးမွေးပြုစု
စောင့်ရှောက်ရတော့မည်။ ကြွေးသစ်ချခြင်းဟု အလောင်းတော် ကေဒါရ ကျေးမင်းက
ဆိုခဲ့သည်။

အလောင်းတော်တို့၌ စရိယာ သုံးပါးရှိသည်။ ပထမ လောကတ္ထ စရိယာ-လောကကောင်းကျိုး၊ အများကောင်းကျိုးကို ဦးစားပေး၍ ဖြည့်ကျင့်သည်။ ဒုတိယ ဉာတတ္ထစရိယာ-
ဆွေမျိုးကောင်းကျိုး(အမျိုးသားရေး)ကို ဦးစားပေး၍ ဖြည့်ကျင့်သည်။ တတိယ
ဗုဒ္ဓတ္ထစရိယာ-ဘုရားဖြစ်ဖို့ ဟူသော မိမိကောင်းကျိုးကို နောက်ဆုံး၌ ထားသည်။

သာမန်သူတို့အတွက် မိမိ ကောင်းကျိုးကတော့ ပထမ ဖြစ်သည်။ မိမိကောင်းကျိုးဟူသည် မိမိကိုယ်၌ ပထမအတတ်ပညာ၊ အသိပညာ၊ စည်းစိမ်ဥစ္စာ စသည်
ပြည့်စုံအောင် ဖြည့်ဆည်းထားရမည်။ ပေး ဟူသည်မှာ မိမိ၌ ပေးစရာရှိမှ ပေး၍
ရမည်။ လှူဟူသည်မှာ မိမိ၌လှူစရာရှိမှ လှူ၍ရမည်။ လက်၏စောင်မခြင်း၊
နှုတ်၏စောင်မခြင်း နှစ်မျိုးတွင် ပတ်ဝန်းကျင်က လက်၏စောင်မခြင်းကိုသာ
ပို၍လိုအပ်သည်။ ပို၍ မျှော်လင့်တောင့်တသည်။ ပို၍ အသိအမှတ်ပြုသည်။
ကျန်းမာပါစေ၊ ချမ်း သာပါစေဟု နှုတ်ကရွတ်ဆို၍ ပို့နေသော ၀စီကံမေတ္တာ၊
မနောကံမေတ္တာထက် ပစ္စည်းဝတ္ထု တစ်ခုခု ပါကင်ထုပ်၍ပို့သော ကာယကံမေတ္တာက ပို၍
လက်တွေ့ကျသည်။ ပို၍ ထိရောက်သည်။ ပို၍ ယုတ္တိရှိသည်။ မေတ္တာကို ပေးခြင်း၊
ကမ်းခြင်းဖြင့် အဓိပ္ပာယ် ဖော်တာက ပို၍ ပေါ်လွင်သည်။ ပို၍ လျော်ကန်သည်။

ဒုတိယအရွယ်ကစ၍ နောက်ပိုင်း ဘ၀တစ်လျှောက်လုံး မိမိက ပေးရတော့မည်။ ထိုသို့ ပေးနိုင်ဖို့အတွက် ပထမအရွယ်ကတည်းက မိမိအနေနှင့် ရှာထားဖွေထား
စုဆောင်းထားရတော့မည်။ လေ့လာဆည်းပူးသင်ယူ ထားရတော့မည်။ ပထမအရွယ်၌ လောက
လိုအပ်ချက်တွေကို သိရှိနားလည်ပြီး ထိုလိုအပ်ချက်တွေကို မိမိ၌
ဖြည့်ဆည်းထားရှိရမည်။

အတတ်ပညာ လိုအပ်သူတွေကို အတတ်ပညာတွေ ပေးရမည်။ အသိပညာ လိုအပ်သူတွေကို အသိပညာတွေ ပေးရမည်။ တခြား စားဝတ်နေရေး ကျန်းမာရေး စသည် အကူအညီ လိုအပ်နေသူတွေကို
လိုအပ်ရာ အကူအညီတွေကို မိမိစွမ်းနိုင်သလောက် ပေးကြရမည်။ တချို့က စာသင်ပေး၍၊
တချို့က စာရေးပေး၍၊ တချို့က ဆေးကုပေး၍၊ တချို့က အဆောက်အအုံတွေ ဆောက်ပေး၍
တချို့က နိုင်ငံတော်ကို ကာကွယ် စောင့်ရှောက်ပေး၍၊ တချို့က အသိပညာတွေ ဖြန့်
ဖြူးပေး၍၊ တချို့က ပျော်ဖို့ပြေဖို့အတွက် ဖျော်ဖြေပေး၍၊ တချို့က
လူ့အသုံးအဆောင် ပစ္စည်းတို့ကို သင့်တင့်မျှတစွာ ရောင်းချပေး၍ ထိုသို့
ကိုယ်စွမ်းရာစွမ်းရာ ကျွမ်းရာကျွမ်းရာဖြင့် လူနှင့်လူဝန်းကျင်ကို
အကူအညီတစ်ခုခု ပေးနေကြရမည်။

နိမ့်ကျသူတို့က ဘ၀ကို အယူဖြင့် တည်ဆောက်ရမည်ဟု နားလည်ထားပုံရသည်။ မြင့်မြတ်သူတို့ကတော့ ဘ၀ကို အပေးဖြင့် တည်ဆောက်ရမည်ဟု နားလည်သည်။ ခံယူသည်။
ပီဘိအောင်မြင်မှု ဟူသည် အယူ၌ မတည်။ အပေး၌သာ တည်သည်။ စစ်မှန်သော
အောင်မြင်မှုကို အယူနှင့် တည်ဆောက်၍ မရ၊ အပေးနှင့်သာ တည်ဆောက်ရသည်။
အောင်မြင်မှုတစ်ခုကို အယူနှင့် တည်ဆောက်ခြင်းသည် အတုအယောင် အောင်မြင်မှုသာ
ဖြစ်သည်။

အလောင်းတော်ကြီးများ၊ သူတော်စင်၊ သူတော်မြတ်ကြီးများ၊ အာဇာနည် ပုဂ္ဂိုလ်ကြီးများသည် ပေးခြင်း၊ ကမ်းခြင်း၊ စွန့်ခြင်းဖြင့်သာ အောင်မြင်မှုကို တည်ဆောက်သွားကြသည်။ ဘ၀တစ်ခု၊
ပတ်ဝန်းကျင်တစ်ခု၊ ဖွံ့ဖြိုးတိုးတက်သော လူ့အဖွဲ့အစည်း၊ လူ့အ၀န်းအ၀ိုင်း၊
လူ့အသိုက်အမြုံ တစ်ခုကို ပေးခြင်းဖြင့်သာ တည်ဆောက်ယူရသည်။ ထို့ကြောင့်
ပေးချင်လည်းပေး၊ မပေးချင်လည်းပေး၊ ပေးတာကတော့ ပေးကြရလိမ့်မည်။

မိမိတို့ လူ့ဘ၀ကို ရလာခဲ့၊ ရောက်လာခဲ့ပြီ။ အချောင်ရောက်လာခြင်း မဟုတ်၊ အချောင်ရလာခြင်း မဟုတ်၊ လောက၌ အချောင်ရလာသည်ဟူ၍ ဘာမျှမရှိ၊ ဘာကိုမျှ
အချောင်မလိုချင်ရ၊ အချောင်မယူချင် ရ၊ အချောင်ရှာလျင် အကြပ်တွေ့တတ်သည်။
ပီဘိလူ့ဘ၀၌ လူလာဖြစ်ရခြင်းသည် အပေးရှိ၍ အယူရှိခြင်း၊ (အရရှိခြင်း) ဖြစ်သည်။
ဆိုလိုသည်ကား လူ့ဘ၀ကို အယူနှင့်ရလာခြင်း မဟုတ်၊ အပေးနှင့်ရလာခြင်း
ဖြစ်သည်။ သူတစ်ဦးအတွက် စိတ်ချမ်းသာမှု တစ်ခုခုကို ပေးခဲ့ခြင်းကြောင့်
(ကုသိုလ်ကံတစ်ခုခုကြောင့်) လူ့ဘ၀ကို ရလာခြင်း ဖြစ်သည်။

မိမိတို့ လူ့ဘ၀ကို ရလာခဲ့ပြီ၊ ရောက်လာခဲ့ပြီ၊ ပေးဖို့လာခဲ့တာလား၊ ယူဖို့လာခဲ့တာလား၊ သေချာ ပြန်စဉ်းစားတော့ ယူဖို့လာခဲ့ခြင်း မဟုတ်၊
ပေးဖို့လာခဲ့ခြင်းသာ ဖြစ်သည်။ အပေးကြောင့် ရလာသော လူ့ဘ၀ ပေးဖို့သာ
လာခဲ့သည်။ ထိုသဘောကို အလောင်းတော် ကောင်းကောင်း သဘောပေါက်သည်။
ပါရမီတော်ဖြည့်ရာ နောက်ဆုံးဘ၀ ဝေဿန္တရာ မင်းသားလေး အမိဝမ်းက
ကျွတ်လျှင်ကျွတ်ချင်း ထူးထူးဆန်းဆန်း စကားတစ်ခွန်း ဆိုသည်။ ''အမေ ဘာများ
ပေးစရာရှိပါသလဲ'' တဲ့။

ပေးလိုစိတ်က အလောဘ အခြေခံသည်။ ယူလိုသောစိတ်က လောဘ အခြေခံသည်။ လောဘသည် သမုဒယသစ္စာ ဖြစ်သည်။ ဒုက္ခရောက်ကြောင်း အမှန်တရား ဖြစ်သည်။ ရွှေမန်းတင်မောင်၏ ရွဲကုန်သည်ဇာတ်ထဲက
''မပေး ပေးပေး ငါ့ ရွှေခွက် ပေး''ဟူသော အတ္တသမားအရှင် ဒေ၀ဒတ်အလောင်း
ရွဲကုန်သည်သည် နောက်ဆုံး၌ ရူးသွပ်သွားရသည်က သာဓက ဖြစ်သည်။ လောဘသည်
သမုဒယသစ္စာ ဖြစ်လျှင် အလောဘသည် သုခသစ္စာ ဖြစ်ရမည်။ ချမ်းသာကြောင်း အမှန်တရား
ဖြစ်ရမည်။

မိမိတို့သည် ဘ၀တစ်လျှောက် အိုခြင်းဆင်းရဲ၊ နာခြင်းဆင်းရဲ၊ သေခြင်းဆင်းရဲ၊ စိုးရိမ်ပူဆွေးငိုကြွေးခြင်း ဆင်းရဲ၊ အစားဆင်းရဲ၊ အ၀တ်ဆင်းရဲ၊ အနေဆင်းရဲစသော ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ ဆင်းရဲမျိုးစုံ ခံစားခဲ့ကြရပြီ။
 ထို့ကြောင့် လူတိုင်းသည် ဒုက္ခကို ကြောက်သည်။ ဒုက္ခကိုရွံ့သည်။ ဒုက္ခကိုမုန်းသည်။
သို့ဖြစ်၍ 'ဘ၀ဟူသည် ပေးဖို့လာခဲ့ခြင်း ဖြစ်သည်'ဟု ဆိုသော်လည်း မိမိကိုယ်တိုင် မချစ်မနှစ်သက်သော ဒုက္ခကိုတော့ မပေးပါနှင့်။ 
ထိုဒုက္ခက မိမိတို့ကို ဒုက္ခပေးခဲ့တာ ကြာလေပြီ။ မှတစ်ပါး . . .။ မှန်ပါသည်။
ဒုက္ခမှတစ်ပါး အခြား ကိုယ်နှစ်သက်ရာ ကိုယ်ပေးချင်တာကို ပေးလို့ရပါသည်။

အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်)
Credit: www.news-eleven.com

Thursday, June 21, 2012

လူထဲကလူ


  လူထဲကလူ

ဒီရက်ပိုင်းအတွင်း ၀ိမာန၀တ္ထုပါဠိတော်ကို အဋ္ဌကထာနဲ့တွဲပြီး ဖတ်ဖြစ်တယ် ၊ လူထဲမှာ လူဖြစ်သွားကြပြီး လူသားရဲ့စိတ် ရောင်ပြန်ဟပ်မှု အတိုင်း နောက်ဘ၀မှာ ဖြစ်ကြရပုံတွေကို ပြောပြထားတဲ့ ကိုယ့်တွေ့ဖြစ်ရပ်လေး တွေပါ၊ ဘုရားရှင်ထံ သူတို့ရောက်လာ ကြပြီဆိုရင် အဟံ မနုေဿသု မနုဿဘူတော - တပည့်တော် လူဘ၀တုန်းက လူဖြစ်နေစဉ်မှာ လို့ နိဒါန်းလေးသွယ်ပြီး သူတို့ရဲ့ အတွေ့အကြုံတွေကို လျှောက်ထားလေ့ ရှိပါတယ်။ မနုေဿသု မနုဿဘူတော ဆိုတဲ့ ပါဠိစကားလုံးလေးကို အရမ်းကို သဘောကျမိပါတယ် ၊

လူဆိုတာကို ပါဠိလို မနုဿ လို့ခေါ်ပါတယ် ၊ မနုဿ ကို အဓိပ္ပါယ် သုံးမျိုးဖွင့်ဆိုနိုင်တယ်

၁- အကြောင်းနဲ့ အကျိုးကို ခွဲခြားသိတာလူ  ၊( ကာရဏာ ကာရဏံ မနတိ ဇာနာတီိတိ မနုေဿာ )

၂- လုပ်ရပ်တခုကို လုပ်လိုက်ရင် - အကျိုးရှိတယ် မရှိဘူးလို့ ခွဲခြားနိုင်တာ  လူ ( အတ္ထာနတ္ထံ မနတိ ဇာနာတီတိ မနုေဿာ )

၃- သက်ရှိသတ္တ၀ါတွေထဲမှာ အသိဥာဏ် အများဆုံး အသာဆုံး ရှိတာ လူ ( မနော ဥေဿာ ဥဿန္နော ယေသံတိ မနုေဿာ )။
ဒီဖွင့်ဆိုချက်တွေဟာ လူပီသတဲ့လူအတွက် ရည်ရွယ်ပါတယ် ၊ လူဖြစ်ပြီး ကိုယ်ပိုင်ဦးဏှောက် အသိဥာဏ်ကို ပတ်ဝန်းကျင် ရိုက်ခတ်မှုပေါ်မှာ လွှတ်ထားတဲ့လူ ရာထူးဌာနန္တရ အပေါ်မှာ အပ်ထားတဲ့လူ  လက်ထဲက ခဏဖြတ်သန်းသွားတဲ့ ငွေကြေးပေါ်မှာ အပ်နှံထားသူတွေဟာ လူထဲမှာ လူဖြစ်နေကြပေမယ့် လူမပီသတဲ့ လူစာရင်း ၀င်တွေလို့ ခေါ်ရမှာပါ ၊ ဒီအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ၀ိမာန၀တ္ထု အဋ္ဌကထာပါ ဖော်ပြထားတဲ့ လူလေးမျိုးအကြောင်း ပြောပြချင်ပါတယ် ။

၁- လူ့ငရဲသား - လူ့ရယ်လို့ဖြစ်လာ ပေမယ့်  ဘ၀မှာ ဆင်းဆင်းရဲရဲ နဲ့ ချမ်းသာမှု သာယာမှုဆိုတာ လုံးဝမရှိတဲ့လူမျိုးပေါ့ ဒီလိုလူတွေလဲလောကမှာအများကြီးတွေ့မြင်နိုင်ပါတယ်၊

၂- လူ့ပြိတ္တာ - ဘ၀မှာ စားရမယ့် သောက်ရမယ့်နဲ့ တ၀မ်းတခါးစားရ ဖို့ ၀တ်ရဖို့ အရေးမှာ လူများတွေကို မှီခိုပြီး တောင်းရမ်းစားသောက်ရတဲ့လူမျိုးပါ။

၃- လူ့တိရိစ္ဆာန် - လူရယ်လို့သာဖြစ်လာရတာ ကိုယ်ကျိုးအတွက်ဆိုရင် သူတပါးတွေ ဘယ်လိုဒုက္ခရောက်ရောက် လုပ်ရက်တဲ့လူ ကိုယ်ပိုင်အသိဥာဏ်နဲ့ ဦးဏှောက်ကို အကြောက်တရားအောက်မှာ မြုပ်နှံထားရတဲ့လူမျိုးဟာ လူပီသတဲ့လူမျိုးမဟုတ်ပါဘူး လူ့တိရိစ္ဆာန် အဆင့်မျှသာဖြစ်ပါတယ်။

၎- လူပီသတဲ့လူ - ကိုယ့်အတွက်ရော ပတ်ဝန်းကျင်အတွက်ပါ အသက်ရှင်ဆဲ အချိန်လေးမှာ အကောင်းဆုံး ကြိုးစားတဲ့လူမျိုးကို လူပီသတဲ့လူလို့ခေါ်တွင်ကြောင်း ၀ိမာန၀တ္ထု အဋ္ဌကထာမှာ ဖော်ပြထားပါတယ်၊

မိမိတို့တတွေဟာ လူပီသတဲ့လူ လူထဲက လူသားအစစ်တွေဖြစ်အောင် ကြိုးစားကြရမှာပါ ၊ကိုယ့်ရဲ့အသိကို ဟန်ချက်ညီအောင်ထိန်းသိမ်းရင်း လောက သာသနာ နိုင်ငံ ကောင်းကျိုးတွေကို တတ်နိုင်သလောက်လုပ်နေကြမှာပါ ၊ လူ့ဘ၀ဆိုတာ ခရီးရှည်ကြီးတခုလို့ဆိုရင် လက်ရှိ မိမိတို့လျှောက်လှမ်းနေသမျှဟာ ခရီးတိုလေးတွေပါပဲ ဒီလိုကာလလေးတွေ အတွင်းမှာ မိမိဘ၀အတွက်ပျော်ရွှင်ကျေနပ်အောင် ကြိုးစားသင့်သလို လူများတွေကို ပျော်ရွှင်ကျေနပ်လိုစိတ်လေးလဲမွေးမြူရပါလိမ့်မယ် ဒါမှ လူထဲကလူ့ အစစ်တွေဖြစ်ကြမှာပါ ။  
နောင်တချိန် ရောက်ရာဘ၀ကနေ အဟံ မနုေဿသု မနုဿဘူတော - တပည့်တော်လူ့ဘ၀တုန်းက လူဖြစ်နေချိန်မှာလို့ ဘုရားရှင် တဆူဆူရဲ့ ရှေ့တော်မှောက်မှာ လျှောက်ခွင့်ရရင် ကောင်းတာလေးတွေကို လျှောက်ထားနိုင်အောင်ပေါ့။

ရေးသားသူ tknn

Wednesday, June 20, 2012

ကိုယ့်တာ ကိုယ်လုံအောင်

ကိုယ့်တာ ကိုယ်လုံအောင်

 ''ပိဋကတ်မြန်မာပြန် အတော်များများ ဖတ်ဖူးပါတယ်။ ဗုဒ္ဓမြတ်စွာ တရားဟောတော့မယ်ဆိုရင် ရဟန်းများကိုသာ ခေါ်လေ့ရှိတာကို သတိပြုမိပါတယ်၊ ဒီတရားတော်တွေဟာ လူတွေနဲ့ မသတ်ဆိုင်လို့ ပါလား''
ဤကား လူရွယ်လေးတဦး၏ အမေးတည်း။ သူဤသို့ သိချင်နားလည်ချင်၍မေးသည်ကို စာရေးသူ ကျေနပ်ဝမ်းမြောက်လှပါသည်။ ပိဋကတ်မြန်မာပြန်တွေ အတော်တော်များများ ဖတ်ဖူးသည် ဆိုသဖြင့် လေးစား၍ပင် သွားသည်။ မှန်ပါသည်၊ ငယ်ငယ်ရွယ်ရွယ်ဖြင့်  ပိဋကစာပေများကကို လေ့လာမှတ်သား ဘို့မှာ မလွယ်ကူပေ။

 ဘုရား တရား စာပေတွေဖတ်ရှုကြရလျှင် ဆေးခါးကြီး သောက်ရသလို နှာခေါင်းရှုံ့ ချင်သူတွေသာ များသည်မဟုတ်ပါလော။ ယခုအခါတွင် ကမ္ဘာအေး ဗုဒ္ဓသာသနာအဖွဲ့မှ ပိဋကတ် မြန်မာပြန်များ ရိုက်နှိပ်ဖြန့်ချီ လိုက်ရာ လူအတော်များများပင် လေ့လာဖတ်ရှုနေကြသဖြင့် ဝမ်းမြောက် ဂုဏ်ယူဖွယ်ပင်ဖြစ်သည်။ တခါကလည်း  ဤလူရွယ်လေး တဦးကဲ့သို့ပင် လူမှုရေး ဘာသာရေးဘက်တို့၌ လူအားငွေအားတို့ဖြင့်သွန်မှောက်လျက် အစွမ်း ကုန်ကြိုးစားနေသော ဒါယကာကြီးတဦးက မေးဘူးသည်။ သူ၏အမေးကား ဤသို့တည်း။

''ဆန်ဆိုး ဆန်ကောင်း ထောင်းမှသိ၊ လူဆိုးလူကောင်း ပေါင်းမှသိ ဆိုတာလို သံဝါသေန သီလံ ဇာနိတဗ္ဗံ- တဦးနဲ့တဦး ပေါင်းသင်းကြည့်မှ ကိုယ်ကျင့်သီလရှိ-မရှိသိနိုင်တယ်လို့ ကောသလသံယုတ်မှာ မြတ်စွာဘုရား မိန့်ထားပါတယ်၊ ဘယ်နှစ်ရက်ကြာမှ ဘယ်နှစ်နှစ်ကြာမှ သိနိုင်မယ်ဆိုတာ အဋ္ဌကထာ ဋီကာများမှာ ဖွင့်ထားတာ ရှိပါသလား၊ တပည့်တော်တို့ လူလူချင်းပေါင်းကြည့်လိုက်ရင် လေးငါးရက် လောက်နဲ့ပဲ အကဲဖြတ်လို့ရပါတယ် ဘုရား''တဲ့။

''ကြာကြာလဲပေါင်းကြည့်မှ၊ သတိလဲထားမှ၊ စူးစမ်း စီစစ်တတ်တဲ့ဥာဏ်လဲရှိအုံးမှ သိနိုင်တယ်လို့ ပါဠိတော်မှာပဲ တိုက်ရိုက်ဟောထားပါတယ်။ ဘယ်နှစ်ရက် ဘယ်နှစ်နှစ်ပေါင်းမှရယ်လို့ ကန့်သတ်ချက်တော့ မရှိပါဘူး''ဟု စာရေးသူ ပြန်လည်ဖြေကြားလိုက်ရပါသည်။ ဤအကြောင်းလေးများကို ဖေါ်ပြနေသည်မှာ အကြောင်းရှိပါသည်။
 
 ယနေ့လူတို့သည် အရာရာတွင် လေ့လာကြသည်။ စူးစမ်းကြသည်။ သိချင်တတ်ချင် နားလည် ချင်ကြသည်။ ပိဋကမြန်မာပြန်တို့၏ ကျေးဇူးကြောင့် လူအတော်များများသည် ဘုရားဟော ပိဋကတော်များ၌ နှံ့စပ်သိကျွမ်း နေပြီဆိုသည်ကို ရဟန်းတော်များ သိရှိတော်မူကြရန်ပင်ဖြစ်ပါသည်။
မိမိတို့ကိုယ်တိုင်က ပိဋကတော်များ၌ နှိုက်ချွတ်လေ့လာခြင်းမရှိပဲ ယင်းသို့နားလည်လိုသူများက တရားသဖြင့် မေးမြန်းကြရာ၌ အထက်စီးကနေ၍ ငေါက်ငမ်းခြင်း စိတ်ဆိုးခြင်းများ အလျင်းမပြုမိ ရန်ပင်ဖြစ်သည်။ 
 
ဤသို့ ဘုရားဟောစာပေတို့ကို လေ့လာသူများ စိတ်ပါဝင်စားစွာဖြင့် မေးမြန်လာသူကို ဘုရားသားတော် အမည်ခံ ရဟန်းတော်များက များစွာကြိုဆိုထိုက်ပေတော့သည်။ မြန်မာကို မြန်မာကသိရန်၎င်း၊ မြန်မာကို ကမ္ဘာကသိရန်၎င်း၊  ကမ္ဘာကို မြန်မာကသိရန်၎င်း၊ ကြိုးပမ်းကြရမည်မှာ အမျိုးကို ချစ်သောယနေ့မြန်မာတို့၏ သမိုင်းပေးတာဝန်ပင် ဖြစ်သကဲ့သို့ ဗုဒ္ဓသာသနာတော်ကို အရင်း အမြစ်ကျကျ မြန်မာတို့သိရန်၎င်း၊ ကမ္ဘာကသိလာရန်၎င်း ကြိုးစားရမည်မှာ သာသနာကိုချစ်သော သာသနာ့ ဝန်ထမ်း ရဟန်းတော်များ၏ တာဝန်ပင်ဖြစ်သည်။

စာရေးသူသည် အထက်ပါလူရွယ်လေးတဦး၏ အမေးကို ဖြေဆိုချင်သဖြင့် ဤဆောင်းပါးကို ရေးဖြစ်ရသည်။ သံယုတ်အဋ္ဌကထာ၌ မိန့်ဆိုချက်များကို မှီငြမ်းပြု၍ ဖေါ်ပြပါမည်။ ''ဘိက္ခု-ရဟန်း''ဟူသည် ဘိက္ခတိ ယာစတိ သီလေနာတိ ဘိက္ခု-တောင်းရမ်း စားသောက်နေရသောကြောင့် ရဟန်းဟုခေါ်ဆိုခြင်းဖြစ်သည်။ ''ပေးကြပါ ကမ်းကြပါ''ဟု ပါးစပ်မှ ထုတ်ဖေါ်မတောင်းသော်လည်း အိမ်စဉ်လှည့်ပတ်၍ဆွမ်းရပ်ခြင်းသည် အရိယာတို့၏ တောင်းခံနည်း တမျိုးပင်ဖြစ်သည်။
 
 ရဟန်းတို့၏ အသက်ရှင်ရေး(ဘဝရပ်တည်ရေး)သည် သူပေးလူပေး စားနေရသဖြင့် သူတပါးတို့နှင့် လုံးဝဆက်စပ် လျက်ရှိသည်။ ဗုဒ္ဓမြတ်စွာသည် သားရဟန်းတို့ကို ''ဘဝမေ့သူများ'' မဖြစ် စေချင်ပေ။ သူပေးလူပေး စားသောက်နေရသည့် ဘဝ၌ အချည်းအနှီး မာန်မာနတွေတတ်ကြွား၍ ပလွှားခြင်းကို လိုလားတော်မမူ။ အမြဲတမ်းမာန်မာနကို နှိမ့်ချသူများ ရိုးရိုးကုတ်ကုတ်ဖြင့် တရားကို အားထုတ်နေသူများသာ ဖြစ်စေချင်သည်။ 
 
ထို့ကြောင့် တောင်းခံစားသောက်နေရသည့်ဘဝကို မမေ့စေရန်အတွက် ''ဘိက္ခဝေ-အိမ်စဉ် လှည့်ပတ်၊ ဆွမ်းကိုရပ်လျက်၊ မပြတ်အမှန်၊ တောင်းခံရငြား၊ ရဟန်းများတို့''ဟု တရားမဟောမီ ရှေးဦးစွာ ရဟန်း တို့ကို ''အာလုပ်''ပြုတော်မူခြင်းဖြစ်သည်။
ထို့ပြင်ရဟန်းတို့အား တရားတော်ကို ကောင်းစွာ  နာယူစေလိုသည့်အတွက်''ရဟန်းတို့''ဟု အာလုပ်မြွတ်တော်မူခြင်းဖြစ်သည်။ တရားမဟောမီထိုသို့ ခေါ်လိုက်ခြင်းအားဖြင့် တရားတော်၌ ကောင်းစွာ စိတ်စိုက်လာစေသည်။ 
 
မှန်၏။ သာသနာတော်၏ ပြည့်စုံခြင်းသည် ကောင်းစွာစိတ်စိုက်ခြင်း၊ နှလုံးသွင်းခြင်းတည်း။ ''သုတံ ပညာယ၀ဍ္ဎုနံ-အသိအလိမ္မာ ဥာဏ်ပညာတိုးပွားခြင်းသည် စိတ်စိုက်မှတ်သား နာကြားခြင်းပင်တည်း''ဟု ဆိုထားသည်မဟုတ်ပါလော။ တနည်းအားဖြင့်လည်း ''ရဟန်းတို့'' ဟုမခေါ်ဘဲဟောလိုက်လျှင် အချို့ရဟန်းများစိတ်ပျံ့လွင့်နေ၍၄င်း၊ တရားဆင် ခြင်နေ၍၄င်း၊ ကမ္မဋ္ဌာန်း နှလုံးသွင်းနေ၍၄င်း၊ စုံစုံစိစိ မကြားနာလိုက်ရပဲရှိမည်။ ထိုသို့မကြားလိုက်ရသဖြင့် ဘုရားသျှင်ကို ဤတရားကို ဘယ်မြို့မှာဟောသည်။ ဘာကြောင့်ဟောသည် စသည်ကို မမှတ်သားနိုင်ပဲ အလွဲလွဲ အမှားမှားသော်လည်းဖြစ်မည်။ သို့မဟုတ် လုံးဝမမှတ်သားလိုက်နိုင်ပဲသော်လည်းရှိမည်။ ထို့ကြောင့် စိတ်စိုက် မှတ်သား စေတော်မူလို၍လည်း ရဟန်းတို့ကို ခေါင်းတပ်ခေါ်တော်မူခြင်း ဖြစ်ပါသည်။

ဤတွင် လူရွယ်လေးတဦး မေးသကဲ့သို့ပင် ''တရားနာ ပရိသတ်တွင် အခြားအခြားသော နတ်လူ တွေရှိပါလျက် အဘယ့်ကြောင့် ရဟန်းတို့ကိုသာ ရွေး၍ခေါ်တော်မူရပါသနည်း၊ မျက်နှာလိုက်၍ ရဟန်းတို့ကိုသာ ခေါ်တော်မူခြင်းလော''ဟု စောဒက တက်လိုက တက်နိုင်သည်။ ထိုသို့မဟုတ်ပါ၊ 
 
ရဟန်းတော်များသည် ကြီးကဲမြင့်မြတ်အနီးကပ်လျက် ဆက်စပ်နေသူများ ဖြစ်သောကြောင့်သာ ရဟန်းတို့ကို ခေါ်ဆိုလေ့ရှိပါသည်။ ယင်းသို့ ရဟန်းတို့ကိုသာ ခေါင်းတပ်ခေါ်သော်လည်း ဗုဒ္ဓမြတ်စွာ၏ တရာဒေသနာတော်သည် ပရိသတ်အားလုံး နှင့် သက်ဆိုင်သည်သာဖြစ်သည်။ အနည်းငယ် ထပ်၍ ရှင်းရသော် ပရိသတ်သည် ရဟန်းပရိသတ်၊ ရဟန်းမပရိသတ်၊ ဒကာပရိသတ်၊ ဒကာမပရိသတ်ဟု (၄)မျိုးရှိရာ ရဟန်းပရိသတ်သည် အဦးဆုံးပေါ်ပေါက်လာ သောကြောင့် ထိုပရိသတ်(၄)မျိုးတွင် အကြီးအကဲဟု ဆိုရသည်။ 
(ဗုဒ္ဓထံတော်၌ ပဉ္စဝဂ္ဂီရဟန်း ၅-ဦးပထမဆုံး တပည့်ခံသည်ကို သတိပြုပါ။)

သင်္ကန်းကို ဝတ်ရုံခြင်းမှစ၍ လောကီအာရုံ ကာမဂုဏ်တို့ကိုခွာရှောင်ခြင်း၊ ဘုရားသျှင်၏ ကျင့်စဉ်သို့ လိုက်၍ကျင့်ခြင်း၊ ပရိယတ္တိ ပဋိပတ္တိ ပဋိဝေဓ ဟူသော သာသနာတော်သုံးရပ်ကို ခံယူခြင်းတို့ကြောင့် သာမန်လူ တို့ထက် သာလွန်မြင့်မြတ်သည် ဟုလည်းဆိုနိုင်သည်။ တရားနာရန် စုဝေးရောက်ရှိ နေကြသည့် ပရိသတ်တို့တွင် ရဟန်းတို့သည် ဘုရားနှင့် အနီးကပ်ဆုံးလည်း ဖြစ်ကြသည်။ မြတ်စွာဘုရားထံ၌ အမြဲ မပြတ် ဆည်းကပ်သွား လာနေကြသောကြောင့် ဗုဒ္ဓမြတ်စွာနှင့် ဆက်စပ်လျက်ရှိသည်။ 
 
ဤအကြောင်း များကြောင့် ရဟန်းတို့ကို စတင်ခေါ်တော်မူခြင်းဖြစ်သည်။ တနည်းအားဖြင့် ရဟန်းများသည် ဘုရားသျှင် ဟောဖေါ်ညွှန်ပြ ဆုံးမတော်မူအပ် သည့်အတိုင်း မချွတ်မှန်စွာ လိုက်နာပြုကျင့်ကြရမည်ဖြစ်သောကြောင့် အိုးခွက်ပမာ တရားတော်၏ တည်ရာမှီရာများ ဖြစ်ကြလေသည်။ ထို့ကြောင့် ရဟန်းတို့ကို ခေါ်င်းတပ် ခေါ်ခြင်းဖြစ်သတည်း။

ဤမျှဖြင့် လူရွယ်လေးတဦး၏ အမေးသည် ပြီးပြေလောက်ပြီဟုထင်ပါသည်။ ဤသို့ပင် ဗုဒ္ဓမြတ်စွာ သည် အများဆုံးရဟန်းတို့ကို ပဓာနပြု၍ ၄၅-ဝါတိုင်တိုင် တရားဒေသနာတို့ကို မနေမနား ဟောကြားခဲ့ သည်။ ထိုဒေသနာတော်တို့သည် ပိဋကအားဖြင့် သုံးသွယ်၊ နိကယ်အားဖြင့်ငါးဖြာ၊ အင်္ဂါအားဖြင့် ကိုးတန်၊ ဓမ္မက္ခန်အားဖြင့် ရှစ်သောင်းလေးထောင် အထိမျှ ရှိခဲ့လေသည်။ 
 
ယနေ့ရဟန်းတော်တို့သည် ဤဒေသနာ တော်များ ပျောက်ပျက် ယိုယွင်းခြင်းမရှိရလေအောင် သင်အံလေ့ကျက် လျက်ရှိပေသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်တို့အနေဖြင့် အထွတ်အမြတ်ပြု၍ ပစ္စည်းလေးပါးဖြင့် ထောက်ပံ့လှူဒါန်းနေ ကြခြင်းဖြစ်သည်။ စလေဦးပုည ရေးသကဲ့သို့ ''ရှင်လျှပ်ရှင်မွေ၊ ပေသာပေ၊ တူသာတူ၊ ဘိက္ခူကြီးပဂေး၊ ဝိနည်းမှာဝေးစွ၊ ရှေးအတီတေ၊ ပုဂံပြေတွင်၊ ဆံကေသာ လက်လေးသစ်၊ မုတ်ဆိတ်မွှေးဗလဗြစ်၊ မဲညစ်သည့်စီဝရံနှင့်၊ တာတေလံ အကျင့်ဆိုးသော၊ ရှင်သိုးတကာထိပ်ခေါင်ကြီး၊ ရှင်မထီးတို့ကဲ့သို့ ယီးတီးယားတား'' အစားတွေထဲကဆိုလျှင် မည်သူကမျှ ပြန်စောင်းကြည့်ချင်ကြမည် မဟုတ်ချေ။ 
 
ထို့ကြောင့်......
''လူမှာလူဖျင့်၊ လူသာကျင့်၏
ရှင်နှင့်မလျှော်၊
ရှင်သော်ရှင်ကျင့်၊ ရှင်သာသင့်၏၊
လူနှင့်မရာ၊ မစပ်စွာတည့်''ဟု

မဃဒေဝ၌ မန်လည် ဆရာတော်ကြီး မိန့်မှာထားသကဲ့သို့ ရဟန်းတော်တို့ အနေဖြင့် ''ဘီလူးစည်း-လူစည်း'' ခြားလျက် ဝိနည်းတော်နှင့်အညီ နေထိုင်ခြင်း၊ လူတို့အား တရားသဖြင့် နည်းပေးညွှန်ပြ ဆိုဆုံးမခြင်းဖြင့် သာသနာတော်ကိုမလိုလားသူတို့၏ လက်ညှိုးထိုးစရာ ပြယုဂ်မဖြစ်စေပဲ မိမိတို့ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ မိမိအကျိုး၊ နိုင်ငံ၏အကျိုး၊ သာသနာတော်၏ အကျိုးတို့ကို သည်ပိုး ထမ်းရွက်တော်မူကြရန်ပင် ဖြစ်ပါ သတည်း။    ။

အရှင်မဟောသဓပဏ္ဍိတ  
၂၈-၂-၇၂ ၊ ဓမ္မဗျူဟာ (အတွဲ ၁ဝ၊ အမှတ် ၁၁)
အသံဖိုင်များ

Tuesday, June 19, 2012

ဘ၀ဟူသည်အကျဉ်းထောင်

ဘ၀ဟူသည်အကျဉ်းထောင်

ဘုရားရှင်က “ဘဝဟူသည် အကျဉ်းထောင်သာဖြစ်၏” ဟု မိန့်တော်မူ၏။ မှန်၏။ မိမိတို့တတွေသည် ဘဝအကျဉ်းထောင်ထဲ၌ အကျဉ်းချခံနေရသော ဘဝအကျဉ်းသားများသာ ဖြစ်ကြလေ၏။သေချာစဉ်းစားကြည့်။ တဏှာထားရာနေ၊ တဏှာစေရာသွား၊ တဏှာအမိန့်နာခံ၊ တဏှာခိုင်းသမျှ အကုန်လုပ်နေရသော တဏှာ၏ကျွန်၊ ဘဝအကျဉ်းသားတွေသာ ဖြစ်၏။ လောဘ၊ ဒေါသ စသောတစ်ထောင့်ငါးရာ ကိလေသာတွေ၏ အမိန့်အာဏာအောက်မှာ မလွတ်မလပ် ကျဉ်းကျပ်စွာ နေနေရသော အကျဉ်းသားတွေသာဖြစ်၏။

     မြတ်စွာဘုရားရှင်က “တဏှာဒါသော- သတ္တဝါအားလုံးသည် တဏှာ၏ကျေးကျွန်တွေချည်း သာတည်း”ဟု မိန့်တော်မူ၏။ ကျေးဇူးတော်ရှင် တောင်မြို့ဂန္ဓာရုံဆရာတော်ဘုရားက “ တဏှာစေရာ မနေသာဖွေရှာဆက်ရမည်” ဟု မိန့်တော်မူ၏။ နံနက်မိုးလင်းက ညနေ နေဝင်မိုးချုပ်သည့်တိုင်အောင် တောင်ကလူက မြောက်သွား၊ မြောက်ကလူကတောင်သွား၊ အရှေ့ကလူက အနောက်သွား၊ အနောက်ကလူက အရှေ့သွား။ ကားနှင့်တစ်မျိုး၊ရထားနှင့်တစ်ဖုံ၊ စက်ဘီးနှင့်တစ်မျိုး၊ ခြေကျင်တစ်သွယ်၊ ကိုယ့်ဇောနှင့်ကိုယ် မောရမှန်းမသိ၊ ပန်းရမှန်း မသိ၊ သွားလာလှုပ်ရှား လုပ်ကိုင်ရှာဖွေနေကြခြင်းသည် မည်သူက စေခိုင်းထားပါသနည်း။ တဏှာကစေခိုင်းထားခြင်း ကြောင့်သာ ဖြစ်၏။

    လူ၏ ပင်ကိုယ်သဘောသည် ကောင်းသောသဘောရှိ၏။ ကောင်းသောကုသိုလ်ကြောင့် လူဖြစ်လာရသဖြင့် လူ၏ပင်ကိုယ်ဗီဇသည် ကောင်း၏။ သို့သော် ကိလေသာ၏ လွှမ်းမိုး ချုပ်ချယ်မှု၊ ကြိုးကိုင်ချယ်လှယ်မှု၊ ကိလေသာအလိုကျပုံသွင်းခံရမှုတို့ကြောင့် လူအများစုသည် ပင်ကိုယ်ဗီဇ ပျောက်သွား၏။ ပင်ကိုယ်ဗီဇ ပျောက်သွားသောအခါ လူစိတ် ပျောက်သွား တော့၏။

     လူစိတ်နှင့်သာ လူလုပ်ရပါက ကောင်းသောအလုပ်ကိုသာ လုပ်မည်ဖြစ်၏။ သို့သော် လူသည် လူစိတ်အမြဲရှိသည်မဟုတ်။ ကိလေသာ အချုပ်အချယ်အောက်က လွတ်နေသည့် အခိုက်သာ လူစိတ် ဝင်၍ ကိလေသာ အချုပ်ချယ်အောက် ပြန်ရောက်သွားသောအခါ လူစိတ်ပြန်ပျောက်သွား၏။ လူစိတ် ဝင်သောအခါ ကောင်းသောအလုပ်၊ လူ့အလုပ်ကို လုပ်၏။ လူစိတ် ပျောက်နေသော အခါ မကောင်း သောအလုပ်၊ လူ့အလုပ်မဟုတ်သည်ကို လုပ်၏။

တစ်ပါးကျွန်ဘဝ၊ အချုပ်ချယ်ခံဘဝမှာ ကိုယ့်သဘောနှင့်ကိုယ် နေရသည်မဟုတ်။ ကိုယ့်သဘော နှင့်ကိုယ် အိပ်ရသည်မဟုတ်။ ကိုယ့်သဘောနှင့်ကိုယ် စားရသည်မဟုတ်။ ကိုယ့်သဘောနှင့်ကိုယ် လုပ်ရသည်မဟုတ်။ အရာရာ သခင်အလိုကျ၊ သခင်စိတ်တိုင်းကျသာဖြစ်ရလေ၏။ ဘုရားရှင်၏ နှုတ်ခပတ်တော် နိကာယ်ငါးရပ်၊ ပိဋကတ်သုံးပုံသည် အကျယ်အားဖြင့် ဓမ္မက္ခန္ဓာရှစ်သောင်းလေးထောင် ရှိ၏။ အကျဉ်းအားဖြင့် ဝိမုတ္တိရသ တစ်မျိုးတည်းသာရှိ၏။

ဝိမုတ္တိရသ ဟူသည်ကိလေသာ အချုပ်အချယ်တို့မှ လွတ်မြောက်ခြင်းကို ခေါ်၏။ရဟန္တာပုဂ္ဂိုလ်များ ရဟန္တာဖြစ်သွားသောအခါ “ အနုပါဒါယ အာသဝေဟိ စိတ္တာနိ ဝိမုစ္စိသု” ဟုပါဠိတော်မှာ ဆို၏။ အဓိပ္ပါယ်က ဥပါဒါန်အစွဲ ပြုတ်၍ အာသဝေါတရားတွေမှ စိတ်အစဉ်လွတ်မြောက်သွားပြီဟု ဖြစ်၏။ ရဟန္တာဖြစ်ခြင်းဟူသည် ဘဝအကျဉ်းထောင် က လွတ်မြောက်သွားခြင်းဖြစ်၏။ ဘဝအကျဉ်းထောင်က လွတ်မြောက်ဖို့ မိမိ စိတ်အစဉ်သည် အာသဝေါတရားတွေက လွတ်မြောက်ဖို့လို၏။ အာသဝေါနှင့် ကိလေသာ အတူတူပင်ဖြစ်၏။ လောဘ၊ ဒေါသ၊ မောဟ စသော အကုသိုလ်တရားများပင်ဖြစ်၏။

     ကိလေသာ အာသဝေါကင်းဖို့အတွက် အစွဲကင်းဖို့လို၏။ အစွဲ ဟူသည် ဥပါဒါန်ဖြစ်၏။ တဏှာပစ္စယာ ဥပါဒါနာဟု ဆိုသည့်အတိုင်း တဏှာကြောင့် ဥပါဒါန်ဖြစ်ရ၏။ တဏှာက တွယ်တာ၏။ သာယာ၏။ တပ်မက်၏။ တဏှာ၏ ထိုသို့ တွယ်တာမှု၊ သာယာမှု၊ တပ်မက်မှုကြောင့် အစွဲ ဥပါဒါန်ဖြစ်ရ၏။ တဏှာ မည်သူ့ကြောင့် ဖြစ်ရသနည်းမေးလျှင် ဝေဒနာ ပစ္စယာ တဏှာ ဟုဆိုသည့်အတိုင်းဝေဒနာကြောင့် တဏှာဖြစ်ရ၏။ ခံစားမှုကြောင့် တဏှာဖြစ်ရ၏။ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်ဒွါရခြောက်ပါးလုံးက အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အထိအတွေ့၊ သဘောတရားဟူသော အာရုံခြောက်မျိုးလုံးကို ခံစား၏။ ထိုခံစားမှုတွေကြောင့် တဏှာ ဖြစ်ရ၏။

     ဒုက္ခီ သုခံ ဝတ္ထယတိ- ဆင်းရဲတော့ ချမ်းသာကို တောင့်တ၏။ ချမ်းသာ ချင်၏။ ဒုက္ခဝေဒနာကြောင့် တဏှာဖြစ်ရ၏။ သုခီ ဘိယျောပိ ဣစ္ဆတိ- ချမ်းသာသူက ပို၍တိုး၍ ချမ်းသာ ချင်၏။သုခဝေဒနာကြောင့်လည်း တဏှာ ဖြစ်ရပြန်၏။ ဝေဒနာနိရောဓာ တဏှာနိရောဓော - ဝေဒနာချုပ်မှသာ တဏှာချုပ်မည် ဖြစ်၏။ တဏှာနိရောဓာ ဥပါဒါနာ နိရောဓော - တဏှာ ချုပ်လျှင် စွဲလမ်းမှုဥပါဒါန်တွေ ချုပ်မည်ဖြစ်၏။ စွဲလန်းမှု ဥပါဒါန်တွေချုပ်လျှင် ကိလေသာအာသဝေါ အချုပ်အချယ်တွေမှ ကင်းလွတ်မည်ဖြစ်၏။

     ကိလေသာအာသဝေါ အချုပ်အချယ်တွေက ကင်းလွတ်ဖို့၊ ဘဝအကျဉ်းထောင်က လွတ်မြောက်ဖို့ ဝေဒနာချုပ်ဖို့ လို၏။ အာရုံတွေကို မခံစားဖို့ လို၏။ အာရုံတွေ၏ အရသာကို မခံဖို့ လို၏။သုံးဆောင်ခံစား ဆိုသည့်နေရာမှာ သုံးဆောင်တာက တစ်မျိုး၊ ခံစားတာက တစ်မျိုးဖြစ်၏။ စားစရာ၊ဝတ်စရာ၊ နေထိုင်စရာ၊ ဆေးဝါးဓာတ်စာ သုံးဆောင်တာကတော့ သုံးဆောင် ရမည်ဖြစ်၏။ မသုံးဆောင်၍ မဖြစ်။ အရသာကို မခံစားဖို့သာ လို၏။ ထို့ကြောင့် ဘုရားရှင်က ဒိဋ္ဌေ ဒိဋ္ဌမတ္တ - မြင်လျှင် မြင်ကာမျှထား၊ သုတေ သုတမတ္တ - ကြားလျှင် ကြားကာမျှထား၊ မုတေ မုတမတ္တ - မွှေးလျှင် နံလျှင် မွှေးကာမျှ နံကာမျှ၊ စားသောက်လျှင်စားသောက်ကာမျှ၊ ထိတွေ့လျှင် ထိတွေ့ကာမျှထား။ ရှေ့ဆက်မခံစားနှင့်ဟု မိန့်တော်မူ၏။

    ထိုသို့ မရှိမဖြစ်၊ မသုံးဆောင်မဖြစ် အာရုံတွေကို သုံးဆောင်သည့်အခိုက် အရသာ မခံစားဘဲနှင့် ရှုမှတ်နိုင်လျှင် ဝေဒနာချုပ်၍ တဏှာပြုတ်မည်ဖြစ်၏။ တဏှာပြုတ်လျှင် အစွဲဥပါဒါန် လည်း ပြုတ်မည်ဖြစ်၏။ အစွဲ ဥပါဒါန်တွေပြုတ်လျှင် ကိလေသာအချုပ်အချယ်တွေ လွတ်မည်ဖြစ်၏။ ကိလေသာအချုပ်အချယ် တွေက လွတ်လျှင် ဘဝအကျဉ်းထောင်ကလည်း လွတ်ပြီဖြစ်၏။

အရှင်သံဝရာလင်္ကာရ(ဓမ္မပိယဆရာတော်)
၂၀၀၆-ခုနှစ်၊ ဖေဖော်ဝါရီလ၊ မြတ်မင်္ဂလာစာစောင်

Monday, June 18, 2012

စတုတ္ထမဏ္ဍိုင်ရဲ့ နံပါတ်မဲ့ ဝေဒနာ


စတုတ္ထမဏ္ဍိုင်ရဲ့ နံပါတ်မဲ့ ဝေဒနာ
ဂျာနယ်တွေက ပြောတဲ့ မြန်မာပြည်
ခုရက်ပိုင်းတွေမှာ “တနင်္ဂနွေ ဗုဒ္ဓယဉ်ကျေးမှုကျောင်း”များပေါ်ပေါက်ရေးအတွက် တိုက်တွန်းအကြံပေးဖို့ ဇာတိချက်ကြွေ အညာဒေသမြို့ရွာ တော်တော်များများကို ရောက်ဖြစ်ခဲ့ပါတယ်။ မိမိဇာတိနဲ့ မဝေးလှတဲ့ အညာမြို့တစ်မြို့က တောင်သူတစ်ပိုင်း ကုန်သည်တစ်ပိုင်း ဒကာကြီးတစ်ယောက်က
 “အခုဆို ဒီနိုင်ငံမှာ ခေတ်ကြီးက အတော်ကြီးကို ပြောင်းလဲတိုးတက်လာနေပြီဆိုတာ ဆရာတော်တို့ကော သတိထားမိကြရဲ့လား”
ဆိုပြီး မေးလာပါတယ်။ 
“ဟုတ်ကဲ့ … ဂျာနယ်တွေထဲမှာတော့  ဖတ်လိုက်ရပါတယ်” ဆိုတော့
“တပည့်တော်တို့ တောသူတောင်သားတွေကတော့ ဂျာနယ်တွေ ဘာတွေ သိပ်မဖတ်ရလို့ ဘာတွေတိုးတက်တယ်ဆိုတာ သေသေချာချာတော့ မသိပါဘူး။ အခုလို မြို့ပေါ်ရောက်လာတဲ့အခါမှာ သတိပြုမိတာကတော့ အရင်ကထက် ကားသစ်သစ်တွေ အတွေ့ရများသလို ကားတွေလည်း ပိုရှုပ်လာတယ်။ တပည့်တော်တို့အတွက်တော့ လမ်းကူး လမ်းဖြတ် ပိုပြီး ခက်ခဲလာတာပဲ ထူးပါတယ်ဘုရား”
ဆိုပြီး စကားရပ်သွားတယ်။
တစ်အောင့်လောက်နေတော့
“အခုဆိုရင် တောင်သူလယ်သမားတွေမှာ စိုက်ပျိုးစရိတ်တွေက ကြီး၊ မိုးလေ၀သ မမှန်လို့ ကောက်ပဲသီးနှံတွေက အထွက်ဖျဉ်း၊ ဈေးနှုန်းတွေက ကျနဲ့ အတော်လေးကို ကသီလင်တ ဖြစ်နေကြရတာ၊ ကြားရသလောက်တော့ ဒီလိုဖြစ်ရတာဟာ အညာရော အောက်ရော ရှိသမျှ တောင်သူ လယ်သမား အားလုံးလိုလိုပဲ။ ခုဆို တောင်သူလုပ်ငန်းခွင်သစ်က စကြရတော့မှာ စရိတ်စကဆိုတာက ခက်ခဲကြနဲ့၊ ဘယ်ကတောင် စရမှန်းမသိလောက်အောင်တောင် ဖြစ်နေကြတာ။ ဒါတွေနဲ့ ပတ်သက်လို့ သက်ဆိုင်ရာက သိရှိစီစဉ်ပေးဖို့ ဂျာနယ်တွေ ဘာတွေကများ ရေးကြ သားကြတာ ရှိမလားလို့ပါ”တဲ့။
          “အဲ .. ဂျာနယ်တွေမှာ အတွေ့ရများနေတာကတော့ ကားတင်သွင်းခွင့်တွေ ကားဈေးကျနေတာတွေ အကြောင်းရယ်၊ လျှပ်စစ်မီးတွေ ပျက်လို့ ဒုက္ခရောက်ကြတဲ့ အကြောင်းတွေရယ်၊ ပြီးတော့ နိုင်ငံက ချစ်ခင်လေးစားခြင်းခံရတဲ့ နိုင်ငံရေးခေါင်းဆောင်တွေရဲ့ ပုံတွေရယ်ပဲ ဒကာကြီး”
          “ကားဈေးက တပည့်တော်တို့ တောသူတောင်သားနဲ့ ဘာမှ မပတ်သက်ဘူးဘုရား။ ကားဈေးတွေ ဘယ်လောက်ကျနေနေ ကားခတွေက တက်မြဲ တက်နေတာပဲဟာ။ လျှပ်စစ်မီးပျက်တယ်ဆိုတဲ့ ဒုက္ခကလည်း တောရွာမှာ လုံးဝကို မကြုံဖူးဘူး။ 
 အစကတည်းက လျှပ်စစ်မီးဆိုတာ ဘာမှန်းတောင် သိမှ မသိကြတဲ့ ဥစ္စာ။ အပြင်က လျှပ်စစ်မီးဆိုတာကတော့ ဘယ်တုန်းကမှ မရဘူးလို့ အထွေအထူး တောင်းတတယ်ရယ်လို့လည်း တယ်မရှိကြပါဘူး။ အရှင်ဘုရားတို့လို မြို့ပေါ်နေခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေက ညည်းပြလို့သာ ကြားရဖူးတာပါ။ 
 ကျေးလက်တောနယ်တွေ မဖွံ့ဖြိုးဘူးဆိုတာလည်း အပြင်က လျှပ်စစ်မီးတွေ မလင်းနိုင်လို့ဆိုတာက အဓိကအကြောင်းရင်း မဟုတ်ဘူးထင်တယ်ဘုရား။ ကိုယ်လည်း ဒီလို အမှောင်ထုထဲမှာပဲ လူလားမြောက်လာ ရတာဆိုတော့ ဒီကိစ္စကို သိပ်တော့လည်း မဝေခွဲတတ်ဘူး။ ကိုယ့်အတွေ့ကြုံနဲ့ကိုယ် စဉ်းစားရသလောက် ပြောရမယ်ဆိုရင်တော့ တောသူတောင်သားများမှာ အဓိက ဒုက္ခပေးနေတာက အတွင်းမှာ အသိပညာအလင်း မရတဲ့ ကိစ္စပဲ”။ 
        
အသိပညာနည်းပါးကြတော့ အရှည်ကို မတွေးတော မဆင်ခြင်တတ်ကြဘူး။ ထစ်ခနဲဆို ရိုက်ဟယ်၊ နှက်ဟယ်၊ ခုတ်ဟယ်၊ ထစ်ဟယ်နဲ့။ လုပ်လို့ ကိုင်လို့ ရသမျှကလေးတွေလည်း စားရသောက်ရတယ်ရယ်လို့ကို တယ်မရှိကြဘူး။ ရုံးစား ဂါတ်စားနဲ့ လုံးပါးပါးကုန်ကြတာက အများသားကလား။ 
ခုတော့ ရွာမှာ ရပ်ရွာ လူကြီး တွေ ရော၊ ကျောင်းဘုန်းကြီးတွေရော တောင့်တနေကြတာက အပြင်မှာ လျှပ်စစ်မီးလင်းဖို့ မဟုတ်ပါဘူး။ နောင်လာ နောင်သားတွေအတွက် အသိပညာ လင်းရေးပါပဲ။ “အလယ်တန်း ပညာကလေးလောက်မှ ကိုယ်စီတတ်ကြပါစေ” ဆိုပြီး ကြိုးစားနေကြတာလဲ ကြာလှပြီ။ ကိုယ့်ဘက်က တတ်စွမ်းသမျှ မြေနေရာတို့၊ အဆောက်အဦတို့ဆိုတာတွေလည်း အတော်စုံပါပြီ။ ကျောင်းဖွင့်ပေးဖို့ကတော့ ခုအထိ ဘာသံမှကို မကြားရသေးဘဲဖြစ်နေတယ်။ အဲဒီအကြောင်းတွေရော ဂျာနယ်တွေမှာ ရေးကြ သားကြ အကြံပေး တိုက်တွန်းကြတာတွေများ ပါမိသလားလို့”။

“အဲဒီ ပညာရေးနဲ့ ပတ်သက်လို့တော့ ရှေးက တက္ကသိုလ်ကြီးတွေ ပြန်လည်ထွန်းပေါ်ရေးတွေ ဘာတွေ အကြောင်းလောက်ပဲ တွေ့ရတယ်။ ကျေးလက်ပညာရေးတွေ အကြောင်းတော့ သိပ်ကျယ်ကျယ်လောင်လောင် မကြားမိဘူး။ ကျေးလက်က လူတွေက ဂျာနယ်တွေ ဘာတွေ သိပ်မဖတ်ဘူးဆိုတော့လဲ ဂျာနယ်တွေက ဘယ်သိပ်အရေးစိုက်မလဲဗျာ၊ သူတို့ဖောက်သည်တွေ စိတ်ဝင်စားမှာကိုပဲ အဓိကထားကြပုံရပါတယ်။ ဂျာနယ်တွေကို စတုတ္ထမဏ္ဍိုင်ကြီးလို့တော့ ပြောတာပဲ။ 
ဒီမဏ္ဍိုင်ကြီးကလည်း ကားဝယ်နိုင်သူတွေ၊ လျှပ်စစ်မီးနဲ့ပတ်သက်သူတွေ၊ တက္ကသိုလ်ကြီးတွေ အကြောင်းပဲ စိတ်ဝင်စားနေကြတာထောက်တော့ ဧကန္တ ဒီမဏ္ဍိုင်ကြီး ကားတိုက်ခံရလို့ပဲ ယိုင်သွားသလား၊ ဓာတ်လိုက်လို့ပဲ မှိုင်သွားသလား၊ တက္ကသိုလ်ကို မတွေ့ရလို့ပဲ ငိုင်သွားသလားတော့မသိဘူး။ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနဲ့ ပတ်သက်လို့တော့ ဘာမှ ဟုတ်တိပတ်တိ အသံမြည်တာ မတွေ့မိဘူးဗျာ”
ဆိုတော့ ဒကာကြီးလဲ ရောပြီး ယိုင်သလိုလို၊ မှိုင်သလိုလို၊ ငိုင်သလိုလိုကြီးနဲ့ ငေးသွားတယ်။
ငါတို့တတွေက ဘယ်ဂိုဏ်းသားတွေလဲ
တအောင့်လောက်နေတော့
“လွတ်လပ်ရေးရပြီးခါစ တပည့်တော် ငယ်ငယ်တုန်းကပေါ့လေ၊ ဒီနယ်တစ်ဝိုက်မှာက ကွန်မြူနစ်ရော၊ ရဲဘော်ဖြူတို့ ရဲဘော်ဝါတို့ရော၊ ရောင်စုံသူပုန်တွေရဲ့ အနှိပ်စက် အတော်လေး ခံကြရတာပေါ့။ နောက်တော့ ပြူစောထီးဆိုတာတွေလဲ ပေါ်လာသေးတယ်။ အဲဒီတုန်းက ဘကြီးတို့လဲ ရှိသေးတယ်။ သူတို့ကတော့ ကိုလိုနီခေတ်လဲ ကြုံဖူး၊ ရှင်ဘုရင်ခေတ်အကြောင်းလဲ သိဖူးကြ တာကိုး။ သူတို့ကို မေးကြည့်ဖူးတယ်။
“လွတ်လပ်ရေးရပြီးတာနဲ့ မရသေးခင်ကနဲ့ ဘယ်လိုထူးသလဲ”လို့။
“ဖိနှိပ်ပုံတွေ အမျိုးမျိုးပြောင်းလဲလာတာပေါ့ကွာ၊ တို့ တောသူတောင်သားတွရဲ့ ဘဝကတော့ လက်ပြောင်းပြီး အဖိနှိပ်ခံရတာပဲ ထူးပါတယ်”တဲ့။
ဒကာကြီး ပြောတာကို ကြားရတော့ ခပ်ငယ်ငယ် မန္တလေးရောက်ခါစလောက်က မြဝတီမဂ္ဂဇင်းထဲမှာ လား မသိဘူးဖတ်လိုက်ရဖူးတဲ့ “အပြာဂိုဏ်း” ဆိုတဲ့ ဝတ္ထုတိုလေးကို ပြေးပြီး သတိရမိတယ်။ စာရေးဆရာတော့ အတိအကျမမှတ်မိဘူး။
ဇာတ်လမ်းကို မှတ်မှတ်မိမိရှိနေတာကတော့ ခုနဒကာကြီးပြောသလိုပဲ မိမိတို့ ဇာတိမြေ ရိုးမတောင်ခြေက ရွာတွေမှာ မိမိကိုယ်တိုင် ကြားတတ် မှတ်တတ်တဲ့ အရွယ်အထိ ကြုံတွေ့ခဲ့ရတဲ့ ခေတ်အခြေအနေကို ဇာတ်အိမ်ဖွဲ့ထားတာဖြစ်လို့ ကောင်းကောင်းကြီးကို မှတ်မိနေတာ။
ဇာတ်လမ်းက ရိုးမတောင်ခြေ ရောင်စုံသူပုန်နယ်မြေထဲက ရွာကလေးတစ်ရွာ။ အဲဒီရွာကို အနီဂိုဏ်း၊ အဝါဂိုဏ်း(ဒါက ဗကပနဲ့ မဟာမိတ်လုပ်ထားတဲ့ ပြည်သူ့ရဲဘော်ပါတီတဲ့)၊ အဖြူဂိုဏ်း(သူကတော့ လကျာ်ယိမ်း ပြည်သူ့ရဲဘော်ဆိုလားပဲ)ဆိုပြီး သုံးဂိုဏ်းရှိတယ်။ ရွာတွေမှာ သူတို့ရဲ့ ပါတီဝင် အမာခံတွေဆိုတာလည်း ရှိတယ်။ ညညဆိုရင် ရွာထဲကို တစ်ဂိုဏ်းဂိုဏ်းကတော့ ရောက်လာတတ်ကြတာ တယ်မပြတ်လှဘူး။ ရောက်လာရင် ဆိုင်ရာဂိုဏ်းတွေက သူတို့ အမာခံတွေကိုတော့ သိပြီးသား။ သိပ်မသဲကွဲတဲ့ အိမ်တွေ ဆိုရင်တော့ 
“မင်းက ဘယ်ဂိုဏ်းသားလဲ” မေးတယ်။ 
ကိုယ့်ဂိုဏ်းသားဆိုရင် ချမ်းသာပေးတယ်။ ကိုယ့်ဂိုဏ်းသား မဟုတ်ရင် ငွေဖြစ်စေ၊ ပစ္စည်းဖြစ်စေ တောင်းတယ်။ ဘာမှ မရဘူးဆိုရင်တော့
“ဒီလောက်တောင် မွဲရသလား”
ဆိုပြီး ခြေနဲ့ ကန်၊ သေနတ်ဒင်နဲ့ ဆောင့် ဆိုသလို ညှင်းဆဲကြပါတယ်။
ရိုးလည်း ရိုး၊ ကြောက်လည်း ကြောက်တတ်တဲ့ မိသားစုများကတော့ ရွာထဲမှာ မနေဘူး။ ယာနား ချောင်းနား တောထဲမှာပဲ ဖြစ်သလို ပုန်းနေကြရတာ။ 
နောက်တော့ “ရွာထဲက အိမ်မှာ လူမတွေ့ရင် အဲဒီအိမ် မီးရှို့မယ်”လို့
အမိန့်ထုတ်ကြတော့ ရွာလူကြီးက
“တစ်ရွာလုံး မီးဘေးမသင့်အောင် ကိုယ့်အိမ်ကိုယ် ပြန်နေကြ၊ တောထဲမှာ ညအိပ်ညဉ့်နေ မလုပ်ရ၊ လုပ်တဲ့လူ သူပုန်ကို စာရင်းပေးမယ်” 
ဆိုပြီး အမိန့်ထုတ်လာလို့ ညရောက်ရင် ရွာပြန်နေကြရတယ်။
တစ်ညမှာ သူပုန်အုပ်စု ရွာထဲဝင်လာတယ်။ တစ်အိမ်တက်ဆင်း မေးလိုက်၊ တိုက်လိုက်၊ ယူလိုက်၊ ရိုက်လိုက် လုပ်လာကြရာက အလွန်ရိုးပြီး ကြောက်တတ်တဲ့ မိသားစုအိမ်ရှေ့ ရောက်လာတယ်။ ဒီရွာမှာ ညညဆို အိမ်ပေါ်မှာ အိပ်ကြတဲ့ထုံးစံ မရှိဘူး။ အိမ်နောက်ဖေးမှာ ပုန်းကျင်းတွေ တူးပြီး အဲဒီထဲမှာပဲ အိပ်ကြရ တာ။
ရောက်လာတဲ့ သူပုန်အဖွဲ့(ဂိုဏ်း)က
“ဟေ့ .. အိမ်ပေါ်က လူတွေ ဆင်းခဲ့စမ်း”
လို့ အော်တော့ ဘာသံမှ ပြန်မကြားဘူး၊
“လူမရှိရင် အိမ်မီးနဲ့ ရှို့ကွာ”လို့
ပြောသံကြားတော့မှ ပုန်းကျင်းထဲမှာ အိမ်ရှင်မ လုပ်သူက သူ့ယောကျာ်းကို
“ရှင် ယောက်ျားပဲ၊ သွားရှင်းလိုက်၊ မဟုတ်ရင် အိမ်မီးရှို့ခံရလို့ တစ်ရွာလုံး ပြာပုံဖြစ်သွား လိမ့်မယ်”ဆိုပြီး တိုက်တွန်းလွန်းမက တိုက်တွန်းလို့ အိမ်ရှင် ယောက်ျားက အင်္ကျီမပါ၊ လုံခြည်စုတ် တိုနံ့နံ့လေး ဝတ်ပြီး ရောက်လာတယ်။ ဘာလုပ်ရမှန်းမသိလို့ ဒူးတုပ်ပြီး လက်အုပ်ကလေး ချီလို့တဲ့။
“မင်း ဘယ်ဂိုဏ်းကလဲ ပြော”
ဆိုတော့ ဘာမှ မပြောတတ်ဘူး။ အဲဒီလူက ပါတီတွေ ဂိုဏ်းတွေဆိုတာလဲ တကယ်ကို မသိတဲ့လူ။ သေနတ်ဒင်နဲ့ ဆောင့်တွန်းပြီး ကြိမ်းမောင်းလိုက်တော့မှ
“ ကျုပ် … ကျုပ်တို့က အပြာဂိုဏ်းပါ”
လို့ တုန်တုန်ယင်ယင် ပြောသတဲ့။ 
“ဟေ .. ဒီနယ်မှာ အနီရယ်၊ အဝါရယ်၊ အဖြူရယ် သုံးဂိုဏ်းပဲ ရှိတာ။ မင်းတို့က အပြာဂိုဏ်းဆိုတော့ ပါတီသစ်ပေါ့လေ။ ပြောစမ်း ခေါင်းဆောင် ဘယ်သူလဲ၊ ဘယ်ဝါဒလဲ”
ဆိုပြီး အော်ငေါက်ခြောက်လှန့်မေးတော့မှ
“ဘာ .. ဘာ ပါတီမှလဲ မဟုတ်ပါဘူး၊ ဘာဝါဒတွေဆိုတာလဲ မသိပါဘူး၊ ကျုပ်တို့ကတော့ သေနတ်ပါတဲ့လူတွေ လာသမျှ ပြာနေအောင် ကြောက်နေကြရတဲ့ “အပြာဂိုဏ်း” သားတွေပါဗျာ”လို့ ပြန်ပြောလိုက်ပါသတဲ့။
ခုလည်း ဒကာကြီး ပြောပုံအရတော့
“သူ့ရွာလဲ အပြာဂိုဏ်းသားတွေချည်းများ စုနေကြရလေ ရော့သလား”
လို့ တွေးနေမိတယ်။
“တပည့်တော်တို့ အလှည့်ရော ဘယ်တော့လောက်များ ကျပါ့မလဲနော်”
ဆိုတဲ့ အသံကြားလိုက်တော့မှ ငယ်ငယ်က ပုံရိပ်ကလေးတွေကို တွေးနေရာက ပြန်သတိလည်လာတယ်။
“သူ့ မေးခွန်းကို ဘယ်လို ဖြေလိုက်ရပါ့”
လို့ စဉ်းစားပေမယ့် အဖြေက ပေါ်မလာဘူး၊ မဆီမဆိုင်ပဲလား၊ ဆီဆိုင်လို့လားတော့ မသိဘူး။ စာသင်သားဘဝမှာ အဘိဓမ္မာသင်ရတုန်းက ဆရာသမား သင်ပြပုံကလေး တွေကို ပြန်သတိရလိုက်မိတယ်။
အဘိဓမ္မာအဖြ  … စိတ်စေရာနောက် ဖနောင့်လိုက်ရ …
အဘိဓမ္မာသင်တဲ့ ဆရာတော်က အတော်စာသင်ကောင်းတယ်။ ခြောက်သွေ့သွေ့ အဘိဓမ္မာဘာသာရပ်ကို အသက်ဝင်လာအောင် လူနဲ့ တွဲကပ်ပြီး သင်ပြလေ့ရှိတယ်။
ဒွါရခြောက်ပါး၊ အာရုံခြောက်ပါးနဲ့ ပတ်သက်ပြီး “စက္ခုနာ သံဝရော သာဓု” စတဲ့ မျက်စေ့၊ နား၊ နှာ၊ လျှာ၊ ကိုယ်တို့ကို သတိနဲ့ စောင့်ပေးဖို့ လိုအပ်တဲ့ အကြောင်းသင်ပြတဲ့အခါ ဘလက်ဘုတ်မှာ လူပုံကြီးရေးပြီး မျက်စေ့၊ နား၊ နှာ၊ လျှာ၊ ကိုယ်ဆိုတဲ့ အပြင်ဒွါရ ငါးခုနဲ့ ဝမ်းဗိုက်အလယ်မှာ “ဟဒယ” ဆိုတဲ့ မနောဒွါရပုံတွေကို ရေးပြထားတယ်။

 ပြီးတော့မှ -
“ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်ကြ – အပေါ်ဆုံးမှာ မျက်စေ့၊ အဲဒီနဲ့ မတိမ်းမယိမ်း ကပ်လျှက်အောက်မှာ နား၊ ပြီးတော့ နှာခေါင်း၊ အဲဒီအောက်က ပါးစပ်၊ ဒီဒွါရလေးခုက ဦးခေါင်းပိုင်းမှာ ရှိတယ်၊ တစ်ကိုယ်လုံးကို အပေါ်စီးကနေ နေရာယူထားကြတာပေါ့။ အဲဒီအောက်က ခြေဖျားအထိ တစ်ကိုယ်လုံးကြီးက ကာယဒွါရ၊ အလယ်က အတွင်းမှာ နေရာယူထားတာက မနောဒွါရပေါ့။
“မနောဒွါရ” ဆိုတာ စိတ်ရဲ့ တည်မှီဖြစ်ပွားရာ ဒွါရပဲ။ “စိတ်” ဆိုတာကို ရှေးလူကြီးများက “စေစားတတ်တဲ့ တရား”လို့ သုံးကြတယ်။ ဟုတ်လဲ ဟုတ်တယ်။ သူက စေပြီးတော့သာ စားတတ်တာ၊ လုပ်မစားတတ်ဘူး။ သူက စားချင်ပြီဆိုရင် မျက်စေ့၊ နား၊ နှာစတဲ့ အပြင်ဒွါရတွေကိုပဲ ခိုင်းစားတာလေ။ ဒွါရတွေဆိုတာ အတွင်းက စိတ်က စားချင်တဲ့ အာရုံတွေကို ဆိုင်ရာဆိုင်ရာ အလိုက် ရှာဖွေပြီး စားပေးနေရတဲ့ စိတ်ရဲ့ အစေအပါး ဝန်ထမ်းတွေပေါ့။
အများထင်နေတာက ပါးစပ်ကသာ စားတတ်တယ်ထင်နေကြတာ ဒွါရမှန်သမျှ သူ့ဆိုင်ရာ အာရုံကို စားကြတာချည်းပါပဲ။
ဒီထဲမှာ ဘယ်ဒွါရက အစားအကြီးဆုံး မှတ်သလဲ။ ပါးစပ်က တစ်နေ့ နှစ်ကြိမ် သုံးကြိမ် စားနေရလို့ အစားကြီးတယ် မမှတ်နဲ့။ သူ့အထက်က “နှာခေါင်း”ကိုကြည့် ဘယ်တော့မှ ဝတယ်ရယ်လို့ကို မရှိဘူး။ အဲဒီအထက်မှာ “နား”ဆိုတာကို ကြည့်ဦး၊ နှာခေါင်းထက် ဆိုးပြန်ရော။ နှာခေါင်းကမှ ကောင်းတဲ့အနံ့လေးကိုသာ ရွေးပြီး ကြိုက်တတ်တာ။ နားကတော့ ကောင်းတာလည်း ကြားချင်၊ မကောင်းတာလည်း ကြားချင်နဲ့ ပိုပြီး အစားကြီးပြန်ရော။
 အပေါ်ဆုံးက မျက်စေ့ကျတော့ ပိုဆိုးသေး။ ဘယ်တော့မှကို ဝတယ်မရှိရုံမကဘူး၊ သူများထဲ ဝင်စွက်ပြီး လုစားချင်သေးတယ်။ ကြည့်လေး နားက သီချင်း နားထောင်မယ်ဆိုရင်လဲ မျက်စေ့က အဆိုတော်လှ မလှဆိုတာ ဝင်နှောက်သေးတာ။ အောက်ဆုံးက ခန္ဓာကိုယ်ကြီးကတော့ ရိုးအအကြီးပါ။ အပေါ်ပိုင်း အဝတ်နှစ်ထည်၊ အောက်ပိုင်းအဝတ်နှစ်ထပ်ဆိုရင် ကျေနပ်နေရတာပါပဲ။ သေချာတွက်ကြည့်လိုက်တော့ အပေါ်ရောက်လေ အစားကြီးလေပဲ တဲ့။ အားလုံးကတော့ ကိုယ့် အတွေးနဲ့ကိုယ် ရယ်ကြတယ်။
အတွင်းက ဆရာကြီးလုပ်ပြီး စေစားနေတဲ့ စိတ်က မျက်စေ့ကို သိပ်အားကိုးတယ်။
“တို့က မျက်မြင်ကိုယ်တွေ့မှလက်ခံနိုင်မယ်” ဆိုတာကို ကြည့်ပါလား။
မျက်စေ့နဲ့မြင်ရပြီဆိုရင် တစ်ကိုယ်လုံးနဲ့တွေ့ ရသလိုကို ယုံကြည်ပစ်လိုက်တော့တာ မဟုတ်လား။ ဒါကြောင့်လည်း မြတ်စွာဘုရားက “စက္ခုနာ သံဝရော သာဓု = မျက်စေ့ကို သတိနဲ့ စောင့်ပေးထားနိုင်မှ ကောင်းမယ်” လို့ ဟောတာပေါ့။ 
အဲ .. စဉ်းစားကြည့်ရင်တော့ မျက်စေ့ထက် ပိုကြောက်စရာကောင်းတာက “နား” ပဲ။
သူက ပိတ်တယ်လည်း မရှိဘူး၊ အမြဲပွင့်နေတာ၊ ပြီးတေ့ တံတိုင်းတို့ နံရံတို့နဲ့ ကွယ်တဲ့နေရာတွေက အသံကိုလည်း ကြားနိုင်တာလေ။ 
ကဲ .. ဒီ့ပြင်ဟာ မကြည့်နဲ့ အခုဆို ရတနာ့ဂူနတ်ပွဲက နီးလာပြီး မဟုတ်လား။ 
အဲဒါ နားက “စန့်ဆို နံ့ကနဲ”ပဲ၊ ဘယ်ပွဲတွေပါမှာတဲ့။ ဘယ်မင်းသမီး မင်းသား၊ ဘယ်အဆိုတော်တွေ ဆိုတာ ကြားပြီးလိုက်ပြီ။ ကြားပြီး ဒီအတိုင်းမနေဘူး၊ သူ့သခင် “စိတ်”ဆီ သွားပြီး သတင်းပို့တယ်။ စိတ်က ကြည့်ချင်၊ ကြားချင်လာတာပေါ့။ အဲဒီတော့ ထုံးစံအတိုင်း စေစားတော့မှာပေါ့။
 စေပြီဆိုတော့ သူအားထားတဲ့ အပေါ်ပိုင်းနဲ့စပြီး စည်းဝေးတိုင်ပင်တာပဲ။ စည်းဝေးကြတဲ့အခါ မျက်စေ့ကလည်း သူ့အတွက် အဆင်းတွေအများကြီး မြင်ရမှာဆိုတော့ ဒီကိစ္စ သဘောတူမှာပေါ့။ နားအတွက်ကလည်း အသံအမျိုးမျိုးတွေနဲ့။ နှာခေါင်းအတွက်ကလဲ အနံ့အမျိုးမျိုး စုံတယ်။ လျှာအတွက်ကလည်း ခဲဖွယ်စားဖွယ် စုံမှစုံဆိုတော့ အပေါ်ပိုင်းမှာ စားစရာဝေစုတွေ အသီးသီးနဲ့ဖြစ်လို့ ဘယ်သူကမှ မကန့်ကွက်ဘူး  …
“လောကမှာ မျက်စေ့ကြီး နားကြီးရှိမှ ဗဟုသုတ စုံတယ်”
ဆိုပြီး အတည်ပြုလိုက်ကြတော့တာပေါ့။
“ကဲ .. ဒါဖြင့် လူကြီးမင်းတို့ အဲလေ .. မျက်စေ့ကြီးမင်း၊ နားကြီးမင်းတို့ ရှုစားကြ နားဆင်ကြပေရော့”
ဆိုတော့မှ သူတို့ကိုယ်သူတို့ အခြေအနေမှန်ကို သတိထားမိတယ်။ 
သူတို့ကလည်း “စေစား” ရဲ့ လက်အောက်ခံ “ဝေစား”တွေပဲကိုး။ 
အဲဒီတော့ လေသံချိုချိုကလေးနဲ့ “မိဖပြည်သူ ခြေထောက်များခင်ဗျား၊ သယ်ဆောင်ရွေ့ လျှားပေးတော်မူကြပါရန် အနူးအညွတ် မေတ္တာရပ်ခံအပ်ပါသည်”တွေ ဘာတွေ လုပ်လာကြပြန် တာပေါ့။
ပွဲခင်းဆီရောက်သွားပြီး အပေါ်ပိုင်းမှာတော့ စားစရာအာရုံကိုယ်စီနဲ့ ကြည့်လို့ ရှုလို့၊ နားသောတဆင်လို့၊ ရှုလိုက် ရှိုက်လိုက်၊ စားလိုက် သောက်လိုက်၊ ပျော်မဆုံး မော်မဆုံး၊ တပြုံးပြုံးပေါ့။
ဒီအချိန်မှာ ဝမ်းဗိုက်ကြီးကတော့ ပါးစပ်နဲ့ ရှယ်ယာလုပ်ထားတော့ သိပ်မဆိုးလှဘူး။ 
အောက်က ခြေထောက်တွေကတော့ ညောင်းညာတောင့်တင်းပြီး တစ်ခါတစ်ခါ ခြင်တို့က ကိုက်ခဲဖျော်ဖြေတာကို ခံစားရင်း စောင့်ပေဦးတော့ပေါ့။
အဲ .. ပွဲခင်းမှာ “စီကနဲ” ဖြစ်လာပြီး ဆူကြဆဲကြ၊ ရိုက်ကြ ပုတ်ကြဆိုတာမျိုး ဖြစ်လာပြီဆိုတော့မှ “မျက်စေ့ကြီး နားကြီး မင်းတို့ မျက်စေ့သူငယ် နားသူငယ်ဆိုတာတွေ ဖြစ်ကုန်ပြီး ထုံးစံအတိုင်း “မိဖပြည်သူအောက်ခြေမင်းများခမျာ”ကို တ ကြ ပြန်ရောပေါ့။ 
အဲဒီမှာ ပြေးဟယ်၊ လွှားဟယ်တို့၊ ခလုတ်တိုက်ဟယ်၊ ဆူးငြိဟယ်တို့ ဆိုတာတွေကတော့ အောက် ခြေထောက်ကြီး အတွက် သမိုင်းပေး အမွေအနှစ်ဖြစ်တဲ့ အလှည့်ကျခွဲတမ်းကြီးပေါ့။ 
“နာမ် မလိမ္မာ၊ ရုပ်နစ်နာတယ်။ နာမ်လိမ္မာမှ၊ ရုပ်သက်သာတယ်”
ဆိုတာ ဒါကိုပြောတာ။ ဒါကြောင့် ဓမ္မပဒ(၃၆)မှာ “စိတ္တံ ရက္ခေထ မေဓာဝီ = အသိဥာဏ်ရှိသူဟာ စိတ်ကို  သတိနဲ့ကပ်ပြီး စောင့်ထားကြ။ စိတ္တံ ဂုတ္တံ သုခါဝဟံ = စိတ်ကို လုံခြုံအောင် စောင့်ထားရင် ချမ်းသာကို ဆောင်နိုင် တယ်” လို့ ဟောတော်မူထားတာ”တဲ့။
“အရှင်ဘုရား … ကြားသလား၊ တပည့်တော်တို့ အလှည့်ကလေးများ ရောက်အောင် အရှင်ဘုရား ပြောတဲ့ စတုတ္ထ မဏ္ဍိုင်ကြီးကရော ဘယ်လိုများ ရေးသားလှုံ့ဆော်နေတုန်း” ဆိုတာလေ။
အော် … အဲ .. ဟုတ်ကဲ့၊ ခုတော့ ကြည့်ရှုနားထောင်လို့ ကောင်းကြတုန်း၊ စားတုန်း သောက်တုန်း ငေးမောတုန်းပဲ ရှိသေးထင်ပါရဲ့ဗျာ၊ “စီကနဲ” ဖြစ်ရင်တော့ အောက်ခြေမင်းတို့ အလှည့်လဲ ရောက်လာမယ်ထင်ပါရဲ့”လို့ပဲ ဖြေလိုက်ရမလား။   ဘယ်လိုများ ဖြေလိုက်ရပါ့။ ။
ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)

Sunday, June 17, 2012

စိတ်ချမ်းသာအောင် ဘယ်လိုနေမလဲ


စိတ်ချမ်းသာအောင် ဘယ်လိုနေမလဲ

တစ်ခါတုန်းက ကဿပဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူတဲ့အခါ ကြွင်းကျန်တဲ့ ဓာတ်တော်တွေကို ဌာပနာပြီး ရွှေစေတီတည်ပါတယ်။ အရပ်လေးမျက်နှာက ပရိသတ်အပေါင်းကလည်း ပန်းနံ့သာတွေနဲ့ ရွှေစေတီကို ပူဇော်ကြပါတယ်။ ပန်းတွေနဲ့ ပူဇော်ပွဲမှာ မထင်ရှားတဲ့ အမျိုးသားလေး တစ်ယောက်လည်း ပါပါတယ်။

ပန်းပူဇော်သူတွေ ပြန်သွားတဲ့အခါ အမျိုးသားငယ်က ပန်းတင်လှူထားတွေ မညီမညာဖြစ်နေတာ တွေ့ရတဲ့ အတွက် ကြည့်လို့ကောင်းအောင် ပြုပြင်ပြီး ပြန်ပူဇော်ပါတယ်။ ဒါတင်မကပါဘူး။ သူများလှူခဲ့တဲ့ပန်းတွေကို ပြန်ပြုပြင်ပြီး ပူဇော်ပြီး အဲဒီပူဇော်မှုကိုပဲ အာရုံပြုပြီး မြတ်စွာဘုရားရှင်ရဲ့ ဂုဏ်တော်တွေကို ပွားပါတယ်။ ဂုဏ်တော်ပွား တဲ့အခါ စိတ်က ကြည်ကြည်လင်လင် ဖြစ်လာပါတယ်။ ပြုထားတဲ့ကောင်းမှုကို နှလုံးသားထဲမှာ ထည့်ထား လိုက်ပါတယ်။
သက်တမ်းစေ့လို့ ကွယ်လွန်တဲ့အခါ မညီမညာဖြစ်နေတဲ့ ပန်းတွေကို ပြန်ပြုပြင်ပြီး ပူဇော်ခဲ့ရတဲ့ ကုသိုလ်ကံကြောင့် တာဝတိံသာနတ်ပြည်မှာ သုနိက္ခိတ္တနတ်သားရယ်လို့ ဖြစ်ရပါတယ်။

 မြန်မာလိုပြောရင်တော့ “ ကောင်းကောင်းထား” ပါ။ တန်ခိုးအာနုဘော်ကြီးသလို အခြံအရံတွေလည်း များစွာရပါတယ်တဲ့။
ဂေါတမမြတ်စွာဘုရားရင် ပွင့်တော်မူတဲ့အခါ ရှင်မဟာမောဂ္ဂလာန်မထေရ်မြတ် တာဝတိံသာနတ်ပြည်ကို ရောက်လာပြီး ဘယ်လို ကုသိုလ်တွေပြုခဲ့လို့ ဒီစည်းစိမ်တွေ ရတာလဲလို့ ကောင်းကောင်းထားနတ်သားကို မေးတော်မူပါတယ်။
ဒီတော့ နတ်သားက “ တပည့်တော်ဟာ ရွှေစေတီမှာ ဖရိုဖရဲ မညီမညာ တင်ထားတဲ့ပန်းတွေကို ကြည့်လို့ ကောင်းအောင် ကြည်ညိုဖွယ်ဖြစ်အောင် ပြန်ပြုပြင်ပြီး ပူဇော်ခဲ့ပါတယ်ဘုရား။

အဲဒီကုသိုလ်ကြောင့် ဒီနတ်စည်းစိမ် တွေကို ခံစားနေရတာပါဘုရား ”လို့ ပြန်လျှောက်ပြပါတယ်။
ရှင်မဟာမောဂ္ဂလာန်က လူ့ ပြည်ပြန်ရောက်တဲ့အခါ ဒီအကြောင်းကို မြတ်စွာဘုရားကို ပြန်လျှောက်ပါတယ်။ မြတ်စွာဘုရားရှင်ကလည်း ဒီအကြောင်းကိုပဲ လူပရိသတ်ကို ပြန်ဟောပြပေးတော်မူပါတယ်။
မြတ်စွာဘုရားရဲ့တရားကို နာကြားရတဲ့ ပရိသတ်တွေဟာ သုနိက္ခိတ္တနတ်သားကို အားကျပြီး “ ငါတို့လည်း သုနိက္ခိတ္တနတ်သားလို ပိုက်ဆံကုန်စရာမလိုဘဲ သူများလှူတဲ့ ပန်းကို ကြည်ညိုဘွယ်ဖြစ်အောင် ပြန်ပြုပြင်ပူဇော်ရင် နတ်စည်းစိမ်ကို ရလိမ့်မယ် ” လို့ နှလုံးသွင်းပြီး စေတီတော်ကိုရောက်တဲ့အခါ သူများတင်လှူပြီးသား ပန်းတွေကို ကြည်ညိုဘွယ်ဖြစ်အောင် ပြုပြင်ပြီး ပြန်ပူဇော်ကြပါတယ်။ အဲဒီကုသိုလ်ကြောင့်ပဲ သူတို့လည်း နတ်ပြည်ရောက်
ကြရပါတယ်တဲ့။
(၀ိမာန၀ထ္ထုအဋ္ဌကထာ၊ သုနိက္ခိတ္တ၀ထ္ထု)

ရောက်တဲ့အရပ်မှာ ကိုယ့်ကိုယ်ကိုယ် ကုသိုလ်ဖြစ်အောင် လုပ်တတ်လိုက်ပုံလေးကို သဘောကျလို့ ဒီဝထ္ထုလေးကို ထုတ်ပြလိုက်တာပါ။
ပင်ကိုယ်အားဖြင့် သူ့ရဲ့ စိတ်ကလေးကကို မှန်နေလို့ပါ။ ပန်းတွေပြုပြင်နေတဲ့အချိန်မှာ ပန်းပိုင်ရှင်တွေကို အပြစ်တင်တဲ့စိတ်လည်း ရှိမနေခဲ့ပါဘူး။ လူငယ်စကားနဲ့ ပြောရရင် ဆရာကြီးလုပ်ချင်တဲ့စိတ် ရှိမနေခဲ့ပါဘူး။ တကယ့်ကို စိတ်ထားဖြူဖြူလေးနဲ့ လုပ်ခဲ့တာပါ။ ပြီးတော့ ပိုက်ဆံလည်း မကုန်ခဲ့ပါဘူး။ ကုသိုလ်များ ရချင်တဲ့သူအတွက်တော့ အမြဲကို လွယ်နေတော့တာပါ။
စေတီကနေ အိမ်ပြန်လာတဲ့အခါ သူ့ရဲ့ ခြေလှမ်းတိုင်းမှာ ဘယ်လောက်စိတ်ချမ်းသာနေမယ်ဆိုတာ တွေးကြည့်တဲ့သူတောင် စိတ်ချမ်းသာရတာပါ။
စာရေးသူက စိတ်ချမ်းသာအောင်နေတဲ့သူဆို သိပ်အားကျတာပါ။

စိတ်ချမ်းသာအောင် ဘယ်လိုနေမလဲ……….?
တချို့ ကျတော့ စိတ်ချမ်းသာကြပါတယ်။ တချို့ ကြတော့ စိတ်မချမ်းသာကြပါဘူး။
အဖြေကတော့ တိုတိုပါပဲ။
ကိုယ့်ရင်ထဲမှာ အကုသိုလ်စိတ်တွေ ကိန်းနေရင် စိတ်ဆင်းရဲရပါတယ်။
ကိုယ့်ရင်ထဲမှာ ကုသိုလ်စိတ်တွေ ကိန်းနေရင် စိတ်ချမ်းသာရပါတယ်။
တစ်ခါတလေ စိတ်ချမ်းသာနေပြီဆိုရင် ကိုယ့်ရင်ထဲကို ပြန်အာရုံပြုကြည့်လိုက်ပါ။ ကုသိုလ်စိတ်တွေ ကိန်းနေတာ တွေ့ရပါလိမ့်မယ်။ ဒါနနဲ့ ယှဉ်တဲ့ကုသိုလ်ပဲဖြစ်ဖြစ်၊ ဝေယျာဝစ္စပရဟိတနဲ့ ယှဉ်တဲ့ ကုသိုလ်ပဲဖြစ်ဖြစ်၊ ဂုဏ်တော်၊ မေတ္တာ၊ ၀ိပဿနာနဲ့ ယှဉ်တဲ့ ကုသိုလ်ပဲဖြစ်ဖြစ် ကုသိုလ်တစ်ခုခု ကိန်းနေလို့ပါ။

ဒီလိုပါပဲ။ စိတ်ဆင်းရဲနေရပြီဆိုရင်လည်း အကုသိုလ်စိတ်တစ်ခုခု ကိန်းနေလို့ပါ။ ဒေါသပဲဖြစ်ဖြစ်၊ ဣဿာမစ္ဆရိယပဲဖြစ်ဖြစ် အကုသိုလ်စိတ်တစ်ခုခုဝင်နေတာ တွေ့ရပါလိမ့်မယ်။
တကယ်လို့ စိတ်ဆင်းရဲနေလို့ ကိုယ့်ရင်ထဲကို သတိနဲ့ ပြန်ကြည့်လို့ အကုသိုလ်စိတ်တစ်ခုခု ကိန်းနေတာ တွေ့ရရင် “ ဒီအကုသိုလ်စိတ်ကလေးကြောင့် ငါစိတ်ဆင်းရဲနေရတာပဲ ” ဆိုပြီး ဆင်ခြင်လိုက်ပါ။ ပြီးရင် ကိုယ်ကြိုက်တဲ့ ဣရိယာပုထ်နဲ့ သေချာထိုင်ပြီး ကိုယ့်ရင်ထဲက အကုသိုလ်စိတ်ကလေးကို စိတ်နဲ့ပဲ ပြန်ကြည့်နေ လိုက်ပါ။ ဖြစ်နေတဲ့ အကုသိုလ်စိတ်ကလေးကို စိတ်နဲ့ပဲ ပြန်သိနေလိုက်ပါ။ တစ်မိနစ်ပဲဖြစ်ဖြစ်၊ နှစ်မိနစ်ပဲဖြစ်ဖြစ်၊ သုံးမိနစ်ပဲဖြစ်ဖြစ်၊ ငါးမိနစ်-ဆယ်မိနစ်ပဲဖြစ်ဖြစ် အချိန်ကလေးယူပြီး ကိုယ့်ရင်ထဲမှာ ဖြစ်နေတဲ့ စိတ်ကလေးကို သတိကပ်ပြီး သိနေ လိုက်ပါ။

သိပါ သိပါများလာရင် ထွက်သွားပါလိမ့်မယ်။ တစ်ခုတော့ရှိပါတယ်။ ကိုယ့်ရင်ထဲရောက်နေတဲ့ အကုသိုလ်က သိပ်ပြီး ကြီးနေရင်တော့ အချိန်ကလေးတော့ ယူပေးရပါမယ်။
သိပါများများလာရင်တော့ တဖြည်းဖြည်း လျော့လျော့သွားပါလိမ့်မယ်။
ဒါက စိတ္တာနုပဿနာခေါ်တဲ့ ၀ိပဿနာနဲ့ အဆင့်မြင့်မြင့် ပယ်ထုတ်ပစ်လိုက်တာပါ။
ကိုယ့်ရင်ထဲမှာ အကုသိုလ်စိတ်တစ်ခု ၀င်လာရင် အဲဒီအကုသိုလ်စိတ်ကို ဥာဏ်နဲ့ စိုက်ကြည့်တဲ့ အလုပ်ကို သေချာထုံထားလိုက်ပါ။ ကြာလာရင် ကိုယ်မျှော်လင့်တဲ့ စိတ်ချမ်းသာမှုလေးတွေ ရောက်လာပါလိမ့်မယ်။

ကိုယ်က ၀ိပဿနာနဲ့ အဆင့်မြင့်မြင့် မပယ်နိုင်သေးဘူးဆိုရင်တော့ ဖြစ်နေတဲ့ အကုသိုလ်ကလေးကိုပဲ စိုက်ကြည့်ပြီး ” အကုသိုလ်ဆိုတာ မကောင်းဘူး၊ စိတ်ကိုလည်း ပူလောင်စေတယ်၊ ရုပ်ကိုလည်း ပူလောင်စေတယ် ” လို့ ထပ်ကာ ထပ်ကာလေး ဆင်ခြင်ပေးနေလိုက်ပါ။ ကိုယ့်ရဲ့ ဆင်ခြင်မှုကို အသိဥာဏ်က လက်ခံသွားပြီဆိုရင် ဖြစ်နေတဲ့ အကုသိုလ်လေးက ထွက်သွားတာများတယ်။
ဆင်ခြင်ပေမယ့် အသိဥာဏ်ပိုင်းက လက်မခံသေးဘူးဆိုရင်တော့ အကုသိုလ် မထွက်သေးပါဘူး။ ဆင်ခြင်မှု တွေများလာတဲ့အခါ အသိဥာဏ်ပိုင်းက လက်ခံသွားတဲ့အခါမှာတော့ အကုသိုလ်လေးက မနေ၀ံ့တော့ပါဘူး။ ထွက်ကို ထွက်သွားရတော့တာပါ။

ဆင်ခြင်တဲ့နေရာမှာ “ဘယ်သူတွေက ဘယ်တုန်းက ဘယ်လိုပြုခဲ့လို့ ဘယ်လိုဆိုးကျိုးတွေ ပေးသွားတာ ” စသည့်ဖြင် ကိုယ်လက်တွေ့ တွေ့မြင်ခဲ့ရတာလေးတွေနဲ့ ယှဉ်ပြီး အကုသိုလ်ရဲ့ အကျိုးအပြစ်ကလေး တွေကို ပေါ်နိုင်သမျှ ပေါ်အောင်ပုံဖော်ပြီး ကိုယ်ဆင်ခြင်တတ်သလို ဆင်ခြင်လို့လည်း ရပါတယ်။ ဒါမှမဟုတ် ကိုယ်ကြားဖူး ထားတဲ့ အကုသိုလ် ဆိုးကျိုး ၀ထ္ထု ဇာတ်လမ်းတွေကို အာရုံပြုပြီး ဆင်ခြင်လို့လည်း ရပါတယ်။
အဓိကကတော့ ဒီအကုသိုလ်စိတ်ကလေးကြောင့် ကိုယ်စိတ်ဆင်းရဲနေရတယ်ဆိုတာ သေချာသိထားဖို့ပါပဲ။ သိထားပြီး ကိုယ်ကိုယ်တိုင်ကလည်း ဒီအကုသိုလ်စိတ်ကလေးကို မလိုလားဘူးဆိုရင် ဆင်ခြင်ပြီးပဲပယ်ပယ်၊ ၀ိပဿနာမှတ်ပြီးပဲ ပယ်ပယ် ပယ်လို့ လွယ်သွားတာ များပါတယ်။

တစ်ခုတော့ရှိပါတယ်။ အကုသိုလ်ပယ်ပုံနဲ့ ပတ်သက်လို့ အလေ့အထုံ နည်းနေသေးတယ်ဆိုရင်တော့ သူများထက် ပိုပြီး ထပ်ကာထပ်ကာလေး ဆင်ခြင် ဆင်ခြင် သိသိပေးနေရပါမယ်။ အလေ့အကျင့် လုပ်ပါများလာရင် အလုပ်က သင်သွားတာများပါတယ်။
ဆင်ခြင်လို့ သိလို့ အကုသိုလ်လေး ထွက်သွားတဲ့အခါ နောက်ထပ် ဘာဆက်လုပ်ရမလဲဆိုတော့ ကိုယ့်ရင် ထဲမှာ ကုသိုလ်စိတ်ကလေးတစ်ခု ရောက်လာအောင် လုပ်ရပါတယ်။ အလွယ်ဆုံးနည်းကတော့ အရဟံဂုဏ်တော် လေးကို ထပ်ကာထပ်ကာ ပွားနေလိုက်မယ်ဆိုရင်လည်း အလွယ်တကူ ကုသိုလ်စိတ်ကလေး ၀င်လာတာပါ။
အရဟံ = ကိလေသာကင်းစင်တော်မူသောမြတ်စွာဘုရား
အရဟံ = ဆိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုကို ပြုတော်မမူတော် မြတ်စွာဘုရား
အရဟံ = ပူဇော်အထူးကို ခံယူတော်မူထိုက်တော မြတ်စွာဘုရား
လို့ ထပ်ကာထပ်ကာလေး ပွားနေလိုက်ပါ။

ဒါမှမဟုတ် အိမ်မှာရှိတဲ့ဘုရားကို ရေကပ်တာ၊ ပန်းကပ်တာတွေ လုပ်လိုက်ရင်လည်း ရပါတယ်။
လက်တွေ့ အသုံးချကြည့်လို့ ကိုယ်မျှော်လင့်သလိုဖြစ်သွားပြီဆိုရင် သိပ်ပျော်ရတာပါ။ နောင် အကုသိုလ်စိတ် ကလေး ၀င်လာလို့ စိတ်ဆင်းရဲနေရတဲ့အခါ ပယ်ထုတ်ရမှာ ၀န်မလေးတော့ပါဘူး။
ဝင်လာတဲ့ အကုသိုလ်ကို ပယ်နည်းတွေက စာမှာအများကြီးရှိနေတာပါ။ နည်းအများကြီးထဲက ကိုယ့်အတွက် လွယ်တဲ့နှစ်နည်းလောက်ကို လက်ကိုင်ထားလိုက်ရင် ရပါတယ်။ အကုသိုလ်ဝင်လာတဲ့အခါ ကိုယ့်အတွက် လွယ်တဲ့ ကိုယ်လက်ကိုင်ထားတဲ့နည်းနဲ့ ပယ်ပယ်ထုတ်ထုတ်သွားဖို့ပါပဲ။ ၀င်လာတဲ့အကုသိုလ်ကို မပယ်ဘဲ မခွာဘဲ ဒီအတိုင်းထားလိုက်ရင် အကုသိုလ်က တိုးတိုးပွားပွားလာတာ များပါတယ်။ ကိုယ့်ရင်ထဲမှာ အကုသိုလ်တိုးလေ တိုးတိုးပြီး စိတ်ဆင်းရဲရလေလေပါပဲ။

လူတစ်ယောက်ဟာ စိတ်ချမ်းသာဖို့ သိပ်ပြီးအရေးကြီးပါတယ်။ စိတ်ချမ်းသာနေမှ လောကီအလုပ်ပဲလုပ်လုပ် လောကုတ္တရာအလုပ်ပဲလုပ်လုပ် အဆင်ပြေတာပါ။ စိတ်ဆင်းရဲနေတဲ့စိတ်ကို စိတ်နဲ့ပဲ ပြန်ကုရပါတယ်။ လူတစ်ယောက်ရဲ့ ဘ၀မှာ ကုသိုလ်နဲ့ အကုသိုလ်မှာ အကုသိုလ်မဖြစ်ဖို့က ပထမဦးစားပေးပါ။ ကုသိုလ်ဖြစ်ဖို့က ဒုတိယဦးစားပေးပါ။ ဆိုလိုတာက ကုသိုလ်မဖြစ်ရင်နေပါစေ၊ အကုသိုလ်မဖြစ်အောင်တော့ အထူးစောင့်ထိန်းရမှာပါ။
အကုသိုလ်စိတ်ဖြစ်တဲ့အခါ စိတ်ဆင်းရဲရပါတယ်။
ကုသိုလ်စိတ်ဖြစ်တဲ့အခါ စိတ်ချမ်းသာရပါတယ်။

ဒီတော့ အကုသိုလ်စိတ်ဖြစ်ရခြင်းရဲ့ အကြောင်းအရင်းကဘာလဲ၊ ကုသိုလ်စိတ်ဖြစ်ရခြင်းရဲ့ အကြောင်း အရင်းက ဘာလဲ။
စာပေအရပြောရရင်တော့ အယောနိသောမနသိကာရဖြစ်ရင် အကုသိုလ်စိတ်ဖြစ်ပါတယ်။ ယောနိသောမန သိကာရဖြစ်ရင် ကုသိုလ်စိတ်ဖြစ်ပါတယ်။
မြန်မာလိုပြောရရင်တော့ နှလုံးသွင်းမှားရင် အကုသိုလ်စိတ်ဖြစ်ပါတယ်။ နှလုံးသွင်းမှန်ရင် ကုသိုလ်စိတ် ဖြစ်ပါတယ်။ ဒါကိုထောက်ပြီး ကုသိုလ်စိတ်၊ အကုသိုလ်စိတ်ဖြစ်ခြင်းဟာ ကိုယ့်အပေါ်မှာပဲ အဓိကကျနေပါတယ်။

ပတ်ဝန်းကျင်က တစ်စုံတစ်ယောက်က ဘယ်လောက်ပဲ ဖောက်ပြန်တဲ့အမူအရာ ပြနေဦးတော့ ကိုယ့်မှာ ယောနိသောမနသိကာရ ရှိနေရင် အကုသိုလ်စိတ် မဖြစ်တော့ပါဘူး။ အေးဆေးပါပဲ။
လူသုံးယောက်ရှိပါတယ်။
ပထမတစ်ယောက်က ပင်ကိုယ်ပါရမီဓာတ်ခံ သိပ်အားကောင်းပါတယ်။ ဘယ်အာရုံဆိုးနဲ့ပဲတွေ့တွေ့ နှလုံးသွင်းမှန်နေတဲ့အတွက် သူ့ကိုကြည့်လိုက်ရင် ပြုံးပြုံး ပြုံးပြုံးနဲ့ပါ။ ဘာမှမဖြစ်ပါဘူး။ တွေ့ဖူးကြမှာပါ။

ဒုတိယတစ်ယောက်ကျတော့ ပင်ကိုယ်ဓာတ်ခံအားနည်းနေတဲ့အတွက် အာရုံဆိုးတစ်ခု တွေ့လိုက်ရတဲ့အခါ နှလုံးသွင်းမှားပြီး အကုသိုလ်စိတ် တန်းကနဲဖြစ်သွားပါတယ်။ ဒါပေမယ့် သူက နှလုံးသွင်းမှားတာကို ချက်ချင်းသိပြီး ကိုယ့်ကိုယ်ကိုယ့် နှလုံးသွင်းမှန်အောင် ပြန်ပြီး ပြုပြင်ဆင်ခြင်ပြီး ယူပါတယ်။
နှလုံးသွင်းမှားမှုကြောင့် အကုသိုလ်စိတ်တွေတော့ ဖြစ်လိုက်ပါတယ်။ ဖြစ်ပေမယ့် ပြန်ပြုပြင်ယူလိုက်တော့ အကုသိုလ်စိတ်ဟာ ရင်ထဲမှာ အခိုက်အတန့်ပဲဖြစ်ပါတယ်။ ဖြစ်ကျောရှည်မနေတော့ပါဘူး။
တတိယတစ်ယောက်ကျတော့ အာရုံဆိုးတစ်ခုကို တွေ့လိုက်ရတဲ့အခါ နှလုံးသွင်းမှားမှုကြောင့် အကုသိုလ် စိတ်တွေ ၀င်လာပါတယ်။

ကိုယ်နှလုံးသွင်းမှားလို့ အကုသိုလ်စိတ်ဖြစ်နေတာကို မသိတော့ဘဲ တစ်ဖက်က အာရုံဆီကိုပဲ စိတ်ကရောက် နေပြီး အကုသိုလ်စိတ်တွချည်း ဆက်ကာဆက်ကာ ဖြစ်နေတော့တာပါ။
` သူကငါ့ကို ဘယ်လိုပြောလိုက်တာ၊ ငါကလည်း ဘယ်လိုပြန်ပြောလိုက်တာ၊ အဲဒီအချိန်မှာ သူက အင်္ကျီပန်းရောင်လေး ၀တ်ထားတယ်၊ ငါက လှေကားလက်တန်းလေးကိုကိုင်ထားတယ် ´ စသည်ဖြင့် ဖြစ်ပျက်သမျှ တွေကို အသေးစိတ်ပြန်ပြင်ယောင်ပြီး ထပ်ကာထပ်ကာ တွေးတွေးပြီး ခံစားနေတော့တာပါ။

ဒီလိုပါပဲ နောက်ရက် တွေမှာလည်း တွေးချိန်ရောက်လာတာနဲ့ " သူကငါ့ကို ဘယ်လိုပြောလိုက်တာ " စသည်ဖြင့် ဖြစ်ပျက်ခဲ့သမျှကို ပြန်တွေးတော့တာပါ။ ဖြစ်စတုန်းက ဒီလောက်မဟုတ်ပေမယ့် တွေးပါတွေးပါ များများလာတော့ အတွေးက အကုသိုလ်စိတ်ကို ပိုပိုတိုးတိုးသွားစေတော့တာပါ။
ကြာလာတော့ အာရုံဆိုးတစ်ခုတွေ့လို့ မကျေနပ်စိတ်ကို ပြန်ပြန်တွေးတတ်တဲ့ အထုံက ကိုရီးယားကား စွဲသလို စွဲသွားတော့တာပါ။ အေးအေးဆေးဆေး အနားယူရမယ့် အချိန်မှာတော့ အတွေးက အားထုတ်စရာမလိုဘဲနဲ့ ပေါ်လာတော့တာပါ။

ဒီတော့ စိတ်ဆင်းရဲရပြန်ရော။
ကိုယ့်က တွေးတွေးပြီး စိတ်ဆင်းရနေရတဲ့အချိန်မှာ ဟိုတစ်ဖတ်သားက သိတောင်သိမှာမဟုတ်ပါဘူး။
လူသုံးမျိုးထဲမှာ ကိုယ်က ပထမအမျိုးအစားထဲမှာ မပါရင်တောင် စိတ်ကို ပြန်ပြုပြင်ယူတဲ့ ဒုတိယ အမျိုးအစားထဲမှာ ပါအောင်တော့ ကြိုးစားရပါမယ်။
တကယ်လို့ တတိယအမျိုးအစားထဲမှာပါတယ်ဆိုရင်လည်း ဘာမှ အားငယ်စရာမလိုပါဘူး။ ဘယ်ကိစ္စပဲ ဖြစ်ဖြစ် လေ့ကျင့်ယူရင် ရတာပါပဲ။ အလေ့အကျင့်များလာတဲ့အခါ ဒုတိယအမျိုးအစားထဲမှာ ၀င်လာမယ်။ နောက် ဆက်လေ့ကျင်တဲ့အခါ ပထမအမျိုးအစားထဲမှာတောင် မယုံကြည်နိုင်လောက်အောင် ၀င်သွားတော့တာပါ။

အဲဒီ အထုံပါရမီဓာတ်ဟာ နောက်ဘ၀အထိပါ ဆက်ပါသွားတော့မှာပါ။
ဝင်လာတဲ့ အကုသိုလ်ကို ပယ်တတ်သလို ပယ်ပယ်ပြီး နှလုံးသွင်းမှန်အောင်နေမယ်။ ကုသိုလ်လေးတွေ ဆက်ကာဆက်ကာ ပြုပြုပေးပြီး နေသွားမယ်ဆိုရင်တော့ စိတ်ဆင်းရဲလည်း ခဏသာ စိတ်ဆင်းရဲပြီး ကိုယ့်ရဲ့  စိတ်ကလေးက အချိန်များများ စိတ်ချမ်းသာနေတော့မှာပါ။

အဲဒီစိတ်ချမ်းသာတဲ့စိတ်ကလေးနဲ့ ၀ိပဿနာတရား အားထုတ်ဖြစ်လိုက်မယ်ဆိုရင်တော့……….။
ဒါက အကုသိုလ်စိတ်ဝင်လို့ သိပ်စိတ်ဆင်းရဲနေတဲ့ သူအတွက် ပြောတာပါ။ အဲဒီလောက်လည်း ကိုယ်က အကုသိုလ်စိတ်မ၀င်ဘူး။ အဲဒီလောက်လည်း အရမ်းကာရော စိတ်ဆင်းရဲမနေဘူး။ ဒါပေမယ့် ကိုယ့်ရဲ့ စိတ်ကလေး အမြဲ ငြိမ်းအေးနေချင်တယ်ဆိုရင်တော့ နည်းတစ်မျိုးနဲ့ ထုံပွားကြည့်ရအောင်ပါ။

ဒီတော့ စိတ်ချမ်းသာအောင် ဘယ်လိုနေမလဲ……..?
စိတ်ဆင်းရဲတယ်၊ စိတ်ဆင်းရဲတယ်ဆိုတာ ရင်ထဲကို လောဘ၊ ဒေါသ၊ ဣသာမစ္ဆရိယ၊ ရာဂ၊ တဏှာ စတဲ့ အကုသိုလ်တရားတွေ ၀င်လာလို့ပါ။ ဒီသဘောကို ကိုယ်က အရင် သဘောပေါက်ထားလိုက်ပါ။
ဒီတော့ မနက်အိပ်ယာထ နိုးတာနဲ့ " ငါ ဒီနေ့ သတိပဋ္ဌာန်ရယ်၊ နမောတဿရယ်နဲ့ ငါ့စိတ်ကလေးကို ငြိမ်းအေးအောင် နေမယ် " လို့ သုံးခါလောက် စိတ်ထဲကနေ အဓိဋ္ဌာန်လိုက်ပါ။
အိပ်ရာထကတည်းက သတိပဋ္ဌာန်လေးနဲ့ ထလိုက်ပါ။ ရေချိုးခန်းဝင်တာ၊ မျက်နှာသစ်တာ၊ သွားတိုက်တာ၊ မျက်နှာသုတ်တာ၊ ခြေလှမ်းလှမ်းတာ၊ ခြင်ထောင်သိမ်းသာ၊ စောင်ခေါက်တာ၊ မီးဖိုချောင်ဝင်တာ စသည်တွေကို သိသိနေလိုက်ပါ။

တကယ်လို့ မှတ်ရတာ ကြာလလို့ နည်းနည်းငြိးငွေ့လာရင် နမောတဿကို လှည့်ပွားနေလိုက်ပါ။ နမောတဿ ပွားလို့ အားရလာတဲ့အခါ သတိပဋ္ဌာန်ကို ပြန်မှတ်ပါ။ သတိပဋ္ဌာန်လေးနဲ့ နေလိုက်၊ နမောတဿလေးနဲ့ နေလိုက်နဲ့ သေချာ သတိကပ်ပြီး နေနေလိုက်ပါ။
သတိပဋ္ဌာန်လေးနဲ့ နေနေတဲ့အချိန်၊ နမောတဿပွားနေတဲ့အချိန်လေးမှာ လောဘ၊ ဒေါသ စတဲ့ အကုသိုလ် တရားတွေ မ၀င်ပါဘူး။ အဲဒီ အကုသိုလ်တရားတွေ မ၀င်ရင် စိတ်ကလေး ငြိမ်းအေးနေတော့တာပါ။
တစ်နေ့လုံး မကျင့်နိုင်ရင်တောင် မနက်ပိုင်းလေးမှာတော့ အချိန်လေးသတ်မှတ်ပြီး ကျင့်ကြည့်စေချင် ပါတယ်။ ကျင့်စမှာ နည်းနည်းခက်ချင် ခက်မယ်။ ကျင့်ပါများလာရင်တော့ မှတ်ရ ပွားရတာ လွယ်သွားပါလိမ့်မယ်။

ဝိပဿနာဆိုတာ အနိစ္စ၊ ဒုက္ခ၊ အနတ္တလက္ခဏာ တွေ့မြင်ပါမှ ၀ိပဿနာ စစ်စစ်ဖြစ်တာပါ။ ဒါပေမယ့် သွားရင်သွားတယ်လို့ သိနေတဲ့အချိန်မှာ သောက်ရင်သောက်တယ်လို့ သိနေတဲ့အချိန်မှာ သတိဖြစ်နေတဲ့အတွက် အကုသိုလ်စိတ်ကလေးတွေက မ၀င်ပါဘူး။ မ၀င်တဲ့အတွက် စိတ်ကလေးက ငြိမ်းအေးနေတော့တာပါ။ ဒီလောက် ဆိုရင်ပဲ ကိုယ့်အတွက် တော်တော်လေးဟုတ်နေပါပြီ။
ဒါလေးကို စမ်းပြီးတော့ ကျင့်ကြည့်စေချင်ပါတယ်။ စိတ်ကလေး ငြိမ်းအေးနေစေချင်လို့ပါ။ သိပ်ပြီး ခက်လှတဲ့ ကျင့်စဉ်လည်း မဟုတ်ပါဘူး။

တချို့ စိတ်ဆင်းရဲမှုတွေဟာ တွေးလို့ ဖြစ်ရတာပါ။ တွေးတာက ကြာလာရင် အကျင့်ပါသွားတတ်ပါတယ်။ ဒါကြောင့် စိတ်ဆင်းရဲစရာတစ်ခု တွေးမိလိုက်တာနဲ့ " တွေးတယ်၊ တွေးတယ် "လို့ မှတ်ချက်လိုက်ပါ။ " တွေးတယ်၊ တွေးတယ် " လို့ သိချလိုက်ပါ။ မှတ်ရတာ ကိုယ့်အတွက် သိပ်ခက်နေရင်လည်း နမောတဿကို အားရသလောက် ပွားချပစ်လိုက်ပါ။ မတွေးမိအောင်လည်း အကျင့်လုပ်ထားလိုက်ပါ။
သေရင်တောင် အားလုံးကို ထားခဲ့ရဦးမှာဆိုတော့ သေခြင်းတရားနဲ့ ယှဉ်လိုက်ရင် ကျန်တဲ့ စိတ်ညစ်စရာ ဆိုတာတွေက ဘာမှ မဟုတ်တော့ပါဘူး။

လူတော်တော်များများဟာ ပူလောင်နေကြတာများပါတယ်။ တချို့ ပစ္စည်ဥစ္စာတွေ သပ်ချမ်းသာကြတာပါပဲ။ ဒါပေမယ့် သူတို့ဟာလည်း ပူလောင်နေကြတာပါပဲ။
စိတ်ပူလောင်လာရင် သက်သာလို သက်သာငြား ထင်မိထင်ရာ အကုသိုလ်တွေကို လုပ်ချလိုက်ကြပါတယ်။ ဒါဆိုရင် သံသရာအတွက်ပါ ကြောက်စရာကောင်းသွားရပါတယ်။
လူနှစ်မျိုးရှိပါတယ်။
စိတ်ပူလောင်နေလို့ သတိပဋ္ဌာအားထုတ်တဲ့သူရယ်။
ပင်ကိုယ်အားဖြင့် စိတ်ကအေးနေပေမယ့် အမြဲစိတ်ကလေးအေးနေဖို့ သတိပဋ္ဌာန်တရား အားထုတ်တဲ့ သူရယ်။

ဒီတော့ စိတ်ညစ်ရင်လည်း သတိပဋ္ဌာန်တရား အားထုတ်ရမှာပါ။ စိတ်ချမ်းသာရင်လည်း ဆက်ပြီး စိတ်ချမ်းသာဖို့ သတိပဋ္ဌာန်တရားပဲ အားထုတ်ရမှာပါပဲ။
တစ်ခါတုန်းက ပစ္စေကဗုဒ္ဓါလောင်းတစ်ပါးဟာ ကဿပဘုရားရှင်ရဲ့ သာသနာမှာ အနှစ် နှစ်သောင်း ရဟန်းတရားကို အားထုတ်ပြီး ကွယ်လွန်တဲ့အခါ ဗြဟ္မာ့ပြည်မှာ ဖြစ်ရပါတယ်။ ဗြဟ္မာ့ပြည်ကနေ စုတေတဲ့အခါ ကျတော့ ဗာရာဏသီပြည် မိဖုရားကြီးရဲ့ ၀မ်းမှာ ၀င်စားပါတယ်။
ဗြဟ္မာ့ပြည်ကလာတာဆိုတော့ မင်းသားငယ်ဟာ မိန်းမတွေကိုင်တာ မကြိုက်ပါဘူး။ ရေချိုးတာပြုတာ ကိုလည်း ယောက်ျားတွေကပဲ ပြုပေးရပါတယ်။ နို့တိုက်တာတောင် မိန်းမတွေက ယောက်ျားအသွင်ဝတ်ပြီး တိုက်ရပါတယ်။ မိန်းမတွေရဲ့ အနံ့အသက်ကိုတောင် အလိုမရှိတဲ့အတွက် အနိတ္ထိဂန္ဓလို့ အမည်ပေးထားကြပါတယ်။

အရွယ်ရောက်လာတဲ့အခါ နန်းတွင်းကချေသည်တွေနဲ့ ချော့မြူဖြားယောင်းပေမယ့် မရပါဘူး။ သင့်တော်တဲ့ မင်းသမီး တစ်ပါးပါးနဲ့ လက်ထပ်ဖို့ တိုက်တွန်းတာကိုလည်း လက်မခံပါဘူး။
တိုက်တွန်းပါများလာတော့ မင်းသားငယ်က အလွန်လှတဲ့ မိန်းမရွှေရုပ်တစ်ခုကို ထုစေပြီး " ဒီလောက်လှတဲ့ မိန်းမကို ရရင် ယူမယ် " လို့ ပြောလိုက်ပါတယ်။

အမှန်တော့ မရနိုင်လောက်ဘူးထင်ပြီး မိန်းမမယူချင်လို့ ပြောလိုက်တာပါ။
အမတ်တွေ ရွှေရုပ်ကိုင်ပြီး ရှာကြတော့ မဒ္ဒရာဇ်တိုင်း၊ သာဂရမြို့ က ဘုရင့်ရဲ့ သမီးတော်ကို ရခဲ့ပါတယ်။
ရလျှင်ရခြင်းပဲ အမတ်တွေက မင်းသားငယ်ဆီကို ရွှေရုပ်နဲ့ တူတဲ့ မင်းသမီးရပြီလို့ သတင်းပို့လိုက်ပါတယ်။ ဒီသတင်းကြားလိုက်ရုံနဲ့တင် မမြင်ရသေးဘဲ မင်းသမီးအပေါ် ချစ်ခင်မှုရာဂတွေ ဖြစ်လာပါသတဲ့။ အဲဒီ ရာဂနှိပ်စက်မှု ကြောင့်ပဲ ရထားတဲ့ပထမဈာန်လည်း လျှောကျသွားပါသတဲ့။ မင်းသာငယ်ဟာ နေမထိ ထိုင်မသာနဲ့ တမန်စေလွှတ်ပြီး မြန်မြန်ခေါ်ခဲ့ဖို့ မှာပါသတဲ့။ ခေါ်လာရင်း မြို့ အပြင် နန်းတော်နားရောက်ခါနီးမှာပဲ မင်းသမီးလေးက ကွယ်လွန်သွား ပါသတဲ့။
ဒီသတင်းလဲကြားရော မင်းသားငယ်မှာ မဟာသောက ဖြစ်ရပါတော့တယ်။

ဒါပေမယ့် မင်းသားငယ်က ပါရမီပါခဲ့သူဆိုတော့ ဖြစ်နေတဲ့ သောကရဲ့ အပြစ်ကို တူးဖြိုဖို့ အားထုတ်ပါ တော့တယ်။
ဒီတော့ မင်းသားငယ်က ဆင်ခြင်ပါတယ်။ " ဒီသောကဟာ ပဋိသန္ဓေမနေတဲ့သူမှာ မဖြစ်ဘူး၊ ပဋိသန္ဓေ နေတဲ့သူမှာသာ ဖြစ်ရတာ၊ ဇာတိတရားဟာ ဘ၀ကို စွဲဖြစ်တာပဲ " လို့ ရှေးက အားထုတ်ခဲ့ဖူးတဲ့ ဘာဝနာရဲ့ အစွမ်းနဲ့ ဆင်ခြင်ပါတယ်။ ဆင်ခြင်တဲ့အခါ အပြန်အလှန် ပဋိစ္စသမုပ္ပါဒ်ကို မြင်ပြီး ၀ိပဿနာတရား ဆက်ရှုမှတ်လိုက်တာ ပစ္စေကဗုဒ္ဓါအရှင်မြတ် ဖြစ်သွားပါတော့တယ်။
(သုတ္တနိပါတ်အဋ္ဌကထ၊ ပထမတွဲ၊ နှာ ၆၀၊ ၆၁၊ ၆၂)

မင်းသားငယ်ဟာ သောကတော့ ဖြစ်လိုက်ပါတယ်။ ဒါပေမယ့် ဖြစ်နေတဲ့ သောကကို ပြန်သိလိုက်ပါတယ်။ သိတဲ့အခါ တရားသဘောနဲ့ ပြန်ဆင်ခြင်ပါတယ်။ ဆင်ခြင်လိုက်တဲ့အခါ ဖြစ်နေတဲ့သောကက ပျောက်သွားပါတယ်။ ဆင်ခြင်လို့ ရရှိတဲ့ တရားသံဝေဂအသိကိုပဲ အခြေခံပြီး ၀ိပဿနာ ဆက်ပွားပါတယ်။ နောက် ပစ္စေကဗုဒ္ဓါ အရှင်မြတ် ဖြစ်သွားပါတယ်။ တစ်ဆင့်ချင်း တစ်ဆင့်ချင်း တစ်ကွက်ချင်း၊ တစ်ကွက်ချင်း ဖြစ်ဖြစ်သွားပုံလေးက သက်ရှိ တကယ့် တီဗွီဇာတ်လမ်းလေး တစ်ခုလိုပါပဲ။ သိပ်အားကျဖို့လည်း ကောင်းတာပါ။ သောကတော့ ဖြစ်လိုက်ပါတယ်။ ဖြစ်လာတဲ့သောကကိုပဲ အခြေခံပြီး အမြတ်ဆုံးပန်းတိုင်တစ်ခုကို ရောက်အောင် လှမ်းတက်လိုက်တာပါ။

ဒီတော့ ကိုယ်သောကဖြစ်လာတဲ့အခါ ပါရမီမပြည့်သေးလို့ တရားထူးမရသေးဦးတော့ ဖြစ်နေတဲ့သောကကို ပထမ သိလိုက်ရပါမယ်။ သိတာနဲ့ သောကဖြစ်ကြောမရှည်အောင် တစ်နည်းနည်းနဲ့ ဖြတ်ချလိုက်နိုင်ရပါမယ်။
ဘယ်သူပဲဖြစ်ဖြစ် စိတ်ချမ်းသာချင်တဲ့သူချည်းပါပဲ။ စိတ်မချမ်းသာချင်တဲ့သူ ဘယ်သူမှ မရှိပါဘူး။ ဒါပေမယ့် တချို့ ကျတော့ မိသားစုကာမဂုဏ်အာရုံထက်ကျော်လွန်ပြီး ပညာရှိတွေကဲ့ရဲ့ တဲ့ လောကပြစ် ဓမ္မပြစ်သင့်စေတဲ့ တဏှာနဲ့ပဲ စိတ်ချမ်းသာမှုကို ရှာကြတာပါ။

တချို့ ကျတော့ တရားနဲ့ပဲ ရှာကြတာပါ။
တဏှာနဲ့ ရှာတဲ့အခါ အခိုက်အတန့်တော့ စိတ်ချမ်းသာသလို ထင်ရပေမယ့် နောက်တော့လည်း စိတ်ဆင်းရဲရတာပါပဲ။ ကာမဂုဏ်အာရုံတွေနောက်ကိုလိုက်နေတဲ့သူဟာ ဘယ်တော့မှ စိတ်မချမ်းသာနိုင်ပါဘူး။ နောက်ဆုံး စိတ်ဓာတ်တွေကျပြီး လုပ်မိလုပ်ရာတွေလုပ်ရင်း ပျက်စီးသွားရတော့တာပါ။ ကာမဂုဏ်နောက်ကို လိုက်နေတဲ့သူဟာ " တရားသံ " ကြားရင် သိပ်နားခါးတာပါ။ ဒါက တရားရဲ့ အရသာကို မသိသေးလို့ပါ။ နောက်ဆုံး စမ်းကြည့်တဲ့အနေနဲ့ ရိပ်သာတစ်ခုခုမှာပေတေပြီး ဆယ်ရက်လောက် ၀င်ပစ်လိုက်စမ်းပါ။ ကိုယ့်မှာ တရားပါရမီ ပါမလာဘူးလို့ ဘယ်သူပြောနိုင်မှာလဲ။ တကယ် တရားအရသာကို သိသွားတဲ့အခါ ကိုယ်တစ်ချိန်က အပျော်လိုက်ခဲ့ တာတွေကိုတောင် ရှက်ပြီးရင် ရှက်နေတော့မှာပါ။

တကယ်တော့ " ဘ၀ကို ဘယ်လိုနေမလဲ " ဆိုတဲ့ မေးခွန်းကို မကြာခဏ စဉ်းစားရမှာပါ။ စဉ်းစားတဲ့အခါ တရားနဲ့ မနီးစပ်တဲ့သူကျတော့ တရားကိုဖယ်ပြီး စဉ်းစားလိုက်တာပါ။ ဒီတော့ အဓိကမကျတာတွေဘဲ အာရုံညွတ်ချ လိုက်တော့တာပါ။ စဉ်းစားတဲ့အခါ တရားနဲ့ ယှဉ်ပြီး စဉ်းစားနိုင်ရပါမယ်။ ဒါမှ အမှန်ဆီကို ပို့ပေးနိုင်တာပါ။
ကိုယ့်အတွက်အားကိုးရာ မြတ်စွာဘုရားဟောကြားထားတဲ့ တရားတော်တွေရှိတယ်ဆိုတာ သိထားပေး လိုက်စမ်းပါ။ တရားတော်တွေထဲမှာ လောကီကြီးပွားရေးတွေကော၊ လောကုတ္တရာ ကြီးပွားရေးတွေကော အပြည့် အစုံဟောထားတာပါ။

ဒီစကားတွေပြောတော့ အဲဒီစာရေးနေတဲ့သူကကော တရားတွေ ဘယ်လောက်ရှိနေလို့လဲလို့ မေးချင် မေးစရာပါ။ ဘယ်လောက်မှ မရှိပါဘူး။ အပူတချို့ နဲ့ တစ်ခါတလေ ကြုံရတတ်လို့ ကိုယ်ချင်းစာစိတ်နဲ့ တရားနည်း မျှဝေတာပါ။ စိတ်ညစ်တဲ့အခါ တရားနဲ့ထွက်ပေါက်ရှာနိုင်အောင်လို့ပါ။ လောကရဲ့ မမြဲတဲ့သဘောတွေကို ဥာဏ်ဖြစ်ပြီး မသိဦးတော့၊ ဆင်ခြင်သိနဲ့ သိလိုက်နိုင်တယ်ဆိုရင်ပဲ တော်တော်လေး ဟုတ်သွားပါပြီ။
ဘာပဲဖြစ်ဖြစ် စိတ်မညစ်ပါနဲ့။ သတိပဋ္ဌာန်ရှိပါတယ်။

(ရဝေနွယ်-အင်းမ)

အလင်းတန်းဂျာနယ်

Saturday, June 16, 2012

ငြိမ်းချမ်းရေးကို ရှာဖွေခြင်း.



 ငြိမ်းချမ်းရေးကို ရှာဖွေခြင်း.
မိမိတို့သည် မွေးလာကတည်းက မျက်စိဖွင့်၍ အပြင်လောကကြီးကို မော်ကြည့်ကာ တဖြည်းဖြည်းနှင့် ကြီးပြင်းလာရသည်။ အပြင်လောကမှာ မတွေ့ဖူးတာတွေ မမြင်ဘူးတာတွေ မကြားဘူးတာတွေ များလွန်းလှတော့ အံ့သြစွာနှင့် အထင်ကြီးစွာနှင့် အပြင်လောက၏ ဖမ်းစားမှု နောက်ကို တဖြည်းဖြည်းနှင့် မသိမသာ မျောပါသွားရတော့သည်။ အပြင်လောကမှာ ကိုယ်မသိတာတွေ များလွန်းတော့ သိချင်စိတ်တွေက များလာသည်။ သိချင်စိတ်တွေက များလာတော့ လေ့လာမှု စူးစမ်းမှုတွေကလည်း များလာတော့သည်။ ပထမ အရွယ်မှာ ပညာရှာဆိုသည့် အတိုင်း ပထမအရွယ် အသက်အစိတ် သုံးဆယ်လောက်အထိ ပညာ တွေရှာကြရသည်။ 

ပညာခေတ်ဆိုတော့ ပညာကမရှာလို့မဖြစ်။ပညာမတတ်လေ ပညာမသိလေ ပညာမရှိလေ နောက်ကောက်ကျလေ ကျကျန်ရစ်မှာသေခြာသည်။ သည်တော့ ပညာတတ်ဘို့ ပညာလက်ဝယ်ရှိဖို့ လိုသည်။လိုတော့ရှာကြရသည်။ ပညာရှာတော့လည်း အပြင်လောကက ပညာတွေကိုပဲ မျက်စိဖွင့်၍ ရှာကြရသည်။ပညာကို အသံထွက်က ပြင်ညာဟု အသံထွက်ကြသည်။ပရမတ်နယ်ကကြည့်တော့  ပြင်ညာဟူ၍ အသံ ထွက်သည့်အတိုင်း အပြင်လောကကြီးက ပြင်ကြ ညာကြနှင့် ပြင်ပြင်ပြီး ညာနေကြတာတွေက များ ပါသည်။ 

ပရမတ်နယ်မဆိုက်နိုင်သေးလေတော့ သူကကိုယ့်ညာ ကိုယ်ကသူ့ညာနှင့် ပြင်လိုက် ညာ လိုက်နှင့်ပဲ အချိန်ကုန်သွားခဲ့ကြလို့ ယခုလို သံသရာရှည်နေရခြင်း ဖြစ်သည်။ ဒုတိယအရွယ်မှာ ဥစ္စာရှာဟုဆိုသည်။ ဥစ္စာရှာကြတော့လည်း အပြင်လောကမှာဘဲ မျက်စိ ဖွင့်၍ ရှာကြရသည်။ဆရာတို့ကလည်း “ မျက်စိကိုဖွင့်၊ နားကိုစွင့်” ဟု တပ်လှန့်ဆော်သြကြသည်။ မျက်စိကိုမဖွင့် နားကိုမစွင့်လျှင် ငတုံး ငအဖြစ်ရတော့မည့်ပုံစံမျိုး ခြောက်လှန့်ကြသည်။သည်တော့ မျက်စိကိုလည်း အစွမ်းကုန်ဖွင့်ကြရသည်။နားကိုလည်း အစွမ်းကုန် စွင့်ကြရသည်။

မျက်စိကဖွင့်ရ ဖန်များတော့ ပြူးပြူးထွက်လာရသည်၊ နားကစွင့်ရဖန်များတော့ ကားကားထွက်လာသည်၊ သည် ခေတ်ထဲမှာ မျက်ပြူးလေးတွေ နားကားလေးတွေသာ လူရာဝင်ကြရတော့မည့် အနေအထားမျိုး ဖြစ်လာသည်။ သိပ္ပံပညာကို အဓိပ္ပါယ်ဖွင့်တော့ မျက်စိနှင့်နားကို အလုပ်ရှုပ်အောင် လုပ်လိုက်ခြင်းဟု ဆိုရ လိမ့်မည်၊ မျက်စိနှင့်ကြည့်စရာ အသစ်အဆန်းတွေကလည်း များများလာသည်၊ နားနှင့်ကြားစရာ အသစ်အဆန်းတွေ စိတ်ဝင်စားဖွယ်ရာတွေကလည်း များများလာလေသည်၊ 

သိပ္ပံခေတ်ကြီးကြောင့် မျက်စိနှင့် နားမှာ တော်တော်အလုပ်ရှုပ်ရသည်၊ မျက်စိနှင့်နားအလုပ်တွေများတော့ မျက်စိလည်း ပင်ပန်းသည်၊ နားလည်း ပင်ပန်းသည်၊ ထိုကြောင့် ယခုခေတ်မှာ မျက်မှန်တပ်ရသည့်လူတွေ များ များလာသည်၊ နောက်တဖြည်းဖြည်းနှင့် နားကြပ်တပ်ရမည့်သူတွေလည်း များလာဖွယ်ရှိသည်။ မျက်စိအကျင့်ဆိုသည့်အတိုင်း မျက်စိကကြည့်ဖန်များတော့ ကြည့်ချင်လာသည်၊ 

ဆာ လောင်မွတ်သိပ်သည်၊ နားကလည်းကြားဖန်များတော့ ကြားချင်လာသည်၊ ယခုခေတ်မှာ ပါးစပ်က ဆာလောင်မွတ်သိပ်မှုထက် မျက်စိနှင့်နားက ပို၍ဆာလောင်မွတ်သိပ်သည်ဟု ထင်သည်။ တတိယအရွယ်မှာ တရားရှာဟုဆိုသည်၊ သို့သော် မဟာဓနသူဋ္ဌေးသားဝတ္ထု၌ ဘုရားမိန့် သည်ကိုကြည့်တော့ ပညာရှာတာပဲဖြစ်ဖြစ် ဥစ္စာရှာတာပဲဖြစ်ဖြစ် တရားရှာတာပဲဖြစ်ဖြစ် ပထမ အရွယ်က အကောင်းဆုံး၊ ပထမအရွယ်ကအခွင့်အရေးအရှိဆုံးဆိုတာတွေ့ရသည်၊ 

ထိုဝတ္ထု၌ ဘုရားမိန့်သည်အတိုင်းဆိုလျှင် ဒုတိယအရွယ်က ကံ ဥာဏ် ဝီရိယတို့သည် ပထမအရွယ်က ကံဥာဏ် ဝီရိယတို့ကို မမီတော့၊ တတိယအရွယ်က ကံ ဥာဏ် ဝီရိယတို့သည် ဒုတိယအရွယ်က ကံ ဥာဏ် ဝီရိယတို့ကို မမီတော့၊ ထိုကြောင့် အတက်ကားကို ဦးစားပေးပါဟူသော စကားသည် မှန်ကန်မှုရှိသည်၊ အတက်ကားက စွမ်းဆောင်မှုတွေပိုနေတာတွေ့ရသည်။

 နီတိဆရာတို့က အရွယ်သုံးပါးနှင့် အရှာသုံးမျိုးကို ယေဘုယျအားးဖြင့် ပိုင်းခြားထားခဲ့သော် လည်း အများစုက မွန်းတည့်ချိန်မှာ နေဝင်သည်ဟုဆိုရမလား၊ ဒုတိယအရွယ်မှာပဲ အချိန်ကုန်သွားကြတာက များသည်။ တတိယအရွယ်ကိုသိပ်မရောက်ဖြစ်လိုက်၊ အဘယ်ကြောင့် ဆိုသော် မျက်စိဖွင့်ရှာနေကြတာက များသောကြောင့်ဖြစ်သည်၊ နောက်ဆုံး အပြီးတိုင် မျက်စိမှိတ် သွားမှသာ မှိတ်လိုက်ကြသည်၊ ထိုသို့မမှိတ်မချင်းကတော့ ဖွင့်၍သာထားကြသည် ၊ ဖွင့်၍သာရှာ ကြသည်။

 “ တရားပျောက်တော့ ကိုယ်မှာရှာ၊ တရားရှာတော့ ကိုယ်မှာတွေ့ ” ဟုဆိုသည်၊ ရှာခြင်းက နှစ်မျိုးရှိသည်၊ တရားရှာခြင်းနှင့် မတရားရှာခြင်း၊ တရားရှာကိုယ်မှာတွေ့ဆိုတော့ တရားကအပြင် မှာ မတွေ့နိုင်သည့်သဘော ဖြစ်သည်၊ အပြင်မှာမတွေ့နိုင်တာက အပြင်မှာမရှိလို့ဖြစ်လိမ့်မည်၊ အပြင်မှာရှိနေတာတွေက မတရားတာတွေပဲများနေပုံရသည်၊ သို့ဆိုလျှင် အပြင်မှာရှာနေခြင်းက တရားရှာခြင်းမဟုတ်၊ မတရားရှာခြင်းသာဖြစ်သည်ဟု ဆိုရလိမ့်မည်ထင်သည်။ အပြင်မှာတရားမရှိ အပြင်ကဟာတွေက မတရားလို့ဆိုတော့ လွန်များသွားလေမလားပဲ။ 

မတော်မတရားဟုဆိုသဖြင့် တော်မတရားဆိုတာကလည်း ရှိရမည်၊ ထိုကြောင့် မတော်မတ ရားနှင့် တော်မတရားဟူ၍ မတရားတာကနှစ်မျိုးရှိသည်။ ပုထုဇဉ်ဆိုတာက အကောင်းအဆိုး ဒွန်တွဲနေသည်၊ အဆိုးမရှိပါဘူး၊ အကောင်းချည်းပါဆိုလျှင် အရိယာဖြစ်သွားလိမ့်မည်၊ ပုထုဇဉ်တို့ ဆိုးရာ၌ ကိုယ့်အဆိုးက သူတပါးကိုထိခိုက်လျှင် “ မတော်မတရား” ဖြစ်သည်၊ ကိုယ့်အဆိုးက သူ တပါးကိုမထိခိုက်လျှင် “ တော်မတရား ” ဖြစ်သည် ။ ထို့်အပြင် ကိုယ်ကအကောင်းဟုခံယူထား သည်၊ အကောင်းဟုသိထားသည်၊ သို့သော် ကိုယ့်အကောင်းဆိုတာကြီးက သူတပါးအတွက် မကောင်းလျှင် ၊ သူတပါးမှာ ထိခိုက်နစ်နာနေလျှင် “ မတော်မတရား ”ဟူ၍သာသတ်မှတ်ရမည်။ 

အရက်ကြိုက်လို့အရက်သောက်သည်၊ သို့သော် သူတပါးကို ထိခိုက်အောင်မပြော၊ ထိ ခိုက်အောင်မလုပ်၊ ထို့အတူ အခြားအပျော်ကိစ္စ ဖျော်ဖြေရေးကိစ္စတွေလည်း မကင်းတတ်၊ သို့သော် သူတပါးအတွက် ဘာထိခိုက်နစ်နာမှုမှ မရှိလျှင် မတရားမှုမှန်သော်လည်း တော်သေး သည်၊ သို့ဆိုလျှင် “ တော်မတရား ”ဟုဆိုရမည်၊ ပုထုဇဉ်ဟူသည် မကောင်းမှုတွေမကင်းနိုင်သေး တော့ အဓမ္မခေါ် အကုသိုလ်ကိစ္စတွေက မကင်းနိုင်သေး ၊ ရှိနေလိမ့်ဦးမည် ။ အရေးကြီးတာက သူတပါးကို မထိခိုက်စေဖို့ မနစ်နာစေဖို့ဖြစ်သည်၊ မည်သို့သော အကြောင်းကြောင့်ဖြစ်စေ တဖက်သားမှာ ထိခိုက်နစ်နာသွားလျှင် တော်လည်းမတော် ၊ တရားလည်းမတရားတော့ ။

 “ ရဟန်တို့ … အနရိယ ပရိယေသနာ - မမြတ်သောရှာခြင်း၊ အရိယပရိယေသနာ-မြတ်သောရှာခြင်းလို့ ရှာခြင်းနှစ်မျိုးရှိတယ်၊ မိမိကိုယ်တိုင်က အိုရ နာရ သေရတဲ့ သဘောရှိနေပါ လျှက် အအို အနာ အသေ မလွတ်တဲ့ မတရားတာတွေပဲ ရှာနေတယ်၊ မိမိကိုယ်တိုင်က စိတ်ညစ်နေရပါလျက်နဲ့ စိတ်ညစ်စရာတွေပဲ ရှာနေတယ်၊ ဒါဟာ မမြတ်သောရှာခြင်းပဲ၊ မိမိကိုယ် တိုင်မှာ အိုရ နာရ သေရတဲ့ သဘောရှိနေလို့ အအိုလွတ် အနာလွတ် အသေလွတ်တဲ့ တရားကိုရှာ တယ်၊ မိမိကိုယ်တိုင်က စိတ်ညစ်ရလွန်းလို့ စိတ်မညစ်ရမဲ့တရားကို ရှာတယ်၊ ဒါဟာ မြတ်သောရှာ ခြင်းပဲ ” ၊ ပရိယေသနသုတ္တန်၌ ဘုရားက ဤသို့မိန့်ခဲ့သည်။ 

ကမ္ဘာတစ်လွှားမှာ အားလုံးကတော့ အရှာသမားတွေချည်းပါပဲ၊ ဘာတွေရှာနေကြတာလဲ၊ ပညာ၊ ဥစ္စာ၊ အောင်မြင်မှု၊ ကျော်ကြားမှု၊ ချမ်းသာမှု၊ အဓိကကတော့ ငွေ၊ ငွေဆိုတာကလည်း ချမ်းသာဖို့ပါပဲ၊ ဒါတွေက ဘယ်အတိုင်းအတာအထိ မိမိပိုင်ဆိုင်ခွင့်ရနေရမှာလဲ၊ အားလုံးက အနိစ္စ၊ အားလုံးက ပုတိ၊ ဘင်္ဂ၊ မရဏ၊မိမိလက်ထဲမှာ အခိုက်အတန့်ပါပဲ၊ ထိုကြောင့် ဘုရားက ဒါတွေကို ရှာနေတာ အနရိယပရိယေသနာ-မမြတ်သောရှာခြင်းဟုမိန့်ခဲ့သည်။ 

 တစ်ခါက ဥပတိဿနှင့် ကောလိတ သူငယ်ချင်းနှစ်ယောက်ပွဲကြည့်နေကြသည်၊ သူတို့နှစ် ယောက်ပွဲကြည့်ရင်း စဉ်းစားတာက “ ဒီပွဲ ကနေသူတွေရော ပွဲကြည့်နေသူရော အားလုံးဟာ အနှစ်တရာအတွင်း သေကြေပျက်စီးကြရမှာ၊ အနှစ်တရာလောက်ဆိုရင် နာမည်တောင်ကျန်မှာ မဟုတ်တော့ဘူး၊ အားလုံးဟာ “မတ” သေကြရမှာ၊ “မတ ”ဆိုတဲ့ သေခြင်းရှိရင် “ အမတ ”ဆိုတဲ့ မသေရာအမြိုက်တရားလည်းရှိရမှာပေါ့၊ အဲဒီ အမြိုက်တရားကို ငါတို့နှစ်ယောက် ရှာဖွေကြရ အောင် ” ဟု တိုင်ပင်ပြီး အရှာထွက်ခဲ့ကြသည်။ 

 ကောလိတသည် အရှင်အဿဇိထံမှ တရားနာရသဖြင့် အမတခေါ် အမြိုက်တရား ရသွား သည်။ ဥပတိဿက ကောလိတထံမှတဆင့် တရားနာရသဖြင့် အမြိုက်တရားရသွားသည်၊ ဥပတိဿက အရှင်သာရိပုတ္တရာဖြစ်လာသည်၊ ကောလိတက အရှင်မောဂ္ဂလာန် ဖြစ်လာသည်၊ သူ တို့၏ ဆုတောင်းနှင့် ဖြည့်ကျင့်မှုကြောင့် အရှင်သာရိပုတ္တရာက ပညာအရာမှာ အမြတ်ဆုံးအဖြစ် နှင့် ဧတဒဂ်ရပြီး လင်္ကျာရံအဂ္ဂသာဝကကြီး ဖြစ်ရသည်၊ အရှင်မောဂ္ဂလာန်က တန်ခိုးအရာမှာ အမြတ်ဆုံး အဖြစ်နှင့် ဧတဒဂ်ရပြီး လက်ဝဲရံအဂ္ဂသာဝကကြီး ဖြစ်ရသည်။ 

သူတို့နှစ်ဦး ပထမတော့ မျက်စိဖွင့်ရှာကြသည်၊ မျက်စိဖွင့်ရှာနေတာတွေက သေခြာတွေး ကြည့်လိုက်တော့ စိတ်ညစ်စရာတွေချည်း ဖြစ်နေသည်၊ သူတို့လမ်းကြောင်းပြောင်းလိုက်ကြတော့ သည်၊ အာရုံပြောင်းလိုက်ကြသည်၊ အပြင်လောကထဲ မျက်စိဖွင့်ရှာနေရာကနေ မိမိရုပ် နာမ် ခန္ဓာ အတွင်းလောကထဲ စိတ်ပြန်ထည့်ပြီး မျက်စိမှိတ်၍ ရှာကြည့်ကြသည်၊ သူတို့လိုချင်သော ညစ်ညမ်း မှုတွေ ကင်စင်၍ သန့်ရှင်းသောစိတ်ကို တွေ့သွားကြသည်၊ 

ထိုစိတ်ကို တွေ့ရှိလိုက်သဖြင့် အမြိုက်တရားကိုလည်း တွေ့သွားကြသည်။ ဂေါတမဘုရားရှင် ဘုရားဖြစ်တော်မူကာစ ကျွတ်ထိုက်သည့် ဝေနေယျအများကို ကြည့် လိုက်တော့ ဘဒ္ဒဝဂ္ဂိယညီနောင် မင်းသားသုံးကျိပ် ကျွတ်တမ်းဝင်မည့် အရေးကို တွေ့ရသည်၊ ထိုကြောင့် တောထဲတစ်နေရာ မင်းသားတွေနှင့် တွေ့နိုင်မည့်နေရာက သွားကြိုနေသည်။ 

တစ်နေ့တော့ မင်းသားသုံးဆယ်သည် ပျော်ပွဲစား ထွက်လာကြသည်၊ ၂၉-ယောက်သော မင်းသားတွေက ကိုယ်ပိုင်ကြင်ယာတွေ ရှိကြသည်၊ တစ်ယောက်သောမင်းသားက ကိုယ်ပိုင်မရှိလို့ အမျိုးသမီးတစ်ယောက်ကို အခကြေးငွေနှင့် ခေါ်လာသည်၊ နေ့လည်ခင်း မင်းသားတွေ မူးရူးပြီး အိပ်ပျော်နေခိုက် အခပေးခေါ်လာသော အမျိုးသမီးက မင်းသားတွေ၏ လက်ဝတ်တန်ဆာ ရတနာ တွေကို ခိုးယူထွက်ပြေးလေတော့၏ ။ ညနေစောင်း မင်းသားတွေနိုးလာသောအခါ သူတို့ပစ္စည်းတွေလည်းပျောက်၊ ခေါ်လာ သော အမျိုးသမီးလည်း ပျောက်မို့ စိတ်ဆိုးဆိုးနှင့် တွေ့ရာသင်္ချိုင်း ဓားမဆိုင်း သတ်မယ်ဟဲ့ရယ် လို့ အမျိုးသမီးပျောက်လိုက်ရှာကြသည်၊ 

လမ်းတစ်နေရာ ဘုရားနှင့်တွေ့တော့ သူတို့က ဘုရားမှန်း လည်းမသိ သာမန်ရသေ့ပရဗိုဇ်တစ်ပါးမျှသာ ယူဆသည်။ မင်းသားတွေက “ အရှင်ဘုရား …. ဒီနားမှာ အမျိုးသမီးတစ်ယောက်များ ဖြတ်သွားတာ မတွေ့မိပါလားဘုရား ” ဟု မေးလျှောက်တော့ ဘုရားက “ နေစမ်းပါဦးကွယ် …မင်းတို့ကို ငါ စကားတစ်ခွန်းလောက် အရင်မေးစမ်းပါရစေ၊ ယခုလို အမျိုးသမီးပျောက်လို့ ရှာတာနဲ့ ကိုယ့်ကို ကိုယ်ရှာတာ နှစ်ခုမှာ ဘယ်ရှာတာက ပိုကောင်းပါသလဲ ” ဟု မေးခွန်းထုတ်သည်။ 

ပါရမီဓါတ်ခံ ရင့်သန်နေသော မင်းသားတွေဖြစ်တော့ ချက်ချင်းသဘောပေါက်သွားသည်၊ ဦးတွေညွတ်သွားကြသည်၊ ဒူးတွေ ကွေးသွားကြသည်၊ လက်ထဲကဓားတွေ လှံတွေ ဘေးလွှတ်ချ လိုက်သည်၊ ပုဆစ် ဒူးတုပ်လျက်သား ဖြစ်သွားသည်၊ လက်အုပ်က အလိုလိုချီပြီးသား ဖြစ်သွား သည်၊ သူတို့ပြန်ဖြေကြသည်၊ “ အရှင်ဘုရား … ကိုယ့်ကိုကိုယ် ပြန်ရှာတာက ပိုကောင်းပါတယ် ဘုရား ….” ။ “ ဒါဆိုလျှင်လည်း ငါပြောတာ နားစိုက်ကြ ” ဟု မိန့်ပြီး ဘုရားက ဒါန သီလ သဂ္ဂ မဂ္ဂကထာတို့ကို ဆက်ဟောသည်၊ မင်းသားတွေ မျက်စိမှိတ်ပြီး ခန္ဓာထဲ ဥာဏ်စိုက်ရှာဖွေလိုက်ကြ သည်၊ 

သစ္စာလေးပါးတရားကို တွေ့ရှိသွားကြသည်၊ မင်းသားတွေ အပြင်လောကကို မျက်စိဖွင့်ပြီး ရှာကြစဉ်ကတော့ ပူလွန်း၊ လောင်လွန်းလိုက်တာ၊ ဒေါသ၊ ဒေါမနဿတွေနှင့် စိတ်ဆိုးလိုက်ရတာ၊ စိတ်တွေညစ်လိုက်ရတာ၊ အခုတော့မျက်စိမှိတ်ပြီး အတွင်းလောကကို အာရုံပြုကာ ခန္ဓာဥာဏ်စိုက် ရှာလိုက်ကြတော့ အပူတွေ အလောင်တွေ အားလုံးလည်း ငြိမ်းသွား အေးသွားတော့သည်၊ အရှုပ်တွေအားလုံးလည်း ရှင်းသွားတော့သည်၊ အညစ်တွေအားလုံးလည်း သန့်ရှင်းစင်ကြယ်သွား တော့သည်။ 

မိမိတို့ မျက်စိဖွင့်ရှာခဲ့ကြတာ များနေပြီ၊ နောက်ဆုံး အပြီးတိုင် မျက်စိမမှိတ်ခင်လေး အတွင်းမှာ မျက်စိမှိတ်ပြီး ရှာကြည့်ဖို့တော့ လိုအပ်နေသေးသည်၊ ငြိမ်းချင် ၊ အေးချင်၊ သန့်ချင် ၊ ရှင်းချင် ၊ စင်ကြယ်ချင်လျှင်တော့ မျက်စိမှိတ်၍ ရှာကြရဦးမည်။ 

 ကဲ….မျက်စိမှိတ်ပြီး -
ကိုယ့်စိတ်ကလေးကိုယ် - ကြည့်ကြည့်လိုက်စမ်းပါ- ဘာရှိလည်း ဘာမှမရှိဘူး - ဘယ်သူရှိလည်း ဘယ်သူမှမရှိဘူး ငါရှိလား ငါလည်းမရှိဘူး - မရှိတာကို အရှိလုပ်နေလို့ခက်နေတာ မရှိကို အရှိမှတ်နေလို့ - လောဘ ဒေါသ မာန်မာနတွေနဲ့ ခက်ထန်နေကြ - မောက်မာနေကြ - ရိုင်းစိုင်းနေကြ ပူလောင်နေကြတာ - မျက်စိဖွင့်ကြည့်နေသမျှတော့ ရှိနေမှာပဲ မျက်စိမှိတ် ကြည့်လိုက်လျှင်တော့ - ဘာမှမရှိပါလား ဘာမှမဟုတ်ပါလားဆိုတာ အမှန်အတိုင်း သိသွား မြင်သွားပြီ - လောဘ ဒေါသစသည် အားလုံး ချုပ်သွား
ငြိမ်းသွား ပျောက်သွားလေပြီ - ငြိမ်းချမ်းရေးဟူသည် အတွင်းမှာသာရှိသည် - မျက်စိမှိတ်ရှာမှတွေ့မည် …….။

 ဓမ္မပီယဆရာတော်
(လွမ်းလို့သာ ကျန်ရစ်ခဲ့ပါစေလေ ….စာအုပ်မှ)