Friday, May 25, 2012

မေတ္တာဖြင့်သာ အောင်မြင်ရာ


 မေတ္တာဖြင့်သာ အောင်မြင်ရာ

ပုထုဇဉ်လူဆိုသည့်သတ္တဝါက ဘယ် တော့မှ တစ်ဦးတစ်ယောက်တည်း နေ၍မရ ပါ။ အပေါင်းအသင်းတွေ၊ အစုအဖွဲ့တွေ ရှာ ဖွေစုဖွဲ့နေတတ်ကြပါသည်။ ဤကဲ့သို့တစ် ယောက်တည်းမနေတတ်သဖြင့်   နှစ်ယောက်စုဖွဲ့နေလိုက်သည့်အချိန်ကစပြီးကိုယ့်ဆန္ဒ၊သူ့ ဆန္ဒမတူညီရာက အစပြု၍ ပြဿနာဆိုတာ ပေါ်ပေါက်လာပါတော့ သည်။

 လောကသည် ခက်ခဲနက်နဲရှုပ်ထွေးလှ ၏။ လောကတွင် အကောင်းနှင့်အဆိုးသည် လည်း အမြဲတမ်းဒွန်တွဲနေ၏။ အပူရှိလျှင် အအေးရှိသကဲ့သို့အဖြူရှိလျှင်လည်း အမည်း  ရှိနေပြန်သည်။ ထို့အတူ သုခချမ်းသာမှုနှင့် ဒုက္ခဆင်းရဲမှုကလည်း ပူးတွဲနေပြန်သည်။ထိုကဲ့သို့အတွဲလိုက် အတွဲလိုက်၊ အစုံလိုက် အစုံလိုက်ရှိနေခြင်းသည်ကို က လောက၏ နိယာမသဘောသဘာဝဖြစ်သကဲ့သို့ဖြစ်ပြီး မှန်သမျှ ပျက်စီးနေကြရသည်မှာလည်း အမြဲ ပြောင်းလဲမှုမရှိသော ပရမတ္ထသစ္စာတရားပင် ဖြစ်ပါသည်။

အရိ ယာသူတော်စင်တို့မှလွဲ၍ လောက တွင်ရှိနေကြသည့် သတ္တဝါအားလုံးတို့သည် ကိုယ့်ပြဿနာနှင့်ကိုယ် ရှိနေကြမည်မှာ အမှန်မလွဲပါပေ။ လောကအလယ်တွင်ကိုယ် တစ်ယောက် တည်းလည်း မနေတတ်။ အကယ်၍ ကိုယ် တစ်ယောက်တည်းနေလို့ရသဖြင့် နေကြည့် သည့်အခါမှာပင်လျှင် စိတ်ကို အခြေခံ၍ မိမိ၏ရုပ်သည် ကောင်း တာတွေ လုပ်ဖြစ်နေ သလို ဤစိတ်ကိုပင်အခြေခံ၍ မကောင်းသောစေတနာစိတ်ဝင်လာသည့်အခါ မကောင်းသောအပြုအမူများကို ပြုလုပ် မိပြန်သည်။ ဤစိတ်နှင့် ဤရုပ်တွဲ ထားသည့် တစ်ယောက်တည်းသော သတ္တဝါသည်ပင် လျှင် ကောင်းတာတွေလုပ်မိသည့်အခါ ကောင်းကျိုးခံစားရ သကဲ့သို့၊ မကောင်းသောအကုသိုလ်ပြု လုပ်မိသည်ကို အကြောင်းပြု၍ မကောင်းသောအကျိုးများခံစားရသည် လည်း ရှိ၏။

အကောင်းမြင်ဝါဒ မေတ္တာသမားများ က အေးချမ်းတည်ငြိမ်စွာနေကြရသော် လည်း အကောင်းမမြင်တတ်သည့် လောဘ၊ ဒေါသ၊မောဟစိတ်များကို ဦးစားပေးသူများ အတွက်တော့အမြဲတမ်းအပူမီးများ ဝိုင်းလျက် သာရှိ ပါသည်။ အထူးသဖြင့် မေတ္တာ စိတ်ကင်းမဲ့သော မကောင်းမြင်ဝါဒသမားများသည် အမြဲတမ်း ဆန့်ကျင်မှုကိုသာ တွေးတောရှာဖွေနေကြသ ဖြင့် ဘယ်သူတွေဘာပဲကောင်းတာလုပ်လုပ် အကောင်းမမြ င်နိုင်တော့ဘဲ ဖီလာဆန့်ကျင် လုပ်နေရသည်ကိုပင် သုခဟုထင်၍အရသာ ခံတတ်ကြသူများလည်း ရှိပါသည်။

အမှန် တကယ်မှာမူ ဓမ္မဖြင့်ကြည့်ပါက ထိုသူများမှာ သနားစရာကောင်းလှပါသည်။ သို့အတွက် ထိုသူများကိုလည်း ပစ်ပယ်မထားသင့်ပါ။ စိတ်ကောင်းစေတနာဖြင့် ပညာအလင်းပြ ကြင်နာမှုပေးနိုင်မှသာ နှစ်ဦးနှစ်ဝငြိမ်း ချမ်းသာယာသည့် အရသာကို ခံစားကြရမည်ဖြစ် ပါသည်။ထိုထိုသောအမှုကို ဥပမာပြရမည်ဆိုပါ သော် ဗုဒ္ဓမြတ်စွာဘုရားရှင်သည် ခက်ခဲကြမ်း တမ်းလှသော အာဠာဝက ဘီလူးကြီးအား ကယ်ချွတ်တော်မူခဲ့သောအခန်းကို လေ့ လာပါက မေတ္တာအစွမ်းကို ကောင်းကောင်း ကြီးသိမြင်လာပါလိမ့်မည်။ အောင်ခြင်းရှစ်ပါးတွင် တစ်ပါးပါဝင်   သော အာဠာဝကဘီလူးမင်းအား မြတ်စွာ ဘုရားချွတ်တော်မူခန်းသည် ဘီလူးကြီးကိုသာ တရားရအောင် ကယ်ချွတ်သည်မဟုတ်ပါ။ အခြားသော သတ္တဝါများကိုပါ ဒုက္ခမှ ကယ်တင်နိုင်ရန်ဟောကြားသောတရားတော်များဖြစ်နေပါသည်။

အာဠာဝကဘီလူးကြီးသည် နှုတ်ကြမ်း၊ ကိုယ်ကြမ်း၊ မာန်မာနခက်ထန်သကဲ့သို့ ဈာန် တန်ခိုး လည်း အသင့်အတင့်ရှိပါသည်။ဘီလူးကြီးသည် သူ၏ ဈာန်တန်ခိုးဖြင့် ဈာန်ရ ရသေ့များကိုပင်ကောင်းကင်မှ မြေပြင် သို့ဆွဲချကာ ဓမ္မတရားတော်များကို မေးလေ့ရှိ ပါသည်။တရားမေး၍ သူလိုချင်သောအဖြေမရ သောအခါ ရသေ့များကို နှိပ်စက်ပြီးမှ ပြန် လွှတ်လေ့ရှိပါသည်။တစ်နေ့သောအခါ အာဠာဝကဘီလူး ကြီးသည် မြတ်စွာ ဘုရားရှင်နှင့် ပက်ပင်းတိုး ပါတော့သည်။ မြတ်စွာဘုရားရှင်ကလည်း အာဠာဝကဘီးလူကြီးကျွတ်ချိန်တန်ပြီဟု သိမြင်တော်မူသဖြင့် ဘီလူးကြီးရှိရာ ဘုံဗိမာန် သို့ သွားရောက်သီတင်းသုံးနေထိုင်ခဲ့ပါသည်။ဘီလူးကြီးသည် မြတ်စွာဘုရားရှင်အား သူ၏ ဘုံဗိမာန်ပေါ်တွင် တွေ့မြင်ရသောအခါ အမျက်ဒေါသချောင်းချောင်းထွက်၍ နည်းမျိုး စုံဖြင့် အကြမ်းဖက်တိုက်ခိုက်လေတော့သည်။

ဘုရားရှင်၏ မေတ္တာတန်ခိုးတော်ကြောင့် ဘီလူးကြီး၏အကြမ်းဖက်တိုက်ခိုက်မှုများမအောင်မြင်သောအခါအနု နည်းဖြင့်မေးခွန်း မေး နှိပ်စက်သည့်နည်းဗျူဟာကို ယခင် နည်းတူပြန်လည်ကျင့်သုံးကြည့်ပြန်ပါသည်။ထို့ကြောင့် ဘီလူးကြီးသည် သူ၏ ဝါသနာထုံးစံအတိုင်းသူသိ လိုသော မေးခွန်း များကို မေးပါတော့သည်။ ဘီလူးကြီးမေး သော ပထမမေးခွန်းမှာ ”လောကတွင် ဘယ် အရာသည် တန်ဖိုးအရှိဆုံးနှင့် တန်ဖိုး အကြီးဆုံးဖြစ်ပါ သနည်း” ဟု မေးမြန်းပါ သည်။သာမန်ပုဂ္ဂိုလ်တို့စဉ်းစားမည်ဆိုပါက စိန်ရွှေရတနာပစ္စည်းဥစ္စာများကိုသာ တန်ဖိုး အကြီးဆုံးဟု မိမိတို့ကြိုက်နှစ်သက်သော ပစ္စည်းတစ်ခုခုဖြင့်   ဖော်ပြပြောဆိုပါမည်။

သို့သော်မြတ်စွာဘုရား၏ အဖြေကား သာမန်လူသားတွေအဖြေနှင့်မတူ၊ တစ်မူထူး ခြားနေပါသည်။ မြတ်စွာဘုရားက ဖြေကြား သည်မှာ”တန်ဖိုးအ ရှိဆုံးသောအရာသည် သဒ္ဓါဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် လောကတွင်လူတွေ တန်ဖိုးထားအထင်ကြီးနေသည့် စည်းစိမ်ဥစ္စာရတနာများသည် ရန်သူမျိုးငါးပါးနှ င့် မကင်းပါ။ အချိန် မရွေး ဆုံးရှုံးနိုင်သည်။ ဤပစ္စည်းများ ကြောင့်ပင် လူတို့စိုးရိမ်ကြောင့်ကြရ၊ အလုအယက်၊အနှောင့်အယှက်ခံရသဖြင့် ဒုက္ခရောက်ကြရသည်။ သေ လျှင်လည်း ပါမသွား၊ ထားရစ်ခဲ့ရသည်။

တစ်နည်း ဆိုသော် တစ်ဘဝစာလေးကျေနပ်သ ယောင်ရှိသော်လည်း ပစ္စည်းမှပေးသော ဒုက္ခက မိမိရရှိလိုက်သော တစ်ခဏတာ ပီတိထက် ဒုက္ခက အဆပေါင်းများစွာ သာ လွန်နေပါသည်။သဒ္ဓါဆိုသည့် ယုံကြည် ချက်မှာ ခိုင်မြဲ သည်။ ဘယ်သူမှ ခိုးယူ လုယက်၍မရနိုင်။ သဒ္ဓါဆိုသည်မှာ ကောင်း တာပြုလုပ်လျှင် ကောင်းကျိုး ခံစားရမည်ဟူသော ယုံကြည်ချက်ကြောင့် ဒါနပြုလိုခြင်း၊ သီလဆောက် တည်လိုခြင်း၊ တရားနာလိုခြင်းစသည့် ကုသိုလ်စိတ်များ ဖြစ်ပေါ် လာရသည်။

အားကောင်းသည့်သဒ္ဓါတရားကြောင့်ဘဝအဆက်ဆက် ကောင်းတာတွေအများကြီး ခံစားကြ ရသည်။လောကီ၊လောကုတ္တရာနှစ်ဖြာသော အကျိုးကိုရနေ ကြရသည်။  ထို့ကြောင့် အမြတ်ဆုံးသောဥစ္စာသည် သဒ္ဓါပင်ဖြစ်ပါ သည်”ဟု မြတ်စွာဘုရားရှင်က မိန့်ကြားဖြေ ဆိုသောအခါအာဠာဝကဘီလူးကြီးသည် မှန်ကန်သော အဖြေ၊ သူနှစ်သက်သောအဖြေ ကိုရရှိသဖြင့် ဘာမျှမပြုလုပ်ဘဲ မေးခွန်းကို သာ ဆက်မေးပါသည်။အာဠာဝကဘီလူးကြီး၏ ဒုတိယမေးခွန်း မှာ ”တိုးတက်ကြီးပွားအောင် ဘယ်သို့သော အကြောင်းအရာများကို ပြုသင့်ပါသနည်း” ဟု မေးမြန်းသောအခါ မြတ်စွာဘုရားက ဖြေ ကြားသည်မှာ ”လောကတွင် တိုးတက်ကြီး ပွားလိုလျှင် သူတစ်ပါး ၏ပစ္စည်းဥစ္စာများကို နိုင့်ထက်စီးနင်းကြံဆောင်မယူပါနှင့်၊ သူတစ်ပါးကြီးပွားမှုကိုလည်း မိမိမှပီတိ ဖြစ်ပါ။

ဓမ္မဟူသော တရားသဖြင့် ကျင့်ကြံ အားထုတ်ရှာဖွေသောအမှု ကိုပြုပါ။ မ ကောင်းမှုမှန်သမျှရှောင်ကြဉ်ပြီး ကုသိုလ် ကောင်းမှုအမျိုးမျိုးကို ရှာကြံပြုလုပ်ပါ။ ဤကဲ့သို့တရားသဖြင့်ရရှိထားသောတန်ခိုး အာဏာစည်းစိမ်ဥစ္စာတို့မှာ ခိုင်မြဲ ပါသည်။ သံသရာတစ်လျှောက်လုံးအတွက်အထောက် အပံ့အဖြစ် ပါသွားပါလိမ့်မည်”ဟု မြတ်စွာ ဘုရားရှင်မိန့်ကြားဖြေဆိုသောအခါ ဤသည် ကိုလည်း ဘီလူးကြီး ကြိုက်နှစ်သက်လက်ခံပြီး မေးခွန်းကိုသာဆက်လက်မေးမြန်းပါသည်။တတိယမေးခွန်းကတော့ ”ဘယ်သို့ သော အကြောင်းအရာသည် အရာရာကို အောင်မြင်နိုင်ပါသ နည်း”ဟု မေးမြန်းသော အခါ မြတ်စွာဘုရား၏အဖြေမှာ လောက တွင် အရာရာအောင်မြင်နိုင်သည်မှာ မေတ္တာ ကိုအခြေခံသည့်သစ္စာတရားပင်ဖြစ်သည်။

ဥပမာပြရသော် ဘုရားလောင်းငုံးမင်းသည် တောမီးကြီးလောင်၍သူ့အား မီးဝန်းရံနေ သောအခါသစ္စာပြုပါသည်။ ”ငါသည် အတောင်အလက်မစုံသေးသဖြင့် ပျံလည်း မပျံနိုင်ပါ။ ခြေများ ရှိသော်လည်း နုနယ် သဖြင့် မပြေးလွှားနိုင်သေးပါ။ ငါ့မိဘများ သည်လည်းငါ့ကိုပစ်ပြေးကြပေကုန်ပြီ။ ဤမှန်သောသစ္စာစကားကြောင့် မီးဘေးမှ ကင်းလွတ်ပါစေသ တည်း”  ဟု သစ္စာဆို၏။ မှန်ကန်သောသစ္စာစကားကြောင့် မီးဘေးမှ လွတ်ကင်းသွားရပါသည်။

အာဠာဝကဘီလူးကြီး၏ အမေးပုစ္ဆာများသည် လောကသတ္တဝါအားလုံး အတွက် တန်ဖိုးကြီးမားလှသကဲ့သို့ မြတ်စွာဘုရား ဟောကြားသော တရားတော်များမှာလည်း တန်ဖိုးမဖြတ်နိုင်လောက်အောင် သတ္တဝါများ အတွက် ကျေးဇူးကြီးမားလှ ပါသည်။အာဠာဝကဘီလူးမင်းကြီးနှင့် မြတ်စွာ ဘုရား အမေးအဖြေဆုံးသောအခါ ဘီလူးကြီး သည်မာန်စွယ်ကျိုးပြီး မြတ်စွာဘုရား၏ တရားတော်များကို နာရသဖြင့် တရားအဆုံး တွင် သူတော်ကောင်းသောတာပန်ဖြစ်သွား ပါသည်။

သူတော်ကောင်းစိတ်ဝင်ကာတရား ဓမ္မအားထုတ်ရသောကြောင့်သံသရာအတွက် အာမခံချက်ရှိသော သဒ္ဓါဆိုသည့် သုံးမကုန် သည့် စည်းစိမ်ဥစ္စာများရရှိသွားပါတော့သည်။ဆရာတော်ဒေါက်တာနန္ဒမာလာဘိဝံသ ဟောကြားသော တရားတော်ကို နာကြားရရာမှဤေ ဆာင်း ပါးဖြစ်ပေါ် လာရပါသည်။’

 မြင့်မောင်(ရေစကြို)

Thursday, May 24, 2012

အပြောင်းအလဲနဲ့ အလဲအပြောင်း

အပြောင်းအလဲနဲ့ အလဲအပြောင်း
“မှားရာက မှန်၊ မဲရာက ဖြူ၊ ဆိုးရာက ကောင်း’’ ဆိုတဲ့ အခြေအနေရောက်အောင် ပြုလုပ်တဲ့အခါမှာ တခါတည်း ခေါင်းနဲ့ပန်းလှန်သလို ပြောင်းပြီး လဲပစ်မလား၊ တဆင့်ချင်း လဲပြီးတော့မှ ပြောင်းယူမလားဆိုတာ အခြေအနေအရ မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်ခြင်းဟာ ခေါင်း ဆောင်ကောင်းတို့ရဲ့ အလွန်အရေးကြီးတဲ့ အရည်အချင်းတစ်ခုပဲ’’
(တောင်တွင်းကြီး၊ နတ်မှီတောရဆရာတော်ကြီး)

၁၃၃၅-၃၆ (၁၉၇၄-၇၅) ခုနှစ်များက ဒေးဒရဲမြို့ ကွင်းကျောင်းတိုက်မှာပြုလုပ်တဲ့ နိကာယ်ငါးရပ်သင်တန်းမှာ မြတ်စွာဘုရားရှင်ရဲ့ တရားဦးဒေသနာ (ဓမ္မစကြာ) နဲ့ပတ်သက်လို့ အတော်လေး အကျယ်တ၀င့် ဆွေးနွေးပြောဆိုကြပါတယ်။
သင်တန်းတာဝန်ခံ (စာချ) ဖြစ်တဲ့ ဒေးဒရဲကွင်းကျောင်းဆရာတော်ကြီးက “ဗုဒ္ဓပွင့်တော်မူချိန်အထိ မဇ္ဈိမဒေသမှာ အဓိကလွှမ်းမိုးထားတဲ့ အယူဝါဒက အတ္တ၀ါဒ’’ ပဲ။ အတ္တ၀ါဒဆိုတာ အကျဉ်းချုပ်ကတော့ နိစ္စ = မြဲတယ်၊ ဓူဝ = ခိုင်ခန့်တယ်။ သဿတ = ဒီအတ္တကလေးချည်း တစ်ဆက်တည်းဖြစ်နေတယ်။ အ၀ိနာသီ = ဒီအတ္တကလေးဟာ ပျက်စီးခြင်းလည်း မရှိဘူး။ သဗ္ဗဗျာပီ = တကိုယ်လုံးမှာရော အရာခပ်သိမ်းမှာပါ ပံျ့နှံ့ပြီး တည်နေတယ်။

သယံဝသီ = အဲဒီအတ္တရဲ့ အလိုကျအတိုင်းသာအရာရာက လိုက်နေရတယ်’’ လို့ ယုံကြည်လက်ခံတဲ့ဝါဒပေါ့။
“ဆင်းရဲကင်းပျောက် ချမ်းသာရောက်ရေး’’ ဆိုတဲ့နေရာမှာလည်း ဒီအတ္တကို အခြေခံ အရှိအဖြစ် ခံယူပြီးတော့ပဲ အတ္တရဲ့အလိုကျ လိုအပ်သမျှ အာရုံငါးပါး ကာမဂုဏ်တရားတွေကို ရှာဖွေခံစားပေးခြင်းဟာ ချမ်းသာအစစ်ပဲလို့ခံယူပြီး အမြဲကြိုးစားကျင့်သုံးကြတဲ့ “ကာမသုခလ္လိကာနု ယောဂ’’ အုပ်စုရယ်၊ ဒီအတ္တကလေး ဒီခန္ဓာကိုယ်ကြီးကို ငြီးငွေ့စွန့်ခွာပြီး မဟာပရမတ္ထမလို့ခေါ်တဲ့ မူလအတ္တကြီးဆီပြန်ရောက်မှ ချမ်းသာ အစစ်ကိုရရှိမယ်ဆိုတဲ့ယုံကြည်ချက်နဲ့ ခန္ဓာကိုယ်ထဲမှာရှိတယ်ဆိုတဲ့ အတ္တကလေးကို အမျိုးမျိုးညှဉ်းဆဲကျင့်သုံးတဲ့ “အတ္တကိလမထာနုယော ဂ’’ အုပ်စုရယ်ဆိုပြီး အုပ်စုနှစ်မျိုးကွဲသွားတာပါ။

တို့မြတ်စွာဘုရားရှင်လည်း အလောင်းတော်သိဒ္ဓတ္ထမင်းသားဘ၀မှာ ဒီအစွန်းနှစ်ခုလုံးကို ကိုယ်တိုင်ကျင့်သုံးခဲ့တာပဲမဟုတ်လား။ ကပိလ၀တ် နန်းတော်ထဲမှာ ကာမသုခလ္လိကာနုယောဂအကျင့်ကိုလည်း သူမတူအစွန်းရောက်အောင် ကျင့်သုံးခဲ့တာပဲ။ “အတ္တ’’ဆိုတာ သူ့အလိုအတိုင်း ဖြစ်စေတယ်လို့ ဆိုထားပေမယ့် တကယ့်လက်တွေ့မှာ အိုတာ၊ နာတာ၊ သေတာကိုကျတော့သူဘာမှ မတတ်နိုင်ဘူးဆိုတာလည်း သိရော တစ်ခါတည်း ဥရုဝေလတောအရောက် ထွက်သွားတော့တာပဲ။

ကပိလ၀တ်နန်းတော်ထဲတုန်းက အတ္တရဲ့ အလိုလိုက် အကြိုက်ဆောင်ပေးနေပေမယ့် တကယ့်ဒုက္ခကို မငြိမ်းစေဘူးဆိုတဲ့ သတိသံဝေဂရခဲ့ပေ မယ့် “အတ္တဆိုတာ ရှိကို မရှိဘူး၊ အနတ္တပဲ’’ ဆိုတဲ့အသိမျိုးတော့ မရခဲ့ဘူးလေ။ ဒါကြောင့်လည်း ဥရုဝေလတောထဲရောက်တော့ အဲဒီအတ္တ ကလေးကိုပဲ အရှိလို့ ထင်မြဲထင်နေပြီး ကျင့်သုံးတဲ့နေရာမှာတော့ နန်းတော်ထဲကနဲ့ ဆန့်ကျင်ဘက်အဖြစ်နဲ့ အတ္တကို လုံးဝအလိုမလိုက်ဘဲ ဆန့်ကျင်ညှင်းဆဲတဲ့အကျင့်ကို ကျင့်ပြန်ရော။ ဒါဟာလည်း နောက်ဆုံးတော့ “သေဖို့ပဲရှိတော့တယ်’’ ဆိုတဲ့အခြေအနေရောက်လာတော့မှ ကောင်းကောင်းကြီး သံဝေဂရသွားတော့တာ။

အတ္တဆိုတာ “သယံဝသီ = သူ့အလိုကျအတိုင်း ဖြစ်ရမယ်’’ ဆိုပေမယ့် အခုလို အစားအသောက်ပါဖြတ်လိုက်တဲ့ အခါမှာတော့ ဒါရဲ့ဆိုးကျိုးက အတ္တကို ထိခိုက်တာမတွေ့ရဘဲ ခန္ဓာကိုယ်ကြီးကိုပဲ ထိခိုက်တော့တာကိုး။ အဲဒီတော့မှ “အတ္တ’’ ဆိုတာ မရေရာ မသေချာတဲ့ အယူဝါဒတစ် ခုပဲဆိုတာကို ရေးရေးသဘောပေါက်လာတာ။
ဒါနဲ့ အလောင်းတော်သိဒ္ဓတ္ထမင်းသားဟာ အတ္တဆိုတာကို ဂရုမစိုက်တော့ဘဲ ခန္ဓာကိုယ်ကို ရပ်တည်နိုင်စေမယ့်အစားအစာကို စားသုံးပြီး ဗောဓိမဏ္ဍိုင်ကို ကြွတော့တာပေါ့။ ဗောဓိပင်ခြေရောက်တဲ့အခါ အတ္တအကြောင်းကိုမစဉ်းစားတော့ဘဲ ခန္ဓာကိုယ်ရဲ့ တကယ့်အရှိတရားကို ရှာဖွေသုံးသပ်မိရာက တကယ့်တရားစစ် တရားမှန်ကို ရှာဖွေတွေ့ရှိပြီး သဗ္ဗညုဘုရားအဖြစ်ရောက်သွားတာပေါ့။

ဒီနေရာမှာ တပည့်သားများအနေနဲ့ နှိုင်းယှဉ်သတိထားစရာ အချက်တစ်ခုရှိတယ်။ မြတ်စွာဘုရားရှင်ဟာ ကိုယ်တိုင်ဘုရားဖြစ်ဖို့အရေးမှာ ကပိလ၀တ်နန်းတော်ထဲက ထွက်ခဲ့ပြီးနောက် ဥရုဝေလတောထဲမှာ ခြောက်နှစ်လုံးလုံးမျက်စေ့လည်ခဲ့ရတာ။ ဒါကြောင့် တောထွက်ချိန်ကစပြီး ဘုရားဖြစ်ချိန်အထိ အချိန် (၆) နှစ်တောင်ကြာသွားခဲ့တယ်။ အဲ ..တပည့်သားများကျတော့ ပထမဆုံး တပည့်ဦးကြီးတွေဖြစ်တဲ့ ပဉ္စ၀ဂ္ဂီငါးဦးတို့ ဟာ တရားဟောလို့ (၆) ရက်မြောက်မှာပဲ အနတ္တလက္ခဏသုတ်ကိုဟောလိုက်တော့ အားလုံးအာသဝေါကုန်ခန်းတဲ့ ရဟန္တာတွေ ဖြစ်ကုန်ကြ တယ်။ တချို့တပည့်သားတွေဆိုရင် တခဏချင်းနဲ့တောင် ရဟန္တာတွေ ဖြစ်ကုန်ကြတာရှိတယ်လေ။ ဒီနေရာမှာ ဘုရားရှင်ရဲ့ “သတ္ထာဒေ၀မနု ဿာနံ = နတ်လူအပေါင်းတို့ရဲ့ ဆရာကောင်း ခေါင်းဆောင်ရှေ့သွားကောင်းဖြစ်တယ်’’ ဆိုတဲ့ဂုဏ်ဟာ အလွန်ထင်ရှားတယ်ဆိုပြီး ဆရာ တော်က စကားကိုခဏရပ်လိုက်ပါတယ်။

“ဆရာတော် ခေါင်းဆောင်ကောင်းပီသပုံလေးလဲ ထင်ရှားအောင် နည်းနည်းချဲ့ပြီး ပြောပေးပါဦးဘုရား’’လို့ လျှောက်ထားကြတဲ့အခါ ဆရာတော်က – ဘုရားပွင့်တဲ့အချိန်မှာ ရာဇဂြိုဟ်ဝန်းကျင်မှာ ထင်ရှားတဲ့ဘာသာရေးဂိုဏ်းကြီးခြောက်ဂိုဏ်းဆိုတာ ထင်ရှားရှိနေပြီ။ အဲဒီ ဂိုဏ်းကြီးတွေကို အသီးအသီးဦးဆောင်ကြတဲ့ ဂိုဏ်းဆရာကြီးတွေက ပုရာဏကဿပစတဲ့ ဆရာကြီးတွေပေါ့။ အဲဒါအရှင်တို့လည်း သိကြပြီးသားပဲ။ အဲဒီဂိုဏ်းဆရာကြီးတွေဟာ အမှားနဲ့အမှန်ကွဲပြားအောင် ဘာကျင့်စဉ်မှ ဟုတ်တိပတ်တိ ကျင့်ကြဖူးတာမဟုတ်ဘူး။ သူတို့ စိတ်ကူးရသလို တချို့လည်း ကြားဖူးနားဝရှိတဲ့အထဲက သူတို့စိတ်ကူးနဲ့တည့်သလိုရှောင်ဖို့ ပညတ်တာတွေလည်းရှိတယ်။ ဆောင်ဖို့ တိုက် တွန်းတာတွေလည်း ရှိတယ်။ သူတို့ကသာ ဂိုဏ်းဆရာကြီးတွေအဖြစ်နဲ့ ကိုယ့်ကိုယ်ကိုယ်အထင်ကြီးပြီး အခန့်သားအပူဇော်ခံနေကြပေမယ့် သူတို့ ညွှန်ကြားတဲ့အတိုင်း လိုက်နာပြီး ရှောင်ကြ၊ ဆောင်ကြလို့ဘယ်တပည့်မှတော့ ဆင်းရဲဒုက္ခလွတ်ငြိမ်းချမ်းသာသွားတယ်လို့ မရှိပါဘူး။ ဒါပေမယ့် သူတို့ကတော့ ဇွတ်အတင်းပဲ လိုက်နာခိုင်းနေကြတာပဲ။

လူတွေဆိုတာကတော့ ဆင်းရဲကိုကြောက်ပြီး ချမ်းသာကိုမျှော်နေကြတာဆိုတော့ ဘာရယ်လို့ မဟုတ်ဘူး။ အပြောအဟောကောင်းတာကို ရမ်းယုံလိုက်ကြတာပ။ဲ ပြီးတော့ “မောဟစရိတိတဿ အာဓာနဂ္ဂါဟိတိတာ ဒုပုပ္ပဋိနိဿိဂ္ဂိတိတာ = အသိဉာဏ်ချို့တဲ့သူမူများဟာ အယူအစွဲ ပြင်းထန်သလောက် အယူဝူ၀ါဒကို စွန့်လွှတ်ဖို့ခဲယဲယဉ်းကြတယ်’’ (၀သိဒုမ္ဓိဂ် – ၁၀၃) ဆတိုအတိုင်း အယယူဝါဒကို ယုံကြည်လက်ခံပြီးရင်လည်း “အမှားကြာတော့ အမှန်ဖြစ်၊ အမှန်အစစ် အမှားထင်၊ ဘုရားပင် ကုလို့မရ’’ ဆိုတာမျိုးတွေ ဖြစ်ကုန်တတ်ကြတော့ ဒီဆရာကြီးတွေရဲ့ နောက် လိုက်တွေမှန်သမျှဟာ အယူဝါဒတခုရဲ့ အစမ်းသပ်ခံသားကောင်များဘ၀နဲ့ပဲ “နေလည်း ဆင်းရဲ၊ သေလည်း ဆင်းရဲ’’ ဆိုတဲ့ အဖြစ်မျိုးနဲ့ ရခဲ တဲ့ လူ့ဘ၀ကြီးတစ်ခုလုံး အချည်းအနှီး ဆုံးရှုံးနစ်နာသွားကြတယ်။

မြတ်စွာဘုရားရှင်ကို နတ်လူအပေါင်းတို့ရဲ့ ရှေ့သွားခေါင်းဆောင်ကောင်း (သတ္ထာဒေ၀မနုဿာန) လို့ဆိုရတာက မြတ်စွာဘုရားရှင်အနေနဲ့ ရှောင်ရှားရမည့် အစွန်းကျင့်စဉ်မှားနှစ်ခုနဲ့ပတ်သက်ပြီး အစမ်းသပ်ခံသားကောင်အဖြစ်နဲ့ ဘယ်တပည့်သားကိုမှ အသုံးမချဘူး။ သူ့ကိုယ်သူ သာ အသုံးချခဲ့တာ။ အစွန်းမှားနှစ်ခုထဲက အတ္တကိလမထ အစွန်းမှားကျင့်စဉ်ဆိုတာ တကယ့်အာဇာနည်စစ်စစ်ဖြစ်တဲ့ အလောင်းတော်ကြီး မို့သာခံနိုင်တာ။

သာမန်ပုဂ္ဂိုလ်မျိုးဆိုရင် ခြောက်နှစ်မပြောနဲ့ ခြောက်ရက်အထိခံနိုင်ရင်ကံကောင်း။
ဒါကြောင့်လည်း ဘုရားအလောင်းတော်ဟာ ကိုယ်တိုင်အစမ်းသပ်ခံအဖြစ်နဲ့ ခြောက်နှစ်အထိ အစမ်းသပ်ခံပြီးတဲ့အခါ “ဒုက္ခော = ဆင်းရဲရုံ သက်သက်ဖြစ်တယ်။ အနတ္ထသံဟိတော = ဘာကောင်းကျိုးမှ မရနိုင်ဘူး’’ ဆိုပြီး ယတိဖြတ်ဆုံးဖြတ်လိုက်တယ်။ နောင်လာနောက်သား တပည့်များအနေနဲ့ ဒီလိုအမှားစွန်းရောက်အောင် အစမ်းသပ်ခံစရာမလိုတော့ဘူး။ ဒါကြောင့်လည်း ဘုရားကိုယ်တော်တိုင် ဘုရားဖြစ်ရေး အားထုတ်ရာမှာ ခြောက်နှစ်အထိကြာခဲ့ပေမယ့် တပည့်တွေကျတော့ ဉာဏ်ဓာတ်ခံကြီးရင် ကြီးသလို တချို့အချိန်ပိုင်းအတွင်း၊ တချို့ ရက် ပိုင်းအတွင်း ကျင့်ဖွယ်ကိစ္စတွေ ပြီးမြောက်သွားကြတာပေါ့။
ဒါဟာ ခေါင်းဆောင်ကောင်း ဆရာကောင်းတို့ရဲ့ နောက်လိုက်တပည့်ဖြစ်ရခြင်းရဲ့အကျိုးပဲ။

ဘုရားရှင်ကို ခေါင်းဆောင်ကောင်း ဆရာကောင်းလို့ ချီးကျူးဂုဏ်ပြုရတာဟာလည်း အမှားရဲ့ဒဏ်ကို အများ (နောက်လိုက်တွေ) မခံရစေဘဲ ကိုယ်တိုင်အစမ်းသပ်ခံ အဆင်းရဲခံပြီးမှ လမ်းမှန်ကို ချွင်းချက်မရှိ တိတိကျကျ ညွှန်ပြဦးဆောင်နိုင်လို့ပဲပေါ့။
ကိုယ်တိုင်စမ်းသပ်ခံရခြင်းရဲ့ကျေးဇူးက ဘယ်လောက်ထိရောက်မှုရှိသလဲဆိုရင် ကာမသုခလ္လိကအစွန်းကို ပယ်ရမယ်ဆိုတဲ့ကိစ္စမှာ သာမန် တစ်ယောက်ယောက်ကသာပြောမယ်ဆိုရင် “စပျစ်သီးမှည့်ကိုမမှီလို့ ချဉ်တယ်ပြောနေတာ’’ ဆိုတာမျိုးဖြစ်နေမှာ။

ခုတော့ စကြာဝတေးမင်း ဖြစ်မည့်စည်းစိမ်ကိုတောင်စွန့်ခဲ့တာဆိုတော့ ဘယ်သူမှအပြစ်မပြောသာတော့ဘူး။ ပြီးတော့ အတ္တကိလမထကျင့်စဉ်ဆိုတာ အဲဒီခေတ်တုန်း က လူအလေးစားဆုံး အထင်အကြီးဆုံး အကျင့်လေး။ သာမန်ပုဂ္ဂိုလ်ကသာ ဒီအကျင့်မျိုးကိုပယ်ရမယ်လို့ပြောရင် “သူမကျင့်နိုင်လို့ အပြစ် ပြောတာ’’ လို့ အထွန့်တက်ခံရမှာပေါ့။ ကိုယ်တိုင်ခြောက်နှစ်ကြီးများတောင် စံချိန်ချိုးပြီးကျင့်ခဲ့တာဆိုတော့ ဘယ်သူကမှ အပြစ်မပြောနိုင် တော့ဘူး။ အစွန်းတရားတွေဟာ အမှားတွေဖြစ်ပေမယ့် တရားဦးကိုတော့ အများကြီးကျေးဇူးပြုခဲ့တယ်မဟုတ်လား။

အဲဒါ ကိုယ်တိုင် အစမ်း သပ်ခံခဲ့လို့ပဲပေါ့။ လောကမှာ နောက်လိုက်တပည့်သားများကို စွန့်လွှတ်အနစ်နာခံကြဖို့ပြောဆိုတဲ့ခေါင်းဆောင်မျိုးတွေ ပေါလှပေမယ့် ကိုယ်တိုင်စံပြဖြစ်အောင် စွန်လွှတ်အနစ်နာခံတဲ့ခေါင်းဆောင်မျိုးကအရှားသား မဟုတ်လား။ ဒါကြောင့် တရားဦးဓမ္မစကြာကို သေသေ ချာ ချာလေ့လာကြည့်ရင် ဘုရားရှင်ရဲ့ ခေါင်းဆောင်ကောင်းပီသမှုဟာ အလွန်ထင်ရှားတယ်လို့ပြောတာ။
အဲ .. နောက်တချက်က လူအများ လက်ခံယုံကြည်နေကြတဲ့ “အတ္တ’’ဆိုတဲ့ဝါဒကြီးဟာ မရှိကို အရှိထင်နေကြတဲ့ဝါဒကြီးသာ ဖြစ်တယ်။ တ ကယ့်အမှန်အကန်တရားက အတ္တမရှိတဲ့ “အနတ္တ’’ သာဖြစ်တယ်လို့ သိမြင်တော်မူပြီးတဲ့ အနတ္တ၀ါဒီဘုရားရှင်ဟာ ပထမဆုံးတရားဦးအဖြစ် ရွေးချယ်ရာမှာ အနတ္တလက္ခဏသုတ်ကိုမရွေးချယ်ဘဲ ဓမ္မစက္ကပ၀တ္တနသုတ်ကိုသာ ရွေးချယ်ဟောကြားတော်မူတယ်။

ဒီသုတ်ကို ငါးရက်လုံး လုံး ဟောကြားတော်မူစဉ်မှာ “အနတ္တ’’ ဆိုတာနဲ့ပတ်သက်လို့ တစ်လုံးတပါဒမျှဟောမသွားခဲ့ဘူး။ ဒါဟာလည်း အလွန်အရေးပါတဲ့ ရွေးချယ် ဟောပြောမှုပဲ။ မြတ်စွာဘုရားရှင်ရဲ့ အဟောအပြောလိမ္မာမှု ဒေသနာကောသလ္လဉာဏ်တော်အစွမ်းကလည်း အလွန့်ကိုအံမခန်းပဲ။ ဒီအ ကြောင်းအရာကတော့ မဇ္ဈိမဒေသရဲ့ ဘာသာရေးအတွေးအခေါ်များနဲ့ပတ်သက်ပြီး ကျွမ်းကျင်ပိုင်နိုင်တဲ့ နတ်မှီဆရာတော်ကိုယ်တိုင် ရှင်းပြ တာ ပိုပြီးကောင်းပါလိမ့်မယ်။ ဆရာတော် ရှင်းပြပေးပါဦးဆိုပြီး ပြောဆိုလျှောက်ထားလိုက်ပါတယ်။

ဆရာတော်ကြီးက – “အဘိဓမ္မာတစ်ရပ်မှာပဲ ဖြစ်ဖြစ်၊ အယူဝါဒတစ်ခုခုမှာပဲဖြစ်ဖြစ်၊ ခေတ်စနစ်တစ်ခုမှာပဲဖြစ်ဖြစ်၊ မှားရာက မှန်၊ မဲရာက ဖြူ၊ ဆိုးရာက ကောင်း’’ ဆိုတဲ့အခြေအနေရောက်အောင်ပြုလုပ်တဲ့အခါမှာ တစ်ခါတည်း ခေါင်းနဲ့ပန်းလှန်သလိုပြောင်းပြီး လဲပစ်မလား၊ တဆင့် ချင်းလဲပြီးတော့မှ ပြောင်းယူမလားဆိုတာ အခြေအနေအရ မှန်မှန်ကန်ကန်ဆုံးဖြတ်နိုင်ရေးဟာ ခေါင်းဆောင်ကောင်းတို့ရဲ့ အလွန် အရေး ကြီးတဲ့အရည်အချင်းတစ်ခုပဲ။ စပ်ကူးမတ်ကူးဆိုတဲ့ကာလမျိုးမှာ ဦးဆောင်တဲ့ပုဂ္ဂိုလ်ရဲ့ ဒီဆုံးဖြတ်ချက် အမှားအမှန်ဟာ အဖွဲအစည်းတစ်ခုရဲ့ အောင်မြင်တည်တံ့မှုနဲ့ ဆုံးရှုံးပျက်စီးမှုကို အဆုံးအဖြတ်ပေးသွားမှာ။

ဦးဆောင်တဲ့ ပုဂ္ဂိုလ်ဟာ ခေါင်းဆောင်ကောင်း ဟုတ်, မဟုတ်ဆိုတာဟာလည်း သူ့ရဲ့မှန်ကန်တဲ့ ဆုံးဖြတ်လုပ်ကိုင်မှုနဲ့ အောင်မြင်တည်တံ့မှုကို ကြည့်ပြီးတော့ပဲ သတ်မှတ်ကြတာမဟုတ်လား။ အခုန ကွင်းကျောင်းဆရာတော်ပြောသွားသလိုပဲ မြတ်စွာဘုရားရှင်အနေနဲ့ ပထမဆုံးသာသ နာပြုတရားအဖြစ်နဲ့ မိဂဒါဝုန်တောမှာ တရားဟောပြရမှာက ပဉ္စ၀ဂ္ဂီငါးဦးတို့ဖြစ်နေတယ်။ ဒါက ပထမဆုံး အလေးအနက်ထားစဉ်းစားရမယ့် ကိစ္စပဲ။ ဒီနေရာမှာ ပဉ္စ၀ဂ္ဂီငါးဦးတို့မဟုတ်ဘဲ တခြားပုဂ္ဂိုလ်တစ်ဦးဦးလည်း ဖြစ်ခဲ့မယ်၊ အဲဒီပုဂ္ဂိုလ်ကလည်း အယူဝါဒနဲ့ပတ်သက်လို့ အမှားနဲ့ အမှန်ကိုသာ တိတိကျကျသိချင်တယ်လို့ဆိုလာရင်တော့ ဘုရားရှင်အနေနဲ့ ဘာမှသိပ်ရှည်ရှည်ဝေးဝေးပြောစရာမလိုဘူး။

“သင်တို့ အများစု ယုံကြည်လက်ခံနေကြတဲ့ “အတ္တ’’ ဆိုတဲ့ အယူဝါဒဟာ မှားတယ်။ ငါဘုရားရှင် ရှာဖွေတွေ့ရှိထားတဲ့ “အနတ္တ’’ သဘောတရားကသာ အ မှန်ဖြစ်တယ်’’ လို့ ပြောဆိုလိုက်ရုံပဲရှိမှာပေါ့။
ဒါပေမယ့် အခုတရားနာကြမည့်ပုဂ္ဂိုလ်တွေက ပဉ္စ၀ဂ္ဂီငါးဦးဖြစ်နေတယ်လေ။ အားလုံးသိထားတဲ့အတိုင်းပဲ ပဉ္စ၀ဂ္ဂီငါးဦးထဲမှာ ဦးစီးဦးဆောင် ဖြစ်တဲ့ ကောဏ္ဍညပုဏ္ဏားကြီးဆိုတာက တကယ့်အတ္တ၀ါဒီအကြီးစားကြီးလေ။ ဗြဟ္မဏတို့ရဲ့ အတ္တ၀ါဒနဲ့ အတ္တ၀ါဒအခြေခံဝေဒကျမ်း အတတ် ပညာမှာ တစ်ဖက်ကမ်းခတ်တတ်ကျွမ်းလို့ ငယ်ငယ်ရွယ်ရွယ်နဲ့ မင်းဆရာဖြစ်ခဲ့တာ။ အလောင်းတော်မင်းသား ဖွားမြင်ခါစမှာ “ဘုရားဖြစ်မှာ ဧကန်’’ လို့ တစ်ခွန်းတည်းဟောနိုင်စွမ်းရှိတဲ့ ပညာရှင်ကြီးမဟုတ်လား။
သူနဲ့အတူ ကျန်တဲ့အဖွဲ့ဝင်လေးဦးတို့လည်း ဘာထူးမလဲ။

အတ္တ၀ါဒကို အခိုင်အမာ အစွဲပြင်းထန်ကြသူတွေပဲ။ ဒါကြောင့်လည်း ဥရုဝေ လတောမှာ အလောင်းတော်က အတ္တကို ညှဉ်းဆဲဖို့ ပြင်းပြင်းထန်ထန်အားထုတ်နေစဉ်မှာ ယုံယုံကြည်ကြည်နဲ့ ဆည်းကပ်နေသူတွေ ဖြစ်ခဲ့ တာပေါ့။ နောက်တော့ အလောင်းတော်က အတ္တကိုညှဉ်းဆဲတဲ့အယူအကျင့်ကိုစွန့်လွှတ်ပြီး ခန္ဓာကိုယ်ကို ပြန်လည်ထူထောင်ဖို့ အစာစား လိုက်တာနဲ့ တပြိုင်နက် အလောင်းတော်အပေါ်မှာ အယုံအကြည်မရှိတော့ဘဲ စွန့်ခွာသွားကြတဲ့ပုဂ္ဂိုလ်တွေမဟုတ်လား။

အဲဒီပုဂ္ဂိုလ်တွေကို တရားဦးဟောတဲ့အခါ ၀င်ဝင်ချင်း ဆောက်နဲ့ထွင်းဆိုတာလို “ မင်းတို့မှတ် တတ်တယ်ထင်နေတဲ့” အတ္တဆိုတဲ့ ၀ါဒက အမှားကြီးကွ။ အခု ငါရှာဖွေတွေ့ရှိခဲ့တဲ့ အနတ္တဆိုတာက အမှန်လို့သာ ဟောကြည့်လိုက်ပါလား၊ မိဂဒါဝုန်မှာ တရားပွဲကြီးဖြစ်သွားမလား ၊ ငြင်းခုံရန်တွေ့ပွဲကြီး ဖြစ်သွားမလား၊ ဒါကို မြတ်စွာဘုရားက ချင့်ချိန်စဉ်းစားရတာပေါ့။ သမားကောင်းတို့မည်သည် လူမမာက ရောဂါပြင်းနေရင် ဆေးကိုငြင်းတတ်တယ်။ ဖြောင့်ဖြောင့်ဆန့်ကျင်တဲ့ တိုက်ရိုက်ပဋိပက္ခဆေးကို တိုက်ကြွေးခဲ့ရင်လည်း လူမမာက အော့အန်ပြီး ထွေးထုတ်ပစ် တတ် တယ်ဆိုတာကို သိထားရတယ်လေ။

မြတ်စွာဘုရားကိုလည်း “မဟာဘိသက္က = ကျွမ်းကျင်လိမ္မာတဲ့ တရားဆေးဆရာကြီး’’ လို့ ဆိုကြတယ်မဟုတ်လား။ မြတ်စွာဘုရားရှင်က ဒီအခြေအနေအရပ်ရပ်ကို ကျွမ်းကျင်နားလည်ပြီးသား။ ဒါကြောင့် အတ္တသမားတွေနဲ့ ထိပ်တိုက်တွေ့ရမည့်ပထမဆုံးတရားဦးမှာ “အနတ္တ’’ ဆိုတဲ့စကားလုံးကို တစ်လုံးတစ်ပါဒမျှ မပြောတာပေါ့။ တရားဦးအဖြစ်နဲ့ ဟောတော်မူတဲ့ ဓမ္မစကြာတရားတော်ဟာ မြတ်စွာဘုရားရှင်ရဲ့ ပထမဦးဆုံးတရားတော်ဖြစ်တာနှင့်အညီ အဘက်ဘက်က ဘယ်လိုမှဟာကွက်မရှိရအောင်ဟောထားတဲ့ ဒေသနာတော်ဖြစ်လို့ အခုခေတ် ကာလစကားနဲ့ ပြောရမယ်ဆိုရင် “ဘုရားရှင်ရဲ့ မာစတာပိစ်’’ လို့တောင် ပြောလို့ရလိမ့်မယ်။ ဒီတရားဦး ဒေသနာတော်ကို အသေအချာ လေ့ လာကြည့်ရင် မြတ်စွာဘုရားရှင်ရဲ့တရားဟောပုံ ကျွမ်းကျင်လှတဲ့ ဒေသနာကောသလ္လဉာဏ်တော်ကိုလည်း ခန့်မှန်းသိနိုင်လောက်တယ်။

ဒီတရားတော်မှာ အဓိကဖြစ်တဲ့သစ္စာလေးပါးကို ဟောကြားတော်မူတဲ့အခါမှာ ပထမဆုံးသစ္စာအဖြစ်နဲ့ ဒုက္ခသစ္စာကိုပြလိုက်တယ်။ စည်းရုံး ရေးပုံစံအရ ကြည့်မယ်ဆိုရင် ဒါဟာ တကယ့်ကို အရေးပါတဲ့ကိစ္စပဲ။ တစ်ဖက်နဲ့တစ်ဖက် ဆန့်ကျင်ဘက်မဖြစ်အောင် ဟောပြောတဲ့အခါမှာ အရေးအကြီးဆုံးက ပထမဦးဆုံးတင်ပြတဲ့အချက်အပေါ်မှာ နှစ်ဦးနှစ်ဖက် ဆန့်ကျင်ငြင်းခုံစရာ မရှိတဲ့အချက်ဖြစ်ဖို့က အလွန်အရေးကြီးတယ်။ ဒါကြောင့်လည်း ဘုရားရှင်က ဘယ်သူမှ ငြင်းဆန်လို့မရနိုင်တဲ့ ဒုက္ခသစ္စာကို အဦးဆုံးချပြလိုက်တာပဲ။ အဲဒီအချက်ဟာ တရားနာနေကြတဲ့ ပဉ္စ၀ဂ္ဂီငါးဦးတို့မဆိုထားနှင့် ဘုရားရှင်နဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ဘက်ပြုနေတဲ့ ဘာသာရေးဂိုဏ်းဆရာကြီးတွေပင် ဖြစ်စေဦးတော့ မြတ် စွာဘုရားရှင် ချပြလိုက်တဲ့ “အိုခြင်း၊ နာခြင်း၊ သေခြင်းဟာ ဆင်းရဲခြင်း အမှန်ဖြစ်တယ်’’ ဆိုတဲ့အချက်ကို ဘယ်သူမှ ဆန့်ကျင်ကြမှာ မဟုတ် ပါဘူး။

ဒီနေ့အထိလည်း ဒီအဆိုကိုဆန့်ကျင်ပြီး “သေရတာဟာ ဒုက္ခမဟုတ်ပါဘူး/ သုခစစ်စစ်ပါ’’ လို့ပြောတဲ့ ဘာသာရေးဂိုဏ်းဂဏဆိုတာရှိမယ်မဟုတ်ပါဘူး။ အဲဒီလို ဘယ်သူမှငြင်းချက်မထုတ်နိုင်တဲ့အဆိုကို ဘုရားရှင်က ချပြလိုက်တာ။ ပဉ္စ၀ဂ္ဂီငါးဦးလုံး ဘယ်သူမှ
မငြင်းဘူး အားလုံးတညီတညွတ်တည်း သဘောတူထောက်ခံကြရတာပဲ။

အဲ … ဒုတိယသစ္စာကတော့ အတော်ကြီးကို အရေးပါတဲ့သစ္စာပဲ။ ပထမအဆိုဖြစ်တဲ့ ဒုက္ခသစ္စာရဲ့လက်သည်အကြောင်းတရားမှန်ကို ချပြ ရမှာကိုး။ တကယ်က ဘာသာဝါဒတွေ အသီးသီးကွဲပြားခြားနားကြရတာဟာ ဒီဒုက္ခသစ္စာရဲ့အကြောင်း လက်သည်သတ်မှတ်တဲ့နေရာမှာ ကွဲပြားခြားနားသွားကြတာပဲ။ ပဉ္စ၀ဂ္ဂီတို့ကိုယ်တိုင်လည်းပဲ ဒီအချက်နဲ့ပတ်သက်ပြီးမျက်စေ့လည်နေကြတာပဲ။ သူတို့က ဒုက္ခဆိုတာ မဟာ ပရမ အတ္တကြီးရဲ့ကိုယ်ပွားများဖြစ်တဲ့ ဗြဟ္မာ၊ ဗိဿနိုးစတဲ့ တန်ခိုးရှင်ကြီးကမကျေနပ်လို့ ဖြစ်ပေါ်ကြုံတွေ့နေရတယ်လို့ ထင်မှတ်ယုံကြည် နေကြတာကိုး။

အဲဒီမှာ ဘုရားရှင်က “ဒုက္ခရဲ့ လက်သည်တရားခံအစစ်အမှန်ဟာ ကိုယ်က ကျေနပ်စရာ၊ မကျေနပ်စရာဆိုပြီး ထင်မြင်စွဲလမ်း ကပ်ငြိထားတဲ့ တဏှာသမုဒယကြောင့်ဖြစ်ရတာ’’ လို့ ချပြလိုက်တယ်။ ဒီတရားတော်ကို ပဉ္စ၀ဂ္ဂီငါးဦးလုံး တညီတညွတ်တည်း လက်ခံလာတဲ့အထိ ငါးရက် တိတိ ဟောကြားရတယ်ဆိုတာ ဒီဒုတိယသစ္စာအပေါ်မှာ မကျေညက်ကြလို့ အထပ်ထပ်အခါခါ ဆွေးနွေးရှင်းပြနေရတာကြောင့်ပဲ ဖြစ် လောက်တယ်။ ဒီနေရာမှာကျတော့ သူတို့ထင်မြင်ယုံကြည်လက်ခံထားတဲ့အချက်နဲ့က ဆန့်ကျင်နေတာကိုး။

အကြိမ်ကြိမ်အထပ်ထပ် သုံးသပ်ကြည့်လိုက်တော့မှ “ဘယ်သူမဆို ကိုယ်ထင်မြင်စွဲလမ်းထားတဲ့ ကျေနပ်စရာ မကျေနပ်စရာများနဲ့ ပတ် သက်မှသာ ကျေနပ်စရာထင်တဲ့အရာနဲ့ကျတော့ မတွေ့ဆုံ မပြည့်စုံလို့ ဒုက္ခဖြစ်ရတယ်။ မကျေနပ်စရာလို့ထင်ထားတဲ့အရာနဲ့ကျတော့ လွှဲဖယ်မရဘဲ ကြုံတွေ့နေရတဲ့အတွက် ဒုက္ခဖြစ်ကြရတယ်’’ ဆိုတဲ့အချက်က ဘယ်လိုမှ ငြင်းချက်ထုတ်လို့မရတော့ဘဲ လက်ခံသွား ကြတော့ တာ။
ဒီအချက်ကိုလက်ခံသွားတာနဲ့ တပြိုင်နက် ကျန်တဲ့သစ္စာတွေကလည်း အလိုလို သဘောတူသွားကြမှာပါပဲ။ ဟုတ်တယ်လေ အားလုံးမျက်စေ့ လည်နေတဲ့အချက်က အကျိုးတရားအပေါ်မှာမှ မဟုတ်ဘဲ။ အကြောင်းတရားအပေါ်မှာ မျက်စေ့လည်ပြီး ၀ိဝါဒကွဲနေကြတာမဟုတ်လား။

အခုဒီအချက်ကို ကျေနပ်သဘောတူသွားပြီဆိုရင် ကျန်တဲ့သစ္စာနှစ်ပါးက သိပ်ပြီး ငြင်းခုံဆန့်ကျင်စရာမရှိတော့ဘူး။ “ဒုက္ခ’’ ဆိုတာရှိသလို “ဒုက္ခခပ်သိမ်းချုပ်ငြိမ်းမှု’’ဆိုတဲ့ အမှန်တရားလည်းရှိတယ်ဆိုတဲ့ တတိယသစ္စာကိုလည်း လွယ်လွယ်ကူကူ လက်ခံသွားကြမှာပါပဲ။
အဲ .. ဒုက္ခချုပ်ငြိမ်းကြောင်း မဂ္ဂသစ္စာကျတော့လည်း သူတို့အရင်ကထင်ထားသလို “မဟာပရမအတ္တကြီးရဲ့အလိုကျဖြစ်လို့’’ ဆိုတဲ့ အချက်က ဒုတိယသစ္စာမှာကတည်းက ဒီအယူအဆကို စွန့်လွှတ်ခဲ့ပြီးဖြစ်လို့ အထွေအထူးငြင်းနေစရာ မရှိလောက်တော့ပါဘူး။ အားလုံးသဘောတူ လက်ခံသွားကြမှာပါပဲ။ ဒီသစ္စာလေးပါးလုံးကို ကျေကျေနပ်နပ် သိမြင်လက်ခံနိုင်သွားတာနဲ့ တပြိုင်နက် တရားသဘောကို အမှန်အကန် သိမြင်တဲ့ ပထမဆုံးအရိယာပုဂ္ဂိုလ်အဆင့် (သောတာပန်) ပုဂ္ဂိုလ်ဖြစ်သွားကြတော့တာပါပဲ။

ဒီဓမ္မစကြာတရားဦးမှာ မြတ်စွာဘုရားရှင်က “အနတ္တ’’ ဆိုတဲ့စကားလုံးကို တစ်လုံးတစ်ပါဒမှ မပြောပေမယ့် အရေးကြီးတဲ့ အစားထိုး လဲလှယ် မှုကြီးကိုတော့ အောင်အောင်မြင်မြင်ကြီး ပြုလုပ်နိုင်လိုက်တယ်။ အဲဒါက ဘာလဲဆိုတော့ “ဆင်းရဲဒုက္ခတို့၊ ဒုက္ခချုပ်ငြိမ်းမှုတို့ဆိုတာ အတ္တတို့ ဗြဟ္မာ ဗိဿနိုးစတဲ့ တန်ခိုးရှင်ကြီးတို့က ဖန်ဆင်းလို့ ဖြစ်ရတာ မဟုတ်ဘူးအကြောင်းတရားကြောင့်ဖြစ်ရတဲ့ အကျိုးတရားများသာ ဖြစ်တယ်’’ ဆိုတဲ့ အချက်ပဲ။ “အတ္တနဲ့ အတ္တရဲ့ ကိုယ်ပွားတန်ခိုးရှင်များ’’ ဆိုတဲ့အကြောင်းမှားကို သမုဒယ၊ မဂ္ဂဆိုတဲ့ အကြောင်းမှန်များနဲ့ အစားထိုး လဲပေးလိုက်တာပါပဲ။

ဓမ္မစကြာတရားတော်မှာ အဲဒီအကြောင်းမှန်ကလေးကိုလဲပေးလိုက်တာနဲ့ တပြိုင်နက် အတ္တနယ်သားများဖြစ်နေတဲ့ ပဉ္စ၀ဂ္ဂီငါးဦးတို့ဟာ ဘယ်သူကမှ အထူးတိုက်တွန်းစရာမလိုတော့ဘဲ အတ္တနယ်ကနေ အနတ္တနယ်ကို ပြောင်းသွားကြတာပဲ။ ဒါကြောင့်လည်း ၆ ရက်မြောက် တရားပွဲအဖြစ် အနတ္တလက္ခဏသုတ်ကို ဟောတော်မူတဲ့အခါမှာတော့ အနတ္တ၀ါဒကို အားလုံး ကျေကျေနပ်နပ်ကြီး လက်ခံသွားကြပြီး အနတ္တနယ်သားစစ်စစ် ရဟန္တာကြီးများဖြစ်သွားကြတာ။

ဒါကြောင့် အသွင်ကူးပြောင်းရေးဆိုတာ ခေါင်းနဲ့ပန်းလှန်သလို တစ်ခါတည်းပြောင်းပြီး လဲပစ်ဖို့ဆိုတာ သာမန်ပုဂ္ဂိုလ်များမဆိုထားနဲ့ တိဟိတ် ဥက္ကဋ္ဌ ပါရမီရှင် စစ်စစ်ကြီးတွေဖြစ်တဲ့ ပဉ္စ၀ဂ္ဂီငါးဦးတို့မှာတောင် ပြောသလောက်လွယ်ကူတာမဟုတ်ဘူး။ တဆင့်ချင်း လဲပြီးတော့မှ ပြောင်း လာနိုင်ကြတာ။ အဲဒါကို သဘောမပေါက်ဘဲ ဘယ်အရာမဆို မှားရာကနေ မှန်လာအောင်၊ မဲရာကနေ ဖြူလာအောင်၊ ဆိုးရာကနေ ကောင်း လာအောင် တစ်ခါတည်း ပြောင်းပြီးလဲပစ်ဖို့ ကြိုးစားမယ်ဆိုရင်တော့ တစ်ထစ်ချင်းတက်ရမယ့်နေရာကို ခုန်ပြီးတက်သလိုပေါ့။ လိုချင်တဲ့ နေရာ တစ်ခါတည်းရောက်သွားရင်တော့ ကောင်းရဲ့။ မရောက်လို့ ပြန်ကျပြီဆိုရင်တော့ တစ်ထစ်ချင်းသမားကျသလို အကောင်းပကတိအဖြစ်နဲ့ ပြန်ကျဖို့မလွယ်ဘူး။ အကျိုးကျိုးအပဲ့ပဲ့ဖြစ်သွားနိုင်တဲ့အတွက် နောက်တစ်ခါ တစ်ထစ်ချင်းပြန်တက်နိုင်ဖို့တောင် မလွယ်ဘဲဖြစ်သွားတတ် တယ်။
အဲဒါကို သာသနာပြုစည်းရုံးရေးလုပ်ကြရမည့် ပုဂ္ဂိုလ်တွေက ကြပ်ကြပ်သတိထားသင့်တယ်’’ ဆိုတဲ့အကြောင်း အကျယ်တ၀င့် မိန့် ကြားသွားပါတယ်။

အားလုံးသတိထား အသိပွားနိုင်ကြပါစေ …။
ဓမ္မဘေရီအရှင်ဝီရိယ (တောင်စွန်း)
မေ ၁၇၊ ၂၀၁၂

Wednesday, May 23, 2012

စိတ်ထဲ ရိပ်ခနဲ လင်းလက်သွားတဲ့ အလင်းရောင်လေးတွေ အကြောင်း

 စိတ်ထဲ ရိပ်ခနဲ လင်းလက်သွားတဲ့ အလင်းရောင်လေးတွေ အကြောင်း

Time
The foolish call for the unchangeable past,
While life walks toward the future;
They simply lose their present and future.
(Chai Na Pol Akarasupaset)
...
လူမိုက်တွေဟာ ပြောင်းလဲပစ်လို့မရနိုင်တဲ့ (ပြန်မရနိုင်တဲ့) အတိတ်ကို တမ်းတတတ်ကြတယ်။ သူတို့ အဲဒီလိုတမ်းတနေချိန်မှာပဲ သူတို့ရဲ့ဘ၀ဟာ အနာဂတ်ကို ဦးတည်လျှောက်လှမ်းသွားနေတယ် ဆိုတာ သူတို့မသိကြဘူး။ဒါကြောင့်မို့ လူမိုက်တွေဟာ သူတို့ရဲ့ ပစ္စုပ္ပန်ဘ၀နဲ့ အနာဂတ်တွေကို အလွယ်တကူ ဆုံးရှုံးနေကြတာပဲပေါ့။

ဓမ္မအတွေးစများ

အပိုင်း - ၁
ပစ္စုပ္ပန်မှာ အာရုံနဲ့စိတ် အဆင်ပြေအောင်နေ
စာအုပ်စင်မှာရှိတဲ့ စာအုပ်တွေအများကြီးထဲက ဒီစာအုပ်ကလေးကိုတော့ ခဏခဏဖတ်ဖြစ်ပါတယ်။ ဖတ်ဖြစ်တိုင်းလည်း ဓမ္မနဲ့ဆိုင်တဲ့ အတွေးအမျှင်တွေက ရင်ထဲမှာ ဖွဲ့သီလာတတ်ပါတယ်။

စာအုပ်အမည်က The Foolish, The Clever, The Wise ပါ။ မူရင်းစာရင်း စာရေးဆရာကတော့ Chai Na Pol Akarasupaset တဲ့။ ဒီစာအုပ်ကို မြန်မာပြည်က စာရေးဆရာ လွတ်လပ်အိမ်က ဘာသာပြန်ထားပါတယ်။ လူမိုက်၊ လူလိမ္မာနှင့် ပညာရှိလို့ အမည်ပေးထားတဲ့ စာအုပ်ကလေးက အတွဲ(၂)တွဲတောင် ထုတ်ဝေပြီးပါပြီ။
ဒါပေမယ့် ကြည့်ရတာ ဒီစာအုပ်ကလေးကို အားပေးတဲ့သူ နည်းလေသလား။ ဒါမှမဟုတ်ရင်လည်း ခဏခဏရိုက်ရလွန်းလို့ ကုန်သွားလေသလား မသိနိုင်ပါဘူး။ စာအုပ်ဆိုင်တွေဘက် လှည့်ဖြစ်တဲ့အခါမျိုးမှာ ဒီစာအုပ်ကို အတွေ့ရနည်းပြီး အတွေ့ကျဲနေတတ်လို့ပါ။
ထားပါတော့။ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့။ အရေးကြီးတာက ဒီစာအုပ်ထဲမှာ ပါတဲ့အကြောင်းအရာတွေပါ။ ဒီတော့ကာ ခေါင်းစဉ်တစ်ခုချင်းစီအလိုက် ရင်ထဲကို ထိရှသွားသမျှတွေကို ရေးပြချင်ပါတယ်။

ဒီစာပိုဒ်တွေကို ဖတ်ရင်းက ကိုယ်ဟာ ဘယ်လိုလူစားမျိုးထဲမှာ ပါနေသလဲဆိုတာ ကိုယ့်ကိုယ်ကိုလည်း ဆန်းစစ်ကြည့်မိပါတယ်။ ကိုယ့်ကိုယ်ကို ရိုးရိုးသားသား အမှတ်ပေးကြည့်မိတော့ တစ်ခါတစ်လေ ကိုယ့်စိတ်ဟာ The Foolish (လူမိုက်) အုပ်စုထဲမှာ ရောက်နေတတ်ပြီး တစ်ခါတလေမှာတော့လည်း The Clever (လူလိမ္မာ) ထဲ ရောက်ချင်ရောက်နေပြန်ပါတယ်။ ဒါပေမယ့် မူရင်းစာရေးဆရာ ညွှန်းဆိုထားတဲ့ The Wise (ပညာရှိ) အုပ်စုထဲရောက်ဖို့တော့ အတော်ကြိုးစားရဦးမှာပါလား ဆိုတာကိုလည်း ကိုယ့်ကိုယ်ကို နားလည်နေမိပြန်ပါတယ်။

လောကမှာ လူသားတွေအားလုံး တစ်နေ့တာဆိုတဲ့ နေထွက် နေ၀င် အချိန်ကန့်သတ်ချက်တစ်ခုကို ပြိုင်တူရကြတာချည်းပါပဲ။ ဒါပေမယ့် အချိန်ကို အသုံးချပုံချင်းကတော့ တစ်ယောက်နဲ့တစ်ယောက် မတူကြဘူး။ ဒါကြောင့်မို့လည်း အချိန်ကိုမူတည်ပြီးတော့ စာရေးဆရာက အုပ်စုသုံးစု ခွဲလိုက်ဟန်တူပါရဲ့။

Time
The foolish call for the unchangeable past,
While life walks toward the future;
They simply lose their present and future.
လူမိုက်တွေဟာ ပြောင်းလဲပစ်လို့မရနိုင်တဲ့ (ပြန်မရနိုင်တဲ့) အတိတ်ကို တမ်းတတတ်ကြတယ်။ သူတို့ အဲဒီလိုတမ်းတနေချိန်မှာပဲ သူတို့ရဲ့ဘ၀ဟာ အနာဂတ်ကို ဦးတည်လျှောက်လှမ်းသွားနေတယ် ဆိုတာ သူတို့မသိကြဘူး။

ဒါကြောင့်မို့ လူမိုက်တွေဟာ သူတို့ရဲ့ ပစ္စုပ္ပန်ဘ၀နဲ့ အနာဂတ်တွေကို အလွယ်တကူ ဆုံးရှုံးနေကြတာပဲပေါ့။
သေချာပါပြီ။ ဒီစာပိုဒ်ကို ဖတ်လိုက်တာနဲ့ကို ကိုယ့်စိတ်ဟာ The foolish (လူမိုက်) အုပ်စုဝင် ဖြစ်မှန်းမသိ၊ ဖြစ်နေတယ်ဆိုတာ သိလိုက်ရပါရဲ့။ ကျန်တဲ့အချိန် အသာထား။ တရားထိုင်တဲ့အချိန်မှာ ပိုသိသာတယ်။ စိတ်ဟာ ပစ္စုပ္ပန်တည့်ဖို့ ပေးထားတဲ့အာရုံဖြစ်တဲ့ ၀င်လေ ထွက်လေအပေါ်မှာ ကြာကြာ နေလေ့မရှိဘူး။ အတိတ်မှာ ကျက်စားခဲ့တဲ့ အာရုံတွေဆီကို ပြန်ပြန်ရောက်သွားတာ။ ပစ္စုပ္ပန်အာရုံနဲ့ နေနိုင်ဖို့အတွက် မနည်းကြိုးစားရတယ်။ ၀ီရိယကို တွန်းတင်ပေးရတယ်။

“ပါသ္မိံ ရမတိ မနော” ဆိုတဲ့အတိုင်း စိတ်ဟာ မကောင်းမှုမှာ မွေ့လျော်တတ်တော့ သတိမပါ၊ ဉာဏ်မပါဘဲ ကျက်စားပျော်ပါးခဲ့တဲ့ အာရုံအဟောင်းတွေဆီကိုပဲ တ၀ဲဝဲရယ်တဲ့ တလည်လည် ဖြစ်နေတတ်ပါတယ်။ ဒါကြောင့်မို့ အညစ်အကြေးစွန်းထင်းခဲ့တဲ့ အာရုံတွေကို သန့်ရှင်းရေး လုပ်ပစ်နေတဲ့ ၀င်လေထွက်လေကို ရှုမှတ်ခြင်းဆိုတဲ့ တစ်ခုတည်းသော ပစ္စုပ္ပန်အာရုံကို ဆုံးရှုံးသွားရပါတော့တယ်။ အာရုံအညစ်အကြေးတွေကို ဆေးကြောဖို့ရာ မလုပ်ဖြစ်တော့ အနာဂတ်မှာ ရလာမယ့် ရှင်းသန့်တဲ့အာရုံ သက်သက်နဲ့ ထိတွေ့ဖို့ရာ အခွင့်အလမ်း နည်းသွားပြီပေါ့။
ဒါကြောင့်မို့ စာရေးဆရာကပြောတာပေါ့။ လူမိုက်တွေဟာ သူတို့ရဲ့ပစ္စုပ္ပန်နဲ့ အနာဂတ်ကို လွယ်လွယ်ကလေး ဆုံးရှုံးကြတယ်ဆိုတဲ့ စကားဟာ မှန်လိုက်လေပေါ့နော်။

ရှေ့တစ်ဆင့် တိုးကြည့်ရအောင် -
The clever dream of the unreal future, while life need something to live with now. They are usually dissatisfied with the present.
လူလိမ္မာတွေဟာ ဖြစ်မလာသေးတဲ့ အနာဂတ်ကို အိပ်မက် မက်ကြတယ်။ ဒါပေမယ့် အဲဒီအချိန်မှာ ဘ၀ရဲ့လိုအပ်ချက်က ပစ္စုပ္ပန်နဲ့ အတူနေဖို့ပါ။ သူတို့ဟာ သူတို့ရဲ့ လက်ရှိပစ္စုပ္ပန်ကို အမြဲမကျေနပ်ဘူး ဖြစ်နေကြတယ်။

စိတ်နဲ့ ပစ္စုပ္ပန်အာရုံနဲ့ တည့်ဖို့ဟာ ဘယ်လောက်အရေးကြီးသလဲ ဆိုတာကြည့်နော်။ လူလိမ္မာလို့ အခေါ်ခံရသူတွေတောင် သတိလက်လွတ် ဖြစ်တတ်ကြတာကို စာရေးဆရာက ထောက်ပြထားတာ။
လူမိုက်တွေက အတိတ်ကို တမ်းတနေတဲ့အချိန်မှာ လူလိမ္မာတွေဟာလည်း မရောက်သေးတဲ့ အနာဂတ်ကို အိပ်မက် မက်တတ်ကြတယ်။ အနာဂတ်ကို အိပ်မက် မက်နေပြီဆိုကတည်းက ပစ္စုပ္ပန်အာရုံပေါ်မှာ စိတ်ကိုတည့်အောင် မထားနိုင်တော့ဘူးပေါ့။

ဒီတော့ ဘာဖြစ်သလဲ။ သူတို့အိပ်မက်ထားတဲ့ ပုံစံအတိုင်း အနာဂတ်ကာလကို မရောက်မချင်း ရင်မောနေရတော့တာပေါ့။ အနာဂတ်ဆိုတာ တစ်ချိန်မှာ ပစ္စုပ္ပန်ဖြစ်လာမှာပါ။ ပစ္စုပ္ပန်ဖြစ်လာမှာချင်း အတူတူ လက်ရှိရထားတဲ့ ပစ္စုပ္ပန်ကာလကိုပဲ အကောင်းဆုံးတည်ဆောက် လေ့ကျင့်ထားတဲ့စိတ်နဲ့ ပစ္စုပ္ပန်ချင်းဆက်သွားလို့ အနာဂတ် ရောက်သွားတယ်ဆိုရင် အိပ်မက်တွေဟာ လက်တွေ့ဘ၀ ဖြစ်လာမှာပါ။
သို့မဟုတ်ရင်တော့ ငါလိုချင်တဲ့ အနာဂတ် ရောက်မလာသေးဘူး။ ငါဖြစ်ချင်တဲ့ပုံစံနဲ့ အနာဂတ် မရောက်သေးဘူးနဲ့ လက်ရှိပစ္စုပ္ပန်ကို မကျေနပ်တဲ့စိတ်တွေနဲ့ အမြဲရင်ဆိုင်နေကြမှာပါ။

ဒါဆိုရင် မရနိုင်တော့တဲ့ အတိတ်နဲ့ မရောက်သေးတဲ့ အနာဂတ်ရဲ့ သဘောသဘာဝတွေကို နားလည်ထားတဲ့ The Wise (ပညာရှိ)တွေရဲ့ နှလုံးသွင်းတတ်ပုံကို လေ့လာကြည့်ကြရအောင် -
The wise stand in the real present, stretch the past, present and future into direction.
Their lives are powerful and directed towards success.
ပညာရှိကတော့ လက်ရှိပစ္စုပ္ပန်မှာပဲ နေရတယ်။
အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ်တို့ကို လားရာတစ်ခုဆီ ဦးတည်ထားတယ်။
သူတို့ရဲ့ဘ၀ဟာ စွမ်းအားတွေရှိပြီး အောင်မြင်မှုတွေ ရရှိတယ်။

ဆိုလိုတာက အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ်ဆိုတဲ့ ကာလပညတ်ကို နှလုံးမသွင်းတော့ဘူး။ ပေါ်ဆဲအာရုံပေါ်မှာပဲ စိတ်ကို တည့်အောင်ထားတယ်။ ပေါ်ဆဲအာရုံပေါ်မှာ စိတ်ကို တည့်အောင်ထားတော့ ဘာတွေ့ရမှာတုံးလို့ မေးစရာရှိပါတယ်။ မေးစရာရှိရင် အဖြေလည်း ရှိရမှာပေါ့။ ပေါ်ဆဲအာရုံမှာသာ စိတ်ကို တည့်အောင်ထားကြည့်။ အာရုံရဲ့ မမြဲတဲ့သဘာဝကို ဉာဏ်က သိလာပါလိမ့်မယ်။

အဲဒီတော့ မမြဲတဲ့သဘာဝကို သိပြီဆိုရင် ဘာကို စွဲလမ်းတပ်မက်နေဦးတော့မှာလဲ။ စွဲလမ်းတပ်မက်မှုကင်းတဲ့စိတ်ဟာ စွမ်းအားတွေ ပြည့်လာတယ်။ ခွန်အားသစ်တွေ ဖြစ်လာတယ်။ အဲဒီတော့ သူတို့ရဲ့ ဘ၀ဟာ အောင်မြင်ပြီပေါ့။ အောင်မြင်မှုတွေထဲမှာ အဆင့်အမြင့်ဆုံးကတော့ ကိုယ့်ကိုယ်ကို အောင်နိုင်ခြင်းပါပဲ။ ကိုယ့်စိတ်ကို အစိုးရ အောင်နိုင်ခြင်းဟာ အဆင့်အမြင့်ဆုံး အောင်မြင်မှုပါပဲ။
ဒါကြောင့် တိပိဋကဓရ မင်းကွန်းဆရာတော်ကြီးရဲ ‘လက်ရှိ ပစ္စုပ္ပန်ကာလ(လက်ငင်းအချိန်)ကို နိဗ္ဗာန်အထိ အကျိုးရှိအောင် အသုံးချပါ’ ဆိုတဲ့ အဆုံးအမအတိုင်း ပစ္စုပ္ပန်မှာ အာရုံနဲ့ စိတ် တည့်အောင်၊ အဆင်ပြေအောင် နေနိုင်ရင်ဖြင့် လူမိုက်၊ လူလိမ္မာတွေဘ၀က လွန်မြောက်ပြီး ပညာရှိ (The Wise) ဘ၀ကို ရောက်နိုင်မယ့်အကြောင်း၊ ဓမ္မအတွေးစတစ်ခုကို ရေးပြလိုက်ရတာပါ။

စီးပွားရှာတဲ့နယ်ပယ်ဖြစ်ဖြစ်
အနုပညာနယ်ပယ်ပဲ ဖြစ်ဖြစ်၊
ပညာရေးနယ်ပယ်ပဲဖြစ်ဖြစ်၊
ဘယ်နယ်ပယ်ပဲဖြစ်ဖြစ်၊
ဘယ်နယ်ပယ်မှာမဆို
အောင်မြင်မှုတွေအထွတ်အထိပ်ဆိုတာက
တစ်နေရာတည်းရယ်။
ဒီအမြင့်ဆုံးကနေရာကိုရဖို့
အုံလိုက် ကျင်းလိုက် တိုးဝှေ့ပြီး
အပေါ်မရောက် ရောက်အောင်တက်နေကြတဲ့
မြင်ကွင်းက ရင်မောစရာပါ။
ကိုယ့်ရှေ့မှာ ရောက်နေသူရဲ့
ခြေထောက်ကို ဆွဲချ၊
ကိုယ့်နောက်က တက်လာမယ့်သူရဲ့
ခေါင်းကို နင်းချနဲ့ဆိုတော့
လိုချင်တာတစ်ခုကြောင့်
မလိုချင်တာတွေကို
ဖယ်ရှားပစ်နေရတဲ့ဒုက္ခတွေက
မနည်းပါလား။

လွတ်မြောက်ချင်ရင် . . . . .

“မကောင်းမှုရှောင်
ကောင်းမှုဆောင်
ဖြူအောင်စိတ်ကိုထား”
ဆိုတာ မြတ်စွာဘုရားအဆူဆူရဲ့ အဆုံးအမပါ။ လွန်ခဲ့တဲ့ (၁၂)နှစ်ကျော်က မိုင်းပြင်းမြို့နယ်၊ သုဝဏ္ဏလျှံတောင်ပေါ်မှာ ဒီအဆုံးအမစကားကို ဆရာအရှင်ရဲ့ နှုတ်ဖျားကတစ်ဆင့် ပြန်ကြားခဲ့ပုံကို ဘယ်တော့မှ မေ့နိုင်မှာမဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီအဆုံးအမ စကားလုံးတွေဟာ ရင်ထဲကို တရားသားအဖြစ် စီးဝင်သွားခဲ့လို့ပါ။
အဲဒီကစလို့ ဘ၀အမြင်ပြောင်းလဲခဲ့တဲ့ ကိုယ့်ရဲ့ အတိတ်ကအရိပ်တွေကိုလည်း မကြာခဏ အမှတ်ရဖြစ်ပါတယ်။ အဲဒီ(၁၂)နှစ်ရဲ့ ရှေ့ကာလတွေတုန်းကဆိုရင် ကိုယ့်စိတ်ဟာ ဘယ်လိုဖြစ်ခဲ့သလဲ။

စာရေးဆရာ Chai Na Pol Akarasupaset ရဲ့ Dealing with Badness (မကောင်းမှုကို ဖြေရှင်းခြင်း) စာပိုဒ်ထဲက The Foolish တွေရဲ့ သဘောထားနဲ့ တစ်ထပ်တည်းဖြစ်ခဲ့တယ်လို့ ၀န်ခံချင်ပါတယ်။
Dealing with Badness
မကောင်းမှုကို ဖြေရှင်းခြင်း။
The foolish perform one bad deed to get rid of Badness, which doubles their troubles.
လူမိုက်တွေဟာ မကောင်းတာတစ်ခုကို မကောင်းမှုနဲ့ပဲ ဖယ်ရှားဖို့ ကြိုးစားတယ်။ ဒီလိုလုပ်ခြင်းသည်ပင်လျှင် သူတို့ရဲ့ဒုက္ခကို နှစ်ဆတိုးပွား လာစေပါတယ်။

အခြေခံအကျဆုံး ဥပမာပေးရရင် ဆေးလိပ်ဖြတ်ဖို့ဆိုပြီး ကွမ်းကိုစားတယ်။ ကြာတော့ ဆေးလိပ်ရော၊ ကွမ်းရော စွဲသွားပါလေရော။ အရက်ဖြတ်ဖို့ဆိုပြီး မူးယစ်ဆေးဝါး ဆေးပြားတွေသုံးတယ်။ အနံ့မနံတော့ လူကြားထဲမှာလည်း အမူးသမားလို့ အထင်မခံရဘူးပေါ့။ နောက်တော့လည်း အဲဒီဆေးပြားတွေရဲ့ဒဏ်ကို အပြင်းအထန် ခံရပြီး အသက်ပေးသွားခဲ့ကြသူတွေလည်း တွေ့ခဲ့ဖူးပါတယ်။ ကိုယ် စလုပ်ထားတဲ့အကျင့်ဆိုးက ကိုယ့်ကို ဒုက္ခဖြစ်စေတာကို မရိပ်မိတော့ နောက်ဒုက္ခ တစ်ခုနဲ့ အစားထိုးတဲ့အခါ ဒုက္ခနှစ်ဆပွားပြီး အသက်ပါ ပေးလိုက်ရတာပေါ့။

ဒါက အကျင့်ဆိုးကို ကျင့်မိလို့ ဒုက္ခနှစ်ဆပွားတာ။
စိတ်ဆိုး စိတ်ညစ်ကို မွေးမိလို့ ဒုက္ခနှစ်ဆပွားတာကလည်း ကိုယ့်ကိုယ်ကို တဖြည်းဖြည်းနဲ့ မျှဉ်းပြီး သတ်နေသလိုပါပဲ။
ဆိုပါတော့။ စီးပွားရှာတဲ့နယ်ပယ်ဖြစ်ဖြစ်၊ အနုပညာနယ်ပယ်ပဲဖြစ်ဖြစ်၊ ပညာရေးနယ်ပယ်ပဲဖြစ်ဖြစ်၊ ဘယ်နယ်ပယ်ပဲဖြစ်ဖြစ်၊ ဘယ်နယ်ပယ်မှာမဆို အောင်မြင်မှုအထွတ်အထိပ်ဆိုတာက တစ်နေရာတည်းရယ်။ ဒီ အမြင့်ဆုံးကနေရာကိုရဖို့ အုံလိုက် ကျင်းလိုက် တိုးဝှေ့ပြီး အပေါ်မရောက် ရောက်အောင် တက်နေကြတဲ့ မြင်ကွင်းက ရင်မောစရာပါ။

ကိုယ့်ရှေ့မှာ ရောက်နေသူရဲ့ ခြေထောက်ကို ဆွဲချ။ ကိုယ့်နောက်က တက်လာမယ့်သူရဲ့ ခေါင်းကို နင်းချနဲ့ဆိုတော့ လိုချင်တာ တစ်ခုကြောင့် မလိုချင်တာတွေကို ဖယ်ရှားပစ်နေရတဲ့ ဒုက္ခတွေက မနည်းပါလား။ လိုချင်တာက လောဘ၊ လောဘစေတသိက်ဟာ အကုသိုလ် စေတသိက်၊ တနည်းအားဖြင့် မကောင်းမှု။ အဲဒီလောဘကြောင့် ဒေါသဖြစ်။ ဒေါသက မလိုချင်တာ။ ဒါလည်း အကုသိုလ် စေတသိက်။ တစ်နည်းအားဖြင့် မကောင်းမှုပေပဲ။

ဒါကြောင့် စာရေးဆရာက ပြောတာပေါ့။ လူမိုက်တွေဟာ မကောင်းတာတစ်ခုကို မကောင်းမှုနဲ့ဘဲ ဖယ်ရှားဖို့ ကြိုးစားတယ်တဲ့။ အဲဒါဟာ သူတို့ရဲ့ဒုက္ခကိုပဲ နှစ်ဆတိုးပွားစေတယ် ဆိုတာလေ။ မှန်လိုက်တာနော်။
လူမိုက်တွေထက်စာရင် အသိဉာဏ်နည်းနည်း အဆင့်မြင့်လာသူတွေကိုတော့ လူလိမ္မာလို့ ခေါ်ကြတာပေါ့။ လူလိမ္မာတွေဟာ အသိဉာဏ်လေးရှိတော့ လူမိုက်တွေလိုတော့ မကောင်းမှုနဲ့ မပျော်ပိုက်ဘူးပေါ့။ ပြီးတော့ မကောင်းမှုကိုလည်း ကောင်းမှုနဲ့ အစားထိုးတတ်ကြတယ်လေ။ ဒါကလည်း ဆရာသမားတွေရဲ့ အဆုံးအမကို ရထားကြလို့ပေါ့။ ဒါကို စာရေးဆရာက လူလိမ္မာ (The Clever) တွေရဲ့ မကောင်းမှုဖြေရှင်းပုံကို ဒီလို ရေးသားထားလေရဲ့။

The clever perform goodness to get rid of one badness, which creates uncountable conflicts of dualism.
လူလိမ္မာက မကောင်းတာကိုဖယ်ရှားဖို့ ကောင်းမှုကို ပြုလုပ်ပေမယ့် ကောင်းမှုနဲ့ မကောင်းမှုတို့ရဲ့ကြားမှာ မရေတွက်နိုင်တဲ့ ပဋိပက္ခကို ဖန်တီးမိတယ်တဲ့။

မကောင်းတာကို မလုပ်ဘူး။ ကောင်းတာကို လုပ်ဖြစ်သွားပြီ ဆိုတာကတော့ ၀မ်းသာစရာပါ။ အကျင့်ပြောင်းသွားပြီကိုး။ အကျင့်ဆိုးကို ပစ်ပယ်ပြီး အကျင့်ကောင်းကို ကျင့်ဖြစ်တာကတော့ မင်္ဂလာပဲပေါ့။ ဒါပေမယ့် ကိုယ့်လို အကောင်းဘက်ကို ပြောင်းမလာသေးတဲ့သူတွေ အပေါ်တော့ အပြစ်မြင်တတ်ကြသေးတယ်။ ငါကောင်းပြီ၊ သူတို့ မကောင်းကြသေးဘူးပေါ့။ မကောင်းသေးတဲ့ သူတွေကိုပဲ သနားစရာလိုလိုနဲ့ အပေါ်စီးက ငုံ့ကြည့်တတ်ပြန်ပါတယ်။ ဒါကိုက ကောင်းတာမှာ ‘ငါ’ ကပ်ပြီး ငါကောင်းတာ၊ ငါ့ကောင်းမှုဆိုပြီး ပြန်စွဲလမ်းနေတော့ မာနက စိတ်ထဲ နေရာယူလို့ ရသွားပြီပေါ့။

ကောင်းမှုကုသိုလ်ကို ဓမ္မလို့မမြင်ဘဲ ‘ငါ’ တပ်ပြီး စွဲလမ်းလိုက်တော့ အမြင်မှားဒိဋ္ဌိဝင်ပြီလေ။ ကိုယ်လုပ်ထားတဲ့ ကုသိုလ်အပေါ် နှစ်သက်နေတာ၊ သာယာနေတာတွေဟာလည်း ရပ်တန့်မှုတစ်မျိုးပါပဲ။ အမှန်တော့ ကုသိုလ်အထောက်အပံ့ကြောင့် ဖြစ်လာတဲ့ အေးချမ်းမှု၊ တည်ငြိမ်မှုတွေကို အရင်းပြုပြီး လွတ်မြောက်မှုလမ်းစကို ရှာရမှာ။
ဒါကြောင့် စာရေးဆရာက ကောင်းမှုနဲ့ မကောင်းမှုကြားမှာ ဗျာများနေတတ်တဲ့ လူလိမ္မာတွေရဲ့ ရင်ထဲက ပဋိပက္ခကို အမိအရ ဖော်ကျူးထားတာ . . . ဒါဖြင့်ရင် စာရေးဆရာက ဘာကို ဆက်ပြောချင်တာလဲ။ ဒီခေါင်းစဉ်တစ်ခုတည်း အောက်မှာပဲ အမြင်ချင်းမတူတဲ့ ပညာရှိ (The Wise) တွေရဲ့ အမြင်ရှင်းပုံကို ဒီလိုရေးဖွဲ့ထားပြန်ပါတယ်။

The wise liberate themselves from all badness and goodness, which brings about eternal liberty after tiresome work.
ပညာရှိကတော့ သူတို့ကိုယ်ကို မကောင်းမှု၊ ကောင်းမှုကနေ လွတ်မြောက်အောင်နေတယ်။ ငြီးငွေ့ဖွယ်ရာ အလုပ်တွေရဲ့နောက်က ထာဝရ လွတ်မြောက်မှုကို ဆောင်ယူတယ်။

ဟုတ်တယ်။ ပညာရှိစာရင်းဝင်သွားတဲ့ ဉာဏ်ကြီးသူတွေကတော့ အကုသိုလ်အလုပ်တွေကို လုံးဝ မလုပ်တော့တာ အသေအချာပါပဲ။ ကုသိုလ်ကောင်းမှုကိုတော့ သူတို့လုပ်ပါတယ်။ ဒါပေမယ့် ငါ့ကုသိုလ်လို့ မစွဲလန်းတော့ပါဘူး။ ကုသိုလ်ရဲ့ရှေ့မှာ ‘ငါ’ မတပ်တော့ဘူး။ ငါလုပ်တာပေါ့လို့လည်း မာန မထောင်တော့ဘူး။ ဒီတော့ကာ သူတို့ဟာ ကုသိုလ်တရားကနေ ထပ်မံလွတ်မြောက်သွားတာပေါ့။

ဘယ်လောက်အထိ လွတ်မြောက်သွားသလဲ။
ကုသိုလ်ဆိုတာလည်း သင်္ခါရတရားပဲ။
အကုသိုလ်ဆိုတာလည်း သင်္ခါရတရားပဲ။
“ပြုပြင်စီရင်အပ်တဲ့ သင်္ခါရတရားမှန်သမျှ ပျက်စီးတတ်တဲ့ သဘောရှိကုန်သည်။ မမေ့မလျော့ မပေါ့မဆသော သတိတရားနဲ့ နေရစ်ကြကုန်လော့” ဆိုတဲ့ ဘုရားရှင်ရဲ့ နောက်ဆုံးမိန့်မှာချက်နဲ့ တစ်ထပ်တည်း ဖြစ်သွားတော့တယ်။

သင်္ခါရမှန်သမျှ ပျက်စီးတတ်တာကို ဉာဏ်ကြီးတဲ့ ပညာရှိတွေက သိပြီးသားဖြစ်နေတော့ ကုသိုလ်သင်္ခါရကို ဆုပ်ကိုင်ထားခြင်း မရှိတော့ဘူး။ (အကုသိုလ်ကတော့ လွှင့်ပစ်ခဲ့တာ ကြာပါပြီ)။ ဒါကြောင့် လက်လွှတ်လိုက်တယ်။ လက်လွှတ်လိုက်တော့ ဘာဖြစ်သလဲ။ သင်္ခါရ နယ်ပယ်က လွတ်မြောက်သွားပြီး အသင်္ခါရနယ်ပယ်ကို ကူးသွားပြီ။ ပြုပြင်စီရင်ခြင်းမရှိတဲ့ နယ်ပယ်ကို ရောက်သွားပြီ။ ထာဝရ လွတ်မြောက်သွားပြီ။ ဒါကြောင့်မို့ ပြုပြင်စီရင်အပ်တဲ့ သင်္ခါရတရားထဲမှာ အကျုံးဝင်နေတဲ့ ကုသိုလ်တရားကိုပင် ငြီးငွေ့ဖွယ်ရာလို့မြင်နေပြီ။ ပျက်ခြင်းရဲ့ အနိစ္စတရားကို နားလည်သူဟာ ဖြစ်ခြင်းရဲ့ ဒုက္ခကိုပါ တွဲမြင်သွားပြီ။
ပညာရှိတွေရဲ့ လွတ်မြောက်အောင်နေတတ်တဲ့ စိတ်ရဲ့ အခြေအနေသဘာဝကို ရေးဖွဲ့တင်ပြနိုင်တဲ့ မူရင်းစာရေးဆရာကိုလည်း စိတ်ထဲကနေ တလေးတစား ချီးမွမ်းရင်းနဲ့ အားကျလိုက်မိပါရဲ့။

ပုထုဇဉ်ဆိုတာကလည်း
အလွယ်တကူပြစ်မှားတတ်တဲ့
အကျင့်စရိုက်ရှိသူတွေမဟုတ်လား။
အပေါ်ယံရှပ်မြင်တဲ့ အမြင်နဲ့
လောကကြီးကို ကြည့်နေခဲ့တာ
ကြာပြီဆိုတော့
ကိုယ့်ရဲ့ပြစ်မှားလွယ်တဲ့
ကာယကံ၊ ၀စီကံ၊ မနောကံမှုတွေကြောင့်
တစ်ချိန်မှာ ပြန်ဆပ်ရမယ့်
ဝဋ်ကြွေးနဲ့ အပြစ်ဒဏ်ကို
မသိရှာကြဘူး။
ဒါကို ဘုရားရှင်ကိုယ်တော်မြတ်ကြီးက
မဟာကရုဏာဉာဏ်တော်ကြီးနဲ့
မြင်တော်မူပါတယ်။

စိတ်ထားသန့်စင် ရှုမြင်လျှင် . . .
ငယ်ငယ်တုန်းက သိပ်ကြိုက်ခဲ့တဲ့ စကားတစ်ခွန်း ရှိခဲ့ဖူးပါတယ်။
“လူတစ်ယောက်ရဲ့ တန်ဖိုးဆိုတာ အဲဒီလူ ဖြတ်သန်းနေရတဲ့ ခေတ်ကာလကြီးက သူ့ပခုံးပေါ်တင်ပေးလိုက်တဲ့ သမိုင်းပေးတာဝန်ကို သူ ဘယ်လောက်အထိ ကျေပွန်အောင် ထမ်းဆောင် နိုင်ခဲ့တယ်ဆိုတဲ့ အချက်နဲ့ တိုင်းတာရမှာပဲ”

စာရေးဆရာကြီး ဗန်းမော်တင်အောင် ပြောခဲ့တဲ့ စကားပါ။ ဒီစကားက ရင်ကြားထဲ စိမ့်ဝင်သွားတော့ လူငယ်သဘာဝ သမိုင်းပေး တာဝန်ဆိုတာကို နိုင်သလောက် ထမ်းကြည့်ချင်စိတ် ပြင်းထန်ခဲ့ဖူးပါတယ်။ ဒါပေမယ့် စိတ်ကူးရတာ လွယ်သလောက် လက်တွေ့ဘ၀မှာ ရုန်းကန်ရတာ ခက်ခဲလှပါတယ်။
နောက်တော့ အသက်အရွယ်က ကြီးလာ၊ အတွေ့အကြုံက အသင့်အတင့် ရလာတဲ့အချိန်မှာ ဆရာဗန်းမော်တင်အောင်ရဲ့ နောက်ထပ်စကားတစ်ခွန်းကိုပဲ ပြန်ကိုးကားပြီး လောကကြီးကို ပြောဖြစ်ခဲ့ပါတယ်။

“ကျွန်ုပ်ကရော နောက်ထပ် ဘာများ တတ်နိုင်ပါဦးတော့မည်နည်း”
အတွေ့အကြုံရေစီးကြောင်းပေါ်မှာ တွေ့ခဲ့ရသမျှလူတွေကို ပြန်သတိရဖြစ်တဲ့အခါ လူတစ်ယောက်ရဲ့တန်ဖိုးကို တိုင်းတာဆုံးဖြတ်တဲ့သူတွေ ကိုယ်တိုင်က ကိုယ့်အပြုအမူ၊ လုပ်ဆောင်ချက်တွေနဲ့ပဲ ရှုမြင်သုံးသပ်နေကြတာပါလား ဆိုတာကို သိမြင်လာပါတယ်။ ဒါဆိုရင် အဲဒီ အမြင်ဟာ အပေါ်ယံအမြင်ပဲ ရှိတော့မှာပေါ့။
စာရေးဆရာ Chai Na Pol Akarasupaset က Real Values (စစ်မှန်တဲ့တန်ဖိုး) ဆိုတဲ့ စာပိုဒ်ထဲမှာ The Foolish (လူမိုက်)တွေရဲ့ လူ့တန်ဖိုးဖြတ်အမြင်ကို ဒီလိုရေးသားထားပါတယ်။

The foolish perceive man’s value by his conduct, they understand only the exterior.
လူမိုက်တွေဟာ လူတစ်ယောက်ရဲ့ တန်ဖိုးကို သူတို့ရဲ့ အပြုအမူ၊ အလုပ်အကိုင်နဲ့ပဲ ရှုမြင်တတ်ကြတယ်။ သူတို့ဟာ အပေါ်ယံကိုပဲ နားလည်တယ်။
လူတွေထဲက လူတွေမပြောနဲ့။ ဘုရားရှင်ကိုယ်တော်မြတ်ကြီး သက်တော်ထင်ရှား ရှိစဉ်တုန်းကတောင် ပုထုဇဉ်ရဟန်းတွေရဲ့ အပေါ်ယံ ရှုမြင်တတ်ပုံနှင့် ပတ်သက်လို့ သာဓကတစ်ခု ရှိခဲ့ဖူးပါတယ်။

မြတ်စွာဘုရားရဲ့ သာသနာတော်မှာ ဧတဒဂ်ဘွဲ့ရ ရဟန္တာမထေရ် မြတ်ကြီးတွေ (၄၁)ပါး ပေါ်ထွန်းခဲ့ဖူးပါတယ်။ အဲဒီအထဲမှာ အရှင်လကုဏ္ဍကဘဒ္ဒိယမထေရ်မြတ်ကြီးလည်း တစ်ပါးအပါအ၀င်ပါ။ မထေရ်မြတ်ကြီးရဲ့ အသံတော်ဟာ သာယာချိုမြိန် အေးချမ်းလှတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် မထေရ်မြတ်ကြီးဟာ အဆင်းတော့ မလှပရှာပါဘူး။ ပုပုကွကွနဲ့ အကြည့်ရဆိုးတဲ့ ကိုယ်ခန္ဓာဖြစ်နေပါတယ်။ ဒါကြောင့် သီတင်းသုံးဖော် ရဟန်းတွေက အချိုးမကျတဲ့ ခန္ဓာပိုင်ရှင် မထေရ်မြတ်ကြီးကို လှောင်ပြောင်ကြပါတယ်။

အသံချိုမြိန်လွန်းလို့ အသံသာတဲ့အရာမှာ ဧတဒဂ်ဘွဲ့ ရထားပေမယ့် အဆင်းမလှပြန်တော့ ပုထုဇဉ်ရဟန်းတွေအတွက် ကဲ့ရဲ့စရာ ဖြစ်နေတော့တာပေါ့။
ပုထုဇဉ်ဆိုတာကလည်း အလွယ်တကူ ပြစ်မှားတတ်တဲ့ အကျင့်စရိုက် ရှိသူတွေ မဟုတ်လား။ အပေါ်ယံရှပ်မြင်တဲ့ အမြင်နဲ့ လောကကြီးကို ကြည့်နေခဲ့တာ ကြာပြီဆိုတော့ ကိုယ့်ရဲ့ပြစ်မှားလွယ်တဲ့ ကာယကံ၊ ၀စီကံ၊ မနောကံမှုတွေကြောင့် တစ်ချိန်မှာ ပြန်ဆပ်ရမယ့် ၀ဋ်ကြွေးနဲ့ အပြစ်ဒဏ်ကို မသိကြရှာဘူး။ ဒါကို ဘုရားရှင် ကိုယ်တော်မြတ်ကြီးက မဟာကရုဏာဉာဏ်တော်ကြီးနဲ့ မြင်တော်မူပါတယ်။

ဒါကြောင့်မို့ ရဟန်းပရိသတ်တွေ စုံညီတဲ့အချိန်မှာ အရှင်လကုဏ္ဍကဘဒ္ဒိယ မထေရ်မြတ်ကြီးရဲ့ စင်ကြယ်မြင့်မြတ်တဲ့ ဂုဏ်ပုဒ်တွေကို ဘုရားရှင်ကိုယ်တော်မြတ်ကြီး ကိုယ်တော်တိုင် ဖော်ထုတ်ချီးမွမ်းတော် မူခဲ့ရပါတယ်။ အဲဒီအခါကျမှ ပုထုဇဉ်ရဟန်းတွေရဲ့ ပြစ်မှား ပုတ်ခတ်ပြောဆိုမှုတွေဟာ ရပ်တန့်သွားပါတော့တယ်။
ဒါကြောင့်မို့ ပုထုဇဉ်ဘ၀ဆိုတာ အင်မတန် ကြောက်စရာ ကောင်းလှပါတယ်။ ဉာဏ်အလင်းက မပွင့်သေးတော့ စိတ်က အမှောင်တိုက်ထဲမှာ နေနေရသလိုပါပဲ။ ဒီတော့ကာ အန္တရာယ်တွေကို ပွေ့ပိုက်ထားသူတွေနဲ့ တူနေပါတယ်။ ဒါကြောင့် စာတွေ၊ ပေတွေထဲမှာ ဗာလာနံ - လူမိုက်လို့ သုံးတာပေါ့။ တကယ်တော့ အန္ဓပုထုဇဉ်ဆိုတာကိုက ဗာလာနံ - လူမိုက်တွေ အများစုပါပဲ။

လူလိမ္မာကတော့ အသိဉာဏ်မြင့်လာသူပီပီ လူမိုက်တွေလောက်တော့ မရမ်းတော့ဘူးပေါ့။ ဒါပေမယ့် သူ့မှာလည်း လိုအပ်ချက်တွေ ရှိနေဆဲပါပဲ။ စာရေးဆရာက လူလိမ္မာတွေရဲ့ လူ့တန်ဖိုးအမြင် သတ်မှတ်ချက်ကို ဒီလို ရေးဖွဲ့ထားလေရဲ့။
The clever perceive man’s value by his power, they understand only half.
လူလိမ္မာတွေက လူတစ်ယောက်ရဲ့တန်ဖိုးကို သူ့ရဲ့တန်ဖိုး အာဏာ စွမ်းပကားနဲ့ ရှုမြင်တယ်။ သူတို့ဟာ တစ်ဝက်လောက်ပဲ နားလည်တယ်။

ဒီစာပိုဒ်ကို ဖတ်ရတော့ အရှင်ဒေ၀ဒတ်ကို ချက်ချင်း မြင်ယောင်မိပါတယ်။ ပါရမီဓာတ်ခံ ကောင်းခဲ့သူဆိုတော့ အရှင်ဒေ၀ဒတ်ဟာ သမထစွမ်းအားနဲ့ လောကီအဘိညာဉ်ကို ရခဲ့ပါတယ်။ ဒါပေမယ့် သစ္စာတရားကို သူ မမြင်ဘူး။ သူ့တန်ခိုးစွမ်းအားလောက်နဲ့ ဘုရားကိုပြိုင်ဖို့ စဉ်းစားတယ်။ ဘုရား သာသနာတော်မှာ ရှိတဲ့ လက်ဝဲရံ၊ လက်ယာရံ ကိုယ်တော်မြတ်ကြီးတွေကိုတောင် သူ့လက်အောက်မှာ ထားချင်တယ်။ ဘုရားထံပါး ချဉ်းကပ်ပြီးတော့လည်း ဘုရားရဲ့တပည့်တပန်းတွေကို သူ့ကိုပေးဖို့ သွားတောင်းသေးတယ်။ မရတဲ့အပြင် ဘုရားရှင်ရဲ့ ပြစ်တင်မောင်းမဲတာ ခံရတော့ အရှက်ကြီးရှက်ပြီး ဘုရားရှင်ကို လုပ်ကြံ သတ်ဖြတ်ဖို့အထိ ကြံစည်ကြိုးစားခဲ့ပါတယ်။

တစ်ဝက်အမြင်ဆိုတာ တကယ်တော့ ငါးဆယ်ရာခိုင်နှုန်း ကွက်လပ်ဖြစ်နေသေးတဲ့ အမြင်ပဲ။ တစ်နည်းအားဖြင့် ကျပ်မပြည့်တဲ့ အမြင်ပါပဲ။ အဲဒီတော့ ဝေါဟာရအနေနဲ့သာ လူလိမ္မာဖြစ်နေတာ။ စိတ်ကတော့ မိုက်တဲ့ဘက်ကို ဦးလှည့်နေတုန်းပဲ။ ရထားတဲ့ တန်ခိုးစွမ်းအားဟာ သာသနာပြုရာမှာ လျင်မြန်ဖို့၊ အများအကျိုးကို အချိန်တိုတိုနဲ့ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့ပါလားလို့ နှလုံးသွင်းပြီး သစ္စာတရားကို သိမြင်ဖို့အတွက် ဆက်ပြီး ကြိုးစားသွားရဦးမှာပါလားလို့ ဉာဏ်မသွင်းတတ်တော့ လောကီအဘိညာဉ် ရလျက်သားနဲ့ လူမိုက်စာရင်းဝင်ပြီး ဇတ်သိမ်းမလှ ဖြစ်သွားတော့တာပေါ့။

ဒါကြောင့် တန်ခိုးအာဏာ၊ ပါဝါ၊ စွမ်းအားဆိုတာတွေဟာ ဉာဏ်မပြည့်စုံသေးတဲ့ (ဉာဏ် တစ်ဝက် ဖြစ်နေသေးတဲ့) လူတွေရဲ့လက်ထဲရောက်ရင် အင်မတန်ကို အန္တရာယ်များလှပါတယ်။
ဒီအတွေးဖြစ်ပေါ်နေချိန်မှာပဲ မှတ်စုစာအုပ်ထဲက အလွတ်ရလုနီးပါးဖြစ်နေတဲ့ စာပိုဒ်အချို့ကိုလည်း တစ်ဆက်တည်း သတိရမိပါတယ်။

အောင်မြင်တယ်ဆိုတာ သူများထက်သာသွားတာကို မဆိုလိုပါဘူး။ ပြိုင်ပွဲမှာ ပထမရတာ၊ အိမ်ကြီးအိမ်ကောင်းနဲ့ နေနိုင်တာ၊ ရာထူး အမြင့်ဆုံးရတာ၊ ဘွဲ့ထူးကြီးကြီး ရထားတာ၊ ဂုဏ်ပြုတာတွေ ခံရတာတွေဟာ အောင်မြင်မှုအစစ် မဟုတ်ဘူး။
ကိုယ့်ဘ၀မှာ ကိုယ်တကယ်လုပ်ချင်တဲ့အလုပ် မြင့်မြတ်တဲ့အလုပ်၊ ကိုယ့်ဝါသနာစရိုက် ပါရမီနဲ့ ကိုက်ညီတဲ့အလုပ်၊ ကိုယ့်ရဲ့မြင့်မြတ်တဲ့ လူ့သဘာဝမှာ နက်နက်ရှိုင်းရှိုင်း အခြေခံပြီး ဖြစ်ပေါ်လာတဲ့ ဆန္ဒကို အကောင်အထည်ဖော်ရတဲ့ အလုပ်ကို လုပ်တဲ့သူဟာ အောင်မြင်တဲ့သူ ဖြစ်တယ်။ ဘယ်သူမျှမသိကြလည်း အောင်မြင်တဲ့သူပဲ။

ဆရာတော် ဦးဇောတိကရဲ့ ကိုယ်ရည်ကိုယ်သွေး မြင့်မားစေရန် စာအုပ်ထဲကပါ။
ဒါကြောင့် တစ်ယောက်က တစ်ယောက်ကို ခန့်မှန်းရခက်တဲ့ လောကကြီးထဲမှာ သူ့အမြင်၊ သူ့ထောက်ခံချက် ရဖို့ထက် ကိုယ့်စိတ်ကိုယ့်သန္တာန်မှာ စင်ကြယ်နေဖို့ အဓိကပါ။ အထင်ဆိုတာကိုက အမြင်လောက် မတိကျပါဘူး။ ခန့်မှန်းတယ်ဆိုကတည်းက မှန်ချင်မှလည်း မှန်မယ်ဆိုတာ သိထားပြီးရင် ကိုယ်လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ကို အကောင်းဆုံး ဆက်လုပ်နေဖြစ်ဖို့ အရေးကြီးပါတယ်။

ကိုယ်လုပ်နေတဲ့ကိစ္စဟာ ကောင်းမွန်မှန်ကန်မှုနဲ့ စင်ကြယ်မြင့်မြတ်မှုရှိ မရှိကိုတော့ စင်ကြယ်သူတွေ၊ စိတ်သန့်စင်သူတွေက သိနိုင်ကြပါတယ်။ လောကမှာ သိစရာမှန်သမျှကို စိတ်နဲ့သိရတာပါ။ စိတ်စင်ကြယ်သူဟာ သိစရာမှန်သမျှကို အကုန်သိမြင်ပါတယ်။ စိတ်စင်ကြယ်တဲ့သူဟာ ကိုယ့်စိတ်ကိုလည်း အသေအချာသိသလို သူတစ်ပါး စိတ်ကိုလည်း သိမြင်နိုင်ပါတယ်။ ဒီလိုသိနိုင်မှသာ ပညာရှိစာရင်းဝင်မှာပါ။

စာရေးဆရာရေးသားထားတဲ့ ပညာရှိတွေရဲ့ လူ့တန်ဖိုးဖြတ်အမြင်ဟာ အတော့်ကိုလေးနက် ပါတယ်။
The wise perceive man’s value by his purity, they touch the inner most core of life.
ပညာရှိကတော့ လူတစ်ယောက်ရဲ့ တန်ဖိုးကို သူ့ရဲ့ သန့်စင်မှုနဲ့ ရှုမြင်တယ်။ သူတို့ဟာ ဘ၀ရဲ့ အတွင်းအကျဆုံးအရာကို ထိတွေ့ကြတယ်။

ဖုန်တွေ အလူးလူးပေကျံနေတဲ့ ကြေးမုံပြင်တို့၊ ရေခိုးရေငွေ့တွေ ရိုက်ခတ်ထားတဲ့ မှန်မျက်နှာပြင်တို့မှာ ပုံရိပ်တွေ ထင်ထင်ရှားရှား မပေါ်နိုင်သလိုပါပဲ။ ရှုပ်ထွေးနေတဲ့စိတ်၊ အညစ်အကြေးတွေ ထူပြောနေတဲ့ စိတ်တွေရဲ့ မျက်နှာပြင်တွေမှာလည်း လူတစ်ယောက်ရဲ့ တန်ဖိုးကို အမှန်အတိုင်း ဆုံးဖြတ်နိုင်တဲ့အမြင် ပေါ်နိုင်ဖို့ခက်လှပါတယ်။ သန့်ရှင်းနေတဲ့စိတ်၊ အညစ်အကြေး ကင်းစင်နေတဲ့ စိတ်တွေရဲ့ မျက်နှာပြင်မှာတော့ လူတစ်ယောက်ရဲ့ တန်ဖိုးဟာ အမှန်အတိုင်း အတိအကျ ပေါ်နိုင်ပါတယ်။
ဒါကြောင့် သူများကို အမှန်အတိုင်းရှုမြင်ချင်ရင် ကိုယ့်စိတ်ကို အရင်သန့်စင်အောင် လုပ်ထားဖို့ လိုပါတယ်။
ဒါမှသာ “စိတ်သန့်စင်သူသည် စိတ်မသန့်စင်သူကိုလည်း သိသည်။ စိတ်သန့်စင်သူကိုလည်း သိသည်” ဆိုတဲ့ စကားရပ်အတိုင်း ဖြစ်တော့မှာပေါ့။

လောလောဆယ်မှာတော့ ကိုယ့်စိတ်ဟာ လောဘ၊ ဒေါသ၊ မောဟ အညစ်အကြေးတွေနဲ့ ရှုပ်ထွေးပွေလိမ်ပြီး မသန့်မစင် ဖြစ်နေသေးရင်တော့ “စိတ်မသန့်စင်သေးသူသည် စိတ်မသန့်စင်သူကိုလည်း မသိ၊ စိတ်သန့်စင်သူကိုလည်း မသိ” ဆိုတဲ့ အချက်ကိုတော့ ၀န်ခံရတော့မှာပါပဲ . . . . .

မြသန်းစံ
၁၅-၉-၂၀၀၇။

Tuesday, May 22, 2012

ငါလည်းတစ်နေ့

 ငါလည်းတစ်နေ့
 
တစ်ခါတလေ လူငယ်တွေနဲ့ ဟိုစပ်စပ်ဒီစပ်စပ် ပြောကြတဲ့အခါ တစ်ချို့လူငယ်လေးတွေက “အရှင်ဘုရား တပည့်တော် အသိတွေထဲမှာ ဘယ်သူကတော့ ဘယ်လိုအဆင်ပြေသွားတာ၊ ဘယ်သူကတော့ ဘယ်လိုအောင်မြင်သွားတာ၊ ဘယ်သူကတော့ ဘယ်လိုဖြစ်သွားတာ၊ ဘယ်သူကတော့ ဘယ်လိုဒုက္ခရောက်သွားတာ၊ ဘယ်သူကတော့ ဘယ်လိုမှကို ထင်မထားတာတွေ ဖြစ်သွားတာ” စသဖြင့် သူတို့သူတို့လေးတွေရဲ့ အတွေ့အကြုံ၊ ခံစားချက်တွေနဲ့ ပတ်သက်ပြီး ပြောဆိုလာတာကိုလည်း နားထောင်ဖြစ်ခဲ့ရပါတယ်။ အဲဒီအလို အခါမျိုးမှာ သူတို့ရဲ့ စကားကိုလိုက်ပြီး သူများတွေကိုပြောရင်း ကိုယ့်ကိုယ်ကိုလည်း “ငါလည်းတစ်နေ့”ဆိုတဲ့ ခံယူချက်နဲ့ ဖြေဆည်ရာကို အမြဲနှလုံးသွင်းထားကြဖို့ ပြောဖြစ်ခဲ့ပါတယ်။ ဘဝမှာ “ငါလည်းတစ်နေ့”ဆိုတာကို မမေ့ဖို့ သတိပေးဖြစ်ခဲ့ပါတယ်။

ဟုတ်ပါတယ်။ “ငါလည်းတစ်နေ့”ဆိုတဲ့ ဒီစကားလေးရဲ့နောက်မှာ လေးနက်တဲ့ အဓိပ္ပါယ်တွေ အများကြီးရှိနေပါတယ်။ အထူးသဖြင့် ကိုယ့်ကိုယ်ကို အားပေးတဲ့အခါ၊ ကိုယ့်ကိုယ်ကို ဆင်ခြင်တဲ့အခါတွေမှာ တကယ့်ကိုပဲ အားပေးရာ၊ ဖြေဆည်ရာတွေ ဖြစ်နေတာပဲ ဖြစ်ပါတယ်။ “ငါလည်းတစ်နေ့”ဆိုတဲ့ ဒီစကားလေးရဲ့ ထောက်ကူမှုဟာ အသုံးချတတ်မယ်ဆိုရင် အခြေအနေတိုင်းမှာ အသုံးတည့်မှုတွေ ရှိနေတာပဲ ဖြစ်ပါတယ်။ အောင်မြင်တဲ့သူ၊ အဆင်ပြေတဲ့ သူတွေကို တွေ့တဲ့အခါမှာလည်း “ငါလည်းတစ်နေ့”ဆိုတဲ့ ဒီစကားလေးနဲ့ ကိုယ့်ကိုယ်ကို အားယူနိုင်သလို၊ ကျရှုံးသူများ၊ နိမ့်ကျသူများ၊ ပျက်ဆီးသွားသူများကို တွေ့တဲ့အခါမှာလည်း “ငါလည်းတစ်နေ့”ဆိုတာလေးကို သတိပြုဆင်ခြင်ရင်း ကိုယ့်ကိုယ်ကို ရင်ဆိုင်နိုင်ဖို့၊ ကိုယ့်ကိုယ်ကို ဖြေဆည်နိုင်ဖို့ ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ဆိုတော့ကား ဘဝမှာ ဘာပဲဖြစ်ဖြစ် “ငါလည်းတစ်နေ့”ဆိုတာဟာ အသေအချာပဲ ဖြစ်ပါတယ်။

သေချာတွေးကြည့်ရင် လူတိုင်းလူတိုင်းမှာ အောင်မြင်ခြင်းနဲ့ ကျရှုံးခြင်း၊ အဆင်ပြေခြင်းနဲ့ မပြေခြင်း၊ ရှိခြင်းနဲ့ မရှိခြင်း၊ ဖြစ်ခြင်းနဲ့ ပျက်ခြင်း စတဲ့ ဆန့်ကျင်ဘက် လောကဓံတွေဟာ အမြဲရှိနေတတ်ကြတာ ဖြစ်ပါတယ်။ သူ့မှာရှိသလို ကိုယ့်မှာလည်း ရှိနေကြတာ ဖြစ်ပါတယ်။ သူအောင်မြင်သလို ကိုယ်လည်းအောင်မြင်နိုင်၊ သူကျရှုံးသလို ကိုယ်လည်းကျရှုံးနိုင်တာပဲ ဖြစ်ပါတယ်။ ဒါဟာ လောကရှိလူသားတိုင်း၊ သတ္တဝါတိုင်း မလွဲမသွေ ကြုံတွေ့ကြရတဲ့ လောကဓံပဲ ဖြစ်ပါတယ်။ ဘယ်သူမှ တစ်သမှတ်တည်း ရှိနေတာ မဟုတ်ကြပါဘူး။ အောင်မြင်သူတွေလည်း အောင်မြင်မှုရဲ့နောက်မှ ကျရှုံးမှုတွေ ရောက်လာတတ်သလို မအောင်မြင်သေးသူတွေ အနေနဲ့လည်း ကြိုးစားရင် အောင်မြင်မှုဆိုတာ ရောက်လာမှာပဲ ဖြစ်ပါတယ်။ အဲဒီအခြေအနေအတွက် အဓိကတာဝန် အရှိဆုံးကတော့ ကိုယ်ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။

ကိုယ်ကိုယ်တိုင်ရဲ့ ကြိုးစားအားထုတ်မှုဟာ ကိုယ့်ဘဝရဲ့ အတက်အကျကို ဖန်တီးတည်ဆောက် ပေးနိုင်တာ ဖြစ်တဲ့အတွက် အောင်မြင်နေတဲ့သူတွေကို တွေ့တဲ့အခါမှာလည်း ကိုယ့်ကိုယ်ကို ခိုင်မှာတဲ့စိတ်ဓာတ်နဲ့ “ငါလည်းတစ်နေ့”ဆိုတဲ့ အတွေးနဲ့ သူတို့လိုဖြစ်အောင် ကြိုးစားအားထုတ်ကြရမှာ ဖြစ်ပါတယ်။ အတိတ်ကံကို ဘေးဖယ်ထားပြီး ဒီပစ္စုပ္ပန်ဘဝမှာပဲ မှန်ကန်တဲ့လမ်းကို မဆုတ်မနစ်တဲ့ ဝိရိယနဲ့ အားသွန်ခွန်စိုက် ကြိုးစားလိုက်မယ်ဆိုရင် အတိတ်ကံကောင်းသူတွေလောက် အများကြီး အောင်မြင်မှု မရနိုင်တာတောင်မှ ဝိရိယအကျိုးနဲ့ အထိုက်အလျောက် အောင်မြင်မှုကတော့ ရောက်လာကြမှာပဲ ဖြစ်ပါတယ်။ “သူဖြစ်သလို ငါလည်း ဖြစ်ကိုဖြစ်ရမယ်”ဆိုတဲ့ စိတ်နဲ့ ဇွဲမလျော့ဘဲ ကြိုးစားနိုင်မယ်ဆိုရင် မဖြစ်နိုင်ဘူးဆိုတာတွေတောင် ဖြစ်လာနိုင်မှာ ဖြစ်ပါတယ်။ ဘဝတစ်ခု အောင်မြင်မှုရှိဖို့အတွက် လူတိုင်းလူတိုင်းမှာ “ငါလည်းတစ်နေ့”ဆိုတဲ့ ခိုင်မာတဲ့ စိတ်ဓာတ်ကိုလက်ကိုင်ထားပြီး ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ဒါဟာ သူလည်းဖြစ်သလို ငါးလည်း ဖြစ်နိုင်တယ်ဆိုတဲ့ နိယမတစ်ခုပဲ ဖြစ်ပါတယ်။

နောက်တစ်ချက်က အောင်မြင်သူများရဲ့ ကျရှုံးမှုပဲ ဖြစ်ပါတယ်။ အောင်မြင်နေရာကနေ ကျဆုံးသွားတဲ့သူတွေကို ကြည့်ရင် တစ်ချို့ကတော့ လမ်းလွဲသွားကြလို့ ဖြစ်သလို၊ တစ်ချို့ကျတော့ ဘဝင်မြင့်ပြီး ဘဝမေ့သွားကြလို့ပဲ ဖြစ်ပါတယ်။ တစ်ချို့လည်း ကံမကောင်း အကြောင်းမလှလို့ ဖြစ်ကြသလို တစ်ချို့လည်း ပြုပြင်လို့မရတဲ့ အကြောင်းအကျိုး ဆက်စပ်မှုတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဘာသာတရား ရှုထောင့်ကကြည့်ရင် ဘယ်အရာမှ အမြဲမရှိဘူးဆိုတဲ့ အချက်ကို ကောက်ချက်ချလို့ ရနိုင်ပါတယ်။ ဘဝဆိုတဲ့ ဖြစ်တည်မှုတစ်ခုဟာ မမြဲခြင်း၊ ဆင်းရဲခြင်း၊ အစိုးမရခြင်းဆိုတဲ့ သဘာဝဓမ္မတွေနဲ့ ဆက်ဆံနေတာဖြစ်တဲ့အတွက် ဖြစ်နေ၊ ရှိနေ၊ ရနေ၊ အောင်မြင်နေတာတွေဟာလည်း အချိန်မရွေး ပြောင်းလဲသွားနိုင်တဲ့ သဘောပဲ ဖြစ်ပါတယ်။

ဒီသဘောတွေက ကိုယ်ရော၊ သူများရော အားလုံး ရင်ဆိုင်ထားရမယ့် သဘောပဲ ဖြစ်ပါတယ်။ ကိုယ့်မှာ တကယ်လို့ ဒီသဘောတွေ မရောက်သေးပေမယ့် ရောက်လာတဲ့သူတွေကိုကြည့်ပြီး “ငါလည်းတစ်နေ့” ဆိုတာကိုတော့ မမေ့ကြဖို့ လိုပါတယ်။ အဲလို အသိလေးကို အမြဲနှလုံးသွင်းထာမယ်ဆိုရင် ကိုယ့်ဆီကို အဆိုးတွေ ရောက်လာတဲ့အခါ စိတ်မှာသက်သောင့်သက်သာ ခံနိုင်ရည် ရှိလာမှာ ဖြစ်ပါတယ်။ မဟုတ်လို့ကတော့ ဘဝတစ်ခုတောင် ပျက်ဆီးသွားနိုင်တဲ့အထိ လောကဓံရဲ့ ရိုက်ပုတ်မှုအောက်ကို ရောက်သွားနိုင်တာ ဖြစ်ပါတယ်။

ဘယ်သူပဲဖြစ်ဖြစ် ကိုယ့်ရဲ့လက်တွေ့ဘဝထဲမှာ ဒီသဘောတရားတွေကို အများကြီး တွေ့ကြုံဖူးကြမှာ ဖြစ်ပါတယ်။ မရှိရာကနေ ရှိနေသူများ၊ အဆင်မပြေရာကနေ ပြေသွားသူများ၊ ဆင်းရဲနေရာကနေ ချမ်းသားသွားသူများ၊ ကျရှုံးနေရာကနေ အောင်မြင်သွားသူများ ရှိနေကြသလို ရှိနေရာကနေ မရှိဘဲ ဖြစ်သွားသူများ၊ အဆင်ပြေနေရာကနေ မပြေဘဲ ဖြစ်သွားသူများ၊ ချမ်းသာနေရာကနေ မွဲသွားသူများ၊ အောင်မြင်နေရာကနေ ကျရှုံးသွားသူများလည်း ရှိနေကြမြဲ ဖြစ်ပါတယ်။ ဒီထက်ပိုပြီး အဆိုးဆုံးပြောရမယ်ဆိုရင် အကောင်းပကတိ ရှိနေရာကနေ ခြေလက်အင်္ဂါ၊ ပျက်ဆီးသွားသူများ၊ အသက်ရှင်နေရာကနေ ရုတ်တရက် အသက်ဆုံးသွားသူများအထိ အမျိုးမျိုးရှိနေတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ဒီလို အခြေအနေကောင်းသူများနဲ့ အခြေအနေ ဆိုးသွားသူများကို မြင်သိကြားရတဲ့အခါမှာ ကိုယ့်ကိုယ်ကို အားပေးဖို့နဲ့ ဖြေဆည်ဖို့၊ ပြီးတော့ သတိပြု ဆင်ခြင်ဖို့ကတော့ “ငါးလည်းတစ်နေ့”ဆိုတာပဲ ဖြစ်ပါတယ်။

တစ်လောကတောင် နိုင်ငံခြားမှာ အလုပ်လာလုပ်နေကြတဲ့ မြန်မာဒကာအချို့အကြောင်း ကြားသိလိုက်ရပါသေးတယ်။ အထိုက်အလျောက် ဝတ္ထုကြေးငွေလေးတွေ စုဆောင်းမိလို့ ပြန်မယ်လုပ်ထားပြီးမှ စက်ထဲလက်ညှက်လို့ မပြန်နိုင်သေးဘဲ ဆေးကုနေရတဲ့သူတွေ၊ ရုတ်တရက် အသက်ထွက်သွားသူတွေ စသည်ဖြင့် အစုံပါပဲ။ မကြာသေးခင်က သက်ပျောက်ဆွမ်းပင့်လို့ သွားပြီး ဟောပြောပေးခဲ့ရတဲ့ ဒကာလေးဆိုရင် ထင်တောင်မထင်ရက်စရာပဲ ဖြစ်ပါတယ်။ သူ့ဦးလေး စက်ထဲမှာ လက်ညက်လို့ လက်သုံးချောင်းပျက်ပါသွားပြီး ဆေးရုံတက်နေတဲ့အတွက် ဆေးရုံမှာ လူနာစောင့်အနေနဲ့ လာစောင့်ပေးနေရာက အဲဒီလူနာစောင့်လုပ်တဲ့ တူတော်မောင်ဟာ ဆေးရုံဧည့်ခန်းမှာ တီဗီကြည့်နေရင်း အသက်ပါပျောက်သွားတာတဲ့လေ။ ဘဝမှာ အသက်အရွယ်အရ ကြည့်ရင် အရင်မွေးပြီး အသက်အရွယ် ကြီးနေတဲ့သူက အရင်သေရမှာ ဖြစ်ပေမယ့် ဦးလေးအရင် တူတော်မောင်က ဘဝခရီးကို စောစောစီးစီး ထွက်သွားတဲ့ အဖြစ်ဟာ ကြောက်တတ်မယ်ဆိုရင် သေခြင်းတရားရဲ့ မမြင်နိုင်တဲ့ သဘောကို ကောင်းကောင်းတွေ့ရမှာ ဖြစ်ပါတယ်။

လူတွေဟာ ကိုယ့်အလှည့် မရောက်သေးလို့ အကြောက်တရားတွေ ပျောက်နေတတ်ကြပေမယ့် ကြောက်တတ်မယ်ဆိုရင် ကိုယ့်ရှေ့မှာ ဖြစ်သွားကြတဲ့ သူတွေကိုကြည့်ပြီး “ငါလည်းတစ်နေ့”ဆိုတာလေးကို တွေးမိရုံနဲ့တင် ကြောက်စရာ ကောင်းနေတော့တာ ဖြစ်ပါတယ်။ သူဖြစ်သလို ငါလည်းမဖြစ်နိုင်ဘူးလို့ ဘယ်သူမှ ပြောလို့မရတဲ့အဖြစ်ကို သတိပြုမိရင်ကိုပဲ တကယ်ကြောက်ဖွယ် အဖြစ်တွေပဲ ဖြစ်ပါတယ်။ ပျက်ဆီးခြင်းတရား၊ သေခြင်းတရားဆိုတာ သူမှာမှ ဖြစ်ရမယ်၊ ငါ့မှာမဖြစ်ရဘူး၊ ဟိုမှာမှ ဖြစ်ရမယ် ဒီမှာမဖြစ်ရဘူး၊ ဘယ်အချိန်မှာ ဖြစ်ရမယ်၊ ဘယ်အချိန်မှာ မဖြစ်ရဘူး၊ ဘယ်လိုဖြစ်ရမယ်၊ ဘယ်လိုမဖြစ်ရဘူး စသဖြင့် သတ်မှတ်ထားလို့၊ ကျိန်းသေပြောလို့ ရတဲ့အရာတွေ မဟုတ်ပါဘူး။ အကြောင်းတိုက်ဆိုင်ရင်၊ ဖြစ်ချိန်တန်ရင် ဖြစ်လာကြမှာပဲ ဖြစ်ပါတယ်။ ကိုယ့်အနေနဲ့သာ ဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ “ငါလည်းတစ်နေ့”ဆိုတဲ့ အသိနဲ့ သတိမလွတ်ဘဲ နေနိုင်အောင် ကြိုးစားဖို့ပဲ ဖြစ်ပါတယ်။

သတိမလွတ်ဘဲ နေဖို့တင် မဟုတ်ပါဘူး။ နေတုန်းအခိုက်မှာ မကောင်းတဲ့အလုပ်တွေကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ပြီး ကောင်းတဲ့အလုပ်တွေကို ဆောင်ထားနိုင်အောင်လည်း ကြိုးစားကြရမှာ ဖြစ်ပါတယ်။ “ငါလည်းတစ်နေ့”ဆိုတဲ့ ဒီအသိနဲ့ အဲဒီ တစ်နေ့လေး ရောက်မလာခင် လက်ရှိအချိန်ကို အကောင်းဆုံးဖြစ်အောင် ကိုယ့်ဘဝကိုယ် ဖန်တီးတည်ဆောက်ကြရမှာ ဖြစ်ပါတယ်။

ဘဝမှာ ဒီဘဝအတွက် ကြိုးစားဖန်တီးကြသလို နောင်သံသရာအတွက်လည်း ပြုလုပ်ဆောင်ရွက်ကြရမှာ ဖြစ်တဲ့အတွက် တစ်ဘဝ ကောင်းစားရေးကိုသာ မကြည့်ဘဲ ပစ္စုပ္ပန် သံသရာနှစ်ခုလုံး ကောင်းစားရေးအတွက်လည်း ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ဒီဘဝကောင်းစားရေးအတွက် ဖန်တီးတဲ့အခါ “ငါလည်းတစ်နေ့ ဖြစ်ကိုဖြစ်ရမယ်”ဆိုတဲ့ ခံယူချက်နဲ့ အပြစ်ကင်းအောင် ကြိုးစားဖန်တီးကြရမှာ ဖြစ်သလို နောင်သံသရာ ကောင်းစားရေးအတွက်လည်း “ပျက်ဆီးခြင်းဟာ ငါ့အတွက်လည်း အချိန်မရွေး ရောက်လာတတ်တယ်”ဆိုတဲ့ အသိနဲ့ အခုလက်ရှိအချိန်မှာ ကောင်းမှုကုသိုလ်ကို များများလုပ်ထားနိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ဒါဟာ “ငါလည်းတစ်နေ့”ဆိုတဲ့ အချက်လေးကပေးတဲ့ ပစ္စုပ္ပန်သံသရာ ကောင်းစားရေး အသိပေးစကားလေးပဲ ဖြစ်ပါတယ်။

ဆိုလိုတာက ငါတွေပေါနေကြတဲ့ လောကကြီးမှာ အတော်များများက ငါကိုအစွဲပြုပြီး မာနထောင်တာ၊ မဟုတ်တာလုပ်တာ၊ ယုတ်မာတာတွေကို လုပ်နေကြပေမယ့် တကယ်တမ်းကျတော့ အဲဒီငါအားလုံးဟာ ဘာမှအသုံးမကျဘဲ တစ်နေ့တော့ သူဟာနဲ့သူ၊ သူ့ဘဝကို သူဖန်တီး တည်ဆောက်သွားတတ်ကြတာ ဖြစ်တဲ့အတွက် သူများတွေကို အသာထား ကိုယ့်ကိုယ်ကို သတိစကား ပါးနေရမှာက ဘာပဲဖြစ်ဖြစ် “ငါလည်းတစ်နေ့” ဆိုတာလေးပဲ ဖြစ်ကြောင်း၊ “သူဖြစ်သလို ငါလည်း တစ်နေ့မဖြစ်ဘူးလို့ မပြောနိုင်၊ သူပျက်သလို ငါလည်း တစ်နေ့မပျက်ဘူးလို့ မပြောနိုင်”တဲ့အချက်ကို သတိပြုဆင်ခြင်ပြီး ကိုယ့်ရဲ့လုပ်ရပ်တိုင်းမှာ အပြစ်မပါအောင် ကြိုးစားကြရမှာ ဖြစ်ပါကြောင်း၊ ဘာပဲ ဖြစ်ဖြစ် “ငါလည်းတစ်နေ့”ဆိုတာလေးကို မမေ့ကြဖို့လိုကြောင်း စသဖြင့် ပြောလိုတာ ဖြစ်ပါတယ်။

ဒါကြောင့် ဘဝမှာ သူများကိုကြည့်ပြီး ကိုယ့်ကိုယ်ကို ဆင်ခြင်ကြည့်တဲ့ အနေနဲ့ အောင်မြင်နေသူတွေကို တွေ့တဲ့အခါ “ငါလည်းတစ်နေ့…”၊ မထင်မှတ်တာတွေ ဖြစ်သွားတဲ့သူတွေကို တွေ့တဲအခါ “ငါလည်းတစ်နေ့…” ဆိုတဲ့ အသိတရားလေးနဲ့ အားပေးဖို့ လိုအပ်တဲ့အခါ ကိုယ့်ကိုယ်ကို အားပေး၊ ဖြေဆည်ဖို့လိုအပ်တဲ့အခါ ကိုယ့်ကိုယ်ကို ဖြေဆည်၊ သံဝေဂယူဖို့ လိုအပ်တဲ့အခါ သံဝေဂယူရင်း အဲဒီတစ်နေ့တွေ ရောက်မလာခင် လက်ရှိအချိန်ကို အကောင်းဆုံး ဖန်တီးတည်ဆောက်ကြမှာ ဖြစ်ပါကြောင်း အသိပေးစကား ပါးလိုက်ရပါတယ်။

မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး) 

Monday, May 21, 2012

နှစ်ချို့မင်္ဂလာ

 
 နှစ်ချို့မင်္ဂလာ
အချိန်ကာလအတော်ကြာအောင် အေးခဲနေခဲ့သောကိုယ့်ရင်သည် သည်နေ့မှာတော့ သိသာစွာနွေးထွေးနေတော့သည်။ တခါ တခါ သွေးနှိုး သံသည် ရင်အုံကို ဒိတ်ဒိတ်တိုးလာသည်။ အပျော်ဆိုတာ ကူးစက်လွယ်ဆုံးအရာပေထင့်။
ကခုန်နေသူများ၊ အောင်သံကြွေးနေကြသူများ၊ ရယ်မောပြုံးရွှင်နေကြသူများ၊ တလူလူလွင့်ပျံ့နေသော ဒေါင်းအလံများ၊ သံပြိုင်သီတေးများ၊ … စသည် စသည် အရုပ်အရောင်အသံတို့သည် အွန်လိုင်းမှတဆင့် ကိုယ့်အာရုံတံခါးများသို့ အလုအယက်တိုးဝင်လာကြတော့သည်။

စာအုပ်ခပ်ကြီးကြီးအရွယ်ကွန်ပျူတာဆိုသည့် နည်းပညာပြတင်းလေးမှတဆင့် စီးဆင်းလာသော ထိုပျော်ရွှင်ခြင်းတို့သည် ကိုယ့်သွေးတို့နှင့် ရောနှောပျော်ဝင်သွားက ကိုယ့်ရင်ကိုနှိုးခဲ့ပြီး ကိုယ့်ကလောင်ကို နိုးစေခဲ့ပြီ။ ကြည့်စမ်း၊ ပျော်နေလိုက်ကြတာ။ အရွယ်စုံ၊ အရောင်စုံ၊ ဘ၀စုံဈ ကိုယ့်မြေက ကိုယ့်ဆွေတွေ ပျော်ပုံသစ်လိုက်ကြပါဘိ။ ပျော်ကြပါစေ၊ ရွှင်ကြပါစေ၊ ရယ်ကြပါစေ ပြုံးကြပါစေ။ တင်းထားခဲ့သော ပါးကြောတွေ ပြေလျှော့သည်ထိ ပြုံးကြပါစေ။ နောက်ပြီး ထိုအပြုံးအရယ်တို့ကို အဓွန့်ရှည်အောင်လည်း ထိန်းသိမ်းထားနိုင်ကြပါစေ။

ဟုတ်တယ်လေ။ ပြန်မြင်ယောင်ကြည့်။ ယခုလိုပျော်ရွှင်မှုတွေ တချိန်သောအခါက တပြည်လုံးဖုံးခဲ့ဖူးပြီ။ အုံးအုံးခြိမ့်ခြိမ့် ညံခဲ့ဖူးပြီ မဟုတ်လား။ ဒါပေမယ့် ပျော်မဆုံး ပြုံးမ၀ခင်မှာပင် ညှိုးချုံးသွားကြခဲ့ရသည်လေ။ နိုင်ထက်ကလူ လုယူခံကြရသည်လေ။ အော် … ဆယ်စုခေတ်နှစ်ခုပင် ကျူးခဲ့ပကော။

ယခုပျော်ပုံသစ်နေသူများထဲတွင် ဟိုစဉ်ကပျော်ခဲ့ကြသူများ ပါနိုင်သလို၊ မပါဝင်နိုင်တော့သူတွေလည်း အစုနဲ့အဝေးရှိမည်ပင်။ ကိုယ့်အမေနှင့် အစ်မတယောက်ဆို ဟို သံသရာဆီထွက်ခွာသွားကြရှာပြီ။ ပျော်ဖို့အရေး မဲပေးခဲ့သော်ငြား ပျော်ရေးမသာခဲ့။
“မိန်းကလေး ကျမ်းမာချမ်းသာပါစေ။ လမ်းခုလတ်မှာ သူ့အဖေလို အကြွေမစောပါစေနဲ့” လို့ ဆုတောင်းမေတ္တာပို့သတတ်သလို “သူ့တို့က ဖယောင်းမျိုးတွေသားရဲ့၊ ကိုယ်အရည်ပျော်ခံပြီး သူတပါးကို အလင်းရောင်ပေးတာ။ သူ့အဖေ ဗိုလ်ချုပ်ဆိုလည်း ….” စသည်ဖြင့် ပြောပြလေ့ ရှိသော အမေ ယခုအချိန်များရှိလျှင် ….။

ဘာပဲဖြစ်ဖြစ် အသက်ရှူရပ်သွားရှာသူတွေအတွက် မဖြေသာသည့်တိုင် အသက်ရှူကြပ်နေရှာကြတဲ့ ကိုယ့်ဇာတိက ကိုယ့်ညာတိတွေအတွက် တော့ တကယ့်မင်္ဂလာပါ။ (သုပ္ပဘာတံ၊ သုဝုဌိတံ) ဆိုသလို သည်ဧပြီ (၂) ရက်နေ့မှာဖြင့် နိုးခြင်းကောင်းစွာ မင်္ဂလာဖြင့် နိုးထခဲ့ကြပြီ။ မနေ့က ပျော်ရွှင်မှုအရှိန်သည် သည်နေ့တိုင် အဟုတ်ကောင်းဆဲ။ မိုင်ပေါင်းများစွာဝေးကွာသည့် ကိုယ်တို့နေရာ ကမ္ဘာတဖက်ခြမ်းထိ ရိုက်ခတ်လာ သည်။ ဖေ့စ်ဘုတ်မှာ အွန်လိုင်းမှာ လေလှိုင်းမှာ စာမျက်နှာတွေမှာ ပုံရိပ်တို့က ဝေဆာဝင်းပြက်လျှက်။
“အနိုင်ရလို့ ပျော်ရွှင်ကြတယ်ဆိုတာ သဘာဝပါပဲ။ ဒါပေမယ့် တဖက်သားကို မထိခိုက်စေဖို့ မေတ္တာရပ်ခံပါတယ်” တဲ့။ အနိုင်ရသူ ခေါင်းဆောင် ၏စကားကို ကြားလိုက်ပြန်တော့ ပျော်ရွှင်မှုမှာ လေးနက်ခြင်းတွေ စိုစွက်လိမ်းကျံလို့ပါလား။

ဒါတင်မက “ကျွန်မတို့ အနိုင်ရသူအများစုဟာ၊ အနဲစုရဲ့အခွင့်အရေးကိုလည်း ကာကွယ်စောင့်ရှောက်ပေးကြရမယ်” တဲ့။ ဖြူစင်ဖြောင့်စင်းပြီး ဘယ်လောက်များ ဂုဏ်သိက္ခာရှိလိုက်သလဲ။ ဘယ်လောက်များ မိကောင်း ဖမြတ်သမီး ပီသလိုက်သလဲ။ ဘယ်လောက်များ စာနာ ကြင်နာတတ် သလဲ။

 အော် … သူတုန်းက ဆို ….။ ရင်သွေးလေးတွေနှင့် ကွဲကွာ၊ ခင်ပွန်းသည်နှင့်ကွေကွင်း၊ သာယာအေးချမ်းသည့် မိသားစု လေး ပြိုကွဲ၊ အကျယ်ချုပ်က အကြိမ်ကြိမ်၊ အကျဉ်းချုပ်က ခဏခဏ၊ အသက်ဘေးကလည်း သီသီလွတ်ရ။
ပြီး …သတင်းစာ၊ ရေဒီယို၊ တီဗွီရှိသမျှ ၀ါဒဖြန့်ချိရေးကိရိယာတွေသုံးပြီး ထိုးနှက်ပုတ်ခတ်ဆဲရေးလာလိုက်ကြတာ၊ အားမရတော့ “လူငါးယောက်ထက် ပိုမစုရ” ဆိုသည့် ကိုယ်ထုတ်သည့်ဥပဒေ ကိုယ်ချိုးဖောက်ပြီး လူစုလူဝေးနှင့် ရှုံ့ချပွဲဖကြီးတွေ ကျင်းပလား ကျင်းပရဲ့။

“ကျွန်မတို့ အာဏာရရေးအတွက်နဲ့ ဘယ်တော့မှ ပြည်သူကို လမ်းပေါ်မတက်စေရဘူး” တဲ့။ သူ့ပြည်သူတွေ သေကြေမှာ၊ နာကြင်မှာစိုးသည့် သူ့မေတ္တာကို တဘက်က ပုဂ္ဂိုလ်တွေက မဟာအခွင့်အရေးကြီးအဖြစ် အသုံးချပြီး ထင်တိုင်း စိုင်းလိုက်ကြတာ။ ပြည်သူကလည်း ညှိုးချုံး၊ တိုင်းပြည်ကလည်း ချုံးချုံးကျ။
သူမကိုယ်တိုင်ကတော့ သူ့ရဲဘက်တွေ ရဲဖော်တွေ လွတ်မြောက်ရေး အစာငတ်ခံဆန္ဒပြတောင်းဆိုလိုက်တာ၊ ကံသီပေလို့ …အော် ..ကိုယ့် အမေပြောတဲ့ “ကိုယ်အပူခံပြီး သူများကို အလင်းရောင်ပေးတယ်” ဆိုတဲ့စကား မှန်လှချည့်။

အင်း အဲဒီတုန်းက သူ့အသက်က (၄၅) နှစ်ပေါ့။ အဲဒီကသာ စပြီးလုပ်ခွင့်ရခဲ့ရင် ခုနေ ကိုယ်တို့တိုင်းပြည်ဟာ … အခြားတိုင်းပြည်တွေက မော်မကြည့်ရင်တောင် ခုလို ငုံကြည့်ခံရသည့်အနေအထား မရောက်နိုင်။ ခုတော့ …. သူတင်မက သူ့ကိုထောက်ခံသည့် ပညာတတ်တွေ၊ ဆရာဝန်တွေ၊ ရှေ့နေတွေ၊ ကျောင်းဆရာ ဆရာမတွေ၊ ကျောင်းသားခေါင်းဆောင်တွေ …အားလုံး အဲဒီတုန်းက ယုံကြည်ချက်တွေ၊ မျှော်လင့်ချက်တွေနှင့် ၀ံ့စားတက်ကြွသည့် အရွယ်ကောင်းတွေ၊ ပြည့်ခွန်အားတွေ၊ ပြည့်ဦးဏှောက်တွေ၊ ပြည့်မျက်လုံးတွေ၊ ပြည့်လက်ရုံးတွေ ခမျာ၊ ထောင်ကျသူကျ၊ ပြည်ပတိမ်းရှောင်သူတိမ်းရှောင်နှင့် ဘာကြောင့်များ ဖြုန်းတီးပစ်ကြပါလိမ့်။

အဲဒီတုန်းကသာ အခုလို တွေ့ဆုံညှိနှိုင်း ပူးပေါင်းဆောင်ရွက်ခဲ့ကြလျှင် ကိုယ်တို့မြေဟာ အပျော်ရည်ဝ နေရောပေါ့။ မင်္ဂလာရောင်တွေ လျှံနေလောက်ပြီ။
တကယ်တော့ သည်ဧပြီ (၁) ရက်နေ့မှာ ကိုယ့်မျိုး ကိုယ့်ဆွေတွေ ရရှိလိုက်သည့် ပျော်ရွှင်ခြင်းနှင့်ပြည့်စုံသော ကျက်သရေမင်္ဂလာသည် နှစ် နှစ်ဆယ်မကပင် နောက်ကျနေခဲ့ပါပေါ့လား။ ဘာကြောင့်များ ယခုလို ….။

ဘာပဲဖြစ်ဖြစ်လေ Late’s better than never တဲ့။ နောက်ကျခြင်းဟာ ဘယ်တော့မှ မဖြစ်ခြင်းနဲ့စာရင် အများကြီးကောင်းသေးသတဲ့။ နောက် မကျဘူးဆိုလျင်တော့ ဘာဆိုဖွယ်ရှိတော့မလဲ။
အင်းလေ … ရှေ့လျှောက်အများအတွက် ပြင်ဖို့ ပြုဖို့ တည်ဖို့ ဆောက်ဖို့အရေး တွေ့ဆုံဆွေးနွေးဖို့ဆိုလျှင် အဃာတ၀န်၊ မာန၀န်တွေနှင့် လေးဖင့်မနေကြပါစေနှင့် မနေကြပါစေနှင့် …။

ဘုရားရှင်ကိုယ်တော်မြတ်၏ “အဇ္ဇေ၀ သုေ၀၀ ကိစ္စံ ကာတဗ္ဗံ” ကောင်းသည့်အမှုဆို နေ့ခြင်းပြု၊ နက်ဖြန်မဆိုင်းနှင့်ဆိုသည့် ခွန်းတော်သံဟာ နားတိုင်းလျှံပြီး ရင်တိုင်း ပဲ့တင်ထပ်စေချင်စမ်းပါဘိ။

ကံထွန်းသစ်
ဧပြီ ၂၅၊ ၂၀၁၂

Saturday, May 19, 2012

မေတ္တာလက်ဖြင့်ခံယူ၍ ကရုဏာလက်ဖြင့်ပေးစေချင်

 
မေတ္တာလက်ဖြင့်ခံယူ၍ ကရုဏာလက်ဖြင့်ပေးစေချင်

အတွေးအမြင်တစ်ခုကို တင်ပြဆွေးနွေးတဲ့အခါ တိုက်ရိုက်တွေးပြီး တိုက်ရိုက်သိမြင်နိုင်တဲ့အကြောင်းအရာတွေရှိသလို၊ တိုက်ရိုက်မသိ၊ မ မြင်နိုင်တဲ့အကြောင်းအရာတွေကလဲ

အများကြီးရှိနေတယ်။ ဇင်ဗုဒ္ဓဘာသာမှာ ကိုအန် (Koan) ဆိုတဲ့ စကားအသုံးအနှုန်းတစ်ခုရှိတယ်။ “ပြည်သူ့စကားထာ’’ လို့ အဓိပ္ပါယ်ဖွင့်ဆိုရမလားမသိ။ အဲဒီစကားကိုပင် တခါတရံမှာ ဇင် ရဒ်ဒယ်လ်စ်’’ (Zen Riddels) လို့ ဖွင့်ဆိုထားတာ မျိုးကို တွေ့ရတယ်။


၁။ ရဒ်ဒယ်လ်စ်-ဆိုတာ အဖြေကို မှန်းဆပြီးသိရတဲ့ စကားထာမျိုးပါ။
၂။ စိတ်ဝင်စားဖို့ ကောင်းတယ်။
ဂျပန်အတွေးအခေါ်တွေ၊ အနောက်တိုင်း ပညာရေး (Academic) နယ်ပယ်မှာ ဝင်ရောက်နေရာယူလာနိုင်တာဟာ ဒီအတွေးအခေါ် တွေကြောင့်လဲ ဖြစ်နိုင်တယ်။


အတွေးအခေါ်ဆိုတာ လောကနယ်ပယ်ထဲမှာ နေသူအားလုံး ကျင့်သုံးနေတဲ့ ဘာသာရပ်တစ်ခုလို့ ဆိုနိုင်တယ်။ ဇင်ဗုဒ္ဓဘာသာဝင်များကတော့ ဒါကို ဘာသာရေးသင်ခန်းစာတစ်ခုအနေနဲ့ အလေ့အလာပြုကြတယ်။ ဒီနေရာမှာ ဇင်ဗုဒ္ဓဘာသာဝင်တို့ရဲ့ ‘ကိုအန်’ လေးတစ်ခုကို ထုတ်ပြ မယ်။ တနေ့မှာ ဇင်ဘုန်းကြီးလေး (၃) ပါး အလံတိုင်တစ်ခုအနီးမှာ ထိုင်နေခဲ့ကြတယ်။ အတူထိုင်နေကြရင်း ဇင်ဘုန်းကြီးလေးတစ်ပါးက အလံတိုင်မှာလွှင့်ထူထားတဲ့ လေနဲ့အတူ တစ်လှပ်လှပ်လှုပ်နေတဲ့ သာသနာ့အလံကို လက်ညှိုးညွှန်ပြပြီး ‘ဟိုမှာကြည့်၊ အလံလေးလှုပ်နေ တယ်’ လို့ ရုတ်တရက်ဆိုသလို ပြောလိုက်မိတယ်။ လက်ညှိုးညွှန်ပြရာကို ကြည့်မိတဲ့ ဒုတိယဘုန်းကြီးလေးက ‘အရှင်ဘုရားကလဲ အလံက လှုပ်တာ မဟုတ်ပါဘူး။ လေက လှုပ်တာပါ’ တဲ့။ ဒီတော့ တတိယဘုန်းကြီးလေးက သူတို့ညွှန်ပြရာကို လှမ်းကြည့်ရင်း ‘အရှင်ဘုရားတို့ကလဲ အလံကလှုပ်တာလဲမဟုတ်ဘူး၊ လေကလှုပ်တာလဲမဟုတ်ဘူး၊ စိတ်ကလှုပ်တာပါ’’ တဲ့။

ကဲ ဘာကလှုပ်နေတယ်ဆိုတာကို စဉ်းစားပြီး အဖြေညှိကြည့်ဖို့ပါ။ စိတ်ကိုရှုပ်ထွေးသွားစေရန် မရည်ရွယ်ပါ။
ရှုပ်ထွေးခြင်းဆိုတာ စိတ်နဲ့ဆိုင်တဲ့ဘာသာရပ်တစ်ခုလို့ဆိုရမှာပါ။ တကယ်တော့ ရှုပ်ထွေးလှတဲ့ဒီလောကကြီးထဲမှာ စဉ်းစားစရာ အကြောင်း တွေကများတော့ ပိုပြီးစိတ်ရှုပ်ကြရတယ်။ စဉ်းစားစရာအကြောင်းတွေကလဲ အများသား။ မိဘနှစ်ပါးအတွက်၊ မိသားစုများအတွက်၊ ညီအကိုမောင်နှမများအတွက်၊ ဘဝကြင်ဖော်များအတွက်၊ ကိုယ့်လျှောက်ရမဲ့ ဘဝခရီးလမ်းအတွက် စဉ်းစားကြရတာ။ ဒါကဆိုရှယ်နဲ့စပ်တဲ့ အတွေးတွေပါ။ တိုင်းပြည်နဲ့စပ်ဆိုင်တဲ့အတွေးတွေ၊ ဘာသာ၊ သာသနာနဲ့ စပ်ဆိုင်တဲ့အတွေးတွေဆိုတာလဲ ရှိသေးတယ်။ မိသားစုနဲ့ဘဝထဲမှာ နေတယ်ဆိုပေမဲ့ ဘာသာတရားရဲ့အဆုံးအမအများကို ခံယူထားသူများမို့ ဘာသာ၊ သာသနာအရေးဟာ ကိုယ့်အရေးလိုသဘောထားပြီး တွေးသင့်တာများကို တွေးကြည့်ကြဖို့ပါ။ မိသားစုအတွက် မိသားစုဝင်များမှာ တာဝန်တွေရှိနေသလို ဘာသာ၊ သာသနာအတွက် ဘာသာ ဝင်များမှာ တာဝန်တွေဆိုတာ ရှိနေမှာပဲ။ တာဝန်ရှိရင်တော့ တာဝန်သိဖို့တော့ လိုမှာပေါ့။ စဉ်းစားနိုင်ဖို့ပါ။


စဉ်းစားတယ်ဆိုတာ များသောအားဖြင့် အလကားစဉ်းစားနေတာမျိုးတော့လဲ မဟုတ်ဘူး။ စဉ်းစားရတဲ့အကြောင်းရင်းတွေ ရှင်းများရှင်း သွားလေမလားလို့ စဉ်းစားကြတာပါ။ ဒါပေမဲ့ များသောအားဖြင့်တော့ စဉ်းစားရင်း စဉ်းစားရင်း ပိုမိုပြီးရှုပ်ထွေးသွားတတ်ကြတယ်။ ဖြစ်နိုင် ရင်တော့ မစဉ်းစားပဲနေနိုင်ရင် ကောင်းတာပေါ့။ တကယ်ကို မစဉ်းစားချင်ဘူးဆိုရင်တော့ နည်းလမ်းလေး ပေးခဲ့ပါမယ်။ အဲဒီနည်းလမ်း ကတော့ သတိတရားနဲ့နေတတ်အောင် ကြိုးစားပါလို့။ စဉ်းစားသူများအတွက် တစ်ခုတော့ရှိတယ်။ လောကကြီးကတော့ ဘယ်တော့မှ လူတွေကို ရှုတ်ထွေး အောင် မလုပ်ဘူး။ လူတွေကသာ ကိုယ့်စိတ်ကို ရှုပ်ထွေးအောင် လုပ်နေကြတာ။ လောကကြီးကို အပြစ်မတင်ကြဖို့ပါ။ ကြည့်ပါဦး။ လူတွေရဲ့စိတ်တွေမှာ စိတ်ခံစားမှုတွေ၊ စိတ်ကောက်မှုတွေ၊ စိတ်ဆိုးမှုတွေ၊ စိတ်ပျက်မှုတွေ၊ စိတ်တိုမှုတွေ၊ စိတ်ရှုပ်ထွေးမှုတွေ၊ စိတ်ဖိစီးမှုတွေ-စသည်ဖြင့် စိတ်နဲ့စပ်ပြီးရှုပ်ထွေးနေကြတာ။ ဒါကို လူတွေက ပြဿနာလို့ယူဆတာ။ စိတ်နဲ့ဆိုင်တဲ့ပြဿနာပေါ့။


ပြဿနာဆိုတာ ကိုယ်ကရှာလို့ရတဲ့ ပြဿနာမျိုးရှိသလို၊ ကိုယ်ကမရှာပဲ ကိုယ်ထံရောက်လာတဲ့ ပြဿနာမျိုးလဲ ရှိတတ်တယ်။ ဘာပဲဖြစ်ဖြစ် ပြဿနာဆိုတာ လက်ခံထားသင့်တဲ့ အရာမျိုးမဟုတ်ဘူးဆိုတာကိုတော့ လူတိုင်းနီးနီး နားလည်ထားပြီး ဖြစ်မှာပါ။ ဒီလိုရှုပ်ထွေးလှတဲ့ ပြဿနာတွေကိုရှင်းချင်ရင် ပြဿနာဆိုတာဘာလဲဆိုတာ ကြိုတင်သိ ထားရမှာ။ ပြဿနာကိုသိထားပြီးမှ ဝိုင်းဝန်းဖြေရှင်းလို့ရမှာ။
ပြဿနာဆိုတဲ့အဓိပ္ပါယ်ကို စာနဲ့ပေနဲ့ရှင်းရမယ်ဆိုရင် ‘’အဖြေလိုနေတဲ့မေးခွန်း’’လို့ ဆိုရမှာပါ။ ၃ အရပ်စကားနဲ့ ပြောရင်တော့ ပြဿနာဆို တာ သဘောတူညီမှုမရသေးတဲ့ သဘောထားကွဲလွဲမှု-လို့ဆိုရမှာပါ။ လှေမျှောရင် လှေနဲ့လိုက်ရတယ်။ ငွေမြောရင် ငွေနဲ့ လိုက်ရတယ်ဆိုတဲ့ လောကအဆို ရှိထားတယ်။

အဲဒီသီအိုရီအရဆိုရင် ငွေကြေးကြောင့် ဖြစ်ပေါ်လာတဲ့ ပြဿနာမျိုး ဖြစ်နေခဲ့ရင် ငွေကြေးနဲ့ပဲရှင်းမှ ရနိုင်တယ်။ စိတ်ကြောင့်ဖြစ်တဲ့ ပြဿနာမျိုးဆိုရင်လဲ စိတ်နဲ့ရှင်းမှ ရနိုင်တယ်ဆိုတဲ့သဘောပါ။ ဒီသီအိုရီကို အခါခပ်သိမ်းမှန်တယ်လို့တော့ ယူဆလို့မရ ဘူး။ ဘာကြောင့်လဲဆိုရင် လူ့လောကမှာဖြစ်နေတဲ့ ပြဿနာတွေက ထောင်သောင်းမက ရှိနေတာ။
မြန်မာနိုင်ငံနဲ့ မြန်မာလူမျိုးတွေမှာ ပြဿနာတွေအများကြီးရှိနေတယ်လို့ အများကပြောကြတယ်။ တကယ်တော့ လူမျိုးတိုင်းမှာ ပြဿနာ ဆိုတာကတော့ ရှိနေကြတာပဲ။ နိုင်ငံရေးပြဿနာ၊ ဘာသာရေးပြဿနာ၊ စီးပွားရေး ပြဿနာ၊ လူမှုရေးပြဿနာ-စတဲ့ ပြဿနာတွေကတော့ စုံနေမှာပါ။ ပြဿနာကြီးတယ်၊ ငယ်တယ်လို့ ဆုံးဖြတ်ပြောဆိုနိုင်ဖို့ကတော့ တိုင်းတာတဲ့စံနှုန်းပေါ်မှာ မူတည်တယ်။

ဒီလိုဆို ဘယ်လိုတိုင်းတာ မလဲလို့ စဉ်းစားတဲ့အခါ လောက အမြင်နဲ့ စဉ်းစားမလား၊ ဓမ္မအမြင်နဲ့ စဉ်းစားမလား၊ တစ်ခုခုနဲ့ စဉ်းစားနိုင်ကြဖို့ပါ။ လူလောကမှာ လွတ်လပ် စွာ ပြောဆိုခွင့်မရှိတာတို့၊ လွတ်လပ်စွာပုံနှိပ်ထုတ်ဝေရေးသားခွင့်မရှိတာတို့၊ ဘာသာရေးလွတ်လပ်ခွင့်မရှိတာတို့ဆိုတာ လူမှု ပြဿနာတွေရဲ့ အခြေခံအကြောင်းတရားတွေလို့ အဆိုပြုထားကြတယ်။ ဒါကလဲ နိုင်ငံရေးနယ်ပယ်မှာ နှစ်ဖက်သဘောတူဖို့ခက်တဲ့ ပြဿနာမျိုးပါ။ အဲဒီလို သဘောတူညီမှုမရနိုင်ကြလို့လဲ ပြဿနာဆိုတာဖြစ်နေတာ။ ရှုပ်ထွေးတဲ့ လူ့လောကရဲ့ အတွေးအမြင်တွေပါ။
ဓမ္မအမြင်နဲ့ကြည့်မယ်ဆိုရင်တော့ ‘သီလနဲ့ဗြဟ္မစိုရ်’ ဟာ လူတစ်ယောက်မှာ ဂုဏ်သိက္ခာရှိ၊ မရှိကို တိုင်းတာနိုင်တဲ့ အခြေခံဓမ္မမှတ်ကျောက်လို့ ဆိုရမှာပါ။ လူတစ်ယောက်ရဲ့ဂုဏ်သိက္ခာဆိုတာ သီလသိက္ခာပေါ်မှာ အများကြီး မူတည်နေပါတယ်။ ဘာကြောင့်လဲဆိုရင် သီလသိက္ခာက ကိုယ်နဲ့နှုတ်ကို ယဉ်ကျေးစေနိုင်လို့ပါ။

ဒါကြောင့် ကိုယ်ကျင့်သိက္ခာမရှိတဲ့ပုဂ္ဂိုလ်၊ အများရဲ့အပြစ်တွေချည်းပဲ ရှာနေတတ်တဲ့ပုဂ္ဂိုလ်၊ အတ္တ လွန်းကဲတဲ့ပုဂ္ဂိုလ်၊ဒီလိုပုဂ္ဂိုလ်တွေမှာ ဂုဏ် သိက္ခာဆိုတာ ရှိနိုင်ဖို့အခက်သား။ ဂုဏ်သိက္ခာမရှိတဲ့အပြင် ပြဿနာကိုပါ မွေးဖွားပေးနေသူတွေလို့ ဆိုရမှာပါ။ သတ်ခြင်း၊ ခိုးခြင်း၊ သူများအိမ်ယာများကို စော်ကားခြင်း၊ ဖောက်ပြန်ခြင်း၊ ပြစ်မှားကျူးလွန်ခြင်းစတဲ့ သူတို့ပြုလိုက်တဲ့ဒီအမှုတွေဟာ အများအတွက် ပြဿနာတွေဖြစ်စေခဲ့တယ်။ အများအကျိုးကိုလိုလားတဲ့ မေတ္တာစိတ်ကအားနည်းနေတော့ သူများရဲ့အတင်းအဖျင်းတွေကို မမောနိုင်မပမ်းနိုင်ပြောနေတာ၊ သနားကြင်နာတဲ့ ကရုဏာစိတ်က သတ္တိညံ့နေတော့ သူများနစ်နာအောင် အပြင်းအထန် အားထုတ်နေတာ၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေးစသည်တွေမှာ အောင်မြင်နေတဲ့ပုဂ္ဂိုလ်များကို တွေ့ရပြန်တော့ မနာလိုစိတ်တွေ၊ ဝန်တိုစိတ်တွေ၊ မရှုစိမ့်နိုင်တဲ့စိတ်တွေ၊ဒီစိတ်တွေက ထကြွကသောင်းကြမ်းလာတာ။ သူ့မှာ ဘယ်လိုလုပ်ပြီး မုဒိတာစိတ်တွေးပွားနိုင်တော့မှာလဲ။ ယုံကြည်ချက်ခြင်း၊ ခံယူချက်ခြင်း၊ အတွေးအမြင်ခြင်း မတူတဲ့အခါ တစ်ဖက်သားအပေါ်မှာ နားလည်မှုလွဲနေတတ်တာတို့၊ ခွင့်မလွတ်နိုင်တော့ တာတို့၊ သည်းခံ စိတ် မမွေးနိုင်တော့တာတို့၊ ဒါတွေဟာ ဥပေက္ခာနှလုံးသားမှာ ဒဏ်ရာရနေသူတို့ရဲ့ လက္ခဏာအမှတ် အသားလို့ ဆိုရမှာပါ။

ဒီစိတ်မျိုးတွေဝင်လာပြီဆိုရင်တော့ မခေါ်မပြောနိုင်တော့တာမျိုးတို့၊ မျက်နှာထားတင်းမာနေတာမျိုးတို့ဆိုတာ သိသာထင်ရှာနေတော့တာ။ဒီလိုပုဂ္ဂိုလ်တွေကို တွေ့ဖူးကြမှာပါ။ အရိယာအဖြစ်သို့လဲ မရောက်နိုင်သေး၊ ဝိပဿနာစခန်းများသို့လဲ မသွားနိုင်ကြရှာသေးလို့ သတိတရားကို ကောင်းစွာ ဆောင်မထားနိုင်ကြသေးတဲ့ ပုထုဇဉ်တွေအတွက် ပြဿနာတွေဖြစ်နေတယ်ဆိုတာ ဘာမှဆန်းတော့တာမဟုတ်ပါ။ စဉ်းစားနိုင်ကြဖို့ပါ။
ရှုပ်ထွေးနေတဲ့ မြန်မာနိုင်ငံရဲ့ မျက်မှောက်ခေတ်အခြေအနေတွေကို လေ့လာသုံးသပ်ကြည့်တဲ့အခါ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ကိုယ့်ကျင့်သိက္ခာမြင့်မားရေးနဲ့ သာသနာတော်အရေးတွေကအစ တိုင်းရေး၊ ပြည်ရေး တွေအထိ နေရာတိုင်းမှာ ပြဿနာအသွင်ကို ဆောင်နေတယ်လို့ဆိုကြတယ်။ များပြားလှတဲ့အရေးတွေမို့ တခြားအရေးတွေကိုခဏထားပြီး သာသနာတော်အရေးတစ်ခုကိုပဲ နဲနဲဆွေး နွေးချင်ပါတယ်။

နိုင်ငံတွင်းမှာ ပြည်သူတွေ ကိုယ်ကျင့်သိက္ခာများ ပျက်ပြားနေခြင်းဟာ သာသနာတော်ရေးနဲ့ ဆိုင်၊ မဆိုင်စဉ်းစားကြည့်ဖို့ပါ။ သားသမီးများရဲ့အရေးဟာ မိဘများအရေးဖြစ်သလို၊ မိဘများရဲ့အရေးဟာလဲ သားသမီးများရဲ့အရေးဆိုတာ သိထားကြရမှာပါ။ ယနေ့ခေတ် ကြီးကြီးငယ်ငယ် လူရွယ်လူငယ်များ ကိုယ်ကျင့်သိက္ခာတွေပျက်ပြားနေခြင်းဟာ လူမျိုးဘာသာ သာသနာအရေးလို့ ဆိုနိုင်၊ မဆိုနိုင် စဉ်းစား နိုင်ဖို့ပါ။ ဆင်းရဲလို့အကျင့်ပျက်ရတာလား၊ အကျင့်ပျက်လို့ ဆင်းရဲကြတာလား ဆိုတာကိုလဲ ဆွေးနွေးနိုင်ဖို့ပါ။


ဆင်းရဲခြင်းအကြောင်းတွေက များစွာရှိကောင်းရှိမယ်။ ဒါပေမဲ့ဒီအကြောင်းတရားလေးပါးကတော့ အဓိကကျမယ်လို့ ထင်မိတယ်။ စဉ်းစား နိုင်ဖို့ပါ။ ဆင်းရဲခြင်းအကြောင်းတွေထဲမှာ …
(၁) တိုင်းပြည်တစ်ခုရဲ့ စီးပွားရေးပေါ်လစီနဲ့သက်ဆိုင်နေသလား။
(၂) အလုပ်လုပ်ကြရာမှာ လုံ့လဝီရိယနဲ့ အလုပ်မလုပ်ကြလို့လား။
(၃) တိုင်းသား ပြည်သူတွေ အသောက်အစားနဲ့ လောင်းကစားမှုတွေ၊ အပျော်အပါး (ကာမ) မှုတွေ များလွန်းနေလို့လား။
(၄) ရှာလို့ရလာတဲ့ စီးပွားဥစ္စာထဲမှ ဝင်ငွေနဲ့ထွက်ငွေ မျှတအောင်ချွေတာသုံးစွဲတတ်တဲ့အသိပညာတွေ မရှိကြလို့လား။
အဖြေရှာနိုင်ကြဖို့ပါ။ သီလမရှိတာနဲ့ ဆင်းရဲတာ ဘာမှမဆိုင်ပါဘူးလို့တော့ ပြောလို့မရဘူး။

အဲဒီလိုပြောခဲ့မယ်ဆိုရင် ‘သီလစောင့်မှ အူမ တောင့်တယ်’ ဆိုတဲ့ ပညာရှိသူတော်ကောင်းတို့ရဲ့ စကားရယ်၊ သီလနဲ့ပြည်စုံတဲ့သူဟာ တောင့်တတဲ့ အလိုဆန္ဒများကို ပြည့်ဝစေနိုင်တယ်လို့ ဟောထားတဲ့ ဘုရားစကားရယ်၊ ဒီစကားတွေနဲ့ ဆန့်ကျင်ဘက်ဖြစ်သွားမှာပေါ့။ ဒီလောကမှာ ဆင်းရဲတဲ့ဆုကို တောင်းတတဲ့လူဆိုတာ ရှိနိုင် မယ်မထင်ပါ။ ရှိခဲ့မယ်ဆိုရင်လဲ ထိုလူဟာ ပုံမှန်လူတော့ မဟုတ်တန်ရာ။
ပြည်သူ၊ ပြည်သားတွေဆင်းရဲနေကြတာဟာ ကံတရားကြောင့်ပါလို့ဒီလိုအဖြေမျိုးကို လွယ်လွယ်နဲ့တော့ မဖြေသင့်ဘူး။ ‘ကံသာလျှင်အမိ၊ ကံသာလျှင်အဖ’ လို့ ဘုရားဟောစကားရှိထားတာမှန်ပေမဲ့ ပယောဂသမ္ပတ္တိ (ဉာဏ် ငီရိယ စသောပယောဂရှိခြင်း) ကင်းနေခဲ့ရင် ယခုမျက် မှောက်ဘဝမှာ ရှင်ဘုရင်သားလဲ ရှင်ဘုရင်မဖြစ်နိုင်သလို၊ သူဋ္ဌေးသားလဲ သူဋ္ဌေးမဖြစ်နိုင်ပါ။

ကုဋေရှစ်ဆယ်ကြွယ်ဝတဲ့ သူဋ္ဌေးသားဟာ ပညာမတတ်၊ လုံးလမရှိ၊ အသုံးအဖြုန်းကြီး၊ မူးရစ်ပျော်ပါးခြင်းနဲ့သာ အချိန်ကုန်ခဲ့လေတော့ နောက်ဆုံးခွက်စုတ်တစ်ခုနဲ့ တောင်းစားရ တဲ့အဖြစ်ကို ရောက်သွားရတာပါ။ ကုဋေရှစ်ဆယ်သူဋ္ဌေးသားဝတ္ထုကို လူတိုင်းနီးနီးကြားဖူးထားတာမို့ အကျယ်ချဲ့၍မရေးလို့တော့ပါ။ ပစ္စုပ္ပန် ဘဝမှာ ဘာမှမလုပ်ပဲ၊ ဘာမှအားထုတ်ပဲ ‘ကံတရားကြောင့် ဆင်းရဲရတာပါလို့’ ကံကိုချည်း ရိုးမယ်ဖွဲ့နေမယ်ဆိုရင်တော့ သက်ရှိ၊ သက်မဲ့အရာ အားလုံးဟာ ဖန်ဆင်းရှင်အလိုကြဖြစ်ရတယ်လို့ ယုံကြည်လက်ခံထားတဲ့အယူဝါဒနဲ့ ဘာမှထူးတော့မည် မဟုတ်ပါ။ သတိပြုနိုင်ကြဖို့ပါ။


ကံကိုပယ်ရင် ဗုဒ္ဓဘာသာဝင် မဟုတ်တော့ဘူးလို့ စောဒကတက်လာနိုင်တယ်ဆိုတာကိုလဲ သိထားရမှာပါ။ ဒါပေမဲ့ ပြည်သူ၊ ပြည်သားများ ဆင်းရဲနေရတဲ့ကိစ္စမှာ ကံကိုချည်း ရိုးမယ်ဖွဲ့နေလို့ မရနိုင်ပါ။ အခုလိုပြောဆိုနေခြင်းဟာ ကံကိုပယ်နေခြင်းမဟုတ်ပါ။ ဉာဏ်မယှဉ်နိုင်လို့ မှားယွင်းစွာယုံကြည်ထားတဲ့ မိစ္ဆာဒိဋ္ဌိအယူမျိုးကို ပယ်နိုင်အောင် ပြောနေခြင်းပါ။ ကံ ဉာဏ် ဝီရိယ သုံးပါကို အချိုးညီညီ အားထုတ်မှုမပြုပဲ ကံကိုချည်းအပြစ်ပုံချ၍မရပါ။ ဥပမာ၊ တောကျောင်း၊ ရွာကျောင်းတွေမှာ ကျောင်းသား၊ ကိုရင်တွေနည်းပါးသွားတာ (သို့မဟုတ်) လုံးဝမရှိ တော့တာဟာ ကံကြောင့်ချည်းမဟုတ်ပါ။ ဘာသာရေးခေါင်းဆောင်များ၊ ဗုဒ္ဓဘာသာအသင်းအဖွဲ့ခေါင်းဆောင်များ၊ ရွာသူ၊ ရွာသားများရဲ့ ပယောဂသမ္ပတ္တိအားနည်းမှုကြောင့်လဲ ဖြစ်ရတယ်ဆိုတာ သိထားကြဖို့ပါ။ ခေတ်ကာလတွေ ပြောင်းလဲလာတာနဲ့အမျှ ခေတ်ပညာတွေကို သင်ချင်ရှာကြတဲ့ ကျောင်းသား၊ ကိုရင်များဟာ ခေတ်ပညာများကို သင်ကြားမပေးနိုင်တဲ့ ဘုန်းကြီး ကျောင်းများမှ ထွက်ခွာခဲ့ကြရပြီး၊ ခေတ်ပညာများကို သင်ကြားပေးနိုင်တဲ့ စာသင်ကျောင်းများသို့ ပြောင်းရွှေ့ပညာသင်ကြားကြရတာပါ။

ပညာကိုလိုချင်ရှာကြတဲ့ ကျောင်း သား၊ ကိုရင်များရဲ့ ဘဝလေးများကို စာနာစိတ်နဲ့ နားလည် ပေးနိုင်ကြမယ်ရင် သူတို့ရဲ့ ခွဲခွာခြင်းဟာ မတတ်သာလို့သာ ခွဲခွာရခြင်းဆိုတာကို ပြောလိုရင်းပါ။ ကိုယ့်ဆရာ၊ ကိုယ့်ဘုန်းကြီးကို သူတို့လဲ ဘယ်ခွဲခွာသွားချင်ကြမလဲ။ ခွဲခွာကြရတဲ့အချိန်မှာ သူတို့ရဲ့မျက်ဝန်းအိမ်များမှာ မျက်ရည်စတွေ ဝေ့ဝဲနေတဲ့ ကျောင်းသား၊ ကိုရင်များရဲ့မျက်နှာလေးများကို စာရှုသူတို့ တွေ့ဖူး၊ မြင်ဖူးကြမှာပါ။
အဲဒီလို ဖြစ်ရတာဟာလဲ ကံပဲမဟုတ်ဘူးလား။ ဗုဒ္ဓဘာသာဝင်တွေ ဆင်းရဲမွဲတေပြီး၊ ကိုယ်ကျင့်တရားတွေ ပျက်ပြားနေတာဟာလဲ ကံတရား ကြောင့်ပဲမဟုတ်ဘူးလားလို့ ကမ္မဝါဒ (ကံကို ယုံကြည်ထားလွန်းတဲ့သူ) က မေးခွန်းတွေ ဆက်တိုက်မေးလာနိုင်တယ်။ ဒီမေးခွန်းတွေကို တောင်မြို့ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးက ဖြေကြားထားပြီးဖြစ်တယ်။ ဆရာတော်ဘုရားကြီးက ‘အရာရာ ကံကိုချည်းစွဲလမ်းသူများ လည်း ‘ပုဗ္ဗေကတဟေတုဒိဋ္ဌိ’ခေါ် မိစ္ဆာဒိဋ္ဌိ တမျိုးမှ မလွတ်ကင်းဘဲ ရှိကြလေသည်။ ထိုဒိဋ္ဌိ၏ယူမှားပုံကား ‘ယခု မျက်မြင်သတ္တဝါတွေသည် ကောင်းကောင်းဆိုးဆိုး အမျိုးမျိုးသောအကြောင်းအကျိုးကို ခံစားရ၏။

ထိုအကျိုးအားလုံးသည် ရှေးကပြုခဲ့ဘူးသော ကံကြောင့်ချည်းသာ ဖြစ်၏’ ဤသို့စသည်ဖြင့် ယူလေသည်။ မိစ္ဆာအယူကိုစဉ်းစားလျှင် ‘မကောင်းလည်းကံ ကောင်းလည်းကံ’ ကံတစ်ခုကိုသာ စွဲလမ်းကြသော ဗုဒ္ဓဘာသာဝင်တို့ကလည်း ထို ပုဗ္ဗေကတဟေတုဒိဋ္ဌိမှ မလွတ်သည်ကို တွေ့ရပေသည်’’ဟု ကံကိုယုံကြည်မှုနှင့်စပ်၍ အတိအကျဖြေကြား ထားခဲ့၏။ (ကိုယ်ကျင့်အဘိ”မ္မာ နှာ-၂၃၄) ကံကိုယုံကြည်ယုံရုံမျှနဲ့ ဗုဒ္ဓဘာသာဝင်ကောင်းတစ်ယောက်ဖြစ်နိုင်၊ မဖြစ်နိုင်ဆင်ခြင်ကြည့်နိုင်ဖို့ပါ။
မြန်မာပြည်က ဆရာတော်ခပ်များများဟာ တောကျောင်း၊ ရွာကျောင်းများ၌ ကျောင်းသား၊ ကိုရင်များ တစ်နေ့တစ်ခြား နဲပါးလာခြင်းကိစ္စနှင့် ပတ်သက်၍ စိုးရိမ်စိတ်နှောလျက် သာသနာတော်အရေးအတွက် အကြိမ်ကြိမ်ဆွေးနွေးပွဲများ လုပ်ဖြစ်ကြတယ်ဆိုတာကြားသိရ၍ ဝမ်းသာ မိပါ၏။

ထိုအရေးများကို နှစ်များစွာကပင် ကြိုတင်၍ မြင်တော်မူခဲ့တဲ့ တောင်မြို့မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးကဒီလိုဖြစ်နေခြင်းဟာ ‘မြန်မာနိုင်ငံအတွက် သာသနာရေးအသက်ငင်နေခြင်းပင် ဖြစ်တော့သည်’ ဟု ကောက်ချက်ချပြတော်မူခဲ့တယ်။ ဆင်းရဲလို့ ကိုယ်ကျင့် တရားတွေပျက်ပြားတာ ဖြစ်နိုင်သလို၊ ကိုယ်ကျင့်တရားပျက်ပြားလို့ ဆင်းရဲတာလဲ ဖြစ်နိုင်ပါတယ်။ ဆင်းရဲလို့ သာသနာကိုစွန့်ရဲတာလဲ ဖြစ်နိုင်သလို၊ ဘာသာ၊ သာသနာစိတ်၊ မျိုးချစ်စိတ်အားနည်းလို့ ဘာသာ၊ သာသနာကို စွန့်ရဲတာလဲဖြစ်နိုင်ပါတယ်။ သာသနာတော်အရေးနှင့် အမျိုးသားရေးများကို ရှေ့တန်းမှဆောင်ရွက်တော်မူကြတဲ့ ရဟန်းသံဃာတော်များ။ အမျိုးသားရေးဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများ၊ ဘာသာရေးအသင်းအဖွဲ့ခေါင်ဆောင်များ သတိမူသင့်တဲ့ကိစ္စမျိုးပါ။ သိမ့်မွေ့လှတဲ့ ဘာသာရေးအစ်ရှူး (issue) ဖြစ်လို့ အလေးအနက်ထားပြီး စဉ်းစားနိုင်ကြဖို့ပါ။


ယနေ့မျက်မှောက်ကမ္ဘာမှာ စီးပွားရေးသမားများက သူထထက်ငါ နေရာဦးပြီး၊ အကျိုးအမြတ်များများ ရရှိနိုင်ဖို့ ကမ္ဘာတစ်ခွင်ကို ခြေဆန့် နေကြတယ်။ ဒုတိယခြေလှမ်းအနေနဲ့ စကြာဝဠာတွင်းရှိ ဂြိုဟ်များဆီသို့သွားပြီး နေရာဦးနိုင်ဖို့ ခြေလှမ်းများပင်ပြင်ဆင်နေကြတယ်။ ထိုနည်း တူစွာပဲ ကမ္ဘာအရပ်ရပ်ရှိ ဘာသာရေးခေါင်းဆောင်များ၊ ဘာသာရေးအသင်းအဖွဲ့များဟာ ကိုယ်ယုံကြည်ချက်ရှိထားတဲ့ ဘာသာတရားရဲ့ တရား”မ္မများ၊ ယဉ်ကျေးမှု”လေ့ထုံးများကို ကမ္ဘာမြေပေါ်အနှံ့ လွှမ်းမိုးနေရာယူနိုင်ဖို့ ကိုယ်အား၊ ဉာဏ်အား၊ “နအားတွေနဲ့ သာသနာပြုမစ် ရှင်တွေ (mission) တွေကို နည်းဗျူဟာ (၂) မျိုးကိုသုံးပြီး သူ့ထက်ငါ အပြိုင်စေလွတ်နေကြတယ်။ စိတ်ဝင်စားစရာပါ။

သူတို့သုံးတဲ့ နည်းဗျုဟာ (၂) မျိုးက –

(၁) မစ်ရှင်နည်း။ ဒီနည်းက စစ်တပ်များလို ရှေ့တန်းမှာ စစ်မျက်နှာဖွင့်ပြီး တိုက်တဲ့နည်း။ ဆိုလိုတာက တရားစာအုပ်တွေကို ဖြန့်ဝေမယ်။ ပြည်သူ၊ ပြည်သားတွေ နားထဲရောက်အောင် တရားတွေကို ဟောပြောမယ်၊ အိမ်ပေါက်စေ့၊ ရွာပေါက်စေ့၊ မြို့ပေါက်စေ့ရပ်ပြီး လူတွေကိုစည်းရုံးမယ်၊ တရားဓမ္မတွေကို ဆွေးနွေးမယ်။ ဒီလိုနည်းနဲ့ စည်းရုံးတာ။

(၂) ထောက်ပို့နည်း။ ဒီနည်းက ဘာနဲ့ တူလဲဆိုတော့ ရှေ့တန်းက စစ်မျက်နှာဖွင့်ပြီးတိုက်သွားတဲ့နေရာတွေကို နောက်ထပ်မစ်ရှင်တွေလွှတ်ပြီး သူတို့ရဲ့ဘာသာတရားတွေ အခြေ ကျနိုင်ဖို့ ရပ်ရွာတွေကို ပြုပြင်ပေးခြင်း၊ စာသင်ကျောင်းတွေဆောက်လုပ်ပေးခြင်း၊ ဆေးခန်းတွေဆောက်လုပ်ပေးခြင်း၊ ကလေးသူငယ်များကို စာသင်ပေးခြင်း၊ ကလေးသူငယ်များအား စားစရာ၊ ဝတ်စရာ၊ နေစရာများပေး၍ ဆွဲဆောင်ခြင်း၊ ရွာသူ၊ ရွာသားများကို စည်းရုံးခြင်း၊ မိဘများ အားလဲပံ့ပိုး၍ စည်းရုံးခြင်းဒီနည်းတွေကို အသုံးပြုတယ်။

ဒီနည်း (၂) နည်းကို မစ်ရှင်တွေက အားနဲ့အင်နှင့်အတူ ငွေကြေးဓနများပါသုံးပြီး သာသနာပြုနေချိန်မှာ ဘာသာရေးခေါင်းဆောင်တွေ၊ အမျိုးသားရေးခေါင်းဆောင်တွေဟာ ‘ဒါတို့ပြည် (ပြေ) ဒါတို့မြေ’’ လုပ်နေကြတုံး ရှိနေကြသေး၍ စိုးရိမ်တတ်သူတို့အတွက် စိုးရိမ်ဖွယ်ဖြစ်နေမှာပါ။ ဘာမှမလုပ်လို့ကတော့၊ ဘာမှဖြစ်မလာဘူးဆိုတာ ရဟန်းရှင်လူများ သတိပြုနိုင်ကြဖို့ပါ။

ခေတ်မှီတဲ့ မစ်ရှင်နည်းဗျူးဟာတွေနဲ့ အရှိန်အဟုန်မြှင့်ပြီး ဆောင်ရွက်နေကြတော့ ဘာသာရေးအခြေခံနည်းပြီး ဆင်းရဲတဲ့မိသားစုများ အတွက်တော့ ‘ရေဆာတုန်း ရေတွင်းထဲကျတဲ့’ကိန်းဆိုက်ရောက်နေတယ်လို့ ဆိုရမှာပါ။ မြန်မာပြည်တွင်းရှိ ဆင်းရဲတဲ့တိုင်းသူ၊ ပြည်သား တွေဟာ လိုအပ်ချက်တွေကို ဖြည့်ဆည်းပံ့ပိုးပေးတဲ့မစ်ရှင်တွေရဲ့ သာသနာပြုအရိပ်အောက်မှာ ကျရောက်ရတာဟာ ဆန်းတော့မဆန်း တော့ပါ။ သူတို့သာသနာပြုတဲ့နည်းက ပေးတဲ့၊ ကျွေးတဲ့နည်း။

ဗုဒ္ဓဘာသာဝင်အများစု သာသနာပြုတဲ့နည်းက တောင်းတဲ့၊ ယူတဲ့နည်း။ အမြင်ရှင်းရှင်းလေးနဲ့ မြင်တတ်၊ ကြည့်တတ်ဖို့ပါ။ လပေါင်းများစွာ၊ နှစ်ပေါင်းများစွာ ကြာနေပြီဖြစ်တဲ့ဒီမစ်ရှင်စီမံကိန်းဟာ ပြည်နယ်၊ ပြည်မ မှာနေထိုင်ကြတဲ့ ကလေးပေါင်းများစွာ၊ အမျိုးသမီးပေါင်းများစွာ၊ ဘာသာဝင်ပေါင်းများစွာကို သိမ်းသွင်းစည်းရုံးနိုင်သွားပြီဆိုတာ ရဟန်းရှင် လူများ သိများမှသိကြပါလေစ။
ဒီလိုဖြစ်နေတဲ့ အခြေအနေမျိုးတွေကို သုံးသပ်မိတော့ ယခင်အခါများက ဆွမ်းချိုင့်ဆွဲမဲ့ ကျောင်းသား၊ ကိုရင်များမရှိတော့ပေမဲ့ ဆွမ်းပို့ပေး မည့် ရွာသူ၊ ရွာသားများရှိနေသေး၍ သံဃာတော်များအတွက် ဖြေသာ၊ နေသာ ရှိသေးသော်လည်း ယခုအခါ ကျောင်းသား၊ ကိုရင်များအရေး နှင့် ဆွမ်းပို့မည်သူအရေးဟာ စိုးရိမ်ရေမှတ်သို့ ရောက်နေပြီလို့သာ ဆိုရတော့မည်ဖြစ်၏။

ဒီအခြေအနေမျိုးမှာ ဘာသာရေးခေါင်းဆောင်များနှင့် ရဟန်းရှင်လူများသည် စုပေါင်းစနစ်ဖြင့် ကျန်စစ်မင်းကြီးကဲ့သို့ ညာဘက်လက်ဖြင့် အစာကိုပေး၍ ဘယ်ဘက်လက်ဖြင့် ဝတ်စားတန်ဆာ များကို ပေးသင့်ပါကြောင်း တိုက်တွန်းနှိုးဆော်ရခြင်းပါ။ ဘာသာရေးခေါင်ဆောင် သံဃာတော်အပေါင်းကလဲ ဒကာ၊ ဒကာများမှ လှူဒါန်း သောအလှူကို မေတ္တာလက်ဖြင့်ခံယူ၍ ဆင်းရသူများအား တတ်စွမ်းသမျှ ကရုဏာလက်ဖြင့် ပေးကမ်းသင့်ပါကြောင်း အမျိုး၊ ဘာသာ၊ သာသနာတော်အရေးအတွက် မဝင့်မရဲ လျှောက်ထားရပါ၏။ ‘အသက်ငင်နေသောသာသနာကို မိမိတို့လက်ထက်၌ အသက်ထွက်မသွား စေချင်၍ ဒီစာဖြင့် ရေးသားလျှောက်တင်ရခြင်းပါဘုရား။ အားလုံးအပေါ်မှာ လွန်တာရှိက ဝန္ဒာမိပါဘုရား။


ဗုဒ္ဓဘာသာအချင်းချင်း အားပြိုင်နေကြမဲ့အစား၊ ဂုဏ်ပြိုင်နေကြမဲ့အစား မေ့လျော့ပျော်မြူးနေကြမဲ့အစား၊ သာသနာတော်အရေးကို ကိုယ့် ဘဝအရေးလို သဘောထားပြီး၊ တောကျောင်း၊ ရွာကျောင်းတွေမှာ ကျောင်းသား၊ ကိုရင် မရှိတော့ခြင်းကို အကြောင်းပြု၍ အဖြေတစ်ခုခုကို ရရှိနိုင်ရေးအတွက် ဝိုင်းဝန်းစဉ်းစားပေးကြစေချင်ပါ၏။ သူတို့ရဲ့ သာသနာပြုနည်းများသည် စနစ်ရှိပြီး၊ ခေတ်နှင့်လျော်ညီစွာ ပြုလုပ်နိုင်ကြ၍ အစွမ်းထက်မြက်ကြောင်း သတိမူနိုင်ကြရန် ဤ ဖု(ဒ်) နုတ် (Foot Note) လေးကို ထည့်သွင်းဖေါ်ပြခြင်းဖြစ်ပါသည်။ အသိရှိသူတို့ သတိမူ နိုင်ကြပါစေ။


သူတို့အလုပ်၊ သူတို့တာဝန်များကို ဆောင်ရွက်နေကြတဲ့ သူများကိုလဲ အပြစ်မတင်လိုပါ။ ကိုယ့်အလုပ်၊ ကိုယ့်တာဝန်များကို ဆောင်ရွက်ရန် ပျက်ကွက်နေကြတဲ့သူများကိုလဲ အပြစ်မတင်လိုပါ။ အသက်ငင်နေတဲ့ ဘုရားရှင်ရဲ့ သာသနာတော်မြတ်ကြီး အသက်ဆက်နိုင်ရေးအတွက် ဆွေးနွေးတင်ပြခြင်းသာဖြစ်ပါတယ်။ လူတိုင်းကိုယ်စီ၌ ယုံကြည်ချက်ကိုယ်စီရှိနေကြ၍ အတွေးချင်း၊ အမြင်ချင်း မတူညီခဲ့ကြလျှင်လဲ အပြစ် မတင်ကြဖို့ပါ။ မေတ္တာနှလုံသားဖြင့် မြတ်ဘုရား၏ မေတ္တာတရားကိုခံယူ၍ ကရုဏာနှလုံးသားဖြင့် မြတ်ဘုရား၏ကရုဏာတရားများကို ဆီးမီးညှိထွန်းသည့် နည်းဥပမာဖြင့် ပြည်သူ၊ ပြည်သာများအား လက်ဆင့်ကမ်းပေးဝေနိုင်ကြပါစေ။

အလင်းကွယ်လျှင် အမှောင်ရောက် တတ်၍ အမှောင်မရောက်ခင် အလင်းမကွယ်နိုင်ဖို့ပါ။ ချမ်းသာစွာ အိပ်စက်နိုင်ကြပါစေ။

ဒေါက်တာဓမ္မပီယ (USA)