Wednesday, December 17, 2014

မဟာ (သို့မဟုတ် ) ပုဂံ


မဟာ (သို့မဟုတ် ) ပုဂံ

မဟာ။
ပထမဆုံးသော တို့နိုင်ငံ။
မြန်မာတွေ အားလုံးရဲ့ ပုဂံ။

“မဟာ” ဆိုတဲ့သီချင်းကို နားထောင်ပြီး ပုဂံမြေကိုရောက်ရှိချိန်မှာ အချိန်က နေမထွက်ခင် ဝေလီဝေလင်းမှာပါ။ အမြဲလိုလို ကားကျပ်လူကျပ်နဲ့ ပူလောင်မွန်းကျပ်ရတဲ့ ရန်ကုန်မြို့ပြနဲ့မတူဘဲ ကားလမ်းဘေးတွေမှာ သစ်ပင်လေးတွေ အစီအရီပေါက်ပြီး လတ်ဆတ်တဲ့လေနဲ့ ထနောင်းနံ့ သင်းသင်းက နွေးထွေးစွာ ကြိုဆိုလိုက်ပါတယ်။

ဆောင်းဦးပေါက်အချိန်ဖြစ်တဲ့အတွက် တိုက်ခတ်လာတဲ့လေမှာ အအေးအဓာတ် အနည်းငယ်ရောပါ နေပါပြီ။ အညာမှာအေးတဲ့ အအေးက အရိုးကွဲအောင်အေးတယ်ဆိုတဲ့ စကားလေးကိုတောင် အမှတ်ရမိပါတယ်။ အခုချိန်က ဆောင်းဦးပေါက်ရုံလေးမို့ ဒီစကားမှန် မမှန်တော့ ကျွန်မ ခံစားခွင့် မရခဲ့ပါဘူး။

လှည်းဝင်ရိုးသံတညံညံ ပုဂံဘုရားပေါင်းဆိုပြီး ပုဂံမှာရှိတဲ့ ဘုရားအရေအတွက်ဟာ သိန်းချီ ရှိတယ်ဆိုပြီး ကြားဖူးခဲ့ပေမယ့် သက်ဆိုင်ရာက လက်ရှိအချိန်အထိ ကောက်ယူထားတဲ့စာရင်းအရ ပုဂံမှာ သာသနိကအဆောက်အအုံပေါင်း ၃၁၂၂ ခုသာ ရှိတယ်လို့ သိရပါတယ်။ အဲဒီစာရင်းမှာရှိတဲ့ သာသနိက အဆောက်အအုံပေါင်း ၃၁၂၂ ခုမှာတော့ ဘုရားစေတီပုထိုးတွေသာမကဘဲ အုတ်ကုန်း တွေ၊ ဥမင်တွေ၊ ဘုန်းတော်ကြီးကျောင်းတွေပါ ပါဝင်ပါတယ်။ အရင်ကာလတွေတုန်းကတော့ ဘုရားစေတီအရေအတွက် သိန်းနဲ့ချီ ရှိကောင်းရှိနိုင်ပေမယ့် နှစ်ကာလကြာမြင့်လာချိန်မှာတော့ အချိန်ရဲ့တိုက်စားမှု၊ လူသားတွေ၊ ရာသီဥတုနဲ့ သဘာဝဘေး စတာတွေကြောင့် ပုဂံဘုရားတွေ တဖြည်းဖြည်းလျော့နည်းလာတယ်လို့ ပြောရမလားပါဘဲ။

ဒါပေမဲ့လည်း စာရင်းအရ ဘုရားစေတီအရေအတွက် သိန်းချီမရှိရင်သာနေမယ်။ လက်ညှိုးထိုး မလွဲတဲ့ ဘုရားစေတီတွေရှိနေတာတော့ မလွဲဧကန်ပါဘဲ။ တစ်နေရာမှာရပ်ပြီး အရပ်ရှစ်မျက်နှာ ဘယ်နေရာကိုကြည့်ကြည့် ရှေးဟောင်းဘုရားစေတီတွေကို မြင်နေတွေ့နေတာချည်းပါပဲ။ အခုလို တွေ့မြင်နေရတဲ့ ဘုရားစေတီတွေဟာ ပုဂံဟာ ဘုရားပေါတဲ့အရပ်၊ ဗုဒ္ဓသာသနာ စတင်ထွန်းကားရာ နေရာဆိုတာ ဘယ်သူမှမငြင်းနိုင်တဲ့ သက်သေသာဓကတွေနဲ့ ပြဆိုထားသလိုပါပဲ။

ပုဂံမှာမြင်တွေ့ရတဲ့ ဘုရားစေတီတွေရဲ့ ဟန်ပန်တွေဟာ မြန်မာနိုင်ငံရဲ့အခြားနေရာဒေသတွေမှာ တွေ့ရတဲ့ ဘုရားစေတီပုံစံမျိုးတွေနဲ့ အနည်းငယ်ကွဲပြားမှုလည်း ရှိနေပါတယ်။ အုတ်ချပ်တွေ၊ အင်္ဂတေတွေနဲ့ အဓိကထား တည်ထားခဲ့တဲ့ ထုထည်ကြီးမားတဲ့ ဂူဘုရားပုံစံတွေက ပုဂံ ဒေသရဲ့ထူးခြားမှုမြင်ကွင်းကို ဖော်ပြနေသလိုပါ။ ဂူကျောင်းဘုရားစေတီတွေထဲမှာ ထိုင်လျက် ဗုဒ္ဓ ဆင်းတုတော်ကြီးတွေ၊ လေးထောင့်ဘုရားကျောင်းပုံစံဘုရားစေတီတွေကို ပုဂံမှာ အများဆုံး တွေ့မြင်ရပါတယ်။

မြန်မာတွေရဲ့နှလုံးသားလို့ ခေါ်ညွှန်းရမယ့် ပုဂံဟာ မြန်မာလူမျိုးတွေအတွက်သာမကဘဲ ကမ္ဘာ တစ်ဝန်းက ခရီးသည်တွေရဲ့ စိတ်ဝင်စားရာနေရာလည်း ဖြစ်နေပါတယ်။ စုလစ်၊ ပြာသာဒ်၊ ခန်းဆောင် အဆင့်ဆင့်နဲ့ အခုထက်ထိတိုင် မပျောက်ပျက်သေးတဲ့ နံရံဆေးရေးပန်းချီလက်ရာတွေ၊ ဘုရား တစ်ဆူချင်းစီမှာ အခိုင်အမာရှိနေတဲ့ နောက်ခံသမိုင်းကြောင်းတွေ၊ မွန်နဲ့ အိန္ဒိယ အငွေ့ အသက်တွေ ရောပြွမ်းနေတဲ့ ဗိသုကာလက်ရာတွေ၊ နေရာအချို့မှာတွေ့ရတတ်တဲ့ ရှေးဟောင်း ကျောက်စာတွေက ကမ္ဘာလှည့်ခရီးသွားတွေကို မျက်လုံးမလွှဲနိုင်အောင် ညှို့ယူ ဖမ်းစားနေပါတယ်။ အဲ့ဒီအပြင် ကမ္ဘာလှည့်ခရီးသွားတွေရဲ့အမြင်မှာ ရိုးသားစွာကူညီတတ်ကြတဲ့ ပုဂံဒေသခံ မြန်မာ လူမျိုးတွေရဲ့ နွေးထွေးတဲ့ပျူငှာမှုတွေကလည်း နောက်တစ်ကြိမ်လာရောက်စေဖို့ ဖိတ်ခေါ် နေသကဲ့သို့ ဖြစ်နေပါတယ်။ 

မြန်မာတို့ရဲ့အထွတ်အမြတ် ဗုဒ္ဓသာသနာတော် စတင်ထွန်းကားခဲ့တဲ့ အဲဒီပုဂံမြေကို ပြည်တွင်း၊ ပြည်ပခရီးသွားတွေ လာရောက်တာ များပြားလာတာနဲ့အမျှ တည်းခိုစရာ ဟိုတယ်တွေလည်း ပုဂံမြေမှာ မဖြစ်မနေများပြားလာပါတယ်။ ဒီလိုများပြားလာရာမှာ အချို့ဟိုတယ်တွေဟာ ရှေးဟောင်း ဇုန်အတွင်းမှာ ကျရောက်နေပြီး ဘုရားစေတီတွေရဲ့အနီးမှာ တည်ဆောက်ထား တာတွေလည်း တွေ့ရပါတယ်။ တချို့ကလည်း တည်ဆောက်ဆဲပါ။ အမှန်တော့ ဘုရားစေတီ ဆိုတာဟာ မြန်မာလူမျိုးတွေရဲ့ အထွတ်အမြတ်ထားရာဖြစ်တဲ့အတွက် ဘုရားစေတီတွေအနီးမှာ ဟိုတယ်တွေရှိနေတာဟာ မသင့်တော်ဘူးလို့ မြင်မိပါတယ်။

အခုဆိုရင် ပုဂံဒေသကို ယူနက်စကိုက ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းသွင်းဖို့အတွက် စတင် လုပ်ဆောင်နေပါပြီ။ မြန်မာ့အမွေအနှစ်ကို ကမ္ဘာ့အမွေအနှစ်အဖြစ် ထိန်းသိမ်းစောင့်ရှောက်ကြဖို့ ဆွေးနွေးနေကြပါပြီ။ ဒီလိုဆွေးနွေးတဲ့နေရာမှာ ပုဂံရှေးဟောင်းဘုရားတွေ၊ နံရံပန်းချီတွေ၊ အင်္ဂတွေ ပန်းအလှတွေကို ထိန်းသိမ်းဖို့လုပ်ရာမှာ နိုင်ငံတကာက ပညာရှင်တွေနဲ့ ပူးပေါင်း လုပ်ဆောင်မယ် လို့လည်း ကြားသိရပါတယ်။ မြန်မာ့အမွေအနှစ် ယဉ်ကျေးမှုတွေ ထိန်းသိမ်းမှုကို နိုင်ငံတကာ နည်းပညာတွေနဲ့ ပူးပေါင်းလုပ်ဆောင်တဲ့အခါ မြန်မာ့အငွေ့အသက်လေးတွေ၊ မြန်မာ့ဟန်လေးတွေ ယိုယွင်းသွားမလားလို့တော့ အနည်းငယ်စိုးရိမ်မိပါတယ်။

လက်ရှိအချိန်မှာဆိုရင်လည်း ပုဂံဒေသမှာရှိတဲ့ ဘုရားစေတီတွေသာမက နေရာအချို့မှာပါ ပြည်ပအကူအညီတွေ (အထူးသဖြင့်တော့ ဂျပန်နဲ့ ကိုရီးယားအဖွဲ့အစည်းတွေ)နဲ့ ပြန်လည်ပြုပြင် မွမ်းမံထားတာတွေကို တွေ့ရပါတယ်။ ရှေးဟောင်းဘုရားတွေမှာတော့ ပြန်လည်မွမ်းမံမှုဟာ မြန်မာတွေရဲ့ အငွေ့အသက်တွေ ကျန်ရှိနေတယ်ဆိုပေမယ့် ဘုရားတွေအနီးမှာရှိနေတဲ့ အချို့သော ပြင်ဆင်မွမ်းမံထားမှုတွေ၊ ထပ်မံဆောက်လုပ်ထားတဲ့ အဆောက်အအုံအချို့တွေကတော့ မြန်မာ့ ပုဂံအငွေ့အသက်ကို ခံစားချိန်မှာ အနည်းငယ်တော့ ရောထွေးသွားစေတာ အမှန်ပါပဲ။

ပထမမြန်မာနိုင်ငံကို တည်ထောင်ခဲ့သူ အနော်ရထာမင်းတရားနဲ့ မြန်မာနိုင်ငံမှာ ဗုဒ္ဓသာသနာ စတင်စေခဲ့တဲ့ ရှင်အရဟံတို့ရဲ့ သမိုင်းနောက်ခံတွေရှိနေတဲ့ ပုဂံမြေမှာ ရှေးမူမပျက်တဲ့ မြန်မာ့ဟန်တွေ၊ မြန်မာ့ရနံ့တွေ၊ မြန်မာ့ဖန်တီးမှုတွေ၊ မြန်မာတို့ရဲ့ရိုးရာတွေကိုတော့ အရင်အတိုင်း ရှိနေစေလိုတာဟာ ပုဂံဒေသခံတွေသာမကဘဲ ကျွန်မတို့ မြန်မာနိုင်ငံသားအားလုံးရဲ့ ရင်မှာ ကိန်းဝပ်နေလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

ပုဂံဒေသကို တိုးတက်ဖို့ ဖော်ဆောင်မှုတွေနဲ့အတူ အရင်ပုဂံရဲ့ သမိုင်းတွေ၊ အစဉ်အလာတွေ၊ အမြင်တွေ ပြောင်းလဲမသွားဖို့ကိုလည်း အားလုံးက ဝိုင်းဝန်းထိန်းသိမ်းကြဖို့ လိုအပ်ပါလိမ့်မယ်။ ဒါမှသာ ပုဂံဆိုတာဟာ အားလုံးရဲ့ ရင်ထဲမှာ အစဉ်အမြဲ မဟာဆန်နေလိမ့်မယ်လို့ မျှော်လင့်ရင်း။

by: ယမင်းဟယ်ရီ

http://www.news-eleven.com/

Tuesday, December 16, 2014

အမြင်ရှင်းရှင်း ရင်တွင်းငြိမ်းစေ


အမြင်ရှင်းရှင်း ရင်တွင်းငြိမ်းစေ

၃ မိနစ်တစ်စီး ဆိုက်နေကျ Local train က တစ်စီးပျောက်လိုက်တာနဲ့ ဘူတာစင်္ကြန်မှာ လူတွေကြိတ်ကြိတ် တိုး ပြည့်နှက်သွားတယ်။ မိမိလည်း ကြိတ်ကြိတ်တိုးနေကြတဲ့ခရီးသွားထဲမှာ တစ်ဦးအပါအဝင်ပေါ့။

အိန္ဒိယနိုင်ငံ ဘုံဘေတက္ကသိုလ်မှာ Ph.D စာတမ်းပြုနေစဉ်အတွင်း မြို့ထဲမှာရှိတဲ့ စာကြည့်တိုက် တွေကို နေ့စဉ်နေ့တိုင်း ရထားစီးပြီးသွားရတယ်။ ကိုယ်သွားတဲ့အချိန်က နံနက်ခင်း အများပြည်သူ အလုပ်သွား ရုံးသွားတဲ့ အချိန်နဲ့ အတူတူပဲဆိုတော့ ရထားကြပ်တဲ့အတွေ့အကြုံက ရိုးအီနေပြီ။

ဘူတာရုံထဲရောက်ရင် ရနေတတ်တဲ့ အောက်သိုးသိုး ညှီစို့စို့အနံ့တွေ၊ စည်းပျက်ကမ်းပျက် ထွေးထားတဲ့ ချွဲတွေနှပ်တွေ၊ ပရမ်းပတာပစ်ထားတဲ့ အမှိုက်တွေ၊ အော်ဟစ်ဆဲဆို ငိုယိုနေကြတဲ့ အသံတွေ၊ ပြေးလွှားတွန်းတိုက် တိုးဝှေ့ ဆင်းတက်ကြရင်း လဲပြိုကွဲပြဲကြတာတွေက မိမိအတွက် အဆန်းမဟုတ်တော့။ 

သို့သော် အားလုံးပြာယာခတ်နေတဲ့အချိန်မှာ ငြိမ်နေတဲ့မိမိဟာ တစ်စုံတစ်ယောက်အတွက် အဆန်းဖြစ် ကောင်း ဖြစ်နေပေလိမ့်မယ်။ မိမိအတွက်လည်း အဲဒီတစ်စုံတစ်ယောက်ဟာ ထူးဆန်းနေတယ်ပေါ့။

လူတွေသိပ်ကြပ်နေလို့ လာတဲ့ရထားပေါ်မတက်သေးပဲ နောက်ရထားတစ်စင်းကို အေးအေးဆေးဆေး စောင့် နေတဲ့အချိန် တစ်စုံတစ်ယောက်က မိမိကိုစိုက်ကြည့်နေတာကို သတိထားမိတယ်။ တဘက်လူကို မမှိတ်မသုန် အားမနာတမ်း စိုက်ကြည့်တတ်တာဟာ အိန္ဒိယနိုင်ငံသားတို့ရဲ့ အလေ့အကျင့်တစ်ခုမို့ မသိကျိုးကျွံပြုနေလိုက်တယ်။

“Excuse me”
မေ့မေ့ပျောက်ပျောက် ရှိနေရာက ဘေးနားကအသံကြားလို့ ငဲ့ကြည့်လိုက်တော့ အဲဒီလူ။ လူကြီးလူကောင်း တစ်ယောက်ပါပဲ၊ ရည်ရည်မွန်မွန် ခန့်ခန့်ငြားငြား အသက်က (၆၀) ဝန်းကျင်ခန့်။ ဒါပေမယ့် မိမိရဲ့အတွေ့အကြုံအရ ဘယ့်သူ့ကိုမှ မယုံရတာမို့ Yes လို့ Respond ပေးရုံကလွဲပြီး ဟက်ဟက်ပက်ပက် ပြန်မနှုတ်ဆက်ဖြစ်ဘူး။

“စကား တစ်လုံးနှစ်လောက် ပြောခွင့်ရနိုင်မလားခင်ဗျာ”
တွေ့ဘူးခဲ့သမျှ အိန္ဒိယနိုင်ငံသားတွေနဲ့မတူတာတော့အမှန်ပဲ၊ တဘက်သားအပေါ်မှာ အားနာမှုအပြည့်ရှိနေ တယ်။ စကားပြောခွင့်ကို ယဉ်ယဉ်ကျေးကျေးတောင်းဆိုနေတယ်ဆိုတော့ မိမိကလည်း ပြန်လေးစားမိသွားတယ်။
“ဟုတ်ကဲ့ ပြောလို့ရပါတယ်၊ ရထားကလည်း မလာသေးပါဘူး”

“ကျနော့် အမူအယာနဲ့ စကားပြောတာတွေ ရိုင်းသလိုဖြစ်နေရင် ခွင့်လွှတ်ပါနော်၊ ကျနော် ခင်ဗျားကို ကြည့်နေ တာကြာပါပြီ၊ ခင်ဗျားဟာ အသက်အရွယ် ငယ်ငယ်လေးပေမယ့် အရမ်းတည်ငြိမ် ရင့်ကျက်တယ်၊ လူတွေအားလုံး ယောက်ယက်ခတ်နေတဲ့အချိန်မှာ ခင်ဗျားဟာ အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်နဲ့ မျက်နှာမှာလည်း အေးချမ်း နေတဲ့အရိပ်အယောင်တွေ ပေါ်နေတယ်။ ခင်ဗျားကို ကြည့်ပြီး ခင်ဗျားဆီက အေးချမ်းမှုတွေ ကျနော့်ကို ကူးစက် တယ်လို့ ခံစားရတယ်။”

သူပြောမှ ကိုယ့်ကိုယ်ကို ဘယ်လိုနေနေမိပါလိမ့်လို့ ပြန်သုံးသပ်မိတယ်။ ဒီလူ တခုခု လိမ်ညာချင်လို့ လာ မြှောက်ပြောနေတာလား၊ ဒီလိုတော့လည်း မဖြစ်နိုင်၊ ကိုယ့်ဆီမှာ လိမ်ညာ ယူစရာလည်း ဘာမှမရှိသလို သူကလည်း လူလိမ်လူညာလို့ လုံးဝထင်စရာ မကောင်းတဲ့လူမျိုး။
“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်”

“တကယ်တော့ ကျနော်ဟာ အစိုးရဌာနတစ်ခုက အရာရှိတစ်ယောက်ပါ၊ သားတစ်ယောက် သမီးတစ်ယောက် နဲ့ မိသားစုလေးယောက်ရှိပါတယ်။ အားလုံးကလည်း အလုပ်ကိုယ်စီနဲ့ လစာကောင်းကြပါတယ်။ ပြောရရင်တော့ မတောင့်မတ မကြောင့်မကျနဲ့ ချမ်းချမ်းသာသာ နေနိုင်တဲ့ စာရင်းထဲမှာ ပါတယ်ပေါ့။ ဒါပေမယ့် ကျနော်တို့ တစ်ရက်မှ စိတ်မချမ်းသာကြရဘူးဗျာ။”
“မတောင့်မတ မကြောင့်မကျ နေနိုင်ရက်နဲ့ ဘာကြောင့်စိတ်မချမ်းသာရတာလဲ”

“အဲဒါကိုပဲ ကျနော်သိချင်တာ၊ သားသမီးတွေကလည်း မိဘစကားကို နားမထောင်ကြဘူး၊ တဘက်မှာ လုပ်ထားတဲ့ စီးပွားရေးကလည်း အဆင်မပြေဘူး။ မိန်းမကလည်း အမြဲတမ်း ပူညံပူညံလုပ်တယ်။ မနက်မိုးလင်းက မိုးချုပ် အလုပ်လုပ်ပြီး ပင်ပန်းလာတဲ့အချိန်မှာ စိတ်အေးလက်အေးလေး အနားယူချင်တယ်၊ ဒါပေမယ့် နေ့စဉ်နေ့စဉ် နားထဲကို သံရည်ပူတွေ လောင်းထည့်နေသလိုပဲ ခံစားရတယ်။ အဲဒါ ခင်ဗျားလို အေးချမ်းမှုလေးရအောင် ဘယ်လိုလုပ် ရမလဲဆိုတာ နည်းလမ်းလေးရှိရင် ကူညီပါခင်ဗျား”

အင်း ဟုတ်တော့ဟုတ်တယ်၊ သူ့ကြည့်ရတာ ဝတ်စားထားတာ သန့်ရှင်းသပ်ရပ်နေပေမယ့် မျက်နှာမှာ အလို မကျလို့ စိတ်ဆင်းရဲ အားငယ်နေတဲ့ပုံ ပေါ်နေတယ်။ တကယ်တော့ သူ့ပြဿနာဟာ လူအများတွေ့ကြုံနေကြရတဲ့ ပြဿနာရိုးရိုးလေးပါပဲ။ ဒါပေမယ့် ကိုယ့်ပြဿနာမှ အကြီးကျယ်ဆုံးလို့ ထင်တတ်ကြတာဟာ ဓမ္မတာပဲလေ။
“နည်းလမ်းရှိပါတယ်၊ မခက်ပါဘူး။ လိုက်နာကျင့်သုံးဖို့ပဲလိုတယ်”
“ဟုတ်ကဲ့၊ ပြောပါခင်ဗျာ”

“စီးပွားရေး ကျလို့ အိမ်ထောင်ရေး အဆင်မပြေတာ၊ အိမ်ထောင်ရေး အဆင်မပြေလို့ စီးပွားရေး ကျဆင်းနေ တာတွေဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်နေတဲ့ အကြောင်းအကျိုးတွေပါပဲ။ အဲဒီလို အဆင်မပြေမှုတွေ ရှိနေရင် စိတ်ချမ်း သာမှုမရရှိနိုင်ပါဘူး၊ စိတ်ချမ်းသာမှု မရှိရင်လည်း လုပ်နေရတဲ့အလုပ်တွေမှာ မှန်မှန်ကန်ကန် မဆုံးဖြတ်တတ်တော့ပဲ အမှားမှားအယွင်းယွင်း ဖြစ်နေတတ်ပါတယ်။ အတွေးအကြံလွဲ၊ အလုပ်အကိုင်မှားပြီး ဆုံဖြတ်ချက်တွေ မမှန်မှတော့ ရရှိလာမယ့် ရလာဒ်ဆိုလည်း ဘယ်လိုမှ ကောင်းလာနိုင်မှာ မဟုတ်ပါဘူး”
“ဟုတ်ကဲ့”

“အဓိကကတော့ စိတ်ပေါ့၊ စိတ်ချမ်းသာအောင် အရင်လုပ်ရမယ်။ ကျုပ်က ဗုဒ္ဓဘာသာဘုန်းကြီးပါ၊ ကျုပ်တို့ ဆရာ မြတ်ဗုဒ္ဓက စိတ်ဟာလူတွေ (သတ္တဝါတွေ) ရဲ့ ရှေ့သွားခေါင်းဆောင်ဖြစ်တယ်၊ စိတ်လုပ်သမျှ လိုက်လုပ်ကြရ တာဖြစ်တော့ မကောင်းတာတွေမလုပ်ဖြစ်အောင် စိတ်ကိုထိန်းကျောင်းနိုင်ရမယ်တဲ့”
“ဟုတ်ကဲ့၊ ဘယ်လိုထိန်းကျောင်းရပါမလဲ”

“ဒကာကြီး ဘယ်ဘာသာအယူ ယူတယ်၊ ဘာလူမျိုးဖြစ်တယ်ဆိုတာတွေကို ခဏဘေးဖယ်ထား။ ဘယ် ဘာသာကိုးကွယ်ကိုးကွယ်၊ ဘာလူမျိုးဖြစ်ဖြစ်၊ ကျားကျား မမ၊ ဖြူဖြူ မည်းမည်း၊ ပုပု ရှည်ရှည် ဒါတွေက အရေးမကြီး ဘူး။ အရေးကြီးတာက အကျိုးဖြစ်ထွန်းမှုတွေရဲ့ အကြောင်းတရားကို ရှာဖွေတတ်ဖို့ပဲ”
“ဟုတ်ကဲ့၊ ဘယ်လို ရှာဖွေရပါသလဲ”

“ကျုပ်ကတော့ တတ်နိုင်သမျှ စိတ်ဆင်းရဲမှုတွေမဝင်နိုင်အောင် ဗုဒ္ဓနည်းနဲ့ စိတ်ကို ထိန်းကျောင်း တယ်၊ တခါတခါတော့လည်း ဝင်တာပေါ့၊ ဒါပေမယ့် ကြာကြာလက်ခံမထားဘူး။ ကြာကြာ လက်ခံထားတာနဲ့အမျှ လုပ်သမျှ လုပ်ငန်းစဉ်တွေမှာ အနှောက်အယှက် ဖြစ်စေတတ်လို့”
“ဟုတ်ကဲ့၊ စိတ်ဝင်စားစရာကောင်းပါတယ်၊ စိတ်ကို ဘယ်လိုထိန်းကျောင်းပါသလဲ”

“မနက်အိပ်ယာထ နဲ့ ညအိပ်ယာဝင် အချိန်တွေမှာ တရားထိုင်လေ့ရှိတယ်”
“တရားထိုင်တယ်ဆိုတာက”

“တရားထိုင်တယ်ဆိုတာကို ဒကာကြီးနားလည်အောင်ပြောရရင် စိတ်ကိုထိန်းသိမ်းမှုတစ်ခု၊ သမာဓိရအောင် စိတ်ကို စုစည်းခြင်းတစ်ခုပါပဲ။ သိလွယ်အောင်ပြောရရင် ဒကာကြီးတို့သိထားတဲ့ ယောဂကျင့်စဉ်မျိုးနဲ့ ခပ်ဆင်ဆင် တူတယ်။ ဒါပေမယ့် နည်းစနစ်တော့ မတူဘူးပေါ့။”
“အော် ဟုတ်ကဲ့၊ ယောဂကျင့်စဉ်ဆိုတာကိုတော့ သိပါတယ်”

“ဟုတ်ပါတယ်၊ ဒါပေမယ့် အဲဒါဟာ ပထမခြေလှမ်းပဲရှိသေးတယ်၊ အဲဒီနောက်မှာ ဆက်လုပ်ရမယ့် ဝိပဿနာ ကမ္မဋ္ဌာန်းဆိုတာတွေတော့ အများကြီးရှိသေးတယ်၊ သို့သော် ခင်ဗျားအခုဖြစ်နေတဲ့ ပြဿနာငြိမ်းဘို့လောက် အတွက်ကတော့ သမာဓိထူထောင်ခြင်းလို့ခေါ်တဲ့ ပထမခြေလှမ်းနဲ့ တင်ပဲ အဆင်ပြေသွားစေနိုင်ပါတယ်”
“ခင်ဗျားက အဲဒီယောဂကို ကျင့်တာလား၊ တနေ့ဘယ်နှာရီလောက် ကျင့်ပါသလဲ”

“ကျုပ်ကျင့်တာက ဟိန္ဒူယောဂကျင့်စဉ်မဟုတ်ဘူး၊ ဗုဒ္ဓရဲ့ ထွက်လေဝင်လေ သမာဓိကျင့်စဉ်။ ကျောင်းစာက တဘက်နဲ့ဆိုတော့ တစ်ခါထိုင်ချိန်ဟာ နာရီဝက်ပါပဲ။ ဒီထက်ထိုင်နိုင်ရင်တော့ ပိုကောင်းတာပေါ့။”
“ဟုတ်ကဲ့၊ ထိုင်နည်းလေး ပြောပြပါ”

“မခက်ပါဘူး၊ တိတ်ဆိတ်ငြိမ်သက်တဲ့နေရာမှာ တင်ပလ္လင်ခွေပြီး ဖြည်းဖြည်းမှန်မှန် အသက်ရှူသွင်း ရှူထုတ်တဲ့ လေကို မလွတ်အောင်လိုက်မှတ်တာပါပဲ၊ လုပ်ကြည့်ပါ အကျိုးသက်ရောက်မှုတစ်ခုကို ရရှိပါလိမ့်မယ်။ လုပ်ခါစမှာတော့ နည်းနည်းအခက်အခဲရှိမယ်၊ စိတ်တွေ ဟိုရောက်ဒီရောက်ဖြစ်မယ်၊ အဲဒီလိုအဖြစ်မခံပါနဲ့ နှာခေါင်းဝ မှာ အဝင်အထွက် လုပ်နေတဲ့ လေလေးဆီကို ပြန်ပို့ထားပါ။ များများမလုပ်နဲ့ တနေ့ (၁၀) မိနစ်လောက်က စပြီး လုပ်ကြည့်ပါ။ (၁၀) မိနစ်လုပ်နိုင်ပြီဆိုရင် (၁၅) မိနစ်ထိ တိုးပြီးလုပ်ပါ။ (၅) မိနစ်စီတိုးတိုးသွားပြီး (၁) နာရီလောက်ထိ စိတ်မပြန့်ဘဲ ထိုင်နိုင်ပြီဆိုရင် လုံးဝအဆင်ပြေသွားပါပြီ။”

“ဒါဆို ကျနော့မှာဖြစ်နေတဲ့ စိတ်ဆင်းရဲမှုတွေ၊ အဆင်မပြေမှုတွေ ပျောက်သွားမယ်ပေါ့”
“ပျောက်သွားမှာပါ၊ ကြိုးစားဘို့တော့ လိုပါလိမ့်မယ်။ ဆရာမရှိပဲလုပ်ရင် ကိုယ့်ကိုကိုယ် ညှာတတ်တယ်၊ ဒီတော့ တစ်ခုအကြံပေးချင်တယ်။”
“ဟုတ်ကဲ့ ပြောပါခင်ဗျာ”

“ဒီ ဘုံဘေမြို့နဲ့ ကီလိုမီတာ (၁၂၀) လောက်အကွာမှာရှိတဲ့ အီဂတ်ပူရီမြို့မှာ ဝိပဿနာဆရာကြီး ဂိုအင်ကာ ဆိုတာရှိတယ်။ သူက ဘာသာရေး လူမျိုးရေး ခွဲခြားမထားဘူး၊ နိုင်ငံတကာက လူမျိုးပေါင်းစုံဟာ အဲဒီမှာ သွားပြီး တရားထိုင်လေ့ရှိကြတယ်။ အဲဒီဆရာကြီးက ခင်ဗျားရဲ့ အခက်အခဲတွေကို အင်္ဂလိပ် ဟိန္ဒီ နှစ်ဘာသာနဲ့ပြော ဟောပြီး ခင်ဗျားရဲ့အခက်အခဲတွေကို ဖြေဖျောက်ပေးလိမ့်မယ်လို့ ကျုပ်သေချာပေါက်ပြောရဲတယ်။ အချိန်အားရတဲ့ခါ အဲဒီကို သာ ရောက်အောင်သွားပါ။”

“ဟုတ်ကဲ့၊ ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။ အဲဒီလိပ်စာလေးနဲ့ ခင်ဗျားရဲ့ဖုန်းနံပါတ်လေး ရနိုင်မယ်ဆိုရင်”
ဆရာကြီးဂိုအင်ကာ လိပ်စာနဲ့ မိမိရဲ့ ဖုန်းနံပါတ်လေးကို ရေးပေးခဲ့တယ်။ ရထားလည်း ရောက်လာ ပြီမို့ နှုတ် ဆက်ပြီး ရထားပေါ်တက်ခဲ့ကြတယ်။ လူတွေကြိတ်ကြိတ်တိုးမို့ ရရာအတွဲမှာလိုက်ရတဲ့ အတွက် တနေရာစီမှာ နေရာရ ကြတယ်။ သူနဲ့တွေ့လိုက်တာ အဲဒီတစ်ခဏပါပဲ။ 
“တူ… တူ…”

ဘုံဘေ ကာလကတ္တား ရထားက ဥသြသံအချက်ပေးပြီး ဘီးစလှိမ့်ပြီ။ မိမိလည်း  ပညာရေးကိစ္စ ပြီးဆုံးသွားပြီမို့ ရထားကြီးပေါ်ကနေ ဘုံဘေကို နှုတ်ဆက်အကြည့်နဲ့ကြည့်ရင်း လိုက်ပါ လာခဲ့တယ်။
“ကလင်… ကလင်… ကလင်…”

ဖုန်းသံမြည်လာတယ်၊ လိုက်ပို့ကြတဲ့မိတ်ဆွေသူငယ်ချင်းတွေ ဖုန်းနဲ့ထပ်ပြီး နှုတ်ဆက်တယ် ထင်ပါရဲ့။ ကြည့် လိုက်တော့မဟုတ်၊ မိမိတခါမှ မတွေ့ဘူးတဲ့ နံပါတ်အသစ်။

May I speak to Ashin?
Yes, Ashin is speaking.

“ကျနော် Raja Kumar ပါ၊ လွန်ခဲ့တဲ့ ဆယ်လလောက်က စံတပ်ခရုဇ်ဘူတာမှာ တွေ့ခဲ့ဘူးတဲ့သူပါ”
စံတပ်ခရုဇ်ဘူတာမှာ တွေ့ခဲ့ဘူးတဲ့သူတွေက အများကြီး၊ ဘယ်သူဖြစ်မလဲဆိုတာကို အပြေးအလွှား စဉ်းစား နေတယ်။ မပေါ်လာဘူး။ ဒါပေမယ့် ယဉ်ကျေးမှုအရ စကားပြန်လိုက်ရတယ်။
“အော် ဟုတ်ကဲ့၊ နေကောင်းပါသလား”

“ဟုတ်ကဲ့ ကောင်းပါတယ်ခင်ဗျား၊ ကျေးဇူးတင်ပါတယ်။ အခု ကျနော် လူတင်နေကောင်းတာ မဟုတ်ဘူး၊ စိတ်ပါ နေကောင်းသွားပြီမို့ ကျေးဇူးတင်တဲ့အကြောင်း လှမ်းပြောတာပါ။ ခင်ဗျားလမ်းညွှန်တဲ့အတိုင်းပဲ ကျနော် Vocation တစ်လရတာနဲ့ ဆရာကြီး ဂိုအင်ကာဆီကို သွားခဲ့တယ်။ အရမ်းကို ကျေးဇူးတင်တယ်ဗျာ… ဘယ်လိုပြော ရမှန်း တောင်မသိတော့ပါဘူး”
သြော် မှတ်မိပါပြီ၊ စိတ်ဆင်းရဲမှုတွေ ခံစားနေရတဲ့ အစိုးရရုံးအရာရှိကြီးကိုး။ မေ့တောင်မေ့နေတယ်။

“ကျနော်ရဲ့စိတ်တွေ အခု ငြိမ်းချမ်းသွားပြီဗျ၊ ကျနော်တို့အိမ်ထောင်ရေးလည်း အဆင်ပြေသွားပြီ၊ မိန်းမပြော သမျှကို ကျနော်ဘာမှပြန်မပြောတော့ပဲ သည်းခံနေလာခဲ့ရာက သူလည်းကျနော့်ကို ပြန်ပြီးသည်းခံလာတယ်၊ နားလည် မှုတွေရကြတယ်။ သာသမီးတွေဆိုတာလည်း မိဘတွေကို ကြည့်နေရတာဆိုတော့ မိဘတွေ ငြိမ်းချမ်းလာတာနဲ့ သူတို့လည်းအလိုလို လိမ္မာလာကြတယ်။ အခုဆို လုပ်ငန်းတွေလည်း အားလုံးအဆင်ပြေ ချောမွေ့လာခဲ့ပြီ။ သူတို့ကိုလည်း တရားထိုင် နည်းလေး သင်ပေးရဦးမယ်။”

“ကောင်းပါတယ်ဗျာ… ကြားရတာဝမ်းသာပါတယ်၊ ကိုယ့်လမ်းညွှန်မှုကြောင့် ဒီလို အဆင်ပြေ သွားတယ်ဆိုတာ လေးသိရတော့ ပီတိဖြစ်ရတာပေါ့”
“အေးဗျာ… ဒါကြောင့် ခင်ဗျားကို ကျေးဇူးဆပ်တဲ့အနေနဲ့ အိမ်ကိုထမင်းစား ဖိတ်ချင်ပါတယ်။ ကျနော့် မိသားစု နဲ့လည်း မိတ်ဆက်ပေးချင်လို့ပါ။”

“ကျေးဇူးတင်ပါတယ် ခင်ဗျား၊ ဒါပေမယ့် မဖြစ်နိုင်တော့ပါဘူး။ ကျုပ်ရဲ့ ပညာရေးကိစ္စတွေ ပြီးဆုံးသွားပြီမို့ အခုပဲ ကိုယ့်တိုင်းပြည် အပြန်ခရီးလမ်းပေါ် ရောက်နေပါပြီ။ ဖိတ်ကြားမှု အတွက်လည်း ကျေးဇူးတင်ပါတယ်၊ အောင်မြင်မှု အတွက်လည်း ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါတယ်ခင်ဗျာ။”

“အော်… ကျေးဇူးဆပ်ခွင့်တောင် မရလိုက်တော့ဘူးပေါ့၊ ဘယ်လိုပဲဖြစ်ဖြစ် အမြင်ရှင်းရှင်း ရင်တွင်းငြိမ်းအောင် အောင် လမ်းညွှန်ပေးခဲ့တဲ့ ခင်းဗျားရဲ့ကျေးဇူးတွေကို အမြဲသတိရနေမှာပါ၊ ပြည်တော်ပြန်ခရီးလမ်း ဖြောင့်တန်းပါစေ…”

မေ့မေ့ပျောက်ပျောက်ဖြစ်နေတဲ့ အတွေ့အကြုံလေး စပ်မိလို့ပြောပြရင်းက ဆရာကံထွန်းသစ် တိုက်တွန်းတာ နဲ့ ရေးဖြစ်သွားခဲ့တယ်။ စာဖတ်သူများအတွက် တစ်ခုခု ရရှိပေလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။

မေတ္တာများစွာဖြင့်-
သီရိဘုန်းစံ



Monday, December 15, 2014

ဘုရားရှိခိုးခြင်း ဟူသည်


ဘုရားရှိခိုးခြင်း ဟူသည်

ဘုရားရှိခိုးခြင်းသည် စိတ်တည်ငြိမ်အောင်ပြုလုပ်သည်ဟု မှားယွင်းစွာ ထင်မြင်သူအချို့ ရှိကြ လေသည်။ အမှန်စင်စစ် ယင်းထက် အဓိပ္ပါယ်များစွာ ကျယ်ဝန်းသည်ကို သိရှိရန် လိုအပ်ပါသည်။

ဘုရားရှိခိုးပူဇော်ရန် နည်းလမ်းမှာ - ရတနာသုံးပါးအပေါ် ယုံကြည်မှု ထက်သန်သော သဒ္ဒါ၊ စင်ကျယ်သော သီလ၊ တည်ငြိမ်သော သမာဓိ၊ မပြန့်လွင့်သော သတိ၊ သစ္စါလေးပါးနှင့် မြတ်တရား အကျိုး အကြောင်းတို့ကို သိမြင်သော ပညာ စသည့် ဗိုလ် အင်္ဂါ ငါးပါး ကပ်၍ ရှိခိုးရမည်ဟု အဘိဓမ္မာကျမ်းတွင် မြတ်စွာဘုရားရှင်ကိုယ်တိုင် အတိအလင်း ဟောကြားထားပါသည်။

အချိန်မှန်ကိုက် အဓိဌာန်ပြီး ဘုရားရှိခိုးခြင်း၊ ဂါထာရွတ်ခြင်း၊ မေတ္တာသုတ် ရွတ်ဖတ်ပူဇော်ခြင်း အစရှိသဖြင့်တို့က သဒ္ဒါ၊ သတိ၊ သီလ၊ သမာဓိ၊ ပညာ စသည်တို့ အမြဲစွဲကပ်၍ သာသနာ အဓွန့် ရှည်ရန်၊ ဘုရားဟော တရား မပျောက်ပျက်ရန် အကျိုးဆောင်ခြင်းတစ်မျိုးဖြစ်ရာ အမြဲပြုသော မဟာ ကုသိုလ်မျိုး ဖြစ်ရသည်။ သို့သော်လည်း ယခုခေတ်အခါ ယင်းသို့ အကျိုးသိမြင် ရှိခိုးခြင်းထက် အခြားရည်ရွယ်ချက်များ ဖြင့် ရှိခိုးနေကြသည်။


ဥပမာ- ကံ့ညံ့များ ပျောက်ရန်၊ ချမ်းသာရန်၊ အသက်ဘေးလွတ်မြောက်ရန်၊ စီးပွားဥစ္စာ တိုးပွားရန်၊ စာမေးပွဲအောင်ရန်၊ ရာထူးတိုးရန် ဟူ၍ ဖြစ်သည်။ အမှန်စင်စစ် ယင်းသို့ အကျိုးမျော်၍ ရှိခိုး ခြင်းသည် လောဘစိတ် အခြေခံခြင်း ဖြစ်သောကြောင့် ကိလေသာပို၍ စွဲမြဲရသည်။ အကုသိုလ်ဖြစ်တတ်သည်။ သို့တည်းမဟုတ် ညံ့ဖျင်းသော ကုသိုလ် ဖြစ်ရသည်။

ထို့ပြင် ဘုရားရှိခိုးခြင်းဟူသည် ပြုခဲ့သော အပြစ်၊ အကုသိုလ် များ ပျောက်စေရန်လည်း မဟုတ်ပါ။ မည်သည့် ကံကိုမှ ဘုရားက ပြန် လည် ပြုပြင်စီရင်ပေး၍မရ။ ဘုရားရှိခိုးခြင်းက မိမိဟာ သဒ္ဒါ၊ သတိ၊ သမာဓိ၊ ပညာ၊ သီလ စတာတွေနဲ့ ပြည့်စုံနေသေးပြီး ရတနာသုံးပါးကို အမြဲပူဇော် ဆည်းကပ်တယ် ဆိုတာကို ပြန်လည် အမှတ်ရ သတိကပ်စေခြင်း၊ သာသနာ မကွယ်ပျောက်စေရန် ဘုရားဟော ဂါထာများကို ပြန်လည် ရွတ်ဖတ်ခြင်း၊ နတ်လူ အပေါင်း အမျှဝေသည်က မေတ္တာ ဘာဝနာ ကုသိုလ် ယူခြင်း၊ စသည်ဖြင့် စသည်ဖြင့်ဘုရားရှိခိုးခြင်း၏ အကြောင်းတရား များက အင်မတန် ပေါများလှ ပါတယ်။ အကြောင်းတရားများသလောက် အကျိုးတရား အဖြင့် မဟာကုသိုလ်ထူးများ ရသည်။

ထို့ကြောင့် ဘုရားရှိခိုးခြင်းဟူသည် စိတ်တည်ငြိမ်အောင်လုပ်သည် ဆိုသော သေးသိမ်သည့် အတွေးကို ပျောက်ပျက်စေပြီး ဘုရားဟောတရား အတိုင်း ကြောင်းကျိုးသိမြင် ရှိခိုးပူဇော်ရန် လိုအပ်ပါသည်။

ဘုရားဟောတရား၊ သုတ်၊ ဂါထာ၊ ကျမ်းများကို မကွယ်ပျောက်စေခြင်းငှာ အဓိပ္ပါယ်လေ့လာသိရှိပြီး ရွတ်ဖတ်ပူဇော်ခြင်းက သာသနာကို တည်တံ့စေသကဲ့သို့ မဂ်ဖိုလ်၊ နိဗ္ဗာန် ရောက် အကျိုးထူးလှ ပါသည်။ အမှန်ကိုသိ ဥာဏ်မျက်စိဖြင့် လေ့လာသိမြင် ကျင့်ကြံနိုင်ကြပါစေသော်။ သင်ကြား လေ့လာရသော အဘိဓမ္မာကျမ်းမှ ဘုရားဟောတရားကို အခြေခံ၍ ရေးသား ကုသိုလ်ပြု အပ်ပါသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: innewsmyanmar

Sunday, December 14, 2014

အရိယာတို့၏ မြင့်မြတ်သောနေနည်းများ


အရိယာတို့၏ မြင့်မြတ်သောနေနည်းများ

အရိယာ ဆိုတာ ကိုယ်အားဖြင့်၎င်း နှုတ်အားဖြင့်၎င်း ထိုမှတဆင့် စိတ်အားဖြင့်၎င်း စောင့်စည်းမှု ရှိခဲ့ပြီးသူ။ အရင်းမူလ အနုသယနှင့် တပ်မက်မှု တဏှာကို နှုတ်ပယ်လျှက် ကိလေသာ မီးချုပ်ငြိမ်းပြီးသူ။

ငြိမ်းအေးခြင်းသို့ရောက်ရှိ၍ စိတ်သည် ကိုယ်ခန္ဓာ၌ အသုဘ အနိစ္စ စသော အပြစ်တို့ကိုမြင်ပြီး ကိလေသာမှ လွတ်မြောက်ပြီးသူ။

အရိယာသူတော်စင်တို့ နေနည်းမှာလည်း လွန်စွာကြည်ညိုထိုက်၏။ လေးစားကြည်ညို မြတ်နိုး ပူဇော်ထိုက်ပါသည်။ ကောင်းစွာ စီရင်အပ်သော တရားဒေသနာ ရှိကုန်အပ်သော အရိယာတို့ကို ဖူးမျှော်ရခြင်းသည် ယုံမှားသံသယကင်းစေနိုင်သော နာကြားမှု ဟောကြားဆုံးမခြင်းကိုရစေ၏။ သြဝါဒကို ခံယူကျင့်သုံးခြင်းဖြင့် ပညာတိုးပွားစေ၏ ။

သူတော်ကောင်းတို့ထံသို့မေးလျှောက်ခြင်းသည် ပြဿ နာ(ယုံမှားခြင်း)ကို ကင်းပြတ်နိုင်ပါသည်။ ပညာလည်း တိုးပါသည်။ အရိယာဝါသသုတ်တွင် အရိယာတို့၏ နေခြင်း ဆယ်ပါးကို အရှင်အာနန္ဒာ၏ လျှောက်ထားချက်အရ မြတ်ဗုဒ္ဓဟောကြားခဲ့ပါသည်။

*နီဝရဏ ငါးပါးကိုပယ်၍နေတော်မူ၏ ။

*အာရုံခြောက်ပါးတို့ကို သိလျှက် ဝမ်းနည်းဝမ်းသာမရှိဘဲ သတိသမ္ပဇဉ်နှင့်ပြည့်စုံလျှက် လျှစ်လျူရှုလျှက် နေတော်မူ၏။

*သတိ တည်းဟူသော အစောင့်အရှောက်ရှိသည့်စိတ်ဖြင့်နေတော်မူ၏ ။

*မှီဝဲသင့်သည်ကို မှီဝဲခြင်း ' သည်းခံသင့်သည်ကို သည်းခံခြင်း 'ရှောင်ရှားသင့်သည်ကိုရှောင်ရှားခြင်း ' ပယ်ဖျက်သင့်သည်ကို ပယ်ဖျက်ခြင်းဟူသော မှီရာလေးခုဖြင့်နေတော်မူ၏ ။

*လောကသည် မြဲသည် မမြဲသည် ' အသက်သည် ဤကိုယ်ဖြစ်သည်'သတ္တဝါသည် သေပြီးနောက်ရှိသည် မရှိသည် အစရှိသော အမျိုးမျိုးသော သစ္စာဝါဒတို့ကို ပယ်ဖျက်၍ နေတော် မူလေ၏ ။

*ကာမ ' ဘဝ နှင့် အကျင့်မြတ်ဟူသည်တို့၌ ရှာမှီးခြင်းကို စွန့်ပစ်၍ နေတော်မူလေ၏ ။

*ကာမဂုဏ်၌ ကြံစည်မှု ' ပျက်စီးစေရန်ကြံစည်မှု ' ညှင်းဆဲရန်ကြံစည်မှု' အားလုံးကို ပစ်ပယ်၍ မနောက်ကျူသော အကြံဖြင့်နေတော်မူလေ၏ ။

*ဆင်းရဲ ချမ်းသာမရှိသော လျစ်လျှူရှုမှု ဥပက္ခာကြောင့်ဖြစ်သည့် သတိ၏စင်ကြယ်ခြင်းရှိသော စတုတ္ထဈာန်ကို ဝင်စား၍ ကိုယ်ကိုပြုပြင်မှု ကာယသင်္ခါရငြိမ်း၍ နေတော်မူ၏ ။

*ရာဂ ဒေါသ မောဟ တို့မှ ကောင်းစွာလွတ်မြောက်ပြီးသော စိတ်ဖြင့်နေတော်မူ၏ ။

* ဤရာဂ ဒေါသ မောဟတို့ကို အကြွင်းမဲ့ပယ်ဖျက်ပြီးပြီဟု ကောင်းစွာလွတ်မြောက်ပြီးသော ပညာဖြင့် နေတော်မူခြင်းဟူ၍ အရိယာတို့၏ နေခြင်းဆယ်ပါးကို  မြတ်ဗုဒ္ဓ ဟောကြားတော် မူခဲ့ပါသည်။

ဤသို့အရိယာတို့၏ ဘဝနေနည်း တရားတော်အား မှတ်သားမိသည့်နေ့မှစ၍ တရားချစ်ခင် သူတော်ကောင်း သူမြတ်လောင်းတို့သည်လဲ အရိယာ သူတော်စင်ကြီးများအား ကြည်ညိုမြတ်နှိုးမှု သဒ္ဓါတရားတိုးပွားခြင်းမှ အစပြု၍ မိမိတို့၏ ဆိုင်ရာဆိုင်ရာသီလ ကုသိုလ် ဘာဝနာကုသိုလ် အရင်းထားလျက်နှလုံးရွှင်ပြခြင်း ဝမ်းမြောက်ခြင်း ပီတိကိုဖြစ်စေခြင်းတို့မှတဆင့် သုခချမ်းသာခြင်း သမာဓိတရားကို ကျင့်နိုင်ကြပါစေ။

ကျင့်သည့်အတိုင်း ဟုတ်မှန်စွာ သိမြင်ခြင်းဖြင့် မိမိခန္ဓာကို မတွယ်တာဘဲငြီးငွေ့လျက် တပ်မက်မှု ကင်းကွာကြပါစေ။ သံသရာဝဋ်ဆင်းရဲအပေါင်းမှ ကောင်းစွာမသွေ လွတ်မြောက်နိုင်ကြပါစေ။ ထို လွတ်မြောက်မှုကို သိမြင်ခြင်းဟူသော ကုသိုလ်သီလကြောင့် အရဟတ္တဖိုလ်ထိ အဆင့်ဆင့် ဖြစ်ပေါ်လာသော အကျိုးအာနိသင်များကို အထက်ပါအတိုင်း ရရှိနိုင်ကြပါစေသတည်း။

post by ZmA.


Saturday, December 13, 2014

ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ


ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ

ဒီဒေသနာတော်မှာ မြတ်စွာဘုရားက ဘာကို အကြောင်းပြုပြီး ဟောခဲ့တာလဲလို့ဆိုတော့ လူမိုက် နက္ခတ်ပွဲကို အကြောင်းပြုတာ။ မြတ်စွာဘုရား လက်ထက်မှာလည်း အလွန်ဆိုးတဲ့ အခြေအနေတွေ၊ လူမိုက်တွေ ရှိတာပဲ။ ဘယ်ခေတ်မှာမဆို ပညာရှိတဲ့လူနဲ့ ပညာမဲ့တဲ့လူ အမြဲတမ်းရှိတာပဲ။ ပညာမဲ့တဲ့ ပုဂ္ဂိုလ်ရဲ့ လုပ်ရပ်က တစ်မျိုး၊ ပညာရှိတဲ့ ပုဂ္ဂိုလ်ရဲ့ လုပ်ရပ်ကတစ်မျိုး၊ ပညာမဲ့တဲ့ ပုဂ္ဂိုလ်ရဲ့ အတွေးက တစ်မျိုး၊ ပညာရှိတဲ့ ပုဂ္ဂိုလ်ရဲ့ အတွေးက တစ်မျိုး၊ ဒီနှစ်မျိုးဟာ ပေါင်းစပ်လို့ရနိင်တဲ့ အနေအထားမရှိဘူး။

မြတ်စွာဘုရား ၂၅-နှစ် သီတင်းသုံးခဲ့တဲ့နေရာ သာဝတ္ထိမြို့ ဇေတ၀န်ကျောင်း၊ သာဝတ္ထိမြို့ကို အမှီပြုပြီး ဘုရားက ၂၅-နှစ်တောင် နေခဲ့တာ။ ဘယ်နေရာမှ ဒီလောက်အကြာကြီး မနေဘူး။ ဆွေတော် မျိုးတော်တွေ ဆောက်လုပ်ထားတဲ့ နိဂြောဓာရုံကျောင်းတောင်မှ ဒီလောက် အကြာကြီးနေတာ မရှိဘူး။ အဲဒီ သာဝတ္ထိမှာတော့ မြတ်စွာဘုရားက အကြာကြီး သီတင်းသုံးတယ်။ အဲဒီလို ဘုရားအကြာကြီး သီတင်းသုံးတဲ့ သာဝတ္ထိကလူတွေဟာ အကုန်လုံး ပညာရှိတွေချည်းပဲ ဖြစ်သလား၊ လူ့ယဉ်ကျေးတွေချည်းပဲ ဖြစ်သလားဆိုတော့ မဖြစ်ဘူး။ လူဆိုးလူမိုက်တွေ အများကြီးပဲ။

"ဗာလ နက္ခတ္တ" ဆိုတဲ့ သူတို့မှာ လ,အလိုက် နက္ခတ်ပွဲတွေ ရှိတယ်ပေါ့။ ဘယ်နက္ခတ်နဲ့တွေ့ ရင် ဘာလုပ်၊ ဘယ်နက္ခတ်နဲ့တွေ့ရင် ဘာလုပ်၊ နက္ခတ်အလိုက် ဆိုပါစို့၊ လပြည့် လကွယ် ကောင်းကင်က moon. ဆိုတဲ့ လ, ကြီးရဲ့ အနေအထားကို ကြ့်ပြီးတော့ လူတွေ ရက်တွက်ကြတယ်။ .....အဲဒီလို နက္ခတ်တွေရဲ့ နာမည်နဲ့ ဟော သွား၊ အဲဒီထဲမယ် ဗမာမှာတောင် ရှိတယ်ထင်တယ်။ တန်ဆောင်မုန်း လပြည့်ဟာ စောရနက္ခတ်ဆိုပြီးတော့ လပြည့်နေ့မှာ မဟုတ်တရုတ်လုပ်တာတွေ အများကြီး ရှိတယ်။ ဆိုင်းဘုတ်တွေ ဟိုရွှေ့ ဒီရွှေ့၊ ဗမာပြည်မှာလည်း လုပ်ကြတာတွေ ရှိတယ်ပေါ့။ အဲဒီ တန်ဆောင်မုန်းလြ ပည့်နေ့လည်း ဖြစ်ချင်ဖြစ်မယ်ပေါ့။

စာထဲမှာတော့ ဘယ်လလို့တော့ မပြောဘူး။ ဗာလနက္ခတ်က လူမိုက်တွေရဲ့ ပွဲလမ်းသဘင်ကျင်းပတဲ့ နက္ခတ်ပွဲသဘင်ရှိ တယ်တဲ့။ သူတို့ဆီမှာဆိုရင် တစ်လတစ်ခါ နက္ခတ်ပွဲတွေလုပ်ကြတယ်ပေါ့။ ပူဇော်ပွဲတွေ လုပ်ကြတယ်။ အဲဒီထဲမယ် သူတို့ကိုးကွယ်တာကလည်း အမျိုးမျိုးရှိတယ်။ ကောင်းတဲ့ဟာ ရှိသလို မကောင်းတာလည်းရှိတယ်။ အဲဒီ တချို့ နက္ခတ် ဗာလ နက္ခတ်ကျတော့ သူတို့စာဆိုအရ အဲဒီနေ့မှာ ဘာလုပ်တုန်းဆို ပါးစပ်က ယုတ်ယုတ်မာမာစကားတွေ ပြောကြတယ်။ အိမ်တိုင်းအိမ်တိုင်း လိုက်ပြီးတော့ ယုတ်ယုတ်မာမာ စကားတွေ မကြားဝံ့ မနာသာ စကားတွေ ပြောကြတယ်။ ဟဲ့ တော်ကြပါတော့ဆို ပိုက်ဆံလေးပေးလိုက်ရင် ထွက်သွားကြတယ်။ ပိုက်ဆံမပေးမချင်းတော့ မဟုတ်တရုတ်တွေ ပြောကြတာပဲ။

စာထဲမှာတော့ "အသဗ္ဘီဝါစာ" ဆိုတာ လူကြားထဲမှာ ကြားမကောင်းတဲ့စ ကားလို့ပြောတာ။ ကိုယ့်ဘာကိုယ်သာ တွေးကြည့်တော့။ လူကြားထဲမှာ နားထောင်လို့မကောင်းတဲ့ စကားမျိုးတွေ ပြောကြတယ်။ ယုတ်ယုတ်မာမာ စကားတွေ ပြောတယ်။ အဲဒီတော့ အိမ်တိုင်းအိမ်တိုင်းက ပိုက်ဆံ ပေးလိုက်တဲ့အခါကျတော့ အဲဒီပိုက်ဆံယူပြီးတော့ သောက်စားပျော်ပါးကြတယ်။ ဘယ်နှစ်ရက် ကြာတုန်းဆိုရင် ခုနစ်ရက်ကြာတယ်။

ဘုရားလက်ထက်က မြတ်စွာဘုရားတောင်မှပဲ ဘုရားကို ကြည်ညိုတဲ့ ဒကာ၊ ဒကာမတွေက "အရှင်ဘုရားတို့ ဆွမ်းခံမကြွပါနဲ့၊ ဒီခုနစ်ရက်တော့ ကျောင်းမှာပဲ သီတင်းသုံးပါ ဆိုပြီးတော့ ဆွမ်းချက်ပြီး ကျောင်းပို့ကြတယ်၊ ဘာဖြစ်လို့တုန်းဆိုရင် ခုနက လူမိုက်တွေက မကြားဝံ့ မနာသာ စကားတွေ ဆဲဆိုပြီးတော့ တစ်မြို့လုံးဟာ အုန်းအုန်းကျက်ကျက် ဖြစ်နေတယ်။ အဲဒီနေ့မှာ ဆဲလည်း ကိစ္စမရှိဘူး။ ဗမာပြည်မှာတော့ တခြားအချိန်မှာ ရေပက်ရင်တော့ ရန်ဖြစ်မှာပေါ့၊ သင်္ကြန်တွင်း မှာတော့ ပက်ရင် ခံနေကြရတာပဲ၊ ပွဲကိုး။ အဲဒီ ဗာလနက္ခတ်ပွဲမှာဆိုလို့ရှိရင် ဆဲချင်တိုင်းဆဲ နားဂွမ်းဆို့ထားမှပဲရမယ်။ ဆဲချင်တိုင်းဆဲ၊ ပြောချင်တာတွေပြော၊ မကြားဝံ့မနာသာတွေပြော၊ ဘာမှ ပြန်ပြောလို့မရဘူး၊ အခါကာလကိုး။

အဲဒီလိုပွဲမျိုးဟာ ဘုရားလက်ထက် သာဝတ္ထိမြို့မှာ ဒီလိုပွဲမျိုး ဖြစ်ခဲ့တယ်။ ခုနစ်ရက်တိတိ လူတွေဟာ ဒုက္ခရောက်ကြတယ်။ လူတော်လူကောင်းတွေ ဒုက္ခရောက်ကြတယ်ပေါ့။ ခုနက လူမိုက်တွေ ကတော့ ပျော်ကြတယ်ပေါ့။ အဲဒီပွဲကြီး သတ်မှတ်ထားတဲ့ရက ကုန်ဆုံးသွားတော့မှ အားလုံးဟာ နားချမ်းသာပြီးတော့ ဘုရားအမှူရှိတဲ့ သံဃာတွေ မြို့တွင်း ဆွမ်းခံပြန်ဝင်ကြရတယ်၊ ဒီလိုဆိုတယ်။

.....ရွှေကျင်ဆရာတော်ကြီးရေးတဲ့ "တစ်နှစ်တစ်ခါ ငရဲရှာ လူ့ရွာဘုရားပွဲ" "ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ" စာတမ်း။ ဘာဖြစ်လို့တုန်းဆို သူ့ခေတ်မှာ ခုနက ဘုရားပွဲတွေက ၀က်သတ်၊ ကြက်သတ်နဲ့ အသားတွေ သတ်ပြီးတော့ ၊ သံဃာတွေ ပင့်ပြီးတော့ ဆွမ်းကျွေးကြတယ်၊ ဧည့်သည်တွေ ဧည့်ခံကြတယ်။ ဒီလိုတွေ ဖြစ်တာကို။ သားကောင်တွေ သတ်ပြီး ဒါန ကောင်းမှု လုပ်တယ်ဆိုလို့ရှိရင် နှစ်ပိုင်းရှိတယ်။ သတ်တဲ့ အပိုင်းက တစ်ပိုင်း၊ ဒါန ကောင်းမှုလုပ်တာက တစ်ပိုင်း၊ သတ်တဲ့အပိုင်းက အကုသိုလ်ဖြစ်တယ်၊ ဒါနကောင်းမှုလုပ်တာ ကုသိုလ်ဖြစ်တယ်။

 အဲဒီနှစ်ခုကို ယှဉ်ကြည့်လိုက်မယ်ဆိုရင် ဒါနရလိုက်တာက နည်းနည်း၊ ငရဲကြီးလိုက်တာက များများ။ အဲဒါကို ရည်ရွယ်ပြီးတော့ သူက "ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ" လို့ ပြောတာ။ ကြားဖူးကြ ပါလိမ့်မယ်။ အမျိုးသမီးတစ်ယောက်ဟာ အိမ်ကို ဧည့်သည်ရောက်လာတယ်။ အဲဒီနေ့မှာလည်းပဲ အသားမပေါ်ရ ဥပဒေအရ အသားဘယ်မှ ၀ယ်မရဘူး။ အိမ်ရောက်လာတဲ့ ဧည့်သည်ကို သူက ဟင်းကောင်းနဲ့ ဧည့်ခံချင်တယ်။ အိမ်မှာမွေးထားတ ဆိတ်ကလေးကို လည်လှီးပြီး ချက်တယ်။

အဲဒီအမျိုးသမီးဟာ ဘ၀တိုင်း ဘ၀တိုင်းမှာ သူက လည်လှီးပြီးတော့ ချက်လိုက်လို့ သူက ငရဲကျသွားတယ်။ ငရဲကလွတ်တဲ့အခါကျတော့ ဇက်ပြတ်ပြီးတော့ သေရတဲ့ဘ၀က မနည်းဘူးတဲ့။ ဒါကြောင့်မို့ တချို့ကပြောတယ်။ ဆိတ်မွေးအမျှ ခံရတယ်တဲ့။ တချို့က ထင်ကောင်း ထင်လိမ့်မယ်။ ကိုယ်က တစ်ခါတည်း သတ်တာ၊ ဘာဖြစ်လို့ ဒီလောက် ခံရတုန်းဆို လူ့ရဲ့ သန္တာန်မှာဖြစ်တဲ့ စေတနာက နည်းတာမှ မဟုတ်တာ။ အဲဒါမေးလို့ရှိရင် ကိုယ်က ပြန်မေးရလိမ့်မယ်။ သရက်ပင်စိုက်တဲ့ အခါမှာ တစ်စေ့တည်းစိုက်တာ။ အပင်ကသီးတော့ တစ်လုံးတည်း သီးသလား (သို့မဟုတ်) အများကြီး သီးသလား။ တစ်ခုတည်း လုပ်ပေမယ်လို့ အများကြီးရတယ်ဆိုတာ ထင်ရှားတယ်။

လူ့ရဲ့သန္တာန်မှာ စိတ်စေတနာတွေက မြောက်များစွာ ဖြစ်တယ်။ လက်ဖျစ်တစ်ချက်အ တွင်းမှာ စေတနာပေါင်းက ကုဋေတစ်သိန်းလောက် ဖြစ်သွားတယ်။ အဲဒီထဲမှာ အကျိုးပေးနိုင်တဲ့ စေတနာတွေ မြောက်များစွာ ပါတယ်တဲ့။ ဒါကြောင့်မို့ မြတ်စွာဘုရားက ကုသိုလ်ကောင်းမှု လုပ်တဲ့အခါမှာလည်းပဲ တိရစ္ဆာန်ကို လှူလို့ရှိရင် အဆတစ်ရာ၊ ကိုယ်ကျင့်တရား မကောင်းတဲ့ လူကိုလှူရင် အဆတစ်ထောင်တဲ့။ ဒီလိုပြောတာ။ ခုနက အကုသိုလ်အလုပ်တွေလုပ်လို့ အကုသိုလ်တွေ ဖြစ်လာပြီ ဆိုလို့ရှိရင်လည်း ဒီလိုပဲ ခံရတယ်။

အဲဒီ အမျိုးသမီးက ဧည့်သည်ကို ကျွေးမွေး ဧည့်ခံချင်တာ ဒါ ကုသိုလ်ပဲ။ ကျွေးချင် မွေးချင်တယ်၊ မှန်တယ်၊ ဒါ ကုသိုလ်။ သို့သော် ဆိတ်ကလေးကို သတ်လိုက်တာကတော့ အကုသိုလ်ပေါ့။ အဲဒီ အကုသိုလ်ကို ခံရတယ်။ ကုသိုလ်ရဲ့အကျိုးကို ခံရတာ ဒီလောက် မထင်ရှားဘဲနဲ့ လူ့ဘ၀ရလာတိုင်း ရလာတိုင်း (သို့မဟုတ်) ဘ၀တစ်ခု ရတိုင်းရတိုင်း ဇက်ပြတ်ပြီးတော့ သေရတယ်တဲ့။ အဲဒီ အကုသိုလ်က ခံလိုက်ရတာ အများကြီးခံရတယ်။ အဲဒါမျိုးကို ရည်ရွယ်ပြောတာ။ "ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ" တဲ့။ ဒီလိုခံရရင် တော်တော်လေး ကြောက်စရာကောင်းတဲ့ဟာပဲ။

အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒမာလာဘိဝ သ(Ph.D)။
ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာတရားတော်မှ ကူးယူ ပူဇော်ပါတယ်
Posted by phyo zaw


Friday, December 12, 2014

ဘဝထဲက ဆင်းရဲဒုက္ခနဲ့ပျော်ရွှင်ခြင်း


ဘဝထဲက ဆင်းရဲဒုက္ခနဲ့ပျော်ရွှင်ခြင်း

လူ့ဘဝတစ်သက်မှာ လူတိုင်းလူတိုင်း ပျော်ရွှင်ခြင်းကိုခံစားဖူးသလို ဆင်းရဲဒုက္ခ၊ အခက်အခဲတွေနဲ့ လည်း ရင်ဆိုင်ဖူးကြတယ်။ ပျော်ရွှင်ချိန်မှာ အချိန်ကတိုတောင်းလွန်းတယ်လို့ ကျွန်တော်တို့ ခံစားရတယ်။ ဆင်းရဲဒုက္ခရောက်ချိန်မှာ အချိန်ကရှည်လျားလိုက်တာလို့ ကျွန်တော်တို့ ညည်းတွား ကြတယ်။ ပျော်ရွှင်ခြင်းနဲ့ ဆင်းရဲဒုက္ခဆိုတာ ခွဲလို့မရတဲ့ အမွှာပါ။ ဘုရားသခင်က လူတိုင်း အပေါ် မျှတခဲ့ပါတယ်။ ဆင်းရဲဒုက္ခဆိုတာ ပျော်ရွှင်ခြင်းနဲ့ အမြဲတွန်တွဲနေပါတယ်။

ပျော်ရွှင်ခြင်းကို ခံစားတတ်ရင် ဆင်းရဲဒုက္ခကိုလည်း ခံစားရတတ်ပါမယ်။ ပျော်ရွှင်ခြင်းကိုခံစားတာက သင့်ရဲ့ ပြီးမြောက်ခြင်း၊ အောင်မြင်ခြင်းကို ဆတိုးစေပါတယ်။ ဆင်းရဲဒုက္ခ၊ နာကျင်ခြင်းကို ခံစားတာက သင့်ရဲ့ မိမိကိုယ်ကိုယ် ယုံကြည်မှု၊ သည်းခံစိတ်ကို ပိုတိုးစေပါတယ်။ ဆင်းရဲဒုက္ခ၊ အခက်အခဲနဲ့ ရင်ဆိုင်ရချိန် သင်တုန်လှုပ်တွေဝေပါသလား? မျှော်လင့်ချက်မဲ့တဲ့ အခြေအနေ ရောက်ချိန် မလျော့တဲ့ဇွဲနဲ့ သင်ကြံ့ကြံ့ခိုင်နိုင်ပါသလား? ဒါကတော့ သင့်ရဲ့ခိုင်မာတဲ့ယုံကြည်မှုနဲ့ ကြံ့ခိုင်တဲ့ စိတ်ဓာတ်ပေါ်မှာပဲ မူတည်ပါလိမ့်မယ်။

ဆင်းရဲဒုက္ခ၊ အခက်အခဲနဲ့ကြုံချိန် စိတ်မပျက်၊ လက်မလျော့ဘူး၊ သက်ပြင်းမချဘူး၊ ရှေ့ဆက် ခြေလှမ်းတွေ မရပ်ဘူး။ ဒါဟာ ဘဝရဲ့လေ့ကျင့်မှုတစ်ခုလို့ မှတ်ယူမယ်။ ဘဝရဲ့ ကြီးပြင်းရှင်သန်မှု တစ်ခုလို့ သဘောထားခဲ့မယ်ဆိုရင် အဲဒီအခက်အခဲတွေက သင့်ဘဝကို အရောင်စုံစုံနဲ့ ရေးခြယ် သီကုံးနိုင်ဖို့ ကူညီပါလိမ့်မယ်။

လူ့ဘဝမှာ ဆင်းရဲဒုက္ခ၊ အခက်အခဲဆိုတာ ရှိကိုရှိပါတယ်။ ဒါဟာ အောင်မြင်ဖို့အတွက် ရှေ့ဆောင် လမ်းပြပါ။ ဆင်းရဲဒုက္ခကို မကြောက်လန့်၊ မတွန့်ဆုတ်တာက အောင်မြင်စိတ်ပြင်းပြတာထက် ပိုတန်ဖိုးရှိပါတယ်။ ဆင်းရဲဒုက္ခနဲ့ကြုံချိန် မကြောက်၊ မရွံ့ဘူး။ အခြားတစ်ဘက်ကကြည့်ရင် ဆင်းရဲ ဒုက္ခဆိုတာ ကျွန်တော်တို့ရဲ့စွမ်းရည်ကို တိုးမြင့်ပေးတာဖြစ်တယ်။ ကျွန်တော်တို့ကို သန်မာအောင်၊ ရှေ့ဆက်တိုးရဲအောင် လေ့ကျင့်ပေးနေတာဖြစ်တယ်။

ဆင်းရဲဒုက္ခ၊ အခက်အခဲက လူတစ်ယောက်ရဲ့ စိတ်အားထက်သန်မှုကို လှောင်မြိုက်စေတယ်။ ငုပ်လျှိုးနေတဲ့ စွမ်းရည်တွေကို လှုပ်နှိုးစေပြီး အောင်မြင်မှုပန်းတိုင်ဆီ အရောက်လှမ်းစေတယ်။ ထက်မြက်သူတွေ၊ ကြံ့ခိုင်သူတွေက “ကျရှုံးခြင်း”ကို “အင်အား”တစ်ရပ်အဖြစ် ပြောင်းလဲတယ်။ ကမာကောင်တွေလို သဲဆိုတဲ့အနှောင့်အယှက်ကို လှပတဲ့ပုလဲအသွင်ပြောင်းတယ်။

မိုးသက်လေပြင်းဆိုတာမရှိရင် လှပတဲ့သက်တန့်ဆိုတာလည်း မပေါ်နိုင်ပါဘူး။ မဆုံးရှုံးဖူးတဲ့လူ့ဘဝက လှပပြည့်စုံတဲ့ဘဝ မဟုတ်ဘူး။ ကျရှုံးခြင်းကိုအောင်နိုင်ပြီးမှ ရလာတဲ့ အောင်မြင်မှုမျိုးက သင့်ကို ပိုယုံကြည်မှုတိုးစေတယ်။ ပိုအားရကျေနပ်စေတယ်။ လူ့ဘဝကို ပိုလှပစေပါတယ်။

တကယ့်အောင်မြင်တဲ့လူတွေက ကျရှုံးခြင်းများစွာနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ပြီးမှ အောင်မြင်လာတာ ဖြစ်တယ်။ ဆင်းရဲဒုက္ခကို မခံစားဖူးသူဟာ အောင်မြင်ခြင်းရဲ့ပျော်ရွှင်မှုကိုလည်း မခံစား တတ်ခဲ့ပါဘူး။

လူ့ဘဝကို အလွယ်တကူ လက်မလွတ်ပါနဲ့။ ရှည်လျားတဲ့လူ့ဘဝမှာ ဘယ်သူကမှ အရာရာ အဆင်ပြေချောမွတ်ကြတာ မဟုတ်ဘူး။ လူတိုင်းလူတိုင်း ဆင်းရဲဒုက္ခ၊ အခက်အခဲနဲ့ မလွဲမသွေကြုံကြရတယ်။ ဆင်းရဲဒုက္ခနဲ့ ရင်ဆိုင်တွေ့ကြုံခဲ့ရသူတိုင်းဟာ ပိုကြံ့ခိုင်သန်မာလာတယ်၊ ပိုရင့်ကျက်လာတယ်၊ ပိုသတ္တိရှိ ရဲရင့်လာတယ်။ အောင်မြင်မှုနဲ့ ပိုနီးကပ်လာပါတယ်။ ဆင်းရဲဒုက္ခက လူကိုအတွေ့အကြုံတွေ ပိုတိုးစေရုံမက ဘဝကိုလည်း မပြတ်မြင့်တင်ပေးပါတယ်။ ဆင်းရဲ ဒုက္ခကြောင့် လူ့ဘဝကို ပိုတန်ဖိုးထားသင့်၊ ပိုချစ်ခင်မြတ်နိုးသင့်ကြောင့် ကျွန်တော်တို့ကို ပိုနားလည် စေခဲ့ပါတယ်။

ဘဝက ကျွန်တော်တို့ရဲ့ကိုယ်ပိုင်ပါ။ အနာဂတ်ဆိုတာလည်း ကျွန်တော်တို့ရဲ့ကိုယ်ပိုင်ပါပဲ။ ပျော်ရွှင်ခြင်း ဆိုတာကလည်း ကျွန်တော်တို့ရဲ့ကိုယ်ပိုင်ပါပဲ။ ဒါကြောင့် ဘဝကို ပိုတန်ဖိုး ထားရပါတယ်။ ဆင်းရဲဒုက္ခက ကျွန်တော်တို့ကို ရှေ့တိုးအောင်၊ အတွေ့အကြုံ၊ ရင့်ကျက်မှုတွေ စုပေးနိုင်သလို တစ်ဘက်မှာလည်း ချောက်နက်ထဲကို တွန်းပို့နိုင်ပါတယ်။ ဒါကြောင့် မှန်ကန်တဲ့ စိတ်နေ သဘောထားနဲ့ ကျွန်တော်တို့ ပြုမူဆက်ဆံရပါတယ်။ ဆင်းရဲဒုက္ခရဲ့အကျိုးကို မှန်မှန်ကန်ကန် နားလည်ပြီး အဲဒီဆင်းရဲဒုက္ခကို အင်အားတစ်ရပ်အဖြစ် ပြောင်းလဲမယ်။ အောင်နိုင်မယ်ဆိုရင် ဘယ်လိုအခက်အခဲကမှ သင့်ကိုနလန်မထအောင် မတွန်းဖြိုနိုင်ပါဘူး။

လူ့ဘဝမှာ ပျော်ရွှင်ခြင်းက ကျွန်တော်တို့ကို ပြုံးပျော်ကြည်နူးမှုတွေပေးတယ်။ ဆင်းရဲဒုက္ခက ကျွန်တော်တို့ကို ပြန်လည်တမ်းတမှုတွေပေးတယ်။ လူ့တစ်သက်မှာ တကယ့်ပျော်ခဲ့ရတဲ့ ပျော်ရွှင်ခြင်းတွေကို ကျွန်တော်တို့ သတိမရတတ်ကြဘဲ ဆင်းရဲဒုက္ခ နာကျင်ခြင်းတွေကိုကျတော့ တော်ရုံနဲ့ မမေ့တတ်ကြဘူး။ ဆင်းရဲဒုက္ခ၊ နာကျင်ခြင်းတွေကို ကျွန်တော်တို့ရှောင်လို့လည်းမရ၊ ငြင်းဆန်လို့လည်းမရတဲ့အခါ ဖြစ်လာသမျှ ဆင်းရဲဒုက္ခတွေကို အပြုံးနဲ့ရင်ဆိုင်ပြီး အင်အား တစ်ရပ်အဖြစ် ဘာဖြစ်လို့ ကျွန်တော်တို့မပြောင်းနိုင်ရမလဲ?

လက်ခံတတ်အောင် သင်ယူပါ။ သည်းခံတတ်အောင် သင်ယူပါ။ ခံစားတတ်အောင် သင်ယူပါ။ ခွင့်လွှတ်တတ်အောင် သင်ယူပါ။ တန်ဖိုးထားတတ်အောင် သင်ယူပါ။ ကိုယ်ချင်းစာတတ်အောင် သင်ယူပါ။ ဒါမှ သင့်ဘဝဟာ ပိုထွန်းတောက် အရောင်စုံပါလိမ့်မယ်။

original post from --- http://www.duwenzhang.com

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Thursday, December 11, 2014

အဆင့်မြင့်လူပျိုကြီးပဲ လုပ်တော့မယ်


အဆင့်မြင့်လူပျိုကြီးပဲ လုပ်တော့မယ် 
အဆင့်မြင့်လူပျိုပိစိကွေး

တစ်နေ့ က ကျောင်းနေဘက် သူငယ်ချင်း တစ်ယောက်နဲ့  ဖုန်းထဲကပဲ စကားပြောဖြစ်ပါတယ်။ သူ သိပ်မကြာသေးခင်ကပဲ မင်္ဂလာဆောင်လိုက်တယ်ဆိုတဲ့ အကြောင်း၊ အစစ၊အရာရာ အားလုံး အဆင်ပြေတယ်ဆိုတဲ့ အကြောင်း စသဖြင့် ပြောပြနေလိုက်တာ စုံလို့ ၊ စိလို့ ပါပဲ။

လေးတန်းနှစ်လောက်က ရှင်လေးမော်ကို သူမေးခဲ့ဖူးတာလေး အမှတ်ရမိပြန်ပါတယ်။ အသက်ကြီးလာရင် မင်းက ဘာလုပ်မှာလဲတဲ့။ ရှင်လေးမော် မယားတဲ့ခေါင်းကို လက်နဲ့  ထပ်တလဲလဲကုတ်ရင်း စဉ်းစားပြီးမှ “ငါကတော့ အသက်မွေးဝမ်းကြောင်း ပညာတစ်ခု ကျွမ်းကျင်အောင် သင်ယူမယ်ကွာ။ ပြီးတော့ တစ်ယောက်ထဲ အေးအေးလူလူရှိလှတဲ့ လူပျိုကြီးပဲ လုပ်မယ်ကွာ”လို့  ပြန်ဖြေခဲ့ဖူးပါတယ်။

မင်း လူပျိုကြီး လုပ်မယ်ဆိုရင် အဆင့်မြင့်လူပျိုကြီးပဲ လုပ်ပေါ့တဲ့။ ရှင်လေးမော်လည်း နားမလည်တာနဲ့ အဆင့်မြင့် လူပျိုကြီးဆိုတာ ဘယ်လိုဟာမျိုးလဲ ချက်ချင်းပဲ မေးကြည့်လိုက်ပြန်တော့ “ဘုန်းကြီးဝတ်တာကို ပြောတာကွ”တဲ့။ ရှင်လေးမော်လည်း အဲဒီကတည်းက အဆင့်မြင့်လူပျိုကြီးဆိုတဲ့ စကားလုံးကို ဘာကြောင့်လဲတော့ မသိ၊ ထပ်တလဲလဲ ရေရွတ်မိခဲ့ပါတယ်။ အဲဒီစကားလုံးလေးဟာ ဘ၀မှာ နှစ်သိမ့်စရာ တစ်ခုအဖြစ်လည်း ပါဝင်ခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ်ပေါ့…သူငယ်ချင်းရယ်…။ မင်းပြောတဲ့ အဆင့်မြင့် လူပျိုကြီးဆိုတဲ့ ဘ၀လမ်းကို ရှင်လေးမော် တစ်ယောက် လျှောက်လှမ်း လာလိုက်တာ လမ်းတစ်ဝက်ကျော်ကျော်တောင် ရောက်နေမိပါပေါ့။ မင်းကတော့ ချစ်ဦးသက်လျာရဲ့ လက်ကိုတွဲကာ၊ တစ်သက်ကို မခွဲချင်ပါဆိုပြီး မင်္ဂလာဦးမှာ အလင်္ကာကျူးနေပြီပေါ့နော်။ အဲ… ဘယ်ရောက်ကုန်တာလဲ မသိ။ ဘာမှလည်း မဆိုင်ဘူး။ ရှိစေတော့……။

အဲဒီသူငယ်ချင်း သူ့ အသက် ငယ်ငယ်လေးနဲ့ မိန်းမရမှာကိုလည်း ရှင်လေးမော်တစ်ယောက် ရိပ်မိခဲ့ပါတယ်။ ဘာလို့ လဲဆိုတော့ သူငယ်ငယ်က မင်္ဂလာဆောင်နဲ့ ပတ်သတ်တဲ့ သီချင်းခွေမှန်သမျှ အကုန်ဝယ်ပြီး နားထောင်တတ်ပါတယ်။ အလွတ်လည်း ကျက်လေ့ရှိပါတယ်။ ကျောင်းမှာ လူစုစုရှိတဲ့ နေရာတွေမှာဆိုရင် အသံကွဲကြီးနဲ့  အစွမ်းပြ ဟစ်တော့တာပါပဲ။

ကစားပြီဆိုရင်လည်း မင်္ဂလာဆောင်နဲ့ ပတ်သတ်တဲ့ ကစားနည်းတွေပဲ ကြံကြံဖန်ဖန် လုပ်ကစားတတ်ပါတယ်။ သူကိုယ်တိုင် သတိုးသား လုပ်ချင်လုပ်ပါတယ်။ ဒါမှမဟုတ် တခြားတစ်ယောက်ကို သတိုးသား လုပ်ခိုင်းပြီး သူက မင်္ဂလာဆောင် ဧည့်ခံသီချင်းတွေ ဆိုတော့တာပါပဲ။ ပြီးတော့ သူအဲဒီလို ကစားတဲ့ အခါတိုင်း ရှင်လေးမော်ကို သူပြောနေကျ စကားတစ်ခွန်းက “အဆင့်မြင့်လူပျိုကြီး လုပ်မယ့် သူဆိုတော့ မင်းက မင်္ဂလာဦးတရား ဟောရမယ့် ဘုန်းကြီး နေရာက သရုပ်ဆောင်ကွာ” တဲ့။ ကဲ….မှတ်ကရော…။ ဆယ်ခါပြန်သာ သေလိုက်စမ်းပါတော့…ရှင်လေးမော်ရယ်။ ဒီလောက် လူပျိုကြီးလုပ်ချင်လှတာ။

အခုလည်း ကြည့်လေ။ တွေ့ တာနဲ့  ဇနီးမောင်နှံတို့  လိုက်နာစရာ မင်္ဂလာ တရားလေး ဟောပေးပါဦးဘုရားတဲ့။ အော်.. ခက်လှချေစွ၊ သူငယ်ချင်း ဒကာလေးရယ်။ အဆင့်မြင့်လူပျို ပိစိကွေး ရှင်လေးမော် မင်္ဂလာဆောင်နဲ့ ပတ်သက် တဲ့ တရားမျိုးကိုတော့ မဟောခိုင်းလိုက်ပါနဲ့ လားကွယ်၊ တကယ် မဟောတတ်သေးပါဘူး။ ငယ်ငယ်တုန်းကသာ မင်္ဂလာဆောင်တရားနဲ့  ဆိုင်ဆိုင်၊မဆိုင်ဆိုင် ရတဲ့ ဂါထာရွတ်ပြီးတော့ ကလေးသဘာဝအလျောက် ပျော်ရရင် ပြီးရော လုပ်ရတာပါကွယ်လို့  ပြန်ပြောလိုက်ပါတယ်။

ဒီလိုပြောလို့ လည်း သူက မရပါဘူး။ တစ်ခုခုတော့ ဟောကိုဟောပေးရမယ်တဲ့။ သူက ဇွတ်အတင်းကြီး ဟောခိုင်းနေသလို၊ ဘေးနားက “ဟုတ်တယ် ဘုန်းဘုန်း ဟောပေးပါဦး” ဆိုပြီး မာတုဂါမအသံနဲ့  တစ်ယောက်က အော်ပြီးပြောလိုက်တာကိုလည်း ကြားရပါသေးတယ်။

ဒါနဲ့  အနားက ဘယ်သူလဲဆိုတာ မေးကြည့်လိုက်တော့ ကြွားလုံး အသားကုန်ထုတ်ပြနေတဲ့ လေသံနဲ့  တပည့်တော် ချစ်ဇနီး ပူပူနွေးနွေးလေးပါတဲ့။ သူမင်္ဂလာဆောင်လိုက်တဲ့ ဇနီးကိုနာမည်ကို မေးကြည့်ပြန်တော့လည်း ရှင်လေးမော်နဲ့  သူ့ ဇနီးက မောင်နှမ ၀မ်းကွဲတော်ပါသေးတယ်။ ရှည်ပြီး မေးမိတဲ့ ရှင်လေးမော် ပါးစပ်နဲ့ ၊ ကြားလိုက်ရတဲ့ နားကိုသာ ဖြစ်နိုင်ရင် ပလာစတာနဲ့  ပိတ်ထားလိုက်ချင်ပါတော့တယ်။ မေးမိခဲ့တာရယ်၊ ကြားရတာရယ် မျက်နှာပူမိလွန်းလို့ ပါ။ အော်…ဘုန်းကြီးဆိုတာ မျက်နှာပူစရာ တစ်ဖတ်သက် ရောက်ဖသာ ဖြစ်ရတဲ့ ဘ၀ပါလားကွယ်။

ဇွတ်အတင်းကြီး ဟောခိုင်းနေပြန်တော့လည်း ရှင်လေးမော်တစ်ယောက် မငြင်းသာတော့လေပြီ။ နှမတော်ကလည်း သူပြောတဲ့ ဇနီး ပူပူနွေးနွေးလေး နေရာက ၀င်သရုပ်ဆောင်နေပြန်တော့ သူတို့  အိမ်ထောင်ရေး အဆင်ပြေစေဖို့ ၊ နာဖူးထားတဲ့ ကြာနီကန်ဆရာတော်ရဲ့ တရားကိုပဲ မော်ဒန်ကျကျ လေသံတစ်မျိုးနဲ့  အောက်ပါအတိုင်း ဟောပေးလိုက်ပါတော့တယ်။ (အသံအတက်အကျ မှန်မှန်နဲ့ သာ ဖတ်စေလို) အဟမ်းး)

အဂုင်္တ္တရနိကာယ် မြတ်စွာဘုရား ဟောကြားခဲ့တယ်။ ထင်ရှားအောင် နာစေချင်တယ်။
မာတုဂါမသုတ်ဝယ်၊ အဟုတ်ကို ထုတ်ပြတယ်။

အိမ်ထောင်ရှင် လင်သား၊ ယောက်ျားများရဲ့ အတွက်ကိုကွယ်။ ဗုဒ္ဓဘဂ၀ါရယ်၊ ပုရိသသုတ် ထုတ်ဆောင်ပြခဲ့တယ်။

ရုပ်ရည်လည်း ချောရမယ်၊ ဥစ္စာလည်း ပေါရမယ်၊ အကျင့်သီလ နှော..လို့ ၊ မပျင်းရိတဲ့ သဘောနဲ့ ၊ သားသမီးလည်း ရရမယ်။ အဲဒါမှ လင်နဲ့ မယား အများကြီး ချစ်နိုင်တယ်..။


ကဲ….ချစ်သူငယ်ချင်းနဲ့  ချစ်ညီမရေ…။ ဟောခဲ့တဲ့ တရားဋီကာကိုတော့ မင်းတို့ ကိုယ်တိုင်ပဲ ခေါင်းချင်းဆိုင်ပြီးသာ အသရေ ချဲ့ထွင်ကြကုန်ရာ သတည်း။ မင်္ဂလာဦးမှသည် ရွှေရတု၊ စိန်ရတုတိုင်အောင် ပျော်ရွှင်စွာ လျှောက်လှမ်းနိုင်ကြစေရာ သတည်း။ မင်းတို့ ဇနီးမောင်နှံနှစ်ဦးရဲ့ ကောင်းချီးသြဘာ၊ ထောပနာ မင်္ဂလာသတင်းသံတွေ အလျှံဝေဘုန်း မိုးလုံးပြည့် လွှမ်းစေရာ သတည်း။ ဘာတွေလဲတော့ မသိဘူး။ ဘာပဲဖြစ်ဖြစ် သာဓု…သာဓု… ခေါ်လိုက်ကြစမ်းဟဲ့…..အကြိမ်ကြိမ်။


By မော်ကွန်းသစ်