Thursday, December 4, 2014

မိဘစကား


မိဘစကား

လောက၌ မိဘစကားကို နားထောင်သော သူများ ကြီးပွားတိုးတက် ကြသကဲ့သို့ မိဘစကား နားမထောင် မိကြ၍ နောင်တတစ်ဖန် ပူပန်ခြင်း များစွာဖြင့် ဒုက္ခပင်လယ် ဝေရသူများလည်း ရှိ၏။ မည်သည့် မိဘမဆို မိမိတို့ သားသမီးများ အပေါ် ဆိုးစေလိုသော ဆန္ဒမရှိ၊ ကောင်းစေလိုသော ဆန္ဒသာ ရှိ၏။ ကောင်းစေလိုသော သဘောဖြင့်သာ ပြောဆိုဆုံးမ တတ်ကြပါသည်။

သို့သော် အချို့သော သားသမီး တို့က ''အဖေက ဘာသိလို့လဲ။ အမေ မသိဘဲနဲ့ ပြောနေပြန်ပြီ၊ အဖေ နားမလည်ပါဘူး၊ အမေ မသိပါဘူး ... '' ဟု ဆိုကာ ကိုယ်ထင်ရာ ကိုယ်စိုင်း တတ်ကြသဖြင့် ဒုက္ခနှင့် ရင်ဆိုင်ရသူ ဒုနှင့်ဒေး ရှိ၏။

မြန်မာ ဆိုရိုးစကား၌ ''မိဘစကား၊ နားထောင်ငြား၊ သံပြား ကျောက်စောင်း၊ ကြိုသော်ပျောင်း'' မိဘစကား၊ နားထောင်လျှင် မိမိ သွားရမည့် လမ်းခရီးတွင် သံပြားကျောက်စောင်းများ ကြိုဆီးနေစေကာမူ မိဘ၏ ဂုဏ်ကျေးဇူး ကြောင့် ပျော့ပျောင်း သွားကြရသည်ဟု လည်းကောင်း၊ ''မိဘစကား နားမထောင်၊ သားတစ်ကောင် နှင့် တိုးလိုးတွဲလဲ '' မိဘစကား နားမထောင်သော သမီးသည် အိမ်ထောင်ရေး၌ ဒုက္ခ ရောက်တတ်သည် ဟု လည်းကောင်း ပြဆိုထား ပါသည်။

မိဘစကား နားမထောင်မိ၍ ခိုးသားဓားပြ တို့၏ ရိုက်ပုတ်ခြင်း ခံရပြီး ပစ္စည်းများလုယူ ခံရသူ တစ်ဦးအကြောင်း ကို စာပေကျမ်းဂန် မှ ထုတ်နုတ် တင်ပြလို ပါသည်။

ရှေးအခါ ဗာရာဏသီပြည် ဗြဟ္မဒတ် မင်းကြီး လက်ထက်တွင် အလှူ မင်္ဂလာပွဲ၊ နတ်ပွဲများ၌ စည်တီး၍ အသက်မွေး ဝမ်းကျောင်း ပြုသော သားအဖရှိ၏။ တစ်နေ့သော အခါ သူတို့ သားအဖသည် နတ်ပွဲ တစ်ခုသို့ သွားရောက် တီးရသဖြင့် ခိုးသား ဓားပြတို့ ခိုအောင်းရာ တောအုပ်ကြီး အတွင်း ဖြတ်သန်း ရလေသည်။

သားဖြစ်သူသည် တောအုပ်တွင်း ဖြတ်သန်းစဉ် ပြည့်ရှင် မင်းကြီး၏ စည်တီးသံဟု မှတ်ယူပြီး ခိုးသားဓားပြတို့ ထွက်ပြေး စေရန် လမ်းတစ်လျှောက် စည်ကို အဆက်မပြတ် ကျယ်လောင်စွာ တီး၍ လိုက်လာ လေသည်။ ထိုအခါ ဖခင်ဖြစ်သူက မင်းကြီး၏ စည်သည် ရံဖန်ရံခါမှ တီးသည် ဖြစ်၍ စည်ကို အဆက်မပြတ် မတီးရန် သားဖြစ်သူကို သတိပေး ဆုံးမ၏။ သို့သော် သားဖြစ်သူက ဖခင်၏ သတိပေး ဆုံးမမှုကို မနာယူဘဲ စည်ကို အဆက်မပြတ် တီးခတ် လိုက်ပါ လာလေသည်။

ထိုစဉ်တွင် တောအုပ် အတွင်းရှိ ခိုးသားဓားပြ တို့စုရုံး ရောက်ရှိလာပြီး ထိုသားအဖကို ရိုက်ပုတ်၍ စည်တီး ဖျော်ဖြေရာမှ ရရှိလာသော ငွေအသပြာ များကို လုယက် ထွက်ပြေးကြ လေသည်။ ဤကား ငါးရာ့ငါးဆယ် နိပါတ်တော် လာ ဇာတ်တော် ဖြစ်ပါသည်။ အလားတူ သာဓကများ၊ အဖြစ်အပျက်များ လောက၌ များစွာ ရှိလေသည်။

ပစ္စုပ္ပန် မျက်မှောက်ခေတ် တွင်လည်း မိမိတို့ ပတ်ဝန်းကျင်ကို လေ့လာကြည့် ပါလျှင် မိဘစကား နားထောင်သူ များနှင့် နားမထောင် သူများ ဘဝ အနေအထား ခြားနားပုံကို တွေ့မြင်ရမည် ဖြစ်၏။ မိဘတို့ မည်သည် လမ်းကောင်း ကိုသာ ညွှန်ပြ တတ်၏။ လမ်းမှားကို ပြလေ့ မရှိပေ။ ကောင်းသောလမ်း၊ ကောင်းသော အဆုံးအမ စကားတို့ဖြင့် သားသမီးတို့ အပေါ် ပြောဆိုဆုံးမ တတ်ကြ ပါသည်။ မိဘစကား မြေဝယ်မကျ နားထောင် တတ်သော သားသမီး တို့သည် ဘဝ အဆင့်ဆင့် တက်လှမ်း နိုင်ကြကုန်၏။

သို့ပါ၍ လူငယ်လူရွယ် တို့သည် မိဘ၊ ဆရာသမား တို့၏ ဆိုဆုံးမမှုများ အပေါ် ရိုသေ လေးစားစွာ နာခံ ဆောင်ရွက် ခြင်းဖြင့် ဘဝလမ်းကြောင်း ဖြောင့်ကာ တစ်ဆင့်ထက် တစ်ဆင့် တက်လှမ်းလျက် ဘဝတွင် တိုးတက် အောင်မြင် ကြမည်သာ ဖြစ်ပါသည်။

ဦးကျော်စိန် (မန္တလေး)
#ရတနာပုံနေ့စဉ်


Wednesday, December 3, 2014

ရုန်း


ရုန်း 

ချစ်ခင်မြတ်နိုးတွယ်တာတယ်ဆိုတဲ့ သံယောဇဉ်တွေနဲ့ ကျွန်တော်တို့ဟာ သိပ်ကိုပျော်မွေ့ကြတယ်။ ရွှင်ပြုံးကြည်သာမှု့တွေဖြစ်တယ်။ အဲဒီသံယောဇဉ်တွေကြောင့်ပဲ ကျွန်တော်တို့ဟာ စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲတွေဖြစ်ပြန်ရော။ ရင်ဘတ်စည်တီးရှိုက်ကြီးတငင် ငိုကြွေးရတာတွေလည်းရှိတယ်။ သံယောဇဉ်တွေကနေ ထွက်မြောက်နိုင်ရင် ကောင်းမယ်ဆိုတာသိတယ်။ သိပါတယ်ဗျာ။
ခင်ဗျားတို့ကြားဖူးမယ်ထင်ပါတယ်၊

တစ်နေ့ ရဟန်းတော်အချို့ သာဝတ္တိမြို့အတွင်း ဆွမ်းခံကြွနေတုန်းမှာ မင်းအမိန့်နဲ့ဖမ်းမိတဲ့ ခိုးသူတွေ ကို သံခြေချင်းတွေခတ်၊ ခြေတွေလက်တွေမှာ ကြိုးတွေနဲ့ အခိုင်အခံ့ချည်ပြီး လှောင်အိမ်ထဲ သွင်းနေတာကို မြင်တွေ့ကြတယ်။ ညနေချမ်းရောက်တဲ့အခါမှာ အဲဒီရဟန်းတွေက ဂေါတမ မြတ်စွာဘုရားထံသွားပြီး သူတို့မြင်ခဲ့ရတဲ့ ခိုးသူတွေ နှောင်ဖွဲ့ခံရပုံကို ပြောကြားလျှောက်ထားမိ ကြတယ်။

အဲဒီအခါမှာ ဂေါတမမြတ်စွာဘုရားက သံခြေချင်း၊ ကြိုးစတဲ့အရာတွေနဲ့ နှောင်ဖွဲ့ထား တာဟာ မပြောပလောက်သေးပါဘူး။ ဥစ္စာ၊ စပါး၊ သားမယားစသည်တို့မှာ တပ်မက်တွယ်တာခြင်း ဆိုတဲ့ တဏှာကိလေသာ အနှောင်အဖွဲ့က အဆအရာအထောင်အသိန်းမက ပိုပြီးခိုင်မြဲတယ်။  သံဖြင့် ပြုလုပ်ထားသော သံခြေချင်းအနှောင်အဖွဲ့၊ သစ်သားဖြင့်ပြုလုပ်ထားသော ထိတ်တုံးအနှောင်အဖွဲ့၊ မြက်လျှော်ဖြင့်ပြုလုပ်ထားသော နှောင်ကြိုးအဖွဲ့ကို ခိုင်ခံ့သော၊ မြဲမြံသော အနှောင်အဖွဲ့ဟု မဆိုကြကုန်။

ပတ္တမြားနားတောင်း စသည့် ရတနာတို့၌ တွယ်တာငဲ့ကွက်ခြင်း တဏှာ….. ဤတဏှာ အနှောင်အဖွဲ့မျိုးကိုသာ ခိုင်ခံ့သော၊ မြဲမြံသော အနှောင်အဖွဲ့ဟု ပညာရှိတို့ ဆိုကုန်၏။ ပညာရှိတို့ကတော့ အဲဒီတဏှာကိလေသာဆိုတဲ့ အနှောင်အဖွဲ့ကို ရုန်းဖြတ်ပြီးတော့ ထွက်ကြတယ် လို့ ဂေါတမမြတ်စွာဘုရားက ပြောပြ၊ ဟောပြတယ်။

ကိလေသာနှောင်ကြိုးတွေကနေ ရုန်းထွက်ဖြတ်တောက်နိုင်ကြသူ ပညာရှိသူတွေကို အားကျမိပါ တယ်ဗျာ။ ဒီလိုအားကျခြင်းနဲ့အတူ………သံယောဇဉ်ကြိုး၊ ဆယ်မျိုးခိုင်ခိုင် ချုပ်ထား တုပ်ထား လှုပ်အားမနိုင်။ “ကာမထောင်တွင်း၊ နှောင်တွင်းပိုင်ပိုင်၊ မှတ်ကရော့၊ ခတ်သော့သံချည်တိုင်” ဆိုတဲ့ ဓမ္မကဗျာလေးကိုလည်း အမှတ်ရတယ်။

အမှတ်ရခြင်းနဲ့ကပ်ပြီး ထိတ်လန့်ခြင်းကလည်းပါလာတယ်။ ချည်နှောင်ထားတဲ့ သံကြိုးကြီးတွေခိုင်တဲ့အထဲမှာ ကျွန်တော်တို့သံတိုင်ကြီးတွေနဲ့ ပူးတွဲပြီး မရုန်းနိုင်အောင် သော့ခတ်ထားရသလို ခံစားရတဲ့အဖြစ်ကြောင့်ပါ။

ကျွန်တော်တို့လို အသက်ကြီးလာတဲ့ လူကြီးတွေနဲ့ဆိုင်တဲ့ အဖြစ်အပျက် တစ်ခုရှိသေးတယ်။ ကောသလမင်းကြီးမှာ ပါဝေယျကလို့ခေါ်တဲ့ ဆင်ကြီးရှိခဲ့တယ်။ ဒီဆင်ကြီးဟာ အသက်ငယ်ရွယ် နုပျိုစဉ်က အလွန်ခွန်အားဗလကောင်းတယ်။ စစ်တိုက်တဲ့နေရာမှာ အင်မတန်ကျွမ်းကျင်တယ်၊ သတ္တိပြောင်မြောက်တယ်။ အခုတော့ ဒီဆင်ကြီး အိုလာပြီ၊ ဒါနဲ့ မင်းကြီးက ဆင်အိုကြီးကို ဘေးမဲ့ပေးလိုက်တယ်။

တစ်နေ့မှာ အဲဒီဆင်ကြီးဟာ အိုင်းတစ်ခုထဲကိုဆင်းရင်း နွံမှာနစ်သွားတယ်။ ဆင်ကြီးဟာ ညွန်ထဲက လွတ်မြောက်အောင်ရုန်းတယ်။ ဒါပေမယ့် ဇရာကထောင်းပြီဆိုတော့ ရုန်းအားမကောင်းဘူး ဖြစ်နေတယ်။ ဒီအဖြစ်ကို ကောသလ မင်းကြီးကြားသိတဲ့အခါမှာ ဆင်ကြီးကိုညွန်ထဲက ထုတ်ဆောင်ဖို့အတွက် ဆင်ဆရာကို လွှတ်လိုက်တယ်။ ဆင်ဆရာက ဆင်ကြီးကိုညွန်ထဲက ထုတ်ဆောင်ဖို့သွားတဲ့အခါမှာ စစ်ချီစစ်ထိုးတဲ့အခါ အသုံးပြုတဲ့ စစ်ပွဲစည်ကြီးကိုယူသွားတယ်။ စည်တွေမောင်းတွေ သယ်သွားတယ်ဆိုပါတော့။

ညွန်နစ်နေတဲ့ ဆင်ကြီးထံရောက်တော့ ဆင်ဆရာက စစ်ပွဲကိုပြပြီး စစ်ပွဲစည်ကြီးကိုတီးတယ်။ တစ်ကယ်စစ်ထိုးတော့မယ့် အခြေအနေမျိုးဖြစ်အောင် တပည့်နောက်လိုက်နောက်ပါတွေနဲ့ ပူးပေါင်းဖန်တီးပြီး စစ်ကြွေးကြော်သံတွေနဲ့ စည်တို့မောင်းတို့တီးပေးပါလိမ့်မယ်။ ဒီအခါမှာ ဆင်ကြီးဟာ ရဲစိတ်ရဲမာန်တွေ တက်ကြွလာပြီး တအားရုန်းလိုက်တာ တစ်ခါတည်း ကုန်းပေါ် ရောက်သွားတယ်။

ဒီလိုဆင်ကြီး ညွန်ထဲက ရုန်းထွက်နိုင်တဲ့အဖြစ်ကို မြင်ခဲ့ကြရတဲ့ ရဟန်းတော်တွေက ဂေါတမမြတ်စွာဘုရားကို လျှောက်ထားကြတယ်။ ဒီအခါမှာ ဂေါတမမြတ်စွာဘုရားက ရဟန်းတော်တွေကို…..မမေ့လျော့ခြင်း အပ္ပမာဒတရား၌ မွေ့လျော်ကြကုန်လော့၊ မိမိစိတ်ကို စောင့်ရှောက်ကြလော့၊ ညွန်၌နစ်သောဆင်သည် မိမိကိုယ်ကို ညွန်ပျောင်းမှ ထုတ်ဆောင်သကဲ့သို့ ကိလေသာညွန်ပျောင်းမှ မိမိကိုယ်ကိုထုတ်ဆောင်ကြ….လို့မိန့်တော်မူတယ်။

အဲဒီဂေါတမမြတ်စွာဘုရားရဲ့စကားဟာ ကျွန်တော်တို့နဲ့ တိုက်ရိုက်သက်ဆိုင်နေတဲ့ စကားဗျ။ ဒါပေမယ့် ကျွန်တော်တို့မှာ ဖြစ်နေတာက ခိုင်ခံ့လွန်းတဲ့ သံတိုင်ကြီးမှာ သံကြိုးတွေနဲ့ ရစ်ပတ်နှောင်ဖွဲ့ပြီး သော့ခတ်ထားတဲ့ ကျွန်တော်တို့ကို ဘယ်သူများလာပြီးသော့ဖွင့်ပေးပါ့မလဲ၊ ကိလေသာညွန်ထဲက ရုန်းထွက်နိုင်အောင် ဘယ်သူများလာပြီး စည်တီးရင်း အားပေးပါ့မလဲလို့ မျှော်နေမိတဲ့အဖြစ်ပါဗျာ၊

နေပါဦး၊ ခင်ဗျားတို့ကတော့ မရုန်းဘူးလား၊ ဘယ်လိုလဲ၊ မရုန်းကြတော့ဘူးလား…….. မရုန်းဘူးလား…..မရုန်းကြတော့ဘူးလားဟု အထက်ပါပုဂ္ဂိုလ်က မေးနေသော်လည်း ကျွန်တော်တို့ လူစုဘက်မှ စကားပြန်မရဘဲ တိတ်ဆိတ်စွာ ထိုင်လျက်ရှိသော ထိုနေ့ကမြင်ကွင်းကို မြင်ယောင်ဆဲ ရှိနေပါသည်။

နန္ဒာသိန်းဇံ၏ မနက်ဖြန်များကိုဖြတ်သန်းနေသောစိတ်ကူးများ စာအုပ်မှ 

By ရွှေရိုးလေး

Tuesday, December 2, 2014

ခေါင်းဆောင်နှင့် နောက်လိုက်ငယ်သား


စာသင်တိုက် တည်သော် …. (သို့)
ခေါင်းဆောင်နှင့် နောက်လိုက်ငယ်သား

 "ထွန်းထွန်းကားကား၊ ယောကျာ်းတစ်ဆူ၊ ထိုသသူလျှင်၊ လူ၌သော်လည်း၊ ရနိုင်ခဲ၏၊ နက်နဲသိမြော်၊ ကြီးမြင့်သော်မူ၊ လေးဖော် မျိုးစစ် မှီရာဖြစ်လိမ့် …။" (ကိုးခန်းပျို့)

    ကြီးကျယ်မြင့်မား ထွန်းကားသော ဘုန်းကံပါရမီ ပညာရှိသူမှသာ လောကအတွက် ဆောင်ရွက်နိုင် သာသနာအတွက် ဆောင်ရွက်နိုင် သာသနာပြုနိုင်သည်။ ယခုခေတ်မှတော့ “သာသနာပြု”ဟူသော နာမည်ဖြင့် လုပ်ဆောင်တာတွေ များစွာရှိပေသည်။ ထိုတွင် စစ်မှန်သော သာသနာပြုလုပ်ငန်းမှာ (၂)မျိုးသာ ရှိသည်။

 ထို နှစ်မျိုးကား -
(၁) ပရိယတ္တိ လုပ်ငန်း - စာသင်တိုက် တည်ထောင်၍ စာပေပို့ချခြင်း။
(၂) ပဋိပတ္တိ လုပ်ငန်း   - တရားရိပ်သာ တည်ထောင်၍ တရားပြ တရားဟောခြင်း တို့ပင်ဖြစ်သည်။
ဓမ္မကထိကများမှာ နှစ်နံပါတ်နေရာတွင် ပါဝင်ပေမည်။ ထိုတွင် ရိပ်သာဖွင့်လှစ် တည်ထောင်ခြင်းထက် စာသင်တိုက်ဖွင့်လှစ် တည်ထောင်ခြင်းက ပိုမိုခက်ခဲသည်။
  
သာမန် သဒ္ဓါ ပညာ ဝီရိယများဖြင့် စာသင်တိုက် တည်ထောင်ဖွင့်လှစ်နိုင်ကြမည် မဟုတ်ပါ။ စာသင်တိုက် တည်ထောင်လျှင် စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး၊ အုပ်ချူပ်ရေး တို့ကို တာဝန်ယူရရုံမျှမက စာသင်သားတို့အား ကိုယ်, နှုတ်, နှလုံး သုံးပါးအစဉ် ယဉ်ကျေးအောင် ထိန်းကျောင်း သွန်သင်ပေးရသေးသည်။

 ထို့ပြင် စာသင်တိုက် ဖွင့်လှစ်သူ, တည်ထောင်သူ ကိုယ်တိုင်က ကိုယ်ပိုင်အရည်အချင်း ဟူသော အခြေခံ သီလ, သမာဓိနှင့် အားကိုးလောက်သော ပညာနှင့် ပြည့်စုံ၍ စာပေပို့ချမှု၌ ဝါသနာပါသူ ဖြစ်ရမည်။
ထို့ပြင် -
          (၁) ခမာ   - အရာရာ၌ သည်းခံခြင်းဂုဏ်၊
          (၂) ဇာဂရိယ - နိုးကြားခြင်းဂုဏ်၊
          (၃) ဥဋ္ဌာန  - ထကြွ လုံ့လ ဝီရိယ ရှိခြင်းဂုဏ်၊
          (၄) သံဝိဘာဂ - ခွဲခြမ်း ဝေဖန်နိုင်ခြင်းဂုဏ်၊
          (၅) ဒယာ - သနားခြင်းဂုဏ်၊
          (၆) ဣက္ခဏ - စေ့စေ့ငုငု ကြည့်ရှုနိုင်ခြင်းဂုဏ် ဟူသော နာယကဂုဏ် (၆)ပါးနှင့် ပြည့်စုံရမည်။
 ထို (၆)ပါးတို့တွင် (၆)နံပါတ်မှာ အလွန်အရေးကြီးလှသည်။ ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်လာလျှင် အရာရာမှာ စေ့စေ့စပ်စပ် ကြည့်ရှုဆင်ခြင်တတ်မှ တော်ကာကျမည်။ ထိုသို့မဟုတ်ပါက အပြစ်တင်စရာ ကဲ့ရဲ့စရာများ ဖြစ်ပေါ်လာတတ်သည်။

     ထို့ကြောင့် -
          “အမြင်ရှိသူ၊ တောင်ထိပ်လူလျှင်၊ အောက်မူရှိငြား၊ အစားစားကို၊
 ပိုင်းခြားဝေဘန်၊ သိသောဟန်သို့၊ တစ်ဆံမခြား၊ ကြီးမှူးများလည်း၊
 ခြောက်ပါးတွင်ပါ၊ ဣက္ခဏာဖြင့်၊ သေချာစေ့ငု၊ ကသိုဏ်းရှုသို့၊
 ပြုတိုပြီးမှ၊ နိဂ္ဂဟနှင့်၊ ပဂ္ဂဟစစွာ၊ ပြုလုပ်ရာ၏၊
သူငါပြောတိုင်း၊ ဆုတ်မဆိုင်းဘဲ၊ မနှိုင်းမယှဉ်၊ ပြုတုံချင်က၊
 အမြင်မမိုး၊ အပြစ်မိုးလိမ့်” - 
ဟူသော စကားအတိုင်း ခေါင်းဆောင်ဖြစ်သူသည် ချီးမြှောက်သင့်သည်ကို ချီးမြှောက်၍ အရေးယူ နှိပ်ကွပ်သင့်သည်ကို အရေးယူ နှိပ်ကွပ်ရမည်သာ ဖြစ်သည်။ ပြောသံကြားကာမျှဖြင့် အလျင်အမြန် ဒေါသဖြင့် မဆုံးဖြတ်ရန်လည်း အရေးကြီးပါသည်။

အရာရာမှာ ခေါင်းဆောင်ဖြစ်သူမှန်သမျှ နောက်လိုက်ငယ်သား လက်ထောက် တပည့်တပန်းများ ရှိကြရမြဲ ဖြစ်သည်။ မည်သည့် ပုဂ္ဂိုလ်သည် မည်သည့်လုပ်ငန်း မည်သည့်ဌာန မည်သည့်အရာနှင့် သင့်တော်သည်ကို ထိုက်တန်သည်ကို ဝေဘန်ပိုင်းခြားခြင်း “သံဝိဘာဂ”မှာလည်း အရေးကြီးသော အချက်ပင်ဖြစ်သည်။ ခေါင်းဆောင်ဖြစ်သူ၏ သူနေရာနှင့်သူ အသုံးချတတ်မှု အတတ်ပညာမှာ လွန်စွာမှ အရေးကြီးလှပေသည်။ ထို့ကြောင့် နိုင်ငံတကာ ကုမ္ပဏီများ၊ မားကတ်ကြီးများ၌ မန်နေဂျာသင်တန်းများ ဖွင့်လှစ်သင်ကြားရခြင်း ဖြစ်သည်။

စစ်သူကြီး မဟာဗန္ဓုလ
          မြန်မာ့သမိုင်း၌ အလွန်ထင်ရှားကျော်ကြားခဲ့သော ဗန္ဓုလသည် ငယ်စဉ်က ကျေးတောသား “မောင်ရစ်”ပင် ဖြစ်သည်။ ယခု မုံရွာ၊ရေဦး ကားလမ်းပေါ်ရှိ ဒီပဲယင်းမြို့ ဇာတိဖြစ်ကာ တောင်သူမျိုးရိုး စီးပွားမဲ့သူ ဖြစ်သည်။
  ငယ်စဉ်က ဖခင်ဆုံး၍ မိခင် မုဆိုးမနှင့်သာ နေရသည်။ လူလားမြောက်လာသောအခါ စစ်ကိုင်းမင်းထံ ကိုယ်ရံတော်တပ်သားအဖြစ် ဝင်ရောက်အမှုတော် ထမ်းသည်။ စစ်ကိုင်းမင်း နန်းတက်သောအခါ မောင်ရစ်သည် အိမ်တော်ပါကျွန် ဖြစ်လာခဲ့သည်။ ရှင်ဘုရင်၏ အမှုကိစ္စများ တိုင်းပြည်၏ အမှုကိစ္စများကို ကြိုးစားထမ်းဆောင်ပါသော်လည်း ဘုရင်က အသိအမှတ် မပြုခဲ့သဖြင့် မထင်ပေါ်ခဲ့ပေ။

ထင်ပေါ်စေရန် ညီလာခံတွင် အပြစ်မဲ့သော မင်းချင်းတစ်ယောက်အား ထုထောင်းထိုးကြိတ်တော့သည်။ အပြစ်ကျူးလွန်သော မောင်ရစ်အား သေဒဏ်ပေးရန် အမိန့်ရှိထားသည်။ ဖမ်းပြီးသောအခါ “ဤသို့ အပြစ်မရှိသောသူကို ညီလာခံတွင် ရုတ်ရုတ်သဲသဲဖြစ်အောင် အဘယ်ကြောင့် လုပ်ရသနည်း”ဟု မေးသောအခါ “အကျွန်ုပ်မှာ ဘုရင့်အမှုတော်ကို သက်စွန့်ကြိုးပမ်းထမ်းပါသော်လည်း အရှင်မင်ကြီးက အသိအမှတ် မပြု၍ မထင်ပေါ်ခဲ့ပါ။ သို့အတွက်ကြောင့် ဤသို့ လုပ်ရခြင်းပါ”ဟု ရဲရဲတင်းတင်း လျှောက်တင်လေသည်။

          စစ်ကိုင်းမင်းသည်လည်း မောင်ရစ်၏ သတ္တိ၊ ဗျတ္တိ နှင့် ပြည့်စုံသည်၏ အဖြစ်ကို သိ၍ တစ်နေ့တော့ အသုံးကျမည်ဟု ဆင်ခြင်လျက် မသတ်တော့ပေ။ မကြာမီ ဗြဲတိုက်သံတော်ဆင့် ရာထူးကို အပ်နှင်းပြီး နောက်တွင် လုပ်ရည်ကိုင်ရည် သတ္တိ၊ ဗျတ္တိ ကောင်းသူဖြစ်ရကား စစ်သူကြီး မဟာဗန္ဓုလဟု မြန်မာ့သမိုင်း၌ အလွန်ထင်ရှားခဲ့သည်။

          အကယ်၍သာ မဆင်မခြင် သတ်လိုက်ပါက မြန်မာ့သမိုင်း စာမျက်နှာမှာ “မြန်မာ့ သူရဲကောင်း စစ်သူကြီး မဟာဗန္ဓုလ”ဟု ရှိမည် မဟုတ်ပါချေ။ ယခုသော်ကား စစ်ကိုင်းမင်း၏ အသုံးချတတ်မှု မျှော်မြင် ဆင်ခြင်တတ်မှု ဉာဏ်ပညာကြောင့် မြန်မာ့သမိုင်းမှာ ထင်ရှား လာရတော့သည်။

အင်းဝ သတိုးဖျားနှင့် သူခိုး ငတက်ပြား
          ဘုရင်သတိုးဖျားသည် အင်းဝနေပြည်တော်ကို ထီးနန်းတည်စက အသက် ၂၁-နှစ်သာ ရှိသေးသည်။ ဘုရင် သတိုးဖျား လက်ထက်၌ ‘သူခိုး ငတက်ပြား’ဟု အလွန်ပင် ထင်ရှားခဲ့သည်။ ယနေ့တိုင်ပင် ခိုးတတ်သူကို ‘ငတက်ပြား’ဟု ကင်ပွန်းတတ်တုန်းပင် ဖြစ်သည်။ စစ်ကိုင်းဘက်မှ အင်းဝဘက်သို့ လှေဖြင့်လာကာ မီးသွေးတိုက် တံခါးဝမှ ဝင်ပြီး မှူးမတ်တို့ကို ဝင်ခိုးပါသော်လည်း မိအောင် မဖမ်းနိုင်ပေ။

          ဘုရင်သတိုးဖျားကိုယ်တိုင် ရုပ်ဖျက်၍ သူခိုးယောင်ဆောင် ဖမ်းမှ ငတက်ပြားကို ဖမ်းမိသည်။ သူခိုး ငတက်ပြားသည် ဘုရင် သတိုးဖျားကိုယ်တိုင် လက်ရဖမ်းမိသည်ဖြစ်၍ ဘာမျှ မငြင်းတော့ပဲ ငြိမ်နေသည်။ ထိုစဉ် ဘုရင်က “ငတက်ပြား၊ နင့်ကို ငါမိပြီ။ ရဲတင်း၊ ပုဆိန်၊ လှံ၊ ဓား .. စသည်ကို နင်ကြိုက်ရာပြော” ဟု မေးရာ “အလိုရှိသလို သတ်တော်မူပါ”ဟု ဆို၏။ ထို့နောက် ဆက်ပြောသည်မှာ “ကျွန်ုပ် အလိုရှိရာကို ဆက်ပြောရလျှင် မိဖုရား စောဥမ္မာကို အလိုရှိပါသည်”ဟု လျှောက်တင်လိုက်ရာ သတိုးဖျားရော ကျန်မှုးမတ်တို့ပါ အံ့အားသင့်ကြသည်။ သတိုးဖျားသည် သူ၏ မိဖုရားကို အလွန်ချစ်မြတ်နိုးတော်မူသည်ကို အားလုံးက သိထားပြီးဖြစ်သည်။ သို့ပါလျက် ယခုလို ပြောသံကြားလိုက်သည့်အခါ အဘယ်မှာလျှင် အံ့အားမသင့်ဘဲ ရှိပါမည်နည်း။

          ဘုရင် သတိုးဖျားလဲ အမျက်တော် မရှပဲ ခွင့်လွှတ်တော်မူခဲ့သည်။ သူ့သတ္တိကို နောင်သက္ကရာဇ် ၇၂၈-ခုနှစ်တွင် တောင်တွင်းမြို့စား သီဟပတေ့ ပုန်ကန်မှုကို ငြိမ်းစေရာ၌ အသုံးချနိုင်ခဲ့၍ အောင်တော်မူခဲ့သည်။ ဤသို့ အဘိုးနှင့် ဖခင်တို့ တည်ထောင်၍ မရနိုင်သော အင်းဝနေပြည်တော် ထီးသစ် နန်းသစ်ကို တည်ထောင်နိုင်ခဲ့ခြင်း၊ ရန်သူအပေါင်းကို အောင်မြင်တော်မူခဲ့ခြင်းတို့မှာ သတိုးဖျား၏ ကြီးကျယ်သော အရည်အချင်းကြောင့်သာ ဖြစ်သည်။

          ဤသည်တို့ကား ခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်လျှင် မိမိအတွက် အန္တရယ်ရှိ-မရှိ၊ နောင်အသုံးကျ-မကျ စိစစ်မှု, အသုံးချမှု အတတ်ပညာရှိရပေမည်။

          စာသင်တိုက်များ၌ ခေါင်းဆောင်ကောင်း တစ်ယောက်တည်းဖြင့်  ပြီးသော အလုပ် မဟုတ်၍လည်း လက်ထောက် နာယကများ, စာချများ ရှိကြရသည်။ ထိုလက်ထောက် နာယက စာချများ၌လည်း၊ ထိုက်တန်သော အရည်အချင်း၊ ထိုက်တန်သော စေတနာ, မေတ္တာ, ဝါသနာ၊ ထိုက်တန်သော ဝေဖန်ပိုင်းခြားနိုင်မှု ရှိရန် လိုအပ်သည်။ အထက်နှင့် အောက်၊ ရှေ့နှင့် နောက်၊ ခေါင်းဆောင်နှင့် နောက်လိုက်တို့ လိုက်ဖက်ညီကြသော ညီညွတ်ကြသော ထိုသို့သော နေရာများ၌ တိုးတက်မှု ရှိကြပေသည်။

မဟာဟံသဇာတ်
          ဤနေရာ၌ အသီတိနိပါတ် မဟာနိပါတ် မဟာဟံသဇာတ်တော်လာ ခေါင်းဆောင်နှင့် နောက်လိုက်တို့ အချင်းချင်း သစ္စာ၊ မေတ္တာ ရှိကြပုံကို တင်ပြပါဦးမည်။
          ရှေးအခါက ဗာရာဏသီပြည်၌ သံယမမင်းသည် မင်းပြုနေ၏၊ ထိုမင်းတွင် ခေမာ-အမည်ရှိသော မိဖုရားကြီး တစ်ပါး ရှိသည်။ တစ်နေ့သ၌ မိဖုရားကြီး ခေမာ အိမ်မက်မြင်မက်သည်။ ရွှေဟင်္သာမင်း လာလတ်၍ ရာဇပလ္လင်၌နေကာ သာယာသော အသံဖြင့် တရားဟော၏။ ခေမာမိဖုရားလည်း တရားနာ၍ မရောင့်ရဲမီ မိုးလင်းသွား၍ ဟင်္သာမင်းလည်း ပြန်သွားသည်ဟု မြင်မက်သည်။

          တရားနာရ၍ မရောင့်ရဲ အားမရသော မိဖုရားကြီးသည် ချင်ခြင်း ဖြစ်ဟန်ဆောင်၍ သံယမမင်းအား လျှောက်တင်ရာ မင်းကြီးလည်း မှူးမတ်များနှင့် တိုင်ပင်၍ တိုင်းပြည်ရှိ မုဆိုးများကို ဆင့်ခေါ်ကာ ဟင်္သာမင်း ရှိနိုင်-မရှိနိုင် မေးမြန်းသည်။ စိတ္တကုဋ်တောင်မှာ ဟင်္သာများနေကြောင်း လျှောက်ကြသည်။ ထိုစဉ် ဘုရားလောင်း ဓတရဋ္ဌ ရွှေဟင်္သာမင်းနှင့် သုမုခ အမှူးရှိသော ဟင်္သာကိုးသောင်းတို့သည်လည်း ထိုစိတ္တကုဋ်တောင်မှာ နေကြသည်။

ရွှေဟင်္သာမင်း ဖမ်းရန် ပြင်ဆင်ကြပြီ
          မြို့နှင့် သုံးဂါဝုတ် ဝေးသော ခေမာအိုင်ကို ရေကန်အသွင် ဖန်တီးစေပြီး ဘေးနားဝန်းကျင်၌ သလေးစပါးတို့ကို စိုက်ပျိုးစေကာ “ဘေးမဲ့ကန်”ဟု ကြွေးကြော်စေ၏။ ထိုသို့ အစာရေစာ ပေါသောအရပ်သို့ ဟင်္သာများ ရောက်လာကြသည်။ ငယ်သား ဟင်္သာများက ထိုရေကန်သို့ သွားလိုကြောင်း လျှောက်တင်ကြသည်။ လူသူနီးသော နေရာသည် အန္တရယ် မကင်းကြောင်း ပြောကာ တားသော်လည်း မရသဖြင့် သွားကြသည်။

          မုဆိုးများလည်း မည်းနက်သော မြင်းမြီးကျော့ကွင်းဖြင့် ထောင်လေသည်။ ရွှေဟင်္သာမင်း ဆင်းသည်နှင့် တစ်ပြိုင်နက် ခြေကို ကျော့ကွင်းမိလေ၏။ ရွှေဟင်္သာမင်းသည် ကျော့ကွင်းကို ဖြတ်အံ့သောငှာ ရုန်းသော် အရေတို့သည် စုတ်ပြတ်သွားသည်။ နှစ်ကြိမ်မြောက် ရုန်းပြန်ရာ နီမြန်းသော အသားတို့သည် ပြတ်ကုန်သည်။ သုံးကြိမ်မြောက် ရုန်းပြန်ရာ အကြောတို့သည် ပြတ်ကုန်သည်။ လေးကြိမ်မြောက် ရုန်းပါက ရွှေဟင်္သာမင်း၏ ခြေသည် ပြတ်ကုန်သည်။

          ရွှေဟင်္သာမင်း ဆင်ခြင်သည်က “ခေါင်းဆောင် ဖြစ်သူ၌ အင်္ဂါချို့ယွင်းမှုသည် မလျော်ပတ်”ဟု ကြံမိ၍ အားထုတ် မရုန်းတော့ပေ။ ဤလောက၌ အများကို ခေါင်းဆောင်ရသော ရဟန်းခေါင်းဆောင်၊ လူခေါင်းဆောင်များလည်း သီလ, သမာဓိ, ပညာ ဟူသော အင်္ဂါခြေလက်တို့ မချို့ယွင်းပါမှ လျောက်ပတ်ပေမည်။ ခေါင်းဆောင်သူ ဟူသမျှသည် မှီခိုစရာလည်း ဖြစ်ရမည်၊ ကြည်ညိုစရာလည်း ဖြစ်ရမည်။

          မှီခိုစရာ ဟူသည် နောက်လိုက်ငယ်သားတို့ မှီခိုနိုင်လောက်သော အတတ်ပညာလည်း ပြည့်စုံသူ ဖြစ်ရမည် ဖြစ်သည်။ ကြည်ညိုစရာ ဟူသည် - အများသူငါ ကြည်ညိုနိုင်လောက်သော ကိုယ်ကျင့်သိက္ခာ အထူးကောင်းမွန် ပြည့်စုံသူ ဖြစ်ရမည်။ ဖော်ပြပါ အချက်အလက်နှင့် မပြည့်စုံခဲ့ပါက ခေါင်းဆောင်အပေါ် နောက်လိုက် ငယ်သားတို့ ယုံကြည်မှုကို မရသည့်အတွက် အုပ်ချူပ်ရမှု၌ အခက်အခဲဖြစ်လာမည် ဖြစ်သည်။

          ဖော်ပြပါ အချက်အလက်များနှင့်ကား ရွှေဟင်္သာမင်း၌ ပြည့်စုံနေပေသည်။ ရွှေဟင်္သာမင်း ကြံတော်မူသည်မှာ “ငါသည် ကျော့ကွင်းမိသော အသံကို အကယ်၍ အသိပေး မြည်တွန်လိုက်ပါက အားလုံး ထိတ်လန့် တန်လှုပ်သည်ဖြစ်၍ အစာကို ကောင်းစွာ မစားရလျှင် ဆာလောင် မွတ်သိပ်ကုန်လျက် ပြန်သွားခဲ့သော် မပျံနိုင်ရကား သမုဒ္ဒရာ၌ ကျကုန်၍ ပျက်စီးကုန်လတ္တံ” ဟု ကြံကာ ပြင်းထန်သော ဝေဒနာကို သည်းခံတော်မူ၏၊ ဤသည်ကား ခေါင်းဆောင်ကောင်းတို့က ငယ်သားတို့အပေါ် ညှာတာသနားတတ်ခြင်းပင် ဖြစ်ပေသည်။

          ဟင်္သာအပေါင်းတို့ စားသောက်ပြီးမှ ကျော့ကွင်းမိသော အသံကြားရ၍ သေဘေးမှ ကြောက်ကြသောကြောင့် စိတ္တကုဋ်တောင်သို့ ပြန်ကြကုန်၏။ ထိုတွင် ဒုတိယခေါင်းဆောင် သုမုခစစ်သူကြီးလည်း လန့်၍ ပျံရာ မိမိတို့ အရှင် ဟင်္သာမင်းကို မတွေ့ရကား “မချွတ်ဧကန် ဤဘေးသည် ငါတို့ အရှင်အားသာ ဖြစ်ချေမည်”ဟု ကြံ၍ ပြန်လာလတ်သော် သွေးအလိမ်းလိမ်း ပေကျံလျက် ညွန်ပျောင်း၌ ကျော့ကွင်းမိသော ဟင်္သာမင်းကို မြင်၍ “အရှင်မင်းကြီး၊ ကြောက်တော် မမူလင့်၊ ကျွန်ုပ်သည် မိမိအသက်ကို စွန့်၍ အရှင်မင်းကြီးကို လွတ်စေပါအံ့”ဟု ဆိုလျက် သေမကွာ ရှင်မကွာ ကောင်းအတူ ဆိုးအတူ ဖြစ်ကြောင်း ပြောကြားသော ဟင်္သာမင်းကို နှစ်သက်စေလျက် အားပေးသည်။

          ဟင်္သာမင်းလည်း “အမောင်သုခုမ၊ ဤနေရာကား အလွန် အန္တရာယ် များလှ၍ ဘေးကင်း ရာ လွတ်ရာသို့ အမြန် ပြေးပါ”ဟု အတန်တန် ပြောကြားရာ စစ်သူကြီးသုမုခက ပြန်၍ ပြောပြသည်မှာ “အို အရှင် .. ကျွန်ုပ် မပြေးပါဘူး၊ ကျွန်ုပ် ပြေးသည်ဖြစ်စေ၊ မပြေးသည်ဖြစ်စေ သေဘေးဆိုတာ ဘယ်မှာပဲ ပုန်းနေနေ ပုန်းလို့ မလွတ်နိုင်ပါဘူး၊ သေထိုက်လျှင် သေပါစေ၊ မသေ ထိုက်လျှင်လည်း မသေအောင် ကြိုးစားရမှာပဲ”ဟု ပြောသည်။

          “အမောင်သုခုမ သင်သည် သူတော်ကောင်း လမ်းစဉ်၌ တည်၏၊ အရှင်လည်း ဖြစ်၊ အဆွေ ခင်ပွန်းလည်း ဖြစ်သော ငါ့ကို မစွန့်ခြင်းမှာ သူတော်ကောင်းတို့၏ သဘောတည်း။ သင့်ကို မြင်ရသော ငါ့မှာ ကြောက်ခြင်း မဖြစ်တော့ပါ”ဟု ဟင်္သာမင်းက ပြောကြားသည်။

          ထိုစဉ်မှာပင် မုဆိုးကြီး လာလတ်သည်ကို မြင်သော် သုမုခစစ်သူကြီးက သွား၍ “အို မုဆိုး၊ ယခုမိနေသော ရွှေဟင်္သာမင်းကြီးဟာ သာမန် မဟုတ်ပါဘူး။ ဟင်္သာကိုးသောင်းတို့၏ ခေါင်းဆောင်လည်း ဖြစ်၍ ကိုယ်ကျင့်သိက္ခာနှင့်လည်း ပြည့်စုံ၊ ဉာဏ်ပညာနှင့်လည်း ပြည့်စုံ၍ မသတ်သင့်ပါ။ အကယ်၍ သတ်ချင်လျှင် ကျွန်ုပ်ကိုသာ သတ်ပါ။ အသားကို စားလိုက စားပါ။ အရှင် ရောင်းလိုက ရောင်းပါ။ ဟင်္သာမင်းကြီးကိုတော့ ပြန်လွှတ်ပေးပါ”ဟု ကိုယ်စား အသေခံရန် ရဲရဲတောက် ပြောကြားလိုက်သည်။

          မုဆိုးကြီးလည်း သုမုခ စကားကို ကြားရတော့ သူတို့ အချင်းချင်း အပြန်အလှန် ငဲ့ညှာကြပုံ၊ သစ္စာ, မေတ္တာ ခိုင်မြဲကြပုံ၊ သံယောဇဉ် ရှိကြပုံ သူတော်ကောင်းလက္ခဏာများနှင့် ပြည့်စုံကြပုံများကို ကြားသိရဤ မည်သူက မည်သို့ပင် ထင်ထင် ဟင်္သာနှစ်စီးလုံးကို လွှတ်လိုက်မည်ဟု ဆုံးဖြတ်လိုက်သည်။

          ခေါင်းဆောင်အပေါ် နောက်လိုက်က သစ္စာ, မေတ္တာ ရှိကြ၊ တစ်ဦး အခက်အခဲကို တစ်ဦးက အသက်ပေး၍ ကူညီကြ၊ စောင့်ရှောက်ကြ၊ တစ်ကိုယ်ကောင်း မဆန်ကြ၊ အရေးကြုံလျှင် သက်လုံကောင်းကြခြင်းမှာ လွန်စွာမှ အတုယူဖွယ်ကောင်းလှပေသည်။

          မုဆိုးကြီးက ဟင်္သာနှစ်စီးလုံးကို လွှတ်ပါသော်လည်း မုဆိုးကြီးအား အပြစ်ဒဏ်သာရ၍ ဆုတော်၊ လာဘ်တော်များ မရမှာ စိုးရိမ်ကြ၍ ဟင်္သာ နှစ်စီးလုံးက နန်းတော်သို့ လိုက်ပါလာကြသည်။ နန်းတော်သို့ ရောက်သောအခါ ရှင်ဘုရင်က “စစ်သူကြီးသုမုခ စကားပြော ကောင်းတယ်လို့သာ ပြောတယ်။ နန်းတော်ထဲ ရောက်တာနဲ့ ကြောက်ဒူးတုန်နေသလား”ဟု ခနဲ့လိုက်သည်။ သုမုခ-ဟူသည် ‘စကားပြော ကောင်းသူ’ဟု အဓိပ္ပါယ်ရသည်။ ထိုသို့ ဖြစ်၍ ပြောလိုက်ခြင်း ဖြစ်သည်။ သုခုမက “အရှင်မင်းကြီး ကျွန်ုပ် မကြောက်ပါ၊ ကြောက်ဒူးလည်း မတုန်ပါ၊ လိမ်ညာပြောသော ပရိသတ်ဖြစ်လို့ ကျွန်ုပ် စကားမပြောလိုပါ”ဟု ပြောလိုက်သည်။

          ဘုရင်ကြီးက “ကျွန်ုပ်တို့ကို အဘယ်ကြောင့် လိမ်ညာ၍ ပြောသူတွေလို့ ဘာလို့ စွပ်စွဲရတာလဲ”ဟု မေးမြန်းသည်။ “အရှင်မင်းကြီး၊ အမှတ် ရတော်မူပါ၊ ကိုယ်လုပ်ထားသော လုပ်ရပ်ကို စဉ်းစားတော်မူပါ၊ အရှင်မင်းကြီးဟာ ခေမာရေကန်ကြီးကို ဖန်တီးထားပြီး အစားအသောက်တွေလဲ ပေါများအောင် ပြုလုပ်ထားပါတယ်၊ ဘယ်မှာ ဘေးမဲ့ကန် ဟုတ်လို့လဲ”ဟု မိမိရရ ချက်ပိုင်ပိုင် ပြောလိုက်သည်။ ဘုရင်ကြီးလည်း မလှုပ်နိုင် မယှက်နိုင် ပြုံးစိစိနှင့် ထိုင်နေပြီး -

          ဘုရင်ကလည်း သူတို့ကို ဖန်းတာဟာ တရားနာဖို့ဖြစ်ကြောင်း စသည် ပြောကြားပြီး ‘သည်းခံတော်မူပါ’ဟု တောင်းပန်ရတော့သည်။ ထို့နောက် စိတ်ကျေနပ်မှု ရကြ၍ ရှင်ဘုရင်၊ မိဖုရားနှင့်တကွ တစ်နန်းတော်လုံး ရွှေဟင်္သာမင်း၏ တရားတော်ကို ကြားနာရသဖြင့် ရှေးကထက် ပိုမို၍ သူတော်ကောင်းတရားတွေ လွှမ်းမိုးသွားကြသည်။ ရွှေဟင်္သာ နှစ်စီးကိုလည်း ပြန်လွှတ်လိုက်လေသည်။

          ဤသို့ လောကဓမ္မတာအရ အခက်အခဲဟူသည် ရှိကြမြဲပင် ဖြစ်သည်။ ထိုသို့သော အခက်အခဲများ ကြုံလာမှသာ မိတ်ကောင်း, ဆွေကောင်း, တပည့်ကောင်း, နောက်လိုက်ကောင်းကို ခွဲခြား သိနိုင်ပေသည်။

          ခေါင်းဆောင်ဖြစ်သူနှင့် လက်ထောက်, နောက်လိုက်တို့သည် ညီညွတ်ခြင်း၊ စိတ်စွမ်းအင်ရှိခြင်း၊ နားလည်မှု ရှိခြင်း၊ အလိုက်သိခြင်း၊ ကိုယ်ကျိုးစွန့်ခြင်း၊ အနစ်နာခံခြင်း - ဟူသော ဂုဏ်သတ္တိများ ရှိသော ဌာနများ၌ အလွန်ပင် နှစ်သက်ဖွယ် မြတ်နိုးဖွယ် အတုယူဖွယ် ဂုဏ်ယူဖွယ်တို့ဖြင့် ပြည့်ဝနေတော့သည်။

          ဤသို့သော ဂုဏ်သတ္တိတို့နှင့် ပြည့်စုံမှု ရှိသော စာသင်တိုက် ဖြစ်မြောက်နိုင်၊ သာသနာ့အလယ်မှာ ထင်ရှားနိုင်၍ ဆက်လက် ရှင်သန် တည်တံ့နိုင်၊ တိုးတက်နိုင်မည် ဖြစ်သည်။ ခေတ်အဆက်ဆက် တိုးတက်ကြီးပွားမှုများဖြင့် ဆက်လက် ရှင်သန်နေသော နေရာတို့၌ ဖော်ပြပါ အချက်အလက်တို့နှင့် ပြည့်စုံသောကြောင့်သာ ဖြစ်ပါသည်။

          ထို့အတူ လူ့လောက၌ နေကြသောသူတို့မှာလည်း မိဘနှစ်ပါး ဦးဆောင် ကောင်း၍ သားသမီးတို့က နောက်လိုက်ကောင်းခဲ့သော် ထိုမိသားစု၌ သာယာဖွယ် ချမ်းမြေ့ဖွယ်တို့ ဖြစ်ကာ တိုးတက်နေမည်သာ ဖြစ်သည်။

          ထို့အတူ နိုင်ငံများ၊ ကုမ္ပဏီများ၌လည်း ခေါင်းဆောင်၏ မှန်ကန်သော ဦးဆောင်မှု အောက်တွင် နောက်လိုက်ငယ်သားတို့ကလည်း စီစဉ် ညွှန်ကြားသည့်အတိုင်း လိုက်နာ ဆောင်ရွက် ပါက ထိုနိုင်ငံ၊ ထိုအဖွဲ့အစည်း ကြီးပွား တိုးတက်မည်သာ ဖြစ်သည်။

          ထို့အတူ အထက်အထက် အဆင့်ဆင့်သော အဖွဲ့အစည်းတို့၌ အထက်နှင့် အောက်၊ ရှေ့နှင့် နောက် လိုက်ဖက်ညီစွာ အများအကျိုးငဲ့ကာ စိတ်ထားကောင်းဖြင့် ကောင်းစွာ ပြုလုပ်ဆောင်ရွက် ပါက လိုအပ်သော အဆင့်အထိ ကြီးပွားတိုးတက်မည်သာ ဖြစ်ပါသည်။


Phillip Pyae ၏ဆောင်းပါးကိုပြန်လည်မျှဝေပါသည်။

Monday, December 1, 2014

နီးနီးဝေးဝေး ရန်သူ

နီးနီးဝေးဝေး ရန်သူ

'မေတ္တာရန်သူ ဒေါသမူ အပူကင်းပါစေ' ဆိုတဲ့ မေတ္တာပို့လေးကို ကြားဖူးကြမှာပါ။ အကျိုးစီးပွားကို လိုလားခြင်း သဘောရှိတဲ့ မေတ္တာရဲ့ ဆန့်ကျင်ဘက်ရန်သူဟာ ဒေါသဆိုတာ အလွန်ထင်ရှားပါတယ်။

ဒါပေမယ့် ဒေါသဟာ မေတ္တာရဲ့ အဝေးရန်သူပါ။ ရေနဲ့ မီး၊ အအေးနဲ့ အပူ၊ ကောင်းကွက်ရှုတာနဲ့ မကောင်းကွက်ရှုတာ အဲဒီလို သဘောအားဖြင့် ဖြောင့်ဖြောင့်ဆန့်ကျင်နေလို့ ဒေါသဟာ မေတ္တာရဲ့ အဝေးရန်သူ ဖြစ်ရတာပါ။ မေတ္တာလည်း ပွားမယ်။ ဒေါသလည်း ထွက်မယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ မေတ္တာပွားနေရင် ဒေါသမလာနိုင်ပါဘူး။

ဒါဆို အနီးရန်သူက ဘာလဲဆိုရင် ချစ်ခြင်းလို့ခေါ်တဲ့ ရာဂပါ။ ဘာလို့လဲဆိုရင် မေတ္တာကလည်း ကောင်းကွက်ကို ရှုတယ်။ ချစ်တာကလည်း ကောင်းကွက်ကို ရှုတယ်။ အဲဒီလို သဘောတူနေလို့ ကောင်းကွက်ကို ရှုရင်း၊ ရှုရင်းကနေ တစ်ခါတစ်ရံ မေတ္တာကို ကျော်လွန်ပြီး ချစ်တာဖြစ်သွားတတ်လို့ပါ။ မေတ္တာပွားရင် ကုသိုလ်ဖြစ်ပြီး ချစ်တာပွားရင် အကုသိုလ်ဖြစ်သွားမှာပါ။ ဒီလို ကုသိုလ်ကနေ အကုသိုလ်ဖြစ်သွားတတ်လို့ ရာဂဟာ မေတ္တာရဲ့ အနီးရန်သူ ဖြစ်ရတာပါ။

နောက်တစ်ခု- သနားခြင်းသဘောရှိတဲ့ ကရုဏာရဲ့ ထင်ထင်ရှားရှား အဝေးရန်သူကတော့ သနားခြင်းရဲ့ဆန့်ကျင်ဘက် ညှင်းဆဲခြင်း ဝိဟိံသပါ။ သနားနေရင် ညှင်းဆဲခြင်း မဖြစ်နိုင်ပါဘူး။
ကရုဏာရဲ့ အနီးရန်သူကတော့ (ကာမဂုဏ်ကို မှီတဲ့) စိတ်ဆင်းရဲခြင်း ဒေါမနဿပါ။ လိုချင်တာ မရလို့၊ ရပြီးသား ပျက်စီးသွားလို့ စိတ်ဆင်းရဲတာကို (ကာမဂုဏ်ကို မှီတဲ့) ဒေါမနဿလို့ ခေါ်ပါတယ်။ ဒေါမနဿကလည်း ပျက်စီးသွားခြင်းဆိုတဲ့ ဝိပ္ပတ္တိကို ရှုတယ်။ ကရုဏာကလည်း ပျက်စီးသွားခြင်းဆိုတဲ့ ဝိပ္ပတ္တိကို ရှုတယ်။ အဲဒီလို သဘောခြင်းတူနေတဲ့အတွက် ကရုဏာဆိုတဲ့ ကုသိုလ်ပွားနေရင်းကနေ ဒေါမနဿဆိုတဲ့ အကုသိုလ်သဘောကို အလွယ်တကူ ပြောင်းသွားနိုင်လို့ အနီးရန်သူဖြစ်ရပါတယ်။

သူများကြီးပွားတာကို ဝမ်းမြောက်ခြင်းဆိုတဲ့ မုဒိတာရဲ့ အဝေးရန်သူကတော့ မမွေ့လျော်တဲ့ အရတိ ဖြစ်ပါတယ်။ ဝမ်းမြောက်ခြင်းနဲ့ မပျော်မွေ့ခြင်းဟာ သဘောခြင်း ဆန့်ကျင်တဲ့ အတွက်ကြောင့် အဝေးရန်သူတွေ ဖြစ်ရပါတယ်။ ဝမ်းမြောက်ခြင်း ဖြစ်နေရင် မပျော်မွေ့ခြင်း မဖြစ်နိုင်ပါဘူး။ (တနည်း - သူတပါးကို မနာလိုတဲ့ ဣဿာဆိုတာလည်း မုဒိတာရဲ့ ဆန့်ကျင်ဘက်ပါပဲ။)

မုဒိတာရဲ့ အနီးရန်သူကတော့ ကာမဂုဏ်ကိုမှီတဲ့ သောမနဿပါ။ လိုချင်တာတွေ ရလို့၊ အရင်တုန်းက ရဖူးလို့ ဝမ်းမြောက်နေတာကို ကာမဂုဏ်ကိုမှီတဲ့ သောမနဿလို့ ခေါ်ပါတယ်။ ပြည့်စုံခြင်းဆိုတဲ့ သမ္ပတ္တိကို ရှုခြင်း သဘောအားဖြင့် မုဒိတာနဲ့ သောမနဿဟာ တူနေပါတယ်။ ကုသိုလ်သဘော မုဒိတာ ပွားနေရင်းကနေ လောဘသဘော သောမနဿကို အလွယ်တကူ ပြောင်းသွားနိုင်လို့ အနီးရန်သူဖြစ်ရပါတယ်။

ချစ်ခြင်း၊ မုန်းခြင်း မရှိတဲ့ ဥပေက္ခာရဲ့ အဝေးရန်သူကတော့ ချစ်ခြင်း၊ မုန်းခြင်းဆိုတဲ့ ရာဂနဲ့ ပဋိဃတို့ပါပဲ။ ဥပေက္ခာပွားနေရင် ချစ်ခြင်း၊ မုန်းခြင်း မဖြစ်နိုင်ပါဘူး။

ဥပေက္ခာရဲ့ အနီးရန်သူကတော့ ဉာဏ်ကင်းတဲ့ အဉာဏုပေက္ခာပါ။ ဂုဏ်၊ အပြစ်ကို မရှုမဆင်ခြင်ခြင်း သဘောအားဖြင့် တူသောကြောင့် အနီးရန်သူ ဖြစ်ရတာပါ။ ဂုဏ်ကိုဆင်ခြင်ရင် ချစ်ခြင်းဖြစ်နိုင်ပြီး အပြစ်ကို ဆင်ခြင်ရင် မုန်းခြင်း ဖြစ်နိုင်လို့ တမင်မရှုတဲ့ ဥပေက္ခာပွားနေရင်းကနေ ဂုဏ်အပြစ်ကို မခွဲခြား မသိမြင်လို့ မရှုမဆင်ခြင်တဲ့ အဉာဏုပေက္ခာအဖြစ် ပြောင်းသွားနိုင်လို့ အနီးရန်သူဖြစ်ရပါတယ်။

ဆန့်ကျင်ဘက်ဖြစ်နေရင် ရန်သူဆိုတာ ထင်ရှားပေမယ့် အာရုံတူစွာ လာရောပြီး ပူးသတ်တတ်တဲ့ အနီးရန်သူကိုတော့ သတိပြုမိခဲတတ်ကြပါတယ်။ ဒါ့ကြောင့် ဆင်တူရိုးမှား သတိပြုပါဆိုတဲ့ စကားလိုပဲ အနီးရန်သူနဲ့ အဝေးရန်သူ ဘယ်ရန်သူကို ပိုဂရုစိုက်ရမလဲဆိုတာ သတိချပ်စေလိုပါကြောင်း ...။

ဓမ္မရနံ


Monday, November 3, 2014

ကျေးဇူးတရားကို သိမြင်နားလည်ခြင်း

ကျေးဇူးတရားကို သိမြင်နားလည်ခြင်း 

ကျေးဇူးတရားဆိုတာ နားလည်ပြီး သိတတ်သူတွေ အဖို့မှာတော့ အဖိုးအနဂ္ဃထိုက်တန်တဲ့ လည်ဆွဲရတနာတစ်ခုလို မှတ်ထင်ပြီး အမြဲတမ်း လည်မှာဆွဲလို့ အလှဆင်တတ်ကြပါတယ်။ ဒါကြောင့်လည်း သူတို့တွေဟာ ကျေးဇူးတရားကို သိတတ်သူတွေအဖြစ်နဲ့ အမြဲတမ်းလှပနေပြီး ဂုဏ်သတင်းကျော်ကြားကာ ဘ၀ကို ကောင်းမွန်သန့်ရှင်းစွာ တည်ဆောက်နိုင်ကြပါတယ်။ နောက်ဆုံးမှာ သူတို့ရဲ့ ကောင်းမြတ်တဲ့ စိတ်စေတနာကြောင့် ဘ၀ရဲ့အမြင့်ဆုံး ပန်းတိုင်ဖြစ်တဲ့ နိဗ္ဗာန်ကိုတောင်မှ ရနိုင်ကြပါသေးတယ်။

ဒါနဲ့ပတ်သက်လို့ အင်မတန်မှတ်သားစရာကောင်းတဲ့ သာဓကလေးတစ်ခုကတော့ တစ်ခါက သားအမိ နှစ်ယောက်တည်းပဲရှိတဲ့ အိမ်တစ်အိမ်မှာ ကိုယ်တော်တစ်ပါးဟာ အမြဲတမ်းပဲ ဆွမ်းခံကြွလေ့ရှိပါတယ်။ သားအမိနှစ်ဦးစလုံးကလည်း သံဃာအပေါ်မှာ ကြည်ညိုတဲ့စိတ်နဲ့ အမြဲမပြတ်ဘဲ ဆွမ်းလောင်းလှူလေ့ ရှိပါသတဲ့။ ဒီလိုနဲ့နေတုန်း တစ်နေ့တော့ မိခင်ဖြစ်သူက တောကိုသွားခါနီး သမီးဖြစ်သူကိုမှာပုံက “သမီးရေ ညည်းအစ်ကိုကြီးလာရင် ဆီဦးထောပတ်နဲ့ အသင့်ပြင်ဆင်ထားတဲ့ဆွမ်းကို ရိုရိုသေသေ လောင်းလှူပါကွယ်။ အမေတို့ကတော့ ညကကျန်တဲ့ ထမင်းကြမ်းလေးကို ဖြစ်သလိုပြင်ဆင်ပြီး စားကြတာပေါ့ကွယ်” ဆိုတော့ သမီးလုပ်သူကလည်း “စိတ်ချပြီးသွားပါ အမေရယ် သမီးဂရုစိုက်ပြီး ကောင်းကောင်းမွန်မွန် လောင်းလှူပါ့မယ်” လို့ အာမခံလိုက်ပါတယ်။

ဒါကို အိမ်ရဲ့အနီးပါးမှာရောက်နေတဲ့ ဆွမ်းခံကိုယ်တော်ကကြားတော့ သူ့ကိုယ်သူ ဒီလိုဆုံးမ ပါတယ်။ “ကြည့်စမ်း သူတို့ဟာ မင်းရဲ့အမေလည်း မဟုတ်ဘူး။ မင်းရဲ့နှမလည်း မဟုတ်ဘူး။ ဒါပေမဲ့ သူတို့က ထမင်းကြမ်းလေးကိုစားပြီး ငါ့ကိုတော့ ဆီဦးထောပတ်နဲ့ချက်ထားတဲ့ဆွမ်းကို အမွန် အမြတ်ထားပြီး လှူကြတယ်။ ဒါဟာ သံဃာအပေါ်ထားတဲ့ သူတို့ရဲ့မွန်မြတ်တဲ့ စေတနာပဲ။ ဒီကျေးဇူးတရားကိုသိမြင်ပြီး ဆပ်နိုင်မှတော်လိမ့်မယ်။ ဒါကြောင့် ဆွမ်းလှူတဲ့သားအမိရဲ့ ကျေးဇူးကို တုံ့ပြန်ပေးဆပ်တဲ့အနေနဲ့ ငါ့ရဲ့ကိလေသာ အညစ်အကြေးမကင်းတဲ့စိတ်ကို ၀ိပဿနာဉာဏ်ရေ အလျဉ်နဲ့ သန့်စင်အောင်ဆေးကြောပြီး အရဟတ္တဖိုလ်၊ အရဟတ္တမဂ်ကိုရအောင် ငါကြိုးစားမယ်။

အကယ်၍မရခဲ့လျှင် ဒီဆွမ်းကို ငါအလှူမခံတော့ဘူး” လို့တွေးကာ လာလမ်းအတိုင်း ကျောင်းကို ပြန်ကြွသွားပြီး ကြိုးစားအားထုတ်လိုက်တဲ့အခါ မကြာခင်မှာဘဲ ကိလေသာကုန်ခန်းလို့ ရဟန္တာ အဖြစ်ကို ရခဲ့ပါတော့တယ်။ ဒါကြောင့် ကျေးဇူးတရားဆိုတာကို သိမြင်ပြီး နားလည်ပေးဆပ်ဖို့ ကြိုးစားနေသူတွေရဲ့စိတ်ဟာ ကုသိုလ်တွေနဲ့ အမြဲပဲ ထုံမွမ်းနေတတ်ပါတယ်။ တစ်ကြိမ်တစ်ခါ ဖြစ်ပါစေ မိမိအပေါ် တစ်နည်းနည်းနဲ့ ကျေးဇူးပြုခဲ့ဖူး သူတွေရဲ့ ကျေးဇူးတရားကို အမြဲမပြတ် အောက်မေ့ဆင်ခြင်ပြီး မေတ္တာပဲ ပွားနေတတ်တာမို့ ဘာဝနာကောင်းမှုလည်း သူ့မှာဖြစ်နေပါတယ်။ ဒါကြောင့် သူကိုယ်တိုင်လည်း ကုသိုလ်ကံအဟုန်နဲ့ စိတ်နေကမြင့်နေတော့တာမို့ ဘ၀မှာ အောက် ကျနောက်ကျ မရှိတတ်သလို သူရရှိခံစားနေတဲ့ စည်းစိမ်ဥစ္စာတွေကလည်း မြဲမြံတတ်ပါတယ်။

ကျေးဇူးတရားကို နင်းခြေဖျက်ဆီးသူတွေမှာတော့ သူတစ်ထူး မိမိအပေါ်ပြုတဲ့ ကျေးဇူးတရားကို ကျောက်ခဲသလဲလို့ ထင်နေတတ်ပါတယ်။ ဒါကြောင့်လည်း သူ့ဘ၀ဟာ ကျောက်ခဲသလဲ တောထဲမှာပေါက်ရရှာတဲ့ ချုံနွယ်မြက်ပင်တွေလို ဘာတန်ဖိုးတစ်ခုမှ မရှိနိုင်တော့ပါဘူး။ နောက်ဆုံး သူ့စိတ်ရဲ့ ဆိုးယုတ်ညစ်ညမ်းမှုကြောင့် နှလုံးသားဟာ မဲပုပ်ပြီး ပျက်စီးခြင်းကိုသာ ရရရောက်ရ ရှာပါတော့တယ်။

ဒါနဲ့ပတ်သက်လို့ ငယ်စဉ်က ၀တ္ထုတိုလေးတစ်ပုဒ် ဖတ်ဖူးပါတယ်။ ရွာတစ်ရွာမှာ မိတ်ဆွေနှစ်ဦး ရှိပါတယ်။ မိတ်ဆွေဆိုသော်လည်း လုပ်ငန်းချင်းက ပြိုင်နေတာမို့ တစ်ဦးသောသူက ပြိုင်ဘက်လို့ သဘောထားပြီး ရန်ငြိုးဖွဲ့ပါတယ်။ တစ်ဦးကတော့ ဒီလိုသဘော မရှိပါဘူး။ ဒါကြောင့် အမြဲတမ်း မနာလိုဖြစ်နေတဲ့သူဟာ သူ့ရဲ့မစ္ဆရိယစိတ်ကြောင့် လုပ်ငန်းက အဆင်မပြေပါဘူး။ အဆင် မပြေတော့ အစစအရာရာ ဆင်းရဲပါတယ်။ မိသားစုတွေဟာလည်း သူ့ရဲ့မကောင်းတဲ့စိတ်က အကျိုးပေးနေတာမို့ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲနဲ့ နေကြထိုင်ကြရပါတယ်။

ဒါနဲ့ပတ်သက်ပြီး မဂ္ဂဇင်းတစ်စောင်မှာ ဖတ်ခဲ့ဖူးတဲ့ စာလေးတစ်ပိုဒ်ကို လက်ဆင့်ကမ်းပြီး ဝေမျှ ချင်ပါတယ်။ ရေးသူကတော့ ဆရာထွန်းရှိန် (လင်းဝင်းကြီးရွာ) ပဲဖြစ်ပါတယ်။ သူရေးထား တာက-“သင်သည် သူတစ်ပါးအား မနာလိုမစ္ဆရိယစိတ် ဖြစ်ပေါ်နေပါက ထိုစိတ်ကို အမြန်ဖျောက်ပစ်လိုက်ပါ။ ထိုစိတ်ကို သင်လက်ခံထားပါက ထိုစိတ်သည် ပြန့်ပွားလွယ်သည်။ ထိုစိတ်သည် သင့်အားလျင်မြန်စွာ ဖိစီးလာပြီး သင်လည်း တဖြည်းဖြည်းဆင်းရဲလာလိမ့်မည်။ ထိုစိတ်နှင့် သင်ဆင်းရဲနေချိန်တွင် သင့်အားမည်သူမျှ ကူညီလိမ့်မည် မဟုတ်ပေ။ လူတို့ ဆင်းရဲနေသည့်အချိန်သည် သူတစ်ပါးအား မစ္ဆရိယစိတ်ကို သင်မွေးမြူနေသော အချိန်ပင် ဖြစ်သည်” လို့ ဖော်ပြထားပါတယ်။ အင်မတန်မှတ်သားစရာ ကောင်းပါတယ်။ခုလည်း ဒီလိုပဲ ဖြစ်နေတာပါ။

 ဒါပေမဲ့ တစ်ဖက်လူကတော့ သူ့လိုသဘောထားမျိုး မရှိသူဖြစ်တဲ့အပြင် မိတ်ဆွေဖြစ်သူရဲ့ မပြည့်စုံတဲ့ မိသားစုကို တတ်စွမ်းသမျှ ထောက်ပံ့ပါတယ်။ ပြောရရင် စိတ်ကောင်းမရှိသူရဲ့ မိသားစုတွေဟာ အဲဒီမိတ်ဆွေရဲ့ ထောက်ပံ့ကူညီမှုကြောင့် ထမင်းနပ်မှန်နေရသူတွေပါ။ များသောအားဖြင့် ကလေးတွေအဖို့ သူ့မိတ်ဆွေကောင်းရဲ့အိမ်မှာ ၀င်ထွက်စားသောက်နေတာကို ဒီလူစိတ်ပုပ်ကလည်း သိပါတယ်။ ဒါပေမဲ့ ဒါကိုပင် ဒီလူကြောင့် သူ့မိသားစုတွေနဲ့သူဟာ စိတ်ဝမ်းကွဲရတယ်။ သူ့ကိုယ်သူ လူစွမ်းလူစညံ့တယ်ရယ်လို့ ဇနီးနဲ့သားသမီးတွေရဲ့ အထင်သေး၊ အမြင်သေးခံနေရတယ်လို့ထင်ပြီး တစ်နေ့တစ်နေ့ ဒီမိတ်ဆွေကောင်းရဲ့ အကျိုးစီးပွားကို ပျက်အောင် လုပ်ဖို့သာပဲ ကြံနေပါတော့တယ်။

လောကမှာ ဒီလိုလူတွေလည်း ရှိတတ်ပါတယ်။ တစ်သက်လုံးပြုခဲ့တဲ့ကျေးဇူးကို သံပရာတစ်ချမ်းနဲ့ ချေကြသူတွေပါ။ ဒီလိုလူတွေဟာ ကိုးလလွယ် ဆယ်လမွေးခဲ့ရတဲ့ မွေးမိခင်ကျေးဇူးရှင်ကိုတောင်မှ ကျေးဇူးကန်းဖို့ ၀န်မလေးကြသူတွေပါ။ တစ်ခါကဆိုရင် မွေးမိခင်ကို နင်ပဲငဆပြောတဲ့သူကို ကိုယ်တိုင်မြင်ခဲ့ရဖူးပါတယ်။ အလွန်ကြောက်စရာ ကောင်းသူတွေပါ။ သူတို့ဘ၀ ဘယ်လိုပုံ ဖြစ်ရဦးမယ်ဆိုတာ တွေးကြည့်ရင်တောင်မှ ရနေပါပြီ။

ဇာတ်လမ်းကိုပြန်ဆက်ရရင် နောက်ဆုံးမှာတော့ စိတ်ယုတ်မာမွေးသူဟာ သူ့မိတ်ဆွေကြိုက် တတ်တဲ့ အစားအစာတစ်ခုမှာ အဆိပ်ခတ်ပြီးသတ်ဖို့ ကြံပါတော့တယ်။ ဒီလိုလုပ်ရတာကလည်း ဒီလူစိတ်ကောင်းမရှိမှ လုပ်ငန်းတွေလည်း သူတစ်ယောက်တည်းလုပ်ပြီး အဆင်ပြေနိုင်မယ် ထင်လို့ပါပဲ။ ဒါကြောင့် သူကြံစည်ထားတဲ့ အကြံအစည်ကို လက်တွေ့အကောင်အထည်ဖော်တဲ့အနေနဲ့ တစ်နေ့မှာတော့ သူကိုယ်တိုင် မုန့်တစ်ခုလုပ်ပြီး အဆိပ်ခတ်ထားလိုက်ပါတယ်။ ပြီးတော့ မိတ်ဆွေကောင်းစားဖို့ဆိုပြီး သွားပေးလိုက်ပါတော့တယ်။

 မိတ်ဆွေကောင်းကလဲ ဘယ်လိုသံသယမှမရှိဘဲ လက်ခံယူထားလိုက်ပါတယ်။ ဒါပေမဲ့ လောလောဆယ် မစားဖြစ်သေးတာနဲ့ ဒီအတိုင်းစားပွဲပေါ်မှာ တင်ထားလိုက်ပါတယ်။ သိပ်မကြာခင် မှာဘဲ လူစိတ်ပုပ်ရဲ့ သမီးလေးဟာ အဲဒီအိမ်ကိုရောက်လာပြီး မုန့်ကိုတွေ့တော့ စားချင်လို့ တောင်းပါတယ်။ အရင်လည်း ဒီလိုပဲစားနေကျမို့ လူစိတ်ကောင်းက သူမစားတော့ပါဘူးလို့တွေးပြီး ကျွေးလိုက်တော့ ကလေးမလေးဟာ အဆိပ်မိပြီး သေရရှာသလို လူစိတ်ပုပ်လည်းထောင်ကျပြီး ဘ၀ပျက်သွားရရှာပါတယ်။

ကျေးဇူးတရားဆိုတာ တင်နေမှန်းသိလျှင် မဆပ်လို့ ဘာမှမဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ ကျေးဇူး ကန်းရင်တော့ ဒုက္ခရောက်တတ်ပါတယ်။ ဒါကြောင့် ကိုယ့်အပေါ်တစ်နည်းနည်းနဲ့ ကျေးဇူးပြုခဲ့ဖူး သူတွေအပေါ်မှာ ကျေးဇူးမကန်းမိကြပါစေနဲ့လို့ စေတနာကောင်းနဲ့ သတိပေးချင်မိတာပါ။

ဘစံကောက်

By http://www.news-eleven.com

Saturday, November 1, 2014

ရတနာဝါသကျောင်း (ထိုင်ဝမ်) ကထိန်ပွဲတော် ဖိတ်ကြားစာ

ရတနာဝါသကျောင်း (ထိုင်ဝမ်) ကထိန်ပွဲတော် ဖိတ်ကြားစာ

ဘုန်းကံဘာကြောင့်နိမ့်သလဲ?


ဘုန်းကံဘာကြောင့်နိမ့်သလဲ?

လူတွေငယ်စဉ်သိတတ်သောအရွယ်မှစ၍ ယခုအရွယ်အထိ ဘုန်းကံဟူသော စကားကို ကြားသိခဲ့ရ ဖူးမှာပါ၊ ဘုန်း နှင့် ကံ သည်အတူတူပင်ဖြစ်ပါသလားဘုရား၊ဘုန်းကံနိမ့်ခြင်း မြင့်ခြင်းဟူ၍ ရှိပါ သလားဆိုသော အတွေးတွေ ရှိတတ်ပါတယ်။

တံတားအောက် ကြိုးတန်းအောက် ညစ်ညမ်းနိမ့်ပါးသည့် အောက်သို့ ၀င်ခြင်းတို့ကြောင့် ဘုန်းနိမ့်တတ်သည် ဆိုသည်မှာလည်း ဆိုသောအတွေးများလည်းတွေးတတ်ပါတယ်။

ကဲအရင်ဘုန်းကံကိုပြောကြည့်ကြမယ်..မြန်မာလို ဘုန်းကံ-ဟူ၍ တွဲခေါ်သည့်အားလျော်စွာ ပါဠိဘာသာ အားဖြင့် ပုညကမ္မ-ဖြစ်၍ ပြုလုပ်သော ကုသိုလ်ကောင်းမှု-ကိုပင် ဘုန်းကံ-ဟု ခေါ်ပါသည်။ ရှေးပညာရှိတွေက ကုသိုလ်ပုန်းကံ သင့်ဆီပြန်သော် မကြံလည်းပြီး ကြံလည်းပြီး၏တဲ့ အဆိုရှိခဲ့ကြတယ် ဒါကြောင့်ဘုန်းကံဆိုတာ ပုညသဒ္ဒါက လာတာသေချာပါတယ်။

နောက် သတ္တာနံ ခန္ဓသန္တာနံပုဏာတိ သောဓေတီတိ ပုဏံ-ဟု ပရိတ်ဋီကာက ဆိုထားပြန်ပါသည်၊ သတ္တ၀ါတို့၏ခန္ဓာအစဉ်ကိုသုတ်သင်တတ်၍ပုဏ၊ပုညဟုဆိုသဖြင့်ပုညဟု ခေါ်ဆိုသော  ကောင်းမှု ကုသိုလ်ကံသည် အကျိုးပေး၍ ကောင်းကျိုးချမ်းသာများ ဖြစ်ပေါ်နေခြင်းကိုပင် ဘုန်းကံ ဘုန်းရှိသည်၊ ဘုန်းကြီးသည်ဟု အဆိုပြုကြတာ။

တနေ့က စာရေးသူကိုဆေးရုံကိစ္စ အားလုံးကို လိုက်လံကူညီပေးခဲ့တဲ့ ဗုဒ္ဓဘာသာဆရာမ အိမ်သို့ သွားသည့်အခါ သူတို့အိမ်ရှေ့မှာအဝတ်လှမ်းတဲ့ကြိုးအောက်ကသွားခဲ့ရတယ် ပြောချင်သော်လည်း ပြောခွင့်မကြုံခဲ့ပေ နောက်နေ့ တူတူသွားတဲ့သူငယ်ချင်းတပါးခွေးကိုက်ခံရတယ် သူတွေးတယ် မနေ့က ကြိုးတန်းအောက်ဝင်မိလို့တဲ့။

သူပြောချင်တာကကြိုးတန်းအောက်ကဝင်လို့သာဘုန်းနိမ့်ပြီးခွေးကိုက်ခံရသည်ဆိုသည့်သဘော
တကယ်တော့ ဘုန်းကံသည် မိမိပြုလုပ်သောကုသိုလ် အကျိုးပေးခြင်းသာ ဖြစ်၍ လမ်း တံတားအောက် ၀င်ခြင်း၊ အိမ်အောက်ထပ်မှာ နေခြင်း၊ မြေအောက်မြေတွင်းမှ ရေစသည်တို့ကို သုံးဆောင်ခြင်းကြောင့် နိမ့်ခြင်း၊ ပျက်ပြားခြင်း ဖြစ်နိုင်စရာ မရှိပါ။

သို့သော် ကုသိုလ်ကံ ပုည-သည် အကျိုးပေးရာ မျက်မှောက်ကောင်းမှု မကောင်းမှုများ၌လည်း အနည်းအများ အမှီပြုသေးသဖြင့် ရှေးကုသိုလ်ကံကောင်း၍ အကျိုးပေးချင်သော်လည်း မိမိက မကောင်းမှု ဒုစရိုက်များကိုသာ ပြုလုပ်နေလျှင် အကျိုးပေး ဖွံ့ဖြိုးလိမ့်မည်မဟုတ်ပါ၊

ထိုအရာကိုသာ ဘုန်းနိမ့်သည်ဟု ဆိုလိုက ဆိုနိုင်ပါသည်၊ ယခုခေတ် လမ်းများအထက်၌ တံတားများရှိ၍ ထိုလမ်းများ၌ သွားလာ၍ ဘုန်းနိမ့်ကြရမည်ဆိုလျှင် အိမ်မှ ဘယ်မျှမထွက်ဘဲ နေရတော့မလို ဖြစ်နေပါသည်၊ ထိုအယူစွဲကို ဖျောက်ပယ်ဖို့လိုပါတယ်။

ဆရာတော်ဦးဇနကာဘိဝံသမိန်ခဲ့ဘူးတဲ့စကားလေးကိုသတိရမိတယ် ဘာတဲ့…။ ဘုန်းကံ ဆိုတာ ရှေးက ပါခဲ့ပေမယ့်  ယခု ဘ၀ ကြိုးစားမှု့ကလဲ ရှိရတယ်၊ စင်စစ်တော့ ကံ ဆိုတာ ရေလာ မြောင်းပေး လုပ်မှလည်း  ကောင်းကျိုး ရှိရာ ကောင်းကျိုးလာပြီး မကောင်းမှု့ရှိရာ မကောင်းကျိုး လာမှာပဲ၊တဲ့ သိပ်ကောင်းပါတယ်

ဒါကြောင့်ဘာကြောင့်ဘုန်းနိမ့်တာလဲ ကိုယ့်ဘာသာကိုဆုံးဖြတ်ပေတော့….။
ဓမ္မစမ်းရေ.