Friday, November 8, 2013

စိတ်ဓါတ်ရင့်ကျက်လာဖို့


စိတ်ဓါတ်ရင့်ကျက်လာဖို့

(၁) တစ်နေ့ အရာအာလုံးကို စွန့်ခွာသွားရမှာ..
တစ်နေ့ အားလုံးအားလုံးကို ထားသွားရအုံးမှာ.. ဆိုတာ ခဏခဏ တွေးပေးပါ။

(၂) ကိုယ့်ကိုကိုယ်တောင် မပိုင်တာ..
ငါပိုင်တာ တကယ်တမ်းတော့ ဘာဆိုဘာမှ မရှိပါလားလို့ ခဏခဏ ဆင်ခြင်နေပေးပါ။

(၃) ငါ သေရအုံးမှာ..
အချိန်မရွေး ငါသေသွားနိုင်တယ်လို့လည်း ခဏခဏ ရွတ်ရွတ်ပေးပါ။

(၄) ငါဘာတွေတွေးနေလဲ?
ဘာတွေခံစားနေလဲ ?
ခုစိတ်ထဲမှာ ဘယ်လိုတွေဖြစ်နေလဲ.. ဆိုတာမျိုး
ကိုယ့်စိတ်ကို ကိုယ်အမြဲတမ်း သတိရတိုင်းရတိုင်း ပြန်ပြန်ကြည့်နေပေးပါ။ ပြန်ပြန်သိနေပေးပါ။

(၅) ငါဘာကိုတန်ဖိုးထားတာလဲ?
အပေါ်ယံအရာဖြစ်တဲ့ပစ္စည်းတွေလား? တစ်စုံတခုလား? တစ်စုံတစ်ယောက်လား?
စိတ်ထားမြင့်မြတ်တာလား? ကိုယ်ကျင့်တရားမြင့်မြတ်တာလား?
ငါ့ဘဝမှာ ငါတကယ်တမ်း တန်ဖိုးအထားဆုံးအရာဟာ ဘာလဲ?
ခုလုပ်နေတာတွေဟာ ငါဘာကိုတန်ဖိုးထားပြီး လုပ်နေကိုင်နေပြောနေတာလဲ?
ငါတန်ဖိုးအထားဆုံးအရာဟာ တကယ်တမ်း နောက်ဆုံးတော့ အားကိုးရရဲ့လား?
ဆိုတဲ့မေးခွန်းမျိုးကို ကိုယ့်ကိုကိုယ် မမေ့မလျော့ ပြန်ပြန်မေးပါ။
(ကိုယ့်ကိုကိုယ် မလိမ်မညာပဲဖြေရင် အမှန်တွေနဲ့ အကောင်းတရားတွေနဲ့ နီးလာပြီ)

(၆) ဖြစ်နေတဲ့ အဆိုးတွေရော အကောင်းတွေရောဟာ
ဘာမှ မမြဲဘူး။ ဘာမှ မဟုတ်ဘူး။ တခဏလေးတွေချည်းပဲ။
သင်္ခါရတရားတွေ အချိန်ပြည့် နှိပ်စက်နေတာလို့ အမြဲနှလုံးသွင်းနေကြည့်လိုက်ပါ။

သဘာဝကို သဘာဝ၊ အမှန်ကို အမှန်လို့ကြည့်တတ် မြင်တတ် လက်ခံတတ်တာ လက်ခံနိုင်တာဟာ သတ္တိရှိလို့ပါ။ သဘာဝအမှန်တရားကို လက်ခံနိုင်ရင် စိတ်ဓါတ်ရင့်ကျက်လာပြီ။ အရှိကိုအရှိအတိုင်း အမှန်တရားကို အမှန်အတိုင်း လက်ခံနိုင်တဲ့စွမ်းရည်ကပဲ အရာရာအပေါ်ကို balance အဖြစ် မြင်တတ်လာလိမ့်မယ်။ အဲဒီလက်ခံနိုင်တဲ့ စိတ်ဓါတ်ကပဲ ကိုယ့်ဘဝကို တကယ်တမ်း ဘာရှေ့ဆက် လုပ်ရမလဲ ဘယ်အရာတွေကို မလုပ်သင့်တော့ဘူး။ ဘယ်အရာတွေတော့ ပိုလုပ်သင့်သလဲဆိုတာ လမ်းပြပေးသွားပါလိမ့်မယ်။ နေတတ်ထိုင်တတ်အောင် စိတ်ချမ်းသာနေအောင်လည်း အပြည့်အဝ ကူညီပါလိမ့်မယ်။

ဒါပေမယ့် ဖတ်ထားပြီးရော ပြီးရင်မေ့ မလုပ်ပဲ…အဲဒီအတွေးတွေကို မမေ့မလျော့ သတိတရ တွေးတွေးနေပေးဖို့တော့ လိုတယ်။ တကယ် တွေးတွေးကြည့်ပြီးတဲ့အခါ လက်တွေ့ စိတ်ချမ်းသာလာတာကို တွေ့ရလိမ့်မယ်။ တချို့အရာတွေက သူများရေးထားတာဖတ်တာထက် ကိုယ်ကိုတိုင် လက်တွေ့ကြုံလာတဲ့အခါ အဲဒီအရသာက ပိုပြီးစိတ်ကိုကြည်နူးကျေနပ်စေတယ်။ တချို့အမြင်တွေက ကိုယ်ကိုတိုင်လုပ်ကြည့်လာမှ မြင်လာတယ်။ ပြီးမှ ဟုတ်ပါလားလို့ပေါ့..။ေ၇းထားတဲ့စာလေးနဲ့ ရပ်မနေပဲ ဒီထက်ပိုပြီးချဲ့တွေးစေချင်တာရယ်ပါ။

ဥပမာအနေနဲ့ “တစ်နေ့ အရာအာလုံးကို စွန့်ခွာသွားရမှာ.. တစ်နေ့ အားလုံးအားလုံးကို ထားသွားရအုံးမှာ.. ဆိုတာ ခဏခဏ တွေးပေးပါ” လို့ ရေးထားတဲ့အတိုင်း ကိုယ့်စိတ်ရင်းနဲ့ တွေးပေးလိုက်ရင် မတရားသဖြင့်လိုချင်တဲ့ မတရားလောဘတွေနဲသွားစေတယ်။ ငါစွန့်သွားရမှာပဲ။ မတရားသဖြင့် လိုချင်မက်မောတာတွေနဲ့ မတရားလုပ်မနေတော့ပါဘူးဆိုတာမျိုး ဖြစ်လာတယ်။ ဒီထက်မကကို ကျယ်ပြန့်လွန်းပါတယ်။

“ကိုယ့်ကိုကိုယ်တောင် မပိုင်တာ.. ငါပိုင်တာ တကယ်တမ်းတော့ ဘာဆိုဘာမှ မရှိပါလားလို့ ခဏခဏ ဆင်ခြင်နေပေးပါ” ဆိုတာကို ဆင်ခြင်တဲ့အခါ.. ကိုယ်တကယ်ပိုင်လို့မရတဲ့ အရာတွေရှိလာရင် ကိုယ်တကယ်လုပ်ယူလို့မရတဲ့အရာတွေ ဖြစ်လာရင် အဲဒီတွေးနည်းက တော်တော် အလုပ်ဖြစ်တယ်နော်..။ အဲဒီဆင်ခြင်နည်းက တော်တော်စိတ်ကိုသက်သာ စေလိမ့်မယ်နော်။

“ငါ သေရအုံးမှာ အချိန်မရွေး ငါသေသွားနိုင်တယ်လို့လည်း ခဏခဏ ရွတ်ရွတ်ပေးပါ” လို့ နှလုံး သွင်းကြည့်ရင် စာဖတ်သူ သေသေချာချာစိတ်နှစ်ပြီး နှလုံးသွင်းကြည့်လိုက်ပါ။ ဘယ်လို ခံစားရလဲလို့..။ ဒါဆိုရင် ရေးနေစရာတောင်မလိုတော့ပါဘူးနော်..။ အနည်းဆုံးဥပမာလေးကတော့ မာန်တွေ တော်တော်လျော့သွားစေတယ်..။

“ငါဘာတွေတွေးနေလဲ? ဘာတွေခံစားနေလဲ ? ခုစိတ်ထဲမှာ ဘယ်လိုတွေဖြစ်နေလဲ.. ဆိုတာမျိုး ကိုယ့်စိတ်ကို ကိုယ်အမြဲတမ်း သတိရတိုင်းရတိုင်း ပြန်ပြန်ကြည့်နေပေးပါ။ ပြန်ပြန်သိနေပေးပါ”
အဲဒီအတိုင်း ပြန်ပြန်ကြည့်တဲ့အခါ ကိုယ့်စိတ်အကြောင်း ကိုယ်သိလာတယ်။ ပိုသိလာတယ်။ ကိုယ်ကောင်းတာလည်းသိလာလိမ့်မယ်။ ကိုယ်မကောင်းတာလည်း သိလာလိမ့်မယ်။ 

ဆရာတော်ဦးဇောတိကစာအုပ်တွေ ဖတ်ပြီးလက်တွေ့ လုပ်ကြည့်တဲ့သူတွေဆိုရင် အထူးသိပြီး သားတွေပါ။ ကိုယ့်စိတ်ထဲကခံစားမှုတွေကို စောင့်ကြည့်ပါများလာရင် မကောင်းတာတွေ တွေးတာတွေ မကောင်းတာပြောတော့မှာတွေ မကောင်းတာလုပ်တော့မှာတွေကို ခွင့်မပြုတော့ဘူး။

အသေးစားဥပမာအနေနဲ့ ဒေါသအားကြီးလို့ ဒေါသကြီးလိုက်တာကိုတောင် အနည်းဆုံး ဒေါသဖြစ်နေတယ်လို့ ကိုယ့်ကိုကိုယ် ပြန်သိနေတယ်။ သိနေတော့ ဆိုးဆိုးဝါးဝါးတွေ မလုပ်ဖြစ်အောင် စိတ်ကပြောနေတယ်။ တုံ့ခနဲ့ ရပ်နိုင်တာ မရပ်နိုင်တာတော့ အလေ့အကျင့်ပေါ်မှာ မူတည်ပါတယ်။ နောက်ထပ်အကျိုးကျေးဇူးတွေက အများကြီးပဲ..။ အကျိုးများလွန်းလို့ လုပ်ကြည့်စေချင်တာရယ်ပါ။ အဓိကက အလေ့အကျင့်ရှိဖို့ အလေ့အကျင့်လုပ်ဖို့ရယ်ပါ..။

နံပါတ်(၅)က ကိုယ်တိုင်ဖြေရမှာမို့............

ကိုယ့်အတွေးတွေကို ပြောင်းလိုက်ရင် ကိုယ့်လောကလည်း ပြောင်းသွားပါတယ် (ဆရာတော်ဦးဇောတိက)။
ကိုယ့်နှလုံးရဲ့ နှလုံးသွင်းနည်းတွေကို ပြောင်းပစ်လိုက်ရင် ကိုယ့်ဘဝလည်း ပြောင်းသွားမယ်။ ဘယ်လိုအခက်အခဲ အကြီးအသေးတွေကြုံကြုံ ကိုယ်စိတ်ထားတတ်ရင် အိုခေနေတယ်ဆိုတာ သိလာလိမ့်မယ်။ အခက်အခဲက သေးနေပါစေ ကိုယ်စိတ်မထားတတ်ရင် စိတ်ဆင်းရဲနေ တယ်ဆိုတာ သိလာလိမ့်မယ်။ အဲဒါမို့လို့ အဲဒါတွေအပေါ်ထားတဲ့ မြင်တဲ့ ကိုယ့်အတွေးတွေ၊ ကိုယ်နှလုံးသွင်းတဲ့နည်းတွေက အရမ်းအရေးကြီးနေပါတယ်။

“Change Your Thoughts and
You Change Your World…
Change Your Life
by Changing Your heart…”

 စိတ်ကူးပျော်ရာ မှ သိသမျှ ။
ဦးဇော်


Thursday, November 7, 2013

လူငယ်များသို့ (စာရိတ္တ တန်ဖိုး)



 
လူငယ်များသို့ (စာရိတ္တ တန်ဖိုး)


               အမျိုးသားလူငယ်များကို ဆုံးမစကား စာဖြင့်ပြောကြား စေလိုကြောင်း ဆိုလာသဖြင့် ထိုတောင်းဆို မှုသည် ကောင်းသော လုပ်ရပ်ဖြစ်သည်။ ဆုံးမစကားကို နာယူခြင်းသည် မင်္ဂလာဖြစ်၏။ မင်္ဂလာသည် ကောင်းကျိုးပြုခြင်းဖြစ်သည်။ လူသားတို့မှာ အကုသိုလ်ကင်း၍ ကုသိုလ်ပြည့်စုံသည် ဆိုလျှင် မင်္ဂလာနှင့်ပြည်စုံခြင်း ဖြစ်၏။

                 မင်္ဂလာသည် ကောင်းသော အခြင်းအရာ ဖြစ်ပေသည်။ ကောင်းကျိုးပေးခြင်း ကောင်းကျိုး ရယူခြင်းသည် မင်္ဂလာဖြစ်ပေသည်။ ဘ၀အဆက်ဆက် လူသားတို့သည် အကုသိုလ် မကောင်းမှုကို မကောင်းမှုများဖြစ်ကြောင်း ၊ အကုသိုလ်ကင်းသော ကောင်းမှုမှန်သမျှသည် ဘ၀၌ ကျက်သရေ မင်္ဂလာနှင့် ပြည့်စုံခြင်းပင် ဖြစ်သဖြင့် မိမိတို့ဘ၀၌ မင်္ဂလာရှိသည် ဟု ဆိုရပေသည်။

                 ရှေးရှေးကာလမှာ လူသားတို့သည် ကောင်းသောစိတ် စေတနာဖြင့် ကောင်းသောကုသိုလ် ကောင်းမှုတို့ မည်သို့ပြုရမည်နည်း။ အကုသိုလ် ဟူသော မကောင်းမှု ဒုစရိုက်များကိုပယ်၍ ကောင်းသော အမှုကို မည်သို့ဆောင်ရွက်ရမည်နည်း ဟူသော ပြဿနာကို လူ့လောကတွင်ရှိသော အသီးသီး ပညာရှင် တို့သည် ကြံဆဖော်ပြ၏။ သို့သော် သူတို့၏ အဆိုအပြောတို့မှာ ပြီးပြည့်စုံသည်ဟု မဆိုသာ ဖြစ်နေချေ သည်။ ယင်းတို့ဖြင့် လူ့သိက္ခာအကြောင်းနှင့် ပတ်သက်၍ ကျေနယ်ဖွယ် ဖော်ပြမှု မပြုနိုင်သည်မှာ သာမန် နတ်သား(အညတရ ဒေ၀)အဖြစ် ဗုဒ္ဓမြတ်စွာ ရှေ့တော်မှောက်သို့ ချဉ်းကပ် ရိုကျိုး၍ လူတို့စောင့်အပ် သော လူ့သိက္ခာကို မေးမြန်းစုံစမ်းလေသည်။
 
 မြတ်စွာဘုရားက လူ့ကျင့်ဝတ်ကို မင်္ဂလသုတ် တရားတော် မှာ ဖော်ပြတော် မူသည်။ ယင်းသည် မြန်မာဗုဒ္ဓဘာသာ လူငယ်များအဖို့ ရှေးတုန်းကတော့ လူငယ်တွေ ဘုန်းကြီးကျောင်းသား အဖြစ်နဲ့ အနည်းဆုံးတစ်နှစ်တော့ နေကြပြီး မင်္ဂလာသုတ်ကို သင်ယူကြရတာ အစဉ်အလာပါပဲ။ အခုခေတ်တော့ လူငယ်တို့ဟာ ဘုန်းကြီးကျောင်းသား မဖြစ်ဖူးကြဘူး။ လောကီစာကို အခြေခံပညာသင် ကျောင်းတွေမှာ သင်ကြတယ်။ ဘုန်းကြီးကျောင်းမှာ မနေကြရဘူး ဆိုဦးတော့ သုံးဆယ့် ရှစ်ဖြာ မင်္ဂလာကို ဖတ်ရွတ်လေ့လာဖို့ သင့်ပါသည်။ မင်္ဂတရားတော်သည် လောကုတ္တရာချည်း မဟုတ်ပဲ လောကီလူမှုရေးတို့မှာလည်း လူငယ်တို့ဟာ စတင်လေ့လာသင့်ပါတယ်။  လောကီရေးရာရော လောကုတ္တရာ ရေးရာမှာ သုံးဆယ့်ရှစ်ဖြာ မင်္ဂလာ တရားတော်ကို ကျကျနန လေ့လာဆောင်ရွက် စေချင်ပါ တယ်။လောကီရေးရာမှာ ပြုကျင့်ရမယ့် လူ့ကျင့်ဝတ်နှင့် ပတ်သက်သဖြင့် ကိုးကွယ်သည့် ဘာသာတရား များ အတွက်လည်းဖြစ်သည်ဟု ယူဆခံယူနိုင်ပေသည်။ လူတိုင်းကျင့်အပ်သည့် လူမှုရေးရာဘက်တွင် အသုံးဝင်ပါသည်။ 

                ဆိုလိုသည်မှာ လောကီ၊လောကုတ္တရာ နှစ်ဖြာသော ကျင့်ဝတ်တို့အဖြစ် ကျင့်သုံးနိုင်သော အရာများဖြစ်သဖြင့် ကျွန်တော့်အနေဖြင့် လူငယ်လူရွယ်တို့ လူမှုရေးကျင့်ဝတ်များ အဖြစ် လိုက်နာကျင့်သုံး လျှင် ကိုယ်ကျင့်တရား ကောင်းမွန်၍ ကိုယ်ကျိုးလည်း ဖြစ်ထွန်းစေသည်။ သူတစ်ပါး လူအများအတွက် လည်း မိမိက ကောင်းကျိုးပြုနိုင်သည်။ လူ့သိက္ခာ လူကျင့်ဝတ်တို့ဖြစ်သဖြင့် လောကီ လောကုတ္တရာ အကျိုးနှစ်ဖြာ ပြည့်စုံနိုင်ပေသည်။ 

                 မြတ်စွာဘုရားသည် “အသေ၀နာစ ဗာလာနံ ၊ ပဏ္ဍိတာနဉ္စသေ၀နာ” ဟု စတင်ဟော တော်မူသည်။ “လူမိုက်ကိုရှောင် ၊ လူလိမ္မာပညာရှိကို ဆည်းကပ်” ဟု ဟောလေရာ လူမှုရေး၌ အရေးပါ ဆုံးသည် အပေါင်းအသင်းဖြစ်ကြောင်း အပေါင်းအသင်းမှားလျှင် ကိုယ်ကျိုးပျက်စီးစေမည့် အဓိပ္ပါယ်သည် ထင်ရှား၏။ လူငယ်တို့သည် လိမ္မာရေးခြား ဖြစ်စေရန် ပူဇော်ထိုက်သူကို ပူဇော်ရမည်ဟူ၏။ မပူဇော်ထိုက် သူအား မပူဇော်ရုံမျှမက ရှောင်းကြဉ် ရပေမည်။ စိတ်ကောင်းစေတနာကောင်း ထားရှိခြင်းသည် လူ၏ ရည်မွန်မှုကို ပြည့်စုံစေ၍ ကောင်းမှုသည် ပညာဟူသော အသိပညာ အတတ်ပညာတို့ကို တတ်သိစေရန် ပင်ဖြစ်၏။ အရေးကြီးသော အချက် တစ်ခုမှာ အမိအဘကို လုပ်ကျွေးသမှု ပြုခြင်းဖြစ်၏။ မိဘကို ရိုသေစွာ ကျေးဇူးဆပ်သည့် အနေဖြင့် မိမိကိုမွေးဖွားသော မိဘတို့သည် အချိန်တန်သောအခါ အိုမင်းမစွမ်း ဖြစ်လာ တော့သည်။ ထိုအခါ အခြေအနေတိုးတက်လာသော သားသမီးတို့က မိဘများကို မွေးကျေးဇူး ဆပ်ကြရမည်။ အပြစ်ကင်းသော အသက်မွေးမှု အလုပ်အကိုင်တို့ကို လုပ်၍ ကုသိုလ်ကောင်းမှုတို့ကို ပြုကြ ရပြီး ကျေးဇူးဆပ်စဉ်မှာပင် ဆွေမျိုးသားချင်းတို့ကို ကူညီစောင့်ရှောက် ရပေမည်။

               သုံးဆယ့်ရှစ်ဖြာ မင်္ဂလာ တရားတော်သည် လူမှုရေးနှင့်ပတ်သက်၍ လူသားတို့ ဆောင်ရွက် အပ်သော ၀တ္တရားများကိုဖော်ပြသည်။ လူငယ် လူရွယ်တို့သည် မင်္ဂလာ တရားတော်အတိုင်း လုပ်ကိုင် ဆောင်ရွက်လျှင် လူတော်လူကောင်း ဖြစ်မည်။ လူ့တာဝန် လူ့ဝတ္တရားများကို ဆောင်ရွက်ခြင်းဖြင့် လူ့သိက္ခာကို ထိန်းသိမ်းစောင့်ရှောက်ရမည် ဟူ၍ လူမှုရေးနှင့် ပတ်သက်သည့် တရားလည်းဖြစ်သည် ။ လူမျိုးမရွေး ဘာသာမရွေး အားလုံးသော လူသားတို့က ကျင့်သုံးကြလျှင် လူ့လောက၌ အဆိုးအမိုက်များ ကင်းနိုင်သလောက် ကင်းပေလိမ့်မည်။ 

                သို့သော် ယခုခေတ်သည် သိပ္ပံနှင့် နည်းပညာတို့၏ ကျေးဇူးကြောင့် လူသားတို့အား ထူးထူးခြားခြား ထောက်ပံလျက်ရှိသည်။ သို့သော် ထိုပစ္စည်းများ အရည်အသွေးတိုးတက်၍ စွမ်းရည် ထက်စေကာမူ သုံးဆယ့်ရှစ်ဖြာ မင်္ဂလာတရားတော် ပါ အချက်အလက်တို့ကို ဂရုမထားပဲ မာန်မာန တက်ကာ အကျင့်စရိုက်ဆိုးများကိုသာ ပြုလုပ် အားထုတ်လျက်ရှိသည့် လူငယ်ပိုင်းသည် အများအမြင် အားဖြင့် တိုးတက်လျက်ရှိ၏။ တစ်ဖက်မှာ တိုးတက်လျှင် အခြားဘက်မှာ ဆုတ်ယုတ်တတ်သည်။ နှစ်ဖက်လုံး ညီတူညီမျှ တိုးတက်လျှင် လူ့လောကသည် အေးချမ်းသာယာ၍ လူတို့သည် လူ့ဘ၀တွင် နေရေး ထိုင်ရေး ၀မ်းစာရှာရေးတို့သည် အဆင်ပြေ၍ မင်္ဂလာရှိပေမည်။ သို့သော် ထိုသို့မဟုတ်ပဲ တိုးတက် ခိုက်မှာပင် အမိုက်ပိုနေကြသဖြင့် များစွာသော လူသားတို့သည် မတော်မတရား လုပ်ရပ်များ ကြောင့် ရန်သတ္တရုပွား၍ ကမ္ဘာအရပ်ရပ်တွင် ဒေါသ လောဘ မီးများ ပွားပြန့်လျက်ရှိသည်။ 

               ကျွန်တော့် အမြင်မှာ တတိယထောင်စုနှစ် အစ ၂၁ ရာစုနှစ်ကာလတွင် တစ်ကမ္ဘာလုံး လူဦးရေ တိုးတက်သည်နှင့် အမျှ စာရိတ္တပျက်ပြားမှုသည် အကြမ်းဖျင်းအားဖြင့် ပွားများသထက် ပွားများ လာသည်။ ကျယ်ပြန့်ပွားများ လာသည့် အလျောက် တိုင်းပြည်များ၊ လူမျိုးများသည် ထိန်းမနိုင် သိမ်းမရ ဖြစ်နေချေပြီ။ အထူသဖြင့် လူငယ်လူရွယ်တို့သည် စည်းမဲ့ကမ်းမဲ့ သောင်းကျန်းနေကြသည်။ ယင်းသို့သော သောင်းကျန်းမှုကို သူတို့က ခေတ်မှီလှပြီ ထင်နေကြသည်။ ရှေးခေတ်မှာ ထွန်းကားခဲ့ သော စရဏတရားကို အမှတ်မထင် ပြုရုံသာမက ခေတ်မမီတော့ဟု သဘောထားကာ အဆိုအမိန့်များ ဆုံးမချက်များကို ပစ်လိုက်ကြသည်။ ရှေးဟောင်းစာပေးများ ကိုလည်း ခေတ်လွန်သော အဟောင်းအမျင်း များဟု သဘောထားကြသည်။ ယင်းအင်အားစုသည် လူငယ်လူရွယ်တို့ကြားတွင် အတော်များလာသည် ကို တွေ့ရသည်။

               စရဏတရားကို သရုပ်သဏ္ဌာန်ပေါ်သော ၀တ္ထု ကဗျာ ဆောင်းပါးများကို ပြက်ရယ်ပြုကြ သည်ကို တွေ့ရပါသည်။ အချို့လူငယ်တို့က စရဏတရားကို ပြောင်ပြောင်ပစ်ပယ် ကြသည်ကိုလည်း တွေ့ရသည်။ ခေတ်သစ်၌ ပေါ်ထွန်းသော လောကီအာရုံ ကာမဂုဏ်တို့ကို အမွှန်းတင်သော စာပေများကို စိတ်ဝင်စားစွာ ဖတ်ရှု၍ ကျေနပ်နေကြသည်။ 

               လူငယ်လူရွယ်တို့သည် ပတ်ဝန်းကျင် အခြေအနေများ၏ ပယောဂကြောင့် ကိုယ့်ကျင့်တရား ပျက်ပြားခြင်းကိုပင် ခေတ်မီသည်ဟု ထင်နေကြသည်။ လူ့ဘ၀ စည်းစိမ်များကို စွဲမက်နေကြသည်။ ယင်းသို့ ကာမဂုဏ်များကို နှစ်သက်ကာနေ၍ ပြုလုပ်နေခြင်းကို ခေတ်မီသည် ၊ ခေတ်သစ်တွင် ခေတ်နှင့် အတူလိုက်မှ တိုးတက်သည်။ မိဘရိုးရာ ဘာသာတရားတို့ကို အထင်သေးသလို ဖြစ်လာကာ ဘာသာရေး ၌ စိတ်ဝင်စားမှု လျော့နည်း၍ လောကီးရေးတိုးတက်မှုများကို ကိုးကွယ်ကြချေသည်။ သူတို့ကို စေတနာဖြင့် သတိပေးမှုကိုပင် ပြက်ရယ်ပြုကြချေသည်။
               ယခုဖော်ပြချက်များသည် တစ်ကမ္ဘာလုံးရှိ လူငယ်၊ လူရွယ်တို့သာမက လူကြီးများစွာ တို့ကလည်း ပေါ်ပင်တွေ ကို လိုက်စားကြချေသည်။ ပွင့်လင်းစွာ ဆိုရပါမူ မြန်မာဗုဒ္ဓဘာသာဝင် လူငယ်များ၌ စာရိတ္တပျက်ပြားမှုသည် အခြားဒေသများထက် လျော့နည်း၍ ၀မ်းသာကျေနပ်မိပါသည်။ ထို့ကြောင့်ပင် ကျွန်တော်တို့လို ကြီးရင့်သော ပုဂ္ဂိုလ်များက သတိပေးစကား ထပ်ခါထပ်ခါ ပြောနေကြရ ပါသည်။

               လူငယ်တွေ ယင်းသို့ ငယ်ရွယ်ချိန်မှာ စရဏတရားကို စတင်လေ့လာသင့်သည်။ ကျွန်တော် အကြံပေးလိုက်သည်မှာ မင်္ဂလသုတ် သင်တန်းများဖွင့်၍ လူငယ်များ ကျောင်းအားချိန် စနေ တနင်္ဂနွေ နေ့တို့တွင် တက်၍ သင်ယူကြစေလိုပါသည်။ ရှေးခေတ်၌မူ ကျောင်းသားအရွယ်အစလောက်တွင် ဘုန်းကြီး ကျောင်းတွင်သွား၍ မြန်မာစာ ဖတ်တတ်အောင် သင်ပြီးလျှင် မင်္ဂလသုတ် အရကျက်ကြရသည်။ ယခု အခါ၌မူ ထိုအခြေအနေမျိုး မရှိသလောက် ဖြစ်နေချေပြီ။ စာသင်စ ကလေးများကို အခြေခံပညာ ကျောင်းတွင် စာသင်ကြရသည်။ ထို့ကြောင့် မင်္ဂလသုတ်တတ်ဖို့ အခွင့်မသာချေ။ ထို့ကြောင့် စနေ ၊ တနင်္ဂနွေ နေ့များတွင် မင်္ဂလသုတ် သင်တန်းများ ဖွင့်ပေးစေလိုပါသည်။ မင်္ဂလသုတ်ကို သင်ကြားရာ၌ ပါဠိပုဒ်များကို မြန်မာဘာသာ ပြန်ရုံမျှဖြင့် ကိစ္စမပြီးသင့်ပါ။ အပုဒ်တိုင်းကို အကျယ်ချဲ့၍ သင်ပေးခြင်းဖြင့် လူငယ်တို့အား စရဏတရားကို ကျေညက်အောင် သင်ပေးစေလိုပါသည်။

               ကျောင်းသားတို့သည် ယင်းသို့ ကျောင်းနေစအရွယ်မှ မင်္ဂလာတရားတော်နှင့် ငါးပါးသီလ တို့ကို ကောင်းစွာနားလည် သဘောပေါက်သည်အထိ သင်ပေးစေလိုပါသည် ။ ကျောင်းသား ကလေးများ ချည်းမဟုတ်ပါ ။ ကျောင်းသားကြီးများလည်း သင်ယူဖို့လိုပါသည်။ ကျွန်တော့်အယူအဆမှာ ကလေး အရွယ်မှ အထက်တန်းကျောင်းသားတို့အထိ မင်္ဂလသုတ်နှင့် ငါးပါးသီလကို ကောင်းစွာ သိနားလည်ကြ စေချင်ပါသည်။ လူငယ်လူရွယ်တို့သည် “စရဏ” အကျင့် ရစေရန် လိုအပ်ပေသည်။ ယခုကျဆင်း နေသော စရဏ အကျင့် (စာရိတ္တ) အစွမ်းထက်စေမှသာ နောင်ကာလတွင် လူတော်လူကောင်း အစစ်များ ဖြစ်ပြီးလျှင် အကျင့်စာရိတ္တ မြင့်မားထက်သန်ပြီး လူမျိုး၏ဂုဏ် တက်သည်သာမက သူတို့အဖို့လည်း တစ်သက်တာလုံး အကျင့်စာရိတ္တကောင်းမွန်၍ အကျိုးမပျက်ဘဲ ခိုင်မြဲသောအကျင့်ကောင်းများ ထွန်းကား ပေလိမ့်မည်။

               အကျင့်စာရိတ္တသည် လူ့ဘ၀တွင် အရေးပါဆုံးဖြစ်သည် ဟူသော အချက်ကို သိနားလည်ပေ လိမ့်မည်။ ကျွန်တော့်အနေဖြင့် စာရိတ္တကောင်းမှသာ အမျိုးသားရေး အရည်အသွေးကောင်းပေမည်။ သို့မှ သာလည်း လူမျိုးနှင့် နိုင်ငံတို့သည် လူ့လောကတွင် လူမှုရေး အဆင့်မြင့်တက်ပေ လိမ့်မည်။

တက်တိုး

Wednesday, November 6, 2013

သမ္မာအာဇီဝ (စင်ကြယ်သော အသက်မွေးမှု) အကြောင်း တစ်စေ့တစ်စောင်း

သမ္မာအာဇီဝ (စင်ကြယ်သော အသက်မွေးမှု) အကြောင်း တစ်စေ့တစ်စောင်း

သမ္မာအာဇီဝဟူသော စကားကို ဗုဒ္ဓဘာသာအများ ရင်းနှီးကျွမ်းဝင်ပြီးသား ဖြစ်၏။ ကြားလည်း ကြားဖူးကြသကဲ့သို့ အသုံးပြု ပြောဆိုမှုများလည်း ရှိနေကြ၏။ ထိုစကား၏ တိုက်ရိုက်အဓိပ္ပါယ်ကို ကောင်းသော၊ မှန်ကန်သော၊ အပြစ်ကင်းသော အသက်မွေးမှုဟု နားလည်ထားနိုင်၏။ မတရားသဖြင့် ပစ္စည်းဥစ္စာ ရှာဖွေကာ အသက်မွေးခြင်းဟူသော မိစ္ဆာဇီဝမှ ရှောင်ကြဉ်၍ တရားသဖြင့် ပစ္စည်းဥစ္စာ ရှာဖွေအသက်မွေးမှုမျိုးကို သမ္မာအာဇီဝဟု ဆိုခြင်းဖြစ်၏။

အလွယ်ဆိုသော် မိစ္ဆာဇီဝမှ ရှောင်ကြဉ်ခြင်းသည် သမ္မာအာဇီဝပင် ဖြစ်၏။ သို့ဆိုလျင် ဗုဒ္ဓဘာသာများ အနေဖြင့် မိမိတို့ ပြောဆိုအသုံးပြုနေကြသကဲ့သို့ မိမိတို့၏ အသက်မွေးမှုများသည် မှန်ကန်သည့် အသက်မွေးမှု သမ္မာအာဇီဝ ဖြစ်မဖြစ်ကို သိရှိရန် လိုအပ်လှ၏။ ထိုသို့ သိရှိနိုင်ရန် မှားယွင်းသည့် အသက်မွေးမှုများဖြစ်သည့် မိစ္ဆာဇီဝအမှုများကို ရှေးဦးစွာ နားလည်ထားရန် လိုအပ်ပြီး ထိုမိစ္ဆာဇီဝအမှုများကို သိရှိရှောင်ကြဉ်နိုင်မှသာ သမ္မာအာဇီဝ ဖြစ်မည့်အချက်ကို သတိပြုရမည် ဖြစ်၏။

.စာပေအဖွင့်များအရ မုဆိုး၊ တံငါ အလုပ်များဖြင့် သူ့အသက်ကို သတ်ဖြတ်ကာ အသက်မွေးရသည့် ပါဏာတိပါတမှု၊ သူခိုး၊ ဓားပြလုပ်၍ ပစ္စည်းရှာဖွေရသော အဒိန္နာဒါနမှု၊ သူတပါး၏ ပစ္စည်းဥစ္စာကိုယူ၍ ကာမဂုဏ်ဖျက်စီးရသော ကာမမှု၊ မတရားရှေ့နေ၊ မတရားသက်သေလိုက်၍ ဖြစ်စေ၊ လိမ်လည်လှည့်ပတ် ရောင်းဝယ်၍ဖြစ်စေ ပစ္စည်းဥစ္စာ ရှာဖွေရသော မုသာဝါဒမှု၊ ပစ္စည်းဥစ္စာရအောင် ရန်တိုက်ပေးရသော ပိသုဏဝါစာမှု၊ ကွက်စိပ်စာပြော လူပြက်အလုပ်တို့ဖြင့် မဟုတ်မမှန် အကျိုးမရှိသော ဒဏ္ဍာရီ ဇာတ်ဝတ္ထုများကို ပြောဆိုသော သမ္ဖပ္ပလာပမှုများသည် မှားယွင်းသည့် အသက်မွေးမှု မိစ္ဆာဇီဝများပင် ဖြစ်၏။ ဤအမှုများသည် သီလသိက္ခာပုဒ်များနှင့် တိုက်ရိုက်သက်ဆိုင်သည့် မိစ္ဆာဇီဝ အမှုများဖြစ်၏။

အထက်ပါ မိစ္ဆာဇီဝအမှုများအပြင် ဓားလှံသေနတ် ပိုက်ကွန်စသည့် လက်နက်များ ရောင်းချမှု၊ လူသတ္တဝါကို သွေးဆောင်ခေါ်ယူကာ ကျွန်အဖြစ်၊ ပြည်တန်ဆာအဖြစ် ရောင်းချသည့် လူကုန်ကူးမှု၊ နွားကျွဲဝက်ဆိတ် ကြက်ငှက်စသည်တို့ကို မွေးမြူ၍ သတ်ဖြတ်ရောင်းချမှု၊ ထန်းရည်အရက်ဘိန်းစသည့် မူးယဇ်ဆေးဝါး ရောင်းချမှု၊ သတ္တဝါကို သေစေနိုင်သည့် အဆိပ်စသည် ရောင်းချမှုများသည်လည်း မိစ္ဆာဇီဝအမှုများပင် ဖြစ်၏။ ထို့အပြင် မြင်းလောင်းနွားလောင်း ကျွဲတိုက်၊ ကြက်တိုက်ဖဲရိုက်ကာ လောင်းကစား အမှုများဖြင့် ပစ္စည်းဥစ္စာရှာဖွေ အသက်မွေးမှုများသည်လည်း မိစ္ဆာဇီဝအမှုများတွင် အကျုံးဝင်၏။

ဖော်ပြပါ မိစ္ဆာဇီဝအမှုများမှ ရှောင်ကြဉ်၍ တရားသဖြင့် ရရှိလာသည့် ပစ္စည်းဥစ္စာများကို ဓမ္မိယလဒ္ဓ ပစ္စည်း (ဓမ္မိယ - တရားနှင့်လျော်စွာ၊ လဒ္ဓ - ရအပ်သော ပစ္စည်း) ဟု ခေါ်၏။ ဥပမာ အထက်ပါ အလုပ်များမှကင်းသည့် မိဘစသူတို့ထံမှ ရရှိသော အမွေအနှစ်ပစ္စည်းများ၊ ကူလီ၊ ဝန်ထမ်း၊ စာရေးစာချီ၊ ကျောင်းဆရာ၊ လယ်ယာ စသည်လုပ်၍ ရအပ်သော ပစ္စည်းများ၊ မတရားအတိုးချခြင်းမျိုး မဟုတ်ဘဲ သင့်လျော်သည့် အတိုးမျှဖြင့် အတိုးအပွားချ၍ ရအပ်သော ပစ္စည်းများ စသည်တို့သည် များသောအားဖြင့် ဓမ္မိယလဒ္ဓ ပစ္စည်းများပင် ဖြစ်၏။ ထိုဓမ္မိယလဒ္ဓ ပစ္စည်းများဖြင့် အသက်မွေးမှုသည် သမ္မာအာဇီဝဖြင့် အသက်မွေးမှုများပင် ဖြစ်၏။

သို့ဆိုလျင် ယနေ့ခေတ် ငွေတိုးပေးနေကြသူများ၊ ပစ္စည်းယူ၍ ငွေတိုးချေးသူများ၊ ကုန်သည်ပွဲစား လုပ်နေကြသူများ၊ ဘဏ်တွင်အပ်နှံကာ အတိုးကိုသာ ထိုင်စားနေကြသူများ စသူစသူများ၏ အသက်မွေးမှုများနှင့် ပတ်သက်၍လည်း ထိုသူများ၏ အသက်မွေးမှုသည် သမ္မာအာဇီဝ ဖြစ်မဖြစ် မေးစရာ ရှိလာပေ၏။ မေးလည်းမေးဖူးကြ၏။ ထိုအမေးအတွက်ကား ပညာရှင်များ၏ အဖြေသည် အမျိုးမျိုး ဖြစ်နိုင်သော်လည်း သီလ၊ သမာဓိ ပညာ ပြည့်စုံတော်မူသည့် ဆရာတော်ကြီး အတော်များများကား မတရားလိုချင်မှု ဝိသမလောဘမျိုး မဖြစ်လျှင် သမ္မာအာဇီဝဖြစ်ကြောင်း ဖြေဆိုတော်မူကြ၏။ မှန်၏။ ပုထုဇဉ်သဘာဝ လောဘသည် ရှိနေကြမည်သာ ဖြစ်၏။ လောဘသည် ရဟန္တာဖြစ်မှသာ အကြွင်းမဲ့ ပယ်နိုင်မည်ဖြစ်၏။ ထိုလောဘရှိနေသည့် ပုထုဇဉ်များ အနေဖြင့် အသက်မွေးဝမ်းကျောင်း အမှုများတွင် လောဘဖြင့်ရှာနေခြင်းများလည်း ရှိနေကြမည်သာ ဖြစ်၏။ ထိုလောဘသည် “ဘယ်သူသေသေ၊ ငတေမာပြီးရော” ဆိုသည့် မတရား ရယူမှု လောဘမျိုး မဖြစ်ရန်သာ အရေးကြီး၏။ သူ့ဘက်ကိုယ့်ဘက် သင့်လျော်သည့် ငဲ့ကွက်မှုမျိုးဖြင့် ရောင်းဝယ်ဖောက်ကား၊ ချေးငှါးမှုများမှာကား မတရား ဖိနှိပ်မှုမျိုး၊ နိုင်ထက်စီးနင်းပြုမှုမျိုး၊ မတော်မတရား အတိုးယူမှုမျိုး စသည် မဟုတ်သဖြင့် မိစ္ဆာဇီဝအမှုဟု မဆိုနိုင်ပေ။

ငွေးတိုးချေးသူများ၊ ဘဏ်တွင်အပ်နှံ၍ အတိုးစားနေသူများတွင် အစိုးရဘဏ်၊ အစိုးရအသိအမှတ်ပြု ဘဏ်တွင်အပ်နှံကာ ထိုအတိုးဖြင့် နေသူများမှာ မတရားသဖြင့် အတိုးရယူမှုမျိုး မဟုတ်သဖြင့် မိစ္ဆာဇီဝ မဖြစ်ဟု ဆိုရမည်ဖြစ်ပြီး အပြင်တွင် ငွေတိုးချေးသူများ အနေဖြင့်ကား မတရားအတိုးယူမှုမျိုး မဟုတ်ဘဲ သင့်လျော်သည့် အတိုးနှုန်းဖြင့် ချေးငှါးသူလည်း အဆင်ပြေ၊ မိမိလည်း အဆင်ပြေသည့် သဘောမျိုးဖြစ်ပါက မိစ္ဆာဇီဝ မဖြစ်ဟု ဆိုနိုင်သော်လည်း မတရား အဆမတန် အတိုးနှုန်းဖြင့် အဆမတန် အနိုင်အထက်ပြု၍ ချေးငှါးလျှင်ကား မိစ္ဆာဇီဝ ဖြစ်နိုင်ပြီး ထိုသူတို့၏ အသက်မွေးမှုသည်လည်း သမ္မာအာဇီဝ မဖြစ်ဟု ဆိုနိုင်မည် ဖြစ်၏။

ကုန်သည်ပွဲစား အလုပ်များတွင်ကား သမ္မာအာဇီဝ ဖြစ်မဖြစ် အထူးသတိပြုဖွယ် အချက်များရှိ၏။ ယနေ့ခေတ် ကုန်သည်ပွဲစားများသည် ကြမ်းပိုးကို လိပ်ဖြစ်အောင် ပြောဆိုမှုများဖြင့် အမျိုးမျိုး လိမ်ညာလှည့်ဖြားကာ မတရား ရောင်းဝယ်ဖောက်ကားမှုများ ရှိနေသဖြင့် မိစ္ဆာဇီဝ အမှုများ ဖြစ်နေသည်က များနေကြ၏။ မုသာဝါဒအမှုများ၊ ဝိသမလောဘ အမှုများဖြင့် မတရား စီးပွားရှာမှုများ ရှိနေသဖြင့် ထိုသူအချို့၏ အသက်မွေးမှုသည် သမ္မာအာဇီဝ ဖြစ်ရန်ခဲယင်းလှပေ၏။ သို့သော် အချို့ကား မတရား လိုချင်မှုများကိုရှောင်ကာ မှန်ကန်သည့် အကျိုးဆောင်မှုများ၊ မှန်ကန်သည့် ဈေးနှုန်းများဖြင့် သင့်လျော်သည့် အမြတ်အစွန်းဖြင့် အသက်မွေးလေ့ ရှိတတ်၏။ ထိုသို့သော သူများ၏ အသက်မွေးမျိုးကိုကား သမ္မာအာဇီဝကျသည့် အသက်မွေးမှုဟု ဆိုလိုက ဆိုနိုင်ပေ၏။ ယနေ့ခေတ်တွင် ထိုသို့သော ကုန်သည်ပွဲစားများ မရှိသလောက် ရှားနေနိုင်သော်လည်း အနည်းငယ်မှာ ရှိနေနိုင်သဖြင့် ထိုအနည်းငယ်ကို ရည်ရွယ်ကာ သမ္မာအာဇီဝဖြစ်နိုင်ကြောင်း ဆိုခြင်း ဖြစ်ပါ၏။

တရားသဖြင့် ရအပ်သော ဓမ္မိယလဒ္ဓပစ္စည်းဖြင့် အသက်မွေးခြင်းကို သမ္မာအာဇီဝဟု ဆိုသဖြင့် အချို့က သိနားလည်သည့် အချိန်တွင် မိစ္ဆာဇီဝအလုပ်များကို ရှောင်ကြဉ်ကာ သမ္မာအာဇီဝဖြင့် အသက်မွေးမှု ပြုနေသော်လည်း မသိနားမလည်ခင်က မိစ္ဆာအမှုများဖြင့် ရှာဖွေထားသည့် ပစ္စည်းဥစ္စာများကို ပိုင်ဆိုင် အသုံးပြုမှုများကား ရှိနေသဖြင့် ထိုပစ္စည်းများဖြင့် အသက်မွေးမှုများသည် သမ္မာအာဇီဝ ဖြစ်မဖြစ် သံသယ ဝင်တတ်ကြ၏။ စာပေအဖွင့်များတွင် ထိုအတွက် သမ္မာအာဇီဝကို သုတ္တန်အလို သမ္မာအာဇီဝနှင့် အဘိဓမ္မာအလို သမ္မာအာဇီဝဟူ၍ နှစ်မျိုးနှစ်စား နားလည်ထားနိုင်ကြောင်း ဖွင့်ပြ၏။ တရားသဖြင့် ရအပ်သော ပစ္စည်းများကို စားသောက်သုံးစွဲခြင်း၊ တရားလမ်းအတိုင်း ပစ္စည်းရှာဖွေခြင်းမျိုးသည် သုတ္တန်အလို သမ္မာအာဇီဝဖြစ်ပြီး မတရားသဖြင့် ပစ္စည်းရရန် အခွင့်ကြုံလာသော်လည်း ထိုပစ္စည်းရမည့် လုပ်ငန်းကို မလုပ်ဘဲ ရှောင်ကြဉ်နေခြင်းသည် အဘိဓမ္မာအလို သမ္မာအာဇီဝဖြစ်၏။ ထို့ကြောင့် မသိနားမလည်ခင်က မတရားသဖြင့် ရအပ်သော ပစ္စည်းဥစ္စာများကို သုံးစွဲနေသော်လည်း နားလည်သဘောပေါက်လာသည့်အခါ ထိုကဲ့သို့ မတရားအမှုများကို ရှောင်ကြဉ်နေလျှင် အဘိဓမ္မာအလို သမ္မာအာဇိဝ ဖြစ်နိုင်သေးကြောင်း ဆိုခြင်းဖြစ်၏။ ထိုမတရားသဖြင့် ရခဲ့သည့် ပစ္စည်းဥစ္စာများကို မစွန့်လွှတ်ဘဲ အသုံးပြုနေမှု ရှိသော်လည်း နောက်ထပ် မလုပ်ဘဲ ရှောင်ကြဉ်မှုကို ဒီနေရာမှာ အဘိဓမ္မာအလို သမ္မာအာဇီဝ ဖြစ်ကြောင်းဆိုလိုရင်း ဖြစ်၏။

ဆိုလိုသည်မှာ မတရားသဖြင့် ရအပ်သော ပစ္စည်းဥစ္စာကို သုံးစွဲနေရာ၌ သုတ္တန်အလို မိစ္ဆာဇီဝဖြစ်သော်လည်း နောက်ထပ်တွေ့ကြုံလာသည့် မတရား ပစ္စည်းဥစ္စာရှာဖွေမှုမျိုးကို ရှောင်ကြဉ်နိုင်လျှင်ကား အဘိဓမ္မာအလို သမ္မာအာဇီဝဖြစ်နေနိုင်သဖြင့် သုတ္တန် သမ္မာအာဇီဝဖြစ်အောင် မတတ်နိုင်သော်လည်း အဘိဓမ္မာ သမ္မာအာဇီဝဖြစ်အောင် နောက်ထပ်မတရား ပစ္စည်းဥစ္စာ ရှာဖွေမှုမျိုးမှ ရှောင်ကြဉ်နိုင်အောင် ကြိုးစားကြရန် ဆိုလိုရင်း ဖြစ်၏။ ဤသဘောအရ သမ္မာအာဇီဝ နှစ်မျိုးတွင် တရားသဖြင့် ရအပ်သော ပစ္စည်းဥစ္စာများဖြင့် အသက်မွေးလေ့ရှိသည့် သုတ္တန်အလို သမ္မာအာဇီဝမျိုးနှင့် နောက်ထပ်မိစ္ဆာဇီဝအမှုကို မပြုတော့သော်လည်း မသိနားမလည်ခင်က ရရှိထားသည့် မိစ္ဆာဇီဝပစ္စည်းများကို သုံးစွဲ၍ အသက်မွေးလေ့ရှိသည့် အဘိဓမ္မာအလို သမ္မာအာဇီဝမျိုးတို့၏ အကျိုးသက်ရောက်မှု ကွာခြားချက်ကား ရှိနေနိုင်၏။ အထူးသဖြင့် အလှူဒါန ပြုမှုမျိုးတွင် အကျိုးပေးမှု ကွာခြားချက်များ ရှိနေ၏။ ဓမ္မိယလဒ္ဓပစ္စည်းများဖြင့် အလှူဒါနပြုသူသည် အကျိုးတရားအပြည့်အဝ ရရှိနိုင်သော်လည်း မိစ္ဆာဇီဝဖြင့် ရအပ်သော ပစ္စည်းများဖြင့် အလှူဒါနပြုသူများကား အကျိုးတရား အပြည့်အဝ မရရှိနိုင်ပေ။ သို့သော် မတရားသဖြင့် ရအပ်သော ပစ္စည်းဝတ္ထုဖြင့် အလှူဒါနပြုသည့်အခါ အကျိုးတရား တစ်စုံတစ်ခုမျှ မရနိုင်ဟုကား မမှတ်အပ်ပေ။ အကျိုးတရား အပြည့်အဝသာ မရနိုင်ခြင်းဖြစ်၏။ ထိုက်သင့်သည့် အကျိုးသက်ရောက်မှုကား ရရှိနိုင်သည်သာ ဖြစ်ပါ၏။

ဓမ္မိယလဒ္ဓပစ္စည်း၏ အကျိုးကြီးမှုနှင့် ပတ်သက်၍ တစ်ခါတရံ စာရေးသူအနေဖြင့် သူများနိုင်ငံ စက်ရုံအလုပ်ရုံများတွင် လာရောက်အလုပ် လုပ်နေကြသည့် စာရေးသူ ပတ်ဝန်းကျင်ရှိ မြန်မာဒကာဒကမများအား “အခုလို ကိုယ့်အားနဲ့ရင်းပြီး ဘယ်သူ့ကိုမှ မထိခိုက်တဲ့ လုပ်အားခနဲ့ ရရှိလာတဲ့ ပစ္စည်းဥစ္စာတွေကို အလကား အချည်းနှီးဖြစ်အောင် မလုပ်ကြဘဲ ဘဝရှေးရေးအတွက် စုလည်းစု၊ သံသရာရေးအတွက် အကျိုးကြီးတဲ့ ကုသိုလ်ကောင်းမှုကိုလည်း များများလုပ်ကြ” ဟု တိုက်တွန်းပေးရခြင်း ဖြစ်၏။ အဘယ့်ကြောင့်ဆိုသော် နိုင်ငံခြားရှိ ကားစက်ရုံ၊ ပလစတစ်စက်ရုံ၊ ချည်စက်ရုံစသည့် စက်ရုံအလုပ်ရုံများတွင် လုပ်နေရသည့် သူတို့၏ ပစ္စည်းဥစ္စာရှာဖွေမှုသည် သူများအောက်ကျို့ကာ သူများအခိုင်းခံများ ဖြစ်နေကြသော်လည်း မည်သူကိုမျှ မထိခိုက်သည့် တရားသဖြင့် အသက်မွေးရသည့် အစစ်အမှန် သမ္မာအာဇီဝ အလုပ်မျိုး ဖြစ်နေခြင်းကြောင့် ဖြစ်ပါ၏။

အထက်တွင်ဖော်ပြခဲ့သည့် သမ္မာအာဇီဝဆိုင်ရာ ဆွေးနွေးချက်များအရ ယနေ့ခေတ်အခြေအနေတွင် သမ္မာအာဇီဝဖြင့် အသက်မွေးရန်မှာ အလွန်မလွယ်လှသည့် အခြေအနေမျိုး ဖြစ်နေပေ၏။ သို့သော် မလွယ်သည်ကားမဟုတ်၊ မလိုက်နာနိုင်ကြခြင်းသာ ဖြစ်ပါ၏။ သီလသိက္ခာပုဒ်ကို ဖောက်ဖျက်ကျူးလွန်ကာ စီးပွားရှာရသည့် မိစ္ဆာဇီဝအမှုများကို ရှောင်ကြဉ်ကာ မတရားလိုချင်သည့် ဝိသမလောဘမျိုးကို အတတ်နိုင်ဆုံး သတိဖြင့် ထိန်းချုပ်ပြီး သင့်လျော်သည့် အသက်မွေးမှုမျိုးကို ပြုနိုင်လျှင် အကြီးအကျယ် မချမ်းသာသော်လည်း သမ္မာအာဇီဝကျကျ အသက်မွေးမှုမျိုးကား ဖြစ်နိုင်ပေ၏။ မိမိတို့၏ စောင့်ထိန်းမှု၊ ထိန်းချုပ်မှု၊ တစ်ဘဝတစ်နပ်စာအတွက် မကြည့်မှုများ အပေါ်တွင်သာ တည်မှီနေပေတော့၏။

အချုပ်ပြောလိုသည်မှာ နေရသည့် ဘဝအခိုက်တွင် အသက်မွေးဝမ်းကျောင်းမှုများနှင့် ပတ်သက်၍ တစ်ဘဝတစ်နပ်စာ ကောင်းစားရေးကိုကြည့်ပြီး မိစ္ဆာဇီဝ အလုပ်များဖြင့် အသက်မွေးရသည့် ပစ္စည်းဥစ္စာ ရှာဖွေမှုများကို ရှောင်ကြဉ်ကာ မတရား လိုချင်သည့် ဝိသမလောဘမျိုး မဟုတ်သည့် ကောင်းရောင်းကောင်းဝယ် တရားသဖြင့် အသက်မွေးမှုများကိုသာ ကြိုးစားအားထုတ်ခြင်းဖြင့် သမ္မာအာဇီဝကျသည့် အသက်မွေးမှုအဖြစ် ရွေးချယ်သင့်ကြောင်း၊ မိစ္ဆာဇီဝအမှုများကို သိရှိရှောင်ကြဉ်ကာ သမ္မာအာဇီဝကျသည့် ပစ္စည်းဥစ္စာ ရှာဖွေမှုမျိုးဖြင့် မိမိတို့၏ နေရသည့် ဘဝအခိုက်ကို မှန်ကန်သည့် အသက်မွေးမျိုးဖြစ်အောင် ကြိုးစားအားထုတ်သင့်ကြောင်း စသည်ဖြင့် ပြောလိုရင်း ဖြစ်ပါ၏။

ထို့ကြောင့် အသက်ရှင်နေသမျှ အသက်မွေးဝမ်းကျောင်း ကိစ္စကို ပြုနေကြရမည့် လောကဘုံသားများ အနေဖြင့် မိမိတို့၏ အခိုက်အတံ့ အသက်ရှင် နေထိုင်ရေးအတွက် မတရားသဖြင့် ပစ္စည်းဥစ္စာ ရှာဖွေးခြင်းဟုဆိုသော မိစ္ဆာဇီဝ အမှုများကို တဒင်္ဂအဆင်ပြေရေးကိုသာကြည့်၍ အလွယ်တကူ အသက်မွေးမှု မပြုသင့်ဘဲ ထိုမိစ္ဆာဇီဝ အမှုများမှ ရှောင်ကြဉ်ကာ ပစ္စုပ္ပန်တွင် အကြီးအကျယ် မချမ်းသာသော်လည်း သံသရာတွင် ချမ်းသာစေမည့် မိမိသူတပါး မထိခိုက်သည့် အပြစ်ကင်းသည့် မှန်ကန်သည့် သမ္မာအာဇီဝ အမှုများဖြင့်သာ အသက်မွေးမှု ပြုလုပ်သင့်ကြောင်း အသိစကားပါးရင်း ကျင့်နိုင်သူများ ကျင့်ကြံနိုင်ကြစေ၊ သိလိုသူများ သိရှိနိုင်ကြစေရန် စေတနာမှန်ဖြင့် သမ္မာအာဇီဝအကြောင်း တစ်စေ့တစ်စောင်း ရေးသားတင်ပြ လိုက်ရပါသည်။

မှတ်ချက်။ ။ စီးဘောက်စ်တွင် တောင်းဆိုထားသည့် ဒကာဇော်လင်း၏ တောင်းဆိုချက်အရ မဟာဂန္ဓာရုံဆရတော် ဘုရားကြီး၏ ရတနာ့ဂုဏ်ရည်စာအုပ်ပါ မိစ္ဆာဇီဝအဖွင့်ကို ကိုးကား၍ ရိုးသားစွာ တင်ပြအပ်ပါသည်။

စာရေးသူ = အရှင်ဝိစိတ္တ (မနာပဒါယီ) 

Tuesday, November 5, 2013

လမ်းပေါ်တက်၍ ဆက်လျှောက်ပါ


လမ်းပေါ်တက်၍ ဆက်လျှောက်ပါ 

သိဒ္ဓတ္ထဟာ မောင်းမမိဿံ ခြွေရံသင်းပင်း များစွာနဲ့ နတ်စည်းစိမ်တမျှ ခမ်းနား ကြီးကျယ်တဲ့ ထီးနန်းစည်းစိမ်ကို ခံစားခဲ့တယ်။ ဒါကို အစွန်းရောက် နေမှန်းသိလို့ တောထွက်တရား အားထုတ်တယ်။ အစာရေစာ အငတ်ခံပြီး ဒုက္ကရစရိယာ-သာမန်လူတို့ ပြုနိုင်ခဲတဲ့ ခက်ခဲတဲ့ အကျင့်ကို ခြောက်နှစ်တိုင်တိုင် ကျင့်ကြံအားထုတ်တယ်။ ဒါပေမဲ့ ဘာတရားထူးမှ မရဘူး။ ဒီအကျင့်ကိုလည်း အစွန်းရောက် နေတာပဲလို့ သိရှိသွားပြီး ပုံမှန်စား၊ ပုံမှန်အိပ်၊ ပုံမှန်နေထိုင်ကာ ပုံမှန်ပဲကျင့်ကြံ အားထုတ်တဲ့အခါ မှန်မှန်လျှောက် ခရီးရောက် ဆိုသလို သဗ္ဗညုတ ဥာဏ်တော်ရပြီး ဘုရားအဖြစ်သို့ ရောက်တော်မူတယ်။

ဘုရားဖြစ်တဲ့အခါ သူ့ဘ၀၊ သူ့အမှားကိုပဲ သင်ခန်းစာယူပြီး ပဉ္စ၀ဂ္ဂီတို့အား ဦးစွာပထမ ပြောပြတယ်။ ဘုရားက ပထမဦးစွာ အစွန်းနှစ်ပါးကို ချပြတယ်။ ခံစားတဲ့၊ ဇိမ်ခံတဲ့ အစွန်းနဲ့ အငတ်အပြတ် ခံတဲ့အစွန်း။ တစ်နည်း ချမ်းသာလွန်းတဲ့ အစွန်းနဲ့ ဆင်းရဲလွန်းတဲ့အစွန်း။ တစ်နည်း လောဘအစွန်းနဲ့ ဒေါသအစွန်း။ ဒါတွေဟာ ရှောင်ရမယ့် အစွန်းတွေပဲ။ ဒီအစွန်းတွေပေါ်မှာ လျှောက်ရင် အဲဒါ လမ်းဘေး ရောက်နေတာပဲ။ ဒီအစွန်းနှစ်ပါးကို ရှောင်ပြီးတော့ လျှောက်မှ အလယ်လမ်းက လျှောက်ခြင်း သို့မဟုတ် လမ်းပေါ်က လျှောက်ခြင်းလို့ ဆိုရတယ်။

အများစုဟာ ကိုယ့်ကိုယ်ကိုယ် အစွန်းရောက်လို့ ရောက်မှန်း မသိကြဘူး။ သူများကိုပဲ အစွန်းရောက်တို့ ဘာတို့ စွပ်စွဲနေကြတယ်။ အများစုဟာ ဇိမ်ခံတဲ့ အစွန်းဘက်ကို ရောက်နေကြတယ်။ လောဘအစွန်း ဘက်ကို ရောက်နေကြတယ်။ တစ်ခါတစ်ရံ ဒေါသဖြစ်စရာ ကြုံတော့ ဒေါသအစွန်း ဘက်ကို ရောက်ကြရတယ်။ တကယ်တော့ မဇ္ဈိမပဋိပဒါ-အလယ်လမ်း ဆိုတာ ကျဉ်းကျဉ်းလေးပဲ ရှိတာ။ အလယ်လမ်းပေါ် လျှောက်နိုင်ဖို့ ဆိုတာ တော်တော်ခက်ခဲတယ်။ အများစုဟာ လမ်းဘေးရောက်နေ ကြတာများတယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် လမ်းပေါ်ကလို့ ထင်နေကြတယ်။ ကိုယ်လျှောက်နေတဲ့လမ်းဟာ လမ်းမှန်လို့ ပုံသေတွက်ထားကြတယ်။

နတ်ပြည်ခြောက်ထပ်နဲ့ လူ့ဘုံကို ကာမ သုဂတိ ခုနစ်ဘုံလို့ ခေါ်တယ်။ ဒီကာမဘုံတွေမှာ အဖြစ်များတဲ့စိတ်ကို ကာမာဝစရ စိတ်လို့ခေါ်တယ်။ ကာမဘုံသားဟာ အထူးသဖြင့် ကာမချမ်းသာကိုပဲ စိတ်ဝင်စားတယ်။ ကာမချမ်းသာ ခံစားလိုမှု စိတ်သာများတယ်။ ဒါလောဘစိတ်ပဲ။ ကာမချမ်းသာဆိုတာ အဆင်းကောင်းကောင်း၊ အသံကောင်းကောင်း၊ ရနံ့ကောင်းကောင်း၊ အရသာ ကောင်းကောင်း၊ အထိအတွေ့ ကောင်းကောင်းဆိုတဲ့ အာရုံငါးပါးပဲ။ အိမ်လှလှ၊ ကားလှလှ၊ အမျိုးသမီးလှလှ စတဲ့ အာရုံကောင်းတွေကိုပဲ ကာမဂုဏ်လို့ ခေါ်တယ်။ လိုချင်တပ်မက် စရာဖြစ်ပြီး နှောင်ဖွဲ့တတ်လို့ ကာမဂုဏ်လို့ ခေါ်တယ်။ လူဆိုတဲ့ ကာမဘုံသားဟာ ကာမချမ်းသာ တစ်ခုခု ခံစားချင်စိတ်နဲ့ ခံစားနေတဲ့ စိတ်ပဲများတယ်။ ဒါကြောင့် ကာမချမ်းသာ ခံစားခြင်း၊ ဇိမ်ခံခြင်း ဆိုတဲ့ အစွန်းဘက်ကို အမြဲလိုလို ရောက်နေတယ်။

မိမိတို့ တိုင်းပြည်ကို ကြည့်လိုက်တဲ့ အခါကျတော့ ပြဿနာတွေက သိပ်များလွန်းတယ်။ အထူးသဖြင့်တော့ နိုင်ငံရေး ပြဿနာတွေပဲ။ ပြဿနာတွေက နှစ်ပေါင်း ၆၀ ကျော် ဖြေရှင်းလို့မှ မပြီးနိုင်၊ မစီးနိုင် ဖြစ်နေတယ်။ အမယ်ဘုတ်ရဲ့ သူ့ချည်ငင်လို ဖြစ်နေတယ်။ ဘာကြောင့်လဲ ဆိုတော့ အစွန်းရောက်နေ ကြလို့ပဲ။ နှစ်ပေါင်း ၆၀ ကျော် လမ်းပေါ်က မလျှောက်ဘဲ လမ်းဘေးက ဆင်းလျှောက် ခဲ့ကြလို့ပဲ။ လမ်းပေါ်က လျှောက်မှ လိုရာခရီး ရောက်မှာပေါ့။ လမ်းဘေးက လျှောက်နေသမျှ ဘယ်တော့မှ လိုရာခရီးရောက်မှာ မဟုတ်ဘူး။ ဒါ့အပြင် ပြဿနာ အထွေထွေလည်း ဖြေရှင်းလို့ ပြီးမှာမဟုတ်ဘူး။

မြန်မာနိုင်ငံသားတွေကို ကြည့်လိုက်တော့ တစ်အုပ်စုက သိပ်ချမ်းသာလွန်းတဲ့ အစွန်းတစ်ဖက်ကို ရောက်နေတယ်။ သူတို့ကတော့ အုပ်ချုပ်သူ လူတန်းစားနဲ့ သူတို့နဲ့ အလွမ်းသင့်သူတွေပဲ။ တစ်အုပ်စုက သိပ်ဆင်းရဲတဲ့ အစွန်းတစ်ဖက်ကို ရောက်နေတယ်။ ဒါကတော့ ပြည်သူတွေ အများစုပဲ။ မြန်မာနိုင်ငံမှာ လူလတ်တန်းစား မရှိတော့ဘူးလို့ ပြောကြတယ်။ လူလတ်တန်းစားက အောက်ကို ပြိုကျသွားတယ်။ စီမံခန့်ခွဲမှု မှန်ကန်တဲ့ နိုင်ငံတစ်ခုမှာ လူလတ်တန်းစားက အများစု ဖြစ်ရတယ်။

အခု မိမိတို့နိုင်ငံမှာ သိပ်ချမ်းသာတဲ့ အုပ်စုက လောဘစွန်းက လျှောက်နေကြတယ်။ သိပ်ဆင်းရဲတဲ့ အုပ်စုက ဒေါသစွန်းက လျှောက်နေကြတယ်။ တစ်အုပ်စုကတော့ သိပ်ပြီးဇိမ်ခံလွန်းတယ်။ တစ်အုပ်စုမှာကျ သိပ်ပြီးတော့ ငတ်ပြတ် လွန်းနေတယ်။ တိုင်းပြည်မှာ ဆင်းရဲချမ်းသာ ကွာဟမှုက ကြီးလွန်းတယ်။ တရား မမျှတမှုက နက်ရှိုင်းလွန်းတယ်။ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေး၊ တိုင်းပြည်အေးချမ်း သာယာရေး၊ အများနည်းတူ လူနေမှု အဆင့်အတန်း မြင့်မားရေး အတွက်ဆိုရင် သံစဉ်ကို ပြန်ညှိရမယ်။ လမ်းပေါ်ကို ပြန်တက်ရမယ်။ မိမိတို့နိုင်ငံ လမ်းဘေး ရောက်နေတာ နှစ်ပေါင်း ၆၀ ကျော်ခဲ့ပြီ။


မိမိတို့လမ်းပေါ်က လျှောက်မယ်ဆိုရင် ကောင်းခြင်းရှစ်ဖြာနဲ့ညီတဲ့ သမ္မာလမ်းကနေ လျှောက်ရမယ်။ သို့မဟုတ် မှန်ကန်မှု ရှစ်ချက်နဲ့ ညီတဲ့လမ်းက လျှောက်ရမယ်။ သမ္မာကို ကောင်းလို့ယူရင် အမြော်အမြင် ကောင်းရမယ်။ အတွေးအခေါ် ကောင်းရမယ်။ အပြောအဆို ကောင်းရမယ်။ အလုပ်အကိုင် ကောင်းရမယ်။ အသက်မွေးမှု ကောင်းရမယ်။ ၀ီရိယ ကောင်းရမယ်။ သတိကောင်းရမယ်။ သမာဓိ-စိတ်ထား ကောင်းရမယ်။ သမ္မာကို အမှန်လို့ယူရင် အသိအမြင် မှန်ရမယ်။ အတွေးအခေါ် မှန်ရမယ်။ အပြောအဆို မှန်ရမယ်။ အလုပ်အကိုင် မှန်ရမယ်။ အသက်မွေးမှု မှန်ရမယ်...


သိဒ္ဓတ္ထဟာ ပထမ လမ်းဘေးကနေ လျှောက်တော့ လိုရာခရီးကို မရောက်ခဲ့ဘူး။ လမ်းပေါ်တက် လျှောက်မှပဲ လိုရာခရီးကို ရောက်တော့တယ်။ ဖဆပလ အစိုးရ၊ မဆလအစိုးရ၊ န၀တ၊ နအဖအစိုးရ လိုရာခရီး မရောက်ခဲ့ဘူး။ ဘာကြောင့်လဲ။ လမ်းပေါ်က မလျှောက်ဘဲ လမ်းဘေးက လျောက်ခဲ့လို့ပဲ။ အခု မိမိတို့ ဒီမိုကရေစီ အစိုးရအနေနဲ့ လမ်းပေါ်တက်လျှောက် ရတော့မယ်။ ဘာလမ်းလဲဆိုတော့ သိဒ္ဓတ္ထ တွေ့ရှိခဲ့တဲ့ မဇ္ဈိမ ပဋိပဒါ အလယ်လမ်းပဲ။

လမ်းက သမ္မာနဲ့မိစ္ဆာ နှစ်မျိုးပဲရှိတယ်။ သမ္မာမဖြစ်ရင် မိစ္ဆာပဲ။ အခုသိဒ္ဓတ္ထ တွေ့ရှိခဲ့တဲ့ အလယ်လမ်းဆိုတာ သမ္မာပဲ။ လောကုတ္တရာ ရွှေပြည်နိဗ္ဗာန်ကို ရောက်ရှိသွားကြတဲ့ ဘုရားရဟန္တာ အရှင်မြတ်အားလုံး ဒီလမ်းကပဲ သွားကြတယ်။ ဖွံ့ဖြိုးပြီးတဲ့ ခေတ်မီနိုင်ငံ တိုင်းဟာလည်း သူတို့ရည်စူးတဲ့ လောကနိဗ္ဗာန်ကို ဒီလမ်းကပဲ လျှောက်ခဲ့ကြတယ်။ ဒါကြောင့် ခေတ်မီဖွံ့ဖြိုးသော နိုင်ငံသစ်ဆိုတဲ့ ပန်းတိုင်ကိုလည်း ဒီလမ်းကပဲ သွားကြရမယ်။ အခြားလမ်းဆိုတာ လုံးဝမရှိဘူး။ ဗုဒ္ဓက သူတွေ့ရှိခဲ့တဲ့ အစွန်းလွတ် လမ်းစဉ်ဆိုတာ သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ စတဲ့ မဂ္ဂင်ရှစ်ပါး ဖြစ်ကြောင်း မိန့်တော်မူတယ်။

မဂ္ဂင်ရှစ်ပါးမှာ ရှေ့ကပါတဲ့ သမ္မာဆိုတဲ့ နိပါတ်ပုဒ်ကို တောင်မြို့ဆရာတော်က သုန္ဒရ- ကောင်းခြင်းဆိုတဲ့ အနက်ယူပြီး 'အလိမ္မာ ဥာဏ်ကောင်းအောင်ကြံ၍၊ အမှန်ပြောပြ၊ ပြုသမျှကောင်း၊ သက်မွေးကောင်းပင်၊ ကောင်းကောင်းအားစိုက်၊ စိတ်၌စွဲမှတ်၊ ကောင်းမြတ်တည်ကြည် ကောင်းရှစ်လီသည် ရွှေပြည်နိဗ္ဗာန် ရောက်ကြောင်းတည်း' လို့ လင်္ကာစီခဲ့တယ်။ မဟာစည် ဆရာတော်ကတော့ သမ္မာပုဒ်ကို အ၀ိပရီတ-မဖောက်မပြန် မှန်ကန်ခြင်းဆိုတဲ့ အနက်ကိုယူပြီး 'မှန်စွာမြင်သိ၊ ကြံမိမှန်ကန်၊ မှန်စွာပြောပြု၊ ရှာမှုလမ်းမှန်၊ မှန်စွာကြောင့်ကြ၊ မှတ်ရမှန်ကန်၊ စူးစိုက်ကပ် ရှစ်ရပ်မဂ်လမ်းမှန်' လို့ လင်္ကာစီခဲ့တယ်။

မိမိတို့လမ်းပေါ်က လျှောက်မယ်ဆိုရင် ကောင်းခြင်းရှစ်ဖြာနဲ့ညီတဲ့ သမ္မာလမ်းကနေ လျှောက်ရမယ်။ သို့မဟုတ် မှန်ကန်မှု ရှစ်ချက်နဲ့ ညီတဲ့လမ်းက လျှောက်ရမယ်။ သမ္မာကို ကောင်းလို့ယူရင် အမြော်အမြင် ကောင်းရမယ်။ အတွေးအခေါ် ကောင်းရမယ်။ အပြောအဆို ကောင်းရမယ်။ အလုပ်အကိုင် ကောင်းရမယ်။ အသက်မွေးမှု ကောင်းရမယ်။ ၀ီရိယ ကောင်းရမယ်။ သတိကောင်းရမယ်။ သမာဓိ-စိတ်ထား ကောင်းရမယ်။ သမ္မာကို အမှန်လို့ယူရင် အသိအမြင် မှန်ရမယ်။ အတွေးအခေါ် မှန်ရမယ်။ အပြောအဆို မှန်ရမယ်။ အလုပ်အကိုင် မှန်ရမယ်။ အသက်မွေးမှု မှန်ရမယ်။ ကြောင့်ကြစိုက်မှု မှန်ရမယ်။ စိတ်နေမှန်ရမယ်။ စိတ်ထားမှန်ရမယ်။ သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ နှစ်ပါးက ပညာနဲ့ဆိုင်တယ်။ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ သုံးပါးက သီလနဲ့ ဆိုင်တယ်။ သမ္မာဝါယမ၊ သမ္မာသတိ၊ သမ္မာသမာဓိ သုံးပါးက သမာဓိနဲ့ဆိုင်တယ်။ ဒီတော့ မဂ္ဂင်ရှစ်ပါးဆိုတဲ့ မဇ္ဈိမပဋိပဒါ လမ်းစဉ်ဟာ သိက္ခာသုံးပါးကနေ ထွက်ရှိလာတာပဲ။ လောကီချမ်းသာကလည်း ဒီလမ်းကပဲ သွားရတယ်။ လောကုတ္တရာ ချမ်းသာကလည်း ဒီလမ်းကပဲ သွားရတယ်။ ဒါဟာ လမ်းမှန်ကမ်းမှန်ပဲ။

မိမိတို့နိုင်ငံ ခေါင်းဆောင်တွေဟာ လမ်းဘေးက ဆင်းလျှောက်ခဲ့ကြလို့ တိုင်းပြည်ဒုက္ခ ရောက်ခဲ့တာ နှစ်ပေါင်း ၆၀ ကျော်ခဲ့ပါပြီ။ အခုလမ်းပေါ် ပြန်တက်ဖို့ သင့်နေပါပြီ။ တိုင်းပြည်ကို လမ်းကြောင်းမှန်ပေါ် ပြန်တင်ပေးဖို့ သင့်နေပါပြီ။ ယခု ၂၀၀၈ ဖွဲ့စည်းပုံနဲ့စပ်လို့ ပြင်သစ်ပြဿနာ တက်နေတယ်။ ဒီတော့ တိုင်းပြည်ကို လမ်းပေါ်တင်ပေး ချင်တယ်ဆိုရင် ဖွဲ့စည်းပုံကိုလည်း လမ်းပေါ်တင်ပေး ရပါလိမ့်မယ်။ ပြင်ဆင်စရာတွေ ၁၀၀ ကျော်တယ်၊ ၁၅၀ ကျော်တယ်လို့ ပြောနေကြတယ်။ အဲဒီအချက်တွေဟာ သမ္မာမဟုတ်ဘူး။ မိစ္ဆာတွေပါ။ အဲဒီအချက်တွေကို လမ်းပေါ်ပြန်တင်ပေးဖို့ လိုပါတယ်။ လမ်းပေါ်ဆိုတာ သမ္မာဖြစ်ဖို့ပါ။ ကောင်းမွန်ဖို့ပါ။ မှန်မှန်ကန်ကန် ဖြစ်ဖို့ပါ။

ဖွဲ့စည်းပုံဟာလည်း လမ်းစဉ်ပါ။ မဇ္ဈိမပဋိပဒါ ဆိုတာလည်း လမ်းစဉ်ပါ။ လမ်းစဉ်ချင်း တူပါတယ်။ ဖွဲ့စည်းပုံဟာ မဇ္ဈိမပဋိပဒါ သမ္မာရှစ်ချက်နဲ့ညီမှ လမ်းပေါ်ကို ရောက်မှာပါ။ လူသားကမ္ဘာထဲက လူသားအထုကြားက ကျင့်ထုံးမှန်သမျှ လမ်းမှန်ဖို့ လမ်းပေါ်ရောက်ဖို့ဆိုရင် မဇ္ဈိမပဋိပဒါနဲ့ ကွဲလွဲလို့ မရပါ။ ဒီလမ်းက ဒုက္ခအပေါင်းက လွန်မြောက်ဖို့ အတွက်၊ ငြိမ်းချမ်းဖို့ အတွက်၊ သာယာဖို့ အတွက် တစ်ကြောင်းတည်းသော လမ်းပါ။ ဒါကြောင့် မိမိတို့ တိုင်းပြည် ဒုက္ခတွေမှ လွန်မြောက်ဖို့၊ ငြိမ်းချမ်းဖို့၊ သာယာဖို့ အတွက် လမ်းပေါ်တက်၍ လျှောက်ကြပါ။

Written by အရှင်သံဝရာ လင်္ကာရ (ဓမ္မပိယဆရာတော်)
http://www.first-11.com 

Monday, November 4, 2013

အညတရများအား ကြည်ညိုစိတ်ထားဖို့

 

အညတရများအား ကြည်ညိုစိတ်ထားဖို့


“ပဲနိကိုသာသင် ဂရုစိုက်ဖို့လို၏ ပေါင်ကိုတော့ သင်ဂရုစိုက်ဖို့မလို၊ သူ့ဟာသူဂရုစိုက်လိမ့်မည်”

ဤသို့ရှိတ်စပီးယားက ပြောသည်ကိုဖတ်ရဖူး၏ ဓမ္မတာအားဖြင့် လူတို့သည် ပဲနိကိုဂရုမစိုက်ချင် ကြပဲပေါင်ကို သာဂရုစိုက်ချင်ကြ၏ ဤသို့ဖြစ်ခြင်းမှာလည်း နိယာမတခုပင်ဖြစ်၏ ဤနိယာမကို “သံသာရိကနိယာမ” ဟုခေါ် ဆိုနိုင်ပါ၏ သံသာရိကနိယာမ ဟူသည်မှာ သံသာရာ၌ ပျော်မွေ့သူတို့ လိုက်နာမြဲ နိယာမတခုဖြစ်၏ ထိုကြောင့် သံသရာဤ ကျင်လည်ချင်သူ ဟူသမျှသည် ဤနိယာမကို လိုက်နာရန် ကျေနပ်ကြ၏ သံသရာဤ မကျင်လည် ချင်သူများ အတွက်ဆိုလျှင် ရှိတ်စပီးယားပြောသည့် အတိုင်းပဲနိကိုသာ ဂရုစိုက်နိုင်ပါလျှင် ပေါင်ကိုဂရုဖို့ ဘာမျှ ဝန်လေးမည် မဟုတ်ပေ။ အလိုလိုဂရုစိုက်မိ လျက်သားဖြစ်၏ ထိုကြောင့် လူတို့အနေဖြင့် ဝန်လေးသော အလုပ် ကိုလုပ်နိုင်ရန် ရှိတ်စပီးယားက နှိုးဆော်ခြင်းဖြစ်ဟန်ရှိလေ၏

လူ့လေက၌ ဖြစ်စေအခြားလောက၌ ဖြစ်စေမည်သည့် နေရာကိုကြည့်ကြည့် အညတရများကို အများစုတွေ့ရ တတ်၏ မိမိတို့သည်ပင် သံသရာ၌ ကျင်လည်ရစဉ် အညတရ ဘဝများဖြင့်သာ ကျင်လည်ရသည်က များလေ၏ သို့ပါလျှက် လူတို့သည် အညတရတစ်ဦးချင်း သဘောဆန်၍ မိမိအတွက် အကျိုးများ ၏ လောကီအတွက် အကျိုး မများပါ အညတရများကို လစ်လျှူရှုထားတတ်ကြ၏ အမှန်အားဖြင့် ဝိသေသ ပုဂ္ဂိုလ်များကို ဂရုစိုက်ခြင်းသည် တစ်ဦးခြင်းသဘော ဆန်၍မိမိအတွက် အကျိုးများ၏ လောကအတွက် အကျိုးမများပါ အညတရများကိုဂရုစိုက် ပါမှသာ အဖွဲ့စည်းသဘောဆန်၍ မိမိအတွက်လည်း အကျိုးများ၏ လောကအတွက်လည်း အကျိုးများ၏

“သဒိသံပါကံ ဇနေတိ- မိမိပြုသော ကံသည်တူသော အကျိုးကိုပေး၏” ဟူသောဗုဒ္ဓဒေသနာတော်အရ ဆိုလျှင် မိမိတို့ကိုယ်တိုင်က အညတရများကို ဂရုစိုက်ပါမှ သံသရာ၌ ကျင်လည်ရစဉ် အညတရာဘဝများဖြင့် ကျင်လည် နေရပါက မိမိတို့ကိုဂရုစိုက်သူ ရှိပေလိမ့်မည်။ အကျိုးပေးမှု့နှင့် ပတ်သက်၍ ဝိပါကဓမ္မတာ အရလည်းအညတရ များအပေါ် မိမိတို့ကဂရုစိုက်ပါမှ မိမိတို့အညတရဖြစ်သော အခါဂရုစိုက်သူ ရှိပေလိမ့်မည်။ လောကတွင် အညတ ရများကို နေရာတိုင်းမှာ တွေ့နိုင်လေရာ ယင်းတို့ အပေါ် ကောင်းမှု့ကုသိုလ်ပြုမှု့နှင့် ပတ်သက်၍လည်း အခက်ခဲ့ မရှိအလွယ်တကူ ပင်ပြုလုပ်နိုင်၏ ဝိသေသ ပုဂ္ဂိုလ်များကား ရှားပါးသဖြင့် ယင်းတို့အပေါ် ကောင်းမှု့ပြုရန် ရှာရ ခက်သေး၏။
 
 ထိုကြောင့် နေရာတိုင်း၌ အလွယ်တကူရှာ၍ တွေ့နိုင်သော အညတရများအပေါ် ကြည်ညို စိတ်  မွေး မြူ၍ ကောင်းမှု့ကုသိုလ်ကို  ပြုမည်ဆိုပါက ဗုဒ္ဓဒေသနာတော်အရ ထူးမြတ်သောအကျိုး အာနိသင်ကိုရရှိ ကြပေ လိမ့်မည်။ အလှူခံပုဂ္ဂိုလ်ကို ရွေးချယ်၍ လှူခြင်းသည်ပါရမီ မြောက်သောကုသိုလ် လုပ်ငန်းမဟုတ် ပါရမီမြောက် သောလုပ်ငန်းမဟုတ်လျှင် သူလိုငါလို အများတကာ ပြုနိုင်သော ကုသိုလ်လုပ်ငန်းမျိုးပင်ဖြစ်၏ အယုတ်အလတ် အမြတ်မရွေး အားလုံးအပေါ်၌ ကြည်ညိုစိတ် ကို မွေးမြူပြီးကောင်းမှု့ ကုသိုလ်ကိုလုပ်နိုင်ပါမှ ပါရမီမြောက်သော ကုသိုလ်လုပ်ငန်းဖြစ်၏ ပါရမီကုသိုလ် ဟူသည်မှာလည်း တကယ်မြင့်မြတ်သူတို့၏ တကယ်မြင့်မြတ်သော လုပ် ငန်းဖြစ်၏ ထိုကြောင့်ပါရမီဟူ၍ ဆိုခြင်းဖြစ်၏ ဤသို့လယ်တီဆရာတော် ဘုရားကြီးက ဥတ္တမပုရသ ဒီပနီ၌ဆို၏ သူဖြစ်စေ ငါဖြစ်စေ သူလိုငါလို သာမညလူတို့သည် တကယ်တမ်း အကျင့်သိက္ခာနှင့် ပြည့်စုံသော ပုဂ္ဂိုလ်များ အ ပေါ်ကြည်ညိုစိတ်ကို မွေးမြူနိုင်၏ အညတရများ အပေါ်၌မှု ကြည်ညိုစိတ်ကို မမွေးမြူနိုင်ကြပေ။

ကြည်ညိုစိတ်ဟူသည်မှာ သဒ္ဓါပြဋ္ဌာန်းသော စိတ်ဖြစ်၏ ထိုသို့မမွေးမြူနိုင်သောကြောင့်ပင် အများသူငါလိုငါလို အတန်းအစားထဲ၌ ပါဝင်နေရခြင်းဖြစ်၏ ဝေဿန္တာရာ မင်းကြီးကိုကြည့်လျှင် စူဇကာလို ပုဂ္ဂိုလ်များအပေါ်၌မှု ကြည်ညိုစိတ်ကို အလွယ်တကူမွေးမြူ နိုင်မည်မှာ ယုံမှားဖွယ်ရာပင်မရှိချေ။ ကြည်ညိုစိတ်ရှိပါမှ ယင်းတို့အပေါ် ကောင်းမှု့ကုသိုလ်ကို နှစ်နှစ်ကာကာ ပြု၍ရကောင်း၏ အမှန်အားဖြင့် တကယ်တမ်း စစ်မှန်သော ချမ်းသာအစစ် ကိုလိုလားပါက သူလိုငါလိုအစားကို ကျော်လွန်ဖို့တော့လို၏ အများသူငါ သူလိုငါလို အတန်းအစားကို ကျော်လွန် ခြင်း ဟူသည်ပါရမီရှိခြင်းဖြစ်၏

ပါရမီဟူရာ၌ လည်းပါရမီသည် အမျိုးမျိုးရှိ၏ ဘုရားဖြစ်လိုလျှင် ဘုရားလောင်းပါရမီ ရှိဖို့လို၏ အဂ္ဂသာဝက ဖြစ် လျှင် အဂ္ဂသာဝကလောင်း ပါရမီရှိဖို့လို၏ မဟာသာဝက ဖြစ်လိုလျှင် မဟာသာဝကပါရမီ ရှိဖို့လို၏ သံယရာမှ ထွက်မြောက်လိုသူ ဟူသမျှ ပါရမီတော့ မလွဲမသွေရှိဖို့တော့လို၏ ပါရမီဖြည့်ကျင့်ရာ ကာလအပိုင်းခြားနှင့် ပါရမီ ဖြည့်ကျင့်မှု့ အထက်အောက်သာ ကွာခြားမည်ဖြစ်ပြီး ပါရမီဖြည့်ကျင့်မှု့ သဘောအားဖြင့် ကွာခြားမှု့မရှိ။ အရိ ယာသစ္စညဏ်ကို ရရှိ၍နိဗ္ဗာန်ကို မျက်မှောက်ပြုသူ ဟူသမျှပါရမီကို မိမိတို့၏ တောင့်တမှု့ ပဏိဓိအလိုက် ဖြည့် ကျင့်ရသည် ချည်းဖြစ်၏ ပါရမီကိုဖြည့်ကျင့်ခြင်း မရှိပဲအရိယာသစ္စာကကို ထိုးထွင်း၍ သိရိုးမရှိပါ။ 
 
ပါရမီဖြည့်ကျင့် ခြင်းဟူသည်မှာ မိမိနှင့်ဆက်ဆံ ရသူဟူသမျှ အပေါ်၌ အယုတ်အလတ် အမြတ်မရွေး ကြည်ညိုစိတ်ကို မွေးပြီး ယင်းတို့အပေါ် ကောင်းမှု့ကုသိုလ်ကံကပြုခြင်းဖြစ်၏ ကောင်းမှုကုသိုလ်ကံပြုခြင်း ဟူသည်မှာလည်း ယင်းတို့၏ ကောင်းမှု့ကုသိုလ်ကံပြုခြင်း ဟူသည်မှာလည်း ယင်းတို့၏အကျိုးစီးပွားအတွက် တက်နိုင်သမျှ ပံ့ပိုးပေးခြင်းဖြစ်၏ ပါရမီသဘောအရ ယင်းတို့၏ အကျိုးစီးပွားကို ပံ့ပိုးရာ၌ အရေးကြီးဆုံး အချက်မှာ ဂရုဏာနှင့်ပညာ ရှိဖို့ပင်ဖြစ်၏ ပညာကို ဥပါယကောသလ္လ ညဏ်ဟူ၍လည်းခေါ်၏ ဥပါယကောသလ္လ ညဏ်ဟူသည်မှာ ပံ့ပိုးမှု၌ ကျွမ်းကျင် လိမ္မာသောညဏ်ဖြစ်၏ ယနေ့ခေတ် သုံးဝေါဟာရဖြင့်ဆိုရလျှင် “အထာ”ကို သိသောညဏ်ပင်တည်း။

မိမိကူညီ ပံ့ပိုးရမည့်သူ၏ “အထာ” အလိုက် လိုအပ်သလို ကူညီပံ့ပိုးမှသာသူ့အတွက်လည်း အကျိုး ရှိ၏။ ကူညီပံ့ ပိုးရကျိုးလည်းနပ်၏သို့မဟုတ်ပါကခုတ် ရာတလွဲ၊ ရှရာတစ်ခြား ဖြစ်ပြီး နှစ်ဦးနှစ်ဘက် အကျိုး မထင် ဖြစ်တတ်၏ ထိုကြောင့် ပါရမီသဘော အရ အည တရများ အပေါ် ကူညီပံ့ပိုးရာ၌ ဥပါယကောသလ္လဉာဏ် အရေးကြီးခြင်းဖြစ် ၏ မိမိတို့၏ပတ်ဝန်းကျင်ကို ကြည့်လိုက်လျှင် အညတရများ တွေ့ရမည်ဖြစ်၏။ ထိုအညတရများ အပေါ်ကြည်ညို သောစိတ်ဖြစ်အောင် အားထုတ်ရာ၌ ရတနာသုံးပါး၏ ပံ့ပိုးမှုကိုများစွာလို၏။ ရတနာသုံးပါး၌ ကြည်ညိုသောစိတ် မှ တဆင့်အညတရများ အပေါ်ပြောင်းရွှေ့၍ယူရ၏ အကယ်၍မိမိတို့၏ ကြည်ညိုမှုသည် ရတနာသုံးပါး အပေါ်၌ သာအဆုံးသတ်ပြီး မိမိတို့၏ ပတ်ဝန်းကျင်ရှိ အညတရများအပေါ်သို့ ပြောင်းရွှေ့၍ မယူနိုင်ဖူးဆိုလျှင် ထိုကြည်ညို မှု့သည် မြတ်စွာဘုရား၏ အလိုတော်ကျ ကြည်ညိုမှု့မျိုးမဟုတ်။

မဟာသက္ကရာဇ် ၁၀၃-ခုနှစ်က ဆုန်လပြည့်နေ့ညဥ့်၏ နောက်ဆုံးယာမ်တွင် သိဒ္ဓတ္ထမင်းသားသည် သဗ္ဗညုတ ညဏ်တော်ကို၍ ဘုရားအဖြစ်သို့ ရောက်တော်မူ၏။ ဘုရားအဖြစ်သို့ ရောက်တော်မူပြီးနောက် ပဉ္စမသတ္တာဟ တွင် အဇပါလ ညောင်ပင်ရင်း၌ စံနေတော်မူစဉ် “လောက၌ ဂါရဝတရား ကင်းမဲ့၍ နေခြင်းသည် မကောင်းမိမိ အနေဖြင့် ဂါရဝပြုရမည့်ပုဂ္ဂိုလ်ဟူ၍ လောက၌မရှိ လေသောကြောင့် မိမိထိုးထွင်း၍ သိတော်မူထားသော ဓမ္မများကိုသာ ဂါရဝပြု၍ နေမည်” ဟုဆုံးဖြတ်တော်မူပြီး မြတ်စွာဘုရားသည် နောက်ဆုံးပရိနိဗ္ဗာန် ပြုတော်မှု သည့် ကာလအထိ ဓမ္မများအပေါ် ဂါရဝပြု၍ နေတော်မူသွား၏။ ဂါရဝရှိပါမှသဒ္ဓါထက်၏ သဒ္ဓါထက်မှလည်း ဂါဝ ရကိုရ၏ ထို့ကြောင့်ဂါရဝနှင့် သဒ္ဓါသည် အချင်းချင်း မှီတွယ်နေသော ပရမတ္ထဓမ္မများဖြစ်ကြ၏။

ဂါရဝ၏ပံ့ပိုးမှုဖြင့် သဒ္ဓါထက်လေသောအခါ မိမိတို့၏ ပတ်ဝန်းကျင်ရှိ အညတရ များအပေါ် ပံ့ပိုးရန် ဝန်လေးကြ မည်မဟုတ်ပေ။အမှန်အားဖြင့် မိမိတို့၏ ဘဝတန်ဖိုးသည် အညတရ များအပေါ် အလေးအနက် ထားမှု့၏ အတိမ် နက်အပေါ်မှုတည်၏။ ထို့အပြင် မိမိတို့က အညတရများအပေါ်ပံ့ပိုးသည်နှင့်အမျှ အညတရများထံမှလည်း ကျေးဇူးသိမှု့ “ ကတညုတ”သည် လည်းမိမိတို့ထံသို့ မိမိတို့က မတောင့်တပါဘဲလျှက် သူ့အလိုအလျှောက် ရောက်လာမည်ဖြစ်၏ ထိုအခါမှသာ လူမှုဆက်ဆံရေး သဘောအရ ပတ်ဝန်းကျင်သည် ငြိမ်းချမ်းမည် ဖြစ်၏။ ပတ်ဝန်းကျင် ငြိမ်းချမ်းသည်နှင့် အမျှငြိမ်းချမ်းသောသုခသည်လည်း မလွဲမသွေ ပေါ်ပေါက်လာမည်ဖြစ်၏၊

မြတ်စွာဘုရား ကျင့်သုံးတော်မူသည့်အတိုင်း ဓမ္မကို ဂါရဝပြုလျှင် မိမိ၏ပတ်ဝန်းကျင်ကိုလည်း အလိုလို ဂါရဝပြု ပြီးသားဖြစ်၏ ဓမ္မကိုဂါရဝပြုခြင်းဟူသည်မှာ အကုသိုလ်ဒုစရိုက်များမှ ရှောင်ကြဉ်ခြင်း လည်းဖြစ်၏ အကုသိုလ်ဒု စရိုက်များမှ ရှောင်ကြဉ်ခြင်းကိုပင် သီလရှိခြင်းဟူ၍ ဆိုရပေ၏၊ သီလရှိသည် ဆိုကတည်းက မိမိ၏ကျင့်ဝတ်ကို ဖြည့်ကျင့်ခြင်းသည် အလိုလိုပါဝင်၏ ဒင်္ဂါးပြားတွင် ခေါင်းဘက်နှင့် ပန်းဘက်ပါမှသာ ဒင်္ဂါးစစ်ဖြစ်သကဲ့သို့ ထို့အတူ သီလတွင်လည်း မကောင်းမှုများမှ ရှောင်ကြဉ်ခြင်းနှင့် ကောင်းမှုဆိုင်ရာ ကျင့်ဝတ်များကို ဖြည့်ကျင့်ခြင်း နှစ်မျိုးပါဝင်ရ၏။ တစ်မျိုးတည်းနှင့် မလုံလောက်၊ မကောင်းမှုများ မှ ရှောင်ကြဉ်ရုံသက်သက်နှင့်လည်း သီလပြည့်စုံသူ မမည်။ ကောင်းမှုဆိုင်ရာ ကျင့်ဝတ်များ ကို ဖြည့်ကျင့်ရုံ သက်သက်နှင့်လည်း သီလပြည့်စုံသည်မမည်။ ခေါင်းဘက်နှင့် ပန်းထိုနှစ်မျိုးလုံး ပြည့်စုံဖို့ လို၏။ 
 
ထို့ကြောင့် “ ဝတ္တံ အပရိပူရေန္တောသီလံ န ပရိပူရတိ ” ကျင့်ဝတ်ကိုမဖြည့်သမျှ သီလကို ဖြည့်ရာမရောက်ဟု ဆိုခြင်းဖြစ်၏။ တကယ်တမ်း နှစ်မျိုးလုံး ပါဝင်ပြည့်စုံဘို့ဆိုသည်မှာလည်း အညတရများအပေါ် ကြည်ညိုစိတ် မွေးတတ်မှ ဖြစ်၏။ “ပဲနိကိုဂရုစိုက်လျှင် ပေါင်သည် သူ့ဟာသူ ဂရုစိုက်လိမ့်မည်” ဟူသော ရှိတ်စပီးယား ၏အဆိုအတိုင်း အညတရများအပေါ်၌ ကြည်ညိုစိတ်ကို မွေးမြူနိုင်ပါ လျှင် ဝိသေသပုဂ္ဂိုလ်များအပေါ်၌ ကြည်ညိုစိတ်ကို အလိုလိုမွေးပြီးသားဖြစ်ပေလိမ့်မည်။ တစ်စုံတရာ ဝန်လေး ဖွယ်မရှိပါချေ။ သိဒ္ဓတ္ထမင်းသားသည် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းတို့ ကာလပတ်လုံးပါရမီတော်တို့ကို ဖြည့် ကျင့်တော်မူရာတွင် နှစ်ဆယ့်လေးဘဝသာလျှင် သာသနာတော်နှင့် ကြုံကြိုက်ရသည်။ 
 
သာသနာတော်နှင့် ကြုံ ကြိုက်ဖို့ဆိုသည်မှာ အလွန်ခဲရင်းသော အခွင့်အရေး တစ်မျိုး ဖြစ်ကြောင်း ဤဖြစ်ရပ်များက သက်သေခံလျှက်ခံ လျှက်ရှိ၏ ယနေ့မြန်မာနိုင်ငံ၌ ဗုဒ္ဓသာသနာတော် ထွန်းကားလျှက်ရှိ၏၊ ထို့ကြောင့်မြန်မာနိုင်ငံတော်နှင့် ကြံကြိုက် ရခြင်းတည်းဟူသော အခွင့်အရေးကြီးကိုရလျှက်ရှိ၏၊ ထို့ကြောင့်မြတ်စွာဘုရား၏ အလိုတော်အတိုင်း မြတ်စွာ ဘုရာ၏ သာသနာတော်ကို အသုံးချ သင့်ပါ၏။ မြတ်စွာဘုရား၏ အလိုတော်အတိုင်း မြတ်စွာဘုရား၏ သာသာနာ တော်ကို အသုံးကျအောင် အသုံးချခြင်းဟူသည်မှာ လောကကို ဗုဒ္ဓဘာသာမျက်စိဖြင့် ကြည့်တတ်အောင် အား ထုတ်ခြင်းဖြစ်၏

လူတို့သည်မိမိတို့၏ ဘဝတစ်လျှောက် ချမ်းသာကို ရှာကြသည် မှန်၏။ ထိုကဲ့သို့ချမ်းသာကို ရှာရာ၌ တစ်ဦးနှင့် တစ်ဦး ချမ်းသာကိုရှာဖွေကြချင်းတူသော်လည်း အမြင်ချင်းကား မတူ။ လောကကိုဗုဒ္ဓဘာသာမျက်စိဖြင့် ကြည် ပြီး ချမ်းသာကို ရှာခြင်းဖြစ်ပါက “အကုသိုလ်စိတ်ဖြင့် စစ်မှန် သောချမ်းသာကို ရှာဖွေ၍ ရရိုးမရှိ၊ကုသိုလ်စိတ်ဖြင့်သာ စစ်မှန် သော ချမ်းသာကို ရှာဖွေ၍ ရရိုးရှိ၏ ” ဟူ၍မြင်ပြီး ထိုအမြင်ဖြင့် သာ ချမ်းသာကို ရှာပေလိမ့်မည်။ ထိုအမြင်ဖြင့်ချမ်းသာကို ရှာ ခြင်းဟူသည်ကား မိမိတို့ ပတ်ဝန်းကျင်ရှိ အညတရများအပေါ်ကြည်ညိုစိတ်ကို မွေးပြီး ထိုကဲ့သို့ မွေးနိုင်အောင် ရတနာသုံးပါး ၌ကြည်ညိုဆည်းကပ်ပြီး ထိုကဲ့သို့ ဆည်းကပ်ရာ၌လည်း အည တရများအပေါ် သဒ္ဓါနှင့်ဂါရဝကို ထားနိုင်အောင်ဟူသော ရည် ရွယ်ချက်ဖြင့် ဆည်းကပ်ခြင်းပင်ဖြစ်၏ဟူ၍သဘောပေါက်ကာ အညတရာများအပေါ် ကြည်ညိုစိတ် ကို မွေးနိုင် အောင် အားထုတ်အပ်ပါ၏

ဦးရွှေအောင်

by မောင်ဘကြိုင်

Sunday, November 3, 2013

အကြွေးကင်းအောင် နေစေချင်


အကြွေးကင်းအောင် နေစေချင် 

သင်အကြွေးတင်ဖူးပါသလား? မေးမယ်ဆိုရင် လူတိုင်းအကြွေးနဲ့ ကင်းသူရယ်လို မရှိပါဘူး။
အကြွေး (၅)မျိုးရှိပါတယ်။
၁- ဥစ္စာအကြွေး
၂-ရန်ကြွေး
၃-ချစ်ကြွေး
၎-နှုတ်ကြွေး
၅-၀ဋ်ကြွေး ဆိုပြီးတော့ ရှိပါတယ်။
ဘာအကြွေးပဲ တင်တင်ပါ အကြွေးတင်ပြီးဆိုရင်တော့ အကြွေးရှင်ကို ခယပြီးတော့ နေရတယ်။ အောက်ကျို့ပြီးတော့ နေရတယ်။ အကြွေးတင်နေတယ်ဆိုရင် ကိုယ်ရောစိတ်ပါ ဆင်းရဲရတယ်။

အကြွေးတင်နေတဲ့ ပုဂ္ဂိုလ်ဟာ အိပ်လို့တောင်မှ ကောင်းကောင်းမပျော်ဘူး။ “ကြွေးတင်ခေါင်းခဲ” ဆိုတဲ့ စကားပုံလိုပါပဲ။ အကြွေးကင်းတဲ့အချိန်အခါမှာ ဆိုရင် “ကြွေးကင်းမြီးကင်း၊ ထမင်းကို ပဲပုပ်ဟင်းနဲ့စား၊ ခေါင်းပြားအောင် အိပ်”တဲ့။ အဲဒါက ရှမ်းပြည်နယ်ဘက်က စကားပုံလေးပါ။

ကြွေးတင်နေလို့ရှိရင် ကြွေးရှင်ကို ခယရတဲ့ လောကဥပမာလို မိမိရဲ့ စိတ်အစဉ်မှာ ကြွေးတင်နေခဲ့လို့ရှိရင်လည်းပဲ စိတ်မှာ တင်နေတဲ့ ကြွေးရှင်ကို အောက်ကျို့ရတယ်။ ခယရတယ်။ စိတ်မှာတင်တဲ့ ကြွေးဆိုတာက ကာမစ္ဆန္ဒနီဝရဏကို ပြောတာပါ။ နီဝရဏဆိုတာက ပိတ်ပင်တားမြစ်တတ်တဲ့ တရားပါပဲ။ ကုသိုလ်တရားတွေ မဖြစ်အောင်၊ ကုသိုလ်စိတ်တွေ မဖြစ်အောင်၊ ၀ိပဿနာဉာဏ်တွေ မဖြစ်အောင် ပိတ်ပင်တားမြစ်တတ်တဲ့ တရားကို နီဝရဏလို့ ခေါ်ပါတယ်။ ကာမစ္ဆန္ဒဆိုတာက ကာမရယ်၊ ဆန္ဒရယ်။ ကာမဆိုတာက လိုချင်နှစ်သက်ဖွယ်ကောင်းတဲ့ အာရုံတွေကို ဆန္ဒ လိုလားတောင့်တတာ၊ သာယာခင်မင်နေတာ။

အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အထိအတွေ့လို့ ခေါ်တဲ့ အာရုံငါးပါး ကာမဂုဏ်တရားတွေကို ကာမလို့ ခေါ်တာပါပဲ။

လူတွေဟာ လူလူချင်းအပေါ်မှာ သာမက ဥစ္စာပစ္စည်းအပေါ်မှာပါ စွဲလမ်းတပ်မက်တဲ့ စိတ်၊ ကာမစ္ဆန္ဒဆိုတဲ့ အကြွေးတင်နေကြပါတယ်။
မြတ်စွာဘုရားလက်ထက်က သီလလည်းပြည့်စုံ၊ သတိပဋ္ဌာန် ၀ိပဿနာ တရားတွေလဲ ပွားများနေတဲ့ ရဟန်းတော်လေး တစ်ပါးဟာ တစ်နေ့တော့ အင်မတန် တန်ဖိုးကြီးမာတဲ့ သင်္ကန်းလေးတစ်ထည့်ရလိုက်ပါတယ်။ အဲဒီရဟန်းလေးက အဲဒီသင်္ကန်းလေး အပေါ် နှစ်သက်မြတ်နိုးပြီး၊ စွဲလမ်းတပ်မက်စိတ်ဖြစ်တဲ့ ကာမစ္ဆန္ဒ ဆိုတဲ့ အကြွေးတင်နေမိတာပေါ့။ မနက်ဖြန် ဒီသင်္ကန်းလေး ၀တ်ပြီးတော့ ဆွမ်းခံထွက်မယ်လို့ ဆိုပြီးတော့ သင်္ကန်းလေးကို ပြန့်နေအောင် လက်ကလေးနဲ့ သပ်သပ်ရပ်ရပ် ခေါက်ထားပါသတဲ့။
အဲဒီညမှာပဲ ရုတ်တရက် ရောဂါတစ်ခုကြောင့် ပျံလွန်တော်မှုသွားခဲ့ပါတယ်။ သင်္ကန်းပေါ်မှာ နှစ်သက်တပ်မက်တဲ့ ကြွေးတန်းလန်းနဲ့ သေသွားတဲ့ အတွက် အဲဒီသင်္ကန်းမှာ သန်းသွားဖြစ်ရတယ်။ မနက်ဖြန် ဆွမ်းခံထွက်ရင် ၀တ်မယ်လို့ စိတ်ထဲမှာ ရည်စူးထားတဲ့သင်္ကန်မှာ အ၀တ်သန်းလေး သွားဖြစ်တယ်။ ကာမစ္ဆန္ဒလို့ ခေါ်တဲ့ ကြွေးတင်လို့မို့လို တိရစ္ဆာန်ဘ၀နဲ့ အကြွေးဆပ်ရခြင်းဖြစ်ပါတယ်။

နောက်တစ်ခုက လူလူချင်း ကာမစ္ဆန္ဒအကြွေးတင်တဲ့ သာဓကလေး ပြောပြချင်ပါတယ်။

ကိုယ်ချစ်တဲ့ ပုဂ္ဂိုလ်က ကိုယ့်ကို မုန်းသွားမှာ စိုးလို့ သူ့အလိုကျ နေရာတကာ အလိုက်သိနေရတယ်။ ကိုယ်ချစ်တဲ့ ပုဂ္ဂိုလ်ဟာ ကိုယ်ရဲ့ ကြွေးရှင်ဖြစ်နေပြီးလေ။ ကြွေးရှင်ဆိုတော့ ကိုယ့်အပေါ် ငြိုငြင်သွားမှာ စိုးတော့ အရိပ်တကြည့်ကြည့်နဲ့ ခယနေရတယ်။ အကြင်နာတရားတွေ ရင်မှာ ပွားအောင်ဆိုပြီးတော့ ညင်သာစကားလေးတွေနဲ့ တယုတယ အောက်ကျို့ပြီးတော့ နေလိုက်ရတာ။ ဒါကို သဘောတွေကျပြီးတော့ သီချင်းလေးတွေ ဂစ်တာလေးနဲ့ တီးဆိုပြလိုက်၊ ကဗျာလေးတွေ စပ်လိုက်နဲ့ပေါ့၊ သီချင်းလေး ဆိုပြလိုက်၊ အချစ်ကဗျာလေးတွေ ရေးဖွဲ့လိုက်နဲ့ ဘာလုပ်နေတာလဲဆိုရင် ကိုယ့်ချစ်သူတည်းဟူသော ကြွေးရှင်ကို အောက်ကျို့ခယနေရတာပါ။

အမျိုးသားတစ်ယောက် သူရဲ့ ဇနီးကို အင်မတန်ချစ်ရှာပါတယ်တဲ့။ သူက သိပ်ချစ်ပေမယ့် သူ့ဇနီးက သူ့ရဲ့ ညီကို ပိုပြီးတော့ အချစ်တွေ ပိုသတဲ့။ အဲဒီတော့ လင်တော်မောင်ကို သတ်ဖို့ မတ်တော်တဲ့ ညီကို အစ်ကိုကို ပြန်သတ်ခိုင်းရတာပေါ့။ မတ်တော်လေးက အတန်တန်ငြင်းပါတယ်။ ဒါပေမယ့် နောက်ဆုံးတော့ ကာမစ္ဆန္ဒကြွေးတွေက တင်သွားပြီးလေ။ ဒီမိန်းမအပေါ်မှာ အကြွေးတင်နေတော့ အကြွေးရှင်အတွက် ဘာမဆို လုပ်ရဲပြီးပေါ့။ အဲဒီ သေသွားတဲ့ အစ်ကိုကြီးဟာ မိမိရဲ့ ဇနီးအပေါ်မှာ ထားတဲ့ ချစ်ခင်စွဲလမ်းတဲ့ ကာမစ္ဆန္ဒ အကြွေးဆပ်ရပြီးပေါ့။ မြွေလေးနဲ့ တစ်ခါ၊ ခွေးအဖြစ်နဲ့ တစ်ခါ၊ နွားလေးအဖြစ်နဲ့ တစ်ခါ၊ အဲဒီအမျိုးသမီးလဲ သူရဲ့ အရင်ဘ၀က လင်ပဲဆိုပြီး သတ်သတ်ပစ်တယ်တဲ့။ ချစ်ဇနီးအပေါ်မှာ ချစ်ခင်စွဲလမ်းမှု မပျောက်သေးတာကြောင့် အဲဒီအမျိုးသမီးရဲ့ ၀မ်းကြာတိုက်မှာ ပဋိသန္ဓေ ကိန်းလာပြန်တယ်။ သားယောက်ျားလေး ဖွားမြင်ပြီးတော့ လာပါတယ်။

မွေးမွေးချင်းပဲ ဇာတိဿရဉာဏ်ရတဲ့ ပုဂ္ဂိုလ်ဆိုတော့ ဒီအမျိုးသမီးဟာ ငါ့ကို လေးဘ၀တိုင်တိုင် သတ်ခဲ့တဲ့ မိန်းမကြီး၊ ငါ့ရန်သူကြီး ဆိုပြီး ကလေးဘ၀မှာ အမေ လုံးဝ အကိုင်မခံခဲ့ဘူး။ အမေချီလိုက်ရင် ငိုတယ်။ အရင်ဘ၀က ညီတော်တဲ့ ဒီဘ၀အဖေချီတဲ့အခါမှာလဲ ငိုပါတယ်တဲ့။ အဘိုးက ဘာကြောင့် ငိုရသလဲ မေးတော့မှ၊ ဒီလိုပဲ အတိတ်ဘ၀အကြောင်းတွေ ပြောပြပါတယ်။ အဲဒါနဲ့ “ဒီလို ရန်သူမျိုးနဲ့ အတူတူနေရတာ မကောင်းဘူး၊ ရန်သူတွေနဲ့ ဝေးရာ အရပ်ကို တို့သွားကြစို့ ” ဆိုပြီးတော့ ဘုန်းကြီးကျောင်းတစ်ကျောင်းသွားပြီး၊ မြေးက ကိုရင်ဝတ်၊ အဘိုးက ရဟန်းဝတ်ပြီး မြေးဘိုးနှစ်ယောက် တရား အားထုတ်လိုက်ကြတာ၊ မကြာခင်ပဲ မြေးဘိုးနှစ်ယောက် ရဟန္တာအရှင်မြတ်ကြီးတွေ ဖြစ်သွားပါသတဲ့။

ဒီပို့စ်ကို အရှင်ဆန္ဒဓိကရဲ့ မြင့်မြတ်သူတို့၏စံအိမ် စာအုပ်မှ မြင့်မြတ်သူတို့ စံအိမ်ရဲ့ အင်္ဂါရပ်ထဲက ပထမဆုံးသော အကြွေးကင်းခြင်း စာစုမှ ကူးယူဖော်ပြပါသည်။ ကျွန်တော်လဲ အကြွေးတင်ပါသည်။ ကျွန်တော့် ဘလော့ရဲ့ ခေါင်းစီးပိုင်းက ကိုသော်ဇင်(စိန်ပန်းမြေ) ဆိုတာကြီးမကောင်းဘူးတဲ့။ “ကို” ဆိုတာမပါပဲ သော်ဇင်(စိန်ပန်းမြေ) ပဲ ကောင်းပါတယ်ဆိုလို့ ပြောင်းရဖို့အရေး ကြိုးစားလိုက်ရတာ ၂ရက်လောက် မနေမနားပါပဲဗျာ။ ဒီစာအုပ်ဖတ်ပြီးမှ သတိရမိတယ်။ သြော်.... ငါလဲ အကြွေးတင်နေတာပါလားလို့ တွေးမိပါရဲ့ဗျာ။

ဒီပို့စ်လေ ရှည်နေမှာ စိုးလို့ ချုံ့ရေးမိလိုက်တဲ့အတွက် စာစုတွေက ဆက်စပ်မှုမရှိခဲ့ရင် ဖြည့်စွပ်နားလည်ပေးပါဗျာ။ ဒီစာစုလေးကို ဖတ်ပြီးတော့ အကြွေးကင်းတဲ့ သူတော်ကောင်းများ၊ မြင့်မြတ်သူတို့ရဲ့ စံရာ အိမ်နန်းမှာ စံမြန်းနိုင်ကြသော အရိယာသူတော်ကောင်းများ ဖြစ်ကြပါစေလို့ ဆုမွန်ချွေရင်းနဲ့.... ကျေးဇူးတင်ပါတယ်

သော်ဇင်(စိန်ပန်းမြေ) 

Saturday, November 2, 2013

ရဟန်းနှင့်လူ ဆက်ဆံနည်း (၄) မျိုး


ရဟန်းနှင့်လူ ဆက်ဆံနည်း (၄) မျိုး
 
ရဟန်းတော်များနှင့် လူဒကာ,ဒကာမတို့သည် မကွေမကွာဆက်ဆံနေကြရသူများဖြစ်၍ ခွဲခွာ၍ မရစကောင်း။ သာသနာ့တာဝန်ကို ဆောင်ရွက်ကြရာ၌ ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီ၊ ပစ္စယနှင့်ဓမ္မ၊လောကနှင့် လောကုတ္တရာဒွန်တွဲနေသဖြင့်ခွဲခွာ၍မရ။သို့ရာတွင်လိုအပ်သည်ထက် ကျော်လွန်၍ ပူးတွဲခြင်းမရှိစေရချေ။ ရဟန်းနှင့်လူဆက်ဆံနည်း (၄) မျိုးရှိပါသည်။

၁။ဂါဟ ဂါဟက- အပြန်အလှန်ဖမ်းခြင်း၊အချို့အမျိုးသားအမျိုးသမီးတို့သည် ရဟန်းတော်များအား ရှိခိုးပူဇော်လှူဒါန်းကြရာ၌ သံဃာတော်ဂုဏ်ကို အာရုံမပြု၊ သီလ,သမာဓိ,ပညာ ရရာရကြောင်း၊ လူ,နတ်,နိဗ္ဗာန်သုံးတန်ချမ်းသာ ရရာရကြောင်းကိုအကြောင်းပြု၍လှူဒါန်းပူဇော်ကြသည်မဟုတ်။ လက်ရှိအခြေအနေကို အပေးအယူအကူအညီ ရယူလိုသောစိတ်ဖြင့် ဆက်ဆံကြတယ်၊ ပူဇော်ကြတယ်။ ထိုသို့သော အမျိုးသားအမျိုးသမီးများကို လာဘ်ပေးလာဘ်ယူနည်းအရ အာမိသပစ္စည်းကို မိမိက အရင်ပေးကာ မိမိကိုယ်ကျိုးအတွက်ဖြားယောင်း၍ အမိဖမ်းသူဟုခေါ်ပါသည်။

အချို့သောရဟန်းတော်များလည်း ထို့အတူပင် ဒကာ ဒကာမတို့အား အသိဥာဏ်ပေးခြင်း၊ ရဟန်းတရားကျင့်ကြံခြင်း အားဖြင့်အလှူအကျိုးများအောင်ဆောက်ရွက်ပေးခြင်းမျိုးဖြင့် မပေါင်းဘဲ လာဘ်ရရေးအတွက် လူပေါင်းပေါင်းကာ ၀မ်းကျောင်းအလှူခံရုံမျှမက မိမိကပင် သစ်သီးပေးခြင်း၊ပန်းပေးခြင်း၊ငွေချေးခြင်း၊ဗေဒင်ဟောခြင်း၊ဆေးပေးခြင်းစသည်ဖြင့်လူဒကာတို့၏ ပင်ကိုယ်ယုံကြည်စိတ်၊ သဒ္ဓါစိတ်ကလေးကို လမ်းပြောင်းသွားအောင်ဖျက်ဆီးတတ်ကြသည်။ ထိုရဟန်းကို အလဇ္ဇီ-အရှက်မရှိသောရဟန်းဟုခေါ်ပါသည်။ဤနည်းဖြင့်ဆက်ဆံသည်ကို ရဟန်းတော်များဘက် က ဖမ်းယူခြင်း၊ဖြားယောင်းခြင်းဟုခေါ်သည်။ အဲဒီလိုဆက်ဆံနည်းကို လူဒကာဘက်ကလဲဖမ်း၊ ရဟန်းဘက်ကလဲဖမ်း၊ အဖမ်းအဖမ်းချင်းဆက်ဆံနည်းဟုခေါ်ပါသည်။ ထိုသို့သောဆက်ဆံနည်းဖြင့်ဆက်ဆံပါလျှင်လှူဒါန်းအားပေးသူဒကာဒကာမတို့လည်းသာသနာဖျက်ဆီးသူဟုခေါ်ပြီး၊ရဟန်းကိုလည်းသာသနာဖျက်ဆီးသူဟုခေါ်ပါသည်၊ သေလျှင်ငရဲသို့ကျရောက်တတ်ပါသည်။

၂။ဂါဟမုတ္တက- ဒကာသာ ဖမ်း၍ ရဟန်းတော်ဘက်က အဖမ်းမခံခြင်း၊ လွှတ်ခြင်း။ အချို့သော လူဒကာဒကာမတို့သည် ရဟန်းတော်များအား ရှိခိုးပူဇော်လှူဒါန်းကြရာ၌ သံဃာတော်ဂုဏ်ကို အာရုံမပြု၊ သီလ,သမာဓိ,ပညာ ရရာရကြောင်း၊ လူ,နတ်,နိဗ္ဗာန်သုံးတန်ချမ်းသာ ရရာရကြောင်းကိုအကြောင်းပြု၍လှူဒါန်းပူဇော်ကြသည်မဟုတ်။ လက်ရှိအခြေအနေကို အပေးအယူအကူအညီ ရယူလိုသောစိတ်ဖြင့် ဆက်ဆံကြတယ်၊ ပူဇော်ကြတယ်။ ထိုသို့သော အမျိုးသားအမျိုးသမီးများကို လာဘ်ပေးလာဘ်ယူနည်းအရ အာမိသပစ္စည်းကို မိမိက အရင်ပေးကာ မိမိကိုယ်ကျိုးအတွက်ဖြားယောင်း၍ အမိဖမ်းသူဟုခေါ်ပါသည်။ထို့သို့သောနည်းကို ဒကာကသာဖမ်း၍ ရဟန်းတော်ကအဖမ်းမခံခြင်း၊ မဖမ်းခြင်းဟုခေါ်ပါသည်။

၃။မုတ္တဂါဟက-ဒကာဘက်က လွှတ်ထားသော်လည်း ရဟန်းဘက်ကဖမ်းနေခြင်း။ အချို့သောရဟန်းတော်များသည် ဒကာ ဒကာမတို့အား အသိဥာဏ်ပေးခြင်း၊ ရဟန်းတရားကျင့်ကြံခြင်း အားဖြင့်အလှူအကျိုးများအောင်ဆောက်ရွက်ပေးခြင်းမျိုးဖြင့် မပေါင်းဘဲ လာဘ်ရရေးအတွက် လူပေါင်းပေါင်းကာ ၀မ်းကျောင်းအလှူခံရုံမျှမက မိမိကပင် သစ်သီးပေးခြင်း၊ပန်းပေးခြင်း၊ငွေချေးခြင်း၊ဗေဒင်ဟောခြင်း၊ဆေးပေးခြင်းစသည်ဖြင့်လူဒကာတို့၏ ပင်ကိုယ်ယုံကြည်စိတ်၊ သဒ္ဓါစိတ်ကလေးကို လမ်းပြောင်းသွားအောင်ဖျက်ဆီးတတ်ကြသည်။ ထိုရဟန်းကို အလဇ္ဇီ-အရှက်မရှိသောရဟန်းဟုခေါ်ပါသည်။ဤနည်းဖြင့်ဆက်ဆံသည်ကို ရဟန်းတော်များဘက် က ဖမ်းယူခြင်း၊ဖြားယောင်းခြင်းဟုခေါ်သည်။ ထိုသို့သောနည်းကို ရဟန်းဘက်ဖမ်း၍ လူဘက်ကမဖမ်းခြင်းဟုခေါ်ပါသည်

၎။မုတ္တမုတ္တဂါဟက-ဒကာဘက်ကရော ရဟန်းဘက်ကပါ မဖမ်းဘဲ လွှတ်ထားခြင်း၊ အထက်ပါသုံးနည်းတို့မှ တစ်ခုမှမဟုတ်သောနည်း၊ မြင့်မြတ်သောဆက်ဆံနည်းဟုခေါ်ပါသည်။ ရဟန်းနှင့် လူပေါင်းသင်းဆက်ဆံနည်း(၄)မျိုးရှိရာ နောက်ဆုံးနည်းကို ဘုရားရှင်ကြိုက်တော်မူပါသည်။ သို့ဖြစ်၍ ဗုဒ္ဓဘာသာကောင်းပီပီ၊ ရဟန်းကောင်းပီပီ၊ နောက်ဆုံး မုတ္တမုတ္တဂါဟကနည်းဖြင့်ဆက်ဆံသွားဖို့ပါ။ ဘာပဲဖြစ်ဖြစ် မိမိကအခုပေါင်းသင်းဆက်ဆံနေတာမှားနေတယ်ဆိုရင်တောင်ပြင်ယူတတ်ဖို့ပါပဲ။ ဤလေးချက်သည် လူဒကာဒကာမတွေအတွက်အရေးကြီးသလို ရဟန်းတော်များအတွက်လည်း Very Very Important ပါပဲ။ ယနေ့မှစလို့ ကောင်းသောနည်းလမ်းဖြင့်ဆက်ဆံကာ သာသနာတော်ကြီးတိုးပွားအောင် ကြိုးစားဆောင်ရွက်နိုင်ကြပါစေ…

ဘ၀အရေး စိတ်အေးရဖို့ ဓမ္မအသိရှိလျက်နေကြစို့။

post by နှင်းဆီဖူးလေးများ-Love BUDS