Tuesday, August 7, 2012

သတိတရား


သတိတရား
သတိတရားဟူသည် သတိဟူသော ပါဠိဝေါဟာရနှင့် တရားဟူသော ပါဠိဝေါဟာရတို့ကို ပေါင်းစည်း၍ မြန်မာမှုပြုထားခြင်းဖြစ်သည်။ သတိဟူသည် 'အောက်မေ့ခြင်း အမှတ်ရခြင်း၊ တစ်စုံတစ်ခုသော အာရုံကို အစဉ်မပြတ် သိနေခြင်း' ဟူ၍ဖြစ် သည်။ တရားဟူသည် 'မှန်ကန်မျှ တခြင်း၊ အကျိုးသင့်အကြောင်းသင့်ဖြစ်ခြင်းဟူ၍ ဖြစ်သည်။ ထို့ကြောင့် သတိတရားဟူသည် အတွေ့အကြုံများကို သင်ခန်းစာယူ၍ အသိဉာဏ် ဆင်ခြင်ဉာဏ်ပြည့်စုံခြင်းဟူသော အနှစ်သာရပင်ဖြစ်သည်။

လူတို့သည် ကံသုံးပါးဖြစ်သော  ကာယကံ၊ ၀စီကံ၊ မနောကံဟူသော ကိုယ်အမူအရာ၊ နှုတ်အမူအရာ၊ စိတ်အမူအရာတို့ဖြင့် လူ့အသိုက်အ၀န်း၊ လူ့ပတ်ဝန်းကျင်၊ လူ့ဘ၀သက်တမ်းကို ဖြတ်သန်းလျှောက်လှမ်းနေကြသူတို့ ဖြစ်သည်။ ကိုယ်အမူအရာဖြစ်သော ကာယကံမှုတို့ကို လက်တွေ့ပြုလုပ်ရာတွင်လည်းကောင်း၊ နှုတ်အမှုအရာဖြစ်သော ၀စီကံမှုဟူသော ပြောဆိုဆက်ဆံမှုကိုပြုရာတွင် လည်းကောင်း၊ စိတ်အမူအရာဖြစ်သော မနောကံမှုကို ကြံစည်တွေးဆ မြော်မြင်ရာ တွင်လည်းကောင်း သတိတရားထားရန် အထူးလိုအပ်သည်။ လူသည် အသိဉာဏ်ကို အခြေခံ၍ မိမိ၏ အတ္တအကျိုးစီးပွားနှင့် လူမှုပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှုရှိသော ပရအကျိုးစီးပွားတို့ကို မျှတညီညွတ်စွာ ဆောင်ရွက်ရမည်ဖြစ်သည်။

လူသားတိုင်းတွင် အသိဉာဏ်ရှိသော်လည်း အသိဉာဏ်ရှိသော လူသားတိုင်းသည် သတိတရား ရှိခဲတတ်လှသည်။ အသိဉာဏ် သက်သက်သာရှိပြီး သတိတရားမရှိသူသည် အနှစ်သာရ မပြည့်ဝသူဖြစ်သည်။ အသိ ဉာဏ်နှင့် သတိတရားစွယ်စုံရှိသူသည် အနှစ်သာရ ပြည့်စုံသူဖြစ်သည်။ တစ်နည်းဆိုရသော် အသိဉာဏ်ဟူသည် အသိပညာ၊ အတတ်ပညာစသည်တို့ကို လေ့လာရှာဖွေဖတ်ရှုမှုသက်သက်သာဖြစ်သည်။ သတိတရားမရှိသူဟူသည် ဖတ်ရှုလေ့လာ၊ သိမြင်ထားသော အသိပညာ၊ အတတ်ပညာတို့ကိုအခြေခံ၍ ဘ၀အသိသင်ခန်းစာရယူခြင်း၊ ဆင်ခြင်တုံတရားဖြင့် အကောင်းနှင့်အဆိုးကို ဝေဖန်သုံးသပ် မြော်မြင်ခြင်း၊ လက်တွေ့ဘ၀အကျိုးစီးပွားနှင့် နောင်သံသရာ အကျိုးစီးပွားအတွက် အကျိုးရှိအောင် ဆောင်ရွက်ခြင်းပင်ဖြစ်သည်။

လူသားတိုင်းအတွက် သတိတရားဟူသည် နေရာဒေသ အချိန်အခါမရွေး အသက်အရွယ်မရွေး အမြဲလိုအပ်နေသောကြောင့် သတိတရားဟူသည် ပိုသည်မရှိ၊ လိုသည်သာရှိသည်ဟူ၍ ဆိုရိုးစကား ပြုထားခဲ့ခြင်းဖြစ်သည်။ မြန်မာမှုဆိုရိုးတစ်ရပ်တွင် 'အလိမ္မာ စာမှာရှိသည်' ဟူသော ဆိုရိုးသည် အသိပညာ၊ အတတ်ပညာများကို လေ့လာရှာဖွေခြင်းဖြင့် စာကောင်းပေကောင်းများမှတစ်ဆင့် အလိမ္မာ၊ ကိုယ်ကျင့်တရားကောင်း၊ ဆင်ခြင်တုံတရား၊ ဘ၀အာ နိသင်တို့ကိုရရှိစေနိုင်သည်ဟု လမ်း ညွှန်ချက်ဖြစ်သည်။ 'အလိမ္မာ စာမှာ ရှိသည်'ဟူသော ဆိုရိုးသည် လူတို့၏ 'အသိဉာဏ်ရှင်သန်ဖွံ့ဖြိုးတိုးတက်စေ ရေးကို ဖော်ညွှန်းသည်။

ယင်းသို့သော စာပေဆိုင်ရာ အသိ၊ လမ်းညွှန် ဆုံးမမှုများကို အခြေခံလျက် ဆင်ခြင်တုံတရားဖြင့် ဘ၀၏ ကောင်းကျိုး၊ ဆိုးကျိုးများကို ဝေဖန်ဆန်းစစ်ပိုင်းခြား သိမြင်ခြင်းဖြင့် အသိဉာဏ်မှသည် သတိတရားကိုဖြစ်စေသည်။ ထို့ကြောင့် မျက်မှောက်ခေတ် စာပေလောကနှင့် လူမှုရေးနယ်ပယ်တွင် 'အလိမ္မာ စာမှာရှိ' ဟူသော ဆိုရိုးစကားနှင့်အညီ 'အလိမ္မာကိုယ်မှာရှိ'ဟူသော သတိတရား၏ အနှစ်သာရကို ဖော်ကျူးသည့် ဆိုရိုးစကားကိုလည်း လမ်းညွှန်ဖော်ထုတ် မိန့်ဆိုခဲ့ကြသည်။
အသိတရားကို အခြေခံလျက် သတိတရားကို ရစေနိုင်သည်။ အသိ တရားရှိမှသာလျှင် သတိတရားကို ဖြစ်စေနိုင်သည်။ ရစေနိုင်သည်။

ဗုဒ္ဓ၏ အဆုံးအမ၊ တရားဓမ္မများကို နာယူရခြင်းဖြင့် ဓမ္မအသိတရား၊ အခြေခံများကို ရရှိစေသည်။ ယင်းဓမ္မအသိတရားကို အခြေခံပြု၍ ကိုယ်ပိုင်အသိတရား လက်ကိုင်ပြုလျက် ၀ိပဿနာတရား၊  ကမ္မဋ္ဌာန်းတရားများ အားထုတ်ခြင်းသည် အသိတရားကို သတိတရားဖြင့် ပြုစုပျိုးထောင်ခြင်းဖြစ်သည်။ ထို့ကြောင့် အသိတရားနှင့် သတိတရား တို့သည် ကျိုးကြောင်းဆက်နွယ်လျက် ရှိနေသည်။ သတိတရားကို ပညာရှင်များက 'သတိသမ္ပဇဉ်တရား'ဟု မိန့်ဆိုခဲ့ကြသည်။

သတိတရား၏ အရေးပါမှုကို ညောင်ရမ်းခေတ်စာဆိုကျော် တောင်ဖီလာဆရာတော်ကြီး၏' ယ သ၀ဎဍန၀တ္ထုတော်ကြီးတွင် 'သတိဟူသောတရားသည် အရာခပ်သိမ်းတွင် လိုအပ်သည်။ အရာခပ်သိမ်းသော အမှုကိစ္စများတွင် သတိတရားဖြင့် လုံ့လပြုလျှင် အကျိုးကျေးဇူး ခံစားရတတ်သည်။ သတိတရားမရှိဘဲ ဖြစ်ကတတ်ဆန်း ပြုမူဆောင်ရွက်လျှင် အကျိုးမဲ့စေသည်။ အပြစ်ကိုဖြစ်စေသည်ဟူ၍ လမ်းညွှန်မိန့်ဆိုခဲ့သည်။

သတိတရားရှိခြင်း၏ အနှစ်သာရနှင့် သတိတရားမရှိခြင်း၏ ဆိုးကျိုးများကို ညဥ့်မိုက်လှသောအခါ၌ မညီမညွတ်သော ချောက်ကမ်းပါး၊ ချောင်းနား၊ မြစ်နား၊ တွင်းကျင်းအရပ်သို့ သွားသောသူသည် သတိတရား လက်ကိုင်ထား၍ တောင်ဝှေး စသည်ဖြင့် စူးစမ်းလျက် ဖြည်းဖြည်းညင်ညင်သွားလျှင် လိုသောအရပ်သို့ ရောက်နိုင်၏။ သတိတရားမရှိဘဲ၊ မစူးမစမ်းသွားခဲ့လျှင် ချောက်ကမ်းပါးတွင်ကျ၍ သေနိုင်၏။

မသေသော်လည်း ဘေးအန္တရာယ်ကို တွေ့ကြုံရနိုင်၏။ ကိုယ်အင်္ဂါချို့တဲ့ခြင်း၊ ပစ္စည်းဥစ္စာ ဆုံးရှုံးခြင်း စသည်တို့ကို ကြုံတွေ့စေသည်ဟူ၍ သိလွယ်၊ မြင်လွယ်သော ဥပမာအလင်္ကာဖြင့် တန်ဆာဆင်လျက် ယသ၀ဎဍန၀တ္ထုတော်ကြီး၌ ဖော်ပြခဲ့သည်။ သတိတရားနှင့် ပတ်သက်၍ ပညာရှင်များသည် အဆိုအမိန့်များ ပြုခဲ့ကြသည်။

'သတိတရားမရှိပါက အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့အထိ ဟူသော အာရုံငါးပါးတို့ဖြင့် ကြုံတွေ့လျှင် ဒေါသထွက်စေသောအကြောင်း၊ စိုးရိမ်ထိတ်လန့်စေသောအကြောင်း၊ ဆင်းရဲသည်ကို မကြုံတွေ့ဖူးသူသည် ဆင်းရဲခြင်းကို ကြုံတွေ့ရလျှင် မရစဖူးသော စည်းစိမ်ဥစ္စာကိုရလျှင် ထိန်းချုပ်မှု ပြုနိုင်ခဲ့သည်။ ထိုသို့သော အချိန်အခါမျိုးတွင် သတိတရားကို မထိန်းချုပ်နိုင်လျှင် အကျိုးမဲ့ခြင်း၊ ပျက်စီးခြင်းကို ကြုံတွေ့ရတတ်သည်။ ယင်းအချိန်မျိုးတွင် သတိတရားဖြင့် ထိန်းချုပ်နိုင်စွမ်းရှိလျှင် အကျိုးကျေးဇူးများ ဖြစ်ထွန်းစေသည်ဟူ၍ မိန့်ဆို လမ်းညွှန်ခဲ့သည်။


သတိတရားမရှိဘဲ မစူးမစမ်းသွားခဲ့လျှင် ချောက်ကမ်းပါးတွင် ကျ၍သေနိုင်၏။ မသေသော်လည်း ဘေးအန္တရာယ်ကို တွေ့ကြုံရနိုင်၏။ ကိုယ်အင်္ဂါချို့တဲ့ခြင်း၊ ပစ္စည်းဥစ္စာဆုံးရှုံးခြင်း စသည်တို့ကို ကြုံတွေ့စေသည်


'ကြောက်လန့်တတ်သူတို့သည် ဘီလူး၊ ပြိတ္တာ၊ ခြင်္သေ့၊ ကျားသစ် စသည်တို့ကို မြင်လျှင်သော်လည်းကောင်း၊ အသံကြားရုံမျှဖြင့်သော်လည်းကောင်း၊ ကြောက်လန့်တုန်လှုပ်လျက် သတိတရား လက်လွတ်ဖြစ်၍ ပျက်စီးဆုံးရှုံးခြင်းသို့ ရောက် စေသည်။ စစ်မြေပြင်အရပ်တွင် ဓားသွားဖွေးဖွေး၊ သွေးချင်းချင်း နီရဲသောမြင်ကွင်းကိုမြင်ရလျှင် သတိတရားမရှိလျင် ရူးသွပ်သွားစေနိုင်သည်။

ဘုရင်မင်းမြတ်တို့၏ ရှေ့မှောက်တွင် စကားလျှောက်တင်သည့်အခါတွင် ကြောက်ရွံ့တုန်လှုပ်လျက် သတိတရားကင်းမဲ့စွာ လျှောက်တင်လျှင် အသက်ဆုံးရှုံးစေနိုင်သည်။ ထိုသို့သော အကြောင်းကိစ္စများတွင် သတိတရား လက်ကိုင်ထား၍ ပြောဆိုပြုမူဆောင်ရွက်လျှင် ဘေးရန်ကင်းခြင်း၊ ကျော်စောခြင်း၊ စည်းစိမ်ချမ်းသာ ပြည့်စုံခြင်းတို့ကို ရရှိစေနိုင်သည်ဟူ၍ လမ်းညွှန်ဆုံးမခဲ့သည်။

သတိတရား၏ အရေးပါးမှုကို ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုယ်တော်တိုင် 'သတိတရားရှိသူတို့သည် မကြောက်မရွံ့ တည်တံ့မှု၏။ အကျိုးကြောင့် ဘေးအန္တရာယ်မှ လွတ်ကင်းသည်။ စည်းစိမ်ချမ်းသာကိုလည်း ရကုန်သည်။ အမျက်ဒေါသထွက်လျှင် သတိတရားထားနိုင်ခဲ၏။ အမျက်ဒေါသထွက်သောအခါ၌ ပစ္စုပ္ပန်စီးပွား၊ သံသရာစီးပွား ပျက်သုဉ်းစေသည်။ သတိတရား လက်ကိုင်ထားခြင်းသည် အလွန်ပင်မြင့်မြတ်၏ဟူ၍ ဟောကြားတော်မူ ခဲ့၏။

ထို့ကြောင့် သတိတရားရှိခြင်းသည် အကျိုးကျေးဇူးများစေကြောင်း၊ သတိတရားမရှိခြင်းသည် အကျိုးယုတ်စေကြောင်း အထင်အရှား သိမြင်လျက် လူမှုရေးရာကိစ္စအဖြာဖြာကို ဆောင်ရွက်ရာ၌ သတိတရားကို အမြဲလက်ကိုင်ထား၍ ဆောင်ရွက်ရ မည်ဖြစ်ကြောင်း ဘ၀သင်ခန်းစာများကို ရရှိစေသည်။ သတိတရားသည် လောကီရေးရာအဖြာဖြာနှင့် လောကုတ္တရာရေးရာကိစ္စများ ဆောင်ရွက်ရာတွင် လွန်စွာ အရေးပါလှသည်။ သို့ဖြစ်၍ 'သွားသတိ၊ စားသတိ၊ နေသတိ၊ အိပ်သတိ၊ လုပ်သတိ၊ ပြောသတိ' စသော ကံသုံးပါး၏ ကိစ္စအားလုံး၌ သတိတရား အမြဲထားရှိ လုပ်ဆောင်ရန်လိုအပ်သည်။ သတိတရားဟူသည် ပိုသည်မရှိ၊ လိုသည်သာရှိသည်ဟူသော ဆိုရိုးစကား။ ပညာရှိ သတိဖြစ်ခဲဟူသော စကားပုံတို့သည် အသိပညာထက် သတိတရားကို အလေးအနက်ထားသင့်ကြောင်း ဖော်ညွှန်းထားမှုဖြစ်သည်။

 Written by လှမြင့်(ရန်ကုန်တက္ကသိုလ်)   

Monday, August 6, 2012

အကျည်းတန်လက်တွဲဖော်


အကျည်းတန်လက်တွဲဖော်

“ဒုက္ခ” ဟူသော စကားလုံးသည်ပင်လျှင် အမြင်၌ အကျည်းတန် အရုပ်ဆိုးပါလေသည်။ “ဒုက္ခ” ဟူသော အသံကို နား၏သာယာမှုရသ စိုးစဉ်းမျှ ရှာမရသောကြောင့် မည်သူကမျှ မကြားလို။ “ဒုက္ခ” ဟူသောအတွေ့အကြုံကိုလည်း မမြင်ချင်၊ မတွေ့ချင်၊ မပေါင်းဆုံလိုချင်သောကြောင့် လူသတ္တ၀ါတို့ ဒုက္ခနှင့်ဝေးအောင် ပြေးရှောင်နေကြချေသည်။

သို့ရာတွင် ဒုက္ခကို ကျေးဇူးတင်စရာတော့ ရှိပါသည်။
“ဒုက္ခ” က မိမိ၏ ညံ့ကွက်၊ ရှော်ကွက်၊ ပျော့ကွက်၊ ချို့ယွင်းချက်ကို မူယာမာယာမရှိဘဲ ဒိုး ဒိုးဒေါက်ဒေါက် ထောက်ပြတတ်သည်။ ကိုယ့်အကျိုးကို မလိုလားသူ၊ ကိုယ့်အငြိုအငြင်ကို မခံလိုသူများလို ရေငုံနှုတ်ပိတ် လုပ်မနေတတ်။ မြုံ၍ မနေတတ်၊ အလိုက်သင့် အလျားသင့် ဆက်ဆံမနေတတ်။ အမှန်အတိုင်း အရှိအတိုင်း ဒုက္ခက ထောက်ပြတတ်သည်။

 ဤသို့ထောက်ပြသောကြောင့် မိမိတို့၏ ညံ့ကွက်၊ ပျော့ကွက်ကို ပြုပြင်ကျော်လွှားကာ အောင်မြင်သူတွေ ဖြစ်လာသည့်အခါ ဒုက္ခကို ကျေးဇူးတင်လာကြသည်။ အမှန်တော့ သင်၏ချို့ယွင်းချက်ကို အသေအချာ ထောက်ပြပြောဆိုနိုင်သောသူသည် သင့်ဘ၀အတွက် မိတ်ဆွေကောင်းပင် ဖြစ်၏ ဟူသောအဆိုကို ဒုက္ခက ခံယူထားသည်နှင့် တူနေပါသည်။

ဒုက္ခက လူသတ္တ၀ါတို့၌ တိမ်မြုပ်နေသော အစွမ်းအစကို ဆွဲဖော်၍ ငိုက်မြည်းတွေဝေနေသောစိတ်ကို လှန့်နှိုးကာ သတိပေးတတ်သည်။ ဒုက္ခက လူတော်နှင့်လူညံ့ကိုလည်း ခွဲခြားပေးတတ်သည်။ လူတစ်ဦးအား လူတော်လူကောင်း ဟုတ်မဟုတ်၊ လူစွမ်းလူစ ရှိမရှိ စစ်ဆေးပေးနိုင်သော မှတ်ကျောက်များအဖြစ် ဒုက္ခက အခက်အခဲတို့ကို ဖန်တီးပေးတတ် သည်။ အခက်အခဲနှင့် အန္တရာယ်တို့ကို ကြုံလာသောအခါ တချို့သောသူများက ချိုင်းထောက်ဝယ်၍ ထောက်ကြရပြီး တချို့သောသူများမှာတော့ အတောင်များပေါက်လာကြသည်ဟူသော အဆိုရှိသည်။ 

 ဆိုလိုသည်မှာ အခက်အခဲနှင့် အန္တရာယ်တို့ကို ရင်ဆိုင်ကြရာ၌ အချို့သူများသည် စိတ်ဓါတ်ပျော့ညံ့ခြင်း၊ ကြံရည်ဖန်ရည် နည်းပါးခြင်းတို့ကြောင့် မျှော်လင့်ချက်များ ကျိုးပဲ့ပျက်ဆီးစီးခြင်းနှင့်အတူ ကျရှုံးပျက်စီးသွားကြသည်။ ဤသည်ကို ရည်ရွယ်၍ ချိုင်းထောက်ဝယ် တပ်ရသည်ဟု တင်စားပြောဆိုခြင်းဖြစ်သည်။ တချို့သော သူများကတော့ အခက်အခဲနှင့် အန္တရာယ်တို့ကို ရင်ဆိုင်ရာ၌ စိတ်ဓါတ်ကြံ့ခိုင်ကြသည်။ ကြံရည်ဖန်ရည် ရှိကြသည်။ ထိုအခါ အခက်အခဲများကို ကျော်လွှားလွန်မြောက်နိုင်သည့် စွမ်းရည် များ ရသွားကြသည်။ ဤသည်ကို ရည်ရွယ်၍ တချို့သူများ၌ အတောင်များ ပေါက်လာကြသည်ဟု တင်စားပြောဆိုခြင်း ဖြစ်သည်။ ဟုတ်ပါသည်။ 

အခက်အခဲနှင့် ဒုက္ခတရားက စိတ်ဓါတ်ခိုင်ခံ့သူ၊ အသိဉာဏ် အမြော်အမြင်ရှိသူကို အောင်မြင်မှုဆီသို့ ပျံသန်း ရောက်ရှိသွားစေနိုင်သော အစွမ်းအစ တောင်ပံများကို တပ်ဆင်ပေးလိုက်မြဲဖြစ်သည်။

လူသတ္တ၀ါဆိုသည်မှာ အခက်အခဲနှင့် ပြဿနာများကိုကြုံမှ အစွမ်းအစကို ထုတ်ချင်တတ်ကြသည်။ ထို့ကြောင့်လည်း နောင်မှ “တ”ရသည့် နောင်တ တရားသည် သတ္တလောက၌ အဆင့်အမြင့်ဆုံးဟုဆိုသော သတ္တ၀ါတို့ နယ်ပယ်အတွင်းသို့ ရေသာခိုခြင်း ပျင်းရိခြင်း သက်သက်သာသာ နေလိုခြင်းတည်းဟူသော တံခါးပေါက်တို့မှ တိတ်တခိုးဝင်ရောက်လာခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ 

သို့ရာတွင် “ဒုက္ခ”က လူတစ်ဦး ကိုယ်ရည်ကိုယ်သွေး တောက်မတောက်၊ စိတ်ဓါတ် ခိုင်မခိုင်ကို ဇွဲသတ္တိတည်းဟူသော မှတ်ကျောက်၌ တင်ကြည့်ပေလိမ့်မည်။ ဘ၀ဟူသော ကြိုးဝိုင်းအတွင်းသို့ သွင်း၍ အခက်အခဲတည်းဟူသော ပြိုင်ဘက်နှင့် ပြိုင်ဖက်စေလျက် သတ္တိရှင်ကို ရွေးချယ်ပေလိ့မ်မည်။ ဘ၀ကြိုးဝိုင်း၌ အောင်မြင်မှု သရဖူ မဆောင်းနိုင်သူကိုလည်း ဒုက္ခက သနားညှာတာ ချစ်ကြင်နာစွာဖြင့် မျက်နှာသာပေးလိမ့်မည် မဟုတ်ချေ။ ဤမျှရက်စက်၍ ပြတ်သားလွန်းသောကြောင့် ဒုက္ခကို အကျည်းတန်လှချေသည်ဟု ထင်ခဲ့ကြသည်။

ဘ၀ကြိုးဝိုင်း၌ အခက်အခဲနှင့် အပွဲပွဲယှဉ်ပြိုင်ခဲ့သောကြောင့်တစ်ကြောင်း၊ ဇွဲသတ္တိမှတ်ကျောက်၌ အကြိမ်ကြိမ် မိမိတို့၏ အစွမ်းအစကို မှတ်ကျောက်တင်ခံခဲ့သောကြောင့် တစ်ကြောင်း အောင်မြင်ကျော်ကြားသူများသည် ဒုက္ခ၏ သဘောကို နားလည်ခဲ့ကြသည်။ အကဲခတ်သူတစ်ဦးက “လင်ကွန်းဟာ ဒုက္ခရဲ့ အရွေးချယ် အစမ်းသပ်ကို အမျိုးမျိုး ခံခဲ့ရတယ်။ 

ဒါပေမယ့်... သူ့အစွမ်းအစကို ဇွဲသတ္တိ မှတ်ကျောက်ပေါ်မှာ တလက်လက် တင်ပြနိုင်ခဲ့လို့ နောက်ဆုံးတော့ ... ဒုက္ခက ရိုကျိုးစွာနဲ့ သမ္မတလင်ကွန်းအဖြစ် တင်မြှောက်လိုက်တာပဲ” ဟု ဆိုသည်။ “ဒုက္ခဟာ အကျည်းတန်တယ်လို့ ထင်ရပေမယ့် တကယ်က... အောင်မြင်မှုဆီ ပို့ပေးတဲ့ မိတ်ဆွေကောင်း ဖြစ်ပါတယ်” ဟုပင် ဆိုပြန်ချေသည်။

သင်ကကော ဒုက္ခကို မည်ကဲ့သို့ မြင်ပါသနည်း။
နန္ဒာသိန်းဇံ

Saturday, August 4, 2012

စိတ်ကို အစားထိုးကုသခြင်း


                             စိတ်ကို အစားထိုးကုသခြင်း

အင်္ဂလန်နိုင်ငံတွင် အသည်းတခုမှဆဲလ်များကို အခြားအသည်းမှဆဲလ်များဖြင့် အစားထိုးကုသနိုင်ပြီဆိုသည့်သတင်းကို ကြားရသည်၊ အရင်လို အသည်းတခုလုံး နှလုံးတခုလုံး စသည့်အစားထိုးမှုမျိုးမဟုတ်တော့ဘဲ တိုးတက်လာသော ရုပ်ပိုင်းဆိုင်ရာ အစားထိုးမှုကား ၀မ်း မြောက်ဖွယ်ပင်။

သို့နှယ် စိတ်ကိုလည်းအစားထိုးနိုင်လျှင် … … ….။

ထိုအစားထိုးမှုတို့ဖြင့် ဘ၀တခုကို သက်တမ်းတိုးနိုင်ကြပေမည်။ သို့မဟုတ်လျှင် ရုပ်ပိုင်းဆိုင်ရာ ရှင်သန်ဖွံ့ဖြိုးသလောက် စိတ်ပိုင်းဆိုင်ရာ ချိနဲ့အားနည်းက ပြီးပြည့်စုံသောဘ၀တခု ဖြစ်လာနိုင်မည်မထင်။ ဟန်ချက်ညီသော ဘ၀ရသ ဘ၀အလှကို ရရှိစေချင်ကြမိသည်။

ခုတော့မူ ရုပ်ပိုင်းဆိုင်ရာ အစားထိုးမှုတိုးတက်မြင့်မာသလောက် စိတ်ပိုင်းဆိုင်ရာတွင် … … ….. အတွေးပင်မဆုံး၊ ရုပ်ချည်း ပုဂ္ဂိုလ်သုံးဦးကို အမှတ်ရလိုက်မိသည်။

တဦးက ကိုယ်အမေ၊ အမေတဦး၏အကြောင်းကို ဘယ်သားသမီးကမျှ ပြော၍ရိုးအီမည်မထင်။ သို့သော် သည်နေရာမှာ အမေ့ အကြောင်း ထက် အမေ့အကျင့်လေးတခုကို ပြောလိုခြင်းပါ၊ “ဣဿ မစ္ဆရိယနေရာမှာ ဟိရိသြတပ္ပနဲ့ အစားထိုးကြကွယ့်” ဆိုသည့်အမေ့လက်သုံး စကားလေး။ ထိုအကျင့်လေးသည် အမေ့လက်သုံးသာမက ကိုယ့်ကျင့်လည်းဖြစ်သည်ကို အသက်ရှစ်ဆယ်ငါးနှစ်ရွယ်တိုင် ကြည်လင် အေးချမ်းသော အမေ့ရုပ်သွင်ကာ ကိုယ့်တို့အတွက် သက်သေပင်။

အဖြစ်လွယ်သလောက် အကျိုးနည်းသော ထိုမနာလိုခြင်း ၀န်တိုခြင်းတွေဖြစ်လာလျှင် ဒါတွေဟာ လူကြီးလူကောင်းတို့ပြုအပ်သည့် အလေ့ အထမဟုတ်။ ရှက်ဖွယ်နှင့် ရွံ့ဖွယ်များပါတကားဟု အသိကပ်လိုက်ရန်ဖြစ်ပါသည်။ ကျမ်းလာဂန်လာစကားများနှင့် တထပ်တည်း ကျ ကောင်းမှ ကျပေမည်။ သို့သော် ဘ၀ထဲတွင် Apply ဖြစ်သည့် အစားထိုးမှုနည်းလေးတခုပင်။ မည်းညစ်သည့်နေရာမှာ ဖြူစဉ်မှုဖြင့် အစားထိုး ခြင်းမဟုတ်ပါလား။

နောက်တဦးက ကိုယ့်အမတယောက်၊ သူက စာတိုက်ဝန်ထမ်း၊ အမေရိကန်၏ လက်ရှိစီးပွားရေးအခြေအနေအရ ၀န်ထမ်းဦးရေလျော့ချ လိုက်ရာ၊ ယခင် လူကိုးဦးခွဲဝေလုပ်ခဲ့သော တာဝန်တို့ကို မျှဝေ ထမ်းရတော့သည်၊ ကိုယ်ပန်းစိတ်နုံးဖွယ်ပင်။ သို့သော် ကိုယ်တို့အမက ကိုယ်သာပန်းစေ စိတ်မနွမ်းလေရအောင် သရဏဂုံပဌာန်းစသည့် အနုဿတိတခုခုကို ရွတ်ရင်းပွားရင်း လုပ်ဆောင်နေခဲ့သည်တဲ့။ အဲသလို ကိုယ်အမ၏ နှုတ်မှတဖွဖွရွတ်ဆိုရင်း ပေါ့ပါးသွက်လက်စွာ လုပ်ကိုင်ဟန်ကိုကြည့်ကာ သူလုပ်ဖော်ကိုင်ဖက်ဖြစ်သည့် ဘာသာခြား ဖိလစ်ပိုင် အမျိုးသမီးကြီးကလည်း နှုတ်မှ တတွတ်တွတ်ရွက်ကာ လုပ်ဆောင်နေတော့ရာ တနေ့ကိုယ့်အမက

“မားမား နင်ဘာတွေဆိုနေတာလဲ”
“Rachel ဆိုသလိုဆိုတာလေ”

“Rachel က ဗုဒ္ဓဘာသာလေ ကိုယ့်ဘုရားရဲ့ ဂုဏ်တော်တွေကိုရွတ်ဆိုနေတာ။ မားမားက ခရစ်ယာန်ဘဲဟာ”
“ဟုတ်လား သိဘူးလေ။ ကိုယ်က Reachel ပါးစပ်လှုပ်တာကြည့်ပြီး ဒါတွေနေမှာပဲဆိုပြီး လိုက်ဆိုနေတာ This for son, this for payment, this for insurants နဲ့ ကိုယ့်ကိုယ်ကိုအားပေးရင်း လုပ်နေခဲ့တာလေတဲ့။ ကိုယ့်အမက ရယ်လိုက်သည်။ ကြာကြာမရယ်နိုင်။ အသက် ၇၀ ချဉ်းအရွယ်ထိ သားသမီးတို့ဝန်ကို ပင်ပမ်းစွာကူထမ်းရင်း ဒါ … သားဖို့ ဒါ…..မြေးဖို့နဲ့ ပင်ပမ်းမှုကို ချစ်ချင်းဖြင့်အစားထိုးနေပါလားဟု သဘောပေါက်လိုက်သောကြောင့်ပင်။

သို့ဖြင့် ကိုယ့်အမသည်လည်း သူနည်းကိုယူကာ မကြာမကြာအသုံးပြုဖြစ်တော့သည်တဲ့။ ပင်ပမ်းလွန်းသည့်အခါ ခြေကုန်လက်ပမ်းကြ သည့်အခါ အားတက်မှုနှင့်အစားထိုးရန် This for donation, this for monks, this for my country, စသည်ဖြင့် နှလုံသွင်းရင်း ၀န်ကိုမပျင်း မရိဆောင်နိုင်ခဲ့ပြီ။ လေးပင်စိတ်ကို ပေါ့ပါးခြင်းဖြင့် အစားထိုးခဲ့ခြင်းလေ။

နောက်ဆုံးတဦးက ကိုယ့်တပည့် ဒကာ ကိုစောနိုင်၊ သူကကျောင်းသားတပ်မတော် ရဲဘော်ဟောင်း၊ အမေရိကန်ကိုရောက်စ စိတ်နောက် ကိုယ်ပါ နေခဲ့မိသည်တဲ့။ အရပ်အခေါ် ပေတေတေနေသည်။ သမီးလေး ၄-၅ နှစ်အရွယ်မှာပင် ဇနီး၏သစ္စာသွေမှုကို ခံရတော့သည်။1500 V အားရှိသော ကိလေသာအပူသည် သူ့ကို လောင်မြိုက်ခဲ့တော့သည်။

ထိုအပူများကို ဘာသာရေးအလုပ် ကျောင်းဝေယျာဝစ္စအလုပ်နှင့် စာပေဖတ်ရှုခြင်းများဖြင့် တဖြည်းဖြည်း ငြိမ်းသတ်နိုင်ခဲ့သည်။ အတုယူဖွယ် ကောင်းသည်မှာ ဘ၀ကို ထိန်းကြောင်းတည့်မတ်ပေးနိုင်သော ဆရာတော် ရှင်ဥက္ကဌ၊ မင်းကွန်းဆရာတော်၊ ဆရာပါရဂူ၊ ဆရာကြီး ဦးအေး မောင်တို့ကဲ့သို့သော အလေးဂရုပြုရသည့် စာပေပညာရှင်ကြီးများ၏ စာကောင်းစာမွန်များကို တစိုက်မတ်မတ် ဖက်ရှုခဲ့ခြင်းပင်။

သို့နှယ် ကိလေသာအပူကို စာပေဓမ္မဖြင့် အေးစေနိုင်သည့်တိုင် ပရိရေသနအပူကိုမူ သူရင်ဆိုင်နေရဆဲ။ ထိုအပူကား သူအလုပ်လုပ်ရာ သံရေကြိုစက်ရုံ၏ ပူအားပြင်း မီးရှိန်ဒဏ်။ အပူရှိန်ကမသေး။ ၁၅၀၀ အပူချိန်ပင်။ ပွက်ပွက်ဆူနေသော သံရေပူတွေထဲမှ ချေးဖတ်များကို ဆယ်ယူရသော သူ့အဖို့မသက်သာ။ နေ့စဉ် အပူဒဏ်ခံရမြဲ။ လုပ်ခလေးကလည်း သင့်လျှော်၊ အလုပ်ရှားပါးချိန်လည်းဖြစ်၍ တခြားအလုပ် ကိုလည်းမပြောင်းချင်။ သည်အလုပ်တွင်သာ ကြိုးစားလုပ်ကိုင်နေခဲ့သည်တဲ့။ ပူလောင်ခြင်းဒဏ်ကိုလည်း အေးမြမှုဖြင့် အစားထိုးနေခဲ့သည်။ တနေ့ ၈ နာရီမျှကြုံရသော ထိုအပူချိန်ကို သူကျော်လွန်နိုင်ပုံမှာ မေတ္တာသုတ် ၄၅ ခေါက်၊ ဘုရားဂုဏ်တော် ၄၅ ခေါက်၊ ပဌာန်း ၄၅ ခေါက်၊ စသည့် စသည့် သက်စေ့ရွတ်ပွားရင်း ပူမှန်းမသိ အချိန်ကုန်လွန်စေခဲ့သည်။ ရုပ်ပူပြီး နာမ်အေးစေသည့် အစားထိုးမှုပါတကား။ ဒုက္ခဝေဒနာ ကို သောမနဿဝေဒနာနှင့် အစားထိုးလိုက်ခြင်းဟု ဆိုလိုက်ချင်ပါသည်။

အထက်တွင်ဆိုခဲ့သလို လောကတွင်၊ ရုပ်ပိုင်းဆိုင်ရာ အစားထိုးမှုများဖြင့် ဘ၀ကို ဆွဲဆန့်နိုင်သလို၊ ကိုယ့်အမေတို့ ကိုယ့်အမတို့လို ဤနည်း များဖြင့်လည်း စိတ်ကို အစားထိုးနိုင်ခဲ့ကြလျှင် ဇရာဗျာဓိတို့ကို ဆိုင်းငံ့စေမှာအမှန်ပင်။ စိတ်ပျို ကိုယ်နုမဟုတ်ပါလား။ အစားထိုးရန် နည်းများ ကိုလည်း ကိုယ်တို့ဗုဒ္ဓမြတ်စွာကသင်ကြားပေးခဲ့သည်မှာ လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ကျော်ကပင်။ ပဋာစာရီ၊ ကိသာ ဂေါတမီ စသည် တို့ကား လက်တွေ့အစားထိုးကြသူများပင်၊ ထိုအစားထိုးနည်းများစွာကြွယ်ဝသော ဘာသာတရားကြီးကို ကိုးကွယ်ခွင့်ရရှိနေကြပါလျှက် ယူငင်အသုံးပြုရန် မသိကြသည်မှာ နစ်နာဖွယ်ပင်။

ရုပ်ကိုအစားထိုးခြင်းကမှ နာကျင်မှုရှိကောင်းရှိနိုင်သည်။ စိတ်ကို အစားထိုးခြင်းကား ပင်ပန်းနာကျင် ခြင်းမရှိ။ လွယ်ကူလှသည်။ အလေ့ အကျင့်မျှသာလို၍ ထိုအလေ့အကျင့်ကို ပျိုးထောင်နိုင်ရန်သာ။ ဥပမာ လူသဘာဝအလျောက် ကြုံတွေ့ရသော အာရုံများအလိုက် ရံခါ ရန်ငြိုးဖြစ်ပေါ်မည်။ ထိုအခါ ခွင့်လွှတ်ခြင်းဖြင့်၊ ရံခါ ထောင်လွှားခြင်းဖြစ်မည်။ ထိုအခါ နှိပ်ချခြင်းဖြင့်၊ ရံခါ မဲညစ်မှုဖြစ်မည်။ ထိုအခါ ဖြူ စင်ခြင်းဖြင့် စသည် စသည် အစားထိုးသင့်ကြသည် မဲညစ်သော ပူလောင်သောစိတ်တို့ဖြစ်ပေါ်လာတိုင်း ဒါတွေဟာ အကျိုးနည်းပါးတဲ့ သ ဘောတွေဘဲဟု သိသောပညာ၊ ထိုဖြစ်ပေါ်တတ်သောအလေ့ဆိုးများ ပေါ်ပေါက်ခွင့်မပြုရန် တားမြစ်သောသတိ၊ ထိုပညာနှင့် သတိတို့ မကွာအောင် အားထုတ်သော လုံးလတို့သာလိုပေသည်။ ထိုသုံးပါးကိုအသုံးပြု၍ စိတ်ကိုအစားထိုးနိုင်ကြလျှင်....။

သို့နှယ် စဉ်းစားနေမိစဉ် ကိုယ့်ရင်ထဲမှာ ပဲ့တင်ထပ်လာသံက ....

စိတ်ကိုယ်လဲပြင် ရုပ်လဲပြင်
ပြင်ဆင်တိုင်းလှ ပြုတိုင်းရ
သုခနိဗ္ဗာန်တိုင်လိမ့်မယ်။
(မစိုးရိမ် ပဌာန်းဆရာတော်)


ကံထွန်းသစ်
ဇန်န၀ါရီ ၁၊ ၂၀၁၂

Friday, August 3, 2012

“အိပ်မက်ထဲက နတ်ဒေဝီ”

 
“အိပ်မက်ထဲက နတ်ဒေဝီ”

 
          ကျွန်ုပ်တို့သာသနာတော်၌  နိုင်ငံတစ်ဝှမ်းလုံးမှ သံဃာတော်များ ဝင်ရောက်ဖြေဆိုသည့် စာမေးပွဲကြီးတစ်ခုရှိ၏။ နိုင်ငံတော်အစိုးရ အဆက်ဆက်က ကြီးမှူးကျင်းပခဲ့သော စာမေးပွဲကြီး ဖြစ်၏။ ဓမ္မာစရိယနှင့် ပထမပြန် စာမေးပွဲကြီးဟု ထင်ရှား၏။ ပထမပြန်စားမေးပွဲသည် အခြေခံအဆင့်ဖြစ်ပြီး ပထမငယ်တန်း၊ ပထမလတ်တန်း၊ ပထမကြီးတန်းဟူ၍ သုံးဆင့်ရှိ၏။ အငယ်တန်း၊ အလတ်တန်း၊ အကြီးတန်းဟု လူသိများ၏။ အကြီးတန်း အောင်ပြီးလျှင် ဓမ္မာစရိယတန်း တက်ရ၏။ ဓမ္မစရိယတန်း ဆိုသည်မှာ (ဓမ္မ- တရားစာပေ၊ အာစရိယ- ပို့ချသူဆရာ) စာချဆရာဖြစ်အတန်း(စာချတန်း)ဟု အဓိပ္ပါယ်ရ၏။ ဓမ္မာစရိယ (စာချ)တန်း၌ ဝိနည်း၊ သုတ္တန်၊ အဘိဓမ္မာဟူ၍ ကျမ်းရင်းသုံးကျမ်း ပြဌာန်းထားရာ တစ်ကျမ်းအောင်လျှင် တစ်ကျမ်းမှတ်သား ထားပြီး သုံးကျမ်းလုံးအောင်မြင်မှ ဓမ္မာစရိယတန်း အောင်လေသည်။ ဓမ္မာစရိယတန်းအောင်လျှင် နိုင်ငံတော်က သာသနဓဇ ဓမ္မာစရိယဘွဲ့ ချီးမြှင့်၏။ သာသနဓဇ- သာသနာ့တံခွန်၊ ဓမ္မာစရိယ- စာချဆရာ၊ သာသနဓဇဓမ္မာစရိယ- သာသနာ့တံခွန် စာချဆရာဟု အဓိပ္ပါယ်ရ၏။ 
 
“ဓမ္မာစရိယ သရုပ်ခွဲ”
 
ဓမ္မာစရိယအောင်ပြီးသူများတွင် မိခင်စာသင်တိုက်သို့ စာပြန်ချသူများလည်း ရှိလေသည်။ ဥပမာ= ကျောက်ဆည်မြို့မှ အကြီးတန်းအောင်ပြီး မန္တလေးသို့ ဓမ္မာစရိယတန်း လာတက်သည့် စာသင်သားများသည် ဓမ္မာစရိယဘွဲ့ ရသည့်အခါ မိခင်စာသင်တိုက်ဖြစ်သည့် ကျောက်ဆည်မြို့သို့ ပြန်လည်စာချကြခြင်းမျိုး ဖြစ်လေသည်။ 
 
          ရိပ်သာကြွ၍ တရားစခန်းဝင်ပြီး တရားဟောဆရာ၊ တရားပြဆရာအဖြစ် ပဋိပတ်သာသနာပြုသူများလည်း ရှိလေသည်။ ဥပမာ= မဟာစည်ရိပ်သာကြီးသို့ ကြွရောက်တရားထိုင်သည်၊ ဉာဏ်စဉ်နာသည်၊ အဖွဲ့ကရွေးချယ်သည်၊ တရားဝင်ရင်း တစ်ဝါဆိုရသည်။ ပရိသတ်ရှ့မှာ အစမ်းတရားဟောပြီး ရွယ်ချယ်ခံရသည်။ ထို့နောက် ဆိုင်ရာရိပ်သာကြွ၍ ဝန်ဆောင်ဆရာတော် အဖြစ်လည်းကောင်း၊ နယ်လှည့်ဓမ္မကထိက အဖြစ်လည်းကောင်း၊ ရိပ်သာကြီးမှာပင် အမြဲနေအဆောင်မှူးအဖြစ် လည်ကောင်း ဆောင်ရွက်သာသနာပြုခြင်းမျိုး ဖြ၏။
 
          ကျောင်းထိုင်သူများလည်း ရှိလေ၏။ ဓမ္မာစရိယ အောင်ပြီးသည့်အခါ အသက်အရွယ်အားဖြင့် ကျောင်းထိုင်ချိန်လည်း ရောက်ရှိနေ၊ ကျောင်းထိုင်လိုစိတ်လည်း ပေါ်ပေါက်နေ၊ ကျောင်းထိုင်ပင့်မည့်သူများလည်း အရန်သင့်ရှိနေ၍ ကျောင်းထိုင် သာသနာ ပြုများဖြစ်လေသည်။
 
          အချို့မှာ အသက်အရွယ် ငယ်ရွယ်သေး၍ ဓမ္မာစရိယဘွဲ့မျှဖြင့် အားမရသေးဘဲ အဆင့်မြင့် စားမေးပွဲများ တိပိဋကဓရ စာမေးပွဲများသို့ ဝင်ရောက်ဖြေဆိုကြလေသည်။ ဆဋ္ဌမမြောက် တိပိဋကဓရ ရေစကြိုဆရာတော် ဦးဝါယာမိန္ဒ မှစ၍ နောက်ပေါ် တိပိဋကများသည် ဓမ္မာစရိယအောင်ပြီး တိပိဋကဝင်ဖြေခဲ့ကြသည့် ဆရာတော်များ ဖြစ်၏။
 
          အချို့မှာ လောကီလောကုတ္တရာ စွယ်စုံရ နှစ်ဖက်လှ၊ နှစ်ဖက်မြင် ပညာရှင်များအဖြစ် ရပ်တည်သာသနာပြုလို၍ BA-MA စသော ဘွဲ့ဒီဂရီများ ရရှိဖို့ ပြည်တွင်းပြည်ပရှိ တက္ကသိုလ်အသီးသီးသို့ ဝင်ရောက်ဖြေဆိုကြလေသည်။ ရန်ကုန်တိုင်း သင်္ကန်းကျွန်းမြို့နယ်၊ ငါးကျမ်းပြန် မဟာစည်ရိပ်သာမှ နိုင်ငံခြားသာသနာပြု ဆရာတော်ဦးဓမ္မပိယ(Ph.D)စသည့် ဆရာတော်များသည် လောကမျက်လုံး၊ ဓမ္မမျက်လုံး ပိုင်ရှင်များအဖြစ် နှစ်ဖက်မြင်၊ နှစ်ဖက်လှ သာသနာပြုနေကြသူများ ဖြစ်လေသည်။
 
ကျန်ပုဂ္ဂိုလ်များမှာ မိခင်စာသင်တိုက်သို့လည်း ပြန်စရာမရှိ၊ စာသင်တိုက်ကြီးများမှာလည်း စာချဆရာပြည့်စုံနေ၍ နေရာမရ၊ အရာမရောက် တိပိဋကလည်းဆက်မလုပ်ချင်၊ ရိပ်သာလည်းမကြွချင်၊ ကျောင်းလည်းမထိုင်ချင်၊ ထိုင်ချင်သော်လည်း ကျောင်းမရှိ၍ ဝေလေလေ၊ ဝါးတားတား အလုပ်လက်မဲ့များ ဖြစ်နေကြလေသည်။ ကွန်ပျူတာသင်တန်း တက်သော်လည်း မတတ်မြောက်၊ အင်္ဂလိပ် သင်တန်းတက်သော်လည်း မတတ်တစ်ခေါက်နှင့်သာ ဟိုမရောက်ဒီမရောက် ဖြစ်နေကြလေသည်။ ထိုသို့ ဟိုမရောက်ဒီမရောက် ဓမ္မာစရိယဘွဲ့ရ ရဟန်းတော်များသည် (၆၀)ရာခိုင်းနှုန်းခန့် ရှိလေသည်။
 
          ၎င်းတို့သည် အင်္ဂလိပ်စာလည်း ဖြစ်မြောက်အောင် မသင်ကြ၊ ကွန်ပျူတာသင်တန်းတက်သော်လည်း လေ့ကျင့်ခွင့်မရ၍ ဗဟုသုတလောက်သာ အတွေ့အကြုံယူကြလေသည်။ မြန်မာပြည်၌ နှစ်စဉ်ဓမ္မာစရိယ ပုဂ္ဂိုလ်များ ရာချီထောင်ချီ တိုးပွားနေရာ၊ ထိုဓမ္မာစရိယများအတွက် အနီးကပ်လမ်းညွှန်မည့် သာသနာပြုသင်တန်းများ ပေါ်ပေါက်သင့်ပေပြီ။ ဓမ္မာစရိယများ အလုပ် လက်မဲ့ဘဝဖြင့် ပျက်စီးကြ၊ လူဝတ်လဲသွားကြနှင့် သာသနာတော်၌ အင်းအားများစွာ ဆုံးရှုံးနစ်နာ ရလေသည်။ ကျောင်းထိုင်သင့်သည့် အရွယ်ရောက် ရဟန်းတော်များမှာလည်း ကျောင်းမထိုင်ဘဲ မြို့မှာပင် သောင်တင်နေကြလေသည်။ 
 
ထိုသူတို့သည် ၎င်းတို့ရရှိထားသည့် ဓမ္မာစရိယ ဘွဲ့တံဆိပ်တော်ကို ဆွမ်းစားလက်မှတ်အဖြစ်၊ အလှူခံလက်မှတ်အဖြစ်၊ အငြိမ်းစားလက်မှတ်အဖြစ်၊ (အခွင့်ထူးခံဘွဲ့တံဆိပ်) အခွင့်ထူးခံ လူတန်းစား လက်မှတ်အဖြစ် မှတ်ထင်နေကြလေသည်။ ၎င်းတို့သည် ကျေးရွာသားများဖြစ်ရာ ကျေးရွာရှိဒကာ/ဒကာမများက အထင်ကြီးကြ၊ လေးစားကြ၊ ကြည်ညိုကြလေသည်။ မြို့ပေါ်အခြေချနေထိုင်သည့် စီးပွားရေးသမား၊ ကျေးရွာသားများကလည်း ဒေသသံယောဇဉ်ဖြင့် ကိုးကွယ်ဆည်းကပ်ကြလေ သည်။ ထို့ကြောင့် ဓမ္မာစရိယ ဘွဲ့တံဆိပ်သည် သာသနာအတွက် အကျိုးမများသော်လည်း သူတို့အတွက် အကျိုးများ လေသည်။      
 
“အရံလူများ”
 
အချို့မှာ ကျောင်းထိုင်သင့်ပါလျက် ကျောင်းမထိုင်ဘဲ ချေးများနေကြ၊ ကျောင်းရွေးနေကြလေသည်။ အသင်းငယ်လေးများမှာ ခြေစွမ်းပြရင်း ရပ်ရွာဂုဏ်ဆောင်ထိုက်ပါလျက် အသင်းကြီးများ၏ အရံထိုင်ခုံမှာ ကိုယ့်အင်အားကို ကိုယ်အလဟဿဖြုန်းတီးနေကြလေသည်။ အရံထိုင်ခုံမှာ ထိုင်ခြင်းဖြင့် ကိုယ့်အစွမ်းအစလည်း ပြခွင့်မရ၊ နိုင်ငံ့ဂုဏ်လည်း မဆောင်နိုင်ဘဲ ကိုယ့်အင်အားများ ဆုံးရှုံးပြီး ကိုယ့်အရည်အချင်းများ အရောင်မတောက်တော့ပေ။ ထိုသူတို့သည် (၉၈)ကမ္ဘာ့ ဖလား၌ ဘရားဇီးအသင်းမှဈေးအကြီးဆုံး အရံလူ ဒီနယ်လ်ဆင်လို ပုဂ္ဂိုလ်များ ဖြစ်ကြလေသည်။ အရံထိုင်ခုံမှာပင် ဘ၀သေ နေကြသူများသာတည်း။ ရိုနယ်ဒိုလို၊ ရိုနယ်ဒင်ဟိုလို၊ ဇီဒန်းလို အသင်းကြီးများ၌ ခြေစွမ်းပြခွင့်ရလျှင်ကား အလွန့် အလွန်ကောင်းမြတ်ပါပေ၏။ 
 
“ရာဇပလ္လင်ဖင်ကပ်ပါလာသူ”
 
အချို့ဓမ္မာစရိယများမှာ ကျောင်းထိုင်ပင့်သူ ရှိပါလျက် ကျောင်းရွေးနေကြပေသည်။ သူတို့စုံစမ်းသည်မှာ “လျှပ်စစ်မီးရရဲ့လား၊ မီတာရရဲ့လား၊ အပေါ်စက်အောက်စက် ရှိပါရဲ့လား၊ ရွာနေအိမ်ခြေ ပေါများပါရဲ့လား” ဟူ၍ ဖြစ်လေသည်။ 
 
သာသနာပြု ရဟန်းတော်ဆိုသည်မှာ နေရာဒေသနှင့် လုပ်ပိုင်ခွင့်ကိုသာ ကြည့်ရှုရမည်ဖြစ်ပါလျက် မိန်းမတင်တောင်းသလို အလိုက်ပေး၍ ကျောင်းထိုင်ပင့်ရမည့်သဘောမျိုး ပြောဆိုကြလေသည်။ လျှပ်စစ်မီးမရသေးလျှင် ရအောင်လုပ်ရမည်။ မှောင်နေလျှင် လင်းအောင်လုပ်ရမည်။ မရှိသေးသည်ကို ရှိအောင်လုပ်ရမည် ဖြစ်လေသည်။ 
 
ဘဝကို သုညမှ စခဲ့သူ အီဗရာဟင်လင်ကွန်းလို သမ္မတမျိုးနှင့် ရာဇပလ္လင်ဖင်ကပ်ပါလာသူ သီပေါမင်းလိုရှင်ဘုရင်တို့အနက် အဘယ်သူသည် ရာဇဝင်ပြောင်လေသနည်း၊ အဘယ်သူကို ပိုချစ်ကြသနည်း၊ အဘယ်သူသာ တိုင်းပြည်အတွက် ကျေးဇူးများသနည်း၊ စောကြောဖို့ရန် လိုအပ်ပါလေ၏။ ရှေးဆရာတော်ကြီးများသည် ဘဝကိုသုညမှ စခဲ့သူများ ဖြစ်ကြလေသည်။ လယ်တီဆရာတော်၊ မဟာစည် ဆရာတော်၊ တောင်မြို့မဟာဂန္ဓာရုံ ဆရာတော်တို့သည် ဘဝကို သုညမှစတင်ခဲ့ရာ၌ ထင်ရှားလေသည်။ မည်မျှပင် ဝေးလံသီခေါင်ပါစေ မိမိအရည်အချင်းရှိလျှင် မိမိစွမ်းဆောင်ရည် မြင့်မားလျှင် မိမိဘက်က ပေးဆပ်ရမည့် အရင်းအနှီးထက် သာလွန်သည့် အသီးအပွင့် အကျိုးအမြတ်များကို ရရှိမည်မှာ အမှန်ပင်။
 
          အမေရိကန်လူမည်းခေါင်းဆောင်များဖြစ်သည့် ဂျော့ဝါရှင်တန်ကာဗာ၊ ဘွတ်ကာတီဝါရှင်တန်နှင့် ပြင်သစ်နိုင်ငံမှ အာဖရိက တောကြီးထဲသို့ သွားရောက်၍ လူမည်းများအတွက် ဘဝတစ်ခုလုံးကို မြှုပ်နှံသွားခဲ့သူ မဟာပရဟိတလူသား အဲလဘတ်ရွှိုက်ဇာတို့၏ အောင်မြင်မှုကို ကြည့်က သိနိုင်လေသည်။ အာဂျင်တီးနား လက်ရွေးစင် ဘာတစ္စတူတာသည် အသင်းကြီးများ၏ ကမ်းလှမ်းမှုကို နှစ်ပေါင်းများစွာ ငြင်းပယ်ပြီး ဖီအိုရင်တီးနား အသင်းလေးမှာပင် ခြေစွမ်းပြခဲ့၊ အသင်းဂုဏ်ဆောင်ခဲ့၊ မြို့ဂုဏ်ဆောင်နိုင်ခဲ့လေသည်။ ထို့ကြောင့် ဘာတစ်အား အီတလီနိုင်ငံ ဖီအိုရင်တီးနားမြို့သူ မြို့သူ/သားများက ချစ်ခင်လေးစားကြ၊ မေတ္တာထားကြလေသည်။
 
 ထို့ကြောင့် ဒီနယ်ဆင်လို မကျင့်ဘဲ ဘာတစ္စဘူတာလို ကျင့်ရမည်။ သီပေါမင်းလို မကျင့်ဘဲ သမ္မတကြီးလင်ကွန်းလို ကျင့်ရမည် ဖြစ်လေသည်။ သို့မှသာ ဘဝကို သုညမှစခဲ့သော ရာဇဝင်ပြောင်သည့် မင်းကောင်းတစ်ပါးအဖြစ် အမျိုးဘာသာ သာသနာအတွက် ကျေးဇူးများမည် ဖြစ်လေသည်။ ဤသည်ကို ဓမ္မာစရိယဘွဲ့ရ ရဟန်းတော်များ သတိပြုသင့်လှပေသည်။ အကယ်၍ အလုပ်လက်မဲ့ ဓမ္မာစရိယဘဝဖြင့်သာ ရပ်တည်သွား မည်ဆိုပါက သင်သည် သာသနာ့ဝန်ထမ်းသူမဟုတ်ဘဲ သာသနာကို ဂုတ်ပေါ်မှခွစီးသူ ဖြစ်သွားပေလိမ့်မည်။
 
 “ဓမ္မာစရိယတက္ကသိုလ်”
 
ထိုသို့ သောင်မတင်ရေမကျ အလုပ်လက်မဲ့ ဓမ္မာစရိယများ တောင်လိုပုံနေပြီး ဦးနှောက်များ သံချေးတက်နေကြသည်မှာ သာသနာတော်အတွက် ဆုံးရှုံးမှုတစ်ရပ် ဖြစ်လေသည်။ ဘွဲ့ရဆိုက္ကားဆရာလောက်ပင် တိုင်းပြည် အတွက် အကျိုးမရှိတော့ပေ။ ဤသည်မှာ ဓမ္မာစရိယများကို သာသနာအတွက် အသုံးချမည့် အနီးကပ်သာသနာပြု သင်တန်းများ၊ ဓမ္မာစရိယတက္ကသိုလ်များ မပေါ်ပေါက်သေးသောကြောင့် ဖြစ်ပေသည်။ ထို့ကြောင့် သာသနာ့အင်အားများ အလဟဿ မဖြစ်ရလေအောင် ဓမ္မစရိယများကို လမ်းညွှန်ပြမည့် သာသနာပြုသင်တန်းများ၊ ဓမ္မာစရိယတက္ကသိုလ်များ ရှိသင့်လှပေသည်။ ထိုသင်တန်း၊ ထိုတက္ကသိုလ်များ၌ (က)ကံဆောင်သင်တန်း၊ (ခ)အင်္ဂလိပ်စာ/စကားသင်တန်း၊ (ဂ)ကွန်ပျူတာသင်တန်း၊ (ဃ)တရားဟော/ပြ သင်တန်းများ ပို့ချသင့်ပေသည်။
 
 (က) “ကံဆောင်သင်တန်း”
 
ရဟန်းအသက်သည် ဝိနည်းဖြစ်၍ ဝိနည်းဆိုသည်မှာ ကံကြီးကံငယ် လမ်းညွှန်ဖြစ် လေသည်။ ဓမ္မာစရိယဘွဲ့ရ ပုဂ္ဂိုလ်ပင်ဖြစ်သော်လည်း စာပေသိအဆင့်မျှသာ ရှိပေသေးသည်။ လက်တွေ့သိ အဆင့်သို့ မရောက် သေးပေ။ ထို့ကြောင့် လက်တွေ့မရှိသော ဓမ္မာစရိယများသည် ကမ္မဝါရွတ်ဖတ်ရာ၌ပင် အခက်အခဲတွေ့ရလေသည်။ တစ်ချို့ရဟန်းတော်များမှာ ကမ္မဝါပင် မရွတ်ဖတ်တတ်သေးပေ။ ကမ္မဝါမရွတ်တတ်လျှင်လည်း ကံမအောင်၊ ကံမမြောက်ပေ။
 
 ဥပမာ= ရဟန်းခံ ဥပသမ္ပဒကံဆောင်ရာ၌ ဥပဇ္ဈယ်ဆရာကလည်း အတွေ့အကြုံမရှိ။ ကမ္မဝါဆရာများကလည်း ဌာန်ကရိုဏ်းကျနစွာ မရွတ်တတ်သူများ ဖြစ်နေလျှင် ထိုသူတို့ ရဟန်းခံပေးသော ရဟန်းလောင်းသည် အဘယ်သို့ ရဟန်းဖြစ်လေမည်နည်း။ ထို့ကြောင့် သာသနာမှာ ကံဆောင်ရာ၌ အခက်အခဲမရှိရလေအောင် လက်တွေ့ကံဆောင်သင်တန်းများ ပို့ချသင့်လေသည်။ သိမ်နုတ်၊ သိမ်သမုတ်ပုံ၊ ရဟန်းလောင်းဆုံးမပုံ၊ ကထိန်ခင်း ကထိန်နုတ်ပုံ၊ ဥပုသ်ပဝါရဏာ ပြုပုံ၊ ပရိဝါသ် မာနတ် ဆောက်တည်ပုံစသည့် ဝိနည်းနှင့်ပတ်သက်သမျှကို ပို့ချခြင်း၊ သရုပ်ပြခြင်း၊ လက်တွေ့လုပ်ဆောင်ခြင်းဖြင့် အရည်အချင်းရှိသော ကံဆောင်ရာ၌ ကျွမ်းကျင်သော သာသနာပြုရဟန်းတော်များ ထွန်းကားလာနိုင်ပေသည်။ ဤကံဆောင်သည့် အပိုင်းနှင့်ပတ် သက်၍ ပခုက္ကူနိကာယမှ ရှေးဆရာတော်ကြီးများကို နည်းယူသင့်ပေသည်။အတွေ့အကြုံများသည့် ထေရ်ကြီးဝါကြီး ဆရာတော် ကြီးများက ပို့ချသင့်ပေသည်။ 
 
ကျွန်ုပ်သည်ပင် သကျသီဟစာသင်တန်း အောင်ပြီးသော်လည်း သိမ်သမုတ်ပွဲတစ်ခု၌ နိမိတ်ကြားရာမှာ အခက်အခဲတွေ့ခဲ့ရလေသည်။ အခုချိန်ထိ ဝတ်ဆောက်တည်ပုံ အစီအစဉ်ကို ကိုယ်တိုင်ကိုယ်ကျ ကိုယ့်ဘာသာ မလုပ်တတ်သေးပါ။ ဤသည်မှာ စာတွေ့သာရှိပြီး လက်တွေ့မရှိသေးသောကြောင့် ဖြစ်လေသည်။ စာတွေ့နှင့် လက်တွေ့ကား ဆေးနည်းကျက်သူနှင့် ဆေးဖော်စပ်၍ ကုသသူကဲ့သို့ပင် များစွာကွာခြားလေ၏။ ဆေးနည်းကျက်သူသည် ဆရာဝန်ဘွဲ့ရသူအဆင့်သာ ရှိလေသည်။ ဆေးဖော်စပ်သူ လက်တွေ့စမ်းသပ်သူသည် အလုပ်သင် ဆရာဝန်အဆင့်မှာ ရှိလေသည်။ လူနာများနှင့် နဖူးတွေ့ဒူးတွေ့ ကုသနေသူသာ ကျွမ်းကျင်သော ဆရာဝန်ဖြစ်လေသည်။ ထို့ကြောင့် စာတွေ့ဘွဲ့ရများဖြင့်သာ ကျေနပ်မနေဘဲ လက်တွေ့ကျွမ်းကျင်အဆင့်သို့ တက်လှမ်းနိုင်ရန် အတွေ့အကြုံဗဟုသုတ ကြွယ်ဝသော ပိဋကအကျော်အမော် ဆရာတော်များက လက်ဆင့်ကမ်း အမွေပေးသင့်လှပေသည်။
 
(ခ)“အင်္ဂလိပ်စာ/စကားသင်တန်း”
 
ဗုဒ္ဓမြတ်စွာသည် လောကစက္ခု၊ ဓမ္မစက္ခု၊ စက္ခုနှစ်ကွင်းလုံး အလင်းရောင်ရသူကို ချီးကျူးတော်မူလေသည်။ ဧကစက္ခုက တစ်ဖက်မြင် တစ်ဖက်ကန်း၊ ဒွိစက္ခုက နှစ်ဖက်မြင်၊ အန္ဓ- နှစ်ဖက်ကန်းဟူ၍ ပုဂ္ဂိုလ်သုံးမျိုးရှိရာတွင် မြတ်စွာဗုဒ္ဓက ဒွိစက္ခုက- လောကဓမ္မ နှစ်ဌာနလုံး၌ အသိအမြင်ကြွယ်ဝသူကိုသာ နှစ်ဖက်မြင်အဖြစ် အမွှမ်းတင်ချီးကျူးတော်မူခဲ့လေသည်။ ထို့ကြောင့် ရဟန်းတော်များသည်လည်း ခေတ်ပညာကို မျက်ကွယ်မပြုသင့်ပေ။ မိမိခန္ဓာကိုယ်ကိုပင် နိဗ္ဗာန်တည်းဟူသော ကမ်းတစ်ဖက်သို့ ကူးရာ၌ ယာဉ်တစ်ခုအဖြစ် သုံးစွဲရပါသေးလျှင် ခေတ်သုံး ဘာသာစကားနှင့် ခေတ်ပညာများကိုလည်း သာသနာပြု လက်နက် အဖြစ် အသုံးပြုသင့်လှပေသည်။ ခေတ်ပညာနှင့် ခေတ်သုံးစကားကား သာသနာပြုရာ၌ လွန်စွာမှပင် ထိရောက်လှပေသည်။ ယနေ့ခေတ်၌ အောင်မြင်နေသော သာသနာပြု ဆရာတော်များ၊ လူပညာရှိပုဂ္ဂိုလ်များကို ကြည့်က သိနိုင်ပေသည်။ 
 
ဆရာတော် ဦးသေဋ္ဌိလ၊ ဆရာတော်ဦးသီလာနန္ဒာဘိဝံသ၊ သီတဂူဆရာတော်၊ ချမ်းမြေ့ဆရာတော်၊ ဆရာကြီးဦးဘခင်၊ ဂုရုကြီး ဦးဂိုအင်ကာ စသည်ဖြင့် ခေတ်ပညာတတ် ရဟန်းပညာရှိ လူပညာရှိပုဂ္ဂိုလ်များ များစွာရှိလေသည်။ ထို့ကြောင့် ထိရောက်စွာ သာသနာပြု လိုသော ရဟန်းတော်များသည် အင်္ဂလိပ်စာ/စကားနှင့် အခြားသင့်လျော်ရာ ဘာသာစကားများ စာပေများကို လေ့လာလိုက်စား သင့်ပေသည်။ 
 
          ထို့သို့ လောကအကျိုး၊ သာသနာအကျိုးကို ရည်ရွယ်၍ အများသုံးဘာသာစကားဖြစ်သော အင်္ဂလိပ်စာနှင့် အင်္ဂလိပ်စကားကို ဤသင်တန်း၊ ဤတက္ကသိုလ်၌ အဓိကဘာသာတစ်ရပ်အဖြစ် သင်ကြားပို့ချ သင့်ပေသည်။ ဤဘာသာရပ်၌ ကျွမ်းကျင်သော လူပုဂ္ဂိုလ်ပညာရှိများကို ဖိတ်ကြားမည်။ အကူညီတောင်းမည်။ လိုအပ်လျှင် ဓမ္မပူဇာ(သို့)ဉာဏ်ပူဇော်ခပေး၍ အချိန်ပိုင်း ပို့ချစေမည်။ အခြေခံမှစ၍ အရေး၊ အဖတ်၊ အပြောတို့ကို စနစ်တစ်ကျ သင်ကြားပို့ချပါက ပါဠိသဒ္ဒါတတ်ကျွမ်းကြသော ဓမ္မာစရိယ ရဟန်းတော်များသည် အချိန်တို ကာလအတွင်းမှာပင် အခြေခံအဆင့် တက္ကသိုလ်အဆင့်သို့ လွယ်လင့်တကူ ရောက်ရှိသွားမည် ဖြစ်ပေသည်။
 
 လေ့ကျင့်ခန်းများလုပ်ခြင်း၊ သရုပ်ပြစကားများပြောစေခြင်း၊ စာမေးပွဲများကျင်းပပေးခြင်း၊ တတ်နိုင်လျှင် ပြည်တွင်း ပြည်ပ တက္ကသိုလ်များ၌ တက်နိုင်အောင် မြေတောင်မြှောက်ပေးခြင်း၊ ထောက်ပံ့လှူဒါန်းခြင်းများ ပြုလုပ်ပေးသင့်သည်။ ပြည်တွင်းပြည်ပမှ ဘွဲ့ရခဲ့သူများကိုလည်း ပူဇော်ပွဲများကျင်းပပေးခြင်း၊ သင်တန်းများပို့ချစေခြင်း၊ ကျူရှင်များ ပြစေခြင်းဖြင့် ကျွန်ုပ်တို့သာသနာ ကမ္ဘာ့အလယ်မှာ မျက်နှာမငယ်အောင် စွမ်းဆောင်နိုင်မှာ ဖြစ်လေသည်။
 
          ယခုအခါ၌ တစ်ကမ္ဘာလုံးရှိ လူမျိုးအသီးသီး၊ ဘာသာအသီးသီးမှ လူသားများသည် ငြိမ်းချမ်းရေးကို တောင်းတ ရှာဖွေ လျက် ရှိပေသည်။ ၄င်းတို့သည်  အဘိဓမ္မာအလင်းရောင်မဲ့သော အမှောင်လောက၊ တရားငတ်မွတ်နေသော ဒုက္ခိတဘ၀သို့ ရောက်ရှိနေကြပေသည်။ တစ်ကမ္ဘာလုံး ငြိမ်းချမ်းရေးနှင့် တစ်ကမ္ဘာလုံး အလင်းရောင်ရရေးကို စွမ်းဆောင်နိုင်သည်မှာလည်း မြတ်ဗုဒ္ဓ၏ တရားတော်များ၊ အထူးသဖြင့် အဘိဓမ္မာနှင့်ဝိပဿနာတရားပင် ဖြစ်လေသည်။ ထိုအဘိဓမ္မာနှင့် ထိုဝိပဿနာကို ဘုရားသားတော်များကသာ ကျွမ်းကျင်လိမ္မာကြလေသည်။ ဘုရားသားတော်များကသာ ခေတ်သုံးဘာသာစကား၊ အများသုံး ဘာသာစကားကို တတ်မြောက်ကျွမ်းကျင်ဖို့ လိုပေသည်။ ထိုသို့ ကျွမ်းကျင်တတ်မြောက်၍ စွမ်းဆောင်အောင်မြင်လျှင် တစ်ကမ္ဘာလုံး ငြိမ်းချမ်းမည်၊ အလင်းရမည် ဖြစ်ပေသည်။ 
 
          နိုင်ငံတကာမှ အဘိဓမ္မာလိုလားသူများသည်  မြန်မာနိုင်ငံသို့ လာရောက်လျှင် အဘိဓမ္မာသင်ခွင့်ရလိမ့်မည်ဟူသော ရည်ရွယ်ချက်ဖြင့် လာရောက်ကြပေသည်။ မြန်မာပြည်သို့ ရောက်သည့်အခါ၌ကား အဘိဓမ္မာကို အင်္ဂလိပ်လို ပို့ချမည့်သူမရှိ၍ ကွင်းဆင်းရှာဖွေကြရင်း အခက်တွေ့နေကြလေသည်။ သီတဂူဆရာတော်ကြီး ပို့ချနိုင်သော်လည်း အချိန်မပေးနိုင်ပေ။ တက္ကသိုလ်များသို့ ညွှန်းဆိုသော်လည်း နှစ်ရှည်တက်ရောက်ရမည်ဖြစ်၍ ၀န်လေးနေကြပေသည်။ ၎င်းတို့အတွက် အဘိဓမ္မာကို အင်္ဂလိပ်လိုပို့ချသည့် နိုင်ငံခြားသားများကိုသာ သာသနာပြုသည့် အဘိဓမ္မာကထိကများ မြန်မာပြည်၌ များစွာလိုအပ်လေသည်။ နိုင်ငံခြားသား ပရိသတ်အနေဖြင့် မြန်မာပရိသတ်လို အားရလောက်အောင် မများသော်လည်း တစ်ယောက်ဆိုတစ်ယောက်ဟု ဆိုရလောက်အောင် ထိရောက်မှုရှိမှာ အမှန်ပင်ဖြစ်လေသည်။ 
 
စစ်ကိုင်းမြို့ သုဗောဓာရုံကျောင်းတိုက် (ph.D)ဘွဲ့ရ ဆရာတော်  ဦးနန္ဒမာလာဘိဝံသသည် နိုင်ငံခြား၌ အဘိဓမ္မာပို့ချခြင်း၊ မြန်မာပြည်၌ အင်္ဂလိပ်ဘာသာဖြင့် ပို့ချခြင်းများ ပြုလုပ်၍ သာသနာပြုလေသည်။ သီတဂူဆရာတော်ကြီးကလည်း ပါဠိပိဋကတ်တော်များကို အင်္ဂလိပ်လို ဘာသာပြန်သည့် သုတေသန ကျမ်းပြုဌာန တည်ထောင်၍ ဗုဒ္ဓတရားတော်များကို အင်္ဂလိပ်ဘာသာဖြင့်ရေးသားပြုစုကာ ကမ္ဘာအနှံ့ ဖြန့်ချီသာသနာပြု နေပေသည်။ ထိုဆရာတော်များကို အတုယူနည်းယူ၍ အင်္ဂလိပ်စာကျွမ်းကျင် အဆင့်ရောက်အောင် မြေတောင်မြှောက် ပေးသင့်ပေသည်။ ထိုဆရာတော်များထံမှလည်း အကူအညီ အထောက်အပံ့ကို ရယူနိုင်ပေသည်။
 
          ထို့ကြောင့် ဓမ္မာစရိယသာသနာပြုသင်တန်း၊ ဓမ္မာစရိယတက္ကသိုလ်၌ ဓမ္မာစရိယဘွဲ့ရ ရဟန်းတော်များကို အင်္ဂလိပ်စာ ကျွမ်းကျင် အဆင့်ဖြင့် ကမ္ဘာ့အဆင့်မြင့် သာသနာပြုပုဂ္ဂိုလ်ကြီးများဖြစ်အောင် လောကီ၊ လောကုတ္တရာ ခေတ်ပညာတတ် ဆရာတော် ကြီးများကရော၊ လူပုဂ္ဂိုလ်ကြီးများကပါ ဝိုင်းဝန်းကူညီချီးမြှင့် ဆောင်ရွက်ဖို့ လိုပေသည်။
 
 (ဂ) “ကွန်ပျူတာသင်တန်း” 
 
အင်္ဂလိပ်စာကျွမ်းကျင်သော ရဟန်းတော်များသည် ကွန်ပျူတာပညာ၌လည်း ကျွမ်းကျင်ကြလေသည်။ ကွန်ပျူတာပညာ တတ်မြောက်ထားလျှင် ကမ္ဘာတစ်ခုလုံးသို့ ကိုယ့်ကျောင်း၊ ကိုယ့်ကန်၊ ကိုယ့်နေရာ ဒေသကပင် ထိုင်၍ သာသနာပြုနိုင်လေသည်။ ဘယ်မှသွားစရာမလိုဘဲ ကိုယ့်အခန်းထဲကပင် ကမ္ဘာသို့ တရားတော်များ ဖြန့်ချီနိုင်ပေသည်။ ကွန်ပျူတာပညာသည် သာသနာပြုရာ၌ အစွမ်းထက်သော အထောက်အကူပြု ကိရိယာတစ်ခုဖြစ်ပေသည်။ ကွန်ပျူတာပညာသည်လည်း အစွမ်းထက်သော လက်နက်တစ်ခု ဖြစ်ပေသည်။ 
 
ကျွန်ုပ်ထံသို့ ပြည်နယ်တစ်ခုမှ ခရစ်ယာန် ဘာသာဝင် အရာရှိတစ်ယောက် ရောက်လာဖူးလေသည်။ ထိုအချိန်၌ ကျွန်ုပ်သည် ကွန်ပျူတာတစ်လုံးနှင့် အလုပ်ရှုပ်နေလေရာ ထိုအရာရှိက အားကျနေ လေသည်။ ထိုအရာရှိပြန်သွားသည့်အခါ သူတို့ဘာသာဝင်များအား မှတ်ချက်ချသံ ကြားလိုက်ရပေသည်။
 “ဗုဒ္ဓတွေကို တုမှီဖို့ မလွယ်တော့ဘူး။ ထိုဓမ္မဆရာတွေက အခုထိဂစ်တာကြိုးညှိလို့ မပြီးနိုင်သေးဘူး။ ဗုဒ္ဓတွေက ကွန်ပျူတာနှင့် အလုပ်လုပ်နေကြပြီ” ဟူ၍ ဖြစ်လေသည်။ 
 
ခေတ်ပညာတတ်များကို ခေတ်ပညာဖြင့် သာသနာပြုခြင်း၊ အထက်တန်းလွှာများကို အထက်တန်း အသုံး အဆောင်များဖြင့် သာသနာပြုခြင်းဖြင့် ထိရောက်သော အကျိုးကျေးဇူးကို ခံစားရမည် ဖြစ်လေသည်။
 
          ဓမ္မာစရိယဘွဲ့ရ ရဟန်းတော်များကို ကွန်ပျူတာသင်တန်းပို့ချပြီး လေ့ကျင့်ချိန်အပြည့်အဝ ပေးထားကာ စနစ်တကျလမ်း ညွှန်နိုင်ပါက ကွန်ပျူတာပညာ၌ တစ်ဖက်ကမ်းခတ် ထူးချွန်နိုင်မည့် ပါရမီရှင်များထွက်ပေါ်လာနိုင်ပေသည်။ ကွန်ပျူတာအခြေခံမှ တစ်ဆင့် အဆင့်မြင့်နည်းပညာများ၊ ထိုမှတစ်ဆင့် အင်တာနက်အသုံးပြုပုံများ၊ ဝက်ဘ်ဆိုက်လွှင့်တင်ပုံများအထိ တိုးချဲ့ပို့ချ နိုင်ပါက ထိုရဟန်းတော်များသည် ပြည်တွင်း၌လည်း ကွန်ပျူတာနည်းပြအဖြစ် ပြန်လည်ပို့ချနိုင်မည် ဖြစ်လေသည်။ ရဟန်းတော်များ ကွန်ပျူတာကျွမ်းကျင်အောင် ကွန်ပျူတာပညာရှင် လူပုဂ္ဂိုလ်များ၏ အကူအညီများစွာ လိုပေသည်။
 
 (ဃ) “တရားဟော၊ တရားပြသင်တန်း”
 
ဤသာသနာပြုသင်တန်း၌ တရားဟော၊ တရားပြသင်တန်းလည်း ပို့ချသင့် ပေသည်။ သင်တန်းဟုဆိုသော်လည်း ရဟန်းတော်များအတွက် အထူးတလည် လေ့လာလိုက်စားစရာမလိုဘဲ ဟောပြောမှု အတတ်ပညာကို ဆည်းပူးရုံမျှသာ ဖြစ်ပေသည်။ အတွေ့အကြုံ ဖလှယ်ခြင်း၊ အလှည့်ကျလေ့ကျင့်ပေးခြင်းဖြင့် လွယ်ကူပေါ့ပါးစွာ လေ့လာရမည့် ဘာသာရပ်ဖြစ်လေသည်။ အရှင်ဥတ္တမကျော်တစ်ဖြစ်လဲ လူပျံတော်ဦးဥုတ်ကျော်သည် ဟောပြောမှု အတတ်ပညာကို ရဟန်းသာမဏေများအား ပို့ချရာ၌ များစွာအောင်မြင်လေသည်။ ထိုသင်တန်းများလို ဆရာတော်တစ်ပါးပါးက ပို့ချသွားရုံ နည်းလမ်းပြရုံသာ ဖြစ်ပေသည်။ တရားဟောရာ၌ အတွေ့အကြုံများစွာရှိသော ဓမ္မကထိကဆရာတော်ကြီးများကို အခွင့်သင့်သလို ပင့်ဖိတ်ပြီး နည်းယူသင့်ပေသည်။ မဟာစည်ရိပ်သာ၌ နှစ်စဉ်ကျင်းပလေ့ရှိသော ဓမ္မကထိက ရွေးချယ်ပွဲများလို သီလသိက္ခာမြင့်မားသော ဆရာတော်ကြီးများ၏ အကူအညီကိုရယူ၍ အရည်အချင်းစမ်းသပ်ခြင်းများ ပြုလုပ်သင့်ပေသည်။ 
 
မိုးကုတ်ဆရာတော်များလို ပဋိစ္စသမုပ္ပါဒ် ဆရာဖြစ်သင်တန်းလည်း ပို့ချသင့်ပေသည်။ တရားပြရာ၌ သတိပဋ္ဌာန်သုတ်တော်ကို မူတည်ထားပြီး မဟာစည် နိဿျည်း မိုးကုတ်နိဿျည်း၊ လယ်တီနိဿျည်း စသည်ဖြင့် အလုပ်ပေးတရားဟောပြောပို့ချပြီး မနက်အရုဏ်မတတ်မီ ညဘုရားဝတ်တက်ပြီး အမျှမဝေမီ လက်တွေ့တရားထိုင်ချိန်ပေးသင့်ပေသည်။
          ထို့နောက် ဝိပဿနာဖြင့် သာသနာပြုလိုသူများကို ရိပ်သာအသီးသီးသို့ ပို့ဆောင်၍ နှစ်ရှည်တရား အားထုတ်စေခြင်၊ ကမ္မဋ္ဌာန်းဆရာများနှင့် လက်တွဲ၍ အလုပ်သင်ကမ္မဋ္ဌာန်း ပို့ချနည်းယူခြင်းများ ပြုလုပ်သင့်ပေသည်။ ဟောရေးပြောရေး၌ ဝါသနာကြီးမား စိတ်အားထက်သန်သူများအား ကျေးရွာများသို့ ငါးပါးတစ်စု စီစဉ်ပေး၍ လက်တွေ့တရားပွဲများ အတွေ့ အကြုံရစေခြင်း၊ တရားဟောနာမည်ရစေခြင်းဖြင့် အရည်အသွေးမြင့်မားသော ရဟန်းတော်များဖြစ်အောင် ဆောင်ရွက် နိုင်ပေသည်။ 
 
          ထို့အပြင် ဤသင်တန်း၌ ပြည်တွင်းပြည်ပ သာသနာပြုဆရာတော်ကြီးများ၊ စာချဆရာတော်ကြီးများ၊ ကျမ်းပြု ဆရာတော်ကြီးများ နိုင်ငံကျော်ဓမ္မကထိကဆရာတော်ကြီးများ၊ ဒေါက်တာမင်းတင်မွန်၊ နှစ်ဖက်လှဦးကျော်လွင်၊ ဓမ္မာစရိယ ဦးဌေးလှိုင်တို့လို ပညာရှိပုဂ္ဂိုလ်များကို ဖိတ်ကြား၍ တစ်ပတ်လျှင် တစ်ရက်တိုင်သည်၊ နှစ်ရက်တိုင်သည် ဟောပြောပွဲများ ကျင်းပခြင်းဖြင့် အမျိုးဘာသာ သာသနာကိုချစ်မြတ်နိုးစိတ်၊ နိုင်ငံကို အကျိုးပြုလိုစိတ်များ တစ်ဖွားဖွားပေါ်ပေါက်လာမည် ဖြစ်ပေသည်။ ထို့ပြင် ဘာသာရပ်ဆိုင်ရာ ပါမောက္ခများကို ပင့်ဖိတ်၍ မြန်မာစာ လေ့လာနည်း၊ သမိုင်းလေ့လာနည်း၊ ပထဝီ နိုင်ငံရေးနှင့် သတင်းစာပညာ၊ သုတေသနပြုပုံ အဆင့်ဆင့် စသည်တို့ကိုလည်း လမ်းညွှန်ပို့ချသင့်ပေသည်။ သို့မှသာ ရဟန်းတော်ထဲမှ ကဗျာလင်္ကာ စာရေး၊ ကျမ်းပြု၊ သာသနာ့သမိုင်း၊ ကမ္ဘာ့သမိုင်း၊ ကမ္ဘာ့နိုင်ငံများ အခြေအနေစသည်များကို တီးမိခေါက်မိမည်ဖြစ်ပေသည်။
 
          ဤသို့လျှင် ဤသင်တန်း၊ ဤတက္ကသိုလ်ကြီးသည် တရားဘာဝနာများလည်း မြိုင်ဆိုင်နေပြီး၊ သာသနာပြုနည်းပညာများ လည်း ဝေဆာနေမည် ဖြစ်ပေသည်။ သီရိဓမ္မာသောကမင်းကြီး လက်ထက်၌ ကိုးတိုင်းကိုးဌာန သာသနာပြုစေလွှတ်ရာမှ ကမ္ဘာ့နိုင်ငံအသီးသီးသို့ ဗုဒ္ဓတရားတော်များ ရောက်ရှိ၍ ကမ္ဘာကြီး ငြိမ်းချမ်းခဲ့ပေသည်။ ဤသင်တန်းကြီးသည်လည်း သာသနာပြုသင်တန်းကြီး ဖြစ်သည့်အားလျော်စွာ အရည်အချင်းပြည့်ဝသည့် သာသနာပြုသူရဲကောင်းများ မွေးထုတ်ပေးနိုင်မှာ အမှန်ပင်ဖြစ်ပေသည်။ ဤသင်တန်းကြီးကြောင့် မြန်မာ့သာသနာသည်လည်း ရောင်ဝါနေသို့ ထွန်းလင်းပြီး ကမ္ဘာမှာမြန်မာဟေ့ ဟူ၍ ကြွေးကြော်နိုင်မှာ ဖြစ်ပေသည်။
 
          သင်တန်းဆင်းပွဲ၌ ဂုဏ်ပြုလက်မှတ်များ ချီးမြှင့်ပေးခြင်း၊ ဆိုင်ရာဘာသာရပ်အလိုက် အင်္ဂလိပ်စာထူးချွန်ဆု၊ ကွန်ပျူတာထူးချွန်ဆု၊ ကံဆောင်ထူးချွန်ဆု၊ တရားဟောထူးချွန်ဆုတို့ ချီးမြှင့်ခြင်း၊ ထူးချွန်သူုများအား ဆက်လက်ကူညီ ထောက်ပံ့ခြင်းများ ပြုလုပ်သင့်ပေသည်။ နှစ်စဉ် ဆောင်းလေးလကို သင်တန်းကာလအဖြစ် သတ်မှတ်ပြီး ဓမ္မာစရိယဘွဲ့ရ ရဟန်းတော် အပါးငါးဆယ် လက်ခံပို့ချသင့်ပေသည်။
 
 “ခေတ်မီဘုရားတည် သာသနာပြုနည်း”
 
စကာင်္ပူနိုင်ငံသည် ရန်ကုန်မြို့လောက်သာရှိသည့် နိုင်ငံငယ်လေးတစ်ခုသာ ဖြစ်သည်ဟု သိရပေသည်။ ထိုနိုင်ငံငယ်လေး၌ စိုက်စရာမြေမရှိ၊ သောက်စရာ ရေမရှိပေ။ စိုက်ပျိုးရေးမထွန်းကားဘဲ မလေးရှားမှ ရေချိုဝယ်ယူ သောက်သုံးနေရပေသည်။ ထိုသို့သယံဇာတ ဆင်းရဲသော်လည်း နိုင်ငံအနေဖြင့်မူ အာဆီယံ၌ ထိပ်ဆုံးကပင် ရပ်တည်နေပေသည်။ အကြောင်းမှာ လူသားအရင်းအမြစ်ကို အကျိုးရှိအောင် အသုံးချသောကြောင့် ဖြစ်ပေသည်။ ထိုစနစ်ကို အတုယူသင့်ပေသည်။ တိုးတက်လာသောနိုင်ငံတိုင်း အဆင့်မြင့်ကွန်ပျူတာနည်းပညာများကို အထက်တန်းလွှာများကသာ ဆည်းပူးနိုင်ကြပေသည်။ လူလတ်တန်းစားများမှာ အနည်းငယ်ခန့်သာ ဆည်းပူးနိုင်ပြီး၊ အခြေခံလူတန်းစားများမှာကား အနားပင် မသီနိုင်ကြပေ။ ပါရမီရှင်ပင်ဖြစ်သော်လည်း ကုသိုလ်ကံချို့တဲ့၍ ဘဝပေးအခြေအနေ မလှပသူများလည်း ရှိပေသည်။ ထို့ကြောင့် လူတန်းစား အလွှာအသီးသီးက လေ့လာလိုက်စားနိုင်အောင် ရဟန်းတော်များ သင်တန်းကာလပြီးဆုံးချိန်၌ လူပုဂ္ဂိုလ်များကို ပို့ချပေးသင့်ပေသည်။ လူပုဂ္ဂိုလ်များအတွက်ကား အင်္ဂလိပ်စာနှင့် ကွန်ပျူတာနည်းပညာသာ ပို့ချရန် ဖြစ်ပေသည်။
 
          ဆရာဖြစ်သင်တန်း၌ ဘွဲ့ရပညာတတ်များကို အသက်ကန့်သတ်ချက်၊ ဦးရေကန့်သတ်ချက်ဖြင့်ခေါ်မည်။ တစ်နေ့လျှင် သုံးသုတ်ဖြစ်စေ၊ လေးသုတ်ဖြစ်စေ သင်ကြားပေးမည်။ ၎င်းတို့ထဲမှ ထူးချွန်သူများကို ဆရာအဖြစ် ရွေးချယ်မည်။ လခကောင်းကောင်းပေးမည်။ ပြီးလျှင် ကျောင်းသူ/ကျောင်းသားများအတွက် သင်တန်းခေါ်ယူမည်။ ဆယ်တန်းအောင်ရမည်။ ထောက်ခံချက်နှင့်ပြည့်စုံရမည်။ ငါးပါးသီလ၊ ရှစ်ပါးသီလ၊ ကိုးပါသီလ၊ ဆောက်တည်တတ်ရမည်။ ဘုရား၊ တရား၊ သံဃာဂုဏ်တော်များကို ပါဠိအနက် အာဂုံရရမည်။ သုံးဆယ့်နှစ်ပါးသော လက္ခဏာတော်ကြီး၊ ဘုရားရှိခိုးဂါထာ(၂၀)ကို ပါဠိအနက် အလွတ်ပြန်ဆို နိုင်ရမည်။ နီးစပ်ရာ ဆရာဘုန်းကြီးထံမှ သင်ယူခဲ့ကြောင်း၊ အရည်အချင်းပြည့်မီကြောင်း ထောက်ခံချက်ပါရမည်။ အင်တာဗျူးတစ်ရပ်အနေဖြင့် လူတွေ့စစ်ဆေးပြီးမှ အောင်စာရင်းထုတ် လက်ခံမည်။ 
 
အင်္ဂလိပ်စာနှင့် ကွန်ပျူတာပညာကို အခမဲ့ဓမ္မဒါန ပညာဒါနအဖြစ် သင်ကြားပေးမည်။ သင်တန်းကာလနောက်ဆုံး စာမေးပွဲအနေဖြင့် ၀င်ခွင့်ပြဋ္ဌာန်းစာပါ ဘုရားစာများကို ကွန်ပျူတာဖြင့် ရိုက်နှိပ်ဖြေဆိုရမည်။ စာစီစာရိုက်ကျွမ်းကျင်ရန်ဖြစ်သည်။ အမြန်ဆုံး၊ အရှင်းဆုံး၊ အသန့်ဆုံး၊ အကောင်းဆုံး ရိုက်နိုင်သူများကို မြန်၊ရှင်း၊သန့်၊ကောင်း ဆုချီးမြှင့်မည်။ အင်္ဂလိပ်စာကိုလည်း ထို့အတူ ကွန်ပျူတာဖြင့် ဖြေရမည်၊ အင်္ဂလိပ်စကားအတွက် စကားပြောပြိုင်ရမည်။ ထူးချွန်သူများကို ဆုချီးမြှင့်ပြီး၊ သင်တန်းဆင်းပြီးသူ မှန်သမျှကို အင်္ဂလိပ်စာနှင့် ကွန်ပျူတာဘာသာရပ်၌ အဆင့်မြင့်၊ ဆရာဖြစ်၊ ကျွမ်းကျင်အဆင့်ရောက်ပြီး၊ အသက်မွေးဝမ်းကျောင်း နိုင်သည်အထိ ထောက်ပံ့သွားမည်ဖြစ်သည်။ သို့မှသာ ရွက်ပုန်းသီးလေးများ ပေါ်ထွန်းလာပြီး လူတန်းစားမရွေး ထူးချွန်မှာ ဖြစ်သည်။ သူတို့၏ ရင်ထဲ၌လည်း ဓမ္မစေတီတည်ပြီးသား ဖြစ်သွားလိမ့်မည်။ နှလုံးသားမှာ ဘုရားတည်သော နည်းဖြစ်ပါ၏။ ခေတ်မီသာသနာပြုနည်း ဖြစ်ပါ၏။
 
 “အိပ်မက်လှလှမက်စေချင်”
 
ယခုဆိုခဲ့ပြီးသည့် သာသနာပြုသင်တန်းကျောင်း(သို့) ဓမ္မာစရိယတက္ကသိုလ်သည် ကျွန်ုပ်၏ စိတ်ကူးယဉ် အိပ်မက် ဖြစ်ပါသည်။ စွမ်းနိုင်သူများက အကောင်အထည် ဖော်စေချင်ပါသည်။ အကောင်အထည် ဖော်မည့်သူ မရှိလျှင်လည်း ကျွန်ုပ်ကိုယ်တိုင်  ဖော်မည်ဖြစ်ပါသည်။
 နေရာလိုသည်။
အဆောက်အအုံလိုသည်။
လျှပ်စစ်မီးလိုသည်။ မီးစက်လိုသည်။
အခင်းအကျင်းကုန်ကျစရိတ်လိုသည်။
ကွန်ပျူတာအလုံးအရေ ငါးဆယ်လိုသည်။
ရဟန်းတော်များအတွက် လေးလစာ၊ တစ်နေ့တာဆွမ်းကွမ်း ဝေယျာဝစ္စအတွက် ရန်ပုံငွေလိုသည်။
ကထိကများလိုသည်။
ကွန်ပျူတာပညာရှင်များလိုသည်။
(သီလရှင်များအတွက်လည်း စဉ်းစားထားပါသည်) 
 
ထူးချွန်ဆုများအတွက် ရန်ပုံငွေလိုသည်။ အရာရာကို ဖန်းတီးနိုင်စွမ်းသော ဒုတိယဘုရားသခင်သည် အရေးပါဆုံး အလိုအပ်ဆုံး ဖြစ်ပေသည်။ သည်အတွက် အချိန်ယူ စုဆောင်းရဦးမည် ဖြစ်ပါ၏။ အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည် ဖြစ်စေ၊ ကျွန်ုပ်ကား အိပ်မက်လှလှ မက်ခဲ့ပြီးပါပြီ။ အိပ်မက်ကြီးကြီး မက်ခဲ့ပြီးပါပြီ။
 
          ကျွန်ုပ်သည် ကျွန်ုပ်လူမျိုးကို အားမရလှပေ၊ ရွှေမြန်မာများကား အိပ်မက်ကြီးကြီး မမက်ချင်ကြ၊ အိပ်မက်လှလှမမက်ချင် ကြပေ။ အိပ်မက်မက်သည်ကိုပင် ရှင်ဘုရင်အဖြစ်၊ ဝန်ကြီးချုပ်အဖြစ်၊ သမ္မတအဖြစ်၊ သူဌေးသူကြွယ်အဖြစ်၊ ပညာရှိသုခမိန်အဖြစ်၊ ထည့်မမက်ကြ။ စိတ်ကူးမယဉ်ကြပေ။ ပိုက်ဆံတစ်ပြားတစ်ချပ်မှ မကုန်သည့် အလကားမက်သည့် အိပ်မက်ကိုပင် အဆင့်မြင့်မြင့် မမက်ကြပေ။ ဖြစ်သလိုနေ၊ ဖြစ်သလိုစား၊ ရရစားစား ဘဝဖြင့်နိမ့်ကျစွာ နေလိုကြ၏။ လူးမျိုးနိမ့်ကျလျှင် သာသနာ အထက်တန်း မရောက်နိုင်။ နိုင်ငံလည်းအောက်တန်း စာရင်းဝင်မည်ဖြစ်ပါ၏။ ထို့ကြောင့် နိုင်ငံနှင့်လူမျိုး၊ ဘာသာနှင့်သာသနာကို ငဲ့ညှာ၍ ယနေ့မှစတင်ပြီး အိပ်မက်လှလှကြီးများ မက်ကြစေချင်ပေသည်။ အိပ်မက်ရှင်များသည်လည်း ကျွန်ုပ်နှင့်လက်တွဲ သာသနာပြုစေချင်ပေသည်။
 
          (ဤစာမူကို မန္တလေးအိုးဘိုထောင်တွင် သီတင်းသုံးစဉ် ၁၀-၁၂-၂၀၀၆ -ရက်နေ့က ရေးသားခဲ့ခြင်းဖြစ်ပါသည်။)
          ၀ီရသူ(မစိုးရိမ်)
          ဓမ္မသဟာယကျောင်းနာယက
          မစိုးရိမ်တိုက်သစ်
          မဟာအောင်မြေ၊ မန္တလေး
          Wirathu2012@gmail.com

Thursday, August 2, 2012

“တားအား မှ တွန်းအားသို့”

Dhammabayri-Fall
“တားအား မှ  တွန်းအားသို့”

  မိမိတို့နဲ့ ဆရာစဉ်ဆက်ကတည်းက ဆရာတူတပည့် နောင်တော်ကြီးလည်းဖြစ်၊ ဆရာလည်းဖြစ်တဲ့ မန္တလေးမြို့၊ ဗန်းမော်တိုက် ဆရာတော်   ဘဒ္ဒန္တကုမာရာဘိဝံသ (နိုင်ငံတော် သံဃမဟာနာယက ဥက္ကဋ္ဌ) ထံရောက်တိုင်း ပဋ္ဌာန်းတရားတော်ရဲ့ အကျိုးအာနိသင်တွေ၊ သံသရာ ကျိုးသာမက ယခုပစ္စက္ခ မျက်မှောက်မှာပဲ ထူးခြားတဲ့အကျိုးတွေ အံ့သြလောက်အောင် တွေ့ကြုံခံစားရပုံကို အမြဲပြောဆိုပြီး မိမိ အမြဲပို့ချလေ့ရှိတဲ့ ပဋ္ဌာန်းဝါစာကိုလည်း ပါးစပ်က အသံထွက်လို့ရနိုင်သေးတဲ့ အရွယ်အထိ နှစ်စဉ်မပြတ်ပို့ချဖို့ တိုက်တွန်းလေ့ရှိပါတယ်။

   ဆရာတော်ကြီး တိုက်တွန်းလွန်းတဲ့အတွက်ကြောင့်ပဲ ပဋ္ဌာန်းစာဝါကို ရဟန်းတော်များအတွက် ပထမကြီးတန်းပြဋ္ဌာန်းချက် ဘာသာရပ် တစ်ခုအဖြစ်သာမက လူတိုင်းအတွက် သဘောအဓိပ္ပာယ် သိစရာလေးများကိုလည်း အခါအားလျော်စွာ သင်တန်းပေးတာတို့ ဟောပြောတာတို့ လုပ်ဖြစ်ခဲ့ပါတယ်။

   ဆရာတော်ကြီးပြောသလို လက်ငင်းလက်တွေ့ အကျိုးထူးတယ်ဆိုတာ ဟုတ်တယ်လို့ပဲ ပြောရမယ် ထင်တယ်။ ဒီနှစ် အမေရိကန်ရောက်တဲ့ သုံးလတာခရီးမှာလည်း ပဋ္ဌာန်းသင်တန်းနဲ့ ပဋ္ဌာန်းတရားတော်လိုပဲ နေရာတော်တော်များများမှာ ဟောပြောပြသပေးခဲ့တဲ့အခါ အရင် တစ်ခေါက်ထက်ပိုပြီး လူတွေစိတ်ဝင်စားသလို နေ့စဉ်ရက်ဆက် သင်တန်းတွေမှာလည်း တစ်နေ့ထက်တစ်နေ့ လူဦးရေက လျော့တယ်မရှိဘူး၊ တိုးလို့သာ နေပါတယ်။

  ဆန်ဖရန်စစ္စကို ဘေးဧရိယာထဲက ဖရီးမောင့်မြို့၊ မေတ္တာနန္ဒဝိဟာရမှာ ပြုလုပ်တဲ့ သင်တန်းမှာတော့ သင်တန်းသားအများစုက အဘိဓမ္မာ သင်တန်းကို သင်ကြားလေ့လာထားဖူးသူတွေရော၊ တရားစခန်းတွေ အကြိမ်ကြိမ် အားထုတ်ဖူးသူတွေရော၊ ဓမ္မစာပေကို အတော်လေး နှံ့နှံ့စပ်စပ် လေ့လာထားသူများရော အရွယ်စုံ လူစုံပါတဲ့အတွက်၊ တက်တက်ကြွကြွရှိသလို မေးမြန်းဆွေးနွေးရာမှာလည်း အတော်လေးနက်တဲ့ အကြောင်းအရာတွေ ပါဝင်တဲ့အတွက် အတော်လေးကို သက်ဝင်လှုပ်ရှားပြီး အားတက်ဝမ်းသာ ကြည်နူးစရာလည်း ကောင်းလှပါတယ်။

   ဘယ်အရာကိုမဆို အသွင်အပြင်ထက် အနှစ်သာရက ပိုပြီး အရေးပါတယ်ဆိုတဲ့ စကားကလည်း အဲဒီမှာပဲ လက်တွေ့တစ်ခု ကြုံလိုက်ရတယ်။ လူလတ်ပိုင်း မရှိတရှိ လူငယ်တစ်ဦး၊ သူ့ပုံစံကြည့်ရင်တော့ ဝတ်ပုံစားပုံကလည်း မထုံတတ်သေးနဲ့၊ ဗိုက်ကလည်း ခပ်ရွှဲရွှဲနဲ့ဆိုတော့ ဘီယာဗိုက်ဆိုတာမျိုး ပုံစံပေါက်နေတယ်။ ဒါကြောင့်လည်း သူ့ကိုသိပ်ပြီး အလေးအနက်မထားမိဘဲ ဘာသိဘာသာပဲ နေခဲ့ပါတယ်။

  မေးခွန်းမေးချိန်ရောက်လို့ သူထပြီး မေးမြန်းပြောဆိုတဲ့အခါကျတော့ အထင်နဲ့အမြင်က ပါစင်အောင်ကို လွဲတယ်။ သူက လယ်တီဒီပနီတွေ၊ မဟာစည်တို့ မိုးကုတ်တို့ဆိုတဲ့ အလုပ်ပေးတရားစာအုပ်တွေရော တိတ်ခွေတွေရော အတော်လေးကို ဖတ်ရှုနာယူလေ့လာ ထားသူဖြစ်တယ်ဆိုတာ သိခွင့်ရလိုက်လို့ သူ့အပေါ် အတော်လေးလည်း အလေးဂရုပြုမိသွားပါတယ်။
  သူမေးတဲ့မေးခွန်းတစ်ခုကတော့ -
“အာရုံတွေကို လိုချင်တပ်မက်တဲ့ လောဘတို့၊ စိတ်ဆိုးအမျက်ထွက်တဲ့ ဒေါသတို့၊ ကိုယ်ရောစိတ်ပါ ထုံထိုင်းလေးကန်တဲ့ ထိနမိဒ္ဓတို့၊ စိတ်ပျံ့လွင့်တာ နောင်တပူပန်တာဆိုတဲ့ ဥဒ္ဓစ္စကုက္ကုစ္စတို့၊ ယုံမှားသံသယဖြစ်တဲ့ ဝိစိကစ္ဆာတို့ဆိုတဲ့ ဒီတရားငါးမျိုးဟာ မဂ်ဖိုလ်နိဗ္ဗာန်ကို တားဆီးပိတ်ပင်တတ်တဲ့ နီဝရဏ တရားတွေဖြစ်တယ်လို့ စာအုပ်တွေထဲမှာလည်း ဖတ်ရတယ်။ အဘိဓမ္မာ သင်တန်းမှာလည်း သင်ခဲ့ရပါတယ်။ ပုထုဇဉ်တိုင်းလိုလိုမှာ ဒီတရားငါးမျိုးလုံးပဲ ရှိကြတာချည်းပါပဲ။ ဒီလိုဆိုရင် ပုထုဇဉ်မှန်သမျှဟာ မဂ်ဖိုလ်နိဗ္ဗာန်နဲ့မတန်တဲ့ မဂ်တားဖိုလ်တား ပုဂ္ဂိုလ်တွေချည်း ဖြစ်မနေကြဘူးလား။ ဘယ်လိုလုပ်ပြီး မဂ်ဖိုလ်နိဗ္ဗာန်ကို ရနိုင်မလဲဆိုတာ နည်းနည်းရှင်းပြပေးပါ” တဲ့။

   မောင်ရင်တို့က မေးခွန်းကို “နည်းနည်းရှင်းပြပေးပါ” ဆိုတဲ့ စကားလေးတွေနဲ့ချည်း အဆုံးသတ်တယ်။ မေးလိုက်တဲ့ အကြောင်းအရာတွေက နည်းနည်းရှင်းရမယ့် အကြောင်းအရာ မပါဘူး။ များများဆိုတာတောင် တော်တော်များများကို ရှင်းပြရမယ့် အကြောင်းအရာတွေဟ။

   ဒီနေရာမှာ “တားဆီး”ဆိုတဲ့ စကားကို နည်းနည်းသရုပ်ခွဲတတ်ဖို့ လိုပါတယ်။ တားဆီးတယ်ဆိုတာ လုံးဝပိတ်ပင်တားဆီးတယ်ဆိုတာမျိုး ရှိသလို အဟန့်အတားဆိုတဲ့ သဘောမျိုးလည်း ရှိပါတယ်။ ဥပမာဆိုရင် ပဉ္စာနန္တရိယကံကြီးတွေဟာ ဈာန်မဂ်ဖိုလ်ကို တားဆီးတယ်ဆိုတာမျိုးက လုံးဝရခွင့်မရှိအောင် ပိတ်ပင်တားဆီးတဲ့သဘောပါ။ ချွင်းချက်ကိုမရှိအောင် တားဆီးတာပေါ့။ အခု နီဝရဏတရားတွေက ဈာန်မဂ်ဖိုလ်ကို တားဆီးတယ်ဆိုတာကတော့ အဟန့်အတားဆိုတဲ့ သဘောမျိုး ပြောတာပါ။ လုံးဝ အသေပိတ်ပင် တားဆီးတာ မဟုတ်ဘူး။ ဖယ်ရှားကျော်လွှားလို့ ရနိုင်ပါတယ်။ ဒါကြောင့် ပုထုဇဉ်တိုင်းဟာ မဂ်တားဖိုလ်တားခံရသူတွေ မဟုတ်ပါဘူး၊ မဂ်ရဖိုလ်ရရေးမှာ ဖင့်နှေးလေးကန် ပျင်းရိနေသူများသာ ဖြစ်ပါတယ်။

  ပဋ္ဌာန်းဒေသနာတော် ဥပနိဿယပစ္စည်းအရဆိုရင် သင့်လျော်အောင် အသုံးချတတ်သူများအတွက် အဟန့်အတားဆိုတဲ့ အကုသိုလ် တရားတွေဟာ ကြောက်တတ်သူတွေ၊ အသုံးမချတတ်သူတွေအတွက် “တားဆီးအား”တွေ ဖြစ်တတ်ပေမဲ့ ရင်ဆိုင်ကျော်လွှားဝံ့သူတွေ၊ အသုံးချ တတ်သူတွေအတွက်တော့ “တွန်းပို့အား”တွေ ဖြစ်သွားနိုင်ပါတယ်။

    ပဋ္ဌာန်းပါဠိတော်၊ ပဥှာဝါရ၊ ပကတူပနိဿယပစ္စည်းကို အကျယ်တဝင့် ဟောကြားတဲ့အခါမှာ “ပဉ္စာနန္တရိယကံနဲ့ နိယတမိစ္ဆာဒိဋ္ဌိကံ” တို့ကလွဲရင် တခြားအကုသိုလ်ကံကို ကျူးလွန်မိသူတို့ဟာ သတိသံဝေဂရကြတဲ့အခါ၊ ကျူးလွန်မိတဲ့ အကုသိုလ်ကံတွေကို ပယ်သတ်ဖယ်ရှားလိုမှုကို တွန်းအားပြုပြီး ဒါနသီလစတဲ့ ကုသိုလ်ကောင်းမှုတွေကစလို့ ဝိပဿနဉာဏ် မဂ်ဉာဏ်အထိ ပေါက်ရောက် သွားနိုင်ပုံများကို အကျယ်တဝင့် ဖော်ပြထားပါတယ်။

    ဒါနဲ့ပတ်သက်လို့ မိုးကုတ်ဆရာတော်ဘုရားကြီးကတော့ “မဂ်တားဖိုလ်တားဆိုတဲ့ နီဝရဏတရားတွေဆိုတာ အရိယာတရားနဲ့ ရင်းနှီးကျွမ်းဝင်မှု မရှိသူ၊ အရိယာ (ဘုရားရှင်)တို့ရဲ့ အဆုံးအမကို လိမ္မာတတ်ကျွမ်းမှု မရှိသူ၊ အသုံးမချတတ်သူတွေအတွက်တော့ “အတားအဆီး”တွေပဲ ဖြစ်နေမယ်။
     အရိယာတရားကို နားလည်လိမ္မာပြီး အသုံးချတတ်သူများအတွက်တော့ မိမိသန္တာန်မှာ ပေါ်လာတဲ့တရားတွေ မှန်သမျှ အကုသိုလ်တရားတွေပဲ ဖြစ်စေဦးတော့ ဒီတရားတွေဟာ မဂ်ဖိုလ်ကို တားဖို့ပေါ်လာတာ မဟုတ်တော့ဘူး။ မဂ်ဖိုလ်ရောက်ရေးအတွက် ဝိပဿနာရှုကြဖို့ အရှုခံလာကြတာတွေ ဖြစ်ပါတယ်။

   အသုံးချခံချင်လို့ ရောက်လာတဲ့ တရားတွေကို ကြောက်စရာလို့ ထင်နေကြရင်တော့ ဒီတရားတွေရဲ့ အခြောက်အလှန့်ကို ခံရပြီး အပါယ်ရောက်သွားကြမှာပဲ။ အသုံးချတတ်တဲ့လူတွေကတော့ ဒီတရားတွေကို ဝိပဿနာရှုပြီး မဂ်ဖိုလ်နိဗ္ဗာန်အထိ ရောက်သွားနိုင်မယ်။
   “စိုင်ကော်လို့ ချုံပေါ်ရောက်”ဆိုတာ ဒီအတိုင်းတက်ဖို့မလွယ်တဲ့ ချုံအပေါ်ကို စိုင်ကကော် တင်ပို့လိုက်တော့ လွယ်လွယ်ကူကူ မြန်မြန် ရောက်သွားနိုင်တယ်ဆိုတဲ့ သဘောပြောတာ။ ဒါကလည်း သတိနဲ့အသုံးချတတ်တဲ့ လူမှ ချုံပေါ်ရောက်နိုင်မှာပေါ့။ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတဲ့ လူဆိုရင်တော့ ချုံပေါ်မရောက်ဘဲ စိုင်ချိုဖျားမှာ ကားယားကြီး အသက်ပျောက်သွားမှာပေါ့” ဆိုတဲ့အကြောင်း နီဝရဏနဲ့ ပတ်သက်လို့ ဟောတော်မူတဲ့တရားမှာ ဟောကြားထောက်ပြသွားပါတယ်။

   ဟုတ်ပါတယ်။ ဒီအတိုင်းထားရင် မဂ်ဖိုလ်ကို တားရုံသာမက အပါယ်အထိရောက်စေနိုင်တဲ့ တရားတွေဟာ သူတို့ကို ကျေပျက်အောင် ကြိတ်ချေအသုံးချတတ်ရင် မဂ်ရောက်ဖိုလ်ရောက်တွန်းပို့နိုင်တဲ့ စွမ်းအားတွေဖြစ်နေပါတယ်။ လောကဥပမာအနေနဲ့ ပြောရမယ်ဆိုရင်တော့ နွယ်မြက်သစ်ပင်တွေထဲမှာ တစ်ခုချင်းစီကို ဒီအတိုင်းအသုံးပြုခဲ့ရင် အသက်ကို သေစေတတ်တဲ့ ဆီမီးတောက်တို့၊ မြှားဆိပ်တို့၊ ဝဥတို့စတဲ့ ဆေးမယ်တွေဟာ သူတို့အားလုံးကို အမျှစီပြုပြီး သမအောင် ကြိတ်ချေရောသမမွှေလိုက်တဲ့အခါ အကောင်းဆုံး အဆိပ်ဖြေဆေး၊ အသက်ကယ် ဆေးကြီး ဖြစ်သွားပါတယ်။
   ရှေးခေတ် နန်းတွင်းသမားတော်ကြီးများ အသုံးပြုတဲ့ “နန်းတွေင်းလျှာပွတ်ဆေးကြီး” ဆိုတာ တစ်ခုချင်း အဆိပ်ဖြစ်တဲ့ ဆေးမယ်(၂၁)မျိုး လောက်ကို အမှုန့်ပြုပြီး သမအောင်မွှေထားတဲ့ ဆေးကြီးပါပဲ။ အားလုံးရောမွှေလို့ သမသွားတဲ့အခါ တစ်ခုချင်းစီကြောင့် ဖြစ်ပေါ် လာတဲ့အဆိပ်ကိုရော၊ တခြားအဆိပ်ရှိတဲ့ သတ္တဝါတွေကိုက်ခဲလို့ ဖြစ်တဲ့အဆိပ်တွေ၊ အစားအစာမှားယွင်းမှုကြောင့်ဖြစ်တဲ့ အဆိပ်တွေကိုရော အဆိပ်မှန်သမျှကို ဖြေပျောက်အောင်ကုသတဲ့ သမားလက်သုံး ရှေးဟောင်းမြန်မာ “ပဋိဇီဝ” ဆေးတော်ကြီး ဖြစ်သွားပါတယ်။

   အကုသိုလ်တရားတွေဟာလည်း ဒီနည်းနှင်နှင်ပါပဲ။ သူတို့ကို ဒီအတိုင်းထားရင်တော့ အပါယ်ကျတဲ့အထိ ဒုက္ခပေးမှာပါ။ သူတို့ကို တစ်ပေါင်းတည်း တစ်သားတည်း ဖြစ်အောင်ပြုပြီး ကျေညက်အောင် ကြိတ်ချေနိုင်စွမ်းရှိခဲ့ရင်တော့ အကုသိုလ်အားလုံးကို ပျောက်ကင်းစေနိုင်တဲ့ အရိယာ လက်သုံးတရားဆေးတော်ကြီးအဖြစ်နဲ့ “မဂ်ပေါက် ဖိုလ်ဝင် နိဗ္ဗာန်မြင်” အထိ အသုံးကျပါတယ်။ သူတို့ကို တစ်ပေါင်းတည်း တစ်သားတည်းဖြစ်အောင် ပြုနည်းကတော့ ဒီတရားအားလုံးကို “သင်္ခါရ တရားများ” အဖြစ် ပထမဆုံး သတ်မှတ်ရှုမြင်ကြရမှာ ဖြစ်ပါတယ်။ ပြီးတော့မှ သူတို့ကို ကြိတ်ချေတဲ့နည်းကတော့ “သဗ္ဗေ သင်္ခါရာ အနိစ္စာ၊ ဒုက္ခာ၊ အနတ္တာ” ဆိုတဲ့အတိုင်း “သင်္ခါရတရားမှန်သမျှ ဖြစ်ပြီး ပျက်တတ်တဲ့ အနိစ္စာသဘော၊ ကျေနပ်စိတ်ချစရာ ချမ်းသာသုခမရှိတဲ့ ဒုက္ခသဘော၊ ကိုယ်ထင်သလို ကိုယ့်အလိုကျ ဖြစ်ချင်သလို မဖြစ်တတ်တဲ့ အနတ္တသဘောတွေဖြစ်တယ်လို့ သိမြင်တဲ့ ဝိပဿနာဉာဏ်နဲ့ ကြိတ်ချေကြရမှာပါ။

  ဒီလိုပြုနိုင်စွမ်းရှိသူများအတွက်တော့ “သေဆေးမှ ဖြေဆေးသို့” ပြောင်းလဲပြီး အပါယ်ရောက်ကြောင်း တရားများကနေ နိဗ္ဗာန်ရောက်ကြောင်း တရားများအဖြစ် ပြောင်းလဲသွားပါလိမ့်မယ်။

   နန်းတွင်းလျှာပွတ်ဆေးကြီးဆိုတာ တခြားဆေးများလို ဝမ်းထဲရောက်အောင်တောင် ခွက်ကြီးခွက်ငယ်နဲ့ ဖျော်စရာ သောက်စရာ မလိုဘူး။ ဆေးတောင့်ကိုသွေးပြီး လျှာပေါ်ပါးပါးလေး ပွတ်ပေးလိုက်ရုံနဲ့ လျှာပေါ်မှာရှိတဲ့ ရသာဟရဏီကြောများကတစ်ဆင့် တစ်ကိုယ်လုံးကို ပျံ့နှံ့ပြီး အဆိပ်အတောက်များကို ပြေစေတယ်လို့ ဆိုပါတယ်။

    ဝိပဿနာကုသိုလ် (ဝိပဿနာဉာဏ်) ဆိုတာလည်း ထိုနည်းနှင်နှင်ပါပဲ၊ ဒါနကုသိုလ်တို့လို ပစ္စည်းဝတ္ထုတွေလည်း စိုက်ထုတ်ကုန်ကျစရာ မလိုဘူး၊ ဝေယျာဝစ္စ ကုသိုလ်တို့လို ခွန်အားတွေ အထူးစိုက်ထုတ်စရာလည်း မလိုဘူး၊ သမထကုသိုလ်တို့လို သစ်တစ်ပင်ရင်း ဝါးတစ်ပင်ရင်း စသည်တို့မှာ အချိန်သီးသန့်ယူပြီး အချိန်ကုန်စရာလည်း မလိုဘူး၊ မိမိရဲ့ ကိုယ်,နှုတ်,စိတ်လှုပ်ရှား လုပ်ကိုင်မှုတိုင်းမှာ သတိလေးကပ်ပြီး ခန္ဓာကိုယ်က ပြတာကို အလိုက်သင့် သိပေးနေရတာပါပဲ။ ကိုယ်က အစားကိုရှာနေစဉ်မှာပဲ သတိရှိတဲ့စိတ်နဲ့ တရားရှာလို့ ရပါတယ်။

    ဒီနေရာမှာ ဗုဒ္ဓဘာသာကို လေ့လာသူတို့ အထင်မှားပြီး အကြောက်ကြီးတတ်ကြတဲ့ အချက်ကတော့ ဝိပဿနာကုသိုလ်ဆိုတာ အလုပ်ပျက်ခံပြီး အချိန်တွေ သီးသန့်ပေးနိုင်မှ ရမယ်လို့ ထင်မှားကြောက်ရွံတတ်ကြတဲ့ အချက်ပါ။ မဟာသတိပဋ္ဌာနသုတ်၊ သတိသမ္ပဇညခန်းမှာ ဘုရားရှင်က ဘယ်လောက်ထိ ဟောထားသလဲဆိုရင် အဝတ်ဝတ်တာ၊ အစားအစာရှာဖွေတာ၊ စားတာသောက်တာ၊ အညစ်အကြေး စွန့်လွှတ်တာကစလို့ နောက်ဆုံး စကားစမည်ပြောတာ၊ အိပ်ရာဝင်တာအထိ သတိကပ်ပေးနေရင် သတိနောက်မှာ အသိပါပြီး ဝိပဿနာ ကုသိုလ်ရနိုင်ကြောင်း ဟောတော်မူခဲ့တာပါ။ ဝိပဿနာကုသိုလ်ဆိုတာ တရားအတွက် အလုပ်သီးခြားမလိုဘဲ နေ့စဉ်အလုပ်ထဲမှာ ရှာလို့ရတဲ့ တရားများ ဖြစ်ပါတယ်။

    အကျိုးအာနိသင်ကလည်း ဘယ်လောက်ကြီးမားသလဲဆိုရင် နောက်ဆုံး ဝိပဿနာဉာဏ် အထွတ်အထိပ်ရောက်လို့ အနိမ့်ဆုံး မဂ်ဉာဏ်အဆင့်လောက် ရောက်သွားပြီဆိုရင်ပဲ သံသရာတစ်လျှောက်လုံး မှားခဲ့သမျှ အကုသိုလ်အပြစ်တွေထဲက အပါယ်ဒုဂ္ဂတိရောက်စေတဲ့ အကုသိုလ်တွေကို လုံးဝပယ်သတ်ပစ်နိုင်တဲ့အဆင့် ရောက်သွားပါတယ်။ ဘဝကို ကံလက်ထဲ ဝကွက်အပ်ထားပြီး ကံပြုသလိုနုရတဲ့ အဖြစ်ကနေ ဉာဏ်က လက်လွှဲယူနိုင်ပြီဖြစ်လို့ ကံကြမ္မာရဲ့ ဆိုးဝါးတဲ့စီရင်ချက်မျိုးကို ဘယ်တော့မှ မခံရတော့တဲ့အဆင့်အထိ ကြီးကျယ်မြင့်မြတ် သွားစေပါတယ်။

   ဒါကြောင့် နီဝရဏတရားတွေဆိုတာဟာ “ကြောက်လျှင်လွဲ၊ ရဲလျှင် မင်းဖြစ်” ဆိုသလို “ငါ့မှာ မဂ်တားဆိုလ်တားကြီးတွေ ကြုံနေရပါပေါ့လား”လို့ တွေးတော ကြောက်ရွံတတ်သူတို့အတွက် ကြုံခဲလှတဲ့ သာသနာတော်ကြီးနဲ့ လွဲသွားနိုင်ပြီး၊ ရဲရဲရင့်ရင့် သတိရှိရှိ အသိရှိရှိ ရင်ဆိုင်အသုံးချ တတ်သူများအတွက်တော့ မြင့်မြတ်တဲ့ အရိယာအဆင့်အထိရောက်စေတဲ့ တရားများလို့သာ ဆိုရပါလိမ့်မယ်။ ဒါဟာ အကုသိုလ်ကို မကြောက်ကြနဲ့၊ ရဲရဲသာလုပ်ကြလို့ ဆိုလိုတာ မဟုတ်ဘူး။ ဖြစ်ပြီးသား အကုသိုလ်ကို ရဲရဲကြီး ဝန်ခံပြီး အားကြီးတဲ့ကုသိုလ်တွေနဲ့ ရဲရဲကြီး အစားထိုးဖယ်ရှားကြဖို့ တိုက်တွန်းလိုတာဖြစ်တယ်ဆိုတာကတော့ လူညံ့လူကပ် မဟုတ်သူတိုင်း သဘောပေါက်ကြမှာပါ။

   ဒေးဒရဲနိကာယ်သင်တန်းမှာ ဒီနီဝရဏတရားများကို ဓမ္မာနုပဿနာ သတိပဋ္ဌာန်နည်းနဲ့ အသုံးချတတ်ရင် ပိတ်အားကနေ ဖွင့်အားအဖြစ် ပြောင်းလဲသွားနိုင်ပုံ၊ တားအားကနေ တွန်းအားအဖြစ် ပြောင်းလဲသွားနိုင်ပုံနဲ့ ပတ်သက်လို့ ဆရာတော်ကြီးတစ်ပါး မိန့်ကြားသွားပုံကလည်း မှတ်သားစရာပါပဲ။

    မင်းတုန်းမင်းကြီးကို မြင်ကွန်းမင်းသားတို့ လုပ်ကြံဖို့ ကြိုးစားစဉ်က မင်းတုန်းမင်းကြီးရဲ့ ကျွန်ယုံတော် ‘ငပွ’ကိုလည်း စည်းရုံးသိမ်းသွင်းပြီး မင်္ဂလာတံခါးက ဓားနဲ့ အစောင့်ခိုင်းသတဲ့။ မင်းသားများစိတ်ကူးကတော့ မင်းတရားကြီးဟာ တစုံတရာအကြောင်းကြောင့် လွတ်ပြီးထွက်ပြေးခဲ့ရင် မင်္ဂလာတံခါးကသာ ထွက်ပြေးမယ်၊ အဲဒီမှာ ကျွတ်ယုံတော်ကိုမြင်ရင် တခြားလည်း ကွေ့မပြေးဘဲ ဒီတံခါးကပဲထွက်မှာ သေချာတယ်၊ အဲဒီနေရာရောက်တဲ့အခါ ကျွန်ယုံတော်က ဆီးပြီး အပြတ်ရှင်းဖို့ တိုက်တွန်းစီမံကြတာပါတဲ့။

    ထင်တဲ့အတိုင်းပဲ မင်းသားများက ဓားကိုယ်စီနဲ့ တက်လာတာလည်းတွေ့ရော မင်းတုန်းမင်းကြီးက မင်္ဂလာတံခါးဆီ တန်းပြေးတာပဲတဲ့။ အဲဒီမှာ အသင့်စောင့်နေတဲ့ ‘ငပွ’ကိုလည်း တွေ့လိုက်ရော ရာဇမာန်ပါပါနဲ့ “မောင်မင်း ဘယ်သူလဲ” ဆိုပြီး ငေါက်ငမ်းမေးလိုက်တဲ့အခါ ကြောက်ကျင့်ပါနေတဲ့ ငပွလည်း မင်းသားများ စေခိုင်းတာတွေ အကုန်မေ့ပြီး “ဘုရားကျွန်တော်မျိုး ငပွပါ အရှင်မင်းကြီး” ဆိုပြီး သံတော်ဦးတင်တော့တာပဲတဲ့။ “ဒါဖြင့် ကျုံးဟိုဘက်ကမ်းအထိ ငါ့ကိုပို့ပေးစမ်း”လို့လည်း အမိန့်ပေးလိုက်ရော “ကျောပြင်ကို ဝေါထင်တော်မူပါဘုရား” ဆိုပြီး ကုန်းပိုးရတော့တာပဲတဲ့။ ဒါနဲ့ပဲ မြင်ကွန်းမင်းသားတို့လည်း အကြံမအောင်ဘဲ ထွက်ပြေးရတယ်၊ မင်းတုန်းမင်းကြီးလည်း ထီးနန်းစည်းစိမ် ရမြဲရသွားတော့တာပဲတဲ့။

    အကြောင်းအရာကတော့ ရာဇဝင်အူပေါက်ဆိုသလို တစ်ဆင့်စကား တစ်ဆင့်နားဆိုတဲ့ ပါးစပ်ရာဇဝင်ပဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ “ကြောက်လျှင် လွဲ၊ ရဲလျှင် မင်းဖြစ်” ဆိုတဲ့ စကားအတွက်တော့ လျော်ကန်တဲ့ ဥပမာတစ်ခုပါပဲ။

    “သင်တို့ရဲ့ ဖြစ်ပြီးပျက်တတ်တဲ့ သဘောအမှန်ကို ငါသိပြီ”လို့ ဆုံးဖြတ်အမိန့်ချနိုင်ပြီဆိုရင်တော့ “ကျောပြင်ကို ဝေါတင်တော်မူပါဘုရား” လို့ အမိန့်ကို နာခံသည့်အလား မဂ္ဂင်လမ်းအဖြစ် ပြောင်းလဲသွားမှာ မလွဲပါဘူး။

     ဆေးဆရာကြီး ဇီဝက ပြောဖူးသတဲ့ “လောကမှာ ဆေးဘက်မဝင်တဲ့ နွယ်မြက်သစ်ပင်ဆိုတာ မရှိဘူး၊ အသုံးမချတတ်သူတွေသာ ရှိတယ်”တဲ့။ အလားတူပါပဲ “ကုသိုလ်လို့ အမည်ခံထားသည်ဖြစ်စေ၊ အကုသိုလ်လို့ပဲ အမည်ခံထားသည်ဖြစ်စေ၊ လောကီတရားဟူသမျှ ဝိပဿနာရဲ့ အာရုံမဖြစ်နိုင်တဲ့ တရားမရှိဘူး။
     ဝိပဿနာအလုပ် အားမထုတ်တတ်သူတွေ၊ အားမထုတ်ကြသူတွေသာ ရှိတယ်” လို့ ပြတ်ပြတ်ထင်ထင် သိထားဖို့ လိုပါတယ်။ ကိုယ့်သန္တာန်မှာ ရှိနေတဲ့ ဆေးမယ်တွေကို ဆေးဖြစ်အောင် ဖော်စပ်စားသုံးကြပြီး ကိလေသာရောဂါ ကင်းစင်ကွာသူများ ဖြစ်ကြပါစေလို့သာ တိုက်တွန်း ပတ္ထနာပြုလိုက်ပါရစေ။

ဓမ္မဘေရီအရှင်ဝီရိယ (တောင်စွန်း)

Wednesday, August 1, 2012

ပညာမြင့်မှ လူမျိုးတင့်မယ်ဆိုလျှင်


ပညာမြင့်မှ လူမျိုးတင့်မယ်ဆိုလျှင်

စိုးမိုးရေးနဲ့ လိုက်နာကျင့်သုံးရေး

            ယနေ့ နိုင်ငံတော်အစိုးရ၏ တိုင်းပြု၊ ပြည်ပြု ပေါ်လစီများသည် အသွင်ကူးပြောင်းရေးကာလ၌ အရေးပါလှသည်။ နိုင်ငံရေးပေါ်လစီ၊ စီးပွားရေးပေါ်လစီ၊ ကျန်းမာရေးပေါ်လစီ၊ ပညာရေးပေါ်လစီ-စသည်ဖြင့် ပြုပြင်ပြောင်းလဲစရာတွေက များလွန်းလှသည်။ ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ စံနစ်တကျ အသွင်ကူးပြောင်း နိုင်ရေးအတွက် ပေါ်လစီအရပ်ရပ်ကို နိုင်ငံတော်အစိုးရမှ ပြဋ္ဌာန်းသတ်မှတ် ပေးလျက်ရှိသော်လည်း ပြည်သူများအပေါ် ဥပဒေစိုးမိုးရေးနှင့် ပြည်သူများမှ ဥပဒေကို လိုက်နာကျင့်သုံးရေးအပိုင်း၌ ချိန်ခွင်လျှာ မညီမျှသကဲ့သို့ ဖြစ်နေသည်။ အဘယ်ကြောင့်ပါနည်း။

            မြန်မာလူမျိုးနှင့် မြန်မာလူမျိုးတို့ကိုးကွယ်သော ဘာသာတရားကြောင့်ပေလော။ သို့မဟုတ် စည်းမဲ့ ကမ်းမဲ့နှင့် အနေကြာလာခဲ့၍ စည်းကမ်းများကို လိုက်နာကျင့်သုံးရန် ခက်ခဲနေခြင်းမျိုးလော။  မြန်မာနိုင်ငံ သမိုင်းတစ်လျှောက်လုံး၌ ဗုဒ္ဓတရားတော်များကို မြန်မာပြည်သူ၊ ပြည်သားများ အချိန်ကြာမြင့်စွာ လိုက်နာကျင့်သုံးနေထိုင်ခဲ့ကြ၍ အကျိုးဆက်အနေနဲ့ ကျေးဇူးသိမှု၊ ကျေးဇူးပြုမှု၊ စာနာမှု၊ ကြင်နာမှုနှင့် မိတ်ဆွေကောင်းပီသမှု-စသည့် ဗုဒ္ဓစ်(စ်) ဖီလိုဆိုဖီများသည် ပြည်သူများ၏နှလုံးသားဝယ် အမြုတေပမာ တည်ရှိနေခဲ့သည်။ သို့သော် လူကြီးက မိမိ၏လက်အောက်ခံ လူငယ်များကိုသာ မြှောက်စားခြင်မျိုး၊ ရာထူးကြီးသူက မိမိလက်အောက်ရှိ ရာထူးငယ်သူများအား ကြည့်ရှုစောင်မခြင်းမျိုး၊ လုပ်ဖေါ်ကိုင်ဖက် အချင်းချင်း လာဘ်ပေး၊ လာဘ်ယူမှု စသော မှားယွင်းသော လုပ်ဆောင်မှုမျိုးကို နားလည်ပေးခြင်းမျိုး-စသည်တို့သည် ဗုဒ္ဓတရားတော်များနှင့် လျော်ညီသည်တော့မဟုတ်ပါ။

သူတော်ကောင်းလမ်းစဉ်များသည် သိမ်မွေ့လှ၍ ပုထုဇဉ်တို့၏စိတ်နေစိတ်ထားနှင့် သဟဇာတ မဖြစ်သည်ကများသည်။            သူတော်ကောင်းလမ်းစဉ်က စိတ်ကောင်းကို မွေးမြူပြီး၊ မကောင်းတဲ့စိတ်များကို ပယ်ရှားနိုင်ရန် ကျိုးစားအားထုတ်ရသော အကျင့်၊ ကိုယ်နှုတ်စိတ် သုံးပါး၌ ဖြစ်ပေါ်နေသော မကောင်းတဲ့ ကံတွေကို ကောင်းကံတွေဖြစ်လာအောင် ကျိုးစားအားထုတ်ရသောအကျင့်။ ထို့ကြောင့် နိုင်ငံအတွက်၊ လူမျိုးအတွက် ဆောင်ရွက်ကြရာ၌ ဆရာမို့၊ သမားမို့၊ အသိမို့၊ လုပ်ဖေါ်ကိုင်ဖက်တွေမို့ – ဆိုတဲ့ အဂတိလမ်းစဉ်ခေါ် မလိုက်စားသင့်သောလမ်းမျိုးကို မလိုက်စားဘဲ ရှောင်ရှားရပေမည်။ အကျင့်ပျက်ချစား၊ လာဘ်ပေးလာဘ်ယူ ပြုနေသူများရဲ့အကျိုးကို ငဲ့ကွက်နေလျှင် တိုင်းပြည်ရဲ့အကျိုးစီးပွားကို မငဲ့ကွက်ရာ ရောက်သည်။ တိုင်းပြည်၏အကျိုးစီးပွား၊ ပြည်သူ၊ ပြည်သားများရဲ့ အကျိုးစီးပွားကို ငဲ့ကွက်ခြင်းသည်ပင် တိုင်းပြည်ကို ကြီးပွားအောင်၊ တိုးတက်အောင် ဆောင်ရွက်နေခြင်းပင်ဖြစ်သည်။

အမြစ်တွယ်နေတဲ့ အကျင့်များ ပပျောက်ရေး

            အစိုးရ၀န်ထမ်း (သို့မဟုတ်) ပြည့်သူ့ဝန်ထမ်းများသည် ခေါက်ရိုးကျိုးနေပြီဖြစ်သော အမူအကျင့်များကို ဒီမိုကရေစီစနစ်ဆီသို့ အသွင်ကူးပြောင်းဆဲကာလ၌ပင် ဆက်လက်ကျင့်သုံးနေဆဲဖြစ်သည်။ လာဘ်ပေး၊ လာဘ်ယူမှုကို ပြုမှ ကြီးပွားနိုင်မည်လား။ မြန်မာပြည်ရှိ ရုံးဝန်ထမ်းများသည် (ပညာရေးဌာနများအပါအ၀င်) လာဘ်ပေး၊ လာဘ်ယူမှုများကို အဖြုတ်ခက်၊ အနှုတ်ခက် ဖြစ်နေကြဟန်တူသည်။ အထက်ပိုင်းမှ အကျင့်ပျက် ခြစား လာဘ်ပေး၊ လာဘ်ယူမှုများ ပပျောက်စေရန် ဥပဒေများရေးဆွဲပြီး၊ အတိအလင်း သတိပေး ပြောကြားနေသော်လည်း အောက်ခြေပိုင်းကတော့ ဆက်လက်ပြုလုပ်နေဆဲဖြစ်သည်။ ဒီမိုကရေစီ စနစ်နှင့် တိုင်းပြည်တိုးတက်အောင် ဆောင်ရွက်ရာ၌ လာဘ်ပေး၊ လာဘ်ယူမှုများကြောင့် တိုင်းပြည် တိုးတက်ရေးမှာ အဟန့်အတားများ ရှိနေဆဲဖြစ်သည်။ ဒီမိုကရေစီ၏ သရုပ်သကန်များမှာလည်း မပေါ်လွင်ပဲ နှေးကွေးလျှက် ရှိနေသည်။

            ထိုအကျင့်ပျက် ခြစား လာဘ်ပေး၊ လာဘ်ယူမှုများကို နှိမ်နှင်းရာ၌ နှေးကွေးလွန်းသည်ဟုထင်သည်။  တစ်ဖက်မှလည်း လူမျိုးနှင့် သင့်တော်သောဥပဒေများကို ပြဋ္ဌန်းပေးလျှက် အခြားတစ်ဖက်မှလည်း ဥပဒေချိုးဖေါက်သူများကို ထိရောက်စွာ အရေးယူရန်ဖြစ်သည်။ ပြည်သူများကိုလည်း ထိုကဲ့သို့သော အမှုမျိုးကို ပြုခြင်းသည် ဥပဒေကို ချိုးဖေါက်နေခြင်းဖြစ်ကြောင်း စာသင်ကျောင်းများမှအစ ပြည်သူတို့ရဲ့ဘ၀တွေထဲအထိ ပညာပေးဆောင်ရွက်မှုများကို ရေဒီယို၊ ရုပ်မြင်သံကြား အစီအစဉ်အများမှလည်းကောင်း။ ကျောင်းသင်္ခန်းစာ များမှလည်းကောင်း သင်ကြားခြင်း၊ ရှင်းလင်းပြောကြားခြင်းများကို ပြုလုပ်ပေးသင့်ပေသည်။ နောက်ဆုံး ထိုကဲ့သို့သော လာဘ်ပေး၊ လာဘ်ယူမှုများကို ပြုလုပ်နေသူများသည် ဥပဒေကို ကျူးလွန်၊ ချိုးဖေါက်သူများဟု ပညာပေးသင်္ခန်းစာများကို သင်ကြားပို့ချပေးသင့်သည်။

အရူး၊ အမူးများချည်း စာတတ်နေလို့ မဖြစ်

            နိုင်ငံတစ်ခု၏ စံနစ်ဟောင်းများကို စံနစ်သစ်တစ်ခုဖြင့် အစားထိုးပြုပြင်ပြောင်းလဲရာ၌ ပညာရေးသည် အရေးကြီးသော အခန်းကဏ္ဍ၌ ပါဝင်လျှက်ရှိသည်။ ပညာရေးကို မမြှင့်တင်ပဲ လူမျိုးကို မြှင့်တင်ပေးလျှင် အရူးစာတတ်သည်နှင့်တူနေပေလိမ့်မည်။ လူမျိုးကို မမြှင့်တင်ပဲ ပညာရေးကိုသာ မြှင့်တင်ပေးလျှင် အမူးစာတတ်သည်နှင့်တူနေပေလိမ့်မည်။ တိုင်းပြည်၌ ပြုပြင်ပြောင်းလဲမှုများ နှေးကွေးနေရခြင်း၏ အကြောင်း တစ်ချက်မှာ မြန်မာပြည်သူ၊ ပြည်သားအများစု၏ ၇၀% နှုန်းမှာ တက္ကသိုလ်ပညာကို သင့်ခွင့်မရရှိခြင်း၊  ပညာတတ်လူတန်းစားများ နည်းပါးနေခြင်းပင်ဖြစ်သည်။ ပြည်သူတွေ ပညာတတ်အောင် ဘာတွေလုပ်ပေး သင့်သနည်း။  

            ယနေ့ခေတ် မြန်မာနိုင်ငံရဲ့ ပညာရေးစံနစ်ကို ပြန်လှန်သုံးသပ်ကြည့်လျှင် ယခုလက်ရှိကျင့်သုံးနေသော မြန်မာနိုင်ငံရဲ့ပညာရေးစံနစ်သည် ၁၉၄ဂ-ခုနှစ်တွင် ကုလသမဂ္ဂမှ “လူ့အခွင့်ရေး ကြေညာစာတမ်းကြီး”၌ ဖေါ်ပြထားသည်အတိုင်းသာ ရှိနေပေသေးသည်။ ထိုကျေညာစာတမ်းကြီး၌ ထုတ်ပြန်ထားသည်မှာ – “မူလတန်းပညာကို အခမဲ့သင်ယူခွင့်ရှိသည်၊ သင်တတ်နိုင်ပါက အထက်တန်းကျောင်းကြီးများတွင် ပညာ ဆက်လက် ဆည်းပူးခွင့်ရှိသည်” ဟု ဖေါ်ပြထားသည်။ ဤကြေညာစာတမ်းနှင့်ပတ်သက်၍ အချိန်ကာလကို ပြန်လည်ဆန်းစစ်ဖို့လိုသည်။

ထိုစာတမ်းသည် ၁၉၄ဂ-ခုနှစ်က ထုတ်ပြန်ထားခဲ့သော “လူ့အခွင့်ရေး ကြေညာစာတမ်းကြီး” ဖြစ်၍ ဆယ်စုနှစ်ပေါင်းများစွာ နောက်ကျကျန်နေခဲ့ပြီဖြစ်သည်။ စစ်ကြီးပြီးစ ထိုခေတ်ထိုအခါ၌ ထိုပညာရေးသည် အဆင့်မြင့်ကောင်းမြင့်ပေလိမ့်မည်။ သို့သော် ဤခေတ်၊ ဤအခါမျိုး၌ ထိုပညာရေး(မူလတန်းပညာရေး)သည် အောက်ခြေအဆင့်မျှသာရှိသည်။ ရေးတတ်ဖတ်တတ် အဆင့်မျှသာရှိသည်။ ထိုမူလတန်းအောင်လက်မှတ် ရရှိထားသူကို ဘယ်နိုင်ငံ၊ ဘယ်လူမျိုးကမှ ကြိုဆိုမည်မဟုတ်ပေ။

အမှန်တကယ်မူ မြန်မာနိုင်ငံ၏ ပညာရေး စံနစ်သည် “နိုင်ငံတကာ ပညာရေးစံနှုန်းများနှင့်နှိုင်ယှဉ်ကြည့်လျှင် ဆယ်စုနှစ်ပေါင်းများစွာ နောက်ကျ ကျန်နေခဲ့သည်။ အိုင်တီခေတ်၌ အိုင်တီလက်ဖြင့် လှပသောကမ္ဘာကြီးကို တည်ဆောက်နေချိန်တွင် စာသင်ကျောင်းများ၌ “ပညာမြင့်မှ လူမျိုးတင့်မည်” ဆိုသည့် ဆိုင်းဘုတ်ကြီးကိုတင်၍ ဂုဏ်ယူနေကြမည် ဆိုလျှင် မြန်မာလူမျိုးများ၏ပညာအဆင့်အတန်းသည် ခေတ်သစ်အလုပ်သမား (ခေတ်သစ်ကျွန်) ပညာရေး အဆင့်မျှသာ ရှိနေပေလိမ့်မည်။ ကျွန်လူမျိုးအဆင့်သာသာသာ ရှိပေလိမ့်မည်။ ထို့ကြောင့် မြန်မာလူမျိုးများ နိုင်ငံတကာ၏အလယ်၌ ပွဲလယ်တင့်နိုင်ရန် ပညာရေးစံနစ်များကို အောက်ခြေမှစ၍ အထက်တန်း ပညာများအထိ မြှင့်တင်ပေးဖို့လို၏။ လေးလေးနက်နက် စဉ်းစားနိုင်ဖို့ပါ။

ပညာကောင်းမှ နိုင်ငံကောင်းမည်

ယနေ့မျက်မှောက်ကမ္ဘာတွင် ထိပ်တန်းရောက်နေသော ကမ္ဘာ့နိုင်ငံများ၏ ပညာရေးစံနစ်များကို လေ့လာသုံးသပ်ကြည့်လျှင် ပညာရေးစနစ်ကောင်းမွန်မှုကြောင့် ထိပ်တန်းရောက်နေသော နိုင်ငံများစွာ ရှိပါသည်။ ဥပမာ၊ အမေရိကန်နိုင်ငံရှိ ကျောင်းသူ၊ ကျောင်းသားများသည် အသက်(၅)နှစ်မှ (၁၈)နှစ်ထိ အထက်တန်းပညာကို မသင်မနေရနှင့် အခမဲ့ပညာရေးမျိုးဖြစ်အောင် ဥပဒေဖြင့် ပြဋ္ဌန်းပေးထားသည်ကို တွေ့ရှိရ၍ လူမျိုးအလိုက် ကွန်ပြူတာစသောခေတ်ပညာကို တတ်မြောက်ကြသည်။ ဥရောပနိုင်ငံများထဲတွင် အင်္ဂလန်နိုင်ငံသည်လည်း ကျောင်းသူ၊ ကျောင်းသားများအား အသက် (၅)နှစ်မှ (၁၆)နှစ်ထိ အထက်တန်းပညာကို အိုလယ်ဗယ်အထိ မသင်မနေရနှင့် အခမဲ့ပညာရေးမျိုးဖြစ်အောင် ဥပဒေဖြင့် ပြဋ္ဌာန်းပေးထား၍ ကမ္ဘာအလယ်မှာ တင့်တယ်စွာ နေနိုင်ကြသည်။

အရှေ့တောင်အာရှနိုင်ငံများထဲတွင် စင်္ကာပူနိုင်ငံသည်လည်း အသက် (၅)နှစ်မှ (၁၆)နှစ်ထိ အင်္ဂလန်နိုင်ငံကဲ့သို့ အိုလယ်ဗယ်အထိ မသင်မနေရနှင့် အခမဲ့ပညာရေးမျိုးဖြစ်အောင် နိုင်ငံတော်မှ ဥပဒေပြူ၍ ပြဋ္ဌာန်းပေးထားသည်အတွက်ကြောင့် ခေတ်သစ်စင်္ကာပူနိုင်ငံရဲ့ ပညာရေးအဆင့်အတန်းသည် အရှေ့တောင် အာရှနိုင်ငံများအလယ်၌ ဂုဏ်ထည်လျှက်ရှိသည်။

 ပညာရေးကို အစိုးရမှ ဘယ်လောက်အရေးထားသလဲဆိုရင်   ကျောင်းပျက်နေသော ကျောင်းသား၊ ကျောင်းသူများအား ဆရာ၊ဆရာမများမှ မိဘများသို့ တိုင်ကြားသောအခါ  မိဘများဘက်မှ ပါဝင်ပူးပေါင်း၍ သားသမီးများကို ကျောင်းသို့ပို့ပေးခြင်းစသည့် ပြုပေးရမည့် တာဝန်ဝတ္တရားများ ပျက်ကွက်ခဲ့သော် ထိုမိဘများအား ထောင်ဒဏ် တစ်နှစ် (သို့မဟုတ်) စင်္ကာပူဒေါ်လာ ငါးထောင် ဖိုင်းချနိုင်သော ဥပဒေကိုပါ ပူးတွဲပြဋ္ဌာန်းပေးထားသည်။ “ပညာမြင့်မှ လူမျိုးတင့်မည်”ဆိုသည့် သီအိုရီသည် ထိုနိုင်ငံအတွက် သက်သေသာဓကတစ်ရပ်ဖြစ်ခဲ့သော်လည်း မြန်မာနိုင်ငံအတွက်မူ ထိုသီအိုရီသည် သံသယစိတ်နဲ့ လက်ခံထားရဆဲဖြစ်သည်။   

ဝမ်းနည်းဖွယ် မြန်မာ့ပညာရေး

မြန်မာနိုင်ငံ၏ပညာရေးစနစ်ကို လေ့လာကြည့်ရှုသောအခါ ၀မ်းနည်းဖွယ်ရာများကို တွေ့ရှိကြရသည်။  ပညာကိုလိုလားသော အချို့ကျောင်းသား၊ ကျောင်းသူများသည် ပညာရေးစံနစ်နှင့်ပတ်သက်၍ အခက်တွေ့နေ ရဆဲဖြစ်သည်။

ဥပမာ၊ ဘကကျောင်း (ဘုန်းတော်ကြီးသင်ပညာရေးကျောင်း)မှ ကျောင်းသား၊ ကျောင်းသူများ (ပိုက်ဆံမတတ်နိုင်၍ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၍ တက်ရောက်သင်ကြား နေသော ကျောင်းသား၊ ကျောင်းသူများ) သည် ကိုးတန်း၌ တစ်နှစ်ကျမဟုတ်၍ အပြင်ဖြေခွင့်ကို နိုင်ငံတော်မှ ခွင့်မပြုသည့်ကိစ္စ။ ဆယ်တန်း၌လည်း ဘကကျောင်းများတွင် တက်ရောက်နေသော ကျောင်းသား၊ ကျောင်းသူများနှင့် အခြားမြို့ရွာများမှ ရောက်ရှိလာကြသော ကျောင်းသား၊ ကျောင်းသူများသည် အကြောင်းအမျိုးမျိုးကြောင့် အပြင်ဖြေးခွင့်လည်းမရ၊ အတွင်းဖြေခွင့်လည်းမရနိုင်သည့်ကိစ္စ။ လွန်ခဲ့တဲ့နှစ်ကအဖြစ်အပျက်တစ်ခုမှာ ရန်ကုန် တိုင်း၌ ကိုးတန်းတနှစ်ကျမဟုတ်၍ စာမေးပွဲကို ဖြေခွင့်မရရှာသော ကျောင်းသား၊ ကျောင်းသူပေါင်းရာကျော် အထိရှိကြောင်း သတင်းများထွက်ခဲ့၏။ စုံစမ်းကြည့်သောအခါ တကယ့်သတင်းမှန်ဖြစ်နေ၏။

  ဖြစ်သင့်သည်မှာ နိုင်ငံတော်မှ ထိုကျောင်းသား၊ ကျောင်းသူများ၏ပညာရေးကို မပံ့ပိုး၊ မကူညီနိုင်သေးသည်တိုင်အောင် စွမ်းနိုင်သည့်ဖက်မှ ကူညီပေးသင့်သည်။ ဥပမာ၊ ဘယ်နေရာမှာပဲနေနေ၊ ဘယ်နေရာမှာပဲ ဖြေဖြေ အစစ်အမှန်ဖြစ်လျှင် ကိုးတန်း၊ ဆယ်တန်းစာမေးပွဲများကို  ဖြေဆိုခွင့်ပေးသင့်ပါကြောင်း အလေးအနက် တိုက်တွန်းရခြင်းဖြစ်သည်။

ပညာသင်ရမည့်အရွယ်၌ ကလေးသူငယ်များ ပညာသင့်ခွင့်မရခဲ့လျှင် ထိုကျောင်းသား၊ ကျောင်းသူများ၏ဘ၀သည် အမှောင်လမ်းများပေါ်တွင် ရောက်သွားနိုင်၍ နိုင်ငံတော်ရဲ့အကြီးအကဲများအနေနဲ့ လေးလေးနက်နက်စဉ်းစားသင့်သည်။ ပညာတတ်ပေါများသောနိုင်ငံသည် မှုခင်းများ၊ ဒုစရိုက်များ နည်းပါး သည်ကို သုတေသနစာတမ်းများအရ သိရှိရသည်။ မြန်မာနိုင်ငံ၌ ပညာတတ်များပေါများလာလျှင် နိုင်ငံလည်း တိုးလာတက်နိုင်၍ မှုခင်းများလည်း နည်းပါးသွားနိုင်မည်ဖြစ်သည်။

လွဲချော်ပညာရေး လွဲချော် အနာဂတ်

မြန်မာနိုင်ငံပညာရေးစံနစ်နှင့်စပ်လျဉ်း၍ တစ်ခုခုတော့ လွဲချော်နေသည်ဟု ထင်မြင်ယူဆမိသည်။ အထက်တန်း ပညာကို သင်ယူလိုသော ကျောင်းသူ၊ ကျောင်းသားများသည် အခက်အခဲမျိုးစုံနှင့် နှစ်စဉ်နှစ်တိုင်း တွေ့ကြုံနေရ ဆဲဖြစ်သည်။ ဆင်းရဲလွန်း၍ ကျောင်းမနေနိုင်သော ကျောင်းသူ၊ ကျောင်းသားပေါင်း ရာထောင်ချည်၍ ရှိနေသည်။ ထိုဆင်းရဲသော ကျောင်းသူ၊ ကျောင်းသားများကို ဘကခေါ် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၌ အခမဲ့ ပညာသင်ကြားကြရသည်။

 ထိုသို့သင်ကြားကြရာ၌ ကိုးတန်းနှင့် ဆယ်တန်းစာမေးပွဲများ၌ ဖြေဆိုခွင့် အခက်အခဲများ ရှိနေခြင်း၊ တချို့ ဆယ်တန်းစာမေးပွဲကို ဖြေဆိုရာ၌ ကိုးတန်း အောင်မြင်ခဲ့သော မြို့၊ ရွာများသို့ ပြန်ရောက်၍ ဖြေဆိုရခြင်းမျိုး၊ ထိုသို့မပြုလုပ်ခဲ့လျှင် စာမေးပွဲဖြေဆိုခွင့်ကို ပိတ်ပင်ထားခြင်းမျိုး-စသည်တို့ဖြစ်သည်။ တိုင်းပြည်ကို တိုးတက်စေလိုလျှင် ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေးအဆင့် အတန်းများ မြင့်မားတိုးတက်အောင် ပြုပေးရမည်ကို နိုင်ငံခေါင်းဆောင်များ “သတိမမူဂူမမြင်” ဆိုတာမျိုး ဖြစ်နေမှာကို စိုးရိမ်မိသည်။

ဖြစ်နိုင်လျှင် အထက်တန်းပညာကို အခမဲ့သင်ကြားပေးသော ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများကို နိုင်ငံတော်ကျောင်းများကဲ့သို့ အရည်အချင်းများပြည့်မှီလျှင် (ဒေါက်တာဘွဲ့ရပုဂ္ဂိုလ်များမှ ဦးစီးနေတာမျိုးဖြစ်ခဲ့လျှင့် နီးစပ်ရာအထက်တန်းကျောင်းများနှင့် တွဲဖက်ပြုလုပ်ပြီး ခွင့်ပြုပေးတာမျိုး၊ သို့မဟုတ် ဘယ်နှင့်မှ မတွဲဖက်ပဲနှင့် ဘုန်းတော်ကြီးသင် အထက်တန်းကျောင်းများကို ဖွင့်ခွင့်ပြုတာမျိုးကို ဥပဒေပြဌာန်း၍ ပြုလုပ်ပေးသင့်သည်ဟု ယူဆမိသည်။ အမျိုးဘာသာ သာသနာအတွက် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း များ၏ အရေးပါမှုကို နိုင်ငံတော်အကြီးအကဲများ သတိမူနိုင်ကြဖို့ပါ။     

မြန်မာနိုင်ငံ၏ သမိုင်းကြောင်းများကို ပြန်လှန်သုံးသပ်ကြည့်မည်ဆိုလျှင် သမိုင်းအဆက်ဆက်၊ မင်းအဆက်ဆက် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများသည် မူလတန်းကျောင်းလည်းဖြစ်၊ အလယ် တန်းကျောင်း၊ အထက်တန်းကျောင်းများလည်းဖြစ်၊ တက္ကသိုလ်ကျောင်းများလည်းဖြစ်ခဲ့သည်။ အကယ်၍သာ နိုင်ငံတော် အစိုးရမှ ဆင်းရဲ ချမ်းသာမရွေး တန်းတူ၊ ရည်တူ အထက်တန်းပညာကို တိုင်းသူ၊ ပြည်သားများအား သင်ယူခွင့်များ ပေးလိုတယ်ဆိုလျှင် ဘကပညာရေးသည်လည်း အရေးတစ်ရေးဖြစ်ကြောင်း ထည့်သွင်း စဉ်းစားရပေမည်။

လူမျိုးကြီးပွားတိုးတက်ရေး စီမံကိန်းများကို ဖေါ်ဆောင်ရာ၌ ပညာတတ်များသည် လူအခွင့်ရေးများကို ဘယ်ပုံ၊ ဘယ်နည်းဖြင့် ရနိုင်သည်ကို ဂဃနဏသိနိုင်မည်ဖြစ်၏။ ပညာရှိလျှင် လူအခွင့်အရေးများရရှိနိုင်အောင် ဘယ်ပုံ၊ ဘယ်နည်းဖြင့် လိုက်နာကျင့်သုံးရမည်ကို သိနိုင်၏။ ဒီမိုကရေစီစနစ်ကပေးသော လူ့အဆင့်အတန်း၊ လူ့အခွင့်ရေးများကို မျှော်လင့်တောင်းတနေခြင်းမျိုးထက်၊ ပညာအဆင့်အတန်းများကို မြှင့်တင်ပေးခြင်းဖြင့် “တစ်ဆုပ်ကြဲ၊ တစ်လှည်းရ” အဖြစ်မျိုးကို ရရှိနိုင်မည်ဖြစ်သည်။ ကမ္ဘာ့အဆင့်ရှိသော လူ့အဆင့်အတန်း၊ လူ့အခွင့်ရေးများကို ပြည်သူ၊ ပြည်သားများ လေးစားလိုက်နာနိုင်ရန် ဆင်းရဲချမ်းသာမရွေး အထက်တန်း ပညာများကို သင်ယူခွင့်ရအောင် ၀ိုင်းဝန်းစဉ်းစားပေးကြဖို့ တိုက်တွန်းချင်ပါ၏။ “ပညာမြင့်မှ လူမျိုးတင့်မည်” ဆိုတဲ့ သီအိုရီကို ပြည်သူ၊ ပြည်သားတိုင်း လက်ခံလာနိုင်ဖို့ပါ။ 


ချမ်းသာစွာ အိပ်စက်နိုင်ကြပါစေ။    
ဒေါက်တာဓမ္မပိယ။ ဇူလိုင် ၂၊ ၂၀၁၂