

Chong Li, Tai wan R.O.C.

ပြောပါရစေ စေတနာများစွာနဲ့
၂ဝဝ၂ ခု စက်တင်ဘာလအတွက်ထုတ်ဝေတဲ့ အပ္ပမာဒမဂ္ဂဇင်းပါ ဌေးလွင်(ဆားလင်းကြီး)ရဲ့ မြန်မာစစ် သော မိခင်မေတ္တာ ဆောင်းပါးကို ဖတ်လိုက်ရလို့ ဒီဆောင်းပါးကို မြန်မြန်ရေးဖြစ်တာပါ။ ဆောင်းပါးထဲမှာ စာရေးသူက “ယနေ့ မျက်မှောက်ခေတ်တွင်ကား စီးပွားရေးအမြင် စီးပွားရေးမျက်လုံး ကျယ်လာသည်၊ ပွင့်လာသည်ဟု ဆိုချင်ကလည်း ဆိုနိုင်ပါသည်။ ရှေးကထက် လောဘတွေ ပိုကြီးလာသည်ဟု ပြောလျှင် မကောင်းမြင်ဟု ဆိုချင်သူများလည်းရှိပေမည်။ အမှန်အားဖြင့် လောဘမျက်လုံး ကျယ်လာ ခြင်းသာဖြစ်ပါသည်” စသဖြင့် ကြီးပွားရေး စီးပွားရေးအတွက် နိုင်ငံရပ်ခြားထွက်ခွာကြသူများနှင့် ပတ်သက်ပြီး သူ့အမြင်ကို သုံးသပ်ရေးသားထားပါတယ်။ ဆောင်းပါးရဲ့ လိုရင်းချုပ်ကတော့ နိုင်ငံရပ်ခြားကိုပို့နိုင်တဲ့စွမ်းအားရှိပါလျက် သူ့သားသမီးတွေကို နိုင်ငံရပ်ခြားပို့ဖို့ စိတ်ကူးမရှိတဲ့ မိခင်တစ်ယောက်ကို မြန်မာပီသသူတစ်ယောက်အဖြစ် ချီးမွမ်းထောမနာထားတဲ့ ဆောင်းပါးတစ်ပုဒ်ပါ။ (သားသမီးတွေကို နိုင်ငံရပ်ခြားပို့ကြတဲ့ မိခင်တွေကိုတော့ မြန်မာမဆန်သူ များရယ်လို့ ပြောလိုချင်တာ မဟုတ်ပေဘူးလို့ မယုံမရဲ ယူဆမိပါသေးတယ်။)
တိုက်ရိုက်အဓိပ္ပါယ်ပြန်ရမယ်ဆိုရင်တော့ နိုင်ငံရပ်ခြားကို သွားရောက်ခြင်းအပေါ်မှာ အပြစ်မြင်တဲ့ ရေးသားမှုတစ်ခုလို့ပဲဆိုရမှာပါ။ သူ့ဆောင်းပါးမှာ ဒေါ်လာလိုချင်တာကြောင့် နိုင်ငံခြားကို သွားလို ကြတာ ဖြစ်ကြောင်းကိုလဲ ဖတ်ရပါတယ်။ နောက်ပြီး နိုင်ငံရပ်ခြားမှာ ကိုယ့်လူမျိုးတွေ ပန်းကန်ဆေး အိုးတိုက် အလုပ်မျိုးလုပ်ရတာအတွက်လဲ “မြန်မာတွေ နိုင်ငံခြားသွားပြီး အောက်တန်းစားအလုပ်တွေ လုပ်နေ ကြသည်ဟု ပြောလျှင်လည်း ခံချင်ကြမည်မဟုတ်ပေ” လို့လဲ ရေးထားပါသေးတယ်။ သူ့အမြင် သူ့အ တွေးနဲ့ သူ့အထင် သူရေးထားတာမို့ ဘာမှ အထူးမပြောလိုပေမယ့် နိုင်ငံရပ်ခြားမှာ ရောက်ရှိ နေထိုင်နေတဲ့ ပုဂ္ဂိုလ်များရဲ့ သဘောထားအမြင်အချို့ကိုတော့ အနည်းငယ်မျှ ပြောပြချင်ပါတယ်။ ကိုယ်ကိုယ်တိုင် နိုင်ငံရပ်ခြားမှာ ရောက်နေ၊ နိုင်ငံရပ်ခြား ရောက်သူတွေနဲ့လဲ အမြဲတမ်း ထိတွေ့ဆက်ဆံ နေရတာကြောင့် သူတို့ရဲ့သဘောထားကို ပိုပြီးနားလည်မိလို့ ခုလိုပြောပြခြင်းဟာ သဘာဝကျမယ်လို့လဲ ယူဆမိပါတယ်။
ဌေးလွင်(ဆားလင်းကြီး) ရဲ့စာကို ဖတ်ပြီး အခြားဆရာတော်တစ်ပါးရဲ့ မိန့်ကြားချက်ကိုလဲ သတိရမိပါ တယ်။ အဲဒီကတည်းက ဆောင်းပါးတစ်ပုဒ်ရေးဖို့ စိတ်ကူးမိပါတယ်၊ သို့ပေမယ့် အထမမြောက်ခဲ့ပါဘူး။ ခုတော့ ဌေးလွင်(ဆာလင်းကြီး) ရဲ့ စာက စာရေးဖြစ်ဖို့ တွန်းအားပေးခဲ့သလို ဖြစ်လို့မို့ ရေးဖြစ်ပါတယ် ပေါ့။ လွန်ခဲ့တဲ့လက စာရေးသူတို့ ကျောင်းကို မြန်မာလူငယ်တစ်ယောက် ရောက်လာပါတယ်။ သူ့အ ပြောအရ သူဟာ အမေရိကကို ရောက်တာ သုံးနှစ်ကျော်ကျော်လေးပဲ ရှိသေးတယ်လို့ သိရပါတယ်။ စာရေးသူတို့ ကျောင်းက သူနေထိုင်တဲ့နေရာနဲ့ အတန်ငယ်ဝေးလို့ ခုမှရောက်ဖြစ်ပေမယ့် သူနေထိုင်တဲ့ အရပ်နဲ့ သိပ်ပြီးမဝေးလှတဲ့ ဘုန်းတော်ကြီးကျောင်းများကိုတော့ မကြာမကြာ ရောက်တတ်ပါကြောင်း ပြောပါတယ်။ အထူးသဖြင့် မြန်မာ ဘုန်းတော်ကြီးကျောင်းများက ကြီးမှူးကျင်းပလေ့ရှိတဲ့ ဝါဆိုပွဲ၊ က ထိန်ပွဲနဲ့ သင်္ကြန်ပွဲလိုအချိန်မျိုးမှာတော့ အမြဲတမ်းလို ရောက်တတ်လေ့ရှိကြောင်းပြောပါတယ်။ ရောက် တတ်ရာရာ စကားပြောဖြစ်ရင်းနဲ့ သူ မြန်မာပြည်က မထွက်ခွါလာမီက သူ့မိဘများ အမြဲ ကိုးကွယ်
ဆည်းကပ်လေ့ရှိတဲ့ ဆရာတော်တစ်ပါးထံကို ကန်တော့ဖို့သွားရောက်ခဲ့ကြောင်းကို ပြောပြပါတယ်။ အဲဒီလိုသွားရောက်ခဲ့ရာမှာ ဆရာတော်က “အော၊် မင်းက မိဝေး ဘဝေး ဘာသာ သာသနာနဲ့ ဝေးတဲ့ ပစ္စ န္တရာစ်အရပ်ဆီကို သွားတော့မလို့ကိုး”လို့ အမိန့်ရှိကြောင်းကိုလဲ ပြောပြခဲ့ပါတယ်။ နောက်ပြီး ဒီမှာနေပြီး လုပ်ကိုင်စားသောက်လို့ရော မဖြစ်ဘူးလား၊ ဘာကြောင့် ခုလို နိုင်ငံရပ်ခြား တိုင်းတစ်ပါးကို အထင်တကြီး သွားချင်ရတာလဲလို့ အမိန့်ရှိခဲ့ကြောင်းကိုလဲ ပြောပြပါသေးတယ်။ ဒီလို အမိန့်ရှိတဲ့ ဆရာတော်ဟာ သူကိုယ်တိုင်လဲ အထွတ်အထိပ်ပညာတတ်တစ်ပါးဖြစ်သလို ပြင်ပဗဟုသုတများနဲ့လဲ ပြည့်စုံမယ်ရယ်လို့ ယူဆထားပါတယ်တဲ့။ အဲဒီလိုဆရာတော်တစ်ပါးက ခုလို ပြည်ပကို ထွက်ခွါမှုကို သဘောမကျတဲ့ အနေမျိုး ပြောတာအတွက် နားမလည်နိုင်အောင်ဖြစ်မိပါတယ်တဲ့။ ဆရာတော်ရဲ့ အမိန့်ရှိတဲ့ စကားအတွက် အလွန်လည်း ဝမ်းနည်းစိတ်မကောင်း ဖြစ်ခဲ့မိရပါတယ်တဲ့။ နောက်ပြီး သူက အရှင်ဘု ရားအနေနဲ့ အဲဒီ စကားကို ဘယ်လို သဘောရပါသလဲလို့လဲ စာရေးသူရဲ့ သဘောထား ဆန္ဒကိုပါ တောင်းခံ မေးမြန်းခဲ့ပါတယ်။
ဒီတော့ စာရေးသူက “အော် ဒကာလေးရေ၊ တို့များကိုယ်တိုင်က ခု နိုင်ငံရပ်ခြားရောက်နေတော့ တို့များဖြေတဲ့ အဖြေစကားဟာ တို့လိုရာဆွဲဖြေတဲ့ အဖြေမျိုး ဖြစ်ကောင်းဖြစ်နိုင်နေမှာမို့ ဒီနေရာမှာ တို့ ဒကာလေးကိုပဲ ပြန်မေးပါရစေ ဆိုပြီး စာရေးသူက သူ့ဖက်ကိုပဲ ဒီပြဿနာကို လှည့်ပေးခဲ့ပါတယ်။ ဆို ပါစို့၊ ဒကာလေး ခုဒီကိုရောက်လာတော့ ကိုယ်ကိုးကွယ်ဆည်းကပ်တဲ့ ဘာသာတရားကို ပစ်ပယ်သူ တစ်ယောက်ဖြစ်နေခဲ့ပြီလား။ ဒါမှမဟုတ် ဒီမှာ နေထိုင်နေတဲ့အတွက် နောင်မှာရော ပစ်ပယ်နိုင်မယ့် အလားအလာမျိုး ရှိနိုင်သလား၊ နောက်ပြီး မြန်မာပြည်မှာ ရှိနေစဉ်ကနဲ့ အခု ကံငါးပါးကို စောင့်ထိန်း မှုမှာ ဘယ်မှာနေထိုင်တာက ပိုပြီး ကိုယ့်ကိုယ်ကို လုံခြုံမှုရှိတယ်ရယ်လို့ ထင်ပါသလဲလို့ စာရေးသူက မေးခဲ့ပါတယ်။
သူ့အပြောအရတော့ မြန်မာပြည်မှာရှိနေစဉ်ကလဲ သတ်တာဖြတ်တာနဲ့ သူများ သား မယားကို ဖျက်ဆီးတာမျိုး မရှိခဲ့လို့ ဟိုမှာနဲ့ဒီမှာ အဲဒီကျင့်ဝတ်သိက္ခာများအတွက်တော့ သိသိသာသာ မထူးခြားလှဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် မြန်မာပြည်မှာတုန်းကတော့ အရောင်းအဝယ်လုပ်ငန်း လုပ်ရတာမို့ အလေးစဉ်းလဲ တောင်းစဉ်းလဲ လုပ်ရတာမျိုးတွေ တစ်ခါတလေ ရှိရကြောင်း ပြောပါတယ်။ နောက်ပြီး ကိုယ့်လုပ်ငန်း ဘေးမသီရန်မခစေဖို့နဲ့ အစစ အဆင်ပြေချောမွေ့စေဖို့ မလိမ်ချင်ပေမယ့် လိမ်ရတာမျိုး မညာချင်ပေမယ့် ညာရတာမျိုးတွေဆိုတာ အကြိမ်များစွာ ရှိခဲ့ပါကြောင်း၊ အရက်သေစာသောက်စားမှုဆိုတာလဲ လုပ်ငန်းသဘောအရ မကြာခဏ ပြုလုပ်တတ်မိကြောင်း ပြောပြပါတယ်။ ဒီမှာတော့ အဲဒီအရာတွေကို ရှောင်လို့ရလို့ ဒီကျင့်ဝတ်တွေအတွက်တော့ ဒီမှာက ပိုပြီးလုံခြုံတယ်လို့ ပြောလို့ရတယ်လို့ဆိုပါတယ်။
မိဘတွေကို ကူညီထောက်ပံ့နိုင်မှုမှာရော ဘယ်လိုများ ကွာခြားမှု ရှိပါသလဲရယ်လို့ စာရေးသူက မေးခဲ့ တော့ ဒါကတော့ သိပ်ကွာခြားတာပေါ့ဘုရားတဲ့၊ သူက အခု ဒီမှာ တပည့်တော်တို့လို အခြေခံ အလုပ် သမားတစ်ယောက်အနေနဲ့ တစ်နာရီမှာ (၉)ဒေါ်လာပဲ ရတာမို့ ဒီကအတိုင်းအတာနဲ့ ကြည့်မယ်ဆိုရင် တော့ အလွန်နည်းတာပေါ့တဲ့။ ဒါပေမယ့် အိမ်လခနဲ့ မီးဖိုး ရေဖိုး တယ်လီဖုန်းဖိုး နှုတ်ပြီးရင် ကျန်တာထဲက ထိုက်သင့်သလောက်ကို ဟိုမှာရှိနေတဲ့ မိဘနှစ်ပါးကို ပုံမှန်ကန်တော့ နိုင်တာမို့ ကျေနပ်တော့ ကျေ
နပ်ရပါတယ်တဲ့။ သူဟာ အင်ဂျင်နီယာတစ်ယောက်အလွန်ဖြစ်ချင် ခဲ့ကြောင်း၊ သို့ပေမယ့် သူဆယ်တန်းကျေင်းသားဘဝက ကျူရှင်ယူနိုင်တဲ့ အနေအထားမရှိတာရယ်၊ နယ်မှာ ကျောင်းတက်ရတဲ့ အနေအထားစတာတွေကြောင့် စက်မှုတက္ကသိုလ်ကို တက်ဖို့ အခွင့်အလမ်း မရခဲ့ကြောင်း၊ စက်မှုတက္ကသိုလ်ကိုတက်ခွင့်ရခဲ့ရင်တောင်မှ သူ့မိဘတွေရဲ့ စီးပွားရေး အခြေအနေအရ သူ့အနေနဲ့ တက်ရောက်နိုင်မည် မဟုတ်ကြောင်းပြောပြပါတယ်။ ဒီမှာတော့ နေ့ပိုင်းမှာ အလုပ်လုပ်ပြီး ညပိုင်းမှာ ကျောင်းတက်နိုင်တာမို့ ဒီအတွက် အထူးကျေနပ်မိရပါတယ်တဲ့၊ ခု သူအလွန်ဆန္ဒရှိခဲ့တဲ့ အင်ဂျင်နီယာတစ်ယောက်ဖြစ်ဖို့ ရောင်ခြည်ဦးကိုတွေ့ မြင်ရပြီဖြစ်ကြောင်းကိုလဲ ကဗျာဆန်ဆန်ပြောသွားပါသေးတယ်၊ သူ့အဆိုအရ ယဉ်ကျေးမှုဓလေ့ထုံးစံအရရော မိသားစု အသိုက်အဝန်းကို ခင်တွယ်တတ်တဲ့ သဘာဝအရရော မြန်မာပြည်က လူတိုင်းနီးပါးဟာ ဖြစ်နိုင်မယ် ဆိုပါရင် မိဘဆရာသမား ဆွေမျိုးညာတိတွေနဲ့ တစ်မြို့ တစ်ရွာတည်းမှာ အတူနေလိုတဲ့ ဆန္ဒ ရှိကြပါတယ်တဲ့၊ ဒါပေမယ့် ဘဝတစ်ခုတိုးတက်ဖြစ်ထွန်းနိုင်ဖို့ တစ်ဖက်က ပေးဆပ်ရတဲ့အရာမျိုးတွေလဲ ရှိတတ်တာလဲ သဘာဝတစ်ခုပါပဲတဲ့၊ သူ ခုလိုထွက်ခွါလာတာဟာလဲ ပညာရေးဟာ အဓိကပါတဲ့။ သူ့အပြောအရ ကိုယ့်ဘဝနောင်ရေးအတွက် ပညာရေးဟာ အရေးပါတာကို ဒီမှာ ပိုပြီးသဘောပေါက်နားလည်လာမိပါတယ်တဲ့။
ဒီ ဒကာလေးလိုပါပဲ၊ စာရေးသူတက်ရောက်နေတဲ့ ကောလိပ်တစ်ခုတည်းမှာကိုပဲ မြန်မာကျောင်းသား တွေ အနည်းဆုံး (၅ဝ) လောက်တော့ ရှိမယ်လို့ ခန့်မှန်းမိပါတယ်။ ကျောင်းသားဦးရေ တစ်သောင်း ငါးထောင်လောက်ရှိတဲ့ကျောင်းမှာ ဦးရေ ငါးဆယ်လောက်ဆိုတာ များတယ်တော့ မဆိုသာပါဘူး။ သို့ပေမယ့် မြို့မှာနေထိုင်ကြတဲ့ လူဦးရေအချိုးအစားနဲ့ နှိုင်းစာရင်တော့ ရာခိုင်နှုံးများတယ်လို့ ဆိုနိုင်ပါတယ်။ ကိုယ့်လူမျိုးတွေဟာ ပညာရေးမှာ စိတ်ဝင်စားသူတွေပါလားဆိုတာ သိရလို့ ကျေနပ်မိရပါတယ်။ အ လုပ်ကိုတစ်ဖက်လုပ်ရင်း ကျောင်းကိုလဲ တစ်ဖက်တက်နဲ့ အားကြိုးမာန်တက် ရုန်းကန်လှုပ်ရှားနေကြတဲ့ ကိုယ့်လူမျိုး လူငယ် မြန်မာကျောင်းသူကျောင်းသားတွေကို တွေ့မိတော့ အားလဲ အားရမိပါတယ်။ မြန်မာလူငယ်တွေ တိုင်းတစ်ပါးကို ထွက်ခွါကြခြင်းဟာ စီးပွားရေးသက်သက်တစ်ခုအတွက် ဒေါ်လာရှာဖို့ချည်းသက်သက် မဟုတ်ပါလားဆိုတာ ကောင်းကောင်း သဘောပေါက်လာမိပါတယ်။
စာရေးသူတို့အနေနဲ့ လူ တစ်ယောက်နဲ့တစ်ယောက် ဘဝပေးအခြေအနေ မတူနိုင်ကြောင်းကို လွယ် လွယ်နဲ့ပဲသိနိုင်ပါတယ်။ နောက်ပြီး နေရာဒေသတွေရဲ့ ပဋိရူပဖြစ်မှု မဖြစ်မှုမှာလဲ တစ်ယောက်နဲ့ တစ် ယောက် ကွာခြားမှုရှိကြောင်းကိုလဲ နားလည်ဖို့ လိုမယ်ထင်ပါတယ်။ ကိုယ့်အတွက် ဒီနေရာ ဒီဒေသ ဟာ သင့်တင့်ကောင်းမြတ်တဲ့ နေရာဒေသတစ်ခု ဖြစ်ကောင်း ဖြစ်နိုင်ပေမယ့် တစ်ပါးသူတွေအတွက် ဒီ နေရာဟာ သင့်တော်ကောင်းမှ သင့်တော်ပါလိမ့်မယ်။ ဥပမာအနေနဲ့ ဆိုရရင် လူသူကင်းမဲ့ တိတ်ဆိတ် တဲ့ နေရာဒေသဟာ တရားဘာဝနာ ပွားများသူတစ်ယောက်အတွက် နေရာကောင်းဖြစ်နိုင်ပေမယ့် လူ အများကိုမှီပြီး စီးပွားရှာသူတစ်ဦးအတွက်တော့ ဒီနေရာမျိုးဟာ သင့်တော်တဲ့အရပ်ဒေသ ဖြစ်မယ် မ ဟုတ်သလိုပေါ့။ နောက်ပြီး အချိန်အခါနဲ့ အခြေအနေဆိုတာလဲ အရေးကြီးတာကို သတိပြုရမှာပါ။ တစ်ချို့အရာတွေကို နေရာတိုင်းမှာ အချိန်တိုင်း မရနိုင်တာကို စာရေးသူတို့အနေနဲ့ သဘောပေါက် လက်ခံကြရမှာပါ။ ဒီလိုအခါမျိုးမှာ မကြာမီ ရလာလိမ့်နိုးနဲ့ မရေရာတဲ့ အရာကို မသေချာစွာ စောင့် နေတာထက်စာရင် တစ်ခုခုကို ကြိုးစားလုပ်ကြည့်တာက ပိုမကောင်းနိုင်ဘူးလားဆိုတာ စဉ်းစားဖို့ သင့် ပါတယ်။
ဌေးလွင်(ဆားလင်းကြီး)ရော၊ အထက်က ဒကာလေးကို အမိန့်ရှိခဲ့တဲ့ ဆရာတော်ကြီးရော ကိုယ့်တိုင်း ပြည် ကိုယ်လူမျိုးကို ချစ်မြတ်နိုးစိတ်နဲ့ ရေးကြမိန့်ကြတာပဲဖြစ်မယ်ဆိုတာ လေးလေးနက်နက် ယုံကြည်မိပါတယ်၊ သို့ပေမယ့် ချစ်ကြတဲ့နေရာမှာ မှန်မှန်ကန်ကန်ဖြစ်ဖို့လဲ လိုပါလိမ့်မယ်။ နေ့စဉ် လူမှုဘဝ လိုအပ်ချက်အတွက် စားဖို့ကထမင်းကြမ်း၊ သွားဖို့က လှည်းကြမ်း၊ အိပ်စက်နားနေဖို့က ဝါးကြမ်း ရှိယုံနဲ့ မပြည့်စုံနိုင်ကြောင်းကို အားလုံးသိကြမှာပါ။ ဒီလောက်ဆိုဖြစ်တာပါပဲလို့ ကိုယ့်စိတ်ကိုလှည့်စားကြည့် မယ်ဆိုရင်လဲ အစစ်အမှန်ရောင့်ရဲမှုဖြစ်ဖို့ ခက်ခဲပါလိမ့်မယ်။ ပြောချင်တာက လိုအပ်ချက်တွေရှိလာတဲ့ အခါမှာ တကယ်မလိုအပ်ဟန် ရောင့်ရဲဟန်ဆောင်ပြီး ကိုယ့်ကိုယ်ကို လှည့်စားနေတာထက် အဲဒီ လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ ဘယ်လိုကြိုးစားကြမလဲ၊ နည်းလမ်းဘယ်လိုရှာကြမလဲဆိုတာက ပိုပြီး မကောင်းပေဘူးလားလို့ စဉ်းစားဖို့ပါ။ မနိုင်၍သည်းခံခြင်း မရှိ၍ရောင့်ရဲခြင်းဆိုတဲ့ လူပျော်လူပျက်တွေရဲ့ စကားဟာ စစ်မှန်တဲ ခန္တီနဲ့ သန္တုဌီ မဟုတ်ကြောင်း အလွယ်တကူသိနိုင်ပါတယ်။ သာမန်လူသားတစ်ဦးဟာ လူသာမန်တစ်ဦးလိုပဲ စဉ်းစားတာက ပိုမိုကောင်းမွန်ပါတယ်။ နောက်ပြီး အရာတစ်ခုကိုသုံးသပ်တော့မယ်ဆိုရင် အဲဒီအရာရဲ့ အခြေခံအကြောင်းရင်းကိုလဲ ရှာဖွေကြည့်ဖို့ လိုအပ်ပါတယ်။
နိုင်ငံရပ်ခြားသွားရောက်နေထိုင်ရတယ်၊ အလုပ်လုပ်ရတယ် ဆိုတာ ထင်သလောက် မလွယ်ကူလှတာကိုလက်တွေ့အရ စာရေးသူနားလည်နိုင်ပါတယ်။ သေချင်တဲ့ကျား တောပြောင်း ဆိုပေမယ့် ဘယ်ကျားမှာမှ သေချင်တဲ့အတွက် တမင်သက်သက် တောပြောင်းလေမယ်မဟုတ်ပါဘူး။ သူနေထိုင်ဆဲဖြစ်တဲ့ တောဟာ သူ့အတွက် လုံခြုံမှုမရှိနိုင်ဘူးလို့ ထင်လို့ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် သူ့အတွက် အစာရေစာ လောက်လောက် ငင မရနိုင်မှာကို တွေးမိလို့ပဲဖြစ်ဖြစ် ပြောင်းကြည့်လေတာဖြစ်မှာပါ။ တောတွေထွင်းလို့ ကျားတွေရှင်းသွားတာကို တောရှင်းသူကို အပြစ်တင်ရကောင်းမှန်းမသိပဲ ကျားတွေကိုပဲ အပြစ်မြင်တာမျိုးကတော့ အမှန်တရားကို မတွက်ဆရာ ရောက်သလိုပါပဲ။
နိဂုံးချုပ်ပါရစေ
ဒီဆောင်းပါးကိုဖတ်ပြီး နိုင်ငံခြားကိုရောက်နေလို့ နိုင်ငံခြားကို အထင်ကြီးစိတ်ကြောင့် ဒီလိုရေးတာ ဖြစ်မှာပါလို့ ဆိုလာပါက တစ်ဝက် မှန်ပါတယ်လို့ ဝန်ခံပါရစေ၊ ကမ္ဘာ့ထိပ်တန်းကို ရောက်နေတဲ့ နိုင်ငံကြီးတစ်ခုမှာ အထင်ကြီးစရာ ဘာမှမရှိဘူးလို့ ဆိုခဲ့ရင် အဲဒီလို ဆိုသူသာ အရူးဖြစ်မှာပါ၊ နိုင်ငံတစ်နိုင်ငံ လူမျိုးတစ်မျိုး တိုးတက်ဖို့ ကိုယ့်ရှေ့ကသူတွေရဲ့ အဆိုးတွေကိုချည်း မြင်တတ်ရုံ၊ ပြောတတ်ရုံနဲ့ ပြည့်စုံဦးမှာ မဟုတ်ပါဘူး၊ အားကျစရာကို အားကျ အတုယူဖွယ်ရာဆို အတုယူတတ်ဖို့လဲ လိုပါသေးတယ်။ တိတိကျကျပြောရရင် အထင်ကြီးစရာကို အထင်ကြီးတတ်ဖို့လဲ လိုပါသေးတယ်။ မိဘတိုင်းဟာ သားသမီးများကိုတော့ ချစ်ကြစမြဲပါ။ သို့ပေမယ့် စစ်မှန်တဲ့ မိခင်စိတ်ဆိုတာ ချစ်ပြရုံနဲ့ ပြီးပြည့်စုံဦးမယ် မဟုတ်ပါဘူး။ ကိုယ့်သား ကိုယ့်သမီးကို သူများတွေနဲ့ ယှဉ်လာရင် အောက်တန်း နောက်တန်း မကျရ လေအောင် အလိမ္မာ အမွေပေးဖို့ လိုသလို ခေတ်နဲ့အညီ ရင်ဘောင်တန်းနိုင်စေဖို့ ခေတ်မှီပညာအမွေ
တွေကို ပေးဖို့လဲ လိုပါသေးတယ်။ အဲ ဒီလိုပညာကို ဘယ်နေရာက ရနိုင်ပါ့မလဲလို့လဲ စဉ်းစားတတ်ဖို့ လိုသပေါ့။ နို့မဟုတ်ရင်ဖြင့် ငယ်ငယ်က ဖတ်ခဲ့ဘူးတဲ့ ဆားတုံဆရာတော်ရဲ့ လင်္ကာလေးလို
ရှေးသရောအခါ ၊ ပြည်ဗာရာဝယ်
ကုဋေ ကြွယ်အား ၊ သူဌေးသားလျင်
သားတစ်ယောက်ဖြစ် ၊ ချစ်၍တစေ
အိမ်မှာနေ၍ ၊ စာပေမတတ်
မိဘစုတေ ၊ ခန္ဓာကြွေသော်
အရှေ့အနောက် ၊ တောင်မြောက် ဘယ်မှာ
မသိပါငြား ၊ သူဌေးသားသည်
သိုထားမတတ် ၊ အရပ်ရပ်၌
နှံအပ်ဥစ္စာ ၊ ရှိသည်ငှာကို
များစွာကျွန်ပေါင်း၊ မကောင်းခိုးသူ
ယူ၍ပြေးရှောင်း၊ အိမ်ကိုရောင်းသော်
ထောင်းထောင်းကြေလျက်
ခွက်လက်စွဲကာ၊ တောင်းစားပါလည်း
နင်သာလူမိုက် ၊ ဒုစရိုက်ဟု
ရိုက်ပုတ်လိုက်ကြ
ရွာမှထွက်လေ ၊ တောမှာသေသည်
ကောင်သေဠင်းတကျ၏တည်း
ဆိုသကဲ့သို့သော ဗာရာဏသီ သူဌေးသားဇာတ်လမ်းသစ်တွေ များသထက် များလာပါလိမ့်မယ်။
အရှင် ဥာဏိကာဘိဝံသ
(Fremont CA,USA)
မေတ္တာစာတမ်း
အမြင့်မြတ်ဆုံး ဘ၀နေနည်း လေးမျိုးရှိကြောင်း ဗုဒ္ဓစာပေတွင် ဖော်ပြထားသည်၊၊ အမြတ်ဆုံး ဘ၀နေနည်း လေးမျိုးဆိုတာ---
(၁) မေတ္တာဖြင့် နေခြင်း
(၂) ကရုဏာဖြင့် နေခြင်း
(၃) မုဒိတာဖြင့် နေခြင်း
(၄) ဥပေက္ခာဖြင့် နေခြင်းတို့ ဖြစ်သည်၊၊
“မေတ္တာ”အကြောင်း စာတမ်းတခုရေးဖို့ အကြံပြုထားပါသည်၊ စာဖတ်သူအားလုံးအတွက် ပါဠိစာပေ ဗဟုသုတနှင့် အကျိုးကျေးဇူးများသည့် အကြံပေးချက်ဖြစ်၍ အရှင် မေတ္တာနှင့် ဆက်စပ်သည့် ပါဠိစာပေ အထောက်အထား အချက်လက်များကို ရှာဖွေစုစည်းပြီး “မေတ္တာ စာတမ်း”ကို ရေးလိုက်ပါသည်၊၊
‘မေတ္တာ’ဟူသော ပါဠိပုဒ်ကို အဓိပ္ပါယ်များစွာ ဖွင့်ဆိုထားသည်ကို လေ့လာရပါသည်၊၊ စာဖတ်သူအတွက် အဆင်လည်းပြေ၊ အဓိပ္ပါယ်ဖွင့်ဆိုချက်အားလုံးကိုလည်း ငုံမိစေတဲ့ တစ်လုံးတည်းသော အဓိပ္ပါယ်ဖွင့်ဆိုချက်ကို အရှင် လေ့လာကြည့်သောအခါ "မေတ္တာ"ဟူသည် “အကျိုးလိုလားမှု” ဟူ၍ ဖြစ်ပါ သည်၊၊ တပါးသူ၏ အကျိုးကို လိုလားမှုကို မေတ္တာဟု ခေါ်ဆိုကြောင်း လေ့လာရပါသည်၊၊
သတိပြုရန်မှာ တခါတရံတွင် ‘အချစ်’က မေတ္တာအသွင်ဆောင်၍ လူတွေကို လှည့်စားတတ်သည်ဆိုသည့် အချက်ဖြစ်သည်၊၊ ‘အချစ်’နှင့်‘မေတ္တာ’မှာ ဘာသာစကားခြင်းမတူရုံမျှမက အဓိပ္ပါယ်လည်း များစွာ ကွာခြားကြောင်း လေ့လာရပါသည်၊၊ ဗုဒ္ဓဘာသာတွင် မေတ္တာပို့ ကျင့်စဉ်တစ်ခု ရှိပါသည်၊၊ ‘မေတ္တာ’ဆိုတာ ပို့လို့ရပါသလားဟုမေးလျင်--ရသည်ဟုဖြေဆိုရပါမည်၊၊ သို့သော် မေတ္တာပို့နည်း စနစ်ကျဖို့တော့ အထူးလိုအပ်ပါသည်၊၊
မေတ္တသုတ်တွင် မေတ္တာပို့မည့်သူ၌ ထားရှိရမည့် စိတ်ဓာတ်ကို ဤသို့ဖော်ပြထားပါသည်--“ရင်သွေး တစ်ဦးတည်းသာရှိသောမိခင်သည် ထိုရင်သွေးကို အသက်နှင့်ရင်းနှီး၍ စောင့်ရှောက်လိုသော၊ အကျိုး လိုလားသော စိတ်ဓာတ်ရှိသသို မေတ္တာပို့လိုသူသည်လည်း မိမိမေတ္တာပို့မည့် သူအပေါ်တွင် တကယ် အကျိုးလိုလားမှုနှင့် စောင့်ရှောက်လိုမှု ရှိရမည်”ဟု ဖော်ပြထားပါသည်၊၊ မေတ္တာပို့မည့်သူ၏ သန္တာန်တွင်လည်း မိခင်အရင်းက သားသ္မီးကို စောင့်ရှောက်လိုသော၊ အကျိုးတကယ်လိုလားသော စိတ်ဓာတ်များ မွေးမြူ ထားရမည် ဖြစ်သည်၊၊
မေတ္တာပို့လိုသူသည် မေတ္တာမပို့ခင် မိမိမေတ္တာပို့မည့်သူ၏ ရုပ်အသွင်ကို အာရုံတွင် ကြည်ကြည် လင်လင် ပေါ်လာအောင် ကြည့်ရပါမည်၊၊ ပေါ်လာပြီဆိုမှ စိတ်ပါလက်ပါ မေတ္တာပို့ရမည် ဖြစ်ကြောင်း ပါဠိစာပေက ဆိုထားပါသည်၊၊ မေတ္တာပို့သောအခါတွင် ဘယ်သူကစ၍ မေတ္တာပို့ရမည်ကို သိရန်လိုအပ် ပါသည်၊ ပထမဆုံး မိမိကိုယ်တိုင်ကို စတင်၍ မေတ္တာပို့ရပါသည်၊၊ မိမိကိုယ်ကို မေတ္တာပို့သည့် အခါတွင် လည်း မိမိရုပ်အသွင်ကို မှန်ရှေ့မှာရပ်၍ ကြည့်သလို ထင်လာအောင် အာရုံတွင်ထင်ပေါ်စေပြီးမှ မေတ္တာပို့ရပါသည်၊၊
များသောအားဖြင့် လူအများ မေတ္တာပို့သည့်အခါ သူတပါးကိုချည်း မေတ္တာပို့နေတတ်ကြသည်၊ မိမိကိုယ်ကို မေတ္တာစပြီး ပို့ရကြောင်းသိသူ နည်းနေသေးသည်၊၊ ပါဠိစာပေအရ မေတ္တာပို့သည့်အခါ အစဆုံး မိမိကိုယ်ကို မေတ္တာပို့ပြီးမှ ထိုမေတ္တာကို အခြားသူများသို့ ဖြန့်ဝေပေးရခြင်း ဖြစ်သည်၊၊ သတိပြုသင့်သည့် အခြားတစ်ခုမှာ သေပြီးသူကို မေတ္တာပို့၍ မရဆိုသည့် အချက်ဖြစ်သည်၊၊ သေပြီးသူသည် မည်သည့်ဘုံဘ၀တွင် မည်သည့် သတ္တ၀ါမျိုးဖြစ်နေသည်ဟု အတိအကျ မသိရတော့သည့်အတွက် ထိုသူ၏ရုပ်အသွင်ကို အာရုံတွင်မြင်ကြည့်၍ မရတော့ပါ၊ ထို့ကြောင့် သေလွန်ပြီးသူကို ဗုဒ္ဓဘာသာအလိုအရ မေတ္တာ မပို့ရတော့ဘဲ၊ ကုသိုလ်ပြုပြီး အမျှပေးဝေရန်သာ ဖြစ် ပါသည်၊၊
ကွယ်လွန်ပြီးသည့် မိဘဆွေမျိုးများကို ကျန်းမာပါစေ ချမ်းသာပါစေဟု မေတ္တာပို့နေသူများကို တွေ့ခဲ့ရဘူးသည်၊၊ သေပြီးသူကို မေတ္တာပို့၍ မရကြောင်း သတိပြုရပါမည်၊၊ မေတ္တာစတင် ပို့သည့်အခါ တွင်လည်း သိပ်ချစ်လွန်းသူများနှင့် သိပ်မုန်းလွန်းသူများကို နောက်ဆုံးထား၍ မေတ္တာပို့ရပါသည်၊၊ အကြောင်းမှာ သိပ်ချစ်သူကို အစဆုံးမေတ္တာပို့သည့်အခါ လိုအပ်သည့်မေတ္တာအပြင် ဆန္ဒရောသည့် အချစ်စိတ်များ ဖြစ်ပေါ်လာတတ်၍ ဖြစ်ပြီး၊ သိပ်မုန်းသည့်သူများကို မေတ္တာအရင်ပို့မိလျင် မေတ္တာအစား ဒေါသများ ၀င်လာတတ်၍ဖြစ်သည်ဟု စာပေက ရှင်းပြပါသည်၊၊
မေတ္တာကို ပထမဆုံး---
မိမိကိုယ်ကို စတင်ပို့ရပါသည်၊
ဒုတိယအနေဖြင့် လေးစားထိုက်သူများကို ပို့ရပါသည်၊
တတိယအနေဖြင့် ချစ်ခင်သူများကို ပို့ရပါသည်၊
စတုတ္ထအနေဖြင့် မချစ် မမုန်းသူများကို ပို့ရပါသည်၊
ပဉ္စမအနေဖြင့် မုန်းသူများကို ပို့ရပါသည်၊၊ ဤမေတ္တာပို့အစဉ်မှာ ၀ိသုဒ္ဓိမဂ်ပါဠိတော် ညွန်ကြားချက်နှင့် အညီဖြစ်ပါသည်၊၊ (မေတ္တာပို့ပုံများကို အောက်ဆုံးတွင် သီးခြားဖော်ပြပါမည်)၊၊
သီးခြားအနေဖြင့် မေတ္တာပို့နည်း သုံးမျိုးရှိသေးကြောင်းလည်း ပါဠိတော်တွင် ဖော်ပြထားပါသည်---
(၁) ဒေသအလိုက် မေတ္တာပို့နည်း၊
(၂) ပုဂ္ဂိုလ်အလိုက် မေတ္တာပို့နည်း၊
(၃) ရည်ညွှန်း မေတ္တာပို့နည်းတို့ ဖြစ်ပါသည်၊၊
ဒေသအလိုက် မေတ္တာပို့နည်းမှာ မိမိ မေတ္တာပို့မည့် မြို့၊ ရွာ၊ တိုင်း၊ နိုင်ငံနာမည်ကို အတိအကျ ဖော်ပြ၍ မေတ္တာပို့နည်း ဖြစ်သည်၊၊ ဤနည်းဖြင့် မေတ္တာပို့သည့်အခါ မိမိအိမ်မှစတင်ပြီး ဒေသအသီးသီး နိုင်ငံအသီးသီးကို နာမည်ဖော်ပြ၍ မေတ္တာပို့ရမည် ဖြစ်ပါသည်၊၊ ပုဂ္ဂိုလ်အလိုက် မေတ္တာပို့နည်းမှာ မိမိမေတ္တာပို့လိုသူ၏ နာမည်အတိအကျကို ဖော်ပြ၍ မေတ္တာပို့နည်း ဖြစ်ပါသည်၊ ဤနည်းဖြင့် မေတ္တာပို့သည့်အခါတွင် မိမိနာမည်မှစ၍ အခြားမေတ္တာပို့လိုသော သူများ၏နာမည်များကို ဖော်ပြပြီး မေတ္တာ ပို့ရမည် ဖြစ်ပါသည်၊၊ ရည်ညွှန်း မေတ္တာပို့နည်းမှာ မည်သူမည်ဝါ၊ မည်သည့်ဒေသဟု နာမည် အတိအကျ မဖော်ပြဘဲ စင်္ကြာဝဠာရှိရှိသမျှ သတ္တ၀ါအားလုံးကို ရည်ညွှန်း၍ မေတ္တာပို့နည်း ဖြစ်ပါသည်၊၊ (ဤနည်းများဖြင့် မေတ္တာပို့နည်းများကိုလည်း အောက်ဆုံးတွင်ဖော်ပြပါမည်)
ပါဠိစာပေတွင် “မေတ္တာစေတော ၀ိမုတ္တိ”ဆိုသောပုဒ် တစ်ပုဒ်ရှိပါသည်၊၊ အဓိပ္ပါယ်မှာ“မေတ္တာများဖြင့် လွပ်လပ်နေသူ”ဟူ၍ ဖြစ်သည်၊၊ ဖော်ပြခဲ့ပြီးသော နည်းများဖြင့် မေတ္တာပို့နိုင်သူများသည် မေတ္တာဖြင့် ဘ၀လွပ်လပ်သူဟု ခေါ်ဆိုနိုင်ကြောင်း သိမှတ်ရန်ဖြစ်သည်၊၊ ဘယ်အရာတွေမှ ဘ၀လွပ်လပ်သူဖြစ် ပါသလဲဆိုလျင် လောဘ ဒေါသ မောဟနှင့် မာန၊ အတ္တ၊ မစ္ဆရိယ စသည့် စိတ်အညစ်အကျေးများမှ လွပ်လပ်သူဟူ၍ ဗုဒ္ဓရှင်တော်က ရှင်းလင်း သင်ပြထားပါသည်၊၊
မေတ္တာစိတ်နည်းပါးနေသူသည် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ အကျဉ်းကျနေသူ ဖြစ်သည်ဟုဖော်ပြ ထားပြန်ပါသေးသည်၊ လောဘ ဒေါသ မောဟနှင့် အတ္တ မာနထောင်များတွင် အကျဉ်းစံနေရသူဟု စာပေတွင် မှတ်တမ်းတင်ထားပါသည်၊၊ မေတ္တာစိတ်ခေါင်းပါးလွန်းလာပြီဆိုလျင် အများနှင့် မဆိုထားဘိ တစ်ယောက်တည်းနေလျှက်ပင် အလိုမကျ ရန်တွေ့နေတတ်ပါသည်၊၊ ဤသူများကို ဒေါသအကျဉ်းစံများဟု ခေါ်ဆိုရမည် ဖြစ်ပါသည်၊၊
မေတ္တာ၏ အစောဆုံးအကျိုးကျေးဇူးမှာ“ကိုယ် စိတ်လွပ်လပ်နေမှု”ဖြစ်ပါသည်၊၊ ကိုယ် စိတ်လွပ်လပ် ပေါ့ပါးပြီး အကျိုးလိုလားသော စိတ်သက်သက်ဖြင့် မေတ္တာပို့လိုက်လျင် မေတ္တာပို့သူရော မေတ္တာအပို့ခံ ယူရသည့်သူပါ မေတ္တာ၏အကျိုးကို တကယ်ရရှိနိုင်ကြောင်း ပါဠိစာပေ နေရာများစွာတွင် ဆိုထားပါသည်၊၊
ပါဠိတော်တွင် တိုက်ရိုက်လာသည့် မေတ္တာပို့သူ ရရှိနိုင်သောအကျိုး ဆယ့်တစ်မျိုး ရှိကြောင်းကို လေ့လာ ရပါသည်---
(၁) မေတ္တာရှင်များသည် အိပ်စက်၍ လွယ်ကူသည်၊
(၂) မေတ္တာရှင်များသည် ကြည်ကြည်လင်လင် အိပ်ရာမှ နိုးထနိုင်သည်၊၊
(၃) မေတ္တာရှည်များသည် အိပ်မက်ဆိုး မြင်မက်မှု မရှိနိုင်ပါ၊
(၄) မေတ္တာရှင်များသည် အများ၏ ချစ်ခင်မှုကို ရရှိသည်၊
(၅) မေတ္တာရှင်များသည် မမြင်ရသည့် ပုဂ္ဂိုလ်ထူးများ၏ ချစ်ခင် စောင့်ရှောက်မှုကို ရသည်၊
(၆) မေတ္တာရှင်များသည် နတ်တို့ ချစ်ခင်စောင့်ရှောက်မှုကို ရသည်၊
(၇) မေတ္တာရှင်များသည် မီး အဆိပ် လက်နက်စသော ဘေးအန္တရာယ်များ မကျရောက်နိုင်ပါ၊
(၈) မေတ္တာရှင်များသည် စိတ်ကြည်လင် လွယ်ပါသည်၊
(၉) မေတ္တာရှင်များသည် မျက်နှာအသွင် တည်ကြည်ရသည်၊
(၁၀) မေတ္တာရှင်များသည် သက်တမ်းစေ့ နေနိုင်ပြီး၊ သေဆုံးသည့်အခါ ချမ်းသာစွာ သေဆုံးနိုင်သည်၊
(၁၁) မေတ္တာရှင်များသည် နိဗ္ဗာန်မရသေးခင်၊ ဘ၀သံသရာများတွင် အထက်တန်းကြသော ဘ၀များတွင် ဖြစ်နိုင်သည်၊၊ မေတ္တာပို့နည်းနှင့် မေတ္တာပို့မည့်သူ၏ လိုအပ်သည့်စိတ်ထားများကို တင်ပြ၍ လုံလောက်ပြီဟု အရှင်ယူဆပါသည်၊၊ ယ္ခုအခါ မေတ္တာအသီးသီးပို့ပုံ ပို့နည်းများကို တင်ပြ ဆွေးနွေး သွားပါမည်၊၊
မိမိကိုယ်ကို မေတ္တာပို့ပုံ---
ဘုရားတပည့်တော်ကိုယ်တိုင် ရန်မရှိဖြစ်ပါစေ၊ ဆင်းရဲမှု မရှိဖြစ်ပါစေ၊ စိတ်ဆင်းရဲမှု မရှိဖြစ်ပါစေ၊ ကိုယ်စိတ်ချမ်းသာစွာ နေရပါစေ၊၊
မိဘနှစ်ပါးကို မေတ္တာပို့ပုံ---
ဘုရားတပည့်တော်၏ မိဘနှစ်ပါး ရန်မရှိဖြစ်ပါစေ၊ ဆင်းရဲမှု မရှိဖြစ်ပါစေ၊ စိတ်ဆင်းရဲမှု မရှိဖြစ်ပါစေ၊ ကိုယ်စိတ်ချမ်းသာစွာ နေရပါစေ၊၊
ချစ်ခင်သူကို မေတ္တာပို့ပုံ---
ဘုရားတပည့်တော်၏ ဇနီး/ခင်ပွန်း ရန်မရှိဖြစ်ပါစေ၊ ဆင်းရဲမှု မရှိဖြစ်ပါစေ၊ စိတ်ဆင်းရဲမှု မရှိဖြစ်ပါစေ၊ ကိုယ်စိတ်ချမ်းသာစွာ နေရပါစေ၊၊ (မှတ်ချက်/ ဤနည်းအတိုင်း မချစ် မမုန်းသူနှင့် မုန်းသူများကိုလည်း မေတ္တာပို့ပါ)
ဒေသအလိုက် မေတ္တာပို့ပုံ---
ရန်ကုန်မှာနေသည့် ဘုရားတပည့်တော်၏ မိသားစု ရန်မရှိဖြစ်ပါစေ၊ ဆင်းရဲမှု မရှိဖြစ်ပါစေ၊ စိတ်ဆင်းရဲမှု မရှိဖြစ်ပါစေ၊ ကိုယ်စိတ်ချမ်းသာစွာ နေရပါစေ၊၊
အမေရီးကားတွင်နေသည့် ဘုရားတပည့်တော်၏ မိခင် ရန်မရှိဖြစ်ပါစေ၊ ဆင်းရဲမှု မရှိဖြစ်ပါစေ၊ စိတ် ဆင်းရဲမှု မရှိဖြစ်ပါစေ၊ ကိုယ်စိတ်ချမ်းသာစွာ နေရပါစေ၊၊(စသည်ဖြင့် ဒေသနာမည်များကို ဖော်ပြ၍ မေတ္တာပို့သ နိုင်ပါသည်)
အရပ်မျက်နှာအလိုက် မေတ္တာပို့ပုံ---
အရှေ့အရပ်၌ ရှိသော အနန္တစင်္ကြာဝဠာ အနန္တသတ္တ၀ါတို့ ဘေးရန်ခပ်သိပ် ငြိမ်းကြပါစေ၊ ကြောင့်ကြခပ်သိမ်း ငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်းငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ၊ (ဤနည်းအတိုင်း အရပ်ဆယ်မျက်နှာသို့ မေတ္တာဖြန့်ဝေရန် ဖြစ်သည်)
မေတ္တာနှင့် ဆက်စပ်သည့် မှတ်သားဖွယ်များကို တင်ပြလို့အတိုင်းတာ တခုအထိလုံလောက်ပြီဟု အရှင်ယူဆပါသည်၊လုံးဝ ပြည့်စုံသည်ဟုကား မဆိုသာပါ၊၊ ဒီထပ်ပို၍ အသေးစိတ်သိလိုသူများ အရှင့်Gmail မှဆက်သွယ်၍ မေးမြန်းနိုင်ပါသည်၊ စာတမ်းပုံစံဖြင့် တင်ပြသောအခါ သိပ်ရှည်လွန်းသွားလျင် စာဖတ်သူ ငြီးငွေ့တတ်သည့် သဘာဝကို စာရေးသူများ နားလည်ရပါသည်၊၊ တိုက်တွန်းချက်တခု အနေဖြင့် (ဦးသုခ)ရေးသော မေတ္တသုတ် စာအုပ်ကိုလည်း ဖတ်မှတ်လေ့လာဖို့ တိုက်တွန်းလိုပါသည်၊၊
“အလင်း စက်” စာဖတ်ပရိတ်သတ်များ မေတ္တာပြည့်ဝသူများဖြစ်ပြီး၊ မေတ္တာများဖြင့် ဘ၀အခက်ခဲ၊ သံသရာ ဆင်းရဲများကို ကျော်နိုင်သောသူများ ဖြစ်ပါစေကြောင်း မေတ္တာပို့သလျှက် စာတမ်းကို အဆုံးသတ်လိုက်ပါတယ်၊၊
ဓမ္မစကား နေ့တိုင်းကြားက စိတ်ထားဖွေးလက် သိဉာဏ်တက်၏။
ရုပ်နာမ်ဓမ္မသင်္ခါရတို့
ကိုယ်ကဤပုံဖြစ်လိုတုန်လည်း
တစ်ဖုံဆင်ကွဲသူတနဲဖြင့်
ဖောက်လွဲတက်စွာ ဓမ္မတာကို
ပညာစက္ခုမျှော်ထောက်ရု့၍
ယခုကပင်လျှင် မအိုခင်က
ယခုကပင်လျှင် မနာခင်က
ယခုကပင်လျှင် မသေခင်က
ကြိုတင်ကောင်းမှု ကြိုးစားလော (ကျေးဇူးရှင် မင်းကွန်းဆရာတော်)
(မေတ္တသုတ်ပါဠိတော်၊ ဓမ္မပဒပါဠိတော်၊ ပဋိသမ္ဘိဒါမဂ်ပါဠိတော်နှင့် ၀ိသုဒ္ဓိမဂ်ပါဠိများကို ကိုးကား၍ ဤစာတမ်းကို ရေးပါသည်)
Metta (Loving-kindness) (မေတ္တာစာတမ်း) by (အရှင်ကေ၀လ(အလင်း စက်))
လောကကို နွေးထွေးစေတဲ့ လက်အစုံများ
မိန်းမသားများအားလုံး ဗုဒ္ဓ၀ါဒီလူ့အဖွဲ့အစည်းအသင်းအပင်းမှ ရုတ်တရက် ထွက်ခွါသွားကြလျင် ခိုင်မာသော ဗုဒ္ဓဘာသာ လူ့အဖွဲ့အစည်း ကျန်ရစ်လိမ့်မည် မဟုတ်။ မိန်းမသားများသည် ဘာသာတရား တည်းဟူသော ခန္ဓာကိုယ်အတွက် နှလုံးသားကို ထည့်ပေးထားကြသူများ ဖြစ်သည်-ဟု အချို့ ပြောဆိုထားကြပါတယ်။
အချို့ အလျင်စလို ဝေဖန်တတ်သူများကတော့ “ဗုဒ္ဓ၀ါဒဟာ မိန်းမသားများအား ရန်လိုသောဝါဒ ဖြစ်တယ်” လို့ ပြောဆိုမှုများ ရှိခဲ့ဘူးတယ်။ အိန္ဒိယစာရေးဆရာ Hemacandra က အမျိုးသမီးများကို အထင်သေးစွာ “The torch lighting the way to hell, Narakamærgadværasya døpikæ” ဟု ရေးသားခဲ့ပြန်တယ်။
ဒါနဲ့စပ်ဆပ်လို့ မဃဒေ၀လင်္ကာမှာဖော်ပြထားတဲ့ အမျိုးသမီးများဆိုင်ရာလေးတွေကို အနည်းငယ်မျှ ဖော်ပြလိုပါတယ်။
(၁) ဌာနာဌာန၊ ညဏ်ချင့်ဆလော့၊ ကိစ္စနှစ်ပါး၊ အရာအားဖြင့်၊ ယောကျာင်္းမပြီး၊ မိန်းမပြီး၏။
(၂) လူတွင် ရှုပ်ထွေး၊ ကိုယ်ရေးပြည့်မှု၊ စုံတစ်ခုလည်း၊ ဗိုလ်ထုအများ၊ လက်ရုံးအားဖြင့်၊ ယောင်္ကျားဆောင်သီး၊ မပြီးကိစ္စ၊ တစ်ယောက်မျှပင်၊ မိန်းမရွက်ဆောင်၊ အောင်သည်တစ်မျိုး။ (၃) အမရာဒေ၀ီ၊ ဘေရီဓမ္မ၊ ဒိန္နာစသည်၊ အပ္ပကဟူ၊ နည်းငယ်မူကား၊ လူဝယ်ထိုသို့၊ မိန်းမတို့လည်း၊ မချို့ပညာ၊ ယှိတတ်စွာ၏။
(၄) ညဏ်လစ် ယောင်္ကျား၊ ယှိခဲ့ငြားသော်၊ ယောင်္ကျားတို့ထက်၊ ရုတ်တရက်ညဏ်၊ ပဋိဘာန်ဖြင့်၊ လျင်မြန်မချွတ်၊ ကြံစည် တတ်၏။
(၅) ကိစ္စတသီး၊ အရေးကြီး၍၊ မပြီးနိုင်က၊ ကြံမရသော်၊ မိန်းမကိုသာ၊ တိုင်ပင်ရာဟု၊ ပညာယှိများ၊ အစဉ်ကြားလျက်၊ ထင်ရှားမိန့် မှာ၊ ဥဒါန်းလာ၏။
မဃဒေ၀လင်္ကာသစ် ကျမ်းပြုဆရာတော်ဘုရားကြီး အသျှင်ဇ၀န၏ ပုံတော်( စာအုပ်ပါပုံကို ဓာတ်ပုံရိုက်ထားပါသည် )
ဒီတော့ စာပေများမှာ အမျိုးသမီးများနဲ့ ပတ်သက်လို့ အဆိုးအကောင်း ဝေဖန်သုံးသပ်ထားကြတာ အမျိုးမျိုးပါ။ ကျမ်းဂန်များမှာတော့ မိန်းမသားများကို ဖော်ညွှန်းရာမှာ“မာတုဂါမ”ဖြစ်ပါတယ်။ ဒါက ပါဠိဝေါဟာရပါ။ ဒီဝေါ ဟာရအဓိပ္ပါယ်က “မိခင်မျိုးနွယ်” ဒါမှမဟုတ် “ မိခင်အဖွဲ့အစည်း” လို့ ဆိုလိုပါတယ်။ ဒါ့ကြောင့် ဗုဒ္ဓ၀ါဒမှာ မိန်းမသားတစ်ယောက်ဟာ မိခင်တစ်ယောက်အဖြစ် ဂုဏ်သိက္ခာရှိတဲ့နေရာကို ရရှိထားပါတယ်။ မိခင် တစ်ယောက်ကို နိဗ္ဗာန်သို့ တက်ရောက်ဖို့ ဒါမှမဟုတ် မြင့်မြတ်တဲ့နေရာကို တက်လှမ်းဖို့ သင့်လျော်တဲ့ လှေကား တစ်ခုအဖြစ် သတ်မှတ်ထားတာပါ။ ဇနီးမယားကိုလည်း လင်ယောင်္ကျားရဲ့အကောင်းဆုံးမိတ်ဆွေ ( ပရမာသခါ ) တစ်ဦးအဖြစ် ယူဆထားတာပါ။
မြင့်မြတ်တဲ့အမျိုးသမီးများရဲ့ အဖွဲ့အစည်းဖြစ်တဲ့ ဘိက္ခုနီသာသနာကိုတည်ထောင်ခွင့်ပြုခြင်းဟာ မဟာပဇာပတိ ဂေါတမီ၏ စွမ်းဆောင်မှုကြောင့်လို့ ဆိုရပါမယ်။ ဒီအဖွဲ့အစည်းကို ဖွဲ့စည်းတည်ထောင်ခွင့်ရခြင်းဟာ အမျိုးသမီး တစ်ယောက်ရဲ့ စွမ်းဆောင်မှုကြောင့်ဆိုယင်လည်း မှားမယ်မဟုတ်ဘူး။ မြတ်ဗုဒ္ဓဟာ အမျိုးသမီးများကို နှိမ့်ချမထားဘဲ သဘာဝရဲ့ အာနွဲ့သူများအဖြစ် အသိအမှတ်ပြုထားသလို အမျိုးသားနဲ့အမျို့သမီးတို့ရဲ့ အတွင်း ဓာတ်ခံသဘော မွေးရာပါ ကောင်းတဲ့စိတ်ကိုလည်း ကောင်းစွာသိတော်မူပါတယ်။ တကယ်တော့ လိင်ပိုင်းဆိုင် ရာကွဲပြားမှုဟာ လွတ်မြောက်မှုအတွက် တားမြစ်ချက်မဟုတ်ပါဘူး။ မြတ်ဗုဒ္ဓရဲ့ဒေသနာတော်များကို ကြည့်ရှု့ လေ့လာမယ်ဆိုလျင် အမျိုးသမီးများကို သင့်တော်တဲ့နေရာ ပေးထားတာ တွေ့မြင်နိုင်ပါတယ်။
အရှင်သာရိပုတ္တရာနဲ့အရှင်မောဂ္ဂလာန်တို့ကို ဘိက္ခုသံဃာရဲ့အကြီးအကဲအမြတ်ဆုံးသာဝကများအဖြစ် သတ် မှတ်ခန့်အပ်ထားသလို ဘိက္ခုနီသံဃာမှာလည်း ရှင်မခေမာနှင့် ရှင်မဥပ္ပလ၀ဏ် ထေရီနှစ်ပါးတို့ကို အကြီးမြတ် ဆုံး ဘိက္ခုနီသာဝကများအဖြစ် သတ်မှတ်ခန့်အပ်ထားခဲ့တယ်။ ဘိက္ခုနီသံဃာ့အဖွဲ့အစည်းနဲ့ ဥပါသိကာ သာဝိ ကာမများမှာ မိဖုရားများ၊ မင်းသမီးများ၊ မြင့်မြတ်တဲ့အမျိုးသမီးများ၊ မုဆိုးမများ၊ သောကရောက်နေတဲ့ အမေများ၊ အကူအညီကင်းမဲ့နေတဲ့ အမျိုးသမီးများ၊ အဆုံးစွန်အားဖြင့် ပြည်တန်ဆာမများထိပါ အဆင့်အတန်း အမျိုးမျိုးမှ သာသနာ့ဘောင်ကို ၀င်ရောက်လာကြတယ်ဆိုတာ တွေ့မြင်နိုင်ပါတယ်။ အဲဒီအထဲကမှ ပဋာစာရီ၊ ဓမ္မဒိန္နာ၊ ဘဒ္ဒါကာပိလာနိ၊ ၀ိသာခါ၊ သုပ္ပိယ၊ နကုလမာတာ၊ သာမာဝတီ၊ မလ္လိကာ၊ ခုဇ္ဇုတ္တရာ၊ သီရိမာ၊ အမ္ဗပါလီ၊ သုမနနဲ့ သုဘဒ္ဒါ စသူတို့ ဟာ ထင်ရှားသူများ ဖြစ်ပါတယ်။
ကျမ်းဂန်များမှာတော့ ရဟန်းတော်ပေါင်း ၂၆၄-ပါးကို အကြောင်းပြုထားတဲ့ ထေရဂါထာပေါင်း ၁၂၈၈-ခုရှိတာကို တွေ့ရပြီး ထေရီပေါင်း ၇၃-ပါးကို အကြောင်းပြုထားတဲ့ ထေရီဂါထာပေါင်း က ၅၃၄-ခု ရှိတာကို သိရှိရပါတယ်။
ကြီးကျယ်ကောင်းမွန်တဲ့ မိန်းမသားမရှိလျင် ဗုဒ္ဓ၀ါဒဆိုင်ရာဘာသာတရား မရှိနိုင်ပါဘူး။ မြတ်ဗုဒ္ဓရဲ့မယ်တော် ဖြစ် တဲ့ မိဖုရား မဟာမာယာဒေ၀ီဟာ သူမရဲ့သားဘုရားလောင်းတော်အတွက် သူမဘ၀ကို ပေးအပ်ခဲ့ရတယ်။ သူမ ဟာ မင်းသားငယ်ကို မွေးဖွါးပြီးတဲ့နောက် ရက်အနည်းငယ်မှာပဲ သူမဘ၀ကို အပြီးအပိုင် စွန့်လွှတ်ခဲ့ရတယ်။ ဒါပေမယ့် အခြားကောင်းမွန်မြင့်မြတ်တဲ့ မိန်းမသားတစ်ဦးဖြစ်သူ သူ့ရဲ့အဒေါ် မဟာပဇာပတိဂေါတမီက အမေ တစ်ယောက်ရဲ့နေရာကို ၀င်ယူပြီး နုးညံ့စွာ ဂရုတစိုက်ချစ်ခြင်းဖြင့် သူ့ကို မွေးမြူခဲ့ရပြန်တယ်။ ဒါ့ကြောင့် မြင့်မြတ် ကောင်းမွန်တဲ့ မိန်းမသားများသာမရှိလျင် မြတ်ဗုဒ္ဓဟာ လူသားတစ်ယောက်အဖြစ် ရှင်သန်ရပ်တည်ဖို့နဲ့ မြတ်ဗုဒ္ဓ (သဗ္ဗညုတညဏ်ရှင်)အဖြစ် ပေါ်ပေါက်လာဖို့မှာ ဘယ်သောအခါမှ ဖြစ်လာမှာမဟုတ်ဘူးဆိုတာ ရှင်းရှင်း လင်းလင်းတွေ့မြင်ရမှာပါ။ ဒါကပဲ သဘာဝတရားက ဖန်တီးပေးလိုက်တာပဲပေါ့။
ဒါနဲ့စပ်ဆပ်လို့ မိခင်ရင်းနဲ့ မွေးစားမိခင်တို့ကို ဥပမာတင်စားထားတဲ့ စာလေးကို သတိရမိတယ်။ အဲဒါကတော့ မိခင်ရင်းဟာ သူ့အမြစ်ကပေါက်လာတဲ့ သစ်ပင်ကို ရှင်သန်ဖွံ့ဖြိုးလာအောင် အာဟာရဖြစ်စေတဲ့ အစားအစာတွေ တိုက်ကျွေးပေးတဲ့ ရေပန်းနဲ့တူပါတယ်။ မွေးစားမိခင်ကတော့ ဟို--အမြင့်တိမ်တိုက်ထဲအရောက် ထိုးတက် သွား ပြီး အဝေးကြီးရောက်သည့်အထိ ခရီးဆန့်၊ ကန္တာရထဲက အထီးကျန်သစ်ပင်လေး ဖွံ့ဖြိုးစေဖို့ အာဟာရဖြစ် စေတဲ့ အစားအစာတွေ တိုက်ကျွေးပေးတဲ့ ရေပန်းနဲ့တူတယ်-တဲ့။
(A mother is likened unto a mountain spring that nourishes the tree at its root, but one who mothers another’s child is likened unto a water that rises into a cloud and goes a long distance to nourish a lone-tree in the desert.)
“ကောင်းမွန်မြင့်မြတ်သော အမေများမရှိလျင် ထိုနိုင်ငံ(ထိုအမျိုး)သည် ကြီးကျယ်သောနိုင်ငံ (ကြီးကျယ်သော အမျိုး)ဖြစ်မလာနိုင်ဘူး” ဆိုတဲ့အရာဟာ မှန်ကန်ဆဲပါ။ ပုံမှန်အားဖြင့်တော့ အလုပ်သို့သွားရခြင်း၊ သူ၏မိသားစု အတွက် စားစရာနဲ့ အခြားလိုအပ်ချက်များ ထောက်ပံ့ရခြင်းဟာ ဖခင်ရဲ့တာဝန်ဖြစ်တယ်ဆိုတာ အားလုံး လက်ခံ ထားကြပါတယ်။ ဒါပေမယ့် ကလေးကို ဂရုတစိုက်စောင့်ရှောက်ဖို့နဲ့ သူတို့ရဲ့ ကိုယ်ကျင့်တရားဆိုင်ရာကို ပုံစံသွင်း ရခြင်းတို့ကတော့ မိခင်များသာ ဖြစ်ပါတယ်။ မိခင်များကပဲ သူတို့ရဲ့မိခင်ဘာသာစကားကို ပြောဆိုဖို့ သူတို့ရဲ့ ကလေးငယ်များကို သင်ကြားပေးရတာပါ။ ဒီတော့ လူသားတိုင်းဟာ အမေ့လျှာ-ကြောင့် ပြောဆိုကြတယ်လို့ ဆိုနိုင်ပါတယ်။ ဘာ့ကြောင့်လဲဆိုယင် ကလေးငယ်ရဲ့ ပထမဆုံးဖြစ်တဲ့ စကားဟာ မိခင်ဖြစ်သူထံမှ သင်ယူရ ရှိခဲ့လို့ ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း မိမိလူမျိုးရဲ့ပင်ရင်းစကားကို မိခင်ဘာသာစကားလို့ ပြောဆိုကြခြင်း ဖြစ်ပါလိမ့်မယ်။
လူသားလောကကြီးမှာ ကြီးကျယ်တဲ့အောင်မြင်မှုကို ပြုလုပ်နိုင်သူ၊ မြင့်မားတဲ့ရိုသေလေးစားမှုကို ရရှိသူ အချို့ မိန်းမယောကျာင်္းများကို ဘယ်အချိန်မှာပဲကြည့်ကြည့် သူတို့ရဲ့မိခင်ဖြစ်သူဟာ အဲဒီအောင်မြင်မှုတွေအတွက် ယုံကြည်မှုအချို့ကို ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။ လူသားတိုင်းဟာ ကလေးဘ၀က ရရှိခဲ့တဲ့ အယူအဆအတွေး အခေါ်များဟာ ဘ၀တစ်လျောက်လုံး သူတို့နဲ့အတူတကွပါသွားတာမျိုးပါ။ ဒါကို စိတ်ပညာရှင်များက ပြောပြခြင်း ဖြစ်ပါတယ်။ မိခင်များထံမှ ကောင်းမွန်မြင့်မြတ်တဲ့ ညွန်ကြားချက်များ ရရှိလျင်၊ အမှားအမှန်ကြားမှာ ခြားနားမှုကို ပြောကြားလျင်၊ မိသားစုများ၊ သူငယ်ချင်းများ၊ ကလေးငယ်ကိုယ်တိုင်အတွက် တာဝန်များကို ပြောကြားလျင် လူသားတိုင်း ဘ၀ရဲ့ဆုံးရှုံးမှုများကို ပြုလုပ်ခဲ့ကြမှာ မဟုတ်ဘူး တဲ့။
ကမ္ဘာလောကကြီးရဲ့အစိတ်အပိုင်းတော်တော်များမှား ဆိုးသွမ်းတဲ့သူငယ်များက ဖြစ်ပေါ်စေတဲ့ ဆင်းရဲ့ဒုက္ခများ စွာကို ကြားနေကြရတာပါ။ တိုင်းပြည်များစွာမှာ ငယ်ရွယ်နုပျိုတဲ့ လူငယ်များ ဆိုးသွမ်းရခြင်းအကြောင်းမှာ -
ဒီငယ်ရွယ်တဲ့လူငယ်များဟာ သူတို့ရဲ့မိဘများထံမှ သင့်လျော်တဲ့ ညွန်ကြားချက်ကို မရရှိခဲ့ဘူး-ဆိုတဲ့ အချက် ကြောင့် ဖြစ်တယ်လို့ တရားသူကြီးများနှင့်ရဲအရာရှိကြီးများက ပြောဆိုသုံးသပ်ကြပါတယ်။ ဒါ့ကြောင့် အချို့သူ များက “ဆိုးသွမ်းတဲ့ကလေးတွေ-လို့ ပြောဆိုဖို့ မသင့်ဘူး၊ ဆိုးသွမ်းတဲ့မိဘများ-လို့ ပြောဆိုသင့်တယ်”လို့ ယူဆ လာကြခြင်း ဖြစ်ပါတယ်။ ဒါဟာ ကိစ္စအားလုံးမဟုတ်လျင်တောင် အချို့ကိစ္စများမှာ မှန်ကန်နေပါတယ်။
ငယ်ရွယ်နုပျိုမှုကြောင့်ဖြစ်တဲ့ ကြမ်းတမ်းဆိုးရွားမှုများစွာမှာ ဆိုးသွမ်းတဲ့မိဘများက အမှားအယွင်းအားလုံးကို ဖြစ်စေခဲ့တာတော့ မဟုတ်ပါ။ ဒါပေမယ့် ကလေးဟာ မိဘမဲ့ကလေးဖြစ်တယ်ဆိုတဲ့အချက်နဲ့ ကောင်းတဲ့လမ်း ညွန်မှုကို ရရှိဖို့ အမေအဖေမရှိ ဆိုတဲ့ အချက်က မှားယွင်းစေခြင်း ဖြစ်ပါတယ်။ အားလုံးသော လူသားသတ္တ၀ါ များကို ညီအကိုမောင်နှမများအဖြစ် သတ်မှတ်ရမယ်ဆိုတာကို ဗုဒ္ဓဘာသာဆိုင်ရာက ပြောပြထားပါတယ်။ ဒါ့ကြောင့် မိဘမဲ့ကလေးများကို သူတို့ရဲ့ကိုယ်ကျင့်တရားဆိုင်ရာအတွက် ကောင်းတဲ့သတင်း အချက်အလက် များ၊ ကောင်းတဲ့အကူအညီဖြစ်စေမယ့် လမ်းညွန်ချက်များကို ပေးနိုင်ဖို့ ကြိုးစားသင့်ပါတယ်။
မျက်မှောက်ကမ္ဘာမှာ စစ်ပွဲနှင့်ပတ်သက်တဲ့ အဆက်မပြတ်ဖြစ်နေတဲ့ ကြောက်လန့်မှုများရှိနေတယ်ဆိုတာ အား လုံး သိရှိကြပြီး ဖြစ်ပါတယ်။ ကမ္ဘာလောကကြီးရဲ့ များစွာသောအစိတ်အပိုင်းများမှာ ဘာသာတရားကို မေ့လျော့ နေခဲ့ခြင်းကပဲ ဒီအခြေအနေအတွက် တစ်ခုသောအကြောင်းဖြစ်နိုင်ပါတယ်။ အမေများဟာ ဘာသာတရားမှာ တွေ့ရှိရတဲ့ ကြီးကျယ်မြင့်မြတ်တဲ့အမှန်တရားများကို သူတို့၏ကလေးများသို့ သင်ကြားမပေးတဲ့အခါ ငြိမ်းချမ်းတဲ့ ကမ္ဘာကြီးအဖြစ် မျော်လင့်ရန် ခက်ခဲပါလိမ့်မယ်။
လူသားအားလုံးနဲ့ပတ်သက်တဲ့ အကောင်းဆုံးဘာသာတရားရှိတယ်ဆိုတာကို ဗုဒ္ဓ၀ါဒီများက ယုံကြည်ကြပြီးသား ပါ။ ဒါ့ကြောင့် ဗုဒ္ဓ၀ါဒယုံကြည်မှုကို ရိုသေဖို့ ကလေးကိုစောင့်ရှောက်မွေးမြူတဲ့အိမ်၊ သန်မာတဲ့ကိုယ်ကျင့်တရား ရှိပုံပေါ်တဲ့ ကလေးရှိတဲ့အိမ်၊ ဘ၀နေထိုင်မှုပုံစံ အောင်မြင်မှုရရှိတဲ့အိမ်များဟာ ပျော်ရွှင်ချမ်းမြေ့တဲ့အိမ်အဖြစ် တွေ့မြင်နေရတာပါ။
ယောကျာ်းများဟာ အလုပ်ကိစ္စများ၊ ငွေရအောင်ပြုလုပ်ခြင်း၊ ဟိုက်ဒရိုဂျင်ဗုံးကို ထုတ်လုပ်ခြင်း၊ စစ်ပွဲကို ဖန်တီး ခြင်း၊ စစ်ပွဲပြီးတဲ့နောက် တစ်ဖန်ကမ္ဘာကြီးကို ဖြောင့်မတ်အောင် ကြိုးစားခြင်းဖြင့် ပုံမှန်အားဖြင့် ဦးဆောင်မှုကို ယူလေ့ရှိတယ်ဆိုတာကို ဘယ်အချိန်မဆို ကမ္ဘာကြီးမှာ ဒီအတိုင်းတွေ့နေရတာပါ။
ဒါပေမယ့် မိန်းမသားအုပ်စု တစ်စုက စစ်ပွဲတစ်ပွဲကို စတင်ဖန်တီးခဲ့တယ်ဆိုတာကိုတော့ သံသယရှိစရာကောင်းတဲ့ ဝေါဟာရတစ်ခုပါ။ တကယ်တော့ ယောင်္ကျားသားတိုင်းဟာ မိခင်ဖြစ်သူက ချမှတ်ပေးထားတဲ့ ဥပမာများကို သတိရသင့်ပြီး ဖျက်ဆီး ကြမယ့်အစား ငြိမ်းချမ်းမှုအတွက် ကြိုးစားသင့်ကြတယ်။
ယေဘုယျအားဖြင့် လူ့အဖွဲ့အစည်းကို ကူညီသူ၊ လှုမှုရေးနဲ့ပတ်သက်တဲ့ တိုးတက်မှုများကို ပြုလုပ်စေသူ၊ လူသားမျိုးနွယ်ကို စောင့်ရှောက်တဲ့သူ၊ နုးညံ့ပြီးကူညီမှုကို ပေးတဲ့သူများဟာ မိန်းမသားများသာ ဖြစ်ပါတယ်။ ဆေးရုံအတွက်၊ မိဘမဲ့ကလေးများဂေဟာအတွက်၊ ဒါမှမဟုတ် မျက်မမြင် နားမကြားဂေဟာများအတွက် လိုအပ်တဲ့ မည်သည့်အချိန်ဖြစ်ဖြစ် ပုံမှန်အားဖြင့် အဲဒီအရာကို ဖြည့်ဆည်းပေးနေသူများမှာ လိုအပ်ချက်များကို ဂရုစိုက်ရတဲ့ လူ့အဖွဲ့အစည်းဖြစ်တဲ့ မိန်းမသားများသာ ဖြစ်ပါတယ်။ ဒါ့ကြောင့် “မိန်းမသားများအားလုံး ဗုဒ္ဓ၀ါဒီလူ့အဖွဲ့အစည်းအသင်းအပင်းမှ ရုတ်တရက် ထွက်ခွါသွားကြလျင် ခိုင်မာသောဗုဒ္ဓဘာသာ လူ့အဖွဲ့အစည်း ကျန်ရစ်လိမ့်မည် မဟုတ်။ မိန်းမသားများသည် ဘာသာတရားတည်းဟူသော ခန္ဓာကိုယ်အတွက် နှလုံးသားကို ထည့်ပေးထားကြသူများ ဖြစ်သည်”ဟု ပြောဆိုကြခြင်း ဖြစ်ပါတယ်။
အသက်ကြီးသူများနှင့်ဆင်းရဲသူများအတွက် လိုအပ်ချက်များ၊ ဘုရားကျောင်းကန်များအတွက် အသုံးအဆောင် များ အဲဒီအရာများအတွက် ထောက်ပံ့မှုအားလုံးဟာ မိန်းမသားများရဲ့ လုံးလစွမ်းပကားကြောင့် ဖြစ်တယ်ဆိုယင် လွန်လွန်းရာကျမယ့် အဆိုမဟုတ်ပါဘူး။ ဒါ့ကြောင့် “မိန်းမသားများသာ မရှိလျှင် အားလုံးသောဒါနသည် အဆုံးတစ်ခုသို့ လားရောက်လုနီးပါး ဖြစ်လိမ့်မည်”ဟု ပြောဆိုကြခြင်း ဖြစ်ပါတယ်။
တိုင်းပြည်အသီးသီးမှာ ကလေးများနှင့်တိရိစ္ဆာန်များကို ကြမ်းတမ်းစွာပြုမူခြင်းမှ တားမြစ်ရန် ဥပဒေများကို ချမှတ်ခဲ့ပြီး ဖြစ်ပါတယ်။ ဒီအတွက် မိန်းမသားများဟာ အချို့သောဥပဒေများကို ချမှတ်ရန် လုပ်ဆောင်ခဲ့တာပါ။ ကမ္ဘာပေါ်ရှိ တိုင်းပြည်အများစုမှာ ဆရာများဟာ မိန်းမသားများ ဖြစ်ပါတယ်။ ကလေးများရဲ့ ကောင်းမွန်မှန်ကန် တဲ့ ကိုယ်ကျင့်တရားဆိုင်ရာကို ပုံစံသွင်းရာမှာ အမေဖြစ်သူများကို ကူညီဖို့ဟာ သူတို့ရဲ့ တာဝန်အဖြစ် ခံယူထားကြတာပါ။
ကြက်ခြေနီအလုပ်ဆိုတာ သိတဲ့အတိုင်း ဘေးဒုက္ခရှိတဲ့ နေရာတော်တော်များများမှာ ဘယ်အချိန်ဖြစ်ဖြစ် ပြုလုပ် ရပါတယ်။
ဒီမြင့်မြတ်တဲ့ အဖွဲ့အစည်းတွေဟာ မြင့်မြတ်တဲ့ မိန်းမတစ်ယောက်စီ၏ တာဝန်သိစိတ်ကြောင့် ဖြစ်ပေါ်လာတဲ့ အလုပ်ရဲ့အကျိုးဆက် များ အသီးသီး ဖြစ်ပါတယ်။
သူတို့ထဲက ပထမတယောက်က Florence Nightingle ပါ။ ကင်ဆာခံစားနေရတဲ့ လူနာထောင်ပေါင်း များစွာဟာ ဓာတ်ရောင်ခြည်ကုသမှုနဲ့ အချို့သောသက်သာမှုကို ရရှိခဲ့ပါတယ်။
အဲဒီရေဒီယမ်ကို ရှာဖွေသူ ကတော့ မိန်းမသားတစ်ယောက်ဖြစ်တဲ့ Madame Curie ဖြစ်ပါတယ်။
လူသားကျွန် ဘ၀စနစ်ကို ဖြတ်သိမ်းနိုင်ဖို့ လုပ်ဆောင်ခဲ့တဲ့သူများထဲမှာ မိန်းမသားတစ်ယောက် ပါဝင်ပါတယ်။ သူကတော့ Harrief Beechar Stow ဖြစ်ပါတယ်။ အိုမဲအိမ်မဲ့ ဖြစ်နေသူကလေးများကို ပြုစုစောင့်လျှောက်သူ မိန်းမသားတစ်ဦး ရှိပါတယ်။
သူက တော့ Mother teresa ဖြစ်ပါတယ်။ အခြားသော တိုင်းနိုင်ငံအသီးသီးမှာလည်း သူ့အစွမ်းနဲ့သူ ရှိနေကြတဲ့ မိန်းမသားများ များစွာရှိနေတာပါ။
ဒီတော့ ဘယ်ရှုထောင့်က ကြည့်ကြည့် အကြောင်းတခုကတော့ ကမ္ဘာလောကမှာ မိန်းမသားများရဲ့ လွှမ်းမိုး မှုဟာ များစွာအရေးကြီးတဲ့ လွှမ်းမိုးမှုဖြစ်တယ်ဆိုတာကို ကောက်ချက်ချဖို့ ခွန်အားဖြစ်စေခဲ့တယ် ဆိုတာ သမိုင်းဆိုင်ရာ အချက်အလက်တွေက ပြောပြပေးနေပါတယ်။ အချုပ်အားဖြင့်တော့ ယနေ့ ဆိုးသွမ်း ပေတေ ရမ်းကားနေတဲ့ လူငယ်တွေ တော်တော်များများဟာ မိဘ သို့မဟုတ် မိခင်ရဲ့ ရင်ခွင် ကနေ ကင်းကွာပြီး ဆိုဆုံးမမှု့ မေတ္တာကို မရရှိ မခံစားခဲ့ရတဲ့အတွက်ဆိုတာ သေချာပါတယ်။
“ လူတွင် ရှုပ်ထွေး၊ ကိုယ်ရေးပြည့်မှု၊ စုံတစ်ခုလည်း၊ ဗိုလ်ထုအများ၊ လက်ရုံးအားဖြင့်၊ ယောင်္ကျားဆောင်သီး၊ မပြီးကိစ္စ၊ တစ်ယောက်မျှပင်၊ မိန်းမရွက်ဆောင်၊ အောင်သည်တစ်မျိုး။ ”
“ ကိစ္စတသီး၊ အရေးကြီး၍၊ မပြီးနိုင်က၊ ကြံမရသော်၊ မိန်းမကိုသာ၊ တိုင်ပင်ရာဟု၊ ပညာယှိများ၊ အစဉ်ကြားလျက်၊ ထင်ရှားမိန့် မှာ၊ ဥဒါန်လာ၏ ”
စသည်ဖြင့် မိခင် မိန်းမသားများ၏ ပညာရှိပုံ အထင်မသေးသင့်ပုံ၊ ကိစ္စကြီးငယ် ကြုံလာခဲ့သော် မဖြေရှင်းနိုင်က ဖြတ်ထိုးဥာဏ် ပင်ကိုယ်ဥာဏ် ကောင်းမွန်သော မိန်းမသားများကို တိုင်ပင်သင့်ပုံတွေကို မန်လည်ဆရာတော်ဘုရားကြီးက ဘုရားဟော ကျမ်းဂန်တွေကို ထောက်ဆကာ မဃဒေ၀ လင်္ကာသစ်မှာ မှတ်တမ်းတင်တော်မူထားခဲ့ဖူးတယ်။
ကိုယ်မွေးထားတဲ့ သား သမီးကို စွန့်ပစ်တဲ့ မိခင် ဆိုတာ အယောက်တစ်ရာမှာ တစ်ယောက်မရှိနိုင်ပါဘူး၊ မိခင်ဆိုတာ နွေးထွေးတဲ့ မေတ္တာတွေကို ပေးနေတဲ့ ကိုယ့်ဘ၀တလျောက်လုံးကို ပြောင်းလဲပေးနိုင်တဲ့ လက်တစ်စုံပဲ ဖြစ်တယ် ဆိုတာ ယုံကြည် လက်ခံလျင်တော့ အဲဒီနွေးထွေးတဲ့ လက်တစ်စုံကို မပစ်ပယ်ကြပဲ နွေးထွေးစွာ ကြိုဆိုကြပါစို့လို့ တိုက်တွန်းစကား ဆိုပါရစေ။
မိခင်ရဲ့ မေတ္တာကို ရရှိပြီး ပညာဖြင့် လောက ကို အလှဆင်နိုင်ကြပါစေ --
မိခင် မေတ္တာ ဖော်ကျူးသော မူရင်းရေးသားသူ မောင်တင့်ယဉ် ၏ ပို့စ်အား ပြန်လည် ဖြည့်စွက် တင်ပြပါသည်။
အရှင်သုနန္ဒာလင်္ကာရ
http://www.dhammayaungchi.com/

နိကာယ်(၅)ရပ်အားစနစ်တကျလေ့လာခြင်း
“ဗုဒ္ဓဘာသာကို စနစ်တကျ လေ့လာချင်ပါတယ်။ ဘယ်လို လေ့လာရပါမလဲ” လို့ နိုင်ငံခြားသား ဗုဒ္ဓဘာသာဝင်တစ်ဦးက ကျွန်တော်အား မေးဖူးသည်။ အကြောင်းရင်းကို မေးကြည့်တော့၊ “ဟိုဟိုဒီဒီ စာအုပ်တွေ ဖတ်၊ တရားတွေ နာလို့ သိတာတွေလည်း အတော်များပါတယ်။ ဒါပေမဲ့ ဟိုတစ်စ, ဒီတစ်စ ဖြစ်နေပြီး, သေခြာ မသိသေးသလိုဖြစ်နေလို့ပါ” ဟုအဖြေပေးသည်။ ‘စနစ်ကျခြင်း’ဟူသော ဝေါဟာရ၏ အနက် အဓိပ္ပါယ်ကို ပြန်၍ စဉ်းစားမိသည်။ ဤတွင် လှေကားထစ်တက်သကဲ့သို့ လွယ်ရာမှ ခက်ရာသို့ တစ်ဆင့်ပြီး တစ်ဆင့် (step-by-step) လေ့လာခြင်းကို စနစ်တကျ လေ့လာခြင်း ဟုဆိုနိုင်သည်။ တနည်းအားဖြင့်လည်း တိုင်, ထုတ်, ယက်မ, ဒိုင်း, နံရံ, အမိုးစသော အစိတ်အပိုင်းများကို သူ့နေရာနှင့်သူ ချိတ်ဆက်ပေါင်းစပ်၍ အိမ်တစ်ခုတည် ဆောက်သကဲ့သို့၊ ဟိုတစ်စ, ဒီတစ်စ ပြန့်ကျဲနေသော အစိတ်အပိုင်းများအား တစ်ခုနှင့် တစ်ခု ဆက်စပ်ပေါင်းစည်းကာ တစ်စုတစ်စည်းတည်း သိမ်းယူတည်ဆောက်၍ part-whole အားဖြင့် လေ့လာခြင်းမျိုးကိုလည်း ဆိုနိုင်ပါသည်။ တစ်ဆင့်ပြီး တစ်ဆင့် အစဉ်အတိုင်း လေ့လာသည်ဖြစ်စေ, အစိတ်အပိုင်းများအား စုစည်းပေါင်းစပ်ကာ ပြီးပြည့်စုံသော အမြင်တစ်ခုရရန် လေ့လာသည်ဖြစ်စေ, ရည်ရွယ်ချက်တစ်ခုသို့ ပို့ဆောင်ပေးနိုင်စေရပါမည်။
ဗုဒ္ဓမြတ်စွာ ၄၅-နှစ်တာ ဟောကြားခဲ့သောတရားတော်များ၏ အနှစ်သာရ, ရည်ရွယ်ချက်ပန်းတိုင်သည် ‘၀ိမုတ္တိရသ’ ခေါ် လွတ်မြောက်မှု ချမ်းသာဖြစ်သည်။ သို့သော် ပုဂ္ဂိုလ်တို့၏ ဉာဏ်အတိမ်အနက်, ကိလေသာအထူအပါး, အကျင့်စရိုက်, ၀ါသနာတို့ကိုလိုက်ကာ ရှုထောင့်အမျိုးမျိုး, နည်းပရိယာယ်အမျိုးမျိုးဖြင့် တရားဓမ္မကို ဟောကြားတော်မူခဲ့သည်။ ၀ိမုတ္တိရသ နိဗ္ဗာန်ချမ်းသာကို လက်လှမ်း မမှီနိုင်သေးသူတို့အားလည်း အပါယ်ဒုဂ္ဂတိသို့ မကျရောက်စေရန် တမလွန် အကျိုးစီးပွား (သမ္ပရာယိက ဟိတသုခ) အတွက် ဟောကြားသည်။ ထို့အတူ မျက်မှောက်ဘ၀ ကြီးပွားရေး, စီးပွားရေး, လူမှုရေး, နိုင်ငံရေးစသော အကျိုး စီးပွားများ (ဒိဋ္ဌဓမ္မ ဟိတသုခ) အတွက်လည်း ဟောကြားသည်။ မြတ်စွာဘုရား ပွင့်ထွန်းလာခြင်းသည် လောကသားတို့၏ အကျိုးစီးပွားအတွက်ဖြစ်သည် ဟူသောစကားအတိုင်း နိကာယ် ၅-ရပ်တို့၏ ရည်ရွယ်ချက်သည် (၁) မျက်မှောက် အကျိုးစီးပွား (ဒိဋ္ဌဓမ္မ ဟိတသုခ)၊ (၂) တမလွန် အကျိုးစီးပွား (သမ္ပရာယိက ဟိတသုခ) (၃) ၀ိမုတ္တိသုခ ဟူသော အကျိုးသုံးပါးဖြစ်သည်။
ထိုရည်ရွယ်ချက်တို့အား ပို့ဆောင်ရန် တရားဒေသနာတို့ကို တစ်ဆင့်ပြီး တစ်ဆင့်လွယ်ရာမှ ခက်ရာသို့ အစဉ်အတိုင်း ဟောကြားထား၏။ ဤသို့ဟောကြားခြင်းအား အနုပုဗ္ဗိကထာ (အစဉ်အတိုင်းသော စကား) ဟု ခေါ်သည်။ ဒါန, သီလမှ အစပြု၍ ကာမဂုဏ်တို့၏ အပြစ်၊ ကာမဂုဏ်တို့မှ လွတ်မြောက်ခြင်းအကျိုးတို့ကို ဟောကြားကာ နောက်ဆုံးတွင် သစ္စာလေးပါးတရားအား ဟောကြားသော အစီအစဉ် ဖြစ်သည်။ ဟောစဉ်အရ ဤသို့ အနုပုဗ္ဗိကထာဖြင့် ဟောကြားသကဲ့သို့ ကျင့်စဉ်အရလည်း သီလ, ဣနြေ္ဒတို့ကို လုံခြုံအောင် စောင့်ထိန်းခြင်း, ရောင့်ရဲခြင်း, သမာဓိထူထောင်ခြင်း စသော အနုပုဗ္ဗသိက္ခာ, အနုပုဗ္ဗကိရိယာ, အနုပုဗ္ဗပဋိပဒါ ခေါ် လုပ်ငန်းစဉ်, ကျင့်စဉ်များကို ဟောကြားထားသည်။ ထိုဟောစဉ်များအားဖြစ်စေ, ကျင့်စဉ်များအားဖြစ်စေ အကျဉ်းခြုံးလိုက်ပါက သီလ၊ သမာဓိ၊ ပညာဟူသော သိက္ခာသုံးပါး၊ အုပ်စုသုံးစုရသည်။ နိကာယ် ၅-ရပ်တို့၏ အနှစ်သည် သီလ, သမာဓိ, ပညာဟူသော ဒေသနာစဉ်သုံးပါး၊ ကျင့်စဉ်သုံးပါးဖြစ်သည်ဟု ဆိုနိုင်ပါသည်။ ရှင်မဟာဗုဒ္ဓဃောသ ပြုစုခဲ့သော ‘၀ိသုဒ္ဓိမဂ္ဂ’ အဋ္ဌကထာသည် ဤ သီလ, သမာဓိ, ပညာသုံးပါးအား အကျယ်ပြန်လည်ဖွင့်ဆိုထားသော နိကာယ် ၅-ရပ်တို့၏ အဖွင့်ကျမ်းတစ်ဆူ ဖြစ်သည်။
မြတ်စွာဘုရားဟောကြားခဲ့သော ဒေသနာတော်များသည် သုတ္တန် အမျိုးမျိုး၊ အသွင် အမျိုးမျိုး ကွဲပြားနေသော်လည်း တစ်ခုနှင့်တစ်ခု ၀ိရောဓိဖြစ်မနေပဲ၊ ပတ်သက်ဆက်နွယ်နေသည်။ တိုင်, ထုတ်, ယက်မ, ဒိုင်းတို့ဖြင့် အချိုးညီညီ တည်ဆောက်ထားသော အိမ်တစ်လုံးကဲ့သို့ နိကာယ် ၅-ရပ်၏ အစိတ်အပိုင်းများကို ပေါင်းစပ်သိမ်းယူနိုင်သည်။ နိကာယ် ၅-ရပ်၏ အစိတ်အပိုင်းများကို ပေါင်းစပ်၍ ခြုံငုံကြည့်ပါက တရားဦး ဓမ္မစကြာဒေသနာတွင် ဟောကြားခဲ့သော သစ္စာလေးပါးတရားကို တွေ့ရပါမည်။ ကုန်းသတ္တ၀ါတို့၏ ခြေရာများသည် ဆင်ခြေရာတွင် အကျုံးဝင်သကဲ့သို့ ကုသိုလ်တရားအားလုံးတို့သည် သစ္စာလေးပါးတရား၌ အကျုံးဝင်သည်ဟု ရှင်သာရိပုတ္တမထေရ်က မဟာဟတ္ထိပဒေါပမသုတ်တွင် ဟောကြားထားသည်။
အနီးမှကြည့်လျှင် သစ်ပင်ပန်းမာလ် အမျိုးမျိုးကိုတွေ့နိုင်၍ အဝေးမှလှမ်း၍ ကြည့်လျှင် ဥယျာဉ် တောအုပ်ကို တွေ့ရမည်။ ထို့အတူပင် နိကာယ် ၅-ရပ်တွင် ပဋိစ္စသမုပါဒ်ဒေသနာ, သတိပဋ္ဌာန်ဒေသနာ, အနတ္တဒေသနာ, ဗောဓိပက္ခိယတရား, ခန္ဓာ, အာယတန, ဓာတ်, ကိလေသာ, သံယောဇဉ်, နီဝရဏစသဖြင့် ရှုထောင့်အမျိုးမျိုးမှ ဒေသနာအမျိုးမျိုး တွေ့နိုင်သော်လည်း ထိုဒေသနာများအား ဒုက္ခ, ဒုက္ခဖြစ်ခြင်း (သမုဒယ), ဒုက္ခချုပ်ခြင်း (နိရောဓ), ဒုက္ခချုပ်ခြင်းသို့ရောက်စေနိုင်သည့် အကျင့်လမ်း (မဂ္ဂ) ဟူ၍ သစ္စာလေးပါးတရားတွင် အကျုံးဝင်ပါသည်။ မည်သို့ဆက်စပ် အကျုံးဝင်ပုံကို အောက်ပါ mind-map ဖြင့် စိတ်ကူးပုံဖော် ကြည့်နိုင်ပါသည်။ mind-map ဟုဆိုသည့်အတိုင်း ဂြိုလ်တုမှရိုက်ထားသော အတိအကျ မြေပုံမျိုးတော့ မဟုတ်ပါ။ ပြီးပြည့်စုံသော ပုံစံတစ်ခု မဟုတ်ပါ။ သို့သော် ဤပုံစံဖြင့် နိကာယ် ၅-ရပ်မှ ဒေသနာ အတော်များများအား အဝေးမြင်ရှုခင်းမှ ကြည့်ရှုလေ့လာနိုင်ပါသည်။ နိကာယ် ၅-ရပ်ဟူသော တောအုပ်တွင်းသို့ ၀င်၍ သစ်ပင်ပန်းမာလ်တို့အား လှည့်လည် ရှုမောသုံးသပ်နိုင်ပါစေ။
http://www.sonata-cantata.co.cc/2009/01/blog-post_8002.html
Thursday, January 8, 2009
နိကာယ် ၅-ရပ်အား စနစ်တကျ လေ့လာခြင်း (၂)
နိကာယ် ၅-ရပ်၏ နောက်ဆုံးပန်းတိုင်သည် ၀ိမုတ္တိရသခေါ် ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းသည့် နိဗ္ဗာန်ချမ်းသာဖြစ်သည်။ နိကာယ် ၅-ရပ်အား အကျဉ်းခြုံးလိုက်ပါက အရိယသစ္စာ (မြတ်သော အမှန်တရား) လေးပါးကို ရသည်။ အနာသိမှ ဆေးရှိသည်ဟူသော စကားအတိုင်း အနာရောဂါကို ပျောက်ကင်းအောင် ကုသပေးမည့် သမားတော်သည် အနာရောဂါ၏ လက္ခဏာကို သိသည်။ အနာရောဂါ၏ ဖြစ်ကြောင်း ရောဂါဇစ်မြစ်ကို သိသည်။ ပျောက်ကင်းအောင် ကုသနိုင်သည်ကို သိသည်။ ဆေးနှင့် ကုထုံးကိုလည်း သိသည်။ ထို့အတူပင် ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းအောင် ကုသမည့် သမားတော်သည်လည်း ဒုက္ခ, ဒုက္ခဖြစ်ပေါ်ခြင်း (သမုဒယ), ဒုက္ခချုပ်ငြိမ်းခြင်း (နိရောဓ), ဒုက္ခချုပ်ငြိမ်းခြင်းသို့ ရောက်စေမည့် အကျင့်လမ်း (မဂ္ဂ) တို့ကို သိရသည်။ ဤကား အရိယသစ္စာလေးပါး ဖြစ်၏။ ရောဂါကုသရာတွင် ရောဂါသည်သည် မိမိတွင်ရောဂါရှိကြောင်းသိ၍ ကုသလိုစိတ် ရှိရန်သာလိုသည်။ ရောဂါဇစ်မြစ်နှင့် ဆေး, ကုထုံးတို့ကိုသိရန်မှာ သမားတော်၏ တာဝန်ဖြစ်သည်။ ဒုက္ခကို ကုစားမည့်သူသည်ကား သစ္စာလေးပါးကို ကိုယ်တိုင် သိရှိ၍ ကိုယ်တိုင် ကုသရန် လိုအပ်လေသည်။ နိကာယ်ငါးရပ်သည်ကား ဗုဒ္ဓညွှန်ကြားခဲ့သော ဆေးကျမ်းကြီး ဖြစ်၏။ နိကာယ်ငါးရပ်သည် ရောဂါကုထုံး ဆေးကျမ်းကြီးသာ မဟုတ်သေး။ ရောဂါရှိသူတို့အား မိမိတို့၏ ရောဂါကို ရိပ်စားမိစေရန်၊ ရောဂါ၏ ဆိုးကျိုးအပြစ်တို့ကို သိရှိနားလည်စေရန် ပြသကာ အချိန်မီ ကုစားနိုင်ကြစေရန် ပညာပေးသော ကျန်းမာရေး ပညာပေးကျမ်းလည်းဖြစ်၏။
ထို့ကြောင့်ပင် ဗုဒ္ဓမြတ်စွာဘုရားသည် တရားဦးဓမ္မစကြာဒေသနာတွင် အရိယသစ္စာလေးပါးအား ဟောကြားခဲ့သည်။
(၁) ဣဒံ ခေါ ပန, ဘိက္ခဝေ, ဒုက္ခံ အရိယသစ္စံ – ဇာတိပိ ဒုက္ခာ, ဇရာပိ ဒုက္ခာ, ဗျာဓိပိ ဒုက္ခော, မရဏံပိ ဒုက္ခံ, အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော, ပိယေဟိ ၀ိပ္ပယောဂေါ ဒုက္ခော, ယံပိစ္ဆံ န လဘတိ တံ ပိ ဒုက္ခံ, သံခိတ္တေန ပဉ္စုပါဒါနက္ခန္တာ ဒုက္ခာ။
မွေးဖွားခြင်း (ဇာတိ), အိုခြင်း (ဇရာ), နာခြင်း(ဗျာဓိ), သေခြင်း (မရဏ), မနှစ်သက်သောသူ, မနှစ်သက်သောအရာတို့နှင့် ကြုံတွေ့ရခြင်း (အပ္ပိယေဟိ သမ္ပယောဂေါ), နှစ်သက်သောသူ, နှစ်သက်သောအရာတို့နှင့် ကွဲကွာရခြင်း (ပိယေဟိ ၀ိပ္ပယောဂေါ), လိုချင်သည်တို့ကို မရခြင်း (ဣစ္ဆိတာလာဘ) တို့သည် ဒုက္ခများ ဖြစ်သည်။ စိတ်မချမ်းသာခြင်း, စိတ်ဆင်းရဲခြင်း, ထိတ်လန့်ခြင်း, စိုးရိမ်ပူပန်ခြင်း, ငိုကြွေးခြင်းတို့ကို ‘ဒုက္ခ’ ဟုခေါ်သည်။ အကျဉ်းချုပ်အားဖြင့်ဆိုက ဥပါဒါနက္ခန္ဓာ ၅-ပါးတို့သည် ‘ဒုက္ခ’ ဖြစ်သည်ဟု ဓမ္မစကြာဒေသနာတွင် ဟောကြားထား၏။
‘ခန္ဓာ’ဟူသော ပါဠိဝေါဟာရသည် ‘အပေါင်းအစု, အစုအဝေး’ဟု အဓိပ္ပါယ်ရသည်။ Aggregates ဟု အင်္ဂလိပ်ဘာသာ ပြန်လေ့ရှိသည်။ မြန်မာ အသုံးအနှုန်းတွင် ‘ခန္ဓာ’အား ‘ကိုယ်’ဟူသော ဝေါဟာရနှင့်တွဲဖက်၍ ‘ခန္ဓာကိုယ်’ဟုသုံးစွဲသည့် ကာယ (Body) ဟူသော အဓိပ္ပါယ်မျိုး မဟုတ်။ ‘ခန္ဓာ’သည် အာရုံတို့အား တွေ့ကြုံခံစားခိုက်တွင် ဖြစ်ပျက်နေသော တရားများကို ဆိုလိုသည်။ ပါဝင်ပတ်သက်နေသော တရားများကို ဆိုလိုသည်။ အာရုံသိမှုအတွေ့အကြုံ (experience) အား ခွဲခြမ်းစိတ်ဖြာကြည့်ပါက အုပ်စုငါးစု ပါဝင်ပတ်သက်နေသည်။ ယင်း အုပ်စု ငါးစု, အစုအပေါင်း ငါးပါးအား ခန္ဓာငါးပါး (ပဉ္စ + ခန္ဓာ = ပဉ္စက္ခန္ဓာ) ဟုခေါ်သည်။
စံပယ်ပန်းတစ်ပွင့်အား မြင်သောအခါ အဆင်းအာရုံကို သိခြင်းဟူသော သိမှုဝိညာဏ် (consciousness) ဖြစ်သည်။ စံပယ်ပန်းဟု အမှတ်ပြု၍ သိသော သညာ (perception) ဖြစ်သည်။ သာယာသော ခံစားမှု ဝေဒနာ (feeling) ဖြစ်သည်။ ထိုအာရုံ, မျက်စိအကြည်နှင့် သိစိတ်ဝိညာဏ်တို့ ထိတွေ့ခြင်းဟူသော ဖဿ (contact) ဖြစ်သည်။ အခြားအာရုံများအား အာရုံမပြုပဲ စံပယ်ပန်းအား အာရုံပြုခြင်းဟူသော မနသိကာရ (attention) ဖြစ်သည်။ သိခြင်း, မှတ်သိခြင်း, ခံစားခြင်း, ထိတွေ့ခြင်းစသောတရားတို့အား သိစေ, မှတ်သိစေ, ခံစားစေ, ထိတွေ့စေရန် စေ့ဆော်ပေးသော စေတနာ (intention) လည်း ဖြစ်သည်။ ဤဖဿ, မနသိကာရ, စေတနာစသော ပြုပြင်စီရင်တတ်သော သင်္ခါရတရားများ (mental formations) ဟုခေါ်သည်။ အဆင်းအာရုံနှင့် မျက်စိအကြည်ဟူသော ရုပ်တရားများလည်း ဖြစ်သည်။ စံပယ်ပန်းတစ်ပွင့်အား မြင်သော အာရုံအတွေ့အကြုံတွင် ဤနည်းအားဖြင့် ရုပ်, ဝေဒနာ, သညာ, သင်္ခါရာ, ၀ိညာဏ်ဟူသော ခန္ဓာငါးပါးဖြစ်ပေါ်သည်။
“အတိတ်, အနာဂတ်, ပစ္စုပ္ပန်, အတွင်း, အပြင်, အကြမ်း, အနု, အယုတ်, အမြတ်, အဝေး, အနီး…အလုံးစုံသော” အာရုံအတွေ့အကြုံများမှ ရုပ်တရားအားလုံးအား စုပေါင်း၍ ရုပ်အစုဝေး (ရူပက္ခန္ဓာ) ဟုခေါ်သည်။ ခံစားမှုအားလုံးအား ခံစားမှုအစုအဝေး (ဝေဒနာက္ခန္ဓာ)ဟုခေါ်သည်။ မှတ်သားမှု အားလုံးအား မှတ်သားမှုအစုအဝေး (သညာက္ခန္ဓာ)၊ ပြုပြင်စီရင်မှု အားလုံးအား ပြုပြင်စီရင်မှုအစုအဝေး (သင်္ခါရက္ခန္ဓာ)၊ အာရုံသိမှု အားလုံးအား သိမှုအစုအဝေး (၀ိညာဏက္ခန္ဓာ)ဟု ခေါ်သည်။
ထို ခန္ဓာငါးပါးမှ တစ်ပါးပါးကိုဖြစ်စေ, အားလုံးကိုဖြစ်စေ ပုထုဇဉ်က ‘ငါ’ဟု မှတ်ယူထားသည်။ ‘ငါ့ဟာ’ဟု မှတ်ယူထားသည်။ သာမန်မျှ မှတ်ယူခြင်းမျိုးမဟုတ်။ ဖားကို မြွေဖမ်းသကဲ့သို့ မလွှတ်တမ်း ဆုပ်ကိုင်ထားခြင်းမျိုး ဖြစ်သည်။ ယင်းကို “စွဲလမ်းခြင်း” (ဥပါဒါန) ဟုခေါ်သည်။ ဥပါဒါန်ဖြင့် စွဲလမ်းသော ခန္ဓာငါးပါးအား ပဉ္စုပါဒါနက္ခန္ဓာ (ပဉ္စ + ဥပါဒါန + ခန္ဓာ) ဟုခေါ်သည်။ သင်္ခါရတရားဟူသမျှတို့သည် မမြဲ။ မိမိက “ငါ, ငါ့ဟာ”ဟု စွဲလမ်းမှတ်ယူထားသော အရာတို့ မမြဲ, ပျက်စီး, ဖောက်ပြန်သောအခါ၊ စိတ်ပျက်ခြင်း, ထိတ်လန့်ခြင်း, စိတ်ပူပန်ခြင်း, စိတ်ဆင်းရဲခြင်းတို့ ဖြစ်သည်။ ဤသည်ကိုပင် ဓမ္မစကြာဒေနာတွင် “သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ- အကျဉ်းအားဖြင့် စွဲလမ်းရာ ခန္ဓာငါးပါးသည် ဒုက္ခဖြစ်၏” ဟုဟောကြားထားခြင်း ဖြစ်သည်။
“ဒုက္ခသည် စွဲလမ်းရာ ခန္ဓာငါးပါးဖြစ်သည်”ဟုသိခြင်းသည် ပထမအရိယသစ္စာဖြစ်သော ဒုက္ခသစ္စာကို သိခြင်းဖြစ်၏။
*****
စာညွှန်း
၁။ သံ-၅-၁၀၈၁-သစ္စသံယုတ်-ဓမ္မစက္ကပ၀တ္တနသုတ်
၂။ သံ-၃-၇-ခန္ဓသံယုတ်-နကုလပိတုဝဂ်-ဥပဒါနပရိတဿနာသုတ်
၃။ မ-၃-၈၆၊ဒေ၀ဒဟ၀ဂ်-မဟာပုဏ္ဏမသုတ်
၎။ မ-၁-၃၀၆၊ သြပမ္မ၀ဂ်-မဟာဟတ္ထိပဒေါပမသုတ်
နိကာယ် ၅-ရပ်အား စနစ်တကျ လေ့လာခြင်း (၃)
စံပယ်ပန်းတစ်ပွင့် မြင်ခြင်းစသော အာရုံအတွေ့အကြုံ တစ်ခုဖြစ်တိုင်း ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ၀ိညာဏ်ဟူသော ခန္ဓာငါးပါး ဖြစ်ပေါ်ကြသည်။ အရိယာတို့၏ ရှုထောင့်တွင် ခန္ဓာငါးပါးသည် ခန္ဓာငါးပါး သက်သက်သာဖြစ်သည်။ ‘စံပယ်ပန်းအား မြင်ခြင်း’သည် ‘စံပယ်ပန်းအား မြင်ခြင်း’သာဖြစ်သည်။ ပုထုဇဉ်က ‘စံပယ်ပန်းအား မြင်ခြင်း’ကို ‘ငါ့စံပယ်ပန်း, ငါနှစ်သက်သော စံပယ်ပန်း, ငါမြင်သော စံပယ်ပန်း’ဟု ရှုမြင်သည်။ ပုထုဇဉ်က ခန္ဓာငါးပါးအား ‘ငါ, ငါနှင့်ပတ်သက်သောအရာ, ငါ့ဟာ’ဟု ရှုမြင်သည်။ မှန်တွင်ကြည့်က မိမိ၏ ပုံရိပ်ကိုမြင်သကဲ့သို့၊ ခန္ဓာငါးပါးအား ပုထုဇဉ်က ‘မိမိ, မိမိနှင့်ပတ်သက်သောအရာ (အတ္တ, အတ္တနိယ)’ အဖြစ်မြင်သည်။ တနည်းအားဖြင့် ‘မိမိနှင့် လောက’ ဟုမြင်သည်။ ခန္ဓာငါးပါးသည် ခန္ဓာငါးပါးသက်သက် မဟုတ်တော့။ ‘ငါ့ဟာ, ငါ’ဟု စွဲလမ်းသော ဥပါဒါန်နှင့်တွဲ၍ မြင်သည်။ ခန္ဓာငါးပါးသည် ဥပါဒါနက္ခန္ဓာ ငါးပါး ဖြစ်သွားသည်။
ပုထုဇဉ်၏ အမြင်တွင် “ငါရှိ သည်။ စံပယ်ပန်းအား မြင်သောငါ ရှိသည်။ ဤစံပယ်ပန်းသည် နှစ်သက်ဖွယ်ဖြစ်သည်။ ထို့ကြောင့် ဤစံပယ်ပန်းအား ငါနှစ်သက်သည်။” ဟုမြင်သည်။ တနည်းအားဖြင့် ပုထုဇဉ်၏ အမြင်တွင် “ငါရှိ၍ တပ်မက်ခြင်းဖြစ်သည်” ဟုမြင်သည်။ အရိယာတို့ကမူ “တပ်မက်ခြင်း(တဏှာ)ဖြစ်၍ ‘ငါ’ ဟူသောအထင် ဖြစ်သည်” ဟု သိမြင်ကြသည်။
တဏှာသည် အရပ်သုံးဝေါဟာရအရ ‘ရေငတ်ခြင်း, မွတ်သိပ်ခြင်း’ ဟု အဓိပ္ပါယ်ရသည်။ တဏှာသည် သာယာမှု, ချမ်းသာမှုကို မွတ်သိပ်သည်။ သာယာမှုအား တပ်မက်မွတ်သိပ်ခြင်းသည် မျှော်လင့်ခြင်းနှင့် ယှဉ်တွဲနေ၏။ ထပ်မံ၍ သာယာမှု, သာယာဖွယ် အာရုံများကို ရှာဖွေသည်။ ရရှိလာသော သာယာဖွယ် အာရုံများအားမှီ၍ ဆုံးဖြတ်မှုပြုသည်။ ငါ့ဟာဟု သိမ်းပိုက်သော တဏှာဝိနိစ္ဆယဖြင့် ဆုံးဖြတ်သည်။ ငါဟု သတ်မှတ်သော ဒိဋ္ဌိဝိနိစ္ဆယဖြင့် ဆုံးဖြတ်သည်။ ဤသို့ ဆုံးဖြတ်ခြင်းသည် သာယာမှုအား လိုလားတပ်မက်မှု ဆန္ဒရာဂကို ထပ်မံ ဖြစ်ပေါ်စေပြန်၏။ နှစ်သက်တပ်မက်မှု နန္ဒိရာဂကို ထပ်မံ ဖြစ်ပေါ်စေသည်။ ပါဠိတွင် ဖြစ်ခြင်းကို ‘ဘ၀’ ဟုခေါ်သည်။ ဖြစ်ခြင်းသည် စေတနာ စိတ်ဇောဆန္ဒတို့ ဖြစ်ပေါ်ခြင်း (ကမ္မဘ၀)နှင့် ထိုစိတ်ဇောဆန္ဒတို့ကြောင့် ခန္ဓာအသစ်, ဘ၀အသစ်ဖြစ်ခြင်း (ဥပပတ္တိဘ၀)ဟူ၍ နှစ်မျိုးရှိသည်။ ဘ၀အသစ်ဖြစ်ခြင်းသည် မွေးဖွားခြင်း, အိုခြင်း, သေခြင်း, စိတ်ပျက်ခြင်း, ထိတ်လန့်ခြင်း, စိတ်ပူပန်ခြင်းစသော ဒုက္ခအပေါင်း ဖြစ်ခြင်းပင်ဖြစ်သည်။
(၂) ဣဒံ ခေါ ပန, ဘိက္ခဝေ, ဒုက္ခသမုဒယံ အရိယသစ္စံ။ ယာယံ တဏှာ ပေါနောဗ္ဘ၀ိကာ, နန္ဒိရာဂ သဟဂတာ တတြ တတြာဘိနန္ဒိနီ။ သေယျထိဒံ - ကာမတဏှာ, ဘ၀တဏှာ, ၀ိဘ၀တဏှာ။
ဘ၀သစ်ကို တစ်ဖန်ဖြစ်စေတတ်သော (ပေါနောဗ္ဘ၀ိကာ = ပုန- တဖန် + ဘ၀ိက- ဖြစ်စေတတ်သော)၊ နှစ်သက်တပ်မက်ခြင်းနှင့် တကွဖြစ်သော (နန္ဒိရာဂ သဟဂတာ)၊ ထိုထိုအာရုံတို့အား အလွန်နှစ်သက်တပ်မက်သော (တတြတကြာဘိနန္ဒိနီ = တတြတတြ- ထိုထို + အဘိနန္ဒိနီ- အလွန်နှစ်သက်သော) တဏှာအား ဒုက္ခဖြစ်ကြောင်း (ဒုက္ခသမုဒယ)အဖြစ် ဓမ္မစကြာဒေသနာတွင် ဟောကြားထားသည်။
ကာမတဏှာ, ဘ၀တဏှာ, ၀ိဘ၀တဏှာဟု တဏှာသုံးမျိုးရှိသည်။ နှစ်သက်ဖွယ်သာယာသော အဆင်း, အသံ, အနံ့, အရသာ, အတွေ့အထိဟူသော အာရုံငါးပါးအား ကာမဂုဏ်ငါးပါးဟု ခေါ်သည်။ ထိုကာမဂုဏ်အာရုံများမှ ရသော သာယာမှုချမ်းသာကို တပ်မက်ခြင်းအား ကာမတဏှာဟုခေါ်သည်။ ဘ၀အား နှစ်သက်တပ်မက်၍ ဘ၀ချုပ်ခြင်းအား တွန့်ဆုတ်သော အမြင် ရှိကြသည်။ ဤသို့ဘ၀ကို တပ်မက်ခြင်းအား ဘ၀တဏှာဟုခေါ်သည်။ အချို့သူတို့သည်ကား ဘ၀ကို ငြီးငွေ့စက်ဆုတ်ကြ၍ သေလွန်ပြီးသော် ဘ၀ကင်းပြတ်ခြင်းကို နှစ်သက်ကြ၏။ ဤသို့ ဘ၀မှလွန်ပြေးသော အမြင်ဖြင့် ဘ၀ကင်းပြတ်ခြင်းကို တပ်မက်မှုအား ၀ိဘ၀တဏှာဟုခေါ်သည်။ ‘ငါ့ဟာ, ငါ’ ဟု သိမ်းပိုက်ခြင်း, သတ်မှတ်ခြင်းရှိသူတို့သည် ဘ၀ကို ကပ်ငြိသောအားဖြင့် ဖြစ်စေ၊ ဘ၀ကို စက်ဆုတ်သောအားဖြင့် ဖြစ်စေ တပ်မက်မှု တဏှာတို့ဖြစ်ကာ ဘ၀မှ မလွတ်မြောက်နိုင်တော့။ ဒုက္ခမှ မလွတ်မြောက်နိုင်တော့။
(၃) ဣဒံ ခေါ ပန, ဘိက္ခဝေ, ဒုက္ခနိရောဓံ အရိယသစ္စံ။ ယော တဿာယေ၀ တဏှာယ အသေသ၀ိရာဂနိရောဓော စာဂေါ ပဋိနိဿဂ္ဂေါ မုတ္တိ အနာလယော။
ဤတဏှာသုံးမျိုးလုံး အကြွင်းမဲ့ပယ်စွန့်၍ ချုပ်ငြိမ်းခြင်း (အသေသ၀ိရာဂနိရောဓ), စွန့်ခြင်း (စာဂ), ဝေးစွာစွန့်ခြင်း (ပဋိနိဿဂ္ဂ), လွတ်ခြင်း (မုတ္တိ), မကပ်ငြိခြင်း (အနာလယော)အား ဒုက္ခချုပ်ငြိမ်းခြင်း (ဒုက္ခနိရောဓ)ဟု ဓမ္မစကြာဒေသနာတွင် ဟောကြားထား၏။ “တဏှာနိရောဓော နိဗ္ဗာနံ” ဟုဆိုသည့်အတိုင်း တဏှာချုပ်ခြင်းသည် ဒုက္ခချုပ်ခြင်း နိဗ္ဗာန်ပင် ဖြစ်ပေသည်။
ဥပါဒါနက္ခန္ဓာ ငါးပါးသည် ဆင်းရဲခြင်း ဒုက္ခသစ္စာဖြစ်၍ ပိုင်းခြားသိရမည့်(ပရိညေယျ) တရားဖြစ်သည်။ တဏှာသည် ဒုက္ခဖြစ်ကြောင်း သမုဒယသစ္စာဖြစ်၍ ပယ်စွန့်ရမည့်(ပဟာတဗ္ဗ) တရားဖြစ်သည်။ တဏှာ အကြွင်းမဲ့ချုပ်ငြိမ်းခြင်းသည် ဒုက္ခချုပ်ခြင်း နိရောဓသစ္စာဖြစ်၍ မျက်မှောက်ပြုရမည့်(သစ္စိကာတဗ္ဗ) တရား ဖြစ်သည်။
စာညွှန်း
၁။ သံ-၅-၁၀၈၁-သစ္စသံယုတ်-ဓမ္မစက္ကပ၀တ္တနသုတ်
၂။ သံ-၃-၈၃၊ ခန္ဓသံယုတ်-ထေရ၀ဂ်-အာနန္ဒသုတ်
၃။ ဒီ-၂-၁၁၂၊ မဟာနိဒါနသုတ်
၎။ အံ-၉-၃၄၊ မဟာဝဂ်-နိဗ္ဗာနသုခသုတ်
၅။ ဥဒါန-၃၀၊ နန္ဒ၀ဂ်-လောကသုတ်
၆။ ဣတိဝုတ္တက-၄၉၊ ဒုကနိပါတ်-ဒုတိယ၀ဂ်-ဒိဋ္ဌိဂတသုတ်
နိကာယ် ၅-ရပ်အား စနစ်တကျ လေ့လာခြင်း (၄)
ယေ ဓမ္မာ ဟေတုပ္ပဘ၀ါ, တေသံ ဟေတုံ တထာဂတော အာဟ။
တေသဉ္စ ယော နိရောဓော၊ ဧ၀ံဝါဒီ မဟာသမဏော။
အကြင်တရားတို့သည် အကြောင်းကိုမှီ၍ ဖြစ်ကုန်၏။ ထိုအကြောင်းတရားတို့ကို လည်းကောင်း, ထိုတရားတို့ ချုပ်ခြင်းကို လည်းကောင်း တထာဂတသည် ဟောတော်မူ၏။ ရဟန်းမြတ်သည် ဤသို့အယူရှိ၏။
ဗုဒ္ဓ၏ လက်ယာတော်ရံမထေရ် ဖြစ်လာမည့် အရှင်သာရိပုတ္တရာပရိဗိုဇ်အား ပဉ္စ၀ဂီငါးပါးအနက်မှ တစ်ပါးဖြစ်သော အရှင်အဿဇိမထေရ် အကျဉ်းဟောကြားသော ဂါထာဖြစ်သည်။ အကြောင်းကိုမှီ၍ဖြစ်သော (ဟေတုပ္ပဘ၀ါ) တရားများဟူသည်မှာ ခန္ဓာငါးပါးကို ဆိုလိုသည်။ တစ်နည်းလည်း ဒုက္ခသစ္စာကိုဆိုလိုသည်။ ယင်းခန္ဓာငါးပါး၏ အကြောင်းတရားသည် ဒုက္ခဖြစ်ကြောင်း သမုဒယသစ္စာဖြစ်၏။ ဒုက္ခ၏အကြောင်းနှင့် ဒုက္ခတို့ ချုပ်ငြိမ်းခြင်းသည် နိရောဓသစ္စာဖြစ်သည်။ ထိုကြောင့် ထိုဂါထာလေးသည် ဒုက္ခ, သမုဒယ, နိရောဓတို့ကို ဟောကြားခြင်းဖြစ်သည်။ နောက်ဆုံး မဂ္ဂသစ္စာအား တိုက်ရိုက် ဟောမထားသော်လည်း၊ သစ္စာလေးပါးတို့သည် တပြိုင်နက်တည်းသိသော (ဧကပဋိဝေဓ) သဘောရှိ၍ အရိယသစ္စာလေးပါးလုံးအား ဟောကြားသော ဒေသနာဟု ဆိုနိုင်သည်။
“ယော, ဘိက္ခဝေ, ဒုက္ခံ ပဿတိ, ဒုက္ခသမုဒယမ္ပိ သော ပဿတိ, ဒုက္ခနိရောဓမ္ပိ ပဿတိ, ဒုက္ခနိရောဓဂါမိနိံ ပဋိပဒမ္ပိ ပဿတိ။ … ”
ရဟန်းတို့ … အကြင်သူသည် ဒုက္ခကို မြင်၏။ ထိုသူသည် ဒုက္ခဖြစ်ခြင်းကိုလည်း မြင်သည်။ ဒုက္ခချုပ်ခြင်းကိုလည်း မြင်သည်။ ဒုက္ခချုပ်ခြင်းသို့ ရောက်သောအကျင့်ကိုလည်း မြင်သည်။ …
ဒုက္ခသစ္စာမြင်သူသည် သမုဒယ, နိရောဓ, မဂ္ဂသစ္စာတို့လည်း တပြိုင်နက်မြင်သည်။ ထို့အတူ သမုဒယကိုမြင်သူသည် ဒုက္ခ, နိရောဓ, မဂ္ဂသစ္စာတို့ကိုလည်း မြင်သည်။ သစ္စာတစ်ပါးကို မြင်လျှင် ကျန်သစ္စာသုံးပါးအား တပြိုင်နက် မြင်သည်။ ထို့ကြောင့် ဒုက္ခသစ္စာဟူသော ဥပါဒါနက္ခန္ဓာငါးပါးအား ထိုးထွင်းသိမြင်ခြင်းသည် သစ္စာလေးပါးလုံးအား သိမြင်ခြင်းပင် ဖြစ်သည်။
သစ္စာလေးပါးအား မသိမြင်သော ပုထုဇဉ်သည် ဥပါဒါနက္ခန္ဓာငါးပါးအား “ငါ့ဟာ, ငါ, ငါ့အတ္တ” ဟုရှုမြင်သည်။ တိုင်၌ချည်ထားသော ခွေးသည် တိုင်ကိုသာပတ်၍ ရပ်ခြင်း, ထိုင်ခြင်း, ပြေးခြင်းပြုသကဲ့သို့ ပုထုဇဉ်သည် ဥပါဒါနက္ခန္ဓာငါးကိုသာ တဏှာ, မာန, ဒိဋ္ဌိတို့ဖြင့် ရစ်ပတ်လှည့်လည်ကာ မလွန်မြောက်နိုင်ပဲ ရှိသည်။ အချို့က ဘ၀ကို ကပ်ငြိသောအမြင်ဖြင့် ဘ၀တွင် ပုန်းအောင်းကြသည် (သြလီယန္တိ)။ အချို့က ဘ၀ကိုစက်ဆုတ်သော အမြင်ဖြင့် ဘ၀ကို လွန်ပြေးကြသည် (အတိဓာဝန္တိ)။ တိုင်မှ မလွတ်နိုင်ပဲ တိုင်ကိုသာ ပတ်ပြေးနေရသော ခွေးကဲ့သို့ ပုထုဇဉ်သည် ဘ၀မှ မလွတ်နိုင်ပဲ ဘ၀တွင် ပုန်းအောင်း၍ဖြစ်စေ, ဘ၀ကို လွန်ပြေး၍ဖြစ်စေ အစွန်းတစ်ဖက်ဖက်သို့ ရောက်နေကြသည်။ ဤသည်ကိုပင် ဓမ္မစကြာဒေသနာတွင် အစွန်းတရား (အန္တာ) နှစ်ပါး ဟုဟောကြားခဲ့သည်။
ဒွေ မေ, ဘိက္ခဝေ, အန္တာ ပဗ္ဗဇိတေန န သေ၀ိတဗ္ဗာ။ ကတမေ ဒွေ?
ယော စာယံ ကာမေသု ကာမသုခလ္လိကာနုယောဂေါ ဟီနော ဂမ္မော ပေါထုဇ္ဇနိကော အနရိယော အနတ္တသံဟိတော၊
ယော စာယံ အတ္တကိလမထာနုယောဂေါ ဒုက္ခော အနရိယော အနတ္တသံဟိတော။
ရဟန်းတို့… အိမ်ယာစွန့်ခွာ ရဟန်းပြုလာသူတို့ မမှီဝဲအပ်သော အစွန်းတရား နှစ်ပါးရှိ၏။ အဘယ် နှစ်ပါးတို့နည်း။
(၁) ယုတ်ညံ့၍ အိမ်ယာထူထောင်သူ လူများစုတို့၏ အလေ့အကျင့်သာဖြစ်သော, မြတ်သောအကျင့်မဟုတ်သော, အကျိုးမရှိသော ‘ကာမချမ်းသာကိုလိုက်စားခြင်း’ (ကာမသုခလ္လိကာနုယောဂ)
(၂) ကိုယ်စိတ်ဆင်းရဲခြင်းကိုဖြစ်စေတတ်သော, မြတ်သောအကျင့်မဟုတ်သော, အကျိုးမရှိသော ‘မိမိကိုမိမိ ပင်ပန်းဆင်းရဲအောင် အားထုတ်ခြင်း’ (အတ္တကိလမထာနုယောဂ) နှစ်ပါးတို့တည်း။
ဤတွင် လူအများစုတို့သည် ဘ၀တွင် ပုန်းအောင်းနေသူများ ဖြစ်ကြသည်။ ကာမဂုဏ်ချမ်းသာတွင် နစ်မျောကာ ကာမဂုဏ်အာရုံများနောက် လိုက်စားပျော်မွေ့နေကြသည်။ ကာမသုခလ္လိကာနုယောဂ (ကာမသုခ+ လိက - ကပ်ငြိသော + အနုယောဂ - အားထုတ်ခြင်း) အစွန်းဟုခေါ်သည်။ အချို့ကား ဘ၀ကို စက်ဆုတ်, ရှက်ရွံ့သည်ဖြစ်၍ လွန်ပြေးသူများ ဖြစ်သည်။ ထိုသူတို့သည် မိမိကိုယ် မိမိနှိပ်စက် ညှဉ်းပန်း, ပင်ပန်းဆင်းရဲအောင် ကျင့်ကြံ၍ ဘ၀ကင်းပြတ်မှုကို ရှာဖွေကြသည်။ အတ္တကိလမထာနုယောဂ (အတ္တ- မိမိ + ကိလမထ - ပင်ပန်းခြင်း + အနုယောဂ - အားထုတ်ခြင်း) အစွန်းဟုခေါ်သည်။ ထိုအစွန်းတရားနှစ်ပါးတို့သို့ မကပ်သော အလယ်အလတ်ကျင့်စဉ် (မဇ္ဈိမပဋိပဒါ) သည် အင်္ဂါ အစိတ်အပိုင်း ရှစ်ပါးပါဝင်သော အကျင့်လမ်း (အဋ္ဌင်္ဂိကမဂ္ဂ = အဋ္ဌ-ရှစ် + အင်္ဂ-အစိတ်အပိုင်း + ဣက - ရှိသော + မဂ္ဂ - လမ်း) ဖြစ်သည်။ ဒုက္ခချုပ်ငြိမ်းခြင်းသို့ ရောက်သောအကျင့်လမ်း (ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ) မဂ္ဂသစ္စာပင် ဖြစ်သည်။
(၄) ဣဒံ ခေါ ပန, ဘိက္ခဝေ, ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စံ။ အယမေ၀ အရိယော အဋ္ဌင်္ဂိကော မဂ္ဂေါ။ သေယျထိဒံ- သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပေါ သမ္မာဝါစာ သမ္မာကမ္မန္တော သမ္မာအာဇီဝေါ သမ္မာဝါယာမော သမ္မာသတိ သမ္မာသမာဓိ။
ရဟန်းတို့… ဤကား ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စာ (ဆင်းရဲချုပ်ခြင်းသို့ရောက်သော အကျင့်လမ်း ဟူသည့် အရိယာတို့သိအပ်သော အမှန်တရား- မဂ္ဂသစ္စာ) တည်း။ ဤသည်တို့ကား -
၁။ သမ္မာဒိဋ္ဌိ (မှန်ကန်စွာ သိမြင်ခြင်း)
၂။ သမ္မာသင်္ကပ္ပ (မှန်ကန်စွာ ကြံစည်ခြင်း)
၃။ သမ္မာဝါစာ (မှန်ကန်စွာ ပြောဆိုခြင်း)
၎။ သမ္မာကမ္မန္တ (မှန်ကန်စွာ ပြုမူခြင်း)
၅။ သမ္မာအာဇီဝ (မှန်ကန်စွာ အသက်မွေခြင်း)
၆။ သမ္မာဝါယာမ (မှန်ကန်စွာ အားထုတ်ခြင်း)
၇။ သမ္မာသတိ (မှန်ကန်စွာ အောက်မေ့ခြင်း)
၈။ သမ္မာသမာဓိ (မှန်ကန်စွာ တည်ကြည်ခြင်း) ဟူသောအင်္ဂါရှစ်ပါးရှိသော အကျင့်လမ်း (အဋ္ဌင်္ဂိကမဂ္ဂ) ဖြစ်သည်။
သစ္စာလေးပါးအား ဉာဏ်သုံးပါး, အပြန်သုံးပြန်အားဖြင့် (တိပရိဝဋ္ဋ) သိမြင်ပုံကို ဓမ္မစကြာဒေသနာတွင် ဟောကြားထားသည်။ ဥပါဒါနက္ခန္ဓာငါးပါးသည် ဒုက္ခသစ္စာ၊ တဏှာသည် ဒုက္ခဖြစ်ခြင်း သမုဒယသစ္စာ၊ တဏှာချုပ်ငြိမ်းခြင်းသည် ဒုက္ခချုပ်ငြိမ်းခြင်း နိရောဓသစ္စာ၊ မဂ္ဂင်ရှစ်ပါးသည် ဒုက္ခချုပ်ခြင်းသို့ရောက်သော အကျင့်လမ်း မဂ္ဂသစ္စာဟု သိခြင်းသည် သစ္စာသိမြင်သော သစ္စဉာဏ် ဖြစ်သည်။
ဥပါဒါနက္ခန္ဓာငါးပါးသည် ပိုင်းခြား၍ သိရမည့်တရား (ပရိညေယျ)၊ တဏှာ (နှင့်တကွသော ကိလေသာတို့)သည် ပယ်သတ်ရမည့်တရား (ပဟာတဗ္ဗ)၊ ဒုက္ခချုပ်ငြိမ်းရာ နိဗ္ဗာန်သည် မျက်မှောက်ပြု ဆိုက်ရောက်ရမည့်တရား (သစ္စိကာတဗ္ဗ)၊ မဂ္ဂင်ရှစ်ပါးသည် ကျင့်ကြံပွားများရမည့်တရား (ဘာဝေတဗ္ဗ)ဟု “သိ-ပယ်-ဆိုက်-ပွား” ကိစ္စတာဝန် လေးရပ်နှင့် တွဲဖက် သိမြင်ခြင်းသည် ကိစ္စဉာဏ်ဖြစ်သည်။
ပိုင်းခြားသိရမည့် တရားတို့အား သိပြီးပြီ၊ ပယ်သတ်ရမည့် တရားများအား ပယ်သတ်ပြီးပြီ၊ မျက်မှောက်ပြုရမည့် တရားများအား မျက်မှောက်ပြုပြီးပြီ၊ ပွားများရမည့် တရားများအား ပွားများပြီးဟု သိမြင်ခြင်းသည် ကတဉာဏ်ဖြစ်သည်။ ဤသို့ သစ္စဉာဏ်, ကိစ္စဉာဏ်, ကတဉာဏ်ဟူသောအပြန်သုံးပါးဖြင့် သစ္စာလေးပါးအား အခြင်းရာ ၁၂-ပါး ( ၄ x ၃ = ၁၂ ဒွါရသကာရ) ဖြင့် ဟုတ်တိုင်းမှန်စွာ ထိုးထွင်း၍ သိပြီးမှသာ ဘုရားအဖြစ်ကို ၀န်ခံကြောင်း မိန့်ကြားသည်။
စာညွှန်း
၁။ သံ-၅-၁၀၈၁-သစ္စသံယုတ်-ဓမ္မစက္ကပ၀တ္တနသုတ်
၂။ ၀ိနည်းမဟာဝါ-၆၀၊ သာရိပုတ္တမောဂ္ဂလာနပဗ္ဗဇကထာ
၃။ သံ-၅-၁၁၀၀-သစ္စသံယုတ်၊ ကောဋိဂါမ၀ဂ်၊ ဂ၀မ္ပတိသုတ်
၎။ သံ-၃-၉၉-ခန္ဓသံယုတ်၊ ပုပ္ဖ၀ဂ်၊ ဂဒ္ဒူလဗဒ္ဓသုတ်
၅။ ဣတိဝုတ္တက-၄၉၊ ဒုကနိပါတ်-ဒုတိယ၀ဂ်-ဒိဋ္ဌိဂတသုတ်
Nikaya (နိကာယ်(၅)ရပ်အားစနစ်တကျလေ့လာခြင်း ) http://www.sonata-cantata.co.cc)